သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၄) အပိုင်း နှစ်

သင့်အနီးတွင် ဖြစ်ပျက်နေသော သင်တွေ့ရသည့် ဖြစ်ရပ်များကို လူများက ကောင်းသည်၊ သို့မဟုတ် ဆိုးသည်ဟု သတိပြုမိသည်ဖြစ်စေ၊ ထိုဖြစ်ရပ်များသည် သင်အလိုရှိသည့်အရာဖြစ်စေ၊ အလိုမရှိသည့်အရာဖြစ်စေ၊ ထိုဖြစ်ရပ်များသည် သင့်အား ဝမ်းမြောက်မှု၊ ပျော်ရွှင်မှုကို ယူဆောင်ပေးသည်ဖြစ်စေ၊ ဝမ်းနည်းမှု၊ နာကျင်မှုကို ယူဆောင်ပေးသည်ဖြစ်စေ သင်သည် ထိုအရာများကို သင်ယူရမည့် သင်ခန်းစာများ၊ ရှာဖွေရမည့် သမ္မာတရားများပါဝင်သော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအဖြစ် မှတ်ယူသင့်သည်။ ပြီးလျှင် ထိုအရာများကို ဘုရားသခင်ဆီမှလာသော အရာများအဖြစ် မှတ်ယူသင့်သည်။ ထိုအရာများသည် ကြုံသလို ဖြစ်ပျက်ခြင်းမဟုတ်ပေ။ လူသားများကြောင့် ဖြစ်ခြင်းမဟုတ်ပေ။ မည်သူ့ကြောင့်မျှ ဖြစ်ပေါ်ခြင်းမဟုတ်ပေ။ ထိုအရာများသည် မည်သည့်လူတစ်ဦးမျှ ထိန်းချုပ်နိုင်သောအရာများလည်းမဟုတ်ပေ။ ထိုထက် ဤအရာများအားလုံးကို အုပ်စိုးသည်မှာ ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်သည် ဤအရာများအားလုံးကို စီစဉ်ညွှန်ကြားပြီး စီမံသည်။ မည်သည့်ဖြစ်ရပ်ဖြစ်ပေါ်မှုမျှ လူသား၏ အလိုဆန္ဒအပေါ် မူတည်ခြင်းမဟုတ်ပေ။ မည်သူမျှ ဆန္ဒရှိရုံဖြင့် ဖြစ်ရပ်တစ်ခုကို ချုပ်ကိုင်နိုင်ခြင်းမျိုးမရှိပေ။ ဘုရားသခင်သည် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအားလုံး ဖြစ်ပေါ်ခြင်း၊ ကြီးထွားခြင်း၊ ပြောင်းလဲခြင်းတို့နှင့် သက်ဆိုင်သော ဖြစ်စဉ်တစ်ခုလုံးကို နောက်ဆုံးရလဒ်သို့ ရောက်ရှိသည်အထိ အုပ်စိုးပြီး စီစဉ်ညွှန်ကြားသည်။ သင်သည် ဤအရာကို မယုံကြည်လျှင် ငါ ပြောခဲ့သည့် စကားများ၊ စည်းမျဉ်းများနှင့်အညီ အမှုအရာများကို ကြုံတွေ့ပြီး ကြည့်ရှုလေ့လာဖို့ ကြိုးစားလော့။ ငါပြောသည့်အရာက မှန်မမှန် ကြည့်ရှုလော့။ သင်တို့ ယုံကြည်သည့် “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် အဆိုအမိန့်က မှန်ကန်သလော၊ သို့မဟုတ် “ဘုရားသခင်သည် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအားလုံး ဖြစ်ပေါ်ခြင်း၊ ကြီးထွားခြင်းကို နောက်ဆုံးရလဒ်သို့ ရောက်ရှိသည်အထိ အုပ်စိုးပြီး စီစဉ်ညွှန်ကြားသည်” ဆိုသည့် အဆိုအမိန့်က မှန်ကန်သလော ဆိုသည်ကို ကြည့်လော့။ ဤအဆိုအမိန့်နှစ်ခုတွင် မည်သည့်အဆိုအမိန့်က မှန်ကန်သည်ကိုလည်းကောင်း၊ မည်သည့်တစ်ခုက အမှန်တရားများနှင့် ကိုက်ညီသည်ကိုလည်းကောင်း၊ မည်သည့်တစ်ခုက လူတို့အား တည်ဆောက်စရာဖြစ်စေပြီး အကျိုးဖြစ်စေသည်ကိုလည်းကောင်း၊ မည်သည့်တစ်ခုက လူတို့အား ဘုရားသခင်ကို သိမြင်ပြီး ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းရှိစေရန် ပြုလုပ်ပေးသည်ကိုလည်းကောင်း ကြည့်ရှုလော့။ သင်သည် ဘုရားသခင်က အရာရာကို အုပ်စိုးပြီး စီစဉ်ညွှန်ကြားသည်ဆိုသည့် အမြင်နှင့် သဘောထားဖြင့် သင့်အနီးတွင် ဖြစ်ပျက်သည့် အရာရာတိုင်းကို တွေ့ကြုံခံစားသောအခါ၌ အမှုအရာများအပေါ် သင်၏ အမြင်နှင့် ရှုထောင့်သည် လုံးဝ ကွဲပြားလိမ့်မည်။ သင်သည် “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် ဆိုရိုးစကား၏ ရှုထောင့်မှနေ၍ အမှုကိစ္စများ၊ အကြောင်းအရာများအား ရှုမြင်ခြင်းကို ဖက်တွယ်ထားပါက လျှော့၍ ပြောရလျှင် သင့်အပေါ်သို့ တစ်စုံတစ်ခု ကျရောက်သောအခါ သင်သည် ဘုရားနှုတ်ကပတ်တော်ကို အခြေခံပြီး သမ္မာတရားစည်းမျဉ်းများနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေမည့်အစား မှန်ခြင်း၊ မှားခြင်းနှင့်ပတ်သက်သော အယူအဆအားဖြင့် မရည်ရွယ်ဘဲ အလိုလို ရောထွေးငြိစွန်းကာ လူတို့အား တာဝန်ခံခိုင်းဖို့ ကြိုးစားမည်ဖြစ်ပြီး အမျိုးမျိုးသော ဖြစ်ရပ်များ၏ အကြောင်းရင်းများကိုလည်းကောင်း၊ မတူညီသော အမှုကိစ္စများတွင် ကောင်းကျိုးမပေးသော အကျိုးဆက်များဖြစ်စေသည့် အချက်အလက်များကိုလည်းကောင်း ပိုင်းခြားစိစစ်လိမ့်မည်ဖြစ်ကာ ထိုသို့သော အရာများကို လုပ်ဆောင်လိမ့်မည်ဖြစ်သည်။ “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် ဆိုရိုးစကားကို သင်ယုံကြည်လေလေ၊ မယုံကြည်သူများ၏ အမြင်များက သင့်အပေါ် ကြီးစိုးလေလေဖြစ်မည်။ သင် တွေ့ကြုံရသည့် အရာရာတိုင်း၏ နောက်ဆုံးရလဒ်များသည် သမ္မာတရားနှင့် ပို၍ ဆန့်ကျင်လာလိမ့်မည်။ ပြီးလျှင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းက အယူဝါဒတစ်ခု၊ သို့မဟုတ် ဆောင်ပုဒ်တစ်ခုသာ ဖြစ်လိမ့်မည်။ ဤအခြေအနေတွင် သင်သည် လုံးဝ မယုံကြည်သူတစ်ယောက်အဖြစ် ပြောင်းလဲသွားလိမ့်မည်။ တစ်နည်းအားဖြင့် “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် အဆိုအမိန့်ကို သင်ယုံကြည်လေလေ၊ သင်သည် မယုံကြည်သူတစ်ယောက် ဖြစ်သည်ဆိုသည်ကို သက်သေပြလေလေ ဖြစ်လိမ့်မည်။ သင်၏ စိတ်နှလုံး၌ ဘုရားသခင်မရှိလျှင်၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော် မရှိလျှင်၊ သင်သည် ဘုရားနှုတ်ကပတ်တော်၊ သမ္မာတရား၊ သို့မဟုတ် အပြုသဘောဆောင်သောအရာများကို တစ်ခုမျှ လုံးဝ အသိအမှတ်မပြုလျှင်၊ သို့မဟုတ် လက်မခံလျှင်၊ ယင်းတို့သည် သင်၏ စိတ်နှလုံးတွင် လုံးဝ နေရာမရှိလျှင် သင်၏ ဝိညာဉ်အတွင်းပိုင်းကို စာတန်က လုံးဝ နေရာယူပြီးဖြစ်သည်။ ဆင့်ကဲဖြစ်စဉ်နှင့် ရုပ်ဝါဒ၏ အတွေးများ၊ အယူအဆများဖြင့် ပြည့်နေပြီဖြစ်သည်။ ဤအရာအားလုံးမှာ နတ်ဆိုးများနှင့် စာတန်တို့၏ နတ်ဆိုးဆန်သော စကားများဖြစ်၏။ သင်သည် သင့်မျက်စိဖြင့် မြင်ရသော အချက်အလက်အားလုံးကို ယုံကြည်သော်လည်း စကြဝဠာတွင်ရှိသော အရာရာတိုင်းအား အုပ်စိုးသူ၊ မည်သူကမျှ မမြင်နိုင်သောသူ အမှန်တကယ် တည်ရှိသည်ကိုမူ သင်မယုံကြည်ပေ။ သင်သည် “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် ရှုထောင့်မှနေ၍ အရာရာတိုင်းကို ရှုမြင်လျှင် သင်သည် စာတန်နှင့် ရုပ်ဝါဒီများဖြင့် လုံးဝ မကွာခြားပေ။ “ကမ္ဘာလောကရှိ အရာရာတိုင်းကို ဘုရားသခင်က အုပ်စိုးပြီး စီမံသည်” ဆိုသည့် ရှုထောင့်မှနေ၍ အရာရာတိုင်းကို သင် ရှုမြင်လျှင် သင်သည် အချို့သောအရာများကို ရှင်းလင်းစွာ မြင်နိုင်မည်မဟုတ်သော်လည်း သင့်အနီးတွင် ဖြစ်ပျက်နေသော သင်မြင်သည့် အသေးစိတ် ဖြစ်ရပ်များအတွက် အဖြေများကို ရှာဖွေနိုင်မည်။ အမှုကိစ္စ၏ အရင်းအမြစ်ကို ရှာဖွေနိုင်မည်။ ပြဿနာ၏ အနှစ်သာရနှင့် အမှန်တရားကို ဘုရားနှုတ်ကပတ်တော်အတွင်းတွင် ရှာဖွေနိုင်မည်။ မည်သူက မှန်သည်၊ မည်သူက မှားသည်ဆိုသည်ကို သင်စုံစမ်းမေးမြန်းမည်မဟုတ်ပေ။ တစ်စုံတစ်ယောက်အား တာဝန်ခံခိုင်းရန်အတွက်သာ ကြိုးစားမည်မဟုတ်ပေ။ ထိုအစား သင်သည် အမှုကိစ္စကို ဘုရားနှုတ်ကပတ်တော်ဖြင့် ယှဉ်ကြည့်နိုင်လိမ့်မည်။ ပြဿနာ၏ အရင်းအမြစ်ကို ရှာဖွေနိုင်မည်။ ပြဿနာ၏ အဓိကအချက်ကို ခွဲခြားဖော်ထုတ်နိုင်မည်။ ပြီးလျှင် လူတို့သည် မည်သည့်နေရာတွင် ပျက်ကွက်ခဲ့သည်ကိုလည်းကောင်း၊ မည်သည့်နေရာတွင် အားနည်းသည်ကိုလည်းကောင်း၊ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့ ဖွင့်ပြခဲ့သည်ကိုလည်းကောင်း၊ ၎င်းတို့သည် မည်သို့ ပုန်ကန်သည်ကိုလည်းကောင်း၊ ၎င်းတို့သည် အမှုကိစ္စတစ်ခုလုံးတွင် မည်သည့်ကဏ္ဍများ၌ ဘုရားသခင်နှင့် သဟဇာတ မဖြစ်သည်ကိုလည်းကောင်း သင် စူးစမ်းရှာဖွေလိမ့်မည်။ သင်သည် ဤအရာများကို လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် ပန်းတိုင်များက မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ လူတို့၌ မည်သည့်အရာကို သူ ရရှိလိုသည်ကိုလည်းကောင်း၊ မည်သည့်ရလဒ်မျိုးကို သူ ရယူလိုသည်ကိုလည်းကောင်း၊ ဘုရားသခင်သည် လူတို့အား မည်သည့် အကျိုးအမြတ်များအား ရရှိစေလိုသည်ကိုလည်းကောင်း၊ လူတို့ လိုက်နာသင့်သည့် စည်းမျဉ်းများကိုလည်းကောင်း ရှာဖွေနိုင်လိမ့်မည်။ သင်သည် ဤရှုထောင့်များမှနေ၍ အသေးစိတ် ဖြစ်ရပ်တစ်ခုကို ပိုင်းခြားသိမြင်ပြီး ကြည့်ရှုသောအခါတွင် သင်၏ အတွင်းပိုင်း စိတ်အခြေအနေသည် ပြောင်းလဲလိမ့်မည်။ အမှုအရာများအပေါ် သင်၏ အမြင်ရှုထောင့်သည် သင်ကိုယ်တိုင် သတိမထားမိဘဲ ဘုရားနှုတ်ကပတ်တော်များက လမ်းပြခြင်း၊ ညွှန်ကြားခြင်းကို ခံရမည်။ သင်သည် ဘုရားနှုတ်ကပတ်တော်တွင်ရှိသော ဉာဏ်အလင်းဖွင့်ပြမှုနှင့် ဦးတည်ချက်တို့အပြင် သင့်အပေါ်သို့ ဤသို့သော ကိစ္စများ ကျရောက်သောအခါ၌ သင်လိုက်နာပြီး လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားစည်းမျဉ်းများကိုပါ သတိမထားမိဘဲ သင်ရရှိလိမ့်မည်။ ဤသမ္မာတရား စည်းမျဉ်းများအတွင်းသို့ သင် အမှန်တကယ် ဝင်ရောက်သောအခါ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်း၊ အားကိုးခြင်းရှိလိမ့်မည်။ သင်သည် ရိုးသားစစ်မှန်စွာ ဆုတောင်းပြီး အသနားခံလိမ့်မည်။ သင့်တွင် စစ်မှန်သော ကျိုးနွံနာခံခြင်း ရှိမည်ဖြစ်ပြီး သမ္မာတရားစည်းမျဉ်းနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။ ဤအရာ၏ အဆုံးစွန်ရလဒ်မှာ အဘယ်သို့ ဖြစ်မည်နည်း။ ဖြစ်ရပ်တစ်လျှောက်လုံးတွင် သင်သည် အမှုကိစ္စ၏ အမှန်တရားကို ရှင်းလင်းစွာ မြင်လိမ့်မည်။ သင်ခန်းစာများ သင်ယူရလိမ့်မည်။ သင့်အပေါ်သို့ ကျရောက်သောအရာရာတိုင်းကို မှန်ကန်စွာ နားလည်နိုင်မည်။ ယင်းတို့သည် ဘုရားသခင်၏ အစီအစဉ်များမှ လာသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ စေတနာ ပါဝင်သည်ကိုလည်းကောင်း သင် မြင်နိုင်လိမ့်မည်။ ဤသို့ဖြင့် လူတို့ မကြာခဏပြောသကဲ့သို့ပင် “အဆိုးထဲမှ အကောင်းကို” ရရှိလိမ့်မည်။ သင်သည် လူတို့က ရှုတ်ချသော၊ ရွံမုန်းသော၊ မုန်းတီးသော ဖြစ်ရပ်တိုင်းကို အပြုသဘောဆောင်သောအရာတစ်ခုအဖြစ် အလိုအလျောက် မှတ်ယူနိုင်လိမ့်မည်။ ဘုရားသခင်က အုပ်စိုးပြီး စီစဉ်သည်ကို၊ ဘုရားသခင်ထံမှ ခံယူသင့်သည်ကို သင်အသိအမှတ်ပြုနိုင်လိမ့်မည်။ ဘုရားသခင်၏ အပင်ပန်းခံ အားစိုက်မှု၊ သူ၏ ရည်ရွယ်ချက်များနှင့် မျှော်လင့်ချက်များပါဝင်သော အရာတစ်ခုအဖြစ် သင် မြင်လိမ့်မည်။ ဤအရာကို ကြုံတွေ့သည့် ဖြစ်စဉ်တွင် ကိစ္စတစ်ခုလုံးကို စီစဉ်ညွှန်ကြားရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်များက အဘယ်သို့ ရှိသည်ကို သင်ကိုယ်တိုင် သတိမထားမိဘဲ နားလည်လာလိမ့်မည်။ သင်ကိုယ်တိုင် သတိမထားမိဘဲ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည် သဘောပေါက်လိမ့်မည်။ ဤသို့ ဖြစ်သည်နှင့် သင်သည် ဤအရာအတွင်းရှိ သမ္မာတရားများကို အမှတ်တမဲ့ နားလည်လာလိမ့်မည်။ ပြီးလျှင် သင်သည် ဖြစ်ရပ်တစ်ခုလုံးတွင် ပါဝင်သော လူများ၊ အမှုအရာများအားလုံးကို ပိုင်းခြားသိမြင်နိုင်လိမ့်မည်။ သင်သည် ဖြစ်ရပ်တစ်လျှောက်လုံးတွင် “ကမ္ဘာလောကရှိ အရာရာတိုင်းကို ဘုရားသခင်က အုပ်စိုးပြီး စီမံသည်” ဆိုသည့် အမြင်ရှုထောင့်မှနေ၍ ပြဿနာကို ရှုမြင်လျှင် သင်သည် ယင်းမှနေ၍ များစွာ ရရှိလိမ့်မည်။ သမ္မာတရားကို သင်ရရှိလိမ့်မည်။ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်မှုကို ရရှိလိမ့်မည်။ အရာအားလုံးအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို နားလည်လိမ့်မည်။ ဤအမှုကိစ္စတွင်ရှိသော ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သူ၏ အပင်ပန်းခံသော အတွေးများကို သင်နားလည်လိမ့်မည်။ ယခင်က သင်၏ အသိစိတ်ထဲတွင်သာ တည်ရှိနေသော “ဘုရားသခင်သည် နေရာတိုင်းတွင်ရှိသည်” ဆိုသည့် စကားအပေါ် နားလည်မှုနှင့် အတွေ့အကြုံကိုလည်း ရရှိမည်မှာ ပြောစရာမလိုပေ။ သင်သည် ဖြစ်ရပ်တစ်လျှောက်လုံးတွင် “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် ရှုထောင့်မှနေ၍ ပြဿနာကို ကြည့်လျှင် သင်သည် ညည်းညူလိမ့်မည်။ ဘုရားသခင်အား လျစ်လျူရှုမည်။ ဘုရားသခင်သည် အလွန်ဝေးကွာပြီး မရေမရာဖြစ်သည်ဟု ခံစားရမည်။ “ဘုရားသခင်” ဆိုသည့် စကားလုံး၊ ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ၊ ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်နှင့် ပတ်သက်သော အရာရာတိုင်းသည် အလွန်ဝေးကွာပြီး အနှစ်မဲ့လိမ့်မည်။ ဖြစ်ရပ်တစ်ခုလုံး၏ ဖြစ်ပေါ်ခြင်း၊ ကြီးထွားခြင်း၊ ရလဒ်တို့အားလုံးသည် လူသား၏ ခြယ်လှယ်မှုများအပေါ်တွင် မူတည်သည်၊ လူသားနှင့်ပတ်သက်သည့် အကြောင်းရင်းများ စိမ့်ဝင်ပျံ့နှံ့နေသည်ဟု သင် ယုံကြည်လိမ့်မည်။ ထို့ကြောင့် သင်သည် ဤအမှုကိစ္စများကို အဆက်မပြတ် တွေးတောပြီး “ဤအဆင့်တွင် မည်သူက အမှားပြုလုပ်သနည်း။ ထိုအဆင့်တွင် ဆုံးရှုံးမှုတစ်ခု ဖြစ်ပေါ်ရန် မည်သူက ပေါ့ဆစွာ ဖြစ်စေခဲ့သနည်း။ မည်သူက ဤအဆင့်ကို ကြားဖြတ်နှောင့်ယှက်ပြီး ပျက်စီးစေခဲ့သနည်း။ ထိုသူသည် သေချာပေါက် ပြန်ပေးဆပ်ရရန်အတွက် ငါလုပ်ဆောင်မည်” ဟူ၍ စဉ်းစားလိမ့်မည်။ သင်သည် လူပုဂ္ဂိုလ်များနှင့် အမှုအရာများအပေါ် စိတ်စွဲနေပြီး မှန်ခြင်း၊ မှားခြင်းနယ်ပယ်တွင် စဉ်ဆက်မပြတ် အသက်ရှင်နေလိမ့်မည်။ ထိုစဉ်တွင် ဘုရားနှုတ်ကပတ်တော်၊ သမ္မာတရား၊ တာဝန်ရှိသောအရာများ၊ တာဝန်များနှင့် ဖန်ဆင်းခံများ ဖြည့်ဆည်းသင့်သည့် ဝတ္တရားများ၊ သင် ထိန်းသိမ်းသင့်သည့် အမြင်များ၊ ရပ်တည်ချက်များကို လုံးဝ လျစ်လျူရှုထားလိမ့်မည်။ ဘုရားသခင်သည် သင်၏ စိတ်နှလုံးထဲတွင် လုံးဝ နေရာရှိမည်မဟုတ်တော့ပေ။ ဖြစ်ရပ်၏ ဖြစ်စဉ်တစ်လျှောက်လုံးတွင် သင်နှင့် ဘုရားသခင်ကြား၌ ဆက်ဆံရေး ရှိမည်မဟုတ်သကဲ့သို့ သင်နှင့် ဘုရားနှုတ်ကပတ်တော်ကြားတွင်လည်း အဆက်အစပ်ရှိမည်မဟုတ်ပေ။ ဆိုလိုသည်မှာ သင်သည် အခြေအနေတစ်ခုနှင့် ရင်ဆိုင်ရသောအခါ လူများ၊ အမှုအရာများအပေါ်သာ စိတ်စွဲနေလိမ့်မည်။ သင်သည် သမ္မာတရားနှင့် ကိုက်ညီသည့် စကားတစ်လုံးမျှ ထုတ်ပြောနိုင်မည်မဟုတ်ပေ၊ သို့မဟုတ် အမှုကိစ္စကို ယှဉ်ကြည့်ရန်အတွက် ဘုရားသခင်ဆီမှလာသော သမ္မာတရား၏ အဆိုအမိန့်တစ်ခုကို ထုတ်ပြောနိုင်မည်မဟုတ်။ အခြေအနေကို ပိုင်းခြားစိစစ်ရန် အခြေပြုချက်အဖြစ် ယင်းကို သင်အသုံးပြုနိုင်မည်မဟုတ်ပေ။ အခြေအနေမှနေ၍ သင်ခန်းစာများ ရမည်မဟုတ်သကဲ့သို့ ပိုင်းခြားသိမြင်မှုကိုလည်း ရမည်မဟုတ်ပေ။ သင်၏ ယုံကြည်ခြင်းသည် ပို၍ ခိုင်မာမည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်အား သိလာမည်မဟုတ်ပေ။ ဤမည်သည့်အရာကိုမျှ သင်လုပ်ဆောင်မည်မဟုတ်ပေ။ ဖြစ်ရပ်တစ်လျှောက်လုံးတွင် သင်သည် “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် လူသိများသော ဆိုရိုးစကားကို ဖက်တွယ်ထားလိမ့်မည်။ ဤသည်မှာ ပို၍ အတိအကျဆိုရလျှင် မယုံကြည်သူများ၏ အကြောင်းပြချက်နှင့် အမြင်တစ်ခုဖြစ်သည်။ အပြန်အလှန်အားဖြင့် သင်သည် ဖြစ်ရပ်၏ အစမှနေ၍ မည်သူတစ်ဦးတစ်ယောက်က မှန်သည်၊ မှားသည်ကို မစစ်ဆေးဘဲ၊ မည်သူ့ကိုမျှ၊ သို့မဟုတ် မည်သည့်အရာကိုမျှ အလွန်အကျွံ မစိစစ်ဘဲ၊ လူများ၊ အမှုအရာများအပေါ် စိတ်စွဲခြင်းမရှိဘဲ ဖန်ဆင်းခံတစ်ယောက်၏ အမြင်ရှုထောင့်မှနေ၍ လက်ခံနိုင်သည် ဆိုပါစို့။ သင်သည် ဘုရားနှုတ်ကပတ်တော်များ၌ အဖြေများကို တက်ကြွစွာ ရှာဖွေသည်၊ ဘုရားသခင်ထံ ဆုတောင်းပြီး အမှီပြုရန်အတွက် ဘုရားရှေ့သို့ တက်ကြွစွာလာသည်၊ ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် လမ်းပြမှုကို ရှာဖွေကာ ဘုရားသခင်အား အလုပ်လုပ်ပြီး စီစဉ်ညွှန်ကြားခွင့်ပေးသည်ဆိုပါစို့။ သင်၏ သဘောထားသည် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်း၊ ကျိုးနွံနာခံခြင်း၊ သမ္မာတရားအား ဆာငတ်ခြင်း၊ ဘုရားသခင်နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည် ဆိုပါစို့။ ယင်းသည် မယုံကြည်သူတစ်ယောက်၏ အမြင်နှင့် သဘောထားမဟုတ်ဘဲ ဘုရားသခင်၏ စစ်မှန်သော နောက်လိုက်တစ်ဦး ရှိသင့်သည့် အမြင်နှင့် ရပ်တည်ချက်ဖြစ်သည်ဆိုပါစို့။ ဤသို့သော အမြင်နှင့် ရပ်တည်ချက်ရှိလျှင် သင်သည် ယခင်က လုံးဝ မတွေ့ကြုံခဲ့ဖူးသည့်အရာကို သင်ကိုယ်တိုင်မသိဘဲ ရရှိလိမ့်မည်။ ယင်းသည် ယခင်က သင်မပိုင်ဆိုင်ခဲ့သည့် သမ္မာတရား စစ်မှန်မှုများဖြစ်သည်။ အမှန်တကယ်တွင် သမ္မာတရား စစ်မှန်မှုများသည် ဖြစ်ရပ်တစ်ခုလုံးတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာမှတစ်ဆင့် ဘုရားသခင်က သင့်အား ရရှိပြီး ရယူစေလိုသည့် အကျိုးသက်ရောက်မှုများဖြစ်သည်။ ဘုရားသခင်က သူရရှိရန် ရည်ရွယ်ထားသည့်အရာကို ဖြစ်မြောက်လျှင် သူသည် သင့်အပေါ်တွင် သူဆန္ဒရှိသော အကျိုးသက်ရောက်မှုများကို ရရှိပြီးလိမ့်မည်ဖြစ်သောကြောင့် အချည်းနှီးလုပ်ဆောင်ခဲ့ခြင်း ဖြစ်မည်မဟုတ်ပေ။ ဤ အကျိုးသက်ရောက်မှုများမှာ အဘယ်နည်း။ ဘုရားသခင်က သင့်အား အမှန်တကယ်တွင် မည်သို့ ဖြစ်ပျက်နေသည်ကိုလည်းကောင်း၊ မည်သည့်အရာကမျှ ကြုံသလို ဖြစ်ပျက်ခြင်းမဟုတ်၊ လူတို့ကြောင့် ဖြစ်ခြင်းလည်းမဟုတ်ဘဲ ဘုရားသခင်က ချုပ်ကိုင်ခြင်းဖြစ်သည်ကိုလည်းကောင်း မြင်တွေ့စေလိုသည်။ ဘုရားသခင်က သင့်အား သူ၏ စစ်မှန်သော ဖြစ်တည်မှုကို တွေ့ကြုံစေလိုပြီး အရာအားလုံး၏ ကံကြမ္မာအပေါ် သူ၏ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားမှုတို့၏ အမှန်တရားကို နားလည်စေလိုသည်။ ဤသည်မှာ အမှန်တရားဖြစ်ပြီး အနှစ်မရှိသော ဖော်ပြချက်တစ်ခုမဟုတ်ဆိုသည်ကို နားလည်စေလိုသည်။

ဘုရားသခင်သည် အရာရာတိုင်းကို အုပ်စိုးပြီး အရာအားလုံး၏ ကံကြမ္မာအား စီစဉ်ညွှန်ကြားသည်ဆိုသည့်အချက်ကို သင်၏ အတွေ့အကြုံများမှတစ်ဆင့် သင် အမှန်တကယ် သဘောပေါက်လျှင် “သတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဖူးပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့် မြင်ရပါ၏။ ထို့ကြောင့် အကျွန်ုပ်သည် ကိုယ်ကိုရွံရှာပါ၏။ မြေမှုန့်နှင့် မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏။” (ယောဘ ဝတ္ထု ၄၂:၅-၆) ဟူ၍ ယောဘပြောခဲ့သကဲ့သို့သော စကားတစ်ခွန်းကို သင် ပြောဆိုနိုင်လိမ့်မည်။ ဤသည်မှာ ကောင်းသော စကားတစ်ခွန်း ဟုတ်သလော။ (ဟုတ်သည်။) ဤစကားကို ကြားရသည်မှာ အလွန်ကောင်းသည်။ စိတ်ခံစားဖွယ်ရာဖြစ်သည်။ ဤစကား၏ မှန်ကန်မှုကို သင်တို့ တွေ့ကြုံလိုသလော။ ယောဘက ဤစကားများကိုပြောသောအခါတွင် မည်သို့ ခံစားရသည်ကို သင်တို့ နားလည်လိုသလော။ (နားလည်လိုပါသည်။) ဤသည်မှာ သာမန်အလိုဆန္ဒတစ်ခုသာ ဖြစ်သလော၊ သို့မဟုတ် ပြင်းထန်သော ဆန္ဒတစ်ခုဖြစ်သလော။ (ပြင်းထန်သော ဆန္ဒတစ်ခုဖြစ်သည်။) အတိုချုပ်အားဖြင့်ဆိုလျှင် သင်တို့သည် ဤသို့သော စိတ်ခိုင်မာမှုနှင့် လိုအင်ဆန္ဒ အမှန်ပင်ရှိသည်။ ဤသို့ဆိုလျှင် ဤအလိုဆန္ဒကို မည်သို့ ဖြည့်ဆည်းနိုင်သနည်း။ ယခင်က ငါပြောခဲ့သကဲ့သို့ပင် ဖြစ်သည်။ သင်သည် ဖန်ဆင်းခံ၏ အမြင်ရှုထောင့်မှ ရပ်တည်ဖို့လိုသည်။ ဘုရားသခင်သည် အရာအားလုံးကို အုပ်စိုးသူဖြစ်ကြောင်း၊ အရာရာတိုင်းကို သူက ထိန်းချုပ်ပြီး စီစဉ်ညွှန်ကြားကြောင်းကို အသိအမှတ်ပြုသည့် ရှုထောင့်မှတစ်ဆင့် သင့်အပေါ်သို့ ကျရောက်သော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအားလုံးအား ချဉ်းကပ်ဖို့ လိုသည်။ ယင်းထံမှ သင်ခန်းစာများကို သင်ယူရမည်။ ဘုရားသခင်လုပ်ဆောင်သမျှ အရာရာတိုင်း၌ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရမည်။ သင့်၌ ဘုရားသခင်က ရရှိပြီး ဖြစ်မြောက်လိုသည့်အရာကို သိမြင်ရမည်။ ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် မကြာသော တစ်နေ့တွင်၊ အလွန်ဝေးကွာခြင်း မရှိသော နောင်အချိန်ကာလတွင် ယောဘက ထိုစကားများကို ဖွင့်ဟပြောကြားသောအခါ ခံစားခဲ့ရသကဲ့သို့ သင် ခံစားရလိမ့်မည်။ ယောဘက ထိုစကားများကို ပြောသောအခါတွင် သူခံစားရသည့်ပုံစံကို သင်တို့ အမှန်တကယ် တွေ့ကြုံခံစားလိုသည်ဟု သင်တို့ ပြောသည်ကို ငါကြားသောအခါ လူ ၉၉ ရာခိုင်နှုန်းကျော်သည် ယခင်က ဤသို့သော ခံစားချက်မျိုးကို လုံးဝ မတွေ့ကြုံခဲ့ဖူးသည်ကို ငါသိသည်။ အဘယ်ကြောင့်နည်း။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ယောဘကဲ့သို့ ဖန်ဆင်းခံတစ်ယောက်၏ အမြင်ရှုထောင့်မှ လုံးဝ ရပ်တည်ခြင်းမရှိခဲ့ဘဲ ဖန်ဆင်းရှင်သည် အရာအားလုံးကို အုပ်စိုးပြီး အရာရာတိုင်းကို အုပ်ချုပ်သည်ဆိုသည့် အချက်ကို မတွေ့ကြုံခဲ့ရသောကြောင့်ဖြစ်သည်။ ဤအရာအားလုံးသည် လူသား၏ မသိနားမလည်မှု၊ မိုက်မဲမှု၊ ပုန်ကန်မှု၊ ထို့အပြင် စာတန်ကြောင့်ဖြစ်သော အထင်အမြင်မှားစေခြင်းနှင့် ဖောက်ပြန်ပျက်စီးမှုတို့ကြောင့်ဖြစ်သည်။ ဤအရာကြောင့် လူတို့သည် ၎င်းတို့အပေါ်တွင် ဖြစ်ပျက်သမျှ အရာရာတိုင်းကို တမင်တကာမဟုတ်ဘဲ မယုံကြည်သူတစ်ယောက်၏ ရှုထောင့်မှနေ၍ အကဲဖြတ်ပြီး ချဉ်းကပ်ခြင်းတို့ ဖြစ်စေကာ ဘာသာတရားမရှိသူများက အသုံးပြုလေ့ရှိသည့် နည်းလမ်းနှင့် သဘောတရားဆိုင်ရာ အခြေပြုချက်အချို့ကို အသုံးပြုလျက် ၎င်းတို့အနီးတွင် ဖြစ်ပျက်သောအရာရာတိုင်းကို ခွဲခြားဖော်ထုတ်ပြီး ချဉ်းကပ်သည်အထိပင် ဖြစ်စေသည်။ အဆုံး၌ ၎င်းတို့၏ ကောက်ချက်ချမှုမှာ သမ္မာတရားနှင့် လုံးဝ မသက်ဆိုင်ပေ။ အချို့မှာ သမ္မာတရားနှင့်ပင် ဆန့်ကျင်သည်။ ဤသည်မှာ လူတို့အား ရေရှည်တွင် ဖန်ဆင်းရှင်က အရာအားလုံးကို အုပ်စိုးပြီး ထိန်းချုပ်သည့် အချက်နှင့် ယောဘက ထိုစကားများကို ဖွင့်ဟပြောဆိုသောအခါ၌ သူဖြစ်ခဲ့သော ခံစားချက်တို့အား တွေကြုံခြင်းမရှိစေရန် တားဆီးသည်။ သင်သည် ယောဘနှင့် ဆင်တူသော စမ်းသပ်မှုများကို ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ဖြတ်သန်းပြီးဖြစ်လျှင်လည်းကောင်း၊ ဘုရားသခင်၏ လက်က အလုပ်လုပ်ခြင်းနှင့် ထိုအရာများတစ်လျှောက် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ပတ်သက်သော အမှန်တရားကို သင်ခံစားပြီးဖြစ်လျှင်လည်းကောင်း၊ ဤအမှုကိစ္စများအား အုပ်စိုးပြီး စီစဉ်ညွှန်ကြားရာတွင် ဘုရားသခင်၏ အသေးစိတ် ရည်ရွယ်ချက်များ၊ ထို့အပြင် လူတို့လိုက်လျှောက်သင့်သည့်နည်းလမ်းတို့ကိုလည်း သင်သိမြင်လျှင်လည်းကောင်း အဆုံး၌ သင်သည် ဖြစ်ရပ်များတစ်လျှောက်လုံး၌ သင့်တွင် ဘုရားသခင် ရရှိလိုသော အပြုသဘောဆောင်သည့် သက်ရောက်မှုများ၊ သင့်အတွက် ဘုရားသခင်၏ ကောင်းသော ရည်ရွယ်ချက်နှင့် မျှော်လင့်ချက်များအပြင် အခြားသောအရာများကို သင် တွေ့ကြုံခံစားနိုင်လိမ့်မည်။ ဤအရာအားလုံးကို သင် တွေ့ကြုံလိမ့်မည်။ ဤအရာအားလုံးကို တွေ့ကြုံသောအခါ၌ ဘုရားသခင်သည် သမ္မာတရားကို ပြောဆိုနိုင်ပြီး သင့်အား အသက်ဖြင့် ပံ့ပိုးပေးနိုင်သည်ဆိုသည်ကိုသာ သင်ယုံကြည်မည်မဟုတ်တော့ဘဲ ဖန်ဆင်းရှင်သည် အမှန်ပင် တည်ရှိသည်ဆိုသည်ကို လက်ဆုပ်လက်ကိုင်ပြနိုင်သည့် နည်းဖြင့် သင်သဘောပေါက်လိမ့်မည်။ ဖန်ဆင်းရှင်သည် အရာအားလုံးကို ဖန်ဆင်းပြီး အုပ်စိုးသည်ဆိုသည့်အချက်ကိုလည်း သင်သဘောပေါက်လိမ့်မည်။ ဤအရာအားလုံးကို သင်တွေ့ကြုံလျက်ရှိစဉ်တွင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းနှင့် ဖန်ဆင်းရှင်အပေါ် သင်၏ ယုံကြည်ခြင်းသည် တိုးပွားလိမ့်မည်။ တစ်ချိန်တည်းတွင် သင်သည် ဖန်ဆင်းရှင်နှင့် စစ်မှန်သော နည်းဖြင့် ဆက်ဆံခဲ့သည်ဆိုသည့်အချက်ကို ဤအရာက သင့်အား သဘောပေါက်စေမည်။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှု၊ ဘုရားသခင်အပေါ် သင်၏ ယုံကြည်စိတ်ချမှု၊ ဘုရားသခင်နောက်သို့ သင်လိုက်လျှောက်သည့်ပုံစံနှင့် ဘုရားသခင်သည် အရာရာတိုင်းကို အုပ်စိုးပြီး နေရာတိုင်းတွင်ရှိသည်ဆိုသည့်အချက်တို့ကိုပါ အသေအချာ အပြည့်အဝ အတည်ပြုလိမ့်မည်။ ဤအတည်ပြုချက်နှင့် သဘောပေါက်မှုကို ရရှိသောအခါတွင် သင်တို့၏ စိတ်နှလုံးသည် ဝမ်းမြောက်ခြင်း၊ ပျော်ရွှင်ခြင်းနှင့် ပြည့်နေမည်ဟု ထင်သလော၊ သို့မဟုတ် နာကျင်ခြင်း၊ ဝမ်းနည်းခြင်းနှင့် ပြည့်နေမည်ဟု ထင်သလော။ (ဝမ်းမြောက်ခြင်း၊ ပျော်ရွှင်ခြင်းနှင့် ပြည့်မည်။) အသေအချာပင် ဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်ခြင်းဖြစ်မည်။ သင်သည် ယခင်က နာကျင်မှုနှင့် ဝမ်းနည်းမှုကို မည်မျှ တွေ့ကြုံရပါစေ မီးခိုးငွေ့ကဲ့သို့ ကွယ်ပျောက်သွားလိမ့်မည်။ သင်၏ စိတ်နှလုံးက ဝမ်းမြောက်ခြင်းဖြင့် လှုပ်ခါနေလိမ့်မည်။ သင်သည် ပျော်ရွှင်မြူးထူးပြီး ပျော်ရွှင်မှုဖြင့် ခုန်ပေါက်နေလိမ့်မည်။ အရာအားလုံးအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်သက်ဆိုင်သော အမှန်တရားက သင့်၌ အမှန်တကယ် အတည်ပြုပြီး ကြုံတွေ့ပြီးဖြစ်သည်ကို သင်တွေ့မြင်သောအခါတွင် ဤသည်မှာ အမှန်တကယ်ပင် ဘုရားသခင်နှင့် တေ့တေ့ဆိုင်ဆိုင် တွေ့ဆုံခြင်း၊ ကြုံတွေ့ခြင်း၊ ဆက်ဆံခြင်းနှင့် ညီမျှသည်။ ထိုအချိန်တွင် သင်သည် ယောဘခံစားခဲ့ရသကဲ့သို့ ခံစားရမည်။ ထိုအချိန်တွင် ယောဘက မည်သို့ ပြောခဲ့သနည်း။ (“သတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဖူးပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့် မြင်ရပါ၏။ ထို့ကြောင့် အကျွန်ုပ်သည် ကိုယ်ကိုရွံရှာပါ၏။ မြေမှုန့်နှင့် မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏။”) ယောဘသည် ယခင်က သူ၏ မုန်းတီးမှုကို ဖော်ပြရန်အတွက် အပြင်ပန်းတွင် သူ့ကိုယ်သူရွံရှာပြီး နောင်တရသည့် အပြုအမူနှင့် လုပ်ရပ်များကို အသုံးပြုခဲ့သော်လည်း အမှန်တကယ်တွင် သူ၏ စိတ်နှလုံးအတွင်း၌ ဝမ်းမြောက်ပျော်ရွှင်ခဲ့သည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သူသည် ဖန်ဆင်းရှင်၏ မျက်နှာကို မမျှော်လင့်ဘဲ မြင်တွေ့ခဲ့သောကြောင့်၊ တေ့တေ့ဆိုင်ဆိုင် တွေ့ခဲ့ရသောကြောင့်၊ ဖြစ်ရပ်တစ်ခုတွင်၊ မထူးခြားသော၊ အမှုမဲ့အမှတ်မဲ့ဖြစ်သော ဖြစ်ရပ်တစ်ခုတွင် ဘုရားသခင်နှင့် ကြုံတွေ့ခဲ့သောကြောင့်ဖြစ်သည်။ ပြောလော့။ မည်သည့် ဖန်ဆင်းခံက၊ ဘုရားသခင်၏ မည်သည့်နောက်လိုက်က ဘုရားသခင်အား မြင်ရန် မတောင့်တသနည်း။ ဤသို့သော အခြေအနေဖြစ်သောအခါ၊ ဤသို့သောအရာ ဖြစ်ပျက်သောအခါ မည်သူက မပျော်ရွှင်ဘဲ နေမည်နည်း။ မည်သူက စိတ်မလှုပ်ရှားမည်နည်း။ မည်သူမဆို စိတ်လှုပ်ရှားလိမ့်မည်။ စိတ်လှုပ်ရှားပြီး ဝမ်းမြောက်လိမ့်မည်။ ၎င်းတို့ အသက်ရှင်သရွေ့ လုံးဝ မေ့မည်မဟုတ်သည့်အရာတစ်ခု ဖြစ်လိမ့်မည်။ သတိရဖို့ ထိုက်တန်သည့် အရာတစ်ခုဖြစ်သည်။ စဉ်းစားကြည့်လော့။ ဤအရာတွင် အကျိုးအမြတ်များစွာ မရှိသလော။ နောင်ကာလတွင် သင်တို့သည် ဤခံစားချက်ကို အမှန်တကယ် တွေ့ကြုံမည်၊ ဤအတွေ့အကြုံမျိုးကို ပိုင်ဆိုင်မည်၊ ဤသို့သော ကြုံတွေ့မှုမျိုးရှိလိမ့်မည်ဟု ငါမျှော်လင့်သည်။ လူတစ်ယောက်သည် ဘုရားသခင်၏ မျက်နှာကို အမှန်တကယ် မြင်ပြီး ယောဘက ယေဟောဝါဘုရားသခင်ကို ကြုံတွေ့သောအခါ၌ သူခံစားရသည့် ခံစားချက်မျိုးကို စစ်မှန်စွာ တွေ့ကြုံခံစားနိုင်သောအခါ ယင်းသည် ဘုရားသခင်အပေါ် သူ၏ ယုံကြည်မှုတွင် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာသည်။ ယင်းသည် အလွန်ပင် အံ့ချီးဖွယ်ရာတစ်ခုဖြစ်သည်။ လူတိုင်းက ဤသို့သော ရလဒ်နှင့် ဤသို့သော အခြေအနေကို စောင့်မျှော်ကြသည်။ လူတိုင်းက ယင်းကို တွေ့ကြုံပြီး ထိုကဲ့သို့သော တွေ့ကြုံမှုရှိဖို့ မျှော်လင့်ကြသည်။ သင့်တွင် ဤသို့သော မျှော်လင့်ချက်များရှိသောကြောင့် သင့်အနီးတွင် ဖြစ်ပျက်နေသော အရာရာတိုင်းကို တွေ့ကြုံခံစားစဉ်တွင် သင့်၌ မှန်ကန်သော အမြင်ရှုထောင့်နှင့် ရပ်တည်ချက်ရှိသင့်ပြီး ဘုရားသခင်က သွန်သင်ညွှန်ကြားသည့် ပုံစံအတိုင်း အရာရာကို တွေ့ကြုံပြီး နားလည်သဘောပေါက်သင့်သည်။ အရာရာတိုင်းကို ဘုရားသခင်ထံမှ ခံယူရန်၊ သမ္မာတရားအား သင်၏ စံသတ်မှတ်ချက်အဖြစ်ထားရှိပြီး ဘုရားနှုတ်ကပတ်တော်နှင့်အညီ အရာရာတိုင်းကို ရှုမြင်ရန် သင်ယူသင့်သည်။ ဤသို့ဖြင့် သင်၏ ယုံကြည်ခြင်းသည် သင်ကိုယ်တိုင် သတိမထားမိဘဲ ပိုပို၍ ကြီးထွားလာလိမ့်မည်။ ဘုရားသခင်က အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိပြီး အရာရာတိုင်းကို အုပ်စိုးသည်ဆိုသည့်အချက်သည် တဖြည်းဖြည်းချင်းဖြင့် သင်၏ စိတ်နှလုံးတွင် ခိုင်မာစေပြီး မှန်ကန်ကြောင်း အတည်ပြုလိမ့်မည်။ ဤအရာအားလုံးသည် သင့်၌ အတည်ပြုသောအခါ သင်သည် သင်၏ ဝိညာဉ်ရင့်ကျက်မှု မကြီးထွားလာမည်ကို စိုးရိမ်ဦးမည်လော။ (မစိုးရိမ်ပါ။) သို့သော် ယခုတွင် သင်တို့အနေဖြင့် အနည်းငယ် စိုးရိမ်သည်မှာ သဘာဝကျသည်။ သင်တို့သည် ဝိညာဉ်ရင့်ကျက်မှုတွင် အလွန်သေးငယ်ပြီး သင်တို့ ထိုးထွင်းမမြင်နိုင်သည့်အရာ များစွာရှိသောကြောင့် သင်တို့အနေဖြင့် မစိုးရိမ်ရန် မဖြစ်နိုင်ပေ။ ဤသည်မှာ သင်တို့ မရှောင်ကြဉ်နိုင်သည့်အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတို့အတွင်းရှိ အသိပညာ၊ လူများ၊ စာတန်၊ လူ့အဖွဲ့အစည်း စသည်တို့ထံမှ လာသော အရာများစွာ ရှိသောကြောင့်ဖြစ်သည်။ ဤအရာများအားလုံးသည် ဘုရားသခင်အား လူတို့ ချဉ်းကပ်သည့် အမြင်များနှင့် အမျိုးမျိုးသော အရာများအား တွေ့ကြုံသောအခါ၌ ၎င်းတို့ ခံယူသင့်သော ရှုထောင့်နှင့် ရပ်တည်ချက်တို့အပေါ် အလွန်အမင်း လွှမ်းမိုးသည်။ ထို့ကြောင့် သင်တို့အပေါ်သို့ အမှုအရာများကျရောက်သောအခါ မှန်ကန်သော ရပ်တည်ချက်နှင့် အမြင်ရှုထောင့်ကို ခံယူနိုင်ခြင်းသည် လွယ်ကူသော အလုပ်တစ်ခုမဟုတ်ပေ။ သင့်အနေဖြင့် အပြုသဘောဆောင်သော အရာများကိုသာမကဘဲ အပျက်သဘောဆောင်သောအရာများကိုပါ တွေ့ကြုံရန် လိုအပ်သည်။ ဤအပျက်သဘောဆောင်သောအရာများ၏ အနှစ်သာရကို ပိုင်းခြားသိမြင်ခြင်း၊ နားလည်ခြင်းအားဖြင့် သင်သည် သင်ခန်းစာများကို ပို၍ သင်ယူရရှိပြီး ဘုရားသခင်၏ လုပ်ဆောင်မှုများ၊ သူ၏ အတိုင်းအဆမရှိ တန်ခိုးရှိခြင်းနှင့် အရာအားလုံးကို အုပ်စိုးရာတွင်ရှိသော ဉာဏ်ပညာတို့ကို နားလည်လာလိမ့်မည်။

ယခုတွင် သင်တို့သည် “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် အဆိုအမိန့်သည် မမှန်ကန်ကြောင်းကို အပြည့်အဝ နားလည်သလော။ (နားလည်သည်။) ဤအဆိုအမိန့်နှင့်ပတ်သက်ပြီး မှန်ကန်သော ရှုထောင့်တစ်ခုခုရှိသလော။ ကျိုးကြောင်းညီညွတ်သော အရိပ်လက္ခဏာတစ်ခုခုရှိသလော။ (မရှိပါ။) လုံးဝ မရှိသလော။ (မရှိပါ။) လုံးဝ မရှိဟု နားလည်သည်မှာ မှန်ကန်သည်။ ဤသည်မှာ သဘောတရားဆိုင်ရာ နားလည်မှုဖြစ်သည်။ ဤသို့ဆိုလျှင် လက်တွေ့ဘဝတွင်၊ ကြည့်ရှုလေ့လာခြင်းနှင့် အတွေ့အကြုံမှတစ်ဆင့် “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် အဆိုအမိန့်သည် မှားယွင်းကာ အဓိပ္ပာယ်မရှိဘဲ မယုံကြည်သူများ၏ အမြင်ဖြစ်သည်ဆိုသည်ကို သင် ရှာဖွေတွေ့ရှိလိမ့်မည်။ ဤအချက်ကို သင်ရှာဖွေတွေ့ရှိပြီး ဤအဆိုအမိန့်ရှိ အမှားကို ဖော်ပြဖို့ အချက်အလက်များကို အသုံးပြုနိုင်သည့်အခါတွင်၊ သင်သည် ယင်းကို အပြည့်အဝ စွန့်လွှတ်ပြီး ပယ်ရှားလိမ့်မည်။ ယင်းကို အသုံးပြုတော့မည်မဟုတ်ပေ။ သင်သည် ဤအဆင့်သို့ မရောက်သေးပေ။ ငါ ပြောခဲ့သည့်အရာကို သင်လက်ခံခဲ့သော်လည်း နောက်ပိုင်းတွင် သင်သည် အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ “ထိုအချိန်က ‘အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်’ ဆိုသည့် အဆိုအမိန့်နှင့် ပတ်သက်ပြီး မှန်ကန်သည့်အရာ လုံးဝမရှိဟု ငါထင်ခဲ့သည်။ ဤသို့ဆိုလျှင် ယင်းသည် အနည်းငယ်မှန်ကန်သည်ဟု ငါအဘယ်ကြောင့် ထင်သနည်း” ဟူ၍ ချင့်ချိန်တွေးတောလိမ့်မည်။ သင်သည် စိတ်အတွင်းတွင် အခက်တွေ့လာပြီး ဆန့်ကျင်ကွဲလွဲမှုများကို နောက်တစ်ဖန် တွေ့ကြုံရသည်။ ဤသို့ဆိုလျှင် မည်သို့ လုပ်ဆောင်သင့်သနည်း။ ရှေးဦးစွာ သင်၏ အမြင်ကို ပြောင်းလဲဖို့ လိုသည်။ ဤအဆိုအမိန့်ကို ကိုင်စွဲထားခြင်းမှ အရင်းခံဖြစ်ပေါ်သော အတွေးအမြင်များကို စွန့်လွှတ်လော့။ ဤအဆိုအမိန့်မှ ဖြစ်ပေါ်သော လုပ်ဆောင်မှုများအားလုံးကို စွန့်လွှတ်လော့။ လူများ၊ သို့မဟုတ် အမှုအရာများအပေါ် အစွဲအလမ်းမထားနှင့်။ ရှေးဦးစွာ ဘုရားရှေ့သို့လာ၍ ဆုတောင်းလော့။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်အတွင်း၌ အခြေပြုချက်နှင့် စည်းမျဉ်းများကို ရှာဖွေလော့။ ရှာဖွေသည့် လုပ်ငန်းစဉ်တွင် သင်သည် သင်ကိုယ်တိုင်သတိမထားမိဘဲ ဉာဏ်အလင်းဖွင့်ပြမှုကို ရပြီး သမ္မာတရားကို နားလည်လာလိမ့်မည်။ စည်းမျဉ်းများကို သင့်ဘာသာ ရှာဖွေခြင်းသည် သင့်အတွက် ခက်ခဲနိုင်သည်။ ထို့ကြောင့် ဤအမှုကိစ္စတွင် ပါဝင်သောသူတိုင်းအား ခေါ်ပြီး ဘုရားနှုတ်ကပတ်တော်အတွင်းတွင် အခြေပြုချက်နှင့် သမ္မာတရားစည်းမျဉ်းများကို အတူတကွ ရှာဖွေလော့။ ထို့နောက် ဆုတောင်းသည့်ပုံစံဖြင့် ဖတ်ရှုလော့။ ဆက်စပ်မှုရှိသော ဘုရားနှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့လော့။ ပြီးလျှင် နှိုင်းယှဉ်ကြည့်ပြီး စစ်ဆေးလော့။ ဘုရားနှုတ်ကပတ်တော်နှင့် နှိုင်းယှဉ်ကြည့်ပြီးနောက်တွင် မှန်ကန်သော အမြင်များကို လက်ခံပြီး မှားယွင်းသော အမြင်များကို အလိုအလျောက် စွန့်လွှတ်လိမ့်မည်။ ထိုအချိန်မှစ၍ ဤစည်းမျဉ်းများနှင့်အညီ ပြဿနာများကို ဖြေရှင်းပြီး ကိုင်တွယ်လော့။ ဤနည်းလမ်းက အဘယ်သို့ရှိသနည်း။ (ကောင်းသည်။) သမ္မာတရားအား ရှာဖွေခြင်း လုပ်ငန်းစဉ်တွင် သင်စွန့်ပစ်သင့်သည့်အရာမှာ “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် အမြင်မှ ဖြစ်ပေါ်သော လုပ်ဆောင်မှုများဖြစ်သည်။ ဆက်စပ်မှုရှိသော ဘုရားနှုတ်ကပတ်တော်ကို ရှာဖွေပြီး ဘုရားနှုတ်ကပတ်တော်ကို အခြေခံကာ ပြဿနာများကို ဖြေရှင်းပြီး ကိုင်တွယ်လော့။ ဤနည်းဖြင့် သမ္မာတရားအား ရှာဖွေပြီး ပြဿနာများကို ဖြေရှင်းခြင်းအားဖြင့် သင်၏ မှားယွင်းသော အမြင်များ ပြေလည်သွားလိမ့်မည်။ သင်သည် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရား စည်းမျဉ်းများကို အခြေခံပြီး အမှုအရာများကို ကိုင်တွယ်လျှင် အမှုကိစ္စများကို ကိုင်တွယ်ရာ၌ သင်၏ ဦးတည်ချက်နှင့် နည်းလမ်းသည် လျော်ညီစွာ ပြောင်းလဲလိမ့်မည်။ ရလဒ်အနေဖြင့် အမှုကိစ္စ၏ ရလဒ်သည် ကောင်းသောဦးတည်ချက်သို့ သွားလိမ့်မည်။ သို့ရာတွင် ပြဿနာများကို ဖြေရှင်းပြီး အမှုအရာများကို ကိုင်တွယ်ရန်အတွက် “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် အမြင်ရှုထောင့်ကို အသုံးပြုခြင်းသည် ထိုပြဿနာများကို ဆိုးဝါးသော ဦးတည်ချက်သို့ ပြောင်းလဲသွားစေလိမ့်မည်။ ဥပမာ အသင်းတော်တွင် အန္တိခရစ်များက လူတို့ကို အထင်အမြင်မှားစေသောအခါ လူတို့သည် သမ္မာတရားကို မရှာဘဲ လူများ၊ အမှုအရာများအပေါ်သာ စိတ်စွဲနေပြီး အမှန်၊ အမှားကို ဆွေးနွေးနေလျှင်၊ လူတို့အား တာဝန်ခံခိုင်းလျှင် နောက်ဆုံးရလဒ်သည် လူအနည်းငယ်အား ကိုင်တွယ်ဖြေရှင်းပြီး အမှုကိစ္စက ပြေလည်သွားပြီဟု သတ်မှတ်ခြင်းဖြစ်လိမ့်မည်။ လူအချို့က “ဆိုးဝါးသော ဦးတည်ချက်သို့ ပြောင်းလဲနေသည်ဟု ကိုယ်တော်က ပြောသည်၊ သို့သော် မည်သည့်ဆိုးဝါးသော ရလဒ်များကိုမျှ ကျွန်ုပ် မတွေ့ရ၊ အန္တိခရစ်များကို နှင်ထုတ်ပြီးဖြစ်သောကြောင့် ပြဿနာက မပြေလည်သွားသလော၊ ဤဆိုးဝါးသော ရလဒ်က မည်သည့်နေရာတွင်ရှိသနည်း” ဟူ၍ ဆိုနိုင်သည်။ ဤအတွေ့အကြုံမှတစ်ဆင့် လူတိုင်း သင်ခန်းစာရသလော။ ယင်းမှတစ်ဆင့် သမ္မာတရားကို နားလည်ကြသလော။ အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်သလော။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သလော။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို နားလည်သဘောပေါက်ကြသလော။ ဤအပြုသဘောဆောင်သော သက်ရောက်မှုများ တစ်ခုမျှ မဖြစ်ပေ။ ပြောင်းပြန်ပင်ဖြစ်သည်။ လူတို့သည် ဆိုးယုတ်သော အတွေးအခေါ်များနှင့် ဆက်လက်အသက်ရှင်ပြီး တစ်ယောက်နှင့် တစ်ယောက် မယုံကြည်ဘဲ သတိထားကာကွယ်ကြသည်။ အချင်းချင်းအပေါ် တာဝန်များ လွှဲပြောင်းပေးကြသည်။ အခြေအနေတစ်ခုနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကာကွယ်ပြီး မိမိကိုယ်ကို ထိန်းသိမ်းဖို့ကိုသာ ကြိုးစားကြသည်။ ၎င်းတို့သည် တာဝန်ယူခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းကို ကြောက်ရွံ့သည်။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေရန်မဆိုနှင့်၊ မည်သည့်သင်ခန်းစာကိုမျှပင် မသင်ယူသကဲ့သို့ ဘုရားသခင်ထံမှ မည်သည့်အရာကိုမျှ ခံယူခြင်း မရှိပေ။ လူတို့သည် ဤနည်းဖြင့် ဘဝတွင် ကြီးထွားတိုးတက်နိုင်သလော။ အဆုံးတွင် လူတို့သည် ၎င်းတို့၏ ခေါင်းဆောင်ရှေ့တွင် မည်သည့်အရာကို လုပ်ဆောင်၍ရသည်၊ သို့မဟုတ် မည်သည့်အရာကို လုပ်ဆောင်၍မရ၊ ၎င်းတို့၏ ခေါင်းဆောင် ကျေနပ်စေဖို့ မည်သည့်အရာကို ပြောပြီး လုပ်ဆောင်ရမည်၊ မည်သည့်စကားများနှင့် လုပ်ရပ်များက ၎င်းတို့၏ ခေါင်းဆောင်ကို ၎င်းတို့အား မကျေမနပ်ဖြစ်စေပြီး မနှစ်သက်ဖြစ်စေမည်ကိုသာ သိသည်။ ရလဒ်အနေဖြင့် လူတို့သည် တစ်ယောက်နှင့် တစ်ယောက် သတိထားကာကွယ်ကြသည်။ မိမိတို့ကိုယ်ကို ဖုံးကွယ်ခြင်းကို ကျင့်သုံးပြီး အယောင်ဆောင်၍ ဟန်လုပ်ကြသည်။ မည်သူကမျှ ဖွင့်ပြောခြင်းမရှိ။ ဤသို့ ဟန်ပြလျက်၊ ကာကွယ်လျက်၊ အယောင်ဆောင်လျက်ဖြင့် လူတို့သည် ဘုရားရှေ့သို့ လာရောက်သလော။ မလာရောက်ပေ။ လူတို့သည် အမှုအရာများစွာကို ကြုံတွေ့ပြီးနောက်တွင် အခြေအနေများကို ရှောင်ကြဉ်တတ်လာသည်။ သူတစ်ပါးတို့နှင့် ဆက်ဆံရခြင်း၊ အမှုကိစ္စများအား ကြုံတွေ့ရခြင်းကို ကြောက်ရွံ့ကြသည်။ အဆုံးတွင် ၎င်းတို့သည် လုံးဝ သိုသိပ်ထားပြီး မည်သူ့ကိုမျှ ဖွင့်မပြောပေ။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင် မရှိပေ။ ဘုရားသခင်အား ဤသို့ ယုံကြည်ခြင်းသည် ဆိုးယုတ်သော အတွေးအခေါ်တွင်သာ အခြေခံသည်။ ၎င်းတို့သည် အတွေ့အကြုံမည်မျှ ဖြတ်သန်းရပါစေ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ခါချဖို့ဝေးစွ မည်သည့်သင်ခန်းစာကိုမျှပင် မသင်ယူနိုင်၊ မိမိတို့ကိုယ်ကို မသိနိုင်ပေ။ ၎င်းတို့သည် ဤနည်းအားဖြင့် သမ္မာတရားကို နားလည်ပြီး ဘုရားသခင်ကို သိနိုင်သလော။ စစ်မှန်သော နောင်တရနိုင်သလော။ မရနိုင်ပေ။ ထိုအစား ၎င်းတို့သည် သူတစ်ပါးတို့အား သတိထားကာကွယ်ရန်၊ မိမိတို့ကိုယ်ကို ကာကွယ်ရန်၊ သူတစ်ပါးတို့၏ စကားများ၊ အမှုအရာများကို သေချာ ကြည့်ရှုလေ့လာရန်၊ အခြေအနေအပေါ် မူတည်ပြီး လှုပ်ရှားရန် သင်ယူကြသည်။ ၎င်းတို့သည် လှည့်ကွက်များ အသုံးပြုပြီး ပို၍ ပါးနပ်လာရန်၊ ရန်ဖြစ်ခြင်း၊ စကားများခြင်းတို့ကို ပို၍ ကိုင်တွယ်နိုင်ရန် သင်ယူကြသည်။ ပြဿနာများနှင့် ရင်ဆိုင်ရသောအခါ တာဝန်ယူခြင်းကို ရှောင်ရှားပြီး ထိုအစား သူတစ်ပါးတို့ထံ လွှဲပြောင်းပေးသည်။ ၎င်းတို့သည် ဘုရားသခင်နှင့်၊ သူ၏ နှုတ်ကပတ်တော်နှင့်၊ သို့မဟုတ် သမ္မာတရားနှင့် ဆက်ဆံရေးလုံးဝ မရှိတော့ပေ။ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ အဝေးသို့ ပိုပို၍သာ အလိုလိုရောက်သွားကြသည်။ ဤသည်မှာ ဆိုးဝါးသော ပြောင်းလဲဖြစ်ပေါ်မှု မဟုတ်သလော။ (ဟုတ်သည်။) ဤဆိုးဝါးသော ပြောင်းလဲဖြစ်ပေါ်မှုလမ်းကြောင်းသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ လူတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လူများနှင့် အမှုအရာများကို ရှုမြင်ကာ ပြုမူကျင့်ကြံပြီး ဆောင်ရွက်သည့်အပြင် သမ္မာတရားကို ၎င်းတို့၏ စည်းမျဉ်းအဖြစ် မှတ်ယူသည်ဟု ဆိုပါစို့။ ၎င်းတို့သည် ပြဿနာများကို ကြုံတွေ့သောအခါတွင် ဘုရားနှုတ်ကပတ်တော်များကို အခြေခံအုတ်မြစ်တစ်ခုအဖြစ် ရှာဖွေကြသည်၊ သူ၏နှုတ်ကပတ်တော်များအတွင်းတွင် အဖြေများကို ရှာဖွေကြသည်၊ ပြဿနာများ၏ အရင်းအမြစ်ကို ဘုရားနှုတ်ကပတ်တော်များမှ ရှာဖွေဖော်ထုတ်ပြီး ယင်းတို့ကို နှိုင်းယှဉ်စစ်ဆေးကြည့်သည့်အပြင် ပြဿနာများနှင့် အခက်အခဲများအားလုံးကို ဖြေရှင်းရန် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ၎င်းတို့အနေဖြင့် ဤအမှုကိစ္စများတွင် မနှောင့်နှေးစေရန်၊ အမှားမလုပ်မိစေရန်၊ သို့မဟုတ် ပိတ်မိမနေစေရန်အတွက် ဘုရားနှုတ်ကပတ်တော်က ရှေ့ဆက်ဖို့ လမ်းကြောင်းတစ်ခုကို ချပေးလေသည်။ ဤအခြေအနေမျိုး၌ အဆုံးတွင် ၎င်းတို့သည် ဤသို့သော အမှုကိစ္စမျိုးတွင် ဘုရားသခင် သတ်မှတ်သည့် လက်တွေ့လုပ်ဆောင်မှုစည်းမျဉ်းများကို နားလည်ပြီး လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ရှိလိမ့်မည်။ လူတိုင်းက အခက်အခဲများကို ရင်ဆိုင်ရသောအခါတွင် ဘုရားရှေ့သို့ လာပြီး အရာရာတိုင်းကို ဘုရားသခင်ထံမှ လက်ခံလျှင်၊ ဘုရားသခင်အား အမှီပြုရန် သင်ယူလျှင်၊ ရှာဖွေခြင်း လုပ်ငန်းစဉ်တွင် အခြေပြုချက်အဖြစ် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေလျှင် လူတို့သည် အချင်းချင်း သတိထားကာကွယ်ဦးမည်လော။ လူတစ်ဦးတလေက ပြဿနာ၏ အရင်းအမြစ်ကို မကိုင်တွယ်ဘဲ အမှန်နှင့် အမှားနောက်သို့ လိုက်ဦးမည်လော။ (လိုက်မည်မဟုတ်ပါ။) လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘဲ ဤသို့သော အမှုကိစ္စများနောက်သို့ လိုက်ဆဲဖြစ်လျှင်ပင် သူသည် ပြင်ပလူဖြစ်မည်ဖြစ်ပြီး လူတိုင်းက ငြင်းပယ်ခြင်းကို ခံရမည်ဖြစ်သည်။ လူတို့သည် အမှုအရာများကို တွေ့ကြုံရသောအခါ ယင်းတို့ကို ဘုရားသခင်ထံမှ လက်ခံနိုင်လျှင် အခြေအနေသည် ကောင်းသောဦးတည်ချက်သို့ ပြောင်းလဲသွားလိမ့်မည်။ လူတို့သည် နောက်ဆုံးတွင် ဘုရားနှုတ်ကပတ်တော်ကို နားလည်ကာ သိလာပြီး သမ္မာတရားကို ရရှိလိမ့်မည်။ လူတို့ လက်တွေ့လုပ်ဆောင်သည့်အရာသည် သမ္မာတရားဖြစ်ပြီး ၎င်းတို့ ရရှိသည့်အရာသည် သမ္မာတရားအား ရရှိခြင်းနှင့် ဘုရားသခင်အား သက်သေခံနိုင်ခြင်းဖြစ်သည့် မှန်ကန်သော ပန်းတိုင်ဖြစ်လျှင် ၎င်းတို့၏ ယုံကြည်ခြင်းက တိုးပွားလိမ့်မည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ နားလည်မှုက ကြီးထွားလိမ့်မည်။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ဖြစ်ပေါ်လိမ့်မည်။ ဤသည်မှာ ကောင်းသောဦးတည်ချက် ဖြစ်ပေါ်ခြင်းမဟုတ်လော။ (ဟုတ်သည်။) ဤသို့ ရလဒ်များကို မည်သည့်အရာက ဖြစ်စေသနည်း။ အမှုကိစ္စတိုင်းတွင် လူတို့ ခံယူသည့် ရှုထောင့်နှင့် ရပ်တည်ချက်သည် မှန်ကန်ပြီး သမ္မာတရားနှင့် ညီသောကြောင့် ဖြစ်သလော။ (ဟုတ်သည်။) ရိုးရှင်းပြီး တဲ့တိုးဆန်သော ဝေါဟာရဖြင့်ဆိုလျှင် ဤရှုထောင့်နှင့် ရပ်တည်ချက်သည် အမှုအရာများကို ဘုရားသခင်ထံမှ ခံယူခြင်းကို ဆိုလိုသည်။ ယင်းသည် ကောင်းသောဦးတည်ချက်ဖြစ်ပေါ်ခြင်းနှင့် ကောင်းသော အဆင့်များ ဖြစ်ပေါ်ခြင်းကို အလိုအလျောက်ဖြစ်စေသည်။ ပြီးလျှင် သမ္မာတရားကို နားလည်ပြီး ဘုရားသခင်အား သိကျွမ်းသည့်ရလဒ်ကို အလိုအလျောက် ရရှိစေသည်။ သို့ရာတွင် လူတို့သည် အမှုအရာများကို ဘုရားသခင်ထံမှ ခံယူခြင်းမရှိဘဲ လူသား၏ အမြင်ရှုထောင့်နှင့် စာတန်ဆန်သော အတွေးအခေါ်များမှတစ်ဆင့် အမှုအရာများကို ချဉ်းကပ်လျှင်၊ အမှုအရာများအား ရှုမြင်ရန် ဆိုးယုတ်သော အတွေးအခေါ်ကို အမှီပြုပြီး လူများ၊ အမှုအရာများအပေါ် စိတ်စွဲနေဆဲဖြစ်လျှင် ထွက်ပေါ်လာသည့်အရာရာတိုင်းသည် ဆိုးဝါးလိမ့်မည်။ အဆုံးစွန်သော အကျိုးဆက်မှာ မည်သူကမျှ သမ္မာတရားကို နားလည်ပြီး အကျိုးအမြတ်များ ရရှိမည်မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်ကို မည်သို့ တွေ့ကြုံရမည်ကို မသိခြင်း၏ ရလဒ်ဖြစ်သည်။ ထို့ကြောင့် အသင်းတော်အချို့တွင် တာဝန်ထမ်းဆောင်သော လူများကြား၌ သဟဇာတမဖြစ်သော အခြေအနေတစ်ခုရှိသည်။ ၎င်းတို့သည် အစဉ်သဖြင့် အချင်းချင်း သံသယရှိကြသည်။ တစ်ယောက်နှင့် တစ်ယောက် သတိထားကာကွယ်ကြသည်။ အချင်းချင်း အပြစ်တင်ကြသည်။ အချင်းချင်း ယှဉ်ပြိုင်ကြသည်။ အချင်းချင်း ငြင်းခုံကြသည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် လျှို့ဝှက်စွာဖြင့် တိုက်ခိုက်နေကြသည်။ ဤသည်မှာ တစ်ခုကို အတည်ပြုပေးသည်။ ဤအုပ်စုတွင် သမ္မာတရားကို ရှာဖွေသည့်သူမရှိပေ။ အမှုကိစ္စများနှင့် ရင်ဆိုင်ရသောအခါ ယင်းတို့ကို ဘုရားသခင်ထံမှ လက်ခံသောသူ မည်သူမျှ မရှိပေ။ ၎င်းတို့အားလုံးသည် မယုံကြည်သူများဖြစ်ပြီး သမ္မာတရားကို မလိုက်စားကြပေ။ အပြန်အလှန်အနေဖြင့် အချို့အသင်းတော်များတွင် ဝိညာဉ်ရင့်ကျက်မှုနည်းပါးပြီး သမ္မာတရားများစွာကို နားမလည်သော်လည်း အခြေအနေတိုင်းတွင် အမှုကိစ္စများကို ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ဘုရားသခင်ထံမှ စစ်မှန်စွာ လက်ခံနိုင်ပြီး ဘုရားနှုတ်ကပတ်တော်နှင့်အညီ လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံနိုင်သော၊ ဘုရားနှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်သောသူအချို့ရှိသည်။ မိမိတို့တာဝန်ကို အတူတကွ ထမ်းဆောင်သော ဤလူများသည် တစ်ခါတစ်ရံတွင် အသေးအဖွဲကိစ္စများကို ငြင်းခုံခြင်း၊ စကားများခြင်း၊ ရန်ဖြစ်ခြင်းရှိသော်လည်း ၎င်းတို့တွင် မယုံကြည်သူများ၌ မတွေ့ရသော အခြေအနေတစ်ခုရှိသည်။ ၎င်းတို့သည် ကိစ္စတစ်ခုတလေကို လုပ်ဆောင်ရန် အတူတကွ စုစည်းကြသောအခါတွင် အထူးပင် သဟဇာတဖြစ်သည်။ မိသားစု၊ သို့မဟုတ် ဆွေမျိုးသားချင်းကဲ့သို့ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် သဘောထားကွာဟမှုမရှိပေ။ ၎င်းတို့သည် ၎င်းတို့အလုပ်တွင် အတူတကွ စည်းလုံးကြသည်။ အနည်းဆုံးအနေဖြင့် ကြီးကြပ်ရေးမှူးများ၊ သို့မဟုတ် အဓိကကျသောသူအနည်းငယ်က ပြဿနာများကို တွေ့ကြုံသောအခါ၌ မှန်ကန်သောနည်းဖြင့် သမ္မာတရားကိုရှာပြီး အမှုအရာများကို ကိုင်တွယ်ပြီး “ဘုရားသခင်ထံမှ အရာရာတိုင်းအား လက်ခံခြင်း” စည်းမျဉ်းကို အကောင်အထည်ဖော်ရာတွင် ရလဒ်များကို အမှန်တကယ် ရရှိပြီးဖြစ်သည်ဆိုသည်ကို ဤသို့သော သဟဇာတဖြစ်သည့် အခြေအနေ ရှိနေခြင်းက ပြသည်။ ဘုရားသခင်အား ယုံကြည်သူများစွာရှိသည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို မလိုက်စားသောကြောင့်၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်ကို အလေးအနက်မထားသောကြောင့် ၎င်းတို့သည် အသက်ဝင်ရောက်ခြင်းမရှိဘဲ ဘုရားသခင်အား နှစ်များစွာ ယုံကြည်ခဲ့သည်။ ၎င်းတို့၌ မည်သည့်အရာ ဖြစ်ပျက်ပါစေ ဘုရားသခင်ထံမှ လက်ခံခြင်းမရှိဘဲ ထိုအစား အမှုအရာများကို သတိပြုမိရန်အတွက် အစဉ်သဖြင့် လူသား၏ အယူအဆများနှင့် စိတ်ကူးများကို အမှီပြုသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို မတွေ့ကြုံနိုင်ပေ။ အသင်းတော်တစ်ခုတွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိပြီး ဘုရားသခင်က စီစဉ်ပြီး ချမှတ်သော အရာများစွာကို မြင်နိုင်သောသူအနည်းငယ်ရှိလျှင် ၎င်းတို့သည် ဘုရားသခင်ကို အမှီပြုနိုင်သည်။ သမ္မာတရားကို တက်ကြွစွာ ရှာဖွေနိုင်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်။ သမ္မာတရားစည်းမျဉ်းများနှင့်အညီ အမှုအရာများကို ကိုင်တွယ်နိုင်သည်။ ဤသို့သော အသင်းတော်တွင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုရှိသော အခြေအနေတစ်ခု ဖြစ်ပေါ်သည်။ အသေအချာပင် လူတို့သည် ဤ အထူးပင် ပျော်မွေ့ဖွယ်ဖြစ်ပြီး သဟဇာတဖြစ်သော အခြေအနေကို ခံစားရနိုင်သည်။ ၎င်းတို့၏ စိတ်နေစိတ်ထားသည် အလိုအလျောက်ပင် အကောင်းဆုံး အခြေအနေ၌ ရှိသည်။ ပို၍ အသေးစိတ်ဆိုရလျှင် လူတို့ကြားတွင် အပြန်အလှန် နားလည်မှုရှိသည်။ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် တူညီသော တမ်းတမှု၊ ပန်းတိုင်နှင့် စိတ်ဓာတ်လှုံ့ဆော်မှုရှိသည်။ ဤအရာကြောင့် ၎င်းတို့သည် အတူတကွ စည်းလုံးနိုင်သည်။ ဤသို့သော အသင်းတော်တွင် သင်သည် အထူးပင် သဟဇာတဖြစ်သော အခြေအနေကို တွေ့ကြုံခံစားရနိုင်သည်။ ဤအခြေအနေသည် လူတို့အား ယုံကြည်ခြင်းနှင့် ပြည့်စေပြီး တိုးတက်မှုနောက်လိုက်ရန် တွန်းအားပေးသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် အားပြည့်သလို ခံစားရပြီး ဘုရားသခင်အတွက် အသုံးခံရန် ၎င်းတို့၌ မကုန်ခမ်းနိုင်သော ခွန်အားရှိနေသကဲ့သို့ဖြစ်သည်။ ဤခံစားချက်သည် အလွန့်အလွန်ပင် မွေ့လျော်ဖွယ်ဖြစ်သည်။ ဤအသင်းတော်တွင် စုဝေးပွဲများအား တက်သူ မည်သူမဆိုသည် ဤအခြေအနေကို ခံစားနိုင်ပြီး မိမိကိုယ်ကို ယုံကြည်မှုကို ခံစားရနိုင်သည်။ ဤသို့သောအချိန်တွင် ၎င်းတို့သည် ဘုရားသခင်၏ ရင်ဝယ်ပိုက်ထွေးပွေ့မှုတွင် အသက်ရှင်နေရသကဲ့သို့၊ ၎င်းတို့သည် နေ့စဉ် ဘုရားသခင်၏ မျက်မှောက်တော်တွင် ရှိနေသကဲ့သို့ ခံစားရသည်။ ယင်းမှာ အမှန်ပင် ကွဲပြားသော အတွေ့အကြုံတစ်ခုဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်မလုပ်သော အသင်းတော်များတွင် လူအများစုမှာ သမ္မာတရားအား လိုက်စားသူများမဟုတ်ပေ။ ၎င်းတို့သည် အခြေအနေများကို ရင်ဆိုင်ရသောအခါ အမှုအရာများကို ဘုရားသခင်ထံမှ လက်မခံနိုင်ပေ။ ပြီးလျှင် ၎င်းတို့သည် အရာရာတိုင်းကို ထိန်းချုပ်ရန်အတွက် လူသား၏ နည်းလမ်း၊ နည်းစနစ်များကို အမှီပြုကြသည်။ ဤသို့သော လူအုပ်စုတွင် လူတို့ကြားရှိ ခံစားချက်များသည် မတူညီကြဘဲ လူတို့ကြားရှိ ဆက်ဆံရေးများနှင့် ဖြစ်ပေါ်သော အခြေအနေကလည်း မတူညီကြပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်နှင့်သက်ဆိုင်သော အငွေ့အသက်ကို သင် မခံစားရပေ၊ သို့မဟုတ် အချင်းချင်း ချစ်ခင်ကြသည့် အငွေ့အသက်ကို လုံးဝ မခံစားရပေ။ ထိုအစား သင်သည် အေးစက်ခြင်းကိုသာ ခံစားရနိုင်သည်။ ဆိုလိုသည်မှာ လူတို့သည် အချင်းချင်းအပေါ် အေးစက်ကြသည်။ အချင်းချင်း သတိထားကာကွယ်ကြသည်။ အချင်းချင်း ငြင်းခုံကြသည်။ လျှို့ဝှက်စွာဖြင့် အချင်းချင်း ယှဉ်ပြိုင်ကြသည်။ အချင်းချင်း သာလွန်ရန် ကြိုးပမ်းကြသည်။ မည်သူကမျှ အခြားလူကို နာခံခြင်းမရှိ။ ၎င်းတို့သည် အချင်းချင်း ဖိနှိပ်ခြင်း၊ ဖယ်ကြဉ်ခြင်း၊ အပြစ်ဒဏ်ပေးခြင်းပင် ပြုကြသည်။ ၎င်းတို့သည် အလုပ်လုပ်သည့်နေရာ၊ စီးပွားရေးလောက၊ နိုင်ငံရေးတို့တွင်ရှိသော ဘာသာတရားမရှိသူများကဲ့သို့ဖြစ်ပြီး သင့်အား စက်ဆုပ်ရွံရှာစေသည်။ မုန်းတီးပြီး ကြောက်ရွံ့စေသည်။ ဤသို့ဖြင့် သင်သည် လုံခြုံစိတ်ချမှုမရှိတော့ပေ။ သင်သည် လူစုတစ်စုတလေတွင် ဤသို့သော ခံစားချက်များကို တွေ့ကြုံရလျှင် “လူသားမျိုးနွယ်သည် စာတန်၏ အလွန်အမင်း ဖျက်ဆီးခြင်းကို ခံထားရသည်” ဆိုသည့် ဖော်ပြချက်၏ တိကျမှုကို မြင်တွေ့လိမ့်မည်။ ယင်းသည် သင့်အား သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ပို၍ပင် ချစ်မြတ်နိုးစေလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုမရှိလျှင်၊ ဆိုလိုသည်မှာ လူသားများ၊ စာတန်၊ အသိပညာ၊ သို့မဟုတ် မယုံကြည်သူများက အုပ်စိုးသောအခါတွင် အငွေ့အသက်က လုံးဝ ကွာခြားသည်။ သင်သည် သက်သောင့်သက်သာမရှိခြင်း၊ ဝမ်းမြောက်မှုကင်းမဲ့ခြင်းကို ခံစားရမည်။ မကြာမီတွင် စိတ်ကျဉ်းကျပ်ခြင်း၊ စိတ်ဓာတ်ကျခြင်းကို ခံစားရမည်။ ဤခံစားချက်သည် စာတန်ထံမှလာပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထံမှ လာသည်။ ဤသည်မှာ တိကျမှန်ကန်သည်။ ဤအကြောင်းအရာနှင့်ပတ်သက်သော မိတ်သဟာယကို ဤနေရာတွင် အဆုံးသတ်၏။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။