၇၅။ ကျွန်တော် ကြံ့ကြံ့ခံခဲ့သည့် ညှဉ်းပန်းနှိပ်စက်မှု

လင်ကွမ်း၊ တရုတ်ပြည်

၂၀၁၄ ခုနှစ်၊ မတ်လ ၂၀ ရက်၊ မနက် ၁၀ နာရီလောက်မှာ ကျွန်တော် အပြင်မှာ ကိစ္စတစ်ခုနဲ့ သွားနေတုန်း ဇနီးသည်ဆီက ဖုန်းရုတ်တရက် ဝင်လာပါတယ်။ သူက အရေးတကြီးနဲ့ ပြောတယ်၊ “ရဲစခန်းက အရာရှိတွေ ရှင့်ကိုလာဖမ်းနေတယ်။ အိမ်ကို ပြန်မလာနဲ့တော့”တဲ့။ ဒီစကားကိုကြားတော့ ကျွန်တော် ချက်ချင်း စိတ်လှုပ်ရှားသွားပြီး စဉ်းစားမိတယ်၊ “ငါ ဘယ်သွားရမှာလဲ။ ညီအစ်ကို မောင်နှမတစ်ယောက်ယောက်ရဲ့ အိမ်ကိုသွားရင် သူတို့ကို ငါ ဒုက္ခပေးမိမှာ သေချာတယ်။ သူငယ်ချင်း ဒါမှမဟုတ် ဆွေမျိုးတစ်ယောက်ယောက်ရဲ့ အိမ်မှာ ခိုလှုံဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူး” ပေါ့။ နောက်ဆုံးတော့ ကျွန်တော့်သမီး အိမ်ကို သွားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီနေ့ နေ့လယ် ၂ နာရီလောက်မှာပဲ အရပ်ဝတ်နဲ့ ရဲသုံးယောက်က ကျွန်တော့်သမီးအိမ်ထဲကို ရုတ်တရက် ပြေးဝင်လာပြီး တစ်ယောက်က အော်ဟစ်လိုက်တယ်၊ “မင်းက လင်ကွမ်း မဟုတ်လား။ ငါတို့က ရဲစခန်းက၊ မင်းကို စုံစမ်းနေတာ နှစ်တွေချီနေပြီ” တဲ့။ ဘာအထောက်အထားမှ မပြဘဲနဲ့ ကျွန်တော့်ကို အတင်းအကျပ် အပြင်ထုတ်ပြီး သူတို့ရဲ့ကားပေါ် တင်လိုက်တယ်။ အဲဒီအချိန်တုန်းက သူတို့ ကျွန်တော့်ကို ရိုက်နှက်ပြီး အသင်းတော်အကြောင်း အချက်အလက်တွေ အတင်းဖွင့်ပြောခိုင်းမှာကို တော်တော်ကြောက်သွားတယ်။ ဒါနဲ့ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ ကျေးဇူးပြုပြီး သားကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးတော်မူပါ။ ရဲအရာရှိတွေ သားကို ဘယ်လိုပဲလုပ်လုပ် သားဟာ ကိုယ်တော့်ကို သစ္စာဖောက်တဲ့ ယုဒတစ်ယောက်လို ဖြစ်မှာမဟုတ်ပါဘူး” လို့ပေါ့။ ဆုတောင်းပြီးနောက်မှာ ကျွန်တော် စိတ်တည်ငြိမ်သွားနိုင်ခဲ့တယ်။

ရဲစခန်းရောက်တော့ ရဲအရာရှိနှစ်ယောက်က ကျွန်တော့်ကို ကျားထိုင်ခုံတစ်ခုပေါ် အတင်းထိုင်ခိုင်းတယ်၊ ကျွန်တော့်လက်တွေကို ထိုင်ခုံမှာ တင်းတင်းချုပ်၊ ဖိနပ်နဲ့ ခြေအိတ်တွေကို ချွတ်ပြီး ကျွန်တော့်ခြေထောက်တွေကို သံခြေချင်းခတ်လိုက်တယ်။ ရဲစခန်းမှူးက ကြောက်စရာကောင်းပြီး မုန်းတီးတဲ့လေသံနဲ့ ပြောတယ်၊ “ဒီနေ့ မင်းကိုဖမ်းဖို့ အမိန့်က ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနက တိုက်ရိုက်လာတာ၊ ငါကိုယ်တိုင်ဖမ်းရမယ်တဲ့။ မင်းက တယ်ဟုတ်ပါလား။ မင်း အမြန်စပြောပြီး သိသမျှအကုန်ပြောတာ ပိုကောင်းမယ်” တဲ့။ ပြောပြီးတာနဲ့ သူက လူဆယ်ယောက်ကျော်ရဲ့ တစ်လက်မအရွယ် ကိုယ်တစ်ပိုင်းပုံ ဓာတ်ပုံတွေကို ကျွန်တော့်ရှေ့မှာချပြီး ဓာတ်ပုံထဲကလူတွေကို သိလားဆိုပြီး တစ်ပုံချင်းစီ ကျွန်တော့်ကို မေးတယ်။ ကျွန်တော်သိတဲ့ ညီအစ်မတစ်ယောက်ကို တွေ့လိုက်တော့ “ဒီလူတွေထဲက တစ်ယောက်မှ ကျွန်တော် မသိဘူး” လို့ အမြန်ဖြေလိုက်တယ်။ အဲဒီနောက် သူက ကျွန်တော့်အိမ်ကနေ သိမ်းလာတဲ့ သမ္မာကျမ်းစာအုပ်နှစ်အုပ်၊ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တစ်အုပ်၊ ဘုရားနှုတ်ကပတ်တော်စာအုပ်တွေ ထိန်းသိမ်းထားတဲ့ ပြေစာတချို့နဲ့ ယွမ် ၇,၄၀၀ ကို လက်ညှိုးထိုးပြီး ပြောတယ်၊ “ဒါ မင်းက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ပြီး စီစီပီကို ဆန့်ကျင်နေတယ်ဆိုတဲ့ ရှင်းလင်းတဲ့သက်သေပဲ” တဲ့။ ပြီးတော့ ပြေစာတွေကိုကောက်ကိုင်ပြီး ကျွန်တော့်ကို မေးတယ်၊ “မင်း ဒီစာအုပ်တွေကို ဘယ်မှာထားလဲ” တဲ့။ အဲဒီပြေစာတွေကို မြင်လိုက်ရတော့ ကျွန်တော် အရမ်းကို ထိတ်လန့်သွားပြီး “ဒါက စာအုပ်ပေါင်း တစ်ထောင်ကျော်အတွက် ပြေစာတွေပါလား။ ငါသာ မပြောရင် သူတို့ ငါ့ကို ဒီအတိုင်း လွှတ်မှာမဟုတ်ဘူး။ ဒါပေမဲ့ ငါ သူ့ကို ပြောလိုက်ရင် အဲဒါက ငါ့ကို ယုဒတစ်ယောက်ဖြစ်သွားစေမှာ မဟုတ်ဘူးလား” လို့ တွေးမိတယ်။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်တော် ဘုရားသခင်ဆီ အမြန်ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ ကျေးဇူးပြုပြီး သားရဲ့စိတ်နှလုံးကို ကာကွယ်ပေးတော်မူပါ၊ ကိုယ်တော့်ရှေ့မှာ တိတ်ဆိတ်တည်ငြိမ်နိုင်ဖို့ ခွင့်ပြုတော်မူပါ။ ရဲတွေ ကျွန်တော့်ကို ဘယ်လိုပဲလုပ်လုပ် သားဟာ ယုဒတစ်ယောက် ဖြစ်မှာမဟုတ်သလို သားရဲ့ ညီအစ်ကိုမောင်နှမတွေကိုလည်း သစ္စာဖောက်မှာ မဟုတ်ပါဘူး” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာတော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် သတိရလိုက်တယ်။ “စကြဝဠာတွင် ဖြစ်ပေါ်သော အရာရာတိုင်းတွင်၊ ငါ အဆုံးအဖြတ်မပေးသောအရာ တစ်ခုမျှ မရှိချေ။ ငါ့လက်ထဲတွင်မရှိသည့်အရာ တစ်စုံတစ်ရာ ရှိသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁)) ကိုယ်တော့်ရဲ့ နှုတ်ကပတ်တော်တွေကနေတစ်ဆင့် ဘုရားသခင်ရဲ့ သြဇာအာဏာကို ကျွန်တော် ခံစားနိုင်ခဲ့တယ်။ အားလုံးဟာ ဘုရားသခင်ရဲ့ လက်တော်ထဲမှာရှိပြီး ကိုယ်တော်ဟာ အရာခပ်သိမ်းအပေါ်မှာ အချုပ်အခြာအာဏာ ကိုင်စွဲတော်မူတယ်။ ကျွန်တော် ထိန်းသိမ်းထားတဲ့ စာအုပ်တွေကို လွန်ခဲ့တဲ့ တစ်ပတ်ကပဲ နေရာရွှေ့လိုက်နိုင်တဲ့အချက်က ဘုရားသခင်ရဲ့ ကာကွယ်မှု လက္ခဏာတစ်ခုမဟုတ်ဘူးလား။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်တော် ယုံကြည်မှုရှိရှိနဲ့ ပြန်ဖြေလိုက်တယ်၊ “အဲဒီစာအုပ်တွေ လက်လွှဲပေးပြီးသွားပြီ” လို့ပေါ့။ ရဲအရာရှိတစ်ယောက်က ဆက်မေးတယ်၊ “စာအုပ်တွေ လက်ခံတဲ့သူက ဘယ်မှာနေလဲ။ သူ့နာမည် ဘယ်လိုခေါ်လဲ။ သူ့ခေါင်းဆောင်က ဘယ်သူလဲ” တဲ့။ ကျွန်တော်က “မသိဘူး” လို့ ဖြေလိုက်တယ်။ သူက ကျွန်တော့်ကို စိန်းစိန်းဝါးဝါးကြည့်ပြီး အော်တယ်၊ “မင်း ပြောမှာလား၊ မပြောဘူးလား။ ငါ မင်းကို သက်သက်ညှာညှာ ဆက်ဆံနေတာနဲ့ပဲ ဟုတ်လှပြီထင်မနေနဲ့” တဲ့။ ပြီးတော့ ကျွန်တော့်ဆီကို လျှောက်လာပြီး မျက်နှာကို ဘယ်ပြန်ညာပြန် အားကုန်ရိုက်တော့တာပဲ။ နောက်ထပ် ရဲနှစ်ယောက် ထပ်ရောက်လာပြီး ကျွန်တော့်ကို တစ်ယောက်တစ်လှည့်စီ ပါးရိုက်ကြတယ်။ သူတို့ ကျွန်တော့်ကို အနည်းဆုံး ဆယ်ချက်ထက်မနည်း ရိုက်ခဲ့ပြီး ကျွန်တော် မျက်စိထဲမှာ ကြယ်တွေလတွေ မြင်လာတယ်၊ နားတွေ အူလာပြီး မျက်နှာက ပူထူပြီး စပ်ဖျဉ်းဖျဉ်းဖြစ်သွားတယ်။ ကျွန်တော် စကားမပြောသေးတာကိုမြင်တော့ ရဲတစ်ယောက်က ၂.၅ စင်တီမီတာလောက်တုတ်တဲ့ ဓာတ်ကြိုးတစ်ချောင်းကိုကောက်ကိုင်ပြီး ကျွန်တော့်ကျောကို ဆယ်ချက်ကျော်လောက် ရိုက်နှက်တော့တာပဲ။ နာကျင်လွန်းလို့ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေခဲ့တယ်။ ကျွန်တော် စိတ်နှလုံးထဲကနေ ဘုရားသခင်ကို ဆုတောင်းတယ်၊ ယုံကြည်ခြင်းနဲ့ ဆင်းရဲဒုက္ခကို ခံနိုင်ရည်ရှိတဲ့စိတ် ပေးသနားဖို့ တောင်းလျှောက်ခဲ့တယ်။ ရဲတချို့က ကြောက်စရာကောင်းတဲ့အသံနဲ့ ဟိန်းဟောက်တယ်၊ “သူ့အဝတ်တွေချွတ်ပြီး အပီအပြင်ရိုက်စမ်းကွာ။ အဲဒီအခါကျမှ သူ ပြောမပြော ကြည့်ကြသေးတာပေါ့” တဲ့။ ပြီးတာနဲ့ သူတို့က ကျွန်တော့်အဝတ်တွေကို အတင်းအကျပ်ချွတ်ပြီး ဆက်ပြီးရိုက်နှက်ကြတယ်။ “မင်း ပြောမှာလား၊ မပြောဘူးလား” လို့ အော်ဟစ်ရင်းပေါ့။ အနည်းဆုံး ရှစ်ချက်၊ ကိုးချက်လောက်ရိုက်တယ်၊ ရိုက်လိုက်တိုင်း တစ်ကိုယ်လုံး စူးစူးနစ်နစ် နာကျင်တာကို ခံစားရတယ်။ ဒါပေမဲ့ သူတို့ ဘယ်လိုပဲ အတင်းအကျပ်မေးမေး ကျွန်တော် တစ်ခွန်းမှမပြောခဲ့ဘူး။ နောက်ထပ် ရဲနှစ်ယောက် ထပ်ရောက်လာပြီး ကျွန်တော့်မျက်နှာကို တစ်ယောက်တစ်လှည့်စီ ပါးရိုက်ကြပြန်ရော။ ကျွန်တော် မျက်လုံးတောင် ဖွင့်လို့မရလောက်အောင် မူးဝေသွားတဲ့အထိ သူတို့ ရိုက်ကြတယ်။

ခဏကြာတော့ ရဲတစ်ယောက်က ရေအပြည့်ထည့်ထားတဲ့ ဇလုံတစ်လုံးနဲ့ ဝင်လာတယ်။ သူက ညစ်ပတ်နေတဲ့ ဘောင်းဘီတစ်ထည်ကို ဇလုံထဲ ပစ်ထည့်လိုက်ပြီး တုတ်တစ်ချောင်းနဲ့ ဘောင်းဘီကို ရေထဲက ဆယ်ယူပြီး ရေတွေကို ကျွန်တော့်ခေါင်းနဲ့ ခန္ဓာကိုယ်ပေါ် မရပ်မနား ပက်တော့တာပဲ။ ကျွန်တော် ချမ်းလည်းချမ်း၊ နာလည်းနာတယ်။ ကျွန်တော် စကားမပြောသေးတာကို မြင်တော့ သူတို့က လက်သန်းလောက်တုတ်တဲ့ ဝါးလုံးချောင်းတစ်ချောင်းယူပြီး ကျွန်တော့်နို့သီးခေါင်းတွေကို ဖိတဲ့အပြင် လိမ်ချေတာကို နှစ်မိနစ်၊ သုံးမိနစ်လောက်လုပ်ခဲ့တယ်၊ အသည်းခိုက်အောင် နာကျင်တာပဲ။ ကျွန်တော် လက်သီးကို တင်းတင်းဆုပ်၊ အံကြိတ်ထားပေမဲ့ နောက်ထပ် မခံနိုင်တော့ဘူးလို့ ခံစားလာရတယ်။ ဒါနဲ့ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ ကျေးဇူးပြုပြီး သားကို ယုံကြည်ခြင်းနဲ့ ဆင်းရဲဒုက္ခကို ခံနိုင်ရည်ရှိတဲ့စိတ် ပေးသနားတော်မူပါ။ ဒီဆင်းရဲဒုက္ခကို သား ကျော်လွှားပြီး ကိုယ်တော့်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်နိုင်ခွင့်ပြုပါ” လို့ပေါ့။ ဆုတောင်းနေတုန်းမှာ သခင်ယေရှုကို စစ်သားတွေက တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်သွားတဲ့အထိ ရိုက်နှက်တာ၊ သံခြေချင်းတွေနဲ့ သူ့ရဲ့ လက်ဝါးကပ်တိုင်တင်ခံရမယ့်နေရာကို ဒယိမ်းဒယိုင် လျှောက်ခိုင်းခဲ့တာ၊ နောက်ဆုံးမှာ လက်ဝါးကပ်တိုင်ပေါ် ရက်ရက်စက်စက် သံမှိုစွဲရိုက်တာတွေကို ကျွန်တော် တွေးမိတယ်။ သခင်ယေရှုက လူသားတွေကို ရွေးနုတ်ဖို့ သူ့အသက်ကို စတေးခဲ့တယ်။ ဘုရားသခင်ရဲ့မေတ္တာက အရမ်းကြီးမြတ်လိုက်တာ။ ဘုရားသခင်ရဲ့မေတ္တာက ကျွန်တော့်ကို အကြီးအကျယ် စေ့ဆော်ခဲ့တယ်။ ပေတရုလည်း ဇောက်ထိုး လက်ဝါးကပ်တိုင်တင်ခံခဲ့ရပုံကို စဉ်းစားမိတော့ ကျွန်တော် ခံစားနေရတဲ့ ဆင်းရဲဒုက္ခဟာ နှိုင်းယှဉ်ကြည့်ရင် အရမ်းကို မပြောပလောက်မှန်း သိလိုက်ရတယ်။ ကျွန်တော် ပေတရုကို အတုယူရမယ်၊ သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်ရမယ်၊ ရဲတွေ ဘယ်လိုပဲ ညှဉ်းပန်းနှိပ်စက်ပါစေ၊ အသက်ကိုစတေးရရင်တောင်မှ ဘုရားသခင်ကို စိတ်ကျေနပ်စေရမယ်ဆိုတာ ကျွန်တော် သိခဲ့တယ်။ ဒါတွေကို သဘောပေါက်လိုက်တော့ ကျွန်တော့်မှာ ယုံကြည်ခြင်းတွေပြန်ရလာတယ်၊ ခန္ဓာကိုယ်က နာကျင်မှုတွေလည်း လျော့သွားတာခံစားရပြီး စိတ်ထဲမှာ တဖြည်းဖြည်း တည်ငြိမ်လာတယ်။ အဲဒီနောက်မှာ ရဲတွေက ဝါးလုံးချောင်းနဲ့ ဓာတ်ကြိုးကို တစ်လှည့်စီသုံးပြီး ကျွန်တော့်ကို ဆက်ပြီး ညှဉ်းပန်းနှိပ်စက်ကြတယ်။ ဒါပေမဲ့ ကျွန်တော် စကားမပြောသေးတာကို တွေ့တော့ သူတို့ အော်ကြတယ်၊ “မင်းက ခေါင်းမာတဲ့ကောင်ပဲ။ မင်းလောက် ခေါင်းမာတဲ့သူ ငါတို့ တစ်ခါမှ မကြုံဖူးဘူး။ ဒီအချိန်ဆို သူရဲကောင်းတောင် ဒူးထောက်နေလောက်ပြီ။ မင်းကို ဘာက အားဖြည့်ပေးနေတာလဲ” တဲ့။ သူတို့ အဲဒီလိုပြောတာကြားတော့ ကျွန်တော် အရမ်းပျော်သွားတယ်။ ဘုရားသခင်က ကျွန်တော့်ကို ယုံကြည်ခြင်းနဲ့ ဒုက္ခခံနိုင်တဲ့စိတ် ပေးထားလို့ ဒီညှဉ်းပန်းနှိပ်စက်မှုတွေကို ကျော်လွှားနိုင်ခွင့်ပေးခဲ့မှန်း ကျွန်တော်သိတယ်။ ဘုရားသခင်က ကျွန်တော့်ဘေးမှာရှိနေတယ်လို့ ခံစားရပြီး ယုံကြည်ခြင်းတွေ ပိုတိုးလာတယ်။ ကျွန်တော် သေရရင်တောင် ဘုရားသခင်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်မယ်။ ကျွန်တော် ပြတ်ပြတ်သားသား ပြောလိုက်တယ်၊ “ကျွန်တော့်ကို အားဖြည့်ပေးနေတာက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ပဲ” လို့ပေါ့။ ဒီစကားကိုကြားတော့ ရဲတွေက ချက်ချင်းပဲ ညှဉ်းပန်းနှိပ်စက်မှုကို ပိုတိုးလိုက်တယ်။ ကျွန်တော့်ကို ပါးရိုက်တယ်၊ နို့သီးခေါင်းတွေကို ဖိပြီးလိမ်တယ်၊ ကျွန်တော့်လက်နှစ်ဖက်ကို ဝါးလုံးချောင်းနဲ့ ရိုက်တယ်။ ကျွန်တော့်လက်နှစ်ဖက် အညိုအမည်း စွဲသွားပြီး ထုံသွားတဲ့အထိပေါ့။ အဲဒီနောက် ရဲတစ်ယောက်က ကျွန်တော့်ကို ပြောတယ်၊ “မင်းသာ မပြောရင် ဒီည မင်းကို ရိုက်သတ်ပစ်မယ်။ မင်းကိုသတ်လိုက်လည်း ဘယ်သူမှ ဂရုစိုက်မှာမဟုတ်ဘူး။ မင်းတို့လို ယုံကြည်သူတွေကို အကုန်သတ်ပစ်သင့်တာ”တဲ့။ သူ အဲဒီလိုပြောတော့ ကျွန်တော် ဒေါသထွက်လာပြီး တွေးမိတယ်၊ “မင်းတို့ ငါ့ကို သတ်ပစ်ရင်တောင် ငါ တစ်ခွန်းမှပြောမှာမဟုတ်ဘူး။ ငါ့ဆီကနေ သတင်းအချက်အလက် တစ်စက်လေးမှရမယ်လို့ မမျှော်လင့်နဲ့” လို့ပေါ့။

နောက်ပိုင်းမှာ ကျွန်တော် စကားမပြောသေးတာကို မြင်တော့ ရဲတွေက ဝါးလုံးချောင်းကိုသုံးပြီး ကျွန်တော့်ခြေမနှစ်ဖက်လုံးကို ဖိပြီးလိမ်တယ်၊ ပြီးတော့ ဓာတ်ကြိုးနဲ့ ကျွန်တော့်ခြေထောက်တွေကို ရိုက်တယ်။ သူတို့က ကျွန်တော့်ကို ရိုက်နှက်တာ၊ ဝါးလုံးနဲ့ နို့သီးခေါင်းတွေနဲ့ ခြေမတွေကို ဖိပြီး လိမ်တာ၊ ပါးရိုက်တာတွေကို တစ်လှည့်စီ ဆက်လုပ်နေခဲ့တယ်။ ကျွန်တော် အရမ်းနာကျင်လွန်းလို့ သွားတွေကို ကြိတ်ထားရာက တကျွတ်ကျွတ်အသံတွေ ထွက်လာတယ်။ ရဲအရာရှိတစ်ယောက်က ပြီးတော့ ပြောတယ်၊ “မင်း မပြောရင် မနက်ဖြန် မင်းကို လမ်းတွေပေါ်မှာ လှည့်ပြီးအရှက်ခွဲမယ်။ မင်းရဲ့ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေအားလုံးက မင်းကိုမုန်းပြီး ပစ်ပယ်ကြမှာ။ မင်း ငါတို့ကို ပြောရင် မင်း အဖမ်းခံရတာကို ဘယ်သူ့ကိုမှ ငါတို့သိခွင့်ပေးမှာ မဟုတ်ဘူး၊ မင်းလည်း သိက္ခာမကျရဘူးပေါ့”တဲ့။ ဒါဟာ စာတန်ရဲ့ ကောက်ကျစ်တဲ့အကြံအစည်ပဲဆိုတာ ကျွန်တော် သဘောပေါက်လိုက်ပြီး သခင်ယေရှု ပြောခဲ့တာကို တွေးမိတယ်။ “ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ယှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။(ရှင်မဿဲခရစ်ဝင် ၅:၁၀) ဘုရားသခင်ကို ယုံကြည်တဲ့အတွက် ကျွန်တော် ခံခဲ့ရသလိုမျိုး လှောင်ပြောင်ခံရတာ၊ စော်ကားခံရတာ၊ အသရေဖျက်ခံရတာတွေ အားလုံးဟာ ဖြောင့်မတ်ခြင်းအတွက် နှိပ်စက်ညှဉ်းဆဲခံရတဲ့ ပုံစံတွေပဲ။ ဒါဟာ အရှက်ရစရာမဟုတ်ဘူး၊ ဒါဟာ ဂုဏ်ကျက်သရေရှိတဲ့ အရာတစ်ခုပဲ။ တခြားလူတွေ ဘယ်လိုပဲထင်ထင်၊ အရေးကြီးတာက ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ပဲ။ ဒီလို သဘောပေါက်လိုက်တော့ ကျွန်တော် အဲဒီရဲကို လျစ်လျူရှုလိုက်တယ်။ ပြီးတော့ တခြားရဲတစ်ယောက်က ကျွန်တော့်ကို ခြိမ်းခြောက်ပြီး ပြောတယ်၊ “မင်း ပြောမှာလား၊ မပြောဘူးလား။ မပြောရင် ဒီည မင်းကို ရိုက်သတ်ပြီး အဝေးပြေးလမ်းပေါ် ပစ်ထားလိုက်မယ်။ ကားတွေက မင်းကို အသားတွေ ဖွတ်ဖွတ်ညက်ညက်ကြေအောင် ကြိတ်သွားလိမ့်မယ်၊ ဘာဖြစ်သွားလဲဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး” တဲ့။ ဒါကိုကြားတော့ ကျွန်တော် တွေးမိတယ်၊ “ဒီရဲအရာရှိတွေက တကယ်ကို ယုတ်မာတာပဲ၊ ဘာမဆိုလုပ်ရဲတဲ့ကောင်တွေပဲ။ သူတို့ ငါ့ကို သတ်လိုက်ရင် ဘယ်သူမှ သိမှာမဟုတ်ဘူး” လို့ပေါ့။ အိမ်မှာရှိတဲ့ အသက် ၈၀ ကျော်နေပြီဖြစ်တဲ့ အဖေကြီးနဲ့ ရောဂါမျိုးစုံ ခံစားနေရတဲ့ ကျွန်တော့်ဇနီးအကြောင်း စဉ်းစားမိတယ်။ “သူတို့ ငါ့ကို သတ်လိုက်ရင် ငါ့အဖေနဲ့ ဇနီးက ဘယ်လိုများ သူတို့ကိုယ်သူတို့ ကြည့်ရှုစောင့်ရှောက်နိုင်မှာလဲ” ပေါ့။ ဒီလိုတွေးမိတော့ ကျွန်တော် အရမ်းကို စိတ်မကောင်းဖြစ်သွားပြီး ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် သတိရလိုက်တယ်။ “လူတို့အပေါ် ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းသည် အပြင်ပန်းအားဖြင့် လူ့စီစဉ်မှုများမှ သို့မဟုတ် လူတို့၏ နှောင့်ယှက်ခြင်းမှ ဖြစ်ပေါ်လာသည့်အလား လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ သို့သော်လည်း လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်ရှေ့တွင် စာတန်ပြုလုပ်သည့် အလောင်းအစားတစ်ခုဖြစ်ပြီး ယင်းတို့သည် လူတို့အနေဖြင့် ဘုရားသခင်အတွက် မိမိ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ဖို့ လိုအပ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကြောင့် ကျွန်တော် သဘောပေါက်သွားတယ်။ စာတန်က ကျွန်တော့်ရဲ့ ဇာတိပကတိရဲ့ အားနည်းချက်နဲ့ ကျွန်တော့်မိသားစုအပေါ်ထားတဲ့ ချစ်ခင်တွယ်တာမှုကို အသုံးချပြီး ကျွန်တော့် ညီအစ်ကိုမောင်နှမတွေကို သစ္စာဖောက်ပြီး ဘုရားသခင်ကို သစ္စာဖောက်ဖို့ ကြိုးစားနေတာပဲ။ သူ့ရဲ့လှည့်ကွက်ထဲကို ကျွန်တော် သက်ဆင်းလို့မဖြစ်ဘူး။ အဲဒီနောက်မှာ သခင်ယေရှုပြောခဲ့တဲ့ တခြားစကားတစ်ခွန်းကို ကျွန်တော် သတိရလိုက်တယ်။ “မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၁၀:၃၉) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်ကို ယုံကြည်ခြင်းနဲ့ ခွန်အားတွေ ပေးခဲ့တယ်။ သူတို့ ကျွန်တော့်ကို ရိုက်သတ်ရင်တောင်မှ ကျွန်တော့်ရဲ့စိတ်ဝိညာဉ်က ဘုရားသခင်ရဲ့ လက်ထဲမှာပဲရှိတယ်။ ကျွန်တော့်အသက်ကို စတေးရရင်တောင်မှ ဘုရားသခင်အတွက် သက်သေခံချက်မှာ ကျွန်တော် ခိုင်ခိုင်မာမာ ရပ်တည်ရမယ်။ လူဟာ သူ့ကံကြမ္မာကို မထိန်းချုပ်နိုင်ဘူး၊ ဘုရားသခင်က ကျွန်တော်တို့ရဲ့ ကံကြမ္မာတွေကို အချုပ်အခြာအာဏာ ကိုင်စွဲထားတယ်၊ ဒါကြောင့် ကျွန်တော့်မိသားစုရဲ့ အနာဂတ်ဘဝကလည်း ဘုရားသခင်ရဲ့ လက်ထဲမှာပဲ ရှိတယ်။ ကျွန်တော် ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ ဆန္ဒရှိခဲ့တယ်၊ ဒါနဲ့ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ အရာအားလုံးနဲ့ ဖြစ်ရပ်အားလုံးက ကိုယ်တော့်လက်ထဲမှာပါပဲ၊ ကျွန်တော့်အသက်အပါအဝင်ပေါ့။ ရဲတွေ ကျွန်တော့်ကို ဘယ်လိုပဲ ညှဉ်းပန်းနှိပ်စက်ပါစေ၊ သေရရင်တောင်မှ ကိုယ်တော့်ကို ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူး၊ ညီအစ်ကိုမောင်နှမတွေကိုလည်း သစ္စာမဖောက်ပါဘူး” လို့ပေါ့။

ကျွန်တော် စကားမပြောသေးတာကို မြင်တော့ ရဲတွေက ဇလုံထဲက စုတ်ပြဲနေတဲ့ ဘောင်းဘီကိုယူပြီး ကျွန်တော့်ခေါင်းပေါ်ကို အကြိမ်တော်တော်များများ ပက်တယ်၊ ဝါးလုံးချောင်းနဲ့ ကျွန်တော့်နို့သီးခေါင်းတွေနဲ့ ခြေမတွေကို လိမ်တယ်၊ ပြီးတော့ ကျွန်တော့်ခြေဖမိုးတွေကို အားကုန်ရိုက်တယ်။ သူတို့ ကျွန်တော့်ကို ရိုက်လိုက်တိုင်း နာကျင်လွန်းလို့ တစ်ကိုယ်လုံး ထုံကျဉ်သွားတယ်၊ နှလုံးက တဆတ်ဆတ်တုန်ပြီး အသက်ရှူကျပ်လာတယ်။ ကျွန်တော် အံကြိတ်၊ ဘုရားသခင်ဆီ တိတ်တိတ်လေး ဆုတောင်းပြီး တစ်ခွန်းမှ မပြောဘဲ နေခဲ့တုန်းပဲ။ အရာရှိတစ်ယောက်က ပြီးတော့ နံစော်နေတဲ့ ခြေအိတ်တစ်ဖက်ကို ယူပြီး ဇလုံထဲပစ်ထည့်လိုက်တယ်၊ ညစ်ပတ်နေတဲ့ရေတွေ စိုရွှဲသွားအောင်စိမ်ပြီး ကျွန်တော့်ပါးစပ်ကို လာပွတ်တယ်။ ကျွန်တော် ပါးစပ်ကို တင်းတင်းစေ့ထားတော့ သူက ကျွန်တော့်နှုတ်ခမ်းတွေကိုပဲ ပွတ်တယ်။ ကျွန်တော် ပါးစပ်ကို နည်းနည်းလေး ဟလိုက်တဲ့အခါ သူက ခြေအိတ်ကို ပါးစပ်ထဲထိုးထည့်ပြီး သွားတွေကို ပွတ်ရင်းနဲ့ ပြောတယ်၊ “လာ၊ မင်းကို ပလုတ်ကျင်းပေးမယ်” လို့ပေါ့။ ပြီးတော့ သူတို့က ရေခဲသေတ္တာထဲက ရေခဲရေတစ်ဇလုံကိုယူပြီး ကျွန်တော့်ခေါင်းပေါ် လောင်းချပြန်တယ်။ အဲဒီနောက်မှာ ကျွန်တော် စကားမပြောသေးတာကို မြင်တော့ သူတို့က တူတစ်လက်ယူလာပြီး တူရဲ့သစ်သားလက်ကိုင်နဲ့ ကျွန်တော့်ပါးစပ်ကို ကလန့်ဖွင့်တယ်၊ ပြီးတော့ ငရုတ်သီးဆီ ပန်းကန်တစ်ဝက်လောက်ယူလာပြီး ကျွန်တော့်လည်ချောင်းထဲကို လောင်းထည့်ဖို့ ကြိုးစားတယ်။ ကျွန်တော် ပါးစပ်ကို အားကုန်စေ့ထားလို့ ဆီကို လောင်းထည့်လို့မရနိုင်တာ တွေ့တော့ သူတို့က ကျွန်တော့်နှုတ်ခမ်းတွေနဲ့ နို့သီးခေါင်းတွေက ဒဏ်ရာတွေပေါ်ကို ဆီတွေကုန်တဲ့အထိ ပွတ်တော့တာပဲ။ စူးရှတဲ့ နာကျင်မှုက တကယ်ကိုမခံနိုင်လောက်အောင်ပါပဲ၊ ကျွန်တော် ကျားထိုင်ခုံပေါ်မှာ တဆတ်ဆတ် တုန်ခါနေခဲ့တယ်။ ကျွန်တော့်ခြေထောက်တွေက သံခြေကျင်းတွေနဲ့ ပွတ်တိုက်မိပြီး နောက်ဆုံးမှာ ခြေဖနောင့်မှာ အပေါက်နှစ်ပေါက်တောင် ဖြစ်သွားပြီး၊ သွေးတွေလည်း စထွက်လာခဲ့တယ်။ နာကျင်မှုက အရမ်းဆိုးလွန်းလို့ သေသွားတာကမှ တော်ဦးမယ်လို့ ကျွန်တော်ထင်ခဲ့ပြီး မယုံနိုင်လောက်အောင် မျှော်လင့်ချက်မဲ့သွားတယ်။ “မင်းတို့ ငါ့ကို ရိုက်မယ်ဆိုရင် ဒီဝေဒနာကနေ လွတ်မြောက်သွားအောင် ရိုက်သတ်လိုက်စမ်းပါ” လို့ တွေးမိတယ်။ ကျွန်တော် သေချင်တဲ့စိတ် စပြီးဝင်လာတဲ့အခါ ဒါဟာ မှားမှန်း သဘောပေါက်သွားတယ်၊ ငါသာသေသွားရင် ဘုရားသခင်အတွက် ဘယ်လိုသက်သေခံနိုင်တော့မှာလဲ။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် တွေးမိလိုက်တယ်။ “သင် သေ၍မရသေး။ သင်၏ လက်သီးများကို ကျစ်ကျစ်ဆုပ်ကာ ပြတ်ပြတ်သားသား ဆက်အသက်ရှင်ရမည်။ ဘုရားသခင်အတွက် ဘဝတစ်ခုကို သင် အသက်ရှင်ရမည်။ လူတို့သည် ၎င်းတို့အတွင်း၌ သမ္မာတရားရှိသည့်အခါ ဤစိတ်ဆုံးဖြတ်ချက်ရှိပြီး သေလိုသည့်ဆန္ဒ နောက်ထပ် လုံးဝမရှိတော့ချေ။ သေခြင်းတရားက သင့်ကို ခြိမ်းခြောက်သည့်အခါ သင်က ‘အို ဘုရားသခင်၊ ကျွန်ုပ် မသေချင်ပါ။ ကိုယ်တော့်ကို ကျွန်ုပ် မသိသေးပါ။ ကိုယ်တော်၏ မေတ္တာကို ပြန်မဆပ်ရသေးပါ။ ကိုယ်တော်ကို ကောင်းစွာ မသိမချင်း ကျွန်ုပ် သေ၍ မဖြစ်ပါ’ ဟု ပြောလိမ့်မည်။...ဘုရားသခင်၏ အလိုတော်ကို သင် နားမလည်သကဲ့သို့ ဆင်းရဲဒုက္ခအကြောင်းကို တွေးရုံမျှတွေးပါက ထိုအကြောင်းကို သင် တွေးလေ၊ ကသိကအောက်ဖြစ်လာလေ ဖြစ်ကာ သင်၏ ဘဝလမ်းကြောင်းက အဆုံးသို့ ရောက်လာနေသည့်အလား ပို၍ အပျက်သဘောဆောင်လာလေ ဖြစ်သည်။ သင်သည် သေခြင်းတရား၏ ညှဉ်းဆဲမှုကို စတင် ခံစားရလိမ့်မည်။ သင်သည် သမ္မာတရားထဲသို့ စိတ်နှစ်ကာ အစွမ်းကုန် အားထုတ်ပြီး သမ္မာတရားကို နားလည်နိုင်ပါက သင်၏ စိတ်နှလုံးသည် လင်းလက်လိမ့်မည်ဖြစ်ကာ ပျော်ရွှင်မှုကို သင် တွေ့ကြုံရလိမ့်မည်။ ဘဝတွင် သင်၏ စိတ်နှလုံးအတွင်း၌ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို သင် ရှာတွေ့လိမ့်မည်ဖြစ်ပြီး နာမကျန်းဒဏ် ခံရကာ သေခြင်းတရားက နီးကပ်လာချိန်တွင် သင်က ‘ငါသည် သမ္မာတရား မရသေးသောကြောင့် သေ၍မဖြစ်။ ဘုရားသခင်အတွက် ငါ ကောင်းစွာ အသုံးခံရမည်။ ဘုရားသခင်ကို ကောင်းစွာ သက်သေခံပြီး ဘုရားမေတ္တာကို ပြန်ဆပ်ရမည်။ အဆုံးတွင် ငါ မည်သို့သေဆုံးမည်မှာ အရေးမကြီး။ အဘယ်ကြောင့်ဆိုသော် ငါသည် စိတ်ကျေနပ်ဖွယ်ရာ ဘဝတစ်ခုကို အသက်ရှင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့် ဖြစ်သည်။ မည်သို့ဆိုစေ ငါသေ၍ မဖြစ်သေး။ ငါ မဆုတ်မနစ်ကြိုးပမ်းကာ ဆက်အသက်ရှင်ရမည်’ ဟု ပြောလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော့်အပေါ်မှာ နက်နက်ရှိုင်းရှိုင်း တို့ထိခဲ့တယ်။ ဘုရားသခင်က ဒီဆင်းရဲဒုက္ခကိုသုံးပြီး ကျွန်တော့်ရဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာကို စုံလင်စေပြီး ကျွန်တော့်ကို သမ္မာတရား ရရှိစေဖို့ ခွင့်ပြုနေတာပဲ။ နည်းနည်းလေး ဆင်းရဲဒုက္ခခံစားရပြီးနောက်မှာပဲ ကျွန်တော်က သေချင်ပြီး ဒုက္ခကနေ လွတ်မြောက်ချင်ခဲ့တယ်၊ ကျွန်တော့်ရဲ့ သက်သေခံချက်က ဘယ်မှာလဲ။ ပေတရု ဘယ်လောက်ပဲ ဆင်းရဲဒုက္ခခံစားရပြီး အခက်အခဲတွေ ကြုံခဲ့ပါစေ သူက ဘုရားသခင်ကို ဘယ်တော့မှ မညည်းညူခဲ့ဘဲ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ရှာဖွေဖို့ ဆုတောင်းခဲ့တယ်၊ ဘုရားသခင်ဆီက လာသမျှအရာအားလုံးကို ကျိုးနွံနာခံခဲ့ပြီး နောက်ဆုံးမှာ ဘုရားသခင်ကို အဆုံးစွန်ထိချစ်တဲ့အဆင့်ကိုရောက်ပြီး သေတဲ့အထိ ကျိုးနွံနာခံခဲ့တယ်၊ ဘုရားသခင်အတွက် ဇောက်ထိုးကားတိုင်တင်ခံပြီး ပြောင်မြောက်ပြီး ကျယ်လောင်တဲ့ သက်သေခံချက်ကို ခံခဲ့တာကို ကျွန်တော် တွေးမိတယ်။ ကျွန်တော် ပေတရုကို အတုယူရမယ်။ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခခံရပါစေ အသက်ဆက်ရှင်ပြီး နောက်ဆုံးထွက်သက်အထိ စာတန်ကိုအရှက်ရအောင် သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်ရမယ်။ အဲဒီနောက်မှာ ရဲအရာရှိတစ်ယောက်က ပန်ကာတစ်လုံးယူလာတယ်၊ အရှိန်အမြင့်ဆုံးထားပြီး ကျွန်တော့်ကို ဆယ်မိနစ်ကျော်လောက် မှုတ်တော့ ကျွန်တော် အရမ်းအေးပြီး တုန်တက်လာခဲ့တယ်။ ကျွန်တော် ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “မင်းတို့ ဘယ်နည်းလမ်းကိုပဲသုံးသုံး ငါ ဘယ်တော့မှ စကားပြောမှာမဟုတ်ဘူး” လို့ပေါ့။ ဒီလိုနဲ့ သူတို့ ကျွန်တော့်ကို ညနေ ၃ နာရီကနေ နောက်နေ့မနက် ၄ နာရီခွဲအထိ ညှဉ်းပန်းနှိပ်စက်ခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော့်ဆီကနေ စကားတစ်ခွန်းမှမရဘဲ နောက်ဆုံးမှာ သူတို့ မောပန်း၊ လက်လျှော့ပြီး ထွက်သွားကြတယ်။

ဒုတိယနေ့မနက်မှာ သူတို့ ကျွန်တော့်ကို ထိန်းသိမ်းရေးစခန်းကို ခေါ်သွားတယ်။ ကျွန်တော့်ခြေထောက်တွေက အရမ်းရောင်ကိုင်းနေလို့ ဖိနပ်ကို မစီးနိုင်ဘဲ ခြေထောက်တစ်ဝက်ကို ဖိနပ်ထဲ ထိုးထည့်ပြီး ထော့နဲ့ ထော့နဲ့နဲ့ပဲ လျှောက်နိုင်ခဲ့တယ်။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း စူးရှတဲ့နာကျင်မှုကို ခံစားရတယ်။ ရဲတစ်ယောက်က စစ်ဆေးဖို့ ကျွန်တော့်ကို အဝတ်တွေချွတ်ခိုင်းတဲ့အခါ ကျွန်တော့်တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နေတာကိုမြင်ပြီး “မင်းကို ဘယ်သူ ဒီလိုရိုက်ထားတာလဲ” လို့ မေးတယ်။ ကျွန်တော် ပြန်ဖြေတော့မယ့်အချိန်မှာပဲ ဒုစခန်းမှူးက အမြန်ကြားဖြတ်ပြီး “ဒါက ညှပ်နဲ့ခြစ်လို့ဖြစ်တဲ့ အညိုအမည်းဒဏ်ရာတွေပါ၊ ရိုက်ထားတာမဟုတ်ဘူး” လို့ ပြောတယ်။ ကျွန်တော် အချုပ်ခံရတဲ့ အချုပ်ခန်းထဲကို ဝင်သွားတဲ့အခါ ဝတုတ်တုတ် အကျဉ်းသားတစ်ယောက်က ပြောတယ်၊ “အသစ်ရောက်လာတဲ့သူတွေက ရေခြောက်ဇလုံနဲ့ ခေါင်းအစ ခြေအဆုံး ဆေးကြောသန့်စင်ရတယ်။ ဒါက စည်းကမ်းပဲ”တဲ့။ ဒီစကားကိုကြားတော့ ကျွန်တော် နည်းနည်း စိတ်လှုပ်ရှားသွားပြီး “ရာသီဥတုက အပြင်မှာ ဒီလောက်အေးနေတာ၊ ရေခြောက်ဇလုံလောင်းချိုးရင် ချမ်းလည်းချမ်း၊ နာလည်းနာမှာသေချာတယ်။ ငါ ဘယ်လိုခံနိုင်မှာလဲ” လို့ တွေးမိတယ်။ ဒါပေမဲ့ အံ့ဩဖို့ကောင်းတာက ကျွန်တော် အဝတ်တွေချွတ်လိုက်တဲ့အခါ သူက ကျွန်တော့်တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နေတာကိုမြင်ပြီး တခြားအကျဉ်းသားတွေကို ပြောတယ်၊ “သူ့ကျောတွေ၊ ခြေထောက်တွေ၊ မျက်နှာတွေ အားလုံး အညိုအမည်းစွဲနေတာပဲ၊ သူ့ခြေဖနောင့်နှစ်ဖက်လုံးမှာ သွေးစို့နေတဲ့ အပေါက်တွေတောင်ဖြစ်နေတယ်။ သူ အရိုက်ခံထားရတာ အရမ်းပြင်းထန်တယ်၊ ဒီတော့ ဒီရေခြောက်ဇလုံလောင်းတာကို ချမ်းသာပေးလိုက်လို့ရတယ်” တဲ့။ ကျွန်တော် အရမ်း စိတ်သက်သာရာရသွားပြီး စိတ်ထဲမှာ ဘုရားသခင်ကို အဆက်မပြတ် ကျေးဇူးတင်နေမိတယ်။

ထိန်းသိမ်းခံရတဲ့ တတိယနေ့ နေ့လယ် ၂ နာရီမှာ ကျွန်တော် ရုတ်တရက် ခေါင်းအရမ်းကိုက်လာတယ်၊ နှလုံးက အရမ်းကို မြန်မြန်ခုန်လာပြီး ကွန်ကရစ်ကုတင်ဘေးမှာ မေ့လဲသွားတယ်။ အဲဒီအချိန်တုန်းက ကျွန်တော့်ရင်ဘတ်က ကြိုးနဲ့ချည်ထားသလို တင်းကျပ်နေပြီး ကျောက်ပြားကြီးတစ်ချပ်နဲ့ ဖိထားသလို လေးလံတဲ့ ခံစားချက်မျိုး ခံစားခဲ့ရတယ်။ အရမ်းကို မသက်မသာဖြစ်ခဲ့ပြီး ခေါင်းကိုက်တာက အရမ်းဆိုးလွန်းလို့ ခေါင်းကွဲထွက်တော့မလို ခံစားခဲ့ရတယ်။ အကျဉ်းသားတစ်ယောက်က ရဲကို အမြန်ခေါ်လိုက်တော့ သူက ကျွန်တော့်နှလုံးနဲ့ သွေးခုန်နှုန်းကို စမ်းပြီး “နှလုံးခုန်တာ အရမ်းမြန်လွန်းလို့ ခုန်ချက်တွေကိုတောင် ရေလို့မရတော့ဘူး” လို့ ပြောတယ်။ အဲဒီနောက်မှာ သူတို့ ကျွန်တော့်ကို ဆေးရုံပို့လိုက်တယ်။ စစ်ဆေးကြည့်တော့ ကျွန်တော့်နှလုံးက တစ်မိနစ်ကို ၂၄၀ ကြိမ်ခုန်နေပြီး နှလုံးသွေးကြောပိတ်သွားခဲ့တယ်လို့ တွေ့ရှိခဲ့ရတယ်။ ကျွန်တော့်ကို ဆေးရုံတင်လိုက်တယ်၊ အောက်ဆီဂျင်ပိုက်တပ်ပေးပြီး နှလုံးအားဆေးထိုးပေးတယ်။ ကျွန်တော် ဆေးရုံမှာ လေးရက်ကြာနေခဲ့ရတယ်။ ရဲတွေက ကျွန်တော်ထွက်ပြေးမှာစိုးလို့ ကျွန်တော့်ကို ကုတင်မှာ လက်ထိတ်ခတ်ထားပြီး ကျွန်တော့်အခန်းတံခါးမှာ လက်နက်ကိုင် အစောင့်နှစ်ယောက် ချထားခဲ့တယ်။ စတုတ္ထနေ့ညမှာ သူတို့ ကျွန်တော့်ကို ထိန်းသိမ်းရေးစခန်းကို ပြန်ခေါ်သွားတယ်။ ရဲအရာရှိတချို့က ကျွန်တော့်အခြေအနေကိုမေးတော့ ကျွန်တော်နဲ့အတူလိုက်လာတဲ့ရဲက ခေါင်းကိုပဲခါပြီး ပြောတယ်၊ “ဒီတစ်ယောက်တော့ သွားပြီ၊ သူ သုံးစားလို့မရတော့ဘူး” တဲ့။ ဒဏ်ရာပြင်းထန်တဲ့ ဒါမှမဟုတ် ရောဂါရှိတဲ့အကျဉ်းသားတွေဆိုရင် ဆယ်ရက်လောက်အကြာမှာ လွတ်နိုင်တယ်လို့ တခြားအကျဉ်းသားတွေပြောတာကို ကျွန်တော်ကြားဖူးတာ သတိရလိုက်တယ်။ ကျွန်တော် ဒီလောက်တောင် ဖျားနာနေတာဆိုတော့ အကြာကြီးအချုပ်ခံရမှာမဟုတ်လောက်ဘူး၊ ဒါ ဘုရားသခင်က ကျွန်တော့်အတွက် လမ်းဖွင့်ပေးနေတာဖြစ်နိုင်တယ်လို့ တွေးမိတယ်။ ကျွန်တော် ဘုရားသခင်ဆီ ဆုတောင်းပြီး ကျွန်တော့်ရဲ့ရောဂါကို ကိုယ်တော့်လက်ထဲ အပ်နှံဖို့ဆန္ဒရှိကြောင်း ပြောခဲ့တယ်။ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ထောင်ဆက်ကျရသည်ဖြစ်စေ၊ လွတ်မြောက်သည်ဖြစ်စေ ကျွန်တော် သူ့ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ ဆန္ဒရှိခဲ့တယ်။ နောက်သုံးလေးရက်မှာ ကျွန်တော် တစ်နေကုန် ကုတင်ပေါ်မှာ ပြင်းထန်တဲ့ နာကျင်မှုနဲ့ လဲလျောင်းနေခဲ့ရပြီး အချုပ်ခန်းဖော်တွေက ကျွန်တော့်ကို တစ်ပတ်ကြာတဲ့အထိ တစ်ယောက်တစ်လှည့်စီ ဂရုစိုက်ပေးကြတယ်။ ဘုရားသခင်က ကျွန်တော့်ကို ကူညီဖို့ လူတွေ၊ ဖြစ်ရပ်တွေနဲ့ အရာတွေကို စီစဉ်ညွှန်ကြားပြီး စီစဉ်ပေးခဲ့မှန်း ကျွန်တော် သိခဲ့ပြီး ကိုယ်တော့်ကို အဆက်မပြတ် ကျေးဇူးတင်နေခဲ့တယ်။ ကျွန်တော့်မှာ နှလုံးရောဂါကျွမ်းနေပြီး အချိန်မရွေး အသက်ရှူရပ်သွားနိုင်တဲ့အတွက် ထိန်းသိမ်းရေးစခန်းကအရာရှိတွေက ကျွန်တော်သာ ထောင်ထဲမှာသေသွားရင် သူတို့တာဝန်ယူရမှာကို စိုးရိမ်ကြတယ်။ ဒါကြောင့် သူတို့က ကျွန်တော့်ဇနီးသည်ကို နှစ်ဆယ့်ကိုးရက် အချုပ်ကျပြီးနောက်မှာ ခေါ်ပြီး အချုပ်လွတ် အာမခံအတွက် စီစဉ်ပေးပြီး ကျွန်တော့်ကို အိမ်ပြန်လွှတ်ပေးခဲ့တယ်။ ကျွန်တော်ထွက်လာတဲ့အချိန်မှာ ဒုစခန်းမှူးက သတိပေးခဲ့တာကို ကျွန်တော် မှတ်မိနေတယ်၊ “ငါတို့ မင်းကို လွှတ်လိုက်ပေမဲ့ မင်းက ငါတို့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိသေးတယ်။ မင်းမိန်းမက မင်းအတွက် အာမခံပေးသူပဲ။ မင်း ရှေ့ဆက်ပြီး ယုံကြည်သူတွေနဲ့ တစ်ခုတလေ ဆက်သွယ်မှုလုပ်ရင် နောက်တစ်ခါ မင်းရော မင်းမိန်းမကိုပါ ဖမ်းမယ်။ ဒီနေ့ကစပြီး လတိုင်း ရပ်ကွက်ရဲစခန်းကို သတင်းပို့ရမယ်” လို့ ပြောတယ်။ အဲဒီအချိန်တုန်းက ကျွန်တော် ပြန်မဖြေဘဲ တွေးမိတယ်၊ “မင်းတို့က ငါ့ကိုစောင့်ကြည့်ထိန်းချုပ်နိုင်ပေမဲ့ ဘုရားနောက်လိုက်မယ့် ငါ့စိတ်နှလုံးကိုတော့ ထိန်းချုပ်နိုင်မှာမဟုတ်ဘူး။ လွတ်မြောက်ပြီးနောက်မှာ ငါ ဘုရားသခင်ကို ဆက်ပြီး ယုံကြည်နေဦးမှာပဲ” လို့ပေါ့။

ထိန်းသိမ်းရေးစခန်းကနေ လွတ်လာပြီးတဲ့နောက်မှာ ကျွန်တော့်ရောဂါက ပိုဆိုးလာပြီး ရောဂါဖောက်တာတွေက ပိုပိုပြီး ခဏခဏဖြစ်လာတယ်။ ရောဂါဖောက်တိုင်း နာကျင်မှုက နှလုံးကနေ ကျောကုန်းအထိ၊ ကျောရိုးကနေ ခေါင်းအထိ တောက်လျှောက်လိုက်နာတာ။ ခေါင်းကိုက်တာတွေက အရမ်းဆိုးလွန်းလို့ တစ်ယောက်ယောက်က ကျွန်တော့်ခေါင်းကို ညှပ်နဲ့ညှစ်ထားသလို ခံစားရပြီး နားတွေက စက်ရုံစက်သံထက် ပိုကျယ်ကျယ်လောင်လောင်နဲ့ အူနေခဲ့တယ်။ နှလုံးက ကြိုးနဲ့ချည်ထားသလို အရမ်းကျပ်ပြီး အသက်ရှူရခက်လာတယ်။ အသက်ကို ဖြည်းဖြည်းနဲ့ပြင်းပြင်းရှူမှပဲ သက်သာရာရတယ်။ ရောဂါဖောက်တာတွေက သူ့အလိုလို မသက်သာရင် ဆေးရုံသွားပြီး ဆေးထိုးရတယ်။ ကျွန်တော် ဘာကိုယ်ကာယအလုပ်မှ မလုပ်နိုင်ခဲ့ဘူး၊ ရေတစ်ဇလုံသယ်တာတောင် နှလုံးကမခံနိုင်ဘူး။ နောက်ပြီး အချိန်အကြာကြီး ဆေးသောက်ခဲ့ရတာကြောင့် အရမ်းဆိုးရွားတဲ့ အစာအိမ်ပြဿနာတွေလည်း ဖြစ်လာခဲ့တယ်။ ကျွန်တော်က မသန်စွမ်းသူတစ်ယောက်လိုဖြစ်ပြီး အသေးအဖွဲအလုပ်လေးတောင် မလုပ်နိုင်ခဲ့ဘူး။ ဒါ့အပြင် ဆေးဖိုးဝါးခတွေက မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုဖြစ်ပြီး ဘဝကို အရမ်းခက်ခဲစေခဲ့တယ်။ ကျွန်တော် ယောက်ျားတစ်ယောက်အနေနဲ့ အလုပ်မလုပ်နိုင်ဘဲ မိသားစုကို မထောက်ပံ့နိုင်တာ၊ မိသားစုအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာ၊ နေ့တိုင်း ရောဂါဝေဒနာရဲ့ နာကျင်မှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံနေရတာတွေကို စဉ်းစားမိတိုင်း အရမ်းကို ညှဉ်းပန်းနှိပ်စက်ခံရပြီး စိတ်မချမ်းမြေ့စရာကောင်းတယ်လို့ ခံစားခဲ့ရတယ်။ ဒီလိုခံစားရတိုင်း ယောဘနဲ့ ပေတရုရဲ့ အတွေ့အကြုံတွေကို ကျွန်တော် တွေးမိတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့တယ်။ “သင်သည် ယောဘ၏ စမ်းသပ်မှုများကို ခံရပြီး တစ်ချိန်တည်းမှာပင် ပေတရု၏ စမ်းသပ်မှုများကိုလည်း ခံရခြင်းဖြစ်သည်။ ယောဘ အစမ်းသပ်ခံခဲ့ရသောအခါ သူသည် သက်သေရပ်တည်ခဲ့ပြီး အဆုံးတွင် ယေဟောဝါမှာ သူ့အား ကိုယ်ထင်ပြခဲ့သည်။ သူသက်သေရပ်တည်ခဲ့သည့် နောက်မှသာ သူသည် ဘုရားသခင်၏ မျက်နှာကိုမြင်ဖို့ ထိုက်တန်ခဲ့သည်။ ‘ငါသည် ညစ်ညမ်းသောပြည်မှ ပုန်းရှောင်သော်လည်း၊ သန့်ရှင်းသောနိုင်ငံတော်အား ငါ့ကိုယ်ငါ ကိုယ်ထင်ပြမည်။’ ဟု အဘယ်ကြောင့် ပြောထားသနည်း။ ယင်းမှာ သင်သည် သန့်ရှင်းပြီး သက်သေရပ်တည်သည့်အခါမှသာ ဘုရားသခင်၏မျက်နှာကို မြင်ရဖို့အတွက် ဂုဏ်အသရေကို သင်ရနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်အတွက် သက်သေမရပ်တည်နိုင်ပါက သူ၏မျက်နှာကိုမြင်ရဖို့ သင်၌ ဂုဏ်အသရေမရှိပေ။ အကယ်၍ သင်သည် စစ်ဆေးခြင်းများကို ကြုံနေရစဉ် နောက်ကြောင်းပြန်လှည့်သောကြောင့်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်အပေါ် ညည်းတွားချက်များ ပြုလုပ်သောကြောင့်ဖြစ်စေ သူ့အတွက် သက်သေရပ်တည်ရန် ပျက်ကွက်ပြီး စာတန်၏ လှောင်ပြောင်စရာ ဖြစ်လာပါက၊ သင်သည် ဘုရားသခင်၏ပေါ်ထွန်းခြင်းကို ရရှိလိမ့်မည်မဟုတ်ပေ။ အကယ်၍ သင်သည် စမ်းသပ်မှုများကြား၌ မိမိ၏ကိုယ်ပိုင် ဇာတိခန္ဓာကို ကျိန်ဆဲခဲ့ပြီး ဘုရားသခင်အား မညည်းတွားခဲ့သည့်အပြင်၊ စကားလုံးများ အားဖြင့် ညည်းညူခြင်း သို့မဟုတ် အပြစ်ကျူးလွန်ခြင်းမရှိဘဲ မိမိ၏ ဇာတိပကတိကို စက်ဆုပ်နိုင်ခဲ့သည့် ယောဘကဲ့သို့သောသူ ဖြစ်ပါက၊ သင်သည် သက်သေရပ်တည်နေလိမ့်မည်။ သင်သည် စစ်ဆေးခြင်းများကို တစ်စုံတစ်ခုသော အတိုင်းအတာအထိ ခံရပြီး ယောဘကဲ့သို့ ဖြစ်နိုင်သေးကာ၊ ဘုရားသခင်၏ရှေ့တွင် လုံးလုံးလျားလျား ကျိုးနွံနာခံမှုရှိပြီး သူ့အပေါ် အခြားတောင်းဆိုချက်များ၊ သို့မဟုတ် သင်၏ကိုယ်ပိုင်အယူအဆများ မရှိပါက ဘုရားသခင်သည် သင့်ထံ ပေါ်ထွန်းလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စဉ်းစားဆင်ခြင်ရင်း ကျွန်တော် သဘောပေါက်သွားတယ်၊ စီစီပီရဲ့ ညှဉ်းပန်းနှိပ်စက်မှုက ကျွန်တော့်ကို ရောဂါတွေနဲ့ ပြည့်နှက်နေစေခဲ့ပေမဲ့ ဘုရားသခင်က ဒီပတ်ဝန်းကျင်ကိုသုံးပြီး ကျွန်တော့်ရဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာကို စုံလင်စေတာပဲ။ ကိုယ်တော်က ကျွန်တော် ဒီစီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်ကို ကျိုးနွံနာခံမလား၊ ဒီစစ်ဆေးခြင်းကနေတစ်ဆင့် ကိုယ်တော့်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်မလားဆိုတာကို ကြည့်ရှုနေတာပဲ။ ယောဘ စမ်းသပ်မှုတွေခံရတုန်းက သူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကို ဆုံးရှုံးခဲ့ရပြီး တစ်နေ့တည်းမှာပဲ သူ့ရဲ့သားသမီးတွေ သေဆုံးတာကို မြင်ခဲ့ရတယ်၊ နောက်ပိုင်းမှာ အနာစိမ်းတွေ ပေါက်ခဲ့ပေမဲ့ ဘုရားသခင်ကို ကြောက်ရွံ့တဲ့စိတ်နှလုံးကို ဆက်လက်ထိန်းသိမ်းခဲ့တယ်။ ဒီလို ဆင်းရဲဒုက္ခနဲ့ အခက်အခဲတွေ ကြုံခဲ့ရပေမဲ့ သူက ဘုရားသခင်ကို ဘယ်တော့မှ မညည်းညူခဲ့ဘဲ ဘုရားသခင်ရဲ့နာမတော်ကိုတောင် ချီးမွမ်းခဲ့သေးတယ်။ ပြီးတော့ ပေတရုလည်း စမ်းသပ်မှုပေါင်း ရာနဲ့ချီကြုံခဲ့ရပေမဲ့ ဘုရားသခင်အပေါ် သူ့ရဲ့ယုံကြည်ခြင်းကို ဘယ်တော့မှ မဆုံးရှုံးခဲ့ဘူး၊ နောက်ဆုံးမှာ ဘုရားသခင်အတွက် ဇောက်ထိုးကားတိုင်တင်ခံရပြီး သေတဲ့အထိ ကျိုးနွံနာခံခဲ့တယ်။ သူတို့ကြုံတွေ့ခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေ၊ စမ်းသပ်မှုတွေ၊ စစ်ဆေးခြင်းတွေက ကျွန်တော်ကြုံတွေ့နေရတာထက် အဆအများကြီး သာလွန်ပေမဲ့ သူတို့ ဘုရားသခင်ကို ဘယ်တော့မှ မပုန်ကန်ခဲ့ဘူး၊ အတိုက်အခံမလုပ်ခဲ့ဘူး။ ကောင်းချီးတွေ လက်ခံရသည်ဖြစ်စေ၊ ကံဆိုးမိုးမှောင်ကျမှုကို ခံစားရသည်ဖြစ်စေ မညည်းညူဘဲ ကိုယ်တော့်ကို ဆန္ဒရှိရှိနဲ့ ကျိုးနွံနာခံနိုင်ခဲ့ကြတယ်။ ကျွန်တော် သူတို့ကို အတုယူပြီး ကျွန်တော် ရင်ဆိုင်ရတဲ့ ဆင်းရဲဒုက္ခနဲ့ စစ်ဆေးခြင်း ဘယ်လောက်ပဲ ကြီးမားပါစေ ဘုရားသခင်ကို မညည်းညူဘဲ နေဖို့ ဆန္ဒရှိခဲ့တယ်။ ကျွန်တော် ဘုရားသခင်အတွက် သက်သေခံချက်မှာ ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ ရပ်တည်မယ်။

ဒီညှဉ်းပန်းနှိပ်စက်မှုနဲ့ ဖမ်းဆီးမှုကို ကြုံတွေ့ရတော့ စီစီပီရဲ့ နတ်ဆိုးဆန်တဲ့၊ သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်ကို မုန်းတီးတဲ့ အနှစ်သာရကို ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်လာခဲ့တယ်။ သူတို့က ဘုရားသခင် ပြောသလိုပဲ။ “ပြစ်မှုထဲက ဤကြံရာပါ အုပ်စု။ ကမ္ဘာလောကသည် ပြောင်းလဲလွယ်ပြီး မတည်တံ့သော နေရာဖြစ်လာကာ၊ လူသား၏ နှလုံးသားသည် ကြောက်လန့်မှုနှင့် စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်သည်အထိ ၎င်းတို့သည် အမှုအရာများကို အလွန် မွှေနှောက်ကြလျက်၊ ၎င်းတို့သည် အပျော်အပါး၌ မွေ့လျော်ရန်နှင့် ရုတ်ရုတ်သဲသဲဖြစ်စေဖို့၊ သေမျိုးဖြစ်သော နယ်ပယ်ထဲသို့ ဆင်းသက်လာကာ၊ ၎င်းတို့သည် လူသားကို အလွန်ကစားခဲ့ကြသည်မှာ လူသား၏ သွင်ပြင်သည် အလွန့်အလွန် အကျည်းတန်လျက် စိုက်ကွင်း၏ လူမဆန်သော သားရဲတစ်ကောင်၏ သွင်ပြင်ဖြစ်လာပြီးဖြစ်ကာ၊ ယင်းမှ မူလက သန့်ရှင်းသောလူ၏ နောက်ဆုံး အရိပ်အယောင်သည် ပျောက်ဆုံးသွားပြီးဖြစ်သည်။ ထို့အပြင်၊ ၎င်းတို့သည် ကမ္ဘာမြေပေါ်တွင် အချုပ်အခြာအာဏာကို သိမ်းပိုက်ရန်ပင် ဆန္ဒရှိကြ၏။ ၎င်းတို့သည် ဘုရားသခင်၏ အမှုကို အလွန် ပိတ်ဆို့ကြသည်မှာ အရှေ့သို့ နည်းနည်းမျှ တိုးရန် အနိုင်နိုင်ဖြစ်ပြီး၊ ၎င်းတို့သည် လူသားကို ကြေးနီနှင့် သံမဏိတံတိုင်းများတမျှ တင်းကျပ်စွာ ပိတ်ထား၏။ များစွာသော ဆိုးရွားသည့် အပြစ်များကို ကျူးလွန်ပြီး များစွာသော ကပ်ဘေးဒုက္ခများ ဖြစ်စေပြီးနောက်၊ ၎င်းတို့သည် ပြစ်တင်ဆုံးမခြင်းမှလွဲ၍ အခြားတစ်စုံတစ်ရာကို မျှော်လင့်နေကြသေး သလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)) ကျွန်တော်တို့ကို ဘုရားသခင်က ဖန်ဆင်းခဲ့တာဖြစ်လို့ ဘုရားသခင်ကို ယုံကြည်ပြီး ဝတ်ပြုကိုးကွယ်တာက လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတဲ့အရာပဲ။ ဒါပေမဲ့ စီစီပီက ယုံကြည်သူတွေကို နှိပ်စက်ညှဉ်းဆဲပြီး ဖမ်းဆီးဖို့၊ သူတို့ ဘုရားသခင်ကို သစ္စာဖောက်ပြီး သူ့နောက်လိုက်စေဖို့ နည်းလမ်းပေါင်းစုံကို သုံးတယ်၊ ဘုရားသခင်ဖန်ဆင်းတဲ့ လူသားတွေကို သူ့လက်ထဲမှာ ထိန်းချုပ်ထားဖို့ စိတ်ကူးယဉ်နေတယ်။ သူ တော်တော်ကို အရှက်မရှိတာပဲ။ ဒီနတ်ဆိုးတွေက နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ကျိန်ခြင်းနဲ့ အပြစ်ပေးခြင်းကို ခံရမှာပဲ။ အတွေ့အကြုံထဲမှာ ဘုရားသခင်ရဲ့ အံ့ဩဖွယ်ရာလုပ်ဆောင်ချက်တွေ၊ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာကိုလည်း မျက်မြင်တွေ့ခဲ့ရတယ်။ သူတို့ရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့်ဖြစ်တဲ့ ဆင်းရဲဒုက္ခကို မခံနိုင်တော့ဘူးလို့ ခံစားရတိုင်း ကျွန်တော် ဘုရားသခင်ကို ဆုတောင်းပြီး အားကိုးလိုက်တဲ့အခါ ကျွန်တော့်ဇာတိပကတိရဲ့ နာကျင်မှုတွေက သက်သာသွားတယ်။ ကျွန်တော် ဆင်းရဲဒုက္ခရောက်ပြီး အပျက်သဘောဆောင်နေတဲ့အခါ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော့်ကို ခွန်အားရှိစေပြီး သေခြင်းရဲ့ ဘောင်ခတ်မှုကို မခံရစေဖို့ လမ်းပြခဲ့တယ်။ ဘုရားသခင်က ကျွန်တော့်ကိုကူညီဖို့ လူတွေ၊ ဖြစ်ရပ်တွေနဲ့ အရာတွေကိုလည်း စီစဉ်ညွှန်ကြား၊ စီစဉ်ပေးခဲ့ပြီး ကိုယ်တော်က ကျွန်တော့်ဘေးမှာရှိနေမှန်း၊ ကျွန်တော့်ရဲ့အားနည်းချက်အပေါ် သနားကရုဏာသက်ရောက်မှန်း ခံစားရစေခဲ့တယ်။ ဒါတွေအားလုံးက ကျွန်တော့်အပေါ်ထားတဲ့ ဘုရားသခင်ရဲ့ မေတ္တာတွေပါပဲ၊ အခုဆိုရင် အရင်ကထက် ဘုရားသခင်အပေါ် ပိုပြီးယုံကြည်ခြင်းရှိလာတယ်။

အရှေ့သို့- ၇၄။ သူတစ်ပါးတို့၏ အကူအညီနှင့် အကြံဉာဏ်ကို ကိုင်တွယ်ရန်နည်းလမ်း

နောက်တစ်ခုသို့- ၇၆။ တာဝန်များပြောင်းရွှေ့ပြီးနောက် မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၂။ ထိုးဖောက်ကျော်လွှားမှုတစ်ခု

ဖန်းဖန်း၊ တရုတ်ပြည်ကျွန်မမိသားစုထဲမှ ကျွန်မတို့အားလုံးက သခင်ယေရှုကို ယုံကြည် ကြပြီး၊ ကျွန်မတို့အသင်းတော်တွင် ကျွန်မက သာမာန် အသင်းသား...

၃၆။ ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း

ရှောင်မင် တရုတ်နိုင်ငံ လွန်ခဲ့သည့်တစ်နှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင်အဖြစ် အရွေးခံရသည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာနှင့်...

၁၁။ YouTube မှ အသိပေးချက်များက ကျွန်မကို သခင်နှင့် ပြန်လည်ဆုံစည်းစေခဲ့သည်

လီလန်၊ တောင်ကိုးရီးယားနိုင်ငံ ဘဝတွင်၊ တစ်ခါတစ်ရံ အခွင့်အရေးပေါ်ပေါက်လာခြင်းများသည် ကြိုတင်မခန့်မှန်းနိုင်သော အကျိုးဆက်များ ရှိနိုင်သည်။...

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။