ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်ကို ဆောင်ခြင်းဖြစ်သည်

လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဖုံးလွှမ်းထားသည့် ဇာတိခန္ဓာဖြစ်သည်။ ယင်းဇာတိခန္ဓာမှာ အသွေးအသားတို့ဖြင့် တည်ဆောက်ထားသည့် မည်သည့် လူသားတစ်ဦးတစ်ယောက်နှင့်မျှ မတူညီပေ။ ဤသို့ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် အသွေးအသားဖြင့် တည်ဆောက်ထားခြင်း မဟုတ်ဘဲ ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်သောကြောင့်ဖြစ်သည်။ သူ၌ သာမန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်မျိုးလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့်လူသားမျှ ပိုင်ဆိုင်ထားခြင်းမရှိ။ သူ၏ဘုရားသဘောသဘာဝအားဖြင့်လည်း ဘုရားသခင်ကိုယ်တော်တိုင်၏ အလုပ်ကို လုပ်ဆောင်နေသည့် အတောအတွင်း သာမန်လူ့သဘာဝအတိုင်း အသွေးအသားဖြင့် သာမန်လှုပ်ရှားမှု အားလုံးတို့ကို ဆက်လက်လုပ်ဆောင်နေသည်။ လူ့သဘာဝဖြစ်စေ သို့မဟုတ် ဘုရားသဘောသဘာဝဖြစ်စေ နှစ်မျိုးစလုံးသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်အတိုင်း နာခံလုပ်ဆောင်သည်။ ခရစ်တော်၏ဂုဏ်ဒြပ်မှာ ဝိညာဉ်တော်ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသဘောသဘာဝ ဖြစ်သည်။ ထို့ကြောင့် သူ၏ဂုဏ်ဒြပ်မှာ ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်၊ ယင်းဂုဏ်ဒြပ်မှာ သူ၏အလုပ်ကို နှောင့်ယှက်လိမ့်မည်မဟုတ်၊ သူ့အနေဖြင့် သူ၏အလုပ်ကို ဖျက်ဆီးမည့် မည်သည့်အမှုမျိုးကိုမျှ လုပ်ဆောင်လိမ့်မည် မဟုတ်၊ ထို့ပြင် သူ၏အလိုတော်ကို ဆန့်ကျင်ဖက်ပြုမည့် မည်သည့်စကားလုံးကိုမျှ သူမိန့်မြွက်လိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ၏ကိုယ်ပိုင်စီမံခန့်ခွဲမှုကို အနှောင့်အယှက် ဖြစ်စေသည့် မည်သည့်အလုပ်ကိုမဆို ဘယ်သောအခါမျှ လုံးဝ လုပ်ဆောင်လိမ့်မည် မဟုတ်ပါ။ ဤသည်မှာ လူသားအားလုံး နားလည် သဘောပေါက်သင့်သည့်အရာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အနှစ်သာရမှာ လူသားတို့ကို ကယ်တင်ရန်နှင့် ဘုရားသခင်၏ ကိုယ်ပိုင်စီမံခန့်ခွဲမှု အဖို့အလို့ငှာ ဖြစ်သည်။ ထိုနည်းတူစွာ ခရစ်တော်၏ အလုပ်မှာ လူသားတို့ကို ကယ်တင်ရန်နှင့် ဘုရားသခင်၏ အလိုတော်အဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသောကြောင့် သူသည် သူ၏ဇာတိခန္ဓာအတွင်း သူ၏အနှစ်သာရကို ရုပ်အကောင်အထည်ပေါ်စေသဖြင့် သူ၏ဇာတိခန္ဓာသည် သူ၏အလုပ်ကို ဆောင်ရွက်ရန် လုံလောက်၏။ ထို့ကြောင့် လူ့ဇာတိခံယူသည့် အတောအတွင်း ဘုရားသခင့် ဝိညာဉ်တော်၏ အလုပ်အားလုံးကို ခရစ်တော်၏ အလုပ်ဖြင့် အစားထိုးလိုက်သည်၊ ထို့ပြင် လူ့ဇာတိခံယူသည့်အချိန် တစ်လျှောက်လုံးတွင် အလုပ်အားလုံး၏ အဓိကအချက်အချာ၌ ခရစ်တော်၏အလုပ် ရှိပေသည်။ ထိုအလုပ်သည် အခြားသော ခေတ်အဆက်ဆက်မှ မည်သည့်အလုပ်မျိုးနှင့်မျှ ရောယှက်နေ၍ မရပါ။ ဘုရားသခင်သည် လူ့ဇာတိခံယူသောကြောင့် သူ့ဇာတိခန္ဓာ၏ ကိုယ်ပိုင်လက္ခဏာနှင့်အညီ အလုပ်လုပ်သည်၊ လူ့ဇာတိကို သူခံယူသည့်အတွက် သူလုပ်သင့်လုပ်ထိုက်သောအလုပ်ကို ဇာတိခန္ဓာဖြင့် လုပ်ဆောင်ပြီးစီးသည်။ ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်စေ သို့မဟုတ် ခရစ်တော်ပင်ဖြစ်စေ၊ နှစ်မျိုးစလုံးမှာ ဘုရားသခင် ကိုယ်တော်တိုင်ပင်ဖြစ်ပြီး သူလုပ်သင့်လုပ်ထိုက်သော အလုပ်ကို သူလုပ်ဆောင်ပြီး သူဖော်ဆောင်သင့်သော အမှုတော်ကိုလည်း သူဖော်ဆောင်သည်။

ဘုရားသခင်၏ ဂုဏ်ဒြပ်ကိုယ်၌က သြဇာအာဏာကို ဆုပ်ကိုင်ထားသည်၊ သို့သော် သူသည် မိမိထံမှလာသော သြဇာအာဏာအတိုင်း အပြည့်အဝ လိုက်နာဆောင်ရွက်နိုင်သည်။ ဝိညာဉ်တော်၏ အလုပ်ဖြစ်စေ သို့မဟုတ် ဇာတိခန္ဓာ၏ အလုပ်ဖြစ်စေ မည်သည့်အလုပ်မျှ အခြားသောအရာနှင့် ပဋိပက္ခမရှိပါ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဖန်ဆင်းခံ အရာအားလုံးအပေါ်ရှိ သြဇာအာဏာပင် ဖြစ်သည်။ ဘုရားသခင်၏ ဂုဏ်ဒြပ်ပါသော ဇာတိခန္ဓာသည်လည်း သြဇာအာဏာ ပိုင်ဆိုင်သည်၊ သို့သော် ဇာတိခန္ဓာထဲရှိ ဘုရားသခင်သည်လည်း ကောင်းကင်ဘုံ၌ရှိသော ခမည်းတော်၏အလိုတော်ကို လိုက်နာသည့် အလုပ်အားလုံးကို ဆောင်ရွက်နိုင်သည်။ ဤအရာကို မည်သည့်လူသားတစ်ဦးတစ်ယောက်မျှ မကြိုးပမ်းနိုင် သို့မဟုတ် စိတ်ကူးမပေါက်နိုင်ကြ။ ဘုရားသခင် ကိုယ်တော်တိုင်က သြဇာအာဏာဖြစ်သည်၊ သို့သော် သူ၏ဇာတိခန္ဓာက သူ၏ သြဇာအာဏာအတိုင်း လိုက်နာဆောင်ရွက်နိုင်သည်။ ယင်းမှာ “ခရစ်တော်သည် ခမည်းတော်ဘုရားသခင်၏ အလိုတော်ကို နာခံသည်” ဟူသော စကား၏ အတွင်းကျသည့် အနက်အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်ပြီး ကယ်တင်ခြင်းအလုပ်ကို ဆောင်ရွက်နိုင်သည်၊ ထိုနည်းတူ ဘုရားသခင်သည် လူသားဖြစ်လာနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ၊ ဘုရားသခင်ကိုယ်တော်တိုင်က သူ၏အလုပ်ကို လုပ်ဆောင်သည်၊ နှစ်ဦးနှစ်ဖက် ပဋိပက္ခသို့ ဦးတည်သော အလုပ်မျိုးကို လုပ်ရန်မဆိုထားနှင့် သူသည် မိမိအလုပ်အပေါ် အနှောင့်အယှက် မပြုသကဲ့သို့ ဝင်ရောက်မစွက်ဖက်ပေ၊ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်တော်က လုပ်ဆောင်သောအမှုနှင့် ဇာတိခန္ဓာက လုပ်ဆောင်သောအမှု၏ ဂုဏ်ဒြပ်မှာ ထပ်တူပင်ဖြစ်သောကြောင့်ဖြစ်သည်။ ဝိညာဉ်တော်ဖြစ်စေ သို့မဟုတ် ဇာတိခန္ဓာဖြစ်စေ နှစ်မျိုးစလုံးသည် တစ်ခုသော အလိုတော်ကို ဖြည့်စွက်ရန်နှင့် တူညီသော အလုပ်တစ်ခုတည်းကို စီမံခန့်ခွဲရန် လုပ်ဆောင်သည်။ ဝိညာဉ်တော်နှင့် ဇာတိခန္ဓာတို့၌ ကွဲပြားခြားနားသော အရည်အချင်းနှစ်မျိုး ရှိကြသော်လည်း၊ ၎င်းတို့၏ ဂုဏ်ဒြပ်တို့မှာမူ တူညီကြသည်၊ နှစ်မျိုးစလုံး၌ ဘုရားသခင်ကိုယ်တော်တိုင်၏ ဂုဏ်ဒြပ်ရှိပြီး ဘုရားသခင်ကိုယ်တော်တိုင်၏ ကိုယ်ပိုင်လက္ခဏာရှိကြသည်။ ဘုရားသခင်ကိုယ်တော်တိုင်၌ မနာခံခြင်း၏ အရိပ်လက္ခဏာမရှိ၊ သူ၏ ဂုဏ်ဒြပ်မှာ ကောင်းမွန်သည်။ ဘုရားသခင်သည် လှပမှုနှင့် ကောင်းမွန်မှု အားလုံးတို့အပြင် ချစ်ခြင်းမေတ္တာ အားလုံးတို့၏ ဖော်ပြချက်ပင်ဖြစ်သည်။ ဇာတိခန္ဓာ၌ပင်လျှင် ဘုရားသခင်သည် ခမည်းတော်ဘုရားသခင်ကို မနာခံသည့် မည်သည့်အရာကိုမျှ မလုပ်ပါ။ မိမိဘဝကို စတေးရမည့်၊ ပေးဆပ်ရမည့် အခြေအနေမျိုး၌ပင်လျှင် သူသည် စိတ်နှလုံးအပြည့်အဝဖြင့် အလိုတော်ကို နာခံလိမ့်မည်ဖြစ်ပြီး အခြားသောအရာကို ရွေးချယ်လိမ့်မည်မဟုတ်ပါ။ ဘုရားသခင်၌ မိမိကိုယ်ကိုမှန်သည်ဟုထင်ခြင်းနှင့် မိမိကိုယ်ကို အရေးပါသည်ဟု ထင်ခြင်းတို့၏ အရိပ်လက္ခဏာမရှိပါ၊ သို့မဟုတ် မာန်မာနကြီးမှုနှင့် စိတ်ကြီးဝင်မှုတို့၏ အရိပ်လက္ခဏာ မရှိပါ၊ ဘုရားသခင်၌ မရိုးဖြောင့်သော စိတ်သဘော လုံးဝမရှိပါ။ ဘုရားသခင်ကို မနာခံသည့်အရာ အားလုံးမှာ စာတန်ထံမှ လာသည်၊ စာတန်သည် ရုပ်ဆိုးအကျည်းတန်မှုနှင့် ဆိုးသွမ်းမိုက်မဲမှု အားလုံးတို့၏ အရင်းအမြစ်ဖြစ်သည်။ လူသားတို့၌ စာတန်ကဲ့သို့သော စရိုက်များရှိနေရခြင်းမှာ လူသားသည် စာတန်၏ ယိုယွင်းဖျက်ဆီးခြင်းနှင့် ပြုပြင်ခြင်းကို ခံခဲ့ရသောကြောင့်ဖြစ်သည်။ ခရစ်တော်သည် စာတန်၏ ယိုယွင်းဖျက်ဆီးခြင်း မခံခဲ့ရပါ၊ ထိုအကြောင်းကြောင့် သူ၌ ဘုရားသခင်၏ ပင်ကိုလက္ခဏာများသာလျှင်ရှိပြီး စာတန်၏ပင်ကိုလက္ခဏာ တစ်ခုမျှ မရှိပါ။ ဘုရားသခင်သည် ဇာတိခန္ဓာဖြင့် အသက်ရှင်နေစဉ်အတောအတွင်း သူ၏အလုပ်မှာ မည်မျှပင် ခက်ခဲကြမ်းတမ်းပါစေ၊ သို့မဟုတ် ဇာတိခန္ဓာမှာ မည်မျှပင် အားနည်းနေပါစေ ခမည်းတော်ဘုရားသခင်၏ အလိုတော်ကို မနာခံဘဲ စွန့်ပယ်ရန် မဆိုထားနှင့် သူ၏အလုပ်ကို အနှောင့်အယှက်ဖြစ်စေသော မည်သည့်အရာမျိုးကိုမျှ လုပ်လိမ့်မည် မဟုတ်ပါ။ ခမည်းတော် ဘုရားသခင်၏ အလိုတော်ကို ဆန့်ကျင်ရမည်ထက် သူသည် ဇာတိခန္ဓာ၏ နာကျင်မှုများကိုသာ ခံစားပေလိမ့်မည်၊ ယင်းမှာ ယေရှုက သူ၏ဆုတောင်းပဌာနာထဲ၌ ပြောထားသကဲ့သို့ ဖြစ်သည်၊ “အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော်။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည့်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည့်အတိုင်း ဖြစ်ပါစေသော်။” လူသားမှန်လျှင် ရွေးချယ်လိမ့်မည်၊ သို့သော် ခရစ်တော်မှာ မရွေးခဲ့ပါ။ သူ၌ ဘုရားသခင် ကိုယ်တော်တိုင်၏ ကိုယ်ပိုင်လက္ခဏာရှိသော်လည်း၊ ခမည်းတော် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေမြဲဖြစ်ပြီး ဇာတိခန္ဓာ၏ ရှုထောင့်မှတစ်ဆင့် ခမည်းတော် ဘုရားသခင်က သူ့ကို တာဝန်ပေးစေခိုင်းထားသောအရာကို ဖြည့်ဆည်းလုပ်ဆောင်သည်။ ယင်းမှာ လူသားတို့ မကြိုးပမ်း မဆောင်ရွက်နိုင်သော အရာမျိုးဖြစ်သည်။ စာတန်ထံမှ လာသောအရာတွင် ဘုရားသခင်၏ဂုဏ်ဒြပ် မရှိနိုင်ပါ၊ ဘုရားသခင်ကို မနာခံဘဲ ဆန့်ကျင်ပုန်ကန်သည့် သဘောသာရှိသည်။ ဘုရားသခင်၏ အလိုတော်ကို လိုလားစွာ နာခံရန်မဆိုထားနှင့်၊ ဘုရားသခင်ကို အပြည့်အဝပင် မနာခံနိုင်ပါ။ ခရစ်တော်မှလွဲ၍ လူသားအားလုံးတို့မှာ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သည့်အရာကို လုပ်နိုင်ကြသည်၊ ဘုရားသခင် တာဝန်ပေးစေခိုင်းထားသည့် အလုပ်မျိုးကိုမူ မည်သူမျှ တိုက်ရိုက် မဆောင်ရွက်နိုင်ပါ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ၎င်းတို့ထမ်းဆောင်ရမည့် ကိုယ်ပိုင်တာဝန်ဝတ္တရားကဲ့သို့ မည်သူမျှ မမှတ်ယူနိုင်ပါ။ ခမည်းတော် ဘုရားသခင်၏ အလိုတော်ကို ကျိုးနွံနာခံခြင်းမှာ ခရစ်တော်၏ ဂုဏ်ဒြပ်ဖြစ်သည်၊ ဘုရားသခင်ကို မနာခံဘဲ ဆန့်ကျင်ပုန်ကန်မှုမှာ စာတန်၏ ပင်ကိုလက္ခဏာဖြစ်သည်။ ဤစရိုက်နှစ်မျိုးမှာ တစ်ခုနှင့်တစ်ခု သဟဇာတ မဖြစ်နိုင်ပါ၊ ထို့ပြင် စာတန်၏ စရိုက်များရှိသည့် မည်သူကိုမဆို ခရစ်တော်ဟု ခေါ်၍မရပါ။ လူသားသည် ဘုရားသခင်၏နေရာတွင် ဘုရားအလုပ်ကို မလုပ်နိုင်ရသည့် အကြောင်းရင်းမှာ လူသား၌ ဘုရားသခင်၏ မည်သည့်ဂုဏ်ဒြပ်မျှ မရှိနေသောကြောင့်ဖြစ်သည်။ လူသားသည် သူ၏ကိုယ်ပိုင်အကျိုးအမြတ်များနှင့် သူ၏အနာဂတ်အလားအလာများ အတွက်သာ ဘုရားအတွက် အလုပ်လုပ်တတ်သည်၊ သို့သော် ခရစ်တော်မှာမူ ခမည်းတော် ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရန်အတွက် အလုပ်လုပ်ခြင်း ဖြစ်သည်။

ခရစ်တော်၏ လူ့သဘာဝကို သူ၏ဘုရားသဘောသဘာဝက လွှမ်းမိုးထိန်းချုပ်ထားသည်။ သူသည် ဇာတိခန္ဓာထဲ၌ ရှိနေသော်လည်း၊ သူ၏ လူ့သဘာဝမှာ လူသားတစ်ယောက်၏ ခန္ဓာကိုယ် တည်ဆောက်ထားသကဲ့သို့နှင့် လုံးလုံးမတူညီပါ။ သူ့ထံ၌ ကိုယ်ပိုင်တစ်မူထူးခြားသော ဝိသေသလက္ခဏာရပ်ရှိပြီး ထိုအရာကိုလည်း သူ၏ဘုရားသဘောသဘာဝက လွှမ်းမိုးထိန်းချုပ်ထားသည်။ သူ၏ဘုရားသဘောသဘာဝထဲ၌ အားနည်းမှု မရှိ၊ ခရစ်တော်၏ အားနည်းမှုမှာ သူ၏လူ့သဘာဝကို ရည်ညွှန်းခြင်းဖြစ်သည်။ အတိုင်းအတာ တစ်ခုအထိ ယင်းအားနည်းမှုက သူ၏ဘုရားသဘောသဘာဝကို ဘောင်ခတ်ထားသည်၊ သို့သော် ယင်းအကန့်အသတ်မှာ နယ်ပယ်အချို့နှင့် အချိန်အတိုင်းအတာအချို့ အတွင်း၌သာရှိပြီး အတိုင်းမသိ ကျယ်ပြန့်မနေပါ။ သူ၏ဘုရားသဘောသဘာဝ အလုပ်မျိုးကို ဆောင်ရွက်ရသည့်အခါ၌ လူ့သဘာဝကို ဂရုမထားဘဲ ဆောင်ရွက်ပြီးစီးသည်။ ခရစ်တော်၏ လူ့သဘာဝကို သူ၏ဘုရားသဘောသဘာဝက တစ်ခုလုံး စီမံညွှန်ကြားပေးသည်။ သူ့လူ့သဘာဝ၏ သာမန်ဘဝမှအပ လူ့သဘာဝ၏ လုပ်ဆောင်မှုအားလုံးတို့ကို သူ၏ဘုရားသဘောသဘာဝက လွှမ်းမိုးထားပြီး အကျိုးသက်ရောက်စေသည့်အပြင် စီမံညွှန်ကြားပေးသည်။ ခရစ်တော်၌ လူ့သဘာဝ ရှိနေလင့်ကစား၊ ထိုလူ့သဘာဝသည် သူ့ဘုရားသဘောသဘာဝ၏ အလုပ်ကို မနှောင့်ယှက်ချေ။ ဤသို့ဖြစ်ရခြင်းမှာ ခရစ်တော်၏ လူ့သဘာဝကို သူ၏ဘုရားသဘောသဘာဝက စီမံလမ်းညွှန်ပေးမှုကြောင့်ပင်ဖြစ်သည်၊ သူ၏လူ့သဘာဝမှာ အခြားသူများ ရှေ့မှောက်၌ ရင့်ကျက်သည့်ပုံစံမျိုး မရှိသော်ငြားလည်း သူ့ဘုရားသဘောသဘာဝ၏ သာမန်အလုပ်ကို ထိခိုက်မှု မရှိပါ။ သူ၏လူ့သဘာဝမှာ ယိုယွင်းဖျက်ဆီးခြင်း မခံခဲ့ရဟု ငါပြောရာတွင်၊ ခရစ်တော်၏ လူ့သဘာဝကို သူ၏ဘုရားသဘောသဘာဝမှ တိုက်ရိုက် စီမံလမ်းညွှန်ပေးနိုင်ခြင်းနှင့် ခရစ်တော်သည် သာမန်လူသားထက် သာလွန်သည့် အသိတရားအား ပိုင်ဆိုင်ထားခြင်းကို ဆိုလိုသည်။ သူ၏ လူ့သဘာဝအနေဖြင့် အလုပ်ကို ဆောင်ရွက်ရာ၌ ဘုရားသဘောသဘာဝ၏ စီမံလမ်းညွှန်မှုကို ခံယူမှသာ အသင့်လျော်ဆုံး ဖြစ်ပါသည်၊ သူ၏လူ့သဘာဝမှာ ဘုရားသဘောသဘာဝ၏အလုပ်ကို အကောင်းဆုံး ဖော်ပြပေးနိုင်သကဲ့သို့ ယင်းသို့သော အလုပ်ကိုလည်း အကောင်းဆုံး ကျိုးနွံနာခံ လုပ်ဆောင်နိုင်သည်။ ဘုရားသခင်သည် အသွေးအသားဖြင့် အလုပ်လုပ်သည့် နေရာတွင်၊ အသွေးအသားရှိသည့် လူသားတစ်ဦးအနေဖြင့် ပြည့်စုံအောင် ဖြည့်ဆည်း လုပ်ဆောင်သင့်သည့် တာဝန်များကို ဆောင်ရွက်ရာ၌ သူသည် ဘယ်သောအခါမျှ မျက်ခြည်မပြတ်ပေ၊ သူသည် ကောင်းကင်ဘုံမှ ဘုရားသခင်ကို စစ်မှန်သည့် နှလုံးသားဖြင့် ကိုးကွယ်နိုင်ပါသည်။ သူ၌ ဘုရားဂုဏ်ဒြပ်ရှိသည်နည်းတူ သူ၏ကိုယ်ပိုင်လက္ခဏာမှာလည်း ဘုရားကိုယ်တိုင်ပင် ဖြစ်သည်။ သူသည် ဖန်ဆင်းခံတစ်ဦး၏ အပြင်ပန်းသဏ္ဌာန်သာရှိသည့် ဖန်ဆင်းခံတစ်ဦးဖြစ်ရန် လောကသို့ ကြွဆင်းလာခဲ့ခြင်းသာ ဖြစ်သည်၊ ယခုအချိန်၌မူ ယခင်က သူ၌ မရှိခဲ့ဖူးသော လူ့သဘာဝကို ပိုင်ဆိုင်ထားပြီး ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သူဝတ်ပြုကိုးကွယ်နိုင်သည်။ ဤသည်မှာ ဘုရားသခင် ကိုယ်တော်တိုင်၏ ဖြစ်ခြင်းပင် ဖြစ်သည်နည်းတူ လူသားတို့ တုပ၍ မရနိုင်ပေ။ သူ၏ ကိုယ်ပိုင်လက္ခဏာမှာ ဘုရားကိုယ်တိုင်ပင် ဖြစ်သည်။ ဇာတိပကတိ၏ ရှုထောင့်မှနေ၍ သူသည် ဘုရားသခင်ကို ကိုးကွယ်သည်၊ ထို့ကြောင့် “ခရစ်တော်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ဝတ်ပြုသည်” ဟူသည့် စကားမှာ မမှားပေ။ လူသားကို သူတောင်းဆိုသည်မှာ သူ၏ကိုယ်ပိုင်ဖြစ်ခြင်း အတိအကျပင် ဖြစ်သည်၊ လူသားကို ထိုအရာတို့အား မတောင်းဆိုမီကပင် သူသည် ထိုအရာအားလုံးကို စွမ်းဆောင်ရရှိပြီးသားဖြစ်သည်။ သူကိုယ်တိုင် ထိုအရာများမှ လွတ်ကင်းသည့် အချိန်အတောတွင်း အခြားသောသူများကို ဘယ်သောအခါမျှ သူတောင်းဆိုလိမ့်မည် မဟုတ်ပါ၊ အကြောင်းမှာ ဤအရာအားလုံးက သူ၏ဖြစ်ခြင်းတွင် ပါဝင်သောကြောင့်ဖြစ်သည်။ ခရစ်တော်သည် သူ၏အလုပ်ကို မည်ကဲ့သို့ဆောင်ရွက်သည်ဖြစ်စေ၊ ဘုရားသခင်ကို မနာခံသည့် အပြုအမူမျိုးဖြင့် သူလုပ်လိမ့်မည် မဟုတ်ပါ။ လူသားများကို မည်သည့်အရာများပင် သူတောင်းဆိုလင့်ကစား၊ မည်သည့် တောင်းဆိုချက်ကမျှ လူသားက ကြိုးပမ်းအားထုတ်နိုင်မှုထက် မကျော်လွန်ပါ။ သူလုပ်ဆောင်သော အရာအားလုံးတို့မှာ ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ခြင်းဖြစ်ပြီး သူ၏စီမံခန့်ခွဲမှုအတွက်သာ လုပ်ဆောင်ခြင်းဖြစ်သည်။ ခရစ်တော်၏ ဘုရားသဘောသဘာဝမှာ လူသားအားလုံးတို့ အထက်၌ရှိသည်၊ ထို့ကြောင့် သူသည် ဖန်ဆင်းခံ အရာအားလုံးအထဲ၌ သြဇာအာဏာ အမြင့်ဆုံး ဖြစ်သည်။ ယင်းသြဇာအာဏာမှာ သူ၏ဘုရားသဘောသဘာဝဖြစ်ပြီး ယင်းမှာ သူ၏ကိုယ်ပိုင်လက္ခဏာကို ဆုံးဖြတ်ပေးသည့် ဘုရားကိုယ်တိုင်၏ စိတ်သဘောထားနှင့် ဖြစ်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်၏ သာမန်လူ့သဘာဝက မည်သို့ပင်ဖြစ်စေကာမူ၊ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်ကို ငြင်း၍မရပေ၊ မည်သည့်ရပ်တည်ချက်မှမဆို သူပြောဆိုသည်ဖြစ်စေ၊ ဘုရားသခင်၏ အလိုတော်ကို မည်ကဲ့သို့ပင် သူနာခံသည်ဖြစ်စေ၊ ခရစ်တော်သည် ဘုရားသခင် ကိုယ်တော်တိုင်မဟုတ်ဟု မပြောနိုင်ပါ။ မိုက်မဲသူနှင့် အသိဉာဏ်နည်းသောသူတို့က ခရစ်တော်၏ သာမန်လူ့သဘာဝကို အပြစ်အနာအဆာ တစ်ခုကဲ့သို့ မကြာခဏ သဘောထားတတ်ကြသည်။ ခရစ်တော်သည် သူ၏ဘုရားသဘောသဘာဝကို မည်မျှပင်ဖော်ပြပြီး ဖွင့်ပြနေစေကာမူ လူသားတို့က သူသည် ခရစ်တော်ဖြစ်ကြောင်းကို အသိအမှတ် မပြုနိုင်ကြပါ။ ထို့ပြင် ခရစ်တော်သည် သူ၏နာခံခြင်းနှင့် နှိမ့်ချခြင်းတို့ကို သာ၍ဖော်ပြလေလေ၊ မိုက်မဲသူတို့က ခရစ်တော်ကို ပေါ့ပေါ့တန်တန် သဘောထားလေဖြစ်သည်။ သူ့ကို ပထုတ်ပြီး သူ့ကို အထင်သေးသည့် သဘောထားများ မွေးယူကြကာ ထို “ကြီးမြတ်သော လူသားများ” ၏ မြင့်မားသောပုံများကို စားပွဲပေါ်တွင် နေရာပေး၍ ဝတ်ပြု ကိုးကွယ်ကြသောသူ အချို့ပင်ရှိသည်။ လူသားတို့၏ ဘုရားသခင်ကို ဆန့်ကျင်မှုနှင့် မနာခံမှုတို့သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ ဂုဏ်ဒြပ်မှာ ဘုရားသခင်၏ အလိုတော်ကို နာခံသည့်အချက်နှင့် ခရစ်တော်၏ သာမန် လူ့သဘာဝမှတစ်ဆင့် လာသည်၊ ဤနေရာ၌ လူသား၏ ဘုရားသခင်ကို ဆန့်ကျင်ခုခံမှုနှင့် မနာခံမှုတို့၏ အရင်းအမြစ်တို့ တည်ရှိသည်။ အကယ်၍ ခရစ်တော်၌ သူ၏လူ့သဘာဝအသွင်လည်းမရှိ၊ ခမည်းတော် ဘုရားသခင်၏ အလိုတော်ကိုလည်း ဖန်ဆင်းခံတစ်ဦး၏ ရှုထောင့်မှနေ၍ မရှာဘဲ၊ ထိုအစား တန်ခိုးကြီးသော လူ့သဘာဝ ပိုင်ဆိုင်ထားမည်ဆိုပါက၊ မည်သည့် လူသားတစ်ဦးတစ်ယောက်၌မျှ မနာခံခြင်း ရှိမည်မဟုတ်ပါ။ လူသားသည် ကောင်းကင်ဘုံရှိ မျက်မြင်မတွေ့နိုင်သည့် ဘုရားသခင်ကိုသာ အမြဲတမ်း ယုံကြည်ရန် ဆန္ဒရှိနေသည့် အကြောင်းရင်းမှာ ကောင်းကင်ဘုံမှ ဘုရားသခင်သည် လူ့သဘာဝ လုံးဝမရှိသည့်အပြင် ဖန်ဆင်းခံတစ်ဦး၏ စရိုက်မျိုး တစ်ခုမျှမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသားသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို အကြီးမြတ်ဆုံးအနေဖြင့် အစဉ်အမြဲ သဘောထား တန်ဖိုးထားလေးစားသော်လည်း ခရစ်တော်ကိုမူကား မထီမဲ့မြင်ပြုသည့် သဘောထားမျိုး ရှိတတ်ကြသည်။

ကမ္ဘာပေါ်၌ ခရစ်တော်သည် ဘုရားသခင်ကိုယ်တော်တိုင်ကိုယ်စား အလုပ်လုပ်နိုင်သော်ငြားလည်း၊ ဇာတိခန္ဓာနှင့် သူ၏ပုံသဏ္ဌာန်အား လူသားအားလုံးကို ပြသလိုသည့် ရည်ရွယ်ချက်ဖြင့် ကြွလာခြင်းမျိုး မဟုတ်ပါ။ လူသားအားလုံး သူ့ကို တွေ့မြင်စေဖို့အတွက် ကြွလာခြင်းမဟုတ်၊ လူသားတို့ကို လက်ဆွဲ၍ ဦးဆောင်ရန် သူကြွလာခြင်းဖြစ်သည်၊ ဤနည်းအားဖြင့် ခေတ်သစ်ထဲသို့ ဝင်ရောက်လာသည်။ ခရစ်တော်ဇာတိခန္ဓာ၏ လုပ်ငန်းဆောင်တာမှာ ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုအတွက်ဖြစ်သည်၊ ဆိုလိုသည်မှာ လူ့ဇာတိခံယူသည့် ဘုရားသခင်၏ အလုပ်အတွက်ဖြစ်ပြီး သူ့ဇာတိခန္ဓာ၏ ဂုဏ်ဒြပ်ကို လူသားအနေဖြင့် အပြည့်အဝ နားလည်သဘောပေါက်စေဖို့ လုပ်ဆောင်ပေးရန်အတွက် မဟုတ်ပါ။ သူမည်သို့ပင် အလုပ်လုပ်စေကာမူ၊ ဇာတိခန္ဓာက ကြိုးပမ်းရယူနိုင်မှုထက် မကျော်လွန်ပါ။ သူမည်သို့ပင် အလုပ်လုပ်စေကာမူ၊ သာမန်လူ့သဘာဝနှင့်အတူ ဇာတိခန္ဓာမှတစ်ဆင့် အလုပ်လုပ်သည်၊ ထို့ပြင် ဘုရားသခင်၏ မျက်နှာအသွင်အပြင်ကို လူသားတို့အား အပြည့်အဝ မဖော်ပြပေ။ ထို့ထက်မက ဇာတိခန္ဓာနှင့် သူ၏လုပ်ဆောင်မှုမှာ လူသားတို့ စိတ်ကူးပေါက်ထားသကဲ့သို့ သဘာဝထက် ကျော်လွန်သော သို့မဟုတ် ကြိုတင်မခန့်မှန်းနိုင်သော အခြေအနေမျိုး လုံးဝမဟုတ်ပါ။ ခရစ်တော်သည် လူ့ဇာတိခံယူသော ဘုရားသခင်ကိုယ်တော်တိုင်ကို ကိုယ်စားပြုပြီး၊ ဘုရားသခင်ကိုယ်တော်တိုင်အနေဖြင့် လုပ်သင့်လုပ်ထိုက်သော အလုပ်များကို ကိုယ်တိုင်ဆောင်ရွက်သော်ငြားလည်း၊ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ တည်ရှိမှုကို သူမငြင်းဆိုသကဲ့သို့ သူ၏ဆောင်ရွက်မှုများကိုလည်း အဖျားတပ်လျက် မကြွေးကြော်ခဲ့ပါ။ ထိုအစား သူ၏ဇာတိခန္ဓာထဲ၌ နှိမ့်ချစွာ သိုဝှက်နေသည်။ ခရစ်တော်မှလွဲ၍ မိမိကိုယ်မိမိ ခရစ်တော်ဖြစ်ကြောင်း အယောင်ဆောင်လျက် ကြွေးကြော်နေသူတို့၌ ခရစ်တော်၏ အရည်အချင်းမျိုး မတွေ့ရပါ။ ခရစ်တော်ယောင်ဆောင်သော ထိုသူများ၏ မာနထောင်လွှားမှုနှင့် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်မှုစသည့် စိတ်သဘောထားတို့ကို ယှဉ်တွဲပြသည့်အခါ၊ မည်သည့်ဇာတိခန္ဓာ၏ လုပ်ဆောင်မှုပုံစံသည် ခရစ်တော်အစစ်အမှန်ဖြစ်သည်မှာ သိသာထင်ရှားလာပါသည်။ ၎င်းတို့မှာ အယောင်ဆောင်များဖြစ်လေလေ၊ ခရစ်တော်အယောင်ဆောင်များမှာ ကိုယ့်ကိုယ်ကိုယ် ကြွားဝါလေလေဖြစ်ပြီး လူသားတို့ကို လိမ်လည်လှည့်ဖြားရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပို၍လုပ်ကိုင်လာနိုင်လေဖြစ်သည်။ ခရစ်တော်အယောင်ဆောင်များတွင် ဘုရားသခင်၏ အရည်အချင်းများ မရှိကြပါ၊ ခရစ်တော်သည် အခြားခရစ်တော် အယောင်အဆောင်များနှင့်ဆိုင်သည့် မည်သည့်လက္ခဏာနှင့်မျှ စွန်းထင်းနေခြင်း မရှိပါ။ ဇာတိခန္ဓာ၏အလုပ်ကို ပြီးပြည့်စုံစေရန်အတွက်သာလျှင် ဘုရားသခင်သည် လူ့ဇာတိခံယူခြင်းဖြစ်ပြီး လူသားတို့က သူ့ကို မြင်နိုင်ခွင့် ရနိုင်ရန်အတွက် သက်သက်သာ မဟုတ်ပါ။ အမှန်အားဖြင့်၊ သူ၏ကိုယ်ပိုင်လက္ခဏာကို သူ၏အလုပ်အားဖြင့် အတည်ပြုစေပြီး သူဖွင့်ပြသောအရာသည် သူ၏ဂုဏ်ဒြပ်ကို မှန်ကန်ကြောင်း ထောက်ခံနိုင်ရန် ခွင့်ပြုသည်။ သူ၏ဂုဏ်ဒြပ်မှာ အခြေအမြစ် မရှိသည်မဟုတ်၊ သူ၏ကိုယ်ပိုင်လက္ခဏာကို သူ၏လက်ဖြင့် ဖမ်းဆုပ်ထားခြင်းမျိုးလည်း မဟုတ်ပါ၊ ဤအရာအားလုံးတို့ကို သူ၏အလုပ်နှင့် သူ၏ဂုဏ်ဒြပ်တို့အားဖြင့် သတ်မှတ်ခြင်း ဖြစ်သည်။ သူ၌ ဘုရားသခင်ကိုယ်တော်တိုင်၏ ဂုဏ်ဒြပ်ရှိပြီး ဘုရားသခင်ကိုယ်တော်တိုင်၏ အလုပ်ကို လုပ်ကိုင်နိုင်စွမ်း ရှိသော်ငြားလည်း အမှန်စင်စစ်တွင် သူသည် ဝိညာဉ်တော်နှင့် မတူဘဲလျက် ဇာတိခန္ဓာပင် ဖြစ်လျက်ရှိနေသည်။ ခရစ်တော်သည် ဝိညာဉ်တော်၏ စရိုက်များရှိသော ဘုရားသခင် မဟုတ်ပါ၊ သူသည် ဇာတိခန္ဓာဖြင့် ဖုံးအုပ်ထားသည့် ဘုရားသခင် ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်သည် မည်မျှပင် သာမန်ဖြစ်ပြီး အားနည်းနေစေကာမူ၊ သူ့အနေဖြင့် ခမည်းတော် ဘုရားသခင်၏ အလိုတော်ကို မည်သည့်နည်းနှင့်မဆို ရှာဖွေစေကာမူ၊ သူ၏ဘုရားသဘောသဘာဝကို မည်သို့မျှ မငြင်းနိုင်ပါ။ လူ့ဇာတိခံယူသည့် ဘုရားသခင်၌ သာမန်လူ့သဘာဝနှင့် ထိုသဘာဝ၏ အားနည်းမှုများ တည်ရှိသည်သာမက၊ ယင်းအထဲ၌ ဘုရားသဘောသဘာဝ၏ အလွန်တရာ အံ့သြဖွယ်ရာနှင့် နက်နဲသော အရာများပါ တိုး၍တည်ရှိသည်၊ ထိုနည်းတူ ဇာတိခန္ဓာဖြင့်ပြုသော လုပ်ဆောင်မှုအားလုံးလည်း တည်ရှိသည်။ ထို့ကြောင့် လူ့သဘာဝနှင့် ဘုရားသဘောသဘာဝ နှစ်မျိုးစလုံးမှာ ခရစ်တော်အထဲ၌ အမှန်တကယ်နှင့် လက်တွေ့ကျကျ တည်ရှိနေသည်။ ယင်းမှာ အနှစ်သာရမဲ့ခြင်း သို့မဟုတ် သဘာဝလွန်ခြင်း လုံးဝမဟုတ်ပါ။ ခရစ်တော်သည် အမှုဆောင်ရန်ဟူသည့် အဓိကရည်ရွယ်ချက်ဖြင့် ကမ္ဘာပေါ်သို့ ကြွလာခြင်းဖြစ်သည်၊ ကမ္ဘာပေါ်၌ အမှုကို ထမ်းဆောင်ရန်အတွက် သာမန်လူ့သဘာဝကို ပိုင်ဆိုင်ထားရန် အလွန်အရေးကြီးသည်၊ သို့မဟုတ်ပါက သူ့ဘုရားသဘောသဘာဝ၏ တန်ခိုးသည် မည်မျှပင်ကြီးမားသော်ငြားလည်း မူလလုပ်ငန်းဆောင်တာကို အကောင်းဆုံးအတွက် အသုံးပြုဖို့ မလုပ်ဆောင်နိုင်ပါ။ သူ၏လူ့သဘာဝမှာ အလွန်အရေးကြီးသော်လည်း၊ ယင်းမှာ သူ၏ဂုဏ်ဒြပ် မဟုတ်ပါ။ သူ၏ ဂုဏ်ဒြပ်မှာ ဘုရားသဘောသဘာဝဖြစ်သည်၊ ထို့ကြောင့် ကမ္ဘာပေါ်၌ သူ၏အမှုတော်ကို စတင်ထမ်းဆောင်သည့် အခိုက်အတန့်မှာ သူ၏ ဘုရားသဘောသဘာဝကို စတင်ဖော်ပြသည့် အခိုက်အတန့်ပင်ဖြစ်သည်။ သူ၏လူ့သဘာဝမှာ ဇာတိခန္ဓာ၏ သာမန်အသက်တာကို တည်တံ့စေရန်အတွက်သာ ဖြစ်သည်၊ သို့မှသာ သူ၏ဘုရားသဘောသဘာဝက ဇာတိခန္ဓာထဲ၌ သာမန်ကဲ့သို့ အလုပ်လုပ်သွားနိုင်မည်ဖြစ်သည်၊ သူ၏အလုပ် တစ်ခုလုံးအပေါ် စီမံညွှန်ကြားပေးသည့်အရာမှာ ဘုရားသဘောသဘာဝပင်ဖြစ်သည်။ သူ့အနေဖြင့် သူ၏လုပ်ငန်းကို အပြီးသတ်သောအခါ၊ သူ၏သာသနာကို ပြီးပြည့်စုံအောင် ဆောင်ရွက်ပြီး ဖြစ်မည်ဖြစ်သည်။ လူသားတို့အနေဖြင့် သိထားသင့်သည်မှာ ခရစ်တော်အလုပ်၏ အလုံးစုံကိုဖြစ်ပြီး သူ၏လုပ်ငန်းမှတစ်ဆင့် လူသားတို့ သူ့ကို ပိုမိုသိလာစေနိုင်ပါသည်။ သူ၏အလုပ်တစ်လျှောက် လူ့သဘာဝဖြင့် စွန်းထင်းမနေသော စိတ်သဘောထား သို့မဟုတ် လူသားအတွေးနှင့် လူသားအမူအကျင့်တို့၏ စွန်းထင်းခြင်းမခံရသော ဖြစ်ခြင်းဖြစ်သည့် သူ၏ ဘုရားသဘောသဘာဝကို အပြည့်အဝ ဖော်ပြပေးသည်။ အချိန်တန်သောအခါ သူ၏သာသနာအားလုံး အဆုံးသတ်ပိုင်း ရောက်လာသည့်အခါ၌၊ သူဖော်ပြသင့်သော စိတ်သဘောထားကို ပြည့်စုံစွာ ရှင်းရှင်းလင်းလင်း ဖော်ပြပြီးဖြစ်ပါလိမ့်မည်။ မည်သည့်လူသားကမျှ သူ၏အလုပ်အပေါ် လမ်းညွှန်မှု မပေးပါ၊ သူ့စိတ်သဘောထား၏ ဖော်ပြမှုမှာလည်း အတော်အတန် လွတ်လပ်ပြီး စိတ်အားဖြင့် ထိန်းချုပ်ထားခြင်းမဟုတ်၊ သို့မဟုတ် အတွေးအခေါ်မှတစ်ဆင့် စနစ်တကျလုပ်ဆောင်မှုလည်း မဟုတ်ဘဲ သဘာဝကျကျ ဖွင့်ပြခြင်းဖြစ်သည်။ ယင်းကို မည်သည့်လူသားမျှ မစွမ်းဆောင်နိုင်ပါ။ ပတ်ဝန်းကျင်က ပြင်းထန်လျှင်ပင်၊ သို့မဟုတ် အခြေအနေများက အခွင့်မပေးလျှင်ပင်၊ သူသည် မိမိ၏စိတ်သဘောထားကို သင့်လျော်သည့်အချိန်၌ ဖော်ပြနိုင်သည်။ ခရစ်တော်မဟုတ်သော အခြားသူများက ခရစ်တော်၏ စိတ်သဘောထားမရှိဘဲ ဖြစ်နေသည့်အချိန်တွင်၊ ခရစ်တော်တည်းဟူသော သူသည် ခရစ်တော်၏ဖြစ်ခြင်းကို ထုတ်ဖော်ပြသသည်။ ထို့ကြောင့် အားလုံးက ခရစ်တော်ကို ခုခံဆန့်ကျင်နေလျှင်ပင် သို့မဟုတ် သူနှင့်ပတ်သက်သည့် အယူအဆများ ရှိနေလျှင်ပင်၊ လူသားတို့ အယူအဆအရ မည်သူမျှ မငြင်းနိုင်သည့်အရာမှာ ခရစ်တော်ဖော်ပြသော စိတ်သဘောထားမှာ ဘုရားသခင်၏ စိတ်သဘောထား ဖြစ်ကြောင်းပင်ဖြစ်သည်။ စစ်မှန်သော နှလုံးသားဖြင့် ခရစ်တော်ကို မီအောင်လိုက်သူတိုင်း သို့မဟုတ် ရည်ရွယ်ချက်ဖြင့် ဘုရားသခင်ကို ရှာဖွေသူ အားလုံးအနေဖြင့် သူဖော်ပြသော ဘုရားသဘောသဘာဝကို အခြေခံလျက် သူသည် ခရစ်တော်ဖြစ်ကြောင်း ဝန်ခံကြပါလိမ့်မည်။ လူသားတို့၏ အယူအဆများနှင့် မကိုက်ညီသည့် ခရစ်တော်၏ လက္ခဏာများအပေါ် အခြေခံလျက် သူ့ကို မည်သည့်အခါမျှ ငြင်းပယ်မည် မဟုတ်ပါ။ လူသားတို့မှာ အလွန်တရာ မိုက်မဲလှသော်လည်း၊ လူသား၏လိုအင်မှာ အဘယ်အရာဖြစ်သည်နှင့် ဘုရားသခင်ထံမှ ဆင်းသက်လာသည့်အရာမှာ အဘယ်အရာဖြစ်သည် စသည်တို့ကို အားလုံးက အတိအကျ သိကြသည်။ လူအတော်များများသည် ၎င်းတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်အရ ခရစ်တော်အား ရည်ရွယ်ချက်ရှိရှိ ခုခံဆန့်ကျင်နေကြရုံမျှသာ ဖြစ်သည်။ ထိုအတွက် မဟုတ်ပါက၊ ခရစ်တော်၏ တည်ရှိနေမှုကို ငြင်းဆန်နိုင်မည့် အကြောင်းရင်းကို မည်သည့်လူသားတစ်စုံတစ်ဦးကမျှ ရှာတွေ့လိမ့်မည် မဟုတ်ပါ၊ အဘယ်ကြောင့်ဆိုသော် ခရစ်တော်ဖော်ပြသည့် ဘုရားသဘောသဘာဝမှာ အမှန်တကယ် တည်ရှိနေပြီး သူ၏လုပ်ဆောင်ချက်ကို လူတိုင်း၏ ပကတိမျက်စိဖြင့် မျက်မြင်တွေ့နိုင်သောကြောင့်ဖြစ်သည်။

ခရစ်တော်၏အလုပ်နှင့် ဖော်ပြမှုတို့က သူ၏ဂုဏ်ဒြပ်ကို သတ်မှတ်ပေးသည်။ ခရစ်တော်သည် မိမိအား တာဝန်ပေးစေခိုင်းထားသည့် အရာကို စစ်မှန်သော နှလုံးသားနှင့်အတူ ပြီးပြည့်စုံစေနိုင်သည်။ စစ်မှန်သော နှလုံးသားဖြင့် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သူကိုးကွယ်နိုင်သည့်အပြင် ခမည်းတော် ဘုရားသခင်၏ အလိုတော်ကိုလည်း စစ်မှန်သော နှလုံးသားဖြင့် ရှာဖွေနိုင်သည်။ ယင်းအချက်အားလုံးတို့ကို သူ၏ဂုဏ်ဒြပ်က သတ်မှတ်ပေးသည်။ ထိုနည်းတူ သူ၏ပင်ကိုဖွင့်ပြခြင်းကိုလည်း သူ၏ ဂုဏ်ဒြပ်က သတ်မှတ်ပေးသည်၊ ယင်းကို ပင်ကိုဖွင့်ပြခြင်းဟု ခေါ်ဆိုရသည့် အကြောင်းရင်းမှာ သူ၏ဖော်ပြမှုသည် တုပလုပ်ဆောင်ခြင်းမျိုး မဟုတ်၊ သို့မဟုတ် လူသား၏ပညာဖြင့် ရနိုင်ကောင်းသည့် ရလဒ်မဟုတ်၊ သို့မဟုတ် နှစ်ပေါင်းများစွာ လူသားတို့ ပြုစုပျိုးထောင်လာခြင်း၏ ရလဒ်လည်း မဟုတ်သောကြောင့်ဖြစ်သည်။ ခရစ်တော်သည် ထိုအရာကို မသင်ယူခဲ့ပါ၊ သို့မဟုတ် ထိုအရာနှင့် သူ့ကိုယ်သူလည်း မဆင်မြန်းခဲ့ပါ၊ စင်စစ်အားဖြင့် ထိုအရာများမှာ သူ့အထဲ၌ မွေးရာပါဖြစ်သည်။ လူသားက သူ၏အလုပ်၊ သူ၏ဖွင့်ထုတ်ပြမှု၊ သူ၏လူ့သဘာဝနှင့် သူ့သာမန်လူ့သဘာဝ၏ အသက်တာတစ်ခုလုံးကို ငြင်းဆန်ကောင်း ငြင်းဆန်ပါလိမ့်မည်၊ သို့သော် ခရစ်တော်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားဖြင့် ဝတ်ပြုကိုးကွယ်သည့်အကြောင်း မည်သူမျှမငြင်းဆိုနိုင်ပါ။ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို ဖြည့်ဆည်းပေးရန် သူကြွလာခဲ့သည့်အကြောင်းနှင့် ခရစ်တော်သည် ဟန်ဆောင်မှုကင်းလျက် ခမည်းတော် ဘုရားသခင်ကို ရှာဖွေနေကြောင်း စသည်တို့ကို မည်သူမျှ မငြင်းဆန်နိုင်ပါ။ ခရစ်တော်၏ ပုံသဏ္ဌာန်မှာ အာရုံခံစားမှုများကို စိတ်ကျေနပ်မှု မဖြစ်စေသော်ငြားလည်း၊ သူ၏ အကျယ်တဝင့် ဟောပြောချက်ထဲ၌ အံ့မခန်းဖွယ်အကြောင်းများ မပါသော်ငြားလည်း၊ ထို့ပြင် သူ့အလုပ်အကိုင်မှာ လူတို့တွေးထင်ထားသကဲ့သို့ ကမ္ဘာကို တုန်သွားစေလောက်သော သို့မဟုတ် ကောင်းကင်ဘုံကို လှုပ်ခါသွားစေလောက်သော အရာမျိုးလည်း မဟုတ်သော်ငြား၊ သူသည် ခရစ်တော်စင်စစ်ဖြစ်သည်၊ စစ်မှန်သော နှလုံးသားဖြင့် ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို ဖြည့်ဆည်းပေးသူ၊ ကောင်းကင်ဘုံရှိ ခမည်းတော်ကို အပြည့်အဝ ကျိုးနွံနာခံသူဖြစ်ပြီး သေသည့်တိုင်အောင် နာခံသောသူဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ဂုဏ်ဒြပ်မှာ ခရစ်တော်၏ ဂုဏ်ဒြပ်ပင် ဖြစ်သောကြောင့်ဖြစ်သည်။ ဤသမ္မာတရားကို လူသားအနေဖြင့် ယုံကြည်နိုင်ရန် အင်မတန်ခက်ခဲပါသည်၊ သို့သော် ယင်းမှာ အမှန်တကယ် တည်ရှိနေသော အကြောင်းအရာဖြစ်သည်။ ခရစ်တော်၏ အမှုတော်သည် အကုန်အစင် ပြီးမြောက်သွားသောအခါ၌၊ သူ၏လုပ်ဆောင်မှုမှတစ်ဆင့် သူ၏စိတ်သဘောထားနှင့် သူ၏ဖြစ်ခြင်းမှာ ကောင်းကင်ဘုံမှ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဖြစ်ခြင်းအား ကိုယ်စားပြုသည်ကို လူများ တွေ့မြင်နိုင်မည် ဖြစ်သည်။ ထိုအချိန်၌ ခရစ်တော်၏ လုပ်ဆောင်မှုအားလုံး၏ အချုပ်က ခရစ်တော်သည် အမှန်စင်စစ် လူ့ဇာတိခံယူသော နှုတ်ကပတ်တော်ဖြစ်သည် ဆိုခြင်းနှင့် လူသားကဲ့သို့ အသွေးအသားဖြင့် တည်ဆောက်ထားခြင်းမျိုး မဟုတ်ဆိုခြင်းကို သက်သေပြုနိုင်ပေမည်။ ကမ္ဘာပေါ်ရှိ ခရစ်တော်၏ လုပ်ဆောင်မှုအဆင့်တိုင်း၌ ၎င်းတို့ကို ကိုယ်စားပြုသော အဓိပ္ပာယ်ရှိသည်၊ သို့သော်လည်း အဆင့်တစ်ခုချင်းစီ၏ အမှန်တကယ်အလုပ်ကို တွေ့ကြုံခံစားရသူမှာ ခရစ်တော်အလုပ်၏ အဓိပ္ပာယ်ကို နားလည်သဘောပေါက်မှု မရှိနိုင်ပါ။ အထူးသဖြင့် ဤအချက်သည် ဒုတိယ လူ့ဇာတိခံယူသည့် ဘုရားသခင်မှ လုပ်ဆောင်သော လုပ်ဆောင်မှုအဆင့် အချို့အတွက် အမှန်ကျသည်။ ခရစ်တော်၏ နှုတ်ကပတ်တော်များကို ကြားရရုံ သို့မဟုတ် မြင်ရရုံလောက်သာရှိပြီး သူ့ကို တစ်ခါမျှ မမြင်ဖူးသူ အများစုမှာ သူ့အလုပ်နှင့် ပတ်သက်၍ အယူအဆများ မရှိကြပါ၊ ခရစ်တော်ကို မြင်ဖူးပြီး သူ၏နှုတ်ကပတ်တော်များကို ကြားဖူးသည့်အပြင် သူ၏အလုပ်ကိုလည်း တွေ့ကြုံဖူးသူတို့မှာမူ ခရစ်တော်၏အလုပ်ကို လက်ခံနိုင်ရန် ခက်ခဲကြသည်။ ဤသည်မှာ ခရစ်တော်၏ ပုံပန်းသဏ္ဌာန်နှင့် သာမန်လူ့သဘာဝတို့သည် လူသားတို့ အကြိုက်မဟုတ်၍ပင် မဟုတ်ပါလား။ ခရစ်တော် ပြန်လည် တက်ကြွသွားပြီးနောက်မှ သူ၏အမှုကို လက်ခံသူတို့မှာမူ ယင်းအခက်အခဲမျိုး ရှိမည်မဟုတ်ပါ၊ အဘယ်ကြောင့်ဆိုသော် သူတို့သည် ခရစ်တော်၏အလုပ်ကို လက်ခံရုံသာရှိပြီး ခရစ်တော်၏ သာမန်လူ့သဘာဝနှင့် မတွေ့ကြုံကြ၍ ဖြစ်သည်။ လူသားသည် ဘုရားသခင်နှင့် ပတ်သက်သည့် သူ၏အယူအဆများကို မဖျက်ထုတ်နိုင်ပါ၊ ထိုအစား ဘုရားသခင်ကို အလွန်ပြင်းထန်စွာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ဤသို့ဖြစ်ရသည်မှာ လူသားသည် သူ၏ပုံပန်းသဏ္ဌာန်အပေါ်၌သာ အာရုံစိုက်ထားပြီး ခရစ်တော်၏အလုပ်နှင့် သူ၏နှုတ်ကပတ်တော်များအပေါ် အခြေခံ၍ သူ၏ဂုဏ်ဒြပ်ကို မသိမှတ် နားမလည်နိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ လူသားသည် ခရစ်တော်၏ ပုံပန်းသဏ္ဌာန်ကို လျစ်လျူရှုထားမည် သို့မဟုတ် ခရစ်တော်၏ လူ့သဘာဝကို ဆွေးနွေးရန် ရှောင်ဖယ်ပြီး၊ မည်သည့်လူသားမျှ မရရှိနိုင်သည့် သူ၏အလုပ်နှင့် နှုတ်ကပတ်တော်များဖြစ်သည့် ခရစ်တော်၏ ဘုရားသဘောသဘာဝအကြောင်းကိုသာ ပြောဆိုမည်ဆိုပါက၊ လူသား၏ အယူအဆမှာ တစ်ဝက်ထိုးကျသွားနိုင်သည်၊ လူသား၏ အခက်အခဲများအားလုံးကို ဖြေရှင်းပြီးသား အခြေအနေထိပင် ထိုးကျသွားနိုင်သည်။ လူ့ဇာတိခံယူသော ဘုရားသခင် အလုပ်လုပ်နေစဉ်အတွင်း သူ့ကို လူသားတို့ သည်းမခံနိုင်သည့်အပြင် လူသားတို့၌ သူနှင့်ပတ်သက်သော အယူအဆအမြောက်အမြားဖြင့် ပြည့်နှက်နေသည်၊ ထို့ပြင် ဆန့်ကျင်ပုန်ကန်မှုနှင့် မနာခံမှုတို့ ဖြစ်စဉ်များမှာ ဖြစ်နေကျပင်ဖြစ်သည်။ ဘုရားသခင်၏ တည်ရှိခြင်းကို လူသားအနေဖြင့် သည်းမခံနိုင်ပါ၊ ခရစ်တော်၏ နှိမ့်ချမှုနှင့် သိုဝှက်မှုတို့အပေါ် သက်ညှာမှု မပြသနိုင်ပါ၊ သို့မဟုတ် ကောင်းကင်ဘုံရှိ ခမည်းတော်ကို နာခံသည့် ခရစ်တော်၏ ဂုဏ်ဒြပ်ကို ခွင့်မလွှတ်ပေးနိုင်ပါ။ ထို့ကြောင့် ခရစ်တော်သည် သူ၏အလုပ် ပြီးမြောက်သွားပြီးနောက် လူသားတို့နှင့် ထာဝရ မနေထိုင်နိုင်ပါ၊ အဘယ်ကြောင့်ဆိုသော် လူသားတို့သည် သူ့ကို သူတို့နှင့် အတူတကွ နေထိုင်စေလိုသည့်စိတ် မရှိကြပါ။ လူသားတို့သည် ခရစ်တော် အမှုဆောင်နေစဉ် အတွင်း၌ သူ့အပေါ် သက်ညှာမှုမပြသနိုင်ပါက၊ ခရစ်တော်အမှုဆောင်ပြီးနောက် သူ၏နှုတ်ကပတ်တော်များအား လူသားတို့ တဖြည်းဖြည်း တွေ့ကြုံခံစားနေသည်ကို စောင့်ကြည့်ရင်း လူသားတို့နှင့်အတူတူ ခရစ်တော်နေထိုင်ခြင်းကို ၎င်းတို့သည် မည်သို့သည်းခံနိုင်ပါမည်နည်း။ ထိုသို့ဆိုလျှင် ခရစ်တော်ကြောင့် လူပေါင်းများစွာ လဲကျကြလိမ့်မည် မဟုတ်လော။ ကမ္ဘာပေါ်၌ အမှုထမ်းဆောင်ရန်သာ လူသားက သူ့ကို ခွင့်ပြုခဲ့သည်၊ ယင်းမှာ လူတို့သက်ညှာမှု၏ အကြီးဆုံး အတိုင်းအတာတစ်ခု ဖြစ်သည်။ သူ၏အလုပ်ကြောင့် မဟုတ်ခဲ့ပါက လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက လူသားတို့သည် ခရစ်တော်ကို ကမ္ဘာပေါ်မှ နှင်ထုတ်လိုက်ပြီး ဖြစ်လိမ့်မည်ဖြစ်သည်၊ ထို့ကြောင့် ခရစ်တော်သည် သူ၏အမှုကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသည်နှင့် လူတို့သည် သက်ညှာမှုကို မည်မျှဖော်ပြနိုင်လိမ့်မည်နည်း။ ထို့နောက် လူတို့သည် ခရစ်တော်ကို သေခြင်းသို့ပို့ဆောင်ပြီး သေဆုံးသည်အထိ နာကျင်အောင် နှိပ်စက်ကြလိမ့်မည် မဟုတ်လော။ အကယ်၍ သူသည် ခရစ်တော်ဟု အခေါ်မခံခဲ့ရပါက၊ လူတို့ကြား၌ အလုပ်လုပ်နိုင်ခဲ့လိမ့်မည် မဟုတ်ပါ၊ အကယ်၍ သူသည် ဘုရားသခင် ကိုယ်တော်တိုင်၏ ကိုယ်ပိုင်လက္ခဏာဖြင့် အလုပ်မလုပ်ဘဲ ထိုအစား သာမန်လူတစ်ဦးကဲ့သို့သာ အလုပ်လုပ်ခဲ့မည်ဆိုပါက၊ သူ့အလုပ်၏ မဆိုစလောက်ပမာဏလေးကို သည်းခံရန်မဆိုထားနှင့် သူပြောသည့် ဝါကျတစ်ကြောင်းကိုမျှ လူတို့ သည်းခံနိုင်လိမ့်မည်မဟုတ်ပါ။ ထို့ကြောင့် ခရစ်တော်သည် သူ၏အလုပ်ထဲ၌ ယင်းကိုယ်ပိုင်လက္ခဏာကို သူနှင့်အတူတကွ တင်ဆောင်ထားရုံသာ တတ်နိုင်သည်။ ဤနည်းလမ်းအားဖြင့်၊ သူ၏လုပ်ဆောင်မှုမှာ အကယ်၍ သူဤကဲ့သို့ မလုပ်ဆောင်ခဲ့ပါက ရလာမည်ထက် ပို၍တန်ခိုးကြီးမားလာပါသည်၊ အဘယ်ကြောင့်ဆိုသော် လူသားအားလုံးတို့မှာ တည်မြဲကြီးမားသော ကိုယ်ပိုင်လက္ခဏာကို နာခံလိုက်လျှောက်ရန် ဆန္ဒရှိကြ၍ဖြစ်သည်။ အကယ်၍ ခရစ်တော်သည် သူအလုပ်လုပ်သည့်အချိန် သို့မဟုတ် ဘုရားသခင် ကိုယ်တော်တိုင်အဖြစ် ပေါ်ထွန်းလာသည့်အချိန်တွင် ဘုရားသခင်ကိုယ်တော်တိုင်၏ ကိုယ်ပိုင်က္ခဏာကို မတင်ဆောင်ထားပါက၊ အမှုထမ်းဆောင်နိုင်မည့် အခွင့်အရေး လုံးဝရှိနိုင်ခဲ့မည် မဟုတ်ပေ။ ခရစ်တော်၌ ဘုရားသခင်၏ဂုဏ်ဒြပ်နှင့် ခရစ်တော်၏ဖြစ်ခြင်းတို့ ရှိထားသော်ငြားလည်း လူသားထုအကြား၌ သူ၏အမှုတော်ကို လွယ်လွယ်ကူကူ ထမ်းဆောင်နိုင်ဖို့ ခရစ်တော်ကို လူသားတို့ လွယ်လွယ်ကူကူ အခွင့်ပေးခဲ့လိမ့်မည် မဟုတ်ပေ။ ခရစ်တော်သည် သူအလုပ်လုပ်ရာ၌ ဘုရားသခင် ကိုယ်တော်တိုင်၏ ကိုယ်ပိုင်လက္ခဏာကို တင်ဆောင်ထားခဲ့သည်၊ ယင်းအလုပ်မျိုးမှာ ထိုကိုယ်ပိုင်လက္ခဏာမပါဘဲ လုပ်ဆောင်ခဲ့မှုများထက် အကြိမ်ပေါင်းမြောက်မြားစွာ တန်ခိုးပိုကြီးမားသည် ဆိုသော်ငြားလည်း၊ လူသားတို့မှာမူ ခရစ်တော်ကို အပြည့်အဝ မနာခံကြသေးပေ၊ အဘယ်ကြောင့်ဆိုသော် လူသားတို့မှာ ခရစ်တော်၏ အဆင့်အတန်းအပေါ်၌သာ နာခံတတ်ကြပြီး ခရစ်တော်၏ဂုဏ်ဒြပ်အပေါ်၌ မနာခံကြ၍ဖြစ်သည်။ သို့ဖြစ်လျှင် တစ်နေ့ ခရစ်တော်သည် သူ၏ရာထူးမှ တစ်ဆင့်လျှော့ချလိုက်မည်ဆိုပါက၊ လူသားတို့အနေဖြင့် သူ့ကို တစ်ရက်တာမျှပင် ဆက်လက်အသက်ရှင်သန်ဖို့ရန် ခွင့်ပြုနိုင်ကြပါမည်လော။ ဘုရားသခင်က လူသားတို့နှင့်အတူ ကမ္ဘာပေါ်၌ အတူတကွ နေထိုင်လိုသည်၊ သို့မှသာ ဘုရားသခင်သည် သူ၏လက်တော်ဖြင့် လုပ်ဆောင်ထားသည့် အမှုက လာမည့်နှစ်ပေါင်းများ၌ ဖြစ်ပေါ်လာစေမည့် ရလဒ်များကို မြင်တွေ့နိုင်မည်ဖြစ်သည်။ သို့သော်လည်း ခရစ်တော် ဆက်နေထိုင်ဖို့ကို လူသားတို့ဖက်မှ တစ်ရက်တာမျှပင် သည်းခံနိုင်စွမ်း မရှိကြပေ၊ ထို့ကြောင့် ခရစ်တော်ဖက်က လက်လျှော့ပေးလိုက်ရန်သာ ရှိတော့သည်။ ဘုရားသခင်အား သူ၏သာသနာကို ပြည့်စုံရန်အတွက် လူတို့ကြားထဲ၌ သူလုပ်သင့် လုပ်ထိုက်သည့် အလုပ်ကို လုပ်ခွင့်ပေးခြင်းပင်လျှင် လူသားတို့၏ အဆုံးစွန်သော သက်ညှာမှုနှင့် ကျေးဇူးပင်ဖြစ်သည်။ ခရစ်တော်ကိုယ်တိုင်၏ သိမ်းပိုက်ခြင်းခံခဲ့ရသော သူများသည် ခရစ်တော်အား ဤကဲ့သို့သော ကျေးဇူးကို ပြသော်ငြားလည်း၊ သူတို့သည် သူ၏လုပ်ငန်း ပြီးစီးသည့်အချိန်ထိသာ ခရစ်တော်ကို နေထိုင်ခွင့်ပြုကြပြီး၊ ထို့နောက်တွင်မူ တစ်ဒင်္ဂခန့်မျှ ဆက်၍မနေထိုင်စေလိုကြပါ။ ဤသို့ဆိုလျှင် သူ၏ သိမ်းပိုက်ခြင်းကို မခံရသူတို့အတွက်မှာမူကား အဘယ်သို့နည်း။ လူသားတို့က လူ့ဇာတိခံယူသည့် ဘုရားသခင်ကို ဤသို့ပြုမူဆက်ဆံရခြင်း အကြောင်းရင်းမှာ သူသည် သာမန်လူသားတစ်ဦး၏ပုံစံမျိုး ဖုံးလွှမ်းထားသည့် ခရစ်တော်ဖြစ်၍ပင် မဟုတ်လော။ အကယ်၍ ခရစ်တော်၌ ဘုရားသဘောသဘာဝ တစ်ခုတည်းသာရှိပြီး သာမန်လူ့သဘာဝ မရှိပါက၊ လူသားတို့၏ အခက်အခဲများကို အလွယ်ကူဆုံး ဖြေရှင်းလိုက်နိုင်မည် မဟုတ်ပါလား။ သူ၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို နာခံသည့် ခရစ်တော်၏ ဂုဏ်ဒြပ်အတိအကျပင်ဖြစ်သည် ဆိုသော်ငြားလည်း၊ လူသားအနေဖြင့် ခရစ်တော်၏ ဘုရားသဘောသဘာဝကို စိတ်မပါ့တစ်ပါနှင့်သာ အသိအမှတ်ပြုပြီး သာမန်လူသားတစ်ဦးအနေဖြင့် ပုံဆောင်ချက်ကို စိတ်ဝင်စားမှု လုံးဝမရှိပါ၊ ထို့ကြောင့် လူတို့သည် သူ၏တည်ရှိနေမှုအပေါ် ဘယ်နည်းနှင့်မျှ သည်းမခံနိုင်တော့သည့်အတွက် လူသားများနှင့်အတူတကွ ပျော်ရွှင်မှုများနှင့် ဝမ်းနည်းမှုများကို မျှဝေနိုင်ဖို့ရန် လူသားတို့အကြားတွင် လုပ်ရမည့် သူ၏အမှုကို ပယ်ဖျက်ရုံသာ သူတတ်နိုင်ပါတော့သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။