အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)
ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား
ဘုရားသခင်၏ သြဇာအာဏာနှင့် ပတ်သက်သည့် ရှေ့ပိုင်းမှ မိတ်သဟာယဖွဲ့မှုကို သင်တို့နားထောင်ပြီးပြီဖြစ်သောကြောင့် ဤအကြောင်းအရာနှင့်ပတ်သက်၍ သင်တို့ထံ၌ စကားလုံးများ များစွာရှိပြီးဖြစ်သည်ကို ငါစိတ်ချယုံကြည်သည်။ သင်တို့အနေဖြင့် မည်မျှလက်ခံနိုင်သည်၊ မည်မျှသဘောပေါက်နိုင်သည်၊ မည်မျှနားလည်နိုင်သည်ဆိုခြင်းအားလုံးက ဤအရာအပေါ် သင်တို့မည်မျှအားစိုက်ထုတ်မည်ဆိုသည့်အပေါ် မူတည်သည်။ ဤအကြောင်းအရာကို သင်တို့လေးလေးနက်နက် ချဉ်းကပ်နိုင်ရေးသည် ငါ၏မျှော်လင့်ချက်ပင်ဖြစ်သည်။ သင်တို့အနေဖြင့် ဤအရာကို စိတ်မပါ့တပါနှင့် လုံးဝမကိုင်တွယ်သင့်ပေ။ ကိုင်း၊ ဘုရားသခင်၏သြဇာအာဏာကို သိခြင်းက ဘုရားသခင်၏အလုံးစုံကို သိခြင်းနှင့် ညီမျှသလော။ ဘုရားသခင်၏သြဇာအာဏာကို သိခြင်းက အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင်ကို သိခြင်း၏ အစဖြစ်သည်ဟု ဆိုနိုင်ပြီး ဘုရားသခင်၏သြဇာအာဏာကို သိခြင်းက အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင်၏ အနှစ်သာရကို သိခြင်းတံခါးဝထဲသို့ ဝင်ရောက်ပြီးဖြစ်ကြောင်း အဓိပ္ပာယ်ရသည်ဟုလည်း ဆိုနိုင်သည်။ ဤနားလည်ခြင်းက ဘုရားသခင်ကို သိခြင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သို့ဆိုလျှင် အခြားအပိုင်းက အဘယ်အရာဖြစ်သနည်း။ ဤအရာက ယနေ့ ငါမိတ်သဟာယဖွဲ့ချင်သည့် အကြောင်းအရာဖြစ်သည်— ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား။
ယနေ့ခေါင်းစဉ်အကြောင်း မိတ်သဟာယဖွဲ့ရန် သမ္မာကျမ်းစာထဲမှ အခန်းနှစ်ခန်းကို ငါရွေးထားသည်။ ပထမတစ်ခုမှာ ကမ္ဘာဦးကျမ်း ၁၉:၁-၁၁ နှင့် ကမ္ဘာဦးကျမ်း ၁၉:၂၄-၂၅ တွင် တွေ့နိုင်သည့် သောဒုံမြို့ကို ဘုရားသခင် ဖျက်ဆီးခြင်းနှင့် သက်ဆိုင်သည်။ ဒုတိယတစ်ခုမှာ ယောန ဝတ္ထု ၁:၁-၂ အပြင် ယောန ဝတ္ထု၏ တတိယနှင့် စတုတ္ထအခန်းတွင် တွေ့နိုင်သည့် နိနေဝေမြို့ကို ဘုရားသခင်လွတ်မြောက်စေခြင်းနှင့် သက်ဆိုင်သည်။ သင်တို့အားလုံးက ဤအခန်းနှစ်ခန်းနှင့်ပတ်သက်ပြီး ငါပြောမည့်စကားကို နာယူဖို့ စောင့်နေကြပြီဟု ငါထင်သည်။ ငါပြောမည့်အရာက ဘုရားသခင်ကိုယ်တော်တိုင်ကို သိခြင်းနှင့် သူ၏အနှစ်သာရကို သိခြင်းအကြောင်းတို့ထံမှ ပင်ကိုအားဖြင့် လမ်းလွဲသွား၍မရပေ။ သို့သော် ယနေ့မိတ်သဟာယ၏ အာရုံစိုက်မည့်အရာက အဘယ်အရာဖြစ်မည်နည်း။ သင်တို့ထဲတွင် သိသည့်လူ ရှိသလော။ ဘုရားသခင်၏ သြဇာအာဏာအပေါ် ငါမိတ်သဟာယဖွဲ့ခြင်း၏ မည်သည့်အပိုင်းများက သင်တို့၏အာရုံကို ဖမ်းစားထားသနည်း။ ဤကဲ့သို့သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သည့် တစ်ဦးတည်းသောသူက ဘုရားသခင်ကိုယ်တော်တိုင်ပင် ဖြစ်သည်ဟု အဘယ်ကြောင့်ငါပြောခဲ့သနည်း။ ဤသို့ပြောပြီး အဘယ်အရာကို ငါရှင်းပြလိုခဲ့သနည်း။ ထိုအရာမှ သင်တို့အား မည်သည့်အရာကို ငါသင်ယူစေလိုခဲ့သနည်း။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးက သူ့အနှစ်သာရကို ပြသသည့်ပုံစံ၏ ရှုထောင့်တစ်ခုလော။ ဤအရာတို့က သူ၏ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်ကို သက်သေပြသည့် သူ့အနှစ်သာရ၏ အစိတ်အပိုင်းတစ်ခုလော။ မည်သည့်အရာအား ငါပြောသွားမည်ဆိုသည်ကို ဤမေးခွန်းများအား အကဲဖြတ်၍ သင်တို့ပြောနိုင်ကြသလော။ ငါသင်တို့အား မည်သည့်အရာကို နားလည်စေချင်သနည်း။ ၎င်းကို ဂရုတစိုက်နှင့် အချိန်ယူစဉ်းစားလော့။
ဘုရားသခင်ကို ခေါင်းမာမာနှင့် ဆန့်ကျင်သည့်အတွက် လူသားသည် ဘုရားသခင်၏ အမျက်ဒေါသအားဖြင့် ဖျက်ဆီးခံရသည်
ပထမအနေဖြင့် သောဒုံမြို့ကို ဘုရားသခင်၏ ဖျက်ဆီးခြင်းအကြောင်း ဖော်ပြထားသည့် ကျမ်းပိုဒ်အချို့ကို ကြည့်ကြစို့။
ကမ္ဘာဦးကျမ်း ၁၉:၁-၁၁ ကောင်းကင်တမန်နှစ်ပါးတို့သည် ညဦးအချိန်၌ သောဒုံမြို့သို့ ရောက်လာ၏။ လောတသည် မြို့တံခါးဝ၌ ထိုင်လျက် သူတို့ကိုမြင်လျှင်၊ ခရီးဦးကြိုပြုခြင်းငှါထ၍၊ မြေ၌ ဦးညွှတ်ချလျက်၊ အကျွန်ုပ်သခင်တို့၊ ကိုယ်တော်တို့ ကျွန်၏အိမ်သို့ဝင်၍ တညဉ့်လုံးနေကြပါ။ ခြေကိုဆေးကြပါ။ နံနက်စောစောထ၍ ကြွသွားကြပါလော့ဟု ဆိုလေ၏။ ကောင်းကင်တမန်တို့က၊ ငါတို့သည်မဝင်၊ တညဉ့်လုံး လမ်း၌နေတော့မည်ဟု ဆိုသော်လည်း၊ ကျပ်ကျပ်သွေးဆောင်သောကြောင့်၊ တဖန် လောတနေရာသို့ လှည့်၍ သူ၏အိမ်သို့ဝင်ကြ၏။ လောတလည်း၊ သူတို့အဘို့ ပွဲလုပ်၍ တဆေးမပါသော မုန့်ကို ပေါင်းပြီးမှ၊ သူတို့သည်စားကြ၏။ ထိုသူတို့သည် မအိပ်မှီ၊ သောဒုံမြို့သား ယောက်ျားအကြီးအငယ်၊ အရပ်ရပ်ကလာသော သူအပေါင်းတို့သည် အိမ်ကို ဝိုင်း၍၊ လောတကို ဟစ်ခေါ်လျက် ယနေ့ညမှာ သင့်အိမ်သို့ ဝင်သော လူတို့သည် အဘယ်မှာရှိသနည်း။ ထိုသူတို့နှင့်ငါတို့သည် ဆက်ဆံလိုသည်ဖြစ်၍ ငါတို့ထံသို့ ထွက်စေလော့ဟု ဆိုကြ၏။ လောတသည်လည်း၊ တံခါးပြင်မှာ သူတို့ထံသို့ ထွက်၍၊ မိမိနောက်၌ တံခါးကို ပိတ်ပြီးလျှင်၊ ညီအစ်ကိုတို့၊ အဓမ္မအမှုကို ဤမျှလောက် မပြုကြပါနှင့်။ အကျွန်ုပ်၌ ယောက်ျားနှင့် မဆက်ဆံသော သမီးနှစ်ယောက်ရှိပါ၏။ သူတို့ကို သင်တို့ထံသို့ထုတ်ရသော အခွင့်ကိုပေးကြပါလော့။ သူတို့၌ ပြုချင်သမျှပြုကြပါလော့။ ဤလူတို့၌ အလျှင်းမပြုကြပါနှင့်။ အကြောင်းမူကား၊ သူတို့သည် အကျွန်ုပ်အိမ်မိုးအရိပ်ကို ခိုနေပါ၏ဟု တောင်းပန်သော်လည်း၊ သူတို့က ဆုတ်လော့ဟု ဆိုကြ၏။ တဖန်ကား၊ သင်သည် တည်းခိုခြင်းငှာသာ ရောက်လာသည်နှင့်၊ တရားသူကြီးလုပ်ရမည်လော။ ယခုမှာ ထိုသူတို့၌ ပြုသည်ထက်၊ သင်၌ သာ၍ဆိုးသောအမှုကို ပြုမည်ဟုဆိုလျက်၊ လောတကို ကျပ်ကျပ်ဖိ၍ တံခါးကိုလည်း ပေါက်ခွဲချိုးဖဲ့ခြင်းငှါ ချဉ်းလာကြ၏။ ထိုအခါ ကောင်းကင်တမန်တို့သည် လက်ကိုဆန့်၍၊ လောတကို မိမိတို့နေရာအိမ်အတွင်းသို့ ဆွဲသွင်းပြီးလျှင် တံခါးကို ပိတ်ကြ၏။ အိမ်တံခါးနားမှာ ရှိသောသူအကြီးအငယ်တို့ကို၊ မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်သဖြင့် သူတို့သည် တံခါးကိုရှာ၍ ပင်ပန်းခြင်းသို့ ရောက်ကြ၏။
ကမ္ဘာဦးကျမ်း ၁၉:၂၄-၂၅ ထိုအခါ ယေဟောဝါသည် သောဒုံမြို့နှင့် ဂေါမောရမြို့တို့အပေါ် မိုးကောင်းကင်ထဲက ယေဟောဝါထံမှ ကန့်နှင့် မီးမိုးကို ရွာချစေတော်မူ၏။ ထိုမြို့ကြီးများ၊ လွင်ပြင်များအားလုံး၊ မြို့ကြီးများ၌ နေထိုင်သောသူတို့နှင့် မြေပေါ်တွင် ပေါက်သောအပင်များကို ဖျက်ဆီးတော်မူ၏။
သောဒုံမြို့၏ ဆိုးသွမ်းမှုနှင့် ဖောက်ပြန်ပျက်စီးမှုက လူသားနှင့်ဘုရားသခင် နှစ်ဦးလုံးအတွက် စက်ဆုပ်ဖွယ်ကောင်းသည့် အဆင့်တစ်ခုကို ရောက်နေပြီဖြစ်ကြောင်းနှင့် ထို့အတွက်ကြောင့် ဘုရားသခင်၏အမြင်တွင် ဤမြို့သည် ဖျက်ဆီးခြင်းကို ခံရသင့်ကြောင်းကို ဤကျမ်းပိုဒ်များမှတစ်ဆင့် သိမြင်ဖို့ မခက်ခဲပေ။ သို့သော်လည်း ဖျက်ဆီးခြင်းမခံရမီတွင် မြို့ထဲ၌ မည်သည့်အရာများ ဖြစ်ပျက်ခဲ့သနည်း။ ဤဖြစ်ရပ်များမှ မည်သည့်အသိအမြင်ကို လူတို့ရယူနိုင်သနည်း။ ဤဖြစ်ရပ်များအပေါ်ရှိ ဘုရားသခင်၏ သဘောထားက သူ၏စိတ်သဘောထားနှင့်ပတ်သက်၍ လူတို့အား မည်သည်တို့ကို ပြသနည်း။ ဇာတ်လမ်းတစ်ခုလုံးကို နားလည်ရန်အလို့ငှာ ကျမ်းစာထဲ၌ မှတ်တမ်းတင်ထားသည့်အရာကို ဂရုတစိုက် ဖတ်ကြည့်ကြစို့...
သောဒုံမြို့၏ ဖောက်ပြန်ပျက်စီးမှု- လူသားအတွက် ဒေါသထွက်စရာ၊ ဘုရားသခင်အတွက် အမျက်တော်ရှစရာ
ထိုည၌ လောတသည် ဘုရားသခင်ထံမှ သတင်းစကားပို့ဆောင်သူနှစ်ယောက်ကို ကြိုဆိုပြီး သူတို့အတွက် စားသောက်ပွဲတစ်ခုကို ပြင်ဆင်ပေးခဲ့သည်။ ညစာစားပြီးနောက် သူတို့မလှဲခင်တွင် တစ်မြို့လုံးအနှံ့မှ လူများက လောတ၏အိမ်ကို ဝိုင်းထားပြီး လောတကို အော်ခေါ်ကြလေသည်။ ကျမ်းစာထဲ၌ သူတို့၏ပြောထားချက်များကို ဤသို့မှတ်တမ်းတင်ထားသည်။ “ယနေ့ညမှာ သင့်အိမ်သို့ ဝင်သောလူတို့သည် အဘယ်မှာရှိသနည်း။ ထိုသူတို့နှင့်ငါတို့သည် ဆက်ဆံလိုသည်ဖြစ်၍ ငါတို့ထံသို့ ထွက်စေလော့။” ဤစကားလုံးများကို မည်သူပြောခဲ့သနည်း။ မည်သူ့ကို သူတို့ပြောခဲ့သနည်း။ ၎င်းတို့သည် လောတကြားရန်ရည်ရွယ်ပြီး လောတ၏အိမ်အပြင်ဘက်မှ အော်ခေါ်သည့် သောဒုံမြို့သားတို့၏ စကားလုံးများဖြစ်သည်။ ဤစကားလုံးများကို ကြားရသည့်အခိုက် မည်သို့ခံစားရသနည်း။ ဒေါသအမျက် ခြောင်းခြောင်းထွက်သလော။ ဤစကားလုံးများက သင့်ကို အော်ဂလီဆန်စေသလော။ ဒေါသစိတ်များနှင့် သင်တနုံ့နုံ့ဖြစ်နေသလော။ ဤစကားလုံးများက စာတန်၏သဘောနှင့် ပြည့်နေသည်မဟုတ်လော။ ၎င်းတို့မှတစ်ဆင့် ဤမြို့၏ဆိုးယုတ်မှုနှင့် မှောင်မိုက်မှုကို သင်ခံစားရနိုင်သလော။ ဤလူတို့၏ စကားလုံးများမှတစ်ဆင့် သူတို့အပြုအမူများ၏ လူမဆန်မှုနှင့် ရက်စက်မှုကို သင်ခံစားသိရှိနိုင်သလော။ သူတို့၏အပြုအမူများမှတစ်ဆင့် သူတို့၏ဖောက်ပြန်ပျက်စီးခြင်း အတိမ်အနက်ကို သင်ခံစားသိရှိနိုင်သလော။ သူတို့ပြောဆိုသည့် အကြောင်းအရာများမှတစ်ဆင့် သူတို့၏ဆိုးသွမ်းသည့် သဘာဝနှင့် ရိုင်းစိုင်းကြမ်းကြုတ်သည့် စိတ်သဘောထားများက သူတို့ကိုယ်တိုင် မထိန်းချုပ်နိုင်သည့်အဆင့်အထိ ရောက်ရှိနေပြီးဖြစ်သည်ကို မြင်ဖို့ မခက်ခဲပေ။ လောတမှလွဲ၍ ဤမြို့ထဲရှိ ကျန်သည့်လူတိုင်းသည် စာတန်နှင့် ဘာမျှမကွာပေ။ အခြားလူတစ်ဦးကို မြင်ရုံနှင့်ပင် ဤလူတို့က ထိုသူကို အန္တရာယ်ပြုပြီး ဝါးမျိုချင်ကြသည်။...ဤအရာတို့သည် မြို့၏ ထိတ်လန့်စရာ၊ ကြောက်စရာ သဘာဝနှင်ဆိုင်သည့် ခံစားချက်ကို ပေးရုံမျှမက မြို့တစ်ဝိုက်ရှိ သေမင်း၏ ရောင်ဝါလက္ခဏာကိုလည်း ပေးသည့်အပြင် ထိုမြို့၏ ဆိုးသွမ်းမှုနှင့် သွေးသံရဲရဲဖြစ်မှုနှင့်ဆိုင်သည့် ခံစားချက်ကိုလည်း ပေးသည်။
လူ့ဝိညာဉ်များကို ဝါးမျိုလိုသော ဆန္ဒရိုင်းများနှင့် ပြည့်နေသည့် လူများဖြစ်ကြကုန်သော လူမဆန်သည့် လူရမ်းကားတစ်သိုက်နှင့် မျက်နှာချင်းဆိုင်ရသည့်အခါ လောတက မည်သို့တုံ့ပြန်ခဲ့သနည်း။ ကျမ်းစာအရ- “ညီအစ်ကိုတို့၊ အဓမ္မအမှုကို ဤမျှလောက် မပြုကြပါနှင့်။ အကျွန်ုပ်၌ ယောက်ျားနှင့် မဆက်ဆံသော သမီးနှစ်ယောက်ရှိပါ၏။ သူတို့ကို သင်တို့ထံသို့ထုတ်ရသော အခွင့်ကိုပေးကြပါလော့။ သူတို့၌ ပြုချင်သမျှပြုကြပါလော့။ ဤလူတို့၌ အလျှင်းမပြုကြပါနှင့်။ အကြောင်းမူကား၊ သူတို့သည် အကျွန်ုပ်အိမ်မိုးအရိပ်ကို ခိုနေပါ၏။” ဤစကားလုံးများအားဖြင့် လောတဆိုလိုသည့်အရာမှာ ဤသို့ဖြစ်သည်- သတင်းစကားပို့ဆောင်သူများကို ကာကွယ်ဖို့ သူသည် သူ့သမီးနှစ်ဦးကို စွန့်လွှတ်ဖို့ ဆန္ဒရှိနေခဲ့သည်။ ယုတ္တိတန်တန် မည်သို့ပင်တွက်ချက်ကြည့်ကြည့် ဤလူများသည် လောတ၏သတ်မှတ်ချက်များကို သဘောတူပြီး သတင်းစကားပို့ဆောင်သူနှစ်ဦးကို လွှတ်ထားခဲ့လိုက်သင့်သည်။ စင်စစ်အားဖြင့် သတင်းစကားပို့ဆောင်သူများသည် သူတို့နှင့် ဘာမျှမသက်ဆိုင်သည့်အပြင် သူတို့၏အကျိုးစီးပွားများကို တစ်ခါမျှ မထိခိုက်ဖူးကြသော စင်စစ်လူစိမ်းများပင် ဖြစ်သည်။ သို့သော်လည်း သူတို့၏ ဆိုးသွမ်းသည့်သဘာဝ၏ တွန်းအားပေးမှုကြောင့် သူတို့သည် ဤကိစ္စကို အသာမထားလိုက်ကြဘဲ ထိုအစား သူတို့၏အားထုတ်မှုများကို ပို၍ပင် အရှိန်မြှင့်လိုက်ကြသည်။ ဤနေရာ၌ သူတို့၏ခွန်းကြီးခွန်းငယ်စကားများခြင်း နောက်တစ်ခုက ဤလူများ၏ ရက်စက်သည့် သဘာဝအမှန်ကို အသေအချာ တိုး၍သိမြင်စေနိုင်သည်သာမက တစ်ချိန်တည်းမှာပင် ဘုရားသခင်အနေဖြင့် ဤမြို့ကို အဘယ်ကြောင့်ဖျက်ဆီးချင်သည်ဆိုသည့် အကြောင်းရင်းကိုလည်း လူတို့အား သဘောပေါက်ပြီး နားလည်စေသည်။
ဤသို့လျှင် သူတို့ဘာထပ်ပြောခဲ့ကြသနည်း။ သမ္မာကျမ်းစာ၏ ဖော်ပြချက်အရ- “သူတို့က ဆုတ်လော့ဟု ဆိုကြ၏။ တဖန်ကား၊ သင်သည် တည်းခိုခြင်းငှာသာ ရောက်လာသည်နှင့် တရားသူကြီးလုပ်ရမည်လော။ ယခုမှာ ထိုသူတို့၌ ပြုသည်ထက်၊ သင်၌ သာ၍ဆိုးသောအမှုကို ပြုမည်ဟုဆိုလျက်၊ လောတကို ကျပ်ကျပ်ဖိ၍ တံခါးကိုလည်း ပေါက်ခွဲချိုးဖဲ့ခြင်းငှါ ချဉ်းလာကြ၏။” သူတို့သည် အဘယ်ကြောင့် လောတ၏တံခါးကို ချိုးဖျက်ချင်ကြသနည်း။ အကြောင်းရင်းမှာ သူတို့သည် ထိုသတင်းစကားပို့ဆောင်သူနှစ်ယောက်ကို အန္တရာယ်ပြုရန် စိတ်လောနေကြ၍ပင် ဖြစ်သည်။ ဤသတင်းစကားပို့ဆောင်သူနှစ်ယောက်က သောဒုံမြို့ကို ဘာလာလုပ်ကြသနည်း။ ထိုမြို့ကို သူတို့ရောက်လာခြင်း၏ ရည်ရွယ်ချက်က လောတနှင့် သူ၏မိသားစုကို ကယ်ဖို့ရန်ဖြစ်သည်။ သို့သော်လည်း သူတို့သည် အာဏာပိုင် ရာထူးများကို ထမ်းဆောင်ရန် ရောက်လာခြင်းဖြစ်သည်ဟု မြို့သားများက တလွဲထင်မြင်ခဲ့သည်။ မြို့သားများက သတင်းစကားပို့ဆောင်သူနှစ်ယောက်၏ ရည်ရွယ်ချက်ကို မေးမြန်းခြင်းမရှိဘဲ ထိုသူနှစ်ယောက်ကို ရက်ရက်စက်စက် အန္တရာယ်ပြုချင်သည့် သူတို့၏ဆန္ဒကို မှန်းဆချက်သက်သက်အပေါ်တွင်သာ အခြေခံထားခဲ့ကြသည်။ သူတို့နှင့် လုံးဝဥဿုံ ဘာမျှမသက်ဆိုင်သည့် လူနှစ်ယောက်ကို သူတို့က အန္တရာယ်ပြုချင်ခဲ့ကြသည်။ ဤမြို့မှလူများသည် သူတို့၏လူ့သဘာဝနှင့် ကျိုးကြောင်းဆင်ခြင်မှုတို့ကို လုံးဝဆုံးရှုံးသွားပြီဆိုသည်မှာ ရှင်းပေသည်။ သူတို့၏ စိတ်မနှံ့မှုနှင့် ရိုင်းစိုင်းမှုအဆင့်က လူသားကို အန္တရာယ်ပြုပြီး ဝါးမျိုသည့် စာတန်၏ ရက်စက်သော သဘာဝနှင့် ဘာမျှမကွာခြားတော့ပေ။
ဤလူတို့ကို လက်လွှဲပေးရန် လောတထံမှ သူတို့တောင်းဆိုသည့်အခါ လောတက ဘာလုပ်ခဲ့သနည်း။ ကျမ်းစာအရ လောတက သူတို့ကို မလွှဲပြောင်းပေးခဲ့ကြောင်းကို ငါတို့သိရသည်။ လောတက ဘုရားသခင်၏ ဤသတင်းစကားပို့ဆောင်သူနှစ်ယောက်ကို သိသလော။ မည်သို့သိပါမည်နည်း။ သို့သော်လည်း အဘယ်ကြောင့် သူသည် ဤလူတို့ကို ကယ်တင်နိုင်ခဲ့သနည်း။ သူ့အနေဖြင့် သူတို့ဘာလာလုပ်သည်ကို သိခဲ့သလော။ သူတို့လာရခြင်း၏ အကြောင်းရင်းကို သူမသိသော်ငြားလည်း သူတို့က ဘုရားသခင်၏ အစေခံများဖြစ်သည့်အကြောင်းကိုမူ သူသိခဲ့၏။ ထို့ကြောင့် သူတို့ကို သူ၏အိမ်ထဲသို့ ဝင်ခိုင်းခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်၏ ဤအစေခံများကို လောတက “အရှင်” ဟုခေါ်နိုင်သည့်အချက်က သူသည် အခြားသော သောဒုံမြို့သားများကဲ့သို့ မဟုတ်ဘဲ ဘုရားသခင်၏ ပုံမှန်နောက်လိုက်တစ်ယောက်ဖြစ်ကြောင်းကို ပြသည်။ ထို့ကြောင့် ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူများက သူ့ထံသို့ လာသည့်အခါ ဤအစေခံနှစ်ယောက်ကို လက်ခံဖို့ သူ့အသက်ကို သူအရဲစွန့်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဤအစေခံနှစ်ယောက်ကို ကာကွယ်ရန်အလို့ငှာ သူ၏သမီးနှစ်ယောက်ကိုလည်း အလဲအလှယ်အဖြစ် သူကမ်းလှမ်းပေးခဲ့၏။ ဤသည်မှာ လောတ၏ ဖြောင့်မတ်သော လုပ်ရပ်ပင်ဖြစ်သည်။ ယင်းသည် လောတ၏သဘာဝ အနှစ်သာရတို့၏ ရှင်းလင်းမြင်သာသော ဖော်ပြချက်တစ်ခု ဖြစ်သည့်အပြင် ဘုရားသခင်က လောတကို ကယ်တင်ဖို့ရန် သူ၏အစေခံများကို စေလွှတ်ခဲ့ရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။ အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါ လောတသည် ဘာကိုမျှ ငဲ့ကွက်မနေဘဲ ဤအစေခံနှစ်ယောက်ကို ကာကွယ်ပေးခဲ့သည်။ အစေခံများ ဘေးကင်းရေးအတွက် သူ့သမီးနှစ်ယောက်နှင့်ပင် လဲလှယ်ဖို့ သူကြိုးစားခဲ့သည်။ လောတမှလွဲ၍ ဤကဲ့သို့ လုပ်မည့်သူ မြို့ထဲ၌ အခြားတစ်ဦးတလေ ရှိသလော။ အချက်အလက်များက သက်သေပြထားသည့် အတိုင်းပင်- မရှိပေ၊ မရှိခဲ့ချေ။ ထို့ကြောင့် လောတမှလွဲ၍ သောဒုံမြို့ထဲရှိ လူတိုင်းသည် ဖျက်ဆီးခြင်းခံရမည့် ပစ်မှတ်ဖြစ်ပြီး ယင်းက သူတို့နှင့် ထိုက်တန်ကြောင်းကို ပြောနေစရာမလိုတော့ပေ။
သောဒုံမြို့သည် ဘုရားသခင်၏ အမျက်တော်ကို ထိပါးသည့်အတွက် လုံးလုံးလျားလျား ချေမှုန်းခံရသည်
သောဒုံမြို့သားများသည် ဤအစေခံနှစ်ယောက်ကို မြင်သည့်အခါ သူတို့ရောက်လာခြင်း၏ အကြောင်းရင်းကို မမေးခဲ့ကြသကဲ့သို့ ဘုရားသခင်၏အလိုတော်ကို ဖြန့်ဝေဖို့ သူတို့ရောက်လာကြခြင်း ဟုတ်မဟုတ်ကိုလည်း မမေးခဲ့ကြပေ။ ဆန့်ကျင်ဘက်အနေနှင့် သူတို့သည် လူအုပ်ကြီးဖွဲ့လိုက်ပြီး ရှင်းပြချက်ကို မစောင့်ဘဲ ဤအစေခံနှစ်ယောက်ကို အမိဖမ်းဖို့ရန် ခွေးရိုင်းများ၊ သို့မဟုတ် ရက်စက်သည့် ဝံပုလွေများကဲ့သို့ ရောက်လာခဲ့ကြသည်။ ဤကိစ္စများ ဖြစ်ပျက်နေချိန်တွင် ဘုရားသခင်က စောင့်ကြည့်နေခဲ့သလော။ ဤလူသားအပြုအမူမျိုး၊ ဤဖြစ်ရပ်မျိုးနှင့် ပတ်သက်၍ ဘုရားသခင်က သူ့စိတ်နှလုံး၌ မည်သည့်အရာကို စဉ်းစားနေခဲ့သနည်း။ ဘုရားသခင်က ဤမြို့ကို ဖျက်ဆီးဖို့ ဆုံးဖြတ်ခဲ့သည်။ သူသည် တွန့်ဆုတ်လိမ့်မည်မဟုတ်၊ သို့တည်းမဟုတ် စောင့်နေလိမ့်မည် မဟုတ်သကဲ့သို့ ဆက်၍စိတ်ရှည်သည်းခံနေမည်လည်း မဟုတ်ပေ။ သူ၏နေ့ရက် ရောက်လာလေပြီ။ ထို့ကြောင့် သူလုပ်လိုသည့် အလုပ်ကို သူစတင်တော့သည်။ ထို့ကြောင့် ကမ္ဘာဦးကျမ်း ၁၉:၂၄-၂၅ ၌ ပြောထားသည်- “ထိုအခါ ယေဟောဝါသည် သောဒုံမြို့နှင့် ဂေါမောရမြို့တို့အပေါ် မိုးကောင်းကင်ထဲက ယေဟောဝါထံမှ ကန့်နှင့် မီးမိုးကို ရွာချစေတော်မူ၏။ ထိုမြို့ကြီးများ၊ လွင်ပြင်များအားလုံး၊ မြို့ကြီးများ၌ နေထိုင်သောသူတို့နှင့် မြေပေါ်တွင် ပေါက်သောအပင်များကို ဖျက်ဆီးတော်မူ၏။” ဤကျမ်းပိုဒ်နှစ်ပိုဒ်က ဤမြို့ကို ဘုရားသခင်ဖျက်ဆီးသည့် နည်းလမ်းကိုလည်းကောင်း၊ ဘုရားသခင်ဖျက်ဆီးသည့် အရာများကိုလည်းကောင်း လူတို့အား ပြောပြသည်။ ရှေးဦးစွာ၊ ဘုရားသခင်က ဤမြို့ကို မီးနှင့် လောင်ကျွမ်းစေပုံ၊ မီး၏အတိုင်းအတာက လူအားလုံးနှင့် မြေပြင်မှာပေါက်သည့် အရာအားလုံးကို ဖျက်ဆီးဖို့ လုံလောက်ပုံတို့ကို သမ္မာကျမ်းစာ၌ ပြန်လည်ဖော်ပြထားသည်။ ဆိုလိုသည်မှာ မိုးကောင်းကင်မှကျလာသည့် မီးသည် မြို့ကို ဖျက်ဆီးရုံသာမကဘဲ မြို့ထဲရှိ လူအားလုံးနှင့် သက်ရှိအရာအားလုံးကိုလည်း ဘာတစ်ခုမျှ မကျန်ရစ်တော့သည်အထိ ဖျက်ဆီးခဲ့သည်။ မြို့ကို ဖျက်ဆီးပြီးသည့်နောက် မြေပြင်၌ သက်ရှိအရာ ကင်းမဲ့သွား၏။ ရှင်သန်တက်ကြွခြင်း မရှိတော့သကဲ့သို့ သက်ရှိလက္ခဏာများလည်း မရှိတော့ပေ။ မြို့သည် လွင်တီးခေါင်ပြင်ဖြစ်လာပြီး သုသာန်တစပြင်ပမာ တိတ်ဆိတ်မှုနှင့် ပြည့်နေသည့် ဟင်းလင်းပြင်ဖြစ်သွားခဲ့သည်။ ဤအရပ်၌ ဘုရားသခင်ကို ဆန့်ကျင်ပြီး ကျူးလွန်သည့် ဒုစရိုက်အမှုများ ရှိတော့မည်မဟုတ်၊ သတ်ဖြတ်ခြင်းများ၊ သို့တည်းမဟုတ် သွေးစွန်းခြင်းများ ရှိတော့မည်မဟုတ်။
ဘုရားသခင်သည် အဘယ်ကြောင့် ဤမြို့ကို လုံးလုံးလျားလျား မီးရှို့ပစ်ချင်ခဲ့သနည်း။ ဤနေရာ၌ အဘယ်အရာကို သင်တို့တွေ့နိုင်သနည်း။ ဘုရားသခင်သည် သူ့ကိုယ်ပိုင်ဖန်ဆင်းရာများဖြစ်သည့် လူသားမျိုးနွယ်နှင့် သဘာဝတို့ ဤကဲ့သို့ဖျက်ဆီးခံရခြင်းကို ကြည့်ရက်နိုင်ပါ့မည်လော။ မိုးကောင်းကင်မှ ကျရောက်လာသည့် မီးမှတစ်ဆင့် ယေဟောဝါဘုရားသခင်၏ ဒေါသကို သင်သိမြင်နိုင်လျှင် သူဖျက်ဆီးသည့် ပစ်မှတ်များနှင့် ဤမြို့ချေမှုန်းခံရသည့် အတိုင်းအတာတို့ကို အကဲဖြတ်၍ သူ၏အမျက်မှာ မည်မျှကြီးမားကြောင်းကို သိမြင်ဖို့ မခက်ခဲပေ။ မြို့တစ်မြို့ကို ဘုရားသခင်စက်ဆုပ်သည့်အခါ သူ၏အပြစ်ဒဏ်ခတ်မှုကို ထိုမြို့အပေါ်သို့ သူကျရောက်စေမည်ပင်ဖြစ်သည်။ မြို့တစ်မြို့ကို ဘုရားသခင်ရွံရှာသည့်အခါ လူတို့အား သူ၏ဒေါသကို အသိပေးလျက် ထပ်တလဲလဲ သတိပေးချက်များကို သူထုတ်ပြန်လိမ့်မည်။ သို့သော်လည်း မြို့တစ်မြို့ကို အဆုံးသတ်ရန်နှင့် ဖျက်ဆီးရန် ဘုရားသခင်ဆုံးဖြတ်သည့်အခါ- ဆိုလိုသည်မှာ သူ၏အမျက်ဒေါသနှင့် ဘုန်းအာနုဘော်တို့သည် ထိပါးခြင်းကို ခံရသောအခါ- သူသည် နောက်ထပ်ပြစ်ဒဏ်ခတ်ခြင်းများ၊ သို့မဟုတ် သတိပေးခြင်းများကို ပြုလုပ်တော့မည်မဟုတ်ပေ။ ထိုအစား ထိုမြို့ကို သူတိုက်ရိုက်ဖျက်ဆီးလိမ့်မည်။ ထိုမြို့ လုံးလုံးလျားလျား ပျောက်ကွယ်သွားအောင် သူလုပ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားပင်ဖြစ်လေသည်။
သောဒုံမြို့၏ ထပ်ခါထပ်ခါ ရန်လိုခြင်းနှင့် အတိုက်အခံပြုခြင်းတို့ကို ခံရပြီးနောက် ဘုရားသခင်သည် ထိုမြို့ကို လုံးလုံးလျားလျား အမြစ်ဖြတ်သုတ်သင်သည်
ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားအကြောင်းကို အကြမ်းဖျင်းနားလည်သွားကြပြီဖြစ်၍ အပြစ်တရား၏မြို့အနေနှင့် ဘုရားသခင်မြင်ခဲ့သော အရပ်ဖြစ်သည့် သောဒုံမြို့ကို ပြန်အာရုံစိုက်ကြစို့။ ဤမြို့၏အနှစ်သာရကို နားလည်ခြင်းအားဖြင့် ဘုရားသခင်က ဤမြို့ကို အဘယ်ကြောင့်ဖျက်ဆီးချင်ခဲ့သည့်အကြောင်းနှင့် အဘယ်ကြောင့် လုံးလုံးဖျက်ဆီးပစ်ခဲ့သည့်အကြောင်းတို့ကို သိနိုင်သည်။ ဤအချက်မှတစ်ဆင့် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို သိလာနိုင်သည်။
လူသား၏ရှုထောင့်မှကြည့်လျှင် သောဒုံမြို့သည် လူသား၏ဆန္ဒနှင့် လူသား၏ဆိုးယုတ်မှုတို့ကို အပြည့်အဝဖြည့်ဆည်းပေးနိုင်သည့် မြို့တစ်မြို့ဖြစ်သည်။ ညစဉ်ရက်ဆက် တေးဂီတ၊ အကအခုန်တို့နှင့် ညှို့ခေါ်ပြီး ဖမ်းစားလျက် ဤမြို့၏ ကြွယ်ဝခြင်းက လူတို့ကို စွဲမက်ခြင်းနှင့် ရူးသွပ်ခြင်းတို့ ဖြစ်စေခဲ့သည်။ ထိုမြို့၏ ဆိုးယုတ်မှုက လူတို့၏နှလုံးသားကို တိုက်စားခဲ့ပြီး လူတို့ကို အကျင့်ပျက်ပြားသွားအောင် ဖမ်းစားခဲ့သည်။ ထိုမြို့သည် မသန့်ရှင်းဘဲ ဆိုးယုတ်သည့် ဝိညာဉ်များ သွားလာရမ်းကားနေသည့် မြို့တစ်မြို့ဖြစ်ခဲ့သည်။ ထိုမြို့သည် အပြစ်တရားအပြင် သတ်ဖြတ်ခြင်းတို့နှင့် ပြည့်လျှံနေခဲ့ပြီး လေထုသည်လည်း သွေးနံ့၊ အပုပ်နံ့တထောင်းထောင်းနှင့် ထူထပ်သိပ်သည်းနေခဲ့သည်။ ထိုမြို့သည် လူတို့ကို ကျောချမ်းစေသည့် မြို့တစ်မြို့၊ အထိတ်တလန့် ပြန်ထွက်ပြေးစေသည့် မြို့တစ်မြို့ဖြစ်သည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ လူငယ်ဖြစ်စေ၊ လူအိုဖြစ်စေ ထိုမြို့ထဲရှိ မည်သူကမျှ မှန်သော လမ်းခရီးကို မရှာဖွေခဲ့ကြပေ။ မည်သူကမျှ အလင်းကို မတောင့်တခဲ့ကြ၊ သို့တည်းမဟုတ် အပြစ်လုပ်ရန် ငြင်းဆန်ဖို့ ဆန္ဒမရှိခဲ့ကြပေ။ သူတို့သည် စာတန်၏ထိန်းချုပ်မှုအောက်၊ စာတန်၏ဖောက်ပြန်ပျက်စီးမှုနှင့် လှည့်စားမှုတို့အောက်၌ အသက်ရှင်နေထိုင်ခဲ့ကြသည်။ သူတို့၏လူ့သဘာဝ ပျောက်ဆုံးသွားခဲ့သည်။ သူတို့၏အသိစိတ် ပျောက်ဆုံးသွားခဲ့သည်။ ထို့အပြင် လူသား၏ မူလဖြစ်တည်မှုပန်းတိုင် ပျောက်ဆုံးသွားခဲ့သည်။ ဘုရားသခင်ကို အတိုက်အခံပြုသည့် မရေမတွက်နိုင်သော ဆိုးသွမ်းလုပ်ရပ်များကို သူတို့ကျူးလွန်ခဲ့ကြသည်။ ဘုရားသခင်၏လမ်းညွှန်မှုကို သူတို့ငြင်းဆန်ပြီး သူ၏အလိုတော်ကို ဆန့်ကျင်ခဲ့ကြသည်။ ဤလူများ၊ ဤမြို့နှင့် မြို့ထဲ၌ရှိသည့် သက်ရှိအရာတိုင်းကို ပျက်စီးခြင်းလမ်းသို့ တစ်ဆင့်ပြီးတစ်ဆင့် သယ်ယူသွားသည်မှာ သူတို့၏ ဆိုးသွမ်းလုပ်ရပ်များပင်ဖြစ်သည်။
ဤကျမ်းပိုဒ်နှစ်ပိုဒ်တွင် သောဒုံမြို့သားတို့၏ ဖောက်ပြန်ပျက်စီးခြင်း အတိုင်းအတာနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်အားလုံးကို မှတ်တမ်းမတင်ထားဘဲ ထိုအစား မြို့ထဲကို ဘုရားသခင်၏အစေခံနှစ်ယောက် ရောက်လာပြီးနောက်ပိုင်း သူတို့အပေါ် မြို့သားတို့၏ အပြုအမူများကိုသာ မှတ်တမ်းတင်ထားသော်ငြားလည်း သောဒုံမြို့သားတို့ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်ပြီး ဘုရားသခင်ကို ဆန့်ကျင်ခဲ့ကြသော အတိုင်းအတာကို ဖွင့်ပြသည့် ရိုးရှင်းသော အချက်အလက်တစ်ခုရှိသည်။ ဤအချက်နှင့် မြို့သားတို့၏ စရိုက်အမှန်နှင့် အနှစ်သာရအမှန်သည်လည်း ဖော်ထုတ်ခြင်းကို ခံခဲ့ရသည်။ ဤလူတို့သည် ဘုရားသခင်၏ သတိပေးချက်ကို လက်မခံခဲ့ရုံသာမကဘဲ သူ၏ပြစ်ဒဏ်ခတ်မှုကိုလည်း မကြောက်ရွံ့ခဲ့ကြပေ။ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်၏ဒေါသကို သူတို့အထင်အမြင်သေးခဲ့ကြသည်။ သူတို့သည် ဘုရားသခင်ကို မျက်ကန်းတောတိုး ခုခံခဲ့ကြသည်။ ဘုရားသခင်က မည်သည့်အရာကို လုပ်ခဲ့သည်ဖြစ်စေ၊ သို့မဟုတ် မည်သို့လုပ်ခဲ့သည်ဖြစ်စေ သူတို့၏ရက်စက်သည့် သဘာဝက ပို၍သာ ပြင်းထန်လာသည့်အပြင် သူတို့သည် ဘုရားသခင်ကို အကြိမ်ကြိမ်အခါခါ ဆန့်ကျင်ခဲ့ကြသည်။ သောဒုံမြို့သားတို့သည် ဘုရားသခင်၏တည်ရှိမှု၊ သူ၏လာရောက်မှု၊ သူ၏ပြစ်ဒဏ်ခတ်မှုနှင့် ထိုထက်ပို၍ သူ၏သတိပေးချက်ကို ရန်လိုခဲ့ကြသည်။ သူတို့သည် အလွန့်အလွန် မာနထောင်လွှားခဲ့ကြသည်။ ဝါးမျိုပြီး အန္တရာယ်ပြု၍ရသည့် လူအားလုံးကို သူတို့သည် ဝါးမျိုပြီး အန္တရာယ်ပြုခဲ့ကြကာ ဘုရားသခင်၏ အစေခံတို့ကိုလည်း ထိုအတိုင်းပင် သူတို့ဆက်ဆံခဲ့ကြသည်။ သောဒုံမြို့သားတို့ ကျူးလွန်ခဲ့ကြသည့် ဆိုးသွမ်းလုပ်ရပ်အားလုံးနှင့်ပတ်သက်လာလျှင် ဘုရားသခင်၏အစေခံတို့ကို အန္တရာယ်ပြုခြင်းက ပြဿနာထုထည်ကြီး၏ တစ်စွန်းတစ်စမျှသာ ရှိသေးသည်။ ထို့ပြင် ထိုနည်းဖြင့် သူတို့ဖွင့်ပြခဲ့သည့် သူတို့၏ဆိုးယုတ်သော သဘာဝသည် စင်စစ်အားဖြင့် အပြောကျယ်သော ပင်လယ်ပြင်ကြီးထဲမှ ရေတစ်စက်မျှလောက်သာ ရှိသေးသည်။ ထို့ကြောင့် ဘုရားသခင်သည် သူတို့ကို မီးနှင့်ဖျက်ဆီးဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်အနေဖြင့် မြို့ကိုဖျက်ဆီးရန် ရေလွှမ်းမိုးခြင်းကို အသုံးမပြုသကဲ့သို့ ဟာရီကိန်းမုန်တိုင်း၊ ငလျင်၊ ဆူနာမီ၊ သို့မဟုတ် အခြားနည်းလမ်းတို့ကိုလည်း အသုံးမပြုခဲ့ပေ။ ဤမြို့ကို ဖျက်ဆီးဖို့ရန် ဘုရားသခင်က မီးကိုအသုံးပြုခဲ့ခြင်းသည် အဘယ်အရာကိုညွှန်ပြသနည်း။ ၎င်းသည် မြို့၏အကြွင်းမဲ့ပျက်စီးခြင်းကို ဆိုလိုသည်။ မြို့သည် ကမ္ဘာပေါ်မှ၊ ထို့ပြင် တည်ရှိခြင်းမှ လုံးဝပျောက်ကွယ်သွားသည်ဟု ဆိုလိုသည်။ ဤနေရာတွင် “ဖျက်ဆီးခြင်း” ဆိုသည်မှာ မြို့၏အသွင်သဏ္ဌာန်နှင့် ဖွဲ့စည်းတည်ဆောက်ပုံ၊ သို့မဟုတ် အပြင်ပိုင်းအသွင်အပြင်ကိုသာ ရည်ညွှန်းခြင်း မဟုတ်ဘဲ မြို့ထဲရှိ လူတို့၏ဝိညာဉ်များသည် လုံးလုံးလျားလျား အမြစ်ဖြတ်သုတ်သင်ခံရပြီး ဆက်လက်မတည်ရှိတော့ဟု ရည်ညွှန်းသည်။ ရိုးရိုးပြောရလျှင် မြို့နှင့်ဆက်စပ်နေသည့် လူအားလုံး၊ အဖြစ်အပျက်အားလုံးနှင့် အကြောင်းအရာအားလုံးက ဖျက်ဆီးခံခဲ့ရသည်။ ထိုမြို့သားတို့အတွက် နောက်ဘဝ၊ သို့မဟုတ် ပြန်လည်မွေးဖွားလာခြင်း ရှိမည်မဟုတ်ပေ။ ဘုရားသခင်သည် သူ၏ဖန်ဆင်းရာဖြစ်သည့် လူသားမျိုးနွယ်မှ သူတို့ကို ထာဝရကာလတိုင် အမြစ်ဖြတ်သုတ်သင်ခဲ့သည်။ မီးကိုအသုံးပြုခြင်းက ဤနေရာ၌ အပြစ်တရား၏ အဆုံးသတ်ကို ရည်ညွှန်းပြီး ထိုအရပ်၌ အပြစ်တရားကို ဟန့်တားလိုက်ကြောင်း ရည်ညွှန်းသည်။ ဤအပြစ်တရားက ဆက်တည်ရှိတော့မည် မဟုတ်သကဲ့သို့၊ ဆက်ပျံ့နှံ့တော့မည်လည်း မဟုတ်ပေ။ စာတန်၏ဆိုးယုတ်မှုက သူ့ကိုပြုစုပျိုးထောင်ပေးနေသည့် မြေဆီလွှာအပြင် သူနေဖို့နှင့် အသက်ရှင်ဖို့ နေရာတစ်နေရာကို ပေးအပ်ခဲ့သည့် သင်္ချိုင်းလည်း ပျောက်ဆုံးသွားပြီဟု ဆိုလိုသည်။ ဘုရားသခင်နှင့် စာတန်၏စစ်ပွဲ၌ မီးကို ဘုရားသခင်အသုံးပြုခြင်းက စာတန်ကို အမှတ်အသားလုပ်ခဲ့သည့် သူ၏အောင်ပွဲအမှတ်တံဆိပ်ပင် ဖြစ်သည်။ သောဒုံမြို့၏ ပျက်စီးခြင်းသည် လူသားကို ဖောက်ပြန်ပျက်စီးစေပြီး ဝါးမျိုခြင်းအားဖြင့် ဘုရားသခင်ကို ဆန့်ကျင်ရန်ဖြစ်သော စာတန်၏ရည်မှန်းချက်ရှိ ကြီးကျယ်သည့် ခြေလှမ်းမှားတစ်ခုဖြစ်သည်။ ထိုနည်းတူစွာပင် ၎င်းသည် လူသားမျိုးနွယ်၏ ကြီးထွားရင့်သန်လာမှု၌ လူသားအနေဖြင့် ဘုရားသခင်၏ လမ်းညွှန်မှုကို ငြင်းဆန်ပြီး မကောင်းမှုဒုစရိုက်ကို စိတ်လွတ်ကိုယ်လွတ် မွေ့လျော်ခဲ့သောအချိန်၏ ရှက်စရာကောင်းသည့် သင်္ကေတတစ်ခုလည်း ဖြစ်သည်။ ထို့အပြင် ၎င်းသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ စစ်မှန်သော ထုတ်ဖော်ပြချက်ဆိုင်ရာ မှတ်တမ်းတစ်ခုဖြစ်သည်။
မိုးကောင်းကင်မှ ဘုရားသခင် စေလွှတ်လိုက်သည့် မီးသည် သောဒုံမြို့ကို ပြာများအဖြစ် ပြောင်းပစ်လိုက်သည့်အခါ “သောဒုံ” ဟုခေါ်သည့်မြို့သည် ထို့နောက်တွင် မြို့ထဲရှိအရာခပ်သိမ်း မတည်ရှိတော့သကဲ့သို့ မတည်ရှိတော့ရန် ရည်ရွယ်သည်။ ထိုမြို့သည် ဘုရားသခင်၏ အမျက်နှင့် ဘုန်းအာနုဘော်ထဲ၌ ပျောက်ဆုံးသွားလျက် ဘုရားသခင်၏ ဒေါသအားဖြင့် ဖျက်ဆီးခံခဲ့ရသည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကြောင့် သောဒုံမြို့သည် ၎င်းနှင့်ထိုက်တန်သည့် အပြစ်ဒဏ်ခတ်မှုနှင့် ၎င်းဖြစ်ထိုက်သော နိဂုံးကို ရရှိခဲ့သည်။ သောဒုံမြို့၏တည်ရှိမှု အဆုံးသတ်ရခြင်းက ၎င်း၏ဆိုးယုတ်မှုကြောင့်ဖြစ်ပြီး ဤမြို့နှင့် ဤမြို့ထဲ၌နေထိုင်ခဲ့သည့် လူတိုင်း၊ သို့မဟုတ် မြို့ထဲ၌ ပေါက်ဖွားလာခဲ့သည့် သက်ရှိအရာမှန်သမျှကို ဘယ်တော့မျှ မကြည့်ရှုလိုတော့သည့် ဘုရားသခင်၏ဆန္ဒကြောင့်လည်းဖြစ်သည်။ “ဤမြို့ကို ဘယ်တော့မျှ မကြည့်ရှုလိုတော့သည့်” ဘုရားသခင်၏ဆန္ဒသည် သူ၏အမျက်ဒေါသဖြစ်သည့်အပြင် သူ၏ဘုန်းအာနုဘော်လည်းဖြစ်သည်။ မြို့၏ဆိုးသွမ်းမှုနှင့် အပြစ်တရားတို့သည် သူ့ကို ဒေါသထွက်စေကာ ရွံရှာ၍ စက်ဆုပ်စေပြီး ထိုမြို့ကိုလည်းကောင်း၊ ထိုမြို့ထဲက လူမှန်သမျှ၊ သို့မဟုတ် သက်ရှိအရာမှန်သမျှတို့ကိုလည်းကောင်း လုံးဝမမြင်ချင်တော့အောင် ပြုလိုက်ခြင်းတို့ကြောင့် ဘုရားသခင်သည် ထိုမြို့ကို မီးလောင်ကျွမ်းစေခဲ့ခြင်း ဖြစ်သည်။ မြို့သည် လောင်ကျွမ်းပြီးသွားသောအခါ ပြာများသာ ကျန်ရစ်ခဲ့ပြီး ဘုရားသခင်၏အမြင်တွင် ထိုမြို့သည် အမှန်တကယ် မတည်ရှိတော့ပေ။ ဤမြို့နှင့်ပတ်သက်သည့် သူ၏မှတ်ဉာဏ်များသည်ပင်လျှင် မရှိတော့ပေ၊ ဖျောက်ဖျက်ခံလိုက်ရလေသည်။ ဤသည်မှာ မိုးကောင်းကင်မှ စေလွှတ်လိုက်သည့် မီးသည် သောဒုံတစ်မြို့လုံးကိုသာ ဖျက်ဆီးခဲ့ခြင်းမဟုတ်၊ မြို့ထဲရှိ အပြစ်တရားနှင့် ပြည့်နေသည့် လူတို့ကိုသာ ဖျက်ဆီးခဲ့ခြင်းမဟုတ်၊ မြို့ထဲရှိ အပြစ်တရားနှင့်စွန်းထင်းနေသည့် အရာအားလုံးတို့ကိုသာ ဖျက်ဆီးခဲ့ခြင်းမဟုတ်ဘဲ ထိုအရာများထက်ကျော်လွန်၍ ထိုမီးသည် ဘုရားသခင်ကို ဆန့်ကျင်သည့် လူသားမျိုးနွယ်၏ ဆိုးယုတ်မှုနှင့် ခုခံမှုတို့နှင့်ဆိုင်သော မှတ်ဉာဏ်များကိုလည်း ဖျက်ဆီးခဲ့သည်ဟု ဆိုလိုသည်။ ဤသည်မှာ မြို့ကို ဘုရားသခင်လောင်ကျွမ်းစေခြင်း၏ ရည်ရွယ်ချက်ဖြစ်သည်။
ဤလူသားမျိုးနွယ်သည် လွန်လွန်ကဲကဲ ဖောက်ပြန်ပျက်စီးလာခဲ့သည်။ ဘုရားသခင်က မည်သူဖြစ်သည်၊ သို့မဟုတ် သူတို့အနေဖြင့် မည်သည့်နေရာမှ လာသည်ဆိုခြင်းကို ဤလူတို့မသိခဲ့ကြပေ။ သူတို့အား ဘုရားသခင်အကြောင်းကို သင်ပြောလျှင် သူတို့သည် တိုက်ခိုက်ပြီး အသရေဖျက်ကြမည်ဖြစ်ကာ ဘုရားတရားကို ပုတ်ခတ်ပြောဆိုကြလိမ့်မည်။ ဘုရားသခင်၏ အစေခံများက ဘုရားသခင်၏ သတိပေးချက်ကို ဖြန့်ဖို့ရန် ရောက်လာကြသည့်အခါတွင်ပင် ဖောက်ပြန်ပျက်စီးသည့် ဤလူတို့သည် နောင်တရသည့် လက္ခဏာများကို မပြရုံသာမကဘဲ သူတို့၏ ဆိုးသွမ်းသည့် အပြုအမူများကို မစွန့်လွှတ်ခဲ့ကြပေ။ ဆန့်ကျင်ဘက်အနေနှင့် သူတို့သည် ဘုရားသခင်၏ အစေခံတို့ကို မျက်နှာပြောင်တိုက်၍ အန္တရာယ်ပြုခဲ့ကြသည်။ သူတို့ထုတ်ဖော်ကာ ဖွင့်ပြသည့်အရာများသည် ဘုရားသခင်အပေါ် လွန်လွန်ကဲကဲ ရန်လိုခြင်းနှင့်ပတ်သက်သည့် သူတို့၏သဘာဝ အနှစ်သာရတို့ပင်ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသည့် ဤလူတို့၏ ဘုရားသခင်ကို ခုခံမှုသည် သူတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖွင့်ပြခြင်းထက်ပိုကြောင်း တွေ့ရသည်၊ ယင်းခုခံမှုသည် အမှန်တရားကို နားလည်မှုမရှိခြင်းမှ အရင်းခံလာသည့် အသရေဖျက်မှု၊ သို့မဟုတ် လှောင်ပြောင်မှုဖြစ်ရပ်တစ်ခုထက် ပိုသကဲ့သို့ပင်ဖြစ်သည်။ မိုက်မဲခြင်း၊ သို့မဟုတ် ပညာမဲ့ခြင်းတို့ကြောင့် သူတို့၏ ဆိုးသွမ်းသည့် အပြုအမူ ဖြစ်ပေါ်လာခြင်းမဟုတ်ပေ။ ဤလူများသည် လှည့်ဖြားခံထားရခြင်းကြောင့် ဤကဲ့သို့ပြုမူကြခြင်းမဟုတ်ပေ။ ထို့ပြင် လှည့်စားခံထားရခြင်းကြောင့်လည်း မုချမဟုတ်ပေ။ သူတို့၏အပြုအမူသည် ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း အရှက်မရှိ မကြောက်မရွံ့ မုန်းတီးပြီး ဆန့်ကျင်ကာ ဆူပူသောင်းကျန်းသည့်အဆင့်ကို ရောက်နေခဲ့ချေပြီ။ ဤကဲ့သို့ လူသားအပြုအမူမျိုးက ဘုရားသခင်ကို အမျက်ထွက်စေပြီး ထိပါးခြင်း မပြုရမည့် စိတ်သဘောထားဖြစ်သော သူ၏စိတ်သဘောထားကိုလည်း အမျက်ထွက်စေမည်မှာ ယုံမှားဖွယ်ရာမရှိပေ။ ထို့ကြောင့် ဘုရားသခင်သည် သူ၏အမျက်ဒေါသနှင့် သူ၏ဘုန်းအာနုဘော်တို့ကို တိုက်ရိုက်ပင် ပွင့်ပွင့်လင်းလင်း ထုတ်လွှတ်လိုက်ခြင်းဖြစ်သည်။ ဤသည်မှာ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အမှန်တကယ် ထုတ်ဖော်ပြချက်ပင်ဖြစ်သည်။ အပြစ်တရားနှင့် ပြည့်လျှံနေသည့်မြို့ကို ရင်ဆိုင်ရပြီးနောက် ထိုမြို့ကို တတ်နိုင်သမျှ အမြန်ဆုံးနည်းလမ်းနှင့် ဖျက်ဆီးရန်၊ ထိုမြို့ထဲရှိ လူများနှင့် သူတို့၏အပြစ်အလုံးစုံကို အပြည့်စုံဆုံးနည်းလမ်းနှင့် အမြစ်ဖြတ်သုတ်သင်ရန်၊ မြို့သားများ မတည်ရှိတော့အောင်ပြုရန်နှင့် ထိုအရပ်ရှိ အပြစ်တရားကို ထပ်ဆင့်မပွားအောင် တားဆီးရန် ဘုရားသခင်ဆန္ဒရှိခဲ့သည်။ ဤကဲ့သို့လုပ်ရန် အမြန်ဆုံးနှင့် အပြည့်စုံဆုံးနည်းလမ်းမှာ မီးနှင့် လောင်ကျွမ်းစေခြင်းပင် ဖြစ်သည်။ သောဒုံမြို့သားများအပေါ် ဘုရားသခင်၏ သဘောထားသည် စွန့်ပစ်ခြင်း၊ သို့မဟုတ် လျစ်လျူရှုခြင်းတို့ မဟုတ်ခဲ့ပေ။ ထိုအစား သူသည် ဤလူတို့ကို အပြစ်ဒဏ်ခတ်ဖို့၊ ရိုက်ချဖို့နှင့် လုံးလုံးလျားလျား ဖျက်ဆီးဖို့ရန် သူ၏အမျက်ဒေါသ၊ ဘုန်းအာနုဘော်နှင့် သြဇာအာဏာကို အသုံးပြုခဲ့သည်။ သူတို့အပေါ်ထားသည့် ဘုရားသခင်၏ သဘောထားသည် ရုပ်ပိုင်းဆိုင်ရာကို ဖျက်ဆီးသည့် သဘောထားသာမကဘဲ ထာဝရ အမြစ်ဖြတ်သုတ်သင်ခြင်းဖြစ်သော ဝိညာဉ်ကို ဖျက်ဆီးသည့် သဘောထားလည်းဖြစ်သည်။ ဤသည်မှာ “မတည်ရှိတော့” ဟူသော စကားလုံးအားဖြင့် ဘုရားသခင်ဆိုလိုသောအရာ၏ သွယ်ဝိုက်အဓိပ္ပာယ်အမှန် ဖြစ်လေသည်။
ဘုရားသခင်၏ အမျက်ဒေါသသည် ဖုံးကွယ်ထားပြီး လူသားက မသိနိုင်သော်လည်း ထိုအရာသည် ထိပါးစော်ကားမှုကို သည်းမခံပေ
လူသားမျိုးနွယ်သည် မိုက်မဲပြီး ပညာမဲ့သော်လည်း လူသားမျိုးနွယ်တစ်ခုလုံးကို ဘုရားသခင်၏ ဆက်ဆံမှုက သနားကရုဏာနှင့် သည်းခံမှုအပေါ်၌ အဓိကအခြေခံထားသည်။ သူ၏အမျက်ဒေါသကိုမူ အချိန်အများစုနှင့် ဖြစ်ရပ်အများစု၌ ဖုံးကွယ်ထားပြီး ၎င်းကို လူသားက မသိပေ။ ရလဒ်အနေနှင့် ဘုရားသခင်က သူ၏အမျက်ဒေါသအား ဖော်ပြခြင်းကို မြင်ရဖို့ရန် လူသားအတွက် ခဲယဉ်းပြီး သူ၏အမျက်ဒေါသကို နားလည်ဖို့ရန်လည်း ခဲယဉ်းသည်။ ထိုသို့ဖြင့် လူသားသည် ဘုရားသခင်၏အမျက်ဒေါသကို ပေါ့ပေါ့တန်တန် သဘောထားလေ၏။ လူသားကို သည်းခံခြင်းနှင့် ခွင့်လွှတ်ခြင်းဆိုင်ရာ ဘုရားသခင်၏နောက်ဆုံးအမှုနှင့် အဆင့်ကို လူသားရင်ဆိုင်ရသည့်အခါ- ဆိုလိုသည်မှာ ဘုရားသခင်၏ နောက်ဆုံးသနားကရုဏာနှင့် သူ၏နောက်ဆုံးသတိပေးချက်တို့က လူသားတို့ထံ ရောက်လာသည့်အခါ- လူတို့အနေဖြင့် ဘုရားသခင်ကို ဆန့်ကျင်ဖို့ရန် ဤနည်းလမ်းကိုပင် အသုံးပြုဆဲဖြစ်ပြီး နောင်တရဖို့ရန်၊ သူတို့၏လမ်းများကို ပြင်ဆင်ဖို့ရန်နှင့် ဘုရားသခင်၏သနားကရုဏာကို လက်ခံဖို့ရန် မည်သည့်အားထုတ်မှုမျှ မပြုလုပ်ပါက ဘုရားသခင်သည် သူ၏သည်းခံမှုနှင့် စိတ်ရှည်မှုတို့ကို သူတို့အား ပေးသနားတော့မည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် ထိုအချိန်တွင် ဘုရားသခင်က သူ၏သနားကရုဏာကို ပြန်ရုပ်သိမ်းမည်ဖြစ်သည်။ ထို့နောက်တွင် သူ၏အမျက်ဒေါသကိုသာ သူစေလွှတ်လိမ့်မည်။ သူ၏အမျက်ဒေါသကို မတူညီသည့် နည်းလမ်းများဖြင့် သူဖော်ပြနိုင်၏။ လူတို့ကို အပြစ်ဒဏ်ခတ်ပြီး ဖျက်ဆီးဖို့ရန် မတူညီသည့် နည်းလမ်းများကို သူအသုံးပြုနိုင်သကဲ့သို့ပင်ဖြစ်သည်။
သောဒုံမြို့ကို ဖျက်ဆီးဖို့ရန် မီးကို ဘုရားသခင်အသုံးပြုခြင်းသည် လူသားမျိုးနွယ်၊ သို့မဟုတ် အခြားမည်သည့်အရာကိုမဆို လုံးလုံးလျားလျား အမြစ်ဖြတ်သည့် သူ၏အမြန်ဆုံးနည်းလမ်းပင်ဖြစ်သည်။ သောဒုံမြို့သားတို့ကို လောင်ကျွမ်းစေခြင်းက သူတို့၏ရုပ်ခန္ဓာများကိုသာ ဖျက်ဆီးခဲ့ခြင်းမဟုတ်ပေ။ မြို့ထဲရှိ လူတို့သည် ရုပ်လောကနှင့် လူသားတို့မမြင်နိုင်သည့်လောက နှစ်ခုစလုံး၌ မတည်ရှိတော့စေရေးအတွက် သူတို့၏ဝိညာဉ်၊ သူတို့၏စိတ်နှင့် သူတို့၏ကိုယ်ခန္ဓာအလုံးစုံတို့ကို ဖျက်ဆီးခဲ့သည်။ ဤသည်မှာ ဘုရားသခင်က သူ့အမျက်ဒေါသကို ထုတ်ဖော်သည့်နည်းနှင့် ဖော်ပြသည့်နည်းတစ်ခုဖြစ်သည်။ ဤထုတ်ဖော်ခြင်းနှင့် ဖော်ပြခြင်းပုံစံက ဘုရားသခင်၏အမျက်ဒေါသဆိုင်ရာ အနှစ်သာရ၏ ရှုထောင့်တစ်ခုဖြစ်သည်။ ၎င်းသည် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အနှစ်သာရကို ထုတ်ဖော်ခြင်း အလိုအလျောက် ဖြစ်သကဲ့သို့ပင်ဖြစ်သည်။ ဘုရားသခင်က သူ၏အမျက်ဒေါသကို ထုတ်လွှတ်သည့်အခါ သူသည် မည်သည့်သနားကရုဏာ၊ သို့မဟုတ် မည်သည့်စာနာသနားမှုကိုမျှ မထုတ်ဖော်ပြတော့သကဲ့သို့ သူ၏သည်းခံခြင်း၊ သို့တည်းမဟုတ် စိတ်ရှည်ခြင်းတို့ကိုလည်း ထပ်မပြတော့ပေ။ သူ့ကို ဆက်ပြီး စိတ်ရှည်စေဖို့၊ သူ၏သနားကရုဏာကို ထပ်ပေးဖို့၊ သူ၏သည်းခံခြင်းကို နောက်တစ်ကြိမ် ပေးသနားဖို့ ဖျောင်းဖျနိုင်သည့် လူ၊ အရာဝတ္ထု၊ သို့မဟုတ် အကြောင်းပြချက်တို့ မရှိပေ။ ဤအရာများအစား ဘုရားသခင်သည် ခဏလေးမျှ တုံ့ဆိုင်းခြင်းမရှိဘဲ သူဆန္ဒရှိသည့်အတိုင်းပြုလျက် သူ၏အမျက်ဒေါသနှင့် ဘုန်းအာနုဘော်တို့ကို စေလွှတ်လိမ့်မည်။ သူသည် သူ၏ကိုယ်ပိုင်ဆန္ဒနှင့်အညီ လျင်မြန်ပြီး ရှင်းလင်းသည့်ပုံစံနှင့် ဤအရာများကို လုပ်ဆောင်လိမ့်မည်။ ဤသည်မှာ လူသားအနေဖြင့် ထိပါးခြင်း မပြုလုပ်ရသည့် သူ၏အမျက်ဒေါသနှင့် ဘုန်းအာနုဘော်ကို ဘုရားသခင်ထုတ်လွှတ်သည့် နည်းလမ်းဖြစ်သည်။ ထို့ပြင် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ ရှုထောင့်တစ်ခု၏ ဖော်ပြချက်လည်း ဖြစ်သည်။ ဘုရားသခင်က လူသားအပေါ် ပူပန်ခြင်းနှင့် ချစ်ခြင်းတို့ ပြသည်ကို လူတို့မြင်သောအခါ သူတို့သည် သူ၏အမျက်ဒေါသကို သတိမပြုမိနိုင်ကြ၊ သူ၏ဘုန်းအာနုဘော်ကို မမြင်နိုင်ကြ၊ သို့တည်းမဟုတ် ထိပါးစော်ကားမှုအပေါ် သူ၏သည်းမခံခြင်းကို မခံစားနိုင်ကြပေ။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် သနားကရုဏာ၊ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာသက်သက်ပင် ဖြစ်သည်ဟု ဤအရာများက လူတို့ကို ယုံကြည်သွားစေခဲ့သည်။ သို့သော်လည်း ဘုရားသခင်က မြို့တစ်မြို့ကို ဖျက်ဆီးခြင်း၊ သို့မဟုတ် လူသားမျိုးနွယ်တစ်စုကို ရွံမုန်းခြင်းကို တစ်ဦးတစ်ယောက်က တွေ့ရသည့်အခါ လူသားကို ဖျက်ဆီးခြင်းထဲရှိ သူ၏အမျက်ဒေါသနှင့် သူ၏ဘုန်းအာနုဘော်တို့က လူတို့အား သူ၏ဖြောင့်မတ်သည့် စိတ်သဘောထား၏ အခြားတစ်ဖက်ကို ရိပ်ခနဲမြင်စေသည်။ ဤသည်မှာ ထိပါးစော်ကားခြင်းကို ဘုရားသခင်၏ သည်းမခံခြင်းဖြစ်သည်။ ထိပါးစော်ကားခြင်းကို သည်းမခံသည့် ဘုရားသခင်၏ စိတ်သဘောထားသည် မည်သည့်ဖန်ဆင်းခံသတ္တဝါမဆို၏ စိတ်ကူးနိုင်စွမ်းထက် သာလွန်သည်။ ဖန်ဆင်းခံမဟုတ်သည့် သတ္တဝါများထဲ၌ မည်သူကမျှ ထိုအရာကို ဝင်စွပ်ဖက်ခြင်း၊ သို့မဟုတ် ထိခိုက်စေခြင်းတို့ မပြုလုပ်နိုင်ပေ။ ထို့ပြင် ထိုအရာကို တူအောင်တုခြင်း၊ သို့တည်းမဟုတ် အတုခိုးခြင်းလည်း သာ၍ပင် မပြုလုပ်နိုင်ကြပေ။ ထို့ကြောင့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ပတ်သက်သည့် ဤရှုထောင့်သည် လူသားမျိုးနွယ် အသိသင့်ဆုံးသော ရှုထောင့်တစ်ခုဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင်၌သာ ဤကဲ့သို့စိတ်သဘောထားမျိုးရှိသည်။ ထို့ပြင် ဘုရားသခင်ကိုယ်တော်တိုင်သာလျှင် ဤကဲ့သို့စိတ်သဘောထားမျိုးကို ပိုင်ဆိုင်သည်။ ဘုရားသခင်သည် ဆိုးသွမ်းမှု၊ အမှောင်ထု၊ ပုန်ကန်ခြင်းနှင့် စာတန်၏ ဆိုးယုတ်သော လုပ်ရပ်များကို- လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေပြီး ဝါးမျိုခြင်း- စက်ဆုပ်ရွံရှာသည့်အတွက်ကြောင့်၊ သူနှင့်ဆန့်ကျင်သည့် အပြစ်၏လုပ်ရပ်အားလုံးကို စက်ဆုပ်ရွံရှာသည့်အတွက်ကြောင့်၊ ထို့ပြင် သူ၏သန့်ရှင်းပြီး ညစ်ညမ်းခြင်းမရှိသည့် အနှစ်သာရကြောင့် ဘုရားသခင်သည် ထိုသို့သောဖြောင့်မတ်သည့် စိတ်သဘောထားကို ပိုင်ဆိုင်သည်။ ဤအကြောင်းကြောင့် ဖန်ဆင်းခံ၊ သို့တည်းမဟုတ် ဖန်ဆင်းခံမဟုတ်သည့် သတ္တဝါတို့က သူ့အား ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခြင်းကိုသော်လည်းကောင်း ယှဉ်ပြိုင်ခြင်းများကိုသော်လည်းကောင်း သူခံမည်မဟုတ်ခြင်းဖြစ်သည်။ တစ်ခါက သူသနားကရုဏာပြခဲ့ဖူးသည့်၊ သို့မဟုတ် သူရွေးချယ်ခဲ့ဖူးသည့် လူပုဂ္ဂိုလ်ပင်လျှင် သူ၏စိတ်သဘောထားကို ရန်စပြီး သူ၏စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းဆိုင်ရာ အခြေခံမူများကို ဖောက်ဖျက်လိုက်သည်နှင့် သူသည် သနားကရုဏာ၊ သို့တည်းမဟုတ် တွန့်ဆုတ်ခြင်းတို့ အနည်းငယ်မျှမရှိဘဲ ထိပါးစော်ကားမှုကို သည်းမခံသော သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ထုတ်လွှတ်ပြီး ထုတ်ဖော်ပြလိမ့်မည်။
ဘုရားသခင်၏ အမျက်ဒေါသသည် တရားမျှတသည့် စွမ်းအားခပ်သိမ်းနှင့် အပြုသဘောဆောင်သည့် အရာခပ်သိမ်းအတွက် အကွယ်အကာဖြစ်သည်
ဘုရားသခင်၏ မိန့်ကြားချက်၊ အတွေးများနှင့် လုပ်ဆောင်ချက်များ၏ ဤဥပမာများကို နားလည်ခြင်းအားဖြင့် လူသား၏ထိပါးစော်ကားခြင်းကို သည်းခံမည်မဟုတ်သော စိတ်သဘောထားဖြစ်သည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သင်နားလည်နိုင်သလော။ အတိုချုပ်ဆိုရလျှင် လူသားအနေဖြင့် မည်မျှပင်နားလည်နိုင်သည်ဖြစ်စေ ဤသည်မှာ ဘုရားသခင်ကိုယ်တော်တိုင်၏ စိတ်သဘောထားဆိုင်ရာ ရှုထောင့်တစ်ခုဖြစ်ပြီး ယင်းက အတုမရှိပေ။ ထိပါးစော်ကားခြင်းအပေါ် ဘုရားသခင်၏သည်းမခံခြင်းသည် သူ၏အတုမရှိသော အနှစ်သာရဖြစ်သည်။ ဘုရားသခင်၏အမျက်ဒေါသသည် သူ၏အတုမရှိသော စိတ်သဘောထားဖြစ်သည်။ ဘုရားသခင်၏ဘုန်းအာနုဘော်သည် သူ၏အတုမရှိသော အနှစ်သာရဖြစ်သည်။ ဘုရားသခင်၏ ဒေါသနောက်ကွယ်ရှိ နိယာမသည် သူသာလျှင်ပိုင်ဆိုင်သည့် သူ၏ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်တို့၏ ထုတ်ဖော်ချက်ဖြစ်သည်။ ဤနိယာမသည် အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရဆိုင်ရာ သင်္ကေတတစ်ခုလည်းဖြစ်ကြောင်းကို ပြောစရာမလိုပေ။ ဘုရားသခင်၏ စိတ်သဘောထားသည် သူ၏ကိုယ်ပိုင်ရှိရင်းစွဲအနှစ်သာရဖြစ်ပြီး ယင်းသည် အချိန်ကုန်လွန်သည်နှင့် လိုက်ပြောင်းလဲခြင်းလုံးဝမရှိသကဲ့သို့ တည်နေရာ အပြောင်းအလဲများကိုလိုက်၍လည်း မပြောင်းလဲပေ။ သူ၏ရှိရင်းစွဲစိတ်သဘောထားသည် သူ၏ပင်ကိုအနှစ်သာရဖြစ်သည်။ သူ၏အမှုကို မည်သူ့အပေါ်၌ သူပြုသည်ဖြစ်စေ သူ၏အနှစ်သာရသည် မပြောင်းလဲသကဲ့သို့ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားသည်လည်း မပြောင်းလဲချေ။ လူတစ်ယောက်သည် ဘုရားသခင်ကို ဒေါသထွက်စေသည့်အခါ ဘုရားသခင်ထုတ်လွှတ်သည့်အရာသည် သူ၏ရှိရင်းစွဲစိတ်သဘောထားဖြစ်သည်။ ဤအချိန်၌ သူ့ဒေါသနောက်ကွယ်မှ အခြေခံမူက မပြောင်းလဲသကဲ့သို့ သူ၏အတုမရှိသည့် ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်တို့ကလည်း မပြောင်းလဲပေ။ သူ၏အနှစ်သာရက ပြောင်းလဲသောကြောင့်၊ သို့မဟုတ် သူ၏စိတ်သဘောထားမှ မတူညီသည့် သဘောတရားများ ထွက်ပေါ်လာသောကြောင့် သူဒေါသထွက်လာခြင်း မဟုတ်ဘဲ သူ့အပေါ် လူသား၏ ဆန့်ကျင်မှုသည် သူ၏စိတ်သဘောထားကို ထိပါးစော်ကားသောကြောင့်ဖြစ်၏။ ဘုရားသခင်ကို လူသား၏ ပြောင်ပြောင်တင်းတင်း ရန်စခြင်းက ဘုရားသခင်၏ ကိုယ်ပိုင်ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်အတွက် အလွန်ပြင်းထန်သည့် စိန်ခေါ်မှုတစ်ခုပင် ဖြစ်သည်။ ဘုရားသခင်၏အမြင်တွင် လူသားက သူ့ကို စိန်ခေါ်သည့်အခါ လူသားသည် သူ့ကိုယှဉ်ပြိုင်နေခြင်းဖြစ်ပြီး သူ၏ဒေါသကို အကဲစမ်းနေခြင်းဖြစ်သည်။ လူသားက ဘုရားသခင်ကို ဆန့်ကျင်သည့်အခါ၊ လူသားက ဘုရားသခင်ကို ယှဉ်ပြိုင်သည့်အခါ၊ လူသားက ဘုရားသခင်၏ ဒေါသကို အဆက်မပြတ် အကဲစမ်းသည့်အခါ- ဤကဲ့သို့သောအချိန်မျိုးမှာ အပြစ်တရားထကြွသောင်းကျန်းသည့် အချိန်ဖြစ်သည်- ဘုရားသခင်၏ အမျက်ဒေါသသည် အလိုအလျောက် ထုတ်ဖော်ပြီး ထွက်ပေါ်လာလိမ့်မည်။ ထို့ကြောင့် သူ၏အမျက်ဒေါသကို ဘုရားသခင်၏ဖော်ပြချက်က ဆိုးယုတ်သော စွမ်းအားခပ်သိမ်းသည် မတည်ရှိတော့မည့် သင်္ကေတတစ်ခုဖြစ်ပြီး ရန်လိုသည့် စွမ်းအားခပ်သိမ်းသည် ဖျက်ဆီးခံရမည့် သင်္ကေတတစ်ခုဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အတုမရှိမှုနှင့် ဘုရားသခင့်အမျက်ဒေါသ၏ အတုမရှိမှုဖြစ်သည်။ ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် သန့်ရှင်းခြင်းတို့ စိန်ခေါ်ခံရသည့်အခါ၊ လူသားက တရားမျှတမှု၏ စွမ်းအားများကို ပိတ်ဆို့ထားပြီး ၎င်းတို့ကို မမြင်သည့်အခါ ဘုရားသခင်သည် သူ၏အမျက်ဒေါသကို စေလွှတ်လိမ့်မည်။ ဘုရားသခင်ကို ယှဉ်ပြိုင်သည့်၊ သူ့ကိုဆန့်ကျင်ပြီး သူ့ကိုရင်ဆိုင်သည့် စွမ်းအားခပ်သိမ်းသည် ဘုရားသခင်၏ အနှစ်သာရကြောင့် ဆိုးယုတ်ကာ ဖောက်ပြန်ပျက်စီးပြီး မတရားကြပေ။ ၎င်းတို့သည် စာတန်ထံမှလာပြီး စာတန်နှင့်သက်ဆိုင်၏။ ဘုရားသခင်သည် တရားမျှတပြီး အလင်းဖြစ်သည့်အပြင် အပြစ်အနာအဆာကင်းမဲ့စွာ သန့်စင်မွန်မြတ်သောကြောင့် ဘုရားသခင်၏ အမျက်ဒေါသကို ထုတ်လွှတ်လိုက်သောအခါ ဆိုးယုတ်၍ ဖောက်ပြန်ပျက်စီးပြီး စာတန်နှင့်သက်ဆိုင်သည့် အရာအားလုံးသည် ပျောက်ကွယ်သွားလိမ့်မည်။
ဘုရားသခင်၏ အမျက်ဒေါသကို သွန်ချခြင်းက သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ ဖော်ပြချက်၏ ရှုထောင့်တစ်ခုဖြစ်သော်လည်း ဘုရားသခင်၏ဒေါသသည် ၎င်း၏ပစ်မှတ်အပေါ် မဆင်မခြင်လုပ်ခြင်း လုံးဝမရှိသကဲ့သို့၊ အခြေခံမူမပါဘဲ လုပ်ခြင်းလည်း လုံးဝမရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်က အမျက်ထွက်ရာ၌ လျင်မြန်ခြင်း လုံးဝမရှိသကဲ့သို့ သူ၏အမျက်ဒေါသနှင့် သူ၏ဘုန်းအာနုဘော်ကို ပေါ့ပေါ့တန်တန် ထုတ်ဖော်ခြင်းလည်း မပြုပေ။ ထို့အပြင် ဘုရားသခင်၏ အမျက်ဒေါသသည် အတော်ပင် ထိန်းထိန်းချုပ်ချုပ်ရှိပြီး ချင့်ချင့်ချိန်ချိန် ရှိသည်။ လူသား၏ ထောင်းခနဲ ဒေါသူပုံထတတ်ပုံမျိုး၊ သို့မဟုတ် ဒေါသအိုး ပေါက်ကွဲပုံမျိုးနှင့် လုံးဝနှိုင်းယှဉ်၍မရပေ။ လူသားနှင့် ဘုရားသခင်တို့၏ စကားစမြည်ပြောဆိုမှုများစွာကို သမ္မာကျမ်းစာထဲ၌ မှတ်တမ်းတင်ထားသည်။ ထိုစကားစမြည်ပြောဆိုမှုများထဲတွင် ပါဝင်သော လူပုဂ္ဂိုလ်အချို့၏ စကားလုံးများက ပေါ့တန်ကာ ပညာမဲ့ပြီး ကလေးကလားဆန်သည်။ သို့သော်လည်း ဘုရားသခင်က သူတို့ကို ရိုက်မချသကဲ့သို့ သူတို့ကို ရှုတ်လည်း မရှုတ်ချခဲ့ပေ။ အထူးသဖြင့် ယောဘစမ်းသပ်ခံရသည့်ကာလအတောအတွင်း၌ ယောဘ၏ မိတ်ဆွေသုံးယောက်နှင့် အခြားလူများက ယောဘကို ပြောခဲ့သည့် စကားများကို ယေဟောဝါဘုရားသခင်က ကြားပြီးနောက်တွင် ထိုသူတို့ကို သူမည်သို့ဆက်ဆံခဲ့သနည်း။ သူတို့ကို သူရှုတ်ချခဲ့သလော။ သူတို့အပေါ် ဒေါသူပုန်ထခဲ့သလော။ ထိုသို့ ဘာတစ်ခုမျှ သူမလုပ်ခဲ့ပေ။ ထိုအစား သူတို့ကိုယ်စား အသနားခံတောင်းလျှောက်ဖို့၊ သူတို့အတွက် ဆုတောင်းပေးဖို့ ယောဘကို ဘုရားသခင်ပြောခဲ့ပြီး သူကိုယ်တော်တိုင်ကမူ သူတို့အမှားများကို ဗွေမယူခဲ့ပေ။ ဤဖြစ်ရပ်များအားလုံးသည် လက်ရှိအခြေအနေအတိုင်း ဖောက်ပြန်ပျက်စီး၍ ပညာမဲ့သည့် လူသားမျိုးနွယ်ကို ဘုရားသခင်က ဆက်ဆံသည့် အဓိကသဘောထားကို ကိုယ်စားပြုသည်။ ထို့ကြောင့် ဘုရားသခင်၏ အမျက်ဒေါသကို ထုတ်လွှတ်ခြင်းက သူ့စိတ်နေစိတ်ထား၏ ဖော်ပြချက် လုံးဝမဟုတ်သကဲ့သို့၊ သူ၏ခံစားချက်များကို ဖွင့်ချခြင်းလည်း လုံးဝမဟုတ်ပေ။ ဘုရားသခင်၏ အမျက်ဒေါသက လူသားနားလည်သကဲ့သို့ လုံးလုံး ဒေါသပေါက်ကွဲခြင်း မဟုတ်ပေ။ ဘုရားသခင်က သူ၏ကိုယ်ပိုင်စိတ်နေစိတ်ထားကို မထိန်းချုပ်နိုင်၍၊ သို့မဟုတ် သူ၏ဒေါသက ရေဆူမှတ်ကိုရောက်သွားပြီး ဖွင့်ချမှရတော့မည်ဖြစ်၍ သူ၏အမျက်ဒေါသကို ထုတ်လွှတ်ခြင်းမဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူ၏အမျက်ဒေါသသည် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ ပြသချက်ဖြစ်ပြီး စစ်မှန်သည့် ဖော်ပြချက်ဖြစ်သည်။ ထို့ပြင် ဤသည်မှာ သူ၏သန့်ရှင်းသည့် အနှစ်သာရနှင့် သက်ဆိုင်သည့် ပုံဆောင်ထုတ်ဖော်ခြင်းပင် ဖြစ်သည်။ ဘုရားသခင်သည် အမျက်ဒေါသဖြစ်၏။ ထို့ပြင် သူသည် ထိပါးစော်ကားမှုကို သည်းမခံပေ- ဤသည်မှာ ဘုရားသခင်၏ဒေါသသည် အကြောင်းတရားများကို ခွဲခြားမှုမရှိဟုလည်းကောင်း၊ အခြေခံမူမရှိဟုလည်းကောင်း မဆိုလိုပေ။ အကြောင်းတရားများကို မခွဲခြားသော ဒေါသပေါက်ကွဲခြင်းမျိုးဖြစ်သည့် အခြေခံမူမရှိဘဲ ကြုံသလို ဒေါသအိုးပေါက်ကွဲခြင်းမျိုးကို ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်က အထူးသီးသန့် မူပိုင်ခွင့်ယူထား၏။ လူတစ်ယောက်၌ ဂုဏ်ဒြပ်ရှိသွားသည်နှင့် ထိုသူသည် သူ၏စိတ်နေစိတ်ထားကို ထိန်းချုပ်ဖို့ရန် မကြာခဏပင် အခက်တွေ့လိမ့်မည်။ ထို့ကြောင့် သူ၏မကျေနပ်မှုကို ဖော်ပြပြီး သူ၏ခံစားချက်များကို ဖွင့်ချဖို့ရန် အခွင့်အရေးများကို ပျော်ပျော်ကြီးနှင့် အမိအရ သူဆုပ်ကိုင်လိမ့်မည်။ သူ၏အရည်အချင်းကို ထုတ်ဖော်ပြရန်အပြင် သူ၏ဂုဏ်ဒြပ်နှင့် ဝိသေသလက္ခဏာများသည် သာမန်လူတို့နှင့် မတူကွဲပြားကြောင်း အခြားလူများ သိစေဖို့ရန်အတွက် သူသည် သိသာသည့် အကြောင်းပြချက်မရှိပါဘဲနှင့် မကြာခဏ ထောင်းခနဲ ဒေါသူပုန်ထပြလိမ့်မည်။ မှန်ပေ၏၊ ဂုဏ်ဒြပ်မရှိသော ဖောက်ပြန်ပျက်စီးသည့် လူတို့က မကြာခဏ ထိန်းမနိုင်သိမ်းမရဖြစ်ကြလိမ့်မည်။ သူတို့၏ကိုယ်ပိုင်အကျိုးစီးပွားများ ထိခိုက်ပျက်စီးမှုကြောင့် သူတို့သည် မကြာခဏ ဒေါသထွက်ကြသည်။ သူတို့၏ ကိုယ်ပိုင်ဂုဏ်ဒြပ်နှင့် ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် ၎င်းတို့သည် မိမိတို့၏ခံစားချက်များကို မကြာခဏဖွင့်ချပြီး မိမိတို့၏မာနထောင်လွှားသည့် သဘာဝကို ထုတ်ဖော်ပြလိမ့်မည်။ လူသားသည် အပြစ်တရား၏ ဖြစ်တည်မှုကို ကာကွယ်ရန်နှင့် ထိန်းသိမ်းရန်အလို့ငှာ ထောင်းခနဲ ဒေါသအိုးပေါက်ကွဲပြီး သူ၏ခံစားချက်များကို ဖွင့်ချလိမ့်မည်။ ဤလုပ်ရပ်များသည် လူသားက သူ၏မကျေနပ်မှုကို ဖော်ပြသည့် နည်းလမ်းများဖြစ်သည်။ ၎င်းတို့သည် မစင်ကြယ်ခြင်းများ၊ လျှို့ဝှက်ကြံစည်ခြင်းများနှင့် ခြေပုန်းခုတ်ခြင်းများ၊ လူသား၏ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုးယုတ်ခြင်းတို့နှင့် ပြည့်လျှံနေပြီး၊ အခြားမည်သည့်အရာထက်မဆို လူသား၏ ခက်ထန်သည့် ရည်မှန်းချက်များ၊ ဆန္ဒများနှင့် ပြည့်လျှံနေသည်။ တရားမျှတမှုသည် ဆိုးသွမ်းမှုနှင့် ထိပ်တိုက်တွေ့သည့်အခါ၌ လူသားသည် တရားမျှတမှု၏ ဖြစ်တည်မှုကို ကာကွယ်ရန်သော်လည်းကောင်း၊ ထိန်းသိမ်းရန်သော်လည်းကောင်း ဒေါသူပုန်ထလိမ့်မည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် တရားမျှတခြင်း၏ စွမ်းအားတို့ ခြိမ်းခြောက်ခံရသည့်အခါ၊ ညှဉ်းဆဲခံရပြီး တိုက်ခိုက်ခံရသည့်အခါ လူသား၏သဘောထားသည် လျစ်လျူရှုခြင်း၊ ရှောင်ကြဉ်ခြင်း၊ သို့မဟုတ် တွန့်ဆုတ်ခြင်းတို့ ဖြစ်သည်။ သို့သော်လည်း ဆိုးယုတ်မှု၏ စွမ်းအားများနှင့် ရင်ဆိုင်ရသည့်အခါ လူသား၏သဘောထားသည် ဖြည့်ဆည်းပေးခြင်း၊ မျက်နှာချိုသွေးခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် လူသား၏ စိတ်ဖွင့်ချခြင်းသည် ဆိုးယုတ်သည့် စွမ်းအားတို့အတွက် လွတ်လမ်းတစ်လမ်းဖြစ်ပြီး ဇာတိပကတိလူသားတို့၏ ထကြွသောင်းကျန်းနေပြီး တားဆီး၍မရသော ဆိုးယုတ်သည့်အပြုအမူဆိုင်ရာ ဖော်ပြချက်တစ်ခုဖြစ်သည်။ သို့သော်လည်း ဘုရားသခင်က သူ၏အမျက်ဒေါသကို ထုတ်လွှတ်သည့်အခါ ဆိုးယုတ်သည့် စွမ်းအားခပ်သိမ်းသည် ရပ်သွားလိမ့်မည်။ လူသားကို အန္တရာယ်ပြုသည့် အပြစ်တရားအားလုံးသည် ရပ်တန့်သွားလိမ့်မည်။ ဘုရားသခင်၏အမှုကို ပိတ်ပင်တားဆီးသည့် ရန်လိုသောစွမ်းအားခပ်သိမ်းသည် သိသာထင်ရှားလာမည်၊ ကွဲပြားလာပြီး ကျိန်ဆဲခြင်းကိုခံရမည်။ ထို့ပြင် ဘုရားသခင်ကို ဆန့်ကျင်သည့် စာတန်၏ ကြံရာပါအားလုံးသည် အပြစ်ဒဏ်ခတ်ခံရမည်ဖြစ်ပြီး အမြစ်ပါမကျန် ဖယ်ရှားခံရမည်ဖြစ်သည်။ သူတို့၏နေရာတွင် ဘုရားသခင်၏အမှုသည် ပိတ်ပင်တားဆီးမှုတို့ မရှိဘဲ ရှေ့ဆက်လိမ့်မည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်သည် စီစဉ်ထားချက်နှင့်အညီ တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက် တိုးတက်ဖြစ်ပေါ်လာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ရွေးချယ်ထားသည့် လူများသည် စာတန်၏နှောင့်ယှက်ခြင်းနှင့် လှည့်စားခြင်းမှ လွတ်ကင်းလိမ့်မည်။ ထို့ပြင် ဘုရားသခင်၏နောက်ကို လိုက်သူများသည် ငြိမ်သက် အေးချမ်းသည့် ပတ်ဝန်းကျင်ထဲတွင် ဘုရားသခင်၏ ဦးဆောင်မှုနှင့် အထောက်အပံ့ကို မွေ့လျော်ကြရလိမ့်မည်။ ဘုရားသခင်၏ အမျက်ဒေါသသည် ဆိုးယုတ်သည့်စွမ်းအားတို့ ထပ်ဆင့်ပွားများခြင်းနှင့် ထကြွသောင်းကျန်းခြင်းတို့ မရှိစေရန် တားဆီးပေးသည့် အကာအကွယ်တစ်ခုဖြစ်သည်။ ထို့ပြင် ၎င်းသည် တရားမျှတပြီး အပြုသဘောဆောင်သည့်အရာများအားလုံး၏ ဖြစ်တည်မှုနှင့် ပြန့်ပွားခြင်းကို ကာကွယ်ပေးပြီး ဖိနှိပ်ခံရခြင်းနှင့် ဖျက်လိုဖျက်ဆီး လုပ်ခံရခြင်းတို့ မခံရအောင် ထိုအရာများကို ထာဝရစောင့်ကြပ်ပေးသည့် အကာအကွယ်တစ်ခုလည်း ဖြစ်သည်။
သောဒုံမြို့ကို ဘုရားသခင်ဖျက်ဆီးခြင်း၌ ဘုရားသခင့်အမျက်ဒေါသ၏ အဖြစ်အနေကို သင်တို့မြင်နိုင်သလော။ သူ၏ဒေါသအတွင်း၌ အခြားအရာ ရောစပ်နေသလော။ ဘုရားသခင်၏ဒေါသက သန့်စင်သလော။ လူသား၏စကားကို အသုံးပြုရလျှင် ဘုရားသခင်၏ အမျက်ဒေါသသည် အရောအနှောကင်းသလော။ သူ့အမျက်ဒေါသ၏ နောက်ကွယ်တွင် ပရိယာယ်တစ်ခုခု ရှိသလော။ လျှို့ဝှက်ကြံစည်ခြင်းတစ်ခုခု ရှိသလော။ ပြောပြ၍မရသည့် လျှို့ဝှက်ချက်များ ရှိသလော။ သင်တို့ကို လေးလေးနက်နက် တည်တည်ကြည်ကြည်နှင့် ငါပြောပြနိုင်သည်- ဘုရားသခင်၏အမျက်ဒေါသ၌ သံသယဖြစ်စေနိုင်သည့်အပိုင်း မရှိပေ။ သူ့ဒေါသက အခြားရည်ရွယ်ချက်၊ သို့တည်းမဟုတ် ပန်းတိုင်တို့ကိန်းအောင်းမနေသော အရောအနှောကင်းသည့် ဒေါသသက်သက်ဖြစ်၏။ သူ၏ဒေါသနောက်ကွယ်မှ အကြောင်းပြချက်များက သန့်စင်ကာ ခြောက်ပြစ်ကင်းပြီး ဝေဖန်၍ မရနိုင်ပေ။ ၎င်းသည် သူ၏သန့်ရှင်းသည့် အနှစ်သာရကို သဘာဝအလျောက် ထုတ်ဖော်ခြင်းနှင့် ပြသခြင်းဖြစ်သည်။ မည်သည့်ဖန်ဆင်းခံမျှ မပိုင်ဆိုင်သည့်အရာဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အတုမရှိ ဖြောင့်မတ်သော စိတ်သဘောထား၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဖန်ဆင်းရှင်နှင့် သူ၏ဖန်ဆင်းခံတို့၏ သက်ဆိုင်ရာ အနှစ်သာရများကြားရှိ သိသာထင်ရှားသော ကွာခြားမှုလည်း ဖြစ်သည်။
လူတစ်ယောက်အနေဖြင့် အခြားလူများရှေ့မှာ စိတ်ဆိုးသည်ဖြစ်စေ၊ သူတို့နောက်ကွယ်မှာ စိတ်ဆိုးသည်ဖြစ်စေ လူတိုင်း၌ သူတို့စိတ်ဆိုးရခြင်းနှင့် ပတ်သက်၍ မတူညီသည့် ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များရှိသည်။ သူတို့အနေဖြင့် သူတို့၏သိက္ခာကို တည်ဆောက်နေခြင်း ဖြစ်ချင်ဖြစ်မည်၊ သူတို့၏ပုံရိပ်ကို ထိန်းသိမ်းရင်း၊ သို့မဟုတ် မျက်နှာမပျက်အောင်နေရင်း သူတို့၏ကိုယ်ပိုင်အကျိုးစီးပွားများကို ကာကွယ်နေခြင်းလည်း ဖြစ်ချင်ဖြစ်နိုင်သည်။ အချို့လူတို့က သူတို့၏ဒေါသကို ထိန်းချုပ်ကြပြီး အခြားလူတို့မှာမူ ကမူးရှူးထိုးပိုလုပ်တတ်ကာ စိုးစဉ်းမျှပင် မထိန်းချုပ်ဘဲ သူတို့ဆန္ဒရှိသည့် မည်သည့်အချိန်တွင်မဆို ထောင်းခနဲ ဒေါသူပုန်ထကြသည်။ အတိုချုပ်ပြောရလျှင် လူသား၏ဒေါသသည် သူ၏ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမှ ဆင်းသက်လာသည်။ ရည်ရွယ်ချက်က မည်သည့်အရာပင် ဖြစ်နေပါစေ ယင်းသည် ဇာတိနှင့်ဆိုင်ပြီး ဗီဇနှင့်ဆိုင်သည်။ လူသား၏သဘာဝ အနှစ်သာရထဲမှ မည်သည့်အရာကမျှ သမ္မာတရားနှင့် ကိုက်ညီခြင်း မရှိသောကြောင့် သူ၏ဒေါသသည် တရားမျှတခြင်း၊ သို့မဟုတ် တရားမမျှတခြင်းတို့နှင့် ဘာမျှမသက်ဆိုင်ပေ။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ ဒေါသစိတ်နှင့် ဘုရားသခင်၏ အမျက်ဒေါသကို တစ်တန်းတည်းထား၍ အတူတူမပြောဆိုသင့်ပေ။ ခြွင်းချက်မရှိဘဲ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကိုခံရသည့် လူသား၏ အပြုအမူသည် ဖောက်ပြန်ပျက်စီးခြင်းကို ကာကွယ်လိုသည့်ဆန္ဒနှင့် စတင်ပြီး ဖောက်ပြန်ပျက်စီးမှု၌ ဧကန်အမှန် အခြေခံထားသည်။ ထို့ကြောင့် လူသား၏ဒေါသသည် သဘောတရားအရ မည်မျှပင်သင့်တော်သည့်ပုံ ပေါက်နေပါစေ လူသား၏ဒေါသကို ဘုရားသခင်၏ အမျက်ဒေါသနှင့် တစ်တန်းတည်းထားပြီး အတူတူပြော၍မရနိုင်ပေ။ ဘုရားသခင်က သူ၏ဒေါသကို စေလွှတ်လိုက်သည့်အခါ ဆိုးယုတ်သည့် စွမ်းအားများသည် ဟန့်တားခံရပြီး ဆိုးယုတ်သည့်အရာများသည် ဖျက်ဆီးခံရကာ တရားမျှတပြီး အပြုသဘောဆောင်သည့်အရာများက ဘုရားသခင်၏ ဂရုစိုက်မှုနှင့် အကာအကွယ်တို့ကို ရရှိခံစားပြီး ရှေ့ဆက်ခွင့်ရလေသည်။ တရားမမျှတကာ အနုတ်သဘောဆောင်ပြီး ဆိုးယုတ်သည့်အရာများသည် တရားမျှတပြီး အပြုသဘောဆောင်သည့်အရာများ၏ ပုံမှန်လှုပ်ရှားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ပင်တားဆီးခြင်း၊ နှောင့်ယှက်ခြင်း၊ သို့မဟုတ် ဖျက်ဆီးခြင်းတို့ ပြုလုပ်သောကြောင့် ဘုရားသခင်က သူ၏အမျက်ဒေါသကို ထုတ်လွှတ်သည်။ ဘုရားသခင့်ဒေါသ၏ပန်းတိုင်သည် သူ၏ကိုယ်ပိုင်ဂုဏ်ဒြပ်နှင့် ဝိသေသလက္ခဏာကို ကာကွယ်ရန်မဟုတ်ဘဲ တရားမျှတ၍ အပြုသဘောဆောင်ကာ လှပပြီး ကောင်းမွန်သည့်အရာများ၏ ဖြစ်တည်မှုကို ကာကွယ်ရန်၊ လူသားမျိုးနွယ်၏ ပုံမှန်ရှင်သန်ရပ်တည်ရေး နိယာမများနှင့် အစီအစဉ်ကျမှုတို့ကို ကာကွယ်ရန်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင့်အမျက်ဒေါသ၏ အကြောင်းခံဇာစ်မြစ်ဖြစ်သည်။ ဘုရားသခင်၏ ဒေါသသည် သူ့စိတ်သဘောထား၏ အလွန်သင့်လျော်ပြီး သဘာဝကျကာ မှန်ကန်သည့် ထုတ်ဖော်ချက်ဖြစ်သည်။ သူ၏ဒေါသထဲ၌ ဆန္ဒရမ္မက်များ၊ ကောက်ကျစ်ခြင်း၊ အန္တရာယ်ပေးခြင်း၊ အကြမ်းဖက်ခြင်း၊ ဆိုးယုတ်ခြင်း၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၌ရှိသည့် အခြားသော လက္ခဏာများ ပါဝင်နေရန်မဆိုထားနှင့်၊ တစ်ဖက်လှည့် ရည်ရွယ်ချက်များပင် မရှိသကဲ့သို့ လှည့်စားခြင်း၊ သို့မဟုတ် အကွက်ချစီစဉ်ခြင်းတို့လည်း မရှိပေ။ ဘုရားသခင်က သူ၏ဒေါသကို မထုတ်လွှတ်မီတွင် အကြောင်းအရာတိုင်း၏ အနှစ်သာရကို လုံးဝရှင်းလင်းစွာနှင့် ပြည့်စုံစွာသိမြင်ထားပြီးဖြစ်သည့်အပြင် တိကျပြီး ရှင်းလင်းသည့် အနက်ဖွင့်ချက်များနှင့် သုံးသပ်ချက်များကိုလည်း ဖော်ထုတ်ပြီးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ပြုလေသမျှ အရာရာတိုင်း၌ သူ၏ရည်ရွယ်ချက်သည် သူ၏သဘောထားကဲ့သို့ပင် ရှင်းလင်းပြတ်သား၏။ သူသည် ယောင်ချာချာဖြစ်ခြင်း၊ မျက်ကန်းခြင်း၊ စိတ်လိုက်မာန်ပါပြုခြင်း၊ သို့မဟုတ် ဂရုမစိုက်ခြင်းတို့ မရှိသည့်အပြင် အခြေခံမူမရှိသည့်သူလည်း လုံးဝမဟုတ်ပေ။ ဤသည်မှာ ဘုရားသခင့်အမျက်ဒေါသ၏ လက်တွေ့ကျသည့် ရှုထောင့်ဖြစ်ပြီး လူသားမျိုးနွယ်က ၎င်း၏ပုံမှန်ဖြစ်တည်မှုကို ရရှိထားခြင်းမှာ ဘုရားသခင့်အမျက်ဒေါသ၏ လက်တွေ့ကျသည့် ဤရှုထောင့်ကြောင့်ဖြစ်သည်။ ဘုရားသခင်၏အမျက်ဒေါသ မရှိပါက လူသားမျိုးနွယ်သည် ပုံမှန်မဟုတ်သည့် လူနေမှုအခြေအနေများထဲသို့ ကျဆင်းသွားမည်ဖြစ်ပြီး တရားမျှတကာ လှပကောင်းမွန်သည့် အရာအားလုံးသည် ဖျက်ဆီးခံရကာ တည်ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်၏အမျက်ဒေါသ မရှိပါက ဖန်ဆင်းခံသတ္တဝါတို့အတွက် ဖြစ်တည်မှုနိယာမများနှင့် စည်းမျဉ်းများသည် ပျက်စီးသွားလိမ့်မည်၊ သို့မဟုတ် လုံးလုံးလျားလျား ဖြိုဖျက်ခံရလိမ့်မည်။ လူသားကို ဖန်ဆင်းပြီးကတည်းက ဘုရားသခင်သည် လူသားမျိုးနွယ်၏ ပုံမှန်ဖြစ်တည်မှုကို ကာကွယ်ရန်နှင့် တည်တံ့စေရန်အတွက် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို အဆက်မပြတ် အသုံးပြုခဲ့သည်။ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားထဲ၌ အမျက်ဒေါသနှင့် ဘုန်းအာနုဘော်တို့ ပါဝင်သောကြောင့် ဆိုးယုတ်သည့်လူများအားလုံး၊ အရာဝတ္ထုနှင့် ပစ္စည်းအားလုံးတို့အပြင် လူသားမျိုးနွယ်၏ ပုံမှန်ဖြစ်တည်မှုကို ထိခိုက်ပြီး နှောင့်ယှက်သည့် အရာအားလုံးသည် သူ၏အမျက်ဒေါသကြောင့် အပြစ်ဒဏ်ခတ်ခံရပြီး ထိန်းချုပ်ခံရကာ ဖျက်ဆီးခံကြရသည်။ လွန်ခဲ့သည့် ထောင်စုနှစ်အချို့တစ်လျှောက်၌ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့် သူ၏အမှု၌ ဘုရားသခင်ကို ဆန့်ကျင်သည့်အပြင် စာတန်၏ ကြံရာပါများနှင့် လက်ပါးစေများကဲ့သို့ ပြုမူသည့် ညစ်ညမ်းပြီး ဆိုးယုတ်သော ဝိညာဉ်အားလုံးကို ရိုက်ချ၍ ဖျက်ဆီးဖို့ရန်အတွက် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို အဆက်မပြတ် အသုံးပြုနေခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏ လူသားကို ကယ်တင်ခြင်းအမှုသည် သူ၏အစီအစဉ်အတိုင်း အမြဲတမ်း ရှေ့ဆက်သွားနေခဲ့ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အမျက်ဒေါသ တည်ရှိမှုကြောင့် လူသားမျိုးနွယ်၏ အလယ်ရှိ အဖြောင့်မတ်ဆုံးသော အကြောင်းတရားများသည် တစ်ခါမျှ မဖျက်ဆီးခံရပေ။
ဘုရားသခင့်အမျက်ဒေါသ၏ အနှစ်သာရကို ယခု သင်တို့နားလည်သွားကြပြီဖြစ်သောကြောင့် စာတန်၏ဆိုးယုတ်မှုအား မည်သို့ခွဲခြားရမည်ဆိုသည်ကို သင်တို့အနေဖြင့် သာ၍ကောင်းမွန်စွာပင် ဧကန်မုချ နားလည်ထားရပေမည်။
စာတန်သည် ကြင်နာတတ်ကာ တရားမျှတပြီး မွန်မြတ်သည်ဟု မြင်ရသော်လည်း စာတန်အနှစ်သာရမှာ ရက်စက်ပြီး ဆိုးယုတ်၏
စာတန်သည် လူတို့ကို လှည့်စားခြင်းဖြင့် သူ၏ဂုဏ်သတင်းကို တည်ဆောက်ပြီး သူ့ကိုယ်သူ ဖြောင့်မတ်ခြင်း၏ ဦးစီးခေါင်းဆောင်တစ်ဦးနှင့် စံနမူနာထားရမည့်သူတစ်ဦးအဖြစ် မကြာခဏ သက်သေထူသည်။ ဖြောင့်မတ်ခြင်းကို ကာကွယ်ခြင်းဟူသော ဟန်ဆောင်မှုအောက်၌ စာတန်သည် လူတို့ကို အန္တရာယ်ပြုပြီး သူတို့၏ဝိညာဉ်များကို ဝါးမျိုကာ လူသားကို တွေဝေထိုင်းမှိုင်းစေရန်၊ လှည့်စားရန်နှင့် လှုံ့ဆော်ရန် နည်းလမ်းမျိုးစုံကို အသုံးပြုသည်။ သူ၏ဆိုးယုတ်သည့် အပြုအမူကို လူသားက ထောက်ခံပြီး လိုက်လျောစေရန်၊ ဘုရားသခင်၏သြဇာအာဏာနှင့် အချုပ်အခြာအာဏာကို ဆန့်ကျင်ရာ၌ လူသားကို သူနှင့်ပူးပေါင်းအောင်လုပ်ရန်မှာ သူ၏ပန်းတိုင်ဖြစ်သည်။ သို့သော်လည်း လူတစ်ယောက်က စာတန်၏လျှို့ဝှက်အကြံအစည်များနှင့် အကွက်ချခြင်းများကို ရိပ်စားမိပြီး သူ၏ဆိုးညစ်သည့် အင်္ဂါရပ်များကို ရိပ်စားမိသောအခါ၊ သူ၏နင်းချေခြင်းနှင့် အရူးလုပ်ခြင်းတို့ကို ဆက်မခံချင်တော့သည့်အခါ၊ သို့မဟုတ် သူ့အတွက် ပင်ပန်းကြီးစွာ ဆက်မလုပ်ပေးချင်တော့သည့်အခါ၊ သို့မဟုတ် သူနှင့်အတူ အပြစ်ဒဏ်ခတ်ခြင်းနှင့် ဖျက်ဆီးခြင်းကို မခံချင်သည့်အခါ စာတန်သည် သူ၏ သူတော်စင်နှင့်တူသည့် ယခင်က အင်္ဂါရပ်များကို ပြောင်းပစ်လိုက်သည့်အပြင် ဆိုးယုတ်ပြီး ရက်စက်ကာ အကျည်းတန်၍ ရိုင်းစိုင်းကြမ်းကြုတ်သည့် သူ၏သရုပ်မှန်ကို ထုတ်ဖော်ပြရန်အတွက် သူ၏မျက်နှာဖုံးအတုကို ဆွဲဖြဲလိုက်တော့သည်။ သူ၏ဆိုးယုတ်သည့် စွမ်းအားများကို ဆန့်ကျင်သည့်သူများနှင့် သူ့နောက်လိုက်ဖို့ ငြင်းဆန်သူများအားလုံးကို စာတန်သည် အလွန်ပင် အပြတ်ရှင်းပစ်ချင်သည်။ ဤအချိန်၌ စာတန်သည် ယုံကြည်စိတ်ချရသော၊ လူကြီးလူကောင်းဆန်သော အသွင်အပြင်ကို ပုံဖမ်း၍ မရတော့ပေ။ ထိုအစား သိုးရေခြုံအောက်မှ သူ၏ကြောက်စရာကောင်းပြီး မာရ်နတ်ဆန်သည့် အင်္ဂါရပ်အမှန်များသည် ထုတ်ဖော်ခံရတော့သည်။ စာတန်၏လျှို့ဝှက်အကြံအစည်များသည် သိသာထင်ရှားလာပြီး သူ၏အင်္ဂါရပ်အမှန်များသည် ဖော်ထုတ်ခံရပြီးသည်နှင့် သူသည် ယမ်းပုံမီးကျ ဒေါသထွက်ပြီး သူ၏ရက်စက်ကြမ်းတမ်းမှုကို ဖော်ပြပေလိမ့်မည်။ ဤနောက်တွင် လူများကို အန္တရာယ်ပြုရန်နှင့် ဝါးမျိုရန်ဖြစ်သည့် သူ၏ဆန္ဒသည် ပို၍သာ ပြင်းထန်လာသည်။ ဤသို့ဖြစ်ရခြင်းမှာ လူသားသည် အမှန်တရားကို သတိပြုမိသွားသောအခါ သူဒေါသထွက်သောကြောင့်ဖြစ်၏။ လွတ်လပ်မှုနှင့် အလင်းကို တောင့်တရန်နှင့် စာတန်၏ အကျဉ်းထောင်မှ လွတ်မြောက်ရန်ဖြစ်သည့် လူတို့၏ရည်မှန်းချက်ကြောင့် စာတန်၌ လူသားအပေါ် ပြင်းထန်သည့် အငြိုးဖြစ်ပေါ်လာသည်။ သူ၏ဒေါသသည် သူ၏ဆိုးယုတ်မှုကို ကာကွယ်ရန်နှင့် ထိန်းသိမ်းရန် ရည်ရွယ်ပြီး သူ၏ ရက်စက်ကြမ်းကြုတ်သည့် သဘာဝ၏ ထုတ်ဖော်ခြင်းအမှန်လည်းဖြစ်သည်။
အကြောင်းအရာတိုင်း၌ စာတန်၏အပြုအမူက သူ၏ဆိုးယုတ်သည့် သဘာဝကို ဖော်ပြသည်။ သူ့နောက်လိုက်အောင် လူသားကို လှည့်ဖြားခြင်းငှာ သူ၏အစောပိုင်းအားထုတ်မှုမှစ၍ သူ၏ဒုစရိုက်အမှုများထဲသို့ လူသားကို ဆွဲသွင်းခြင်းဖြစ်သည့် လူသားကို သူအသုံးချခြင်းအထိ၊ သူ၏အင်္ဂါရပ်အမှန်များ ဖော်ထုတ်ခံရသဖြင့် လူသားက သူ့ကို သိမြင်လာပြီး စွန့်ပစ်လိုက်သည့်နောက် လူသားအပေါ် သူအငြိုးထားခြင်းအထိ- လူသားအပေါ် စာတန်လုပ်ဆောင်ခဲ့သော ဆိုးယုတ်သည့် လုပ်ရပ်အားလုံးထဲ၌ စာတန်၏ ဆိုးယုတ်သော အနှစ်သာရကို ဖော်ထုတ်ရန် ပျက်ကွက်သည့် လုပ်ရပ်တစ်ခုမျှ မရှိသကဲ့သို့၊ စာတန်သည် အပြုသဘောဆောင်သည့် အရာများနှင့် ဆက်စပ်မှုမရှိကြောင်းနှင့် စာတန်သည် ဆိုးယုတ်သည့် အရာအားလုံး၏ အရင်းအမြစ်ဖြစ်ကြောင်းကို သက်သေပြရန် ပျက်ကွက်သည့် လုပ်ရပ်တစ်ခုမျှ မရှိပေ။ သူ့လုပ်ရပ်တစ်ခုချင်းစီတိုင်းက သူ၏ဆိုးယုတ်မှုကို ကာကွယ်ပေးပြီး သူ၏ဆိုးယုတ်သည့်လုပ်ရပ်များ ဆက်တည်ရှိနေရန်အတွက် ထိန်းသိမ်းပေးကာ တရားမျှတပြီး အပြုသဘောဆောင်သည့်အရာများနှင့် ဆန့်ကျင်သည့်အပြင် လူသားမျိုးနွယ်၏ ပုံမှန်ဖြစ်တည်မှုဆိုင်ရာ နိယာမများနှင့် အစီအစဉ်ကျမှုတို့ကို ဖျက်ဆီးလေသည်။ စာတန်၏ ဤလုပ်ရပ်တို့သည် ဘုရားသခင်ကို အပြင်းအထန်ဆန့်ကျင်ကြသည်။ ထို့ပြင် ၎င်းတို့သည် ဘုရားသခင့်အမျက်ဒေါသ၏ ဖျက်ဆီးခြင်းကို ခံကြရလိမ့်မည်။ စာတန်၌ ကိုယ်ပိုင်ဒေါသရှိသော်လည်း သူ၏ဒေါသသည် သူ၏ဆိုးယုတ်သည့် သဘာဝကို ဖွင့်ချသည့်နည်းပင်ဖြစ်သည်။ စာတန်အနေဖြင့် စိတ်တိုပြီး ဒေါသအမျက်ခြောင်းခြောင်းထွက်သည့် အကြောင်းရင်းက ဤသို့ဖြစ်သည်- ပြောပြ၍မရနိုင်သည့် သူ၏လျှို့ဝှက်အကြံအစည်များက ပေါ်လွင်သွားသည်၊ သူ၏အကွက်ချစီစဉ်မှုများသည် လွယ်လွယ်နှင့် မလွတ်နိုင်၊ ဘုရားသခင်ကို အစားထိုးရန်နှင့် ဘုရားသခင်ကဲ့သို့ ပြုမူရန်ဟူသည့် သူ၏အထိန်းအကွပ်မဲ့ ရည်မှန်းချက်နှင့် အလိုရမ္မက်တို့သည် ရိုက်ချခံရပြီး ပိတ်ပင်ခံလိုက်ရသည်၊ လူသားမျိုးနွယ်အားလုံးကို ထိန်းချုပ်လိုသည့် သူ၏ပန်းတိုင်သည် ယခု ဘာမျှအရာမထင်ဘဲ ဘယ်တော့မျှ စွမ်းဆောင်ရရှိနိုင်မည်မဟုတ်။ စာတန်၏ အကွက်ချစီစဉ်မှုများ အကောင်အထည်မပေါ်လာအောင် ရပ်တန့်လိုက်ပြီး စာတန်၏ ဆိုးယုတ်မှု ပျံ့နှံ့ခြင်းနှင့် ထကြွသောင်းကျန်းခြင်းတို့ကို ဖြတ်တောက်ပစ်လိုက်သည့်အရာမှာ တစ်ကြိမ်ပြီးတစ်ကြိမ် မိမိ၏အမျက်ဒေါသကို ဘုရားသခင်၏ ထပ်တလဲလဲ ဆင့်ခေါ်မှုပင်ဖြစ်သည်။ ဤအကြောင်းကြောင့် စာတန်သည် ဘုရားသခင်၏ အမျက်ဒေါသကို မုန်းလည်းမုန်း၊ ကြောက်လည်း ကြောက်၏။ ဘုရားသခင်၏အမျက်ဒေါသ သက်ဆင်းလာသည့် အချိန်တိုင်းတွင် ၎င်းသည် စာတန်၏ဆိုးညစ်သည့် အသွင်အပြင်အမှန်ကို ဖွင့်ပြရုံတင်မကဘဲ စာတန်၏ ဆိုးယုတ်သည့် အလိုရမ္မက်ကိုလည်း အလင်းထဲသို့ ဖော်ထုတ်လေသည်။ ထိုသို့လုပ်ဆောင်စဉ်တွင် လူသားမျိုးနွယ်အပေါ် စာတန်ဒေါသူပုန်ထခြင်း၏ အကြောင်းရင်းများသည် လုံးဝပေါ်လွင်လာသည်။ စာတန်၏ ဒေါသပေါက်ကွဲခြင်းက သူ၏ဆိုးယုတ်သည့် သဘာဝကို ထုတ်ဖော်ခြင်းအမှန် ဖြစ်ပြီး သူ၏လျှို့ဝှက်အကြံအစည်များ ဖော်ထုတ်ခံရခြင်းဖြစ်သည်။ မှန်ပေ၏၊ စာတန်ဒေါသထွက်သည့် အကြိမ်တိုင်းသည် ဆိုးယုတ်သည့်အရာများ ပျက်စီးခြင်းအပြင် အပြုသဘောဆောင်သည့်အရာများ ကာကွယ်ခံရခြင်းနှင့် ဆက်လက်တည်နေခြင်းကို ကြေညာသည်၊ ဘုရားသခင်၏ အမျက်ဒေါသသည် ထိပါးစော်ကား၍ မရသည့်အမှန်တရားကို ကြေညာလေသည်။
ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို သိရန် အတွေ့အကြုံနှင့် စိတ်ကူးထင်မြင်မှုအပေါ်မှာ အမှီမပြုရ
ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို သင်ကိုယ်တိုင် ရင်ဆိုင်ရသည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် စွန်းထင်းနေသည်ဟု သင်ပြောမည်လော။ ဘုရားသခင်၏ဒေါသနောက်ကွယ်၌ ဇာတ်လမ်းတစ်ခုရှိကြောင်း၊ ထို့ပြင် သူ့ဒေါသသည် စွန်းထင်းနေကြောင်း သင်ဆိုမည်လော။ သူ၏စိတ်သဘောထားသည် လုံးလုံးလျားလျား ဖြောင့်မတ်သည်လည်းမဟုတ်လှဟူ၍ပြောပြီး ဘုရားသခင်ကို သင်အသေရေဖျက်မည်လော။ ဘုရားသခင်၏ လုပ်ဆောင်ချက်တစ်ခုစီနှင့် ကြုံတွေ့ဆက်ဆံရသည့်အခါ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် အခြားသဘောသဘာဝများနှင့် ကင်းလွတ်ကြောင်း၊ သန့်ရှင်းပြီး ခြောက်ပြစ်ကင်းကြောင်း သင်စိတ်ချနေရမည်။ ဤလုပ်ဆောင်ချက်များ၌ လူသားမျိုးနွယ်ကို ဘုရားသခင်က ရိုက်ချခြင်း၊ အပြစ်ဒဏ်ခတ်ခြင်းနှင့် ဖျက်ဆီးခြင်းတို့ ပါဝင်သည်။ ခြွင်းချက်မရှိဘဲ ဘုရားသခင်၏ လုပ်ရပ်တစ်ခုစီတိုင်းကို သူ၏ရှိရင်းစွဲစိတ်သဘောထားအပြင် သူ၏အစီအစဉ်နှင့် ယတိပြတ်ကိုက်ညီအောင် ပြုထားခြင်းဖြစ်ပြီး လူသားမျိုးနွယ်၏ အသိပညာ၊ ရိုးရာဓလေ့နှင့် ဒဿနအမြင်တို့ မပါဝင်ပေ။ ဘုရားသခင်၏ လုပ်ရပ်တစ်ခုစီတိုင်းသည် သူ၏စိတ်သဘောထားနှင့် အနှစ်သာရတို့၏ ဖော်ပြချက်ဖြစ်ပြီး ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်နှင့်သက်ဆိုင်သော မည်သည့်အရာနှင့်မျှ မဆက်စပ်ပေ။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ချစ်ခြင်း၊ သနားကရုဏာထားခြင်းနှင့် သည်းခံခြင်းတို့သည်သာ ခြောက်ပြစ်ကင်း၍ အရောအနှောကင်းပြီး သန့်ရှင်းမြင့်မြတ်သည်ဟု လူတို့က ယူဆကြကာ ဘုရားသခင်၏ ဒေါသူပုန်ထခြင်းနှင့် သူ၏အမျက်ဒေါသတို့သည်လည်း အလားတူပင် အရောအနှောကင်းကြောင်းကိုမူ မည်သူမျှ မသိပေ။ ထို့အပြင် ဘုရားသခင်က အဘယ့်ကြောင့် ထိပါးစော်ကားမှုကို သည်းမခံသနည်း၊ သို့မဟုတ် သူ၏ဒေါသူပုန်ထခြင်းသည် အဘယ့်ကြောင့် အလွန်ကြီးမားသနည်းဆိုသည့် မေးခွန်းမျိုးကို မည်သူမျှ မဆင်ခြင်ကြည့်ကြပေ။ ဆန့်ကျင်ဘက်အနေနှင့် အချို့က ဘုရားသခင်၏ အမျက်ဒေါသကို ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ ဒေါသစိတ်ကဲ့သို့ ဒေါသပေါက်ကွဲခြင်းနှင့် အမြင်မှားကြပြီး ဘုရားသခင်၏ဒေါသကို ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ ဒေါသူပုန်ထခြင်းနှင့် အတူတူပင်ဖြစ်သည်ဟု အထင်မှားကြသည်။ ဘုရားသခင်၏ ဒေါသူပုန်ထခြင်းက လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို သဘာဝအလျောက် ထုတ်ဖော်ခြင်းကဲ့သို့ ဖြစ်သည်ဟုပင် တလွဲယူဆကြသည်။ ဘုရားသခင်၏ အမျက်ဒေါသကို ထုတ်လွှတ်ခြင်းက ဖောက်ပြန်သော လူတို့အနေဖြင့် စိတ်မချမ်းမြေ့စရာ အခြေအနေနှင့် ရင်ဆိုင်ရသောအခါ ထွက်လာတတ်သည့် လူတို့၏ဒေါသကဲ့သို့ ဖြစ်သည်ဟုလည်း တလွဲယူဆကြကာ ဘုရားသခင်၏ အမျက်ဒေါသကို ထုတ်လွှတ်ခြင်းသည် သူ့စိတ်နေစိတ်ထား၏ ဖော်ပြချက်ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤမိတ်သဟာယပြီးသည့်နောက် သင်တို့တစ်ယောက်ချင်းစီတိုင်း၌ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့်စပ်လျဉ်း၍ တလွဲယူဆခြင်းများ၊ စိတ်ကူးထင်မြင်ချက်များ၊ သို့မဟုတ် မှန်းဆချက်များ မရှိတော့ဖို့ ငါမျှော်လင့်သည်။ ငါ၏နှုတ်ကပတ်တော်များကို ကြားပြီးနောက် သင်တို့အနေဖြင့် နှလုံးသားထဲ၌ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အမျက်ဒေါသကို အမှန်တကယ် သိမြင်ခြင်းရှိနိုင်ဖို့၊ ဘုရားသခင်၏ အမျက်ဒေါသအပေါ် ယခင်က မှားယွင်းစွာ နားလည်ထားခြင်းများကို ဘေးဖယ်ထားနိုင်ဖို့၊ ဘုရားသခင့်အမျက်ဒေါသ၏ အနှစ်သာရအပေါ် သင်တို့၏မှားယွင်းသည့် ယုံကြည်မှုများနှင့် အမြင်များကို ပြောင်းလဲပစ်နိုင်ဖို့ ငါမျှော်လင့်သည်။ ထို့အပြင် သင်တို့၏နှလုံးသားထဲ၌ ဘုရားသခင့်စိတ်သဘောထား၏ တိကျသည့် အဓိပ္ပာယ်ဖွင့်ဆိုချက် ရှိနိုင်ဖို့၊ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားအပေါ် မည်သည့်သံသယမျှ မရှိတော့ဖို့၊ ဘုရားသခင်၏ စိတ်သဘောထားစစ်စစ်အပေါ် လူသား၏ မည်သည့်ကျိုးကြောင်းဆင်ခြင်မှုများ၊ သို့မဟုတ် စိတ်ကူးထင်မြင်မှုများကိုမျှ မသတ်မှတ်ဖို့ ငါမျှော်လင့်သည်။ ဘုရားသခင်၏ဖြောင့်မတ်သည့် စိတ်သဘောထားသည် ဘုရားသခင်၏ကိုယ်ပိုင်အနှစ်သာရစစ်စစ်ဖြစ်သည်။ လူသားက ရေးသားထားသည့်အရာသော်လည်းကောင်း၊ ပုံသွင်းထားသည့်အရာသော်လည်းကောင်း မဟုတ်ပေ။ သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားပင်ဖြစ်ပြီး မည်သည့်ဖန်ဆင်းခံနှင့်မျှ ဆက်နွှယ်ခြင်း၊ သို့မဟုတ် ဆက်စပ်ခြင်းမရှိပေ။ ဘုရားသခင်ကိုယ်တော်တိုင်က ဘုရားသခင်ကိုယ်တော်တိုင်ပင်ဖြစ်သည်။ သူသည် ဖန်ဆင်းခြင်းအစိတ်အပိုင်းတစ်ခု ဘယ်တော့မျှ ဖြစ်လာမည် မဟုတ်ပေ။ သူ့အနေဖြင့် ဖန်ဆင်းခံသတ္တဝါဝင်တစ်ဦး ဖြစ်လာလျှင်ပင် သူ၏ရှိရင်းစွဲစိတ်သဘောထားနှင့် အနှစ်သာရသည် ပြောင်းလဲမည်မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်ကို သိခြင်းက အရာဝတ္ထုတစ်ခုကို သိခြင်းနှင့် မတူပေ။ ဘုရားသခင်ကို သိခြင်းသည် တစ်ခုခုကို ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း မဟုတ်သကဲ့သို့ လူတစ်ယောက်ကို နားလည်ခြင်းအဖြစ်နှင့်လည်း မတူညီပေ။ အကယ်၍ လူသားသည် အရာဝတ္ထုတစ်ခုကိုသိဖို့၊ သို့မဟုတ် လူတစ်ယောက်ကို နားလည်ဖို့အတွက်သုံးသည့် သူ၏အယူအဆ၊ သို့တည်းမဟုတ် နည်းလမ်းကို ဘုရားသခင်ကို သိဖို့ရန် အသုံးပြုလျှင် သင်သည် ဘုရားသခင်၏အကြောင်းကို ဘယ်တော့မျှ သိနိုင်မည်မဟုတ်ပေ။ ဘုရားသခင်ကိုသိခြင်းက အတွေ့အကြုံ၊ သို့မဟုတ် စိတ်ကူးထင်မြင်ခြင်းအပေါ်မှာ အမှီမပြုပေ။ ထို့ကြောင့် သင်သည် သင်၏အတွေ့အကြုံ၊ သို့မဟုတ် စိတ်ကူးထင်မြင်မှုကို ဘုရားသခင်အပေါ် ဘယ်တော့မျှ သတ်မှတ်ခြင်း မပြုရပေ။ သင်၏အတွေ့အကြုံနှင့် စိတ်ကူးထင်မြင်မှုတို့က မည်မျှပင်ကြွယ်ဝနေပါစေ ၎င်းတို့က အကန့်အသတ်ရှိသည်။ ထို့အပြင် သင်၏စိတ်ကူးထင်မြင်မှုက သမ္မာတရားနှင့် ကိုက်ညီရန် မဆိုထားနှင့်၊ အချက်အလက်များနှင့်ပင် ကိုက်ညီခြင်း မရှိပေ။ ၎င်းက ဘုရားသခင်၏ စိတ်သဘောထားအမှန်အပြင် အနှစ်သာရအမှန်တို့နှင့်လည်း သဟဇာတမဖြစ်ပေ။ ဘုရားသခင်၏ အနှစ်သာရကို နားလည်ဖို့ရန် သင်၏စိတ်ကူးထင်မြင်မှုကို အမှီပြုလျှင် သင်ဘယ်တော့မျှ အောင်မြင်မည်မဟုတ်ပေ။ တစ်ခုတည်းသော လမ်းကြောင်းမှာ ဤသို့ဖြစ်သည်- ဘုရားသခင်ထံမှလာသည့် အရာအားလုံးကို လက်ခံလော့၊ ထို့နောက် ၎င်းကို တဖြည်းဖြည်းနှင့် တွေ့ကြုံခံစားပြီး နားလည်လော့။ သင်၏ပူးပေါင်းလုပ်ဆောင်မှုကြောင့်၊ သမ္မာတရားအပေါ် သင်၏ငတ်မွတ်ဆာလောင်မှုကြောင့် ဘုရားသခင်သည် သူ့ကိုအမှန်တကယ်နားလည်ပြီး သိဖို့ရန် သင့်ကို ဉာဏ်အလင်းဖွင့်ပြသည့်နေ့ ရောက်လာလိမ့်မည်။ ဤအချက်နှင့် ငါတို့စကားစမြည်ပြောဆိုခြင်း၏ ဤအပိုင်းကို နိဂုံးချုပ်လိုက်ကြစို့။
လူသားမျိုးနွယ်သည် စစ်မှန်သည့် နောင်တရခြင်းမှတစ်ဆင့် ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံမှုကို ရယူနိုင်သည်
အောက်ပါအချက်များက သမ္မာကျမ်းစာပါ ဇာတ်လမ်းဖြစ်သည့် “နိနေဝေကို ဘုရားသခင်၏ ကယ်တင်ခြင်း” ဖြစ်သည်။
ယောန ဝတ္ထု ၁:၁-၂ ယခု ယေဟောဝါ၏ နှုတ်ကပတ်တော်သည် အမိတ္တဲ၏သား ယောနထံ ရောက်ရှိလာပြီး မိန့်ဆိုသည်မှာ၊ ထလော့၊ နိနေဝေမြို့ကြီးသို့ သွားလော့၊ ထိုမြို့၏ ဆိုးညစ်မှုသည် ငါ့ရှေ့သို့ တက်လာသည့်အတွက် ၎င်းကို ဆန့်ကျင်ဟစ်ကြော်လော့ဟု မိန့်တော်မူ၏။
ယောန ဝတ္ထု ၃ ထို့နောက် ယေဟောဝါ၏ နှုတ်ကပတ်တော်သည် ယောနထံသို့ ဒုတိယအကြိမ် ရောက်လာသည်မှာ၊ ထလော့၊ ထိုနိနေဝေမြို့ကြီးသို့ သွားလော့။ သင့်ကို ငါပြောထားသည့် ဟောကြားချက်ကို ဟောကြားလော့ဟု မိန့်တော်မူ၏။ ထိုအခါ ယေဟောဝါ၏ နှုတ်ကပတ်တော်အတိုင်း ယောနသည် ထ၍ နိနေဝေမြို့သို့ သွား၏။ နိနေဝေမြို့သည် သုံးရက်တာခရီး ကျယ်ဝန်းကာ အတိုင်းထက်အလွန်ကြီးသောမြို့ ဖြစ်၏။ ယောနသည် မြို့ထဲသို့ တစ်နေ့ခရီး စတင်ဝင်ရောက်ပြီး၊ အရက်လေးဆယ်ကျော်ပြီးနောက် နိနေဝေမြို့သည် ဖျက်ဆီးခြင်း ခံရလိမ့်မည်ဟု ကြွေးကြော်လေ၏။ ထို့ကြောင့် နိနေဝေ မြို့သားတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ၎င်းတို့တွင် အကြီးဆုံးသောသူမှ အငယ်ဆုံးသောသူတိုင်အောင် အစာရှောင်ခြင်းကို ကြေညာပြီး လျှော်တေအဝတ်ကို ဝတ်ကြ၏။ နိနေဝေမင်းကြီးထံ သတင်းရောက်ရှိခဲ့သည့်အတွက် သူသည် ရာဇပလ္လင်မှဆင်းကာ သူ၏ ဝတ်လုံတော်ကို ချွတ်ပြီး လျှော်တေအဝတ်ကိုဝတ်ကာ ပြာထဲ၌ ထိုင်လေ၏။ လူဖြစ်စေ၊ သားရဲတိရစ္ဆာန်ဖြစ်စေ၊ တိရစ္ဆာန်အုပ် သို့မဟုတ် သိုးနွားအုပ်ဖြစ်စေ မည်သည့်အရာကိုမျှ မမြည်းစေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။ လူနှင့် သားရဲတိရစ္ဆာန်တို့သည် လျှော်တေအဝတ်ကို ခြုံကြစေ။ ပြင်းပြင်းထန်ထန် ဘုရားသခင်ကို ဟစ်အော်ကြစေ။ အယောက်တိုင်း မိမိတို့၏ ဆိုးယုတ်သောလမ်းမှလည်းကောင်း၊ မိမိတို့လက်များထဲက အဓမ္မအမှုများမှလည်းကောင်း လှည့်ပြန်ကြစေ။ ငါတို့သည် မပျက်စီးဘဲ၊ ဘုရားသခင်သည် ပြောင်းလဲ၍ နောင်တရကာ ပြင်းစွာသောအမျက်တော်မှ လွှဲတော်မူမည်ကို အဘယ်သူ ပြောနိုင်သနည်းဟု မင်းကြီးနှင့် မှူးမတ်အာဏာဖြင့် နိနေဝေမြို့လုံးတွင် ကြွေးကြော်ကာ ထုတ်ပြန်ကြေညာ စေတော်မူ၏။ သူတို့သည် မိမိတို့၏ ဆိုးညစ်သောလမ်းမှ လှည့်ပြန်ပြီး ကျင့်သောအကျင့်များကို ဘုရားသခင်သည် မြင်လျှင်၊ ယခင် ပြုမည်ဟု မိန့်ဆိုခဲ့သော မကောင်းသည့်အမှုကို နောင်တရတော်မူပြီး ထိုသို့ မပြုပဲ နေတော်မူ၏။
ယောန ဝတ္ထု ၄ သို့သော် ယင်းက ယောနကို အလွန့်အလွန်ဒေါသထွက်စေပြီး သူသည် အလွန်စိတ်ဆိုး လေသည်။ ထို့နောက် အို ယေဟောဝါ၊ ကိုယ်တော့်ကို အကျွန်ုပ် ဆုတောင်းပါ၏။ ဤသည်မှာ အကျွန်ုပ် ကိုယ့်ပြည်၌ ရှိစဉ်အခါက ပြောခဲ့သော ကျွန်ုပ်၏စကားဖြစ်သည် မဟုတ်လော။ ထို့ကြောင့်၊ ရှေ့တော်မှောက်မှ တာရှုမြို့သို့ အကျွန်ုပ် ပြေးခဲ့ပါ၏။ ကိုယ်တော်သည် ကျေးဇူးပြုတတ်သော ဘုရားဖြစ်၍ သနားကရုဏာရှိပြီး စိတ်ရှည်သောသဘော၊ ကြင်နာစိတ် ကြီးမားပြီး အပြစ်ဒဏ်ပေးမည့်အမှုကို နောင်တရတတ်သော သဘော ရှိတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။ ထို့ကြောင့်၊ အို ယေဟောဝါ၊ ယခု အကျွန်ုပ် အသက်ရှင်ခြင်းထက် သေခြင်းက သာ၍ကောင်းသည့်အတွက် အကျွန်ုပ်အသက်ကို နှုတ်ယူတော်မူပါဟု ယေဟောဝါထံ တောင်းလျှောက်လေ၏။ ယေဟောဝါကလည်း၊ သင်သည် စိတ်ဆိုး ကောင်းသလောဟု မေးတော်မူ၏။ ထို့ကြောင့် ယောနသည် မြို့ပြင်သို့ထွက်၍ မြို့အရှေ့မျက်နှာဘက်၌ ထိုင်နေ၏၊ ထို့နောက် တဲမိုးကို လုပ်ပြီးလျှင်၊ မြို့ထဲ၌ အဘယ်သို့ ဖြစ်လိမ့်မည်ကို တွေ့မြင်ရသည်အထိ အမိုးအရိပ်တွင် ထိုင်၍နေ၏။ ယေဟောဝါ ဘုရားသခင်သည်လည်း ကြက်ဆူပင်တစ်ပင်ကို ပြင်ဆင်ပြီးလျှင်၊ ယောန၏ သောကတို့ ပြေစေရန် သူ့ခေါင်းပေါ်မှာ လွှမ်း၍ အရိပ်ဖြစ်စေတော်မူ၏။ ထို့ကြောင့် ယောနသည် ကြက်ဆူပင်နှင့် ပတ်သက်၍ အလွန်အားရဝမ်းမြောက်၏။ နောက်တစ်နေ့ မနက်မိုးလင်းသောအခါ ဘုရားသခင်သည် ပိုးကောင်ကို ပြင်ဆင်ပြီး ကြက်ဆူပင်ကို ကိုက်၍ ညှိုးနွမ်းစေ၏။ နေထွက်သောအခါ ဘုရားသခင်သည် ပြင်းထန်သော အရှေ့လေကို ပြင်ဆင်တော်မူပြီး ယောန၏ခေါင်းကို နေထိခိုက်သဖြင့် သူသည် အားနည်းမောပန်းပြီး မိမိကိုယ်ကို သေစေလိုသောစိတ်ရှိပြီး၊ ငါ့အသက်သေသည်က ရှင်သည်ထက် သာ၍ ကောင်းသည်ဟု ဆိုလေ၏။ ဘုရားသခင်ကလည်း၊ သင်သည် ကြက်ဆူပင်အတွက် စိတ်ဆိုး ကောင်းသလောဟု မေးတော်မူလျှင်၊ ယောနက အကျွန်ုပ်သည် သေသည့်တိုင် စိတ်ဆိုးကောင်းပါသည်ဟု လျှောက်ဆို၏။ ယေဟောဝါကလည်း၊ သင်သည် အားထုတ်ကြိုးပမ်းခြင်းလည်းမပြု၊ ကြီးထွားစေ ရန်လည်း မလုပ်ခဲ့ဘဲ၊ တစ်ညချင်းတွင် ဖြစ်ပေါ်ပြီး တစ်ညချင်းတွင် သေသော ကြက်ဆူပင်ကို သနားခြင်း ရှိပေ၏။ ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆိုထားနှင့်၊ မိမိလက်ျာလက်နှင့် လက်ဝဲလက်ကို မပိုင်းခြားနိုင်သောသူ တစ်သိန်းနှစ်သောင်းထက်မက ရှိသည့် နိနေဝေမြို့ကြီးကို ငါနှမြောသင့်သည် မဟုတ်လောဟု မိန့်တော်မူ၏။
နိနေဝေ၏ ဇာတ်လမ်း အနှစ်ချုပ်
“နိနေဝေကို ဘုရားသခင်၏ ကယ်တင်ခြင်း” ဇာတ်လမ်းသည် အတိုချုပ်ဖြစ်သော်လည်း ဘုရားသခင်၏ ဖြောင့်မတ်သည့်စိတ်သဘောထား၏ အခြားတစ်ဖက်ကို ရိပ်ခနဲမြင်စေသည်။ ထိုအခြားတစ်ဖက်မှာ မည်သည့်အရာပါဝင်သနည်းဆိုသည်ကို တိတိကျကျ နားလည်ဖို့ ကျမ်းစာကိုပြန်သွားပြီး သူ၏အမှုဖြစ်စဉ်အတွင်း ဘုရားသခင် လုပ်ဆောင်ခဲ့သည့် လုပ်ရပ်များထဲမှ တစ်ခုကို ပြန်ကြည့်ရမည်။
ဤဇာတ်လမ်း၏အစကို ကြည့်ကြစို့။ “ယခု ယေဟောဝါ၏ နှုတ်ကပတ်တော်သည် အမိတ္တဲ၏သား ယောနထံ ရောက်ရှိလာပြီး မိန့်ဆိုသည်မှာ၊ ထလော့၊ နိနေဝေမြို့ကြီးသို့ သွားလော့၊ ထိုမြို့၏ ဆိုးညစ်မှုသည် ငါ့ရှေ့သို့ တက်လာသည့်အတွက် ၎င်းကို ဆန့်ကျင်ဟစ်ကြော်လော့ဟု မိန့်တော်မူ၏။” (ယောန ဝတ္ထု ၁:၁-၂) ကျမ်းစာထဲရှိ ဤအပိုဒ်၌ ယေဟောဝါ ဘုရားသခင်သည် ယောနကို နိနေဝေမြို့ထံသွားဖို့ အမိန့်ပေးခဲ့ကြောင်း သိရသည်။ ယောနကို ဤမြို့ထံသွားရန် အဘယ်ကြောင့်သူအမိန့်ပေးခဲ့သနည်း။ သမ္မာကျမ်းစာသည် ဤကိစ္စနှင့်ပတ်သက်၍ သိပ်ရှင်းလင်း၏- ဤမြို့အတွင်းရှိ လူတို့၏ ဆိုးညစ်မှုသည် ယေဟောဝါဘုရားသခင်၏ရှေ့ကို ရောက်လာခဲ့ပြီ။ ထို့ကြောင့် သူလုပ်ရန် ရည်ရွယ်ထားသည့်အရာကို သူတို့ထံ ကြွေးကြော်ပြဖို့ ယောနကို သူစေလွှတ်ခဲ့သည်။ ယောနက မည်သူဖြစ်သည်ကို မှတ်တမ်းတင် ပြောပြထားခြင်း တစ်ခုမျှမရှိသော်လည်း ၎င်းက ဘုရားသခင်ကို သိခြင်းနှင့် မသက်ဆိုင်ပေ။ ထို့ကြောင့် သင်တို့အနေဖြင့် ယောနဟူသည့် ဤလူကို နားလည်ဖို့ရန် မလိုအပ်ပေ။ ဘုရားသခင်က ယောနကို မည်သည့်အရာလုပ်ရန် အမိန့်ပေးခဲ့သည့်အကြောင်းနှင့် ထိုသို့သောအရာမျိုးကို လုပ်ရသည့် ဘုရားသခင်၏အကြောင်းရင်းများမှာ မည်သည့်အရာတို့ဖြစ်သည်ကိုသာ သင်တို့သိရန်လိုသည်။
ယေဟောဝါဘုရားသခင်၏ သတိပေးချက်များက နိနေဝေမြို့သားများထံ ရောက်သည်
ယောန ဝတ္ထု၏ တတိယအခန်း၊ ဒုတိယကျမ်းပိုဒ်ကို ဆက်သွားကြစို့။ “ယောနသည် မြို့ထဲသို့ တစ်နေ့ခရီး စတင်ဝင်ရောက်ပြီး၊ အရက်လေးဆယ်ကျော်ပြီးနောက် နိနေဝေမြို့သည် ဖျက်ဆီးခြင်းခံရလိမ့်မည်ဟု ကြွေးကြော် လေ၏။” ဤစကားများမှာ နိနေဝေမြို့သားများကိုပြောဖို့ရန် ဘုရားသခင်က ယောနကို တိုက်ရိုက်ချပေးလိုက်သည့် စကားများဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ယေဟောဝါက နိနေဝေမြို့သားများကို ပြောချင်သည့် စကားလုံးများဖြစ်သည်။ သူတို့၏ဆိုးညစ်မှုသည် ဘုရားသခင်ရှေ့ကို ရောက်လာသည့်အတွက် ဘုရားသခင်သည် ဤမြို့သားတို့ကို စက်ဆုပ်၍ မုန်းတီးသဖြင့် ဤမြို့ကို သူဖျက်ဆီးချင်ကြောင်း ဤစကားများက လူတို့ကို ပြောပြ၏။ သို့သော်လည်း ဘုရားသခင်က မြို့ကိုမဖျက်ဆီးမီတွင် နိနေဝေမြို့သားများထံ ကြေညာချက်တစ်ခု လုပ်လိမ့်မည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် သူတို့၏ ဆိုးညစ်မှုကို နောင်တရ၍ အသစ်စတင်ဖို့ရန်အတွက် အခွင့်အရေးတစ်ခုကို သူတို့အား ပေးလိမ့်မည်။ ဤအခွင့်အရေးသည် ရက်လေးဆယ်ကြာမည်၊ ထိုထက်မပိုချေ။ တစ်နည်းပြောရလျှင် မြို့ထဲရှိ လူတို့က ရက်လေးဆယ်အတွင်း နောင်တရခြင်း၊ သူတို့၏ အပြစ်များကို ဝန်ခံခြင်း၊ သို့မဟုတ် ယေဟောဝါ ဘုရားသခင်ရှေ့၌ ပျပ်ဝပ်ကိုးကွယ်ခြင်းမရှိလျှင် ဘုရားသခင်သည် သောဒုံမြို့ကို သူဖျက်ဆီးခဲ့သကဲ့သို့ ဤမြို့ကို ဖျက်ဆီးပစ်မည်ဖြစ်သည်။ ၎င်းက ယောဟောဝါဘုရားသခင်သည် နိနေဝေမြို့သားတို့ကို ပြောချင်သည့်အရာများ ဖြစ်သည်။ ၎င်းက ရိုးရှင်းသည့် ကြေညာချက်မဟုတ်သည်မှာ ရှင်းပေသည်။ ၎င်းက ယေဟောဝါဘုရားသခင်၏ ဒေါသကို အသိပေးရုံသာမကဘဲ နိနေဝေမြို့သားများအပေါ် သူ၏သဘောထားကိုလည်း အသိပေးထားကာ တစ်ချိန်တည်းမှာပင် မြို့ထဲ၌ အသက်ရှင်နေထိုင်နေကြသည့် လူတို့အပေါ် လေးနက်သည့် သတိပေးချက်အဖြစ်လည်း အသုံးခံလေသည်။ သူတို့၏ ဆိုးညစ်သည့် လုပ်ရပ်များကြောင့် ယေဟောဝါဘုရားသခင်က သူတို့ကို မုန်းတီးနေကြောင်းနှင့် ထိုလုပ်ရပ်များက မကြာမီတွင် သူတို့ကို ချေမှုန်းခံရခြင်း ချောက်ကမ်းပါးသို့ ခေါ်သွားလိမ့်မည့်အကြောင်းကိုလည်း ဤသတိပေးချက်က ပြောသည်။ ထို့ကြောင့် နိနေဝေမြို့တွင် နေထိုင်သူ အယောက်စီတိုင်း၏ အသက်သည် အန္တရာယ်ကျရောက်လုဆဲဆဲ၌ ရှိ၏။
ယေဟောဝါဘုရားသခင်၏ သတိပေးချက်အပေါ် နိနေဝေမြို့နှင့် သောဒုံမြို့၏ တုံ့ပြန်ချက်၌ သိသာသည့် ကွာခြားချက်
မှောက်လှန်ခြင်းခံရသည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အရပ်သုံးစကားနှင့်ပြောရလျှင် မတည်ရှိတော့ခြင်းကို ဆိုလိုသည်။ သို့သော် မည်သည့်နည်းဖြင့် မတည်ရှိတော့ခြင်းဖြစ်သနည်း။ မည်သူက မြို့တစ်မြို့လုံးကို မှောက်လှန်ပစ်နိုင်သနည်း။ လူသားအနေဖြင့် ဤလုပ်ရပ်မျိုးလုပ်ဖို့ရန် မဖြစ်နိုင်သည်မှာ အမှန်ပင်ဖြစ်၏။ နိနေဝေမြို့သားတို့သည် လူ့အန္ဓများ မဟုတ်ကြပေ။ ဤကြေညာချက်ကို သူတို့ကြားလိုက်သည်နှင့် သူတို့နားလည်သွားကြသည်။ ဤကြေညာချက်က ဘုရားသခင်ထံမှ လာသည်ကို သူတို့သိ၏။ ဘုရားသခင်က သူ့အလုပ်ကို လုပ်တော့မည်ဆိုသည်ကို သူတို့သိ၏။ ထို့ပြင် သူတို့၏ဆိုးညစ်မှုသည် ယေဟောဝါဘုရားသခင်ကို အမျက်ထွက်စေပြီး သူ့ဒေါသကို သူတို့အပေါ်သို့ ကျရောက်စေခဲ့သဖြင့် မကြာမီတွင် သူတို့သည် သူတို့၏မြို့နှင့်အတူ ဖျက်ဆီးခံရမည်ကို သူတို့သိ၏။ ယေဟောဝါဘုရားသခင်၏ သတိပေးချက်ကို ကြားပြီးနောက် မြို့သားတို့က မည်သို့ပြုမူခဲ့ကြသနည်း။ ဘုရင်မှစ၍ အရပ်သူအရပ်သားများအထိ မည်သို့တုံ့ပြန်ခဲ့ကြပုံကို သမ္မာကျမ်းစာက အသေးစိတ်ဖော်ပြထားသည်။ ကျမ်းစာ၌ အောက်ပါစကားလုံးများကို မှတ်တမ်းတင်ထားသည်- “ထို့ကြောင့် နိနေဝေ မြို့သားတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ၎င်းတို့တွင် အကြီးဆုံးသောသူမှ အငယ်ဆုံးသောသူတိုင်အောင် အစာရှောင်ခြင်းကို ကြေညာပြီး လျှော်တေအဝတ်ကို ဝတ်ကြ၏။ နိနေဝေမင်းကြီးထံ သတင်းရောက်ရှိခဲ့သည့်အတွက် သူသည် ရာဇပလ္လင်မှဆင်းကာ သူ၏ ဝတ်လုံတော်ကို ချွတ်ပြီး လျှော်တေအဝတ်ကိုဝတ်ကာ ပြာထဲ၌ ထိုင်လေ၏။ လူဖြစ်စေ၊ သားရဲတိရစ္ဆာန်ဖြစ်စေ၊ တိရစ္ဆာန်အုပ် သို့မဟုတ် သိုးနွားအုပ်ဖြစ်စေ မည်သည့်အရာကိုမျှ မမြည်းစေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။ လူနှင့် သားရဲတိရစ္ဆာန်တို့သည် လျှော်တေအဝတ်ကို ခြုံကြစေ။ ပြင်းပြင်းထန်ထန် ဘုရားသခင်ကို ဟစ်အော်ကြစေ။ အယောက်တိုင်း မိမိတို့၏ ဆိုးယုတ်သော လမ်းမှလည်းကောင်း၊ မိမိတို့လက်များထဲက အဓမ္မအမှုများမှ လည်းကောင်း လှည့်ပြန်ကြစေ။...ဟု မင်းကြီးနှင့် မှူးမတ်အာဏာဖြင့် နိနေဝေမြို့လုံးတွင် ကြွေးကြော်ကာ ထုတ်ပြန်ကြေညာစေတော်မူ၏...” (ယောန ဝတ္ထု ၃:၅-၉)
ယေဟောဝါဘုရားသခင်၏ ကြေညာချက်ကို ကြားပြီးနောက် နိနေဝေမြို့သားတို့သည် သောဒုံမြို့သားတို့နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည့် သဘောထားကို ပြခဲ့သည်။ သောဒုံမြို့သားတို့သည် ဒုစရိုက်မှုတစ်ခုပြီးတစ်ခု လုပ်လျက် ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခဲ့ကြသော်လည်း နိနေဝေမြို့သားတို့ကမူ ဤစကားများကို ကြားပြီးနောက် ဤကိစ္စကို လျစ်လျူမရှုခဲ့ကြသကဲ့သို့ ခုခံခြင်းလည်း မပြုခဲ့ကြပေ။ ထိုအစား သူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး အစာရှောင်ရန် ကြေညာခဲ့ကြသည်။ “ယုံကြည်” ဆိုသည့် စကားလုံးမှာ ဤနေရာတွင် အဘယ်အရာကိုဆိုလိုသနည်း။ ဤစကားလုံးကိုယ်၌က ယုံကြည်သက်ဝင်ခြင်းနှင့် နာခံခြင်းကို ဖော်ပြသည်။ ဤစကားလုံးကိုရှင်းပြဖို့ရန် နိနေဝေမြို့သားတို့၏ တကယ့်အပြုအမူကို အသုံးပြုရလျှင် ဘုရားသခင်က သူပြောသကဲ့သို့ လုပ်နိုင်ပြီး သူပြောသကဲ့သို့ လုပ်လိမ့်မည်ဆိုသည်ကို သူတို့ယုံကြည်ကာ နောင်တရဖို့ သူတို့ဆန္ဒရှိသည်ဟု ဆိုလိုသည်။ နိနေဝေမြို့သားတို့သည် ဖြစ်အံ့ဆဲဆဲဘေးဒုက္ခနှင့် ရင်ဆိုင်ရသည့်အခါ ကြောက်ရွံ့ခဲ့ကြသလော။ သူတို့၏နှလုံးသားထဲ၌ ကြောက်ရွံ့ခြင်းကို ထည့်ပေးခဲ့သည့်အရာမှာ သူတို့၏ယုံကြည်မှုဖြစ်သည်။ ထိုသို့ဆိုလျှင် နိနေဝေမြို့သားတို့၏ ယုံကြည်မှုနှင့် ကြောက်ရွံ့မှုတို့ကို သက်သေပြရန် မည်သည့်အရာကို ငါတို့အသုံးပြုနိုင်သနည်း။ သမ္မာကျမ်းစာက ပြောသကဲ့သို့ပင်ဖြစ်သည်- “အစာရှောင်ရာ အချိန်ကို ကြော်ငြာ၍ လျှော်တေအဝတ်ကို ဝတ်ကြ၏။” ဆိုလိုသည်မှာ နိနေဝေမြို့သားတို့က အမှန်တကယ်ပင် ယုံကြည်ခဲ့ကြပြီး ဤယုံကြည်မှုမှ ကြောက်ရွံ့ခြင်း ဖြစ်ပေါ်လာကာ ထိုမှတစ်ဆင့် ၎င်းတို့သည် အစာရှောင်ကြပြီး လျှော်တေအဝတ်ကို ဝတ်ခဲ့ကြခြင်းဖြစ်သည်။ ဤသည်မှာ သူတို့အနေဖြင့် နောင်တစရနေပြီဖြစ်ကြောင်းကို ပြသည့်ပုံစံဖြစ်၏။ သောဒုံမြို့သားတို့နှင့် လုံးဝကွာခြားလျက် နိနေဝေမြို့သားတို့သည် ဘုရားသခင်ကို မဆန့်ကျင်ရုံသာမကဘဲ သူတို့၏အပြုအမူနှင့် လုပ်ဆောင်ချက်တို့မှတစ်ဆင့် သူတို့၏ နောင်တရခြင်းကို ရှင်းရှင်းလင်းလင်း ပြသခဲ့ကြ၏။ ဟုတ်ပေသည်၊ ထိုအရာက နိနေဝေမြို့သားအားလုံး ပြုခဲ့ကြသည့်အရာဖြစ်၏၊ အရပ်သူအရပ်သားများသာ မဟုတ်ဘဲ ဘုရင်လည်း ပါခဲ့လေသည်။
နိနေဝေဘုရင်၏ နောင်တရခြင်းက ယေဟောဝါဘုရားသခင်၏ ချီးကျူးခြင်းကို ရယူနိုင်ခဲ့သည်
နိနေဝေဘုရင်က ဤသတင်းကိုကြားသည့်အခါ သူ၏ရာဇပလ္လင်မှ ထပြီး သူ၏ဝတ်လုံကို ချွတ်၍ လျှော်တေအဝတ်ကိုဝတ်ကာ ပြာထဲ၌ ထိုင်လိုက်သည်။ ထို့နောက် မြို့ထဲရှိ မည်သူကမျှ ဘာကိုမျှ မမြည်းရ၊ သိုးများကိုဖြစ်စေ၊ နွားများကိုဖြစ်စေ၊ အခြားခြံမွေးတိရစ္ဆာန်များကိုဖြစ်စေ အစာမကျွေး၊ ရေမတိုက်ရဟု သူကြေညာခဲ့သည်။ လူဖြစ်စေ၊ ခြံမွေးတိရစ္ဆာန်ဖြစ်စေ လျှော်တေအဝတ်ကို ဝတ်ကြပြီး လူတို့သည် ဘုရားသခင်ကို လေးနက်စွာ တောင်းပန်တိုးလျှိုးကြရန် သူကြေညာခဲ့သည်။ လူတိုင်းသည် မိမိတို့၏ ဆိုးယုတ်သောလမ်းများကို ရှောင်ပြီး မိမိတို့လက်များထဲက အဓမ္မအမှုများကို စွန့်ပစ်ဖို့ရန်လည်း ဘုရင်ကြီးက ကြေညာခဲ့သည်။ ဤလုပ်ရပ်တသီတသန်းကို အကဲဖြတ်ရလျှင် နိနေဝေဘုရင်၏စိတ်နှလုံးထဲ၌ စစ်မှန်သောနောင်တ ရှိခဲ့သည်။ မိမိ၏ရာဇပလ္လင်ပေါ်မှ ထခြင်း၊ မိမိ၏ဘုရင်ဝတ်လုံကို ပစ်ခြင်း၊ လျှော်တေအဝတ်ကိုဝတ်ပြီး ပြာထဲ၌ ထိုင်နေခြင်းစသည့် နိနေဝေဘုရင်ပြုလုပ်ခဲ့သည့် လုပ်ရပ်တသီတသန်းကြီးက သူသည် မိမိ၏တော်ဝင်ဂုဏ်ဒြပ်ကို ဘေးဖယ်ထားပြီး သာမန်ပြည်သူများနှင့်အတူ လျှော်တေအဝတ်ကို ဝတ်ဆင်သည်ဟု လူတို့ကို ပြောလိုက်ခြင်းပင် ဖြစ်သည်။ ဆိုလိုသည်မှာ နိနေဝေဘုရင်သည် ယေဟောဝါဘုရားသခင်ထံမှ ကြေညာချက်ကို ကြားပြီးနောက် သူ့လက်ထဲရှိ သူ၏ဆိုးယုတ်သောလမ်း၊ သို့မဟုတ် အဓမ္မအမှုကို ဆက်လုပ်ဖို့ သူ၏တော်ဝင်နေရာကို မယူထားခဲ့ပေ။ စင်စစ်အားဖြင့် သူကိုင်စွဲထားသည့် သြဇာအာဏာကို ဘေးချထားပြီး ယေဟောဝါဘုရားသခင်ရှေ့မှာ နောင်တရခဲ့သည်။ ဤအချိန်ခဏ၌ နိနေဝေဘုရင်သည် ဘုရင်တစ်ပါးအနေနှင့် နောင်တရခြင်းမဟုတ်ပေ။ သူသည် ဘုရားသခင်၏ သာမန်အုပ်စိုးခံတစ်ယောက်အနေနှင့် သူ၏အပြစ်များကို ဝန်ခံပြီး နောင်တရဖို့ရန် ဘုရားသခင်ရှေ့ကို လာခဲ့ခြင်းပင်ဖြစ်သည်။ ထိုမျှမက သူပြုခဲ့သည့်ပုံစံအတိုင်း ယေဟောဝါဘုရားသခင်ရှေ့၌ မိမိတို့၏အပြစ်များကို ဝန်ခံပြီး နောင်တရဖို့ရန် တစ်မြို့လုံးကို သူပြောခဲ့သည်။ ထို့ပြင် သူ့ထံ၌ မည်သို့လုပ်မည်ဆိုသည့် သတ်သတ်မှတ်မှတ် အစီအစဉ်တစ်ခုရှိခဲ့သည်။ ကျမ်းစာထဲ၌ မြင်ရသည့်အတိုင်းပင်ဖြစ်သည်- “လူဖြစ်စေ၊ သားရဲတိရစ္ဆာန် ဖြစ်စေ၊ တိရစ္ဆာန်အုပ် သို့မဟုတ် သိုးနွားအုပ်ဖြစ်စေ မည်သည့်အရာကိုမျှ မမြည်းစေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။...ပြင်းပြင်းထန်ထန် ဘုရားသခင်ကို ဟစ်အော်ကြစေ။ အယောက်တိုင်း မိမိတို့၏ ဆိုးယုတ်သောလမ်းမှ လည်းကောင်း၊ မိမိတို့လက်များထဲက အဓမ္မအမှုများမှလည်းကောင်း လှည့်ပြန်ကြစေ။” မြို့ကို အုပ်ချုပ်သူအနေနှင့် နိနေဝေဘုရင်သည် အမြင့်ဆုံးသော ဂုဏ်ဒြပ်နှင့် အာဏာကိုပိုင်ဆိုင်ပြီး သူဆန္ဒရှိသည့် ဘယ်အရာကိုမဆို လုပ်နိုင်သည်။ ယေဟောဝါဘုရားသခင်၏ ကြေညာချက်ကို ရင်ဆိုင်ရသည့်အခါ သူသည် ဤကိစ္စကို လျစ်လျူရှု၍ ရနိုင်သည်၊ သို့မဟုတ် သူ့အပြစ်ကိုသာလျှင် နောင်တရပြီး ဝန်ခံလိုက်၍ရသည်။ မြို့ထဲရှိလူတို့က နောင်တရဖို့ ရွေးချယ်သည်ဖြစ်စေ၊ မရွေးချယ်သည်ဖြစ်စေ သူ့အနေဖြင့် ထိုကိစ္စကို လုံးဝလျစ်လျူရှု၍ ရနိုင်ခဲ့သည်။ သို့သော်လည်း နိနေဝေဘုရင်က ဤကဲ့သို့ လုံးဝမလုပ်ခဲ့ပေ။ သူသည် မိမိ၏ရာဇပလ္လင်မှ ထ၍ ပြာများနှင့် လျှော်တေအဝတ်ကို ဝတ်ဆင်ကာ ယေဟောဝါဘုရားသခင်ရှေ့၌ သူ၏အပြစ်များကို ဝန်ခံပြီး နောင်တရခဲ့ရုံသာမကဘဲ မြို့ထဲရှိလူတို့နှင့် ခြံမွေးတိရစ္ဆာန်များ အားလုံးကိုလည်း ထိုကဲ့သို့လုပ်ရန် သူအမိန့်ထုတ်ခဲ့သည်။ “ပြင်းပြင်းထန်ထန် ဘုရားသခင်ကို ဟစ်အော်ကြစေ။” ဟူ၍ပင် လူတို့ကို သူအမိန့်ထုတ်ခဲ့သည်။ ဤလုပ်ရပ်တသီတသန်းအားဖြင့် နိနေဝေဘုရင်သည် အုပ်ချုပ်သူတစ်ယောက် လုပ်သင့်သည်ကို အမှန်တကယ် အထမြောက်အောင် လုပ်ခဲ့သည်။ သူ၏လုပ်ရပ်တသီတသန်းကြီးသည် လူ့သမိုင်းထဲရှိ မည်သည့်ဘုရင်အတွက်မဆို စွမ်းဆောင်နိုင်ဖို့ရန် ခဲယဉ်း၏၊ စင်စစ်အားဖြင့် အခြားမည်သည့်ဘုရင်မျှ ထိုအရာတို့ကို မစွမ်းဆောင်နိုင်ခဲ့ချေ။ ဤလုပ်ရပ်များကို လူ့သမိုင်း၌ မကြုံစဖူးသည့်အရာများဟု ခေါ်ဆိုနိုင်ပြီး ၎င်းတို့သည် လူသားမျိုးနွယ်၏ အောက်မေ့ခြင်းခံရဖို့နှင့် အတုယူခြင်းခံရဖို့ ထိုက်တန်ပေသည်။ လူ့သမိုင်းအစအဦးကတည်းက ဘုရင်တိုင်းသည် ဘုရားသခင်ကို ခုခံရန်နှင့် ဆန့်ကျင်ရန်အတွက် မိမိတို့၏အုပ်စိုးခံလူများကို ဦးဆောင်ခဲ့သည်။ မိမိတို့၏ ဆိုးညစ်မှုအတွက် ရွေးနုတ်ခြင်းကို ရှာဖွေကာ ယေဟောဝါဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို ရယူပြီး ဖြစ်အံ့ဆဲဆဲ အပြစ်ဒဏ်ခတ်မှုကို ရှောင်ကြဉ်ဖို့အလို့ငှာ ဘုရားသခင်ကို တောင်းပန်တိုးလျှိုးရန် မည်သူကမျှ မိမိတို့၏အုပ်စိုးခံလူများကို ဦးမဆောင်ခဲ့ပေ။ သို့သော်လည်း နိနေဝေဘုရင်ကမူ သူ၏အုပ်စိုးခံလူများကို ဘုရားသခင်ထံ လှည့်ပြန်ဖို့၊ မိမိတို့၏ သက်ဆိုင်ရာ ဆိုးယုတ်သောလမ်းများကို ထားခဲ့ပြီး မိမိတို့လက်ထဲရှိ အဓမ္မအမှုကို စွန့်လွှတ်ဖို့ ဦးဆောင်နိုင်ခဲ့သည်။ ထို့အပြင် သူ၏ရာဇပလ္လင်ကိုလည်း ဘေးချိတ်ထားနိုင်ခဲ့သည်။ အပြန်အလှန်အနေနှင့် ယေဟောဝါဘုရားသခင်သည် စိတ်ပြောင်းသွားပြီး နောင်တရခဲ့ကာ သူ၏အမျက်ဒေါသကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး မြို့သားတို့ကို အသက်ရှင်ခွင့်ပေး၍ ဖျက်ဆီးခြင်းမှ ကင်းလွတ်ခွင့်ပေးခဲ့၏။ ဘုရင်ကြီး၏ လုပ်ဆောင်ချက်များကို လူ့သမိုင်းထဲ၌ ရှားပါးသည့် ဆန်းကြယ်မှုဟူ၍သာ ခေါ်ဆိုနိုင်ပြီး ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်က ဘုရားသခင်ရှေ့၌ မိမိတို့၏အပြစ်များကို ဝန်ခံခြင်းနှင့် နောင်တရခြင်းတို့၏ စံပြတစ်ခုဟုပင် ခေါ်ဆိုနိုင်သည်။
နိနေဝေမြို့သားတို့၏ နှလုံးသားအတွင်းရှိ စစ်မှန်သည့် နောင်တကို ဘုရားသခင်မြင်၏
ဘုရားသခင်၏ ကြေညာချက်ကို ကြားပြီးနောက် နိနေဝေဘုရင်နှင့် သူ၏အုပ်စိုးခံလူများသည် လုပ်ဆောင်ချက်တသီတသန်းကြီး ပြုလုပ်ခဲ့သည်။ သူတို့၏အပြုအမူနှင့် လုပ်ဆောင်ချက်များ၏ သဘောတရားက အဘယ်နည်း။ တစ်နည်းပြောရလျှင် သူတို့အပြုအမူအလုံးစုံ၏ အနှစ်သာရက အဘယ်နည်း။ သူတို့လုပ်ခဲ့သည့်အရာကို သူတို့ဘာကြောင့်လုပ်ခဲ့သနည်း။ ဘုရားသခင်၏အမြင်တွင် သူတို့သည် စစ်မှန်စွာ နောင်တရခဲ့ကြသည်။ သူတို့အနေဖြင့် ဘုရားသခင်ရှေ့၌ မိမိတို့၏အပြစ်ကို ဝန်ခံပြီး ဘုရားသခင်ကို လေးနက်စွာ တောင်းပန်တိုးလျှိုးခဲ့ခြင်းကြောင့်သာမဟုတ်ဘဲ သူတို့၏ ဆိုးညစ်သည့်အပြုအမူကိုလည်း စွန့်ပစ်ခဲ့ကြခြင်းကြောင့်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက် သူတို့သည် အလွန့်အလွန် ကြောက်လန့်သွားကြပြီး ဘုရားသခင်သည် သူပြောသကဲ့သို့ လုပ်လိမ့်မည်ဆိုသည်ကို ယုံကြည်ခဲ့ကြ၍ ဤအတိုင်းလုပ်ခဲ့ကြခြင်းဖြစ်သည်။ အစာရှောင်ခြင်း၊ လျှော်တေအဝတ်ကို ဝတ်ဆင်ပြီး ပြာထဲ၌ ထိုင်ခြင်းအားဖြင့် သူတို့၏လမ်းများကို ပြန်လည်ပြုပြင်ရန်နှင့် ဆိုးညစ်မှုမှ ရှောင်ကြဉ်ရန် သူတို့ဆန္ဒရှိခြင်းကို ပြလိုခဲ့ကြသည်။ မိမိ၏ဒေါသကို ချုပ်တည်းပေးပါရန် ယေဟောဝါဘုရားသခင်ထံ သူတို့ဆုတောင်းခဲ့ကြပြီး သူ၏ဆုံးဖြတ်ချက်နှင့် သူတို့အပေါ်ကျရောက်လာမည့် ကပ်ဘေးကို ပြန်လည်ရုတ်သိမ်းပေးပါရန် သူ့ကို သူတို့တောင်းပန်တိုးလျှိုးခဲ့ကြ၏။ သူတို့၏အပြုအမူအားလုံးကို ငါတို့ဆန်းစစ်ကြည့်ပါက သူတို့၏ ယခင်က ဆိုးညစ်သည့်လုပ်ရပ်များကို ယေဟောဝါဘုရားသခင်က စက်ဆုပ်သည့်အကြောင်း သူတို့နားလည်ခဲ့သည်ကို ငါတို့မြင်နိုင်သည်၊ ထို့ပြင် ယေဟောဝါဘုရားသခင်အနေဖြင့် မကြာမီတွင် သူတို့ကို အဘယ်ကြောင့်ဖျက်ဆီးမည်ဆိုသည့် အကြောင်းရင်းကို သူတို့နားလည်ခဲ့ကြောင်းလည်း ငါတို့မြင်နိုင်သည်။ ဤအကြောင်းကြောင့် သူတို့အားလုံးသည် အပြည့်အဝနောင်တရဖို့၊ မိမိတို့၏ ဆိုးယုတ်သော လမ်းများကို ရှောင်ပြီး မိမိတို့လက်ထဲမှ အဓမ္မအမှုကို စွန့်လွှတ်ဖို့ ဆန္ဒရှိခဲ့ကြသည်။ တစ်နည်းပြောရလျှင် ယေဟောဝါဘုရားသခင်၏ ကြေညာချက်ကို သူတို့သိလိုက်သည်နှင့် သူတို့တစ်ယောက်ချင်းစီတိုင်းသည် မိမိတို့၏နှလုံးသားများထဲ၌ အကြောက်တရားကို ခံစားခဲ့ကြရသည်။ သူတို့၏ ဆိုးညစ်သော အပြုအမူကို ရပ်ဆိုင်းခဲ့ကြပြီး ယေဟောဝါဘုရားသခင် စက်ဆုပ်သည့် ထိုလုပ်ရပ်များကို ဆက်မကျူးလွန်တော့ချေ။ ထို့ပြင် သူတို့၏ အတိတ်က အပြစ်များကို ခွင့်လွှတ်ပေးပါရန်နှင့် သူတို့၏အတိတ်က လုပ်ရပ်များအရ သူတို့ကို မဆက်ဆံပါရန် ယေဟောဝါဘုရားသခင်ကို သူတို့တောင်းပန်တိုးလျှိုးခဲ့သည်။ ယေဟောဝါဘုရားသခင်ကို နောက်တစ်ခါ ဘယ်တော့မျှ ဒေါသမထွက်စေနိုင်မည်ဆိုလျှင် ဆိုးညစ်မှုကို ဘယ်တော့မျှ မလုပ်တော့ရန်နှင့် ယေဟောဝါဘုရားသခင်၏ ညွှန်ကြားချက်များအရ ပြုမူရန် သူတို့ဆန္ဒရှိနေခဲ့ကြသည်။ သူတို့၏နောင်တက စစ်မှန်ပြီး ပြည့်စုံမှုရှိသည်။ ထိုနောင်တက သူတို့၏အတွင်းနှလုံးသားထဲမှလာပြီး ပရိယာယ်ကင်းသကဲ့သို့ ယာယီလည်း မဟုတ်ပေ။
ဘုရင်မှစ၍ အရပ်သူအရပ်သားများအထိ နိနေဝေမြို့သားအားလုံးသည် ယေဟောဝါဘုရားသခင်က သူတို့ကို ဒေါသထွက်နေကြောင်း သိသွားသည်နှင့် သူတို့၏ နောက်ဆက်တွဲလုပ်ရပ်တစ်ခုချင်းစီတိုင်းနှင့် သူတို့၏အပြုအမူအလုံးစုံအပြင် သူတို့ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များနှင့် ရွေးချယ်မှုတိုင်းကို ဘုရားသခင်က ရှင်းရှင်းလင်းလင်းနှင့် ထင်ထင်ရှားရှား တွေ့နိုင်ခဲ့သည်။ ဘုရားသခင်၏ နှလုံးသားသည် သူတို့၏ အပြုအမူအရ ပြောင်းလဲသွားခဲ့သည်။ ထိုအချိန်မှာ ဘုရားသခင်၏ စိတ်အခြေအနေက မည်သို့ရှိခဲ့သနည်း။ သမ္မာကျမ်းစာက ဤမေးခွန်းကို သင့်အတွက် ဖြေဆိုနိုင်သည်။ ကျမ်းစာမှာ မှတ်တမ်းတင်ထားသည့်အတိုင်းဖြစ်ပါသည်။ “သူတို့သည် မိမိတို့၏ ဆိုးညစ်သောလမ်းမှ လှည့်ပြန်ပြီး ကျင့်သောအကျင့်များကို ဘုရားသခင်သည် မြင်လျှင်၊ ယခင် ပြုမည်ဟု မိန့်ဆိုခဲ့သော မကောင်းသည့်အမှုကို နောင်တရတော်မူပြီး ထိုသို့ မပြုပဲ နေတော်မူ၏။” (ယောနဝတ္ထု ၃:၁၀) ဘုရားသခင်က သူ့စိတ်ကို ပြောင်းလဲခဲ့သော်လည်း သူ၏စိတ်အခြေအနေနှင့် ပတ်သက်၍ ရှုပ်ထွေးခြင်း မရှိခဲ့ပေ။ သူသည် သူ၏ဒေါသကို ဖော်ပြခြင်းမှ သူ့ဒေါသကို ငြိမ်းစေခြင်းသက်သက်ပင်ဖြစ်သည်။ ထို့နောက် နိနေဝေမြို့အပေါ် ကပ်ဘေးကျရောက်အောင် မလုပ်ရန် သူဆုံးဖြတ်ခဲ့သည်။ နိနေဝေမြို့သားများကို ကပ်ဘေးမှ အသက်ချမ်းသာခွင့်ပေးဖို့ဖြစ်သည့် ဘုရားသခင်၏ ဆုံးဖြတ်ချက်က အလွန်မြန်ဆန်လှသည့် အကြောင်းရင်းမှာ ဘုရားသခင်သည် နိနေဝေမြို့သားတိုင်း၏ နှလုံးသားကို စောင့်ကြည့်ခဲ့သည့်အတွက်ဖြစ်သည်။ မိမိတို့၏အပြစ်များအတွက် သူတို့၏ စစ်မှန်သော နောင်တရခြင်းနှင့် ဝန်ခံခြင်း၊ သူ့အပေါ် သူတို့၏ စစ်မှန်သည့် ယုံကြည်ခြင်း၊ သူ၏စိတ်သဘောထားကို သူတို့၏ဆိုးသွမ်းသည့် လုပ်ရပ်များက မည်ကဲ့သို့ဒေါသထွက်စေခဲ့ပုံကို သူတို့၏နက်နဲသည့် သိနားလည်ခြင်းနှင့် ယေဟောဝါဘုရားသခင်ပေးမည့် ဖြစ်အံ့ဆဲဆဲ အပြစ်ဒဏ်ကြောင့် ဖြစ်ပေါ်လာသော ကြောက်ရွံ့ခြင်းတို့ဖြစ်သည့် သူတို့၏ အတွင်းနှလုံးသားထဲ၌ ကိုင်စွဲထားကြသည့်အရာများကို သူမြင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ဤကပ်ဘေးကို ရှောင်ကြဉ်နိုင်ဖို့အတွက် သူတို့အပေါ် ဆက်၍ဒေါသမထွက်ပါမည့်အကြောင်း သူ့ကို တောင်းပန်တိုးလျှိုးနေသည့် သူတို့၏နှလုံးသားအတွင်းထဲမှလာသော သူတို့၏ဆုတောင်းသံများကိုလည်း ယေဟောဝါဘုရားသခင်က ကြားခဲ့သည်။ ဤအချက်အားလုံးကို ဘုရားသခင်က ကြည့်ရှုလေ့လာသည့်အခါ သူ၏ဒေါသများက တစ်စပြီးတစ်စ ပျောက်ကွယ်သွားခဲ့သည်။ ယခင်က သူ၏ဒေါသသည် မည်မျှပင်ကြီးပါစေ ဤလူတို့၏ နှလုံးသားအတွင်းထဲရှိ စစ်မှန်သည့် နောင်တကို သူမြင်သည့်အခါ သူ၏နှလုံးသားသည် တို့ထိခံရသဖြင့် သူတို့အပေါ် ဘေးဒုက္ခကျရောက်အောင် မလုပ်ရက်တော့ဘဲ သူတို့အပေါ် ဒေါသထွက်နေခြင်းကို ရပ်တန့်လိုက်သည်။ ထိုအစား သူတို့အား သူ၏သနားကရုဏာနှင့် သည်းခံမှုကို ဆက်လက်၍ ကမ်းလှမ်းပေးခဲ့ပြီး သူတို့ကို ဆက်လက်လမ်းညွှန်ကာ ထောက်ပံ့ပေးခဲ့သည်။
ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းက စစ်မှန်သည်ဆိုလျှင် သူ၏ဂရုစိုက်မှုကို မကြာခဏ သင်ရရှိလိမ့်မည်
နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်က သူ၏ရည်ရွယ်ချက်ကို ပြောင်းလဲခြင်း၌ တွန့်ဆုတ်ခြင်း၊ သို့မဟုတ် မပြတ်သားခြင်းတို့ မပါဝင်ပေ။ စင်စစ်အားဖြင့် ဒေါသသက်သက်မှ သည်းခံခြင်းသက်သက်ကို ကူးပြောင်းသွားခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင့်အနှစ်သာရ၏ မှန်ကန်သည့် ထုတ်ဖော်ချက်ဖြစ်၏။ ဘုရားသခင်သည် သူ၏လုပ်ဆောင်ချက်တို့၌ မပြတ်သားခြင်း၊ သို့မဟုတ် တွန့်ဆုတ်ခြင်းတို့ မည်သည့်အခါမျှမရှိပေ။ သူ၏လုပ်ဆောင်ချက်များနောက်က အခြေခံမူများနှင့် ရည်ရွယ်ချက်များအားလုံးသည် ရှင်းလင်းပြီး ပွင့်လင်းမြင်သာ၏၊ သန့်စင်ပြီး ခြောက်ပြစ်ကင်း၏။ အတွင်း၌ လှည့်ကွက်များ၊ သို့မဟုတ် လျှို့ဝှက်အကြံအစည်များ ရောထွေးနေခြင်း လုံးဝမရှိပေ။ တစ်နည်းပြောရလျှင် ဘုရားသခင်၏အနှစ်သာရထဲ၌ အမှောင်ထုသော်လည်းကောင်း၊ ဆိုးယုတ်ခြင်းသော်လည်းကောင်း မပါဝင်ပေ။ နိနေဝေမြို့သားများ၏ ဆိုးညစ်သည့် လုပ်ရပ်များက သူ့ရှေ့ကို ရောက်လာသည့်အတွက်ကြောင့် ဘုရားသခင်က ဒေါသထွက်ခဲ့သည်။ ထိုအချိန်တုန်းက သူ၏ဒေါသသည် သူ၏အနှစ်သာရမှ ဆင်းသက်သည်။ သို့သော်လည်း ဘုရားသခင်၏ဒေါသသည် ပျောက်ကွယ်သွားပြီး သူ၏သည်းခံခြင်းကို နိနေဝေမြို့သားတို့အပေါ် နောက်တစ်ကြိမ် ချပေးသနားသည့်အခါ သူဖွင့်ပြသည့်အရာအားလုံးက သူ၏ကိုယ်ပိုင်အနှစ်သာရပင် ဖြစ်နေသေး၏။ ဤပြောင်းလဲမှုတစ်ခုလုံးက ဘုရားသခင်အပေါ် လူသား၏သဘောထား ပြောင်းလဲမှုကြောင့်ဖြစ်သည်။ ဤအချိန်ကာလတစ်ခုလုံးအတွင်း၌ ဘုရားသခင်၏ ထိပါးစော်ကား၍မရသည့် စိတ်သဘောထားက ပြောင်းလဲမသွားပေ။ ဘုရားသခင်၏ သည်းခံသည့် အနှစ်သာရက ပြောင်းလဲမသွားပေ။ ထို့ပြင် ဘုရားသခင်၏ မေတ္တာကရုဏာနှင့်ပြည့်စုံသော အနှစ်သာရက ပြောင်းလဲမသွားပေ။ လူတို့က ဆိုးညစ်သည့် လုပ်ရပ်များကို ကျူးလွန်ပြီး ဘုရားသခင်ကို ထိပါးစော်ကားသည့်အခါ သူ့ဒေါသကို သူတို့အပေါ် ကျရောက်စေလိမ့်မည်။ လူတို့က အမှန်တကယ် နောင်တရသည့်အခါ ဘုရားသခင်၏ နှလုံးသားသည် ပြောင်းလဲမည်ဖြစ်ပြီး သူ၏ဒေါသသည် ရပ်တန့်သွားလိမ့်မည်။ လူတို့က ဘုရားသခင်ကို ခေါင်းမာမာနှင့် ဆက်ပြီးဆန့်ကျင်နေလျှင် သူ၏ဒေါသက ရပ်စဲလိမ့်မည် မဟုတ်ဘဲ သူ၏အမျက်ဒေါသသည် ထိုသူတို့ဖျက်ဆီးခံရသည့်အထိ တစ်စပြီးတစ်စ သူတို့အပေါ် ဖိအားပေးသွားမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင့်စိတ်သဘောထား၏ အနှစ်သာရဖြစ်သည်။ ဘုရားသခင်က အမျက်ဒေါသကို ဖော်ပြနေသည်ဖြစ်စေ၊ သို့မဟုတ် သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုကို ဖော်ပြနေသည်ဖြစ်စေ ဘုရားသခင့်စိတ်သဘောထား၏ ထုတ်ဖော်ချက်မှတစ်ဆင့် ပြသသည့်အရာကို လူသား၏လုပ်ဆောင်ချက်၊ အပြုအမူနှင့် လူသား၏နှလုံးသားအတွင်းရှိ ဘုရားသခင်အပေါ်ထားသော သဘောထားတို့က သတ်မှတ်သည်။ ဘုရားသခင်က သူ၏အမျက်ဒေါသကို လူတစ်ယောက်အပေါ်မှာ အဆက်မပြတ် သက်ရောက်စေလျှင် ဤလူ၏နှလုံးသားသည် ဘုရားသခင်ကို ဆန့်ကျင်သည်မှာ သံသယဖြစ်စရာ မလိုပေ။ ဤလူ့အနေဖြင့် တစ်ခါမျှ အမှန်တကယ် နောင်တရဖူးခြင်း မရှိသည့်အတွက်ကြောင့်၊ ဘုရားသခင်ရှေ့၌ ဦးညွှတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်အပေါ် စစ်မှန်သည့် ယုံကြည်မှုကို ပိုင်ဆိုင်ခြင်း မရှိသည့်အတွက်ကြောင့် သူသည် ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းကို တစ်ခါမျှ မရရှိခြင်းဖြစ်သည်။ လူတစ်ဦးသည် ဘုရားသခင်၏ ဂရုစိုက်မှု၊ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို မကြာခဏလက်ခံရရှိလျှင် ဤလူ၏နှလုံးသား၌ ဘုရားသခင်ကို စစ်မှန်သည့်ယုံကြည်ခြင်းရှိပြီး သူ့နှလုံးသားသည် ဘုရားသခင်အား မဆန့်ကျင်သည်ကို ယုံမှားဖွယ်ရာမရှိပေ။ ဤသူသည် ဘုရားသခင်ရှေ့၌ မကြာခဏ အမှန်တကယ် နောင်တရသည်။ ထို့ကြောင့် ဘုရားသခင်၏ ပဲ့ပြင်ဆုံးမခြင်းက ဤလူအပေါ်သို့ မကြာခဏ သက်ရောက်လျှင်ပင် သူ၏အမျက်ဒေါသက ကျရောက်မည် မဟုတ်ပေ။
ဤမှတ်တမ်းအကျဉ်းက လူတို့အား ဘုရားသခင်၏ နှလုံးသားကို မြင်စေသည်၊ သူ့အနှစ်သာရ၏ စစ်မှန်ခြင်းကို မြင်စေသည်၊ ဘုရားသခင်၏ ဒေါသနှင့် သူ၏နှလုံးသားပြောင်းလဲခြင်းများသည် အကြောင်းမဲ့သက်သက် မဟုတ်ကြောင်းကို လူတို့အား မြင်စေသည်။ ဒေါသနှင့် သည်းခံခြင်းဟူသည့် ဘုရားသခင့်အနှစ်သာရ၏ ဤရှုထောင့်နှစ်ခုကြားတွင် ကြီးမားသည့် ကွာဟမှု၊ သို့မဟုတ် ခြားနားမှုတစ်ခုရှိသည်ဟု လူတို့ကို ယုံကြည်စေသောအရာဖြစ်သည့် စိတ်ဆိုးချိန်နှင့် နှလုံးသားပြောင်းလဲချိန်တွင် ဘုရားသခင်ထုတ်ဖော်ပြသခဲ့သည့် သိသာသော ကွဲပြားမှုရှိသော်လည်း နိနေဝေမြို့သားတို့၏ နောင်တရခြင်းအပေါ် ဘုရားသခင်၏ သဘောထားသည် ဘုရားသခင့်စိတ်သဘောထားအမှန်၏ အခြားတစ်ဖက်ကို လူတို့အား မြင်စေသည်။ ဘုရားသခင်၏ နှလုံးသားပြောင်းလဲခြင်းသည် ဘုရားသခင်၏ သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှု၏ အမှန်တရားကို လူသားမျိုးနွယ်အား နောက်တစ်ကြိမ်မြင်စေပြီး ဘုရားသခင့်အနှစ်သာရ၏ ထုတ်ဖော်ချက်အမှန်ကိုလည်း မြင်စေသည်။ ဘုရားသခင်၏သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုတို့သည် ဒဏ္ဍာရီများမဟုတ်သကဲ့သို့ လုပ်ကြံဖန်တီးထားခြင်းများလည်း မဟုတ်ကြောင်းကို လူသားမျိုးနွယ်က အသိအမှတ်ပြုရုံသာရှိသည်။ ဤသို့ဖြစ်ရခြင်းမှာ ထိုအချိန်၌ ဘုရားသခင်၏ ခံစားချက်က မှန်ကန်ပြီး ဘုရားသခင်၏ နှလုံးသားပြောင်းလဲခြင်းက မှန်ကန်သောကြောင့်ဖြစ်သည်- ဘုရားသခင်က လူသားမျိုးနွယ်အပေါ် သူ၏သနားကရုဏာနှင့် သည်းခံမှုကို အမှန်တကယ်ပင် နောက်တစ်ကြိမ် ချပေးသနားခဲ့သည်။
နိနေဝေမြို့သားတို့၏ နှလုံးသားထဲရှိသည့် စစ်မှန်သည့်နောင်တသည် ဘုရားသခင်၏ သနားကရုဏာကို ရယူနိုင်ခဲ့ပြီး သူတို့၏အဆုံးသတ်ကို ပြောင်းလဲစေခဲ့သည်
ဘုရားသခင်၏ နှလုံးသားပြောင်းလဲခြင်းနှင့် သူ၏အမျက်ဒေါသကြားမှာ တစ်ခုနှင့်တစ်ခုမကိုက်ညီခြင်း ရှိသလော။ မည်သို့ရှိပါ့မည်နည်း။ ဤသည်မှာ ထိုအချိန်၌ ဘုရားသခင်၏ သည်းခံခြင်းက အကြောင်းရင်း ရှိသည့်အတွက်ကြောင့်ဖြစ်သည်။ ဤအကြောင်းရင်းက အဘယ်အရာဖြစ်နိုင်မည်နည်း။ သမ္မာကျမ်းစာမှာ ဖော်ပြထားသည့် အရာတစ်ခုဖြစ်သည်။ “လူတိုင်းက မိမိတို့၏ဆိုးယုတ်သည့်လမ်းကို ရှောင်သည်” ဆိုခြင်းနှင့် “မိမိတို့လက်များထဲက အဓမ္မအမှုများကို စွန့်လွှတ်သည်” ဆိုခြင်းတို့ဖြစ်သည်။
ဤ “ဆိုးယုတ်သည့်လမ်း” က ဆိုးယုတ်သည့် လုပ်ရပ်တချို့ကို ရည်ညွှန်းခြင်းမဟုတ်ပေ။ ထိုအစား လူတို့၏အပြုအမူပေါက်ဖွားလာသည့် ဆိုးယုတ်သည့်အရင်းအမြစ်ကို ရည်ညွှန်းခြင်းဖြစ်သည်။ “မိမိ၏ ဆိုးယုတ်သည့်လမ်းကို ရှောင်ခြင်း” ဆိုသည်မှာ ထိုလူတို့သည် ဤလုပ်ရပ်တို့ကို ဘယ်တော့မျှ နောက်ထပ်ကျူးလွန်တော့မည်မဟုတ်ဟု ဆိုလိုသည်။ တစ်နည်းပြောရလျှင် သူတို့သည် ဤဆိုးယုတ်သည့်လမ်းကို ဘယ်တော့မျှ နောက်ထပ်ပြုမူတော့မည် မဟုတ်ပေ။ သူတို့လုပ်ရပ်များ၏ နည်းလမ်း၊ အရင်းအမြစ်၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်နှင့် အခြေခံမူတို့သည် အားလုံးပြောင်းလဲသွား၏။ သူတို့၏နှလုံးသားတွင် သာယာကြည်နူးမှုနှင့် ပျော်ရွှင်မှုကိုရရှိရန် ဤနည်းလမ်းများနှင့် အခြေခံမူများကို ဘယ်တော့မျှ ထပ်မံအသုံးပြုမည် မဟုတ်တော့ပေ။ “မိမိလက်များထဲက အဓမ္မအမှုများကို စွန့်လွှတ်သည်” ဆိုသည့်အထဲ၌ “စွန့်လွှတ်” ဟူသည်မှာ လွှတ်ချဖို့၊ သို့မဟုတ် ဘေးဖယ်လိုက်ဖို့၊ အတိတ်ကို လုံးဝဖြတ်တောက်လိုက်ပြီး ဘယ်တော့မျှ နောက်ပြန်မလှည့်ဖို့ကို ဆိုလိုခြင်းဖြစ်သည်။ နိနေဝေမြို့သားတို့သည် သူတို့လက်ထဲမှ အဓမ္မအမှုများကို စွန့်လွှတ်ခဲ့သည့်အခါ ဤအချက်က သူတို့၏ စစ်မှန်သည့် နောင်တကို သက်သေပြသကဲ့သို့ ကိုယ်စားလည်းပြုသည်။ ဘုရားသခင်သည် လူတို့၏အပြင်ပန်းနှင့် သူတို့၏နှလုံးသားကိုလည်း လေ့လာကြည့်ရှုသည်။ ဘုရားသခင်သည် နိနေဝေမြို့သားတို့၏ နှလုံးသားထဲရှိ စစ်မှန်သည့် နောင်တကို မေးခွန်းမထုတ်ဘဲနှင့် လေ့လာကြည့်ရှုပြီး သူတို့သည် သူတို့၏ဆိုးယုတ်သည့်လမ်းများကို ထားခဲ့ပြီး သူတို့၏လက်ထဲမှ အဓမ္မအမှုများကို စွန့်ပစ်ခဲ့ကြောင်းကိုလည်း ကြည့်ရှုသိမြင်ပြီးသည့်အခါ သူ၏နှလုံးသားကို သူပြောင်းလဲခဲ့သည်။ ဆိုလိုသည်မှာ ဤလူတို့၏ အနေအထိုင်၊ အပြုအမူနှင့် အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းအမျိုးမျိုးအပြင် သူတို့၏နှလုံးသားထဲရှိ မှန်ကန်သည့် ဝန်ခံခြင်းနှင့် နောင်တတို့သည် ဘုရားသခင်အား သူ၏နှလုံးသားကို ပြောင်းလဲစေဖို့၊ သူ၏ရည်ရွယ်ချက်များကို ပြောင်းလဲစေဖို့၊ သူ၏ဆုံးဖြတ်ချက်ကို ရုပ်သိမ်းပြီး သူတို့ကို ပြစ်ဒဏ်မခတ်ဖို့၊ သို့မဟုတ် မဖျက်ဆီးဖို့ ဖြစ်စေခဲ့သည်။ ထို့ကြောင့် နိနေဝေမြို့သားတို့သည် မတူညီသည့် အဆုံးသတ်ကို ရရှိခဲ့သည်။ သူတို့၏ ကိုယ်ပိုင်အသက်ကို သူတို့ပြန်လည်ရွေးနုတ်ခဲ့ပြီး တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံမှုတို့ကို ရယူနိုင်ခဲ့၏၊ ထိုအချိန်တွင် ဘုရားသခင်က သူ၏အမျက်ဒေါသကိုလည်း ရုပ်သိမ်းခဲ့ပြီးဖြစ်သည်။
ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံမှုတို့သည် မနည်းပါးပေ— လူသား၏ စစ်မှန်သည့် နောင်တသာ နည်းပါးခြင်းဖြစ်သည်
နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်က မည်မျှပင် စိတ်ဆိုးခဲ့ပါစေ သူတို့သည် အစာရှောင်ခြင်းကို ကြေညာခဲ့ပြီး ပြာများနှင့် လျှော်တေအဝတ်ကို ဝတ်ဆင်ပြီးသည်နှင့် သူ၏နှလုံးသားသည် တဖြည်းဖြည်းပျော့ပြောင်းလာပြီး သူ၏စိတ်ကို သူစတင်ပြောင်းခဲ့၏။ သူတို့၏မြို့ကို သူဖျက်ဆီးမည့်အကြောင်း သူတို့ကို ကြေညာလိုက်သည့်အခါ- သူတို့၏အပြစ်များအတွက် သူတို့၏ဝန်ခံခြင်းနှင့် နောင်တရခြင်းတို့ မတိုင်ခင်အချိန်၌- ဘုရားသခင်က သူတို့ကို ဒေါသထွက်နေဆဲပင်ဖြစ်သည်။ သူတို့သည် နောင်တရသည့် လုပ်ရပ်တသီတသန်းကြီးကို လုပ်ဆောင်ပြီးသည်နှင့် နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်၏ဒေါသသည် သူတို့အတွက် သနားကရုဏာနှင့် သည်းခံခြင်းအဖြစ် တဖြည်းဖြည်းပြောင်းလဲသွားခဲ့သည်။ အဖြစ်အပျက်တစ်ခုတည်းတွင် ဘုရားသခင့်စိတ်သဘောထား၏ ဤရှုထောင့်နှစ်ခုကို တစ်ချိန်ထဲ၌ ထုတ်ဖော်ပြခြင်းနှင့်ပတ်သက်၍ မကိုက်ညီမှု တစ်ခုမျှမရှိပေ။ ဤမကိုက်ညီမှုမရှိခြင်းကို မည်ကဲ့သို့နားလည်ပြီး သိရှိနိုင်မည်နည်း။ နိနေဝေမြို့သားတို့က နောင်တရခဲ့သည့်အခါ ဘုရားသခင်သည် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည့် ဤအနှစ်သာရနှစ်ခုကို တစ်လှည့်စီ ထုတ်ဖော်ဖွင့်ပြခဲ့ပြီး ဘုရားသခင့်အနှစ်သာရ၏ စစ်မှန်ခြင်းနှင့် ထိပါးစော်ကား၍ မရနိုင်ခြင်းကို လူတို့အား မြင်စေခဲ့သည်။ ဘုရားသခင်က လူတို့အား အောက်ပါအကြောင်းများကိုပြောဖို့ သူ၏သဘောထားကို အသုံးပြုခဲ့သည်- ဘုရားသခင်က လူတို့ကို သည်းမခံခြင်း၊ သို့မဟုတ် သူတို့အပေါ်မှာ သနားကရုဏာ မပြလိုခြင်းမျိုး မဟုတ်ဘဲ စင်စစ်အားဖြင့် လူတို့က ဘုရားသခင်အပေါ် အမှန်တကယ် နောင်တရခြင်းသာ ရှားပါးနေခြင်းဖြစ်၏၊ ထို့ပြင် လူတို့က မိမိတို့၏ဆိုးယုတ်သည့်လမ်းများကို အမှန်တကယ်ထားခဲ့ပြီး မိမိတို့၏လက်ထဲမှာရှိသည့် အဓမ္မအမှုများကို စွန့်လွှတ်ခြင်းက ရှားပါးနေခြင်းသာဖြစ်သည်။ တစ်နည်းပြောရလျှင် ဘုရားသခင်က လူသားကို ဒေါသထွက်သည့်အခါ လူသားသည် အမှန်တကယ် နောင်တရနိုင်ဖို့ သူမျှော်လင့်၏။ လူသား၏ စစ်မှန်သည့် နောင်တကို မြင်ရဖို့ သူဧကန်အမှန်မျှော်လင့်သည်။ ထိုကဲ့သို့ဖြစ်လာပါက သူသည် လူသားအပေါ် သူ၏သနားကရုဏာနှင့် သည်းခံခြင်းကို ရက်ရက်ရောရော ဆက်လက်၍ ချပေးသနားမည်ဖြစ်သည်။ ဆိုလိုသည်မှာ လူသား၏ ဆိုးယုတ်သည့် အပြုအမူက ဘုရားသခင်၏ အမျက်ဒေါသကို ဖြစ်ပွားစေသော်လည်း ဘုရားသခင်ကို နားထောင်ပြီး သူ့ရှေ့၌ အမှန်တကယ် နောင်တရသူများအပေါ်၊ ထို့ပြင် မိမိတို့၏ဆိုးယုတ်သည့်လမ်းများကို ရှောင်ပြီး မိမိတို့လက်ထဲရှိ အဓမ္မအမှုများကို စွန့်လွှတ်နိုင်သည့်သူတို့အပေါ်၌မူ ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို ချပေးသနားသည်။ နိနေဝေမြို့သားများအပေါ် သူ၏ဆက်ဆံမှုတွင် ဘုရားသခင်၏ သဘောထားကို အလွန်ပင် ရှင်းရှင်းလင်းလင်း ထုတ်ဖော်ထားသည်။ ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို ရရှိဖို့ လုံးဝမခဲယဉ်းပေ။ သူတောင်းဆိုသည့်အရာမှာ စစ်မှန်သည့် နောင်တဖြစ်သည်။ လူတို့အနေဖြင့် မိမိတို့၏ ဆိုးယုတ်သည့်လမ်းများကို ရှောင်ပြီး မိမိတို့လက်ထဲရှိ အဓမ္မအမှုများကို စွန့်လွှတ်လျှင် ဘုရားသခင်က သူ၏နှလုံးသားကို ပြောင်းလဲမည်ဖြစ်ပြီး သူတို့အပေါ် သူ၏သဘောထားကို ပြောင်းလဲမည် ဖြစ်သည်။
ဖန်ဆင်းရှင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် စစ်မှန်ပြီး ထင်ရှားသည်
ဘုရားသခင်က နိနေဝေမြို့သားများအပေါ် သူ၏နှလုံးသားကို ပြောင်းလဲခဲ့သည့်အခါ သူ၏သနားကရုဏာနှင့် သည်းခံခြင်းတို့သည် အရေခြုံဗန်းပြတစ်ခု ဖြစ်သလော။ မည်သို့ဖြစ်နိုင်ပါ့မည်နည်း။ သို့ဆိုလျှင် အခြေအနေတစ်ခုတည်းကို ဘုရားသခင်ကိုင်တွယ်ဖြေရှင်းနေစဉ်တွင် ဘုရားသခင့်စိတ်သဘောထား၏ ဤရှုထောင့်နှစ်ရပ်ကြား ပြောင်းလဲခြင်းက ဘာကိုပြသနည်း။ ဘုရားသခင်၏ စိတ်သဘောထားသည် ပြည့်ဝစုံလင်၏- စိတ်ပိုင်းထားခြင်း လုံးဝမရှိပေ။ သူ့အနေဖြင့် လူတို့အပေါ်၌ ဒေါသကို ပြနေသည်ဖြစ်စေ၊ သနားကရုဏာနှင့် သည်းခံခြင်းကို ပြနေသည်ဖြစ်စေ၊ ၎င်းတို့အားလုံးက သူ၏ဖြောင့်မတ်သည့် စိတ်သဘောထား၏ ဖော်ပြချက်များပင်ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားသည် ချက်ချာပြီး အထင်းသားမြင်သာကာ အမှုအရာများ ပြောင်းလဲဖြစ်ပေါ်ခြင်းအပေါ်မူတည်၍ သူ၏အတွေးများနှင့် သဘောထားတို့ကို သူပြောင်းလဲသည်။ နိနေဝေမြို့သားတို့အပေါ် သူ၏သဘောထား ပြောင်းလဲခြင်းက သူ၌ သူ၏ကိုယ်ပိုင်အတွေးနှင့် စိတ်ကူးများရှိကြောင်းကို လူသားမျိုးနွယ်အား ပြသည်။ သူသည် စက်ရုပ်သော်လည်းကောင်း၊ မြေရုပ်တုသော်လည်းကောင်း မဟုတ်ဘဲ အသက်ရှင်သည့် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်။ နိနေဝေမြို့သားတို့ကို သူတို့၏သဘောထားများအရ သူတို့၏အတိတ်များကို ခွင့်လွှတ်နိုင်သကဲ့သို့ သူတို့ကို သူဒေါသထွက်နိုင်သည်။ နိနေဝေမြို့သားတို့အပေါ် ကံဆိုးခြင်းများ ကျရောက်စေဖို့ သူဆုံးဖြတ်နိုင်သကဲ့သို့ သူတို့၏နောင်တကြောင့် သူ၏ဆုံးဖြတ်ချက်ကိုလည်း သူပြောင်းလဲနိုင်သည်။ လူတို့က ဘုရားသခင်၏ စိတ်သဘောထားကို သိရန်ကြိုးစားရာ၌ ပုံသေနည်းများ အသုံးပြုရခြင်းကို နှစ်သက်သကဲ့သို့ စည်းမျဉ်းများကို တင်းတင်းကျပ်ကျပ် ကျင့်သုံးလိုကြပြီး ဘုရားသခင်ကို ဘောင်ခတ်၍ အဓိပ္ပာယ်သတ်မှတ်ရန် ထိုသို့သော စည်းမျဉ်းများကို အသုံးပြုလိုကြသည်။ ထို့ကြောင့် လူသား၏အတွေးနယ်ပယ်အရမူ ဘုရားသခင်သည် စဉ်းစားခြင်းမပြုသကဲ့သို့ သူ၌ ပဓာနကျသည့် စိတ်ကူးများလည်း မရှိဟူသတတ်။ အမှန်စင်စစ်မှာမူ ဘုရားသခင်၏ အတွေးများသည် အကြောင်းအရာများနှင့် ပတ်ဝန်းကျင်တို့ ပြောင်းလဲမှုများနှင့်အညီ အစဉ်တစိုက် ပြောင်းလဲနေသည်။ ဤအတွေးများက ပြောင်းလဲနေစဉ်တွင် ဘုရားသခင့်အနှစ်သာရ၏ မတူညီသည့် ရှုထောင့်များက ထုတ်ဖော်ခံရလေသည်။ ဤပြောင်းလဲမှုဖြစ်စဉ်ကာလအတွင်း ဘုရားသခင်က သူ၏စိတ်နှလုံးသားကို ပြောင်းလဲသည့်အချိန်အတိအကျတွင် သူသည် လူသားမျိုးနွယ်ကို သူ့အသက်၏ဖြစ်တည်မှုစစ်စစ်နှင့် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားက အင်တိုက်အားတိုက် အသက်ပါခြင်းနှင့် ပြည့်ဝနေကြောင်း ပြသသည်။ တစ်ချိန်တည်းမှာပင် သူ၏အမျက်ဒေါသ၊ သူ၏သနားကရုဏာ၊ သူ၏ချစ်ခင်ကြင်နာခြင်းနှင့် သူ၏သည်းခံခြင်းတို့၏ ဖြစ်တည်မှုဆိုင်ရာ အမှန်တရားကို လူသားမျိုးနွယ်အား သက်သေပြဖို့ သူ၏ကိုယ်ပိုင် စစ်မှန်သည့်ထုတ်ဖော်ခြင်းများကို ဘုရားသခင်အသုံးပြုသည်။ အကြောင်းအရာများ တိုးတက်ပြောင်းလဲမှုအရ သူ၏အနှစ်သာရကို အချိန်မရွေး၊ နေရာမရွေးတွင် ထုတ်ဖော်ပြလိမ့်မည်။ ခြင်္သေ့တစ်ကောင်၏ အမျက်ဒေါသအပြင် မိခင်တစ်ဦး၏ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို သူပိုင်ဆိုင်သည်။ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားက မည်သူ့ကိုမျှ မေးခွန်းထုတ်ခြင်း၊ ချိုးဖောက်ခြင်း၊ ပြောင်းလဲခြင်း၊ သို့မဟုတ် ပုံစံပျက်အောင်ပြုလုပ်ခြင်းတို့ကို ခွင့်မပြုပေ။ အမှုအရာများ အားလုံးနှင့် အကြောင်းအရာများ အားလုံးထဲတွင် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို- ဆိုလိုသည်မှာ ဘုရားသခင်၏ အမျက်ဒေါသနှင့် ဘုရားသခင်၏ သနားကရုဏာကို- အချိန်မရွေး၊ နေရာမရွေးတွင် ထုတ်ဖော်ပြနိုင်သည်။ သူသည် ဤရှုထောင့်များကို ဖန်ဆင်းခြင်း၏ နေရာတိုင်းတွင် အသက်ပါစွာ ဖော်ပြပြီး ၎င်းတို့ကို အချိန်တိုင်းတွင် အသက်ပါတက်ကြွမှုဖြင့် အကောင်အထည်ဖော်၏။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် အချိန်၊ သို့မဟုတ် နေရာတို့၏ ကန့်သတ်ထားခြင်းကို မခံရပေ။ တစ်နည်းပြောရလျှင် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို အချိန်၊ သို့မဟုတ် နေရာတို့၏ ဘောင်ခတ်သတ်မှတ်ချက်များအရ စက်ယန္တရားဆန်ဆန် ဖော်ပြခြင်းလည်း မဟုတ်၊ ထုတ်ဖော်ခြင်းလည်း မဟုတ်ဘဲ ထိုအစား အချိန်တိုင်း နေရာတိုင်း၌ ပကတိလွတ်လပ်မှုဖြင့် ထုတ်ဖော်ဖွင့်ပြခြင်းဖြစ်သည်။ ဘုရားသခင်က သူ၏နှလုံးသားကို ပြောင်းလဲပြီး သူ၏အမျက်ဒေါသအား ဖော်ပြခြင်းကို ရပ်တန့်ကာ နိနေဝေမြို့အား မဖျက်ဆီးဘဲ စိတ်ချုပ်တည်းလိုက်ခြင်းကို သင်မြင်သည့်အခါ ဘုရားသခင်သည် သနားကရုဏာ၊ မေတ္တာနှင့်သာ ပြည့်စုံသည်ဟု သင်ဆိုနိုင်သလော။ ဘုရားသခင်၏ အမျက်ဒေါသတွင် အနှစ်မရှိသည့် စကားလုံးများသာလျှင် ပါဝင်သည်ဟု သင်ဆိုနိုင်သလော။ ဘုရားသခင်သည် ပြင်းထန်သည့် အမျက်ဒေါသဖြင့် ဒေါသူပုန်ထပြီး သူ၏သနားကရုဏာကို ရုပ်သိမ်းလိုက်သောအခါ လူသားမျိုးနွယ်အပေါ် သူသည် စစ်မှန်စွာမချစ်ဟု သင်ဆိုနိုင်သလော။ လူတို့၏ ဆိုးယုတ်သည့် လုပ်ရပ်များကို တုံ့ပြန်သည့်အနေနှင့် ပြင်းထန်သည့် ဤအမျက်ဒေါသကို ဘုရားသခင်ဖော်ပြ၏။ သူ၏အမျက်ဒေါသသည် ခြောက်ပြစ်ကင်း၏။ ဘုရားသခင်၏ နှလုံးသားသည် လူတို့၏ နောင်တကြောင့် တို့ထိခံရသည်။ သူ၏နှလုံးသားကို ပြောင်းလဲစေသည်မှာလည်း ဤနောင်တပင် ဖြစ်သည်။ သူတို့ထိခံရသည့်အခါ၊ သူ၏နှလုံးသားပြောင်းလဲသည့်အခါ၊ ထို့ပြင် လူသားအပေါ် သူ၏သနားကရုဏာနှင့် သည်းခံခြင်းတို့ကို ပြသသည့်အခါ ဤအရာအားလုံးသည် လုံးလုံးလျားလျား ခြောက်ပြစ်ကင်း၏။ ၎င်းတို့သည် သန့်ရှင်း၍ ဖြူစင်ကာ ပြစ်မျိုးမှဲ့မထင်ဖြစ်ပြီး အရောအနှောကင်း၏။ ဘုရားသခင်၏ သနားကရုဏာက သနားကရုဏာမှလွဲ၍ အခြားဘာမျှ မဟုတ်သကဲ့သို့ ဘုရားသခင်၏ သည်းခံခြင်းသည်လည်း သည်းခံခြင်းသက်သက်သာဖြစ်သည်။ လူသား၏နောင်တနှင့် လူသားအပြုအမူ၏ အပြောင်းအလဲများနှင့်အညီ သူ၏စိတ်သဘောထားသည် အမျက်ဒေါသ၊ သို့မဟုတ် သနားကရုဏာနှင့် သည်းခံမှုတို့ကို ထုတ်ဖော်ပြ၏။ သူ့အနေဖြင့် မည်သည့်အရာကိုပင် ထုတ်ဖော်ပြီး ဖွင့်ပြသည်ဖြစ်စေ အားလုံးက သန့်စင်ပြီး တိုက်ရိုက်ဖြစ်သည်။ သူ၏အနှစ်သာရသည် ဖန်ဆင်းခြင်းထဲရှိ အနှစ်သာရအားလုံးနှင့် ကွဲပြား၏။ ဘုရားသခင်သည် သူ့လုပ်ဆောင်ချက်များ၏အောက်ခြေရှိ အခြေခံမူများကို ဖော်ပြသည့်အခါ ၎င်းတို့သည် ချို့ယွင်းချက်များ၊ သို့မဟုတ် အပြစ်အနာအဆာများ ကင်း၏၊ ထို့ပြင် သူ၏အတွေးများ၊ စိတ်ကူးများအပြင် သူချမှတ်သည့် ဆုံးဖြတ်ချက် တစ်ခုစီတိုင်းနှင့် သူပြုသည့် လုပ်ဆောင်ချက်တစ်ခုစီတိုင်းသည်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။ ဘုရားသခင်က ထိုကဲ့သို့ ဆုံးဖြတ်ပြီး ထိုကဲ့သို့ လုပ်ဆောင်သောကြောင့် သူ၏လုပ်ငန်းများကိုလည်း ထိုကဲ့သို့ ပြည့်စုံစေသည်။ သူ့လုပ်ငန်းများ၏ရလဒ်များက မှန်ကန်ပြီး ပြောစရာမရှိသည်မှာ ၎င်းတို့၏ အရင်းအမြစ်က ချို့ယွင်းချက်ကင်းပြီး အပြစ်အနာအဆာကင်းသည့် အကြောင်းရင်းအတိအကျကြောင့်ဖြစ်သည်။ ဘုရားသခင်၏ အမျက်ဒေါသသည် ခြောက်ပြစ်ကင်း၏။ အလားတူပင် မည်သည့်ဖန်ဆင်းခံမျှ မပိုင်သည့် ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းတို့သည်လည်း သန့်ရှင်းပြီး ခြောက်ပြစ်ကင်းကာ တွေးတောသုံးသပ်ခြင်းနှင့် တွေ့ကြုံခံစားခြင်းတို့ကို ကြံ့ကြံ့ခံနိုင်သည်။
နိနေဝေဇာတ်လမ်းကို နားလည်ပြီးနောက် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အနှစ်သာရ၏ အခြားဘက်ကို သင်တို့မြင်ကြသလော။ ဘုရားသခင်၏ အတုမရှိသည့် ဖြောင့်မတ်သော စိတ်သဘောထား၏ အခြားဘက်ကို မြင်သလော။ ဤစိတ်သဘောထားမျိုးကို လူသားမျိုးနွယ်ထဲ၌ ပိုင်ဆိုင်သောသူရှိသလော။ ဘုရားသခင်၏ အမျက်ဒေါသဖြစ်သည့် ဤအမျက်ဒေါသမျိုးကို ပိုင်ဆိုင်သောသူ ရှိသလော။ ဘုရားသခင်ပိုင်ဆိုင်သော အရာဖြစ်သည့် သနားကရုဏာနှင့် သည်းခံခြင်းကို ပိုင်ဆိုင်သောသူ ရှိသလော။ ဖန်ဆင်းခံများထဲမှ မည်သူက ထိုမျှလောက် ကြီးမားသော အမျက်ဒေါသကို စေ့ဆော်နိုင်ပြီး လူသားမျိုးနွယ်ကို ဖျက်ဆီးရန်၊ သို့မဟုတ် ဘေးဒုက္ခကျရောက်စေရန် ဆုံးဖြတ်နိုင်သနည်း။ ထို့ပြင် လူသားအပေါ် သနားကရုဏာကို ချပေးသနားဖို့၊ သည်းခံဖို့၊ ခွင့်လွှတ်ဖို့နှင့် ထိုသို့အားဖြင့် လူသားကိုဖျက်ဆီးရန် ယခင်ကဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့ မည်သူက အရည်အချင်းမီသနည်း။ ဖန်ဆင်းရှင်သည် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို သူ၏ကိုယ်ပိုင်အတုမရှိသည့် နည်းလမ်းများနှင့် အခြေခံမူများမှတစ်ဆင့် ဖော်ပြသည်။ လူများ၊ အဖြစ်အပျက်များ၊ သို့မဟုတ် အကြောင်းအရာများ၏ ထိန်းချုပ်မှုကိုသော်လည်းကောင်း၊ ကန့်သတ်မှုများကိုသော်လည်းကောင်း သူမခံရပေ။ သူ၏ အတုမရှိသည့် စိတ်သဘောထားကြောင့် သူ၏အတွေးများနှင့် စိတ်ကူးများကို မည်သူကမျှ မပြောင်းလဲနိုင်သကဲ့သို့ သူ့ကို ဖျောင်းဖျပြီး သူ၏ဆုံးဖြတ်ချက် တစ်ခုတလေကို ပြောင်းလဲစေရန်လည်း မည်သူမျှမလုပ်နိုင်ပေ။ ဖန်ဆင်းခြင်းအားလုံး၌ တည်ရှိသည့် အပြုအမူနှင့် အတွေးအလုံးစုံသည် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထား၏ တရားစီရင်မှုအောက်၌ တည်ရှိသည်။ အမျက်ဒေါသကို သူကျင့်သုံးမည်လော၊ သနားကရုဏာကို သူကျင့်သုံးမည်လောဆိုသည်ကို မည်သူကမျှ မထိန်းချုပ်နိုင်ပေ။ ဖန်ဆင်းရှင်၏ အနှစ်သာရသာလျှင်၊ သို့မဟုတ် တစ်နည်းပြောရပါက ဖန်ဆင်းရှင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကသာလျှင် ၎င်းကို ဆုံးဖြတ်နိုင်သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အတုမရှိသည့် သဘာဝဖြစ်သည်။
နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်၏ သဘောထား ပြောင်းလဲခြင်းကို ခွဲခြမ်းစစ်ဆေးပြီး နားလည်ခြင်းမှတစ်ဆင့် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားအတွင်း၌ တွေ့ရသည့် သနားကရုဏာကို ဖော်ပြဖို့ရန် “အတုမရှိ” ဟူသည့်စကားလုံးကို သင်တို့အသုံးပြုနိုင်သလော။ ဘုရားသခင်၏ အမျက်ဒေါသသည် သူ၏အတုမရှိ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အနှစ်သာရ၏ ရှုထောင့်တစ်ခုဖြစ်သည့်အကြောင်းကို ယခင်က ပြောခဲ့သည်။ ယခု ဘုရားသခင်၏ အမျက်ဒေါသနှင့် ဘုရားသခင်၏ သနားကရုဏာဖြစ်သည့် ရှုထောင့်နှစ်ခုကို သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားအနေနှင့် ငါအဓိပ္ပာယ်ဖွင့်ဆိုမည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် သန့်ရှင်းသည်။ ၎င်းသည် ထိပါးစော်ကားခြင်းကိုသော်လည်းကောင်း၊ မေးခွန်းထုတ်ခြင်းကိုသော်လည်းကောင်း သည်းမခံပေ။ ၎င်းသည် ဖန်ဆင်းခံ၊ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့် သတ္တဝါများထဲ၌ မည်သူကမျှ မပိုင်ဆိုင်သည့် အရာဖြစ်သည်။ နှစ်ခုစလုံးက ဘုရားသခင်အတွက် အတုမရှိဖြစ်ပြီး အထူးသီးသန့်ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အမျက်ဒေါသသည် သန့်ရှင်းပြီး ထိပါးစော်ကား၍မရနိုင်ပေ။ ထိုနည်းတူပင် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အခြားရှုထောင့်တစ်ခုဖြစ်သည့် ဘုရားသခင်၏ သနားကရုဏာသည် သန့်ရှင်းပြီး ထိပါးစော်ကား၍ မရနိုင်ပေ။ ဖန်ဆင်းခံ၊ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့် မည်သည့်သတ္တဝါမဆို ဘုရားသခင်၏လုပ်ဆောင်ချက်များထဲ၌ သူ့ကို အစားထိုး၍သော်လည်းကောင်း၊ ကိုယ်စားပြု၍သော်လည်းကောင်း မရနိုင်သကဲ့သို့ သောဒုံမြို့ကို ဖျက်ဆီးခြင်း၌၊ သို့မဟုတ် နိနေဝေမြို့ကို ကယ်တင်ခြင်း၌ မည်သူကမျှ သူ့ကို အစားထိုး၍သော်လည်းကောင်း၊ ကိုယ်စားပြု၍သော်လည်းကောင်း မရနိုင်ခဲ့ပေ။ ဤသည်မှာ ဘုရားသခင်၏ အတုမရှိ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ စစ်မှန်သည့် ဖော်ပြချက်ဖြစ်သည်။
လူသားမျိုးနွယ်အပေါ် ဖန်ဆင်းရှင်၏ စစ်မှန်သော ခံစားချက်များ
ဘုရားသခင်ကို သိကျွမ်းရန်မှာ လွယ်ကူသောအရာ မဟုတ်ဟု လူတို့က မကြာခဏ ပြောတတ်ကြသည်။ သို့သော်လည်း ဘုရားသခင်သည် လူသားမြင်တွေ့စေရန် သူ၏လုပ်ဆောင်ချက်များကို မကြာခဏ ပြသသောကြောင့် ဘုရားသခင်ကို သိကျွမ်းခြင်းသည် ခဲယဉ်းသောကိစ္စ လုံးဝမဟုတ်ဟု ငါဆိုသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် သူ၏ အပြန်အလှန်ဆွေးနွေးခြင်းကို ဘယ်သောအခါမျှ မရပ်စဲခဲ့ဖူးပေ၊ သူသည် သူ့ကိုယ်သူ လူသားထံမှ ဘယ်သောအခါမျှ မဖုံးကွယ်ဖူးသကဲ့သို့ သူ့ကိုယ်သူလည်း မကွယ်ဝှက်ဖူးပေ။ သူ၏အတွေးများ၊ သူ၏စိတ်ကူးများ၊ သူ၏နှုတ်ကပတ်တော်များနှင့် သူ၏လုပ်ဆောင်ချက်များ အားလုံးကို လူသားမျိုးနွယ် တစ်ရပ်လုံးအား ထုတ်ဖော်ပြသည်။ ထို့ကြောင့် လူသားသည် ဘုရားသခင်ကို သိကျွမ်းရန် ဆန္ဒရှိသရွေ့၊ သူသည် နည်းစနစ်များနှင့် နည်းလမ်းမျိုးစုံဖြင့် ဘုရားသခင်ကို နားလည်သိမြင်လာနိုင်သည်။ ဘုရားသခင်သည် လူသားကို တမင်ရှောင်သည်၊ ဘုရားသခင်သည် လူသားမျိုးနွယ်မှ သူ့ကိုယ်သူ တမင်ဖုံးကွယ်ထားသည်၊ သူ့ကို လူသားနားလည်သိမြင်ရန် ခွင့်ပြုဖို့ ဘုရားသခင်တွင် ရည်ရွယ်ချက်မရှိဟု လူသားသည် မျက်စိစုံမှိတ် ထင်ရသည့်အကြောင်းရင်းမှာ သူသည် ဘုရားသခင် မည်သူဖြစ်သည်ကို မသိသကဲ့သို့ ဘုရားသခင်ကို နားလည်ရန် ဆန္ဒလည်း မရှိသောကြောင့် ဖြစ်သည်။ ထို့ထက်ပို၍ လူသားသည် ဖန်ဆင်းရှင်၏ အတွေးများ၊ နှုတ်ကပတ်တော်များ၊ သို့မဟုတ် လုပ်ဆောင်ချက်များတို့ကို စိတ်မဝင်စားသောကြောင့်ပင် ဖြစ်သည်။...အရင်းအတိုင်းပြောရလျှင် လူတစ်ယောက်က ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များအပေါ် အာရုံစိုက်ပြီး နားလည်ရန် သူ၏အားနေသောအချိန်ကိုသာ အသုံးပြုပါက၊ ဖန်ဆင်းရှင်၏ အတွေးများနှင့် သူ့နှလုံးသား၏ အသံတော်ကို အနည်းငယ်သာ အာရုံစိုက်မှု ပြုမည်ဆိုပါက ဖန်ဆင်းရှင်၏ အတွေးများ၊ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များမှာ ထင်ရှားပြီး ပွင့်လင်းမြင်သာကြောင်း ထိုသူအနေဖြင့် သဘောပေါက်ရန် ခဲယဉ်းလိမ့်မည်မဟုတ်ပေ။ အလားတူပင် ဖန်ဆင်းရှင်သည် လူသားအကြားတွင် အမြဲတမ်းရှိနေကြောင်း၊ သူသည် လူသားအပြင် ဖန်ဆင်းခြင်းအလုံးစုံနှင့် အမြဲတမ်း စကားစမြည်ပြောနေကြောင်း၊ ထို့အပြင် သူသည် အမှုသစ်များကို နေ့စဉ်လုပ်ဆောင်နေကြောင်းတို့ကို သဘောပေါက်ရန် အနည်းငယ်သာ အားထုတ်ကြိုးပမ်းရလိမ့်မည်။ သူ၏အနှစ်သာရနှင့် စိတ်သဘောထားတို့ကို လူသားနှင့် အပြန်အလှန်ဆွေးနွေးခြင်းတွင် ဖော်ပြထားသည်၊ သူ၏အတွေးများနှင့် စိတ်ကူးများကို သူ၏လုပ်ဆောင်ချက်များတွင် ပြည့်စုံစွာ ထုတ်ဖော်ထားသည်၊ သူသည် လူသားမျိုးနွယ်နှင့်အတူ အမြဲတမ်းပါရှိပြီး စောင့်ကြည့်နေသည်။ “ငါသည် ကောင်းကင်တွင် တည်ရှိ၏၊ ထို့ပြင် ငါသည် ငါ၏ဖန်ဆင်းရာထဲတွင် တည်ရှိ၏။ ငါသည် အိပ်ဖန်စောင့်ပေးနေသည်၊ ငါသည် စောင့်ဆိုင်းနေသည်၊ ငါသည် သင်၏အပါးတွင် ရှိနေသည်...” ဟု သူသည် လူသားမျိုးနွယ်နှင့် ဖန်ဆင်းရာအားလုံးတို့ကို သူ၏ အသံတိတ်စကားလုံးများဖြင့် ညင်ညင်သာသာ စကားပြောသည်။ သူ၏လက်များမှာ နွေးထွေးပြီး ခွန်အားကြီး၏၊ သူ၏ခြေလှမ်းတို့မှာ ပေါ့ပါး၏၊ သူ၏အသံမှာ သိမ်မွေ့၍ တင့်တယ်ပေ၏၊ သူ၏အသွင်သဏ္ဌာန်မှာ လူသားမျိုးနွယ်အားလုံးကို ပွေ့ဖက်ရင်း ဖြတ်သွားလှည့်ပတ်၏၊ သူ၏မျက်နှာထားမှာ လှပ၍ နူးညံ့သိမ်မွေ့၏။ သူသည် ဘယ်သောအခါမျှ ထွက်ခွာမသွား၊ ပျောက်ကွယ်မသွားဖူးပေ။ သူသည် နေ့ရောညပါ လူသားမျိုးနွယ်ဘေးမှ ထွက်ခွာသွားခြင်း မရှိဘဲ သူတို့၏ အမြဲရှိနေသော အဖော်ပင်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် သူ၏ဂရုတစိုက်ပူပန်ခြင်းနှင့် အထူးချစ်ခင်ကြင်နာခြင်းကိုလည်းကောင်း၊ လူသားအတွက် သူ၏စစ်မှန်သော အလေးထားမှုနှင့် ချစ်ခြင်းမေတ္တာကိုလည်းကောင်း နိနေဝေမြို့ကို သူကယ်တင်သောအခါ၌ တစ်စပြီးတစ်စ ပြသခဲ့သည်။ အထူးသဖြင့် ယေဟောဝါဘုရားသခင်နှင့် ယောနတို့ကြား ခွန်းတုံ့ဖလှယ်ခြင်းက မိမိကိုယ်တိုင်ဖန်ဆင်းခဲ့သော လူသားမျိုးနွယ်အပေါ် ဖန်ဆင်းရှင်၏ ကြင်နာယုယမှုကို ပြည့်စုံစွာဖော်ထုတ်ပြခဲ့သည်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ စစ်မှန်သော ခံစားချက်များကို ဤနှုတ်ကပတ်တော်များအားဖြင့် နက်နက်ရှိုင်းရှိုင်း သင်နားလည်နိုင်သည်...
အောက်ဖော်ပြပါ ကျမ်းပိုဒ်ကို ယောန၀တ္ထု ၄:၁၀-၁၁ တွင် မှတ်တမ်းတင်ထားသည်- “ယေဟောဝါကလည်း၊ သင်သည် အားထုတ်ကြိုးပမ်းခြင်းလည်းမပြု၊ ကြီးထွားစေရန်လည်း မလုပ်ခဲ့ဘဲ၊ တစ်ညချင်းတွင် ဖြစ်ပေါ်ပြီး တစ်ညချင်းတွင် သေသော ကြက်ဆူပင်ကို သနားခြင်း ရှိပေ၏။ ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆိုထားနှင့်၊ မိမိလက်ျာလက်နှင့် လက်ဝဲလက်ကို မပိုင်းခြားနိုင်သောသူ တစ်သိန်းနှစ်သောင်းထက်မက ရှိသည့် နိနေဝေမြို့ကြီးကို ငါနှမြောသင့်သည် မဟုတ်လောဟု မိန့်တော်မူ၏။” ဤသည်တို့မှာ ဘုရားသခင်နှင့် ယောနတို့၏ စကားစမြည်ပြောဆိုခြင်းမှ မှတ်တမ်းတင်ထားသည့် ယေဟောဝါဘုရားသခင်၏ နှုတ်ကပတ်တော်စစ်စစ်များဖြစ်သည်။ ဤခွန်းတုံ့ဖလှယ်ခြင်းမှာ တိုတောင်းလင့်ကစား လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်၏ ပူပန်မှုနှင့် လူသားမျိုးနွယ်အား လက်လျှော့ရန် သူ၏ဝန်လေးမှုတို့နှင့် ပြည့်နေသည်။ သူ၏ဖန်ဆင်းခြင်းအတွက် သူ၏နှလုံးသားထဲတွင် ဘုရားသခင် စွဲကိုင်ထားသည့် စစ်မှန်သော သဘောထားနှင့် ခံစားချက်များကို ဤနှုတ်ကပတ်တော်များက ဖော်ပြသည်။ လူသားကြားဖူးရန် ကြုံခဲလှသည့် ရှင်းလင်းပြတ်သားသော ဤနှုတ်ကပတ်တောများမှတစ်ဆင့် ဘုရားသခင်သည် လူသားတစ်ရပ်လုံးအတွက် သူ၏စစ်မှန်သော ရည်ရွယ်ချက်များကို ထုတ်ပြန်သည်။ ဤအပြန်အလှန် စကားပြောခြင်းက နိနေဝေမြို့သားများအပေါ် ဘုရားသခင်စွဲကိုင်ခဲ့သည့် သဘောထားတစ်ခုကို ကိုယ်စားပြုသည်၊ သို့ရာတွင် ဤသည်မှာ မည်ကဲ့သို့သော သဘောထားမျိုးနည်း။ ယင်းသည် နိနေဝေမြို့သားများ နောင်တမရခင်နှင့် နောင်တရပြီးနောက် သူတို့အပေါ် ဘုရားသခင်စွဲကိုင်ခဲ့သည့် သဘောထားပင်ဖြစ်ဖြစ်ပြီး လူသားမျိုးနွယ်ကို သူဆက်ဆံသည့် သဘောထားဖြစ်သည်။ ဤနှုတ်ကပတ်တော်များထဲတွင် သူ၏အတွေးများနှင့် သူ၏စိတ်သဘောထားတို့ ရှိကြ၏။
ဤနှုတ်ကပတ်တော်များထဲတွင် ဘုရားသခင်၏ အဘယ်သို့သော အတွေးများကို ထုတ်ဖော်ထားသနည်း။ အသေးစိတ်ဖတ်ရှုမည်ဆိုပါက ဘုရားသခင်သည် “နှမြော” ဟူသည့် စကားလုံးကို သုံးထားကြောင်း သတိပြုမိဖို့ မခဲယဉ်းပေ၊ ဤစကားလုံးကို သုံးနှုန်းထားခြင်းက လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ စစ်မှန်သော သဘောထားကို ပြသသည်။
တိုက်ရိုက်အဓိပ္ပာယ်အဆင့်တွင် လူတို့သည် “နှမြော” ဟူသည့် စကားလုံးကို နည်းလမ်းအမျိုးမျိုးဖြင့် အဓိပ္ပာယ်ဖွင့်နိုင်သည်- ပထမအနေဖြင့် “ချစ်ခြင်းနှင့် ကာကွယ်ပေးခြင်း၊ တစ်စုံတစ်ခုအပေါ် ကြင်နာယုယမှု ခံစားခြင်း” ကို ဆိုလို၏၊ ဒုတိယအနေဖြင့် “လွန်စွာချစ်ခြင်း” ကို ဆိုလိုကာ၊ နောက်ဆုံးအနေဖြင့် “တစ်စုံတစ်ခုကို နာကျင်စေရန် ဆန္ဒမရှိရုံသာမက ထိုသို့မပြုရက်ခြင်း” ကို ဆိုလိုသည်။ အတိုချုပ်အားဖြင့် ဤစကားလုံးက နူးညံ့သိမ်မွေ့သော ချစ်ခင်ကြင်နာခြင်းနှင့် ချစ်ခြင်းမေတ္တာကိုလည်းကောင်း၊ တစ်စုံတစ်ဦး၊ သို့မဟုတ် တစ်စုံတစ်ခုအား လက်လျှော့ရန် ဆန္ဒမရှိခြင်းကိုလည်းကောင်း ညွှန်းဆိုသည်၊ ယင်းက လူသားအပေါ် ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းကို ညွှန်းဆိုသည်။ ဘုရားသခင်သည် လူသားတို့ကြားထဲတွင် အများပြောနေကျ စကားလုံးတစ်လုံးကို သုံးနှုန်းခဲ့သော်လည်း ယင်းက လူသားမျိုးနွယ်အပေါ် ဘုရားသခင့်နှလုံးသား၏ အသံတော်နှင့် သူ၏ သဘောထားကို ဖော်ထုတ်ပြနိုင်သည်။
နိနေဝေမြို့သည် သောဒုံ၌ ရှိသောသူများကဲ့သို့ ဖောက်ပြန်ပျက်စီးသော၊ ဆိုးယုတ်၍ ရုန့်ရင်းကြမ်းကြုတ်သော လူများနှင့် ပြည့်နေခဲ့လင့်ကစား၊ သူတို့၏နောင်တက ဘုရားသခင်၏နှလုံးသားကို ပြောင်းလဲစေခဲ့ပြီး သူတို့ကို မဖျက်ဆီးရန် ဆုံးဖြတ်စေခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ညွှန်ကြားချက်များကို သူတို့၏သဘောထားပုံက သောဒုံမြို့သားများနှင့် သိသိသာသာ ကွာခြားသော သဘောထားတစ်ခုကို ထင်ထင်ရှားရှား ပြသောကြောင့်လည်းကောင်း၊ ထို့နောက် ဘုရားသခင်ထံ သူတို့၏ ရိုးသားသော နာခံခြင်းနှင့် သူတို့၏အပြစ်များအတွက် ရိုးသားသော နောင်တရခြင်းအပြင်၊ အဖက်ဖက်၌ သူတို့၏ စစ်မှန်၍ လှိုက်လှဲသော အပြုအမူများကြောင့်လည်းကောင်း၊ ဘုရားသခင်သည် သူ၏ လှိုက်လှဲသော သနားခြင်းကို နောက်တစ်ကြိမ် ပြခဲ့ပြီး ယင်းကို သူတို့အပေါ် နှင်းအပ်ခဲ့သည်။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်နှင်းအပ်ပေးသောအရာနှင့် လူသားမျိုးနွယ်အတွက် သူ၏သနားခြင်းကို အဘယ်သူမျှ တုပရန်မဖြစ်နိုင်ပေ၊ ဘုရားသခင်၏ သနားကရုဏာ၊ သို့မဟုတ် သည်းခံခြင်းကိုဖြစ်စေ၊ လူသားမျိုးနွယ်အပေါ် သူ၏စစ်မှန်သော ခံစားချက်များကိုဖြစ်စေ အဘယ်ပုဂ္ဂိုလ်ကမျှ မပိုင်ဆိုင်နိုင်ချေ။ မြင့်မားသောအဆင့်မှဆိုပါက ကြီးမြတ်သော လူယောက်ျား၊ သို့မဟုတ် လူမိန်းမကဲ့သို့ ပြောဆိုမည့်သူ၊ သို့တည်းမဟုတ် အမြင့်ဆုံးအဆင့်မှဆိုပါက လူသားမျိုးနွယ်၊ သို့မဟုတ် ဖန်ဆင်းရာများအပေါ် ဤကဲ့သို့သော ထုတ်ပြန်ချက်မျိုး ပြုလုပ်မည့် ကြီးမြတ်သော လူယောက်ျား၊ သို့မဟုတ် လူမိန်းမ၊ သို့တည်းမဟုတ် အာဂလူဟုပင် သင်မှတ်ယူသည့်လူ တစ်စုံတစ်ယောက် ရှိသလော။ လူသားမျိုးနွယ်တွင် မည်သူသည် လူ့လောက၏ အသက်ရှင်မှု အနေအထားများကို မိမိလက်ဖဝါးကဲ့သို့ သိနိုင်သနည်း။ လူ့လောက၏ ဖြစ်တည်ခြင်းအတွက် မည်သူသည် ဝန်တာထားကာ တာဝန်ယူနိုင်သနည်း။ မြို့တစ်မြို့ဖျက်ဆီးခြင်းကို ကြေညာရန် မည်သူသည် အရည်အချင်းမီသနည်း။ ထို့ပြင် မြို့တစ်မြို့ကို ခွင့်လွှတ်ရန် မည်သူသည် အရည်အချင်းမီသနည်း။ သူတို့ကိုယ်တိုင်ဖန်ဆင်းရာကို သူတို့နှမြောသည်ဟု မည်သူဆိုနိုင်သနည်း။ ဖန်ဆင်းရှင်သာလျှင် ဖြစ်၏။ ဖန်ဆင်းရှင်သာလျှင် ဤလူသားမျိုးနွယ်အပေါ် ကြင်နာယုယခြင်း ထားသည်။ ဖန်ဆင်းရှင်သာလျှင် ဤလူသားမျိုးနွယ်ကို သိမ်မွေ့ခြင်းနှင့် ချစ်ခင်ကြင်နာခြင်းကို ပြသည်။ ဖန်ဆင်းရှင်သာလျှင် ဤလူသားမျိုးနွယ်အတွက် စစ်မှန်၍ မချိုးနှိမ်နိုင်သော ချစ်ခင်ကြင်နာခြင်း စွဲကိုင်ထားသည်။ ထိုနည်းတူပင် ဖန်ဆင်းရှင်သာလျှင် ဤလူသားမျိုးနွယ်အပေါ် သနားကရုဏာနှင်းအပ်နိုင်ကာ မိမိ၏ဖန်ဆင်းရာအားလုံးကို နှမြောနိုင်သည်။ သူ၏နှလုံးသားသည် လူသား၏လုပ်ရပ်တစ်ခုစီတိုင်းတွင် ခုန်ပေါက်၍ နာကျင်သည်၊ လူသား၏ ဆိုးယုတ်မှုနှင့် ဖောက်ပြန်ပျက်စီးမှုအပေါ် သူသည် ဒေါသထွက်ကာ သောကရောက်ပြီး ဝမ်းနည်းကြေကွဲသည်၊ လူသား၏ နောင်တနှင့် ယုံကြည်မှုအတွက် သူသည် ကျေနပ်ကာ ပျော်ရွှင်၍ ခွင့်လွှတ်ပြီး ဂုဏ်ယူဝင့်ကြွားသည်၊ သူ၏အတွေးများနှင့် စိတ်ကူးများ တစ်ခုစီတိုင်းသည် လူသားမျိုးနွယ်အတွက် ဖြစ်တည်နေ၍ လူသားကို ဗဟိုပြုနေသည်၊ သူ၏ ဖြစ်ခြင်းနှင့် အရာအားလုံးကို လူသားမျိုးနွယ်အတွက်သာလျှင် ဖော်ပြထားသည်၊ သူ၏ခံစားချက်တစ်ခုလုံးသည် လူသားမျိုးနွယ်၏ ဖြစ်တည်မှုနှင့်အတူ ရောယှက်နေသည်။ လူသားမျိုးနွယ်အဖို့အလို့ငှာ သူသည်သွားလာပြီး အပူတပြင်းလုပ်ဆောင်သည်၊ သူသည် သူ့အသက်၏ အပိုင်းအစတိုင်းကို တိတ်တိတ်ဆိတ်ဆိတ် ထုတ်လွှတ်ပေးသည်၊ သူသည် သူ့အသက်၏ မိနစ်တိုင်း၊ စက္ကန့်တိုင်းကို ဆက်ကပ်ထားသည်။...သူသည် မိမိကိုယ်တိုင်၏အသက်ကို ချစ်မြတ်နိုးရကောင်းမှန်း လုံးဝမသိခဲ့ပေ၊ သို့သော်လည်း သူသည် သူကိုယ်တိုင်ဖန်ဆင်းခဲ့သော လူသားမျိုးနွယ်ကို အမြဲနှမြောခဲ့သည်။...သူသည် ဤလူ့လောကအတွက် သူ၌ရှိသမျှအားလုံးကို ပေးအပ်သည်။...သူသည် သူ၏သနားကရုဏာနှင့် သည်းခံခြင်းကို ဆုလာဘ်အတွက် မျှော်လင့်ချက်မပါဘဲ အကြွင်းမဲ့ချပေးသည်။ လူသားမျိုးနွယ်က သူ၏အသက်ထောက်ပံ့ခြင်းကို ရရှိပြီး၊ သူ့မျက်စိရှေ့တွင် ဆက်လက်အသက်ရှင် ရပ်တည်နိုင်ရန်အတွက်သာ သူဤသို့ပြုလုပ်သည်။ လူသားမျိုးနွယ်အနေဖြင့် တစ်နေ့တွင် သူ၏ရှေ့မှောက်၌ ကျိုးနွံနာခံကာ၊ သူသာလျှင် လူသား၏ဖြစ်တည်မှုကို အာဟာရဖြစ်စေပြီး ဖန်ဆင်းရာအားလုံး၏ အသက်ကို ဖြည့်စွမ်းပေးသောသူဖြစ်ကြောင်း သိရန်အလို့ငှာ သူဤသို့ ပြုလုပ်ခြင်းဖြစ်သည်။
ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်အတွက် သူ၏စစ်မှန်သော ခံစားချက်များကို ဖော်ပြသည်
ယေဟောဝါဘုရားသခင်နှင့် ယောနတို့ကြားက ဤစကားစမြည်ပြောခြင်းသည် လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်၏ စစ်မှန်သော ခံစားချက်များကို ဖော်ပြချက်ဖြစ်ကြောင်း သံသယဖြစ်စရာ မရှိပေ။ တစ်ဖက်တွင် မိမိ၏သြဇာအာဏာအောက်၌ ရှိကြကုန်သော ဖန်ဆင်းရာအားလုံးအပေါ် ဖန်ဆင်းရှင်၏ နားလည်ခြင်းကို လူတို့အား ၎င်းက အသိပေးသည်။ ယေဟောဝါဘုရားသခင် ပြောခဲ့သည့်အတိုင်းပင်ဖြစ်၏၊ “များစွာသော တိရစ္ဆာန်တို့ကိုမဆိုထားနှင့်၊ မိမိလက်ျာလက်နှင့် လက်ဝဲလက်ကို မပိုင်းခြားနိုင်သောသူ တစ်သိန်းနှစ်သောင်းထက်မက ရှိသည့် နိနေဝေမြို့ကြီးကို ငါနှမြောသင့်သည် မဟုတ်လောဟု။” တစ်နည်းဆိုရလျှင် နိနေဝေမြို့အပေါ် ဘုရားသခင်၏ နားလည်ခြင်းမှာ သာမန်ကာလျှံကာကိစ္စထက် ကျော်လွန်သည်။ (လူများနှင့် ခြံမွေးတိရစ္ဆာန်များအပါအဝင်) မြို့အတွင်း၌ရှိသော သက်ရှိအရာများ၏ အရေအတွက်ကို သူသိခဲ့ရုံမက၊ မိမိတို့၏ လက်ယာလက်နှင့် လက်ဝဲလက်ကိုမျှ ပိုင်းခြား၍မသိသောသူ- အတိအကျဆိုရလျှင် ကလေးငယ်များနှင့် လူငယ်များ အဘယ်မျှလောက် ရှိသည်ကိုလည်း သူသိခဲ့သည်။ ဤသည်မှာ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ပြည့်စုံသော နားလည်ခြင်းကို ပြသည့် ခိုင်လုံသောသက်သေပင်ဖြစ်သည်။ တစ်ဖက်တွင် ဤစကားစမြည်ပြောခြင်းက လူသားမျိုးနွယ်အပေါ် ဖန်ဆင်းရှင်၏ သဘောထား၊ တစ်နည်းဆိုရလျှင် ဖန်ဆင်းရှင်၏ နှလုံးသားထဲတွင်ရှိသည့် လူသားမျိုးနွယ်အတွက် ကြီးလေးသောတာဝန်ကို လူတို့အား အသိပေးသည်။ ယေဟောဝါဘုရားသခင်က ပြောခဲ့သကဲ့သို့ပင်ဖြစ်သည်- “သင်သည် အားထုတ်ကြိုးပမ်းခြင်းလည်းမပြု၊ ကြီးထွားစေရန်လည်း မလုပ်ခဲ့ဘဲ၊ တစ်ညချင်းတွင် ဖြစ်ပေါ်ပြီး တစ်ညချင်းတွင် သေသော ကြက်ဆူပင်ကို သနားခြင်း ရှိပေ၏။... နိနေဝေမြို့ကြီးကို ငါနှမြောသင့်သည် မဟုတ်လော...။” ဤသည်မှာ ယောနအပေါ် ယေဟောဝါဘုရားသခင်၏ ပြစ်တင်စကားများ ဖြစ်သော်လည်း အားလုံးမှန်ပေသည်။
နိနေဝေမြို့သားများထံ ယေဟောဝါဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြေညာရန် ယောနသည် တာဝန်ပေးစေခိုင်းခံရခဲ့သော်လည်း၊ ယေဟောဝါဘုရားသခင်၏ ရည်ရွယ်ချက်များကို သူနားမလည်ခဲ့သည့်သကဲ့သို့ မြို့သူမြို့သားများအတွက် သူ၏ပူပင်မှုများနှင့် မျှော်လင့်ချက်များကိုလည်း သူနားမလည်ခဲ့ပေ။ လူသားမျိုးနွယ်သည် သူ့ကိုယ်ပိုင်လက်များမှ ဆင်းသက်ပေါက်ဖွားလာသည့်အရာ ဖြစ်ကြောင်း၊ ဘုရားသခင်သည် လူပုဂ္ဂိုလ်တစ်ဦးစီတိုင်းအတွက် အပတ်တကုတ် အားထုတ်ကြိုးပမ်းမှုကို ပြုထားကြောင်း၊ လူပုဂ္ဂိုလ်တိုင်းက ဘုရားသခင်၏ မျှော်လင့်ချက်များကို မိမိတို့၏ပခုံးများထက်တွင် သယ်ပိုးထားကြကြောင်း၊ လူပုဂ္ဂိုလ်တိုင်းက ဘုရားသခင်၏ အသက်ထောက်ပံ့မှုကို အကျိုးခံစားခဲ့ကြကြောင်းကို ဤအပြစ်ဖော်ဆုံးမခြင်းနှင့်အတူ ဘုရားသခင်က သူ့အား ပြောလိုခဲ့ခြင်းပင် ဖြစ်သည်။ လူပုဂ္ဂိုလ်တိုင်းအတွက် ဘုရားသခင်သည် အပတ်တကုတ် အားထုတ်ရသည့် အဖိုးအခကို ပေးချေခဲ့ပြီးဖြစ်၏။ ယောနကိုယ်တိုင်က ကြက်ဆူပင်ကို နှမြောသလောက် ဘုရားသခင်သည် သူ့ကိုယ်ပိုင်လက်များ၏ လက်ရာဖြစ်သည့် လူသားမျိုးနွယ်ကို နှမြောကြောင်းကိုလည်း ဤအပြစ်ဖော်ဆုံးမခြင်းက ယောနကို ပြောပြခဲ့သည်။ ဘုရားသခင်သည် ဖြစ်နိုင်ခြေရှိသော နောက်ဆုံးအခိုက်အတန့် မတိုင်ခင်ထိ မည်သည့်နည်းနှင့်မျှ လူသားမျိုးနွယ်ကို ပေါ့ပေါ့တန်တန် စွန့်ပစ်မည် မဟုတ်ပေ၊ အထူးသဖြင့် မြို့အတွင်း၌ ကလေးငယ်များနှင့် အပြစ်မဲ့ ခြံမွေးတိရစ္ဆာန်များ အမြောက်အမြား ရှိခဲ့သောကြောင့်ဖြစ်သည်။ မိမိတို့၏ လက်ယာလက်နှင့် လက်ဝဲလက်များကိုပင် မခွဲခြားနိုင်ကြသူများဖြစ်သည့် ဘုရားသခင်၏ ဖန်ဆင်းခြင်းမှ ဆင်းသက်ပေါက်ဖွားလာသည့် ဤကဲ့သို့ ငယ်ရွယ်၍ မသိနားမလည်သောသူများကို ကိုင်တွယ်ဖြေရှင်းသောအခါ ဘုရားသခင်သည် ထိုသို့အလျင်စလိုနည်းဟန်မျိုးဖြင့် သူတို့၏အသက်များကို အဆုံးသတ်ပြီး သူတို့၏ရလဒ်များကို အဆုံးအဖြတ်ပေးခြင်းငှာ ပို၍ပင် မတတ်နိုင်ခဲ့ချေ။ ဘုရားသခင်သည် သူတို့ကြီးပြင်းလာသည်ကို မြင်တွေ့ရန် မျှော်လင့်သည်၊ သူတို့သည် သူတို့၏လူကြီးသူမများကဲ့သို့ တူညီသည့် လမ်းကြောင်းများအတိုင်း မလျှောက်မည့်အကြောင်း၊ သူတို့သည် ယေဟောဝါဘုရားသခင်၏ သတိပေးချက်ကို နောက်ထပ်ပြန်ကြားစရာ မလိုမည့်အကြောင်း၊ ထို့ပြင် သူတို့သည် နိနေဝေ၏အတိတ်ကို သက်သေခံကြမည့်အကြောင်း ဘုရားသခင်မျှော်လင့်ခဲ့သည်။ ထို့ထက်ပို၍ နောင်တရပြီးသား နိနေဝေမြို့ကို မြင်တွေ့ရန်၊ နောင်တရပြီးနောက် နိနေဝေမြို့၏ အနာဂတ်ကို မြင်တွေ့ရန်၊ ပိုအရေးကြီးသည်မှာ နိနေဝေမြို့သည် ဘုရားသခင်၏ သနားကရုဏာအောက်တွင် နောက်ထပ်တစ်ဖန် အသက်ရှင်သည်ကို မြင်တွေ့ရန် ဘုရားသခင်မျှော်လင့်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏ အမြင်တွင် မိမိတို့၏ လက်ယာလက်နှင့် လက်ဝဲလက်များကို မခွဲခြားနိုင်သော ထိုဖန်ဆင်းခံအရာများမှာ နိနေဝေ၏အနာဂတ်ပင် ဖြစ်ကြသည်။ ယေဟောဝါဘုရားသခင်၏ လမ်းညွှန်မှုအောက်တွင် နိနေဝေမြို့၏ အတိတ်နှင့်အနာဂတ်ကို သက်သေခံရမည့် အရေးကြီးသောတာဝန်ကို သူတို့ထမ်းပိုးထားရမည် ဖြစ်သကဲ့သို့ နိနေဝေ၏ စက်ဆုပ်ဖွယ်ကောင်းသော အတိတ်ကိုလည်း သူတို့ထမ်းပိုးရမည်ဖြစ်သည်။ သူ၏စစ်မှန်သော ခံစားချက်များကို ဤသို့ကြေညာရာ၌ ယေဟောဝါ ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ခုလုံးအတွက် ဖန်ဆင်းရှင်၏ သနားကရုဏာကို အလုံးစုံတင်ပြခဲ့သည်။ ယင်းက “ဖန်ဆင်းရှင်၏ သနားကရုဏာ” သည် အနှစ်သာရမဲ့သော စကားရပ်တစ်ခု မဟုတ်သကဲ့သို့ ပေါ့တန်သော ကတိတစ်ခုလည်းမဟုတ်ကြောင်း လူသားမျိုးနွယ်ကို ပြခဲ့သည်၊ ယင်းတွင် ခိုင်လုံသော အခြေခံမူများ၊ နည်းလမ်းများနှင့် ရည်မှန်းချက်များ ပါရှိသည်။ ဘုရားသခင်သည် မှန်ကန်၍ စစ်မှန်ပြီး မုသားများနှင့် အယောင်ဆောင်မှုများကို မသုံးပေ၊ ထို့ပြင် ဤနည်းအတိုင်းပင် သူ၏ သနားကရုဏာကို အချိန်တိုင်း၊ ခေတ်ကာလတိုင်းရှိ လူသားမျိုးနွယ်အပေါ် အဆုံးမရှိ ပေးအပ်ထားသည်။ သို့သော်ငြားလည်း ယနေ့ထိတိုင်အောင် ယောနနှင့် ဖန်ဆင်းရှင်၏ အပြန်အလှန်စကားပြောခြင်းသည် လူသားမျိုးနွယ်ကို သူအဘယ်ကြောင့်သနားကရုဏာပြပုံ၊ လူသားမျိုးနွယ်ကို သူမည်သို့ကရုဏာပြပုံ၊ လူသားမျိုးနွယ်အပေါ် သူမည်မျှသည်းခံပုံတို့အပြင် လူ့လောကအတွက် သူ၏စစ်မှန်သော ခံစားချက်များနှင့်ဆိုင်သည့် ဘုရားသခင်၏ တစ်ခုတည်းသော သီးသန့်နှုတ်ထွက်ထုတ်ပြန်ချက်ပင် ဖြစ်သည်။ ဤအပြန်အလှန်စကားပြောစဉ်တွင် ယေဟောဝါဘုရားသခင်၏ လိုရင်းတိုရှင်းကျသော နှုတ်ကပတ်တော်များက လူသားမျိုးနွယ်အတွက် သူ၏အတွေးများကို တစ်လုံးတစ်ဝတည်းအဖြစ် ဖော်ပြသည်၊ ဤသည်မှာ လူသားမျိုးနွယ်အပေါ် သူ့နှလုံးသားသဘောထား၏ စစ်မှန်သော ဖော်ပြချက်ပင် ဖြစ်သည်၊ ထို့ပြင် ဤသည်မှာ လူ့လောကအပေါ် သူ၏ကြွယ်ဝသော သနားကရုဏာပေးအပ်ခြင်း၏ ခိုင်လုံသော သက်သေလည်း ဖြစ်လေသည်။ သူ၏သနားကရုဏာကို လူသားမျိုးနွယ်၏ ရှေးမျိုးဆက်များအပေါ်ကိုသာ နှင်းအပ်ပေးထားခြင်း မဟုတ်ပေ၊ မျိုးဆက်တစ်ဆက်မှ နောက်မျိုးဆက်သို့ ပြုနေကျအတိုင်းပင် ငယ်ရွယ်သော လူသားမျိုးနွယ်ဝင်တို့ကိုလည်း ပေးသနားထားသည်။ ဘုရားသခင်၏ အမျက်ဒေါသသည် လူသားမျိုးနွယ်၏ အချို့နေရာများနှင့် အချို့ခေတ်ကာလတို့တွင် မကြာခဏကျရောက်တတ်သော်လည်း၊ ဘုရားသခင်၏ သနားကရုဏာမှာမူ ဘယ်သောအခါမျှ ရပ်စဲမသွားဖူးပေ။ သူသည် သူ့ဖန်ဆင်းရာဖြစ်သည့် မျိုးဆက်တစ်ခုပြီးနောက်တစ်ခုကို သူ၏သနားကရုဏာနှင့်အတူ လမ်းညွှန်ပြီးဦးဆောင်သည်၊ ဖန်ဆင်းရာမျိုးဆက်တစ်ခုပြီး နောက်တစ်ခုကို ထောက်ပံ့ပြီး အာဟာရဖြစ်စေသည်၊ အဘယ်ကြောင့်ဆိုသော် လူ့လောကအပေါ် သူ၏စစ်မှန်သော စိတ်ခံစားမှုများမှာ ဘယ်သောအခါမျှ ပြောင်းလဲမည် မဟုတ်သောကြောင့်ဖြစ်သည်။ “...ငါနှမြောသင့်သည်မဟုတ်လောဟု မိန့်တော်” ဟု ယေဟောဝါဘုရားသခင် ပြောခဲ့သည့်အတိုင်းပင်ဖြစ်သည်။ သူသည် သူ၏ကိုယ်ပိုင်ဖန်ဆင်းရာကို အမြဲနှမြောလာခဲ့သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ ဖြောင့်မတ်သော စိတ်သဘောထားဆိုင်ရာ သနားကရုဏာဖြစ်ပြီး၊ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိခြင်း အပြည့်အဝလည်း ဖြစ်သည်။
လူငါးမျိုး
လောလောဆယ်မှာမူ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့်ပတ်သက်ပြီး ငါတို့၏မိတ်သဟာယပြုခြင်းကို ဤနေရာ၌ အဆုံးသတ်လိုက်မည်။ နောက်တစ်ခုက သင်တို့လက်ရှိရောက်နေသည့် အဆင့်နှင့် သင်တို့၏လက်ရှိဝိညာဉ်ရင့်သန်မှုကို သင်တို့သိနိုင်ရန်အတွက် ဘုရားသခင်၏ နောက်လိုက်များကို ဘုရားသခင်အပေါ် သူတို့၏နားလည်မှု၊ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားအပေါ် သူတို့၏နားလည်မှုနှင့် အတွေ့အကြုံနှင့်အညီ အမျိုးအစားခွဲခြားမည်။ ဘုရားသခင်အပေါ် လူတို့၏အသိပညာနှင့် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားအပေါ် သူတို့၏နားလည်မှုနှင့်ပတ်သက်လျှင် လူတို့ပိုင်ဆိုင်သည့် မတူညီသည့်အဆင့်နှင့် ဝိညာဉ်ရင့်သန်မှုများကို အမျိုးအစားငါးခုအဖြစ် ယေဘုယျခွဲခြားနိုင်သည်။ ဤခေါင်းစဉ်က အတုမရှိ ဘုရားသခင်နှင့် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို သိခြင်းအပေါ် အခြေခံထားသည်။ ထို့ကြောင့် အောက်ပါအကြောင်းအရာကို သင်တို့ဖတ်သည့်အခါ ဘုရားသခင်၏ အတုမရှိခြင်းနှင့် သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့်ပတ်သက်ပြီး သင်တို့မှာ အသိပညာနှင့် နားလည်မှု မည်မျှအတိအကျရှိသနည်းဆိုသည်ကို သင်တို့သဘောပေါက်အောင် သေသေချာချာ ကြိုးစားသင့်သည်။ ထို့နောက် မည်သည့်အဆင့်၌ သင်တို့ပါဝင်နေသည်၊ သင်တို့၏ ဝိညာဉ်ရင့်သန်မှုက မည်မျှကြီးမားသည်နှင့် သင်တို့သည် အမှန်တကယ်တွင် မည်သို့သောလူဖြစ်သည်တို့ကို အကဲဖြတ်ဖို့ ရလဒ်ကို သင်တို့အသုံးပြုသင့်သည်။
ပထမအမျိုးအစား- အနှီးပတ်ထားသည့် မွေးကင်းစကလေးအဆင့်
“အနှီးပတ်ထားသည့် မွေးကင်းစကလေး” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ အနှီးပတ်ထားသည့် မွေးကင်းစကလေးသည် ဤကမ္ဘာကို ယခုလေးတင်ရောက်လာသော အသစ်စတင် မွေးဖွားလာသည့် မွေးကင်းစကလေးဖြစ်သည်။ ယင်းမှာ လူတို့ရင့်ကျက်မှုမရှိဆုံးအချိန် ဖြစ်သည်။
ဤအဆင့်မှာရှိသည့် လူတို့သည် ဘုရားသခင်ကိုယုံကြည်ခြင်းအရာမှာ သတိပြုမိခြင်း၊ သို့မဟုတ် အသိစိတ်ရှိခြင်းတို့ကို အခြေခံအားဖြင့် မပိုင်ဆိုင်ပေ။ သူတို့သည် အရာရာတိုင်းအပေါ် စိတ်ရှုပ်ထွေးနေပြီး အသိကင်းမဲ့သည်။ ဤလူတို့က ဘုရားသခင်ကို အချိန်အကြာကြီးယုံခဲ့နိုင်သည်၊ သို့မဟုတ် အချိန်အကြာကြီး ဟုတ်ချင်မှဟုတ်မည်။ သို့သော်လည်း သူတို့၏စိတ်ရှုပ်ထွေးနေပြီး အသိကင်းမဲ့သည့် အဆင့်နှင့် သူတို့၏ စစ်မှန်သည့် ဝိညာဉ်ရင့်သန်မှုသည် သူတို့ကို အနှီးပတ်ထားသည့် မွေးကင်းစကလေးအဆင့်ကို ရောက်စေသည်။ အနှီးပတ်ထားသည့် မွေးကင်းစကလေး အခြေအနေ၏ တိကျသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်က ဤကဲ့သို့ဖြစ်သည်။ ဤလူမျိုးက ဘုရားသခင်အပေါ် ယုံကြည်ခဲ့သည်မှာ မည်မျှပင်ကြာပါစေ၊ သူသည် အမြဲတစေ ယောင်ချာချာနှင့် စိတ်ရှုပ်ထွေးပြီး ဉာဏ်နည်းနေလိမ့်မည်။ ဘုရားသခင်ကို သူတို့ဘာကြောင့်ယုံသည်ဆိုသည်ကို သူတို့မသိသကဲ့သို့ ဘုရားသခင်က မည်သူဆိုသည်ကို၊ သို့မဟုတ် မည်သူက ဘုရားသခင်ဖြစ်သနည်းဆိုသည်ကို သူတို့မသိပေ။ သူတို့သည် ဘုရားသခင်နောက်ကိုလိုက်သော်လည်း သူတို့နှလုံးသားမှာ ဘုရားသခင်နှင့်ပတ်သက်ပြီး တိကျသည့် အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိပေ။ သူတို့နောက်လိုက်နေသည့်လူက ဘုရားသခင်ဟုတ်သလော ဆိုသည်ကိုလည်း သူတို့မဆုံးဖြတ်နိုင်ပေ။ ဘုရားသခင်ကို သူအမှန်တကယ်ယုံကြည်ပြီး သူ့နောက်ကို လိုက်သလောဆိုသည်ကိုတော့ ပြောမနေပါနှင့်တော့။ ၎င်းတို့က ဤလူမျိုး၏ တကယ့်အခြေအနေများဖြစ်သည်။ ဤလူတို့၏ အတွေးများသည် မရှင်းလင်းပေ။ ရိုးရိုးပြောရလျှင် သူတို့၏ယုံကြည်မှုသည် မရေရာပေ။ သူတို့သည် စိတ်ရောထွေးမှုနှင့် စိတ်ဗလာဖြစ်မှု အခြေအနေ၌ အမြဲတမ်းတည်နေကြပြီး “ယောင်ချာချာဖြစ်မှု”၊ “စိတ်ရှုပ်ထွေးမှု” နှင့် “အသိဉာဏ်နည်းမှု” တို့က သူတို့၏အခြေအနေကို အနှစ်ချုပ်ဖော်ပြသည်။ သူတို့သည် ဘုရားသခင်၏ တည်ရှိမှုကို တစ်ခါမျှ မမြင်ဖူးသကဲ့သို့ မခံစားဖူးပေ။ ထို့ကြောင့် ဘုရားသခင်အား သိခြင်းအကြောင်းကို သူတို့ကို ပြောခြင်းက အရုပ်စာနှင့် ရေးထားသည့်စာအုပ်ကို သူတို့အား ဖတ်ခိုင်းသမျှလောက်ပင် အသုံးဝင်သည်။ သူတို့သည် ၎င်းကို နားလည်မည်လည်း မဟုတ်သကဲ့သို့ လက်ခံမည်လည်းမဟုတ်ပေ။ သူတို့အတွက်က ဘုရားသခင်ကိုသိခြင်းသည် စိတ်ကူးယဉ်ပုံပြင်ကို ကြားခြင်းနှင့် အတူတူပင်ဖြစ်သည်။ သူတို့၏အတွေးများက ရှုပ်ထွေးနေနိုင် သော်လည်း ဘုရားသခင်ကို သိခြင်းက အချိန်နှင့် အားစိုက်ထုတ်မှုကို လုံးဝ ဖြုန်းတီးခြင်းဖြစ်သည်ဟု သူတို့ တကယ်ပင် ခိုင်ခိုင်မာမာ ယုံကြည်ကြသည်။ ဤသည်မှာ ပထမလူ အမျိုးအစားဖြစ်သည်- အနှီးပတ်ထားသည့် မွေးကင်းစကလေး။
ဒုတိယအမျိုးအစား- နို့စို့အရွယ် မွေးကင်းစကလေးအဆင့်
အနှီးပတ်ထားသည့် မွေးကင်းစကလေးနှင့်ယှဉ်ကြည့်လျှင် ဤလူအမျိုးအစားက တိုးတက်မှုတချို့ရှိသည်။ ဝမ်းနည်းဖွယ်ကောင်းစွာပင် သူတို့သည် ဘုရားသခင်အပေါ်နားလည်ခြင်း လုံးဝမရှိသေးပေ။ သူတို့၌ ဘုရားသခင်အပေါ် ရှင်းလင်းသည့် နားလည်ခြင်းနှင့် ထိုးထွင်းသိမြင်ခြင်း မရှိသေးပေ။ ဘုရားသခင်ကို သူတို့ ဘာကြောင့်ယုံသင့်သည်ဆိုသည်ကို သိပ်မရှင်းလင်းသေးပေ။ သို့သော်လည်း သူတို့နှလုံးသားမှာ သူတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်နှင့် ရှင်းလင်းသည့် စိတ်ကူးစိတ်သန်းများရှိသည်။ ဘုရားသခင်ကို ယုံကြည်ဖို့က မှန်ကန်သလော ဆိုသည်ကို သူတို့စိတ်မဝင်စားကြပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းမှတစ်ဆင့် သူတို့ရှာဖွေသည့် ဦးတည်ချက်နှင့် ရည်ရွယ်ချက်က သူ၏ကျေးဇူးတော်ကို ခံစားဖို့၊ ပျော်ရွှင်မှုနှင့် ငြိမ်းချမ်းမှု ရရှိဖို့၊ သက်သောင့်သက်သာရှိသည့် ဘဝကို နေထိုင်ဖို့၊ ဘုရားသခင်၏ ဂရုစိုက်ခြင်းနှင့် ကာကွယ်ခြင်းကို ရရှိဖို့နှင့် ဘုရားသခင်၏ ကောင်းချီးများအောက်မှာ နေထိုင်ဖို့ဖြစ်သည်။ ဘုရားသခင်ကို သူတို့သိသည့်အဆင့်ကို သူတို့သည် စိတ်မဝင်စားကြပေ။ ဘုရားသခင်ကို နားလည်ခြင်းကို ရှာဖွေဖို့ ပြင်းပြသည့်ဆန္ဒ သူတို့မှာ မရှိသကဲ့သို့ ဘုရားသခင်က ဘာလုပ်နေသည်၊ သို့မဟုတ် သူဘာလုပ်ချင်ကြောင်းကိုလည်း စိတ်မဝင်စားကြပေ။ သူ၏ကျေးဇူးတော်ကို ခံစားဖို့နှင့် သူ၏ကောင်းချီးများကို ပိုပြီး လက်ခံရရှိဖို့ကိုပင် မျက်ကန်းတောတိုး ရှာဖွေကြသည်။ သူတို့သည် လက်ရှိခေတ်၌ အဆရာချီရရှိဖို့နှင့် နောက်လာမည့်ခေတ်မှာ ထာဝရအသက်ရဖို့ အားထုတ်ကြသည်။ သူတို့၏အတွေးများ၊ သူတို့မည်မျှအသုံးခံခြင်း၊ သူတို့၏ဆပ်ကပ်အပ်နှံခြင်းအပြင် သူတို့၏ဒုက္ခခံမှုတို့အားလုံး၌ တူညီသည့် ရည်ရွယ်ချက်တစ်ခုပင် ရှိသည်။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးများကို လက်ခံရရှိဖို့ပင်ဖြစ်သည်။ အခြားဘာကိုမျှ သူတို့စိတ်မဝင်စားပေ။ ဤလူမျိုးသည် ဘုရားသခင်က သူတို့ကို ဘေးကင်းစေနိုင်ပြီး သူ၏ကျေးဇူးတော်ကို သူတို့အပေါ် ချပေးသနားနိုင်သည် ဆိုသည်လောက်ပင် သေချာသိသည်။ ဘုရားသခင်က လူသားကို အဘယ်ကြောင့်ကယ်တင်ချင်ရပုံ၊ သို့မဟုတ် သူ၏နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်မှုတို့နှင့် ဘုရားသခင်ရရှိချင်သည့် ရလဒ်ကို သူတို့သည် စိတ်မဝင်စားသကဲ့သို့ ရှင်းလည်းမရှင်းလင်းကြဟု ဆိုနိုင်သည်။ သူတို့သည် ဘုရားသခင်၏ အနှစ်သာရနှင့် ဖြောင့်မတ်သည့် စိတ်သဘောထားကို သိဖို့ ဘယ်တော့မျှ အားမထုတ်ကြသကဲ့သို့ ဤသို့လုပ်ဖို့ စိတ်ဝင်စားမှုကိုလည်း မလှုံ့ဆော်နိုင်ကြပေ။ ဤအရာများအပေါ် အာရုံစိုက်ရန် အထုံမပါကြသကဲ့သို့ သိချင်စိတ်လည်း မရှိကြပေ။ ဘုရားသခင်၏လုပ်ဆောင်မှု၊ လူသားအပေါ်မှာ ဘုရားသခင်၏ သတ်မှတ်ချက်များ၊ ဘုရားသခင်၏အလိုတော်၊ သို့မဟုတ် ဘုရားသခင်နှင့်သက်ဆိုင်သည့် အခြားမည်သည့်အရာကိုမဆို သူတို့သည် မေးဖို့ ဆန္ဒမရှိကြသကဲ့သို့ ဤအရာများကို မေးဖို့လည်း အထုံမပါကြပေ။ အဘယ့်ကြောင့်ဆိုသော် ဤကိစ္စများသည် ဘုရားသခင်၏ ကျေးဇူးတော်အပေါ် သူတို့၏နှစ်သက်ခံစားမှုနှင့် မသက်ဆိုင်ဟု သူတို့ယုံကြည်ကြသောကြောင့်ဖြစ်သည်။ သူတို့သည် လူသားတို့အား ကျေးဇူးတော်ကို ချပေးသနားနိုင်ပြီး သူတို့၏ကိုယ်ပိုင်အကျိုးစီးပွားနှင့် တိုက်ရိုက်ဆက်စပ်သည့် ဘုရားသခင်ကိုသာ စိတ်ဝင်စားကြသည်။ တခြားအရာများအပေါ်မှာ စိတ်ဝင်စားမှု လုံးဝမရှိပေ။ ထို့ကြောင့် သူတို့သည် ဘုရားသခင်အပေါ် နှစ်မည်မျှကြာအောင် ယုံကြည်လာခဲ့သည်ဖြစ်စေ သမ္မာတရား စစ်မှန်မှုကို မဝင်ရောက်နိုင်ပေ။ သူတို့ကို မကြာခဏ ရေတိုက်မည့်သူ၊ သို့မဟုတ် အစာကျွေးမည့်သူမရှိလျှင် ဘုရားသခင်ကို ယုံကြည်မှုလမ်းကြောင်းကို ဆက်သွားဖို့ သူတို့အတွက် ခက်ခဲသည်။ သူတို့၏ အစောပိုင်း ပျော်ရွှင်မှုနှင့် ငြိမ်းချမ်းမှု၊ သို့မဟုတ် ဘုရားသခင်၏ကျေးဇူးတော်ကို သူတို့မခံစားနိုင်လျှင် သူတို့သည် စွန့်ခွာသွားဖို့ အလွန်ဖြစ်နိုင်ခြေရှိသည်။ ၎င်းက ဒုတိယလူအမျိုးအစားဖြစ်သည်။ နို့စို့အရွယ် မွေးကင်းစကလေးအဆင့်မှာ တည်ရှိသည့်လူဖြစ်သည်။
တတိယအမျိုးအစား- နို့ဖြတ်အရွယ် မွေးကင်းစကလေး၊ သို့မဟုတ် ငယ်ရွယ်သည့် ကလေးအဆင့်
ဤလူအုပ်စု၌ ရှင်းလင်းသည့် နားလည်သဘောပေါက်မှုတချို့ ရှိသည်။ ဘုရားသခင်၏ကျေးဇူးတော်ကို ခံစားခြင်းက သူတို့ကိုယ်တိုင် စစ်မှန်သည့် အတွေ့အကြုံကို ပိုင်ဆိုင်ခြင်းဟု မဆိုလိုကြောင်းကို ဤလူတို့ သတိမူမိကြသည်။ သူတို့သည် ပျော်ရွှင်မှုနှင့် ငြိမ်းချမ်းမှုကို ရှာဖွေခြင်း၊ ကျေးဇူးတော်ကို ရှာဖွေခြင်း၌ ဘယ်တော့မျှ မမောပန်းဘူးဆိုလျှင်ပင်၊ သို့မဟုတ် ဘုရားသခင်၏ကျေးဇူးတော်ကို ခံစားခြင်းအပေါ်၌ သူတို့၏ အတွေ့အကြုံများကို ဝေမျှခြင်း၊ သို့မဟုတ် သူတို့အပေါ်မှာ ဘုရားသခင် ချပေးသနားခဲ့သည့် ကောင်းချီးများအတွက် သူ့ကို ချီးမွမ်းခြင်းအားဖြင့် သူတို့သည် သက်သေခံနိုင်ကြသည်ဆိုလျှင်ပင် ဤအရာများက သူတို့သည် အသက်ကို ပိုင်ဆိုင်သည်ဟု မဆိုလိုသကဲ့သို့ သူတို့သည် သမ္မာတရား၏ လက်တွေ့အရှိတရားကို ပိုင်ဆိုင်သည်ဟုလည်း မဆိုလိုကြောင်းကို သူတို့သိကြသည်။ သူတို့၏အသိတရားမှ အစပြုရင်း ဘုရားသခင်၏ကျေးဇူးတော်နှင့်ပင် အတူပါရှိခြင်း ခံရမည်ဆိုသည့် ဖြစ်ကတတ်ဆန်း မျှော်လင့်ချက်များကို သူတို့လက်သင့်မခံတော့ပေ။ ဤကဲ့သို့မဟုတ်ဘဲ သူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရသည့်အခါမှာ တစ်ချိန်တည်းမှာပင် သူတို့သည် ဘုရားသခင်အတွက် တစ်ခုခုလုပ်ချင်ကြသည်။ သူတို့၏တာဝန်များကို ထမ်းဆောင်ဖို့၊ အခက်အခဲနှင့် ပင်ပန်းမှုအချို့ကို တောင့်ခံဖို့၊ ဘုရားသခင်နှင့် လက်တွဲလုပ်ကိုင်ခြင်း အဆင့်တချို့ရှိဖို့ သူတို့ဆန္ဒရှိနေကြသည်။ သို့သော်လည်း ဘုရားသခင်အပေါ် သူတို့၏ယုံကြည်ခြင်းအရာ၌ သူတို့၏အားထုတ်ကြိုးပမ်းမှုသည် အလွန်အမင်း စစ်မှန်မှုမရှိခြင်းကြောင့်၊ တစ်ဦးချင်း ရည်ရွယ်ချက်များနှင့် သူတို့သိုထားသည့် ဆန္ဒများသည် အလွန်ပြင်းထန်လွန်းခြင်းကြောင့်၊ သူတို့၏စိတ်သဘောထားသည် အတော်ပင် လွန်လွန်ကဲကဲ မာနထောင်လွှားခြင်းကြောင့် ဘုရားသခင်၏ဆန္ဒကို ဖြည့်ဆည်းဖို့၊ သို့မဟုတ် ဘုရားသခင်ကို သစ္စာစောင့်သိဖို့ သူတို့အတွက် အလွန်ခက်ခဲသည်။ ထို့ကြောင့် သူတို့၏ တစ်ဦးချင်းနှင့်သက်ဆိုင်သည့် ဆန္ဒများကို အကောင်အထည်ဖော်ဖို့၊ သို့မဟုတ် ဘုရားသခင်အပေါ် သူတို့၏ ကတိများကို ပြည့်စုံစေဖို့ မကြာခဏပင် သူတို့မတတ်နိုင်ကြပေ။ သူတို့သည် ကိုက်ညီမှုမရှိသည့် အခြေအနေများထဲ မကြာခဏ ရောက်သွားသည်။ ဘုရားသခင်ကို ဖြစ်နိုင်သည့် အကောင်းဆုံးအဆင့်အထိ ကျေနပ်စေဖို့ သူတို့ အလွန်ဆန္ဒရှိကြသည်။ သို့သော်လည်း သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ဖို့ သူတို့အစွမ်းရှိသမျှ အသုံးပြုကြသည်။ သူတို့သည် ဘုရားသခင်ကို မကြာခဏပင် ကတိသစ္စာပြုကြသော်လည်း သူတို့၏ကတိများကို ခပ်မြန်မြန်ပင် ချိုးဖောက်ကြသည်။ မကိုက်ညီသည့် အခြားအခြေအနေတို့မှာလည်း သူတို့ ပို၍ပင် မကြာခဏ ရောက်ကြရသည်။ ဘုရားသခင်ကို သူတို့ ရိုးသားစွာယုံကြည်သော်လည်း ဘုရားသခင်နှင့် သူ့ထံမှလာသည့် အရာရာတိုင်းကို ငြင်းဆန်ကြပြန်သည်။ သူတို့သည် ဘုရားသခင်က သူတို့ကို ဉာဏ်အလင်းဖွင့်ပေးဖို့၊ ဦးဆောင်ဖို့၊ သူတို့ကို ထောက်ပံ့ဖို့နှင့် ကူညီပေးဖို့ စိုးရိမ်တကြီး မျှော်လင့်ကြသော်လည်း သူတို့၏ ကိုယ်ပိုင်ထွက်လမ်းကို ရှာဖွေကြဆဲပင်ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို နားလည်ပြီး သိရှိဖို့ ဆန္ဒရှိကြသော်လည်း သူ့ထံသို့ တိုးဝင်ချဉ်းကပ်ရန် ဆန္ဒမရှိကြပြန်ပေ။ ဤကဲ့သို့မဟုတ်ဘဲ သူတို့သည် ဘုရားသခင်ကို အမြဲတမ်း ရှောင်ကြဉ်ကြသည်။ သူတို့၏နှလုံးသားများက သူနှင့်နီးစပ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား၏ တိုက်ရိုက်အဓိပ္ပာယ် အပေါ်မှာ သူတို့သည် အပေါ်ယံနားလည်မှုနှင့် အတွေ့အကြုံတို့ရှိပြီး ဘုရားသခင်နှင့် သမ္မာတရားနှင့်ပတ်သက်၍ အပေါ်ယံအယူအဆရှိကြသော်လည်း မသိစိတ်မှာ သူတို့သည် ဘုရားသခင်က သမ္မာတရား ဟုတ်သလောဆိုသည်ကို အတည်မပြုနိုင်ကြသေး၊ သို့မဟုတ် မဆုံးဖြတ်နိုင်ကြသေးသကဲ့သို့ ဘုရားသခင်က အမှန်တကယ် ဖြောင့်မတ်သလောဆိုသည်ကို သူတို့အတည်မပြုနိုင်ကြပေ။ ထို့ပြင် ဘုရားသခင်၏ စစ်မှန်သည့် ဖြစ်တည်မှုကို မဆိုထားနှင့်၊ သူ၏စိတ်သဘောထားနှင့် အနှစ်သာရ၏ စစ်မှန်ခြင်းကိုလည်း သူတို့မဆုံးဖြတ်နိုင်ကြပေ။ ဘုရားသခင်အပေါ် သူတို့၏ယုံကြည်ခြင်း၌ သံသယများနှင့် နားလည်မှုလွဲခြင်းများ အမြဲပါဝင်သည်။ စိတ်ကူးထင်မြင်ခြင်းနှင့် အယူအဆများလည်း ပါဝင်သည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို သူတို့ခံစားရခြင်းကြောင့် သူတို့၏ယုံကြည်မှုကို တိုးတက်စေဖို့၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ သူတို့၏အတွေ့အကြုံကို တိုးပွားစေဖို့၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ သူတို့၏နားလည်မှုကို အတည်ပြုစစ်ဆေးဖို့၊ သူတို့ကိုယ်တိုင် တည်ဆောက်ထားသည့် ဘဝလမ်းကြောင်းအပေါ်မှာ လျှောက်လှမ်းခြင်းနှင့် လူသားမျိုးနွယ်၏ ဖြောင့်မတ်သည့် အကြောင်းတရားကို ပြီးမြောက်စေခြင်း၏ ပကာသနကို ဖြည့်ဆည်းဖို့၊ ဖြစ်နိုင်ခြေရှိသည့် သမ္မာတရားဟု သူတို့ယုံကြည်သည့် အချို့အရာများကို စိတ်မပါစွာနှင့် ကြုံတွေ့ကြသည်၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်ကြသည်။ တစ်ချိန်တည်းမှာပင် လူသားမျိုးနွယ်၏ ပိုမိုကြီးမားသည့် ကောင်းချီးများကို သူတို့ခံယူနိုင်ဖို့အတွက် သူတို့လုပ်ထားသည့် လောင်းကစားတစ်ခု၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ကောင်းချီးများ ရရှိဖို့အတွက် သူတို့ကိုယ်တိုင်၏ဆန္ဒကို ဖြည့်ဆည်းဖို့၊ ဘုရားသခင်ကို သူတို့ရရှိသည့် အချိန်အထိ အနားမယူသည့် ကြီးမားသော ရည်မှန်းချက်နှင့် ဘဝ၏ဆန္ဒကို ပြီးမြောက်ဖို့ ဤအရာများကိုလည်း လုပ်ဆောင်ကြသည်။ ကောင်းချီးများရရှိဖို့ သူတို့၏ဆန္ဒနှင့် ရည်မှန်းချက်များသည် သူတို့အတွက် အရေးကြီးလွန်းသောကြောင့် ဘုရားသခင်၏ အလင်းဖွင့်ပြခြင်းကို ဤလူတို့သည် ရယူနိုင်လေ့မရှိကြပေ။ သူတို့သည် ၎င်းကို အရှုံးပေးစွန့်လွှတ်ဖို့ ဆန္ဒမရှိသကဲ့သို့ အရှုံးလည်း မပေးရက်နိုင်ကြပေ။ ကောင်းချီးများရရှိဖို့ ဆန္ဒမရှိလျှင်၊ ဘုရားသခင်ကို သူတို့ ရရှိသည့်အချိန်ထိ အနားမယူခြင်းဖြစ်သော အချိန်ကြာရှည်စွာ နှစ်သက်ခဲ့ရသည့် ရည်ရွယ်ချက်မရှိလျှင် သူတို့သည် ဘုရားသခင်ကိုယုံကြည်ဖို့ တွန်းအားပျောက်ဆုံးသွားမှာကို ကြောက်ရွံ့ကြသည်။ ထို့ကြောင့် သူတို့သည် လက်တွေ့အရှိတရားကို ရင်မဆိုင်ချင်ကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သို့မဟုတ် ဘုရားသခင်၏ လုပ်ဆောင်ချက်ကို ရင်မဆိုင်ချင်ကြပေ။ ဘုရားသခင်ကိုသိခြင်း အကြောင်းအရာကို ပြောဖို့ရန်ဝေးစွ ဘုရားသခင်၏ စိတ်သဘောထား၊ သို့မဟုတ် အနှစ်သာရကို သူတို့ရင်မဆိုင်ချင်ကြပေ။ ဤသို့ဖြစ်ရခြင်းမှာ ဘုရားသခင်၊ သူ၏အနှစ်သာရနှင့် သူ၏ဖြောင့်မတ်သည့်စိတ်သဘောထားသည် သူတို့၏ စိတ်ကူးစိတ်သန်းများကို အစားထိုးလိုက်သည်နှင့် သူတို့၏အိပ်မက်များသည် အခိုးအငွေ့လို ပျောက်ကွယ်သွားမည် ဖြစ်သောကြောင့်ဖြစ်သည်။ နှစ်ပေါင်းများစွာ ဒုက္ခခံထားသည့် လုပ်ဆောင်ချက်မှတစ်ဆင့် စုစည်းထားသော သူတို့၏ စင်ကြယ်သည့် ယုံကြည်မှုနှင့် “ကောင်းမှုများ” ဟု ဆိုသည့်အရာတို့က ပျောက်ကွယ်သွားမည်ဖြစ်ပြီး ဘာမျှအရာထင်လာမည် မဟုတ်ပေ။ ထိုနည်းတူပင် နှစ်ပေါင်းများစွာ သူတို့၏ သွေး၊ ချွေးများနှင့် သိမ်းပိုက်ထားသည့် သူတို့၏ “ပိုင်နက်” သည်လည်း ပြိုကျလုနီးနီး ဖြစ်သွားလိမ့်မည်။ သူတို့၏ နှစ်ပေါင်းများစွာ ကြိုးစားမှုနှင့် အားထုတ်မှုများသည် အလဟဿဖြစ်သွားကြောင်း၊ သူတို့အနေဖြင့် သုညမှ တစ်ခါပြန်စရမည်ဖြစ်ကြောင်းကို ဤအရာအားလုံးက ဖော်ပြနေလိမ့်မည်။ ဤသည်မှာ သူတို့နှလုံးသားထဲမှာ ခံယူဖို့ သူတို့အတွက် အခက်ခဲဆုံး နာကျင်မှုဖြစ်ပြီး သူတို့မမြင်ချင်ဆုံး ရလဒ်ပင်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် နောက်လှည့်ဖို့ ငြင်းဆန်ရင်းနှင့် ဤမတိုးသာမဆုတ်သာ အခြေအနေမျိုးမှာ အမြဲတမ်း ပိတ်မိနေ၏။ ၎င်းက တတိယလူအမျိုးအစားဖြစ်သည်- နို့ဖြတ်အရွယ် မွေးကင်းစကလေးအဆင့်မှာ တည်ရှိသည့်သူဖြစ်၏။
အထက်မှာ ဖော်ပြထားသည့် လူအမျိုးအစားသုံးခု၊ တစ်နည်းပြောရလျှင် ဤအဆင့်သုံးဆင့်မှာ တည်ရှိသည့် လူတို့သည် ဘုရားသခင်၏ ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်၊ သို့မဟုတ် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားအပေါ် မှန်ကန်သည့် ယုံကြည်ခြင်းကို မပိုင်ဆိုင်ကြသကဲ့သို့ ဤအရာတို့အပေါ် ရှင်းလင်းပြီး တိကျသည့် သိမြင်မှု၊ သို့မဟုတ် အတည်ပြုခြင်းလည်း မရှိကြပေ။ ထို့ကြောင့် သမ္မာတရား၏ လက်တွေ့အရှိတရားကို ဝင်ရောက်ဖို့ ဤလူအမျိုးအစား သုံးခုအတွက် သိပ်ခက်ခဲပြီး ဘုရားသခင်အပေါ် သူတို့ယုံကြည်သည့် ပုံစံနှင့် ဘုရားသခင်အပေါ် သူတို့၏ လွဲမှားသည့် သဘောထားသည် သူတို့နှလုံးသားထဲမှာ အလုပ်လုပ်ဖို့ သူ့အတွက် မဖြစ်နိုင်စေသည့်အတွက်ကြောင့် ဘုရားသခင်၏ သနားညှာတာမှု၊ ဉာဏ်အလင်းဖွင့်ပြမှု၊ သို့မဟုတ် အလင်းပေးမှုကို လက်ခံရရှိဖို့လည်း သူတို့အတွက် ခက်ခဲသည်။ ဘုရားသခင်အကြောင်း သူတို့၏ သံသယများ၊ အယူအဆအမှားများနှင့် စိတ်ကူးထင်မြင်မှုများသည် ဘုရားသခင်အပေါ် သူတို့၏ယုံကြည်မှုနှင့် အသိပညာကို ကျော်လွန်သည်။ ၎င်းတို့သည် အလွန်ဘေးမကင်းသည့် လူသုံးမျိုးဖြစ်ပြီး အလွန်အန္တရာယ်ရှိသည့် အဆင့်သုံးဆင့်လည်းဖြစ်သည်။ လူတစ်ယောက်သည် ဘုရားသခင်အပေါ်၊ ဘုရားသခင်၏ အနှစ်သာရ၊ ဘုရားသခင်၏ ဝိသေသလက္ခဏာ၊ ဘုရားသခင်က သမ္မာတရား ဟုတ်သလောဆိုသည်နှင့် သူ၏ဖြစ်တည်ခြင်းဆိုင်ရာ စစ်မှန်မှု အကြောင်းအရာများအပေါ်တွင် သံသယဝင်သည့် သဘောထားတစ်ခုကို ဆုပ်ကိုင်ထားနေပြီး ဤအရာများကို မသေချာနိုင်ဖြစ်နေလျှင် ဘုရားသခင်ထံမှလာသည့် အရာမှန်သမျှကို ထိုသူက မည်သို့လက်ခံနိုင်ပါ့မည်နည်း။ ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ဆိုသည့် အချက်ကို မည်သို့လက်ခံနိုင်မည်နည်း။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မည်သို့လက်ခံနိုင်မည်နည်း။ ဘုရားသခင်၏ ကယ်တင်ခြင်းကို မည်သို့လက်ခံနိုင်မည်နည်း။ ဤလူမျိုးသည် ဘုရားသခင်၏ စစ်မှန်သည့် လမ်းညွှန်မှုနှင့် ထောက်ပံ့မှုကို မည်သို့ရရှိနိုင်မည်နည်း။ ဤအဆင့်သုံးဆင့်မှာရှိသည့် လူတို့သည် အချိန်မရွေးပင် ဘုရားသခင်ကို ဆန့်ကျင်နိုင်ကြသည်၊ ဘုရားသခင်အပေါ် အကဲဖြတ်နိုင်ကြသည်၊ ဘုရားသခင်ကို စော်ကားခြင်း၊ သို့မဟုတ် သစ္စာဖောက်ခြင်းကို ပြုလုပ်နိုင်ကြသည်။ သူတို့သည် အချိန်မရွေး မှန်သောလမ်းခရီးကို စွန့်ပစ်ပြီး ဘုရားသခင်ကို စွန့်ပစ်နိုင်ကြသည်။ ဤအဆင့်သုံးဆင့်မှာရှိသည့် လူတို့သည် အလွန်အရေးကြီးနေသည့် အချိန်ကာလမှာ တည်ရှိသည်ဟု ဆိုနိုင်သည်။ သူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအရာ၌ မှန်ကန်သည့် လမ်းကြောင်းအတွင်းကို မဝင်ထားသည့်အတွက်ကြောင့် ဖြစ်သည်။
စတုတ္ထအမျိုးအစား- အရွယ်ရောက်လာသည့် ကလေးအဆင့်၊ သို့မဟုတ် ကလေးဘဝ
နို့ဖြတ်ပြီးသည့်နောက်မှာ၊ ဆိုလိုသည်မှာ များပြားလှသည့် ကျေးဇူးတော်များကို သူတို့ခံစားကြရပြီးနောက်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ ဘာကိုဆိုလိုကြောင်းကို စူးစမ်းရှာဖွေဖို့၊ လူသားက အဘယ့်ကြောင့်အသက်ရှင်နေသနည်း၊ လူသားက မည်သို့အသက်ရှင်သင့်သနည်း၊ လူသားအပေါ် ဘုရားသခင်က သူ့လုပ်ဆောင်မှုများကို အဘယ့်ကြောင့် လုပ်ဆောင်သနည်းဆိုသည့် မတူညီသည့် မေးခွန်းများကို နားလည်ချင်သည့် ဆန္ဒများ စတင်ဖြစ်ပေါ်လာသည်။ ဤမရှင်းလင်းသည့် အတွေးများနှင့် ရှုပ်ထွေးနေသည့် အတွေးပုံစံများသည် သူတို့အတွင်းမှ ထွက်ပေါ်လာပြီး သူတို့အတွင်းမှာ ဖြစ်တည်နေသည့်အခါ သူတို့သည် ရေလောင်းပေးခြင်းကို အဆက်မပြတ်ရရှိပြီး သူတို့၏တာဝန်များကို ဆောင်ရွက်နိုင်ကြသည်။ ဤအချိန်ကာလအတွင်းမှာ ဘုရားသခင်၏ ဖြစ်တည်မှုနှင့် ပတ်သက်သည့် သမ္မာတရားအပေါ် သူတို့ ဘာသံသယမျှ မရှိတော့ပေ။ ထို့ပြင် ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ ဘာကိုဆိုလိုကြောင်းကို သူတို့ တိကျစွာ နားလည်ကြသည်။ ဤအခြေခံအုတ်မြစ်အပေါ်မှာ သူတို့သည် ဘုရားသခင်ကို တဖြည်းဖြည်းနားလည်လာကြပြီး ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရနှင့်ပတ်သက်ပြီး သူတို့၏ မရှင်းလင်းသည့် အတွေးများနှင့် ရှုပ်ထွေးသည့် အတွေးပုံစံများအပေါ် အဖြေတချို့ကို တဖြည်းဖြည်းနှင့် ရရှိကြသည်။ သူတို့၏ စိတ်သဘောထားပြောင်းလဲခြင်းနှင့် သူတို့၏ ဘုရားသခင်အပေါ် သိမြင်ခြင်းနှင့်ပတ်သက်လျှင် ဤအဆင့်မှာရှိသည့် လူတို့သည် မှန်ကန်သည့် လမ်းကြောင်းအပေါ် စတင်လျှောက်လှမ်းလာပြီး ကူးပြောင်းခြင်းကာလကို ဝင်ရောက်လာသည်။ လူတို့က အသက်ကိုစတင် ရရှိလာကြခြင်းမှာ ဤအဆင့်အတွင်း၌ဖြစ်သည်။ အသက်ကို ပိုင်ဆိုင်ခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းသည့် ဖော်ပြချက်များက နားလည်မှုလွဲမှားခြင်းများ၊ စိတ်ကူးထင်မြင်ခြင်းများ၊ အယူအဆများ၊ ဘုရားသခင်အပေါ် မရေရာသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကဲ့သို့ လူတို့ သူတို့နှလုံးသားထဲမှာရှိသည့် ဘုရားသခင်ကို သိခြင်းနှင့်ပတ်သက်သည့် မေးခွန်းများစွာကို တဖြည်းဖြည်း ပြေလည်အောင် ဖြေရှင်းပေးခြင်းဖြစ်ပြီး၊ သူတို့သည် ဘုရားသခင်၏ဖြစ်တည်မှုဆိုင်ရာ စစ်မှန်မှုကို အမှန်တကယ်ယုံကြည်ပြီး သိမြင်လာရုံသာမကဘဲ သူတို့နှလုံးသားထဲ၌ ဘုရားသခင်နှင့်ပတ်သက်၍ တိကျသည့် အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့် ဘုရားသခင်အတွက် နေရာမှန်လည်း ပိုင်ဆိုင်လာကာ၊ ဘုရားသခင်နောက်ကို အမှန်တကယ်လိုက်ခြင်းက သူတို့၏ မရေရာသည့် ယုံကြည်ခြင်းကို အစားထိုးသည်။ ဤအဆင့်အတောအတွင်းမှာ ဘုရားသခင်အပေါ် သူတို့၏ မှားယွင်းသည့် အယူအဆများ၊ ယုံကြည်မှုနည်းလမ်းများအပေါ် သူတို့၏ မှားယွင်းသည့် လေ့လာလိုက်စားမှုများကို လူတို့သည် တဖြည်းဖြည်းသိလာကြသည်။ သူတို့သည် သမ္မာတရားကို စတင်၍ လိုချင်တပ်မက်လာကြသည်။ ဘုရားသခင်၏ တရားစီရင်မှု၊ အပြစ်ဒဏ်ခတ်မှုနှင့် ပဲ့ပြင်ဆုံးမမှုတို့အား ကြုံတွေ့ရခြင်းကို စတင်၍ တပ်မက်လာကြသည်။ သူတို့၏ စိတ်သဘောထားပြောင်းလဲခြင်းကို စတင်၍ တပ်မက်လာကြသည်။ ဤအဆင့်အတွင်း ဘုရားသခင်အပေါ်မှာ ထားသည့် သူတို့၏အယူအဆများနှင့် စိတ်ကူးထင်မြင်မှုပေါင်းစုံကို သူတို့ တဖြည်းဖြည်း စွန့်လွှတ်လာကြသည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်နှင့်ပတ်သက်သည့် သူတို့၏ မမှန်ကန်သည့် အသိပညာကို ပြောင်းလဲပြုပြင်လာကြပြီး ဘုရားသခင်အပေါ် မှန်ကန်သည့် အခြေခံကျကျ သိမြင်မှုကို ရရှိကြသည်။ ဤအဆင့်မှာ လူတို့ပိုင်ဆိုင်သည့် အသိပညာ အစိတ်အပိုင်းတစ်ခုက သိပ်ရှင်းလင်းခြင်း၊ သို့မဟုတ် တိကျခြင်းမရှိသော်လည်း အနည်းဆုံးအနေနှင့် သူတို့သည် သူတို့၏အယူအဆများ၊ မှားယွင်းသည့် သိမြင်မှုများနှင့် ဘုရားသခင်အပေါ် နားလည်မှုလွဲခြင်းများကို တဖြည်းဖြည်း စတင်စွန့်ပစ်လာကြသည်။ ဘုရားသခင်အပေါ်မှာ သူတို့ကိုယ်တိုင်၏ အယူအဆများနှင့် စိတ်ကူးထင်မြင်ချက်များကို ဆက်ပြီးသိမ်းမထားတော့ပေ။ သူတို့သည် မည်သို့စွန့်လွှတ်ရမည်နှင့်၊ သူတို့ကိုယ်တိုင်၏ အယူအဆများထဲ၌ တွေ့ရသောအရာများ၊ အသိပညာထံမှ လာသောအရာများနှင့် စာတန်ထံမှ လာသည့် အရာများကို မည်သို့စွန့်လွှတ်ရမည်ကို စတင်သင်ယူလာကြသည်။ မှန်ကန်ပြီး အပြုသဘောဆောင်သည့်အရာများကို နာခံဖို့ စတင်ဆန္ဒရှိလာကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များထံမှ လာသည့်အရာများနှင့် သမ္မာတရားနှင့် ကိုက်ညီသည့်အရာများကိုပင် နာခံဖို့ စတင်ဆန္ဒရှိလာသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြုံတွေ့ဖို့၊ သူ၏နှုတ်ကပတ်တော်များကို ကိုယ်တိုင်သိပြီး လုပ်ဆောင်ဖို့၊ သူ၏နှုတ်ကပတ်တော်များကို သူတို့လုပ်ဆောင်ချက်များ၏ အခြေခံမူများအနေနှင့်၊ သူတို့၏ စိတ်သဘောထားပြောင်းလဲဖို့အတွက် အခြေခံအချက်များအနေနှင့် လက်ခံဖို့ စတင်ကြိုးစားကြသည်။ ဤအချိန်ကာလအတွင်းမှာ လူတို့သည် မသိစိတ်မှ ဘုရားသခင်၏ တရားစီရင်မှုနှင့် အပြစ်ဒဏ်ခတ်မှုကို လက်ခံကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူတို့၏အသက်အနေနှင့် မသိစိတ်မှ လက်ခံကြသည်။ ဘုရားသခင်၏ တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှုနှင့် နှုတ်ကပတ်တော်တို့ကို လက်ခံပြီး သူတို့သည် သူတို့၏နှလုံးသားအတွင်း၌ ယုံကြည်သည့် ဘုရားသခင်သည် အမှန်တကယ် တည်ရှိကြောင်းကို ပို၍ပို၍ သတိမူမိလာပြီး ခံစားသိရှိလာနိုင်ကြသည်။ ဘုရားသခင်သည် လူသား၏ ကံကြမ္မာကို အမြဲတစေ တာဝန်ယူကြောင်းနှင့် လူသားကို ဦးဆောင်ပြီး ထောက်ပံ့ပေးကြောင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင်၊ သူတို့၏အတွေ့အကြုံများနှင့် အသက်တာများထဲတွင် တိုး၍ခံစားကြရသည်။ ဘုရားသခင်နှင့် သူတို့၏ဆက်နွှယ်ခြင်းမှတစ်ဆင့် သူတို့သည် ဘုရားသခင်၏ တည်ရှိမှုကို တဖြည်းဖြည်းနှင့် အတည်ပြုလာကြသည်။ ထို့ကြောင့် သူတို့ကိုယ်တိုင် သတိမပြုမိခင်မှာပင် ဘုရားသခင်၏ လုပ်ဆောင်မှုကို သူတို့သည် မသိစိတ်မှ အတည်ပြုပြီး ခိုင်မာစွာ ယုံကြည်နှင့်ပြီးဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အတည်ပြုလက်ခံပြီးဖြစ်သည်။ လူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အတည်ပြုလက်ခံပြီး ဘုရားသခင်၏ လုပ်ဆောင်မှုကို အတည်ပြုလက်ခံလိုက်သည်နှင့် သူတို့ကိုယ်သူတို့ တိုး၍ငြင်းပယ်ကြသည်။ သူတို့၏ ကိုယ်ပိုင်အယူအဆများကို ငြင်းပယ်ကြသည်။ သူတို့၏ ကိုယ်ပိုင်အသိပညာကို ငြင်းပယ်ကြသည်။ သူတို့၏ ကိုယ်ပိုင်စိတ်ကူးထင်မြင်ခြင်းများကို ငြင်းပယ်ကြသည်။ တစ်ချိန်တည်းမှာပင် သမ္မာတရားက အဘယ်နည်းဆိုသည်နှင့် ဘုရားသခင်၏ အလိုတော်က အဘယ်နည်းဆိုသည်ကို မရပ်မနား အားထုတ်ရှာဖွေကြသည်။ ဘုရားသခင်အပေါ် လူတို့၏ အသိပညာသည် ဤဖွံ့ဖြိုးတိုးတက်မှု အချိန်ကာလအတွင်းမှာ အတော်အတန်ပင် အပေါ်ယံဆန်သည်။ သူတို့သည် စကားလုံးများကို အသုံးပြု၍ ဤအသိပညာကို ရှင်းရှင်းလင်းလင်း ရှင်းပြဖို့ မတတ်နိုင်ကြသကဲ့သို့ သေသေချာချာ အသေးစိတ်လည်း မရှင်းပြနိုင်ကြဘဲ သူတို့၌ သဘောပေါက်လွယ်သည့် နားလည်မှုသာ ရှိကြသည်။ သို့သော်လည်း ဤအစပိုင်း အဆင့်သုံးဆင့်ကို ယှဉ်တွဲကြည့်သည့်အခါ ဤအချိန်ကာလမှာရှိသည့် အရွယ်မရောက်သေးသော လူတို့သည် ရေလောင်းပေးခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော် အထောက်အပံ့ကို လက်ခံရရှိနှင့်ပြီးဖြစ်၍ စတင်အပင်ပေါက်နေချေပြီ။ သူတို့၏အသက်တာများသည် မြေပြင်မှာမြုပ်ထားသည့် အစေ့တစ်စေ့ကဲ့သို့ပင် ဖြစ်သည်။ အစိုဓာတ်နှင့် အာဟာရဓာတ်များကို ရရှိပြီးနောက်မှာ မြေဆီလွှာကို ထိုးခွဲ၍ ထွက်လာလိမ့်မည်။ အစေ့၏ အစို့အညှောက်ပေါက်ခြင်းက ဘဝအသစ်တစ်ခု မွေးဖွားခြင်းကို ကိုယ်စားပြုသည်။ ဤဘဝအသစ်တစ်ခု မွေးဖွားခြင်းက အသက်၏လက္ခဏာများကို အနည်းအကျဉ်းမြင်စေသည်။ လူတို့၌ အသက်ရှိသောအခါ သူတို့သည် ကြီးပြင်းကြ၏။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်း၏ လမ်းမှန်ပေါ်ကို ရောက်အောင် တဖြည်းဖြည်း လုပ်ဆောင်ခြင်း၊ သူတို့ကိုယ်တိုင်၏ အယူအဆများကို စွန့်ပစ်ခြင်း၊ ဘုရားသခင်၏ လမ်းညွှန်မှုကို လက်ခံရယူခြင်းတို့ဖြစ်သည့် ဤအခြေခံအုတ်မြစ်ပေါ်မှာ လူတို့၏အသက်တာများသည် တစ်စတစ်စနှင့် မလွဲဧကန် ကြီးထွားလာလိမ့်မည်။ ဤကြီးထွားခြင်းကို မည်သည့်အခြေခံအချက်အလက်များအပေါ် မူတည်ပြီး တိုင်းတာသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့အပေါ် သူတို့၏ အတွေ့အကြုံနှင့် ဘုရားသခင်၏ ဖြောင့်မတ်သည့်စိတ်သဘောထားအပေါ် သူတို့၏ စစ်မှန်သည့် နားလည်မှုတို့အရ တိုင်းတာသည်။ ဤကြီးထွားခြင်း အချိန်ကာလမှာ ဘုရားသခင်နှင့် ဘုရားသခင်၏ အနှစ်သာရအပေါ် သူတို့၏သိမြင်မှုကို တိတိကျကျဖော်ပြရန် သူတို့ကိုယ်တိုင်၏ စကားလုံးများကို အသုံးပြုဖို့ သူတို့အတွက် အလွန်ခက်ခဲသော်လည်း ဤလူအုပ်စုသည် ဘုရားသခင်၏ ကျေးဇူးတော်ကို နှစ်သက်ခံစားခြင်းမှတစ်ဆင့် သာယာမှုနောက်ကိုလိုက်ဖို့၊ သို့မဟုတ် ဘုရားသခင်၏ ကျေးဇူးတော်ကို ရရှိရန်ဟူသည့် သူတို့၏ကိုယ်ပိုင်ရည်ရွယ်ချက်ကို လေ့လာလိုက်စားရန် ဘုရားသခင်ကို ယုံကြည်ဖို့ ကိုယ့်အသိစိတ်နှင့် လုပ်လိုခြင်း မရှိတော့ပေ။ ဤကဲ့သို့မဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ နေထိုင်သည့် အသက်တာကို လေ့လာလိုက်စားဖို့နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းခံရသည့်သူဖြစ်ဖို့ ဆန္ဒရှိနေကြသည်။ ထို့အပြင် သူတို့သည် မိမိကိုယ်ကို ယုံကြည်မှုရှိကြပြီး ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံဖို့ အဆင်သင့် ဖြစ်နေကြလေပြီ။ ဤသည်မှာ ကြီးထွားခြင်းအဆင့်၌ ရောက်နေသော လူတစ်ယောက်၏ အမှတ်အသားဖြစ်သည်။
ဤအဆင့်ရှိ လူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့်ပတ်သက်သည့် အသိပညာတချို့ ရှိသော်လည်း ဤအသိပညာသည် အလွန်မှုန်ဝါးပြီး ထင်ရှားခြင်း မရှိပေ။ ၎င်းတို့ကို သူတို့အနေဖြင့် ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်သော်လည်း သူတို့သည် အတွင်း၌ တစ်ခုခုကို ရရှိနှင့်ပြီးဖြစ်သည်ဟု ခံစားကြရသည်။ အကြောင်းမှာ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားအပေါ် သိမြင်ခြင်းနှင့် နားလည်ခြင်း အတိုင်းအတာတချို့ကို သူတို့ရရှိပြီးသည့်အတွက်ဖြစ်သည်။ သို့သော်လည်း ၎င်းတို့အားလုံးက အပေါ်ယံဆန်ပြီး အခြေခံအဆင့်တစ်ခု၌သာ ရှိသေးသည်။ ဤလူအုပ်စု၌ ဘုရားသခင်၏ ကျေးဇူးတော်ကို သူတို့ဆက်ဆံသည့် တိကျသော အမြင်တစ်ခုရှိသည်။ ဤအမြင်ကို သူတို့လိုက်စားသည့် ရည်ရွယ်ချက်များ၏ အပြောင်းအလဲများနှင့် သူတို့လိုက်စားသည့်နည်းလမ်း၌ ဖော်ပြထားသည်။ သူတို့သည် သမ္မာတရားကို မလိုက်စားသေးလျှင်၊ လက်တွေ့အရှိတရားကို ဝင်ရောက်ဖို့ သူတို့မလိုက်စားသေးလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူတို့တွေ့ကြုံရသည့်အခါ၌ ဘုရားသခင်ကိုသိပြီး ဖြည့်ဆည်းပေးဖို့ အားထုတ်ရှာဖွေခြင်းမရှိလျှင်၊ သူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း အဓိပ္ပာယ်အား ဆုံးရှုံးလိမ့်မည်ဆိုသည်ကို ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်၌၊ လူသားအပေါ် သူ၏သတ်မှတ်ချက်မျိုးစုံနှင့် လူသားအပေါ် သူ၏ထုတ်ဖော်ချက်တို့၌ သူတို့မြင်ပြီးကြပြီ။ ဘုရားသခင်၏ ကျေးဇူးတော်ကို သူတို့မည်မျှပင် ခံစားရပါစေ၊ သူတို့၏ စိတ်သဘောထားကို မပြောင်းနိုင်ပုံ၊ ဘုရားသခင်ကို မကျေနပ်စေနိုင်ပုံ၊ သို့မဟုတ် ဘုရားသခင်ကို မသိနိုင်ပုံကို သူတို့သိကြပြီး လူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ထဲမှာ ဆက်လက်နေထိုင်နေလျှင် သူတို့သည် ကြီးထွားခြင်း၊ အသက်ကို ရရှိခြင်း၊ သို့မဟုတ် ကယ်တင်ခြင်းကို ရရှိနိုင်ခြင်းတို့ ဘယ်တော့မျှ ရှိမည်မဟုတ်ဆိုသည်ကို သူတို့သိကြသည်။ အနှစ်ချုပ်ပြောရလျှင် လူတစ်ယောက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် တွေ့ကြုံခံစားနိုင်ခြင်း မရှိလျှင်၊ သူ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ဘုရားသခင်ကို မသိနိုင်လျှင် ထိုသူသည် မွေးကင်းစကလေးအရွယ်မှာပင် ထာဝရရှိနေမည်ဖြစ်ပြီး သူ၏အသက်တာ အရွယ်ရောက်ခြင်း၌ ရှေ့ကို ခြေတစ်လှမ်း ဘယ်တော့မျှ လှမ်းမည်မဟုတ်ပေ။ သင်သည် မွေးကင်းစအရွယ်အဆင့်မှာပင် ထာဝရတည်ရှိနေလျှင်၊ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားကို ဘယ်တော့မျှ မဝင်ရောက်လျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင့်အသက်အဖြစ် ဘယ်တော့မျှ မရထားလျှင်၊ မှန်ကန်သည့်ယုံကြည်မှုနှင့် ဘုရားသခင်နှင့် ပတ်သက်သည့် အသိပညာကို ဘယ်တော့မျှ မပိုင်ဆိုင်လျှင် ဘုရားသခင်က သင့်ကို ပြီးပြည့်စုံအောင်ပြုလုပ်ဖို့ ဖြစ်နိုင်ခြေရှိသလော။ ထို့ကြောင့် ဘုရားသခင့်နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားကို ဝင်ရောက်သည့်သူတိုင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မိမိတို့၏အသက်အဖြစ် လက်ခံသည့်သူတိုင်း၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုကို စတင်လက်ခံလာသည့်သူတိုင်း၊ မိမိ၏ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား စတင်ပြောင်းလဲလာသည့်သူတိုင်းနှင့် သမ္မာတရားကို လိုချင်တပ်မက်ပြီး ဘုရားသခင်ကိုသိဖို့ ဆန္ဒရှိကာ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံဖို့ ဆန္ဒရှိသည့် သူတိုင်းသည် အသက်ကို အမှန်တကယ် ပိုင်ဆိုင်ကြသည့်သူများဖြစ်သည်။ ဤသည်မှာ အရွယ်ရောက်နေသည့် ကလေး၊ ကလေးဘဝအဆင့်၌ရှိသောသူဖြစ်သည့် စတုတ္ထလူအမျိုးအစား အမှန်တကယ်ဖြစ်သည်။
ပဉ္စမအမျိုးအစား- အရွယ်ရောက်သည့် ဘဝအဆင့်၊ သို့မဟုတ် လူကြီးအဆင့်
အကြိမ်ကြိမ်ဖြစ်ပွားသည့် အတက်အကျများနှင့် ပြည့်နေသော ကြီးထွားခြင်းအဆင့်ဖြစ်သည့် ကလေးဘဝ လေးဖက်ထောက်သွားသည့် အဆင့်ကို ကြုံတွေ့ပြီးနောက် လူတို့၏ဘဝသည် တည်ငြိမ်နေပေပြီ။ သူတို့၏ ရှေ့တက်နေသည့် ခြေလှမ်းများက မရပ်တန့်တော့သကဲ့သို့ သူတို့ကို မည်သူမျှ မတားဆီးနိုင်ပေ။ သူတို့၏ရှေ့မှာ ရှိသည့်လမ်းက ကြမ်းတမ်းပြီး မညီမညာဖြစ်နေသော်လည်း သူတို့၌ အားနည်းခြင်း၊ သို့မဟုတ် ကြောက်ရွံ့ခြင်းတို့ မရှိကြတော့ပေ။ သူတို့သည် ရှေ့မှာစမ်းတဝါးဝါးဖြစ်မနေတော့ပေ၊ သို့မဟုတ် သူတို့၏ ဦးတည်ချက်များ မပျောက်ဆုံးတော့ပေ။ သူတို့၏အခြေခံအုတ်မြစ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အမှန်တကယ် ကြုံတွေ့ခြင်းအတွင်းမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေလေပြီ။ သူတို့၏နှလုံးသားများသည် ဘုရားသခင့်ဂုဏ်တော်နှင့် ကြီးမြတ်ခြင်း၏ ဆွဲယူခြင်းကို ခံရလေပြီ။ ဘုရားသခင်၏ခြေလှမ်းများနောက် လိုက်ဖို့၊ ဘုရားသခင်၏ အနှစ်သာရကို သိဖို့၊ ဘုရားသခင်ကို အလုံးစုံသိဖို့ သူတို့တပ်မက်ကြသည်။
ဤအဆင့်မှာရှိသည့် လူတို့သည် သူတို့ယုံကြည်သည်မှာ မည်သူနည်းဆိုသည်ကို ရှင်းရှင်းလင်းလင်း သိပြီးဖြစ်ပြီး ဘုရားသခင်အပေါ် သူတို့ ဘာကြောင့်ယုံကြည်သင့်ကြောင်းနှင့် သူတို့ကိုယ်ပိုင်ဘဝများ၏ အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်းသိကြသည်။ ထို့ပြင် ဘုရားသခင်ဖော်ပြသည့် အရာရာတိုင်းက သမ္မာတရားဖြစ်ကြောင်းကိုလည်း ရှင်းရှင်းလင်းလင်းသိကြသည်။ နှစ်ပေါင်းများစွာ သူတို့တွေ့ကြုံလာပြီးနောက် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုတို့ မပါလျှင် ဘုရားသခင်ကို သိဖို့၊ ကျေနပ်စေဖို့ လုံးဝတတ်နိုင်မည် မဟုတ်သကဲ့သို့ ဘုရားသခင်ရှေ့ကို ဘယ်တော့မျှ အမှန်တကယ် လာရောက်နိုင်မည် မဟုတ်ကြောင်းကိုလည်း သူတို့သိမြင်ကြသည်။ စမ်းသပ်ခြင်းခံနေရစဉ် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို မြင်ရန်၊ ပိုသန့်စင်သည့် ချစ်ခြင်းကို ရယူရန်၊ တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို အမှန်တကယ် ပိုနားလည်ပြီး ပိုသိဖို့ရန်အလို့ငှာ ဤလူတို့၏နှလုံးသားများအတွင်း၌ ဘုရားသခင်၏ စမ်းသပ်ခြင်းကိုခံယူလိုသည့် ပြင်းပြသော ဆန္ဒတစ်ခုရှိသည်။ ဤအဆင့်ရှိ သူတို့သည် မွေးကင်းစအဆင့်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားခြင်းနှင့် ပေါင်မုန့်အား အဝစားခြင်းအဆင့်ကို လုံးဝနှုတ်ဆက်ပြီးဖြစ်သည်။ ဘုရားသခင်ကို သည်းခံအောင်လုပ်ပြီး သူတို့အပေါ် သနားကရုဏာပြစေဖို့ လွန်ကျူးသည့် မျှော်လင့်ချက်များကို သူတို့မထားကြတော့ပေ။ ဤကဲ့သို့မဟုတ်ဘဲ သူတို့သည် ဘုရားသခင်၏ ရပ်တန့်မသွားမည့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံရရှိဖို့နှင့် မျှော်လင့်ထားဖို့ ယုံကြည်စိတ်ချကြသည်။ သူတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားနှင့် သူတို့ကိုယ်သူတို့ ခွဲခွာစေပြီး ဘုရားသခင်ကို ကျေနပ်စေဖို့ဖြစ်သည်။ ဘုရားသခင်နှင့် ပတ်သက်သည့် သူတို့၏အသိပညာ၊ သူတို့၏ကြိုးစားအားထုတ်မှု၊ သို့မဟုတ် သူတို့ကြိုးစားအားထုတ်မှု၏ နောက်ဆုံးပန်းတိုင်၊ ဤအရာများအားလုံးသည် သူတို့နှလုံးသားထဲ၌ သိပ်ရှင်းလင်း၏။ ထို့ကြောင့် လူကြီးအဆင့်မှာရှိသည့်လူတို့သည် မရေရာသည့် ယုံကြည်မှုအဆင့်ကို၊ ကယ်တင်ခြင်းအတွက် ကျေးဇူးတော်ကို သူတို့မှီခိုသည့် အဆင့်ကို၊ စမ်းသပ်ခြင်းတို့ကို ခံနိုင်ရည်မရှိသော အရွယ်မရောက်သည့် ဘဝအဆင့်ကို၊ ဝေဝါးခြင်း အဆင့်ကို၊ စမ်းတဝါးဝါးအဆင့်ကို၊ မကြာခဏ လျှောက်လှမ်းစရာ မည်သည့်လမ်းမျှ မရှိသည့်အဆင့်ကို၊ ချက်ချင်းပူ၊ ချက်ချင်းအေးသည့် နှစ်ခုကြား တစ်လှည့်စီပြောင်းလဲသော မတည်ငြိမ်သည့် အချိန်ကာလကို၊ ထို့ပြင် မျက်လုံးတစ်လုံးမှိတ်ပြီး ဘုရားသခင်နောက်ကို လိုက်သည့်အဆင့်ကို လုံးဝနှုတ်ဆက်ပြီးဖြစ်သည်။ ဤကဲ့သို့သော လူမျိုးက ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပေးခြင်းနှင့် အလင်းပေးခြင်းကို မကြာခဏ လက်ခံရရှိသည်။ ဘုရားသခင်နှင့်အတူ မှန်ကန်သည့် တွဲဖက်လုပ်ကိုင်ခြင်းနှင့် ပြောဆိုဆက်သွယ်ခြင်းတို့ မကြာခဏပြုလုပ်သည်။ ဤအဆင့်မှာ နေထိုင်သည့် လူတို့သည် ဘုရားသခင်၏အလိုတော် တစ်စိတ်တစ်ပိုင်းကို နားလည်သဘောပေါက်ပြီးဖြစ်ကြောင်း၊ သူတို့လုပ်သည့် အရာရာတိုင်း၌ သမ္မာတရား၏ အခြေခံမူများကို ရှာဖွေနိုင်ကြကြောင်း၊ ဘုရားသခင်၏ဆန္ဒကို မည်ကဲ့သို့ဖြည့်ဆည်းရမည်ကို သူတို့သိကြောင်း ဆိုနိုင်သည်။ ထို့အပြင် ဘုရားသခင်အား သိခြင်းလမ်းကိုလည်း သူတို့ရှာတွေ့ပြီးဖြစ်ပြီး ဘုရားသခင်နှင့်ပတ်သက်သည့် သူတို့၏အသိပညာကို သက်သေခံဖို့ စတင်ပြီးဖြစ်သည်။ တဖြည်းဖြည်းကြီးထွားလာခြင်းဖြစ်စဉ်အတွင်း၌ သူတို့မှာ ဘုရားသခင်၏ အလိုတော်အပေါ်၊ လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်းရှိ ဘုရားသခင်၏ အလိုတော်အပေါ်၊ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းရှိ ဘုရားသခင်၏အလိုတော်ကို တဖြည်းဖြည်းနားလည်ပြီး သိမြင်ခြင်းရှိကြသည်။ အနှစ်သာရနှင့်ပတ်သက်လျှင် ဘုရားသခင်၏ ဖြောင့်မတ်သည့်စိတ်သဘောထားအပေါ် နားလည်မှုနှင့် သိမြင်မှုကိုလည်း သူတို့ တဖြည်းဖြည်းချင်း ရရှိကြသည်။ ဤအသိပညာကို လူသား၏ မည်သည့်အယူအဆ၊ သို့မဟုတ် မည်သည်စိတ်ကူးထင်မြင်မှုမျှ အစားမထိုးနိုင်ပေ။ ပဉ္စမမြောက်အဆင့်ရှိ လူတစ်ယောက်၏ဘဝသည် လုံးဝ အရွယ်ရောက်သွားပြီ၊ သို့တည်းမဟုတ် ဤလူကို ဖြောင့်မတ်သည်၊ သို့မဟုတ် ပြီးပြည့်စုံသည်ဟု မဆိုနိုင်သော်လည်း ဤကဲ့သို့လူမျိုးသည် ဘဝမှာ ရင့်ကျက်ခြင်းအဆင့်ကို တစ်ဆင့်လှမ်းပြီးဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် မျက်နှာချင်းဆိုင်ရပ်ဖို့နှင့် ဘုရားသခင်နှင့် မျက်နှာခြင်းဆိုင်ရပ်ဖို့ ဤလူသည် ဘုရားသခင်ရှေ့ကို လာရောက်နိုင်ပြီဖြစ်သည်။ ဤကဲ့သို့သော လူမျိုးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မြောက်မြားစွာတွေ့ကြုံပြီးဖြစ်သောကြောင့်၊ မရေမတွက်နိုင်အောင်များပြားသည့် စမ်းသပ်မှုများကို တွေ့ကြုံခဲ့ပြီး၊ ပဲ့ပြင်ဆုံးမခြင်း ဖြစ်ရပ်များအပြင် ဘုရားသခင်ထံမှ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မရေမတွက်နိုင်အောင် ကြုံတွေ့ခဲ့ခြင်းကြောင့် ဘုရားသခင်ကို သူတို့၏နာခံခြင်းသည် နှိုင်းယှဉ်၍မရဘဲ လုံးဝပြည့်စုံသည်။ ဘုရားသခင်အပေါ် သူတို့၏အသိသည် မသိစိတ်ထဲမှ ရှင်းလင်းပြီး တိကျသည့် အသိပညာဆီသို့၊ အပေါ်ယံမှ လေးလေးနက်နက်ဖြစ်ခြင်းသို့၊ မှုံဝါးဝေဝါးခြင်းမှ တိကျသေချာပြီး ရှင်းလင်းမှုဆီသို့ ကူးပြောင်းသွားခဲ့သည်။ သူတို့သည် အလွန်အားစိုက်ရသည့် စမ်းတဝါးဝါးဖြစ်ခြင်းနှင့် တက်ကြွမှုမရှိသည့် ရှာဖွေခြင်းမှ အားစိုက်စရာမလိုသည့် အသိပညာနှင့် တက်ကြွသည့် သက်သေခံခြင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ဤအဆင့်မှာရှိသည့် လူတို့သည် ဘုရားသခင့်နှုတ်ကပတ်တော်၏ သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်ကြပြီး ပေတရုလျှောက်လှမ်းခဲ့သည့် စုံလင်ခြင်းလမ်းကြောင်းပေါ်တွင် အခြေချပြီးဖြစ်သည်ဟု ဆိုနိုင်သည်။ ဤသည်မှာ လူကြီးအဆင့်ဖြစ်သည့် အရွယ်ရောက်ခြင်းအဆင့်၌ နေထိုင်သော ပဉ္စမလူအမျိုးအစားဖြစ်ပေသည်။
၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်