အသည်းကင်ဆာရရှိခြင်းမှ သင်ယူရရှိခဲ့သည့် သင်ခန်းစာများ
လီယွန် တရုတ်နိုင်ငံ ကျွန်တော် ခရစ်ယာန်ဖြစ်ပြီးသည့်နောက်မှာ တရုတ်ကွန်မြူနစ်ပါတီက ဖမ်းသည်ကို သုံးလေးကြိမ်လောက် ခံရသော်လည်း၊ သခင့်ကို...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မက ၂၀၁၉ခုနှစ်မှာ အသင်းတော်ရဲ့ ဗီဒီယိုအလုပ်အတွက် တာဝန်ယူရပြီး အသင်းတော်ခေါင်းဆောင်အဖြစ်လည်း အစေခံရတယ်။ ဘုရားက ကျွန်မကို ဒီလိုမြှင့်တင်ပေးတာကို မြင်ရပြီး တာဝန်ကို ကောင်းကောင်းလုပ်မယ်လို့ ကတိပေးခဲ့တယ်။ အဲဒီနောက်တော့ တာဝန်အပေါ် တကယ်စိတ်နှစ်မြုပ်ပြီး ကျွန်မ လက်တွဲလုပ်ရတဲ့ အစ်မဆီကနေ အသင်းတော်အလုပ်ကို ဘယ်လိုလုပ်ရမယ်ဆိုတာ သင်တယ်။ စုဝေးပွဲ အကြီး၊ အသေးတိုင်းကို တက်ဖို့ ကျွန်မ အကောင်းဆုံးလုပ်တယ်။ ဗီဒီယိုတွေကို နေ့တိုင်း စစ်ဆေးတယ်။ နေ့တိုင်းက ကျွန်မအတွက် တကယ်ကို အလုပ်ချိန်အပြည့်ဖြစ်နေတယ်။ ဒါပေမဲ့ နည်းနည်းကြာလာတော့ ကျွန်မ မောလာတယ်။ အစတုန်းက ကျွန်မမှာရှိတဲ့ စိတ်ခိုင်မာမှုက တဖြည်းဖြည်းချင်း ပျောက်သွားတယ်။ ဒီလိုအရမ်းအလုပ်များတဲ့ဘဝကို ဦးဆောင်ရတာကို ပိုပိုပြီး အတိုက်အခံဖြစ်လာတယ်။ အထူးသဖြင့် ဗီဒီယိုတွေကို ကျွန်မ ပြန်စစ်ရတဲ့အခါမှာ တကယ်ကို ချင့်ချိန်စဉ်းစားပြီး အရမ်းတွေးရတယ်။ ပြီးတော့ ကျွန်မတွေ့တဲ့ ပြဿနာတိုင်းကို ကိုင်တွယ်ဖို့ ယုတ္တိရှိတဲ့ အကြံပြုချက်တွေကိုပေးရတယ်။ အရမ်းစိတ်ပင်ပန်းလွန်းတယ်လို့ မြင်ပြီး ဒါကို မလုပ်ချင်ခဲ့ဘူး။ အဲဒီနောက်တော့ ဗီဒီယိုတွေကိုပြန်စစ်နေတုန်းမှာ ပေါ့ပေါ့တန်တန်ဖြစ်လာတယ်။ တချို့ဗီဒီယိုတွေကို သာမန်ကာလျှံကာပဲကြည့်ပြီး အကြောင်းပြန်လိုက်တယ်။ တစ်ခါတလေမှာ ပြဿနာတွေက သေချာပေါက်ရှိနေတဲ့အချိန်မှာ ကျွန်မက မျက်ကွယ်ပြုလိုက်တယ်။ ဒီလိုမဟုတ်ရင် ဖြေရှင်းချက်စဉ်းစားရမှာမို့လို့လေ။ အဲဒါနဲ့ ကျွန်မ နှုတ်ဆိတ်နေလိုက်တယ်။ တာဝန်မှာ ကျွန်မ ပိုပိုပြီး ပေါ့ဆလာတယ်။ ဒါကြောင့်မို့ ဗီဒီယိုတွေက စစ်ဖို့အတွက် လာလိုက်၊ ပြန်ပို့လိုက်နဲ့ ဆက်ဖြစ်နေတယ်။ လူတော်တော်များများရဲ့ အားစိုက်မှုတွေက အလကားဖြစ်သွားတယ်။ တော်တော်ဆိုးတဲ့ အကျိုးဆက်တွေရှိတယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်မကြည့်ဘူး။ ဒါက ကျွန်မနဲ့ တိုက်ရိုက်မသက်ဆိုင်ဘူး၊ သူများတွေရဲ့ ဗီဒီယိုတွေမှာ ပြဿနာတွေအရမ်းများတာကြောင့်ဖြစ်တယ်လို့တောင် ကျွန်မ ခံစားမိခဲ့တယ်။
တစ်ခါတော့ စိတ်ကူးအသစ်တချို့လိုအပ်တဲ့ ကျွန်မဆီမှာရှိတဲ့ ဗီဒီယိုမှာ ပွဲရပ်သွားစေတဲ့ ပြဿနာတွေကို ကျွန်မ ကြုံရတယ်။ လူတိုင်းက ကျွန်မခေါင်းကို မူးနောက်သွားစေတဲ့ စိတ်ကူးမျိုးစုံကို ထုတ်ပြောကြတယ်။ စဉ်းစားရတာ အရမ်းပင်ပန်းတယ်။ အဲဒါနဲ့ သူတို့ကိုအစီအစဉ်တစ်ခု ပေးလုပ်ခိုင်းလိုက်မယ်လို့ တွေးမိတယ်။ အလုပ်အားလုံးကို ခြုံပြီးလုပ်နေရလို့ဆိုတဲ့ ဆင်ခြေနဲ့ ကျွန်မက တာဝန်တွေကို ခွဲဝေပေးလိုက်တယ်။ ဒီလိုနဲ့ မကြီးကြပ်တာ၊ ကိစ္စတွေကို နောက်ကလိုက်မလုပ်တာတွေအတွက် ရှင်းပြနိုင်အောင်ပေါ့။ ဒါပေမဲ့ အရင်က ဒီလိုပြဿနာမျိုးကို ဘယ်သူမှ မကြုံဘူးတော့ တချို့စည်းမျဉ်းတွေကို ကောင်းကောင်း နားမလည်ကြဘူး။ ဒီလိုရှုပ်ထွေးတဲ့အလုပ်ကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာသူတို့မသိဘူး။ ဒါကြောင့်မို့ ဘာတိုးတက်မှုမှမရှိခဲ့ဘူး။ ဗီဒီယိုက နောက်ဆုံးမှာ ချောင်ထိုးထားလိုက်ရတယ်။ ကျွန်မရဲ့ တွဲဖက် အစ်မလျူက ကျွန်မတို့တွေက ထိရောက်မှုမရှိဘဲ တိုးတက်မှုက နှေးနေတယ်ဆိုတာ မြင်တယ်။ အဲဒါနဲ့ သူက အလုပ်ကိုမြန်မြန်လုပ်ဖို့ ကျွန်မတို့ကို သတိပေးပြီး တိုက်တွန်းတယ်။ သူက ကျွန်မတို့အပေါ် အရမ်းဖိလွန်းတယ်လို့ ကျွန်မ ညည်းညူခဲ့ပြီး တခြားညီအစ်ကိုမောင်နှမတွေကလည်း ကျွန်မနောက်လိုက်ပြီးတော့ သူ့အစီအစဉ်တွေကို ပြန်တွန်းကန်ကြတယ်။ ဒီဟာကြောင့် အစ်မလျူက အရမ်းစိတ်ကျဉ်းကျပ်သွားပြီး ကျွန်မတို့နဲ့ အလုပ်အစီအစဉ်တွေကို သူဆွေးနွေးတဲ့အခါတိုင်းမှာ သူက တော်တော်သတိထားလာတယ်။ ဒါကြောင့်မို့ နှောင့်နှေးပြီးရင်း နှောင့်နှေးလာပြီး တိုးတက်မှုက ရပ်သွားတယ်။ ကျွန်မက ပုံမှန်ဆိုရင် အတတ်ပညာဆိုင်ရာကျွမ်းကျင်မှုတွေ သင်ရတာကို သိပ်အရေးမစိုက်ဘူး။ သင်တန်းပစ္စည်းတွေကို စုစည်းရတာက အရမ်းအလုပ်များတယ်လို့ပဲ ခံစားမိတယ်။ အဲဒါနဲ့ ကျွန်မက အမြဲတမ်း အစ်မလျူကိုပဲ ပေးလွှတ်လိုက်တယ်။ တစ်ခါတလေမှာ ကျွန်မက တာဝန်မှာ အရမ်းအလုပ်ရှုပ်နေတယ်ဆိုတဲ့ ဆင်ခြေနဲ့ သင်တန်းမှာ ဝင်မပါဘူး။ ဒီလိုနဲ့ ကျွန်မက ကိုယ့်တာဝန်မှာ လျော့ရဲလာပြီး နှေးကွေးလာတယ်။ တစ်ခါတော့ အလုပ်ဆွေးနွေးပွဲတစ်ခုအတွက်တောင် ကျွန်မက ကြိုပြီး ပြင်ဆင်မထားတာကြောင့် လူတိုင်းရဲ့ အချိန်က အလကားကုန်သွားတယ်။
နောက်တော့ တစ်နေ့မှာ ကျွန်မ လှေကားကနေ အောက်ဆင်းလာရင်း ခြေချော်ကျပြီး ခြေကျင်းဝတ်က လိမ်သွားတယ်။ ကျွန်မမှာဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာကို ဆင်ခြင်မကြည့်ခဲ့ဘူး။ ကျွန်မ ခြေကျင်းဝတ်က ထိခိုက်သွားတာကြောင့် ကောင်းကောင်းအနားယူလို့ရတယ်လို့ပဲ တွေးမိတယ်။ အစ်မလျူက ကျွန်မကို သုံးလေးကြိမ် ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းတယ်။ ကျွန်မက တာဝန်ခံယူမှုမရှိဘူး၊ ဒါဟာ အသင်းတော်အလုပ်ကို နှောင့်နှေးစေတယ်၊ သူများတွေအပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုရှိစေတယ်လို့ပြောတယ်။ သူမိတ်သဟာယဖွဲ့ပြီးတဲ့နောက်မှာကျွန်မက သုံးလေးရက်လောက် ပိုတက်ကြွပြီး နောက်တော့ ပြန်ပြီး အားလျော့လာပြန်တယ်။ ပြဿနာက ဘယ်လောက်ဆိုးတယ်ဆိုတာ ကျွန်မ သဘောမပေါက်ဘဲ ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး ခွင့်ပြုပေးထားတယ်။ ကျွန်မက နည်းနည်းလေးပဲ ပျင်းတာ၊ ဒါပေမဲ့ မာနထောင်လွှားတာ၊ ထိန်းချုပ်တာမဟုတ်ဘူး၊ အာဏာရှင်ဆန်ပြီး သူများတွေကို ဖိနှိပ်နေတာမဟုတ်ဘူး၊ ဒါကြောင့် အရေးမကြီးပါဘူးလို့ ထင်နေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မက အစွမ်းအစရှိပြီး အတတ်ပညာပိုင်းကျွမ်းကျင်မှုနည်းနည်းရှိတယ်။ ဒါကြောင့် အထုတ်ခံရမှာမဟုတ်ဘူးပေါ့။ အဲဒါနဲ့ အစ်မလျူရဲ့သတိပေးချက်တွေကို မကြားချင်ယောင်ဆောင်ပြီး လုံးဝ အလေးအနက်မထားခဲ့ဘူး။ ကိုယ့်တာဝန်မှာ ဆက်ပြီး အားလျော့နေပြီးတော့ တချို့တာဝန်တွေကို ဝန်ထုပ်ဝန်ပိုးအဖြစ်တောင် မြင်ခဲ့တယ်။ ကျွန်မတာဝန်မှာ ဖြစ်ကတတ်ဆန်းလုပ်တာကြောင့် ဗီဒီယိုတွေအများကြီးကို ပြန်လုပ်ဖို့အတွက် ပြန်ပို့ရတယ်။ ဗီဒီယိုတွေ မထုတ်ခင်မှာ အရမ်းကြာတယ်။
တစ်မနက်မှာတော့ အထက်ခေါင်းဆောင်တစ်ယောက်က ရုတ်တရက် မမျှော်လင့်ဘဲ ရောက်လာပြီး ပြောတယ်။ ကျွန်မတို့တာဝန်က ဘာရလဒ်မှ မရနေဘူး၊ ပြောပြထားပြီးသား ပြဿနာတွေက ဆက်ပြီးပေါ်လာနေတယ် တဲ့ ပြဿနာက အတိအကျဘာလဲဆိုတာကို သူကမေးတယ်။ ဒီတာဝန်ကို ကျွန်မတို့ ထမ်းဆောင်နိုင်လားဆိုတာကိုလည်း မေးတယ်။ ဒီလိုဆက်ဖြစ်နေရင် ကျွန်မတို့အားလုံးထုတ်ခံရမယ်လို့ပြောတယ်။ ဒါကိုကြားရတော့ ကျွန်မ ကြောက်သွားတယ်။ ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး အလုပ်ကိုလည်း ဦးဆောင်နေတာ။ ဒီတော့ ကျွန်မက အားလုံးရှုပ်ပွနေတဲ့အပေါ်မှာ တိုက်ရိုက်တာဝန်ရှိပါတယ်။ ဒါဟာ အားလုံးက ကျွန်မရဲ့ ဖြစ်ကဆန်းလုပ်တာကြောင့်ပဲ။ ဒါကို စဉ်းစားရင်းနဲ့ ကျွန်မ အမှားကြီးတစ်ခုလုပ်မိပြီဆိုပြီး သဘောပေါက်လိုက်တယ်။ ခေါင်းဆောင်က မကြာခင်မှာ ကျွန်မတာဝန်ကို ကျွန်မလုပ်နေတဲ့ပုံစံကို သိသွားပြီး ကျွန်မကို ထုတ်လိုက်တယ်။ ဘုရားအိမ်တော်က ကျွန်မကို အရေးကြီးတဲ့အလုပ် အပ်နှံပေးခဲ့တယ်၊ ဒါပေမဲ့ ကျွန်မက ပြဿနာတွေ၊ အခက်အခဲတွေအများကြီးတွေ့တဲ့အခါမှာ လုံးဝ ဂရုမစိုက်ခဲ့ဘူးလို့ ပြောပြီး ကျွန်မကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်တာလည်းလုပ်တယ်။ ကျွန်မက ကိုယ့်သွေးသားဆန္ဒနဲ့ဆိုင်တဲ့ သက်သာမှုကိုပဲ ဂရုစိုက်ခဲ့ပြီး ကျွန်မတို့ဗီဒီယိုတွေကို လချီပြီး တိုးတက်မှုရပ်စေခဲ့တယ်။ ကျွန်မက ဘုရားအိမ်တော်ကို ထိခိုက်နေပြီး အသိတရားလုံးဝ မရှိခဲ့ဘူး။ ဘုရားအိမ်တော်က ကျွန်မကို ပျိုးထောင်ပေးနေခဲ့တယ်။ ဒါပေမဲ့ ဘုရားအလိုတော်ကို ကျွန်မ လုံးဝ ဂရုမစိုက်ခဲ့ဘူး။ အရမ်းကို စိတ်ပျက်စရာပါပဲ။ ကျွန်မက ခေါင်းဆောင်ဖြစ်ပေမဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း မဖြည့်ဆည်းခဲ့ဘူး။ ကျွန်မက ဘာကိုမှ မသင်ယူဘဲ တိုးတက်မှုကို မလုပ်နိုင်ဘူး။ ပျိုးထောင်ပေးဖို့ မတန်ပါဘူး။ ကျွန်မ နောင်တရပြီး ပြောင်းလဲတာမလုပ်ရင် ထုတ်ပယ်ခံရမယ်လို့ သူက ပြောတယ်။ သူ့စကားတွေက ကျွန်မအတွက် တကယ်ကိုကြမ်းတဲ့ထိုးနှက်ချက်တစ်ခုပဲ။ ကျွန်မစိတ်က ဗလာဖြစ်သွားပြီး ကိုယ့်ကိုယ်ကိုယ် ဆက်တိုက်မေးနေမိတယ်။ ဒီလတွေအားလုံးမှာ ငါ ဘာတွေလုပ်နေတာလဲ။ ဘယ်လိုဖြစ်ပြီး ဒီအခြေအနေကိုရောက်လာတာလဲ ပေါ့။ ကျွန်မက ပျိုးထောင်ပေးဖို့ မထိုက်တန်ဘူးလို့ သူပြောတာကို ကြားရတော့ ကျွန်မမှာ အနာဂတ်မရှိဘူးလို့ တကယ်ပဲ ခံစားရတယ်။ ကျွန်မတော်တော် စိတ်မကောင်းဖြစ်နေပြီး အားအင်တွေအကုန် ကုန်ခမ်းသွားသလို ခံစားမိတယ်။ အစကတည်းက ကိုယ့်တာဝန်ကို မချစ်မြတ်နိုးတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။ ဒါပေမဲ့ အခု အရမ်းနောက်ကျသွားပြီ။
အထုတ်ခံရပြီးတဲ့နောက်မှာ စိတ်ပျက်တဲ့ အပျက်သဘောဆောင်တဲ့ အခြေအနေထဲမှာ ကျွန်မ နှစ်မြုပ်သွားတယ်။ လူတိုင်းက ကျွန်မကို သေချာပေါက် ရိပ်စားမိသွားပြီ၊ ကျွန်မကို မကောင်းတဲ့နမူနာတစ်ခုအဖြစ် ဘေးဖယ်ထားကြလိမ့်မယ်၊ ဘုရားကလည်း ကျွန်မကို အရမ်းမုန်းလိမ့်မယ်လို့ ခံစားမိတယ်။ ကျွန်မကို ကိုင်တွယ်ဖြေရှင်းတဲ့အချိန်မှာ ခေါင်းဆောင်ပြောတာကို စဉ်းစားကြည့်ပြီး တော်တော်ရင်နာမိတယ်။ ကျွန်မက ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရသလို ခံစားမိတယ်။ တကယ်ကိုနာကျင်ရတဲ့နေ့ရက်တွေပါပဲ။ နောက်တော့ တစ်နေ့မှာ ကျွန်မကို တကယ်ကို ထိုးနှက်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ရတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “သင်သည် ဘုရားသခင်ထံ ဆက်ကပ်ပြီး၊ သင်၏တာဝန်ကို ရိုးသားစစ်မှန်မှုဖြင့် ထမ်းဆောင်လျှင် သင်သည် ကိုင်တွယ်ဖြေရှင်းခံရပြီး ပြုပြင်ခံရသောအခါတွင် အပျက်သဘောဆောင်ပြီး အားနည်းနိုင်သေးသလော။ ဤသို့ဆိုလျှင် သင်သည် အမှန်တကယ်အပျက်သဘောဆောင်ပြီး အားနည်းလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (ဘုရားသခင်ထံ ဆုတောင်းပြီး ဘုရားသခင်ကို အမှီပြုသင့်သည်။ ဘုရားသခင်တောင်းဆိုသည့်အရာကို ကြိုးစားပြီး စဉ်းစားသင့်သည်။ မည်သည့်နေရာတွင် ကျွန်ုပ်တို့မှားသွားသည်၊ မည်သည့်အမှားများကို ကျွန်ုပ်တို့လုပ်ဆောင်ခဲ့သည်ကို ဆင်ခြင်သုံးသပ်သင့်သည်။ ကျွန်ုပ်တို့ လဲကျသွားသည့်နေရာများသည် ကျွန်ုပ်တို့ ပြန်ထရပ်ပြီး တွယ်တက်သင့်သည့်နေရာဖြစ်သည်။) မှန်သည်။ သင်နားလည်ပြီးသည့်အရာ၊ သင့်အဖို့ ရှင်းလင်းသည့်အရာကို လက်တွေ့လုပ်ဆောင်ပါ။ သင့်အမှားများကို ပိုမဆိုးစေနှင့်။ အရှုံးမပေးနှင့်။ ဤအရာများကို တည်ငြိမ်စွာ ချဉ်းကပ်လော့။ မည်သူကမျှ အမှုအရာများကို သင့်အတွက် ခက်ခဲအောင် တမင်မလုပ်ဆောင်ပေ။ သင့်ကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ရန် အသုံးပြုသော စကားများက အနည်းငယ်ကြမ်းလျှင်ပင် ဤသည်မှာ သင်က အလွန်အမင်း စိတ်ဆိုးစေသောအရာတစ်ခုကို လုပ်ဆောင်ခဲ့သောကြောင့်၊ သတိထားမိဘဲ စည်းမျဉ်းများကို သင်ကျူးလွန်ခဲ့သောကြောင့်ဖြစ်သည်။ ဤသို့သော အခြေအနေများတွင် သင်သည် အဘယ်သို့ ကိုင်တွယ်ဖြေရှင်းခြင်းမခံရဘဲ ရှိနိုင်မည်နည်း။ ဤသို့ ကိုင်တွယ်ဖြေရှင်းခံရခြင်းသည် အမှန်တကယ်တွင် သင့်ကို ကူညီရန်ဖြစ်သည်။ ဤသည်မှာ သင့်အတွက် ချစ်ခြင်းဖြစ်သည်။ ဤအရာကို သင်နားမလည်နိုင်လျှင် သင်သည် မည်သည့်အသိစိတ်မျှ မရှိပေ။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ) ဘုရားနှုတ်ကပတ်တော်ကိုဖတ်ရင်းနဲ့ မျက်ရည်တွေက ကျွန်မမျက်နှာမှာ ဆက်တိုက်စီးကျလာတယ်။ ခေါင်းဆောင်က ကျွန်မကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ သူပြောသမျှတိုင်းက မှန်တယ်။ ကျွန်မလုပ်ခဲ့သမျှတိုင်းက အရမ်းကို စိတ်တိုချင်စရာကောင်းတဲ့အတွက် ကျွန်မက အဲဒီလို ကြမ်းကြမ်းတမ်းတမ်း ဝေဖန်ခံရတာပါ။ ဒါပေမဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အရှုံးပေးလိုက်လို့ မဖြစ်ဘူး။ ကျွန်မ ဘာကြောင့်ကျရှုံးခဲ့တယ်ဆိုတာကို တကယ်ဆင်ခြင်ကြည့်ပြီး ပြောင်းလဲပြီး နောင်တရရမယ်။ ဒါက မှန်ကန်တဲ့နည်းလမ်းပဲ။ အဲဒါနဲ့ ကျွန်မဆုတောင်းလိုက်ပြီး ဒီကျရှုံးမှုကို ကျွန်မ ဆင်ခြင်ရာမှာ လမ်းပြဖို့ ဘုရားကို တောင်းလျှောက်လိုက်တယ်။
တစ်နေ့တော့ ကိုယ့်ကိုယ်ကိုယ် နည်းနည်းနားလည်အောင်ကူညီပေးတဲ့ အယောင်ဆောင်ခေါင်းဆောင်တွေကို ဖော်ထုတ်ပြီး စိစစ်တဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မကြားရတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “အယောင်ဆောင်ခေါင်းဆောင်များသည် တကယ့်အလုပ်ကို မလုပ်ဆောင်ပေ။ သို့သော် ၎င်းတို့သည် မည်သို့အရာရှိဖြစ်ရမည်ကို သိသည်။ ၎င်းတို့သည် ခေါင်းဆောင်ဖြစ်သောအခါ ၎င်းတို့လုပ်ဆောင်သည့် ပထမဆုံးသောအရာမှာ အဘယ်နည်း။ ၎င်းတို့သည် လူတို့ကို စည်းရုံးရန် ကြိုးစားသည်။ ၎င်းတို့သည် ‘မန်နေဂျာအသစ်သည် အကောင်းမြင်ခံရမှဖြစ်မည်’ ဟူသည့် နည်းလမ်းကို သုံးကြသည်။ ရှေးဦးစွာ ၎င်းတို့သည် လူတို့ကို စည်းရုံးရန်အတွက် အနည်းငယ်သောအရာတို့ကို လုပ်ဆောင်ကြသည်။ လူတို့၏ ဘဝများကို လွယ်ကူစေရန် အနည်းငယ်သောအရာများကို မိတ်ဆက်ပေးသည်။ လူတို့က ၎င်းတို့အား အကောင်းမြင်စေရန်၊ ၎င်းတို့သည် လူထုနှင့် ကိုက်ညီမှုရှိသည်ဟု လူတိုင်းအား ပြသရန် ကြိုးစားကြသည်။ ဤနည်းအားဖြင့် လူတိုင်းက ၎င်းတို့ကို ချီးမွမ်းကြပြီး ၎င်းတို့သည် ထိုလူတို့အတွက် မိဘများသဖွယ်ဖြစ်သည်ဟု ပြောကြဖို့ရန်ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့သည် တရားဝင် ချုပ်ကိုင်လာကြသည်။ ၎င်းတို့သည် ယခုအခါတွင် လူသိများသော အထောက်အပံ့ကိုရရှိပြီး ၎င်းတို့၏ ရာထူးက လုံခြုံသည်၊ ဂုဏ်အဆင့်အတန်း၏ အဆောင်အယောင်များကို ပျော်မွေ့ခြင်းသည် ၎င်းတို့အတွက် မှန်ကန်သင့်တော်သည်ဟု ခံစားကြသည်။ ၎င်းတို့၏ ဆောင်ပုဒ်များမှာ ‘ဘဝဟူသည် စားခြင်းနှင့် ဝတ်ခြင်းအတွက်သာဖြစ်၏၊’ ‘လူ့ဘဝသည် တိုတောင်းသဖြင့် တစ်နေ့တာအချိန်ကို ပျော်ရွှင်အောင် အသုံးချပါ၊’ နှင့် ‘ယနေ့လုပ်စရာရှိတာလုပ်၊ မနက်ဖြန်ကို မနက်ဖြန်ရောက်မှ တွေးပူပါ။’ ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ရောက်လာသည့်နေ့ရက်များကို ပျော်မွေ့ကြသည်။ ၎င်းတို့ တတ်နိုင်သမျှ ပျော်ပါးကြသည်။ အနာဂတ်အတွက် မတွေးတောပေ။ ခေါင်းဆောင်တစ်ယောက်က မည်သည့်ဝတ္တရားများကို ဖြည့်ဆည်းသင့်သည်၊ မည်သည့်တာဝန်များကို ထမ်းဆောင်သင့်သည်ဆိုသည်ကို ထည့်စဉ်းစားဖို့ဆိုသည်မှာ ပို၍ မဖြစ်နိုင်ပေ။ ၎င်းတို့သည် စကားလုံး၊ စကားစုအနည်းငယ်ကို သံယောင်လိုက်ပြီး ပုံမှန်အလုပ်အဖြစ် အရေးမကြီးသော တာဝန်အနည်းငယ်ကို လုပ်ဆောင်ကြသည်။ သို့သော် မည်သည့်တကယ့်အလုပ်ကိုမျှ မလုပ်ဆောင်ကြပေ။ အသင်းတော်ရှိ တကယ့်ပြဿနာများကို အပြည့်အဝဖြေရှင်းရန်အတွက် နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေဖို့ မကြိုးစားပေ။ ဤသို့သော အပေါ်ယံအလုပ်ကို လုပ်ဆောင်ခြင်းတွင် မည်သည့်အဓိပ္ပာယ်ရှိသနည်း။ ယင်းသည် လှည့်စားခြင်းမဟုတ်သလော။ အရေးကြီးသောတာဝန်များကို ဤအယောင်ဆောင်ခေါင်းဆောင် အမျိုးအစားအပေါ်သို့ အပ်နှံနိုင်သလော။ ၎င်းတို့သည် ခေါင်းဆောင်များ၊ အမှုဆောင်များရွေးချယ်ခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများ၊ သတ်မှတ်ချက်များနှင့် ညီသလော။ (မညီပါ။) ဤလူတို့သည် မည်သည့် အသိစိတ်၊ ဆင်ခြင်တုံတရားပင်မရှိပေ။ ၎င်းတို့သည် မည်သည့်တာဝန်သိစိတ်မျှ မရှိပေ။ သို့တိုင်အောင် ၎င်းတို့၏ စိတ်နှလုံးတွင် ခေါင်းဆောင်အဖြစ် တရားဝင်ရာထူးတစ်ခုတွင် အစေခံလိုဆဲဖြစ်သည်။ ၎င်းတို့သည် အဘယ်ကြောင့် အလွန်အရှက်ကင်းမဲ့သနည်း။ တာဝန်သိစိတ်ရှိသောလူအချို့သည် အစွမ်းအစနည်းပြီး ခေါင်းဆောင်မဖြစ်နိုင်ပေ၊ တာဝန်သိစိတ်လုံးဝမရှိသည့် လူသားအမှိုက်အတွက်မှာမူ ပို၍ပင် မဖြစ်နိုင်ပေ။ ၎င်းတို့သည် ခေါင်းဆောင်ဖြစ်ရန် ပို၍ပင် အရည်အချင်းမပြည့်မီပေ။ ဤသို့သောလူတို့သည် မည်မျှ ပျင်းရိသနည်း။ ၎င်းတို့သည် ပြဿနာတစ်ခုကို ရှာတွေ့သည်။ ဤသည်မှာ ပြဿနာတစ်ခုဖြစ်သည်ကို ၎င်းတို့ သတိထားမိသည်။ သို့သော် ၎င်းတို့က မည်သည့်အရာမျှမဟုတ်သကဲ့သို့ မှတ်ယူပြီး အလေးမထားကြပေ။ ၎င်းတို့သည် အလွန်ပင် တာဝန်မသိတတ်ပေ။ ၎င်းတို့သည် စကားပြောကောင်းသူများဖြစ်နိုင်ပြီး အစွမ်းအစအနည်းငယ် ရှိပုံပေါ်သည်။ သို့သော် အသင်းတော်တွင် အမျိုးမျိုးသော ပြဿနာများပေါ်ပေါက်သည့်အခါ ၎င်းတို့သည် ဖြေရှင်းရန် မတတ်နိုင်ကြပေ။ ၎င်းတို့သည် အလုပ်လုပ်နေသည်မှာ မည်မျှကြာသည်ဖြစ်စေ၊ ပြဿနာများက စုပုံလာနေသည်။ ထိုပြဿနာများသည် ၎င်းတို့နှင့် မသက်ဆိုင်သော မိသားစုအမွေပစ္စည်းများကဲ့သို့ဖြစ်လာသည်။ သို့တိုင်အောင် ဤခေါင်းဆောင်များသည် ပုံမှန်အလုပ်အနေဖြင့် အရေးမကြီးသောတာဝန်အနည်းငယ်ကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်။ အဆုံးသတ်ရလဒ်သည် အဘယ်နည်း။ ၎င်းတို့သည် အသင်းတော်အလုပ်ကို ရှုပ်ထွေးအောင်မလုပ်သလော။ တလွဲတချော်မလုပ်သလော။ ၎င်းတို့သည် အသင်းတော်တွင် ပရမ်းပတာဖြစ်စေပြီး အစိတ်စိတ်အမြွှာမြွှာမကွဲစေသလော။ ဤသည်မှာ မရှောင်လွှဲနိုင်သော ရလဒ်ဖြစ်သည်။” (အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း) “ဤပျင်းရိသော အယောင်ဆောင်ခေါင်းဆောင်များသည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ဖြစ်ခြင်းကို ပျော်မွေ့ရမည့် ရာထူးအမျိုးအစားတစ်ခုအဖြစ် မှတ်ယူကြသည်။ ၎င်းတို့သည် ခေါင်းဆောင်တစ်ယောက်မှ ထမ်းဆောင်သင့်သောတာဝန်နှင့် လုပ်ဆောင်သင့်သော အလုပ်ကို ဝန်ထုပ်ဝန်ပိုးအဖြစ်၊ ဒုက္ခတစ်ခုအဖြစ် မှတ်ယူကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားအိမ်တော်၏ အလုပ်အပေါ် အာခံမှုဖြင့် အပြည့်ရှိနေကြသည်။ အလုပ်တွင်ရှိသော ပြဿနာများကို စောင့်ကြည့်ရန်၊ သို့မဟုတ် ရှာဖွေရန်၊ ပြီးလျှင် ထိုပြဿနာများကို နောက်ဆက်တွဲ လုပ်ဆောင်ပြီး ဖြေရှင်းရန် ၎င်းတို့ကို ခိုင်းစေလော့။ ၎င်းတို့သည် အလွန်ပင် တွန့်ဆုတ်ကြသည်။ ဤသည်မှာ ခေါင်းဆောင်များ၊ အမှုဆောင်များလုပ်ဆောင်သည့် အလုပ်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ အလုပ်ဖြစ်သည်။ သင်သည် မလုပ်ဆောင်လျှင်၊ လုပ်ဆောင်လိုစိတ်မရှိလျှင် အဘယ်ကြောင့် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ဖြစ်ချင်နေသေးသနည်း။ သင်သည် သင်၏ တာဝန်ကို ဘုရားအလိုတော်ကို အလေးထားရန်၊ သို့မဟုတ် အရာရှိဖြစ်ခြင်း၏ အဆောင်အယောင်များကို မွေ့လျော်ရန် ထမ်းဆောင်သလော။ တရားဝင်ရာထူးအချို့ကို သင်ပိုင်ဆိုင်လိုသောကြောင့် ခေါင်းဆောင်ဖြစ်ခြင်းသည် အရှက်မဲ့ခြင်းမဟုတ်သလော။ မည်သူကမျှ ဤလူတို့ထက် ပို၍နိမ့်ကျသော ပင်ကိုလက္ခဏာမရှိပေ။ ဤလူတို့သည် မိမိကိုယ်ကို လေးစားမှုမရှိပေ။ ၎င်းတို့သည် အရှက်ကင်းမဲ့ကြသည်။” (အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း) ဒီဘုရားနှုတ်ကပတ်တော်တွေကိုဖတ်ရတာ ဘုရားသခင်က ကျွန်မကို မျက်နှာချင်းဆိုင်ပြီး စစ်ဆေးနေသလို ခံစားရတယ်။ ကျွန်မက အတိအကျကို အဲဒီလိုပျင်းရိတဲ့ခေါင်းဆောင်မျိုးပဲ။ အစကတည်းက ဦးဆောင်တဲ့သူဟာ အာဏာနဲ့ စကားပြောရုံမကဘဲ သူများတွေရဲ့ အထင်ကြီးမှုကိုလည်းရတယ်လို့ ကျွန်မ ခံစားမိတယ်။ ဒါကြောင့် ဒီအဆင့်အတန်းကိုရဖို့အတွက် ကျွန်မ အလုပ်ကြိုးစားပြီး ဒုက္ခခံတယ်။ လူတိုင်းကို မှားယွင်းတဲ့ အမြင်တွေပေးခဲ့ပြီး ကျွန်မက တာဝန်တွေအများကြီးကိုယူနိုင်တယ်လို့ ထင်အောင်လုပ်ခဲ့တယ်။ ဒီရာထူးကို ကျွန်မရပြီး သူများတွေက ကျွန်မကို ယုံကြည်လာတာနဲ့ ကျွန်မရဲ့ သရုပ်မှန်ကို ပြခဲ့တယ်။ ကျွန်မရဲ့ အဆင့်အတန်းက သယ်ဆောင်လာတဲ့ သာလွန်တဲ့ခံစားချက်ကို စပြီး ပျော်မွေ့လာတယ်။ အဲဒီအလုပ်တွေအားလုံး၊ အခက်အခဲတွေအားလုံးကို ကျွန်မမြင်တဲ့အချိန်မှာ စိတ်ရှုပ်မခံချင်ခဲ့ဘူး။ ဝန်ကြီးတယ်လို့ ခံစားမိတယ်။ အဲဒါနဲ့ ဘယ်လို တာဝန်ပေါ့အောင်လုပ်ပြီး သိပ်စိတ်မပူရအောင်လုပ်မလဲဆိုတာ စဉ်းစားခဲ့တယ်။ ဗီဒီယိုတွေကို ပြန်စစ်ရတာက စိတ်ပင်ပန်းရတာကို ကျွန်မ မုန်းခဲ့တယ်။ အဲဒါနဲ့ ကျွန်မက စိတ်မချရတဲ့ အကြံပြုချက်တွေ ထင်ရာမြင်ရာပေးပြီး သူများတွေကို ထပ်ခါထပ်ခါ တည်းဖြတ်ခိုင်းပြီး လူ့စွမ်းအားကို ဖြုန်းတီးပစ်တယ်။ ကျွန်မဦးဆောင်ရတဲ့ ဗီဒီယိုမှာ ပြဿနာတွေ ပေါ်လာတော့ ဖြေရှင်းချက်ရှာဖို့ ဦးနှောက်ခြောက်မခံခဲ့ဘဲ လှည့်ကွက်တွေလုပ်ဖို့ ကျွန်မရဲ့ အဆင့်အတန်းကို အသုံးပြုတယ်။ သူများတွေကို ကိုင်တွယ်ခိုင်းပြီး ကျွန်မက နောက်ကလိုက်မလုပ်ခဲ့ဘူး။ ဒါကြောင့် ပြဿနာတွေက မပြေလည်ဘဲ ကျန်နေပြီး အလုပ်မှာ တိုးတက်မှုမရှိတော့ဘူး။ အဖွဲ့သင်တန်းကိုရှောင်ဖို့ ဆင်ခြေမျိုးစုံပေးပြီး ဖြစ်နိုင်သမျှအချိန်တိုင်းမှာ လက်လွှဲပေးတယ်။ အရေးတကြီးအလုပ်တွေ စီစဉ်တာမှာလည်း အချိန်ဆွဲပြီး ညည်းညူမှုတွေနဲ့ ပြည့်နေခဲ့တာကြောင့် ကျွန်မ တွဲဖက်က စိတ်ကျဉ်းကျပ်ရတယ်။ ကျွန်မက အလုပ်တွေအများကြီးကို ချက်ချင်းမကိုင်တွယ်တာကြောင့် တိုးတက်မှုက နှောင့်နှေးသွားတယ်။ ကျွန်မလုပ်ခဲ့တဲ့အရာတိုင်းကို ပြန်စဉ်းစားရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် တကယ်ကို ရိုက်ပစ်လိုက်ချင်တယ်။ အဆင့်အတန်း နည်းနည်းရတဲ့အချိန်မှာ ကျွန်မက သက်သာမှုကို တပ်မက်ပြီး အမြဲတမ်း ဖောက်ပြန်ပြီး မယုံကြည်ရဘူး။ ကျွန်မအလုပ်ကို ကလေးကစားစရာအဖြစ် မြင်ပြီး တာဝန်ခံယူမှုနည်းနည်းလေးမှမရှိခဲ့ဘူး။ ပြဿနာတွေကို ချက်ချင်း မဖြေရှင်းဘဲ ဘုရားအိမ်တော်ရဲ့အလုပ် ထိခိုက်နေတာကို မြင်တဲ့အချိန်မှာ စိတ်မဝင်စားသလို နေခဲ့တယ်။ ကျွန်မလုပ်ရပ်တွေက ဟို ကွန်မြူနစ်ပါတီအရာရှိတွေနဲ့ ဘယ်လိုကွာမှာလဲ။ သူတို့က အဆင့်အတန်းကို ဖမ်းဆုပ်ဖို့အတွက် နည်းဗျူဟာမျိုးစုံသုံးပြီး သာမန်လူတွေရဲ့ ပြဿနာတွေကို မဖြေရှင်းဘူး။ သူတို့ စားသောက်တာပဲ လုပ်ချင်တယ်။ တစ်ကိုယ်ရေအကျိုးအမြတ်အတွက် သူတို့အာဏာကို အသုံးပြုချင်တယ်။ ဒါဟာ ဆိုးယုတ်ပြီး အရှက်မရှိတာပဲ။ ကျွန်မက အဲဒီလိုမျိုးပါပဲ။ ဘုရားအိမ်တော်က ဒီလိုအရေးကြီးတဲ့အလုပ်ကို ကျွန်မကို ပေးခဲ့တယ်။ ဒါပေမဲ့ သွေးသားဆန္ဒနဲ့ဆိုင်တဲ့ သက်သာမှုနဲ့ လွယ်ကူမှုကိုပဲ ကျွန်မ ဂရုစိုက်ခဲ့တယ်။ ကျွန်မမှာ လူ့သဘာဝကင်းမဲ့ပြီး တကယ့်အလုပ်တစ်ခုမှ မလုပ်ခဲ့ဘူး။ ကိုယ့်တာဝန်ကို လျစ်လျူရှုခဲ့ပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို ဆိုးဆိုးဝါးဝါး နှောင့်နှေးစေခဲ့တယ်။ ကျွန်မက တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာတယ်။ လုံးဝ လူ့သဘာဝကင်းမဲ့တယ်။ နောက်တော့ ကျွန်မက ဘယ်လောက်ပျင်းရိ၊ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်သလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်။ ကျွန်မက လိမ်ညာပြီးတော့ ရာထူးရအောင်လုပ်ခဲ့ပြီး ဘာလက်တွေ့အလုပ်မှ မလုပ်ခဲ့ဘူး။ ကျွန်မက ညံ့ဖျင်းတဲ့ စရိုက်လက္ခဏာရှိပြီး မယုံကြည်ထိုက်ပါဘူး။ ကျွန်မက တကယ်ကို အကျင့်သိက္ခာမရှိခဲ့တာပါ။ ဒါတွေအားလုံးကို စဉ်းစားမိတော့ ကျွန်မစိတ်နှလုံးမှာ နာကျင်မှုတွေ တစ်ခုပြီးတစ်ခုဖြစ်တယ်။ ကျွန်မ ဆုတောင်းတယ်။ “ဘုရားသခင် သမီးက လူ့သဘာဝအရမ်းကင်းမဲ့ပါတယ်။ ဒီစေခိုင်းချက်ကို သမီးလက်ခံခဲ့ပေမဲ့ ကိုယ့်အလုပ်ကို မှန်မှန်ကန်ကန် မလုပ်ခဲ့ဘူး။ ဒါကြောင့် ဘုရားအိမ်တော်ရဲ့အလုပ် နှောင့်နှေးသွားတယ်။ ဘုရားသခင် သမီးအထုတ်ခံရတာဟာ ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းပါပဲ။ သမီးနောင်တရပြီး ပြောင်းလဲချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်သိအောင် လမ်းပြတော်မူပါ” ဆိုပြီးတော့။
ကျွန်မ ဆင်ခြင်ကြည့်ရင်းနဲ့ ဒါနဲ့ပတ်သက်ပြီး သူများတွေက ကျွန်မကို အကြိမ်ကြိမ် မိတ်သဟာယပြုခဲ့တာ သတိပေးပြီး ကိုင်တွယ်ဖြေရှင်းခဲ့တာတောင်မှ ကျွန်မက စိတ်နှလုံးနဲ့ မခံယူခဲ့တာကို သတိရမိတယ်။ ပျင်းရိပြီး သွေးသားဆန္ဒနဲ့ဆိုင်တဲ့ သက်သာမှုတွေကို အရေးစိုက်တာက အဲလောက်ကြီးတဲ့ပြဿနာမဟုတ်ဘူး၊ ဘယ်သူ့ကိုမှ ထိခိုက်နေတာ၊ ချုပ်ချယ်နေတာမဟုတ်ဘူးလို့ ခံစားမိခဲ့တယ်။ ကျွန်မက အစွမ်းအစရှိပြီး အလုပ်ကို သိတာကြောင့် အသင်းတော်က ကျွန်မကို ပျင်းရိတဲ့အတွက် ထုတ်မှာမဟုတ်ဘူးလို့ တွက်မိခဲ့တယ်။ ဒါတွေက ကျွန်မရဲ့ ကိုယ်ပိုင်အယူအဆတွေ၊ စိတ်ကူးတွေဖြစ်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကိုမဖတ်ခင်အထိ သဘောမပေါက်ခဲ့ဘူး။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “မည်သူက ပို၍ ဆိုးသောပြဿနာရှိသနည်း။ ပျင်းရိသောလူများလော၊ သို့မဟုတ် အစွမ်းအစနည်းသောလူများလော။ (ပျင်းရိသောလူများဖြစ်သည်။) အဘယ်ကြောင့် ပျင်းရိသောလူများက ဆိုးသောပြဿနာရှိသနည်း။ (အစွမ်းအစနည်းသောလူများသည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင် မဖြစ်နိုင်ပေ။ သို့သော် ၎င်းတို့၏ အရည်အချင်းနှင့် ကိုက်ညီသောတာဝန်ကို ထမ်းဆောင်သောအခါ အတော်အတန် ထိရောက်နိုင်သည်။ ပျင်းရိသောလူများက မည်သည့်အရာကိုမျှ မလုပ်နိုင်ပေ။ ၎င်းတို့သည် အစွမ်းအစရှိလျှင်ပင် ထိုအစွမ်းအစနှင့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။) ပျင်းရိသောလူများသည် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ တစ်နည်းအားဖြင့်ဆိုသော် ၎င်းတို့သည် အမှိုက်များဖြစ်သည်။ ၎င်းတို့သည် အဆင့်နိမ့်သည်။ ချို့တဲ့သည်။ ပျင်းရိသောလူများ၏ အစွမ်းအစသည် မည်မျှကောင်းပါစေ အဆင်တန်ဆာသက်သက်သာဖြစ်သည်။ ၎င်းတို့၏ အစွမ်းအစကောင်းခြင်းသည် အသုံးမဝင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အလွန်ပျင်းလွန်းသောကြောင့်ဖြစ်သည်။ မည်သည့်အရာကို လုပ်သင့်သည်ကို ၎င်းတို့သိသော်ငြားလည်း မလုပ်ဆောင်ပေ။ တစ်စုံတစ်ခုက ပြဿနာဖြစ်သည်ကို ၎င်းတို့ သိသောအခါ ဖြေရှင်းချက်တစ်ခုကို မရှာဖွေကြပေ။ အလုပ်သည် ထိရောက်မှုရှိရန်အတွက် မည်သည့်ဆင်းရဲဒုက္ခများ ခံသင့်သည်ကို ၎င်းတို့သိကြသည်။ သို့သော် ဤသို့တန်ဖိုးရှိသောဒုက္ခကို ခံယူရန် မလိုလားကြပေ။ ရလဒ်အနေဖြင့် ၎င်းတို့သည် မည်သည့်သမ္မာတရားကိုမျှ မရရှိကြပေ။ မည်သည့်တကယ့်အလုပ်ကိုမျှ မလုပ်ဆောင်ကြပေ။ ၎င်းတို့ ခံယူသင့်သည့် ဆင်းရဲဒုက္ခများကို ၎င်းတို့ မခံယူလိုကြပေ။ ၎င်းတို့သည် သက်သာဖို့အတွက် လောဘ၊ ဇာတိပကတိ၏ ပျော်မွေ့မှု၊ ဝမ်းမြောက်မှုနှင့် နားနေချိန်တို့အပေါ် ပျော်မွေ့မှု၊ လွတ်လပ်ခြင်းအပေါ် ပျော်မွေ့မှု၊ သက်သောင့်သက်သာရှိပြီး ပျော်ရွှင်သောဘဝတစ်ခုကို ပျော်မွေ့မှုကိုသာ သိကြသည်။ ၎င်းတို့သည် အသုံးမဝင်မဖြစ်သလော။ ဤသို့သောလူတို့သည် အခြားမည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်တွင် ပြဿနာတစ်ခုမရှိသလော။ ဤလူစားမျိုးသည် အစွမ်းအစနည်းသည့်တိုင် အဖိုးအခပေးဆပ်ရန် လိုလားသော လူစားမျိုး၏ အောက်တွင်ရှိသည်ဟု ငါထင်သည်။ အစွမ်းအစနည်းသောလူများကို အနည်းဆုံးအနေဖြင့် ၎င်းတို့၏ အစွမ်းအစနှင့် အားသာချက်များကို အခြေခံပြီး အသုံးပြု၍ရသည်။ ၎င်းတို့၏ အရည်အချင်းနှင့်ညီမျှသော အလုပ်တစ်ခုကို ပေးလျှင် ၎င်းတို့က လုပ်နိုင်သည်။ ယင်းအလုပ်တွင် မြဲနေနိုင်သည်။ စိတ်နှစ်မြုပ်လုပ်ကိုင်နိုင်သည်။ သို့သော် တကယ့်အလုပ်ကို မလုပ်သောလူစားမျိုးသည် ၎င်းတို့တာဝန်ကို မှန်မှန်ကန်ကန် ထမ်းဆောင်နိုင်စွမ်း မရှိရုံမကဘဲ ၎င်းတို့၏ အစေခံမှုသည်ပင် စံမမီပေ။ ၎င်းတို့သည် အမှိုက်ဖြစ်သည်။ ၎င်းတို့ထက် ပို၍ ဆိုးသောသူမရှိပေ။” (အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း) “ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို သင် မည်သို့ ယူမှတ်သည်မှာ အလွန့်အလွန် အရေးကြီးသည်။ ဤအရာသည် အလွန်လေးနက်သော ကိစ္စရပ်တစ်ခု ဖြစ်သည်။ လူတို့အပေါ် ဘုရားသခင် အပ်နှံထားသည့်အရာကို သင် မပြည့်စုံစေနိုင်လျှင်၊ သင်သည် သူ၏ မျက်မှောက်တော်တွင် အသက်ရှင်ရန် မသင့်တော်သကဲ့သို့၊ အပြစ်ပေးခံရသင့်ပေသည်။ ဘုရားသခင် အပ်နှံသည့် မည်သည့် တာဝန်များကိုမဆို ပြည့်စုံစေသင့်သည်မှာ၊ ကောင်းကင်က ချမှတ်ထားပြီး မြေကြီးက အသိအမှတ်ပြုထားခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ အထွတ်အထိပ် တာဝန်ဖြစ်ပြီး၊ ၎င်းတို့၏ တကယ့် အသက်တမျှပင် အရေးကြီးပေသည်။ ဘုရားသခင်၏ တာဝန်ပေး စေခိုင်းချက်များကို သင် အလေးအနက်မထားလျှင်၊ သင်သည် သူ့ကို အဆိုးရွားဆုံးသော နည်းလမ်းဖြင့် သစ္စာဖောက်နေခြင်း ဖြစ်သည်၊ ဤတွင်၊ သင်သည် ယုဒထက် ပိုမိုကြေကွဲဝမ်းနည်းဖွယ်ကောင်းပြီး ကျိန်ဆဲခံရသင့်ပေသည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”) ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ဒါက ဘယ်သူ့ကိုမှ မထိခိုက်တဲ့ပုံစံရှိပေမဲ့ ဘုရားရဲ့ စေခိုင်းချက်ကို ကျွန်မ ခပ်ပေါ့ပေါ့မှတ်ယူပြီး ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ ဒါက ဘုရားကို အရမ်းကို သစ္စာဖောက်တာပဲ။ ယုဒထက်တောင်ပိုပြီး မုန်းတီးစရာကောင်းပါတယ်။ ကျွန်မ တုန်လှုပ်နေပြီး ကိုယ့်တာဝန်မှာ ကျွန်မလုပ်ခဲ့တဲ့အရာတိုင်းကို ပြန်စဉ်းစားတယ်။ ဖြစ်သလိုလုပ်တာက အဲဒီလောက် မဆိုးဘူးလို့ထင်ပြီး၊ ကျွန်မက အလုပ်ကိုသိပြီး အစွမ်းအစရှိတာကြောင့် အသင်းတော်က ကျွန်မကို ပျင်းရိလို့ဆိုပြီး ထုတ်မှာမဟုတ်ဘူးလို့တောင် မှားယွင်းထင်မြင်ခဲ့ပြီး သူများတွေရဲ့ မိတ်သဟာယကို ကျွန်မ ခဏခဏ လျစ်လျူရှုခဲ့တယ်။ ကျွန်မက အရမ်းကို စိတ်မပါဖြစ်ပြီး ခေါင်းမာခဲ့တယ်။ သနားစရာလည်းကောင်း၊ ရယ်စရာလည်းကောင်းပါတယ်။ ဒါဟာ ဘယ်လောက်အန္တရာယ်ရှိတယ်ဆိုတာ ကျွန်မ မမြင်နိုင်ခဲ့ဘူး။ ဘုရားသခင်ဟာ အစွမ်းအစရှိပေမဲ့ ပျင်းရိပြီး ဖြစ်ကတတ်ဆန်းလုပ်တဲ့သူတွေကို မုန်းတယ်၊ သူတို့ဟာ စက်ဆုပ်ဖွယ်ဖြစ်ပြီး လူ့သဘာဝနည်းပါးတယ်၊ ဘုရားရဲ့ ယုံကြည်မှုနဲ့ မထိုက်တန်ဘူးလို့ ဘုရားသခင်က ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ အစွမ်းအစပိုနည်းပေမဲ့ ဒုက္ခခံဖို့လိုလားတဲ့သူတွေက သူတို့ထက်ပိုသာတယ်။ သူတို့က သူတို့တာဝန်မှာ စစ်မှန်ကြတယ်။ စိတ်နှစ်မြုပ်လုပ်ကိုင်ပြီး တာဝန်သိတတ်ကြတယ်။ ဒါပေမဲ့ ကျွန်မကတော့ ကျွန်မက အစွမ်းအစနည်းနည်းရှိတဲ့ပုံပေါ်တာကြောင့် တကယ်တမ်း မဆိုးပါဘူးလို့ ခံစားမိခဲ့တယ်။ တကယ်တော့ ဖန်ဆင်းခံတစ်ယောက်ရဲ့တာဝန်မှာ လုပ်သင့်တဲ့ အခြေခံအကျဆုံးအရာကိုတောင် မလုပ်နိုင်ခဲ့ဘူး။ ဒါက ဘယ်လိုလူ့သဘာဝနဲ့ အစွမ်းအစအမျိုးအစားလဲ။ ဒီအချိန်မှာ ကျွန်မအကြောင်း အမှန်အတိုင်းကို ကျွန်မ တကယ်မြင်ခဲ့တယ်။ ကျွန်မက ပျိုးထောင်ပေးဖို့ မထိုက်တန်ဘူး၊ နောင်တရပြီး မပြောင်းလဲရင် ထုတ်ပယ်ခံရမယ်လို့ ခေါင်းဆောင်က ဘာလို့ပြောတယ်ဆိုတာ နားလည်ခဲ့တယ်။ ဒီလို လူ့သဘာဝမျိုးရှိပြီး ပျင်းရိပြီး လှည့်စားတတ်တာကြောင့် ကိုယ့်တာဝန်အပေါ် တာဝန်ယူမှုမရှိတာကြောင့် ကျွန်မက ယုံကြည်ဖို့ မထိုက်တန်ဘဲ ထုတ်ပြီး ဖယ်ရှားခံသင့်ပါတယ်။ ကျွန်မ ဖြုန်းတီးခဲ့တဲ့အချိန်တွေအားလုံးကို ပြန်စဉ်းစားကြည့်တော့ ဘုရားအပေါ် တော်တော်အကြွေးတင်သလို ခံစားမိတယ်။ အဲဒီအချိန်ကစပြီး သမ္မာတရားကိုပဲ လိုက်စားချင်တယ်။ ဘုရားကို ကျေနပ်စေပြီး ဘုရားရဲ့ ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့ ကိုယ့်တာဝန်ကို ထမ်းဆောင်ချင်တယ်။
နောက်ပိုင်းမှာ ကျွန်မက စာသားနဲ့ဆိုင်တဲ့အဖွဲ့မှာ ချထားခံရတယ်။ အလုပ်တွေအများကြီးရှိပြီး နေ့တိုင်း အလုပ်ရှုပ်တယ်။ အဲဒါနဲ့ တာဝန်ကို ကောင်းကောင်းလုပ်ပြီး ဇာတိပကတိကို ထပ်ပြီး အရှုံးမပေးဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးနေတယ်။ ကျွန်မတာဝန်မှာ ဝန်ထုတ်ဝန်ပိုး ထမ်းရွက်နိုင်ခဲ့ပါတယ်။ အချိန်နည်းနည်းကြာပြီးတဲ့နောက်မှာ ကျွန်မ နည်းနည်းပြောင်းလဲသွားပြီလို့ ခံစားမိတယ်။ ဒါပေမဲ့ ကျွန်မတို့ အလုပ်ပမာဏက များလာပြီး အခက်အခဲတချို့ ပေါ်လာတဲ့အခါမှာ ကျွန်မသဘာဝက ပြန်ပြလာတယ်။ ဒါ စိတ်ပင်ပန်းတယ်၊ ပိုရှုပ်တဲ့ပြဿနာတွေကို သူများတွေကို ဖြေရှင်းခိုင်းမယ်လို့ စဉ်းစားတယ်။ ကျွန်မက ဖြစ်သလိုလုပ်နေတယ်လို့ အစ်မတစ်ယောက်က ခဏခဏပြောပြီး တာဝန်ကို ပိုပြီးအလေးအနက်ထားဖို့ သတိပေးတယ်။ ကျွန်မက လုပ်ပါမယ်လို့ပြောပြီး သုံးလေးရက်လောက် ပိုကောင်းအောင်လုပ်တယ်။ ဒါပေမဲ့ နောက်တော့ ရှုပ်ထွေးတာတစ်ခုခုက ပေါ်လာတဲ့အခါမှာ ကျွန်မ စိတ်သောကရောက်ပြီး ဒုက္ခများလွန်းတယ်၊ ကိုင်တွယ်ရတာ ပင်ပန်းလွန်းတယ်လို့ ထင်တာကြောင့် ဒီအတိုင်းပဲ ထားလိုက်တယ်။ ဒီလိုနဲ့ တစ်ရက်ပြီး တစ်ရက်ကုန်သွားတယ်။ ကျွန်မတို့အဖွဲ့က အစ်မနှစ်ယောက်က ရလဒ်ကောင်းတွေမရလို့ ပြောင်းရွှေ့ခံရပြီး ကျွန်မမှာ ဒီနိမိတ်မကောင်းတဲ့ ခံစားချက် ရုတ်တရက်ဖြစ်လာတယ်။ ကျွန်မက ကိုယ့်တာဝန်မှာ သူတို့ထက်ပိုပြီး အများကြီးကောင်းအောင်လုပ်မနေဘူး။ သူများတွေအားလုံးက ကျွန်မထက်ပိုပြီး တိုးတက်မှုရှိကြတာကို သတိပြုမိတယ်။ ကျွန်မက အဖွဲ့မှာ အဆိုးဆုံးပဲ။ ကျွန်မက ကိုယ့်တာဝန်ကို ထမ်းဆောင်နေဆဲဖြစ်ပေမဲ့ ကျွန်မ တကယ်ကို စိတ်မအေးနိုင်ဖြစ်ပြီး နောက်တစ်ခါကျရင် ကျွန်မ ရွှေ့ပြောင်းခံရမှာကို စိတ်ပူမိတယ်။ နောက်ပိုင်းမှာ ကျွန်မအခြေအနေအကြောင်းကို အစ်မတစ်ယောက်ကို ပြောပြလိုက်တယ်။ သူကပြောတယ်။ ကျွန်မက အစွမ်းအစမရှိတာမဟုတ်ဘူး၊ ဒါပေမဲ့ အရမ်းဖြစ်ကတတ်ဆန်းလုပ်တာတဲ့။ ကျွန်မက အဲဒီတာဝန်မှာ နည်းနည်းကြာပြီဆိုပေမဲ့ တကယ်ကို အခြေခံကျတဲ့ အမှားတွေ လုပ်နေတုန်းပဲ။ ဒီတော့ ဒီအပေါ်မှာ ကျွန်မ သဘောထားက ပြဿနာတစ်ခုရှိနေတဲ့ သဘောပဲ။ သူပြောတာက ကျွန်မအထဲမှာ ခံစားချက်တချို့ တကယ် ထကြွလာတယ်။ ကျွန်မက ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့ပြီလို့ ထင်တာ။ ဒီတော့ ကျွန်မက ဘာလို့ ဒီလိုမျိုး ချဉ်းကပ်နေသေးတာလဲ ပေါ့။ ဆုတောင်းပြီး ရှာဖွေရင်းနဲ့ ဘုရားရှေ့ကို လာခဲ့တယ်။
တစ်နေ့တော့ ကျွန်မရဲ့ ဒီပြဿနာကို ပိုပြီးရှင်းလင်းသွားစေတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူအချို့သည် မည်သည့်အလုပ်ကိုလုပ်ဆောင်ပါစေ၊ သို့မဟုတ် မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ ၎င်းတို့သည် အောင်မြင်ရန် မစွမ်းဆောင်နိုင်ကြပေ။ ၎င်းတို့အတွက် များလွန်းသည်။ ၎င်းတို့သည် လူတို့ထမ်းဆောင်သင့်သည့် မည်သည့်တာဝန်ဝတ္တရားများကိုမဆို ဖြည့်ဆည်းနိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် အမှိုက်မဟုတ်သလော။ ၎င်းတို့သည် လူများဟု ခေါ်ရန် ထိုက်တန်သေးသလော။ ခြွင်းချက်အနေဖြင့် ငနုံ၊ ငအများ၊ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့သူများ၊ အမျိုးမျိုးသော စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အားနည်းမှုကို ခံစားရသောသူများမှလွဲ၍ မိမိတို့တာဝန်ကို မထမ်းဆောင်သင့်သော၊ မိမိတို့ ဝတ္တရားများကို မဖြည့်ဆည်းသင့်သော အသက်ရှင်သည့်သူ တစ်ယောက်ယောက်ရှိသလော။ သို့သော် ဤအမှိုက်မျိုးသည် ပျင်းရိလိုခြင်းသာဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို မဖြည့်ဆည်းလိုပေ။ ဆိုလိုသည်မှာ ၎င်းတို့သည် မိမိတို့ကိုယ်ကို သင့်လျော်သောလူများကဲ့သို့ ပြုမူဆောင်ရွက်လိုခြင်းမရှိပေ။ ဘုရားသခင်သည် ၎င်းတို့ကို အစွမ်းအစနှင့် ဆုကျေးဇူးများပေးခဲ့သည်။ အသိဉာဏ်နှင့် ဉာဏ်ပညာကိုပေးခဲ့သည်။ လူသားဖြစ်ရန်အတွက် အခွင့်အလမ်းကိုပေးခဲ့သည်။ သို့တိုင်အောင် ၎င်းတို့သည် တာဝန်ထမ်းဆောင်ရာတွင် ပေါ့လျော့သည်။ ၎င်းတို့ ဖြည့်ဆည်းလိုသော တာဝန်တစ်ခုပင်မရှိပေ။ ဤသို့သောသူသည် လူသားအဖြစ် ခေါ်ဆိုရန် သင့်တော်သလော။ ၎င်းတို့ကို မည်သည့်အလုပ်ကို ပေးသည်ဖြစ်စေ၊ အရေးကြီးသည်ဖြစ်စေ၊ သာမန်ဖြစ်စေ၊ ခက်ခဲသည်၊ သို့မဟုတ် ရိုးရှင်းသည်ဖြစ်စေ ၎င်းတို့သည် အစဉ်သဖြင့် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေ ပြုလုပ်သည်။ အစဉ် ပျင်းရိပြီး အလုပ်မလုပ်လိုပေ။ ပြဿနာများ ဖြစ်ပေါ်သောအခါ ၎င်းတို့အတွက် တာဝန်ကို အခြားလူများအပေါ်သို့ တွန်းပို့ရန် ကြိုးစားသည်။ ၎င်းတို့သည် အမှိုက်များ၊ အသုံးမဝင်သော အမှိုက်များဖြစ်သည်။ လူမှုအဖွဲ့အစည်းတွင် မည်သူက ရှင်သန်ရေးအတွက် မိမိတို့ကိုယ်ကို မမှီခိုရသနည်း။ လူတို့သည် အရွယ်ရောက်သောအခါ မိမိတို့ကိုယ်ကို ထောက်ပံ့ရန်အတွက် အလုပ်လုပ်ပြီး ငွေရှာရန် အပြင်ထွက်ရသည်။ ပျင်းရိလျက် အိမ်တွင်နေရခြင်းသည် ၎င်းတို့ကို အနေရခက်စေသည်။ ၎င်းတို့၏ မိဘများက ၎င်းတို့ကို ထောက်ပံ့လိုစိတ်ရှိနိုင်သည်။ ၎င်းတို့ကို အလွန်ပင် ချစ်ကောင်းချစ်နိုင်သည်။ အပြင်လောကထဲသို့ သွားကာ ဆင်းရဲဒုက္ခနှင့် ပင်ပန်းမှုကို မခံရစေလိုသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် အရွယ်ရောက်သူသည် မည်သည့်စိတ်ထားရှိသင့်သနည်း။ သင်၏ မိဘများကို ဆက်၍ ဝန်ထုပ်ဝန်ပိုးမဖြစ်စေသင့်ပေ။ သင်သည် ကလေးတစ်ယောက် မဟုတ်တော့ပေ။ အရွယ်ရောက်သူများ လုပ်ဆောင်သည့်အရာကို သင်လုပ်ဆောင်ရမည်ဖြစ်ပြီး သင့်ကိုယ်သင် ထောက်ပံ့ရန်အတွက် သင်လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရမည်။ ဤသည်မှာ အရွယ်ရောက်သူတစ်ယောက်ရှိသင့်သည့် စိတ်ထားမဟုတ်သလော။ လူတို့တွင် ဤစိတ်ထားရှိသည့်အခါ ၎င်းတို့သည် တာဝန်သိတတ်စိတ်အချို့ရှိသည်။ သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ကြသည်။ ကျွန်ုပ်တို့ ယနေ့ စိစစ်နေသည့် အမှိုက်သည် သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သလော။ (မပိုင်ဆိုင်ပါ။) ၎င်းတို့သည် အစဉ်သဖြင့် တစ်စုံတစ်ခုကို အလကားရယူလိုကြသည်။ မည်သည့်အခါမျှ တာဝန်မခံလိုပေ။ ၎င်းတို့သည် အခမဲ့နေ့လည်စာကို ရှာဖွေကြသည်။ ၎င်းတို့သည် တစ်ရက်လျှင် ဟင်းကောင်းသုံးပွဲ လိုချင်ကြသည်။ မည်သည့်အလုပ်မျှမလုပ်ဘဲ တစ်ယောက်ယောက်က ၎င်းတို့ကို ကျွေးမွေးပြုစုဖို့၊ အစားအစာကို အရသာရှိဖို့ လိုချင်ကြသည်။ ဤသည်မှာ ကပ်ပါးကောင်တစ်ကောင်၏ စိတ်ထား မဟုတ်သလော။ ကပ်ပါးကောင်ဖြစ်သော လူတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသလော။ ၎င်းတို့တွင် ဂုဏ်သိက္ခာနှင့် တည်ကြည်မှု ရှိသလော။ လုံးဝ မရှိပေ။ ၎င်းတို့အားလုံးသည် အလကားရယူလိုကြသော အမှိုက်များဖြစ်သည်။” (အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း) အသိစိတ်နဲ့ ဆင်ခြင်တုံတရားရှိတဲ့ လူတွေက သူတို့တာဝန်ကို အစွမ်းကုန်လုပ်ကြတယ်၊ ဘုရားရဲ့ စေခိုင်းချက်အတွက်၊ တာဝန်ခံဖို့အတွက် အစွမ်းကုန်လုပ်ကြတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ သိခဲ့ရတယ်။ သာမန်လူ့သဘာဝကင်းမဲ့တဲ့ အဲဒီအလကားလူတွေကတော့ ဒုက္ခတောင်မခံချင်ဘူး၊ အဆင်မပြေတာမဖြစ်ချင်ဘူး။ လှည့်ကွက်တွေပဲသုံးပြီး ဖြစ်အောင်လုပ်တယ်။ သူတို့ရဲ့ တာဝန်တွေ၊ ဝတ္တရားတွေကို လုံးဝ မစဉ်းစားဘူး။ ဘုရားသခင်က သူတို့ကို အစွမ်းအစတွေ၊ ဆုကျေးဇူးတွေပေးပြီး တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးပေးရင်တောင် သူတို့က ဘာကိုမှ မသင်ယူဘဲ အမြဲတမ်း သွေးသားဆန္ဒနဲ့ဆိုင်တဲ့ သက်သာမှုတွေကိုပဲ ခံစားချင်ပြီး ဘာတာဝန်ယူမှုမှ မရှိတာကြောင့် အဆုံးမှာ ဘာကိုမှ သူတို့ လုပ်နိုင်မှာမဟုတ်ဘဲ အသုံးမဝင်ဖြစ်သွားလိမ့်မယ်။ ကျွန်မက ဒီအဖိုးမတန်တဲ့လူတွေကို ဘုရားသခင် ဖော်ပြသလိုမျိုးပဲလို့ ခံစားမိတယ်။ ကျွန်မကို ထုတ်ပြီးတဲ့နောက်မှာ အသင်းတော်က ကျွန်မကို စာသားဆိုင်ရာအလုပ် လုပ်ခွင့်ပေးတယ်။ ဒါက ဘုရားရဲ့ မြှင့်တင်မှုပဲ။ ဒါပေမဲ့ ကျွန်မက ဒါကို ချစ်မြတ်နိုးရမှန်း မသိဘူး။ အဲဒီအစား ကိုယ့်တာဝန်အပေါ် အဲဒီအလကားလူရဲ့ သဘောထားအတိုင်း ထားခဲ့တယ်။ ကျွန်မက ပြဿနာတွေကို ကိုင်တွယ်ပုံမှာ ဖြစ်ကတတ်ဆန်းလုပ်တာကို ကောင်းကောင်းသတိထားမိတယ်။ ဒါပေမဲ့ တိုးတက်အောင်မလုပ်ချင်ဘူး၊ ပိုပြီး စိတ်အားမထည့်ချင်ဘူး၊ သေချာစဉ်းစားဖို့ အချိန်မပေးချင်ဘူး။ ရလဒ်အနေနဲ့ ကိုယ့်တာဝန်မှာ ဘာတိုးတက်မှုမှ မရှိနေဘူး။ ကျွန်မလည်း ဒါကြောင့် တော်တော် ဒုက္ခရောက်ခဲ့တယ်။ ဘာကြောင့် ကျွန်မက အခက်အခဲတိုင်းကနေ နောက်ဆုတ်တာလဲ။ ဆင်းရဲဒုက္ခတိုင်းကနေ ပုန်းကွယ်တာလဲ။
ဒီပြဿနာရဲ့ အရင်းအမြစ်ကို နည်းနည်းနားလည်စေတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဘုရားဝတ်ပြုနေတုန်းမှာ ဖတ်ရတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ယနေ့တွင် သင်သည် ငါပြောသောစကားများကို မယုံကြည်သကဲ့သို့၊ ယင်းတို့ကို သင် အာရုံမစိုက်ပေ။ ဤအမှုကို ဖြန့်ဝေရန်နှင့် ယင်း၏ အလုံးစုံကို သင် မြင်ရသည့် နေ့ရက် ရောက်လာသည့်အခါ၊ သင်နောင်တရလိမ့်မည် ဖြစ်ပြီး၊ ထိုအချိန်တွင် သင်သည် မှင်တက်နေမိလိမ့်မည်။ ကောင်းချီးမင်္ဂလာများ ရှိသော်လည်း၊ ယင်းတို့ကို ပျော်မွေ့ရကောင်းမှန်း သင်မသိသကဲ့သို့၊ သမ္မာတရား ရှိသော်လည်း၊ သင်မလိုက်စားပေ။ သင်သည် အထင်သေးခံရအောင် မိမိဘာသာပြုခြင်း မဟုတ်လော။ ယနေ့တွင် ဘုရားသခင်၏အမှု နောက်တစ်ဆင့် မစတင်ရသေးသော်လည်း၊ သင်နှင့်သက်ဆိုင်၍ ပြုလုပ်ထားသည့် တောင်းဆိုချက်များနှင့် အသက်ရှင်နေထိုင်ရန် သင့်အား တောင်းဆိုထားသော အရာများနှင့် ပတ်သက်၍ ပုံမှန်ထက်ပိုခြင်း မရှိပေ။ အလွန်များလှစွာသော အမှုရှိသကဲ့သို့၊ အလွန်များလှစွာသော သမ္မာတရားများရှိ၏။ ယင်းတို့ကို သင် သိထိုက်သည် မဟုတ်လော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ဝိညာဉ်ကို နိုးထစေနိုင်စွမ်း မရှိသလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ကိုယ်သင် မုန်းတီးစေနိုင်စွမ်း မရှိသလော။ သင်သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း၊ ပြီးလျှင် အနည်းငယ်သော အသွေးအသား နှစ်သိမ့်မှုဖြင့် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ဖို့ တင်းတိမ်ရောင့်ရဲနေသလော။ သင်သည် လူအားလုံးတွင် အနိမ့်ကျဆုံးဖြစ်သည် မဟုတ်လော။ ကယ်တင်ခြင်းကို ရှုမြင်ပြီးသော်လည်း၊ ယင်းကို ရရှိရန် မလိုက်စားသောသူတို့ထက် မည်သူမျှ သာ၍ မမိုက်မဲပေ။ ဤသည်တို့မှာ ဇာတိပကတိနှင့်ပတ်သက်၍ အာသာငမ်းငမ်း ပျော်ပါးပြီး၊ စာတန်ကို မွေ့လျော်သူများ ဖြစ်သည်။ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် မည်သည့်စိန်ခေါ်မှုများ သို့မဟုတ် အတိဒုက္ခများ သို့မဟုတ် ဆင်းရဲဒုက္ခ အနည်းငယ်ကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ သင်သည် အသုံးမကျသော ထိုအရာများကို အမြဲလိုက်စားပြီး၊ ဘဝကို တန်ဖိုးမထားပေ၊ ထိုအစား သင်၏ ကိုယ်ပိုင် လွန်ကဲသော အတွေးများကို သမ္မာတရားရှေ့မှောက်သို့ ထားရှိလေသည်။ သင်သည် အလွန် အသုံးမကျပါတကား။ သင်သည် ဝက်တစ်ကောင်ကဲ့သို့ အသက်ရှင်၏- သင်နှင့် ဝက်များ၊ ခွေးများကြားတွင် မည်သည့် ကွာခြားချက် ရှိပါသနည်း။ သမ္မာတရားကို မလိုက်စားဘဲ ယင်းအစား ဇာတိပကတိကို နှစ်သက်သူများ အားလုံးသည် သားရဲများ ဖြစ်ကြသည်မဟုတ်လော။ ဝိညာဉ်မရှိသော ဤအသေကောင်များ အားလုံးသည် လမ်းလျှောက် နေသည့် အလောင်းကောင်များ မဟုတ်ပေလော။ သင်တို့အလယ်တွင် နှုတ်ကပတ်တော်ပေါင်းမည်မျှ ပြောပြီးပြီနည်း။ သင်တို့အလယ်တွင် အနည်းငယ်သော အမှုကိုသာ လုပ်ဆောင်ပြီးလေပြီလော။ သင်တို့အလယ်တွင် ငါမည်မျှ ထောက်ပံ့ပေးပြီးပြီနည်း။ သို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ယင်းကို မရရှိသေးသနည်း။ သင်သည် စောဒကတက်စရာ မည်သည့်အရာ ရှိသနည်း။ သင်သည် ဇာတိပကတိကို အလွန်နှစ်သက်သောကြောင့်၊ မည်သည့်အရာမျှ မရလေပြီမှာ ဟုတ်သည် မဟုတ်လော။ ပြီးလျှင် သင်၏အတွေးများက လွန်ကဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ သင်သည် အလွန်မိုက်မဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ ဤကောင်းချီးမင်္ဂလာများကို သင်သည် ရယူနိုင်စွမ်းမရှိပါက၊ သင့်ကို မကယ်တင်ခြင်းအတွက် ဘုရားသခင်ကို သင် အပြစ်တင်နိုင်သလော။...သင်ကဲ့သို့သော ဇာတိပကတိကို အမြဲလိုက်စားသည့် သတ္တိကြောင်သူ တစ်ဦး- သင်သည် စိတ်နှလုံးတစ်ခု ရှိပါသလော၊ သင်သည် စိတ်ဝိညာဉ် ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ စစ်မှန်သော လမ်းခရီးကို သင့်အား ငါပေးခဲ့သည်၊ သို့သော် သင်သည် မလိုက်စားပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သော သူများထဲမှ တစ်ဦးလော။ ငါသည် သင့်အပေါ် စစ်မှန်သော လူ့အသက်ကို အပ်နှင်းသော်လည်း၊ သင်သည် မလိုက်စားပေ။ သင်သည် ဝက်များ၊ ခွေးများနှင့် မည်သည့် ကွာခြားမှုမျှမရှိသလော။ ဝက်များသည် လူ့အသက်ကို မလိုက်စားကြပေ၊ ၎င်းတို့သည် သန့်ရှင်းစေခြင်းကို မလိုက်စားသကဲ့သို့၊ အသက်က မည်သည့်အရာဖြစ်သည်ကို ၎င်းတို့နားမလည်ကြပေ။ နေ့စဉ်တွင် ၎င်းတို့ ဝသည်ထိစားပြီးနောက်၊ ၎င်းတို့ အိပ်ရုံသာပြုကြသည်။ ငါသည် သင့်အား မှန်သော လမ်းခရီးကို ပေးပြီးဖြစ်သော်လည်း၊ သင်သည် ယင်းကို မရယူသေးပေ။ သင်သည် လက်ချည်းသက်သက် ဖြစ်ပေသည်။ သင်သည် ဤဘဝ၊ ဝက်တစ်ကောင်၏ဘဝတွင် ဆက်လက် အသက်ရှင်ရန် လိုလားနေပါသလော။ ထိုသို့သောလူများ အသက်ရှင်ခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ သင်၏ အသက်တာသည် အထင်သေးဖွယ် ဖြစ်သကဲ့သို့ ရှက်ဖွယ်ဖြစ်သည်၊ သင်သည် ညစ်ညမ်းမှုနှင့် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့မှုအလယ်တွင် အသက်ရှင်ပြီး၊ သင်သည် မည်သည့် ရည်မှန်းချက်များကိုမျှ မလိုက်စားပေ။ သင့်ဘဝသည် အားလုံးထဲတွင် ရှက်ဖွယ်အကောင်းဆုံး ဖြစ်သည်မဟုတ်လော။ ဘုရားသခင်ကို သင်ကြည့်ရှုဝံ့သလော။ ဤနည်းဖြင့် သင် ဆက်လက် တွေ့ကြုံပါက၊ သင်သည် မည်သည့်အရာကိုမျှ မရရှိဘဲ ဖြစ်လိမ့်မည် မဟုတ်လော။ သင့်ထံ မှန်ကန်သောလမ်းခရီးကို ပေးထားပြီး ဖြစ်သော်လည်း၊ နောက်ဆုံးတွင် သင်သည် ယင်းကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ လိုက်စားမှုအပေါ် မူတည်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ဒီအပိုဒ်ကို ကျွန်မ ထပ်ခါထပ်ခါ ဖတ်တယ်။ အထူးသဖြင့် “သားရဲများ” “ဝက်များ၊ ခွေးများနှင့်” “ရှက်ဖွယ်” ဆိုတဲ့ စကားတွေကို ဖတ်ရတိုင်း မျက်နှာကို ဖြတ်ရိုက်သလို ခံစားရတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မေးတယ်။ “ဘုရားသခင်ကို ငါ ဘာကြောင့် တကယ်ယုံကြည်တာလဲ။ သက်သာတာကို ခံစားဖို့သက်သက်လား။ ဘုရားနှုတ်ကပတ်တော်တွေ အများကြီးဖတ်ပြီးတာတောင် ဘဝမှာ ဘာလို့ ဒီလိုနိမ့်ကျတဲ့ လိုက်စားမှုရှိရတာလဲ” ပေါ့။ ကျွန်မက တကယ်ကို စာတန်ရဲ့ ဖျက်ဆီးခြင်းကို အရမ်းခံထားရတယ်လို့ ခံစားမိတယ်။ “ဘဝဟူသည် စားခြင်းနှင့် ဝတ်ခြင်းအတွက်သာ ဖြစ်၏” “လူ့ဘဝသည် တိုးတောင်းသဖြင့် တစ်နေ့တာအချိန်ကို ပျော်ရွှင်အောင် အသုံးချပါ” “ယနေ့လုပ်စရာရှိတာလုပ်၊ မနက်ဖြန်ကို မနက်ဖြန်ရောက်မှ တွေးပူပါ” ဆိုတာမျိုး ဆိုးယုတ်တဲ့ အတွေးအခေါ်တွေက ကျွန်မ ရှင်သန်တဲ့ စကားတွေပဲ။ ရုပ်ပိုင်းဆိုင်ရာ သက်သာမှုနဲ့ ပျော်မွေ့မှုတွေက ဘဝမှာ ကျွန်မရဲ့ အဓိကလိုက်စားမှုတွေပဲ။ အထက်တန်းကျောင်းဝင်ခွင့်စာမေးပွဲမတိုင်ခင်မှာ ကျွန်မအတန်းဖော်တွေအားလုံးက အရူးအမူးစာကျက်နေကြပေမဲ့ ကျွန်မက ဒါ အရမ်းဖိစီးလွန်းတယ်လို့ ခံစားမိပြီး သက်သက်သာသာနေဖို့ ကစားကွင်းကိုပဲ သွားတာကို သတိရမိတယ်။ မနက်ဖြန်မှာ ဘာဖြစ်ပါစေ ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဆက်ဆံသင့်တယ်၊ အချိန်တစ်ခဏတိုင်း ရောက်လာတဲ့အခါမှာ ပျော်မွေ့သင့်တယ်လို့ ခံစားမိတယ်။ ကျွန်မက တကယ်ကို အေးအေးလူလူရှိတယ်လို့ အတန်းဖော်တွေကပြောတယ်။ ဒါ အသက်ရှင်ဖို့ နည်းလမ်းကောင်းတစ်ခုပဲလို့ ကျွန်မ ခံစားမိတယ်။ ဘာဖိစီးမှု၊ စိတ်ပူပင်မှုမှမရှိဘဲ နေ့တိုင်း ပျော်တယ်။ ဒါက ကျွန်မလိုချင်တဲ့ ဘဝပဲ။ ယုံကြည်မှုကို ရပြီး တာဝန်ထမ်းဆောင်တဲ့နောက်မှာ ဒီအမြင်ကို ကျွန်မ မပြောင်းလဲခဲ့ဘူး။ ရှုပ်ထွေးတာ၊ ခက်ခဲတာတစ်ခုခု ပေါ်လာတဲ့အခါမှာ အာရုံနောက်တယ်လို့ ထင်ပြီး ရှောင်ချင်တယ်။ ရုပ်ပိုင်းဆိုင်ရာ မသက်သာတာ၊ အားစိုက်ရတာ နည်းနည်းလေးရှိဖို့ကို မလိုလားဘူး။ ဘာမှကို လုပ်စရာရှိမနေချင်ဘဲ လွတ်လပ်လွယ်ကူစွာနဲ့ လျှောက်သွားနေချင်တယ်။ ဒါပေမဲ့ ဒီလိုရှင်သန်ခြင်းကနေ ဘာကို တကယ်ရခဲ့သလဲ။ ကိုယ့်တာဝန်မှာ တိုးတက်မှုမရှိဘူး။ ကျွန်မရဲ့ စရိုက်လက္ခဏာနဲ့ ဂုဏ်ကို ဖြုန်းတီးပစ်တယ်။ ကျွန်မက တာဝန်မသိတတ်ပြီး အသင်းတော်အလုပ်ကိုနှောင့်နှေးစေတာကြောင့်ပေါ့။ ဘုရားသခင်က ရွံရှာပြီး ညီအစ်ကိုမောင်နှမတွေက စိတ်အနှောင့်အယှက်ဖြစ်ကြတယ်။ ဒီဆိုးယုတ်တဲ့ ရှင်သန်ရေး အမြင်ရှုထောင့်တွေက အများကြီး ထိခိုက်စေတယ်။ ဒီလိုအသက်ရှင်ပြီး ကျွန်မက ဘာသမာဓိနဲ့ ဂုဏ်သိက္ခာမှ မရှိဘူး။ သားရဲတစ်ကောင်လို လုံးဝ အလကားနေပြီး ဘဝမှာ ဘာပန်းတိုင်မှမရှိဘူး။ ဒါက ဆိုးရွားပြီး ရွံစရာကောင်းပါတယ်။ လက်တွေ့မှာ အခက်အခဲတွေကို ကျွန်မ ကြုံရတဲ့အခါ သမ္မာတရားကိုရှာပြီး သမ္မာတရားကိုနားလည်ပြီးရရှိဖို့အတွက် အဲဒီအခြေအနေကို ကျွန်မ အသုံးပြုဖို့ ဘုရားက အလိုတော်ရှိပါတယ်။ ဒါပေမဲ့ ဘုရားက ကျွန်မကို မြှင့်တင်ပေးတဲ့ပုံစံကို ကျွန်မ တန်ဖိုးမထားဘဲ သမ္မာတရားကို ရဖို့ အခွင့်အရေးတွေ အများကြီးကို လွှင့်ပစ်ခဲ့တယ်။ သမ္မာကျမ်းစာထဲတွင် ပြောထားသည်မှာ- “လူမိုက်တို့သည် ကြွယ်ဝမှုကြောင့် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။” (သုတ္တံကျမ်း ၁:၃၂) ဒါ အရမ်းမှန်တယ်။ ဘုရားနှုတ်ကပတ်တော်ထဲမှာလည်း ပြောထားတယ်။ “လူသား၏ ဇာတိပကတိသည် မြွေလိုပင်ဖြစ်သည်။ သူ၏ အနှစ်သာရက သူတို့၏အသက်ကို အန္တရာယ်ပြုဖို့ပင်။ တကယ်ဖြစ်လာသည့်အခါ သင်၏ဘဝကကို လက်လွတ်ဆုံးရှုံးရသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) အဖိုးတန်တဲ့ အချိန်အခိုက်အတန့်တွေအများကြီး ဖြုန်းတီးပစ်ရင်းနဲ့ ဘုရားရဲ့ စေခိုင်းချက်ကို တစ်ကြိမ်ပြီး တစ်ကြိမ် ခပ်ပေါ့ပေါ့ သဘောထားခဲ့တာကို ကျွန်မ စဉ်းစားမိပြီး ကျွန်မ တကယ် စိတ်မကောင်းဖြစ်မိတယ်။ စပြီး ဆက်တိုက်ငိုမိတယ်။ နောင်တနဲ့ပြည့်နေပြီး မကောင်းမှုတွေအများကြီးလုပ်ခဲ့တာကိုနောင်တရတယ်။ ဒါတွေအားလုံးက ဘုရားသခင်ကို ကျွန်မ ယုံကြည်တဲ့သမိုင်းမှာ လုံးဝ လျှော်ပစ်လို့မရနိုင်တဲ့ အစွန်းအထင်းတွေပဲ။ အမြဲတမ်း နောင်တရနေမှာပဲ။ စိတ်အတွင်းထဲကနေ ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်ရွံရှာခဲ့တယ်။ ကျွန်မ မျက်ရည်တွေနဲ့ ဆုတောင်းလိုက်တယ်။ “ဘုရားသခင် ကိုယ်တော့်ကို သမီး စိတ်ပျက်စေခဲ့တယ်။ သမ္မာတရားကို လုံးဝ မလိုက်စားဘဲ၊ ဇာတိပကတိရဲ့ ယာယီသက်သာမှုကိုပဲ လိုက်စားပြီး နှစ်များစွာ ယုံကြည်သူဖြစ်ခဲ့ပါတယ်။ အရမ်းကို ယုတ်မာပါတယ်။ ဘုရားသခင် ဇာတိပကတိရဲ့ အနှစ်သာရကို နောက်ဆုံးမှာ သမီးမြင်ခဲ့ပြီး သမီးရဲ့ ပြစ်မှားမှုတွေအတွက် ဘယ်တော့မှ ပြန်မဖာထေးနိုင်ပေမဲ့ နောင်တရချင်ပြီး သမ္မာတရားကို လိုက်စားချင်ပါတယ်။ အသစ်က ပြန်စချင်ပါတယ်” ဆိုပြီးတော့။
နောက်ပိုင်းမှာ အစ်မတစ်ယောက်က ကျွန်မကို ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ပို့တယ်။ အဲဒီထဲမှာ လက်တွေ့လုပ်ဆောင်မှုနဲ့ဝင်ရောက်မှုလမ်းကြောင်းတစ်ခုကို ကျွန်မ တွေ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူတို့တွင် အတွေးများရှိသောအခါ ၎င်းတို့တွင် ရွေးချယ်မှုများရှိသည်။ ၎င်းတို့အပေါ်တွင် တစ်စုံတစ်ခုဖြစ်ပျက်ပြီး ၎င်းတို့က မှားယွင်းသောရွေးချယ်မှုကို ပြုလုပ်လျှင် နောက်ပြန်လှည့်ပြီး မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်သင့်သည်။ ၎င်းတို့၏ အမှားကို လုံးဝ ဖက်တွယ်မထားသင့်ပေ။ ဤသည်မှာ လိမ္မာပါးနပ်သောသူဖြစ်သည်။ သို့သော် မှားယွင်းသောရွေးချယ်မှုကို ပြုလုပ်ခဲ့သည်ကို သိပြီး နောက်ပြန်မလှည့်လျှင် ထိုသူသည် သမ္မာတရားကို မချစ်သောသူဖြစ်သည်။ ဤကဲ့သို့သောသူသည် ဘုရားသခင်ကို အမှန်တကယ် အလိုမရှိပေ။ ဥပမာ သင်သည် တစ်စုံတစ်ခုကို လုပ်ဆောင်သောအခါတွင် ပေါ့ဆပြီး မသေသပ်ပေဟု ဆိုကြပါစို့။ သင်သည် ခိုကတ်ရန် ကြိုးစားသည်။ ဘုရားသခင်၏ စိစစ်မှုကို ရှောင်ကြဉ်ရန် ကြိုးစားသည်။ ဤကဲ့သို့သောအချိန်မျိုးတွင် ဆုတောင်းရန်အတွက် ဘုရားသခင်ရှေ့သို့ အမြန်လာပါ။ ဤသည်မှာ လုပ်ဆောင်ရန် မှန်ကန်သည့်လမ်းဟုတ်မဟုတ်ကို ဆင်ခြင်သုံးသပ်ပါ။ ထို့နောက် ဤအရာကို စဉ်းစားကြည့်ပါ။ ‘ဘုရားသခင်ကို ငါ အဘယ်ကြောင့်ယုံကြည်သနည်း။ ဤသို့သော မသေသပ်မှုကို လူတို့က သတိမထားမိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဘုရားသခင်က သတိမထားမိဘဲ နေလိမ့်မည်လော။ ထို့အပြင် ဘုရားသခင်အပေါ် ငါ၏ ယုံကြည်မှုသည် မခိုကတ်ရန်ဖြစ်သည်။ ကယ်တင်ခြင်းခံရဖို့အတွက်ဖြစ်သည်။ ဤကဲ့သို့ ငါလုပ်ဆောင်ခြင်းသည် သာမန်လူ့သဘာဝ၏ ဖော်ပြချက်မဟုတ်သကဲ့သို့ ဘုရားသခင်၏ ချစ်ခြင်းကိုလည်း မခံရပေ။ မဖြစ်ပေ။ ပြင်ပကမ္ဘာတွင် ငါသည် ခိုကတ်နိုင်ပြီး ငါကျေနပ်သလိုလုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်သည်။ သို့သော် ယခု ငါသည် ဘုရားသခင်၏ အိမ်တော်တွင်ရှိနေသည်။ ဘုရားသခင်၏ အုပ်စိုးမှုအောက်၊ ဘုရားသခင်၏ မျက်လုံးများ၏ စိစစ်မှုအောက်တွင်ရှိနေသည်။ ငါသည် လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ အသိတရားရှိရမည်။ ငါကျေနပ်သလို လုပ်ဆောင်၍မရပေ။ ဘုရားနှုတ်ကပတ်တော်နှင့်အညီ လုပ်ဆောင်ရမည်။ ပေါ့ဆပြီး ဝတ်ကျေတမ်းကျေမပြုရပေ။ ခိုကတ်၍ မရပေ။ ဤသို့ဆိုလျှင် မခိုကတ်ရန်၊ ပေါ့ဆပြီး ဝတ်ကျေတမ်းကျေမပြုလုပ်ရန် မည်သို့ဆောင်ရွက်သင့်သနည်း။ အနည်းငယ်အားစိုက်ထုတ်ရမည်။ ယခုပင် လုပ်ဆောင်ရန် အလွန်ဒုက္ခများလွန်းသည်ဟု ငါခံစားရသည်။ ဆင်းရဲဒုက္ခကို ရှောင်ကြဉ်လိုခဲ့သော်လည်း ယခု ငါနားလည်သည်။ ဤသို့လုပ်ဆောင်ရန်မှာ ဒုက္ခအလွန်များနိုင်သည်။ သို့သော် ထိရောက်မှုရှိသည်။ ထို့ကြောင့် ဤသည်မှာ လုပ်ဆောင်သင့်သည့် နည်းလမ်းဖြစ်သည်။’ ဟု ဖြစ်သည်။ သင်သည် အလုပ်လုပ်နေပြီး ဆင်းရဲဒုက္ခကို ကြောက်နေသေးသောအခါတွင်၊ ဤသို့သော အချိန်မျိုးတွင် ဘုရားသခင်ကို ဆုတောင်းရမည်။ ‘အို ဘုရားသခင်။ ကျွန်ုပ်သည် ပျင်းရိပြီး လှည့်စားတတ်သည်။ ကျွန်ုပ်ကို ပဲ့ပြင်ဆုံးမပါရန်၊ အပြစ်တင်ပါရန် ကိုယ်တော်ကို တောင်းပန်ပါ၏။ ဤသို့ဖြင့် ကျွန်ုပ်၏ အသိတရားတွင် ခံစားချက်တစ်ခု၊ ရှက်စိတ်တစ်ခု ရှိရန်ဖြစ်သည်။ ကျွန်ုပ်သည် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေ မဖြစ်လိုပါ။ ကျွန်ုပ်ကို လမ်းပြပြီး ဉာဏ်အလင်းဖွင့်ပြရန်၊ ကျွန်ုပ်၏ ပုန်ကန်မှုနှင့် အကျည်းတန်မှုကို ပြသရန် ကိုယ်တော်ကို တောင်းပန်ပါ၏။’ ဟု ဖြစ်သည်။ ဤသို့ သင်ဆုတောင်းသောအခါ၊ ဆင်ခြင်သုံးသပ်ပြီး သင့်ကိုယ်သင်သိမြင်ရန် ကြိုးစားသောအခါ နောင်တခံစားချက်ကို ဖြစ်ပေါ်စေပြီး သင်၏ အကျည်းတန်မှုကို သင် မုန်းတီးနိုင်သည်။ သင်၏စိတ်နှလုံးအတွင်းရှိ အခြေအနေက စတင်ပြောင်းလဲသည်။ သင်သည် ဤအရာကို ချင့်ချိန်စဉ်းစားပြီး ‘ကျွန်ုပ်သည် အဘယ်ကြောင့်ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုရသနည်း။ အဘယ်ကြောင့် အစဉ် ခိုကတ်နေသနည်း။ ဤသို့ဆောင်ရွက်ခြင်းသည် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားတစ်ခုမျှ မရှိပေ။ ငါသည် ဘုရားသခင်ကို ယုံကြည်သောသူဖြစ်သေးသလော။ ငါသည် အဘယ်ကြောင့် အမှုအရာများကို အလေးအနက်မထားသနည်း။ အချိန်နှင့် အားစိုက်မှုအနည်းငယ်ပို၍ စိုက်ထုတ်သင့်သည်မဟုတ်လော။ ယင်းမှာ ကြီးမားသော ဝန်ထုတ်ဝန်ပိုးမဟုတ်ပေ။ ဤသည်မှာ ငါလုပ်ဆောင်သင့်သည့်အရာဖြစ်သည်။ ဤအရာကိုပင်မလုပ်ဆောင်နိုင်လျှင် ငါ့ကို လူသားဟုခေါ်ဆိုရန် သင့်တော်သလော။’ဟု သင့်ကိုယ်သင် ပြောဆိုနိုင်စွမ်းရှိသည်။ ရလဒ်အနေဖြင့် သင်သည် ကျမ်းသစ္စာကျိန်ဆိုသည်။ ‘အို ဘုရားသခင်၊ ကျွန်ုပ်သည် ကိုယ်တော်နှင့် မထိုက်တန်ပါ။ ကျွန်ုပ်သည် အမှန်တကယ်ပင် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားမရှိပါ။ လူ့သဘာဝမရှိပါ။ ကျွန်ုပ် နောင်တရလိုပါသည်။ ကျွန်ုပ်ကို ခွင့်လွှတ်ရန် ကိုယ်တော်ကို တောင်းလျှောက်ပါသည်။ ကျွန်ုပ်သည် သေချာပေါက် ပြောင်းလဲပါမည်။ ကျွန်ုပ်သည် အမှန်တကယ်ပင် ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးသည်။ လူသား၏ ပုံသဏ္ဌာန်ကို အသက်ရှင်မနေထိုင်ရသေးပေ။ ကျွန်ုပ်နောင်တမရလျှင် ကျွန်ုပ်အား အပြစ်ဒဏ်ပေးစေလိုပါသည်။’ ထို့နောက်တွင် သင်၏ စိတ်အနေအထားတွင် ပြောင်းလဲမှုတစ်ခုရှိသည်။ သင် စတင်ပြောင်းလဲလာသည်။ ပေါ့ဆမှုနှင့် ဝတ်ကျေတမ်းကျေပြုမှု လျော့နည်းလျက် ယခင်နှင့်မတူအောင် လုပ်ငန်းများကို ဆောင်ရွက်ပြီး သင့်တာဝန်များကို ထမ်းဆောင်သည်။ သင်လုပ်ဆောင်သည့်အရာရာတိုင်းကို အလေးအနက်ထားသည်။ ပင်ပန်းနွမ်းနယ်ခြင်းကို သင်မခံစားရပေ။ သို့သော် သင်၏တာဝန်ကို ဤသို့ထမ်းဆောင်ခြင်းသည် အလွန်ကောင်းသည်ဟု သင်ခံစားရသည်။ သင်၏ စိတ်နှလုံးသည် ငြိမ်သက်ပြီး ဝမ်းမြောက်လေသည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်”) လူတွေအနေနဲ့ ကျွန်မတို့ရဲ့ အခြေခံအကျဆုံးတာဝန်က ကျွန်မတို့တာဝန်ကို စိတ်နှစ်ပြီးလုပ်ဖို့ပဲဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်ခဲ့ပါတယ်။ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ရိုးရှင်းသည်ဖြစ်စေ၊ ရှုပ်ထွေးသည်ဖြစ်စေ ကျွန်မတို့တာဝန်ကို ဖြည့်ဆည်းသင့်ပြီး အလေးအနက်၊ စိတ်ပါလက်ပါနဲ့ လုပ်သင့်တယ်။ ကျွန်မတို့ တတ်နိုင်သမျှတိုင်းကို လုပ်သင့်တယ်။ ဒါက တာဝန်အပေါ် မှန်ကန်တဲ့ သဘောထားပဲ။ ဘုရားနှုတ်ကပတ်တော်က ကျွန်မတို့အတွက် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုလည်း ထောက်ပြတယ်။ ကျွန်မတို့က ဖောက်ပြန်ပြီး စိတ်မချရတာမျိုး ဖြစ်ချင်လာတာကို ကျွန်မတို့ သတိထားမိတဲ့အခါ ဘုရားရဲ့ စိစစ်မှုကို လက်ခံပြီး ဆုတောင်းဖို့၊ ဇာတိပကတိကို စွန့်ပစ်ဖို့ လိုတယ်။ ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ရင်းနဲ့ လူသားတွေအတွက် ဘုရားရဲ့ နားလည်မှုနဲ့ ကြင်နာမှုကို ခံစားရနိုင်တယ်။ လူသားပုံသဏ္ဍန်တစ်ခုကို ကျွန်မတို့ အသက်ရှင်နေထိုင်နိုင်ဖို့အတွက် ဘုရားသခင်က လက်တွေ့လုပ်ဆောင်မှုနဲ့ ဝင်ရောက်မှုအတွက် ဒီလမ်းကြောင်းတွေနဲ့ပတ်သက်ပြီး အရမ်းရှင်းလင်းပါတယ်။ ဘုရားသခင်ရဲ့အလိုတော်နဲ့ သတ်မှတ်ချက်ကို နားလည်ပြီးတဲ့နောက်မှာ ကျွန်မ ဆုတောင်းလိုက်ပြီး ကိုယ့်ရဲ့ ဇာတိပကတိကို တမင်တကာ စွန့်ပစ်လိုက်တယ်။
တစ်ခါတော့ အခက်အခဲတွေများတဲ့ ပြဿနာတစ်ခုကို ကျွန်မ ထပ်ကြုံရတယ်။ ဖြစ်သလိုလုပ်ပြီး ဝတ်ကျေတန်းကျေပဲလုပ်လိုက်ချင်စိတ်ဖြစ်လာတယ်။ ကျွန်မ ဆုတောင်းလိုက်တယ်။ “ဘုရားသခင် သမီးက ကိုယ့်တာဝန်မှာ မယုံကြည်ရဖို့ ထပ်ပြီး စဉ်းစားနေပါတယ်။ ဒါပေမဲ့ ဒါက သမီးချဉ်းကပ်ချင်တဲ့ ပုံစံမဟုတ်ပါဘူး။ ဇာတိပကတိကို စွန့်လွှတ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့၊ ကိုယ့်တာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့ လမ်းပြတော်မူပါ” ဆိုပြီးတော့။ ဆုတောင်းပြီးတဲ့နောက်မှာ တခြားလူတွေက ကျွန်မကို ဖောက်ပြန်ပြီး စိတ်မချရဘူးလို့ မမြင်ချင် မမြင်နိုင်ပေမဲ့ ဘုရားက မြင်မယ်ဆိုတာကို တွေးမိတယ်။ ကျွန်မက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသလား၊ ဇာတိပကတိအတိုင်း ဆက်ပြီးလုပ်နေသလားဆိုတာ သူက မြင်လိမ့်မယ်။ အဲဒီမှာ ဒါကို ထည့်စဉ်းစားဖို့ ကျွန်မစိတ်နှလုံးကို ငြိမ်သက်စေလိုက်ပြီး ကျွန်မ သတိမထားမိလိုက်ဘဲ တချို့စည်းမျဉ်းတွေကို ကျွန်မ ရှင်းလင်းသွားတယ်။ ပြဿနာက တကယ်ကို အမြန် ပြေလည်သွားတယ်။ အဲဒီပုံစံနဲ့ သုံးလေးကြိမ် လက်တွေ့လုပ်ဆောင်ပြီးတဲ့နောက်မှာ ကျွန်မစိတ်နှလုံးထဲမှာ တော်တော်ငြိမ်သက်ပြီး ဒါက တာဝန်ထမ်းဆောင်ဖို့ သိပ်ကောင်းတဲ့နည်းပဲလို့ ခံစားမိတယ်။ နောက်ပြီးတော့လည်း အရင်က ကျွန်မမှာဖြစ်ခဲ့တဲ့ တာဝန်က ပြောင်းရွှေ့ခံရတာနဲ့ပတ်သက်ပြီး အဲဒီ ထိတ်လန့်ရတဲ့အချိန်တွေ ပျောက်သွားတယ်။
ကျေးဇူးတော်ပဲ။ နည်းနည်းပြောင်းလဲလာနိုင်တာက ကျွန်မအတွက် ဘုရားရဲ့ ကယ်တင်ခြင်းပဲ။ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ အာဟာရကတစ်ဆင့် ကျွန်မ တဖြည်းဖြည်းချင်း နိုးထလာခဲ့တယ်။ ဘုရားသခင်ရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုက အကြီးမြတ်ဆုံး ကယ်တင်ခြင်းပဲ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
လီယွန် တရုတ်နိုင်ငံ ကျွန်တော် ခရစ်ယာန်ဖြစ်ပြီးသည့်နောက်မှာ တရုတ်ကွန်မြူနစ်ပါတီက ဖမ်းသည်ကို သုံးလေးကြိမ်လောက် ခံရသော်လည်း၊ သခင့်ကို...
ချီဟန် ကိုးရီးယားနိုင်ငံ အသင်းတော်စာအုပ်တွေနဲ့ ပစ္စည်းတွေကို ကျွန်တော် စီမံခန့်ခွဲရတယ်။ ပစ္စည်းမျိုးစုံကို စီမံခန့်ခွဲပြီး သိမ်းဆည်းထားလား၊...
အိုဇန်း မြန်မာနိုင်ငံ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံပြီး သိပ်မကြာဘူး၊ လူသစ်တွေ ရေလောင်းတာ စလုပ်ခဲ့တယ်။ ကျွန်မက...
၂၀၀၂ ခုနှစ် အစောပိုင်းမှာ၊ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မလက်ခံခဲ့တယ်။ သိပ်မကြာခင်မှာပဲ၊ ဧဝံဂေလိကို ကျွန်မ စဖြန့်ပြီး...