သမ္မာတရားအား ရှာဖွေခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၁၆)
လူများ သမ္မာတရားကို နားလည်သဘောပေါက်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့ သမ္မာတရားကို အသက်ရှင်နေထိုင်ဖို့အတွက်၊ လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ဖို့နှင့် ၎င်းတို့နားလည်ပြီး လက်တွေ့လုပ်ဆောင်နိုင်သည့် သမ္မာတရားများကို ၎င်းတို့၏ အသက်တာဖြစ်စေဖို့တို့ ဖြစ်သည်။ ယင်းတို့ကို သင်၏အသက်တာဖြစ်စေဖို့ ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက ယင်းတို့သည် လူတစ်ဦး၏လုပ်ရပ်များ၊ အသက်တာ၊ ကျင့်ကြံပြုမူခြင်းနှင့် တည်ရှိခြင်းတို့၏ အခြေခံအုတ်မြစ်နှင့် အရင်းအမြစ် ဖြစ်လာသည်ကို ဆိုလိုသည်။ ထိုသူသည် အသက်ရှင်သည့် လမ်းခရီးကို ပြောင်းလဲလိုက်သည်။ လူများသည် ယခင်က မည်သည့်အရာဖြင့် ရှင်သန်ခဲ့သနည်း။ ၎င်းတို့၌ ခံယူချက် ရှိခဲ့သည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၎င်းတို့သည် စာတန်ဆန်သော စိတ်သဘောထားများအပေါ် မှီခိုခြင်းအားဖြင့် အသက်ရှင်ပြီး ဘုရားသခင်၏နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားတို့အားဖြင့် ရှင်သန်ခဲ့ခြင်း မရှိပေ။ ယင်းက ဖန်ဆင်းခံတစ်ဦး ရှင်သန်သင့်သည့် လမ်းခရီးတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ဘုရားသခင်သည် လူသားထံမှ မည်သည့်အရာကို တောင်းဆိုသနည်း။ (လူများသည် သူ၏ နှုတ်ကပတ်တော်များဖြင့် ရှင်သန်ဖို့ဖြစ်သည်။) ဘုရားသခင်၏နှုတ်ကပတ်တော်များအားဖြင့် ရှင်သန်ခြင်း၊ ဤသည်မှာ သူ့ကို အမှန်တကယ် ယုံကြည်သည့်လူများ ရှိသင့်သည့် ရည်မှန်းချက် ပန်းတိုင် ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဖန်ဆင်းခံတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များအပေါ် မှီခိုခြင်းအားဖြင့် အသက်ရှင်သည့်ပုံစံကို ရရှိသင့်သည်။ ဘုရားသခင်၏ အမြင်တွင် ထိုသို့သော လူများသည် စစ်မှန်သည့် ဖန်ဆင်းခံများ ဖြစ်ကြသည်။ ထို့ကြောင့် သင်သည် သင်၏မည်သည့်စကားများ၊ သင်၏မည်သည့်လုပ်ရပ်များနှင့် သင့်အပြုအမူ၏ မည်သည့်စည်းမျဉ်းများ၊ သင့်တည်ရှိမှု၏ ရည်မှန်းချက်များနှင့် ကမ္ဘာလောကနှင့် သင်ဆက်ဆံရာတွင် မည်သည့်နည်းလမ်းများက သမ္မာတရားစည်းမျဉ်းများနှင့် သဟဇာတဖြစ်သည်၊ မည်သည်က လူအပေါ် ဘုရားသခင် တောင်းဆိုသည့်အရာနှင့် သဟဇာတဖြစ်သည်၊ ပြီးလျှင် ယင်းတို့ထဲမှ မည်သည်က ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သတ်မှတ်ချက်များနှင့် ဆက်နွှယ်မှု မရှိသည်တို့ကို သင်ပုံမှန် တွေးဆရမည်။ သင်သည် ဤအရာများကို မကြာခဏ ချင့်ချိန်စဉ်းစားပါက ဝင်ရောက်မှုကို သင်ဖြည်းဖြည်းချင်း စွမ်းဆောင်ရရှိလိမ့်မည်။ ဤအရာများကို သင်မတွေးဆပါက အပေါ်ယံ အားထုတ်ကြိုးပမ်းမှုများ လုပ်ဆောင်ခြင်းမျှသည် အောင်မြင်နိုင်မည် မဟုတ်ပေ။ ဖြစ်သလိုလုပ်ခြင်း၊ စည်းမျဉ်းစည်းကမ်းများ ပုံသေစောင့်ထိန်းခြင်းနှင့် ဟိတ်ဟန်ကိုသာ စိတ်ဝင်စားခြင်းတို့သည် နောက်ဆုံးတွင် သင့်ကို မည်သည့်အရာမျှ ဖြစ်စေမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်၌ယုံကြည်မှုသည် အဘယ်နည်း။ ဘုရားသခင်၌ယုံကြည်မှုသည် အမှန်တကယ်တွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိခြင်း လုပ်ငန်းစဉ်နှင့် စာတန်၏ ဖျက်ဆီးခြင်းခံရသည့် လူသားတစ်ယောက်မှ ဘုရားသခင်၏အမြင်တွင် စစ်မှန်သော ဖန်ဆင်းခံတစ်ဦးအဖြစ် ပြောင်းလဲခြင်း ဖြစ်စဉ် ဖြစ်ပေသည်။ လူတစ်ယောက်သည် အသက်ရှင်ရန်အတွက် မိမိ၏ စာတန်ဆန်သော စိတ်သဘောထားနှင့် သဘာဝတို့ကို မှီခိုသောအခါတွင် ၎င်းသည် ဘုရားသခင်၏အမြင်တွင် အရည်အချင်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး ဖြစ်သလော။ (မဟုတ်ပါ။) သင်က ဘုရားသခင်ကို ယုံကြည်သည်၊ ဘုရားသခင်ကို အသိအမှတ်ပြုသည်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို အသိအမှတ်ပြုပြီး ဘုရားသခင်က သင့်အား အရာရာ ပေးအပ်သည်ကို အသိအမှတ်ပြုသည်ဟု သင်ဆိုသော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း သင်အသက်ရှင်နေထိုင်သလော။ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ သင်နေထိုင်သလော။ ဘုရားသခင်၏လမ်းကို လိုက်လျှောက်သလော။ သင်ကဲ့သို့သော ဖန်ဆင်းခံတစ်ဦးသည် ဘုရားသခင် ရှေ့မှောက်သို့လာနိုင်သလော။ ဘုရားသခင်နှင့်အတူ အသက်ရှင်နိုင်သလော။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသလော။ သင်အသက်ရှင်နေထိုင်သည့်အရာနှင့် သင်လျှောက်သောလမ်းသည် ဘုရားသခင်နှင့် သဟဇာတဖြစ်သလော။ (မဖြစ်ပါ။) သို့ဆိုလျှင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းအဓိပ္ပာယ်သည် အဘယ်နည်း။ မှန်ကန်သောလမ်းကြောင်းပေါ်သို့ သင်ဝင်ရောက်ပြီးပြီလော။ ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းသည် အပေါ်ယံအသွင်အပြင်နှင့် စကားလုံးများမျှသာဖြစ်သည်။ သင်သည် ဘုရားသခင်၏ နာမတော်ကို ယုံကြည်ကာ အသိအမှတ်ပြုထားပြီး ဘုရားသခင်သည် သင်၏ ဖန်ဆင်းရှင်နှင့် အချုပ်အခြာအာဏာရှင် ဖြစ်သည်ဟု အသိအမှတ်ပြုထားသည်။ သို့သော်လည်း အနှစ်သာရအားဖြင့် သင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာ သို့မဟုတ် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုတို့ကို လက်မခံထားပေ။ ပြီးလျှင် သင်သည် ဘုရားသခင်နှင့် အလုံးစုံ သဟဇာတမဖြစ်နိုင်ပေ။ ဆိုလိုသည်မှာ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းအဓိပ္ပာယ်သည် အလုံးစုံ အကောင်အထည်ဖော်ပြီးခြင်းမရှိပေ။ ဘုရားသခင်ကို သင်ယုံကြည်သော်လည်း သင်၏ ဖောက်ပြန်ပျက်စီးမှုကို သင်မဖယ်ရှားရသေးသကဲ့သို့ ကယ်တင်ခြင်းကို မရရှိထားပေ။ ပြီးလျှင် ဘုရားသခင်အား သင်၏ယုံကြည်ခြင်း၌ ဝင်ရောက်ပြီးဖြစ်သင့်သော သမ္မာတရားစစ်မှန်မှုကို သင်မဝင်ရောက်ရသေးပေ။ ဤသည်မှာ အမှားတစ်ခုဖြစ်သည်။ ဤသို့ကြည့်သောအခါတွင် ဘုရားသခင်အပေါ် ယုံကြည်မှုသည် ရိုးရှင်းသောအရာတစ်ခုမဟုတ်ပေ။
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားလည်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့သည် အရေးကြီးကြောင်း ယခု သင်တို့၏ စိတ်နှလုံးတွင် ခံစားရသလော။ (ခံစားရပါသည်။) သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အရေးကြီးကြောင်းကို အားလုံးသိသည့်တိုင် ထိုသို့ လုပ်ဆောင်ခြင်းသည် ရိုးရှင်းသည့်ကိစ္စတစ်ခု မဟုတ်ဘဲ အခက်အခဲများနှင့် ဝန်းရံဖိစီးနေသည်။ ယင်းကို မည်သို့ ဖြေရှင်းနိုင်မည်နည်း။ အခက်အခဲများ ကျရောက်လာတိုင်းတွင် ဘုရားသခင်၏ ရှေ့မှောက်သို့ သင်သည် ဆုတောင်းခြင်းများဖြင့် လာရမည်ဖြစ်ကာ သင်သည် သင်ကိုယ်တိုင်၏ အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက်လည်းကောင်း၊ သင်၏ အားနည်းချက်များနှင့် ပြင်ပပတ်ဝန်းကျင်ရှိ အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက်လည်းကောင်း၊ သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်းကို ရရှိနိုင်ရန်အတွက်လည်းကောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် သမ္မာတရားကိုရှာဖွေရမည်။ ဤသည်ကို တွေ့ကြုံခံစားခြင်းဖြင့် သင်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိရန် မျှော်လင့်ချက် ရှိလာမည်ဖြစ်သည်။ သင်သည် သမ္မာတရားကို ပိုမိုနားလည်လာပြီးဖြစ်ကာ သမ္မာတရားကို လက်တွေ့လည်း လုပ်ဆောင်နိုင်ပါက သင်သည် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်သူတစ်ဦး ဖြစ်လာနိုင်သည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သင်၏ ယုံကြည်မှုသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်း ရရှိလာမည် ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နာမတော်ကို အသိအမှတ်ပြုသည်ဟု သင်ပြောကာ သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိခြင်းနှင့် ဖန်ဆင်းရှင် ဖြစ်သည်တို့ကို ယုံကြည်သော်လည်း သင်၏ အသက်တွင် သမ္မာတရား၊ ဘုရားသခင်၏ သတ်မှတ်ချက်များ သို့မဟုတ် ဖန်ဆင်းခံတစ်ယောက် လုပ်ဆောင်သင့်သည်များတို့နှင့် သက်ဆိုင်သည့်အရာ တစ်စက်မျှ မရှိလျှင် သင်၏ အဆုံးသတ်သည် နောက်ဆုံးတွင် ပြဿနာရှိသည့် အဆုံးသတ်တစ်ခု ဖြစ်ပေလိမ့်မည် မဟုတ်လော။ ဤအရာများနှင့် မည်သို့မျှ မပတ်သက်သူတစ်ဦးသည် ဘုရားသခင်ထံမှောက် ရောက်လာနိုင်၏လော။ သင်သည် ဘုရားသခင်ထံမှောက် ရောက်လာနိုင်သည်ဟုဆိုသော်လည်း ဘုရားသခင်သည် သင်၏ ယုံကြည်မှုကဲ့သို့ ယုံကြည်မှုမျိုးကို သဘောကျသလော။ သူသဘောမကျပေ။ ယင်းကား မည်သည်ကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ သင်ကဲ့သို့သော ဖန်ဆင်းခံတစ်ယောက်ကို ဘုရားသခင်သည် အသိအမှတ်လည်းမပြုသလို လိုလည်း မလိုအပ်ပေ။ အကယ်၍ ဘုရားသခင်သည် သင်၏ ယုံကြည်မှုကို မဝန်ခံသကဲ့သို့ အသိအမှတ်လည်းမပြုလျှင် သူသည် သင့်ကို လူတစ်ယောက်အနေနှင့် အသိအမှတ်ပြုနိုင်သလော။ (အသိအမှတ်မပြုနိုင်ပါ။) ဤသည်မှာ အဆုံးသတ်တည်း။ ဘုရားသခင်သည် သင့်ကို ကယ်တင်မည်မဟုတ်ဘဲ သင်၏ အဆုံးသတ်သည် ဆုံးဖြတ်ပြီး ဖြစ်လိမ့်မည်။ ဤသည်မှာ သင်တို့အတွက် သင်တို့ လိုလားသော အဆုံးသတ်ပေလော။ (မဟုတ်ပါ။) သင်တို့သည် မည်ကဲ့သို့သော အဆုံးသတ်မျိုးကို လိုလားသနည်း။ (ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိရန် ဖြစ်သည်။) ဘုရားသခင်က အသိအမှတ်ပြုခြင်း ခံရရန်အတွက် သင်သည် မည်သည်ကို ဦးစွာ နားလည်ရမည်နည်း။ သင်သည် မည်သည်သို့ ဦးစွာဝင်ရောက်ရမည်နည်း။ ဦးစွာပထမ သင်သည် လူတို့မည်သည့်အရာလုပ်ဆောင်သည်ကို ဘုရားသခင် ကျေနပ်ကြောင်းနှင့် လူတို့မည်သည့်အရာ လုပ်ဆောင်သည်ကို ဘုရားသခင် မကျေနပ်ကြောင်းတို့ကို သိရမည်။ သင်သည် ယင်းတို့အပေါ် ရှင်းလင်းသော နားလည်မှုရရှိစေရန်အတွက် ဤအရာတို့ကို ဦးစွာ ပေါင်းရုံးသုံးသပ်လော့။ သို့လျှင် သင်သည် အရာများကို လုပ်ဆောင်သည့်အခါတွင် သင်မည်သို့ ပြုမူရမည်ကို သိရှိမည်ဖြစ်သည်။ ယင်းမှာ ဤသို့ပင် ရိုးရှင်းပါသည်။ ဤကဲ့သို့ အရာများကို ပေါင်းရုံးသုံးသပ်ရန် လွယ်ကူသလော။ လွန်စွာ လွယ်ကူပါသည်။ အတိတ်တွင် မကောင်းမှုများကို လုပ်ဆောင်ခဲ့ပြီး ဖယ်ရှားရှင်းလင်းခြင်း ခံခဲ့ရသူတို့တွင် ဘုရားသခင် ရွံရှာစက်ဆုပ်စေရန် သူတို့ လုပ်ဆောင်ခဲ့သည့်အရာများကို ပေါင်းရုံးသုံးသပ်လော့။ သူတို့၏ ကျရှုံးမှုများက သင်ကြားပေးသည့် သင်ခန်းစာများကို ပေါင်းရုံးသုံးသပ်လော့။ ပြီးလျှင် ထိုမကောင်းသည့် အရာများ တစ်ခုကိုမျှ မလုပ်နှင့်။ ပြီးနောက် ဘုရားသခင်က အသိအမှတ်ပြုသည့်သူများ၏ ကောင်းသည့် အမူအကျင့်များကို ပေါင်းရုံးသုံးသပ်ကာ ထိုအရာများကို ပိုလုပ်လော့။ ဤနည်းအားဖြင့် သင်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်ပေလိမ့်မည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အကိုက်ညီဆုံးဖြစ်စေရန် မည်သည်ကို လုပ်ဆောင်ရမည်နှင့် မည်သည်ကို လက်တွေ့လုပ်ဆောင်ရမည်တို့ကို သင်အဖြေရှာရမည်။ ထို့ပြင် ဘုရားသခင်သည် မည်သည့် လူများနှင့် အမှုအရာများကို ရွံရှာစက်ဆုပ်မှု အရှိဆုံးဖြစ်သည်နှင့် ဘုရားသခင်သည် မည်သည့် လူများနှင့် အမှုအရာများကို အကျေနပ်ဆုံးဖြစ်သည် တို့ကို သင်၏ စိတ်နှလုံးတွင် နားလည်ရမည်။ ယင်းတို့အကြားတွင် မည်သို့ ခွဲခြားရမည်ကို သင်သိရမည်။ ပြီးလျှင် ယင်းတို့အပေါ် ရှင်းလင်းသော နားလည်မှုရရှိစေရန် အမျိုးအစားသတ်မှတ်ကာ ပေါင်းရုံးသုံးသပ်ခြင်းသည် အကောင်းဆုံးပင် ဖြစ်သည်။ အရေးအကြီးဆုံးမှာ သင့်စိတ်နှလုံးတွင် ဤစံနှုန်းနှင့် ကန့်သတ်ချက် ရှိနေရန်ပင်ဖြစ်သည်။ ဤစည်းမျဉ်း၊ ဤစံနှုန်း၊ ဤကန့်သတ်ချက်တို့ဖြင့် သင်သည် အရာများကို လုပ်ဆောင်ရာတွင် စည်းမျဉ်းများရှိနေလိမ့်ကာ အရာများကို စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်သည်။ အကယ်၍ သင့်တွင် ဤစည်းမျဉ်းများနှင့် စံနှုန်းများမရှိပါက အမှုအရာများကို လုပ်ဆောင်ရာ၌ သင့်တွင် သေချာမှု ရှိမည်မဟုတ်ပေ။ ထို့အပြင် သင်လုပ်ဆောင်သည့် မည်သည့်အရာသည် မကောင်းမှုဖြစ်သည်၊ မည်သည့်အရာသည် ကောင်းမှုဖြစ်သည်ကို သင်ပြောနိုင်လိမ့်မည် မဟုတ်ပေ။ သင်သည် တစ်စုံတစ်ရာကို မကောင်းမှုမဟုတ်ဟု ခံစားရနိုင်သော်လည်း ဘုရားသခင်၏ အမြင်တွင်မူ ယင်းမှာ မကောင်းမှုပင်ဖြစ်သည်။ သို့မဟုတ် သင်သည် တစ်စုံတစ်ရာကို ကောင်းသည်ဟု ခံစားရနိုင်သော်လည်း ဘုရားသခင်၏ အမြင်တွင်မူ ယင်းမှာ မကောင်းမှုပင် ဖြစ်နေသည်။ အကယ်၍ ဤအရာအားလုံးကို သင်လုပ်ဆောင်ပါက ယင်းမှာ ပြဿနာရှိသည် မဟုတ်လော။ သင်သည် ဘုရားသခင် အသိအမှတ်မပြုသော အရာများကို တဇွတ်ထိုးနိုင်စွာနှင့် အဆုံးမဲ့စွာလုပ်ဆောင်ပြီး ဘုရားသခင် အသိအမှတ်ပြုသော အရာများကိုမူ အနည်းအကျဉ်းမျှသာ လုပ်ဆောင်သော်လည်း များစွာလုပ်ဆောင်ပြီးပြီဟု တွေးထင်ပါက သင်သည် နားဝေတိမ်တောင် ဖြစ်နေခြင်းပင် မဟုတ်လော။ အကယ်၍ သင်လုပ်ဆောင်သည့် အရာအများစုမှာ ဘုရားသခင်၏ အမြင်တွင် မကောင်းမှုဖြစ်သည်ဟု ယူဆပါက သူသည် သင့်ကို အသိအမှတ်ပြုနိုင်ပါသေး၏လော။ (အသိအမှတ်မပြုနိုင်ပါ။) တစ်စုံတစ်ရာကို ဘုရားသခင်က အသိအမှတ်မပြုဟု သိလေလျှင် သင်သည် တကယ်တမ်းတွင် ယင်းကို လုပ်ဆောင်သင့်သေးသလော သို့မဟုတ် မလုပ်ဆောင်သင့်သလော။ (မလုပ်ဆောင်သင့်ပါ။) သင်၏ ဤသို့လုပ်ဆောင်ခြင်းသည် ဒုစရိုက်အမှုလော၊ သို့မဟုတ် ကောင်းမှုလော။ (ဒုစရိုက်အမှု ဖြစ်ပါသည်။) ယင်းကို ဒုစရိုက်အမှုဟု သိမြင်ပြီး တစ်ဆက်တည်းမှာပင် ယင်းကို ထပ်မံမလုပ်ဆောင်တော့သည်ကို မည်သို့ခေါ်ဆိုသနည်း။ သင်၏လက်တွင်းရှိ အကြမ်းဖက်မှုကို စွန့်ခွာခြင်းပင်ဖြစ်သည်။ ယင်းမှာ စစ်မှန်သော နောင်တရခြင်း၏ သရုပ်သကန်ပင်ဖြစ်သည်။ အကယ်၍ သင်သည် ဒုစရိုက်အမှုကို လုပ်ဆောင်ခဲ့ပြီးသည်ဟု သိကာ ဘုရားသခင်က ယင်းကို အသိအမှတ်မပြုသည်ကို သေချာပါက သင့်တွင် နောင်တရသော စိတ်နှလုံးရှိသင့်ပေသည်။ အကယ်၍ သင်သည် သင့်ကိုယ်သင် ပြန်လည်သုံးသပ်ရမည့်အစား သင်၏ မကောင်းမှုလုပ်ဆောင်ခြင်းကို ကာကွယ်ကာ ရှာကြံအကြောင်းပြပါက သင်သည် ပြဿနာရှိနေပေပြီ။ သင်သည် အသေအချာပင် ဖယ်ရှားရှင်းလင်းခြင်းခံရကာ သင်၏ တာဝန်များကို ထမ်းဆောင်ရန် အရည်အချင်းပြည့်မီတော့မည် မဟုတ်ပေ။ သို့လျှင် အကြင်သူ၏ တာဝန်ကို ထမ်းဆောင်ရာတွင် ကျွမ်းကျင်ရမည့် စည်းမျဉ်းနှင့် လျှောက်လှမ်းရမည့် လမ်းကြောင်းသည်ကား အဘယ်နည်း။ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိရန် အကြင်သူသည် မည်သည့် ရည်ရွယ်ချက်ဖြင့် ရှေ့ဆက်ရမည်နည်း။ (အရာအားလုံးတွင် သမ္မာတရားကို ရှာဖွေကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဆုပ်ကိုင်ရမည်။) ဤသည်ကို လူတိုင်း သိရှိသော်လည်း သိရှိရာတွင် ယင်းကို လက်တွေ့လုပ်ဆောင်နိုင်ပါ၏လော။ ယင်းကို သင် နားလည်လိုက်သည်နှင့် လက်တွေ့လုပ်ဆောင် နိုင်ပါ၏လော။ (ကျွန်ုပ်တို့ မလုပ်ဆောင်နိုင်ပါ။) သို့လျှင် မည်သည့်အရာကို လုပ်နိုင်သနည်း။ ဆုတောင်းကာ ဘုရားသခင်ပေါ်တွင် မှီခိုရမည်။ သမ္မာတရားအတွက် ဒုက္ခခံကာ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများ၊ ရည်ရွယ်ချက်များနှင့် ဇာတိပကတိ၏ သက်တောင့်သက်သာဖြစ်မှုတို့ကို ဘေးဖယ်ထားရမည်။ ယင်းတို့ကို ဘေးဖယ်မထားဘဲ သမ္မာတရားကို ရယူလိုသေးပါက စိတ်ကူးယဉ်အတွေးများတွင် ပျော်မွေ့နေခြင်းပင် မဟုတ်လော။ လူအချို့သည် သမ္မာတရားကို နားလည်ကာ ရယူလိုကြသည်။ သူတို့ကိုယ်သူတို့ ဘုရားသခင်အတွက် အသုံးခံလိုကြသည်။ သို့သော်လည်း မည်သည့်အရာကိုမျှ မစွန့်လွှတ်နိုင်ကြပေ။ သူတို့၏ အနာဂတ်ကိုလည်း မစွန့်လွှတ်နိုင်ကြ။ ဇာတိပကတိ၏ သက်တောင့်သက်သာဖြစ်မှုကိုလည်း မစွန့်လွှတ်နိုင်ကြ။ သူတို့၏ မိသားစု အတူရှိမှု၊ သူတို့၏ သားသမီးများနှင့် မိဘများကိုလည်း မစွန့်လွှတ်နိုင်ကြသကဲ့သို့ သူတို့၏ ရည်ရွယ်ချက်များ၊ သူတို့၏ ရည်မှန်းချက်များ သို့မဟုတ် သူတို့၏ လိုအင်ဆန္ဒများကိုလည်း မစွန့်လွှတ်နိုင်ကြပေ။ သူတို့အပေါ် မည်သည့်အရာ ကျရောက်သည်ဖြစ်စေ သူတို့ကိုယ်ကို၊ သူတို့၏ အရေးကိစ္စများနှင့် သူတို့၏ တစ်ကိုယ်ကောင်း လိုအင်ဆန္ဒများကို ရှေ့တန်းတင်ထားကာ သမ္မာတရားကို နောက်ဆုံးတွင်ထားသည်။ ဇာတိပကတိ၏ အကျိုးစီးပွားများနှင့် သူတို့၏ စာတန်ဆန်ကာ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားများကို ကျေနပ်စေခြင်းက ပထမနေရာယူကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို ကျေနပ်စေခြင်းသည် ဒုတိယသာဖြစ်ပြီး နောက်ဆုံးနေရာယူ၏။ ဤကဲ့သို့သော လူစားမျိုးသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်၏လော။ သူတို့သည် သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်နိုင်ပါ၏လော သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်အောင် ဆောင်ရွက်နိုင်ပါ၏လော။ (သူတို့ မည်သည့်အခါမျှ မဆောင်ရွက်နိုင်ပါ။) အကယ်၍ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်ပြီးဖြစ်ကာ အချောင်မခိုခဲ့သော်လည်း သင်၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားကို စိုးစဉ်းမျှပင် မပြုပြင်ခဲ့ပါက ယင်းသည် ဘုရားသခင်၏ လမ်းကို လိုက်လျှောက်ခြင်းဖြစ်သည်ဟု မြင်နိုင်ပါ၏လော။ (မဟုတ်ပါ။) သင်တို့အားလုံး ဤသည်တို့ကို နားလည်ကြသည်။ သို့သော်လည်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါတွင်မူ ယင်းမှာ ခက်ခဲသော အလုပ်ဖြစ်သည်။ သင်၏ ဒုက္ခခံစားခြင်းနှင့် အဖိုးအခပေးဆပ်ခြင်း တို့ကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် သုံးစွဲရမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်းနှင့် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ခြင်းတို့အတွက် မဖြစ်ရပေ။ သင်သည် သမ္မာတရားအတွက် မည်မျှပင် ဒုက္ခခံစားသည်ဖြစ်စေ ယင်းမှာ ထိုက်တန်သည်။ ထို့ပြင် ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်ဖို့အတွက် သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်ခြင်းအတွက် သင်ခံစားရသော ဒုက္ခသည် ဘုရားသခင်အနေဖြင့် လက်ခံနိုင်ဖွယ်ဖြစ်ပြီး ဘုရားသခင်မှ အသိအမှတ်ပြုပြီး ဖြစ်သည်။
ယခု သင်တို့ ရှေ့မှောက်ရှိ ပြဿနာများမှာ အဘယ်နည်း။ တစ်ခုမှာ သင်တို့သည် သမ္မာတရားများစွာ၏ အသေးစိတ်ကို နားမလည်ကြခြင်းနှင့် ယင်းတို့ကို ခွဲခြားရန် သင်၏ စိတ်နှလုံးတွင် စံနှုန်းရှိမနေခြင်းပင်ဖြစ်သည်။ ထို့ပြင်မက သင်နားလည်သည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ခက်ခဲပေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အစပထမတွင် ခက်ခဲသည်ဟု ဆိုနိုင်သော်လည်း လက်တွေ့လုပ်ဆောင်ခြင်း များလာသည်နှင့်အမျှ ပိုမိုလွယ်ကူလာပေသည်။ ပိုမို လက်တွေ့လုပ်ဆောင်သည်နှင့်အမျှ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ပို၍ မလွှမ်းမိုးနိုင် ဖြစ်လေသည်။ သမ္မာတရားသည် တရိပ်ရိပ် အသာစီးရလာကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုသော စိတ်ဆန္ဒသည်လည်း ထို့အတူပင်ဖြစ်လေသည်။ သင်၏အခြေအနေသည် ပိုသည်ထက် ပို၍ ပုံမှန်ဖြစ်လာပြီး ဇာတိပကတိ၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများနှင့် သင်၏ လူသား အကြံအစည်များသည် လွှမ်းမိုးခြင်း နည်းသည်ထက် နည်းသွားသည်။ ဤသည်ကား ပုံမှန်ဖြစ်ကာ သင်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်သည့် မျှော်လင့်ချက် ရှိပေသည်။ သို့သော် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်မှာ ကာလရှည်ကြာပြီဟုဆိုသည့်တိုင် သင်၏ အကျိုးစီးပွားများ၊ တစ်ကိုယ်ကောင်း လိုအင်ဆန္ဒများ၊ ရည်ရွယ်ချက်များနှင့် ဖောက်ပြန်ပျက်စီး စိတ်သဘောထားတို့သည် သင့်အသက်တာ၏ ရှုထောင့်တိုင်းနှင့် အသေးစိတ်ကိစ္စတိုင်းတွင် ဦးဆောင်နေသေးသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် သင့်အတွက် ခက်ခဲသောအလုပ်ပင်ဖြစ်နေသေးသည်။ ထို့ပြင် သင်သည် သင်၏တာဝန်ကို ထမ်းဆောင်နေလင့်ကစား သင်လုပ်ဆောင်နေသည့် အရာအများစုသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် မသက်ဆိုင်ဖြစ်နေသည်။ ဤသည်မှာ ပြဿနာရှိသည်ဟု သင်တို့ မထင်ကြသလော။ ပြဿနာရှိလာမည်မှာ အသေအချာပင်။ သင်သည် မည်သည့်အသင်းတော်တွင် ရှိသည်ဖြစ်စေ သို့မဟုတ် သင်၏ ဝန်းကျင်သည် မည်သို့ပင် ဖြစ်စေ ယင်းတို့မှာ အရေးမကြီးပေ။ အရေးကြီးသည်မှာ သင်၏ သမ္မာတရားကို လိုက်စားသော အခြေအနေသည် ပိုမိုကောင်းမွန်လာခြင်း ရှိမရှိ၊ ဘုရားသခင်နှင့် သင်၏ ဆက်နွှယ်မှုသည် ပို၍ပုံမှန်ဖြစ်လာခြင်း ရှိမရှိ၊ သင်၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် လူ့သဘာဝတို့သည် ပို၍ပုံမှန်ဖြစ်လာခြင်း ရှိမရှိနှင့် ဘုရားသခင်အပေါ် သင်၏ သစ္စာစောင့်သိခြင်းနှင့် ကျိုးနွံနာခံမှုတို့ တိုးတက်လာခြင်း ရှိမရှိတို့ပင်ဖြစ်သည်။ အကယ်၍ သင့်ထံရှိ အပြုသဘောဆောင်သော အရာများသည် တိုးတက်နေကာ လွှမ်းမိုးအောင်နိုင်နေပါက သင်သည် သမ္မာတရားကို ရရှိနိုင်မည့် မျှော်လင့်ချက်ရှိသည်။ အကယ်၍ သင့်ထံတွင် ဤအပြုသဘောဆောင်သော အရာများ၏ အရိပ်လက္ခဏာ မရှိဖူးပါက သင်သည် တစ်စက်မျှပင် ခရီးရောက်ခြင်းမရှိသေးဘဲ သင်၏ စိတ်သဘောထားတွင် ပြောင်းလဲမှု တစ်ခုမျှပင် မရှိသေးချေ။ သင်သည် သမ္မာတရားကို လုံးဝဥဿုံ လက်တွေ့ မလုပ်ဆောင်ပါက သင့်တွင် အသက်၏ ဝင်ရောက်ခြင်း မည်သို့မည်ပုံ ရှိနိုင်မည်နည်း။ လူအချို့က “ကျွန်ုပ်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ကြိုးစားအားထုတ်ပြီး ဖြစ်သည်။ အဘယ်အကြောင်းကြောင့် ကျွန်ုပ်သည် ရလဒ်ကို မမြင်ရလေသနည်း” ဟု ဆိုကြသည်။ ရလဒ်မရှိခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ရသေးဟုပင်ဖြစ်သည်။ သင်သည် ယင်းကို လက်တွေ့လုပ်ဆောင်ရန် အကြိမ်မည်မျှပင် ကြိုးစားစေကာမူ အန္တိမ အကျိုးဆက်သည်ကား သင်သည် သင်၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားနှင့် စာတန်ဆန်သော သဘာဝတို့၏ ကျော်လွှားအောင်မြင်ခြင်းကိုသာ ခံနေရဆဲဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် စာတန်ဆန်ကာ ဖောက်ပြန်ပျက်စီးနေသော သင်၏ စိတ်သဘောထားများကို ကျော်လွှားအောင်မြင်ရန် သမ္မာတရား စစ်မှန်မှုနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးချနေခြင်း မရှိသေးခြင်းပင်ဖြစ်သည်။ ယင်းကို ဤသို့ ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) သို့ဆိုလျှင် သင်သည် အောင်မြင်သူ တစ်ယောက်လော။ ရှုံးနိမ့်သူ တစ်ယောက်လော။ (ရှုံးနိမ့်သူ တစ်ယောက်ဖြစ်ပါသည်။) ဤသည်မှာ ရှုံးနိမ့်သူတစ်ယောက်ပင်ဖြစ်သည်။ အောင်မြင်သူတစ်ယောက် မဟုတ်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အခါတွင် သင်၏ စိတ်နှလုံးတွင် အားပြိုင်မှုတစ်ခု ဖြစ်ပေါ်သည်။ သင်သည် သင်၏ ရည်ရွယ်ချက်များကို ဘေးဖယ်မထားနိုင်သော်လည်း သမ္မာတရားက ဆိုသည့်အရာနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို သင်နားလည်သဘောပေါက်သည်။ ယင်းသို့ အားပြိုင်နေစဉ်တွင် သင်သည် သမ္မာတရားကို ဘေးဖယ်ထားကာ လက်တွေ့လုပ်ဆောင်ခြင်း မပြုပေ။ နောက်ဆုံးတွင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမပြုဘဲ သင်၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ ကျေနပ်စေသည်၊ သင်၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားကို ထုတ်ဖော်သည်၊ ထို့ပြင် သင် အသက်ရှင်နေထိုင်သည့်အရာသည် သင်၏ စာတန်ဆန်သော သဘာဝပင်ဖြစ်သည်။ သို့လျှင် နောက်ဆုံး အကျိုးဆက်သည်ကား အဘယ်နည်း။ (ကျရှုံးပြီးဖြစ်ပါသည်။) နောက်ဆုံးတွင် အားပြိုင်မှုကို အနိုင်မရခဲ့ကာ သင်သည် ယခင်ကအတိုင်းပင် သင်၏ စာတန်ဆန်သော စိတ်သဘောထားများအတိုင်းပင် နေထိုင်သည်ဟု ဆိုကြလေစို့။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့မလုပ်ဆောင်ရန် ရွေးချယ်သည်။ သင်၏ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားသည် အရင်လာသည်။ သင်သည် သင်၏ လိုအင်ဆန္ဒများနှင့် တစ်ကိုယ်ကောင်းဆန်မှုကို ဖြည့်ဆည်းကာ ဘုရားသခင်ကိုကား စိတ်ကျေနပ်အောင် မလုပ်ပေ။ ထို့ပြင် သင်သည် သမ္မာတရားဘက်တွင် မရပ်တည်ပေ။ ဤသည်ကား သင်သည် ခေါင်းအစ ခြေအဆုံး အရှုံးများနှင့်သာ ဖြစ်သည်ဟု ဆိုလိုပေသည်။ ယင်းမှာ အားပြိုင်မှုတစ်ခု၏ ရလဒ်တစ်မျိုးဖြစ်သည်။ အခြားအားပြိုင်မှု၏ ရလဒ်တစ်မျိုးမှာကား အဘယ်နည်း။ ကိစ္စများ ကျရောက်လာသည့်အခါ လူတို့သည် သူတို့၏ စိတ်အပိုင်းပိုင်း အားပြိုင်မှုများလည်း ရှိကြသေးသည်။ သူတို့သည် မအီမသာဖြစ်ကြကာ နာကျင်သလိုနှင့် အားနည်းသလိုခံစားကြရပြီး သူတို့၏ ဂုဏ်သိက္ခာနှင့် အကျင့်စရိုက်တို့ကိုပင် စိန်ခေါ်ခံရသလို ခံစားရသည်။ ထို့ပြင် သူတို့၏ ဘဝင်ကိုလည်း မကျေနပ်စေနိုင်ပေ။ ထို့ပြင် သူတို့သည် ပြုပြင်ခံရခြင်းကို ခံရသည် သို့မဟုတ် အခြားသူများ၏ အထင်သေးခြင်းကို ခံရသည် သို့မဟုတ် အရှက်ခွဲခံရသည်တို့ဖြစ်ကာ သူတို့၏ ဂုဏ်သိက္ခာရော အကျင့်စရိုက်တို့ကိုပါ ဆုံးရှုံးရသည်။ သို့သော် ဤကဲ့သို့ အခြေအနေမျိုးနှင့် ကြုံရသည့်အခါတွင် သူတို့သည် ဘုရားသခင်ထံတွင် ဆုတောင်းနိုင်ကြသည်။ ထိုသို့ ဆုတောင်းပြီးသည့်နောက်တွင် သူတို့၏ စိတ်နှလုံးသည် အားပြည့်လာကာ သူတို့သည် သမ္မာတရားကို ရှာဖွေခြင်းဖြင့် အရာများကို ရှင်းလင်းစွာမြင်ရသည်။ သူတို့သည် သူတို့၏ စိတ်ဆုံးဖြတ်ချက်တွင် ခိုင်မာကာ အံ့သြလောက်ဖွယ်သော ခွန်အားဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြသည်။ “ငါသည် ပုံရိပ်တစ်ခုကို သော်လည်းကောင်း၊ အဆင့်အတန်း တစ်ခုကိုသော်လည်းကောင်း၊ ပကာသနကိုသော်လည်းကောင်း မလိုချင်ပေ။ ငါ့ကို အခြားသူများ အထင်သေးကာ နားလည်မှုလွဲမှားစေကာမူ ငါသည် ပစ္စုပ္ပန်တွင် ဘုရားသခင်ကို စိတ်ကျေနပ်စေရန်နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ရွေးချယ်သည်။ သို့ဆိုလျှင် ဘုရားသခင်သည် ငါ့ကို အသိအမှတ်ပြုကာ ဤကိစ္စနှင့် ပတ်သက်၍ ငါ့ကို ကျေနပ်လေသည်။ သို့ဆိုလျှင် ငါသည် ဘုရားသခင်၏ စိတ်နှလုံးကို မနာကျင်စေတော့ပေ” ဟူ၍ဖြစ်သည်။ သူတို့သည် သူတို့၏ ပုံရိပ်နှင့် ပကာသန၊ သူတို့၏ ရည်ရွယ်ချက်များ၊ သူတို့၏ မျှော်မှန်းချက်များနှင့် တစ်ကိုယ်ကောင်းဆန်မှုများတို့ကို နောက်ဆုံးတွင် ဘေးဖယ်ထားလိမ့်ပြီး သို့လျှင် ဘုရားသခင်၊ သမ္မာတရားနှင့် တရားမျှတခြင်းတို့၏ဘက်တွင် ရပ်တည်လိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီးချိန်တွင် သူတို့၏ စိတ်နှလုံးသည် ကျေနပ်သွားကာ ငြိမ်းချမ်းသွားပြီး ဝမ်းမြောက်ခြင်းများဖြင့် ပြည့်နှက်နေသည်။ သူတို့သည် ဘုရားသခင်၏ ကောင်းချီးကိုခံစားရကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်၍ ကောင်းသည်ဟု ခံစားကြရသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် သူတို့၏ စိတ်နှလုံးများသည် စိတ်ကျေနပ်မှုနှင့် အာဟာရများကို ရရှိပြီး သူတို့သည် သူတို့၏ စာတန်ဆန်ပြီး ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားများ၏ အကျဉ်းချထားကာ ထိန်းချုပ်ခြင်းကို ခံရသည်ဟု ခံစားရမည့်အစား လူသားများသကဲ့သို့ အသက်ရှင်နေထိုင်နေသည်ဟု ခံစားရသည်။ ဘုရားသခင်ကို သက်သေခံကာ ဖန်ဆင်းခံတစ်ယောက် ရပ်တည်သင့်သည့် သက်သေခံချက်နှင့် နေရာတို့တွင် မားမားမတ်မတ် ရပ်တည်ပြီးသည့်အခါ သူတို့သည် စိတ်၏ ငြိမ်းချမ်းမှု၊ သာယာကြည်နူးမှုနှင့် စိတ်နှလုံးတွင် ပျော်ရွှင်မှုတို့ကို ခံစားရသည်။ ဤသည်မှာ နောက်ဆက်တွဲ နောက်တစ်မျိုးပင်ဖြစ်သည်။ ဤကဲ့သို့သော နောက်ဆက်တွဲမျိုးသည် အဘယ်သို့ရှိသနည်း။ (ယင်းမှာ ကောင်းမွန်ပါသည်။) သို့သော် ဤ “ကောင်းခြင်း” သည် ရရှိရန် လွယ်ကူပါ၏လော။ (မလွယ်ကူပါ။) ဤ “ကောင်းခြင်း” ကို အားပြိုင်ခြင်း လုပ်ငန်းစဉ်တစ်ခုအားဖြင့် စွမ်းဆောင်ရရှိရမည်ဖြစ်သည်။ ထို့ပြင် အားပြိုင်မှုတွင် လူတို့သည် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်မျှ ရှုံးနိမ့်ရန်မှာ ဖြစ်နိုင်ချေရှိသည်။ သို့သော် ရှုံးနိမ့်ခြင်းသည် သင်ခန်းစာများကို ဆောင်ယူလာသည်။ ယင်းသည် လူတို့ကို သူတို့၏ အသိတရားတွင် သမ္မာတရားကို လက်တွေ့မကျင့်သုံးခြင်း၏ ကြီးလေးသောဝန်ကို လည်းကောင်း၊ သူတို့သည် ဘုရားသခင်ထံတွင် အကြွေးတင်နေသည်ကိုလည်းကောင်း၊ သူတို့၏ စိတ်နှလုံးသည် ဒုက္ခနှင့် နာကျင်မှုတို့ကို ခံစားနေရသည်ကိုလည်းကောင်း ခံစားရစေသည်။ ဤကဲ့သို့ အခြေအနေမျိုးနှင့် နောင်တွင် ကြုံရသည့်အခါတွင် လူတို့သည် သူတို့၏ စာတန်ဆန်သော ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားများကို ကျော်လွှားအောင်မြင်ရာတွင် မသိလိုက်မသိဘာသာ ကောင်းသည်ထက် ပိုကောင်းလာပြီး တဖြည်းဖြည်းနှင့် သူတို့သည် ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေရန် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ လုံးဝဥဿုံ ရွေးချယ်လိုက်လိမ့်မည်။ ဤသည်မှာ စာတန်ဆန်ကာ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားများကို အောင်မြင်ခြင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်အောင် ဆောင်ရွက်ရန် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့၏ ပုံမှန်လုပ်ငန်းစဉ်ပင် ဖြစ်သည်။
ယခု သင်တို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ခက်ခဲကြသလော။ သို့မဟုတ် သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်ဘဲ သင်တို့ စိတ်ကြိုက်လုပ်ဆောင်ခြင်းသည် ခက်ခဲသလော။ (သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ခက်ခဲပါသည်။) သင်တို့ စိတ်ကြိုက် လုပ်ဆောင်ခြင်းသည်ရော မည်သို့ရှိသနည်း။ (လွယ်ကူပါသည်။) ဤသည်က သင်တို့၏ စစ်မှန်သော ဝိညာဉ်ရင့်သန်မှုကို ဖော်ပြသည်။ သင်တို့ထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ ပြောင်းလဲသွားခြင်းမရှိကြသေး၊ သင်တို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မတတ်နိုင်ကြသေးပေ။ ဤသို့ ဝိညာဉ်ရင့်ကျက်မှုမျိုးသည် သနားစဖွယ်ကောင်းလေစွ။ သင်တို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ခက်ခဲပြီး သင်တို့ စိတ်ကြိုက် လုပ်ဆောင်ခြင်းသည် လွယ်ကူသည်ဟု ခံစားကြရသည်။ ယင်းသည် သင်တို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မတတ်နိုင်သေးကြောင်း သက်သေထူပေသည်။ သင်တို့အတွက် ဇာတိပကတိ၏ နှစ်သက်မှုများနောက်သို့ လိုက်ခြင်းသည် ပုံမှန်ဖြစ်လာသည်။ ဤသို့လုပ်ဆောင်ခြင်းသည် စည်းကမ်းတစ်ခုပင် ဖြစ်သည့်အလား သင်အသားကျလာသည်။ ထို့ကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အလွန် ခက်ခဲသည်ဟု ခံစားရသည်။ သင်တို့သည် မိမိကိုယ်ကို လေးစားမှုနှင့် အဆင့်အတန်းတို့အပေါ် ထိခိုက်မည်ကို အမြဲမပြတ် ကြောက်လန့်နေရသည်။ ထို့ကြောင့် သင်တို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည့်အစား သင်တို့၏ ကိုယ်ပိုင် အကြံဉာဏ်များအတိုင်း လုပ်ဆောင်ကြသည်။ အတွေး တစ်စမျှဖြင့်ပင် အကြင်သူသည် သတ္တိမရှိသူတစ်ယောက်၊ သူ၏ စာတန်ဆန်သော ဖောက်ပြန်ပျက်စီးနေသည့် စိတ်သဘောထား၏ ထိန်းချုပ်မှုကို ခံရသည့် အရှုံးသမားတစ်ယောက် ဖြစ်လာပြီး သူ၏ သက်သေခံချက်နှင့် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ဆုံးရှုံးရပေသည်။ ဤကဲ့သို့ပင် အလွယ်တကူ ဖြစ်နိုင်ပေသည်။ သို့သော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူတစ်ယောက် ဖြစ်လာပြီး ဘုရားသခင်ကို သက်သေခံသူတစ်ယောက် ဖြစ်လာရန်မှာ ထိုကဲ့သို့ လွယ်ကူပါ၏လော။ ယင်းအတွက် လုပ်ငန်းစဉ်တစ်ခု ရှိရန်လိုအပ်ပေသည်။ အကြင်သူသည် သမ္မာတရားကို လက်ခံသောအခါတွင် စိတ်များက ယခုတစ်မျိုး တော်ကြာတစ်မျိုး ပြောင်းလဲလျက် သူ၏ စိတ်ထဲတွင် အမြဲတစေ အားပြိုင်မှုတစ်ခု ဖြစ်နေသည်။ အမြဲမပြတ်သော အတွင်းပိုင်း အားပြိုင်မှုတစ်ခုရှိနေပြီး အဆုံးတွင် ယင်းအားပြိုင်မှုသည် နိဂုံးတစ်ခုသို့ ဆိုက်ရောက်ရသည်။ သမ္မာတရားကို ချစ်မြတ်နိုးသူများသည် လက်တွေ့လုပ်ဆောင်ကြကာ သက်သေခံကြပြီး အောင်မြင်သူများဖြစ်လာကြသည်။ သမ္မာတရားကို မချစ်မြတ်နိုးသူတို့ကမူ ကိုယ်ပိုင်လိုအင်များ အလွန်အကျူး ရှိကြသည်၊ လူ့သဘာဝ အလွန်အကျူး ကင်းမဲ့နေကြသည်၊ အကျင့်စရိုက်တွင် နိမ့်ကျကာ စက်ဆုပ်ဖွယ် ဖြစ်နေကြသည်။ ဤကဲ့သို့လူများသည် သူတို့၏ တစ်ကိုယ်ကောင်းဆန်မှုနှင့် ကိုယ်ပိုင် လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန် ရွေးချယ်ကြကာ သူတို့၏ စာတန်ဆန်ကာ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းကို အပြည့်အဝခံကြရသည်။ သင်တို့၏ နေ့စဉ်ဘဝတွင် ကိစ္စများဖြစ်ပေါ်လာပါက သင်တို့သည် သင်တို့၏ စာတန်ဆန်ပြီး ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားများကို အောင်မြင်ကျော်လွှားနိုင်ပါ၏လော။ သို့မဟုတ် ယင်းတို့၏ ချုပ်နှောင်ခြင်းခံရကာ ထိန်းချုပ်ခံရသလော။ အချိန်အများစုတွင် သင်တို့သည် မည်သည့် အခြေအနေတွင် ရှိသနည်း။ ဤသည်ကို အခြေခံ၍ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော သူတစ်ယောက်ဖြစ် မဖြစ်ကို တိုင်းတာနိုင်သည်။ အကယ်၍ သင်သည် သင်၏ စာတန်ဆန်ကာ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားများကို အချိန်အများစုတွင် အောင်မြင်ကျော်လွှားနိုင်ပြီး သက်သေခံသူတစ်ယောက် ဖြစ်လာနိုင်ပါက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ချစ်မြတ်နိုးသူတစ်ယောက် ဖြစ်သည်။ အကယ်၍ အချိန်အများစုတွင် သင်၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကို ဖြည့်ဆည်းပြီး သင်သည် သင်၏ စာတန်ဆန်ကာ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားများကို ကျော်လွှားကာ သမ္မာတရားဘက်တွင် ရပ်တည်နိုင်ခြင်း မရှိပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်အောင် လုပ်ဆောင်နိုင်စွမ်း မရှိပါက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူလည်း မဟုတ်သလို သမ္မာတရား စစ်မှန်မှုရှိသူ တစ်ဦးလည်း မဟုတ်ချေ။ သမ္မာတရား စစ်မှန်မှု မရှိသူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း အသက်ဝင်ရောက်မှု မရှိကြသူများဖြစ်သည်မှာ ထင်ရှားပေသည်။ သို့ဖြစ်လျှင် သင့်ကိုယ်သင် အကဲဖြတ်လော့။ သင်တို့သည် အချိန်အများစုတွင် ဇာတိပကတိ၏ ဘက်တွင် ရပ်တည်သလော သို့မဟုတ် သမ္မာတရား၏ ဘက်တွင် ရပ်တည်သလော။ သမ္မာတရား မပါဝင်သော ကိစ္စအသေးအမွှားများသည် အရေးမပါသော်လည်း သင်ရွေးချယ်ရန် လိုအပ်လာစေမည့် ကိစ္စကြီးကြီးမားမားများ ဖြစ်ပေါ်လာသည့်အခါ သင်သည် သမ္မာတရားဘက်တွင် ရပ်တည်သလော သို့မဟုတ် ဇာတိပကတိဘက်တွင် ရပ်တည်သလော။ (အစတွင် ကျွန်ုပ်တို့သည် ဇာတိပကတိဘက်တွင် ရပ်တည်ပါသည်။ သို့သော် အားပြိုင်မှုတစ်ခု အပြီးတွင် ဆုတောင်းခြင်းများနှင့် ရှာဖွေခြင်းများမှတစ်ဆင့် သမ္မာတရားအချို့ကို နားလည်ပြီးသည်နှင့် သမ္မာတရားဘက်တွင် ရပ်တည်ပါသည်။ သမ္မာတရားကို နားလည်ပြီးသည်နှင့် အကြင်သူသည် သမ္မာတရားဘက်တွင် ရပ်တည်နိုင်သည်ဟု ဆိုခြင်းမှာ မှန်ကန်တိကျပါသည်။) သို့သော် ဇာတိပကတိကို ပုန်ကန်ခြင်းကြောင့် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု မလွဲမသွေ ဆိုလိုခြင်းမျိုး မဟုတ်ပေ။ သင်သည် ဇာတိပကတိကို ပုန်ကန်ကာ သင်လုပ်လိုသည့်အရာများကို မလုပ်ခြင်းဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မဟုတ်ဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်အတွက် သင်သည် သမ္မာတရား၏ စည်းမျဉ်းများကို လိုက်နာကာ လက်တွေ့လုပ်ဆောင်ရမည် ဖြစ်သည်။ သို့လျှင် သင်တို့၏ ဖြစ်နေကျ အခြေအနေမှာ မည်သို့နည်း။ (ဇာတိပကတိကို ပုန်ကန်သည်ဟု ကျွန်ုပ်တို့ ခေါ်ဆိုသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း အမှန်တကယ်မဟုတ်ဘဲ ယင်းသည် မိမိကိုယ်ကို ချုပ်ထိန်းမှု လုပ်ဆောင်နေခြင်းသာဖြစ်သည်။) ဤသည်မှာ လူအများစု၏ အခြေအနေပင်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့လျှင် သင်တို့သည် ယခုတွင် မည်သည့်အခြေအနေတွင် ရှိနေသနည်း။ သင်တို့သည် သမ္မာတရား၏ စစ်မှန်မှုများသို့ ဝင်ရောက်ရသေးသလော။ (ဟုတ်ပါသည်။ ကျွန်ုပ်တို့ မဝင်ရောက်ရသေးပါ။) အသက်ဝင်ရောက်ခြင်းမရှိဘဲ ဘုရားသခင်ကို ယုံကြည်ခြင်းသည် သမ္မာတရားစစ်မှန်မှုသို့ သင်တို့ မဝင်ရောက်ရသေးဟု ဆိုလိုသည်။ ဤသည်မှာ သင်တို့ တည်ရှိသည့် အခြေအနေပင်ဖြစ်သည်။ ထို့ကြောင့် သင်တို့ မခွဲခြားနိုင်သေးသည့် အရာများစွာရှိသေးသည်။ သင်တို့ ယင်းတို့ကို အဘယ်ကြောင့် မခွဲခြားနိုင်ရသနည်း။ ယင်းမှာ သင်တို့သည် အချို့သော စကားများနှင့် အယူဝါဒကိုသာ နားလည်ထားသော်လည်း သမ္မာတရားကိုလည်း နားမလည်သေးသလို စစ်မှန်မှုသို့လည်း မဝင်ရောက်ရသေးသောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် သင်တို့သည် အခြေအနေများစွာနှင့်ပတ်သက်၍ အတွေ့အကြုံမရှိကြချေ။ သင်တို့သည် ယင်းတို့ကို အတွေ့အကြုံမရှိကြသေးသဖြင့် ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ကြပေ။ ဤသည်မှာ ပကတိ ဖြစ်ပျက်နေပုံပင်ဖြစ်သည်။ မည်သည့်အရာပင်ဖြစ်စေ သင်သည် သင်ကိုယ်တိုင် တွေ့ကြုံခံစားရရန် လိုအပ်သည်။ ထို့ပြင် တွေ့ကြုံခံစားရပြီးသည့်နောက်တွင် အသေးစိတ်များမှာ မည်ကဲ့သို့ဖြစ်သည်ကို သင်သိလိမ့်မည်။ သင်၏ ခံစားချက်များ၊ အတွေးများနှင့် တွေ့ကြုံခံစားခြင်း၏ လုပ်ငန်းစဉ်တို့သည် အသေးစိတ် အချက်များ ရှိလာမည်ဖြစ်ပြီး ယင်းအသေးစိတ် အချက်များသည် စစ်မှန်မှုနှင့်သက်ဆိုင်သော အရာများပင်ဖြစ်သည်။ ယင်းတို့ မရှိပါက သင့်တွင် အပေါ်ယံမျှသာ ဗဟုသုတရှိသည်။ ထို့ကြောင့် သင်သည် ကြက်တူရွေးတစ်ကောင်ကဲ့သို့သာ နှုတ်တိုက်ဆောင်နေခြင်း ဖြစ်သည်။ အပေါ်ယံအဆင့် အသိဆိုသည်မှာ သင်သည် တိုက်ရိုက်အဓိပ္ပာယ်ကို နားလည်မှု၌သာ ရပ်တန့်လိုက်ပြီး သင်၏ ကိုယ်ပိုင် အဖြစ် မပြုလုပ်နိုင်သေးဘဲ သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ရန် ဝေးကွာနေသေးသည်ကို ဆိုလိုပါသည်။ ဤကဲ့သို့ ဆို၍ ရသလော။ (ရပါသည်။) သင်တို့သည် ယနေ့ မိတ်သဟာယဖွဲ့မှုအတိုင်း လက်တွေ့လုပ်ဆောင်ရမည်။ ထို့ပြင် သင်တို့သည် တွေးဆ ဆင်ခြင်ရန် လေ့လာရမည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်အတွက် သင်သည် တွေးဆ ဆင်ခြင်ရမည်။ ထို့အပြင် လက်တွေ့လုပ်ဆောင်စဉ်တွင် တွေးဆလျက် တွေးဆစဉ်တွင်လည်း လက်တွေ့လုပ်ဆောင်ရမည်။ သင်သည် သမ္မာတရား၏ အသေးစိတ်များကို ပိုသည်ထက် ပို၍နားလည်လာလိမ့်ကာ သင်၏ သမ္မာတရားအပေါ် အသိပညာသည် နက်ရှိုင်းသည်ထက် နက်ရှိုင်းလာလိမ့်မည်။ ပြီးလျှင် ဤနည်းဖြင့် သင်သည် သမ္မာတရား လက်တွေ့ကျမှုသည် မည်သည့်အရာဖြစ်သည်ကို အမှန်တကယ် သိမြင်ခံစားနိုင်လိမ့်မည်။ သင်သည် သဘောပေါက်နားလည်ကာ သိမြင်ခံစားပြီးသည့်အခါမှသာ သင်သည် သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်နိုင်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။