၁၀၀။ ကျွန်တော်နှိပ်စက်ညှဉ်းပန်းခံရစဉ် သင်ယူခဲ့ရသည့်အရာ
၂၀၀၇ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့မနက်မှာ ကျွန်တော် ညီအစ်ကိုမောင်နှမတချို့နဲ့အတူ စုဝေးပွဲလုပ်နေတုန်း ရဲတွေက ကျွန်တော်တို့စုဝေးနေတဲ့ အိမ်တံခါးကို ကန်ဖွင့်ပြီး ပြေးဝင်လာကြတယ်။ လျှပ်စစ်ဒုတ်ကိုင်ထားတဲ့ ရဲအရာရှိဝဝတစ်ယောက်က ကျွန်တော်တို့ကို အော်တယ်၊ “ဘယ်သူမှ မလှုပ်နဲ့၊ လှုပ်ရင် ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်”တဲ့။ ရဲအရာရှိရဲ့ ဆိုးယုတ်တဲ့သဘောထားကြောင့် ကျွန်တော် ဒေါသထွက်ပြီး သူတို့ကို ပြန်ပြောလိုက်တယ်၊ “ခင်ဗျားတို့ ဘာအကြောင်းပြချက်နဲ့ ကျွန်တော်တို့ကို ဖမ်းတာလဲ။ ကျွန်တော်တို့ ယုံကြည်သူတွေက အကျင့်ကောင်းအောင်နေပြီး မှန်တဲ့လမ်းကြောင်းကို လျှောက်လှမ်းကြတာပါ” လို့ပေါ့။ နိုင်ငံတော်လုံခြုံရေး အကြီးအကဲက ကြမ်းကြမ်းတမ်းတမ်း ဖြတ်ပြောတယ်၊ “ဘုရားသခင်ကို ယုံကြည်တာက လမ်းကြောင်းမှန်ကို လျှောက်တာလို့ မင်းကပြောတယ်၊ ဟုတ်လား။ စီစီပီကို ယုံကြည်တာကမှ တစ်ခုတည်းသော လမ်းကြောင်းးမှန်ပဲ။ ငါတို့ နိုင်ငံတော်လုံခြုံရေး တပ်ဖွဲ့က ဘုရားသခင်ကို ယုံကြည်တဲ့သူတွေကို ဖမ်းဖို့ အထူးတာဝန်ယူထားတာ။ မင်းတို့ကို ဖမ်းဖို့အတွက်နဲ့ ငါတို့ ညမအိပ်ရဘဲ ချောင်းမြောင်းစောင့်ကြည့်နေခဲ့ရတာ ရက်ပေါင်းများနေပြီ။ မင်းတို့ လုပ်စရာအများကြီးရှိတဲ့ထဲကမှ ဘုရားသခင်ကို ယုံကြည်ဖို့ပဲ ကိုယ့်ကိုယ်ကိုယ် မြှုပ်နှံထားခဲ့ရသလား” တဲ့။ ပြီးတော့ သူက လက်တစ်ချက်ဝှေ့ပြပြီး အိမ်ကိုရှာဖွေဖို့ သူ့လက်အောက်ငယ်သားတွေကို အချက်ပြလိုက်တယ်။ ရှာဖွေပြီးတဲ့နောက်မှာ သူတို့က ကျွန်တော်တို့ကို လက်ထိပ်ခတ်ပြီး တစ်ယောက်ချင်းစီ စစ်ဆေးမေးမြန်းဖို့ ခရိုင်ပြည်သူ့လုံခြုံရေးဗျူရိုကို ခေါ်သွားကြတယ်။
စစ်ဆေးမေးမြန်းခန်းထဲကို ဝင်ဝင်ချင်းပဲ နိုင်ငံတော်လုံခြုံရေး အကြီးအကဲက ကျွန်တော့်မျက်နှာကို အကြိမ်တော်တော်များများ ရိုက်လိုက်တယ်။ အဲဒါနဲ့ ကျွန်တော် မူးသွားပြီး ခေါင်းက ချာချာလည်သွားတယ်။ နားတွေအူ၊ မျက်လုံးတွေ ပြာဝေပြီး ပါးစပ်ထဲမှာ သွေးတွေနဲ့ ပြည့်သွားတယ်။ အဲဒီနောက် ချက်ချင်းပဲ ဘေးမှာရပ်နေတဲ့ တခြားအရာရှိလေးယောက်က ပြေးလာပြီး ကျွန်တော့်ကို ကန်ကျောက်ထိုးကြိတ်ကြတယ်။ ခဏကြာတော့ အမျိုးသားလုံခြုံရေး အကြီးအကဲက သူ့စီးကရက်ကို တစ်ဖွာဖွာပြီး ကျွန်တော့်ကို လက်ညှိုးထိုးပြီး ပြောတယ်၊ “မင်းပုံစံကို ကြည့်ရတာ မင်းက မင်းတို့အသင်းတော်ရဲ့ ခေါင်းဆောင် ဒါမှမဟုတ် အရေးကြီးတဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ရမယ်။ ငါတို့သိချင်တာကို ပြောပြရင် မင်းကို လွှတ်ပေးမယ်။ ဒါပေမဲ့ မင်း မပြောရင်တော့ ငါ မင်းကို ကောင်းကောင်းမွန်မွန် မဆက်ဆံဘူးဆိုပြီး အပြစ်မတင်နဲ့” တဲ့။ သူက ပြောသေးတယ်၊ “မင်းရဲ့ ခန္ဓာကိုယ် အလုံးအထည်ကို ကြည့်ရတာ နှိပ်စက်တာကို သိပ်ခံနိုင်မှာမဟုတ်ဘူးလို့ ငါ ခန့်မှန်းတယ်။ ပြောလိုက်ပါတော့၊ မင်းရဲ့ခေါင်းဆောင်က ဘယ်သူလဲ။ အသင်းတော်ရဲ့ငွေတွေက ဘယ်သူ့အိမ်မှာလဲ”တဲ့။ ကျွန်တော် ဘာစကားတစ်ခွန်းမှ မပြောခဲ့ပါ။ စိတ်နှလုံးထဲကနေ ဘုရားသခင်ကို တိတ်တဆိတ် အဆက်မပြတ် ဆုတောင်းနေခဲ့ပြီး၊ ကျွန်တော်နဲ့အတူရှိနေပြီး ခွန်အားပေးဖို့ တောင်းလျှောက်ခဲ့တယ်။ ကျွန်တော် စိတ်ပိုင်းဖြတ်လိုက်တယ်၊ ရဲတွေ ကျွန်တော့်ကို ဘယ်လိုပဲ ညှဉ်းပန်းနှိပ်စက်ပါစေ၊ ကျွန်တော်ဟာ ယုဒတစ်ယောက်ဖြစ်ပြီး ဘုရားသခင်ကို သစ္စာဖောက်မှာ မဟုတ်ဘူး။ ကျွန်တော် ဘာမှမပြောတာကိုမြင်တော့ နိုင်ငံတော်လုံခြုံရေး အကြီးအကဲက သူ့စီးကရက်ကို မြေကြီးပေါ် ပစ်ချပြီး သူ့လက်ကို အချက်ပြရင်း အော်လိုက်တယ်၊ “သူ့ကို လုပ်ကြစမ်း။ ရိုက်သတ်ပစ်လိုက်” တဲ့။ အဲဒီလိုနဲ့ ရဲအရာရှိတချို့က ကျွန်တော့်ကို ရက်ရက်စက်စက် ထပ်ရိုက်လာကြပြန်တယ်။ ပြီးတော့ ကျွန်တော့်လက်တွေကို နောက်ပြန် လက်ထိပ်ခတ်တယ်၊ ဘောင်းဘီကို ခြေသလုံးအထိ ဆွဲချတယ်၊ ခြေအိတ်တွေကို ချွတ်ပြီး ကျွန်တော် မအော်နိုင်အောင် ပါးစပ်ထဲထိုးထည့်တယ်၊ ပြီးတော့ ကျွန်တော့်ခေါင်းကို ကျွန်တော့်ဘောင်းဘီထဲ ထိုးထည့်လိုက်တယ်။ အရာရှိတွေက တစ်ယောက်တစ်လှည့်စီ ကျွန်တော့်ကို ထိုးကြိတ်ကန်ကျောက်ပြီး အဲဒီလိုလုပ်ရင်းနဲ့ အားရပါးရ ရယ်မောကြတယ်။ ဘေးမှာ ကြည့်နေတဲ့ အမျိုးသမီးအရာရှိတွေလည်း ရှိပြီး သူတို့က ရယ်ရလွန်းလို့ ဘေးက စားပွဲကို မှီထားကြရတယ်။ အရာရှိတွေက တိရစ္ဆာန်တစ်ကောင်လိုမျိုး ကျွန်တော့်ကို ကစားစရာလုပ်နေကြတာမို့ ကျွန်တော် အရမ်းကို အရှက်ရတယ်လို့ ခံစားခဲ့ရတယ်။ အဲဒီအချိန်က ဇူလိုင်လဖြစ်ပြီး စစ်ကြောရေးအခန်းထဲမှာလည်း အရမ်းပူနေတာကြောင့် ခဏလေးအတွင်းမှာပဲ ကျွန်တော့်အဝတ်တွေ ချွေးတွေနဲ့ ရွှဲနေခဲ့တယ်။ ရဲအရာရှိရဲ့ သားရေဖိနပ်နဲ့ အကန်ခံရတဲ့ ဒဏ်ရာတွေကနေ သွေးတွေ စိမ့်ထွက်လာပြီး၊ သွေးနဲ့ချွေးတွေ ဒဏ်ရာထဲမှာ ရောသွားတဲ့အခါ၊ စူးရှတဲ့ နာကျင်မှုကို ဖြစ်စေခဲ့တယ်။ ကျွန်တော့်ခေါင်းမှာလည်း ထိုးကြိတ်ခံရလို့ သွေးချေဥတာတချို့ ရှိခဲ့တယ်။ ပြီးတော့ အရာရှိတစ်ယောက်က ကျွန်တော့်ဆံပင်ကို ဆွဲပြီး မျက်နှာကို ရိုက်တယ်၊ ပြီးတော့ ကျွန်တော့်ခေါင်းကို ဘယ်ညာ ပြင်းပြင်းထန်ထန် လှုပ်ခါတယ်။ သူက အံကြိတ်ပြီးတော့ ဟိန်းဟောက်တယ်၊ “မင်း ပြောမှာလား၊ မပြောဘူးလား။” တဲ့။ ကျွန်တော်က “ကျွန်တော် ဘာမှမသိဘူး” လို့ ပြန်ပြောလိုက်တယ်။ သူ ဒေါသပေါက်ကွဲသွားပြီး ကျွန်တော့်လက်ထိပ်ကိုဆွဲကိုင်တယ်၊ နောက်ပြီး ကျွန်တော့်လက်မောင်းတွေကို အားနဲ့ နောက်ပြန်ဆွဲတင်တယ်။ ကျွန်တော့်လက်မောင်းတွေက ကျိုးသွားသလို နာကျင်ပြီး လိမ်ခံရလို့ လက်မောင်းတွေက တကျွတ်ကျွတ်မြည်နေတယ်။ လက်ထိပ်က ကျွန်တော့်လက်ကောက်ဝတ်က အရေပြားကို ပွန်းပဲ့စေပြီး သွေးတွေထွက်လာတယ်။ သူတို့ လက်တွေကို ဆွဲတင်လိုက်တိုင်း နာကျင်မှုက မခံမရပ်နိုင်လောက်အောင်ပါပဲ၊ ကျွန်တော် စိတ်နှလုံးထဲကနေ ဘုရားသခင်ကို အဆက်မပြတ် ဆုတောင်းနေခဲ့တယ်၊ ယုံကြည်ခြင်းကို ပေးသနားပြီး ကိုယ်တော့်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခွင့်ပြုဖို့ တောင်းလျှောက်ခဲ့တယ်။ ကျွန်တော် ဆိုးဆိုးရွားရွား ဆင်းရဲဒုက္ခခံစားနေရတာကို တွေ့တော့ အမျိုးသားလုံခြုံရေး အကြီးအကဲက ကျွန်တော်ဒုက္ခခံရတာကို ကျေနပ်တဲ့ပုံစံနဲ့ လှောင်ပြောင်ပြီး ပြောတယ်၊ “ဘာဖြစ်နေတာလဲ။ ဒီနှိပ်စက်မှုကို မင်းခံနိုင်မှာမဟုတ်ဘူးလို့ ငါပြောသားပဲ။ တောင့်မခံနေနဲ့တော့၊ စပြောတော့။ မင်းရဲ့ခေါင်းဆောင်က ဘယ်သူလဲ။ မင်းတို့ ဘယ်လိုဆက်သွယ်ကြလဲ။ ငွေတွေက ဘယ်သူ့အိမ်မှာ ဝှက်ထားတာလဲ” တဲ့။ ကျွန်တော် သူ့ကို ပြန်မဖြေခဲ့ဘူး။ အဲဒီနောက် ရဲအရာရှိဝဝက ကျွန်တော့်ခြေသလုံးကို ကန်လိုက်တော့ ကျွန်တော် ချက်ချင်းပဲ မြေကြီးပေါ် ဒူးထောက်လျက်သား လဲကျသွားတယ်။ ပြီးတော့ သူက ကျွန်တော့်လက်တွေကို ဆန့်တန်းထားခိုင်းပြီး လက်ပေါ်မှာ ထူထဲတဲ့စာအုပ်တစ်အုပ် တင်ထားလိုက်တယ်။ ခဏလောက် ဒူးထောက်ပြီးတဲ့အခါ ကျွန်တော် ပိုမခံနိုင်တော့ဘဲ မြေကြီးပေါ် လဲကျသွားတယ်။ ရဲအရာရှိဝဝက ကျွန်တော့်ကို ဆွဲထူပြီး နောက်တစ်ခါ ဒူးထောက်ခိုင်းကာ သစ်သားတူတစ်ချောင်းနဲ့ လက်ချောင်းတွေကို စပြီးရိုက်တယ်။ ရိုက်လိုက်တိုင်း ကျွန်တော့်လက်ချောင်းတွေထဲမှာ စူးစူးနစ်နစ် နာကျင်နေခဲ့တယ်။ ကျွန်တော့်ကို သူရိုက်ရင်းနဲ့ အော်တယ်၊ “ဘယ်လိုနေလဲ။ သိပ်မကောင်းဘူးမလား။ မင်းရဲ့ဘုရားကို လာကယ်ခိုင်းလေကွာ” တဲ့။ သူအဲဒီလိုပြောတော့ ရဲအရာရှိတွေအားလုံး ဝိုင်းပြီး ဟားတိုက်ရယ်မောကြတယ်။ သူတို့ရဲ့ရယ်သံတွေကြောင့် ကျွန်တော် ဒေါသထွက်ပြီး အဲဒီနတ်ဆိုးတွေကို စိတ်နှလုံးထဲကနေ ကျိန်ဆဲလိုက်တယ်။ ကျွန်တော့်ခြေထောက်တွေက ဒူးထောက်ထားလို့ ညိုမည်းနေပြီး ဓားနဲ့လှီးခံရသလို နာကျင်နေခဲ့တယ်။ လက်ချောင်းခြောက်ချောင်းကလည်း အရိုက်ခံရလို့ ညိုမည်းနေခဲ့တယ်။ သုံးလေးလကြာပြီးတော့ အဲဒီလက်ချောင်းတွေက လက်သည်းတွေအကုန် ကွာကျသွားတယ်။
ညနေ ၅ နာရီလောက်မှာ ရဲတွေက ကျွန်တော့်ကို ထိန်းသိမ်းရေးစခန်းတစ်ခုကို ပို့လိုက်ပြီး မသွားခင်မှာ အဲဒီကဝန်ထမ်းတွေကို အထူးညွှန်ကြားခဲ့တယ်၊ “သူ့ကို ပေါက်စီသေးသေးတစ်လုံးနဲ့ ဟင်းချိုတစ်ပန်းကန်ပဲ ကျွေး။ မနက်ဖြန် ငါတို့ကို သူဘာပြောရမလဲဆိုတာ ကောင်းကောင်းစဉ်းစားပါစေ” တဲ့။ ပြီးတော့ သူတို့က ကျွန်တော့်ကို ၁၀ စတုရန်းမီတာမပြည့်တဲ့ အချုပ်ခန်းလေးထဲမှာ ပိတ်လှောင်ထားလိုက်တယ်။ အဲဒီအချုပ်ခန်းထဲမှာ တခြားလူဆယ်ယောက်ကျော် အချုပ်ကျနေပြီး အချုပ်ခန်းက ညစ်ပတ်၊ နံစော်နေခဲ့တယ်။ မြေကြီးပေါ်မှာ သစ်သားပျဉ်ပြားနှစ်ချပ်ပဲရှိပြီး အဲဒါတွေကို အချုပ်ခန်းခေါင်းဆောင်က သိမ်းပိုက်ထားပြီးသား။ အဲဒီညတုန်းက ကျွန်တော် ထောင့်တစ်နေရာက နံရံကိုမှီပြီး ထိုင်နေခဲ့တယ်၊ ဗိုက်ကဆာ၊ ရေလည်းငတ်တယ်၊ ခေါင်းကလည်းမူးနောက်နေပြီး မျက်နှာကလည်း မီးစနဲ့ထိုးသလို ပူလောင်နာကျင်နေခဲ့တယ်။ ကျွန်တော် ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ဒီနေ့ သူတို့ ငါ့ကို ဒီလောက်ရက်ရက်စက်စက်ရိုက်နှက်တာတောင် ငါ့ဆီက ဘာအချက်အလက်မှ မရခဲ့ဘူး။ မနက်ဖြန်ကျရင် ငါ့ကို ဘာလုပ်ကြဦးမလဲ မသိဘူး။ သူတို့သာ ငါ့ကို ဆက်ပြီးနှိပ်စက်နေရင် ငါ မသန်စွမ်းဖြစ်သွားမလား၊ ဒါမှမဟုတ် သေသွားမလား။ ငါသာ မသန်စွမ်းဖြစ်သွားရင် ငါ့ဘဝရဲ့နောက်ပိုင်းတစ်ဝက်ကို ဘယ်လိုဆက်ပြီး အသက်ရှင်ရမှာလဲ” လို့ပေါ့။ ကျွန်တော် ပိုပြီးတွေးလေလေ၊ ပိုပြီးအားနည်းလာတယ်လို့ ခံစားရလေလေဖြစ်ပြီး ဘုရားသခင်ဆီကနေ အကူအညီတောင်းဖို့ အမြန်ဆုတောင်းလိုက်တယ်။ “အို ဘုရားသခင်၊ သား ဒီညှဉ်းပန်းနှိပ်စက်မှုကို ဒါထက်ပိုပြီး မခံနိုင်တော့ပါဘူး၊ ဒါပေမဲ့ ယုဒဖြစ်ပြီး ကိုယ်တော့်ကို သစ္စာဖောက်ဖို့ သားမလိုလားပါ။ ကျေးဇူးပြုပြီး သားကို ကူညီပါ၊ ကိုယ်တော့်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ ခွန်အားပေးပြီး ကာကွယ်စောင့်ရှောက်တော်မူပါ” လို့ပေါ့။ အဲဒီအချိန်မှာပဲ ကိုယ်တော်ရဲ့နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် သတိရလိုက်တယ်။ “စိတ်မပျက်နှင့်၊ အားမနည်းနှင့်၊ ငါသည် သင့်အတွက် အမှုအရာများကို ရှင်းလင်းစေမည်။ နိုင်ငံတော်သို့ သွားရာလမ်းသည် သိပ်ချောမွေ့ခြင်းမရှိ။ မည်သည့်အရာမျှ ထိုမျှ မရိုးရှင်းပေ။ ကောင်းချီးများ သင့်ထံ အလွယ်တကူ ရောက်လာသည်ကို သင် လိုချင်သည် မဟုတ်လော။ ယနေ့တွင် အယောက်တိုင်းသည် ခါးသီးသော စမ်းသပ်ခြင်းများ ရင်ဆိုင်ဖို့ ရှိလိမ့်မည်။ ထိုသို့သော စမ်းသပ်မှုများမရှိပါက၊ သင်တို့၌ ရှိသည့် ငါ့ကိုချစ်သော နှလုံးသားသည် တိုး၍ အားကောင်းလာလိမ့်မည် မဟုတ်သကဲ့သို့၊ သင်တို့သည် ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိလိမ့်မည်မဟုတ်။ ဤစမ်းသပ်မှုများတွင် အသေးအဖွဲအခြေအနေများသာ ပါရှိလျှင်ပင်၊ အယောက်တိုင်း ၎င်းတို့ကို ကျော်ဖြတ်ရမည်။ စမ်းသပ်မှုများ၏ ပြင်းထန်မှုက အမျိုးမျိုးရှိမည်သာ ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၄၁)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စဉ်းစားဆင်ခြင်ရင်း ကျွန်တော် သဘောပေါက်သွားတယ်၊ ဘုရားသခင်က ကျွန်တော့်ကို စမ်းသပ်ဖို့အတွက် ဒီဆင်းရဲဒုက္ခကို ဖြတ်သန်းခွင့်ပြုခဲ့တာပဲ။ ကိုယ်တော်က ဆင်းရဲဒုက္ခနဲ့ရင်ဆိုင်ရတဲ့အခါမှာ ကျွန်တော့်ရဲ့စိတ်ပိုင်းဖြတ်မှုကို ခိုင်မာစေဖို့ ကူညီပေးနေခဲ့တာ။ အရင်တုန်းက အဖမ်းမခံရခင်မှာ၊ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်အပေါ် ယုံကြည်ခြင်းရှိတယ်၊ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခခံရပါစေ ကိုယ်တော့်ကို ကျေနပ်စေလိုစိတ်ရှိတယ်လို့ အမြဲထင်ခဲ့တယ်။ အခုတော့ တစ်ရက်ပဲ နှိပ်စက်ညှဉ်းပန်းခံရသေးတယ်၊ ကျွန်တော်က ကြောက်ရွံ့၊ ထိတ်လန့်မှုနဲ့ အသက်ရှင်နေခဲ့ပြီ၊ မသန်စွမ်းဖြစ်သွားမှာ ဒါမှမဟုတ် အသတ်ခံရမှာကို စိုးရိမ်နေခဲ့တယ်။ ဘုရားသခင်အပေါ် ကျွန်တော့်ရဲ့ စစ်မှန်တဲ့ ယုံကြည်ခြင်းက ဘယ်မှာလဲ။ ကျွန်တော့်ရဲ့ ဝိညာဉ်ရင့်ကျက်မှုက အရမ်းကို သေးငယ်နေသေးတယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို သဘောပေါက်ပြီးနောက်မှာ ကျွန်တော် ကြောက်ရွံ့ထိတ်လန့်စိတ် သိပ်မရှိတော့ဘဲ ကိုယ်တော့်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ ဘုရားသခင်ကို အားကိုးလိုစိတ်ရှိလာခဲ့တယ်။
ဒုတိယနေ့မှာ ရဲတွေက ကျွန်တော့်ကို နောက်ထပ်မေးခွန်းတွေမေးဖို့အတွက် နိုင်ငံတော်လုံခြုံရေး တပ်ဖွဲ့ကို ခေါ်သွားကြတယ်။ အကြီးအကဲက ကျွန်တော့်ကို လက်ညှိုးထိုးပြီး ပြောတယ်၊ “မင်း ဒီနေ့ ကောင်းကောင်းနေရင် ကောင်းလိမ့်မယ်။ မနေ့က ငါမေးတဲ့မေးခွန်းတွေအတွက် အဖြေရပြီလား” တဲ့။ ကျွန်တော် ဘာမှမသိဘူးလို့ ပြန်ပြောလိုက်တယ်။ သူ ဒေါသထွက်ပြီး ကျွန်တော့်ဆံပင်ကို ဆွဲကိုင်ပြီး မျက်နှာကို ရိုက်တယ်၊ ပြီးတော့ “မင်းနဲ့ ငါ့လျှပ်စစ်တုတ်၊ ဘယ်သူအရင် လက်လျှော့မလဲ ကြည့်ကြသေးတာပေါ့။ သူ့ကို လုပ်ကြစမ်း။ သေအောင်ရိုက်” ဆိုပြီး အော်ပြောတယ်။ ပြီးတော့ အရာရှိငါးယောက် ရောက်လာပြီး ကျွန်တော့်ကို ကန်ကျောက်ထိုးကြိတ်ကြတယ်။ အရာရှိတစ်ယောက်က ကျွန်တော့်ကျောပေါ်တက်နင်း၊ လက်တွေကို နောက်ပြန်ဆွဲပြီး၊ အတင်းအဓမ္မ လက်ထိပ်ခတ်တယ်။ ကျွန်တော့်လက်မောင်းတွေ နောက်ပြန်လိမ်ခံရလို့ အရမ်းကို နာကျင်နေခဲ့တယ်။ အရမ်းနာပြီးတော့ ခဏလေးနဲ့ ချွေးတွေစိုရွှဲသွားတယ်။ ရဲအရာရှိဝဝတစ်ယောက်က လျှပ်စစ်ဒုတ်တစ်ချောင်းကိုယူပြီး လှုပ်ယမ်းလိုက်တော့ ဒုတ်ကနေ လျှပ်စစ်တွေ တဖျစ်ဖျစ်မြည်ပြီး သူက ကျွန်တော့်ကို နှစ်ချက်ရှော့ခ်ရိုက်လိုက်တယ်။ ရှော့ခ်ရိုက်ခံရလို့ ကျွန်တော် တုန်တက်သွားပြီး မအော်ဘဲမနေနိုင်ခဲ့ဘူး။ အကြီးအကဲက အခွင့်ကောင်းယူပြီး ကျွန်တော့်ကို ဖျောင်းဖျဖို့ ကြိုးစားတယ်၊ “မင်းတို့ခေါင်းဆောင်က ဘယ်သူလဲ၊ ပိုက်ဆံကို ဘယ်သူ့အိမ်မှာထားလဲဆိုတာ ငါတို့ကိုပြောရင် ငါ မင်းကို ချက်ချင်းလွှတ်ပေးမယ်။ မင်းရဲ့ဇနီး၊ သားသမီးတွေနဲ့ မိဘတွေအားလုံးက သူတို့ကို ကြည့်ရှုစောင့်ရှောက်ဖို့ မင်းကို လိုအပ်တယ်။ မင်းက ကိုယ်ကောင်းစားဖို့အတွက် မစဉ်းစားရင်တောင်မှ အနည်းဆုံးတော့ မင်းမိသားစုအတွက် စဉ်းစားသင့်တယ်” တဲ့။ ဒါက ကျွန်တော့်ကို နည်းနည်း စိတ်ယိုင်သွားစေခဲ့တယ်။ ကျွန်တော် တွေးမိတယ်၊ “ငါ ဆက်ပြီး ဘာမှမပြောဘဲ ငြင်းဆန်နေရင် သူတို့ ငါ့ကို ရိုက်သတ်မှာ သေချာတယ်။ ငါ သူတို့ကို သိပ်အရေးမကြီးတဲ့ သတင်းအချက်အလက်တချို့ ပေးလိုက်ရင် သူတို့ ငါ့ကို အိမ်ပြန်လွှတ်ပေးချင်ပေးမှာပဲ”လို့ပေါ့။ အဲဒီအချိန်မှာပဲ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ရုတ်တရက် သတိရလိုက်တယ်။ “ဆင်းရဲဒုက္ခကြီးစွာ ခံစားရချိန်များတွင် ငါ့အပေါ် စိုးစဉ်းမျှ သစ္စာစောင့်သိမှု မပြသခဲ့သူများအား ငါသည် နောက်ထပ် သနားကြင်နာတော့မည် မဟုတ်ဘဲ ငါ၏ကရုဏာသည် အကန့်အသတ်ရှိကြောင်းကို ငါရှင်းလင်းစေရမည်။ ထို့ပြင် တစ်ချိန်က ငါ့ကို သစ္စာဖောက်ခဲ့သူ မည်သူ့ကိုမျှ ငါနှစ်သက်ခြင်းမရှိ၊ ၎င်းတို့၏မိတ်ဆွေများ၏ အကျိုးအပေါ် သစ္စာဖောက်သူများနှင့် ငါသည် သာ၍ပင် ပတ်သက်ဆက်နွှယ်လိုခြင်း မရှိ။ ထိုသူသည် မည်သူပင်ဖြစ်စေ ဤသည်မှာ ငါ၏စိတ်သဘောထား ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ကျွန်တော့်ကို ချက်ချင်းပဲ နိုးထစေခဲ့တယ်။ ကျွန်တော် စာတန်ရဲ့အကြံအစည်ထဲကို ကျရောက်သွားလုနီးပါးပဲ။ ကျွန်တော်သာ မိသားစုအပေါ်ထားတဲ့ ဇာတိပကတိခံစားချက်တွေကို အရေးထားပြီး ယာယီသက်သာမှုကို မက်မောလို့ ဘုရားသခင်ကို သစ္စာဖောက်ပြီး ညီအစ်ကိုမောင်နှမတွေကို သစ္စာဖောက်ခဲ့ရင်၊ ကျွန်တော်ဟာ ဘုရားသခင်နဲ့ မိတ်ဆွေကို သစ္စာဖောက်တဲ့ ယုဒဖြစ်သွားမှာပဲ၊ ဘုရားသခင် အမုန်းဆုံးအမျိုးအစားပေါ့။ ဒါဟာ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားတာဖြစ်ပြီး ကျိန်ခြင်းနဲ့ အပြစ်ဒဏ်ပေးခြင်းကို ကျွန်တော် ခံရမှာပါပဲ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ကျွန်တော့်ကို ဉာဏ်အလင်းပေးပြီး စာတန်ရဲ့အကြံအစည်ကနေ ကာကွယ်ပေးခဲ့လို့ ကျေးဇူးတင်မိတယ်။ ကျွန်တော် ဘုရားသခင်ဆီ ဆုတောင်းပြီး ပြောလိုက်တယ်၊ “အို ဘုရားသခင်။ သူတို့ ကျွန်တော့်ကို မသန်စွမ်းဖြစ်အောင်လုပ်သည်ဖြစ်စေ၊ သတ်သည်ဖြစ်စေ၊ ကိုယ်တော့်ကို ကျွန်တော် ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူး၊ သိက္ခာမဲ့တဲ့ ယုဒလည်း ဖြစ်လာမှာ မဟုတ်ပါဘူး” လို့ပေါ့။ ဆုတောင်းပြီးနောက်မှာ ကျွန်တော် ပိုပြီး စိတ်သက်သာရာရပြီး စိတ်မချမ်းမသာ သိပ်မဖြစ်တော့ဘူး။ အရာရှိရဲ့ စစ်ဆေးမေးမြန်းမှုနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်တော် မျက်နှာထားတင်းတင်းနဲ့ ဖြောင့်ဖြောင့်မတ်မတ် ပြန်ဖြေခဲ့တယ်၊ “ဘုရားသခင်ကို ယုံကြည်တာက လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတယ်၊ ကျိုးကြောင်းဆီလျော်ပြီး တရားဝင်တယ်။ ခင်ဗျားတို့ ဘာအကြောင်းပြချက်နဲ့ ကျွန်တော့်ကို ဖမ်းတာလဲ။ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတွေဟာ ဘာသာရေးလွတ်လပ်ခွင့် ရှိတယ်လို့ ရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းထားတယ်။ ခင်ဗျားတို့က ကျွန်တော့်ယုံကြည်ခြင်းကြောင့် ကျွန်တော့်ကို သေအောင် နှိပ်စက်နေတာ ဘယ်မှာလဲ ဘာသာရေးလွတ်လပ်ခွင့်” လို့ပေါ့။ ဒီလိုကြားတော့ အရာရှိက ဒေါသပေါက်ကွဲပြီး အော်ဟစ်တယ်၊ “ဘာသာရေးလွတ်လပ်ခွင့်ဆိုတာက နိုင်ငံခြားတိုင်းပြည်တွေကို ကျေနပ်အောင် ငါတို့ ပြောရုံသက်သက်ပဲ၊ တရုတ်ပြည်မှာ စီစီပီက မင်းတို့ကို ဘုရားသခင်ကို ယုံကြည်ခွင့် မပေးဘူး၊ မင်းတို့ရဲ့ယုံကြည်ခြင်းက တရားမဝင်ဘူး။ မင်းတို့လို ဘုရားလုပ်ခံထားရတဲ့သူတွေကို ငါတို့ လုံးဝ အပြစ်ကင်းကင်းနဲ့ သတ်ပစ်လို့ရတယ်။ သေအောင်ရိုက်ကြစမ်း။ သူ ဘယ်လောက်ကြာကြာခံနိုင်မလဲ ကြည့်ကြတာပေါ့” တဲ့။ အဲဒီလိုနဲ့ သူတို့အားလုံးက ကျွန်တော့်အပေါ် ခုန်ဝင်လာပြီး ကန်ကျောက်ထိုးကြိတ်ကြတယ်။ ရဲအရာရှိတစ်ယောက်က သားရေခါးပတ်နဲ့ ကျွန်တော့်မျက်နှာနဲ့ ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ရိုက်တယ်။ အရိုက်ခံရလို့ ကျွန်တော့်မျက်နှာ ညိုမည်းဖူးယောင်သွားပြီး ကြမ်းပြင်ပေါ် လဲကျသွားတယ်။ နောက်ဆုံးမှာ သူတို့က ကျွန်တော် စကားမပြောသေးတာကို မြင်တော့ ကျွန်တော့်ကို ထိန်းသိမ်းရေးစခန်းကို ပြန်ပို့လိုက်ရုံကလွဲပြီး တခြားရွေးစရာမရှိတော့ဘူး။ ရဲတွေက ကျွန်တော့်ကို ပေါက်စီသေးသေးတစ်လုံးပါတဲ့ ညစာတစ်နပ်ပဲ စားခွင့်ပေးခဲ့တယ်။ ကျွန်တော် ဗိုက်ဆာလွန်းလို့ မတ်တပ်ရပ်ဖို့တောင် အားမရှိတော့ဘူး၊ ပြီးတော့ အဆက်မပြတ် နှိပ်စက်ညှဉ်းပန်းခံခဲ့ရတာကြောင့် ခေါင်းမူးနေတယ်၊ မျက်နှာမှာလည်း စူးစူးနစ်နစ် နာကျင်ပြီး ထုံနေတယ်၊ ခြေထောက်တွေက ဂျယ်လီလို ပျော့ခွေနေပြီး တစ်ကိုယ်လုံး အားနည်းနေခဲ့တယ်၊ ကျွန်တော် ကျောကို နံရံနဲ့မှီပြီး ကြမ်းပြင်ပေါ်မှာပဲ ထိုင်နိုင်ခဲ့တယ်။ ကျွန်တော် သိပ်မခံနိုင်တော့ဘူးလို့ ခံစားခဲ့ရပြီး တွေးမိတယ်၊ “အခြေအနေတွေ ဒီအတိုင်းဆက်ဖြစ်နေရင် ငါ ညှဉ်းပန်းနှိပ်စက်ခံရပြီး သေသွားမှာ ဒါမှမဟုတ် ငတ်ပြီး သေသွားမှာပဲ” လို့ပေါ့။ အဲဒီအချိန်မှာပဲ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် သတိရလိုက်တယ်။ “အမှု၏ ဤအဆင့်တွင် ငါတို့ထံမှ အဆုံးစွန် ယုံကြည်ခြင်းနှင့် ချစ်ခြင်းတို့ လိုအပ်ပေသည်။ အမှု၏ ဤအဆင့်သည် ယခင်အဆင့်များအားလုံးမှ ကွဲပြားခြားနားသည့်အတွက်၊ အနည်းငယ်မျှ ပေါ့ဆလိုက်ရုံနှင့် ငါတို့ ခလုတ်တိုက်မိကောင်း တိုက်မိနိုင်သည်။ ဘုရားသခင် စုံလင်နေစေသည့် အရာမှာ မြင်၍မရနိုင်သကဲ့သို့၊ လက်ဆုပ်လက်ကိုင်ပြ၍လည်း မရသည့် လူတို့၏ ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာမှာ နှုတ်ကပတ်တော်များကို ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် အသက်တို့အဖြစ်သို့ ပြောင်းလဲခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လမ်းကြောင်း... (၈)) တကယ်ပဲ ရဲတွေက ကျွန်တော့်ကို စိတ်ဓာတ်ကျအောင်လုပ်ဖို့ နှိပ်စက်တာ၊ ညှဉ်းပန်းတာ၊ အဆာငတ်ခံထားတာတွေကို သုံးချင်ခဲ့တယ်။ ကျွန်တော့်ယုံကြည်ခြင်းကို ဆုံးရှုံးအောင်လုပ်ပြီး ဘုရားကို သစ္စာဖောက်အောင် အတင်းအဓမ္မလုပ်ချင်ခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်က ကျွန်တော့်ယုံကြည်ခြင်းကို စုံလင်အောင်လုပ်ဖို့အတွက် ဒီခက်ခဲတဲ့ အခြေအနေကိုပဲ အသုံးပြုနေတာပါ။ သခင်ယေရှု စမ်းသပ်ခံရချိန်မှာ ပြောခဲ့တဲ့စကားကို ကျွန်တော်စဉ်းစားမိတယ်။ “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှ အားဖြင့် အသက်ကိုမွေးရမည်။” (ရှင်မဿဲခရစ်ဝင် ၄:၄) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်ပြီး လူရဲ့အသက်ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ခဲ့တယ်။ ဘုရားသခင်အပေါ်မှာ ယုံကြည်ခြင်းရှိရမယ်ဆိုတာ ကျွန်တော်သိခဲ့တယ်။ ကျွန်တော် စိတ်နှလုံးထဲကနေ ဘုရားသခင်ကို တိတ်တဆိတ် ဆုတောင်းတယ်၊ “အို ဘုရားသခင်၊ ကျွန်တော့်ရဲ့ဇာတိပကတိက အားနည်းပြီး အင်အားမဲ့နေနိုင်ပေမဲ့ ကိုယ်တော်ရဲ့နှုတ်ကပတ်တော်အတိုင်း အသက်ရှင်ဖို့၊ ကိုယ့်ဇာတိပကတိကို အရေးမထားဘဲ ကိုယ်တော့်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ ကျွန်တော်ဆန္ဒရှိပါတယ်...” ဆုတောင်းပြီးတဲ့နောက်မှာ စိတ်ထဲမှာ နည်းနည်းပိုပြီးတည်ငြိမ်သွားပြီး စိတ်မချမ်းမသာဖြစ်ပြီး အားနည်းတယ်လို့ သိပ်မခံစားရတော့ဘူး။
တတိယနေ့မနက်မှာ ရဲတွေက ကျွန်တော့်ကို စစ်ဆေးမေးမြန်းဖို့ နိုင်ငံတော်လုံခြုံရေး တပ်ဖွဲ့ကို ထပ်ခေါ်သွားကြတယ်။ စစ်ဆေးမေးမြန်းခန်းထဲကို ဝင်ဝင်ချင်းပဲ အရာရှိတစ်ယောက်က ကျွန်တော့်ကို မြေကြီးပေါ် ကန်ချပြီး တမံသလင်းပေါ် ဒူးထောက်ခိုင်းတယ်။ နိုင်ငံတော်လုံခြုံရေး အကြီးအကဲက ကျွန်တော့်ကို ကျယ်ကျယ်လောင်လောင် ဆူပူကြိမ်းမောင်းပြီး ပြောတယ်၊ “မင်း စိတ်ပိုင်းဖြတ်ပြီးပြီလား။ မင်းရဲ့ခေါင်းဆောင်က ဘယ်သူလဲ။ အသင်းတော်ရဲ့ငွေတွေက ဘယ်သူ့အိမ်မှာလဲ။ မင်း အခု မပြောရင် ဒီနှိပ်စက်တဲ့ ကိရိယာတွေက မင်းကို ပြောအောင်လုပ်မှာပဲ။ ငါတို့ မင်းကို တစ်ခုမကျန် အကုန်စမ်းခိုင်းမယ်” တဲ့။ ကျွန်တော် ဘာစကားတစ်ခွန်းမှ မပြောတော့ သူတို့က ကျွန်တော့်ကို ဘိလပ်မြေကြမ်းပြင်ပေါ်မှာ ဆက်ပြီး ဒူးထောက်ခိုင်းထားတယ်။ အဆက်မပြတ် နှိပ်စက်ညှဉ်းပန်းခံရပြီး အစာလည်းမစားရတာကြောင့် လူက အရမ်းကို အားနည်းနေပြီ။ တစ်နာရီနီးပါး ဒူးထောက်ပြီးတဲ့နောက်မှာ ကျွန်တော် လုံးဝအားအင်ကုန်ခမ်းသွားပြီး ဆက်ပြီးဒူးမထောက်နိုင်တော့ဘူး။ စိတ်နှလုံးထဲမှာ အားနည်းမှုက တဖြည်းဖြည်းဝင်လာတယ်လို့ ခံစားခဲ့ရပြီး ဘုရားသခင်ကို အဆက်မပြတ် ဆုတောင်းနေခဲ့တယ်၊ “အို ဘုရားသခင်၊ ဒီညှဉ်းပန်းနှိပ်စက်မှုကို သား ဒါထက်ပိုပြီး မခံနိုင်တော့ပါဘူး။ ယုဒဖြစ်ပြီး ကိုယ်တော့်ကို သစ္စာဖောက်ဖို့ သား မလိုလားပါဘူး။ ကျေးဇူးပြုပြီး သားကို ကူညီပါ၊ ယုံကြည်ခြင်းကို ပေးသနားတော်မူပါ၊ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခွင့်ပြုတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်တော်စဉ်းစားမိတယ်။ “ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သော ပြည်တွင် စတင်သောကြောင့် ဘုရားသခင်၏အမှုအားလုံးသည် ကြီးမားသော အတားအဆီးများကို ရင်ဆိုင်ရပြီး ဘုရားသခင်၏နှုတ်ကပတ်တော်များစွာသည် ချက်ချင်း ဖြစ်မြောက်အောင်မြင်နိုင်ခြင်း မရှိချေ။ ဤအကြောင်းကြောင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်၏ အကျိုးဆက်အဖြစ်၊ လူတို့သည် စစ်ဆေးခံကြရကာ ယင်းသည် ဒုက္ခဆင်းရဲ၏ အစိတ်အပိုင်းလည်း ဖြစ်ပေသည်။ အဆင်းနီသောနဂါးကြီး၏ ပြည်တွင် သူ၏အမှုကို ဆောင်ရွက်ရန် ဘုရားသခင်အတွက် အလွန်တရာ ခဲယဉ်းလေသည်။ သို့သော် ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် သူ၏ အံ့ဖွယ်လုပ်ဆောင်ချက်များကို ထင်ရှားစေလျက်၊ ပြီးလျှင် ဤလူစုကို စုံလင်စေရန် ဤအခွင့်အရေးကို အသုံးပြုရင်း၊ သူ၏ အမှု အဆင့်တစ်ခုကို ဘုရားသခင် လုပ်ဆောင်သည်မှာ ဤအခက်အခဲမှတစ်ဆင့် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စဉ်းစားဆင်ခြင်ရင်း ကျွန်တော် သဘောပေါက်သွားတယ်၊ ကျွန်တော်က ကျွန်တော့်ရဲ့ယုံကြည်ခြင်းအတွက် စီစီပီရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံခဲ့ရပြီး နှိပ်စက်ညှဉ်းပန်းမှုနဲ့ ဆင်းရဲဒုက္ခတွေကြားထဲကနေ ဘုရားသခင်အတွက် သက်သေခံရတာက ဂုဏ်ကျက်သရေရှိပြီး ဂုဏ်ယူစရာပဲ။ အရာရှိတွေက ကျွန်တော့်ကို ဘုရားသခင်ကို ငြင်းပယ်ပြီး သစ္စာဖောက်စေဖို့ ဖြစ်နိုင်တဲ့ ညှဉ်းပန်းမှုနည်းလမ်းမျိုးစုံကို သုံးခဲ့ပေမဲ့ ဒါပေမဲ့ ဘုရားသခင်ရဲ့ ဉာဏ်ပညာက စာတန်ရဲ့ အကြံအစည်တွေအပေါ်အခြေခံပြီး အသုံးချတာပဲ။ ဘုရားသခင်က ကျွန်တော့်ရဲ့ယုံကြည်ခြင်းကို စုံလင်စေဖို့၊ အဆင်းနီသော နဂါးကြီးရဲ့ ရုပ်ဆိုးအကျည်းတန်တဲ့မျက်နှာနဲ့ နတ်ဆိုးဆန်တဲ့ အနှစ်သာရကို မြင်နိုင်ဖို့အတွက် ဒီပတ်ဝန်းကျင်ကို အသုံးပြုနေခဲ့တာ၊ ဒါမှ ကျွန်တော်က စိတ်နှလုံးအကြွင်းမဲ့နဲ့ အဲဒါကို မုန်းတီးပြီး လုံးဝငြင်းပယ်နိုင်အောင်ပေါ့။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်သွားပြီးတဲ့နောက်မှာ စိတ်ထဲမှာ ပိုပြီးရှင်းလင်းသွားပြီး ခွန်အားအသစ်တွေ ရရှိခဲ့တယ်။ “ငါ စာတန်ရဲ့ လှည့်ကွက်တွေထဲကို ကျရောက်မှာမဟုတ်ဘူး၊ သူ ငါ့ကို စိတ်ဓာတ်ကျအောင်လုပ်တာကို ခွင့်ပြုမှာမဟုတ်ဘူး။ ငါ့ရဲ့ဇာတိပကတိက ဘယ်လောက်ပဲ မသက်မသာဖြစ်ပြီး အားနည်းနေပါစေ၊ ငါ ဘုရားသခင်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ရမယ်။” ကျွန်တော် စကားမပြောသေးတာကိုမြင်တော့ ရဲအရာရှိတစ်ယောက်က ကျွန်တော့်ကို ရေခွက်ကြီးတစ်ခွက် လောင်းထည့်ပေးပြီး ဟန်ဆောင်ပြုံးပြပြီး ပြောတယ်၊ “မင်း သုံးလေးရက်လောက် အစာကောင်းကောင်းမစားရသေးဘူးမလား။ ဗိုက်ဆာနေမှာပဲ။ မင်းရဲ့ကျန်းမာရေးနဲ့ဆိုရင် သိပ်ကြာကြာခံနိုင်မှာမဟုတ်ဘူးလို့ ငါထင်တယ်။ မြန်မြန်လုပ်၊ မင်းသိသမျှအကုန်လုံး ငါတို့ကိုပြောပြလိုက်စမ်း။ ငါတို့ ပေါက်စီနဲ့ ဟင်းသီးဟင်းရွက်ကြော်တွေ မှာထားပြီးပြီ၊ မင်းကိုလည်း နည်းနည်းပေးနိုင်ပါတယ်။ တကယ်ကွာ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒီလို ဆင်းရဲဒုက္ခခံနေရတာလဲ” တဲ့။ ဒါက စာတန်ရဲ့အကြံအစည်ပဲဆိုတာ ကျွန်တော် နားလည်လိုက်ပြီး စိတ်နှလုံးထဲကနေ ဘုရားသခင်ကို တိတ်တဆိတ် ဆုတောင်းလိုက်တယ်၊ ကျွန်တော့်ကို စာတန်ရဲ့ လှည့်စားမှုကနေ ကာကွယ်ပေးဖို့ တောင်းလျှောက်တယ်။ ခဏကြာတော့ အရာရှိက ကျွန်တော့်လက်ထိပ်ကို ဖွင့်ပေးပြီး ဟင်းသီးဟင်းရွက်တချို့၊ ပေါက်စီတစ်လုံးနဲ့ ရေတစ်ခွက် ယူလာပေးတယ်၊ ပြီးတော့ ပြောတယ်၊ “အစားနည်းနည်းစားလိုက်။ မင်း စားပြီးရင် မင်းသိတာတွေကို ပြောပြလို့ရပြီ” တဲ့။ ကျွန်တော်က “ကျွန်တော် ဘယ်သူ့ကိုမှမသိဘူး၊ ခင်ဗျားတို့ကို ပြောပြနိုင်တာ ဘာမှမရှိဘူး” လို့ ပြန်ဖြေလိုက်တယ်။ နိုင်ငံတော်လုံခြုံရေး အကြီးအကဲက ဒေါသထွက်ပြီး ရုတ်တရက် မတ်တပ်ရပ်တယ်၊ ကျွန်တော့်ဆံပင်ကို ဆွဲကိုင်ပြီး မျက်နှာကို ရိုက်တယ်၊ ပြီးတော့ ကြမ်းပြင်ပေါ် ကန်ချပြီး အော်ဟစ်တယ်၊ “တစ်ယောက်ယောက် သူ့လက်တွေကို နောက်ပြန်လက်ထိပ်ခတ်ပြီး သေအောင်ရိုက်။ သူ ဘယ်လောက်ကြာကြာခံနိုင်မလဲ ကြည့်ကြတာပေါ့” တဲ့။ ရဲအရာရှိလေးယောက်က ကျွန်တော့်ဆီလာပြီး လက်တွေကို နောက်ပြန်လက်ထိပ်ခတ်တယ်။ အစပိုင်းမှာ သူတို့ ကျွန်တော့်လက်တွေကို နောက်ပြန်ဆွဲပြီး လက်ထိပ်ခတ်လို့မရတဲ့အခါ၊ သူတို့က ကျွန်တော့်လက်မောင်းတွေကို အားနဲ့ဆတ်ခနဲဆွဲလိုက်တော့ ကျွန်တော် မခံမရပ်နိုင်အောင် နာကျင်ပြီး အော်ဟစ်လိုက်မိတယ်။ ပြီးတော့ အရာရှိတစ်ယောက်က သားရေခါးပတ်နဲ့ ကျွန်တော့်ကို အဆက်မပြတ် ပြင်းပြင်းထန်ထန် ရိုက်တယ်။ ကျွန်တော့်တစ်ကိုယ်လုံးမှာ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားခဲ့ရပြီး ခါးပတ်ကြောင့် ကျွန်တော့်အရေပြားပေါ်မှာ ထူထဲ၊ ညိုမည်းတဲ့ အစင်းရာတွေ အများကြီး ထင်ကျန်ခဲ့တယ်။ သူရိုက်နေရင်းနဲ့ အော်ဟစ်တယ်၊ “မင်းက သံမဏိနဲ့လုပ်ထားတယ်လို့တော့ ငါမယုံဘူး၊ ငါ မင်းကို အားပျော့သွားအောင်လုပ်လို့ရတယ်ဆိုတာ ငါသိတယ်” တဲ့။ အဲဒီနောက်မှာ သူက သူ့ရဲ့သားရေဖိနပ်ကိုချွတ်ပြီး ဖိနပ်အောက်ခြေနဲ့ ကျွန်တော့်ခေါင်းနဲ့မျက်နှာကို စပြီးရိုက်တယ်။ အရိုက်ခံရလို့ ခေါင်းက ထုံကျင်ပြီး ပေါက်ကွဲတော့မလို ခံစားရတယ်။ ကျွန်တော် မျက်စိထဲမှာ ကြယ်တွေလတွေ မြင်နေရပြီး နားထဲမှာ အင်ဂျင်စက်လို ဟိန်းသံအောအောကြီး ကြားနေရတယ်။ ခဏကြာတော့ ကျွန်တော့်ညာဘက်နားက လုံးဝမကြားရတော့ဘူး။ ကျွန်တော်က “ခင်ဗျားတို့ ကျွန်တော့်ညာဘက်နားကို ပျက်စီးအောင်လုပ်လိုက်ပြီ၊ အခု အဲဒီကနေ ဘာမှမကြားရတော့ဘူး” လို့ပြောလိုက်တယ်။ အရာရှိက ဘာမှမဖြစ်သလို သူ့စီးကရက်ကို ဖွာရှိုက်ပြီး ဆိုးယုတ်တဲ့လေသံနဲ့ ဟိန်းဟောက်တယ်၊ “နားကန်းသွားရင် ပိုတောင်ကောင်းသေးတယ်။ နောက်ဆိုရင် မင်း ယုံကြည်မှုကို ကျင့်သုံးလို့မရအောင် တားဆီးပေးလိမ့်မယ်” တဲ့။ ဒီလိုရက်စက်တဲ့ အရိုက်အနှက်ကို ခံရပြီးတာတောင် ကျွန်တော် စကားမပြောသေးတာကိုမြင်တော့ နိုင်ငံတော်လုံခြုံရေးအကြီးအကဲက ဒေါသတကြီးနဲ့ အော်ဟစ်တယ်၊ “ငါ ဒီနေ့ မင်းကို မနိုင်ဘူးဆိုတာ ယုံလို့မရဘူး။ မင်း မပြောဘူးဆိုရင် ငါတို့ သံချွန်နဲ့ မင်းလက်သည်းခွံကို ထိုးစိုက်မယ်။ လက်ဆယ်ချောင်းက နှလုံးသားနဲ့ဆက်နေတာ၊ အဲဒီဝေဒနာကို မင်း ဘယ်လိုမှ ခံနိုင်မှာမဟုတ်ဘူး။ လိမ္မာစမ်းပါ၊ မင်းသိသမျှအကုန်လုံးပြောပြီး ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်လိုက်။ ဒါ မင်းရဲ့အကောင်းဆုံးရွေးချယ်မှုပဲ” တဲ့။ အဲဒီအချိန်မှာ ကျွန်တော် နည်းနည်းကြောက်သွားတယ်၊ လက်ချောင်းထဲမှာ ဆူးသေးသေးလေးစူးတာတောင် နာသေးတာ၊ သံချွန်ထူထူဆိုရင်တော့ ပြောမနေနဲ့တော့။ အဲဒီအကြောင်း စဉ်းစားလိုက်ရုံနဲ့ ကျွန်တော့်ခြေထောက်တွေ ပျော့ခွေသွားပြီး ဦးရေပြား ထုံကျဉ်သွားတယ်။ သူတို့သာ တကယ်ပဲ အဲဒီသံချွန်နဲ့ ကျွန်တော့်လက်သည်းခွံကို ထိုးဖောက်လိုက်ရင် ကျွန်တော် ခံနိုင်ပါ့မလား။ ကျွန်တော် ဘုရားသခင်ကို အကူအညီတောင်းဖို့ အမြန်ဆုတောင်းခဲ့တယ်။ ဆင်းရဲဒုက္ခကို ခံဖို့အတွက် ယုံကြည်ခြင်းနဲ့ စိတ်ခိုင်မာမှုကို ပေးဖို့ ကိုယ်တော့်ကို တောင်းလျှောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် သတိရလိုက်တယ်။ “အာဏာရှိသော သူတို့သည် အပြင်ပန်းအားဖြင့် ကြောက်စရာကောင်းသည်ဟု ထင်ရသော်လည်း ကြောက်ရွံ့ခြင်း မရှိနှင့်၊ အဘယ့်ကြောင့်ဆိုသော် ဤသည်မှာ သင်တို့တွင် ယုံကြည်မှု အနည်းငယ်သာ ရှိခြင်းကြောင့်ဖြစ်သည်။ သင်တို့၏ယုံကြည်ခြင်း ကြီးထွားသည့် ကာလပတ်လုံး မည်သည့်အရာမျှ အလွန်တရာ ခက်ခဲလိမ့်မည်မဟုတ်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၇၅)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော့်ကို ယုံကြည်ခြင်းနဲ့ ခွန်အားတွေ ပေးခဲ့တယ်။ ဘုရားသခင်က အမှုအရာအားလုံးအပေါ်မှာ အချုပ်အခြာအာဏာ ကိုင်စွဲထားတယ်၊ ကျွန်တော် ဘုရားသခင်ကို အားကိုးရမယ်၊ အဲဒီနတ်ဆိုးတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို အောင်နိုင်ဖို့ ကိုယ်တော်က ကျွန်တော့်ကို ဦးဆောင်လိမ့်မယ်ဆိုတာကို ယုံကြည်ရမယ်။ ဒါကို သဘောပေါက်သွားတော့ ကျွန်တော် ကြောက်ရွံ့ထိတ်လန့်တာ သိပ်မရှိတော့ဘူး။ ကျွန်တော် စကားပြောမှာ မဟုတ်သေးဘူးဆိုတာကို တွေ့တော့ သူတို့က ကျွန်တော့်ကို စားပွဲပေါ်မှာ လက်တွေကို ဆန့်တန်းထားခိုင်းပြီး ခုနစ်လက်မ၊ ရှစ်လက်မလောက်ရှည်တဲ့ သံချွန်တစ်ခုကို ကျွန်တော့်မျက်နှာရှေ့မှာ ယမ်းပြတယ်။ ပြီးတော့ အရာရှိတစ်ယောက်က အဲဒီသံချွန်နဲ့ ကျွန်တော့်လက်သည်းခွံကို ထိုးစိုက်ဖို့လုပ်တယ်။ သံချွန်က အရမ်းထက်ပြီး လက်သည်းခွံကို ထိုးဖောက်လိုက်တာနဲ့ စူးစူးနစ်နစ် နာကျင်တာကို ခံစားလိုက်ရတယ်။ ကျွန်တော် ဘုရားသခင်ကို အဆက်မပြတ် အော်ခေါ်နေခဲ့တယ်၊ အဲဒီဝေဒနာကို ခံနိုင်ရည်ရှိဖို့ ခွန်အားပေးဖို့ တောင်းလျှောက်ပါတယ်။ အရာရှိက သံချွန်ကို ဖိချတော့မယ့်အချိန်မှာပဲ တခြားရဲတစ်ယောက်က အပြေးအလွှားဝင်လာပြီး နိုင်ငံတော်လုံခြုံရေးအကြီးအကဲရဲ့ နားနားကပ်ပြီး တစ်ခုခုကို တိုးတိုးလေးပြောလိုက်တယ်။ အကြီးအကဲက “သူ့ကိုစောင့်ဖို့ တစ်ယောက်ကျန်ခဲ့။ ကျန်တဲ့သူတွေအားလုံး ငါနဲ့လိုက်ခဲ့။” လို့ အော်ပြောလိုက်တယ်။ ဒီအဖြစ်အပျက်အားလုံးကို မြင်တွေ့ရတော့ ကျွန်တော် ဘုရားသခင်ကို ကျေးဇူးတင်ခဲ့တယ်၊ ဘုရားသခင်က အခြေအနေတစ်ခုကို စီစဉ်ညွှန်ကြားပြီး သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ညှဉ်းပန်းနှိပ်စက်မှုကနေ လွတ်မြောက်ခွင့်ပေးခဲ့လို့ပေါ့။
နှစ်ရက်ကြာတော့ ရဲအရာရှိတစ်ယောက်က ကျွန်တော့်ကို စစ်ဆေးမေးမြန်းဖို့ နိုင်ငံတော်လုံခြုံရေး တပ်ဖွဲ့ကို ထပ်ခေါ်သွားကြတယ်။ ရဲအရာရှိဝဝတစ်ယောက်က ရန်မူပြီး အော်ဟစ်တယ်၊ “မင်း ဒီနေ့ စကားမပြောဘူးဆိုရင် ငါ မင်းကို သေချင်စိတ်ပေါက်သွားအောင် လုပ်ပေးမယ်” တဲ့။ ကျွန်တော်က “ကျွန်တော် ဘာမှမသိဘူး။ ခင်ဗျားတို့ ကျွန်တော့်ကို တကယ်သတ်ပစ်ရင်တောင်မှ ခင်ဗျားတို့ကို ပြောပြနိုင်တာ ဘာမှမရှိဘူး” လို့ပြောလိုက်တယ်။ နိုင်ငံတော်လုံခြုံရေး အကြီးအကဲက ရှေ့ထွက်လာပြီး ကျွန်တော့်ကို ကြမ်းပြင်ပေါ် ကန်ချပြီး အော်ဟစ်တယ်၊ “မင်း ဘာမှမပြောရင်တောင်မှ ငါတို့ မင်းအကြောင်းအကုန်သိတယ်။ မင်းက အသင်းတော်ခေါင်းဆောင်တစ်ယောက်ပဲ၊ မင်းက ခေါင်းမာနေတုန်းပဲ။” ပြီးတော့ သူက ကျွန်တော့်ဆံပင်ကို ဆွဲကိုင်ပြီး မျက်နှာကို ရိုက်တယ်၊ သူက “မင်းနဲ့ ငါ့ဖိနပ်နဲ့ ခါးပတ်၊ ဘာကအရင် လက်လျှော့မလဲ ကြည့်ကြသေးတာပေါ့” လို့ ပြောတယ်။ ပြီးတော့ သူက အော်တယ်၊ “သေအောင်ရိုက်ကြစမ်း” တဲ့။ အဲဒီနောက် အရာရှိသုံးလေးယောက်က ကျွန်တော့်အပေါ်ကို ပြေးဝင်လာပြီး ထိုးကြိတ်ကန်ကျောက်ကြတယ်။ ရဲတစ်ယောက်က သူ့သားရေခါးပတ်ကိုချွတ်ပြီး ကျွန်တော့်ကို စပြီးရိုက်တယ်။ သူ့ခါးပတ်က အရိုက်ခံရတဲ့ဒဏ်ရာ အစင်းရာ ဆယ်ခုကျော် ထင်ကျန်ခဲ့တယ်။ ပြီးတော့ သူက သူ့ဖိနပ်ကိုယူပြီး ဖိနပ်အောက်ခြေနဲ့ ကျွန်တော့်ကို ပြင်းပြင်းထန်ထန် စပြီးရိုက်တယ်။ ကျွန်တော် ခေါင်းမူးသွားတယ်၊ ခေါင်းက တဒုတ်ဒုတ်နဲ့ ထိုးကိုက်နေပြီး နာလွန်းလို့ တုန်လှုပ်ပြီး အော်ဟစ်မိတယ်။ နောက်ဆုံးမှာ ကျွန်တော် တကယ်ကို မခံနိုင်တော့ဘဲ သေသွားပြီး အဆုံးသတ်လိုက်ချင်စိတ် ပေါက်လာတယ်။ ကျွန်တော် ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ သေသွားရင် ဒီဆင်းရဲဒုက္ခကို ခံစားရတော့မှာမဟုတ်ဘူး” လို့ပေါ့။ ဒါကြောင့် ကျွန်တော် နံရံကို ခေါင်းနဲ့ပြေးဆောင့်ဖို့လုပ်လိုက်တယ်၊ ဒါပေမဲ့ အရာရှိတစ်ယောက်က သူ့ပေါင်နဲ့ ကျွန်တော့်ခေါင်းကို တားလိုက်တယ်။ သူ နာလွန်းလို့ ခုန်ဆွခုန်ဆွ ဖြစ်သွားတယ်။ အဲဒီအချိန်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ရှင်းရှင်းလင်းလင်း သတိရလိုက်တယ်၊ “ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာစောင့်သိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုအောက်တွင် အပြည့်အဝရှိနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော့်ကို ရုတ်တရက် သဘောပေါက်စေခဲ့တယ်။ ကျွန်တော် ဆင်းရဲဒုက္ခကို မခံနိုင်တဲ့အခါ သေခြင်းကို ရှာဖွေခြင်းက သူရဲဘောကြောင်တာ မဟုတ်ဘူးလား။ ကျွန်တော့်သက်သေခံချက်က ဘယ်မှာလဲ။ အဲဒီအချိန်မှာပဲ ကျွန်တော် နားလည်သွားတယ်၊ ရဲက ကျွန်တော့်ခေါင်းကို တားလိုက်တာဟာ ဘုရားသခင်က ကျွန်တော့်ကို နောက်ကွယ်ကနေ ကာကွယ်ပေးနေတာပဲ။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ကျွန်တော်သေဖို့မဟုတ်ဘူး၊ ကိုယ်တော်က ကျွန်တော့်ကို ဒီဆင်းရဲဒုက္ခအလယ်မှာ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ပြီး စာတန်ကို အရှက်ရစေချင်တာပဲ။ ဒီလိုနားလည်လိုက်တော့ စိတ်ထဲမှာ အကြီးအကျယ် စိတ်အားထက်သန်လာပြီး စိတ်ပိုင်းဖြတ်လိုက်တယ်။ ရဲတွေ ဘယ်လိုပဲ နှိပ်စက်ပါစေ၊ ငါ အားတင်းထားမယ်၊ နောက်ဆုံးထွက်သက်တစ်ချက်ပဲ ကျန်တော့ရင်တောင်မှ၊ ဘုရားသခင်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ ငါ အသက်ဆက်ရှင်နေဦးမယ်။ ကျွန်တော့်စိတ်နှလုံးက စွမ်းအား၊ အားအင်တွေနဲ့ ပြည့်လာခဲ့တယ်၊ ကျွန်တော် အံကြိတ်ပြီး ပိုပြီးရက်စက်တဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံဖို့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်လိုက်တယ်။ ကျွန်တော် အံ့ဩသွားတာက၊ နိုင်ငံတော်လုံခြုံရေး အကြီးအကဲက လျှောက်လာပြီး ကျွန်တော့်ကို လက်ညှိုးထိုးပြီး ပြောတယ်၊ “မင်း ငါ့ကို အနိုင်ရသွားပြီ။ အဲဒီစာအုပ်တွေထဲမှာ မင်းတို့ဘုရားအတွက် မင်းတို့အသက်ကို စတေးရကျိုးနပ်တယ်လို့ ထင်စေတဲ့ ဘာတွေပါနေလဲဆိုတာကို ငါ နားမလည်နိုင်ဘူး” တဲ့။ တခြားအရာရှိတစ်ယောက်က ပြောတယ်၊ “သူ့လို ဘုရားလုပ်ခံထားရတဲ့သူတွေကို ထောင်ထဲပဲ ပစ်ထည့်လိုက်သင့်တယ်” တဲ့။ မကြာခင်မှာပဲ တခြားအရာရှိတစ်ယောက်က ဟန်ဆောင်ပန်ဆောင်လေသံနဲ့ ပြောတယ်၊ “မင်းသိတာတွေကို ပြောပြဖို့ အချိန်ရှိသေးတယ်။ ဒီမှာ ငါပဲအာဏာအရှိဆုံး၊ ဒါပေမဲ့ ထောင်ထဲရောက်သွားရင်တော့ ငါ့မှာ ဘာအာဏာမှမရှိတော့ဘူး။ ငါတို့ မင်းကို ရွေးချယ်စရာနှစ်ခု ပေးမယ်၊ မင်း အိမ်ပြန်မလား၊ ဒါမှမဟုတ် ထောင်ထဲသွားမလား၊ ဒါက မင်းအပေါ်မှာပဲ မူတည်တယ်” တဲ့။ အဲဒီအချိန်မှာ ကျွန်တော် နည်းနည်းအားနည်းသွားတယ်၊ ကျွန်တော့်ရဲ့ ကြာမြင့်တဲ့ ထောင်ကျချိန်မှာ ဘယ်လောက်တောင် ညှဉ်းပန်းနှိပ်စက်မှုနဲ့ ရက်စက်မှုတွေကို ရင်ဆိုင်ရမလဲ၊ အဲဒါကို ကျွန်တော် ခံနိုင်ရည်ရှိပါ့မလားလို့ စိုးရိမ်မိတယ်။ သူတို့သာ ကျွန်တော့်ကို နှိပ်စက်လို့ သေသွားရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော် ယုဒဖြစ်ပြီး ဘုရားသခင်ရဲ့စိတ်နှလုံးကို နာကျင်စေပြီး၊ ထာဝရနောင်တနဲ့ ပိတ်မိမနေချင်ဘူး။ ဒါပေမဲ့ အခု ကျွန်တော်ရင်ဆိုင်နေရတဲ့ အခြေအနေကို ဘယ်လိုတွေ့ကြုံခံစားရမလဲဆိုတာကိုလည်း မသိခဲ့ဘူး။ ဒါကြောင့် ကျွန်တော် စိတ်နှလုံးထဲကနေ ဘုရားသခင်ကို ဆုတောင်းတယ်၊ “အို ဘုရားသခင်၊ သားဟာ ပြစ်ဒဏ်ချမှတ်ခံရပြီး ထောင်ပို့ခံရတော့မှာပါ။ ဒီရှည်လျားပြီး ခက်ခဲတဲ့ထောင်ဒဏ်ကို ဘယ်လိုကြံ့ကြံ့ခံရမလဲ သားမသေချာပါဘူး၊ ကျေးဇူးပြုပြီး သားကို ဒီပတ်ဝန်းကျင်ကို ကျိုးနွံနာခံဖို့ လမ်းပြတော်မူပါ” ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်တော်သတိရလိုက်တယ်။ “စိတ်ခိုင်မာမှုရှိပြီး ဘုရားသခင်အား ချစ်သော လူတိုင်းအတွက် မရရှိနိုင်သော သမ္မာတရားများ ဆိုသည်မှာ မရှိပါ၊ သူတို့ ကြံ့ကြံ့မခံနိုင်သောအရာအတွက် တရားစီရင်မှုလည်း မရှိပါ။ သင့်အသက်တာကို မည်သို့နေထိုင်သင့်သနည်း။ ဘုရားသခင်ကို သင်မည်သို့ ချစ်သင့်ပြီး သူ့ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန် ထိုချစ်ခြင်းကို မည်သို့အသုံးပြုသင့်သနည်း။ သင့်အသက်တာတွင် ထို့ထက်ပို၍ ကြီးမြတ်သောအရာ မရှိပါ။ အထူးသဖြင့် သင့်တွင် ထိုကဲ့သို့သော စိတ်ခိုင်မာမှုနှင့် ဇွဲလုံ့လမျိုး ရှိရမည်ဖြစ်ပြီး ထိုကြောက်တတ်သော လူပျော့လူညံ့များကဲ့သို့ မဖြစ်သင့်ပါ။ အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို တွေ့ကြုံရန်နှင့် အဓိပ္ပာယ်ပြည့်ဝသော သမ္မာတရားများကို တွေ့ကြုံရန် သင်လေ့လာရမည်ဖြစ်ပြီး ထိုကဲ့သို့ သင့်ကိုယ်သင် ဝတ်ကျေတမ်းကျေ သဘောမထားသင့်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်တော် ရှက်မိတယ်။ အရင်တုန်းက ဘုရားသခင်ရှေ့မှာ အကြိမ်ကြိမ် စိတ်ပိုင်းဖြတ်ခဲ့ပုံတွေကို ကျွန်တော်စဉ်းစားမိတယ်၊ ဘယ်လိုဆင်းရဲဒုက္ခကိုပဲ ရင်ဆိုင်ရပါစေ၊ ဘုရားသခင်အတွက် သက်သေခံချက်မှာ အမြဲခိုင်ခိုင်မာမာ ရပ်တည်ပြီး ကိုယ်တော့်ကို ကျေနပ်စေဖို့ ကြိုးစားမယ် ဆိုတာကိုပေါ့။ ဒါပေမဲ့ ရှည်လျားတဲ့ထောင်ဒဏ်နဲ့ နှိပ်စက်မှုကာလကို ရင်ဆိုင်ရတဲ့အခါမှာတော့ ဒီလိုဆင်းရဲဒုက္ခကို မခံချင်တော့ဘဲ အဲဒီပတ်ဝန်းကျင်ကနေ လွတ်မြောက်ဖို့ ကြိုးစားခဲ့တယ်။ ကျွန်တော့်ရဲ့ ကျိုးနွံနာခံမှုနဲ့ သက်သေခံချက်က ဘယ်မှာလဲ။ ပေတရု ထောင်ကနေလွတ်မြောက်လာတဲ့အခါ သခင်ယေရှုက သူ့ကို ကိုယ်ကိုထင်ရှားပြပြီး ပေတရုအတွက် နောက်တစ်ခါ ကားတိုင်တင်ခံမယ်လို့ ပြောခဲ့ပုံကို ကျွန်တော်စဉ်းစားမိတယ်။ ပေတရုက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်သွားပြီး သူ့သဘောဆန္ဒအလျောက် ထောင်ထဲကိုပြန်သွားခဲ့တယ်၊ ပြီးတော့ ဘုရားသခင်အတွက် ဇောက်ထိုး ကားစင်တင်တာခံရပြီး ထူးကဲတဲ့ သက်သေခံချက်ကို ပေးခဲ့တယ်။ ပေတရုမှာ ဘုရားသခင်အပေါ် စစ်မှန်တဲ့ချစ်ခြင်းနဲ့ စစ်မှန်တဲ့ ကျိုးနွံနာခံမှုရှိခဲ့တယ်။ ကျွန်တော့်မှာ ပေတရုလို ဝိညာဉ်ရင့်ကျက်မှုမျိုး မရှိပေမဲ့ သူ့ကို အတုယူပြီး ဘုရားသခင်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ရမယ်။ ကျွန်တော် နှိပ်စက်ညှဉ်းပန်းမှုကို ခံရရင်း မသက်မသာနဲ့ အားနည်းနေချိန်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ကျွန်တော့်ကို ဉာဏ်အလင်းပေးပြီး လမ်းပြခဲ့တယ်၊ ယုံကြည်ခြင်းနဲ့ ခွန်အားတွေပေးပြီး အဲဒီနတ်ဆိုးတွေရဲ့ ရက်စက်တဲ့ညှဉ်းပန်းမှုကို အောင်နိုင်ဖို့ ဦးဆောင်ခဲ့ပုံကိုလည်း ကျွန်တော်စဉ်းစားမိတယ်။ ကျွန်တော် စိတ်မချမ်းသာဆုံးနဲ့ အားအနည်းဆုံးဖြစ်ပြီး လက်လျှော့တော့မလိုဖြစ်နေချိန်မှာ ဘုရားသခင်က ကျွန်တော့်အတွက် လမ်းဖွင့်ပေးဖို့ လူ၊ ဖြစ်ရပ်၊ အမှုအရာတွေနဲ့ ပတ်ဝန်းကျင်ကို အံ့ဩဖွယ် စီစဉ်ညွှန်ကြားပြီး ကျွန်တော့်ကို နောက်ထပ် ညှဉ်းပန်းနှိပ်စက်မှုကို မခံစားရအောင် တားဆီးပေးခဲ့တယ်။ ဘုရားသခင်က ကျွန်တော့်ဘေးမှာရှိနေပြီး ကျွန်တော့်ကို ဂရုစိုက်ကာကွယ်ပေးနေတယ်ဆိုတာကို ကျွန်တော် တကယ်ကို ခံစားခဲ့ရတယ်။ ဘုရားသခင်ရဲ့မေတ္တာက အရမ်းကို စစ်မှန်တယ်၊ ဒါကြောင့် ကိုယ်တော်ရဲ့စိတ်နှလုံးကို ကျွန်တော် နာကျင်စေလို့မဖြစ်ဘူး၊ စိတ်ပျက်စေလို့မဖြစ်ဘူး။ ကျွန်တော် ဘုရားသခင်ကို တိတ်တဆိတ် ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်။ သား ပြစ်ဒဏ်ချမှတ်ခံရပြီး ထောင်ကျရရင်တောင်မှ၊ စာတန်ကို အရှုံးပေးမှာမဟုတ်ပါဘူး။ စာတန်ကို အရှက်ရစေဖို့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ ပြတ်သားမှာပါ” လို့ပေါ့။ နောက်ပိုင်းမှာ သူတို့က ဘာသက်သေအထောက်အထားမှမရှိဘဲ သူတို့က “ပြည်သူ့ငြိမ်းချမ်းရေးကို နှောင့်ယှက်ပြီး ဥပဒေစိုးမိုးမှုကို ပျက်ပြားစေခြင်း” ဆိုတဲ့ စွဲချက်တစ်ခုကို အကွက်ဆင်ဖန်တီးပြီး ကျွန်တော့်ကို အလုပ်ကြမ်းနဲ့ ပြန်လည်ပညာပေးရေး တစ်နှစ်နဲ့ ခြောက်လ ပြစ်ဒဏ်ချမှတ်ခဲ့တယ်။
အလုပ်ကြမ်းစခန်းမှာ ရှိနေတဲ့အချိန်မှာ ကျွန်တော် ဘယ်တော့မှ ဗိုက်တစ်ခါမှမဝခဲ့ဘူး၊ တစ်နေ့ကို ဆယ့်ငါးနာရီ၊ ဆယ့်ခြောက်နာရီ အလုပ်လုပ်ရတယ်။ ကျွန်တော်တို့ကို ပုတီးစေ့တွေကို ပေါလစ်တိုက်ရတဲ့အလုပ်ကို တာဝန်ပေးထားပြီး အစပိုင်းမှာ တစ်နေ့ကို အလုံးခြောက်ရာကနေ နောက်ပိုင်းမှာ တစ်ထောင်ကို ပြောင်းသွားတယ်။ ကျွန်တော် မျက်စိသိပ်မကောင်းတော့ အလုပ်လုပ်တာက တော်တော်လေးနှေးပြီး ကျွန်တော့်တာဝန်တွေကို မပြီးမြောက်တဲ့အတွက် ခဏခဏ အရိုက်ခံရတယ်။ တစ်ခါတုန်းက တခြားအကျဉ်းသားတစ်ယောက်က သူ့တာဝန်ကို မပြီးနိုင်လို့ အရိုက်ခံရမှာကို ကြောက်ပြီး သူ့ရဲ့တစ်ပိုင်းတစ်စပစ္စည်းတွေကို ကျွန်တော့် “ပြီးစီးပြီး” သေတ္တာထဲကို ထည့်လိုက်တယ်။ ထောင်မှူးက ကျွန်တော့် “ပြီးစီးပြီး” သေတ္တာထဲမှာ မပြီးသေးတဲ့ပစ္စည်းတွေကိုတွေ့တော့ ကျွန်တော့်ရဲ့ရှင်းပြချက်ကို နားမထောင်ဘဲ ကျွန်တော့်ကို ခေါင်းကို နံရံနဲ့မှီခိုင်းပြီး ဘောင်းဘီချွတ်ခိုင်းတယ်၊ ပြီးတော့ သားရေပြားခါးပတ်နဲ့ ရိုက်တယ်။ ပထမတစ်ချက်ရိုက်လိုက်တာနဲ့ သားရေပြားခါးပတ်ကြောင့် ကျွန်တော့်ခြေထောက်မှာ အရှိုးရာကြီးတစ်ခု ချက်ချင်းထင်ကျန်ခဲ့တယ်၊ ဒုတိယတစ်ချက်ရိုက်လိုက်တော့ ကျွန်တော် မြေကြီးပေါ် လဲကျသွားပြီး မထနိုင်တော့ဘူး။ လျှောက်လမ်းဘေးတစ်ဖက်တစ်ချက်မှာ ရပ်နေတဲ့ အကျဉ်းသားတွေက ကျွန်တော့်ကို ဟားတိုက်ပြီး ရယ်ကြတယ်။ တကယ်တော့ တခြားအကျဉ်းသားတွေက ကျွန်တော့်ကို ခဏခဏ အနိုင်ကျင့်ကြတယ်။ သူတို့က ကျွန်တော့်ကို အိမ်သာဘေးမှာ အိပ်ခိုင်းပြီး အိမ်သာအဖုံးကို တမင်တကာ ဖွင့်ထားတယ်။ အနံ့က အရမ်းဆိုးတော့ ကျွန်တော် ပျို့အန်ခဲ့တယ်။ သူတို့က ကျွန်တော့်ကို ဖိနပ်အောက်ခံတွေနဲ့လည်း ရိုက်ကြပြီး ညသန်းခေါင်မှာ သူတို့ရိုက်လို့ ကျွန်တော် ခဏခဏ နိုးလာတယ်၊ အရိုက်ခံရလို့ ခေါင်းထဲမှာ တဝီဝီမြည်နေခဲ့တယ်။ သူတို့ ဘယ်အချိန်မှာ ကျွန်တော့်ကို ထပ်ရိုက်မလဲဆိုတာ ကျွန်တော် ဘယ်တော့မှမသိခဲ့ဘဲ ညဘက်တွေမှာ အိပ်ဖို့တောင် ခဏခဏ ကြောက်နေခဲ့တယ်။ လူက အမြဲနေမထိထိုင်မသာဖြစ်နေပြီး၊ အလုပ်ကြောင့် အရမ်းပင်ပန်းတာနဲ့ပေါင်းလိုက်တော့ ကျွန်တော့်ကျန်းမာရေးက ဆက်တိုက် ဆုတ်ယုတ်လာခဲ့တယ်။ ဒီရက်စက်တဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ရင်ဆိုင်ရပြီး ရှည်လျားတဲ့ထောင်ဒဏ်အကြောင်းကို စဉ်းစားမိတော့ အတော်လေး စိတ်မချမ်းမသာဖြစ်ခဲ့တယ်။ အဲဒီနတ်ဆိုးထောင်ထဲမှာ နောက်တစ်မိနစ်တောင်မှ မနေချင်ခဲ့ဘူး။ အဲဒီအချိန်တုန်းက ကျွန်တော့်အချုပ်ခန်းထဲမှာ အစ်ကိုကြီးတစ်ယောက်ရှိတယ်၊ အခွင့်အရေးရတိုင်း သူက ကျွန်တော့်ကို နှစ်သိမ့်အားပေးဖို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို တိတ်တဆိတ်လေး မိတ်သဟာယဖွဲ့ပေးတယ်။ ညီအစ်ကိုကြီးက ကျွန်တော့်အတွက် ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ရွတ်ပြခဲ့တာကို ကျွန်တော်မှတ်မိနေတယ်။ “ဒုက္ခကို သင်ရင်ဆိုင်ရသည့်အခါ၊ သင်သည် သွေးသားဇာတိအတွက် ပူပန်မှုကို ဘေးဖယ်သည့်အပြင် ဘုရားသခင်အပေါ် ညည်းတွားချက်များ မပြုဘဲ နေနိုင်ရမည်။ ဘုရားသခင်သည် သင့်ထံမှ သူ့ကိုယ်သူ ပုန်းကွယ်နေသည့်အခါ၊ သူ့နောက်သို့လိုက်ရန်၊ သင်၏ရှိရင်းစွဲမေတ္တာကို တုံ့ဆိုင်းခွင့်မပြုဘဲ သို့မဟုတ် ပျောက်ကွယ်ခွင့်မပြုဘဲ ထိန်းသိမ်းထားရန်အတွက် သင်၌ ယုံကြည်ခြင်း ရှိနိုင်ရမည်။ ဘုရားသခင် မည်သည့်အရာကို ပြုသည်ဖြစ်စေ သင်သည် ဘုရားသခင်အား သူဆန္ဒရှိသလို စီစဉ်ညွှန်ကြားခွင့်ပြုရမည်ဖြစ်ပြီး သူ့အပေါ် စောဒကတက်မည့်အစား ကိုယ့်ဇာတိပကတိကိုယ် ကျိန်စာတိုက်ရမည်။ စမ်းသပ်မှုများကို သင်ရင်ဆိုင်ရသည့်အခါ သင်သည် ဘုရားသခင်ကို ကျေနပ်စေရန် သင်ချစ်သည့်အရာကို စွန့်လွှတ်ရခြင်း၏ ဝေဒနာကို သည်းခံလိုစိတ်ရှိရမည်ဖြစ်ပြီး ခါးသီးစွာ ငိုကြွေးလိုစိတ်ရှိရမည်။ ဤသည်သာလျှင် စစ်မှန်သောချစ်ခြင်းနှင့် စစ်မှန်သော ယုံကြည်ခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော့်ကို ယုံကြည်ခြင်းနဲ့ ခွန်အားတွေ ပေးခဲ့တယ်။ ဒီပတ်ဝန်းကျင်က ဆင်းရဲဒုက္ခခံနိုင်ဖို့ ကျွန်တော့်ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ စိတ်ပိုင်းဖြတ်မှုကို ပိုပြီး ထက်မြက်စေနိုင်တယ်၊ ဒါက ကောင်းတဲ့အရာတစ်ခုပဲ။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီးနောက်မှာ ကျွန်တော် သိပ်စိတ်မချမ်းမသာမဖြစ်တော့ဘူး။ ဘုရားသခင်က အမြဲတမ်း ကျွန်တော့်ဘေးမှာရပ်တည်ပြီး ကျွန်တော့်ကို ဂရုစိုက်ကာကွယ်ပေးနေတယ်၊ ကိုယ်တော်ရဲ့နှုတ်ကပတ်တော်တွေနဲ့ ကျွန်တော့်ကို ဉာဏ်အလင်းပေးပြီး လမ်းပြနေတယ်ဆိုတာကို ကျွန်တော် တကယ်ကို ခံစားခဲ့ရတယ်။ ကျွန်တော် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ ဘုရားသခင်ကို အားကိုးရမယ်၊ စာတန်ကို အရှုံးမပေးနိုင်ဘူး။
ဒီနှိပ်စက်ညှဉ်းပန်းမှုနဲ့ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံခြင်းမှာ၊ ကျွန်တော် အနက်ရှိုင်းဆုံး တွေ့ကြုံခံစားခဲ့ရတာကတော့ ဘုရားသခင်ရဲ့မေတ္တာနဲ့ ကယ်တင်ခြင်းပါပဲ။ အထူးသဖြင့် ပြင်းထန်တဲ့ညှဉ်းပန်းနှိပ်စက်မှုတွေကို အကြိမ်တွေ အများကြီး ခံရတဲ့အခါ၊ ကျွန်တော် မသက်မသာနဲ့အားနည်းပြီး လက်လျှော့ဖို့ အသင့်ဖြစ်နေချိန်၊ ကိုယ့်ကိုယ်ကိုယ်သတ်သေချင်စိတ်တောင် ပေါက်လာချိန်မှာ၊ ကိုယ့်ရဲ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ စိတ်ပိုင်းဖြတ်မှုနဲ့ ခံနိုင်ရည်ရှိဖို့ ယုံကြည်ခြင်းနဲ့ ခွန်အားတွေ ပေးခဲ့တာ ဘုရားနှုတ်ကပတ်တော်တွေပါပဲ။ အဆင်းနီသော နဂါးကြီးက ကျွန်တော့်ကို ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းနေချိန်မှာ ဘုရားသခင်က ကျွန်တော့်ဘက်ကနေ ထွက်ခွာမသွားဘဲ၊ အဲဒီအစား ကျွန်တော့်ကို ကာကွယ်စောင့်ရှောက်ပြီး နတ်ဆိုးတွေရဲ့ဖျက်ဆီးမှုကို အောင်နိုင်ဖို့ လမ်းပြခဲ့ပုံကို ကျွန်တော် တကယ်ကို ခံစားသိရှိခဲ့ရတယ်။ ဘုရားသခင်က အားလုံးထက် လူသားတွေကို အချစ်ဆုံးပဲ၊ ကိုယ်တော်က လူကို ကယ်တင်ပြီး စုံလင်စေနိုင်တယ်။ ကျွန်တော် အခု ယုံကြည်ခြင်းမှာ ပိုပြီးတော့တောင် ပြတ်သားလာခဲ့ပြီ။ နောင်မှာ ဘယ်လိုအခက်အခဲ၊ နှိပ်စက်ညှဉ်းပန်းမှုကိုပဲ ကြုံရပါစေ၊ ကျွန်တော် ဘုရားသခင်နောက်ကို အဆုံးစွန်ထိ လိုက်လျှောက်သွားမှာပါ၊ ကိုယ်တော့်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ပြီး အဆင်းနီသော နဂါးကြီးကို လုံးဝအရှက်ရစေမှာပါ။