အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ - အခန်း (၁၂၀)

ဇိအုန်။ ဝမ်းမြောက်ကြလော့။ ဇိအုန်။ ရွှင်လန်းစွာသီချင်းဆိုလော့။ ငါသည် အောင်ခြင်းဖြင့် ပြန်လာပြီ၊ ငါသည် အောင်မြင်လျက် ပြန်လာပြီ။ လူအပေါင်းတို့။ အစဉ်အလိုက် အလျင်အမြန် စီတန်းကြလော့။ ဖန်ဆင်းခြင်း အရာခပ်သိမ်းတို့၊ ငါ၏ ဇာတိအဖြစ်သည် စကြဝဠာတစ်ခုလုံးကို မျက်နှာမူပြီး၊ ကမ္ဘာမြေကြီး၏ အရှေ့အရပ်၌ ပေါ်ထွန်းသည့်အတွက် ယခု လာ၍ရပ်နားကြလော့။ မည်သူသည် ကိုးကွယ်ခြင်းဖြင့် ဒူးမထောက်ဝံ့သနည်း။ ငါ့ကို စစ်မှန်သော ဘုရားသခင်ဟု အဘယ်သူ မခေါ်ဝံ့သနည်း။ မည်သူသည် ကြောက်ရွံ့မှုဖြင့် မော်မကြည့်ဘဲနေဝံ့သနည်း။ မည်သူသည် မချီးမွမ်းဘဲ နေဝံ့သနည်း။ မည်သူသည် ဝမ်းမြောက်ပျော်ရွှင်ခြင်းမရှိဘဲ နေဝံ့သနည်း။ ငါ၏ လူတို့သည် ငါ၏ အသံကို ကြားကြလိမ့်မည်ဖြစ်ပြီး၊ ငါ၏ သားများသည် ငါ၏ နိုင်ငံတော်အတွင်း ရှင်သန်ကြလိမ့်မည်။ တောင်များ၊ မြစ်များနှင့် အရာခပ်သိမ်းသည် အဆုံးမဲ့ သြဘာပေးကာ၊ မရပ်မနား ခုန်ပေါက်ကြလိမ့်မည်။ ဤအချိန်တွင် မည်သူမျှ နောက်ပြန်ဆုတ်ဝံ့ကြမည် မဟုတ်သကဲ့သို့ မည်သူမျှ ထ၍ ခုခံပြုဝံ့ကြမည် မဟုတ်ပေ။ ဤသည်မှာ ငါ၏ အံ့သြဖွယ် လုပ်ဆောင်ချက် ဖြစ်ပြီး၊ ထို့ထက်ပို၍ ငါ၏ ကြီးမားသော တန်ခိုးအာဏာ ဖြစ်သည်။ ငါသည် အရာခပ်သိမ်းအား ၎င်း၏စိတ်နှလုံးထဲတွင် ငါ့ကို ကြောက်ရွံ့စေမည်ဖြစ်ကာ၊ ဤမျှမက ခပ်သိမ်းသော အရာတို့ကို ငါ့အား ချီးမွမ်းစေမည်။ ဤသည်မှာ ငါ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ အဆုံးစွန်ရည်မှန်းချက် ဖြစ်ပြီး၊ ငါ ချမှတ်ထားသည့်အရာ ဖြစ်သည်။ လူတစ်ဦးတစ်ယောက်ဖြစ်စေ၊ အရာဝတ္ထုတစ်ခုဖြစ်စေ၊ အဖြစ်အပျက် တစ်ခုဖြစ်စေ၊ ငါ့အား ထ၍ မခုခံဝံ့၊ မဆန့်ကျင်ဝံ့ပေ။ ငါ၏ လူအားလုံးသည် (တစ်နည်းအားဖြင့်၊ နောက်ပိုင်းတွင် ငါ ဖန်ဆင်းမည့် ကမ္ဘာလောကဖြစ်သည့်) ငါ၏ တောင်သို့ စီးဆင်းကြလိမ့်မည်ဖြစ်ပြီး၊ ငါသည် ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်း ရှိကာ သြဇာအာဏာ ရှိသောကြောင့် ၎င်းတို့သည် ငါ့ရှေ့တွင် ကျိုးနွံနာခံကြလိမ့်မည်။ (ဤသည်မှာ ငါ့အနေဖြင့် ကိုယ်ခန္ဓာထဲ၌ ရှိသောအချိန်ကို ရည်ညွှန်းခြင်း ဖြစ်၏။ ငါသည် ဇာတိပကတိ၌လည်း သြဇာအာဏာ ရှိ၏၊ သို့သော် အချိန်နှင့် နေရာ၏ ကန့်သတ်ချက်များကို ဇာတိပကတိ၌ ကျော်လွန်နိုင်ခြင်း မရှိသောကြောင့် ငါသည် ပြည့်စုံသော ဘုန်းအသရေကို ရရှိထားပြီဟု မဆိုနိုင်။ ငါသည် ဇာတိပကတိ၌ သားဦးများကို ရရှိသော်လည်း၊ ဘုန်းအသရေကို ငါရရှိထားပြီဟု မဆိုနိုင်ပေ။ ဇိအုန်သို့ ငါ ပြန်ကြွပြီး၊ ငါ၏ ပုံပန်းကို ပြောင်းလဲသည့်အခါမှသာ၊ ငါသည် သြဇာအာဏာ ရှိသည်- ဆိုလိုသည်မှာ ဘုန်းအသရေကို ငါရပြီဟု ဆိုကောင်းဆိုနိုင်ပေသည်။) ငါ့အတွက် မည်သည့်အရာမျှ ခက်ခဲလိမ့်မည်မဟုတ်။ ငါ၏ နှုတ်မှ နှုတ်ကပတ်တော်များအားဖြင့် အရာခပ်သိမ်း ဖျက်ဆီးခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ ငါ၏ နှုတ်မှ နှုတ်ကပတ်တော်များအားဖြင့် အရာခပ်သိမ်း ဖြစ်တည်လာကာ၊ စုံလင်စေခြင်း ခံရကြလိမ့်မည်။ ယင်းမှာ ငါ၏ ကြီးမြတ်သော တန်ခိုးနှင့် ငါ၏ သြဇာအာဏာ ဖြစ်သည်။ ငါသည် တန်ခိုးနှင့် ပြည့်ဝပြီး၊ သြဇာအာဏာဖြင့် ပြည့်နှက်ခြင်းကြောင့်၊ မည်သူမျှ ငါ့ကို မတားဆီးဝံ့ချေ။ ငါသည် အရာရာအပေါ် အောင်နိုင်နှင့်ပြီး ဖြစ်ကာ၊ ပုန်ကန်ခြင်း၏ သားများအားလုံးအပေါ် အောင်မြင်ခြင်း ရရှိနှင့်ပြီးဖြစ်သည်။ ဇိအုန်သို့ ငါနှင့်အတူ ပြန်ရန် ငါ၏ သားဦးများကို ငါသည် ခေါ်ဆောင်လာလျက်ရှိ၏။ ငါသည် ဇိအုန်သို့ တစ်ကိုယ်တည်း ပြန်နေခြင်းမဟုတ်။ ထို့ကြောင့်၊ အားလုံးသည် ငါ၏ သားဦးများကို မြင်ကြမည်ဖြစ်ပြီး၊ ထို့ကြောင့် ငါ့အား ကြောက်ရွံ့သည့် စိတ်နှလုံးတစ်ခု ဖြစ်ပေါ်ကြလိမ့်မည်။ ဤသည်မှာ သားဦးများကို ရရှိခြင်းအတွက် ငါ၏ ရည်မှန်းချက် ဖြစ်ပြီး၊ ဤသည်မှာ ကမ္ဘာလောကကြီး ဖန်ဆင်းခြင်းအချိန်ကတည်းက ငါ၏ အစီအစဉ် ဖြစ်ခဲ့ပေသည်။

အရာခပ်သိမ်းတို့ အဆင်သင့်ရှိသည့်အချိန်သည် ငါ့အနေဖြင့် ဇိအုန်သို့ ပြန်မည့် နေ့ရက်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ လူအပေါင်းတို့က ဤနေ့ရက်ကို အထိမ်းအမှတ်အဖြစ် ကျင်းပကြလိမ့်မည်။ ဇိအုန်သို့ ငါ ပြန်သည့်အခါ၊ မြေကြီးပေါ်ရှိ အရာခပ်သိမ်းသည် တိတ်ဆိတ်နေကြလိမ့်မည် ဖြစ်ပြီး ကမ္ဘာမြေပေါ်ရှိ အရာခပ်သိမ်း ငြိမ်းချမ်း နေကြလိမ့်မည် ဖြစ်သည်။ ဇိအုန်သို့ ငါ ပြန်သည့်အခါ၊ အရာခပ်သိမ်းတို့သည် ၎င်းတို့၏ မူရင်း သွင်ပြင် ပြန်ဆောင်ကြလိမ့်မည်။ ထိုအခါတွင် ငါသည် ဇိအုန်၌ ငါ၏ အမှုကို စတင်လုပ်ဆောင်မည်။ ငါသည် မတရားသောသူတို့ကို အပြစ်ပေး၍၊ တရားသောသူတို့ကို ဆုလာဘ်ပေးမည်ဖြစ်ပြီး၊ ငါ၏ ဖြောင့်မတ်ခြင်းတရားကို တည်စေကာ၊ တရားစီရင်ခြင်းကို ငါ ဆောင်ရွက်မည်။ အရာရာကို ပြီးမြောက်အောင်မြင်စေရန် ငါ၏ နှုတ်ကပတ်တော်များကို ငါအသုံးပြုမည်ဖြစ်ပြီး၊ အယောက်တိုင်းနှင့် အရာခပ်သိမ်းတို့အား ငါ၏ပြစ်တင်ဆုံးမတတ်သော လက်နှင့် တွေ့ကြုံစေကာ၊ လူအပေါင်းတို့အား ငါ၏ ပြည့်ဝသော ဘုန်းအသရေ၊ ငါ၏ ပြည့်ဝသော ဉာဏ်ပညာနှင့် ငါ၏ ပြည့်ဝသော ကြွယ်ဝလျှံပယ်ခြင်းကို ငါမြင်စေမည်။ အရာခပ်သိမ်းသည် ငါ့အထဲ၌ ပြီးမြောက်ကြသည့်အတွက် မည်သူမျှ တရားစီရင်ခြင်းဖြင့် ပုန်ကန်ဝံ့မည် မဟုတ်သကဲ့သို့၊ ခပ်သိမ်းသောအရာတို့သည် ငါနှင့်အတူ ထင်ရှားကြသည့်အတွက် ဤတွင် လူအယောက်တိုင်းသည် ငါ၏ ပြည့်ဝသော ဂုဏ်အသရေကို မြင်ရလိမ့်မည် ဖြစ်ကာ၊ ငါ၏ ပြည့်ဝသော အောင်မြင်ခြင်းကို မြည်းစမ်းကြရလိမ့်မည်။ ဤအရာမှ၊ ငါ၏ ကြီးမြတ်သော တန်ခိုးနှင့် ငါ၏ သြဇာအာဏာတို့ကို မြင်ရဖို့ ဖြစ်နိုင်သည်။ ငါ့အား မည်သူမျှ ပုန်ကန်ပြစ်မှားဝံ့လိမ့်မည် မဟုတ်သကဲ့သို့၊ ငါ့အား မည်သူမျှ တားဆီးဝံ့လိမ့်မည် မဟုတ်။ ငါ့အထဲတွင်၊ အရာခပ်သိမ်း ဖွင့်ဟခြင်း ခံရလိမ့်မည်။ မည်သူသည် တစ်စုံတစ်ရာကို ကွယ်ဝှက်ဝံ့လိမ့်မည်နည်း။ ငါသည် ထိုသူအား သက်ညှာမည် မဟုတ်သည်မှာ သေချာ၏။ ထိုသို့သော လူယုတ်များသည် ငါ၏ ပြင်းထန်သော အပြစ်ပေးခြင်းကို ခံရကြမည် ဖြစ်ပြီး၊ ထိုသို့သော လူဖျင်းသည် ငါ၏ မြင်ကွင်းမှ ဖယ်ရှားခြင်းကို ခံရမည်။ ငါသည် စိတ်ခံစားချက် မရှိဘဲ၊ ဘုန်းအာနုဘော်ရှိပြီး၊ ပုန်ကန်ပြစ်မှား၍ မရနိုင်သော ဘုရားသခင်ကိုယ်တိုင် ဖြစ်သည့်အတွက်၊ ၎င်းတို့ကို သက်ညှာခြင်း အနည်းငယ်မျှမရှိသကဲ့သို့ ၎င်းတို့၏ ခံစားချက်များအပေါ် လုံးဝ ညှာတာခြင်းမရှိဘဲ၊ ၎င်းတို့အား သံလှံတံဖြင့် အုပ်စိုးမည်ဖြစ်ပြီး ၎င်းတို့အား တရားစီရင်ရန်အတွက် ငါ၏ သြဇာအာဏာကို အသုံးပြုမည်။ ငါ၏ လှံတံသည် ငါ့အား ပုန်ကန်ပြစ်မှားသောသူ အားလုံးကို အဆုံးစီရင်မည် ဖြစ်သည့်အတွက်၊ ၎င်းတို့အနေဖြင့် “အကြောင်းတရား သို့မဟုတ် အကြောင်းရင်း မရှိဘဲ” ငါ၏အဆုံးစီရင်ခြင်းနှင့် အမြစ်ဖြတ်သုတ်သင်မှုကို ခံလာရမည် စိုးရ၍ အားလုံးသည် ဤအရာကို နားလည်ကာ မြင်သင့်၏။ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ၎င်းတို့ သိမသိဆိုသည်ကို ငါ ဂရုမစိုက်။ ငါ၏ ဇာတိအဖြစ်သည် မည်သူ၏ ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံနိုင်သည်နှင့်အမျှ ယင်းသည် ငါ့အဖို့ အရေးပါလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ ငါသည် ခြင်္သေ့တစ်ကောင် ဖြစ်သည်ဟု ဆိုကြခြင်း ဖြစ်သည်၊ ငါ ထိသော မည်သူ့ကိုမဆို၊ ငါ အဆုံးစီရင်သည်။ ယင်းကြောင့် ငါသည် သနားကရုဏာပြည့်စုံပြီး ချစ်ခင်ကြင်နာမှုရှိသော ဘုရားသခင် ဖြစ်သည်ဟု ပြောဆိုခြင်းသည် ယခု ငါ့အား ပြစ်မှားစော်ကားခြင်းဖြစ်သည်ဟု ဆိုရသည့်အကြောင်းရင်း ဖြစ်သည်။ အနှစ်သာရအားဖြင့်၊ ငါသည် သိုးသငယ် တစ်ကောင် မဟုတ်၊ ခြင်္သေ့တစ်ကောင် ဖြစ်သည်။ ငါ့အား မည်သူမျှ ပုန်ကန်ပြစ်မှားခြင်း မပြုဝံ့ပေ။ ငါ့ကို ပုန်ကန်ပြစ်မှားသောသူ မည်သူ့ကိုမဆို ငါသည် သက်ညှာခြင်းမရှိဘဲ သေခြင်းဖြင့် ချက်ချင်း အပြစ်ပေးမည်။ ဤအရာသည် ငါ၏ စိတ်သဘောထားကို ပြသရန် လုံလောက်၏။ ထို့ကြောင့် နောက်ဆုံးသော ခေတ်၌ မြောက်များစွာသော လူအုပ်ကြီးတစ်စု စွန့်ခွာလိမ့်မည်ဖြစ်ပြီး၊ ဤသည်မှာ လူတို့အတွက် ခံနိုင်ရန် ခက်ခဲလိမ့်မည်ဖြစ်သော်လည်း၊ ငါ့အတွက်မူ ငါသည် စိုးရိမ်သောကကင်းပြီး ပျော်ရွှင်ကာ၊ ဤအရာကို ခက်ခဲသော အလုပ်တစ်ခုအဖြစ် ငါလုံးဝ မမြင်ပေ။ ယင်းမှာ ငါ၏ စိတ်သဘောထား ဖြစ်သည်။

လူအပေါင်းတို့သည် ငါနှင့်သက်ဆိုင်သော အရာအားလုံးကို နာခံရန် ကျိုးနွံသော စိတ်နှလုံးတစ်ခု ရှိကြလိမ့်မည်ဟု ငါ မျှော်လင့်သည်။ ၎င်းတို့၌ ရှိပါက၊ ငါသည် လူသားမျိုးနွယ်အား ကြီးမားစွာ ဧကန်မုချ ကောင်းချီးပေးမည်၊ အကြောင်းမူကား၊ ငါပြောပြီးသည့်အတိုင်း၊ ငါနှင့် သဟဇာတဖြစ်သော သူများသည် ကာကွယ် စောင့်ရှောက်ခြင်းကို ခံရမည်ဖြစ်သော်လည်း၊ ငါ့အား ရန်လိုသောသူများသည် ကျိန်ခြင်းကို ခံရကြလိမ့်မည်ဖြစ်သည်။ ဤအရာကို ငါသည် စီမံထားပြီးဖြစ်ကာ၊ မည်သူကမျှ မပြောင်းလဲနိုင်ပေ။ ငါ ချမှတ်ထားသော အရာများသည် ငါ အောင်မြင်ထားသော အရာများ ဖြစ်ကြပြီး၊ ထိုအရာတို့အား ဆန့်ကျင်သော မည်သူမဆို ချက်ချင်း ပြစ်တင်ဆုံးမခြင်းခံရလိမ့်မည်။ ဇိအုန်တွင် ငါ လိုအပ်သော အရာမှန်သမျှနှင့် ငါ အလိုရှိသော အရာမှန်သမျှ ငါ၌ရှိ၏။ ဇိအုန်တွင် ကမ္ဘာလောက၏ အရိပ်အယောင် တစ်ခုမျှ မရှိသကဲ့သို့၊ လောကနှင့် နှိုင်းယှဉ်ပါက ၎င်းသည် ကြွယ်ဝပြီး ကြီးကျယ်ခမ်းနားသော နန်းတော်တစ်ခု ဖြစ်၏၊ သို့သော်လည်း မည်သူမျှ ထိုနန်းတော်ထဲသို့ ဝင်ရောက်ဖူးခြင်း မရှိသေးသောကြောင့်၊ လူ၏ စိတ်ကူးထဲတွင် ထိုနန်းတော်သည် အလျှင်း တည်ရှိခြင်း မရှိပေ။ ဇိအုန်၌ အသက်တာသည် ကမ္ဘာမြေပေါ်က အသက်တာနှင့် မတူချေ။ ကမ္ဘာမြေပေါ်တွင် အသက်တာဟူသည်မှာ စားခြင်း၊ အဝတ်အစားများ ဝတ်ဆင်ခြင်း၊ ကစားခြင်းနှင့် အပျော်အပါး ရှာခြင်း ဖြစ်သော်လည်း၊ ဇိအုန်တွင်မူ ယင်းမှာ အလွန်အမင်း ကွဲပြားပေသည်။ ယင်းသည် စကြဝဠာ၏ နေရာတစ်ခုလုံးကို အစဉ်အမြဲ ဖြည့်နေသော်လည်း အမြဲ တညီတညွတ်တည်း အတူတကွရှိလျက်၊ အဖနှင့်သားများ၏ ဝမ်းမြောက်မှုဖြင့် လွှမ်းခြုံသော အသက်တာတစ်ခု ဖြစ်သည်။ ယခု ထိုအရာသည် ဤအထိ ဖြစ်လာပြီ ဖြစ်သည့်အတွက် ဇိအုန် တည်ရှိသည့်နေရာကို သင်တို့အား ငါ ပြောပြမည်။ ဇိအုန်သည် ငါ နေထိုင်သော နေရာ ဖြစ်သည်၊ ယင်းသည် ငါ့ဇာတိအဖြစ်၏ တည်နေရာ ဖြစ်သည်။ ထို့ကြောင့် ဇိအုန်သည် သန့်ရှင်းသော နေရာတစ်ခု ဖြစ်ရမည် ဖြစ်ပြီး၊ ကမ္ဘာမြေကြီးနှင့် အလှမ်းဝေးရမည် ဖြစ်သည်။ ထို့ကြောင့် ငါသည် မြေကြီး၏ လူများ၊ အမှုအရာများနှင့် ကိစ္စရပ်များကို စက်ဆုပ်ရွံရှာပြီး၊ ကမ္ဘာမြေနှင့်ဆိုင်သော အပျော်အပါးတို့သည် မည်မျှပင် နှစ်သက်ပျော်မွေ့ဖွယ်ဖြစ်စေကာမူ ဇိအုန်က အသက်တာနှင့် နှိုင်းယှဉ်၍ မရနိုင်သောကြောင့် ငါသည် ဇာတိပကတိ၏ စားခြင်း၊ သောက်ခြင်း၊ ကစားခြင်းနှင့် အပျော်အပါး ရှာခြင်းတို့ကို မုန်းတီးသည်ဟု ပြောခြင်း ဖြစ်သည်။ ယင်းသည် ကောင်းကင်နှင့် မြေကြီးကြား ကွာခြားမှု ဖြစ်ပြီး၊ ထိုအရာနှစ်ခုတို့အား နှိုင်းယှဉ်ရန် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ပေ။ ကမ္ဘာမြေကြီးပေါ်တွင် လူသား မဖြေရှင်းနိုင်သော ပဟေဠိများစွာ ရှိနေသည့် အကြောင်းရင်းမှာ လူတို့သည် ဇိအုန်အကြောင်း မည်သည့်အရာကိုမျှ မကြားဖူးခြင်းကြောင့် ဖြစ်၏။ ကောင်းပြီ၊ ဇိအုန်သည် မည်သည့်နေရာ၌ အတိအကျ ရှိသနည်း။ ယင်းသည် လူတို့ စိတ်ကူးသကဲ့သို့ အခြားဂြိုဟ်တွင် ရှိသလော။ မဟုတ်ပေ။ ယင်းမှာ လူသားတို့၏ စိတ်ထဲက စိတ်ကူးမျှသာ ဖြစ်သည်။ ငါ ဆိုခဲ့သည့် တတိယကောင်းကင်မှာ နိမိတ် လက္ခဏာပြသော အဓိပ္ပါယ်တစ်ခု ရှိသကဲ့သို့ လူသားက သတ်မှတ်ထားသည်၊ သို့သော် ၎င်းတို့၏ အယူအဆများထဲတွင် လူတို့နားလည်သည့်အရာမှာ ငါ၏ အဓိပ္ပာယ်နှင့် အတိအကျ ဆန့်ကျင်ပေသည်။ ဤနေရာ၌ ပြောထားသည့် တတိယကောင်းကင်သည် အနည်းငယ်မျှ အလိမ်အညာမဟုတ်ပေ။ ထို့ကြောင့် ငါသည် နေ၊ လ၊ ကြယ်များနှင့် အာကာသ ဗိမာန်များကို ဖျက်ဆီးမည် မဟုတ်သကဲ့သို့၊ ကောင်းကင်နှင့် မြေကြီးကို ဖယ်ရှားမည် မဟုတ်ဟု ဆိုခြင်း ဖြစ်သည်။ ငါသည် ငါ၏ ကိန်းဝပ်သော နေရာကို ဖျက်ဆီးနိုင်မည်လော။ ငါသည် ဇိအုန်တောင်ကို ဖယ်ရှားပစ်နိုင်မည်လော။ ဤသည်မှာ ရယ်ဖွယ်ရာ ဖြစ်သည် မဟုတ်လော။ တတိယကောင်းကင်သည် ငါ၏ ကိန်းဝပ်သောနေရာ ဖြစ်သည်၊ ယင်းသည် ဇိအုန်တောင် ဖြစ်ပြီး၊ ဤအရာမှာ အကြွင်းမဲ့ ဖြစ်၏။ (ထိုအရာ အကြွင်းမဲ့ ဖြစ်သည်ဟု အဘယ်ကြောင့် ငါ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ငါ ယခု ပြောသောအရာကို လူသားက လုံးဝ နားမလည်နိုင် သောကြောင့် ဖြစ်သည်။ သူသည် ထိုအရာကို ကြားရုံသာ ကြားနိုင်သည်။ လူသားအတွေးအခေါ်၏ အတိုင်းအတာသည် ယင်းကို လုံးဝ မခြုံငုံနိုင်ပေ၊ ထို့ကြောင့် လူတို့အနေဖြင့် ယင်းအား စိတ်ကူးယဉ်တစ်ခုအဖြစ် မှတ်ယူမည်စိုး၍၊ ယခု ငါသည် ဇိအုန်အကြောင်း ပြောတော့မည် မဟုတ်။)

ဇိအုန်သို့ ငါ ပြန်ပြီးသည့်နောက်တွင် ကမ္ဘာမြေပေါ်၌ ရှိသောသူများသည် ယခင်ကကဲ့သို့ ငါ့ကို ဆက်လက် ချီးမွမ်းကြလိမ့်မည်။ သစ္စာရှိသော ထိုအစေခံသူများသည် ငါ့အား အစေခံဖို့ရန် ခါတိုင်းကဲ့သို့ပင် စောင့်ဆိုင်းကြမည် ဖြစ်သော်လည်း၊ ၎င်းတို့၏ အလုပ်တာဝန်သည် ဆုံးခန်းသို့ ရောက်လာလိမ့်မည်။ ၎င်းတို့ အကောင်းဆုံး လုပ်နိုင်သည်မှာ ကမ္ဘာမြေပေါ်၌ ငါရှိနေခြင်းနှင့်ဆိုင်သော အခြေအနေများကို စဉ်းစားချင့်ချိန်ရန် ဖြစ်သည်။ ထိုအချိန်၌ ငါသည် ဘေးဒုက္ခ ခံစားရမည့် သူများအပေါ်သို့ ဘေးဒဏ်ကို စတင် ကျရောက်စေမည် ဖြစ်၏၊ သို့သော် ငါသည် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်သည်ကို အယောက်တိုင်းက ယုံကြည်ကြ၏။ ငါသည် သစ္စာရှိသော အစေခံသူများကို မုချ အပြစ်ပေးမည် မဟုတ်ဘဲ၊ ငါ၏ ကျေးဇူးတော်ကို ၎င်းတို့ရရှိခွင့်ကိုသာ ပေးမည်။ အကြောင်းမူကား၊ ငါသည် ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်းနှင့် ပြည့်စုံသော ဘုရားသခင်ကိုယ်တိုင် ဖြစ်သည်ကို ထုတ်ဖော်ပြလျက်၊ ဒုစရိုက်ပြုသူ အားလုံးကို ငါအပြစ်ပေးမည်ဖြစ်သကဲ့သို့၊ ကောင်းသော လုပ်ဆောင်ချက်များကို ဆောင်ရွက်သူတို့သည် ငါ ပေးအပ်သော ရုပ်ဝတ္ထုဆိုင်ရာ မွေ့လျော်မှုကို ရရှိကြလိမ့်မည်ဟု ငါ ဆိုထားပြီးဖြစ်သောကြောင့် ဖြစ်သည်။ ဇိအုန်သို့ ငါ ပြန်သည့်အခါ၊ ငါသည် ကမ္ဘာလောကရှိ တိုင်းနိုင်ငံတစ်ခုစီသို့ စတင် ဦးလှည့်မည်၊ ငါသည် ဣသရေလအမျိုးသားတို့အား ကယ်တင်ခြင်းသို့ ဆောင်ကြဉ်းမည်ဖြစ်ပြီး အဲဂုတ္တုလူတို့အား ပြစ်တင်ဆုံးမမည်။ ဤသည်မှာ ငါ၏ အမှု နောက်တစ်ဆင့် ဖြစ်သည်။ ထိုအခါငါ၏ အမှုသည် ပစ္စုပ္ပန်ကာလရှိ အမှုနှင့် တူညီလိမ့်မည် မဟုတ်ပေ။ ယင်းသည် ဇာတိပကတိအနေဖြင့် လုပ်ဆောင်ချက် ဖြစ်လိမ့်မည် မဟုတ်ဘဲ၊ ဇာတိပကတိကို လုံးဝ ကျော်လွန်လိမ့်မည်- ပြီးလျှင် ငါပြောဆိုပြီး ဖြစ်သည့်အတိုင်း ထိုအရာကို လုပ်ဆောင်လိမ့်မည် ဖြစ်သကဲ့သို့၊ ငါ အမိန့်ပေးပြီး ဖြစ်သည့်အတိုင်း ထိုအရာ တည်လိမ့်မည်။ ပြောထားသည့် မည်သည့်အရာမဆို၊ ငါ၏ နှုတ်မှ ပြောဆိုသရွေ့၊ ယင်းသည် လက်တွေ့၌ ချက်ချင်း ပြည့်စုံလိမ့်မည်။ ဤသည်မှာ ငါပြောဆိုနေသော ငါ့နှုတ်ကပတ်တော်၏ စစ်မှန်သော အဓိပ္ပာယ်နှင့် ငါ၏ နှုတ်ကပတ်တော် ကိုယ်၌က ဩဇာအာဏာ ဖြစ်သည့်အတွက် ၎င်း၏ ပြည့်စုံခြင်းသည် တစ်ချိန်တည်းတွင် ဖြစ်ပေါ်လျက်ရှိခြင်း ဖြစ်၏။ ကမ္ဘာမြေကြီးပေါ်ရှိ လူတို့အနေဖြင့် ဟိုဟိုသည်သည် ရမ်းသန်း၍ နားလည်သဘောပေါက်ခြင်း မဖြစ်စေရန်အလို့ငှာ ၎င်းတို့ကို သဲလွန်စ အနည်းငယ် ပေးဖို့ နည်းလမ်းတစ်ခုအဖြစ် ငါသည် ယေဘုယျ အကြောင်းအရာ အချို့ကို ယခု ပြောဆိုနေခြင်း ဖြစ်သည်။ အချိန်ကျသည့်အခါ၊ အရာရာကို ငါ စီစဉ်မည်ဖြစ်ပြီး ငါ၏ လက်ဖြင့် ဒဏ်ခတ်ခံရမည်စိုးသဖြင့် မည်သူမျှ တဇွတ်ထိုး မပြုမူသင့်ပေ။ လူသားတို့၏ စိတ်ကူးများထဲတွင် ငါ ပြောဆိုသမျှအားလုံးသည် မသဲကွဲချေ၊ အဘယ်ကြောင့်ဆိုသော် မည်သို့ပင်ဖြစ်စေ လူသား၏ တွေးခေါ်ပုံမှာ အကန့်အသတ်ရှိသကဲ့သို့၊ မြေကြီးသည် ကောင်းကင်မှ အလှမ်းဝေးသကဲ့သို့ လူသား၏ အတွေးသည် ငါ ပြောဆိုထားသော အရာမှ အလှမ်းကွာဝေးပေသည်။ ထို့ကြောင့် မည်သူမျှ ဤအရာကို သဘောမပေါက်နိုင်ပေ။ တစ်ခုတည်းသော လုပ်ဆောင်ရမည့်အရာမှာ ငါ ပြောသော အရာနှင့် ကိုက်ညီရန် ဖြစ်၏၊ ဤသည်မှာ အမှုအရာများ၏ ရှောင်လွှဲ၍ မရသော လမ်းကြောင်းဖြစ်သည်။ “နောက်ဆုံးသော ကာလတွင်၊ သားရဲသည် ငါ၏ လူတို့အား နှိပ်စက်ညှဉ်းပန်းရန် ထွက်ပေါ်လာလိမ့်မည်ဖြစ်ပြီး၊ သေခြင်းကို ကြောက်ရွံ့သော သူတို့သည် သားရဲ၏ ချီဆောင်သွားခြင်းကို ခံရဖို့ရန် တံဆိပ်ဖြင့် အမှတ်အသား ပြုခံကြရမည်။ ငါ့အား မြင်ဖူးသောသူများသည် သားရဲ၏ သတ်ဖြတ်ခြင်းကို ခံရလိမ့်မည်” ဟု ငါဆိုပြီး ဖြစ်သည်။ ဤ နှုတ်ကပတ်တော်များထဲက “သားရဲ” ဟူသည်မှာ လူသားမျိုးနွယ်ကို လိမ်လည်လှည့်ဖြားသူ၊ စာတန်ကို ရည်ညွှန်းခြင်း ဖြစ်သည်မှာ သေချာသည်။ ဆိုလိုသည်မှာ၊ ဇိအုန်သို့ ငါ ပြန်သည့်အခါ၊ အစေခံသူ အုပ်စုကြီးတစ်စုသည် နုတ်ထွက်ကြလိမ့်မည် ဖြစ်သည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် သားရဲ၏ ချီဆောင်သွားခြင်းကို ခံကြရလိမ့်မည်။ ဤသတ္တဝါများအားလုံးသည် ငါ၏ ထာဝရ ပြစ်တင်ဆုံးမခြင်းကို ခံရရန် အနက်ဆုံးသော တွင်းထဲသို့ သွားကြလိမ့်မည် ဖြစ်သည်။ “ငါ့အား မြင်ဖူးသောသူများ” ဆိုသည်မှာ ငါ၏သိမ်းပိုက်ခြင်းကို ခံရပြီးဖြစ်သည့် သစ္စာရှိသော အစေခံသူများကို ရည်ညွှန်းသည်။ “ငါ့အား မြင်ဖူးပြီးခြင်း” ဟူသည်မှာ ငါ၏ သိမ်းပိုက်ခြင်းကို ၎င်းတို့ ခံရပြီးခြင်းကို ရည်ညွှန်းသည်။ “သားရဲ၏ သတ်ဖြတ်ခြင်းကို ခံရခြင်း” ဆိုသည်မှာ ငါ၏ သိမ်းပိုက်ခြင်းကို ခံရပြီးနောက်၊ စာတန်သည် ငါ့အား ထ၍ ခုခံရန် မဝံ့ရဲခြင်းကို ရည်ညွှန်း၏။ တစ်နည်းအားဖြင့်၊ စာတန်သည် ဤအစေခံသူများအပေါ် မည်သည့် အလုပ်ကိုမျှ ဆောင်ရွက်ဝံ့မည် မဟုတ်ပေ။ ထို့ကြောင့် ဤလူတို့၏ ဝိညာဉ်များသည် ကယ်တင်ခံရပြီးဖြစ်လိမ့်မည်။ ငါ့အပေါ် ၎င်းတို့၏ သစ္စာစောင့်သိနိုင်စွမ်းကြောင့် ဤအရာကို ပြောရခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ သစ္စာရှိသော ဤအစေခံသူများသည် ငါ၏ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာကို လက်ခံရရှိနိုင်ကြလိမ့်မည်။ ထို့ကြောင့် ၎င်းတို့၏ ဝိညာဉ်များသည် ကယ်တင်ခံရပြီးဖြစ်လိမ့်မည်ဟု ငါ ပြောခြင်း ဖြစ်သည်။ (ဤအရာသည် လူသား၏ အယူအဆတစ်ခုသာ ဖြစ်သော၊ တတိယ ကောင်းကင်သို့ တက်ခြင်းကို ရည်ညွှန်းခြင်း မဟုတ်ပေ။) သို့သော်လည်း ထိုဆိုးယုတ်သော အစေခံသူများသည် စာတန်၏ ထပ်မံ ချည်နှောင်ခြင်းကို ခံရမည်ဖြစ်ပြီး၊ ထို့နောက် အနက်ဆုံးသော တွင်းထဲသို့ ပစ်ချခြင်းကို ခံရကြလိမ့်မည်။ ဤသည်မှာ ၎င်းတို့အား ငါ၏ အပြစ်ပေးခြင်း ဖြစ်၏၊ ဤသည်မှာ ၎င်းတို့၏ ဒဏ်ခတ်ခံရခြင်း ဖြစ်ပြီး၊ ၎င်းတို့ ၎င်းတို့အပြစ်များအတွက် ဆုလာဘ်ဖြစ်သည်။

ငါ့အမှု၏ အရှိန်မြင့်လာသည်နှင့်အမျှ၊ ကမ္ဘာမြေပေါ်က ငါ၏ အချိန်သည် တဖြည်းဖြည်း လျော့နည်းလာသည်။ ဇိအုန်သို့ ငါ ပြန်ရမည့်နေ့ရက်သည် ပို၍ နီးကပ်လာသည်။ ကမ္ဘာမြေပေါ်ရှိ ငါ၏ အမှု အဆုံးသို့ ရောက်ရှိလာသည့် အချိန်တွင်၊ ဇိအုန်သို့ ငါပြန်ရမည့် အချိန် ဖြစ်လိမ့်မည်။ ငါသည် ကမ္ဘာမြေကြီးပေါ်တွင် အသက်ရှင်နေထိုင်ရန် လုံးဝဆန္ဒမရှိသော်လည်း၊ ငါ၏ စီမံခန့်ခွဲမှု၊ ငါ၏ အစီအစဉ်အဖို့အလို့ငှါ ဒုက္ခဆင်းရဲ အားလုံးကို ငါ ကြံ့ကြံ့ခံခဲ့သည်။ ယနေ့တွင် အချိန်ကျနှင့်လေပြီ။ ငါ၏ ခြေလှမ်းကို ငါ အရှိန်မြှင့်မည် ဖြစ်ပြီး၊ မည်သူမျှ ငါ့အား လိုက်မီနိုင်လိမ့်မည် မဟုတ်။ လူသားသည် ထိုအရာကို နားလည်နိုင်သည် ဖြစ်စေ နားမလည်နိုင်သည် ဖြစ်စေ၊ လူသားအနေဖြင့် သဘောမပေါက်နိုင်သော်လည်း၊ ကမ္ဘာမြေပေါ်တွင်ရှိသည့် သင်တို့ သိရှိရမည့် အရာအားလုံးကို သင်တို့အား ငါ အသေးစိတ် ပြောပြမည်။ ထို့ကြောင့် ငါသည် အချိန်နှင့် နေရာကို ကျော်လွန်သော ဘုရားသခင်ကိုယ်တိုင် ဖြစ်သည်ဟုဆိုခြင်း ဖြစ်၏။ သားဦးများကို ရရှိခြင်းနှင့် ထိုသို့ဖြင့် စာတန်ကို အောင်နိုင်ခြင်းနှင့်ဆိုင်သော ငါ၏ရည်ရွယ်ချက်အတွက် မဟုတ်ခဲ့ပါက၊ ငါသည် ဇိအုန်သို့ ပြန်နှင့်ပြီး ဖြစ်လိမ့်မည်။ သို့မဟုတ်ပါက ငါသည် လူသားမျိုးနွယ်ကို တကယ် လုံးဝ ဖန်ဆင်းခဲ့လိမ့်မည် မဟုတ်။ လူ့လောကကို ငါ စက်ဆုပ်ရွံရှာပြီး၊ ငါနှင့် ဝေးကွာသော လူတို့ကို ငါ စက်ဆုပ်ရွံရှာသည်မှာ လူသားမျိုးနွယ်တစ်ခုလုံးအား တစ်ချက်တည်း ဖျက်ဆီးပစ်ရန် စဉ်းစားမိသည်အထိ ဖြစ်၏။ သို့သော်လည်း ငါ၏အမှုသည် အစီအစဉ်နှင့် ဖွဲ့စည်းပုံ၊ အချိုးအစား တကျရှိခြင်းနှင့် အစွန်းမရောက်ခြင်း သဘောရှိကာ၊ ဖြစ်ကတတ်ဆန်း မဟုတ်ပေ။ ငါ လုပ်သမျှသည် စာတန်အား အနိုင်ယူရန် ဖြစ်ပြီး၊ ထိုမျှမက ငါသည် ငါ၏ သားဦးများနှင့် ဖြစ်နိုင်သရွေ့ အမြန်ဆုံး အတူတကွ ရှိနိုင်စေရန် ဖြစ်သည်။ ဤသည်မှာ ငါ၏ ရည်မှန်းချက် ဖြစ်၏။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။