ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃) (အပိုင်း တစ်)

ဘုရားသခင်သည် ပထမအကြိမ် လူ့ဇာတိကိုခံယူခြင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ စွဲယူခြင်းမှ တစ်ဆင့်ဖြစ်ပြီး ယင်းသည် သူလုပ်ရန် ရည်ရွယ်ထားသော အလုပ်နှင့် သက်ဆိုင်သည်။ ကျေးဇူးတော်ခေတ်သည် ယေရှု၏ အမည်နှင့် စတင်ခဲ့သည်။ ယေရှုသည် သူ၏အမှုတော်ကို စတင် ဆောင်ရွက်သောအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏အမည်ကို စတင်၍ သက်သေခံခဲ့ပြီး၊ ယေဟောဝါ၏ အမည်ကို ထပ်မံပြောကြားခြင်း မရှိတော့ပေ။ ယင်းအစား သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏ နာမတော်အောက်တွင် အဓိကအားဖြင့် အလုပ်သစ်ကို လုပ်ဆောင်ခဲ့သည်။ သူ့ကို ယုံကြည်သူများ၏ သက်သေခံချက်သည် ယေရှုခရစ်တော်အတွက် သက်သေခံခြင်းဖြစ်ပြီး၊ သူတို့လုပ်ခဲ့သော အလုပ်သည်လည်း ယေရှုခရစ်တော်အတွက် ဖြစ်သည်။ ဓမ္မဟောင်း ပညတ်တော်ခေတ် အဆုံးသတ်ခြင်း ဆိုသည်မှာ ယေဟောဝါ၏ နာမတော်အောက်တွင် အဓိကထားပြီး လုပ်ဆောင်ခဲ့သော အလုပ်များ အဆုံးသတ်သို့ ရောက်ခြင်းကို ဆိုလိုသည်။ ၎င်းအချိန်မှစတင်၍ ဘုရားသခင်၏ အမည်သည် ယေဟောဝါအဖြစ် ဆက်ရှိ မနေတော့ပေ။ ယင်းအစား သူ့ကို ယေရှုဟုခေါ်ပြီး ဤနေရာမှစတင်၍ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏ နာမတော်အောက်တွင် အဓိကအားဖြင့် အလုပ်စတင်ခဲ့သည်။ ထို့ကြောင့် ယနေ့တွင် လူသည် ယေဟောဝါ၏ နှုတ်ကပတ်တော်များကို စားသောက်ဆဲဖြစ်ပြီး ပညတ်တော်ခေတ်၏ အလုပ်များအတိုင်း အရာရာကို လုပ်ဆာင်နေဆဲဖြစ်ရာ—ဤနေရာရှိ စည်းမျဉ်းများကို သင်သည် မျက်စိမှိတ်လျက် လိုက်နာနေသည် မဟုတ်လော။ သင်သည် အတိတ်တွင် တွယ်ငြိနေခြင်း မဟုတ်သလော။ သင်တို့သည် ယခုအခါတွင် နောက်ဆုံးသောကာလ ရောက်လာပြီကို သိကြသည်။ ယေရှုလာသောအခါ သူ့ကို ယေရှုဟုခေါ်ဆဲ ဖြစ်နိုင်သလော။ ယေဟောဝါသည် ဣသရေလလူမျိုးတို့ကို မေရှိယကြွလာလိမ့်မည်၊ သူလာသည့်အခါ သူ့ကို မေရှိယဟုမခေါ်ဘဲ ယေရှုဟုခေါ်လိမ့်မည်ဟု ပြောခဲ့သည်။ ယေရှုက သူထပ်လာဦးမည်၊ သူသည် ကိုယ်တော် ထွက်ခွာသွားသည်ကဲ့သို့ ရောက်ရှိလာလိမ့်မည်ဟု ပြောခဲ့သည်။ ယင်းတို့မှာ ယေရှု၏ နှုတ်ကပတ်တော်များ ဖြစ်ခဲ့သော်လည်း သင်သည် ယေရှုထွက်ခွာသွားသည့် လမ်းကို မြင်ခဲ့ပါသလော။ ယေရှုသည် ဖြူသောမိုးတိမ်ကို စီးလျက် ထွက်ခွာခဲ့သော်လည်း သူသည် သူကိုယ်တိုင် လူအများကြား ဖြူသော မိုးတိမ်ပေါ်တွင် ပြန်လာလိမ့်မည်မှာ ဖြစ်နိုင်သလော။ ထိုသို့ဖြစ်ခဲ့ပါက ကိုယ်တော့်ကို ယေရှုဟုခေါ်ဆဲ ဖြစ်လိမ့်မည် မဟုတ်လော။ ယေရှု တဖန်ပြန်လာ သောအခါ ခေတ်သည် ပြောင်းနေပြီး ဖြစ်လိမ့်မည်ဖြစ်ရာ သူ့ကို ယေရှုဟု ခေါ်ဦးမည်လော။ ဘုရားသခင်ကို ယေရှုအမည်ဖြင့်သာ သိခဲ့ခြင်း ဖြစ်ပါသလော။ ခေတ်သစ်တွင် သူသည် အမည်သစ်ဖြင့် အခေါ်ခံရခြင်း မဖြစ်နိုင်ဘူးလော။ လူပုဂ္ဂိုလ် တစ်ဦး၏ ရုပ်လွှာနှင့် တစ်ခုတည်းသော အမည်သည် ဘုရားသခင်ကို လုံးလုံးလျားလျား ကိုယ်စားပြုနိုင်ပါသလော။ ခေတ်တစ်ခုစီတိုင်းတွင်၊ ဘုရားသခင်သည် အလုပ်သစ်ကို လုပ်ဆောင်ပြီး အမည်သစ် ခေါ်ဆိုခံရသည်။ မတူသောခေတ်များတွင် တူညီသော အလုပ်ကို သူ့အနေဖြင့် မည်သို့လျှင် လုပ်နိုင်မည်နည်း။ အဘယ်သို့လျှင် အဟောင်းကို သူတွယ်ဖက်ထားနိုင်မည်နည်း။ ယေရှုအမည်နာမကို ရွေးနှုတ်ခြင်းအလုပ် လုပ်ရန်အတွက် ယူထားခြင်းဖြစ်ရာ၊ နောက်ဆုံးသောကာလတွင် သူပြန်လည်ကြွလာသောအခါ ထိုအမည်ကိုပင် ခေါ်နေဆဲဖြစ်မည်လော။ သူသည် ရွေးနှုတ်ခြင်းအလုပ်ကို လုပ်နေဆဲ ဖြစ်မည်လော။ ယေဟောဝါနှင့် ယေရှုသည် တစ်လုံးတစ်ဝတည်းဖြစ်သော်လည်း မတူညီသော ခေတ်များတွင် မတူညီသောနာမတော်များဖြင့် ခေါ်ဆိုခံရခြင်းမှာ အဘယ်ကြောင့်နည်း။ ယင်းသို့ ခေါ်ဆိုခံရခြင်းမှာ သူတို့အလုပ်၏ ခေတ်များသည် မတူညီခြင်းကြောင့် မဟုတ်သလော။ အမည်တစ်ခုတည်းက ဘုရားသခင်ကို လုံးလုံးလျားလျား ကိုယ်စားပြုနိုင်သလော။ ထိုသို့ဖြစ်သောကြောင့် ဘုရားသခင်ကို မတူညီသော ခေတ်တစ်ခေတ်တွင် မတူသော အမည်တစ်ခုဖြင့် ခေါ်ဆိုရလိမ့်မည်ဖြစ်ပြီး၊ ခေတ်ကို ပြောင်းလဲရန်နှင့် ကိုယ်စားပြုရန် အမည်နာမကို အသုံးပြုရမည်။ အကြောင်းမှာ မည်သည့်အမည် တစ်ခုကမျှ ဘုရားသခင်ကိုယ်တော်တိုင်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်သောကြောင့်ဖြစ်ပြီး အမည်တစ်ခုချင်းသည် သက်ဆိုင်ရာခေတ်တွင် ဘုရားသခင် စိတ်သဘောထား၏ ယာယီရှုထောင့်ကိုသာလျှင် ကိုယ်စားပြုနိုင်သောကြောင့် ဖြစ်သည်။ ယင်းအမည် လုပ်ရမည့်အလုပ် အားလုံးမှာ သူ၏အလုပ်ကို ကိုယ်စားပြုရန်ဖြစ်သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ခေတ်တစ်ခုလုံးကို ကိုယ်စားပြုရန် သူ၏စိတ်သဘောထားနှင့် လိုက်လျောညီထွေရှိစေမည့် မည်သည့်နာမတော်ကိုမဆို ရွေးချယ်နိုင်သည်။ ယေဟောဝါ၏ခေတ် ဖြစ်သည်ဖြစ်စေ၊ သို့မဟုတ် ယေရှု၏ခေတ် ဖြစ်သည်ဖြစ်စေ၊ ခေတ်တစ်ခုချင်းသည် အမည်နာမတစ်ခုဖြင့် ကိုယ်စားပြုခြင်းခံရသည်။ ကျေးဇူးတော်ခေတ် အဆုံးတွင်၊ နောက်ဆုံးသောခေတ် ရောက်လာခဲ့ပြီး ယေရှုသည် လာရောက်ခဲ့ပြီးဖြစ်သည်။ သူ့ကို မည်သို့လျှင် ယေရှုဟု ဆက်ခေါ်မည်နည်း။ သူ့အနေဖြင့် မည်သို့လျှင် လူများအကြားတွင် ယေရှု၏ ပုံသဏ္ဌာန်ကို ယူနိုင်မည်နည်း။ ယေရှုသည် နာဇရက်လူတစ်ဦး၏ ပုံရိပ်ထက် မပိုသည်ကို သင်မေ့သွားပြီလော။ ယေရှုသည် လူသားမျိုးနွယ်၏ ရွေးနှုတ်သူသာ ဖြစ်သည်ဆိုသည်ကို သင်မေ့သွားပြီလော။ နောက်ဆုံးသော ကာလတွင် သူသည် အဘယ်သို့လျှင် သိမ်းပိုက်ခြင်းနှင့် လူကိုစုံလင်ခြင်းသို့ ရောက်စေခြင်း အလုပ်ကို လုပ်နိုင် မည်နည်း။ ယေရှုသည် ဖြူသော မိုးတိမ်ကို စီးလျက် ထွက်ခွာသွားသည်—ယင်းမှာ မှန်သောအချက်ဖြစ်သည်—သို့သော်လည်း သူသည် မည်သို့လျှင် လူများကြားတွင် ဖြူသော မိုးတိမ်ကိုစီးလျက် ပြန်လာပြီး ယေရှုဟုပင် အခေါ်ခံရဆဲမှာ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ သူသည် ဖြူသော မိုးတိမ်ပေါ်တွင် အမှန်စင်စစ် ရောက်ရှိလာခဲ့ပါက၊ လူသားသည် သူ့ကို မည်သို့လျှင် မမှတ်မိဘဲ ရှိမည်နည်း။ ကမ္ဘာတဝှမ်းရှိ လူများအားလုံး သူ့ကို မှတ်မိမည် မဟုတ်လော။ သို့ဖြစ်လျှင် ယေရှု တစ်ပါးတည်းသည်သာ ဘုရားသခင် ဖြစ်လိမ့်မည် မဟုတ်ပါသလော။ သို့ဖြစ်လျှင် ဘုရားသခင်၏ ပုံသဏ္ဌာန်သည် ယုဒတစ်ယောက်၏ သွင်ပြင်မျိုး ဖြစ်ရုံ သာမက ထာဝရ ထိုသို့ ဖြစ်နေလိမ့်မည် မဟုတ်လော။ ယေရှုက သူထွက်ခွာသွားသကဲ့သို့ ပြန်ကြွလာမည်ဟု ပြောခဲ့သော်လည်း သူ့နှုတ်ကပတ်တော်များ၏ အမှန်တကယ် အဓိပ္ပာယ်ကို သင်သိပါသလော။ သင်တို့ အုပ်စုကို ထိုအရာ သူပြောသည်မှာ ဖြစ်နိုင်သလော။ သင်သိထားသမျှအားလုံးမှာ သူထွက်ခွာခဲ့သည့်အတိုင်း မိုးတိမ်ကို စီးလျက် သူပြန်လာလိမ့်မည်၊ သို့သော်လည်း ဘုရားသခင် ကိုယ်တော်တိုင်က သူ၏အလုပ်ကို မည်ကဲ့သို့ လုပ်ကိုင်သည်ကို သင်အတိအကျ သိပါသလော။ သင်သည် အမှန်တကယ် မြင်နိုင်သည်ဆိုပါက ယေရှုပြောခဲ့သော နှုတ်ကပတ်တော်များကို အဘယ်သို့ အဓိပ္ပာယ် ဖွင့်မည်နည်း။ သူပြောခဲ့သည်မှာ “နောက်ဆုံးသောကာလတွင် လူသား၏သားတော် ကြွလာသောအခါ သူကိုယ်တော်တိုင် သိလိမ့်မည်မဟုတ်၊ ကောင်းကင်တမန်များ သိလိမ့်မည်မဟုတ်၊ ကောင်းကင်ဘုံရှိ တမန်တော်များ သိလိမ့်မည်မဟုတ်၊ လူသား မျိုးနွယ် အားလုံးတို့သည် သိလိမ့်မည်မဟုတ်။ ခမည်းတော်သည်သာလျှင် သိလိမ့်မည်၊ ဆိုလိုသည်မှာ ဝိညာဉ်တော်သာလျှင် သိလိမ့်မည်။” လူ၏ သားတော်ပင်လျှင် သိသည် မဟုတ်သည့်အတွက် သင်သည် အဘယ်သို့လျှင် မြင်နိုင် သိနိုင်မည်နည်း။ အကယ်၍ သင်သည် သင်၏ ပကတိမျက်စိဖြင့် သိနိုင်ပြီး မြင်နိုင်ခဲ့ပါက ဤစကားလုံးများကို ပြောသည်မှာ အချည်းနှီးဖြစ်မည် မဟုတ်ပါလော။ ထိုအချိန်က ယေရှု အဘယ်အရာ ပြောခဲ့သနည်း။ “ထိုနေ့ရက်နှင့် နာရီတို့ကို မည်သူမျှမသိ၊ ကောင်းကင်မှ ကောင်းကင်တမန်များလည်း မသိ၊ သားတော်လည်းမသိ၊ ငါ၏အဘသာလျှင် သိသည်။ သို့ရာတွင် နောဧ၏ နေ့ရက်များကဲ့သို့ပင် လူ၏ သားတော်လာရောက်ခြင်းသည်လည်း အလားတူ ဖြစ်လိမ့်မည်။... သို့ဖြစ်ရာ လူ၏ သားတော်မလာဟု သင်တို့ထင်သည့် နာရီအတွက် သင်တို့သည်လည်း အသင့်ပြင်ကြလော့။” ထိုနေ့ရက် ရောက်လာသည့်အခါ လူ၏ သားတော် ကိုယ်တိုင်သိလိမ့်မည် မဟုတ်ပေ။ လူ၏ သားတော်ဆိုသည်မှာ လူ့ဇာတိခံယူတော်မူသော ဘုရားသခင်၊ သာမန်နှင့် ရိုးရိုးလူပုဂ္ဂိုလ်ကို ဆိုလိုသည်။ လူသားတော် ကိုယ်တိုင်ပင်လျှင် မသိလျှင် သင်သည် မည်သို့လျှင် သိနိုင်မည်နည်း။ ယေရှုပြောခဲ့သည်မှာ သူသည် ထွက်ခွာသွားသကဲ့သို့ သူပြန်လည် ရောက်ရှိလိမ့်မည်။ သူရောက်ရှိမည့် အချိန်ကို သူကိုယ်တိုင်ပင်လျှင် မသိ၊ သို့ဖြစ်ရာ သင့်ကို ကြိုတင်ပြီး သူက မည်သို့ အသိပေးနိုင်မည်နည်း။ သင်သည် သူဆိုက်ရောက်ခြင်းကို မြင်နိုင်မည်လော။ ယင်းသည် ရယ်စရာ ပြက်လုံး မဟုတ်ဘူးလော။ ကမ္ဘာမြေကြီးသို့ ဘုရားသခင်လာသည့်အခါတိုင်း သူ၏ နာမတော်၊ သူ၏ လိင်သဘာဝ၊ သူ၏ပုံသဏ္ဌာန်နှင့် သူ၏ အလုပ်တို့ကို ပြောင်းလဲသည်၊ သူသည်သူ၏ အလုပ်ကို ထပ်ကာ ထပ်ကာ မလုပ်။ သူသည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ ဟောင်းနွမ်းခြင်းမရှိသော ဘုရားသခင် ဖြစ်သည်။ ယခင်က ကိုယ်တော်လာသည့်အခါ သူ့ကို ယေရှုဟု ခေါ်သည်၊ ဤတစ်ကြိမ် သူလာသည့်အခါ သူ့ကိုယေရှုဟု ဆက်ခေါ်နေဆဲ ဖြစ်မည်လော။ ယခင်က သူလာသောအခါ သူသည် ယောကျာ်းဖြစ်သည်၊ ဤတစ်ကြိမ်တွင်လည်း သူသည် ယောကျာ်း ဖြစ်နိုင်ပါသလော။ ကျေးဇူးတော်ခေတ်အတွင်း လာစဉ်က သူ၏ အလုပ်သည် လက်ဝါးကပ်တိုင်တွင် သံမှိုဖြင့် ရိုက်ခံရန် ဖြစ်သည်။ သူနောက်တစ်ကြိမ် လာသည့်အခါ လူသား မျိုးနွယ်ကို အပြစ်မှ ရွေးနှုတ်နိုင်ဆဲ ဖြစ်သလော။ သူသည် လက်ဝါးကပ်တိုင်တွင် သံမှိုဖြင့် နောက်တစ်ကြိမ် အရိုက်ခံနိုင်ပါဦးမည်လော။ ယင်းသည် သူ့အလုပ်ကို ထပ်လုပ်ခြင်း ဖြစ်လိမ့်မည် မဟုတ်ပါလော။ ဘုရားသခင် သည် အစဉ်အမြဲ သစ်လွင်ပြီး မည်သည့်အခါမျှ မဟောင်းနွမ်းသည်ကို သင်မသိဘူးလော။ ဘုရားသခင်သည် မပြောင်းလဲနိုင်ဘူး ပြောသူများရှိသည်။ ယင်းမှာ မှန်သော်လည်း ယင်းမှာ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရ မပြောင်းလဲနိုင်ခြင်းကို ဆိုလိုသည်။ ကိုယ်တော်၏ နာမတော်နှင့် အလုပ်ကို ပြောင်းလဲခြင်း သည် သူ၏ အနှစ်သာရ ပြောင်းလဲသွားပြီဟု သက်သေမခံပေ။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်ပြီး ယင်းသည် မည်သည့်အခါမှ မပြောင်းလဲပေ။ အကယ်၍ သင်က ဘုရားသခင် ၏ အလုပ်သည် ပြောင်းလဲခြင်းမရှိဟု ဆိုပါက၊ သူသည် သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်နိုင်စွမ်း ရှိပါမည်လော။ ဘုရားသခင်သည် ထာဝရ ပြောင်းလဲခြင်းမရှိကြောင်း သင်သိသော်လည်း ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ မဟောင်းနွမ်းသည်ကို သင်သိပါသလော။ ဘုရားသခင်၏ အလုပ်သည် မပြောင်းလဲပါက သူသည် လူသားမျိုးနွယ်ကို ယနေ့အချိန်အထိ လမ်း တစ်လျှောက်လုံး ဦးဆောင်နိုင်ခဲ့ပါမည်လော။ ဘုရားသခင်သည် မပြောင်းလဲနိုင်ဟု ဆိုလျှင် ကိုယ်တော်သည် အဘယ်ကြောင့် ခေတ်နှစ်ခေတ်၏ အလုပ်ကို ပြီးစီးအောင် လုပ်ခဲ့နိုင်သနည်း။ သူ၏ အလုပ်သည် ရှေ့သို့ ရွေ့လျားရန် မည်သည့်အခါမျှ ရပ်တန့်ခြင်းမရှိ၊ သူ၏ စိတ်သဘောထားသည် လူသားအား တဖြည်းဖြည်း ဖွင့်လှစ်ပြသနေပြီး ယင်းပြသမှုသည် သူ၏ ပင်ကိုစိတ်သဘောထား ဖြစ်သည်ဟု ဆိုရပေမည်။ အစဦးတွင် ဘုရားသခင်၏ စိတ်သဘောထားကို လူသားထံမှ ဖုံးကွယ်ထားခဲ့သည်။ သူသည် လူသားအား သူ၏ စိတ်သဘောထားကို မည်သည့်အခါမျှ ပွင့်လင်းစွာ ထုတ်ဖော်ခဲ့ခြင်းမရှိဘဲ၊ လူသည် သူ့အကြောင်းကို ရိုးရှင်းစွာပင် မသိနားမလည်ခဲ့ပေ။ သို့ဖြစ်သောကြောင့် သူသည် သူ၏ စိတ်သဘောထားကို လူသားကို တဖြည်းဖြည်း ထုတ်ဖော်ပြသရန် သူ၏ အလုပ်ကို အသုံးပြုခဲ့သည်။ သို့သော်လည်း ထိုသို့ လုပ်ဆောင်ခြင်း ကြောင့် ဘုရားသခင်၏ စိတ်သဘောထားသည် ခေတ်တိုင်းတွင် ပြောင်းလဲနေသည်ဟု မဆိုလိုပေ။ ယင်းမှာ သူ၏ အလိုတော်သည် အစဉ်အမြဲ ပြောင်းလဲ နေခြင်းကြောင့် ဘုရားသခင်၏ စိတ်သဘောထားသည် အစဉ်အမြဲ ပြောင်းလဲနေခြင်းဟု မဆိုလိုပေ။ ယင်းအစား သူ့အလုပ်၏ ခေတ်များ မတူညီသောကြောင့် ဘုရားသခင်သည် သူ၏ပင်ကို စိတ်သဘောထားကို လုံးလုံးလျားလျား တစ်ဆင့်ပြီးတဆင့် ယူဆောင်ပြီး ယင်းကို လူသားအား ဖော်ထုတ်ပြသသောကြောင့် လူသားသည် သူ့ကို သိလာနိုင်သည်။ သို့သော်လည်း ယင်းသည် ဘုရားသခင်တွင် မူလက မည်သည့် စိတ်သဘောထားမျှ မရှိ သို့မဟုတ် ခေတ်များ ကျော်ဖြတ် လာသည်နှင့် အမျှ သူ၏ စိတ်သဘောထားသည် တဖြည်းဖြည်း ပြောင်းလဲလာသည်ကို သက်သေပြသည်ဟု မဆိုလိုပေ။ ယင်းသို့နားလည်မှုမှာ မှားယွင်းမှုဖြစ်သည်။ ဘုရားသခင်သည် သူ၏ ပင်ကိုနှင့် သီးခြား စိတ်သဘောထားကို— သူ၏ ဖြစ်ခြင်းကို— လူသားအား ခေတ်များ ကျော်ဖြတ်လာသည်နှင့်အမျှ ထုတ်ဖော် ပြသသည်။ ခေတ်တစ်ခေတ်၏ အလုပ်သည် ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံကို ဖော်ပြနိုင်ခြင်း မရှိပေ။ သို့ဖြစ်ရာ နှုတ်ကပတ်တော်ဖြစ်သော “ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ ဟောင်းနွမ်းခြင်းမရှိ” ဆိုသည်မှာ သူ၏ အလုပ်ကို ရည်ညွှန်းပြီး နှုတ်ကပတ်တော်ဖြစ်သော “ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိ” ဆိုသည်မှာ ဘုရားသခင်၏ ပင်ကိုဖြစ်သော အရာအားလုံးနှင့် ဖြစ်ခြင်းကို ရည်ညွှန်းသည်။ မည်သို့ပင်ဖြစ်စေ သင်သည် နှစ်ခြောက်ထောင်အလုပ်ကို နေရာတစ်ခုအပေါ်တွင် မပြုလုပ်နိုင် သို့မဟုတ် သေဆုံးနေသော စကားလုံးများဖြင့် ယင်းကို ပုံဖော်ခြင်းမပြုနိုင်ပေ။ ယင်းမှာ လူသား၏ တုံးအမှုဖြစ်သည်။ ဘုရားသခင်သည် လူသား ထင်မြင်သကဲ့သို့ ရိုးရှင်းခြင်း မရှိဘဲ မည်သည့် ခေတ်တစ်ခုတွင်မဆို သူ၏ အလုပ်သည် တရစ်ဝဲဝဲ စွဲကျန်ရစ်ခြင်း မရှိပေ။ ဥပမာအားဖြင့် ယေဟောဝါသည် ဘုရားသခင်၏ နာမတော် အဖြစ် အစဉ်အမြဲ ရပ်တည်မနေနိုင်ပေ။ ဘုရားသခင်သည် ယေရှု နာမတော် အောက်တွင် သူ၏ အလုပ်ကို လုပ်နိုင်သေးသည်။ ယင်းမှာ ဘုရားသခင်၏ အလုပ်သည် အစဉ်အမြဲ ရှေ့သို့ တိုးတက်ခြင်းဖြင့် ရွေ့လျား နေသည့် လက္ခဏာ ဖြစ်သည်။

ဘုရားသခင်သည် အမြဲတမ်း ဘုရားသခင်ဖြစ်ပြီး၊ မည်သည့်အခါမျှ စာတန်မဖြစ်လာပါ။ စာတန် သည် အစဉ်အမြဲ စာတန်ဖြစ်ပြီး မည်သည့်အခါမျှ ဘုရားသခင် ဖြစ်မလာပါ။ ဘုရားသခင်၏ ဉာဏ်ပညာ၊ ဘုရားသခင်၏ အံ့သြဖွယ်ရာများ၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်၏ ဘုန်းအာနုဘော်သည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သူ၏ အနှစ်သာရ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သို့သော်လည်း သူသည် အစဉ် အသစ်ဖြစ်ပြီး မည်သည့်အခါမျှ ဟောင်းအိုခြင်း မရှိသည့်အတွက်၊ သူ၏အလုပ်ကမူ အစဉ်တိုးတက်ကာ ရှေ့သို့သွားနေပြီး အစဉ်အမြဲ ပိုမိုနက်ရှိုင်းနေသည်။ ခေတ်တိုင်းတွင် ဘုရားသခင်သည် နာမတော် အသစ်ကို ခံယူသည်၊ ခေတ်တိုင်းတွင် သူသည် အလုပ်အသစ်ကို လုပ်ဆောင်ပြီး၊ ခေတ်တိုင်းတွင် သူသည် သူဖန်ဆင်းသော သတ္တဝါများကို သူ၏ အလိုတော် အသစ်နှင့် စိတ်သဘောထား အသစ်ကို မြင်စေသည်။ အကယ်၍ ခေတ်သစ်တွင် လူများသည် ဘုရားသခင်၏ စိတ်သဘောထားအသစ် ဖော်ပြချက်ကို မြင်နိုင်ရန် ပျက်ကွက်ပါက၊ သူတို့သည် သူ့ကို လက်ဝါးကပ်တိုင်တွင် သံမှိုဖြင့် တစ်သက်လုံး ရိုက်ကြလိမ့်မည် မဟုတ်ပါလော။ ထိုသို့ ပြုလုပ်ခြင်းကြောင့် သူတို့ ဘုရားသခင်ကို အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည် မဟုတ်ပါလော။ ဘုရားသခင်သည် ယောကျာ်းတစ်ယောက် အဖြစ်သာ လူ့ဇာတိကို လာရောက်ခဲ့ပါက၊ လူများသည် သူ့ကို ယောကျာ်းအဖြစ်သာ၊ လူယောကျာ်းများ၏ ဘုရားသခင်အဖြစ် အဓိပ္ပာယ် ဖွင့်ဆိုကြလိမ့်မည်ဖြစ်ပြီး သူ့ကို လူမိန်းမများ၏ ဘုရားသခင်အဖြစ် မည်သည့် အခါမျှ ယုံကြည်လိမ့်မည် မဟုတ်ပေ။ ယောကျာ်းများက ဘုရားသခင်ကို သူတို့ကဲ့သို့ ယောကျာ်း အဖြစ်သာ ဘုရားသခင်သည် ယောကျာ်းများ၏ ခေါင်းဆောင်အဖြစ်သာ နားလည်ထားလိမ့်မည်။ သို့သော်လည်း မိန်းမများအတွက် မည်သို့ ဖြစ်မည်နည်း။ ယင်းသည် မမျှတပေ။ ယင်းသည် ဦးစားပေးဆက်ဆံမှု မဟုတ်ပါလော။ ယင်းသို့ဖြစ်ပါက ထိုအခါတွင် ဘုရားသခင် ကယ်တင်သော သူအားလုံးတို့သည် သူကဲ့သို့ ယောကျာ်းများ သာ ဖြစ်ပြီး မိန်းမတစ်ဦးတစ်ယောက်ကိုမျှ ကယ်တင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းသည့်အခါ သူသည် အာဒံကို ဖန်ဆင်းခဲ့ပြီး သူသည် ဧဝကို ဖန်ဆင်းခဲ့သည်။ သူသည် အာဒံ တစ်ဦးတည်းကိုသာ ဖန်ဆင်းခဲ့ခြင်း မဟုတ်ဘဲ ယောကျာ်းနှင့် မိန်းမကိုသူ၏ သဏ္ဌာန်တော်အတိုင်း ပြုလုပ် ခဲ့သည်။ ဘုရားသခင်သည် ယောကျာ်းများ၏ ဘုရားသခင်သာမဟုတ်ဘဲ၊ သူသည် မိန်းမများ၏ ဘုရားသခင် လည်း ဖြစ်သည်။ ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် အလုပ်အဆင့်သစ် တစ်ခုသို့ ဝင်ရောက်သည်။ သူသည် သူ၏စိတ်သဘောထားကို ပိုမို ဖော်ပြလိမ့်မည်ဖြစ်ပြီး၊ ယင်းသည် ယေရှုကာလ၏ ကရုဏာတရားနှင့် ချစ်ခြင်းမေတ္တာတို့ ဖြစ်လိမ့်မည်မဟုတ်ပေ။ သူ့လက်တော်တွင် အလုပ်သစ်ရှိသည်ဖြစ်ရာ ယင်းအလုပ်သစ်သည် စိတ်သဘောထားအသစ်နှင့် ယှဉ်တွဲပါလာလိမ့်မည်။ ထို့ကြောင့် ယင်းအလုပ်ကို ဝိညာဉ်တော်က လုပ်ဆောင်ခဲ့ပါက၊ ဘုရားသခင်သည် လူ့ဇာတိကို ခံယူခဲ့ခြင်း မရှိပါက၊ ယင်းအစား လူသည် သူနှင့်ဆက်သွယ်ဖို့ လမ်းကြောင်းမရှိစေရန် ဝိညာဉ်တော်က မိုးကြိုးမှတစ်ဆင့် တိုက်ရိုက်စကားပြောခဲ့ပါက၊ လူသည် သူ၏စိတ်သဘောထားကို သိနိုင်ပါမည်လော။ ဝိညာဉ်တော် တစ်ပါးတည်းသာလျှင် အလုပ်လုပ်ခဲ့ပါက လူသည် ဘုရားသခင်၏ စိတ်သဘောထားကို သိလာရန် လမ်းရှိမည်မဟုတ်ခဲ့ပေ။ ဘုရားသခင်သည် လူ့ဇာတိခံယူသောအခါတွင်၊ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာသောအခါတွင်၊ သူသည် လူ့ဇာတိမှတစ်ဆင့် သူ၏စိတ်သဘောထား အလုံးစုံကို ဖော်ပြသောအခါတွင်သာ၊ လူတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို သူတို့၏မျက်စိများဖြင့် မြင်နိုင်ကြလိမ့်မည်။ ဘုရားသခင်သည် လူအများကြားတွင် အမှန်တကယ်နှင့် စစ်မှန်စွာ နေထိုင်သည်။ သူ့ကို ထိကိုင်သိမြင်နိုင်သည်၊ လူသည် သူ၏စိတ်သဘောထားကို အမှန်တကယ် ထိတွေ့နိုင်သည်၊ သူ၏အရာအားလုံးနှင့် ဖြစ်တည်ခြင်းကို ထိတွေ့နိုင်သည်။ ဤနည်းလမ်းအားဖြင့်သာလျှင် လူသည် သူ့ကို အမှန်တကယ် သိလာနိုင်ပါသည်။ တစ်ချိန်တည်းမှာပင် “ဘုရားသခင်သည် ယောကျာ်းများ၏ ဘုရားသခင်ဖြစ်သလို မိန်းမများ၏ ဘုရားသခင်ဖြစ်သည်” ဆိုသည့် အလုပ်ကို ဘုရားသခင်သည် ပြီးပြည့်စုံစေခဲ့ပြီး လူ့ဇာတိထဲရှိ သူ၏ အလုပ်အလုံးစုံကို ပြီးမြောက်စေခဲ့သည်။ သူသည် မည်သည့်ခေတ်တွင်မှ အလုပ်များကို မထပ်စေခဲ့ပါ။ နောက်ဆုံးသောကာလ ရောက်လာပြီး ဖြစ်သည့် အတွက် သူသည် နောက်ဆုံးသော ကာလတွင် သူလုပ်သော အလုပ်များကို လုပ်လိမ့်မည်ဖြစ်ပြီး၊ သူ၏ နောက်ဆုံးကာလ စိတ်သဘောထား အလုံးစုံကို ဖော်ထုတ်လိမ့်မည်။ နောက်ဆုံးသော ကာလအကြောင်း ပြောသောအခါ ယင်းသည် မတူညီသော ခေတ်ကို ဆိုလိုသည်၊ ယင်းခေတ်တွင် ယေရှုသည် သင်သည် သေချာပေါက် ဘေးအန္တရာယ်များ ကြုံတွေ့လိမ့်မည်၊ ငလျင်လှုပ်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကပ်ရောဂါ တို့ကို ကြုံတွေ့မည်ဟု ပြောခဲ့ရာ၊ ယခုအချိန်သည် ခေတ်သစ်ဖြစ်သည်ကို ပြနေသည်၊ ဟောင်းနွမ်းသော ကျေးဇူးတော်ခေတ် မဟုတ်တော့ပါ။ ယင်းသို့ဖြစ်လေရာ၊ လူများက ပြောသည့်အတိုင်း ဘုရားသခင်သည် မည်သည့်အခါမျှ မပြောင်းလဲ၊ သူ၏ စိတ်သဘောထားသည် အစဉ်အမြဲ သနားကြင်နာမှုနှင့် ချစ်ခြင်းမေတ္တာ ဖြစ်ကာ၊ သူသည် သူ့ကိုယ်သူ ချစ်သကဲ့သို့ လူသားကို ချစ်မည်၊ သူသည် လူတိုင်းကို ကယ်တင်ခြင်း ပေးပြီး၊ လူကို မည်သည့်အခါမျှ မမုန်း၊ ယင်းသို့ ဖြစ်ပါက သူ၏အလုပ်သည် အဆုံးသို့ ရောက်နိုင်ပါ့မည်လော။ ယေရှု လာခဲ့ပြီး လက်ဝါးကပ်တိုင်တွင် သံမှိုရိုက်ခံရသော အခါ၊ သူကိုယ်တိုင် အပြစ်သားအားလုံးအတွက် ပေးဆပ် တော်မူပြီး ယဇ်ပလ္လင်တော်တွင် ကိုယ့်ကိုယ်ကို ပူဇော်တော်မူခြင်းဖြင့် သူသည် ရွေးနှုတ်ခြင်း အမှုတော်ကို ပြီးဆုံးခဲ့ပြီး ကျေးဇူးတော်ခေတ်ကို အဆုံးသတ်စေခဲ့သည်။ သို့ဖြစ်ရာ ထိုခေတ် အလုပ်များကို နောက်ဆုံးသောကာလတွင် အဘယ်ကြောင့် လုပ်ရန် လိုအပ်ဦးမည်နည်း။ ထိုအလုပ်များ ပြန်လုပ်ခြင်းသည် ယေရှု၏ အလုပ်ကို ငြင်းပယ်ရာ မရောက်ပေဘူးလော။ ဤခေတ်တွင် သူလာသောအခါ ဘုရားသခင်သည် လက်ဝါး ကပ်တိုင်တွင် အသေခံခြင်းအလုပ်ကို မလုပ်ခဲ့ဘဲ၊ သနားကြင်နာမှုနှင့် ချစ်ခြင်းမေတ္တာကိုသာ ဆက်လက် ထားရှိခဲ့ပါက သူသည် ခေတ်ကို အဆုံးသတ်ရန် တတ်နိုင်ပါမည်လော။ ချစ်မြတ်နိုးတတ်သော ကြင်နာ သနားတတ်သော ဘုရားသခင်သည် ခေတ်ကို အဆုံးသတ် နိုင်ပါမည်လော။ ခေတ်ကိုအဆုံးသတ်သော သူ၏နောက်ဆုံး အလုပ်တွင် ဘုရားသခင်၏ စိတ်သဘောထားသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း စိတ်သဘောထားဖြစ်ပြီး၊ ယင်းတွင် လူအားလုံးကို လူအများရှေ့မှောက်တွင် တရားစီရင်ရန်နှင့် သူ့ကို ရိုးဖြောင့်သော စိတ်နှလုံးဖြင့် ချစ်မြတ်နိုးသောသူများကို စုံလင်အောင်ပြုရန် သူသည် မဖြောင့်မတ်သည့်အရာ အားလုံးကို ဖော်ထုတ်သည်။ ဤသို့သော စိတ်သဘောထားသည်သာလျှင် ခေတ်ကို အဆုံးသတ်စေနိုင်သည်။ နောက်ဆုံးသော ကာလသည် ရောက်ရှိလာပြီ ဖြစ်သည်။ ဖန်ဆင်းထားသော အရာအားလုံးကို သူတို့၏ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး သူတို့၏ သဘာဝအပေါ်မူတည်၍ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားလိမ့်မည်။ ယင်းအချိန်သည် ဘုရားသခင်က လူသားမျိုးနွယ်၏ ရလဒ်နှင့် သူတို့၏ ခရီးဆုံးပန်းတိုင်ကို ဖော်ထုတ်သည့် အချိန်ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မခံရပါက သူတို့၏ မနာခံမှုနှင့် မဖြောင့်မတ်မှုများကို ဖော်ထုတ်ရန် နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာလျှင် ဖန်ဆင်းခံ အားလုံးအတွက် ရလဒ်များကို ဖော်ထုတ်နိုင်သည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းခံရသော အခါမှသာ သူ၏စရိုက်အမှန်ကို ပြသသည်။ မကောင်းမှုပြုသူများကို မကောင်းသောသူများ၊ ကောင်းသောသူများကို ကောင်းသောသူများ နှင့် အတူ ထားရှိလိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ်အားလုံးသည် သူ့အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်း ခံရလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ဖန်ဆင်းခံအားလုံး အတွက် ရလဒ်များကို ဖော်ထုတ်နိုင်ခြင်းဖြင့် မကောင်းသော သူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရလိမ့်မည်။ ယင်းအလုပ်များအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရမည်။ လူသား၏ ဖောက်ပြန်ခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီး သူ၏ မနာခံခြင်းသည်လည်း အလွန်အကျွံ ဆိုးဝါးလာနေခြင်းကြောင့်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာလျှင်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကအားဖြင့် ပေါင်းစပ်ထားသော စိတ်သဘောထားသည်သာလျှင်၊ နောက်ဆုံးသောကာလတွင် ဖော်ထုတ်ခြင်းခံရသော စိတ်သဘောထားသည်သာလျှင် လူသားကို အပြည့်အဝ ပြောင်းလဲပြီး စုံလင်စေလိမ့်မည်။ ဤစိတ်သဘောထားသည်သာလျှင် မကောင်းမှု ပြုသူများကို ဖော်ထုတ်နိုင်ပြီး ထိုသို့အားဖြင့် မဖြောင့်မတ်မှု အားလုံးကို ပြင်းထန်စွာ အပြစ်ဒဏ်ပေးနိုင်သည်။ သို့ဖြစ်ရာ ယင်းသို့သော စိတ်သဘောထားသည် ခေတ်ကာလ၏အရေးပါမှုနှင့် ပြည့်ဝနေသည်၊ ထို့ပြင် သူ့စိတ်သဘောထား၏ ဖွင့်ဟချက်နှင့် ဖော်ပြချက်တို့ကို ခေတ်သစ်တစ်ခုစီ၏ အလုပ်အတွက် ပေါ်လွင် ထင်ရှား စေသည်။ ဘုရားသခင်သည် သူ၏စိတ်သဘောထားကို ရည်ရွယ်ချက်မရှိဘဲ ထင်ရာမြင်ရာ ထုတ်ဖော်ခြင်း မဟုတ်ပေ။ အကယ်၍ နောက်ဆုံးသောကာလအတွင်း လူ၏ရလဒ်ကို ထုတ်ဖော်ရာတွင် ဘုရားသခင်သည် လူသားအပေါ် အဆုံးမဲ့ ကရုဏာနှင့် ချစ်ခြင်းမေတ္တာတို့ကို ချပေးသနားပြီး သူ့ကို ဆက်လက်ချစ်မြတ်နိုးကာ ဖြောင့်မတ်သော တရားစီရင်မှုကို မခံရစေဘဲ သည်းခံခြင်း၊ စိတ်ရှည်ခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ကို လူသားအားပြသပေးကာ သူ၏အပြစ် မည်မျှကြီးမားသည်ဖြစ်စေ ဖြောင့်မတ်သော တရားစီရင်မှုကို မြူမှုန်မျှ မရှိစေဘဲ လူသားကို အပြစ်လွှတ်ပေးမည်ဆိုပါက ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံးသည် မည်သည့်အချိန်တွင်မှ အဆုံးသတ်လိမ့်မည်နည်း။ ဤသို့သော စိတ်သဘောထားသည် လူသားမျိုးနွယ်ကို သင့်လျော်သော ခရီးပန်းတိုင်သို့ မည်သည့်အချိန်တွင်မှ ပို့ဆောင်ပေးမည်နည်း။ အစဉ်အမြဲ ချစ်ခင်တတ်သော တရားသူကြီး၊ ကြင်နာသော မျက်နှာနှင့် နူးညံ့သော နှလုံးသားရှိသည့် တရားသူကြီးတစ်ဦးကို ဥပမာကြည့်ပါ။ သူသည် လူတို့ကျူးလွန်ခဲ့သော ပြစ်မှုများ မည်သို့ပင်ရှိသည်ဖြစ်စေ သူတို့ကို ချစ်မြတ်နိုးပြီး သူတို့ မည်သူပင်ဖြစ်စေကာမူ သူသည် သူတို့ကို ချစ်ခင်မြတ်နိုးပြီး သည်းခံခွင့်လွှတ်သည် ဆိုပါစို့။ ထိုသို့ဆိုလျှင် သူသည် မျှတသော တရားစီရင်ချက်ကို မည်သည့်အခါတွင်မှ ချမှတ်နိုင်မည်နည်း။ နောက်ဆုံးသောကာလအတွင်း ဖြောင့်မတ်သော တရားစီရင်မှု သည်သာလျှင် လူသားကို သူတို့၏ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး နယ်ပယ်သစ်သို့ ယူဆောင်နိုင်လိမ့်မည်။ ထိုနည်းအားဖြင့် ခေတ်တစ်ခုလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၏ စိတ်သဘောထားမှတစ်ဆင့် အဆုံးသို့ ရောက်ရှိလိမ့်မည်။

သူ၏ စီမံခန့်ခွဲမှု အလုံးစုံ တစ်လျှောက်တွင် ဘုရားသခင်၏ အလုပ်သည် စုံလင်ရှင်းလင်းသည်။ ကျေးဇူးတော် ခေတ်သည် ကျေးဇူးတော် ခေတ်ဖြစ်ပြီး၊ နောက်ဆုံးသော ကာလသည် နောက်ဆုံးသော ကာလ ဖြစ်သည်။ ခေတ်တစ်ခုချင်းစီအတွင်း သိသာသော ခြားနားမှုများ ရှိသည်၊ အကြောင်းမှာ ထိုခေတ်တစ်ခုချင်းစီ အတွက် ဘုရားသခင်၏ လုပ်ဆောင်မှုမှာ ထိုခေတ်ကို ကိုယ်စားပြုသောကြောင့် ဖြစ်သည်။ နောက်ဆုံးသော ကာလ၏ အလုပ်ပြီးမြောက်စေရန်အတွက်၊ ထိုခေတ်ကို အဆုံးသတ်စေရန် လောင်ကျွမ်းမှု၊ တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှု၊ ဒေါသအမျက်နှင့် ဖျက်စီးမှုများ ရှိရမည် ဖြစ်သည်။ နောက်ဆုံးသော ကာလ ဆိုသည်မှာ နောက်ဆုံးခေတ်ကို ရည်ညွှန်းသည်။ နောက်ဆုံးခေတ် အတွင်းတွင်၊ ဘုရားသခင်သည် ခေတ်ကို အဆုံး သတ်ရန် မလုပ်ဘဲ ရှိလိမ့်မည်လော။ ခေတ်ကို အဆုံးသတ်ရန် ဘုရားသခင်သည် ပြစ်တင်ဆုံးမမှုနှင့် တရား စီရင်မှုများကို သူနှင့်အတူ ယူဆောင်ရမည်။ ထိုနည်းအားဖြင့်သာ သူသည် ခေတ်ကို အဆုံးသတ်နိုင်သည်။ ယေရှု၏ ရည်ရွယ်ချက်မှာ လူသား ဆက်လက်ရှင်သန်စေရန်၊ ဆက်လက် နေထိုင်ရန်နှင့် ပိုမိုကောင်းမွန်သော နည်းလမ်းဖြင့် ဆက်လက်တည်ရှိစေနိုင်ရန် ဖြစ်ခဲ့သည်။ လူသားမှ ဆင်းသက်လာသူများကို ဆိုးယုတ်မှုသို့ သွားခြင်းအား ရပ်တန့်ရန်နှင့် မရဏနိုင်ငံနှင့် ငရဲတွင် ဆက်လက်မနေစေရန် သူသည် လူကို အပြစ်မှ ကယ်တင် ခဲ့ပြီး၊ လူအား မရဏာနိုင်ငံနှင့် ငရဲတို့မှ ကယ်တင်ခြင်းအားဖြင့် သူသည် လူကို ဆက်လက် ရှင်သန်နေထိုင်ရန် အခွင့်ပေးခဲ့သည်။ ယခုအခါ နောက်ဆုံးသော ကာလသည် ဆိုက်ရောက်လာခဲ့ပြီ။ သူသည် လူကို ချေမှုန်းပြီး လူသားမျိုးနွယ်ကို လုံးဝ ဖျက်ဆီးလိမ့်မည်။ ဆိုလိုသည်မှာ သူသည် လူသားမျိုးနွယ်၏ ပုန်ကန်မှုကို အသွင် ပြောင်းလိမ့်မည်။ ထိုအကြောင်းရင်းအတွက် အတိတ်က ကြင်နာသနားမှုနှင့် ချစ်မြတ်နိုးခြင်း စိတ်သဘောထားအားဖြင့် ဘုရားသခင်သည် ခေတ်ကို အဆုံးသတ်ရန် သို့မဟုတ် သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်အား ဆောင်ယူလာမှုကို အကောင်အထည် ဖော်ရန်အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ခေတ် တိုင်းသည် ဘုရားသခင်၏ စိတ်သဘောထားအား အထူးကိုယ်စားပြုမှုကို ဖော်ဆောင်ပြီး၊ ခေတ်တိုင်းတွင် ဘုရားသခင် လုပ်ဆောင်ရန် လိုသော အလုပ် ပါဝင်သည်။ ထို့ကြောင့် ခေတ်တစ်ခုချင်းတွင် ဘုရားသခင် ကိုယ်တော်တိုင် လုပ်ဆောင်သော အလုပ်တွင် သူ၏ စစ်မှန်သော စိတ်သဘောထားနှင့် ခေတ်တစ်လျှောက် တွင် သူ၏ နာမတော်နှင့် သူလုပ်ဆောင်သော အပြောင်းအလဲ အလုပ်နှစ်ခုလုံးတို့ကို ဖော်ပြချက်များ ပါဝင် သည်။ ယင်းတို့ အားလုံးမှာ အသစ်သော အရာများ ဖြစ်သည်။ ပညတ်တော်ခေတ်အတွင်း လူသားမျိုးနွယ်အား လမ်းညွှန်သောအလုပ်ကို ယေဟောဝါ၏ နာမတော်အောက်တွင် ပြုလုပ်ပြီး၊ အလုပ်၏ပထမအဆင့်ကို ကမ္ဘာမြေကြီးပေါ်တွင် အစပျိုးလုပ်ဆောင်ခဲ့သည်။ ထိုအဆင့်တွင် အလုပ်သည် ဗိမာန်တော်နှင့် ယဇ်ပလ္လင်ဆောက်လုပ်ခြင်း၊ ဣသရေလလူမျိုးတို့ကို လမ်းပြရန်နှင့် သူတို့အလယ်တွင် အလုပ်လုပ်ရန် ပညတ်တော်များ အသုံးပြုခြင်းတို့ ပါဝင်သည်။ ဣသရေလလူမျိုးတို့ကို လမ်းပြခြင်းဖြင့် သူသည် ကမ္ဘာမြေကြီးပေါ်ရှိ သူ၏အလုပ်အတွက် အခြေစိုက်ရာကို ဖော်ဆောင်ခဲ့သည်။ ထိုအခြေစိုက်ရာမှနေ၍ သူသည် သူ၏အလုပ်ကို ဣသရေလပြင်ပသို့ တိုးချဲ့ခဲ့သည်၊ ဣသရေလမှစတင်ပြီး သူသည် သူ၏အလုပ်ကို အပြင်ဖက်သို့ ချဲ့ထွင်ခြင်းအားဖြင့်၊ နောင်လာနောက်သားများကို ယေဟောဝါသည် ဘုရားသခင်ဖြစ်ကြောင်း တဖြည်းဖြည်း သိလာစေပြီး၊ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သူမှာ ယေဟောဝါဖြစ်ကြောင်း၊ သတ္တဝါအားလုံး၏ ဖန်ဆင်းရှင်မှာ ယေဟောဝါဖြစ်ကြောင်း သိလာစေသည်ဟု ပြောရမည်။ ကိုယ်တော်သည် သူ၏အလုပ်ကို ဣသရေလလူတို့မှတစ်ဆင့် သူတို့ကို ကျော်လွန်၍ ပြင်ပသို့ ဖြန့်ကျက်သည်။ ဣသရေလနယ်မြေသည် ကမ္ဘာမြေကြီးပေါ်တွင် ယေဟောဝါအလုပ်၏ ပထမဆုံး သန့်ရှင်းသောနေရာ ဖြစ်ခဲ့ပြီး၊ ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင် ပထမဆုံး သွားရောက် အလုပ်လုပ်သောနေရာမှာ ဣသရေလနယ်မြေအတွင်းဖြစ်သည်။ ယင်းမှာ ပညတ်တော်ခေတ်၏ အလုပ်ဖြစ်သည်။ ကျေးဇူးတော်ခေတ်၏ အလုပ်အတွက်မူ၊ ယေရှုသည် လူကို ကယ်တင်သော ဘုရားသခင်ဖြစ်ခဲ့သည်။ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းများမှာ ကျေးဇူးတော်၊ ချစ်ခြင်း မေတ္တာ၊ သနားကြင်နာခြင်း၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ နှိမ့်ချခြင်း၊ စောင့်ရှောက်ခြင်းနှင့် သဘောထားကြီးခြင်းတို့ဖြစ်ပြီး သူလုပ်ခဲ့သော အလုပ် အများအပြားမှာ လူသားကို ရွေးနှုတ်ခြင်းအလို့ငှာ ဖြစ်သည်။ သူ၏ စိတ်သဘောထားအတွက်မူ ယင်းသည် သနားကြင်နာခြင်းနှင့် ချစ်မြတ်နိုးခြင်းအနက်မှ တစ်ခုဖြစ်ပြီး၊ သူသည် သနားကြင်နာတတ်ပြီး ချစ်မြတ်နိုးတတ်သောကြောင့် ဘုရားသခင်သည် သူ့ကိုယ်ကို ချစ်မြတ်နိုးသကဲ့သို့ လူကို ချစ်မြတ်နိုးကြောင်းပြရန် လူသားတို့အတွက် လက်ဝါးကပ်တိုင်တွင် သံမှိုရိုက်ခြင်း ခံရသည်။ သူသည် သူ၏ အလုံးစုံကို ပေးအပ်ခဲ့သည် အထိဖြစ်သည်။ ကျေးဇူးတော်ခေတ်အတွင်း ဘုရားသခင်၏ နာမတော်မှာ ယေရှုဖြစ်သည်၊ တစ်နည်းအားဖြင့်ဆိုရလျှင် ဘုရားသခင်သည် လူကို ကယ်တင်ခဲ့သော ဘုရားသခင်ဖြစ်ခဲ့ပြီး၊ သူသည် ကြင်နာသနားတတ်သော၊ ချစ်မြတ်နိုးတတ်သော ဘုရားသခင်ဖြစ်ခဲ့သည်ဟု ပြောရမည်။ ဘုရားသခင်သည် လူနှင့်အတူရှိခဲ့သည်။ သူ၏ချစ်ခြင်းမေတ္တာ၊ သူ၏ကြင်နာသနားခြင်း နှင့် သူ၏ကယ်တင်ခြင်းသည် လူတစ်ဦးချင်းနှင့် လူသားအားလုံးနှင့် တွဲဖက်လျက်ရှိသည်။ ယေရှု၏နာမတော်နှင့် သူ၏ မျက်မှောက်တော်ကို လက်ခံခြင်းအားဖြင့်သာ လူသည် ငြိမ်သက်ခြင်း နှင့် ဝမ်းမြောက်ခြင်းကိုရနိုင်သည်၊ သူ၏ကောင်းချီးမင်္ဂလာ၊ သူ၏ကြီးမားများပြားသော ကျေးဇူးတော်များနှင့် သူ၏ ကယ်တင်ခြင်းကို ရရှိနိုင်သည်။ ယေရှု၏ လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအားဖြင့်၊ သူ့ကို လိုက်လျှောက်သူ အားလုံးတို့သည် ကယ်တင်ခြင်းကို ရရှိပြီး သူတို့၏ အပြစ်များမှာ လွှတ်ခြင်းခံရသည်။ ကျေးဇူးတော် ခေတ်အတွင်းတွင် ယေရှုသည် ဘုရားသခင်၏ နာမတော်ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုသော်၊ ကျေးဇူးတော်ခေတ်၏ အလုပ် ကို အဓိကအားဖြင့် ယေရှု၏ နာမတော်အောက်တွင် လုပ်ဆောင်သည်။ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင် ကို ယေရှုဟု ခေါ်သည်။ သူသည် ဓမ္မဟောင်း ကျမ်းစာကို ကျော်လွန်သည့် အသစ်သော အလုပ် အဆင့်ကို လုပ်ဆောင်ပြီး သူ၏ အလုပ်သည် လက်ဝါးကပ်တိုင်တွင် အသေခံခြင်းဖြင့် အဆုံးသတ်သည်။ ယင်းသည် သူ့အလုပ်တစ်ခုလုံး ဖြစ်သည်။ သို့ဖြစ်ရာ ပညတ်တော်ခေတ်အတွင်းတွင် ယေဟောဝါသည် ဘုရားသခင်၏ နာမတော်ဖြစ်ပြီး၊ ကျေးဇူးတော်ခေတ်တွင် ယေရှု၏ နာမတော်သည် ဘုရားသခင်ကို ကိုယ်စားပြုသည်။ နောက်ဆုံးသော ကာလတွင် သူ၏ နာမတော်မှာ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်—လူကို လမ်းပြရန်၊ လူကို သိမ်းပိုက်ရန်နှင့် လူကို ရရှိရန် သူ၏ စွမ်းအားကို အသုံးပြုသော အနန္တတန်ခိုးရှင် ဖြစ်ပြီး၊ နောက်ဆုံးတွင် ခေတ်ကို အဆုံးသတ်စေသည်။ ခေတ်တိုင်းတွင် သူ့အလုပ်၏ အဆင့်တိုင်းတွင် ဘုရားသခင်၏ စိတ်သဘော ထားသည် ထင်ရှားမြင်သာသည်။

Myanmar Bible texts are used at the acknowledgment of the Bible Society of Myanmar.

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။