ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၂

16.02.2021

ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏ အနှစ်သာရ၊ ဘုရားသခင်၏ စိတ်သဘောထား စသည်တို့အားလုံးကို သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် လူသားမျိုးနွယ်အား သိရှိစေပြီး ဖြစ်သည်။ လူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားရသည့်အခါ၊ ၎င်းတို့ကို လက်တွေ့ကျင့်သုံးစဉ်တွင် ဘုရားသခင်ပြောဆိုသော နှုတ်ကပတ်တော်များ၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကို နားလည်လာလိမ့်မည်၊ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ အရင်းအမြစ်နှင့် နောက်ခံအကြောင်းတို့ကို နားလည်လာလိမ့်မည်ဖြစ်ပြီး ဘုရားသခင့်နှုတ်ကပတ်တော်များ၏ ရည်ရွယ်ထားသည့် ရလဒ်တို့ကို နားလည်လာကာ သဘောပေါက်လာလိမ့်မည်။ လူသားမျိုးနွယ်အတွက်၊ သမ္မာတရားနှင့် အသက်ကို ရရှိဖို့ရန်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သဘောပေါက်ရန်၊ မိမိ၏စိတ်သဘောထားထဲတွင် ပုံသဏ္ဌာန်ပြောင်းလဲလာရန်နှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ခြင်းများကို နာခံလာနိုင်ရန်အလို့ငှာ ဤအရာများအားလုံးသည် လူသား တွေ့ကြုံရမည့်၊ နားလည်သဘောပေါက်ရမည့်၊ ရယူရမည့်အရာများ ဖြစ်သည်။ ဤအရာများကို လူသားက တွေ့ကြုံကာ နားလည်သဘောပေါက်ပြီး ရယူသည်နှင့် တစ်ချိန်တည်းမှာပင် ဘုရားသခင်နှင့်ဆိုင်သော သိနားလည်မှုကို သူတဖြည်းဖြည်း ရရှိလာပြီးဖြစ်လိမ့်မည်၊ ထို့ပြင် ဤအချိန်တွင် ဘုရားသခင်နှင့်ဆိုင်သည့် အမျိုးမျိုးသော အသိပညာအဆင့်များကိုလည်း သူရရှိပြီးဖြစ်လိမ့်မည်။ ဤနားလည်ခြင်းနှင့် အသိပညာတို့သည် လူသား စိတ်ကူးထားသည့်အရာ၊ သို့မဟုတ် ရေးစပ်ထားသည့်အရာမှ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ သူ၏အတွင်းစိတ်ထဲ၌ သူသဘောပေါက်ကာ တွေ့ကြုံ၍ ခံစားရပြီး အတည်ပြုသည့်အရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဤအရာတို့ကို သဘောပေါက်ကာ တွေ့ကြုံ၍ ခံစားလျက် အတည်ပြုပြီးသည့်နောက်တွင်သာ ဘုရားသခင်နှင့်ဆိုင်သည့် လူသား၏အသိပညာသည် အနှစ်သာရ ရှိလာလေသည်။ ဤအချိန်၌ လူသားရရှိသည့် အသိပညာသည်သာလျှင် လက်တွေ့ကျကာ စစ်မှန်ပြီး တိကျမှန်ကန်မှု ရှိလေသည်၊ ထို့ပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်ခြင်း၊ တွေ့ကြုံခြင်း၊ ခံစားခြင်းနှင့် အတည်ပြုခြင်းတို့မှတစ်ဆင့် ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော သိနားလည်မှုနှင့် အသိပညာတို့ကို ရယူခြင်းတည်းဟူသော ဤဖြစ်စဉ်သည် လူသားနှင့် ဘုရားသခင်၏ စစ်မှန်သည့် ဆက်ဆံရေးပင် ဖြစ်ပေသည်။ ဤသို့သော ဆက်ဆံရေးမျိုးအလယ်တွင် လူသားသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အမှန်တကယ် နားလည်ကာ သဘောပေါက်လာသည်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို အမှန်တကယ် နားလည်ကာ သိရှိလာသည်၊ ဘုရားသခင်၏အနှစ်သာရကို အမှန်တကယ် နားလည်ကာ သိရှိလာသည်၊ ဘုရားသခင်၏ စိတ်သဘောထားကို တဖြည်းဖြည်း နားလည်ကာ သိရှိလာသည်၊ ဖန်ဆင်းရာအပေါင်းတို့အပေါ် ဘုရားသခင်၏ အုပ်စိုးမှုဟူသော အမှန်တရားနှင့် ပတ်သက်၍ မှန်ကန်သော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် စစ်မှန်သော စိတ်ချသေချာမှုတို့ကို ရလာသည်၊ ထို့ပြင် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ၊ ဂုဏ်အဆင့်အတန်းနှင့်ပတ်သက်၍ ခြေခြေမြစ်မြစ်ရှိသည့် ဆက်စပ်နားလည်မှုနှင့် အသိပညာတို့ကို ရရှိလာသည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးအလယ်တွင် ဘုရားသခင်အကြောင်း မရှိကိုအရှိလုပ်၍ စိတ်ကူးကြည့်ခြင်း၊ ဘုရားသခင်နှင့်ပတ်သက်သည့် မိမိ၏ကိုယ်ပိုင်သံသယများကို ဇက်ကုန်လွှတ်လိုက်ခြင်း၊ ဘုရားသခင်ကို နားလည်မှုလွဲခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ ဝေဖန်ခြင်း၊ သို့မဟုတ် သံသယဝင်ခြင်းတို့ မလုပ်တော့ဘဲ လူသားသည် ဘုရားသခင်နှင့်ပတ်သက်သည့် သူ၏အမြင်များကို တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲလေသည်။ ဤကဲ့သို့ဖြင့် လူသားသည် ဘုရားသခင်နှင့် ငြင်းခုံခြင်း သာ၍နည်းလာမည်ဖြစ်ပြီး ဘုရားသခင်နှင့် ပဋိပက္ခဖြစ်မှု သာ၍နည်းလာမည်ဖြစ်ကာ ဘုရားသခင်ကို ပုန်ကန်သည့် ဖြစ်ရပ်များ သာ၍နည်းလာပေမည်။ အပြန်အလှန်အားဖြင့် ဘုရားသခင်အပေါ် လူသား၏ အရေးစိုက်ခြင်းနှင့် နာခံခြင်းတို့မှာ တိုး၍ကြီးထွားလာမည်ဖြစ်ပြီး ဘုရားသခင်ကို သူ၏ရိုသေလေးမြတ်မှုမှာ ပို၍စစ်မှန်လာမည်ဖြစ်သည့်အပြင် ပို၍လည်း နက်နဲလာလိမ့်မည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးအလယ်တွင် လူသားသည် သမ္မာတရား၏ အထောက်အပံ့၊ အသက်နှင့်ဆိုင်သော ဗတ္တိဇံတို့ကို ရလိမ့်မည်သာမကဘဲ တစ်ချိန်တည်းမှာပင် ဘုရားသခင်နှင့်ဆိုင်သည့် မှန်ကန်သည့် အသိပညာကိုလည်း ရရှိလိမ့်မည် ဖြစ်သည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးအလယ်တွင် လူသားသည် သူ၏စိတ်သဘောထားထဲ၌ ပုံသဏ္ဌာန်ပြောင်းလဲပြီး ကယ်တင်ခြင်းကို ရရှိမည်သာမကဘဲ တစ်ချိန်တည်းတွင် ဘုရားသခင်အပေါ်ထားသည့် ဖန်ဆင်းခံတစ်ဦး၏ စစ်မှန်သော ရိုသေလေးမြတ်ခြင်းနှင့် ကိုးကွယ်ခြင်းတို့ကိုလည်း ရှာမှီးလိမ့်မည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးကို ရရှိပြီးနောက် ဘုရားသခင်ကို လူသား၏ ယုံကြည်ခြင်းသည် စာရွက်အလွတ်တစ်ရွက်၊ သို့မဟုတ် အပြောသက်သက်ဖြစ်သည့် နှုတ်ကတိတစ်ခု၊ သို့မဟုတ် မျက်စိစုံမှိတ် လိုက်စားခြင်းနှင့် ပုဂ္ဂိုလ်ရေးရာ ကိုးကွယ်ခြင်းပုံစံမျိုး ဖြစ်တော့မည် မဟုတ်ချေ။ ဤကဲ့သို့ ဆက်ဆံရေးမျိုးဖြင့်သာ လူသား၏အသက်သည် တစ်ရက်ပြီးတစ်ရက် ရင့်ကျက်ခြင်းဆီသို့ ကြီးထွားလာမည်ဖြစ်ပြီး၊ ထိုအချိန်မှသာ သူ၏စိတ်သဘောထားက တဖြည်းဖြည်းချင်း ပုံသဏ္ဌာန်ပြောင်းလဲလာမည်ဖြစ်ကာ ဘုရားသခင်ကို သူ၏ယုံကြည်ခြင်းသည် မရေရာ၊ မသေချာသော ယုံကြည်ခြင်းမှ စစ်မှန်သည့် နာခံခြင်းနှင့် အရေးစိုက်ခြင်း၊ စစ်မှန်သည့် ရိုသေလေးမြတ်ခြင်းအဖြစ်သို့ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲသွားမည်ဖြစ်သည်၊ ထို့ပြင် လူသားသည် ဘုရားသခင်၏နောက်ကို လိုက်နေစဉ်တွင် တုံဏှိဘာဝေနေနေသည့်အဖြစ်မှ နိုးကြားထကြွသည့်အဖြစ်သို့၊ အပျက်သဘောမှ အပြုသဘောသို့လည်း တဖြည်းဖြည်းချင်း တိုးတက်သွားပေလိမ့်မည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးဖြင့်သာ လူသားသည် ဘုရားသခင်ကို မှန်မှန်ကန်ကန် သိနားလည်ပြီး သဘောပေါက်ကာ ဘုရားသခင်နှင့်ဆိုင်သည့် မှန်ကန်သော အသိပညာကို ရရှိလိမ့်မည်။ လူအများစုသည် ဘုရားသခင်နှင့် စစ်မှန်သည့် ဆက်ဆံရေးမရှိသောကြောင့်၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် ၎င်းတို့၏အသိပညာမှာ သဘောတရားအဆင့်၊ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများအဆင့်၌သာ ရပ်တန့်နေသည်။ ဆိုလိုသည်မှာ လူအများစုသည် ဘုရားသခင်ကို ယုံကြည်လာခဲ့သည်မှာ နှစ်ပေါင်းမည်မျှပင် ကြာနေပြီဖြစ်စေ ဘုရားသခင်ကို သိရှိခြင်းအပိုင်းတွင်မူ ၎င်းတို့သည် မိမိတို့နှင့် နှီးနွှယ်နေသည့် ခေတ်နောက်ကျနေသော အယူသီးမှုများနှင့် စိတ်ကူးယဉ်ဆန်သော အသွေးအရောင်တို့ဖြင့် ရိုးရာဓလေ့ဆိုင်ရာ ဂါရဝပြုခြင်းပုံစံများတွင် သောင်တင်နေလျက် ၎င်းတို့စတင်ခဲ့သည့် တစ်နေရာတည်းမှာပင် ချောင်ပိတ်မိနေကြဆဲဖြစ်သည်။ ဘုရားသခင်နှင့်ဆိုင်သည့် လူသား၏အသိပညာသည် စတင်ခဲ့သည့်နေရာတွင်ပင် ရပ်တန့်နေခြင်းမှာ ထိုအသိပညာသည် မရှိသလောက်နီးပါးပင် ဖြစ်သည်ဟု ဆိုလိုသည်။ ဘုရားသခင်၏ ဂုဏ်အဆင့်အတန်းနှင့် ကိုယ်ပိုင်လက္ခဏာတို့အပေါ် လူသား၏ခံယူချက်မှလွဲ၍၊ ဘုရားသခင်ကို လူသား၏ယုံကြည်မှုသည် မရေရာ မသေချာသည့် အဆင့်မှာသာ ရှိနေသေး၏။ သို့ဆိုလျှင် လူသား၌ ဘုရားသခင်အပေါ် စစ်မှန်သော ရိုသေလေးမြတ်ခြင်း မည်မျှရှိနိုင်သနည်း။

ဘုရားသခင်၏တည်ရှိခြင်းကို သင်မည်မျှခိုင်ခိုင်မာမာ ယုံကြည်စေကာမူ ဤအရာက ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်၏အသိပညာကိုလည်းကောင်း၊ ဘုရားသခင်အပေါ် သင်၏ရိုသေလေးမြတ်ခြင်းကိုလည်းကောင်း အစားမထိုးနိုင်ပေ။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် သူ၏ကျေးဇူးတော်ကို သင်မည်မျှမွေ့လျော်ပြီးဖြစ်ပါစေ ဤအရာက ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်၏အသိပညာကို အစားမထိုးနိုင်ပေ။ ဘုရားသခင်အဖို့အလို့ငှာ သင်၏အရာအားလုံးကို ဆက်ကပ်၍ အသုံးတော်ခံရန် သင်မည်မျှလိုလားနေသည်ဖြစ်စေ ဤအရာက ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်၏အသိပညာကို အစားမထိုးနိုင်ပေ။ သင့်အနေဖြင့် ဘုရားသခင်ပြောဆိုသော နှုတ်ကပတ်တော်များနှင့် အလွန်ရင်းနှီးကျွမ်းဝင်လာခြင်း ဖြစ်ကောင်းဖြစ်မည်၊ သို့မဟုတ် ထိုနှုတ်ကပတ်တော်များကို သင်အလွတ်ပင်ရကာ သွက်လက်စွာပင် ရွတ်ပြနိုင်ခြင်း ဖြစ်ကောင်းဖြစ်မည်၊ သို့တိုင်အောင် ဤအရာက ဘုရားသခင်နှင့်ဆိုင်သည့် သင်၏အသိပညာကို အစားမထိုးနိုင်ပေ။ ဘုရားသခင်နောက်ကို လိုက်ခြင်းအပေါ် လူသားအနေဖြင့် မည်မျှပင် ယတိပြတ် ဆုံးဖြတ်ထားသည်ဖြစ်စေ၊ အကယ်၍ သူ၌ ဘုရားသခင်နှင့် စစ်မှန်သော ဆက်ဆံရေး လုံးဝမရှိခဲ့ပါက၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် စစ်မှန်သော အတွေ့အကြုံ လုံးဝမရှိခဲ့ပါက၊ ဘုရားသခင်နှင့်ဆိုင်သည့် သူ၏အသိပညာမှာ အနှစ်မဲ့သော ဗလာနတ္ထိ၌၊ သို့မဟုတ် အဆုံးအစမဲ့သော အတွေးနယ်ချဲ့ခြင်း၌ အခြေခံထားခြင်းသာ ဖြစ်ပေလိမ့်မည်။ သင့်အနေဖြင့် ဘုရားသခင်နှင့် အလျဉ်းသင့်၍ “ပခုံးချင်းတိုက်” ခဲ့ဖူးကောင်း တိုက်ခဲ့ဖူးမည်၊ သို့မဟုတ် သူနှင့် မျက်နှာချင်းဆိုင် တွေ့ခဲ့ဖူးကောင်း တွေ့ခဲ့ဖူးမည်ဖြစ်သော်လည်း ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်၏အသိပညာမှာ နတ္ထိသုညသာလျှင် ဖြစ်နေဆဲဖြစ်လိမ့်မည်၊ ထို့အပြင် ဘုရားသခင်အပေါ် သင်၏ရိုသေလေးမြတ်ခြင်းမှာလည်း အနှစ်မဲ့သော ကြွေးကြော်သံ၊ သို့မဟုတ် စိတ်ကူးယဉ် အယူအဆတစ်ခုထက် ပိုမည်မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ကျမ်းဦးစကား

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။