သမ္မာတရားအား ရှာဖွေခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၁၈)

များစွာသော လူတို့သည် တူညီသောပြဿနာကို ဖော်ပြခဲ့ကြသည်။ အထက်မှပေးသော မိတ်သဟာယဖွဲ့မှုကို နားထောင်ပြီးသည့်နောက်တွင် သူတို့သည် ကြည်လင်ကာ အားရှိလာသည်ဟု ခံစားရပြီး အပျက်သဘောမဆောင်ကြတော့ပေ။ သို့သော် ဤအခြေအနေသည် ဆယ်ရက်ဝန်းကျင်မျှသာကြာပြီး သာမန်မဟုတ်သည့် အခြေအနေ ပြန်ဖြစ်လာကာ သူတို့သည် အင်အားချို့တဲ့လာသည်။ သူတို့သည် မည်သို့ ဆက်သွားရမည်ကိုလည်းကောင်း၊ မည်သည့်အရာကို လုပ်ဆောင်ရမည်ကိုလည်းကောင်း မသိကြပေ။ ဤပြဿနာကား မည်သည်နည်း။ ယင်း၏ ဇာစ်မြစ်သည်ကား အဘယ်နည်း။ သင်တို့ ဤသည်ကို တွေးဖူးသ‌လော။ အချို့ကမူ ဇာစ်မြစ်မှာ လူတို့သည် သမ္မာတရားကို အာရုံမစိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ သို့ဖြစ်လျှင် မိတ်သဟာယဖွဲ့မှုကို နားထောင်ပြီးနောက်တွင် သင်သည် အဘယ်ကြောင့်များ သာမန်အခြေအနေ ရှိရသနည်း။ သမ္မာတရားကိုကြားပြီးနောက်တွင် သင်သည် အထူးပင် ပျော်ရွှင်ကာ လွတ်လပ်သည်ဟု ခံစားရသည်မှာ အဘယ်ကြောင့်နည်း။ အချို့က ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်ဟု ဆိုကြသည်။ သို့ဆိုလျှင် ဆယ်ရက်ဝန်းကျင်မျှကြာပြီးနောက်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် အဘယ်ကြောင့် အလုပ် ဆက်မလုပ်တော့သနည်း။ ယင်းမှာ ပိုကောင်းအောင် မကြိုးပမ်းတော့ဘဲ ပျင်းရိလာသောကြောင့်ဖြစ်သည်ဟု အချို့က ဆိုကြသည်။ သို့ဆိုလျှင် ပိုကောင်းအောင် ကြိုးပမ်းနေကြသည့်လူများ အပေါ်တွင်လည်း သန့်ရှင်းသော ဝိညာဉ်တော်သည် အဘယ်ကြောင့် အလုပ်မလုပ်သနည်း။ သင်သည်လည်း ပိုကောင်းအောင် ကြိုးပမ်းမနေသလော။ သန့်ရှင်းသော ဝိညာဉ်တော်သည် အဘယ်ကြောင့် အလုပ်မလုပ်သနည်း။ လူတို့ပေးသော အကြောင်းပြချက်များသည် စစ်မှန်မှုနှင့် မကိုက်ညီပေ။ ပြဿနာသည်ကား သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ လူသား၏ ပူးပေါင်းဆောင်ရွက်မှုအား လျစ်လျူရှု၍ မရခြင်းပင်ဖြစ်သည်။ သမ္မာတရားကို ချစ်မြတ်နိုးသူတစ်ဦးသည် သမ္မာတရားကို ရှင်းရှင်းလင်းလင်း နားလည်လာနိုင်သောအခါတွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည့်ကာလ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူသည် သာမန်အခြေအနေတစ်ခုကို အမြဲထိန်းထားလိမ့်မည် ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ လူတစ်ယောက်သည် သမ္မာတရားကို မချစ်မြတ်နိုးလေလျှင် သူသည် သမ္မာတရားကို အထူးရှင်းလင်းစွာ နားလည်ပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် သိသိသာသာ အလုပ်လုပ်နေစေကာမူ သူလက်တွေ့လုပ်ဆောင်နိုင်သော သမ္မာတရားသည် အကန့်အသတ် ရှိနေလိမ့်ဦးမည်ဖြစ်သည်။ သူပျော်ရွှင်နေသည့် အချိန်ခဏလေးအတွင်း၌ သမ္မာတရား၏ အနည်းငယ်မျှကိုသာ လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။ အချိန်အများစုတွင်မူ သူသည် သူ၏ တစ်ကိုယ်ရေ ကြိုက်နှစ်သက်မှုများအတိုင်း ပြုမူနေဆဲဖြစ်လိမ့်ကာ သူ၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားများကို မကြာခဏ ထုတ်ဖော်ပြသလိမ့်မည်။ ထို့ကြောင့် လူတစ်ဦး၏ အခြေအနေသည် သာမန်ဖြစ်သည် မဖြစ်သည်နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည် မလုပ်ဆောင်နိုင်သည်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အပေါ် လုံးလုံးလျားလျား မူတည်မနေပေ။ ယင်းက ထိုသူ့အတွက် သမ္မာတရားသည် ရှင်းလင်းသည် မရှင်းလင်းသည်အပေါ်တွင်လည်း အလုံးစုံ မူတည်ခြင်းမရှိပေ။ ယင်းမှာ ထိုသူသည် သမ္မာတရားကို ချစ်မြတ်နိုးခြင်း ရှိမရှိနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုစိတ် ရှိမရှိတို့အပေါ်တွင် မူတည်သည်။ ပုံမှန်အားဖြင့် လူတစ်ဦးသည် ဒေသနာများနှင့် မိတ်သဟာယဖွဲ့မှုတို့ကို ကြားနာရပြီး အချိန်အတိုင်းအတာတစ်ခုအထိ သူ၏အခြေအနေသည် အနည်းငယ် သာမန်ဖြစ်နေသည်။ ဤသည်မှာ သမ္မာတရားကို နားလည်လာခြင်း၏ ရလဒ်ဖြစ်သည်။ သမ္မာတရားသည် သင့်ကို သင်၏ ဖောက်ပြန်ပျက်စီးနေသော သဘောသဘာဝကို သတိပြုမိစေပြီး သင့်စိတ်နှလုံးသည် ပျော်ရွှင်ကာ လွတ်မြောက်လာကာ သင့်အခြေအနေများသည် ပို၍ တိုးတက်ကောင်းမွန်လာနေပြီဖြစ်သည်။ သို့သော် အချိန်တစ်ခု ကြာပြီးနောက်တွင် သင်သည် မည်သို့တွေ့ကြုံရမည်ကို မသိသည့်အရာတစ်ခုနှင့် ရုတ်တရက်ရင်ဆိုင်ရနိုင်ကာ သင့်နှလုံးသားသည် ယခင်ကထက် ပိုမှောင်မိုက်လာပြီး သမ္မာတရားကို အမှတ်တမဲ့ လျစ်လျူရှုထားခဲ့မိပေမည်။ သင့်လုပ်ရပ်များတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေရန် သင်မကြိုးစားဘဲ အရာအားလုံးကို သင့်ကိုယ်ပိုင် စိတ်သဘောထားအတိုင်း လုပ်ဆောင်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သင်လုံးဝမကြံဆောင်တော့ပေ။ အချိန်ကြာလာသည်နှင့်အမျှ သင်သည် တစ်ချိန်က နားလည်ခဲ့ဖူးသော သမ္မာတရားကို ဆုံးရှုံးသွားလိမ့်မည်။ သင်သည် သင်၏ တစ်ကိုယ်ရေ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားကို စဉ်ဆက်မပြတ် ထုတ်ဖော်ပြသသည်။ အမှုအရာများနှင့် ကြုံတွေ့ရသောအခါတွင် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မရှာဖွေတော့ပေ။ ထို့အပြင် ဘုရားသခင်ထံသို့ တိုးဝင်ချဉ်းကပ်သော အခိုက်တွင်ပင် သင်သည် ဟန်ဆောင်လုပ်ပြနေခြင်းသာ ဖြစ်သည်။ သင်သည် ဤသည်ကို သိရှိလာသည်နှင့်တစ်ပြိုင်နက် သင့်စိတ်နှလုံးသည် ဘုရားသခင်နှင့် ဝေးကွာလာခဲ့ပြီးဖြစ်ကာ သင်သည် ဘုရားသခင်အား အရာများစွာ၌ အတိုက်အခံ လုပ်ခဲ့ပြီး ဖြစ်သည့်အပြင် ဘုရားသခင်အပေါ် ပြစ်မှားစော်ကားခြင်း အချို့ကိုပင် ပြောဆိုခဲ့ပြီး ဖြစ်သည်။ ဤသည်မှာ လွန်စွာပင် ပြဿနာရှိသည်။ ဤလမ်းကြောင်းအတိုင်း ဝေးဝေးလံလံ မလျှောက်လှမ်းရသေးသူတို့အဖို့ ရွေးနုတ်ခြင်း ရှိနေဆဲဖြစ်သော်လည်း ဘုရားသခင်ကို ပြစ်မှားစော်ကားပြီး ရာထူးနေရာနှင့် အစားအသောက် အဝတ်အစားတို့အတွက် ယှဉ်ပြိုင်ရန် ဘုရားသခင်ကို ဆန့်ကျင်သည်အထိ အလွန်အကျွံ လုပ်ဆောင်ပြီးသည့်သူများအတွက်မူ ရွေးနုတ်ခြင်း မရှိပေ။ သမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ခြင်း၏ ရည်ရွယ်ချက်သည် သမ္မာတရားကို လူတို့နားလည်ပြီး လက်တွေ့လုပ်ဆောင်နိုင်စေရန်၊ ၎င်းတို့၏ စိတ်သဘောထားများတွင် ပြောင်းလဲမှုများ ရရှိနိုင်စေရန်ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို ၎င်းတို့နားလည်သည်နှင့် ၎င်းတို့၏ စိတ်နှလုံးအတွင်းသို့ အလင်းနှင့် ပျော်ရွှင်မှုအနည်းငယ် သယ်ဆောင်ပေးရန်သက်သက် မဟုတ်ပေ။ သင်သည် သမ္မာတရားကို နားလည်သော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်လျှင် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း၊ နားလည်ခြင်းသည် အဓိပ္ပာယ်မရှိပေ။ သမ္မာတရားကို လူတို့နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်သောအခါတွင် ပြဿနာသည် အဘယ်နည်း။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရားကို မချစ်၊ ၎င်းတို့၏ စိတ်နှလုံးတွင် သမ္မာတရားကို လက်မခံဟူသည့် သက်သေဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် ဘုရားသခင်၏ ကောင်းချီးများနှင့် ကယ်တင်ခြင်းအတွက် အခွင့်အလမ်းကို လွဲချော်လိမ့်မည်။ သမ္မာတရားကို လူတို့ရယူနိုင်ခြင်း ရှိမရှိတွင် အရေးပါသည်မှာ သမ္မာတရားကို ၎င်းတို့လက်ခံနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိဖြစ်သည်။ သင်သည် သင်နားလည်သည့် သမ္မာတရားအားလုံးကို လက်တွေ့လုပ်ဆောင်လျှင် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်း၊ အလင်းပေးခြင်း၊ လမ်းပြခြင်းတို့ကို ရရှိလိမ့်မည်။ သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်နိုင်လိမ့်မည်။ သမ္မာတရားအပေါ် သာ၍နက်နဲသော နားလည်မှုတစ်ခု ရရှိလိမ့်မည်။ သမ္မာတရားကို ရရှိပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိလိမ့်မည်။ လူအချို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိပေ။ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်က ၎င်းတို့ကို ဉာဏ်အလင်းဖွင့်မပြ၊ သို့မဟုတ် အလင်းမပေး၊ ဘုရားသခင်က ၎င်းတို့ကို ခွန်အားမပေးဟု အစဉ် စောဒကတက်နေကြသည်။ ဤသည်မှာ မှားယွင်း၏။ ဤသည်မှာ ဘုရားသခင်ကို နားလည်မှုလွဲခြင်းဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းနှင့် အလင်းပေးခြင်းသည် လူတို့၏ ပူးပေါင်းဆောင်ရွက်ခြင်း အခြေခံအုတ်မြစ်ပေါ်တွင် တည်ထားခြင်း ဖြစ်သည်။ လူတို့သည် ရိုးသားစစ်မှန်ရမည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ချင်စိတ် ရှိရမည်။ ၎င်းတို့၏ နားလည်မှုက လေးနက်သည်ဖြစ်စေ၊ အပေါ်ယံဆန်သည်ဖြစ်စေ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရမည်။ ထိုအခါမှသာ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းနှင့် အလင်းပေးခြင်းကို ခံရမည်။ လူတို့သည် သမ္မာတရားကို နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်လျှင်၊ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ပြီး ၎င်းတို့လက်တွေ့လုပ်ဆောင်အောင် အတင်းအကျပ်ပြုမည်ကိုသာ စောင့်နေလျှင် ၎င်းတို့သည် အလွန်အမင်း မလှုပ်မယှက်နေနေခြင်း မဟုတ်လော။ ဘုရားသခင်သည် လူတို့ကို မည်သည့်အရာကိုမျှ အတင်းအကျပ် မလုပ်ဆောင်ခိုင်းပေ။ လူတို့သည် သမ္မာတရားကို နားလည်သော်လည်း လက်တွေ့လုပ်ဆောင်ချင်စိတ်မရှိလျှင် ဤသည်မှာ ၎င်းတို့က သမ္မာတရားကို မချစ်၊ သို့မဟုတ် ၎င်းတို့၏ အခြေအနေသည် ပုံမှန်မဟုတ်ဘဲ အတားအဆီးတစ်မျိုးမျိုး ရှိနေသည်ကို ပြသည်။ သို့သော် လူတို့သည် ဘုရားသခင်ကို ဆုတောင်းနိုင်လျှင် ဘုရားသခင်သည်လည်း အလုပ်လုပ်လိမ့်မည်။ လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ချင်စိတ် မရှိမှသာ၊ ဘုရားသခင်ကိုလည်း ဆုမတောင်းမှသာ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့တွင် အလုပ်လုပ်ရန် နည်းလမ်းမရှိမည် ဖြစ်သည်။ အမှန်တကယ်တွင် လူတို့၌ မည်သည့်အခက်အခဲမျိုးရှိပါစေ အစဉ် ဖြေရှင်း၍ ရနိုင်သည်။ အဓိကအချက်မှာ သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိဖြစ်သည်။ ယခုအခါတွင် သင်တို့အတွင်း၌ရှိသော ဖောက်ပြန်ပျက်စီးမှု ပြဿနာများသည် ကင်ဆာမဟုတ်။ ကုသ၍မရနိုင်သော ရောဂါတစ်ခုခု မဟုတ်ပေ။ သမ္မာတရားကို သင်တို့လက်တွေ့လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်နိုင်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို သင်တို့ရရှိလိမ့်မည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲရန် ဖြစ်နိုင်ချေရှိလိမ့်မည်။ အားလုံးက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သင်စိတ်ပိုင်းဖြတ်နိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်သည်။ ဤသည်မှာ အဓိကအချက်ဖြစ်၏။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လျှင်၊ သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို လျှောက်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရနိုင်လိမ့်မည် ဖြစ်ပြီး သေချာပေါက် ကယ်တင်ခြင်းခံရနိုင်မည် ဖြစ်သည်။ သင်လျှောက်သော လမ်းကြောင်းသည် မှားယွင်းသော လမ်းဖြစ်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်ဆုံးရှုံးလိမ့်မည်။ မှားယွင်းသော ခြေလှမ်းတစ်လှမ်းသည် နောက်ထပ်ခြေလှမ်းမှားတစ်ခုကို ဖြစ်ပေါ်စေလိမ့်မည်။ သင့်အတွက် အားလုံးပြီးဆုံးသွားလိမ့်မည်။ နှစ်မည်မျှကြာသည်အထိ သင်ဆက်ယုံကြည်နေသည်ဖြစ်စေ ကယ်တင်ခြင်းကို ရယူနိုင်လိမ့်မည်မဟုတ်ပေ။ ဥပမာ လူအချို့သည် အလုပ်လုပ်သောအခါ ဘုရားအိမ်တော်ကို အကျိုးဖြစ်စေသည့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည့် နည်းလမ်းဖြင့် မည်သို့လုပ်ဆောင်ရမည်ကို လုံးဝ မစဉ်းစားပေ။ ရလဒ်အနေဖြင့် ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသော၊ ဘုရားသခင်အတွက် ရွံရှာစက်ဆုပ်ဖွယ်၊ မုန်းတီးဖွယ်ဖြစ်သော အရာများစွာကို လုပ်ဆောင်ကြသည်။ ဤသို့လုပ်ဆောင်ရာတွင် ၎င်းတို့သည် ဖော်ထုတ်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရ၏။ အရာခပ်သိမ်းတွင် လူတို့သည် သမ္မာတရားကို ရှာဖွေနိုင်ပြီး သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်လျှင် ၎င်းတို့သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် မှန်ကန်သော လမ်းကြောင်းသို့ ဝင်ရောက်ပြီးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသောသူတစ်ယောက်ဖြစ်လာဖို့ မျှော်လင့်ချက်ရှိကြသည်။ လူအချို့သည် သမ္မာတရားကို နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်ကြပေ။ ထိုအစား သမ္မာတရားသည် ဤအရာထက် လုံးဝ မပိုဟု ယုံကြည်ကြပြီး ၎င်းတို့၏ ကိုယ်ပိုင်လိုအင်ဆန္ဒများ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းနိုင်စွမ်းမရှိကြပေ။ ဤသို့သောလူများသည် ရယ်ဖွယ်ရာဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် အဓိပ္ပာယ်မရှိမဖြစ်သလော။ ၎င်းတို့သည် လူတတ်ကြီးများ မဟုတ်လော။ လူတို့သည် သမ္မာတရားနှင့်အညီ လုပ်ဆောင်နိုင်လျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲနိုင်သည်။ ၎င်းတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့် အစေခံခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင်သဘာဝ ပင်ကိုစရိုက်နှင့်အညီဖြစ်လျှင် တစ်ဦးတစ်ယောက်မျှ ၎င်းတို့၏ စိတ်သဘောထားပြောင်းလဲမှုကို ရရှိနိုင်မည်မဟုတ်ပေ။ မိမိတို့၏ကိုယ်ပိုင် ရွေးချယ်မှု အမှားများကြောင့် တနုံ့နုံ့ပူဆွေးသောကရောက်ပြီး တစ်နေကုန် အချိန်ကုန်ဆုံးသောသူအချို့ရှိသည်။ အရန်သင့် သုံး၍ရသော သမ္မာတရားရှိပါလျက်နှင့် ၎င်းတို့သည် ယင်းကို လုံးဝ စူးစမ်းလေ့လာခြင်း မပြုကြ သို့မဟုတ် လက်တွေ့လုပ်ဆောင်ရန် မကြိုးစားကြဘဲ ကိုယ်ပိုင်လမ်းကြောင်းကို မရမက ရွေးချယ်ကြသည်။ ဤသည်မှာ အလွန်ပင် အဓိပ္ပာယ်မရှိသော ပြုမူပုံပင် ဖြစ်တော့၏။ အမှန်တကယ်ပင် ၎င်းတို့သည် ကောင်းချီးမင်္ဂလာများကို ရသည့်အချိန်တွင် ယင်းတို့ကို ပျော်မွေ့ခံစားနိုင်ခြင်းပင် မရှိကြဘဲ ဘဝတွင် ကြမ္မာငင်ဖို့ရန် ကံပါလာကြသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ရိုးရှင်း၏။ သင်လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိကသာ အရေးပါသည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ပြီးသူတစ်ယောက်ဖြစ်လျှင် သင်၏ အပျက်သဘောဆောင်ခြင်း၊ အားနည်းခြင်း၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့သည် တဖြည်းဖြည်းချင်း ပြေလည်ပြီး ပြောင်းလဲသွားလိမ့်မည်။ ဤသည်မှာ သင်၏ စိတ်နှလုံးသည် သမ္မာတရားကို ချစ်ခြင်းရှိမရှိ၊ သမ္မာတရားကို သင်လက်ခံနိုင်ခြင်းရှိမရှိ၊ သမ္မာတရားကိုရရှိရန် သင်ဒုက္ခခံနိုင်ပြီး အဖိုးအခပေးနိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်သည်။ သမ္မာတရားကို သင်အမှန်တကယ်ချစ်လျှင် လူတို့၏ မကောင်းပြောခံရသည်ဖြစ်စေ၊ ဝေဖန်ပြစ်တင်ခံရသည်ဖြစ်စေ၊ ငြင်းပယ်ခြင်းခံရသည်ဖြစ်စေ သမ္မာတရားကို ရရှိရန်အတွက် ဝေဒနာမျိုးစုံကို ခါးစည်းခံနိုင်လိမ့်မည်။ ဤအရာအားလုံးကို စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ဖြင့် သင်ခံနိုင်သင့်သည်။ ဘုရားသခင်သည် သင့်ကို ကောင်းချီးပေးပြီး ကာကွယ်လိမ့်မည်။ သင့်ကို စွန့်ပစ်မည် မဟုတ်၊ သို့မဟုတ် လျစ်လျူရှုလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးဖြင့် ဆုတောင်းလျှင်၊ ဘုရားသခင်ကို အမှီပြုပြီး မျှော်ကိုးလျှင် သင်မဖြတ်သန်းနိုင်သည့်အရာတစ်ခုမျှ ရှိမည်မဟုတ်ပေ။ သင့်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိနိုင်သည်။ သင်သည် ပြစ်မှားနိုင်သည်။ သို့သော် သင့်တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိလျှင်၊ သင်သည် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို စေ့စပ်သေချာစွာ လျှောက်လျှင် မလွဲမသွေ ခိုင်မြဲစွာ ရပ်တည်နိုင်လိမ့်မည်။ ဘုရားသခင်၏ ဦးဆောင်ခြင်း၊ ကွယ်ကာခြင်းကို မလွဲမသွေ ခံရလိမ့်မည်။

အလုပ်လုပ်ပြီး တရားဟောရန်၊ အခြားလူများကို ထောက်ပံ့ရန်သက်သက်ဖြင့် မိမိတို့ကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်သော သူအချို့ရှိသည်။ သမ္မာတရားများကို လက်တွေ့လုပ်ဆောင်ရန်မဆိုထားနှင့်။ ၎င်းတို့၏ ကိုယ်ပိုင်ပြဿနာများကို ဖြေရှင်းဖို့ရန်ပင် မဟုတ်ပေ။ ၎င်းတို့၏ မိတ်သဟာယသည် သိနားလည်မှု စစ်စစ်ဖြစ်ပြီး သမ္မာတရားနှင့် ကိုက်ညီနိုင်သော်လည်း ၎င်းတို့သည် မိမိတို့ကိုယ်ကို သမ္မာတရားနှင့် မတိုင်းတာသကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ တွေ့ကြုံခြင်းလည်းမရှိပေ။ ဤတွင် ပြဿနာသည် အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရားကို ၎င်းတို့၏ အသက်အဖြစ် အမှန်တကယ် လက်ခံပြီးဖြစ်သလော။ လက်မခံရသေးပေ။ လူတစ်ယောက်က ဟောကြားသော အယူဝါဒသည် မည်မျှ သန့်စင်နိုင်ပါစေ။ ထိုသူသည် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သည်ဟု မဆိုလိုပေ။ သမ္မာတရားနှင့် ပြင်ဆင်ရန် သမ္မာတရားအတွင်းသို့ မိမိကိုယ်တိုင် ရှေးဦးစွာ ဝင်ရောက်ရမည်။ သမ္မာတရားကို နားလည်သောအခါ လက်တွေ့လုပ်ဆောင်ရမည်။ မိမိ၏ ကိုယ်ပိုင်ဝင်ရောက်မှုကို အာရုံမစိုက်ဘဲ အခြားလူတို့အား သမ္မာတရားကို ဟောကြားခြင်းအားဖြင့် ကြွားဝါဖို့ ရည်ရွယ်လျှင် ထိုသူ၏ ရည်ရွယ်ချက်က မှားယွင်းသည်။ ဤသို့လုပ်ဆောင်သော အယောင်ဆောင်ခေါင်းဆောင်များစွာရှိသည်။ ၎င်းတို့ နားလည်သော သမ္မာတရားများကို အခြားလူများဖြင့် မရပ်မနား မိတ်သဟာယဖွဲ့ကြသည်။ ယုံကြည်သူအသစ်များကို ပံ့ပိုးပေးကြပြီး လူတို့ကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန်၊ ၎င်းတို့၏တာဝန်များကို ကောင်းစွာထမ်းဆောင်ရန်၊ အပျက်သဘောမဆောင်ရန် သွန်သင်ကြသည်။ ဤစကားလုံးများသည် အလုံးစုံကောင်းမွန်သည်။ ချစ်ခင်ဖွယ်ပင်ဖြစ်သည်။ သို့သော် ထိုစကားများကို ပြောဆိုသူများသည် အဘယ်ကြောင့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြသနည်း။ အဘယ်ကြောင့် အသက်ဝင်ရောက်မှုမရှိကြသနည်း။ ဤတွင် အမှန်တကယ် မည်သည့်အရာဖြစ်နေသနည်း။ ဤသို့သောသူတစ်ယောက်သည် သမ္မာတရားကို အမှန်တကယ် ချစ်သလော။ ပြောရန် ခက်ပေသည်။ ဤသည်မှာ ဣသရေလရှိ ဖာရိရှဲတို့က အခြားလူများထံသို့ ကျမ်းစာကို အသေးစိတ်ရှင်းလင်းပြသည့်တိုင် ၎င်းတို့ကိုယ်တိုင်က ဘုရားသခင်၏ ပညတ်တော်များကို မစောင့်ထိန်းနိုင်သည့်ပုံစံ ဖြစ်သည်။ သခင်ယေရှုပေါ်ထွန်းပြီး အမှုပြုသောအခါ ၎င်းတို့က ဘုရားသခင်၏အသံကိုကြားသော်လည်း သခင့်ကို အာခံခဲ့ကြသည်။ သခင်ယေရှုကို ကားစင်တင်ခဲ့ပြီး ဘုရားသခင်၏ ကျိန်ဆဲခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် သမ္မာတရားကို လက်မခံသော၊ လက်တွေ့မလုပ်ဆောင်သောသူအားလုံးသည် ဘုရားသခင်၏ ရှုတ်ချခြင်းကို ခံရလိမ့်မည်ဖြစ်သည်။ ၎င်းတို့ ဒုက္ခရောက်လိုက်လေခြင်းပါတကား။ ၎င်းတို့ဟောကြားသည့် စကားများနှင့် အယူဝါဒများသည် အခြားလူများကို ကူညီပေးနိုင်လျှင် အဘယ်ကြောင့် ၎င်းတို့ကို မကူညီနိုင်သနည်း။ ဤသို့သောသူကို စစ်မှန်မှုမရှိသော ကြောင်သူတော်တစ်ယောက်အဖြစ် ကျွန်ုပ်တို့ ကောင်းစွာ ခေါ်ဆိုနိုင်သည်။ ၎င်းတို့သည် အခြားလူများအား သမ္မာတရား၏ တိုက်ရိုက်အဓိပ္ပာယ်ကို ပံ့ပိုးပေးသည်။ အခြားလူများကို လက်တွေ့လုပ်ဆောင်စေသည်။ သို့သော် ၎င်းတို့ကိုယ်တိုင်က အနည်းငယ်မျှပင် လက်တွေ့မလုပ်ဆောင်ပေ။ ဤသို့သောသူသည် အရှက်ကင်းမဲ့သည် မဟုတ်လော။ ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုမရှိပေ။ သို့တိုင်အောင် အခြားလူများအား စကားများနှင့် အယူဝါဒများကို ဟောကြားရာ၌ သမ္မာတရား စစ်မှန်မှုရှိဟန်ဆောင်ကြသည်။ ဤသည်မှာ လူများကို တမင်သက်သက် အထင်အမြင်မှားစေခြင်းနှင့် ထိခိုက်နစ်နာစေခြင်း မဟုတ်သလော။ ဤသို့သောသူသည် ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းတို့ကို ခံရလျှင် သူ့ကိုယ်သူသာ အပြစ်တင်စရာရှိမည်ဖြစ်သည်။ ထိုသူသည် သနားဖို့ရန် ထိုက်တန်မည်မဟုတ်ပေ။ စကားလုံးများနှင့် အယူဝါဒများကိုသာ ဟောကြားပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သူတစ်ယောက်သည် စစ်မှန်သော ပြောင်းလဲမှုကို ရရှိနိုင်ပါ၏လော။ သူသည် တစ်ပါးသူများကို လှည့်စားပြီး မိမိကိုယ်ကို ထိခိုက်အောင်လုပ်နေခြင်းပင် မဟုတ်လော။ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ လက်တွေ့လုပ်ဆောင်ခြင်းပင် ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်မှာ အကြင်သူ၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားများကို ဖြေရှင်းရန်နှင့် စစ်မှန်သော လူသားပုံသဏ္ဌာန်ကို နေထိုင်ရန်ဖြစ်သည်။ သို့သော်လည်း ထိုသူသည် သူ၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားများကို အသိအမှတ်မပြုပေ သို့မဟုတ် သူ၏ အခက်အခဲများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးမပြုပေ။ သူသည် အခြားသူများကို မည်မျှပင် ရေလောင်းပေးသည်ဖြစ်စေ၊ ပံ့ပိုးပေးသည်ဖြစ်စေ၊ ထောက်ပံ့သည်ဖြစ်စေ သူသည် အသက်ဝင်ရောက်ရန် လမ်းကြောင်း မရှိသဖြင့် သို့မဟုတ် သူ၏စိတ်သဘောထားကို ပြောင်းလဲခြင်းမရှိသဖြင့် အမှန်တကယ်ဖြစ်သော ရလဒ်များကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်ပေ။ သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းသည် လူတို့၏ အခက်အခဲ သို့မဟုတ် ပြဿနာများကို မဖြေရှင်းနိုင်လေလျှင် သူတို့သည် နာပျော်ဖွယ်ကောင်းသော်လည်း အသုံးမဝင်သည့် စကားများနှင့် အယူဝါဒများကို ပြောဆိုနေခြင်းသာ မဟုတ်ပေလော။ သင့်စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခုကို ရရှိလိုပါက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းတို့အပေါ် ဦးစွာအာရုံစိုက်ရမည်။ သင်သည် သမ္မာတရား၏ မည်သည့် ရှုထောင့်ကို နားလည်သည်ဖြစ်စေ ယင်းတို့ကို လက်တွေ့လုပ်ဆောင်ရန်အတွက် အာရုံစိုက်ရမည်။ သမ္မာတရားကို သင်၏လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်း၌သာလျှင် သင်သည် ပြဿနာများကို ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်ပြီး အထူးသဖြင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်ခံရသည့်အချိန်တွင် သင်သိရှိနိုင်မည်ဖြစ်သည်။ ဤပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို သင်ရှာဖွေနိုင်လျှင် သင်သည် သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်လိမ့်မည်ဖြစ်ပြီး သင့်အသက်၏ စိတ်သဘောထားသည်လည်း ပြောင်းလဲလိမ့်မည်ဖြစ်သည်။ ထို့နောက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအကြောင်း ဆွေးနွေးသည့်အခါ သင့်တွင် လမ်းကြောင်းတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး သင်သည် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့သည့်အခါ ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်ဖြစ်သည်။ ဤအချက်က သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိလျှင် သင်သည် သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်လိမ့်မည်ဖြစ်ကြောင်း ပြသသည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိလျှင် သင်သည် တစ်ပါးသူများအတွက် ပံ့ပိုးပေးရန် အရည်အချင်းပြည့်မီမည်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ဘုရားသခင်သည် သင့်အား ချီးမွမ်းမည်ဖြစ်ပြီး လူအများက သင့်အား အသိအမှတ်ပြုလိမ့်မည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။