စစ်မှန်သော လူသားဆိုသည်မှာ အဘယ်နည်း

လူသားကို စီမံခန့်ခွဲခြင်းသည် ငါ၏အလုပ်ဖြစ်သည်။ ထို့အပြင် ငါ့အားဖြင့် သူသိမ်းပိုက် ခံရခြင်းသည် ကမ္ဘာကို ငါဖန်ဆင်းစဉ်က သာ၍ပင် အပ်နှင်းပေးခဲ့သော အရာဖြစ်သည်။ နောက်ဆုံးသော ကာလတွင် ငါသည် လူများကို အပြည့်အဝ သိမ်းပိုက်မည်ဆိုခြင်းကို လူတို့မသိလောက်သကဲ့သို့ လူသားမျိုးနွယ်ထဲမှ ပုန်ကန်သူများကို သိမ်းပိုက်ခြင်းသည် စာတန်အပေါ် ငါအနိုင်ရခြင်း၏အထောက်အထားဖြစ်သည် ဆိုခြင်းကိုလည်း သတိမပြုမိကြလောက်ပေ။ သို့သော် ငါ၏ရန်သူသည် ငါနှင့်စစ်ပွဲဖြစ်စဉ်က၊ စာတန်၏ ချုပ်နှောင်ဖမ်းသွားခြင်း ခံခဲ့ရပြီး ၎င်း၏သားသမီးများနှင့် ၎င်း၏အိမ်ကိုစောင့်ပေးရသော သစ္စာရှိ အစေခံကျွန်များအဖြစ် ပြောင်းလဲခြင်းခံလိုက်ရသော သူများအပေါ် ငါသိမ်းပိုက်သူ ဖြစ်မည်ဆိုခြင်းကို ငါမိန့်ခဲ့ပြီးသားပင်။ သိမ်းပိုက်သည်ဆိုခြင်း၏ မူလအဓိပ္ပာယ်သည် အနိုင်ရသည်ဟုဆိုလိုပြီး အရှက်တကွဲ အကျိုးနည်းခြင်းကို ကြုံတွေ့စေခြင်း ဟုလည်းဆိုလိုသည်။ ဣသရေလ လူမျိုးများ၏ ဘာသာစကားအရ အပြည့်အဝ အနိုင်ရကာ ဖျက်ဆီး၍ ငါ့အပေါ် ရှေ့ဆက်ဆန့်ကျင်ခုခံနိုင်စွမ်း မရှိတော့အောင် လုပ်ခြင်းဟုဆိုလိုသည်။ သို့သော် ယနေ့ခေတ်၌ သင်တို့ လူသားများအသုံးအရ ၎င်း၏ အဓိပ္ပာယ်မှာ သိမ်းပိုက်ခြင်း ဖြစ်သည်။ ငါ၏ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်၏မာရ်နတ်အား၊ ငါ၏အမှုကို နှောင့်ယှက်ခြင်း သို့မဟုတ် အစီအစဉ်ပျက်စေခြင်းပြုရန် ထွက်သက်ဝင်သက်ရှိရန်မဆိုနှင့်၊ ငါ့ကိုဆန့်ကျင်ပုန်ကန်ခြင်း မပြုစေနိုင်တော့ရန် လုံးဝ ဇီဝချုပ်ငြိမ်းစေ၍ အပြီးအပိုင် ချေမှုန်းရန်ဖြစ်သည်ကို သင်တို့သိသင့်သည်။ ထို့ကြောင့် လူသားနှင့်ပတ်သက်ပါက၊ သိမ်းပိုက်ခြင်းဟူသော အဓိပ္ပာယ်ရှိလာခဲ့သည်။ ဝေါဟာရဂယက်အနက်သည် မည်သို့ပင် ဖြစ်နေပါစေ ငါ၏ အမှုမှာ လူသားမျိုးနွယ်ကို အောင်နိုင်ဖို့ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်သည် ငါ၏အမှုအတွက် အဖြည့်ခံတစ်ခု ဟုတ်သော်လည်း သာ၍တိကျစွာ ပြောရလျှင် လူသားမျိုးနွယ်သည် ငါ၏ရန်သူမှလွဲ၍ အခြားမဟုတ်ပေ။ လူသားမျိုးနွယ်သည် ငါ့ကို ဆန့်ကျင်၍ မနာခံသော မာရ်နတ် ဖြစ်သည်။ လူသားမျိုးနွယ်သည် ငါ၏ကျိန်ခြင်းခံထားရသော မာရ်နတ်၏ သားသမီးပင် ဖြစ်သည်။ လူသားမျိုးနွယ်သည် ငါ့ကိုသစ္စာဖောက်ခဲ့သော ကောင်းကင်တမန်မင်းဆီက ဆင်းသက်လာသူမှလွဲ၍ အခြားမဟုတ်ပေ။ လူသားမျိုးနွယ်သည် ရှေးကတည်းက ငါရွံရှာစွန့်ပယ်ခဲ့ပြီးကတည်းက ငါနှင့် မည်သည့်အခါမျှ မသင့်မြတ်နိုင်သော ရန်သူဖြစ်သည့် မာရ်နတ်ဆိုး၏ အမွေအနှစ်ပင် ဖြစ်သည်။ လူသားမျိုးနွယ်အထက် ညို့မှိုင်းမည်းမှောင်နေ၍ အလင်းရောင် ခပ်ရေးရေးပင် သိပ်မရှိသော ကောင်းကင်ပြင်ကြီးသည် နိမ့်ကျလာ၍၊ လူ့လောကထဲ နေထိုင်နေသောသူသည် မိမိမျက်နှာရှေ့ ဆန့်တန်းထားသော မိမိ၏လက် သို့မဟုတ် ခေါင်းမပြီး ကြည့်သည့်အခါ နေမင်းကို မြင်နိုင်ခြင်း မရှိစေရန်၊ လူ့လောကကြီးမှာ ပိန်းပိတ်အောင် မည်းမှောင်နေသည့် အမှောင်ထုအတွင်း ကျရောက်စေခြင်း ခံရ၏။ သူ၏ခြေအောက်က လမ်းသည်လည်း ရွှံ့နွံထူထပ်ကာ ကျင်း၊ ချိုင့်တို့ ပေါများလျက် နှိပ်စက်ကလူပြုသည်အထိ ကောက်ကွေ့လှသည်။ မြေတစ်ပြင်လုံးတွင်လည်း အလောင်းကောင်များ ပြန့်ကျဲနေ၏။ မှောင်မည်းနေသော ထောင့်နေရာများတွင်မူ အသေကောင်ရုပ်ကလာပ်များနှင့် ပြည့်နေပြီး၊ အေးစက်၍ အရိပ်ကျသော ထောင့်နေရာများတွင်မူ နတ်ဆိုးအစုလိုက်အအုံလိုက် နေထိုင်နေကြသည်။ လူသားကမ္ဘာ၏ နေရာအနှံ့တွင် နတ်ဆိုးများသည် အုံလိုက်ကျင်းလိုက် သွားလာလှုပ်ရှားနေကြသည်။ အညစ်အကြေးများနှင့် ဖုံးလွှမ်းနေသော သားရဲမျိုးစုံ၏ သားသမီးများသည် ပြင်းထန်သော တိုက်ပွဲ၌ ပိတ်မိနေကြ၍ ထိုတိုက်ပွဲ၏အသံသည် စိတ်နှလုံးကိုပင် တုန်လှုပ်ခြောက်ခြားသွားစေ၏။ ယင်းကဲ့သို့ အချိန်များတွင်၊ ယင်းသို့သောလောကကြီးနှင့် ယင်းကဲ့သို့ “လောက ပရဒိသုဘုံ” တွင် လူတစ်ယောက်သည် ဘဝ၏ ကြီးစွာသော ပျော်ရွှင်မှုမျိုးကို အဘယ်မှာ သွားရှာရမည်နည်း။ ဘဝ၏ ပန်းတိုင်ကို ရှာတွေ့ရန် အဘယ်ကို သွားရမည်နည်း။ ရှေးကတည်းက စာတန်၏ ခြေအောက်၌ နင်းခြေခြင်းခံခဲ့ရသော လူသားမျိုးနွယ်သည် အစကတည်းက စာတန်၏သဏ္ဌာန်ကို ဆောင်ထားသော သရုပ်ဆောင် ဖြစ်သည်။ ထို့ထက်ပို၍ပင် စာတန်ကို သိသာထင်ရှားစွာ သက်သေခံပေးသော စာတန်၏ ပြယုဂ်ဖြစ်သည်။ ဤကဲ့သို့ ကိုယ်ကျင့်တရားပျက်နေသော အညစ်အကြေးကောင်များ၊ ပျက်စီးနေသော လူမိသားစု၏ သားသမီးများသည် ဘုရားသခင်အတွက် အဘယ်သို့ သက်သေခံနိုင်မည်နည်း။ ငါ၏ ဘုန်းအာနုဘော်သည် အဘယ်ကလာသနည်း။ ငါ၏သက်သေကို မည်သည့်နေရာမှ စ၍ပြောနိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် ငါ့ကိုဆန့်ကျင်သည့်ရန်သူသည် ကာလကြာမြင့်စွာက ငါဖန်ဆင်းခဲ့ကာ ငါ၏ဘုန်းအာနုဘော်၊ ငါ၏အသက်ရှင်ခြင်းတို့နှင့် ပြည့်နေခဲ့သည့် လူသားမျိုးနွယ်ကို သိမ်းယူကာ ညစ်ပေစေခဲ့ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ငါ၏ဘုန်းအာနုဘော်ကို လုယူသွားခဲ့ကာ စာတန်၏ အရုပ်ဆိုးအကျည်းတန်မှုများနှင့် အကြီးအကျယ်ဖွဲ့နှောင်ထားသော အဆိပ်များ၊ ကောင်း မကောင်းကို သိကျွမ်းစေသော အပင်၏အသီးမှ အရည်တို့နှင့် လူသားကို ပြည့်ဝစေခဲ့ပြီ။ အစအဦး၌ ငါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည်၊ ဆိုလိုသည်မှာ လူသားမျိုးနွယ်၏ ဘိုးဘေးဖြစ်သော အာဒံကို ငါဖန်ဆင်းခဲ့သည်။ သူသည် ပုံရိပ်၊ ပုံသဏ္ဌာန်နှင့် ပြည့်စုံခဲ့ပြီး အားမာန်၊ တက်ကြွမှုတို့နှင့် ပြည့်လျှံနေခဲ့သည်။ ထို့အပြင် ငါ၏ ဘုန်းအာနုဘော်နှင့်လည်း အတူရှိနေခဲ့သည်။ လူသားကို ငါဖန်ဆင်းခဲ့သောအချိန်သည် ထူးမြတ်သောနေ့ရက် ဖြစ်ခဲ့သည်။ ထို့နောက်ပိုင်း အာဒံ၏ ခန္ဓာကိုယ်မှ ဧဝကို ထုတ်လုပ်ခဲ့သည်။ ထို့ကြောင့် သူသည်လည်း လူသား၏ ဘိုးဘေးဖြစ်ခဲ့သည်။ ထို့ကြောင့် ငါဖန်ဆင်းခဲ့သော လူတို့သည် ငါ၏အသက်ဇီဝ၊ ငါ၏ဘုန်းအာနုဘော်နှင့် ပြည့်ဝခဲ့သည်။ အာဒံသည် မူလအားဖြင့် ငါ့လက်မှ ဖွားမြင်ခဲ့သောသူ ဖြစ်ပြီး ငါ့သဏ္ဌာန်၏ ကိုယ်စားပြုခြင်း ဖြစ်သည်။ ထို့ကြောင့် “အာဒံ” ၏ မူရင်းအဓိပ္ပာယ်သည် ငါ၏ ဖန်ဆင်းခြင်းခံရသော သတ္တဝါဟု အဓိပ္ပာယ်ရပြီး၊ ငါ၏ရှင်သန်မှုခွန်အား၊ ငါ၏ဘုန်းအာနုဘော်နှင့် ပြည့်ဝခဲ့ကာ၊ ပုံရိပ်နှင့် ပုံသဏ္ဌာန်ရှိပြီး ဝိညာဉ်နှင့် ဇီဝအသက်ရှိသည်။ အာဒံသည် ဝိညာဉ်ရှိပြီး၊ ငါ့ကို ကိုယ်စားပြုနိုင်စွမ်းရှိ၍ ငါ့ပုံသဏ္ဌာန်ကို ဆောင်နိုင်စွမ်းရှိကာ ငါ့ဇီဝအသက်ကို လက်ခံရရှိနိုင်စွမ်းရှိသည့် တစ်ဦးတည်းသော ဖန်ဆင်းခံ သတ္တဝါ ဖြစ်သည်။ အစအဦး၌ ဧဝသည် ဇီဝအသက်နှင့် ပြည့်စုံသည့် ဒုတိယမြောက် လူသားဖြစ်ပြီး သူ၏ ဖန်ဆင်းခြင်းကို ငါချမှတ်ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် “ဧဝ” ၏ မူလအဓိပ္ပာယ်သည် ငါ၏ဘုန်းအာနုဘော်ကို ဆက်လက်ထင်ရှားစေမည့်၊ ငါ၏ရှင်သန်ခြင်းများနှင့် ပြည့်သည့်အပြင် ငါ၏ ဘုန်းအာနုဘော်နှင့် ပြည့်စုံသည့် ဖန်ဆင်းခံသတ္တဝါဟု ဆိုလိုသည်။ ဧဝသည် အာဒံအထဲမှ ထွက်လာခဲ့သည်။ ထို့ကြောင့် သူသည်လည်း ငါ၏ပုံသဏ္ဌာန်ကို ဆောင်ခဲ့သည်၊ အကြောင်းမှာ သူသည် ငါ၏ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခံရသော ဒုတိယမြောက်လူသား ဖြစ်သည့်အတွက်ကြောင့် ဖြစ်သည်။ “ဧဝ” ၏ မူလအဓိပ္ပာယ်မှာ ဝိညာဉ်၊ အသွေးအသားနှင့် အရိုးရှိသည့် လူသတ္တဝါဟု အဓိပ္ပာယ်ရပြီး လူသားမျိုးနွယ်အကြား၌ ငါ၏ ဒုတိယမြောက် သက်သေဖြစ်ကာ၊ ငါ၏ ဒုတိယမြောက် ပုံသဏ္ဌာန်လည်း ဖြစ်သည်။ သူတို့သည် လူသားမျိုးနွယ်၏ ဘိုးဘေးများ ဖြစ်ပြီး၊ လူသား၏ စစ်မှန်၍ အဖိုးတန်သော ရတနာဖြစ်သည်။ ထို့အပြင် အစပထမကတည်းက ဝိညာဉ်နှင့် ပြည့်စုံခဲ့သည့် သတ္တဝါများ ဖြစ်ခဲ့ကြသည်။ သို့သော်လည်း မာရ်နတ်သည် လူ့လောကကို အလုံးစုံ မိုက်မှောင်မှုထဲသို့ ကျဆင်းသွားစေလျက် လူသားမျိုးနွယ် ဘိုးဘေးများ၏ သားသမီးများကို ယူဆောင်သွားပြီး သူတို့အပေါ်နင်းခြေခဲ့ကာ သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်၊ သားသမီးများက ငါ၏ ဖြစ်တည်မှုကို မယုံကြတော့စေရန် ထိုသို့ပြုခဲ့သည်။ ထို့ထက်ပို၍ စက်ဆုပ်ဖို့ကောင်းသော အရာမှာ မာရ်နတ်သည် လူများကို နင်းခြေပြီး ဖျက်ဆီးသည့်တစ်ပြိုင်တည်းမှာပင် ၎င်းသည် လူတို့အပေါ်၌ ငါအပ်နှင်းထားခဲ့သော ငါ့ဘုန်းအာနုဘော်၊ ငါ့သက်သေနှင့် တက်ကြွမှုတို့အပြင် သူတို့အထဲသို့ ငါမှုတ်သွင်းခဲ့သော ဇီဝအသက်၊ လူ့လောကထဲမှ ငါ့ဘုန်းအာနုဘော် အားလုံးနှင့် လူသားမျိုးနွယ်အပေါ် ငါအသုံးပြုခဲ့သော နှလုံးသွေးအားလုံးကို ရက်ရက်စက်စက် ဆွဲနုတ်နေခြင်းပင် ဖြစ်သည်။ လူသားမျိုးနွယ်သည် အလင်းထဲ၌ မရှိကြတော့ပေ။ သူတို့အပေါ် ငါအပ်နှင်းခဲ့သော ဘုန်းအာနုဘော်ကို စွန့်ပစ်လျက် သူတို့အပေါ်၌ ငါအပ်နှင်းခဲ့သော အရာအားလုံးကို ဆုံးရှုံးသွားကြပြီ။ ငါသည် ဖန်ဆင်းခံ သတ္တဝါအားလုံး၏ သခင်ဖြစ်သည်ဆိုခြင်းကို သူတို့ မည်သို့လျှင် ဝန်ခံနိုင်ကြမည်နည်း။ ငါ၏ ကောင်းကင်ဘုံက ဖြစ်တည်မှုကို သူတို့ မည်သို့လျှင် ဆက်ယုံနိုင်ကြမည်နည်း။ ကမ္ဘာပေါ်က ငါ့ဘုန်းအာနုဘော်၏ ထင်ရှားမှုများကို သူတို့မည်သို့လျှင် ရှာဖွေတွေ့ရှိနိုင်မည်နည်း။ ဤမြေးယောက်ျားများနှင့် မြေးမိန်းကလေးများသည် သူတို့၏ ဘိုးဘေးဘီဘင်များက မိမိတို့ကို ဖန်ဆင်းခဲ့သော သခင်အဖြစ် ရိုသေလေးမြတ်ခဲ့သော ဘုရားသခင်ကို မည်ကဲ့သို့ မှတ်ယူနိုင်မည်နည်း။ ဤသနားစဖွယ် မြေးယောက်ျားများနှင့် မြေးမိန်းကလေးများသည် အာဒံနှင့် ဧဝအပေါ် ငါအပ်နှင်းခဲ့သော ဘုန်းအာနုဘော်၊ ပုံသဏ္ဌာန်နှင့် သက်သေတို့ကိုလည်းကောင်း လူသားမျိုးနွယ်တို့ ရှင်သန်ရပ်တည်ဖို့ မှီခိုအားထားနေရသော အသက်ကိုလည်းကောင်း မာရ်နတ်ထံ ရက်ရောစွာနှင့် “ပေးအပ်ခဲ့ကြသည်”၊ ထို့အပြင် မာရ်နတ် ရှိနေခြင်းကို စိုးစဉ်းမျှပင် အရေးမစိုက်ဘဲ ငါ၏ ဘုန်းအာနုဘော် အားလုံးကို ၎င်းထံ ပေးခဲ့ကြသည်။ ဤသည်မှာ “လူဖျင်းလူသွမ်း” ၏ ဘွဲ့သညာ၏မူလအစပင် မဟုတ်လော။ ထိုကဲ့သို့သော လူသားမျိုးနွယ်၊ ထိုကဲ့သို့သော မာရ်နတ်ဆိုးများ၊ ထိုကဲ့သို့သော လမ်းလျှောက်နေသည့် အလောင်းကောင်များ၊ ထိုကဲ့သို့သော စာတန်၏ သဏ္ဌာန်များနှင့် ထိုကဲ့သို့သော ငါ၏ရန်သူများသည် မည်သို့လျှင် ငါ၏ ဘုန်းအာနုဘော်ကို လက်ဝယ်ပိုင်ဆိုင်နိုင်မည်နည်း။ ငါ၏ ဘုန်းအာနုဘော်ကို ငါပြန်သိမ်းမည်၊ လူသားများအကြားတွင် တည်ရှိသည့် ငါ၏သက်သေကို ပြန်သိမ်းမည်၊ ပြီးလျှင် တစ်ချိန်က ငါနှင့် သက်ဆိုင်ခဲ့ပြီး လူသားမျိုးနွယ်ကို ကြာမြင့်စွာကတည်းက ပေးခဲ့သော အရာအားလုံးကို ပြန်သိမ်းမည်၊ လူသားမျိုးနွယ်ကို ငါသည် လုံးလုံးလျားလျား သိမ်းပိုက်မည်။ သို့သော် ငါဖန်ဆင်းခဲ့သော လူသားများသည် ငါ၏ပုံသဏ္ဌာန်နှင့် ငါ၏ဘုန်းအာနုဘော်ကို ခံယူထားသော သန့်ရှင်းမြင့်မြတ်သည့် လူများဖြစ်ခဲ့သည်ကို သင်သိသင့်သည်။ သူတို့သည် စာတန်နှင့် မသက်ဆိုင်ခဲ့သကဲ့သို့၊ ၎င်း၏ နင်းခြေခြင်းခံရဖို့လည်း မဟုတ်ခဲ့ဘဲ စာတန်၏ အဆိပ်အတောက်များ စိုးစဉ်းမျှပင် မပါသည့် ငါ၏ သရုပ်သကန်သက်သက်ပင် ဖြစ်ခဲ့သည်။ ထို့ကြောင့် ငါ၏လက်နှင့် ဖန်ဆင်းခဲ့သော၊ အခြားအရာနှင့် မသက်ဆိုင်ဘဲ ငါချစ်မြတ်နိုးသည့် သန့်ရှင်းသောသူဖြစ်သော အရာကိုသာ ငါအလိုရှိကြောင်း လူသားမျိုးနွယ်ကို ငါသိစေမည်။ ထို့အပြင် ထိုသူများကို ငါကျေနပ်အားရပြီး သူတို့ကို ငါ၏ ဘုန်းအာနုဘော်အဖြစ် မှတ်ယူမည်။ သို့သော် ငါအလိုရှိသောအရာသည် စာတန်၏ဖျက်ဆီးခြင်း ခံရ၍ ယနေ့ စာတန်နှင့် သက်ဆိုင်ကာ ငါ၏မူလဖန်ဆင်းခြင်း မဟုတ်တော့သည့် လူသားမျိုးနွယ် မဟုတ်ပေ။ လူ့လောက၌ရှိနေသော ငါ၏ ဘုန်းအာနုဘော်ကို ပြန်သိမ်းရန် ငါရည်ရွယ်သောကြောင့် စာတန်ကို ငါအောင်နိုင်ခြင်း၏ သက်သေအဖြစ် လူသားမျိုးနွယ်ထဲက ရှင်ကျန်သူများကို ငါအပြည့်အဝ သိမ်းပိုက်မည်။ ငါ၏သက်သေကိုသာ ငါကိုယ်တိုင်၏ ပုံဆောင်မှုအဖြစ်၊ ငါ၏ပျော်ရွှင်မှု အရာအဖြစ် ငါမှတ်ယူမည်။ ဤသည်မှာ ငါ၏အလိုဆန္ဒတည်း။

လူသားမျိုးနွယ်သည် ယနေ့ မိမိတို့ရောက်ရှိနေသော နေရာသို့ရောက်ဖို့ရန် သမိုင်းနှစ်ပေါင်း သောင်းချီပြီး တိုးတက်လာခဲ့ရသည်။ သို့သော်လည်း ငါ၏ အစမူလ ဖန်ဆင်းခြင်းဖြစ်သော လူသားမျိုးနွယ်သည်ကား ကြာမြင့်စွာကတည်းက ဆုတ်ယုတ်ခြင်းထဲသို့ ကျဆင်းသွားခဲ့ပြီ။ ငါအလိုရှိသည့်အရာဖြစ်ရန် သူတို့ မစွမ်းဆောင်ကြတော့။ ထို့ကြောင့် လူသားတို့သည် ငါ့ရှေ့မှောက်၌ ဖြစ်ပေါ်သည်အတိုင်း လူသားမျိုးနွယ်ဟူသော အမည်နှင့် မထိုက်တန်တော့။ သူတို့သည် စာတန်၏ ဖမ်းဆီးချုပ်နှောင်သွားခြင်းခံရသော လူသားမျိုးနွယ်၏ လူဖျင်းလူသွမ်းမျှသာဖြစ်ပြီး အထဲ၌ စာတန် အသက်ရှင်နေပြီး ၎င်းမှ အရေခြုံထားသည့် လမ်းလျှောက်နေသော ပုပ်ပွနေသည့် အလောင်းကောင်များပင် ဖြစ်သည်။ လူများသည် ငါ၏ဖြစ်တည်ခြင်းကို စိုးစဉ်းမျှပင် မယုံကြည်ကြသကဲ့သို့ ငါ၏ကြွလာခြင်းကိုလည်း သူတို့မကြိုဆိုကြချေ။ လူသားမျိုးနွယ်သည် ငါ၏ တောင်းဆိုချက်များကို တွန့်တိုကတ်သတ်စွာ တုံ့ပြန်ကာ ၎င်းတို့ကို ယာယီခဏမျှသာ လိုက်လျောကြပြီး၊ အသက်တာ၏ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတို့ကို ငါနှင့် စိတ်ရင်းအမှန်ဖြင့် မျှဝေမခံစားကြ။ လူတို့သည် ငါ့ကို အသိရခက်သည်ဟု မြင်ကြသည့်အတွက် သူတို့သည် တန်ခိုးအာဏာရှိသူထံ တိုးဝှေ့ပူးကပ်သည့် သဘောထားကို စတင်ကြလျက် ငါ့အား တွန့်တိုကတ်သတ်စွာ ဟန်ဆောင်ပြုံးပြကြသည်။ ဤသို့ဖြစ်ရခြင်းမှာ လူတို့သည် ငါ၏မျက်မှောက်အလိုကို သိရန်မဆိုထားနှင့် ငါ၏အမှုကိုပင် မသိကြ၍ ဖြစ်သည်။ ငါသင်တို့ကို ရိုးရိုးသားသားပြောမည်၊ နေ့ရက်အချိန်ကျလာပါက ငါ့ကို ဝတ်ပြုကိုးကွယ်ကြသော သူများ၏ ဆင်းရဲဒုက္ခသည် သင်တို့ထက် အလွန်ပင် ခံသာလိမ့်မည်။ သင်ငါ့အပေါ်ထားရှိသော ယုံကြည်ခြင်း အတိုင်းအဆသည် အမှန်တကယ်တွင် ယောဘ၏ ယုံကြည်ခြင်းကို မကျော်ချေ။ ယုဒလူမျိုး ဖာရိရှဲများ၏ ယုံကြည်ခြင်းပင်လျှင် သင်တို့ထက် သာလွန်၏။ ထို့ကြောင့် မီးနေ့ရက်သည် ဆင်းသက်လာပါက သင်တို့၏ ဆင်းရဲဒုက္ခသည် ယေရှု၏ ပြစ်တင်ရှုတ်ချခြင်း ခံခဲ့ရသောအခါ ဖာရိရှဲများ၏ ဆင်းရဲဒုက္ခထက်၊ မောရှေကို ဆန့်ကျင်ခဲ့ကြသော ခေါင်းဆောင် ၂၅၀ ၏ ဆင်းရဲဒုက္ခထက်၊ ချစ်ချစ်တောက် ပူပြင်းသောမီးအောက် ဖျက်ဆီးခံခဲ့ရသည့် သောဒုံမြို့၏ ဆင်းရဲဒုက္ခထက် သာ၍ကြီးလေးလိမ့်မည်။ မောရှေက ကျောက်တုံးကို ရိုက်ခဲ့သည့်အခါ ယေဟောဝါပေးသနားသောရေ ပန်းထွက်လာခဲ့ခြင်းသည် သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ဒါဝိဒ်သည် နှလုံးသားထဲ ရွှင်လန်းခြင်း အပြည့်နှင့် ငါယေဟောဝါကို ချီးမွမ်း၍ စောင်းတီးခဲ့သောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ယောဘသည် တောင်များအပေါ် ပြည့်လျှံနေသော သူ၏ခြံမွေးတိရစ္ဆာန်နှင့် သူ၏ မပြောပြနိုင်လောက်သော စည်းစိမ်ချမ်းသာများ ဆုံးရှုံးသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် အနာစိမ်းများနှင့် ဖုံးလွှမ်းခံခဲ့ရသောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူသည် ယေဟောဝါဖြစ်သော ငါ၏အသံကို ကြားနိုင်ခဲ့ပြီး၊ ငါ၏ ဘုန်းအာနုဘော်ကို မြင်နိုင်ခဲ့သောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ပေတရုသည် ယေရှုခရစ်တော်နောက် လိုက်နိုင်ခဲ့ခြင်းမှာလည်း သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူသည် ငါ့အကြောင်းကြောင့် ကားတိုင်ပေါ်မှာ သံမှိုစွဲနှက်ခြင်းခံရပြီး ကြီးမားစွာ သက်သေခံနိုင်ခဲ့သည်မှာလည်း သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ယောဟန်သည် လူသားတော်၏ ကြီးမြတ်သော ပုံသဏ္ဌာန်ကို မြင်တွေ့ခဲ့သောအခါ သူ၏ ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်။ သူသည် နောက်ဆုံးသော ကာလ၏ ရူပါရုံကို မြင်ခဲ့ရသည်မှာလည်း သူ၏ ယုံကြည်ခြင်းအားဖြင့် သာ၍ပင် ဖြစ်သည်။ မြောက်မြားလှစွာသော တစ်ပါးအမျိုးသား တိုင်းနိုင်ငံများဟုဆိုသော ထိုတိုင်းနိုင်ငံများသည် ငါ၏ ထုတ်ဖော်ခြင်းရပြီး လူသားများအကြားတွင် ငါ၏အမှုကို ပြုဖို့ရန်အတွက် ဇာတိခန္ဓာနှင့် ငါဆင်းကြွလာသည်ဆိုခြင်းကို သိလာရသည့် အကြောင်းရင်းသည်လည်း ၎င်းတို့၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ငါ၏ ပြင်းထန်သော နှုတ်ကပတ်တော်များ၏ ရိုက်နှက်ခြင်း ခံရသော်လည်း ထိုနှုတ်ကပတ်တော်များကြောင့် ဖြေသိမ့်ရာရသော သူအားလုံးနှင့် ကယ်တင်ခံရသော သူတို့သည် ထိုသို့ပြုခဲ့ကြသည်မှာ သူတို့၏ယုံကြည်ခြင်းကြောင့်ပင် မဟုတ်လော။ ငါ့ကိုယုံကြည်သော်လည်း အခက်အခဲများ ခံစားနေရသောသူများသည်လည်း လောကကြီး၏ ငြင်းပယ်ခြင်းကို ခံခဲ့ရပြီးဖြစ်သည် မဟုတ်လော။ စမ်းသပ်မှု၏ ဆင်းရဲဒုက္ခမှ ထွက်ပြေးရင်း ငါ့နှုတ်ကပတ်တော်၏ အပြင်ဘက်မှာ နေကြသောသူများအားလုံးသည်လည်း လောကတစ်လျှောက် လွင့်မျောနေကြသည် မဟုတ်လော။ သူတို့သည် ဟိုဟိုသည်သည် တဖျပ်ဖျပ်လွင့်နေကြသည့် ဆောင်းဦးသစ်ရွက်ကြွေများနှင့် ဆင်တူကြပြီး ငါ့နှုတ်ကပတ်တော်များ၏ ဖြေသိမ့်ရာ ရှိရန်ပင် မဆိုထားနှင့် အနားယူရန် နေရာပင်မရှိချေ။ ငါ၏ ပြစ်တင်ဆုံးမခြင်းနှင့် စစ်ဆေးခြင်းသည် သူတို့နောက်သို့ မလိုက်သော်ငြားလည်း ထိုသူတို့သည် ကောင်းကင်နိုင်ငံတော်၏ အပြင်ဘက်လမ်းမများ၌ ဟိုဟိုသည်သည် လှည့်လည်သွားလာလျက် တစ်နေရာပြီး တစ်နေရာ လွင့်မျောနေကြသည့် သူတောင်းစားများ ဖြစ်ကြသည် မဟုတ်လော။ ကမ္ဘာကြီးသည် အကယ်ပင် သင်၏နားခိုရာနေရာ ဟုတ်သလော။ ငါ၏ ပြစ်တင်ဆုံးမခြင်းကို ရှောင်ရှားခြင်းအားဖြင့် လောကကြီးထံမှ အားရကျနပ်သည့်အနေနှင့် အမှေးမှိန်ဆုံး အပြုံးတစ်ခုပင် သင်ရရှိသလော။ ဖုံးကွယ်ထား၍ မရသည့် သင့်နှလုံးသားတွင် ဘာမျှမရှိခြင်းကို ဖုံးဖိထားစိမ့်သောငှာ သင်၏တဒင်္ဂပျော်ရွှင်မှုကို အမှန်တကယ် အသုံးပြု၍ ရသလော။ သင့်မိသားစုထဲမှ မည်သူ့ကိုမဆို သင်လှည့်စား၍ ရနိုင်သော်လည်း ငါ့ကိုကား မည်သည့်အခါမျှ သင်လှည့်စားနိုင်မည် မဟုတ်။ သင်၏ယုံကြည်ခြင်းသည် အလွန်အားနည်းလှသောကြောင့် သင်သည် ယနေ့အထိ ဘဝက လက်ကမ်းပေးရန်ရှိသော ဝမ်းမြောက်မှုများကို တွေ့ရှိဖို့ရန် မတတ်နိုင်ဘဲ ရှိဆဲဖြစ်သည်။ လူတစ်ယောက် ခံနိုင် ရုံမျှသာရှိသော ဆင်းရဲဒုက္ခကို သင်တောင့်ခံရင်း ဇာတိပကတိအတွက် အလုပ်ရှုပ်ကာ သာမန်ညောင်ညအဆင့်တွင် သင့်တစ်ဘဝလုံးကို ကုန်ဆုံးစေမည့်အစား သင့်ဘဝသက်တမ်း၏ တစ်ဝက်လောက်ကို ငါ့အတွက် ရိုးသားစွာ ပို၍ အသုံးပြုသင့်သည်ဟု ငါသင့်ကို တိုက်တွန်းသည်။ သင့်ကိုယ်သင် အလွန်တန်ဖိုးထားပြီး ငါ၏ ပြစ်တင်ဆုံးမခြင်းမှ ထွက်ပြေးခြင်းမှာ အဘယ်အကျိုးရှိသနည်း။ ငါ၏ ခဏမျှသာဖြစ်သော ပြစ်တင်ဆုံးမခြင်းမှ သင့်ကိုယ်သင် ပုန်းရှောင်နေပြီး ထာဝရအရှက်တကွဲ အကျိုးနည်းဖြစ်ရခြင်းနှင့် ထာဝရပြစ်တင်ဆုံးမခြင်းကိုသာ ရိတ်သိမ်းရလျှင် အဘယ်အကျိုးရှိသနည်း။ အကယ်စင်စစ် မည်သူ့ကိုမျှ ငါ့အလိုကို လိုက်လျောအောင် အတင်းအဓမ္မ ငါမပြု။ အကယ်၍ လူတစ်ယောက်သည် ငါ၏ အစီအစဉ်များကို အကယ်ပင် နာခံလိုစိတ် ရှိပါက၊ ငါသူ့ကို ဆိုးရွားစွာ ဆက်ဆံမည် မဟုတ်။ သို့သော် ယောဘသည် ငါ့ကို ယုံကြည်ခဲ့သကဲ့သို့ပင် လူအားလုံးသည် ယေဟောဝါဖြစ်သည့် ငါ့ကို ယုံကြည်ကြရန် ငါအလိုရှိသည်။ အကယ်၍ သင်တို့၏ ယုံကြည်ခြင်းသည် သောမ၏ ယုံကြည်ခြင်းထက် သာလွန်လျှင် သင်တို့၏ ယုံကြည်ခြင်းသည် ငါ၏ ထောမနာပြုခြင်းကို ခံရမည်၊ သင်တို့၏ သစ္စာတရားထဲ၌ ငါ၏ပီတိဖြာမှုကို သင်တွေ့လိမ့်မည်၊ ပြီးလျှင် သင်တို့၏ နေ့ရက်များထဲ၌ ငါ၏ ဘုန်းအာနုဘော်ကို ဧကန်မုချ သင်တို့တွေ့လိမ့်မည်။ သို့သော်လည်း မိမိတို့၏ မရှင်းမလင်းသော စိတ်များမှာ လောကကို အနိုင်အထက်သိမ်းယူထားသော မာရ်နတ်၏ ကြာမြင့်စွာကတည်းက ပိုင်ဆိုင်ခြင်းကို ခံထားရသည့်၊ မိမိတို့၏ မျက်လုံးများထဲတွင် လေနှင့်ပါလာသော သဲပွင့်များနှင့် မိမိတို့၏ နှုတ်များထဲ၌ မာရ်နတ်၏ လှူဖွယ်ပစ္စည်းများရှိသည့် သောဒုံမြို့၏ လူထုကဲ့သို့ လောကကို ယုံကြည်သူများနှင့် မာရ်နတ်ကို ယုံကြည်သူများသည် ၎င်းတို့၏ စိတ်နှလုံးများကို မာကျောစေခဲ့ကြပြီ။ ၎င်းတို့၏ အတွေးများသည် ရှေးကာလ မာရ်နတ်၏ အပြည့်အဝနီးပါး ထိန်းချုပ်ခံထားကြရပြီ။ ထို့ကြောင့် လူသားမျိုးနွယ်၏ ယုံကြည်ခြင်းသည် လေနှင့်အတူ လွင့်ပါသွားကြပြီ၊ သူတို့သည် ငါ၏အမှုကိုပင် သတိပြုရန် မတတ်နိုင်ကြ။ ကြာမြင့်စွာကတည်းက စာတန်အဆိပ်၏ သိမ်းပိုက်ထားခြင်းကို ခံထားရသောကြောင့် သူတို့ လုပ်နိုင်သမျှမှာ အကြမ်းဖျင်းသက်သက် ပိုင်းခြားစိတ်ဖြာရန် သို့မဟုတ် ကိုင်တွယ်ဖြေရှင်းရန် အလို့ငှာ မဖြစ်ညစ်ကျယ် အားထုတ်မှုကို ပြုခြင်းပင် ဖြစ်သည်။

လူသားများသည် တစ်ချိန်က ငါ၏ ဖန်ဆင်းခြင်းကို ခံထားရသော သူများဖြစ်သည့်အပြင် ငါ့ဖန်ဆင်းခြင်း၏ ပေါများလှသော အရာများ အားလုံးကို ခံစားဖူးသူများ ဖြစ်သည့်အတွက် လူသားမျိုးနွယ်ကို ငါသိမ်းပိုက်မည်။ သို့သော် လူသားများသည် ငါ့ကိုလည်း ငြင်းပယ်ခဲ့ကြပြီ၊ သူတို့၏ စိတ်နှလုံးများသည် ငါနှင့် ကင်းမဲ့နေကြသည်၊ ငါ့ကို အမှန်တကယ် မြင်တွေ့ပြီးသည်ပင်လျှင် လူသားများသည် ငါ့ကို ငြင်းပယ်ကြသည့် အတိုင်းအတာထိပင် သူတို့သည် ငါ့ကို ၎င်းတို့၏တည်ရှိမှု အပေါ် ဝန်ထုပ်ဝန်ပိုးတစ်ခုကဲ့သို့ မြင်ကြပြီး ငါ့ကိုအနိုင်ယူဖို့ရန် ဖြစ်နိုင်မည့် နည်းလမ်းပေါင်းစုံကို အားထုတ်၍ စဉ်းစားကြ၏။ လူများသည် သူတို့အပေါ် ငါအလေးအနက်ထားဆက်ဆံပြီး တိကျတင်းကျပ်သော တောင်းဆိုမှုများပြုရန် ငါ့ကို ခွင့်မပြုသကဲ့သို့၊ သူတို့၏ မဖြောင့်မတ်ခြင်းအပေါ် တရားစီရင်ရန် သို့မဟုတ် ပြစ်တင်ဆုံးမရန် ငါ့ကို အခွင့်မပေးကြ။ ဤအရာကို စိတ်ဝင်စားဖို့ရန် ဝေးစွ၊ စိတ်အနှောင့်အယှက်ပင် ဖြစ်ကြသေးသည်။ ထို့ကြောင့် ငါ၏အမှုသည် ငါ့အထဲမှာ စားကြ၊ သောက်ကြ၊ မြူးထူးကြသော်လည်း ငါ့ကို မသိကြသော လူသားမျိုးနွယ်ကို ယူဆောင်လျက် အနိုင်ယူရန် ဖြစ်သည်။ ငါသည် လူသားမျိုးနွယ်ကို ဖျက်သိမ်းမည်၊ ထို့နောက် ငါ၏ ကောင်းကင်တမန်များနှင့် ငါ၏ ဘုန်းအာနုဘော်ကို ယူဆောင်ပြီး ငါကျိန်းဝပ်ရာအရပ်ကို ပြန်သွားမည်။ အကြောင်းမှာ လူတို့ ပြုခဲ့သောအရာသည် ကြာမြင့်စွာကတည်းက ငါ့နှလုံးသားကို လုံးဝကျိုးပဲ့စေခဲ့ပြီး ငါ့အမှုကိုလည်း အစိတ်စိတ်အမြွှာမြွှာ ကွဲစေခဲ့သောကြေင့်ဖြစ်သည်။ လူသားမျိုးနွယ်အား ၎င်းတို့၏ အသက်တာများကို ဆက်လက်ရှင်သန်ခွင့်ပေးလျက်၊ “ငြိမ်းချမ်းခြင်း၊ ရောင့်ရဲခြင်းထဲ၌ အသက်ရှင်ခြင်းနှင့် လုပ်ဆောင်ခြင်း” နှင့် “သူတို့ကိုယ်တိုင်၏ လယ်ယာများတွင် စိုက်ပျိုးခြင်း” ကို ဆက်လက်ပြုခွင့်ပေးလျက် မာရ်နတ်သည် ရွှင်လန်းစွာ လှည့်ထွက်မသွားခင်တွင် သူလုယူသွားခဲ့သော ဘုန်းအာနုဘော်ကို ငါပြန်သိမ်းရန် ရည်ရွယ်သည်၊ ပြီးလျှင် သူတို့၏ အသက်တာများထဲ ငါနောက်ထပ် ကြားဝင်စွက်ဖက်လိမ့်မည် မဟုတ်တော့ပေ။ သို့သော် ယခုတွင် မာရ်နတ်၏ လက်ထဲမှ ငါ၏ ဘုန်းအာနုဘော်ကို အပြည့်အဝ ပြန်သိမ်းပြီး၊ လောကကို ဖန်ဆင်းချိန်၌ လူသားအထဲတွင် ငါပြုထားခဲ့သည့် ဘုန်းအာနုဘော် အလုံးစုံကို ပြန်ယူရန်နှင့် ကမ္ဘာပေါ်က လူသားမျိုးနွယ်အပေါ် နောက်တစ်ဖန် မည်သည့်အခါမျှ ပြန်မအပ်နှင်းတော့ရန် ငါရည်ရွယ်သည်။ အကြောင်းမှာ လူတို့သည် ငါ၏ဘုန်းအာနုဘော်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ပျက်ကွက်ရုံသာမကဘဲ ထိုအရာကို စာတန်၏ပုံရိပ်အတွက်နှင့် အလဲအလှယ် လုပ်ခဲ့ကြသည့် အတွက်ကြောင့်ဖြစ်သည်။ လူတို့သည် ငါ၏ကြွလာခြင်းကို တန်ဖိုးမထားကြသကဲ့သို့ ငါ့ဘုန်းအာနုဘော် နေ့ရက်ကိုလည်း အထူးတန်ဖိုး မထားကြ။ သူတို့သည် ငါ၏ ဘုန်းအာနုဘော်ကို ငါ့ထံသို့ ပြန်လည် ပေးအပ်ခြင်းငှာ လိုလားရန် မဆိုထားနှင့် ငါ၏ပြစ်တင်ဆုံးမမှုကို ခံယူဖို့ရန်ပင် ရွှင်ပြခြင်းမရှိကြပေ။ မာရ်နတ်၏ အဆိပ်ကိုလည်း သူတို့သည် မစွန့်ပစ်လိုကြချေ။ လူသားမျိုးနွယ်သည် ငါ့ကို ယခင်နည်းလမ်းဟောင်းအတိုင်း ဆက်လက်လှည့်ဖြားနေဆဲ၊ ယခင်နည်းလမ်းဟောင်းအတိုင်း ပျော်ရွှင်နေသည့် မျက်နှာထားနှင့် တောက်ပသော အပြုံးများ ဆင်ထားဆဲပင် ဖြစ်သည်။ သူတို့သည် ငါ၏ဘုန်းအာနုဘော် သူတို့ကို စွန့်ခွာသွားပြီးနောက်တွင် လူသားမျိုးနွယ်အပေါ် ကျရောက်လာမည့် ဝမ်းနည်းပူဆွေးခြင်း၏ အတိုင်းအဆကို သတိမမူမိကြ၊ လူသားမျိုးနွယ် တစ်ရပ်လုံးအပေါ် ငါ၏နေ့ရက် ရောက်လာသောအခါ နောဧခေတ်ကလူများ ခံစားခဲ့ရသည်ထက် ပိုပြီးခက်ခဲသည့် အချိန်ကို သူတို့တွေ့ကြုံရမည် ဆိုသည်ကို အထူးသဖြင့် သတိမပြုမိကြပေ။ အကြောင်းမှာ ဣသရေလပြည်မှ ငါ၏ ဘုန်းအာနုဘော် ထွက်ခွာသွားသည့်အခါ ထိုပြည်သည် မည်မျှပင် မှောင်မိုက်သွားခဲ့သနည်းဆိုသည်ကို သူတို့မသိကြသောကြောင့်၊ မိုးသောက်ယံ၌ လူသားသည် ပိန်းပိတ်အောင်မှောင်သော ညမှာ ဖြတ်သန်းရန် မည်မျှပင် ခက်ခဲခဲ့သနည်းဆိုသည်ကို မေ့သွားကြသောကြောင့် ဖြစ်သည်။ နေမင်းသည် ပြန်၍ ပုန်းခိုသွားပြီး လူသားအပေါ် အမိုက်မှောင် ဆင်းသက်လာသည့်အခါ သူသည် တစ်ဖန် ငိုကြွေးမြည်တမ်းပြီး အမှောင်ထုထဲ၌ အံသွားခဲကြိတ်ရလိမ့်မည်။ ဣသရေလပြည်ထံမှ ငါ၏ဘုန်းအာနုဘော် ထွက်ခွာသွားသောအခါ ထိုပြည်၏ ပြည်သူပြည်သားတို့အတွက် ၎င်းတို့၏ဒုက္ခခံရာနေ့များကို ဖြတ်ကျော်ခဲ့ရသည်မှာ မည်မျှပင် ခက်ခဲခဲ့သည် ဆိုခြင်းကို သင်တို့ မေ့လျော့သွားကြပြီလော။ ယခုအချိန်သည် ငါ၏ဘုန်းအာနုဘော်ကို သင်တို့ မြင်ကြရသည့် အချိန်ဖြစ်သကဲ့သို့၊ ငါ၏ ဘုန်းအာနုဘော် နေ့ရက်ကို သင်တို့မျှဝေခံစားကြရသည့် အချိန်လည်း ဖြစ်သည်။ ငါ၏ ဘုန်းအာနုဘော်သည် ညစ်ညူးသောမြေကို စွန့်ခွာသွားသည်နှင့် လူသားသည် အမှောင်ထုအလယ်၌ ငိုကြွေးမြည်တမ်းကြရလိမ့်မည်။ ယခုအချိန်သည် ငါ၏အမှုကို ငါဆောင်ရွက်နေသော ဘုန်းအာနုဘော် နေ့ရက်ဖြစ်ပြီး၊ လူသားမျိုးနွယ်ကို ဆင်းရဲဒုက္ခမှ ငါလွတ်ငြိမ်းခွင့်ပေးမည့် နေ့ရက်လည်း ဖြစ်သည်၊ အကြောင်းမှာ ညှဉ်းဆဲခြင်းနှင့် အတိဒုက္ခခံရသည့် အချိန်များကို သူတို့နှင့် ငါမျှဝေမခံစားလိုသည့်အတွက်ကြောင့် ဖြစ်သည်။ လူသားမျိုးနွယ်ကို အပြည့်အဝ သိမ်းပိုက်ရန်နှင့် လူသားမျိုးနွယ်၏ မာရ်နတ်ကို အပြည့်အဝ အနိုင်ယူရန်သာ ငါအလိုရှိသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။