ဘုရားသခင်အား အစေခံခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၇၆)
အသင်းတော်တွင် အဘယ်လူစားမျိုးက မာနအထောင်လွှားဆုံး ဖြစ်သနည်း။ သူတို့၏ မာနထောင်လွှားမှုက မည်ကဲ့သို့ သူ့ဘာသာ ပေါ်လွင်ထင်ရှားသနည်း။ မည်သည့်အခြေအနေများတွင် သူတို့၏ မာနထောင်လွှားမှုကို အထုတ်ဖော်ခံရဆုံး ဖြစ်သနည်း။ ဤသည်ကို သင်တို့သည် ခွဲခြားသိမြင်၍ နားလည်သလော။ အသင်းတော်အတွင်းရှိ မာနအထောင်လွှားဆုံးသော လူများသည် စင်စစ်အားဖြင့် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များဖြစ်ကြသည်။ သူတို့၏ မာနထောင်လွှားမှုသည် သာမန်လူများထက် သာလွန်သည်မှာ ကျိုးကြောင်းဆီလျော်မှုပင် ကင်းမဲ့လေသည်။ မည်သည့်အခြေအနေများတွင် ဤသည်ကို မြင်ရန် အလွယ်ဆုံးဖြစ်သနည်း။ ၎င်းတို့သည် ပြုပြင်ခြင်းခံရသည့်အချိန်တွင် မိမိတို့၏ မာနထောင်လွှားသော စိတ်သဘောထားများကို အရှင်းဆုံး အဖော်ထုတ်ခံရ၏။ ဤအန္တိခရစ်များ၏ မကောင်းမှု ပမာဏမည်မျှ ရှိသည်ဖြစ်စေ တစ်စုံတစ်ဦးက သူတို့ကို ပြုပြင်ပါက သူတို့သည် အမျက်ထွက်လာပြီး “ကျွန်ုပ်ကို ဝေဖန်ပြီး ဩဝါဒခြွေရအောင် သင်က အဘယ်သူနည်း။ လူဘယ်နှယောက်ကိုများ သင် ဦးဆောင်နိုင်သနည်း။ တရားဒေသနာများကို သင်ဟောပြောနိုင်သလော။ သမ္မာတရားကို သင်မိတ်သဟာယဖွဲ့နိုင်သလော။ သင်သာ ကျွန်ုပ်၏နေရာတွင် ဖြစ်ပါက ကျွန်ုပ်ကဲ့သို့ တော်မည် မဟုတ်”ဟု ပြောလိမ့်မည်။ ဤအရာကို သင်တို့ မည်သို့ထင်မြင်သနည်း။ ၎င်းတို့သည် သမ္မာတရားကို လက်ခံသည့် သဘောထား စိုးစဉ်းမျှ ရှိသလော။ ပြုပြင်ခံရခြင်းကို သင်တို့ ဤနည်းအားဖြင့် ချဉ်းကပ်ပါက ဒုက္ခရောက်တော့မည်။ ယင်းက သင်တို့တွင် မည်သည့်သမ္မာတရားစစ်မှန်မှုကိုမျှ မပိုင်ဆိုင်ကြောင်းနှင့် သင်၏အသက်စိတ်သဘောထား လုံးဝ မပြောင်းလဲကြောင်းကို သက်သေပြသည်။ ဤကဲ့သို့ ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးနေသော ပြောင်းလဲခြင်းမရှိသော လူတစ်ယောက်သည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်နိုင်သလော။ ဘုရားသခင်ကို အစေခံဖို့ တာဝန်ကို သူတို့ ထမ်းဆောင်နိုင်သလော။ မုချ မထမ်းဆောင်နိုင်ပါ၊ ထိုကဲ့သို့သောလူများသည် ခေါင်းဆောင်များ၊ သို့မဟုတ် အမှုဆောင်များဖြစ်ဖို့ပင် အရည်အချင်း မပြည့်မီသောကြောင့် ဖြစ်သည်။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန် အနည်းဆုံးအနေဖြင့် လူတစ်ဦးသည် အတွေ့အကြုံအစစ်အမှန် အနည်းငယ်မျှ ရှိရန်၊ သမ္မာတရားအချို့ကို နားလည်ရန်၊ လက်တွေ့ကျမှုအချို့ကို ပိုင်ဆိုင်ရန်နှင့် အခြေခံအကျဆုံးအဆင့် ကျိုးနွံနာခံခြင်းရှိရန် လိုအပ်သည်။ ဆိုလိုသည်မှာ အနည်းဆုံးအနေဖြင့် လူတစ်ဦးသည် ပြုပြင်ခံရခြင်းကို လက်ခံနိုင်ရမည်။ ဤကဲ့သို့သောလူမျိုးသည်သာလျှင် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင် တစ်ယောက်ဖြစ်ဖို့ အရည်အချင်းပြည့်မီသည်။ အကယ်၍ တစ်စုံတစ်ဦးသည် မည်သည့်သမ္မာတရားစစ်မှန်မှုမျှ လုံးဝ မပိုင်ဆိုင်ဘဲ ပြုပြင်ခြင်းခံရသောအခါ သူသည် ငြင်းခုံပြီး ခုခံနေဆဲဖြစ်ကာ သမ္မာတရားကို လုံးဝ လက်မခံပါက၊ ပြီးလျှင် ထိုကဲ့သို့သော လူတစ်ဦးသည် ဘုရားသခင်ကို အစေခံပါက မည်သည့်အရာဖြစ်လာမည်ဟု သင်တို့ ထင်သနည်း။ ထိုသူသည် အမှုကိစ္စများကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်ဖို့ မဆိုထားနှင့် မည်ကဲ့သို့သောအလုပ်မျိုးကို ထမ်းဆောင်ပါစေ၊ ဘုရားသခင်ကို ခုခံမည်ကိုလည်းကောင်း၊ သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်မည်ကိုလည်းကောင်း သံသယဖြစ်ဖွယ် မရှိ။ ထို့ကြောင့် မည်သည့်သမ္မာတရား စစ်မှန်မှုကိုမျှ မပိုင်ဆိုင်သောလူများက ခေါင်းဆောင်များ၊ သို့မဟုတ် အမှုဆောင်များ၏ နေရာတို့ကို ယူပါက သူတို့သည် မုချ အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်ပြီး ဘုရားသခင်ကို ခုခံကြလိမ့်မည်။ များစွာသော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ တာဝန်အနည်းငယ်မျှကို လုပ်ဆောင်ပြီးသည့်နောက်တွင် အဘယ်ကြောင့် ထုတ်ဖော်ခြင်းခံရသနည်း။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သမ္မာတရားကို လိုက်စားရမည့်အစား ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ရှာဖွေပြီး ရလဒ်အနေဖြင့် သူတို့သည် အန္တိခရစ်များ၏ လမ်းကြောင်းကို အလိုအလျောက် စတင်လျှောက်လှမ်းမိသောကြောင့်ဖြစ်သည်။ သင်တို့အားလုံးနှင့်စပ်လျဉ်း၍ သင်တို့သည် အသင်းတော်တစ်ခုအတွက် တာဝန်ပေးခံရပြီး ခြောက်လကြာအောင် သင်တို့ကို မည်သူမျှ မစစ်ဆေးခဲ့လျှင် သင်တို့သည် လမ်းမှားတွင် လျှောက်ပြီး မိမိစိတ်ကြိုက် လုပ်ဆောင်ခြင်းဖြင့် အဆုံးသတ်လိမ့်မည်။ အကယ်၍ တစ်နှစ်ခန့်သာ သင်တို့စိတ်တိုင်းကျ လုပ်ဆောင်ခွင့် ပေးလိုက်ပါက သင်တို့သည် အခြားလူများကို လမ်းလွဲသွားစေပြီး ထိုသူတို့အားလုံးသည် စကားလုံးများနှင့် အယူဝါဒများ ပြောခြင်းနှင့် မည်သူက မည်သူ့ထက် သာကြောင်းကို နှိုင်းယှဉ်ခြင်းအပေါ်သာ အာရုံစိုက်ကြလိမ့်မည်။ အကယ်၍ နှစ်နှစ်ခန့်သာ သင်တို့ စိတ်တိုင်းကျ လုပ်ဆောင်ခွင့်ပေးလိုက်ပါက သင်တို့သည် သင်တို့ရှေ့မှ လူများကို ဦးဆောင်သွားပြီး ထိုလူများသည် ဘုရားသခင်ကို မကျိုးနွံဘဲ သင်တို့ကို ကျိုးနွံနာခံလိမ့်မည်။ ပြီးလျှင် ဤနည်းဖြင့် အသင်းတော်သည် ဆုတ်ယုတ်သွားပြီး ဘာသာရေးဆန်လာလိမ့်မည်။ ဤအတွက် အကြောင်းပြချက်က မည်သည့်အရာနည်း။ သင်တို့ ဤမေးခွန်းနှင့်ပတ်သက်ပြီး စဉ်းစားဖူးသလော။ လူတစ်ဦးသည် ဤနည်းအတိုင်း အသင်းတော်ကို ဦးဆောင်သောအခါ ထိုသူသည် မည်သည့်လမ်းကြောင်းကို လိုက်လျှောက်သနည်း။ အန္တိခရစ်တို့၏ လမ်းကြောင်း ဖြစ်သည်။ သင်တို့ ဤသို့ ဖြစ်လိမ့်မည်လော။ ယခု သင်နားလည်သောသမ္မာတရား အနည်းငယ်ဖြင့် လူများကို သင်တို့ မည်မျှကြာအောင် ပံ့ပိုးပေးနိုင်မည်နည်း။ လူများအား ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ်သို့ သင်ဦးဆောင်နိုင်သလော။ ဘုရားသခင် ရွေးချယ်ခံထားရသောလူများက မေးခွန်းများစွာကို မေးပါက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ သမ္မာတရားနှင့်ပတ်သက်၍ သူတို့ကို သင်မိတ်သဟာယပြုခြင်းအားဖြင့် အဖြေပေးနိုင်မည်လော။ သမ္မာတရားကို သင်နားမလည်ပါက သင်သည် စကားလုံးများနှင့် အယူဝါဒများကို ဟောပြောနေခြင်းသာဖြစ်ပြီး သင့်ကို အကြိမ်အနည်းငယ် နားထောင်ပြီးနောက် လူတို့သည် ထပ်နားမထောင်လိုကြတော့ပေ။ ထို့ပြင် စကားလုံးများနှင့် အယူဝါဒများကို သင်ဆက်၍ ဟောပြောနေသောအခါ သူတို့သည် အလွန်အမင်း မနှစ်မြို့ကြသည့်အပြင် ၎င်းကို ခွဲခြားသိမြင်နိုင်လာကြလိမ့်မည်။ ဤအခြေအနေတွင် အဘယ်ကြောင့် သူတို့ကို ဆက်၍ တရားဟောနေသနည်း။ အကယ်၍ သင်သည် ဆင်ခြင်တုံတရားရှိသူတစ်ဦးဖြစ်ပါက အခြားလူများကို အယူဝါဒများဟောပြောခြင်းကို ရပ်တန့်သင့်သည်၊ လူများကို အထက်စီးမှ ဩဝါဒခြွေနေခြင်းကို ရပ်တန့်သင့်သည်၊ အခြားလူများနှင့် တန်းတူနေသင့်ပြီး ဘုရားသခင်၏နှုတ်ကပတ်တော်များကို သူတို့နှင့်အတူတကွ စားသောက်ပြီး တွေ့ကြုံသင့်သည်။ ဤအရာများအားလုံးသည် ဆင်ခြင်တုံတရားရှိသူများ၏ သရုပ်သကန်များ ဖြစ်သည်။ အထူးသဖြင့် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သောသူတို့သည် သူတို့၏ဆင်ခြင်တုံတရားကို လွယ်လင့်တကူ ဆုံးရှုံးတတ်ကြပြီး အခြားလူများကို စကားများနှင့် အယူဝါဒများကို မလျှော့တမ်း ဟောပြောလိုကြသည်၊ သို့မဟုတ် ပိုနက်နဲသော ဝိညာဉ်ပိုင်းဆိုင်ရာ အယူအဆများကို ရှာဖွေလေ့လာခြင်းဖြင့် ကြွားဝါရန် ကြိုးစားကြသည်။ ထိုသို့ဖြင့် အခြားလူများကို အထင်အမြင်မှားစေဖို့ ကြိုးစားသောလူများ ဖြစ်လာကြသည်။ ဤကဲ့သို့ပြုလုပ်ခြင်းသည် ဘုရားသခင်ကို ခုခံခြင်းဖြစ်သည်။ ဤနည်းအတိုင်း သင်ဆက်တရားဟောနေပါက ဖြစ်လာမည့်အကျိုးဆက်များကို သင်ရှင်းလင်းသလော။ လူများကို မည်သည့်နေရာသို့ သင်ဦးဆောင်သွားမည်ကို သင်ရှင်းသလော။ အန္တိခရစ်များ၏ လမ်းကြောင်းကို သင်လျှောက်လှမ်းကာ သင့်ရှေ့သို့ လူများကို ဦးဆောင်၍ သူတို့ကို သင့်အား ကျိုးနွံနာခံ၍ ကိုးကွယ်စေသောအခါ ဤပြဿနာ၏ သဘာဝမှာ အဘယ်နည်း။ ဘုရားသခင် ရွေးချယ်ထားသောသူများအတွက် ဘုရားသခင်နှင့် သင်ယှဉ်ပြိုင်နေခြင်း မဟုတ်လော။ ဤသည်မှာ အစက ဘုရားသခင်ကို ယုံကြည်လိုသော၊ ဘုရားသခင်ထံ ပြန်လာလိုပြီး ဘုရားသခင်ကို ရယူလိုသောလူများကို သင့်ရှေ့သို့ ခေါ်ဆောင်ခြင်း၊ သူတို့ကို သင့်အား ကျိုးနွံနာခံစေခြင်းနှင့် သင်ပြောသလိုလုပ်စေခြင်း၊ ပြီးလျှင် သူတို့ကို သင့်အား ဘုရားသခင်ကဲ့သို့ ဆက်ဆံစေခြင်း ဖြစ်သည်။ ဤအရာ၏အကျိုးဆက်ကား မည်သည့်အရာ ဖြစ်မည်နည်း။ ဤလူများသည် အစက ကယ်တင်ခြင်း ခံရရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည်ခဲ့ကြသော်လည်း နောက်ဆုံးတွင် သင်၏ အထင်အမြင်မှားစေခြင်းကို ခံလိုက်ရသည်။ သူတို့သည် ကယ်တင်ခြင်း မခံရမည်သာမက ဖျက်ဆီးခြင်းကို ခံရပြီး ချေမှုန်းခြင်းခံရလိမ့်မည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့် သင်သည် လူများကို လမ်းလွဲအောင် ဦးဆောင်နေပြီး သူတို့ကို ပြင်းပြင်းထန်ထန် ထိခိုက်စေကာ ဘုရားသခင်ကို ယုံကြည်သောသူတို့ကို သင် ဖျက်ဆီးနေသည်။ သင်သည် မည်သည့်ပြစ်မှုအတွက် အပြစ်ရှိသနည်း။ သူတို့၏ နစ်နာမှုအတွက် သင်မည်သို့ပြန်ပေးဆပ်မည်နည်း။ ယုံကြည်သူအသစ်များကို သင့်လက်ထဲသို့ ရောက်ရန် လိမ်လည်လှည့်စားခဲ့သည်၊ သူတို့ကို သင်၏ သိုးများဖြစ်အောင် သင်လုပ်ခဲ့သည်၊ သူတို့အားလုံးက သင့်စကားကို နားထောင်ကြသည်၊ သူတို့အားလုံး သင့်နောက်သို့ လိုက်ကြသည်။ ထို့ပြင် သင့်စိတ်နှလုံးထဲတွင် သင်က “ငါသည် ယခုသြဇာအာဏာ ကြီးမားပေ၏၊ လူများစွာသည် ငါ့စကားကို နားထောင်ကြပြီး အသင်းတော်သည် ငါ၏စေလိုရာစေဖြစ်သည်” ဟု အမှန်တကယ် တွေးလေသည်။ လူသားအတွင်းရှိ ဤသစ္စာမဲ့ခြင်းသဘာဝသည် သင့်အား ဘုရားသခင်ကို ပြယုဂ်တစ်ခုမျှအဖြစ်သို့ မရည်ရွယ်ဘဲ အသွင်ပြောင်းမိအောင် ပြုစေသည်၊ ထို့နောက် သင်ကိုယ်တိုင် ဘာသာတရားတစ်မျိုးမျိုး၊ သို့မဟုတ် ဂိုဏ်းဂဏတစ်မျိုးမျိုးကို တည်ထောင်တော့သည်။ အမျိုးမျိုးသော ဘာသာတရားများ၊ သို့မဟုတ် ဂိုဏ်းဂဏများ မည်ကဲ့သို့ ဖြစ်ပေါ်လာသနည်း။ ယင်းတို့သည် ဤနည်းဖြင့် ဖြစ်ပေါ်လာကြသည်။ ဘာသာတရားနှင့် ဂိုဏ်းဂဏတစ်ခုချင်းစီ၏ ခေါင်းဆောင်များကို ကြည့်လော့။ သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြပြီး သမ္မာကျမ်းစာနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အနက်ဖွင့်ဆိုမှုများသည် ဆက်စပ်အကြောင်းအရာ ကင်းမဲ့ကာ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများ၏ လမ်းညွှန်ခံရသည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် အသိပညာကို အားထားကြသည်။ အကယ်၍ သူတို့သည် လုံးဝ တရားမဟောနိုင်ပါက လူများက သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်ကိုလည်းကောင်း၊ လှည့်ကွက်အချို့ကို မည်ကဲ့သို့ အသုံးချရမည်ကိုလည်းကောင်း သိကြသည်။ သူတို့သည် လူများကို လှည့်ဖြားကာ မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ရန် ဤအရာများကို အသုံးပြုကြသည်။ ထိုလူများသည် ဘုရားသခင်ကို အမည်ခံသဘောအရ ယုံကြည်ကြသော်လည်း လက်တွေ့တွင်မူ သူတို့သည် ဤခေါင်းဆောင်များ နောက်သို့ လိုက်ကြသည်။ သူတို့သည် မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရသည့်အခါ သူတို့ထဲမှ အချို့တို့က “ယုံကြည်မှုနှင့် ပတ်သက်သည့်ကိစ္စများအကြောင်း ကျွန်ုပ်တို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်” ဟု ဆိုကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၊ မှန်သောလမ်းခရီးကို လက်ခံခြင်းတို့နှင့်ပတ်သက်သည့်အခါ လူတို့သည် အခြားသူများ၏ သဘောတူညီချက်နှင့် လက်ခံမှု လိုအပ်ပုံကို ကြည့်လော့။ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များသည် အဘယ်အရာများ ဖြစ်လာကြပြီနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ အတားအဆီးများ ဖြစ်လာကြသည် မဟုတ်လော။ ထိုကဲ့သို့သောသူတို့သည် ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြ၏။ ဤသည်ကို ငါအဘယ်ကြောင့် ပြောသနည်း။ ပေါလု၏ ဩဝါဒစာများကို သမ္မာကျမ်းထဲတွင် မှတ်တမ်းတင်ထားပြီး နှစ်ပေါင်းနှစ်ထောင်တိုင်အောင် လက်ဆင့်ကမ်းလာခဲ့ကြသည်။ ကျေးဇူးတော်ခေတ်တစ်လျှောက်လုံး သခင့်ကို ယုံကြည်ခဲ့ကြသူများသည် ပေါလု၏စာများကို မကြာခဏ ဖတ်ကြပြီး ဆင်းရဲဒုက္ခ၊ မိမိခန္ဓာကိုယ်ကို ချုပ်တည်းခြင်းနှင့် နောက်ဆုံးတွင် ဖြောင့်မတ်ခြင်းသရဖူကို ပိုင်ဆိုင်ခြင်း...စသည်တို့ကို သူတို့၏စံသတ်မှတ်ချက်အနေဖြင့် မှတ်ယူခဲ့ကြသည်။ ပေါလု၏စကားများနှင့် အယူဝါဒများအတိုင်း လူအားလုံးတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့ကြသည်။ ဤအနှစ်နှစ်ထောင်ကျော်အတွင်း လူများစွာသည် ပေါလုကို အတုယူခဲ့ကြသည်၊ သူ့ကို ကိုးကွယ်ကြပြီး သူ့နောက်လိုက်ကြသည်။ သူတို့သည် ပေါလု၏စကားများကို သမ္မာကျမ်းစာသဖွယ် သဘောထားကြပြီး သခင်ယေရှု၏နှုတ်ကပတ်တော်များကို ပေါလု၏စကားများဖြင့် အစားထိုးကြကာ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြသည်။ ဤသည်မှာ လမ်းလွဲမှုတစ်ခု ဖြစ်သည်မဟုတ်လော။ ဤသည်မှာ ကြီးမားသော လမ်းလွဲမှုတစ်ခုတည်း။ ကျေးဇူးတော်ခေတ်အတွင်းတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များထဲမှ မည်မျှကို လူများနားလည်နိုင်ခဲ့ကြသနည်း။ အမှန်တွင်မူ ထိုအချိန်က ယေရှုနောက်သို့ လိုက်ခဲ့ကြသူများသည် အနည်းစုသာ ဖြစ်ပြီး သူ့ကို သိကြသူများသည် သာ၍ပင် အရေအတွက် နည်းပါးလေသည်။ သူ၏တပည့်တော်များပင်လျှင် သူ့ကို အမှန်တကယ် မသိကြပေ။ လူများသည် သမ္မာကျမ်းစာတွင် အလင်းအနည်းငယ် တွေ့ပါက ယင်းမှာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကိုယ်စားပြုသည်ဟု မတွေးသင့်ပေ၊ ပြီးလျှင် ဉာဏ်အလင်းပွင့်ခြင်း အနည်းငယ်ကို ဘုရားသခင်ကို သိကျွမ်းခြင်းအဖြစ် သာ၍ပင် သဘောမထားသင့်ပေ။ လူများအားလုံးသည် မာနထောင်လွှားပြီး စိတ်ကြီးဝင်ကြသည်။ ထို့ပြင် ၎င်းတို့သည် ဘုရားသခင်ကို ၎င်းတို့၏စိတ်နှလုံးထဲတွင် မထားကြပေ။ အယူဝါဒအနည်းငယ်ကို နားလည်သည့်အခါတွင် ၎င်းတို့သည် ကိုယ့်လမ်းကိုယ်ထွင်ကာ ခွဲထွက်သွားကြ၍ ယင်းက ဂိုဏ်းဂဏများစွာ ဖွဲ့စည်းခြင်းကို ဖြစ်စေသည်။ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်သည် လူသားအား လုံးဝ စည်းကမ်းမတင်းကျပ်ခဲ့ပါ။ ယေရှု၏နာမတော်အောက်ရှိ ဘာသာတရားများနှင့် ဂိုဏ်းဂဏများအားလုံးတွင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်အချို့ရှိခဲ့သည်။ ၎င်းအထဲတွင် နတ်ဆိုးများ အလုပ်မလုပ်နေသရွေ့ သန့်ရှင်းသောဝိညာဉ်တော်သည် မည်သည့်အသင်းတော်တွင်မဆို အလုပ်လုပ်သည်။ ထို့ကြောင့် လူအများစုသည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံစားနိုင်ခဲ့ကြသည်။ ဘုရားသခင်အပေါ် လူတို့၏ယုံကြည်ခြင်းသည် စစ်မှန်သည်ဖြစ်စေ၊ အတုအယောင်ဖြစ်စေ၊ သူတို့သည် အခြားလူများနောက် လိုက်သည်ဖြစ်စေ၊ သမ္မာတရားကို မလိုက်စားသည်ဖြစ်စေ ယခင်က ဘုရားသခင်သည် လူများနှင့်ပတ်သက်၍ စည်းကမ်းမတင်းကျပ်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးအဆင့်တွင် သူ ကြိုတင်သတ်မှတ်ထားကာ ရွေးချယ်ခဲ့ပြီး ဖြစ်သည့်သူများအားလုံးသည် သူ့ရှေ့တော်မှောက်သို့လာ၍ သူ၏တရားစီရင်ခြင်းကို လက်ခံရလိမ့်မည်ဟု သူကြိုတင်ပြဋ္ဌာန်းထားနှင့်ပြီး ဖြစ်သောကြောင့်ဖြစ်သည်။ အကယ်၍ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးသည့်နောက် လူများသည် အခြားလူများနောက်သို့ ဆက်၍ လိုက်ပြီး ကိုးကွယ်နေသေးပါက၊ သမ္မာတရားကို လိုက်စားရမည့်အစား ကောင်းချီးများနှင့် သရဖူများနောက်သို့သာ သူတို့ လိုက်နေပါက ဤသည်မှာ ခွင့်မလွှတ်နိုင်ဖွယ် ဖြစ်၏။ ထိုကဲ့သို့သောလူများသည် ပေါလုကဲ့သို့သော အဆုံးသတ်ကို တွေ့ရလိမ့်မည်။ ပေါလုနှင့် ပေတရုတို့ကို ဥပမာများအဖြစ် အဘယ်ကြောင့် ငါ မကြာခဏ သုံးသနည်း။ ဤသည်မှာ လမ်းကြောင်းနှစ်သွယ် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူများသည် ပေတရု၏လမ်းကြောင်းကိုဖြစ်စေ၊ ပေါလု၏လမ်းကြောင်းကိုဖြစ်စေ လိုက်ကြသည်။ ဤနှစ်လမ်းသာရှိသည်။ သင်သည် နောက်လိုက်တစ်ဦးဖြစ်စေ ခေါင်းဆောင်တစ်ဦးဖြစ်စေ အတူတူပင်။ ပေတရု၏ လမ်းကြောင်းကို သင်မတက်ရောက်နိုင်ပါက သင်သည် ပေါလု၏လမ်းကြောင်းကို လျှောက်နေခြင်းဖြစ်သည်။ ဤသည်မှာ ရှောင်လွှဲ၍ မရပေ။ တတိယလမ်းကြောင်းဟူ၍ မရှိ။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သူများ၊ ဘုရားသခင်ကို မသိသူများ၊ သမ္မာတရားကို နားလည်ဖို့ မကြိုးစားသူများနှင့် ဘုရားသခင်ကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်ခြင်း မရှိသူများသည် ပေါလုကဲ့သို့ တူညီသောအဆုံးသတ်ကို နောက်ဆုံးတွင် တွေ့ရမည်။ သင်သည် ဘုရားသခင်ကို သိရန်၊ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန် မကြိုးစားဘဲ သင်သည် စကားများနှင့် အယူဝါဒများကို ပြောနိုင်ရန်နှင့် ဝိညာဉ်ပိုင်းဆိုင်ရာ အယူအဆများကို ဟောပြောရန်သာ အားထုတ်နေပါက သင်သည် ဘုရားသခင်ကို ခုခံပြီး သစ္စာဖောက်ရုံသာ တတ်နိုင်သည်။ အကြောင်းမှာ ဘုရားသခင်ကို ခုခံခြင်းသည် လူ့သဘာဝ ဖြစ်သောကြောင့်တည်း။ သမ္မာတရားနှင့် မကိုက်ညီသောအရာများသည် လူသား၏ဆန္ဒမှ ပေါက်ဖွားလာသည်မှာ သေချာသည်။ လူသား၏ဆန္ဒမှ ပေါက်ဖွားလာသမျှ မည်သည့်အရာမဆို လူသား၏အမြင်တွင် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဘုရားသခင်၏အမှုကို နှောင့်ယှက်သည်။ ကိစ္စအချို့တွင် သမ္မာတရားနှင့်အညီ သူတို့ မလုပ်ဆောင်သော်လည်း သူတို့သည် ဘုရားသခင်ကို ခုခံနေခြင်း၊ သို့မဟုတ် ဒုစရိုက်မှုကိုပြုနေခြင်း မဟုတ်ဟု လူအချို့က ထင်ကြသည်။ ဤသည်မှာ မှန်သလော။ သမ္မာတရားနှင့်အညီ သင်မလုပ်ပါက သင်သည် သမ္မာတရားကို ကျိန်းသေ ချိုးဖောက်နေခြင်းဖြစ်ပြီး သမ္မာတရားကို ချိုးဖောက်ခြင်းသည် အခြေခံအားဖြင့် ဘုရားသခင်ကို ခုခံခြင်းဖြစ်သည်။ ထိုအရာသည် ကွဲပြားသောပြင်းထန်မှု အဆင့်တစ်ခုသာဖြစ်သည်။ ဘုရားသခင်ကို ခုခံသူ လူတစ်ဦးအဖြစ် သင့်ကို မသတ်မှတ်ထားလျှင်ပင် ဘုရားသခင်သည် သင့်ကို အသိအမှတ်ပြုလိမ့်မည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော် သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘဲ သမ္မာတရားနှင့် မဆက်စပ်သည့်အရာများကိုသာ သင်လုပ်ဆောင်နေသောကြောင့်လည်းကောင်း၊ သင့်ကိုယ်ပိုင်ဆန္ဒအလျောက်သာ ပြုမူသောကြောင့်လည်းကောင်း ဖြစ်လေသည်။ သမ္မာတရားကို မလိုက်စားသောသူတို့သည် ဒုစရိုက်အမှုကို မလုပ်လျှင်ပင် မိမိတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်မည်လော။ သူတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သူတို့ မဖယ်ရှားနိုင်ပါက သူတို့သည် ထိုဖောက်ပြန်ပျက်စီးသောစိတ်သဘောထားများအတိုင်း အသက်ရှင်နေထိုင်နေကြဆဲဖြစ်သည်။ ဘုရားသခင်ကို ခုခံရန် မည်သည့်အရာမျှ သူတို့ မလုပ်သော်လည်း သူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံဖို့ မဖြစ်နိုင်သည့်အပြင် ဘုရားသခင်သည် ထိုကဲ့သို့သောလူများကို အသိအမှတ်ပြုလိမ့်မည်မဟုတ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။