၃၄။ အပျက်သဘောဆောင်ခြင်းနှင့် တာဝန်များတွင် ခိုကတ်ခြင်းနောက်ကွယ်၌ ရှိသည့်အရာ
ခေါင်းဆောင်က ကျွန်မကို အဖွဲ့စုဝေးပွဲ နှစ်ခုသုံးခုကို ကြီးကြပ်ခိုင်းတယ်။ လက်တွေ့တချို့လုပ်ပြီးတဲ့နောက်မှာ၊ စည်းမျဉ်းတချို့ကို နားလည်လာခဲ့ပြီး၊ လူတွေ ဖြတ်သန်းရတဲ့ အခြေအနေတချို့ကို ပိုင်းခြားသိမြင်ဖို့ သင်ယူခဲ့တယ်။ ဒီတာဝန်က သမ္မာတရား အများကြီး သင်ယူဖို့ ကျွန်မကို ကူညီပြီး၊ မြန်မြန်ဆန်ဆန် တိုးတက်စေတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ရဲတွေက အထွေထွေရေးရာ သင်းထောက်ကို စတင်နောက်ယောင်ခံလိုက်ခဲ့ပြီး သူက တခြားလူတွေနဲ့ အဆက်အသွယ်တစ်ခုမှ မရှိနိုင်ခဲ့ဘူး။ ဒီတော့ ခေါင်းဆောင်က ကျွန်မကို အထွေထွေရေးရာ ကိုင်တွယ်ဖို့ စီစဉ်ပေးတယ်။ အဲဒီအချိန်အတောအတွင်းမှာ၊ ညီအစ်ကို မောင်နှမတွေက တစ်ယောက်ပြီး တစ်ယောက် အဖမ်းခံနေခဲ့ရတယ်။ စာအုပ်တွေကို သယ်ပို့တာ၊ ညီအစ်ကို မောင်နှမတွေကို ခိုလှုံခွင့်ပေးဖို့ ဧည်ခံတဲ့ အိမ်အသစ်တွေရှာတာစတဲ့၊ တာဝန်ယူရမဲ့ ကိစ္စတွေ အများကြီးရှိတယ်။ ကျွန်မက ဒီကိစ္စတွေအားလုံးကို စီစဉ်ရင်းနဲ့ နေ့တိုင်းနီးပါး ဟိုသည် ပြေးလွှားနေခဲ့တယ်။ နည်းနည်းကြာလာတော့၊ ကျွန်မ ဒေါပွပြီး စိတ်မကျေနပ်သလိုမျိုး မခံစားဘဲ မနေနိုင်ခဲ့ဘူး။ အဲဒါက ခြေကျင်သွားလာလုပ်ရတဲ့ အလုပ်ဖြစ်ပြီး၊ ဟိုသည်ပြေးရင်းနဲ့ အချိန်ရှိသမျှကုန်သွားရတော့ သမ္မာတရားကို မရနိုင်တော့ဘူးလို့ပေါ့။ အဲဒီလိုသာ ဆက်ဖြစ်ရင် ကျွန်မ ကယ်တင်ခံရပါ့မလား။ အထွေထွေ ရေးရာအလုပ်ကို ကျွန်မ ပိုဆန့်ကျင်မိပြီး၊ မလုပ်ချင်တော့ဘူး။
ဧည့်ခံတဲ့ အိမ်တွေမှာ ပစ္စည်းတွေ ကျွန်မ ချတဲ့အခါ ညီအစ်ကို မောင်နှမတွေက စုဝေးပွဲမှာ မိတ်သဟာယပြုနေကြတာကို အကြိမ်အတော်များများ တွေ့ခဲ့တယ်။ တကယ် မတရားခံရသလို ခံစားရပြီး၊ ခေါင်းဆောင်ကိုတောင် မကျေမချမ်းဖြစ်မိတယ်။ အထွေထွေရေးရာကို ဘာလို့ ကျွန်မကို ကြီးကြပ်ခိုင်းတာလဲပေါ့။ သူတို့က သမ္မာတရားကို အတူ မိတ်သဟာယပြုကြတယ်၊ အများကြီး သင်ယူကြပြီး မြန်မြန်ဆန်ဆန် ကြီးထွားကြပေမဲ့၊ ကျွန်မက တောက်တိုမယ်ရတွေပဲ လုပ်နေရတယ်။ သမ္မာတရားကို ဘယ်လိုလုပ် ရနိုင်မှာလဲ။ သမ္မာတရား မရှိရင် အသက်ရှိမှာ မဟုတ်ဘူး၊ ကယ်တင်ခံရနိုင်မှာ မဟုတ်ဘူး။ ငါဆုံးရှုံးနေပြီ မဟုတ်လားပေါ့။ အဲဒီအကြောင်းတွေးလေ၊ စိတ်မကောင်းဖြစ်လေဖြစ်ပြီး၊ ကိုယ့်တာဝန်အတွက် ဘာတက်ကြွမှုမှ မရှိတော့ဘူး။ တစ်ခါ ညီအစ်မတစ်ယောက်ရဲ့ အိမ်မှာ လုံခြုံရေး စိတ်မချရတော့၊ အဲဒီက စာအုပ်တွေကို ဘေးကင်းလုံခြုံတဲ့ နေရာဆီ အမြန်ဆုံး ပြောင်းရွှေ့ဖို့ လိုလာရော။ ကျွန်မ တွေးမိတယ်။ “ဘာလို့ အထွေထွေ အလုပ်တွေ အရမ်းများရတာလဲ။ အဲဒါ အချိန်နဲ့ ခွန်အားယူရပေမဲ့ သမ္မာတရားကို မရနိုင်ဘူး။ ဒီအရာအားလုံးကို အချည်းနှီး ငါ လုပ်နေတာမဟုတ်လား”ပေါ့။ အဲဒီလို တွေးလိုက်တဲ့အခါ ကျွန်မ မလုပ်ချင်တော့ဘူး။ ဒါပေမဲ့ အခြေအနေက အရေးပေါ်ဖြစ်ခဲ့လို့ စာအုပ်တွေကို သွားကူရွေ့ပေးခဲ့ရတယ်။ မမျှော်လင့်ဘဲ၊ အဲဒီက ပြီးသွားတာနဲ့ ချက်ချင်း စာအုပ်တွေ သိမ်းထားတဲ့ နောက်တစ်အိမ်နဲ့ပတ်သက်လို့ တစ်ခုခု ဖြစ်လာတယ်။ အဲဒီစာအုပ်တွေကို ရွေ့နေတုန်းမှာပဲ၊ အစကနေ အဆုံးထိ စုစည်း၊ ထုပ်ပိုးတဲ့ လုပ်ငန်းစဉ်ကို ပြန်လုပ်ခဲ့ရပြီး၊ တစ်နေ့လုံး အလုပ်လုပ်ပြီးတဲ့နောက်မှာ မကျေနပ်ချက်တွေနဲ့ ကျွန်မ ပြည့်သွားခဲ့တယ်။ ဖတ်ဖတ်မောပြီး အိမ်ကို အစ်မပြန်သွားတော့၊ ခေါင်းဆောင်နဲ့ ရေလောင်းသင်းထောက်တို့က အလုပ်ကိစ္စ ဆွေးနွေးနေတုန်းပဲ။ ခေါင်းဆောင်က ကျွန်မကို မေးတယ်။ “အစ်မက ညီအစ်မတစ်ယောက်ကို ဧည့်ခံတဲ့ အိမ်သစ်ဆီ ခေါ်ရုံခေါ်သွားခဲ့တာ မဟုတ်လား။ ဘာလို့ တစ်နေ့လုံးကြာတာလဲ”တဲ့။ သူအဲဒီလိုပြောတာ ကြားတော့ မတရားခံရသလို တကယ်ခံစားခဲ့ရတယ်။ သူတို့အားလုံး သမ္မာတရားနဲ့ စည်းမျဉ်းတွေကို မိတ်သဟာယပြုနေတုန်းမှာ ကျွန်မက ဟိုသည်ပြေးနေခဲ့တာလေ။ အထွေထွေရေးရာကိုပဲ တာဝန်ယူပြီး ကျွန်မ ဘာရနိုင်မှာလဲ။ ကျွန်မ ဘယ်လောက်ပဲ လုပ်ပါစေ၊ အမျှော်လင့်နိုင်ဆုံးက အစေခံအနေနဲ့ ကျွန်မ အဆုံးသတ်ရမှာ မဟုတ်လား။ လူတိုင်းနဲ့ နှုတ်ကပတ်တော်ဖတ်၊ စုဝေးပြီး မိတ်သဟာယပြုရင်းနဲ့ အလုပ်ကိစ္စဆွေးနွေးပြီး အထဲမှာ နေနိုင်ခဲ့ရင်၊ ကောင်းမှာပဲ မဟုတ်လား။ ပိုလွယ်မှာဖြစ်ပြီး သမ္မတရားကို ရနိုင်ခဲ့မှာဖြစ်လို့ အနာဂတ်မှာ ကျွန်မ ကယ်တင်ခံရမှာပဲ။ အဲဒီအကြောင်းတွေးလေ ကျွန်မ ပိုပိုပြီး ပိုစိတ်အနှောင့်အယှက်ဖြစ်လေဖြစ်ပြီး၊ စိတ်မချမ်းမသာဖြစ်ရသလို လုံးဝ ပင်ပန်းနွှမ်းနယ်သွားရတယ်။ အဲဒါကို ကျွန်မ ဆက်တွေးနေမိတယ်။ ဘာလို့ ငါက အထွေထွေရေးရာကို ကြီးကြပ်ခဲ့ရတာလဲ။ ဘုရားက ငါ့ကို အစေခံတစ်ယောက် ဖြစ်စေချင်ခဲ့တာလား။ ဒီလိုဆက်ဖြစ်ရင်၊ ငါက တောက်တိုမယ်ရအတွက်ပဲ ကောင်းမှာ မဟုတ်လား။ ဘာကို ငါရရှိနိုင်မှာလဲပေါ့။
နောက်နေ့မှာ ကိုင်တွယ်ဖို့ လိုတဲ့ အထွေထွေ အလုပ်တွေ အများကြီးရှိနေသလို၊ ကျွန်မရဲ့ မကျေနပ်ချက်တွေကို မချုပ်တည်းနိုင်ခဲ့ဘူး။ ကျွန်မ သိပ်ကောင်းတဲ့ အခြေအနေမှာ ရှိမနေခဲ့တာကို ခေါင်းဆောင်က သတိထားမိပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့နဲ့ ဒီအရာကနေ သင်ယူဖို့ သတိပေးတယ်။ ဒါ ကျွန်မအတွက် နည်းနည်း သတိပေးချက် ဖြစ်သွားခဲ့တယ်။ အထွေထွေ ရေးရာတွေကို စီမံနေတဲ့ အဲဒီကာလအတောအတွင်းမှာ၊ ကျွန်မက အလုပ်လုပ်နေပေမဲ့၊ စိတ်ထဲမှာ အာခံနေမိတယ်။ ကိုယ့်တာဝန်ကို စံရွေးချင်ပြီး မကျေမချမ်းဖြစ်နေခဲ့တယ်။ ဘုရားက ကျွန်မအပေါ် မမျှတဘူးလို့တောင် တွေးခဲ့တာ။ ကျွန်မ အန္တရာယ်များတဲ့ အခြေအနေမှာ ရှိခဲ့တာ သဘောပေါက်လိုက်တယ်။ ကျွန်မ ဆက်အတိုက်အခံလုပ်နေလို့ မဖြစ်ဘူး။ သမ္မတရားရှာပြီး ဘုရားဆီ နောင်တရရမယ်။
ဘုရားနှုတ်ကပတ်တော်မှာ တစ်ခုခု ဖတ်ခဲ့ရတယ်။ “သင် မည်သည့် တာဝန် ထမ်းဆောင်နေပါစေ သင် နားလည်ရမည့် စည်းမျဉ်းများနှင့် သင် လက်တွေ့လုပ်ဆောင်ရမည့် သမ္မာတရားများမှာ အတူတူပင် ဖြစ်သည်။ သင်သည် ခေါင်းဆောင်တစ်ဦးအဖြစ်၊ သို့မဟုတ် အလုပ်သမားတစ်ဦးအဖြစ် စေခိုင်းခံရသည်ဖြစ်စေ၊ သို့မဟုတ် သင်သည် အိမ်ရှင်တစ်ဦးအဖြစ် ဟင်းများကို ချက်ပြုနေသည်ဖြစ်စေ သို့မဟုတ် အပြင်ပန်းကိစ္စရပ်အချို့ကို တာဝန်ယူရန်၊ သို့မဟုတ် ကာယလုပ်အားအချို့ လုပ်ဆောင်ရန် သင်သည် စေခိုင်းခံရသည်ဖြစ်စေ ဤတာဝန်အမျိုးမျိုးကို ထမ်းဆောင်ရာတွင် လိုက်နာစောင့်ထိန်းသင့်သည့် သမ္မာတရား စည်းမျဉ်းများအားလုံးသည် အတူတူပင်ဖြစ်သည်။ ယင်းတို့သည် သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များတွင် အခြေပြုရမည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်) “ကယ်တင်ခံရခြင်းသည် မည်သည့်အရာကို ဆိုလိုသည်ကို လူများစွာတို့က ရှင်းရှင်းလင်းလင်း မသိကြပေ။ ဘုရားသခင်ကို နှစ်များ ပို၍ ယုံကြည်လေ၊ ၎င်းတို့ကယ်တင်ခြင်းခံရဖို့ ပို၍ ဖြစ်နိုင်လေဟု လူအချို့က ယုံကြည်ကြသည်။ လူအချို့ကမူ ဝိညာဉ်ရေးရာ အယူဝါဒများ ၎င်းတို့ ပိုနားလည်လေ၊ ၎င်းတို့ကယ်တင်ခြင်းခံရဖို့ ပို၍ ဖြစ်နိုင်လေဟု ယုံကြည်ကြသည်၊ သို့မဟုတ် အချို့က ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သေချာပေါက် ကယ်တင်ခြင်းခံရမည်ဟု တွေးထင်ကြသည်။ ဤအရာ အားလုံးသည် လူသား၏ အယူအဆများနှင့် စိတ်ကူးတို့ ဖြစ်ကြသည်။ ဤအရာ၏ အဓိကသော့ချက်မှာ ကယ်တင်ခြင်းသည် အဘယ်အရာကို ဆိုလိုကြောင်း လူများနားလည်ရမည် ဖြစ်သည်။ ကယ်တင်ခံရဖို့ဟူသည်မှာ အဓိကအားဖြင့် အပြစ်မှ လွတ်မြောက်ဖို့နှင့် စာတန်၏စွမ်းအားမှ လွတ်မြောက်ဖို့၊ ပြီးလျှင် ဘုရားသခင်ထံသို့ စစ်မှန်စွာ ပြန်လှည့်ပြီး ဘုရားသခင်ကို နာခံဖို့တို့ကို ဆိုလိုသည်။ အပြစ်နှင့် စာတန်၏ စွမ်းအားတို့မှ လွတ်မြောက်ဖို့ သင်သည် အဘယ်အရာကို ပိုင်ဆိုင်ရမည်နည်း။ သမ္မာတရား ဖြစ်သည်။ လူများသည် သမ္မာတရားကို ရရှိဖို့ မျှော်လင့်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာဖြင့် ပြင်ဆင်ရမည်၊ ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်ပြီး သမ္မာတရား၏ လက်တွေ့အရှိတရားကို ဝင်ရောက်နိုင်ဖို့အလို့ငှာ ထိုနှုတ်ကပတ်တော်များကို တွေ့ကြုံပြီး လက်တွေ့လုပ်ဆောင်နိုင်ရမည်။ သို့မှသာလျှင် ၎င်းတို့ ကယ်တင်ခြင်း ခံရနိုင်သည်။ အကြင်သူက ကယ်တင်ခံရနိုင်ခြင်း ရှိမရှိသည် ဘုရားသခင်ကို မည်မျှ ကြာအောင်ယုံကြည်ခဲ့သည်၊ မည်မျှ အသိပညာရှိသည်၊ ၎င်းတို့သည် ဆုကျေးဇူးများ၊ သို့မဟုတ် အထူးကျွမ်းကျင်မှုများကို ပိုင်ဆိုင်ခြင်း ရှိမရှိ၊ သို့မဟုတ် ၎င်းတို့ မည်မျှဒုက္ခခံသည်တို့နှင့် မသက်ဆိုင်ပေ။ ကယ်တင်ခြင်းနှင့် တိုက်ရိုက် ဆက်နွှယ်မှုရှိသည့် တစ်ခုတည်းသော အရာမှာ လူတစ်ဦးအနေဖြင့် သမ္မာတရားကို ရနိုင်ခြင်း ရှိမရှိ ဖြစ်ပေသည်။ ထို့ကြောင့် ယနေ့ သင်သည် သမ္မာတရားမည်မျှကို စစ်မှန်စွာ နားလည်ပြီးဖြစ်သနည်း။ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော် မည်မျှက သင်၏ဘဝ ဖြစ်လာပြီး ဖြစ်သနည်း။ ဘုရားသခင်၏ သတ်မှတ်ချက်များ အားလုံးထဲမှ သင်သည် မည်သည့်အရာကို ဝင်ရောက်မှု ရရှိပြီးဖြစ်သနည်း။ သင်၏ ဘုရားသခင်ကို ယုံကြည်သည့် နှစ်များအတောအတွင်းတွင် ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း မည်မျှကို သင်စွမ်းဆောင် ရရှိပြီးဖြစ်သနည်း။ သင်မသိပါက၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှု တစ်ခုတလေထဲ ဝင်ရောက်ခြင်းကို သင် စွမ်းဆောင် ရရှိပြီးခြင်း မရှိပါက၊ ရှင်းရှင်းပြောရလျှင် သင်သည် ကယ်တင်ခြင်း မျှော်လင့်ချက် မရှိပေ။ သင်သည် ကယ်တင်ခြင်းခံရဖို့ မဖြစ်နိုင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်) ရေလောင်းတဲ့အလုပ်ဖြစ်ဖြစ်၊ အသင်းတော်ထဲက အထွေထွေ အရေးကိစ္စတွေပဲဖြစ်ဖြစ် လူတွေ လုပ်သင့်တဲ့ တာဝန်တွေဖြစ်မှန်း ဘုရားနှုတ်ကပတ်တော်ကနေ တွေ့ခဲ့ရတယ်။ ကျွန်မတို့ ကိုယ့်တာဝန်ကို လုပ်တာနဲ့အမျှ သမ္မာတရား လိုက်စားပြီး အသက်ဝင်ရောက်မှုတချို့ ရှိဖို့ ဘုရားက မျှော်လင့်တယ်။ ကျွန်မတို့ တာဝန်တွေ ကွဲပြားနိုင်ပေမဲ့၊ ကိုယ့်တာဝန်မှာ လက်တွေ့လုပ်တဲ့ သမ္မာတရား စည်းမျဉ်းတွေကတော့ အတူတူပဲ။ အားလုံးက ဘာတာဝန်ပဲ လုပ်ပါစေ၊ ဖောက်ပြန်ပျက်စီးခြင်းကို ပြကြတယ်။ ဖောက်ပြန်ပျက်စီးခြင်း ပြတဲ့အခါ သမ္မာတရားကို ရှာပြီးတော့ ကျွန်မတို့ နောင်တရ၊ ပြောင်းလဲသရွေ့၊ ဘဝမှာ တိုးတက်မှု ဖြစ်စေနိုင်တယ်။ အဲဒီအခါ သမ္မာတရား ရနိုင်ပြီး ကယ်တင်ခံရနိုင်တယ်။ ဒါပေမဲ့ ကိစ္စတွေ ဖြစ်လာတဲ့အခါ ဘာသင်ခန်းစာမှ မယူရင်၊ ဒါမှမဟုတ် ကျွန်မတို့လုပ်တဲ့အရာက သမ္မာတရားကို လက်တွေ့လုပ်တာ၊ စိတ်သဘောထား ပြောင်းလဲတာနဲ့ မဆက်နွှယ်ရင်၊ အဲဒါကို အလုပ်လုပ်နေတယ်လို့ပဲ ဘုရားက မြင်ပြီး၊ ဘုရားရဲ့ ကယ်တင်ခြင်းမပြောနဲ့ သမ္မာတရားတောင် ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ အထွေထွေ အရေးကိစ္စတွေကို ကိုင်တွယ်ပြီးတော့ ကျွန်မ သမ္မာတရား ရနိုင်မှာမဟုတ်သလို၊ ဘယ်လောက်လုပ်လုပ် အလွန်ဆုံးအနေနဲ့ အစေခံတစ်ယောက်ပဲ ဖြစ်မှာလို့ ကျွန်မ တလွဲယုံကြည်ခဲ့တယ်။ ခေါင်းဆောင်၊ အဖွဲ့ခေါင်းဆောင် ဖြစ်ခြင်း၊ သမ္မာတရားကို မိတ်သဟာယပြုပြီး တခြားလူတွေကို ထောက်ပံ့ပေးခြင်း၊ နေ့တိုင်း ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး မိတ်သဟာယပြုခြင်းအားဖြင့်၊ ဘဝမှာ မြန်မြန်ဆန်ဆန် တိုးတက်ပြီး၊ သမ္မာတရား ရနိုင်မှာဖြစ်သလို ကယ်တင်ခံရနိုင်မယ်လို့ ထင်ခဲ့တာ။ ကျွန်မ အဓိပ္ပာယ်မရှိတာပဲ မဟုတ်လား။ အမှန်တော့၊ သမ္မာတရားကို တကယ် လိုက်စားသူတစ်ယောက်က ဘာတာဝန်ပဲ လုပ်နေပါစေ၊ သူရင်ဆိုင်ရတဲ့ အရာတွေကနေ သင်ယူနိုင်ပြီးတော့ နောက်ပိုင်းမှာ စစ်မှန်၊ လက်တွေ့ကျတဲ့ အကျိုးအမြတ်တွေ ဖန်တီးနိုင်တယ်။ အဲဒါက ကျွန်မတွေ့ခဲ့တဲ့ သက်သေခံချက် ဗီဒီယိုတွေလိုပေါ့။ တချို့ ညီအစ်ကို မောင်နှမတွေက အထွေထွေ အရေးကိစ္စတွေ ကိုင်တွယ်ကြပေမဲ့၊ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်နိုင်ကြတယ်။ သမ္မာတရားရှာပြီး ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ခံရပြီးတဲ့နောက်မှာ ဖြေရှင်းနိုင်ကြတယ်။ အတွေ့အကြုံတစ်ခုပြီးတော့ သူတို့ ပြောင်းလဲနိုင်ပြီး သူတို့ကိုယ်ပိုင် စစ်မှန်တဲ့ သက်သေခံချက် ဝေမျှနိုင်ကြတယ်။ ပြီးတော့ တခြားလူတွေအတွက် ဘုရားနှုတ်ကပတ်တော်တွေ မကြာခဏ ဖတ်ပြီး သူတို့ ပြဿနာတွေ ကူဖြေရှင်းပေးပေမဲ့၊ သူတို့ ဟောတာကို တကယ် လက်တွေ့မလုပ်ဘဲ အယူဝါဒကိုပဲ ပြောကြပြီး နောက်ဆုံးမှာ ဖော်ထုတ်ပြီး၊ ထုတ်ပယ်ခံရတဲ့ ခေါင်းဆောင်တချို့ ရှိတယ်။ ဒီအရာတွေက တကယ် ဖြစ်နေတာ၊ ဟုတ်တယ်မလား။ လူတွေက မတူတဲ့ တာဝန်တွေလုပ်လို့ ဘုရားက မျက်နှာသာမပြဘူး။ သမ္မာတရားကို မလိုက်စားတဲ့ လူတွေက အစေခံမှုကိုပဲ ပေးကြတဲ့သူတွေပဲ။ သမ္မာတရား လိုက်စားသူတစ်ယောက်က ဘယ်တာဝန်မဆိုကနေ ဆုလာဘ် ခံစားရလိမ့်မယ်။ ဘုရားက ဖြောင့်မတ်ပြီး ဘယ်သူ့ကိုမှ မျက်နှာသာမပေးဘူး။ ဒါပေမဲ့ ကျွန်မက ကျွန်မရဲ့ လွဲမှားတဲ့ စိတ်ကူးတွေမှာ ပိတ်မိပြီး တာဝန်တွေကို စံရွေးချင်ခဲ့တယ်။ အထွေထွေ အရေးကိစ္စတွေ ကိုင်တွယ်တာကို ကျွန်မ ဆန့်ကျင်ခဲ့တယ်။ မလုပ်ချင်ခဲ့တယ်။ ခေါင်းဆောင်ကိုတောင် မကျေမချမ်းစဖြစ်တယ်။ အဲဒီအလုပ်မျိုး ကျွန်မကို တာဝန်ပေးတယ်လို့ မခံမရပ်နိုင်ဖြစ်တယ်။ သမ္မာတရား လိုက်စားမနေခဲ့ဘူး။ ဖောက်ပြန်ပျက်စီးခြင်းကို ပြပေမဲ့ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်၊ မဖြေရှင်းခဲ့ဘူး။ ဒါတောင် အပျက်သဘောဆောင်တယ်၊ သူတပါးပေါ် ညည်းပြီး အပြစ်ပုံချတယ်။ ဘုရားက ကျွန်မကို အစေခံမှုပဲ လုပ်စေတယ်လို့ တွေးခဲ့တယ်။ သူ့ကို အထင်လွဲခဲ့တယ်။ ကျွန်မက တကယ်လက်တွေ့ကျတဲ့ ပတ်ဝန်းကျင်မှာ ရှိခဲ့ပေမဲ့ သင်ခန်းစာ မယူခဲ့ဘူး။ မကျေနပ်ချက်တွေ ပြည့်ခဲ့တယ်။ ဆင်ခြင်တုံတရားမဲ့လိုက်တာ။ ဘာသမ္မာတရားမှ မရဘဲ ကျွန်မ အဲဒီလိုသာ ဆက်ဖြစ်ရင်၊ တကယ့် အစေခံသူတစ်ယောက် ကျွန်မ ဖြစ်လာတော့မှာပဲ။ အထွေထွေ ရေးရာအလုပ်တချို့ ရောက်လာပေမဲ့ ဘုရားဆီကနေ အဲဒါကို ကျွန်မ လက်မခံနိုင်ခဲ့သလို မကျိုးနွံနိုင်ခဲ့ဘူး။ ညီအစ်ကို မောင်နှမတွေရဲ့ ပြဿနာတွေကို မပြောနဲ့ ကိုယ့်ကိုယ်ပိုင် ပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့ဘူး။ အဲဒီအခြေအနေမှာ ရေလောင်းတဲ့အလုပ်ကို ကျွန်မ လုပ်ချင်ခဲ့တာ။ အဲဒါ ယုတ္တိမတန်တာ မဟုတ်လား။ ဘုရားပြောခဲ့တဲ့ အရာတစ်ခုကို တွေးမိတယ်။ “နောက်ဆုံးတွင် လူတို့အနေဖြင့် ကယ်တင်ခြင်းကို ရနိုင်မရနိုင်ခြင်းက သူတို့ မည်သည့်တာဝန်ကို ဖြည့်ဆည်းသည် ဟူသည့်အပေါ် မူတည်ခြင်း မရှိဘဲ၊ သူတို့သည် သမ္မာတရားကို နားလည်ပြီး ရရှိနိုင်ခြင်း ရှိမရှိနှင့် အဆုံးတွင် ၎င်းတို့သည် ဘုရားသခင်အပေါ် အလုံးစုံ နာခံနိုင်ခြင်းရှိမရှိ၊ ဘုရားသခင်၏ စီစဉ်မှုအောက်တွင် မိမိတို့ကိုယ်ကို ထားရှိပြီး ၎င်းတို့၏ အနာဂတ်နှင့် ကံတရားကို ထည့်မစဉ်းစားဘဲအရည်အသွေးပြည့်မီသည့် ဖန်ဆင်းခံတစ်ယောက်ဖြစ်လာခြင်းရှိမရှိအပေါ်တွင် မူတည်သည်။ ဘုရားသခင်သည် ဖြောင့်မတ်ပြီး သန့်ရှင်းသည်။ ဤသည်မှာ လူသားမျိုးနွယ်ခပ်သိမ်းကို သူတိုင်းတာသည့် စံနှုန်း ဖြစ်သည်။ ဤအခြေခံသဘောတရားမှာ ပြောင်းလဲ၍ မရသည့်အပြင်၊ ဤသည်ကို သင်မှတ်ထားရမည်။ ဤစံနှုန်းကို သင်၏ စိတ်တွင် ကမ္ပည်းထိုးထားပြီး အခြားလမ်းကြောင်းတစ်ခုခု ရှာဖွေခြင်း သို့မဟုတ် မစစ်မှန်သည့် အရာအချို့ကို လိုက်စားခြင်းအကြောင်း မစဉ်းစားနှင့်။ ကယ်တင်ခြင်းရရှိလိုသောသူ အားလုံးနှင့်သက်ဆိုင်သည့် ဘုရားသခင် ရှိသော သတ်မှတ်ချက်များနှင့် စံနှုန်းများမှာ ထာဝရ ပြောင်းလဲခြင်း မရှိပေ။ သင် မည်သူမည်ဝါ ဖြစ်စေကာမူ ယင်းတို့က အမြဲတမ်း ဤအတိုင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော် ဖတ်ပြီး သဘောပေါက်သွားတယ်။ အထွေထွေရေးရာကို ကိုင်တွယ်တာဖြစ်စေ၊ ခေါင်းဆောင်အနေနဲ့ အစေခံတာဖြစ်စေ အဓိကအချက်က ကိုယ့်တာဝန်ကို ထမ်းရင်းနဲ့ သမ္မာတရားကို လိုက်စားဖို့ပဲ။ ကယ်တင်ခံရနိုင်တဲ့ လူတွေက ဘုရားပြင်ဆင်တဲ့ ပတ်ဝန်းကျင်မှာ သမ္မာတရား ရှာနိုင်ပြီး၊ သူတို့ကိုယ်သူတို့ နားလည်နိုင်၊ နောင်တရပြီး ပြောင်းလဲနိုင်သူတွေပဲ။ ဒီအရာကို နားလည်တော့ ကျွန်မစိတ်နှလုံး လင်းလက်သွားတယ်။
နောက်ပိုင်းမှာ ကိစ္စတွေကို ကျွန်မ ထပ်ပြီး သေချာ စစဉ်းစားတယ်။ အထွေထွေ အရေးကိစ္စတွေကို တာဝန်ပေးခံရတော့ ဘာလို့ ကျွန်မ စိတ်ပျက်ပြီး အလုပ်မလုပ်ချင်ခဲ့ရတာလဲပေါ့။ ဒါကို ဘုရားနှုတ်ကပတ်တော်တွေမှာ ဖတ်ရတယ်။ “ဘုရားသခင်၌ လူသားမျိုးနွယ်၏ ယုံကြည်မှုနှင့်ပတ်သက်၍ ဝမ်းနည်းဖွယ် အကောင်းဆုံးသော အရာမှာ၊ လူသည် ဘုရားသခင်၏ အမှုအလယ်တွင် မိမိကိုယ်တိုင်၏ စီမံခန့်ခွဲမှုကို ဦးစီးဦးရွက်ပြုသော်လည်း၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို အလေးဂရုမပြုခြင်း ဖြစ်သည်။ လူသား၏အကြီးမားဆုံးသော ကျရှုံးမှုသည် ဘုရားသခင်ကို ကျိုးနွံနာခံဖို့နှင့် ကိုးကွယ်ရန် ကြိုးစားနေသည့် တစ်ချိန်တည်းတွင်၊ လူသားသည် မိမိ၏ ကိုယ်ပိုင်အကြိုက်နှစ်သက်ဆုံး ခရီးပန်းတိုင်ကို တည်ဆောက်နေကာ အကြီးမားဆုံး ကောင်းချီးမင်္ဂလာနှင့် အကောင်းဆုံး ခရီးပန်းတိုင်ကို မည်သို့ ရရှိမည်ကို ကြံစည်နေပုံတွင် တည်ရှိလေသည်။ ၎င်းတို့မည်မျှ သနားဖွယ်ကောင်းသည်၊ မုန်းတီးဖွယ်ကောင်းပြီး၊ ရင်နင့်ဖွယ်ကောင်းသည်ကို နားလည်လျှင်ပင်၊ မည်မျှက ၎င်းတို့၏ စံများနှင့် မျှော်လင့်ချက်များကို အဆင်သင့် စွန့်လွှတ်နိုင်သနည်း။ ပြီးလျှင် မည်သူသည် ၎င်း၏ ကိုယ်ပိုင်ခြေလှမ်းများကို ရပ်တန့်နိုင်ပြီး မိမိတို့အတွက်သာ စဉ်းစားခြင်းမှ ရပ်တန့်နိုင်သနည်း။ ဘုရားသခင်သည် သူ၏စီမံခန့်ခွဲမှုကို ပြီးပြည့်စုံစေအောင် သူနှင့်အတူ နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်မည့်သူများ လိုအပ်ပေသည်။ သူ၏ စီမံခန့်ခွဲခြင်း အမှုအဖို့ စိတ်နှင့် ခန္ဓာတစ်ခုလုံးကို ဆက်ကပ်ခြင်းအားဖြင့် သူ့ကို ကျိုးနွံနာခံမည့်သူများကို သူ လိုအပ်လေသည်။ သူသည် အနည်းငယ်ပေးပြီး ဆုလာဘ်ချီးမြှင့်ခံရဖို့ စောင့်ဆိုင်းသူများကို လိုအပ်ဖို့ မဆိုထားနှင့်၊ နေ့စဉ် သူ့ထံမှ တောင်းခံရန် လက်ဖြန့်သည့်လူများကို မလိုအပ်ပေ။ မဖြစ်စလောက် ပံ့ပိုးမှုပြုလုပ်ပြီးနောက် မိမိတို့၏ အောင်ဆုများ အပေါ် အခြေပြုသောသူတို့ကို ဘုရားသခင်က စက်ဆုပ်ရွံရှာသည်။ သူ၏ စီမံခန့်ခွဲခြင်း အမှုကို သဘောမကျဖြစ်ကာ ကောင်းကင်ဘုံသို့ သွားခြင်းနှင့် ကောင်းချီးမင်္ဂလာများ ရရှိခြင်းအကြောင်းကိုသာ ဆွေးနွေးလိုကြသည့် သွေးအေးသူများကို သူ မုန်းသည်။ သူသည် လူသားမျိုးနွယ်ကို ကယ်တင်ရာတွင် သူ လုပ်ဆောင်သည့် အမှုက ပေးသည့် အခွင့်အရေးကို ကောင်းကောင်း အသုံးချသူများအတွက် သာ၍ ကြီးမားသည့် စက်ဆုပ်ရွံရှာမှု ရှိလေသည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ဤလူတို့သည် ဘုရားသခင်က သူ၏စီမံခန့်ခွဲခြင်း အမှုမှတစ်ဆင့် မည်သည့်အရာ စွမ်းဆောင်လိုပြီး မည်သည့်အရာ ရရှိလိုသည်ကို လုံးဝ ဂရုမစိုက်ဖူးကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိရန် ဘုရားသခင်၏အမှုက ပေးသည့် အခွင့်အရေးအား ၎င်းတို့ မည်သို့အသုံးချနိုင်သည်ဆိုသည်ကိုသာ စိတ်ဝင်စားကြလေသည်။ ၎င်းတို့၏ မျှော်လင့်ချက်များနှင့် ကံကြမ္မာတို့ဖြင့် လုံးလုံးလျားလျား နစ်မြုပ်လျက်၊ ၎င်းတို့သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ပတ်သက်၍ ဂရုမစိုက်ကြပေ။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုကို သဘောမကျသကဲ့သို့၊ လူသားမျိုးနွယ်ကို ဘုရားသခင် မည်သို့ ကယ်တင်သည်ဆိုသည်နှင့် သူ၏ အလိုကို အနည်းငယ်မျှပင် စိတ်ဝင်စားခြင်း မရှိသောသူတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုမှ ခွဲထွက်သည့် နည်းလမ်းဖြင့် မိမိတို့ကိုယ်ကိုယ်အား ကျေနပ်စေသည့် အရာကိုသာ လုပ်ဆောင်နေကြလေသည်။ ၎င်းတို့၏အပြုအမူကို ဘုရားသခင်က နှစ်သက်လက်ခံဖို့မဆိုထားနှင့်၊ ဘုရားသခင်က အောက်မေ့ခြင်း မရှိသကဲ့သို့ လက်ခံခြင်းလည်း မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်) ဘုရားနှုတ်ကပတ်တော်က ကျွန်မရဲ့ အခြေအနေကို ထုတ်ဖော်ပြတယ်။ ကျွန်မက ကိုယ့်တာဝန်မှာ မှန်ကန်တဲ့ ရည်ရွယ်ချက် မရှိခဲ့လို့ အထွေထွေ အရေးကိစ္စတွေကို ကိုင်တွယ်ဖို့ ချီတုံချတုံ ဖြစ်ခဲ့တာပဲ။ ကောင်းချီးခံစားနိုင်ဖို့ အဲဒါကို လုပ်နေခဲ့တာပဲ။ ကိုယ့်စိတ်နှလုံးထဲမှာ အရှုံး၊ အမြတ်ကို အမြဲ ရေတွက်နေပြီးတော့ပေါ့။ တစ်ခုခုက ကျွန်မကို အကျိုးပြုမဲ့အခါ ဘယ်အဖိုးအခမဆို ထက်ထက်သန်သန် ပေးခဲ့တယ်။ ဒါပေမဲ့ အထွေထွေ အရေးကိစ္စတွေကို တာဝန်ပေးခံရပြီး အစေခံပဲ ဖြစ်နိုင်မှာကို တွေ့တာနဲ့ အဲဒါကို ဆုံးရှုံးနစ်နာမှုကြီးတစ်ခုလို ခံစားတော့တာ။ မျက်မှောင်ကြုတ်ပြီး ညည်းခဲ့တယ်။ အလုပ်တချို့လုပ်ခဲ့ပေမဲ့၊ အဲဒါနဲ့ ပတ်သက်လို့ မကျေမချမ်းဖြစ်ခဲ့တယ်။ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏”၊ “အမြဲ အောင်မြင်အောင် လုပ်ပါ”၊ “ဆုလာဘ်မရှိဘဲ လုံးဝ မလုပ်နှင့်” ဆိုတဲ့ ဆိုယုတ်တဲ့ အတွေးအခေါ်တွေနဲ့ အမြဲ ရှင်သန်ခဲ့တယ်။ “ဆုလာဘ်”က အမြဲ ဦးစားပေးဖြစ်ခဲ့ပြီး၊ ဘုရားအတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံတဲ့တာတောင်မှ သူနဲ့ အပေးအယူတစ်ခု လုပ်နေခဲ့တာပဲ။ အစကနေ အဆုံးထိ၊ ကိုယ့်တာဝန်ကို ဘယ်လိုကောင်းကောင်း လုပ်ရမယ် မတွေးခဲ့ဘူး။ အဲဒီလို ခက်ခဲတဲ့ အခြေအနေမှာတောင် ကျွန်မ ပထမဆုံး ထည့်စဉ်းစားတာက ညီအစ်ကို မောင်နှမတွေနဲ့ အသင်းတော် ပစ္စည်းဥစ္စာကို ကာကွယ်ဖို့၊ အားလုံး ဘေးကင်းလုံခြုံရာ အမြန်ဆုံး ရွေ့ဖို့ မဟုတ်ခဲ့ဘဲ၊ အဲဒါထက် အဲဒီအလုပ်လုပ်တာက တန်မတန်၊ ကိုယ့်ရဲ့ ခရီးပန်းတိုင်အတွက် အကျိုးရှိမလားဆိုတာပဲဖြစ်ခဲ့တယ်။ အသိစိတ်၊ ဆင်ခြင်တုံတရားတစ်ခုမှ မရှိဘဲ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး၊ ဆိုးယုတ်အောင် စာတန်က ကျွန်မကို ဖောက်ပြန်ပျက်စီးစေခဲ့ပုံကို တွေ့ရတယ်။ ကျွန်မ အရမ်းအကြင်နာမဲ့ခဲ့တယ်။ ကိုယ့်အတွက်ပဲ ကြည့်ခဲ့တယ်။ ကျွန်မက အသင်းသားတစ်ယောက်ဖြစ်လို့ ဘယ်ပရောဂျက်ကိုမဆို ပြီးစီးဖို့လိုတဲ့အခါ၊ အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ပူးပေါင်းလုပ်သင့်တယ်။ ဒါပေမဲ့ ကျွန်မက လုပ်သမျှမှာ ရည်မှန်းချက်ကို တကယ်ဇောင်းပေးလုပ်ခဲ့တယ်။ အရမ်းအလုပ်ကြိုးစားပြီးတော့ ကောင်းချီးမခံစားရရင် တကယ် ဆုံးရှုံးနစ်နာသလိုမျိုး ခံစားခဲ့တယ်။ ကျွန်မခေါင်းထဲမှာ ဘယ်လို ကောင်းချီးခံစားပြီး၊ အောင်မြင်မလဲဆိုတာနဲ့ ပြည့်နေခဲ့တယ်။ ယုံကြည်ခြင်းမှာ ကျွန်မအားထုတ်ခဲ့တဲ့ နှစ်တွေအတွက် အရင်းခံအကြောင်းက ကောင်းချီးရလိုစိတ်တစ်ခုပဲ ဆိုတာကို အဖြစ်မှန်တွေက ပြခဲ့တယ်။ အဲဒါက ဘုရားပြောခဲ့တဲ့ အရာတစ်ခုကို သတိရစေတယ်။ “တစ်ပါးသူများကို ကြင်နာမှုပြသသော လူသားများပင်လျှင် ကျေးဇူးဆပ်ခံရသည်၊ သို့သော် သင်တို့အကြားတွင် ထိုသို့သောအမှုကို ဆောင်ရွက်ခဲ့သည့် ခရစ်တော်ကမူ လူသား၏ ချစ်ခြင်းကိုလည်းမရ၊ သူ၏ တုံ့ပြန်မှုဆုလာဘ်နှင့် ကျိုးနွံနာခံမှုကိုလည်း မရခဲ့ပေ။ ဤသည်မှာ ကြေကွဲဖွယ်ကောင်းသော အရာတစ်ခုမဟုတ်သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်) ဘုရားနှုတ်ကပတ်တော်တွေကို ရင်ဆိုင်ရတော့ ပိုလို့တောင် နောင်တရပြီး စိတ်မကောင်းဖြစ်ရတယ်။ ကျွန်မက ဘုရားနှုတ်ကပတ်တော် အများကြီးကို စားသောက်ခဲ့ပြီးပြီ၊ ဘုရားရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေ အများကြီး မွေ့လျော်ခဲ့ပြီးပြီဖြစ်ပေမဲ့၊ ကိုယ့်တာဝန်ကို ကောင်းကောင်း လုပ်ပြီး ဘုရားမေတ္တာ ပြန်ဆပ်ဖို့ လုံးဝ မတွေးခဲ့ဘူး။ ယူဖို့ကိုပဲ စွဲစွဲမြဲမြဲ အာရုံစိုက်ခဲ့တယ်။ ကောင်းမွန်တဲ့ ခရီးပန်းတိုင်တစ်ခု ပေးစေလိုပြီးတော့ မတင်းတိမ်နိုင်ဘဲ ကောင်းချီးအတွက် ဘုရားကို ကျွန်မ လက်လှမ်းနေခဲ့တာပဲ။ အဲဒါကို မရတော့ စိတ်ချဉ်ပေါက်ပြီး၊ အသေးဆုံး တာဝန်ကို လုပ်ရတဲ့အခါ မကျေနပ်ချက်တွေ ပြည့်ခဲ့တယ်။ ကျွန်မရဲ့ အသိစိတ်နဲ့ ဆင်ခြင်တုံတရားက အရမ်းထုံသွားပြီး ဘုရားအတွက် တကယ် နာကျင်စရာဖြစ်ခဲ့တယ်။ အဲဒီအကြောင်းကို တွေးရင်းနဲ့ ပိုလို့တောင် အကြွေးတင်ပြီး အပြစ်ရှိတဲ့စိတ် ခံစားခဲ့ရတယ်။ အသိစိတ်နဲ့ လူ့သဘာဝ အရမ်းကင်းမဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေမှာ တခြားတစ်ခုခုကို ဖတ်ခဲ့တယ်။ “ဘုရားသခင်၏ အိမ်တော်တွင် သင် လုပ်ဆောင်ရန်အတွက် မည်သည့်အရာကို စီစဉ်ပေးသည်ဖြစ်စေ၊ ယင်းက ဆင်းရဲဒုက္ခ၊ သို့မဟုတ် ပင်ပန်းသောအလုပ်ဖြစ်စေ၊ သင် နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ ယင်းသည် သင်၏ တာဝန်ဖြစ်သည်။ သင်သည် ထိုအလုပ်အား ဘုရားသခင်က သင့်အားပေးအပ်သည့်စေခိုင်းချက်နှင့် တာဝန်တစ်ခုအဖြစ် မှတ်ယူနိုင်လျှင် သင်သည် လူကို ကယ်တင်သည့် သူ၏ အမှုနှင့် သက်ဆိုင်သည်။ သင်လုပ်ဆောင်သည့်အရာနှင့် သင်ထမ်းဆောင်သော တာဝန်သည် လူကို ကယ်တင်ခြင်းဖြစ်သည့် ဘုရားသခင်၏ အမှုနှင့် သက်ဆိုင်ပြီး သင်သည် ဘုရားသခင်က သင့်အားပေးအပ်သည့် စေခိုင်းချက်ကို လေးနက်စွာ၊ ရိုးသားစစ်မှန်စွာ လက်ခံနိုင်လျှင် ဘုရားသခင်သည် သင့်အား မည်သို့ မှတ်ယူမည်နည်း။ ဘုရားသခင်သည် သင့်အား သူ၏ မိသားစုဝင်အဖြစ် မှတ်ယူလိမ့်မည်။ ဤသည်မှာ ကောင်းချီးဖြစ်သလော၊ ကျိန်ဆဲခြင်းဖြစ်သလော။ (ကောင်းချီးဖြစ်သည်။) ဤသည်မှာ ကြီးမြတ်သော ကောင်းချီးဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။) ဒီစာပိုဒ်က ကျွန်မအတွက် တကယ်ကို တို့ထိစရာ ဖြစ်ခဲ့တယ်။ တစ်ယောက်ယောက်က တာဝန်တစ်ခု လုပ်ဖို့ လိုလားနေသရွေ့၊ ဘုရားက အခွင့်အရေး ပေးမှာပဲ။ အသင်းတော်ထဲမှာရှိတဲ့ အလုပ်အားလုံးက အဓိပ္ပာယ်ရှိတယ်၊ အထင်ကြီးလောက်စရာမရှိတဲ့ အလုပ်တွေတောင်မှပေါ့။ အဲဒါတွေအားလုံးကို ကိုယ့်တာဝန်နဲ့ ဝတ္တရာလို လက်ခံပြီး တာဝန်ယူသင့်တယ်။ ကိုယ့်တာဝန်မှာ သမ္မာတရား လိုက်စားဖို့ ကြိုးစားပြီး၊ ဘုရားတောင်းဆိုတာနဲ့အညီ ကောင်းကောင်းမွန်မွန် လုပ်ရင်၊ ကယ်တင်ခြင်းမှာ အခွင့်အရေးရှိလိမ့်မယ်။ ကိုယ့်တာဝန်ကို အပေးအယူတစ်ခုလို၊ ကောင်းချီးအတွက် လဲလှယ်ဖို့ အရင်းအနှီးလို၊ ဘုရားနိုင်ငံတော်ထဲဝင်ဖို့ လက်မှတ်လို သဘောထားရင်၊ လိုက်စားမှုနဲ့ လမ်းကြောင်းအပေါ် ကိုယ့်ရဲ့အမြင်တွေက မှားနေလို့ ဘယ်လောက်အလုပ်ကြိုးစားပါစေ၊ သမ္မာတရားထဲကို လုံးဝ ဝင်ရောက်မှာ မဟုတ်ဘူး။ တာဝန်တစ်ခုလုပ်ပြီး ဘုရားရဲ့ အမှုတာ်အပေါ် အစေခံမှုပေးဖို့ အခွင့်အရေးတစ်ခု ရှိပြီးတာက ဘုရားရဲ့ ချီးမြှောက်ခြင်းနဲ့ ကြီးမားတဲ့ ကောင်းချီးတစ်ခုပဲ။ ဒီတော့ ကိုယ့်တာဝန်နဲ့ ပတ်သက်လို့ ကျွန်မ ဘယ်လိုလုပ် ဇီဇာကြောင်နိုင်မှာလဲ။ အဲဒါကို လက်ခံပြီး ကျိုးနွံနာခံသင့်တယ်။ အဲဒါက အဖန်ဆင်းခံအနေနဲ့ ကျွန်မ လုပ်သင့်ခဲ့တဲ့ အရာပဲ။ ဒါပေမဲ့ ဝန်းရံထားတဲ့ ကောင်းချီးတွေကို ကျွန်မ မမြင်ခဲ့သလို၊ ဒီတာဝန်ကတစ်ဆင့် သမ္မာတရား လိုက်စားဖို့ ကျွန်မရဲ့ အခွင့်အရေးကို တန်ဖိုးမထားခဲ့ဘူး။ တာဝန်ကို အလုပ်ကြိုးစားမှုလို၊ ဘုရားနဲ့ အပေးအယူလုပ်ရာမှာ စျေးစစ်ဖို့ လက်မှတ်လိုမျိုး သဘောထားခဲ့တယ်။ ဘုရားကိုလည်း အထင်လွဲပြီး အပြစ်တင်ခဲ့တယ်။ အရမ်း မျက်ကန်းဖြစ်ခဲ့တာ။ ဒါကို သဘောပေါက်တော့၊ အထွေထွေ အရေးကိစ္စတွေ ကိုင်တွယ်တာကို ကျွန်မ မဆန့်ကျင်တော့ဘူး။ အဲဒီတာဝန်ကို လက်ခံပြီး ကောင်းကောင်း လုပ်ဖို့ တကယ် ကျေနပ်ခဲ့တယ်။
ကျွန်မ ဖတ်ခဲ့တဲ့ နောက်တစ်ပိုဒ်ရှိသေးတယ်။ “လူတို့သည် မိမိတို့၏တာဝန်များကို လုပ်ဆောင်ရာ၌ ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံရန်၊ သမ္မာတရားအား သိနားလည်ခြင်းနှင့် လက်ခံခြင်းကို တဖြည်းဖြည်းရယူရန်နှင့် ထို့နောက်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သမ္မာတရား လိုက်စားခြင်းကို အသုံးပြုကြသည်။ ထို့နောက် ထိုသို့အားဖြင့် ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားသည့်အခြေအနေ၊ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အနှောင်အဖွဲ့များနှင့် ထိန်းချုပ်မှုကို ဖယ်ရှားသည့် အခြေအနေတစ်ခုသို့ ရောက်ရှိလေသည်၊ ထို့ကြောင့် ၎င်းတို့သည် သမ္မာတရား၏စစ်မှန်မှုရှိသူတစ်ဦးနှင့် သာမန်လူ့သဘာဝရှိသူများ ဖြစ်လာလေသည်။ သင့်တွင် သာမန်လူ့သဘာဝရှိသည့်အခါမှသာ သင်၏တာဝန်ထမ်းဆောင်မှုနှင့် သင်၏ လုပ်ရပ်များသည် လူတို့အတွက် တည်ဆောက်စရာဖြစ်ပြီး ဘုရားသခင်အတွက် ကျေနပ်ဖွယ်ဖြစ်လိမ့်မည်။ လူတို့သည် ၎င်းတို့၏တာဝန်ထမ်းဆောင်မှုအတွက် ဘုရားသခင်က ချီးမွမ်းခြင်းကို ခံရသည့်အခါမှသာ ၎င်းတို့သည် ဘုရားသခင်၏ လက်ခံနိုင်ဖွယ်ဖြစ်သော ဖန်ဆင်းခံ ဖြစ်နိုင်ကြသည်။ ထို့ကြောင့် သင်တို့၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ပတ်သက်လျှင် ယခုတွင် သင်တို့သည် ဆက်ကပ်အပ်နှံရာ၌ အသုံးခံပြီး ယူဆောင်လာသောအရာများမှာ သင်တို့ တတ်မြောက်ပြီးဖြစ်သော အမျိုးမျိုးသော ကျွမ်းကျင်မှုများ၊ သင်ယူမှုနှင့် အသိပညာများဖြစ်သော်လည်း သင်တို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် သမ္မာတရားကို နားလည်နိုင်သည့်လမ်းကြောင်းနှင့် မိမိတာဝန်ကို ထမ်းဆောင်ခြင်းသည် မည်သည့်အရာဖြစ်ကြောင်း၊ ဘုရားရှေ့သို့ လာရောက်ခြင်းသည် မည်သည့်အရာဖြစ်ကြောင်း၊ ဘုရားသခင်အတွက် စိတ်နှလုံးအကြွင်းမဲ့ အသုံးခံခြင်းသည် မည်သည့်အရာဖြစ်ကြောင်းတို့ကို သိရှိနိုင်သည့် လမ်းကြောင်းကို ပေးအပ်သည်မှာ ဤအရာများပင် အတိအကျဖြစ်လေသည်။ ဤလမ်းကြောင်းမှတစ်ဆင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မည်သို့ ဖယ်ရှားရမည်၊ သင့်ကိုယ်သင် မည်သို့ စွန့်လွှတ်ရမည်၊ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု မမှတ်ယူရန် မည်သို့ပြုရမည်၊ သမ္မာတရားနှင့် ဘုရားသခင်ကို မည်သို့နာခံရမည်တို့ကို သိလိမ့်မည်။ ဤနည်းအားဖြင့်သာ ကယ်တင်ခြင်းကို ရရှိနိုင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို ရရှိရန်၊ အနီးအနားတွင်ရှိသော လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်) တာဝန်တစ်ခု လုပ်တာက ကိုယ့်စိတ်သဘောထားကို ပြောင်းလဲပြီး သမ္မာတရားရဖို့ လမ်းကြောင်းပဲဆိုတာကို ဘုရားနှုတ်ကပတ်တော်ကနေ သိခဲ့ရတယ်။ အဲဒါက ကောင်းချီးခံစားတာ၊ အကျိုးကျေးဇူးတွေ ရတာနဲ့ မဆိုင်ဘူး။ ကိုယ်ဘာတာဝန်ပဲ လုပ်ပါစေ၊ သမ္မာတရား လိုက်စားပြီး စိတ်သဘောထား ပြောင်းလဲမှုကို လိုက်စားတာက တစ်ခုတည်းသော မှန်ကန်တဲ့ လမ်းကြောင်းပဲ။ အထွေထွေရေးရာ အလုပ်ကနေ ဘာမှ ကျွန်မ မသင်ယူခဲ့တဲ့ အကြောင်းရင်းက သမ္မာတရားကို ကျွန်မ လိုက်စားမနေခဲ့လို့၊ အသက်ဝင်ရောက်မှုနဲ့ ပတ်သက်လို့ အလုပ်လုပ်မနေခဲ့လို့ပဲ။ အဲဒါက ကိုယ်လုပ်တဲ့ တာဝန်နဲ့ ဘာမှ မဆိုင်ဘူး။ ကျွန်မက အထွေထွေရေးရာအလုပ်ကို ပင်ပန်းခက်ခဲတဲ့ အလုပ်လို့ပဲ တွေးခဲ့တာ။ ဖောက်ပြန်ပျက်စီးခြင်းကို ပြတော့၊ သမ္မာတရား လိုက်စားပြီး ဖြေရှင်းတာကို အာရုံမစိုက်ခဲ့ဘူး။ ကျွန်မက သနားစရာဖြစ်ခဲ့ပြီး ကိုယ့်တာဝန်မှာ အချောင်ခိုခဲ့တယ်။ အလုပ်ကို လုပ်ခဲ့ပေမဲ့၊ ဘာတစ်ခုမှ မရခဲ့ဘူး။ ကျွန်မရဲ့ စိတ်သဘောထား လုံးဝ မပြောင်းလဲခဲ့ဘူး။ အဲဒီလိုသာ ဆက်ဖြစ်ရင် ကျွန်မ ကယ်တင်ခံရမဲ့ နည်းလမ်း မရှိဘူး။ အဲဒါကို သဘောပေါက်တာက ကျွန်မကို လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ပေးခဲ့တယ်။ အထွေထွေ ရေးရာကိစ္စတွေကို ကိုင်တွယ်တာဖြစ်စေ၊ ညီအစ်ကို မောင်နှမတွေကို ရေလောင်း၊ ထောက်ပံ့တာဖြစ်စေ၊ အလုပ်တာဝန်တစ်ခုလို အဲဒါကို ကျွန်မ ဆက်သဘောထားနေလို့ မဖြစ်ဘူး။ ဆုတောင်းပြီး သမ္မာတရား စည်းမျဉ်းတွေ ရှာဖွေတာကို ကျွန်မ အာရုံစိုက်ရမယ်။ ဖောက်ပြန်ပျက်စီးခြင်း ပြမိတဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး ဖြေရှင်းဖို့ သမ္မာတရားကို ရှာရမယ်။ အတန်ကြာ ဒီလို လက်တွေ့လုပ်ပြီးတဲ့နောက်မှာ၊ မသိလိုက်ခင်မှာပဲ၊ ကိုယ်ကိုယ်ကိုယ် ပိုနားလည်လာသလို၊ လက်တွေ့ကျတဲ့ သမ္မာတရား သိနားလည်မှုကို ပိုရခဲ့တယ်။
ကျွန်မ သတိရမိတယ်။ သူ စီစဉ်တဲ့ အရာတိုင်းမှာ ပါဝင်ဖို့ ကျွန်မကို အမြဲ တောင်းဆိုလေ့ရှိခဲ့တဲ့ ညီအစ်မတစ်ယောက်ရှိတယ်။ သူ့ဘာသာ လုပ်နိုင်တဲ့ ရိုးရှင်းတဲ့ အရာတွေနဲ့ ပတ်သက်ပြီးတော့တောင် ကျွန်မကို အကူအညီတောင်းခဲ့တာ။ နောက်တစ်ခါ သူ အကူအညီ တောင်းတော့၊ ကျွန်မ ကိုယ့်စိတ်ထားကို ပြင်ပြီး၊ လုပ်ရမဲ့အလုပ်များလို့ဆိုပြီးတော့ အတိုက်အခံမလုပ်ခဲ့ဘူး။ ကျွန်မတို့ အတူအလုပ်လုပ်ရင်းနဲ့ သူ့တာဝန်မှာ တကယ့်ဝန်ထုပ်ကို သူမထမ်းသလို၊ သက်သာမှုတွေကို မက်မောတာ ကျွန်မ သတိထားမိတယ်။ ဒါကို သူ့ဆီ ကျွန်မ ထောက်ပြချင်ခဲ့ပေမဲ့၊ ကျွန်မနဲ့ အဆင်ပြေဖို့ခက်တယ်လို့ သူခံစားရမှာ စိုးလို့၊ သူ့ရဲ့ဇာတိကို ထောက်ထားခဲ့မိတယ်။ ကျန်တာကို ကျွန်မ ရှင်းလို့ရတယ်လို့ တွက်ခဲ့တယ်။ အဲဒါကို မပြောပြခဲ့ဘူး။ သူ့ကို မိတ်သဟာယမပြုခဲ့ဘူး။ နောက်ပိုင်း၊ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး ကိုယ့်ကိုယ့်ကိုယ် သုံးသပ်ပြီးတော့ ကျွန်မက လူ့အကြိုက်လိုက်သူဖြစ်မှန်း သဘောပေါက်သွားတယ်။ ကျွန်မက ထောက်ထားပြီး နားလည်တတ်ပုံရပေမဲ့၊ အမှန်တော့၊ ကိုယ်ပိုင်ရည်ရွယ်ချက်ရှိပြီး အဲဒါက ကျွန်မအပေါ် သူ ထင်မြင်ချက်ကောင်းဖို့ပဲ။ အဲဒါက သူ့ဘဝကို အကျိုးပြုမှာ မဟုတ်သလို၊ ကျွန်မအပေါ် အမြဲ မှီခိုစေမှာပဲ။ အဲဒီအချိန်မှာ သူ့ကို ကျွန်မ ဖွင့်ပြောပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုအကြောင်း ပြောပြခဲ့သလို၊ သူကိုယ်တိုင်ရဲ့ ပြဿနာတွေကိုလည်း ပြောပြခဲ့တယ်။ အဲဒီနောက်တော့ သူက အပြောင်းအလဲတချို့လုပ်ပြီး၊ သူ့တာဝန်မှာ ပိုထိရောက်လာသလို ကျွန်မအပေါ် မှိခိုတာ လျော့လာခဲ့တယ်။ ကိုယ်က ဘာတာဝန်ပဲ လုပ်ပါစေ၊ သမ္မာတရားကို သင်ယူပြီး ဝင်ရောက်လို့ရတယ်ဆိုတာကို ဒီအတွေ့အကြုံတွေက သင်ပေးခဲ့တယ်။ ဘုရားက တကယ်ကို ဘယ်သူ့ကိုမှ မျက်နှာသာမပြဘူး။ ကျွန်မ ဘာအလုပ်ပဲလုပ်ပါစေ၊ ဘာအခြေအနေပဲ ရင်ဆိုင်ရပါစေ၊ သမ္မာတရားကို ရှာနိုင်ပြီး လက်တွေ့လုပ်တာက အရေးကြီးတဲ့အရာဖြစ်မှန်းကိုလည်း ကျွန်မ သဘောပေါက်ခဲ့တယ်။