သမ္မာတရားအား ရှာဖွေခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၁၅)
လူတို့သည် သမ္မာတရားကို ချစ်သည့် နှလုံးသားတစ်ခု ရှိလျှင် သမ္မာတရားကို လိုက်စားရန် အစွမ်းအစရှိလိမ့်မည်ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် ကြိုးစားလုပ်နိုင်သည်။ စွန့်လွှတ်သင့်သည့်အရာကို စွန့်လွှတ်နိုင်ပြီး လက်လွှတ်သင့်သည့်အရာကို လက်လွှတ်နိုင်သည်။ အထူးသဖြင့် သင်ကိုယ်တိုင်၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့နှင့် သက်ဆိုင်သောအရာများကို လက်လွှတ်သင့်သည်။ ထိုအရာများကို လက်မလွှတ်လျှင် သင်သည် သမ္မာတရားကို မချစ်၊ သမ္မာတရားကို လိုက်စားရန် အစွမ်းအစမရှိဟု ဆိုလိုသည်။ သင့်ထံတွင် အမှုအရာများ ဖြစ်ပျက်သောအခါ သင်သည် သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ရမည်။ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်ဖို့လိုသည့် အချိန်များတွင် သင်သည် အစဉ်သဖြင့် တစ်ကိုယ်ကောင်းဆန်သည့် စိတ်နှလုံးတစ်ခုရှိပြီး သင်၏ ကိုယ်ကျိုးကြည့်ခြင်းကို လက်မလွှတ်နိုင်လျှင် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ သင်သည် မည်သည့်အခြေအနေတွင်မဆို သမ္မာတရားကို ရှာဖွေခြင်း၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်းမရှိလျှင် သင်သည် သမ္မာတရားကို ချစ်သောသူမဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်ခဲ့သည်မှာ နှစ်မည်မျှကြာပြီးသည်ဖြစ်စေ သမ္မာတရားကို ရရှိမည်မဟုတ်ပေ။ လူအချို့သည် အစဉ်သဖြင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ကိုယ်ကျိုးနောက်ကို လိုက်နေကြသည်။ အသင်းတော်က ၎င်းတို့အတွက် မည်သည့်အလုပ်ကို စီစဉ်ပါစေ ၎င်းတို့က “ဒါက ငါ့အတွက် အကျိုးရှိမလား။ ရှိမယ်ဆိုရင် ငါလုပ်မယ်။ အကျိုးမရှိဘူးဆိုရင် မလုပ်ဘူး” ဟု တွေးရင်း သေချာစဉ်းစားချင့်ချိန်ကြသည်။ ဤသို့သောသူမျိုးသည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပေ။ ထိုသို့ဆိုလျှင် ၎င်းတို့သည် ၎င်းတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သလော။ မထမ်းဆောင်နိုင်သည်မှာ အသေချာဆုံး ဖြစ်သည်။ သင်သည် မကောင်းမှုကို မလုပ်လျှင်ပင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူ မဟုတ်သေးပေ။ သင်သည် သမ္မာတရားကို မလိုက်စားလျှင်၊ အပြုသဘောဆောင်သောအရာများကို မချစ်လျှင် သင့်အပေါ်၌ မည်သည့်အရာဖြစ်ပျက်ပါစေ သင်၏ကိုယ်ပိုင်ဂုဏ်သတင်းနှင့်အဆင့်အတန်း၊ သင်၏ကိုယ်ကျိုး၊ သင့်အတွက် ကောင်းသည့်အရာတို့ကိုသာ ဂရုစိုက်လျှင် သင်သည် ကိုယ့်အကျိုးကြည့်ပြီးသာ လုပ်ဆောင်သည့်သူဖြစ်ကာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသူဖြစ်သည်။ ဤသို့သောသူမျိုးသည် သမ္မာတရားကို၊ သို့မဟုတ် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရန်အတွက် မဟုတ်ဘဲ ကောင်းသော၊ သို့မဟုတ် မိမိအတွက် အကျိုးဖြစ်သောအရာတစ်ခုကို ရရန်အတွက် ဘုရားကို ယုံကြည်ပေသည်။ ထို့ကြောင့် ဤသို့သောလူစားမျိုးသည် မယုံကြည်သူများဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ်ယုံကြည်သောသူတို့သည် ခရစ်တော်က သမ္မာတရားဖြစ်ကြောင်းနှင့် ဘုရားသခင် တောင်းဆိုသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို နားထောင်ပြီး ဘုရားသခင်ကို ယုံကြည်သင့်ကြောင်းတို့ကို မိမိတို့ စိတ်နှလုံးများတွင် သတိပြုမိသည်နှင့်အမျှ သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်နိုင်သောသူများဖြစ်သည်။ သင့်ထံတွင် တစ်စုံတစ်ခုဖြစ်ပျက်သောအခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုသော်လည်း သင်၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ထည့်စဉ်းစားလျှင်၊ သင်၏ ကိုယ်ပိုင်သိက္ခာကို ထည့်စဉ်းစားလျှင် ထိုသို့လုပ်ဆောင်ခြင်းက ခက်ခဲလိမ့်မည်။ ဤသို့သော အခြေအနေတွင် ဆုတောင်းခြင်း၊ ရှာဖွေခြင်း၊ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး မိမိကိုယ်ကို သိမြင်ခြင်းမှတစ်ဆင့် သမ္မာတရားကို ချစ်သောသူတို့သည် ၎င်းတို့၏ ကိုယ်ကျိုးတွင် ရှိသောအရာ၊ သို့မဟုတ် ၎င်းတို့အတွက် ကောင်းသောအရာများကို လက်လွှတ်နိုင်လိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်လိမ့်မည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို အမှန်တကယ်ယုံကြည်ပြီး သမ္မာတရားကို ချစ်သောသူများဖြစ်သည်။ လူတို့က သူတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကို အစဉ်တွေးသောအခါ၊ သူတို့၏ ကိုယ်ပိုင်သိက္ခာနှင့် ပကာသနကို ကာကွယ်ရန် အစဉ်ကြိုးစားသောအခါ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သူတို့ ထုတ်ဖော်သော်လည်း ပြုပြင်ရန်အတွက် သမ္မာတရားကို မရှာသောအခါတွင် အကျိုးဆက်မှာ အဘယ်နည်း။ ၎င်းတို့တွင် အသက် ဝင်ရောက်မှုမရှိခြင်း၊ စစ်မှန်သော အတွေ့အကြုံဆိုင်ရာသက်သေခံချက်မရှိခြင်း ဖြစ်သည်။ ဤသည်မှာ အန္တရာယ်ရှိသည် မဟုတ်လော။ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်လျှင်၊ အတွေ့အကြုံဆိုင်ရာသက်သေခံချက် သင့်တွင် မရှိလျှင် အချိန်ကျသောအခါ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမည်ဖြစ်သည်။ အတွေ့အကြုံဆိုင်ရာသက်သေခံချက် မရှိသောလူတို့သည် ဘုရားအိမ်တော်တွင် မည်သို့အသုံးဝင်သနည်း။ ၎င်းတို့သည် မည်သည့်တာဝန်ကိုမဆို ညံ့ဖျင်းစွာ ပြုလုပ်ကြမည်မှာ သေချာသည်။ မည်သည့်အရာကိုမျှ ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ပေ။ ၎င်းတို့သည် အမှိုက်များသာ မဟုတ်လော။ လူတို့သည် ဘုရားကို နှစ်များစွာ ယုံကြည်ပြီးနောက် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်လျှင် သူတို့သည် မယုံကြည်သူများဖြစ်ကြသည်။ ဆိုးယုတ်သူများဖြစ်ကြသည်။ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်လျှင်၊ ပြီးလျှင် သင်၏ ပြစ်မှားမှုများသည် အစဉ်ပို၍ များပြားလာလျှင် သင်၏အဆုံးသတ်သည် သတ်မှတ်ပြီးဖြစ်သည်။ သင်၏ ပြစ်မှားမှုအားလုံး၊ သင်လျှောက်သည့် မှားယွင်းသောလမ်းကြောင်း၊ နောင်တရရန် ငြင်းဆန်မှု၊ ဤအရာအားလုံးသည် မကောင်းမှုအမြောက်အမြားအဖြစ် စုပေါင်းသွားသည်ကို ရှင်းလင်းစွာ မြင်နိုင်သည်။ ထို့ကြောင့် သင်၏ အဆုံးသတ်မှာ သင်သည် ငရဲသို့ကျမည်။ သင်အပြစ်ဒဏ်ပေးခံရမည် ဖြစ်သည်။ ဤသည်မှာ အသေးအဖွဲကိစ္စတစ်ခုဟု သင်တို့ ထင်သလော။ သင်သည် အပြစ်ဒဏ်ပေးခြင်းမခံရသေးလျှင် ဤသည်မှာ မည်မျှကြောက်စရာကောင်းသည်ကို သိမည်မဟုတ်ပေ။ ဘေးဒုက္ခကို သင် အမှန်တကယ် ရင်ဆိုင်ရသည့် နေ့ရက်သို့ ရောက်လာသောအခါ သေခြင်းနှင့် ရင်ဆိုင်ရသောအခါ နောင်တရရန် အလွန်နောက်ကျသွားလိမ့်မည်။ ဘုရားအပေါ် သင်၏ ယုံကြည်ခြင်းတွင် သင်သည် သမ္မာတရားကို လက်မခံလျှင်၊ ပြီးလျှင် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ခဲ့သော်လည်း သင့်တွင် ပြောင်းလဲခြင်းမရှိလျှင် နောက်ဆုံးအကျိုးဆက်မှာ သင်သည် ဖယ်ရှားရှင်းလင်းခံရမည်၊ စွန့်ပစ်ခံရမည်ဖြစ်သည်။ လူတိုင်းတွင် ပြစ်မှားမှုများရှိကြသည်။ အဓိကမှာ ထိုပြစ်မှားမှုများကို ပြင်ရန်အလို့ငှာ သမ္မာတရားကို ရှာဖွေနိုင်ရန်ဖြစ်ပြီး ဤသည်က ပြစ်မှားမှုများ နည်းသည်ထက်နည်းအောင် သေချာစေလိမ့်မည်။ မည်သည့်အချိန်ဖြစ်စေ၊ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင်ထုတ်ဖော်ပြမိလျှင် သင်သည် ဘုရားသခင်အပေါ် အမြဲ မှီခိုအားထားနိုင်ပြီး သူ့ထံ အမြဲ ဆုတောင်းနိုင်သည်၊ အမှားပြင်ရန် အလို့ငှာ သမ္မာတရားကို အမြဲ ရှာဖွေနိုင်ပြီး သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်ရှင်းကြည်လင်စေနိုင်သည်၊ ထိုအခါ သင်သည် မကောင်းမှုဒုစရိုက်ကို လုပ်မိတော့မည် မဟုတ်ပေ။ ဤသည်မှာ ယုံကြည်သူများက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ ပြဿနာကို ဖြေရှင်းသင့်သည့် နည်းလမ်းဖြစ်ပြီး ဤသည်မှာ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရန် နည်းလမ်းဖြစ်သည်။ အဖြစ်အပျက်များ သင့်တွင် ဖြစ်လာသောအခါ ဘုရားသခင်ထံ သင်မည်သည့်အခါမျှ ဆုမတောင်းလျှင်၊ သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေလျှင်၊ သို့မဟုတ် သမ္မာတရားကို သင်နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်လျှင် အဆုံးစွန် ရလဒ်သည် မည်သည့်အရာဖြစ်လာလိမ့်မည်နည်း။ ထိုအရာသည် ရှင်းပြစရာမလိုအောင် သိသာသည်။ ကောက်ကျစ်ပြီး စကားပြောပြေပြစ်နိုင်သည့် သင်ကဲ့သို့သော လူတစ်ယောက်သည် ဘုရားသခင်၏ မျက်လုံးတော်များ၏ စေ့စေ့စပ်စပ် လေ့လာစစ်ဆေးခြင်းမှ သင်လွတ်ကင်းနိုင်မည်လော။ ဘုရားသခင်၏ လက်တော်မှ စီစဉ်ညွှန်ကြားခြင်းများကို သင်ရှောင်နိုင်မည်လော။ မဖြစ်နိုင်ပါ။ ပညာရှိသူများသည် ဘုရားသခင်ကို အားကိုးလျက်၊ အမှီပြုလျက်၊ သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြင်လျက်နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လျက် ဘုရားသခင်၏ ရှေ့တော်မှောက်သို့ လာ၍ နောင်တရရမည်။ ထိုအခါ သင်သည် ဇာတိပကတိကို ကျော်လွန်ပြီးဖြစ်လိမ့်မည်၊ စာတန်၏ စုံစမ်းသွေးဆောင်ခြင်းများကို ကျော်လွန်ပြီးဖြစ်လိမ့်မည်။ သင်အကြိမ်ပေါင်းများစွာ ကျရှုံးလျှင်တောင်မှ သင်သည် စွဲစွဲမြဲမြဲ ရှေ့ဆက်ရမည်။ မဖြစ်နိုင်သည့်အရာများအားလုံးကို ကျော်လွှားပြီး သင် စွဲစွဲမြဲမြဲ ရှေ့ဆက်သောအခါ သင်အောင်မြင်သည့်အချိန်တစ်ခုကို ရောက်လာလိမ့်မည်၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်၊ သူ၏ သနားကရုဏာနှင့် သူ၏ ကောင်းချီးပေးခြင်းတို့ကို ခံရလိမ့်မည်၊ ပြီးလျှင် သမ္မာတရားနောက်ကို လိုက်လျှောက်သောလမ်းကို သင်လျှောက်လှမ်းနိုင်ကာ သင်၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေလိမ့်မည်။
အဖြစ်အပျက်များ သင်တို့ထံတွင် ဖြစ်လာသောအခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်၏အမှုတော်ကို ထိန်းသိမ်းဖို့ သင် မည်မျှ မကြာခဏ ရွေးချယ်ပါသနည်း။ (မကြာခဏ မဟုတ်ပါ။ အချိန်အတော်များများတွင် ကိုယ့်ပုံရိပ်၊ သို့မဟုတ် ကိုယ့်အကျိုးစီးပွားကို ထိန်းထားဖို့ ကျွန်ုပ် ရွေးချယ်ပါသည်၊ ထို့အပြင် နောက်မှ ထိုအရာကို ကျွန်ုပ် သဘောပေါက်သည်၊ သို့သော် ကိုယ့်ကိုယ်ကိုယ် ပုန်ကန်ရန်မှာ မလွယ်ကူပါ။ သမ္မာတရားနှင့်ပတ်သက်၍ တစ်စုံတစ်ယောက်က ကျွန်ုပ်ကို မိတ်သဟာယဖွဲ့လာပါက ကျွန်ုပ်ကို အင်အားအချို့ဖြစ်စေသည်၊ ထို့အပြင် ကျွန်ုပ်သည် ကိုယ့်ကိုယ်ကိုယ် အတော်အတန် ပုန်ကန်လာနိုင်သည်။ သို့သော် သမ္မာတရားနှင့်ပတ်သက်၍ ကျွန်ုပ်ကို မိတ်သဟာယဖွဲ့ရန် တစ်စုံတစ်ယောက်မျှ မရှိသောအခါ ဘုရားသခင်နှင့် ကျွန်ုပ် ဝေးကွာလာပြီး ဤအခြေအနေတွင် ကျွန်ုပ် အမြဲတမ်း နေထိုင်တော့သည်။) လူ့ဇာတိကိုပုန်ကန်ရန် ခက်ခဲသည်၊ ထို့အပြင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ပို၍ပင် ခက်ခဲသည်၊ အကြောင်းမှာ သင့်ကို ဟန့်တားနေသည့် စာတန်၏သဘာဝတစ်ခုနှင့် သင့်ကို နှောင့်ယှက်နေသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု သင့်တွင် ရှိနေသောကြောင့် ဖြစ်သည်၊ ထို့အပြင် ဤအရာများကို သမ္မာတရားကို နားမလည်ဘဲ မပြင်နိုင်ပေ။ ဘုရားသခင်၏ရှေ့မှောက်တွင် ငြိမ်သက်စွာ ခစားရန် သင်တို့ တစ်နေ့လျှင် အချိန် မည်မျှယူနိုင်သနည်း။ ဝိညာဉ်ပိုင်းဆိုင်ရာ သွေ့ခြောက်နေသည်ဟု မခံစားရမီ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ဘဲ ရက်ပေါင်း မည်မျှကြာအောင် သင်နေနိုင်သနည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ဘဲ တစ်ရက်ကြာအောင် ကျွန်ုပ် မနေနိုင်ပါဟု ခံစားရသည်။ နံနက်ပိုင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်ုပ် ဖတ်ပြီးနောက် ၎င်းအပေါ် နက်နဲစွာ တွေးဆနေရမှဖြစ်မည်။ ဤသည်က ကျွန်ုပ်ကို ဘုရားသခင်နှင့် ပိုနီးကပ်သည်ဟု ခံစားရစေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစားမသောက်နိုင်ဘဲ၊ များများ ဆုမတောင်းနိုင်ဘဲ၊ အပြေးအလွှား လည့်လှည်သွားလာပြီး အလုပ်လုပ်ရသည့် နေ့တစ်နေ့ ရှိလျှင် ဘုရားသခင်နှင့် အလွန်ဝေးကွာနေသည်ဟု ကျွန်ုပ် ခံစားရသည်။) အကယ်၍ သင်တို့သည် ဘုရားသခင်နှင့် ဝေးကွာနေရသည်မှာ အဆင်ပြေလိမ့်မည် မဟုတ်ဟု သင်အာရုံခံစားနိုင်ပါက ထိုအခါ သင့်အတွက် မျှော်လင့်ချက် ရှိနေသေးသည်။ အကယ်၍ သင်သည် ယုံကြည်သူတစ်ယောက်ဖြစ်ပြီး သမ္မာတရားကို ရယူလိုပါက သင်သည်မလှုပ်မယှက်နေပြီး သမ္မာတရားနှင့်ပတ်သက်၍ တစ်စုံတစ်ယောက်က သင့်ကို မိတ်သဟာယလာဖွဲ့ရန် အမြဲတမ်း စောင့်နေဖို့ မလိုပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တက်ကြွစွာ စားသောက်ရန်၊ ဘုရားသခင်ထံ ဆုတောင်းရန်နှင့် သမ္မာတရားကို ရှာဖွေရန် သင်လေ့လာရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစားသောက်မီနှင့် သူ့ထံ ဆုမတောင်းမီ သင်၏စိတ်ဝိညာဉ် မှောင်မိုက်သွားပြီး ဘုရားသခင်ကို သင်မခံစားရနိုင်တော့သည်အထိ သင်စောင့်နေပါက ထိုအခါ သင်သည် ရှိရင်းစွဲအခြေအနေကို ထိန်းဖို့သာ တတ်နိုင်တော့မည်။ အမည်ခံမျှသာဖြစ်သော “ယုံကြည်ခြင်း” တစ်ခုကို ထိန်းသိမ်းသည်မှာ ကောင်းသော်လည်း သင့်ဘဝသည် ကြီးထွားလာမည် မဟုတ်တော့ပေ၊ ထို့အပြင် သင်၏စိတ်ဝိညာဉ်သည် သွေ့ခြောက်လာပြီး ထုံထိုင်းလာသည့်အခါ သင်သည် ဘုရားသခင်နှင့် အလွန်အမင်း ဝေးကွာလာပြီး အန္တရာယ် ရှိလာလိမ့်မည်။ စုံစမ်းသွေးဆောင်ခြင်းတစ်ခု သင့်ထံ ကျရောက်လာပြီး သင်ဟန်ချက်ပျက်၍ လဲကျသွားသည်၊ သင်တို့အားလုံးသည် စာတန်၏ အလွယ်တကူ ဖမ်းယူခြင်းကို ခံရသည်။ အကယ်၍ သင့်တွင် အတွေ့အကြုံ လုံးဝ မရှိပါက၊ သမ္မာတရားများကို နားမလည်ပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ခြင်းအပေါ်တွင်လည်းကောင်း၊ တရားဒေသနာများကို နားထောင်ခြင်း အပေါ်တွင်လည်းကောင်း အာရုံစိုက်ထားခြင်း မရှိပါက၊ သာမန် ဝိညာဉ်ရေးရာ အသက်တာတစ်ခု မရှိပါက ထိုအခါ ဝိညာဉ်ရင့်ကျက်မှု ကြီးထွားလာရန် သင့်အတွက် ခက်ခဲလာပြီး သင့်တိုးတက်မှုသည် မုချ နှေးကွေးလွန်းသွားလိမ့်မည်။ ဤနှေးကွေးသော တိုးတက်မှုအတွက် အကြောင်းရင်းများက မည်သည်တို့ ဖြစ်သနည်း။ ၎င်း၏အကျိုးဆက်များက မည်သည်တို့ ဖြစ်သနည်း။ ဤအရာများနှင့်ပတ်သက်ပြီး သင်ရှင်းရှင်းလင်းလင်း သိရမည်။ လူတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ဘုရားသခင်က ဖော်ထုတ်သည့်ပုံစံ မည်သို့ပင်ဖြစ်စေကာမူ ထိုအရာကို သူတို့ နာခံပြီး လက်ခံသင့်သည်။ သူတို့သည် သူတို့ကိုယ်သူတို့ ဆင်ခြင်သုံးသပ်သင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူတို့ကိုယ်သူတို့ နှိုင်းယှဉ်သင့်သည်၊ သို့မှသာ သူတို့သည် ကိုယ့်ကိုယ်ကိုယ် နားလည်လာနိုင်ပြီး သမ္မာတရားကို တဖြည်းဖြည်းချင်း နားလည်လာနိုင်မည်။ ဤအရာသည် ဘုရားသခင်အဖို့ နှစ်သက်စရာ အကောင်းဆုံးသောအရာဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့အတွင်းတွင် မုချ အလုပ်လုပ်လိမ့်မည်၊ ထို့အပြင် သူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မုချ နားလည်လိမ့်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို သင့်စိတ်နှလုံးထဲတွင် တစ်ချိန်လုံး သိမ်းထားရမည်၊ သို့မှသာ တကယ့်လက်တွေ့ဘဝတွင် ပြဿနာတစ်ခုနှင့် သင်ကြုံသောအခါ သင်သည် ထိုအရာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့နှင့် ချိတ်ဆက်ပြီး နှိုင်းယှဉ်နိုင်မည်။ ထိုအခါ ပြဿနာကို လွယ်ကူစွာ ဖြေရှင်းနိုင်လိမ့်မည်။ ဥပမာအားဖြင့် အနာရောဂါမရှိသော ကျန်းမာသည့် ကိုယ်ခန္ဓာတစ်ခုကို လူတိုင်း လိုချင်သည်၊ ထိုအရာသည် လူတိုင်းက အလွန် လိုချင်သော တစ်စုံတစ်ရာဖြစ်သော်လည်း သင့်နေ့စဉ်ဘဝထဲတွင် ဤအရာကို သင်မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ပထမဦးဆုံးအနေဖြင့် သင့်တွင် ပုံမှန် လုပ်ရိုးလုပ်စဉ် အလေ့အကျင့်တစ်ခု ရှိရမည်၊ ကျန်းမာရေးနှင့် မညီညွတ်သော၊ သို့မဟုတ် တားမြစ်ထားသော အရာများကို မစားရ။ သင့်တော်သော လေ့ကျင့်ခန်းတစ်မျိုးမျိုးကို ပုံမှန်လုပ်ရမည်။ ဤနည်းလမ်းများကို ပေါင်းစပ်လိုက်သောအခါ သင်လက်တွေ့လုပ်ဆောင်သမျှ အရာအားလုံးသည် ခန္ဓာကိုယ်ကျန်းမာရေး ရည်မှန်းချက်ကို ဗဟိုပြုပြီး လည်ပတ်နေသည်၊ သင်သည် ရလဒ်များကို တဖြည်းဖြည်းချင်း မြင်ရလိမ့်မည်။ နောက်နှစ်အနည်းငယ်ကြာသော် သင်သည် အခြားလူများထက် ပို၍ ကျန်းမာရေး ကောင်းနေပြီး ရလဒ်ကောင်းများ ရပြီးဖြစ်နေလိမ့်မည်။ ထိုရလဒ်များကို သင်မည်သို့ ရသနည်း။ အကြောင်းမှာ သင့်လုပ်ရပ်များနှင့် ရည်မှန်းချက်ပန်းတိုင်များသည် ကိုက်ညီနေပြီး သင်၏လက်တွေ့လုပ်ဆောင်မှုနှင့် သဘောတရားတို့သည် ကိုက်ညီနေခဲ့သောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ရာတွင်လည်း အလားတူပင်ဖြစ်သည်။ သမ္မာတရားကို ချစ်ပြီး လက်တွေ့လုပ်ဆောင်သည့် လူတစ်ယောက်ဖြစ်ရန်နှင့် စိတ်သဘောထား ပြောင်းလဲသွားပြီးသည့် လူတစ်ယောက်ဖြစ်ရန် သင် အားထုတ်နေပါက အဖြစ်အပျက်များ သင့်တွင် ဖြစ်လာသောအခါ သင်လိုက်လျှောက်နေသည့် ရည်မှန်းချက်ပန်းတိုင်များနှင့် ပါဝင်ပတ်သက်နေသည့် သမ္မာတရားတို့နှင့် ၎င်းတို့ကို သင် ချိတ်ဆက်ရမည်။ သင်လိုက်လျှောက်သည့် ရည်မှန်းချက်ပန်းတိုင်များက မည်သည့်အရာပင်ဖြစ်ပါစေ ၎င်းတို့သည် လူသားထံမှ ဘုရားသခင် လိုအပ်သည့်အရာ ဖြစ်နေသရွေ့ ၎င်းတို့သည် ယုံကြည်သူတစ်ဦးအနေနှင့် လိုက်လျှောက်ရမည့် ဦးတည်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်တို့ ဖြစ်ကြသည်။ ဥပမာ ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဖြစ်သည်။ သင့်တွင် ဤဦးတည်ရာ၊ ဤရည်မှန်းချက်ပန်းတိုင်တို့ ရှိသည်နှင့်တစ်ပြိုင်နက် နောက်ပိုင်းတွင် ၎င်းကို ချက်ချင်း လက်တွေ့လုပ်ဆောင်ရန် နည်းလမ်းတစ်ခု သင့်တွင် ရှိရမည်။ “ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်ပါ။”ဟု ငါဆိုသောအခါ “ဘုရားသခင်၏ လမ်းခရီး” ဆိုသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်ခြင်းကို ဆိုလိုသည်။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်ခြင်းဆိုသည်မှာ အဘယ်နည်း။ ဥပမာအားဖြင့် သင်သည် တစ်စုံတစ်ယောက်ကို အကဲဖြတ်သောအခါ ယင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်ခြင်းနှင့် ဆက်နွှယ်သည်။ သင်သည် ၎င်းတို့ကို မည်သို့အကဲဖြတ်သနည်း။ (ကျွန်ုပ်တို့သည် ရိုးသားရမည်။ တရားမျှတရမည်။ ကျွန်ုပ်တို့၏ စကားများသည် ကျွန်ုပ်တို့၏ ခံစားချက်များအပေါ် အခြေမခံရပေ။) သင်ထင်မြင်သည့်အရာနှင့် သင်မြင်တွေ့ထားသည့်အရာအတိုင်း အတိအကျ သင်ပြောဆိုသည့်အခါ သင်ရိုးသားနေခြင်း ဖြစ်သည်။ ပထမဦးဆုံးအနေဖြင့် ရိုးသားမှုကို လက်တွေ့လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်ခြင်းနှင့် ကိုက်ညီသည်။ ဤသည်မှာ ဘုရားသခင်က လူတို့ကို သွန်သင်သောအရာဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လမ်းခရီးဖြစ်သည်။ ဘုရားသခင်၏ လမ်းခရီးဆိုသည်မှာ အဘယ်နည်း။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်ခြင်းဖြစ်သည်။ ရိုးသားခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်ခြင်း၏ တစ်စိတ်တစ်ပိုင်း မဟုတ်သလော။ ထို့အပြင် ယင်းသည် ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်ခြင်း မဟုတ်သလော။ (ဟုတ်ပါသည်။) သင်သည် မရိုးသားလျှင် သင်မြင်တွေ့ထားသည့်အရာနှင့် သင်ထင်မြင်သည့်အရာသည် သင့်နှုတ်မှ ထွက်လာသည့်အရာနှင့် မတူညီပေ။ တစ်စုံတစ်ယောက်က သင့်ကို “ထိုလူအပေါ် သင်၏ ထင်မြင်မှုမှာ မည်သို့ရှိသနည်း။ ထိုလူသည် အသင်းတော်၏ အလုပ်အတွက် တာဝန်ရှိသလော” ဟု မေးလာသည်။ သင်က “ထိုသူသည် အလွန်တော်၏။ ကျွန်ုပ်ထက်ပို၍ တာဝန်ယူမှုရှိသည်။ သူ၏အစွမ်းအစသည် ကျွန်ုပ်ထက်ပို၍ ကောင်းပြီး သူ၏လူ့သဘာဝသည်လည်း ကောင်းမွန်၏၊ သူသည် ရင့်ကျက်ပြီး တည်ငြိမ်၏” ဟု သင်ပြန်ပြောသည်။ သို့သော် ဤသည်မှာ သင့်စိတ်နှလုံးတွင် စဉ်းစားနေသည့်အရာ ဖြစ်သလော။ သင်အမှန်တကယ် မြင်သည့်အရာမှာ ဤလူသည် အမှန်ပင် အစွမ်းအစရှိသော်ငြားလည်း စိတ်မချရ၊ အတော်အတန် လှည့်ဖြားတတ်ပြီး အလွန်ပင် တွက်ချက်တတ်ကြောင်း ဖြစ်သည်။ ဤသည်မှာ သင်၏စိတ်တွင် သင်အမှန်တကယ် စဉ်းစားနေသည့်အရာ ဖြစ်သည်။ သို့သော် စကားပြောဆိုရမည့်အချိန် ရောက်လာသောအခါ “ငါသမ္မာတရားကို ပြော၍မရ။ မည်သူ့ကိုမျှ စိတ်ဆိုးအောင် လုပ်၍မဖြစ်” ဟု သင့်စိတ်၌ ပေါ်လာသည်။ ထို့ကြောင့် သင်က အခြားအရာတစ်ခုခုကို အလျင်အမြန် ပြောလိုက်သည်။ သူနှင့်ပတ်သက်၍ ပြောဆိုရန် ကောင်းမွန်သည့်အရာများကို သင်ရွေးချယ်လိုက်ပြီး သင်ပြောဆိုသည့် မည်သည့်အရာကမျှ သင်အမှန်တကယ် ထင်မြင်သည့်အရာ မဟုတ်ပေ။ အားလုံးက အလိမ်အညာများနှင့် အယောင်ဆောင်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လမ်းခရီးနောက်သို့ သင်လိုက်သည်ဟု ညွှန်ပြသလော။ မညွှန်ပြပါ။ သင်သည် နတ်ဆိုးတို့၏ လမ်းခရီးဖြစ်သော စာတန်၏ လမ်းခရီးကို လျှောက်နေခြင်းဖြစ်သည်။ ဘုရားသခင်၏ လမ်းခရီးမှာ အဘယ်နည်း။ ယင်းမှာ သမ္မာတရားဖြစ်သည်။ ယင်းသည် လူတို့ မိမိကိုယ်ကို ကျင့်ကြံနေထိုင်သင့်သည့် အခြေပြုချက် ဖြစ်ပြီး ယင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း လမ်းခရီးဖြစ်သည်။ သင်က အခြားလူတစ်ယောက်အား စကားပြောနေသော်လည်း ဘုရားသခင်ကလည်း နားထောင်နေသည်၊ သူသည် သင်၏ စိတ်နှလုံးကို ကြည့်ရှုနေပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေသည်။ လူတို့က သင်ပြောသည့်အရာကို နားထောင်သော်လည်း ဘုရားသခင်က သင်၏ စိတ်နှလုံးကို စိစစ်သည်။ လူတို့သည် လူ၏စိတ်နှလုံးကို စိစစ်နိုင်စွမ်း ရှိသလော။ အလွန်ဆုံးအနေဖြင့် သင်သည် အမှန်အတိုင်း မပြောသည်ကို လူတို့မြင်နိုင်သည်၊ အပြင်ပန်းတွင် ရှိသောအရာကို သူတို့ မြင်နိုင်သည်၊ သို့သော် ဘုရားသခင်သာလျှင် သင့်စိတ်နှလုံးအတွင်းထဲသို့ မြင်နိုင်၏။ ဘုရားသခင်သာလျှင် သင်စဉ်းစားနေသည့်အရာ၊ သင်စီစဉ်နေသည့်အရာ၊ သင့်စိတ်နှလုံးတွင် မည်သည့်အကြံအစည်များ၊ မည်သည့်ဖောက်ပြန်သော နည်းလမ်းများ၊ မည်သည့်တက်ကြွသော အတွေးများရှိသည်တို့ကို မြင်နိုင်သည်။ သင် အမှန်အတိုင်းမပြောသည်ကို ဘုရားသခင် မြင်တွေ့သည့်အခါ သင့်အပေါ် ဘုရားသခင်၏ ထင်မြင်ချက်များနှင့် သင့်အပေါ် သူ၏တန်ဖိုးဖြတ်မှုမှာ အဘယ်နည်း။ ဤကိစ္စနှင့်ပတ်သက်ပြီး သင်သည် သမ္မာတရားကို မပြောခဲ့သောကြောင့် ဘုရားသခင်၏ လမ်းခရီးနောက်သို့ သင်မလိုက်ခဲ့ကြောင်းဟူ၍ပင် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ လက်တွေ့လုပ်ဆောင်နေလျှင် အမှန်အတိုင်း ပြောခဲ့သင့်သည်။ “သူသည် အစွမ်းအစရှိသူ ဖြစ်သော်လည်း စိတ်မချရပေ။” ဟူ၍ ဖြစ်သည်။ သင့်အကဲဖြတ်ချက်သည် တိကျခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ရိုးသားမှုရှိပြီး စိတ်နှလုံးထဲမှ လာခြင်းဖြစ်လိမ့်မည်။ ထို့အပြင် ဤသည်မှာ သင်ဖော်ပြခဲ့သင့်သည့် အမြင်နှင့် ရပ်တည်ချက်ဖြစ်သည်။ သို့သော် ဤသို့ သင်မလုပ်ခဲ့ပေ။ သို့ဖြစ်၍ သင်သည် ဘုရားသခင်၏ လမ်းခရီးနောက်လိုက်ခြင်း ဖြစ်သလော။ (မဟုတ်ပါ။) သင်သည် သမ္မာတရားကို မပြောလျှင် သင် ဘုရားသခင်၏ လမ်းခရီးနောက်လိုက်ပြီး ဘုရားသခင်ကို ကျေနပ်စေလျက်ရှိသည်ဟု အလေးပေးပြောခြင်းက သင့်အတွက် မည်သို့ အသုံးဝင်မည်နည်း။ သင်အော်ဟစ်သည့် ကြွေးကြော်သံများကို ဘုရားသခင်က အရေးစိုက်မည်လော။ သင်မည်သို့ အော်ဟစ်သည်၊ မည်မျှ ပြင်းထန်စွာ အော်ဟစ်သည်၊ သင်၏စိတ်စွမ်းအားက မည်မျှ ကြီးမားသည်ဆိုသည်ကို ဘုရားသခင်က ကြည့်မည်လော။ သင် အကြိမ် မည်မျှ အော်ဟစ်သည်ကို ဘုရားသခင်က ကြည့်မည်လော။ ဤအရာများသည် သူအရေးစိုက်သည့်အရာများ မဟုတ်ပေ။ ဘုရားသခင်က သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းရှိမရှိနှင့် သင့်တွင် အဖြစ်အပျက်များ ဖြစ်ပျက်သည့်အခါ၊ သင် ပြုလုပ်သည့် ရွေးချယ်မှုများ၊ သမ္မာတရားကို မည်သို့ လက်တွေ့ကျင့်သုံးသည်တို့ကို ကြည့်ရှုသည်။ သင်သည် ဆက်ဆံရေးများကို ထိန်းသိမ်းရန်၊ သင်၏ ကိုယ်ကျိုးစီးပွားနှင့် ပုံရိပ်ကို ထိန်းသိမ်းရန် ရွေးချယ်လျှင်၊ အရာအားလုံးသည် ကိုယ့်ကိုယ်ကိုယ် အန္တရာယ်မှ ကာကွယ်ရန်အတွက်သာဖြစ်လျှင် ဤသည်မှာ သင့်တွင် အဖြစ်အပျက်များ ဖြစ်ပျက်သည့်အခါတွင် သင်ခံယူသော သင်၏ အမြင်နှင့် သဘောထားဖြစ်သည်ဟု ဘုရားသခင်က မြင်လျှင် သူသည် သင့်ကို အကဲဖြတ်လိမ့်မည်။ သင်သည် သူ၏လမ်းခရီးကို လိုက်လျှောက်သောသူမဟုတ်ဟု သူက ဆိုလိမ့်မည်။ သမ္မာတရားနောက်သို့ လိုက်လျှောက်ပြီး ဘုရားသခင်၏ လမ်းခရီးနောက်သို့ သင်လိုက်လိုသည်ဟု သင်ပြောသည်၊ သို့ဆိုလျှင် အဖြစ်အပျက်များ သင့်တွင် ဖြစ်လာသောအခါ သင် အဘယ်ကြောင့် လက်တွေ့မလုပ်ဆောင်သနည်း။ သင်ပြောသော စကားလုံးများသည် နှလုံးသားမှ လာကောင်း လာနိုင်သည်၊ ထို့အပြင် ထိုစကားများသည် သင်၏အလိုနှင့် ဆန္ဒများကို သယ်ဆောင်၍ ဖော်ပြကောင်းဖော်ပြနိုင်သည်၊ သို့မဟုတ် သင့်စိတ်နှလုံးက တို့ထိခံစားသွားရသည်လည်း ဖြစ်နိုင်ပြီး သင်သည် ခါးသီးစွာ ငိုကြွေးရင်း ရင်ထဲက ရိုးသားသော စကားလုံးများကို အော်ဟစ်ပြောဆိုနေခြင်းလည်း ဖြစ်နိုင်သည်၊ သို့သော် ရိုးသားစွာ ပြောဆိုခြင်းက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု ဆိုလိုပါသလား။ ထိုအရာက သင့်တွင် စစ်မှန်သော သက်သေခံချက်ရှိသည်ဟု ဆိုလိုပါသလား။ သေချာပေါက် မဟုတ်ပါ။ အကယ်၍ သင်သည် သမ္မာတရားနောက်သို့ လိုက်လျှောက်သူတစ်ဦးဖြစ်ပါက သမ္မာတရားကို သင်သည် လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်၊ အကယ်၍ သင်သည် သမ္မာတရားကို ချစ်သူတစ်ဦး မဟုတ်ခဲ့ပါက ထိုအခါ သင်သည် နားထဲတွင် ကြားကောင်းသည့်အရာများကိုသာ ပြောလိမ့်မည်ဖြစ်ပြီး ထိုအရာက အဆုံးသတ်ဖြစ်လိမ့်မည်။ ဖာရိရှဲများသည် တရားသေအယူဝါဒကို ဟောပြောရာတွင်နှင့် ဆောင်ပုဒ်များကို ဝင့်ကြွားစွာ ကြွေးကြော်ရာတွင် အတော်ဆုံးဖြစ်ကြသည်။ လမ်းထောင့်များတွင် သူတို့ မကြာခဏ ရပ်၍ “အိုး၊ အင်အားကြီးမားတော်မူသော ဘုရားသခင်” သို့မဟုတ် “ကိုးကွယ်ထိုက်တော်မူသော ဘုရားသခင်” ဟူ၍ အော်ဟစ်ပြောဆိုခဲ့ကြသည်။ အခြားလူများအတွက်မူ သူတို့သည် အထူးသဖြင့် ဘာသာတရားကိုင်းရှိုင်းပြီး ဥပဒေနှင့်ဆန့်ကျင်သော မည်သည့်အရာကိုမှ မလုပ်ထားခဲ့ပုံပေါ်သည်၊ သို့သော် ဘုရားသခင်သည် သူတို့ကို အသိအမှတ်ပြုခဲ့ပါသလား။ သူ မချီးမွမ်းခဲ့ပါ။ သူတို့ကို ဘုရားသခင်က မည်သို့ အပြစ်တင်ရှုတ်ချခဲ့သနည်း။ ကြောင်သူတော် ဖာရိရှဲများဟု သူတို့အား ဘွဲ့တစ်ခု ပေးပြီး ရှုတ်ချခဲ့သည်။ လွန်လေပြီးသောအချိန်က ဖာရိရှဲများသည် ဣသရေလတွင် အများလေးစားခံရသော လူတန်းစားတစ်ရပ်ဖြစ်ခဲ့သည်၊ ထို့ကြောင့် ဤနာမည်သည် ယခု အဘယ်ကြောင့် တံဆိပ်သတ်မှတ်ချက်တစ်ခု ဖြစ်လာရသနည်း။ ဤသည်မှာ ဖာရိရှဲတို့သည် လူအမျိုးအစားတစ်ခုကို ကိုယ်စားပြုသူ ဖြစ်လာသောကြောင့် ဖြစ်သည်။ ဤလူအမျိုးအစား၏ စရိုက်လက္ခဏာများမှာ အဘယ်နည်း။ သူတို့သည် အစစ်အမှန် မဟုတ်ခြင်းတွင်၊ တန်ဆာဆင်ရာတွင်၊ ဟန်ဆောင်ရာတွင် ကျွမ်းကျင်ကြသည်၊ သူတို့သည် ကြီးကျယ်မြင့်မြတ်မှု၊ သန့်ရှင်းစင်ကြယ်မှု၊ ဖြောင့်မတ်မှုနှင့် ထင်သာမြင်သာရှိသော သင့်တင့်လျောက်ပတ် ယဉ်ကျေးဖွယ်ရာရှိမှုတို့ကို ဟန်ဆောင်သည်၊ သည့်ပြင် သူတို့ အော်ဟစ်ကြွေးကြော်သော ဆောင်ပုဒ်များသည် ကောင်းသယောင်ရှိသော်လည်း အမှန်တကယ်တွင် သူတို့သည် သမ္မာတရားကို နည်းနည်းမှ လက်တွေ့မလုပ်ဆောင်ကြပေ။ သူတို့တွင် မည်သည့်ကောင်းသော အပြုအမူရှိသနည်း။ သူတို့သည် စာပေကျမ်းဂန်ကို ဖတ်ပြီး တရားဟောကြသည်၊ တရားဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ကာကွယ်ထိန်းသိမ်းပြီး ဘုရားသခင်ကို မခုခံရန် အခြားလူများကို သူတို့ သင်ကြားပေးကြသည်။ ဤအရာအားလုံးသည် ကောင်းသော အပြုအမူများဖြစ်သည်။ သူတို့ပြောသမျှအရာအားလုံးသည် ကောင်းသယောင်ရှိသည်၊ သို့သော် အခြားသူတို့က ကျောခိုင်းလိုက်ချိန်တွင် သူတို့သည် လှူဖွယ်ပစ္စည်းများကို တိတ်တဆိတ်လျှို့ဝှက်စွာ ခိုးယူကြသည်။ သခင်ယေရှုက သူတို့သည် “ခြင်တစ်ကောင်ကိုမျှ မပါစေခြင်းငှာ ရေကို စစ်လျက်နှင့် ကုလားအုတ်ကိုမျိုကြ၏” (ရှင်မဿဲခရစ်ဝင် ၂၃:၂၄) ဟူ၍ ပြောခဲ့သည်။ ဤသည်မှာ ၎င်းတို့၏ အပြုအမူအားလုံးသည် အပေါ်ယံတွင် ကောင်းသည်ဟု ထင်မြင်ရသည်။ ၎င်းတို့သည် ဆောင်ပုဒ်များကို ဝင့်ကြွားစွာ ကြွေးကြော်ကြသည်။ မြင့်မြတ်သော သဘောတရားများကို ပြောဆိုကြပြီး ၎င်းတို့၏ စကားများသည် နားဝင်ချိုသည်။ သို့သော်လည်း ၎င်းတို့၏ လုပ်ဆောင်ချက်တို့သည် ပရမ်းပတာ အရှုပ်အထွေးတစ်ခုဖြစ်ပြီး ဘုရားသခင်အား လုံးဝ အာခံလေသည်။ ၎င်းတို့၏ အပြင်ပန်း အပြုအမူများသည် အားလုံး အယောင်ဆောင်၊ အားလုံး အလိမ်အညာများသာ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် သမ္မာတရားကို သို့မဟုတ် အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးခြင်း နည်းနည်းမျှ မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို၊ အပြုသဘောဆောင်သောအရာများကို၊ ဘုရားသခင်ဆီမှ လာသော အရာအားလုံးကို အလွန်အမင်းမနှစ်မြို့ပေ။ ၎င်းတို့သည် မည်သည့်အရာကို ချစ်ကြသနည်း။ တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းတို့ကို ချစ်ကြသလော။ (မချစ်ပါ။) ဤအရာများကို သူတို့မချစ်ဟု မည်သို့ပြောနိုင်သနည်း။ (သခင်ယေရှုသည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်သော်လည်း ယင်းကို လက်ခံဖို့ သူတို့ ငြင်းပယ်ရုံသာမက ရှုတ်လည်း ရှုတ်ချကြသည်။) အကယ်၍ သူတို့ ထိုအရာကို မရှုတ်ချခဲ့ပါက ပြောဖို့ ဖြစ်နိုင်မည်လား။ မဖြစ်နိုင်ပါ။ သခင်ယေရှု၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်သည် ဖာရိရှဲများအားလုံးကို ထုတ်ဖော်ခဲ့ပြီး၊ သခင်ယေရှုအား သူတို့ အပြစ်တင်ရှုတ်ချခြင်းနှင့် ခုခံခြင်းတို့ကြောင့်သာ အခြားလူများသည် သူတို့၏ ကြောင်သူတော်ဖြစ်ခြင်းကို မြင်နိုင်ခဲ့ကြခြင်းဖြစ်သည်။ သခင်ယေရှု၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကြောင့်သာ မဟုတ်လျှင် ဖာရိရှဲများကို မည်သူမျှ ခွဲခြားသိမြင်နားလည်နိုင်မည်မဟုတ်ချေ၊ ဖာရိရှဲများ၏ အပြင်ပန်း အပြုအမူကိုသာ လူတို့က ကြည့်လျှင် အားကျခြင်းပင် ဖြစ်နိုင်သည်။ လူတို့၏ ယုံကြည်မှုကို ရယူရန် အယောင်ဆောင် ကောင်းပြသည့် အပြုအမူကို သုံးခြင်းသည် ဖာရိရှဲတို့၏ မရိုးသားခြင်းနှင့် လိမ်လည်လှည့်ဖြားခြင်း မဟုတ်ပေလော။ ထိုကဲ့သို့ လိမ်လည်လှည့်ဖြားတတ်သော လူတို့သည် သမ္မာတရားကို ချစ်နိုင်ပါမည်လော။ လုံးဝ မချစ်နိုင်ပါ။ အပြုအမူကောင်းကို သူတို့ ပြသခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက်သည် အဘယ်နည်း။ တစ်အချက်အနေဖြင့် လူတို့ကို ကလိမ်ကျရန်ဖြစ်သည်။ နောက်အချက်အနေဖြင့် လူတို့ကို အထင်အမြင်မှားစေပြီး စည်းရုံးရန်ဖြစ်သည်၊ သို့မှသာ လူတို့က သူတို့ကို အထင်ကြီးပြီး ကြည်ညိုလေးစားလာရန် ဖြစ်သည်။ နောက်ဆုံးအချက်အနေဖြင့် သူတို့သည် ဆုကျေးဇူးများကို လိုချင်ကြသည်။ အလွန်ပင် လိမ်ညာလှည့်စားမှုတစ်ခုပင် ဖြစ်တော့သည်။ ဤအရာများသည် ကျွမ်းကျင်သော လှည့်ကွက်များလော။ ထိုကဲ့သို့သော လူတို့သည် တရားမျှတမှုနှင့် ဖြောင့်မတ်မှုတို့ကို ချစ်ခဲ့သလော။ သူတို့ လုံးဝ မချစ်ခဲ့ပေ။ သူတို့ ချစ်ခဲ့သည့်အရာမှာ အဆင့်အတန်း၊ ထင်ပေါ်ကျော်ကြားမှုနှင့် အကျိုးအမြတ်ဖြစ်ပြီး သူတို့ လိုချင်သည့်အရာမှာ ဆုကျေးဇူးတစ်ခုနှင့် သရဖူတစ်ခုတို့ဖြစ်သည်။ သူတို့သည် ဘုရားသခင်က လူတို့ကို သင်ကြားပေးခဲ့သည့် နှုတ်ကပတ်တော်များကို မည်သည့်အခါကမျှ လက်တွေ့မကျင့်သုံးခဲ့ကြပေ၊ ထို့ပြင် သူတို့သည် သမ္မာတရား စစ်မှန်မှုအတိုင်း နည်းနည်းလေးမှပင် အသက်ရှင်နေထိုင်ခြင်းမရှိခဲ့ပေ။ သူတို့သည် သူတို့၏ ကိုယ်ပိုင် အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ကို လုံခြုံခိုင်မြဲအောင်လုပ်ရန်၊ အပြုအမူကောင်းဖြင့် သူတို့ကိုယ်သူတို့ ရုပ်ဖျက်ဖုံးကွယ်ကာ ကလိမ်ကျပြီး လူတို့ကို သူတို့၏ ကြောင်သူတော်နည်းလမ်းများနှင့် အနိုင်ယူဖို့အတွက်သာ လုပ်ဆောင်ကြသည်။ ထို့နောက်တွင် သူတို့သည် အရင်းအနှီးကို မျှားခေါ်ရန်နှင့် ငွေရှာရန်အတွက် ယင်းကို အသုံးပြုကြသည်။ ထိုအရာသည် စက်ဆုပ်ရွံရှာဖွယ် မကောင်းသလော။ သူတို့၏ ဤအပြုအမူအားလုံးမှ သူတို့သည် မည်သည့်အခါကမျှ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့သောကြောင့် သူတို့၏ ပင်ကိုယ်အသိစိတ်အတွင်းတွင် သမ္မာတရားကို သူတို့ မချစ်ခဲ့ကြသည်ကို သင်မြင်နိုင်သည်။ သူတို့ မည်သည့်အခါကမျှ သမ္မာတရားကို လက်တွေ့မကျင့်သုံးခဲ့သည်ကို ပြသည့် တစ်စုံတစ်ရာသည် အဘယ်နည်း။ အားလုံးထဲကမှ အကြီးကျယ်အမြင့်မြတ်ဆုံးအရာမှာ သခင်ယေရှုသည် ရွေးနုတ်ခြင်းအမှုတော်ကို လုပ်ဆောင်ရန် ကြွလာခဲ့ပြီး၊ သခင်ယေရှု ပြောခဲ့သည့် နှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရားဖြစ်ကာဩဇာအာဏာရှိခြင်းဖြစ်သည်။ ဖာရိရှဲများသည် ဤသည်ကို မည်သို့ တုံ့ပြန်ခဲ့ကြသနည်း။ သခင်ယေရှု၏ နှုတ်ကပတ်တော်များသည် ဩဇာအာဏာနှင့် တန်ခိုးရှိကြောင်းကို သူတို့ အသိအမှတ်ပြုခဲ့ကြသော်လည်း ထိုနှုတ်ကပတ်တော်များကို သူတို့ လက်မခံခဲ့ကြရုံသာမက အပြစ်တင်ရှုတ်ချကာ ပုတ်ခတ်စော်ကားခဲ့ကြသည်။ ဤသည်မှာ အဘယ်သို့ဖြစ်သနည်း။ အကြောင်းမှာ သူတို့သည် သမ္မာတရားကို မချစ်ခဲ့ကြသောကြောင့် ဖြစ်သည်၊ သူတို့၏စိတ်နှလုံးတွင် သူတို့သည် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ပြီး မုန်းနေခဲ့ကြသည်။ သခင်ယေရှုသည် သူပြောခဲ့သမျှအရာအားလုံးတွင် မှန်ကန်ကြောင်း၊ သူ၏နှုတ်ကပတ်တော်များတွင် ဩဇာအာဏာနှင့် တန်ခိုးရှိကြောင်း၊ မည်သည့်နည်းနှင့်မှ သူမမှားခဲ့ကြောင်းနှင့် သူတို့သည် သခင်ယေရှုကို ကျော်လွန်၍ ဩဇာလွှမ်းမိုးနိုင်စွမ်း မရှိခဲ့ကြောင်းတို့ကို သူတို့ အသိအမှတ်ပြုခဲ့ကြသည်။ သို့သော် သူတို့သည် သခင်ယေရှုကို အပြစ်တင်ရှုတ်ချလိုခဲ့ကြသည်၊ ထို့ကြောင့် သူတို့သည် ဆွေးနွေးပြီး မကောင်းကြံခဲ့ကြသည်၊ “သူ့ကို လက်ဝါးကပ်တိုင်မှာ ကွပ်မျက်လော့။ သူ ကွပ်မျက်မခံရလျှင် ငါတို့ကို ကွပ်မျက်လော့” ဟု ပြောခဲ့ကြသည်၊ ဤသည်က ဖာရိရှဲများ သခင်ယေရှုကို အံတုခဲ့ပုံဖြစ်သည်။ ထိုအချိန်တုန်းက မည်သူမျှ သမ္မာတရားကို နားမလည်ခဲ့ကြပါ၊ ထို့အပြင် သခင်ယေရှုကို လူ့ဇာတိခံယူထားသော ဘုရားသခင်အဖြစ် မည်သူမျှ မမှတ်မိနိုင်ခဲ့ကြပါ။ သို့သော် လူသားတစ်ယောက်၏ အမြင်အရ သခင်ယေရှုသည် သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီး နတ်ဆိုးများကို မောင်းထုတ်ပေးခဲ့ကာ ဖျားနာသူများကို ကုသပေးခဲ့သည်။ သူသည် အံ့ဩဖွယ်ရာများစွာကို လုပ်ဆောင်ပေးခဲ့သည်၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ဖြင့် လူပေါင်း ၅၀၀၀ ကို ကျွေးမွေးခဲ့သည်၊ မရေမတွက်နိုင်သော ကောင်းမှုများစွာကို ပြုခဲ့ပြီး လူတို့အပေါ် ကျေးဇူးတော်များစွာကို ပေးသနားတော်မူခဲ့သည်။ ဤကဲ့သို့ ကောင်းပြီး ဖြောင့်မတ်သော လူများမှာ အလွန်တရာ နည်းပါးလှသောကြောင့် ဖာရိရှဲများသည် သခင်ယေရှုကို အဘယ်ကြောင့် ပြစ်တင်ရှုတ်ချချင်ခဲ့ကြသနည်း။ သူ့ကို လက်ဝါးကပ်တိုင်မှာ ကွပ်မျက်ရန် အဘယ်ကြောင့် သူတို့ အလွန် စိတ်အားထက်သန်ခဲ့ကြသနည်း။ သခင်ယေရှုထက် ရာဇဝတ်သားတစ်ဦးကို လွှတ်ပေးရန် သူတို့ ပိုဆန္ဒရှိသည် ဆိုသည်မှာ ဘာသာရေးလောကရှိ ဖာရိရှဲများသည် မည်မျှ ဆိုးသွမ်းပြီး မလိုမုန်းထားကြောင်းကို ပြသည်။ သူတို့သည် အလွန် ဆိုးညစ်ယုတ်မာခဲ့ကြပေသည်။ ဖာရိရှဲများ၌ ပေါ်လွင်သော ဆိုးညစ်ယုတ်မာသော မျက်နှာထားများနှင့် သူတို့၏ ဟန်ဆောင်ထားသော အပြင်ပန်း စေတနာတို့အကြားက ကွာခြားချက်သည် အလွန်ကြီးမားသောကြောင့် လူအများသည် မည်သည်က မှန်၍ မည်သည်က မှားသည်ကို ခွဲခြားသိမြင်နားမလည်နိုင်ခဲ့ကြပါ၊ သို့သော် သခင်ယေရှု၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်သည် ဖာရိရှဲများအားလုံးကို ထုတ်ဖော်ခဲ့သည်။ ဖာရိရှဲများသည် များသောအားဖြင့် သူတို့ကိုယ်သူတို့ ကောင်းစွာ ရုပ်ဖျက်ဖုံးကွယ်နေနိုင်ခဲ့ကြပြီး အပြင်ပန်းတွင် ဘာသာတရား အလွန် ကိုင်းရှိုင်းပုံပေါ်ခဲ့သောကြောင့် သခင်ယေရှုကို သူတို့ ရက်ရက်စက်စက် ခုခံ၍ ညှဉ်းပန်းနှိပ်စက်ခဲ့ကြမည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။ အကယ်၍ အဖြစ်မှန်များကိုသာ မထုတ်ဖော်နိုင်ခဲ့ပါက မည်သူမျှ သူတို့၏ စစ်မှန်သော သဘောသဘာဝကို ရှာတွေ့နိုင်မည်မဟုတ်ပါ။ လူ့ဇာတိခံယူသော ဘုရားသခင်၏ သမ္မာတရား ဖော်ပြချက်သည် လူသားတို့အကြောင်းကို အလွန် ထုတ်ဖော်ပြသသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။