သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁) အပိုင်း သုံး
မိမိကိုယ်ကိုယ် သိရှိခြင်းသည် ရိုးရှင်းသောအလုပ် မဟုတ်။ သမ္မာတရားကို လက်ခံခြင်းအပြင် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းအားဖြင့် ထိုအရာကို စွမ်းဆောင်ရရှိပြီး ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံခြင်းအားဖြင့်သာ စစ်မှန်သည့် မိမိကိုယ်ကိုယ် သိမြင်မှုကို ကြိုးပမ်းရရှိနိုင်၏။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မတွေ့ကြုံဖူးသူများသည် အလွန်ဆုံးအနေဖြင့် ၎င်းတို့ လုပ်ခဲ့ပြီးသော အမှားများနှင့် ပြုခဲ့ပြီးသော အပြစ်များကို ဝန်ခံနိုင်သည်။ ၎င်းတို့အနေဖြင့် မိမိတို့၏ သဘာဝအနှစ်သာရကို ရှင်းရှင်းလင်းလင်း မြင်ဖို့ အလွန်ခက်လိမ့်မည်။ ကျေးဇူးတော်ခေတ်ရှိ ယုံကြည်သူများသည် အချို့သော အမှားများကို မကျူးလွန်တော့သကဲ့သို့ မိမိတို့ အပြုအမူကို ပိုကောင်းစေဖို့အတွက် ပြောင်းလဲခဲ့ကြသော်လည်း မိမိတို့၏ အသက်စိတ်သဘောထားများ ပြောင်းလဲမှုကို လုံးဝ မရရှိကြသည်မှာ အဘယ်ကြောင့်နည်း။ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ကြသော်လည်း အဘယ်ကြောင့် သူ့ကို ခုခံပြီး သစ္စာပင်ဖောက်ကြသနည်း။ ဖောက်ပြန်ပျက်စီးသော လူ့သဘာဝအတွက် ဤပြဿနာ၏ ရင်းမြစ်ကို သတိပြုမိရန်မှာ ခက်ခဲသည်။ အဘယ်ကြောင့် လူခပ်သိမ်းတို့သည် စာတန်ဆန်သော စိတ်သဘောထားများ ရှိကြသနည်း။ ယင်းမှာ စာတန်သည် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေပြီးဖြစ်ကာ ၎င်း၏ နတ်ဆိုးဆန်သော စကားများနှင့် အတွေးအခေါ်များကို လူတို့က လက်ခံကြပြီးဖြစ်သောကြောင့် ဖြစ်သည်။ ယင်းမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြစ်ပေါ်စေသောအရာဖြစ်ပြီး စာတန်၏ စိတ်သဘောထားက ဘုရားသခင်အပေါ် လူများ ဆန့်ကျင်ရခြင်း အရင်းအမြစ် ဖြစ်လာခဲ့ပုံ ဖြစ်သည်။ ဤသည်မှာ လူတို့အတွက် သတိပြုမိရန် အခက်ခဲဆုံးသော အရာဖြစ်၏။ စာတန်၏ စွမ်းအားမှ လူသားမျိုးနွယ်ကို ကယ်တင်ရန်နှင့် လူသားမျိုးနွယ်၏ အပြစ်နှင့် ဘုရားသခင်ကို ဆန့်ကျင်ခုခံခြင်း အရင်းအမြစ်ကို ဖြေရှင်းရန် ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် သူ၏ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်နေသည်။ စာတန်သည် လူသားမျိုးနွယ်ကို နှစ်ထောင်ချီ ဖောက်ပြန်ပျက်စီးစေပြီးဖြစ်ကာ ၎င်း၏ သဘာဝက လူသား၏ စိတ်နှလုံးတွင် အမြစ်တွယ်ပြီးဖြစ်သည်။ ထို့ကြောင့် မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးကိုမျှ တစ်ကြိမ်၊ နှစ်ကြိမ်မျှ မိမိကိုယ်ကိုယ် သုံးသပ်ဆင်ခြင်ရန်နှင့် မိမိကိုယ်ကိုယ် သိမြင်ရန် ကြိုးပမ်းခြင်းဖြင့် ဖြေရှင်း၍မရနိုင်ပေ။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် စဉ်ဆက်မပြတ် ထပ်တလဲလဲ ပွင့်အံထွက်လာတတ်၏။ ထို့ကြောင့် လူတို့သည် သမ္မာတရားကို လက်ခံဖို့လိုသကဲ့သို့ စာတန်ကို ၎င်းတို့ အောင်နိုင်သည်အထိ မိမိတို့၏ စာတန်ဆန်သော စိတ်သဘောထားများကို ရေရှည် ရင်ဆိုင်တိုက်ခိုက်ဖို့ လိုအပ်သည်။ ထိုအခါမှသာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို လုံးလုံးလျားလျား ဖယ်ရှားနိုင်ကြလိမ့်မည်။ ထို့ကြောင့် လူတို့သည် ၎င်းတို့ထံမှ ဖောက်ပြန်ပျက်စီးခြင်း ပွင့်အံထွက်မလာတော့သည်အထိ ၎င်းတို့၏ အသက်စိတ်သဘောထား ပြောင်းလဲပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်း စွမ်းဆောင်ရရှိသည်အထိ ဘုရားသခင်ထံ မရပ်မနား ဆုတောင်းရမည်၊ သမ္မာတရား ရှာဖွေရမည်၊ မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ရမည်၊ မိမိကိုယ်ကိုယ် သိရှိရမည်ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည်။ ထိုအခါမှသာ ဘုရားသခင်၏ လက်ခံမှုကို ၎င်းတို့ ရရှိနိုင်၏။ တိုက်ပွဲတစ်ခုစီတိုင်း၏ ရလဒ်များသည် ချက်ချင်း မသိသာနိုင်သကဲ့သို့ ထို့နောက်ပိုင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင် ထုတ်ဖော်ပြဆဲ ဖြစ်နိုင်သည်။ သင်သည် အနည်းငယ် အပျက်သဘောဆောင်ပြီး စိတ်ပျက်နိုင်သော်လည်း လက်လျှော့ဖို့ မလိုမလားဖြစ်နိုင်သည်။ ပြီးလျှင် ဆက်လက် ကြိုးစားနေနိုင်သေးသည်၊ ဘုရားသခင်ကို ကြည်ညိုပြီး သူ့အပေါ် မှီခိုနိုင်သေး၏။ ထိုသို့ နှစ်နှစ်၊ သုံးနှစ်ကြာ သင် မဆုတ်မနစ် လုံ့လထုတ်ပါက သမ္မာတရားကို အမှန်တကယ် လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ရှိလိမ့်မည်။ ထို့နောက်တွင် သင် ပြုခဲ့သည့် ကျရှုံးမှု၊ အားထုတ်မှုနှင့် အကျိုးအမြတ်တိုင်းသည် သင်၏ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုနှင့် သင်နှင့်ပတ်သက်၍ ဘုရားသခင်၏ စိတ်ကို ပြောင်းလဲစေခြင်းအဖြစ်ဆီသို့ သင် ဦးတည်ရှေ့ဆက်နေခဲ့သည့် ကောင်းမွန်သော လက္ခဏာတစ်ခုဖြစ်ကြောင်းကို သင်ရှင်းရှင်းလင်းလင်း တွေ့ရလိမ့်မည်။ လူသား၏ အသိဉာဏ်အဖို့ အပြောင်းအလဲတစ်ခုစီတိုင်းကို မသိရှိနိုင်သော်လည်း ပြောင်းလဲတိုင်း ဖြစ်လာသည့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို အခြား မည်သည့်လုပ်ရပ်၊ အမှုအရာအားဖြင့်မျှ စွမ်းဆောင်မရရှိနိုင်ပေ။ ဤသည်မှာ အကြင်သူသည် မိမိ၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုနှင့် အသက်ဝင်ရောက်မှုတွင် လျှောက်ရမည့် လမ်းကြောင်း ဖြစ်သည်။ ဤသည်မှာ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို လိုက်စားခြင်းအား လက်တွေ့လုပ်ဆောင်ရမည့်ပုံ ဖြစ်၏။ ဟုတ်ပေ၏၊ လူတို့သည် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု ဖြစ်ပျက်ပုံအပေါ် မှန်ကန်သည့် သိနားလည်မှု ရှိသင့်ပေ၏။ ယင်းမှာ ၎င်းတို့ စိတ်ကူးသကဲ့သို့ အံ့အားသင့်စေပြီး ကြည်နူးဖွယ် ရုတ်တရက်ဖြစ်သော၊ ကမ္ဘာတုန်လောက်သော အပြောင်းအလဲတစ်ခု မဟုတ်ပေ။ ဖြစ်ပျက်ပုံမှာ ထိုသို့မဟုတ်ပေ။ ယင်းမှာ မသိလိုက်ဘဲ ဖြည်းညှင်းစွာ တစ်စချင်း ပြောင်းလဲသည့် ကိစ္စတစ်ခု ဖြစ်သည်။ အကြင်သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည့်အခါ တစ်စုံတစ်ခုကို ရရှိလိမ့်မည်။ ဤလမ်းကြောင်းကို သုံး၊ ငါး၊ ဆယ်နှစ်ကြာ လျှောက်လှမ်းပြီးနောက် သင်နောက်ပြန်လှည့်ကြည့်သည့်အခါ ထိုဆယ်နှစ်တာကာလတွင် သင်၏ စိတ်သဘောထား အလွန့်အလွန် ပြောင်းလဲပြီးဖြစ်ကြောင်း၊ သင်သည် လုံးဝ မတူကွဲပြားကြောင်းကို တွေ့မြင်အံ့အားသင့်ရလိမ့်မည်။ သင်၏ ပင်ကိုစရိုက်နှင့် စိတ်က မပြောင်းလဲ၊ သို့မဟုတ် သင်၏ ဘဝနေထိုင်မှုပုံစံ စသည်တို့ မပြောင်းလဲသေးသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် သင်သည် မတူကွဲပြားသောလူတစ်ဦး အမှန်တကယ် ဖြစ်လာပြီးဖြစ်သည့်အလား သင် ပွင့်အံထွက်တတ်သည့် စိတ်သဘောထားများ၊ အခြေအနေများနှင့် အပြုအမူများက တခြားစီဖြစ်လိမ့်မည်။ ထိုသို့သော အပြောင်းအလဲတစ်ခု အဘယ်ကြောင့် ဖြစ်လိမ့်မည်နည်း။ အဘယ်ကြောင့်ဆိုသော် ထိုဆယ်နှစ်တာတွင် သင်သည် ဘုရားနှုတ်ကပတ်တော်များအားဖြင့် အကြိမ်ပေါင်းများစွာ တရားစီရင်ခြင်း ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်း၊ စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းခံရပြီး ဖြစ်လိမ့်မည်ဖြစ်ကာ သမ္မာတရားများစွာကို သင် နားလည်ပြီး ဖြစ်လိမ့်မည်။ အမှုအရာများအပေါ် သင်၏ အမြင်များတွင် ပြောင်းလဲမှုတစ်ခု၊ ဘဝနှင့် သင်၏ စံများအပေါ် သင်၏ သဘောထားတွင် ပြောင်းလဲမှုတစ်ခုဖြင့် အစပြုလိမ့်မည်။ ယင်းနောက်တွင် သင်၏ စိတ်သဘောထားတွင် ပြောင်းလဲမှု၊ ရှင်သန်ဖို့ သင် မှီခိုသည့် အခြေခံအုတ်မြစ်တွင် ပြောင်းလဲမှုတစ်ခုက လိုက်လာလိမ့်မည်။ ဤအပြောင်းအလဲများ ဖြစ်ပေါ်သည်နှင့်အမျှ၊ သင်သည် တဖြည်းဖြည်း အခြားလူတစ်ဦး၊ လူသစ်တစ်ဦး ဖြစ်လာလိမ့်မည်။ သင်၏ ပင်ကိုစရိုက်၊ စိတ်၊ ဘဝနေထိုင်မှုပုံစံအပြင် သင်၏ ပြောပုံဆိုပုံနှင့် ကိုယ်ဟန်အမူအရာတို့ပင် မပြောင်းမလဲရှိနေနိုင်သော်ငြား သင်၏ အသက်စိတ်သဘောထားကို သင် ပြောင်းလဲပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ယင်းတစ်ခုတည်းကပင် အဓိကကျသည့် မုချလိုအပ်သော အပြောင်းအလဲတစ်ခု ဖြစ်၏။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု၏ လက္ခဏာများမှာ အဘယ်နည်း။ ယင်းသည် မည်သို့ အတိအကျ သိသာထင်ရှားသနည်း။ ယင်းသည် အမှုအရာများအပေါ် လူတစ်ဦး၏ အမြင်များရှိ အပြောင်းအလဲတစ်ခုဖြင့် အစပြုသည်။ ယင်းမှာ လူတစ်ဦးသည် သမ္မာတရားအပေါ် သိနားလည်မှု ရရှိသည်နှင့်အမျှ ဘာသာတရားမရှိသူများ၏ အမှုအရာများအပေါ် ၎င်းထားရှိသည့် အမြင်အမြောက်အမြား ပြောင်းလဲပြီး ထိုအမြင်များက ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားနှင့် သာ၍ နီးစပ်သည့်အခါတွင် ဖြစ်သည်။ ဤသည်မှာ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု၏ ပထမအဆင့်ဖြစ်၏။ ထို့အပြင် မိမိကိုယ်ကိုယ် သုံးသပ်ဆင်ခြင်ခြင်းနှင့် မိမိကိုယ်ကိုယ် သိမြင်မှုတို့မှတစ်ဆင့် လူတို့သည် သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်၍ရသည်။ ၎င်းတို့အတွင်း ထွက်ပေါ်သည့် အမျိုးမျိုးသော ကြံရွယ်ချက်များ၊ ရည်ရွယ်ချက်များ၊ အတွေးများနှင့် စိတ်ကူးများ၊ အယူအဆများ၊ ရှုထောင့်အမြင်များနှင့် သဘောထားများအပေါ် သုံးသပ်ဆင်ခြင်ခြင်းအားဖြင့် ၎င်းတို့သည် မိမိတို့၏ ပြဿနာများကို ရှာတွေ့နိုင်ပြီး ယင်းတို့အတွက် စတင် နောင်တရနိုင်သည်။ ထို့နောက်တွင် ဇာတိပကတိကို ၎င်းတို့ ပုန်ကန်နိုင်ပြီး သမ္မာတရားကို လက်တွေ့လုပ်နိုင်ကြသည်။ ပြီးလျှင် ထိုသို့လုပ်ဆောင်သည်နှင့်အမျှ၊ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို ၎င်းတို့ ပိုမို တန်ဖိုးထားမြတ်နိုးလာကြလိမ့်မည်ဖြစ်ပြီး ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ကြောင်း အသိအမှတ်ပြုလာကြလိမ့်မည်။ ၎င်းတို့သည် ခရစ်တော်နောက်လိုက်ပြီး သူ့ကို ကျိုးနွံနာခံဖို့ ပိုမို လိုလားကြလိမ့်မည်ဖြစ်ကာ လူသားကို ဖော်ထုတ်၊ တရားစီရင်ကာ ပြစ်တင်ဆုံးမရန်နှင့် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲစေရန် ဘုရားသခင်က သမ္မာတရားကို ဖော်ပြကြောင်း၊ ပြီးလျှင် ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်သည် လူသားကို အမှန်တကယ် လက်တွေ့ကျသည့် နည်းလမ်းဖြင့် ကယ်တင်ကာ စုံလင်စေကြောင်း ခံစားကြရလိမ့်မည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ သို့မဟုတ် သူ့နှုတ်ကပတ်တော်များ၏ ထောက်ပံ့မှုနှင့် လမ်းပြမှုမရှိဘဲ လူတို့သည် ကယ်တင်ခြင်း ရရှိရန် နည်းလမ်းရှိမည်မဟုတ်သကဲ့သို့ ထိုသို့သော ဆုလာဘ်များကို ရရှိခံစားနိုင်မည်မဟုတ်ဟု ၎င်းတို့ ခံစားရကြလိမ့်မည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို စတင်ချစ်လာကြလိမ့်မည်ဖြစ်ပြီး မိမိတို့၏ လက်တွေ့ဘဝတွင် ထိုနှုတ်ကပတ်တော်များအပေါ် မှီခိုရကြောင်း၊ ၎င်းတို့ကို ထောက်ပံ့ပေးရန်၊ လမ်းပြရန်နှင့် ၎င်းတို့အတွက် လမ်းရှင်းပေးရန် သူ၏ နှုတ်ကပတ်တော်များကို ၎င်းတို့ လိုအပ်ကြောင်း ခံစားမိကြလိမ့်မည်။ ၎င်းတို့ စိတ်နှလုံးများသည် ငြိမ်သက်ခြင်းနှင့် ပြည့်လိမ့်မည်ဖြစ်ပြီး ၎င်းတို့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ ဘုရားနှုတ်ကပတ်တော်များကို အမှုမဲ့အမှတ်မဲ့ ရှာဖွေကြပြီး မိမိတို့၏ အခြေခံအုတ်မြစ်အဖြစ် အသုံးပြုကြလိမ့်မည်။ ပြီးလျှင် ထိုနှုတ်ကပတ်တော်များအတွင်းတွင် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများနှင့် လမ်းကြောင်းများကို ရှာဖွေကြလိမ့်မည်။ ဤသည်မှာ မိမိကိုယ်ကိုယ် သိရှိခြင်းမှတစ်ဆင့် စွမ်းဆောင်ရရှိသည့် ရလဒ်တစ်ခု ဖြစ်သည်။ နောက်ထပ်တစ်ခု ရှိသေး၏။ လူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပွင့်အံထွက်ခြင်းများအား တစ်ချိန်ကကဲ့သို့ ခေါင်းမာသော သဘောထားဖြင့် သဘောထားကြတော့မည်မဟုတ်။ ထိုအစား မိမိတို့ စိတ်နှလုံးများကို ငြိမ်သက်စေကာ ရိုးသားသော သဘောထားတစ်ခုဖြင့် ဘုရားနှုတ်ကပတ်တော်များကို နားထောင်နိုင်ကြလိမ့်မည်ဖြစ်ပြီး သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို လက်ခံနိုင်ကြလိမ့်မည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ပွင့်အံထွက်သည့်အခါ ယခင်ကကဲ့သို့ ခေါင်းမာခြင်း၊ ထိန်းချုပ်ရခက်ခြင်း၊ အလွန်အမင်း ကြမ်းကြုတ်ခြင်း၊ မာနထောင်လွှားခြင်း၊ မိုက်ရိုင်းပြီး ရက်စက်ခြင်းတို့ ဖြစ်တော့မည်မဟုတ်ဟု ဆိုလိုသည်။ ထိုအစား ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် တက်ကြွစွာ သုံးသပ်ပြီး မိမိတို့၏ တကယ့် ပြဿနာများအား သိရှိကြလိမ့်မည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အနှစ်သာရက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ မသိနိုင်သော်လည်း မိမိတို့ကိုယ်ကိုယ် ငြိမ်သက်စေနိုင်ကြလိမ့်မည်၊ ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေနိုင်ကြလိမ့်မည်။ ထို့နောက်တွင် မိမိတို့၏ ပြဿနာများနှင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို ဝန်ခံကြလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ထံ နောင်တရကာ အနာဂတ်တွင် မတူကွဲပြားစွာ ပြုမူနေထိုင်ဖို့ ဆုံးဖြတ်ကြလိမ့်မည်။ ယင်းမှာ လုံးလုံးလျားလျား ကျိုးနွံနာခံသည့် သဘောထားတစ်ခု ဖြစ်၏။ ဤသို့ဖြင့် ဘုရားသခင်ထံ ကျိုးနွံနာခံသည့် စိတ်နှလုံးများကို ၎င်းတို့ ရရှိကြလိမ့်မည်။ ဘုရားသခင် မည်သည့်အရာကိုပြောသည်ဖြစ်စေ၊ ၎င်းတို့အပေါ် မည်သည့်အရာ တောင်းဆိုသည်ဖြစ်စေ၊ ၎င်းတို့အတွက် မည်သည့်အမှုကို သူ ပြုသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်ပတ်ဝန်းကျင်များ သူ စီစဉ်သည်ဖြစ်စေ ယင်းကို ကျိုးနွံနာခံဖို့ လူတို့အတွက် လွယ်ကူလိမ့်မည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ၎င်းတို့အတွက် ကြီးမားသည့် အတားအဆီးတစ်ခု ဖြစ်စေလိမ့်မည်မဟုတ်။ ယင်းတို့ကို ဖြေရှင်းကာ အောင်မြင်ဖို့ လွယ်ကူလိမ့်မည်။ ထိုအဆင့်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ၎င်းတို့အတွက် သက်သောင့်သက်သာဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းကို ၎င်းတို့ စွမ်းဆောင်ရရှိနိုင်ကြလိမ့်မည်။ ဤသည်တို့မှာ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု၏ လက္ခဏာများဖြစ်၏။ တစ်စုံတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံနိုင်သည့်အခါ ၎င်းတို့၏ အသက်စိတ်သဘောထားက အပြောင်းအလဲတစ်ခု၊ သမ္မာတရားကို လိုက်စားခြင်းမှတစ်ဆင့် လုံးဝ စွမ်းဆောင်ရရှိသည့် စစ်မှန်သော အပြောင်းအလဲတစ်ခုကို ကြုံနှင့်ပြီးဖြစ်သည်ဟု ဆိုနိုင်သည်။ ဤဖြစ်စဉ်အတောအတွင်း အပြုသဘောဆောင်သည့် အပြုအမူများဖြစ်စေ၊ သာမန် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းမှုဖြစ်စေ လူတို့တွင် ဖြစ်ပေါ်သော အပြုအမူအားလုံးသည် မရှိမဖြစ်ဖြစ်ပြီး ရှောင်လွှဲမရပေ။ အပြုသဘောဆောင်သည့် အပြုအမူများ ရှိသည့်အတွက် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်း အပြုအမူများလည်း ရှိရမည်။ သို့ရာတွင် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းမှုတို့သည် ယာယီဖြစ်၏။ လူတစ်ဦးသည် ဝိညာဉ်ရင့်ကျက်မှု အနည်းငယ် ပိုင်ဆိုင်သည်နှင့် ယခင်ထက် ပိုမိုနည်းပါးသည့် အပျက်သဘောဆောင်သော၊ အားနည်းသော အခြေအနေများ ရှိလိမ့်မည်ဖြစ်ပြီး ယခင်က ပိုသည့် အပြုသဘောဆောင်သော အပြုအမူများနှင့် ဝင်ရောက်မှုတို့ ရှိလိမ့်မည်ဖြစ်ကာ ၎င်းတို့၏ လုပ်ရပ်များသည် တိုး၍ တိုး၍ စည်းမျဉ်းနှင့်ညီလာလိမ့်မည်။ ထိုသို့သော လူတစ်ဦးသည် ဘုရားသခင်ကို ကျိုးနွံနာခံသူတစ်ဦး၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သန့်စင်ခံရသည့်နောက် မိမိ၏ အသက်စိတ်သဘောထား ပြောင်းလဲခဲ့သည့်သူတစ်ဦး ဖြစ်သည်။ ဤသည်တို့မှာ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံခြင်းအားဖြင့် ထပ်တလဲလဲ ပြုပြင်ကာ၊ စမ်းသပ်ပြီး စစ်ဆေးခံရခြင်းတို့အားဖြင့် သမ္မာတရား လိုက်စားသူတို့ ရယူကြသည့် ရလဒ်များဖြစ်သည်ဟု ဆိုနိုင်သည်။
သမ္မာတရား လိုက်စားခြင်း၏ တိကျသည့် သာမန် ဖြစ်စဉ်များကို လူတို့အားလုံး ယခု ကြားကာ နားလည်ကြပြီး ဖြစ်သည့်အတွက် သမ္မာတရားကို ၎င်းတို့ အလွန်အမင်း မနှစ်မြို့ရသည့် အကြောင်းရင်း၊ သို့မဟုတ် ထိုသမ္မာတရားကို ခုခံရသည့် အကြောင်းရင်း၊ မလိုက်စားရသည့် အကြောင်းရင်းအတွက် မတူကွဲပြားသည့် ကျိုးကြောင်းပြချက်များ၊ ဆင်ခြေများကို လုပ်ကြံပြောဆိုခြင်း မပြုသင့်တော့ပေ။ ဤသမ္မာတရားများကို နားလည်ပြီး ဤကိစ္စကို ရှင်းရှင်းလင်းလင်း မြင်သည့်နောက် ယခုတွင် သမ္မာတရား မလိုက်စားခြင်းအတွက် လူတို့ပေးသည့် ကျိုးကြောင်းပြချက်များနှင့် ဆင်ခြေများအပေါ် ချင့်ချိန်နိုင်စွမ်း သင်တို့ ရှိကြပြီလော။ လူကြီးတစ်ဦးက “ကျွန်ုပ် အိုပြီ။ လူငယ်တစ်ဦးကဲ့သို့ တက်ကြွခြင်း၊ စိတ်ထက်သန်ခြင်း မရှိပါ။ ဇရာကြောင့် ငယ်ရွယ်မှု၏ တက်ကြွထက်သန်ခြင်းနှင့် ရည်မှန်းချက်တို့ ကျွန်ုပ် ဆုံးရှုံးရသကဲ့သို့ နောက်ထပ် မာနထောင်လွှားခြင်း မရှိတော့ပါ။ ထို့ကြောင့် ကျွန်ုပ် မာနထောင်လွှားသည်ဟု သင် ပြောဆိုခြင်းက အဓိပ္ပာယ်မရှိ။ ကျွန်ုပ် မာနမထောင်လွှားပါ”ဟု ဆိုသည်။ ၎င်းတို့ မှန်ကန်ပါ၏လော။ (မမှန်ပါ။) မမှန်သည်မှာ သိသာထင်ရှားပေ၏။ ယခုတွင် ထိုသို့သော စကားများအပေါ် သင်တို့အားလုံး ချင့်ချိန်နိုင်စွမ်း ရှိကြပြီဖြစ်သည်။ ထိုလူကို သင်တို့ ထုတ်ဖော်ပြနိုင်ပြီး၊ “သင် အိုမင်းသော်လည်း မာနထောင်လွှားသော စိတ်သဘောထား ရှိနေသေးသည်။ သင်၏ တစ်သက်တာလုံး ထိုမာနထောင်လွှားမှုကို တစ်ကြိမ်တစ်ခါမျှ မဖြေရှင်းခဲ့ဘဲ မာနထောင်လွှားပြီးဖြစ်သည်။ သင် ဆက်လက် မာနထောင်လွှားချင်သေးသလော”ဟု ဆိုနိုင်လိမ့်မည်ဖြစ်သည်။ ပိုမိုငယ်ရွယ်သော လူအချို့က “ကျွန်ုပ် ငယ်ရွယ်သည်။ လူမှုအဖွဲ့အစည်း၏ ပရမ်းပတာဖြစ်သော ကဏ္ဍများကို မတွေ့ကြုံရသေး၊ သို့မဟုတ် မတူကွဲပြားသော အဖွဲ့များအတွင်း ရုန်းကန်ကာ မကောင်းသည့်အခြေအနေသို့ တစ်စတစ်စချင်း ကျရောက်သွားခြင်း မဟုတ်သေးပါ။ ကမ္ဘာတစ်ဝှမ်းက လူများတွင်ရှိသည့် အတွေ့အကြုံများ ကျွန်ုပ်တွင် မရှိပါ။ ပြီးလျှင် ပိုမို အရေးကြီးသည်မှာ ကျွန်ုပ်သည် ထိုဉာဏ်နီဉာဏ်နက်များသူများလောက် စိတ်မချရသောသူ၊ သို့မဟုတ် ဖောက်ပြန်သောသူ မဟုတ်သည်မှာ အမှန်ဖြစ်၏။ လူငယ်တစ်ဦးအနေဖြင့် မာနထောင်လွှားသော စိတ်သဘောထား အနည်းငယ်ရှိသည်မှာ ကျွန်ုပ်အတွက် ပုံမှန်ဖြစ်သည်။ အနည်းဆုံးအနေဖြင့် ကျွန်ုပ်သည် လူအိုတစ်ယောက်လောက် အပိုင်ကြံတတ်ခြင်း၊ လှည့်ဖြားတတ်ပြီး ကောက်ကျစ်ဆိုးယုတ်ခြင်း မရှိပါ”ဟု ဆိုကြသည်။ ဤသို့ပြောရန်မှာ သင့်လျော်ပါ၏လော။ (မသင့်လျော်ပါ။) လူတိုင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိ၏။ ယင်းသည် အသက်အရွယ်၊ သို့မဟုတ် လိင်နှင့်မဆိုင်ပေ။ အခြားသူများတွင် ရှိသည့်အရာ သင့်တွင် ရှိသလို သင့်တွင်ရှိသည့်အရာသည် အခြားသူများတွင်လည်း ရှိကြသည်။ မည်သူ့ကိုမျှ အပြစ်ဖို့ရန် မလိုအပ်ပေ။ ဟုတ်ပေ၏၊ လူတိုင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိကြောင်း သိမှတ်ရုံမျှသည် မလုံလောက်ပေ။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိကြောင်း သိမှတ်သည့်အတွက် ယင်းကို ဖြေရှင်းဖို့ သမ္မာတရား ရှာဖွေရမည်။ သမ္မာတရားကို ရရှိပြီး သင်၏ စိတ်သဘောထား မပြောင်းလဲမချင်း သင်၏ ရည်မှန်းချက်ပန်းတိုင် ရောက်ပြီး ဖြစ်လိမ့်မည်မဟုတ်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား တစ်ခုကို ဖြေရှင်းခြင်းသည် သမ္မာတရားကို သင် လက်ခံခြင်း၊ သင်၏ ကျိုးကြောင်းပြချက်များနှင့် ဆင်ခြေများကို စွန့်လွှတ်ခြင်းနှင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မှန်မှန်ကန်ကန် ရင်ဆိုင်နိုင်ခြင်းတို့အပေါ် နောက်ဆုံး တည်မှီသည်။ ထိုအရာကို သင် မရှောင်လွှဲရ၊ သို့မဟုတ် ဆင်ခြေများဖြင့် ခေါင်းမရှောင်ရသကဲ့သို့ ထိုအရာကို မုချ မငြင်းပယ်ရပေ။ ဤသည်တို့မှာ စွမ်းဆောင်ရရှိဖို့ လွယ်ကူသည့်အရာများ ဖြစ်၏။ လုပ်ဆောင်ဖို့ အခက်ခဲဆုံးသောအရာမှာ အဘယ်နည်း။ တစ်စုံတစ်ရာကို ငါ စဉ်းစား၍ရသည်။ “ကျွန်ုပ်က သမ္မာတရားကို လိုက်စားသည်ဆိုပါစို့၊ သို့မဟုတ် မလိုက်စားဘူးဆိုပါစို့၊ သမ္မာတရားကို ကျွန်ုပ် မချစ်ဘူးဆိုပါစို့၊ သို့မဟုတ် အလွန်အမင်း မနှစ်မြို့သည်ဆိုပါစို့၊ ကျွန်ုပ်ကို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုခု ရှိသည်ဟု ထုတ်ဖော်ပြပါလေ။ သင့်ကို ကျွန်ုပ် မသိကျိုးကျွန်ပြု၍သာ နေလိုက်မည်။ ဘုရားအိမ်တော်က စေခိုင်းသည့် မည်သည့်အရာကိုမဆို၊ သို့မဟုတ် လုပ်ဆောင်ဖို့လိုသည့် မည်သည့်အလုပ်ကိုမဆို ကျွန်ုပ် လုပ်သည်။ တရားဒေသနာများနှင့် စုဝေးပွဲများအတောအတွင်းတွင် ကျွန်ုပ် နားထောင်သည်။ ဘုရားနှုတ်ကပတ်တော်များကို လူတိုင်း စားသောက်နေချိန်တွင် ကျွန်ုပ် အတူလိုက်ဆိုသည်။ သင်တို့နှင့်အတူ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုများကို ထိုင်ကြည့်ပြီး သင်တို့ စားသည့်အခါ စားသည်။ သင်တို့လုပ်သည့်အတိုင်း ကျွန်ုပ် လိုက်လုပ်သည်။ သမ္မာတရားကို ကျွန်ုပ် လိုက်စားခြင်းမရှိဟု သင်တို့ထဲက မည်သူက ဆိုနိုင်သနည်း။ ဤသည်မှာ ကျွန်ုပ် ယုံကြည်သည့်ပုံ ဖြစ်သောကြောင့် သင် ကြိုက်သည့် မည်သည့်အရာကိုမဆို သင် လုပ်နိုင်၊ ပြောနိုင်သည်။ ကျွန်ုပ် ဂရုမစိုက်”ဟု ပြောသည့် လူအချို့ရှိသည်။ ဤလူစားမျိုးက ဘုရားသခင်၏ ကယ်တင်ခြင်း အမှုတော်သည် ၎င်းတို့နှင့် မသက်ဆိုင်သည့်အလား၊ ယင်းကို ၎င်းတို့ မလိုအပ်သည့်အလား ဆင်ခြေများ၊ သို့မဟုတ် ကျိုးကြောင်းပြချက်များ မပေးသည့်ပုံ ဟန်ဆောင်သော်လည်း သမ္မာတရား လိုက်စားရန် ရည်ရွယ်ချက်လည်း မရှိပေ။ ဤလူစားမျိုးများသည် “ကျွန်ုပ်၏ လူ့သဘာဝက ကောင်းသည်။ ဘုရားသခင်ကို ကျွန်ုပ် အမှန်တကယ် ယုံကြည်သည်။ အမှုအရာများကို စွန့်လွှတ်ရန် ကျွန်ုပ် လိုလားသည်။ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးနိုင်သည်။ ထိုအရာများအပြင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကျွန်ုပ် လက်ခံဖို့ လိုအပ်ပါသလား”ဟု တိကျပွင့်လင်းစွာ မပြောကြချေ။ ဤအရာကို ၎င်းတို့ တိကျပွင့်လင်းစွာ မပြောကြ။ သမ္မာတရားအပေါ် ရှင်းလင်းသော သဘောထား မရှိကြသကဲ့သို့၊ ဘုရားသခင်၏ အမှုတော်ကို အပြင်ပန်းအားဖြင့် မရှုတ်ချကြချေ။ သို့ရာတွင် ထိုသို့သော လူများကို ဘုရားသခင်က မည်သို့ သဘောထားသနည်း။ သမ္မာတရားကို ၎င်းတို့ မလိုက်စားကြပါက၊ ဘုရားနှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အလွန် စိတ်ဝင်စားမှုမရှိဘဲ ပစ်ပယ်ထားပါက၊ ၎င်းတို့အပေါ် ဘုရားသခင်၏ သဘောထားသည် အလွန်ရှင်း၏။ သမ္မာကျမ်းစာတွင် “သင်သည် အဧမဟုတ်၊ အပူမဟုတ်သည်ကို ငါသိ၏။ ထိုသို့အအေးမဟုတ်၊ အပူမဟုတ်၊ နွေးရုံရှိသောကြောင့် ငါ၏ခံတွင်းသည် သင့်ကိုထွေးလုပြီ။” (ဗျာဒိတ်ကျမ်း ၃:၁၆)ဟု ဆိုသည့် စာကြောင်းကဲ့သို့သာ ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို အလိုမရှိပေ။ ယင်းမှာ ပြဿနာဖြစ်သည်။ အသင်းတော်တွင် ထိုသို့သောလူများ ရှိကြပါ၏လော။ (ရှိပါသည်။) သို့ဆိုလျှင် ၎င်းတို့ကို မည်သို့ အမျိုးအစားခွဲရမည်နည်း။ မည်သည့်နေရာသို့ ၎င်းတို့ကို ခွဲထားသင့်သနည်း။ ၎င်းတို့ကို အမျိုးအစားခွဲရန်မလိုအပ်ပေ။ အတိုချုပ်ဆိုရလျှင် ထိုသို့သော လူများသည် သမ္မာတရားကို မလိုက်စားကြချေ။ သမ္မာတရားကို လက်မခံကြ၊ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် မသုံးသပ်ကြ၊ မသိရှိကြသကဲ့သို့ နောင်တရသည့် စိတ်နှလုံးမရှိကြချေ။ ထိုအစား ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရာတွင် နားဝေတိမ်တောင်ဖြစ်ပြီး မရှင်းလင်းကြချေ။ ၎င်းတို့သည် ဘုရားအိမ်တော် စေခိုင်းသည့် မည်သည့်အရာကိုမဆို မည်သည့် အတားအဆီး၊ သို့မဟုတ် အနှောင့်အယှက်မျှ မဖြစ်စေဘဲ လုပ်ဆောင်ကြသည်။ ၎င်းတို့ကို မေးလော့။ “အယူအဆ တစ်ခုတလေ သင် ရှိသလော။” “မရှိပါ။” “ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုတလေ ရှိသလော။” “မရှိပါ။” “ကယ်တင်ခြင်း ရရှိလိုသလော။” “ကျွန်ုပ် မသိပါ။” “ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်း သင် အသိအမှတ်ပြုပါသလော။” “မသိပါ။” ၎င်းတို့ကို မည်သည့်အရာကိုမဆို မေးလော့။ ၎င်းတို့ မသိဟု ပြောကြ၏။ ထိုသို့သော လူများနှင့် ပတ်သက်၍ ပြဿနာတစ်ခု ရှိသလော။ (ရှိပါသည်။) ရှိ၏၊ သို့တိုင် ပြဿနာမဟုတ်ကြောင်းနှင့် ဖြေရှင်းစရာမလိုကြောင်း ၎င်းတို့ ခံစားသည်။ သမ္မာကျမ်းစာထဲတွင် ပြောထားသည်မှာ “သင်သည် အဧမဟုတ်၊ အပူမဟုတ်သည်ကို ငါသိ၏။ ထိုသို့အအေးမဟုတ်၊ အပူမဟုတ်၊ နွေးရုံရှိသောကြောင့် ငါ၏ခံတွင်းသည် သင့်ကိုထွေးလုပြီ။” “ငါ၏ခံတွင်းသည် သင့်ကိုထွေးလုပြီ”ဟူသည့် စကားစုသည် ထိုသို့သော လူများကို ကိုင်တွယ်ခြင်းအတွက် စည်းမျဉ်း ဖြစ်၏။ ယင်းမှာ ၎င်းတို့အတွက် ထွက်လာသည့် ရလဒ်ဖြစ်သည်။ အပူလည်းမဟုတ်၊ အအေးလည်းမဟုတ်ဆိုသည်မှာ ဤလူများတွင် မည်သည့်အမြင်မျှ မရှိဟု ဆိုလိုသည်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၊ သို့မဟုတ် ကယ်တင်ခြင်း ကိစ္စများနှင့်ပတ်သက်၍ ၎င်းတို့ကို သင်မည်သို့ မိတ်သဟာယပြုသည်ဖြစ်စေ ၎င်းတို့ စိတ်မဝင်စားဘဲ ရှိနေသည်ဆိုသည့် သဘောဖြစ်၏။ ဤတွင် “စိတ်မဝင်စား”ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ထိုသို့သော ကိစ္စများကို ၎င်းတို့ စိတ်ပါဝင်စားခြင်း မရှိသကဲ့သို့ ထိုကိစ္စများအကြောင်း ကြားလိုစိတ်မရှိဟု ဆိုလိုသည်။ အချို့က “အမြင်မရှိခြင်း၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်းကို ပွင့်အံထွက်ခြင်းတို့နှင့် ပတ်သက်၍ မည်သည့်အရာ အလွန်မှားနေသနည်း”ဟု ဆိုနိုင်သည်။ ပေါက်ကရစကား သက်သက်ပါတကား။ ဤလူများသည် အေးလည်းမအေး ပူလည်းမပူသည့် အသက်ဝိညာဉ်မပါသော လူသေများဖြစ်ပြီး ၎င်းတို့အပေါ် ဘုရားသခင် အမှုပြုဖို့ နည်းလမ်းမရှိပေ။ ကယ်တင်မခံရနိုင်သည့် လူများနှင့် ပတ်သက်၍ ဘုရားသခင်သည် ၎င်းတို့ကို ထွေးထုတ်ပြီး ၎င်းတို့နှင့်ပတ်သက်၍ အဆုံးသတ်ပြီဖြစ်သည်။ ၎င်းတို့အပေါ် သူ အမှုမပြုသကဲ့သို့ ထိုသို့သော လူများအပေါ် သုံးသပ်ချက်မျိုးလည်း ငါတို့ ပေးလိမ့်မည်မဟုတ်။ ၎င်းတို့ကို မသိကျိုးကျွံသာ ပြုလိုက်မည်ဖြစ်၏။ အသင်းတော်တွင် ထိုသို့သော လူများရှိပါက မည်သည့် အနှောင့်အယှက်မျှ မဖြစ်စေသရွေ့ ၎င်းတို့ နေနိုင်သည်။ ၎င်းတို့ အနှောင့်အယှက်ဖြစ်စေပါက ဖယ်ရှားခံရမည်ဖြစ်၏။ ဤသည်မှာ ဖြေရှင်းဖို့ လွယ်ကူသည့်အရာ ဖြစ်သည်။ ငါ၏ စကားများသည် သမ္မာတရား လက်ခံနိုင်သူများ၊ ထိုသမ္မာတရားကို လိုက်စားလိုစိတ်ရှိပြီး ထိုသမ္မာတရားနှင့်ပတ်သက်၍ ရှင်းလင်းသော သဘောထားရှိသူများ၊ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိပြီး ကယ်တင်ခံရနိုင်ကြောင်း သိမှတ်သောသူများကို ရည်ညွှန်းသည်။ ထိုစကားများသည် ဘုရားနှုတ်ကပတ်တော်များကို နားလည်နိုင်ပြီး သူ၏ အသံကို ကြားနိုင်သူများကို ရည်ရွယ်သည်၊ ဘုရားသခင်၏ သိုးများကို ရည်ရွယ်သည်။ ထိုသူများသည် ဘုရားနှုတ်ကပတ်တော်များက ရည်ညွှန်းသောလူများ ဖြစ်သည်။ ဘုရားသခင်အပေါ် အအေးမဟုတ်၊ အပူမဟုတ်သောသူများကို ဘုရားနှုတ်ကပတ်တော်များက မရည်ညွှန်းပါ။ ထိုသို့သော လူများသည် သမ္မာတရားကို စိတ်မဝင်စားသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များနှင့် အမှုတော်အပေါ် အအေးလည်း မဟုတ်၊ အပူလည်း မဟုတ်ကြချေ။ ထိုသို့သောလူများကို ကိုင်တွယ်ရန်နည်းလမ်းမှာ “ထွက်သွားပါ။ သင်ဖြစ်တည်သည့်ပုံစံသည် ငါနှင့် အဘယ်သို့မျှ မဆိုင်” ဟု ပြောဆိုရန် ဖြစ်သည်။ ၎င်းတို့ကို မသိကျိုးကျွန်ပြုကာ ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်အားထုတ်မှုမျှ မဖြုန်းတီးရန် ဖြစ်သည်။
သမ္မာတရားကို လိုက်စားခြင်း အကြောင်းအရာနှင့် ဆက်နွှယ်သည့် အပျက်သဘောဆောင်သော ဥပမာအချို့ကို ငါတို့ ခုတင် မိတ်သဟာယပြုပြီးဖြစ်၏။ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပွင့်အံထွက်မှုများကို ငြင်းပယ်ရန် အမျိုးမျိုးသော ကျိုးကြောင်းပြချက်များ၊ ဆင်ခြေများနှင့် မူမမှန်သော အကြောင်းပြချက်များကို မရည်ရွယ်ဘဲ အကြံထုတ်မိကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်နှင့် အခြားသူများကို လှည့်စားရင်း မိမိတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ တည်ရှိခြင်းကို မကြာခဏ ကွယ်ဝှက်ကြသည်။ ဤသည်တို့မှာ လူသား၏ မိုက်မဲပြီး စဉ်းစားဉာဏ်မဲ့သော နည်းလမ်းများဖြစ်၏။ တစ်ဖက်တွင် လူသားကို တရားစီရင်သည့် ဘုရားနှုတ်ကပတ်တော်များအားလုံး သမ္မာတရားဖြစ်ကြောင်း လူတို့က အသိအမှတ်ပြုကြသည်။ အခြားတစ်ဖက်တွင် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပြင် သမ္မာတရားကို ချိုးဖောက်သည့် ၎င်းတို့၏ မှားယွင်းသော အပြုအမူများ တည်ရှိခြင်းကို ၎င်းတို့ ငြင်းပယ်ကြသည်။ ဤသည်မှာ သမ္မာတရားကို ၎င်းတို့ လက်မခံကြသည့် ရှင်းလင်းသော လက္ခဏာတစ်ခု ဖြစ်၏။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိကြောင်း ငြင်းသည်ဖြစ်စေ၊ အသိအမှတ်ပြုသည်ဖြစ်စေ၊ သင်၏ ဖောက်ပြန်ပျက်စီးသော အပြုအမူများ ပွင့်အံထွက်မှုများအတွက် ဆင်ခြေများ၊ ကျိုးကြောင်းပြချက်များ၊ သို့မဟုတ် မှန်သယောင်နှင့်မှားသော အကြောင်းပြချက်များ ပေးသည်ဖြစ်စေ အတိုချုပ်အနေဖြင့် သမ္မာတရားကို သင် လက်မခံပါက ဘုရားသခင်၏ ကယ်တင်ခြင်း မရရှိနိုင်။ ဤအရာကို မငြင်းနိုင်ပေ။ သမ္မာတရားကို လုံးဝ မလိုက်စားသူ မည်သူမဆိုသည် နှစ်ပေါင်းမည်မျှ ယုံကြည်သူဖြစ်ခဲ့သည်ဖြစ်စေ နောက်ဆုံးတွင် ဖော်ထုတ်ခံရကာ ဖယ်ရှားရှင်းလင်းခံရလိမ့်မည် ဖြစ်၏။ ဤရလဒ်သည် ကြောက်လန့်စရာကောင်းသည့် ရလဒ်ဖြစ်သည်။ မကြာမီ ကပ်ဘေးများ ကျရောက်ပြီး သင် ထုတ်ဖော်ခံရမည်ဖြစ်ကာ ကပ်ဘေးများရောက်လာသည့်အခါ သင် ကြောက်ရွံ့ရလိမ့်မည်။ သင့်အနေဖြင့် ကျိုးကြောင်းပြချက်များစွာနှင့် အလျှံပယ် ဆင်ခြေများ ရှိနေနိုင်သည်၊ သို့မဟုတ် သင်သည် ကောင်းစွာ ဟန်ဆောင်ပြီး လုံအောင် ဖုံးဖိထားခြင်း ဖြစ်နိုင်သော်လည်း ငြင်း၍မရနိုင်သည့် အချက်တစ်ချက်ရှိ၏။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ပကတိအတိုင်း ရှိနေသည်၊ လုံးဝ မပြောင်းလဲသေးပေ။ သင်သည် မိမိကိုယ်ကိုယ် မှန်ကန်စွာ မသိနိုင်၊ စစ်မှန်သော နောင်တရနိုင်စွမ်း မရှိသကဲ့သို့ အဆုံးတွင် သင်သည် မိမိကိုယ်ကိုယ် အမှန်တကယ် ပြောင်းလဲနိုင်လိမ့်မည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်သည် သင်နှင့်ပတ်သက်၍ သူ၏စိတ်ကို ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ ထိုအခါ သင်သည် ပြဿနာကြီးကြီးမားမား ဖြစ်လိမ့်မည် မဟုတ်လော။ ဖယ်ရှားရှင်းလင်းခံရမည့် အန္တရာယ်ရှိလိမ့်မည်ဖြစ်၏။ ယင်းမှာ တော်သောလူတစ်ဦးက ဉာဏ်အမြော်အမြင်မရှိသော ဆင်ခြေများနှင့် မိုက်မဲသော ကျိုးကြောင်းပြချက်များ ပေးခြင်းကို ရပ်လိုက်ပြီး မိမိတို့၏ ဟန်ဆောင်မှုများနှင့် ဖုံးကွယ်မှုများကို စွန့်ပစ်ရသည့် အကြောင်းရင်းဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့နှင့်ပတ်သက်၍ ဘုရားသခင်က သူ၏စိတ်ကို ပြောင်းလဲဖို့အလို့ငှာ ၎င်းတို့လုပ်ဆောင်သမျှ အရာရာတွင် အားစိုက်ထုတ်ပြီး ကောင်းမှုများကို လုပ်ဆောင်ကြရင်း ၎င်းတို့ ပွင့်အံထုတ်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မှန်ကန်စွာ ရင်ဆိုင်ပြီး ဖြေရှင်းကြသည်။ သင်နှင့်ပတ်သက်၍ ဘုရားသခင်က သူ၏ စိတ်ကို ပြောင်းလဲပါက ယင်းမှာ သူသည် သင်၏အတိတ်က ပုန်ကန်မှုနှင့် ခုခံမှုတို့အပေါ် သင့်ကို အမှန်တကယ် လွတ်ငြိမ်းခွင့်ပေးပြီးဖြစ်ကြောင်း သက်သေပြပေသည်။ သင်သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ခံစားရလိမ့်မည်ဖြစ်ပြီး ဝန်တစ်ခု ပျက်ပြယ်သွားသည့်အလား သင် စိတ်ဖိစီးတော့မည်မဟုတ်။ ဤခံစားချက်သည် သင့်စိတ်ဝိညာဉ်၏ အတည်ပြုချက်ဖြစ်သည်။ ယခု သင်သည် ကယ်တင်ခြင်း၌ မျှော်လင့်ချက်ရှိလေပြီ။ ဤမျှော်လင့်ချက်မှာ သမ္မာတရား သင်လိုက်စားရာတွင် သင်ပေးသည့် အဖိုးအခ၊ သင်၏ ကောင်းမှုတို့ဖြင့် သင် ဖလှယ်လိုက်သည့်အရာ ဖြစ်သည်။ သမ္မာတရားကို လိုက်စားခြင်းနှင့် ကောင်းမှုများကို ပြင်ဆင်ခြင်းအားဖြင့် သင် စွမ်းဆောင်ရရှိသည့် ရလဒ်ဖြစ်သည်။ အပြန်အလှန်အားဖြင့် သင်သည် သင့်ကိုယ်သင် တော်လှပြီဟု ထင်နှင့်နေနိုင်ပြီး ဖောက်ပြန်ပျက်စီးခြင်းကို သင် ပွင့်အံထုတ်သည့်အခါတိုင်းတွင် မိမိကိုယ်ကိုယ် ခုခံကာကွယ်ပြီး အပြစ်မရှိကြောင်းပြောရန် အလျှံပယ် ကျိုးကြောင်းပြချက်များ ရှာတွေ့နေနိုင်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် ဖုံးကွယ်ပြီး ဖုံးဖိကောင်း ဖုံးဖိထားနိုင်ကာ ထိုသို့ဖြင့် မည်သည့် ဖောက်ပြန်ပျက်စီးမှုမျှ သင် မပွင့်အံထုတ်ခဲ့သည့်အလား ထိုအရာအပေါ် သုံးသပ်ခြင်းနှင့် သိရှိခြင်းကို လိမ္မာပါးနပ်စွာ ရှောင်ရှားနိုင်သည်။ ဘုရားသခင် စီစဉ်သည့် အမျိုးမျိုးသော အခြေအနေများ၏ ဖော်ထုတ်ခံရခြင်းကို အကြိမ်ကြိမ် ရှောင်ရှားရင်း သင့်ကိုယ်သင် တော်လှပြီဟု ထင်ကောင်းထင်နိုင်သည်။ သင်သည် မိမိကိုယ်ကိုယ် သုံးသပ်ပြီးဖြစ်လိမ့်မည်မဟုတ်၊ သို့မဟုတ် သိရှိပြီးဖြစ်လိမ့်မည် မဟုတ်၊ သမ္မာတရားကို ရရှိပြီး ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့ ဘုရားသခင်၏ စုံလင်စေခြင်း ခံရဖို့ အခွင့်အရေးများစွာ သင်လွဲချော်ပြီး ဖြစ်လိမ့်မည်။ ဤအရာ၏ အကျိုးဆက်များမှာ အဘယ်အရာများ ဖြစ်လိမ့်မည်နည်း။ ယခုတွင် သင်သည် နောင်တရနိုင်စွမ်းရှိမရှိနှင့် ကယ်တင်ခြင်း ရရှိနိုင်စွမ်းရှိမရှိဆိုသည်ကို ဘေးဖယ်ထားလိုက်ပြီး ဘုရားသခင်က နောင်တရဖို့ သင့်ကို အခွင့်အရေးများ အကြိမ်ကြိမ် ပေးကာ ထိုအခွင့်အရေးတစ်ခုကမျှ သင်၏ စိတ်ကိုပြောင်းလဲရန် သင့်ကို တစ်ကြိမ်တစ်ခါမျှ မလှုံ့ဆော်လျှင် သင်သည် ပြဿနာကြီးကြီးမားမား တက်ပြီဖြစ်၏ဟုသာ ဆိုပါစို့။ သင့်ကိုယ်သင် မည်မျှကောင်းကောင်း ခုခံပြောဆိုသည်၊ သင့်ကိုယ်သင် မည်မျှကောင်းကောင်း ဖော်ပြသည်၊ သင့်ကိုယ်သင် မည်မျှကောင်းကောင်း ဟန်ဆောင်ဖုံးကွယ်သည်၊ သင့်ကိုယ်သင် မည်မျှကောင်းကောင်း ဆင်ခြေပေးပြီး ရှင်းချက်ထုတ်နိုင်သည်မှာ အဘယ်အရေးကြီးပါလိမ့်မည်နည်း။ ဘုရားသခင်က သင့်ကို အကြိမ်ကြိမ် အခွင့်အရေးများ ပေးပြီးဖြစ်ကာ ဤအရာက သင်၏ စိတ်ကို ပြောင်းလဲဖို့ပင် သင့်ကို မလှုံ့ဆော်သေးပါက သင် အန္တရာယ်ရှိ၏။ ထိုအန္တရာယ်မှာ အဘယ်အရာဖြစ်သည်ကို သိပါသလော။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတွက် သင်သည် ခေါင်းမာမာဖြင့် ဆင်ခြေများ ဆက်ပေးနေသည်၊ သမ္မာတရား မလိုက်စားခြင်းအတွက် ဆင်ခြေများနှင့် ကျိုးကြောင်းပြချက်များ ပေးနေပြီး၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် သူ၏ အမှုတော်ကို ခုခံကာ ငြင်းပယ်နေသည်။ သို့တိုင် သင့်ကိုယ်သင် အတော်အဆင်ပြေသည်ဟု တွေးထင်ပြီး သင်၏ လိပ်ပြာသန့်ကြောင်း ယုံကြည်နေသည်။ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားမှုအပြည့်ရှိသည့် စိတ်နှလုံးဖြင့် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ကယ်တင်ခြင်းကို အကြိမ်ကြိမ် ရှောင်လွှဲရင်း ဘုရားအိမ်တော်၏ ကြီးကြပ်ခြင်းနှင့် ပြုပြင်ခြင်းကို သင်လက်ခံဖို့ ငြင်းပယ်သည်။ ဘုရားသခင်သည် သင့်ကို စက်ဆုပ်နှင့်ပြီးဖြစ်ကာ စွန့်ပစ်နှင့်ပြီးဖြစ်သည်။ သို့တိုင် သင် ကယ်တင်ခံရနိုင်သေးသည်ဟု သင် တွေးထင်သည်။ သင်သည် မှားယွင်းသည့် လမ်းကြောင်းကို ဝေးသည်ထက်ဝေးအောင် လျှောက်နှင့်ပြီးဖြစ်ကြောင်းနှင့် သင့်ကို အဖတ်ဆယ်မရဘဲ ရှိနှင့်ပြီးဖြစ်ကြောင်းကို သင် မသိသလော။ ဘုရားအိမ်တော်တွင် ဘုရားသခင် စိုးစံ၏။ သင်သည် သူ့ကို ခုခံပြီး သင်၏ မကောင်းမှုအမျိုးမျိုးကို သင် လုပ်နေချိန်တွင် ဘုရားသခင် လက်လှမ်းမမီသည့်နေရာတွင် သင်ရှိသည်ဟု ထင်သလော။ သင်သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို သင် လက်မခံ၊ သမ္မာတရားနှင့် အသက်ကို သင် မရရှိသေးသကဲ့သို့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် လုံးဝ မရှိပေ။ ဤအတွက် ဘုရားသခင်သည် သင့်ကို ရှုတ်ချ၏။ သင်သည် မိမိကိုယ်ကိုယ် ဘေးဒုက္ခကျရောက်စေခြင်းဖြစ်၏။ ယင်းနှင့်ပတ်သက်၍ ချက်ချာပါးနပ်မှု ဘာမျှမရှိ။ မိုက်မဲမှု၊ အလွန်အမင်း မိုက်မဲမှုတည်း။ ကြီးမားလှသော ကပ်ဘေးဖြစ်သတည်း။ ဤအရာကို ဤနေရာတွင် ငါတို့ တင်ပြပြီးဖြစ်သည်။ သင် မယုံကြည်ပါက စောင့်သာကြည့်ပါလေ။ သမ္မာတရား မလိုက်စားခြင်းအတွက် သင်၏ ကျိုးကြောင်းပြချက်များ တစ်ပုံတစ်ခေါင်း သင့်မှာရှိပြီး သင်သည် စကားပြောကောင်းခြင်းနှင့် အကြံအစည်တို့ရှိလျှင်၊ မည်သူကမျှ သင့်ကို ပြိုင်မငြင်းနိုင်သကဲ့သို့ ညီအစ်ကို မောင်နှမများက သင့်ကို မဖော်ထုတ်နိုင်လျှင်၊ သင့်ကို ဖယ်ထုတ်ပစ်ခြင်းအတွက် အသင်းတော်က ကျိုးကြောင်းပြချက် မရှိလျှင်၊ ဘုရားအိမ်တော်က သင့်ကို မည်သည့်အရာမျှ လုံးဝ မလုပ်နိုင်ဟု မထင်လျှင် ပိုကောင်းလိမ့်မည်။ ယင်းနှင့်ပတ်သက်၍ သင်မှား၏။ သင်သည် ဘုရားသခင်နှင့် မပြတ်ယှဉ်ပြိုင်နေသည်။ သူနှင့် သင် မည်မျှကြာကြာ ယှဉ်ပြိုင်နိုင်မည်ကို ငါ ကြည့်မည်။ ဘုရားသခင်က သူ၏ အမှုတော် ပြီးစီးသည့်နောက် ကောင်းသူကို ဆုပေးပြီး မကောင်းသူကို အပြစ်ပေးသည့်နေ့ထိတိုင် သင်သည် သူ့ကို ပြိုင်ဆိုင်နိုင်လိမ့်မည်လော။ ကပ်ဘေးများတွင် သင် သေမည်မဟုတ်၊ ထိုကပ်ဘေးများကို ဖြတ်ကျော်ရှင်သန်နိုင်မည်ဟု သေချာနိုင်၏လော။ သင်၏ ကိုယ်ပိုင် ကံကြမ္မာအပေါ် သင်သည် အချုပ်အခြာအာဏာ အမှန်တကယ် ရှိပါ၏လော။ သင်၏ ကျိုးကြောင်းပြချက်များနှင့် ဆင်ခြေများသည် ဘုရားအိမ်တော်၏ စုံစမ်းမေးမြန်းခြင်းကို ခဏတာ လွတ်မြောက်ခွင့် ပေးကောင်းပေးနိုင်သည်။ သင်၏ ရှက်ဖွယ်ကောင်းသော အသက်ရှင်ခြင်းကို အချိန်တစ်ခုကြာ အချိန်ဆွဲထားနေနိုင်သည်။ သင်သည် လူတို့ကို ယာယီ ကြောင်းကျိုးမမြင်ဖြစ်စေနိုင်ပြီး အသင်းတော်တွင် အခြားသူများကို ဟန်ဆောင်ပြီး လှည့်စားနေနိုင်ကာ ထိုနေရာတွင် ရာထူးတစ်ခု ရကောင်း ရထားနိုင်သည်။ သို့သော် ဘုရားသခင်၏ စစ်ဆေးခြင်း၊ သို့မဟုတ် စေ့စေ့စပ်စပ် စိစစ်ခြင်းကို သင် မလွတ်မြောက်နိုင်။ ဘုရားသခင်သည် လူတစ်ဦး ရလဒ်ကို ထိုသူက သမ္မာတရား ရှိမရှိဆိုသည့်အပေါ် အခြေခံကာ ဆုံးဖြတ်၏။ သူသည် သူ၏ ကိုယ်ပိုင် အလုပ်နှင့် အမျိုးအစားခွဲခြားခြင်းကို လုပ်ဆောင်သည်။ သင်သည် မည်သည့်လူစားမျိုး၊ သို့မဟုတ် မည်သည့် နတ်ဆိုးဖြစ်ပါစေ၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ရှုတ်ချခြင်းကို သင် မလွတ်မြောက်နိုင်ပေ။ ဘုရားသခင် ရွေးချယ်သောလူများက သမ္မာတရားကို နားလည်ပြီး ချင့်ချိန်နိုင်စွမ်း ရရှိသည်နှင့် မည်သူမျှ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်၊ ယင်းသည် အသင်းတော်မှ သင် ဖယ်ထုတ်ပစ်ခြင်းခံရမည့်အချိန် ဖြစ်သည်။ လူအချို့သည် ယုံကြည်လက်ခံခြင်းမရှိနိုင်ဘဲ “ဘုရားသခင်အတွက် ကျွန်ုပ် များစွာ အပြေးအလွှား လုပ်ဆောင်ရပြီးဖြစ်သည်၊ သူ့အတွက် အလုပ်များစွာ လုပ်ပြီးဖြစ်ကာ ကြီးစွာသော အဖိုးအခ ပေးပြီးဖြစ်သည်။ ကျွန်ုပ်၏ မိသားစုနှင့် အိမ်ထောင်ကို စွန့်လွှတ်ပြီးဖြစ်သည်။ ကျွန်ုပ်၏ ငယ်ရွယ်မှုကို ဘုရားသခင်နှင့် သူ၏ အမှုတော်အတွက် ပေးခဲ့သည်။ ဘုရားပေးသနားသည့် ကောင်းချီးများကို ရဖို့သေချာသည်ဟု တွေးထင်လျက် ကျွန်ုပ်၏ အလုပ်အကိုင်ကို စွန့်လွှတ်ပြီး ကျွန်ုပ်ဘဝ၏ ခွန်အားထက်ဝက်ကို ကုန်ဆုံးခဲ့သည်။ သမ္မာတရား မလိုက်စားခြင်းနှင့် ထိုသမ္မာတရားကို လုံးဝ လက်တွေ့မလုပ်ဆောင်ခြင်းအတွက် ကျွန်ုပ် ဖယ်ရှားရှင်းလင်းခံရမည်ဟု လုံးဝ စိတ်မကူးမိပါ”ဟု ညည်းကောင်း ညည်းနိုင်သည်။ ဘုရားအိမ်တော်တွင် သမ္မာတရား အုပ်စိုးသည်ကို သင် မသိလေသလော။ ဘုရားသခင်က မည်သူကို ဆုချပြီး မည်သူကို ကောင်းချီးပေးကြောင်း သင့်အတွက် မရှင်းလင်းသလော။ သင်၏ စွန့်လွှတ်ခြင်းနှင့် အသုံးခံခြင်းတို့သည် စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဖြစ်စေပြီး၊ ထိုအရာများက ဘုရားသခင်၏ အမှုတော်ကိုလည်း သက်သေခံပါက ဘုရားသခင်သည် သင့်ကို ဆုချကာ ကောင်းချီးပေးလိမ့်မည်။ သင်၏ စွန့်လွှတ်ခြင်းနှင့် အသုံးခံခြင်းတို့သည် ဘုရားသခင်၏ အမှုတော်ကို သက်သေခံဖို့မပြောနှင့် စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်မဟုတ်ပါက ထိုအစား မိမိကိုယ်ကိုယ် သက်သေခံချက်ဖြစ်ပြီး သင်၏ အောင်မြင်မှုများကို အသိအမှတ်ပြုပေးဖို့ ဘုရားသခင်ကို တောင်းဆိုချက်တစ်ခု ဖြစ်ပါက သင်သည် ပေါလုကဲ့သို့ တူညီသည့်လမ်းကြောင်းကို လျှောက်နေပေသည်။ သင် လုပ်ဆောင်နေသည့်အရာမှာ မကောင်းမှုဖြစ်ပြီး ဘုရားသခင်ကို ခုခံခြင်းဖြစ်ကာ ဘုရားသခင်က သင့်ကို “အသင် မကောင်းမှုပြုသူ၊ ငါ့ထံမှ ထွက်သွားလော့”ဟု ပြောလိမ့်မည်ဖြစ်သည်။ ဤအရာက အဘယ်အရာကို ဆိုလိုလိမ့်မည်နည်း။ သင်သည် အပယ်ခံဖြစ်ကြောင်း၊ ကပ်ဘေးများထဲ ကျရောက်ပြီး အပြစ်ပေးခံရကိန်းဆိုက်ကြောင်း သက်သေဖြစ်လိမ့်မည်။ ကြီးမားလှသော ကပ်ဘေးနှင့် သင် တွေ့ကြုံရလိမ့်မည်။ ပေါလုသည် အဆင့်အတန်းအရ၊ သူလုပ်ခဲ့သည့် အလုပ်၊ သူ၏ အရည်အချင်းနှင့် ဆုကျေးဇူးများအရ သူ့ခေတ်သူ့အခါတွင် သာမန်လူထက် သာလွန်ခဲ့သည်။ သို့သော် အကျိုးဆက်ရလဒ်မှာ အဘယ်နည်း။ ဘုရားသခင်ကို သူ၏ ယုံကြည်မှုတွင် အစမှအဆုံးထိ ပေါလုသည် ဘုရားသခင်နှင့် အပေးအယူလုပ်ဖို့၊ သတ်မှတ်ချက်များ ချမှတ်ဖို့ ကြိုးစားခဲ့သည်။ ဘုရားသခင်ထံမှ ဆုလာဘ်နှင့် သရဖူတစ်ခု ရှာဖွေခဲ့သည်။ အဆုံးတွင် သူသည် အမှန်တကယ် နောင်တမရခဲ့၊ သို့မဟုတ် ကောင်းမှုများစွာ မပြင်ဆင်ခဲ့ပေ။ သူသည် များစွာသော စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပိုင်ဆိုင်ခြင်းမှ အလိုအလျောက် ဝေးကွာသွားခဲ့သည်။ အမှန်တကယ် နောင်တရခြင်းပင် မရှိဘဲ ဘုရားသခင်၏ ခွင့်လွှတ်မှုကို သူ ရရှိနိုင်ခဲ့မည်လော။ သူနှင့် ပတ်သက်၍ ဘုရားသခင်၏ စိတ်ကို ပြောင်းလဲစေနိုင်ခဲ့မည်လော။ ဖြစ်နိုင်မည်မဟုတ်ပေ။ ပေါလုသည် သခင့်အတွက် သူ့ဘဝတစ်ခုလုံး အချိန်ကုန်ဆုံးခဲ့သော်လည်း အန္တိခရစ်၏ လမ်းကြောင်းကို လျှောက်ခဲ့ပြီး နောင်တရရန် လုံးဝ ငြင်းပယ်ခဲ့သောကြောင့် ဆုချခြင်းမခံခဲ့ရသည်သာမက ဘုရားသခင်၏ အပြစ်ပေးခြင်း ခံခဲ့ရသည်။ သူ ခံစားခဲ့သည့် အကျိုးဆက်များက ကြီးမားလှသော ကပ်ဘေးဖြစ်သည်မှာ ပြောစရာမလိုပေ။ ထို့ကြောင့် သင်သည် သမ္မာတရား လိုက်စားသူတစ်ဦး မဟုတ်ပါက အနည်းဆုံးအနေဖြင့် အသိစိတ်အနည်းအကျဉ်း ရှိသင့်ပြီး ဘုရားသခင်နှင့် အငြင်းမပွားသင့်ကြောင်း၊ သို့မဟုတ် သင် လောင်းကစားလုပ်နေသည့်အလား သင်၏ ရလဒ်နှင့် ခရီးပန်းတိုင်ကို အလောင်းအစားတစ်ခုအဖြစ် လောင်းကြေး မထပ်သင့်ကြောင်း ယခု သင့်ကို ရှင်းရှင်းလင်းလင်း ပြောနေခြင်း ဖြစ်၏။ ယင်းမှာ ဘုရားသခင်နှင့် အပေးအယူလုပ်ဖို့ ကြိုးပမ်းနေခြင်းဖြစ်သည်၊ ယင်းမှာ ဘုရားသခင်ကို ခုခံခြင်း နည်းလမ်းတစ်ခု ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သည့်တိုင် သူ့ကို ခုခံသူတို့အတွက် မည်သည့် အဆုံးသတ်ကောင်း ရောက်လာနိုင်မည်နည်း။ သေခြင်းကိုရင်ဆိုင်ရာတွင် လူတို့သည် လိမ္မာလာကြ၏။ ကျိုးကြောင်းပြောပြ၍ မရနိုင်သူတို့သည် သေမင်းတံခါးဝရောက်သည်အထိ မိမိတို့၏ လမ်းများကို စွန့်ကြလိမ့်မည်မဟုတ်။ ကယ်တင်ခံရဖို့အလို့ငှာ အကောင်းဆုံး၊ အရိုးရှင်းဆုံးနှင့် ဉာဏ်အမြော်အမြင်အရှိဆုံး နည်းလမ်းမှာ သင်၏ ဆင်ခြေများ၊ ကျိုးကြောင်းပြချက်များနှင့် သတ်မှတ်ချက်များ အားလုံးကို ရပ်တန့်ပြီး အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေသဘောထားဖြင့် သမ္မာတရားကို လက်ခံကာ လိုက်စားရန်၊ ထိုသို့ဖြင့် ဘုရားသခင်အား သင်နှင့် ပတ်သက်၍ သူ၏ စိတ်ကို ပြောင်းလဲစေရန် ဖြစ်သည်။ သင်နှင့် ပတ်သက်၍ ဘုရားသခင်က သူ၏ စိတ်ကို ပြောင်းလဲသည့်အခါ သင်သည် ကယ်တင်ခံရမည့် မျှော်လင့်ချက်ရှိသည်။ လူသား၏ ကယ်တင်ခြင်း မျှော်လင့်ချက်ကို ဘုရားသခင်က ပေးထားခြင်းဖြစ်ပြီး သင့်ကို ဘုရားသခင်က ဤမျှော်လင့်ချက် ပေးခြင်းအတွက် မရှိမဖြစ်လိုအပ်ချက်မှာ သူနှင့်အတူ အပေးအယူလုပ်ဖို့ ကြိုးစားခြင်းမရှိဘဲ သူ့နောက်လိုက်ပြီး သမ္မာတရား လိုက်စားရန် သင် ချစ်ခင်မြတ်နိုးသည့်အရာ မှန်သမျှကို လက်လွှတ်ကာ အရာအားလုံးကို စွန့်လွှတ်ဖို့ ဖြစ်၏။ သင် အသက်အရွယ်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ ပညာတတ်ဖြစ်စေ၊ ပညာမတတ်သည်ဖြစ်စေ၊ အရေးမကြီးသကဲ့သို့ မည်သည့်နေရာတွင် သင် မွေးဖွားသည်မှာလည်း အရေးမကြီးပေ။ ဘုရားသခင်သည် ဤအရာတစ်ခုမျှ မကြည့်ပေ။ သင်က၊ “ကျွန်ုပ်တွင် စိတ်ကောင်းရှိသည်။ ကျွန်ုပ် စိတ်ရှည်၊ သည်းခံတတ်ပြီး မေတ္တာကရုဏာကြီးမားသည်။ အဆုံးထိ ကျွန်ုပ် ဆက်လက် စိတ်ရှည်ပါက ယင်းက ကျွန်ုပ်နှင့် ပတ်သက်၍ ဘုရားသခင်၏ စိတ်ကို ပြောင်းလဲစေလိမ့်မည်”ဟု ဆိုကောင်းဆိုနိုင်သည်။ ထိုအရာများသည် အသုံးမဝင်ပေ။ ဘုရားသခင်သည် သင်၏ စိတ်၊ သို့မဟုတ် သင်၏ ပင်ကိုအရည်အသွေး၊ သို့မဟုတ် သင်၏ ပညာရေး၊ သို့မဟုတ် သင်၏ အသက်ကို မကြည့်သကဲ့သို့ သင် မည်မျှ ဆင်းရဲဒုက္ခခံပြီးဖြစ်သည်၊ သို့မဟုတ် အလုပ်မည်မျှ လုပ်ပြီးသည်မှာလည်း အရေးမကြီးပေ။ ဘုရားသခင်က သင့်ကို၊ “သင် ယုံကြည်ခဲ့သည့် နှစ်ကာလများတစ်လျှောက်လုံးတွင် သင်၏ စိတ်သဘောထား ပြောင်းလဲပြီးပြီလော။ မည်သည့်အရာအားဖြင့် သင် အသက်ရှင်သနည်း။ သမ္မာတရားကို လိုက်စားပြီလော။ ဘုရားနှုတ်ကပတ်တော်များကို သင် လက်ခံပြီးပြီလော” ဟု မေးလိမ့်မည်။ သင်က “ထိုအရာများကို ကျွန်ုပ် နားထောင်ကာ လက်ခံပြီးဖြစ်သည်”ဟု ဆိုကောင်းဆိုနိုင်သည်။ ထိုအခါ ဘုရားသခင်က သင့်ကို “ထိုအရာများကို သင် နားထောင်ပြီးဖြစ်ကာ လက်ခံပြီးဖြစ်သည့်အတွက် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြေလည်သွားပြီလော။ သင် အမှန်တကယ် နောင်တရပြီးပြီလော။ ဘုရားနှုတ်ကပတ်တော်များကို အမှန်တကယ် ကျိုးနွံနာခံပြီး လက်ခံပြီးပြီလော”ဟု မေးလိမ့်မည်။ သင်က “ကျွန်ုပ်သည် ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးပြီးဖြစ်သည်။ မိမိကိုယ်ကိုယ် အသုံးခံကာ အမှုအရာများကို စွန့်လွှတ်ပြီး လှူဖွယ်ပစ္စည်းများ ပေးပြီးဖြစ်သည်။ ကျွန်ုပ်၏ သားသမီးများကိုလည်း ဘုရားသခင်ထံ ပူဇော်ဆက်ကပ်ပြီးဖြစ်သည်”ဟု ဆိုသည်။ သင်၏ ပူဇော်မှုများအားလုံးသည် အချည်းနှီးဖြစ်၏။ ထိုသို့သောအရာများကို ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးများအတွက် ဖလှယ်၍မရနိုင်၊ သို့မဟုတ် သင်နှင့် ပတ်သက်၍ ဘုရားသခင်အား သူ၏ စိတ်ကိုပြောင်းလဲစေရန် အသုံးပြု၍ မရနိုင်ပေ။ သင်နှင့် ပတ်သက်၍ ဘုရားသခင်အား သူ၏ စိတ်ကိုပြောင်းလဲစေဖို့ တစ်ခုတည်းသော နည်းလမ်းမှာ သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ် အစပြုရန်ဖြစ်သည်။ အခြား ရွေးချယ်စရာမရှိပေ။ ကယ်တင်ခြင်းနှင့် ပတ်သက်လာသည့်အခါ လူသည် အခွင့်အရေးသမား မဖြစ်သင့်၊ သို့မဟုတ် ဉာဏ်မများသင့်သကဲ့သို့ သွယ်ဝိုက်နည်းလမ်း မရှိပေ။ သင် နားလည်သလော။ ဤအရာနှင့် ပတ်သက်၍ သင် ရှင်းလင်းရမည်။ နားဝေတိမ်တောင် မဖြစ်နှင့်။ သင် နားဝေတိမ်တောင် ဖြစ်လျှင်ပင် ဘုရားသခင် ဖြစ်လိမ့်မည် မဟုတ်။ ထို့ကြောင့် ယခုမှစ၍ မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင်၏ သဘောထားကို ပြောင်းပြန်လှန်ပြီး သင်၏ ရှုထောင့်အမြင်ကို ပြောင်းလော့။ ပြီးလျှင် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များကို သင်၏ အခြေခံအုတ်မြစ် ဖြစ်ခွင့်ပြုလော့။ လူလုပ်သည့် မည်သည့် “ကောင်းမြတ်ခြင်း”မျှ၊ မည်သည့် လူသားဆင်ခြေမျှ၊ မည်သည့် လူသားအတွေးအခေါ်၊ အသိပညာ၊ ကိုယ်ကျင့်တရားများ၊ ကျင့်ဝတ်များမျှ၊ သို့မဟုတ် အသိတရားအပြင် လူသား၏ သမာဓိနှင့် ဂုဏ်သိက္ခာဟု ခေါ်သည့်အရာများပင်လျှင် သမ္မာတရားအတွက် အစားဝင်ပေး၍ မရနိုင်ပေ။ ဤအရာများကို ဘေးဖယ်ထားလော့၊ သင်၏ စိတ်နှလုံးကို ဆိတ်ငြိမ်စေပြီး သင်၏ အပြုအမူနှင့် လုပ်ရပ်အားလုံးအတွက် အခြေခံအုတ်မြစ်ကို ဘုရားနှုတ်ကပတ်တော်များအတွင်း၌ ရှာဖွေလော့။ ထိုသို့ သင်လုပ်ဆောင်သည်နှင့်အမျှ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် သွင်ပြင်လက္ခဏာအမျိုးမျိုးအပေါ် ဘုရားသခင်၏ ထုတ်ဖော်ပြချက်ကို သူ၏ နှုတ်ကပတ်တော်များအတွင်း၌ ရှာဖွေလော့။ သင့်ကိုယ်သင် ထိုအရာများနှင့် နှိုင်းယှဉ်အကဲဖြတ်ကာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းလော့။ သင့်ကိုယ်သင် သိရှိရန် ဖြစ်နိုင်သမျှ မြန်မြန် ကြိုးပမ်းလော့၊ ဖောက်ပြန်ပျက်စီးခြင်းကို စွန့်ပစ်ကာ နောင်တရပြီး မိမိကိုယ်ကိုယ် ပြောင်းလဲရန် အလျင်အမြန်ဆောင်ရွက်လော့။ သင်၏ မကောင်းမှုကို စွန့်ပြီး သင်၏ အပြုအမူနှင့် လုပ်ရပ်များတွင် ဘုရားနှုတ်ကပတ်တော်များပေါ် အားလုံး အခြေပြုလျက် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေလော့။ ဤအရာများကို လူသားအယူအဆများနှင့် စိတ်ကူးများအပေါ် သင် လုံးဝ အခြေမပြုရ။ သင်သည် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် လုံးဝ မကြိုးစားရ။ သင်၏ မဖြစ်စလောက် ဆင်းရဲဒုက္ခနှင့် စတေးမှုများကို ဘုရားသခင်၏ ဆုလာဘ်များ၊ ကောင်းချီးများနှင့် ဖလှယ်ရန် မကြိုးပမ်းရ။ သင်နှင့်ပတ်သက်၍ ဘုရားသခင် ပို၍ ဒေါသထွက်ပြီး သင့်ကို ကျိန်ဆဲကာ ဖယ်ရှားခြင်းမရှိစေရန် ထိုသို့သော မိုက်မဲသည့်အရာများ လုပ်ဆောင်ခြင်းကို ရပ်လော့။ ရှင်းသလော။ ဤအရာကို သင်တို့ နားလည်ပါသလော။ (နားလည်ပါသည်။) ကောင်းပြီ၊ သို့ဆိုလျှင် ရှေ့ဆက်ထိုအရာကို သေချာစွာ တွေးဆကြလော့။
ယခုတင် ငါတို့ မိတ်သဟာယပြုခဲ့သမျှသည် သမ္မာတရား လိုက်စားခြင်းနှင့် ဆက်နွှယ်ပြီး သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်ဖြစ်သည်ဆိုသည့် အယူအဆပေါ်အခြေတည်သော မေးခွန်အဖို့ တိကျသည့် အဖြေတစ်ခုကို ငါတို့ မပေးခဲ့သော်လည်း သမ္မာတရား လိုက်စားခြင်းအပေါ် လူသား၏ အမျိုးမျိုးသော အထင်အမြင်လွဲမှားမှုများနှင့် လိုရာဆွဲတွေးသော အသိပညာအပြင် သမ္မာတရားကို အကြင်သူ လိုက်စားချိန်တွင် တည်ရှိသည့် အမျိုးမျိုးသော အခက်အခဲများနှင့် ပြဿနာများကို ရည်ရွယ်သည့် မိတ်သဟာယအချို့တွင် ငါတို့ ပါဝင်ခဲ့ကြ၏။ အပြီးသတ်ရန်အတွက် သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်ဖြစ်ကြောင်း၊ သမ္မာတရား လိုက်စားခြင်း ပေါ်လွင်ထင်ရှားသည့် ပုံစံများနှင့် သမ္မာတရား လိုက်စားခြင်းအတွက် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းက မည်သည့်အရာ အတိအကျဖြစ်သည်တို့ကို ငါအကျဉ်းချုပ် ပြောချင်သည်။ ထို့ကြောင့် သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်ဖြစ်သနည်း။ သမ္မာတရား လိုက်စားခြင်းမှာ ဘုရားနှုတ်ကပတ်တော်များကို စတင် လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းဖြစ်ပြီး ထို့နောက်တွင် ဘုရားနှုတ်ကပတ်တော်များကို တွေ့ကြုံခြင်း ဖြစ်စဉ်မှတစ်ဆင့် သမ္မာတရားအား သိနားလည်ခြင်းကို စွမ်းဆောင်ရရှိရန်နှင့် ထိုသမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ရန်ဖြစ်ကာ ဘုရားသခင်ကို အမှန်တကယ် သိရှိပြီး ကျိုးနွံနာခံသောသူတစ်ဦး ဖြစ်လာရန် ဖြစ်သည်။ ယင်းမှာ သမ္မာတရား လိုက်စားခြင်းအားဖြင့် စွမ်းဆောင်ရရှိသည့် နောက်ဆုံး ရလဒ်ဖြစ်သည်။ သမ္မာတရား လိုက်စားခြင်းသည် အဆင့်များရှိသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်မှာ အမှန်ဖြစ်ပြီး အဆင့်အချို့အဖြစ် ခွဲခြားထားသည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုပြီး ထိုနှုတ်ကပတ်တော်များက သမ္မာတရားနှင့် စစ်မှန်မှုဖြစ်သည်ကို တွေ့ရှိပြီးဖြစ်သည့်အခါတွင် ဘုရားနှုတ်ကပတ်တော်များအတွင်းတွင် မိမိကိုယ်ကိုယ် သင် စတင်သုံးသပ်လိမ့်မည်ဖြစ်ပြီး မိမိကိုယ်ကိုယ် သိမြင်မှုကို ရရှိလိမ့်မည်။ သင်သည် အလွန် ပုန်ကန်တတ်ပြီး ဖောက်ပြန်ပျက်စီးမှုများစွာ ပွင့်အံထုတ်တတ်ကြောင်းကို တွေ့မြင်ရလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရန်နှင့် ဘုရားသခင်အား ကျိုးနွံနာခံခြင်းကို စွမ်းဆောင်ရရှိနိုင်ရန် သင် တမ်းတလိမ့်မည်ဖြစ်ကာ သမ္မာတရားအတွက် စတင်ကြိုးပမ်းလိမ့်မည်။ ယင်းမှာ မိမိကိုယ်ကိုယ် သုံးသပ်ခြင်းနှင့် မိမိကိုယ်ကိုယ် သိသောအသိမှ ရလာသည့် ရလဒ် အတိအကျဖြစ်၏။ ထိုအချိန်မှစ၍ သင်၏ ဘဝအတွေ့အကြုံ စတင်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ ထွက်ပေါ်သည့် အခြေအနေများနှင့် ပြဿနာများကို သင် စတင် စုံစမ်းပြီး ဆန်းစစ်သည့်အခါ ဤအရာက သင်သည် သမ္မာတရားကို လိုက်စားဖို့ စတင်ပြီးဖြစ်သည်ကို သက်သေပြသည်။ ဖြစ်ပေါ်သည့် မည်သည့် ပြဿနာကိုမဆို၊ သို့မဟုတ် သင် ပွင့်အံထုတ်သည့် မည်သည့် ဖောက်ပြန်ပျက်စီးခြင်းကိုမဆို သင်သည် တက်ကြွစွာ သုံးသပ်ပြီး ဆန်းစစ်နိုင်လိမ့်မည်။ ပြီးလျှင် ထိုအရာများက ဧကန်အမှန် ဖောက်ပြန်ပျက်စီးခြင်းနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပွင့်အံထွက်မှုများဖြစ်ကြောင်း သင်သဘောပေါက်သည့်အခါ သင်သည် သမ္မာတရားကို အလိုအလျောက် ရှာဖွေလိမ့်မည်ဖြစ်ကာ ထိုပြဿနာများကို စတင် ဖြေရှင်းလိမ့်မည်။ အသက်ဝင်ရောက်မှုသည် မိမိကိုယ်ကိုယ် သုံးသပ်ခြင်းဖြင့် စတင်၏။ ယင်းသည် သမ္မာတရား လိုက်စားခြင်း၏ ပထမအဆင့် ဖြစ်သည်။ ထို့နောက်တွင်ပင် မိမိကိုယ်ကိုယ် သုံးသပ်ခြင်းနှင့် မိမိကိုယ်ကိုယ် သိမြင်မှုမှတစ်ဆင့် ဘုရားသခင်၏ ဖော်ထုတ်ခြင်း နှုတ်ကပတ်တော်အားလုံးသည် အမှန်တရားများဖြင့် ကိုက်ညီကြောင်း သင် မြင်လိမ့်မည်။ ထိုနှုတ်ကပတ်တော်များကို သင်၏ စိတ်နှလုံးမှ ကျိုးနွံနာခံနိုင်လိမ့်မည်ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးခြင်းတို့ကို လက်ခံနိုင်လိမ့်မည်။ ယင်းသည် သမ္မာတရားလိုက်စားခြင်း၏ ဒုတိယအဆင့် ဖြစ်သည်။ လူအများစုသည် လူသား၏ ဖောက်ပြန်ပျက်စီးသော အပြုအမူများကို ထုတ်ဖော်ပြသည့် ဘုရားနှုတ်ကပတ်တော်များကို လက်ခံနိုင်ကြသော်လည်း လူသား၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ထုတ်ဖော်ပြသည့် ဘုရားနှုတ်ကပတ်တော်များကို အလွယ်တကူ လက်မခံနိုင်ကြချေ။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက် မိမိတို့ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်း၏ ကြီးမားသော နက်ရှိုင်းမှုကို ၎င်းတို့ အသိအမှတ်မပြုကြချေ။ လူသား၏ ဖောက်ပြန်ပျက်စီးသော အပြုအမူများကို ထုတ်ဖော်ပြသည့် ဘုရားနှုတ်ကပတ်တော်များကိုသာ ၎င်းတို့ အသိအမှတ်ပြုကြသည်။ ဤအရာကြောင့် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မိမိတို့ စိတ်နှလုံးများမှ ၎င်းတို့ လက်မခံနိုင်ကြချေ။ ထိုအစား ၎င်းတို့က ထိုအရာကို ဘေးဖယ်ထားလိုက်ကြသည်။ အချို့က “ကျွန်ုပ်တွင် ဖောက်ပြန်ပျက်စီးသော အပြုအမူ အနည်းငယ်သာရှိသည်။ သို့သော် ကောင်းသောအရာအချို့ကို ကျွန်ုပ် လုပ်နိုင်သည်။ ကျွန်ုပ်သည် လူကောင်းတစ်ယောက်ဖြစ်သည်။ စာတန် မဟုတ်ပါ။ ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်သောကြောင့် ဘုရားသခင်နှင့် သက်ဆိုင်သင့်သည်”ဟု ဆိုကြသည်။ ဤသည်မှာ ပေါက်ကရစကား မဟုတ်လော။ သင်သည် လူ့လောကထဲသို့ မွေးဖွားလာခဲ့၏။ စာတန်၏ အာဏာအောက်တွင် အသက်ရှင်ပြီး ရိုးရာယဉ်ကျေးမှုနှင့်ဆိုင်သော သွန်သင်မှုများကို ရရှိထားပြီးဖြစ်သည်။ သင်၏ မွေးရာပါ အမွေအနှစ်နှင့် သင်ယူပြီးသော အသိပညာတို့သည် စာတန်ထံမှ လာသည်။ သင် ကြည်ညိုသည့် ကြီးမြတ်ပြီး ကျော်ကြားသော လူအားလုံးသည် စာတန်ဖြစ်ကြ၏။ သင်သည် စာတန်နှင့် မသက်ဆိုင်ဟု ပြောခြင်းသည် ထိုစာတန်၏ ဖောက်ပြန်ပျက်စီးခြင်းမှ သင့်ကို လွတ်မြောက်စေလိမ့်မည်လော။ ယင်းမှာ ကလေးသူငယ်များက မိမိတို့နှုတ်များကို ဖွင့်လိုက်သည်နှင့် လိမ်ညာနိုင်ပြီး အခြားသူများကို စော်ကားနိုင်သည့်အတိုင်းသာ ဖြစ်သည်။ ထိုသို့လုပ်ရန် မည်သူက ၎င်းတို့ကို သင်ပေးသနည်း။ မည်သူမျှ မသင်ပေးပါ။ ယင်းသည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း အကျိုးဆက်ထက် မည်သည့်အရာ ဖြစ်နိုင်လေမည်နည်း။ ဤသည်တို့သည် အမှန်တရားများဖြစ်၏။ လူတို့သည် ဝိညာဉ်ရေးရာ နယ်ပယ်၏ စာတန်နှင့် ဝိညာဉ်ဆိုးများကို မမြင်နိုင်သော်လည်း၊ အသက်ရှင်သည့် မကောင်းဆိုးဝါးများနှင့် နတ်ဆိုးမင်းများမှာ လူ့လောကတွင် နေရာတကာ၌ ရှိလေသည်။ ၎င်းတို့အားလုံးသည် စာတန်၏ သရုပ်သကန်များ ဖြစ်၏။ ဤသည်မှာ လူအားလုံး အသိအမှတ်ပြုရမည့် အမှန်တရားတစ်ခု ဖြစ်သည်။ သမ္မာတရားကို နားလည်သောသူတို့သည် ဤအရာများကို ရိပ်စားမိနိုင်ကြပြီး ဘုရားသခင်၏ ဖော်ထုတ်ခြင်း နှုတ်ကပတ်တော်များအားလုံး အမှန်တရားများဖြစ်သည်ကို ၎င်းတို့ အသိအမှတ်ပြုနိုင်ကြသည်။ လူအချို့သည် မိမိတို့ကိုယ်ကိုယ် သိရှိခြင်းအကြောင်း ပြောကောင်း ပြောနိုင်သော်လည်း ဘုရားနှုတ်ကပတ်တော်များ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးခြင်းများသည် အဖြစ်မှန်ဖြစ်ကြောင်း၊ သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်ကြောင်းကို ၎င်းတို့ လုံးဝ အသိအမှတ် မပြုကြချေ။ ဤသည်မှာ သမ္မာတရားကို လက်မခံနိုင်ခြင်းနှင့် တူညီသည်။ အကြင်သူသည် မိမိတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသည့်အချက်ကို အသိအမှတ်မပြုပါက အမှန်တကယ် နောင်တရနိုင်လိမ့်မည် မဟုတ်။ လူအားလုံးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်ဆိုသည့် အချက်ကို အသိအမှတ်ပြုပြီး လက်ခံရန်အလို့ငှာ အကြင်သူသည် ဘုရားနှုတ်ကပတ်တော်များကို အတန်ကြာ တွေ့ကြုံရမည်မှာ အမှန်ဖြစ်၏။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများစွာ ပွင့်အံထုတ်ပြီးနောက်တွင် ၎င်းတို့သည် ထိုအမှန်တရား ရှေ့မှောက်၌ ကျိုးနွံနာခံခြင်းဖြင့် အလိုအလျောက် ဦးညွှတ်ကြလိမ့်မည်။ ၎င်းတို့သည် လူသားကို ထုတ်ဖော်၊ တရားစီရင်ပြီး ရှုတ်ချသည့် ဘုရားနှုတ်ကပတ်တော်အားလုံးသည် အမှန်တရားများနှင့် သမ္မာတရား ဖြစ်ကြောင်း အသိအမှတ်ပြုကာ လုံးလုံးလျားလျား လက်ခံရုံမှလွဲ၍ ရွေးချယ်စရာ ရှိလိမ့်မည်မဟုတ်။ ယင်းမှာ ဘုရားနှုတ်ကပတ်တော်များ၏ သိမ်းပိုက်ခံရခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ လူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ဘုရားနှုတ်ကပတ်တော်များအရ သိရှိနိုင်ကြပြီး ၎င်းတို့တွင် စာတန်ဆန်သော စိတ်သဘောထား ရှိကြောင်းနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်းက နက်ရှိုင်းကြောင်း ဝန်ခံနိုင်သည့်အခါ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို အပြည့်အဝ လက်ခံကာ ကျိုးနွံနာခံနိုင်ကြသည်။ ၎င်းတို့သည် လူသားမျိုးနွယ်ကို ထုတ်ဖော်ပြပြီး တရားစီရင်သည့် ဘုရားနှုတ်ကပတ်တော်များကို မည်မျှ ပြင်းထန်သည်ဖြစ်စေ၊ စူးရှသည်ဖြစ်စေ ကျိုးနွံနာခံရန် လိုလားနေကြလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များက ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အား သတ်မှတ်၊ အမျိုးအစားခွဲပြီး ရှုတ်ချပုံအပြင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို တရားစီရင်ပြီး ထုတ်ဖော်ပြပုံတို့အကြောင်း အနည်းငယ် သင်နားလည်ပြီး သိရှိသည့်အခါ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို သင် အမှန်တကယ် လက်ခံကာ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရတို့ကို စတင်သိရှိပြီးသည့်အခါ၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ စာတန်နှင့် သင်၏ ကိုယ်ပိုင် ဇာတိပကတိတို့ကို စတင်မုန်းတီးပြီးသည့်အခါ၊ ပြီးလျှင် သမ္မာတရား ရရှိဖို့၊ လူသားတစ်ဦး အသက်ရှင်သင့်သည့်အတိုင်း အသက်ရှင်ဖို့နှင့် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသည့်သူတစ်ဦး ဖြစ်လာဖို့ တောင့်တသည့်အခါ ယင်းမှာ သင်၏ စိတ်သဘောထားတွင် အပြောင်းအလဲတစ်ခုကို ရဖို့ အားထုတ်ခြင်းအား သင် စတင်အာရုံစိုက်မည့်အချိန် ဖြစ်သည်။ ဤသည်မှာ သမ္မာတရား လိုက်စားခြင်း၏ တတိယအဆင့် ဖြစ်သည်။
မိမိကိုယ်ကိုယ် အမှန်တကယ် သိရှိရန်မှာ ဘုရားနှုတ်ကပတ်တော်များကို အခြေခံ၍ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သုံးသပ်ကာ သိရှိရန်ဖြစ်ပြီး ထိုသို့ဖြင့် မိမိ၏ ဖောက်ပြန်ပျက်စီးခြင်း အနှစ်သာရနှင့် မိမိ၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို သိမြင်မှုအား စွမ်းဆောင်ရရှိခြင်း ဖြစ်သည်။ လူတစ်ဦးသည် ဤအရာကို လုပ်ဆောင်သည့်အခါ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အလွန်နက်ရှိုင်းမှုကို ပြည့်စုံသော ရှင်းလင်းပြတ်သားမှုဖြင့် တွေ့မြင်လိမ့်မည်။ လူသားမျိုးနွယ်သည် လူတို့အသက်ရှင်သင့်သည့်အတိုင်း အသက်မရှင်ကြကြောင်း၊ လူသားမျိုးနွယ်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုသာ အသက်ရှင်နေထိုင်ကြကြောင်းနှင့် လူသားမျိုးနွယ်သည် အသိဉာဏ်၊ သို့မဟုတ် ဆင်ခြင်တုံတရား အနည်းငယ်မျှပင် မရှိကြောင်းတို့ကို တွေ့မြင်လိမ့်မည်။ အမှုအရာများအပေါ် လူတို့၏ အမြင်များသည် စာတန်၏ အမြင်များသာ ဖြစ်ကြောင်းနှင့် ထိုအမြင်များထဲမှ တစ်ခုမျှ မှန်ကန်ခြင်းမရှိ၊ သို့မဟုတ် သမ္မာတရားနှင့် မကိုက်ညီကြောင်း၊ ပြီးလျှင် လူတို့၏ နှစ်သက်မှုများ၊ လိုက်စားမှုများနှင့် ၎င်းတို့ ရွေးချယ်သည့် လမ်းကြောင်းများ အားလုံးသည် စာတန်၏ အဆိပ်များဖြင့် ရောနှောကြောင်းနှင့် ဤအရာအားလုံးတွင် လူသား၏ လွန်ကဲသော စိတ်ဆန္ဒများနှင့် ကောင်းချီးများရရှိဖို့ ရည်ရွယ်ချက် ပါရှိကြောင်း တွေ့မြင်လိမ့်မည်။ လူသား ပွင့်အံထုတ်သည့် စိတ်သဘောထားများသည် စာတန်၏ စိတ်သဘောထားနှင့် သဘာဝအနှစ်သာရတို့ အတိအကျဖြစ်ကြောင်းကို တွေ့မြင်လိမ့်မည်။ မိမိကိုယ်ကိုယ် ထိုသို့သော အတိုင်းအတာတစ်ခုအထိ သိမြင်ခြင်းသည် ရိုးရှင်သော ကိစ္စမဟုတ်ပေ။ ယင်းကို ဘုရားနှုတ်ကပတ်တော်များအရသာ စွမ်းဆောင်ရရှိနိုင်၏။ ယင်းကို ရိုးရာယဉ်ကျေးမှုနှင့်ဆိုင်သော ကိုယ်ကျင့်တရား သဘောတရားများ၊ ပြောဆိုချက်များနှင့် အတွေးများအရ သိမြင်ခြင်းဖြစ်ပါက အကြင်သူသည် စစ်မှန်သော မိမိကိုယ်သိမြင်မှုအား စွမ်းဆောင်ရရှိနိုင်လိမ့်မည်လော။ လုံးဝ မရရှိနိုင်ပေ။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ဤဆိုးယုတ်သော အတွေးအခေါ်များနှင့် သဘောတရားများအတွင်းမှ လာခဲ့ပေသည်။ သင်၏ မိမိကိုယ်ကိုယ် သိမြင်မှုကို စာတန်နှင့် သက်ဆိုင်သည့် ဤအရာများတွင် အခြေခံခြင်းသည် အဓိပ္ပာယ်မဲ့မည်မဟုတ်လော။ ကြောင်းကျိုးမမြင်သည့် အဓိပ္ပာယ်မရှိသော စကားဖြစ်မည်မဟုတ်လော။ ထို့ကြောင့် မိမိကိုယ်ကိုယ် သိမြင်မှုကို ဘုရားနှုတ်ကပတ်တော်များတွင် အခြေပြုရမည်။ ဘုရားနှုတ်ကပတ်တော်များသည်သာလျှင် သမ္မာတရားဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များသည်သာလျှင် လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများအားလုံးကို တိုင်းတာသည့် စံနှုန်းမှတ်ကျောက်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်းနှင့် ယင်းတို့သည် လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများအားလုံးကို အကဲဖြတ်ရန် တစ်ခုတည်းသော မှန်ကန်သည့် အခြေခံအကြောင်းရင်းဖြစ်ကြောင်းကို သင် အမှန်တကယ် တွေ့မြင်ပါက သင်သည် ရှေ့ဆက်ရမည့်လမ်းတစ်ခု ရှိ၏။ ထိုအခါ အလင်းတွင် သင် အသက်ရှင်နိုင်သည်။ ယင်းသည် ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်ရန်ဖြစ်၏။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များအတွင်းတွင် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော အနှစ်သာရအပေါ် စစ်မှန်သော သိမြင်မှုကို ရရှိသည့်အခါ နောက်ပိုင်းတွင် မည်သို့ ပြုမူကာ လက်တွေ့လုပ်ဆောင်ကြလိမ့်မည်နည်း။ (နောင်တရကြပါလိမ့်မည်။) မှန်ပေ၏။ လူတစ်ဦးသည် မိမိ၏ သဘာဝအနှစ်သာရကို သိမြင်မှု ရရှိပြီးသည့်အခါ မိမိနှလုံးသား၌ အလိုအလျောက် နောင်တ ထွက်ပေါ်လိမ့်မည်ဖြစ်ပြီး စတင် နောင်တရလိမ့်မည်။ ဤသည်မှာ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားဖို့ ကြိုးစားကြလိမ့်မည်ဖြစ်ပြီး စာတန်ဆန်သော စိတ်သဘောထားများဖြင့် အသက်ရှင်ကြတော့မည် မဟုတ်ဟု ဆိုလိုသည်။ ထိုအစား ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များအတိုင်း အသက်ရှင်ပြီး ပြုမူနေနိုင်ကြလိမ့်မည်ဖြစ်ကာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်စွမ်း ရှိကြလိမ့်မည်။ ဤသည်မှာ စစ်မှန်သော နောင်တဖြစ်၏။ ဤသည်မှာ သမ္မာတရား လိုက်စားခြင်း၏ စတုတ္ထအဆင့် ဖြစ်သည်။ ယခုတွင် သင်တို့အားလုံးသည် စစ်မှန်သော နောင်တမှာ မည်သည့်အရာဖြစ်သည်ကို ရှင်းလင်းသွားကြပေပြီ။ ထို့ကြောင့် ထိုအရာကို သင်တို့ မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ မိမိကိုယ်ကိုယ် ပြောင်းလဲခြင်းအား လက်တွေ့လုပ်ဆောင်လော့။ ဤသည်မှာ သင် ဖက်တွယ်ပြီး မှန်ကန်သည်ဟု တွေးထင်သည့် အရာများကို စွန့်လွှတ်ခြင်း၊ စာတန်ဆန်သော စိတ်သဘောထားဖြင့် အသက်မရှင်ခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များအတိုင်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားခြင်းကို ဆိုလိုသည်။ ယင်းမှာ မိမိကိုယ်ကိုယ် ပြောင်းလဲခြင်းအား ဆိုလိုသည့်အရာ ဖြစ်သည်။ တိတိကျကျဆိုရလျှင် ပထမဦးစွာ သင်သည် မိမိကိုယ်ကိုယ် ငြင်းပယ်ပြီး ဘုရားနှုတ်ကပတ်တော်များကို အခြေခံ၍ သင်၏ အတွေးများ၊ စိတ်ကူးများ၊ လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များက သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိဆိုသည်နှင့် ထိုအရာများ ဖြစ်ပေါ်ပုံတို့ကို ဖော်ပြရမည်။ ဤအရာများက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သက်ဆိုင်ပြီး စာတန်ဆန်သော အတွေးအခေါ်များမှ ပေါက်ဖွားလာသည်ဟု သင်သေချာလျှင် ထိုအရာများအပေါ် ရှုတ်ချခြင်းနှင့် ကျိန်ဆဲခြင်း သဘောထားကို သင် ခံယူသင့်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ဇာတိပကတိနှင့် စာတန်ကို ပုန်ကန်ခြင်းကို ဖြစ်စေသည်။ ဤသည်မှာ မည်သည့် အပြုအမူမျိုး ဖြစ်သနည်း။ ယင်းမှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ငြင်းပယ်ခြင်း၊ ပစ်ပယ်ခြင်း၊ စွန့်လွှတ်ခြင်းနှင့် ပုန်ကန်ခြင်း မဟုတ်လော။ မှန်ကန်သည်ဟု သင် ယုံကြည်သောအရာများကို ငြင်းပယ်ခြင်း၊ သင်၏ အကျိုးစီးပွားများကို လက်လွှတ်ခြင်း၊ သင်၏ မမှန်ကန်သော ရည်ရွယ်ချက်များကို ပုန်ကန်ခြင်းနှင့် ထိုသို့ဖြင့် သင်၏ လမ်းကြောင်းကို ပြန်လည်ပြောင်းလဲစေခြင်းအား စွမ်းဆောင်ရရှိခြင်းသည် သိပ်မရိုးရှင်းသကဲ့သို့ ထိုအရာအတွက် တိကျသည့် အသေးစိတ်အချက်အလက်များစွာ ရှိသည်။ သင်သည် နောင်တရရန် လိုလားလျက်ရှိသော်လည်း ဤအရာကိုသာ ပြောပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မငြင်းပယ်၊ မပစ်ပယ်၊ မစွန့်လွှတ်၊ သို့မဟုတ် မပုန်ကန်ပါက ဤသည်မှာ နောင်တတရား၏ သရုပ်သကန်မဟုတ်သကဲ့သို့ သင်သည် နောင်တတရားထဲသို့ လက်တွေ့ကျကျ မဝင်ရောက်သေးပေ။ စစ်မှန်သော နောင်တတရားသည် မည်သို့ ထင်ရှားသနည်း။ ပထမဦးစွာ ဥပမာအားဖြင့် သင် မှန်ကန်သည်ဟု တွေးထင်သောအရာများဖြစ်သည့် ဘုရားသခင်အပေါ် သင်၏ အယူအဆများနှင့် တောင်းဆိုချက်များအပြင် အမှုအရာများအပေါ် သင်၏ အမြင်များကဲ့သို့သော အရာများ၊ ပြဿနာများကို ကိုင်တွယ်သည့် သင်၏ နည်းစနစ်များနှင့် နည်းလမ်းများ၊ သင်၏ လူသားအတွေ့အကြုံ စသည်တို့ကို သင် ငြင်းပယ်ခြင်း ဖြစ်၏။ ဤအရာအားလုံးကို ငြင်းပယ်ခြင်းသည် စိတ်နှလုံး၌ နောင်တရခြင်းနှင့်ဆိုင်သည့် ခိုင်လုံသော လက်တွေ့လုပ်ဆောင်မှု တစ်ခုဖြစ်ပြီး ဘုရားသခင်ဆီသို့ လှည့်ခြင်း ဖြစ်သည်။ သင်သည် မှားယွင်းသော အရာများကို ရိပ်စားမိသည့်အခါမှသာ လက်လွှတ်နိုင်ပြီး ငြင်းပယ်နိုင်ပေသည်။ သင်သည် ဤအရာများကို မငြင်းပယ်သကဲ့သို့ ကောင်းမွန်ပြီး မှန်ကန်သည်ဟု ယုံကြည်ဆဲဖြစ်ပါက အခြားသူများက သင့်ကို လက်လွှတ်ခိုင်းလျှင်ပင် လက်လွှတ်နိုင်လိမ့်မည် မဟုတ်ပေ။ သင်က၊ “ကျွန်ုပ်သည် ပညာကောင်းကောင်းတတ်သောသူဖြစ်ပြီး၊ အတွေ့အကြုံ ပေါများသည်။ ဤအရာများ မှန်ကန်သည်ဟု ကျွန်ုပ် ယုံကြည်သည်။ အဘယ်ကြောင့် ယင်းတို့ကို ကျွန်ုပ် လက်လွှတ်သင့်သနည်း”ဟု ပြောလိမ့်မည်။ သင်သည် သင်၏ နည်းလမ်းများကို ဖက်တွယ်ပြီး ထိုသို့ မလျှော့တမ်း ဖက်တွယ်ပါက သမ္မာတရားကို သင် လက်ခံနိုင်လိမ့်မည်လော။ လုံးဝ လွယ်ကူလိမ့်မည်မဟုတ်ပေ။ သင်သည် သမ္မာတရားကို ရရှိလိုပါက ပထမဦးစွာ မှန်ကန်ပြီး အပြုသဘောဆောင်သည်ဟု သင် တွေးထင်သည့်ထိုအရာများကို ငြင်းရမည်။ ထို့နောက် ထိုအရာများက အနှစ်သာရအားဖြင့် အပျက်သဘောဆောင်ကြောင်း၊ စာတန်ထံမှ အစပြုလာကြောင်း အားလုံးက ဟုတ်မှန်သယောင်ရှိသော်လည်း စင်စစ်မှားနေသည့် အတွေးမှားများဖြစ်ကြောင်းနှင့် စာတန်ဆန်သော အရာများကို ဖက်တွယ်ထားခြင်းသည် သင့်အား မကောင်းမှု လုပ်ဆောင်ဖို့၊ ဘုရားသခင်ကို ခုခံပြီး နောက်ဆုံးတွင် အပြစ်ပေးခံရကာ ဖျက်ဆီးခံရဖို့သာ ဦးတည်စေကြောင်းကို ရှင်းရှင်းလင်းလင်း မြင်ရမည်။ စာတန်က လူသားကို ဖောက်ပြန်ပျက်စီးစေသည့် အတွေးများနှင့် အဆိပ်များသည် လူသား၏ ပျက်စီးခြင်းသို့ ဆိုက်ရောက်စေနိုင်စွမ်းရှိကြောင်းကို သင် ရှင်းရှင်းလင်းလင်း မြင်နိုင်ပါက ထိုအရာများကို လုံးဝ ပစ်ပယ်နိုင်လိမ့်မည်။ ငြင်းပယ်ခြင်း၊ ပစ်ပယ်ခြင်း၊ စွန့်လွှတ်ခြင်း၊ ပုန်ကန်ခြင်း စသည်တို့အားလုံးသည် စာတန်၏ အင်အားစုများနှင့် သဘာဝအပြင် လူတို့ကို လှည့်စားဖို့ စာတန်အသုံးပြုသည့် အတွေးအခေါ်များ၊ ဆင်ခြင်တွေးခေါ်မှုစနစ်၊ အတွေးများနှင့် အမြင်များကို ဆန့်ကျင်သော အကြင်သူ ခံယူသည့် သဘောထားများနှင့် နည်းစနစ်များ ဖြစ်သည်။ ဥပမာအားဖြင့်၊ မိမိဇာတိပကတိ၏ အကျိုးစီးပွားများကို လက်လွှတ်ခြင်း၊ မိမိဇာတိပကတိ၏ နှစ်သက်မှုများနှင့် လိုက်စားမှုများကို ပစ်ပယ်ခြင်း၊ စာတန်၏ အတွေးအခေါ်များ၊ အတွေးများ၊ မိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများကို စွန့်လွှတ်ခြင်း၊ စာတန်၏ စွမ်းအားနှင့် ၎င်း၏ ဆိုးယုတ်သော အင်အားစုများကို ပုန်ကန်ခြင်းတို့ ဖြစ်သည်။ ဤလက်တွေ့လုပ်ဆောင်မှု ဖြစ်စဉ်တစ်ခုလုံးသည် နောင်တတရားကို လူတို့ လက်တွေ့လုပ်ဆောင်နိုင်သည့် နည်းစနစ်များနှင့် လမ်းကြောင်းများသာ ဖြစ်သည်။ စစ်မှန်သော နောင်တတရားထဲသို့ ဝင်ရောက်ရန် အကြင်သူသည် သမ္မာတရား အမြောက်အမြားကို နားလည်ရမည်။ ထိုအခါမှသာ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် လုံးဝ ငြင်းပယ်ကာ မိမိတို့၏ ဇာတိပကတိကို ပုန်ကန်နိုင်ပေသည်။ ဥပမာအားဖြင့် သင့်ကိုယ်သင် အသိနှံ့စပ်ပြီး အတွေ့အကြုံ ကြွယ်ဝကြောင်းနှင့် သင်သည် ဘုရားအိမ်တော်အတွက် တန်ဖိုးရှိသောလူတစ်ဦးဖြစ်သင့်ပြီး အလွန်အသုံးပြုခံရသင့်ကြောင်းဟု ယုံကြည်သည်ဆိုပါစို့။ သမ္မာတရားအကြောင်း တရားဒေသနာများကို နှစ်အတော်များများ ကြားနာကာ သမ္မာတရားအချို့ကို နားလည်ပြီးသည့်တိုင် သင်၏ အသိပညာနှင့် သင်ယူမှုတို့သည် သုံးမရသကဲ့သို့ ဘုရားအိမ်တော်အဖို့ စိုးစဉ်းမျှ အသုံးမဝင်ဟု သင် ခံစားရသည်။ လူတို့ကို ကယ်တင်နိုင်သည်မှာ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များ ဖြစ်ကြောင်းနှင့် လူတစ်ဦး၏ အသက်ဖြစ်နိုင်သည်မှာ သမ္မာတရားဖြစ်ကြောင်း သင် သဘောပေါက်သည်။ လူတစ်ဦးသည် အသိပညာ၊ သို့မဟုတ် အတွေ့အကြုံ မည်မျှရှိသည်ဖြစ်စေ၊ ဤသည်မှာ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်သည်ဟု မဆိုလိုကြောင်းနှင့် လူသားအမှုအရာများက လူသား အယူအဆများနှင့် မည်မျှ ကိုက်ညီသည်ဖြစ်စေ၊ ယင်းတို့သည် သမ္မာတရား မဟုတ်ကြောင်း သင် ခံစားလာရသည်။ ထိုအရာအားလုံး စာတန်ထံမှ လာကြောင်းနှင့် အားလုံးက သမ္မာတရားနှင့် ဆက်နွှယ်မှုမရှိသည့် အပျက်သဘောဆောင်သော အရာများဖြစ်ကြောင်းကို သင် သဘောပေါက်သည်။ သင့်အနေဖြင့် မည်သို့ ပညာတတ်သည်ဖြစ်စေ၊ အသိနှံ့စပ်သည်ဖြစ်စေ၊ သို့မဟုတ် အတွေ့အကြုံရှိသည်ဖြစ်စေ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသကဲ့သို့ သမ္မာတရားကို နားမလည်နိုင်ပါက လုံးဝ အသုံးမဝင်ပေ။ ခေါင်းဆောင်တစ်ဦးအဖြစ် သင် အစေခံရမည်ဆိုပါက သင်သည် သမ္မာတရား စစ်မှန်မှု ရှိမည်မဟုတ်သကဲ့သို့ ပြဿနာများကို ဖြေရှင်းနိုင်စွမ်းရှိမည် မဟုတ်ပေ။ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် စာတမ်းတိုကို သင် ရေးရမည်ဆိုပါက ရေးစရာစကား ရှိမည် မဟုတ်ချေ။ ဘုရားသခင်အတွက် သက်သေခံရမည်ဆိုပါက သူနှင့်ဆိုင်သည့် အသိပညာ ရှိမည်မဟုတ်။ ဧဝံဂေလိ ဖြန့်ဝေရမည်ဆိုပါက လူတို့၏ အယူအဆများကို ဖြေရှင်းဖို့ သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုနိုင်မည်မဟုတ်။ လူသစ်များကို ရေလောင်းရမည်ဆိုပါက ရူပါရုံနှင့်ဆိုင်သည့် သမ္မာတရားများကို သင် ရှင်းမည်မဟုတ်သကဲ့သို့ စကားများနှင့် အယူဝါဒများကိုသာ သင် ဟောနိုင်ပေမည်။ သင်၏ ကိုယ်ပိုင် အယူအဆများကို သင် မဖြေရှင်းနိုင်ပါက လူသစ်များ၏ အယူအဆများကို သင် မည်သို့ ဖြေရှင်းနိုင်မည်နည်း။ ဤအလုပ်တစ်ခုတစ်လေကိုမျှ သင် မလုပ်နိုင်ပေ။ ထို့ကြောင့် မည်သည့်အရာကို သင် လုပ်ဆောင်နိုင်သနည်း။ သင့်ကို အားသွန်ခွန်စိုက်လုပ်ခိုင်းပါက သင်၏ ပါရမီကို ဖြုန်းတီးခြင်းဖြစ်သည်ဟု သင် ထင်မည်။ သင် ပါရမီရှိသည်ဟု သင် ဆိုသည့်တိုင် လုပ်ငန်းဆောင်တာတစ်ခုမျှ သင် မကိုင်တွယ်နိုင်သကဲ့သို့ မည်သည့်တာဝန်ကိုမျှ ကောင်းစွာ မထမ်းဆောင်နိုင်။ ထို့ကြောင့် သင် လုပ်နိုင်သည့်အရာမှာ အတိအကျ မည်သည့်အရာဖြစ်သနည်း။ ဘုရားအိမ်တော်က သင့်ကို အသုံးမပြုချင်သည် မဟုတ်၊ ဖြည့်ဆည်းသင့်သည့် တာဝန်ကို သင် မဖြည့်ဆည်းရသေးခြင်း ဖြစ်၏။ ထိုအတွက် အသင်းတော်ကို သင် အပြစ်တင်၍မရပေ။ သို့တိုင် သင်က “ဘုရားသခင်သည် လူသားကို မျှော်လင့်လွန်းသည် မဟုတ်ပါလား။ ဤသတ်မှတ်ချက်များကို ကျွန်ုပ် ဉာဏ်မမီနိုင်ပါ။ အဘယ်ကြောင့် ကျွန်ုပ်အပေါ် တောင်းဆိုချက် အလွန်များရသနည်း”ဟု မိမိဘာသာ တွေးကောင်း တွေးနိုင်သေးသည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်အပေါ် ထိုမျှကြီးမားသည့် အထင်လွဲမှုတစ်ခု သိုထားပါက ၎င်းတို့သည် သူနှင့်သက်ဆိုင်သည့် သိမြင်မှု မရှိကြောင်းနှင့် သမ္မာတရား တစ်စက်မျှ နားမလည်ကြောင်း သက်သေပြပေသည်။ သင်၏ အမြင်များက မှန်ကန်ပြီး ပြောင်းလဲဖို့ မလိုအပ်ကြောင်း သင် ခံစားပါက ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောတရားအရ သမ္မာတရားဖြစ်သည်ဟု သင် အသိအမှတ် ပြုသော်လည်း သင် ဖက်တွယ်ထားသည့် မဟုတ်တမ်းတရမ်း အရာများကို သင် လက်မလွှတ်ပါက ဤအရာက သင်သည် သမ္မာတရားကို နားမလည်သေးကြောင်း ဖော်ပြပေသည်။ သင်သည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာပြီး သမ္မာတရားနှင့်ပတ်သက်၍ ပိုမိုရှာဖွေသင့်ကာ သူ၏ နှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုပြီး ပိုများသည့် တရားဒေသနာများကို နားထောင်ကာ မိတ်သဟာယပြုသင့်သည်။ ထို့နောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်း သင် တဖြည်းဖြည်း နားလည်လာလိမ့်မည်။ လူတစ်ဦးအနေဖြင့် သမ္မာတရားနှင့် ဘုရားသခင်ကို သင် ဆက်ဆံသင့်သည့် ပထမဦးဆုံး နည်းလမ်းမှာ ကျိုးနွံနာခံမှုဖြင့် ဖြစ်သည်။ ဤသည်မှာ လူသား၏ အလေးအနက်ထားအပ်သော တာဝန်ဖြစ်သည်။ ဤအရာများကို သင် နားလည်နိုင်ပါက သင်၏ လမ်းကြောင်းကို သင် ပြောင်းနေသည့်သဘောဖြစ်သည်။ သင်၏ လမ်းကြောင်းကို ပြောင်းခြင်းသည် နောင်တတရားအတွက် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းဖြစ်၏။ ယင်းမှာ တစ်ချိန်က မှန်ကန်သည်ဟု သင် တွေးထင်ခဲ့သည့် စာတန်ထံမှလာသည့် အရာများကို လုံးဝ ပစ်ပယ်လိုက်ဖို့နှင့် သင် လျှောက်မည့် လမ်းသစ်ကို ရွေးချယ်ရန် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူ၏ သတ်မှတ်ချက်များနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်ရန်နှင့် သမ္မာတရားကို လိုက်စားသည့်လမ်းအား လျှောက်ရန် ဖြစ်သည်။ ဤသည်မှာ မိမိ၏ လမ်းကြောင်းကို ပြောင်းခြင်း အဓိပ္ပာယ်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်ရှေ့မှောက်သို့ အမှန်တကယ် ရောက်လာဖို့နှင့် နောင်တတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးဖြစ်ရန် ဖြစ်သည်။ အကြင်သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည့်အခါ ၎င်းသည် သမ္မာတရား စစ်မှန်မှုထဲသို့ စတင်ဝင်ရောက်ပြီးဖြစ်ကာ အမှန်တကယ် နောင်တရပြီးဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ကယ်တင်ခြင်းဆီသို့ သွားသည့် လမ်းပေါ် လူတို့ စတင်ပြီးဖြစ်သည်ဟု ပြောနိုင်သည်မှာ ၎င်းတို့ အမှန်တကယ် နောင်တရသည့်အခါတွင် ဖြစ်သည်။ ထိုသို့အမှန်တကယ် နောင်တရခြင်းသည် သမ္မာတရား လိုက်စားခြင်း၏ စတုတ္ထမြောက် အဆင့်တွင် ပါဝင်ပြီးခြင်း ဖြစ်သည်။
လူတစ်ဦးသည် အမှန်တကယ် နောင်တရပြီးသည့်အခါ သမ္မာတရား လိုက်စားသည့် လမ်းပေါ် စတင်ပြီဖြစ်လိမ့်မည်။ အခြေခံအားဖြင့် ဘုရားသခင်၏ အမှုတော်အကြောင်း မည်သည့်အယူအဆများ၊ သို့မဟုတ် အထင်လွဲမှုများမျှ သိုထားလိမ့်မည်မဟုတ်။ ၎င်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုများကို ကျိုးနွံနာခံရန် လိုလားနေလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ အမှုတော်ကို တရားဝင် စတင်တွေ့ကြုံလိမ့်မည်ဖြစ်သည်။ လူတစ်ဦးက ဘုရားသခင်ကို ပထမဦးဆုံး ယုံကြည်လာခြင်းနှင့် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တရားဝင်တွေ့ကြုံခြင်းတို့ကြား ရှည်ကြာသည့် အပြောင်းလဲကာလတစ်ခု ရှိသည်။ ဤအပြောင်းအလဲကာလသည် လူတစ်ဦးက ဘုရားသခင်ကို စတင်ယုံကြည်ခြင်းမှသည် ၎င်းတို့ အမှန်တကယ် နောင်တရသည်အထိဖြစ်သော အဆင့်ဖြစ်သည်။ တစ်စုံတစ်ဦးသည် သမ္မာတရားကို မချစ်ပါက ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အပြင် သမ္မာတရားကို စိုးစဉ်းမျှ လက်ခံလိမ့်မည်မဟုတ်သကဲ့သို့ မိမိကိုယ်ကိုယ် လုံးဝ သိမြင်နိုင်စွမ်းရှိလိမ့်မည်မဟုတ်။ ထိုသို့သောလူတို့သည် ဖယ်ရှားရှင်းလင်းခံရလိမ့်မည်။ တစ်စုံတစ်ဦးသည် သမ္မာတရားကို ချစ်ပါက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် တရားဒေသနာများကို နားထောင်ခြင်း နှစ်ခုလုံးတွင် တစ်စုံတစ်ရာကို အမှန်တကယ် ရရှိနိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ အမှုတော်သည် လူသားကို ကယ်တင်ခြင်းနှင့် ဆိုင်ကြောင်းကို သိရှိနိုင်လိမ့်မည်ဖြစ်ကာ ၎င်း နားလည်သည့် သမ္မာတရားဖြင့် မိမိကိုယ်ကိုယ် သုံးသပ်ကာ သိရှိနိုင်လိမ့်မည်။ မိမိ၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပိုပိုပြီး မုန်းလာလိမ့်မည်ဖြစ်ပြီး သမ္မာတရားကို ယခင်ထက် ပိုမိုစိတ်ဝင်စားလိမ့်မည်။ မိမိကိုယ်ကိုယ် အစစ်အမှန် သိမြင်မှုကို အမှတ်တမဲ့ ရရှိလိမ့်မည်ဖြစ်ပြီး အမှန်တကယ် ဝမ်းနည်းကာ နောင်တရလိမ့်မည်။ သမ္မာတရားကို ချစ်သောလူများက ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ၊ သို့မဟုတ် တရားဒေသနာများကို နားထောင်သည့်အခါ ထိုသို့သော ရလဒ်များကို အလိုအလျောက် ရရှိကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် တဖြည်းဖြည်း သိမြင်လာကြပြီး စစ်မှန်သော နောင်တတရားကို ရရှိကြသည်။ အကြင်သူသည် အမှန်တကယ် နောင်တရသည်နှင့် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာသင့်၏။ မိမိအပေါ် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ဘုရားနှုတ်ကပတ်တော်များ၌ အခြေခံ၍ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများနှင့် လမ်းကြောင်းများကို ရှာတွေ့နိုင်သင့်သည်။ ထို့နောက်တွင် ဆက်လက်၍ သမ္မာတရားကို စတင်လက်တွေ့လုပ်ဆောင်နိုင်သင့်သည်။ ဤသည်မှာ သမ္မာတရား လိုက်စားခြင်း၏ ပဉ္စမအဆင့် ဖြစ်သည်။ သမ္မာတရားကို ရှာဖွေခြင်း ရည်ရွယ်ချက်မှာ အဘယ်နည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်နှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား စွမ်းဆောင်ရရှိရန် ဖြစ်သည်။ သို့ရာတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်အလို့ငှာ အကြင်သူသည် ထိုသမ္မာတရား စည်းမျဉ်းများအတိုင်း လုပ်ဆောင်ရမည်။ ယင်းတစ်ခုတည်းသာ မှန်ကန်တိကျသည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ ယင်းတစ်ခုတည်းသာ ဘုရားသခင်၏ လက်ခံမှုကို ရရှိစေသည်။ ထို့ကြောင့် သမ္မာတရား စည်းမျဉ်းများအတိုင်း ဆောင်ရွက်နိုင်ခြင်းသည် သမ္မာတရား လိုက်စားခြင်းက စွမ်းဆောင်ရရှိရန် ရည်ရွယ်သည့်အရာဖြစ်သည်။ ဤအဆင့်ကို အလှမ်းမီခြင်းသည် အကြင်သူက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးဖြစ်သည်ဟု ဆိုလိုပေသည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန်အလို့ငှာ သမ္မာတရား ရှာဖွေခြင်းကို လုပ်ဆောင်ခြင်း ဖြစ်သည်။ လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပါက ၎င်း၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အလိုအလျောက် လျော့ပါးပျောက်ကွယ်လိမ့်မည်ဖြစ်ပြီး ၎င်း၏ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက ဘုရားသခင် တောင်းဆိုသည့် ရလဒ်ကို စွမ်းဆောင်ရရှိပေသည်။ ယင်းမှာ စစ်မှန်သော နောင်တတရားမှသည် သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်းဆီသို့ ဆိုက်ရောက်စေသည့် ဖြစ်စဉ်ဖြစ်၏။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အလယ်တွင် တစ်ကြိမ်အသက်ရှင်ဖူးခြင်းသည် စာတန်၏ အာဏာအောက်တွင် အသက်ရှင်ခြင်းဖြစ်ပြီး အကြင်သူ၏ လုပ်ရပ်များနှင့် အပြုအမူများက ဘုရားသခင်၏ ရှုတ်ချကာ စက်ဆုပ်ခြင်း ခံရဖို့ဖြစ်သည်။ ယခုတွင် သမ္မာတရားကို လက်ခံနိုင်ခြင်း၊ အမှန်တကယ် နောင်တရခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်းနှင့် သူ၏ နှုတ်ကပတ်တော်များဖြင့် အသက်ရှင်ခြင်းတို့သည် ဘုရားသခင်အတွက် လက်ခံနိုင်ဖွယ်ဖြစ်သည်မှာ အမှန်ဖြစ်၏။ သမ္မာတရားကို လိုက်စားသူများသည် မကြာခဏ မိမိတို့ကိုယ်ကိုယ် သုံးသပ်သင့်သည်။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အသိအမှတ်ပြုပြီး ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမှုကို လက်ခံသင့်သည်။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရအပေါ် စစ်မှန်သော အသိကို ရရှိပြီး နောင်တစိတ်နှလုံး ဖြစ်ပေါ်သင့်သည်။ နောင်တရပြီးနောက် အရာခပ်သိမ်း၌ သမ္မာတရားကို ၎င်းတို့ စတင်ရှာဖွေသင့်သည်။ သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံမှုအား စွမ်းဆောင်ရရှိသင့်သည်။ ဤသည်မှာ သမ္မာတရား လိုက်စားခြင်းနှင့် အကြင်သူ၏ အသက်ဝင်ရောက်မှု တဖြည်းဖြည်း နက်ရှိုင်းခြင်းက ဖြစ်မြောက်နိုင်သည့်အရာ ဖြစ်သည်။ အကြင်သူသည် မိမိကိုယ်ကိုယ် အမှန်တကယ် မသိရှိပါက ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကျိုးနွံနာခံရန်၊ သို့မဟုတ် အမှန်တကယ် နောင်တရရန် ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ ပြီးလျှင် အကြင်သူသည် အမှန်တကယ် နောင်တမရပါက ထိုလူသည် စာတန်ဆန်သော စိတ်သဘောထားအားဖြင့် ဆက်လက်အသက်ရှင်လိမ့်မည်။ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်သည်ဖြစ်စေ ၎င်းတို့တွင် စစ်မှန်သော ပြောင်းလဲခြင်း ဖြစ်လာလိမ့်မည်မဟုတ်။ ၎င်းတို့၏ အပြုအမူ အနည်းငယ် ပြောင်းလဲလိမ့်မည်။ ထိုမျှသာဖြစ်၏။ သမ္မာတရား မလိုက်စားသူတို့အတွက် သမ္မာတရားကို မိမိတို့၏ အသက်အဖြစ် လက်ခံဖို့ မဖြစ်နိုင်။ ထို့ကြောင့် ၎င်းတို့၏ လုပ်ရပ်များနှင့် အပြုအမူများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပွင့်အံထွက်မှုများ ဖြစ်နေလိမ့်ဦးမည်မှာ သေချာသလို ဤအရာများက သမ္မာတရားနှင့် သဟဇာတဖြစ်လိမ့်မည် မဟုတ်သကဲ့သို့ ဘုရားသခင်ကို ခုခံတတ်လိမ့်မည်မှာ သေချာ၏။ သမ္မာတရား လိုက်စားသူတို့သည် သမ္မာတရားကို မိမိတို့ အသက်အဖြစ် လက်ခံနိုင်သည်။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စွန့်ပစ်နိုင်သည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်ကို စစ်မှန်သော ကျိုးနွံနာခံမှု စွမ်းဆောင်ရရှိနိုင်သည်။ သမ္မာတရား လိုက်စားသောသူတို့သည် ၎င်းတို့အတွက် မရှင်းလင်းသည့် အရာများ ဖြစ်ပျက်သည့်အခါ ထိုသမ္မာတရားကို ရှာဖွေကြလိမ့်မည်။ မိမိတို့ကိုယ်တိုင်အတွက် အကြံထုတ်ကြတော့မည် မဟုတ်သကဲ့သို့ ဘုရားသခင်နှင့် သဟဇာတဖြစ်သည့် စိတ်နှလုံးဖြင့် မကောင်းမှုအားလုံးကို ရှောင်ရှားကြလိမ့်မည်။ သမ္မာတရား လိုက်စားသူတို့သည် ဘုရားသခင်ကို ယခင်ထက် ပိုကျိုးနွံနာခံနိုင်ကြပြီး လူသား အသက်ရှင်သင့်သည့်အတိုင်း ယခင်ထက် ပိုအသက်ရှင်ရင်း ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်ကြသည်။ ထိုသို့သော ပြောင်းလဲမှုများသည် သမ္မာတရားကို မလိုက်စားသည့်သူများအတွက် မဖြစ်နိုင်ချေ။ သမ္မာတရား မလိုက်စားသောသူများက မည်သည့်အရာကို လိုက်စားကြသနည်း။ ဂုဏ်သိက္ခာ၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို လိုက်စားကြ၏။ ကောင်းချီးများနှင့် ဆုလာဘ်များကို လိုက်စားကြ၏။ ၎င်းတို့၏ ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများက ယခင်ထက် တိုး၍ ကြီးမားပြီး ဘဝတွင် မှန်ကန်သည့် ရည်မှန်းချက်ပန်းတိုင် မရှိကြချေ။ မည်သည့်အရာကို ၎င်းတို့ လိုက်စားရန် နှစ်သက်သည်ဖြစ်စေ၊ မိမိတို့၏ ရည်မှန်းချက်ပန်းတိုင် မရရှိနိုင်ပါက ၎င်းတို့ လက်လျှော့လိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့၏ စိတ်များကိုလည်း သာ၍ပင် ပြောင်းလိမ့်ဦးမည်မဟုတ်ပေ။ အခြေအနေပေးပြီး အဆင်သင့်သည့်အခါ ၎င်းတို့သည် မကောင်းမှုကို လုပ်နိုင်စွမ်းရှိပြီး ဘုရားသခင်ကို ခုခံနိုင်စွမ်းရှိကြလိမ့်မည်ဖြစ်ကာ အမှီအခိုကင်းသော နယ်ပယ်တစ်ခုကို တည်ထောင်ဖို့ ကြိုးစားကြလိမ့်မည်။ ဤသည်မှာ ၎င်းတို့က ဘုရားသခင်ကို ကြောက်ရွံ့သော၊ သို့မဟုတ် သူ့ကို ကျိုးနွံနာခံသော စိတ်နှလုံး မရှိကြသောကြောင့် ဖြစ်ပြီး အဆုံးတွင် အထူးထူးအပြားပြားသော မကောင်းမှုများကို ကျူးလွန်ခြင်းနှင့် ဘုရားသခင်ကို သစ္စာဖောက်ခြင်းတို့အတွက် ဘုရားသခင်၏ ချေဖျက်ခြင်းကိုသာ ခံရနိုင်ပေသည်။ သမ္မာတရားကို မလိုက်စားသောသူအားလုံးသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောသူများဖြစ်ပြီး သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောသူအားလုံးသည် မကောင်းမှုကို ချစ်မြတ်နိုးသူများ ဖြစ်သည်။ ၎င်းတို့၏ စိတ်ဝိညာဉ်များ၊ အသွေးနှင့် အရိုးများထဲတွင်၊ ၎င်းတို့ ကြည်ညိုသည်မှာ ဂုဏ်သိက္ခာ၊ အကျိုးအမြတ်၊ အဆင့်အတန်းနှင့် လွှမ်းမိုးမှုတို့ဖြစ်သည်။ ၎င်းတို့သည် စာတန်ဆန်သော စိတ်သဘောထားများဖြင့် အသက်ရှင်ချင်ကြပြီး မိမိတို့၏ ပန်းတိုင်များ ရရှိဖို့အလို့ငှာ ကောင်းကင်၊ မြေကြီးနှင့် လူသားတို့ကို ဆန့်ကျင်တိုက်ခိုက်လိုကြသည်။ ထိုသို့သော ဘဝတစ်ခုသည် ဝမ်းမြောက်ဖွယ်ဖြစ်သည်ဟု တွေးထင်ကြသည်။ ထူးချွန်ပြောင်မြောက်သော လူတစ်ဦးအဖြစ် အသက်ရှင်ပြီး သူရဲကောင်းအဖြစ် သေဆုံးဖို့ ဆန္ဒရှိကြသည်။ သိသိသာသာပင် ၎င်းတို့သည် စာတန်ဆန်သော ပျက်ဆီးခြင်း လမ်းကို လျှောက်လှမ်းနေကြပေသည်။ သမ္မာတရားကို လိုက်စားသောသူတို့သည် ထိုသမ္မာတရားကို နားလည်လေလေ၊ ဘုရားသခင်ကို ပိုချစ်လေဖြစ်ပြီး သမ္မာတရား မည်မျှ အဖိုးတန်သည်ကို ခံစားရလေဖြစ်သည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရန် ၎င်းတို့ လိုလားနေကြပြီး အခက်အခဲ မည်မျှ ကြံ့ကြံ့ခံရသည်ဖြစ်စေ၊ သမ္မာတရားကို လိုက်စားပြီး ရရှိဖို့ စိတ်ဆုံးဖြတ်ထားကြသည်။ ဤသည်မှာ ၎င်းတို့သည် ကယ်တင်ခြင်းနှင့် စုံလင်စေခြင်း လမ်းကြောင်းပေါ် စတင်ပြီးဖြစ်ကြောင်း၊ ဘုရားသခင်နှင့် သဟဇာတဖြစ်ခြင်းကို စွမ်းဆောင်ရရှိနိုင်စွမ်းရှိကြကြောင်း ဆိုလိုပေသည်။ အရေးအကြီးဆုံးမှာ ဘုရားသခင်ကို ၎င်းတို့ ကျိုးနွံနာခံနိုင်ကြ၏။ အဖန်ဆင်းခံတစ်ဦးအဖြစ် မိမိတို့၏ မူလ အနေအထားသို့ ပြန်သွားကြပြီးဖြစ်ကာ ဘုရားသခင်အတွက် ကြောက်ရွံ့သော စိတ်နှလုံးများ ရှိကြပေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ဦးဆောင်မှု၊ လမ်းပြမှုနှင့် ကောင်းချီးများကို အမှန်အားဖြင့် ရရှိနိုင်ကြပြီး ဘုရားသခင်သည် ၎င်းတို့ကို ပစ်ပစ်ခါခါ မငြင်းတော့ပေ။ ကောင်းလိုက်လေခြင်း။ သမ္မာတရား မလိုက်စားသောသူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မစွန့်ပစ်နိုင်ကြသောကြောင့် ၎င်းတို့၏ စိတ်နှလုံးများက ဘုရားသခင်ထံမှ တိုး၍ ဝေးသွားပြီး သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကာ ငြင်းပယ်ကြလေသည်။ အကျိုးဆက်အနေဖြင့် ဘုရားသခင်အပေါ် တိုး၍ တိုး၍ အတိုက်အခံလုပ်တတ်ကြပြီး သူ့ကို ဆန့်ကျင့်သည့်လမ်းပေါ် စလျှောက်ကြသည်။ ၎င်းတို့သည် မိမိတို့ ဆုလာဘ်များအတွက် ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း တောင်းဆိုလျက် ပေါလုကဲ့သို့သာ ဖြစ်ကြ၏။ ထိုဆုလာဘ်ကို မရရှိပါက၊ ဘုရားသခင်နှင့် အငြင်းပွားကာ သူ့ကို ခုခံကြလိမ့်မည်ဖြစ်ပြီး အဆုံးတွင် အကျည်းတန်သော စာတန်၏ မျက်နှာထားကို လုံးလုံးလျားလျား ဖော်ထုတ်လျက် အန္တိခရစ်များ ဖြစ်လာကြလိမ့်မည်။ ထို့နောက်တွင် ဘုရားသခင်က ၎င်းတို့ကို ကျိန်ဆဲကာ ဖျက်ဆီးလိမ့်မည်။ အခြားတစ်ဖက်တွင် သမ္မာတရား လိုက်စားသည့် လမ်းကြောင်းကို လျှောက်ကြသူများသည် သမ္မာတရားကို လက်ခံနိုင်ပြီး ထိုသမ္မာတရားကို ကျိုးနွံနာခံနိုင်ကြသည်။ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့ စွန့်ပစ်နိုင်ကြသည်။ မိမိတို့တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန်နှင့် ဘုရားသခင်၏ မေတ္တာကို ပြန်ပေးဆပ်ဖို့ အရာရာကို စွန့်လွှတ်ရန် လိုလားနေကြပြီး ဘုရားသခင်ကို ကျိုးနွံနာခံပြီး ကိုးကွယ်သည့် လူများ ဖြစ်လာနိုင်ကြသည်။ ဘုရားသခင်ကို ကျိုးနွံနာခံရန် လိုလားနေပြီး ထိုသို့ အပြည့်အဝ ကျိုးနွံနာခံနေသည့် အဖန်ဆင်းခံတစ်ဦး၏ မူလ နေရာအဆင့်အတန်းဆီ လုံးဝ ပြန်လာပြီးဖြစ်ကာ အရာရာတွင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားချက်များနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်စွမ်း ရှိကြသည်။ ဤသည်မှာ ၎င်းတို့သည် အခြေခံကျသော လူသားပုံသဏ္ဌာန် ပိုင်ဆိုင်ကြောင်း ဆိုလိုပေသည်။ စစ်မှန်သော လူသားပုံသဏ္ဌာန်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ လူတစ်ဦးက ယောဘနှင့် ပေတရုကဲ့သို့ ဖန်ဆင်းရှင်ကို ကျိုးနွံနာခံပြီး ကြောက်ရွံ့သည့်အခါတွင် ဖြစ်သည်။ ထိုသို့သောသူတို့မှာ ဘုရားသခင် အမှန်တကယ် ကောင်းချီးပေးသူများ ဖြစ်သည်။
ယနေ့ ငါတို့ မိတ်သဟာယပြုပြီးသည့် အဓိကကျသော သမ္မာတရား လိုက်စားခြင်း အဆင့်များမှာ ထိုမျှလောက် ရိုးရှင်းပေသည်။ ငါ့ကို အဆင့်များကို ပြန်ပြောကြလော့။ (ပထမဦးစွာ ဘုရားနှုတ်ကပတ်တော်များအတိုင်း မိမိကိုယ်ကိုယ် သုံးသပ်ပါ။ ဒုတိယမှာ ဘုရားနှုတ်ကပတ်တော်များ ထုတ်ဖော်ပြသည့် အမှန်တရားများကို အသိအမှတ်ပြုကာ လက်ခံပါ။ တတိယမှာ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် အနှစ်သာရကို သိကာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် စာတန်ကို စတင်မုန်းတီးပါ။ စတုတ္ထမှာ နောင်တတရားကို လက်တွေ့လုပ်ဆောင်ကာ သင်၏ ဆိုးယုတ်သော လုပ်ဆောင်ချက်များအားလုံးကို ဘေးဖယ်ထားပါ။ ပဉ္စမမှာ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပါ။) ယင်းတို့မှာ အဆင့်ငါးဆင့် ဖြစ်ကြ၏။ ထိုအဆင့်အသီးသီးကို လက်တွေ့လုပ်ဆောင်ခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအလယ်တွင် အသက်ရှင်သောလူများအတွက် အလွန်ခဲယဉ်း၏။ တစ်ခုချင်းစီတွင် များစွာသော ခလုတ်တံသင်းများနှင့် အခက်အခဲများ ပါဝင်ပြီး အားလုံးက လက်တွေ့လုပ်ဆောင်ပြီး စွမ်းဆောင်ရရှိဖို့ အပတ်တကုတ်လုပ်ရသော အားထုတ်မှုကို အသုံးပြုခြင်း လိုအပ်ကာ လမ်းတစ်လျှောက်တွင် ကျရှုံးမှုများနှင့် ဆုတ်ဆိုင်းမှုများအချို့ကို ရှောင်လွှဲ၍မရနိုင်သည်မှာ အမှန်ဖြစ်၏။ သို့ရာတွင် သင်တို့ကို ငါ ဤသို့ပြောမည်။ စိတ်မပျက်နှင့်။ အခြားသူများက “သင်တော့ သွားပြီ”၊ “သင် မတော်ပါ”၊ “ဤသည်မှာ သင် ဖြစ်သည့်ပုံသာဖြစ်သည်။ သင် ပြောင်းလဲ၍ မရပါ”ဟု ဆိုလျက် သင့်ကို ရှုတ်ချကောင်းရှုတ်ချနိုင်သည်။ ၎င်းတို့၏ စကားများ မည်သို့ပင် ဆိုးသော်လည်း သင်၏ ပိုင်းခြားသိမြင်မှုတွင် ရှင်းလင်းနေရမည်။ သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်းသည်သာ၊ ဤအဆင့်များကို ဝင်ရောက်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းကသာ သင်၏ ဒုက္ခမှ သင့်အား အမှန်တကယ် လွတ်မြောက်နိုင်စေလိမ့်မည် ဖြစ်သောကြောင့် စိတ်မပျက်နှင့်၊ လက်မလျှော့နှင့်။ ချက်ချာပါးနပ်သောလူများသည် မိမိတို့၏ အခက်အခဲများ အားလုံးကို ဘေးဖယ်ထားရန် ရွေးချယ်ကြလိမ့်မည်။ ကျရှုံးမှုများနှင့် ဆုတ်ဆိုင်းမှုများကို ၎င်းတို့ ရှောင်လွှဲကြလိမ့်မည် မဟုတ်သကဲ့သို့ မည်မျှ ခက်ခဲသည်ဖြစ်စေ ရှေ့ဆက်တိုးကြလိမ့်မည်။ မိမိကိုယ်ကို ဆန်းစစ်ခြင်းနှင့် သိမြင်ခြင်း အဆင့်တွင် သုံးနှစ်၊ ငါးနှစ်ကြာ သင် ဆက်ရှိနေလျှင်ပင်၊ သို့မဟုတ် ရှစ်နှစ်၊ ဆယ်နှစ်ကြာပြီးနောက်တွင်ပင် သင့်ထံတွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်ကို သိရုံသက်သက်သာရှိသော်လည်း သင်သည် သမ္မာတရားကို နားမလည်နိုင်ဆဲရှိလျှင်၊ သို့မဟုတ် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖယ်ရှားနိုင်ဆဲရှိလျှင် ယခင်အတိုင်းသာ သင့်အား ငါ ပြောဦးမည်။ စိတ်မပျက်နှင့်။ သင်သည် စစ်မှန်သည့် အလှည့်အပြောင်းကို စွမ်းဆောင်ရရှိနိုင်စွမ်း မရှိသေးသော်လည်း ပထမအဆင့်သုံးဆင့်ထဲသို့ ဝင်ရောက်နှင့်ပြီး ဖြစ်သည်။ ထို့ကြောင့် ကျန်ရှိသည့် နှစ်ဆင့်ထဲသို့ မဝင်ရောက်နိုင်ခြင်းကို အဘယ်ကြောင့် စိုးရိမ်နေသနည်း။ မစိုးရိမ်နှင့်။ ပို၍ကြိုးစားလော့၊ ပို၍ အားထုတ်လော့၊ ပြီးလျှင် ထိုနေရာသို့ သင် ရောက်လိမ့်မည်။ နောင်တတရားဖြစ်သည့် စတုတ္ထအဆင့်သို့ ရောက်လာသူအချို့ ရှိကောင်းရှိနိုင်သော်လည်း သမ္မာတရား စည်းမျဉ်းများ ရှာဖွေခြင်းကို ၎င်းတို့ စံမမီကြသကဲ့သို့ ဤအဆင့်ထဲသို့ မဝင်ရောက်နိုင်ကြချေ။ သို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ သင်သည်လည်း စိတ်မပျက်ရပေ။ ထိုသို့လုပ်ဆောင်ရန် ဆန္ဒရှိသရွေ့ အရာခပ်သိမ်း၌ သင်၏ သမ္မာတရား ရှာဖွေခြင်း လိုက်စားမှုတွင် မလျှော့တမ်း လုပ်ဆောင်သင့်ပြီး ဘုရားသခင်ထံ ပိုမို ဆုတောင်းသင့်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် မကြာခဏ အကျိုးများ၏။ သင်၏ အစွမ်းအစနှင့် အခြေအနေများကို အခြေခံ၍ သင်တတ်နိုင်သမျှ လိုက်စားလော့၊ ပြီးလျှင် သင် စွမ်းဆောင်ရရှိနိုင်သည့်အရာကို ရရှိရန် ကြိုးစားလုပ်ဆောင်လော့။ အစွမ်းကုန် သင် လုပ်နေသရွေ့ သင်၏ လိပ်ပြာသန့်ပြီး ပိုကြီးမားသော အကျိုးအမြတ်များကို ဧကန်မုချ သင် ဖန်တီးနိုင်လိမ့်မည်။ နောက်ထပ် သမ္မာတရားတစ်ခုကို နားလည်ခြင်းသည်ပင် ကောင်းမွန်သည့်အရာတစ်ခု ဖြစ်သည်။ သင်၏ ဘဝသည် ထိုအတွက် အနည်းငယ် ပိုမို ပျော်ရွှင်လာလိမ့်မည်ဖြစ်ပြီး အနည်းငယ် ပိုမို ဝမ်းမြောက်လာလိမ့်မည်။ အကျဉ်းချုပ်အနေဖြင့် သမ္မာတရား လိုက်စားခြင်းသည် အနှစ်မဲ့သောအရာတစ်ခု မဟုတ်ပေ။ ယင်း၏ အဆင့်တစ်ခုစီအတွက် တိကျသည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းရှိပြီး လူတို့အနေဖြင့် အချို့သော နာကျင်မှုကို ခံစားကာ အဖိုးအခတစ်ခုခု ပေးဆပ်ရန် လိုအပ်သည်။ သမ္မာတရားသည် ပညာရပ်ဆိုင်ရာ လေ့လာမှုနယ်ပယ်တစ်ခု၊ သို့မဟုတ် သီအိုရီတစ်ခု၊ သို့မဟုတ် ဆောင်ပုဒ်တစ်ခု၊ သို့မဟုတ် အကြောင်းပြချက်တစ်ခု မဟုတ်ပါ။ ယင်းသည် အနှစ်သာရမမဲ့ပေ။ သမ္မာတရား အသီးသီးသည် လူတို့က ထိုသမ္မာတရားကို နားလည်ပြီး မသိရှိနိုင်မီ နှစ်ကာလအတော်ကြာ တွေ့ကြုံပြီး လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်သည်။ သို့ရာတွင် မည်သည့် အဖိုးအခကို သင် ပေးသည်ဖြစ်စေ၊ မည်သည့် အားထုတ်မှုကို သင် ပြုလုပ်သည်ဖြစ်စေ သင်၏ ချဉ်းကပ်မှု၊ နည်းစနစ်၊ လမ်းကြောင်းနှင့် ဦးတည်ချက်တို့ မှန်ကန်သရွေ့ ကြီးမားသည့် ဆုလာဘ်ကို သင် ခံစားရမည့်နေ့ရက်၊ သမ္မာတရား ရရှိပြီး ဘုရားသခင်ကို သိကျွမ်းကာ သူ့ကို ကျိုးနွံနာခံနိုင်မည့် နေ့ရက် အနှေးနှင့်အမြန် ရောက်လာလိမ့်မည်ဖြစ်ကာ ထိုသို့ဖြင့် သင် အပြည့်အဝ အားရကျေနပ်ရလိမ့်မည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။