၈၂၆ ယုံကြည်သူတစ်ဦးအနေနှင့် သင်၏တာဝန်မှာ ဘုရားအတွက် သက်သေခံရန်ဖြစ်၏ကျူး
၁ စာတန်ကို ငါ၏ အောင်နိုင်ခြင်းနှင့်ဆိုင်သော သက်သေခံချက်သည် လူသား၏ သစ္စာစောင့်သိမှုနှင့် နာခံမှုအတွင်းတွင် တည်ရှိသည်ကို သင် သိသင့်သည်။ ငါ၌ သင့်ယုံကြည်ခြင်းနှင့်ဆိုင်သော တာဝန်မှာ ငါ့အဖို့ သက်သေခံရန်၊ ငါ့ကို သစ္စာစောင့်သိရန်နှင့် အခြားမည်သူ့ကိုမျှ သစ္စာမစောင့်သိရန်၊ ပြီးလျှင် အဆုံးတိုင်အောင် နာခံရန် ဖြစ်သည်။ ငါ့အမှု၏ နောက်တစ်ဆင့်ကို ငါ မစတင်မီ၊ သင်သည် ငါ့အဖို့ မည်သို့ သက်သေခံလိမ့်မည်နည်း။ ငါ့ကို သင် မည်သို့သစ္စာရှိကာ နာခံမည်နည်း။ သင်၏သစ္စာစောင့်သိမှုအားလုံးကို သင်၏ အလုပ်တာဝန်အဖို့ သင် ဆက်ကပ်ပါသလော သို့မဟုတ် တကယ်ကို လက်လျှော့လိမ့်မည်လော။ ယင်းထက် သင်သည် ငါ၏စီမံခန့်ခွဲမှုတိုင်းကို ကျိုးနွံနာခံမည်လော သို့မဟုတ် ငါ၏ ပြစ်တင်ဆုံးမမှုကို ရှောင်ရှားရန် လမ်းတစ်ဝက်တွင် ထွက်ပြေးလိမ့်မည်လော။ သင်သည် ငါ့အဖို့ သက်သေခံရန်နှင့် ငါ့ကို သစ္စာစောင့်သိကာ နာခံရန်အလို့ငှာ သင့်ကိုငါ ပြစ်တင်ဆုံးမပေသည်။
၂ ထို့အပြင် လက်ရှိ ပြစ်တင်ဆုံးမခြင်းသည် ငါ၏အမှု၏ နောက်အဆင့်ကို ဖွင့်ပြရန်နှင့် အမှုကို ပိတ်ဆီးထားခြင်း မရှိဘဲ တိုးတက်စေရန် ဖြစ်သည်။ ထို့ကြောင့် သင်သည် အမြော်အမြင် ရှိရန်နှင့် သင်၏ ဘဝဖြစ်စေ၊ သင်၏ တည်ရှိခြင်းနှင့်ဆိုင်သည့် အရေးပါမှုကို ဖြစ်စေ တန်ဖိုးမဲ့သည့် သဲကဲ့သို့ သဘောမထားရန် ငါတိုက်တွန်း၏။ ငါ၏လာမည့်အမှုသည် မည်သည့်အရာ ဖြစ်လိမ့်မည်ကို သင် အတိအကျသိနိုင်ပါသလော။ လာမည့် နေ့ရက်များတွင် ငါ မည်သည့်အရာပြုမည်ဆိုသည်နှင့် ငါ၏အမှု မည်သို့ ဖွင့်ဟမည်ကို သင်သိပါသလော။ သင်သည် ငါ၏အမှုနှင့်ဆိုင်သည့် သင့်အတွေ့အကြုံ၏ အရေးပါမှုအပြင်၊ ငါ၌ သင်၏ ယုံကြည်ခြင်း အရေးပါမှုကို သိသင့်သည်။ အကယ်စင်စစ် ငါသည် ဤခေတ်ကို အဆုံးသတ်ရန် ကြွလာပြီးဖြစ်သည်။ ဤသည်မှာ အမှန်ဖြစ်သော်လည်း၊ ငါသည် ခေတ်သစ်ကို စတင်ရန်၊ အမှုအသစ်ကို စတင်ရန်နှင့်၊ အဓိကကျဆုံးအနေဖြင့် နိုင်ငံတော်၏ ဧဝံဂေလိတရား ဖြန့်ဝေရန် ရှိသည်ကို သင်သိရမည်။
၃ သို့ဖြစ်၍ လက်ရှိအမှုသည် ခေတ်တစ်ခေတ် စတင်ရန် ဖြစ်ပြီး၊ လာမည့်အချိန်ကာလ၌ ဧဝံဂေလိတရား ဖြန့်ဝေခြင်းနှင့် အနာဂတ်တွင် ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းခြင်းအတွက် အခြေခံအုတ်မြစ်ချရန်သာ ဖြစ်သည်ကို သင်သိသင့်သည်။ ငါ၏ အမှုသည် သင်တွေးထင်သလောက် မလွယ်ကူသကဲ့သို့၊ သင်ယုံကြည်သလောက် အသုံးမကျ သို့မဟုတ် အဓိပ္ပာယ်မဲ့သည်လည်း မဟုတ်ပေ။ ထို့ကြောင့် သင့်ကို ငါပြောရဦးမည်- ငါ၏အမှုအဖို့ သင်၏အသက်ကို ပေးသင့်သည်၊ ထို့အပြင် ငါ၏ ဘုန်းအသရေအဖို့ သင့်ကိုယ်သင် ဆက်ကပ်သင့်သည်။ ငါ့အဖို့ သက်သေခံရန် သင့်ကို ငါ တမ်းတခဲ့သည်မှာ ကြာပြီဖြစ်ပြီး ငါ၏ဧဝံဂေလိတရားကို ဖြန့်ရန် သင့်ကို ငါ တမ်းတခဲ့သည်မှာ သာ၍ ကြာမြင့်ပြီ ဖြစ်သည်။ ငါ၏ စိတ်နှလုံး၌ ရှိသည့်အရာကို သင် နားလည်သင့်ပေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်