၆၈၃ ဘုရား၏ကျေးဇူးတော်ကို မွေ့လျော်ခြင်း အားဖြင့်သာ သူ့ကို သိမလာနိုင်
၁ လူသားသည် ဘုရားသခင်အတွက် ဝေဒနာခံစားနိုင်ပြီး ဤအချိန်အထိ ရောက်ရှိ လာနိုင်သည်မှာ တစ်ဖက်တွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ပြီး၊ အခြားတစ်ဖက်တွင် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် ဖြစ်သည်၊ ထိုမျှမက လူသားအထဲ၌ ဘုရားသခင်လုပ်ဆောင်ထားသော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကြောင့်ဖြစ်သည်။ အကယ်၍ သင်တို့တွင် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ဘုရားသခင်၏ စမ်းသပ်ခြင်းတို့ မရှိပါက၊ ထို့ပြင် ဘုရားသခင်သည် သင်တို့ကို ဝေဒနာမခံစားစေပါက ပွင့်ပွင့်လင်းလင်းပြောရသော် သင်တို့သည် ဘုရားသခင်ကို အမှန်တကယ်မချစ်ပေ။ လူသားအထဲ၌ ဘုရားသခင်၏ အမှုက ပိုကြီးပြီး လူသား၏ ဒုက္ခဝေဒနာက ပိုကြီးမားလေ၊ ဘုရားသခင်၏အမှုမှာ မည်မျှအဓိပ္ပာယ်ပြည့်ဝကြောင်း ပိုထင်ရှားလေ ဖြစ်ပြီး လူသား၏စိတ်နှလုံးမှာ ဘုရားသခင်ကို အမှန်တကယ် ပိုချစ်နိုင်လေဖြစ်သည်။
၂ ယနေ့ကာလတွင် လူသားသည် ဘုရားသခင်၏ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာ သက်သက်ဖြင့်သာဆိုလျှင် လူ့အနှစ်သာရကို သိရန် မဆိုထားနှင့်၊ သူ့ကိုယ်သူပင် အမှန်တကယ် မသိနိုင်ကြောင်း မြင်လေ၏။ ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်းနှစ်ခုလုံးဖြင့်သာ၊ ထိုကဲ့သို့သော စစ်ဆေးခြင်းကာလအတွင်း၌သာ လူသားသည် သူ၏ အားနည်းချက်များကို သိနိုင်ပြီး သူ၌ဘာမျှမရှိကြောင်းကို သိနိုင်သည်။ ထို့ကြောင့် ဘုရားသခင်အပေါ် လူသား၏ချစ်ခြင်းမေတ္တာသည် ဘုရားသခင်၏စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်းအုတ်မြစ်ပေါ်၌ တည်ဆောက်ထားခြင်းဖြစ်သည်။ အေးချမ်းသည့် မိသားစုဘဝ၊ သို့မဟုတ် ရုပ်ဝတ္တုကောင်းချီးမင်္ဂလာများရှိကာ၊ ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ သင်ခံစားမွေ့လျော်ပါက၊ သင်သည် ဘုရားသခင်ကို မရရှိသေးသည့်အပြင်၊ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းကို အောင်မြင်သည်ဟု မယူဆနိုင်ပေ။
၃ ဘုရားသခင်သည် လူ့ဇာတိ၌ ကျေးဇူးတော်အမှု၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်ခဲ့နှင့်ပြီးဖြစ်၍ လူသားကိုလည်း ရုပ်ဝတ္တုကောင်းချီးမင်္ဂလာများ ပေးအပ်ခဲ့နှင့်ပြီးဖြစ်သည်။ သို့သော် လူသားကို ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာသက်သက်ဖြင့် စုံလင်အောင် မပြုလုပ်နိုင်ပေ။ လူသားသည် သူ၏အတွေ့အကြုံများထဲတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအချို့ကို ကြုံတွေ့ရပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာကို မြင်တွေ့ရသော်လည်း၊ သူသည် ထိုအရာများကို အချိန်ကာလ တစ်ခုကြာအောင် တွေ့ကြုံခံစား သွားပြီးချိန်တွင် ဘုရားသခင်၏ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတို့သည် လူသားကို စုံလင်အောင် မပြုလုပ်နိုင်ကြောင်း၊ လူသားအတွင်း၌ ဖောက်ပြန်ပျက်စီးနေသည့် အရာများကို မထုတ်ဖော်နိုင်ကြောင်းနှင့် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖယ်ရှားနိုင်ကြောင်း၊ သို့မဟုတ် သူ၏ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်မှုကို စုံလင်အောင် မပြုလုပ်နိုင်ကြောင်း တွေ့မြင်လေ၏။ ဘုရားသခင်၏ ကျေးဇူးတော်အမှုသည် ကာလတစ်ခု၏ အမှုဖြစ်ပြီး၊ လူသားသည် ဘုရားသခင်ကို သိရှိရန်အတွက် ဘုရားသခင်၏ကျေးဇူးတော်ကို မွေ့လျော်ခံစားခြင်းအပေါ်၌ အမှီပြု၍ မရပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်