ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည် (အပိုင်း နှစ်)

ဧဝံဂေလိတရားကို ဖြန့်ဝေသောသူအချို့သည် ၎င်းတို့၏ စိတ်နှလုံးထဲ၌ မည်သည့်ချစ်ခြင်းမေတ္တာမျှ လုံးဝမရှိဟု ငါကြားသိရသည်။ မှန်သောလမ်းခရီးကို စုံစမ်းစစ်ဆေးနေသော သူတို့၏ အယူအဆများနှင့် မေးခွန်းများကို ကိုင်တွယ်ဖြေရှင်းနေစဉ် ဧဝံဂေလိဖြန့်ဝေသော ဤသူတို့သည် ကြိမ်ဖန်များစွာ မိတ်သဟာယပြုရသည်။ သို့သော် ထိုလူတို့က နားမလည်သေးဘဲ မေးခွန်းများ ထပ်ခါထပ်ခါ မေးမြန်းသောအခါ ဧဝံဂေလိဖြန့်ဝေသော ဤသူတို့သည် ယင်းကို သည်းမခံနိုင်တော့ဘဲ ထိုသူတို့ကို စတင်၍ သြဝါဒပေးတော့သည်။ “သင်တို့သည် အမေးအမြန်း ထူလွန်းသည်။ ကျွန်ုပ်သည် မည်မျှပင် မိတ်သဟာယပြုစေကာမူ သမ္မာတရားကို သင်တို့နားမလည်။ သင်တို့၏ အစွမ်းအစမှာ နိမ့်ပါးလွန်းသည်။ သင်တို့၌ သဘောပေါက်နားလည်နိုင်စွမ်း မရှိ၊ သင်တို့သည် သမ္မာတရားနှင့် အသက်ကို မရရှိနိုင်။ သင်တို့အားလုံးသည် အလုပ်လုပ်ပေးသူများ ဖြစ်ကြသည်” ဟူ၍ ဖြစ်သည်။ လူအချို့က ထိုကဲ့သို့သော စကားများကို နားမထောင်နိုင်ကြဘဲ တစ်ခဏမျှ အပျက်သဘောဆောင်လာကြသည်။ လူတို့သည် တစ်ဦးနှင့်တစ်ဦး မတူကြပေ။ လူအချို့သည် မှန်သောလမ်းခရီးကို စုံစမ်းစစ်ဆေးကြသောအခါတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်မှန်း သိမြင်ကြသည်။ ထိုသူတို့၌ အယူအဆများနှင့် ပြဿနာများ ရှိလင့်ကစား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုစဉ်တွင် ဤအရာများက ပြေလည်သွားသည်။ ဤလူတို့သည် အလွန်ဖြူစင်သဖြင့် သမ္မာတရားကို အလွယ်တကူ လက်ခံနိုင်ကြသည်။ ထိုသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့ဘာသာ ဖတ်ရှုသည်၊ ရှာဖွေသည်၊ စုံစမ်းစစ်ဆေးကြပြီးလျှင် တစ်စုံတစ်ဦးက ၎င်းတို့အား မိတ်သဟာယပြုသောအခါ မှန်သောလမ်းခရီးကို လိုလိုလားလား လက်ခံပြီး အသင်းတော်၌ ပါဝင်ကြသည်။ သို့သော် အခြားလူတို့၌ မေးခွန်းအမြောက်အမြား ရှိသည်။ ထိုသူတို့သည် ဘက်ပေါင်းစုံ၌ ရှင်းလင်းမှုရရှိသည်အထိ စုံစမ်းစစ်ဆေးတတ်ကြသည်။ အကယ်၍ ရှင်းလင်းသည်အထိ ၎င်းတို့ စုံစမ်းစစ်ဆေးမှု မပြုထားသော အချက်တစ်ခုပင် ရှိပါက မှန်သောလမ်းခရီးကို လက်ခံမည် မဟုတ်ပေ။ ဤလူတို့သည် ၎င်းတို့ပြုလုပ်သည့် အရာရာ၌ ဂရုစိုက်ပြီး သတိထားကြသည်။ ဧဝံဂေလိဖြန့်ဝေသူ အချို့၌ ထိုကဲ့သို့သော လူတို့အတွက် မိမိတို့၏စိတ်နှလုံးထဲတွင် မည်သည့်ချစ်ခြင်းမေတ္တာမျှ မရှိပေ။ ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ “သင် ယုံချင်ယုံ၊ မယုံချင်နေ။ သင်သည် ဘုရားသခင်၏ အိမ်တော်အတွက် ဆုံးရှုံးမှုကြီးဖြစ်မည် မဟုတ်သကဲ့သို့ သင်သည် မည်သည့်အကျိုးအမြတ်ကြီးလည်း ဖြစ်မည်မဟုတ်ပေ။ သင်မယုံကြည်ပါက ထွက်သွားလော့။ သင်သည် အဘယ်သို့များ မေးခွန်းမြောက်မြားစွာ မေးရသနည်း။ ဤအရာများအားလုံးကို သင့်အတွက် ဖြေပေးခဲ့ပြီးပြီ” ဟူ၍ ဖြစ်သည်။ အမှန်တွင် ဧဝံဂေလိဖြန့်ဝေသော ဤသူတို့သည် ဧဝံဂေလိလက်ခံဖို့ အလားအလာရှိသူများက မေးမြန်းသော မေးခွန်းများကို ရှင်းလင်းစွာ အဖြေမပေးကြ၊ သမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယမပြုကြ၊ ဤလူတို့၏ စိတ်နှလုံးထဲ၌ရှိသည့် သံသယများကို လုံးလုံးလျားလျား မဖျောက်ဖျက်ပေးဘဲ၊ ထိုသူတို့အား သူတို့၏ အယူအဆများကို စွန့်လွှတ်ပြီး ဧဝံဂေလိတရားကို တတ်နိုင်သမျှ အမြန်ဆုံး လက်ခံစေချင်ကြသည်။ ဤသည်မှာ လူတို့အား စိတ်ဆန္ဒမရှိလင့်ကစား အတင်းအဓမ္မ လက်ခံစေနိုင်သောအရာ ဟုတ်သလော။ လူတစ်ဦးက သူနားမလည်ဟု အမှန်အတိုင်း ပြောလျှင် သင်သည် ထိုသူတို့၏ ပြဿနာများ၊ အယူအဆများနှင့် စပ်လျဉ်း၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျမ်းပိုဒ်အနည်းငယ်ကို ဖတ်ပြပြီးနောက် ထိုသူတို့နားလည်နိုင်ဖို့ အထောက်အကူပြုရန် သမ္မာတရားအပေါ် မိတ်သဟာယ ပြုသင့်သည်။ ဧဝံဂေလိလက်ခံဖို့ အလားအလာရှိသူ အချို့သည် အမှုအရာများ၏ ဇာစ်မြစ်ကို နားလည်ချင်ကြသည်။ ဤကဲ့သို့သော လူတို့သည် အရာရာကို ရှာဖွေတွေ့ရှိလိုကြသည်။ ထိုသူတို့သည် သင့်အတွက် အခြေအနေကို ခက်ခဲအောင် ပြုလုပ်နေကြခြင်းမဟုတ်၊ ချစ်တီးခေါင်း သန်းရှာနေခြင်း သို့မဟုတ် အပြစ်ရှာနေခြင်းမဟုတ်၊ အမှုအရာများကို အလေးအနက်ထားကြခြင်း ဖြစ်သည်။ ထိုကဲ့သို့သော လူတို့အား ကြုံတွေ့ရသောအခါ ဧဝံဂေလိဖြန့်ဝေသောသူ အချို့သည် ထိုသူတို့ကို အဖြေမပေးနိုင်ဘဲ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းမိလေပြီဟု ခံစားတတ်ကြသည်။ အကျိုးဆက်အားဖြင့် ၎င်းတို့သည် ထိုသူတို့ကို မိတ်သဟာယ မပြုလိုဘဲ “ကျွန်ုပ်သည် နှစ်ပေါင်းများစွာ ဧဝံဂေလိ ဖြန့်ဝေလာခဲ့သော်လည်း ထိုကဲ့သို့ စိတ်အနှောင့်အယှက် ပေးသောသူမျိုး တစ်ခါဖူးမျှ မကြုံခဲ့ပါ” ဟု ဆိုကြသည်။ ဧဝံဂေလိဖြန့်ဝေသော ဤသူတို့က ထိုကဲ့သို့သော လူတို့ကို စိတ်အနှောင့်အယှက်ပေးသူများဟု သမုတ်ကြသည်။ အမှန်တွင် ဧဝံဂေလိဖြန့်ဝေသော ဤသူတို့သည် သမ္မာတရား၏ မည်သည့်သွင်ပြင်လက္ခဏာကိုမဆို တစ်ဝက်တစ်ပျက်သာ နားလည်ကြသည်၊ ၎င်းတို့သည် ကြီးကျယ်ခမ်းနားသော သြဝါဒများနှင့် အနှစ်သာရမဲ့သော စကားလုံးအချို့အကြောင်းကို ပြောပြီး လူတို့အား ယင်းတို့ကို သမ္မာတရားအဖြစ် လက်ခံစေရန် ကြိုးစားကြသည်။ ဤသည်မှာ အခြားသူများအတွက် အခြေအနေကို ခက်ခဲအောင် ပြုလုပ်နေခြင်း မဟုတ်လော။ အကယ်၍ အခြားလူများက နားမလည်ဘဲ အသေးစိတ်ကျသော မေးခွန်းများကိုမေးပါက ၎င်းတို့သည် စိတ်မပျော်တော့ဘဲ “ကျွန်ုပ်သည် သင့်အား ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်ကို ရှင်းပြခဲ့ပြီး၊ ယင်းတို့ကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့ပြီးဖြစ်သည်။ များစွာပြောပြပြီးနောက် သင်နားမလည်နိုင်သေးလျှင် သင်သည် သင့်အယူအဆများကို ဖြေရှင်းရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကိုယ်တိုင်ဖတ်ရှုသင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဤနေရာ၌ အသင့်ရှိနေသည်။ သင်သည် ယင်းကို ဖတ်ရှုပြီး နားလည်ပါက ယုံကြည်ပါလေ။ အကယ်၍ နားမလည်ပါကလည်း မယုံကြည်နှင့်” ဆိုတတ်ကြသည်။ ဤသည်ကို ကြားရပြီးနောက် ဧဝံဂေလိလက်ခံဖို့ အလားအလာရှိသူများက “ကျွန်ုပ်သည် မေးခွန်းများ ဆက်မေးနေလျှင် ကယ်တင်ခြင်းရရှိဖို့ အခွင့်အရေး ဆုံးရှုံးသွားနိုင်ပြီး ကောင်းချီးမင်္ဂလာများ ရရှိနိုင်တော့မည်မဟုတ်။ သို့ဖြစ်၍ မေးခွန်းများ မမေးတော့ဘဲ သူ့ကို အမြန်ပင် သဘောတူပြီး ယုံကြည်လိုက်တော့မည်” စဉ်းစားလေသည်။ ထို့နောက်တွင် ဤလူတို့သည် စုဝေးပွဲများ တက်မြဲတက်ပြီး တရားဒေသနာများကို အာရုံစိုက်၍ နားထောင်ပြီးလျှင် တဖြည်းဖြည်းနှင့် သမ္မာတရားအချို့ကို နားလည်လာကာ သူတို့၏ အယူအဆများကို တဖြည်းဖြည်း ဖြေရှင်းကြသည်။ ထိုသူတို့၏ ယုံကြည်ခြင်းသည် ယခု မည်သို့ပင် ရှိနေသည်ဖြစ်စေ၊ ဤသို့ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းသည် သင့်လျော်သောပုံစံ ဟုတ်သလော။ ဧဝံဂေလိဖြန့်ဝေသော ဤသူတို့သည် ၎င်းတို့၏ တာဝန်ကို ကျေပွန်ပြီဟု ဆိုနိုင်သလော။ (မဆိုနိုင်ပါ။) ဧဝံဂေလိဖြန့်ဝေရာတွင် သင်သည် ပထမဦးစွာ သင်၏တာဝန်ကို ကျေပွန်ရမည်။ သင်လုပ်နိုင်သမျှနှင့် လုပ်သင့်သမျှအရာအားလုံးကို လုပ်ဆောင်ရာတွင် သင်၏ အသိတရားနှင့် အသိစိတ် နောက်ကို လိုက်ရမည်။ မှန်သောလမ်းခရီးကို စုံစမ်းစစ်ဆေးနေသောသူတွင် ရှိနိုင်သော မည်သည့်အယူအဆများအတွက်မဆို၊ သို့မဟုတ် ၎င်းတို့မေးသည့် မည်သည့်မေးခွန်းအတွက်မဆို ဖြေရှင်းချက်များကို သင်သည် မေတ္တာရှေ့ထား၍ ပေးရမည်။ သင်သည် အမှန်တကယ်ပင် ဖြေရှင်းချက် မပေးနိုင်လျှင် ၎င်းတို့ကို ဖတ်ပြရန်အတွက် သက်ဆိုင်မှုရှိသော ဘုရားနှုတ်ကပတ်တော်အချို့ကို ရှာဖွေနိုင်သည်၊ သို့မဟုတ် ၎င်းတို့အား ပြသရန် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အကြောင်းနှင့် သက်ဆိုင်သော ဗီဒီယိုများကိုသော်လည်းကောင်း၊ ဆီလျော်မှုရှိသော ဧဝံဂေလိ သက်သေခံချက် ရုပ်ရှင်များကိုလည်းကောင်း ရှာဖွေနိုင်သည်။ ဤအရာ ထိရောက်ဖို့မှာ လုံးဝဖြစ်နိုင်ခြေရှိသည်။ အနည်းဆုံးအနေဖြင့် သင်သည် သင့်တာဝန်ကို ဖြည့်ဆည်းနေလိမ့်မည်ဖြစ်ပြီး သင့်အသိစိတ်၏ စွပ်စွဲခြင်းကို ခံစားရမည် မဟုတ်ပေ။ သို့သော် သင်သည် ဝတ်ကျေတမ်းကျေ လုပ်ဆောင်ပြီး ဖြစ်သလို ပြုလုပ်လျှင် အမှုအရာများက နှောင့်နှေးကြန့်ကြာနိုင်ခြေရှိပြီး ထိုလူကို သိမ်းသွင်းရရှိရန် လွယ်ကူမည်မဟုတ်ပေ။ သူတစ်ပါးတို့ကို ဧဝံဂေလိဖြန့်ဝေရာတွင် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းရမည်။ “တာဝန်” ဆိုသည့်စကားကို မည်သို့ နားလည်သင့်သနည်း။ ယင်းကို အတိအကျ မည်သို့လက်တွေ့လုပ်ဆောင်ပြီး အသုံးချသင့်သနည်း။ သခင့်ကို ကြိုဆိုပြီး ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို တွေ့ကြုံပြီးနောက်တွင် သင်သည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ဆာငတ်သောသူများထံသို့ ဘုရားသခင်၏ အမှုတော်ကို သက်သေခံရန် ဝတ္တရားတစ်ခုရှိသည်ကို နားလည်သင့်သည်။ ဤသို့ဆိုလျှင် ၎င်းတို့ထံ ဧဝံဂေလိတရားကို သင် မည်သို့ ဖြန့်ဝေရမည်နည်း။ အွန်လိုင်းတွင်ဖြစ်စေ၊ လက်တွေ့ဘဝတွင်ဖြစ်စေ လူတို့ကို သိမ်းသွင်းရရှိသည့်၊ ထိရောက်သည့် မည်သည့်နည်းလမ်းမဆိုဖြင့် ဖြန့်ဝေသင့်သည်။ ဧဝံဂေလိမျှဝေခြင်းသည် သင်လုပ်ချင်စိတ်ပေါက်သည့်အချိန်တွင် လုပ်ဆောင်ရသောအရာမဟုတ်၊ သင်စိတ်ပါသည့်အခါတွင် လုပ်ဆောင်ပြီး စိတ်မပါသောအခါတွင် မလုပ်ဆောင်သော အရာတစ်ခု မဟုတ်ပေ။ ယင်းမှာ မည်သူသည် ဦးစားပေးဆက်ဆံမှုကို ရရှိမည်ဟု သင်ဆုံးဖြတ်ကာ၊ သင်နှစ်သက်သည့်သူကို ဧဝံဂေလိဖြန့်ဝေပြီး မနှစ်သက်သည့်သူကို မဖြန့်ဝေဘဲနေလျက် သင့်အကြိုက်များနှင့်အညီ လုပ်ဆောင်ရသော အရာတစ်ခုလည်းမဟုတ်ပေ။ ဧဝံဂေလိကို ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ၊ ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့်အညီ ဖြန့်ဝေသင့်သည်။ သင်နားလည်သည့် သမ္မာတရားများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ အမှုတော်တို့ကို မှန်သောလမ်းခရီးအား စုံစမ်းစစ်ဆေးနေသောသူများထံသို့ သက်သေခံရန် သင်စွမ်းဆောင်နိုင်သမျှအားလုံးကို လုပ်ဆောင်လျက် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ဝတ္တရားကို သင်ဖြည့်ဆည်းသင့်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ဝတ္တရားကို သင်ဖြည့်ဆည်းသည့်ပုံစံပင် ဖြစ်သည်။ လူတစ်ယောက်သည် ဧဝံဂေလိဖြန့်ဝေသောအခါတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သူ၏ တာဝန်ကို ဖြည့်ဆည်းသင့်သည်။ တတ်နိုင်သမျှ လုပ်ဆောင်သင့်သည်။ အဖိုးအခတိုင်းကို ပေးဆပ်လိုစိတ် ရှိသင့်သည်။ သင်သည် ဧဝံဂေလိတရားကို ဖြန့်ဝေလာသည်မှာ အချိန်တိုတောင်းလျက်၊ လုံလောက်သော အတွေ့အကြုံမရှိ၊ အပြောအဟော မကောင်းသည့်အပြင် အဆင့်မြင့်ပညာရေး မရှိခြင်းလည်း ဖြစ်နိုင်သည်။ အမှန်တွင် ဤအရာများသည် အရေးပါလွန်းလှသည် မဟုတ်ပေ။ အရေးကြီးဆုံးအရာမှာ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ သင့်တော်ရာကျမ်းပိုဒ်များကို ရွေးချယ်ကာ ထိထိမိမိရှိပြီး ပြဿနာများကို ဖြေရှင်းနိုင်သော သမ္မာတရားများအပေါ် မိတ်သဟာယပြုရန် ဖြစ်သည်။ သင်မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ အထူးသဖြင့် သင်သည် သင်၏ တကယ့်အတွေ့အကြုံများအကြောင်းကို ပြောပြပြီး နှလုံးသားထဲမှ စကားပြောသောအခါ ဧဝံဂေလိလက်ခံဖို့ အလားအလာရှိသူများက သင့်ကို နားထောင်ဖို့အတွက် လုံးဝ လိုလိုလားလား ရှိနေရန်အလို့ငှာ သင်၏ စိတ်နေစိတ်ထားမှာ ရိုးသားစစ်မှန်ပြီး လူတို့ကို တို့ထိနိုင်ရန် အထောက်အကူ ပေးရမည်။ ဧဝံဂေလိလက်ခံဖို့ အလားအလာရှိသူများသည် သင့်ကို လိုလိုလားလား ပတ်သက်ပြီး သင်နှင့် လိုလိုလားလား မိတ်သဟာယဖွဲ့ကာ သင်၏ သက်သေခံချက်ကို လိုလိုလားလား နားထောင်ဖို့အတွက် သင့်ကိုနှစ်သက်အောင် သင်လုပ်ဆောင်နိုင်ပါက ယင်းသည် အောင်မြင်မှုတစ်ခု ဖြစ်သည်။ ထိုအခါ ၎င်းတို့သည် သင့်ကို လူယုံတစ်ဦးကဲ့သို့ ဆက်ဆံမည်ဖြစ်ပြီး သင်ပြောသမျှကို လိုလိုလားလား နားထောင်မည်ဖြစ်သည်။ ၎င်းတို့သည် မိတ်သဟာယပြုဖို့အတွက် သင်ရွေးချယ်သည့် သမ္မာတရား၏ သွင်ပြင်လက္ခဏာများ အားလုံးသည် ကောင်းမွန်ပြီး အလွန်လက်တွေ့ကျကြောင်း တွေ့ရှိမည်ဖြစ်ကာ ယင်းတို့အားလုံးကို လက်ခံနိုင်မည် ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် ထိုသူတို့ကို အလွယ်တကူ သိမ်းသွင်းရရှိနိုင်သည်။ ဤသည်မှာ ဧဝံဂေလိတရားကို ဖြန့်ဝေပါက သင်ပိုင်ဆိုင်ထားရမည့် ဉာဏ်ပညာဖြစ်သည်။ အကယ်၍ သင်သည် လူတို့ကို မေတ္တာထားသော စိတ်နှလုံးဖြင့် မကူညီနိုင်ဘဲ အခြားသူများအတွက် လူယုံတစ်ဦး မဖြစ်နိုင်ပါက ဧဝံဂေလိဖြန့်ဝေပြီး လူတို့အား သိမ်းသွင်းရရှိခြင်းကို အလွန့်အလွန်ကြီးမားသော အားထုတ်ကြိုးပမ်းမှုတစ်ခုအဖြစ် ခံစားရမည်ဖြစ်သည်။ ရိုးရိုးသားသားနှင့် ပွင့်ပွင့်လင်းလင်း စကားပြောသောသူ၊ ဖြောင့်မတ်ရိုးသားပြီး ကြင်နာတတ်သော သူတို့သည် ဧဝံဂေလိဖြန့်ဝေရာ၌ အဘယ့်ကြောင့် လွန်စွာထိရောက်သနည်း။ ယင်းမှာ လူတိုင်းက ဤကဲ့သို့သော ဧဝံဂေလိဖြန့်ဝေသူများကို နှစ်သက်ပြီး ထိုသူတို့နှင့် အပြန်အလှန် ဆက်ဆံရန်နှင့် ခင်မင်ရင်းနှီးမှုများ တည်ဆောက်ရန် အလိုရှိကြသည်။ ဤကဲ့သို့သော ဧဝံဂေလိဖြန့်ဝေသူများသည် သမ္မာတရားကို နားလည်ကာ သမ္မာတရားအပေါ် အထူးသဖြင့် လက်တွေ့ကျပြီး ရှင်းလင်းသောပုံစံဖြင့် မိတ်သဟာယပြုကြသည်။ အကယ်၍ ၎င်းတို့သည် အခြားသူများအား သမ္မာတရားကို စိတ်ရှည်လက်ရှည် မိတ်သဟာယပြုနိုင်လျက် လူတို့၌ရှိသည့် အမျိုးမျိုးသော ပြဿနာများ၊ အခက်အခဲများနှင့် စိတ်ရှုပ်ထွေးမှုများကို ဖြေရှင်းနိုင်ပြီး ထိုသူတို့၏ စိတ်နှလုံးများကို အားတက်စေနိုင်ကာ ထိုသူတို့အား ကြီးစွာသော နှစ်သိမ့်မှုကို ဆောင်ကြဉ်းပေးနိုင်ပါက လူတို့သည် ၎င်းတို့ကို သူတို့၏ စိတ်နှလုံးထဲ၌ နှစ်သက်ယုံကြည်ပြီး ၎င်းတို့ကို လူယုံအဖြစ် မှတ်ယူကာ ၎င်းတို့ပြောသော မည်သည့်အရာကိုမဆို လိုလိုလားလား နားထောင်ကြမည် ဖြစ်သည်။ အကယ်၍ ဧဝံဂေလိဖြန့်ဝေသူတစ်ဦးသည် အထက်စီးမှနေပြီး အခြားသူများကို သြဝါဒပေးလျက် ထိုသူတို့အား ကလေးများနှင့် တပည့်များကဲ့သို့ ဆက်ဆံပါက လူတို့သည် ၎င်းတို့ကို စိတ်တိုစရာကောင်းပြီး ရွံရှာဖွယ်ကောင်းသည်ဟု မြင်ကောင်း မြင်လာနိုင်သည်။ ထို့ကြောင့် ဧဝံဂေလိဖြန့်ဝေဖို့အတွက် သင်ပိုင်ဆိုင်သင့်သည့် ဉာဏ်ပညာမှာ ဤအရာဖြစ်သည်။ ဦးစွာ သင်၏ပရိသတ်များ သဘောတူနိုင်လောက်သည့် ပုံစံဖြင့် စကားပြောလျက် အခြားသူများက သင့်ကို အကောင်းမြင်လာရန် လုပ်ဆောင်လော့။ သင့်ကို နားထောင်ပြီးနောက် ၎င်းတို့သည် တစ်စုံတစ်ခုကို ရယူနိုင်ပြီး အကျိုးကျေးဇူးတစ်ခုခု ရရှိနိုင်ရမည်။ ဤသို့ဖြင့် သင်၏ ဧဝံဂေလိဖြန့်ဝေခြင်းသည် ချောမွေ့နေပြီး အတားအဆီးများကို မကြုံတွေ့ရဘဲ အကျိုးဖြစ်ထွန်းသော ရလဒ်များကို ရရှိမည်ဖြစ်သည်။ လူအချို့သည် ဧဝံဂေလိတရားကို လက်ခံကောင်းလက်ခံမည် မဟုတ်သော်လည်း သင်သည် လူကောင်းတစ်ဦးဖြစ်သည်ကို မြင်တွေ့ပြီး သင့်ကို လိုလိုလားလား ပတ်သက်မည် ဖြစ်သည်။ ဧဝံဂေလိတရားကို ဟောပြောသောသူတို့သည် လူတို့နှင့် ရင်းရင်းနှီးနှီး ဆက်ဆံနိုင်ရမည်။ မိတ်ဆွေအသိုင်းအဝိုင်း ကျယ်ပြန့်စေခြင်းသည် လျှောက်လှမ်းရမည့် ကောင်းသောလမ်းစဉ်ဖြစ်သည်။ ထိုမျှမက အလွန်တရာ အ‌ရေးကြီးသော အရာတစ်ခု ရှိသေးသည်။ မည်သူ့ကို ဧဝံဂေလိဟောပြောသည်ဖြစ်စေ သင်သည် ဦးစွာ ကြိုတင်ပြင်ဆင်မှု အများကြီး ပြုလုပ်ရမည်။ မိမိကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်ထားရမည်၊ စည်းမျဉ်းများကို ကျွမ်းကျင်ပိုင်နိုင်ရမည်၊ လူတို့ကို ထိုးထွင်းသိမြင်နိုင်စွမ်းရှိပြီး အမြော်အမြင်ရှိသော နည်းလမ်းများကို အသုံးပြုရမည်။ ဤကြိုတင်ပြင်ဆင်မှု ပြုလုပ်ခြင်းကို ထပ်တလဲလဲ လေ့ကျင့်ရမည်။ ပထမဦးစွာ စုံစမ်းစစ်ဆေးနေသော လူတို့နှင့် စကားစမြည်များ ပြောရာတွင် သင်သည် ထိုသူတို့၏ နောက်ခံအခြေအနေများ၊ သူတို့ မည်သည့်ဂိုဏ်းဂဏတွင် ပါဝင်သည်၊ သူတို့၏ အရင်းခံအယူအဆများမှာ မည်သည့်အရာ ဖြစ်သည်၊ သူတို့သည် သီးသန့်နေတတ်သူများလော၊ အုပ်လိုက်သင်းလိုက်နေတတ်သူများလော ဟူသည့်အကြောင်း၊ သူတို့၏ နားလည်သဘော‌ပေါက်နိုင်စွမ်းက မည်သို့ရှိသည်နှင့် သူတို့၏ စရိုက်လက္ခဏာက မည်သို့ဖြစ်သည်တို့ကို နားလည်ပြီး သဘောပေါက်ရမည်။ ဤသည်မှာ အဓိကသော့ချက် ဖြစ်၏။ ဧဝံဂေလိလက်ခံဖို့ အလားအလားရှိသူများအား ဘက်ပေါင်းစုံမှ အခိုင်အမာ နားလည်သဘောပေါက်သည်နှင့် တစ်ပြိုင်နက် သင်၏ ဧဝံဂေလိ‌ဟောပြောခြင်းသည် များစွာပို၍ ထိရောက်မည်ဖြစ်ပြီး ထိုသူတို့၏ အယူအဆများနှင့် ပြဿနာများအား ကုစားဖို့အတွက် သင့်တော်သောကုစားမှုကို မည်သို့ညွှန်ကြားရမည်ဖြစ်ကြောင်း သင်သိမည်ဖြစ်သည်။ အကယ်၍ ဆိုးယုတ်သော လူများ၊ ဘုရားမဲ့ဝါဒီများ သို့မဟုတ် နတ်ဆိုးများထံမှ စုံစမ်းသွေးဆောင်မှုနှင့် ကြုံတွေ့ရပါက ထိုသူတို့ကို သင်သတိပြုမိနိုင်မည်၊ ထိုသူတို့ကို အရှိအတိုင်း ထိုးထွင်းသိမြင်နိုင်ပြီး အလျင်အမြန် စွန့်ခွာနိုင်မည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းက အမျိုးမျိုးသော လူတို့ကို ထုတ်ဖော်နိုင်လေသည်။ ဆိုးယုတ်သော လူများနှင့် အန္တိခရစ်များသည် နှုတ်ကပတ်တော်များကို ကြားသောအခါ အော့ကြောလန်ကြမည်ဖြစ်ပြီး နတ်ဆိုးများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား နားထောင်ရသည်ကို မုန်းတီးကြသည်။ သမ္မာတရားကို ဆာငတ်သောသူတို့သာလျှင် စိတ်ဝင်စားကြမည်။ ထိုသူတို့သည် သမ္မာတရားကို ရှာဖွေပြီး မေးခွန်းများ မေးကြမည်။ ဤသည်မှာ ထိုသူတို့သည် ဧဝံဂေလိလက်ခံဖို့ အလားအလာရှိသူများဖြစ်ကြောင်း သင် အတည်ပြုနိုင်သည့်ပုံ ဖြစ်သည်။ ဤသည်ကို ငါတို့ အတည်ပြုသည်နှင့် တစ်ပြိုင်နက် ငါတို့သည် ထိုသူတို့ကို သမ္မာတရားနှင့်ပတ်သက်၍ စနစ်တကျ မိတ်သဟာယပြုချက်ထဲ၌ ဆွဲခေါ်နိုင်ပြီဖြစ်သည်။ သမ္မာတရားအ‌ပေါ် မိတ်သဟာယ ပြုရာတွင် ငါတို့သည် ဧဝံဂေလိလက်ခံဖို့ အလားအလာရှိသော ဤသူတို့၏ အစွမ်းအစ၊ သမ္မာတရားကို သူတို့ မည်မျှကောင်းစွာ သဘောပေါက်နိုင်သည်နှင့် သူတို့၏ စရိုက်လက္ခဏာများ၏ အခြေအနေတို့ကို အပြည့်အဝ နားလည်သဘောပေါက်နိုင်သည်။ ဤသို့ဖြင့် ငါတို့သည် မည်သည့်လူတို့အပေါ် အာရုံစိုက်ရန်ကြိုးပမ်းရမည်နှင့် သမ္မာတရားအပေါ် မည်သို့ မိတ်သဟာယပြုရမည်ကို သိမည်ဖြစ်သည်။ ငါတို့သည် ကြိုးပမ်းအားထုတ်မှု မည်မျှစိုက်ထုတ်သည်ဖြစ်စေ အချည်းနှီးဖြစ်မည် မဟုတ်ပေ။ ဧဝံဂေလိဖြန့်ဝေခြင်း လုပ်ငန်းစဉ်တွင် သင်သည် တစ်ဖက်လူ၏ အခြေအနေကို နားလည်သဘော‌ပေါက်ခြင်း မရှိသည့်အပြင် သင့်တော်သော ကုစားမှုကို မညွှန်ကြားပါက လူတို့ကို သိမ်းသွင်းရရှိရန် လွယ်ကူမည်မဟုတ်ချေ။ အကယ်၍ လူအနည်းငယ်ကို သိမ်းသွင်းရရှိမိပါကလည်း ယင်းမှာ ကံကောင်းထောက်မ၍သာ ဖြစ်မည်။ သမ္မာတရားကို နားလည်ပြီး အမှုအရာများ၏ အကြောင်းရင်းကို သိမြင်ဖြေရှင်းနိုင်သောသူတို့သည် ဧဝံဂေလိဖြန့်ဝေရာ၌ လွဲချော်မှုများ ပို၍နည်းနိုင်သည် သို့မဟုတ် ယင်းတို့ကို လုံးဝ ရှောင်လွှဲနိုင်သည်။ ၎င်းတို့သည် ဟောပြောသင့်သည့် လူတို့ကို ဟောပြောပြီး မဟောပြောသင့်သည့် လူတို့ကို မဟောပြောကြပေ။ မဟောပြောမီ တိကျမှန်ကန်သော အကဲဖြတ်ချက်ကို ပြုလုပ်ပြီး အချည်းနှီးအလုပ်ကို ရှောင်လွှဲကြသည်။ ဤသို့ဖြင့် ၎င်းတို့သည် ပို၍ကြီးမားသော ခရီးရောက်မှုနှင့် အလဟဿနည်းသော အားထုတ်ကြိုးပမ်းမှုဖြင့် မိမိတို့၏တာဝန်ကို လုပ်ဆောင်ကြကာ ကောင်းသောရလဒ်များကို ရရှိကြသည်။ ထို့ကြောင့် သင်သည် ဧဝံဂေလိတရားကို ထိထိရောက်ရောက် ဖြန့်ဝေလိုပါက သင့်ကိုယ်သင် သမ္မာတရားဖြင့် ပြင်ဆင်ထားပြီး ကြိုတင်ပြင်ဆင်မှု အလုံအလောက် ပြုလုပ်လော့။ အကယ်၍ သမ္မာကျမ်းစာကို ကောင်းစွာသိနားလည်သော ဘာသာရေးသမားနှင့် တွေ့ဆုံလျက် သင်ကိုယ်တိုင်က သမ္မာကျမ်းစာ မဖတ်ထားလျှင် မည်သို့ဖြစ်မည်နည်း။ သင် ဘာတတ်နိုင်မည်နည်း။ ထိုအချိန်တွင် ကျမ်းစာ၏ သမ္မာတရားဖြင့် မိမိကိုယ်ကိုပြင်ဆင်ရန် သင့်အတွက် အလွန်နောက်ကျသွားပြီ။ သို့ဖြစ်၍ သင်သည် ထိုသူတို့ကို သမ္မာကျမ်းစာနားလည်သော ဧဝံဂေလိဖြန့်ဝေသူတစ်ဦးနှင့် အလျင်အမြန် မိတ်ဆက်ပေးသင့်သည်။ ဤပုဂ္ဂိုလ်အား သမ္မာကျမ်းစာ နားလည်သည့် မည်သူ့ကိုမဆို လွှဲပြောင်းပေးလော့။ ဤသည်မှာ သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီသည်။ အကယ်၍ သင်သည် ထိုသူတို့ကို မဖြစ်ဖြစ်သည့်နည်းနှင့် ဧဝံဂေလိဟောပြောခြင်းဖြင့် မဆင်မခြင် ဟိတ်ဟန်ထုတ်ဖို့ ကြိုးစားပါက ဤပုဂ္ဂိုလ်သည် ဧဝံဂေလိတရားကို လက်ခံမည်မဟုတ်ပေ။ ဤရလဒ်သည် သင်၏ တာဝန်မဲ့ခြင်းအားဖြင့် ဖြစ်လိမ့်မည်။ ထို့အပြင် သင် အလုပ်မလုပ်နေသည့်အချိန်တွင် သမ္မာကျမ်းစာဆိုင်ရာ ဗဟုသုတအချို့ဖြင့် မိမိကိုယ်ကို ပြင်ဆင်ထားဖို့အတွက် အချိန်ယူရန်လိုသည်။ သမ္မာကျမ်းစာအကြောင်း မည်သည့်အရာမျှ မသိဘဲ ဧဝံဂေလိဖြန့်ဝေခြင်းသည် အလုပ်သိပ်ဖြစ်မည်မဟုတ်ပေ။ စုံစမ်းစစ်ဆေးသူများ မေးမြန်းသော မေးခွန်းများစွာသည် သမ္မာကျမ်းစာထဲမှ စကားလုံးများနှင့် သက်ဆိုင်သည်။ သင်သည် သမ္မာကျမ်းစာကို နားလည်လျှင် ဤမေးခွန်းများကို ဖြေရှင်းဖို့ ကျမ်းစာ၏ သမ္မာတရားကို အသုံးချနိုင်သည်။ ဧဝံဂေလိလက်ခံဖို့ အလားအလာရှိသူများသည် မည်သည့်အယူအဆများကို ဆုပ်ကိုင်ထားသည်ဖြစ်စေ သင်သည် ထိုသူတို့၏ အယူအဆများကို ဖြေရှင်းရန်အတွက် ဆီလျော်သော ကျမ်းပိုဒ်များနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှာတွေ့နိုင်သည်။ လိုလားသောရလဒ်ကို ဤနည်းဖြင့်သာ ရရှိနိုင်သည်။ ထို့ကြောင့် ဧဝံဂေလိဖြန့်ဝေခြင်းက သမ္မာကျမ်းစာဗဟုသုတအချို့ လိုအပ်သည်။ ဥပမာ ဓမ္မဟောင်းကျမ်းထဲမှ မည်သည့်ပရောဖက်ပြုချက်များနှင့် ဓမ္မသစ်ကျမ်းထဲမှ မည်သည့်ကျမ်းပိုဒ်များသည် ဘုရားသခင်၏ ပြန်ကြွလာခြင်းနှင့် နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်ကို ထောက်ခံကြောင်း သင်သိထားသင့်သည်။ သင်သည် ဤနှုတ်ကပတ်တော်များကို ပို၍ဖတ်သင့်သည်၊ ပို၍ဆင်ခြင်သင့်သည်၊ ထို့ပြင် ယင်းတို့ကို သင့်စိတ်နှလုံးထဲ၌ သိမ်းထားသင့်သည်။ ထိုမျှမက သင်သည် ဘာသာရေးသမားများက ဤကျမ်းပိုဒ်များကို မည်သို့နားလည်ကြောင်း နားလည်ထားရမည်၊ ထိုသူတို့ကို ဤကျမ်းပိုဒ်များနှင့်ပတ်သက်၍ တိကျမှန်ကန်ပြီး စစ်မှန်သော နားလည်မှုရရှိအောင် လမ်းပြဖို့အတွက် မည်ကဲ့သို့ မိတ်သဟာယပြုရမည်နှင့် နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်ကို နားလည်လာအောင် ထိုသူတို့အား လမ်းညွှန်ဖို့အတွက် ဤကျမ်းပိုဒ်များအား မည်ကဲ့သို့ ထည့်ဖြည့်ရမည်ကို ချင့်ချိန်တွေးဆရမည်။ ယင်းသည် သင်၏ ကြိုတင်ပြင်ဆင်ချက်ကို ပြုလုပ်နေခြင်း ဟုတ်သလော။ ဤသည်မှာ ကြိုတင်ပြင်ဆင်ချက် ပြုလုပ်ခြင်း၏ ဆိုလိုရင်းအတိအကျ ဖြစ်၏။ သင်သည် မှန်သောလမ်းခရီးအား စုံစမ်းစစ်ဆေးသော လူအမျိုးမျိုးတို့၏ လိုအပ်ချက်များကို နားလည်ရမည်ဖြစ်ပြီး အခြေအနေနှင့်အညီ ကြိုတင်ပြင်ဆင်မှု အချို့ကို ပြုလုပ်ရမည်။ သို့မှသာ သင်တတ်နိုင်သမျှကို လုပ်ဆောင်နိုင်ပြီး သင်၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်မည် ဖြစ်သည်။ ဤသည်မှာ သင်၏ တာဝန်ဝတ္တရားပင် ဖြစ်သည်။ လူအချို့က “ကျွန်ုပ်သည် ထိုအရာအားလုံးကို လုပ်စရာမလို။ သမ္မာကျမ်းစာကို အကြိမ်ရေအနည်းငယ် ဖတ်ရန်သာလိုသည်။ မည်သူ့ကို ဧဝံဂေလိဖြန့်ဝေသည် ဖြစ်စေ ကျွန်ုပ်သည် တူညီသော အရာများကို အမြဲပြောသည်။ ဧဝံဂေလိဟောပြောဖို့ ကျွန်ုပ်အသုံးပြုသည့် စကားလုံးများက ပုံသေဖြစ်ပြီး မပြောင်းလဲပေ။ ကျွန်ုပ်သည် ဤစကားလုံးများကို အသုံးပြုပြီး သူတို့သည် ယုံချင်ယုံနိုင်သကဲ့သို့ မယုံချင်လည်းရသည်။ မယုံကြည်သောလူတို့သည် ကောင်းချီးများ ရရှိမည်မဟုတ်။ ယင်းအတွက် ကျွန်ုပ်အ‌ပေါ် အပြစ်တင်၍မရပေ။ အမှန်မှာမူ ကျွန်ုပ်တာဝန်ကျေပြီ” ဟူ၍ ပြောကြလိမ့်မည်။ ၎င်းတို့သည် သူတို့၏တာဝန်ကို ကျေပွန်ခဲ့သလော။ စုံစမ်းစစ်ဆေးသော ပုဂ္ဂိုလ်၏ အခြေအနေမှာ အဘယ်နည်း။ သူ၏ အသက်အရွယ်၊ ပညာရည်အဆင့်၊ အိမ်ထောင်ရှိမရှိ၊ ဝါသနာများ၊ ပင်ကိုစရိုက်၊ လူ့သဘာဝ၊ မိသားစု အခြေအနေ စသည်တို့မှာ အဘယ်နည်း။ သင်သည် ဤအရာတစ်ခုကိုမျှ မသိသော်လည်း ထိုသူတို့အား သွား၍ ဟောပြောနေသေးသည်။ သင်သည် မည်သည့် ကြိုတင်ပြင်ဆင်မှုမျှ မပြုလုပ်သည့်အပြင် ကြိုးပမ်းအားထုတ်မှု လုံးဝမရှိပေ။ သို့ဆိုလျှင် သင်၏တာဝန်ကို ကျေပွန်ပြီဟု ကြွေးကြော်သေးသလော။ ဤသည်မှာ လူတို့ကို အရူးလုပ်ခြင်းသာ မဟုတ်လော။ သင်၏တာဝန်ကို ဤကဲ့သို့ ပြုမူဆက်ဆံခြင်းသည် ဝတ်ကျေတမ်းကျေနှင့် တာဝန်မဲ့သော သဘောထားကို ပြသသည်။ ယင်းသည် ပြီးစလွယ် သဘောထားဖြစ်၏။ သင်သည် ဧဝံဂေလိတရားကို ထိုကဲ့သို့သော သဘောထားဖြင့် ဟောပြောပြီး လူတစ်ဦးကိုမျှ မသိမ်းသွင်း မရရှိသောအခါ “သူမယုံကြည်လျှင် သူ၏ကံဆိုးမှုသာ ဖြစ်သည်။ ထို့အပြင် သူသည် ဝိညာဉ်ရေးရာ သိနားလည်မှု ကင်းမဲ့သောကြောင့် သူသည် ယုံကြည်ခဲ့လျှင်ပင် သမ္မာတရားကိုဖြစ်စေ၊ ကယ်တင်ခြင်းကိုဖြစ်စေ ရရှိနိုင်မည် မဟုတ်” ဟု ဆိုသည်။ ဤသည်မှာ တာဝန်မဲ့၏။ သင်သည် တာဝန်ဝတ္တရားကို ခေါင်းရှောင်နေခြင်း ဖြစ်သည်။ သင်သည် ကြိုတင်ပြင်ဆင်မှုကို ကောင်းစွာ မလုပ်ခဲ့သည်မှာ ပေါ်လွင်၏။ သင်သည် သင်၏ တာဝန်ဝတ္တရားကို မကျေပွန်ခဲ့ကြောင်း၊ သင်၏တာဝန်ကို သစ္စာစောင့်သိစွာ မလုပ်ဆောင်ခဲ့ကြောင်း သိသာထင်ရှား၏။ ထို့ပြင် သင်သည် သင်၏ တာဝန်ဝတ္တရားကို စကားလုံးများဖြင့် ခေါင်းရှောင်ရန် ကြိုးစားလျက် အကြောင်းပြချက်မျိုးစုံ ပေးခြင်းဖြင့် ဆင်ခြေဆင်လက်များ ဖန်တီးသေးသည်။ ဤသည်မှာ မည်သို့သော အပြုအမူမျိုး ဖြစ်သနည်း။ ယင်းကို လှည့်စားခြင်းဟု ခေါ်သည်။ သင်၏ တာဝန်ဝတ္တရားကို ခေါင်းရှောင်ဖို့အတွက် သင်သည် လူတို့နှင့်ပတ်သက်၍ အကဲဖြတ်ချက်များ ပြုလုပ်ပြီး ကောက်ချက်များချကာ တာဝန်မဲ့သော ပေါက်ကရစကားကို ပြောသည်။ ဤသည်ကို မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်း၊ တိတ်တဆိတ်ဒုက္ခပေးခြင်းနှင့် ရက်စက်ခြင်းဟု ခေါ်သည်။ ယင်းကို လိမ်လည်လှည့်ဖြားခြင်း ဟုလည်း ခေါ်သည်။ ယင်းသည် ဘုရားသခင်ကို လှည့်စားရန် ကြိုးစားခြင်းပင် ဖြစ်၏။

ဘုရားသခင်သည် သင့်အား ဧဝံဂေလိဖြန့်ဝေခြင်း တာဝန်ကို ပေးအပ်ထားလျှင် သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လေးစားစွာနှင့် ကျိုးနွံနာခံစွာ လက်ခံသင့်သည်။ မှန်သောလမ်းခရီးကို စုံစမ်းစစ်ဆေးနေသော လူတိုင်းကို ချစ်ခြင်းမေတ္တာနှင့် စိတ်ရှည်မှုဖြင့် ဆက်ဆံရန် အားထုတ်သင့်ကာ အခက်အခဲနှင့် ဒုက္ခပြဿနာကို သည်းခံနိုင်ရမည်။ ဧဝံဂေလိဝေငှရာတွင် လုံ့လဝီရိယထားပြီး တာဝန်ယူလော့။ သမ္မာတရားနှင့်ပတ်သက်၍ ရှင်းလင်းသော မိတ်သဟာယပြုချက်ကို ပေးလော့။ ပြီးလျှင် ဘုရားသခင်ထံ သင်၏ လုပ်ရပ်နှင့်ပတ်သက်‌သော ဖြစ်ကြောင်းကုန်စင် ရှင်းပြနိုင်မည့် အနေအထားကို ရောက်လော့။ ဤသည်မှာ လူတစ်ဦးသည် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် ထားရှိသင့်သည့် သဘောထား ဖြစ်လေသည်။ အကယ်၍ မှန်သောလမ်းခရီးကို စုံစမ်းစစ်ဆေးသော တစ်စုံတစ်ဦးသည် သင့်ထံမှ သမ္မာတရားကို ရှာဖွေပြီး သင်သည် ထိုသူကို ဘေးဖယ်ထားပါက၊ ထိုသူအား သမ္မာတရားအကြောင်း လေးလေးနက်နက် မိတ်သဟာယ မပြုနိုင်သည့်အပြင် သူ၏ ပြဿနာကို မဖြေရှင်းဘဲ ဆင်ခြေများပင် ပေးလျက် “ကျွန်ုပ်သည် ယခု စိတ်မပါပေ။ သူသည် မည်သူဖြစ်စေ၊ သမ္မာတရားကို သို့မဟုတ် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကို မည်မျှလောက် ဆာငတ်သည်ဖြစ်စေ၊ ယင်းသည် ကျွန်ုပ်၏အလုပ် မဟုတ်ပေ။ သူ့အနေဖြင့် ယုံကြည်နိုင်ခြင်း ရှိမရှိသည် ကျွန်ုပ်အ‌ပေါ် မမူတည်ပေ။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်မလုပ်လျှင် ကျွန်ုပ်သည် ကြိုတင်ပြင်ဆင်မှု မည်မျှပြုလုပ်သည်ဖြစ်စေ၊ ယင်းက အကျိုးရှိမည် မဟုတ်ချေ။ သို့ဖြစ်၍ ကျွန်ုပ်သည် ထိုအားထုတ်မှုကို ပြုလုပ်မည်မဟုတ်။ မည်သို့ဆိုစေ ကျွန်ုပ်နားလည်သည့် သမ္မာတရားမှန်သမျှကို ပြောပြပြီးပြီ။ မှန်သောလမ်းခရီးကို သူလက်ခံနိုင်ခြင်းရှိမရှိသည် ဘုရားသခင်၏ ကိစ္စဖြစ်၏။ ယင်းသည် ကျွန်ုပ်နှင့်မဆိုင်” ဟု ဆိုပါက ဤသည်မှာ မည်သည့်သဘောထား ဖြစ်သနည်း။ ယင်းသည် တာဝန်မဲ့သောသဘော၊ ခက်ထန်သောသဘောပင် ဖြစ်၏။ ဤပုံစံဖြင့် ဧဝံဂေလိဖြန့်ဝေသောသူ များစွာရှိသည် မဟုတ်လော။ ထိုကဲ့သို့ ဧဝံဂေလိဖြန့်ဝေခြင်းက လုံလောက်သော အဆင့်အတန်းကို ပြည့်မီနိုင်သလော။ ယင်းသည် ဘုရားသခင်ကို ချီးမြှောက်ပြီး သူ့အား သက်သေခံနိုင်သလော။ နည်းနည်းမျှပင် မဖြစ်နိုင်ပေ။ ထိုကဲ့သို့ ဧဝံဂေလိဖြန့်ဝေခြင်းသည် အနည်းငယ်မျှ အလုပ်လုပ်ပေးခြင်းကို ထမ်းဆောင်နေခြင်းသာ ဖြစ်သည်။ ယင်းသည် တာဝန်ထမ်းဆောင်ခြင်းနှင့် လုံးဝမနီးစပ်ပေ။ သို့ပြုလျှင် လူတစ်ဦးသည် ဧဝံဂေလိတရားကို ပြည့်ပြည့်ဝဝ မည်ကဲ့သို့ ဖြန့်ဝေနိုင်သနည်း။ မှန်သောလမ်းခရီးကို စုံစမ်းစစ်ဆေးသောသူသည် မည်သူဖြစ်စေ ဦးစွာ ကြိုတင်ပြင်ဆင်မှု ပြုလုပ်ပြီး မိမိကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်ထားရမည်၊ ပြီးလျှင် သင်၏ ဤတာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့အတွက် ချစ်ခြင်းမေတ္တာ၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်းနှင့် တာဝန်သိစိတ်ကို အမှီပြုရမည်။ စိတ်ရင်းအတိုင်းဖြစ်ပြီး သင်တတ်နိုင်သမျှနှင့် လုပ်သင့်သမျှကို လုပ်ဆောင်လော့။ ဤနည်းအားဖြင့် ဧဝံဂေလိဖြန့်ဝေခြင်းသည် ပြည့်စုံလုံလောက်၏။ အကယ်၍ အခြေအနေများသည် သင့်အား ဧဝံဂေလိဖြန့်ဝေဖို့ အခွင့်မပေးပါက၊ သို့မဟုတ် စုံစမ်းစစ်ဆေးသောသူသည် နားထောင်ဖို့ ငြင်းဆန်ပြီး ထွက်သွားပါက ဤသည်မှာ သင်၏ အပြစ်မဟုတ်ပေ။ လုပ်သင့်သည့်အရာကို သင်လုပ်ခဲ့ပြီဖြစ်ပြီး သင်သည် လိပ်ပြာလုံပေလိမ့်မည်။ ဤသည်မှာ သင်သည် မိမိ၏ တာဝန်ဝတ္တရားကို ကျေပွန်ပြီဟု ဆိုလိုခြင်းဖြစ်သည်။ လူအချို့သည် ဧဝံဂေလိဖြန့်ဝေရန်အတွက် စည်းမျဉ်းများနှင့် ကိုက်ညီကောင်း ကိုက်ညီမည်ဖြစ်သော်လည်း အချိန်သင့်အခါသင့် ဖြစ်ကောင်းဖြစ်မည် မဟုတ်ပေ။ ယင်းမှာ ဘုရားသခင်၏ အချိန်မတန်သေးခြင်း ဖြစ်သည်။ ဤအခြေအနေတွင် ဧဝံဂေလိ ဖြန့်ဝေခြင်းအလုပ်ကို လောလောဆယ် ရွှေ့ဆိုင်းရမည်။ ထိုအလုပ်ကို ရွှေ့ဆိုင်းခြင်းသည် ထိုပုဂ္ဂိုလ်အား သင် ဧဝံဂေလိ မဝေငှဟု ဆိုလိုသ‌လော။ ယင်းသည် သင် ဧဝံဂေလိမဝေငှဟု မဆိုလို၊ ထိုသို့ပြုရန် သင့်လျော်သောအချိန်ကို သင် စောင့်ဆိုင်းနေသည်ဟု ဆိုလိုသည်။ အခြားမည်သည့်လူတို့ကို မဟောပြောဘဲ နေသင့်သနည်း။ ဥပမာ လူတစ်ဦးသည် အခြားသော ဘာသာစကားဖြင့် တစ်ရက်နှစ်ရက်မဟုတ်၊ သို့မဟုတ် တစ်နှစ်နှစ်နှစ်မဟုတ်၊ အချိန်ကြာမြင့်စွာ ပြောဆိုပြီး ဤပုံစံအတိုင်း မည်သည့်အချိန်၊ မည်သည့်နေရာ၌မဆို ပြောနေနိုင်ပါက ဤလူသည် ဝိညာဉ်ဆိုးဖြစ်ကာ ထိုသူကို ဧဝံဂေလိဝေငှ၍ မရနိုင်ပေ။ အပြင်ပန်းတွင် လူကောင်းဖြစ်ပုံ‌ပေါက်သော လူများလည်း ရှိတတ်သည်။ သို့သော် စုံစမ်းမေးမြန်းပြီး ပို၍ နားလည်လာရာတွင် ထိုသူတို့သည် လူများစွာနှင့် အိမ်ထောင်ရေး ဖောက်ပြန်ထားကြောင်း သင်တွေ့ရှိရမည်။ ဤကဲ့သို့သော လူတို့ကို ဧဝံဂေလိဝေငှပါက ပြဿနာများစွာ ဖြစ်ပွားစေမည်။ ထိုသူတို့သည် ဘုရားသခင် ရွေးကောက်ထားသော လူတို့အတွက် အနှောင့်အယှက်ဖြစ်စေမည့် အလားအလာရှိသောကြောင့် ထိုသူတို့ကို ဧဝံဂေလိ မဟောပြောရပေ။ သမ္မာတရားကို လက်ခံဖို့အတွက် အားထုတ်ကြိုးပမ်းမှုများစွာ လိုအပ်သော ဘာသာရေး သင်းအုပ်ဆရာအချို့လည်း ရှိလေသည်။ ထိုသူတို့သည် သမ္မာတရားကို လက်ခံဖို့ စိတ်ဆန္ဒရှိလင့်ကစား သူတို့၌ အခြေအနေများ ရှိသေးသည်။ ထိုသူတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အစေခံရမှသာ ကျေနပ်အားရကြသည်။ ဤကဲ့သို့သော လူအများစုမှာ အန္တိခရစ်များ ဖြစ်ကြသည်။ စည်းမျဉ်းများအရ ထိုသူတို့ကို ဧဝံဂေလိမဖြန့်ဝေသင့်ပေ။ ထိုသူတို့သည် ဧဝံဂေလိဖြန့်ဝေခြင်းတွင် အလုပ်လုပ်ပေးလိုစိတ်ရှိပြီး အခြားလူများစွာကို ခေါ်ဆောင်လာနိုင်မှသာ ထိုသို့သောလူတို့ကို ဧဝံဂေလိဖြန့်ဝေရန် ခွင့်ပြုထားသည်။ လူတစ်ဦး၏ လူ့သဘာဝမှာ အလွန်ဆိုးယုတ်ပြီး ထိုသူကို သူ၏ပုံပန်းတစ်ခုတည်းနှင့်ပင် ဆိုးယုတ်သောလူဖြစ်သည်ဟု သင်ပြောနိုင်လျှင် ဤကဲ့သို့သော လူစားမျိုးသည် သမ္မာတရားကို မည်သည့်အခါမျှ လက်ခံမည် မဟုတ်သည့်အပြင် မည်သည့်အခါမျှ နောင်တရမည် မဟုတ်ပေ။ ဤကဲ့သို့သော လူတစ်ဦးသည် အသင်းတော်ထဲသို့ ဝင်ရောက်ခဲ့လျှင်ပင် ထိုသူသည် မောင်းထုတ်ခြင်းခံရမည် ဖြစ်သောကြောင့် ထိုသူကို မည်သည့်အခါမျှ ဧဝံဂေလိမဖြန့်ဝေသင့်ပေ။ ဤကဲ့သို့သော လူတစ်ဦးကို ဟောပြောခြင်းသည် အသင်းတော်ထဲသို့ စာတန်ကို ခေါ်ဆောင်လာသည့်သဘော၊ နတ်ဆိုးတစ်ဦးကို ခေါ်ဆောင်လာသည့်သဘော သက်ရောက်သည်။ အသက်မပြည့်သူအချို့သည် ဘုရားသခင်အား ယုံကြည်ဖို့ဆန္ဒရှိသောအခါ အခြားအခြေအနေ ပေါ်ပေါက်လာတတ်သည်။ သို့သော် ဒီမိုကရေစီကျင့်သုံးသော နိုင်ငံအချို့တွင် အသက်မပြည့်သူများသည် အသင်းတော်အသက်တာထဲ၌ ပါဝင်လိုပြီး သူတို့၏ တာဝန်များကို ထမ်းဆောင်လိုပါက သူတို့၏ အုပ်ထိန်းသူများထံမှ သ‌ဘောတူညီမှု ရယူဖို့လိုသည်။ ဤသတ်မှတ်ချက်ကို လျစ်လျူမရှုလေနှင့်။ ယင်းက ကျိုးကြောင်းဆီလျော်သော ဖြေရှင်းချက်နှင့် ဉာဏ်ပညာလိုအပ်သည်။ တရုတ်ပြည်တွင် မိဘတစ်ဦးဦးက ထိုသို့သော အသက်မပြည့်သူတစ်ဦးအား ဘုရားသခင်ကို ယုံကြည်ဖို့ ဦးဆောင်လမ်းပြသရွေ့ လုံးဝ ပြဿနာမရှိပေ။ အကယ်၍ အသက်မပြည့်သေးသူ မဟုတ်တော့သော လူငယ်လေးတစ်ဦးသည် သမ္မာတရားကို သဘော‌ပေါက်နိုင်ပြီး ဘုရားသခင်ကို ယုံကြည်လိုသော်လည်း သူ၏မိဘများက သူ့ကို ကန့်ကွက်ချုပ်ချယ်ပါက ထိုလူငယ်လေးသည် သူ၏မိသားစုကို ထားရစ်ကာ မိဘများ၏ ကန့်သတ်ချက်များနှင့် ဟန့်တားမှုများမှ လွတ်လွတ်ကျွတ်ကျွတ်ဖြင့် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်လိုက်ဖို့အတွက် အသင်းတော်သို့ လာနိုင်သည်။ ဤသည်မှာ လုံးဝ သင့်လျော်ပေသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်လာစဉ်က ပေတရုအခြေအနေနှင့် တူညီ၏။ အဆုံးသတ်အနေဖြင့် မည်သည့်အခြေအနေ ရှိသည်ဖြစ်စေ အကယ်ဖြစ်သော အခြေအနေက ခွင့်ပြုသရွေ့ ဧဝံဂေလိဖြန့်ဝေရန် အခွင့်ရှိပြီး ယင်းသည် ဥပဒေကို မချိုးဖောက်ပေ။ ဤကိစ္စကို သမ္မာတရားစည်းမျဉ်းများနှင့် ဉာဏ်ပညာ၏ လမ်းညွှန်ချက်များအတိုင်း ဖြေရှင်းဖို့လိုသည်။

လူတစ်ဦးသည် ဧဝံဂေလိဖြန့်ဝေသောအခါ သူ၏တာဝန်ကို ပြည့်ပြည့်ဝဝ မည်ကဲ့သို့ ထမ်းဆောင်နိုင်သနည်း။ ပထမအနေဖြင့် သူသည် ဧဝံဂေလိဖြန့်ဝေခြင်းနှင့် ပတ်သက်သည့် သမ္မာတရားကို သဘော‌ပေါက်ပြီး နားလည်နိုင်ရမည်။ သူသည် သမ္မာတရားကို နားလည်သောအခါမှသာ တိကျမှန်ကန်သော ရှုထောင့်များကို ပိုင်ဆိုင်နိုင်ပြီး မှားယွင်းသော သို့မဟုတ် အဓိပ္ပာယ်မဲ့သော ရှုထောင့်များအား မည်သို့ဖြေရှင်းရမည်ကို သိနိုင်သည့်အပြင် အရေးကိစ္စများနှင့် ပြဿနာများအား သမ္မာတရားစည်းမျဉ်းများနှင့်အညီ မည်ကဲ့သို့ ကိုင်တွယ်ပြီး ဖြေရှင်းရမည်ကို သိနိုင်မည်ဖြစ်သည်။ ထိုအခါ သူသည် မမှန်ကန်သော အလေ့အထအမျိုးမျိုးနှင့် သမ္မာတရားစည်းမျဉ်းများကို ချိုးဖောက်သည့် အန္တိခရစ်များ၏ အလေ့အထများကို ထိုးထွင်းသိမြင်နိုင်မည် ဖြစ်သည်။ ထိုသို့ဖြစ်ပါက သူသည် သူ၏ ဧဝံဂေလိဖြန့်ဝေခြင်းတာဝန်ကို ထမ်းဆောင်ဖို့အတွက် မည်သည့်သမ္မာတရားစည်းမျဉ်းများအား ကျွမ်းကျင်ပိုင်နိုင်သင့်ကြောင်း ပင်ကိုအားဖြင့် နားလည်လိမ့်မည်။ ဤတာဝန်ကို ထမ်းဆောင်ရန်အတွက် ပထမဦးဆုံး နားလည်ဖို့ အရေးကြီးဆုံးမှာ မည်သည့်သမ္မာတရား ဖြစ်သနည်း။ ဘုရားသခင့်အမှုတော်၏ သတင်းစကားကို ဖြန့်ဝေခြင်းသည် ဘုရားသခင်ရွေးကောက်ထားသော လူတစ်ဦးစီတိုင်း၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ ယင်းသည် ဘုရားသခင်က အားလုံးကို ပေးအပ်ထားသည့် တာဝန်ပေးစေခိုင်းချက်ပင် ဖြစ်သည်။ ဤသည်မှာ ဤတာဝန်၏ အရင်းအမြစ်ဖြစ်သည်။ လူအချို့က “ကျွန်ုပ်သည် ဧဝံဂေလိအဖွဲ့၌ မပါဝင်သဖြင့် ကျွန်ုပ်၌ ဤတာဝန်နှင့် ဝတ္တရားရှိသလော” ဟု ဆိုကြသည်။ ၎င်းတို့အားလုံး၌ ဤတာဝန်နှင့် ဝတ္တရားရှိ၏။ တာဝန်၏ ဤကဏ္ဍနှင့်စပ်လျဉ်းသော သမ္မာတရားသည် လူတိုင်းအတွက် အသုံးဝင်သည်။ သင်တို့သည် အသင်းတော်ထဲရှိ ဝန်ထမ်းအမျိုးမျိုးတို့အတွက် တာဝန်များ ခွဲဝေသတ်မှတ်ချက်နှင့် ပတ်သက်သည့် ဖြစ်ရပ်အချို့ကို သတိထားမိခြင်းရှိမရှိ ငါမသိပေ။ လူအချို့သည် တစ်ချိန်က ခေါင်းဆောင်များ ဖြစ်ခဲ့သော်လည်း လက်တွေ့ကျသော အလုပ်ကို မလုပ်နိုင်သောကြောင့် ၎င်းတို့ကို လူစားထိုးခဲ့သည်။ ၎င်းတို့သည် မည်သည့်စွမ်းရည်များ သို့မဟုတ် မည်သည့်ကျွမ်းကျင်မှုကိုမျှ မပိုင်ဆိုင်သောကြောင့် လူစားထိုးခံရပြီးနောက် အထူးတာဝန်များကို မထမ်းဆောင်နိုင်ကြတော့ပေ။ ထို့ကြောင့် နောက်ဆုံးတွင် ၎င်းတို့ကို ဧဝံဂေလိဖြန့်ဝေရန်၊ သို့မဟုတ် လူသစ်ရောက်လာသူများကို ရေလောင်းပေးရန်၊ သို့မဟုတ် သာမန်တာဝန်အချို့ကို ထမ်းဆောင်ရန်အတွက် ဧဝံဂေလိအဖွဲ့များ၌ တာဝန်ပေးခဲ့သည်။ အကယ်၍ ၎င်းတို့သည် အသင်းတော်ထဲ၌ အခြားတာဝန်တစ်ခုခုကို ဖြည့်ဆည်းဖို့အတွက် အလားတူပျက်ကွက်ပါက ၎င်းတို့၌ ဘာဖြစ်သင့်သနည်း။ ထိုကဲ့သို့သော လူတို့သည် အမှိုက်သရိုက်ဖြစ်ပြီး ဖယ်ရှားရှင်းလင်းခြင်းခံရသင့်သည်။ ထို့ကြောင့် သင်သည် အသင်းတော်ခေါင်းဆောင်တစ်ဦးအနေဖြင့် ညံ့ဖျင်းမှုကြောင့် အလုပ်ဖြုတ်ခံရပြီး သင်၌ မည်သည့် အထူးပါရမီများ သို့မဟုတ် ကျွမ်းကျင်မှုများ မရှိပါက သင်သည် ဧဝံဂေလိဖြန့်ဝေဖို့ ပြင်ဆင်ထားရမည်။ အကယ်၍ သင်သည် ဧဝံဂေလိဖြန့်ဝေနိုင်ပြီး ဧဝံဂေလိအဖွဲ့သားတစ်ဦးအဖြစ် သင်၏တာဝန်ကို လုပ်ဆောင်နိုင်ပါက တာဝန်များကို ပြည့်ပြည့်ဝဝ ထမ်းဆောင်ခြင်းနှင့် ပတ်သက်သည့် သမ္မာတရားသည် သင်နှင့် ဆီလျော်သည်။ အကယ်၍ သင်သည် သင်၏ ဧဝံဂေလိဖြန့်ဝေခြင်း တာဝန်ကို ထမ်းဆောင်ရန် ပျက်ကွက်ပါက တာဝန်များကို ပြည့်ပြည့်ဝဝ ထမ်းဆောင်ခြင်းနှင့် ပတ်သက်သည့် သမ္မာတရားသည် သင်နှင့် ဆီလျော်မှုမရှိသည့်အပြင်၊ ဘုရားသခင်၏ အိမ်တော်ထဲတွင် ဘုရားသခင်၏အမှုတော် အချိန်ကာလအတွင်း တာဝန်ထမ်းဆောင်ခြင်းအလုပ်သည် သင်နှင့် သက်ဆိုင်မှုမရှိချေ။ သင်သည် စိတ်နှလုံးထဲ၌ ဤအရာက ညွှန်းဆိုသည့်အရာအားလုံးကို ရှင်းလင်းစွာ သိသင့်သည်။ သင်သည် မည်သည့်တာဝန်ကိုမျှ မထမ်းဆောင်လျှင် သင်၌ ဘုရားသခင်၏ အမှုတော်နှင့် အဘယ်ဆက်နွှယ်မှု ရှိသနည်း။ ထို့ကြောင့် လူတစ်ဦးထမ်းဆောင်သည့် တာဝန်၏ အမျိုးအစားသည် မည်သည့်အရာဖြစ်စေ၊ သူသည် အဆုံးတိုင်အောင် သည်းခံကြိုးပမ်းပြီး သူ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ပါက ယင်းသည် ပင်ကိုအားဖြင့် အကောင်းဆုံးပင် ဖြစ်သည်။ လူအချို့က “ကျွန်ုပ်သည် ဧဝံဂေလိမဖြန့်ဝေလိုပေ။ အဘယ့်ကြောင့်ဆိုသော် ဤအရာက ကျွန်ုပ်ကို လူစိမ်းများနှင့် အမြဲတမ်း ဆက်ဆံစေသည်။ မကောင်းသောအရာအမျိုးမျိုးကို ပြုလုပ်နိုင်စွမ်းရှိသည့် လူဆိုးမျိုးစုံရှိတတ်သည်။ အထူးသဖြင့် ဘာသာရေးသမားများသည် နောက်ဆုံးသောကာလ ဘုရားသခင်၏ ဧဝံဂေလိတရားအား ဖြန့်ဝေသောသူတို့ကို ရန်သူများကဲ့သို့ သဘောထားကြပြီး ၎င်းတို့ကို စာတန်၏ အစိုးရထံ အပ်နှံခြင်းငှာ အတော်ပင် စွမ်းဆောင်နိုင်ကြသည်။ ထိုသူတို့သည် ဘာသာတရားမရှိသူများထက်ပင် ပို၍ဆိုးသည်။ ဤနာကျင်မှုကို ကျွန်ုပ်မခံနိုင်ချေ။ ထိုသူတို့သည် ကျွန်ုပ်ကို သေသည်အထိ ရိုက်နှက်ချင် ရိုက်နှက်ကြမည်၊ ကိုယ်လက်အင်္ဂါများ ချို့တဲ့သွားအောင် လုပ်ချင်လုပ်ကြမည်၊ သို့မဟုတ် အဆင်းနီသော နဂါးကြီးထံ အပ်နှံချင် အပ်နှံကြမည်။ ယင်းက ကျွန်ုပ်ကို အဆုံးသတ်သွားစေမည်” ဟု ဆိုကြသည်။ သင်သည် အခက်အခဲကို မခံရပ်နိုင်ဘဲ သင်၏ ဝိညာဉ်ရင့်ကျက်မှုက အလွန်သေးငယ်သဖြင့် သင်သည် သင်၏လက်ရှိ အလုပ်တာဝန်ကို ကောင်းစွာ လုပ်ဆောင်သင့်သည်။ ယင်းသည် အမြော်အမြင်ရှိသော ရွေးချယ်မှု ဖြစ်မည်။ သင်သည် တာဝန်အမျိုးမျိုးကိုလည်းကောင်း၊ ဧဝံဂေလိ ဖြန့်ဝေခြင်းကိုလည်းကောင်း ထမ်းဆောင်နိုင်လျှင် အကောင်းဆုံးဖြစ်မည်မှာ အမှန်ပင်။ ဧဝံဂေလိဖြန့်ဝေခြင်းသည် ဧဝံဂေလိအဖွဲ့ဝင်များ၏ တာဝန်သာမက လူတိုင်း၏တာဝန် ဖြစ်လေသည်။ လူတိုင်းသည် ဘုရားသခင်၏ အမှုသစ်နှင့်ဆိုင်သော သတင်းကောင်းနှင့် ဝမ်း‌မြောက်ဖွယ် သတင်းစကားကို ဘုရားသခင်ထံမှ ကြားရပြီးဖြစ်သောကြောင့် ပို၍များသော လူတို့အနေဖြင့် သတင်းကောင်းကို ကြားရလျက် ဘုရားသခင်၏ အိမ်‌တော်သို့ ရောက်လာပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန်အတွက် သူ၏ရှေ့မှောက်သို့ ရောက်လာဖို့အလို့ငှာ ဤဧဝံဂေလိတရားကို ကြေညာရန် လူတိုင်း၌ တာဝန်နှင့် ဝတ္တရားရှိလေသည်။ ဤအရာသည် ဘုရားသခင်၏အလုပ်ကို တတ်နိုင်သမျှ ဆောလျင်စွာ အဆုံးသို့ရောက်ရှိရန် အခွင့်ပေးမည် ဖြစ်သည်။ ထိုကဲ့သို့သောအရာမှာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် ဖြစ်၏၊ ထိုသို့သောအရာမှာ သူ၏ ရည်ရွယ်ချက်ဖြစ်၏။

ဧဝံဂေလိဖြန့်ဝေသူအချို့သည် ဧဝံဂေလိတရားကို တစ်နေကုန် မအားမလပ်အောင် ဟောပြောကြလင့်ကစား နှစ်အတန်ကြာ ဟောပြောပြီးနောက် လူတစ်ဦးကိုမျှ သိမ်းသွင်းရရှိနိုင်ခြင်း မရှိကြပေ။ မည်သည့်အရာ ဖြစ်ပျက်သွားသနည်း။ ၎င်းတို့သည် အလုပ်ရှုပ်နေပုံ‌ပေါက်ပြီး ၎င်းတို့၏တာဝန်ကို အလွန်ပင် ဂရုတစိုက်ဖြင့် လုပ်ဆောင်ကြဟန်တူသည်။ သို့ဖြစ်လျှင် အဘယ့်ကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ သိမ်းသွင်းရရှိခြင်း မရှိသနည်း။ အမှန်တွင် ဧဝံဂေလိဖြန့်ဝေခြင်း တာဝန်အတွက် နားလည်ထားရမည့် သမ္မာတရားသည် အခြားတာဝန်များအတွက် နားလည်ထားရမည့် သမ္မာတရားများနှင့် တူညီသည်။ အကယ်၍ လူတစ်ဦးသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မရရှိဘဲ နှစ်အတန်ကြာ ဧဝံဂေလိဟောပြောနေပါက ဤသူ၌ ပြဿနာများရှိနေပြီဟု ဆိုလိုခြင်းဖြစ်သည်။ ဤပြဿနာများမှာ မည်သည့်အရာများ ဖြစ်သနည်း။ အဓိကပြဿနာမှာ ၎င်းတို့သည် ဧဝံဂေလိ ဖြန့်ဝေရာ၌ ရူပါရုံနှင့်ပတ်သက်သော သမ္မာတရားအပေါ် ရှင်းလင်းစွာ မိတ်သဟာယမပြုခြင်း ဖြစ်သည်။ ၎င်းတို့၏ မိတ်သဟာယပြုချက်က အဘယ့်ကြောင့် မရှင်းလင်းသနည်း။ ဤအတွက် ၎င်းတို့၏ အစွမ်းအစသည် အလွန် ညံ့ဖျင်းသောကြောင့် ဖြစ်လျှင်ဖြစ်၊ သို့မဟုတ်ပါက ၎င်းတို့သည် တစ်နေကုန် ကောင်းသော အကြောင်းပြချက်မရှိဘဲ အလုပ်ရှုပ်လွန်းသဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန် သို့မဟုတ် သမ္မာတရားအပေါ် ဆင်ခြင်တွေးဆရန်အတွက် အချိန်မရှိဘဲ မည်သည့်သမ္မာတရားကိုမျှ နားမလည်သည့်အပြင် မည်သည့် အယူအဆ၊ မည်သည့် မိစ္ဆာဒိဋ္ဌိအယူဝါဒ သို့မဟုတ် မည်သည့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့ခြင်းကိုမျှ မဖြေရှင်းနိုင်သောကြောင့် ဖြစ်နိုင်သည်။ အကယ်၍ ဤအကြောင်းရင်းနှစ်ခုလုံးက ထိုသူအတွက် မှန်ကန်နေလျှင် ၎င်းသည် ဧဝံဂေလိဖြန့်ဝေရမည့် သူ၏တာဝန်ကို ဖြည့်ဆည်းနိုင်မည်လော။ သူ့အနေဖြင့် လူတို့ကို သိမ်းသွင်းရရှိရန် အလွန်ခက်ခဲလိမ့်မည်ဖြစ်သည်ကို ငါစိုးရွံ့သည်။ သူသည် ဧဝံဂေလိဖြန့်ဝေခြင်းကို နှစ်‌ပေါင်းမည်မျှ လုပ်ကိုင်သည်ဖြစ်စေ သိသာထင်ရှားသော ရလဒ်ကို တွေ့ရမည် မဟုတ်ပေ။ သင်သည် ဧဝံဂေလိဖြန့်ဝေရန်အတွက် ရူပါရုံနှင့် သက်ဆိုင်သော သမ္မာတရားကို ဦးစွာနားလည်ရမည်။ လူတို့က မည်သည့်မေးခွန်းများကို မေးသည်ဖြစ်စေ သင့်အနေဖြင့် သမ္မာတရားကို ရှင်းလင်းလာအောင် မိတ်သဟာယပြုသရွေ့ ထိုသူတို့၏ မေးခွန်းများကို ဖြေနိုင်သည်။ သင်သည် ရူပါရုံနှင့်ဆိုင်သော သမ္မာတရားကို နားမလည်သည့်အပြင် မည်သို့ပင် မိတ်သဟာယပြုသည်ဖြစ်စေ ရှင်းလင်းအောင် မပြောဆိုနိုင်ပါက ဧဝံဂေလိတရားကို မည်ကဲ့သို့ဖြန့်ဝေစေကာမူ ရလဒ်များကို ရမည်မဟုတ်ပေ။ သင်သည် သမ္မာတရားကို နားမလည်ပါက သမ္မာတရားကိုရှာဖွေခြင်းနှင့် သမ္မာတရားအား မိတ်သဟာယပြုခြင်းကို အာရုံစိုက်သင့်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ဖတ်ရှုလျှင်၊ တရားဒေသနာများကို ပို၍နားထောင်လျှင်၊ ဧဝံဂေလိ ဖြန့်ဝေခြင်းနှင့်ဆိုင်သော သမ္မာတရားအပေါ် မိတ်သဟာယ ပို၍ပြုပြီး ရူပါရုံနှင့်ဆိုင်သော သမ္မာတရားကို အမှန်တကယ် နားလည်ရန်နှင့် အများဆုံးတွေ့နေကျ အယူအဆများနှင့် ဘာသာရေးသမားများ၏ ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ရူပါရုံနှင့်ဆိုင်သော သမ္မာတရားအပေါ် မိတ်သဟာယပြုရာ၌ အမြဲတမ်း ကြိုးစားပါက ရလဒ်များ လုံးဝ မရသည်ထက်စာလျှင် ရလဒ်အချို့ကို ရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဘုရားအမှုတော်၏ ရူပါရုံနှင့်ဆိုင်သော သမ္မာတရားကို နားမလည်နိုင်ခြင်းသည် လူတို့အနေဖြင့် ဧဝံဂေလိဖြန့်ဝေသောအခါ ရလဒ်များ မရရှိနိုင်သည့် အကြောင်းရင်းတစ်ခုပင် ဖြစ်သည်။ ထိုမျှသာမက သင်သည် မှန်သောလမ်းခရီးကို စုံစမ်းမေးမြန်းသောသူတို့ ထုတ်သည့် မေးခွန်းများကို သဘော‌ပေါက်ခြင်း သို့မဟုတ် နားလည်ခြင်း မရှိနိုင်သည်သာမက သင်သည် သူတို့၏ အကြီးမားဆုံးသော ပြဿနာများက မည်သည့်နေရာ၌ ရှိနေသည်ကို ရှာဖွေရန် သူတို့၏ အတွင်းစိတ်နှလုံးများကို မမြင်နိုင်သည့်အပြင် မှန်သောလမ်းခရီးကို သူတို့လက်မခံနိုင်အောင် တားဆီးနေသည့် အဓိကပြဿနာများကိုလည်း မစိစစ်နိုင်ပေ။ အကယ်၍ သင်သည် ဤပြဿနာများနှင့်ပတ်သက်၍ မသေချာနိုင်ပါက အခြားသူများထံ၌ ဧဝံဂေလိဖြန့်‌ဝေခြင်း သို့မဟုတ် ဘုရားသခင်အတွက် သက်သေခံခြင်းကို မပြုလုပ်နိုင်ပေ။ သင်သည် အနှစ်သာရမဲ့သော သဘောတရားများကို အသုံးပြုလျက် ဧဝံဂေလိဟောပြောခြင်းကို လက်တွေ့လုပ်ဆောင်ရုံသာ ပြုနေပါက အလုပ်ဖြစ်မည် မဟုတ်ချေ။ စုံစမ်းမေးမြန်းနေသော လူတို့က မေးခွန်းများကို စ‌မေးလိုက်သည်နှင့် ယင်းတို့ကို သင်ဖြေနိုင်မည် မဟုတ်တော့ပေ။ သြဝါဒအချို့အကြောင်း ပြောခြင်းဖြင့် မေးခွန်းများကို ဝတ်ကျေတမ်းကျေသာ ဖြေနိုင်မည်ဖြစ်သည်။ ဤပုံစံအတိုင်း ဧဝံဂေလိဖြန့်ဝေခြင်းက လူတို့ကို သိမ်းသွင်းရရှိမည်လော။ လုံးဝရရှိမည်မဟုတ်။ ကြိမ်ဖန်များစွာပင် စုံစမ်းမေးမြန်းနေသောသူတို့သည် မှန်သောလမ်းခရီးကို မဆိုင်းမတွ လက်ခံနိုင်ခြင်း မရှိသောအခါ ယင်းသည် သင်က ထိုသူတို့၏ မေးခွန်းများအတွက် ရှင်းလင်းသော အဖြေများ မပေးသောကြောင့်ဖြစ်သည်။ ထိုသို့ဖြစ်ပါက အချိန်ကြာမြင့်စွာ ယုံကြည်လာခဲ့သော သင်သည် ဤမေးခွန်းများအတွက် ရှင်းလင်းသော ဖြေရှင်းချက် မပေးနိုင်သည်မှာ အဘယ့်ကြောင့်နည်းဟူသည်ကို သူတို့ စူးစမ်းလိမ့်မည်။ သူတို့၏ စိတ်နှလုံးထဲတွင် ဤသည်မှာ မှန်သောလမ်းခရီး ဟုတ်မဟုတ်ဆိုသည်ကို သံသယ ဝင်မည်ဖြစ်သောကြောင့် ယင်းကို ယုံကြည်ခြင်း သို့မဟုတ် လက်ခံခြင်း ပြုဝံ့မည်မဟုတ်ပေ။ ဤသည်မှာ တကယ့်အခြေအနေ မဟုတ်လော။ ဤသည်မှာ လူတို့အနေဖြင့် ဧဝံဂေလိဖြန့်ဝေရာ၌ ရလဒ်များ မရရှိနိုင်သည့် ဒုတိယအကြောင်းရင်း ဖြစ်၏။ အကယ်၍ သင်သည် ဧဝံဂေလိဖြန့်ဝေချင်သော်လည်း တကယ့်ပြဿနာများကို မဖြေရှင်းနိုင်ပါက လူတို့ကို ဧဝံဂေလိဖြန့်ဝေဖို့ မည်သို့မျှ မဖြစ်နိုင်ချေ။ သမ္မာတရားကို နားမလည်လျှင် သူတို့၏ပြဿနာများကို မည်သို့ ဖြေရှင်းနိုင်မည်နည်း။ ထို့ကြောင့် သင်သည် ဧဝံဂေလိဖြန့်ဝေရာ၌ ရလဒ်များ ရရှိလိုပါက သမ္မာတရားကို ရှာဖွေရန်နှင့် စုံစမ်းမေးမြန်းသော လူတို့ထုတ်သော မေးခွန်းများအားလုံးကို လုံးစေ့ပတ်စေ့ နားလည်ရန်အတွက် ကြိုးစားရမည်။ ဤပုံစံဖြင့် သူတို့အား သမ္မာတရားကို မိတ်သဟာယပြုခြင်းအားဖြင့် သူတို့၏ မေးခွန်းများကို သင် အဖြေပေးနိုင်သည်။ ဧဝံဂေလိ ဖြန့်ဝေသူအချို့က “ဤလူတို့သည် ကိုင်တွယ်ဖြေရှင်းရ အလွန်ခက်သည်။ တွေ့လိုက်သမျှ အတွေးအခေါ်များက သူ့ထက်ငါ ပိုပို၍ လိုရာဆွဲပြောဖွယ်ရှိလာကြပြီး သူတို့ထဲမှ မည်သူမျှ သမ္မာတရားကို လက်မခံပေ။ သူတို့သည် ဆိုဆုံးမရန်ခက်ပြီး ခေါင်းမာကြကာ ဘာသာရေး အယူအဆများကို အစဉ် ဖက်တွယ်ထားကြသည်” ဟု ဆိုလျက် ဆင်ခြေတစ်ခုအဖြစ် အသုံးဝင်နိုင်သည့် ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်တစ်ခုခုကို အမြဲရှာတတ်ကြသည်။ ထိုကဲ့သို့သော ဧဝံဂေလိဖြန့်ဝေသူများသည် ဤလူတို့၏ အခက်အခဲများနှင့် ပြဿနာများကို ဖြေရှင်းပေးဖို့ ကြိုးစားမည် မဟုတ်သောကြောင့် ဧဝံဂေလိဖြန့်ဝေရန် ကြိုးစားသည့် အချိန်တိုင်းတွင် အောင်မြင်မည်မဟုတ်ပေ။ ၎င်းတို့သည် ချစ်ခြင်းမေတ္တာ စိုးစဉ်းမျှပင် ကင်းမဲ့ပြီး ဤတာဝန်၌ ကြာရှည်စွာ ကြိုးစားသည်းခံနိုင်ခြင်း မရှိပေ။ အပြင်ပန်းတွင် ၎င်းတို့က အရမ်းအလုပ်ရှုပ်နေပုံ‌ပေါက်သော်လည်း အမှန်မှာမူ မှန်သောလမ်းခရီးကို စုံစမ်းမေးမြန်းနေသော လူတစ်ဦးစီအတွက် ကြိုးပမ်းအားထုတ်မှု အလုံအလောက် မရှိခဲ့ပေ။ ၎င်းတို့သည် ဤလူတို့မေးသော မေးခွန်းများကို လေးလေးနက်နက်နှင့် တာဝန်ယူမှုရှိသော ပုံစံဖြင့် သဘောမထားကြပေ။ ၎င်းတို့သည် ဖြေရှင်းချက်တစ်ခု ရရှိဖို့၊ ဤမေးခွန်းများကို တစ်ဆင့်ချင်း ဖြေရှင်းဖို့နှင့် နောက်ဆုံးတွင် ထိုလူတို့ကို သိမ်းသွင်းရရှိဖို့အတွက် သမ္မာတရားကို မရှာဖွေကြပေ။ ထိုအစား တော်ရိလျော်ရိ လုပ်နေကြခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် လူမည်မျှကို လက်လွတ်သွားသည် ဖြစ်စေ၊ တစ်ထေရာတည်းသော လုပ်နည်းကိုင်နည်းဖြင့်သာ လုပ်ဆောင်နေဆဲ ဖြစ်သည်။ ၎င်းတို့သည် ရက်အနည်းငယ် အလုပ်လုပ်ပြီးနောက် ရက်အနည်းငယ် အနားယူကြသည်။ ဧဝံဂေလိဖြန့်ဝေခြင်းကို မည်သို့ နားလည်သဘောပေါက်ကြသနည်း။ ၎င်းတို့သည် ယင်းကို ကစားနည်းတစ်ခု၊ လူမှုပေါင်းသင်းဆက်ဆံရေး ပုံစံတစ်ခုဖြစ်အောင် လုပ်ကြသည်။ ၎င်းတို့က “ယနေ့ ဤကဲ့သို့သောလူတို့နှင့် ငါတွေ့ဆုံပြီး ပျော်ပျော်ပါးပါး အချိန်ဖြုန်းလိုက်မည်။ နက်ဖြန် ထိုကဲ့သို့သောလူတို့နှင့် တွေ့ဆုံပြီး ယင်းက အသစ်အဆန်းဖြစ်၍ စိတ်ဝင်စားစရာ ကောင်းမည်” ဟု စိတ်ကူးကြသည်။ နောက်ဆုံးတွင်မူ ၎င်းတို့သည် မည်သူ့ကိုမျှ သိမ်းသွင်းရရှိခြင်း လုံးဝမရှိပေ။ ၎င်းတို့သည် တစ်ဦးတစ်ယောက်ကိုမျှ မရရှိနိုင်သည့် ဤကျရှုံးခြင်းအတွက်ကြောင့် မည်သည့်အရှက်ရခြင်းကိုဖြစ်စေ၊ မည်သည့်ဝန်တာစိတ်ကိုဖြစ်စေ လုံးဝမခံစားရပေ။ ဤပုံစံအတိုင်း ဧဝံဂေလိဖြန့်ဝေခြင်းအားဖြင့် ၎င်းတို့သည် မိမိတို့၏တာဝန်ကို ဖြည့်ဆည်းနိုင်သလော။ ၎င်းတို့သည် ဝတ်ကျေတမ်းကျေဖြစ်နေပြီး ဘုရားသခင်ကို လှည့်ဖြားရန် ကြိုးစားနေသည် မဟုတ်လော။ ဤပုံစံအတိုင်း အမြဲတမ်း ဧဝံဂေလိဖြန့်ဝေလာခဲ့သော လူတစ်ဦးသည် မိမိ၏တာဝန်ကို အမှန်တကယ် ထမ်းဆောင်နေခြင်းမရှိပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် မိမိ၏တာဝန်ကို လုံးဝ မဖြည့်ဆည်းရသေးသောကြောင့်တည်း။ ၎င်းသည် အရာရာ၌ ဝတ်ကျေတမ်းကျေပြုသည်။ ဧဝံဂေလိဖြန့်ဝေရာ၌ အခြားမည်သည့် အကြောင်းရင်းများက လူတို့အား သိမ်းသွင်းရရှိဖို့ မအောင်မြင်စေရသနည်း။ ငါ့အားပြောလော့။ (ဧဝံဂေလိတရားကို စည်းမျဉ်းများနှင့်အညီ မဖြန့်ဝေခြင်း ဖြစ်ပါသည်။) လူတို့သည် ဧဝံဂေလိဖြန့်ဝေသောအခါ ကိန်းဂဏန်းများကိုသာ အရေးထားသည်မှာ ဖြစ်တတ်သည်။ ထိုသို့သောလူတို့သည် စည်းမျဉ်းများအတိုင်း မဟောပြောသဖြင့် လူတို့ကို သိမ်းသွင်းရရှိဖို့ ယေဘုယျအားဖြင့် မအောင်မြင်ကြပေ။ ဧဝံဂေလိအဖွဲ့ထဲမှ လူအချို့သည် ပိုများသောလူတို့ထံ ဧဝံဂေလိဖြန့်ဝေသောသူက ချီးကျူးဂုဏ်ပြုမှု ပိုရရှိမည်ဟု တွေးထင်လျက် ဧဝံဂေလိလက်ခံရန် အလားအလာရှိသူများကို စိတ်အားထက်သန်စွာ အပြိုင်လုကြသည်မှာလည်း ဖြစ်တတ်သည်။ ဧဝံဂေလိလက်ခံရန် အလားအလာရှိသူများက ၎င်းတို့ ဤပုံစံဖြင့် ပြိုင်ဆိုင်ကြကြောင်းကို တွေ့မြင်သောအခါ ထိုသူတို့သည် တည်ဆောက်ပေးခြင်း ခံရမည်မဟုတ်ပေ။ ထိုအစား ထိုသူတို့၏ စိတ်ထဲ၌ “ဘုရားသခင်ကို ယုံကြည်သူများဖြစ်သော သင်တို့သည် မစည်းလုံးကြ၊ သင်တို့ကြားတွင် မနာလိုမှုနှင့် ပဋိပက္ခရှိသည်” ဟူသော အယူအဆများ ထွက်ပေါ်လာမည်။ ထို့နောက် ထိုသူတို့က ယုံကြည်ချင်ကြမည် မဟုတ်တော့ပေ။ ဤသည်မှာ အတားအဆီးတစ်ခု ဖြစ်၏။ ဤသည်မှာ ဧဝံဂေလိ ဖြန့်ဝေသောအခါ လူတို့ကို သိမ်းသွင်းရရှိဖို့ မအောင်မြင်ရခြင်း အကြောင်းရင်း၏ တစ်စိတ်တစ်ဒေသလည်း ဟုတ်သလော။ (ဟုတ်ပါသည်။) ဧဝံဂေလိလက်ခံရန် အလားအလာရှိသူ အချို့သည် လူ့အဖွဲ့အစည်းထဲ၌ အချိန်ကြာမြင့်စွာ နေထိုင်လာကြပြီဖြစ်ပြီး လူပေါင်းစုံ၊ အထူးသဖြင့် လူစိမ်းများကို သတိချပ်ကြသည်။ အကယ်၍ မိတ်ဆက်ပေးမည့် ကြားခံလူမရှိပါက လူတစ်ဦးကို ပထမဆုံး တွေ့ဆုံသောအခါ သတိထားကြမည်ဖြစ်သည်။ ဥပမာ သင်သည် လူစိမ်းတစ်ဦးကို ယခုမှ စတွေ့သည်ဆိုပါက မိမိ၏အမည်၊ လိပ်စာနှင့် ဖုန်းနံပါတ်တို့ကို သင် လက်လွတ်စပယ် ပြောပြမည် မဟုတ်သည်မှာ သေချာ၏။ ထိုသူနှင့် သင်ရင်းနှီးလာသောအခါ၊ တစ်ဦးနှင့်တစ်ဦး သိကျွမ်းလာသောအခါ၊ ထိုသူသည် သင့်အပေါ် စိတ်ပုပ်စိတ်ယုတ် မထားမှန်း သင်သိသောအခါ သင်တို့သည် မိတ်ဆွေများ ဖြစ်လာကြမည်။ ထိုအခါမှသာ သင်သည် ဤအချက်အလက်များကို သူ့အား ပေးမည်ဖြစ်သည်။ သို့သော်လည်း ဧဝံဂေလိဖြန့်ဝေသောသူ အချို့သည် လူတို့ကို နားမလည်တတ်သောကြောင့် လူတို့က ၎င်းတို့နှင့်ပတ်သက်၍ သတိထားသောအခါ ၎င်းတို့က ဤသူတို့ကို လှည့်စားတတ်ပြီး ကောက်ကျစ်ဆိုးယုတ်သည်ဟု ခေါ်ကြသည်။ ၎င်းတို့သည် ထိုသူတို့၏ ကာကွယ်တတ်သော စိတ်ဓာတ်ကို ရှုတ်ချကာ ၎င်းတို့ကိုယ်တိုင်၏ တာဝန်ကို အခြားသူများထံ လွှဲချကြသည်။ ထိုဧဝံဂေလိဖြန့်ဝေသူများသည်လည်း လူစိမ်းများကို သတိထားကြသည် မဟုတ်လော။ အဘယ့်ကြောင့် သူတို့ကိုယ်သူတို့ မရှုတ်ချဘဲ သတိထားခြင်းသည် အမြော်အမြင်ရှိခြင်းဖြစ်သည်ဟု သူတို့ကိုယ်သူတို့ ထင်ကြသနည်း။ ဤပုံစံဖြင့် လူတို့ကို ဆက်ဆံသည်မှာ မတရားပေ။ ဧဝံဂေလိဖြန့်ဝေသောသူ အချို့က ဧဝံဂေလိလက်ခံရန် အလားအလာရှိသူများအား တွေ့လျှင်တွေ့ချင်း သူတို့၏ ကိုယ်ရေးအချက်အလက်များကို တောင်းတတ်ကြသည်။ အကယ်၍ တစ်ယောက်ယောက်က ၎င်းတို့အား မပေးလိုပါက ဤသို့သော ဧဝံဂေလိ ဖြန့်ဝေသူမျိုးသည် ဤသူကို ဟောပြောချင်ကြမည် မဟုတ်ပေ။ ဤသည်မှာ မည်ကဲ့သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ယင်းမှာ အငြိုးထားသော စိတ်သဘောထားဖြစ်၏။ ၎င်းတို့သည် တစ်ယောက်ယောက်က ထိုသို့သော ကိစ္စလေး၌ ၎င်းတို့၏ တောင်းဆိုချက်များကို မလိုက်လျောပေးရုံမျှဖြင့် စိတ်ဆိုးလာပြီး ဧဝံဂေလိဟောပြောရန် ငြင်းကြသည်။ စက်ဆုပ်ဖွယ် ကောင်းလိုက်လေခြင်း။ သင်သည် အခြားသူများကို အဘယ့်ကြောင့် ဧဝံဂေလိဖြန့်ဝေလိုသနည်း။ ဤသည်မှာ သင်၏တာဝန်ကို လုပ်ဆောင်နေခြင်း မဟုတ်လော။ အကယ်၍ သင်သည် စိတ်ရှိသလို ပြုမူပါက ဤသည်မှာ သင်၏တာဝန်ကို လုပ်ဆောင်နေခြင်း ဟုတ်သေးသလော။ ဤသည်မှာ အလုပ်လုပ်ပေးနေခြင်းသက်သက်ပင် မဟုတ်လော။ သင်သည် ဘုရားသခင်ထံ မည်ကဲ့သို့ စာရင်းရှင်းမည်နည်း။ သင် လုံးဝ နောင်တမရလျှင် ဘုရားသခင်သည် သင့်ကို ရှုတ်ချပြစ်တင်ပြီး ဖယ်ရှားရှင်းလင်းမည်ဖြစ်သည်။ သင်သည် မိမိကိုယ်မိမိ ဒုက္ခပေးနေခြင်း ဖြစ်သည်။

ဧဝံဂေလိအဖွဲ့နှစ်ဖွဲ့မှ အဖွဲ့သားများက ဧဝံဂေလိလက်ခံရန် အလားအလာရှိသူတစ်ဦးနှင့် တွေ့ဆုံခဲ့သည့် ကိစ္စရပ်တစ်ခုကို ကြားမိသည်။ ထိုစဉ်က မိမိတို့သည် ဤလူနှင့် အရင်ဆုံး ဆက်သွယ်ခဲ့သောသူများ ဖြစ်သည်ဟုဆိုလျက် တစ်ဦးနှင့်တစ်ဦး ငြင်းခုံကြသည်။ ဤအရာနှင့်ပတ်သက်၍ ငြင်းခုံခြင်းက မည်သည့်အကျိုးရှိသနည်း။ ဤသည်မှာ မသိနားမလည်မှုကိစ္စ ဖြစ်သလော။ ဤသည်မှာ ပြုမူ၍မရသည့် အရာတစ်ခုဖြစ်၏။ သို့ဖြစ်လျှင် လုပ်သင့်လုပ်ထိုက်သောအရာမှာ အဘယ်နည်း။ လူတိုင်းက ထိုကိစ္စကို အတူတကွဆွေးနွေးဖို့လိုသည်။ မည်သူက အရင်ဆုံး အဆက်အသွယ် လုပ်ခဲ့သည်မှာ အရေးမကြီးပေ။ သင်တို့သည် ထိုသူတစ်ဦးတည်းကို ဆက်သွယ်မိပြီဖြစ်ကြောင်း တွေ့ရှိသောအခါ ဧဝံဂေလိကို အတူတကွ ဖြန့်ဝေလော့၊ လုပ်ငန်းခွဲဝေပြီး အတူတကွ ပူးပေါင်းလုပ်ဆောင်လော့။ အကယ်၍ သင်သည် ဤသူထံ ဧဝံဂေလိဆောင်ကြဉ်းပေးဖို့ နှစ်လတာအချိန်ယူရန် ကနဦး၌ စီစဉ်ထားခဲ့သည်ဆိုလျှင် သင်၌ အခြားလူများလည်းရှိသဖြင့် တစ်လအတွင်းသာ ကြိုးစားလုပ်ဆောင်လော့။ ထို့နောက် ဧဝံဂေလိလက်ခံရန် အလားအလာရှိသူ၏ ပြဿနာများနှင့် အခက်အခဲများနှင့်ပတ်သက်၍ ဤအရေးကိစ္စများကို ဖြေရှင်းရန်အလို့ငှာ အားလုံးက မည်သည့်သမ္မာတရား သွင်ပြင်လက္ခဏာများနှင့်ပတ်သက်၍ ရှာဖွေဖို့လိုအပ်ကြောင်းနှင့် ထိုအဖွဲ့နှစ်ဖွဲ့သည် မည်သို့ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း အစရှိသည်တို့အပေါ် လူတိုင်းက မိတ်သဟာယပြုသင့်သည်။ ဤသို့ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ ဤလူကို သိမ်းသွင်းရရှိရန်နှင့် သင်၏တာဝန်ကို ဖြည့်ဆည်းရန် ဖြစ်သည်။ လူတိုင်းက စိတ်သဘော တစ်ညီတစ်ညွတ်တည်း ဖြစ်ကာ အတူတကွ မိတ်သဟာယပြုပြီး ၎င်းတို့၏ ကြိုးပမ်းမှုများကို တူညီသော ရည်မှန်းချက်ပန်းတိုင်သို့ ဦးတည်သောအခါ သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့ကို ဉာဏ်အလင်းပေးပြီး ဦးဆောင်မည်ဖြစ်သည်။ လူတို့သည် စည်းလုံးညီညွတ်သောအခါ အမှုအရာများကို အလွယ်တကူ ပြီးမြောက်အောင်မြင်နိုင်ကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် လမ်းညွှန်မှုကို ရရှိလိမ့်မည်။ သို့ရာတွင် သင်သည် ဤပုံစံအတိုင်း မလုပ်ဆောင်ပါက၊ အခြားသူများနှင့် အမြဲတမ်း ပြိုင်ဆိုင်ပါက၊ သင်သည် မိမိ၏ ကိုယ်ပိုင်အလုပ်ကိစ္စကို အမြဲတမ်း စီမံနေပါက၊ သင်ကိုယ်တိုင်နှင့် အခြားသူများကြားတွင် အမြဲတမ်း ပြတ်ပြတ်သားသား စည်းခြားထားပါက၊ ထို့အပြင် ဧဝံဂေလိဖြန့်ဝေသောအခါ သင့်အတွက်သင် ဟောပြောပြီး ကျွန်ုပ်ဘာသာကျွန်ုပ် လူတို့ကို သိမ်းသွင်းရရှိမည်ဟုဆိုလျက် လူတို့ကို သင်ကိုယ်တိုင် သိမ်းသွင်းရရှိဖို့ အရေးကိုသာ ဂရုစိုက်ပါက သင်သည် စိတ်သဘော တစ်ညီတစ်ညွတ်တည်းဖြင့် သင့်တာဝန်ကို ဖြည့်ဆည်းနိုင်မည်လော။ တစ်ခါတစ်ရံ လူတို့သည် မိမိတို့၏ တာဝန်များကို မိမိဘာသာ လုပ်ဆောင်နိုင်သော်လည်း ကျန်သည့်အချိန်များတွင် အသင်းတော်၏အလုပ်ကို ကောင်းမွန်စွာ ထမ်းဆောင်ဖို့ရန်အတွက် လူတိုင်းက အတူတကွ သဟဇာတကျကျ လုပ်ဆောင်ဖို့လိုသည်။ အကယ်၍ လူတိုင်းသည် မိမိဘာသာပြုမူပြီး သဟဇာတကျကျ ပူးပေါင်းလုပ်ဆောင်ခြင်း မရှိပါက အသင်းတော်၏အလုပ်ကို ရှုပ်ထွေးစေမည် ဖြစ်သည်။ ဤအရာအတွက် မည်သူက တာဝန်ယူမည်နည်း။ လူတိုင်း၌ တာဝန်ရှိပြီး အဓိကကြီးကြပ်သူက ပိုကြီးသော တာဝန်ကို မျှဝေခံယူရသည်။ သင်သည် အသင်းတော်၏အလုပ်ကို ရှုပ်ထွေးစေသောအခါ သင်၏တာဝန်ကို ကောင်းမွန်စွာ လုပ်ဆောင်ဖို့ ပျက်ကွက်သည်သာမက ကြီးမားသော မကောင်းမှုကိုလည်း ကျူးလွန်ကာ ဘုရားသခင်၏ အလွန်မုန်းတီးစက်ဆုပ်ခြင်းနှင့် ရွံရှာခြင်းကို ဖြစ်ပေါ်စေလေသည်။ ထိုအခါ သင် ဒုက္ခရောက်လေပြီ။ ဘုရားသခင်သည် သင့်အား အသင်းတော်၏အလုပ်ကို အနှောင့်အယှက်ပေးသည့် ဆိုးယုတ်သော လူတစ်ဦး သို့မဟုတ် အန္တိခရစ်တစ်ဦးအဖြစ် ပြစ်တင်ရှုတ်ချပါက ပို၍ပင် ဆိုးဝါးမည်။ သင်သည် ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကို ဧကန်မုချ ခံရမည်ဖြစ်ပြီး အပြစ်ဒဏ်ပေးခြင်းကိုပင် ခံရမည်ဖြစ်သည်။ အကယ်၍ သင်သည် သင်၏တာဝန်ကို စွန့်ခွာလျှင် ဤသည်မှာ မည်သည့်အရာနှင့် တူညီသနည်း။ သင်သည် ဘုရားသခင်၏ အမှုတော်၌ ပါဝင်မှုမရှိသည့်အပြင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိမည်မဟုတ်ပေ။ သင်သည် ဘာသာတရားမရှိသူများထဲမှ တစ်ဦးဖြစ်ပြီး သင့်ဘဝ၏အဓိပ္ပာယ် ပျောက်ဆုံးလိမ့်မည်။ ယနေ့ သင်သည် မည်သည့်အရာအတွက် အသက်ရှင်နေသနည်း။ ဧဝံဂေလိအဖွဲ့အား မည်သည့်တန်ဖိုးကို သင် ဆောင်ကြဉ်းပေးသနည်း။ သင်သည် လူတစ်ဦးအဖြစ် သင်၏တန်ဖိုးကို မည်သို့ထင်ဟပ်စေနိုင်သနည်း။ သင်သည် သင်၏တာဝန်များကို လက်တွေ့ကျသော ပုံစံဖြင့် ဖြည့်ဆည်းရမည်၊ သင်၏တာဝန်ကို ကောင်းစွာ လုပ်‌ဆောင်ရမည်ဖြစ်ပြီး “ကျွန်ုပ်သည် ဧဝံဂေလိဖြန့်ဝေခြင်းဖြင့် လူအချို့ကို သိမ်းသွင်းရရှိပြီးဖြစ်သည်။ အရာရာကို ကျွန်ုပ်၏ တတ်နိုင်စွမ်းဖြင့် လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်သည် ညံ့ဖျင်းသော အစွမ်းအစရှိပြီး သမ္မာတရားစစ်မှန်မှု အနည်းငယ်ကိုသာ ပိုင်ဆိုင်သော်လည်း ကျွန်ုပ်တတ်နိုင်သမျှ အကောင်းဆုံးကို လုပ်ဆောင်ခဲ့လေပြီ။ ကျွန်ုပ်၏တာဝန်ကို လက်လျှော့ခြင်း၊ စိတ်မကောင်းခြင်း၊ အပျက်သဘောဆောင်စွာ ခံစားခြင်းနှင့် အချောင်ခိုခြင်းမရှိဘဲ၊ သို့တည်းမဟုတ် ကျော်ဇောမှု သို့မဟုတ် အကျိုးအမြတ်ရရှိရန် ကြိုးစားခြင်း မရှိဘဲ လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ အဆိုပါအရာများအစား ကျွန်ုပ်သည် ဧဝံဂေလိဟောပြောရာ၌ အနည်းငယ်မျှ အရှက်ကွဲခြင်းထက် ပို၍ဒုက္ခခံစားခဲ့ပြီ၊ ဘာသာရေးအသိုင်းအဝိုင်း၏ စော်ကားမှုများနှင့် နှင်ထုတ်ခြင်းများကို ကြံ့ကြံ့ခံခဲ့ပြီဖြစ်ပြီး တာဝန်ဝတ္တရားကို ဖြည့်ဆည်းရာတွင် ဆူးခင်းလမ်းလျှောက်ခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်သည် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းကို တွေ့ကြုံခဲ့ပြီ ဖြစ်သော်လည်း မိမိ၏တာဝန်ကို စွန့်ပစ်မထားဘဲ ဧဝံဂေလိဖြန့်ဝေခြင်း၌ အမြဲတမ်း သည်းခံကြိုးပမ်းခဲ့လေသည်။ ကျွန်ုပ်အား ဘုရားသခင်ပေးခဲ့သော ကွယ်ကာမှုနှင့် လမ်းညွှန်မှုအတွက် ကိုယ်တော့်ကိုကျေးဇူးတင်ပါ၏” ဟု ဆိုလျက် ဘုရားသခင်ကို အာမခံချက်များ ပေးနိုင်ရမည်ဖြစ်သည်။ ဤသည်မှာ သင်၏တာဝန်များကို အမှန်တကယ် ဖြည့်ဆည်းခြင်း၏ ဆိုလိုရင်းဖြစ်သည်။ နေ့ရက်အချိန် ကျရောက်သောအခါ သင်သည် ဘုရားသခင်ရှေ့မှောက်သို့ ဤသို့ရှင်းလင်းသော အသိတရားနှင့် ရောက်လာပြီး ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြနိုင်လိမ့်မည်။ သင်သည် ဧဝံဂေလိလက်ခံရန် အလားအလာရှိသူ များစွာကို တွေ့ကောင်းတွေ့ခဲ့မည် ဖြစ်သော်လည်း လူများစွာကို သိမ်းသွင်းရရှိခဲ့ခြင်း မရှိပေ။ သို့သော်လည်း သင်၏ အစွမ်းအစနှင့် သင်၏လုပ်ဆောင်မှုများအပေါ် အခြေခံ၍ သင်၏အကောင်းဆုံး ကြိုးပမ်းလုပ်ဆောင်ခြင်းအားဖြင့် သင်တတ်နိုင်သမျှ လူအားလုံးကို သိမ်းသွင်းရရှိခဲ့ပေသည်။ ဤသို့ဆိုပါက ဘုရားသခင်သည် သင့်ကို မည်ကဲ့သို့ တန်ဖိုးဖြတ်မည်နည်း။ သင်သည် တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်ခဲ့ပြီး ဖြစ်သည်။ သင်သည် အကောင်းဆုံးကြိုးစားခဲ့ပြီး တာဝန်၌ သင်၏စိတ်နှလုံး တစ်ခုလုံးကို ပေးအပ်ခဲ့ပြီးဖြစ်သည်။ ဧဝံဂေလိလက်ခံရန် အလားအလာရှိသူများထံ ဧဝံဂေလိ ဖြန့်ဝေရန်အလို့ငှာ သင်သည် ရူပါရုံနှင့်ဆိုင်သော သမ္မာတရားဖြင့် မိမိကိုယ်ကို ပြင်ဆင်ထားရန် ကြိုးပမ်းခဲ့ပြီဖြစ်ပြီး သမ္မာကျမ်းစာမှ ဆီလျော်သော ကျမ်းပိုဒ်များကို အကျွမ်းဝင်အောင် လေ့ကျက်ခဲ့ပြီးဖြစ်သည်။ သင်သည် အလွတ်ကျက်မှတ်ဖို့ လိုအပ်သည့်အရာကို အလွတ်ကျက်မှတ်ခဲ့ပြီး အလွတ် မရနိုင်သည့်အရာကို ချရေးခဲ့သည်။ ဧဝံဂေလိဖြန့်ဝေသောအခါ မည်သူနှင့် တွေ့ဆုံခဲ့ပြီး ထိုသူတို့က မည်သည့်မေးခွန်းများကို မေးမြန်းခဲ့သည်ဖြစ်စေ ဖြေရှင်းချက်တစ်ခုကို ပေးစွမ်းနိုင်ခဲ့လေသည်။ ဤသို့ဖြင့် သင်၏အလုပ်ဖြစ်သော ဧဝံဂေလိဖြန့်ဝေခြင်းက ပို၍ပို၍ ထိရောက်မှုရှိခဲ့ပြီး လူတို့ကို ပို၍ သိမ်းသွင်းရရှိနိုင်ခဲ့သည်။ ဧဝံဂေလိဖြန့်ဝေသောအခါ လူတို့ကို ပို၍ သိမ်းသွင်းရရှိရန်အတွက်၊ ဤတာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်နှင့် သင်၏ ဝတ္တရားများကို ဖြည့်ဆည်းရန်အတွက် သင်သည် မိမိကိုယ်တိုင်၏ ချို့ယွင်းချက်များ၊ အားနည်းချက်များနှင့် အပျက်သဘောဆောင်သော စိတ်ခံစားမှုများအပါအဝင် သင့်အထဲ၌ ရှိသည့် အခက်အခဲများစွာကို ကျော်လွှားနိုင်ခဲ့သည်။ ဤအရာအားလုံးကို သင်ကျော်လွှားနိုင်ခဲ့ပြီး ဤလုပ်ငန်းတာဝန်အတွက် များစွာသော အချိန်ကို ပေးအပ်မြှုပ်နှံခဲ့ပေသည်။ သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်အတွက် ထိုကဲ့သို့သော အခက်အခဲများကို ကျော်လွှားရန် လိုအပ်သလော။ (လိုအပ်ပါသည်။) ထို့ထက်မက မှန်သောလမ်းခရီးသို့ စုံစမ်းမေးမြန်းသူတို့အား ဘုရားသခင်၏ အသံတော်ကို ကြားရအောင် ပို့ဆောင်ပေးရန်အတွက်၊ ဘုရားသခင်၏အလုပ်ကို သိရှိနားလည်ပြီး မှန်သောလမ်းခရီးကို လက်ခံရန်အတွက် သင့်အနေဖြင့် ဘုရားသခင်၏အလုပ်ကို ပို၍ကောင်းမွန်စွာ သက်သေခံနိုင်ရန်အလို့ငှာ သမ္မာတရားကို ပို၍ နားလည်ဖို့လိုအပ်သည်။ သမ္မာတရားအပေါ် သင်၏ မိတ်သဟာယပြုချက်က မည်မျှနက်သည်ဖြစ်စေ၊ မည်မျှတိမ်သည်ဖြစ်စေ ချစ်ခြင်းမေတ္တာနှင့် စိတ်ရှည်သည်းခံမှု ရှိသင့်သည်။ နားထောင်သူများက သင့်ကို ပြက်ရယ်ပြုကောင်းပြုမည်၊ စော်ကားကောင်း စော်ကားမည်၊ ငြင်းပယ်ကောင်း ငြင်းပယ်မည်၊ သို့မဟုတ် သင့်ကို နားလည်ကောင်း နားလည်မည်မဟုတ်၊ မည်သို့ဆိုစေ ဤအရာကို သင် မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ပြီး သူတို့အား သမ္မာတရားနှင့်ပတ်သက်၍ စိတ်ရှည်လက်ရှည် မိတ်သဟာယ ပြုပေးနိုင်သည့်အပြင် သင်သည် ဤအတိုင်းအတာအထိအောင် များစွာသော ကြိုးပမ်းမှုကို ရင်းနှီးမြှုပ်နှံပြီးဖြစ်ကာ ကြီးစွာသော အဖိုးအခကို ပေးဆပ်ပြီးပြီဆိုလျှင် သင်၏တာဝန်များကို ဖြည့်ဆည်းခဲ့ပြီဖြစ်သည်။ တာဝန်ကို ဤပုံစံအတိုင်း ထမ်းဆောင်ခြင်းသည် ပြည့်ပြည့်ဝဝ ထမ်းဆောင်ခြင်းပင် ဖြစ်သည်။

ဧဝံဂေလိဖြန့်ဝေသူအချို့က မိသားစု၏ ချမ်းသာကြွယ်ဝမှုနှင့် လူမှုရေးအဆင့်အတန်းကြောင့် မာနထောင်လွှားသည့် ဧဝံဂေလိလက်ခံရန် အလားအလာ ရှိသူတစ်ဦးကို တွေ့ဆုံသောအခါ ၎င်းတို့သည် အမြဲတမ်း သိမ်ငယ်ပြီး ထိုသူ၏ရှေ့၌ မတ်တပ်ရပ်သောအခါ အနေရခက်ကြသည်။ ဤကသိကအောက်ဖြစ်မှုက သင်၏ တာဝန်ထမ်းဆောင်ခြင်းကို ထိခိုက်မည်လော။ ယင်းက သင့်ကို ထိခိုက်သောကြောင့် သင်သည် မိမိ၏တာဝန်ကို ကောင်းစွာ မလုပ်ဆောင်နိုင်သည့်အပြင် သင်၏ တာဝန်ဝတ္တရားများကို မဖြည့်ဆည်းနိုင်ပါက သင်သည် မိမိ၏တာဝန်ကို ထမ်းဆောင်နေခြင်း မရှိပေ။ အကယ်၍ ယင်းက သင့်ကို မပျော်ရွှင်အောင်နှင့် ကသိကအောက်ဖြစ်အောင် ဖန်တီးလျက် သင်၏ စိတ်အခြေအနေကိုသာ ထိခိုက်သော်လည်း အဆုံးတွင် သင်သည် အလုပ်ပြီးမြောက်ကာ ကောင်းစွာ လုပ်ဆောင်ဖို့အလို့ငှာ သင်၏တာဝန်ကို စွန့်ပစ်မသွားပါက သို့မဟုတ် သင်၏ တာဝန်များနှင့် ဝတ္တရားများကို မေ့လျော့မသွားပါက သင်သည် တာဝန်ကို အမှန်တကယ် ဖြည့်ဆည်းခဲ့ပြီဖြစ်သည်။ ဤသည်မှာ အမှန်တရားလော။ (ဟုတ်ပါသည်။) ဤသည်မှာ အမှန်တရားဖြစ်ပြီး လူတိုင်းက ယင်းကို လက်ခံသင့်သည်။ ဤသည်မှာ သင့်ကိုယ်သင် တွေ့ရှိကောင်းတွေ့ရှိနိုင်မည့် အခြေအနေတစ်ခုလော။ သာဓကအားဖြင့် ဧဝံဂေလိလက်ခံသူအချို့က သင်သည် ကျေးလက်ဒေသမှ လာသောကြောင့် သင့်ကို အထင်သေးကောင်းသေးမည်။ ထိုသူတို့က သင့်ကို သိမ်ငယ်ပင် သိမ်ငယ်စေနိုင်မည်။ ဤအရာကို သင် မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း။ သင်က “သင်သည် မြို့ပြရှိ အခွင့်ထူးခံဘဝဖြင့် မွေးဖွားခဲ့စဉ် ကျွန်ုပ်သည် ဝေးလံသော ကျေးလက်ဒေသတွင် ဆင်းရဲနုံချာစွာ မွေးဖွားခဲ့သည်။ ဤသည်ကို ဘုရားသခင်က စီမံထားခြင်းဖြစ်သည်။ သို့ရာတွင် ကျွန်ုပ်တို့ မည်သည့်နေရာ၌ မွေးဖွားခဲ့သည်ဖြစ်စေ ဘုရားသခင်သည် သနားခြင်းကရုဏာနှင့် ပြည့်စုံ၏။ ကျွန်ုပ်တို့သည် ဤခေတ်ကာလတွင် နေထိုင်ကြပြီး နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်တွင် ပါဝင်ပတ်သက်ထားရသည်မှာ ကျွန်ုပ်တို့အားလုံး ကောင်းချီးခံစားရပါသည်” ဟု ဆိုလော့။ ဤစကားများသည် အမှန်တရားဖြစ်ပြီး သင် မျက်နှာသာရဖို့ ကြိုးစားခြင်း မဟုတ်ပေ။ ဧဝံဂေလိလက်ခံသူများက “သို့ဆိုလျှင် သင်သည် ကျွန်ုပ်တို့ ကောင်းချီးခံစားရသလောက် မခံစားရ‌ပေ။ ကျွန်ုပ်တို့မှာမူ ဤဘဝ၏ ကောင်းချီးများကိုလည်းကောင်း၊ နောင်ဘဝ၏ ကောင်းချီးများကိုလည်းကောင်း ပျော်မွေ့ခံစားရသော်လည်း သင်သည် နောင်ဘဝ၏ ကောင်းချီးများကိုသာ ပျော်မွေ့ခံစားရနိုင်သည်။ ထို့ကြောင့် သင့်ထက် ကျွန်ုပ်တို့က ပို၍များသော ကောင်းချီးများကို ပျော်မွေ့ခံစားပါသည်” ဟု ဆိုကြမည်။ သင်က “ဤအရာအားလုံးမှာ ဘုရားသခင်၏ ကျေးဇူးတော်ပင် ဖြစ်၏” ဟု ဆိုလော့။ ထိုသူတို့က ဘုရားသခင်၏ အမှုတော်ကို မသိသည်ဖြစ်၍ သူတို့နှင့် အငြင်းပွားစရာ လိုသလော။ သင်သည် ထိုကဲ့သို့သော အရာများကို တန်ဖိုးမထားလျှင် သင်သည် သူတို့နှင့် ငြင်းခုံမည်မဟုတ်ပေ။ “ငါသည် စိတ်နှလုံးထဲတွင် တာဝန်တစ်ခုရှိသည်၊ ငါ၏ပခုံးထက်၌ ဝန်ထုပ်တစ်ခု၊ အထူးတာဝန်တစ်ခုနှင့် ဝတ္တရားတစ်ခုရှိသည်။ ငါသည် သူတို့နှင့် ထိုအကြောင်းကို ငြင်းခုန်မည်မဟုတ်။ သူတို့သည် ယုံကြည်ပြီး ဘုရားသခင်၏အိမ်တော်သို့ ပြန်လာသည့်နေ့ ရောက်လာလျက်၊ တရား‌ဒေသနာများကို ပို၍ကြားနာထားပြီးလျှင် သမ္မာတရားနှင့်ဆိုင်သည့် တစ်စုံတစ်ရာကို နားလည်သောအခါ ယနေ့ သူတို့၏အပြုအမူနှင့် လုပ်ရပ်များကို စဉ်းစားမိပြီး အရှက်ရလာမည်” ဟု သင့်စိတ်နှလုံးထဲတွင် ရှင်းရှင်းလင်းလင်း နားလည်ထားသင့်သည်။ သင်သည် ထိုအကြောင်းကို ဤပုံစံအတိုင်း စဉ်းစားပါက သင့်စိတ်နှလုံး ဖွင့်ဟလာမည်။ ဤသည်မှာ အမှန်တကယ် ဖြစ်သည့်အရာဖြစ်၏။ အကယ်၍ သင်သည် ထိုသူတို့ကို အမှန်ပင် သိမ်းသွင်းရရှိပြီး သူတို့က သမ္မာတရားကို အမှန်တကယ် လိုက်စားကြပါက သုံးလေးနှစ်ကြာမျှ ယုံကြည်ပြီးနောက် သင်နှင့် ပထမဆုံး တွေ့ဆုံခဲ့စဉ်က သင့်ကို သူတို့ ဆက်ဆံခဲ့သည့်အတိုင်း ဆက်ဆံခြင်းသည် မသင့်လျော်ကြောင်း၊ လူ့သဘာဝ ကင်းမဲ့ကြောင်းနှင့် သမ္မာတရားနှင့် မကိုက်ညီကြောင်းကို အသိအမှတ်ပြုလာမည်ဖြစ်သည်။ ထိုအခါ နောက်တစ်ကြိမ် သင့်ကို တွေ့မြင်သောအခါ သင့်ကို တောင်းပန်ရလိမ့်မည်။ ဧဝံဂေလိဖြန့်ဝေခြင်း လုပ်ငန်းစဉ်တွင် ဤအခြေအနေမျိုးကို မကြာခဏ ကြုံတွေ့ရမည် ဖြစ်သည်။ ဤသို့ဖြစ်ပျက်သောအခါ ငါ မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်နည်း။ ငါသည် ထိုသို့သော အရာများကို များစွာ အာရုံမစိုက်ချေ။ ယင်းက အရေးမကြီးပေ။ ယင်းသည် အရေးကြီးသည်ဟု သင်မထင်ပါက ထိုသူတို့၏ စကားလုံးများက သင့်ကို စိတ်အနှောင့်အယှက်ပေးမည် မဟုတ်ပေ။ ဤသည်ကို ဝိညာဉ်ရင့်ကျက်မှုကို ပိုင်ဆိုင်ခြင်းဟု ခေါ်သည်။ သင်သည် သမ္မာတရားကို နားလည်ပြီး သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်ပါက လူတို့ကို ဒုက္ခ‌ပေးသည်ဟုဆိုသော ဆိုရိုးစကားများနှင့် အလေ့အထများစွာကို သင် ရိပ်စားမိနိုင်မည်။ ယင်းတို့ကို ဆွေးနွေးဖြေရှင်းနိုင်မည် ဖြစ်သည်။ သို့သော်လည်း သင်သည် ဤအရာများကို မရိပ်စားမိနိုင်ပါက ထိုကဲ့သို့သော စကားလုံးများနှင့် လုပ်ရပ်များကို တစ်သက်လုံး သတိရနေမည် ဖြစ်ပြီး တစ်ချက်မျှ မျက်စပစ်ပြခြင်း၊ စကားတစ်ခွန်း သို့မဟုတ် အမူအရာတစ်ကွက်မျှဖြင့် သင့်ကို မည်သူမဆို နစ်နာအောင် လုပ်ကောင်းလုပ်နိုင်မည် ဖြစ်သည်။ ထိုကဲ့သို့သော ဒဏ်ရာများက မည်မျှပြင်းထန်သနည်း။ ယင်းတို့သည် သင့်စိတ်နှလုံးတွင် အမှတ်အသားတစ်ခု ထင်ကျန်စေလိမ့်မည်။ ချမ်းသာကြွယ်ဝသော လူများ၊ သင့်ထက် အဆင့်အတန်း ပိုမြင့်သောလူများ သို့မဟုတ် တစ်ချိန်က သင့်ကို အထင်သေးပြီး သင့်ကိုတိုက်ခိုက်ခဲ့သော လူများကို မြင်သောအခါ သင်သည် စိုးရိမ်ပြီး ကြောက်ရွံ့နေမည်။ ဤကြောက်ရွံ့မှုကို မည်ကဲ့သို့ ဖယ်ရှားနိုင်သနည်း။ သင်သည် ထိုသူတို့၏ အနှစ်သာရကို ရိပ်စားမိဖို့လိုသည်။ သူတို့သည် အဘယ်မျှ ကြီးကျယ်ခမ်းနားပါစေ၊ မည်သည့်အခြေအနေ သို့မဟုတ် မည်သည့်အဆင့်အတန်းကို ပိုင်ဆိုင်ပါစေ ထိုသူတို့သည် ဖောက်ပြန်ပျက်စီးသော လူတို့သာလျှင် ဖြစ်ကြသည်။ သူတို့နှင့်ပတ်သက်၍ ဘာမျှ အထူးတလည်မရှိပေ။ ဤအရာကို တွေ့မြင်ပါက သင်၏စိတ်နှလုံးသည် ဘောင်ခတ်ခြင်းခံရမည် မဟုတ်ပေ။ ဧဝံဂေလိဖြန့်ဝေခြင်းအလုပ်တွင် ဤပြဿနာများကို မုချ ကြုံတွေ့ရမည်ဖြစ်သည်။ ယင်းတို့အားလုံးမှာ ဖြစ်နေကျ ပြဿနာများဖြစ်သည်။ လူအချို့က သင့်ကို နားလည်မည်မဟုတ်၊ သို့မဟုတ် သင်နှင့်ပတ်သက်၍ အာဃာတထားရှိမည်၊ သို့မဟုတ် သင့်ကို လှောင်ပြောင်ဖို့အတွက် အကျည်းတန်သော အရာများကို စောင်းပါးရိပ်ခြည်နှင့် သွယ်ဝိုက်၍ပင် ပြောကြမည်ဖြစ်သည်။ လူအချို့က သင်သည် ဧဝံဂေလိတရားကို ငွေရှာရန်၊ အကျိုးအမြတ်ရှာဖွေရန်၊ သို့မဟုတ် အချစ်ဇာတ်လမ်း ရှာတွေ့ရန်အတွက် ဟောပြောခြင်းဖြစ်သည်ဟု ပြောကြမည်။ ထိုကဲ့သို့သော အခြေအနေများကို သင် မည်ကဲ့သို့ ကိုင်တွယ်မည်နည်း။ ထိုသို့သောလူတို့နှင့် သင်ငြင်းခုံသင့်သလော။ အထူးသဖြင့် ဧဝံဂေလိလက်ခံရန် အလားအလာရှိသူတစ်ဦးသည် ငွေကြေးပြည့်စုံသည့် မိသားစုမှ ဖြစ်သည့်အခါ သင်သည် သူတို့၏အိမ်၌ အစာစားနေပြီး သူတို့၏မျက်နှာပေါ်၌ ထိုအကြည့်မျိုးကို မြင်ရပါက ဘာလုပ်သင့်သနည်း။ သင်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့အတွက် သူတို့၏အိမ်၌ မစားသောက်ပါက ဗိုက်ဟောင်းလောင်းဖြင့် ဆက်လက်၍ ဧဝံဂေလိ ဟောပြောနိုင်မည်လော။ ထိုကိစ္စရပ်ကို သင် ဤသို့ စဉ်းစားသင့်သည်။ “ယနေ့ ကျွန်ုပ်သည် သူတို့၏အိမ်၌ စားသောက်ပြီး သူတို့အား ဧဝံဂေလိဖြန့်ဝေနိုင်သည်။ သူတို့သည် ဧဝံဂေလိဖြန့်ဝေသောသူတို့ကို လက်ခံကြိုဆိုနိုင်ပါသည်။ ဤသည်မှာ သူတို့၏ ကံကောင်းခြင်းပင် ဖြစ်၏။” အမှန်တွင် ဤသည်မှာ အမှုအရာများ အမှန်တကယ်ဖြစ်သည့်ပုံ ဖြစ်သည်။ ဤသည်မှာ ထိုသူတို့၏ ကံကောင်းခြင်းဖြစ်သည်။ ယင်းကို သူတို့က နားမလည်သော်လည်း သင်သည် ဤအရာကို စိတ်နှလုံးထဲ၌ သိထားဖို့လိုသည်။ လူတစ်ဦးသည် ဧဝံဂေလိဖြန့်ဝေနေစဉ် ထိုသို့သော လှောင်ပြောင်သရော်မှု၊ ပြက်ရယ်ပြုခြင်း၊ အထင်သေးသည့် အကြည့်များနှင့် အသရေဖျက်ခြင်းတို့ကို မကြာခဏ ကြုံတွေ့ရမည် သို့မဟုတ် သူ့ကိုယ်သူ အန္တရာယ်ရှိသော အခြေအနေများထဲ၌ပင် မိမိကိုယ်ကို တွေ့ရလိမ့်မည်။ သာဓကအားဖြင့် ညီအစ်ကို မောင်နှမအချို့သည် ဆိုးယုတ်သောလူတို့၏ လူသိရှင်ကြား စွပ်စွဲရှုတ်ချခြင်း သို့မဟုတ် အဓမ္မခေါ်ဆောင်သွားခြင်း ခံရပြီး အခြားသူများမှာမူ ရဲများထံ အတိုင်ခံရကာ ထိုသူတို့မှာ အစိုးရထံ လွှဲပြောင်းအပ်နှံခြင်းခံရလေသည်။ အချို့မှာ အဖမ်းခံရပြီး အကျဉ်းချခံရစဉ် အခြားသူများမှာ သေသည်အထိပင် အရိုက်ခံရကောင်း ခံရမည်ဖြစ်သည်။ ဤအရာအားလုံးမှာ ဖြစ်ပျက်နေသော အရာများပင်ဖြစ်၏။ သို့သော် ယခုအခါတွင် ဤအရာများအကြောင်းကို ငါတို့ သိလာသဖြင့် ဧဝံဂေလိဖြန့်ဝေခြင်းအလုပ်အပေါ် ငါတို့၏ သဘောထားကို ပြောင်းသင့်သလော။ (မပြောင်းသင့်ပါ။) ဧဝံဂေလိဖြန့်ဝေခြင်းသည် လူတိုင်း၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ မည်သည့်အချိန်၌မဆို၊ ငါတို့ကြားသည့်အရာ၊ သို့မဟုတ် မြင်သည့်အရာက မည်သည့်အရာဖြစ်စေ၊ သို့မဟုတ် မည်သည့်ဆက်ဆံမှုမျိုးကို ငါတို့ကြုံတွေ့သည်ဖြစ်စေ ဧဝံဂေလိဖြန့်ဝေခြင်း ဟူသည့် ဤတာဝန်ကို ငါတို့ အမြဲတမ်း ထိန်းသိမ်းရမည်။ မည်သည့်အခြေအနေ၌ဖြစ်စေ ငါတို့သည် အပျက်သဘောဆောင်ခြင်း သို့မဟုတ် အားနည်းချက်ကြောင့် ဤတာဝန်ကို စွန့်လွှတ်၍မရပေ။ ဧဝံဂေလိဖြန့်ဝေရမည့် တာဝန်သည် ချောမွေ့သောခရီး မဟုတ်ဘဲ အန္တရာယ်နှင့် အတိပြီး၏။ သင်တို့သည် ဧဝံဂေလိဖြန့်ဝေသောအခါ ကောင်းကင်တမန်များ၊ သို့မဟုတ် ဂြိုဟ်သားများ၊ သို့မဟုတ် စက်ရုပ်များကို ရင်ဆိုင်ရမည် မဟုတ်ပေ။ သင်တို့သည် ဆိုးယုတ်ပြီး ဖောက်ပြန်ပျက်စီးသော လူသားများ၊ အသက်ရှိသော နတ်ဆိုးများ၊ လူ့တိရစ္ဆာန်များကိုသာ ရင်ဆိုင်ရမည်ဖြစ်ပြီး ၎င်းတို့အားလုံးသည် ဆိုးယုတ်သော ဤနေရာ၊ ဆိုးယုတ်သော ဤကမ္ဘာ၌ ရှင်သန်နေသည့်၊ စာတန်၏ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးခြင်းကို ခံထားရသော လူသားများဖြစ်ကြပြီး ဘုရားသခင်ကို ခုခံကြသည်။ ထို့ကြောင့် ဧဝံဂေလိဖြန့်ဝေခြင်း လုပ်ငန်းစဉ်၌ တွေ့နေကျ ဖြစ်စဉ်များဖြစ်သည့် အသေးအဖွဲမျှသော အသရေဖျက်မှု၊ အထင်သေးသည့် အကြည့်များနှင့် နားလည်မှုလွဲမှားခြင်းများကို မဆိုနှင့်၊ အန္တရာယ်မျိုးပေါင်းစုံ ရှိနေသည်မှာ အသေအချာပင် ဖြစ်သည်။ အကယ်၍ သင်သည် ဧဝံဂေလိဖြန့်ဝေခြင်းကို တာဝန်တစ်ခုအဖြစ်၊ ဝတ္တရားတစ်ခုအဖြစ်သာမက သင်၏တာဝန်အဖြစ် အမှန်တကယ် သဘောထားပါက သင်သည် ဤအရာများကို မှန်ကန်စွာ သဘောထားနိုင်ပြီး ယင်းတို့ကို မှန်ကန်စွာပင် ကိုင်တွယ်နိုင်မည် ဖြစ်သည်။ သင်သည် တာဝန်နှင့် ဝတ္တရားကို စွန့်လွှတ်မည် မဟုတ်သကဲ့သို့ သင်သည် ဤအရာများကြောင့် ဧဝံဂေလိဖြန့်ဝေပြီး ဘုရားသခင်အား သက်သေခံမည့် သင်၏ နဂိုမူလ ရည်ရွယ်ချက်မှ လမ်းလွဲသွားမည် မဟုတ်သည့်အပြင် ဤသည်မှာ သင့်တာဝန်ဖြစ်သည့်အတွက် ဤတာဝန်ကို မည်သည့်အခါမျှ ဘေးဖယ်ထားမည် မဟုတ်ပေ။ ဤတာဝန်ကို မည်ကဲ့သို့ နားလည်သင့်သနည်း။ ယင်းသည် လူ့ဘဝ၏ တန်ဖိုးနှင့် အခြေခံဝတ္တရား ဖြစ်၏။ နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် သတင်းကောင်းနှင့် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် ဧဝံဂေလိတရားအား ဖြန့်ဝေခြင်းသည် လူ့ဘဝ၏တန်ဖိုးပင် ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။