၈၆။ ဆင်းရဲဒုက္ခထဲမှာ ကြီးပြင်းလာခြင်း
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့မှာ စီရင်စုခေါင်းဆောင်က ကျွန်မတို့ တရားဟောသူတချို့ကို စုဝေးပွဲတစ်ခုအတွက် ဖိတ်ခေါ်ခဲ့တယ်။ ကျွန်မတို့ နေ့လယ်အထိ စောင့်ခဲ့ပေမဲ့ ခေါင်းဆောင်က ပေါ်မလာခဲ့ဘူး။ နောက်ပိုင်းမှာမှ အသင်းတော်ခေါင်းဆောင်တွေနဲ့ ညီအစ်ကိုမောင်နှမတော်တော်များများ အဖမ်းခံလိုက်ရတယ်လို့ ကျွန်မတို့ သိခဲ့ရတယ်။ ကျွန်မနဲ့အတူနေခဲ့တဲ့ ညီအစ်မ လူယန်လည်း အဖမ်းခံခဲ့ရတယ်။ ဒါ့အပြင် ကျွန်မတို့ကို စုဝေးပွဲဖိတ်ခဲ့တဲ့ ခေါင်းဆောင်နဲ့လည်း တစ်နေ့နဲ့တစ်ညလုံး အဆက်အသွယ်ပြတ်သွားတော့၊ သူ တစ်ခုခုဖြစ်သွားပြီဆိုတာက လုံးဝနီးပါး သေချာနေခဲ့တယ်။ ဒီသတင်းကိုကြားတော့ ကျွန်မ တကယ်ကို အံ့ဩမှင်သက်သွားတယ်။ ဒီဖမ်းဆီးမှုက အသင်းတော်ပေါင်း ဒါဇင်နဲ့ချီပြီး ထိခိုက်ခဲ့တာဖြစ်ပြီး ၂၃ ရက်နေ့ အစောပိုင်းမှာ တစ်ချိန်တည်း ဖြစ်ပွားခဲ့တာကြောင့်၊ စီစီပီရဲ့ ညှိနှိုင်းလုပ်ဆောင်မှုတစ်ခုလို့ ညွှန်ပြနေပါတယ်။ အရင်သုံးလေးရက်လောက်က ခေါင်းဆောင်က ကျွန်မအိမ်ကို နှစ်ခေါက်လောက် လာလည်သွားသေးတာကို ကျွန်မ ပြန်သတိရမိတယ်၊ ကျွန်မလည်း ပစ်မှတ်တစ်ခု ဖြစ်နေနိုင်မလားလို့ တွေးမိတာပေါ့။ တကယ်လို့ ကျွန်မသာ ပစ်မှတ်ဖြစ်နေရင် တစ်နေ့နေ့မှာ ကျွန်မလည်း အဖမ်းခံရမှာ မဟုတ်ဘူးလား။ စီစီပီက ယုံကြည်သူတွေကို လူလို့ကို မမြင်ဘဲ ဘုရားသခင်ကို သူတို့သစ္စာဖောက်လာအောင် အတင်းအကျပ်ဖိအားပေးဖို့ ညှဉ်းပန်းနှိပ်စက်မှုမျိုးစုံကို သုံးတယ်။ ကျွန်မက အသင်းတော် တော်တော်များများရဲ့ အလုပ်ကို ကြီးကြပ်နေရတာ၊ ကျွန်မသာ အဖမ်းခံရရင် စီစီပီက ကျွန်မကို လွယ်လွယ်နဲ့တော့ လွှတ်မှာမဟုတ်ဘူး။ ဒီလိုတွေးမိတော့ ရင်ထဲမှာ တင်းကျပ်လာပြီး၊ အပြင်ဘက်က ဘာမဟုတ်တဲ့လှုပ်ရှားမှုတိုင်းမှာတောင် စိတ်လှုပ်ရှားနေမိတယ်၊ အချိန်မရွေး အဖမ်းခံရနိုင်တယ်ဆိုပြီး ကြောက်နေခဲ့တာပေါ့။ ကျွန်မရဲ့အခြေအနေ မမှန်တော့ဘူးဆိုတာ သဘောပေါက်လိုက်တော့ ဘုရားသခင်ဆီကို အမြန်ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ အသင်းတော်က ကြီးမားတဲ့ ဖြိုခွင်းမှုတွေနဲ့ ရင်ဆိုင်နေရလို့ သမီး အရမ်းကို ကြောက်ရွံ့နေမိပါတယ်။ ဒီပတ်ဝန်းကျင်ရဲ့ ဘောင်ခတ်တာကို သမီး မခံရအောင် သမီးကို ကိုယ်တော် ကာကွယ်ပေးပါ၊ ယုံကြည်ခြင်းကိုလည်း ပေးသနားတော်မူပါ”လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့ ဇာတ်လမ်း၊ ကျွန်တော်တို့ရဲ့ ဇာတ်လမ်း ဆိုတဲ့ ရုပ်ရှင်ကို ကျွန်မ သတိရသွားပြီး၊ ကြည့်ဖို့ အမြန်ရှာလိုက်တယ်။ ရုပ်ရှင်ထဲက ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်က ကျွန်မကို ယုံကြည်ခြင်းတွေ ပေးခဲ့တယ်။
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “စာတန်သည် ယောဘကို တပ်မက်သည့် မျက်လုံးများနှင့် ကြည့်နေသော်လည်း ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲနှင့် သူသည် ယောဘ၏ ကိုယ်ခန္ဓာမှ အမွေးတစ်မျှင်ကိုပင် မထိရဲပေ။ စာတန်သည် ပင်ကိုသဘောအားဖြင့် ဆိုးယုတ်ပြီး ရက်စက်သော်လည်း ဘုရားသခင်က သူ၏အမိန့်ကို ထုတ်ပြန်ပြီးနောက်တွင် စာတန်သည် ဘုရားသခင်၏အမိန့်ကို လိုက်နာရန်မှလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ ထို့ကြောင့် စာတန်သည် ယောဘနှင့်ပတ်သက်ပါက သိုးများကြားထဲက ဝံပုလွေကဲ့သို့ ထိန်းမနိုင်သိမ်းမရဖြစ်နေသော်လည်း ဘုရားသခင်က သူ့အတွက် သတ်မှတ်ထားသည့် အကန့်အသတ်များကို မမေ့ဝံ့ပေ။ ဘုရားသခင်၏ အမိန့်များကို သူမဖောက်ဖျက်ရဲပေ။ ထို့ပြင် သူလုပ်လေသမျှတွင် စာတန်သည် ဘုရားသခင့်နှုတ်ကပတ်တော်၏ အခြေခံမူများနှင့် အကန့်အသတ်များမှ မယိမ်းယိုင်သွားရဲပေ။ ဤသည်မှာ အမှန်တရားပင်ဖြစ်သည် မဟုတ်လော။ ဤအချက်မှ စာတန်သည် ယေဟောဝါဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်ကိုမဆို မချိုးဖောက်ဝံ့သည်ကို မြင်နိုင်သည်။ စာတန်အတွက် ဘုရားသခင်၏နှုတ်မှ နှုတ်ကပတ်တော်တိုင်းက အမိန့်ဖြစ်ပြီး၊ ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမနှင့် ဘုရားသခင့်သြဇာအာဏာ၏ ဖော်ပြချက်တစ်ခုဖြစ်သည်။ အကြောင်းမှာ ဘုရားသခင့်နှုတ်ကပတ်တော်တိုင်း၏ နောက်တွင် ဘုရားသခင်၏ အမိန့်များကို ချိုးဖောက်သူများ၊ ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမများကို မနာခံဘဲ ဆန့်ကျင်သည့်သူများအတွက် ဘုရားသခင်၏ အပြစ်ဒဏ် ပင်ကိုအားဖြင့် တည်ရှိနေသောကြောင့်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မတို့ကို ရှင်းရှင်းလင်းလင်း ပြောထားတယ်၊ စာတန်က ဘယ်လောက်ပဲ ရက်စက်ကြမ်းကြုတ်ပါစေ ဘုရားသခင်ရဲ့ အမိန့်တော်တွေကို မကျော်လွန်နိုင်ဘူး၊ ဘုရားသခင် သတ်မှတ်ထားတဲ့ နယ်နိမိတ်စည်းမျဉ်းတွေကိုလည်း ကျော်ဖြတ်လို့မရဘူး။ စာတန်က ဘယ်လောက်ပဲ ဆိုးယုတ်ပါစေ၊ သူဟာ ဘုရားသခင်ရဲ့ လက်ထဲက ဝန်ဆောင်မှုပေးတဲ့ အရာတစ်ခု၊ ဘုရားသခင် ရွေးချယ်ထားတဲ့လူတွေကို စုံလင်စေဖို့ အသုံးပြုတဲ့ ကိရိယာတစ်ခုပဲ ဖြစ်နေတုန်းပဲ။ ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ရင်း၊ အကြီးအကျယ် ဖြိုခွင်းမှုဖြစ်ခဲ့တဲ့နေ့မှာ ခေါင်းဆောင်က ကျွန်မတို့သုံးလေးယောက်နဲ့ စုဝေးဖို့ စီစဉ်ထားခဲ့တာ၊ တကယ်လို့သာ ရဲတွေက စစ်ဆင်ရေးကို နည်းနည်းလောက် နောက်ကျပြီးမှ လုပ်ဆောင်ခဲ့ရင် ကျွန်မတို့ တရားဟောသူတွေလည်း ခေါင်းဆောင်နဲ့အတူ အဖမ်းခံခဲ့ရမှာပဲဆိုတာ ကျွန်မ သဘောပေါက်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေ အဖမ်းခံရတာက ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့ ဖြစ်တယ်ဆိုတာ ကျွန်မ မြင်ခဲ့တယ်။ ဘုရားသခင် ခွင့်မပြုဘဲ စာတန်က ဘာမှလုပ်လို့မရဘူး၊ ဒါဟာ ဘုရားသခင်ရဲ့ သြဇာအာဏာပဲ။ ဒါကို ရုပ်ရှင်ထဲမှာ ထောင်ကျနေတဲ့ ညီအစ်ကိုတွေကို တွေ့လိုက်ရတဲ့အခါ အတော်ရှင်းသွားတယ်၊ တင်းကျပ်တဲ့ စောင့်ကြည့်မှုအောက်မှာ ဘုရားသခင်ကို အားကိုးပြီး ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေကို လက်ဆင့်ကမ်းကြတယ်၊ အချင်းချင်း ကူညီထောက်ပံ့ကြတယ်၊ ဒါကြောင့် ဘုရားသခင်အပေါ် သူတို့ရဲ့ ယုံကြည်ခြင်းက ပိုပြီးတော့တောင် ခိုင်မာလာခဲ့တယ်။ စီစီပီက ဘယ်လိုပဲ ခြိမ်းခြောက်မှုတွေသုံးပြီး ဆွဲဆောင်ပါစေ၊ သူတို့ဟာ သူတို့ရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ကြတယ်။ ဒါက ဘုရားနှုတ်ကပတ်တော်ရဲ့ တန်ခိုးကို ပြသနေတာပဲ။ ဒီညီအစ်ကိုတွေရဲ့ အတွေ့အကြုံကို တွေ့ပြီးတဲ့နောက်မှာ ကျွန်မ အရမ်း မကြောက်တော့ဘူး။ ကျွန်မက ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ အရာခပ်သိမ်းအပေါ် ကိုယ်တော်ရဲ့ အချုပ်အခြာအာဏာကို ခဏခဏ ကြွေးကြော်ခဲ့တာတွေ၊ အသင်းတော်အလုပ်ကို ကာကွယ်မယ်လို့ ခဏခဏ ပြောခဲ့တာတွေကို ကျွန်မ စဉ်းစားမိတယ်။ ဒါပေမဲ့ လူတွေ ပိုပိုပြီးအဖမ်းခံနေရတယ်လို့ ကြားရတဲ့အခါမှာတော့၊ ကျွန်မမှာ ကြောက်ရွံ့မှုနဲ့ပူပင်မှုတွေ ပြည့်နေခဲ့တယ်။ အရင်က စိတ်ပိုင်းဖြတ်ချက်တွေ၊ ကတိစကားတွေက အကြာကြီးက မေ့ပျောက်သွားခဲ့တဲ့ပုံပဲ။ အထူးသဖြင့် အဖမ်းခံရရင် ညှဉ်းပန်းနှိပ်စက်ခံရမယ်ဆိုတဲ့ အတွေးက ကျွန်မရဲ့ စိုးရိမ်ပူပန်မှုတွေကို ပေါ်လာစေခဲ့တယ်။ လက်တွေ့ဘဝနဲ့ ရင်ဆိုင်ရတော့မှ ကျွန်မရဲ့ ယုံကြည်ခြင်းက ဘယ်လောက်တောင် သေးငယ်တယ်ဆိုတာကို နောက်ဆုံးမှာ ကျွန်မ တွေ့လိုက်ရတယ်။ အန္တရာယ်နဲ့ ကြုံလိုက်တာနဲ့ ကျွန်မ ကြောက်ရွံ့ပူပင်ပြီး ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းရေးအတွက်ပဲ စပြီး စိုးရိမ်ပူပန်တော့တာပဲ။ ကျွန်မမှာ ဘယ်လိုနည်းနဲ့ ဘာဝိညာဉ်ရင့်ကျက်မှု ရှိခဲ့လို့လဲ။ ဒီလို သဘောပေါက်သွားတော့ ကျွန်မ ဘုရားသခင်ဆီကို ဆုတောင်းတယ်၊ ယုံကြည်ခြင်းကို ပေးသနားပါလို့ ကိုယ်တော့်ကို တောင်းလျှောက်ခဲ့တယ်၊ ဒုက္ခဆင်းရဲထဲမှာ ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းပြီး သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ပေါ့။
ဒီအဖြစ်အပျက်ပြီးနောက်မှာ ကြည့်ရှုဖို့လိုတဲ့ အရေးကြီးတဲ့ နောက်ဆက်တွဲအလုပ်တွေ အများကြီးရှိခဲ့တယ်။ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေ စီစီပီရဲ့ လက်ထဲကို မရောက်သွားအောင် ကာကွယ်ဖို့အတွက် လူတိုင်းက ညီအစ်မ ကောင်းချင်းနဲ့ ကျွန်မက စာအုပ်တွေ ရွှေ့ပြောင်းရေးကို တာဝန်ယူဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒီလောက်အရေးကြီးတဲ့ အလုပ်ကို ကျွန်မကို လုပ်ခိုင်းတာကို တွေ့တော့၊ ဒီတာဝန်က ဘယ်လောက်ကြီးလေးတယ်ဆိုတာ ကျွန်မသိပြီး ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိခဲ့ပါတယ်။ ဒါပေမဲ့ ရွှေ့ပြောင်းရာမှာ ပါဝင်ပတ်သတ်တဲ့ အန္တရာယ်တွေကို တွေးမိတော့ ကျွန်မ နည်းနည်းလေး မကြောက်ဘဲ မနေနိုင်ခဲ့ဘူး၊ “ငါတို့သာ အဖမ်းခံရပြီး စီစီပီက ငါတို့ သယ်နေတာ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေမှန်း သိသွားရင် သူတို့က အသင်းတော်ရဲ့ သတင်းအချက်အလက်တွေ ပိုပြီးဖော်ထုတ်ဖို့ ငါတို့ကို အတင်းအကျပ်ခိုင်းပြီး ညှဉ်းပန်းနှိပ်စက်ကြမှာ သေချာတယ်။ ငါတို့ မသေရင်တောင်မှ အနွှာခံရမှာပဲ။ ငါသာ မသန်မစွမ်းဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ တာဝန်မထမ်းဆောင်နိုင်တော့တဲ့အပြင် ကိုယ့်ကိုယ်ကိုယ်တောင် ပြုစုစောင့်ရှောက်ဖို့ ခက်ခဲသွားမှာ။ ဒါဆိုရင် ဒါက ငါ့အတွက် အဆုံးသတ်မဟုတ်ဘူးလား။ အဲဒီအခါကျရင် ငါ ကယ်တင်ခြင်းကို ရနိုင်ပါဦးမလား။ ငါ့မှာ သတ္တိလည်းမရှိ၊ ဉာဏ်ပညာလည်း နည်းပါးတယ်။ ဒီတာဝန်ကို ငါ တကယ် နိုင်နင်းပါ့မလား။ ဒီတာဝန်အတွက် သတ္တိပိုရှိပြီး ဉာဏ်ကောင်းတဲ့သူတစ်ယောက်ယောက်ကို ငါတို့ရှာသင့်တယ် မဟုတ်ဘူးလား” လို့ပေါ့။ ကျွန်မ ညီအစ်မကို ဒီအကြောင်း ပြောတော့မလို့ လုပ်ပြီးမှ တွေဝေသွားပြီး ကျွန်မစကားတွေကို မျိုသိပ်ထားလိုက်တယ်။ ဒီလိုအခြေအနေမျိုးမှာ အဆက်အသွယ်လုပ်လို့ရတဲ့ လူနည်းနည်းပဲ ရှိတာရယ်၊ လူတိုင်းက သေချာ စဉ်းစားချင့်ချိန်ပြီးမှ ဒီအလုပ်ကို ကျွန်မကို တာဝန်ပေးခဲ့ကြတာရယ်ကို ကျွန်မ တွေးမိတယ်။ အဲဒီအချိန်မှာ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရလိုက်တယ်။ “ဘုရားအိမ်တော်၏ အကျိုးစီးပွားနှင့် ဆက်နွှယ်သည့် မည်သည့်အရာကိုမဆို၊ သို့မဟုတ် ဘုရားအိမ်တော်၏ အလုပ်၊ ဘုရားသခင်၏ နာမတော်တို့နှင့် သက်ဆိုင်သည့် မည်သည့်အရာကိုမဆို သင်သည် ထိန်းသိမ်းသင့်ပြီး တာဝန်ယူသင့်သည်။ သင်တို့အယောက်စီတိုင်းတွင် ဤတာဝန်၊ ဤဝတ္တရားရှိပြီး ယင်းမှာ သင်တို့လုပ်ဆောင်ရမည့် အရာဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့်ပတ်သက်၍) ဘယ်အချိန်အခါပဲဖြစ်ဖြစ် ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ကာကွယ်တာနဲ့ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေရဲ့ ဘေးကင်းမှုကို သေချာစေတာဟာ ဘုရားသခင် ရွေးချယ်ထားတဲ့လူတိုင်းရဲ့ တာဝန်နဲ့ ဝတ္တရားပဲ။ ကျွန်မဟာ နှစ်တွေအများကြီး ယုံကြည်သူတစ်ယောက်ဖြစ်ခဲ့ပြီး ဘုရားနှုတ်ကပတ်တော်ရဲ့ ရေလောင်းခြင်းနဲ့ ထောက်ပံ့မှုကို မွေ့လျော်ခံစားခဲ့ရတယ်၊ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေ အန္တရာယ်ကြုံပြီး ရွှေ့ပြောင်းဖို့ လိုအပ်လာတဲ့အခါမှာတော့ ကျွန်မက ဒီအလုပ်ကို တက်တက်ကြွကြွ မလုပ်ဆောင်ခဲ့ဘူး။ အဲဒီအစား ကိုယ့်ရဲ့အနာဂတ် အလားအလာနဲ့ လမ်းကြောင်းတွေကိုပဲ စဉ်းစားနေခဲ့တယ်။ အဖမ်းခံရမှာနဲ့ ညှဉ်းပန်းနှိပ်စက်ခံရမှာကို ကြောက်လို့ ဒီတာဝန်ကို တခြားတစ်ယောက်ယောက်ဆီ လွှဲချချင်ခဲ့တယ်။ ကျွန်မဟာ အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး အသိစိတ်နဲ့ ဆင်ခြင်တုံတရား ကင်းမဲ့လိုက်တာ။ လူတိုင်းက ကျွန်မဟာ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေ ရွှေ့ပြောင်းဖို့ အသင့်တော်ဆုံးသူလို့ သဘောတူကြတဲ့အတွက်၊ ဒါဟာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက် ပါဝင်ရမယ်။ အထူးသဖြင့် ဒီအကြီးအကျယ် ဖြိုခွင်းမှုမှာ ကျွန်မ အဖမ်းမခံခဲ့ရတာကို ထည့်စဉ်းစားရင်၊ ကျွန်မမှာ လုပ်ဆောင်ရမယ့် အခန်းကဏ္ဍတစ်ခု ရှိနေတာ ရှင်းနေပြီး ဒါကို ကျွန်မ မငြင်းသင့်ဘူး။ ကျွန်မဟာ ဖန်ဆင်းခံတစ်ယောက်ပါ၊ ကျွန်မ ဘာလုပ်နိုင်တယ်ဆိုတာ ဘုရားသခင် သိတယ်။ ကျွန်မ အဖမ်းခံရမလား မခံရဘူးလားဆိုတာကလည်း ဘုရားသခင်ရဲ့ လက်ထဲမှာပဲ ရှိတယ်။ တကယ်လို့ ဘုရားသခင်က ကျွန်မကို အဖမ်းခံရသင့်တယ်လို့ စီမံထားတယ်ဆိုရင် ကျွန်မ ကျိုးနွံနာခံမယ်၊ ဒါပေမဲ့ ဘုရားသခင်က ဒါကို ခွင့်မပြုဘူးဆိုရင်တော့ စီစီပီက ကျွန်မကို ဘာမှလုပ်လို့မရဘူး။ ဒံယေလက ဘုရားသခင်ကို ယုံကြည်ခြင်းရှိခဲ့သလိုပဲ၊ ခြင်္သေ့ဂူထဲ အပစ်ခံရတဲ့အခါမှာတောင် ခြင်္သေ့တွေက သူ့ကို အန္တရာယ်မပြုခဲ့ဘူးလေ။ စီစီပီက ဘယ်လောက်ပဲ ထင်ရာစိုင်းနေပါစေ၊ သူဟာ ဘုရားသခင်ရဲ့ လက်ထဲမှာပဲ ရှိနေသေးပြီး၊ သူဟာ ဘုရားသခင်ရဲ့ အမှုတော်ထဲက အသုံးတော်ခံ အရာတစ်ခုသာသာပါပဲ။ ဒီလိုနားလည်သွားတော့ ကျွန်မမှာ ယုံကြည်ခြင်းတွေ ရှိလာပြီး ဘုရားသခင်ဆီကို ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ အခု ကိုယ်တော့်နှုတ်ကပတ်တော် စာအုပ်တွေကို အရေးပေါ် ရွှေ့ပြောင်းဖို့ လိုအပ်နေပြီး သမီး ကြောက်ရွံ့ ပူပင်နေမိပါတယ်၊ ဒါပေမဲ့ စာတန်ဟာ ကိုယ်တော့်လက်ထဲမှာ ရှိတယ်ဆိုတာ သမီးသိပါတယ်။ သမီးရဲ့ ကိုယ်ပိုင်ဘေးကင်းမှုကို ဘေးဖယ်ထားပြီး ညီအစ်မ ကောင်းချင်းနဲ့အတူ စာအုပ်တွေကို လုံခြုံတဲ့နေရာတစ်ခုဆီ ပို့ဆောင်ပေးဖို့ သမီး ဆန္ဒရှိပါတယ်။ ကိုယ်တော် သမီးတို့ကို လမ်းပြတော်မူပါ” လို့ပေါ့။ နောက်တစ်နေ့မနက်မှာ ကျွန်မတို့နှစ်ယောက် မြူထူထဲ ထွက်လာခဲ့ကြပြီး စာအုပ်တွေကို လုံခြုံတဲ့နေရာတစ်ခုဆီ အောင်အောင်မြင်မြင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
အသင်းတော်ခေါင်းဆောင် တော်တော်များများ အဖမ်းခံလိုက်ရတာကြောင့်၊ ညီအစ်မ ကောင်းချင်းနဲ့ ကျွန်မကို ဒီအသင်းတော်တွေရဲ့ အလုပ်ကို ကြီးကြပ်ဖို့ ယာယီရာထူးတိုးပေးခဲ့တယ်။ ကိုယ့်တာဝန်ကို မရှောင်သင့်ဘူးဆိုတာ ကျွန်မသိပေမဲ့ ဖိအားအရမ်းများတယ်လို့ ခံစားခဲ့ရတယ်။ ဒီလို အရေးကြီးတဲ့အချိန်မှာ ဒီတာဝန်ကို ယူရတာက တကယ်ကို အန္တရာယ်များလွန်းတယ်။ ဒါပေမဲ့ ခေါင်းဆောင်တွေ အဖမ်းခံရပြီး အသင်းတော်ရဲ့အလုပ်က လုံးဝနီးပါး ရပ်တန့်နေချိန်မှာ၊ ညီအစ်ကိုမောင်နှမတွေက သူတို့ရဲ့ အသင်းတော်အသက်တာကို မရှင်သန်နိုင်ဘဲ အလုပ်ကို ထမ်းပိုးမယ့်သူတစ်ယောက်ကို အရေးတကြီး လိုအပ်နေခဲ့တယ်။ ဒီအချိန်မှာ ကျွန်မသာ တာဝန်ကို ခေါင်းရှောင်ခဲ့ရင် လူ့သဘာဝ လုံးဝကင်းမဲ့ရာကျမှာပဲ။ အကြိမ်ကြိမ် စဉ်းစားပြီးနောက်မှာတော့ ကျွန်မ ဒီတာဝန်ကို လက်ခံခဲ့လိုက်တယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ၊ စစ်ဆေးမေးမြန်းမှုတွေအတွင်းမှာ ရဲတွေက အဖမ်းခံရတဲ့ ညီအစ်ကိုမောင်နှမတွေကို ဓာတ်ပုံတွေပြပြီး ဘယ်သူက ခေါင်းဆောင်တွေလဲဆိုတာကို ရွေးထုတ်ခိုင်းနေတယ်ဆိုတာ ကျွန်မ သိလိုက်ရတယ်။ စီစီပီက ခေါင်းဆောင်တွေကို အဆက်မပြတ် ဖမ်းဆီးနေတာ၊ သူတို့သာ ကျွန်မ အခု အသင်းတော်ခေါင်းဆောင်မှန်း သိသွားရင်၊ အဖမ်းခံရတဲ့အခါ ပြင်းထန်တဲ့ ပြစ်ဒဏ်နဲ့ ကျွန်မလည်း ရင်ဆိုင်ရမှာ မဟုတ်ဘူးလား။ အဖမ်းခံရပြီး ပြစ်ဒဏ်ချခံခဲ့ရတဲ့ ညီအစ်ကိုမောင်နှမတွေကို ကျွန်မ တွေးမိတယ်။ တချို့က ထောင်ထဲမှာ အကျဉ်းသားတွေ နှိပ်စက်တာကို ခံခဲ့ရတယ်၊ တချို့က ထောင်စောင့်တွေရဲ့ ပြင်းပြင်းထန်ထန် ရိုက်နှက်ညှဉ်းပန်းတာကို ခံခဲ့ရတယ်၊ ပြီးတော့ သူတို့ နေ့တိုင်း ပင်ပန်းတဲ့ ကိုယ်ကာယအလုပ်တွေကို လုပ်ခဲ့ကြရတယ်။ ကျွန်မရဲ့ နဂိုကတည်းက ချူချာတဲ့ကျန်းမာရေးနဲ့ဆိုရင်၊ ကျွန်မသာ အဖမ်းခံရပြီး ပြစ်ဒဏ်ချခံရရင် အကျဉ်းထောင်ထဲမှာ နေ့ရက်တိုင်းက တစ်နှစ်လိုပဲ ဖြစ်နေမှာ၊ အသက်ရှင်လျက် ပြန်ထွက်လာနိုင်မလားဆိုတာက ပြောရခက်တယ်။ တရုတ်ပြည်မှာ တာဝန်ထမ်းဆောင်ရတာက တကယ်ကို အန္တရာယ်တွေနဲ့ ပြည့်နှက်နေတာပဲ၊ အသက်ဘေးအန္တရာယ်တွေ အမြဲရှိနေတဲ့ ဓားသွားပေါ်မှာ ရပ်နေရသလိုပဲ။ ဒီတာဝန်ကိုသာ လက်မခံခဲ့ရင် ကောင်းမှာပဲလို့ ကျွန်မ မပြတ်တွေးနေမိတယ်... ကျွန်မ အရမ်းကို စိုးရိမ်ပူပန်ပြီး ကျွန်မအလုပ်ကိုလည်း အာရုံစိုက်လို့ မရတော့ဘူး။ ကျွန်မရဲ့အခြေအနေ မမှန်တော့ဘူးဆိုတာ သဘောပေါက်လိုက်တော့၊ ဘုရားသခင်ဆီကို အမြန်ဆုတောင်းပြီး ကိုယ်တော့်ကို ကျွန်မရဲ့စိတ်နှလုံးကို ကာကွယ်ပေးဖို့ တောင်းလျှောက်ခဲ့တယ်။
အဲဒီညက ကျွန်မ ဘယ်လိုမှ အိပ်မပျော်ခဲ့ဘူး။ အသင်းတော်က အကြီးအကျယ် ဖြိုခွင်းမှုနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်မဟာ သတ္တိနည်းမှု၊ ပူပင်မှုတွေကိုပဲ ထုတ်ဖော်ခဲ့တာ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် တာဝန်ကိုတောင် ခေါင်းရှောင်ချင်ခဲ့တာတွေကို ကျွန်မ ဆင်ခြင်သုံးသပ်မိတယ်။ ကျွန်မဆီပေါ်လာတဲ့အမှုအရာတွေနဲ့ ရင်ဆိုင်တဲ့အခါတိုင်း ကျွန်မက ဘာလို့ ကိုယ့်အတွက် ကိုယ်စဉ်းစားနေမိတာလဲ။ ကျွန်မရဲ့ ဝတ်ပြုခြင်းအချိန်တွေအတွင်းမှာ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “အန္တိခရစ်များသည် ၎င်းတို့၏ ဘေးကင်းမှုကို ကာကွယ်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ကြသည်။ ၎င်းတို့က မိမိတို့ကိုယ်ကို ထင်မြင်သည်မှာ ‘ငါ၏ လုံခြုံမှုကို အပြည့်အဝ သေချာအောင်လုပ်ဆောင်ရမည်။ မည်သူက အဖမ်းခံရသည်ဖြစ်စေ ငါမဖြစ်ရ’ ဟူ၍ ဖြစ်သည်။ ဤအမှုကိစ္စတွင် ၎င်းတို့သည် မကြာခဏ ဘုရားရှေ့သို့လာပြီး ဆုတောင်းကာ ၎င်းတို့ကို ဒုက္ခမှ ကာကွယ်ပေးပါရန် ဘုရားသခင်အား အသနားခံသည်။ ၎င်းတို့သည် မည်သို့ပင်ဖြစ်စေ အသင်းတော်ခေါင်းဆောင်ပိုင်း အလုပ်ကို ၎င်းတို့ အမှန်ပင် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟုလည်းကောင်း၊ ဘုရားသခင်က ၎င်းတို့ကို ကာကွယ်သင့်သည်ဟုလည်းကောင်း ခံစားရသည်။ မိမိတို့၏ တစ်ကိုယ်ရေ ဘေးကင်းလုံခြုံရေးနှင့် အဖမ်းခံရခြင်းမှ ရှောင်ရှားရန်၊ ညှဉ်းပန်းနှိပ်စက်ခြင်းအားလုံးမှ ရှောင်တိမ်းကာ မိမိတို့ကိုယ်ကို ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်တစ်ခုတွင် နေရာချရန်အလို့ငှာ အန္တိခရစ်တို့သည် မိမိတို့၏ ဘေးကင်းလုံခြုံရေးအတွက် မကြာခဏ တောင်းပန်ခယပြီး ဆုတောင်းကြသည်။ မိမိတို့၏ တစ်ကိုယ်ရေ ဘေးကင်းလုံခြုံရေးနှင့် ပတ်သက်လာသည့်အခါတွင်သာ ၎င်းတို့သည် ဘုရားသခင်အပေါ် အမှန်တကယ် အမှီပြုပြီး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို ပူဇော်ဆက်ကပ်ကြသည်။ ဤအရာနှင့်ပတ်သက်သည့်အခါ ၎င်းတို့၌ စစ်မှန်သော ယုံကြည်ခြင်းရှိပြီး ဘုရားသခင်အပေါ် ၎င်းတို့၏ မှီခိုခြင်းက စစ်မှန်လေ၏။ အသင်းတော်၏ အလုပ်၊ သို့မဟုတ် ၎င်းတို့၏တာဝန်အတွက် စိုးစဉ်းမျှ မစဉ်းစားကြဘဲ ၎င်းတို့၏ ဘေးကင်းလုံခြုံရေးအတွက် ဘုရားသခင် ကာကွယ်ပေးပါရန် တောင်းလျှောက်ရင်းဖြင့်သာ ဘုရားသခင်ထံ သူတို့ အာရုံစိုက်ဆုတောင်းကြသည်။ ၎င်းတို့၏ အလုပ်၌ တစ်ကိုယ်ရေ ဘေးကင်းလုံခြုံမှုသည် ၎င်းတို့ကို လမ်းပြသည့် စည်းမျဉ်းဖြစ်သည်။ နေရာတစ်ခုက လုံခြုံလျှင် အန္တိခရစ်များသည် အလုပ်လုပ်ရန် ထိုနေရာကို ရွေးချယ်လိမ့်မည်။ ပြီးလျှင် ၎င်းတို့၏ ကြီးမားသော ‘တာဝန်သိစိတ်’နှင့် ‘သစ္စာစောင့်သိခြင်း’ တို့ကို ပြစားလျက် အမှန်ပင် အလွန်တက်ကြွပြီး အပြုသဘောဆောင်သည့် ပုံစံရှိလိမ့်မည်။ အချို့သောအလုပ်သည် စွန့်စားရခြင်း ပါဝင်ပြီးထိခိုက်မှုဖြစ်ဖွယ်ရှိပါက၊ လုပ်ဆောင်သူသည် အဆင်းနီသော နဂါးကြီး၏ တွေ့ရှိခံရဖွယ်ရှိပါက ၎င်းတို့သည် ဆင်ခြေများပေးပြီး ငြင်းဆန်ကာ ယင်းမှ ထွက်ပြေးဖို့ အခွင့်အရေးရှာကြသည်။ အန္တရာယ်ရှိသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် အန္တရာယ်၏ အရိပ်အယောင်ရှိသည်နှင့်တစ်ပြိုင်နက် ညီအစ်ကို မောင်နှမများကို ဂရုစိုက်ခြင်းမရှိဘဲ ကိုယ်လွတ်ရုန်းပြီး မိမိတို့တာဝန်ကို စွန့်ပစ်မည့်နည်းလမ်းများ တွေးကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အန္တရာယ်မှ လွတ်စေဖို့သာ ဂရုစိုက်ကြသည်။ စိတ်နှလုံးတွင် ၎င်းတို့ ပြင်ဆင်ထားနှင့်ပြီး ဖြစ်နိုင်သည်။ အန္တရာယ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အသင်းတော်အလုပ် မည်သို့ဖြစ်နေသည်၊ သို့မဟုတ် ယင်းက ဘုရားအိမ်တော်၏ အကျိုးစီးပွားများအား မည်သည့် ဆုံးရှုံးမှုရောက်စေမည်၊ သို့မဟုတ် ညီအစ်ကို မောင်နှမများ၏ ဘေးကင်းလုံခြုံမှုကို ဂရုမစိုက်ဘဲ ၎င်းတို့ လုပ်နေသည့် အလုပ်ကို ချက်ချင်း ရပ်ဆိုင်းလိုက်ကြသည်။ ၎င်းတို့အဖို့ အရေးကြီးသည်မှာ ထွက်ပြေးဖို့ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) “အန္တိခရစ်များသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းကြသည်။ ၎င်းတို့၌ ဘုရားသခင်အပေါ် သစ္စာရှိဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်းမရှိကြပေ။ ၎င်းတို့သည် ပြဿနာတစ်ခုကို ကြုံရသည့်အခါ မိမိကိုယ်ကိုသာ ကာကွယ်ပြီး ဘေးဆီးရန်ကာကြသည်။ ၎င်းတို့အတွက်မူ မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးထက် မည်သည့်အရာမျှ သာ၍ အရေးမကြီးချေ။ ၎င်းတို့ အသက်ရှင်နိုင်ပြီး အဖမ်းမခံရသရွေ့ အသင်းတော်၏ အလုပ်အဖို့ မည်မျှ ဘေးဖြစ်စေသည်ကို ၎င်းတို့ ဂရုမစိုက်ကြချေ။ ဤလူများသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်သည်၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ သို့မဟုတ် အသင်းတော်အတွက် လုံးဝ မစဉ်းစားကြပေ၊ ၎င်းတို့က မိမိတို့၏ ဘေးကင်းလုံခြုံမှုအတွက်သာ စဉ်းစားကြသည်။ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) အန္တိခရစ်တစ်ယောက်ရဲ့ သဘာဝဟာ အင်မတန် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတယ်လို့ ဘုရားသခင်က ဖော်ထုတ်ထားတယ်။ သူတို့က ကိုယ့်အကျိုးစီးပွားကို အရာအားလုံးထက် ဦးစားပေးပြီး၊ ဘယ်လို သတ်မှတ်ထားတဲ့အခြေအနေမျိုးမှာမဆို၊ ကိုယ့်အကျိုးစီးပွားကို တစ်ခုခုက ထိခိုက်လာပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် သူတို့က တွန့်ဆုတ်နေမှာ မဟုတ်ဘူး။ အန္တိခရစ်တွေဟာ လုံးဝကို အကျိုးအမြတ်သမားတွေဖြစ်ပြီး အသိစိတ် ဒါမှမဟုတ် ဆင်ခြင်တုံတရား တစ်စက်မှ မရှိဘူး၊ သူတို့က “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတဲ့ စာတန်ဆန်တဲ့ အတွေးအခေါ်ကိုပဲ စွဲကိုင်ထားပြီး၊ စာတန်ရဲ့ ပုံရိပ်အပြည့်အစုံနဲ့ အသက်ရှင်နေကြတယ်။ ဘုရားနှုတ်ကပတ်တော်တွေနဲ့ ကိုယ့်ရဲ့အပြုအမူကို ဆင်ခြင်သုံးသပ်ကြည့်တော့၊ ကျွန်မ ထုတ်ဖော်ပြနေခဲ့တာက အန္တိခရစ်တစ်ယောက်ရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့ စိတ်သဘောထားပဲ မဟုတ်ဘူးလား။ ပုံမှန်ဆိုရင် အဖမ်းခံရမယ့် အန္တရာယ်မရှိတဲ့အခါ ကျွန်မက ကိုယ့်တာဝန်တွေကို အရမ်းကို တက်တက်ကြွကြွနဲ့ ထမ်းဆောင်ပြီး၊ တာဝန်တွေဟာ ဘယ်လောက်ပဲ ပင်ပန်းခက်ခဲပါစေ၊ တာဝန်အပေါ် သစ္စာစောင့်သိဟန်၊ ဘုရားသခင်အပေါ် ကျိုးနွံနာခံဟန် ပြခဲ့တယ်။ ဒါပေမဲ့ အသင်းတော်က အကြီးအကျယ် ဖြိုခွင်းမှုနဲ့ ရင်ဆိုင်ရပြီး ကျွန်မအတွက် စီစဉ်ပေးတဲ့ တာဝန်တွေက ကိုယ့်ရဲ့တစ်ကိုယ်ရေ အကျိုးစီးပွားနဲ့ ပတ်သက်လာတဲ့အခါမှာတော့ ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်မှုနဲ့ စက်ဆုပ်စရာကောင်းမှုတွေက ထုတ်ဖော်ခံခဲ့ရတယ်။ ညီအစ်ကိုမောင်နှမတွေက ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို ရွှေ့ပြောင်းဖို့ ကျွန်မကို ရှေ့တင်ပေးတဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် တာဝန်ကို တခြားတစ်ယောက်ဆီ လွှဲချချင်ခဲ့တယ်။ အသင်းတော်က ကျွန်မကို ခေါင်းဆောင်အဖြစ် ယာယီရာထူးတိုးပေးတဲ့အခါမှာလည်း၊ အသင်းတော်အလုပ်ကို ဘယ်လိုကောင်းကောင်း ထမ်းဆောင်ပြီး ဒီတာဝန်ကို ထမ်းပိုးရမလဲဆိုတာကို အာရုံစိုက်ရမယ့်အစား၊ အဖမ်းခံရပြီး ပြစ်ဒဏ်ချခံရမှာကိုပဲ စိုးရိမ်နေခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် တာဝန်ကို ခေါင်းရှောင်ဖို့တောင် စဉ်းစားခဲ့သေးတယ်။ ကျွန်မဟာ သေမှာကို အရမ်းကြောက်လွန်းတာပဲ။ ဒုက္ခဆင်းရဲက စိတ်ရင်းအမှန်ကို ထုတ်ဖော်တယ်လို့ ဆိုကြတယ်၊ ဒါပေမဲ့ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ရချိန်မှာ ကျွန်မ စိတ်ရင်းမှန်နဲ့ ပြုမူခဲ့လို့လား။ တစ်ကိုယ်ကောင်းဆန်မှုနဲ့ မရိုးသားမှုကလွဲပြီး ဘာမှမထုတ်ဖော်ခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်ရဲ့ ရေလောင်းခြင်းနဲ့ ထောက်ပံ့မှုကို ဒီနှစ်တွေအများကြီး မွေ့လျော်ခံစားခဲ့ရတာကို ကျွန်မ တွေးမိတယ်၊ ဒါပေမဲ့ အသင်းတော်က အကြီးအကျယ် ဖြိုခွင်းမှုနဲ့ ရင်ဆိုင်ရပြီး ကျွန်မရဲ့ အခန်းကဏ္ဍကို ကျွန်မ လုပ်ဖို့ လိုအပ်လာတဲ့အခါမှာတော့ ဒါကို ခေါင်းရှောင်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဆင်ခြေတွေ ရှာနေခဲ့တယ်။ ကျွန်မမှာ ဘယ်လိုနည်းနဲ့ လူ့သဘာဝရယ်လို့ ရှိခဲ့လို့လဲ။ ကိုယ်တော်အတွက် အသုံးခံပြီး ကိုယ်တော်ရဲ့မေတ္တာကို ပြန်ဆပ်ဖို့ ဆန္ဒရှိပါတယ်လို့ပြောပြီး ဘုရားသခင်ကို ကျွန်မ ဆုတောင်းခဲ့ပေမဲ့၊ ကျွန်မ အသက်ရှင်နေထိုင်ခဲ့တာကတော့ တစ်ကိုယ်ကောင်းဆန်ဆန်နဲ့ စက်ဆုပ်စရာကောင်းပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကြိုးစားနေခဲ့တာပဲ။ ဒါဟာ ဘုရားသခင်ကို လှည့်ဖြားနေတာ မဟုတ်ဘူးလား။ တကယ်လို့သာ ဒီအဖြစ်မှန်တွေ ဖော်ထုတ်ခံရတာနဲ့ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ဖော်ထုတ်ခြင်းကြောင့်သာ မဟုတ်ခဲ့ရင်၊ ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ်ကျိုးရှာတဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားကို ကျွန်မ ဘာနားလည်မှုမှ အမှန်တကယ် ရဦးမှာမဟုတ်ဘူး။ ကျွန်မက ဘုရားသခင်အပေါ် စိတ်ရင်းမှန်ရှိတယ်၊ ကိုယ်တော်က ကျွန်မကို သေချာပေါက် အသိအမှတ်ပြုမှာပဲလို့ ထင်နေဦးမှာပဲ၊ ဘုရားသခင်ရဲ့ အမှုတော် ပြီးဆုံးသွားတဲ့အခါ နိုင်ငံတော်ထဲဝင်ပြီး ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာတွေကို ခံစားရတော့မယ်လို့ ထင်နေဦးမှာပဲ။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် တကယ်ကို မသိခဲ့ပါလား။ ဘုရားသခင်ရဲ့ အမှုတော်က တကယ်ကို လက်တွေ့ကျလွန်းတယ်။ အဆင်းနီသော နဂါးကြီး လုပ်ဆောင်တဲ့ ဖမ်းဆီးနှိပ်စက်မှုကနေတစ်ဆင့် ကိုယ်တော်က ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြီး ကိုယ့်ကိုယ်ကိုယ် နားလည်အောင် ကူညီပေးခဲ့တယ်။ ဒါဟာ ကျွန်မအတွက် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းပဲ။ ဒါကို စဉ်းစားမိတော့ ကျွန်မ နောင်တရပြီး၊ စာတန်ရဲ့ အတွေးအခေါ်တွေအတိုင်း ဆက်ပြီး အသက်မရှင်ချင်တော့ဘူး။
နောက်ပိုင်းမှာ၊ ကျွန်မကို အရမ်း ဉာဏ်အလင်းပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့ခဲ့တယ်။ ဘုရားသခင်က ပြောသည် “သင်သည် ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်သည်ကို အသိအမှတ်ပြုပါက၊ ဧဝံဂေလိတရားဟောရန်ဖြစ်သည့် သင်၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းအတွက်လည်းကောင်း၊ သင်၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်းအတွက်လည်းကောင်း သင်သည် ဆင်းရဲဒုက္ခခံစားပြီး အဖိုးအခပေးဖို့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားရမည်။ အဖိုးအခသည် ကိုယ်ခန္ဓာ နာမကျန်းမှုတစ်ခုခု သို့မဟုတ် အခက်အခဲတစ်ခုခုကို ခံစားရခြင်း ဖြစ်နိုင်သည် သို့မဟုတ် အဆင်းနီသော နဂါးကြီး၏ ညှဉ်းပန်းနှိပ်စက်မှုများ သို့မဟုတ် လောကီလူများ၏ အထင်လွဲမှုများအပြင်၊ ဧဝံဂေလိတရားဟောနေချိန်တွင် ကြုံရသည့် ဒုက္ခများ၊ သစ္စာဖောက်ခံရခြင်း၊ အရိုက်ခံရကာ အဆူခံရခြင်း၊ ရှုတ်ချခံရခြင်း၊ လူအုပ်ဝိုင်းခံရခြင်းနှင့် သေစေနိုင်လောက်သော အန္တရာယ်ဖြစ်ခြင်းတို့ ဖြစ်နိုင်သည်။ ဧဝံဂေလိတရားဟောခြင်း ကာလတစ်လျှောက်တွင်၊ ဘုရားသခင်၏ အမှုတော် မပြီးဆုံးမီ သင်သေဆုံးမည်ဖြစ်ခြင်းနှင့်၊ ဘုရားသခင်၏ ဘုန်းအသရေ နေ့ရက်ကိုတွေ့ဖို့ သင်အသက်ရှင်မည် မဟုတ်ခြင်းတို့က ဖြစ်နိုင်ပေသည်။ သင်သည် ဤအရာအတွက် ပြင်ဆင်ထားရမည်။ ဤသည်က သင်တို့ကို ကြောက်လန့်စေဖို့ ရည်ရွယ်ခြင်း မဟုတ်ပေ။ ယင်းမှာ အမှန်တရား ဖြစ်ပေသည်။...ထို့အပြင် သခင်ယေရှု၏ ထိုတပည့်တော်များသည် မည်သို့ သေဆုံးကြသနည်း။ တပည့်တော်များကြားတွင် မသေမချင်း ကျောက်တုံးဖြင့် ထုသတ်ခံခဲ့ရသူများ၊ မြင်းနောက်မှ ကြိုးဖြင့် ဆွဲခံရသူများ၊ ဇောက်ထိုးမိုးမျှော် ကားစင်တင်ခံရသူများ၊ မြင်းငါးကောင်ဖြင့် ကိုယ်လက်အင်္ဂါများကို တစ်စစီ ဆွဲဖျက်ခံရသူများ ရှိကြသည်။ သေခြင်းတရားမျိုးစုံသည် ၎င်းတို့ပေါ် ကျရောက်ခဲ့သည်။ ၎င်းတို့၏ သေခြင်းတရားများအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ပြစ်မှုများအတွက် ဥပဒေနှင့်လျော်ညီစွာ ကွပ်မျက်ခံရခြင်းလော။ မဟုတ်ပေ၊ ၎င်းတို့သည် သခင်၏ ဧဝံဂေလိကို ဖြန့်ဝေပြီး ကမ္ဘာသူကမ္ဘာသားများ၏ ငြင်းပယ်ခြင်းကို ခံရသောကြောင့် ပြစ်တင်ရှုတ်ချခြင်း၊ ရိုက်နှက်ခြင်၊ ဆူပူကြိမ်းမောင်းခြင်းနှင့် အသေသတ်ခြင်းတို့ကို ခံခဲ့ရသည်။ ယင်းမှာ ၎င်းတို့ မာတုရဖြစ်ခဲ့သည့် ပုံစံဖြစ်သည်။...အမှန်တကယ်တွင် ဤသည်မှာ ၎င်းတို့၏ ခန္ဓာကိုယ်များ သေဆုံးပြီး ကွယ်လွန်သွားသည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ လူ့လောကမှ ၎င်းတို့ ထွက်ခွာသွားသည့် ပုံစံဖြစ်သည်၊ သို့ရာတွင် ယင်းက ၎င်းတို့၏ အဆုံးသတ်နှင့် တူညီသည်ဟု မဆိုလိုပေ။ ၎င်းတို့၏ သေခြင်းတရားနှင့် ထွက်ခွာခြင်းတို့၏ နည်းလမ်းများမှာ မည်သို့ဖြစ်ပါစေ၊ ယင်းတို့က မည်သို့ဖြစ်ပျက်ခဲ့ပါစေ၊ ဘုရားသခင်က ထိုအသက်များ၏၊ ထိုဖန်ဆင်းခံသတ္တဝါများ၏ နောက်ဆုံး အဆုံးသတ်များကို သတ်မှတ်ခဲ့သည့်ပုံစံ မဟုတ်ပေ။ ဤသည်မှာ သင် မဖြစ်မနေ ရှင်းလင်းစွာ တွေ့ရမည့်အရာ တစ်စုံတစ်ခုဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့က ဤလောကကို ပြစ်တင်ရှုတ်ချဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့ ဤနည်းလမ်းများကို အတိအကျအားဖြင့် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဤဖန်ဆင်းခံ သတ္တဝါများက ၎င်းတို့၏ အဖိုးအတန်ဆုံးသော အသက်များကို အသုံးပြုခဲ့သည်။ ၎င်းတို့က ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့၊ ဘုရားသခင်၏ကြီးမြတ်သော တန်ခိုးကို သက်သေခံဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် မှန်ကန်ကြောင်း၊ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း၊ သူသည် သခင်နှင့် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်ကြောင်းတို့ကို စာတန်နှင့် လောကတို့အား ကြေညာဖို့ ၎င်းတို့အသက်၏နောက်ဆုံးအခိုက်အတန့်ကို အသုံးပြုခဲ့ကြသည်။ ၎င်းတို့ အသက်များ၏ နောက်ဆုံး အခိုက်အတန့်အထိတွင်ပင် ၎င်းတို့သည် သခင်ယေရှု၏ နာမတော်ကို မည်သည့်အခါမျှ မငြင်းပယ်ခဲ့ပေ၊ ဤသည်မှာ ဤလောကအပေါ် တရားစီရင်ခြင်းပုံစံတစ်မျိုး မဟုတ်သလော။ ၎င်းတို့က လောကကြီးကို ကြေညာဖို့၊ သခင်ယေရှုသည် သခင်ဖြစ်သည်၊ သခင်ယေရှုသည် ခရစ်တော် ဖြစ်သည်၊ သူသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်သည်၊ လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူပြုလုပ်ခဲ့သည့် ရွေးနုတ်ခြင်းအမှုတော်သည် ဤလူသားမျိုးနွယ် တစ်ရပ်လုံးကို ဆက်လက် ရှင်သန်ခွင့်ပြုကြောင်းကို လူသားတို့အား အတည်ပြုဖို့ ၎င်းတို့၏အသက်များကို အသုံးပြုခဲ့သည်။ ဤအဖြစ်မှန်သည် ထာဝရမပြောင်းလဲပေ။ သခင်ယေရှု၏ ဧဝံဂေလိတရားကို ဖြန့်ချိခြင်းအတွက် မာတုရဖြစ်ခဲ့သောသူတို့သည် ၎င်းတို့၏တာဝန်ကို မည်သည့်အတိုင်းအတာအထိ ထမ်းဆောင်ခဲ့သနည်း။ ယင်းက အဆုံးစွန်အတိုင်းအတာအထိ ဖြစ်ခဲ့သလော။ အဆုံးစွန်အတိုင်းအတာကို မည်သို့ထင်ရှားစေခဲ့သနည်း။ (၎င်းတို့က ၎င်းတို့၏ အသက်များကို ပူဇော်ဆက်ကပ်ကြသည်။) မှန်ပေသည်၊ ၎င်းတို့သည် ၎င်းတို့၏အသက်များဖြင့် အဖိုးအခကို ပေးဆပ်ခဲ့သည်။ မိသားစု၊ ကြွယ်ဝခြင်းနှင့် ဤအသက်တာ၏ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများသည် အပြင်ပန်းအရာများသာ ဖြစ်သည်။ ကိုယ်နှင့်ဆက်စပ်သည့် တစ်ခုတည်းသော အရာမှာ အသက်ဖြစ်သည်။ အသက်ရှင်သည့် လူတိုင်းအတွက် အသက်သည် တန်ဖိုးအထားထိုက်ဆုံးသော အရာ၊ အဖိုးတန်ဆုံးသော အရာဖြစ်ပြီး၊ အမှန်တွင် ဤလူများသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းနှင့်ပတ်သက်၍ အတည်ပြုချက် အနေဖြင့်လည်းကောင်း၊ သက်သေခံချက် အနေဖြင့်လည်းကောင်း ၎င်းတို့၏ အဖိုးအတန်ဆုံး ပိုင်ဆိုင်မှုဖြစ်သည့် အသက်ကို ပူဇော်ဆက်ကပ်နိုင်ခဲ့ကြသည်။ ၎င်းတို့ သေဆုံးသည့် နေ့ရက်အထိ ၎င်းတို့သည် ဘုရားသခင်၏နာမတော်ကို မငြင်းပယ်ခဲ့ကြသကဲ့သို့၊ ဘုရားသခင်၏ အမှုတော်ကိုလည်း မငြင်းပယ်ခဲ့ကြဘဲ၊ ဤအဖြစ်မှန် တည်ရှိမှုအတွက် သက်သေခံဖို့ ၎င်းတို့အသက်၏ နောက်ဆုံးအခိုက်အတန့်များကို အသုံးပြုခဲ့ကြသည်။ ဤသည်မှာ အမြင့်မားဆုံး သက်သေခံသည့် ပုံစံမဟုတ်လော။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ထမ်းဆောင်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်သည်။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်း ဆိုသည့်အရာဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဧဝံဂေလိတရားဟောခြင်းသည် ယုံကြည်သူများအားလုံး ကောင်းမွန်စွာ ဖြည့်ဆည်းရမည့် တာဝန်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ နားလည်ခဲ့တာက၊ ကျွန်မတို့သာ အသက်ရဲ့အဓိပ္ပာယ်နဲ့ အသက်ရှင်ခြင်းနဲ့ သေခြင်းရဲ့ တန်ဖိုးကို တကယ်ကို ရှင်းရှင်းလင်းလင်း မြင်ပြီး၊ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း အသက်ရှင်နေထိုင်မယ်ဆိုရင်၊ ဆင်းရဲဒုက္ခခံရချိန်တွေမှာ ဘုရားသခင်အပေါ် စစ်မှန်တဲ့ ကျိုးနွံနာခံမှု ရှိနိုင်ပြီး ကိုယ်တော့်အတွက် ကျွန်မတို့ရဲ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်မယ်ဆိုတာကိုပါ။ အသက်ဆိုတာ ကျွန်မတို့တစ်ယောက်ချင်းစီအတွက် အဖိုးတန်ဆုံးအရာပဲ။ ကျွန်မတို့သာ ကိုယ့်အသက်ကို ဘုရားသခင်ထံ အပ်နှံနိုင်မယ်ဆိုရင် ဘာကမှ ကျွန်မတို့ကို အနိုင်ယူနိုင်တော့မှာ မဟုတ်ဘူး။ ဒီအချိန်အထိ ဘုရားသခင်နောက် ကျွန်မ လိုက်ခဲ့ပုံကို ပြန်စဉ်းစားကြည့်တော့၊ အလုပ်၊ မိသားစု၊ အိမ်ထောင်ရေး၊ ဥစ္စာဓနလိုမျိုး အရာတွေကို ကျွန်မ တဖြည်းဖြည်း စွန့်လွှတ်နိုင်ခဲ့တယ်၊ ဒါပေမဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရပြီး ကိုယ့်အသက်ကို ဆုံးရှုံးရနိုင်တဲ့ အလားအလာနဲ့ရင်ဆိုင်ရတဲ့အခါမှာတော့ ကျွန်မရဲ့ ပုန်ကန်မှုက ဖော်ထုတ်ခံခဲ့ရတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ကျွန်မတာဝန်တွေကို ခေါင်းရှောင်ချင်ခဲ့တယ်။ ကျွန်မ သေမှာကို အရမ်းကြောက်လွန်းခဲ့တယ်။ စီစီပီရဲ့ အရူးအမူး ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ဖမ်းဆီးမှုတွေဟာ ကျွန်မတို့ကို ကြောက်ရွံ့ပူပင်စေပြီး ဘုရားသခင်အပေါ် ကျွန်မတို့ယုံကြည်ခြင်းကို စွန့်လွှတ်၊ ကျွန်မတို့တာဝန်တွေကို စွန့်ပစ်ပြီး ကိုယ်တော့်ကို သစ္စာဖောက်စေဖို့ ရည်ရွယ်တယ်၊ ကယ်တင်ခြင်းအခွင့်အရေးကို ကျွန်မတို့ ဆုံးရှုံးသွားရအောင်လုပ်တာပေါ့။ ဒါဟာ စာတန်ရဲ့ အကြံအစည်ပဲ။ ကိုယ့်အသက်ကို ဘုရားသခင်ထံ အပ်နှံခြင်း၊ ဘုရားသခင်က အမှုအရာတွေကို ဘယ်လိုပဲ စီစဉ်ညွှန်ကြားပြီး စီမံပါစေ၊ ကျိုးနွံနာခံတဲ့စိတ်နှလုံးနဲ့ ကိုယ့်တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းခြင်းနဲ့ပဲ၊ ကျွန်မတို့ စာတန်ကို အောင်နိုင်ပြီး အရှက်ရစေမှာပါ။ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ကျွန်မသာ သေသွားရင် ကယ်တင်ခြင်းရမှာ မဟုတ်ဘူးလို့ ကျွန်မ အမြဲထင်ခဲ့တယ်၊ ဒါပေမဲ့ ဒါက ကျွန်မရဲ့ ကိုယ်ပိုင်အယူအဆနဲ့ စိတ်ကူးပဲ။ ကျေးဇူးတော်ခေတ်မှာ တမန်တော်တွေက ရောမအစိုးရရဲ့ ဖမ်းဆီးနှိပ်စက်မှုကို ကြုံတွေ့ခဲ့ကြတယ်။ တချို့က ဓားနဲ့ အသတ်ခံခဲ့ရပြီး၊ တချို့က ပြောင်းပြန်အနေအထားနဲ့ လက်ဝါးကပ်တိုင်မှာ အသတ်ခံခဲ့ရတယ်။ သူတို့က ကောင်းကင်နိုင်ငံတော် ဧဝံဂေလိတရားကို ဖြန့်ဝေဖို့အတွက် အသက်ကို ပေးဆပ်ခဲ့ကြပြီး၊ သခင်ယေရှုရဲ့ ကယ်တင်ခြင်းကို သက်သေခံဖို့ သူတို့အသက်ကို သုံးခဲ့ကြတယ်၊ ဒါကြောင့် ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ရရှိခဲ့တယ်။ ဒီနေ့မှာ၊ ညီအစ်ကိုမောင်နှမအများကြီးဟာလည်း ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ဖြန့်ဝေတဲ့အတွက် အဖမ်းခံရပြီး ညှဉ်းပန်းနှိပ်စက်ခံနေကြရတယ်။ သူတို့ဟာ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ရိုက်နှက်မှုတွေကို ခံစားကြရပြီး မသန်မစွမ်းဖြစ်ရတာ၊ သေဆုံးရတာမျိုးတွေတောင် ကြုံရပေမဲ့၊ သူတို့ဟာ သေဆုံးချိန်မှာတောင် စာတန်ကို အရှုံးမပေးဘဲ ဘုရားသခင်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ကိုပဲ ရွေးချယ်ကြတယ်။ ဒီလိုသေခြင်းမျိုးဟာ အဓိပ္ပာယ်ရှိတယ်။ လူ့ရှုထောင့်ကကြည့်ရင် ဇာတိခန္ဓာကိုယ်တွေက သေဆုံးသွားပေမဲ့ သူတို့ရဲ့စိတ်ဝိညာဉ်တွေက မသေဆုံးဘူး။ ဒါတွေအားလုံးဟာ ဘုရားသခင်ရဲ့ စီစဉ်မှုအောက်မှာပဲ ရှိတယ်။ ဘုရားသခင်အတွက် သက်သေခံဖို့ ကိုယ့်အသက်ကို ပေးဆပ်ခြင်းဟာ အမြင့်မားဆုံး သက်သေခံချက်ပုံစံပဲ။ ဒီအကြောင်းကို ဆင်ခြင်သုံးသပ်လိုက်တော့ ကျွန်မ ဉာဏ်ပွင့်သွားတယ်။ လက်ရှိပတ်ဝန်းကျင်ဟာ ဘုရားသခင်က ကျွန်မကို စမ်းသပ်နေတဲ့ နည်းလမ်းတစ်ခုပဲ၊ ဒီဆိုးရွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ကျွန်မက ကိုယ့်တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းပြီး သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်မလား၊ ဒါမှမဟုတ် ကိုယ့်တာဝန်တွေကို စွန့်လွှတ်ပြီး အဓိပ္ပာယ်မဲ့တဲ့ဘဝနဲ့ အသက်ရှင်မလားဆိုတာကို ကြည့်ဖို့ပါပဲ။ ဘုရားသခင်က ကျွန်မရဲ့ သဘောထားနဲ့ လက်တွေ့လုပ်ဆောင်မှုတွေကို စောင့်ကြည့်နေခဲ့တယ်။ သခင်ယေရှု ပြောခဲ့သည်မှာ “ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကို သာ၍ ကြောက်ကြလော့။” (ရှင်မဿဲခရစ်ဝင် ၁၀:၂၈) “မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၀:၃၉) ကျွန်မအသက်က ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်။ စာတန်က ကျွန်မရဲ့ခန္ဓာကိုယ်ကို အကျဉ်းချပြီး ဒုက္ခပေးနိုင်ပေမဲ့ ကျွန်မရဲ့ကံကြမ္မာနဲ့ ပန်းတိုင်ကိုတော့ သူ ထိန်းချုပ်လို့မရဘူး။ လူတိုင်းရဲ့အသက်က ဘုရားသခင်ရဲ့ လက်ထဲမှာပဲ ရှိပြီး၊ ကျွန်မတို့ ကြုံတွေ့ရတဲ့ အရာအားလုံးကို ကိုယ်တော်က သင့်တော်သလို စီစဉ်ပေးထားတယ်။ တကယ်လို့ ကျွန်မသာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ကိုယ့်တာဝန်တွေကို စွန့်လွှတ်ခဲ့မယ်ဆိုရင် ဒါဟာ ဘုရားသခင်ကို သစ္စာဖောက်ရာရောက်ပြီး ကယ်တင်ခြင်းအခွင့်အရေးကို ဆုံးရှုံးသွားမှာပဲ။ ဘုရားသခင်က ကျွန်မကို အသက်ပေးပြီး ဒီလောကထဲကို ခေါ်ဆောင်လာခဲ့တာ၊ ဒါကြောင့် ကျွန်မမှာ ပြီးမြောက်အောင် လုပ်ဆောင်ရမယ့် တာဝန်တစ်ခု ရှိတယ်။ ဖန်ဆင်းရှင်နောက်ကိုလိုက်ပြီး ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းနိုင်တာဟာ ကျွန်မအသက်တာဟာ အလဟဿ ရှင်သန်ခဲ့တာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့စိတ်နှလုံးကို တက်ကြွစေခဲ့တယ်။ အနာဂတ်မှာ ဘာပဲဖြစ်လာပါစေ ဖန်ဆင်းခံတစ်ယောက်က ဖန်ဆင်းရှင်ကို ကျိုးနွံနာခံတာဟာ လုံးဝကို သဘာဝကျပြီး မှန်ကန်တဲ့အရာပဲ။ ကျွန်မ ကိုယ့်အသက်ကို ဘုရားသခင်ထံ အပ်နှံပြီး၊ ကိုယ်တတ်နိုင်တာကို လုပ်ဆောင်ဖို့၊ ကိုယ့်တာဝန်တွေကို ကောင်းကောင်းဖြည့်ဆည်းဖို့ ဆန္ဒရှိခဲ့တယ်။ နောက်ပိုင်းမှာ အသင်းတော်အသက်တာကို အမြန်ဆုံး ပြန်လည်ထူထောင်ဖို့အတွက်၊ ကျွန်မတို့ အသင်းတော်ရဲ့ သင်းထောက်တွေနဲ့ စုဝေးပွဲတစ်ခု ခေါ်ခဲ့တယ်။ ဆင်းရဲဒုက္ခကြုံရချိန်တွေမှာ ကိုယ့်တာဝန်တွေကို ဘယ်လိုဇွဲရှိရှိ ထမ်းဆောင်ရမလဲဆိုတာနဲ့၊ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ဖမ်းဆီးမှုတွေနဲ့ ရင်ဆိုင်ရချိန်မှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မတို့ မိတ်သဟာယဖွဲ့ခဲ့ကြပြီး၊ အလုပ်အမျိုးမျိုးကိုလည်း အကောင်အထည်ဖော်ခဲ့ကြတယ်။ နှစ်လကြာပြီးတဲ့နောက်မှာ၊ ညီအစ်ကိုမောင်နှမတွေရဲ့ အသင်းတော်အသက်တာက တဖြည်းဖြည်းနဲ့ ပုံမှန်ပြန်ဖြစ်လာခဲ့တယ်။
နိုဝင်ဘာလ တစ်နေ့မှာတော့ ကျွန်မတို့ ရုတ်တရက် သတင်းလက်ခံရရှိခဲ့တယ်၊ အသင်းတော်ခေါင်းဆောင် လီကျုံးနဲ့ တခြားညီအစ်ကိုမောင်နှမ ဆယ့်ငါးယောက်ကို ရဲတွေက အတင်းအကျပ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ပေါ့။ ကျွန်မရဲ့ နှလုံးသားက နောက်တစ်ခါ တင်းကျပ်လာပြန်တယ်၊ ပြီးတော့ စီစီပီဆိုတဲ့ ဒီနတ်ဆိုးကို ပိုပြီးတောင် မုန်းတီးမိတယ်။ နောက်တစ်နေ့မနက်မှာ ကျွန်မတို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို လုံခြုံတဲ့နေရာကို ရွှေ့ပြောင်းရေးကိစ္စကို အရေးတကြီး ဆွေးနွေးခဲ့ကြတယ်။ နေရာအသစ်ကို ကျွန်မတစ်ယောက်ပဲ သိတာကြောင့်၊ စာအုပ်တွေကို နေရာအသစ်ဆီကို ကျွန်မကပဲ သယ်ယူပို့ဆောင်ပေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ဒီခရီးလမ်းမှာ ယာဉ်တွေ၊ ကင်မရာတွေ နေရာတိုင်းမှာ အမြဲရှိနေတာ၊ ရှောင်လွှဲလို့မရဘူး။ ရွှေ့ပြောင်းနေတုန်းမှာသာ ငါ အဖမ်းခံလိုက်ရရင် ဒါက ငြင်းမရတဲ့ သက်သေဖြစ်သွားပြီး၊ သေချာပေါက် ပြစ်ဒဏ်ချခံရမှာပဲ။ တကယ်လို့ ငါ ညှဉ်းပန်းနှိပ်စက်ခံရပြီး သေသွားရင်ရော ဘယ်လိုလုပ်မလဲ။ ဒါက အရမ်းအန္တရာယ်များတယ်၊ တခြားတစ်ယောက်ယောက် သွားတာကောင်းမယ်”လို့ပေါ့။ ဒါပေမဲ့ ဒါကို အကြံပြုချက်ခါနီးမှာပဲ၊ ကျွန်မစကားတွေကို မျိုသိပ်လိုက်တယ်။ ဒီလို အရေးကြီးတဲ့အချိန်မှာ ကျွန်မဟာ ကိုယ့်ရဲ့တစ်ကိုယ်ရေလုံခြုံရေးကိုပဲ စဉ်းစားနေတုန်းပဲ။ ဘယ်လိုနည်းနဲ့ ဘာသစ္စာစောင့်သိမှုကို ကျွန်မ ပြခဲ့လို့လဲ။ ကျွန်မဟာ သေခြင်းကို အရမ်းကြောက်လွန်းတာပဲ။ ကျွန်မအသက်က ကျွန်မလက်ထဲမှာ မဟုတ်ဘဲ ဘုရားသခင်ရဲ့ လက်ထဲမှာပဲ ရှိတယ်။ ဘုရားသခင်အပေါ် ကျွန်မသစ္စာစောင့်သိရမယ်။ ဒါကိုတွေးမိတော့ ကျွန်မ ဘုရားသခင်ဆီကို ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီးဟာ အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းပါတယ်။ သမီး တာဝန်ကို နောက်တစ်ခါ တွန်းပယ်ဖို့ ကြိုးစားမိပြန်ပြီ။ အခု သမီးရဲ့အသက်ကို ကိုယ်တော့်ထံ အပ်နှံဖို့ ဆန္ဒရှိပါတယ်။ ဒီအရေးကြီးတဲ့အချိန်မှာ သမီးရဲ့တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းပြီး စာအုပ်တွေကို လုံလုံခြုံခြုံ ရွှေ့ပြောင်းနိုင်ဖို့ ကိုယ်တော် လမ်းပြတော်မူပါ” လို့ပေါ့။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ပြန်သတိရလိုက်တယ်။ “သင်၏ တာဝန်နှင့် တာဝန်ဝတ္တရားများနှင့် ပတ်သက်လာသည့်အခါတွင်လည်ကောင်း၊ ပို၍ ကျယ်ပြန့်သော အမြင်ဖြင့်ဆိုရလျှင် ဘုရားသခင်က သင့်အား ပေးအပ်သော တာဝန်ပေးစေခိုင်းချက်၊ ဘုရားသခင်က သင့်အား ခွဲဝေပေးသော အရေးကြီးသည့် အလုပ်အချို့တို့နှင့် ပတ်သက်လာသည့်အခါတွင်လည်ကောင်း သင်သည် အစဉ်သဖြင့် အဖိုးအခကို ပေးဆပ်သင့်သည်ဟူ၍ ဖြစ်သည်။ ယင်းမှာ မည်မျှပင် ခက်ခဲစေကာမူ သင်သည် အလွန်တရာ ကြိုးပမ်းအားထုတ်ရန် လိုအပ်သည်ဖြစ်စေ၊ ညှဉ်းပန်းနှိပ်စက်ခြင်း သင့်အပေါ် ကျရောက်သည်ဖြစ်စေ၊ သင်၏အသက်ကိုပင် အန္တရာယ်ဖြစ်စေသည်ဖြစ်စေ သင်သည် အဖိုးအခကို မငြိုငြင်ဘဲ သင်၏ သစ္စာစောင့်သိခြင်းကို ပူဇော်ဆက်ကပ်လျက် အသေခံသည်အထိ ကျိုးနွံနာခံရန် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ လူတို့သည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားတွေ ပေးခဲ့တယ်။ အဲဒီနေ့မှာ ကျွန်မဆီ ရောက်လာတဲ့ တာဝန်မှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက် ရှိနေပြီး၊ ကျွန်မ အဖမ်းခံရမလား မခံရဘူးလားဆိုတာကလည်း ဘုရားသခင်ရဲ့ သတ်မှတ်ပြဋ္ဌာန်းချက်ပဲ။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို ရွှေ့ပြောင်းဖို့ ကျွန်မက အသင့်တော်ဆုံးဖြစ်နေတဲ့အတွက်၊ ကျွန်မခြွင်းချက်မရှိ ကျိုးနွံနာခံသင့်တယ်။ နောက်ပိုင်းမှာ လူတိုင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ စာအုပ်တွေကို လုံခြုံတဲ့နေရာဆီကို ကျွန်မ အောင်အောင်မြင်မြင် ပို့ဆောင်နိုင်ခဲ့တယ်။
ဒီအတွေ့အကြုံကနေတစ်ဆင့် ကျွန်မ ထိုးထွင်းသိမြင်မှုတချို့ ရရှိခဲ့တယ်။ ကျွန်မ အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခုမှာ ရောက်နေတဲ့အခါ၊ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ယုံကြည်ခြင်းနဲ့ သတ္တိကို ပံ့ပိုးပေးခဲ့ပြီး ကိုယ့်တာဝန်တွေမှာ သည်းခံကြိုးပမ်းခွင့်ပေးခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ကျွန်မ ဘယ်လောက်ကြောက်တတ်တယ်၊ ကိုယ့်အသက်ကို ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာကို ကျွန်မ တွေ့မြင်ခဲ့ရတယ်။ တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ်ကျိုးရှာတဲ့ ကျွန်မရဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားကို နားလည်မှုတချို့ ရခဲ့ပြီး၊ သေခြင်းတရားကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်လာလို့၊ ကြောက်တာလျော့လာခဲ့တယ်။ ဘုရားသခင်နောက်ကိုလိုက်ပြီး အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကို လိုက်စားဖို့ ကျွန်မရဲ့ယုံကြည်ခြင်းက ပိုပြီး ခိုင်မာလာခဲ့တယ်။ ဒီလိုထိုးထွင်းသိမြင်မှုတွေဟာ သက်သောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ကျွန်မရရှိနိုင်မှာ မဟုတ်တဲ့အရာတွေပါပဲ။