ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၄

16.02.2021

အကယ်၍ ဘုရားသခင်၏နောက်ကို နှစ်ပေါင်းများစွာ လိုက်လျှောက်ပြီး၊ ဘုရားနှုတ်ကပတ်တော်များ၏ ထောက်ပံ့မှုကို နှစ်ပေါင်းများစွာ မွေ့လျော်ခံစားထားသည့် လူတစ်ယောက်အနေဖြင့် ဘုရားသခင်အပေါ် သူ၏အဓိပ္ပာယ်ဖွင့်ဆိုမှုက ရုပ်တုဆင်းတုများရှေ့တွင် ဝပ်စင်းလျက် ဂါရဝပြုသူတစ်ယောက်၏ အဓိပ္ပာယ်ဖွင့်ဆိုမှုနှင့် အခြေခံအားဖြင့် တစ်ထေရာတည်း ဖြစ်နေပါလျှင် ထိုလူသည် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားကို မရရှိသေးသည့် လက္ခဏာပင်ဖြစ်ပေလိမ့်မည်။ ဤသို့ဖြစ်ရခြင်းမှာ ထိုသူအနေဖြင့် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ မဝင်ရောက်ရသေးခြင်းသက်သက်ကြောင့်သာ ဖြစ်၏၊ ထို့အပြင် ဤအကြောင်းရင်းကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ရှိရင်းစွဲဖြစ်သော လက်တွေ့အရှိတရား၊ သမ္မာတရား၊ ရည်ရွယ်ချက်များနှင့် လူသားမျိုးနွယ်အပေါ် တောင်းဆိုမှုများအားလုံးသည် ထိုလူနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ တစ်နည်းအားဖြင့်ဆိုလျှင် ထိုသို့သော လူတစ်ယောက်သည် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ အပေါ်ယံအဓိပ္ပာယ်အတွက် မည်မျှပင် ကြိုးစားပမ်းစား ဆောင်ရွက်နေပါစေ အားလုံးက အချည်းနှီးသာ ဖြစ်လေသည်။ အကြောင်းမှာ ထိုသူလိုက်စားသည့်အရာသည် စကားလုံးများသက်သက်သာ ဖြစ်ပြီး၊ ထိုသူရရှိသည့်အရာသည်လည်း မလွှဲမရှောင်သာပင် စကားလုံးများသက်သက် ဖြစ်နေလိမ့်မည်။ ဘုရားသခင်မိန့်ထားသည့် နှုတ်ကပတ်တော်များသည် အပြင်ပန်းအသွင်အပြင်တွင် ရိုးရှင်းသည်ဖြစ်စေ၊ နက်နဲသိမ်မွေ့သည်ဖြစ်စေ၊ ထိုနှုတ်ကပတ်တော်များအားလုံးတို့သည် လူတစ်ယောက်အနေဖြင့် အသက်ထဲသို့ ဝင်ရောက်သည့်အခါတွင် သူ့အတွက် မရှိမဖြစ်သော သမ္မာတရားများ အားလုံးဖြစ်လေသည်။ ထိုနှုတ်ကပတ်တော်များသည် လူသားကို ဝိညာဉ်နှင့် ဇာတိခန္ဓာနှစ်ခုလုံးတွင် ရှင်သန်စေသည့် အသက်ရေများ၏ ရေသောက်မြစ်ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များက အသက်ရှင်သန်နေဖို့ လူသားလိုအပ်သည့်အရာကို ထောက်ပံ့ပေးသည်။ လူသား၏နေ့စဉ်အသက်တာကို စီမံခန့်ခွဲခြင်းအတွက် အခြေခံသဘောတရားများနှင့် အယူဝါဒတို့ကို ထောက်ပံ့ပေးသည်။ ကယ်တင်ခြင်း ရရှိဖို့အလို့ငှာ သူဖြတ်ကျော်ရမည့် လမ်းကြောင်း၊ ပန်းတိုင်နှင့် ဦးတည်ချက်တို့ကို ထောက်ပံ့ပေးသည်။ ဘုရားသခင်ရှေ့တော်မှောက်တွင် ဖန်ဆင်းခံသတ္တဝါတစ်ဦးအနေဖြင့် သူပိုင်ဆိုင်သင့်သည့် သမ္မာတရားတိုင်းကို ထောက်ပံ့ပေးသည်။ ထို့ပြင် လူသားအနေဖြင့် ဘုရားသခင်ကို မည်သို့ကိုးကွယ်ပုံ၊ မည်သို့နာခံပုံတို့နှင့်ပတ်သက်သည့် သမ္မာတရားတိုင်းကို ထောက်ပံ့ပေးသည်။ ထိုနှုတ်ကပတ်တော်များသည် လူသား၏ရှင်သန်မှုကို သေချာစေသည့် အာမခံချက်ဖြစ်သည်၊ ထိုနှုတ်ကပတ်တော်များသည် လူသား၏ အသက်မွေးလောက်သော အစာဖြစ်သည်၊ ထို့ပြင် ထိုနှုတ်ကပတ်တော်များသည် လူသားကို သန်မာစေပြီး မတ်မတ်ရပ်နိုင်စေသည့် ကြံ့ကြံ့ခံသော ထောက်ပံ့မှုလည်း ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် ဖန်ဆင်းခံ လူသားမျိုးနွယ်အနေဖြင့် သာမန်လူ့သဘာဝဖြင့် အသက်ရှင်နေထိုင်ခြင်းနှင့် သက်ဆိုင်သည့် သမ္မာတရား၏ လက်တွေ့အရှိတရားဖြင့် ကြွယ်ဝလေသည်။ ဖောက်ပြန်ပျက်စီးမှုမှ ရုန်းထွက်လွတ်မြောက်ဖို့နှင့် စာတန်၏ကျော့ကွင်းများကို ရှောင်တိမ်းဖို့ လူသားမျိုးနွယ်တို့ အသုံးပြုသည့် သမ္မာတရားဖြင့် ကြွယ်ဝသည်၊ ဖန်ဆင်းခံ လူသားမျိုးနွယ်ကို ဖန်ဆင်းရှင်က ပေးသည့် မမောမပန်းသော အဆုံးအမ၊ တိုက်တွန်းမှု၊ အားပေးမှုနှင့် ဖြေသိမ့်မှုတို့ဖြင့် ကြွယ်ဝလေသည်။ ထိုနှုတ်ကပတ်တော်များသည် လူသားများအား အပြုသဘောဆောင်သည့် အရာအားလုံးကို နားလည်စေဖို့ လမ်းပြပြီး ဉာဏ်အလင်းပေးသည့် မီးရှူးတန်ဆောင် ဖြစ်သည်၊ ဖြောင့်မတ်ပြီး ကောင်းမြတ်သည့် အရာအားလုံးကို လူတို့က ကျင့်သုံးနေထိုင်ပြီး ပိုင်ဆိုင်ဖို့ သေချာစေသည့် အာမခံချက်ဖြစ်သည်၊ လူများ၊ အဖြစ်အပျက်များနှင့် အရာဝတ္ထုများအားလုံးကို တိုင်းတာသည့် စံနှုန်းမှတ်ကျောက်လည်း ဖြစ်သည်၊ ထို့ပြင် လူတို့ကို ကယ်တင်ခြင်းနှင့် အလင်းလမ်းကြောင်းဆီသို့ ဦးဆောင်လမ်းပြသည့် လမ်းကြောင်းပြ အမှတ်အသားလည်း ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျသော အတွေ့အကြုံထဲ၌သာလျှင် လူသားသည် သမ္မာတရားနှင့် အသက်တို့ဖြင့် ထောက်ပံ့ခြင်းကို ခံရနိုင်သည်။ ထိုအတွေ့အကြုံထဲ၌သာလျှင် လူသားသည် မည်သည့်အရာက သာမန်လူ့သဘာဝဖြစ်ကြောင်း၊ မည်သည့်အရာက အဓိပ္ပာယ်ရှိသော အသက်တာဖြစ်ကြောင်း၊ မည်သည့်အရာက စစ်မှန်သော ဖန်ဆင်းခံ သတ္တဝါဖြစ်ကြောင်း၊ မည်သည့်အရာက ဘုရားသခင်ကို စစ်မှန်သော နာခံခြင်းဖြစ်ကြောင်းတို့ကို နားလည်လာနိုင်သည်။ ထိုအတွေ့အကြုံထဲ၌သာလျှင် လူသားသည် ဘုရားသခင်ကို သူ့အနေဖြင့် မည်သို့အရေးစိုက်သင့်ကြောင်း၊ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်ကို မည်သို့ထမ်းဆောင်ပြီး၊ စစ်မှန်သော လူသားတစ်ယောက်၏ ပုံသဏ္ဌာန်အား မည်သို့ပိုင်ဆိုင်ရမည်ဖြစ်ကြောင်းတို့ကို နားလည်လာနိုင်သည်။ ထိုအတွေ့အကြုံထဲ၌သာလျှင် လူသားသည် စစ်မှန်သော ယုံကြည်မှုနှင့် စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်းတို့မှာ မည်သည့်အရာအား ဆိုလိုသည်ကို နားလည်လာနိုင်သည်။ ထိုအတွေ့အကြုံထဲ၌သာလျှင် လူသားသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ အုပ်စိုးရှင်မှာ မည်သူဖြစ်ကြောင်းကို နားလည်လာနိုင်သည်။ ထိုအတွေ့အကြုံထဲ၌သာလျှင် လူသားသည် ဖန်ဆင်းရာအားလုံး၏ အရှင်သခင်ဖြစ်သူက ဖန်ဆင်းရာကို အုပ်စိုးကာ ဦးဆောင်လမ်းပြပြီး ထောက်ပံ့ပေးသော နည်းလမ်းများကို နားလည်လာနိုင်သည်။ ထို့အပြင် ထိုအတွေ့အကြုံထဲ၌သာလျှင် လူသားသည် ဖန်ဆင်းရာအားလုံး၏ အရှင်သခင်ဖြစ်သူ တည်ရှိကာ အထင်အရှားပြလာပြီး အမှုပြုသည့် နည်းလမ်းများကို နားလည်လာပြီး သဘောပေါက်လာနိုင်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်သော အတွေ့အကြုံနှင့် ကင်းကွာပါက လူသား၌ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ကို စစ်မှန်သော သိကျွမ်းမှု၊ သို့မဟုတ် ထိုးထွင်းအမြင်တို့ မရှိတော့ပေ။ ထိုကဲ့သို့သော လူတစ်ယောက်သည် ရှင်သန်နေသော အလောင်းကောင်တစ်ခုသက်သက်၊ လုံးလုံးအခွံတစ်ခုသက်သက်သာဖြစ်ပြီး၊ ဖန်ဆင်းရှင်နှင့်ဆိုင်သည့် အသိပညာအားလုံးသည် သူနှင့် မည်သို့မျှပတ်သက်ခြင်းမရှိပေ။ ဘုရားသခင်၏အမြင်တွင် ထိုကဲ့သို့သော လူတစ်ယောက်သည် သူ့ကို တစ်ခါမျှ မယုံကြည်သည့်လူဖြစ်သကဲ့သို့ သူ့နောက်ကိုလည်း တစ်ခါမျှ မလိုက်ခဲ့သည့်လူ ဖြစ်ပေသည်၊ ထို့ကြောင့် ဘုရားသခင်က ထိုသူကို စစ်မှန်သော ဖန်ဆင်းခံ သတ္တဝါတစ်ဦးအဖြစ် မဆိုထားနှင့်၊ သူ၏ယုံကြည်သူတစ်ယောက်ဟုပင် အသိအမှတ် မပြုသကဲ့သို့ သူ့နောက်လိုက်အဖြစ်လည်း အသိအမှတ်မပြုပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ကျမ်းဦးစကား

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။