၂။ သင်က သခင်ယေရှုသည် ပြန်ကြွလာပြီးဖြစ်သည်၊ သူသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်ပြီး ဘုရားသခင်၏ အိမ်တော်မှ စတင်သည့် တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ဖို့ သမ္မာတရားများကို ဖော်ပြနေသည်ဟု သက်သေခံသည်။ သို့သော် သင်းအုပ်ဆရာများနှင့် အကြီးအကဲများက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်အားလုံးကို ကျမ်းစာထဲတွင် မှတ်တမ်းတင်ထားပြီး၊ သမ္မာကျမ်းစာ၏ သမ္မာတရားက မခြုံငုံသည့်အရာ မည်သည့်အရာမျှမရှိဟု ဆိုကြသည်။ ၎င်းတို့က သမ္မာကျမ်းစာ ပြင်ပတွင် ဘုရားသခင်၏ မည်သည့် နှုတ်ကပတ်တော်များနှင့် အမှုတော်မျှမရှိသကဲ့သို့ သမ္မာကျမ်းစာ ပြင်ပ၌ ရှိသည့် မည်သည့်အရာမဆိုသည် မိစ္ဆာအယူဝါဒဖြစ်သည်ဟု ဆိုကြသည်။ ဤကိစ္စရပ်ကို ကျွန်ုပ်တို့ မည်သို့ သဘောထားသင့်သနည်း။
ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-
“ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၂၁:၂၅)
“သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)
“ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူမည်သည် ကား ကြားပါစေ။ အကြင်သူသည် အောင်မြင်၏။ ဝှက်ထားသောမန္နကို၎င်း၊ ကျောက်ဖြူလက်ဖွဲ့ကို၎င်း၊ ထိုကျောက်ပေါ်၌ အက္ခရာတင်သောနာမသစ်ကို၎င်း ထိုသူအား ငါပေးမည်။ ထိုကျောက်ကိုရသော သူမှတပါး အဘယ်သူမျှ ထိုနာမကို မသိနိုင်ရာ။” (ဗျာဒိတ်ကျမ်း ၂:၁၇)
“ထိုအခါတဘက်တချက်၌ အက္ခရာတင်၍ တံဆိပ်ခုနစ်ချက် ခတ်သော စာစောင်ကို ပလ္လင်တော်ပေါ် မှာ ထိုင်တော်မူသောသူ၏ လက်ျာလက်၌ငါမြင်၏။ အားကြီးသောကောင်းကင်တမန်တပါးက၊ ထိုစာစောင်ကိုဖွင့်၍ တံဆိပ်တို့ကိုခွါခြင်းငှါ အဘယ်သူထိုက် သနည်းဟု ကြီးသောအသံနှင့် ကြွေးကြော်လျက်ရှိသည်ကို ငါမြင်၏။ ထိုစာစောင်ကိုဖွင့်၍ကြည့်ခြင်းငှါ ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၌ အဘယ်သူမျှမတတ်နိုင်။ ထိုစာစောင်ကိုဖွင့်၍ ကြည့်ထိုက်သောသူ တယောက်ကိုမျှ ရှာ၍မတွေ့သောကြောင့်၊ ငါသည် များစွာငိုကြွေးလေ၏။ ထိုအခါအသက်ကြီးသောသူတပါးက၊ မငိုကြွေးနှင့်၊ ယုဒအမျိုး ခြင်္သေ့သတည်းဟူသော ဒါဝိဒ်၏အမြစ်သည် ထိုစာစောင်ကို၎င်း၊ တံဆိပ် ခုနစ် ချက်တို့ကို၎င်း၊ ဖွင့်ခြင်းငှါ အောင်မြင်လေပြီဟု ငါ့ကို ပြောဆို၏။” (ဗျာဒိတ်ကျမ်း ၅:၁-၅)
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
သမ္မာကျမ်းစာထဲတွင် မှတ်သားထားသည့် အရာများသည် အကန့်အသတ်ရှိ၏။ ၎င်းတို့သည် ဘုရားသခင်၏ လုပ်ဆောင်မှုကို အလုံးစုံ ကိုယ်စားမပြုနိုင်ပေ။ ခရစ်ဝင်ကျမ်း လေးကျမ်းသည် ယေရှုက သင်္ဘောသဖန်းပင်ကို ကျိန်ဆိုခြင်း၊ ပေတရုက သခင်ကို သုံးကြိမ်တိုင်အောင် ငြင်းပယ်ခြင်း၊ သူ၏ လက်ဝါးကားတိုင်ပေါ် အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း ပြီးနောက် နောက်လိုက် တပည့်တော်များရှေ့တွင် ယေရှု၏ ကိုယ်ထင်ပြခြင်း၊ အစာရှောင်ခြင်းအကြောင်း သွန်သင်မှု၊ ဆုတောင်းခြင်းအကြောင်း သွန်သင်မှု၊ ကွာရှင်းခြင်းအကြောင်း သွန်သင်မှု၊ ယေရှု၏မွေးဖွားခြင်းနှင့် ဆွေစဉ်မျိုးဆက်စာရင်း၊ တပည့်တော်များကို ယေရှုခန့်အပ်ခြင်း စသည့် ဖြစ်ပျက်မှုများကို အရေအတွက် ကန့်သတ်ချက်ဖြင့် ရေးထားသော အခန်းကြီးများ အားလုံး တစ်ရာထက် လျော့နည်းလေသည်။ သို့သော်၊ ယနေ့ အမှုကို ယင်းတို့နှင့် နှိုင်းယှဉ်လျက်ပင် လူသားသည် ယင်းတို့ကို ရတနာများကဲ့သို့ တန်ဖိုးထားကြသည်။ ယေရှုသည် မွေးဖွားလာသည့် အချိန်မှစ၍ များစွာသော အလုပ်ကို လုပ်ဆောင်ခဲ့သည်ဟုပင် သူတို့ ယုံကြည်ကြသည်။ ဘုရားသခင်က ဤမျှသာ လုပ်နိုင်စွမ်းရှိပြီး နောက်ထပ် ဘာမျှမလုပ်တော့သည့်အလား၊ ယေရှုက သူ၏ဘဝတွင် လုပ်ခဲ့သည့် အလုပ်အားလုံးမှာ ထိုမျှသာဖြစ်သည်ဟုပင် ၎င်းတို့ ယုံကြည်ကြလေသည်။ ဤသည်မှာ ရယ်စရာ မကောင်းသလော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)
သင်က ပညတ်တော်ခေတ်၏ အလုပ်ကို ကြည့်လိုပြီး၊ ဣသရေလအမျိုးသားများ ယေဟောဝါ၏ လမ်းခရီးကို မည်သို့ လိုက်နာခဲ့ကြကြောင်းကို ကြည့်လိုလျှင်၊ သင်သည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုရမည်။ သင်သည် ကျေးဇူးတော်ခေတ်၏ အလုပ်ကို နားလည်လိုလျှင်၊ ဓမ္မသစ်ကျမ်းကို ဖတ်ရှုရမည်။ သို့သော်လည်း နောက်ဆုံးသောကာလ၏ အမှုကို သင် မည်သို့ မြင်သနည်း။ သင်သည် ယနေ့၏ဘုရားသခင်၏ ဦးဆောင်မှုကို လက်ခံလျက် ယနေ့၏အမှုတော်ထဲကို ဝင်ရောက်ကြရမည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် အမှုသစ်ဖြစ်ပြီး၊ မည်သူမျှ ယခင်က သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင် မထားခဲ့သောကြောင့် ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် လူ့ဇာတိခံယူပြီး တရုတ်နိုင်ငံ၌ အခြားရွေးကောက်ခံရသူများကို ရွေးထားပြီ ဖြစ်သည်။ ဘုရားသခင်သည် ထိုလူများ၌ အမှုပြုသည်၊ သူသည် ကမ္ဘာကြီးပေါ်က သူ၏အမှုတော်မှ ဆက်လက်ဆောင်ရွက်ပြီး၊ ကျေးဇူးတော်ခေတ်၏အမှုတော်မှ ဆက်ပြီး ဆောင်ရွက်သည်။ ယနေ့၏အမှုတော်သည် လူသားတို့ မည်သည့်အခါကမျှ မလျှောက်ဖူးသေးသည့် လမ်းကြောင်းဖြစ်ပြီး မည်သူကမှ မမြင်ဖူးသည့် လမ်းခရီးဖြစ်သည်။ ယင်းသည် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အမှုတော်ဖြစ်သည်၊ ယင်းသည် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ နောက်ဆုံးအမှုတော် ဖြစ်သည်။ ထို့ကြောင့် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အလုပ်သည် သမိုင်းမဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ပစ္စုပ္ပန်သည် ပစ္စုပ္ပန်သာဖြစ်ပြီး၊ အတိတ်ဖြစ်သွားရန် လိုသေး၍ ဖြစ်သည်။ ဘုရားသခင်သည် ပိုကြီးမားသည့်၊ ပိုသစ်သည့်အမှုကို ဣသရေလ၏ ပြင်ပ၊ ကမ္ဘာကြီးပေါ်မှာ ပြုလုပ်ခဲ့ပြီးကြောင်း၊ ထိုအမှုသည် ဣသရေလ၏ နယ်ပယ်အပြင်ထိ ကျော်လွန်နှင့်ပြီး၊ ပရောဖက်များ၏ ကြိုတင်ဟောကြားချက်များကို ကျော်လွန်လျက် ရောက်ရှိနှင့်ပြီးဖြစ်ကြောင်း၊ ယင်းသည် ပရောဖက်ပြုချက်များ၌ မပါဝင်သည့် အသစ်သော အံ့သြဖွယ်အမှု၊ ဣသရေလအပြင်ရှိ ပိုမိုသစ်လွင်သည့် အမှု၊ လူသားများ မည်သည့်အခါတွင်မျှ သိနားလည်နိုင်မည် မဟုတ်သကဲ့သို့ စိတ်ကူးနိုင်ကြမည် မဟုတ်သည့် အမှုဖြစ်ကြောင်းကို လူများက မသိကြပေ။ သမ္မာကျမ်းစာထဲ၌ ယင်းကဲ့သို့သောအမှု၏ ပြည့်စုံစွာ ရှင်းလင်းဖော်ပြထားသော မှတ်တမ်းများ မည်သို့ ပါဝင်နိုင်မည်နည်း။ မည်သူသည် ယနေ့အမှု၏ တစ်ချက်ချင်းစီကို မည်သည့် အရာကိုမျှ ထိန်ချန်မထားဘဲ၊ ကြိုတင်ပြီး မှတ်တမ်းတင်ပေးနိုင်ခဲ့မည်နည်း။ မည်သူကများ ဟောင်းနွမ်းလှသည့် ထိုစာအုပ်ထဲ၌ ယခုကဲ့သို့ ပိုမို ကြီးမြတ်ပြီး ပို၍ ဉာဏ်ပညာရှိကာ၊ အစဉ်အလာကို အာခံသည့် အမှုကို မှတ်တမ်းတင်ပေးနိုင်ခဲ့မည်နည်း။ ယနေ့အမှုသည် သမိုင်းမဟုတ်ပေ၊ သို့ဖြစ်၍ သင်က ယနေ့၏လမ်းကြောင်း အသစ်အတိုင်း လျှောက်သွားချင်ပါက၊ သင်သည် သမ္မာကျမ်းစာမှ သွေဖည်ရမည်ဖြစ်သည်၊ သင်သည် သမ္မာကျမ်းစာထဲက အနာဂတ္တိကျမ်း စာအုပ်များ သို့မဟုတ် သမိုင်းကို ကျော်လွန်ပြီးသွားရမည်။ သို့ဖြစ်မှသာ သင်သည် လမ်းကြောင်းအသစ်ကို မှန်ကန်စွာ လျှောက်နိုင်မည် ဖြစ်သည်၊ ထို့အပြင် ထိုအခါကျမှသာ သင်သည် လောကသစ်နှင့် အမှုသစ်ထဲကို ဝင်ရောက်နိုင်မည် ဖြစ်သည်။ ယနေ့ သင့်ကို သမ္မာကျမ်းစာ မဖတ်ကြားတော့ရန် မှာကြားနေရသည်မှာ၊ သမ္မာကျမ်းစာနှင့် ကွဲပြားသည့် အခြားအမှုတစ်ခု ရှိနေရသည်မှာ၊ ဘုရားသခင်က သမ္မာကျမ်းစာထဲ၌ ပိုသစ်ပြီး ပိုအသေးစိတ်ကျသည့် လက်တွေ့လုပ်ဆောင်မှုကို ရှာမကြည့်သည်မှာ၊ ၎င်းအစား သမ္မာကျမ်းစာ ပြင်ပ၌ ပိုကြီးမြတ်သည့်အမှု ရှိနေသည်မှာ အဘယ်ကြောင့်နည်း ဆိုသည်ကို သင် နားလည်ရမည်။ ဤသည်အားလုံးသည် သင်တို့ နားလည်သင့်သည့် အရာဖြစ်သည်။ သင်သည် အမှုအဟောင်းနှင့် အသစ်အကြား ခြားနားချက်ကို နားလည်ရမည်၊ ပြီးလျှင် သင်သည် သမ္မာကျမ်းစာကို မဖတ်သည့်တိုင်အောင် ၎င်းကို စိစစ်နိုင်စွမ်း ရှိရမည်၊ သို့မဟုတ်လျှင် သင်သည် သမ္မာကျမ်းစာကို ကိုးကွယ်မြဲ ကိုးကွယ်နေမည် ဖြစ်၍၊ သင်သည် အမှုသစ်ထဲကို ဝင်ရန်နှင့် အပြောင်းအလဲ အသစ်များကို ကြုံတွေ့ရန် ခဲယဉ်းလိမ့်မည်။ ပိုမြင့်မားသည့် လမ်းခရီး ရှိနေသောကြောင့်၊ နိမ့်ကျပြီး ဟောင်းနေသည့် လမ်းခရီးကို အဘယ့်ကြောင့် လေ့လာနေသနည်း။ ပိုသစ်သည့် မိန့်မြွက်ချက်များနှင့် ပိုသစ်သည့်အမှု ရှိနေလျှင်၊ သမိုင်းမှတ်တမ်း အဟောင်းများအကြားတွင် အဘယ့်ကြောင့် နေထိုင်နေသေးသနည်း။ မိန့်ကြားချက် အသစ်များက သင့်ကို ပံ့ပိုးပေးနိုင်သည်၊ ဤအချက်က ယင်းသည် အမှုသစ် ဖြစ်ကြောင်းကို သက်သေပြနေသည်၊ မှတ်တမ်းအဟောင်းများက သင့်ကိုဆန္ဒ ပြည့်ဝစေနိုင်ခြင်း၊ သင်၏လက်ရှိ လိုအပ်ချက်များကို ဖြည့်ဆည့်းပေးနိုင်ခြင်း မရှိဘဲ၊ ၎င်းတို့သည် သမိုင်းဖြစ်ပြီး ယခုအချိန် ယခုနေရာ၏ အမှုမဟုတ်ကြောင်းကို သက်သေပြနေသည်။ အမြင့်ဆုံးလမ်းခရီးသည် အသစ်ဆုံးအမှုဖြစ်ပြီး၊ အမှုသစ်နှင့်ဆိုလျှင် အတိတ်က လမ်းခရီး မည်မျှပင် မြင့်မားခဲ့ပါစေ၊ ၎င်းသည် လူတို့၏ ပြန်ပြောင်းဆင်ခြင် သုံးသပ်ချက်များ၏ သမိုင်းဖြစ်နေဆဲ ဖြစ်ပြီး၊ ရည်ညွှန်း ပြောဆိုချက်အဖြစ် ၎င်း၏တန်ဖိုးမှာ မည်သို့ပင်ရှိပါစေ၊ ယင်းသည် လမ်းခရီးဟောင်း ဖြစ်နေဆဲ ဖြစ်သည်။ ၎င်းကို “သန့်ရှင်းသည့် ကျမ်းစာအုပ်” ထဲ မှတ်တမ်းတင်ထားစေကာမူ၊ လမ်းခရီးဟောင်းသည် သမိုင်းဖြစ်သည်၊ “သန့်ရှင်းသည့် ကျမ်းစာအုပ်” ထဲမှာ မည်သို့မျှ ရေးမှတ် မထားသော်လည်း၊ လမ်းခရီးသစ်သည် ယခုအချိန် ယခုနေရာမှာ ရှိနေ၏။ ၎င်းလမ်းခရီးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည့် အတွက်ကြောင့်၊ သင့်ကို ကယ်တင်နိုင်ပြီး ဤလမ်းခရီးသည် သင့်ကို ပြောင်းလဲနိုင်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)
သမ္မာကျမ်းစာသည် သမိုင်းအခြေခံသော စာအုပ်တစ်အုပ် ဖြစ်သည်၊ သင်သည် ဓမ္မဟောင်းကျမ်းကို ကျေးဇူးတော်ခေတ်ထဲတွင် စားသောက်ခဲ့မည်ဆိုလျှင်၊ ဓမ္မဟောင်းကျမ်း ခေတ်က သတ်မှတ်ထားခဲ့သည့် အရာကို ကျေးဇူးတော်ခေတ်ထဲတွင် လက်တွေ့ကျင့်သုံးခဲ့ပါက၊ ယေရှုသည် သင်တို့ကို ငြင်းပယ်ခဲ့ပြီး ရှုတ်ချခဲ့မည်ဖြစ်သည်၊ သင်က ဓမ္မဟောင်းကျမ်းကို ယေရှု၏အမှု၌ ကျင့်သုံးခဲ့လျှင် သင်သည် ဖာရိရှဲဖြစ်ခဲ့လိမ့်မည်။ သင်သည် ယနေ့တွင် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်း နှစ်ခုစလုံးကို စားသောက်ရန်အတွက် ပေါင်းစည်းကာ လက်တွေ့လုပ်ဆောင်မည်ဆိုလျှင်၊ ယနေ့၏ ဘုရားသခင်သည် သင့်ကို ရှုတ်ချလိမ့်မည်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ယနေ့အလုပ်၌ နောက်ကျနေခဲ့မည် ဖြစ်သည်။ အကယ်၍ သင်သည် ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းကို စားသောက်လျှင်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း အပြင်၌ ရှိနေသူ ဖြစ်သည်။ ယေရှု၏ လက်ထက်၌၊ ယေရှုသည် ထိုစဉ်က သန့်ရှင်းသော ဝိညာဉ်တော်က သူ့ထဲတွင် အလုပ်လုပ်ခဲ့သည်နှင့်အညီ ယုဒလူများနှင့် သူ၏ နောက်သို့လိုက်သူများ အားလုံးကို လမ်းပြခဲ့သည်။ ယေရှုသည် မိမိပြုခဲ့သည့် အမှုများအတွက် သမ္မာကျမ်းစာကို အခြေခံအဖြစ် မခံယူခဲ့ဘဲ၊ မိမိ၏အမှုနှင့်အညီ ပြောဆိုခဲ့သည်။ သမ္မာကျမ်းစာထဲ မိန့်ဆိုထားသည်များကို သူဂရုမစိုက်ခဲ့သလို၊ သူ၏ နောက်လိုက်များကို ဦးဆောင်ရမည့် လမ်းကြောင်းကိုလည်း သမ္မာကျမ်းစာထဲမှာ မရှာခဲ့ပေ။ သူသည် စတင် အမှုပြုသည့်အခါမှစ၍ ဓမ္မဟောင်းကျမ်း၏ ပရောဖက်ပြုခြင်းများ၌ လုံးဝ မဖော်ပြထားခဲ့သည့် စကားတစ်လုံးဖြစ်သည့်- နောင်တရခြင်း လမ်းခရီးကို သူ ဖြန့်ဝေခဲ့လေသည်။ ယေရှုသည် သမ္မာကျမ်းစာနှင့်အညီ မပြုမူခဲ့သည့်အပြင်၊ သူသည် လမ်းကြောင်းအသစ်ကိုလည်း ဦးဆောင်လမ်းပြခဲ့ပြီး အမှုသစ်ကို ဆောင်ရွက်ခဲ့သည်။ ယေရှုက တရားဟောရာတွင် သမ္မာကျမ်းစာကို မည်သည့်အခါမျှ မကိုးကားခဲ့ပေ။ ပညတ်တော်ခေတ်အတွင်း၌၊ နာမကျန်းသော သူများကို ကုသပေးရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့နှင့် သက်ဆိုင်သော သူ၏ အံ့ဖွယ်အရာများကို မည်သူမျှ တစ်ခါမျှ လုပ်ပြနိုင်စွမ်း မရှိခဲ့ကြပေ။ ယေရှု၏ အမှု၊ သူ၏ သွန်သင်ချက်များနှင့် ပညတ်တော်ခေတ်တုန်းက မည်သည့် လူသားကိုမဆို ကျော်လွန်သည့် သူ့နှုတ်ကပတ်တော်များ၏ ဩဇာအာဏာနှင့် တန်ခိုးတော်တို့မှာလည်း ထို့အတူပင်ဖြစ်ခဲ့ကြသည်။ ယေရှုက သူ၏ သာ၍သစ်သော အမှုကိုသာ လုပ်ခဲ့သည်၊ ထို့အပြင် လူအများအပြားတို့က သမ္မာကျမ်းစာကို အသုံးချပြီး သူ့ကို ပြစ်တင်ရှုတ်ချခဲ့ကြသည့်တိုင်အောင်၊ သူ့အား လက်ဝါးကပ်တိုင်ပေါ်ကို တင်၍ အဆုံးစီရင်ရန် ဓမ္မဟောင်းကျမ်းကိုပင် အသုံးပြုခဲ့ကြသည့်တိုင်အောင်၊ သူ၏ အမှုသည် ဓမ္မဟောင်းကျမ်းကို ကျော်လွန်သွားခဲ့သည်၊ ထိုသို့သာမဟုတ်ခဲ့လျှင်၊ လူများက သူ့ကို လက်ဝါးကပ်တိုင်ပေါ်၌ သံမှိုစွဲခဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။ ထိုသို့ ဖြစ်ခဲ့ရသည်မှာ ဓမ္မဟောင်းကျမ်းထဲတွင် ယေရှု၏ သွန်သင်မှုများအပြင်၊ သူ၏ နာမကျန်းသော သူများကို ကုသပေးနိုင်စွမ်းနှင့် နတ်ဆိုးများကို နှင်ထုတ်ပေးနိုင်စွမ်းတို့အကြောင်း တစ်လုံးတစ်ပါဒမျှ မိန့်ကြားမထားခြင်းကြောင့် မဟုတ်သလော။ ယေရှု၏ အမှုသည် လမ်းကြောင်းအသစ်ဖြင့် ဦးဆောင်လမ်းပြရန်ဖြစ်သည်၊ သမ္မာကျမ်းစာနှင့် တိုက်ပွဲ တမင်ဆင်နွှဲရန် သို့မဟုတ် ဓမ္မဟောင်းကျမ်းကို တမင်မသုံးဘဲ ဖယ်ထားရန် မဟုတ်ပေ။ ယေရှုသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့နှင့်၊ ၎င်းကို တမ်းတ၍ ရှာဖွေခဲ့ကြသူတို့ထံသို့ အမှုသစ်ကို ယူဆောင်လာဖို့သက်သက် လာခဲ့ခြင်း ဖြစ်သည်။ ယေရှုသည် ဓမ္မဟောင်းကျမ်းကို ရှင်းပြရန် သို့မဟုတ် ယင်း၏ အမှုကို အတည်ပြုရန် လာခဲ့ခြင်း မဟုတ်ပေ။ ယေရှု၏ အမှုမှာ ပညတ်တော်ခေတ်ကို ဆက်လက်ပြီး ဖွံ့ဖြိုးစေရန် မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် သူ၏အမှုသည် သမ္မာကျမ်းစာကို အခြေခံထားခဲ့ခြင်း ရှိ မရှိ ထည့်သွင်း မစဉ်းစားထားသောကြောင့် ဖြစ်သည်။ ယေရှုသည် ၎င်းအနေနှင့် ပြုအပ်သည့်အမှုကို ဆောင်ရွက်ဖို့သက်သက် လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်၊ ယေရှုသည် ဓမ္မဟောင်းကျမ်းထဲက ပရောဖက်ပြုချက်များကို ရှင်းမပြခဲ့သလို၊ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်၏ နှုတ်ကပတ်တော်များနှင့် အညီလည်း မဆောင်ရွက်ခဲ့ပေ။ သူသည် ဓမ္မဟောင်းကျမ်းက ဆိုထားသည်များကို လျစ်လျူရှုခဲ့သည်၊ ထိုကျမ်းသည် သူ၏အမှုနှင့် ကိုက်ညီခြင်း ရှိ၊ မရှိကို ဂရုမစိုက်ခဲ့ပေ၊ ထို့အပြင် အခြားသူတို့က သူ၏အမှုအကြောင်း မည်သည့်အရာများ သိရှိကြသည်၊ သို့မဟုတ် သူတို့က ၎င်းအား မည်သို့ ရှုတ်ချခဲ့ကြသည်ကိုလည်း ဂရုမစိုက်ခဲ့ပေ။ လူအများအပြားတို့က ဓမ္မဟောင်းကျမ်းထဲက ပရောဖက်တို့၏ ကြိုတင်ဟောကိန်းများကို အသုံးပြုပြီး ယေရှုကို ရှုတ်ချခဲ့ကြသော်လည်း၊ သူသည် လုပ်ဆောင်အပ်သည်များကိုသာ ဆက်ပြီးလုပ်ဆောင်ခဲ့သည်။ လူတို့အတွက်၊ ယေရှု၏ အမှုမှာ အခြေခံအကြောင်းရင်း မရှိသကဲ့သို့ ထင်စရာဖြစ်ခဲ့ပြီး၊ ဓမ္မဟောင်းကျမ်းထဲက မှတ်တမ်းများနှင့် မကိုက်ညီသည့် အချက်များ အများအပြား ရှိခဲ့ပုံ ထင်ရသည်။ ဤအချက်မှာ လူသား၏ အမှားဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ အမှုတွင် အယူဝါဒများကို အသုံးချဖို့ရန် လိုအပ်သလော။ ထို့အပြင် ဘုရားသခင်သည် ပရောဖက်များ၏ ကြိုတင်ဟောကိန်းများနှင့် အညီ လုပ်ကိုင်ရမည်လော။ အမှန်စင်စစ် ပိုကြီးမြတ်သည်က မည်သည့်အရာနည်း- ဘုရားသခင်လော၊ သမ္မာကျမ်းစာလော။ ဘုရားသခင်သည် မည်သည့်အတွက်ကြောင့် သမ္မာကျမ်းစာနှင့်အညီ အမှုပြုရမည်နည်း။ ဘုရားသခင်သည် သမ္မာကျမ်းစာကို ကျော်လွန်ခွင့် မရှိခြင်းကြောင့်များ ဖြစ်နိုင်သလော။ ဘုရားသခင်သည် သမ္မာကျမ်းစာမှ သွေဖည်လျက် အခြားအမှုကို မပြုနိုင်ပေဘူးလော။ ယေရှုနှင့် သူ၏ တပည့်များက ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ကြသည်မှာ အဘယ့်ကြောင့်နည်း။ ယေရှုသည် ဥပုသ်နေ့အရနှင့် ဓမ္မဟောင်းကျမ်းလာ ပညတ်များအတိုင်း လက်တွေ့လုပ်ဆောင်ခဲ့မည် ဆိုပါက၊ သူလာပြီးနောက် ယေရှုသည် ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ဘဲနှင့် ယင်းအစား ခြေကိုဆေးကြောခြင်း၊ ခေါင်းကိုဖုံးအုပ်ခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်းနှင့် စပျစ်ရည်ကို သောက်သုံးခြင်း ပြုလုပ်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ထိုအချက်များ အားလုံးသည် ဓမ္မဟောင်းကျမ်းလာ ပညတ်များ၌ ကင်းမဲ့နေသည် မဟုတ်လော။ ယေရှုက ဓမ္မဟောင်းကျမ်းကို လေးစားခဲ့သည်ဆိုလျှင်၊ သူသည် ထိုအယူဝါဒများကို ချိုးဖောက်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ဦးစွာလာသည်မှာ ဘုရားသခင်လော၊ သမ္မာကျမ်းစာလော ဆိုသည်ကို သင် သိသင့်သည်။ ဥပုသ်နေ့၏ သခင်ဖြစ်လျက်၊ သူသည် သမ္မာကျမ်းစာ၏ သခင်ပါ မဖြစ်နိုင်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)
ထိုအချိန်က၊ ယေရှုသည် သူ၏တပည့်များအား မည်သို့လက်တွေ့လုပ်ဆောင်ရမည်၊ မည်သို့အတူတကွစုရုံးရမည်၊ ဆုတောင်းခြင်းတွင် မည်သို့တောင်းလျှောက်ရမည်၊ အခြားသူများကို မည်သို့ဆက်ဆံရမည် စသည်တို့ကဲ့သို့သော အကြောင်းအရာများ နှင့်ပတ်သက်၍ တရားဟောပြောချက် အတွဲများဖြင့်သာ ကျေးဇူးတော်ခေတ်တွင် မြွက်ကြားခဲ့သည်။ သူဆောင်ရွက်ခဲ့သည့် အမှုမှာ ကျေးဇူးတော်ခေတ်၏ အမှုဖြစ်ပြီး၊ တပည့်တော်များနှင့် သူ့နောက်လိုက်သူများအနေဖြင့် မည်သို့ လက်တွေ့ လုပ်ဆောင်သင့် သည်ကိုသာ အသေးစိတ် ရှင်းပြခဲ့သည်။ သူသည် ကျေးဇူးတော်ခေတ်၏ အမှုကိုသာ လုပ်ဆောင်ခဲ့ပြီး နောက်ဆုံးသောကာလ၏ မည်သည့်အမှုကိုမျှ မလုပ်ဆောင်ခဲ့ပေ။ ယေဟောဝါသည် ပညတ်တော်ခေတ်တွင် ဓမ္မဟောင်း ပညတ်တရားကို ချမှတ်ခဲ့ချိန်တွင်၊ ကျေးဇူးတော်ခေတ်၏အမှုကို အဘယ်ကြောင့် သူ မလုပ်ဆောင်ခဲ့သနည်း။ သူသည် အဘယ်ကြောင့် ကျေးဇူးတော်ခေတ်၏အမှုကို ကြိုတင်၍ ရှင်းသွားစေဖို့ မပြုခဲ့သနည်း။ ဤအရာက ယင်းကို လူသား လက်ခံရန် အထောက်အကူ ပြုခဲ့မည်မဟုတ်လော။ သားယောက်ျားလေးတစ်ဦး မွေးဖွားကာ တန်ခိုးအာဏာ ရှိလာလိမ့်မည်ဟုသာ သူက ပရောဖက် ပြုခဲ့သော်လည်း၊ ကျေးဇူးတော်ခေတ်၏ အမှုကို ကြိုတင် ဆောင်ရွက်ခဲ့ခြင်းမရှိပေ။ ခေတ်တစ်ခုစီထဲက ဘုရားသခင်၏ အမှုသည် ရှင်းလင်းပြတ်သားသော နယ်နိမိတ်များ ရှိ၏။ သူသည် လက်ရှိခေတ်၏ အမှုကိုသာ လုပ်ဆောင်ပြီး၊ အမှု၏ နောက်အဆင့်ကို မည်သည့်အခါမျှ ကြိုတင် မဆောင်ရွက်ပေ။ ထိုသို့ဖြင့်သာ ခေတ်အသီးသီးနှင့်ဆိုင်သည့် သူ၏ ကိုယ်စားပြုခြင်းအမှုသည် ရှေ့သို့ ရောက်ရှိနိုင်ပေသည်။ ယေရှုသည် နောက်ဆုံးသော ကာလ၏ နိမိတ်လက္ခဏာများ၊ မည်သို့ စိတ်ရှည်ရမည်၊ ပြီးလျှင် မည်သို့ ကယ်တင်ခြင်းခံရမည်၊ မည်သို့နောင်တရပြီး ဝန်ခံရမည်၊ ပြီးလျှင် ကားတိုင်ကို မည်သို့ ထမ်းရွက်ပြီး ဆင်းရဲဒုက္ခများကို မည်သို့ ကြံ့ကြံ့ခံရမည် ဆိုသည်တို့ကိုသာ ပြောဆိုခဲ့သည်။ နောက်ဆုံးသော ကာလထဲတွင်ရှိသည့် လူသားသည် ဝင်ရောက်မှုကို မည်သို့ ရရှိသင့်သည်ကို သူ လုံးဝ မပြောဆိုသကဲ့သို့၊ ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ မည်သို့ကြိုးစားသင့်သည် ဆိုသည်နှင့်သက်ဆိုင်၍ လုံးဝ သူ မပြောဆိုခဲ့ပေ။ ထိုသို့ဖြစ်သဖြင့်၊ ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုအတွက် သမ္မာကျမ်းစာကို ရှာဖွေဖို့ဆိုသည်မှာ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ သမ္မာကျမ်းစာကို ဖမ်းဆုပ်ထားခြင်းမျှဖြင့် မည်သည့်အရာကို သင် သိမြင်နိုင်သနည်း။ သမ္မာကျမ်းစာကို ရှင်းလင်းဖော်ပြသူဖြစ်စေ၊ တရားဟောဆရာဖြစ်စေ၊ အဘယ်သူသည် ယနေ့၏အမှုကို ကြိုတင် တွေ့မြင်နိုင်မည်နည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း
သမ္မာကျမ်းစာသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် သမိုင်းဆိုင်ရာမှတ်တမ်းတစ်ခု သက်သက်ဖြစ်ပြီး၊ ဘုရားသခင်၏ ယခင်အမှုအဆင့်နှစ်ဆင့်ဆိုင်ရာ သက်သေဖြစ်ကာ၊ ယင်းသည် ဘုရားသခင်၏အမှု၏ ရည်မှန်းချက်များနှင့်ဆိုင်သည့် သိနားလည်မှုကို သင့်ကို လုံး၀ မပေးကြောင်း သမ္မာကျမ်းစာ၏ အရှိတရားကို မည်သူမျှ မသိရှိချေ။ သမ္မာကျမ်းစာကို ဖတ်ရှုဖူးသူတိုင်းက ၎င်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် အတောအတွင်း ဘုရားသခင်၏အမှု အဆင့်နှစ်ဆင့်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်ကြောင်း သိကြသည်။ ဓမ္မဟောင်းကျမ်းသည် ဣသရေလနိုင်ငံ၏ သမိုင်းနှင့် ဖန်ဆင်းခြင်းအချိန်မှစပြီး ပညတ်တော်ခေတ် ပြီးဆုံးသည်အထိ ယေဟောဝါ၏ လုပ်ဆောင်မှုကို မှတ်တမ်းတင်ထားသည်။ ဓမ္မသစ်ကျမ်းသည် ခရစ်ဝင်ကျမ်း လေးကျမ်းတွင်ပါရှိသည့် ကမ္ဘာမြေပေါ်တွင် ယေရှု၏ အလုပ်နှင့် ပေါလု၏ အလုပ်တို့ကို ဖော်ပြထားသည်- ဤအရာတို့သည် သမိုင်းဆိုင်ရာ မှတ်တမ်းများ မဟုတ်ပေလော။ အတိတ်ကာလက အရာများကို ယနေ့ဆီ တင်ပြခြင်းက ၎င်းတို့ကို သမိုင်းဖြစ်စေပြီး၊ ၎င်းတို့သည် မည်မျှပင် မှန်ကန်သည်ဖြစ်စေ စစ်မှန်သည်ဖြစ်စေ၊ သမိုင်းဖြစ်နေဆဲပင်ဖြစ်ပြီး၊ ဘုရားသခင်သည် သမိုင်းကို ပြန်လှည့်မကြည့်သည့်အတွက် သမိုင်းသည် ပစ္စုပ္ပန်ကို ကိုယ်စားမပြုနိုင်ချေ။ ထို့ကြောင့် သင်သည် သမ္မာကျမ်းစာကိုသာ နားလည်ပြီး၊ ဘုရားသခင်က ယနေ့ ဆောင်ရွက်လိုသည့် အမှုအကြောင်း ဘာမျှမသိပါက၊ ပြီးလျှင် သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မရှာဖွေပါက၊ သင်သည် ဘုရားသခင်အား ရှာဖွေခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသည်ကို နားမလည်ပေ။ အကယ်၍ သင်သည် ဣသရေလသမိုင်းကို လေ့လာရန်၊ ဘုရားသခင်၏ ကောင်းကင်နှင့် မြေကြီးအား ဖန်ဆင်းခဲ့သည့် သမိုင်းကို သုတေသနပြုရန်အတွက် သမ္မာကျမ်းစာကို ဖတ်ရှုပါက၊ သင်သည် ဘုရားသခင်ကို မယုံကြည်ပေ။ သို့သော် ယနေ့တွင် သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး အသက်ကို လိုက်စားသည့်အတွက်၊ ဘုရားသခင်နှင့်ဆိုင်သော အသိပညာကို လိုက်စားပြီး အသက်မဲ့သော စကားလုံးများနှင့် အယူဝါဒများ သို့မဟုတ် သမိုင်းကို နားလည်မှုအား မလိုက်စားသည့်အတွက်၊ သင်သည် ဘုရားသခင်၏ ယနေ့အလိုတော်ကို ရှာဖွေရမည် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏အမှု၏ လမ်းညွှန်ချက်ကို ရှာဖွေရမည်ဖြစ်သည်။ အကယ်၍ သင်သည် ရှေးဟောင်းသုတေသန ပညာရှင်ဖြစ်လျှင် သမ္မာကျမ်းစာကို ဖတ်ရှုနိုင်သည်၊ သို့သော် သင်သည် ထိုကဲ့သို့သောသူ မဟုတ်၊ ဘုရားသခင်ကို ယုံကြည်သောသူများထဲမှ တစ်ဦးဖြစ်သည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်၏ ယနေ့အလိုတော်ကို ရှာဖွေပါက အကောင်းဆုံး ဖြစ်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၄)
ဤနေရာတွင် ငါ ရှင်းပြရန် ဆန္ဒရှိသည့် အချက်မှာ ဤသို့ဖြစ်သည်- ဘုရားသခင်၏ ဖြစ်ခြင်းနှင့် အရာအားလုံးသည် ထာဝရ မကုန်ခမ်းနိုင်သကဲ့သို့ အဆုံးမရှိဖြစ်သည်။ ဘုရားသခင်သည် အသက်နှင့် အရာခပ်သိမ်း၏ အရင်းအမြစ် ဖြစ်သည်။ သူ့ကို မည်သည့် ဖန်ဆင်းခံသတ္တဝါကမျှ နားမလည်နိုင်ပေ။ နောက်ဆုံးအနေနှင့်၊ အယောက်တိုင်းကို ငါ ဆက်လက်သတိပေးရမည်။ ဘုရားသခင်အား စာအုပ်များ၊ စကားလုံးများ၊ သို့မဟုတ် သူ၏ အတိတ်က မိန့်မြွက်ချက်များဖြင့် နောက်တစ်ဖန် ဘောင်မခတ်နှင့်။ ဘုရားသခင့်အမှု၏ ထူးခြားသော ပင်ကိုလက္ခဏာအတွက် စကားလုံးတစ်လုံးသာ ရှိသည်- အသစ်ဟူ၍ ဖြစ်၏။ သူသည် လမ်းဟောင်းများကို လျှောက်ရန် သို့မဟုတ် သူ၏ အမှု တစ်ကျော့ပြန်ရန် မနှစ်သက်ပေ။ ထို့အပြင် သူသည် လူတို့အား သူ့ကို နယ်ပယ်တစ်ခုအတွင်း ဘောင်ခတ်ခြင်းအားဖြင့် မကိုးကွယ်စေချင်ပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိဂုံးအမှာစကား