အချက် ၃- သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ဖယ်ကြဉ်ပြီး တိုက်ခိုက်ကြသည် (အခန်း တစ်)
အန္တိခရစ်များက လူတို့ကို ထိန်းချုပ်ဖို့ အသုံးပြုသည့် တတိယမြောက် နည်းနိဿယမှာ သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ဖယ်ကြဉ်ပြီး တိုက်ခိုက်ကြသည်။ လူအချို့သည် အပြုသဘောဆောင်သော အရာများ၊ တရားမျှတမှုနှင့် အလင်းကိုသာမက သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုခြင်းကို ချစ်မြတ်နိုးသည်။ ၎င်းတို့သည် မိတ်သဟာယပြုဖို့အတွက် သမ္မာတရားကို လိုက်စားပြီး ရှာဖွေသော ညီအစ်ကိုမောင်နှမများကို မကြာခဏဆိုသလို တကူးတက လိုက်ရှာကြသည်။ ဤသည်ကို တွေ့မြင်သောအခါ အန္တိခရစ်၏ ဒေါသမှာ ခြောင်းခြောင်းထွက်တော့သည်။ ၎င်းတို့အတွက်မှာမူ သမ္မာတရားကို လိုက်စားသူတိုင်းသည် ၎င်းတို့၏ မျက်လုံးထဲမှ အပ်တစ်ချောင်း၊ ၎င်းတို့၏နံဘေးမှ ဆူးတစ်ချောင်းပင် ဖြစ်၏။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူအားလုံးကို ၎င်းတို့၏ တိုက်ခိုက်မှုများ၊ ဖယ်ကြဉ်ခြင်းနှင့် ချေမှုန်းခြင်း ပစ်မှတ်အဖြစ် သတ်မှတ်ကြသည်။ အန္တိခရစ်တစ်ဦးသည် လူတို့အနေဖြင့် ရိပ်စားမိဖို့ သိသာထင်ရှားလှသည့် လူမဆန်သော၊ ရက်စက်ကြမ်းကြုတ်သော နည်းဗျူဟာများဖြင့် ဤလူတို့ကို အသေအချာပင် တိုက်ခိုက်မည်သာမကပေ။ ၎င်းတို့သည် သမ္မာတရားအား မိတ်သဟာယပြုခြင်းပုံစံကို ယူပြီး အနည်းငယ်သော စကားများနှင့် အယူဝါဒများ လူတို့အပေါ် ဝေဖန်ကာ သူတို့ကို ထိုးနှက်မည် ဖြစ်သည်။ ဤအရာက လူတို့အား ၎င်းတို့ ပြုလုပ်နေသည့်အရာက သင့်တော်ပြီး ကျိုးကြောင်းဆီလျော်သည်၊ ၎င်းတို့သည် ကူညီတတ်သည်၊ ၎င်းတို့ ပြုလုပ်နေသည့်အရာ၌ မည်သည့်အရာမျှ အမှားမရှိဟု ထင်စေသည်။ ၎င်းတို့၏ “သင့်တော်ပြီး ကျိုးကြောင်းဆီလျော်သည့်” ဤနည်းစနစ်များမှာ မည်သည့်အရာများ ဖြစ်သနည်း။ (၎င်းတို့သည် လူတို့အပေါ် ဝေဖန်ပြီး သူတို့ကို ထိုးနှက်ဖို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကိုးကားကြပါသည်။) မှန်ပေ၏၊ ၎င်းတို့သည် လူတို့ကို ဖော်ထုတ်ပြီး သူတို့အပေါ် ဝေဖန်ဖို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကိုးကားကြသည်။ ယင်းမှာ ၎င်းတို့ အသုံးအပြုဆုံး နည်းစနစ်ဖြစ်၏။ အပေါ်ယံတွင် ဤစကားပြောနည်းမှာ မျှတသည်၊ ကျိုးကြောင်းဆီလျော်ပြီး အတော်ပင် သင့်တော်ဟန် တူသော်လည်း အတွင်းထဲ၌ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အခြားသူများ အကျိုးရှိဖို့ ကူညီခြင်း မဟုတ်ဘဲ သူတို့ကို ဖော်ထုတ်ဖို့၊ သူတို့အပေါ် ဝေဖန်ဖို့၊ သူတို့ကို ပြစ်တင်ရှုတ်ချဖို့နှင့် သိက္ခာချဖို့သာ ဖြစ်၏။ ယင်းမှာ ၎င်းတို့ပြီးမြောက်ဖို့ ကြိုးပမ်းနေသည့်အရာ ဖြစ်သည်မှာ အသေအချာဖြစ်သည်။ ထို့ကြောင့် ပြဿနာမှာ ၎င်းတို့အစပြုသည့် နေရာ၌ပင် ရှိလေသည်။ ထိုးထွင်းသိမြင်နိုင်သော အမြင်ရှိသည့် လူတို့က ထိုလူတို့သည် သမ္မာတရားကို လိုက်စားပြီး ချစ်မြတ်နိုးသည့်အပြင် သူတို့က အန္တိခရစ်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သောကြောင့် ၎င်းတို့က ဤသို့ပြုလုပ်ခြင်းဖြစ်ကြောင်း သိမြင်နိုင်ကြသည်။ ထို့ပြင် ယင်းမှာ မည်သည့်ခြိမ်းခြောက်မှု ဖြစ်သနည်း။ ထိုသူတို့၏ သမ္မာတရားကိုချစ်ခြင်းက အန္တိခရစ်အား မည်သည့်နည်းဖြင့် ဟန့်တားသနည်း။ (ထိုသူတို့သည် ၎င်းတို့ကို ရိပ်စားမိပြီး ပိုင်းခြားသိမြင်နိုင်ခြင်း ဖြစ်သည်။) မှန်ပေ၏။ ဤသမ္မာတရားချစ်သူများက အန္တိခရစ်တစ်ဦးအပေါ် ဖြစ်ပေါ်စေသည့် အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ အန္တိခရစ်လုပ်ဆောင်သည့် မကောင်းမှုတစ်ခုခုက မည်သည့်အရာ ဖြစ်စေကာမူ ထိုသူတို့ ပိုင်းခြားသိမြင်နိုင်ခြင်း ဖြစ်သည်။ သူတို့သည် ၎င်းတို့၏ အနှစ်သာရကို ရိပ်စားမိနိုင်ပြီး ၎င်းတို့ကို ဖော်ထုတ်ခြင်း၊ ၎င်းတို့ကို တိုင်ကြားခြင်းနှင့် ၎င်းတို့ကို ဖော်ထုတ်လိုက်ခြင်း၊ ပြီးလျှင် ၎င်းတို့ကို ပြစ်တင်ရှုတ်ချပြီး ပစ်ပယ်ခြင်းအပြင် ၎င်းတို့ကို အသင်းတော်ထဲမှ ဖယ်ရှားခြင်းကို မည်သည့်နေရာ၊ မည်သည့်အချိန်၌မဆို ပြုလုပ်တတ်ကြသည်။ ထိုသို့ဖြစ်ပျက်ပါက ၎င်းတို့သည် မိမိတို့၏ အဆင့်အတန်းနှင့် အာဏာကို ထာဝရ ဆုံးရှုံးရမည်ဖြစ်ပြီး ၎င်းတို့၏ ကောင်းချီးပေးခံရမည့် အလားအလာမှာ လုံးလုံးလျားလျား ပျက်စီးသွားမည် ဖြစ်သည်။ ဤအကြောင်းကြောင့်ပင် အမြင်မတူသူများပြီးလျှင် သမ္မာတရားကို လိုက်စားသည့် ဤလူတို့သည် အန္တိခရစ်တစ်ဦးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သည်။
သမ္မာတရား လိုက်စားသောလူတို့ကို ထိုးနှက်ရန်နှင့် ထိုသူတို့အပေါ် ဝေဖန်ရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်၍ မိတ်သဟာယပြုချက်ကို အသုံးပြုခြင်းကဲ့သို့သော အဆိုပါ အပြင်ပန်းအားဖြင့် သင့်တော်ဟန်တူသည့် နည်းစနစ်များအပြင် အန္တိခရစ်များသည် ထိုသူတို့အပေါ် ပြင်းထန်သော ဆောင်ရွက်မှုများကိုပင် လုပ်ဆောင်မည်ဖြစ်သည်။ ယင်းတို့မှာ မည်သည့် ပြင်းထန်သော ဆောင်ရွက်မှုများ ဖြစ်သနည်း။ ဥပမာအနေဖြင့် ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး၏ တဒင်္ဂပြစ်မှားခြင်းကို မလွတ်တမ်း အသုံးချသည်။ ယင်း၏ အခြေအနေ မည်သည့်အရာဖြစ်စေ၊ ထိုသူသည် ယင်းမှနေ၍ အသိပညာရရှိပြီး နောင်တရနိုင်ခြင်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ထို့ပြင် ထိုသူသည် သမ္မာတရား လိုက်စားသောသူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ၎င်းတို့သည် ထိုသူအပေါ် ဝေဖန်ပြီး သူ့ကို ပြစ်တင်ရှုတ်ချရန်နှင့် ထိုသူကို ရှင်းလင်းပစ်ရန်အတွက် ထိုပြစ်မှားခြင်း၏ အရေးပါမှုကို ပုံကြီးချဲ့မည်ဖြစ်သည်။ အန္တိခရစ်များက မြက်ပင်ကို ရှင်းပစ်ရန် အမြစ်ကို နုတ်ပယ်ရမည်ဟု တွက်ဆသောကြောင့် ၎င်းတို့သည် ထိုသို့သော လူတို့ကို အသင်းတော်ထဲမှ ရှင်းလင်းပစ်ကြသည်။ ဤသို့ဖြင့် ထိုသူတို့သည် အန္တိခရစ်များ၏ အဆင့်အတန်းအတွက် ခြိမ်းခြောက်မှုဖြစ်ပေါ်စေမည် မဟုတ်ပေ။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များအားလုံးသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအပေါ် အသုံးပြုနိုင်မည့် အမှုအရာများကို မလွတ်တမ်း အသုံးချရာ၌ ကျွမ်းကျင်ကြပြီး အသုံးချပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ထိုသူတို့ကို အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များအဖြစ် ပြစ်တင်ရှုတ်ချကြသည်။ အသေးအဖွဲ စွပ်စွဲချက်မဟုတ်ပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များမှာ ဘုရားသခင် ရွေးချယ်ထားသော လူများမှ ရွေးချယ်ခြင်းဖြစ်သည်။ ထိုသူတို့အပေါ် အသုံးချဖို့အတွက် သင်သည် အဘယ့်ကြောင့် အမှုအရာများကို အမြဲတမ်း မလွတ်တမ်း အသုံးချနေရမည်နည်း။ ထိုဩဇာကို ရရှိရာ၌ သင်၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ သင်သည် ထိုသူတို့၏ နေရာတွင် ခေါင်းဆောင်အဖြစ် အစားထိုးဝင်ရောက်လိုသောကြောင့် ဖြစ်သလော။ ဆိုးယုတ်သောသူ တစ်ဦးက ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးကို အယောင်ဆောင် ခေါင်းဆောင်နှင့် အန္တိခရစ်တစ်ဦးဟူသည့် ပြစ်မှုဖြင့် စွပ်စွဲပြီးနောက်တွင် သူသည် လက်ရှိ နမူနာများကို စာရင်းပြုစုနိုင်ပြီး ဘုရားသခင် ရွေးချယ်ထားသော လူများအား ယင်းက အချက်အလက်များနှင့် ကိုက်ညီသည်ဟု ထင်အောင်လုပ်နိုင်လျှင် ဒုက္ခရောက်ပြီဟု အဓိပ္ပာယ်ဆိုက်လေသည်။ ထိုခေါင်းဆောင် သို့မဟုတ် အမှုဆောင်သည် အသင်းတော်မှ ရှင်းလင်းပစ်ခြင်းကို အတော်လေး အလွယ်တကူ ခံရနိုင်သည်။ အယောင်ဆောင်ခေါင်းဆောင် သို့မဟုတ် အန္တိခရစ်တစ်ဦးဖြစ်ခြင်းသည် အလွန်ကြီးမားသော ပြစ်မှုဖြစ်သည့်အတွက် ထိုပြစ်မှုကို သက်သေပြလိုက်သည်နှင့် တရားခံကို ပြစ်ဒဏ်ချမှတ်ပြီး ဘုရားသခင်၌ ယုံကြည်သူတစ်ဦးအဖြစ် သူ၏ အချိန်က ပြီးဆုံးပြီဖြစ်သည်။ ယင်းက ထိုသူတို့ကို တကယ့်ကို ဖျက်ဆီးပစ်မည် မဟုတ်လော။ ဆိုးယုတ်လိုက်လေခြင်းပါတကား။ ထို့ထက်ပို၍ အန္တိခရစ်သည် မိမိကိုယ်ကို ခေါင်းဆောင်တစ်ဦးအဖြစ် အရွေးချယ်ခံရဖို့ အခွင့်အရေးယူပြီး အသင်းတော်ကို ထိန်းချုပ်ပါက ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် အန္တိခရစ်၏ ထိန်းချုပ်မှုအောက်သို့ ရောက်မည်မဟုတ်လော။ သို့ဆိုလျှင် ထိုအသင်းတော်သည် အန္တိခရစ်၏ နိုင်ငံဖြစ်လာမည် မဟုတ်လော။ (ဖြစ်လာပေမည်။) ဤသည်မှာ စိုးရိမ်ဖွယ် အန္တရာယ်တစ်ခု ဖြစ်၏။ ဆိုးယုတ်သောလူတို့နှင့် အန္တိခရစ်များ၌ သမ္မာတရား လိုက်စားသောသူတို့ကို တိုက်ခိုက်ကာ ဖယ်ကြဉ်ခြင်းအတွက် အခြားနည်းနိဿယတစ်ခုခု ရှိသလော။ အချို့က အာဏာဆုပ်ကိုင်ပြီး မိမိတို့၏ ကိုယ်ပိုင်အဆင့်အတန်းကို ခိုင်ခံ့စေဖို့အတွက် သမ္မာတရား လိုက်စားသော ညီအစ်ကိုမောင်နှမများကို အန္တရာယ်အရှိဆုံးသော နေရာများ၌ အလုပ်လုပ်ဖို့ စေလွှတ်ကြသည် မဟုတ်လော။ ၎င်းတို့က “ယုံကြည်ခြင်း၌ စိမ်းနေသေးသော ညီအစ်ကို မောင်နှမများ များစွာဖြင့် မကြာမီက တည်ထောင်ထားသော အသင်းတော်တစ်ပါး ရှိ၏။ ၎င်းတို့၌ အခြေခံအုတ်မြစ် မရှိသည့်အပြင် ဉာဏ်ပညာ၌ မပြည့်ဝကြပေ။ ၎င်းတို့သည် ၎င်းတို့ကို ရေလောင်းပေးပြီး ကြည့်ရှုစောင့်ရှောက်ဖို့ရန် သမ္မာတရားအား နားလည်သောသူ တစ်စုံတစ်ဦးကို လိုအပ်သည်။ သင်သည် ရူပါရုံများ၏ သမ္မာတရားကို နားလည်သည်။ ထိုလူသစ်များသည် သူတို့ကို ရေသွားလောင်းပေးဖို့ သင်ကဲ့သို့သော လူတစ်ဦးကို လိုအပ်သည်။ ယင်းအတွက် အခြားမည်သူနှင့်မျှ မကိုက်ညီ” ဟု ဆိုကြသည်။ ထိုသို့ဆိုရင်း အန္တိခရစ်သည် ကွယ်ဝှက်နေသည့် ပြင်းထန်သော ခြိမ်းခြောက်မှုကို အဝေးသို့ ပို့လိုက်ကြသည်။ အမှန်တွင် ၎င်းတို့သည် ထိုသူကို ထိုအသင်းတော်ကို ဦးဆောင်ပြီး အသင်းတော်ကို ထောက်ပံ့ပေးစေဖို့အတွက် အမှန်တကယ် ဤသို့ ပြုနေခြင်းလော။ (မဟုတ်ပါ။) မဟုတ်ပေ။ ထိုနေရာသည် ရန်လိုသော၊ အန္တရာယ်ရှိသော ပတ်ဝန်းကျင်ဖြစ်သောကြောင့် ၎င်းတို့ ထိုသို့ပြုလုပ်ရခြင်း ဖြစ်သည်။ ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ထိုသူခံရဖို့ကို စိတ်အားထက်သန်စွာ မျှော်လင့်စောင့်စားရင်း ထိုသူကို အန္တရာယ်ရှိသော တစ်နေရာတွင် အသင်းတော်အလုပ် လုပ်ဆောင်ရန် ထားရှိလေသည်။ ထိုသူ အဖမ်းခံရပါက ထိုအန္တိခရစ်၏ အဆင့်အတန်းကို ခြိမ်းခြောက်မည့်သူ တစ်ဦးမျှ ရှိတော့မည်မဟုတ်ဘဲ အသင်းတော်ကို ထိန်းချုပ်နိုင်တော့မည် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ နည်းဗျူဟာတစ်ခု မဟုတ်လော။ ၎င်းတို့သည် ထိုသူကို လူသစ်များအား ရေလောင်းပေးခြင်းအတွက် ကောင်းကောင်းသင့်တော်သည်ဟူသည့် မူမမှန်သော အကြောင်းပြချက်ဖြင့် အဝေးသို့ ပို့လိုက်သောကြောင့် ၎င်းတို့၏ ယုတ်မာသော ရည်ရွယ်ချက်များကို မည်သူမျှ သိမြင်နိုင်တော့မည် မဟုတ်ပေ။ ယင်းမှာ ၎င်းတို့၏ ကျွမ်းကျင်လိမ္မာခြင်း မဟုတ်လော။ ထို့ပြင် ညီအစ်ကို မောင်နှမများက ထိုအန္တိခရစ်သည် ထိုသို့သော အစီအစဉ်များ ပြုလုပ်ခြင်းကြောင့် တော်ပြီး ဉာဏ်ပညာရှိသည်၊ သူသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်သော လူတစ်ဦးဖြစ်သည်ဟု ထင်ကြသည်။ သို့သော် အမှန်တကယ်မှာ ထိုအန္တိခရစ်သည် ထိုသူတို့ကို လှည့်စားနေပြီး အထင်အမြင်မှားအောင် လုပ်နေခြင်း ဖြစ်သည်။ ထိုအန္တိခရစ်၏ ဤနည်းနိဿယသည် အတော်လေး ရိုးသားဟန်တူ၏။ အမှန်တကယ် ဖြစ်ပျက်နေသည့်အရာကို မည်သူမျှ ရှင်းရှင်းလင်းလင်း မသိမြင်နိုင်ဘဲ လူတိုင်းသည် အထင်အမြင်မှားအောင် အလုပ်ခံရလျက် အဆုံးသတ်ရသည်။ အထင်အမြင်မှားအောင် အလုပ်ခံရသောသူတို့က ထိုအန္တိခရစ် ပြုလုပ်နေသည့်အရာသည် တရားမျှတပြီး ကျိုးကြောင်းဆီလျော်သည်၊ ၎င်းက အလုပ်ကို အလေးထားခြင်းကြောင့် ယင်းသို့ ပြုလုပ်နေသည်ဟု ထင်ကြသည်။ သို့သော် ၎င်း၏အကြံကို မည်သူမျှ မရိပ်စားမိနိုင်ချေ။ အန္တိခရစ်များသည် ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ အန္တရာယ်ရှိသည့် နေရာတိုင်းသည် သင့်ကို ၎င်းတို့သွားစေသည့် နေရာပင်ဖြစ်လျက် မိမိတို့ကိုယ်ကို “သင်သည် သမ္မာတရား လိုက်စားသည် မဟုတ်လော။ ထို့ပြင် သင်သည် ငါ့ကိုဆန့်ကျင်သည် မဟုတ်လော။ သင်သည် ငါ့ကို အမြဲတမ်း ရိပ်စားမိနေတတ်ပြီး ငါ့ကိုဆန့်ကျင်၍ အသုံးပြုဖို့ အမှုအရာများကို ယူငင်နေသည်မဟုတ်လော။ ကောင်းပြီ။ သို့ဆိုလျှင် သင့်ကို ဤနေရာမှနေ၍ ချက်ချင်းထွက်သွားစေရန် ဤအခွင့်အရေးကို ငါ အသုံးချမည်။ သင် အဖမ်းခံရလျှင် အကောင်းဆုံးဖြစ်မည်။ သင်သည် မည်သည့်အခါမျှ ကိုယ့်ခြေထောက်ပေါ်ကိုယ် နောက်တစ်ကြိမ် ပြန်ရပ်နိုင်မည်မဟုတ်” ဟု ပြောကြသည်။ အသင်းတော်ထဲတွင် အန္တိခရစ်များက အကွက်ဆင်ပြီး ညှဉ်းပန်းနှိပ်စက်သော လူအများမှာ အတော်အသင့် လိုက်စားသောသူများ ဖြစ်ကြသည်မှာ သေချာ၏။ ဤလူတို့ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဖယ်ကြဉ်ခြင်းခံနေရစဉ် အန္တိခရစ်များသည် ၎င်းတို့ကို မည်သို့ သဘောထားသနည်း။ ၎င်းတို့က “ဤလူတို့သည် တရားဒေသနာများကို အမြဲတမ်း နားထောင်နေကြသည်။ သူတို့က သမ္မာတရားအချို့ကို နားလည်ကြသည်။ သူတို့ကို ငါ နားထောင်စေ၍ မဖြစ်။ တရားဒေသနာများသည် လူတိုင်းကြားရအောင် ပြန့်သဖြင့် သူတို့အား နားထောင်ခွင့်မပြုရခြင်းအတွက် ရှင်းချက်ထုတ်ရန် မဖြစ်ပေ။ သို့သော် ငါ သူတို့ကို နားထောင်ခွင့်ပြုသည်ဆိုပါစို့။ ထိုတရားဒေသနာများထဲ၌ ပြောသည့်အရာများစွာက အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ထုတ်ဖော်သည့်အတွက် သူတို့က အတော်လေး ကြားပြီး နားလည်သဘောပေါက်မှုနှင့် ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိလျှင် ယင်းက ငါ့အတွက် ကောင်းစွာ အဆင်ပြေမည်လော။ ငါသည် တစ်နေ့နေ့တစ်ချိန်ချိန် ခေါင်းဆောင်နေရာမှ ဆင်းပေးလိုက်ရခြင်းဖြင့် အဆုံးသတ်မည် မဟုတ်လော။ ယင်းမှာ အဆင်ပြေမည်မဟုတ်။ ငါက ဦးစွာ လှုပ်ရှားရပေမည်” ဟု မိမိတို့ကိုယ်ကို ဆိုကြသည်။ အန္တိခရစ်တစ်ဦး၌ ထိုသို့သော အကြံရှိသည်နှင့်တစ်ပြိုင်နက် စတင်လှုပ်ရှားတော့သည်။ သမ္မာတရားကို နားမလည်ခဲ့လျှင် လူအနည်းငယ်ကပင် အန္တိခရစ်တစ်ဦးကို ဖော်ထုတ်ခွဲခြားနိုင်ခြင်း မရှိပေ။ သမ္မာတရား လိုက်စားသောလူတို့ စတေးခံနေရစဉ် အန္တိခရစ်များသည် လွတ်မြောက်နေကြသည်မှာ အဘယ့်ကြောင့်နည်း။ အသေအချာ ပါဝင်နေသည့် အကြောင်းရင်းတစ်ခု ရှိ၏။ ထိုလူတို့သည် စိတ်နှလုံးထဲ၌ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများအား ချစ်မြတ်နိုးခြင်းအနည်းငယ် ရှိကောင်းရှိမည်ဖြစ်ပြီး သမ္မာတရားကို လိုက်စားဖို့ ပြင်းပြသောဆန္ဒ အနည်းငယ် ရှိကောင်းရှိမည်ဖြစ်သော်လည်း သူတို့သည် သူရဲဘောကြောင်လွန်း၏။ သူတို့သည် သမ္မာတရား နားမလည်သည့်အပြင် ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ပြီး အလွန်မိုက်မဲကြသည်။ သူတို့သည် အန္တိခရစ်တစ်ဦး၏ အနှစ်သာရကို မရိပ်စားမိနိုင်သည့်အပြင် ထိုအန္တိခရစ်ကို ဖော်ထုတ်ဖို့ လုံးဝ သတ္တိမရှိကြပေ။ ယင်းက ထိုအန္တိခရစ်ကို ဦးစွာ လှုပ်ရှားခွင့်ပေးပြီး သူတို့အား ထိခိုက်အောင်လုပ်သည်ကို ခွင့်ပြုခြင်းဖြစ်သည်။ အကယ်၍ ယင်းသည် ၎င်းတို့ရရှိသည့် ရလဒ် သို့မဟုတ် ၎င်းတို့ရောက်ရှိသည့် အခြေအနေဖြစ်လျှင် ယင်းက မည်ကဲ့သို့ ဖြစ်ပျက်သွားပြီး ဖြစ်မည်နည်း။ ၎င်းတို့သည် ထိုအန္တိခရစ်၏ ရက်ရက်စက်စက် ဖျက်ဆီးခြင်းကို ခံရပြီးဖြစ်မည် မဟုတ်လော။ (ဟုတ်ပါသည်။) သမ္မာတရား လိုက်စားသည့် လူတို့သည် ဤအရာမှ အဘယ်သင်ခန်းစာကို ယူသင့်သနည်း။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးကို ဆက်ဆံပုံနှင့်ပတ်သက်၍ လူတို့၌ ရှိသင့်သည့် သဘောထားမှာ အဘယ်နည်း။ ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုတော်ဆောင်တစ်ဦး လုပ်ဆောင်သည့်အရာ မှန်ကန်ပြီး သမ္မာတရားနှင့်ညီပါက၊ ၎င်းတို့ကို သင် နာခံနိုင်သည်။ ၎င်းတို့ လုပ်ဆောင်သည့်အရာ မှားယွင်းပြီး သမ္မာတရားနှင့်မညီပါက၊ ၎င်းတို့ကို သင်မနာခံသင့်ဘဲ ၎င်းတို့ကို သင်ဖော်ထုတ်နိုင်ပြီး၊ ဆန့်ကျင်ကာ ကွဲပြားသော အယူအဆကို တင်ပြနိုင်သည်။ ၎င်းတို့သည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်လျှင်၊ သို့မဟုတ် အသင်းတော်အလုပ်ကို အနှောင့်အယှက်ဖြစ်သော မကောင်းမှုများကို လုပ်ဆောင်သည့်အပြင် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၊ အယောင်ဆောင် အမှုတော်ဆောင်တစ်ဦး၊ သို့မဟုတ် အန္တိခရစ်တစ်ဦးအဖြစ် ထုတ်ဖော်ပြခံရပါက သင်သည် သူ့ကို ပိုင်းခြားသိမြင်ကာ ဖော်ထုတ်ပြီး တိုင်ကြားနိုင်သည်။ သို့သော် ဘုရားသခင် ရွေးချယ်ထားသော လူအချို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့ အထူးသဖြင့် သူရဲဘောကြောင်ကြ၏၊ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များ၏ ဖိနှိပ်ခြင်းနှင့်ညှဉ်းပန်းခြင်းတို့ကို ခံရမည်စိုးသောကြောင့် စည်းမျဉ်းများကို မထိန်းသိမ်းရဲကြပေ။ ၎င်းတို့က “ခေါင်းဆောင်က ကျွန်ုပ်ကို ထုတ်လိုက်ပါက ကျွန်ုပ် အဆုံးသတ်ပြီ။ သူက အယောက်တိုင်းအား ကျွန်ုပ်ကို ဖော်ထုတ်စေပါက သို့မဟုတ် ကျွန်ုပ်ကို ပစ်ပယ်စေပါက ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်နိုင်တော့မည် မဟုတ်။ အသင်းတော်မှ ကျွန်ုပ် ထုတ်ပယ်ပါက ဘုရားသခင်က ကျွန်ုပ်ကို လိုချင်မည်မဟုတ်သလို ကျွန်ုပ်ကို ကယ်တင်မည်မဟုတ်ပါ။ ပြီးလျှင် ကျွန်ုပ်၏ ယုံကြည်ခြင်းသည် အလဟဿ ဖြစ်ပြီးဖြစ်လိမ့်မည် မဟုတ်လော” ဟု ပြောကြသည်။ ထိုသို့သောအတွေးအခေါ်သည် ရယ်ဖွယ်မကောင်းပေသလော။ ထိုသို့သော လူများသည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း ရှိသလော။ အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်သည် သင့်ကို နှင်ထုတ်သောအခါ ဘုရားသခင်ကို ကိုယ်စားပြုမည်လော။ အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်က သင့်အား ညှဉ်းပန်းပြီး နှင်ထုတ်သောအခါ ဤသည်မှာ စာတန်က လုပ်ဆောင်ခြင်းဖြစ်သည်။ ဘုရားသခင်နှင့် လုံးဝ မသက်ဆိုင်ပေ။ လူတို့သည် အသင်းတော်မှ ရှင်းလင်းပစ်ခြင်း၊ သို့မဟုတ် နှင်ထုတ်ခြင်းခံရသောအခါ ဤသည်မှာ အသင်းတော်နှင့် ဘုရားသခင် ရွေးချယ်ထားသော သူများအားလုံးကြား ပူးတွဲဆုံးဖြတ်ချက်တစ်ခု ရှိသောအခါ ရှင်းလင်းပစ်မှုနှင့် နှင်ထုတ်မှုသည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များ၊ ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားစည်းမျဉ်းများနှင့် အလုံးစုံကိုက်ညီသည့်အခါမှသာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ညီသည်။ အယောင်ဆောင် ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်တစ်ဦးက နှင်ထုတ်ခြင်းကို ခံရခြင်းသည် သင်က ကယ်တင်မခံရနိုင်ခြင်း ဖြစ်သည်ဟု အဘယ်သို့ အဓိပ္ပာယ် ရနိုင်မည်နည်း။ ဤသည်မှာ စာတန်နှင့် အန္တိခရစ်၏ ညှဉ်းပန်းနှိပ်စက်ခြင်းဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို သင်ခံရမည်မဟုတ်ဟု မဆိုလိုပေ။ သင်ကယ်တင်ခံရနိုင်ခြင်း ရှိမရှိသည် ဘုရားသခင်အပေါ်တွင် မူတည်သည်။ သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်း ခံရနိုင်ခြင်းရှိမရှိကို မည်သည့်လူသားကမျှ ဆုံးဖြတ်ရန် အရည်အချင်းမပြည့်မီပေ။ ဤအရာကို သင် ရှင်းလင်းစွာသိထားရမည်။ အယောင်ဆောင်ခေါင်းဆောင်နှင့် အန္တိခရစ်က သင့်အား နှင်ထုတ်ခြင်းကို ဘုရားသခင်က နှင်ထုတ်ခြင်းအဖြစ် မှတ်ယူခြင်းသည် ဘုရားသခင်ကို အနက်အဓိပ္ပာယ် ကောက်လွဲခြင်း မဟုတ်လော။ ဟုတ်ပေသည်။ ဤသည်မှာ ဘုရားသခင်ကို အနက်အဓိပ္ပာယ်ကောက်လွဲရုံသာ မဟုတ်ဘဲ ဘုရားသခင်အား ပုန်ကန်ခြင်းလည်း ဖြစ်သည်။ ဘုရားသခင်အား ပြစ်မှားစော်ကားခြင်းမျိုးလည်း ဖြစ်သည်။ ဘုရားသခင်အား ဤသို့ အနက်အဓိပ္ပာယ်ကောက်လွဲခြင်းသည် မသိနားမလည်ခြင်း၊ မိုက်မဲခြင်း မဟုတ်သလော။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးက သို့မဟုတ် အန္တိခရစ်တစ်ဦးက သင့်အား ထုတ်ပယ်သည့်အခါ သင်သည် အဘယ်ကြောင့် သမ္မာတရားကို မရှာဖွေသနည်း။ သင်သည် ပိုင်းခြားသိမြင်မှုတစ်ခုခု ရရှိရန်အတွက် သမ္မာတရားအား နားလည်သူတစ်ယောက်ယောက်ကို အဘယ်ကြောင့် မရှာဖွေသနည်း။ သင်သည် ဤအရာကို အထက်သို့ အဘယ်ကြောင့် မတိုင်ကြားသနည်း။ ဤအရာက သင်သည် ဘုရားသခင်၏အိမ်တော်၌ သမ္မာတရားက အထွတ်အထိပ်အုပ်စိုးသည်ကို မယုံကြည်ကြောင်း သက်သေပြနေသည်၊ ယင်းက သင်သည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း မရှိကြောင်း၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတစ်ဦး မဟုတ်ကြောင်း သက်သေပြနေသည်။ သင်သည် ဘုရားသခင်၏ အနန္တတန်ခိုးရှိခြင်းကို ယုံကြည်ပါက အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏၊ သို့မဟုတ် အန္တိခရစ်တစ်ဦး၏လက်တုံ့ပြန်ခြင်းကို အဘယ်ကြောင့် ကြောက်ရွံ့သနည်း။ ၎င်းတို့သည် သင်၏ကံကြမ္မာကို သတ်မှတ်နိုင်သလော။ သင်သည် ချင့်ချိန်နိုင်စွမ်းရှိပြီး ၎င်းတို့၏လုပ်ရပ်များကသမ္မာတရားနှင့် မကိုက်ညီသည်ကို သတိပြုမိနိုင်စွမ်းရှိပါက သမ္မာတရားကို နားလည်သည့် ဘုရားသခင် ရွေးချယ်ထားသောသူများနှင့် အဘယ်ကြောင့် မိတ်သဟာယမပြုသနည်း။ သင့်၌ နှုတ်ရှိသည်၊ သို့ဆိုလျှင် အဘယ့်ကြောင့် ထုတ်မပြောရဲရသနည်း။ အယောင်ဆောင်ခေါင်းဆောင်ကို၊ သို့မဟုတ် အန္တိခရစ်ကို အဘယ်ကြောင့် သင်အလွန် ကြောက်ရွံ့ရသနည်း။ ဤအရာက သင်သည် သူရဲဘောနည်းကာ အသုံးမကျသူတစ်ဦး၊ စာတန်၏ လက်ပါးစေတစ်ဦးဖြစ်ကြောင်း သက်သေပြပေသည်။ အကယ်၍ အယောင်ဆောင်ခေါင်းဆောင် သို့မဟုတ် အန္တိခရစ်တစ်ဦး၏ ခြိမ်းခြောက်ခံရသောအခါ သင်သည် သူ့ကို ပိုကြီးသော အထက်လူကြီးများထံ မတိုင်ရဲလျှင် ဤအရာက သင်သည် စာတန်၏ ချည်နှောင်ခြင်းကို ခံရပြီးသားဖြစ်ကြောင်း၊ သင်သည် ထိုသူနှင့် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်ကြောင်း ပြသည်။ ဤသည်မှာ စာတန်နောက်သို့ လိုက်နေခြင်း မဟုတ်လော။ ဤကဲ့သို့သော လူတစ်ဦးသည် ဘုရားသခင် ရွေးချယ်ထားသော လူတို့ထဲမှတစ်ဦး အဘယ်သို့ ဖြစ်နိုင်မည်နည်း။ သူသည် လူဖျင်းမှလွဲ၍ အခြားမဟုတ်ပေ။ အယောင်ဆောင် ခေါင်းဆောင်များ၊ အန္တိခရစ်များနှင့် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ရှိသောသူအားလုံးမှာ မည်သည့်အခါမျှ အကောင်းတစ်စုံတစ်ရာ မဖြစ်နိုင်ပေ။ သူသည် မကောင်းမှုပြုသူ ဖြစ်၏။ ထိုသို့သောလူတို့သည် နတ်ဆိုး၏ နောက်လိုက်ပါမွှားလေးများအဖြစ် မွေးဖွားလာကြခြင်း ဖြစ်သည်။ ထိုသူတို့သည် စာတန်၏ လက်ပါးစေများ ဖြစ်ပြီး ရွေးနုတ်၍ မရနိုင်လောက်အောင် ဖြစ်၏။ အန္တိခရစ်များ မကောင်းမှု ကျူးလွန်သည်ကို မြင်တွေ့သောအခါ ၎င်းတို့ကို မဖော်ထုတ်ဝံ့သောသူတို့၊ ထိုအန္တိခရစ်များကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်ဖို့ ကြောက်သောသူတို့၊ ၎င်းတို့ကို အကာအကွယ်ပင် ပေးပြီး နာခံသောသူတို့ အားလုံးသည် စဉ်းစားဉာဏ်မရှိသော၊ ပညာမဲ့သော လူတို့ဖြစ်ကြသည် မဟုတ်လော။ အကယ်၍ သင်သည် သမ္မာတရားစည်းမျဉ်းများကို အပြည့်အဝ သိမြင်နားလည်လျက်နှင့် ယင်းတို့ကို ချိုးဖောက်နေသေးကာ ဆိုးယုတ်သောလူများ၊ အန္တိခရစ်များနှင့် မဟာမိတ်ဖွဲ့ခြင်း၊ အုပ်စုဖွဲ့ခြင်းပင် ပြုပါက သင်သည် စာတန်၏ ကြံရာပါနှင့် လက်ပါးစေအဖြစ် ပြုမူနေခြင်း မဟုတ်လော။ သို့ဆိုလျှင် သင်သည် နောက်ဆုံးတွင် ဆိုးယုတ်သောသူနှင့် အန္တိခရစ်များ၏ ကြံရာပါတစ်ဦးအဖြစ် ကိုင်တွယ်ခြင်းခံရသောအခါ ယင်းက သင်နှင့် ထိုက်တန်သည်မဟုတ်လော။ အကယ်၍ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်နောက် လိုက်ရမည့်အစား အန္တိခရစ်များနောက်သို့ လိုက်ကာ ၎င်းတို့၏ လက်ပါးစေများ သို့မဟုတ် ကြံရာပါများထဲမှ တစ်ဦးအဖြစ် ပြုမူနေပါက သင်သည် ကိုယ့်သေတွင်းကိုယ် တူးနေခြင်း၊ ကိုယ့်သေမိန့်ကိုယ် လက်မှတ်ရေးထိုးနေခြင်း မဟုတ်လော။ အကယ်၍ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်ကို ကျိုးနွံနာခံမည့်အစား ဘုရားသခင်၏ ရန်သူများဖြစ်သည့် အန္တိခရစ်များထံ အညံ့ခံပြီး ခိုလှုံသည့်အပြင် ရလဒ်မှာ ဤအန္တိခရစ်များ၏ ကြိုးကိုင်ခြင်းနှင့် မတရားဖိနှိပ်ခြင်းကို သင်ခံရပါက သင်သည် ကိုယ့်ဒုက္ခကိုယ်ရှာခဲ့ခြင်း ဖြစ်သည်။ သင်သည် ယင်းနှင့် ထိုက်တန်သည်မဟုတ်လော။ အကယ်၍ သင်သည် ထိုအန္တိခရစ်ကို သင်၏ သခင်အဖြစ်၊ သင်၏ ခေါင်းဆောင်အဖြစ်၊ မှီခိုစရာ ပခုံးအဖြစ် သဘောထားပါက သင်သည် စာတန်ထံ၌ ခိုလှုံနေခြင်း၊ စာတန်နောက် လိုက်နေခြင်းဖြစ်ကာ ယင်းမှာ သင်သည် လမ်းလွဲသွားပြီ၊ လမ်းမှားလိုက်မိပြီဖြစ်ပြီး ပြန်လှည့်စရာမရှိသော လမ်းပေါ်ခြေချမိပြီဟု ဆိုလိုသည်။ အန္တိခရစ်များအပေါ် မည်သည့်သဘောထား သင်၌ ရှိသင့်သနည်း။ သင်သည် ၎င်းတို့ကို ဖော်ထုတ်သင့်ပြီး ၎င်းတို့နှင့် စစ်ခင်းသင့်သည်။ အကယ်၍ သင်တို့ တစ်ဦးနှစ်ဦးသာ ရှိပြီး အန္တိခရစ်များကို သင်တစ်ဦးတည်း ရင်ဆိုင်ဖို့အတွက် အားနည်းလွန်းပါက သင်သည် ဤအန္တိခရစ်များအား တိုင်ကြားရန်နှင့် ဖော်ထုတ်ရန်အတွက် သမ္မာတရားနားလည်သည့် လူအချို့နှင့် အင်အားပေါင်းစည်းသင့်ကာ ၎င်းတို့ ရှင်းလင်းခံရသည်အထိ ဆက်လက်လုပ်ဆောင်သင့်သည်။ လွန်ခဲ့သော နှစ်နှစ်အကြာတွင် တရုတ်ပြည်မကြီးရှိ သင်းအုပ်နယ်ပယ်အချို့တွင် ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ရာထူးမှ ဖယ်ရှားရန် စည်းလုံးခဲ့ကြကြောင်း ငါကြားသိခဲ့ဖူးသည်။ အယောင်ဆောင် အချို့သော ခေါင်းဆောင်များနှင့် အန္တိခရစ်များမှာ ဆုံးဖြတ်ချက်ချသော အဖွဲ့များ၌ ဦးဆောင်သူပင် ဖြစ်ကြသော်လည်း ၎င်းတို့သည်လည်း ထို့အတူ ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ ဖယ်ရှားခြင်းခံခဲ့ကြရသည်။ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် အထက်မှနေ၍ ခွင့်ပြုချက် စောင့်ဆိုင်းစရာ မလိုပေ။ တကယ့်အလုပ်ကို မလုပ်ဆောင်ခဲ့သည့်အပြင် ညီအစ်ကို မောင်နှမများကို အမြဲတမ်း ညှဉ်းဆဲနေခဲ့သည့်၊ သွေးရူးသွေးတန်း ပြုမူလုပ်ဆောင်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို အဖျက်အမှောင့် လုပ်နေခဲ့သည့် ဤအယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ဘုရားသခင် ရွေးချယ်ထားသော လူတို့က သမ္မာတရားစည်းမျဉ်းများအရ ခွဲခြားဖော်ထုတ်နိုင်ခဲ့ကြကာ ၎င်းတို့ကို မဆိုင်းမတွ ကိုင်တွယ်ဖြေရှင်းခဲ့ကြသည်။ အချို့ကို ဆုံးဖြတ်ချက်ချသော အဖွဲ့များထဲမှ ထုတ်ပစ်ခဲ့ကြပြီး အချို့ကို အသင်းတော်ထဲမှ ရှင်းလင်းပစ်ခဲ့ကြသည်။ ယင်းမှာ ကောင်းမွန်လှပေ၏။ ဤအရာက ဘုရားသခင်ရွေးချယ်ထားသော လူတို့သည် ဘုရားသခင်ကို ယုံကြည်လက်ခံခြင်းဟူသည့် မှန်ကန်သော လမ်းကြောင်းအပေါ် ရပ်တည်ပြီးသား ဖြစ်ကြောင်းပြသည်။ ဘုရားသခင် ရွေးချယ်ထားသော လူအချို့သည် သမ္မာတရားကို နားလည်ပြီးသား ဖြစ်ပြီး ယခုတွင် ဝိညာဉ်ရင့်ကျက်မှု အနည်းငယ်ကို ပိုင်ဆိုင်ထားကြပြီ ဖြစ်သည်။ ၎င်းတို့သည် စာတန်၏ ထိန်းချုပ်ခြင်းနှင့် အရူးလုပ်ခြင်းကို နောက်ထပ်မခံရတော့။ ၎င်းတို့သည် ထ၍ စာတန်၏ ဆိုးယုတ်သော အင်အားစုများနှင့် စစ်ခင်းဝံ့ကြသည်။ ဤအရာက အသင်းတော်အတွင်းရှိ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များ၏ အင်အားစုများသည် နောက်ထပ် အသာစီး မရတော့ကြောင်းကိုလည်း ပြလေသည်။ သို့ဖြစ်၍ ၎င်းတို့သည် မိမိတို့၏ စကားများနှင့် လုပ်ဆောင်မှုများ၌ နောက်ထပ် ပြောင်ပြောင်တင်းတင်း မလုပ်ဝံ့ကြတော့ပေ။ ၎င်းတို့သည် မိမိတို့၏ လျှို့ဝှက်ချက်ကို အမှတ်တမဲ့ ဖော်မိလျှင်မိချင်း ၎င်းတို့ကို ကြီးကြပ်ဖို့၊ ၎င်းတို့ကို ပိုင်းခြားသိမြင်ဖို့နှင့် ၎င်းတို့ကို ပစ်ပယ်ဖို့အတွက် တစ်စုံတစ်ဦး ရှိနေမည်ဖြစ်သည်။ တစ်နည်းဆိုရလျှင် သမ္မာတရားကို အမှန်တကယ် နားလည်သောသူများ၏ စိတ်နှလုံးထဲ၌ လူသား၏ အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် တန်ခိုးအာဏာကို ကြီးစိုးသော အဆင့်အတန်း မရှိပေ။ ထိုကဲ့သို့သော လူတို့သည် ထိုအရာများကို အလေးမထားပေ။ လူတစ်ဦးသည် သမ္မာတရားကို လိုလားတက်ကြွစွာ ရှာဖွေပြီး ယင်းအပေါ် မိတ်သဟာယ ပြုနိုင်သောအခါတွင်လည်းကောင်း၊ သူသည် ဘုရားသခင်အား ယုံကြည်သောသူတို့ လျှောက်သင့်သည့် လမ်းကြောင်းနှင့် ခေါင်းဆောင်များနှင့် အမှုဆောင်များကို မည်သို့ဆက်ဆံသင့်ပုံတို့ကို စတင်၍ ပြန်လည်ချင့်ချိန်ပြီး ပြန်၍သုံးသပ်သောအခါတွင်လည်းကောင်း၊ လူတို့ လိုက်လျှောက်သင့်သောသူမှာ မည်သူဖြစ်ကြောင်း၊ မည်သည့်အပြုအမူများသည် လူသားနောက် လိုက်သောသူတို့၏ အပြုအမူများဖြစ်ပြီး မည်သည်တို့သည် ဘုရားသခင်နောက် လိုက်သောသူတို့၏ အပြုအမူများဖြစ်ကြောင်း စတင်၍ တွေးဆသောအခါတွင်လည်းကောင်း၊ ထို့ပြင် ဤသမ္မာတရားများကို စမ်းတဝါးဝါးရှာပြီး ယင်းတို့ကို နှစ်ကာလအတန်ကြာ တွေ့ကြုံထားပြီးနောက် မသိလိုက်မီတွင်ပင် သမ္မာတရားအချို့ကို နားလည်လာပြီး ပိုင်းခြားသိမြင်တတ်လာသောအခါတွင်လည်းကောင်း ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှု အနည်းငယ် ရရှိထားပြီးဖြစ်လိမ့်မည်။ အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေနိုင်ခြင်းဟူသည် ဘုရားသခင်အား ယုံကြည်လက်ခံခြင်းဟူသည့် မှန်ကန်သောလမ်းကြောင်းကို ဝင်ရောက်ထားပြီးဖြစ်ခြင်းပင်။
ဘုရားသခင်ရွေးချယ်ထားသော လူတို့အနေဖြင့် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်စွမ်းနှင့် ပစ်ပယ်နိုင်စွမ်း ရှိသည်မှာ ကောင်းသောအရာတစ်ခု၊ ကောင်းသော ဖြစ်ရပ်တစ်ခု ဖြစ်လေသည်။ ခေါင်းဆောင်အချို့သည် တကယ့်အလုပ်ကို မလုပ်နိုင်ကြပေ။ ၎င်းတို့ပြုလုပ်သမျှမှာ အသင်းတော်အသက်တာ၌ ငြိမ်သက်မှုမရှိသည်အထိ နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်များ လုပ်ခြင်းသာ ဖြစ်သည်။ ညီအစ်ကို မောင်နှမများအားလုံးသည် ယင်းတို့ကို မနှစ်မြို့စရာအဖြစ် သိမြင်ကြပြီး အဆုံးတွင် ၎င်းတို့ကို ပစ်ပယ်ကြသည်။ ထိုသူတို့ ဤသို့ပြုလုပ်သည်မှာ မှန်သလော။ (မှန်ပါသည်။) ခေါင်းဆောင်များအဖြစ် ရွေးချယ်ခံရသော အခြားသူတို့ရှိပြီး အစကနဦးတွင် ညီအစ်ကို မောင်နှမများက “ထိုသူသည် ကျွန်ုပ်တို့ ရွေးချယ်ခဲ့သောသူ ဖြစ်သောကြောင့် သူ၏အလုပ်၌ ကျွန်ုပ်တို့ ပူးပေါင်းလုပ်ဆောင်ဖို့ လိုသည်” ဟု ဆိုကြသည်။ အတန်ကြာပြီးနောက် ထိုသူသည် မှားယွင်းသောရွေးချယ်မှုပင် ဖြစ်လာတော့သည်။ သူသည် ဘုရားသခင်အပေါ် သူ၏ယုံကြည်လက်ခံခြင်း၌ စိတ်အားထက်သန်သော်လည်း သူ၌ ဝိညာဉ်ရေးရာ သိနားလည်မှုမရှိပေ။ သူသည် လွဲချော်မှုများ ရှိတတ်ပြီး မာနထောင်လွှားကာ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်တတ်သည်။ သူသည် အရေးကိစ္စများကို အခြားသူများနှင့် မဆွေးနွေးသည့်အပြင် မည်သည့်အရာကိုမျှ စည်းမျဉ်းများနှင့်အညီ မပြုလုပ်ဘဲ မဆင်မခြင်ပင် ပြုလုပ်တတ်သည်။ ဤအရာက လုံခြုံမှုကျိုးပေါက်မှုများကို ဖြစ်စေနိုင်သည်။ အသင်းတော်၏ ညီအစ်ကိုမောင်နှမများမှာ မကြာခဏ အဖမ်းခံနေရပြီး အသင်းတော်၏အလုပ်က ကြီးမားသော ဆုံးရှုံးနစ်နာမှုများကို ကြုံရလေသည်။ ထိုခေါင်းဆောင်သည် မိမိကိုယ်ကို မဆင်ခြင်သည့်အပြင် မိမိကိုယ်ကို မှန်ကန်သည်ဟု ပြောသည်၊ မိမိကိုယ်ကို ကာကွယ်လျက် ငြင်းခုံသည့်အပြင် တာဝန်ကိုလည်း ရှောင်လွှဲလေသည်။ အဆုံးတွင် ထိုအုပ်စုက သူ့ကို ရာထူးတာဝန်မှ ပြန်လည်ခေါ်ယူစေသည်။ ၎င်းတို့သည် ထိုအခြေအနေကို မှန်ကန်သောနည်းလမ်းဖြင့် ကိုင်တွယ်ခဲ့ကြသည်ဟု သင်ထင်သလော။ (ထင်ပါသည်။) အလွန်မှန်ပေ၏။ ထို့ပြင် ထိုသူကို အရေးယူပြီးနောက် ချက်ချင်းပင် အခြားတစ်ယောက်ကို ရွေးချယ်လိုက်ကာ အတန်ကြာပြီးနောက် ဤသူသည် ထိုအယောင်ဆောင် ခေါင်းဆောင်ထက် များစွာ ပို၍ကောင်းမွန်လျက် ထိုအုပ်စုသည် ပိုင်းခြားသိမြင်နိုင်စွမ်းရှိပြီး ကြီးထွားရင့်သန်လာကြောင်း သက်သေပြသည်မှာ လူတိုင်းအသိဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသော လူတို့ အသက်တာ၌ ကြီးထွားတိုးတက်သည့်ဖြစ်စဉ်ပင် ဖြစ်၏။ ယင်းမှာ အတော်ပင် ပုံမှန်ဖြစ်သည်။ လူတို့သည် နှစ်ပေါင်းများစွာ တရားဒေသနာများကို နားထောင်သောအခါ ၎င်းတို့အားလုံးသည် ပိုင်းခြားသိမြင်မှု ပို၍ရှိလာပြီး ခေါင်းဆောင်နှင့် အမှုဆောင်တိုင်းအတွက် မှန်ကန်သော ရွေးချယ်မှုပြုကြသည်၊ ၎င်းတို့ ရွေးချယ်သောမည်သူမဆို ရာထူးတာဝန်ကို ယူမည့်သူဖြစ်သည်ဟု သင် ထင်သလော။ ထိုသို့ဖြစ်သလော။ (မဟုတ်ပါ။) လူတို့သည် သမ္မာတရားစည်းမျဉ်းများကို နားမလည်သောအခါ ခေါင်းဆောင်တစ်ဦးကို ရွေးချယ်ရာ၌ ၎င်းတို့၏ အာရုံစိုက်မှုသည် ထက်မြက်လျင်မြန်သော ဦးနှောက်ရှိသူတစ်ဦး၊ စကားပြောကောင်းသူ တစ်ဦး၊ ပါရမီရှိသူတစ်ဦးကို ရွေးချယ်ခြင်း၌ အမြဲတမ်း အာရုံစိုက်သည်။ ထိုသူသည် သူ၏ရာထူးတာဝန်၌ အချိန်အတိုင်းအတာတစ်ခုပြီးနောက် အယောင်ဆောင်ခေါင်းဆောင် သို့မဟုတ် အန္တိခရစ်တစ်ဦးဖြစ်မှန်း ထင်ရှားသည့်အချိန်မှသာ လူတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်း စတင်တိုးတက်လာခြင်း ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့သည် ထိုသို့သောလူတစ်ဦးကို ထပ်မံ၍ ရွေးချယ်မည် မဟုတ်တော့ပေ။ သို့ဆိုလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ရွေးချယ်ရာ၌ အတိအကျ မည်သူ့ကို ရွေးချယ်ရမည်နည်း။ သတ်မှတ်ထားသော စည်းမျဉ်းများ မရှိပေ။ လူတစ်ဦးသည် သင့်တော်သော လူတစ်ဦးဟုတ်မဟုတ်နှင့် သူသည် သမ္မာတရားကို လိုက်စားခြင်း ရှိမရှိအပေါ် အများဆုံး မူတည်သည်။ မည်သို့ပင်ဖြစ်စေကာမူ လူတစ်ဦးသည် ဆိုးယုတ်သောသူ သို့မဟုတ် အန္တိခရစ်တစ်ဦး ဖြစ်ပါက သူသည် မည်သို့သော လူစားမျိုးဖြစ်ပါစေ ထိုသူ့ကို သင်မရွေးချယ်ရပေ။ ရွေးချယ်ပါက သင်သည် ကိုယ့်သေတွင်းကိုယ် တူးသကဲ့သို့ ဖြစ်လိမ့်မည်။ ယင်းမှာ မမှန်သလော။ (မှန်ပါသည်။)
ငါတို့ ယခုလေးတင် ပြောခဲ့သည့် အကြောင်းအရာကို ပြန်သွားရလျှင် သမ္မာတရားလိုက်စားသူတို့အား အန္တိခရစ်များ၏ တိုက်ခိုက်ပြီး ဖယ်ကြဉ်ခြင်း၌ ယင်းနှင့်ပတ်သက်၍ ပြောစရာရှိသည့်အရာကို အခြေခံအားဖြင့် ငါတို့ ပြောခဲ့ပြီးပြီမဟုတ်လော။ အန္တိခရစ်တို့သည် သမ္မာတရား လိုက်စားသူများကို မည်သို့ ကြဉ်ထားပြီး တိုက်ခိုက်ကြသနည်း။ ၎င်းတို့သည် အခြားလူတို့ကိုတိုက်ခိုက်ရန်၊ ရှုတ်ချရန်၊ အထင်အမြင်မှားစေရန်အတွက် ကျိုးကြောင်းသင့်ပြီး မှန်ကန်သည်ဟု အခြားလူများက မြင်သော နည်းလမ်းများကို မကြာခဏ အသုံးပြုပြီး နိုင်ကွက်ရရန် သမ္မာတရားအကြောင်း ငြင်းခုံဆွေးနွေးမှုများကိုပင် အသုံးပြုကြသည်။ ဥပမာအားဖြင့် အန္တိခရစ်များက ၎င်းတို့၏ တွဲဖက်များသည် သမ္မာတရားကို လိုက်စားသော လူများဖြစ်ပါက ၎င်းတို့အဆင့်အတန်းကို သူတို့ခြိမ်းခြောက်နိုင်သည်ဟု ထင်သဖြင့် လူတို့ကို အထင်အမြင်မှားစေပြီး လူတို့ကို ၎င်းတို့အား အထင်ကြီးအောင် ပြုလုပ်ရန်အတွက် ထိုအန္တိခရစ်သည် အဆင့်မြင့်သော တရားဒေသနာများကို ဟောပြောပြီး ဝိညာဉ်ရေးရာသဘောတရားများကို ဆွေးနွေးကြလိမ့်မည်။ ဤနည်းအားဖြင့် ၎င်းတို့သည် ၎င်းတို့၏ တွဲဖက်များနှင့် တွဲဖက်အမှုဆောင်များကို သေးသိမ်အောင်ပြုလုပ်ပြီး ဖိနှိပ်နိုင်ကြကာ လူတို့အား ၎င်းတို့ခေါင်းဆောင်၏ တွဲဖက်များက သမ္မာတရားကို လိုက်စားသောသူများ ဖြစ်သော်လည်း အစွမ်းအစ၊ အရည်အချင်းနှင့် ပတ်သက်လျှင် ၎င်းတို့သည် ၎င်းတို့၏ ခေါင်းဆောင်နှင့် တန်းတူညီခြင်းမရှိဟု ခံစားရစေရန် ပြုလုပ်နိုင်ကြသည်။ လူအချို့က “ကျွန်ုပ်တို့ခေါင်းဆောင်၏ တရားဒေသနာများက အဆင့်မြင့်ပြီး မည်သူကမျှ မယှဉ်နိုင်” ဟုပင် ပြောကြသည်။ အန္တိခရစ်တစ်ဦးအတွက် ဤသို့သော မှတ်ချက်မျိုးကို ကြားရခြင်းက အလွန့်အလွန် ကျေနပ်ဖွယ်ရာဖြစ်သည်။ ၎င်းတို့က “သင်သည် ကျွန်ုပ်၏ တွဲဖက်ဖြစ်သည်။ သင်၌ သမ္မာတရား စစ်မှန်မှုအချို့ မရှိသလော။ သင်သည် အဘယ့်ကြောင့် ကျွန်ုပ်ကဲ့သို့ နှုတ်ရေးကောင်းခြင်းဖြင့်လည်းကောင်း၊ မြင့်မြတ်ခြင်းဖြင့်လည်းကောင်း စကားမပြောနိုင်ရသနည်း။ သင်သည် ယခုအခါ ကမ်းကုန်အောင် အရှက်ကွဲပြီဖြစ်သည်။ သင့်တွင် အရည်အချင်းမရှိပေ။ သို့တိုင်အောင် ကျွန်ုပ်နှင့် ယှဉ်ပြိုင်ရဲသလော” ဟူ၍ မိမိတို့ဘာသာ စဉ်းစားကြသည်။ ဤသည်မှာ အန္တိခရစ်များက စဉ်းစားသောအရာဖြစ်သည်။ အန္တိခရစ်၏ ပန်းတိုင်မှာ အဘယ်နည်း။ ၎င်းတို့သည် အခြားလူတို့ကို ဖိနှိပ်ရန်၊ သေးသိမ်စေရန်၊ အခြားလူတို့အထက်တွင် မိမိတို့ကိုယ်ကို ထားရှိရန် တတ်နိုင်သမျှ နည်းလမ်းတိုင်းကို စမ်းသပ်ကြသည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားသောသူတိုင်း၊ သို့မဟုတ် ၎င်းတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်သောသူတိုင်းကို အန္တိခရစ်က ဆက်ဆံသောပုံစံဖြစ်သည်။ အန္တိခရစ်တစ်ဦးက မည်သည့်အရာကို ပြုလုပ်သည်ဖြစ်စေ ယင်းသည် သူ၏ တန်ခိုးအာဏာနှင့် အဆင့်အတန်းအပေါ် ဗဟိုပြုပြီး အခြားသူများ၏ အထင်ကြီးခြင်းနှင့် ကြည်ညိုလေးစားမှုကို အရယူဖို့အတွက် ရည်ရွယ်လေသည်။ သူသည် မည်သူ့ကိုမျှ သူ့အား ကျော်လွန်ခွင့်မပြုပေ။ သူ့ထက် ပို၍တော်သောသူတိုင်းသည် သူ၏ သိမ်ငယ်အောင်ပြုလုပ်ခြင်း၊ ဖယ်ကြဉ်ခြင်းနှင့် ဖိနှိပ်ချုပ်ချယ်ခြင်းကို ခံရဖို့ သေချာ၏။ အန္တိခရစ်များသည် သမ္မာတရားကို လိုက်စားသောသူတို့အပေါ် ၎င်းတို့ အသုံးပြုသည့် နည်းလမ်းများအားလုံး၏ နောက်ကွယ်တွင် ရည်ရွယ်ချက်များနှင့် ပန်းတိုင်များရှိကြသည်။ ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်ရန် ကြိုးစားရမည့်အစား ၎င်းတို့ရည်ရွယ်ချက်သည် ၎င်းတို့၏ ကိုယ်ပိုင်အာဏာနှင့် အဆင့်အတန်းအပြင် ဘုရားသခင်ရွေးချယ်ထားသော လူများ၏ စိတ်နှလုံးထဲမှ ၎င်းတို့၏ နေရာနှင့် ပုံရိပ်တို့ကို ကာကွယ်ရန်ဖြစ်သည်။ ၎င်းတို့၏ နည်းလမ်းများနှင့် အပြုအမူများသည် ဘုရားအိမ်တော်၏ အလုပ်အဖို့ အနှောင့်အယှက်၊ အဖျက်အမှောင့်များ ဖြစ်သည်။ ယင်းတို့သည် အသင်းတော်အသက်တာအပေါ်တွင်လည်း ပျက်စီးစေသည့် သက်ရောက်မှုရှိသည်။ ဤသည်မှာ အန္တိခရစ်၏ မကောင်းမှုများနှင့်ဆိုင်သည့် အတွေ့ရအများဆုံးသော သရုပ်သကန် မဟုတ်သလော။ ဤမကောင်းမှုများအပြင် အန္တိခရစ်များသည် ပို၍ပင် စက်ဆုပ်ဖွယ်ကောင်းသောအရာကို လုပ်ဆောင်ကြသည်။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသူတို့အပေါ် မည်သို့နိုင်ကွက်ယူရမည်ကို အဖြေရှာဖို့ အစဉ် ကြိုးစားနေကြခြင်းဖြစ်သည်။ ဥပမာ လူအချို့သည် မထိမ်းမြားမီ ကာမကျူးလွန်ခဲ့လျှင်၊ သို့မဟုတ် အခြားပြစ်မှားမှုအချို့ကျူးလွန်ခဲ့လျှင် အန္တိခရစ်များသည် ထိုသူတို့ကို တိုက်ခိုက်ရန် ဤအရာများကို ခုတုံးအဖြစ် လက်မလွှတ်တမ်း အသုံးချသည်။ ထိုသူများ အပျက်သဘောဆောင်စေရန်အတွက် ၎င်းတို့၏ တာဝန်များထမ်းဆောင်ရာတွင် စိတ်ထက်သန်မှုလျော့ကျစေရန်အတွက် ၎င်းတို့ကို စော်ကားရန်၊ ဖော်ထုတ်ရန်၊ အသရေဖျက်ရန်၊ တံဆိပ်ကပ်ရန် အခွင့်အလမ်းများကို ရှာသည်။ သမ္မာတရားကို လိုက်စားသောသူတို့ အထီးကျန်စေရန် ဘုရားသခင် ရွေးချယ်ထားသောသူများကို ထိုသူတို့အား ခွဲခြားဆက်ဆံရန်၊ ရှောင်ကြဉ်ရန်၊ ငြင်းပယ်ရန်လည်း အန္တိခရစ်များက ပြုလုပ်သည်။ အဆုံးတွင် သမ္မာတရားကို လိုက်စားသော ထိုသူအားလုံးတို့သည် အပျက်သဘောဆောင်ပြီး အားနည်းလာသောအခါ၊ ၎င်းတို့၏ တာဝန်များကို တက်တက်ကြွကြွ ထမ်းဆောင်ခြင်း မရှိတော့သောအခါ၊ စုဝေးပွဲများကို မတက်လိုသောအခါတွင် အန္တိခရစ်များ၏ ပန်းတိုင်ကို စွမ်းဆောင်ရရှိပြီဖြစ်သည်။ သမ္မာတရားကို လိုက်စားသောသူတို့က ၎င်းတို့၏ အဆင့်အတန်းနှင့် အာဏာကို မခြိမ်းခြောက်တော့သည့်အတွက်၊ ၎င်းတို့ကို မည်သူကမျှ မတိုင်ကြားရဲသည့်အတွက်၊ သို့မဟုတ် မဖော်ထုတ်ရဲတော့သည့်အတွက် အန္တိခရစ်များက စိတ်အေးလက်အေး ဖြစ်နိုင်သည်။ အန္တိခရစ်တစ်ဦးက အသင်းတော်ထဲ၌ အမုန်းဆုံးသောသူတို့မှာ သမ္မာတရားကို လိုက်စားသော၊ အထူးသဖြင့် အယောင်ဆောင်ခေါင်းဆောင်နှင့် အန္တိခရစ်တစ်ဦးကို ဖော်ထုတ်ပြီး တိုင်ကြားဝံ့မည့် တရားမျှတစိတ်ရှိသော လူတို့ပင် ဖြစ်ကြသည်။ အန္တိခရစ်တစ်ဦးက ထိုသို့သောလူတို့ကို သူ၏မျက်လုံးထဲမှ တံကျင်များအဖြစ်၊ သူ၏နံဘေးထဲမှ ဆူးများအဖြစ် ရှုမြင်ကြသည်။ အကယ်၍ သူသည် သမ္မာတရားကို လိုက်စားပြီး မိမိ၏တာဝန်အား လိုလိုလားလား ထမ်းဆောင်သောသူ တစ်ဦးကို တွေ့ရှိသွားလျှင် သူ၏စိတ်နှလုံးထဲ၌ ချစ်ခြင်းမေတ္တာ တစ်စက်မျှမရှိဘဲ မလိုမုန်းထားမှုနှင့် ရန်လိုမှုတို့ ပေါ်လာသည်။ အန္တိခရစ်တစ်ဦးသည် သမ္မာတရားကို လိုက်စားသောလူတို့၌ အခက်အခဲများ ရှိပါစေ သို့မဟုတ် အဘယ်သို့ အားနည်းပြီး အပျက်သဘောဆောင်ကောင်း ဆောင်ပါစေ မကူညီရုံ သို့မဟုတ် အားမပေးရုံသာမဟုတ်၊ ယင်းကို ဘေးချိတ်ရုံ ဘေးချိတ်ထားမည် မဟုတ်ပေ။ ထိုအစား ထိုကိစ္စနှင့်ပတ်သက်၍ သူသည် ကျိတ်၍ ပျော်နေမည် ဖြစ်သည်။ ထို့ပြင် တစ်စုံတစ်ယောက်က ထိုသူတို့အပေါ် စွပ်စွဲချက်များ ပြုခဲ့ပြီး သို့မဟုတ် ထိုသူတို့အား ဖော်ထုတ်ခဲ့ပြီးဖြစ်ပါက ထိုသူတို့ကို ပညာပြရန်၊ ထိုသူတို့ကို ပြစ်တင်ရှုတ်ချရန်၊ ထိုသူတို့ ရှေ့ဆက်စရာလမ်းမရှိအောင် ထားရန်နှင့် နောက်ဆုံးတွင် ထိုသူတို့သည် မိမိတို့၏တာဝန်ကို မထမ်းဆောင်နိုင်လောက်အောင် လွန်စွာ အပျက်သဘောဆောင်စေရန် ပြစ်မှုမျိုးစုံဖြင့် ထိုသူတို့ကို စွပ်စွဲလျက် ထိုသူတို့ ရေနစ်စဉ်တွင် ဝါးကူထိုးဖို့ အခွင့်အရေးကို အသုံးချမည်ဖြစ်သည်။ ထိုအခါ အန္တိခရစ်သည် မိမိကိုယ်ကို ဂုဏ်ယူလာပြီး ထိုသူ၏ ကံဆိုးခြင်းအဖြစ်၌ စတင်ပျော်မြူးလေသည်။ ဤအရာမျိုးသည် အန္တိခရစ်များ အကျွမ်းကျင်ဆုံး အရာဖြစ်၏။ သမ္မာတရားကို လိုက်စားသောသူတို့အားဖယ်ကြဉ်ကာ တိုက်ခိုက်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းသည် ၎င်းတို့၏ အကြီးမားဆုံးသော ကျွမ်းကျင်မှုပင် ဖြစ်သည်။ အန္တိခရစ်များသည် မိမိတို့အား ထိုမျှလောက် မကောင်းမှုအား ပြုလုပ်နိုင်စွမ်းရှိစေသည့် မည်သည့်အရာကို စဉ်းစားသနည်း။ “အကယ်၍ သမ္မာတရားကို လိုက်စားသောသူတို့က တရားဒေသနာများကို မကြာခဏ နားထောင်လျှင် သူတို့သည် ကျွန်ုပ်၏ လုပ်ဆောင်ချက်များကို တစ်နေ့နေ့ ရိပ်စားမိကောင်း ရိပ်စားမိမည်ဖြစ်ပြီး ထိုအခါ ကျွန်ုပ်ကို ဖော်ထုတ်ပြီး အစားထိုးကြမည်မှာ အသေအချာပင်။ သူတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်နေကြစဉ်တွင် ကျွန်ုပ်၏ အဆင့်အတန်း၊ သိက္ခာနှင့် ဂုဏ်သတင်းသည် ခြိမ်းခြောက်မှုခံနေရသည်။ သူတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ဖို့ မည်သည့်လိုအင်ဆန္ဒမျှ မရှိစေရန်အတွက် သူတို့ကို အရင်ဦးစွာ တိုက်ခိုက်ပြီး သူတို့ကို အဖျက်အမှောင့်လုပ်ကာ ပြစ်တင်ရှုတ်ချရန်နှင့် အပျက်သဘောဆောင်စေရန်အတွက် နိုင်ကွက်ကို အမိအရယူဖို့ အခွင့်အရေးရှာလျှင် ပိုကောင်းမည်။ ခေါင်းဆောင်များ၊ အမှုဆောင်များသည် သူတို့ကို စက်ဆုပ်ရွံရှာရန်၊ သူတို့ထံမှ မိမိတို့ကိုယ်ကို ကင်းအောင်နေရန်နှင့် သူတို့ကို နောက်ထပ် တန်ဖိုးမထားရန် သို့မဟုတ် မြှင့်တင်မပေးရန်အတွက် ငါသည် ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် သမ္မာတရားလိုက်စားသော သူတို့ကြားတွင် ရန်တိုက်ပေးရမည်။ ထိုသို့ဖြင့် သူတို့သည် နောက်ထပ် သမ္မာတရားကို လိုက်စားလိုသော သို့မဟုတ် မိမိတို့၏ တာဝန်များကို ထမ်းဆောင်လိုသော မည်သည့်လိုအင်ဆန္ဒမျှ ရှိမည် မဟုတ်တော့ချေ။ သမ္မာတရား လိုက်စားသောသူတို့ ဆက်လက်၍ အပျက်သဘောဆောင်နေလျှင် အကောင်းဆုံးဖြစ်၏” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ စွမ်းဆောင်ရရှိလိုသည့် ရည်မှန်းချက်ပန်းတိုင် ဖြစ်၏။ အန္တိခရစ်တစ်ဦး သို့မဟုတ် ဆိုးယုတ်သောသူတစ်ဦးက သင့်ကို သူ၏ လိမ်လည်လှည့်စားမှုဖြင့် အကွက်ဆင်သောအခါ၊ သင့်ကို ပြစ်တင်ရှုတ်ချသောအခါနှင့် သင့်ကို အရှက်ကွဲစေသောအခါ မည်သည့်အရာ ဖြစ်ပျက်နေကြောင်း သင်သည် ပိုင်းခြားသိမြင်နိုင်သလော။ စာတန်၏ ပရိယာယ်များကို သင်သည် ရိပ်စားမိနိုင်သလော။ သင်သည် “သူပြောခဲ့သည့်အရာမှာ အတော်လေး မှန်ကန်သည့်ပုံ ရှိသော်လည်း ကျွန်ုပ်သည် အဘယ့်ကြောင့် အပျက်သဘောဆောင်သွားရသနည်း။ ကျွန်ုပ်သည် အဘယ့်ကြောင့် မိမိတာဝန်ကို ထမ်းဆောင်ချင်စိတ် မရှိရသနည်း။ ကျွန်ုပ်သည် အဘယ့်ကြောင့် ဘုရားသခင်နှင့်ပတ်သက်၍ ဒွိဟဖြစ်နေရသနည်း။ သူပြောသည့်အရာ၌ ပြဿနာရှိသလော။ အဘယ့်ကြောင့် ယင်း၌ အပျက်သဘောဆောင်သော သက်ရောက်မှု ရှိခဲ့ရသနည်း။ ကျွန်ုပ်သည် ဘုရားသခင်နှင့်ပတ်သက်၍ အဘယ့်ကြောင့် အထင်လွဲမှားမှုများနှင့် အယူအဆများ ရှိလာကာ ကျိုးနွံနာခံလိုစိတ် နောက်ထပ်မရှိဘဲ ဖြစ်သွားရသနည်း။ ကျွန်ုပ်သည် ဘုရားသခင်အဘို့ မိမိကိုယ်ကို အသုံးခံရန်အတွက် မိမိ၏ ယခင်က စိတ်အားထက်သန်မှုနှင့် သန္နိဋ္ဌာန်တို့ အဘယ့်ကြောင့် နောက်ထပ် မရှိတော့သနည်း။ ထို့ပြင် ကျွန်ုပ်၌ ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်၍ အချို့သော ဒွိဟများ ရုတ်တရက် ဖြစ်လာကာ ကျွန်ုပ်၏ ရူပါရုံများက မရှင်းလင်းသကဲ့သို့ ခံစားရသည်။ ဤကဲ့သို့ မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းက မည်သည့်အရာအတွက်ဖြစ်ကြောင်း မသိသည့်အပြင် ဘုရားသခင်အား ယုံကြည်လာသည့် နှစ်အတန်ကြာနှင့် ကျွန်ုပ် ကြုံတွေ့လာသည့် အခက်အခဲများအတွက် ကျွန်ုပ်၌ ပြစရာ မည်သည့်အရာမျှ မရှိသကဲ့သို့ ခံစားရသည်။ ယခုတွင် ကျွန်ုပ်၏ စိတ်နှလုံးထဲ၌ အမှောင်ထုအနည်းငယ် ရှိနေသည်” ဟူ၍ ပိုင်းခြားသိမြင်နိုင်ဖို့ သင်ယူရမည်။ ယင်းမှာ အနည်းငယ် မူမမှန်ပေ။ အပေါ်ယံတွင် မှန်ကန်ဟန်ရှိသည့် စကားများကို ကြားရခြင်းက ထိုကဲ့သို့သော အကျိုးဆက်များကို ဖြစ်ပေါ်စေရသနည်း။ ထိုစကားများ၌ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သင် မခံစားရသလော။ သို့ဆိုလျှင် ယင်းတို့ကို ကြားရသောအခါ သင့်အထဲ၌ ထိုကဲ့သို့သော တုံ့ပြန်ချက်များကို ဖြစ်စေသည်မှာ မည်သည့်စကားမျိုးများ ဖြစ်သနည်း။ ယင်းတို့ကို ကြားရသောအခါ သင့်အား ဘုရားသခင်အပေါ် ယုံကြည်မှု ကင်းမဲ့စေသည်မှာ မည်သည့်စကားမျိုးများ ဖြစ်သနည်း။ ပထမအနေဖြင့် အရာတစ်ခုမှာ သေချာ၏။ အန္တိခရစ်များ၏ စကားများမှာ မြွေကြီးကဲ့သို့ပင် အထင်အမြင် မှားစေ၏။ ၎င်းတို့အားလုံးက လူတို့ကို အပြစ်ပြုဖို့နှင့် ဘုရားသခင်မှ ကင်းကွာအောင်နေပြီး ဘုရားသခင်ကို ပစ်ပယ်ဖို့ သွေးဆောင်ဖြားယောင်းကြသည်။ ၎င်းတို့စကားများ တစ်ခွန်းမျှသည် လူတို့ကို အထောက်အပံ့မပေး သို့မဟုတ် သူတို့ကို အကူအညီမပေးချေ။ ၎င်းတို့၏စကားများသည် မည်သည့်နေရာမှ လာသနည်း။ စာတန်နှင့် နတ်ဆိုးများထံမှ ဖြစ်၏။ သမ္မာတရားကို လိုက်စားသူတို့အား တိုက်ခိုက်ရန်နှင့် ပြစ်တင်ရှုတ်ချရန်အတွက် အန္တိခရစ်များ အသုံးပြုသည့် စကားများနှင့် ပတ်သက်လာလျှင် သင်တို့သည် ပိုင်းခြားသိမြင်နိုင်သလော။ အန္တိခရစ်များ ကြောက်ရွံ့သည့် တစ်ခုတည်းသောအရာမှာ သမ္မာတရားကို လိုက်စားသောလူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံသောလူများ၊ ဘုရားသခင်နောက်လိုက်ရန်နှင့် ဖန်ဆင်းခံများ၏ တာဝန်ကို ထမ်းဆောင်ရန် ထကြွရပ်တည်သောလူများကို ကြောက်လန့်နေကြသည်။ ၎င်းတို့သည် ဘုရားသခင်ရှေ့သို့ ရောက်လာပြီး သမ္မာတရားကို ရှာဖွေသော လူများကို ကြောက်ရွံ့နေကြသည်။ ဤသည်မှာ ၎င်းတို့ အကြောက်ဆုံးသော အရာဖြစ်၏။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသော လူတို့ သမ္မာတရားလိုက်စားသည့် လမ်းကြောင်းပေါ် ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် အသက်တာ၌ သူတို့၏ ကြီးထွားရင့်သန်မှုမှာ မြန်ဆန်ပြီး ထိုသို့ဖြင့် သူတို့သည် ဝိညာဉ်ရင့်ကျက်မှု ပို၍ပို၍ တိုးပွားလျက် ကြီးထွားလာကြသောကြောင့်ဖြစ်သည်။ ထို့ပြင် သမ္မာတရားသည် လူတို့၏ စိတ်နှလုံးများထဲ၌ စိုးမိုးပြီး သူတို့၏ အသက် ဖြစ်လာသောအခါ ယင်းမှာ အန္တိခရစ်များ၏ နောက်ဆုံးသောနေ့ ဖြစ်လိမ့်မည်။ ထိုအခါ ၎င်းတို့သည် ပြစ်တင်ရှုတ်ချခံရခြင်း၊ ထုတ်ဖော်ခံရခြင်းနှင့် ဖယ်ရှားရှင်းလင်းခံရခြင်းအပြင် လုံးလုံးလျားလျား စွန့်ပစ်ခံရခြင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ယင်းမှာ အန္တိခရစ်များက အမုန်းဆုံးအရာသည် သမ္မာတရားလိုက်စားသူတို့ ဖြစ်ရခြင်း အကြောင်းရင်းဖြစ်သည်။ အန္တိခရစ်တစ်ဦး၏ အမြင်တွင် သမ္မာတရား လိုက်စားသူတို့သည် အမုန်းခံရသော ရန်သူများ၊ မိမိ၏ တိုက်ခိုက်မှုများနှင့် အကျပ်ကိုင်မှုကိုသာမက မိမိ၏ မုန်းတီးခြင်းနှင့် ပစ်ပယ်ခြင်း၊ မိမိ၏ အန္တရာယ်ပြုခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းကို ခံရမည့်သူများ ဖြစ်သည့်အပြင် ထို့ထက်ပင်ပိုသည်မှာ ထိုသူတို့သည် အထင်အမြင်မှားစေခြင်းကို ခံရမည့်သူများ ဖြစ်ကြသည်။ အန္တိခရစ်များသည် သမ္မာတရားကို လိုက်စားသောသူတို့၏ စိတ်နှလုံးများကို အထင်အမြင်မှားစေဖို့၊ ထိန်းချုပ်ဖို့ သို့မဟုတ် အကွက်ဆင်ဖို့အတွက် မည်သို့မျှ မဖြစ်နိုင်သည့်အပြင် ၎င်းတို့သည် ထိုသူတို့ကို ကြုံရာကျပန်း ပြောင်ပြောင်တင်းတင်း ဖယ်ကြဉ်ပြီး တိုက်ခိုက်၍မရပေ။ ထို့ကြောင့် ၎င်းတို့ လုပ်နိုင်သမျှမှာ တိကျမှန်ကန်ပြီး နှစ်လိုဖွယ်ရာဖြစ်သော အရာများကို ပြောခြင်း၊ လူတို့ကို ၎င်းတို့အဆင့်အထိ နိမ့်ကျစေဖို့ နူးညံ့သိမ့်မွေ့သော နည်းဗျူဟာများကို အသုံးပြုခြင်းပင် ဖြစ်သည်။ ထို့ပြင် ထိုလူတို့သည် ၎င်းတို့နောက် မလိုက်သည့်အပြင် ၎င်းတို့အတွက် အသုံးမဝင်နိုင်ပါက ၎င်းတို့သည် သူတို့ကို ဖယ်ကြဉ်ရန်၊ သူတို့ကို အပျက်သဘော ဆောင်စေပြီး အားနည်းစေရန်၊ မိမိတို့၏တာဝန်ကို ထမ်းဆောင်လိုစိတ် နောက်ထပ်မရှိတော့အောင်ပင် ပြုလုပ်ရန်နှင့် အဆုံး၌ ဘုရားသခင်ကို စွန့်ပစ်စေရန်အတွက် ဆိုးညစ်သော နည်းဗျူဟာမျိုးစုံကို အသုံးချမည်ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ အဓိကကျသော ဒုစရိုက်အမှုများထဲမှ တစ်ခုဖြစ်ပြီး ယင်းမှာ ၎င်းတို့၏ သဘာဝအနှစ်သာရအား နောက်ထပ် ခွဲခြားသိမြင်နိုင်သော အင်္ဂါရပ်ပင် ဖြစ်၏။ ယင်းမှာ ၎င်းတို့သဘာဝ၏ မည်သည့်အင်္ဂါရပ် ဖြစ်သနည်း။ ၎င်းတို့၏ တိတ်တဆိတ်အန္တရာယ်ပြုတတ်ခြင်း၊ ၎င်းတို့၏ ကလိမ်ကကျစ်ကျခြင်း၊ ၎င်းတို့၏ မလိုမုန်းထားခြင်းပင် ဖြစ်၏။ အသင်းတော်ထဲ၌ မင်းမူစိုးမိုးခြင်းဟူသည့် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ပန်းတိုင်ကို ကြိုးပမ်းရရှိဖို့အလို့ငှာ အန္တိခရစ်များသည် သမ္မာတရား လိုက်စားသောသူတို့အား အထင်အမြင်မှားစေခြင်း၊ ဖယ်ကြဉ်ပြီး တိုက်ခိုက်ခြင်းကို အစဉ်သဖြင့် အားကိုးကြရသည်။ ၎င်းတို့သည် မိမိတို့၏ ပြောထွက်၍မရသော ရည်မှန်းချက်ပန်းတိုင်ကို ကြိုးပမ်းရရှိဖို့အတွက် ဤအရာကို လုပ်ဆောင်ကာ သမ္မာတရား လိုက်စားသူတိုင်းကို မိမိတို့အထဲ၌ ဘုရားသခင်အပေါ် အထင်လွဲမှားမှုများ ပေါ်ထွက်လာခြင်းဖြင့် အပျက်သဘောဆောင်ပြီး အားနည်းအောင်၊ မိမိတို့၏ ယုံကြည်ခြင်း၌ စိတ်မပါ့တပါဖြစ်လာအောင် ပြုလုပ်လေသည်။ ဤလူတို့အထဲ၌ ဘုရားသခင်အပေါ် အထင်လွဲမှားမှုများနှင့် သူ့အပေါ် မကျေနပ်မှုများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် သမ္မာတရားကို နောက်ထပ် လိုက်စားကြတော့မည် မဟုတ်သကဲ့သို့ မိမိတို့၏ တာဝန်ကို လိုလိုလားလား ထမ်းဆောင်ကြတော့မည် မဟုတ်ပေ။ ထိုသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်ထံမှ ကင်းကွာအောင်နေကြမည် ဖြစ်သည်။ ထို့ပြင် ယင်းမှာ အန္တိခရစ်တစ်ဦးအတွက် မည်သည့်အရာကို ဆိုလိုသနည်း။ ပထမဆုံးအနေဖြင့် ယင်းမှာ ၎င်းတို့၏ ရာထူးနေရာကို ခြိမ်းခြောက်မည် မဟုတ်သည်ကို ဆိုလိုသည်။ ဒုတိယမှာ ဤအပြုသဘောဆောင်သော ပုဂ္ဂိုလ်များသည် အပျက်သဘောဆောင်ပြီး အားနည်းလာကာ ဘုရားသခင်ထံမှ ကင်းကွာအောင်နေကြသည်နှင့် တစ်ပြိုင်နက် ထိုအန္တိခရစ်သည် လူတို့ကို အထင်အမြင်မှားစေပြီး ဘောင်ခတ်ရန်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို ထိန်းချုပ်ရန်အတွက် အသင်းတော်ထဲ၌ စိတ်ကြိုက် မင်းမူကြီးစိုးနိုင်မည် ဖြစ်သည်။ ဤသို့ဖြင့် ထိုသူတို့သည် ၎င်းတို့နောက်သို့ လိုက်မည်၊ ၎င်းတို့ကို ထောက်ခံအားပေးမည်၊ ပြီးလျှင် ၎င်းတို့အား အောက်ကျို့လျက် ဦးညွှတ်မည်ဖြစ်သည်။ ထိုသို့ဖြင့် ထိုအန္တိခရစ်၏ ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိလေပြီ။ ဤသို့ပြုလုပ်ရာတွင် အန္တိခရစ်များသည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေကြခြင်း ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့ ပြုလုပ်သမျှ၏ ဝိသေသလက္ခဏာမှာ အဘယ်နည်း။ (၎င်းတို့သည် မကောင်းမှုကို လုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။) “မကောင်းမှု လုပ်ဆောင်ခြင်း” ဟူသည် ယင်းကို ဖော်ပြရာ၌ အတော်ပင် ကျယ်ပြန့်သော နည်းလမ်းဖြစ်၏။ အတိအကျဆိုရလျှင် ၎င်းတို့သည် လူတို့ကို အနှောင့်အယှက်ပေးနေပြီး ဟန့်တားနေကြကာ သူတို့ကို သမ္မာတရား လိုက်စားခြင်းလမ်းကြောင်းပေါ် လျှောက်လှမ်းခြင်းနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းခံရခြင်းမှ တားဆီးနေကြသည်။ အန္တိခရစ်တစ်ဦးသည် သမ္မာတရား လိုက်စားနေသော လူတစ်ဦးကို မြင်တွေ့သောအခါ အလွန်ပင် ဒေါသထွက်၏။ ထိုသူတို့ကို သူမုန်း၏။ ထိုအမုန်းတရားက အဘယ်အတိုင်းအတာအထိ ရောက်သနည်း။ ၎င်းတို့သည် လူတစ်ဦးက သမ္မာတရားကို လိုက်စားပြီး ခရစ်တော်နောက်လိုက်နေကာ ၎င်းတို့နောက်လိုက်ခြင်း သို့မဟုတ် ၎င်းတို့ကို ကိုးကွယ်ခြင်း မရှိသည့်အပြင် ၎င်းတို့နှင့် တူညီသောလမ်းကြောင်းပေါ်တွင် မလျှောက်သည်ကို မြင်တွေ့သောအခါ ၎င်းတို့သည် ထိုသူကို ပျောက်ကွယ်သွားအောင် လုပ်ဖို့ တရွရွဖြစ်သောလိုအင်ဆန္ဒဖြင့် ထိုသူကို တိုက်ခိုက်မည်၊ ဖယ်ကြဉ်မည်၊ ပြီးလျှင် ဖိနှိပ်ထိန်းချုပ်မည် ဖြစ်လေသည်။ ယင်းမှာ ၎င်းတို့၏ အမုန်းတရား ရောက်နိုင်သည့် အတိုင်းအတာပင်။ အချုပ်အားဖြင့် အန္တိခရစ်များ၏ ဤသရုပ်သကန်များကို အခြေခံ၍ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်ခြင်း သို့မဟုတ် သမ္မာတရားအကြောင်း မိတ်သဟာယပြုခြင်း၌ လူတို့အား ဦးဆောင်ခြင်း မရှိသည့်အပြင် ၎င်းတို့သည် လူတို့အား ရေလောင်းပေးခြင်း သို့မဟုတ် ထောက်ပံ့ကျွေးမွေးခြင်း၊ ၎င်းတို့အား သမ္မာတရားကို ရရှိခွင့်ပေးခြင်း မရှိသောကြောင့် ၎င်းတို့သည် ခေါင်းဆောင်မှုတာဝန်ကို ထမ်းဆောင်နေကြခြင်း မရှိဟု ငါတို့ သတ်မှတ်နိုင်မည်ဖြစ်သည်။ ထိုအစား ၎င်းတို့သည် အသင်းတော်အသက်တာကို အနှောင့်အယှက်ပြုပြီး အဖျက်အမှောင့်လုပ်သည်၊ အသင်းတော်၏အလုပ်ကို ဖြိုဖျက်ပြီး ဖျက်ဆီးသည်၊ ပြီးလျှင် သမ္မာတရား လိုက်စားခြင်းနှင့် ကယ်တင်ခြင်းရရှိခြင်းဟူသည့် လမ်းကြောင်းပေါ်ရောက်ဖို့ လူတို့ကို ဟန့်တားသည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို လမ်းလွဲစေဖို့နှင့် ၎င်းတို့ကို ကယ်တင်ခြင်းပေးအပ်ခံရဖို့ အခွင့်အရေးအား ဆုံးရှုံးစေဖို့ အလိုရှိသည်။ ဤသည်မှာ အသင်းတော်၏အလုပ်ကို နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းဖြင့် အန္တိခရစ်များ စွမ်းဆောင်ရရှိလိုသည့် အဆုံးစွန်သော ရည်မှန်းချက်ပန်းတိုင် ဖြစ်လေသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။