ဘုရားသခင်ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်းနှင့် ပတ်သက်၍

ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း ဝင်ရောက်ခြင်းအဖို့ ဘုရားသခင် မျက်မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်းထက် သာ၍ အရေးကြီးသော အဆင့်မရှိချေ။ ယင်းသည် မျက်မှောက်ကာလတွင် လူအပေါင်းတို့ အရေးတကြီး ဝင်ရောက်ရန် လိုအပ်လျက်ရှိကြောင်း သင်ခန်းစာတစ်ခု ဖြစ်သည်။ ဘုရားသခင် ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စေခြင်းထဲသို့ ဝင်ရောက်ရာ လမ်းကြောင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်-

၁။ ပြင်ပအရာများမှ သင့်စိတ်နှလုံးကို ရှောင်ခွာလော့။ ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်းချမ်းစွာနေလော့၊ ပြီးလျှင် တစိုက်မတ်မတ် စူးစိုက်မှုဖြင့် ဘုရားသခင်ထံ ဆုတောင်းလော့။

၂။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏စိတ်နှလုံး ငြိမ်းချမ်းနေခြင်းဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်ကာ မွေ့လျော်လော့။

၃။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအပေါ် စဉ်းစားဆင်ခြင်၍ အာရုံပြုပြီး သင်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ အမှုကို တွေးဆလော့။

ပထမဦးစွာ ဆုတောင်းခြင်းကဏ္ဍမှ အစပြုလော့။ တစိုက်မတ်မတ် စူးစိုက်မှုဖြင့် သတ်မှတ်ထားသော အချိန်များတွင် ဆုတောင်းလော့။ အချိန်မည်မျှ နည်းပါးသည်ဖြစ်စေ၊ သင်၏အလုပ် မည်မျှများသည် ဖြစ်စေ၊ သို့မဟုတ် သင့်အပေါ် မည်သည့်အရာ ကျရောက်ပါစေ၊ နေ့စဉ် ပုံမှန်အတိုင်း ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်အတိုင်း စားသောက်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်စားသောက်သမျှ ကာလပတ်လုံး သင့်ပတ်ဝန်းကျင် မည်သို့ ရှိသည်ဖြစ်စေ၊ သင်၏ စိတ်ဝိညာဉ်၌ ကြီးမားသည့် ပျော်ရွှင်မှု ရှိလိမ့်မည်ဖြစ်ပြီး သင့်အနီးရှိ လူများ၊ ဖြစ်ရပ်များ သို့မဟုတ် အရာဝတ္ထုများသည် သင့်အတွက် အနှောင့်အယှက် ဖြစ်လိမ့်မည်မဟုတ်။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို ပုံမှန်အားဖြင့် ဆင်ခြင်သည့်အခါ၊ ပြင်ပတွင် ဖြစ်နေသည့်အရာက သင့်ကို မနှောင့်ယှက်နိုင်ပေ။ ဝိညာဉ်အသက်တာ ပိုင်ဆိုင်ခြင်းဆိုသည်မှာ ဤအရာကို ဆိုလိုခြင်းဖြစ်သည်။ ဆုတောင်းခြင်းဖြင့် အစပြုလော့- ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်စွာ ဆုတောင်းခြင်းသည် အကျိုးအများဆုံး ဖြစ်သည်။ ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်လော့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆခြင်းဖြင့် ၎င်းတို့ထဲတွင် အလင်းကို ရှာလော့။ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို ရှာဖွေလော့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြောဆိုရာတွင် သူ၏ ရည်ရွယ်ချက်ကို သိရှိပြီး ၎င်းတို့ကို သွေဖည်မှုမရှိဘဲ သိနားလည်လော့။ သာမန်အားဖြင့် ပြင်ပအရာများ၏ နှောင့်ယှက်ခြင်းမခံရဘဲ ဘုရားသခင်ကို သင်၏ စိတ်နှလုံးထဲတွင် တိုးဝင်ချဉ်းကပ်နိုင်ခြင်း၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အာရုံပြုပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆနိုင်ခြင်းတို့မှာ သင့်အတွက် ပုံမှန်ဖြစ်သင့်သည်။ သင်၏ စိတ်နှလုံးသည် ငြိမ်သက်ခြင်း အတိုင်းအတာတစ်ခု ရရှိပါက သင်သည် တိတ်တဆိတ် အတွေးရေယာဉ်ကြော၌ မျောပါနိုင်လိမ့်မည်ဖြစ်ပြီး၊ သင်၏အတွင်း၌ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ချင့်ချိန်စဉ်းစားနိုင်လိမ့်မည်ဖြစ်ကာ ဘုရားသခင်ထံ အမှန်တကယ် တိုးဝင်ချဉ်းကပ်ပြီး၊ သင်၏ ပတ်ဝန်းကျင် မည်သို့ ဖြစ်ပါစေ၊ နောက်ဆုံးတွင် သင်၏ စိတ်နှလုံးထဲ ချီးမွမ်းခြင်း လျှံထွက်လာသည့်အခြေအနေ ရောက်ရှိသည်ထိတိုင်ဖြစ်ပြီး ယင်းသည် ဆုတောင်းခြင်းထက်ပင် သာ၍ ကောင်းမွန်ပေသည်။ ထို့နောက် သင်သည် ဝိညာဉ်အသက်တာတစ်ခုကို ပိုင်ဆိုင်လိမ့်မည်။ အထက်တွင် ဖော်ပြထားသော ဖြစ်တည်မှု အဆင့်များကို သင်ရရှိနိုင်ပါက သင်၏ စိတ်နှလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်းချမ်းကြောင်း သက်သေဖြစ်လိမ့်မည်။ ဤသည်မှာ ပထမဦးဆုံးသော အခြေခံသင်ခန်းစာ ဖြစ်သည်။ လူတို့သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်နိုင်သည့်နောက်မှသာ၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ၎င်းတို့ တို့ထိခံရနိုင်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဉာဏ်အလင်းပြကာ အလင်းပေးခံရနိုင်သည်၊ ထို့နောက်မှသာလျှင် ဘုရားသခင်နှင့် အမှန်တကယ် ဆက်သွယ်နိုင်သည့်အပြင် ဘုရားသခင်၏ အလိုတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုတို့ကို သဘောပေါက်နိုင်လိမ့်မည်။ ထိုအခါ ၎င်းတို့သည် ၎င်းတို့၏ ဝိညာဉ်ရေးရာ အသက်တာတွင် မှန်ကန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်သွားပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်ရန် ၎င်းတို့၏ လေ့ကျင့်မှုသည် နက်ရှိုင်းမှု အတိုင်းအတာတစ်ခု ရောက်ရှိပြီး မိမိကိုယ်ကိုယ် စွန့်လွှတ်နိုင် သည့်အခါ၊ မိမိကိုယ်ကိုယ် စက်ဆုပ်နိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် အသက်ရှင်နိုင်သည့်အခါ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်၏ ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်းချမ်းခြင်း ရှိပေသည်။ မိမိကိုယ်ကိုယ် စက်ဆုပ်နိုင်ခြင်း၊ မိမိကိုယ်ကိုယ် ကျိန်ဆဲနိုင်ခြင်းနှင့် မိမိကိုယ်ကိုယ် စွန့်လွှတ်နိုင်ခြင်းတို့သည် ဘုရားသခင်၏အမှုက ရရှိသောရလဒ်ဖြစ်ပြီး၊ လူတို့ မိမိတို့ဘာသာ မလုပ်ဆောင်နိုင်ပေ။ သို့ဖြစ်ရာ ဘုရားသခင် ရှေ့မှောက်တွင် စိတ်နှလုံးငြိမ်သက်အောင် လက်တွေ့ လုပ်ဆောင်ခြင်းသည် လူများအနေဖြင့် ချက်ချင်း ဝင်ရောက်သင့်သည့် သင်ခန်းစာ ဖြစ်သည်။ အချို့သော လူတို့အတွက်၊ ၎င်းတို့သည် ပုံမှန်အားဖြင့် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်စွာ မနေနိုင်သည်သာမက၊ ဆုတောင်းသည့် အချိန်တွင်ပင် ဘုရားသခင် ရှေ့မှောက်တွင် ၎င်းတို့၏ စိတ်နှလုံးများကို မငြိမ်သက်စေနိုင်ကြချေ။ ဤသည်မှာ ဘုရားသခင်၏ စံချိန်စံညွှန်းများနှင့် ဝေးကွာလွန်းသည်။ ဘုရားသခင် ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးသည် ငြိမ်သက်ခြင်း မရှိနိုင်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို သင် ခံရနိုင်သလော။ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း မရှိနိုင်သောသူ ဖြစ်ပါက၊ တစ်စုံတစ်ဦး အနားသို့လာသည့်အခါ သို့မဟုတ် အခြားသူများ စကားပြောသည့်အခါ သင် အာရုံပျက်သွားနိုင်ပြီး အခြားသူများက အမှုအရာများ လုပ်ဆောင်ကြသည့်အခါ သင့်စိတ်သည် အဝေးသို့ လွင့်ပါးသွားနိုင်ပေသည်။ ထိုအမှု၌ သင်သည် ဘုရားသခင် မျက်မှောက်တွင် အသက်မရှင်ပေ။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးသည် အမှန်တကယ် ငြိမ်သက်ခြင်းရှိပါက အပြင်လောကတွင် ဖြစ်နေသည့် မည်သည့်အရာမဆိုက သင့်အား နှောင့်ယှက်နိုင်မည် မဟုတ်၊ မည်သည့် ပုဂ္ဂိုလ်၊ မည်သည့် ဖြစ်ရပ်၊ မည်သည့်အရာကမျှ နေရာယူလိမ့်မည် မဟုတ်ပေ။ သင်သည် ဤအရာထဲသို့ ဝင်ရောက်မှုရှိလျှင်၊ အပျက်သဘောဆောင်သော အခြေအနေများနှင့်၊ အပျက်သဘောဆောင်သော အရာများ အားလုံးဖြစ်သည့် လူသား၏ အယူအဆများ၊ ရှင်သန်ခြင်းအတွက် ဒဿနများ၊ လူတို့ကြားက ပုံမှန်မဟုတ်သော ဆက်ဆံရေးများနှင့် စိတ်ကူးများနှင့် အတွေးများ စသည်တို့သည် အလိုအလျောက် ပျောက်ကွယ်သွားလိမ့်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အစဉ်အမြဲ တွေးဆနေပြီး၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံ အစဉ်တိုးဝင်ချဉ်းကပ်လျက်ရှိကာ ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များ၏ နေရာယူခြင်း ခံရသောကြောင့် သင် သတိမမူမိလိုက်ဘဲနှင့် ထိုအပျက်သဘောဆောင်သည့် အရာများသည် သင့်ထံမှ ပျောက်ကွယ် သွားလိမ့်မည်။ သစ်လွင်ပြီး အပြုသဘောဆောင်သည့် အရာများက သင်၌ နေရာယူသည့်အခါ၊ အပျက်သဘောဆောင်သော အိုဟောင်းသည့် အရာများအတွက် နေရာရှိလိမ့်မည်မဟုတ်၊ ထို့ကြောင့် ထိုအပျက်သဘောဆောင်သော အရာများကို အာရုံမစိုက်လေနှင့်။ ယင်းတို့ကို ထိန်းချုပ်ရန် သင့်အနေဖြင့် ကြိုးစားအားထုတ်ရန် မလိုပေ။ ဘုရားသခင် ရှေ့မှောက်၌ ငြိမ်သက်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို သင် တတ်နိုင်သမျှ စားသောက်ခြင်းနှင့် မွေ့လျော်ခြင်း၊ သင် တတ်နိုင်သမျှ ဘုရားသခင်အား ချီးမွမ်းသော ဓမ္မတေးများကို သီဆိုခြင်းတို့အပေါ် သင် အာရုံပြုသင့်ပြီး ယခုအချိန်တွင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကိုယ်တိုင်ကိုယ်ကျ စုံလင်စေရန် ဆန္ဒရှိပြီး သင်၏ စိတ်နှလုံးကို သိမ်းပိုက်လိုသောကြောင့် သင့်အပေါ် အမှုပြုဖို့ရန် ဘုရားသခင်အား အခွင့်ပေးလော့။ သူ၏ ဝိညာဉ်တော်သည် သင့်စိတ်နှလုံးကို တို့ထိပြီး၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုနောက် လိုက်လျှောက်ရင်း ဘုရားသခင်၏ မျက်မှောက်တွင် အသက်ရှင် လာပါက၊ သင်သည် ဘုရားသခင်အား ကျေနပ်စေလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ၌ အသက်ရှင်ခြင်းကို သင် အာရုံစိုက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို ရရှိရန် သမ္မာတရားအကြောင်း မိတ်သဟာယ ပြုရာတွင် သာ၍ပါဝင်ပါက၊ ထိုဘာသာရေးဆိုင်ရာ အယူအဆများ၊ သင်၏ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု မှတ်ယူခြင်းနှင့် မိမိဘာသာ ကြီးကျယ်မှုတို့ အားလုံး ကွယ်ပျောက်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင် အတွက် သင့်ကိုယ်သင် မည်သို့ အသုံးခံရမည်၊ ဘုရားသခင်ကို မည်သို့ ချစ်ရမည်၊ ဘုရားသခင်ကို မည်သို့ ကျေနပ်စေရမည်တို့ကို သိရှိလိမ့်မည်။ ဘုရားသခင်အဖို့ တိုက်ရိုက်ဆက်စပ်ခြင်း မရှိသည့် အရာများသည် သင် သတိမမူမိလိုက်ဘဲနှင့် သင်၏ အသိစိတ်မှ လုံးဝ ပျောက်ကွယ်သွားလိမ့်မည်။

ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များကို စားသောက်စဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆပြီး ဆုတောင်းခြင်းသည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း အတွက် ပထမဆင့် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်သက်ခြင်းရှိနိုင်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ခြင်းနှင့် အလင်းပေးမှုတို့သည် သင်နှင့်အတူ ရှိလိမ့်မည်။ ဘုရားသခင်၏ မျက်မှောက်တွင် ငြိမ်သက်ခြင်းဖြင့် အလုံးစုံသော ဝိညာဉ်ရေးရာ အသက်တာများကို ရရှိ၏။ ဆုတောင်းရာတွင်၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်သည် ငြိမ်းချမ်းခြင်း ရှိရမည်ဖြစ်ပြီး၊ ထိုအခါတွင်မှ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်း ခံနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို သင်စားသောက်သောအခါ၌ ဘုရားသခင်၏ ရှေ့မှောက် သင်ငြိမ်းချမ်းနေသည့်အခါ၊ သင်သည် ဉာဏ်အလင်း ပေးခံရပြီး အလင်းပြခံရနိုင်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် သိနားလည်မှုကို ရရှိနိုင်သည်။ နှလုံးသွင်းဆင်ခြင်ခြင်း၊ မိတ်သဟာယပြုခြင်းနှင့်၊ သင်၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ခြင်းဟူသော သင်၏ ပြုနေကျ လုပ်ဆောင်ချက်များတွင် ဘုရားသခင် မျက်မှောက်၌ သင်သည် ငြိမ်းချမ်းလာသည့်အခါ၊ ဘုရားသခင်နှင့် စစ်မှန်သော ရင်းနှီးမှုကို မွေ့လျော်နိုင်လိမ့်မည်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် သူ၏ အမှုတော်တို့ကို စစ်မှန်စွာ သိနားလည်မှု ရှိနိုင်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ ရည်ရွယ်ချက်များအပေါ် မှန်ကန်သော ထောက်ထားမှုနှင့် အရေးထားမှုတို့ကို ပြသနိုင်လိမ့်မည် ဖြစ်သည်။ သာမန်အားဖြင့် သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းခြင်း ရှိနိုင်လေလေ၊ သင်သည် အလင်းပေးခံရလေလေ ဖြစ်ပြီး၊ သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၊ သင်ချို့တဲ့သည့်အရာက မည်သည့်အရာဖြစ်သည်၊ သင် ဝင်ရောက်သင့်သည့်အရာက မည်သည့်အရာဖြစ်သည်၊ မည်သည့် လုပ်ငန်းတာဝန်၌ သင်အစေခံသင့်သည် ဆိုသည်နှင့် သင်၏ အပြစ်အနာအဆာများ မည်သည့်နေရာတွင် ရှိသည်တို့ကို နားလည်လာနိုင်လေလေ ဖြစ်မည်။ ဤအရာအားလုံးကို ဘုရားသခင် မျက်မှောက်တွင် ငြိမ်းချမ်းနေခြင်းဖြင့် ရရှိပေသည်။ ဘုရားသခင် ရှေ့မှောက်တွင် နက်ရှိုင်းစွာ ငြိမ်းချမ်းခြင်း သင် အမှန်တကယ် ရရှိပါက၊ စိတ်ဝိညာဉ်၏ နက်နဲမှုအချို့ကို သင် သဘောပေါက်နိုင်လိမ့်မည်၊ လက်ရှိအချိန်တွင် ဘုရားသခင်က သင့်အထဲ၌ လုပ်ဆောင်လိုသော အရာကို သဘောပေါက်နိုင်လိမ့်မည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား သာ၍ နက်နဲသော သိနားလည်မှုတစ်ခုကို ဆုပ်ကိုင်နိုင်လိမ့်မည်၊ ဘုရားသခင် နှုတ်ကပတ်တော်များ၏ အနှစ်သာရ၊ ဘုရားသခင် နှုတ်ကပတ်တော်များ၏ ဂုဏ်ဒြပ်နှင့် ဘုရားသခင် နှုတ်ကပတ်တော်များ၏ ဖြစ်ခြင်းကို သဘောပေါက် နိုင်လိမ့်မည်ဖြစ်ပြီး လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို သာ၍ ရှင်းလင်းစွာနှင့် တိကျစွာ မြင်နိုင်မည်ဖြစ်သည်။ သင့်စိတ်ဝိညာဉ်ထဲ ငြိမ်းချမ်းလာရာတွင် လုံလောက်သော နက်ရှိုင်းမှု ရရှိရန် ပျက်ကွက်ပါက၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို အနည်းငယ်သာ ခံရမည်ဖြစ်ပြီး၊ အတွင်း၌ ခွန်အားတိုးပွားသည်ကို ခံစားရကာ ပျော်ရွင်ခြင်းနှင့် ငြိမ်သက်ခြင်း ပမာဏအချို့ကို ခံစားရမည်ဖြစ်သော်လည်း မည်သည့်အရာကိုမျှ ပိုမို နက်ရှိုင်းစွာ သင် သဘောပေါက်လိမ့်မည်မဟုတ်ပေ။ ယခင်က ငါ ဆိုပြီးလေပြီ- လူတို့သည် မိမိတို့၏ခွန်အားရှိသမျှကို အသုံးမပြုပါက၊ ငါ့အသံကိုကြားရန် သို့မဟုတ် ငါ့မျက်နှာကို မြင်ရန် ၎င်းတို့အတွက် ခက်ခဲလိမ့်မည်။ ဤအရာသည် ဘုရားသခင် ရှေ့မှောက်၌ ငြိမ်သက်ခြင်းအား နက်ရှိုင်းစွာရရှိခြင်းကို ရည်ညွှန်းပြီး၊ အပေါ်ယံ ကြိုးစားအားထုတ်မှုများကို မရည်ညွှန်းပေ။ ဘုရားသခင်၏ မျက်မှောက်တွင် အမှန်တကယ် ငြိမ်သက်ခြင်း ရှိနိုင်သူသည် အလုံးစုံသော လောကီချည်နှောင်မှုများမှ ရုန်းထွက်နိုင်ပြီး ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ခံရနိုင်ပေသည်။ ဘုရားသခင် မျက်မှောက်တွင် ငြိမ်းချမ်းနေနိုင်စွမ်း မရှိသူ အားလုံးသည် ဧကန်မုချ ကိုယ်ကျင့်တရား ပျက်ပြားပြီး အထိန်းအကွပ်မဲ့လေသည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်းချမ်းစွာနေနိုင်စွမ်း ရှိသူအားလုံးသည် ဘုရားသခင်ရှေ့တွင် ဘုရားတရား ကိုင်းရှိုင်းသူများနှင့် ဘုရားသခင်ကို တမ်းတသူများဖြစ်ကြသည်။ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေသူတို့သာ ဘဝကို တန်ဖိုးထားကြသည်၊ စိတ်ဝိညာဉ်၌ မိတ်သဟာယပြုခြင်းကို တန်ဖိုးထားသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆာငတ်ပြီး၊ သမ္မာတရားကို လိုက်စားကြလေသည်။ ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်းကို တန်ဖိုးမထားသူနှင့် ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်းကို လက်တွေ့မလုပ်ဆောင်သောသူ မည်သူမဆိုသည် စိတ်ကြီးဝင်နေပြီး အပေါ်ယံသာဖြစ်ကာ လောကကို စွဲလမ်းပြီး အသက်မရှိသူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်သည်ဟု ပြောလျှင်ပင် ၎င်းတို့၏ နှုတ်ဖျားဖြင့် အစေခံခြင်းသာ ဖြစ်သည်။ နောက်ဆုံးတွင် ဘုရားသခင်က စုံလင်စေကာ ပြည့်စုံစေသူတို့မှာ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေနိုင်သူများသာ ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေသူများသည် ကြီးမြတ်သည့် ကောင်းချီး မင်္ဂလာများဖြင့် ကျေးဇူးပြုခြင်း ခံရပေသည်။ တစ်နေ့လုံး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့ အချိန်ယူခဲသောလူများ၊ ပြင်ပကိစ္စများဖြင့် အလုပ်များလှစွာ နစ်မြုပ်နေပြီး အသက်တာထဲဝင်ရောက်ခြင်းအပေါ် တန်ဖိုးအနည်းငယ်သာထားသည့် လူများ- ဤသူအားလုံးတို့သည် အနာဂတ်တွင် ကြီးထွားရန် အလားအလာမရှိသည့် သူတော်ကောင်း ယောင်ဆောင်သူများ ဖြစ်သည်။ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေနိုင်ပြီး ဘုရားသခင်နှင့် စစ်မှန်စွာ မိတ်သဟာယ ပြုနိုင်သူများသည် ဘုရားသခင်၏ လူများဖြစ်ကြသည်။

ဘုရားသခင် ရှေ့မှောက်သို့လာပြီး သူ၏ နှုတ်ကပတ်တော်များကို သင်၏အသက်တာ အဖြစ် လက်ခံရန်၊ ပထမဦးစွာ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေရမည်။ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေသည့် အခါမှသာ၊ ဘုရားသခင်က သင့်အား ဉာဏ်အလင်းဖွင့်ပေးပြီး အသိပညာ ပေးလိမ့်မည်။ လူတို့သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေလေလေ၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို ရရှိနိုင်လေလေ ဖြစ်သည်။ ဤအရာ အားလုံးအတွက် လူတို့သည် ဘာသာတရား ကိုင်းရှိုင်းမှုနှင့် ယုံကြည်မှု လိုအပ်သည်။ ဤနည်းဖြင့်သာ ၎င်းတို့ စုံလင်စေခြင်းခံရနိုင်ပေသည်။ ဝိညာဉ်ရေးရာ အသက်တာထဲသို့ ဝင်ရောက်ခြင်းအတွက် အခြေခံကျသော သင်ခန်းစာမှာ ဘုရားသခင်၏ မျက်မှောက်တွင် ငြိမ်းချမ်းနေခြင်း ဖြစ်သည်။ ဘုရားသခင်၏ မျက်မှောက်တွင် သင်သည် ငြိမ်းချမ်းနေမှသာ သင်၏ ဝိညာဉ်ရေးပိုင်းဆိုင်ရာ လေ့ကျင့်မှုအားလုံး ထိရောက်ပေလိမ့်မည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေနိုင်စွမ်းမရှိပါက၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင် ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ သင်မည်သည့်အရာကို လုပ်ဆောင်နေပါစေ ဘုရားသခင် ရှေ့မှောက်တွင် သင်၏စိတ်နှလုံး ငြိမ်းချမ်းနေပါက၊ သင်သည် ဘုရားသခင် မျက်မှောက်တွင် အသက်ရှင်သောသူတစ်ဦးဖြစ်သည်။ သင် မည်သည့်အရာကို လုပ်ဆောင်နေပါစေ သင်၏စိတ်နှလုံးက ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်းချမ်းနေပြီး ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ပါက၊ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေသည့် လူတစ်ဦးဖြစ်ကြောင်း ဤအရာက သက်သေပြပေသည်။ သင်သည် အခြားသူများနှင့် စကားပြောနေသည့်အခါ သို့မဟုတ် သင် လမ်းလျှောက် နေသည့်အခါတွင်၊ “ကျွန်ုပ်စိတ်နှလုံးသည် ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်နေပြီး ပြင်ပအရာများအပေါ် အာရုံမစိုက်ပါ၊ ကျွန်ုပ်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်းချမ်းနေနိုင်သည်” ဟု သင်ပြောနိုင်ပါက၊ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေသောသူ တစ်ဦးဖြစ်ပေသည်။ သင့်စိတ်နှလုံးကို ပြင်ပကိစ္စရပ်များဆီသို့ ဆွဲခေါ်သွားသည့် မည်သည့်အရာမဆိုနှင့် မပတ်သက်လေနှင့်၊ သို့မဟုတ် သင့်စိတ်နှလုံးကို ဘုရားသခင်နှင့် ကင်းကွာစေသည့် လူများနှင့် မပတ်သက်လေနှင့်။ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ရာမှ သင်၏ စိတ်နှလုံးကို အာရုံပျက်စေနိုင်သည့် မည်သည့်အရာကိုမဆိုကို ဘေးဖယ်လော့၊ သို့မဟုတ် ထိုအရာမှ ဝေးဝေးတွင် နေလော့။ ဤအရာသည် သင်၏ အသက်တာအဖို့ သာ၍အကျိုးဖြစ်စေသည်။ ယခုအချိန်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ကြီးမြတ်သည့် အမှုအတွက် အချိန်ကာလ၊ ဘုရားသခင်သည် လူတို့ကို ကိုယ်တိုင်ကိုယ်ကျ စုံလင်စေသည့် အချိန်ကာလ အတိအကျ ဖြစ်ပေသည်။ ဤအခိုက်အတန့်တွင် သင်သည် ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်း မရှိနိုင်ပါက၊ သင်သည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့သို့ ပြန်လာမည့်သူတစ်ဦး မဟုတ်ပေ။ သင်သည် ဘုရားသခင်ထက်အခြား အရာများကို လိုက်စားပါက၊ ဘုရားသခင်အားဖြင့် စုံလင်စေခြင်းခံရဖို့ သင့်အတွက် နည်းလမ်း ရှိလိမ့်မည် မဟုတ်ပေ။ ယနေ့တွင် ဘုရားသခင်၏ ထိုသို့သော မိန့်မြွက်ချက်များကို ကြားနိုင်သည့်တိုင် ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်း မရှိနိုင်သူများသည် သမ္မာတရားကို မချစ်သူများနှင့် ဘုရားသခင်ကို မချစ်သောလူများဖြစ်ကြသည်။ ဤအခိုက်အတန့်တွင် သင့်ကိုယ်သင် မဆက်ကပ်ပါက၊ မည်သည့်အရာကို သင် စောင့်ဆိုင်း နေသနည်း။ မိမိကိုယ်ကို ဆက်ကပ်ခြင်းမှာ မိမိစိတ်နှလုံးကို ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေစေခြင်း ဖြစ်သည်။ ယင်းသည် စစ်မှန်သော ဆက်ကပ်ခြင်း ဖြစ်ပေလိမ့်မည်။ ယခုအချိန်တွင် မိမိတို့၏ စိတ်နှလုံးများကို ဘုရားသခင်ထံ အမှန်တကယ် ဆက်ကပ်သူ မည်သူကိုမဆို ဘုရားသခင်က စုံလင်စေမည်မှာ သေချာသည်။ အဘယ်အရာ ဖြစ်စေကာမူ မည်သည့်အရာကမျှ သင့်ကို မနှောင့်ယှက်နိုင်။ သင့်ကို ပြုပြင်ရန်ဖြစ်စေ၊ သင့်ကို ကိုင်တွယ်ဖြေရှင်းရန်ဖြစ်စေ၊ သို့မဟုတ် စိတ်ပျက်ခြင်းကို သင် ကြုံရသည်ဖြစ်စေ ရှုံးနိမ့်မှုကို သင်ကြုံရသည်ဖြစ်စေ၊ သင့်စိတ်နှလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် အစဉ်အမြဲ ငြိမ်းချမ်းနေသင့်၏။ လူများက သင့်ကို မည်သို့ဆက်ဆံပါစေ၊ သင့်စိတ်နှလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်း နေသင့်သည်။ မည်သည့် အခြေအနေများကို သင် ကြုံရပါစေ၊ အခက်အခဲ၊ ဆင်းရဲဒုက္ခ၊ ဖိစီးနှိပ်စက်မှု၊ သို့မဟုတ် အမျိုးမျိုးသော စမ်းသပ်မှုများဖြင့် သင် ပတ်ချာဝိုင်းခံရပါစေ၊ သင့်စိတ်နှလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် အစဉ်အမြဲ ငြိမ်းချမ်းနေသင့်သည်။ ယင်းကား စုံလင်ခံရခြင်းဆီသို့ သွားရာ လမ်းကြောင်းများ ဖြစ်သည်။ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်းချမ်းနေမှသာ ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များသည် သင့်အဖို့ ရှင်းလင်းလာလိမ့်မည်။ ထိုအခါ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းပြခြင်းနှင့် ဉာဏ်အလင်းပေးမှုတို့ကို ပိုမိုမှန်ကန်စွာနှင့် သွေဖည်ခြင်းမရှိဘဲ လက်တွေ့လုပ်ဆောင်နိုင်မည်၊ သင်၏ အစေခံခြင်းကို သာ၍ ရှင်းလင်းသော လမ်းညွှန်မှုပေးမည့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ပိုမိုရှင်းလင်းပြတ်သားမှုဖြင့် သဘောပေါက်နိုင်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းနှင့် လမ်းပြမှုတို့ကို ပိုမိုတိကျစွာ သဘောပေါက်နိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုအောက်တွင် နေထိုင်ခြင်းအတွက် စိတ်ချနိုင်ပေသည်။ ယင်းတို့သည် ဘုရားသခင် ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်းချမ်းနေခြင်းအားဖြင့် ရရှိသည့် ရလဒ်များဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်၍ မရှင်းမလင်းဖြစ်ပါက၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းမရှိပါက၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သဘောမပေါက်နိုင်ပါက၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်ရမည့် ကိုယ်ကျင့်တရားများ ကင်းမဲ့ပါက၊ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်း မရှိသောကြောင့် ဖြစ်သည်။ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်း၏ ရည်ရွယ်ချက်မှာ အလေးအနက်ရှိဖို့နှင့် လက်တွေ့ဆန်ဖို့၊ ဘုရား သခင်၏ နှုတ်ကပတ်တော်များတွင် မှန်ကန်မှုနှင့် ပွင့်လင်းမှုမြင်သာမှုတို့ကို ရှာဖွေဖို့နှင့် နောက်ဆုံးတွင် သမ္မာတရားကိုနားလည်ရန်နှင့် ဘုရားသခင်ကို သိရှိရန် ဖြစ်သည်။

သင်၏စိတ်နှလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် မကြာခဏ ငြိမ်းချမ်းနေခြင်း မရှိပါက၊ ဘုရားသခင်သည် သင့်ကို စုံလင်စေမည့် နည်းလမ်းမရှိချေ။ သန္နိဋ္ဌာန်မရှိခြင်းသည် နှလုံးသားမရှိခြင်းနှင့် သဘောသွားညီမျှပြီး နှလုံးသားမရှိသည့် လူတစ်ဦးသည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်း မရှိနိုင်ပေ၊ ထိုကဲ့သို့သော လူသည် ဘုရားသခင်က အမှုမည်မျှ လုပ်ဆောင်သည် သို့မဟုတ် ဘုရားသခင်က မည်မျှစကားပြောဆိုသည်ကို မသိသကဲ့သို့၊ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကိုလည်း မသိပေ။ ဤသည်မှာ နှလုံးသားမရှိသည့်လူတစ်ဦး ဖြစ်သည် မဟုတ်လော။ နှလုံးသားမရှိသည့် လူတစ်ဦးသည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေနိုင်သလော။ နှလုံးသားမရှိသည့် လူများကို ဘုရားသခင် စုံလင်စေမည့် နည်းလမ်းမရှိပေ- ၎င်းတို့သည် ဝန်တင်တိရစ္ဆာန်များနှင့် မခြားပေ။ ဘုရားသခင်က ရှင်းလင်းစွာနှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုပြီး ဖြစ်သည်၊ သို့သော် သင့်နှလုံးသားသည် မလှုပ်မရှား ဖြစ်မြဲဖြစ်နေပြီး၊ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်းငှာ မတတ်စွမ်းနိုင်မြဲဖြစ်လေသည်။ သင်သည် ထုံထိုင်းသော တိရစ္ဆာန် တစ်ကောင် မဟုတ်လော။ လူအချို့တို့သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်းကို လက်တွေ့လုပ်ဆောင်ရာတွင် လမ်းလွဲသွားကြ၏။ ချက်ပြုတ်ရမည့်အချိန်တွင် ၎င်းတို့ ချက်ပြုတ်ခြင်း မရှိကြသကဲ့သို့ အိမ်မှုကိစ္စ လုပ်ရမည့်အချိန်တွင် မလုပ်ကြဘဲ ဆုတောင်းခြင်းနှင့် နှလုံးသွင်းဆင်ခြင်ခြင်းကိုသာ ဆက်လုပ် ကြလေသည်။ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်းသည် မချက်ပြုတ်ခြင်း သို့မဟုတ် အိမ်မှုကိစ္စများ မလုပ်ခြင်း မဟုတ်သကဲ့သို့ မိမိဘဝကို အသက်မရှင်ခြင်း မဟုတ်ပေ။ ယင်းထက် ပုံမှန်အခြေအနေ အလုံးစုံတွင် မိမိ၏ စိတ်နှလုံးကို ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းစေနိုင်ခြင်းနှင့် မိမိ၏စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာပေးနိုင်ခြင်း ဖြစ်သည်။ သင်ဆုတောင်းသည့်အခါ၊ ဘုရားသခင် ရှေ့မှောက်တွင် ဆုတောင်းရန် သင့်တင့်လျောက်ပတ်စွာ ဒူးထောက် သင့်၏၊ အိမ်မှုကိစ္စများကို သင် လုပ်ဆောင်သည့်အခါ သို့မဟုတ် အစားအသောက် ပြင်ဆင်သည့်ခါ၊ ဘုရားသခင် ရှေ့မှောက်တွင် သင့်စိတ်နှလုံးကို ငြိမ်သက်စေလော့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆလော့၊ သို့မဟုတ် ဓမ္မတေးများကို သီဆိုလော့။ မည်သည့် အခြေအနေ၌ သင်ရောက်ရှိပါစေ၊ လက်တွေ့လုပ်ဆောင်ဖို့ ကိုယ်ပိုင်နည်းလမ်း သင့်မှာရှိသင့်၏၊ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ဖို့ သင်တတ်နိုင်သမျှ လုပ်ဆောင်သင့်ပြီး၊ ဘုရားသခင်ရှေ့မှောက်တွင် သင့်စိတ်နှလုံး ငြိမ်သက်စေရန် သင်၏ အစွမ်းရှိသမျှဖြင့် ကြိုးစားသင့်သည်။ အခြေအနေပေးသည့်အခါ၊ စွဲစွဲမြဲမြဲ ဆုတောင်းလော့၊ အခြေအနေ မပေးသည့်အခါတွင်၊ သင့်လက်ထဲရှိ အလုပ်ကို လုပ်နေစဉ် သင့် စိတ်နှလုံးထဲတွင် ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားနိုင်သောက်နိုင် သည့်အချိန်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်လော့။ သင်ဆုတောင်းနိုင်သည့် အချိန်တွင် ဆုတောင်းလော့၊ ဘုရားသခင်ကို အာရုံပြုနိုင်သည့်အချိန်တွင် သူ့ကို အာရုံပြုလော့။ တစ်နည်းအားဖြင့် ဆိုရလျှင်၊ သင်၏ပတ်ဝန်းကျင် နှင့်အညီ ဝင်ရောက်ခြင်းအတွက် မိမိကိုယ်ကိုယ် အစွမ်းကုန် လေ့ကျင့်လော့။ လူအချို့တို့သည် မည်သည့်အရေးကိစ္စမှ မရှိသည့်အချိန်တွင်၊ ဘုရားသခင် ရှေ့မှောက်၌ ငြိမ်းချမ်း နေနိုင်ကြသော်လည်း တစ်စုံတစ်ခု ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူတို့၏စိတ်များက လေသွားကြသည်။ ယင်းသည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်း မဟုတ်ပေ။ တွေ့ကြုံရန် မှန်ကန်သော နည်းလမ်းမှာ ဤသို့ဖြစ်၏- မည်သည့် အခြေအနေအောက်တွင်ဖြစ်စေ မိမိ၏ စိတ်နှလုံးက ဘုရားသခင်ကို မစွန့်ခွာပေ၊ သို့မဟုတ် ပြင်ပလူများ၊ ဖြစ်ရပ်များ သို့မဟုတ် အမှုအရာများက စိတ်အနှောင့်အယှက် မဖြစ်စေပါ၊ ထိုအခါမှသာ ဘုရားသခင် ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်းချမ်းနေသောလူတစ်ဦး ဖြစ်ပေသည်။ လူအချို့က အစည်းအဝေးများတွင် ၎င်းတို့ ဆုတောင်းသောအခါ ဘုရားသခင် ရှေ့မှောက်တွင် ၎င်းတို့၏ စိတ်နှလုံးများ ငြိမ်းချမ်းနေနိုင်သော်လည်း၊ အခြားသူများနှင့် မိတ်သဟာယပြုရာတွင် ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်းငှာ ၎င်းတို့ မတတ်စွမ်းနိုင်သကဲ့သို့ ၎င်းတို့၏ အတွေးများက အထိန်းအကွပ်မဲ့သွားကြသည်ဟု ဆို၏။ ဤကား ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်း မဟုတ်ပေ။ ယနေ့တွင် လူအများစုတို့သည် ဤအခြေအနေတွင် ရှိကြ၏၊ ၎င်းတို့၏ စိတ်နှလုံးတို့သည် ဘုရားသခင် ရှေ့မှောက်တွင် အစဉ်အမြဲ ငြိမ်းချမ်းနေခြင်းငှာ မတတ်စွမ်းနိုင်ပေ။ ထို့ကြောင့် ဤနယ်ပယ်တွင် သင်တို့သည် မိမိတို့ကိုယ်ကိုယ် လေ့ကျင့်ရာတွင် ပိုမို အားထုတ်ရမည်၊ ဘဝအတွေ့အကြုံနှင့်ဆိုင်သည့် မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ တစ်လှမ်းချင်း ဝင်ရောက်ကာ၊ ဘုရားသခင်၏ စုံလင်စေခြင်းခံရခြင်း လမ်းကြောင်းပေါ် တက်လှမ်းရပေမည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။