ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၁၆

ယနေ့ကာလ၏ အမှုသည် ကျေးဇူးတော်ခေတ်၏အမှုကို ရှေ့သို့တွန်းပို့ပေးသည်၊ ဆိုလိုသည်မှာ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်တစ်ရပ်လုံးအောက်၌ပြုသော အမှုသည် ရှေ့သို့တိုးလာခြင်း ဖြစ်သည်။ ကျေးဇူးတော်ခေတ်သည် အဆုံးသတ်သွားပြီဖြစ်သော်လည်း ဘုရားသခင်၏အမှု၌ တိုးတက်မှုရှိသည်။ အမှု၏ ဤအဆင့်သည် ကျေးဇူးတော်ခေတ်နှင့် ပညတ်တော်ခေတ်တို့အပေါ်တွင် အခြေခံ၍ တည်ဆောက်ထားခြင်းဖြစ်သည်ဟု အဘယ့်ကြောင့် ငါသည် ထပ်တလဲလဲ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ယနေ့၏အမှုသည် ကျေးဇူးတော်ခေတ်တွင် လုပ်ဆောင်ခဲ့သော အမှု၏အဆက်ဖြစ်ပြီး ပညတ်တော်ခေတ်တွင် လုပ်ဆောင်ခဲ့သော အမှုအပေါ် တိုးတက်လာမှုလည်း ဖြစ်သောကြောင့်ဖြစ်သည်။ ထိုအဆင့်သုံးခုမှာ တစ်ခုနှင့်တစ်ခု တင်းကျပ်စွာ ဆက်နွှယ်လျက်ရှိနေပြီး ကွင်းဆက်တစ်ခုနှင့်တစ်ခု နီးကပ်စွာ ချိတ်ဆက်နေသည်။ အမှု၏ ဤအဆင့်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အမှုအပေါ်တွင် အခြေခံထားသည်ဟု အဘယ်ကြောင့် ငါပြောသနည်း။ အကယ်၍သာ ဤအဆင့်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အမှုအပေါ်တွင် အခြေမခံထားလျှင် ဤအဆင့်တွင် နောက်ထပ်တစ်ကြိမ် ကားစင်တင်သတ်ခြင်းတစ်ခုဖြစ်ပျက်ရန်လိုလိမ့်မည်ဖြစ်ကာ၊ ပြီးခဲ့သောအဆင့်၏ ရွေးနုတ်ခြင်းအမှုကိုလည်း နောက်ထပ်ပြန်၍ လုပ်ဆောင်ရလိမ့်မည်ဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။ ထို့ကြောင့် အမှုသည် လုံးဝပြီးဆုံးသွားခြင်း မဟုတ်ဘဲ ခေတ်သည် ရှေ့သို့တိုးလာခြင်းဖြစ်ပြီး အမှု၏အဆင့်အတန်းသည် ယခင်ကထက် သာ၍မြင့်မားလာခြင်း ဖြစ်သည်။ အမှု၏ ဤအဆင့်သည် ပညတ်တော်ခေတ်၏ အုတ်မြစ်ပေါ်တွင်နှင့် ယေရှုအမှု၏ ကျောက်ပေါ်တွင် တည်ထားခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ဘုရားသခင်၏အမှုကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ယခုအဆင့်သည် အသစ်သော အစပြုခြင်းမဟုတ်ပေ။ အမှု၏ အဆင့်သုံးဆင့်စလုံး ပေါင်းစည်းခြင်းကိုသာလျှင် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ဟု မှတ်ယူနိုင်မည် ဖြစ်သည်။ ယခုအဆင့်၏ အမှုကို ကျေးဇူးတော်ခေတ်အမှု၏ အုတ်မြစ်ပေါ်တွင် အခြေခံလုပ်ဆောင်ထားခြင်း ဖြစ်သည်။ အကယ်၍ အမှု၏ ဤအဆင့်နှစ်ခုသည် ဆက်စပ်မှုမရှိလျှင် ကားတိုင်ပေါ်၌ အသေခံခြင်းသည် ယခုအဆင့်တွင် အဘယ်ကြောင့် ပြန်လည်၍ မဖြစ်လာသနည်း။ ငါသည် လူသား၏အပြစ်များကို သယ်ဆောင်ခြင်းမပြုဘဲ၊ ထိုအစား လူသားကို တိုက်ရိုက်တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန် ငါကြွလာသည်မှာ အဘယ်ကြောင့်နည်း။ အကယ်၍ လူသားများကို တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန်ဖြစ်သည့် ငါ၏အမှုနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ပဋိသန္ဓေစွဲယူခြင်းအားဖြင့် မဟုတ်ဘဲ ငါ၏ယခုကြွလာခြင်းတို့သည် ကားတိုင်ပေါ်တွင် အသေခံခြင်းကို ခြေရာခံမလိုက်လျှင် ငါသည် လူသားကို ပြစ်တင်ဆုံးမရန် အရည်အချင်း ပြည့်မီလိမ့်မည် မဟုတ်ပေ။ ငါသည် ယေရှုနှင့် တစ်ကိုယ်တည်းဖြစ်သောကြောင့်သာလျှင် လူသားများကို ပြစ်တင်ဆုံးမဖို့ရန်နှင့် တရားစီရင်ရန်အလို့ငှာ ငါသည် တိုက်ရိုက်ကြွလာခြင်းဖြစ်သည်။ ဤအဆင့်၏အမှုကို ယခင်အဆင့်၏ အမှုအပေါ်တွင် လုံးလုံးလျားလျားတည်ဆောက်ထားသည်။ ထို့အတွက်ကြောင့် ဤအမှုမျိုးကသာလျှင် လူသားများကို ကယ်တင်ခြင်းသို့ တစ်ဆင့်ပြီးတစ်ဆင့် ပို့ဆောင်နိုင်ခြင်းဖြစ်သည်။ ယေရှုနှင့် ငါသည် ဝိညာဉ်တော် တစ်ပါးတည်းမှလာသည်။ ငါတို့နှစ်ဦးသည် ဇာတိခန္ဓာအားဖြင့် ဆက်စပ်မှုမရှိသော်လည်း ငါတို့၏ဝိညာဉ်များမှာမူ တစ်လုံးတစ်ဝတည်းပင်ဖြစ်သည်။ ငါတို့လုပ်ဆောင်သည့် အကြောင်းအရာနှင့် ငါတို့လုပ်ဆောင်သော အမှုသည် တူညီမှုမရှိသော်လည်း ငါတို့၏ အနှစ်သာရသည် အတူတူပင်ဖြစ်သည်။ ငါတို့၏ ဇာတိခန္ဓာတို့သည် ခြားနားသော ပုံသဏ္ဌာန်များကို ဆောင်သော်လည်း ထိုအရာသည် ခေတ်ကာလ၏ အပြောင်းအလဲနှင့် ငါတို့အမှု၏ တောင်းဆိုမှုတို့ မတူညီခြင်းကြောင့်ဖြစ်သည်။ ငါတို့၏ အမှုတော်များသည် တူညီမှုမရှိပေ၊ ထို့ကြောင့် ငါတို့ဖော်ဆောင်လာသော အမှုနှင့် လူသားကို ငါတို့ထုတ်ဖော်ပြသသော စိတ်သဘောထားသည်လည်း ခြားနားလေသည်။ ထိုအကြောင်းကြောင့် ယနေ့ လူသားများမြင်သောအရာနှင့် နားလည်သောအရာသည် အတိတ်ကကဲ့သို့ မဟုတ်တော့ချေ၊ ယင်းသို့ဖြစ်ရခြင်းမှာ ခေတ်ကာလ အပြောင်းအလဲကြောင့်ဖြစ်သည်။ သူတို့၏ လိင်အမျိုးအစားနှင့် သူတို့ဇာတိခန္ဓာများ၏ ပုံသဏ္ဌာန်သည် ကွဲပြားလျက်ရှိကာ သူတို့သည် မိသားစုတစ်ခုတည်းတွင် သာမက၊ အချိန်ကာလတစ်ခုတည်းတွင် မွေးဖွားလာခြင်း မဟုတ်လင့်ကစား သူတို့၏ဝိညာဉ်များသည် တစ်ပါးတည်းပင်ဖြစ်သည်။ သူတို့၏ဇာတိခန္ဓာများသည် မျိုးရိုး၊ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာအရ မည်သည့်သွေးသားတော်စပ်မှုမျိုးမျှ မရှိလင့်ကစား သူတို့သည် မတူညီသော အချိန်ကာလနှစ်ခုအတွင်း ဘုရားသခင်ခံယူထားသော ဇာတိခန္ဓာများ ဖြစ်သည်ဆိုသည့် အချက်ကိုမူ ငြင်းပယ်၍မရပေ။ သူတို့သည် တူညီသောသွေးသားမျိုးရိုးမှ မဟုတ်သည့်အပြင် လူတို့၏ဘုံဘာသာစကား တစ်ခုတည်းကို အတူမပြောသော်လည်း (တစ်ဦးသည် ယုဒလူမျိုးတို့၏ ဘာသာစကားကိုပြောသည့် အမျိုးသားဖြစ်ပြီး၊ နောက်တစ်ဦးသည် တရုတ်ဘာသာစကားကိုသာ ပြောသည့် အမျိုးသမီးဖြစ်သည်) သူတို့သည် ဘုရားသခင် ခံယူထားသည့် ဇာတိခန္ဓာများဖြစ်သည် ဆိုသည့်အချက်မှာ ငြင်းမရနိုင်သည့် အမှန်တရားပင်ဖြစ်သည်။ ဤအကြောင်းရင်းများကြောင့် သူတို့သည် မတူညီသည့် နိုင်ငံများတွင်နေထိုင်ပြီး သူတို့တစ်ဦးစီ လုပ်သင့်လုပ်ထိုက်သည့် အမှုကို မတူကွဲပြားသည့် အချိန်အပိုင်းအခြားတို့တွင် လုပ်ဆောင်ခြင်းဖြစ်သည်။ သူတို့၏ဝိညာဉ်သည် အတူတူပင်ဖြစ်ပြီး၊ သူတို့သည် တူညီသော အနှစ်သာရတို့ကို ပိုင်ဆိုင်ကြသော်ငြားလည်း သူတို့ဇာတိခန္ဓာများ၏ အပြင်ပန်းသဏ္ဌာန်တို့အကြားတွင် တူညီမှုများဟူ၍ ဘာဆိုဘာမျှ မရှိပေ။ သူတို့၌ တူညီသော လူ့သဘာဝသာ ရှိကြသည်၊ သို့သော်လည်း သူတို့ဇာတိခန္ဓာများ၏ အပြင်ရုပ်သဏ္ဌာန်ပိုင်းဆိုင်ရာနှင့် သူတို့မွေးဖွားလာသည့် အခြေအနေများအရဆိုပါက သူတို့သည် တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ ထိုအရာများသည် သူတို့၏ သက်ဆိုင်ရာအမှု၊ သို့မဟုတ် သူတို့အပေါ်ထားရှိသော လူသား၏သိခြင်းအပေါ် အကျိုးသက်ရောက်မှုမရှိပေ၊ အကြောင်းမှာ နောက်ဆုံးပိတ်ခြုံငုံဆန်းစစ်သော် သူတို့သည် တူညီသော ဝိညာဉ်တော်ပင်ဖြစ်ပြီး မည်သည့်အရာကမျှ သူတို့ကို ခွဲခြား၍မရနိုင်သောကြောင့် ဖြစ်သည်။ သူတို့သည် သွေးသားအရ ဆက်စပ်မှုမရှိသော်လည်း သူတို့၏ဖြစ်တည်မှု တစ်ခုလုံးသည် သူတို့၏ဝိညာဉ်တော်များ၏ စောင့်ရှောက်မှုအောက်တွင် ရှိနေပြီး၊ ထိုအရာသည် သူတို့ကို မတူညီသောအချိန်ကာလများတွင် မတူညီသောအမှုကို ခွဲခန့်ပေးပြီး၊ သူတို့၏ ဇာတိခန္ဓာများကိုလည်း မတူညီသော မျိုးရိုးများသို့ ခွဲခန့်ပေးသည်။ ယေဟောဝါ၏ ဝိညာဉ်တော်သည် ယေရှုဝိညာဉ်တော်၏ ဖခင်မဟုတ်သကဲ့သို့၊ ယေရှု၏ ဝိညာဉ်တော်သည်လည်း ယေဟောဝါဝိညာဉ်တော်၏ သားမဟုတ်ပေ၊ သူတို့သည် တစ်လုံးတစ်ဝတည်းပင် ဖြစ်ကြပြီး တူညီသောဝိညာဉ်တော်ပင် ဖြစ်သည်။ ထိုနည်းတူစွာပင် ယနေ့ကာလ၏ လူ့ဇာတိခံယူသော ဘုရားသခင်နှင့် ယေရှုသည် သွေးသားအားဖြင့် ဆက်စပ်မှုမရှိသော်လည်း၊ သူတို့သည် တစ်လုံးတစ်ဝတည်း ဖြစ်ကြသည်။ အကြောင်းမှာ သူတို့၏ ဝိညာဉ်များသည်လည်း တစ်ပါးတည်း ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သနားခြင်းနှင့် ချစ်ခင်ကြင်နာခြင်းအမှုကို လုပ်ဆောင်နိုင်သကဲ့သို့ လူသားတို့အပေါ် ဖြောင့်မတ်သော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုကိုလည်း လုပ်ဆောင်နိုင်ပြီးလျှင်၊ လူသားများအပေါ် ကျိန်ဆဲသောအမှုကိုလည်း ပြုနိုင်သည်၊ အဆုံးတွင် သူသည် ကမ္ဘာလောကကြီးကို ဖျက်ဆီးခြင်းနှင့် ဆိုးယုတ်သောသူများကို အပြစ်ဒဏ်ခတ်ခြင်း အမှုကို လုပ်ဆောင်နိုင်သည်။ ထိုအရာများအားလုံးကို သူကိုယ်တိုင်လုပ်ဆောင်သည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ အတိုင်းအဆမဲ့တန်ခိုးပင် မဟုတ်သလော။ သူသည် လူသားအတွက် ဥပဒေသများကို ပြဋ္ဌာန်းခြင်းနှင့် လူသားအတွက် ပညတ်တော်များ ထုတ်ပြန်ခြင်း နှစ်ခုစလုံးကို လုပ်ဆောင်နိုင်ခဲ့သည်။ ထို့ပြင် သူသည် အစောပိုင်း ဣသရေလလူမျိုးများကို ကမ္ဘာကြီးပေါ်တွင် အသက်ရှင်နေထိုင်ရာ၌ ဦးဆောင်ပေးနိုင်ခဲ့ပြီး၊ သူ၏အုပ်စိုးမှုအောက်တွင် ဣသရေလလူမျိုးများကို ထိန်းသိမ်းထားပြီး ဗိမာန်တော်နှင့် ယဇ်ပလ္လင်များ တည်ဆောက်ဖို့ရန်အတွက် လမ်းပြပေးနိုင်ခဲ့သည်။ သူ၏အာဏာကြောင့် သူသည် ဣသရေလလူမျိုးများနှင့် ကမ္ဘာပေါ်တွင် နှစ်ပေါင်းနှစ်ထောင်တိုင်တိုင် နေထိုင်ခဲ့သည်။ ဣသရေလလူမျိုးများသည် သူ့ကို မပုန်ကန်ရဲခဲ့ပေ၊ ထိုသူအားလုံးတို့သည် ယေဟောဝါကို ကြောက်ရွံ့ပြီး သူ၏ပညတ်တော်များကို စောင့်ထိန်းခဲ့ကြသည်။ ထိုအရာမှာ သူ၏အာဏာနှင့် အနန္တတန်ခိုးကို အရင်းခံ၍ လုပ်ဆောင်ခဲ့သော အမှုဖြစ်သည်။ ထို့နောက် ကျေးဇူးတော်ခေတ်တွင် ယေရှုသည် ကျဆုံးသွားပြီးသော လူသားမျိုးနွယ်တစ်ရပ်လုံးကို (ဣသရေလလူမျိုးများသာမဟုတ်) ရွေးနုတ်ရန်အလို့ငှာ ကြွဆင်းလာခဲ့သည်။ သူသည် လူသားများကို သနားခြင်းနှင့် ချစ်ခြင်းကရုဏာကို ပြသခဲ့သည်။ ကျေးဇူးတော်ခေတ်တွင် လူသားများ မြင်တွေ့ခဲ့ရသည့် ယေရှုသည် ချစ်ခြင်းကရုဏာနှင့် ပြည့်နှက်နေခဲ့ပြီး လူသားများကို အစဉ်အမြဲ ချစ်သောသူဖြစ်ခဲ့သည်၊ အကြောင်းမှာ သူသည် လူသားမျိုးနွယ်ကို အပြစ်မှ ကယ်တင်ရန်အလို့ငှာ ကြွလာသောကြောင့်ဖြစ်သည်။ သူ၏ ကားတိုင်ပေါ်အသေခံခြင်းသည် လူသားမျိုးနွယ်ကို အပြစ်မှ လုံးလုံးလျားလျား ရွေးနုတ်ခဲ့သည်အထိ လူသားများ၏ အပြစ်များကို သူခွင့်လွှတ်နိုင်ခဲ့သည်။ ထိုအချိန်ကာလတွင် ဘုရားသခင်သည် လူသားတို့၏ရှေ့တွင် သနားခြင်းနှင့် ချစ်ခြင်းကရုဏာတို့နှင့် ပေါ်ထွန်းလာခဲ့သည်၊ ဆိုလိုသည်မှာ သူသည် လူသားတို့အတွက် အပြစ်ဖြေရာယဇ်ဖြစ်ခဲ့ပြီး လူသားတို့ ထာဝရခွင့်လွှတ်ခြင်းကို ရရှိနိုင်ရန်အလို့ငှာ သူတို့၏ အပြစ်များအတွက် ကားတိုင်ပေါ်တွင် အသေခံခဲ့သည်။ သူသည် သနားခြင်း၊ ကရုဏာ၊ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာတို့နှင့် ပြည့်ဝခဲ့သည်။ ထို့ပြင် ကျေးဇူးတော်ခေတ်အတွင်း ယေရှု၏နောက်သို့ လိုက်ခဲ့သောသူများသည်လည်း ထိုနည်းတူစွာ အရာရာ၌ သည်းခံနိုင်ပြီး ချစ်နိုင်ရန် ကြိုးစားခဲ့ကြသည်။ သူတို့၌ စိတ်ရှည်ခြင်းရှိပြီး၊ ရိုက်နှက်ခြင်း၊ ကျိန်ဆဲခြင်း၊ သို့မဟုတ် ခဲနှင့်ပေါက်ခြင်း ခံရသည့်အခါတွင်ပင် သူတို့သည် ဘယ်သောအခါမျှ ပြန်လည်မတိုက်ခိုက်ခဲ့ပေ။ သို့သော် နောက်ဆုံးသောအဆင့်တွင် ဤကဲ့သို့ မဟုတ်နိုင်တော့ပေ။ ယေရှုနှင့် ယေဟောဝါသည် ဝိညာဉ်တော်တစ်ပါးတည်းနှင့် ဆိုင်သော်လည်း သူတို့နှစ်ဦး၏ အလုပ်သည် အလုံးစုံ မတူညီပေ။ ယေဟောဝါ၏အမှုမှာ ခေတ်ကာလကို အဆုံးမသတ်ပေးခဲ့ပေ၊ ထိုအစား ကမ္ဘာပေါ်တွင်ရှိသည့် လူသားမျိုးနွယ်၏ အသက်တာကို စတင်လမ်းဖွင့်ပေးလျက် ခေတ်ကာလကို လမ်းပြခဲ့သည်။ ယနေ့ကာလ၏ အမှုမှာမူ အကြီးအကျယ် ဖောက်ပြန်ပျက်စီးနေသည့် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများတွင်ရှိနေသော သူများကို သိမ်းပိုက်ရန်အတွက်ဖြစ်ပြီး၊ တရုတ်မျိုးရိုးကိုသာမဟုတ်ဘဲ စကြဝဠာတစ်ခုလုံးကို လမ်းပြဖို့ရန်အတွက်ပင်ဖြစ်သည်။ ဤအမှုကို တရုတ်တစ်နိုင်ငံထဲတွင်သာ လုပ်ဆောင်နေသည်ဟု သင့်အတွက် ထင်ကောင်းထင်ရပေမည်၊ သို့သော်လည်း အမှန်တကယ်တွင်မူ ထိုအမှုသည် တိုင်းတစ်ပါးသို့ စတင်ပျံ့နှံ့လျက် ရှိနေပြီးဖြစ်သည်။ တရုတ်နိုင်ငံပြင်ပမှ လူများသည် စစ်မှန်သော လမ်းခရီးကို အဘယ့်ကြောင့် အထပ်ထပ်အခါခါ ဖွေရှာကြသနည်း။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်တော်သည် အားထုတ်ဆောင်ရွက်နေပြီးသားဖြစ်ပြီး၊ ယနေ့ပြောသော နှုတ်ကပတ်တော်များသည် စကြဝဠာတစ်ခုလုံးရှိ လူသားများအတွက် ရည်ညွှန်းထားသောကြောင့်ဖြစ်သည်။ ဤသို့အားဖြင့် အမှု၏တစ်ဝက်ကို လုပ်ဆောင်နေပြီဖြစ်သည်။ ကမ္ဘာကြီးကို ဖန်ဆင်းခဲ့သည့်အချိန်မှစပြီး လက်ရှိကာလအထိ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဤအမှုကြီးကို စတင်လှုပ်ရှားစေခဲ့ပြီ ဖြစ်သည်၊ ထို့ပြင် ခြားနားသော ခေတ်ကာလများအတွင်းနှင့် ကွဲပြားသော တိုင်းနိုင်ငံများအကြားတွင် ကွဲပြားခြားနားသော အမှုကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ခေတ်ကာလအသီးသီး၏ လူသားများသည် ဘုရားသခင်၏ ကွဲပြားခြားနားသော စိတ်သဘောထားတစ်ခုကို မြင်တွေ့ခဲ့ကြရပြီး၊ ယင်းကို သူလုပ်ဆောင်သော ကွဲပြားခြားနားသည့် အမှုမှတစ်ဆင့် အလိုအလျောက် ထုတ်ဖော်ထားခြင်းဖြစ်သည်။ သူသည် သနားခြင်းနှင့် ချစ်ခြင်းကရုဏာ ပြည့်ဝနေသည့် ဘုရားသခင်ဖြစ်သည်။ သူသည် လူသားအတွက် အပြစ်ဖြေရာယဇ်ဖြစ်ပြီး လူသား၏ သိုးထိန်းလည်းဖြစ်သည်။ သို့သော်လည်း သူသည် လူသားများ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ခြင်းလည်း ဖြစ်သည်။ သူသည် လူသားများ ကမ္ဘာကြီးပေါ်တွင် နှစ်ပေါင်းနှစ်ထောင် အသက်ရှင်နေထိုင်ရန် ဦးဆောင်လမ်းပြပေးနိုင်ခဲ့ပြီး ဖောက်ပြန်ပျက်စီးနေသည့် လူသားမျိုးနွယ်ကိုလည်း အပြစ်မှ ရွေးနုတ်ပေးနိုင်ခဲ့သည်။ ယနေ့ သူသည် သူ့ကိုမသိသည့် လူသားမျိုးနွယ်ကို သိမ်းပိုက်နိုင်ပြီး၊ အားလုံးက သူ့ကို အပြည့်အဝ ကျိုးနွံနာခံရန်အလို့ငှာ သူတို့ကို သူ၏ အုပ်စိုးခြင်းအောက်သို့ ပျပ်ဝပ်စေနိုင်သည်။ အဆုံးတွင် ဘုရားသခင်သည် လူတို့ကို သူသည် သနားခြင်းနှင့် ချစ်ခြင်းကရုဏာနှင့်ပြည့်သော ဘုရားသခင်သာ မဟုတ်သည်ကိုလည်းကောင်း၊ ဉာဏ်ပညာနှင့် အံသြဖွယ်ရာများပြည့်သော ဘုရားသခင်သာမဟုတ်သည်ကိုလည်းကောင်း၊ သန့်ရှင်းသော ဘုရားသခင်သာ မဟုတ်သည်သာမက လူသားကို တရားစီရင်သော ဘုရားသခင်လည်းဖြစ်ကြောင်းကိုလည်းကောင်း ပြသရန်အတွက် စကြဝဠာတစ်ခုလုံးရှိ လူသားတို့အထဲတွင် ရှိနေသည့် မစင်ကြယ်သည့်အရာများနှင့် မဖြောင့်မတ်သည့်အရာအားလုံးတို့ကို မီးရှို့ဖျက်ဆီးပစ်လိမ့်မည် ဖြစ်သည်။ လူသားမျိုးနွယ်အကြားတွင်ရှိသည့် ဆိုးယုတ်သည့် သူများအတွက် သူသည် မီးရှို့ဖျက်ဆီးခြင်း၊ တရားစီရင်ခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းပင်ဖြစ်ပြီး၊ စုံလင်စေခြင်း ခံရမည့်သူများအတွက်မူ သူသည် ဆင်းရဲဒုက္ခ၊ စစ်ဆေးပြုပြင်ခြင်းနှင့် စမ်းသပ်ခြင်းတို့ ဖြစ်သည်သာမက နှစ်သိမ့်ခြင်း၊ အစာအာဟာရ၊ နှုတ်ကပတ်တော်အားဖြင့် ထောက်ပံ့ခြင်း၊ ကိုင်တွယ်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းလည်းဖြစ်ပေသည်။ ထို့ပြင် သုတ်သင်ရှင်းလင်းခြင်းခံရသောသူများအတွက် သူသည် အပြစ်ဒဏ်ပေးခြင်းနှင့် ဒဏ်ခတ်ခြင်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၄၂

ဘုရားသခင်ကို သက်သေခံခြင်းသည် အဓိကအားဖြင့် ဘုရားသခင်၏ အမှု၊ လူတို့ကို ဘုရားသခင် သိမ်းပိုက်ပုံ၊ လူတို့ကို သူကယ်တင်ပုံ၊ လူတို့ကို သူ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၁၄

ဘုရားသခင်ကို အစေခံသောသူ တစ်စုံတစ်ဦးသည် ဘုရားသခင်အဖို့ မည်သို့ဒုက္ခခံရမည်ကို သိသင့်ရုံသာမက၊ ထို့ထက်ပင် ဘုရားသခင်အား ယုံကြည်ခြင်း၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၄၅

သင်၏နေ့စဉ်အသက်တာတွင် သင်၌ တစ်စုံတစ်ရာ ဖြစ်ပျက်သောအခါ၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုမှလာသည်၊ သို့မဟုတ် စာတန်၏ လုပ်ဆောင်ချက်မှ လာသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၅၀

နိုင်ငံတော်၏ ရှင်ဘုရင်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သက်သေထူခံရပြီး ဖြစ်သည့်အချိန်ကတည်းက၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အတိုင်းအတာကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။