ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၃၇

ဤကမ္ဘာမြေပေါ် ဘုရားသခင် ကြွလာသည့်အချိန်တွင် သူသည် ဘုရား၏သဘောသဘာဝအတွင်း၌သာ သူ၏အမှုတော်ကို လုပ်ဆောင်လေသည်။ ဤအရာမှာ ကောင်းကင်ဘုံမှ ဝိညာဉ်တော်က လူ့ဇာတိခံယူထားသော ဘုရားသခင်ကို တာဝန်ပေးစေခိုင်းထားသော အရာဖြစ်သည်။ သူကြွလာသည့်အခါ သူသည် ကွဲပြားခြားနားသော နည်းလမ်းများနှင့် မတူညီသော ရှုထောင့်အမြင်များမှ သူ၏စကားတော်များကို မြွက်ဆိုဖွင့်ဟခြင်းငှာသာ နေရာတိုင်း၌ စကားပြောတော်မူသည်။ လူကိုအထောက်အပံ့ပြုခြင်းနှင့် သွန်သင်တော်မူခြင်းတို့ကို သူ၏ပန်းတိုင်များနှင့် အလုပ်လုပ်ဆောင်ရာ နိယာမအဖြစ် အဓိက မှတ်ယူသည်။ သူသည် လူလူချင်း ဆက်ဆံရေးများနှင့် လူတို့ဘဝများ၏ အသေးစိတ်အကြောင်းအရာများကဲ့သို့သော အမှုကိစ္စများကို စိတ်မဝင်စားပါ။ သူ၏အဓိက အမှုတော်မှာ ဝိညာဉ်တော်အတွက် စကားပြောရန်ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိခန္ဓာ၌ လက်ဆုပ်လက်ကိုင် ပြနိုင်သည့်သဘောဖြင့် ပေါ်လာသောအခါ၊ သူသည် လူသားအသက်တာအတွက် ထောက်ပံ့ပေးခြင်းနှင့် သမ္မာတရားကို ထုတ်ပြန်ခြင်းတို့ကိုသာ ပြုသည်။ သူသည် လူ့အလုပ်ထဲ ပါဝင်ပတ်သက်ခြင်းမရှိပါ၊ ဆိုလိုသည်မှာ သူသည် လူသားမျိုးနွယ်၏အလုပ်ထဲ၌ မပါဝင်ဟု ဆိုရမည်ဖြစ်သည်။ လူသားများသည် ဘုရားသဘောသဘာဝ၏ အလုပ်ကို မလုပ်နိုင်ကြသလို၊ ဘုရားသခင်သည်လည်း လူသားအလုပ်ထဲ၌ မပါဝင်ပါ။ ဘုရားသခင်သည် သူ၏အမှုတော်ကို လုပ်ဆောင်ရန် ဤကမ္ဘာမြေပေါ် ကြွလာခဲ့သည့်အချိန်မှစ၍ နှစ်များအားလုံးတစ်လျှောက် သူသည် လူတို့မှတစ်ဆင့် ထိုအလုပ်ကို အမြဲလုပ်ဆောင်တော်မူခဲ့၏။ သို့သော်၊ ဤလူတို့ကို လူ့ဇာတိခံယူထားသော ဘုရားသခင်ဟု သတ်မှတ်၍မရဘဲ၊ ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူများအဖြစ်သာ သတ်မှတ်ရပေမည်။ သို့သော်၊ ယနေ့၏ ဘုရားသခင်သည် ဝိညာဉ်တော်၏အသံတော်ကို စေလွှတ်ပြီး၊ ဝိညာဉ်တော်ကိုယ်စား အလုပ်လုပ်ကာ၊ ဘုရားသဘောသဘာဝ၏ ရှုထောင့်မှ တိုက်ရိုက်စကားပြောနိုင်ပေသည်။ ထိုနည်းတူစွာ၊ ခေတ်ကာလများတစ်လျှောက် ဘုရားသခင်အသုံးပြုခဲ့သော ထိုသူအပေါင်းတို့သည် သွေးသားကိုယ်ခန္ခာအတွင်း၌ ဘုရားသခင်၏ ဝိညာဉ်တော် အလုပ်လုပ်တော်မူခြင်း၏ သာဓကများ ဖြစ်ကြသည်။ ထို့ကြောင့်၊ ၎င်းတို့ကို ဘုရားသခင်ဟု အဘယ့်ကြောင့် ခေါ်ဝေါ်၍ မရသနည်း။ သို့သော်၊ ယနေ့၏ ဘုရားသခင်သည်လည်း ဇာတိခန္ဓာ၌ ဘုရားဝိညာဉ်တော်၏ တိုက်ရိုက် အလုပ်လုပ်တော်မူခြင်းဖြစ်သလို၊ ယေရှုမှာလည်း ဇာတိခန္ဓာ၌ ဘုရားဝိညာဉ်တော်၏ အလုပ်လုပ်တော်မူခြင်းဖြစ်၏၊ ဤသူနှစ်ဦးလုံးကို ဘုရားသခင်ဟု ခေါ်ဝေါ်ကြသည်။ ထို့ကြောင့် ခြားနားချက်မှာ အဘယ်အရာ ဖြစ်သနည်း။ ခေတ်ကာလများ တစ်လျှောက်တွင်၊ ဘုရားသခင်အသုံးပြုခဲ့သော လူအပေါင်းတို့သည် သာမန်အတွေးအခေါ်နှင့် အသိစိတ်တို့ကို လုပ်ဆောင်နိုင်သူများဖြစ်ကြသည်။ လူ့အမူအကျင့်၏ အခြေခံသဘောတရားကို ၎င်းတို့အားလုံး သိကြသည်။ ၎င်းတို့သည် သာမန်လူ့အတွေးအခေါ်များကို စွဲကိုင်ထားကြပြီး၊ ပုံမှန်လူတို့ ရှိထားသင့်သည့် အရာများအားလုံး ဆင်ယင်ထားကြသူများဖြစ်သည်။ ၎င်းတို့ထဲမှာ အများစုမှာ ထူးခြားသော ပါရမီနှင့် မွေးရာပါ ဉာဏ်ရည်ဉာဏ်သွေး ရှိကြ၏။ ဤလူတို့အပေါ် အလုပ်လုပ်ရာတွင်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဘုရားပေးထားသည့် ဆုကျေးဇူးများဖြစ်သော ၎င်းတို့၏ ပါရမီများကို ထိန်းချုပ်အသုံးပြုတော်မူလေသည်။ ဘုရားသခင်၏ အမှုတော်မြတ်၌ ၎င်းတို့၏ စွမ်းပကားများကို အသုံးပြုရင်း ဘုရားသခင်၏ ဝိညာဉ်တော်သည် ၎င်းတို့၏ပါရမီများကို ဆောင်ယူအသုံးပြုတော်မူသည်။ သို့သော်၊ ဘုရားသခင်၏ အနှစ်သာရမှာ စိတ်ကူးနှင့် အတွေးအခေါ်များ ကင်းလွတ်ပြီး၊ လူသား၏ရည်ရွယ်ချက်များနှင့် ရောနှောခြင်းမရှိဘဲ၊ ပုံမှန်လူတို့ ဆင်ယင်ထားသည့် အရာပင်လျှင် မရှိပါ။ တစ်နည်းဆိုရလျှင် လူ့အမူအကျင့်၏ အခြေခံသဘောတရားများဖြင့်ပင်လျှင် သူအကျွမ်းဝင်မှုမရှိဟု ဆိုရမည်ဖြစ်သည်။ ဤသည်မှာ ယနေ့၏ဘုရားသခင် ကမ္ဘာမြေပေါ်ကြွလာသောအခါ ဖြစ်သောပုံစံဖြစ်သည်။ သူ၏အမှုတော်နှင့် နှုတ်ကပတ်တော်များမှာ လူ့ရည်ရွယ်ချက်များ သို့မဟုတ် လူ့ထင်မြင်ချက်နှင့် ရောနှောခြင်း မရှိဘဲ ၎င်းတို့သည် ဝိညာဉ်တော်၏ ရည်ရွယ်ချက်များ၏ တိုက်ရိုက်သရုပ်သကန်တစ်ခု ဖြစ်ပြီး သူသည် ဘုရားသခင်ကိုယ်စား တိုက်ရိုက်အလုပ်လုပ်လေသည်။ ဤသည်မှာ ဝိညာဉ်တော်သည် တိုက်ရိုက်ပြောဆိုသည်ဟု အဓိပ္ပာယ်ရသည်၊ ဘုရားသဘောသဘာဝသည် အမှုကို တိုက်ရိုက်ပြုသောကြောင့် ထိုအရာသည် လူသား၏ ရည်ရွယ်ချက်များနှင့် အနည်းငယ်မျှပင် ရောစပ်ခြင်းမရှိဟု ဆိုလိုသည်။ တစ်နည်းဆိုရလျှင် ဘုရား၏သဘောသဘာဝကို တိုက်ရိုက်သရုပ်ထင်စေသော လူ့ဇာတိခံယူထားသည့် ဘုရားသခင်သည် လူ့အတွေးအခေါ် သို့မဟုတ် စိတ်ကူးများမရှိသလို လူ့အမူအကျင့်၏ အခြေခံသဘောတရားများကိုလည်း နားလည်သဘောပေါက်မှုမရှိခြင်း ဖြစ်သည်။ ဘုရား၏ သဘောသဘာဝ တစ်ခုတည်းကသာ အမှုပြုခဲ့သည်ဆိုလျှင် (အဓိပ္ပာယ်မှာ ဘုရားသခင် ကိုယ်တော်တိုင်ကသာ အမှုပြုခဲ့သည်ဆိုလျှင်)၊ ကမ္ဘာမြေပေါ်၌ ဘုရားအမှုတော်ကို လုပ်ဆောင်ဖို့ရန်အတွက် နည်းလမ်းရှိခဲ့လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်၊ ဘုရားသခင် ကမ္ဘာမြေပေါ်ကြွလာသောအချိန်တွင် ဘုရား၏သဘောသဘာဝထဲ၌ ဘုရားသခင်ပြုသောအမှုနှင့် ယှဉ်လျက် လူ့သဘာဝအတွင်း အလုပ်လုပ်ဖို့ရန် သူအသုံးပြုလေ့ရှိသည့် အရေအတွက်နည်းပါးသော လူများရှိရမည် ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် မိမိ၏ ဘုရားသဘောသဘာဝအလုပ်ကို ထောက်မဖို့ရန်အတွက် လူသားအလုပ်ကို အသုံးပြုခြင်းဖြစ်သည်။ သို့မဟုတ်လျှင်၊ လူအတွက် ဘုရားသဘောသဘာဝ၏ အလုပ်နှင့် တိုက်ရိုက်ထိတွေ့လာနိုင်ရန် နည်းလမ်းရှိလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ ယေရှုနှင့် သူ၏တပည့်များ ဖြစ်ခဲ့သည့် ပုံစံဖြစ်သည်။ ကမ္ဘာပေါ်၌ သူရှိခဲ့သည့်အချိန်အတွင်းတွင်၊ ယေရှုသည် ပညတ်ချက်ဟောင်းများကို ဖျက်ပယ်ခဲ့ပြီး ပညတ်တရား အသစ်များကို ချမှတ်ခဲ့သည်။ များစွာသော နှုတ်ကပတ်တော်များကိုလည်း သူမိန့်မြွက်တော်မူခဲ့၏။ ဤအမှုအားလုံးကို ဘုရား၏သဘောသဘာဝထဲ၌ လုပ်ဆောင်တော်မူခဲ့ခြင်းဖြစ်သည်။ ပေတရု၊ ပေါလုနှင့် ယောဟန်ကဲ့သို့ အခြားသောသူအားလုံးတို့သည် ၎င်းတို့၏နောက်ဆက်တွဲအလုပ်ကို ယေရှု၏နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်ပေါ်တွင် မှီထားခဲ့ကြသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် ကျေးဇူးတော်ခေတ်၏ အစပြုခြင်းကို ဖွင့်ပေးရင်း သူ၏အလုပ်ကို ယင်းခေတ်ထဲ၌ စတင်ဆောင်ရွက်နေခဲ့ခြင်းဖြစ်သည်၊ တစ်နည်းအားဖြင့်ဆိုလျှင် ဘုရားသခင်သည် အဟောင်းကို ပယ်ဖျက်ပြီး “ဘုရားသခင်သည် အစအဦးနှင့် နောက်ဆုံးဖြစ်တော်မူသည်” ဟူသော စကားများကိုလည်း ပြည့်စုံစေရင်း ခေတ်ကာလသစ်ကို ယူဆောင်လာခဲ့ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်၊ လူသည် ဘုရားသဘောသဘာဝအမှုတော်၏ အခြေခံအုတ်မြစ်အပေါ်တွင် လူသားအလုပ်ကို လုပ်ဆောင်ရမည်ဖြစ်သည်။ ယေရှုသည် သူပြောရန် လိုအပ်သည်များအားလုံးကို မိန့်မြွက်ပြီး ကမ္ဘာမြေပေါ်၌ သူ၏အမှုတော်ကို လက်စသတ်ပြီးနောက် လူကိုစွန့်ခွာခဲ့လေသည်။ ဤအရာပြီးနောက်၊ အလုပ်လုပ်ခြင်း၌ လူအားလုံးတို့သည် သူ၏ နှုတ်ကပတ်တော်များထဲတွင် ဖော်ပြထားသော နည်းဥပဒေသများအတိုင်း လုပ်ဆောင်ခဲ့ကြပြီး၊ သူမိန့်မြွက်ခဲ့သည့် သမ္မာတရားများနှင့်အညီ ကျင့်သုံးခဲ့ကြသည်။ ဤသူတို့မှာ ယေရှုအတွက် အလုပ်လုပ်ဆောင်ကြသော လူအားလုံးဖြစ်သည်။ ယေရှုတစ်ဦးတည်း အမှုတော်လုပ်ဆောင်နေခဲ့ပါလျှင်၊ နှုတ်ကပတ်တော်များ အဘယ်မျှလောက် သူမိန့်မြွက်ခဲ့ပါစေ၊ လူတို့သည် သူ၏ နှုတ်ကပတ်တော်များနှင့် ထိတွေ့လာနိုင်ခဲ့ကြလိမ့်ဦးမည်မဟုတ်၊ အဘယ့်ကြောင့်ဆိုသော် သူသည် ဘုရား၏ သဘောသဘာဝထဲ၌ အလုပ်လုပ်ကာ ဘုရားသဘောသဘာဝ၏ နှုတ်ကပတ်တော်များကိုသာ မိန့်မြွက်နိုင်ပြီး သူ၏ နှုတ်ကပတ်တော်များကို သာမန်လူတို့ နားလည်နိုင်သည်အထိ အမှုအရာတို့ကို သူရှင်းပြနိုင်ခဲ့မည် မဟုတ်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သူ၏အမှုတော်ကို ဖြည့်စွက်ဖို့ရန်အတွက် သူ့နောက်တွင် ရောက်လာခဲ့ကြသည့် တမန်တော်များနှင့် ပရောဖက်တို့ ရှိထားဖို့ရန် သူလိုအပ်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ လူ့ဇာတိခံယူထားသော ဘုရားသခင်က သူ၏အမှုတော်ကို လုပ်ဆောင်ပုံနှင့်ဆိုင်သည့် နည်းဥပဒေသဖြစ်သည်၊ ဘုရားဖြစ်တော်မူခြင်း၏ အမှုတော်ကို ပြည့်စုံစေရန်အတွက်အလို့ငှာ လူ့ဇာတိခံယူထားသော ဇာတိခန္ဓာကို အသုံးပြုခြင်းနှင့် သူ၏အမှုတော်ကို ဖြည့်စွက်ဖို့ရန် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီသော လူအနည်းငယ် သို့မဟုတ် ပိုများနိုင်သော လူတို့ကို အသုံးပြုခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ခပ်သိမ်းသောလူတို့ သမ္မာတရားကို ရရှိနိုင်စေဖို့အလို့ငှာ ဘုရားသခင်သည် ထိန်းကျောင်းခြင်းနှင့် ရေလောင်းပေးခြင်းအလုပ်ကို လုပ်ဆောင်ရန်အတွက် သူ၏စိတ်နှလုံးနှင့် ညီသောလူတို့ကို အသုံးပြုတော်မူခြင်းဖြစ်သည်။

အကယ်၍ ဇာတိခန္ဓာထဲသို့ ကြွလာခြင်း၌ ဘုရားသခင်၏ စိတ်နှလုံးနှင့်ညီကာ သူနှင့်အတူ ပူးပေါင်းလုပ်ဆောင်သည့် နောက်ထပ်လူအနည်းငယ်မပါရှိဘဲ ဘုရားသခင်တစ်ဦးတည်းသာ ဘုရားသဘောသဘာဝ၏ အမှုတော်ကို လုပ်ဆောင်လျှင်၊ လူသည် ဘုရားသခင်၏အလိုတော်ကို နားလည်သဘောပေါက်ရန် သို့မဟုတ် ဘုရားသခင်နှင့် ထိတွေ့လာရန် နည်းလမ်းရှိလိမ့်မည်မဟုတ်ပေ။ ဘုရားသခင်သည် သူ၏အလုပ်ကို ပြီးမြောက်ဖို့ရန်၊ အသင်းတော်များကို ကြည့်ရှုစောင့်ရှောက်ရန်နှင့် ထိန်းကျောင်းပေးဖို့ရန်အတွက်၊ လူ၏ဦးနှောက်ဖြစ်သည့် သူ၏ သိမြင်နိုင်သော ဖြစ်စဉ်များသည် အံ့ဖွယ်ပြုလုပ်နိုင်စွမ်းရှိသည့်အဆင့်ကို ရောက်ရှိဖို့ရန်အလို့ငှာ သူ၏စိတ်နှလုံးနှင့်ညီသော သာမန်လူတို့ကို အသုံးပြုရပေမည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် သူ၏ဘုရားသဘောသဘာဝ အတွင်း၌ ပြုတော်မူသောအလုပ်ကို ဖွင့်ပြနိုင်ရန်ဖို့အလို့ငှာ “အနက်ပြန်ရန်” အတွက် သူ၏စိတ်နှလုံးနှင့်ညီသည့် အနည်းငယ်သော လူတို့ကို အသုံးပြုတော်မူသည်။ ဆိုရလျှင် ခပ်သိမ်းသောလူတို့က ထိုအရာကို နားလည်၊ သဘောပေါက်ဖို့ရန်အလို့ငှာ ဘုရားသဘောသဘာဝ၏ ဘာသာစကားကို လူ့ဘာသာစကားအဖြစ်သို့ ပြောင်းလဲပေးဖို့ရန် ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် ထိုသို့မလုပ်ဆောင်ခဲ့ပါက၊ အဘယ်သူမျှ ဘုရားသခင်၏ ဘုရားသဘောသဘာဝ ဘာသာစကားကို နားလည်ကြမည်မဟုတ်ပါ၊ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီသောလူတို့မှာ စင်စစ်အားဖြင့် သေးငယ်သော လူနည်းစုသာဖြစ်ပြီး၊ လူ၏သဘောပေါက်နိုင်စွမ်းမှာ အားနည်းသောကြောင့်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်က ဇာတိခန္ဓာ၌ အလုပ်လုပ်သောအခါ ဤနည်းလမ်းကိုသာ ရွေးချယ်ရသည့်အကြောင်းရင်းဖြစ်သည်။ အကယ်၍ ဘုရားသဘောသဘာဝ၏ အမှုသာရှိခဲ့လျှင် လူ့အတွက် ဘုရားသခင်ကို သိဖို့ရန် သို့မဟုတ် ထိတွေ့ဖို့ရန် နည်းလမ်းရှိလိမ့်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် လူသည် ဘုရားသခင်၏ ဘာသာစကားကို နားမလည်သောကြောင့် ဖြစ်သည်။ လူသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ရှင်းလင်းပေးသော သူများဖြစ်ကြသည့် ဘုရား၏စိတ်နှလုံးနှင့်ညီသောသူတို့၏ ဆောင်ကြဉ်းပေးမှုဖြင့်သာ ဤဘာသာစကားကို နားလည်နိုင်ခြင်းဖြစ်သည်။ သို့သော်၊ လူ့သဘာဝအတွင်း၌ အလုပ်လုပ်သည့် ထိုကဲ့သို့သော လူတို့သာရှိခဲ့မည်ဆိုလျှင်၊ ယင်းက လူ၏သာမန်အသက်တာကိုသာ ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး၊ လူ၏ စိတ်သဘောထားကို ပြောင်းလဲမပေးနိုင်ပါ။ ထို့နောက်တွင် ဘုရားသခင်၏အမှုတော်မှာ အသစ်သောအစပြုခြင်းတစ်ခု ရှိနိုင်လိမ့်မည်မဟုတ်၊ မပြောင်းလဲသည့် သီချင်းဟောင်း၊ မပြောင်းလဲသည့် အသုံးအနှုန်းဟောင်းများသာ ရှိလိမ့်မည်ဖြစ်သည်။ မိမိ၏ လူ့ဇာတိခံယူခြင်း ကာလအတွင်း ပြောရန်လိုအပ်သော အရာအားလုံးကို မိန့်မြွက်ခဲ့ပြီး ပြီးမြောက်ရန်လိုအပ်သော အရာအားလုံးကို လုပ်ဆောင်တော်မူခဲ့သော လူ့ဇာတိခံယူထားသည့် ဘုရားသခင်၏ ဆောင်ကြဉ်းပေးမှုအားဖြင့်သာ၊ ယင်းနောက် လူတို့သည် သူ၏နှုတ်ကပတ်တော်များအရ လုပ်ဆောင်ပြီး တွေ့ကြုံခံစားကြရသည်၊ ထို့ကြောင့်သာလျှင် ၎င်းတို့၏ အသက်စိတ်သဘောထား ပြောင်းလဲနိုင်ပြီး အချိန်နှင့်အလိုက် စီးဆင်းနိုင်ကြမည်ဖြစ်သည်။ လူ့သဘာဝအတွင်း အလုပ်လုပ်သော သူတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူများဖြစ်သော်လည်း၊ ဘုရား၏ သဘောသဘာဝအတွင်း အလုပ်လုပ်သောသူမှာ ဘုရားသခင်ကို ကိုယ်စားပြု၏။ ဆိုလိုသည်မှာ၊ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူတို့နှင့် ခိုင်ခိုင်မာမာ ကွာခြားပေသည်။ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် ဘုရားသဘောသဘာဝ၏အမှုကို လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူတို့ကမူ မလုပ်ဆောင်နိုင်ကြပါ။ ခေတ်ကာလအသီးသီး၏အစတွင်၊ ဘုရားသခင်၏ဝိညာဉ်တော်သည် ခေတ်သစ်ကို အစပြုဖို့ရန်နှင့် လူကို အသစ်သောအစပြုရာအတွင်းသို့ ရောက်စေဖို့ ကိုယ်တိုင်ကိုယ်ကျ မိန့်မြွက်သည်။ သူ၏မိန့်မြွက်ခြင်း ပြီးဆုံးသောအခါ၊ ဤသည်မှာ သူ၏ဘုရားသဘောသဘာဝအတွင်းရှိ အမှုတော်ပြီးမြောက်ပြီဟူသည့် လက္ခဏာဖြစ်သည်။ ယင်းနောက်တွင်၊ လူအားလုံးတို့သည် မိမိတို့၏ အသက်တာအတွေ့အကြုံများအတွင်းသို့ ဝင်ရောက်ရန် ဘုရားသခင်၏ အသုံးပြုခြင်းခံရသောသူတို့၏ ဦးဆောင်မှုကို လိုက်နာကြလေသည်။ ထိုနည်းတူစွာ ဤသည်မှာ ဘုရားသခင်က လူကို ခေတ်သစ်အတွင်းသို့ ခေါ်ဆောင်ပြီး အယောက်တိုင်းကို အသစ်သောအစပြုရာတစ်ခု ပေးတော်မူသည့် အဆင့်လည်း ဖြစ်သည်။ ဤသို့ဖြင့်၊ ဇာတိခန္ဓာ၌ ဘုရားသခင်၏အမှုတော် အဆုံးသတ်ခဲ့၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင် အသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၈၅

လူတို့၏ နှလုံးသားထဲတွင် ဘုရားသခင်အပေါ် မည်မျှနားလည်သနည်းဆိုသည်က သူတို့နှလုံးသားထဲတွင် ဘုရားသခင်က နေရာမည်မျှယူထားသနည်းဆိုသည်ကို သတ်မှတ်သည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၅၈

လူကို စာတန် ဖျက်ဆီးသည့် နောက်ဆုံးနည်းလမ်းမှာ လူမှုရေး ရေပန်းစားမှုများ မှတဆင့် ဖြစ်သည်။ “လူမှုရေး ရေပန်းစားမှုများ” တွင် အကြောင်းအရာများစွာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၂၁

ဘုရားသခင်သည် လူသားကိုဖန်ဆင်းပြီးကတည်းက သူ့အမှုတော်ကို သူလုပ်လျက်နေတော်မူ၏။ အစပိုင်းမှာ အမှုသည် အလွန်ရိုးရှင်းခဲ့သော်လည်း ထိုအမှု၌...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၄၇

ပုံမှန်လူ့သဘာဝတွင် မည်သည့်ရှုထောင့်များ ပါဝင်သနည်း။ ထိုးထွင်းသိမြင်ခြင်း၊ ဆင်ခြင်ဉာဏ်၊ အသိတရားနှင့် အကျင့်စရိုက်တို့ဖြစ်၏။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။