ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။ (အပိုင်း နှစ်)
ငါတို့သည် တာဝန်ထမ်းဆောင်ခြင်းနှင့် လောကီအလုပ်၌ ပါဝင်ဆောင်ရွက်ခြင်းကြားမှ ခြားနားချက်နှင့်ပတ်သက်၍ အဘယ့်ကြောင့် မိတ်သဟာယပြုနေရသနည်း။ ဤအရာသည် အရေးကြီးသလော။ (အရေးကြီးပါသည်။) အရေးကြီးမှုက မည်သည့်နေရာ၌ ရှိသနည်း။ ယင်းသည် လူတို့၏ တာဝန်ထမ်းဆောင်ခြင်းအပေါ် ၎င်းတို့ထားရှိသည့် သဘောထားနှင့် ပတ်သက်သည်။ သင်၏ လောကီအလုပ်ထဲ၌ သင်ထားရှိသော သဘောထားနှင့် စည်းမျဉ်းများကို တာဝန်ထမ်းဆောင်ခြင်း နယ်ပယ်ထဲသို့ ယူမလာနှင့်။ ထိုသို့သင်ပြုလျှင် အကျိုးဆက်များမှာ မည်သည့်အရာများနည်း။ (မိမိ၏ကိုယ်ပိုင် လိုအင်ဆန္ဒများအတိုင်း ပြုမူလုပ်ဆောင်ခြင်းဖြစ်သည်။) မိမိ၏ကိုယ်ပိုင် လိုအင်ဆန္ဒများအတိုင်း ပြုမူလုပ်ဆောင်ခြင်းသည် အဖြစ်များသော အရေးကိစ္စဖြစ်၏။ ယင်းမှာ လုပ်ငန်းများကို ဆောင်ရွက်ရာ၌ အခြားသူများအား တိုင်ပင်ညှိနှိုင်းလိုမှု မရှိခြင်း၊ နောက်ဆုံးပိတ် ဆုံးဖြတ်ပိုင်ခွင့်ရလိုခြင်းနှင့် မိမိအလိုရှိရာ ပြုလုပ်လိုခြင်း၊ ဤသို့ပြုမူလုပ်ဆောင်ခြင်းက မည်သည့် ဖိနှိပ်ချုပ်ချယ်ခြင်း သို့မဟုတ် စိတ်မချမ်းမြေ့ခြင်း ခံစားချက်တစ်ခုခုမျှ မရှိဘဲ ကိုယ်စိတ်ချမ်းသာခြင်းနှင့် အားရကျေနပ်ခြင်းကို ဆောင်ကြဉ်းပေးသည်ဟု ခံစားရခြင်းကို ဆိုလို၏။ ထို့အပြင် ယင်းက လျှို့ဝှက်ကြံစည်ခြင်း၊ မနာလိုခြင်း၊ သဘောထား ကွဲလွဲမှုနှင့် အုပ်စုဖွဲ့ခြင်းသာမက ဆုလာဘ်များ အသိအမှတ်ပြုမှုကို ရှာဖွေခြင်း၊ ကြွားလုံးထုတ်ခြင်း၊ ဝတ်ကျေတမ်းကျေ ပြုမူလုပ်ဆောင်ခြင်း၊ တာဝန်မဲ့ခြင်း၊ မိမိအထက်နှင့် အောက်၌ရှိသော သူတို့ကို လှည့်ဖြားခြင်းနှင့် မိမိကိုယ်ပိုင်နိုင်ငံကို တည်ထောင်ခြင်းတို့ကို ဖြစ်စေတတ်သည်။ အတိုချုပ်အားဖြင့် တာဝန်ထမ်းဆောင်ခြင်းသည် လောကီအလုပ်၌ ပါဝင်ဆောင်ရွက်ခြင်းနှင့် ကွာခြားသည်။ တာဝန်ထမ်းဆောင်ခြင်းသည် ဘုရားသခင်ထံမှ သတ်မှတ်ချက်နှင့် ဘုရားသခင်ထံမှ စီစဉ်မှု ဖြစ်၏။ ဤသည်မှာ တာဝန်ထမ်းဆောင်ခြင်းနှင့် လောကီအလုပ်၌ ပါဝင်ဆောင်ရွက်ခြင်းတို့ကြားမှ အကြီးမားဆုံးသော ခြားနားချက်ဖြစ်သည်။ တာဝန်ထမ်းဆောင်ခြင်းကို ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း၊ ပြီးလျှင် သမ္မာတရား စည်းမျဉ်းများကို အခြေခံ၍ ပြုလုပ်ရမည်။ ယင်းမှာ လူတစ်ဦး၏ ကိုယ်ရေးကိုယ်တာ လုပ်ငန်း မဟုတ်သည်သာမက သူ၏ ကိုယ်ရေးကိုယ်တာ လုပ်ငန်းလည်း မဟုတ်သည့်အပြင် မည်သူတစ်ဦးတစ်ယောက်၏ တစ်ကိုယ်ရေ အရေးကိစ္စမျှလည်း မဟုတ်ပေ။ ယင်း၌ ကိုယ်ကျိုးများ၊ ဂုဏ်သိက္ခာ၊ အဆင့်အတန်း၊ သြဇာလွှမ်းမိုးမှု၊ သို့မဟုတ် အနာဂတ်တက်လမ်းတို့နှင့် ဆက်စပ်မှုမရှိချေ။ ယင်းမှာ လူတို့၏ အသက်ဝင်ရောက်မှုနှင့် စိတ်သဘောထားပြောင်းလဲမှုနှင့်သာ ဆက်စပ်ပြီးလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်နှင့် ဆက်စပ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် သင်သည် လောကီအလုပ်၌ ပါဝင်ဆောင်ရွက်သောအခါ ကိုယ်ရေးကိုယ်တာ လုပ်ငန်းအပေါ်၌သာ လုံးလုံးလျားလျား အာရုံစိုက်သည်။ သင်သည် အလုပ်တစ်ခုကို ထမ်းဆောင်သည်ဖြစ်စေ၊ လုပ်ငန်းတစ်ခုကို ဆောင်ရွက်သည်ဖြစ်စေ အဖိုးအခ အဘယ်မျှကြီးမားစွာ ပေးစေကာမူ၊ အဘယ်မျှများပြားစွာ စွန့်လွှတ်စေကာမူ၊ သို့မဟုတ် ဤစိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ရုပ်ခန္ဓာပိုင်းဆိုင်ရာ ကဏ္ဍများဖြစ်စေ ဒုက္ခဆင်းရဲ အဘယ်မျှများပြားစွာ ခံစားရစေကာမူ၊ သို့မဟုတ် သင်သည် အနိုင်ကျင့်ခြင်းနှင့် အရှက်ခွဲခြင်း သို့မဟုတ် အထင်လွဲမှားခြင်း ခံရစေကာမူ၊ သို့မဟုတ် လူထု၏ ကြီးမားသော ဖိအားကိုပင် ရင်ဆိုင်ရစေကာမူ သင်ပြုလုပ်သမျှမှာ သင်၏ တစ်ကိုယ်ရေ အလိုဆန္ဒ၊ ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များနှင့် လိုအင်ဆန္ဒများ၌သာ ဗဟိုပြုလေသည်။ ယင်းမှာ ဤသဘာဝ တစ်ခုတည်းနှင့်သာ ဆိုင်သည်။ ဤသဘာဝမှာ လူတစ်ဦး၏ ကိုယ်ပိုင် လုပ်ငန်းကို ဆောင်ရွက်ခြင်းနှင့် ကိုယ်ရေးကိုယ်တာ အလုပ်တာဝန်ကို ပါဝင်ဆောင်ရွက်ခြင်းတို့သာ ဖြစ်၏။ လူသားမျိုးနွယ်ကြားတွင် “ကျွန်ုပ်သည် လူသားမျိုးနွယ်အဖို့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင်နေသည်။ ကျွန်ုပ်သည် ကောင်းကင်မှပေးအပ်သော ယုံကြည်မှုဝါဒများနှင့် စည်းမျဉ်းများအတိုင်း ပြုမူလုပ်ဆောင်လိုသည်” ဟု ဆိုလျက် ရှေ့ထွက်လာသောသူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ ထိုကဲ့သို့သော လူမျိုးမရှိပေ။ အကယ်၍ လူတစ်ဦးက “ကျွန်ုပ်သည် လူသားမျိုးနွယ်အတွက် ကိုယ်ကျိုးမငဲ့ဆုံး၊ အကြီးမားဆုံး ကြိုးပမ်းအားထုတ်မှုကို လုပ်ဆောင်ရန်၊ လူတို့အတွက် ကောင်းကျိုးချမ်းသာကို ဖန်တီးပြီး ကောင်းမှုများကို ပြုလုပ်ရန် အလိုရှိသည်” ဟု ဆိုဖို့ ရှေ့ထွက်လာလျှင်ပင် သူ၏ ရည်ရွယ်ချက်ပန်းတိုင်မှာ သိပ်မစင်ကြယ်ပေ။ ၎င်းတို့သည် ကျော်ကြားမှုအတွက် ယင်းကို လုပ်ဆောင်နေခြင်းသာ ဖြစ်၏။ ဤသည်မှာ မိမိ၏ ကိုယ်ရေးကိုယ်တာ လုပ်ငန်းကို ဆောင်ရွက်ခြင်း မဟုတ်လော။ ယင်းမှာ ကိုယ်ရေးကိုယ်တာ လုပ်ငန်းအတွက်ချည်းသာ ဖြစ်သည်။ ၎င်းတို့၏ စကားလုံးများက အဘယ်မျှကြားကောင်းစေကာမူ၊ ၎င်းတို့သည် အဘယ်မျှကြီးမားသော ဆင်းရဲဒုက္ခကို ခံစားရပြီးစေကာမူ၊ အဘယ်မျှကြီးမားသော အဖိုးအခကို ပေးထားပြီးစေကာမူ၊ အဘယ်မျှကြီးမားသော အကျိုးပြုဆောင်ရွက်မှုကို ပြုလုပ်ခဲ့ပြီးစေကာမူ၊ သို့မဟုတ် လူသားမျိုးနွယ်ကို ပြောင်းလဲစေပြီးဖြစ်စေ၊ ခေတ်ကာလ တစ်ခုကို အသွင်ပြောင်းစေပြီးဖြစ်စေ၊ သို့မဟုတ် ခေတ်သစ်တစ်ခေတ်ကို ဆန်းသစ်စေခဲ့ပြီဖြစ်စေ၊ မည်သည့်အရာကို ပြုလုပ်သည်ဖြစ်စေ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အခြားသူများအတွက်မဟုတ်၊ သူတို့ကိုယ်တိုင်အတွက်ပင် ဖြစ်၏။ ဖောက်ပြန်ပျက်စီးသော လူသားများအားလုံးသည် အမှုအရာများကို ဤပုံစံအတိုင်း ပြုလုပ်ကြသည်။ လူတစ်ဦးက ကြီးမားသည့်အရာကို ပြုလုပ်သည်ဖြစ်စေ၊ သေးငယ်သောအရာကို ပြုလုပ်သည်ဖြစ်စေ သူ၏ ကြံရွယ်ချက်မှာ ကျော်ကြားမှုအတွက် သို့မဟုတ် အကျိုးအမြတ်အတွက် တစ်ခုခုပင်ဖြစ်သည်။ သူ့လုပ်ရပ်များ၏ သဘာဝမှာ အဘယ်နည်း။ ယင်းမှာ မိမိ၏ ကိုယ်ရေးကိုယ်တာ လုပ်ငန်း၌ ပါဝင်ဆောင်ရွက်ခြင်းဖြစ်၏။ မိမိ၏ ကိုယ်ရေးကိုယ်တာ လုပ်ငန်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် တစ်စုံတစ်ရာ သက်ဆိုင်မှုရှိသလော။ ယင်း၌ လုံးဝ ဆက်စပ်မှုမရှိပေ။ လူအချို့က “ယင်းက မမှန်ပေ။ လူအချို့သည် ဤလောကထဲ၌ ဝင်ရောက်လာပြီး ခေတ်တစ်ခုကို ပြောင်းလဲကြသည်။ ယင်းကိုလည်း ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားသည် မဟုတ်လော။ ယင်း၌ သူ၏ စီမံခန့်ခွဲမှု ရှိသည်မဟုတ်လော” ဟု ဆိုကြသည်။ ဤအရာများက ဆက်စပ်သလော။ (မဆက်စပ်ပါ။) အဆက်အစပ်မရှိဟု အဘယ့်ကြောင့်ဆိုသနည်း။ (အဘယ့်ကြောင့်ဆိုသော် ယင်းသည် လူသားမျိုးနွယ်အား ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်နှင့် ဘာမျှမသက်ဆိုင်၍ဖြစ်သည်။) မှန်လိုက်လေစွ။ လူသားမျိုးနွယ်အား ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ အလုပ်နှင့် မသက်ဆိုင်ပါက ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် မဆက်စပ်ပေ။ သို့ရာတွင် ဤပြောဆိုချက်မှာ အမှန်တစ်ဝက်သာ ဖြစ်၏။ ဤတွင် အနှစ်သာရနှင့်သက်ဆိုင်သော ကိစ္စတစ်ခုဖြစ်သည့် နောက်ထပ် ကြိုတင်သတ်မှတ်ချက်တစ်ခု ရှိသည်။ အကယ်၍ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် မဆက်စပ်ပါက ယင်းသည် လူသား၏ လုပ်ငန်းချည်းသာ ဖြစ်သည်။ ယင်းက လက္ခဏာသွင်ပြင်တစ်ခု ဖြစ်သော်လည်း သင်တို့အတွက် တစ်စုံတစ်ခုကို ငါထပ်ပြောမည်။ ၎င်းတို့လုပ်နေသည့်အရာ၏ သဘာဝမှာ ပုဂ္ဂိုလ်ရေး ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ဖြစ်သည်။ နောက်ဆုံး အကျိုးခံစားရသူမှာ သူတို့ကိုယ်တိုင်ပင် ဖြစ်သည်။ ၎င်းတို့ပြုလုပ်သမျှ၏ သဘာဝ၊ စည်းမျဉ်းများနှင့် နောက်ဆုံးရလဒ်မှာ မည်သူ့အတွက်နည်း။ (သူတို့အတွက် ဖြစ်သည်။) ယင်းက သူတို့ကိုယ်တိုင်အတွက် ဖြစ်ကာ ပို၍ကွယ်ဝှက်သော အဓိပ္ပာယ်အားဖြင့် မည်သူ့အတွက်နည်း။ (စာတန်အတွက် ဖြစ်သည်။) မှန်၏၊ စာတန်အတွက် ဖြစ်၏။ စာတန်အတွက် အမှုအရာများပြုလုပ်ခြင်း၏ သဘာဝမှာ အဘယ်နည်း။ (ဘုရားသခင်၏ ရန်သူဖြစ်ခြင်းပင်။) ထို့ပြင် ဘုရားသခင်၏ ရန်သူဖြစ်ခြင်း၏ နောက်ကွယ်မှ ငုပ်နေသော အနှစ်သာရမှာ မည်သည့်အရာနည်း။ ဤသည်မှာ ဘုရားသခင်၏ ရန်သူဖြစ်ခြင်း ဖြစ်သည်ဟု ငါတို့ အဘယ့်ကြောင့်ဆိုသနည်း။ (၎င်းတို့လုပ်ရပ်များ၏ အစ၊ မူလဇာစ်မြစ်နှင့် စည်းမျဉ်းများ အားလုံးမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဆန့်ကျင်သည်။) ဤသည်မှာ လက္ခဏာသွင်ပြင်တစ်ခု ဖြစ်ပြီး ယင်းက အခြေခံကိစ္စတစ်ခု ဖြစ်သည်။ ၎င်းတို့ ပြုလုပ်နေသည့်အရာ၏ အစ၊ မူလဇာစ်မြစ်နှင့် စည်းမျဉ်းများအားလုံးမှာ စာတန်နှင့်ဆိုင်ပြီး ကောက်ကျစ်ဆိုးယုတ်သည်။ သို့ဆိုလျှင် နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် မည်သူ့ကို သက်သေခံနေကြသနည်း။ (စာတန်ဖြစ်သည်။) မှန်၏၊ ၎င်းတို့က စာတန်ကို သက်သေခံနေကြ၏။ လူ့သမိုင်းတစ်လျှောက်တွင် ခေတ်တစ်ခေတ်စီ၌ လူသားများ ပြုလုပ်ခဲ့ပြီးသည့် အရာများ၏ အောင်မြင်မှုများနှင့်ပတ်သက်၍ ဖန်ဆင်းရှင်အား ဂုဏ်ပြုသည့် သမိုင်းပညာရှင် သို့မဟုတ် စာရေးဆရာ တစ်ဦးဦး ရှိဖူးသလော။ (မရှိဖူးပါ။) ဤအရာများသည် လူသားမျိုးနွယ်၏ ကြီးကျယ်ခမ်းနားသော တာဝန်ယူဆောင်ရွက်ချက်များမှ ကျန်ရစ်ခဲ့သည့် အမွေအနှစ်များ သို့မဟုတ် ကြီးမားသော အောင်မြင်မှုများဖြစ်သည်ဟုသာ ၎င်းတို့ ဆိုလိမ့်မည်။ ဤအရာများကို ချန်ရစ်သွားသည့် ကြီးမြတ်သော လူတို့နှင့် ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်များသည် လူသားမျိုးနွယ်၏ အမြင်တွင် မည်သူ့ကို ကိုယ်စားပြုသနည်း။ ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်များ သို့မဟုတ် ကြီးမြတ်သောလူများ၊ သို့တည်းမဟုတ် လူသားမျိုးနွယ်အား အရေးပါသော အကျိုးပြုဆောင်ရွက်မှုများကို ပြုလုပ်ထားပြီးသော သူတို့အားလုံးကို ဖောက်ပြန်ပျက်စီးသော လူသားများက ဝတ်ပြုကိုးကွယ်ကြသည်။ လူတို့၏စိတ်နှလုံးထဲ၌ ၎င်းတို့ယူထားသည့် နေရာသည် ဘုရားသခင်၏ အဆင့်နေရာအဖြစ် လူတို့သတ်မှတ်သည့် နေရာပင် ဖြစ်၏။ ဤသည်မှာ ထိုကိစ္စ၏ အနှစ်သာရပင် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့လုပ်ရပ်များ၏ မူလဇာစ်မြစ်များ၊ စေ့ဆော်မှုများ၊ အစများနှင့် စည်းမျဉ်းများအားလုံးသည် ဆိုးယုတ်သော အတွေးအခေါ်မှ မြစ်ဖျားခံလာပြီး သမ္မာတရားနှင့် မကိုက်ညီပေ။ လူတို့သည် လူသား၏ နည်းလမ်းများအားဖြင့် သို့မဟုတ် ၎င်းတို့၏ ဆုကျေးဇူးများအားဖြင့် တစ်စုံတစ်ခုကို အောင်မြင်ပြီးမြောက်ကာ အခြားသူများကြားတွင် ထင်ပေါ်ကျော်ကြားလာသည့်အပြင် နောက်ဆုံး အကျိုးဆက်မှာ လူသားမျိုးနွယ်သည် ဤအရာအားလုံးကို စာတန်ကြောင့်ဟု မှတ်ယူခြင်းပင်ဖြစ်သည်။ ကွန်ဖြူးရှပ်နှင့် ကွမ်ယုကဲ့သို့ သမိုင်းမှ ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်များနှင့် ကြီးမြတ်သော လူတို့ကို ယခု လူများစွာက ဝတ်ပြုကိုးကွယ်ကြသည့် ပုံစံအတိုင်းပင်။ အခြေခံကျကျ ဆိုရလျှင် ဤလူတို့က အဘယ်မျှကြီးမြတ်သော လုပ်ဆောင်ချက်များကို ပြုလုပ်ခဲ့ပြီးစေကာမူ အမျိုးမျိုးသော ဤပုဂ္ဂိုလ်ထူးများကို ဤလောကသို့ ရောက်လာရန်နှင့် မတူညီသော ခေတ်ကာလများ၌ အထူးလုပ်ဆောင်ချက်များကို ပြုလုပ်ရန် စီစဉ်ခဲ့သူမှာ အမှန်တွင် ဘုရားသခင်ပင် ဖြစ်သည်။ သို့ရာတွင် ရှေးဟောင်းခေတ်တွင် ဖြစ်စေ၊ မျက်မှောက်ခေတ်တွင် ဖြစ်စေ မှတ်တမ်းတင်ထားသော လူ့သမိုင်းတစ်ခုလုံး၌ ဖန်ဆင်းရှင်၏ လုပ်ဆောင်ချက်များကို သက်သေခံသည့် ဖြစ်စဉ်တစ်ခုမျှ မရှိချေ။ သမ္မာကျမ်းစာကသာလျှင် ပညတ်တရားခေတ်နှင့် ကျေးဇူးတော်ခေတ်၌ ဘုရားသခင်၏ အမှုတော်အဆင့်နှစ်ဆင့်၏ အရိပ်လက္ခဏာအချို့ကို မှတ်တမ်းတင်လေသည်။ သို့သော် ထိုနေရာ၌ မှတ်တမ်းတင်ထားသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကပင် အတော့်ကို နည်းပါး၏။ အမှန်တကယ်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို မိန့်ဆိုထားပြီးဖြစ်ကာ များပြားလှသော လုပ်ဆောင်ချက်များကို ပြုလုပ်ထားပြီး ဖြစ်သော်လည်း လူသားများမှ မှတ်တမ်းတင်ထားသော အရာမှာ အလွန်အမင်း နည်းပါးလှသည်။ ဆန့်ကျင်ဘက်အားဖြင့် ထင်ပေါ်ကျော်ကြားပြီး ကြီးမြတ်သော လူတို့ကို မှတ်တမ်းတင်သည့်၊ သက်သေခံသည့်၊ သို့မဟုတ် ချီးကျူးဂုဏ်ပြုသည့် မရေတွက်နိုင်သော စာအုပ်များရှိ၏။ ဤအရာက ငါတို့ ခုလေးတင် ဆွေးနွေးခဲ့သည့်ကိစ္စ၏ အနှစ်သာရကို ရှင်းလင်းသည်မဟုတ်လော။ သမိုင်းတစ်လျှောက်တွင် ထင်ပေါ်ကျော်ကြားပြီး ကြီးမြတ်သော လူတို့သည် သူတို့အတွက်သာ ပြုမူလုပ်ဆောင်ကြပြီးဖြစ်ကြောင်း ငါတို့ ခုလေးတင် ဖော်ပြခဲ့သည်။ အနှစ်သာရအားဖြင့် စာတန်အတွက် ပြုမူလုပ်ဆောင်ခြင်းပင်။ ၎င်းတို့သည် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်နေခဲ့ခြင်း မဟုတ်ဘဲ၊ မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို ဆောင်ရွက်နေခြင်းသာ ဖြစ်ပြီး မိမိတို့၏ အလုပ်တာဝန်၌ ပါဝင်ခြင်းသာဖြစ်ကြောင်း ဤအရာက ပြသသည်။ ဤလောကတွင် လူတို့တာဝန်ယူသည့် အလုပ်တစ်ခုခု၏ သဘာဝ၊ အနှစ်သာရမှာ မည်သည့်အရာနည်း။ (မိမိ၏ ကိုယ်ပိုင် လုပ်ငန်းကို ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။) ယင်းကို မိမိ၏ ကိုယ်ရေးကိုယ်တာ လုပ်ငန်းကို ဆောင်ရွက်ခြင်းဟု အဘယ့်ကြောင့် သဘောထားသနည်း။ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့သက်သေခံသည်မှာ စာတန် ဖြစ်သောကြောင့်တည်း။ ၎င်းတို့၏ ပြုမူလုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများနှင့် စေ့ဆော်မှုများ အားလုံးမှာ စာတန်ထံမှလာသည်ဖြစ်၍ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် မည်သည့်အရာမျှ မသက်ဆိုင်ပေ။ သို့ဆိုလျှင် တာဝန်၏သဘာဝမှာ အဘယ်နည်း။ ယင်းက ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ရသော အလုပ်ကို ရည်ညွှန်းကာ၊ အလုပ်ကို သမ္မာတရား၌ အခြေပြုရမည်၊ သမ္မာတရား စည်းမျဉ်းများအတိုင်း လုပ်ဆောင်ရမည်ဖြစ်ပြီး ဘုရားသခင်၏ တောင်းဆိုမှုများနှင့်အညီ ပြုလုပ်ရမည်ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ရလဒ်မှာ လူတို့အနေဖြင့် ဘုရားသခင်ကို သက်သေခံနိုင်ပြီး ဘုရားသခင်အပေါ် ကျိုးနွံနာခံမှုကို ပိုင်ဆိုင်ကာ သူနှင့်ပတ်သက်၍ အသိပညာရှိခြင်းဖြစ်သည်။ ၎င်းတို့၌ ဖန်ဆင်းရှင်နှင့်ပတ်သက်၍ ပိုမိုနက်နဲသော သိနားလည်ခြင်းနှင့် ပို၍စစ်မှန်သော ကျိုးနွံနာခံမှုရှိသည့်အပြင် ၎င်းတို့သည် ဖန်ဆင်းခံများ ပြုသင့်သည့်အရာကို ပြုလုပ်နိုင်ကြသည်။ ဤသည်မှာ ဤအရာနှစ်ခုကြားမှ အကြီးဆုံးသော ခြားနားချက်ဖြစ်၏။ လူတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ၎င်းတို့၏ တာဝန်များကို လက်ခံသောအခါ ဘုရားသခင်နှင့် ၎င်းတို့၏ဆက်ဆံရေးမှာ ပို၍ပို၍ ပုံမှန်ဖြစ်လာသည်။ သို့ဆိုလျှင် ဤလောကကြီးတွင် လူတို့ ပါဝင်ဆောင်ရွက်သည့် မည်သည့်အလုပ်မဆို ဤအကျိုးသက်ရောက်မှုကို ရရှိနိုင်သလော။ လုံးဝ မရနိုင်၊ ရလဒ်က တကယ့်ကို ပြောင်းပြန်ဖြစ်သည်။ လူတစ်ဦးသည် လောကီအလုပ်လုပ်ရင်း နှစ်ကာလများ ပို၍ကုန်လွန်လေ၊ ဘုရားသခင်အား ပို၍ပုန်ကန်ပြီး သူ့ထံမှ ပို၍ဝေးဝေး လွင့်မျောလေ ဖြစ်သည်။ လူတစ်ဦး၏ ကိုယ်ရေးကိုယ်တာ လုပ်ငန်းက ပို၍အဆင်ပြေလေ၊ ဘုရားသခင်ထံမှ ပို၍ဝေးဝေး ရောက်သွားလေ ဖြစ်သည်။ လူတစ်ဦး၏ ကိုယ်ရေးကိုယ်တာ လုပ်ငန်းက ပို၍အောင်မြင်လာလေ၊ ဘုရားသခင်၏ သတ်မှတ်ချက်များမှ ပို၍ဝေးဝေးသို့ လမ်းလွဲလေ ဖြစ်သည်။ ထို့အတွက်ကြောင့် တာဝန်ထမ်းဆောင်ခြင်းနှင့် လောကီအလုပ်၌ ပါဝင်ဆောင်ရွက်ခြင်းတို့တွင် လုံးလုံးလျားလျား မတူညီသော သဘာဝနှစ်ခု ရှိလေ၏။
လူတစ်ဦး၏ တာဝန်နှင့် လောကီအလုပ်၌ ပါဝင်လုပ်ဆောင်နေသော လူတစ်ဦးတို့ကြားမှ ခြားနားချက်ကို ယခုပင် ဆွေးနွေးခဲ့သည်။ သမ္မာတရား၏ မည်သည့်လက္ခဏာသွင်ပြင်ကို လူတို့နားလည်ဖို့ အထောက်အကူပြုရန် ဤဆွေးနွေးချက်က ရည်ရွယ်ထားသနည်း။ မည်သည့်တာဝန်ကို သင်လက်ခံရရှိသည်ဖြစ်စေ ဘုရားသခင် စေခိုင်းသည့်အတိုင်း သင်ထမ်းဆောင်သင့်သည်။ ဥပမာအနေဖြင့် သင်သည် အသင်းတော်၏ ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးကောက်ခံရသည့်အခါ သင်၏တာဝန်သည် အသင်းတော်ခေါင်းဆောင်တစ်ဦး၏ အလုပ်ကို ထမ်းဆောင်ဖို့ဖြစ်သည်။ ဤအလုပ်ကို သင်၏တာဝန်အဖြစ် ယူပြီးသည်နှင့်တစ်ပြိုင်နက် သင်အဘယ်အရာကို လုပ်ဆောင်သင့်သနည်း။ ပထမဦးစွာ ခေါင်းဆောင်တစ်ဦးအနေဖြင့် သင့်အလုပ်၏ အောင်မြင်မှုသည်သာ သင့်တာဝန် ထမ်းဆောင်ခြင်း ဖြစ်သည်ကို သိလော့။ သင်သည် အပြင်လောက၌ အရာရှိတစ်ဦးအဖြစ် အစေခံနေခြင်း မဟုတ်ပေ။ သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီးနောက် သင့်ကိုယ်သင် အရာရှိတစ်ဦးအဖြစ် ယူဆပါက သင်သည် လမ်းလွဲပြီဖြစ်သည်။ သို့ရာတွင် သင်က “ယခုအခါ ကျွန်ုပ်သည် အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီ ဖြစ်သောကြောင့် ကျွန်ုပ်သည် တင်စီး၍မဖြစ်ပေ၊ အခြားလူတိုင်း၏ အောက်တွင် မိမိကိုယ်ကိုထားရှိရမည်၊ ၎င်းတို့အား ကျွန်ုပ်ထက် မြင့်မားပြီး အရေးပါသည့်သူများ ဖြစ်စေရမည်”ဟု ပြောဆိုလျှင် ဤစိတ်နေစိတ်ထားသည်လည်း မှားယွင်းပေသည်။ သမ္မာတရားကို သင်နားမလည်ပါက ဟန်ဆောင်ခြင်း တစ်ခုတလေသည် အသုံးမဝင်ပေ၊ သင့်တာဝန်နှင့်ပတ်သက်၍ မှန်ကန်သည့် နားလည်မှုသည်သာ အလုပ်ဖြစ်လိမ့်မည်။ ပထမဦးစွာ အသင်းတော် ခေါင်းဆောင်တစ်ဦး၏ အလုပ်နှင့်ပတ်သက်သည့် အရေးပါမှုကို သင်သိမှတ်ရမည် ဖြစ်သည်။ အသင်းတော်တစ်ခု၌ အသင်းသား ဒါဇင်အချို့ရှိနိုင်ပြီး ဤလူများကို ဘုရားရှေ့မှောက်သို့ မည်သို့ ဦးဆောင်ရမည်ကိုလည်းကောင်း၊ ၎င်းတို့ထဲမှ အများစုအား သမ္မာတရားကို နားလည်ဖို့၊ သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ဖို့ မည်သို့ ခွင့်ပြုရမည်ကိုလည်းကောင်း သင်တွေးရမည်။ အပျက်သဘောဆောင်ပြီး အားနည်းနေသည့်သူများကို အပျက်သဘောဆောင်ပြီး အားနည်းခြင်းမှ တားဆီးဖို့နှင့် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်နိုင်စေဖို့ ရေလောင်းခြင်းနှင့် ထောက်ပံ့ခြင်းတို့အတွက်လည်း သင် အချိန်ပိုသုံးရမည်။ မိမိတို့၏တာဝန်များကို ထမ်းဆောင်နိုင်စွမ်းရှိသူအားလုံးအား သမ္မာတရားကို နားလည်ခြင်းနှင့် လက်တွေ့အရှိတရားသို့ ဝင်ရောက်ခြင်း၊ အခြေခံသဘောတရားများအတိုင်း ပြုမူခြင်းနှင့် မိမိတို့၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ပြီး၊ ထိုသို့ဖြင့် သာ၍ ကြီးမားသော အကျိုးရရှိစေဖို့လမ်းပြရမည်။ ဘုရားသခင်ကို နှစ်အတန်ကြာ ယုံကြည်လာပြီးသော်လည်း အသင်းတော်၏ အလုပ်ကို အမြဲတစေ နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သည့် အတော်ပင် ဆိုးယုတ်သော လူ့သဘာဝရှိသည့် လူအချို့ရှိသည်။ ဤလူတို့ကို လိုအပ်သလို ပြုပြင်သင့်သည်။ နောင်တရဖို့ ခေါင်းမာမာနှင့် ငြင်းဆန်သူတို့ကို ရှင်းလင်းသင့်သည်။ ထိုသူတို့ကို စည်းမျဉ်းနှင့်အညီ ကိုင်တွယ်သင့်ပြီး သင့်တော်သလို စီမံသင့်သည်။ အားလုံးထက် အရေးကြီးဆုံးသောအရာလည်း ရှိ၏။ အသင်းတော်ထဲရှိ လူအချို့သည် အတော်ပင်ကောင်းသော လူ့သဘာဝနှင့် အစွမ်းအစအနည်းငယ်ကို ပိုင်ဆိုင်ကာ အလုပ်၏ သေချာသော ကဏ္ဍတစ်ခုကို တာဝန်ယူနိုင်စွမ်း ရှိသည်။ ထိုသို့သော လူတို့အားလုံးကို နှောင့်နှေးခြင်းမရှိ၊ အချိန်ဆွဲမနေဘဲ မြန်မြန် ပြုစုပျိုးထောင်ပေးရမည်။ ထိုသူတို့ ကျွမ်းကျင်လာရန်အတွက် လေ့ကျင့်မှုလိုမည်ဖြစ်ပြီး ၎င်းတို့သည် လေ့ကျင့်မှုတစ်ခုခု လုံးဝ မရရှိလျှင် မည်သည့်အရာမျှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ဤသည်တို့မှာ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ကောင်းစွာ ထမ်းဆောင်ဖို့ အဆောတလျင် လိုအပ်သည့် လုပ်ငန်းများ မဟုတ်လော။ အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီး စိတ်ထဲတွင် ဤကိစ္စများကို မစောင့်ထိန်းသည့်အပြင် အလုပ်ကို ဤပုံစံအတိုင်း မထမ်းဆောင်ပါက သင့်တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းနိုင်မည်လော။ (ဖြည့်ဆည်းနိုင်မည် မဟုတ်ပါ။) ခေါင်းဆောင်တစ်ဦး အနေဖြင့် အသင်းတော်အလုပ်၏ ကဏ္ဍတစ်ခုစီတိုင်း အသီးသီးကို ဖြေရှင်းဖို့ မုချလိုအပ်သည်။ ပထမအနေဖြင့် အရေးကြီးဆုံး ကိစ္စမှာ ပါရမီရှိသော လူတို့ကို ပြုစုပျိုးထောင်ဖို့ ဖြစ်သည်။ ကောင်းသော လူ့သဘာဝရှိသူတို့နှင့် အစွမ်းအစ ပိုင်ဆိုင်သူတို့ကို မြှင့်တင်ပေးကာ ထိုသူတို့ကို ပြုစုပျိုးထောင်ပြီး လေ့ကျင့်ပေးလော့။ ဒုတိယအနေဖြင့် ညီအစ်ကို မောင်နှမများကို သမ္မာတရားစစ်မှန်မှုထဲ ဝင်ရောက်ဖို့ ဦးဆောင်ပြီး မိမိကိုယ်ကို ပြန်လည်သုံးသပ်ရန်၊ မိမိတို့ကိုယ်ကို သိနားလည်ရန်၊ မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာတို့ကို ပိုင်းခြားသိမြင်ရန်၊ လူတို့ကို ပိုင်းခြားသိမြင်ရန်နှင့် မိမိတို့၏ တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းရန် ထိုသူတို့ကို အထောက်အကူပေးလော့။ ဤသည်မှာ အသက်ဝင်ရောက်မှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်၏။ တတိယအနေဖြင့် (နိမ့်ကျသော လူ့သဘာဝရှိသူတို့ မပါဝင်ဘဲ) မိမိတို့၏ တာဝန်များကို ထမ်းဆောင်နိုင်သောသူ အများစုကို ထိုသို့ အမှန်တကယ် ထမ်းဆောင်ရန် အထောက်အကူပေးပြီး ထိုသူတို့သည် ဝတ်ကျေတမ်းကျေသာ ပြုမူလုပ်ဆောင်ခြင်းထက် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာ၌ ရလဒ်များကို ရရှိစေရန် သေချာစေလော့။ စတုတ္ထအနေဖြင့် အသင်းတော်၏အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သူတို့ကို မဆိုင်းမတွ ကိုင်တွယ်လော့။ ထိုသူတို့က မိတ်သဟာယပြုရာ၌ သမ္မာတရားကို ငြင်းဆိုပါက ၎င်းတို့ကို ပြုပြင်ရမည်။ ထို့အပြင် ထိုကာလအတွင်း နောင်တမရဘဲ နေလျှင် ထိုသူတို့ကို ပြန်လည်သုံးသပ်ဖို့အတွက် သီးသန့်ခွဲထုတ်ထားသင့်သည့်အပြင် ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းပင် ပြုသင့်သည်။ ပဉ္စမအနေဖြင့် မယုံကြည်သူများ၊ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များအား ပိုင်းခြားသိမြင်ရန် ဘုရားသခင်ရွေးကောက်သော လူတို့ကို အထောက်အကူ ပေးလျက် ၎င်းတို့ အထင်အမြင်မှားအောင် လုပ်ခြင်းမခံရအောင်နှင့် ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ဆိုင်သည့် လမ်းကြောင်းမှန်ပေါ် အမြန်ဆုံး ဝင်ရောက်နိုင်ရန် သေချာစေလော့။ အထက်ပါအချက် ငါးချက်စလုံးမှာ အရေးကြီးပြီး ခေါင်းဆောင်မှုနှင့်ဆိုင်သည့် ရှိရင်းစွဲ လုပ်ငန်းတာဝန်များ ဖြစ်သည်။ အလုပ်၏ ဤလက္ခဏာသွင်ပြင် ငါးရပ်ကို ဖြည့်ဆည်းခြင်းသည် လူတစ်ဦးအား အရည်အချင်းပြည့်မီသော အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်စေသည့်အရာ ဖြစ်သည်။ ထို့ပြင် အထူးအခြေအနေများကိုလည်း ကောင်းမွန်စွာ ကိုင်တွယ်ရမည်။ ဥပမာအနေဖြင့် လူအချို့၏ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်က ယာယီဖြစ်ကောင်းဖြစ်နိုင်ပြီး သင်သည် ယင်းတို့ကို သင့်လျော်သလို ပြုမူဆက်ဆံသင့်သည်။ သိမ်းကျုံး အကဲဖြတ်ချက်၍မရပေ။ အကယ်၍ လူတစ်ဦးသည် အခိုက်အတန့် အပျက်သဘောဆောင်ပြီး သူ့ကို သင် “အပျက်သဘောဆောင်သူ” သို့မဟုတ် “အမြဲအပျက်သဘောဆောင်သူ” ဟု အမည်တပ်ကာ ဘုရားသခင်က သူ့ကို အလိုမရှိတော့ဟု ဆိုပါက ယင်းမှာ မသင့်လျော်ပေ။ ထိုမျှမက လူတိုင်းသည် မိမိတို့၏ ကိုယ်စီအခန်းကဏ္ဍများကို ဖြည့်ဆည်းသင့်ပြီး မိမိတို့၏ အစွမ်းအစများအတိုင်း ကူညီပံ့ပိုးသင့်သည်။ တစ်ဦးချင်းစီ၏ ဆုကျေးဇူးများ၊ ပါရမီများ၊ အစွမ်းအစ၊ အသက်နှင့် ဘုရားသခင်အား ယုံကြည်လာသည့် ကာလအတိုင်းအတာတို့အပေါ် မူတည်၍ တာဝန်ထမ်းဆောင်ခြင်းအတွက် အစီအမံများကို သင့်လျော်သလို ပြုလုပ်သင့်သည်။ ဤလုပ်နည်းကိုင်နည်းကို ကွဲပြားသော လူစားမျိုးများနှင့် ကိုက်ညီအောင် အံဝင်ခွင်ကျ စီမံထားပေးလျက် ထိုသူတို့ကို ဘုရားအိမ်တော်၌ သူတို့၏တာဝန်များကို ထမ်းဆောင်ရန်နှင့် သူတို့၏ အသုံးဝင်မှုကို အကောင်းဆုံး အသုံးချရန် အခွင့်ပေးရမည်ဖြစ်သည်။ အကယ်၍ သင်သည် စိတ်ထဲ၌ ဤထည့်တွက်စဉ်းစားရမည့် အချက်များကို မှတ်ထားပါက သင်သည် ဝန်တာစိတ်ဖြစ်ပေါ်လာမည်ဖြစ်ပြီး လေ့လာအကဲခတ်ခြင်းအပေါ် အမြဲတမ်း အာရုံစိုက်ရမည် ဖြစ်သည်။ မည်သည့်အရာကို လေ့လာအကဲခတ်ရမည်နည်း။ သင် ပို၍ ဆက်ဆံနိုင်ရအောင် ကြည့်ကောင်းသောသူမဟုတ်။ သင် ရုပ်ဆိုးသည်ဟု ထင်သဖြင့် သင် ဖယ်ကြဉ်ထားနိုင်သော သူမဟုတ်။ သင် မျက်နှာချိုသွေးနိုင်ရအောင် စွမ်းဆောင်ရည်နှင့် အဆင့်အတန်း ရှိပုံပေါ်သောသူမဟုတ်။ ထို့ပြင် သူ့ကို သင် အပြစ်ဒဏ်ပေးဖို့ ကြိုးစားနိုင်ရအောင် သင့်အား ဦးညွှတ်ဂါရဝမပြုသောသူ မဟုတ်သည်မှာ သေချာ၏။ ဤအရာများ တစ်ခုမျှမဟုတ်ပေ။ သို့ဆိုလျှင် မည်သည့်အရာကို လေ့လာအကဲခတ်သင့်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ်၊ လူမျိုးစုံအပေါ် သူ၏ သဘောထားများနှင့် သတ်မှတ်ချက်များကို အခြေခံ၍ လူတို့ကို ပိုင်းခြားသိမြင်သင့်ပြီး စည်းမျဉ်းများကို အခြေခံ၍ သူတို့ကို ပြုမူဆက်ဆံသင့်သည်။ ဤအရာသည် သမ္မာတရားနှင့် ကိုက်ညီ၏။ ပထမဦးစွာ အသင်းတော်ထဲရှိ လူစားအမျိုးမျိုးတို့ကို အမျိုးအစားခွဲလော့။ ကောင်းသော အစွမ်းအစနှင့် သမ္မာတရားကို လက်ခံဖို့ စွမ်းရည်ရှိသောသူတို့ကို အမျိုးအစားတစ်ခုအဖြစ်၊ ညံ့ဖျင်းသော အစွမ်းအစနှင့် သမ္မာတရားကို လက်ခံဖို့ စွမ်းရည်မရှိသောသူတို့ကို အခြား အမျိုးအစားတစ်ခုအဖြစ်၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်နိုင်သောသူတို့ကို အခြား အမျိုးအစားတစ်ခုအဖြစ်၊ ထို့ပြင် မထမ်းဆောင်နိုင်သောသူတို့ကို အခြား အမျိုးအစားတစ်ခုအဖြစ် ခွဲခြားလော့။ နောက်ဆုံးတွင် အမြဲတမ်း ညည်းညူသော၊ အယူအဆများကို ဖြန့်ဖြူးသော၊ အပျက်သဘောဆောင်ခြင်းထဲသို့ ကျရောက်သော၊ ထို့ပြင် အဖျက်အမှောင့်များကို ဖြစ်စေသော ထိုမယုံကြည်သူတို့ကိုလည်း အမျိုးအစားတစ်ခုထဲ၌ ထားရှိသင့်သည်။ လူတိုင်းကို အမျိုးအစားခွဲထားပြီး အုပ်စုတစ်ခုစီ၏ တကယ့်အခြေအနေကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း စေ့စေ့စပ်စပ် သိရှိထားလျက် ကယ်တင်၍ရနိုင်မည့်သူနှင့် မရမည့်သူကို ရှင်းလင်းစွာ မြင်တွေ့ပြီးသည်နှင့် တစ်ပြိုင်နက် သင်သည် လူမျိုးစုံကို ရိပ်စားမိနိုင်မည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ပြီး မည်သူ့ကို ဘုရားသခင် ကယ်တင်လိုပြီး မည်သူ့ကို ဖယ်ရှားရှင်းလင်းလိုသည်ကို သိမည်ဖြစ်သည်။ သင်၏ ဝန်တာစိတ်ကြောင့် ဤအရာအားလုံး ထွက်ပေါ်လာသည် မဟုတ်လော။ ဤသည်မှာ တာဝန်အပေါ်ထားရမည့် မှန်ကန်သော သဘောထား မဟုတ်လော။ အကယ်၍ သင်သည် မှန်ကန်သော ဤသဘောထားကို ပိုင်ဆိုင်ပြီး သင့်အထဲ၌ ဝန်တာစိတ်တစ်ခုကို ပေါ်ပေါက်လာပါက သင်သည် သင်၏အလုပ်ကို ကောင်းစွာလုပ်ဆောင်နိုင်မည်။ အကယ်၍ သင်သည် သင်၏တာဝန်များကို ဤပုံစံအတိုင်း သဘောထားရမည့်အစား တရားဝင်ရာထူးတစ်ခု၌ ရှိနေသည့်အလား တာဝန်များ ထမ်းဆောင်ခြင်းကို ရှုမြင်လျက် “ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်းသည် ရာထူးရထားသည်နှင့် တူသည်။ ဤသည်မှာ ဘုရားသခင်ထံမှ ကောင်းချီးတစ်ခု ဖြစ်လေ၏။ ယခုတွင် ငါ၌ အဆင့်အတန်းရှိသည်ဖြစ်၍ လူတို့က ငါ့အား နာခံရမည်ဖြစ်ပြီး ယင်းမှာ ကောင်းသောအရာတစ်ခု ဖြစ်လေ၏” ဟု အမြဲတမ်း တွေးထင်ပါက၊ ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းသည် အရာရှိတစ်ဦးဖြစ်ခြင်းနှင့် တူညီသည်ဟု တွေးထင်ပါက သင် ဒုက္ခရောက်ပေပြီ။ သင်သည် အရာရှိတစ်ဦး၏ ပုံစံအတိုင်းနှင့် အရာရှိများ အလုပ်လုပ်သည့်ပုံစံကို အခြေခံ၍ ဦးဆောင်မည်မှာ အသေအချာဖြစ်သည်။ သို့ဆိုလျှင် အသင်းတော်၏အလုပ်ကို သင့်တင့်လျောက်ပတ်စွာ ထမ်းဆောင်နိုင်မည်လော။ ထိုသို့သောအမြင်မျိုးဖြင့် သင်သည် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမည်မှာ မုချဖြစ်၏။ သင်သည် သွားလေရာတိုင်းတွင် လူတို့ဝိုင်းရံခံရမည့်အပြင် သင်ပြောသည့်အရာတိုင်းကို လူတို့က ဆောင်ရွက်ရမည့် အရာရှိတစ်ဦးအဖြစ် မိမိကိုယ်မိမိ အမြဲတမ်း စိတ်ကူးကြည့်နေပေမည်။ အသင်းတော်၌ မည်သည့်အကျိုးကျေးဇူးကိုမဆို ဗွေဆော်ဦး ရွေးချယ်ခွင့်ကိုလည်း ရရမည်ဖြစ်သည်။ အသင်းတော်၌ မည်သည့်အလုပ်ရှိသည်ဖြစ်စေ၊ သင်သည် အမိန့်များပေးဖို့သာ လိုပြီး သင်ကိုယ်တိုင် မည်သည့်အရာမျှ လုပ်စရာမလိုအပ်ပေ။ ဤသည်မှာ မည်သို့သော သဘောထားမျိုးနည်း။ ဤသည်မှာ အဆင့်အတန်းနှင့်ဆိုင်သည့် အကျိုးကျေးဇူးများ၌ အရသာတွေ့ခြင်း မဟုတ်လော။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမဟုတ်လော။ သမ္မာတရားကို မလိုက်စားသောသူတို့အားလုံးသည် ၎င်းတို့၏ တာဝန်များကို စာတန်ဆန်သော စိတ်သဘောထားကို အခြေခံ၍ ထမ်းဆောင်ကြသည်။ ခေါင်းဆောင်နှင့် အမှုဆောင်တို့ အများအပြား ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရသည်မှာ ၎င်းတို့၏ တာဝန်များကို သမ္မာတရား အရိပ်အယောင်တစ်ခုကိုမျှပင် လက်ခံခြင်းမရှိဘဲ စာတန်ဆန်သော စိတ်သဘောထားကို အခြေခံ၍ အမြဲတမ်း ထမ်းဆောင်ခဲ့ကြသောကြောင့် ဖြစ်သည်။ ယခုတွင် ခေါင်းဆောင်အချို့က ဤပုံစံအတိုင်း ပြုမူနေကြသေးသည်။ ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီးနောက် သူတို့သည် အတွင်းစိတ်၌ အတော်လေး ကြည်နူးနေကြပြီး အနည်းငယ် မိမိကိုယ်မိမိ ကျေနပ်နေကြသည်။ ထိုစိတ်ခံစားမှုကို ဖော်ပြဖို့ ခက်ခဲသော်လည်း မည်သို့ပင်ဆိုစေ သူတို့သည် အတော်ပင် ကောင်းစွာ လုပ်ဆောင်ထားကြပြီဟု ထင်ကြသည်။ သို့ရာတွင် ထိုသူတို့က “ငါသည် မြောက်ကြွမြောက်ကြွ နေ၍မရ။ မြောက်ကြွမြောက်ကြွ ဖြစ်ခြင်းသည် မာနထောင်လွှားခြင်း၏ သင်္ကေတတစ်ခုဖြစ်ပြီး မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းအတွက် ရှေ့ပြေးနိမိတ် ဖြစ်၏။ ငါသည် ခပ်လျှိုလျှိုနေသင့်၏” ဟု တွေးဆတော့သည်။ အပေါ်ယံတွင် ထိုသူတို့သည် ခပ်လျှိုလျှို ပြုမူပြီး ဤသည်မှာ ဘုရားသခင်ထံမှ မြှင့်တင်ခြင်းနှင့် တာဝန်ပေးစေခိုင်းချက်တစ်ခု ဖြစ်ကြောင်း၊ သူ၌ ယင်းကို လုပ်ဆောင်ရုံမှတစ်ပါး ရွေးချယ်စရာမရှိကြောင်း လူတိုင်းကို ပြောပြလေသည်။ သို့ရာတွင် အတွင်း၌မူကား ထိုသူသည် “နောက်ဆုံးတွင် ငါ အရွေးခံရပြီ။ ငါ၏အစွမ်းအစ မကောင်းဟု အဘယ်သူဆိုသနည်း။ ငါ၏အစွမ်းအစ ညံ့ဖျင်းခဲ့ပါက အဘယ်သို့ ငါ အရွေးခံရနိုင်မည်နည်း။ အဘယ်ကြောင့် အခြားတစ်ယောက်ယောက် အရွေးမခံခဲ့ရသနည်း။ ငါ၌ အခြားသူများထက် အရေးသာမှုများ တကယ်ရှိနေပုံရသည်” ဟု ဆိုလျက် တိတ်တဆိတ် ဝမ်းသာနေသည်။ ထိုသူ့အပေါ် ဤတာဝန် ကျရောက်သောအခါ ဤသည်တို့မှာ သူ၏စိတ်နှလုံးထဲ၌ ပထမဆုံး စဉ်းစားမိသည့်အရာများ ဖြစ်သည်။ “ယခုတွင် ဤတာဝန်မှာ ငါ့အပေါ် ကျရောက်လာပြီ။ ယင်းကို ငါ အဘယ်သို့ ထမ်းဆောင်သင့်သနည်း။ မည်သူသည် ငါသင်ယူသင့်သည့် အတိတ်၌ အလုပ်ကောင်းကောင်းကို လုပ်ဆောင်ခဲ့ပြီးသူ ဖြစ်သနည်း။ ဤတာဝန်ကို ထမ်းဆောင်ခြင်းအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ အဘယ်နည်း။ အသင်းတော်၏ အလုပ်စီမံခန့်ခွဲမှုများတွင် ထိုသို့သော သတ်မှတ်ချက်များတစ်ခုခု ရှိသလော။ ငါသည် အသင်းတော်အလုပ်၏ ဤလက္ခဏာသွင်ပြင်များနှင့် ပတ်သက်၍ မည်သည့်အခါမျှ မစိုးရိမ်ခဲ့ဖူးသော်လည်း ယခုတွင် ငါသည် ခေါင်းဆောင်တစ်ဦးအဖြစ် အရွေးခံရပြီ။ ဘာလုပ်သင့်သနည်း” ဟု မတွေးဆပေ။ အမှန်တွင် သင်၌ ကြံ့ခိုင်မှုရှိပြီး သမ္မာတရားကို ရှာဖွေနိုင်သရွေ့ လမ်းကြောင်းရှိ၏။ အကယ်၍ သင်သည် အလုပ်ကို သင်၏တာဝန်အဖြစ် သဘောထားပါက ယင်းကို ကောင်းစွာ လုပ်ဆောင်ဖို့ လွယ်ကူမည်ဖြစ်သည်။ လူအချို့သည် ခေါင်းဆောင်များဖြစ်လာပြီးလျှင် “ယခု ဤလူတို့ကို ငါ့အား အပ်နှံထားပြီ။ သူတို့စုဝေးမည့်ပုံနှင့် သူတို့အတွက် မည်သည့်အလုပ်ကို စီမံခန့်ခွဲမည်မှာ ငါ၏တာဝန်ဖြစ်မည်လော။ အလိုလေး၊ ယခုပင်လျှင် ငါ စိတ်လေးနေပြီ” ဟု ဆိုကြသည်။ ဤစကားများက မည်သည့်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ ယင်းမှာ သူတို့က ကြီးမားသော အရာများကို ပြီးမြောက်နိုင်မည်ကဲ့သို့ ဖြစ်၏။ ယင်းတို့အားလုံးမှာ အနှစ်မဲ့သော စကားနှင့် အယူဝါဒများသာ ဖြစ်သည်။ ဤကဲ့သို့သော လူစားမျိုးမှာ အနည်းငယ် ကြောင်သူတော်ဆန်သည် မဟုတ်လော။ သင်တို့အနက် တစ်ဦးဦးသည် ထိုကဲ့သို့သောအရာများကို ဆိုဖူးသလော။ (ဆိုဖူးပါသည်။) သို့ဆိုလျှင် သင်တို့အားလုံးလည်း အတော်ပင် ကြောင်သူတော်ဆန်ကြသည်။ သို့ရာတွင် ထိုကဲ့သို့သော အပြုအမူသည် လူတို့အတွက် ပုံမှန်ဖြစ်၏။ အရေးမပါသော အရာရှိများဖြစ်လာသူတို့ပင် အနည်းငယ် ကြွားဝါကြသည်။ ထိုသူတို့က ၎င်းတို့၏ ပုဂ္ဂိုလ်ရေးတန်ဖိုးမှာ တက်လာသည်ဟု ရုတ်တရက် ခံစားကြကာ အဆင့်အတန်းနှင့် ကျော်ကြားမှုနှင့် အကျိုးအမြတ် အနည်းငယ်၏ အရသာကို သိလာသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ စိတ်နှလုံးများက တလိပ်လိပ်တက်လာသည့် ပင်လယ်ကဲ့သို့ မှောက်လှန်သွားပြီး အခြားလူတစ်ဦးကဲ့သို့ ဖြစ်သွားသည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် လွန်ကဲသော စိတ်ဆန္ဒများ အားလုံးက ပေါ်ထွက်လာသည်။ လူတိုင်း၌ အပျက်သဘောဆောင်သော၊ မထုံတက်သေးဖြစ်သော ဤအပြုအမူများ ရှိသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်အကြားတွင် တူညီသောပုံစံဖြစ်၏။ ဖောက်ပြန်ပျက်စီးသည့် လူသားဖြစ်သော မည်သူမဆို ယင်းကို ပိုင်ဆိုင်သည်။ လူအချို့သည် ခေါင်းဆောင်များ ဖြစ်လာပြီးနောက် သူတို့ မည်သို့ လမ်းလျှောက်သင့်သည်ကို မသေချာကြတော့ပေ။ အချို့မှာ လူတို့အား မည်သို့ စကားပြောသင့်သည်ကို မသေချာကြတော့ပေ။ ယင်းမှာ ၎င်းတို့သည် မဝံ့မရဲခြင်းကြောင့် မည်သို့ စကားပြောသင့်သည်ကို မသေချာကြခြင်း မဟုတ်၊ ထို့ထက် ခေါင်းဆောင်တစ်ဦး မည်သို့ ပြုမူနေထိုင်သင့်သည်နှင့် ပတ်သက်၍ မသေချာကြခြင်းကြောင့် ဖြစ်သည်မှာ အသေအချာပင်။ အခြားလူတို့မှာ ခေါင်းဆောင်များ ဖြစ်လာပြီးနောက် မည်သည့်အရာ စားရမည်ကိုဖြစ်စေ၊ မည်သည့်အရာ ဝတ်ရမည်ကိုဖြစ်စေ မသေချာကြပေ။ ပြုမူလုပ်ဆောင်ပုံ အမျိုးမျိုးရှိ၏။ သင်တို့တစ်ယောက်ယောက်က ဤပြုမူလုပ်ဆောင်ပုံများကို ပြသလော။ ခြားနားသော အတိုင်းအတာများဖြင့် သင်တို့အားလုံး ပြကြသည်မှာ အသေအချာဖြစ်၏။ သို့ဆိုလျှင် ဤအခြေအနေများနှင့် အပြုအမူများကို ကျော်လွန်ဖို့ အဘယ်မျှ ကြာမည်နည်း။ တစ်နှစ် သို့မဟုတ် နှစ်နှစ်လော၊ သုံးနှစ် သို့မဟုတ် ငါးနှစ်လော၊ မဟုတ်လျှင် ဆယ်နှစ်လော။ ယင်းမှာ လူတစ်ဦးအနေဖြင့် သမ္မာတရားကို လိုက်စားရန် စိတ်ပိုင်းဖြတ်ချက်နှင့် အတိုင်းအတာအပေါ် မူတည်၏။
သမ္မာတရားကို လိုက်စားခြင်းဖြစ်စဉ်တွင် သမ္မာတရားနှင့် ပတ်သက်၍ လူအချို့၏နားလည်မှုသည် သူတို့၏ဝင်ရောက်မှုနှင့် တိုက်ရိုက်အချိုးကျသည်။ နှစ်ခုစလုံးသည် ညီတူညီမျှဖြစ်၏။ ၎င်းတို့သည် နားလည်နိုင်သမျှ သမ္မာတရားထဲသို့ ဝင်ရောက်နိုင်သည်။ သမ္မာတရားနှင့်ပတ်သက်၍ ၎င်းတို့၏ နားလည်မှုအတိမ်အနက်သည် ၎င်းတို့၏ ဝင်ရောက်မှု အတိမ်အနက်လည်း ဖြစ်သည်သာမက ၎င်းတို့၏ သဘောပေါက်နားလည်မှု၊ ခံစားမှုများနှင့် အတွေ့အကြုံများ၏ အတိမ်အနက်လည်း ဖြစ်သည်။ သို့ရာတွင် လူအချို့သည် အယူဝါဒများ အများအပြားကို နားလည်သော်လည်း ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုနှင့် ဝင်ရောက်မှုမှာ သုညသာ ရှိသည်။ ထို့အတွက်ကြောင့် တရားဒေသနာ မည်မျှကို ၎င်းတို့ နာယူခဲ့ပြီးပါစေ ၎င်းတို့၏ အတွင်းစိတ်အခက်အခဲများကို မည်သည့်အခါမျှ မဖြေရှင်းနိုင်ကြပေ။ သေးငယ်သော ကိစ္စတစ်ခုကို ရင်ဆိုင်ရသောအခါ ၎င်းတို့၏ ရုပ်ဆိုးသောအပိုင်းက ရုတ်တရက် ထွက်ပေါ်လာပြီး ၎င်းတို့ မည်သို့ကြိုးစားပါစေ၊ မထိန်းချုပ်နိုင်ကြပေ။ ၎င်းတို့ မည်သို့ဖုံးကွယ်ပါစေ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုက ထုတ်ဖော်နေသေးသည်။ ၎င်းတို့သည် ဖြေရှင်းချက်များအတွက် သမ္မာတရားကို လက်ခံဖို့ သို့မဟုတ် သမ္မာတရားကို ရှာဖွေဖို့ မစွမ်းနိုင်ဘဲ ရှိနေကြဆဲဖြစ်သည်။ ၎င်းတို့သည် အပေါ်ယံမျက်နှာဖုံးကို ဝတ်ဆင်ဖို့၊ လှည့်စားဖို့နှင့် ကောင်းချင်ယောင်ဆောင်ဖို့ပင် သင်ယူကြသည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ ဤတစ်လျှောက်လုံးတွင် ဖယ်ရှားခြင်းမခံရသကဲ့သို့ ပြောင်းလဲခြင်း မရှိချေ။ ဤသည်မှာ သမ္မာတရား မလိုက်စားခြင်း၏ ရလဒ်ဖြစ်၏။ ထို့ကြောင့် နောက်ဆုံး အကျဉ်းချုပ်ပါက ယင်းတို့အားလုံးမှာ တူညီသောစကားရပ်သို့ ပြန်ရောက်ရသည်မှာ သမ္မာတရားလိုက်စားခြင်းသည် အလွန် အရေးကြီး၏ဟူသည်ပင်။ လူတစ်ဦး၏ တာဝန်များအား ထမ်းဆောင်ခြင်းမှာ ထို့အတူပင်ဖြစ်သည်။ မည်သည့်တာဝန်ကို သင်လက်ခံရရှိသည်ဖြစ်စေ၊ သင့်အပေါ် မည်သည့်တာဝန် ကျရောက်သည်ဖြစ်စေ၊ ယင်းက ကြီးမားသော ဝတ္တရား သို့မဟုတ် ပို၍ရိုးစင်းသော ဝတ္တရားကို ဖြစ်ပေါ်စေသည့် တာဝန်ဖြစ်စေ၊ ယင်းမှာ သိပ်အရေးမပါသည်ပင်ဖြစ်စေ သင်သည် သမ္မာတရားကို ရှာဖွေနိုင်ပြီး ထိုတာဝန်ကို သမ္မာတရားစည်းမျဉ်းများအတိုင်း သဘောထားပါက သင်သည် သင်၏တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။ ထိုမျှမက တာဝန်ထမ်းဆောင်နေခြင်းဖြစ်စဉ်တွင် သင်၏ အသက်ဝင်ရောက်မှုနှင့် စိတ်သဘောထားပြောင်းလဲမှု၌ ခြားနားသော အတိုင်းအတာများကို တွေ့ကြုံရမည်ဖြစ်သည်။ သို့ရာတွင် သင်သည် သမ္မာတရားကို မလိုက်စားဘဲ သင့်တာဝန်ကို ကိုယ်ပိုင် လုပ်ငန်း၊ ကိုယ်ပိုင်အလုပ်အဖြစ်သာ သဘောထားပါက၊ သို့တည်းမဟုတ် ကိုယ်ပိုင်ရွေးချယ်မှုအဖြစ်ဖြစ်စေ၊ ကိုယ်ရေးကိုယ်တာ အလုပ်အဖြစ်ဖြစ်စေ သဘောထားပါက သင်သည် ဒုက္ခတွေ့ပြီဖြစ်သည်။ သင့်တာဝန်အား ကိုယ်ပိုင် အလုပ်အဖြစ် သဘောထားခြင်းနှင့် သမ္မာတရားစည်းမျဉ်းများအတိုင်း ပြုမူဆက်ဆံခြင်းမှာ ကွာခြားသည်။ သင့်တာဝန်ကို ကိုယ်ပိုင် လုပ်ငန်းအဖြစ် သဘောထားသောအခါ သင်သည် မည်သည့်အရာကို လိုက်စားနေသနည်း။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို လိုက်စားနေပြီး အခြားသူများအား သင်၏တောင်းဆိုမှုများကို ပြည့်မီရန် မျှော်လင့်နေသည်။ သင်၏တာဝန်အား ဤပုံစံအတိုင်း ထမ်းဆောင်ခြင်း၏ အဆုံးသတ်ရလဒ်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ တစ်ဖက်တွင် ဤပုံစံအတိုင်း သင်၏တာဝန်အား ထမ်းဆောင်ခြင်းသည် စံချိန်စံညွှန်းကို ပြည့်မီမည်မဟုတ်ပေ။ ယင်းက အချည်းနှီးအားထုတ်သည့် သဘောသက်ရောက်သည်။ အကယ်၍ သင်သည် အပေါ်ယံတွင် ကြီးမားသော အားထုတ်ကြိုးပမ်းမှုကို ပြုလုပ်ပြီးဖြစ်လျှင်ပင် သမ္မာတရားကို မရှာဖွေရသေးသောကြောင့် သင့်တာဝန်၏ အသီးအပွင့်များက ညံ့ဖျင်းမည်ဖြစ်ပြီး ဘုရားသခင်လည်း ကျေနပ်မည်မဟုတ်ပေ။ အခြားတစ်ဖက်တွင် သင်သည် ပြစ်မှားခြင်းများကို မကြာခဏ ကျူးလွန်မည်ဖြစ်ပြီး မကြာခဏ နှောင့်ယှက်၍ အဖျက်အမှောင့်လုပ်ကာ မကောင်းသော အကျိုးဆက်များအဖြစ် ရလဒ်ဖြစ်စေသည့် အမှားများကို မကြာခဏ ပြုလုပ်မိမည်ဖြစ်သည်။ ယခုတွင် လူများစွာတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းတွင် လုံးဝ အဆင့်မမီကြပေ။ ၎င်းတို့သည် တစ်ဇွတ်ထိုးနှင့် ဝတ်ကျေတမ်းကျေ ပြုမူကြကာ အခြေခံအားဖြင့် ရလဒ်များ မရရှိသည့်အပြင် တစ်ခါတစ်ရံ အသင်းတော်၏အလုပ်အတွက် ဆုံးရှုံးမှုများကိုပင် ဖြစ်ပေါ်စေကြသည်။ တာဝန်အား ထိုသို့ဖြင့် ထမ်းဆောင်ခြင်းသည် အသင်းတော်အလုပ်ကို အမှန်တကယ် နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်နေခြင်း ဖြစ်သည်။ ယင်းမှာ ဆိုးယုတ်သောသူစစ်စစ်၏ အပြုအမူဖြစ်၏။ မိမိတို့၏ တာဝန်များအား ထမ်းဆောင်ခြင်းတွင် ဝတ်ကျေတမ်းကျေ နည်းလမ်းကို တစ်သမတ်တည်း အသုံးပြုသူတို့ကို ဖော်ထုတ်ရမည်၊ ထိုသို့ဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်နိုင်မည် ဖြစ်သည်။ ၎င်းတို့သည် အမှန်တကယ် ပြန်လည်သုံးသပ်နိုင်ပါက၊ မိမိတို့၏ အမှားများကို သတိပြုမိပြီး မိမိတို့ကိုယ်ကို မုန်းနိုင်ပါက ဆက်နေပြီး မိမိတို့၏တာဝန်များကို ဆက်လက်၍ ထမ်းဆောင်နိုင်မည်ဖြစ်သည်။ သို့သော် အကယ်၍ ၎င်းတို့သည် မိမိတို့၏အမှားများကို လုံးဝ ဝန်မခံဘဲ မိမိတို့ကိုယ်ကို ခုခံကာကွယ်ပြီး ရှင်းချက်ထုတ်နေသေးကာ ဘုရားအိမ်တော်၌ ချစ်ခြင်းမေတ္တာမရှိကြောင်းနှင့် မိမိတို့သည် မတရား ပြုမူဆက်ဆံခြင်းခံရကြောင်း အခိုင်အမာဆိုပါက ဤသည်မှာ ခေါင်းမာမာနှင့် နောင်တမရခြင်း၏ လက္ခဏာတစ်ခုဖြစ်ပြီး ၎င်းတို့သည် အသင်းတော်မှ ဖယ်ထုတ်ခြင်းကို ခံရသင့်သည်။ ဤလူတို့၏ နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများ၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ရန် တမင်တကာ ကြံစည်ခဲ့သောကြောင့်လော။ မဟုတ်ချေ၊ အဓိက အကြောင်းရင်းမှာ ၎င်းတို့၌ သမ္မာတရားအား ချစ်ခြင်း လုံးဝ မရှိသည့်အပြင် ၎င်းတို့၏ လူ့သဘာဝမှာ အလွန်ညံ့သောကြောင့် ဖြစ်သည်။ ဤလူတို့အချို့၌ အစွမ်းအစ အနည်းငယ်ရှိပြီး သမ္မာတရားကို နားလည်နိုင်သော်လည်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ နေနေသာသာ၊ ယင်းကို စိုးစဉ်းမျှ လက်မခံကြချေ။ ၎င်းတို့၏ လူ့သဘာဝမှာ အလွန်အမင်း ဆိုးညစ်သည်။ မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ၎င်းတို့သည် နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့် လုပ်ခြင်းများကို အမြဲတမ်း ပြုလုပ်နေကြပြီး အသင်းတော်၏ အလုပ်ကို ဖျက်ဆီးပစ်ကာ ဆိုးဝါးသော သြဇာလွှမ်းမိုးမှုနှင့်အတူ မကောင်းသော ရလဒ်များစွာကို ဖြစ်ပွားစေကြသည်။ ဤလူတို့သည် မယုံကြည်သူများ ဖြစ်ကြောင်းနှင့် ၎င်းတို့အားလုံးမှာ ဆိုးယုတ်သောလူများ ဖြစ်ကြောင်း သံသယရှိစရာ မလိုပေ။ ဤသည်မှာ ၎င်းတို့ ဖယ်ရှားရှင်းလင်းခံရခြင်း အရင်းခံအကြောင်းဖြစ်သည်။ ယခုတွင် လူအများစုက မယုံကြည်သူများကို ပိုင်းခြားသိမြင်နိုင်ကြသည်။ ဤလူတို့၏ အပြုအမူအမျိုးမျိုးကို သူတို့တွေ့ရသောအခါ စိတ်ဆိုးကြသည်။ ဤလူတို့ကို ဘုရားသခင်အား ယုံကြည်သူများဟု အဘယ်သို့ ယူဆ၍ရမည်နည်း။ ထိုသူတို့သည် အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ဖို့ စေလွှတ်ခံရသည့် စာတန်၏ လက်ပါးစေများဖြစ်ကြသည်။ အချို့မှာ စင်စစ် ကပ်ပါးရပ်ပါးများ ဖြစ်ကာ သက်သာခြင်းကို ချစ်မြတ်နိုးပြီး အလုပ်ကို မုန်းသောသူတို့နှင့် ဆိုင်သည်။ ထိုသူတို့သည် မည်သည့်အလုပ်ကိုမျှ မလုပ်ချင်ဘဲ နေ့တိုင်း ကောင်းကောင်း စားချင်ကြသေးသည်။ ထိုသူတို့သည် ကပ်ပါးကောင်များ မဟုတ်သလော။ ထိုသူတို့သည် အစောင့်ခွေးများထက်ပင် နိမ့်ကျသည်။ ထို့အတွက်ကြောင့် ဤလူတို့ ဖယ်ရှားရှင်းလင်းခံခဲ့ရခြင်း ဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတို့အားလုံးသည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် စိတ်ဆန္ဒရှိပြီး စိတ်အားထက်သန်သူများ ဖြစ်သည်။ လူအများစုက တာဝန်ဟူသည်မှာ အမှန်တကယ် မည်သည့်အရာကို ဆိုလိုသည်ကို မသိသော်လည်း အနည်းဆုံးအနေဖြင့် လူတို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်သင့်ကြောင်း သူတို့၏ စိတ်နှလုံးများထဲတွင် သိကြကာ ထိုသို့ပြုရန် စိတ်ဆန္ဒရှိကြသည်။ သို့သော် မိမိ၏တာဝန်များကို ထမ်းဆောင်လိုစိတ် ရှိခြင်းသည် ထိုအတွက်ကြောင့် လူတစ်ဦးက သမ္မာတရားအား လက်တွေ့လုပ်ဆောင်နေသည်ဟု ဆိုလိုသလော။ ဤအတွင်းစိတ်မှ ဆန္ဒရှိခြင်းသည် လူတစ်ဦး မိမိ၏တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးဖြစ်သည်ဟု ဆိုလိုသလော။ လုံးဝ မဟုတ်ပေ။ လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည် ဖြစ်ပြီး မိမိ၏တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းပြီးပြီဟု သတ်မှတ်ခံရဖို့အတွက် စည်းမျဉ်းများအတိုင်း ပြုမူလုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် စံချိန်စံညွှန်းကို ပြည့်မီရမည် ဖြစ်သည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ရသေးမီတွင် သင်၌ ယုံကြည်ခြင်း မည်မျှရှိသည်ဟု အခိုင်အမာဆိုသည်ဖြစ်စေ၊ သို့မဟုတ် သင်သည် အဘယ်မျှ စိတ်အားထက်သန်ပြီး စိတ်ဆန္ဒရှိကာ သင့်အသက်ကို စွန့်စားနိုင်ပြီး မီးနှင့်ရေကို ကျော်ဖြတ်ဖို့ နောက်မတွန့်သည်ဖြစ်စေ ဤအရာအားလုံးမှာ အရာမရောက်သည့် ကြွေးကြော်သံများသာ ဖြစ်သည်။ သင်သည် ဤစိတ်ဆန္ဒကို အခြေခံ၍ သမ္မာတရား စည်းမျဉ်းများအတိုင်းလည်း ပြုမူလုပ်ဆောင်ရမည်။ သင်က “ကျွန်ုပ်သည် သမ္မာတရားကို အထူးတလည် ချစ်ခြင်း မရှိသကဲ့သို့ လိုက်စားခြင်းလည်း မရှိသည့်အပြင် ကျွန်ုပ်၏တာဝန်များကို ထမ်းဆောင်စဉ်တွင် စိတ်သဘောထား၌ များစွာ မပြောင်းလဲသေးပေ။ သို့သော် ကျွန်ုပ်ဖက်တွယ်ထားသည့် အရာတစ်ခု ရှိသည်။ ကျွန်ုပ်အား ပြောသမျှကို လုပ်သည်။ အနှောင့်အယှက်များ သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်းများကို ကျွန်ုပ် မပြုလုပ်ပေ။ ကျိုးနွံနာခံခြင်း ရှိကောင်းရှိနိုင်မည် မဟုတ်သော်လည်း အမှန်တကယ် နားထောင်ပါသည်” ဟု ဆိုသည်။ ဤအရာကို ပြုလုပ်နိုင်သူတစ်ဦးက အသင်းတော်ထဲ၌ ရှိမြဲရှိခွင့်ရသကဲ့သို့ မိမိ၏တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်ခွင့်ရမည် မဟုတ်လော။ သို့သော် ဖယ်ထုတ်ပစ်ခြင်း ခံခဲ့ရသည့် ထိုဆိုးယုတ်သောလူများနှင့် မယုံကြည်သူများသည် အနိမ့်ဆုံးသော ဤသတ်မှတ်ချက်ကိုပင် မပြည့်မီနိုင်ကြဘဲ အဖျက်အမှောင့်များကိုပင် ဖန်တီးခဲ့ကြသည်။ ထိုကဲ့သို့သော မယုံကြည်သူများကို သို့မဟုတ် ဆိုးယုတ်သောလူများကို ၎င်းတို့၏ တာဝန်များအား ထမ်းဆောင်ရန်အတွက် အသင်းတော်ထဲ၌ ဆက်နေခွင့် မပြုသင့်ချေ။ ဘုရားသခင် ရွေးကောက်ထားသော လူတို့သည် မယုံကြည်သူများနှင့် ဆိုးယုတ်သောလူများကို ပိုင်းခြားသိမြင်ရမည်။ သို့မဟုတ်လျှင် ၎င်းတို့သည် ထိုသူတို့၏ လှည့်စားခြင်းကို အလွယ်တကူ ခံရမည်ဖြစ်သည်။ အသိတရားနှင့် ဆင်ခြင်တုံတရားရှိသူ မည်သူမဆို မယုံကြည်သူများနှင့် ဆိုးယုတ်သောလူများအပေါ် ပစ်ပယ်တတ်သော သဘောထားတစ်ခုကို မွေးမြူသင့်ပေသည်။
လူတစ်ဦး၏ တာဝန်များကို ထမ်းဆောင်ခြင်းသည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ဆိုင်သည့် အရေးပါဆုံးသော လက္ခဏာသွင်ပြင်ဖြစ်၏။ ပထမဦးစွာ လူတစ်ဦးသည် တာဝန်သည် မည်သည့်အရာဖြစ်သည်ကို နားလည်ရမည်ဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ စစ်မှန်သော အတွေ့အကြုံနှင့် နားလည်ခြင်း တဖြည်းဖြည်း ရရှိရမည်။ လူတစ်ဦးသည် သူ၏တာဝန်အပေါ် ရှိသင့်သည့် အနိမ့်ဆုံးသော သဘောထားမှာ အဘယ်နည်း။ အကယ်၍ သင်က “ဘုရားအိမ်တော်သည် ကျွန်ုပ်အား ဤတာဝန်ကို ပေးခဲ့သဖြင့် ယင်းသည် ကျွန်ုပ်နှင့် သက်ဆိုင်သည်။ ကျွန်ုပ် နှစ်သက်သလို ပြုလုပ်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ဤသည်မှာ ကျွန်ုပ်၏ အလုပ်ကိစ္စဖြစ်ပြီး မည်သူမျှ ဝင်ရောက်စွက်ဖက်၍မရ” ဟု ဆိုလျှင် ဤသည်မှာ လက်ခံ၍ရသော သဘောထားဟုတ်သလော။ လုံးဝ မဟုတ်ပေ။ ဤသည်မှာ တာဝန်ထမ်းဆောင်စဉ် သင်၏သဘောထား ဖြစ်ပါက သင်၏သဘောထားသည် သမ္မာတရားစည်းမျဉ်းများနှင့် မကိုက်ညီသောကြောင့် သင်သည် ဒုက္ခရောက်ပေပြီ။ သင်၏သဘောထားသည် ဘုရားသခင်ကိုကြောက်ရွံ့သော စိတ်နှလုံးရှိဖို့ နေနေသာသာ၊ သမ္မာတရားကို ရှာဖွေခြင်းထက် သင်လုပ်ချင်သမျှကို လုပ်ဆောင်ခြင်းဟူသည့် သဘောထားမျိုး ဖြစ်၏။ လူတစ်ဦးသည် ဇွတ်တရွတ်နိုင်လွန်းပါက သူသည် တာဝန်ထမ်းဆောင်စဉ် သူ၏ တကယ့်အလုပ်ကို အတော်ပင် လျစ်လျူရှုမည် ဖြစ်သည်။ တာဝန်ထမ်းဆောင်စဉ် လူတစ်ဦးသည် မည်သည့်သဘောထား ရှိသင့်သနည်း။ သူသည် ဘုရားသခင်ကို ကျိုးနွံနာခံရန်နှင့် သူ့အား ကျေနပ်စေရန် အလိုဆန္ဒရှိရမည်။ အကယ်၍ သူသည် ဘုရားသခင် သူ့အား အပ်နှံထားသည့် အမိန့်ပေးစေခိုင်းချက်ကို မပြီးစီးပါက ဘုရားသခင်ကို စိတ်ပျက်စေမိပြီဟု ခံစားရသည့်အပြင် သူ၏တာဝန်ကို ကောင်းမွန်စွာ မထမ်းဆောင်ခဲ့ပါက လူသားဟုအခေါ်ခံရဖို့ မထိုက်တန်ဟု ခံစားရလေသည်။ တာဝန်ထမ်းဆောင်စဉ် ဤသဘောထားမျိုးရှိခြင်းက သင့်အား သစ္စာစောင့်သိစေသည်။ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်အတွက် သင်သည် အရင်ဆုံး ဘုရားသခင်တောင်းဆိုသည့်အရာကို သိရမည်ဖြစ်ကာ သမ္မာတရားကို ရှာဖွေပြီး စည်းမျဉ်းများကို ရှာဖွေရမည် ဖြစ်သည်။ သင့်အား ဘုရားသခင်ပေးထားသည့် တာဝန်ပေးစေခိုင်းချက်မှာ သင်၏တာဝန်ဖြစ်ကြောင်း သင် အသေအချာ လေ့လာသိရှိပြီး ဖြစ်သည်နှင့်တစ်ပြိုင်နက် သင်သည် “ကျွန်ုပ်၏တာဝန်ကို မည်သို့ ထမ်းဆောင်နိုင်မည်နည်း။ မည်သည့်သမ္မာတရားစည်းမျဉ်းများကို လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်က လူတို့အား မည်သည့်အရာကို တောင်းဆိုသနည်း။ မည်သည့်အလုပ်ကို ကျွန်ုပ် ပြုလုပ်သင့်သနည်း။ ကျွန်ုပ်၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ပြီး သစ္စာစောင့်သိနိုင်ဖို့အတွက် မည်ကဲ့သို့ ပြုမူလုပ်ဆောင်သင့်သနည်း” ဟု စဉ်းစားခြင်းဖြင့် ရှာဖွေသင့်သည်။ သင်သည် မည်သူ့ကို သစ္စာစောင့်နေသနည်း။ ဘုရားသခင်ကို ဖြစ်၏။ သင်သည် ဘုရားသခင်ကို သစ္စာစောင့်ပြီး လူတို့အတွက် သင်၏တာဝန်ဝတ္တရားများကို ထမ်းဆောင်ရမည် ဖြစ်သည်။ သင်၏တာဝန်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားစည်းမျဉ်းများနှင့်အညီ ထမ်းဆောင်သင့်ကာ သင်၏တာဝန်ကို မြဲမြံစွာ ထိန်းသိမ်းထားသင့်သည်။ သင်၏တာဝန်ကို မြဲမြံစွာ ထိန်းသိမ်းထားသည်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဥပမာအားဖြင့် အကယ်၍ တစ်နှစ်နှစ်နှစ်အတွက် တာဝန်တစ်ခုကို သင့်ထံ ပေးထားသော်လည်း ယခုထက်ထိ မည်သူကမျှ သင်နှင့်ပတ်သက်၍ စစ်ဆေးခြင်းမရှိသေးပါက မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ မည်သူကမျှ သင်နှင့်ပတ်သက်၍ စစ်ဆေးခြင်းမရှိပါက ယင်းမှာ တာဝန်ကုန်ဆုံးသွားပြီဟု ဆိုလိုသလော။ မဆိုလိုပေ။ သင်နှင့်ပတ်သက်၍ တစ်ဦးတလေက စစ်ဆေးခြင်း ရှိမရှိ၊ သို့မဟုတ် သင်မည်သည့်အရာ လုပ်ဆောင်နေသည်ကို စုံစမ်းစစ်ဆေးခြင်း ရှိမရှိကို အလေးဂရုမပြုနှင့်။ ဤတာဝန်ကို သင့်အား ပေးအပ်ထားပြီးဖြစ်သောကြောင့် ယင်းသည် သင့်တာဝန်ဖြစ်၏။ ဤအလုပ်ကို မည်သို့လုပ်ဆောင်သင့်ကာ ယင်းကို မည်သို့ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်ကို သင်စဉ်းစားသင့်ပြီး ယင်းမှာ သင်လုပ်ဆောင်သင့်ပုံ ဖြစ်သည်။ အခြားသူများက သင့်အပေါ် စစ်ဆေးဖို့အတွက်၊ ၎င်းတို့ သင့်ကို ကြီးကြပ်ဖို့နှင့် တိုက်တွန်းဖို့အတွက် သင်အမြဲစောင့်ဆိုင်းနေပါက ဤသည်မှာ သင်၏တာဝန်တွင် သင်ထားရှိသင့်သည့် သဘောထားလော။ ဤသည်မှာ မည်သည့်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ အပျက်သဘောဆောင်သော သဘောထားတစ်ခု ဖြစ်သည်။ ဤသည်မှာ သင်၏တာဝန်အပေါ် သင်ခံယူသင့်သည့် သဘောထား မဟုတ်ပေ။ သင်သည် ဤသဘောထားကို မွေးမြူလျှင် သင်၏ တာဝန်ထမ်းဆောင်မှုသည် ပြည့်မီခြင်း မရှိမည်မှာ သေချာ၏။ သင့်တာဝန်ကို ပြည့်မီစွာ ထမ်းဆောင်ဖို့ရန်အတွက် သင်သည် အရင်ဆုံး သင့်တင့်လျောက်ပတ်သော သဘောထားရှိရမည် ဖြစ်ပြီး သင်၏သဘောထားသည် သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီရမည် ဖြစ်သည်။ ဤသည်မှာ သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် အာမခံသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်၏။
တာဝန်သည် မည်သည့်အရာဖြစ်သည်နှင့် စပ်လျဉ်း၍ တာဝန်အပေါ် လူတစ်ဦး၏ သဘောထားသာမက သူ၏တာဝန် ထမ်းဆောင်ခြင်းနှင့် မည်သည့်လောကီအလုပ်မျိုးမဆို၌ ပါဝင်ခြင်းကြားမှ ခြားနားချက်ဟူသည့် ဤအကြောင်းအရာများအပေါ် ငါတို့၏ မိတ်သဟာယပြုချက်သည် လောလောဆယ် ဤနေရာတွင် အဆုံးသတ်မည်။ သင်တို့အားလုံးသည် မိတ်သဟာယ ပြုထားသည့် အကြောင်းအရာအပေါ် တွေးဆသင့်သည်။ ဥပမာအနေဖြင့် လူတစ်ဦး၏ တာဝန်ထမ်းဆောင်ခြင်းနှင့် ကိုယ်ရေးကိုယ်တာ လုပ်ငန်းကို လုပ်ဆောင်ခြင်းကြားမှ ဆက်နွှယ်မှုအကြောင်း အဘယ့်ကြောင့် ဆွေးနွေးရသနည်း။ ဤအကြောင်းအရာများအား ဆွေးနွေးခြင်း၏ ရည်ရွယ်ထားသော ရလဒ်မှာ အဘယ်နည်း။ အပြုသဘောဆောင်သောဘက်တွင် ယင်းက လူတို့ကို မိမိတို့၏တာဝန်ကို ထမ်းဆောင်ခြင်းအတွက် မှန်ကန်သော လမ်းကြောင်း၊ မှန်ကန်သော ဦးတည်ချက်နှင့် မှန်ကန်သော စည်းမျဉ်းများကို ပေးနိုင်သည်။ အပျက်သဘောဆောင်သောဘက်တွင် ယင်းက မည်သည့်အပြုအမူများသည် ကိုယ်ရေးကိုယ်တာ လုပ်ငန်း၌ ပါဝင်လုပ်ဆောင်ခြင်းအဖြစ် ယူဆ၍ရကြောင်း လူတို့ကို သတိပြုမိစေရန်လည်း အကူအညီပေးနိုင်သည်။ ဤလက္ခဏာသွင်ပြင်နှစ်ခုလုံးသည် အပြန်အလှန် ဆက်စပ်နေသကဲ့သို့ တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားသည်။ ဤနှစ်ဖက်လုံးကို နားလည်ခြင်းက သမ္မာတရား၏ စကားလုံးများကို နားလည်ခြင်းနှင့် မဆိုင်ပေ။ သင်သည် မည်သည့်အခြေအနေများနှင့် သရုပ်သကန်များ ပါဝင်ကြောင်း သဘောပေါက်နားလည်ရမည်။ သင်သည် ဤအခြေအနေများနှင့် သရုပ်သကန်များနှင့် ပတ်သက်၍ လုံးစေ့ပတ်စေ့ နားလည်ခြင်းရှိပြီး ယင်းတို့ကို ပိုင်းခြားသိမြင်နိုင်သည်နှင့်တစ်ပြိုင်နက် နောက်တစ်ကြိမ် မမှန်ကန်သော ဤအခြေအနေများနှင့် သရုပ်သကန်များအား သင် ပြသသည့်အခါ သင်သည် သမ္မာတရားအား လိုက်စားသည့်လူတစ်ဦးဖြစ်ပါက ထိုနေရာမှ လွတ်ရာလမ်းတစ်ခုကို တွေ့ရှိဖို့ရန် သမ္မာတရားကို သင် ရှာဖွေမည်ဖြစ်သည်။ အကယ်၍ သင်သည် သမ္မာတရား၏ ဤလက္ခဏာသွင်ပြင်ကို နားမလည်ပါက ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံနေသည်ဟု ထင်ကာ သင့်တာဝန်ကို ထမ်းဆောင်နေပြီး အလွန် သစ္စာစောင့်သိသည်ဟုပင် ထင်မှတ်လျက် သင်သည် ကိုယ်ရေးကိုယ်တာ လုပ်ငန်းကို လုပ်ဆောင်ကောင်း လုပ်ဆောင်မည်ဖြစ်သည်။ ထိုကဲ့သို့သော အကျိုးဆက်များသည် သမ္မာတရားအား နားမလည်ခြင်းမှ ထွက်ပေါ်လာမည်ဖြစ်သည်။ သာဓကအနေဖြင့် သင်၏ တာဝန်ထမ်းဆောင်ခြင်း ဖြစ်စဉ်အတွင်း သင်၏ အချို့သော ထင်မြင်ချက်များနှင့် နည်းလမ်းများသာမက သင့်လုပ်ဆောင်ချက်များ၏ နောက်ကွယ်မှ ရည်ရွယ်ချက်များနှင့် စေ့ဆော်မှုများလည်း ထုတ်ဖော်ခြင်းခံရသောအခါ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်နေခြင်း မဟုတ်သည့်အပြင် မိမိ၏တာဝန်အား ထမ်းဆောင်ခြင်းနှင့်ဆိုင်သည့် စည်းမျဉ်းများနှင့် နယ်ပယ်မှ လမ်းလွဲသွားပြီဖြစ်ကြောင်း သတိပြုမိလေသည်။ ထိုသဘာဝမှာ ပြောင်းလဲသွားပြီး သင်သည် အမှန်တွင် ကိုယ်ရေးကိုယ်တာ လုပ်ငန်းကို လုပ်ဆောင်နေခြင်းဖြစ်သည်။ ဤသမ္မာတရားများကို သင် နားလည်သောအခါမှသာ ထိုနေရာမှ လွတ်ရာလမ်းကို တွေ့ရှိနိုင်ပြီး ထိုကဲ့သို့သော ထင်မြင်ချက်များ၊ လုပ်ဆောင်ချက်များနှင့် သရုပ်သကန်များကို အဆုံးသတ်နိုင်မည် ဖြစ်သည်။ သို့ရာတွင် သင်သည် သမ္မာတရားကို နားမလည်ဘဲ သင်၏ တာဝန်ထမ်းဆောင်နေစဉ် သင့်ကိုယ်ပိုင် လုပ်ငန်းကို ဆောင်ရွက်နေပါက သင်သည် စည်းမျဉ်းများကို ချိုးဖောက်ပြီးသားဖြစ်သည် ဟူသည့်အချက်ကို သတိပြုမိမည် မဟုတ်ပေ။ ဥပမာအနေဖြင့် ပေါလုကဲ့သို့ဖြစ်၏။ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး ပြေးလွှားနေပြီးနောက်တွင် သူသည် “ကိုယ်တော်သည် ကျွန်ုပ်အား သရဖူမပေးပါက ကိုယ်တော်သည် ဘုရားမဟုတ်” ဟု ဆိုလျက် ဘုရားသခင်အား အော်ပြောရင်း ဇာတ်သိမ်းခဲ့ရသည်။ သင်မြင်သလော၊ သူသည် ထိုကဲ့သို့သော စကားများကို ပြောဆိုနိုင်သေးသည်။ အကယ်၍ ယနေ့ လူတို့သည် သမ္မာတရားကို နားလည်ထားပြီးနောက် ပေါလု၏လမ်းကြောင်းနောက် လိုက်နေသေးပါက ၎င်းတို့သည် သမ္မာတရားကို ချစ်သောသူများ မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောလူတစ်ဦး ဖြစ်ပါက သမ္မာတရားကို နားလည်ခြင်းမှာ သင့်အတွက် အရေးပါလှသည်။ သမ္မာတရားကို နားလည်ခြင်း မရှိဘဲ သင်သည် စာတန်ဆန်သော စိတ်သဘောထားကို အခြေခံ၍ အသက်ရှင်နေသည်မှာ သေချာပေါက်ဖြစ်၏။ အမျှော်လင့်နိုင်ဆုံးဆိုရလျှင် သင်သည် စည်းမျဉ်းစည်းကမ်းအချို့ကို လိုက်နာခြင်းနှင့် မြင်သာသော အမှားများအား ကျူးလွန်မှုကို ရှောင်ကြဉ်ခြင်း ရှိရုံရှိမည်ဖြစ်ကာ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု ထင်နေဆဲဖြစ်မည်။ ယင်းမှာ အတော်ပင် သနားစရာဖြစ်မည်။ ထို့ကြောင့် လူတစ်ဦးသည် သမ္မာတရားကို လိုက်စားရန် အလိုဆန္ဒရှိပြီး သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ရန် ရည်မှန်းပါက အရင်ဦးစွာ သမ္မာတရားကို နားလည်ရမည်။ သမ္မာတရား နားလည်ခြင်း၏ ရည်ရွယ်ချက်မှာ လူတို့အနေဖြင့် အခြားလူများနှင့် ဖြစ်ရပ်များကို တိကျမှန်ကန်စွာ သဘောပေါက်မိနိုင်ရန်၊ ပိုင်းခြားသိမြင်နိုင်ရန်၊ လုပ်ဆောင်ချက်အတွက် စည်းမျဉ်းများရှိနိုင်ရန်၊ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်း ရှိနိုင်ရန်နှင့် ဘုရားသခင်အား ကျိုးနွံနာခံခြင်း ရရှိနိုင်ရန်အဖို့ ဖြစ်သည်။ သမ္မာတရားကို သင် နားလည်သောအခါ သင်သည် အမျိုးစုံသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်သည်၊ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းမှန်ကို ရွေးချယ်နိုင်သည်၊ ပြီးလျှင် စည်းမျဉ်းများအတိုင်း ပြောဆိုပြုမူနိုင်သည်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်သည်၊ ပြီးလျှင် ဘုရားသခင်အား ကျိုးနွံနာခံမှုကို ရရှိနိုင်သည်။ သမ္မာတရားကို နားမလည်ပါက သင်လျှောက်လှမ်းသည့် လမ်းကြောင်း မှားမည်မှာ သေချာပြီး မည်သည့် အသက်ဝင်ရောက်မှုမျှ ရှိမည်မဟုတ်သကဲ့သို့ ကယ်တင်ခြင်းလည်း ခံရနိုင်မည်မဟုတ်ပေ။ လူအချို့သည် သူတို့ကိုယ်သူတို့ အယောင်ဆောင်ရာ၌ အထူးကျွမ်းကျင်ပြီး သမ္မာတရား လိုက်စားနေကြသကဲ့သို့ မြင်ရသည်။ သို့သော် ထိုသူတို့၏ လုပ်ဆောင်ချက်များ၌ စည်းမျဉ်းမရှိသည့်အပြင် သူတို့ပြုလုပ်သမျှက အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်ပွားစေလျက် အသင်းတော်၏ အလုပ်အတွက် များစွာသော ဒုက္ခကို ဖန်တီးပေးလေသည်။ ထိုကဲ့သို့သော လူတို့ကို ကယ်တင်၍မရပေ။ ထို့အတွက်ကြောင့် တရားဒေသနာများအား မကြာခဏ နာယူခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား မကြာခဏ စားသောက်ခြင်း၏ ရည်ရွယ်ချက်မှာ အပေါ်ယံပါဝင်ဆောင်ရွက်ခြင်း သို့မဟုတ် စိတ်နှလုံးအား ပြည့်ဝစေခြင်းအတွက်သာ မဟုတ်သကဲ့သို့ ယင်းမှာ မိမိကိုယ်ကို အယူဝါဒများဖြင့် ပြင်ဆင်ရန်အတွက် သို့မဟုတ် နှုတ်ရေးကောင်းဖို့ လေ့ကျင့်ရန်အတွက် မဟုတ်ပေ။ ယင်းမှာ မိမိကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်ရန်နှင့် သမ္မာတရားအား နားလည်ခြင်း ရရှိရန်အတွက် ဖြစ်သည်။ ယခုတင် ဆွေးနွေးခဲ့သောအရာသည် အမှန်တွင် ဘုရားသခင်အား သိခြင်းနှင့် ဆိုင်သည့် သမ္မာတရားအရ အထူးသဖြင့် မနက်နဲပါချေ။ ယင်းမှာ အခြေခံအကျဆုံးသော သမ္မာတရား ဖြစ်၏။ သမ္မာတရားနှင့် ပတ်သက်၍ လူတို့၏နားလည်ခြင်းသည် အကန့်အသတ်ရှိပြီး အတိမ်အနက်တွင် ခြားနားကာ လူတစ်ဦးချင်းစီ၏ အစွမ်းအစပေါ် မူတည်သည်။ လူအချို့က ပို၍နက်နဲစွာ သဘောပေါက်သည်။ ဆိုလိုသည်မှာ ၎င်းတို့၌ သဘောပေါက်မှုစွမ်းရည် ရှိသည်။ အခြားသူများက အတော်ပင် အပေါ်ယံအားဖြင့် သဘောပေါက်သည်။ လူတစ်ဦး၏ သဘောပေါက်နားလည်မှု အတိမ်အနက် မည်မျှပင်ရှိပါစေ အရေးပါဆုံးဖြစ်သည်မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်မှု ဖြစ်၏။ သို့ရာတွင် သမ္မာတရားကို အကြီးအသေး၊ မြင့်မြတ်သည် သို့မဟုတ် နိမ့်ကျသည်ဟု ခွဲခြား၍မရသကဲ့သို့ အတိမ်အနက်ဟူ၍ ခွဲခြား၍မရပေ။ ဆိုလိုသည်မှာ သမ္မာတရားကို အခြေခံအကျဆုံး သို့မဟုတ် အရင်းခံအဖြစ်ဆုံးအဖြစ် အတန်းအစား သတ်မှတ်၍ရသော်လည်း အတိမ်အနက်နှင့်ဆိုင်သည့် အတိုင်းအတာဟူ၍ ခွဲခြား၍မရပေ။ ယင်းမှာ လူတို့အနေဖြင့် ယင်းကို ခြားနားသော အတိမ်အနက်များဖြင့် သဘောပေါက်နားလည်ပြီး တွေ့ကြုံခြင်းသာ ဖြစ်သည်။ သမ္မာတရား၏ အနှစ်သာရနှင့် ပတ်သက်သည့် မည်သည့်အရာမဆို အညီအမျှ လေးနက်ပြီး မည်သူမဆို အပြည့်အဝ တွေ့ကြုံနိုင်သည့် သို့မဟုတ် လုံးလုံးလျားလျား ပိုင်ဆိုင်နိုင်သည့် အရာတစ်ခု မဟုတ်ပေ။ သမ္မာတရား၏ မည်သည့်လက္ခဏာသွင်ပြင်နှင့် ပတ်သက်၍ဖြစ်စေ လူတို့သည် ၎င်းတို့၏ သဘောပေါက်နားလည်မှုနှင့် လက်တွေ့လုပ်ဆောင်မှု၌ အတိမ်ဆုံးသော အလွှာမှ အစပြုရမည်ဖြစ်ပြီးလျှင် တိမ်ရာမှ နက်ရာသို့ တဖြည်းဖြည်းချင်း တိုးတက်ကာ သမ္မာတရားအား စစ်မှန်သော နားလည်ခြင်းနှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းကို ရောက်ရှိရမည်ဖြစ်သည်။ သမ္မာတရား၏ အတိမ်ဆုံးအပိုင်းမှာ တိုက်ရိုက် နားလည်နိုင်သည့်အရာ ဖြစ်သည်။ အကယ်၍ လူတို့သည် ယင်းကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း သို့မဟုတ် ဝင်ရောက်နိုင်ခြင်း မရှိပါက စကားများနှင့် အယူဝါဒအချို့ကိုသာ နားလည်ခြင်းဖြစ်သည်။ စကားများနှင့် အယူဝါဒများအား နားလည်ရုံ နားလည်ခြင်းသည် သမ္မာတရား၏ အနှစ်သာရအတွက် တကယ့်ကို စံမမီပေ။ သမ္မာတရားကို နားမလည်သော လူတို့သည် တိုက်ရိုက်အဓိပ္ပာယ်အား ရှင်းပြနိုင်စွမ်းကို သမ္မာတရားအား နားလည်ခြင်းအဖြစ် အမြဲတမ်း ယူမှတ်ကြသည်။ ဤသည်မှာ လူသား၏ မသိနားမလည်မှုသာ ဖြစ်၏။ အကယ်၍ သင်၏ သမ္မာတရားအား လက်တွေ့လုပ်ဆောင်မှုသည် စည်းမျဉ်းစည်းကမ်းများအား လိုက်လျှောက်ခြင်းနှင့် မည်သည့်စည်းမျဉ်းမျှ မရှိဘဲ ယင်းတို့ကို တစ်သဝေမတိမ်း ကျင့်သုံးခြင်းနှင့်သာ သက်ဆိုင်ပါက ဤသည်မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းဖြစ်သည်ဟု မထင်လေနှင့်။ သင်သည် ထိုအရာမှ အလှမ်းဝေးနေသေး၏။ အကယ်၍ သင်သည် နှစ်ကာလအတန်ကြာ ဆက်လက်၍ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံသည့်အပြင် သင့်အနေဖြင့် နောက်ထပ် လ သို့မဟုတ် နှစ်အချို့ကြာအောင် လက်တွေ့လုပ်ဆောင်ရန်နှင့် တွေ့ကြုံရန်အတွက် လုံလောက်မည့် အလင်းကို များစွာပို၍ ရှာတွေ့ပြီး ထို့နောက် အတွေ့အကြုံ ပို၍ပင် ရရှိပါက သင်သည် ပို၍သစ်သော အလင်းကို ရှာတွေ့နိုင်ကာ ဤကဲ့သို့ တိမ်ရာမှာ နက်ရာသို့ တစ်ဆင့်ချင်းပုံစံဖြင့် တိုးတက်ပြီးနောက်တွင် သမ္မာတရားစစ်မှန်မှုထဲသို့ အမှန်တကယ် ဝင်ရောက်ပြီး ဖြစ်ပေသည်။ သမ္မာတရားစစ်မှန်မှုထဲသို့ အပြည့်အဝ ဝင်ရောက်ပြီးသူတစ်ဦးသာလျှင် သမ္မာတရားကို ရရှိပြီးသောသူ ဖြစ်သည်။ အကယ်၍ တစ်နေ့တွင် သင်သည် သမ္မာတရား၏ စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ပြီး သမ္မာတရားကို သင်ရရှိပြီးပြီဟု ဆို၍ရလျှင်ပင် အမှန်တကယ်တွင် သင် တွေ့ကြုံထားပြီး သိလာပြီးသည့် အရာမှာ နည်းပါးနေသေးသည်။ သင်သည် သမ္မာတရားဖြစ်သည်ဟု ဆို၍မရသကဲ့သို့ ပေါလု အခိုင်အမာဆိုခဲ့သကဲ့သို့ “အသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏။” (ဖိလိပ္ပိသြဝါဒစာ ၁:၂၁) ဟုလည်း ဆို၍မရပေ။ အဘယ့်ကြောင့်ဆိုသော် သမ္မာတရားမှာ နက်နဲလွန်းလှကာ တစ်သက်တာလုံး၏ ဆယ်စုနှစ်အချို့တွင် လူတစ်ဦး တွေ့ကြုံနားလည်နိုင်သည့်အရာမှာ အလွန်အမင်း နည်းပါးသောကြောင့် ဖြစ်၏။ ထို့နောက် သိသိသာသာပင် သမ္မာတရား နားလည်ခြင်းကို လူတို့အနေဖြင့် အတိုင်းအတာတစ်ခုအထိ ရရှိနိုင်ချေရှိသော်လည်း သမ္မာတရားအား ပိုင်ဆိုင်ခြင်းမှာ မည်သည့်နည်းနှင့်မျှ လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ချေ။ အကယ်၍ လူတစ်ဦးသည် လေးနက်မှု အနည်းဆုံးသော သမ္မာတရားများကိုပင် နားလည်နိုင်ခြင်း သို့မဟုတ် လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိပါက ယင်းမှာ သမ္မာတရားအား မချစ်သူတစ်ဦးဖြစ်ပြီး ဝိညာဉ်ရေးရာ နားလည်မှုကင်းမဲ့သည်မှာ အသေအချာပင်။ သမ္မာတရားနှင့် မည်သို့မျှမနီးစပ်သော လူတို့ကို ကယ်တင်၍မရပေ။ သမ္မာတရားကို မည်သည့်အခါမျှ နားမလည်သောသူတို့သည် ၎င်းတို့၏ တာဝန်များကို ကောင်းစွာ မထမ်းဆောင်နိုင်ကြပေ။ ၎င်းတို့သည် သက်ရှိအမှိုက်များ၊ လူ့အရေခြုံထားသည့် သားရဲများဖြစ်ကြ၏။ လူအချို့က အယူဝါဒအချို့ကို နားလည်သောကြောင့် ၎င်းတို့သည် သမ္မာတရားကို နားလည်သည်ဟု ထင်ကြသည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားအချို့ကို အမှန်တကယ် နားလည်လျှင် ၎င်းတို့၏ တာဝန်များကို အဘယ့်ကြောင့် ကောင်းစွာ မထမ်းဆောင်နိုင်ကြသနည်း။ ၎င်းတို့၏ လုပ်ဆောင်ချက်များ၌ အဘယ့်ကြောင့် စည်းမျဉ်းများ မရှိရသနည်း။ ဤအရာက အယူဝါဒများအား နားလည်ခြင်းသည် အကျိုးမရှိကြောင်း ပြသည်။ ပို၍များသော အယူဝါဒများကို နားလည်ခြင်းသည် သမ္မာတရားအား နားလည်ခြင်းအဓိပ္ပာယ် မသက်ရောက်ပေ။
တာဝန်နှင့်ဆိုင်သော အကြောင်းအရာကို မိတ်သဟာယပြုပြီးနောက် ပြည့်မီသော တာဝန်ထမ်းဆောင်မှုနှင့်ဆိုင်သည့် အရေးကိစ္စသို့ ငါတို့ ယခု ကူးပြောင်းမည်။ ပြည့်မီသော တာဝန်ထမ်းဆောင်မှုနှင့် စပ်လျဉ်း၍ အသားပေးမှုမှာ “ပြည့်မီသော” ဟူသည့် စကားလုံးအပေါ်တွင် ဖြစ်သည်။ သို့ဆိုလျှင် “ပြည့်မီသော” ဟူသည်ကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသင့်သနည်း။ ဤအရာတွင်လည်း ရှာဖွေဖို့ သမ္မာတရားများရှိ၏။ အသင့်အတင့်ဖြစ်သော အလုပ်တစ်ခုကို လုပ်ဆောင်ရုံမျှသည် ပြည့်မီသလော။ “ပြည့်မီသော” ဟူသည့် စကားလုံးကို မည်သို့နားလည်ပြီး မှတ်ယူရမည်ဆိုသည်နှင့် သက်ဆိုင်သည့် တိကျသော အသေးစိတ်အချက်လက်များအတွက် သင်သည် သမ္မာတရားများစွာကို နားလည်ရမည်ဖြစ်ပြီး သမ္မာတရားအပေါ် သာ၍မိတ်သဟာယပြုရမည်။ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်စဉ်တွင် သမ္မာတရားနှင့် စည်းမျဉ်းများကို သင်နားလည်ရမည်။ ထိုအခါတွင်သာ ပြည့်မီသော တာဝန်ထမ်းဆောင်မှုတစ်ခုသို့ သင်ရောက်ရှိနိုင်သည်။ လူတို့သည် ၎င်းတို့၏ တာဝန်များကို အဘယ်ကြောင့် ထမ်းဆောင်သင့်သနည်း။ ဘုရားသခင်ကို ၎င်းတို့ယုံကြည်ပြီး သူ၏တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီးလျှင်ပြီးချင်း လူတို့၌ ဘုရားအိမ်တော်၏အမှုနှင့် ဘုရားသခင့်အမှု၏အလုပ်ခွင်ရှိ တာဝန်၊ ဝတ္တရားတို့နှင့်သက်ဆိုင်သည့် ၎င်းတို့၏ဝေစုရှိကြကာ အပြန်အလှန်အနေဖြင့် ဤတာဝန်နှင့် ဝတ္တရားကြောင့် ၎င်းတို့သည် ဘုရားသခင်၏အမှုတွင် အစိတ်အပိုင်းတစ်ခု၊ ဘုရားသခင်၏ အမှုကို လက်ခံသူများနှင့်ဆိုင်သည့် အစိတ်အပိုင်းတစ်ခုနှင့် ဘုရားသခင်၏ကယ်တင်ခြင်းကို လက်ခံသူများနှင့်ဆိုင်သည့် အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီး ဖြစ်သည်။ လူတို့၏ ကယ်တင်ခြင်းနှင့် ၎င်းတို့၏ တာဝန်များကို ၎င်းတို့ ထမ်းဆောင်ပုံ၊ ယင်းတို့ကို ၎င်းတို့ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း ရှိမရှိနှင့် ယင်းတို့ကို ၎င်းတို့ပြည့်မီစွာ လုပ်ဆောင်နိုင်ခြင်း ရှိမရှိတို့ကြား အတော်အတန် အဓိကကျသော ဆက်နွှယ်မှုတစ်ခုရှိ၏။ သင်သည် ဘုရားအိမ်တော်၏ အစိတ်အပိုင်းဖြစ်လာပြီးဖြစ်ကာ သူ၏တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီးဖြစ်သည့်အတွက် ယခု သင်၌ တာဝန်တစ်ခုရှိ၏။ ဤတာဝန်ကို မည်သို့ ထမ်းဆောင်သင့်သည်မှာ သင့်သဘောအတိုင်း မဟုတ်ပေ။ ယင်းသည် ဘုရားသခင်၏ သဘောဖြစ်ပြီး သမ္မာတရား၏ သဘောအတိုင်း ဖြစ်ကာ ယင်းကို သမ္မာတရား၏ စံနှုန်းများက သတ်မှတ်ထားပေသည်။ ထို့အတွက်ကြောင့် ဘုရားသခင်သည် လူတို့၏ တာဝန်များအား မည်ကဲ့သို့ တိုင်းတာသည်နှင့် သူသည် မည်သည့်အရာအရ ယင်းတို့အား တိုင်းတာသည်ကို လူတို့ သိသင့်သည်၊ နားလည်သင့်သည်၊ ပြီးလျှင် ရှင်းလင်းသင့်သည်။ ဤသည်မှာ ရှာဖွေထိုက်သည့် အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ အလုပ်၌ မတူညီသော လူတို့သည် မတူညီသော တာဝန်များကို ရရှိကြသည်။ ဆိုလိုသည်မှာ မတူညီသော ဆုကျေးဇူးများ၊ အစွမ်းအစများ၊ အသက်များနှင့် အခြေအနေများရှိသည့် လူတို့သည် မတူညီသော အချိန်ကာလများတွင် မတူညီသော တာဝန်များကို လက်ခံရရှိကြသည်။ မည်သည့်တာဝန်ကို သင်ရရှိထားသည်ဖြစ်စေ၊ ထို့ပြင် ယင်းကို သင်ရရှိသော အချိန်ကာလများ သို့မဟုတ် အခြေအနေများ မည်သို့ရှိစေ သင်၏တာဝန်မှာ သင်ထမ်းဆောင်ရမည့် တာဝန်တစ်ခုနှင့် ဝတ္တရားတစ်ခုသာ ဖြစ်သည်၊ ယင်းမှာ သင်၏ ကိုယ်ပိုင် လုပ်ငန်း မဟုတ်သကဲ့သို့ သင်၏ စီးပွားရေးလုပ်ငန်းလည်း သာ၍ပင် မဟုတ်ချေ။ သင်၏ တာဝန်ထမ်းဆောင်မှုအတွက် ဘုရားသခင် တောင်းဆိုသည့် စံချိန်စံညွှန်းမှာ “ပြည့်မီ” ရန် ဖြစ်သည်။ “ပြည့်မီသည်” ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဘုရားသခင်၏ တောင်းဆိုချက်များကို ပြည့်မီရန်နှင့် သူ့အား ကျေနပ်စေရန် ဆိုလိုသည်။ ဘုရားသခင်က ယင်းကို ပြည့်မီသည်ဟု ဆိုရမည်ဖြစ်ပြီး ယင်းက သူ၏ အသိအမှတ်ပြုခြင်းကို ရရှိရမည်ဖြစ်သည်။ ထိုအခါမှသာ သင်၏ တာဝန်ထမ်းဆောင်မှုမှာ ပြည့်မီထားပြီးဖြစ်လိမ့်မည်။ အကယ်၍ ဘုရားသခင်က ယင်းကို ပြည့်မီခြင်းမရှိဟုဆိုလျှင် သင်သည် တာဝန်ကို မည်မျှကြာကြာ ထမ်းဆောင်လာနေပါစေ၊ သို့မဟုတ် အဖိုးအခမည်မျှကို သင်ပေးဆပ်ခဲ့ပြီးဖြစ်စေ ယင်းက မပြည့်မီချေ။ ထိုအခါ ရလဒ်က မည်သည့်အရာ ဖြစ်မည်နည်း။ ယင်းတို့အားလုံးကို အလုပ်လုပ်ပေးခြင်းအဖြစ် အမျိုးအစား သတ်မှတ်မည် ဖြစ်သည်။ ဘုရားသခင်ကို အလုပ်လုပ်ပေးသည့် သစ္စာရှိသော စိတ်နှလုံးများရှိသူ အနည်းစုသာလျှင် ကင်းလွတ်မည်ဖြစ်သည်။ ၎င်းတို့၏ အလုပ်လုပ်ပေးခြင်းတွင် သစ္စာစောင့်သိခြင်း မရှိပါက ၎င်းတို့သည် ကင်းလွတ်ရန် မျှော်လင့်ချက်တစ်ခုမျှ မရှိပေ။ တဲ့တိုးပြောရလျှင် ၎င်းတို့သည် ကပ်ဘေးတစ်ခုတွင် ဖျက်ဆီးခြင်းခံရမည်။ အကယ်၍ လူတစ်ဦးသည် မိမိ၏တာဝန်ကို ထမ်းဆောင်သောအခါ လုံးဝ အဆင့်မမီလျှင် သူသည် သူ၏ တာဝန်ထမ်းဆောင်ခွင့်ကို နုတ်ယူခြင်းခံရမည် ဖြစ်သည်။ ဤအခွင့်အရေးကို နုတ်ယူပြီးသောအခါ လူအချို့သည် ဖယ်ထားခြင်းကို ခံရမည်။ ဖယ်ထားခြင်းကို ခံရသောအခါ ထိုသူတို့သည် အခြားနည်းလမ်းများဖြင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရမည်။ “အခြားနည်းလမ်းများဖြင့် ကိုင်တွယ်ဖြေရှင်းခြင်း ခံရမည်” ဟူသည်မှာ ဖယ်ရှားရှင်းလင်းခံရခြင်းကို ဆိုလိုသလော။ မလွဲမသွေဖြစ်ခြင်းမျိုး မဟုတ်ပေ။ ဘုရားသခင်က လူတစ်ဦး နောင်တရပြီးခြင်းရှိမရှိကို အဓိကအားဖြင့် ကြည့်သည်။ ထို့အတွက်ကြောင့် တာဝန်ကို သင် မည်သို့ထမ်းဆောင်သည်မှာ အရေးပါလှပြီး လူတို့က ယင်းကို အလေးအနက်နှင့် တာဝန်သိသိ ခံယူသင့်သည်။ သင်၏ တာဝန်ထမ်းဆောင်ခြင်းသည် သင်၏ အသက်ဝင်ရောက်မှု၊ သမ္မာတရားစစ်မှန်မှုများထဲ ဝင်ရောက်မှုတို့နှင့် ဆက်စပ်နေသည်သာမက သင်၏ ကယ်တင်ခြင်း၊ စုံလင်အောင်ပြုခံရခြင်းကဲ့သို့ ကြီးမားသော အရေးကိစ္စများနှင့်လည်း တိုက်ရိုက် ဆက်စပ်နေသောကြောင့် သင်သည် သင်၏တာဝန်ထမ်းဆောင်မှုကို ဘုရားသခင်ကို ယုံကြည်ရာ၌ ပထမဆုံးနှင့် အဓိကအကျဆုံး အလုပ်တာဝန်အဖြစ် သဘောထားရမည်။ သင်သည် ယင်းနှင့်ပတ်သက်၍ နားဝေတိမ်တောင် ဖြစ်၍မရပေ။ ၎င်းတို့၏တာဝန်များအား ထမ်းဆောင်ခြင်းဖြစ်စဉ်တွင် အမျိုးမျိုးသော လူတို့သည် မတူညီသော အပြုအမူအမျိုးမျိုးကို ပြသမည်ဖြစ်သည်။ မတူညီသော ဤအပြုအမူများသည် လူတို့ထံမှာသာမက ဘုရားသခင်ထံ၌လည်း သိသာထင်ရှားသည်။ အမှတ်ပေးပြီး အကဲဖြတ်သည်မှာ အသင်းတော်သာ မဟုတ်ပေ။ နောက်ဆုံးတွင် ဘုရားသခင်ကလည်း မိမိတို့၏တာဝန်များကို ထမ်းဆောင်သူတို့ အားလုံးကို အမှတ်ပေးပြီး အကဲဖြတ်မည်ဖြစ်သည်။ လူအချို့သည် အခြေခံအားဖြင့် စံချိန်ပြည့်မီကြသော်လည်း အခြားသူများမှာ လုံးလုံးလျားလျား မပြည့်မီကြပေ။ မပြည့်မီသော အချို့လူတို့သည် လေ့လာစောင့်ကြည့်ခြင်း အောက်တွင် ရှိနေဦးမည်ဖြစ်သော်လည်း အချို့မှာ ဘုရားသခင်၏ အပြီးအပြတ် အမျိုးအစားခွဲထားခြင်း ခံရပြီးသားဖြစ်မည်။ ဘုရားသခင်က မပြည့်မီဟုမြင်သော လူတို့မှာ မည်သူတို့နည်း။ ၎င်းတို့မှာ ညံ့ဖျင်းသော လူ့သဘာဝရှိပြီး အသိတရားနှင့် ဆင်ခြင်တုံတရားကင်းမဲ့သောသူ၊ မိမိတို့၏ တာဝန်များကို ဝတ်ကျေတမ်းကျေ ပုံစံဖြင့် အမြဲတစေ ထမ်းဆောင်သူတို့ ဖြစ်ကြသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို ၎င်းတို့ မည်မျှခံစားရသည်ဖြစ်စေ၊ ၎င်းတို့သည် အပြန်အလှန် တုံ့လှယ်ခြင်းနှင့် စိတ်မဝင်စားဘဲ ကျေးဇူးတရား ကင်းမဲ့သူများ ဖြစ်ကြသည်။ ဤအရာ၌ ပင်ကိုအားဖြင့် ဆိုးယုတ်သောလူများလည်း ပါဝင်သည်မှာ အသေအချာပင်။ ညံ့ဖျင်းသော လူ့သဘာဝရှိပြီး အသိတရားနှင့် ဆင်ခြင်တုံတရား ကင်းမဲ့သောသူ မည်သူမဆို ၎င်းတို့၏ တာဝန်များကို ပြည့်မီခြင်းမရှိဘဲ ထမ်းဆောင်ကြသည်ဟု ဆိုနိုင်သည်။ သိသာထင်ရှားစွာ ဆိုးယုတ်သောသူတို့သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ် မရေမတွက်နိုင်သော ဆိုးယုတ်သည့်လုပ်ရပ်များကို မလွဲမသွေ ကျူးလွန်ကြမည် ဖြစ်သည်။ ၎င်းတို့သည် ဖယ်ရှားခြင်းမခံရသရွေ့ မကောင်းမှုကို ဆက်၍ ကျူးလွန်နေကြမည်ဖြစ်သည်။ ထိုကဲ့သို့သော လူတို့ကို မဆိုင်းမတွ ရှင်းလင်းပစ်ရမည်။ လူ့သဘာဝအသွင် အနည်းငယ် ရှိဟန်တူပြီး လူဆိုးဖြစ်ပုံမရသည့် လူအချို့လည်း ရှိသည်။ သို့သော် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုမှာ ဝတ်ကျေတမ်းကျေ ဖြစ်ပြီး ရလဒ် မထွက်ပေ။ ပြုပြင်ခြင်းကို ခံရပြီး သမ္မာတရားအပေါ် မိတ်သဟာယပြုချက် ရရှိပြီးနောက်တွင် ၎င်းတို့သည် နောက်ဆုံးတွင် မည်ကဲ့သို့ ထမ်းဆောင်ပြီး စစ်မှန်ရိုးသားစွာ နောင်တရပြီးခြင်း ရှိမရှိအပေါ် မူတည်မည်ဖြစ်သည်။ ထိုကဲ့သို့သော လူတို့ကိုမူ ဘုရားသခင်သည် စောင့်ဆိုင်းနေပြီး လေ့လာစောင့်ကြည့်နေဆဲ ဖြစ်သည်။ ညံ့ဖျင်းသော လူ့သဘာဝရှိပြီး အသိတရားနှင့် ဆင်ခြင်တုံတရား ကင်းမဲ့သောသူတို့သာမက သိသာထင်ရှားစွာ ဆိုးယုတ်သောသူတို့ကိုမူ ဘုရားသခင်သည် ၎င်းတို့အတွက် ပြည့်စုံခိုင်လုံသော ဆုံးဖြတ်ချက်တစ်ခုကို ရောက်ရှိနှင့်ပြီးဖြစ်သည်။ ၎င်းတို့မှာ လုံးလုံးလျားလျား ဖယ်ရှားရှင်းလင်းခြင်းကို ခံရမည် ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။