လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄) (အပိုင်း တစ်)

သင်တို့သည် သမ္မာကျမ်းစာ၏ အတွင်းရေးဇာတ်လမ်းနှင့် တီထွင်ဖန်တီးမှုကို သိသင့်သည်။ ဤအသိတရားကို ဘုရားသခင်၏ အလုပ်သစ်ကို လက်မခံသေးသူများ မဆုပ်ကိုင်နိုင်ပေ။ သူတို့မသိကြ။ ဤအကြောင်းအရာ ကိစ္စရပ်များကို သူတို့အား ရှင်းပြပါက သမ္မာကျမ်းစာနှင့် ပတ်သက်၍ သင်နှင့်အတူ ခရေစေ့တွင်းကျ လိုက်မည်မဟုတ်ပေ။ သူတို့သည် ပရောဖက်ပြုထားချက်များကို အစဉ်အမြဲ လေ့လာဆန်းစစ် ကြသည်။ ဤပြောဆိုချက် ဖြစ်ပြီးသွားပြီလား၊ ထိုပြောဆိုချက် ဖြစ်ပြီးသွားပြီလား။ သူတို့၏ ဧဝံဂေလိတရားကို လက်ခံမှုသည် သမ္မာကျမ်းစာနှင့်အညီ ဖြစ်သည်။ သူတို့သည် ဧဝံဂေလိတရားကို သမ္မာကျမ်းစာအရ ဟောပြော ကြသည်။ သူတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိရန် သမ္မာကျမ်းစာ၏ စကားလုံးများအပေါ် မှီခိုကြသည်။ သမ္မာကျမ်းစာမရှိဘဲ သူတို့သည် ဘုရားသခင်ကို ယုံကြည်လိမ့်မည် မဟုတ်။ ယင်းသည် သူတို့ အသက်ရှင် နေထိုင်သော ပုံစံဖြစ်ပြီး သမ္မာကျမ်းစာကို လေ့လာဆန်းစစ်သည့် ပုံစံလည်း ဖြစ်သည်။ သူတို့ သမ္မာကျမ်းစာကို နောက်တစ်ကြိမ် လေ့လာဆန်းစစ်ပြီး သင့်ကို ရှင်းပြချက်များပေးရန် တောင်းဆိုသည့်အခါ သင်က “ပထမဆုံး အနေနှင့်၊ စာတစ်ကြောင်းချင်းကို အဓိပ္ပာယ် မဖွင့်ပဲထားကြစို့။ ထိုအစား သန့်ရှင်းသော ဝိညာဉ်တော် မည်ကဲ့သို့ အလုပ်လုပ်သနည်း ဆိုသည်ကို ကြည့်ကြစို့၊ ကျွန်ုပ်တို့လျှောက်သော လမ်းကြောင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ် အမှန်စင်စစ် ဟုတ်မဟုတ်ကို သမ္မာတရားနှင့် တိုက်ဆိုင်နှိုင်းယှဉ် ကြည့်ကြစို့၊ ပြီးလျှင် ထိုကဲ့သို့သော လမ်းကြောင်းသည် မှန်ကန်ခြင်း ရှိ၊ မရှိဆိုသည်ကို စစ်ဆေးရန် သန့်ရှင်းသော ဝိညာဉ်တော် ၏ အလုပ်အား အသုံးပြုကြစို့။ ဤပြောဆိုချက်သည် သို့မဟုတ် ထိုပြောဆိုချက်သည် ပြည့်စုံခဲ့ပြီဆိုသည့် အတွက်မူ ကျွန်ုပ်တို့ လူသားတို့သည် ဝင်ရောက်မစွက်ဖက်ပဲ နေကြပါစို့။ ယင်းအစား သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် ယနေ့မျက်မှောက်တွင် ဘုရားသခင် လုပ်ဆောင်နေသော နောက်ဆုံး အလုပ်တို့ကို ပြောသည်မှာ ကျွန်ုပ်တို့အတွက် ပိုကောင်းပေသည်။” ဟု ပြောသည်။ သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုခြင်းများသည် ထိုအချိန်က ပရောဖက်များအားဖြင့် တစ်ဆင့်ပေးခဲ့သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ နှင့် ဘုရားသခင် အသုံးပြုခဲ့သည့် လူသားများ လှုံ့ဆော်မှုရရှိပြီးနောက် ရေးသားခဲ့သည့် စကားများဖြစ်သည်။ ထိုစကားလုံးများကို ဘုရားသခင် ကိုယ်နှိုက်ကသာလျှင် ရှင်းပြနိုင်သည်၊ ထိုစကားလုံးများ၏ အဓိပ္ပာယ်များကို သန့်ရှင်းသော ဝိညာဉ်တော်ကသာလျှင် သိစေနိုင်ပြီး ဘုရားသခင် ကိုယ်တော်ကိုယ်တိုင်မှ သာလျှင် တံဆိပ်ခုနှစ်ချက်ကို ချိုးဖျက်နိုင်ပြီး စာစောင်ကို ဖွင့်တော်မူနိုင်သည်။ သင် ဆိုသည်မှာ- “သင်သည် ဘုရားသခင် မဟုတ် သကဲ့သို့ ကျွန်ုပ်သည်လည်း မဟုတ်သောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သူကဆန္ဒရှိသလို ရှင်းပြဝံ့သနည်း။ ထိုစကားလုံးများကို သင်ရှင်းပြရဲပါသလား။ ဤနေရာတွင် ပရောဖက်များဖြစ်သော ယေရမိ၊ ယောဟန်နှင့် ဧလိယ တို့ရှိလျှင်ပင် သူတို့သည် သိုးသငယ် မဟုတ်သဖြင့် သူတို့သည်လည်း ဝံ့ရဲကြမည်မဟုတ်။ သိုးသငယ်သည်သာလျှင် တံဆိပ်ခုနှစ်ချက်ကို ချိုးဖျက်နိုင်ပြီး စာစောင်ကို ဖွင့်နိုင်သည်ဖြစ်ရာ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို အခြားသူမည်သူမျှ ရှင်းမပြနိုင်ပေ။ ကျွန်ုပ်သည် ဘုရားသခင်၏ နာမတော်ကို မလုယူရဲသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း သာ၍လျှင် ရှင်းပြမရဲပေ။ ကျွန်ုပ်သည် ဘုရားသခင်အား နာခံသူ တစ်ဦးသာ ဖြစ်နိုင်သည်။ သင်က ဘုရားသခင်လား။ ဘုရားသခင် ဖန်ဆင်းတော်မူသော မည်သည့်အရာမျှ စာစောင်ကို မဖွင့်ရဲ သကဲ့သို့ ထိုစကားလုံးများကိုလည်း ရှင်းမပြရဲရာ ကျွန်ုပ်သည်လည်း ရှင်းမပြရဲပါ။ သင်သည်လည်း ရှင်းပြရန် မကြိုးစားသင့်ပါ။ ကျွန်ုပ်တို့ မည်သူမျ ရှင်းပြမည်မဟုတ်ပါ။ ကျွန်ုပ်တို့ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အကြောင်း ပြောကြပါစို့၊ ဤသည်မှာ လူသား လုပ်နိုင်သော အလုပ် ဖြစ်သည်။ ကျွန်ုပ်သည် ယေဟောဝါနှင့် ယေရှု၏ အလုပ်ကို အနည်းငယ်သာ သိသည်။ သို့ရာတွင် ကျွန်ုပ်သည် ယင်းအလုပ်တွင် ပုဂ္ဂလိက အတွေ့အကြုံမရှိသဖြင့် ကျွန်ုပ်သည် ယင်းကို အနည်းငယ်မျှသာ ပြောနိုင်သည်။ ထိုအချိန်က ဟေရှာယ သို့မဟုတ် ယေရှု ပြောခဲ့သော စကားလုံးများ၏ အဓိပ္ပာယ်ကို ကျွန်ုပ်သည် ရှင်းလင်းချက် လုပ်မည်မဟုတ်ပါ။ ကျွန်ုပ်သည် သမ္မာကျမ်းစာကို မလေ့လာဘဲ ဘုရားသခင်၏ မျက်မှောက် အလုပ်နောက်ကို လိုက်သည်။ သင်သည် အမှန်တကယ်အားဖြင့် သမ္မာကျမ်းစာကို စာစောင်ငယ်အဖြစ် မှတ်ယူသော်လည်း ယင်းကို သိုးသငယ်ကသာ ဖွင့်နိုင်မည်ဆိုသည်မှာ မမှန်သလော။ သိုးသငယ်မှ လွဲလျှင် မည်သူက လုပ်နိုင်သေးသနည်း။ သင်သည် သိုးသငယ်မဟုတ်ပါ၊ ကျွန်ုပ်သည်လည်း ဘုရားသခင် ကိုယ်တော်ကိုယ်တိုင်အဖြစ် ပြောဆိုရန် ပို၍ပင် မဝံ့ရဲသောကြောင့် သမ္မာကျမ်းစာကို သုံးသပ်ခြင်း သို့မဟုတ် လေ့လာဆန်းစစ်ခြင်း မလုပ်ကြပါစို့။ ဘုရားသခင် ကိုယ်တော်တိုင် လုပ်ဆောင်ထားသည့် လက်ရှိအလုပ်ဖြစ်သည့် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ထား ပြီးသော အလုပ်ကို ဆွေးနွေးသည်က ပို၍ကောင်းသည်။ ဘုရားသခင် အလုပ်၏ အခြေခံဥပဒေသနှင့် အခြင်း အရာများကို ကြည့်ရှုကြပါစို့၊ ထို့နောက် ယင်းတို့ကို စစ်ဆေးခြင်းဖြင့် ယနေ့ ကျွန်ုပ်တို့ လျှောက်လှမ်းသော လမ်းသည် မှန်ကန်ခြင်း ရှိ၊ မရှိကို ကြည့်ကြပါစို့။ ဤအရာကို စံချိန်စံညွှန်းအဖြစ် ထားပြီး ချိန်ညှိကြစို့” ဟု ပြောဆိုနိုင်သည်။ အကယ်၍ သင်တို့သည် ဧဝံဂေလိတရားကို ဟောပြောကြပါလျှင်၊ အထူးသဖြင့် ဘာသာရေး အသိုင်းအဝိုင်းတွင် ရှိသူတို့ထံ ဟောပြောပါလျှင် သင်တို့သည် သမ္မာကျမ်းစာကို နားလည်ရမည်ဖြစ်ပြီး ယင်း၏ အတွင်းကျသော ဇာတ်လမ်း၏ နက်နဲချက်များကို ကျွမ်းကျင်ပိုင်နိုင် နေရမည်။ သို့မဟုတ်ပါက သင်တို့သည် ဧဝံဂေလိတရားကို ဟောပြောနိုင်စွမ်းရှိမည် မဟုတ်ပေ။ သင်သည် ပိုမိုကျယ်ပြန့်သော ရုပ်ပုံလွှာကို အတွင်း ကျကျ ရရှိခဲ့သည့် အခါတွင် သမ္မာကျမ်းစာ၏ အသက်မရှိသော စကားလုံးများကို လေ့လာဆန်းစစ်ခြင်း မပြုပါနှင့်၊ ဘုရားသခင်၏ အလုပ်နှင့် အသက်၏ သမ္မာတရားကိုသာ ပြောကြားပါ၊ ထိုသို့ဆိုလျှင် သင်သည် မှန်ကန်သော စိတ်နှလုံးနှင့် ရှာဖွေသူတို့ကို ရရှိလိမ့်မည်။

ယေဟောဝါ၏ အလုပ်၊ သူချထားပေးသော ပညတ်တော်များနှင့် လူသား၏ အသက်တာကို သူဦးဆောင်သော နိယာမများ၊ ပညတ်တော်ခေတ်တွင် သူလုပ်ဆောင်သော လုပ်ဆောင်မှု အကြောင်းအရာများ၊ သူ၏ ပညတ်တော်များကို နေရာတကျ သူချပေးခြင်း၏ အရေးပါမှု၊ ကျေးဇူးတော်ခေတ်တွင် သူ့လုပ်ဆောင်မှု၏ အရေးပါမှုနှင့် နောက်ဆုံးသော အဆင့်တွင် သူလုပ်ဆောင်သည့်အလုပ် အစရှိသည်တို့ကို သင်တို့နားလည်ရမည်။ ပထမအဆင့်သည် ပညတ်တော်ခေတ်၏ အလုပ်ဖြစ်သည်၊ ဒုတိယအဆင့်သည် ကျေးဇူးတော်ခေတ်၏ အလုပ်ဖြစ်ပြီး၊ တတိယအဆင့်သည် နောက်ဆုံးသောကာလ၏ အလုပ်ဖြစ်သည်။ သင်တို့သည် ဘုရားသခင်အလုပ်၏ ယင်းအဆင့်များကို နားလည်ကြရမည်။ အစမှအဆုံးအထိ စုစုပေါင်း အဆင့် သုံးဆင့်ရှိသည်။ အဆင့်တစ်ခုချင်းရှိ အလုပ်များ၏ အခြင်းအရာ မှာ အဘယ်နည်း။ နှစ်ပေါင်း ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ အလုပ်များကို အကောင်အထည်ဖော်ရာတွင် အဆင့်မည်မျှ ရှိသနည်း။ အဆင့်တစ်ခုချင်းကို မည်သို့ အကောင်အထည် ဖော်သနည်းနှင့် တစ်ခုချင်းစီကို ထိုနည်းလမ်းဖြင့် အဘယ်ကြောင့် အကောင်အထည်ဖော်သနည်း။ ယင်းတို့ အားလုံးမှာ အလွန်အရေးကြီးသော မေးခွန်းများ ဖြစ်သည်။ ခေတ်တစ်ခုချင်း၏ အလုပ်သည် ကိုယ်စားပြုသော အရာဖြစ်သည်။ ယေဟောဝါက မည်သည့် အလုပ်ကို လုပ်ခဲ့သနည်း။ သူသည် အဘယ်ကြောင့် ထိုသို့လုပ်ခဲ့သနည်း။ သူ့ကို အဘယ်ကြောင့် ယေဟောဝါဟု ခေါ်သနည်း။ ယေရှုက ကျေးဇူးတော်ခေတ်တွင် အဘယ်အလုပ်များကို လုပ်ဆောင်ခဲ့ပြီး အဘယ် ကြောင့် ယင်းသို့ လုပ်ဆောင်ခဲ့သနည်း။ ဘုရားသခင် စိတ်သဘောထား၏ မည်သည့် ရှုထောင့်များသည် အလုပ်၏ အဆင့်တစ်ခုချင်းနှင့် ခေတ်တစ်ခေတ်ချင်းကို မည်သို့ ကိုယ်စားပြုသနည်း။ သူ့စိတ်သဘောထား၏ မည်သည့် ရှုထောင့်က ပညတ်တော်ခေတ်တွင် ပေါ်ထွက်လာခဲ့သနည်း။ ကျေးဇူးတော် ခေတ်တွင်ကော။ ပြီးလျှင် နောက်ဆုံး ကာလတွင်ကော။ ယင်းအရေးပါသော မေးခွန်းများကို သင်တို့နားလည်ရမည်။ ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံသည် နှစ်ပေါင်း ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် တစ်လျှောက်တွင် ဖော်ထုတ်ခဲ့ပြီးဖြစ်သည်။ ယင်းတို့ကို ပညတ်တော်ခေတ်တွင်သာ၊ ကျေးဇူးတော်ခေတ်တွင်သာ သို့မဟုတ် ထို့ထက်ပို၍ နည်းပါးကာ နောက်ဆုံးသော ခေတ်၏ ဤကာလအပိုင်းအခြားတွင်သာ ဖော်ထုတ် ခဲ့သည် မဟုတ်ပေ။ နောက်ဆုံးကာလတွင် လုပ်ဆောင်သော အလုပ်သည် တရားစီရင်ခြင်း၊ အမျက်ဒေါသနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကိုယ်စားပြုသည်။ နောက်ဆုံးသောကာလတွင် လုပ်ဆောင်သော အလုပ်ကို ပညတ်တော်ခေတ်၊ သို့မဟုတ် ကျေးဇူးတော်ခေတ်တို့၏ အလုပ်နှင့် အစားထိုးခြင်း မပြုနိုင်ပေ။ သို့ရာတွင် အဆင့်သုံးဆင့်သည် တစ်ခုတည်းအဖြစ် အပြန်အလှန် ဆက်စပ်နေပြီး ဘုရားသခင် တစ်ပါးတည်းက လုပ်ဆောင်သည့် အလုံးစုံသော အလုပ်ဖြစ်သည်။ ပင်ကိုအားဖြင့် ယင်းအလုပ်အား အကောင်အထည်ဖော်မှုကို သီးခြားခေတ်များအဖြစ်သို့ ပိုင်းခြားထားခြင်းဖြစ်သည်။ နောက်ဆုံးသောကာလတွင် လုပ်ဆောင်သောအလုပ်သည် အလုံးစုံကို အဆုံးသတ်စေသည်၊ ပညတ်တော်ခေတ်တွင် လုပ်သောအလုပ်သည် အစပျိုးခြင်းအလုပ်ဖြစ်ပြီး ကျေးဇူးတော်ခေတ်တွင် လုပ်သောအလုပ်သည် ရွေးနှုတ်ခြင်းအလုပ်ဖြစ်သည်။ ဤအနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးရှိ အလုပ်၏ ရူပါရုံများနှင့်စပ်လျဉ်း၍မူ မည်သူတစ်ဦးတစ်ယောက်ကမျှ ထိုးထွင်းသိမြင်နိုင်ခြင်း၊ သို့မဟုတ် နားလည်နိုင်ခြင်းတို့ မရှိနိုင်ပေ၊ ထို့အပြင် ယင်းရူပါရုံများသည် ပဟေဠိများအဖြစ် ဆက်လက်တည်ရှိနေသည်။ နောက်ဆုံးသော ကာလတွင် နိုင်ငံတော်ခေတ်ကို ဖွင့်လှစ်ပေးရန် နှုတ်ကပတ်တော်၏ အလုပ်ကိုသာလျှင် လုပ်ဆောင်ခြင်းဖြစ်သော်လည်း ယင်းသည် ခေတ်အားလုံးကို ကိုယ်စားမပြုပေ။ နောက်ဆုံးသောကာလသည် နောက်ဆုံးသောကာလထက် မကျော်လွန်သကဲ့သို့ နိုင်ငံတော်ခေတ် ကိုလည်း မကျော်လွန်ပေ၊ ယင်းသည် ကျေးဇူးတော်ခေတ်၊ သို့မဟုတ် ပညတ်တော်ခေတ်ကို ကိုယ်စားမပြုပေ။ နောက်ဆုံးသောကာလ အတောအတွင်း အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ရှိ အလုပ်အလုံးစုံကို သင်တို့အား ဖော်ပြခြင်းသာ ဖြစ်သည်။ ယင်းမှာ နက်နဲမှုကို ဖော်ထုတ်ပြသခြင်း ဖြစ်သည်။ ယင်းသို့သော နက်နဲခြင်းကို မည်သည့် လူတစ်ဦးတစ်ယောက်ကမျှ မဖော်ထုတ်နိုင်။ လူတစ်ဦး တစ်ယောက်သည် မည်မျှပင် သမ္မာကျမ်းစာကို နားလည်သည်ဆိုစေကာမူ လူသားသည် သမ္မာကျမ်းစာ၏ အခြင်းအရာကို နားမလည်သောကြောင့် ယင်းသည် စကားလုံးများထက်မပိုပေ။ လူက သမ္မာကျမ်းစာကို ဖတ်သည့်အခါ သမ္မာတရား အချို့ကို သူရနိုင်သည်၊ စကားလုံး အချို့ကို ရှင်းပြနိုင်မည် သို့မဟုတ် ကျော်ကြားသော အဆိုများနှင့် ကိုးကားချက်များကို လေ့လာဆန်းစစ်နိုင်မည်။ သို့သော်လည်း လူအားလုံး မြင်သည်မှာ အသက် မရှိသော စကားလုံးများသာ ဖြစ်ပြီး ယေဟောဝါနှင့် ယေရှုတို့ အလုပ်၏ ရှုခင်းများ မဟုတ်သည့်အတွက် ယင်းစကားလုံးများတွင် ပါဝင်သော အဓိပ္ပာယ်များကိုမူ သူသည် မည်သည့်အခါမျှ ထုတ်နှုတ်နိုင်မည် မဟုတ်ဘဲ လူသားသည် ယင်းအလုပ်၏ နက်နဲခြင်းကို ဖော်ထုတ်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ နက်နဲခြင်းသည် အကြီးမားဆုံး နက်နဲခြင်း ဖြစ်ပြီး လူသားတို့အတွက် အကြီးမားဆုံး ဖုံးကွယ်ထားမှု ဖြစ်ကာ လူသားတို့ မည်သို့မျှ မဖော်ထုတ်နိုင်ပေ။ ဘုရားသခင်၏ အလိုကို သူကိုယ်တိုင်က ရှင်းပြပြီး လူသားအား ဖွင့်ပေးခြင်း မပြုပါက မည်သူတစ်ဦးတစ်ယောက်မျှ တိုက်ရိုက် နားလည်နိုင်မည် မဟုတ်ပေ။ တစ်နည်းဆိုရလျှင် ယင်းတို့သည် လူသားအတွက် အစဉ်အမြဲ ပဟေဠိဖြစ်နေပြီး ချိတ်ပိတ်ထားသော နက်နဲရာများအဖြစ် အစဉ်အမြဲ ရှိနေမည်ဖြစ်သည်။ ဘာသာရေး အသိုင်းအဝိုင်းမှ သူတို့ကို စိတ်မပူကြလင့်၊ သင်တို့သည် ယနေ့တွင် ပြောဆိုခြင်းမခံရလျှင် သင်တို့သည် နားလည်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ဤနှစ်ပေါင်း ခြောက်ထောင် အလုပ်သည် ပရောဖက်များ ဟောကြားချက်အားလုံးထက် ပိုမို၍ နက်နဲရှုပ်ထွေးသည်။ ယင်းသည် ဖန်ဆင်းသည့် အချိန်မှစ၍ အနက်နဲဆုံးဖြစ်ပြီး ယခင်က ဖော်ထုတ်ခဲ့ခြင်း မရှိဘဲ နောက်ဆုံးခေတ်တွင်မှသာ ဖော်ထုတ်မည် ဖြစ်သောကြောင့် ဤနက်နဲခြင်းကို မည်သည့် ယခင်က ပရောဖက်မှ နားမလည်နိုင်သေးပေ။ သင်တို့သည် ဤနက်နဲခြင်းကို နားလည်ပြီး အပြည့်အဝ ဖော်ထုတ်နိုင်ခဲ့လျှင် ယင်းဘာသာရေး ပုဂ္ဂိုလ်များသည် ဤနက်နဲခြင်း၏ သိမ်းပိုက် အောင်မြင်ခြင်းကို ခံကြရလိမ့်မည်။ ဤအရာသည်သာလျှင် အကြီးကျယ်ဆုံး ရူပါရုံ ဖြစ်ပြီး လူသားတို့ နားအလည်ချင်ဆုံး အရာဖြစ်သော်လည်း သူ့အတွက် မရှင်းလင်းဆုံး အရာလည်း ဖြစ်သည်။ သင်တို့သည် ကျေးဇူးတော်ခေတ်တွင် ရှိသောအခါ သင်တို့သည် ယေရှု သို့မဟုတ် ယေဟောဝါ လုပ်ဆောင်သော အလုပ်တို့ကို သင်တို့ သိခဲ့ကြသည် မဟုတ်ပေ။ ယေဟောဝါသည် အဘယ်ကြောင့် ပညတ်တော်များကို ချမှတ်သည်၊ သူက အဘယ်ကြောင့် လူများကို ပညတ်တော်များကို စောင့်ထိန်းရန် ပြောကြားသည်၊ သို့မဟုတ် ဗိမာန်တော်ကို အဘယ်ကြောင့် ဆောက်လုပ်ခဲ့ရသည်တို့နှင့် ပတ်သက်၍ မည်သည်ကိုမျှ လူအများ နားမလည်ခဲ့ဘဲ ဣသရေလ လူမျိုးတို့ကို အဲဂုတ္တုပြည်မှ တောထဲသို့ ခေါ်သွားပြီး ခါနာန်ပြည်သို့ အဘယ်ကြောင့် ခေါ်ဆောင် သွားခဲ့သည်ကို လူများနားလည်ရန် ပိုမိုခက်ခဲသည်။ ဤနေ့သို့ မရောက်မီအထိ ယင်းကိစ္စများကို ဖော်ထုတ်ခြင်း မခံရပေ။

နောက်ဆုံးသောကာလရှိ အလုပ်သည် အဆင့်သုံးဆင့်အနက်မှ နောက်ဆုံးအဆင့်ဖြစ်သည်။ ယင်းသည် နောက်ထပ်ခေတ်သစ်၏ အလုပ်ဖြစ်ပြီး စီမံခန့်ခွဲမှုအလုပ်တစ်ခုလုံးကို ကိုယ်စားမပြုပေ။ နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အလုပ်အဆင့်သုံးဆင့် ခွဲခြားထားသည်။ တစ်ခုတည်းသော မည်သည့်အဆင့်ကမျှ ခေတ်သုံးခေတ်၏အလုပ်ကို ကိုယ်စားမပြုနိုင်ဘဲ တစ်စုံလုံး၏ အစိတ်အပိုင်း တစ်ခုကိုသာ ကိုယ်စားပြုနိုင်သည်။ ယေဟောဝါဟူသော အမည်သည် ဘုရားသခင်၏ စိတ်သဘောထား အားလုံးကို ကိုယ်စားမပြုနိုင်။ ပညတ်တော်ခေတ်တွင် သူသည် သူ့အလုပ်ကို ဆောင်ရွက်ခဲ့သည်ဟူသည့် အချက်မှာ ဘုရားသခင်သည် ပညတ်တော် အောက်၌သာ ဘုရားသခင်ဖြစ်နိုင်သည်ဟူ၍ သက်သေမပြပါ။ ယေဟောဝါသည် လူသားတို့အတွက် ပညတ်တော်များကို ပြဌာန်းပြီး ပညတ်တော်များကို ပေးအပ်ကာ လူသားကို ဗိမာန်တော်နှင့် ယဇ်ပလ္လင်များကို ဆောက်လုပ်စေခဲ့သည်၊ သူလုပ်ဆောင်ခဲ့သော အလုပ်သည် ပညတ်တော်ခေတ်ကိုသာ ကိုယ်စားပြုသည်။ သူလုပ်ဆောင်ခဲ့သော အလုပ်သည် ဘုရားသခင်မှာ လူသားအား ပညတ်တော်ကို စောင့်ရှောက်ရန်သာ တောင်းဆိုသော ဘုရားသခင်၊ ဗိမာန်တော်ထဲ၌ရှိသော ဘုရားသခင်၊ သို့မဟုတ် ယဇ်ပလ္လင်ရှေ့၌ရှိသော ဘုရားသခင်သာဖြစ်သည်ဟု သက်သေပြမနေပါ။ ယင်းသို့ပြောလျှင် မမှန်ကန်ပါ။ ပညတ်တော်အောက်မှ အလုပ်သည် ခေတ်တစ်ခေတ်ကိုသာ ကိုယ်စားပြုနိုင်သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ပညတ်တော်ခေတ် တွင်သာ အလုပ်လုပ်လျှင် လူသည် ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ပြီး ယခုလိုပြောလိမ့်မည်၊ “ဘုရားသခင်သည် ဗိမာန်တော်ထဲရှိ ဘုရားသခင် ဖြစ်သည်၊ ဘုရားသခင်ကို အစေခံရန် ကျွန်ုပ်တို့သည် ယဇ်ပရောဟိတ် ကဲ့သို့ ဝတ်ရုံဝတ်ပြီး ဗိမာန်တော်အတွင်းသို့ ဝင်ကြရမည်။” ကျေးဇူးတော်ခေတ်ရှိ အလုပ်ကို မည်သည့်အခါကမျှ မလုပ်ခဲ့ဘဲ ပညတ်တော်ခေတ်သည်လည်း ယခုတိုင်အောင် ဆက်လက် ရှိနေခဲ့မည်ဆိုပါက၊ ဘုရားသခင်သည် သနားတတ်ပြီး ချစ်ခင်တတ် သည်ကို လူသည် သိလိမ့်မည် မဟုတ်ပေ။ ပညတ်တော်ခေတ်တွင်ရှိသော အလုပ်သည် မပြီးမြောက်ခဲ့ဘဲ ကျေးဇူးတော်ခေတ်၏ အလုပ်သာ ပြီးမြောက်ခဲ့မည်ဆိုပါက၊ ဘုရားသခင်သည် လူသားကို ရွေးနှုတ်ခြင်းသာ ပြုနိုင်ပြီး လူသား၏ အပြစ်များကို ခွင့်လွှတ်ပေးခြင်းသာပြုနိုင်သော ဘုရားသခင်အဖြစ် လူအားလုံးက သိလိမ့်မည်။ သူသည် သန့်ရှင်းပြီး အပြစ်ကင်းသည်၊ သူသည် မိမိကိုယ်ကို စွန့်လွှတ်ပြီး လူသားအတွက် လက်ဝါးကပ်တိုင်တွင် အသေသတ်ခြင်း ခံနိုင်သည်ဟုသာ သူတို့ သိကြလိမ့်မည်။ လူသည် ယင်းကိုသာသိပြီး အခြားမည်သည့်အရာ ကိုမျှ နားလည်ခြင်း ရှိမည်မဟုတ်ပေ။ သို့ဖြစ်ရာ ခေတ်တစ်ခေတ်ချင်းစီသည် ဘုရားသခင် စိတ်သဘောထား၏ အစိတ်အပိုင်းတစ်ခုကို ကိုယ်စားပြု သည်။ ပညတ်တော်ခေတ်၌ ကိုယ်စားပြုထားသော ဘုရားသခင်၏ စိတ်သဘောထားနှင့်ဆိုင်သော ရှုထောင့်များ၊ ကျေးဇူးတော်ခေတ်၌ ကိုယ်စားပြုထားသော ရှုထောင့်များနှင့် ယခုခေတ်၌ ကိုယ်စားပြု ထားသော ရှုထောင့်များ၊ အစရှိသဖြင့် အဆင့်သုံးဆင့်စလုံးကို တစ်ခုတည်းအဖြစ် စုပေါင်းခြင်းအားဖြင့်သာလျှင် ဘုရားသခင်၏ စိတ်သဘောထားအလုံးစုံကို ဖော်ထုတ်နိုင်မည်။ လူသည် ခေတ်သုံးခေတ်စလုံးကို သိရှိသည့်အခါမှသာ ယင်းကို အပြည့်အဝ သူနားလည်နိုင်သည်။ အဆင့်သုံးဆင့်ထဲမှ တစ်ဆင့်ကို ချန်လှပ်ထား၍ မဖြစ်နိုင်ပေ။ သင်သည် ဤအလုပ်အဆင့် သုံးဆင့်ကို သိရှိသည့် အခါတွင်မှသာ ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံးကို သင်မြင်ရလိမ့်မည်။ ပညတ်တော်ခေတ်တွင် ဘုရားသခင်သည် သူ၏အလုပ်ကို ပြီးဆုံးအောင် လုပ်ခဲ့သည့်အချက်က သူသည် ပညတ်တော်အောက်ရှိ ဘုရားသခင်သာလျှင် ဖြစ်သည်ကို သက်သေမပြပေ၊ ရွေးနှုတ်ခြင်းအမှုကို ပြီးဆုံးအောင် သူလုပ်ခဲ့သည့်အချက်က ဘုရားသခင်သည် လူသားတို့ကို အစဉ်ထာဝရ ရွေးနှုတ်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ယင်းတို့အားလုံးမှာ လူ၏ကောက်ချက်ချမှုများသာ ဖြစ်ပေသည်။ ကျေးဇူးတော်ခေတ်သည် အဆုံးသို့ရောက်ခဲ့သော်လည်း ဘုရားသခင်သည် လက်ဝါးကပ်တိုင်နှင့်သာ သက်ဆိုင်သည်ဟု သင်မပြောနိုင်၊ လက်ဝါးကပ်တိုင်တစ်ခုတည်းသာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ကိုယ်စားပြုသည်ဟု သင်မဆိုနိုင်ပါ။ ထိုသို့ပြုခြင်းက ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း ဖြစ်လိမ့်မည်။ ဤအဆင့်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်၏ အလုပ်ကိုသာ အဓိက လုပ်ဆောင်သော်လည်း ဘုရားသခင်သည် လူသားအပေါ် သနားခြင်း မည်သည့်အခါကမျှ မရှိခဲ့ဟု သင်မပြောနိုင်ပေ၊ သူယူဆောင်လာသမျှသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သာ ဖြစ်သည်ဟုလည်း သင်မပြောနိုင်ပါ။ နောက်ဆုံးကာလရှိ အလုပ်သည် ယေဟောဝါနှင့် ယေရှုတို့၏အလုပ်၊ ထို့ပြင် လူတို့နားမလည်သော နက်နဲခြင်းအားလုံးကို ထုတ်ဖော်ပြသပြီး ယင်းသည် ခရီးဆုံးပန်းတိုင်နှင့် လူသားမျိုးနွယ်၏ အဆုံးသတ်ကို ဖော်ထုတ်ရန်၊ ထို့ပြင် လူသားမျိုးနွယ်အကြား ကယ်တင်ခြင်း အလုပ်အားလုံးကို အဆုံးသတ်ရန် ဖြစ်သည်။ နောက်ဆုံးသောကာလရှိ ဤအလုပ်အဆင့်သည် အရာအားလုံးကို အပြီးသတ်သို့ ယူဆောင်လာခြင်းဖြစ်သည်။ လူတို့နားမလည်သည့် နက်နဲသော အရာအားလုံးကို ဖွင့်ဟပြီး လူကို ထိုအရာများ၏ နက်ရှိုင်းရာများကို စူးစမ်းလေ့လာခွင့်ပေးကာ သူတို့၏ စိတ်နှလုံးများတွင် ရှင်းလင်းသော နားလည်ခြင်းကို ရှိစေသည်။ ထို့နောက်တွင်မှသာ လူသားမျိုးနွယ်သည် သူတို့၏အမျိုးအစားများ အလိုက် ခွဲခြားခံရလိမ့်မည်။ နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ် ပြီးဆုံးသည့်အခါမှသာလျှင်၊ သူ၏ စီမံခန့်ခွဲမှုသည် အဆုံးသို့ ရောက်ခဲ့ပြီဖြစ်ရာ ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံးကို လူသည် နားလည်လာနိုင်လိမ့်မည်။ ယခုတွင် သင်တို့သည် နောက်ဆုံး ကာလရှိ ဘုရားသခင်၏ အလုပ်ကို အတွေ့အကြုံရခဲ့ပြီ၊ ဘုရားသခင်၏ စိတ်သဘောထားက အဘယ်နည်း။ သင်သည် ဘုရားသခင်မှာ စကားလုံးများကိုသာ ပြောသော ဘုရားသခင်ဖြစ်သည်ဟု ပြောရဲသေးပါသလား။ သင်သည် ယင်းသုံးသပ်ချက်ကို လုပ်ဝံ့မည် မဟုတ်ပေ။ အချို့သူများက ဘုရားသခင်သည် နက်နဲရာ တို့ကို ဖွင့်လှစ်သော ဘုရားဖြစ်သည်၊ ဘုရားသခင်သည် သိုးသငယ်ဖြစ်ပြီး တံဆိပ် ခုနှစ်ချက်ကို ချိုးဖျက်သူ ဖြစ်သည်ဟု ပြောကြသည်။ မည်သူမျှ ထိုကဲ့သို့ နိဂုံး မချုပ်ဝံ့ပေ။ ဘုရားသခင်သည် လူ့ဇာတိခံသော ဇာတိပကတိ ဖြစ်သည်ဟု ပြောသည့် အချို့သော သူများလည်း ရှိသည်။ ယင်းသည် မမှန်သေးပါ။ အချို့က လူ့ဇာတိခံယူသော ဘုရားသခင်သည် စကားလုံးများ သာပြောပြီး နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာ အမှုများကို မလုပ်ဆောင်ဟု ပြောသည်။ ထို့ထက်ပင် ပိုနည်းကာ မပြောဝံ့သည်မှာ ယေရှုသည် လူ့ဇာတိခံယူပြီး နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာအမှုများအတွက် အလုပ်လုပ်သောကြောင့် သင်သည် ဘုရားသခင်ကို ပေါ့ပေါ့တန်တန် အဓိပ္ပာယ် ဖွင့်ဆိုရန် မဝံ့ရဲပေ။ နှစ်ပေါင်း ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တစ်လျှောက်လုံးတွင် လုပ်ဆောင် ခဲ့သော အလုပ်အလုံးစုံသည် ယခုမှ သာလျှင် အဆုံးသတ်ခြင်းသို့ ရောက်လာသည်။ ဤအလုပ်များအားလုံးကို လူအားဖွင့်ပြပြီး လူများအကြားတွင် လုပ်ဆောင် ပြီးသည့် အချိန်မှသာလျှင် သူတို့သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်း အလုံးစုံတို့ကို သိလာလိမ့်မည်။ ဤအဆင့်၏ အလုပ်များအားလုံး ပြီးဆုံးသည့်အခါ လူများ နားလည်ခဲ့ခြင်း မရှိသော နက်နဲရာ အချက်များအားလုံးကို ဖွင့်ပြပြီးဖြစ်လိမ့်မည်၊ ယခင်က နားမလည် နိုင်ခဲ့သော သမ္မာတရား အားလုံးကိုလည်း ရှင်းလင်းစေလိမ့်မည်၊ ထို့နောက် လူသားမျိုးနွယ်အား အနာဂတ် လမ်းကြောင်းနှင့် ခရီးဆုံး ပန်းတိုင်ကို ပြောပြပြီး ဖြစ်လိမ့်မည်။ ယင်းမှာ ဤအဆင့်တွင် လုပ်ဆောင်ရမည့် အလုပ်အားလုံး ဖြစ်သည်။ ယနေ့တွင် လူသားလျှောက်လှမ်းသော လမ်းကြောင်းသည် လက်ဝါးကပ်တိုင် လမ်းကြောင်းဖြစ်ပြီး ယင်းသည် ခံစားရသော လမ်းကြောင်း ဖြစ်သော်လည်း ယနေ့အချိန်တွင် လူသားကျင့်သုံးမှု၊ စားခြင်း၊ သောက်ခြင်းနှင့် ပျော်မွေ့ခြင်း တို့သည် ပညတ်တော်အောက်နင့် ကျေးဇူးတော်ခေတ်တွင်ရှိသော လူသားနှင့် ကြီးစွာ ကွာခြားသည်။ ယနေ့တွင် လူသားအပေါ် တောင်းဆိုမှုသည် အတိတ်ကာလကနှင့် မတူသကဲ့သို့ ပညတ်တော်ခေတ်တွင် ရှိသော လူသားအပေါ် တောင်းဆိုမှု နှင့်လည်း ပို၍ပင် မတူညီပေ။ ဣသရေလ၌ အလုပ်ပြီးဆုံးသည့်အခါ ပညတ်တော် အောက်တွင်ရှိသော လူသားအပေါ် အဘယ်အရာ တောင်းဆိုခဲ့ပါသလဲ။ သူတို့ကို ဥပုသ်နေ့များကို ထိန်းသိမ်းရန်နှင့် ယေဟောဝါ၏ ပညတ်တော်များကို လိုက်နာရန်အပြင် အခြား မည်သည်ကိုမျှ မတောင်းဆိုခဲ့ပေ။ မည်သူမျှ ဥပုသ်နေ့တွင် အလုပ်လုပ်ခြင်း သို့မဟုတ် ယေဟောဝါ၏ ပညတ်တော်များကို ဖောက်ဖျက်ခြင်း မလုပ်ကြပေ။ သို့ရာတွင် ယခုအခါ ထိုသို့ မဟုတ်တော့ပေ။ ဥပုသ်နေ့များတွင် လူသည် အလုပ်လုပ်သည်၊ စုဝေးပြီး ပုံမှန်အတိုင်း ဆုတောင်းသည်၊ မည်သည့် ကန့်သတ်မှုမှ မထားပေ။ ကျေးဇူးတော်ခေတ်တွင် လူများသည် ဗတ္တိဇံခံရသည်၊ ထိုမျှသာမက သူတို့ကို အစာရှောင်ရန်၊ မုန့်ချိုးဖဲ့ရန်၊ စပျစ်ရည် သောက်ရန်၊ သူတို့၏ ဦးခေါင်းများကို ဖုံးအုပ်ရန်နှင့် အခြားသူများ၏ ခြေကို ဆေးကြောပေးရန် တောင်းဆိုခံခဲ့ရသည်။ ယခုအခါတွင် ယင်းစည်းမျဉ်းများကို ပယ်ဖျက်ပြီး လူသားအတွက် သာ၍ ကြီးမားသော တောင်းဆိုမှုများ ပြုပြီးဖြစ်သည်၊ အကြောင်းမှာ ဘုရားသခင်၏ အလုပ်သည် ဆက်လက်၍ နက်ရှိုင်းလာပြီး လူသား၏ ဝင်ရောက်မှုသည် ပိုမိုမြင့်မားလာခဲ့သောကြောင့် ဖြစ်သည်။ အတိတ်ကာလက ယေရှုသည် သူ၏ လက်ကို လူသား အပေါ်တင်၍ ဆုတောင်းခဲ့သော်လည်း ယခုအခါ အရာရာကို ပြောထားပြီး ဖြစ်ရာ လက်များတင်ခြင်းသည် မည်သည့်အတွက် အသုံးကျတော့မည်နည်း။ စကားလုံး များအားဖြင့်သာ ရလဒ်ကို ရရှိနိုင်သည်။ အတိတ်ကာလက သူသည် လူသားအပေါ်တွင် လက်တင်ခဲ့သော အခါက လူသားကို ကောင်းချီးပေးရန်နှင့် ကုသရန် ဖြစ်သည်။ ယင်းမှာ ထိုအချိန်က သန့်ရှင်းသော ဝိညာဉ်တော် အလုပ် လုပ်ခဲ့သည့် ပုံစံဖြစ်သည်။ သို့သော်လည်း ယခုအခါတွင် ထိုသို့ မဟုတ်တော့ချေ။ ယခုအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် ရလဒ်များ ထွက်ပေါ်စေရန် သူ၏အလုပ်တွင် စကားလုံးများကို အသုံးပြုသည်။ သူသည် သူ၏ နှုတ်ကပတ်တော်များကို သင်တို့အတွက် ရှင်းလင်းစေပြီ၊ သင်တို့သည် ယင်းတို့ကို လက်တွေ့ကျင့်သုံးရန်သာ ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များသည် သူ၏ အလိုဖြစ်ပြီး သူလုပ်ဆောင်မည့် အလုပ်များကို ပြသသည်။ သူ၏ နှုတ်ကပတ်တော်များမှ တစ်ဆင့် သင်သည် သူ၏ အလိုကို နားလည်နိုင်ပြီး သူက သင့်ကို မည်သည်အား ရစေလိုသည်ကို သိနားလည်နိုင်သည်။ လက်တင်ရန် မလိုအပ်တော့ဘဲ သူ၏ နှုတ်ကပတ်တော်များကို သင်သည် တိုက်ရိုက် ကျင့်သုံးရန်သာ ဖြစ်သည်။ အချို့က ပြောနိုင်သည်၊ “ကိုယ်တော်၏ လက်တော်ကို ကျွန်ုပ်အပေါ်သို့ တင်ပါ။ ကိုယ်တော်၏ လက်တော်ကို ကျွန်ုပ်အပေါ်သို့ တင်ခြင်းအားဖြင့် ကျွန်ုပ်သည် ကိုယ်တော်၏ ကောင်းချီးနှင့် အတူရှိခြင်းကို ရရှိမည်။” ယင်းတို့အားလုံးမှာ ယခင်ကသုံးစွဲခဲ့သည့် ခေတ်မမှီတော့သော အလေ့အထများဖြစ်ပြီး ခေတ်ပြောင်းလာခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တားမြစ်ထားသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ခေတ်ကို လိုက်၍ အလုပ်လုပ်သည်။ အလိုအရ သို့မဟုတ် ချမှတ်ထားသော စည်းမျဉ်းများအရသာ မဟုတ်ပေ။ ခေတ်ပြောင်းခဲ့ပြီဖြစ်ရာ ခေတ်သစ်သည် ယင်း၏ အလုပ်သစ်ကို ယူဆောင်လာရမည်။ ယင်းမှာ အလုပ်၏ အဆင့်တိုင်းအတွက် မှန်ကန်ပြီးဖြစ်ရာ သူ၏ အလုပ်သည် မည်သည့်အခါမျှ ထပ်ကျော့လုပ်မည် မဟုတ်ချေ။ ကျေးဇူးတော်ခေတ်တွင် ယေရှုသည် အလုပ်အများစုကို ဥပမာ- နာမကျန်းသူများကို ကုသခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်း၊ လူအတွက် ဆုတောင်းပေးရန်နှင့် လူကို ကောင်းချီးပေးရန် သူ၏ လက်ကိုတင်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ သို့ရာတွင် ယင်းကို ဆက်လုပ်ရန် အတွက်မူ လက်ရှိ မျက်မှောက်နေ့ရက်များတွင် မည်သည့် ရည်ရွယ်ချက်ကိုမျှ မဖြည့်ဆည်းနိုင်ပါ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုအချိန်က ကျေးဇူးတော်ခေတ် ဖြစ်သည့်အတွက် ထိုအလုပ်ကို ထိုသို့သော နည်းလမ်းဖြင့် လုပ်ခဲ့ပြီး လူတို့အား ပျော်မွေ့ခံစားခြင်းအတွက် ကျေးဇူးတော်ကို လုံလောက်စွာ ပြခဲ့သည်။ လူသည် မည်သည့် အဖိုးအခကိုမျှ ပေးရန်မလိုခဲ့ဘဲ သူ့တွင် ယုံကြည်ခြင်း ရှိနေသမျှ ကျေးဇူးတော်ကို ရရှိနိုင်သည်။ အားလုံးသည် နူးညံ့ကြင်နာစွာ ဆက်ဆံခံကြရသည်။ ယခုအခါ ခေတ်ပြောင်းသွားပြီဖြစ်ပြီး ဘုရားသခင်၏ အလုပ်သည် ရှေ့သို့ ပိုမို တိုးရတော့မည်၊ သူ၏ ပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှ တဆင့် လူ၏ တော်လှန်ပုန်ကန်မှုနှင့် လူအတွင်းရှိ မသန့်ရှင်းသော အရာများသည် ဖယ်ရှားခံရလိမ့်မည်။ ယင်းသည် ရွေးနှုတ်ခြင်း၏ အဆင့်ဖြစ်ရာ ဘုရားသခင်သည် ယင်းသို့သော အလုပ်များကို လုပ်ရသည်၊ လူကို ပျော်မွေ့ခံစားရန် လုံလောက်သော ကျေးဇူးတော်ကို ပြသထားခြင်းဖြင့် လူသည် အပြစ်မှ ရွေးနှုတ်ခံရကာ ကျေးဇူးတော်မှတစ်ဆင့် သူတို့၏ အပြစ်များသည် ခွင့်လွှတ်ခြင်း ခံရသည်။ ဤလက်ရှိအဆင့်တွင် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ စကားလုံးများ၏ ပြင်းစွာရိုက်နှက်ခြင်း သာမက စကားလုံးများ၏ ပဲ့ပြင် ဆုံးမခြင်းနှင့် ဖွင့်ပြခြင်း အားဖြင့်လူသားအတွင်းရှိ မဖြောင့်မတ်မှုများကို ဖော်ထုတ်ခြင်းဖြင့် နောက်ပိုင်းတွင် သူတို့ကို ကယ်တင်ခြင်းရစေရန် လုပ်ဆောင်သည်။ ယင်းသည် ရွေးနှုတ်ခြင်းထက် ပိုမိုနက်နဲသော အလုပ် ဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင် လူသည် လုံလောက်သော ကျေးဇူးတော်ကို ခံစားခဲ့ပြီး ယင်းကျေးဇူးတော်ကို တွေ့ကြုံပြီးလည်း ဖြစ်ရာ လူသားက ယင်းတွင် ပျော်မွေ့ခံစားရန် မရှိတော့ပေ။ ယင်းကဲ့သို့သော အလုပ်သည် ယခုအခါ ခေတ်မမီတော့ဘဲ ဆက်လုပ်စရာလည်း မလိုအပ်တော့ပေ။ ယခုအခါ လူသည် စကားလုံးများအားဖြင့် တရားစီရင်ခြင်းမှ ကယ်တင်ခြင်းခံရသည်။ လူကို တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် စစ်ဆေးပြုပြင်ခြင်းတို့ လုပ်ပြီးနောက်တွင် သူ၏ စိတ်သဘောထားသည် ထိုအခါ ပြောင်းလဲ သွားလိမ့်မည်။ ယင်းမှာ ငါပြောထားသော နှုတ်ကပတ်တော်များကြောင့် မဟုတ်ပါလား။ အလုပ်အဆင့်တိုင်းသည် လူသားမျိုးနွယ် အလုံးစုံ၏ တိုးတက်မှုနှင့် ယင်း၏ ခေတ်နှင့် အညီ လုပ်ဆောင်သည်။ အလုပ်အားလုံးသည် သူ၏ အရေးပါမှုရှိသည်၊ ယင်းတို့ကို လူသား မျိုးနွယ်အတွက် အနာဂတ်တွင် ကောင်းမွန်သော ခရီးဆုံး ပန်းတိုင်ရှိစေရန် နောက်ဆုံး ကယ်တင်ခြင်းအတွက် လုပ်ဆောင်ခြင်း ဖြစ်ပြီး အဆုံးတွင် လူကို အမျိုးအစားအလိုက် ခွဲခြားရန်အတွက် ဖြစ်သည်။

နောက်ဆုံးသောကာလ၏ အလုပ်မှာ နှုတ်ကပတ်တော်များပြောရန် ဖြစ်သည်။ နှုတ်ကပတ်တော်များမှတစ်ဆင့် လူတွင် ကြီးမားသော အပြောင်းအလဲများ သက်ရောက်နိုင်သည်။ ဤနှုတ်ကပတ်တော်များကို လက်ခံခြင်းဖြင့် ဤလူများတွင် ယခု၌ သက်ရောက်သော အပြောင်းအလဲများသည် ကျေးဇူးတော်ခေတ်တွင် နိမိတ်လက္ခဏာများ နှင့် အံ့သြဖွယ်ရာများကို လက်ခံသောသူများပေါ် သက်ရောက်သော အပြောင်းအလဲများထက် ပိုမိုကြီးမားလှသည်။ အကြောင်းမှာ ကျေးဇူးတော်ခေတ်တွင် နတ်ဆိုးများသည် လက်တင်ခြင်းနှင့် ဆုတောင်းခြင်းများဖြင့် လူမှအဝေးသို့ နှင်ထုတ်ခြင်းခံခဲ့ရသော်လည်း၊ လူအတွင်းရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှာ ဆက်လက်ရှိရစ်နေသောကြောင့် ဖြစ်သည်။ လူသည် သူ၏ဖျားနာမှုမှ သက်သာ ပျောက်ကင်းပြီး သူ၏အပြစ်များမှ ခွင့်လွှတ်ခြင်း ခံရသော်လည်း လူအတွင်းတွင် ရှိနေသည့် ဖောက်ပြန်ပျက်စီးနေသော စာတန် စိတ်သဘောထားများကို ဖယ်ရှားရန်အတွက် လုပ်ဆောင်မှုမှာ သူ့တွင် မလုပ်ဆောင်ရသေးဘဲ ရှိသည်။ လူသည် သူ၏ယုံကြည်ခြင်းကြောင့် ကယ်တင်ခံရပြီး သူ့အပြစ်များ ခွင့်လွှတ်ခြင်း ခံရရုံသာ ရှိသည်၊ သို့သော်လည်း လူ၏အပြစ်နှင့်ပြည့်သော သဘာဝကို ဖယ်ရှားခြင်း မရှိသောကြောင့် ထိုသဘာဝမှာ သူ့အထဲတွင် ကျန်ရှိနေဆဲဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဆောင်ကြဉ်းပေးမှုအားဖြင့် လူ၏အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသော်လည်း ယင်းမှာ လူသည် သူ့အတွင်းတွင် အပြစ်မရှိတော့ဟု ဆိုလိုခြင်း မဟုတ်ပေ။ လူ၏အပြစ်များသည် အပြစ်ဖြေရာယဇ်မှတစ်ဆင့် ခွင့်လွှတ်ခြင်း ခံရနိုင်သော်လည်း၊ လူသည် သူ့အနေဖြင့် အပြစ်မရှိတော့ရန်နှင့် သူ၏အပြစ်နှင့်ပြည့်သော သဘာဝကို အပြည့်အဝ ဖယ်ရှားပြီး အသွင်သဏ္ဌာန်ပြောင်းလဲပစ်ရန်ဟူသည့် ပြဿနာကိုမူ ဖြေရှင်းနိုင်ခြင်း မရှိပေ။ ဘုရားသခင်၏ လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအလုပ်ကြောင့် လူ၏အပြစ်များသည် ခွင့်လွှတ်ခြင်းခံခဲ့ရသော်လည်း လူသည် ဖောက်ပြန် ပျက်စီးသော စာတန်စိတ်သဘောထား အဟောင်းတွင် ဆက်လက် နေထိုင်ခဲ့သည်။ သို့ဖြစ်ရာ လူ၏အပြစ်နှင့်ပြည့်သော သဘာဝကို လုံးဝစွန့်ပစ်ရန်နှင့် မည်သည့်အခါမျှ ပြန်လည်မပေါ်ပေါက်စေရန်အတွက် လူကို ဖောက်ပြန်ပျက်စီးသော စာတန်စိတ်သဘောထားမှ လုံးဝ ကယ်တင်ရမည်ဖြစ်သည်၊ ထိုသို့အားဖြင့် လူ၏စိတ်သဘောထားကို ပြောင်းလဲရန် အခွင့်ပြုရမည်။ ယင်းအတွက် လူသည် အသက်တာတွင် ကြီးထွားမှု လမ်းကြောင်း၊ အသက်၏ လမ်းခရီးနှင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲရန် လမ်းခရီးတို့ကို နားလည်ရန် လိုအပ်သည်။ လူ၏စိတ်သဘောထားကို တဖြည်းဖြည်း ပြောင်းလဲ စေရန်နှင့် သူသည် အလင်း၏ ထွန်းလင်းမှုအောက်တွင် နေထိုင်နိုင်ရန်အတွက် လူသည် ယင်းလမ်းကြောင်းနှင့်အညီ လုပ်ဆောင်ရန်လည်း လိုအပ်ပြီး၊ သူပြုသမျှသည် ဘုရားသခင်၏ အလိုတော်နှင့်အညီ ဖြစ်စေရန်၊ သူ၏ဖောက်ပြန်ပျက်စီးသော စာတန်စိတ်သဘောထားကို ဖယ်ရှားပစ်ရန်နှင့် စာတန်၏ မှောင်မိုက်သော လွှမ်းမိုးမှုမှ ချိုးဖောက်လွန်မြောက်ရန်လည်း ယင်းလမ်းကြောင်းနှင့်အညီ လုပ်ဆောင်ရန် လိုအပ်သည်၊ ထိုသို့ဖြင့် အပြစ်မှ အပြည့်အဝ လွတ်မြောက်လာမည်ဖြစ်သည်။ ထိုအခါမှသာလျှင် လူသည် ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိမည်။ ယေရှုသည် သူ၏အလုပ်ကို လုပ်ခဲ့သည့်အခါ လူ၏သူ့အပေါ် သိနားလည်မှုသည် ဝေဝါးပြီး မရှင်းမလင်း ဖြစ်နေခဲ့သည်။ လူသားအနေဖြင့် သူ့ကို ဒါဝိဒ်၏သားတော်အဖြစ် ယုံကြည်ခဲ့ကြပြီး၊ သူ့ကို ကြီးမြတ်သော ပရောဖက်အဖြစ်၊ လူသား၏ အပြစ်များကို ရွေးနှုတ်ခဲ့သော ကောင်းမြတ်သည့် အရှင်သခင်အဖြစ် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ အချို့သည် သူတို့၏ ယုံကြည်ခြင်းခွန်အားအပေါ် အခြေခံလျက် သူ့ဝတ်ရုံ၏ ပန်းပွားကို ထိတွေ့ရုံဖြင့် ရောဂါဝေဒနာ ပျောက်ကင်းခဲ့ကြသည်၊ မျက်စိမမြင်သူ မြင်နိုင်ခဲ့ပြီး သေဆုံးသူပင် အသက်ပြန်ရှင်နိုင်ခဲ့သည်။ သို့ရာတွင် လူသည် သူ့အတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော ဖောက်ပြန်ပျက်စီးနေသည့် စာတန် စိတ်သဘောထားကို ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိသကဲ့သို့၊ ယင်းကို မည်သို့ဖယ်ထုတ်ရမည်ကိုလည်း သူမသိခဲ့ပေ။ လူသည် ကျေးဇူးတော် အများအပြားကို ရရှိခဲ့သည်၊ ငြိမ်သက်ခြင်းနှင့် ဇာတိပကတိ၏ ပျော်ရွှင်မှုများ၊ တစ်ဦး၏ ယုံကြည်ခြင်းအပေါ် မိသားစု တစ်ခုလုံး ကောင်းချီးမင်္ဂလာရရှိခြင်း၊ နာမကျန်းမှုများကို ပျောက်ကင်းစေခြင်း စသဖြင့်ဖြစ်သည်။ ကျန်သည့်အရာများမှာ လူ၏ကောင်းမှုများဖြစ်ပြီး သူတို့၏ ဘုရားတရား ကိုင်းရှိုင်းသော အသွင်အပြင်ဖြစ်သည်။ အကယ်၍ လူသည် ယင်းကို အခြေခံပြီး နေထိုင်နိုင်ပါက သူ့ကို လက်သင့်ခံနိုင်သော ယုံကြည်သူအဖြစ် သတ်မှတ်ခဲ့ကြသည်။ ယင်းသို့သော ယုံကြည်သူများ သာလျှင် သေဆုံးပြီးနောက်တွင် ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်မည်၊ သူတို့ ကယ်တင်ခြင်းခံရသည်ဟု ဆိုလိုသည်။ သို့ရာတွင် သူတို့ဘဝတစ်သက်တာတွင် သူတို့သည် အသက်၏လမ်းခရီးကို နားလည်ခြင်း လုံးဝမရှိခဲ့ပေ။ သူတို့ပြုခဲ့သမျှမှာ အပြစ်များကို ကျူးလွန်ခဲ့ပြီးနောက်တွင် စိတ်သဘောထား ပြောင်းစေရန် မည်သည့်လမ်းကြောင်းမျှ မရှိဘဲ အပြစ်ဝန်ခံခြင်းကို အစဉ်တစိုက် စက်ဝန်းကဲ့သို့ ပြုလုပ်ခဲ့ကြခြင်းသာဖြစ်သည်။ ယင်းသည် ကျေးဇူးတော်ခေတ်တွင်ရှိသော လူ၏အခြေအနေဖြစ်သည်။ လူသည် ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိခဲ့ပြီလော။ မရပါ။ ထို့ကြောင့် ထိုအဆင့် ပြီးဆုံးပြီးနောက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အလုပ်များ ကျန်ရှိနေသေးသည်။ ဤအဆင့်သည် လူကို နှုတ်ကပတ်တော်မှတစ်ဆင့် သန့်ရှင်းအောင် လုပ်ခြင်းဖြင့် လိုက်လျှောက်ရမည့် လမ်းကြောင်းကို လူအား ပေးအပ်သည်။ အကယ်၍ နတ်ဆိုးများကို ဆက်လက် နှင်ထုတ်နေဆဲဖြစ်ပါက ဤအဆင့်သည် အသီးအပွင့်များ ဖြစ်ထွန်းမည် မဟုတ်၊ သို့မဟုတ် အဓိပ္ပာယ်ရှိမည် မဟုတ်ပေ၊ အကြောင်းမှာ လူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို ဖယ်ရှားခြင်း ရှိလိမ့်မည် မဟုတ်ဘဲ လူသည် သူ့အပြစ်များ ခွင့်လွှတ်ခံရခြင်းတွင်သာ လုံးဝဥဿုံရပ်တန့် နေလိမ့်မည် ဖြစ်သောကြောင့်ဖြစ်သည်။ အပြစ်ဖြေရာယဇ်မှတစ်ဆင့် လူသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခြင်း ခံခဲ့ရသည်၊ အကြောင်းမှာ လက်ဝါးကပ်တိုင်တွင် အသေခံသော အလုပ်သည် အဆုံးသို့ ရောက်ခဲ့ပြီဖြစ်ပြီး ဘုရားသခင်သည် စာတန်ကို အနိုင်ရခဲ့သည် ဖြစ်သောကြောင့်ဖြစ်သည်။ သို့ရာတွင် လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သူတို့အတွင်းတွင် ဆက်လက်ရှိနေ၏၊ လူသည် အပြစ်ပြုနိုင်ပြီး ဘုရားသခင်ကို ဆန့်ကျင်နိုင်သေးသည်၊ ထို့ပြင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို မရသေးပေ။ သို့ဖြစ်ရာ ဤအဆင့်၏ အလုပ်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြု၍ လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်ပြီး လူသားကို မှန်ကန်သော လမ်းကြောင်းနှင့်အညီ လက်တွေ့ကျင့်သုံး စေခြင်းဖြစ်သည်။ ဤအဆင့်သည် ယခင်အဆင့်ထက် ပိုမိုအဓိပ္ပာယ်ရှိပြီး အသီးအပွင့်လည်း ပိုမိုဖြစ်ထွန်းသည်၊ အကြောင်းမှာ ယခုတွင် လူ၏အသက်တာကို တိုက်ရိုက်ပံ့ပိုးသည့်အရာနှင့် လူ၏ စိတ်သဘောထားကို လုံးဝအသစ်ပြုပြင်စေရန် လုပ်နိုင်စွမ်း ရှိသောအရာမှာ နှုတ်ကပတ်တော်ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသည် သာ၍ နှံ့နှံ့စပ်စပ်ရှိသော အလုပ်အဆင့်တစ်ခု ဖြစ်သည်။ သို့ဖြစ်ရာ နောက်ဆုံးသောကာလတွင် လူ့ဇာတိကိုခံယူခြင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေခဲ့ပြီး ဘုရားသခင်၏ လူသားကို ကယ်တင်ခြင်းနှင့်ဆိုင်သော စီမံခန့်ခွဲမှု အစီအစဉ်ကို လုံးဝပြီးဆုံးစေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။