၂၆၉ ကားစင်တင်ခြင်းခံရချိန် ပေတရု၏ဆုတောင်းချက်
၁ အို ဘုရားသခင်၊ ကိုယ်တော်၏အချိန် ယခု ကျရောက်ပါပြီ၊ ကျွန်ုပ်အတွက် ကိုယ်တော်ပြင်ဆင်ထားသောအချိန် ကျရောက်ပါပြီ။ ကျွန်ုပ်သည် ကိုယ်တော်အတွက် အသေခံရမည်၊ ကိုယ်တော့်ထံ ဤသက်သေခံချက်ကို ကျွန်ုပ်ပြုရမည်၊ ပြီးလျှင် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ကိုယ်တော်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်လိမ့်မည်၊ ချစ်ခြင်းသည်လည်း ပိုမိုဖြူစင်လာ နိုင်မည်ဟု ကျွန်ုပ်မျှော်လင့်ပါသည်။ ယနေ့၊ ကိုယ်တော်အတွက် အသေခံနိုင်ခြင်းနှင့် ကိုယ်တော်အတွက် ကားစင်တင်ခံရခြင်း တို့သည် ကျွန်ုပ်အား နှစ်သိမ့်စိတ်ချမှုကို ပေးပါသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်အတွက် ကားတိုင်ပေါ်တွင် အသေခံခြင်းနှင့် ကိုယ်တော်၏အလိုတော်တို့ကို ဖြည့်ဆည်းနိုင်ခြင်း အပြင် ကျွန်ုပ်ကိုယ်ကို ကိုယ်တော့်လက်သို့ အပ်နိုင်ခြင်းနှင့် ကျွန်ုပ်၏အသက်ကို ကိုယ်တော့်ကို ဆက်ကပ်နိုင်ခြင်းတို့ထက် မည်သည့်အရာကမျှ ကျွန်ုပ်အား ပို၍ကျေနပ်အားရစေမည် မဟုတ်ပါ။
၂ အို ဘုရားသခင်၊ ကိုယ်တော်သည် ချစ်ခင်ဖွယ် ကောင်းလှတကား။ ကိုယ်တော်သည် ကျွန်ုပ်ကို အသက်ရှင်ခွင့် ပေးခဲ့ပါက ကိုယ်တော့်ကို ပို၍ပင်ချစ်ရန် ကျွန်ုပ်လိုလားပါလိမ့်မည်။ ကျွန်ုပ် အသက်ရှင်နေသရွေ့ ကိုယ်တော့်ကို ချစ်ပါမည်။ ကိုယ်တော့်ကို ပိုမိုလေးနက်စွာ ချစ်လိုပါသည်။ ကိုယ်တော်သည် ကျွန်ုပ်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမကာ စမ်းသပ်သည်၊ အကြောင်းမှာ ကျွန်ုပ်သည် မဖြောင့်မတ်ဘဲ အပြစ်ကျူးလွန် ခဲ့သောကြောင့် ဖြစ်သည်။ ထို့ပြင် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပိုမို၍ သိသာထင်ရှားစွာ ကျွန်ုပ်မြင်လာပါသည်။ ကိုယ်တော်ကို ကျွန်ုပ် ပိုမိုနက်ရှိုင်းစွာ ချစ်လာနိုင်စေသည့်အတွက် ဤသည်မှာ ကျွန်ုပ်အဖို့ ကောင်းချီးမင်္ဂလာတစ်ခုဖြစ်ပြီး ကိုယ်တော် ကျွန်ုပ်ကို မချစ်လျှင်ပင် ဤနည်းအတိုင်း ကိုယ်တော့်ကို ကျွန်ုပ်ချစ်လိုပါသည်။ ကျွန်ုပ်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ရှုမြင်လိုပါသည်။ ယင်းက ကျွန်ုပ်အား အဓိပ္ပာယ်ရှိသော အသက်တာကို သာ၍ အသက်ရှင်နိုင် စေသောကြောင့် ဖြစ်ပါသည်။
၃ ကျွန်ုပ်သည် ကိုယ်တော့်အတွက် ကားတိုင်တင်ခံရပြီး ကိုယ်တော့်အတွက် အသေခံခြင်းသည် အဓိပ္ပာယ်ပြည့်ဝသောကြောင့် ကျွန်ုပ်၏ လက်ရှိအသက်တာသည် ပိုမိုလေးနက်လာသည်ဟု ကျွန်ုပ်ခံစားရပါသည်။ သို့သော် ကိုယ်တော့်အကြောင်းကို အနည်းငယ်သာ ကျွန်ုပ်သိသည့်အတွက်၊ ကျွန်ုပ်သည် ကိုယ်တော်၏ အလိုတော်တို့ကို ပြည့်စုံစွာ မဖြည့်ဆည်းနိုင်ကြောင်းနှင့် ကိုယ်တော့်ကို အနည်းငယ်သာ ပြန်လည်ပေးဆပ်ပြီးကြောင်းတို့ကို သိသည့်အတွက် ကျွန်ုပ် ကျေနပ်အားရခြင်း မရှိသေးပါ။ ကျွန်ုပ်၏အသက်တာတွင် ကိုယ်တော့်ကို မိမိအလုံးစုံကို ပြန်လည်ပေးဆပ်ရန် မတတ်စွမ်းနိုင်ခဲ့ပါ၊ ဝေးလှပါသေးသည်။ ဤအခိုက်အတန့်တွင် နောက်ကြောင်း ပြန်လှည့်ကြည့်သည့်အခါ ကျွန်ုပ်သည် ကိုယ်တော့်အပေါ် အလွန်ပင် ကျေးဇူးတင်ကြောင်း ခံစားရပါသည်။ ကျွန်ုပ်၏ အမှားများအားလုံးနှင့် ကိုယ်တော့်ကို ပြန်လည် မပေးဆပ်ခဲ့ရသည့် ချစ်ခြင်းမေတ္တာများအားလုံးကို ပြန်လည် ထေမိစေရန် ယခုတဒင်္ဂအချိန်သာ ရှိပါ၏။