အချက် ၁၅- ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြ၊ ထို့ပြင် ခရစ်တော်၏ အနှစ်သာရကို ငြင်းပယ်ကြ၏ (အပိုင်း ၁) အခန်း တစ်
၁။ အန္တိခရစ်များသည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြ
ယနေ့ ကျွန်ုပ်တို့သည် အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များဆိုင်ရာ အချက်တစ်ဆယ့်ငါးချက်မြောက်ဖြစ်သည့် ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြ၊ ထို့အပြင် ခရစ်တော်၏ အနှစ်သာရကို ငြင်းပယ်ကြ၏ ဟူသော အကြောင်းအရာကို မိတ်သဟာယဖွဲ့ကြမည်။ ဤအချက်သည် အန္တိခရစ်များက ဘုရားသခင်နှင့် ခရစ်တော်ကို ဆက်ဆံပုံနှင့်ပတ်သက်သည့် သရုပ်သကန်နှစ်မျိုးကို ဖော်ထုတ်ပြပြီး ဤသရုပ်သကန်နှစ်မျိုးသည် အန္တိခရစ်များ၏ အနှစ်သာရကို ကိုယ်စားပြုသည်။ ဤသရုပ်သကန်နှစ်မျိုးလုံးသည် ဘုရားသခင်ကိုယ်တော်တိုင်နှင့် သက်ဆိုင်ပြီး တစ်နည်းအားဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် သက်ဆိုင်ကာ နောက်တစ်နည်းအားဖြင့် ဘုရားသခင်၏ လူ့ဇာတိခံယူထားသော ဇာတိပကတိနှင့် သက်ဆိုင်သည်။ အန္တိခရစ်များသည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြသကဲ့သို့ ကိုယ်တော်၏ လူ့ဇာတိခံယူထားသော ဇာတိပကတိကိုလည်း အသိအမှတ်မပြုကြပေ။ ဤသည်တို့မှာ အန္တိခရစ်များက ဘုရားသခင်အပေါ် ထားရှိသော အမြင်များဖြစ်ပြီး ယင်းတို့သည် အန္တိခရစ်များက ဘုရားသခင်ကို ဆက်ဆံပုံ၏ အဓိကကျသော သရုပ်သကန်များလည်း ဖြစ်ကြသည်။ ယခုလောလောဆယ် ကျွန်ုပ်တို့သည် ဤအဓိကကျသော သရုပ်သကန်နှစ်မျိုး၏ အနှစ်သာရကို မိတ်သဟာယဖွဲ့မည့်အစား အန္တိခရစ်များ၏ ဘုရားသခင်တည်ရှိမှုကို မယုံကြည်ခြင်းသည် မည်သို့သရုပ်သကန်ပြသည်ကို ဦးစွာ ဆွေးနွေးကြစို့။ ဆိုလိုသည်မှာ အန္တိခရစ်များ၌ ဘုရားသခင်အပေါ် ထားရှိသည့် မည်သည့် အတွေးအခေါ်များ၊ အမြင်များ၊ သဘောထားများနှင့် တိကျသော အပြုအမူများ၊ သရုပ်သကန်များနှင့် ချဉ်းကပ်နည်းများက သူတို့ ကိုယ်တော်၏တည်ရှိမှုကို မယုံကြည်ကြောင်း သက်သေပြသည်ကို ဆွေးနွေးကြစို့။ ဤမယုံကြည်မှု၏ တိကျသော သရုပ်သကန်များ ရှိသလော။ အချို့က “အန္တိခရစ်များ၏ ဘုရားသခင်တည်ရှိမှုကို မယုံကြည်ခြင်းဆိုသည်မှာ ဤအချက်ကို အသိအမှတ်မပြုခြင်းနှင့် ဘုရားသခင်၏ တည်ရှိမှုကို ငြင်းပယ်ခြင်းဟု ရိုးရှင်းစွာ အဓိပ္ပာယ်ရပါသည်။ သူတို့၏စိတ်နှလုံးထဲ၌ ဘုရားသခင်မရှိဟု ယုံကြည်ကြပြီး ဘုရားသခင်၏ ဝိညာဉ်တော်၊ ဘုရားသခင် ကိုယ်တော်တိုင်နှင့် ဖန်ဆင်းရှင်တို့သည် မမြင်နိုင်သည့် အရာများဖြစ်ကာ မတည်ရှိကြဟု ယူဆကြပါသည်။ သူတို့အတွက်မူ ‘ဘုရားသခင်’ ဟူသော အမည်နာမသည် အချည်းနှီးဖြစ်ပြီး လူသားတို့၏ စိတ်ကူးယဉ်ဖန်တီးမှုတစ်ခု ဖြစ်သည်။ ဤသည်မှာ ရှင်းပြရန်နှင့် မိတ်သဟာယဖွဲ့ရန် လွယ်ကူသောအရာတစ်ခု မဟုတ်ပါလော။ ဤသည်က အန္တိခရစ်များ၏ အနှစ်သာရနှင့် မည်သို့ သက်ဆိုင်သနည်း။ ဤအရာ၏ တိကျသော သရုပ်သကန်များ မည်သို့ရှိသနည်း။ ဤသည်မှာ တစ်ဆိတ်ကိုတစ်အိတ်လုပ်ခြင်း မဟုတ်ပါလော။ ယင်းသည် အမှန်တကယ် ထိုမျှ ရှုပ်ထွေးသလော” ဟု ပြောကောင်းပြောနိုင်သည်။ ဤစဉ်းစားတွေးခေါ်ပုံသည် မှန်ကန်သလော။ အကယ်၍ သင်တို့ကို အန္တိခရစ်များ ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ခြင်းဟူသော အကြောင်းအရာနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ရန် တောင်းဆိုခဲ့ပါလျှင် သင်တို့သည် ယင်းနှင့်ပတ်သက်၍ မည်သို့မိတ်သဟာယဖွဲ့ပြီး မည်သို့စိစစ်ကြမည်နည်း။ ဥပမာအားဖြင့် အထူးတလည် လှည့်ဖြားတတ်သော လူတစ်ဦးကို စဉ်းစားကြည့်လော့။ သင်သည် သူ၏ လှည့်ဖြားတတ်ခြင်း၏ တိကျသော သရုပ်သကန်များကို ပြောပြနိုင်သလော။ အကယ်၍ သင်က “ဤသူသည် အလွန်လှည့်ဖြားတတ်ပြီး အမြဲတမ်း လိမ်ညာပြောဆိုကာ မှန်ကန်သောစကားတစ်ခွန်းမျှ မပြောပါ” ဟုသာ ဆိုလျှင် သင် မိတ်သဟာယဖွဲ့သည်မှာ ပြီးဆုံးပြီဖြစ်မည်လော။ လှည့်ဖြားတတ်ခြင်း၏ တိကျသော အခြေအနေများနှင့် သရုပ်သကန်များမှာ အဘယ်နည်း။ သင်သည် ထိုသူ၏ လှည့်ဖြားတတ်ခြင်းကို မည်သို့ စိစစ်နိုင်မည်နည်း။ သူတို့သည် မိမိတို့၏ နေ့စဉ်ဘဝတွင် ကျင့်ကြံပြုမူရန်နှင့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် မည်သည့်လုပ်နည်းကိုင်နည်းများကို အသုံးပြုကြသနည်း။ သူတို့သည် လောကနှင့်ဆက်ဆံရန် မည်သည့်နည်းလမ်းများကို အသုံးပြုကြသနည်း။ သူတို့၏ ကိုယ်ကျင့်စရိုက်သည် အဘယ်နည်း။ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် သူတို့၏ အမြင်ရှုထောင့်မှာ အဘယ်နည်း။ ဤသူသည် အလွန်လှည့်ဖြားတတ်ကြောင်းကို မည်သို့ သက်သေပြနိုင်မည်နည်း။ ဤနေရာတွင် အသေးစိတ်အချက်အလက်များ မရှိသလော။ အမှန်တကယ်ပင် အသေးစိတ်အချက်အလက်များ ရှိပေသည်။ ယင်းသည် လှည့်ဖြားတတ်ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည် သို့မဟုတ် မည်သည့်လုပ်ရပ်များက လှည့်ဖြားတတ်သည်ကို ပြောဆိုရုံမျှသာမဟုတ်ဘဲ ဤဝေါဟာရကို ရှင်းပြရုံမျှသာလည်းမဟုတ်သည့်အပြင် ထိုအစား သူတို့၏ တိကျသော သရုပ်သကန်များ၊ အပြုအမူများ၊ အတွေးအခေါ်များ၊ အမြင်ရှုထောင့်များ၊ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည့် သူတို့၏ နည်းလမ်းများ၊ သူတို့၏ အကျင့်စရိုက် အစရှိသည်တို့ကို သင် စိစစ်ရန် လိုအပ်သည်။ လှည့်ဖြားတတ်သောသူတစ်ဦး၏ အဓိကလက္ခဏာရပ်မှာ သူတို့သည် မည်သူတစ်ဦးတစ်ယောက်နှင့်မျှ မိမိတို့၏စိတ်နှလုံးကို ဖွင့်ဟ၍ မိတ်သဟာယမဖွဲ့ဘဲ၊ မိမိတို့၏ အခင်မင်ဆုံးသူငယ်ချင်းကိုပင် မိမိတို့၏ရင်တွင်းစကားကို မပြောကြားခြင်း ဖြစ်သည်။ သူတို့သည် သာမန်ထက်လွန်ကဲစွာ နားလည်ရခက်သောသူများ ဖြစ်ကြသည်။ အမှန်မှာမူ ထိုသို့သောသူသည် အသက်အရွယ်အားဖြင့် အလွန်ကြီးရင့်ချင်မှ ကြီးရင့်မည်၊ သို့မဟုတ် ကမ္ဘာကြီးနှင့်ပတ်သက်၍ များစွာ သိမြင်ဖူးခြင်း ရှိချင်မှ ရှိမည်၊ သို့မဟုတ် အတွေ့အကြုံပင် နည်းကောင်းနည်းနိုင်သည်၊ သို့တိုင်အောင် သာမန်ထက်လွန်ကဲစွာ နားလည်ရခက်သောသူများ ဖြစ်ကြသည်။ သူတို့သည် အသက်အရွယ်နှင့်မလိုက်အောင် စဉ်းလဲ၏။ ဤသည်မှာ သဘာဝအားဖြင့် လှည့်ဖြားတတ်သောသူတစ်ဦး မဟုတ်ပါလော။ သူတို့သည် မိမိတို့ကိုယ်ကို အလွန်နက်ရှိုင်းစွာ ဖုံးကွယ်ထားကြသဖြင့် မည်သူမျှ သူတို့ကို ထွင်းဖောက်၍ မမြင်နိုင်ပေ။ သူတို့ စကားမည်မျှပင် ပြောစေကာမူ၊ မည်သည့်စကားက မှန်ပြီး မည်သည့်စကားက မှားသည်ကို ခွဲခြားသိမြင်ရန် ခက်ခဲကာ၊ သူတို့ မည်သည့်အချိန်တွင် အမှန်အတိုင်းပြောပြီး မည်သည့်အချိန်တွင် လိမ်ညာပြောသည်ကို မည်သူမျှ ကြိုတင်မှန်းဆ၍ မသိနိုင်ပေ။ ထို့အပြင်၊ သူတို့သည် ဟန်ဆောင်ဖုံးကွယ်ခြင်း၌ အထူးကျွမ်းကျင်ကြသကဲ့သို့ ပရိယာယ်ကြွယ်ဝသော စကားအချေအတင်ပြောခြင်း၌လည်း အထူးကျွမ်းကျင်ကြသည်။ သူတို့သည် လူတို့အား မှားယွင်းသော အထင်အမြင်များပေးခြင်းဖြင့် အမှန်တရားကို ဖုံးကွယ်ထားတတ်ကြရာ၊ လူအားလုံး မြင်တွေ့ရသည်မှာ သူတို့၏ ဟန်ဆောင်ထားသော ပုံပန်းသဏ္ဌာန်အမှားသာ ဖြစ်သည်။ သူတို့သည် မိမိတို့ကိုယ်ကို မြင့်မြတ်သောသူ၊ ကောင်းသောသူ၊ သီလရှိသောသူ၊ ဟန်ဆောင်မှုကင်းသောသူ၊ လူတို့နှစ်သက်သဘောကျပြီး အသိအမှတ်ပြုသောသူအဖြစ် ဟန်ဆောင်ကြပြီး နောက်ဆုံးတွင် လူတိုင်းက သူတို့ကို ကြည်ညိုကာ အထင်ကြီးသည့်အဆင့်သို့ ရောက်ရှိကြသည်။ သင်သည် ထိုသို့သောသူတစ်ဦးနှင့် အချိန်မည်မျှကြာအောင် ပေါင်းသင်းဆက်ဆံသည်ဖြစ်စေ၊ သူတို့ ဘာတွေစဉ်းစားနေသည်ကို သင် ဘယ်တော့မျှ သိနိုင်မည်မဟုတ်ပေ။ အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် သူတို့၏အမြင်များနှင့် သဘောထားများသည် သူတို့၏စိတ်နှလုံးထဲ၌ ဖုံးကွယ်ထားလျက်ရှိသည်။ ဤအရာများကို မည်သူ့ကိုမျှ သူတို့ ဘယ်တော့မျှ မပြောကြပေ။ သူတို့၏ အရင်းနှီးဆုံးသော အတွင်းလူကိုပင် ဤအရာများနှင့်ပတ်သက်၍ သူတို့ မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြပေ။ သူတို့ ဘုရားသခင်ထံ ဆုတောင်းသောအခါ၌ပင် မိမိတို့၏စိတ်နှလုံးထဲရှိသောအရာကိုဖြစ်စေ၊ ၎င်းတို့နှင့်ပတ်သက်သည့် အမှန်တရားကိုဖြစ်စေ စိတ်ချယုံကြည်စွာ ပြောဆိုချင်မှ ပြောဆိုပေမည်။ ထိုမျှမက သူတို့သည် မိမိတို့ကိုယ်ကို လူ့သဘာဝကောင်းရှိသူ၊ အလွန်ဝိညာဉ်ရေးရာပြည့်သူ၊ သမ္မာတရားကို လိုက်စားရန် ဆက်ကပ်ထားသူအဖြစ် ဟန်ဆောင်ရန် ကြိုးစားကြသည်။ သူတို့၌ မည်သို့သော စိတ်သဘောထားမျိုးရှိသည်ကိုနှင့် သူတို့ မည်သို့သောလူစားမျိုးဖြစ်သည်ကို မည်သူမျှ ထွင်းဖောက်၍ မမြင်နိုင်ပေ။ ဤသည်တို့မှာ လှည့်ဖြားတတ်ခြင်း၏ သရုပ်သကန်များ ဖြစ်ကြသည်။ ဥပမာအားဖြင့် ပျင်းရိသောလူတစ်ဦးကို စဉ်းစားကြည့်လော့။ ပျင်းရိခြင်း၏ တိကျသော သရုပ်သကန်များမှာ အဘယ်နည်း။ အချို့က “ပျင်းရိခြင်းဆိုသည်မှာ မည်သည့်အလုပ်ကိုမျှ လုံးဝမလုပ်ဘဲ၊ တစ်နေ့လုံး ထိုင်နေရုံသာထိုင်နေပြီး လှုပ်ရှားလိုစိတ်မရှိ၊ မည်သည့်အရာကိုမျှ စိုးရိမ်ပူပန်လိုစိတ်မရှိ၊ စကားပြောလိုစိတ်လည်းမရှိခြင်း ဖြစ်သည်” ဟု ဆိုကြပေမည်။ ဤသည်တို့မှာ ပျင်းရိခြင်း၏ တိကျပြီး အနှစ်သာရရှိသော သရုပ်သကန်များ ဟုတ်သလော။ (မဟုတ်ပါ၊ ဤသည်တို့မှာ အပေါ်ယံ သာမန်ဖြစ်စဉ်အချို့မျှသာ ဖြစ်ပါသည်။) သို့ဆိုလျှင် ပျင်းရိခြင်း၏ အနှစ်သာရကျသော သရုပ်သကန်များမှာ အဘယ်နည်း။ အဓိကအားဖြင့် အဓိကကျသော သရုပ်သကန်နှစ်မျိုး ရှိပါသည်။ ပထမတစ်ချက်မှာ မည်သည့်အခက်အခဲကိုမျှ ခါးစည်းခံလိုစိတ်မရှိခြင်း၊ မိမိတို့လုပ်ဆောင်သမျှအရာ၌ ဝန်တာထားသောစိတ် သို့မဟုတ် တာဝန်ယူစိတ်မရှိခြင်း၊ မိမိတို့၏ခန္ဓာကိုယ် အနည်းငယ် မသက်မသာဖြစ်သည့်အခါတိုင်း သို့မဟုတ် အနည်းငယ်မျှသော အခက်အခဲ သို့မဟုတ် အနည်းငယ် ပင်ပန်းနွမ်းနယ်မှုနှင့် ကြုံတွေ့သည့်အခါတိုင်း စောဒကတက်ခြင်း ဖြစ်သည်။ ဒုတိယတစ်ချက်မှာ မည်သည့်အလုပ်ကိုမျှ လုပ်လိုစိတ်မရှိခြင်း၊ သာယာပျော်ရွှင်သောဘဝကို လိုလားခြင်း၊ အနားယူမှုကို ပိုနှစ်သက်ပြီး အလုပ်လုပ်ရခြင်းကို မကြိုက်ခြင်း၊ မိမိတို့၏အချိန်ကို အချည်းနှီးဖြုန်းတီးပြီး နေ့ရက်များကို လေလွင့်စွာ ဖြတ်သန်းခြင်း၊ ထို့အပြင် အလုပ်လုပ်ရသည့်အခါတိုင်း အဆုံးမရှိ မြည်တွန်တောက်တီးပြီး မည်သူမျှ ရှာမတွေ့နိုင်သောနေရာ၌ ပုန်းကွယ်နေခြင်းတို့ ဖြစ်သည်။ ဤသည်တို့မှာ ပျင်းရိခြင်း၏ အဓိကကျသော သရုပ်သကန်နှစ်မျိုး ဖြစ်သည်။ တိကျသော သရုပ်သကန်များကို ဤနေရာတွင် ငါတို့ ဆွေးနွေးတော့မည်မဟုတ်ချေ။ ဥပမာအားဖြင့် အစားကြီးသောသူတစ်ဦးကို ကြည့်လော့။ အစားကြီးခြင်း၏ တိကျသော သရုပ်သကန်များမှာ အဘယ်နည်း။ ဤသည်မှာ လူ့သဘာဝအတွင်း၌ စိစစ်ရန်နှင့် ပိုင်းခြားသိမြင်ရန် လွယ်ကူသင့်သောအရာတစ်ခု ဖြစ်သင့်သည်၊ ဟုတ်သည် မဟုတ်လော။ (ရုပ်ပိုင်းဆိုင်ရာ သာယာမှုများကို အစဉ်မပြတ် လိုက်စားခြင်း၊ အရသာရှိသောအစားအစာများကို အမြဲစားလိုခြင်း၊ အစားကောင်းစားလိုသော မိမိ၏ အာသီသများကို ဖြည့်ဆည်းခြင်းတို့ ဖြစ်ပါသည်။) (အရသာရှိသော အစားအစာများနှင့် ကြုံတွေ့သည့်အခါ မည်မျှစားစား မတင်းတိမ်နိုင်ခြင်းတို့ ဖြစ်ပါသည်။) ဤသည်တို့မှာ အစားကြီးခြင်း၏ သရုပ်သကန်များ ဖြစ်ကြသည်။ တစ်နေရာတွင် အရသာရှိသောအစားအစာရှိသည်ဟု ကြားပြီးနောက် ယင်းကိုရှာဖွေရန် မည်သည့်အရာကိုမဆို လုပ်ဆောင်သည့်လူများ မရှိသလော။ ဥပမာအားဖြင့် တစ်နေရာတွင် စားသောက်ဆိုင်အသစ်တစ်ခု ဖွင့်လှစ်ပြီး ယင်းဆိုင်က အရသာရှိသော ဟင်းလျာမျိုးစုံကို ရောင်းချသော်လည်း ယင်းသည် အနည်းငယ် ဈေးကြီးပြီး အဝေးတွင်ရှိကာ ထိုနေရာသို့ရောက်ရန် ကားဖြင့် တစ်နာရီမောင်းရသည်ဟု ဆိုကြပါစို့။ လူအများစုက အစားအစာတစ်ခုအတွက် ထိုမျှအဝေးကြီး ခရီးသွားရသည်မှာ မတန်ဟု တွေးကြပေမည်။ သို့သော် အစားအသောက်ကို နှစ်သက်သောသူများမူကား ဤစားသောက်ဆိုင်အကြောင်း ကြားရာတွင် “ကားတစ်နာရီမောင်းရသည်မှာ အဝေးကြီးမဟုတ်ချေ။ ဘဝဆိုသည်မှာ စားခြင်း၊ သောက်ခြင်းနှင့် ပျော်ပါးခြင်းတို့အတွက်သာ မဟုတ်ပါလော။ သွားစားကြစို့” ဟု တွေးကြမည်။ သို့သော် ထိုသူကိုပင် သူ့၏ သင့်လျော်သောအလုပ်ကို ဆောင်ရွက်ရန် တစ်နာရီ ကားမောင်းခိုင်းပါက ထိုသူက “ထိုနေရာသို့သွားလျှင် ငါ ပင်ပန်းမည်မဟုတ်လော။ ထိုနေရာသို့သွား၍ အလုပ်လုပ်ရန် ဤမျှအချိန်များစွာ ကုန်ဆုံးခြင်းသည် ငါ့အတွက် အကျိုးရှိပါမည်လော။ လူဆိုးများနှင့်တွေ့လျှင်ကော။ ကားဆီကုန်သွားလျှင်ကော။ ထိုနေရာတွင် ငါ ဘာစားရမည်နည်း။ အသင့်ပြင်ဆင်ထားသော အစားအစာ ရှိပါမည်လော။ ဒေသခံပတ်ဝန်းကျင်နှင့် ငါ အသားမကျလျှင် မည်သို့လုပ်မည်နည်း။ ညဘက် ငါ အိပ်မပျော်လျှင်ကော” ဟု စတင်၍ ချင့်ချိန်စဉ်းစားလာမည်။ သူ၏ သင့်လျော်သောအလုပ်နှင့်ပတ်သက်လာလျှင် အလွန်အကျွံ စဉ်းစားပြီး နေရာတိုင်းတွင် အခက်အခဲများကိုသာ မြင်သည်။ သို့သော် အရသာရှိသော တစ်စုံတစ်ခုကို စားသုံးခြင်းနှင့် ပတ်သက်လာလျှင်မူကား သူသည် အတားအဆီးအားလုံးကို ကျော်လွှားရန် ဆန္ဒရှိသည်၊ အတားအဆီးတိုင်းသည် ပြဿနာမဟုတ်တော့ဘဲ သူသည် အလွန်အကျွံစဉ်းစားခြင်းကို ရပ်တန့်လိုက်သည်။ ဤသည်တို့မှာ အစားကြီးခြင်း၏ တိကျသော သရုပ်သကန်များ ဖြစ်သည်။ ဤနေရာတွင် ငါသည် ဤအကြောင်းကို အကျဉ်းချုံးဖော်ပြရုံသာ ဖြစ်သည်၊ ဤအကြောင်းကို ငါ ဆက်လက်၍ အကျယ်တဝင့် ပြောတော့မည်မဟုတ်ချေ။
ယနေ့ မိတ်သဟာယဖွဲ့ခြင်း၏ အဓိကအကြောင်းအရာသို့ ပြန်သွားကြစို့။ အန္တိခရစ်များ၏ ဘုရားသခင်တည်ရှိမှုကို မယုံကြည်ခြင်း၏ သရုပ်သကန်များမှာ အဘယ်နည်း။ သူတို့သည် မည်သည့် တိကျသော အတွေးအခေါ်များ၊ အမြင်ရှုထောင့်များနှင့် အခြေအနေများကို ထုတ်ဖော်ကြသနည်း။ အမှုအရာများ သူတို့အပေါ် ဖြစ်ပျက်သောအခါ ဘုရားသခင်၏ တည်ရှိမှုကို သူတို့ အမှန်တကယ် မယုံကြည်ကြောင်း သက်သေပြသည့် မည်သို့သော သဘောထားများ၊ အမြင်ရှုထောင့်များနှင့် အယူအဆများကို သူတို့ ပိုင်ဆိုင်ကြသနည်း။ ဤသည်မှာ မိတ်သဟာယဖွဲ့ရန် မထိုက်တန်သလော။ အန္တိခရစ်များသည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြပေ။ ဤမယုံကြည်မှု၏ အသေးစိတ်အချက်အလက်များနှင့် တိကျသော သရုပ်သကန်များမှာ အဘယ်နည်း။ (မည်သည့်အရာပင် ဖြစ်ပျက်စေကာမူ ယင်းသည် ဘုရားသခင်က စီစဉ်ညွှန်ကြားပြီး ကြိုတင်စီစဉ်ထားသည်ဟု သူတို့ မယုံကြည်ကြဘဲ သူတို့သည် ယင်းကို ဘုရားသခင်ထံမှ လက်မခံနိုင်ကြပေ။) (ဘုရားသခင်သည် ကောင်းမြတ်သောသူတို့ကို ဆုလာဘ်ပေးပြီး ဆိုးယုတ်သောသူတို့ကို အပြစ်ဒဏ်ပေးသည်ဟု သူတို့ မယုံကြည်ကြသောကြောင့် သူတို့သည် မကောင်းမှုကို မျက်နှာပြောင်တိုက်၍ ပြုလုပ်ကြသည်။) ဤသည်တို့မှာ တိကျသော သရုပ်သကန်အချို့ ဖြစ်ကြသည်။ အန္တိခရစ်များသည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြပေ။ ဘုရားသခင်၏ တည်ရှိမှုကို ဤသို့မယုံကြည်ခြင်းသည် ငြင်းပယ်ခြင်းတစ်ရပ် ဖြစ်သည်။ သူတို့ ဘုရားသခင်၏ တည်ရှိမှုကို ငြင်းပယ်ကြောင်း သက်သေပြသည့် မည်သည့်အရာကို သူတို့ ငြင်းပယ်ကြသနည်း။ (သူတို့သည် ဖန်ဆင်းရှင်အနေဖြင့် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ငြင်းပယ်ကြသည်။) (ဘုရားသခင်သည် အရာခပ်သိမ်းကို ထိန်းချုပ်ပြီး အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ပိုင်စိုးသည်ကို သူတို့ ငြင်းပယ်ကြသည်။) (ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကို သူတို့ ငြင်းပယ်ကြပြီး ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအလုပ်သည် လူတို့၏ ဖောက်ပြန်ပျက်စီးမှုကို သန့်စင်စေနိုင်ကာ သူတို့ကို စာတန်ထံမှ ကယ်တင်နိုင်သည်ကိုလည်း ငြင်းပယ်ကြသည်။) ဤဖော်ပြချက်များအနက် မည်သည့်အချက်က ကိုယ်စားပြုနိုင်စွမ်းရှိပြီး ပို၍ အနှစ်သာရရှိသနည်း။ ဘုရားသခင်၏ ပင်ကိုလက္ခဏာကိုလည်းကောင်း၊ အရာခပ်သိမ်းအပေါ် ကိုယ်တော်၏ အချုပ်အခြာအာဏာ ကိုင်စွဲခြင်းကိုလည်းကောင်း ငြင်းပယ်ခြင်းဟူသည့် ဤအချက်နှစ်ချက်သည် ကိုယ်စားပြုသည် မဟုတ်သလော။ ယင်းတို့သည် အနှစ်သာရရှိသော ပြဿနာများ မဟုတ်သလော။ (ဟုတ်ပါသည်။) ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်ခြင်းသည် တစ်နည်းအားဖြင့် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို အသိအမှတ်ပြုခြင်း ဖြစ်သည်။ ထို့အပြင် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ယုံကြည်ခြင်းဟူသော ထိုအခြေခံအုတ်မြစ်အပေါ်၌ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟူသောအချက်ကို လက်ခံခြင်းနှင့် အသိအမှတ်ပြုခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ တည်ရှိမှုကို လုံးလုံးလျားလျား ယုံကြည်ခြင်း မဟုတ်သလော။ ဤအချက်နှစ်ချက်သည် အရေးမကြီးသလော။ (ဟုတ်ပါသည်။) ဤအချက်နှစ်ချက်သည် အနှစ်သာရအရှိဆုံးသော ပြဿနာများ ဖြစ်ကြသည်။ ထို့ကြောင့် အန္တိခရစ်များ၏ ဘုရားသခင်တည်ရှိမှုကို မယုံကြည်ခြင်းကို စိစစ်ရန် ကျွန်ုပ်တို့သည် ရှေးဦးစွာ အချက်နှစ်ချက်ကို စိစစ်ဖို့ လိုအပ်သည်။ ပထမအချက်မှာ အန္တိခရစ်များက ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို အသိအမှတ်ပြုရန် ငြင်းဆိုခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ အန္တိခရစ်များက ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်းကို အသိအမှတ်ပြုရန် ငြင်းဆိုခြင်း ဖြစ်သည်။ အခြားသော ရှုထောင့်များသည် ဤအချက်နှစ်ချက်အတွင်း၌ ပါဝင်ပြီးဖြစ်သည်။ ယခင်က ဘုရားသခင်သည် သမ္မာတရားဖြစ်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ကြောင်း၊ သို့မဟုတ် ဘုရားသခင်သည် လူတို့ကို ကယ်တင်နိုင်ကြောင်းတို့ကို အန္တိခရစ်များက အသိအမှတ်မပြုပုံနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤသည်မှာလည်း အမှန်တရားတစ်ရပ် ဖြစ်သည်။ သို့သော် ဤနေရာတွင် ငါပြောနေသည်မှာ အန္တိခရစ်များသည် ဘုရားသခင်ရှိသည်ကို အခြေခံအားဖြင့် မယုံကြည်ကြဘဲ ဘုရားသခင်၏ တည်ရှိမှုကိုလည်း အခြေခံအားဖြင့် မယုံကြည်ကြခြင်း ဖြစ်သည်။ ဤအရာကို အန္တိခရစ်များက ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို အသိအမှတ်မပြုခြင်း၊ ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကိုင်စွဲခြင်းကို အသိအမှတ်ပြုရန် ငြင်းဆိုခြင်း ဟူသော ရှုထောင့်မှ စိစစ်ခြင်းသည် ပို၍ အစွမ်းထက်ပြီး ကိုယ်စားပြုပေလိမ့်မည်။
က။ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို အသိအမှတ်ပြုရန် ငြင်းဆိုခြင်း
အန္တိခရစ်များသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို အသိအမှတ်ပြုရန် ငြင်းဆိုခြင်း ဟူသည့် ပထမအချက်ကို မိတ်သဟာယဖွဲ့ခြင်းဖြင့် စတင်ကြစို့။ ဘုရားသခင်၏ ပင်ကိုလက္ခဏာကား အဘယ်နည်း။ ဖန်ဆင်းခံအားလုံးအဖို့ ဘုရားသခင်သည် ဖန်ဆင်းရှင် ဖြစ်သည်၊ သို့ဖြစ်လျှင် အရာခပ်သိမ်းအဖို့ ကိုယ်တော်၏ ပင်ကိုလက္ခဏာကား အဘယ်နည်း။ (အရာခပ်သိမ်း၏ အချုပ်အခြာအာဏာရှင် ဖြစ်ပါသည်။) ဤအမည်နာမသည်လည်း တိကျမှန်ကန်သည်၊ သို့တိုင်အောင် ဘုရားသခင်၏ စစ်မှန်သော ပင်ကိုလက္ခဏာကား အဘယ်နည်း။ ဘုရားသခင်ကို ခေါ်ဝေါ်သောအခါ သင်သည် ကိုယ်တော်အား “အရာခပ်သိမ်း၏ အချုပ်အခြာအာဏာရှင်” ဟု တိုက်ရိုက် ရည်ညွှန်းခေါ်ဆိုနိုင်ပါသလော။ ဥပမာအားဖြင့် သင့်အတွက် သင်၏မိခင်၏ ပင်ကိုလက္ခဏာသည် သင့်ကို မွေးဖွား၍ ပြုစုပျိုးထောင်ခဲ့သူ ဖြစ်သကဲ့သို့ပင်ဖြစ်သည်၊ သို့သော် သင်သည် သင်၏မိခင်ကို “ငါ့ကို မွေးဖွား၍ ပြုစုပျိုးထောင်ခဲ့သူ” ဟု ခေါ်ဆိုနိုင်သလော။ (မဟုတ်ပါ။) သင် သူမကို မည်သို့ ခေါ်ဝေါ်သနည်း။ (အမေဟု ခေါ်ပါသည်။) ယင်းသည် သင်၏မိခင်အတွက် သင်၏ ခေါ်ဝေါ်သုံးစွဲသည့်အသုံးအနှုန်း ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းရှင်၊ အရာခပ်သိမ်း၏ အချုပ်အခြာအာဏာပိုင်ရှင်၏ အမည်နာမသည် ဘုရားသခင်ဖြစ်ပြီး ဘုရားသခင်ကိုယ်တော်တိုင်သာလျှင် ဘုရားသခင်ဟု ခေါ်ဝေါ်ခြင်းခံရနိုင်ပေသည်။ ဖန်ဆင်းခံအားလုံးနှင့် ဖန်ဆင်းခံ မဟုတ်သော အရာအားလုံးအတွက်၊ ဘုရားသခင်သည် ဘုရားသခင်ဖြစ်သည်၊ ကိုယ်တော်၏ ပင်ကိုလက္ခဏာသည် အရာခပ်သိမ်း၏ အချုပ်အခြာအာဏာရှင်ဖြစ်ပြီး ကိုယ်တော်၏ အမည်နာမသည် ဘုရားသခင် ဖြစ်သည်။ ဤအမည်နာမကို ပိုင်ဆိုင်သော ထိုတစ်ပါးတည်းသောသူသည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်၊ ကိုယ်တော်သည် ဘုရားသခင် ဖြစ်သည်။ ဘုရားသခင်ဟူသော အမည်နာမနှင့် ထိုက်တန်သော ကိုယ်တော်တစ်ပါးတည်းသာလျှင် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ပိုင်ဆိုင်သည်။ ယခုလောလောဆယ် “အနှစ်သာရ” ဟူသော စကားလုံးအကြောင်းကို ပြောမည့်အစား ပင်ကိုလက္ခဏာအကြောင်းကိုသာ ပြောကြစို့။ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်သော ဘုရားသခင်ကိုယ်တော်တိုင်သည် ဘုရားသခင်၏ အမှုအရာများကို ပြုတော်မူသည်၊ ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြတော်မူသည်၊ ဘုရားသခင်၏ နည်းလမ်းများကို အသုံးပြု၍ လူသားမျိုးနွယ်အားလုံးကို ဦးဆောင်တော်မူပြီး ဘုရားသခင်၏ နည်းစနစ်များကို အသုံးပြုလျက် လူသားမျိုးနွယ်အားလုံးနှင့် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲတော်မူသည်။ ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်၏ ပင်ကိုလက္ခဏာကို အသိအမှတ်ပြုသောသူတို့အတွက်မူ ဘုရားသခင် ပြုတော်မူသမျှအပေါ် သူတို့၏အမြင်ရှုထောင့်သည် အန္တိခရစ်များ၏အမြင်ရှုထောင့်နှင့် လုံးဝကွဲပြားခြားနားသည်။ အရာခပ်သိမ်းအလယ်၌ ဘုရားသခင် ပြုတော်မူသမျှကို မှန်ကန်စွာ နားလည်နိုင်သောသူတို့သည် ဤအရာမှ ကိုယ်တော်၏ လုပ်ဆောင်ချက်နည်းလမ်းများကို မြင်တွေ့ကြလိမ့်မည်ဖြစ်ပြီး အရာခပ်သိမ်းအလယ်၌ ကိုယ်တော်၏ တည်ရှိမှုနှင့်ပတ်သက်၍ မိမိတို့ကိုယ်ကို ပို၍ အာမခံချက်ပေးကြလိမ့်မည်။ ဆန့်ကျင်ဘက်အားဖြင့် အန္တိခရစ်များက ဤအမှုအရာအားလုံးကို ရှုမြင်သည့် အမြင်၊ နည်းလမ်းနှင့် ရှုထောင့်တို့သည် ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်သောသူတို့နှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်သည်။ ဤအကြောင်းကြောင့်ပင် အန္တိခရစ်များသည် ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်ရန်၊ သို့မဟုတ် ဤအမှုအရာအားလုံးကို လုပ်ဆောင်နိုင်စွမ်းရှိသော ထိုတစ်ပါးတည်းသောသူသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်သောသူဖြစ်သည်ဟု ယုံကြည်ခြင်းထက်၊ ကိုယ်တော်တစ်ပါးတည်းသာလျှင် ဘုရားသခင်ဟု ခေါ်ဝေါ်ခြင်းခံထိုက်ပြီး လူတို့က ဘုရားသခင်ဟု ခေါ်ဝေါ်ခြင်းခံထိုက်သည်ဟု ယုံကြည်ခြင်းထက် သေသာသေလိုက်ချင်ကြမည် ဖြစ်သည်။
အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်အားလုံးအလယ်၌ တည်ရှိသော၊ သာမန်မျက်စိဖြင့် မြင်နိုင်သည်ဖြစ်စေ မမြင်နိုင်သည်ဖြစ်စေ အမှုအရာများစွာတို့အတွက် အကယ်၍ လူတို့သည် ယင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားအားဖြင့် ရှုမြင်ကာ နားလည်ကြလျှင် ဘုရားသခင်သည် အရာခပ်သိမ်းအလယ်၌ လူသားမျိုးနွယ်ကို ဦးဆောင်လျက်ရှိကြောင်းနှင့် ကိုယ်တော်သည် အမှန်တကယ် တည်ရှိတော်မူကြောင်းကို သူတို့ တွေ့ရှိကြလိမ့်မည်။ အရာခပ်သိမ်း၏ ဥပဒေသများနှင့် အရာခပ်သိမ်း၏ ဖြစ်ပေါ်တိုးတက်မှုများသည် မမြင်နိုင်သော၊ ဖော်ပြ၍မရနိုင်သော စည်းမျဉ်းတစ်စုံအတွင်း၌ စီစဉ်ညွှန်ကြားခြင်းနှင့် ကြိုတင်စီစဉ်ခြင်း ခံနေရသောကြောင့် ဤအရာအားလုံးကို စီစဉ်ညွှန်ကြားနိုင်စွမ်းနှင့် ကြိုတင်စီစဉ်နိုင်စွမ်း ရှိသူမှာ မည်သူနည်း။ မည်သည့်ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မျှ မဟုတ်၊ မည်သည့်သူရဲကောင်းတစ်ဦးတစ်ယောက်မျှလည်း မဟုတ်ဘဲ ဤသည်မှာ သဘာဝအလျောက် ဖြစ်ပေါ်လာခြင်းတစ်ခု မဟုတ်သည်မှာ သေချာသည်။ ထိုအစား မမြင်နိုင်သော်လည်း၊ ကိုင်တွယ်၍မရနိုင်သော်လည်း လူတို့က သိမြင်နိုင်သော၊ ဤအရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသော ထိုတစ်ပါးတည်းသောသူ ဖြစ်သည်။ ဤသူကား မည်သူနည်း။ ဘုရားသခင်ပင် ဖြစ်သည်။ ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်ခြင်းသည် လူတို့ ပိုင်ဆိုင်သင့်သော အနိမ့်ဆုံးသော ဆင်ခြင်တုံတရား မဟုတ်သလော။ ဤသည်မှာ လူတို့ အမှုအရာများကို ရှုမြင်သင့်သော အနိမ့်ဆုံးသော၊ အခြေခံအကျဆုံးသော အမြင်နှင့် ရှုထောင့်တစ်ခု မဟုတ်သလော။ သို့သော် အန္တိခရစ်များမူကား ဤဆင်ခြင်တုံတရား ကင်းမဲ့ကြသောကြောင့် သူတို့သည် အမှုအရာများကို ထိုသို့သော အမြင်နှင့် ရှုထောင့်မှ မရှုမြင်ကြပေ။ သို့ဖြစ်၍ ဘုရားသခင် စီစဉ်ညွှန်ကြားထားသော၊ လူသားမျိုးနွယ်က သိမြင်ရုံသာ သိမြင်နိုင်သော၊ ဘုရားသခင်က လူသားမျိုးနွယ်ကို ရှင်းလင်းသောစကားဖြင့် တိတိကျကျ မပြောကြားထားသော ဤအမှုအရာများနှင့်ပတ်သက်၍၊ အန္တိခရစ်များက ယင်းတို့ကို တိုက်ဆိုင်မှုများ၊ လူလုပ်အရာများ၊ သဘာဝအလျောက် ဖြစ်ပေါ်လာသောအရာများအဖြစ် ယူဆကြသည် သို့မဟုတ် လူတို့ စိတ်ကူးယဉ်ဖန်တီးပြီး ကြိုးကိုင်ညွန်ကြားထားသော အရာများအဖြစ်ပင် ယူဆကြသည်။ သင်သည် ဘုရားသခင်၏ တည်ရှိမှုကို မည်သို့ပင် သက်သေခံစေကာမူ၊ ဘုရားသခင်သည် အရာခပ်သိမ်းအလယ်၌ ရှိကြောင်း၊ ဘုရားသခင်သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်ကြောင်း၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်သောသူသာလျှင် ဤအမှုအရာများကို လုပ်ဆောင်နိုင်ပြီး အရာခပ်သိမ်းကို စနစ်တကျ စီမံခန့်ခွဲနိုင်ကြောင်း၊ ထိုသို့သော အချုပ်အခြာအာဏာပိုင်ရှင်သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်သောသူဖြစ်ကြောင်း သက်သေပြရန် သင် အချက်အလက်မည်မျှပင် အသုံးပြုစေကာမူ အန္တိခရစ်များက ဤသို့ ရှုမြင်ကြမည်လော။ အန္တိခရစ်များက ဤသို့ နားလည်ကြမည်လော။ (မဟုတ်ပါ။) သင် သက်သေပြရန် အချက်အလက်မည်မျှပင် တင်ပြစေကာမူ အန္တိခရစ်များက ယင်းကို ယုံကြည်မည်လည်းမဟုတ်၊ အသိအမှတ်ပြုမည်လည်း မဟုတ်ပေ။ သူတို့ အပေါ်ယံအားဖြင့် မည်သည့်အရာမျှ မပြောဆိုလျှင်ပင်၊ ယင်းကိုချေပရန် မည်သည့်သက်သေအထောက်အထားမျှ မတင်ပြနိုင်လျှင်ပင် အတွင်းစိတ်ထဲ၌မူ သူတို့သည် ဤအရာကို အကြိမ်တစ်ရာမက ကန့်ကွက်ပြီး အသိအမှတ်ပြုရန် ငြင်းဆိုနေကြပြီး ယင်း၏နောက်တွင် မေးခွန်းအမှတ်အသားများ ဆက်တိုက်ထားရှိနေကြသည်။ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ယုံကြည်သောသူများသည် လူမိုက်များဖြစ်သည်ဟုလည်းကောင်း၊ သူတို့သည် အထင်အမြင်မှားစေခြင်း ခံထားရသည်ဟုလည်းကောင်း၊ ဤသည်မှာ ရင့်ကျက်သောအတွေးအခေါ် ကင်းမဲ့သူများသာ လုပ်ဆောင်ပြီး တွေးတောမည့်အရာဖြစ်သည်ဟုလည်းကောင်း ထင်မြင်ကြသည်။ သူတို့၏အမြင်တွင် လူ၏ လွတ်လပ်သောဆန္ဒသည် လူကိုယ်တိုင်က ထိန်းချုပ်သင့်ပြီး လွတ်လပ်စွာ ဖော်ထုတ်သင့်သည်။ အရာခပ်သိမ်းအလယ်၌ ဖြစ်ပေါ်သော ဖြစ်ရပ်များအပေါ် လူတို့သည် မိမိတို့နှစ်သက်သလို ထင်မြင်ချက်များ ထားရှိသင့်သည်ဟုလည်းကောင်း၊ ဤဖြစ်ရပ်များကို သိပ္ပံနည်းကျနည်းလမ်းများနှင့် သိပ္ပံနည်းကျရှုထောင့်မှ ရှုမြင်သင့်သည်ဟုလည်းကောင်း၊ လူတို့သည် ထိုမျှ အယူမသီးသင့် သို့မဟုတ် အရာရာတိုင်းကို ရှင်းပြရန် ဘုရားသခင်၏ အချုပ်အခြာအာဏာကို အသုံးမပြုသင့် သို့မဟုတ် အရာရာတိုင်းကို ဘုရားသခင်၏ အချုပ်အခြာအာဏာကို အသုံးပြု၍ မကိုင်တွယ်သင့်ဟုလည်းကောင်း ထင်ကြသည်။ ဥပမာအားဖြင့် အသင်းတော်၌ ညီအစ်ကိုမောင်နှမများစွာတို့သည် ကိုယ်တော်၏ ကယ်တင်ခြင်းကို လက်ခံရရှိသည့်အချိန်မှစ၍ ဘုရားသခင်ပြုတော်မူသော များပြားလှသော နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ကြုံတွေ့ခဲ့ကြသည်။ ထိုအချိန်က ဘုရားသခင် သူတို့ကို မည်သို့ဦးဆောင်ခဲ့သည်ကိုလည်းကောင်း၊ ဤအဖြစ်အပျက်များမှတစ်ဆင့် ဘုရားသခင်သည် ကိုယ်တော်အမှန်တကယ် တည်ရှိကြောင်း သူတို့ကို မည်သို့ပြသခဲ့သည်ကိုလည်းကောင်း၊ ယင်းတို့သည် ကိုယ်တော်က အမှန်တကယ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းကိုလည်းကောင်း၊ ဤအဖြစ်အပျက်များမှတစ်ဆင့် သူတို့ရရှိခဲ့သော ကြီးမားလှသော ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်များကိုလည်းကောင်း သူတို့ သက်သေခံကြသည်။ သက်သေခံချက်များ၌ရော ရုပ်ပိုင်းဆိုင်ရာ သက်သေသာဓကများ၌ပါ သက်သေအထောက်အထားများ ရှိနေပါသည်။ ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်သောသူတို့၏ ယုံကြည်ခြင်းသည် ဤသက်သေခံချက်များနှင့် ရုပ်ပိုင်းဆိုင်ရာ သက်သေသာဓကများအားဖြင့် ပိုမိုခိုင်မာလာသော်လည်း ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်သော အန္တိခရစ်များ၏အမြင်သည် ယင်းတို့ကိုကြားပြီးနောက် ပြောင်းလဲသလော။ (မပြောင်းလဲပါ။) သင် မည်သို့ သိမြင်နိုင်သနည်း။ အဘယ်ကြောင့်ဆိုသော် သင် မည်မျှပင် မှန်ကန်စွာ ပြောဆိုစေကာမူ သို့မဟုတ် သင်၏သက်သေခံချက်ကို ကိုယ်တိုင်ကိုယ်ကျ အတည်ပြုရန် လူမည်မျှပင် ရှိစေကာမူ အန္တိခရစ်များက ယင်းကို ယုံကြည်မည်မဟုတ်ပေ။ သူတို့က “ငါကိုယ်တိုင် ကြုံတွေ့ခံစားရသည်မှတစ်ပါး ငါ မမြင်ဖူးလျှင် ထိုအရာသည် တည်ရှိမှုမရှိ။ သင်တို့ ကြုံတွေ့ခံစားခဲ့ရသည်မှာ တိုက်ဆိုင်မှုတစ်ခု၊ ကံအားလျော်စွာဖြစ်ခြင်းတစ်ခုသာ ဖြစ်သည်။ လူတိုင်း မိမိတို့ဘဝတွင် အန္တရာယ်ရှိသော သို့မဟုတ် တိုက်ဆိုင်သော အဖြစ်အပျက်များကို မကြုံတွေ့ရသလော။ ဤတိုက်ဆိုင်မှုများနှင့် ကံအားလျော်စွာဖြစ်ခြင်းများ ဖြစ်ပွားခြင်းက ယင်းတို့သည် ဘုရား၏ လုပ်ဆောင်ချက်ဖြစ်ကြောင်း သက်သေပြသလော။ ဤအမှုအရာများကို လုပ်ဆောင်သောသူသည် ဘုရားသခင်ဖြစ်ကြောင်း ယင်းက သက်သေပြသလော။ သင်၏ စိတ်ကူးယဉ်မှုမျှသာ ဖြစ်ကောင်းဖြစ်မည်၊ သင့်ကိုကူညီရန် အကျိုးပြုသူတစ်ဦးဦးရှိခဲ့၍ သင် ကံကောင်းခြင်းမျှသာ ဖြစ်ကောင်းဖြစ်မည်၊ သို့မဟုတ် သင်သေဆုံးရန်အချိန်မတန်သေး၍ ကံကောင်းစွာ လွတ်မြောက်ခဲ့ခြင်းမျှသာ ဖြစ်ကောင်းဖြစ်မည်” ဟု ဆိုကြလိမ့်မည်။ ကြည့်ပါ၊ ဤလူများအပေါ် ဘုရားသခင် ပြုခဲ့သော အမှုအရာများကို သူတို့ အသိအမှတ်ပြုကြသလော။ (သူတို့ အသိအမှတ်မပြုကြပါ။) ညီအစ်ကိုမောင်နှမများအပေါ် ဘုရားသခင် ပြုခဲ့သော ဤအမှုအရာများကို သူတို့ အသိအမှတ်မပြု၊ သို့မဟုတ် မယုံကြည်ကြပေ။ သို့တည်းမဟုတ် ဘုရားသခင်သည် ထိုသို့သောလုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်သည်ဟုလည်း သူတို့ မယုံကြည်ကြ သို့မဟုတ် ညီအစ်ကိုမောင်နှမများ ကြုံတွေ့ခဲ့ရသော အမှုအရာများသည် အမှန်တကယ် ဖြစ်ပျက်ခဲ့သည်ဟုလည်း မယုံကြည်ကြပေ။ သူတို့က “ဤလောက၌ ထိုသို့သောအမှုအရာများ မည်သို့ တည်ရှိနိုင်မည်နည်း။ အကယ်၍ တည်ရှိခဲ့လျှင်လည်း ယင်းတို့သည် လူသားတို့၏ စိတ်ကူးယဉ်ဖန်တီးမှုများသာ ဖြစ်သည်။ ‘နေ့ခင်းဘက် သင်တွေးတောသည့်အရာကို ညဘက်၌ သင် အိပ်မက်မက်လိမ့်မည်။’ ဟူသည့် ဆိုရိုးစကားအတိုင်းပင် ဖြစ်၏။ ဤအရာများအားလုံးသည် အမြင်မှားမှုများသာ ဖြစ်သည်” ဟု တွေးကြသည်။ ညီအစ်ကိုမောင်နှမများ အချို့သော နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများ၊ ဘုရားသခင်၏ အချို့သော အထူးကျေးဇူးတော်များနှင့် ကောင်းချီးမင်္ဂလာများ၊ သာမန်လူတို့ လက်လှမ်းမမီနိုင်သော အချို့အမှုအရာများကို ကြုံတွေ့ခဲ့ကြပုံကို အန္တိခရစ်များ ကြားသောအခါ သူတို့ ယင်းကို မယုံကြည်ကြပေ။ သို့ဖြစ်၍ ညီအစ်ကိုမောင်နှမများ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြုံတွေ့ခံစားနေစဉ် ရရှိသော ဉာဏ်အလင်းရခြင်းနှင့် လမ်းညွှန်မှုကို အန္တိခရစ်များ ယုံကြည်နိုင်မည်လော။ ထိုအရာကိုလည်း သူတို့ မယုံကြည်ကြပေ။ ဘုရားသခင်သည် လူတို့ကို အသိဉာဏ်ပွင့်စေသည်၊ အလင်းပေးသည်၊ ပြီးလျှင် လမ်းညွှန်သည်ဟု သူတို့ မယုံကြည်ကြပေ။ ဤအရာအားလုံးသည် လူ၏စိတ်မှ ထွက်ပေါ်လာသည်ဟုလည်းကောင်း၊ လူ၏ အသိပညာအခြေခံသော ပိုင်းခြားစိတ်ဖြာမှုနှင့် နားလည်မှုမှ ထွက်ပေါ်လာသည်ဟုလည်းကောင်း၊ ဤသည်ကပင် ဤအတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို ဖြစ်ပေါ်စေသည်ဟုလည်းကောင်း သူတို့ ထင်ကြသည်။ သူတို့က “အကယ်၍ လူတို့သည် ဤဦးတည်ရာသို့ ကြိုးစားစဉ်းစားပြီး ကြိုးစားအားထုတ်လျှင် သူတို့ အသိပညာအချို့ ရရှိမည်မဟုတ်လော။ အကယ်၍ ငါသည်လည်း ဤကိစ္စ၌ ကြိုးစားအားထုတ်ပြီး ကြိုးစားစဉ်းစားကာ အပြင်းအထန် ချင့်ချိန်စဉ်းစားလျှင် ဆောင်းပါးတစ်ပုဒ်ရေးသကဲ့သို့၊ ငါသည်လည်း အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အချို့ကို အကြံထုတ်နိုင်ပေလိမ့်မည်” ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ညီအစ်ကိုမောင်နှမများ၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များနှင့် ပတ်သက်လာသည့်အခါတွင်၊ ဘုရားသခင်က သူတို့ကို မည်သို့ဦးဆောင်ခဲ့သည်၊ မည်သို့ အသိဉာဏ်ပွင့်စေပြီး အလင်းပေးခဲ့သည်၊ မည်သို့ တရားစီရင်၍ ပြစ်တင်ဆုံးမခဲ့သည်၊ ပြုပြင်၍ ဆုံးမပဲ့ပြင်ခဲ့သည်၊ ဘုရားသခင်က သူတို့ကို စစ်ကြောရန်နှင့် စစ်ဆေးရန် အခြေအနေများကို မည်သို့စီစဉ်ဖွဲ့စည်းခဲ့သည်၊ ထို့အပြင် ဤအရာမှ သူတို့ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့နားလည်လာခဲ့သည် အစရှိသော အရာများတွင် ဘုရားသခင်၏ ဤလုပ်ဆောင်ချက်များ တစ်ခုတလေကို အန္တိခရစ်တို့က အသိအမှတ်ပြုခြင်းဖြစ်စေ၊ ယုံကြည်ခြင်းဖြစ်စေ မရှိကြချေ။ ဤအရာအားလုံးသည် မဖြစ်နိုင်ဟု သူတို့ ထင်ကြသည်။ ညီအစ်ကိုမောင်နှမများအကြား ဖြစ်ပျက်သော ဤအဖြစ်အပျက်များကို အန္တိခရစ်များက အသိအမှတ်မပြု သို့မဟုတ် မယုံကြည်ကြပေ။ ဤသည်က အန္တိခရစ်များ၏ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို အသိအမှတ်ပြုရန် လုံးဝ ငြင်းဆိုခြင်းဟူသော အနှစ်သာရကို အတည်ပြုသလော။ အမှန်စင်စစ် ဤသည်မှာ အန္တိခရစ်များ၏ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို အသိအမှတ်ပြုရန် ငြင်းဆိုခြင်းဟူသော အနှစ်သာရကို သက်သေပြရန် အစွမ်းအထက်ဆုံးသော သက်သေသာဓက မဟုတ်ပေ။
ငါတို့သည် အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများဟူသော နယ်ပယ်ကို ခေတ္တမျှ ကျော်လွန်၍ လူအုပ်စုများကြားနှင့် လက်တွေ့ဘဝထဲရှိ အမျိုးမျိုးသော အမှုအရာများအပေါ် အန္တိခရစ်များ၏ အမြင်ရှုထောင့်များကို ဆန်းစစ်ကြည့်ကြပါစို့။ ဤအမှုအရာများမှာ အဘယ်နည်း။ (လူတို့၏ မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်းနှင့် သေခြင်းအပြင် လူမှုရေးဆိုင်ရာ ပြောင်းလဲမှုများ၊ နိုင်ငံရေး အပြောင်းအလဲများနှင့် ဘေးအန္တရာယ်များ ဖြစ်ပွားခြင်းတို့ ဖြစ်ပါသည်။ အန္တိခရစ်များသည် ဤအရာများထဲမှ မည်သည့်အရာ၌မျှ ဘုရားသခင်၏ အချုပ်အခြာအာဏာကို မသိရှိနိုင်ကြပါ။) (လူတို့၏ ကံကြမ္မာများသည် ဘုရားသခင်၏ လက်တော်ထဲ၌ ရှိသည်ကို အန္တိခရစ်များက မယုံကြည်ကြဘဲ ထိုအစား သူတို့သည် မိမိတို့၏ လက်နှစ်ဖက်ဖြင့် လှပသောဇာတိဒေသတစ်ခုကို ဖန်တီးလိုကြပါသည်။) ဤသည်တို့မှာ ကိစ္စရပ်၏ အနှစ်သာရပါဝင်သော တိကျသည့် သရုပ်သကန်များ ဖြစ်ကြသည်။ လူ့ကံကြမ္မာ၊ အသက်ရှင်ခြင်းနှင့် သေခြင်း၊ လူတစ်ဦးချင်းစီ ဘဝတစ်လျှောက်လုံး ဖြတ်သန်းရသည့် အတွေ့အကြုံအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်၌ ရှိသည်ကို အန္တိခရစ်များ မြင်နိုင်သလော။ သူတို့သည် ဤသည်ကို မမြင်နိုင်ကြပေ။ ဥပမာအားဖြင့် လူ့အဖွဲ့အစည်းအတွင်း၌ လူသိများသော ဆိုရိုးစကားတစ်ခု ရှိသည်၊ “တံတားဆောက်ပြီး လမ်းများကို ပြုပြင်သည့်သူများသည် အဆုံးသတ်၌ ကန်းသွားကြပြီး လူသတ်သမားများနှင့် မီးရှို့သူတို့၏ သားသမီးများကမူ တိုးပွားကြလေသည်” ဟူ၍ ဖြစ်သည်။ ဤဆိုရိုးစကားသည် တစ်စုံတစ်ခုအတွက် အခြေအမြစ်ရှိသော စည်းမျဉ်းတစ်ခု ဟုတ်သလော။ ယင်းသည် သမ္မာတရား ဟုတ်သလော။ ယင်းသည် အတွေးအခေါ်ဆိုင်ရာ သဘောတရားတစ်ခု ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤဆိုရိုးစကားသည် အဘယ်မှ လာသနည်း။ ဘုရားသခင်ကို ယုံကြည်သောသူတို့ထံမှ မဟုတ်သည်မှာ သေချာပေသည်၊ ယင်းမှာ လူသားမျိုးနွယ် တိုးတက်မှုတစ်လျှောက်လုံးရှိ အမျိုးမျိုးသော လူတို့၏ လူနေမှုအခြေအနေများထဲမှ အပေါ်ယံဖြစ်စဉ်တစ်ခု ဖြစ်သည်။ လောကကြီးသည် တရားမျှတမှု ကင်းမဲ့သည်ဟုလည်းကောင်း၊ လူတစ်ဦး ကောင်းမှုများ ပိုမိုပြုလုပ်လေလေ ကြောင်းကျိုးမမြင်ဖြစ်နိုင်ချေ ပိုများလေဖြစ်ပြီး တုံ့ပြန်ဒဏ်ခတ်ခြင်းကို ပိုမိုရင်ဆိုင်ရလေဖြစ်ကာ လူတစ်ဦး မကောင်းမှု ပိုမိုပြုလုပ်လေလေ လောက၌ ပိုမိုကြီးပွားတိုးတက်ပြီး အောင်မြင်မှု ပိုမိုရရှိလေ ဖြစ်သည်ဟုလည်းကောင်း လူတို့က ယုံကြည်ကြသည်။ လူသားမျိုးနွယ်ကြားရှိ အမျိုးမျိုးသော အရာများ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဥပဒေသများသည် ဤဆိုရိုးစကားနှင့် တစ်နည်းနည်းဖြင့် ကိုက်ညီသလော။ “လူကောင်းတို့ သက်တမ်းတိုပြီး ဆိုးယုတ်သောလူတို့သည် အသက်ရှည်ရှည် နေရသည်” ဟူသော ဆိုရိုးစကားလည်း ရှိသေးသည်။ ဤဆိုရိုးစကားကို မည်သို့သော လူစားမျိုးက ဖန်တီးခဲ့သနည်း။ ဤဆိုရိုးစကားအမျိုးအစားများကို လူတို့က ရှေးဆိုရိုးစကားများအဖြစ် သိကြသည်၊ ဤဆိုရိုးစကားများကို ပြောနိုင်စွမ်းရှိသောသူတို့မှာ မည်သို့သော လူစားမျိုး ဖြစ်သနည်း။ သူတို့သည် ဘုရားသခင်ကို ယုံကြည်သူများ ဟုတ်သလော။ သူတို့သည် ဘုရားသခင် တည်ရှိမှုကို ယုံကြည်သောသူများ ဟုတ်သလော။ (မဟုတ်ပါ။) လူ့အဖွဲ့အစည်းနှင့် လူတို့ကြားတွင် မအောင်မြင်သော၊ နေရာတိုင်း၌ အတားအဆီးများနှင့် ရင်ဆိုင်ရသော၊ ခက်ခဲကြမ်းတမ်းသော ကံကြမ္မာများနှင့် မပြည့်ဝသော ရည်သန်မျှော်မှန်းချက်များ ရှိကြပြီး မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ကြီးပွားတိုးတက်ခြင်း မရှိသော အဆိုးမြင်ဝါဒီ အမျိုးအစားအချို့ ရှိကြသည်။ သူတို့သည် မိမိတို့ကိုယ်ကို အတော်အသင့် အရည်အချင်းရှိပြီး စွမ်းဆောင်နိုင်သည်ဟု ထင်ကြသည့်တိုင် မိမိတို့ကိုယ်တိုင် အောင်မြင်အောင် လုပ်နိုင်ခြင်း၊ ကြီးပွားတိုးတက်ခြင်း၊ အခြားသူများကို ကျော်လွန်ခြင်း သို့မဟုတ် မိမိတို့၏ ဘိုးဘေးများကို ဂုဏ်ဆောင်ပေးခြင်းတို့ မလုပ်နိုင်ခဲ့ကြပေ။ သူတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ဖယ်ကြဉ်ခံရသည်၊ အနိုင်ကျင့်ခံရသည်၊ ဖိနှိပ်ခံရပြီး ဤအရာအားလုံးမှ လွတ်မြောက်နိုင်စွမ်း ကင်းမဲ့ကြသည်။ နောက်ဆုံးတွင် သူတို့က “လူ့အဖွဲ့အစည်း သို့မဟုတ် လူသားမျိုးနွယ်၌ တရားမျှတမှု မရှိပါ၊ ကောင်းသောသူကို ဆုချပြီး ဆိုးယုတ်သောသူကို အပြစ်ပေးခြင်း သို့မဟုတ် တုံ့ပြန်ဒဏ်ခတ်ခြင်းကဲ့သို့သော အရာမျိုး မရှိပါ၊ လူဆိုးတို့သည် မကောင်းမှုများ ပြုလုပ်သော်လည်း အပြစ်ပေးခြင်း မခံရဘဲ အလှူအတန်းများ ပေးခြင်းနှင့် ဆင်းရဲသားများကို ကူညီခြင်းကဲ့သို့ ကောင်းမှုများစွာ ပြုခဲ့သော လူကောင်းတို့မှာမူ နောက်ဆုံးတွင် ဆုလာဘ်များ မရရှိကြပေ။ သို့ဖြစ်၍ လူကောင်းမလုပ်နှင့်၊ အကျိုးမရှိချေ။ လူကောင်းတို့သည် နောက်ဆုံးတွင် မျက်စိကွယ်ကြရသည်၊ ထိုအစား ဆိုးယုတ်သော လူတစ်ဦးဖြစ်မှရမည်” ဟူ၍ ကောက်ချက်ချကြသည်။ သူတို့သည် လောက၌လည်းကောင်း၊ လူအုပ်စုများ ကြား၌လည်းကောင်း မအောင်မြင်သောကြောင့် လောက၌ တန်းတူညီမျှမှုနှင့် တရားမျှတမှု ကင်းမဲ့ခြင်းအကြောင်းနှင့် လောက၌ ကယ်တင်ရှင် မရှိခြင်းအကြောင်းတို့ကို မြည်တမ်းကြသည်။ မည်သူမျှ သူတို့၏ အားသာချက်များ သို့မဟုတ် ကျွမ်းကျင်မှုများကို မမြင်သည့်အပြင် မည်သူမျှ သူတို့ကို အရေးကြီးသော ရာထူးများ၌ မခန့်ထားသောကြောင့် လူတိုင်းက သူတို့ကို မတရားသဖြင့် ဆက်ဆံခဲ့သည်ဟု သူတို့ ထင်ကြသည်။ သို့ဖြစ်၍ သူတို့သည် လူသားမျိုးနွယ်နှင့် လောကကြီးအကြောင်း မကျေမနပ် ညည်းညူရန် ဤသို့သော မူမမှန်သော သဘောတရားမျိုးကို ဖန်တီးကြသည်။ အမှန်တကယ်တွင် ဤအမျိုးမျိုးသော အရာများ ဖြစ်ပွားခြင်း၏ နောက်ကွယ်၌ အကြောင်းရင်းများ ရှိသလော။ အကြောင်းနှင့်အကျိုး ဆက်နွှယ်မှုများ ရှိသလော။ လုံးဝရှိပေသည်တကား။ အန္တိခရစ်များသည် ဤလူများနှင့် တူညီသော အမြင်ရှိကြသည်၊ သူတို့သည် ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ကို မယုံကြည်ကြသကဲ့သို့ ဘုရားသခင်၏ ပင်ကိုလက္ခဏာရှိသော ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲထားသည့် အရာအားလုံးသည် ဖြောင့်မတ်သည်ကိုလည်း မယုံကြည်ကြပေ။ ထို့ကြောင့် အန္တိခရစ်များက ဘုရားသခင် ပြုတော်မူသမျှသည် ကိုယ်တော်၏ ပင်ကိုလက္ခဏာကို ကိုယ်စားပြုသည်ကို အသိအမှတ်မပြုနိုင်ကြရုံသာမက လူ့အဖွဲ့အစည်း၌ ပျံ့နှံ့နေသော မူမမှန်သည့် သဘောတရားများနှင့် မိစ္ဆာဒိဋ္ဌိအယူဝါဒများကိုလည်း ယုံကြည်ကြသည်။ ထိုမူမမှန်သည့် သီအိုရီများနှင့် မိစ္ဆာဒိဋ္ဌိအယူဝါဒများသည် မှန်ကန်သည်ဟု သူတို့ ယုံကြည်ကြပြီး ဤလောက၌ ကြီးပွားတိုးတက်နိုင်သော၊ ကိုးကွယ်ခြင်းနှင့် လိုက်လျှောက်ခြင်း ခံရသောသူတို့သာ သူတို့၏ စိတ်နှလုံးထဲမှ ဘုရားများဟု ခေါ်ဆိုခြင်းခံရနိုင်ပြီး သူတို့၏ စိတ်နှလုံးထဲ၌ ဘုရားများ၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်သောသူများ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဥပမာအားဖြင့် တရုတ်ဒဏ္ဍာရီများတွင် အနောက်ဘက်မှ နတ်မိဖုရားကြီး၊ ကျောက်စိမ်းဧကရာဇ်၊ နတ်ရှစ်ပါး၊ ကွမ်ရင်မယ်တော်နှင့် ဗုဒ္ဓဘုရားရှင်ကဲ့သို့သော ထင်ရှားသောပုဂ္ဂိုလ်များ ရှိကြသည်၊ ဤသူတို့မှာ အန္တိခရစ်များက သူတို့၏ စိတ်နှလုံးထဲ၌ အမှန်တကယ် ကိုးကွယ်သောသူများ ဖြစ်ကြသည်။ ဤဒဏ္ဍာရီများတွင် ကျောက်စိမ်းဧကရာဇ်သည် အကြီးမြတ်ဆုံးဖြစ်သည်၊ သူ၌ ကောင်းကင်ဘုံရှိ အပြစ်သားများကို လူ့ဘုံသို့ ချပစ်ခြင်းဖြင့် အပြစ်ပေးနိုင်သော တန်ခိုးအာဏာ ရှိသည်။ အန္တိခရစ်များ ဤသည်ကို ကြားသောအခါ သူ့အပေါ် အလွန်တရာမှ လေးစားကြည်ညိုခြင်းကို ခံစားကြရကာ “ကျောက်စိမ်းဧကရာဇ်သည် အမှန်တကယ် ဘုရားတစ်ဆူပါတကား။ သူ၌ ဘုရားတစ်ဆူ၏ အမူအရာ၊ ဟန်ပန်နှင့် စွမ်းရည်များ ရှိပါပေသည်” ဟု တွေးကြသည်။ သာမန်ပြည်သူလူထုက လှူဖွယ်ပစ္စည်းများ ပူဇော်ဆက်ကပ်ကြသည့် နတ်ဟုခေါ်သောသူတို့နှင့်အတူ ဤဒဏ္ဍာရီများသည် လူတို့အပေါ် နက်နက်ရှိုင်းရှိုင်း စွဲမြဲသွားစေကြ၏။ သူတို့က “ဤနတ်ဟုခေါ်သောသူတို့၌ ကြီးမားသော ကျွမ်းကျင်မှုများနှင့် တန်ခိုးများ ရှိကြသည်။ သူတို့သည် ဘုရားများဟူသော ဘွဲ့ထူးနှင့် ထိုက်တန်ကြသည်။ လောက၌ ဖြစ်ပျက်နေသော မတရားမှုများနှင့် မကျေနပ်ဖွယ်ရာ အမှုအရာအားလုံးအပေါ် ကောင်းကင်ဘုံ၌ ဖြေရှင်းချက်တစ်ခု ပေးနိုင်ကြပြီး တစ်စုံတစ်ဦးက တရားမျှတမှုကို ရှာဖွေလျှင် သူတို့ထံမှ အဖြေတစ်ခု ရှာတွေ့နိုင်သည်။ ဥပမာအားဖြင့် ပေါင်ကွန်းနှင့် ကွမ်းကွန်းကဲ့သို့သော သမိုင်းဝင်ပုဂ္ဂိုလ်များသည် ဝိညာဉ်ရေးရာနယ်ပယ်၌ လူသားမျိုးနွယ်အတွက် တရားမျှတမှုကို ထိန်းသိမ်းစောင့်ရှောက်ကြသည်။ လူတစ်ဦး မတရားပြုခံရပြီး တရားရုံးများက မတရားသောအခါ သူတို့၏အမှုကို ပေါင်ကွန်း သို့မဟုတ် ကွမ်းကွန်း ရှေ့မှောက်သို့ ယူဆောင်လာပါက တရားမျှတမှု ရရှိရန် သူတို့က အာမခံသည်” ဟု ယုံကြည်ကြသည်။ ဤရှေးပုံပြင်များထဲမှ ဇာတ်ကောင်များသည် လူသားမျိုးနွယ်အတွက် တရားမျှတမှုကို စီရင်ပေးနိုင်သည်၊ ဆိုးယုတ်သောလူများကို အပြစ်ပေးနိုင်သည်၊ လောကရှိ မတရားမှုအားလုံးကို ပြုပြင်နိုင်ပြီး ဒုက္ခဆင်းရဲ ခံစားနေရကာ ရုန်းကန်နေရသူများကို မျက်ရည်ကျခြင်းမှ တားဆီးပေးနိုင်သည်ဟု လူတို့က ယုံကြည်ကြသည်။ လူ့အဖွဲ့အစည်း၏ အောက်ခြေမှ ဆင်းရဲသားများ၊ အရည်အချင်းမရှိသူများနှင့် အနိုင်ကျင့်ခံရသူများသည် သူတို့၏ ဒုက္ခဆင်းရဲအားလုံးမှ လွတ်မြောက်ရန်နှင့် သူတို့ရင်ဆိုင်နေရသော ညှဉ်းပန်းနှိပ်စက်မှုနှင့် ဖိနှိပ်မှုအားလုံးကို ဖြေရှင်းရန် ဤထင်ရှားသောပုဂ္ဂိုလ်များကို လှူဖွယ်ပစ္စည်းများ ပူဇော်ဆက်ကပ်ခြင်း၊ ယုံကြည်ခြင်းနှင့် လိုက်လျှောက်ခြင်းသာ လိုအပ်သည်ဟု သူတို့ ထင်ကြသည်။ အလားတူပင် အန္တိခရစ်များသည် သူတို့၏ နှလုံးသားနှင့် စိတ်ထဲတွင် ဘုရားများဆိုသည်မှာ ဗောဓိသတ္တနှင့် ဗုဒ္ဓဟုခေါ်သောသူတို့ကဲ့သို့ ဖြစ်သင့်ပြီး လူသားတို့၏ ဒုက္ခအားလုံးကို ဖြေရှင်းပေးကာ လူတို့ကို ဒုက္ခပင်လယ်မှ ကယ်တင်သင့်သည်ဟု ယုံကြည်ကြသည်။ ဥပမာအားဖြင့် ရောဂါကျွမ်းနေကာ ဆေးဝါးကုသ၍ မရနိုင်တော့သည့် မိခင်၏ သားဖြစ်သူ အမျိုးသားတစ်ဦးသည် အလွန်ပင် သားသမီးဝတ်ကျေပွန်သူ ဖြစ်ပြီး မိခင်သေဆုံးသွားမည်ကို မလိုလားသောကြောင့် ကွမ်ရင်ဗောဓိသတ္တ ရုပ်တုတစ်ခုကို နေ့စဉ် အမွှေးတိုင်သုံးတိုင် ထွန်းညှိကာ အရသာရှိသော အစားအသောက်များနှင့် ဖျော်ရည်များ ပူဇော်ဆက်ကပ်ခဲ့သည်။ ထို့နောက် သူက သူ့မိခင်၏ရောဂါ ပျောက်ကင်းနိုင်ပြီး နောက်ထပ် အနှစ် ၃၀ အသက်ရှင်နိုင်မည်ဆိုလျှင် မိမိအသက်၏ အနှစ်သုံးဆယ်ကို အလဲအလှယ်အနေဖြင့် လိုလိုလားလား စွန့်လွှတ်မည်ဖြစ်ကာ သူ၏ ကျန်ရှိသော ဘဝတစ်လျှောက်လုံး သက်သတ်လွတ်စားသူ ဖြစ်လာမည်ဖြစ်ပြီး သက်ရှိသတ္တဝါတစ်ကောင်၏ အသက်ကို တစ်ဖန် သတ်ဖြတ်ခြင်းမှ အစဉ်သဖြင့် ရှောင်ကြဉ်မည်ဟု သစ္စာပြုခဲ့သည်။ အမွှေးတိုင်ထွန်းညှိခြင်း၊ ဦးညွှတ်ခြင်း၊ ဤသစ္စာပြုခြင်း၊ သူ၏ ရိုးသားသောစိတ်နှလုံးကို ပူဇော်ဆက်ကပ်ခြင်းတို့ ပြီးနောက် သူ၏မိခင်၏ရောဂါ ပျောက်ကင်းသွားခဲ့သည်။ ဤသည်မှာ သူ၏သစ္စာစကားကို ဗောဓိသတ္တက ကြားသိခဲ့သည်ဟု ဆိုလိုသလော။ ယင်းမှာ သူ၏မိခင်သည် နောက်ထပ် အနှစ် ၃၀ အသက်ရှင်ပြီး သူသည် အနှစ် ၃၀ အသက်တိုသွားမည်ဟု ဆိုလိုသလော။ မဟုတ်ချေ။ သို့သော် သူ ယုံကြည်သောကြောင့် ယင်းမှာ မှန်ကန်သည်ဟု သူ ယုံကြည်လက်ခံခဲ့သည်။ ထို့နောက် သူသည် သက်သတ်လွတ်စားသူ ဖြစ်လာခြင်းဖြင့် သူ၏သစ္စာစကားကို စတင်ဖြည့်ဆည်းခဲ့သည်။ တစ်နေ့တွင် သူက “ကျွန်ုပ်၏မိခင် ပျောက်ကင်းသွားပြီ၊ သူမ၏အသက်ရှည်ခြင်းသည်လည်း ပြဿနာ မဟုတ်တော့ပါ၊ သို့ဖြစ်၍ အနာဂတ်တွင် ကျွန်ုပ်၏ သစ္စာစကားကို ဖောက်ဖျက်၍ ရနိုင်မည်လော။ ကြက်ပေါင်တစ်လုံး စား၍ ရနိုင်ပါမည်လော။ အကယ်၍ ကျွန်ုပ် စားချင်လျှင် စားနိုင်သည်” ဟု စဉ်းစားမိသည်။ ကြက်ပေါင်စားပြီးပြီးချင်း သူ နေလို့ကောင်းပြီး သူ၏စိတ်နှလုံးလည်း ငြိမ်သက်မှုကို ခံစားခဲ့ရသော်လည်း နောက်တစ်နေ့တွင် သူသည် အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းကို ခံစားခဲ့ရပြီး ရက်အနည်းငယ်ကြာ နေမကောင်းဖြစ်ကာ ရောဂါသက်သာခြင်း တစ်စက်မျှ မရှိခဲ့ပေ။ စတုတ္ထနေ့တွင် သူက “ဤသည်မှာ ဗောဓိသတ္တထံမှ အပြစ်ဒဏ်လော။ သူမက ကျွန်ုပ်ကို အသားစားခွင့် မပြုခြင်းလော။ ကျွန်ုပ် ယခင်က ပြောခဲ့သော စကားများသည် အမှန်တကယ် အတည်ဖြစ်ခဲ့ပုံရသည်၊ ကျွန်ုပ် အသားစား၍ မရပါတကား” ဟု စဉ်းစားမိသည်။ ဤသည်ကို သူ စဉ်းစားမိသောအခါ အမွှေးတိုင်သုံးတိုင် အမြန် ထွန်းညှိပြီး အရသာရှိသော အစားအစာများစွာကို ပူဇော်ဆက်ကပ်ကာ သူ၏အပြစ်ကို ဝန်ခံခဲ့သည်။ နောက်တစ်နေ့တွင် သူ၏ရောဂါ ပျောက်ကင်းသွားခဲ့သည်။ ဗောဓိသတ္တသည် အလွန် အစွမ်းထက်သည်ကို သူ မြင်သောအခါ “လူတို့ ပြုမူဆောင်ရွက်သောအခါ ဗောဓိသတ္တက ကြည့်ရှုနေသည်။ ကျွန်ုပ် သူမကို လှည့်ဖြားရန် ကြိုးစား၍မဖြစ်၊ ကျွန်ုပ်၏သစ္စာစကားကို စောင့်ထိန်းမှရမည်၊ သို့မဟုတ်ပါက သူမ၏ အပြစ်ဒဏ်ပေးခြင်းကို ရင်ဆိုင်ရလိမ့်မည်” ဟု ပို၍ပင် ခိုင်မာစွာ ယုံကြည်ခဲ့သည်။ ထိုအချိန်မှစ၍ “ဗောဓိသတ္တ” ဟူသော ဘွဲ့အမည်သည် အထွတ်အမြတ်ထားအပ်ပြီး မချိုးဖောက်အပ်ဟု သူ ပို၍ပင် ခံစားခဲ့ရသည်။ သူသည် နေ့စဉ် အမွှေးတိုင်သုံးတိုင် ထွန်းညှိပြီး ပွဲတော်ရက်များနှင့် အားလပ်ရက်များအတွင်း လှူဖွယ်ပစ္စည်းများကို ပူဇော်ဆက်ကပ်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ကျောက်စိမ်းဧကရာဇ်၊ ကွမ်ရင်ဗောဓိသတ္တ၊ ကွမ်းကွန်း အစရှိသည့် လူတို့ လှူဖွယ်ပစ္စည်းများ ပူဇော်ဆက်ကပ်သော ရုပ်တုများသည် ဘုရားများ ဖြစ်သည်ဟူသော ယုံကြည်လက်ခံမှုက ထိုသို့သော လူတစ်ဦး၌ ပိုမိုခိုင်မာလာခဲ့သည်။ သူတို့၏ စိတ်နှလုံးထဲမှ သူတို့၏အဆင့်အတန်းသည် မည်သည့်သံသယ သို့မဟုတ် မယုံသင်္ကာမှုမျှမရှိဘဲ ပို၍ပင် မတုန်လှုပ်နိုင်အောင် ဖြစ်လာခဲ့သည်။ အန္တိခရစ်များသည် ဤအရာများကို မကြုံတွေ့ဖူးလျှင်ပင်ဖြစ်စေ၊ အိမ်၌ ဤရုပ်တုများ သို့မဟုတ် ရွှံ့စေးရုပ်တုများကို လှူဖွယ်ပစ္စည်းများ ပူဇော်ဆက်ကပ်ခြင်း မပြုဖူးလျှင်ပင်ဖြစ်စေ သူတို့၏ လူမှုအသိုင်းအဝိုင်းများ၌ ထိုသို့သောအရာများကို ရံဖန်ရံခါ ကြားသိရဆဲ သို့မဟုတ် ကြုံတွေ့ရဆဲ ဖြစ်သည်။ ဥပမာအားဖြင့် ဗုဒ္ဓဘုရားရှင်က တစ်စုံတစ်ဦး၏ရောဂါကို မည်သို့ကုသပေးခဲ့ပုံကိုဖြစ်စေ၊ ဆိုးယုတ်သော လူများအပေါ် တုံ့ပြန်ဒဏ်ခတ်ခြင်းဖြင့် တရားမျှတမှုကို မည်သို့စီရင်ခဲ့ပုံကိုဖြစ်စေ၊ ဖန်းရွှေဆရာတစ်ဦးက သူတို့အိမ်၌ အချို့အရာများကို အစီအရင် လုပ်ပေးပြီးသည့်နောက် တစ်စုံတစ်ဦး မည်သို့ ချမ်းသာကြွယ်ဝလာခဲ့ပုံကိုဖြစ်စေ၊ အုတ်ဂူများနှင့် သင်္ချိုင်းမြေနေရာ ရွေးချယ်မှုနှင့်ပတ်သက်၍ ဖန်းရွှေဆရာ သို့မဟုတ် ယင်ယန်ဆရာတစ်ဦးနှင့် တိုင်ပင်ဆွေးနွေးခြင်းက သူတို့၏ သားစဉ်မြေးဆက်များ အရာရှိကြီးများ ဖြစ်လာစေရန် သို့မဟုတ် သူတို့၏ အသက်မွေးဝမ်းကျောင်းများ၌ ကြီးမားသော အောင်မြင်မှုများ ရရှိစေရန် မည်သို့ဦးတည်ခဲ့ပုံကိုဖြစ်စေ အစရှိသည်တို့ကို သူတို့ ကြားသိရသည်။ ဤအရာများသည် အန္တိခရစ်များ၏ စိတ်ထဲ၌ ဘုရားများဆိုသည်မှာ လူတို့ သူတို့၏နေ့စဉ်ဘဝများ၌ ကြုံတွေ့ရပြီး မြင်ရသော ဤဗုဒ္ဓများနှင့် ဧကရာဇ်များဟု ခေါ်သောသူတို့ကဲ့သို့ စွမ်းရည်များနှင့် တန်ခိုးများ ပိုင်ဆိုင်သင့်သည်ဟု စွဲမှတ်သွားစေခဲ့သည်။ ဘုရားများဆိုသည်မှာ လူတို့ လှူဖွယ်ပစ္စည်းများ ပူဇော်ဆက်ကပ်ကြသော ထိုရုပ်တုများကဲ့သို့ ဖြစ်သင့်ပြီး ထိတ်လန့်မှုနှင့် အံ့အားသင့်မှုကို ဖြစ်ပေါ်စေရန် လူတို့ကြား၌ နိမိတ်လက္ခဏာအချို့နှင့် အံ့ဖွယ်အမှုများကို ပြသသင့်သည်ဟုပင် သူတို့ ထင်ကြသည်။ အကယ်၍ ဘုရားတစ်ဆူက ဤသို့မပြုလုပ်ပါက ယင်းကို ဘုရားတစ်ဆူအဖြစ် မသတ်မှတ်သင့်ဟု သူတို့ ထင်ကြသည်။ ဘုရားများနှင့်ပတ်သက်၍ ထိုသို့သော အမြင်များနှင့် နားလည်မှုများ ရှိခြင်းကြောင့် အန္တိခရစ်များအတွက် ဘုရားတစ်ဆူ၏ အယူအဆသည် အဘယ်အရာ ဖြစ်လာသနည်း။ သူတို့၏စိတ်ထဲ၌ ကျောက်စိမ်းဧကရာဇ်ကဲ့သို့ ကောင်းကင်ဘုံ၏ ပညတ်များကို ချိုးဖောက်သောသူတို့ကို အချိန်မရွေး နေရာမရွေး လူ့ဘုံသို့ ချပစ်ရန် ကောင်းကင်ဘုံမှ စစ်သည်တော်များကို စေလွှတ်နိုင်သော ပုဂ္ဂိုလ်သည် အမှန်တကယ် ဘုရားတစ်ဆူဖြစ်ပြီး ဘုရားတစ်ဆူ၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်သောသူ ဖြစ်သည်။ သို့တည်းမဟုတ် လူတို့ လှူဖွယ်ပစ္စည်းများ ပူဇော်ဆက်ကပ်ကြသော ရုပ်တုတစ်ခုသည် သူတို့ကို ချမ်းသာကြွယ်ဝလာစေပြီး အရာရှိကြီးများ ဖြစ်လာစေနိုင်သည်၊ အန္တိခရစ်များအတွက်မူ ထိုသို့သော ပုဂ္ဂိုလ်များသည်လည်း ဘုရားများ၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်ရန် ထိုက်တန်သည်ဟု ယူဆခြင်းခံရသည်။ ဤသည်မှာ ဘုရားများ၏ ပင်ကိုလက္ခဏာနှင့်ပတ်သက်၍ အန္တိခရစ်များ၏ အတွင်းစိတ်မှ သိမြင်မှုနှင့် နားလည်မှု ဖြစ်သည်။ သို့ဖြစ်၍ ဘုရားသခင်သည် အဆင်းနီသော နဂါးကြီး တည်ရှိရာမြေ၌ အလုပ်လုပ်တော်မူသောအခါ၊ ညီအစ်ကိုမောင်နှမအချို့ ဖမ်းဆီးခံရသောအခါ၊ အသင်းတော် ပျက်စီးသောအခါ၊ ဘုရားသခင်၏ အလုပ် အတားအဆီးနှင့် နှောင့်ယှက်ခြင်း ခံရသောအခါ အန္တိခရစ်များက မည်သို့တွေးကြသနည်း။ “ဤသည်မှာ ဘုရားဖြစ်ပါက အဘယ်ကြောင့် အသင်းတော်၌ ထိုသို့သောအရာများ ဖြစ်ပျက်ရမည်နည်း။ ညီအစ်ကိုမောင်နှမများ ဖမ်းဆီးခံနေရသောအခါ ဘုရားသည် ကောင်းကင်၌ ရူပါရုံများကို ပြသသင့်သည်၊ မိုးကြိုးနှင့် အမျက်ဒေါသကို စေလွှတ်သင့်ပြီး ညီအစ်ကိုမောင်နှမများကို ဖမ်းဆီးနေသော ထိုဆိုးယုတ်သည့် ရဲများကို ကြောက်လန့်သော ကြွက်များကဲ့သို့ ထိတ်လန့်တကြား ထွက်ပြေးစေသင့်သည်။ အဘယ်ကြောင့် ထိုသို့သော ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်ကို ကျွန်ုပ် တစ်ခါမျှ မကြားဖူးရသနည်း။ ဤလူတို့သည် ဘုရားကို လိုက်လျှောက်ပြီး ဘုရား ရွေးချယ်ထားသောလူများ ဖြစ်သောကြောင့် အဘယ်ကြောင့် ဘုရားက သူတို့ကို မကယ်တင်ဘဲ ကာကွယ်စောင့်ရှောက်ခြင်း မရှိသနည်း။ အဆင်းနီသော နဂါးကြီးသည် ဘုရားကို လိုက်လျှောက်သောသူတို့ကို အလွန်ပင် ပြင်းပြင်းထန်ထန်နှင့် ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်သည်။ အဘယ်ကြောင့် ဘုရားသည် လူသားမျိုးနွယ်အတွက် တရားမျှတမှုကို စီရင်ရန် မြေကြီးပေါ်သို့ မကြွလာသနည်း။ ဘုရားက အဆင်းနီသော နဂါးကြီးကို အဘယ်ကြောင့် မတားဆီးသနည်း။ သူက အဆင်းနီသော နဂါးကြီးကို အဘယ်ကြောင့် အပြစ်မပေးသနည်း။ ဘုရား၏ ပင်ကိုလက္ခဏာရှိသော ဘုရားသည် စကားပြောခြင်းနှင့် သမ္မာတရားကို ထောက်ပံ့ပေးခြင်းသာ လုပ်နိုင်သည်မှာ အသေအချာပင် မဖြစ်နိုင်ပါတကား။ ကျောက်စိမ်းဧကရာဇ်၊ ကွမ်ရင်ဗောဓိသတ္တနှင့် ဗုဒ္ဓတို့နှင့် နှိုင်းယှဉ်လျှင် ဘုရား၌ ကြီးမားသော စွမ်းရည်များနှင့် ကျွမ်းကျင်မှုများ မရှိပုံရသည်။ ဘုရား၌ တန်ခိုးနှင့် အာဏာရှိသည်ဟု သူတို့ ဆိုကြသော်လည်း ဤတန်ခိုးနှင့် အာဏာသည် အဘယ်မှာနည်း။ သမ္မာတရားကိုသာ ထောက်ပံ့ပေးနိုင်ပြီး ဘုရား၏ တန်ခိုးနှင့် အာဏာ ကင်းမဲ့သောသူသည် အမှန်တကယ် ဘုရား ဟုတ်သလော။ ညီအစ်ကိုမောင်နှမများ ဖမ်းဆီးခံရတော့မည်ဆိုလျှင် ဘုရားသည် ဆိုးယုတ်သော ရဲများရှေ့၌ တံတိုင်းတစ်ခု တည်ဆောက်သင့်သည်၊ သို့မဟုတ် သူတို့ကို မျက်စိကွယ်စေပြီး ခြေကျိုးစေသင့်သည်၊ သူတို့ကို ရူးသွပ်စေသင့်သည် သို့မဟုတ် ထုံထိုင်းသွားစေသင့်သည်။ အန္တရာယ် မကျရောက်မီ ဘုရားသည် လူတိုင်းကို ကျရောက်တော့မည့် အန္တရာယ်အကြောင်း ရှင်းလင်းစွာ သိစေသင့်သည်၊ သူတို့ အသံတစ်သံ ကြားသင့်သည်၊ ပြင်းထန်သော ခံစားမှုတစ်ခု ခံစားသင့်ပြီး ရှင်းလင်းသော အတွေးတစ်ခု ရှိသင့်သည်။ အဘယ်ကြောင့် ဘုရားက ထိုသို့သောအရာများကို မလုပ်ဆောင်သနည်း။ ဤသို့သော အခြေအနေမျိုး ချဉ်းကပ်လာသောအခါ အဘယ်ကြောင့် သူက မည်သည့် အရိပ်အမြွက်မျှ မပေးသနည်း။ လူတို့ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းနှင့် နှိပ်ကွပ်ခြင်းတို့ကို ခံစားရသောအခါ အဘယ်ကြောင့် ဘုရားက ဤနတ်ဆိုးများနှင့် ဆိုးယုတ်သော ရဲများကို မတားဆီးဘဲ သို့မဟုတ် အပြစ်ဒဏ်မပေးဘဲ နေသနည်း။ သူတို့ ညီအစ်ကိုမောင်နှမများကို လက်ထိတ်ခတ်သောအခါ၊ သူတို့၏ နံပါတ်တုတ်များက သူတို့ကို ရိုက်သောအခါ အဘယ်ကြောင့် ဘုရားက ဘာမျှမလုပ်ဘဲ နေသနည်း။ အကယ်၍ ကျောက်စိမ်းဧကရာဇ် သို့မဟုတ် ကွမ်ရင်ဗောဓိသတ္တသာ ဖြစ်ပါက သူတို့သည် သူတို့၏ နောက်လိုက်များကို ဤသို့ လုံးဝ ဒုက္ခဆင်းရဲခံစားစေမည် မဟုတ်ပေ။ သူတို့သည် ဆိုးယုတ်သော ရဲများကို မျက်စိကွယ်စေလျက်၊ သူတို့၏မျက်နှာများကို ပုံပျက်စေလျက်၊ သူတို့ကို ရူးသွပ်စေလျက်၊ သူတို့၏လက်များနှင့် ခြေထောက်များကို ပုပ်ရိစေလျက်၊ သူတို့ကို သေစေနိုင်သော ရောဂါများ ပေးလျက်၊ သူတို့ကို အချင်းချင်း သတ်ဖြတ်စေလျက် ဧကန်မုချ ကြားဝင်ပြီး ကူညီကြပေလိမ့်မည်။ အဘယ်ကြောင့် ဘုရားက ဤသို့ မလုပ်ဆောင်သနည်း။ ဘုရားသည် အတိအကျ အဘယ်မှာ ရှိသနည်း။ သူ အမှန်တကယ် တည်ရှိသလော။ ပြဿနာများ ဖြစ်လာသောအခါ လူတို့ သူ့ထံ ဆုတောင်းလျှင်ပင် ဘုရားက လူတို့ကို မကယ်တင်သကဲ့သို့ သူတို့ကို အန္တရာယ်မှ လွတ်မြောက်စေရန် အခြေအနေများကိုလည်း စီစဉ်ဖွဲ့စည်းပေးခြင်း မရှိပေ။ ဆိုးယုတ်သော ရဲများက ဤအကာအကွယ်မဲ့သော လူများကို ညှဉ်းပန်းနှိပ်စက်သောအခါ သာမန်အသိအရ ဘုရားတစ်ဆူသည် ကြားဝင်ကာ ကူညီသင့်ပြီး လက်ပိုက်၍သာ ကြည့်မနေသင့်ပေ၊ အကြောင်းမှာ ဘုရားများသည် လောက၌ မတရားမှုများကို မြင်တွေ့လိုခြင်း မရှိသည့်အပြင် ဘုရားများသည် လူတို့ကို ဒုက္ခဆင်းရဲမှ ကယ်တင်ရန်နှင့် သတ္တဝါအားလုံးကို ဆင်းရဲဒုက္ခမှ လွတ်မြောက်စေရန် ဖြစ်သောကြောင့် ဖြစ်သည်။ အဘယ်ကြောင့် ယခု ကျွန်ုပ် ယုံကြည်သော ဤဘုရားသည် ထိုသို့သောအရာများကို လုံးဝ မလုပ်ဆောင်သနည်း။ ကျွန်ုပ် ယုံကြည်သော ဘုရားသည် အမှန်တကယ် တည်ရှိပါသလော” ဟူ၍ ဖြစ်သည်။ အမှုအရာများစွာကို ကြုံတွေ့ပြီးနောက် အန္တိခရစ်များသည် အစဉ်သဖြင့် စိတ်ရှုပ်ထွေးပြီး သံသယဖြစ်နေကြသည်။ သူတို့သည် ဘုရားသခင်ကို ယုံကြည်နေစဉ်အတွင်း၌ပင် ဗေဒင်ဆရာများနှင့် ယင်ယန်ဆရာများထံ ဟောကြားချက်များအတွက် သွားရောက်ကြပြီး သူတို့၏အနာဂတ်၌ အဘယ်အရာ ရှိနေသည်ကို ကြည့်ရှုရန်၊ သူတို့ ထောင်ကျမည်၊ မကျမည်ကိုဖြစ်စေ၊ သူတို့၏အလုပ် အဆင်ပြေချောမွေ့မည်၊ မချောမွေ့မည်ကိုဖြစ်စေ၊ လူဆိုးတစ်ဦးက သူတို့ကို လက်စားချေရန် ကြိုးစားမည်၊ မကြိုးပမ်းမည်ကိုဖြစ်စေ၊ အကယ်၍ သူတို့၏ကံကြမ္မာ၌ ထောင်ကျကိန်းရှိပါက ထောင်ကျခြင်းမှ ရှောင်ရှားရန် နည်းလမ်းရှိမရှိကိုဖြစ်စေ စစ်ဆေးကြသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။