သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၅) အပိုင်း နှစ်
လူတို့က မိမိတို့၏ အယူအဆများအတိုင်း မှန်ကန်ပြီး ကောင်းမွန်သည်ဟု ယုံကြည်သောအရာနှင့်ဆိုင်သည့် အကြောင်းအရာကို ငါ များစွာပြောနှင့်ပြီး ဖြစ်သည်။ ဤအကြောင်းအရာများသည် အတိုင်းအတာတစ်ခုထိ သမ္မာတရားနှင့် ကွာခြားကာ သမ္မာတရားလောက် မြင့်မားခြင်း မရှိသော်လည်း လူများနှင့် အမှုအရာများအပေါ် လူ၏ အမြင်များ၊ လူ၏ ပြုမူနေထိုင်ခြင်းနှင့် လုပ်ရပ်များနှင့် ဆက်နွှယ်ကြောင်းကို သင်တို့ နားလည်သဘောပေါက်စေရန်အတွက် ငါအဖန်ဖန်ပြောပြီး ဖြစ်သည်။ ထို့ကြောင့် ဤအကြောင်းအရာများကို သမ္မာတရား မဟုတ်သည့် အကြောင်းအရာများ၊ အသိပညာ၊ သို့မဟုတ် သဘောတရားတစ်ခုအဖြစ် မယူမှတ်နှင့်။ ယင်းတို့သည် အနှစ်မမဲ့ပေ။ လူတို့က မိမိတို့၏ အယူအဆများဖြင့် မှန်ကန်ကာ ကောင်းမွန်သည်ဟု မှတ်ယူသောအရာများသည် ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရင်း၊ လူများနှင့် အမှုအရာတို့ကို ၎င်းတို့ ရှုမြင်သည့် ရှုထောင့်အမြင်နှင့် ရပ်တည်ချက် ပြီးလျှင် ၎င်းတို့ပြုမူနေထိုင်ပုံနှင့် ဆောင်ရွက်ပုံတို့ကို ထိန်းချုပ်ရင်း ၎င်းတို့ စိတ်နှလုံး၏ အနက်ဆုံးသောနေရာများတွင် အမြဲ ရှိနေသည်။ ထို့ကြောင့် ၎င်းတို့အပေါ် လူတို့က နားလည်ကာ ချင့်ချိန်နိုင်စွမ်း ရရှိနိုင်ပြီး ထိုသို့ဖြင့် ဤသို့သော အပြုအမူကောင်းများနှင့် အမှုအရာများအပေါ် လူ၏ အယူအဆများကို လက်လွှတ်ကာ ဤအရာများကို အပြုသဘောအဖြစ်၊ သို့မဟုတ် လူများနှင့် အမှုအရာများအပေါ် ၎င်းတို့ အမြင်များအတွက်လည်းကောင်း၊ ၎င်းတို့၏ ပြုမူနေထိုင်ခြင်းနှင့် လုပ်ရပ်များအတွက် အပြုအမူဆိုင်ရာ စံများအဖြစ်လည်းကောင်း မည်သည့်အခါတွင်မျှ နောက်တစ်ဖန် သဘောမထားဖို့အလို့ငှာ ဤအရာများကို ရှင်းရှင်းလင်းလင်း ရှင်းပြရမည်။ ထိုအရာများသည် သမ္မာတရား ဖြစ်ဖို့ မဆိုထားနှင့်၊ ဘုရားနှုတ်ကပတ်တော်များ လုံးဝ မဟုတ်ချေ။ သင်တို့ လုပ်ရန်လိုအပ်သည်မှာ လူများနှင့် အမှုအရာများကို သင်တို့ ရှုမြင်သည့် ရှုထောင့်အမြင်နှင့် ရပ်တည်ချက်တို့ကို စဉ်ဆက်မပြတ် ပြုပြင်ရန် ဖြစ်ပြီး သင့်စိတ်တွင် ဖြစ်ပေါ်သည့် အယူအဆနှင့် ရှုထောင့်အမြင်တို့သည် သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိဆိုသည်ကိုလည်း စဉ်ဆက်မပြတ် ဆန်းစစ်ရင်းဖြင့် ပြုမူနေထိုင်ကာ ဆောင်ရွက်ရန် ဖြစ်သည်။ သင်၏ မှားယွင်းသော အယူအဆများနှင့် ရှုထောင့်အမြင်များကို ချက်ချင်း ပြောင်းပြန်လှန်ပစ်ရမည်ဖြစ်ပြီး ထို့နောက်တွင် မှန်ကန်သော ရပ်တည်ချက်ကို စွဲကိုင်ကာ ဘုရားသခင် တောင်းဆိုသည့် အပြုအမူဆိုင်ရာ စံများကို အသုံးပြုလျက် လူများနှင့် အမှုအရာများ ရှုမြင်၍ ပြုမူနေထိုင်ပြီး ဆောင်ရွက်ရမည်။ ဤသည်မှာသမ္မာတရား လိုက်စားခြင်း၏ အခြေခံအကျဆုံးသော လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ ကယ်တင်ခြင်း ရရှိရန်နှင့် ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်ရန် ကြိုးပမ်းနေချိန်တွင် သင် ပိုင်ဆိုင်သင့်သည့် ဦးတည်ချက်နှင့် လိုက်စားမှု ပန်းတိုင် အမျိုးအစားတစ်ခုလည်း ဖြစ်၏။ ဤစကားများကို သင်တို့ ယခုတင် နားထောင်ပြီးဖြစ်သည်နှင့်အမျှ ယင်းတို့အပေါ် သင်၏ သိနားလည်မှုသည် ထိုမျှနက်ရှိုင်းနိုင်မည်မဟုတ်သော်လည်း၊ သို့မဟုတ် ခိုင်မာနိုင်မည်မဟုတ်သော်လည်း မစိုးရိမ်နှင့်။ ဘုရားနှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် သင်တို့၏ အတွေ့အကြုံ ဆက်လက် နက်သည်ထက်နက်လာကာ ရိုးရာယဉ်ကျေးမှု၏ အယူအဆများအတွင်း မှန်ကန်သည်ဟု ယုံကြည်ထားကြသည့် အရာများကို သင်တို့ ဆက်လက် စိတ်ဖြာလေ့လာဆွေးနွေးကာ ပိုင်းခြားသိမြင်ပြီးသည့်နောက်တွင် ရိုးရာယဉ်ကျေးမှု၏ အမျိုးမျိုးသော အဆိုအမိန့်များကို နောက်ဆုံးတွင် သင် စွန့်ပစ်နိုင်လိမ့်မည်။ လူတို့၏ အပြုအမူကို ရိုးရာယဉ်ကျေးမှုအတိုင်း မည်သည့်အခါတွင်မျှ သင် ထပ်မံ ဆန်းစစ်လိမ့်မည်မဟုတ်။ ထိုအစား ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားအတိုင်း လူတို့ကို သင်ဆန်းစစ်လိမ့်မည်။ ဤနည်းဖြင့် ရိုးရာယဉ်ကျေးမှု၏ အယူအဆများကို သင် လုံးဝဖယ်ထုတ်ကာ စွန့်ပစ်ပြီး ဖြစ်လိမ့်မည်။ သမ္မာတရားကို သင် နားမလည်သကဲ့သို့ ရိုးရှင်းသော အယူဝါဒများကိုသာ သင် နားလည်ပြီး ရိုးရာယဉ်ကျေးမှုက တောင်းဆိုသည့် အပြုအမူများသည် မခိုင်လုံကြောင်း သင် သိရှိပါက “ငါသည် ခေတ်မီသောလူတစ်ဦးဖြစ်သည်၊ လောကီ လူစုလူဝေးများမှ ခွဲခြားခံထားရသည်။ ငါသည် ရှေးရိုးစွဲ သိပ်မဟုတ်သကဲ့သို့ ရိုးရာယဉ်ကျေးမှုကို ငါ တကယ် ငြီးငွေ့၏။ ငြီးငွေ့ဖွယ် အလေ့အထနှင့် ရိုးရာထုံးတမ်းဓလေ့များကို ငါမလိုက်နာချင်ပါ”ဟု သင် တွေးကောင်းတွေးလိမ့်မည်။ သို့ရာတွင် သင်သည် လူများနှင့် အမှုအရာများကို ရှုမြင်သည့်အခါ ၎င်းတို့ကို ရှုမြင်ပြီး ဆန်းစစ်ရန် သင်၏ အတိတ်မှ အယူအဆများကို တကယ်ပင် အလိုအလျောက် သုံးမိလျက်သားဖြစ်လိမ့်မည်။ ထိုအချိန်တွင် ခေတ်နောက်ကျသူ၊ သို့မဟုတ် အစဉ်အလာသမား သိပ်မဟုတ်သကဲ့သို့ သမ္မာတရား လက်ခံနိုင်သည့် ခေတ်မီသူတစ်ဦးဖြစ်ကြောင်း သင်၏ ပြောဆိုချက်များအားလုံးမှာ စင်စစ်အားဖြင့် မမှန်သကဲ့သို့ မှားယွင်းကြောင်းနှင့် သင်သည် မိမိကိုယ်ပိုင် ခံစားချက်များ၏ လှည့်စားခြင်း ခံခဲ့ရကြောင်း သင်သဘောပေါက်လိမ့်မည်။ သင်၏ စိတ်နှလုံးအတွင်း၌ အတွေးဟောင်းများ၊ အမြင်ဟောင်းများနှင့် အယူအဆဟောင်းများက သူတို့ဘာသာသူတို့ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခဲ့ပြီးသည်မှာ ကြာပြီဖြစ်ကြောင်းနှင့် သင်၏ အယူအဆများကို ပြောင်းလဲပြီး အချို့သော အတွေးများကို စွန့်ပစ်သည့်အခါ ထိုအရာများက ချက်ချင်း ပျောက်ပြယ်မသွားကြောင်းတို့ကို ထိုအချိန်မှသာ သင်သဘောပေါက်လိမ့်မည်။ သင်သည် ခေတ်သစ်လူတစ်ဦး၊ ခေတ်မီသောလူတစ်ဦးဖြစ်ကြောင်း ပြောခြင်းသည် အပေါ်ယံအဆင့် အမည်တစ်ခုသာ ဖြစ်သည်။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် သင်သည် မတူသောမျိုးဆက်နှင့် ခေတ်ကာလတွင် မွေးဖွားသော်လည်း ခေတ်နောက်ကျပြီး ဘုရားသခင်အပေါ် ရန်လိုဆန့်ကျင်သော ထိုအရာများနှင့် လူသားမျိုးနွယ်အားလုံးတွင် ဖြစ်နေကျအရာများအားလုံးသည် သင့်တွင်လည်း လုံးဝဥဿုံ တည်ရှိသောကြောင့်သာ ဖြစ်သည်။ သင်သည် လူသားဖြစ်သရွေ့ သင့်အထဲတွင် ဤအရာများ ရှိလိမ့်မည်။ ဤအရာကို သင် မယုံကြည်ပါက ပိုများသော အတွေ့အကြုံရှိအောင်လုပ်လော့။ သင်က ငါ၏ ဤစကားများကို “အာမင်”ဟု ပြောသော နေ့တစ်နေ့ ရောက်လာလိမ့်မည်။ ဝိညာဉ်ရေးရာ နားလည်မှု မရှိသော ထိုလူများနှင့် မောက်မာပြီး အတ္တဆန်သည့်လူများက “ငါ့တွင် မဟာဘွဲ့နှင့် ပါရဂူဘွဲ့ ရှိသည်။ ဤလူမှုအဖွဲ့အစည်းတွင် နှစ်များစွာ ငါနေထိုင်ပြီး ဖြစ်ကာ ခေတ်သစ်၏ ယဉ်ကျေးမှုနှင့် ပညာရေး၊ အထူးသဖြင့် အနောက်တိုင်း ပညာရေးကို ငါ ထိတွေ့ပြီး ဖြစ်သည်။ ထိုခေတ်နောက်ကျသော အရာများကို အဘယ်သို့ ငါသိုထားဆဲရှိသနည်း။ ရိုးရာဓလေ့များက အဆိုးဆုံး ဖြစ်၏။ ထိုအဓိပ္ပာယ်မဲ့သော စည်းမျဉ်းများကို ငါ စက်ဆုပ်သည်။ ငါ့မိသားစု အတူစုဝေးပြီး ရိုးရာဓလေ့နှင့်ဆိုင်သော အရာများနှင့် စည်းမျဉ်းများအကြောင်း ပြောဆိုကြသည့်အခါ ငါ လုံးဝနားမထောင်ချင်ပါ”ဟု တွေးကြသည်။ အလောတကြီး မငြင်းလိုက်နှင့်။ နောက်ဆုံးတွင် သင်၏ ဤစိတ်ကူးများကို လက်လွှတ်ရသည့် နေ့တစ်နေ့ ရောက်လာလိမ့်မည်။ စာတန် ဖောက်ပြန်ဖျက်ဆီးထားသည့် လူသားမျိုးနွယ်ဝင်ထဲတွင် သင့်ထက် ပို၍ သာမန်ဖြစ်သော သူတစ်ဦး ရှိနိုင်မည်မဟုတ်ဟု သင် ဝန်ခံလိမ့်မည်။ သင့်အထဲရှိ ခေတ်နောက်ကျသော အယူအဆများကို သင် လိုလိုလားလား လက်မခံခဲ့သော်လည်း၊ သို့မဟုတ် မဖွင့်ထုတ်ခဲ့သော်လည်း လူသားမျိုးနွယ်၏ ရိုးရာယဉ်ကျေးမှုနှင့် ဘိုးဘေးများက ထိုအရာများဖြင့် သင့်ကို အချိန်ကြာမြင့်စွာက ကူးစက်စေကာ ပုံသွင်းခဲ့ပေသည်။ ဤအရာများသည် သင်၏ စိတ်အတွင်းကျကျနယ်ပယ်နှင့် သင်၏ အတွေးများ၊ အယူအဆများတွင် ခြွင်းချက်မရှိ တည်ရှိ၏။ ဤသို့ အဘယ်ကြောင့် ဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် ရိုးရာယဉ်ကျေးမှု၏ ဤသွင်ပြင်လက္ခဏာများသည် ရိုးရှင်းသော အဆိုအမိန့်များ မဟုတ်သကဲ့သို့ ရိုးရှင်းသော ဆိုရိုးများ၊ သို့မဟုတ် လုပ်နည်းကိုင်နည်းများ မဟုတ်ပေ။ ထို့ထက် တွေးခေါ်မှုနှင့် သဘောတရား အမျိုးအစားတစ်ခု ဖြစ်သည်။ ယင်းတို့တွင် လူကို လှည့်စားခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်း အကျိုးဆက်ရှိသည်။ ဤဆိုရိုးများနှင့် လုပ်နည်းကိုင်နည်းများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်မှ မလာပေ၊ စာတန်ထံမှ လာ၏။ စာတန်၏ တန်ခိုးအောက်တွင် သင် အသက်ရှင်နေသရွေ့ ဤအရာများ၏ ပုံသွင်းခြင်း၊ လှည့်စားခြင်းနှင့် ဖောက်ပြန်ဖျက်ဆီးခြင်းတို့ကို မရှောင်ရှားနိုင်ပေ။ ယခုတွင် ငါ၏ စကားများကို သင် ကြားပြီးဖြစ်သဖြင့် ထိုအရာများအားလုံးသည် အမှန်တရားများနှင့် သမ္မာတရားဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ ငါ၏ ဤစကားများကို သင် တွေ့ကြုံပြီးဖြစ်သည့်အခါ ရိုးရာယဉ်ကျေးမှု၊ သို့မဟုတ် ငြီးငွေ့ဖွယ် အလေ့အထများနှင့် ရိုးရာထုံးတမ်းဓလေ့များ၊ သို့မဟုတ် အဓိပ္ပာယ်မဲ့ စည်းမျဉ်းများကို သင် မကြိုက်သော်လည်း လူများနှင့် အမှုအရာများအပေါ် သင်၏ အမြင်များ၊ သင်၏ ပြုမူနေထိုင်ခြင်းနှင့် လုပ်ရပ်များအတွက် အခြေခံများမှာ မလွဲမသွေ လူထံမှလာခြင်းဖြစ်သည်ကို သင်သိရှိရလိမ့်မည်။ ယင်းတို့သည် ရိုးရာယဉ်ကျေးမှု၏ အဓိကအပိုင်းနှင့် သက်ဆိုင်၏။ ရိုးရာယဉ်ကျေးမှုအတွင်းရှိ အရာများ ဖြစ်သည်။ သမ္မာတရားကို သင်၏ စံအဖြစ် မထားရှိဘဲ လူများနှင့် အမှုအရာများအပေါ် သင်၏ အမြင်များ၊ သင်၏ ပြုမူနေထိုင်ခြင်းနှင့် လုပ်ရပ်များသည် ဘုရားနှုတ်ကပတ်တော်များတွင် အခြေခံခြင်း မရှိပေ။ ထိုအချိန်တွင် သမ္မာတရားကို လူတို့ မရရှိမီ သမ္မာတရားကို မလိုက်စားပါက၊ သို့မဟုတ် နားမလည်ပါက အခြေခံအကျဆုံး ပုံမှန်လူ့သဘာဝကို ၎င်းတို့ အသက်ရှင်သည်နှင့်အမျှ စာတန်၏ အဆိပ်၊ စာတန်၏ အစိတ်အပိုင်းတစ်ခုနှင့် စာတန်၏ အကြံများကို ၎င်းတို့ သယ်ဆောင်ကြသည်ကို သင် သိလိမ့်မည်ဖြစ်ကာ ရှင်းရှင်းလင်းလင်း မြင်နိုင်လိမ့်မည်။ ၎င်းတို့ အသက်ရှင်နေထိုင်သမျှတိုင်းမှာ အပျက်သဘောဆောင်ပြီး ဘုရားသခင်၏ စက်ဆုပ်ကာ ငြင်းပယ်ခြင်း ခံရသည်။ ယင်းသည် ဇာတိပကတိသာဖြစ်ပြီး ဘုရားသခင် သတ်မှတ်ကာ နှစ်သက်၍ သူ၏ အလိုတော်နှင့် ကိုက်ညီသော အပြုသဘောဆောင်သည့် အရာများနှင့် မည်သို့မျှ မပတ်သက်ပေ။ ထပ်တူဖြစ်ခြင်း လုံးဝ မရှိ။ ၎င်းတို့ကြားတွင် တူညီမှုတစ်ခုမျှပင် မရှိချေ။ ဤပြဿနာများကို ရှင်းလင်းစွာ မြင်ရန် အလွန် အရေးကြီး၏။ သို့မဟုတ်လျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက မည်သည့်အရာ ဖြစ်သည်ကို လူတို့ သိကြလိမ့်မည် မဟုတ်။ လူက အပြုသဘောဆောင်သောအရာများအဖြစ် ယုံကြည်သည့် အပြုအမူကောင်းများကို အစဉ်အမြဲ ဖက်တွယ်ကြလိမ့်မည်။ ထို့ကြောင့် ၎င်းတို့၏ အပြုအမူနှင့် သရုပ်သကန်များသည် ဘုရားသခင်၏ လက်သင့်ခံနိုင်ဖွယ် လုံးဝ ဖြစ်လိမ့်မည် မဟုတ်ပေ။ လူတစ်ဦးသည် သမ္မာတရားကို ချစ်ပါက ထိုသမ္မာတရားကို ၎င်းတို့ လက်ခံကာ လိုက်စားနိုင်လိမ့်မည်။ ၎င်းတို့သည် သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိလျက် လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ကာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ကြလိမ့်မည်။ ဤသို့ဖြင့် ဘုရားသခင်က လူကို ညွှန်သည့် အသက်လမ်းကြောင်းပေါ် ၎င်းတို့ စတင်နိုင်ကြလိမ့်မည်။ သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ခြင်းအပြင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်းဟူသည့် ဤသမ္မာတရား စည်းမျဉ်းသည် လူအတွက် အလွန့်အလွန် အရေးကြီးကာ မရှိမဖြစ်သောအရာ ဖြစ်သည်။ ယင်းသည် ကယ်တင်ခြင်းကို လိုက်စားပြီး အဓိပ္ပာယ်ရှိသော ဘဝတစ်ခုကို အသက်ရှင်နေထိုင်ဖို့ ကြိုးပမ်းနေချိန်တွင် အကြင်သူတစ်ဦး ပိုင်ဆိုင်ရမည့် သမ္မာတရား စည်းမျဉ်းဖြစ်သည်။ ဤအရာကို သင် လက်ခံရမည်။ ဤကိစ္စရပ်တွင် ရွေးချယ်စရာ မရှိသကဲ့သို့ မည်သူ့အတွက်မျှ ခြွင်းချက်မရှိပေ။ သမ္မာတရားကို မလိုက်စားသကဲ့သို့ ဤသမ္မာတရား စည်းမျဉ်းကို လက်မခံပါက သင်သည် အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ နှံ့စပ်သည်ဖြစ်စေ၊ မနှံ့စပ်သည်ဖြစ်စေ၊ သင်သည် ယုံကြည်ခြင်းရှိသော လူတစ်ဦး၊ သို့မဟုတ် ယုံကြည်ခြင်း အားနည်းသောလူတစ်ဦး ဖြစ်သည်ဖြစ်စေ၊ မည်သည့် လူမှုအဆင့်အတန်း၊ သို့မဟုတ် မည်သည့် လူမျိုးနွယ်နှင့် သင် သက်ဆိုင်သည်ဖြစ်စေ ခြွင်းချက်မရှိဘဲ ဘုရားသခင် တောင်းဆိုသည့် စံနှုန်းနှင့် သင် မည်သို့မျှ ပတ်သက်လိမ့်မည် မဟုတ်။ သင် လုပ်ဆောင်ရမည်မှာ သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိလျက် လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ကာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရန် ဖြစ်သည်။ ဤသည်မှာ သင် လိုက်စားသင့်သည့် တစ်ခုတည်းသော လမ်းဖြစ်သည်။ သင်သည် “ကျွန်ုပ်၏ အယူအဆနှင့် ကိုက်လျှင် တစ်စုံတစ်ရာကို သမ္မာတရားအဖြစ် ကျွန်ုပ် လက်ခံမည်။ သို့ရာတွင် မကိုက်ညီလျှင် လက်ခံဖို့ ငြင်းမည်။ အမှုအရာများကို မိမိဘာသာ လုပ်ဆောင်မည်၊ ကျွန်ုပ်အတွက် သမ္မာတရား လိုက်စားရန် မလိုပါ။ ဘုရားနှုတ်ကပတ်တော်များ၏ ရပ်တည်ချက်မှ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများကို ကျွန်ုပ် ကြည့်ရန် မလိုအပ်ပါ။ ကျွန်ုပ်တွင် မိမိကိုယ်ပိုင် အမြင်များရှိပြီး အတော်လေး မြင့်မြတ်၊ ဓမ္မဓိဋ္ဌာန်ကျကာ အပြုသဘောဆောင်သည်။ ယင်းတို့သည် ဘုရားနှုတ်ကပတ်တော်များနှင့် မကွာခြားပါ။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အစားထိုးနိုင်သည်မှာ အမှန်ဖြစ်၏။ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ဖို့၊ သို့မဟုတ် ယင်းတို့အတိုင်း ပြုမူဖို့ မလိုအပ်ပါ”ဟု ပြောလျက် ကြေးမများသင့်ပေ။ ဤလိုက်စားမှုအမြင်နှင့် နည်းစနစ်မျိုးသည် မှားယွင်း၏။ လူတစ်ဦး၏ အမြင်များက မည်မျှ ကောင်းမွန်၊ မှန်ကန်သည်ဖြစ်စေ၊ မှားနေဆဲ ဖြစ်သည်။ ယင်းတို့သည် သမ္မာတရားကို မည်သည့်နည်းဖြင့်မျှ အစားမထိုးနိုင်။ သင်သည် သမ္မာတရားကို လက်မခံနိုင်ပါက သင် လိုက်စားသည့်အရာတိုင်း မှားလိမ့်မည်။ ယင်းကြောင့် သင်သည် “သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ခြင်းအပြင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်း” ကိစ္စတွင် ရွေးချယ်စရာမရှိဟု ငါ ပြောပေသည်။ သင် လုပ်နိုင်သမျှမှာ ဤစကားရပ်အတိုင်း တာဝန်သိစိတ်ဖြင့် ပြုမူပြီး ဆောင်ရွက်ကာ ထိုအရာနှင့်ဆိုင်သည့် အသိပညာကို တဖြည်းဖြည်း ရရှိလျက် သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိမှတ်ရင်း၊ ဤစကားရပ်၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရင်းဖြင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံရန် ဖြစ်သည်။ ထိုအခါတွင်မှ နောက်ဆုံးတွင် သင် စွမ်းဆောင်ရရှိမည့် ပန်းတိုင်မှာ သမ္မာတရား လိုက်စားခြင်းအားဖြင့် သင် စွမ်းဆောင်ရရှိသင့်သည့် ပန်းတိုင်ဖြစ်လိမ့်မည်။ သို့မဟုတ်ပါက သင်၏ ကြိုးစားအလုပ်လုပ်ခြင်း၊ သင် စွန့်လွတ်ပြီးသမျှတိုင်းနှင့် ပေးဆပ်ပြီးသမျှ အဖိုးအခအားလုံး ပျောက်ပျက်လိမ့်မည်။ အားလုံး အချည်းနှီး ဖြစ်လိမ့်မည်။ သင် နားလည်သလော။
သမ္မာတရား လိုက်စားခြင်း ဆိုသည်မှာ အဘယ်နည်း။ (သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိလျက် လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ခြင်းအပြင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်း ဖြစ်သည်။) မှန်ပေ၏။ ဤစကားများကို တာဝန်သိစွာ၊ အသေအချာနှင့် အပြည့်အဝ လက်တွေ့လုပ်ဆောင်လော့။ ဤစကားရပ်ကို သင်၏ လိုက်စားမှု ပန်းတိုင်နှင့် သင့်ဘဝ၏ စစ်မှန်မှု ဖြစ်စေလော့၊ ထို့နောက်တွင် သင်သည် သမ္မာတရား လိုက်စားသော လူတစ်ဦး ဖြစ်လိမ့်မည်။ မည်သည့်နည်းဖြင့်မျှ အစွန်းထင်းမခံနှင့်၊ မည်သည့် လူ့အလိုဆန္ဒဖြင့်မျှ အစွန်းထင်းမခံနှင့်၊ ပြီးလျှင် ကံနှင့်ဆိုင်သော မည်သည့် စိတ်နေသဘောထားကိုမျှ ဖက်တွယ်မထားနှင့်။ ယင်းသည် ပြုမူရန် မှန်ကန်သည့် နည်းလမ်းဖြစ်ပြီး ထို့နောက်တွင် သင်သည် သမ္မာတရား ရရှိမည့် မျှော်လင့်ချက် ရှိလိမ့်မည်။ ထို့ကြောင့် အပြုအမူကောင်းနှင့်ဆိုင်သည့် လူ၏ အယူအဆများကို မိတ်သဟာယပြုပြီး စိတ်ဖြာလေ့လာဆွေးနွေးရန် လိုအပ်သလော။ (လိုအပ်ပါသည်။) ထိုအရာက သင်တို့အား မည်သည့် အပြုသဘောဆောင်သော လမ်းပြမှုနှင့် အထောက်အကူ ပေးနိုင်သနည်း။ ဤစကားများသည် လူများနှင့် အမှုအရာများကို သင် ရှုမြင်ပုံနှင့် ကျင့်ကြံပြုမူကာ ဆောင်ရွက်ပုံအတွက် အခြေခံနှင့် စံများ ဖြစ်လာနိုင်သလော။ (ဖြစ်လာနိုင်ပါသည်။) ဖြစ်နိုင်ပါက သင်တို့၏ စုဝေးပွဲများနှင့် ဝတ်ပြုခြင်းများ အတောအတွင်းတွင် ဤမိတ်သဟာယနှစ်ခုကို ကောင်းစွာ ဆုတောင်း ဖတ်ရွတ်လော့။ သင်သည် ဤစကားများနှင့် ပတ်သက်၍ နှံ့စပ်သော သဘောပေါက်ခြင်း ရှိသည်နှင့်တစ်ပြိုင်နက် လူများနှင့် အမှုအရာများကို မှန်ကန်တိကျစွာ ရှုမြင်နိုင်လိမ့်မည် ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များအတိုင်း ကျင့်ကြံပြုမူကာ ဆောင်ရွက်နိုင်လိမ့်မည်။ ထိုသို့ဖြင့် သင် ပြောဆို၊ လုပ်ဆောင်သည့်အရာအတွက် အခြေခံနှင့် စံတစ်ခု သင် ရှိလိမ့်မည်။ လူတို့ကို မှန်ကန်တိကျစွာ သင် မြင်လိမ့်မည်ဖြစ်ပြီး အမှုအရာများကို သင် ရှုမြင်သည့် ရှုထောင့်အမြင်နှင့် ရပ်တည်ချက်တို့သည်လည်း မှန်ကန်လိမ့်မည်။ သင်သည် လူများနှင့် အမှုအရာများကို မိမိ၏ စိတ်ခံစားချက်များ၊ သို့မဟုတ် ခံစားချက်များအပေါ် အခြေခံ၍ ရှုမြင်တော့မည်မဟုတ်သကဲ့သို့ ရိုးရာယဉ်ကျေးမှု၊ သို့မဟုတ် ဆိုးယုတ်သော အတွေးအခေါ်များအပေါ် အခြေခံ၍ ရှုမြင်တော့မည် မဟုတ်ပေ။ သင့်တွင် မှန်ကန်သည့် အခြေခံအကြောင်းရင်း ရှိသည့်အခါ လူများနှင့် အမှုအရာများအပေါ် သင့်အမြင်များ၏ ရလဒ်များသည် အတော်အတန် မှန်ကန်လိမ့်မည်။ ဤသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ဤစကားများကို သင်တို့ ဤအတိုင်း မှတ်ယူ၍မရ၊ သို့မဟုတ် ထားလိုက်၍ မရပေ။ အချိန်ဖြုန်းဖို့ သက်သက်၊ သို့မဟုတ် ငါ ငြီးငွေ့သောကြောင့် မိမိကိုယ်ကို အပျင်းဖြေဖို့သက်သက်ဖြင့် သင်တို့နှင့် အတူ စုဝေးပြီး ဤအကြောင်းအရာများနှင့် ပတ်သက်၍ မိတ်သဟာယပြုနေခြင်း မဟုတ်။ ဤပြဿနာများသည် လူအားလုံးထံတွင် ဖြစ်နေကျဖြစ်ပြီး လူတို့က ၎င်းတို့ သမ္မာတရား လိုက်စားခြင်းနှင့် ကယ်တင်ခြင်း စွမ်းဆောင်ရရှိခြင်း လမ်းကြောင်းပေါ်တွင် နားလည်ရမည့် ပြဿနာများဖြစ်သောကြောင့် ငါ လုပ်ရခြင်း ဖြစ်သည်။ သို့တိုင် လူများသည် ဤကိစ္စရပ်များနှင့် ပတ်သက်၍ မရှင်းကြသေးချေ။ ၎င်းတို့သည် ဤကိစ္စများဖြင့် မကြာခဏ ပိတ်မိကာ ရစ်ပတ်ငြိတွယ်လာကြရသည်။ ဤပြဿနာများက ၎င်းတို့ကို ပိတ်ဆို့ကာ နှောင့်ယှက်သည်။ ကယ်တင်ခြင်း ရရှိသည့် လမ်းကြောင်းကိုလည်း လူတို့ နားမလည်ကြသည်မှာ အမှန်ဖြစ်၏။ ယင်းသည် မတုန်မလှုပ်သည့် ရှုထောင့်အမြင်မှဖြစ်စေ၊ သို့မဟုတ် နိုးကြားတက်ကြွသည့် ရှုထောင့်အမြင်မှဖြစ်စေ၊ အပြုသဘောဆောင်သည့် အမြင်ရှုထောင့်မှဖြစ်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည့် အမြင်ရှုထောင့်မှ ဖြစ်သည်ဖြစ်စေ လူတို့အနေဖြင့် ဤပြဿနာများနှင့် ပတ်သက်၍ ၎င်းတို့ ရှင်းလင်းပြီး၊ နားလည်သည်ကို သေချာစေသင့်သည်။ ဤသို့ဖြင့် တကယ့် ဘဝတွင် ဤကဲ့သို့သော ပြဿနာများကို သင် ကြုံရပြီး ရွေးချယ်မှုတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ သမ္မာတရားကို ရှာဖွေနိုင်လိမ့်မည်။ ပြဿနာကို သင် ရှုမြင်သည့် ရှုထောင့်အမြင်နှင့် ရပ်တည်ချက်တို့သည် မှန်ကန်လိမ့်မည်ဖြစ်ပြီး စည်းမျဉ်းများကို သင် လိုက်နာစောင့်ထိန်းနိုင်လိမ့်မည်။ ထိုသို့ဖြင့် သင်၏ ဆုံးဖြတ်ချက်များနှင့် ရွေးချယ်မှုများသည် အခြေခံအကြောင်းရင်းတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များနှင့် ကိုက်ညီလိမ့်မည်။ သင်သည် ဆိုးယုတ်သော အတွေးအခေါ်များနှင့် အတွေးမှားများဖြင့် မည်သည့်အခါတွင်မျှ တစ်ဖန် လှည့်စားခံရလိမ့်မည် မဟုတ်။ စာတန်၏ အဆိပ်များနှင့် အဓိပ္ပာယ်မဲ့သော ပြောဆိုချက်များဖြင့် သင်သည် မည်သည့်အခါတွင်မျှ တစ်ဖန် သောကရောက်လိမ့်မည် မဟုတ်ပေ။ ထို့နောက် အခြေခံအကျဆုံး အဆင့်ဖြစ်သည့် လူများနှင့် အမှုအရာများကို ရှုမြင်ခြင်းနှင့် ပတ်သက်လာသည့်အခါ သင်သည် အမှုအရာ၊ သို့မဟုတ် လူတစ်ဦးကို ရှုမြင်ပုံတွင် ဓမ္မဓိဋ္ဌာန်ကျကာ တရားမျှတနိုင်စွမ်း ရှိလိမ့်မည်။ သင်သည် မိမိ၏ ခံစားချက်များ၊ သို့မဟုတ် ဆိုးယုတ်သော အတွေးအခေါ်များ၏ လွှမ်းမိုးမှု သို့မဟုတ် ထိန်းချုပ်ခြင်းကို ခံရလိမ့်မည် မဟုတ်။ ထို့ကြောင့် လူတို့က မိမိတို့၏ အယူအဆများအတိုင်း ကောင်းမွန်သည်ဟု ယုံကြည်ကြသည့် အပြုအမူများကို အသိအမှတ်ပြုခြင်းနှင့် ပိုင်းခြားသိမြင်ခြင်းသည် သမ္မာတရား လိုက်စားခြင်း ဖြစ်စဉ်တွင် အဓိကကျသော ကိစ္စတစ်ခု မဟုတ်သော်လည်း ယင်းသည် လူတို့၏ နေ့စဉ် ဘဝများနှင့် နီးကပ်စွာ ဆက်နွှယ်ပေသည်။ တစ်နည်းအားဖြင့် ပြောရလျှင် လူတို့သည် မိမိတို့၏ နေ့စဉ်ဘဝများ၌ ဤအရာများကို မကြာခဏ ကြုံကြရ၏။ ဥပမာအားဖြင့် တစ်စုံတစ်ခု ဖြစ်ပျက်ပြီး သင်က နည်းလမ်းတစ်ခုဖြင့် ဆောင်ရွက်ချင်သော်လည်း အခြားလူက ကွဲပြားသော အမြင်တစ်ခု တင်ပြကာ ထိုလူက ပြုမူနေကျအတိုင်း ပြုမူပုံနှင့် ပတ်သက်၍ စိတ်လက်ချမ်းသာခြင်းမရှိဟု ဆိုပါစို့။ ထိုသူ၏ အမြင်ကို သင် မည်သို့ သဘောထားသင့်သနည်း။ ဤကိစ္စကို သင် မည်သို့ ကိုင်တွယ်သင့်သနည်း။ ယင်းတို့ကို လျစ်လျူရှုလိုက်ခြင်းသည် သင့်အတွက် မှားပေလိမ့်မည်။ ၎င်းတို့နှင့်ပတ်သက်၍ သီးသန့်အမြင်၊ သို့မဟုတ် အကဲဖြတ်ချက်တစ်ခု၊ သို့မဟုတ် ၎င်းတို့နှင့် ပတ်သက်၍ သင် ဆွဲထားသည့် ကောက်ချက်တစ်ခု ရှိသောကြောင့် ဤအရာများက သင်၏ အတွေးနှင့် အကဲဖြတ်မှုကို စိုးမိုးခြယ်လှယ်လိမ့်မည်ဖြစ်ပြီး ယင်းတို့က ဤကိစ္စနှင့် ပတ်သက်၍ သင်၏ ထင်မြင်ချက်ကို လွှမ်းမိုးဖို့ ဖြစ်နိုင်ဖွယ်ရှိသည်။ ယင်းမှာ ၎င်းတို့၏ မတူသော အမြင်များကို သမ္မာတရားတိုင်း ပိုင်းခြားသိမြင်ကာ ရှင်းရှင်းလင်းလင်း မြင်လျက် တည်ငြိမ်စွာ ချဉ်းကပ်ရမည့် အကြောင်းရင်း ဖြစ်သည်။ ၎င်းတို့ ပြောသည့်အရာသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီပါက သင် လက်ခံသင့်၏။ ကိစ္စရပ်ကို ရှင်းရှင်းလင်းလင်း သင် မမြင်နိုင်ပါက ဤသို့သော အခြေအနေ၊ သို့မဟုတ် လူတစ်ဦးကို တစ်ဖန် သင် ကြုံသည့်အခါ အမြဲ စိတ်ရှုပ်ထွေးလိမ့်မည်၊ အဆင်သင့်ဖြစ်လိမ့်မည်မဟုတ်၊ စိတ်လှုပ်ရှားကာ ပျာယာခတ်လိမ့်မည်။ လူအချို့က ထိုအခြေအနေကို ချဉ်းကပ်ကာ ကိုင်တွယ်ဖြေရှင်းရန် ပြင်းထန်သော လုပ်ဆောင်ချက်များပင် ကျင့်သုံးကြ၏။ ယင်း၏ နောက်ဆုံး ရလဒ်ကို မုချ မည်သူမျှ မြင်ချင်ကြမည်မဟုတ်ပေ။ လူတစ်ဦးကို ရှုမြင်ရန် ဘုရားသခင် တောင်းဆိုသည့် တိုင်းတာချက် စံနှုန်းများကို သင် အသုံးပြုပါက နောက်ဆုံး ရလဒ်သည် ကောင်းမွန်ပြီး အပြုသဘောဆောင်ဖို့ ဖြစ်ဖွယ်ရှိသည်။ သင်တို့ နှစ်ဦးကြားတွင် အငြင်းပွားမှု ရှိလိမ့်မည် မဟုတ်သကဲ့သို့ အဆင်ပြေကြလိမ့်မည်။ သို့ရာတွင် လူတစ်ဦးကို ရှုမြင်ရန် အပြုအမူကောင်းအပေါ် လူ၏ အယူအဆများနှင့် သက်ဆိုင်သည့် စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် စံနှုန်းများကို သင်အသုံးပြုပါက သင်တို့နှစ်ဦးသည် အဆုံးတွင် ခိုက်ရန်ဖြစ်ပွားပြီး အငြင်းပွားရဖွယ်ရှိသည်။ ရလဒ်မှာ သင်တို့သည် အဆင်မပြေနိုင်ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် အမှုအရာများစွာ ဖြစ်ပွားလိမ့်မည်။ သင်တို့သည် အချင်းချင်း ထိခိုက်နိုင်သည်။ အချင်းချင်း သေးသိမ်စေနိုင်ပြီး တစ်ယောက်နှင့်တစ်ယောက် ဝေဖန်အပြစ်တင်နိုင်သည်။ ဆိုးရွားသော ကိစ္စများတွင် သင်တို့သည် လက်ပါသည့် ခိုက်ရန်ဖြစ်ပွားခြင်းသို့ပင် ရောက်သွားနိုင်ပြီး အဆုံးတွင် နှစ်ဦးနှစ်ဖက်လုံး ထိခိုက်နာကျင်ကာ ဆုံးရှုံးရလိမ့်မည်။ ယင်းကို မည်သူမျှ မမြင်ချင်ပေ။ ထို့ကြောင့် လူတို့ထဲတွင် စာတန် သွတ်သွင်းသည့် အရာများသည် လူတစ်ဦး သို့မဟုတ် အမှုအရာတစ်ခုကို ဓမ္မဓိဋ္ဌာန်ကျစွာ၊ တရားမျှတစွာ၊ သို့မဟုတ် အကျိုးသင့်အကြောင်းသင့် ရှုမြင်ရန် ၎င်းတို့ကို မည်သည့်အခါတွင်မျှ မကူညီနိုင်ပေ။ စင်စစ်အားဖြင့် လူတို့သည် ဘုရားသခင်က လူတို့ကိုတောင်းဆိုပြီး အသိပေးထားသည့် အပြုအမူဆိုင်ရာ စံများအတိုင်း၊ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားအတိုင်း အမှုအရာ၊ သို့မဟုတ် လူတစ်ဦးကို ရှုမြင်သည့်အခါ စိတ်မြန်လက်မြန်ဖြစ်ခြင်း၊ သို့မဟုတ် လူ၏ စိတ်ခံစားချက်များနှင့် ခံစားချက်များဖြင့် မစွန်းထင်းသောကြောင့် အဆုံးသတ်ရလဒ်သည် မုချ ဓမ္မဓိဋ္ဌာန်ကျလိမ့်မည်။ ဤအရာမှ ကောင်းသောအရာများသာ လာနိုင်သည်။ ဤအရာအရ မည်သည့်အရာကို လူတို့ လက်ခံဖို့ လိုအပ်သနည်း။ ကောင်းသောအရာများနှင့်ဆိုင်သည့် လူ၏ အယူအဆများ ဖြစ်သလော၊ သို့မဟုတ် ဘုရားသခင် တောင်းဆိုသည့် အပြုအမူဆိုင်ရာ စံများဖြစ်သလော။ (ဘုရားသခင်တောင်းဆိုသည့် အပြုအမူဆိုင်ရာ စံများ ဖြစ်သည်။) ထိုမေးခွန်းအတွက် အဖြေကို သင်တို့အားလုံး သိကြပြီး မှန်မှန်ကန်ကန် တုံ့ပြန်နိုင်သည်။ ကောင်းပြီ၊ ဤအကြောင်းအရာနှင့် ပတ်သက်၍ ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် ထားခဲ့မည်။ ဆက်လက်၍ သင်တို့ လုပ်ဆောင်ရန် လိုအပ်သောအရာမှာ ဤအရာများနှင့် ပတ်သက်၍ ဆက်လက်တွေးဆကာ မိတ်သဟာယပြုရန်၊ စနစ်ကျသည့်ပုံစံဖြင့် ဤကိစ္စရပ်များကို စုစည်းရန်၊ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း အတော်များများကို ကြံဆရန်ဖြစ်ပြီး ထို့နောက်တွင် သင်တို့၏ နေ့စဉ်ဘဝများတွင် ထိုအရာများကို ဆက်လက် ခံစားပြီး တွေ့ကြုံကာ ဤစကားများ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် ဖြစ်သည်။ ပင်ကိုအားဖြင့် ဤစကားများ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းသည် လူတို့ ပထမဆုံး လိုက်စားပြီး ဝင်ရောက်သည့် သမ္မာတရား စစ်မှန်မှု ဖြစ်သည်။ ဤသို့ဖြင့် တွေ့ကြုံသည့်လမ်းကြောင်းမှတစ်ဆင့် ဤမိတ်သဟာယ အကြောင်းအရာ၏ ရှုထောင့်တစ်ခုစီနှင့် သက်ဆိုင်သည့် အမျိုးမျိုးသော သိနားလည်မှုနှင့် အသိပညာ အတိုင်းအတာများကို လူတို့ တဖြည်းဖြည်း ရောက်လာကြလိမ့်မည်ဖြစ်ပြီး မတူကွဲပြားသော ရှုထောင့်အမြင်များမှ အကျိုးများကို အဆင့်ဆင့် ဖန်တီးကြပေသည်။ သင် ပိုမိုရရှိလေ၊ ဤစကားများ၌ သင်၏ အတွေ့အကြုံဆိုင်ရာအသိပညာနှင့် ဝင်ရောက်မှုတို့ သာ၍ နက်ရှိုင်းလေ ဖြစ်လာလိမ့်မည်။ ယင်းတို့ကို သင် သာ၍ နက်ရှိုင်းစွာ ဝင်ရောက်ပြီး တွေ့ကြုံလေ၊ သင်၏ ဝင်ရောက်မှုနှင့် လူများ၊ အမှုအရာများအပေါ် သင့်အမြင်နှင့်ဆိုင်သည့် အတွေ့အကြုံဆိုင်ရာ အသိပညာအပြင် သင်၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ရပ်များ သာ၍ နက်ရှိုင်းလာလေ ဖြစ်လိမ့်မည်။ ဆန့်ကျင်ဘက်အနေဖြင့် ဤစကားများထဲသို့ သင် လုံးဝ ဝင်ရောက်ခြင်း မရှိသကဲ့သို့ ဤစကားများ၏ တိုက်ရိုက် အဓိပ္ပာယ်ကို ကြည်ရုံကြည့်ကာ နားလည်ပြီး သင် အမြဲအသက်ရှင်ခဲ့သည့်အတိုင်း အသက်ရှင်လျက် ပြဿနာများ ပေါ်ပေါက်သည့်အခါ သမ္မာတရား မရှာဖွေသကဲ့သို့ ထိုပြဿနာများကို ဘုရားနှုတ်ကပတ်တော်များနှင့် မယှဉ်ကြည့်ဘဲ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များအတိုင်း မဖြေရှင်းဘဲ ထိုသို့ ထားခဲ့ပါက သင်သည် ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ လုံးဝ ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။ သမ္မာတရား စစ်မှန်မှုထဲသို့ သင် လုံးဝ ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ဟု ပြောခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်သည် သမ္မာတရားကို ချစ်သော လူတစ်ဦး မဟုတ်သလို သမ္မာတရားအား မိမိ၏ စံအဖြစ်ထားလျက် ဘုရားနှုတ်ကပတ်တော်များအတိုင်း လူများနှင့် အမှုအရာများကို ရှုမြင်ခြင်း၊ သို့မဟုတ် မိမိကိုယ်ကိုယ် ကျင့်ကြံပြုမူကာ ဆောင်ရွက်ခြင်း မည်သည့်အခါမျှ မရှိသောကြောင့် သင်သည် သမ္မာတရားကို မည်သည့်အခါတွင်မျှ လက်တွေ့လုပ်ဆောင်လိမ့်မည် မဟုတ်ဟု ဆိုလိုသည်။ သင်က “ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ်၏ အခြေခံအဖြစ်ဖြစ်စေ၊ သမ္မာတရားကို ကျွန်ုပ်၏ စံအဖြစ်ဖြစ်စေ မယူသော်လည်း ကောင်းစွာ ငါ အသက်ရှင်ဆဲ ဖြစ်သည်”ဟု ဆိုသည်။ “ကောင်းစွာ အသက်ရှင်သည်”ဆိုသည်မှာ မည်သည့်အရာကို သင် ဆိုလိုသနည်း။ သင် မသေသရွေ့ အမှုအရာများက အဆင်ပြေနေသလော။ သင့် လိုက်စားမှု၏ ပန်းတိုင်မှာ ကယ်တင်ခြင်းအား ရရှိဖို့ မဟုတ်သကဲ့သို့ သင်သည် သမ္မာတရားကို လက်မခံ၊ သို့မဟုတ် နားမလည်သည့်တိုင် ကောင်းစွာ အသက်ရှင်နေသည်ဟု သင် ဆိုသည်။ ထိုသို့ဖြစ်ပါက သင်၏ ဘဝအရည်အသွေးသည် အလွန် စံမမီသကဲ့သို့ သင် အသက်ရှင်နေထိုင်သည့် လူ့သဘာဝ အရည်အသွေးသည် အလွန်နိမ့်ကျပေသည်။ အရပ်သုံး စကားမှ ခဏယူပြောရမည်ဆိုပါက သင်သည် ဘုရားနှုတ်ကပတ်တော်များကို မစားသောက်သကဲ့သို့၊ သမ္မာတရားကို နားမလည်သောကြောင့်၊ သင်သည် ဆိုးယုတ်သော စိတ်သဘောထားနှင့် ဆိုးယုတ်သော အတွေးအခေါ်များဖြင့် အသက်ရှင်နေဆဲဖြစ်သောကြောင့် သင်သည် လူတစ်ဦးထက် မိစ္ဆာကောင်တစ်ဦးနှင့် သာ၍တူပေသည်။ သင်သည် လူ့အရေခြုံထားသော လူမဟုတ်သောအရာတစ်ခုမျှသာ ဖြစ်သည်။ ထိုသို့သော လူတစ်ဦး၏ ဘဝသည် မည်သည့် အရည်အသွေး၊ သို့မဟုတ် တန်ဖိုး ရှိပါသနည်း။ ယင်းသည် သင့်အဖို့၊ သို့မဟုတ် အခြားသူများအဖို့ အကျိုး မရှိပေ။ ဤဘဝမျိုး၏ အရည်အသွေးသည် အလွန် ညံ့ဖျင်း၏၊ တန်ဖိုးမရှိပေ။
ယနေ့တွင် ဤရိုးရာဓလေ့ အယူအဆများနှင့် ရိုးရာယဉ်ကျေးမှုတို့ကို ငါ အဘယ်ကြောင့် မိတ်သဟာယပြုကာ စိတ်ဖြာလေ့လာဆွေးနွေးနေသည်ကို သင်တို့ သိကြသလော။ ယင်းတို့ကို ငါ မနှစ်သက်သောကြောင့် ဖြစ်သလော။ (ယင်းသည် အကြောင်းရင်း မဟုတ်ပါ။) သို့ဆိုလျှင် ဤအကြောင်းအရာများနှင့် ပတ်သက်၍ မိတ်သဟာယပြုခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ ထိုအရာ၏ နောက်ဆုံး ပန်းတိုင်မှာ အဘယ်နည်း။ (ရိုးရာယဉ်ကျေးမှုက ဩဇာလွှမ်းမိုးထားပြီး ဆိုးယုတ်သော အတွေးအခေါ်များဖြင့် အသက်ရှင်သည့် မည်သည့် အပြုအမူများနှင့် သရုပ်သကန်များ ကျွန်ုပ်တို့တွင် ရှိကြသေးသည်ကို ဆန်းစစ်ရန် ထိုအရာက အထောက်အကူပြုပါသည်။ သမ္မာတရားကို ကျွန်ုပ်တို့ နားလည်လာပြီး ချင့်ချိန်နိုင်စွမ်း ရရှိလာကြသည့်နောက်တွင် ဘုရားသခင်က ကျွန်ုပ်တို့ကို ပေးပြီးဖြစ်သည့် တောင်းဆိုချက်များနှင့် စံများအတိုင်း ပုံမှန်လူ့သဘာဝကို ကျွန်ုပ်တို့ အသက်ရှင်နေထိုင်နိုင်ကြလိမ့်မည်ဖြစ်ကာ သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို လျှောက်နိုင်ကြလိမ့်မည်။) ဤသည်မှာ မှန်ပေ၏၊ သို့သော် အနည်းငယ် စကားလုံးဖောင်းပွသည်။ မည်သည့်အရာက အရိုးရှင်းဆုံးနှင့် တိုက်ရိုက်အကျဆုံး အဖြေဖြစ်သနည်း။ ဤအကြောင်းအရာများကို မိတ်သဟာယပြုခြင်း၏ အဆုံးစွန် ပန်းတိုင်တစ်ခုတည်းသာရှိပြီး ယင်းမှာ သမ္မာတရားက မည်သည့်အရာဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက မည်သည့်အရာဖြစ်ကြောင်း လူတို့အား နားလည်စေရန် ဖြစ်သည်။ ဤအရာနှစ်ခုအပေါ် လူတို့ ရှင်းသွားသည်နှင့်တစ်ပြိုင်နက် ရိုးရာယဉ်ကျေးမှုက အားပေးသည့် အပြုအမူကောင်းများအပေါ် ချင့်ချိန်နိုင်စွမ်း ရှိကြလိမ့်မည်။ ၎င်းတို့သည် ထိုအပြုအမူကောင်းများကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ခြင်းအတွက် စံနှုန်းများအဖြစ် သဘောထားကြတော့မည် မဟုတ်ပေ။ သမ္မာတရားကို သိနားလည်ခြင်းအားဖြင့်သာ လူတို့သည် ရိုးရာယဉ်ကျေးမှု၏ အချုပ်အနှောင်ကို စွန့်ပယ်နိုင်ပြီး သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်းနှင့် လူတို့ ပိုင်ဆိုင်သင့်သည့် အပြုအမူကောင်းများနှင့် ပတ်သက်၍ ၎င်းတို့၏ မှားယွင်းသော သိနားလည်မှုများနှင့် အမြင်များကို စွန့်ပယ်နိုင်ကြပေသည်။ ဤနည်းဖြင့်သာ လူတို့သည် သမ္မာတရားကို မှန်ကန်စွာ လက်တွေ့လုပ်ဆောင်ပြီး လိုက်စားနိုင်သည်။ သမ္မာတရား မည်သည့်အရာဖြစ်သည်ကို လူတို့ မသိသကဲ့သို့ ရိုးရာယဉ်ကျေးမှုကို သမ္မာတရားအဖြစ် မှတ်ယူပါက ၎င်းတို့ လိုက်စားမှု၏ ဦးတည်ချက်၊ ပန်းတိုင်များနှင့် လမ်းကြောင်းအားလုံး မှားယွင်းလိမ့်မည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များမှ ကင်းကွာလိမ့်မည်၊ သမ္မာတရားကို ဆန့်ကျင်ကာ မှန်သော လမ်းခရီးမှ သွေဖည်ကြလိမ့်မည်။ ထိုသို့ဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် လမ်းကြောင်း လျှောက်ပြီး လမ်းလွဲသွားကြလိမ့်မည်။ သမ္မာတရား နားမလည်သည့် လူများသည် ထိုသမ္မာတရားကို ရှာဖွေနိုင်စွမ်းနှင့် လက်တွေ့လုပ်ဆောင်နိုင်စွမ်းမရှိပါက အဆုံးသတ် ရလဒ်က မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ သမ္မာတရားကို ရရှိကြလိမ့်မည် မဟုတ်ပေ။ သမ္မာတရားကို မရရှိပါက ထိုလူများ မည်မျှကြိုးစား ယုံကြည်ပါစေ မည်သည့်အရာမျှ ဖြစ်မြောက်မည်မဟုတ်။ ထို့ကြောင့် ဤရိုးရာအယူအဆများနှင့် ရိုးရာယဉ်ကျေးမှု၏ ဤအဆိုအမိန့်များနှင့် ပတ်သက်၍ ယနေ့ မိတ်သဟာယနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းသည် ယုံကြည်သူအားလုံးအတွက် အလွန် အရေးကြီးပြီး အလွန် အရေးပါသော အကြောင်းအရာ ဖြစ်သည်။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို အမှန်တကယ် နားလည်ကြပါသလော။ သမ္မာတရားအား မည်သို့ လိုက်စားရမည်ကို သင်တို့ အမှန်တကယ် သိကြသလော။ သင်တို့၏ ပန်းတိုင်များနှင့်ပတ်သက်၍ သင်တို့ သေချာသလော။ သင်တို့၏ လမ်းကြောင်းနှင့် ပတ်သက်၍ သင်တို့ သေချာသလော။ မည်သည့်အရာကိုမျှ မသေချာပါက သမ္မာတရားကို သင် မည်သို့ လိုက်စားနိုင်မည်နည်း။ မှားယွင်းသော အရာကို သင်တို့ လိုက်စားနေခြင်းများ ဖြစ်နိုင်မည်လော။ လမ်းကြောင်းမှ သင် သွေဖည်နေခြင်းများ ဖြစ်နိုင်မည်လော။ ဤသည်မှာ အလွန့်အလွန် ဖြစ်နိုင်ဖွယ်ရှိ၏။ ထို့ကြောင့် ယနေ့ ငါ မိတ်သဟာယပြုနေသည့် စကားလုံးများသည် အပေါ်ယံအားဖြင့် အလွန်ရိုးရှင်းပုံပေါ်သော်လည်း ယင်းတို့ကို ကြားသည်နှင့် လူတို့ ချက်ချင်းနားလည်သည့် စကားများဖြစ်ပုံရပြီး သင်၏ ရှုထောင့်အမြင်မှ ထိုစကားများသည် မှတ်သားလောက်ဖွယ် ဖြစ်ပုံမရသော်လည်း ဤခေါင်းစဉ်နှင့် ပါဝင်သည့် အကြောင်းအရာတို့သည် သမ္မာတရားနှင့် တိုက်ရိုက် ဆက်နွှယ်ကာ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် သက်ဆိုင်ပေသည်။ ဤသည်မှာ သင်တို့ အများစု သတိမထားမိသည့်အရာ ဖြစ်သည်။ အယူဝါဒအရ ရိုးရာယဉ်ကျေးမှုနှင့် လူသားမျိုးနွယ်၏ လူမှုရေး အသိတို့သည် သမ္မာတရား မဟုတ်ကြောင်းနှင့် လူသားမျိုးနွယ် အလေ့အထများနှင့် အလေ့အကျင့်များက မုချ သမ္မာတရား မဟုတ်ကြောင်း သင်တို့ နားလည်ကြသော်လည်း ဤအရာများ၏ အနှစ်သာရကို သင်တို့ အမှန်တကယ် မြင်ကြပါသလော။ ဤအရာများ၏ အချုပ်အနှောင်ကို သင်တို့ အမှန်တကယ် စွန့်ပယ်ပြီလော။ သေချာပေါက် မဟုတ်ပေ။ ဘုရားအိမ်တော်က လူသားမျိုးနွယ် ယဉ်ကျေးမှု၊ အလေ့အထများနှင့် အလေ့အကျင့်တို့ကို လေ့လာရာတွင် အားထုတ်ဖို့ လူတို့ကို မည်သည့်အခါတွင်မျှ မတောင်းဆိုသကဲ့သို့ ရိုးရာယဉ်ကျေးမှုမှ တစ်ခုတလေကို ဘုရားအိမ်တော်က လူတို့အား ဧကန်မုချ လက်ခံခိုင်းခြင်း မရှိပေ။ ဤအရာများကို ဘုရားအိမ်တော်က မည်သည့်အခါတွင်မျှ မဖော်ပြပေ။ သို့ရာတွင် ယနေ့ ငါ မိတ်သဟာယပြုနေသည့် အကြောင်းအရာသည် အလွန် အရေးကြီး၏။ သင်တို့ နားလည်ရန်အလို့ငှာ ဤအရာကို ရှင်းလင်းစွာ ပြောရန် ငါ့အတွက် လိုအပ်ပေသည်။ ဤအရာများကို ငါ ပြောဆိုရခြင်း၏ ပန်းတိုင်မှာ သမ္မာတရားနှင့် ဘုရားအလိုတော်ကို လူတို့ နားလည်စေရန်သာဖြစ်၏။ သို့သော် ငါ ပြောနေသည့်အရာကို သင်တို့ အားလုံး နားလည်နိုင်ကြသလော။ သင်တို့ အနည်းငယ် အားထုတ်ပါက၊ အဖိုးအခ အနည်းငယ်ပေးပြီး အားအင် အနည်းငယ် စိုက်ထုတ်ပါက နောက်ဆုံးတွင် ဤနယ်ပယ်၌ အကျိုးအမြတ်များရအောင် ပြုလုပ်နိုင်လိမ့်မည်ဖြစ်ပြီး ဤသမ္မာတရားကို နားလည်ရာတွင် အောင်မြင်လိမ့်မည်။ ဤသမ္မာတရားများကို နားလည်လာခြင်းအားဖြင့် ထို့နောက် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် ကြိုးစားခြင်းအားဖြင့် ရလဒ်များရရှိရန် သင့်အတွက် လွယ်ကူလိမ့်မည်။
လူတစ်ဦးက သူ၏ အယူအဆများတွင် မှန်ကန်ပြီး ကောင်းမြတ်သည်ဟု ကိုင်စွဲထားသည့်အရာများနှင့် ပတ်သက်၍ ငါတို့ ယခင်က မိတ်သဟာယပြုခဲ့ရာတွင် ထိုအရာများ၏ သွင်ပြင်လက္ခဏာတစ်ခုမှာ လူတို့၏ အပြုအမူကောင်းများ ဖြစ်သည်။ အခြား သွင်ပြင်လက္ခဏာမှာ အဘယ်နည်း။ (လူ၏ လူ့သဘာဝ၏ ကိုယ်ကျင့်တရားနှင့် အရည်အသွေးဖြစ်သည်။) ရိုးရှင်းသော ဝေါဟာရဖြင့်ဆိုရလျှင် လူ၏ ကိုယ်ကျင့်တရား အပြုအမူ ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားအားလုံးက မိမိတို့၏ ဆိုးယုတ်သော စိတ်သဘောထားများအတိုင်း အသက်ရှင်ကြသော်လည်း မိမိတို့ကိုယ်ကိုယ် ဖုံးကွယ်ရာတွင် တစ်မူထူးစွာ တော်ကြ၏။ အပေါ်ယံအဆင့်ရှိသော လုပ်နည်းကိုင်နည်းများ၊ အပြုအမူများနှင့် အတိအကျ ဆက်နွှယ်သည့် ဆိုရိုးများအပြင်၊ လူ၏ ကိုယ်ကျင့်တရား အပြုအမူနှင့် သက်ဆိုင်သော ဆိုရိုးများနှင့် သတ်မှတ်ချက်များစွာကိုလည်း ဖန်တီးကြသည်။ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သည့် မည်သည့်ဆိုရိုးများသည် လူတို့ကြားတွင် ပျံ့နှံ့သနည်း။ သင်တို့သိပြီး ရင်းနှီးသည့်အရာများကို စာရင်းပြုစုကြလော့၊ ထို့နောက်တွင် စိတ်ဖြာလေ့လာဆွေးနွေးပြီး မိတ်သဟာယပြုရန် ပြောနေကျ ဆိုရိုးအနည်းငယ်ကို ငါတို့ ရွေးမည်။ (ကောက်ယူရရှိသည့် ပိုက်ဆံကို အိတ်ထဲ မထည့်နှင့်။ သူတစ်ပါးတို့အား ကူညီခြင်းဖြင့်ရရှိသည့် ပီတိကို ခံစားပါ။) (တစ်လုတ်စားဖူး သူ့ကျေးဇူး။) (အများအကျိုးအတွက် မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံပါ။) (အဆိုးကို အကောင်းဖြင့် တုံ့ပြန်ပါ။) (အမျိုးသမီးတစ်ယောက်သည် အကျင့်သီလကောင်းရမည်။ ကြင်နာ၊ နူးညံ့သိမ်မွေ့ကာ ကိုယ်ကျင့်တရားရှိရမည်။) (သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ။) ဟုတ်ပေ၏၊ ထိုအရာအားလုံးသည် ကောင်းမွန်သော ဥပမာများ ဖြစ်သည်။ ထို့အပြင် “ရေတွင်းတစ်တွင်းရှိ ရေကိုသောက်သောအခါ မည်သူက တူးခဲ့သည်ကို လုံးဝ မမေ့လျော့သင့်”၊ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” နှင့် “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့်အရာများ ရှိသည်။ ဤအရာအားလုံးမှာ လူ၏ ကိုယ်ကျင့်တရား အပြုအမူနှင့် စပ်လျဉ်း၍ တင်ပြထားသည့် သတ်မှတ်ချက်များ ဖြစ်သည်။ အခြားတစ်ခုတလေ ရှိသေးသလော။ (ညောင်စေ့လောက် ကျေးဇူးပြုခံရရင် ညောင်ပင်ကြီးလောက် ကျေးဇူးပြန်ဆပ်ရမည်။) ဤသည်မှာလည်း လူ၏ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်၍ လူသားမျိုးနွယ်၏ ရိုးရာယဉ်ကျေးမှုက အဆိုပြုသည့် သတ်မှတ်ချက်တစ်ခုနှင့် လူတို့၏ ကိုယ်ကျင့်တရား အပြုအမူကို ဆန်းစစ်ခြင်းအတွက် စံနှုန်းတစ်ခု ဖြစ်သည်။ အခြား မည်သည့်အရာ ရှိသေးသနည်း။ (သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်။) ဤတစ်ခုသည် အနည်းငယ် ပိုရိုးရှင်းသည်၊ အရေးလည်းပါသည်။ “မိတ်ဆွေအတွက် အသက်စွန့်မည်”၊ “သစ္စာရှိသော ပြည်သားများသည် ရှင်ဘုရင်နှစ်ပါးကို အမှုထမ်း၍မရ၊ အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ”၊ “အကြင်သူသည် ချမ်းသာကြွယ်ဝမှုအားဖြင့် လုံးဝ အကျင့်မပျက်သင့်၊ ဆင်းရဲခြင်းဖြင့် မပြောင်းလဲသင့်၊ အဓမ္မလုပ်ဆောင်မှုဖြင့် အလျှော့မပေးသင့်”၊ နှင့် “အလုပ်တာဝန်ကို စိတ်ပိုင်းဖြတ်ထားပြီး၊ သေသည်အထိ အစွမ်းကုန် ကြိုးစားပါ”တို့လည်း ရှိသည်။ ဤသည်တို့မှာ အခြားသော ဥပမာများ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) “နွေဦးပိုးများသည် သေသည်ထိ ရက်လုပ်ကြလိမ့်မည်ဖြစ်ပြီး ဖယောင်းတိုင်များသည် မီးစာကုန်သည်အထိ လင်းကြလိမ့်မည်။” ဟူသည်မှာလည်း အခြားနမူနာများထဲမှ တစ်ခုဖြစ်သည်။ လူ၏ အပြုအမူနှင့် ကျင့်ကြံပြုမူခြင်းတို့အတွက် ထိုအရာများ၏ မျှော်လင့်ချက်များ မည်မျှ မြင့်မားသည်ကို ကြည့်လော့။ ယင်းတို့က လူတို့အား မိမိတို့၏ ဘဝတစ်ခုလုံးတစ်လျှောက် ဖယောင်းတိုင်တစ်တိုင်ကဲ့သို့ လောင်ကျွမ်းပြီး ပြာဖြစ်လာစေချင်ကြသည်။ လူတစ်ဦးသည် ဤသို့ ကျင့်ကြံပြုမူသည့်အခါတွင်သာ မြင့်မားသော ကိုယ်ကျင့်တရား စရိုက်လက္ခဏာကို ပိုင်ဆိုင်မည်ဟု ယူဆရသည်။ ဤသည်မှာ မြင့်မားသည့် မျှော်လင့်ချက်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် ရိုးရာယဉ်ကျေးမှု၏ ဤသွင်ပြင်လက္ခဏာများဖြင့် နှစ်ထောင်ချီ လွှမ်းမိုးခံရပြီး ချည်နှောင်ခံရပြီး ဖြစ်ကာ ရလဒ်မှာ အဘယ်နည်း။ လူသား ပုံသဏ္ဌာန်ကို ၎င်းတို့ အသက်ရှင်နေထိုင်နေကြသလော။ အဓိပ္ပာယ်ရှိသော ဘဝများကို ၎င်းတို့ အသက်ရှင်နေထိုင်နေကြသလော။ လူတို့သည် မိမိတို့၏ပျိုရွယ်မှုများ သို့မဟုတ် မိမိတို့၏ ဘဝတစ်ခုလုံးကိုပင် ထိုအရာများအတွက် စတေးရင်း မိမိတို့၏ ဘဝများက အလွန် ဂုဏ်ယူရပြီး ကျက်သရေရှိသည်ဟု ယုံကြည်ရင်း တစ်ချိန်တည်းမှာပင် ရိုးရာယဉ်ကျေးမှုက တောင်းဆိုသည့် ဤအရာများအတွက် အသက်ရှင်ကြသည်။ အဆုံးတွင် ၎င်းတို့ သေဆုံးကြသည့်အခါ မည်သည့်အရာအတွက် ၎င်းတို့ သေဆုံးကြသည်၊ သို့မဟုတ် ၎င်းတို့၏ သေဆုံးခြင်းများက တန်ဖိုးနှင့် အဓိပ္ပာယ်တစ်ခုခု ရှိမရှိ၊ သို့မဟုတ် မိမိတို့ ဖန်ဆင်းရှင်၏ တောင်းဆိုချက်များကို ၎င်းတို့ ပြည့်မီခြင်း ရှိမရှိဆိုသည်တို့ကို မသိကြချေ။ လူတို့သည် ဤအရာများကို လုံးဝ မသိနားမလည်ကြချေ။ လူတို့၏ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်၍ ရိုးရာယဉ်ကျေးမှုက မည်သည့် အခြားသော ဆိုရိုးများနှင့် သတ်မှတ်ချက်များ ရှိသနည်း။ “လူတိုင်း ၎င်းတို့နိုင်ငံ၏ကံကြမ္မာအတွက် တာဝန်မျှဝေယူကြ၏”နှင့် “လူတို့ သင့်ကို အပ်သည့်အရာတိုင်းကို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံး လုပ်ပါ”တို့ဖြစ်သည်။ ဤအရာများက ကွက်တိပင်ဖြစ်၏။ “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက်ဖြစ်သည်”ဆိုသည့်အရာလည်း ရှိ၏။ ဤသည်မှာ လူ၏ ယုံကြည်ထိုက်ခြင်းနှင့်ဆိုင်သည့် သတ်မှတ်ချက်တစ်ခု ဖြစ်သည်။ အခြားတစ်ခုတလေ ရှိသလော။ (ခြောက်ပြစ်ကင်း သဲလဲစင်သည့် ရွှံ့နွံမှ တောပန်းတစ်ပွင့်ကဲ့သို့ ကြီးထွားပါ။) ဤစကားရပ်သည် ဤအကြောင်းအရာနှင့် တချို့တလေသာ ဆက်နွှယ်မှုရှိ၏။ လုံလောက်သည့် ဥပမာများကို ငါတို့ စာရင်းပြုစုပြီးဖြစ်သည်ဟု ငါထင်သည်။ ငါတို့ ယခုတင် လေ့လာဖော်ထုတ်သွားသည့် ဆိုရိုးများသည် လူ၏ ဆက်ကပ်မှု၊ မျိုးချစ်စိတ်၊ ယုံကြည်ထိုက်မှု၊ လူမှုကျင့်ဝတ်အပြင်၊ အခြားသူများနှင့် ဆက်ဆံခြင်းအတွက် စည်းမျဉ်းများ၊ လူတို့က ၎င်းတို့ကို ကူညီခဲ့သည့် လူတစ်ဦးအား မည်သို့ဆက်ဆံရမည်၊ သို့မဟုတ် ကြင်နာမှုကို မည်သို့ ပြန်ဆပ်ရမည် စသည်တို့နှင့်စပ်လျဉ်း၍ အဆိုပြုထားသည့် သတ်မှတ်ချက်များ ပါဝင်သည်။ အခြားဆိုရိုးများ အနည်းငယ် နက်နဲစဉ်တွင် ဤဆိုရိုးများထဲမှ အချို့မှာ ပိုမိုရိုးရှင်းပေသည်။ အရိုးရှင်းဆုံး ဆိုရိုးများမှာ၊ “သူတစ်ပါးတို့အား ကူညီခြင်းဖြင့်ရရှိသည့် ပီတိကို ခံစားပါ”၊ “ကောက်ယူရရှိသည့် ပိုက်ဆံကို အိတ်ထဲ မထည့်နှင့်” နှင့် “အကြင်သူသည် ချမ်းသာကြွယ်ဝမှုအားဖြင့် လုံးဝ အကျင့်မပျက်သင့်၊ ဆင်းရဲခြင်းဖြင့် မပြောင်းလဲသင့်၊ အဓမ္မလုပ်ဆောင်မှုဖြင့် အလျှော့မပေးသင့်”တို့ ဖြစ်သည်။ ဤသည်တို့မှာ လူ၏ ကျင့်ကြံပြုမူခြင်းနှင့် သက်ဆိုင်သည့် တောင်းဆိုချက်များ ဖြစ်သည်။ “သစ္စာရှိသော ပြည်သားများသည် ရှင်ဘုရင်နှစ်ပါးကို အမှုထမ်း၍မရ၊ အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ”၊ သည် လူတို့၏ ကိုယ်ကျင့် သိက္ခာနှင့် လူမှုကျင့်ဝတ်တို့နှင့် ဆက်နွှယ်သည့် တောင်းဆိုချက်တစ်ခု ဖြစ်သည်။ ဤအရာများသည် တရုတ်ရိုးရာယဉ်ကျေးမှု၏ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့နှင့်ဆိုင်သည့် အယူအဆများ၏ နယ်ပယ်အတွင်းတွင် အနည်းနှင့် အများ ကျရောက်သည်။ ယခုလေးတင် ဆိုးရိုးမည်မျှကို ငါတို့စာရင်းပြုစုခဲ့သနည်း။ (နှစ်ဆယ့်တစ်ခုဖြစ်သည်။) ငါ့ကို ဖတ်ပြကြလော့။ (“ကောက်ယူရရှိသည့် ပိုက်ဆံကို အိတ်ထဲ မထည့်နှင့်”၊ “သူတစ်ပါးတို့အား ကူညီခြင်းဖြင့်ရရှိသည့် ပီတိကို ခံစားပါ”၊ “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ”၊ “အဆိုးကို အကောင်းဖြင့် တုံ့ပြန်ပါ”၊ “တစ်လုတ်စားဖူး သူ့ကျေးဇူး”၊ “အများအကျိုးအတွက် မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံပါ”၊ “အမျိုးသမီးတစ်ယောက်သည် အကျင့်သီလကောင်းရမည်။ ကြင်နာ၊ နူးညံ့သိမ်မွေ့ကာ ကိုယ်ကျင့်တရားရှိရမည်”၊ “ရေတွင်းတစ်တွင်းရှိ ရေကိုသောက်သောအခါ မည်သူက တူးခဲ့သည်ကို လုံးဝ မမေ့လျော့သင့်”၊ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်”၊ “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ”၊ “ညောင်စေ့လောက် ကျေးဇူးပြုခံရရင် ညောင်ပင်ကြီးလောက် ကျေးဇူးပြန်ဆပ်ရမည်”၊ “သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်”၊ “မိတ်ဆွေအတွက် အသက်စွန့်မည်”၊ “သစ္စာရှိသော ပြည်သားများသည် ရှင်ဘုရင်နှစ်ပါးကို အမှုထမ်း၍မရ၊ အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ”၊ “အကြင်သူသည် ချမ်းသာကြွယ်ဝမှုအားဖြင့် လုံးဝ အကျင့်မပျက်သင့်၊ ဆင်းရဲခြင်းဖြင့် မပြောင်းလဲသင့်၊ အဓမ္မလုပ်ဆောင်မှုဖြင့် အလျှော့မပေးသင့်”၊ “အလုပ်တာဝန်ကို စိတ်ပိုင်းဖြတ်ထားပြီး၊ သေသည်အထိ အစွမ်းကုန် ကြိုးစားပါ”၊ “နွေဦးပိုးများသည် သေသည်ထိ ရက်လုပ်ကြလိမ့်မည်ဖြစ်ပြီး ဖယောင်းတိုင်များသည် မီးစာကုန်သည်အထိ လင်းကြလိမ့်မည်”၊ “လူတိုင်း ၎င်းတို့နိုင်ငံ၏ကံကြမ္မာအတွက် တာဝန်မျှဝေယူကြ၏”၊ “လူတို့ သင့်ကို အပ်သည့်အရာတိုင်းကို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံး လုပ်ပါ”၊ “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက်ဖြစ်သည်” နှင့် “ခြောက်ပြစ်ကင်း သဲလဲစင်သည့် ရွှံ့နွံမှ တောပန်းတစ်ပွင့်ကဲ့သို့ ကြီးထွားပါ”တို့ ဖြစ်သည်။) ယနေ့တွင် ကိုယ်ကျင့်တရား အပြုအမူနှင့် စပ်လျဉ်း၍ လူသားမျိုးနွယ်က ပေါင်းရုံးသည့် “ကောင်းမွန်သော” အရည်အသွေး အမျိုးအစားများအားလုံးနှင့် ဆိုင်သည့် ကြိုတင်လေ့လာမှုတစ်ခု ငါတို့ လုပ်ကြမည်။ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်၍ ရိုးရာ ယဉ်ကျေးမှု၏ အမျိုးမျိုးသော အဆိုအမိန့်များသည် လူ၏ လူ့သဘာဝနှင့် ကိုယ်ကျင့်တရား အပြုအမူအတွက် မတူကွဲပြားသော သတ်မှတ်ချက်များကို အဆိုပြုကြသည်။ အချို့က လူတို့အား မိမိတို့ ရရှိသည့် ကြင်နာမှုကို ပြန်ဆပ်ရန် တောင်းဆိုသည်၊ အချို့က အခြားသူများကို ကူညီရာတွင် ဝမ်းမြောက်ရန် တောင်းဆိုသည်။ အချို့မှာ တစ်ဦးတစ်ယောက်က မနှစ်သက်သည့် လူများကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် နည်းစနစ်များဖြစ်သော်လည်း အခြားအဆိုအမိန့်များမှာ လူတို့၏ အပြစ်အနာအဆာများနှင့် အားနည်းချက်များ၊ သို့မဟုတ် ပြဿနာများရှိသည့် လူများကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် နည်းလမ်းများ ဖြစ်သည်။ ဤနယ်ပယ်များတွင် ယင်းတို့သည် လူတို့အား ကန့်သတ်ချက်များဖြင့် ပံ့ပိုးကြပြီး အချို့သော တောင်းဆိုချက်များနှင့် စံနှုန်းများကို အဆိုပြုကြသည်။ ဤအရာအားလုံးမှာ လူ၏ ကိုယ်ကျင့်တရား အပြုအမူနှင့် စပ်လျဉ်း၍ ရိုးရာယဉ်ကျေးမှုက ထားရှိသည့် တောင်းဆိုချက်များနှင့် စံနှုန်းများ ဖြစ်ပြီး လူတို့ကြား ပျံ့နှံ့သည့် အရာများအားလုံး ဖြစ်သည်။ တရုတ်ပြည်တွင် ကြီးပြင်းသည့်သူ မည်သူမဆိုက ဤဆိုရိုးများကို မကြာခဏ ကြားကြလိမ့်မည်ဖြစ်ပြီး အလွတ်ရကြပေလိမ့်မည်။ ရိုးရာယဉ်ကျေးမှုမှ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်၍ ဤအဆိုအမိန့်များအားလုံး အနည်းနှင့်အများ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့၏ နယ်ပယ်အတွင်းတွင် ကျရောက်၏။ ဤနယ်ပယ်၏ ပြင်ပတွင် ရှိသည့် ဆိုရိုးအချို့ ရှိသည်မှာ အမှန်ဖြစ်သော်လည်း အဓိကဆိုရိုးအားလုံးက အနည်းနှင့်အများ ထိုအတွင်း၌ ကျရောက်ပေသည်။ ဤအရာနှင့် ပတ်သက်၍ သင်တို့ ရှင်းလင်းသင့်ပေသည်။
ယနေ့တွင် ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်၍ အထူးအဆိုအမိန့်က မည်သည့်အရာအကြောင်းသာ ဖြစ်သည်ကို ခိုင်လုံသော နည်းလမ်းဖြင့် ငါတို့ မိတ်သဟာယ ပြုမည်မဟုတ်သကဲ့သို့ အထူးဆိုရိုးတစ်ခုတလေ၏ အနှစ်သာရက မည်သည့်အရာဖြစ်ကြောင်းကိုလည်း ခိုင်လုံသည့် နည်းလမ်းဖြင့်လည်း ငါတို့ စိစစ်မည်မဟုတ်။ ပထမဦးစွာ အကြိုပြင်ဆင်သော လေ့လာမှုအနည်းငယ်ကို သင်တို့အား ငါလုပ်စေမည်။ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သည့် ရိုးရာယဉ်ကျေးမှု၏ အဆိုအမိန့်များနှင့် ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်းအတွက် လူသားအပေါ် ဘုရားသခင် တောင်းဆိုသည့် စံနှုန်းများကြား မည်သည့် ခြားနားချက်များရှိသည်ကို ကြည့်လော့။ ရိုးရာယဉ်ကျေးမှုမှ မည်သည့် ဆိုရိုးများသည် ဘုရားနှုတ်ကပတ်တော်များ၊ သမ္မာတရားနှင့် သိသိသာသာ ဆန့်ကျင်ကွဲလွဲပါသနည်း။ တိုက်ရိုက် အနက်ပြန်ရမည်ဆိုပါက မည်သည့်ဆိုရိုးများသည် ဘုရားနှုတ်ကပတ်တော်များ၊ သမ္မာတရားတို့နှင့် ဆင်တူပါသနည်း၊ သို့မဟုတ် ယင်းတို့နှင့် အတော်အတန် ဆက်သွယ်မှုရှိပါသနည်း။ ဤဆိုရိုးများထဲမှ မည်သည့်အရာကို အပြုသဘောဆောင်သော အရာများအဖြစ် သင်ယုံကြည်ပြီး ဘုရားသခင်ကို သင် ယုံကြည်ပြီးနောက်တွင် ဤဆိုရိုးများထဲမှ မည်သည့်အရာကို သင်၏ သမ္မာတရား လိုက်စားခြင်းအတွက် စံဖြစ်သည့်အလား လက်တွေ့လုပ်ဆောင်ကာ လိုက်နာလျက် တစ်ချိန်က မိမိကိုယ်တိုင် တစ်သဝေမတိမ်း စောင့်ထိန်းလိုက်နာခဲ့ပါသနည်း။ ဥပမာအားဖြင့် “အများအကျိုးအတွက် မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံပါ” သင်တို့အားလုံး ဤဆိုရိုးဖြင့် ရင်းနှီးပါသလော။ ဘုရားသခင်ကို ယုံကြည်လာသည့်နောက်တွင် သင်သည် ဤကဲ့သို့ လူကောင်းတစ်ဦး ဖြစ်သင့်သည်ဟု မထင်သလော။ အများအကျိုးအတွက် မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံသည့်အခါ သင်သည် အတော်လေး ကောင်းမွန်သည့် လူ့သဘာဝ ရှိသည်ဟုလည်းကောင်း၊ ဘုရားသခင်က သင့်ကို မုချနှစ်သက်မည်ဟုလည်းကောင်း သင် မထင်သလော။ သို့မဟုတ် ဘုရားသခင်ကို သင် မယုံကြည်မီတွင် “အဆိုးကို အကောင်းဖြင့် တုံ့ပြန်ပါ” အရည်အသွေး ပိုင်ဆိုင်သည့် လူများသည် လူကောင်းများ ဖြစ်သည်ဟု သင် ယုံကြည်ကောင်းယုံကြည်ခဲ့နိုင်သည်။ ထိုအရာကို သင်လုပ်ဆောင်ရန် မလိုမလားဖြစ်နေခဲ့ခြင်းသာ ဖြစ်ပြီး ထိုအရာကို သင် မလုပ်နိုင်သည့်အပြင် မထိန်းသိမ်းနိုင်ခဲ့ဘဲ ဘုရားသခင်ကို ယုံကြည်လာသည့်နောက်တွင် သင်သည် မိမိကိုယ်ကို ထိုစံနှုန်းကို စောင့်ထိန်းလိုက်နာစေကာ အတိတ်တွင် သင့်ကို ထိခိုက်နာကျင်စေသည့် လူများ၊ သို့မဟုတ် သင်မကျေမချမ်း ဖြစ်ခဲ့ဖူးသူများ၊ သို့မဟုတ် မုန်းတီးခဲ့ဖူးသူများအပေါ် “ခွင့်လွှတ်ကာ မေ့လျော့ခြင်း”အား လက်တွေ့လုပ်နိုင်ကောင်း လုပ်နိုင်ခဲ့မည်။ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သည့် ဤဆိုရိုးသည် သခင်ယေရှုက လူတို့ကို အကြိမ်ခုနစ်ဆယ် ခုနစ်လီ ခွင့်လွှတ်ရန် ပြောဆိုသည့်အချိန်နှင့် ကိုက်ညီသည်ဟု ထင်ကောင်းထင်နိုင်ပြီး ထိုသို့ဖြင့် ထိုအတိုင်း မိမိကိုယ်ကို ချုပ်တည်းရန် အလွန်လိုလားနေနိုင်သည်။ ထိုအရာကို သမ္မာတရား ဖြစ်သည့်အလား သင် လက်တွေ့ပင်လုပ်ဆောင်ကာ လိုက်နာစောင့်ထိန်းနိုင်ပြီး ဆိုးယုတ်ခြင်းကို ကောင်းမြတ်ခြင်းဖြင့် တုံ့ပြန်ခြင်းအား လက်တွေ့လုပ်ဆောင်သည့်လူများအား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်၏ လမ်းခရီး လိုက်လျှောက်သူများအဖြစ် သင် တွေးထင်ကောင်း တွေးထင်နိုင်သည်။ ဤကဲ့သို့သော အတွေးများ၊ သို့မဟုတ် သရုပ်သကန်များကို သင်တို့ ပိုင်ဆိုင်သလော။ မည်သည့်ဆိုရိုးက အနှစ်သာရအားဖြင့် သမ္မာတရား၊ ဘုရားနှုတ်ကပတ်တော်တို့နှင့် ဆင်တူရိုးမှားဖြစ်သဖြင့် သမ္မာတရားကိုပင် အစားထိုးနိုင်ကာ ယင်းကို သမ္မာတရားဖြစ်သည်ဟု ဆိုလျှင်ပင် မလွန်ပေဟု သင်တို့ တွေးထင်နေဆဲဖြစ်သနည်း။ “လူတိုင်း ၎င်းတို့နိုင်ငံ၏ကံကြမ္မာအတွက် တာဝန်မျှဝေယူကြ၏။” ဟူသည့် ဆိုရိုးကို ပိုင်းခြားသိမြင်ရန် လွယ်ကူမည်မှာ အမှန်ဖြစ်၏။ ဤဆိုရိုးက သမ္မာတရား မဟုတ်ကြောင်းနှင့် လှည့်စားနေသည့်၊ ကြီးကျယ်သော ဆောင်ပုဒ်တစ်ခုသာ ဖြစ်ကြောင်းကို လူအများစုက မြင်နိုင်သည်။ “လူတိုင်း ၎င်းတို့နိုင်ငံ၏ကံကြမ္မာအတွက် တာဝန်မျှဝေယူကြ၏၊” ဆိုသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်း မရှိသည့် မယုံကြည်သူများထံ ပြောထားသော အရာတစ်ခုဖြစ်သည်။ ယင်းသည် နိုင်ငံတစ်နိုင်ငံ၏ အစိုးရက သူ၏ ပြည်သူတို့အပေါ် ထားသည့်၊ ပြည်သူအား မိမိတို့၏ နိုင်ငံကို ချစ်ဖို့ သွင်သင်ရန် ပြုလုပ်သည့် သတ်မှတ်ချက်တစ်ခု ဖြစ်သည်။ ဤဆိုရိုးသည် သမ္မာတရားနှင့် မကိုက်ညီသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များတွင် အခြေပြုချက် လုံးဝ မရှိပေ။ ဤဆိုရိုးသည် အခြေခံအားဖြင့် သမ္မာတရား မဟုတ်ကြောင်းနှင့် သမ္မာတရားကို အစားမထိုးနိုင်ကြောင်း ပြော၍ရပေသည်။ ဤဆိုရိုးသည် စာတန်ထံမှ လုံးဝလာပြီး စာတန်၌ ပေါ်ပေါက်ကာ အာဏာရလူတန်းစားကို အလုပ်အကျွေးပြုသည့် ရှုထောင့်အမြင်တစ်ခု ဖြစ်သည်။ ယင်းသည် ဘုရားနှုတ်ကပတ်တော်များ၊ သို့မဟုတ် သမ္မာတရားနှင့် မည်သို့မျှ မပတ်သက်ပေ။ ထို့ကြောင့် “လူတိုင်း ၎င်းတို့နိုင်ငံ၏ကံကြမ္မာအတွက် တာဝန်မျှဝေယူကြ၏၊”ဟူသည့် ဆိုရိုးသည် သမ္မာတရား လုံးဝ မဟုတ်သကဲ့သို့ ပုံမှန်လူ့သဘာဝရှိသည့် လူတစ်ဦးက ထိန်းသိမ်းသင့်သည့်အရာတစ်ခု မဟုတ်ရခြင်း အကြောင်းအရင်း ဖြစ်ပေသည်။ သို့ဆိုလျှင် မည်သည့်လူစားမျိုးသည် ဤဆိုရိုးကို သမ္မာတရားအဖြစ် တလွဲထင်နိုင်စွမ်း ရှိကြသနည်း။ နာမည်ဂုဏ်သတင်း၊ အဆင့်အတန်းနှင့် ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်ကို ရရှိရန် နည်းလမ်းများ အမြဲ ဖန်တီးနေသူများနှင့် အရာရှိများဖြစ်ချင်သူတို့ ဖြစ်သည်။ ၎င်းတို့သည် အာဏာရ လူတန်းစားများကို မျက်နှာလိုမျက်နှာရ လုပ်ပြီး မိမိတို့ကိုယ်ပိုင် ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန်အလို့ငှာ ဤဆိုရိုးများကို သမ္မာတရားဖြစ်သည့်အလား လက်တွေ့လုပ်ဆောင်ကြ၏။ လူတို့အတွက် ပိုင်းခြားသိမြင်ရန် မလွယ်ကူသည့် ဆိုရိုးအချို့ရှိသည်။ ဤဆိုရိုးများက သမ္မာတရားမဟုတ်သည်ကို လူတို့ သိကြသော်လည်း ဆိုရိုးများက မှန်ကန်ပြီး အယူဝါဒနှင့် ကိုက်ညီသည်ဟု ၎င်းတို့ စိတ်နှလုံးများတွင် ခံစားရဆဲ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ကျင့်တရား အဆင့်ကို မြှင့်တင်ရန်နှင့် မိမိတို့၏ ကိုယ်တိုင် ဩဇာရှိခြင်းအား အရှိန်မြှင့်ရန်အလို့ငှာ ဤဆိုရိုးများအတိုင်း အသက်ရှင်ချင်ကြပြီး ထိုသို့ ကျင့်ကြံပြုမူချင်ကြကာ တစ်ချိန်တည်းတွင်ပင် အခြားသူများက ၎င်းတို့တွင် လူ့သဘာဝရှိကြောင်းနှင့် လူမဆန်သည့် လူများမဟုတ်ကြောင်း တွေးစေရန်အလို့ငှာ ပြုလုပ်ကြသည်။ မည်သည့် ဆိုရိုးသည် သင်တို့အတွက် ပိုင်းခြားသိမြင်ရန် ခက်ခဲသနည်း။ (“တစ်လုတ်စားဖူး သူ့ကျေးဇူး”က ပိုင်းခြားသိမြင်ရန် အလွန်ခက်သည်ဟု ကျွန်ုပ် ထင်ပါသည်။ ထိုအရာကို အပြုသဘောဆောင်သောအရာကဲ့သို့ ကျွန်ုပ် သဘောထားခဲ့ပြီး ကြင်နာမှုကို ကျေးဇူးတင်စွာဖြင့် ပြန်ဆပ်သောသူတို့ကို အသိတရား ပိုင်ဆိုင်သော လူများအဖြစ် တွေးထင်ခဲ့သည်။ “လူတို့ သင့်ကို အပ်သည့်အရာတိုင်းကို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံး လုပ်ပါ” ဟူသည် နောက်တစ်ခု ဖြစ်သည်။ ယင်းမှာ တစ်ဦးတစ်ယောက်သည် အခြားတစ်စုံတစ်ဦးထံမှ အလုပ်တာဝန်တစ်ခုကို လက်ခံပြီးသည့်အတွက် ထိုအရာ ကောင်းစွာလုပ်ထားကြောင်း သေချာစေရန် တတ်နိုင်သမျှ ၎င်းတို့ လုပ်သင့်သည်။ ဤသည်မှာ အပြုသဘောဆောင်သော အရာတစ်ခုဖြစ်ပြီး အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသည့် လူတစ်ဦး လုပ်သင့်သော အရာတစ်ခုဖြစ်သည်ဟု ကျွန်ုပ် ခံစားမိသည်။) အခြားမည်သူ ရှိသေးသနည်း။ (“ညောင်စေ့လောက် ကျေးဇူးပြုခံရရင် ညောင်ပင်ကြီးလောက် ကျေးဇူးပြန်ဆပ်ရမည်” လည်း ရှိသေးသည်။ ဤအရာကို လုပ်ဆောင်နိုင်သော လူတစ်ဦးသည် အတော် လူ့သဘာဝနှင့် ကိုယ်ကျင့်တရားရှိသည့် လူတစ်ဦးဖြစ်သည်ဟု ကျွန်ုပ် တွေးထင်ခဲ့သည်။) အခြားတစ်ခုတလေ ရှိသေးသလော။ (“လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက်ဖြစ်သည်” တစ်စုံတစ်ဦးသည် ပြောသည့်အရာကို လုပ်ပြီး ယုံကြည်ထိုက်ပါက ယင်းသည် ကောင်းမွန်သည့် ကိုယ်ကျင့်တရား အပြုအမူဖြစ်သည်ဟု ကျွန်ုပ် ထင်ခဲ့သည်။) ယခင်က ဤသည်မှာ ကိုယ်ကျင့်တရား အပြုအမူကောင်းဖြစ်သည်ဟု သင်တို့ တွေးထင်ခဲ့ကြသည်။ ယခုတွင် မည်သို့ မြင်ကြသနည်း။ (ထို “စကား”၏ သဘောသဘာဝက မည်သည့်အရာဖြစ်သည်၊ မှန်သလော၊ မှားသလော၊ အပြုသဘောဆောင်သလော၊ အပျက်သဘောဆောင်သလောဆိုသည်ကို ကျွန်ုပ်တို့ ကြည့်ရမည်။ တစ်စုံတစ်ဦးက မကောင်းသောလူများနှင့် အန္တိခရစ်များကို “သင့်ကို ငါ ကာကွယ်ပေးမည်။ လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက်ဖြစ်သည်”ဟု ပြောပြီးနောက် ဘုရားအိမ်တော်က ထိုအခြေအနေကို စုံစမ်းကာ စစ်ဆေးသည့်အခါ ဤလူက ထိုမကောင်းသောလူများနှင့် အန္တိခရစ်များကို ကာကွယ်ပေးပါက သူသည် မကောင်းမှုပြုနေခြင်းဖြစ်ပြီး ဘုရားသခင်ကို အတိုက်အခံ လုပ်နေခြင်း ဖြစ်သည်။) ဤချင့်ချိန်နိုင်စွမ်းသည် မှန်ကန်၏။ ဤ“စကား”သည် အပြုသဘောဆောင်ခြင်း ရှိမရှိ၊ အပျက်သဘောဆောင်ခြင်း ရှိမရှိကို သိရဖို့ ယင်း၏ သဘောသဘာဝကို သင် ကြည့်ရမည်။ တစ်စုံတစ်ဦးသည် “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက်ဖြစ်သည်” ဟူသည်ကို လက်တွေ့လုပ်ဆောင်နေစဉ်တွင် မကောင်းသည့်အရာ၊ သို့မဟုတ် ဆိုးယုတ်သည့်အရာတစ်ခုခုကို လုပ်ဆောင်နေပါက ၎င်းတို့ မကောင်းမှု၏ ခြေလှမ်းများသည် ငရဲထဲသို့ တန်းပြေးကာ အနက်ဆုံး တွင်းထဲသို့ ကျကုန်သည့် မြန်ဆန်သော မြင်းများ၏ ကမူးရှူးထိုး ပြေးလွှားခြင်းနှင့် တူပေသည်။ သို့သော် ၎င်းတို့၏ “စကား”သည် သမ္မာတရားနှင့် ကိုက်ညီကာ ဖြောင့်မတ်ခြင်း အဓိပ္ပာယ်ရှိပြီး ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်ကာ ဘုရားသခင်ကို ကျေနပ်စေပါက “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက်ဖြစ်သည်” ဆိုသည်ကို လက်တွေ့လုပ်ဆောင်သည်မှာ မှန်ကန်ပေသည်။ ဤဥပမာများမှ သင်တို့အနေဖြင့် ရိုးရာယဉ်ကျေးမှု၏ စကားများကို ပိုင်းခြားသိမြင်ရမည် ဖြစ်သည်ကို မြင်နိုင်ပေသည်။ မတူကွဲပြားသည့် အခြေအနေများနှင့် နောက်ခံများကြား သင်ပိုင်းခြားသိမြင်ရမည်ဖြစ်ပြီး ဤစကားလုံးများကို လက်လွတ်စပယ် သုံး၍ မဖြစ်ပေ။ စစ်မှန်မှုနှင့် သိသိသာသာ ကိုက်ညီခြင်းမရှိသကဲ့သို့ ရှင်းရှင်းလင်းလင်း မှားနေသည့် စကားအချို့ရှိသည်။ ဤစကားများကို ကိုင်တွယ်ဖြေရှင်းသည့်အခါ အထူးသဖြင့် သင် သတိထားရမည်။ ယင်းတို့ကို မိစ္ဆာအယူများနှင့် အတွေးမှားများကဲ့သို့ ကိုင်တွယ်ရမည်။ အချို့သော ဆက်စပ်အကြောင်းအရာနှင့် နယ်ပယ်များအတွင်း၌သာ မှန်ကန်သည့် စကားအချို့ ရှိသည်။ မတူကွဲပြားသော ဆက်စပ်အကြောင်းအရာ၊ သို့မဟုတ် အခြေအနေတွင် ထိုစကားလုံးများသည် ခိုင်လုံခြင်း မရှိတော့ပေ။ လူတို့အတွက် မှားပြီး ထိခိုက်နစ်နာစရာ ဖြစ်သည်။ ယင်းတို့ကို သင် ပိုင်းခြားသိမြင်ခြင်း မရှိနိုင်ပါက ထိုစကားများအားဖြင့် အဆိပ်ခတ်ခြင်းခံရကာ ထိခိုက်နစ်နာနိုင်ဖွယ်ရှိသည်။ ရိုးရာယဉ်ကျေးမှု၏ စကားများက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ လူ၏ အမြင်တွင် ယင်းတို့က ခိုင်လုံခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ယင်းတို့ထဲမှ တစ်ခုမျှသည် သမ္မာတရား မဟုတ်သကဲ့သို့ ဘုရားနှုတ်ကပတ်တော်များနှင့် မကိုက်ညီပေ။ ဤသည်မှာ သေချာ၏။ မှန်ကန်သည်ဟု လူမြင်သည့်အရာများသည် မှန်ကန်သည်ဟု ဘုရားသခင် မြင်သည့်အရာများ သေချာပေါက် မဟုတ်ပေ။ ကောင်းမွန်သည်ဟု လူတို့ ရှုမြင်သည့် စကားများသည် လက်တွေ့လုပ်ဆောင်သည့်အခါ လူတို့အပေါ် သေချာပေါက် အကျိုးမရှိပေ။ မည်သို့ဆိုစေ ယင်းတို့ကို လူတို့က လက်တွေ့လုပ်ဆောင်သည်ဖြစ်စေ၊ မလုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့အတွက် အသုံးတည့်သည်ဖြစ်စေ၊ မတည့်သည်ဖြစ်စေ၊ သမ္မာတရားနှင့် မကိုက်ညီသည့်အရာများ၊ သမ္မာတရား မဟုတ်သည့်အရာများအားလုံးသည် လူအတွက် အန္တရာယ်ရှိသည်။ လက်မခံသင့်သကဲ့သို့ အသုံးမပြုရပေ။ ဤအရာများကို ပိုင်းခြားသိမြင်ခြင်း မရှိနိုင်သည့် လူများစွာရှိ၏။ လူက မှန်ကန်သည်ဟု ရှုမြင်သည့်အရာ၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က အများအားဖြင့် မှန်ကန်သည်ဟု သဘောတူကြသည့်အရာများကို သမ္မာတရားအဖြစ် သဘောထားကြကာ လိုက်နာကြပြီး သမ္မာတရားဖြစ်သည့်အလား လက်တွေ့လုပ်ဆောင်ကြသည်။ ဤသည်မှာ သင့်လျော်ပါ၏လော။ အကြင်သူသည် မှားသည့် သမ္မာတရားများနှင့် အတုအယောင် သမ္မာတရားများကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်၏ လက်ခံမှုကို ရရှိနိုင်သလော။ လူသားမျိုးနွယ်က မှန်ကန်ပြီး သမ္မာတရားဖြစ်သည်ဟု အများအားဖြင့် သဘောတူသည့်အရာ မည်သည့်အရာမဆို မှားယွင်းပြီး အတုအယောင်ဖြစ်ကာ အစဉ်အမြဲ ငြင်းပယ်သင့်၏။ ယခုတွင် မှန်ကန်ပြီး အပြုသဘောဆောင်သည်ဟု သင်တို့ တွေးထင်သည့် အရာများသည် အမှန်တကယ် သမ္မာတရား ဖြစ်သလော။ နှစ်ထောင်ချီ မည်သည့်လူကမျှ ဤစကားများကို မငြင်းဖူးပေ။ ဤစကားများက မှန်ကန်ပြီး အပြုသဘောဆောင်သည်ဟု လူအားလုံးက ယုံကြည်ကြသည်။ သို့သော် ဤစကားများသည် အမှန်တကယ် သမ္မာတရား ဖြစ်လာနိုင်သလော။ (မဖြစ်နိုင်ပါ။) ဤစကားများသည် သမ္မာတရား ဖြစ်မလာနိုင်ပါက ယင်းတို့ကိုယ်တိုင်သည် သမ္မာတရား ဖြစ်သလော။ (မဟုတ်ပါ။) သမ္မာတရား မဟုတ်ပေ။ လူတို့က ဤစကားများကို သမ္မာတရားအဖြစ် သဘောထားပြီး ဘုရားနှုတ်ကပတ်တော်များနှင့် ရောနှောကာ အတူတကွ လက်တွေ့လုပ်ဆောင်ပါက ထိုစကားများနှင့် ဆိုရိုးများသည် သမ္မာတရားအဆင့်သို့ မြင့်တက်သွားနိုင်သလော။ လုံးဝ မမြင့်တက်နိုင်ပေ။ လူတို့က ဤအရာများကို မည်မျှ လိုက်စားသည်ဖြစ်စေ၊ ဖက်တွယ်သည်ဖြစ်စေ ဘုရားသခင်သည် သန့်ရှင်းသောကြောင့် ထိုအရာများကို လုံးဝ လက်ခံမည်မဟုတ်။ ဖောက်ပြန်ပျက်စီးသော လူသားများအား ဆိုးယုတ်သော အရာများကို သမ္မာတရား၊ သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များနှင့် ရောနှောဖို့ သူ လုံးဝ ခွင့်မပြုပေ။ လူ၏ အတွေးများနှင့် အမြင်များမှ ပေါ်ပေါက်သမျှ အရာအားလုံးသည် စာတန်ထံမှ လာ၏။ ယင်းတို့သည် မည်မျှ ကောင်းမွန်သည်ဖြစ်စေ သမ္မာတရား မဟုတ်သေးသကဲ့သို့ လူတစ်ဦး၏ အသက် ဖြစ်မလာနိုင်ပေ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။