လူ့ဇာတိခံယူခြင်း၏ နက်နဲမှု (၁) (အပိုင်း တစ်)

ကျေးဇူးတော်ခေတ်တွင်၊ ယောဟန်သည် ယေရှုအတွက် လမ်းခင်းပေးခဲ့သည်။ သူသည် ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ကို မလုပ်နိုင်ခဲ့ဘဲ လူသား၏ တာဝန်ကို ဖြည့်ဆည်းရုံမျှ ဖြည့်ဆည်းခဲ့သည်။ ယောဟန်သည် သခင်၏ရှေ့ပြေး ဖြစ်ခဲ့သော်လည်း၊ သူသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ခဲ့ပေ။ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသော လူသားတစ်ဦးသာ ဖြစ်သည်။ ယေရှု ဗတ္တိဇံခံပြီးနောက် သန့်ရှင်းသော ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ သူ့အပေါ်သို့ ဆင်းသက်ခဲ့သည်။ ထို့နောက် ယေရှုသည် သူ၏ အလုပ်ကို စတင်ခဲ့သည်၊ ဆိုလိုသည်မှာ သူသည် ခရစ်တော်၏ အမှုတော်ကို စတင်ခဲ့လေသည်။ သူကြွလာခဲ့သည်မှာ ဘုရားသခင်ထံမှ ဖြစ်သောကြောင့် သူသည် ဘုရားသခင်၏ သွင်ပြင်လက္ခဏာ ဆောင်ခဲ့သည်။ ဤမတိုင်မီ သူ၏ယုံကြည်ခြင်းသည် မည်ကဲ့သို့ပင် ဖြစ်နေခဲ့ပါစေ-သူ၏ယုံကြည်ခြင်းသည် တစ်ခါတစ်ရံ အားနည်းကောင်း အားနည်းမည်၊ သို့မဟုတ် တစ်ခါတစ်ရံ ခိုင်မာကောင်း ခိုင်မာမည်— အားလုံးသည် ယေရှု သူ၏သာသနာကို မဆောင်ရွက်မီ သူ အသက်ရှင်ခဲ့သည့် သာမန် လူသားအသက်တာနှင့် သက်ဆိုင်ပေသည်။ သူ ဗတ္တိဇံ ခံပြီးနောက် (ယင်းမှာ ဘိသိက်ခံပြီးနောက်ဖြစ်သည်)၊ ဘုရားသခင်၏ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် သူနှင့်အတူ ချက်ချင်း ရှိကြပြီး၊ ထို့ကြောင့် သူသည် သူ၏ သာသနာကို စတင်ခဲ့လေသည်။ သူသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို လုပ်ဆောင်နိုင်ခဲ့သည်၊ အံ့သြဖွယ်ရာများကို ဆောင်ရွက်နိုင်ခဲ့ပြီး၊ သူသည် ဘုရားသခင်ကိုယ်တော်တိုင်၏ ကိုယ်စား တိုက်ရိုက် လုပ်ဆောင်နေခဲ့သောကြောင့် တန်ခိုးနှင့် ဩဇာအာဏာတို့ ရှိခဲ့လေသည်။ ဝိညာဉ်တော်၏ အလုပ်ကို သူသည် ကိုယ်စားလုပ်ဆောင်နေခဲ့ပြီး၊ ဝိညာဉ်တော်၏ အသံကို ဖော်ပြနေခဲ့သည်။ ထို့ကြောင့် သူသည် ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်ခဲ့လေသည်။ ဤကား ငြင်းဆန်၍မရသော အရာဖြစ်သည်။ ယောဟန်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသည့် သူတစ်ဦး ဖြစ်သည်။ သူသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်သကဲ့သို့ ဘုရားသခင်ကို ကိုယ်စားပြုရန်လည်း မဖြစ်နိုင်ပေ။ သူသည် ထိုသို့ပြုလုပ်ရန် ဆန္ဒရှိခဲ့ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့အား လုပ်ဆောင်ခွင့်ပြုမည် မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ကိုယ်တော်တိုင် ပြီးမြောက်ရန် ရည်ရွယ်ထားသည့် အမှုကို သူမဆောင်ရွက်နိုင်သည့်အတွက် ဖြစ်သည်။ သူ့အထဲတွင် လူသား၏ဆန္ဒများစွာ သို့မဟုတ် သွေဖည်သောအရာတစ်ခုခု ရှိကောင်းရှိလိမ့်မည်၊ မည်သည့် အခြေအနေတွင်မျှ သူသည် ဘုရားသခင်ကို တိုက်ရိုက်ကိုယ်စား ပြုနိုင်မည် မဟုတ်။ သူ၏ အမှားများနှင့် မမှန်ကန်မှုများက သူ့ကိုသာ ကိုယ်စားပြုနေသော်လည်း၊ သူ၏အမှုသည် သန့်ရှင်းသော ဝိညာဉ်တော်ကို ကိုယ်စားပြုခဲ့ပေသည်။ သို့သော်၊ သူ၏ အရာအားလုံးသည် ဘုရားသခင်ကို ကိုယ်စားပြုသည်ဟု သင်ပြော၍မရပေ။ သူ၏ သွေဖည်မှုနှင့် မမှန်ကန်မှုတို့ကလည်း ဘုရားသခင်ကို ကိုယ်စားပြုနိုင်မည်လော။ လူသားကို ကိုယ်စားပြုရာတွင် မမှန်ကန်ခြင်းမှာ ပုံမှန်ဖြစ်သည်၊ သို့သော် ဘုရားသခင်ကို ကိုယ်စား ပြုရာတွင် သွေဖည်ပါက၊ ယင်းသည် ဘုရားသခင်ကို အရှက်ရစေခြင်း ဖြစ်လိမ့်မည် မဟုတ်လော။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားခြင်း ဖြစ်လိမ့်မည်မဟုတ်လော။ လူသည် အခြားသူများ၏ ချီးမြှောက်ခြင်းခံရသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့ကို ဘုရားသခင်နေရာတွင် ရပ်တည်ရန် တော်ရုံတန်ရုံ ခွင့်မပြုပေ။ သူသည် ဘုရားသခင် မဟုတ်ပါက၊ အဆုံးတွင် ခိုင်မြဲစွာ ရပ်တည်နိုင်မည် မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူသားကို သူနှစ်သက်သည်အတိုင်း ဘုရားသခင်ကို ကိုယ်စားပြုရန် ခွင့်မပြုပေ။ ဥပမာအားဖြင့်၊ ယောဟန်ကို သက်သေခံခဲ့သည်မှာ သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်ပြီး ယေရှုကို လမ်းကြောင်းခင်းပေးသူတစ်ဦးအဖြစ် သူ့ကို ထုတ်ဖော်ပြခဲ့သည်မှာလည်း သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်သည်၊ သို့သော် သူ့အပေါ် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ခဲ့သည့် အမှုကို ကောင်းစွာ ချင့်ချိန်ထားခဲ့၏။ ယောဟန်ကို စေခိုင်းခဲ့သမျှမှာ ယေရှုအတွက် လမ်းခင်းပေးသူဖြစ်ရန်၊ သူ့အတွက် လမ်းခရီးကို ပြင်ဆင်ပေးရန် ဖြစ်သည်။ ဆိုလိုသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်သည် လမ်းခင်းပေးရာတွင်သာ ယောဟန်၏ အလုပ်ကိုအတည်ပြုခဲ့ပြီး၊ ထိုသို့သော အလုပ်ကို လုပ်ဆောင်ဖို့သာ သူ့ကို ခွင့်ပြုခဲ့ပေသည်- အခြားသော အလုပ်ကိုလုပ်ဖို့ ခွင့်မပြုခဲ့ပေ။ ယောဟန်သည် ဧလိယကို ကိုယ်စားပြုခဲ့ပြီး လမ်းခင်းပေးခဲ့သည့် ပရောဖက်တစ်ဦးကို ကိုယ်စားပြုခဲ့သည်။ ဤအရာတွင်သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့ကို အတည်ပြုခဲ့သည်။ သူ၏ အလုပ်သည် လမ်းခင်းပေးဖို့ ဖြစ်နေသရွေ့၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့ကို အတည်ပြုခဲ့သည်။ သို့သော်၊ သူသည် ဘုရားသခင် ကိုယ်တိုင်ဖြစ်ကြောင်း အခိုင်အမာဆိုခဲ့ပြီး ရွေးနုတ်ခြင်းအမှုကို အပြီးသတ်ဖို့ လာခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့ကို ဆုံးမပဲ့ပြင်ခဲ့ရပေမည်။ ယောဟန်၏ အလုပ်သည် မည်မျှပင် ကြီးမြတ်ပါစေ၊ ပြီးလျှင် ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အတည်ပြုခြင်းကို ရလင့်ကစား၊ သူ၏ အလုပ်သည် နယ်နိမိတ် ကင်းမဲ့သည် မဟုတ်ချေ။ သူ၏လုပ်ဆောင်မှုကို သန့်ရှင်းသော ဝိညာဉ်တော်က ဧကန်အမှန် အတည်ပြုခဲ့သည်မှာ မှန်ပါ၏၊ သို့သော်၊ ထိုအချိန်တွင် သူ့ကိုပေးခဲ့သည့် တန်ခိုးမှာ သူ၏လမ်းခင်းပေးခြင်း အထိသာ ကန့်သတ်ထားခဲ့ပေသည်။ သူသည် လမ်းခင်းပေးသည့် ယောဟန်သာ ဖြစ်ပြီး ယေရှုမဟုတ်သည့်အတွက် အခြား မည်သည့်အလုပ်ကိုမျှ လုံးဝ မလုပ်ဆောင်နိုင်ခဲ့ပေ။ ထို့ကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ သက်သေခံချက်မှာ အဓိကသော့ချက် ဖြစ်သည်၊ သို့သော်လည်း လူသား လုပ်ဆောင်ရန်အတွက် သန့်ရှင်းသော ဝိညာဉ်တော် အခွင့်ပေးသည့် အလုပ်မှာ ပို၍ပင် အရေးပါလှပေသည်။ ယောဟန်သည် ထိုအချိန်က ထူးကဲသော သက်သေကို ရရှိခဲ့ပြီးဖြစ်သည် မဟုတ်လော။ သူ၏ အလုပ်သည်လည်း ကြီးမြတ်ခဲ့သည် မဟုတ်သလော။ သို့သော် သူသည် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် လူသားတစ်ဦးမျှသာ ဖြစ်ပြီး ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်ခဲ့သောကြောင့် သူလုပ်ဆောင်ခဲ့သည့် အလုပ်သည် အကန့်အသတ်ရှိခဲ့သည့်အတွက် ယေရှု၏ အလုပ်ကို မကျော်လွန်နိုင်ခဲ့ပေ။ သူလမ်းခင်းသည့် အလုပ် ပြီးစီးပြီးနောက်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏ သက်သေခံချက်ကို အတည်မပြုပေးတော့ပေ၊ မည်သည့် အလုပ်သစ်မျှသူ့နောက် လိုက်မလာတော့သကဲ့သို့၊ ဘုရားသခင် ကိုယ်တော်တိုင်၏အမှု စတင်ခဲ့ချိန်တွင် သူထွက်ခွာသွားခဲ့သည်။

ဆိုးညစ်သော ဝိညာဉ်များ၏ ဝင်ပူးခြင်းကို ခံရပြီး “ငါသည် ဘုရားဖြစ်သည်” ဟု အာပေါင်အာရင်းသန်သန် ကြွေးကြော်ကြသူ အချို့ ရှိ၏။ သို့ရာတွင် သူတို့သည် မိမိတို့ကိုယ်စားပြုသည့်အရာတွင် မှားယွင်းကြသည့်အတွက် အဆုံး၌ ထုတ်ဖော်ခြင်းကို ခံကြရသည်။ သူတို့သည် စာတန်ကို ကိုယ်စားပြုပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့ကို အရေးမထားပေ။ သင်သည် မိမိကိုယ်ကိုယ်မည်မျှပင် မြင့်မားစွာ ချီးမြှောက်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှပင် ပြင်းပြင်းထန်ထန် ဟစ်ကြွေးသည်ဖြစ်စေ၊ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်နေဆဲဖြစ်ပြီး၊ စာတန်နှင့် သက်ဆိုင်သောသူ ဖြစ်သည်။ “ငါသည် ဘုရားသခင်ဖြစ်သည်၊ ငါသည် ဘုရားသခင်၏ ချစ်တော်မူသော သားတော်ဖြစ်သည်” ဟု ဘယ်သောအခါမျှ ငါမဟစ်ကြွေးပေ။ သို့သော် ငါပြုသည့်အမှုသည် ဘုရားသခင်၏ အမှုဖြစ်၏။ ငါဟစ်အော်ဖို့ လိုသလော။ ချီးမြှောက်ခြင်း မလိုအပ်ပေ။ ဘုရားသခင်သည် သူ၏အလုပ်ကို သူကိုယ်တိုင်လုပ်ပြီး၊ လူသားက သူ့ကို အဆင့်အတန်းတစ်ခု နှင်းအပ်ပေးရန်၊ သို့မဟုတ် ချီးမြှောက်သည့် ဂုဏ်ပုဒ်တစ်ခုပေးရန် မလိုအပ်ပေ။ သူ၏ အမှုက သူ၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းကို ကိုယ်စားပြုပေသည်။ ဗတ္တိဇံမခံမီတွင် ယေရှုသည် ဘုရားသခင်ကိုယ်တော်တိုင် မဟုတ်ခဲ့လေသလော။ သူသည် လူ့ဇာတိခံယူထားသည့် ဘုရားသခင် မဟုတ်ခဲ့လေသလော။ သူသည် သက်သေကို ရရှိပြီးနောက်မှသာ ဘုရားသခင်၏ တစ်ပါးတည်းသောသားတော် ဖြစ်လာခဲ့သည်ဟု ပြော၍မရနိုင်သည်ကား ဧကန်မုချ ဖြစ်၏။ သူသည် မိမိ၏အမှုကို မစတင်မီ အချိန်ကြာမြင့်စွာကတည်းက၊ ယေရှုဟု အမည်တွင်သည့် လူတစ်ဦး ရှိခဲ့သည် မဟုတ်လော။ သင်သည် အသစ်သော လမ်းကြောင်းများကို မဆောင်ကြဉ်းနိုင် သို့မဟုတ် ဝိညာဉ်တော်ကို ကိုယ်စားမပြုနိုင်ပေ။ သင်သည် ဝိညာဉ်တော်၏ အလုပ် သို့မဟုတ် သူပြောသည့် နှုတ်ကပတ်တော်များကို သင်မဖော်ပြနိုင်။ ဘုရားသခင် ကိုယ်တော်တိုင်၏အမှုကို သင် မလုပ်ဆောင်နိုင်သကဲ့သို့ ဝိညာဉ်တော်၏ အလုပ်ကို သင်မလုပ်နိုင်ပေ။ ဘုရားသခင်၏ ဉာဏ်ပညာ၊ အံ့ဖွယ်ရာနှင့် ဉာဏ်မမီနိုင်မှုများ၊ ပြီးလျှင် လူသားကို ဘုရားသခင် ပြစ်တင်ဆုံးမသည့် စိတ်သဘောထား အလုံးစုံ- ဤအရာအားလုံးသည် သင်၏ ဖော်ပြနိုင်စွမ်းကို ကျော်လွန်သည်။ သို့ဖြစ်ရာ ဘုရားသခင်ဖြစ်သည်ဟု အခိုင်အမာဆိုရန် ကြိုးစားခြင်းသည် အချည်းနှီး ဖြစ်လိမ့်မည်၊ သင်သည် နာမည်သာရှိပြီး မည်သည့် အနှစ်သာရမျှ ရှိလိမ့်မည်မဟုတ်။ ဘုရားသခင် ကိုယ်တော်တိုင် လာပြီးဖြစ်သော်လည်း၊ မည်သူမျှ သူ့ကိုမမှတ်မိပေ၊ သို့သော် သူသည် သူ၏အလုပ်ကို ဆက်လက်လုပ်ဆောင်ပြီး၊ ဝိညာဉ်တော်ကို ကိုယ်စားပြုခြင်းကိုလည်း ဆက်လက် လုပ်ဆောင်သည်။ သင့်အနေဖြင့် သူ့ကို လူသားဟုခေါ်သည်ဖြစ်စေ ဘုရားသခင်ဟု ခေါ်သည်ဖြစ်စေ၊ သခင်ဟုခေါ်သည်ဖြစ်စေ ခရစ်တော်ဟု ခေါ်သည်ဖြစ်စေ၊ သို့မဟုတ် သူ့ကို အစ်မဟု ခေါ်သည်ဖြစ်စေ၊ အရေးမကြီးပေ။ သို့သော်လည်း သူပြုသည့်အမှုမှာ ဝိညာဉ်တော်၏ အလုပ်ဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ကို ကိုယ်စားပြုသည်။ လူသားက သူ့ကို ခေါ်ဆိုသည့် အမည်နာမကို သူဂရုမစိုက်ပေ။ ထိုအမည်နာမသည် သူ၏အလုပ်ကို အဆုံးအဖြတ်ပေးနိုင်သလော။ သင်သူ့ကို မည်သို့ခေါ်သည်ဖြစ်စေ၊ ဘုရားသခင်နှင့် ပတ်သက်သရွေ့ သူသည် ဘုရားသခင်၏ဝိညာဉ်တော်၏ လူ့ဇာတိခံ ကိုယ်ခန္ဓာ ဖြစ်သည်။ သူသည် ဝိညာဉ်တော်ကို ကိုယ်စားပြုပြီး ဝိညာဉ်တော်၏ထောက်ခံမှုကို ရသည်။ အကယ်၍ သင်သည် ခေတ်သစ်တစ်ခုအတွက် လမ်းခရီး မဖန်တီးနိုင်ပါက၊ ခေတ်ဟောင်းကို အဆုံးမသတ်နိုင်ပါက၊ ခေတ်သစ်ကို မဖွင့်လှစ်ပေးနိုင်ပါက၊ အသစ်သော အလုပ်ကို မလုပ်ဆောင်နိုင်ပါက၊ သင့်ကို ဘုရားသခင်ဟု ခေါ်၍မရပေ။

သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသည့် လူသားတစ်ဦးကပင် ဘုရားသခင် ကိုယ်တော်တိုင်ကို ကိုယ်စား မပြုနိုင်ချေ။ ထိုသို့သောလူသားသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ဟု ဆိုလိုသည်သာမက၊ သူလုပ်ဆောင်သည့် အလုပ်သည်လည်း ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်ဟု ဆိုလိုခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်၊ လူသား၏ အတွေ့အကြုံကို ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွင်းတွင် တိုက်ရိုက်နေရာပေး၍ မရသကဲ့သို့၊ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ကိုယ်စားမပြုနိုင်ပေ။ ဘုရားသခင် ကိုယ်တော်တိုင် လုပ်ဆောင်သော အလုပ်သည်၊ သူကိုယ်တိုင်၏ စီမံခန့်ခွဲမှု အစီအစဉ်ထဲတွင် လုပ်ဆောင်ရန် သူရည်ရွယ်ထားသည့် အလုပ်ဖြစ်ပြီး ကြီးမြတ်သည့် စီမံခန့်ခွဲမှုနှင့် ဆက်စပ်ပေသည်။ (သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံရသော လူများဖြစ်သည့်) လူသားက ဆောင်ရွက်သည့် အလုပ်သည် ၎င်းတို့တစ်ဦးချင်းစီ၏ အတွေ့အကြုံကို ထောက်ပံ့ပေးခြင်း ပါဝင်သည်။ သူ့ရှေ့တွင် သွားပြီးသူများ လျှောက်ခဲ့ကြသည့်အတွေ့အကြုံ လမ်းကြောင်းကို ကျော်လွန်၍ အသစ်သော လမ်းကြောင်းကို ရှာတွေ့ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုအောက်တွင်ရှိစဉ်တွင် ၎င်းတို့၏ညီအစ်ကို မောင်နှမများကို လမ်းပြခြင်းတို့ ပါဝင်သည်။ ဤလူများ ထောက်ပံ့ပေးသည့်အရာမှာ ၎င်းတို့တစ်ဦးချင်းစီ၏ အတွေ့အကြုံ၊ သို့မဟုတ် ဝိညာဉ်ရေးရာ လူတို့၏ ဝိညာဉ်ရေးရာ အရေးအသားများ ဖြစ်သည်။ ဤလူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသော်လည်း၊ ၎င်းတို့ လုပ်ဆောင်သည့် အလုပ်သည် အနှစ်ခြောက်ထောင် အစီအစဉ်ထဲက ကြီးမြတ်သည့် စီမံခန့်ခွဲမှုအမှုနှင့် ဆက်နွှယ်မှုမရှိပေ။ ၎င်းတို့သည် ၎င်းတို့ ဆောင်ရွက်နိုင်သည့် လုပ်ငန်းတာဝန်များ ဆုံးခန်းတိုင်သွားသည်အထိ၊ သို့မဟုတ် ၎င်းတို့၏ အသက်တာများ အဆုံးသတ်သည်အထိ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲတွင် လူတို့ကို ဦးဆောင်ရန် မတူညီသည့် ခေတ်ကာလများ၌ သန့်ရှင်းသော ဝိညာဉ်တော်က မြှင့်တင်ခဲ့သည့် သူများသာ ဖြစ်ကြသည်။ ၎င်းတို့လုပ်ဆောင်သည့် အလုပ်မှာ ဘုရားသခင်ကိုယ်တော်တိုင်အတွက် သင့်တော်သည့် လမ်းကြောင်းကို ပြင်ဆင်ပေးရန်၊ သို့မဟုတ် ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်ကိုယ်တော်တိုင်၏ စီမံခန့်ခွဲမှုနှင့်ဆိုင်သော ကဏ္ဍတစ်ခုခုကို ဆက်လက်လုပ်ဆောင်ရန်သာ ဖြစ်သည်။ ဤလူများသည် မိမိတို့ကိုယ်၌အားဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့်ဆိုင်သည့် သာ၍ကြီးမားသော အလုပ်ကို မလုပ်နိုင်ကြသကဲ့သို့၊ အသစ်သော ထွက်ပေါက်များကိုပင် မဖွင့်နိုင်ကြသည့်အပြင်၊ ၎င်းတို့ထဲမှ မည်သူမျှသည် ယခင်ခေတ်ကာလမှ ဘုရားသခင်၏ အမှုအားလုံးကို အဆုံးသတ်စေရန် သာ၍ပင် မလုပ်နိုင်ချေ။ ထို့ကြောင့် ၎င်းတို့လုပ်သည့် အလုပ်သည် ဖန်ဆင်းခံ သတ္တဝါက မိမိ၏လုပ်ငန်းဆောင်တာကို ဆောင်ရွက်ခြင်းကိုသာ ကိုယ်စားပြုပြီး၊ ဘုရားသခင်ကိုယ်တိုင်က သူ၏အမှုတော်ကို ဆောင်ရွက်ခြင်းအား ကိုယ်စားမပြုနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့လုပ်ဆောင်သော အလုပ်သည် ဘုရားသခင်ကိုယ်တော်တိုင်က လုပ်ဆောင်ခဲ့သည့် အမှုနှင့် မတူသောကြောင့် ဖြစ်သည်။ ခေတ်သစ်တစ်ခေတ်ကို ဖွင့်လှစ်ပေးသည့် အလုပ်သည် ဘုရားသခင်ကိုယ်စား လူသားက ပြုလုပ်နိုင်သော အရာတစ်ခု မဟုတ်ချေ။ ယင်းကို ဘုရားသခင် ကိုယ်တော်တိုင်မှလွဲ၍ အခြားမည်သူမျှ မပြုလုပ်နိုင်ပေ။ လူသား လုပ်ဆောင်သည့် အလုပ်အားလုံးသည် ဖန်ဆင်းခံသတ္တဝါတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ဆောင်ရွက်ခြင်း ပါဝင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်က သူ့ကို တို့ထိသည့်အခါ၊ သို့မဟုတ် ဉာဏ်အလင်းပေးသည့်အခါ လုပ်ဆောင်ခြင်းဖြစ်သည်။ ဤ လူများက ထောက်ပံ့ပေးသည့် လမ်းပြမှုမှာ နေ့စဉ်အသက်တာ၌ လူကို လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းနှင့် ဘုရားသခင်၏ အလိုတော်နှင့်အညီ မည်သို့ပြုမူသင့်သည်တို့ကို ပြပေးခြင်း လုံးလုံးလျားလျား ပါဝင်လေသည်။ လူသား၏အလုပ်၌ ဘုရားသခင်၏ စီမံခန့်ခွဲမှု မပါဝင်သကဲ့သို့ ဝိညာဉ်တော်၏ အလုပ်ကိုလည်း ကိုယ်စားမပြုပေ။ ဥပမာတစ်ခုအနေဖြင့်၊ မျက်မြင်သက်သေ လီ (Lee) နှင့် စောင့်ကြပ်ကြည့်ရှုသူ နီ (Nee) တို့၏အလုပ်မှာ လမ်းပြရန်ဖြစ်သည်။ လမ်းသစ်ဖြစ်စေ လမ်းဟောင်းဖြစ်စေ၊ အလုပ်သည် သမ္မာကျမ်းစာအတွင်းတွင် ရှိနေခြင်း သဘောတရားအပေါ် အခြေခံခဲ့လေသည်။ ဒေသခံအသင်းတော်ကို ပြန်လည်ပြုပြင်ဖို့ဖြစ်စေ၊ ဒေသခံအသင်းတော်ကို တည်ဆောက်ဖို့ဖြစ်စေ၊ ၎င်းတို့၏အလုပ်မှာ အသင်းတော်များကို တည်ထောင်ခြင်းနှင့် သက်ဆိုင်လေသည်။ သူတို့လုပ်ဆောင်သည့် အလုပ်သည် ယေရှုနှင့် သူ၏တမန်တော်များက မပြီးပြတ်ဘဲ ကျန်ခဲ့သည့် အလုပ်၊ သို့မဟုတ် ကျေးဇူးတော်ခေတ်တွင် ဆက်လက် မဖြစ်ပေါ်ခဲ့သည့် အလုပ်ကို ဆက်လုပ်ခြင်း ဖြစ်သည်။ သူတို့အလုပ်၌ သူတို့လုပ်ဆောင်ခဲ့သည့်အရာမှာ ယေရှုက သူ၏နောင်လာမျိုးဆက်များကို သူ၏ကနဦးအမှုတွင် တောင်းဆိုခဲ့သည့် ခေါင်းဖုံးခြင်း၊ ဗတ္တိဇံခံခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်း၊ သို့မဟုတ် စပျစ်ရည်သောက်ခြင်း စသည်တို့ကို ပြန်လည်ဖော်ထုတ်ရန် ဖြစ်သည်။ ၎င်းတို့၏အလုပ်သည် ကျမ်းစာကို ထိန်းသိမ်းရန်နှင့် ကျမ်းစာအတွင်းရှိ လမ်းကြောင်းများကို ရှာဖွေရန်ဖြစ်သည်ဟု ဆိုနိုင်သည်။ သူတို့သည် အသစ်ဖြစ်သော မည်သည့်တိုးတက်မှုကိုမျှ လုပ်ဆောင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ၎င်းတို့၏အလုပ်တွင် ကျမ်းစာအတွင်းရှိ လမ်းသစ်များအပြင် သာ၍ ကောင်းမွန်ပြီး သာ၍ လက်တွေ့ကျသည့် ကျင့်ကြံမှုများကို ရှာဖွေတွေ့ရှိခြင်းကိုသာ မြင်တွေ့နိုင်သည်။ သို့သော် ၎င်းတို့၏အလုပ်ထဲတွင် ဘုရားသခင်၏ လက်ရှိအလိုတော်ကို မမြင်တွေ့နိုင်ဘဲ၊ နောက်ဆုံးသောကာလ၌ ဘုရားသခင် လုပ်ဆောင်ရန် စီစဉ်ထားသည့် အသစ်သော အမှုကို သာ၍ပင် မတွေ့နိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူတို့လျှောက်သည့် လမ်းကြောင်းသည် လမ်းဟောင်းတစ်ခု ဖြစ်နေဆဲဖြစ်သောကြောင့် ဖြစ်သည်- အသစ်ပြုပြင်ခြင်းနှင့် တိုးတက်မှုတစ်ခုမျှ မရှိပေ။ ၎င်းတို့သည် ယေရှု၏ ကားစင်တင်ခံရခြင်း အချက်ကို ဆက်လက်စွဲကိုင်ထားကြသည်၊ လူများကို နောင်တရ၍ မိမိတို့၏ အပြစ်များကိုဝန်ခံရန် တောင်းဆိုသည့် ကျင့်ကြံမှုကို ဆက်လက်လိုက်နာကြသည်၊ အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် ကယ်တင်ခံရလိမ့်မည်ဟူသည့် ဆိုရိုးစကားများနှင့် ယောက်ျားသည် မိန်းမ၏ ဦးခေါင်းဖြစ်ပြီး၊ မိန်းမသည် မိမိခင်ပွန်းကို နာခံရမည်ဟူသည့် ဆိုရိုးစကားများနှင့် ညီအစ်မများသည် တရားမဟောရဘဲ နာခံရုံ နာခံရမည်ဆိုသည့် ရိုးရာ အယူအဆကို ဆက်လက်စောင့်ထိန်းကြလေသည်။ အကယ်၍ ထိုသို့သော ဦးဆောင်မှုပုံစံကို ဆက်လက်လိုက်နာမည်ဆိုပါက၊ သန့်ရှင်းသောဝိညာဉ်တော်သည် အမှုသစ်ကို ဘယ်သောအခါမျှ လုပ်ဆောင်နိုင်ခဲ့မည် မဟုတ်၊ လူတို့ကို အယူဝါဒများထဲမှ လွတ်မြောက်စေနိုင်မည် မဟုတ်သကဲ့သို့ ၎င်းတို့ကို လွတ်လပ်မှုနှင့် လှပမှု နယ်ပယ်ထဲသို့ ဦးဆောင်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ခေတ်ကို ပြောင်းလဲစေသည့် ဤအမှုအဆင့်ကို ဘုရားသခင်ကိုယ်တော်တိုင်က လုပ်ဆောင်ပြီး ပြောဆိုရမည် ဖြစ်သည်၊ သို့မဟုတ်ပါက မည်သည့်လူသားကမျှ သူ့ကိုယ်စား မလုပ်ဆောင်နိုင်ပေ။ ဤအထိ၊ ဤရေစီးကြောင်းပြင်ပရှိ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်အားလုံးသည် လုံးဝဥဿုံ ရပ်တန့်သွားပြီးဖြစ်ကာ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံရသော သူများသည် မိမိတို့၏ ရပ်တည်ရာများ ပျောက်ဆုံးသွားပြီးဖြစ်သည်။ ထို့ကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသည့် လူတို့၏ အလုပ်သည် ဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်သည့် အလုပ်နှင့် တူညီမှုမရှိသည့်အတွက်၊ ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာများနှင့် မည်သူ၏ကိုယ်စား သူတို့လုပ်ကိုင်သည်ဟူသည့် အကြောင်းအရာများသည်လည်း ထိုကဲ့သို့ပင် ကွဲပြားမှုရှိကြသည်။ ဤသို့ဖြစ်ရခြင်းမှာ သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ရန် ရည်ရွယ်သောအမှုသည် ကွဲပြားသောကြောင့် ဖြစ်ပြီး၊ သို့ဖြစ်၍ အလားတူလုပ်ဆောင်သူများသည် မတူညီသည့် ကိုယ်ပိုင်လက္ခဏာများနှင့် အဆင့်အတန်းများ အပ်နှင်းခြင်းခံရလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသည့် လူတို့သည် ဆန်းသစ်သည့် အလုပ်အချို့ကိုလည်း လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ပြီး၊ ယခင်ခေတ်က လုပ်ဆောင်ခဲ့သည့် အလုပ်အချို့ကိုလည်း ဖယ်ရှားကောင်းဖယ်ရှားနိုင်၏၊ သို့သော်လည်း ၎င်းတို့လုပ်ဆောင်သည့် အရာသည် အသစ်သော ခေတ်ထဲရှိ ဘုရားသခင်၏ စိတ်သဘောထားနှင့် အလိုတော်ကို ဖော်ပြနိုင်ခြင်း မရှိပေ။ ယခင်ခေတ်က အလုပ်ကို ဖယ်ရှားရန်သာ ၎င်းတို့လုပ်ဆောင်ကြပြီး၊ ဘုရားသခင်ကိုယ်တော်တိုင်၏ စိတ်သဘောထားကို တိုက်ရိုက်ကိုယ်စားပြုရန် ရည်ရွယ်သည့် အသစ်သောအလုပ်ကို လုပ်ဆောင်ရန် မဟုတ်ပေ။ ထို့ကြောင့်၊ ၎င်းတို့သည် ခေတ်မမီတော့သည့် လက်တွေ့လုပ်ဆောင်မှုမည်မျှကို ပယ်ဖျက်သည်ဖြစ်စေ၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်မှုအသစ် မည်မျှကို ၎င်းတို့ စတင်ကြသည်ဖြစ်စေ၊ ၎င်းတို့သည် လူသားနှင့် ဖန်ဆင်းခံသတ္တဝါများကိုသာ ကိုယ်စားပြုဆဲဖြစ်သည်။ သို့သော် ဘုရားသခင်ကိုယ်တော်တိုင် အမှုကို ဆောင်ရွက်သည့်အခါ၊ သူသည် ခေတ်ဟောင်း၏ လက်တွေ့လုပ်ဆောင်မှုများအား ပယ်ဖျက်ခြင်းကို ပွင့်လင်းစွာ မကြေညာပေ၊ သို့မဟုတ် ခေတ်သစ်တစ်ခု၏ စတင်မှုကို တိုက်ရိုက် မကြေညာချေ။ သူသည် မိမိ၏အမှုတွင် ပွင့်လင်းကာ ဖြောင့်မတ်လေသည်။ သူရည်ရွယ်သည့် အလုပ်ကို ဆောင်ရွက်ရာ၌ သူသည် ပွင့်လင်း၏။ ဆိုလိုသည်မှာ၊ သူ ဆောင်ကြဉ်းပြီးဖြစ်သည့် အမှုကို သူ တိုက်ရိုက်ဖော်ပြသည်၊ သူ၏ ဖြစ်တည်ခြင်းနှင့် စိတ်သဘောထားကို ဖော်ပြလျက် နဂိုမူလ ရည်ရွယ်ထားသည့်အတိုင်း သူ၏အမှုကို တိုက်ရိုက် လုပ်ဆောင်လေသည်။ လူသား၏ အမြင်အရ၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အလုပ်တို့သည်လည်း ယခင်ခေတ်များထဲက အမှုများနှင့် ကွာခြားပေသည်။ သို့သော်၊ ဘုရားသခင် ကိုယ်တိုင်၏ ရှုထောင့်မှ၊ ဤသည်မှာ သူ့အမှု၏အဆက်နှင့် ရှေ့ဆက်တိုးတက်မှု တစ်ခုမျှသာ ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင် အမှုပြုသည့်အခါ၊ သူသည် မိမိ၏နှုတ်ကပတ်တော်ကို ထုတ်ဖော်ပြပြီး၊ အသစ်သော အမှုကို တိုက်ရိုက် ယူဆောင်လာလေသည်။ ဆန့်ကျင်ဘက်အနေဖြင့်၊ လူသား လုပ်ဆောင်သည့်အခါတွင်၊ ယင်းသည် စဉ်းစားချင့်ချိန်မှုနှင့် လေ့လာမှုမှတဆင့် ဖြစ်သည်၊ သို့မဟုတ် ယင်းသည် အခြားသူများ၏ လုပ်ဆောင်မှုအပေါ် တည်ဆောက်ထားသည့် လက်တွေ့လုပ်ဆောင်မှုနှင့် ဆိုင်သည့် အသိပညာနှင့် စနစ်တကျရှိစေခြင်းတို့ကို တိုးချဲ့ခြင်းတစ်ခု ဖြစ်သည်။ ဆိုလိုသည်မှာ၊ လူသား လုပ်ဆောင်သည့် အလုပ်၏အနှစ်သာရသည် အခြေခိုင်သောအမိန့်ကို နာခံရန်နှင့် “လမ်းဟောင်းများကို ဖိနပ်အသစ်များဖြင့် လျှောက်လမ်းရန်” ဖြစ်သည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံရသော လူသားများ လျှောက်သည့်လမ်းကြောင်းပင်လျင်၊ ဘုရားသခင်ကိုယ်တော်တိုင် အစပျိုးခဲ့သည့် အရာအပေါ် တည်ဆောက်ထားသည်ဟု ဆိုလိုသည်။ ထို့ကြောင့် နောက်ဆုံးအနှစ်ချုပ်လိုက်က၊ လူသားသည် လူသားသာဖြစ်ပြီး၊ ဘုရားသခင်က ဘုရားသခင် ဖြစ်ဆဲဖြစ်သည်။

ဣဇာက်သည် အာဗြဟံမှ မွေးဖွားလာသကဲ့သို့ ယောဟန်သည်လည်း ကတိတော်အားဖြင့် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ သူသည် ယေရှုအတွက် လမ်းခင်းပေးခဲ့ပြီး များစွာသောအလုပ်ကို လုပ်ခဲ့သော်လည်း၊ သူသည် ဘုရားသခင် မဟုတ်ပေ။ ယင်းထက်၊ သူသည် ယေရှုအတွက် လမ်းသာခင်းပေးခဲ့သောကြောင့်၊ ပရောဖက်များထဲမှ တစ်ဦး ဖြစ်ခဲ့ပေသည်။ သူ၏အလုပ်သည်လည်း ကြီးမြတ်ခဲ့ပြီး၊ ယေရှုသည် သူ၏အမှုကို တရားဝင် စတင်ခဲ့သည်မှာ ယောဟန်က လမ်းခင်းပေးခဲ့ပြီးသည့် နောက်မှသာ ဖြစ်သည်။ အနှစ်သာရအားဖြင့်၊ သူသည် ယေရှုအတွက်သက်သက် လုပ်ကိုင်ပေးခဲ့ခြင်းဖြစ်ပြီး၊ သူလုပ်ခဲ့သည့် အလုပ်သည် ယေရှု၏အမှုကို အစေခံခြင်းဖြစ်သည်။ လမ်းခင်းပေးခြင်းကို သူ ပြီးဆုံးခဲ့သည့်နောက်၊ ယေရှုသည် သာ၍ သစ်လွင်သည့်၊ သာ၍ ခိုင်ခံ့ပြီး သာ၍အသေးစိတ်ကျသည့် သူ၏အမှုကို စတင်ခဲ့လေသည်။ ယောဟန်သည် အမှု၏အစပိုင်းကိုသာ လုပ်ဆောင်ခဲ့သည်။ အသစ်သောအမှု၏ သာ၍ကြီးမြတ်သည့် အပိုင်းကို ယေရှုက လုပ်ဆောင်ခဲ့လေသည်။ ယောဟန်သည် အမှုသစ်ကိုလည်း လုပ်ဆောင်ခဲ့၏၊ သို့သော် သူသည် ခေတ်သစ်တစ်ခုကို ဖွင့်ပေးခဲ့သူ မဟုတ်ခဲ့ပေ။ ယောဟန်သည် ကတိတော်အားဖြင့် မွေးဖွားခဲ့ပြီး သူ့အမည်ကို ကောင်းကင်တမန်က ပေးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က အချို့သည် သူ့ဖခင်အမည် ဇာခရိကို အစွဲပြုပြီး သူ့ကိုအမည်ပေးလို ခဲ့ကြသော်လည်း၊ သူ၏မိခင်က “ဤကလေးကို ထိုအမည် ခေါ်၍မရပါ။ သူ့ကို ယောဟန်ဟု ခေါ်ရမည်” ဟု ထုတ်ပြောခဲ့သည်။ ဤအရာအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမိန့်အရ ဖြစ်ခဲ့သည်။ ယေရှုကိုလည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အမိန့်အရ အမည်ပေးခဲ့ခြင်း ဖြစ်သည်။ သူသည် သန့်ရှင်းသော ဝိညာဉ်တော်မှ မွေးဖွားခဲ့ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် သူသည် ကတိတော်ရှိထားခဲ့လေသည်။ ယေရှုသည် ဘုရားသခင်၊ ခရစ်တော်နှင့် လူသား ဖြစ်ခဲ့သည်။ သို့သော် ယောဟန်၏ အလုပ်သည်လည်း ကြီးမြတ်ပါလျက် သူ့ကို ဘုရားသခင်ဟု အဘယ်ကြောင့် မခေါ်သနည်း။ ယေရှုပြုခဲ့သည့် အလုပ်နှင့် ယောဟန် ပြုခဲ့သည့် အလုပ်နှစ်ခုအကြား ခြားနားမှု အတိအကျမှာ အဘယ်နည်း။ ယောဟန်သည် ယေရှုအတွက် လမ်းခင်းပေးခဲ့သူတစ်ဦး ဖြစ်သည်မှာ တစ်ခုတည်းသော အကြောင်းပြချက်လော။ သို့မဟုတ် ဘုရားသခင်က ဤအရာကို ရှေးမဆွက ခွဲခန့်မှတ်သားထား၍လော။ ယောဟန်သည်လည်း၊ “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ” ဟု ပြောခဲ့ပြီး၊ ကောင်းကင်နိုင်ငံတော် ဧဝံဂေလိတရားကို ဟောကြားခဲ့သော်လည်း၊ သူ၏ အလုပ်သည် နောက်ထပ် တိုးတက်ခြင်းမရှိခဲ့သကဲ့သို့ စတင်ရုံမျှ ဖြစ်ခဲ့လေသည်။ ဆန့်ကျင်ဖက်အနေဖြင့်၊ ယေရှုသည် ခေတ်သစ်တစ်ခုကို ဖွင့်ပေးခဲ့သည့်အပြင် ခေတ်ဟောင်းကို အဆုံးသတ်ခဲ့၏၊ သို့သော် သူသည် ဓမ္မဟောင်းကျမ်း၏ ပညတ်တရားကိုလည်း ပြည့်စုံစေခဲ့သည်။ သူပြုခဲ့သည့် အမှုသည် ယောဟန်၏ အမှုထက် သာ၍ကြီးမြတ်သည့်အပြင်၊ သူသည် လူသားမျိုးနွယ်အားလုံးကို ရွေးနှုတ်ရန် ကြွလာခဲ့ခြင်းဖြစ်သည်— သူသည် ထိုအမှုအဆင့်ကို ပြီးမြောက်ခဲ့သည်။ ယောဟန်အတွက်မူ၊ သူသည် လမ်းခရီးသက်သက် ပြင်ဆင်ပေးခဲ့သည်။ သူ၏ အလုပ်သည် ကြီးမြတ်သော်လည်း၊ သူပြောခဲ့သည့် စကားလုံးများပြား၍၊ သူ့နောက်သို့လိုက်သည့် တပည့်များစွာ ရှိခဲ့သော်လည်း၊ သူ၏အလုပ်သည် လူသားထံ အသစ်သောစတင်ခြင်းကို ယူဆောင်ပေးခြင်းထက် မပိုပေ။ လူသားသည် သူ့ထံမှ အသက်၊ လမ်းခရီး သို့မဟုတ် သာ၍ နက်ရှိုင်းသော သမ္မာတရားများကို ဘယ်သောအခါမျှ မရခဲ့သကဲ့သို့၊ သူမှတစ်ဆင့် ဘုရားသခင်၏ အလိုတော်ကို သိနားလည်ခြင်း မရရှိခဲ့ပေ။ ယောဟန်သည် ယေရှု၏အမှုအတွက် အသစ်သောနယ်ပယ်ကို ဖွင့်ပေးခဲ့ပြီး ရွေးချယ်ခြင်းခံရသူကို ပြင်ဆင်ပေးခဲ့သည့် ကြီးမြတ်သည့် ပရောဖက် (ဧလိယ) ဖြစ်သည်။ သူသည် ကျေးဇူးတော်ခေတ်၏ ရှေ့ပြေးတစ်ဦး ဖြစ်ခဲ့သည်။ ထိုသို့သောအကြောင်းအရာများကို ၎င်းတို့၏ သာမန်လူသားဟန်ပန်များကို လေ့လာရုံဖြင့် မသိမမြင်နိုင်ပေ။ ယောဟန်သည် အတော်အတန် ကြီးမားသည့် အလုပ်ကို ဆောင်ရွက်ခဲ့ပြီး၊ ထို့ပြင် သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ကတိတော်ရှိထားခဲ့ကာ သူ၏လုပ်ဆောင်မှုကို သန့်ရှင်းသော ဝိညာဉ်တော်က ထိန်းသိမ်းခဲ့သည့်အတွက် ဤသည်မှာ သာ၍ လျော်ကန်ပေသည်။ ဤသို့ဖြစ်ခြင်းကြောင့်၊ လူတစ်ဦး၏ အပြင်ပန်း သွင်ပြင်များမှ သူ၏အနှစ်သာရကို မပြောနိုင်သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စစ်မှန်သည့် သက်သေခံချက်က မည်သည့်အရာဖြစ်သည်ကို သေချာစေရန် လေ့လာစိစစ်ဖို့ နည်းလမ်းတစ်ခုတစ်လေ မရှိသည့်အတွက်၊ ၎င်းတို့ လုပ်ဆောင်သည့် အလုပ်မှတဆင့်သာ ၎င်းတို့၏ သက်ဆိုင်ရာ ကိုယ်ပိုင်လက္ခဏာများကို ခွဲခြားနိုင်ပေသည်။ ယောဟန် လုပ်ဆောင်ခဲ့သည့် အလုပ်နှင့် ယေရှုပြုခဲ့သည့် အမှုတို့သည် တူညီမှုမရှိသကဲ့သို့၊ သဘာဝခြင်းလည်း ခြားနားပေသည်။ ဤအရာမှ ယောဟန်သည် ဘုရားသခင် ဟုတ်၊ မဟုတ်ဆိုသည်ကို ဆုံးဖြတ်နိုင်ပေသည်။ ယေရှု၏အမှုသည် စတင်ရန်၊ ဆက်လက်လုပ်ဆောင်ရန်၊ အဆုံးသတ်ရန်နှင့် ဖြစ်ထွန်းစေရန် ဖြစ်သည်။ ဤအဆင့်တစ်ဆင့်ချင်းစီကို သူ ဆောင်ရွက်ခဲ့သည်၊ ယောဟန်၏ အလုပ်မှာမူ အစပြုခြင်းထက် ဘာမျှမပိုခဲ့ပေ။ အစတွင် ယေရှုသည် ဧဝံဂေလိတရားကို ဖြန့်ဝေပြီး၊ နောင်တတရား လမ်းခရီးကို ဟောပြောခဲ့သည်၊ ထို့နောက် ဆက်လက်၍ လူသားကို ရေနှစ်ခြင်းပေးခဲ့သည်၊ နာမကျန်းဖြစ်သူများကို ကုသပျောက်ကင်းစေပြီး နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်။ အဆုံးတွင်၊ လူသားမျိုးနွယ်ကို အပြစ်မှ ရွေးနုတ်ခဲ့ပြီး ခေတ်တစ်ခုလုံးအတွက် သူ၏အမှုကို အဆုံးသတ်ခဲ့သည်။ သူသည် လူသားကို တရားဟောကြားခဲ့ပြီး ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားတော်ကို ဖြန့်ဝေရင်း နေရာတိုင်းကိုလည်း သွားခဲ့သည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ သူနှင့် ယောဟန်သည် တူညီကြ၏၊ မတူညီခြင်းမှာ ယေရှုသည် ခေတ်သစ်ကို ဖွင့်ပေးခဲ့ပြီး၊ ကျေးဇူးတော်ခေတ်ကို လူသားထံ ယူဆောင်လာပေးခဲ့ခြင်း ဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင် လူသား လက်တွေ့လုပ်ဆောင်သင့်သည့် အရာနှင့် လိုက်လျှောက်သင့်သည့် လမ်းခရီးနှင့်ပတ်သက်သည့် နှုတ်ကပတ်တော်သည် သူ၏နှုတ်မှ ထွက်လာခဲ့ပြီး၊ အဆုံးတွင် ရွေးနုတ်ခြင်းအမှုကို သူအဆုံးသတ်ခဲ့သည်။ ယောဟန်သည် ဤအလုပ်ကို ဘယ်သောအခါမျှ လုပ်ဆောင်နိုင်ခဲ့မည်မဟုတ်ပေ။ ထို့ကြောင့်၊ ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို လုပ်ဆောင်ခဲ့သူမှာ ယေရှုဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပြီး ဘုရားသခင်ကို တိုက်ရိုက်ကိုယ်စားပြုသူမှာ သူ ဖြစ်လေသည်။ ကတိတော်အားဖြင့် မွေးဖွားခဲ့သူများ၊ ဝိညာဉ်တော်အားဖြင့် မွေးဖွားခဲ့သူများ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အတည်ပြုခြင်းခံရသူများနှင့် လမ်းသစ်များ ဖွင့်ပေးသောသူများ အားလုံးတို့သည် ဘုရားသခင်ပင်ဖြစ်သည်ဟု လူသား၏ အယူအဆများက ဆိုကြသည်။ ဤသုံးသပ်ဆင်ခြင်မှုအရ၊ ယောဟန်သည်လည်း ဘုရားသခင် ဖြစ်လိမ့်မည်ဖြစ်ပြီး မောရှေ၊ အာဗြဟံနှင့် ဒါဝိဒ်...သူတို့အားလုံးသည်လည်း ဘုရားသခင် ဖြစ်လိမ့်မည်။ ဤအရာသည် ပြောင်မြောက်သော ပြက်လုံးတစ်ခု မဟုတ်လော။

Myanmar Bible texts are used at the acknowledgment of the Bible Society of Myanmar.

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။