နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်
အသက်၏ လမ်းခရီးသည် မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခုမဟုတ်။ လူတိုင်း အလွယ်တကူ ရယူနိုင်သော အရာလည်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အသက်သည် ဘုရားသခင်ထံမှသာ လာနိုင်သည့်အတွက်ကြောင့် ဖြစ်၏။ ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တိုင်သည်သာ အသက်၏ အနှစ်သာရကို ပိုင်ဆိုင်၏။ ဘုရားသခင် ကိုယ်တိုင်မရှိဘဲ အသက်၏ လမ်းခရီးမရှိပါ။ ထို့ကြောင့် ဘုရားသခင်သာလျှင် အသက်၏ အရင်းအမြစ်ဖြစ်၍ ထာဝရစီးဆင်းနေသော အသက်စမ်းရေ ဖြစ်၏။ ကမ္ဘာမြေကြီးကို သူဖန်ဆင်းချိန်မှစ၍ ဘုရားသခင်သည် အသက်၏ တက်ကြွမှုနှင့်ပတ်သက်သည့် အမှုများစွာကို ဆောင်ရွက်ခဲ့၏။ လူသားအတွက် အသက်ယူဆောင်လာသည့် အမှုများစွာကို ဆောင်ရွက်ခဲ့၏။ ထို့အပြင် လူသားက အသက်ရရှိစေရန် ကြီးမားသော အဖိုးအခလည်း ပေးခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ကိုယ်တိုင်သည် ထာဝရအသက်ဖြစ်၍ ဘုရားသခင် ကိုယ်တိုင်သည် လူသားကို ရှင်ပြန်ထမြောက်စေသည့် လမ်းခရီးလည်း ဖြစ်သောကြောင့် ဖြစ်၏။ ဘုရားသခင်သည် လူသား၏နှလုံးသားမှ မည်သည့်အခါမျှ ကင်းမဲ့ခြင်းမရှိဘဲ လူသားအကြားတွင် အစဉ်နေထိုင်၏။ သူသည် လူသားအသက်ရှင်မှု၏ တွန်းအား၊ လူသားဖြစ်တည်နေမှု၏ အခြေခံနှင့် လူသား မွေးဖွားပြီးနောက် တည်ရှိနေရေးအတွက် ကြွယ်ဝသောသိုက် ဖြစ်၏။ သူသည် လူသားကို ပြန်လည်မွေးဖွားစေ၍ လူသားကို ၎င်း၏ အခန်းကဏ္ဍတိုင်းတွင် ဇွဲလုံ့လဖြင့် အသက်ရှင်နိုင်စေ၏။ သူ့တန်ခိုး၏ ကျေးဇူးကြောင့်နှင့် သူ၏ငြိမ်းသတ်၍မရသော အသက်အင်အားကြောင့် လူသားသည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် နေထိုင်ခဲ့ကာ ထိုသို့ နေထိုင်စဉ် ကာလတစ်လျှောက် ဘုရားသခင်၏ အသက်တန်ခိုးသည် လူသားတည်ရှိရေးအတွက် အဓိကပံ့ပိုးမှုဖြစ်၍ လူသားတည်ရှိရေးအတွက် မည်သည့် သာမန် လူသားကမျှ ပေးဆပ်ခဲ့ဖူးခြင်းမရှိသော အဖိုးအခကို ဘုရားသခင်က ပေးဆပ်ခဲ့၏။ ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ ၎င်းအပြင် မည်သည့် တန်ခိုးထက်မဆို သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏။ သူ၏တန်ခိုးသည် ထူးကဲ၍ ဖန်ဆင်းထားသည့် မည်သည့် သတ္တဝါ သို့မဟုတ် မည်သည့် ရန်သူအင်အားကမျှ သူ၏အသက်အင်အားကို အလွယ်တကူ လွှမ်းမိုးနိုင်ခြင်း မရှိပါ။ အချိန် သို့မဟုတ် နေရာနှင့် သက်ဆိုင်ခြင်းမရှိဘဲ ဘုရားသခင်၏ အသက်အင်အားသည် တည်ရှိ၍ ၎င်း၏ တောက်ပသောရောင်ခြည်ကို ထွန်းလင်း၏။ ဘုရားသခင်၏ အသက်သည် ကောင်းကင်နှင့် မြေကြီး ကသောင်းကနင်း ဖြစ်နေချိန်များတစ်လျှောက် အစဉ်မပြောင်းလဲဘဲ တည်ရှိ၏။ အရာခပ်သိမ်း မတည်သော်လည်း ဘုရားသခင်၏ အသက်သည် ဆက်လက်တည်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် အရာခပ်သိမ်း တည်ရှိနေရေး၏ အရင်းအမြစ်ဖြစ်၍ ၎င်းတို့ တည်ရှိနေရေး၏ ရေသောက်မြစ် ဖြစ်သောကြောင့် ဖြစ်၏။ လူသား၏ အသက်သည် ဘုရားသခင်ထံမှ အစပြု၏။ ဘုရားသခင်ကြောင့် ကောင်းကင်တည်ရှိ၍ ကမ္ဘာမြေကြီး တည်ရှိနေခြင်းသည် ဘုရားသခင်၏ အသက်တန်ခိုးကြောင့် ဖြစ်၏။ အသက်၏ တက်ကြွမှုရှိသော မည်သည့်အရာမျှ ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ကျော်လွန်နိုင်ခြင်း မရှိပါ။ ထို့အပြင် ကြံ့ခိုင်သော မည်သည့်အရာမျှ ဘုရားသခင်၏ သြဇာအာဏာ ပိုင်နက်မှ ခွဲထွက်သွားနိုင်ခြင်း မရှိပါ။ ဤနည်းဖြင့် မည်သူပင်ဖြစ်စေ လူတိုင်း ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နာခံရမည်။ လူတိုင်း ဘုရားသခင်၏ ပညတ်တော်အရ အသက်ရှင် နေထိုင်ရမည်ဖြစ်၍ မည်သူမျှ သူ၏ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်ခြင်း မရှိပါ။
ယခု သင်သည် အသက်ကိုရလိုသည့် ဆန္ဒရှိချင် ရှိလိမ့်မည်။ သို့မဟုတ် သင်သည် သမ္မာတရားကို ရလိုသည့် ဆန္ဒရှိချင် ရှိလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သင့်တွင် ဘုရားသခင်ကို ရှာတွေ့လိုသည့် ဆန္ဒရှိသည်။ သင် အားထားနိုင်၍ သင့်ကို ထာဝရအသက် ပေးနိုင်သော ဘုရားသခင်ကို ရှာတွေ့လို့သည့်ဆန္ဒ ရှိသည်။ သင်သည် ထာဝရအသက်ကို ရလိုလျှင် ထာဝရအသက်၏ အရင်းအမြစ်ကို ပထမဦးစွာ နားလည်ရမည်ဖြစ်၍ ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်ကို ပထမဦးစွာ သိရမည်ဖြစ်သည်။ ဘုရားသခင်သာလျှင် မပြောင်းလဲနိုင်သော အသက်ဖြစ်ကြောင်းနှင့် ဘုရားသခင်သာလျှင် အသက်၏ လမ်းခရီးကို ပိုင်ဆိုင်ကြောင်း ငါပြောခဲ့ပြီးဖြစ်သည်။ သူ၏အသက်သည် ပြောင်းလဲနိုင်ခြင်း မရှိသဖြင့် ထာဝရဖြစ်၏။ ဘုရားသခင်သာလျှင် အသက်၏ လမ်းခရီး ဖြစ်သောကြောင့် ဘုရားသခင် ကိုယ်တိုင်သည် ထာဝရအသက်၏ လမ်းခရီးဖြစ်၏။ ထို့ကြောင့် ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်နှင့် ဤထာဝရအသက်၏ လမ်းခရီးရရှိပုံကို သင်ပထမဦးစွာ နားလည်ရမည် ဖြစ်သည်။ ယခု ဤကိစ္စနှစ်ရပ်အား သီးခြားစီ ဆွေးနွေးကြပါစို့။
ထာဝရအသက်လမ်းခရီးကို သင်အမှန်တကယ် ရရှိလိုကာ ပြင်းပြစွာရှာဖွေပါက ဤမေးခွန်းကို အရင်ဖြေဆိုပါ။ ယနေ့ ဘုရားသခင် မည်သည့်နေရာတွင် ရှိသနည်း။ ဘုရားသခင် ကောင်းကင်တွင် နေသည်ဟု သင်ဖြေကောင်းဖြေလိမ့်မည်။ ဟုတ်ပေသည်၊ သူသည် သင့်အိမ်တွင် နေလိမ့်မည်မဟုတ်။ ဟုတ်ပါသလား။ ဘုရားသခင်သည် အရာခပ်သိမ်းအကြားတွင် နေသည်မှာ ထင်ရှား၏ဟု သင်ဆိုကောင်း ဆိုလိမ့်မည်။ သို့မဟုတ် ဘုရားသခင်သည် လူတိုင်း၏ နှလုံးသားတွင်နေ၏။ သို့မဟုတ် ဘုရားသခင်သည် ဝိညာဉ်လောကတွင် ရှိသည်ဟု သင်ဆိုကောင်းဆိုလိမ့်မည်။ ဤသည်တို့ကို ငါမငြင်းဆိုပါ။ သို့သော် ဤကိစ္စကို ငါရှင်းပြရမည်။ ဘုရားသခင်သည် လူသား၏ နှလုံးသားထဲတွင် နေသည်ဟုဆိုခြင်းမှာ လုံးဝ မှန်ကန်သည် မဟုတ်ပါ။ သို့သော် လုံးဝ မှားသည်လည်း မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို ယုံကြည်သူတို့ အကြားတွင် ယုံကြည်မှု စစ်မှန်သူများနှင့် ယုံကြည်မှု မှားယွင်းသောသူများ ရှိ၏။ ဘုရားသခင် သဘောကျသူများနှင့် သဘောမကျသူများ ရှိ၏။ သူ့ကို စိတ်ကျေနပ်စေသူများနှင့် သူစက်ဆုပ်ရွံရှာသူများ ရှိကာ သူ၏စုံလင်စေခြင်း ခံရသူများနှင့် သူ၏ဖယ်ရှားခြင်း ခံရသူများရှိ၏။ ထို့ကြောင့် ဘုရားသခင်သည် လူအနည်းငယ်၏ နှလုံးသားတွင်သာ နေသည်ဟု ငါဆို၍ ထိုသူတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သူများ၊ ဘုရားသခင်က သဘောကျသူများ၊ သူ့ကို စိတ်ကျေနပ်စေသူများနှင့် သူ၏စုံလင်စေခြင်းခံရသူများ ဖြစ်သည်ကို သံသယမရှိကြောင်း ငါဆို၏။ ထိုသူတို့သည် ဘုရားသခင်၏ လမ်းပြခြင်းခံရသူများ ဖြစ်ကြ၏။ ၎င်းတို့ကို ဘုရားသခင်က လမ်းပြသည်ဖြစ်၍ ဘုရားသခင်၏ ထာဝရအသက် လမ်းခရီးအကြောင်းကို ကြား၍မြင်ပြီးသူများ ဖြစ်ကြ၏။ ဘုရားသခင်ကို မှားယွင်းစွာ ယုံကြည်သူများ၊ ဘုရားသခင်က သဘောမကျသူများ၊ ဘုရားသခင်က လွန်စွာမုန်းတီးသူများ၊ ဘုရားသခင်က ဖယ်ရှားသူများ၊ ထိုသူတို့သည် ဘုရားသခင်၏ ငြင်းပယ်ခြင်းကို ခံရမည်မှာ သေချာပြီး အသက်၏ လမ်းခရီးမရှိဘဲ နေရမည်မှာ သေချာ၍ ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်ကို မသိဘဲနေရမည်မှာ သေချာ၏။ ၎င်းတို့၏ နှလုံးသားတွင် ဘုရားသခင် နေထိုင်သူများမှာမူ ထိုသို့မဟုတ်ဘဲ သူမည်သည့်နေရာတွင် ရှိကြောင်းကို သိ၏။ ထိုသူတို့သည် ဘုရားသခင်၏ ထာဝရအသက် လမ်းခရီးကို အပ်နှင်းခြင်း ခံရသူများဖြစ်၍ ထိုသူတို့သည် ဘုရားသခင်၏နောက်သို့ လိုက်သူများ ဖြစ်ကြ၏။ ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်ကို သင် ယခုသိပြီလား။ ဘုရားသခင်သည် လူသား၏ နှလုံးသားတွင် ရှိသကဲ့သို့ လူသား၏ ဘေးတွင်လည်း ရှိ၏။ သူသည် ဝိညာဉ်လောကတွင် ရှိသည်သာမက ခပ်သိမ်းသော အမှုအရာအထက် လူသားတည်ရှိသော ကမ္ဘာမြေကြီးပေါ်တွင်သာ၍ရှိသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ရောက်ရှိခြင်းသည် ဘုရားသခင်၏ အမှုအဆင့်များကို အသစ်သော နယ်မြေပိုင်နက် အတွင်းသို့ ယူဆောင်သွားခဲ့ခြင်း ဖြစ်၏။ ဘုရားသခင်သည် စကြဝဠာရှိ အရာခပ်သိမ်းအပေါ် အချုပ်အခြာ အာဏာ ရရှိထား၍ သူသည် လူသား၏ နှလုံးသားတွင် အဓိကဖြစ်သည့်အပြင် လူသားတို့ အကြားတွင် ရှိနေ၏။ ဤနည်းဖြင့်သာ သူသည် လူသားမျိုးနွယ်အတွက် အသက်၏ လမ်းခရီးကို ယူဆောင်လာနိုင်၍ အသက်၏ လမ်းခရီးအတွင်း လူသားကို ခေါ်ဆောင်လာနိုင်၏။ လူသားသည် အသက်၏ လမ်းခရီးကို ရရှိရန်နှင့် လူသားဖြစ်တည်နေရန် ဘုရားသခင်သည် မြေကြီးပေါ် ကြွလာခဲ့ပြီးဖြစ်၍ လူသားတို့အကြား နေထိုင်၏။ တစ်ချိန်တည်းတွင် လူသားတို့အကြား သူ၏ စီမံခန့်ခွဲမှုတွင် ထိုသူတို့ ပူးပေါင်း ဆောင်ရွက်စေရန် ဘုရားသခင်သည် စကြဝဠာရှိ အရာခပ်သိမ်းကိုလည်း ပညတ်လေ၏။ ထို့ကြောင့် ဘုရားသခင်သည် ကောင်းကင်နှင့် လူသား၏ နှလုံးသားထဲတွင်ရှိသည်ဟူသော အယူဝါဒကိုသာ သင်အသိအမှတ်ပြု၍ လူသားတို့အကြားတွင် ဘုရားသခင် တည်ရှိခြင်း၏ သမ္မာတရားကို အသိအမှတ်မပြုပါက သင်သည် မည်သည့်အခါမျှ အသက်ကိုရရှိလိမ့်မည် မဟုတ်ဘဲ သမ္မာတရား၏ လမ်းခရီးကိုလည်း မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ပေ။
ဘုရားသခင် ကိုယ်တိုင်သည် အသက်ဖြစ်၏။ သမ္မာတရားလည်းဖြစ်၍ သူ၏အသက်နှင့် သမ္မာတရားတို့ အတူယှဉ်လျှက် တည်ရှိကြ၏။ သမ္မာတရားကို ရရှိနိုင်စွမ်း မရှိသူများသည် မည်သည့်အခါမျှ အသက်ကို ရရှိလိမ့်မည် မဟုတ်။ သမ္မာတရား၏ လမ်းပြမှု၊ ပံ့ပိုးမှုနှင့် ထောက်ပံ့မှုမရှိလျှင် သင်သည် စာများ၊ အယူဝါဒများအပြင် သေခြင်းကိုသာ ရရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အသက်သည် အစဉ်ရှိနေ၍ သူ၏သမ္မာတရားနှင့် အသက်တို့သည် အတူယှဉ်လျက်တည်ရှိ၏။ သင်သည် သမ္မာတရား၏ အရင်းအမြစ်ကို ရှာမတွေ့နိုင်ပါက သင်သည် အသက်၏အာဟာရကို ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်၏ ထောက်ပံ့မှုကို မရရှိနိုင်ပါက သင့်တွင် သမ္မာတရားရှိမည် မဟုတ်သည်မှာ သေချာသဖြင့် စိတ်ကူးယဉ်မှုများ နှင့် အတွေးအခေါ်များမှလွဲ၍ သင်၏ခန္ဓာကိုယ် တစ်ခုလုံးသည် သင်၏နံစော်သော အသွေးအသားမှအပ မည်သည့်အရာမျှ ဖြစ်လိမ့်မည် မဟုတ်။ စာအုပ်တို့၏ စကားလုံးများသည် အသက်မဟုတ်ကြောင်းကို သိထားပါ။ သမိုင်းမှတ်တမ်းများကို သမ္မာတရားအဖြစ် တခမ်းတနား ဂုဏ်မပြုနိုင်ပါ။ ထို့အပြင် အတိတ်မှ အယူဝါဒများသည် ဘုရားသခင်က ပစ္စုပ္ပန်တွင်ပြောသော နှုတ်ကပတ်တော်များအဖြစ် ဆောင်ရွက်နိုင်ခြင်း မရှိပါ။ ဘုရားသခင် ကမ္ဘာမြေကြီးသို့ လာ၍ လူသားအကြား နေထိုင်သည့်အခါတွင် ဖော်ထုတ်သော အရာသည်သာ သမ္မာတရား၊ အသက်၊ ဘုရားသခင်၏ အလိုနှင့် သူ၏လက်ရှိ အမှုဆောင်နည်း ဖြစ်၏။ အတိတ်ကာလများမှ ယနေ့တိုင် ဘုရားသခင် ပြောဆိုခဲ့သော နှုတ်ကပတ်တော်များကို သင်လက်တွေ့ အသုံးချပါက သင်သည် ရှေးဟောင်းသုတေသီတစ်ဦးဖြစ်၍ သင့်ကို သမိုင်းဆိုင်ရာ အမွေအနှစ် ပညာရှင်တစ်ဦးဟု အကောင်းဆုံး ဖော်ပြနိုင်ပါသည်။ ဤသည်မှာ သင်သည် အတိတ်ကာလများတွင် ဘုရားသခင် ဆောင်ရွက်ခဲ့သည့်အမှု၏ တစ်စွန်းတစ်စ ကျန်ရှိသော လက္ခဏာများကို အစဉ်ယုံကြည်သောကြောင့်၊ ဘုရားသခင် ယခင်က လူသားတို့အကြား အမှုဆောင်ရွက်ခဲ့စဉ် သူချန်ရစ်ခဲ့သည့် အရိပ်ကိုသာ ယုံကြည်သောကြောင့်နှင့် ယခင်ကာလများတွင် ဘုရားသခင်က သူ၏ နောက်လိုက်များကို ပေးခဲ့သည့် လမ်းခရီးကိုသာ ယုံကြည်သောကြောင့် ဖြစ်သည်။ သင်သည် ယနေ့ ဘုရားသခင် အမှု၏ လမ်းပြမှုကို မယုံကြည်၊ ယနေ့ ဘုရားသခင်၏ ဘုန်းထင်ရှားသော မျက်နှာကို မယုံကြည်၊ ထို့အပြင် ယခု ဘုရားသခင် ဖော်ပြသည့် သမ္မာတရား၏ လမ်းခရီးကိုလည်း မယုံကြည်ပေ။ ထို့ကြောင့် သင်သည် အမှန်တရားနှင့် လုံးဝ ကင်းကွာနေသော စိတ်ကူးယဉ်သမား တစ်ဦးသာဖြစ်သည်ကို မငြင်းနိုင်ပါ။ ယခု သင်သည် လူသားကို အသက်ယူလာပေးရန် မစွမ်းသည့် စကားလုံးများကို စွဲကိုင်နေဆဲဖြစ်ပါက သင်သည် မျှော်လင့်ချက်မရှိသော သစ်တုံးခြောက်တစ်ခုသာက ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်သည် ရှေးရိုးစွဲဆန်လွန်း၏၊ ပေကပ်ကပ် နိုင်လွန်း၏၊ ကျိုးကြောင်း ဆင်ခြင် ပြ၍မရ ဖြစ်နေ၏။
ဘုရားသခင် လူ့ဇာတိခံယူခြင်းကို ခရစ်တော်ဟုခေါ်၏။ ထို့ကြောင့် လူသားတို့အား သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ ဤသည်တွင် အလွန်အကျူးဖြစ်ခြင်း တစ်စုံတစ်ရာမျှ မရှိပါ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် ဘုရားသခင်၏ အနှစ်သာရရှိ၍ လူသားမှ ရနိုင်စွမ်းမရှိသော ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ၏အမှုအပေါ် ဉာဏ်ပညာ အမြော်အမြင်တို့ ရှိသောကြောင့် ဖြစ်၏။ မိမိကိုယ်ကို ခရစ်တော်ဟု ခေါ်သော်လည်း ဘုရားသခင်၏အမှုကို ဆောင်ရွက်နိုင်ခြင်း မရှိသူတို့သည် လိမ်ညာသူများ ဖြစ်ကြ၏။ ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ ကိုယ်ထင်ပြခြင်း ဖြစ်ရုံသာမက ဘုရားသခင်က လူသားတို့အကြား ၎င်း၏အမှုကို အကောင်အထည်ဖော်၍ ပြီးဆုံးအောင် ပြုလုပ်စဉ် ခံယူသော အထူးဇာတိခန္ဓာ ဖြစ်၏။ ဤဇာတိခန္ဓာသည် မည်သည့်လူသားမဆို အစားထိုးနိုင်သည့်အရာ မဟုတ်ဘဲ ကမ္ဘာမြေကြီးရှိ ဘုရားသခင်၏အမှုကို လုံလောက်စွာ ထမ်းဆောင်နိုင်သည့် ဇာတိပကတိဖြစ်၍ ဘုရားသခင်၏ စိတ်နေသဘောထားကို ဖော်ထုတ်ကာ ဘုရားသခင်ကို ကောင်းစွာ ကိုယ်စားပြုလျက် လူသားကို အသက်ပေးသော အရာဖြစ်၏။ မကြာမီ ထိုခရစ်တော် အတုအယောင် အားလုံးသည် ကျရှုံးကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ခရစ်တော်ဟု ဆိုကြသော်လည်း ၎င်းတို့တွင် ခရစ်တော်၏ အနှစ်သာရ လုံးဝမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်၏ စစ်မှန်မှုကို လူသားက သတ်မှတ်၍ မရသော်လည်း ဘုရားသခင် ကိုယ်တိုင်ဖြေဆို၍ ဆုံးဖြတ်သည်ဟု ငါပြော၏။ ဤနည်းဖြင့် သင်သည် အသက်၏ လမ်းခရီးကို အမှန်တကယ် ရှာဖွေလိုပါက သူသည် ကမ္ဘာမြေကြီးပေါ်သို့ လာခြင်းဖြင့် လူသားတို့ကို အသက်၏ လမ်းခရီးပေးကြောင်းကို သင်က ပထမဦးစွာ အသိအမှတ် ပြုရမည်ဖြစ်၍ နောက်ဆုံးသော ကာလတွင် သူသည် လူသားကို အသက်၏ လမ်းခရီးပေးရန် လာရောက်ကြောင်းကို သင်က အသိအမှတ် ပြုရမည်ဖြစ်သည်။ ဤသည်မှာ အတိတ်ကာလက မဟုတ်။ ယနေ့ ဖြစ်ပျက်နေခြင်း ဖြစ်၏။
နောက်ဆုံးသော ကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာ၍ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရ တည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသား အသက်ရရှိမည့် လမ်းကြောင်းဖြစ်၍ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်က ခွင့်ပြုမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလတွင် ခရစ်တော်က ပေးသည့် အသက်၏ လမ်းခရီးကို သင်မရှာပါက သင်သည် ယေရှု၏ အတည်ပြုမှု မည်သည့်အခါမျှ ရမည်မဟုတ်ဘဲ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင်သည် သမိုင်း၏ ရုပ်သေး အကျဉ်းသားပါ ဖြစ်သောကြောင့် ဖြစ်၏။ စည်းမျဉ်းစည်းကမ်းများ၊ စာများဖြင့် ထိန်းချုပ်ခံနေရသူများနှင့် သမိုင်း၏ ထိတ်တုံးခတ်ခံနေရ သူများသည် မည်သည့်အခါမျှ အသက်ကို ရရှိနိုင်စွမ်းမည် မဟုတ်ဘဲ မည်သည့်အခါမျှ ထာဝရအသက်၏ လမ်းခရီးကို ရနိုင်မည် မဟုတ်ပါ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၌ရှိသမျှမှာ ပလ္လင်တော်မှစီးဆင်းလာသည့် အသက်ရေအစား နှစ်ထောင်ပေါင်းများစွာ စွဲကပ်နေသည့် နောက်ကျိသောရေများ ဖြစ်ကြသောကြောင့်ဖြစ်၏။ အသက်ရေကို မရရှိသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ ထိုသို့ဖြစ်ပါက ထိုသူတို့သည် ဘုရားသခင်ကို မည်သို့ မြင်နိုင်မည်နည်း။ သင်သည်အတိတ်ကို စွဲကိုင်ထားရန်သာ ကြိုးစားပါက၊ တည်ငြိမ်စွာ ရပ်နေခြင်းဖြင့် အရာများကို ၎င်းတို့ရှိနေသည့်အတိုင်း ထားရန်သာ ကြိုးစား၍ ရှိနေသည့် အနေအထားကို ပြောင်းလဲရန်နှင့် သမိုင်းကိုစွန့်ပစ်ရန် မကြိုးစားပါက သင်သည် ဘုရားသခင်ကို အမြဲဆန့်ကျင်နေမည် မဟုတ်လော။ ဘုရားသခင်အမှု၏ အဆင့်များသည် တက်နေသော လှိုင်းတံပိုးများနှင့် လိမ့်၍နေသော မိုးချုန်းသံကဲ့သို့ ကျယ်ပြန့်၍ တန်ခိုးကြီးမား၏၊ သို့ရာတွင် သင်သည် ထိုင်နေလျက် တုံဏှိဘာဝေသာ ရှိနေကာ ပျက်စီးခြင်းကို စောင့်၏။ သင်၏ မိုက်မဲမှုကို စွဲကိုင်လျက် ဘာမျှ မလုပ်ဘဲနေ၏။ ဤနည်းအားဖြင့် သိုးသငယ်၏ ခြေရာနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့စဉ်းစားနိုင်မည်နည်း။ သင်စွဲကိုင်ထားသော ဘုရားသခင်သည် အစဉ် အသစ်ဖြစ်လျက် မည်သည့်အခါမျှ အိုမင်းခြင်းမရှိသူ ဘုရားသခင်အဖြစ် သင်မည်သို့ အကြောင်းပြနိုင်မည်နည်း။ သင်တို့၏ အိုဟောင်း၍ အဝါရောင်သန်းနေသော စာအုပ်များရှိ စကားလုံးများသည် ခေတ်သစ်အတွင်း သင့်ကို မည်သို့ ချီဆောင်သွားနိုင်မည်နည်း။ ဘုရားသခင်အမှု၏ အဆင့်များကို ရှာဖွေရန် ၎င်းတို့သည် သင့်ကိုမည်သို့ လမ်းပြနိုင်မည်နည်း။ ထို့အပြင် ၎င်းတို့သည် သင့်ကိုကောင်းကင်သို့ မည်သို့ ခေါ်သွားနိုင်မည်နည်း။ သင်၏ လက်များထဲတွင် ကိုင်ထားသည့် အရာမှာ သင့်ကို ယာယီဖြေသိမ့်မှုသာ ပေးနိုင်သည့် စာများသာဖြစ်၍ အသက်ပေးနိုင်သည့် သမ္မာတရားများ မဟုတ်ပေ။ သင်ဖတ်သည့် သမ္မာကျမ်းချက်များမှာ သင်၏လျှာကိုသာ ကြွယ်ဝစေနိုင်သော အရာများသာဖြစ်၍ သင့်ကိုစုံလင်စေရန် လမ်းပြပေးနိုင်သော လမ်းခရီးများမဆိုနှင့် လူ့အသက်တာကို သင်သိရန် ကူညီနိုင်သည့် အသိဉာဏ် အမြော်အမြင်ရှိသော စကားလုံးများပင် မဟုတ်ပါ။ ဤကွာခြားချက်သည် သင့်ကိုပြန်လည် စဉ်းစားရန် အကြောင်းရင်းတစ်ရပ် မပေးပေဘူးလား။ အတွင်းတွင် ရှိသည့် နက်နဲသောအရာများကို သင့်ကို နားလည်ခွင့် မပေးပေဘူးလား။ ဘုရားသခင်ကိုတွေ့ရန် သင်ကိုယ်တိုင် ကောင်းကင်ဘုံသို့ သင့်ကိုယ်သင် လွတ်မြောက်စေနိုင်ပါသလား။ ဘုရားသခင် ကြွလာခြင်းမရှိဘဲ သင်သည် ဘုရားသခင်နှင့် မိသားစုအဖြစ် ပျော်ပါးရန် သင့်ကိုယ်သင် ကောင်းကင်ဘုံအတွင်း ခေါ်ဆောင်သွားနိုင်ပါသလား။ သင်စိတ်ကူး ယဉ်နေတုန်းပဲလား။ ဤသို့ဆိုပါက သင်၏ စိတ်ကူးယဉ်ခြင်းကို ရပ်စဲ၍ ယခုမည်သူ အမှုထမ်းနေသည်ကို ကြည့်ရန်၊ နောက်ဆုံးသော ကာလတွင် လူသားကို ကယ်တင်သည့်အမှု ထမ်းဆောင်နေသူကို ကြည့်ရန် ငါအကြံပြု၏။ ဤသို့မပြုပါက သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ဘဲ အသက်ကိုလည်း မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ပါ။
ခရစ်တော် ပြောဆိုခဲ့သည့် သမ္မာတရားကို အားကိုးခြင်းမရှိဘဲ အသက်ရရှိလိုသူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ရယ်စရာအကောင်းဆုံး သူများဖြစ်၍ ခရစ်တော် ယူဆောင်လာသည့် အသက်၏ လမ်းခရီးကို လက်မခံ သူတို့သည် စိတ်ကူးယဉ်၌ ပျောက်ဆုံးနေသူများ ဖြစ်ကြ၏။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်ကို လက်မခံသူများသည် ဘုရားသခင်၏ လွန်စွာမုန်းတီးမှုကို ထာဝရခံရမည်ဖြစ်သည်ဟု ငါဆို၏။ ခရစ်တော်သည် နောက်ဆုံးသော ကာလတွင် နိုင်ငံတော်သို့ လူသား ဝင်ရောက်ရန် တံခါးပေါက်ဖြစ်၍ မည်သူမျှ ကျော်လွှား၍ မရနိုင်ပါ။ ခရစ်တော်ကို အမှီမပြုလျှင် မည်သူမျှ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရနိုင်ပါ။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် သူ၏ နှုတ်ကပတ်တော်များကို လက်ခံရမည်ဖြစ်ပြီး သူ၏လမ်းခရီးကို နာခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်ခံခြင်းမရှိဘဲ သို့မဟုတ် အသက်၏ထောက်ပံ့မှုကို လက်မခံဘဲ သင်သည် ကောင်းကြီးမင်္ဂလာ ရရှိရေးကိုသာ မစဉ်းစားရပါ။ သူ့ကို စစ်မှန်စွာ ယုံကြည်သူအားလုံး အသက် ရရှိစေရန် ခရစ်တော်သည် နောက်ဆုံးသော ကာလတွင် လာခြင်းဖြစ်သည်။ သူ၏အမှုသည် ခေတ်အဟောင်းကို အဆုံးသတ်၍ ခေတ်အသစ်ထဲသို့ ဝင်ရောက်ရန်ဖြစ်ကာ အသစ်သောကာလသို့ ဝင်ရောက်မည့် သူအားလုံး လိုက်လျှောက်ရမည့် လမ်းကြောင်းဖြစ်၏။ သူ့ကို အသိအမှတ်ပြုနိုင်စွမ်း သင့်တွင်မရှိဘဲ ပြစ်တင်ရှုတ်ချခြင်း၊ ပုတ်ခတ်ပြောဆိုခြင်း သို့မဟုတ် သူ့ကို ညှဉ်းပန်းနှိပ်စက်ခြင်းပင် ပြုပါက သင်သည် ထာဝရ မီးလောင်၍ ဘုရားသခင်၏ နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရောက်မည် မဟုတ်သည်မှာ သေချာ၏။ အဘယ်ကြောင့်ဆိုသော် ဤခရစ်တော် ကိုယ်တိုင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြချက်၊ ဘုရားသခင်၏ ဖော်ပြချက်၊ ဘုရားသခင်က ကမ္ဘာမြေကြီးတွင် သူ၏အမှုကို ဆောင်ရွက်ရန် တာဝန်ပေးခဲ့သူ ဖြစ်သောကြောင့် ဖြစ်၏။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော် ဆောင်ရွက်ခဲ့သည့် အရာအားလုံးကို သင်လက်မခံနိုင်ပါက သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပုတ်ခတ်ပြောဆိုခြင်း ဖြစ်သည်ဟု ငါပြော၏။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပုတ်ခတ်ပြောဆိုသူတို့ ခံစားရမည့် အကျိုးအပြစ်မှာ အားလုံးအတွက် သက်သေပြရန် မလိုပါ။ သင်သည် နောက်ဆုံးသောကာလ ခရစ်တော်ကို ဆန့်ကျင်ပြီးနောက် သူ့ကို ငြင်းပယ်ပါက အကျိုးသက်ရောက်မှုများကို သင့်ကိုယ်စား ခံစားပေးနိုင်သူ တစ်ဦးမျှ မရှိဟုလည်း ငါသင့်ကို ပြော၏။ ထို့အပြင် ယနေ့မှစ၍ သင်သည် ဘုရားသခင်၏ ခွင့်ပြုချက်ကိုရရှိရန် အခွင့်အရေး နောက်တစ်ရပ်ရှိမည် မဟုတ်ပါ။ သင့်ကိုယ်သင် ရွေးနုတ်ရန် ကြိုးစားလျှင်ပင် သင်သည် ဘုရားသခင်၏ မျက်နှာကို နောက်တစ်ကြိမ် မြင်ရတော့မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင် ဆန့်ကျင်သောသူမှာ လူသားတစ်ဦး မဟုတ်၊ သင် ငြင်းပယ်သောသူမှာ သေးငယ်သည့် အရာလေးတစ်ခု မဟုတ်ဘဲ ခရစ်တော်ဖြစ်သောကြောင့် ဖြစ်၏။ ဤအကျိုးသက်ရောက်မှုကို သင်သိပါသလား။ သင်ပြုလိုက်သည်မှာ သေးငယ်သည့် အမှားတစ်ရပ် မဟုတ်ဘဲ အလွန် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ပြစ်မှုတစ်ရပ်ဖြစ်၏။ ထို့ကြောင့် သမ္မာတရား ရှေ့မှောက်တွင် အစွယ်မထုတ်ရန်၊ သို့မဟုတ် အမှုမဲ့၊ အမှတ်မဲ့ ကဲ့ရဲ့ပြစ်တင်ပြောဆိုမှုများ မလုပ်ရန် လူတိုင်းကို ငါအကြံပြု၏။ အဘယ်ကြောင့်ဆိုသော် သမ္မာတရားသည်သာ သင့်ကို အသက်ပေးနိုင်၍ သမ္မာတရားမှလွဲ၍ မည်သည့်အရာကမျှ သင့်ကို ပြန်လည် မွေးဖွားခွင့်နှင့် ဘုရားသခင်၏ မျက်နှာကို မြင်ခွင့် ပေးနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။
အောက်ခြေမှတ်စု(များ)-
က။ သစ်တုံးခြောက်တစ်ခု- “မကူညီနိုင်တော့သော” ဟု ဆိုလိုသည့် တရုတ်ဥပစာစကားတစ်ရပ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။