ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည် (အပိုင်း တစ်)
ပြီးခဲ့သောစုဝေးပွဲတွင် သင်တို့၏တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်ခြင်းအကြောင်းကို ငါတို့ ပြောခဲ့ကြသည်။ ယင်းကိုရရှိခြင်းသည် လူသားအား ဘုရားသခင်၏ စုံလင်စေခြင်းအတွက် လိုအပ်သည့် အဓိကကျသော အခြေအနေလေးရပ်အနက် ပထမဆုံးနှင့် အခြေခံအကျဆုံးဖြစ်သည်။ ပြီးခဲ့သောအခေါက်တွင် လူတစ်ဦး၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့်ဆိုင်သော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် စည်းမျဉ်းများအပေါ် ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ မိမိတို့၏တာဝန်များကို ပြည့်ပြည့်ဝဝ ထမ်းဆောင်ခြင်းမရှိသော လူတို့ကို ပြညွှန်သည့် အပြင်ပန်းလက္ခဏာ အမျိုးမျိုးတို့အကြောင်းကို မိတ်သဟာယပြုလျက် ဥပမာအချို့ကိုလည်း ငါတို့ ဆွေးနွေးခဲ့ကြသည်။ ဤသို့ပြုခြင်းအားဖြင့် ထိုသို့သော ပြဿနာများကို ပြင်သင့်ကြောင်း ဘုရားသခင် ရွေးကောက်သောလူတို့ ရှင်းလင်းစွာ မြင်တွေ့ရန်နှင့် ထိုသို့သောပုံစံဖြင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သော သူတို့အပေါ် ဘုရားသခင်ထားရှိသော သဘောထားကို နားလည်ရန် ငါအခွင့်ပေးခဲ့သည်။ ဤအရာအပေါ် မိတ်သဟာယပြုပြီးနောက် သင်တို့၏တာဝန်ကို မည်သို့ ပြည့်ပြည့်ဝဝ ထမ်းဆောင်ရမည့်ပုံ၊ မည်သည့်အရာကို အာရုံစိုက်ရမည်ဖြစ်ကြောင်း၊ မည်သည့်အရာများကို သင်တို့ မပြုလုပ်သင့်ကြောင်း၊ ဘုရားသခင်၏ စိတ်နေသဘောထားကို မည်သည့်လုပ်ရပ်များက ပုန်ကန်ပြစ်မှားပြီး ပျက်စီးခြင်းသို့ ဆိုက်ရောက်စေနိုင်ကြောင်းနှင့် ပတ်သက်၍ ယေဘုယျ နားလည်သဘောပေါက်ခြင်းကို သင်တို့ရရှိခဲ့သည်။ တာဝန်ကို မည်သို့ ပြည့်ပြည့်ဝဝ ထမ်းဆောင်ရမည့်အပေါ် မိတ်သဟာယပြုခြင်းအားဖြင့် သင်တို့သည် ဤအကြောင်းကိစ္စနှင့် ပတ်သက်သော သမ္မာတရား တစ်စုံတစ်ရာကို သဘောတရားအရ သိမြင်နားလည်နိုင်သလော။ အမျိုးမျိုးသော တာဝန်များကို ထမ်းဆောင်သောအခါ လူအမျိုးမျိုးတို့အားလုံးက မည်သည့်စည်းမျဉ်းများကို လိုက်နာပြီး မည်သည့်သမ္မာတရားများကို လက်တွေ့လုပ်ဆောင်သင့်သနည်း။ ထိုသို့သော အသေးစိတ် အချက်အလက်များအပေါ် သင်တို့၌ ရှင်းလင်းသော နားလည်မှုရှိသလော။ (ဤအရာကို ကျွန်ုပ်တို့ ရှင်းလင်းစွာ နားမလည်ပါ။) သို့ဆိုလျှင် ထိုအကြောင်းကို ပို၍အသေးစိတ်ကျကျ ပြောဆိုရန် လိုအပ်သည်။ လူတစ်ဦး၏ တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်ခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်း ဆွေးနွေးရန်အတွက် ပို၍ အသေးစိတ်ကျသော အမျိုးအစားခွဲခြားမှုများကို စတင်စီစဉ်ရပေမည်။
ဘုရားအိမ်တော်၏အလုပ်ကို အဓိကအမျိုးအစား အချို့အားဖြင့် ခွဲခြားသတ်မှတ်သည်။ ဘုရားအိမ်တော်၏ အလုပ်ဟူသမျှ၏ ရှေ့ဆုံးရှိ အလုပ်မှာ ဧဝံဂေလိတရား ဖြန့်ဝေခြင်းအလုပ် ဖြစ်သည်။ ယင်း၌ လူအရေအတွက်ပေါင်း မြောက်မြားစွာ ပါဝင်သည်။ ယင်းသည် အမှုအရာများစွာ၏ ကျယ်ပြန့်သော အတိုင်းအတာကို လွှမ်းခြုံထားပြီး အလုပ်တာဝန် မြောက်မြားစွာ ပါဝင်သည်။ ယင်းသည် အလုပ်၏ ပထမအမျိုးအစားဖြစ်ပြီး အသင်းတော်အလုပ်ရှိရှိသမျှ၌ အရေးကြီးဆုံးသော လုပ်ငန်းတာဝန်ဖြစ်သည်။ ဧဝံဂေလိတရားကို ကျယ်ပြန့်စေခြင်းအလုပ်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၌ ပထမအရေးကြီးသော လုပ်ငန်းတာဝန်ဖြစ်၏။ ထို့အတွက်ကြောင့် ယင်းကို အလုပ်၏ ပထမအမျိုးအစားအဖြစ် ခွဲခြားသတ်မှတ်ရမည် ဖြစ်သည်။ သို့ဆိုလျှင် ဤတာဝန်အား ထမ်းဆောင်သူတို့ ကိုင်ဆောင်ရမည့် ဂုဏ်ပုဒ်မှာ အဘယ်နည်း။ ဧဝံဂေလိတရား ဖြန့်ဝေသူများဖြစ်၏။ ဒုတိယအမျိုးအစားအနေဖြင့် အသင်းတော်၏ အတွင်းလုပ်ငန်း၌ အရေးကြီးဆုံးသော တာဝန်မှာ အဘယ်နည်း။ (ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်သည်။) မှန်ပေ၏၊ ယင်းမှာ အုပ်စုအမျိုးမျိုး၏ ကြီးကြပ်သူများနှင့် အဖွဲ့ခေါင်းဆောင်များအပါအဝင် အသင်းတော်ထဲရှိ အဆင့်ပေါင်းစုံမှ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်သည်။ ဤတာဝန်သည် အရေးကြီးဆုံးဖြစ်ကာ ဤလူတို့လုပ်ဆောင်သည့် အလုပ်အားလုံးမှာ အရေးပါ၏။ ဤသည်မှာ ဒုတိယအမျိုးအစား ဖြစ်သည်။ တတိယအမျိုးအစား၏ တာဝန်များအနေဖြင့် ဧဝံဂေလိတရား ဖြန့်ဝေခြင်းအလုပ်၌ အတော်ပင် အရေးကြီးသည်မှာ မည်သည့်တာဝန်များ ဖြစ်သနည်း။ (အထူးတာဝန် အချို့ဖြစ်သည်။) မှန်ပေ၏၊ တတိယအမျိုးအစား၌ စာရေးခြင်း၊ ဘာသာပြန်ခြင်း၊ တေးဂီတ၊ ရုပ်ရှင်ရိုက်ကူးရေး၊ အနုပညာနှင့် ပြင်ပရေးရာများလုပ်ငန်းအပါအဝင် အထူးတာဝန်အချို့ကို ထမ်းဆောင်ရသောလူတို့ ပါဝင်သည်။ စတုတ္ထအမျိုးအစားရှိ ထိုသူတို့သည် ကြိုဆိုလက်ခံရေး၊ ချက်ပြုတ်ရေးနှင့် ဝယ်ယူရေးတို့ကဲ့သို့ ထောက်ပံ့ပို့ဆောင်ရေးအလုပ် ပါဝင်သော သာမန်တာဝန်များကို အဓိအားဖြင့် ထမ်းဆောင်ရသည်။ ဤတာဝန်များအား အသေးစိတ် အမျိုးအစားခွဲခြင်းမှာ မလိုအပ်ပေ။ ပဉ္စမအမျိုးအစားက ၎င်းတို့၏မိသားစု အခြေအနေများ၊ ကျန်းမာရေး အခြေအနေများ၊ သို့မဟုတ် အခြားထိုသို့သော အကြောင်းရင်းများကြောင့် ၎င်းတို့အားလပ်သောအချိန်၌ တာဝန်အချို့ကိုသာ ထမ်းဆောင်နိုင်သောသူတို့အတွက် ဖြစ်သည်။ ဤလူတို့က ၎င်းတို့၏တာဝန်များကို သူတို့အတတ်နိုင်ဆုံး ထမ်းဆောင်ကြသည်။ ဤသည်မှာ ပဉ္စမအမျိုးအစားဖြစ်၏။ မိမိတို့၏တာဝန်များကို ထမ်းဆောင်ခြင်းမရှိသော အခြားသူများကို ဆဋ္ဌမအမျိုးအစားတွင် ထားရှိလေသည်။ ဤလူတို့သည် တာဝန်ထမ်းဆောင်ခြင်းနှင့် မည်သို့မျှ မသက်ဆိုင်သဖြင့် ၎င်းတို့ကို အဘယ်ကြောင့်များ အမျိုးအစားတစ်ခုတွင် ထည့်သွင်းသင့်သနည်း။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ကို အသင်းသားဦးရေထဲ၌ ထည့်တွက်ထားသောကြောင့် ဤနောက်ဆုံးအမျိုးအစားထဲတွင် ထည့်သွင်းရခြင်းဖြစ်၏။ အကယ်၍ ၎င်းတို့သည် တရားဒေသနာများစွာကို နားထောင်ခဲ့ပြီးဖြစ်လျှင် သမ္မာတရားကို နားလည်နိုင်ပြီး တာဝန်များကို ထမ်းဆောင်ရန် ဆန္ဒအလျောက် တောင်းဆိုပါက ၎င်းတို့၌ စစ်မှန်သော ယုံကြည်ခြင်းရှိပြီး အလွန်အမင်း အစွမ်းအစနိမ့်ပါးသော လူများ၊ သို့မဟုတ် ဆိုးယုတ်သော လူများ မဟုတ်သရွေ့ ၎င်းတို့အနေဖြင့် အနှောင့်အယှက်များ မဖြစ်စေဖို့ ကတိပြုပေးသည်ကို ထောက်ရှု၍ ငါတို့သည် ထိုသို့သောလူတို့ကို တာဝန်များထမ်းဆောင်ခွင့် ပြုသင့်ပြီး ၎င်းတို့ကို နောင်တရရန်အတွက် အခွင့်အလမ်းပေးသင့်သည်။ အသင်းသားများသည် အခြေခံအားဖြင့် ယခုတင်ဖော်ပြသော အမျိုးအစားခြောက်ခုထဲတွင် အားလုံး ပါဝင်လေသည်။ ကျန်သောသူတို့မှာမူ ယုံကြည်သူလူသစ်များပင် ဖြစ်၏။ ၎င်းတို့ကို မိမိတို့၏တာဝန်များကို ထမ်းဆောင်ခြင်းမရှိဟု ဆို၍မရပေ။ ထိုအစား ၎င်းတို့သည် ဝိညာဉ်ရင့်သန်မှုတွင် သေးငယ်ပြီး သမ္မာတရားအား အပေါ်ယံနားလည်မှုသာ ရှိသောကြောင့် မည်သည့်အရာတစ်ခုကိုမျှ လုပ်ဆောင်၍ မရသောကြောင့် ဖြစ်ပေသည်။ ၎င်းတို့ထဲမှ အချို့က အစွမ်းအစကောင်း ရှိလင့်ကစား သမ္မာတရား၊ သို့မဟုတ် စည်းမျဉ်းများကို နားမလည်သေးသဖြင့် မည်သည့်တာဝန်ကိုမျှ ထမ်းဆောင်နိုင်ခြင်း မရှိသေးပေ။ ၎င်းတို့သည် ဘုရားသခင်အား နှစ်နှစ်သုံးနှစ်မျှ ယုံကြည်ပြီးနောက် တာဝန်များကို စတင်ထမ်းဆောင်လာနိုင်ပါက ထိုအချိန်တွင် ၎င်းတို့ကို တာဝန်များကို ထမ်းဆောင်သူတို့၏ အမျိုးအစားအမျိုးမျိုးတို့၌ ငါတို့ထည့်သွင်းနိုင်သည်။ အဆုံးသတ်ရလျှင် ငါတို့သည် ယခုတင် အမျိုးအစား ခြောက်မျိုးကို ရှင်းလင်းစွာဖြင့် အသေးစိတ်ချပြခဲ့ပြီဖြစ်သည်။ ပထမအမျိုးအစားမှာ ဧဝံဂေလိတရားကို ဖြန့်ဝေသောသူတို့အတွက် ဖြစ်သည်။ ဒုတိယအမျိုးအစားက အသင်းတော်၏ အဆင့်ပေါင်းစုံမှ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ဖြစ်သည်။ တတိယအမျိုးအစားက အထူးတာဝန်များကို ထမ်းဆောင်သောသူများအတွက် ဖြစ်သည်။ စတုတ္ထအမျိုးအစားက သာမန်တာဝန်များကို ထမ်းဆောင်သောသူများအတွက် ဖြစ်သည်။ ပဉ္စမအမျိုးအစားက အချိန်ရ၍ အခြေအနေပေးသောအခါ တာဝန်ထမ်းဆောင်သော သူများအတွက် ဖြစ်ကာ ဆဋ္ဌမအမျိုးအစားက တာဝန်ထမ်းဆောင်ခြင်း မရှိသောသူများအတွက် ဖြစ်သည်။ ဤအမျိုးအစားများအား စီစဉ်ဖွဲ့စည်းခြင်းအတွက် အခြေခံကို မည်သည့်စည်းမျဉ်းများက သတ်မှတ်ပေးသနည်း။ ဤအမျိုးအစားများကို အလုပ်အမျိုးအစား၊ လုပ်ဆောင်ဖို့လိုအပ်သော အချိန်၊ အလုပ်ပမာဏနှင့် အလုပ်၏ အရေးကြီးမှုတို့အရ ခွဲခြားသတ်မှတ်လေသည်။ တာဝန်များကို ထမ်းဆောင်ခြင်းအကြောင်း ငါတို့ ယခင်က ပြောခဲ့ချိန်တွင် တာဝန်ထမ်းဆောင်ခြင်းနှင့် ပတ်သက်သည့် သမ္မာတရား၏ သွင်ပြင်လက္ခဏာအမျိုးမျိုးကို အခြေခံအားဖြင့် ငါတို့ ဆွေးနွေးခဲ့ကြသည်။ ငါတို့၏ မိတ်သဟာယပြုချက်သည် လူအားလုံးတို့က ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာ၌ လိုက်နာသင့်သည့် သမ္မာတရားစည်းမျဉ်းများနှင့် ပတ်သက်သည်။ ငါတို့သည် မည်သည့်အမျိုးအစားများကိုမျှ ဖန်တီးဖော်ထုတ်ခဲ့ခြင်း မရှိသည့်အပြင် မည့်သည့်စည်းမျဉ်းများကို ဤလူအမျိုးအစားများ တစ်ခုစီက လိုက်နာသင့်ကြောင်း အသေးစိတ် မဆွေးနွေးခဲ့သကဲ့သို့ ၎င်းတို့ဝင်ရောက်ရာ၌ အာရုံစိုက်သင့်သည့် တိကျသော သမ္မာတရားများကိုလည်း မဆွေးနွေးခဲ့ကြပေ။ ဆက်လက်၍ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာနှင့် ပတ်သက်ပြီး ပို၍ပြည့်ပြည့်စုံစုံ မိတ်သဟာယပြုပြီး အမျိုးအစားတစ်ခုစီကို ရှင်းရှင်းလင်းလင်းဖြစ်ရန် တစ်ခုချင်းစီ ဆွေးနွေးကြမည်။
ပထမဦးစွာ ဧဝံဂေလိဖြန့်ဝေသူများ နားလည်သင့်သော သမ္မာတရားများနှင့်ပတ်သက်သည့် ငါတို့၏မိတ်သဟာယကို အစပျိုးမည်။ ဧဝံဂေလိဖြန့်ဝေသူများ နားလည်ပြီး မိမိတို့ကိုယ်ကို ပြင်ဆင်ထားသင့်သည့် အခြေခံသမ္မာတရားများမှာ အဘယ်နည်း။ ဤတာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့ သင် မည်ကဲ့သို့ လုပ်ဆောင်သင့်သနည်း။ သင်သည် ဧဝံဂေလိဖြန့်ဝေရန်အတွက် လိုအပ်သည့် ရူပါရုံနှင့်ပတ်သက်သော သမ္မာတရားအချို့ဖြင့် ပြင်ဆင်ရမည်ဖြစ်ပြီး ဧဝံဂေလိဖြန့်ဝေခြင်း၏ စည်းမျဉ်းများကို ပိုင်နိုင်ရမည်။ ဧဝံဂေလိဖြန့်ဝေခြင်း၏ စည်းမျဉ်းများကို ပိုင်နိုင်ပြီးသောအခါ အခြားသူများ၏ အယူအဆများနှင့် ပြဿနာများကို ဖြေရှင်းရန်အတွက် မိမိကိုယ်ကို အခြားမည်သည့် သမ္မာတရားများဖြင့် ပြင်ဆင်သင့်သနည်း။ မှန်သောလမ်းခရီးကို စုံစမ်းမေးမြန်းသူတို့အား မည်သို့ သဘောထားသင့်သနည်း။ အရေးကြီးဆုံးအရာမှာ ထိုးထွင်းသိမြင်မှုကို သင်ယူခြင်းဖြစ်သည်။ မည်သူ့ကို ဧဝံဂေလိတရား ဟောပြောနိုင်ပြီး မည်သူ့ကို မဟောပြောနိုင်သည်မှာ သင်နားလည်ရမည့် ပထမစည်းမျဉ်း ဖြစ်သည်။ ဧဝံဂေလိဟောပြော၍ မရနိုင်သူအား ဟောပြောမိပါက ယင်းသည် အချည်းနှီးဖြစ်သော ကြိုးပမ်းမှု ဖြစ်သည်သာမက မမြင်ရသော အန္တရာယ်များကိုလည်း အလွယ်တကူ ဖြစ်ပွားစေနိုင်သည်။ ဤသည်ကို နားလည်ထားရမည်။ ထိုမျှမက စကားအနည်းငယ် ပြောလိုက်ပါက၊ သို့မဟုတ် နက်နဲသော သြဝါဒအချို့အကြောင်း ပြောပြပါက ဧဝံဂေလိဟောပြော၍ ရနိုင်သူများကပင် ယင်းကို လက်ခံမည်မဟုတ်ပေ။ ယင်းမှာ သိပ်မလွယ်ကူပေ။ ပါးစပ်ညောင်းသွားပြီး အာခေါင်ခြောက်ကပ်သွားသည်အထိ သင်ဟောပြောပြီး မှန်သောလမ်းခရီးကို စုံစမ်းမေးမြန်သည့် ထိုသူများကို စွန့်ပစ်လိုသည်အထိ သင်သည် သည်းခံစိတ်ဟူသမျှ ကုန်ဆုံးသွားနိုင်လေသည်။ ထိုသို့သော အခြေအနေများ၌ မည်သည့်အရာကို ပိုင်ဆိုင်ရန် အရေးကြီးဆုံးဖြစ်သနည်း။ (ချစ်ခြင်းမေတ္တာနှင့် စိတ်ရှည်သည်းခံခြင်း ဖြစ်သည်။) သင်သည် ချစ်ခြင်းမေတ္တာနှင့် စိတ်ရှည်သည်းခံခြင်း ရှိရမည်။ မေတ္တာစိတ်ခံစားမှုမှန်သမျှ ကင်းမဲ့နေလျှင် စိတ်ရှည်သည်းခံမှု မရှိမည်မှာ အသေအချာဖြစ်သည်။ ရူပါရုံနှင့်ပတ်သက်သည့် သမ္မာတရားအား နားလည်ခြင်းအပြင် ဧဝံဂေလိဖြန့်ဝေခြင်းသည်လည်း ကြီးမားသော ချစ်ခြင်းမေတ္တာနှင့် ကြီးမားသော စိတ်ရှည်သည်းခံမှုတို့ လိုအပ်သည်။ ထိုသို့အားဖြင့်သာ ဧဝံဂေလိဖြန့်ဝေခြင်းဟူသည့် တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်သည်။ ဧဝံဂေလိဖြန့်ဝေခြင်းတာဝန်ကို မည်ကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆိုသနည်း။ ဧဝံဂေလိဖြန့်ဝေခြင်းတာဝန်ကို သင် မည်ကဲ့သို့ ရှုမြင်သနည်း။ ဧဝံဂေလိဖြန့်ဝေသူတို့သည် အခြားတာဝန်များကို ထမ်းဆောင်သူတို့နှင့် မည်သည့်နေရာ၌ ကွာခြားသနည်း။ ထိုသူတို့သည် နောက်ဆုံးသောကာလ၌ ဘုရားသခင်၏အမှုတော်ကို သက်သေခံကြပြီး ဘုရားသခင်၏ ကြွလာခြင်းကို သက်သေခံကြသည်။ ၎င်းတို့သည် ဧဝံဂေလိတရား၏ တမန်များဖြစ်သည်၊ ၎င်းတို့ကို အထူးတာဝန်တစ်ခုဖြင့် စေလွှတ်ခံရခြင်းဖြစ်သည်၊ ၎င်းတို့သည် အထက်မှ ဆင်းသက်လာသည့် ကောင်းကင်တမန်များ ဖြစ်သည်ဟု လူအချို့က ပြောကြသည်။ ထိုသူတို့ကို ထိုသို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်သလော။ (ဖွင့်ဆို၍မရပါ။) ဧဝံဂေလိဖြန့်ဝေသူတို့၏ အထူးတာဝန်မှာ အဘယ်နည်း။ ၎င်းတို့သည် လူတို့၏စိတ်ထဲတွင် မည်သည့်ပုံရိပ်ရှိကြသနည်း။ ၎င်းတို့၏လုပ်ငန်းတာဝန်မှာ အဘယ်နည်း။ (တရားဟောဆရာများ ဖြစ်သည်။) တရားဟောဆရာများ၊ တမန်များအပြင် မည်သည့်အရာ ရှိသေးသနည်း။ (သက်သေခံသူများဖြစ်သည်။) လူအများစုက ၎င်းတို့ကို ဤသို့ အဓိပ္ပာယ်ဖွင့်ကြမည်။ သို့သော် ဤအဓိပ္ပာယ်ဖွင့်ဆိုချက်များမှာ အမှန်တကယ် တိကျမှန်ကန်သလော။ လူသိများသော အသုံးအနှုန်းများမှာ “တရားဟောဆရာ” နှင့် “သက်သေခံသူ” ဖြစ်ကာ “ဧဝံဂေလိတမန်” မှာ ပို၍ ဂုဏ်ဒြပ်ကြီးသော ဂုဏ်ပုဒ်တစ်ခုဖြစ်၏။ ဤအသုံးအနှုန်းသုံးခုကို မကြာခဏ ကြားရသည်။ ဤတာဝန်ကို ထမ်းဆောင်သူတို့၏ ဂုဏ်ပုဒ်များကို လူတို့ မည်သို့နားလည်ပြီး အဓိပ္ပာယ်ဖွင့်ဆိုသည်ဖြစ်စေ ဤဂုဏ်ပုဒ်များအားလုံးမှာ “ဧဝံဂေလိတရား” ဟူသည့် စကားလုံးနှင့် ခွဲခြား၍မရနိုင်အောင် ဆက်စပ်နေသည်။ ဤအသုံးအနှုန်းသုံးခုအနက် မည်သည့်အသုံးအနှုန်းက ဧဝံဂေလိဖြန့်ဝေခြင်းတာဝန်နှင့် ပို၍ဆီလျော်ပြီး ပို၍လိုက်ဖက်ကာ ပို၍ယုတ္တိတန်သော ဂုဏ်ပုဒ်ဖြစ်စေသနည်း။ (တရားဟောဆရာများ ဖြစ်သည်။) တရားဟောဆရာဟူသည့် ဂုဏ်ပုဒ်က ပို၍လိုက်ဖက်သည်ဟု လူအများစုက ထင်ကြသည်။ တစ်စုံတစ်ဦးသည် သက်သေခံသူဟူသည့် ဂုဏ်ပုဒ်ကို သဘောတူသလော။ (သဘောတူပါသည်။) ဧဝံဂေလိတမန်ဟူသည့် ဂုဏ်ပုဒ်ရော အဘယ်သို့ရှိသနည်း။ (သဘောမတူပါ။) အခြေခံအားဖြင့် ဧဝံဂေလိတမန်ဟူသည့် ဂုဏ်ပုဒ်ကို မည်သူမျှ သဘောမတူပေ။ တရားဟောဆရာဟူသည့် ဂုဏ်ပုဒ်က သင့်တော်သည်၊ မတော်သည်ကို ငါတို့ ဦးစွာ ဆွေးနွေးကြစို့။ “တရားဟောသည်” ဟူသည်မှာ တစ်စုံတစ်ခုကို ဖြန့်ဝေခြင်း၊ ဖြန့်ဖြူးခြင်း၊ သိရှိစေခြင်းနှင့် ကြော်ငြာခြင်းကို ဆိုလိုသည်။ တရားဟောဆရာများ ဟောပြောသည့် “လမ်းခရီး” မှာ အဘယ်နည်း။ (မှန်သော လမ်းခရီးဖြစ်သည်။) ယင်းသည် ထိုအရာကိုပြောဖို့ နည်းလမ်းကောင်းဖြစ်၏။ “လမ်းခရီး” ဟူသည်မှာ လူသားအပေါ် ဘုရားသခင်၏ အမှုတော်နှင့်လည်းကောင်း ဘုရားသခင်၏ ကယ်တင်ခြင်းနှင့်လည်းကောင်း ပတ်သက်သည့် မှန်သောလမ်းခရီး ဖြစ်သည်။ ဤသည်မှာ တရားဟောဆရာဟူသည့် စကားလုံးအား ငါတို့ ရှင်းပြပြီး အဓိပ္ပာယ်ဖွင့်ဆိုပုံ ဖြစ်သည်။ ထို့နောက် သက်သေခံသူအကြောင်းကို ပြောကြစို့။ သက်သေခံသူတစ်ဦးက သက်သေခံသည့်အရာမှာ အဘယ်နည်း။ (နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်ဖြစ်သည်။) သက်သေခံသူတစ်ဦးက နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်ကို သက်သေခံသည်ဆိုလျှင် မမှားပေ။ ဤဂုဏ်ပုဒ်နှစ်ခုမှာ အတော်ပင် သင့်လျော်ဟန်ရှိသည်။ ဧဝံဂေလိတမန်ရော အဘယ်သို့ရှိသနည်း။ “ဧဝံဂေလိတရား” က မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ ဘုရားသခင်၏အလုပ်၊ လူသားအား ဘုရားသခင်၏ ကယ်တင်ခြင်း၊ ဘုရားသခင်၏ ပြန်ကြွလာခြင်းနှင့် ဆိုင်သော သတင်းကောင်းနှင့် ဝမ်းမြောက်စရာ သတင်းစကား ဖြစ်၏။ “တမန်” ကို ငါတို့ မည်ကဲ့သို့ ရှင်းပြနိုင်မည်နည်း။ “တမန်” ၏ ကောင်းမွန်သော ရှင်းပြချက်တစ်ခုမှာ ဘုရားသခင်စေလွှတ်သော လူတစ်ဦး၊ ဧဝံဂေလိတရားကို ဖြန့်ဝေရန် တိုက်ရိုက် စေလွှတ်ထားသူ၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သို့မဟုတ် အရေးကြီးသော သတင်းစကားကို သိရှိစေရန် သတ်မှတ်သော အချိန်တစ်ခု၌ ဘုရားသခင်စေလွှတ်သည့် လူတစ်ဦးဦး ဖြစ်သည်။ ဤသည်မှာ တမန်ဖြစ်သည်။ ဧဝံဂေလိတရားကို ဖြန့်ဝေသူတို့က ထိုသို့သော ကဏ္ဍတာဝန်ကို ဆောင်ရွက်သလော။ ၎င်းတို့က ဤအလုပ်မျိုးကို လုပ်သလော။ (မလုပ်ပါ။) သို့ဆိုလျှင် ၎င်းတို့က မည်သည့်အလုပ်မျိုးကို လုပ်ဆောင်သနည်း။ (၎င်းတို့က နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်ကို သက်သေခံကြသည်။) နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်အား ၎င်းတို့၏ သက်သေခံချက်သည် ဘုရားသခင်ထံမှ ၎င်းတို့ တိုက်ရိုက် လက်ခံထားသည့် အထူးတာဝန် ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤအထူးတာဝန်ကို မည်ကဲ့သို့ ရှင်းပြနိုင်သနည်း။ (ယင်းမှာ ဖန်ဆင်းခံများ၏ တာဝန်ဖြစ်၏။) ယင်းသည် လူတို့၏တာဝန် ဖြစ်သည်။ ဘုရားသခင်က သူ၏အမှုသစ်အား ကြေညာခြင်းနှင့် ဧဝံဂေလိတရားအား ဖြန့်ဝေခြင်းကို သင့်အား တာဝန်ပေးခြင်း၊ သင့်အား ပြောပြခြင်း သို့မဟုတ် သင့်အား အပ်နှံခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင်သည် ဧဝံဂေလိတရားအကြောင်းကို ပို၍များပြားသော လူတို့အား ပြောပြရန်၊ ယင်းကို ဖြန့်ဝေရန်အပြင် ယင်းကို ပို၍များပြားသော လူတို့ထံ သယ်ဆောင်ရန်အတွက် တာဝန်နှင့် ဝတ္တရားရှိသည်။ ပို၍များပြားသော လူတို့က ဤသတင်းအား သိရှိရန်၊ ဘုရားသခင်ရှေ့မှောက်သို့ လာရန်နှင့် ဘုရားသခင်၏ အိမ်တော်သို့ ပြန်လာရန် သင် ထောက်ကူပေးဖို့အတွက် တာဝန်နှင့် ဝတ္တရားရှိသည်။ ဤသည်မှာ လူတို့၏ လုပ်ငန်းတာဝန်နှင့် ဝတ္တရားဖြစ်သဖြင့် ၎င်းတို့ကို ဘုရားသခင်က စေလွှတ်ထားသည်၊ ပို့ဆောင်ထားသည်ဟု ဆို၍မရပေ။ ထို့ကြောင့် “တမန်” ဟူသည့် စကားလုံးက ဤနေရာတွင် မသင့်လျော်ပေ။ ဤစကားလုံး၏ သဘောသဘာဝမှာ အဘယ်နည်း။ ယင်းသည် မှားယွင်းပြီး ပုံကြီးချဲ့လွန်းကာ အနှစ်သာရကင်းမဲ့သည်။ “တမန်” ဟူသည့် စကားလုံးသည် ပုံကြီးချဲ့လွန်းသဖြင့် မသင့်လျော်ပေ။ ဓမ္မဟောင်းခေတ်မှ မျက်မှောက်ခေတ်အထိ ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ် အစပြုချိန်မှ ပစ္စုပ္ပန်အချိန်တိုင်အောင် တမန်၏ လုပ်ငန်းတာဝန်မှာ အခြေခံအားဖြင့် မည်သည့်အခါမျှ မရှိခဲ့ပေ။ ဆိုလိုသည်မှာ လူသားမျိုးနွယ်အား ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ် အချိန်ကာလတစ်လျှောက်လုံးတွင် ထိုသို့သော လုပ်ငန်းတာဝန် မပါဝင်ခဲ့ပေ။ သာမန်လူတို့သည် “တမန်” ဟူသည့် စကားလုံး၏ ဆိုလိုသည့်အရာကို မည်သို့ တာဝန်ယူနိုင်သနည်း။ ထိုသို့သော အလုပ်မျိုးကို မည်သူမျှ တာဝန်ယူ ဆောင်ရွက်နိုင်ခြင်း မရှိနိုင်ပေ။ ထို့ကြောင့် ဤလုပ်ငန်းတာဝန်သည် လူသားအတွက် မဖွင့်ထားသည့်အပြင် မည်သူ့ကိုမျှ ဤစကားလုံးနှင့် ဆက်စပ်၍၊ သို့မဟုတ် ယှဉ်တွဲ၍ မရနိုင်ပေ။ လူတို့နားလည်ထားသည့်အတိုင်း တမန်ဟူသည်မှာ တစ်စုံတစ်ခုကို ပြုလုပ်ရန်၊ သို့မဟုတ် သတင်းစကားတစ်ခုကို သိရှိစေရန် ဘုရားသခင် စေလွှတ်ထားသူတစ်ဦး ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းဟူသည့် ဘုရားသခင်၏ ကြီးကျယ်ခမ်းနားပြီး ဆက်စပ်လွှမ်းခြုံနေသော အလုပ်နှင့် အနည်းငယ်သာ ပတ်သက်သည်။ ဆိုလိုသည်မှာ တမန်၏ လုပ်ငန်းတာဝန်မှာ ဘုရားသခင့်အလုပ်၏ အဆင့်သုံးဆင့်ထဲ၌ မပါဝင်သလောက် နီးနီး ဖြစ်၏။ ထို့ကြောင့် နောင်တွင် ဤစကားလုံးကို အသုံးမပြုလေနှင့်။ ဤသို့ပြောဆိုခြင်းက နုံအရာကျသည်။ လူတစ်ဦးက “ဧဝံဂေလိတမန်” ဟူသည့် ဂုဏ်ပုဒ်ကို တာဝန်ယူနိုင်သလော။ မယူနိုင်ကြပေ။ တစ်ချက်မှာ ထိုသူသည် အသွေးနှင့်ကိုယ် အသားနှင့်ကိုယ် ဖြစ်၏။ ထိုမျှမက သူသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်တစ်ဦး ဖြစ်သည်။ တမန်တစ်ဦးဟူသည်မှာ မည်သည့်သတ္တဝါမျိုး ဖြစ်သနည်း။ သင်တို့ သိသလော။ (ကျွန်ုပ်တို့ မသိပါ။) သင်တို့ မသိကြချေ။ သို့တိုင်အောင် ဤနာမည်ကို အသုံးပြုဝံ့သေးသည်။ ဤသည်မှာ ဟန်ဆောင်ခြင်းဖြစ်၏။ တမန်များသည် လူသားမျိုးနွယ်နှင့် သက်ဆိုင်မှုမရှိသည့်အပြင် လူသားတို့သည် “တမန်” ဟူသည့် စကားလုံးနှင့် ဘာမျှ သက်ဆိုင်မှုမရှိဟု အသေအချာ ဆိုနိုင်သည်။ လူသားမျိုးနွယ်သည် ယင်းကို တာဝန်မယူနိုင်ပေ။ ဧဝံဂေလိတမန်များ၊ အထက်မှ တမန်များ၏ ဆင်းသက်လာခြင်းနှင့် တမန်များ၏အလုပ် အားလုံးတို့မှာ အခြေခံအားဖြင့် ဓမ္မဟောင်းကျမ်းရှိ အာဗြဟံခေတ်တွင် အဆုံးသတ်ခဲ့ပြီ။ ဤအရာမှာ ကုန်လွန်ပြီးစီးခဲ့ပြီ ဖြစ်သည်။ ဘုရားသခင်က လူသားမျိုးနွယ်အား ကယ်တင်ခြင်းအလုပ်ကို တရားဝင် ထမ်းဆောင်ခဲ့ကတည်းက လူသားမျိုးနွယ်သည် “တမန်” ဟူသည့် စကားလုံးကို ဆက်လက်၍ အသုံးမပြုသင့်တော့ချေ။ အဘယ့်ကြောင့် ဤစကားလုံးကို နောက်ထပ် အသုံးမပြုသင့်သနည်း။ (လူသားက ယင်းကို တာဝန်မယူနိုင်ပါ။) ယင်းသည် လူက တာဝန်ယူနိုင်ခြင်းရှိမရှိ ဟူသည့်ကိစ္စမဟုတ်ဘဲ တမန်များက ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် ပတ်သက်မှုမရှိခြင်းသာ ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကြားတွင် ထိုသို့သော လုပ်ငန်းတာဝန် မရှိသကဲ့သို့ ထိုသို့သော ဂုဏ်ပုဒ်လည်း မရှိပေ။ “တရားဟောဆရာ” ဟူသည့် စကားလုံးအကြောင်းကို ပြန်ပြောကြစို့။ အကယ်၍ ၎င်းတို့ဟောပြောသည့် “လမ်းခရီး” နှင့်ပတ်သက်၍ ဓမ္မဓိဋ္ဌာန်ကျသော၊ တိကျမှန်ကန်သော၊ နက်နဲသော အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု ပေးရမည်ဆိုလျှင် ယင်းကို ငါတို့ မည်သို့ဖွင့်ဆိုမည်နည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်။) ဤသည်မှာ အတော်ပင် ယေဘုယျဆန်သော အသုံးအနှုန်းဖြစ်၏။ အတိအကျဆိုရလျှင် ယင်းက မျက်မှောက်ခေတ်ရှိ ဧဝံဂေလိတရားနှင့် ဘုရားသခင့်အလုပ်၏ သတင်းစကားကိုသာ ရည်ညွှန်းသလော။ (မရည်ညွှန်းပါ။) သို့ဆိုလျှင် ဧဝံဂေလိတရားကို ဖြန့်ဝေသူတို့ အမှန်တကယ် ကြေညာသည့်အရာမှာ မည်သည့်အရာနည်း။ ဧဝံဂေလိတရားကို ဖြန့်ဝေသူတို့၏ အလုပ်သည် “လမ်းခရီး” နှင့် မည်သည့်အတိုင်းအတာအထိ ဆက်စပ်သနည်း။ ၎င်းတို့၏ တာဝန်နယ်ပယ်ထဲ၌ အမှန်တကယ် မည်သည့်အလုပ်မျိုး ပါဝင်သနည်း။ ၎င်းတို့က လူတို့အနေဖြင့် ဤသတင်းစကားကို ကြားသိ၍ လက်ခံနိုင်ပြီးနောက် ဘုရားသခင်ထံ ပြန်လာကြရန်အတွက် ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် ရောက်လာခဲ့ပြီဖြစ်ကြောင်း၊ သူပြီးမြောက်ခဲ့သည့် အလုပ်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များ စသည့် အခြေခံ သတင်းစကားတစ်ခုခုကို ဧဝံဂေလိအား လက်ခံသူတို့ထံ ပေးပို့ရုံသာဖြစ်သည်။ ၎င်းတို့သည် လူတို့အား ဘုရားသခင်ရှေ့မှောက်သို့ ပို့ဆောင်ပြီးနောက်တွင် ၎င်းတို့၏ ဧဝံဂေလိဖြန့်ဝေခြင်း တာဝန်မှာ ပြည့်စုံပြီဖြစ်သည်။ “လမ်းခရီး” ဟူသည့်အရာ၏ ဆိုလိုရင်း တစ်စုံတစ်ခုသည် ၎င်းတို့ပြောဆိုသည့် သတင်းစကားတွင် ပါဝင်သလော။ ဤတွင် “သတင်းစကား” နှင့် “ဧဝံဂေလိတရား” ဟူသည့် အသုံးအနှုန်းများမှာ အခြေခံအားဖြင့် တူညီသည်။ သို့ဆိုလျှင် ယင်းတို့တွင် “လမ်းခရီး” နှင့် တစ်စုံတစ်ရာ ပတ်သက်နေသလော။ (မပတ်သက်ပါ။) ထိုသို့သော နှီးနွှယ်ဆက်စပ်မှု အဘယ့်ကြောင့် မရှိသနည်း။ “လမ်းခရီး” သည် အတိအကျ မည်သည့်အရာကို ရည်ညွှန်းသနည်း။ ရှင်းပြချက်တစ်ခုအဖြစ် ငါတို့ အသုံးပြုနိုင်သည့် အရိုးရှင်းဆုံး စကားလုံးမှာ လမ်းကြောင်းဖြစ်၏။ “လမ်းကြောင်း” ဟူသည့် အသုံးအနှုန်းက “လမ်းခရီး” ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အရှင်းဆုံးဖော်ပြပြီး ယင်းမှာ ပို၍တိကျသည်။ ပို၍ခိုင်ခိုင်လုံလုံ ပြောရလျှင် “လမ်းခရီး” ဟူသည်မှာ လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက်၊ လူသားများကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီး ဆိုးယုတ်သော စိတ်သဘောထားများမှ လွတ်မြောက်စေရန်နှင့် ၎င်းတို့ကို စာတန်၏ ချည်နှောင်ခြင်းနှင့် အမှောင်စွမ်းအားမှ လွတ်မြောက်ခွင့်ပေးရန် ဘုရားသခင် ပေးအပ်သော နှုတ်ကပတ်တော်များအားလုံးပင် ဖြစ်၏။ ဤသည်မှာ တိကျမှန်ကန်ပြီး ခိုင်လုံသော ဖော်ပြချက်တစ်ခု ဟုတ်သလော။ ယခုတွင် ယင်းကိုကြည့်ရလျှင် “တရားဟောဆရာ” ဟူသည့် စကားလုံးသည် ဧဝံဂေလိဖြန့်ဝေခြင်း တာဝန်ကို ထမ်းဆောင်သောသူတို့အတွက် သင့်လျော်သော အဓိပ္ပာယ်ဖွင့်ဆိုချက် ဟုတ်သလော။ (ယင်းမှာ မသင့်လျော်ပါ။) တရားဟောဆရာ၏ တာဝန်သည် ဧဝံဂေလိဖြန့်ဝေခြင်းထက် များစွာ ကျော်လွန်သည်။ ဘုရားသခင်ကို သိကျွမ်းပြီး ဘုရားသခင်အား သက်သေခံသူတို့ကသာ ဤဂုဏ်ပုဒ်ကို တာဝန်ယူနိုင်သည်။ ဧဝံဂေလိတရားကို ဖြန့်ဝေသော သာမန်လူတစ်ဦးက တရားဟောဆရာ၏ အလုပ်ကို တာဝန်ယူနိုင်သလော။ လုံးဝ မယူနိုင်ပေ။ ဧဝံဂေလိဖြန့်ဝေခြင်းသည် သတင်းကောင်းကို ကြေညာခြင်းနှင့် ဘုရားသခင်၏အလုပ်ကို သက်သေခံခြင်းမျှထက် မပိုပေ။ ဤလူတို့က တရားဟောဆရာများ၏ အလုပ်ကို လုံးဝ တာဝန်မယူနိုင်၊ ၎င်းတို့က တရားဟောဆရာများ၏ တာဝန်ကို မထမ်းဆောင်နိုင်၊ ထို့ကြောင့် ၎င်းတို့ကို တရားဟောဆရာများဟု မခေါ်နိုင်ပေ။ တရားဟောဆရာ၏ ဂုဏ်ပုဒ်သည် ပို၍မြင့်မားသော အဆင့်အတန်းကို ပေးအပ်ပြီး ဧဝံဂေလိဖြန့်ဝေသူတို့သည် ဤဂုဏ်ပုဒ်နှင့် မထိုက်တန်ပေ။ ဤဂုဏ်ပုဒ်က ၎င်းတို့အတွက် မဆီလျော်ပေ။ ယခုတွင် “သက်သေခံသူ” ဟူသည့် အသုံးအနှုန်းမှာ တစ်ခုတည်းကြွင်းကျန်သော အသုံးအနှုန်း ဖြစ်၏။ သက်သေခံသူတစ်ဦး သက်သေခံသည့်အရာမှာ အဘယ်နည်း။ (နောက်ဆုံးသောကာလ ဘုရားသခင်၏အလုပ် ဖြစ်သည်။) ၎င်းတို့သည် နောက်ဆုံးသောကာလ ဘုရားသခင်၏ အလုပ်ကို ကြေညာပြီး သက်သေခံသည်ဟုဆိုလျှင် ဆီလျော်သလော။ သက်သေခံသူ၏အဓိပ္ပာယ်ကို တိတိကျကျ အဓိပ္ပာယ်ဖွင့်မည်ဆိုလျှင် ယင်းသည် ဧဝံဂေလိတရားအား သက်သေခံသောသူထက် ဘုရားသခင်အား သက်သေခံသောသူကို ရည်ညွှန်းသင့်သည်။ ဧဝံဂေလိဖြန့်ဝေသော ဤလူတို့ကို ဘုရားသခင်အား သက်သေခံသူများဟု ငါတို့ခေါ်လျှင် အဘယ်သို့ရှိသနည်း။ ၎င်းတို့သည် ဘုရားသခင်အား သက်သေခံနိုင်သလော။ (မခံနိုင်ပါ။) ဤတွင်အသုံးပြုသည့် “သက်သေခံသူ” ဟူသည့် အသုံးအနှုန်းကို ငါတို့ မည်သို့ ရှင်းပြနိုင်သနည်း။ အသေအချာ စစ်ဆေးကြည့်လျှင် “သက်သေခံသူ” ဟူသည့် စကားလုံးမှာလည်း မသင့်လျော်ပေ။ ဧဝံဂေလိဖြန့်ဝေသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ဆာငတ်သူတို့ အားလုံးထံ ဘုရားမိန့်မြွက်သော နှုတ်ကပတ်တော်များကို ကြေညာပြီး ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကြိုဆိုသောသူတို့ထံ ဘုရားသခင်၏ နှုတ်ကပတ်တော်အား ပြောပြရုံသာဖြစ်သဖြင့် ဤအရာက “သက်သေခံသူ” ဟူသည့် စကားလုံး၏ စစ်မှန်သော အဓိပ္ပာယ်သို့ မရောက်ရှိပေ။ ဤသည်မှာ သက်သေခံခြင်း၏ ဆိုလိုရင်းမဟုတ်ဟု အဘယ်ကြောင့် ငါဆိုရသနည်း။ သက်သေခံခြင်းတွင် လူတစ်ဦးက လူတို့ကို ဘုရားသခင်အား သိကျွမ်းလာစေရန်နှင့် ဤလူတို့အား သူ၏ရှေ့မှောက်သို့ ပို့ဆောင်ရန်အတွက် ထောက်ကူပေးဖို့အလို့ငှာ မိတ်သဟာယပြုသည့်အရာနှင့် ကြေညာသည့်အရာတို့ ပါဝင်သည်။ လက်ရှိတွင် ဧဝံဂေလိဖြန့်ဝေသူတို့က လူတို့အား အသင်းတော်ထဲသို့၊ ကမ္ဘာပေါ်ရှိ ဘုရားသခင်၏ လုပ်ငန်းခွင်ထဲသို့ ပို့ဆောင်ရုံမျှ ပို့ဆောင်နေကြခြင်း ဖြစ်သည်။ ၎င်းတို့က ဘုရားသခင်၏ စိတ်နေသဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ အမှုတော်ကို သက်သေမခံကြပေ။ သက်သေခံသူဟူသည့် ဂုဏ်ပုဒ်က ၎င်းတို့အတွက် သင့်လျော်သလော။ အတိအကျဆိုရလျှင် ယင်းမှာ မသင့်တော်သကဲ့သို့ လိုက်လည်းမလိုက်ဖက်ပေ။ ယခုတွင် ငါတို့သည် ဧဝံဂေလိတမန်များ၊ တရားဟောဆရာများနှင့် သက်သေခံသူများဟူသည့် အသုံးအနှုန်းသုံးခုလုံးကို စုံစမ်းစစ်ဆေး၍ ချင့်ချိန်စဉ်းစားခဲ့ပြီးဖြစ်ကာ ယင်းတို့အားလုံးက ဧဝံဂေလိဖြန့်ဝေသူတို့အတွက် မသင့်တော်ကြောင်း တွေ့ရှိခဲ့ကြသည်။ ဤအသုံးအနှုန်းများက ဘာသာတရားမှ လာသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်၏ အိမ်တော်သားများက အများအားဖြင့် အသုံးပြုသည်ဖြစ်စေ ဤဂုဏ်ပုဒ်များမှာ မသင့်လျော်သကဲ့သို့ လိုက်လည်း မလိုက်ဖက်ပေ။ ယခုတွင် ငါတို့၌ မေးခွန်းတစ်ခု ရှိလာပြီဖြစ်သည်။ ဂုဏ်ပုဒ်များက အရေးကြီးသလော။ (ယင်းတို့က အရေးကြီးပါသည်။) ယင်းတို့က အမှန်တကယ် အရေးကြီးသလော။ ဥပမာအနေဖြင့် သင်၏မူလအမည်မှာ ဂျွန်စမစ်ဖြစ်သော်လည်း ယခု သင့်ကို ဂျိမ်းစ်ကလာ့ခ်ဟု ခေါ်ကြသည်။ သင်သည် ပြောင်းလဲသွားသလော။ သင်သည် သင်ဖြစ်မြဲဖြစ်နေသလော။ ဤသည်မှာ သင်အသုံးပြုသော ဂုဏ်ပုဒ်၊ သို့မဟုတ် အမည်နာမက အရေးမကြီးကြောင်းကို ဆိုလိုသည်။ အကယ်၍ ယင်းသည် အရေးမကြီးပါက ဤစကားလုံးများကို အဘယ့်ကြောင့် ခွဲခြမ်းစိတ်ဖြာနေသနည်း။ လူတို့အနေဖြင့် ဧဝံဂေလိဖြန့်ဝေခြင်းတာဝန်နှင့် ပတ်သက်၍ တိကျမှန်ကန်သော ရှုမြင်ချက်တစ်ခုကို ရရှိနိုင်ရန်၊ ဤတာဝန်က အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို တိကျမှန်ကန်စွာ အဓိပ္ပာယ်ဖွင့်ဆိုကာ ဤတာဝန်ကို ၎င်းတို့ လျောက်ပတ်စွာ ထမ်းဆောင်ပြီး သဘောထားသင့်ပုံကို သိရှိရန်အတွက် ငါသည် ဤစကားလုံးများကို ခွဲခြမ်းစိတ်ဖြာရခြင်း ဖြစ်သည်။ ဦးစွာ သင့်အနေဖြင့် ဤတာဝန်၌ရှိသော သင်၏ကိုယ်ပိုင်နေရာကို ဆုံးဖြတ်သတ်မှတ်ရန် လိုအပ်သည်။ ဤသည်မှာ အလွန် အရေးကြီးသည်။ ထို့ကြောင့် ဤဂုဏ်ပုဒ်က တိကျမှန်ကန်ရမည် ဖြစ်သည်။
ငါသည် ယခုတင် ဧဝံဂေလိဖြန့်ဝေခြင်းတာဝန်ကို ထမ်းဆောင်သူတို့အား ရည်ညွှန်းသည့် ဂုဏ်ပုဒ်များ၊ သို့မဟုတ် အသုံးအနှုန်းများ အချို့ကို အကြမ်းဖျင်း ခွဲခြမ်းစိတ်ဖြာပြီး ဖြစ်သည်။ သက်သေခံသူများ၊ တရားဟောဆရာများနှင့် ဧဝံဂေလိတမန်များဟူသည့် ဂုဏ်ပုဒ်များနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ အားလုံးမှာ တိကျမှန်ကန်မှု မရှိပေ။ ယင်းတို့သည် အဘယ့်ကြောင့် တိကျမှန်ကန်မှု မရှိသနည်း။ ယင်းမှာ ဧဝံဂေလိဖြန့်ဝေရုံ ဖြန့်ဝေသူတို့က ဤအမည်နာမများနှင့် ထိုက်တန်သည့် ထိရောက်သော မည်သည့်အလုပ်ကိုမျှ မလုပ်သောကြောင့် ဖြစ်သည်။ ၎င်းတို့က ဘုရားသခင်၏ လုပ်ဆောင်မှုများ၊ ဘုရားသခင်၏ အမှုတော်၊ သို့မဟုတ် ဘုရားသခင်၏ အနှစ်သာရကို သက်သေခံနေကြခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့ပြုလုပ်သော အလုပ် မဟုတ်သကဲ့သို့ ၎င်းတို့ ထမ်းဆောင်သည့် တာဝန်လည်း မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့ကို သက်သေခံသူဟူသည့် ဂုဏ်ပုဒ်ဖြင့် ခေါ်ဆိုရန် မထိုက်တန်ပေ။ ဧဝံဂေလိတမန်နှင့် ပတ်သက်၍ မဆိုထားနှင့်၊ တရားဟောဆရာဟူသည့် ဂုဏ်ပုဒ်မှာလည်း ဤသဘောသဘာဝအတိုင်းပင် ဖြစ်၏။ ဤဧဝံဂေလိတမန်ဟူသည့် ဂုဏ်ပုဒ်မှာ အဓိပ္ပာယ်ကင်းမဲ့ပြီး မည်သည့်အရာကိုမျှ လုံးဝ အခြေခံမထားပေ။ ယင်းသည် လူတို့က သူတို့ကိုယ်သူတို့ပေးသည့် ဟိတ်ဟန်ကြီးပုံပေါက်သော ဂုဏ်ပုဒ်သာလျှင် ဖြစ်၏။ တမန်ဟူသည့်ဂုဏ်ပုဒ်သည် မည်သည့်နေရာမှ လာခဲ့သနည်း။ ယင်းကို လူသား၏ အလွန်အကျွံဖြစ်သည့် မာနထောင်လွှားသော စိတ်သဘောထား ဖန်တီးထားခဲ့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ မိမိကိုယ်ကို ဟိတ်ဟန်ကြီးသော ဂုဏ်ပုဒ်တစ်ခု ပေးလိုစိတ် ရှိခြင်းသာ မဟုတ်လော။ လူတစ်ဦးသည် ဤဂုဏ်ပုဒ်မျိုးဖြင့် မိမိကိုယ်ကို သရဖူဆောင်းသောအခါ ဤအပြုအမူသည် အသိစိတ်ပိုင်ဆိုင်သည့် သရုပ်သကန် မဟုတ်။ အခြားသောဂုဏ်ပုဒ်များသည် ပို၍ပင် သင့်တော်ခြင်း၊ ကိုက်ညီခြင်းမရှိသောကြောင့် ယင်းတို့ကို တစ်ခုချင်းစီ ထည့်မတွက်ဘဲ ခွဲခြမ်းစိတ်ဖြာမှု ပြုမည်မဟုတ်ပေ။ ဤဂုဏ်ပုဒ်များက မဆီလျော်သည့်အတွက် ဧဝံဂေလိဖြန့်ဝေခြင်းဟူသည့် တာဝန်၏ အနှစ်သာရကို မည်သည့်အရာက အမှန်တကယ် ဖြစ်စေကြောင်း ကြည့်ကြစို့။ ဘာသာတရားတစ်ခုတွင် လူတစ်ဦးကို ဧဝံဂေလိဖြန့်ဝေခြင်းအားဖြင့် သိမ်းသွင်းရရှိသောအခါ ယင်းကို လူတို့ မည်သို့ခေါ်သနည်း။ (အသီးသီးခြင်းဟု ခေါ်သည်။) ဧဝံဂေလိဖြန့်ဝေသူတို့က လူတစ်ဦးကို သိမ်းသွင်းရရှိသောအခါ ၎င်းတို့သည် အသီးသီးပြီဟု ဆိုကြသည်။ ၎င်းတို့တွေ့ဆုံပြီး စကားပြောဆိုသောအခါ ၎င်းတို့သည် ထိုထိုဤဤနေရာ၌ ဧဝံဂေလိဖြန့်ဝေခြင်းဖြင့် မည်မျှအသီးသီးခဲ့ပြီဖြစ်ကြောင်း အမြဲတစေ ဆွေးနွေးကြသည်။ ၎င်းတို့သည် မည်သူက ပို၍ အသီးသီးကြောင်းနှင့် ဤအသီးများက မည်သည့်အသီးမျိုး ဖြစ်ကြောင်း တွေ့ရှိရန်အတွက် သူတို့ကိုယ်သူတို့ အချင်းချင်း နှိုင်းယှဉ် အကဲဖြတ်တတ်ကြသည်။ ၎င်းတို့သည် အဘယ့်ကြောင့် ထိုသို့သော နှိုင်းယှဉ်မှုများ ပြုလုပ်ရသနည်း။ ၎င်းတို့၏ အသီးအပွင့်အရေအတွက်ကို အပေါ်ယံ နှိုင်းယှဉ်ရာ၌ ၎င်းတို့သည် မည်သည့်အရာကို အမှန်တကယ် နှိုင်းယှဉ်နေကြသနည်း။ ၎င်းတို့သည် ကောင်းကင်နိုင်ငံတော်ကို ဝင်စားရန်အတွက် ကောင်းမှုများနှင့် အရည်အချင်းများကို နှိုင်းယှဉ်နေကြခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် အချင်းချင်းကြား၌ ထိုသို့သော နှိုင်းယှဉ်ချက်များ ပြုလုပ်ပါက ဧဝံဂေလိဖြန့်ဝေခြင်း ဟူသည့်အလုပ်ကို ၎င်းတို့၏တာဝန်အဖြစ် ရှုမြင်ကြသလော။ ၎င်းတို့သည် ၎င်းတို့သီးသော အသီးအပေါ် အဘယ့်ကြောင့် ထိုမျှလောက် အရေးတကြီးထားရသနည်း။ ၎င်းတို့သီးသော အသီးများသည် ကောင်းကင်ဘုံသို့ သွားခြင်း၊ ကောင်းချီးမင်္ဂလာ ရရှိခြင်းအပြင် ဆုလာဘ်များ ရရှိခြင်းနှင့် တစ်နည်းနည်းဖြင့် ဆက်စပ်သည်ဟု ၎င်းတို့ယုံကြည်ခြင်း ဖြစ်သည်။ ဤအသီးများသည် ထိုအရာတို့နှင့် ဆက်စပ်မှုမရှိပါက ၎င်းတို့တွေ့ဆုံသည့်အခါတိုင်း ဤနှိုင်းယှဉ်ချက်များကို ပြုလုပ်ကြမည်လော။ ၎င်းတို့သည် အခြားကဏ္ဍများ၌ အချင်းချင်း နှိုင်းယှဉ်ကြမည်ဖြစ်သည်။ ၎င်းတို့သည် ဆုလာဘ်များ ရရှိခြင်း၊ ကောင်းကင်နိုင်ငံတော် ဝင်ရောက်ခြင်းနှင့် စပ်လျဉ်းသည့် ဆက်စပ်မှုတစ်ခုခုဖြင့် အချင်းချင်း နှိုင်းယှဉ်ကြသည်။ ဧဝံဂေလိဖြန့်ဝေရာ၌ လူတို့အား သိမ်းသွင်းရရှိခြင်းနှင့် အသီးသီးခြင်းသည် ကောင်းကင်ဘုံသို့ သွားခြင်း၊ ဆုလာဘ်များ ရရှိခြင်းနှင့် ဆက်စပ်နေသောကြောင့် ဤအရာများကို ပြီးမြောက်အောင်မြင်ဖို့ရန်အတွက် လူတို့သည် ဧဝံဂေလိဖြန့်ဝေရာတွင် မည်သူက ပို၍များသော လူတို့ကို သိမ်းသွင်းရရှိပြီး ပို၍များသောအသီးကို သီးကြောင်း နှိုင်းယှဉ်ရာတွင် မည်သည့်အခါမျှ မရိုးအီကြချေ။ ထို့နောက် ကောင်းကင်ဘုံ ဝင်ရောက်ခြင်း၊ ဆုလာဘ်များ ရရှိခြင်းနှင့် ပတ်သက်လာလျှင် မိမိတို့၏ အရည်အချင်းများနှင့် ယုံကြည်စိတ်ချမှုကို တိုးတက်စေရန်အလို့ငှာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ပို၍များသော လူတို့ကို သိမ်းသွင်းရရှိရန်နှင့် ပို၍အသီးသီးရန် နည်းလမ်းများကို တွက်ချက်ကြသည်။ ဤနေရာ၌ ဧဝံဂေလိဖြန့်ဝေခြင်းနှင့် စပ်လျဉ်း၍ လူပေါင်းစုံတို့၏ သဘောထားမှာ ပေါ်လွင်ထင်ရှားလာသည်။ ဧဝံဂေလိဖြန့်ဝေခြင်းနှင့် ပတ်သက်၍ ၎င်းတို့၏ သဘောထားနှင့် အရင်းခံအကြောင်းမှာ ဖန်ဆင်းခံများအဖြစ် မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းလိုသည့် ဆန္ဒဟုတ်သလော။ (မဟုတ်ပါ။) ဤသည်မှာ မမှန်ကန်သည့် ရှုထောင့်အမြင်တစ်ခု ဖြစ်သည်။ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်က မိမိတို့၏ တာဝန်များကို ကောင်းစွာ လုပ်ဆောင်ရန်မဟုတ်၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြည့်စုံစေရန် မဟုတ်ဘဲ ဆုလာဘ်များ ရရှိရန် ဖြစ်နေသည်။ လူတစ်ဦး၏ တာဝန်ကို ထိုသို့အရောင်းအဝယ်ဆန်သော ပုံစံဖြင့် ထမ်းဆောင်ခြင်းသည် သမ္မာတရားနှင့် ကိုက်ညီမှု မရှိဘဲ သမ္မာတရားအား ချိုးဖောက်ခြင်းသာ ဖြစ်သည်မှာ သိသာထင်ရှားသည်။ ယင်းက ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် မကိုက်ညီဘဲ သူ့အတွက် စက်ဆုပ်ဖွယ်ကောင်း၏။ ဤလူတို့သီးသော အသီးအပွင့်ပမာဏ မည်မျှရှိသည်ဖြစ်စေ ယင်းက ၎င်းတို့၏ အဆုံးသတ်ပန်းတိုင်၌ ဆက်စပ်မှုရှိလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် ဧဝံဂေလိဖြန့်ဝေခြင်းကို အသက်မွေးမှုလုပ်ငန်းတစ်ခုအဖြစ်၊ ကောင်းချီးများနှင့် ဆုလာဘ်များ ရရှိရန်အတွက် နည်းလမ်းတစ်ခု၊ သို့မဟုတ် ကြားခံတစ်ခုအဖြစ် သတ်မှတ်ကြခြင်း ဖြစ်သည်။ မိမိတို့၏တာဝန်များကို ထမ်းဆောင်ခြင်းနှင့် ဤတာဝန်ပေးစေခိုင်းချက်အား လက်ခံခြင်းတွင် ထိုသို့သောလူတို့၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြည့်စုံစေရန်၊ သို့မဟုတ် မိမိတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန် မဟုတ်ဘဲ ကောင်းချီးများနှင့် ဆုလာဘ်များ ရရှိရန်သာ ဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့သော လူတို့အနေဖြင့် မည်မျှအသီးသီးသည်ဖြစ်စေ ၎င်းတို့သည် သက်သေခံသူများ မဟုတ်သကဲ့သို့ တရားဟောဆရာများလည်း မဟုတ်ပေ။ ၎င်းတို့လုပ်ဆောင်သော အလုပ်သည် တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းမဟုတ်၊ မိမိတို့အတွက် ကောင်းချီးများ ရရှိရန်အတွက် အားသွန်ခွန်စိုက်လုပ်ဆောင်ခြင်းနှင့် အလုပ်လုပ်ပေးခြင်းမျှသာ ဖြစ်လေသည်။ ဤနေရာ၌ အကြီးလေးဆုံး ပြဿနာမှာ ဧဝံဂေလိဖြန့်ဝေရာ၌ ၎င်းတို့၏ ရည်ရွယ်ချက်သည် ကောင်းချီးများနှင့် ဆုလာဘ်များ ရရှိရန်အတွက်မျှသာ ဖြစ်သည်သာမက ဧဝံဂေလိဖြန့်ဝေခြင်းဖြင့် လူတို့ကို ၎င်းတို့သိမ်းသွင်းရရှိသည် ဟူသည့်အချက်ကို ဆုလာဘ်များနှင့် ကောင်းကင်ဘုံသို့ ဝင်ရောက်ခြင်းဟူသည့် ကောင်းချီးရရန်အတွက် ဘုရားသခင်နှင့် အလဲအလှယ် ပြုလုပ်ရမည့် တိုကင်ပြားအဖြစ် အသုံးပြုခြင်းပင် ဖြစ်သည်။ ဤသည်မှာ အလွန်ကြီးလေးသော ပြဿနာတစ်ခု မဟုတ်လော။ ဤပြဿနာ၏ အနှစ်သာရမှာ အဘယ်နည်း။ ၎င်းတို့သည် ဧဝံဂေလိတရားကို ရောင်းရန်အဖြစ် ပြသနေကြကာ ကောင်းချီးများနှင့် လဲလှယ်ရန်အတွက် “စျေးကွက်တင်” နေကြသည်။ ယင်းတွင် ဘုရားသခင်နှင့် အပေးအယူပြုလုပ်ဖို့ ၎င်းတို့ကြိုးစားနေသည့် သဘာဝအနည်းငယ် မရှိသလော။ ဤသည်မှာ ၎င်းတို့၏ ရည်ရွယ်ချက်များ၊ လက်တွေ့လုပ်ဆောင်မှုများ၏ အနှစ်သာရနှင့် ၎င်းတို့၏ ဆောင်ရွက်ချက်များ၏ သဘောသဘာဝပင် ဖြစ်သည်။ ဧဝံဂေလိတရားကို ဆုလာဘ်များနှင့် လဲလှယ်ရန် စျေးကွက်တင်ခြင်းသည် ဘာသာရေးလောကထဲရှိ “တရားဟောဆရာများ” ဟု ခေါ်လေသောသူတို့ကြား၌ တွေ့ရှိရသည့် ပြဿနာဖြစ်ဟန်တူသည်။ သို့ဆိုလျှင် ယခု ဘုရားသခင်၏အိမ်တော်ထဲတွင် ဧဝံဂေလိဖြန့်ဝေခြင်းတာဝန်ကို ထမ်းဆောင်နေကြသူတို့၌ တူညီသောပြဿနာ ရှိသလော။ (ရှိပါသည်။) ဤသူတို့နှစ်ဦးလုံး၌ ဖြစ်နေကျ အနှစ်သာရရှိသော ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့သည် ကောင်းချီးများ ရရှိခြင်းနှင့် လှပသောအဆုံးသတ်ကို ပိုင်ဆိုင်ခြင်း ဟူသည့် ၎င်းတို့၏ရည်မှန်းချက်ပန်းတိုင်ကို ရရှိရန်အလို့ငှာ ဘုရားသခင်၏ ကျေနပ်အားရမှုနှင့် အတည်ပြုချက်တို့ဖြင့် လဲလှယ်ရန်အတွက် ဧဝံဂေလိတရားကို စျေးကွက်တင်နေကြခြင်း ဖြစ်သည်။ ယင်းကို ဤပုံစံဖြင့် ရှင်းလင်းဖော်ပြထားသောအခါ သင်တို့အချို့သည် လက်ခံယုံကြည်ခြင်း ရှိကောင်းရှိမည် မဟုတ်စေကာမူ အမှန်တွင် လူများစွာတို့သည် ဤနည်းအတိုင်း ပြုမူကြလေသည်။
လူတို့ကို သိမ်းသွင်းရရှိပြီးနောက် ဧဝံဂေလိတရားကို ဖြန့်ဝေသူတို့အနက် များစွာတို့က ၎င်းတို့သည် လူတို့ကို ကယ်တင်နိုင်စွမ်းရှိပြီး ကြီးမားသော လုပ်ငန်းတာဝန်တစ်ခုကို ထမ်းဆောင်ခဲ့ပြီဖြစ်သည်ဟု တွေးထင်ကာ ၎င်းတို့ထံမှ ဧဝံဂေလိတရားကို လက်ခံခဲ့ပြီးသောလူတို့အား “ကျွန်ုပ်သည် သင့်အား ဧဝံဂေလိမဟောကြားခဲ့ပါက သင်သည် ဘုရားသခင်ကို မည်သည့်အခါမျှ ယုံကြည်နိုင်လိမ့်မည်မဟုတ်။ ကျွန်ုပ်၏ ချစ်တတ်သော စိတ်နှလုံးကြောင့် သင်သည် ဧဝံဂေလိတရားကို လက်ခံရရှိနိုင်လောက်အောင် ကံကောင်းထောက်မခဲ့ခြင်း ဖြစ်သည်” ဟု မကြာခဏ ပြောတတ်ကြသည်။ ထို့နောက် ထိုလူသည် ၎င်းတို့ထံမှ ဧဝံဂေလိတရားကို လက်ခံပြီးသောအခါ ဤလူစားမျိုးကပင် ထိုသူအား “သင့်ကို ဧဝံဂေလိဖြန့်ဝေခဲ့သူမှာ မည်သူနည်း” ဟု မေးဖို့ အမြဲတမ်း စဉ်းစားကြမည် ဖြစ်သည်။ ထိုသူက ဤမေးခွန်းကို ဆင်ခြင်တွေးတောပြီး “သင် ကျွန်ုပ်ကို ဧဝံဂေလိတရား ဟောကြားခဲ့သည်မှာ မှန်ပါ၏၊ သို့သော် ယင်းက သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်။ ထို့အတွက် သင့်အား ကျွန်ုပ် မချီးကျူးပေးနိုင်ပါ” ဟု စဉ်းစားကြမည်ဖြစ်သည်။ ထို့နောက် ထိုသူက ပြန်ဖြေလိုမည် မဟုတ်ပေ။ ပြန်မဖြေသောအခါ မေးမြန်းသူတို့က စိတ်ဆိုးလာပြီး သူ့ကို ဆက်လက်မေးကြမည် ဖြစ်သည်။ ၎င်းတို့၏ အတောမသတ်သော မေးမြန်းခြင်း၏ နောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့က ချီးကျူးမှုကို တောင်းဆိုလိုခြင်း ဖြစ်သည်။ ဧဝံဂေလိတရားကို ဖြန့်ဝေသူတို့ကြားတွင် တစ်စုံတစ်ဦးထံ ဧဝံဂေလိ ဆောင်ကြဉ်းပေးသော်လည်း ထိုသူသည် အသင်းတော်ထဲ ဝင်ရောက်ဖို့အတွက် လိုအပ်ချက်များ ပြည့်စုံသောအခါ ထိုသူအား အသင်းတော်သို့ လွှဲအပ်ရန် ငြင်းဆန်သောသူ အချို့လည်း ရှိလေသည်။ လူအချို့ကို ဧဝံဂေလိဖြန့်ဝေပေးမည် ဖြစ်သော်လည်း လွှဲအပ်ပေးမည် မဟုတ်သည့် ဧဝံဂေလိဖြန့်ဝေသူ အချို့လည်း ရှိသည့်အပြင် အသင်းတော်တစ်ပါး တည်ထောင်နိုင်လောက်သည့် လူ အယောက် ၂၀၊ သို့မဟုတ် ၃၀ကို ဧဝံဂေလိဖြန့်ဝေပြီး ထိုသူတို့ကို လွှဲအပ်မည် မဟုတ်သောသူ အချို့လည်း ရှိသေးသည်။ ၎င်းတို့က ဤလူတို့ကို အဘယ့်ကြောင့် အသင်းတော်သို့ မပေးအပ်ရသနည်း။ ၎င်းတို့က “ဤလူတို့၌ အလွန် ခိုင်မာတောင့်တင်းသော အခြေခံအုတ်မြစ် မရှိသေးပေ။ သူတို့၌ ခိုင်မာသော အခြေခံအုတ်မြစ် ရှိသည်အထိ၊ သံသယစိတ်များ ကင်းမဲ့သည်အထိ၊ အလွယ်တကူ လှည့်စားမခံရနိုင်သည်အထိ စောင့်ကြစို့။ ထို့နောက် သူတို့ကို ကျွန်ုပ် အသင်းတော်သို့ ပေးအပ်ပါမည်” ဟု ဆိုကြသည်။ နှစ်ဝက်မျှကြာသောအခါ ဤလူတို့တွင် အခြေခံအုတ်မြစ် တစ်စုံတစ်ရာ ရှိလာပြီး အသင်းတော်အတွင်းသို့ ဝင်ရောက်ဖို့ စည်းမျဉ်းများ ပြည့်မီတော့မည် ဖြစ်သော်လည်း ဤဧဝံဂေလိဖြန့်ဝေသူများက ထိုသူတို့ကို ပေးအပ်ဦးမည် မဟုတ်ချေ။ ဤလူတို့ကို ၎င်းတို့ကိုယ်တိုင် ဦးဆောင်လိုကြသည်။ ဤအရာ၏ နောက်ကွယ်၌ မည်သည့်ရည်ရွယ်ချက် ရှိသနည်း။ အကယ်၍ ယင်းမှမည်သည့်အကျိုးအမြတ်မျှရဖို့ မရှိပါက ဤလူတို့ကို ၎င်းတို့ ဦးဆောင်လိုမည်လော။ ၎င်းတို့သည် မည်သည့်အကျိုးအမြတ်ကို ရှာဖွေသနည်း။ ၎င်းတို့သည် ဤလူတို့ထံမှ တစ်ကိုယ်ရေ အမြတ်အစွန်းနှင့် အကျိုးကျေးဇူးများ ရရှိရန် ရှာဖွေကြခြင်းဖြစ်သည်။ ဤလူတို့ကို အသင်းတော်အား ပေးအပ်ရမည် ဆိုပါက ထိုအကျိုးကျေးဇူးများကို ၎င်းတို့ မရရှိနိုင်တော့ပေ။ ထို့ကြောင့် သင်သည် ဤပြဿနာအပေါ် ထိုးထွင်းသိမြင်မှု ရှိရမည်။ ဘာသာရေးလောကရှိ များစွာသော သင်းအုပ်ဆရာများနှင့် အကြီးအကဲများက မှန်သောလမ်းခရီးသည် မည်သည့်အရာ ဖြစ်သည်ကို ကောင်းကောင်းကြီး သိသော်လည်း ယင်းကို လက်မခံသည့်အပြင် ယုံကြည်သူများအား ယင်းကို လက်ခံခွင့် မပြုသည့်ပုံကဲ့သို့ပင် ဖြစ်သည်။ အမှန်တကယ်တွင် ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် ဂုဏ်သိက္ခာနှင့် အကျိုးအမြတ်အတွက် ဤအရာကို ပြုလုပ်ခြင်းဖြစ်သည်။ အကယ်၍ ယုံကြည်သူများက မှန်သောလမ်းခရီးကို လက်ခံမည်ဆိုလျှင် ထိုသင်းအုပ်များနှင့် အကြီးအကဲများက ထိုသူတို့၏ ယုံကြည်မှုမှ အကျိုးအမြတ် ရရှိနိုင်တော့မည် မဟုတ်ပေ။ ဤကဲ့သို့သော ဧဝံဂေလိဖြန့်ဝေသူများသည် ၎င်းတို့၏ ဧဝံဂေလိတရား လက်ခံရရှိသူများက အသင်းတော်၌ ပါဝင်လိုက်သည်နှင့် မိမိတို့ မေ့ပျောက်ခံရမည် ဖြစ်ပြီး ထိုသူတို့၏ ယုံကြည်မှုမှ အကျိုးအမြတ်ကို နောက်ထပ် ရရှိနိုင်တော့မည်မဟုတ်ဟု စိုးရွံ့ကြခြင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့က ဤလူတို့အား အသင်းတော်သို့ မပေးအပ်ရခြင်းအကြောင်း ဖြစ်၏။ ဤကဲ့သို့ ဧဝံဂေလိဖြန့်ဝေသူများသည် ဤလူတို့ကို မည်သည့်အချိန်မှ ပေးအပ်မည်နည်း။ ထိုလူတို့အားလုံးက ၎င်းတို့ကို နားထောင်ပြီး ၎င်းတို့ကို နာခံသောအခါ ထိုလူတို့ကို အသင်းတော်သို့ ပေးအပ်မည်ဖြစ်သည်။ ဤလူတို့သည် အသင်းတော်ထဲသို့ ဝင်ရောက်ပြီးသောအခါ သူတို့အထဲမှ အတော်အတန် ကောင်းသော လူ့သဘာဝ၊ ရှင်းလင်းသော သဘောပေါက် နားလည်မှုနှင့် သမ္မာတရားအား ချစ်သောသူအချို့သည် တရားဒေသနာများ မကြာခဏ နားထောင်ပြီး သမ္မာတရားအချို့ကို နားလည်လာမည် ဖြစ်ကာ ထိုသို့ဖြင့် သူတို့ထံ ဧဝံဂေလိဝေငှသော ဤလူတို့ကို ထိုးထွင်းသိမြင်နိုင်မည် ဖြစ်သည်။ ထိုအခါ ထိုသူတို့က “ထိုသူသည် ပေါလုကဲ့သို့ အန္တိခရစ်တစ်ဦး ဖြစ်ပုံရသည်” ဟု ပြောကြမည် ဖြစ်သည်။ နောက်တစ်ကြိမ် သူတို့ဆုံတွေ့သောအခါ ဧဝံဂေလိဖြန့်ဝေသူများကို အရေးစိုက်မည် မဟုတ်တော့ပေ။ ဤဧဝံဂေလိဖြန့်ဝေသူများသည် လျစ်လျူရှုခံရသောအခါ စိတ်ဆိုးလာပြီး “သင်သည် ကျေးဇူးမသိတတ်။ ကျွန်ုပ် သင့်အား ဧဝံဂေလိ မဖြန့်ဝေခဲ့ပါက သင်သည် ဘုရားသခင်ကို ယုံကြည်လာဦးမည်လော။ သင်သည် မှန်သောလမ်းခရီးကို တွေ့ရှိဦးမည်လော။ ယခုတွင် သင့်အား ဦးဆောင်မည့် အခြားတစ်ဦးဦး ရှိသောအခါ သင်သည် သင်၏မိခင်ဖြစ်သော ကျွန်ုပ်ကို မေ့လျော့သွားပြီလော” ဟု ဆိုကြသည်။ ၎င်းတို့သည် မိခင်တစ်ဦးအဖြစ် ရှုမြင်ခံလိုကြသည်။ ဤသို့ပြောဆိုသော လူတို့တွင် အသိစိတ်ရှိသလော။ (မရှိပါ။) အကယ်၍ တစ်စုံတစ်ဦးက ဤသို့ပြောနိုင်စွမ်းရှိပါက သူသည် လူကောင်းမဟုတ်သည်မှာ အသေအချာပင်။ ဤအရာကို ငါ အဘယ့်ကြောင့် ပြောသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ဧဝံဂေလိတရားကို ဖြန့်ဝေသောအခါ ၎င်းတို့ သိမ်းသွင်းရရှိသည့် လူတို့သည် မည်သူနှင့် သက်ဆိုင်သနည်း။ (ဘုရားသခင်နှင့် သက်ဆိုင်သည်။) ၎င်းတို့သည် ဧဝံဂေလိကို ကြိုးစား၍ ဖြန့်ဝေကောင်း ဖြန့်ဝေမည်ဖြစ်သော်လည်း ၎င်းတို့ သိမ်းသွင်းရရှိသည့် လူတို့က ၎င်းတို့နှင့်မသက်ဆိုင်၊ ဘုရားသခင်နှင့်သာ သက်ဆိုင်သည်။ ဧဝံဂေလိတရားကို လက်ခံသောသူတို့သည် ဘုရားသခင်နောက် လိုက်လိုကြကာ သူတို့အား ဧဝံဂေလိဟောပြောသော သူတို့ကို ယုံကြည်ကြခြင်း မဟုတ်၊ သို့သော် ဤကဲ့သို့သော ဧဝံဂေလိဖြန့်ဝေသူမျိုးက သူတို့ကို အသင်းတော်၌ ပါဝင်ပြီး ဘုရားသခင်နောက်လိုက်ရန် ခွင့်မပြုပေ။ ထိုအစား ၎င်းတို့သည် ဤလူတို့ကို ၎င်းတို့၏ လက်ထဲ၌ ထိန်းသိမ်းပြီး ချုပ်ကိုင်ထားကာ ၎င်းတို့နောက်သို့ လိုက်စေချင်ကြသည်။ ဤသည်မှာ ဧဝံဂေလိတရား ဖြန့်ဝေခြင်းနှင့်ဆိုင်၍ အဝေးပြေးလမ်းပေါ်က လုယက်မှုပင် မဟုတ်လော။ ဤကဲ့သို့ ဧဝံဂေလိဖြန့်ဝေသူမျိုးက လူတို့ကို ဘုရားသခင်ရှေ့မှောက်သို့ ရောက်မလာရန် ပိတ်ဆို့ထားကာ ထိုသို့ပြုခြင်းဖြင့် ထိုသူတို့က ဘုရားသခင်ရှေ့မှောက် ရောက်လာရန်အတွက် ၎င်းတို့မှတစ်ဆင့် သွားရမည်ဖြစ်ပြီး အရာရာကို ၎င်းတို့မှတစ်ဆင့် ပြောဆိုဆွေးနွေးရမည် ဖြစ်သည်။ ၎င်းတို့သည် ထိုသူတို့၏ ယုံကြည်မှုမှ အကျိုးအမြတ်ရရှိရန် ကြိုးစားနေကြခြင်း မဟုတ်လော။ ဤလူတို့ကို ၎င်းတို့ ထိန်းချုပ်လိုသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ မည်သို့သော အပြုအမူမျိုး ဖြစ်သနည်း။ ယင်းသည် စာတန်၏ အပြုအမူစစ်စစ်ပင် ဖြစ်၏။ အန္တိခရစ်တစ်ဦးက ၎င်းတို့၏ စရိုက်အမှန်ကို ပြသခဲ့ပြီဖြစ်ကြောင်း၊ ၎င်းတို့က အသင်းတော်နှင့် ဘုရားသခင်ရွေးကောက်သော လူတို့ကို ထိန်းချုပ်လိုခြင်း ဖြစ်ကြောင်း ဆိုလိုသည်။ ဤကဲ့သို့သော လူတို့ကို နေရာတကာရှိ အသင်းတော်များတွင် တွေ့ရနိုင်သည်။ ဆိုးရွားသော အခြေအနေများတွင် ၎င်းတို့က ဒါဇင်နှင့်ချီသော၊ သို့မဟုတ် ရာနှင့်ချီသော လူများကို ထိန်းချုပ်ကောင်း ထိန်းချုပ်ကြမည် ဖြစ်သည်။ သိပ်မဆိုးရွားသော အခြေအနေများတွင် လူအနည်းငယ်ကို ၎င်းတို့ ဧဝံဂေလိဟောပြောသောအခါ ၎င်းတို့သည် တွေ့ဆုံကြသည့်အခါအတိုင်း ၎င်းတို့အပေါ် ဤလူတို့၏ ကျေးဇူးကြွေးကို ဖော်ထုတ်ပြီး ဤလူတို့ ပထမဆုံး ယုံကြည်လာခဲ့သည့် အချိန်တုန်းက အကြောင်းအရာများကို အမြဲထုတ်ဖော်ပြောဆိုကြရင်း ၎င်းတို့ထံမှ ကျေးဇူးတင်ရှိမှုကို အစဉ်သဖြင့် တောင်းဆိုလိမ့်မည်။ ၎င်းတို့က ထိုကဲ့သို့သော အရာများကို အမြဲဖော်ထုတ်ပြောဆိုကြသည်မှာ အဘယ့်ကြောင့်နည်း။ ယင်းမှာ ထိုလူတို့က ၎င်းတို့၏ ကျေးဇူးကို မမေ့ပျောက်ရန်နှင့် ဘုရားသခင်၏ အိမ်တော်ထဲသို့ ထိုသူတို့ ဝင်ရောက်ရန် ထောက်ကူခဲ့သည်မှာ မည်သူ၏ ဟောပြောခြင်းကြောင့်ဖြစ်ကြောင်းနှင့် မည်သူ့ကို ချီးကျူးသင့်ကြောင်းတို့ကို ထိုလူတို့ မမေ့ပျောက်ရန်အတွက် ဖြစ်သည်။ ၎င်းတို့သည် ထိုသို့သော အကြောင်းအရာများအား ထုတ်ပြောရာ၌ ရည်ရွယ်ချက်တစ်ခု ထားရှိကြပြီး ဤအရာကို မရရှိလျှင် ထိုလူတို့အား ဆူပူကြိမ်းမောင်းကြသည်။ ထိုလူတို့အား ဆူပူကြိမ်းမောင်းရန် ၎င်းတို့ပြောသော ပထမဆုံးအရာက အဘယ်နည်း။ (ထိုသူတို့သည် ကျေးဇူးမသိတတ်ကြဟူ၍ ဖြစ်သည်။) ၎င်းတို့၏ ဤစကားများသည် အသိစိတ်ရှိသလော။ (မရှိပါ။) ယင်းတို့၌ အသိစိတ်ကင်းမဲ့သည်ဟု သင်တို့ အဘယ့်ကြောင့် ပြောသနည်း။ (ဤဧဝံဂေလိဖြန့်ဝေသူများသည် ၎င်းတို့ ရပ်တည်သင့်သော နေရာ၌ ရပ်တည်နေကြခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ ဧဝံဂေလိဖြန့်ဝေခြင်းသည် ၎င်းတို့၏တာဝန်ဖြစ်၏၊ ၎င်းတို့လုပ်ဆောင်ရမည့် အရာတစ်ခုဖြစ်၏။ သို့ဖြစ်လင့်ကစား လူတို့ထံသို့ ဧဝံဂေလိတရားကို ဆောင်ကြဉ်းပေးပြီးနောက် ယင်းကို ၎င်းတို့၏ တာဝန်အဖြစ် မရှုမြင်ဘဲ ၎င်းတို့လုပ်ဆောင်ထားသည့် အကျိုးပြုဆောင်ရွက်မှု တစ်ခုအဖြစ် ရှုမြင်ကြသည်။) ၎င်းတို့သည် ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းအားဖြင့် အကျိုးပြုဆောင်ရွက်မှု လုပ်ဆောင်ကြပြီဟု အမြဲထင်မှတ်ကြသည်။ ဤသည်မှာ မှားယွင်း၏။ တစ်ဖက်တွင် ၎င်းတို့သည် မိမိတို့ ရပ်တည်သင့်သော နေရာ၌ ရပ်တည်နေကြခြင်း မရှိပေ။ လူတို့ကို ကယ်တင်သည်မှာ ဘုရားသခင်ဖြစ်ပြီး လူတို့က ဤအရာ၌ ပူးပေါင်းဆောင်ရွက်မှုသာ ပြုနိုင်သည်။ ဘုရားသခင် အမှုမပြုပါက လူတစ်ဦးသည် မည်သည့်အရာကို ပြီးမြောက်အောင်မြင်နိုင်သနည်း။ အခြားတစ်ဖက်တွင် အခြားလူတို့အား ဧဝံဂေလိဖြန့်ဝေခြင်းသည် ၎င်းတို့၏ အကျိုးပြုဆောင်ရွက်မှု မဟုတ်ပေ။ ၎င်းတို့၌ ကြီးမားသော မည်သည့်အကျိုးပြုဆောင်ရွက်မှုမျှ မလုပ်ဆောင်ခဲ့၊ ယင်းက ၎င်းတို့၏တာဝန်ပင် ဖြစ်သည်။ လူတို့ကို ရယူလိုသည်မှာ ဘုရားသခင်ဖြစ်ပြီး ဧဝံဂေလိဖြန့်ဝေသူများမှာ သူနှင့်အတူ အနည်းငယ် ပူးပေါင်းလုပ်ဆောင်ရုံသာ ပြုနေကြခြင်းဖြစ်သည်။ လူတို့အား ကယ်တင်ပြီး ရယူရန်မှာ ဘုရားသခင်၏ ကိစ္စဖြစ်ပြီး ဧဝံဂေလိဖြန့်ဝေသူများနှင့် မသက်ဆိုင်ပေ။ ဤအရာများကို ၎င်းတို့ မလုပ်ဆောင်နိုင်ပေ။ ဧဝံဂေလိကို ဖြန့်ဝေရာ၌ ၎င်းတို့သည် ဧဝံဂေလိအား ပျံ့နှံ့စေခြင်းလုပ်ငန်းကို ထမ်းဆောင်ရုံသာ ထမ်းဆောင်ကြခြင်း ဖြစ်သည်။ နောက်ဆုံးသောကာလ ဘုရားသခင်၏ ဧဝံဂေလိတရားကို အခြားလူတို့အား ဝေမျှရုံသာ ဝေမျှကြခြင်း ဖြစ်သည်။ ဤအရာကို လူတို့အပေါ် ၎င်းတို့ပေးအပ်သည့် ကျေးဇူးတစ်ခုခု ဖြစ်သောကြောင့် ဤလူတို့က ၎င်းတို့ကို အရေးမစိုက်ပါက သူတို့သည် ကျေးဇူးကန်းကြသည်ဟု ပြော၍မရပေ။ ထိုကဲ့သို့သော အရာများမှာ လူတို့အနေဖြင့် ဧဝံဂေလိဖြန့်ဝေခြင်းအားဖြင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေကြစဉ် မကြာခဏ ဖြစ်ပျက်တတ်သည် မဟုတ်လော။ ဤသို့သော ဖောက်ပြန်ပျက်စီးမှုမျိုးမှာ သင်တို့ထံမှ ထုတ်ဖော်ပြီးပြီ မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းက ပြင်းထန်သော ထုတ်ဖော်ခြင်းတစ်ရပ် ဖြစ်ခဲ့သလော။ သင်သည် အခြားသူများအား ဆူပူကြိမ်းမောင်းသည်အထိ ဖြစ်ဖူးသလော။ အခြားသူများကို မုန်းတီးသည်အထိ ဖြစ်ဖူးသလော။ လူတို့ကို ဆဲဆိုရန်နှင့် ထိန်းချုပ်ရန် စိတ်ဆန္ဒ ရှိသည်အထိ ဖြစ်ဖူးသလော။ သင်သည် သင့်ထံမှ ဧဝံဂေလိတရားကို လက်ခံသူတိုင်းအား စိုးမိုးခြယ်လှယ်ရန်နှင့် ထိန်းချုပ်ရန် အလိုရှိသည်။ ထိုလူတို့ကို ဘုရားသခင်အား ပေးအပ်သည်ထက် သင့်အတွက်သင် ရယူလိုသည်။ သင့်ထံမှ ဧဝံဂေလိတရား လက်ခံရရှိသူတိုင်းကို သင်၏ သစ္စာခံသားသမီးဖြစ်ရန် မျှော်လင့်သည်။ သင်တို့တွင် ထိုကဲ့သို့သော အတွေးမျိုးများ ရှိသလော။ လူများစွာတို့က ဧဝံဂေလိဟောပြောခြင်းကို အသီးသီးခြင်းကဲ့သို့ သဘောထားကြသည်။ ၎င်းတို့က ၎င်းတို့ထံမှ ဧဝံဂေလိတရား ရရှိသူတိုင်းသည် ၎င်းတို့၏အသီးအပွင့်နှင့် ၎င်းတို့၏ နောက်လိုက်ဖြစ်လာကာ ၎င်းတို့အား ကျိုးနွံစွာဖြင့် နောက်လိုက်ပြီး သူတို့၏ ဘုရားသခင်နှင့် သူတို့၏ သခင်ကဲ့သို့ သဘောထားရမည်ဟု တွေးထင်ကြသည်။ သင်တို့သည် ဤအတိုင်း တွေးထင်ကြသလော။ အကယ်၍ သင်တို့သည် ထိုမျှ ဗြောင်ကျသော အစွန်းရောက်ခြင်းအထိ မရောက်ရှိလျှင်ပင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် ဤသွင်ပြင်လက္ခဏာကို ပိုင်ဆိုင်နေသေးသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အခြေခံအားဖြင့် နောက်ဆုံးတွင် ယင်းက ထိုအချက်နှစ်ချက်ဖြစ်လာသည်။ အချက်တစ်ခုအနေဖြင့် လူတို့သည် မိမိတို့၏ သင့်တော်သော နေရာ၌ မရပ်တည်သည့်အပြင် ၎င်းတို့သည် မည်သူဖြစ်ကြောင်း မသိကြပေ။ နောက်ထပ် အချက်တစ်ခုအနေဖြင့် ၎င်းတို့သည် ဧဝံဂေလိဖြန့်ဝေခြင်းကို ၎င်းတို့၏တာဝန်အဖြစ် သဘောမထားကြပေ။ အကယ်၍ သင်သည် ဧဝံဂေလိဖြန့်ဝေခြင်းကို သင်၏တာဝန်အဖြစ် သဘောထားပါက သင်သည် မည်သည့်အရာကို ပြုလုပ်သည်ဖြစ်စေ၊ လူမည်မျှကို သင်ဟောပြောသည် ဖြစ်စေ၊ သို့မဟုတ် လူမည်မျှကို သိမ်းသွင်းရရှိသည် ဖြစ်စေ ဤသည်မှာ ဖန်ဆင်းခံ လူသားတစ်ဦး၏ တာဝန်ကို ထမ်းဆောင်နေခြင်းသာ ဖြစ်ကြောင်း၊ ယင်းသည် သင်ဖြည့်ဆည်းရမည့် တာဝန်နှင့် ဝတ္တရားတစ်ခု ဖြစ်ကြောင်းနှင့် ယင်းသည် ပြောပလောက်အောင် ကြီးမားသည့် အကျိုးပြုဆောင်ရွက်မှု မဟုတ်ကြောင်းကို နားလည်လိမ့်မည်။ ဤအကြောင်းအရာကို ဤပုံစံအတိုင်း နားလည်ခြင်းက သမ္မာတရားနှင့် ကိုက်ညီသည်။ သို့သော် ဧဝံဂေလိတရား ဟောပြောသော လူအချို့က ၎င်းတို့ထံမှ ဧဝံဂေလိရရှိသော သူတို့အား အဘယ့်ကြောင့် ထိန်းချုပ်နိုင်ပြီး ထိုလူတို့ကို ၎င်းတို့ကိုယ်ပိုင်အဖြစ် ယူဆနိုင်ကြသနည်း။ ယင်းမှာ ၎င်းတို့သည် သဘာဝအားဖြင့် လွန်စွာ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကာ ၎င်းတို့၌ အသိစိတ် စိုးစဉ်းမျှ မရှိသောကြောင့် ဖြစ်သည်။ ထိုမျှမက ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို နားမလည်သည့်အပြင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သော ဤသွင်ပြင်လက္ခဏာကို မဖြေရှင်းထားသောကြောင့် ဖြစ်သည်။ ထို့အတွက်ကြောင့် ၎င်းတို့သည် အခြားလူတို့အား စက်ဆုပ်စေပြီး ဘုရားသခင်၏ ရွံရှာခြင်းခံရသည့် ထိုကဲ့သို့ မိုက်မဲသော၊ မာနထောင်လွှားသော၊ ရိုင်းစိုင်းသော အရာများကို ပြုလုပ်နိုင်ရခြင်း ဖြစ်သည်။
လူတို့သည် တစ်စုံတစ်ခုကို ပြုလုပ်သောအခါ၊ ၎င်းတို့သည် အဖိုးတန် အရည်အချင်းအနည်းငယ် ပိုင်ဆိုင်သောအခါ၊ သို့မဟုတ် အကျိုးပြုဆောင်ရွက်မှုတစ်ခု ပြုလုပ်သောအခါ ယင်းကို ကြွားဝါလိုကြသည်၊ လူတို့ကို ထိန်းချုပ်လိုကြသည်၊ ၎င်းတို့ပြုလုပ်ခဲ့သည့်အရာကို ဆုလာဘ်များနှင့် လဲလှယ်လိုကြသည်၊ သို့မဟုတ် ကောင်းမွန်သော ပန်းတိုင်တစ်ခုကို ရယူလိုကြသည်။ အချို့က ဘုရားသခင်၏ ဧဝံဂေလိတရားကို အသုံးချပြီး အရောင်းအဝယ်ပြုလုပ်ရန် ကြိုးပမ်းသည်အထိပင် ပြုလုပ်ကြမည်။ ၎င်းတို့သည် မည်သည့်အရောင်းအဝယ်ကို လုပ်ကိုင်လိုသနည်း။ ဥပမာတစ်ခုမှာ ဤသို့ဖြစ်သည်။ ဤကဲ့သို့သော လူတစ်ဦးသည် ဧဝံဂေလိလက်ခံရန် အလားအလာရှိသူတစ်ဦး၏ အိမ်သို့ရောက်ပြီး ထိုသူ၏မိသားစုက ဆင်းရဲကြောင်းကို တွေ့ရသည့်အခါ ဤသူအား ဧဝံဂေလိဖြန့်ဝေရာမှ အကျိုးအမြတ် ရရှိမည်မဟုတ်လောက်ဟု တွေးထင်သည်။ ဤသို့ဖြင့် ထိုသူ၌ စိတ်ဝင်စားမှုမရှိ၊ သို့မဟုတ် ထိုသူအား ခွဲခြားဆက်ဆံမှုပင် ပြုတတ်သည်။ ထိုသူကို ၎င်းတို့ တွေ့သည့်အခါတိုင်း မကျေမနပ်ဖြစ်ကာ မိမိတို့၏ ခေါင်းဆောင်ထံသို့ “ထိုသူသည် ဘုရားသခင်ကို ယုံကြည်နိုင်မည်မဟုတ်။ ထို့ပြင် ၎င်းတို့က ယုံကြည်လျှင်လည်း သမ္မာတရားကို ရရှိနိုင်မည်မဟုတ်” ဟု ပြောကြသည်။ ဤသည်မှာ ထိုသူတို့အား ဧဝံဂေလိဖြန့်ဝေခြင်းမှ ရှောင်ကြဉ်ရန် ၎င်းတို့အသုံးပြုသည့် ဆင်ခြေဖြစ်သည်။ များမကြာမီတွင် အခြားတစ်ယောက်ယောက်က ဤလူကို ဧဝံဂေလိတရား သွားရောက်ဖြန့်ဝေရာ ထိုသူက လက်ခံသည်။ ဧဝံဂေလိတရား ပထမဆုံးဖြန့်ဝေသူသည် ဤအရာကို မည်သို့ ရှင်းပြနိုင်မည်နည်း။ ဤသူသည် ဘုရားသခင်ကို ယုံကြည်လိမ့်မည် မဟုတ်ဟု ၎င်းတို့ အဘယ်သို့ ပြောနိုင်ရသနည်း။ ၎င်းတို့သည် အဘယ်သို့ ထင်ရာမြင်ရာ ပြောနိုင်ရသနည်း။ ၎င်းတို့က ထိုသူအား ဧဝံဂေလိ မဖြန့်ဝေခဲ့လျှင် လူတစ်ဦးက ယုံကြည်ခြင်းရှိမည်၊ မရှိမည်ကို အဘယ်သို့ သိနိုင်ရသနည်း။ ၎င်းတို့ မသိနိုင်ပေ။ ဤသူကိုလည်း ၎င်းတို့ အဘယ့်ကြောင့် သိမ်းသွင်းရယူခြင်း မပြုခဲ့ရသနည်း။ ယင်းမှာ ၎င်းတို့သည် ထိုလူအပေါ် မလိုမုန်းထားသည်၊ သူ့ကို အထင်သေးကြပြီး သူ့အား ချစ်ခင်ကြင်နာမှု မပြသဖြင့် ထိုသူကို သိမ်းသွင်းရန် ပျက်ကွက်ခြင်းဖြစ်သည်။ ထိုပုံစံအတိုင်း ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် ၎င်းတို့သည် ပေါ့ဆကြလေသည်။ ၎င်းတို့သည် ချစ်ခင်ကြင်နာမှုကို မပြသည့်အပြင် ၎င်းတို့၏ တာဝန်ဝတ္တရားကို ဖြည့်ဆည်းရန် ပျက်ကွက်သည်။ ဤသည်မှာ ဘုရားသခင်၏ အမြင်တွင် ချီးကျူးစရာလော၊ သို့မဟုတ် အပြစ်အနာအဆာလော။ (အပြစ်အနာအဆာ ဖြစ်ပါသည်။) ယင်းသည် အကြွင်းမဲ့ ပြစ်မှားခြင်း ဖြစ်သည်။ ဤပြစ်မှားခြင်းက အဘယ့်ကြောင့် ဖြစ်ပွားခဲ့သနည်း။ ယင်းမှာ ၎င်းတို့သည် ထိုဧဝံဂေလိလက်ခံသူထံမှ မည်သည့်အကျိုးအမြတ်မျှ မရရှိနိုင်သောကြောင့် မဟုတ်လော။ ထိုသူအား ဧဝံဂေလိဖြန့်ဝေခြင်းက ၎င်းတို့အား အကျိုးရှိစေမည် မဟုတ်ကြောင်း ၎င်းတို့တွေ့ရှိသောအခါ ၎င်းတို့သည် ထိုသူ့အပေါ် မနှစ်မြို့ခြင်းကို ခံစားရပြီး ထိုသူအား လက်တုံ့ပြန်လျက် သူ့အား ကယ်တင်ခြင်းရရှိခွင့် မပေးလိုသည့်အပြင် ဧဝံဂေလိဖြန့်ဝေခြင်းမှ ရှောင်ကြဉ်ရန် အကြောင်းပြချက်နှင့် ဆင်ခြေဆင်လက်မျိုးစုံကို ရှာကြသည်။ ဤသည်မှာ ကြီးလေးသော တာဝန်ဝတ္တရားပျက်ကွက်ခြင်းနှင့် ကြီးလေးသော ပြစ်မှားခြင်းပင်။ အကျိုးအမြတ် ရရန်မရှိသောအခါ လူတစ်ဦးအား ဧဝံဂေလိဖြန့်ဝေရန် ငြင်းဆန်ခြင်းသည် မည်ကဲ့သို့သော သဘောထားမျိုးနည်း။ ဤသည်မှာ ဧဝံဂေလိတရားအား စျေးကွက်တင်သော လူတစ်ဦး၏ သရုပ်သကန်စစ်စစ် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် မည်သည့်ပုံစံဖြင့် ဧဝံဂေလိတရားကို စျေးကွက်တင်နေကြသနည်း။ အသေးစိတ်နှင့် ဖြစ်စဉ်ကို ရှင်းပြလော့။ (ထိုဧဝံဂေလိဖြန့်ဝေသူက ၎င်းတို့ အကျိုးကျေးဇူး ရရှိနိုင်၊ မရရှိနိုင်ဟူသည့်အပေါ် အခြေခံ၍ လူတစ်ဦးအား ဧဝံဂေလိ ဖြန့်ဝေလိုသည်၊ မဖြန့်ဝေလိုသည်ကို ဆုံးဖြတ်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ ဧဝံဂေလိတရားအား ကုန်ပစ္စည်းသဖွယ် သဘောထားခြင်းနှင့် ညီမျှပြီး မိမိအလိုရှိသော အကျိုးကျေးဇူးများကို ရရှိရန် ယင်းကို စျေးကွက်တင်ခြင်းပင် ဖြစ်သည်။ အကျိုးအမြတ် ရစရာမရှိကြောင်း ၎င်းတို့ တွေ့မြင်သောအခါ ဧဝံဂေလိဖြန့်ဝေရန် ငြင်းဆန်ခဲ့ကြသည်။) ၎င်းတို့သည် ဘုရားသခင်၏ ဧဝံဂေလိတရားကို ၎င်းတို့ကိုယ်ပိုင် အဖိုးတန်ပစ္စည်းအဖြစ် သဘောထားကြသည်။ အကယ်၍ ၎င်းတို့သည် ကောင်းစွာ စားသောက်ပြီး ကောင်းစွာ ဝတ်စားသည့် ချမ်းသာပြီး သြဇာတိက္ကမကြီးသော မိသားစုတစ်ခုမှ လူတစ်ဦးကို မြင်တွေ့ပါက “ကျွန်ုပ် သူ့ကို ဧဝံဂေလိဖြန့်ဝေပါက သူ၏အိမ်၌ နေရနိုင်သည်။ ထို့ပြင် ငါသည် အစားကောင်းကောင်း စားရန်နှင့် အဝတ်ကောင်းကောင်း ဝတ်ရန်လည်း ရှိနိုင်သည်” ဟု မိမိတို့ဘာသာ စဉ်းစားပြီးနောက် ထိုသူကို ဧဝံဂေလိဟောပြောရန် ဆုံးဖြတ်ကြသည်။ ဤသည်မှာ မည်ကဲ့သို့သော အပြုအမူမျိုး ဖြစ်သနည်း။ ဤသည်မှာ ဧဝံဂေလိတရားကို စျေးကွက်တင်သောလူတစ်ဦး၏ ဥပမာစစ်စစ် ဖြစ်သည်။ ဤဧဝံဂေလိဖြန့်ဝေသူက ဘုရားသခင်၏ ဧဝံဂေလိတရားနှင့် ဘုရားအမှုအသစ်၏ ဝမ်းမြောက်စရာ သတင်းစကားကို ကုန်ပစ္စည်းတစ်ခုအဖြစ်၊ ၎င်းတို့၏ကိုယ်ပိုင် အဖိုးတန်ပစ္စည်းအဖြစ် သဘောထားလျက် အကျိုးအမြတ်နှင့် မိမိတို့ကိုယ်ကိုအတွက် လိုအပ်သည့်အရာဟူသမျှကို ရယူနိုင်ရန်အတွက် နေရာတကာ၌ အခြားသူများကို လှည့်ဖြားပြီး လိမ်လည်နေကြခြင်း ဖြစ်သည်။ ဤသည်မှာ မိမိ၏တာဝန်ကို ထမ်းဆောင်နေခြင်း ဟုတ်သလော။ ဤအရာကို စီးပွားရေး လုပ်ကိုင်ခြင်းနှင့် ဧဝံဂေလိတရားအား ဖြန့်ဖြူးခြင်းမှ အကျိုးအမြတ်ရရှိခြင်းဟု ခေါ်သည်။ ဖြန့်ဖြူးခြင်းဟူသည်မှာ အရောင်းအဝယ်နည်းလမ်းအားဖြင့် လူတစ်ဦး၌ ရှိသည့်အရာများကို ရောင်းချခြင်းဖြစ်ပြီး အပြန်အလှန်အားဖြင့် သူအလိုရှိသည့် ငွေကြေး၊ သို့မဟုတ် ရုပ်ဝတ္ထုပစ္စည်းများကို ရရှိခြင်း ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့က ဧဝံဂေလိတရားကို မည်ကဲ့သို့ ဖြန့်ဖြူးသနည်း။ ယင်းမှာ ၎င်းတို့က အလားအလာရှိသော ဧဝံဂေလိလက်ခံသူများထံမှ အကျိုးကျေးဇူးများကို ရရှိနိုင်ခြင်း ရှိမရှိအပေါ် မူတည်သည်။ ဤအရာက ဆိုလိုသည်မှာ “ကျွန်ုပ်အတွက် အကျိုးအမြတ်ရှိပါက သင့်အား ကျွန်ုပ် ဧဝံဂေလိတရားကို ဝေငှပေးမည်။ ယင်း၌ ကျွန်ုပ်အတွက် အကျိုးအမြတ်မရှိပါက သင့်အား ဧဝံဂေလိမဟောပြောရန် အကြောင်းပြချက်တစ်ခု ရှာမည်။ ယင်းသည် အလုပ်မဖြစ်သည့် အပေးအယူတစ်ခုသာ ဖြစ်မည်” ဟူ၍ ဖြစ်သည်။ ဤအပေးအယူက အဘယ့်ကြောင့် အလုပ်မဖြစ်ရသနည်း။ ဧဝံဂေလိဖြန့်ဝေသူက ယင်းမှ အကျိုးအမြတ်မရနိုင်သောကြောင့် အလုပ်မဖြစ်ရခြင်း ဖြစ်သည်။ ဤကဲ့သို့သော လူစားမျိုးကို ငါတို့ မည်သို့ခေါ်သနည်း။ ၎င်းတို့ကို “ခရီးသွား လူလိမ်” ဟု ခေါ်သည်။ ၎င်းတို့၌ ပေးစရာဟူ၍ တကယ်ရှိသောအရာ ဘာမျှ မရှိသော်လည်း နေရာအနှံ့သွားလျက် အခြားသူများကို လိမ်လည်လှည့်စားကာ ငွေရှာရန်နှင့် အကျိုးအမြတ်များရရှိရန် မိမိတို့၏ စကားလုံးများအပေါ် မှီခိုနေကြသည်။ ဤပုံစံအတိုင်း ဧဝံဂေလိဟောပြောခြင်းဖြင့် ၎င်းတို့တာဝန်ကို ထမ်းဆောင်နေကြသလော။ ၎င်းတို့သည် မကောင်းမှု ပြုလုပ်နေခြင်းသက်သက် ဖြစ်သည်။ ၎င်းတို့၏ လုပ်ရပ်များသည် တာဝန်ထမ်းဆောင်ခြင်းနှင့် ဘာမျှမသက်ဆိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ဧဝံဂေလိဖြန့်ဝေခြင်းကို မိမိတို့၏တာဝန်အဖြစ် မသတ်မှတ်သည့်အပြင် ယင်းကို မိမိတို့၏တာဝန်၊ သို့မဟုတ် ဝတ္တရားအဖြစ်၊ သို့မဟုတ် ၎င်းတို့အား ဘုရားသခင်အပ်နှံသည့် တာဝန်ပေးစေခိုင်းချက်တစ်ခုအဖြစ် မရှုမြင်သောကြောင့် ဖြစ်သည်။ ထို့ထက် ယင်းကို မိမိတို့၏ကိုယ်ပိုင် အကျိုးစီးပွားကို ဖြည့်စွမ်းရန်နှင့် မိမိတို့၏ကိုယ်ပိုင် တောင်းဆိုမှုများကို ပြည့်ဝရန်အတွက် ၎င်းတို့လိုအပ်သည့် အရာများနှင့် လဲလှယ်ဖို့ ပြုလုပ်သည့် လုပ်ငန်းတစ်ခု၊ သက်မွေးမှုအလုပ်တစ်ခုအဖြစ် ရှုမြင်ကြသည်။ ချမ်းသာကြွယ်ဝသော ဒေသများသို့ ဧဝံဂေလိဟောပြောရန် သွားသောအခါ ပြန်လည်မစွန့်ခွာလိုသော လူအချို့ပင် ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ထိုနေရာ၌ ကောင်းစွာ စားရသည်၊ ကောင်းစွာ ဝတ်ရပြီး ဇိမ်ရှိသောနေရာများ၌ နေရသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဧဝံဂေလိတရားကို လက်ခံသူများရှေ့တွင် ၎င်းတို့ အဘယ်မျှဆင်းရဲကြောင်း “ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများသည် ဤနေရာ၌ သင်တို့အား ဝိုင်းရံထားပုံကို ကြည့်ရှုလော့။ မိသားစုတိုင်းက မောင်းစရာ ကိုယ်ပိုင်ကားရှိသည်၊ ကိုယ်ပိုင်အိမ်ကြီးအိမ်ကောင်းလေး၌ နေထိုင်ပြီး ကောင်းစွာဝတ်ဆင်ရသည်။ သင်တို့သည် နေ့တိုင်းပင် အသားဟင်းလျာစားရသည်။ ကျွန်ုပ်တို့ထံ၌ ထိုအရာသည် မဖြစ်နိုင်သောအရာ ဖြစ်၏” ဟု စတင်၍ ငိုပြကြသည်။ ဤသည်ကို ကြားရပြီးနောက် ဧဝံဂေလိလက်ခံသူများက “သင်တို့နေထိုင်သည့် အရပ်သည် အလွန်ဆင်းရဲသဖြင့် ကျွန်ုပ်တို့နှင့် မကြာခဏ လာနေပါ” ဟု ဆိုပြီးလျှင် ထိုသူတို့က ဤဧဝံဂေလိဖြန့်ဝေသူများအား ပစ္စည်းအချို့ ပေးကြသည်။ ဤသည်မှာ လူတို့ထံမှ ငွေကြေးနှင့် ရုပ်ဝတ္ထုပစ္စည်းများ တောင်းခံခြင်းနှင့် ညှစ်ယူခြင်းဟူသည့် အယောင်ဆောင်ထားသော ပုံသဏ္ဌာန်တစ်ခု ဖြစ်သည်။ ၎င်းတို့၏ ညှစ်ယူခြင်းမှာ မည်သည့်အရာပေါ် အခြေခံသနည်း။ “ကျွန်ုပ်တို့သည် သင်တို့အား ဘုရားသခင်၏ ဧဝံဂေလိတရားကို ဟောပြောပြီး အပြန်အလှန်အားဖြင့် ဘာမျှမရရှိပေ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြည့်စုံစေကြပြီ။ သင်တို့သည် ထိုမျှကြီးမားသော ကောင်းချီးမင်္ဂလာများကို ရရှိကြပြီးဖြစ်ကာ ထို့အတွက်ကြောင့် သင်တို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျေးဇူးဆပ်သင့်ပြီး ကျွန်ုပ်တို့အား အနည်းငယ်သော ပေးကမ်းစွန့်ကြဲမှုကို ပေးသင့်သည်။ ယင်းမှာ ကျွန်ုပ်တို့ရရှိရန် ထိုက်တန်သည့်အရာ မဟုတ်လော” ဟူ၍ဖြစ်သည်။ ဤပုံစံအတိုင်း ၎င်းတို့သည် လူတို့ထံမှ ရုပ်ဝတ္ထုပစ္စည်းများနှင့် ငွေကြေးကို အယောင်ဆောင်လျက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ညှစ်ယူရန် နည်းလမ်းအမျိုးမျိုးကို အသုံးချခြင်းဖြစ်သည်။ ၎င်းတို့သည် ဧဝံဂေလိဖြန့်ဝေခြင်းကို ကိုယ်ကျိုးရှာရန် အခွင့်အလမ်းအဖြစ် အသုံးချသည်။ ဤအရာ၏ ပထမသရုပ်သကန်မှာ ဧဝံဂေလိတရားအား စျေးကွက်တင်ခြင်းဖြစ်ပြီး ယင်းက သဘာဝအားဖြင့် အဆိုးရွားဆုံး ဖြစ်သည်။ ဒုတိယသရုပ်သကန်မှာ အယောင်ဆောင်ထားသော ညှစ်ယူခြင်းဖြစ်သည်။ ထို့ကြောင့် ဧဝံဂေလိဖြန့်ဝေခြင်း တာဝန်ကို ထမ်းဆောင်သော လူတို့၏ အလယ်တွင် လူအချို့၏ အိတ်ကပ်များသည် ၎င်းတို့ ဧဝံဂေလိတရားကို ဟောပြောနေကြစဉ် စတင်၍ မသိမသာ ဖောင်းလာပြီး ချမ်းသာလာကြသည်။ လူအချို့က “ချမ်းသာသည်မှာ ကောင်းသည်မဟုတ်လော။ ဤအရာမှာ ဘုရားသခင်၏ ကောင်းချီးမဟုတ်လော” ဟု ဆိုကြသည်။ ယင်းသည် ပေါက်ကရစကားဖြစ်၏။ သင်သည် လူတို့ထံမှ အရာရာကို ညှစ်ယူရန်နှင့် ကလိမ်ကျရန် သင်၏ လှည့်ကွက်များနှင့် ပရိယာယ်များကို အမှီပြုပြီးနောက် ယင်းသည် ဘုရားသခင်၏ ကောင်းချီးဖြစ်သည်ဟု ကြွေးကြော်ပေသည်။ ထိုကဲ့သို့သော စကားများ၏ သဘာဝမှာ အဘယ်နည်း။ ယင်းတို့မှာ ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ကောင်းချီးမဟုတ်ပေ။ ဘုရားသခင်က လူတို့ကို ဤပုံစံဖြင့် ကောင်းချီးမပေးချေ။ သို့ဆိုလျှင် ဤကဲ့သို့သော အတွေးအခေါ်သည် လူတစ်ဦးထဲ၌ အဘယ့်ကြောင့် ပေါ်ပေါက်လာရသနည်း။ ဤသည်မှာ ၎င်းတို့၏ ရည်မှန်းချက်များနှင့် ၎င်းတို့၏ အလိုကြီးသော၊ ဆိုးယုတ်သော သဘာဝ၏ ရလဒ်ပင်ဖြစ်၏။
ဧဝံဂေလိတရားကို ဖြန့်ဝေသောသူတို့အားလုံးသည် များစွာ ဒုက္ခခံရသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် ဘာသာရေးသမားများ၏ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဝိုင်းတိုက်ခိုက်ခြင်း၊ သို့မဟုတ် စာတန်၏အစိုးရထံသို့ အပ်နှံခြင်းကိုပင် ခံရကြ၏။ အကယ်၍ ၎င်းတို့သည် အနည်းငယ် သတိလက်လွတ်ဖြစ်ပါက အဆင်းနီသောနဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံရကောင်း ခံရနိုင်စရာရှိသည်။ သို့သော်လည်း သမ္မာတရားကို ချစ်မြတ်နိုးသောသူတို့သည် ထိုသို့သော အရာများကို မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းနိုင်လင့်ကစား သမ္မာတရားကို ချစ်မြတ်နိုးခြင်းမရှိသော သူတို့သည် အသေးငယ်ဆုံးသော ဒုက္ခခံရခြင်းအကြောင်းကို မကြာခဏ ညည်းညူကြမည်ဖြစ်သည်။ ဧဝံဂေလိဖြန့်ဝေသူအချို့က “ကျွန်ုပ်သည် လူတစ်ဦးကို ဧဝံဂေလိဟောပြောခဲ့ပြီး ထိုမျှအချိန်အကြာကြီး စကားပြောပြီးနောက်တွင် သူသည် ကျွန်ုပ်ကို ရေတစ်ခွက်ပင် မတိုက်ခဲ့ပေ။ ကျွန်ုပ်သည် သူ့ကို မဟောပြောလိုပေ” ဟူကဲ့သို့သော အရာများကိုပင် ပြောခဲ့ကြသည်။ လူတစ်ဦးက ၎င်းတို့ကို ရေတစ်ခွက်ပင် မတိုက်ခဲ့သည်မှာ ပြဿနာတစ်ခု ဟုတ်သလော။ ဤဧဝံဂေလိဖြန့်ဝေသူများ၏ စကားများ၌ ပုန်းကွယ်နေသော စိတ်သဘောထားတစ်မျိုး ရှိ၏။ သွယ်ဝိုက်ညွှန်းဆိုချက်မှာ ဧဝံဂေလိဖြန့်ဝေခြင်းသည် ပျော်ရွှင်ဖွယ်ကောင်းပြီး အကျိုးအမြတ် ရှိသောအခါ၌သာ လုပ်ရကျိုးနပ်သည် ဟူ၍ဖြစ်၏။ အကယ်၍ ယင်း၌ ဒုက္ခခံရခြင်း ပါဝင်ပါက၊ သို့မဟုတ် ၎င်းတို့သည် သောက်စရာ ရေတစ်ခွက်ပင် မရပါက ယင်းသည် လုပ်ရကျိုးမနပ်တော့ပေ။ ဤအရာ၌ တစ်စုံတစ်ခုကို တောင်းခံရန်နှင့် အပေးအယူပြုလုပ်ရန် ရည်ရွယ်ချက်ရှိသည်။ အကယ်၍ လူတစ်ဦးက ဧဝံဂေလိဖြန့်ဝေသည့် နည်းလမ်း၌ အရောင်းအဝယ်သဘော အမြဲရှိနေပါက ထိုသူသည် သူ့ကိုယ်သူ ဘုရားသခင်အဖို့ စိတ်ရင်းအတိုင်း အသုံးခံနေခြင်း ဖြစ်သလော။ သူသည် မိမိ၏တာဝန်ကို ထမ်းဆောင်သောအခါ ဤမျှသေးငယ်သော ဒုက္ခကိုပင် မခံနိုင်ဘဲ သေးငယ်သောအရာတစ်ခုက သူ့ကို အပျက်သဘော ဆောင်လာစေနိုင်ပါက သူသည် မိမိ၏တာဝန်ကို ပြည်ပြည့်ဝဝ ထမ်းဆောင်နိုင်သလော။ သူက “ကျွန်ုပ်ကို ရေမျှ မတိုက်ခဲ့ရုံမက သူတို့သည် နေ့လည်စာစားချိန်၌ ကျွန်ုပ်ကို မည်သည့်အစာမျှလည်း မကျွေးခဲ့” ဟူ၍လည်း ပြောမည်ဖြစ်သည်။ လူတစ်ဦးက ဤဧဝံဂေလိဖြန့်ဝေသူများကို သူနှင့်အတူနေ၍ စားသောက်ခွင့်မပြုခဲ့လျှင် ယင်းသည် ပြဿနာတစ်ခု ဟုတ်သလော။ ၎င်းတို့သည် ဧဝံဂေလိတရားကို နှစ်အတန်ကြာ ဖြန့်ဝေလာခဲ့ပြီး လူတို့က ၎င်းတို့ကို မည်သို့ဧည့်ခံကြောင်း၊ ၎င်းတို့စားသောက်ရန် ထိုသူတို့က မည်သည့်အရာ ပေးကြောင်းနှင့် ၎င်းတို့က မည်သည့်လက်ဆောင်များ ရရှိကြောင်းကို အမြဲတမ်း အာရုံစိုက်နေသည်မှာ အဘယ့်ကြောင့်နည်း။ ၎င်းတို့သည် မှန်သောလမ်းခရီးကို စုံစမ်းမေးမြန်းနေသော လူတို့အား မည်သို့သဘောထားရမည်ကို မသိကြသလော။ ဤသည်မှာ ၎င်းတို့၏ စရိုက်နှင့်ဆိုင်သော ပြဿနာတစ်ခု ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ လူတို့အား ချစ်ခြင်းမေတ္တာ အနည်းငယ်မျှပင် ရှိသလော။ သို့ဆိုလျှင် ၎င်းတို့သည် ဧဝံဂေလိဖြန့်ဝေသူများအနေဖြင့် ကြံ့ကြံ့ခံသင့်သည့် ဒုက္ခမျိုးစုံနှင့် ၎င်းတို့သည် သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည့်ပုံကို အဘယ့်ကြောင့် နားမလည်သေးသနည်း။ ၎င်းတို့သည် ဤအရာကို အဘယ့်ကြောင့် လုံးဝ လက်တွေ့မလုပ်ဆောင်ခဲ့သေးသနည်း။ အကယ်၍ ဧဝံဂေလိဟောပြောခံရသည့် လူတို့က သင့်အား သောက်စရာရေ၊ သို့မဟုတ် စားစရာအစာ မပေးလျှင် ယင်းက ပြဿနာတစ်ခု ဟုတ်သလော။ ဤသည်မှာ ပြဿနာမဟုတ်ပေ။ လူတို့အား ဧဝံဂေလိဖြန့်ဝေခြင်းသည် ငါတို့၏ဝတ္တရားကို ဖြည့်ဆည်းခြင်းဖြစ်သည်။ ယင်းမှာ ငါတို့၏တာဝန်ဖြစ်သည်။ နောက်ထပ်သတ်မှတ်ချက်များ မရှိပေ။ သင်ဟောပြောသည့် လူတို့သည် သင့်ကို ကျွေးမွေးရန်၊ သင့်ကို ဧည့်ခံပြုစုရန်၊ သို့မဟုတ် သင့်အား ပြုံးပြရန် ဝတ္တရားမရှိပေ။ ၎င်းတို့သည် သင်ပြောသမျှကို နားထောင်ရန်နှင့် သင့်အား နာခံရန် မလိုပေ။ ၎င်းတို့သည် ထိုသို့သော ဝတ္တရားမျိုးကို ကျေပွန်စရာ မလိုအပ်ပေ။ သင်သည် ဤပုံစံဖြင့် စဉ်းစားနိုင်လျှင် ယင်းသည် မျှတပြီး ကျိုးကြောင်းသင့်လျော်ပေသည်။ ထို့နောက် သင်သည် ဤအရာများကို မှန်မှန်ကန်ကန် သဘောထားနိုင်မည် ဖြစ်သည်။ သို့ဆိုလျှင် မှန်သောလမ်းခရီးအား စုံစမ်းမေးမြန်းသော လူတစ်ဦးကို မည်ကဲ့သို့ သဘောထားသင့်သနည်း။ သူသည် ဧဝံဂေလိဖြန့်ဝေခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် ကိုက်ညီသရွေ့ ထိုသူတို့အား ဟောပြောရန် ငါတို့တွင် ဝတ္တရားရှိသည်။ ထို့ပြင် သူ၏ လက်ရှိ သဘောထားက ညံ့ဖျင်းပြီး လက်မခံနိုင်ပါက ငါတို့သည် စိတ်ရှည်သည်းခံခြင်းကို ကျင့်သုံးရမည်။ ငါတို့သည် မည်မျှကြာကြာနှင့် မည်သည့်အတိုင်းအတာအထိ စိတ်ရှည်ရမည်နည်း။ သူက သင့်ကို ငြင်းပယ်ပြီး သူ့အိမ်ထဲသို့ ဝင်ခွင့်မပြု၊ မည်သည့်ဆွေးနွေးချက်မျှ အလုပ်မဖြစ်သည်သာမက ၎င်းတို့ကို ဖုန်းခေါ်ဆိုမှုလည်း အလုပ်မဖြစ်၊ သို့မဟုတ် အခြားတစ်ယောက်ယောက်အား သူ့ကို သွား၍ ဖိတ်ခေါ်စေခြင်းလည်း အလုပ်မဖြစ်သည့်အပြင် သူက သင့်ကို အသိအမှတ်မပြုသည့် အချိန်အထိ စိတ်ရှည်ရမည် ဖြစ်သည်။ ဤကိစ္စရပ်တွင် သူ့အား ဧဝံဂေလိဖြန့်ဝေဖို့ မဖြစ်နိုင်တော့ပေ။ ယင်းသည် တာဝန်ဝတ္တရားကို သင် ဖြည့်ဆည်းပြီးသား ဖြစ်မည့်အချိန်ပင်ဖြစ်သည်။ ယင်းသည် သင်၏တာဝန်ကို ထမ်းဆောင်ခြင်း၏ ဆိုလိုရင်းဖြစ်သည်။ မည်သို့ဆိုစေ မျှော်လင့်ချက်အနည်းငယ် ရှိနေသရွေ့ သင်သည် တတ်နိုင်သည့် နည်းလမ်းတိုင်းကို စဉ်းစားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန်နှင့် ဘုရားသခင်၏ အလုပ်ကို ထိုသူအား သက်သေခံရန်အတွက် အစွမ်းကုန် လုပ်ဆောင်သင့်ပေသည်။ သာဓကအနေဖြင့် သင်သည် လူတစ်ဦးနှင့် နှစ်နှစ်သုံးနှစ်မျှ အဆက်အသွယ် ရှိလာသည် ဆိုပါစို့။ သင်သည် ထိုသူအား ဧဝံဂေလိဖြန့်ဝေရန်နှင့် ဘုရားသခင်အား သက်သေခံရန် ကြိမ်ဖန်များစွာ ကြိုးစားခဲ့ပြီးဖြစ်သော်လည်း သူ၌ ယင်းကို လက်ခံရန် ရည်ရွယ်ချက်မရှိပေ။ သို့ဖြစ်စေကာမူ သူ၏ သိနားလည်မှုက အတော်ပင် ကောင်းမွန်ပြီး သူသည် အမှန်တကယ်ပင် ဧဝံဂေလိလက်ခံရန် အလားအလာရှိသော သူတစ်ဦး ဖြစ်သည်။ သင် မည်သည့်အရာ ပြုလုပ်သင့်သနည်း။ ပထမဦးစွာ သင်သည် ထိုသူကို လုံးဝ လက်မလျှော့ရ၊ ထိုအစား သူနှင့် ပုံမှန် အပြန်အလှန် ဆက်ဆံရေးကို ထိန်းသိမ်းထားသင့်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်အား ဖတ်ပြမြဲဖတ်ပြပြီး ကိုယ်တော်၏ အမှုတော်အတွက် သက်သေခံသင့်ပေသည်။ ထိုသူကို လက်မလျှော့လေနှင့်။ အဆုံးတိုင်အောင် စိတ်ရှည်သည်းခံလော့။ အနာဂတ် နေ့ရက်တစ်ရက်တွင် သူသည် နိုးထလာပြီး မှန်သော လမ်းခရီးကို စုံစမ်းလေ့လာရန် အချိန်ကျပြီဟု ခံစားလာမည်။ ထို့အတွက်ကြောင့် စိတ်ရှည်သည်းခံခြင်းကို လက်တွေ့လုပ်ဆောင်ပြီး အဆုံးတိုင်အောင် လုံ့လစိုက်ထုတ်ခြင်းသည် ဧဝံဂေလိဖြန့်ဝေခြင်း၏ အလွန် အရေးကြီးသော သွင်ပြင်လက္ခဏာ ဖြစ်ရခြင်းဖြစ်သည်။ သို့ဆိုလျှင် ဤအရာကို အဘယ့်ကြောင့် ပြုလုပ်ရသနည်း။ အဘယ့်ကြောင့်ဆိုသော် ယင်းသည် ဖန်ဆင်းခံလူသားတစ်ဦး၏ တာဝန်ပင်ဖြစ်၏။ သင်သည် ထိုသူနှင့် အဆက်အသွယ် ရှိသည်ဖြစ်၍ သင်သည် သူ့ကို ဘုရားသခင်၏ ဧဝံဂေလိတရား ဟောပြောရန် တာဝန်ဝတ္တရားတစ်ခု ရှိသည်။ ပထမဦးစွာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဧဝံဂေလိတရားကို ကြားနာခြင်းမှသည် မိမိကိုယ်ကို ပြောင်းလဲသွားသည်အထိ ထိုအတောအတွင်း၌ ဖြစ်စဉ်များစွာ ရှိပြီး ဤအရာက အချိန်ယူရလေသည်။ သူ့ဘာသာသူ ပြောင်းလဲလာပြီး သူ့အား ဘုရားသခင်ရှေ့မှောက်၊ ဘုရားသခင်၏အိမ်တော်သို့ သင် ပြန်၍ ခေါ်ဆောင်လာသည့် ထိုနေ့ရက်ရောက်ရှိသည်အထိ ဤကာလအပိုင်းအခြားက သင့်ကို စိတ်ရှည်ရန်နှင့် စောင့်ဆိုင်းရန် တောင်းဆိုလေသည်။ ဤသည်မှာ သင်၏ ဝတ္တရားဖြစ်သည်။ ဝတ္တရားဟူသည်မှာ အဘယ်နည်း။ ယင်းသည် ကျင့်ဝတ်သိက္ခာအရ လူတစ်ဦး မဖြစ်မနေလုပ်ရမည့် အချောင်ခို၍ မရသော တာဝန်ဝတ္တရားတစ်ခု ဖြစ်သည်။ ယင်းမှာ မိခင်တစ်ဦးက သူမ၏ သားသမီးအား ပြုမူဆက်ဆံပုံနှင့်ပင် တူသည်။ ထိုသားသမီးသည် အဘယ်မျှ နာခံမှုကင်းမဲ့သည်ဖြစ်စေ၊ ကျီစယ်နောက်ပြောင်သည်ဖြစ်စေ၊ သို့မဟုတ် သူသည် ဖျားနာပြီး အစာမစားလျှင် မိခင်၏ တာဝန်ဝတ္တရားမှာ အဘယ်နည်း။ ဤသူသည် သူမ၏သားသမီးဖြစ်ကြောင်း သိသဖြင့် သူမသည် သူ့ကို တုန်နေအောင်ချစ်သည်၊ မေတ္တာထားပြီး ဂရုတစိုက် ပြုစုစောင့်ရှောက်သည်။ သားသမီးဖြစ်သူက သူမအား မိခင်အဖြစ် အသိအမှတ်ပြုသည် ဖြစ်စေ၊ မပြုသည်ဖြစ်စေ အရေးမကြီးသည့်အပြင် သားသမီးဖြစ်သူက သူမကို မည်သို့ဆက်ဆံပြုမူသည်ဖြစ်စေ ကိစ္စမရှိပေ။ မည်သို့ပင်ဆိုစေ သူမသည် သူ၏နံဘေးမှာနေလျက် သူ့ကို ကာကွယ်ရင်း တစ်ခဏမျှ ချန်ရစ်မထားဘဲ သူမသည် သူ၏မိခင်ဖြစ်ကြောင်း၊ သူ့အနေဖြင့် သူမ၏ရင်ခွင်သို့ ပြန်လာမည်ဖြစ်ကြောင်း ယုံကြည်ကာ အစဉ်အမြဲ စောင့်ဆိုင်းနေသည်။ သူမသည် ဤပုံစံအတိုင်း သားသမီးဖြစ်သူအား အစဉ်အမြဲ စောင့်ကြည့်ပြီး ဂရုစိုက်လေသည်။ ဤသည်မှာ တာဝန်ဝတ္တရားက ဆိုလိုသည့်အရာ ဖြစ်သည်။ ဤသည်မှာ ကျင့်ဝတ်သိက္ခာအရ မဖြစ်မနေ လုပ်ရမည့်တာဝန်ရှိခြင်း၏ ဆိုလိုရင်းဖြစ်သည်။ အကယ်၍ ဧဝံဂေလိဖြန့်ဝေရာ၌ ပါဝင်သောသူတို့သည် ဤပုံစံအတိုင်း လက်တွေ့လုပ်ဆောင်ပြီး လူတို့အတွက် ချစ်ခင်တတ်သော ဤနှလုံးသားမျိုးကို ထားရှိပါက ၎င်းတို့သည် ဧဝံဂေလိဖြန့်ဝေခြင်း၏ စည်းမျဉ်းများကို ထိန်းသိမ်းနေပြီး ရလဒ်များ ရရှိနိုင်စွမ်း လုံးဝရှိမည်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် အကြောင်းပြချက်များ အမြဲရှာဖွေနေပြီး ၎င်းတို့၏ အခြေအနေများကို ပြောဆိုနေပါက ဧဝံဂေလိတရားကို ဖြန့်ဝေနိုင်မည် မဟုတ်သည့်အပြင် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်နေလိမ့်မည် မဟုတ်ပေ။ ဧဝံဂေလိဖြန့်ဝေသူ လူအချို့က ဧဝံဂေလိလက်ခံရန် အလားအလာရှိသူများသည် မြောက်မြားစွာသော မေးခွန်းနှင့် အခက်အခဲများရှိကြပြီး အစွမ်းအစ၌ ညံ့ဖျင်းကြသည်ဟု အမြဲ ဇီဇာကြောင်ကြကာ ရလဒ်အနေဖြင့် ၎င်းတို့သည် ထိုသူတို့ကို သိမ်းသွင်းရရှိရန်အတွက် ဒုက္ခခံပြီး အဖိုးအခပေးရန် စိတ်ဆန္ဒမရှိကြပေ။ သို့သော် ၎င်းတို့၏ မိဘများနှင့် ဆွေမျိုးများ၌ အခက်အခဲများစွာနှင့် ညံ့ဖျင်းသော အစွမ်းအစရှိလျှင်မူ ၎င်းတို့သည် ထိုသူတို့ကို ချစ်ခင်တတ်သော နှလုံးသားဖြင့် ဆက်ဆံပြုမူနိုင်ကြသေးသည်။ ဤသည်မှာ ၎င်းတို့သည် လူတို့ကို မျှမျှတတ ဆက်ဆံခြင်းမရှိဟု ဆိုလိုသည်မဟုတ်လော။ ဤလူတို့၌ ချစ်ခင်တတ်သော နှလုံးသား ရှိကြသလော။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များအပေါ် အရေးထားမှုကို ပြသသောလူတို့ ဟုတ်သလော။ လုံးဝ မဟုတ်ပေ။ ဧဝံဂေလိကို ဖြန့်ဝေရာ၌ ၎င်းတို့သည် လူတို့အား ဧဝံဂေလိမဟောပြောရန် အရှိအတိုင်းဖြစ်သော အခြေအနေများအပေါ် မူတည်၍ ၎င်းတို့ရှာတွေ့နိုင်သည့် မည်သည့် အကြောင်းပြချက်များနှင့် ဆင်ခြေများကိုမဆို အမြဲ ရှာဖွေကြသည်၊ သို့မဟုတ် ၎င်းတို့သည် မည်သူ့ကိုတွေ့သည် ဖြစ်စေ ထိုသူကို နှစ်လိုဖွယ်ကောင်းသည်ဟု မမြင်ဘဲ မိမိတို့ထက် နိမ့်ကျသည်ဟု ထင်မြင်ကာ ဧဝံဂေလိဟောပြောရမည့်သူ တစ်ဦးမျှမရှိဟု အမြဲခံစားကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် လူတစ်ဦးတစ်ယောက်ကိုမျှ ဧဝံဂေလိ မဆောင်ကြဉ်းပေးဘဲ အဆုံးသတ်ရသည်။ ဧဝံဂေလိဖြန့်ဝေရာ၌ ဤကဲ့သို့သော စည်းမျဉ်းများ ရှိသလော။ ဤသို့သော လူတစ်ဦးသည် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ သို့မဟုတ် ဘုရားသခင်၏ တောင်းဆိုချက်များကို လုံးဝ အရေးမစိုက်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ဟု အသိအမှတ်ပြုနိုင်သူ မည်သူမဆိုနှင့် သမ္မာတရားကို လက်ခံနိုင်သူ မည်သူမဆိုသည် သိသိသာသာပင် ဆိုးယုတ်သော လူများ၊ သို့မဟုတ် အဓိပ္ပာယ်မဲ့သော အမျိုးအစားများ မဟုတ်ပါက ဧဝံဂေလိလက်ခံရန် အလားအလာရှိသူ ဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များအပေါ် အရေးထားမှု အမှန်တကယ် ပြသမည်ဆိုပါက ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ပြီး လူတို့ကို စည်းမျဉ်းများဖြင့် ပြုမူဆက်ဆံကြမည် ဖြစ်သည်။ မှန်သောလမ်းခရီးကို စုံစမ်းလေ့လာသော လူတို့တွင် မည်သည့်ပြဿနာများ ရှိသည်၊ သို့မဟုတ် ထိုသူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်မျှထုတ်ဖော်သည် ဖြစ်စေ ထိုသူတို့သည် သမ္မာတရားကို အသိအမှတ်ပြုပြီး လက်ခံနိုင်သရွေ့ သင်သည် ထိုသူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မမောနိုင်မပန်းနိုင် ဖတ်ပြပြီး ဘုရားသခင်၏ အလုပ်ကို သက်သေခံသင့်သည်။ ဤသည်မှာ ဧဝံဂေလိဖြန့်ဝေရာ၌ လိုက်လျှောက်ရမည့် စည်းမျဉ်းဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။