စစ်မှန်စွာ ကျိုးနွံနာခံခြင်းဖြင့်သာလျှင် စစ်မှန်သော ယုံကြည်မှု ရှိနိုင်သည် (အပိုင်း နှစ်)
လူသား အယူအဆများနှင့် အကွဲလွဲဆုံးဖြစ်သော ကိစ္စရပ်တစ်ခုနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယပြုကြစို့။ မောရှေသည် တောထဲတွင် အနှစ်လေးဆယ်ကြာ အသက်ရှင်ခဲ့သည်။ အနှစ်လေးဆယ်ဆိုသည်မှာ လူတစ်ဦး၏ ဘဝတစ်ခုနီးနီး ရှိသည်။ တစ်စုံတစ်ဦးသည် အသက်ရှစ်ဆယ် အသက်ရှင်ပါက အနှစ်လေးဆယ်သည် ၎င်းဘဝ၏ ထက်ဝက်ဖြစ်သည်။ တောသည် မည်သည့် အသက်ရှင်နေထိုင်မှု ပတ်ဝန်းကျင်မျိုး ဖြစ်သနည်း။ တောသည် အသက်ရှင်ရန် မောရှေက အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရသည့် အလွန့်အလွန် မကောင်းသော ပတ်ဝန်းကျင်တစ်ခုဖြစ်ရုံမက သာ၍ အရေးကြီးသည့် ပြဿနာမှာ သူသည် အနှစ်လေးဆယ်အတောအတွင်း ဣသရေလလူများနှင့် အဆက်အသွယ် မရှိခဲ့သကဲ့သို့ ဘုရားသခင်ကလည်း သူ့ထံ ပေါ်ထွန်းမလာခဲ့ပေ။ ဘုရားသခင်သည် မောရှေကို စစ်ဆေးရန်အလို့ငှာ ဤပတ်ဝန်းကျင်ကို သူ့အတွက် စီစဉ်ခဲ့သည်။ ဤသည်မှာ လူသားအယူအဆများနှင့် ကိုက်ညီသလော။ လူတို့တွင် စစ်မှန်သည့် ယုံကြည်ခြင်း ကင်းမဲ့ပါက ဤအရာက ယေဘုယျအားဖြင့် သူ့ဘာသာ မည်သို့ ပေါ်လွင်လိမ့်မည်နည်း။ ပထမ နှစ်နှစ်တွင် ၎င်းတို့၏ စိတ်နှလုံးများတွင် ခွန်အားအချို့ ရှိဆဲဖြစ်လိမ့်မည်ဖြစ်ပြီး “ဘုရားသခင်က ငါ့ကို စစ်ဆေးနေသော်လည်း ငါမကြောက်ပါ။ ငါ့တွင် ဘုရားသခင်ရှိသည်။ ဘုရားသခင်က ငါ့ကို သေခွင့်မပေးသရွေ့၊ ထွက်သက်တစ်ခုပင် ကျန်ရှိသရွေ့ ငါ အသက်ရှင်နိုင်သည်။ ဘုရားသခင်အားဖြင့် ငါ အသက်ရှင်သည်။ ငါ ယုံကြည်ကိုးစားမှုရှိသည်။ ဘုရားသခင်ကို ငါ စိတ်ကျေနပ်အောင် လုပ်ရမည်”ဟု စဉ်းစားလိမ့်မည်။ ၎င်းတို့၏ အဖော်များအဖြစ် သိုးများရှိသေးသောကြောင့် ဤစိတ်ပိုင်းဖြတ်ချက် အနည်းငယ် ရှိကြသည်။ သို့ရာတွင် နှစ်အနည်းငယ် ကုန်လွန်သည့်နောက် သိုးများက နည်းသည်ထက်နည်းလာခဲ့ပြီး တစ်နေ့လုံး လေတဝေါဝေါ တိုက်နေသည်။ ည၏ ဆိတ်ငြိမ်မှုထဲတွင် လူတို့သည် အထီးကျန်မှုကို ခံစားရလိမ့်မည်။ ၎င်းတို့တွင် မိမိတို့၏ စိတ်နှလုံးများတွင် ရှိသည့်အရာကို ဝေမျှရမည့်သူ တစ်ဦးမျှ မရှိ။ ကောင်းကင်သို့ ၎င်းတို့ မျက်လုံးများ ပင့်ကြည့်လိုက်သည့်အခါ တွေ့မြင်သမျှမှာ လနှင့် ကြယ်များသာ ဖြစ်သည်။ လပင်လျှင် မြင်ကွင်းမျှ ကွယ်ဝှက်သည့် တိမ်ထူပြီး မိုးရွာသော ညများတွင် ၎င်းတို့ သာ၍ပင် အထီးကျန်ခံစားရသည်။ အမှုမဲ့အမှတ်မဲ့ဆိုသလို ၎င်းတို့၏ ယုံကြည်ကိုးစားမှုက တဖြည်းဖြည်း အေးစက်သွားသည်။ ၎င်းတို့၏ ယုံကြည်ကိုးစားမှု အေးစက်သွားသည့်အခါ မကျေနပ်ချက်များနှင့် အထင်လွဲမှုများ အပြည့်ရှိသည့် စိတ်နှလုံးက သူ့ဘာသာ ပေါ်လာသည်။ ထို့နောက်တွင်ပင် ၎င်းတို့၏ အတွင်းပိုင်း အခြေအနေက တိုး၍ စိတ်ဓာတ်ကျလာပြီး ဘဝက တဖြည်းဖြည်း အဓိပ္ပာယ်မဲ့လာသည်။ ဘုရားသခင်က ၎င်းတို့ကို သတိပြုခြင်းမရှိသကဲ့သို့ စွန့်ပစ်သွားပြီဟု ၎င်းတို့ စဉ်ဆက်မပြတ် ခံစားကြသည်။ ဘုရားသခင်၏ တည်ရှိခြင်းနှင့်ပတ်သက်၍ ၎င်းတို့ သံသယရှိကြပြီး ၎င်းတို့၏ ယုံကြည်ကိုးစားမှုက သေးငယ်သည်ထက် သေးငယ်သွားသည်။ သင်သည် စစ်မှန်သည့် ယုံကြည်ခြင်း ကင်းမဲ့ပါက အချိန်ကာလ၏ စမ်းသပ်မှု သို့မဟုတ် ပတ်ဝန်းကျင်၏ စမ်းသပ်မှုကို ခံနိုင်လိမ့်မည် မဟုတ်။ သင့်ကို ဘုရားသခင်ပေးသည့် စစ်ဆေးမှုကို သင် မခံနိုင်ပါက ဘုရားသခင်က သင့်ကို စကားပြောလိမ့်မည် မဟုတ်၊ သို့မဟုတ် သင့်ထံ ပေါ်ထွန်းလိမ့်မည် မဟုတ်။ သင့်အနေဖြင့် သူ၏ တည်ရှိခြင်းကို ယုံကြည်ခြင်း ရှိမရှိ၊ သူ၏ တည်ရှိခြင်းကို သင် အသိအမှတ်ပြုခြင်း ရှိမရှိဆိုသည်နှင့် သင်၏ စိတ်နှလုံးတွင် စစ်မှန်သည့် ယုံကြည်ခြင်း ရှိမရှိဆိုသည်ကို ဘုရားသခင် မြင်လိုသည်။ ဤသည်မှာ လူတို့၏ စိတ်နှလုံးထဲ နက်ရှိုင်းရာကို ဘုရားသခင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပုံဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးကြားတွင် အသက်ရှင်နေထိုင်သည့် လူများသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသလော။ အားလုံး ဘုရားလက်ထဲတွင် ရှိကြ၏။ ဤသည်မှာ အတိအကျဖြစ်သည့်ပုံစံ ဖြစ်သည်။ သင့်အနေဖြင့် တောထဲတွင် သို့မဟုတ် လကမ္ဘာပေါ်တွင် ရှိမရှိ ဆိုသည်မှာ အရေးမကြီးပေ၊ သင်သည် ဘုရားသခင်၏ လက်ထဲတွင် ရှိပေသည်။ ယင်းမှာ ဖြစ်သည့်ပုံစံဖြစ်သည်။ ဘုရားသခင်သည် သင့်ထံ ပေါ်ထွန်းခြင်းမရှိခဲ့ပါက ဘုရားသခင်၏ တည်ရှိခြင်းနှင့် အချုပ်အခြာအာဏာကို သင် မည်သို့ မြင်နိုင်သနည်း။ သင်သည် “ဘုရားသခင် တည်ရှိပြီး အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိသည်”ဟူသည့် သမ္မာတရားကို သင်၏ စိတ်နှလုံးတွင် အမြစ်တွယ်ပြီး မည်သည့်အခါမျှ ပျောက်ကွယ်မသွားအောင် မည်သို့ ခွင့်ပေးနိုင်သနည်း။ သင်သည် ဤအဆိုကို အဘယ်သို့ သင်၏ အသက်၊ သင့်ဘဝ၏ တွန်းအားနှင့် သင့်ကို အသက်ဆက်ရှင်ခွင့်ပေးသည့် ယုံကြည်ကိုးစားမှုနှင့် ခွန်အား ဖြစ်စေနိုင်သနည်း။ (ဆုတောင်းရန်ဖြစ်ပါသည်။) ယင်းမှာ လက်တွေ့ကျပေသည်။ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းဖြစ်သည်။ သင်၏ အခက်ခဲဆုံးအချိန်တွင်၊ ဘုရားသခင်ကို သင် ခံစားရနိုင်ခြင်း အနည်းဆုံးအချိန်တွင်၊ သင်အနာကျင်ဆုံးနှင့် အထီးကျန်ဆုံးဟု ခံစားရသည့်အချိန်တွင်၊ သင်သည် ဘုရားသခင်ထံမှ ဝေးကွာနေသည့်အလား ခံစားရသည့်အချိန်တွင် အရာအားလုံးထက်ပို၍ သင် လုပ်ဆောင်သင့်သည့် အရာတစ်ခုမှာ အဘယ်နည်း။ ဘုရားသခင်ကို အော်ခေါ်ရန် ဖြစ်သည်။ ဘုရားသခင်ကို အော်ခေါ်ခြင်းက သင့်ကို ခွန်အားပေးသည်။ ဘုရားသခင်ကို အော်ခေါ်ခြင်းက သင့်အား သူ၏တည်ရှိခြင်းကို ခံစားရစေသည်။ ဘုရားသခင်ကို အော်ခေါ်ခြင်းက ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင့်အား ခံစားရစေသည်။ ဘုရားသခင်ကို သင် အော်ခေါ်သည့်အခါ ဘုရားသခင်ထံ သင် ဆုတောင်းပြီး သင်၏အသက်ကို ဘုရားသခင်၏ လက်ထဲထည့်သောအခါ ဘုရားသခင်သည် သင်၏ ဘေးတွင်ရှိနေကာ သူသည် သင့်အား မစွန့်ပစ်ထားကြောင်း သင်ခံစားရမည်ဖြစ်သည်။ ဘုရားသခင်က သင့်အား မစွန့်ပစ်ထားကြောင်း သင်ခံစားရသည့်အခါတွင်၊ သူသည် သင်၏ ဘေးတွင် ရှိနေသည်ဟု သင်အမှန်တကယ် ခံစားရသည့်အခါတွင် သင်၏ ယုံကြည်ကိုးစားခြင်းက ကြီးထွားလာမည်လော။ သင့်ထံ၌ စစ်မှန်သော ယုံကြည်ကိုးစားခြင်း ရှိသည့်အခါတွင် ယင်းသည် အချိန်ကာလအလျောက် အားပျော့သွားပြီး ပျောက်ကွယ်သွားမလော။ လုံးဝ မဟုတ်ပေ။ ယခုတွင် ယုံကြည်ကိုးစားခြင်းနှင့်ဆိုင်သည့် ပြဿနာ ပြေလည်သွားပြီလော။ လူတို့သည် ကျမ်းစာကိုင်ကာ ကျမ်းချက်များကို လုံးစေ့ ပတ်စေ့ တစ်သဝေမတိမ်း အာဂုံဆောင်ရုံဖြင့် စစ်မှန်သည့် ယုံကြည်ကိုးစားမှုကို ပိုင်ဆိုင်နိုင်သလော။ သင့်အနေဖြင့် ဤပြဿနာကို ဖြေရှင်းရန် ဘုရားသခင်ထံ ဆုတောင်းကာ ဘုရားသခင်အပေါ် မှီခိုအားကိုးရဦးမည် ဖြစ်သည်။ မောရှေသည် တောထဲတွင် ထိုအနှစ်လေးဆယ်ကို မည်သို့ ဖြတ်ကျော်ခဲ့သနည်း။ ထိုအချိန်တွင် ကျမ်းစာမရှိသကဲ့သို့ သူ့အနီးအနားတွင် လူအနည်းငယ်သာ ရှိခဲ့သည်။ သူနှင့်အတူ သိုးများသာ ရှိခဲ့သည်။ မောရှေသည် ဘုရားသခင်၏ ဦးဆောင်လမ်းပြမှုကို မုချခံခဲ့ရသည်။ ဘုရားသခင်က သူ့ကို မည်သို့ ဦးဆောင်လမ်းပြခဲ့သည်၊ သူ့ထံ ဘုရားသခင် ပေါ်ထွန်းခဲ့ခြင်း ရှိမရှိ၊ သူ့ကို ဘုရားသခင် စကားပြောခဲ့ခြင်း ရှိမရှိ၊ သို့မဟုတ် ဘုရားသခင်က မောရှေအား အဘယ်ကြောင့် တောထဲတွင် အနှစ်လေးဆယ် အသက်ရှင်နေထိုင်စေခဲ့သည်ဆိုသည်ကို သိနားလည်ခွင့်ပေးခဲ့ခြင်း ရှိမရှိဆိုသည်ကို ကျမ်းစာက မှတ်တမ်းမတင်သော်လည်း မောရှေက တောထဲတွင် အနှစ်လေးဆယ်ကြာ အမှန်တကယ် အသက်ရှင်ကျန်ရစ်ခဲ့သည်မှာ ငြင်းမရနိုင်သည့် အမှန်တရားတစ်ခု ဖြစ်သည်။ ဤအချက်ကို မည်သူမျှ မငြင်းနိုင်ပေ။ မိမိစိတ်နှလုံးတွင် ရှိသည့်အရာကို မျှဝေရန် အနီးအနားတွင် မည်သူမျှမရှိဘဲနှင့် တောထဲတွင် အနှစ်လေးဆယ်ကြာ သူ မည်သို့ အသက်ရှင်နိုင်ခဲ့သနည်း။ စစ်မှန်သည့် ယုံကြည်ခြင်းမရှိဘဲနှင့် ဤသည်မှာ မည်သူ့အတွက်မျှ ဖြစ်နိုင်မည်မဟုတ်ပေ။ ယင်းမှာ ထူးဆန်းသောတန်ခိုး ဖြစ်ပေမည်။ ဤကိစ္စရပ်ကို လူတို့က မည်မျှ အချိန်ယူတွေးဆသည်ဖြစ်စေ၊ ဤအရာ လုံးဝ ဖြစ်နိုင်မည်မဟုတ်ဟု ၎င်းတို့ ခံစားကြရသည်။ ထိုအရာသည် လူသား အယူအဆများ၊ စိတ်ကူးများနှင့် ကွဲလွဲလွန်းပေသည်။ သို့ရာတွင် ဤသည်မှာ ဒဏ္ဍာရီတစ်ခု မဟုတ်၊ စိတ်ကူးယဉ် ပုံပြင်တစ်ခု မဟုတ်၊ စစ်မှန်သည့်၊ ပြောင်းလဲမရနိုင်သကဲ့သို့ ငြင်းမရနိုင်သည့် အမှန်တရားတစ်ခု ဖြစ်သည်။ ဤအမှန်တရား တည်ရှိခြင်းက လူတို့ကို မည်သည့်အရာ ပြသသနည်း။ သင့်ထံတွင် ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်း ရှိပါက ထွက်သက်တစ်ခုပင် ရှိသရွေ့ ဘုရားသခင်က သင့်ကို စွန့်ပစ်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ တည်ရှိခြင်းနှင့်ဆိုင်သည့် အမှန်တရား ဖြစ်သည်။ သင်သည် ထိုသို့သော စစ်မှန်သည့် ယုံကြည်ကိုးစားမှုနှင့် ဘုရားသခင်နှင့်ဆိုင်သည့် ထိုသို့သော မှန်ကန်သည့် သိနားလည်မှုရှိပါက သင်၏ ယုံကြည်ကိုးစားခြင်းက အတော်အတန် ကြီးမားပေသည်။ သင့်ကိုယ်သင် မည်သည့် ပတ်ဝန်းကျင်မျိုးတွင် တွေ့ရှိရသည်ဖြစ်စေ၊ ဤပတ်ဝန်းကျင်တွင် အချိန်မည်မျှကြာ သင် ရှိနေသည်ဖြစ်စေ သင်၏ ယုံကြည်ကိုးစားမှုက လျော့ပါးသွားလိမ့်မည် မဟုတ်။
မောရှေသည် တောထဲတွင် အနှစ်လေးဆယ် နေခဲ့သည်။ ဘုရားသခင်သည် သူ့ထံ လုံးဝ မပေါ်လာခဲ့သကဲ့သို့ သမ္မာတရားဖြင့် သူ့ကို မထောက်ပံ့ခဲ့ပေ။ မောရှေသည် သူ၏ လက်တွင် ဘုရားနှုတ်ကပတ်တော်များ ပါရှိသည့် ကျမ်းများလည်း မရှိခဲ့၊ သူ့ဘေးတွင် ဘုရားသခင် ရွေးချယ်ထားသောလူများ တစ်ဦးမျှ မရှိခဲ့သကဲ့သို့ မိမိစိတ်နှလုံးတွင် ရှိသည့်အရာကို အတူဝေမျှရန် မည်သူမျှ မရှိခဲ့ပေ။ တောထဲတွင် တစ်ကိုယ်တည်း အသက်ရှင်နေထိုင်ရင်း ဘုရားသခင်ထံ ဆုတောင်းခြင်းကို မှီခိုအားကိုးခြင်းအားဖြင့်သာ သူ အသက်ရှင်နိုင်ခဲ့ပေသည်။ နောက်ဆုံးတွင် ဤအရာက မောရှေ၏ စစ်မှန်သည့် ယုံကြည်ကိုးစားမှုကို စွမ်းဆောင်ရရှိစေခဲ့သည်။ သို့ဆိုလျှင် ဘုရားသခင်သည် အဘယ်ကြောင့် ဤအရာကို လုပ်ဆောင်ခဲ့သနည်း။ ဘုရားသခင်သည် မောရှေကို ကြီးမားစွာ အသုံးပြုလျက် တာဝန်ပေးစေခိုင်းချက်တစ်ခု အပ်နှံမည်ဖြစ်ပြီး ဘုရားသခင်က သူ့ကို ပြင်ဆင်ရန် လိုအပ်ခဲ့သောကြောင့် သူ့ကို ဘုရားသခင်က ကြံ့ခိုင်ဖွံ့ဖြိုးအောင် လုပ်ခဲ့သည်။ ဘုရားသခင်သည် မောရှေထဲက မည်သည့်အရာကို ကြံ့ခိုင်ဖွံ့ဖြိုးအောင် လုပ်ခဲ့သနည်း။ (သူ၏ ယုံကြည်ကိုးစားမှုဖြစ်ပါသည်။) ဘုရားသခင်သည် မောရှေ၏ ယုံကြည်ကိုးစားမှုကို ကြံ့ခိုင်ဖွံ့ဖြိုးအောင် လုပ်ရန်မဟုတ်ဘဲ စုံလင်အောင်ပြုလိုခဲ့သည်။ ဘုရားသခင် ကြံ့ခိုင်ဖွံ့ဖြိုးအောင်လုပ် သည့်အရာမှာ လူ၏ ရည်ရွယ်ချက်ကောင်းများ ဖြစ်သည်၊ လူ၏ ဆုံးဖြတ်ချက်ခိုင်မာမှုနှင့် သူ၏ စွမ်းရည်များ၊ ကျွမ်းကျင်မှုများနှင့် သူ၏ တစ်ဇောက်ကန်းဖြစ်ခြင်းဟု ခေါ်သည့်အရာဖြစ်သည်။ ထိုအချိန်တွင် မောရှေက အဘယ်ကြောင့် အဲဂုတ္တုပြည်ကို စွန့်ခွာခဲ့သနည်း။ (တစ်ဇောက်ကန်းစိတ်ကြောင့် အဲဂုတ္တုလူတစ်ဦးကို သူ သတ်မိခဲ့သောကြောင့် ဖြစ်သည်။) ထိုအချိန်တွင် ဘုရားသခင်က သူ့ကို အသုံးပြုနိုင်ခဲ့သလော။ (အသုံးမပြုနိုင်ခဲ့ပါ။) ထိုအချိန်က သူ့ကို ဘုရားသခင် အသုံးပြုခဲ့လျှင် မည်သည့်အရာ ဖြစ်ပျက်ခဲ့မည်နည်း။ သူသည် အဲဂုတ္တုလူများကို မုန်းတီးခဲ့ပြီး စိတ်လိုက်မာန်ပါ ပြုမူဆောင်ရွက်ရန် အမြဲ ရည်ရွယ်ခဲ့သည်။ နောက်ထပ်လူတစ်ဦးကို သူ သတ်ခဲ့ပါက ယင်းက ပြဿနာများ ဖန်တီးခဲ့မည် မဟုတ်လော။ ဘုရားသခင်က သူ့အား ဣသရေလလူမျိုးများကို အဲဂုတ္တုပြည်မှ သွားရောက် ခေါ်ဆောင်ရန် စေခိုင်းခဲ့ပြီး ဖာရောဘုရင်က သဘောမတူသည့်အခါ သူက စိတ်လိုက်မာန်ပါ ပြုမူဆောင်ရွက်ခဲ့ပါက ယင်းသည် ပြဿနာ ဖြစ်စေခဲ့မည် မဟုတ်လော။ ဘုရားသခင်က “သင်သည် ဤသို့ ပြုမူဆောင်ရွက်ပါက ဘုရားကို ကိုယ်စားပြုနိုင်သလော”ဟု ပြောခဲ့ပေမည်။ ထို့ကြောင့် သူ၏ တစ်ဇောက်ကန်းစိတ်ကြောင့် ဘုရားသခင်သည် သူ့ကို အသုံးမပြုနိုင်ခဲ့ချေ။ တစ်ဇောက်ကန်းဖြစ်ခြင်းသည် လူသားများအတွက် အဓိက ရှောင်ရမည့်အရာတစ်ခု ဖြစ်သည်။ သင်သည် တစ်ဇောက်ကန်းဖြစ်လျှင် သင်၏ သဘာဝနှင့် သင်၏ ရုတ်တရက်ဖြစ်ပေါ်သော ဆန္ဒကို အခြေခံ၍ အမှုအရာများကို သင် အမြဲ လုပ်ဆောင်လိုလျှင်၊ လူသား နည်းစနစ်များကို အသုံးပြုလျက် ပြဿနာများကို သင် အမြဲ ဖြေရှင်းလိုလျှင်၊ သင်သည် ဘုရားသခင်၌ စစ်မှန်သည့်ယုံကြည်ခြင်း မရှိသကဲ့သို့ ဘုရားသခင်အပေါ် မှီခိုအားကိုးခြင်းမရှိသည့်အပြင် ထိုသို့သော စစ်မှန်သည့် ယုံကြည်ခြင်းဖြင့် သူ၏ အချုပ်အခြာအာဏာကို ယုံကြည်ခြင်း မရှိလျှင် ဘုရားသခင်က သင့်ကို အသုံးပြုနိုင်လိမ့်မည် မဟုတ်။ ဘုရားသခင်က သင့်ကို အသုံးပြုရန် ကြိုးစားမည်ဆိုလျှင် မည်သည့်အရာကိုမျှ သင် ပြီးမြောက်လိမ့်မည် မဟုတ်သည်သာမက ကိစ္စများကိုလည်း သင် တကယ်ကို ရှုပ်ထွေးသွားစေလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် မောရှေက အဲဂုတ္တုလူကို သတ်သည့်နောက်တွင် သူသည် တောသို့ ထွက်ပြေးသွားခဲ့သည်။ ဘုရားသခင်သည် မောရှေ၏ အလိုဆန္ဒ၊ တစ်ဇောက်ကန်းဖြစ်ခြင်း၊ သူ၏ ရည်ရွယ်ချက်ကောင်းများ၊ စိတ်ထက်သန်မှုနှင့် ရုတ်တရက် ဖြစ်တတ်သော ဆန္ဒအပြင် သူ၏ လူမျိုး၏ အကျိုးစီးပွားများကို ခုခံကာကွယ်စေပြီး မတရားမှုကို တိုက်ခိုက်စေခဲ့သည့် သူရသတ္တိရှိသော အပြုအမူတို့ကို ကြံ့ခိုင်ဖွံ့ဖြိုးအောင်လုပ်ရန် တော၏ ပတ်ဝန်းကျင်ကို အသုံးပြုခဲ့သည်။ ဤသည်တို့မှာ လူသား အလိုဆန္ဒ၊ တစ်ဇောက်ကန်းဖြစ်ခြင်းနှင့် သဘာဝတို့နှင့် သက်ဆိုင်သော အရာများသာ ဖြစ်သည်။ အဘယ်ကြောင့် ဘုရားသခင်သည် မောရှေကို အဖော်ပြုရန် ဣသရေလလူမျိုးအနည်းငယ်ကို စီစဉ်မပေးခဲ့သနည်း။ သူသည် သူနှင့်အတူ နောက်ထပ် လူတစ်ဦး ရှိခဲ့မည်ဆိုလျှင် ဘုရားသခင်အပေါ် မှီခိုအားကိုးကောင်း အားကိုးမည် မဟုတ်ဘဲ အခြားလူတစ်ဦးအပေါ် မှီခိုအားကိုးခဲ့မည်ဖြစ်သည်။ မောရှေသည် ထိုသို့သော ပတ်ဝန်းကျင်တစ်ခုတွင် မည်သည့် လူစားမျိုးအဖြစ်သို့ နောက်ဆုံးတွင် ပြုပြင်ခြင်းခံခဲ့ရသနည်း။ သူသည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခဲ့ကာ စစ်မှန်သည့် ယုံကြည်ကိုးစားမှု ရှိခဲ့သည်။ ဤအရာက သူ၏ သဘာဝအလျောက်ဖြစ်သော တစ်ဇောက်ကန်းဖြစ်ခြင်းက လျော့ပါးသွားခဲ့ပြီဖြစ်ကြောင်း ပြသပေသည်။ သူသည် တောထဲမှ ထွက်လာခဲ့ချိန်တွင် သူ၏ တစ်ဇောက်ကန်းဖြစ်ခြင်းနှင့် သူရသတ္တိရှိသော အပြုအမူတို့ ရှိခဲ့သေးသလော။ (မရှိပါ။) ဤအရာကို မည်သည့်အရာက ပြသခဲ့သနည်း။ (မောရှေက သူသည် စကားပြောကောင်းသောသူ မဟုတ်တော့ကြောင်း ပြောခဲ့သည်။) သူသည် စကားမပြောနိုင်တော့သောကြောင့် သူ့ထံတွင် မိမိကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ရုတ်တရက်ဖြစ်သော ဆန္ဒတို့ ရှိသေးသလော။ (မရှိတော့ပါ။) ဤသို့ကြည့်သည့်အခါ လူတစ်ဦးကို ဘုရားသခင် စုံလင်အောင်ပြုလိုသည့်အခါ၊ ဘုရားသခင်၌ လူတစ်ဦး၏ ယုံကြည်ကိုးစားမှုကို စုံလင်အောင်ပြုလိုသည့်အခါ ဤလူကို သူ အသုံးပြုသည်ဖြစ်စေ၊ အသုံးမပြုသည်ဖြစ်စေ ဤလူ၏ သမ္မာတရားကို သိနားလည်ခြင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သိနားလည်ခြင်းတို့အား ဘုရားသခင် စုံလင်အောင်ပြုလိမ့်မည်ဖြစ်ပြီး မသန့်စင်မှု တစ်ခုမျှမရှိဘဲ၊ လူသား သူရသတ္တိ၊ ရုတ်တရက်ဖြစ်သော ဆန္ဒ၊ ရည်မှန်းချက်နှင့် မြင့်မားသည့် စိတ်ပြင်းပြမှုဟု ခေါ်ဆိုသည့်အရာ မရှိဘဲ၊ တစ်ဇောက်ကန်းဖြစ်ခြင်း မရှိဘဲ၊ လူသား ရည်ရွယ်ချက်ကောင်းများနှင့် စိတ်ထက်သန်မှုတို့ မရှိဘဲ ယုံကြည်လက်ခံမှုများဟုခေါ်သည့် ဤအရာများမရှိဘဲနှင့် ဘုရားသခင်အား အမှန်တကယ်၊ အပြည့်အဝ ကျိုးနွံနာခံရန် ဤလူကို အခွင့်ပေးလိမ့်မည် ဖြစ်သည်။ လူတိုင်းသည် လူသားအလိုဆန္ဒမှ ဖြစ်လာသည့် ဤအရာများကို လေးစားကာ လိုက်စားကြသည်၊ နှိုင်းယှဉ်ချက်အားဖြင့် ပြောရလျှင် ဤအရာများသည် လူတို့၏ စိတ်နှလုံးများက အပြုသဘောဆောင်ကာ ကောင်းမြတ်ပြီး မှန်ကန်သည်ဟု ခေါ်သည့် အရာများ ဖြစ်သည်။ ဤအရာများသည် လူတိုင်းက အသက်ရှင်ရန် လိုလားသည့် အရာများ ဖြစ်သည်။ ဤအရာများသည် လူတို့၏ ယုံကြည်မှုများ ဖြစ်သည်။ လူတို့တွင် ဤအရာများ မရှိသည့်အခါ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံနိုင်ကြပြီး လူသား စိတ်ကူးများနှင့် လူသား ကောင်းမြတ်မှုတို့ပေါ် အခြေခံ၍ အမှုအရာများကို လုပ်ဆောင်ကာ စကားပြောဆိုကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင် ရှေ့မှောက်သို့ လူတို့ တစ်ဖန်လာကြသည့်အခါ ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်း၏ အရိပ်လက္ခဏာများ သာ၍ ရှိကြလိမ့်မည်။ စစ်မှန်သော ယုံကြည်ခြင်း၏ အရိပ်လက္ခဏာများမှာ အဘယ်နည်း။ ၎င်းတို့က ဘုရားသခင်ကို အကြံပေးကာ “ဘုရားသခင်၊ ကိုယ်တော် လုပ်ဆောင်သည့် အရာများသည် လူသား အယူအဆများနှင့် မကိုက်သကဲ့သို့ ကိုယ်တော်၏ လုပ်ဆောင်ချက်များကို လူတို့ လက်ခံရန် အခက်တွေ့ကြသည်။ ကိုယ်တော် ဤသို့ လုပ်ဆောင်ရန် တကယ် လိုအပ်သည်”ဆိုသည်နှင့် “ဘုရားသခင်၊ ကိုယ်တော်ပြောသည့်အရာ မှန်ပုံမရပါ။ လေသံက စိမ်းနေသည်၊ နည်းလမ်းက မှားနေပြီး ကိုယ်တော် အသုံးပြုသည့် စကားများက မမှန်ပါ”ဟု ပြောကြလိမ့်ဦးမည်လော။ ဤအရာများသည် ၎င်းတို့ထံမှ လျော့ပါးသွားပြီး ဘုရားသခင်ကို ၎င်းတို့ အကြံပေးကြလိမ့်မည် မဟုတ်တော့ပေ။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံနိုင်ကြလိမ့်မည်၊ အသိစိတ် ပိုင်ဆိုင်ကာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း ပိုင်ဆိုင်နိုင်ကြလိမ့်မည်။ တောထဲတွင် အနှစ်လေးဆယ် ကြံ့ခိုင်ဖွံ့ဖြိုးအောင် လုပ်ခြင်းဖြင့် ဘုရားသခင်၏ တည်ရှိခြင်းကို မောရှေ အမှန်တကယ် ခံစားခဲ့ရသည်။ တစ်ဦးချင်းအတွက် ရိုးရှင်းသည့် ရှင်သန်ခြင်းက မဖြစ်နိုင်သော ပတ်ဝန်းကျင်တစ်ခုတွင် သူသည် တစ်နေ့ချင်း ရှင်သန်ရန် ဘုရားသခင်အပေါ် မှီခိုခဲ့ပြီး တစ်နှစ်ပြီးတစ်နှစ် မျှော်လင့်ခြင်းကို ထိန်းသိမ်းကာ အဆုံးထိတိုင် အသက်ရှင်ခဲ့သည်။ ဘုရားသခင်ကို သူ အမှန်တကယ် တွေ့မြင်ခဲ့သည်။ ထိုအရာမှာ ကံအားလျော်စွာဖြစ်ခြင်း မဟုတ်သကဲ့သို့ ဒဏ္ဍာရီတစ်ခုလည်း မဟုတ်ခဲ့ပေ။ ထိုအရာနှင့်ပတ်သက်၍ မတော်တဆဖြစ်သည့် သို့မဟုတ် ရုတ်တရက်ဖြစ်သည့်အရာ ဘာမျှမရှိခဲ့။ အားလုံး မှန်ကန်ခဲ့သည်။ ဘုရားသခင်၏ စစ်မှန်သည့် တည်ရှိခြင်းကို သူ မြင်ခဲ့ပြီး အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာမှာ စစ်မှန်သည်ကို သူ မြင်ခဲ့သည်။ လူတို့အထဲက ဘုရားသခင်၏ အမှုသည် ထိုသို့သော အကျိုးတရားတစ်ခုကို စွမ်းဆောင်ရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ စိတ်နှလုံးများက ပြောင်းလဲမှုကို ကြုံရလိမ့်မည်။ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများ ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်က ဘာမျှမဟုတ်သကဲ့သို့ ဘုရားသခင် မရှိဘဲနှင့် မည်သည့်အရာမျှ ၎င်းတို့ မလုပ်ဆောင်နိုင်ကြောင်း ၎င်းတို့ ခံစားရလိမ့်မည်။ အကျိုးဆက်အနေဖြင့် အမှုအရာများကို မိမိတို့ သဘောအတိုင်း မလျှော့တမ်း လုပ်ဆောင်ရန် ၎င်းတို့ လိုလားကြလိမ့်မည် မဟုတ်ပေ။ ဤအချိန်တွင် လူတို့က “သခင်၊ ဤအမှုသည် ကိုယ်တော်၌ မရောက်ရာ” ဟူသကဲ့သို့သော အရာများကို ပြောကြလိမ့်မည်လော။ (ပြောကြမည် မဟုတ်ပါ။) ဤအချိန်တွင် လူတို့က ဘုရားသခင်ကို ဟန့်တားရန် လူသား အယူအဆများကို အခြေခံ၍ စကားပြောကြလိမ့်မည် မဟုတ်သကဲ့သို့ လူသား အလိုဆန္ဒဖြင့် သို့မဟုတ် သင့်တော်သည်ဟု မိမိတို့ကိုယ်တိုင် မြင်သည့်အတိုင်း အမှုအရာများကို မလျှော့တမ်း လုပ်ဆောင်ကြလိမ့်မည် မဟုတ်။ ဤအချိန်တွင် လူတို့ အသက်ရှင်သည့် အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ မည်သည့်အရာကို ၎င်းတို့ အသက်ရှင်နေထိုင်ကြသနည်း။ စိတ်ခံစားချက်အားဖြင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ၎င်းတို့ ကျိုးနွံနာခံနိုင်ကြသည်။ လက်တွေ့ကျကျဆိုလျှင် ၎င်းတို့သည် အမှုအရာများကို အလိုအလျောက် ဖြစ်ခွင့်ပေးနိုင်ကြသည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို စောင့်ဆိုင်းကာ ရှာဖွေနိုင်ကြပြီး ဘုရားသခင်က ၎င်းတို့အား လုပ်ဆောင်ရန် စေခိုင်းသည့် အရာရာတိုင်းတွင် တစ်ဦးချင်း ရွေးချယ်မှုများ ပြုလုပ်ခြင်းမရှိဘဲ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ကြလေသည်။
ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ ဦးဆောင်ခေါ်ထုတ်ဖို့ မောရှေကို ဘုရားသခင် စေလွှတ်ခဲ့သည် ယခင်အချိန်က ထိုသို့သော တာဝန်ပေးစေခိုင်းချက်တစ်ခုကို သူ့အား ဘုရားသခင် ပေးအပ်ခြင်းအပေါ် မောရှေ၏ တုံ့ပြန်ချက်မှာ အဘယ်နည်း။ (အကျွန်ုပ်သည် နှုတ်သတ္တိမရှိဘဲ နှုတ်လေးသောသူ၊ စကားနှေးနှေး ပြောတတ်သောသူ ဖြစ်ပါ၏ဟု သူပြောခဲ့သည်။) သူသည် နှုတ်သတ္တိမရှိဘဲ နှုတ်လေးသောသူ၊ စကားနှေးနှေးပြောသောသူ ဖြစ်သည်ဟူသည့် အနည်းငယ် ဒွိဟဖြစ်ခြင်း သူ့မှာ ရှိခဲ့သည်။ သို့ရာတွင် သူသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ခုခံခဲ့သလော။ ယင်းကို သူမည်သို့ သဘောထားခဲ့သနည်း။ သူသည် ဝပ်စင်းခဲ့သည်။ ဝပ်စင်းသည်ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်နည်း။ ယင်းက ကျိုးနွံနာခံခြင်းနှင့် လက်ခံခြင်းကို ဆိုလိုပါသည်။ သူသည် သူ၏တစ်ကိုယ်ရေ နှစ်သက်လိုလားမှုများကို အလေးမထားဘဲ သူ့ထံတွင် ရှိနိုင်သော မည်သည့် အခက်အခဲများကိုမျှ ထုတ်ဖော်ပြောပြခြင်း မရှိဘဲ ဘုရားသခင် ရှေ့မှောက်တွင် သူ၏ ဖြစ်တည်မှုတစ်ခုလုံးကို ဝပ်စင်းခဲ့သည်။ ဘုရားသခင်က သူ့ကို မည်သည့်အရာ လုပ်ခိုင်းမည်ဖြစ်ပါစေ သူသည် ချက်ချင်း လုပ်မည်ဖြစ်သည်။ သူလုပ်နိုင်သည့်အရာတစ်ခုမျှ မရှိဟု ခံစားရသည့်အချိန်တွင်ပင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို သူ အဘယ်ကြောင့် လက်ခံနိုင်ခဲ့သနည်း။ အကြောင်းမှာ သူ့အထဲတွင် စစ်မှန်သော ယုံကြည်ကိုးစားခြင်း ရှိသောကြောင့် ဖြစ်သည်။ အရာခပ်သိမ်းနှင့် ကိစ္စခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်သည့် အတွေ့အကြုံအချို့ သူ့ထံတွင်ရှိပြီး တောထဲ၌ သူတွေ့ကြုံခဲ့ရသည့် နှစ်လေးဆယ်တွင် ဘုရားသခင်၏ အချုပ်အခြာအာဏာသည် အနန္တတန်ခိုးဖြစ်ကြောင်း သူသိလာခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို သူ ပျာပျာသလဲ လက်ခံခဲ့ပြီး ဘုရားသခင် သူ့အား စေခိုင်းခဲ့ပြီးဖြစ်သည့်အရာကို နောက်ထပ်စကားတစ်လုံးမျှ ထပ်မပြောဘဲ စတင်ခဲ့ခြင်း ဖြစ်သည်။ သူ စတင်ခဲ့သည်ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းက သူသည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ကိုးစားမှု ရှိခဲ့ကြောင်း၊ ဘုရားသခင်အပေါ် စစ်မှန်သော အားကိုးမှုရှိကြောင်းနှင့် ဘုရားသခင်အပေါ် စစ်မှန်သော ကျိုးနွံနာခံမှုရှိကြောင်းကို ဆိုလိုသည်။ သူသည် သူရဲဘောနည်းသူ မဟုတ်သကဲ့သို့၊ သူ့ကိုယ်ပိုင် ရွေးချယ်မှုကို မလုပ်ခဲ့ပေ၊ သို့မဟုတ် ငြင်းဆန်ရန် မကြိုးစားခဲ့ပေ။ ထိုအစား သူသည် အပြည့်အဝ ယုံကြည်ခဲ့ပြီး ယုံကြည်ကိုးစားမှုအပြည့်ဖြင့် သူ့အပေါ် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ဆောင်ရွက်ဖို့ စတင်ခဲ့သည်။ ဤကဲ့သို့ သူယုံကြည်ခဲ့သည်။ “ဘုရားသခင်က ဤအရာကို တာဝန်ပေးစေခိုင်းပြီးဖြစ်လျှင် အားလုံးသည် ဘုရားသခင် ပြောသကဲ့သို့ လုပ်ဆောင်ပြီးဖြစ်ရမည်။ ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ ထုတ်ဆောင်ရန် ဘုရားသခင်က ကျွန်ုပ်ကို ပြောပြီးဖြစ်သောကြောင့်၊ ကျွန်ုပ်သွားမည်။ ဤသည်မှာ ဘုရားသခင် တာဝန်ပေးစေခိုင်းသည့်အရာ ဖြစ်သည့်အတွက်၊ အမှုပြုဖို့ သူသွားလိမ့်မည်ဖြစ်ပြီး ကျွန်ုပ်ကို သူ ခွန်အားပေးလိမ့်မည်ဖြစ်သည်။ ကျွန်ုပ် ပူးပေါင်းဆောင်ရွက်ဖို့သာ လိုအပ်သည်” ဟူ၍ဖြစ်သည်။ ဤသည်မှာ မောရှေတွင် ရှိခဲ့သည့် ထိုးထွင်းအမြင်ဖြစ်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သောလူများက ၎င်းတို့ကို ဘုရားသခင် ပေးအပ်သည့် အရာများကို မိမိတို့ဘာသာ လုပ်ဆောင်နိုင်သည်ဟု တွေးထင်ကြသည်။ လူတို့တွင် ထိုသို့သော အစွမ်းအစများ ရှိကြသလော။ လုံးဝ မရှိပေ။ လူတို့သည် သူရဲဘောကြောင်ကြလျှင် အဲဂုတ္တုလူမျိုး ဖာရောဘုရင်ကို တွေ့ဆုံရန်ပင် သတ္တိ ကင်းမဲ့ကြလိမ့်မည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့က “အဲဂုတ္တုလူမျိုး ဖာရောမင်းသည် နတ်ဆိုး ဘုရင်တစ်ပါး ဖြစ်သည်။ သူ့တွင် အမိန့်ပေးစေခိုင်း၍ရသည့် စစ်တပ်ကြီးတစ်တပ်ရှိပြီး စကားတစ်ခွန်းဖြင့် ငါ့ကို သတ်နိုင်သည်။ အလွန်များသည့် ဣသရေလလူမျိုးများကို ငါ အဘယ်သို့ ခေါ်ထုတ်သွားနိုင်မည်နည်း။ အဲဂုတ္တုလူမျိုး ဖာရောမင်းက ငါ့စကားကို နားထောင်မည်လော”ဟု ပြောကြလိမ့်မည်။ ဤစကားများတွင် ငြင်းပယ်ခြင်း၊ အတိုက်အခံလုပ်ခြင်းနှင့် ပုန်ကန်ခြင်းတို့ ပါဝင်သည်။ ထိုစကားများက ဘုရားသခင်ကို ယုံကြည်မှုမရှိခြင်းအား ထင်ရှားစေပြီး ဤသည်မှာ စစ်မှန်သော ယုံကြည်ကိုးစားမှု မဟုတ်ပေ။ ထိုအချိန်က အခြေအနေများသည် ဣသရေလလူမျိုးများအတွက်ဖြစ်စေ၊ မောရှေအတွက်ဖြစ်စေ ကောင်းမွန်ခြင်း မရှိချေ။ အဲဂုတ္တုပြည်ကို ပင်လယ်နီက ပိတ်ဆို့ထားပြီး ယင်းကို ကျော်ဖြတ်ခြင်းသည် ကြီးမားသော အခက်အခဲတစ်ခု ဖြစ်မည်ဖြစ်သောကြောင့် ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ ဦးဆောင်ခေါ်ထုတ်ခြင်းသည် လူသားအမြင်အားဖြင့် တကယ်ကို မဖြစ်နိုင်သည့် လုပ်ဆောင်ချက်တာဝန်တစ်ခု ဖြစ်ပေသည်။ ဤတာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းရန်မှာ မည်မျှ ခက်ခဲမည်ကို မောရှေ အမှန်တကယ်ကို မသိခဲ့၍များ ဖြစ်နိုင်မည်လော။ သူ၏စိတ်နှလုံးထဲတွင် သူသိထားသော်လည်း သူသည် နှုတ်လေးသောသူ၊ စကားနှေးနှေး ပြောတတ်သောသူဖြစ်ကြောင်း၊ မည်သူကမျှ သူ၏စကားကို အလေးထားမည် မဟုတ်ကြောင်းကိုသာ ပြောခဲ့သည်။ ပင်ကိုအားဖြင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို သူ မငြင်းပယ်ခဲ့ချေ။ ဘုရားသခင်က မောရှေကို ဣသရေလလူတို့အား အဲဂုတ္တုပြည်မှ ဦးဆောင်ခေါ်ထုတ်ခိုင်းသည့်အချိန်တွင် သူက ဝပ်စင်းပြီး လက်ခံခဲ့သည်။ အခက်အခဲများကို သူ အဘယ်ကြောင့် ထုတ်ဖော်မပြောခဲ့သနည်း။ ယင်းမှာ တောထဲတွင် နှစ်လေးဆယ်ကြာနေပြီးသည့်နောက် လူ့လောကကြီး၏ ကြီးမားသော အန္တရာယ်များကို သူ မသိခဲ့၍များဖြစ်သလော၊ သို့မဟုတ် အဲဂုတ္တုပြည်၌ အမှုကိစ္စများ ရောက်ရှိပြီးဖြစ်သည့်အခြေအနေကို မသိခဲ့၍များဖြစ်သလော၊ သို့မဟုတ် ဣသရေလလူတို့၏ လက်ရှိအတိဒုက္ခကို မသိခဲ့၍များဖြစ်သလော။ ထိုအရာများကို သူ ရှင်းလင်းစွာ မမြင်နိုင်ခဲ့သလော။ ယင်းမှာ ဖြစ်ပျက်နေခဲ့သည့်အရာ ဖြစ်သလော။ သေချာပေါက် မဟုတ်ချေ။ မောရှေသည် ဉာဏ်ရည်ဉာဏ်စွမ်းရှိပြီး အမြော်အမြင်ရှိသည်။ လူ့လောကထဲတွင် ထိုအရာများကို ကိုယ်တိုင်ကိုယ်ကျ ခံရပြီးကာ တွေ့ကြုံရလျက် ထိုအရာများအားလုံးကို သူသိခဲ့ပြီး သူ မည်သည့်အခါမျှ မမေ့ခဲ့ချေ။ ထိုအရာများအားလုံးကို သူအလွန်ကောင်းစွာ သိခဲ့သည်။ ထို့ကြောင့် ဘုရားသခင် သူ့ကို ပေးသည့် တာဝန်ပေးစေခိုင်းချက်သည် မည်မျှခက်ခဲသည်ကို သူသိခဲ့သလော။ (သိခဲ့ပါသည်။) သူသိခဲ့လျှင် ထိုတာဝန်ပေးစေခိုင်းချက်ကို သူ မည်သို့ လက်ခံနိုင်ခဲ့သနည်း။ သူသည် ဘုရားသခင်ကို ယုံကြည်ကိုးစားမှုရှိခဲ့သည်။ သူ၏တစ်သက်တာ အတွေ့အကြုံဖြင့် ဘုရားသခင်၏ အနန္တတန်ခိုးကို သူယုံကြည်သောကြောင့် ဘုရားသခင်၏ ဤတာဝန်ပေးစေခိုင်းချက်ကို ယုံကြည်ကိုးစားခြင်းအပြည့်ရှိသော စိတ်နှလုံးနှင့်၊ သံသယ စိုးစဉ်းမျှ မရှိဘဲ လက်ခံခဲ့သည်။ သူသည် မည်သည့် အတွေ့အကြုံ ရှိခဲ့သနည်း။ ငါ့ကို ပြောလော့။ (သူ၏ အတွေ့အကြုံတွင် ဘုရားသခင်ထံ သူ ဟစ်ခေါ်သည့်အကြိမ်တိုင်းနှင့် ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်သည့် အကြိမ်တိုင်းတွင် ဘုရားသခင်က သူ့ကို ဦးဆောင်လမ်းပြခဲ့သည်။ ဘုရားသခင်သည် သူ၏ ကတိစကားကို စောင့်ထိန်းရန် မည်သည့်အခါတွင်မျှ မပျက်ကွက်ခဲ့သည်ကို မောရှေမြင်ခဲ့ပြီး ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်ကိုးစားမှု ရှိခဲ့သည်။) ဤသည်မှာ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ အခြားတစ်ခုတလေ ရှိသေးသလော။ (တောထဲရှိ သူ၏ အနှစ်လေးဆယ် အတောအတွင်းတွင် မောရှေသည် ဘုရားသခင်ထံ ဟစ်ခေါ်ကာ ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ဧကန်အမှန် မြင်ခဲ့ရပြီး ဖြစ်သည်။ သူသည် ရှင်သန်နိုင်ခဲ့ကာ ထိုအရာကို ဖြတ်ကျော်လာနိုင်ခဲ့ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကို စစ်မှန်သည့် ယုံကြည်ခြင်း ပိုင်ဆိုင်ခဲ့သည်။) အခြားတစ်ခုခု ရှိသေးသလော။ (ဘုရားသခင်သည် မောရှေ့အပေါ် အမှုများစွာ ပြုလုပ်နှင့်ခဲ့ပြီးဖြစ်သည်။ ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်း ဖန်ဆင်းခဲ့ပုံ၊ နောဧကာလတွင် ကမ္ဘာလောကကို ဖျက်ဆီးရန် ဘုရားသခင်က ရေလွှမ်းမိုးခြင်း အသုံးပြုခဲ့ပုံနှင့် အာဗြဟံနှင့် အခြား ထိုသို့သောအရာများအကြောင်း တစ်စုံတစ်ရာကို မောရှေ့ သိရှိခဲ့သည်။ သူသည် ဤအရာများကို ပညတ္တိကျမ်းတွင် ရေးသားခဲ့သည်၊ ယင်းက သူသည် ဘုရားသခင်၏ ဤလုပ်ဆောင်ချက်များကို ထိုးထွင်းအမြင် ရရှိခဲ့ကာ ဘုရားသခင်က အနန္တတန်ခိုးရှိပြီး အရာခပ်သိမ်းသိမြင်ကြောင်း သိခဲ့သည်ကို သက်သေပြပါသည်။ ထို့ကြောင့် ဘုရားသခင်က သူ့ကို ဦးဆောင်သည်နှင့်အမျှ တာဝန်သည် မုချ အောင်မြင်မည်ဖြစ်ကြောင်းကို သူ ယုံကြည်ခဲ့သည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သူစောင့်ကြည့်ချင်ခဲ့သည်၊ သူ့အားဖြင့် ဘုရားသခင်က မည်သည့်အရာ လုပ်ဆောင်မည်ဆိုသည်နှင့် သူ့ကို ဘုရားသခင်က မည်သို့ ကူညီကာ လမ်းပြမည်ကို ကြည့်လိုခဲ့သည်။ ဤသည်မှာ သူ့တွင် ရှိခဲ့သည့် ယုံကြည်ကိုးစားမှု ဖြစ်ပါသည်။) ယင်းမှာ ဖြစ်ခဲ့သည့်ပုံစံဖြစ်သည်။ ကန္တာရထဲတွင် သူ၏နှစ်လေးဆယ်ကြာကာလ၌ မောရှေသည် ဘုရားသခင်၌ မည်သည့်အရာကမျှ မခက်ခဲကြောင်းနှင့် လူသည် ဘုရားသခင်၏ လက်တော်တွင် ရှိကြောင်းကို တွေ့ကြုံခံစားနိုင်ခဲ့သည်လားဆိုသည်ကို ငါ့ကို ပြောလော့။ အလွန်တွေ့ကြုံခံစားနိုင်ခဲ့ပါသည်။ ယင်းမှာ သူ၏ အစစ်မှန်ဆုံး အတွေ့အကြုံဖြစ်သည်။ ကန္တာရတွင် သူ၏ နှစ်လေးဆယ်ကြာကာလ၌ သူ့အတွက် သေလောက်သော အန္တရာယ်ရှိသည့် အရာများစွာရှိခဲ့ပြီး သူ အသက်ရှင်မည် ဟုတ်မဟုတ်ကို သူမသိခဲ့ပါ။ နေ့စဉ်နေ့တိုင်း သူ၏အသက်အတွက် သူရုန်းကန်ခဲ့ရပြီး ကွယ်ကာခြင်းအတွက် ဘုရားသခင်ကို ဆုတောင်းခဲ့ရသည်။ ယင်းမှာ သူ၏ တစ်ခုတည်းသော ဆန္ဒဖြစ်သည်။ ထိုနှစ်လေးဆယ်တွင် သူအလေးနက်ဆုံး တွေ့ကြုံခံစားရသည့်အရာမှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ကွယ်ကာခြင်း ဖြစ်သည်။ ထို့နောက် နောက်ပိုင်းတွင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို သူ လက်ခံနေသည့်အခါ သူ၏ ပထမဆုံး ခံစားချက်မှာ ဤကဲ့သို့ဖြစ်သည်။ “ဘုရားသခင်၌ မည်သည့်အရာမျှ မခက်ခဲပေ၊ ဘုရားသခင်က ပြီးမြောက်နိုင်သည်ဟု ဆိုလျှင် ယင်းသည် သေချာပေါက် ပြီးမြောက်နိုင်သည်၊ ဘုရားသခင်က ထိုတာဝန်ပေးစေခိုင်းချက်ကို ပေးသည့်အတွက် ယင်းကို သူ ဧကန်မုချ သေချာဖြစ်မြောက်စေလိမ့်မည်၊ ယင်းကို လုပ်ဆောင်မည့်သူမှာ သူဖြစ်ပြီး မည်သည့်လူသားမျှ မဟုတ်ချေ” ဟူ၍ဖြစ်သည်။ လုပ်ဆောင်ချက် မပြုမီ၊ လူတို့သည် စီစဉ်ရမည်ဖြစ်ပြီး ကြိုတင်စီစဉ်မှုများ ပြုလုပ်ရမည်ဖြစ်သည်။ အကြိုလုပ်ငန်းများကို ၎င်းတို့သည် ဦးစွာ ကိုင်တွယ်ရမည်။ ဘုရားသခင်သည် သူ မလုပ်ဆောင်မီ ဤကိစ္စများကို ဆောင်ရွက်ရမည်လော။ မလိုအပ်ချေ။ ဖန်ဆင်းခံတိုင်းသည် မည်မျှဩဇာညောင်းပါစေ၊ မည်မျှ လုပ်နိုင်စွမ်း သို့မဟုတ် တန်ခိုးအာဏာကြီးပါစေ၊ မည်မျှ ထိန်းမနိုင်သိမ်းမရဖြစ်ပါစေ ဘုရားသခင်၏ လက်ထဲတွင် ရှိပေ၏ဟူ၍ ဖြစ်ပေသည်။ မောရှေသည် ဤအရာနှင့်ပတ်သက်၍ ယုံကြည်ကိုးစားခြင်း၊ အသိပညာနှင့် အတွေ့အကြုံ ရှိသောကြောင့် သူ၏ စိတ်နှလုံးထဲတွင် သံသယ၊ သို့မဟုတ် အကြောက်တရား တစ်စက်မျှ မရှိချေ။ သို့ဖြစ်၍ ဘုရားသခင်အပေါ် သူ၏ ယုံကြည်ကိုးစားခြင်းသည် အထူးသဖြင့် စစ်မှန်ပြီး ဖြူစင်သည်။ သူသည် ယုံကြည်ကိုးစားခြင်းဖြင့် ပြည့်နေခဲ့ပြီးဖြစ်သည်ဟု ဆိုကောင်းဆိုနိုင်လေသည်။
စစ်မှန်သော ယုံကြည်ခြင်းက မည်သည့်အရာဖြစ်ကြောင်းကို ငါ ယခုတင် ပြောဆိုပြီးဖြစ်သည်။ ငါ့ကိုပြောလော့၊ အဆုံးတွင် ဘုရားသခင်သည် လူတို့၏ ယုံကြည်လက်ခံမှုများကို အလိုရှိသလော သို့မဟုတ် လူတို့၏ စစ်မှန်သော ယုံကြည်ခြင်းကို အလိုရှိသလော။ (လူတို့၏ စစ်မှန်သော ယုံကြည်ခြင်းကို သူ အလိုရှိပါသည်။) ဘုရားသခင် အလိုရှိသောအရာမှာ လူတို့၏ စစ်မှန်သော ယုံကြည်ခြင်း ဖြစ်သည်။ စစ်မှန်သော ယုံကြည်ခြင်းဆိုသည်မှာ အဘယ်နည်း။ အရိုးရှင်းဆုံးနှင့် တိုက်ရိုက်အကျဆုံးသော ဝေါဟာရအားဖြင့်ဆိုရလျှင် ထိုအရာမှာ ဘုရားသခင်၌ လူတို့၏ စစ်မှန်သော ယုံကြည်ကိုးစားမှု ဖြစ်သည်။ လက်တွေ့လုပ်ဆောင်ခြင်းတွင် စစ်မှန်သော ယုံကြည်ကိုးစားမှုက မည်သည့်အရာနှင့် တူသနည်း။ ထိုအရာသည် လူတို့၏ လက်တွေ့ဘဝများရှိ လုပ်ဆောင်ချက်များအားလုံးနှင့် အဘယ်ပတ်သက်မှု ရှိသနည်း။ (ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိပြီး စီမံသည်ကို လူတို့ ယုံကြည်ကြသည်။ သူတို့ ကြုံရသမျှအားလုံးအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သူတို့ ယုံကြည်ကြပြီး ဘုရားသခင်အတွက် မည်သည့်အရာမျှ မခက်ခဲသည်ကို ယုံကြည်ကြသည်။) (ဘုရားသခင် ပြောသည့် စကားတိုင်း ဖြစ်လာလိမ့်မည်ဟု လူတို့ ယုံကြည်ကြသည်။) ဤအရာကို နောက်ထပ် အချိန်ယူတွေးဆလော့။ စစ်မှန်သော ယုံကြည်ကိုးစားမှုသည် အခြားမည်သည့်ပုံစံဖြင့် ယင်းဘာသာ ထင်ရှားလိမ့်မည်နည်း။ (မောရှေ၏ ယုံကြည်ကိုးစားမှုသည် သာမန် ယုံကြည်သူများ၏ ယုံကြည်ကိုးစားမှုနှင့် ကွဲပြားပါသည်။ ကမ္ဘာဦးကျမ်းကို သူ ရေးသားခဲ့ချိန်တွင် ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို သူ၏ စကားများဖြင့် ဖန်ဆင်းခဲ့ကြောင်း သူ ယုံကြည်ခဲ့သည်၊ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့သည် ဘုရားနှုတ်ကပတ်တော်များမှတစ်ဆင့် ဖြစ်ပေါ်လာခဲ့ကြောင်း သူ ယုံကြည်ခဲ့သည်၊ ဘုရားသခင် ပြောဆိုသည့် မည်သည့်အရာမဆို အမှန်တကယ် ဖြစ်ပြီး ဘုရားသခင် စီမံသည့်အရာသည် ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း သူ ယုံကြည်ခဲ့သကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားလုံး အမှန်တကယ် ဖြစ်လာမည်ဖြစ်ကာ ပြီးပြည့်စုံမည်ကို သူ ယုံကြည်ခဲ့သည်။ ဤအရာနှင့်စပ်လျဉ်း၍ သူသည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ကိုးစားမှု ရှိခဲ့သည်။ သူသည် ဘုရားသခင် အမှန်တကယ် တည်ရှိသည်ဟူသော အချက်ကို ယုံကြည်ခဲ့ရုံမျှသာ မဟုတ်ပေ။ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို ဘုရားသခင် ဖန်ဆင်းခဲ့ကြောင်းကို သူ ယုံကြည်ခဲ့သည်။ သူ၏ စိတ်နှလုံးတွင် ဘုရားနှုတ်ကပတ်တော်များက အရာရာကို ဖြစ်မြောက်စေခဲ့ကြောင်း သူ လုံးဝ ယုံကြည်ခဲ့ပြီး ဘုရားသခင်၏ အနန္တတန်ခိုးကို သူ ယုံကြည်ခဲ့သည်။ သူသည် ဘုရားသခင်၌ ထိုသို့သော ယုံကြည်ကိုးစားမှု ကင်းမဲ့ခဲ့လျှင် ကမ္ဘာဦးကျမ်းကို မည်သည့်အခါတွင်မျှ ရေးနိုင်ခဲ့မည် မဟုတ်ပါ။ ဤစကားများကို သန့်ရှင်းသော ဝိညာဉ်တော်ကလည်း မှုတ်သွင်းထားခဲ့ခြင်း သို့မဟုတ် ထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး သူက ရှင်းလင်းစွာ မြင်နိုင်ခဲ့သည်။) ငါ့ကို ပြောလော့၊ ဘုရားသခင်၏ စစ်မှန်သည့် တည်ရှိခြင်းသည် လူတို့ ယုံကြည်သောကြောင့် အမှန်တရားတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ဘုရားသခင်၏ စစ်မှန်သော တည်ရှိခြင်းသည် မည်သည့် အမှန်တရားမျိုး ဖြစ်သနည်း။ (လူတို့က ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ဘုရားသခင် တည်ရှိပြီး ဘုရားသခင်သည် မိမိဘာသာဖြစ်တည်ကာ ထာဝရတည်ရှိပါသည်။) အနည်းဆုံးအနေဖြင့် ဘုရားသခင်၌ ယုံကြည်ကိုးစားခြင်းသည် ဤအခြေခံအုတ်မြစ်ပေါ် အခြေခံရမည်ဖြစ်သည်။ ဘုရားသခင်သည် သူ့အပေါ် သင်၏ နှုတ်ဖြင့် အသိအမှတ်ပြုခြင်းကြောင့် တည်ရှိခြင်း မဟုတ်သကဲ့သို့ သူ့ကို သင် အသိအမှတ်မပြုသောကြောင့်လည်း မတည်ရှိဘဲ နေမည်မဟုတ်။ ထို့ထက် သူ့ကို သင် ယုံကြည်သည်ဖြစ်စေ၊ အသိအမှတ်ပြုသည်ဖြစ်စေ ဘုရားသခင် တည်ရှိပေသည်။ ဘုရားသခင်သည် ထာဝရ ဖန်ဆင်းရှင်ဖြစ်ပြီး အရာခပ်သိမ်းအပေါ် ထာဝရ အချုပ်အခြာအာဏာ ရှိပေသည်။ လူတို့သည် ဤသိနားလည်မှုသို့ ရောက်ရှိရန် အဘယ်ကြောင့် လိုအပ်သနည်း။ ထိုအရာက လူတို့တွင် မည်သည့်အရာကို ပြောင်းလဲပေးနိုင်သနည်း။ လူအချို့က “ကိုယ်တော့်ကို ကျွန်ုပ်တို့ ယုံကြည်လျှင် ကိုယ်တော်သည် ဘုရားသခင်ဖြစ်သည်။ သို့သော် ကိုယ်တော့်ကို ကျွန်ုပ်တို့ မယုံကြည်လျှင် ကိုယ်တော်သည် ဘုရားသခင် မဟုတ်ပါ”ဟု ဆိုကြသည်။ ဤစကားများသည် အဘယ်နည်း။ ဤသည်တို့မှာ ပုန်ကန်ပြီး မှားယွင်းသော စကားများ ဖြစ်သည်။ ဘုရားသခင်က “ငါ့ကို သင် မယုံကြည်လျှင် ငါ ဘုရားဖြစ်နေဆဲဖြစ်ပြီး သင်၏ ကံကြမ္မာအပေါ် ငါ အချုပ်အခြာအာဏာရှိနေဆဲဖြစ်သည်။ ဤအရာကို သင် မပြောင်းလဲနိုင်ပါ”ဟု ပြောသည်။ ဤသည်မှာ မည်သူမျှ ငြင်းမရနိုင်သည့် အမှန်တရားတစ်ခု ဖြစ်သည်။ ဘုရားမဲ့ဝါဒီတစ်ယောက်က ဘုရားသခင်ကို မည်မျှ ငြင်းပယ်သည်ဖြစ်စေ၊ အတိုက်အခံလုပ်သည်ဖြစ်စေ၊ ၎င်း၏ ကံကြမ္မာသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိနေဆဲဖြစ်ပြီး ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ၎င်းတို့ မလွတ်မြောက်နိုင်ပေ။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို သင် အပြည့်အဝ လက်ခံကာ ကျိုးနွံနာခံပြီး ဘုရားသခင် ဖော်ပြခဲ့သည့် သမ္မာတရားအားလုံးကို လက်ခံနိုင်လျှင် ဘုရားနှုတ်ကပတ်တော်များက သင်၏ ဘဝလမ်းခရီးကို ပြောင်းလဲပေးနိုင်သည်၊ သင်၏ ဘဝ ရည်မှန်းချက်များနှင့် သင်၏ လိုက်စားမှု ဦးတည်ချက်ကို ပြောင်းလဲပေးနိုင်သည်၊ သင် ရွေးချယ်သည့် လမ်းကြောင်းကို ပြောင်းလဲပေးနိုင်ပြီး သင့်ဘဝ၏ အဓိပ္ပာယ်ကို ပြောင်းလဲပေးနိုင်သည်။ လူအချို့က ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်ကြောင်းနှင့် ဘုရားသခင်သည် တည်ရှိသမျှ အရာခပ်သိမ်းနှင့် အရာရာတိုင်းအပေါ် အချုပ်အခြာအာဏာရှိကြောင်း မိမိတို့နှုတ်ဖြင့် ပြောဆိုကြသော်လည်း ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ၎င်းတို့ ကျိုးနွံနာခံနိုင်ခြင်း မရှိသကဲ့သို့ ဘုရားသခင်က လူတစ်ဦးချင်းစီအတွက် မတူကွဲပြားသော အစီအစဉ်များ ပြုလုပ်သည်ဆိုသည်ကို မမြင်နိုင်ကြချေ။ ဤလူများသည် မိမိတို့ကိုယ်ပိုင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို အမြဲ လိုက်စားလိုကြပြီး ကြီးမားသည့် အရာများကို အမြဲလုပ်ဆောင်လိုကြသော်လည်း ဆက်ကာဆက်ကာဖြစ်သော အနှောင့်အယှက်များကို ၎င်းတို့ ကြုံရကာ နောက်ဆုံးတွင် ရိုက်ချခံရကာ ကျိုးပဲ့ပြီး သွေးထွက်ကျန်ရစ်ရသည်။ ထို့နောက်တွင်မှ ၎င်းတို့ အရှုံးပေးအပ်နှံကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို အမှန်တကယ် ယုံကြည်ပါက ဤသို့ ပြုမူဆောင်ရွက်ကြမည်လော။ ၎င်းတို့အတွက် ဖြစ်နိုင်မည် မဟုတ်ပေ။ ၎င်းတို့ မည်သို့ ရှေ့ဆက်လုပ်ဆောင်သင့်သနည်း။ ဦးစွာပထမ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့ နားလည်သင့်သည်။ လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ အမှုတော်တွင် သူသည် လူတို့အား ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပြီး စာတန်၏ စွမ်းအားမှ ရုန်းထွက်လွတ်မြောက်ရန်၊ ဘဝ၏ မှန်ကန်သည့် လမ်းကြောင်းကို လျှောက်ပြီး ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်ရန် ကူညီမစသည်။ လူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို အမှန်တကယ် နားလည်ပါက ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်းအား စွမ်းဆောင်ရရှိလျက် ၎င်းတို့၏ သမ္မာတရား လိုက်စားမှုနှင့် ဘုရားသခင်ကို နားလည်ရန် စူးစမ်းရှာဖွေရာတွင် ဘုရားသခင်၏ သတ်မှတ်ချက်များကို လိုက်လျှောက်ကြလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့်သာ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် ကိုက်ညီနိုင်ကြပေသည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း မရှိသည့် လူများစွာ ရှိသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အလိုဆန္ဒများကို အမြဲ လိုက်စားအားထုတ်လိုကြသော်လည်း အဆုံးတွင် အားလုံး ကျရှုံးကြသည်။ ထိုအခါတွင်မှ ၎င်းတို့က “ဤသည်မှာ ကံကြမ္မာဖြစ်ပြီး ဘုရားသခင် စီမံထားပြီးဖြစ်သည့်အရာကို မည်သူမျှ မပြောင်းလဲနိုင်ပါ”ဟူ၍ မိမိတို့ စိတ်နှလုံးများထဲရှိသည့်အရာကို ပြောဆိုကြလေသည်။ ဤအချိန်တွင် ၎င်းတို့က “ဘုရားသခင်၏ တည်ရှိခြင်းကို ကျွန်ုပ် ယုံကြည်ပြီး ဘုရားသခင်က အရာရာတိုင်းကို သူ၏ လက်ထဲ ထိန်းချုပ်သည်ကို ကျွန်ုပ် ယုံကြည်ပါသည်”ဟု တစ်ဖန် ပြောဆိုသည့်အခါ ဤစကားများသည် ယခင်က သူတို့ ပြောဆိုခဲ့သည့်စကားများနှင့် ကွဲပြားမှု ရှိပါသလော။ ယင်းတို့သည် ယခင်က ၎င်းတို့ ပြောဆိုခဲ့ကြသည့် အယူဝါဒများထက် များစွာ သာ၍ လက်တွေ့ကျသည်။ ယခင်က ၎င်းတို့သည် ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိကြောင်း နှုတ်ဖြင့်သာ အသိအမှတ်ပြုပြီး ယုံကြည်ခဲ့ကြသော်လည်း အမှုအရာများက ၎င်းတို့ထံ ဖြစ်ပျက်သည့်အခါ ဘုရားသခင်ကို မနာခံနိုင်ခဲ့ကြသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များပေါ် အခြေခံ၍ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ကြပေ။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့၏ စံထားရာများကို မိမိတို့ဘာသာ အကောင်အထည် ဖော်နိုင်မည်ဟု တွေးထင်ခဲ့ကြသည်။ ဤသို့ဖြင့် ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့ ယုံကြည်သည့် ဘုရားနှုတ်ကပတ်တော်များနှင့် ၎င်းတို့၏လျှာဖျားပေါ်က အယူဝါဒများသည် ၎င်းတို့ လုပ်ရပ်များ၏ စည်းမျဉ်းများ ဖြစ်မလာနိုင်ခဲ့ပေ။ ဆိုလိုသည်မှာ ဘုရားနှုတ်ကပတ်တော်များက အားလုံး သမ္မာတရားဖြစ်ပြီး အရာခပ်သိမ်းကို ဖြစ်မြောက်စေနိုင်ကြောင်း ၎င်းတို့ မယုံကြည်ခဲ့ကြပေ။ သမ္မာတရားကို ၎င်းတို့ နားလည်သည်ဟု တွေးထင်ခဲ့ကြသော်လည်း ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ၎င်းတို့ ကျိုးနွံနာခံနိုင်ခြင်း မရှိခဲ့ကြသောကြောင့် ၎င်းတို့ နားလည်ခဲ့ကြသည့်အရာမှာ အယူဝါဒများနှင့် စကားများသာဖြစ်သည်၊ သမ္မာတရား စစ်မှန်မှု မဟုတ်ခဲ့ပေ။ ၎င်းတို့၏ နှုတ်များဖြင့် ၎င်းတို့က ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်သည်ဟု ဆိုခဲ့ကြသော်လည်း လက်တွေ့ဘဝတွင် ဘုရားသခင်ကို ၎င်းတို့ ကျိုးနွံနာခံနိုင်ခြင်း မရှိခဲ့ကြပေ။ ၎င်းတို့၏ ကိုယ်ပိုင်လမ်းကြောင်းများဆီသို့ အမြဲ ဆင်းသွားကြသည်၊ ၎င်းတို့ ကိုယ်ပိုင် အလိုဆန္ဒများကို အမြဲ လိုက်စားချင်ခဲ့ကြပြီး ဘုရားသခင်၏ သတ်မှတ်ချက်များကို ချိုးဖောက်ခဲ့ကြသည်။ ဤသည်မှာ စစ်မှန်သော ကျိုးနွံနာခံမှုလော။ ဤနေရာတွင် စစ်မှန်သော ယုံကြည်လက်ခံမှုနှင့် စစ်မှန်သော ယုံကြည်ကိုးစားမှု ရှိသလော။ (မရှိပါ။) တစ်ခုမျှ လုံးဝ မရှိ၊ ယင်းမှာ တကယ်ကို သနားဖွယ်ရာပင်။ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ကိုးစားမှု၏ သရုပ်သကန်များမှာ အဘယ်နည်း။ စစ်မှန်သော ယုံကြည်ကိုးစားမှု ရှိသည့်လူတို့သည် အနည်းဆုံးအနေဖြင့် ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်းနှင့် ထိုနှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာလိမ့်မည်ဖြစ်ကာ ပြီးပြည့်စုံလိမ့်မည်ဖြစ်ကြောင်း ယုံကြည်ကြပြီး ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းသည် ဘဝတွင် မှန်ကန်သည့် လမ်းကြောင်းဖြစ်သည်ဟု ယုံကြည်ကြလေသည်။ ၎င်းတို့၏ ဘဝများတွင် ဘုရားသခင်ထံ ၎င်းတို့ ဆုတောင်းပြီး ဘုရားသခင်အပေါ် မှီခိုအားကိုးကြသည်၊ ဘုရားနှုတ်ကပတ်တော်များကို မိမိတို့၏ လက်တွေ့ဘဝများထဲသို့ ယူဆောင်ကြသည်၊ အရာခပ်သိမ်းတွင် ဘုရားနှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ကြသည်၊ ရိုးသားသော လူများဖြစ်ရန် ကြိုးစားကြပြီး ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို အသက်ရှင်နေထိုင်ကြသည်။ ဘုရားသခင်၏ တည်ရှိခြင်းနှင့် အချုပ်အခြာအာဏာကို ၎င်းတို့ ယုံကြည်ကြရုံသာမက ၎င်းတို့၏ လက်တွေ့ကျသော ဘဝများတွင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန်လည်း ကြိုးစားကြသည်။ ၎င်းတို့ ပုန်ကန်ပါက မိမိတို့ကိုယ်ကို သုံးသပ်နိုင်ကြသည်၊ သမ္မာတရားကို လက်ခံနိုင်ကြသည်၊ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းကို ခံယူနိုင်ကြပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား စွမ်းဆောင်ရရှိနိုင်ကြသည်။ သင်သည် ဤသို့လက်တွေ့လုပ်ဆောင်ပါက သင် ယုံကြည်ပြီး အသိအမှတ်ပြုသည့် သမ္မာတရားသည် သင်၏ အသက်စစ်မှန်မှု ဖြစ်လာလိမ့်မည်။ ဤသမ္မာတရားက သင်၏ အတွေးများကို လမ်းပြနိုင်လိမ့်မည်၊ သင်၏ ဘဝကို လမ်းပြနိုင်လိမ့်မည်ဖြစ်ပြီး သင်၏ ဘဝတစ်ခုလုံး လျှောက်လှမ်းသည့် ဦးတည်ချက်ကို လမ်းပြနိုင်လိမ့်မည်။ ဤအချိန်တွင် သင်သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ကိုးစားမှုကို ဖွင့်ထုတ်နိုင်လိမ့်မည်။ သင်သည် ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်လက်ခံမှုနှင့် စစ်မှန်သည့် နာခံမှုပိုင်ဆိုင်သည့်အခါ ဤအရာက ယုံကြည်ကိုးစားမှုကို ဖြစ်ပေါ်စေသည်။ ဤယုံကြည်ကိုးစားမှုသည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းဖြစ်၏။ ဤစစ်မှန်သော ယုံကြည်ခြင်းသည် မည်သည့်နေရာမှ လာသနည်း။ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်း၊ ထိုသို့ဖြင့် သမ္မာတရားကို သိနားလည်လာခြင်းအားဖြင့် ထိုအရာကို ရရှိပေသည်။ သမ္မာတရားကို လူတို့ နားလည်လေ၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ကိုးစားမှု ကြီးမားလေ၊ ဘုရားသခင်ကို ၎င်းတို့ သာ၍ သိလေဖြစ်ကာ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံလေဖြစ်သည်။ ဤသည်မှာ လူတို့က စစ်မှန်သည့် ယုံကြည်ခြင်း ရှိလာသည့်ပုံဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။