ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၅၅

မိုးချူန်းသံ ခုနှစ်ချက် ပလ္လင်မှ ထွက်ပေါ်လာသည်၊ စကြဝဠာကို တုန်ခါစေသည်၊ ကောင်းကင်နှင့် မြေကြီးကို မှောက်လှန်ပြီး၊ မိုးကောင်းကင်တစ်လျှောက် ပဲ့တင်ထပ်လေ၏။ အသံသည် နားကို စူးဝင်ပြီး လူတို့သည် ယင်းအသံမှ မလွတ်မြောက်နိုင်ကြသကဲ့သို့ ယင်းမှ မပုန်းကွယ်နိုင်ကြပေ။ မိုးချုန်းသံနှင့် လျှပ်စီးလက်ခြင်းသည် ပေါက်ထွက်ပြီး ချက်ချင်း ကောင်းကင်နှင့်မြေကြီး အသွင်ပြောင်းကာ လူတို့သည် သေလုမြောပါး ဖြစ်ကြလေ၏။ ထို့နောက် စကြဝဠာတစ်ခုလုံးသည် မိုးကောင်းကင်မှ ကျဆင်းနေသည့် ပြင်းထန်သော မိုးသက်မုန်တိုင်း တစ်ခုဖြင့် လျှပ်တစ်ပြက် ပတ်ရံခံရလေသည်။ ကမ္ဘာမြေ၏ အစွန်ဆုံးနေရာများတွင် ယင်းသည် အကုန်အစင် ရွာသည့်မိုးကဲ့သို့ ခြေဆုံးခေါင်းဆုံး ဆေးကြောသည်နှင့်အမျှ အစွန်းအထင်း မကျန်စေဘဲရှိ၏။ ယင်းထံမှ မည်သည့်အရာမျှ ဖုံးကွယ်၍ မရသကဲ့သို့၊ မည်သည့်လူမျှ ထိုအရာမှ တသီးတသန့် နေ၍မရနိုင်ပေ။ လျှပ်စီးအလင်းရောင်များအလား၊ မိုးချုန်းသံ တအုန်းအုန်းမြည်သံတို့သည် အေးစိမ့်သော အလင်းဖြင့် ဝင်းလက်ကာ လူတို့ကို ကြောက်ရွံ့ခြင်းဖြင့် တုန်လှုပ်စေ၏။ အသွားနှစ်ဖက်ပါသည့် ထက်မြသော သန်လျက်သည် အဓမ္မလူအပေါင်းတို့ကို အဆုံးစီရင်ပြီး၊ ရန်သူသည် ပုန်းကွယ်စရာ နေရာမရှိဘဲ ကပ်ဘေးကို ရင်ဆိုင်ရလေသည်။ ၎င်းတို့သည် ပြုံကျလာသည့် လေနှင့်မိုးတို့တွင် မှင်တက်သွားကြပြီး၊ လေတိုက်မှုကြောင့် ချာချာလည်လျက်၊ စီးဆင်းနေသော ရေများထဲသို့ ချက်ချင်း တုံးခနဲ လဲသေကြပြီး ရေစီး၌ ပါသွားကြလေသည်။ သေခြင်းသာ ရှိပြီး၊ ၎င်းတို့အတွက် ရှင်ကျန်ဖို့ နည်းလမ်းမရှိပေ။ မိုးချုန်းသံ ခုနှစ်ချက်သည် ငါ့ထံမှ ထွက်ပေါ်ပြီး၊ အားလုံးသည် အချင်းချင်း ဆက်နွှယ်မှု ရှိနိုင်ကြဖို့၊ မိမိတို့ကိုယ်ကိုယ် မှန်ကန်စွာ ပြုမူနိုင်ကြဖို့နှင့် ငါနှင့်အတူ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နိုင်ကြဖို့၊ ပြီးလျှင် စကြဝဠာထဲရှိ အသင်းတော်အားလုံးသည် တစ်ခုတည်းအဖြစ် တည်ဆောက်ခြင်း ခံရနိုင်ကြဖို့အလို့ငှာ အဲဂုတ္တုပြည်၏ အကြီးဆုံးသားများကို အဆုံးစီရင်ရန်၊ ဆိုးယုတ်သောသူတို့အား အပြစ်ဒဏ်ပေးရန်နှင့် ငါ၏ အသင်းတော်များကို သန့်ရှင်းစေရန်ဖြစ်သည့် ငါ၏ ရည်ရွယ်ချက်ကို သိရှိစေ၏။ ဤသည်မှာ ငါ၏ ရည်ရွယ်ချက် ဖြစ်သည်။

မိုးချုန်းသံ မြည်ပြီး၊ ယင်း၏ နောက်တွင် မြည်တမ်းခြင်း အသံများ မြည်ဟီးလေသည်။ အချို့သည် ၎င်းတို့၏ အိပ်စက်ခြင်းမှ နိုးကြပြီး၊ အလွန် အထိတ်တလန့်ဖြစ်လျက်၊ ၎င်းတို့၏ ဝိညာဉ်များ ထဲ၌ စူးစူးစိုက်စိုက် ရှာဖွေကြပြီး ပလ္လင်ရှေ့သို့ အပြေးအလွှား ပြန်သွားကြလေသည်။ ၎င်းတို့သည် သောင်းကျန်းသော လိမ်လည် လှည့်စားခြင်းနှင့် လက်ခံနိုင်ဖွယ် မရှိသော လုပ်ရပ်များကို ရပ်တန့်လိုက်ကြသည်။ ထိုသို့သော လူတို့အတွက် နိုးထရန် နောက်မကျလွန်းသေးချေ။ ငါသည် ပလ္လင်ထက်မှ စောင့်ကြည့်လျက်နေသည်။ ငါသည် လူတို့၏ အတွင်းကျကျ စိတ်နှလုံးများထဲသို့ ကြည့်၏။ ငါ့အား လေးလေးနက်နက် ပြင်းပြစွာ တောင့်တသောသူတို့ကို ငါသည် ကယ်တင်ပြီး၊ ၎င်းတို့ကို ငါသည် သနား၏။ မိမိတို့၏ စိတ်နှလုံးများထဲ၌ အခြားသောအရာ အားလုံးထက် ငါ့ကို ပို၍ချစ်သောသူများ၊ ငါ၏ အလိုကို နားလည်ကာ၊ ငါ၏နောက်သို့ တကယ့်လမ်းဆုံးတိုင်အောင် လိုက်သောသူများကို ငါသည် ထာဝရ ကယ်တင်မည်။ ၎င်းတို့အနေဖြင့် ဤအဖြစ်အပျက်ကို မကြုံရဖို့နှင့် မည်သည့် ဘေးအန္တရာယ်မျှ ရှိမလာဖို့ရန်အလို့ငှာ ငါ၏လက်သည် ၎င်းတို့အား အသေအချာ ဆုပ်ကိုင်ထားမည်ဖြစ်သည်။ အချို့တို့သည် ဤပြိုးပြက်သော လျှပ်စီးလက်ခြင်း မြင်ကွင်းကို မြင်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ပြောမပြတတ်သည့် နာကျင်မှု ရှိကြပြီး၊ ပြင်းပြင်းထန်ထန် နောင်တရမိကြလေသည်။ ဤနည်းဖြင့် ပြုမူခြင်းကို ၎င်းတို့ မလျှော့တမ်းဆက်လုပ်ပါက၊ ၎င်းတို့အတွက် နောက်ကျလွန်းပေသည်။ အို၊ ခပ်သိမ်းသောအရာတို့။ အားလုံး ပြီးမြောက်ပေလိမ့်မည်။ ဤအရာသည်လည်း ငါ၏ ကယ်တင်ခြင်း နည်းလမ်းများထဲမှ တစ်ခု ဖြစ်၏။ ငါ့ကို ချစ်သောသူများကို ငါကယ်တင်ပြီး၊ ဆိုးယုတ်သောသူများကို ငါအဆုံးစီရင်၏၊ ငါသည် ငါ၏ နိုင်ငံတော်ကို ကမ္ဘာမြေပေါ်၌ မြဲမြံကာ ခိုင်ခံ့စေပြီး၊ ငါသည် ဘုန်းအာနုဘော် ဖြစ်ကြောင်း၊ ပြင်းထန်သော မီးဖြစ်ကြောင်း၊ လူအယောက်တိုင်း၏ အတွင်းကျကျ စိတ်နှလုံးကို ရှာဖွေသော ဘုရားသခင် ဖြစ်ကြောင်းကို တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအားလုံး၊ စကြဝဠာထဲနှင့် ကမ္ဘာ့ အစွန်ဆုံးနေရာများရှိ အရာအားလုံးကို သိခွင့်ပေးသည်။ ဤအချိန်မှစ၍၊ ဖြူသောပလ္လင်ကြီး၏ တရားစီရင်ခြင်းကို လူထုနှင့် လူမျိုးအပေါင်းတို့ထံ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြထားပေသည်၊ တရားစီရင်ခြင်း စတင်ပြီဟု ကြေညာ ထားပေသည်။ မိမိတို့၏ စကားများက အူလှိုက်သည်းလှိုက် မဖြစ်သောသူများ၊ သံသယဖြစ်ကာ မသေချာဝံ့သူများ၊ ငါ၏ အလိုဆန္ဒများကို သိသော်လည်း၊ ၎င်းတို့ကို လက်တွေ့ လုပ်ဆောင်ရန် လိုလားခြင်းမရှိသည့် အချိန်ဖြုန်းသော သူများ အားလုံး- ၎င်းတို့အားလုံး တရားစီရင်ခြင်းကို ခံကြရမည်မှာ သံသယဖြစ်ဖွယ် မရှိချေ။ သင်တို့သည် သင်တို့ကိုယ်တိုင်၏ ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကို သေချာစွာ ဆန်းစစ်ရမည် ဖြစ်ပြီး၊ သင်တို့၏ သင့်တော်သော နေရာယူရမည်။ ငါ၏ နှုတ်ကပတ်တော်များကို လေးနက်စွာ လက်တွေ့လုပ်ဆောင်လော့၊ သင်၏ အသက် အတွေ့အကြုံကို တန်ဖိုးထားလော့၊ ပြီးလျှင် အပေါ်ယံ စိတ်အားထက်သန်မှုဖြင့် မလုပ်ဘဲ၊ သင်၏ အသက်တာကို ကြီးထွားစေလော့၊ ရင့်ကျက်စေလော့၊ တည်ငြိမ်စေပြီး အတွေ့အကြုံရင့်စေလော့- ထိုအခါမှသာ သင်သည် ငါ၏စိတ်နှလုံးနှင့် ကိုက်ညီသောသူ ဖြစ်လိမ့်မည်။

ငါ တည်ဆောက်သည့်အရာကို နှောင့်ယှက်ကာ ဖျက်ဆီးသည့် စာတန်၏အစေအပါးများနှင့် ဆိုးယုတ်သောဝိညာဉ်များကို ၎င်းတို့ အကျိုးအတွက် အမှုအရာများကို အမြတ်ထုတ်ဖို့ မည်သည့် အခွင့်အလမ်းကိုမဆို ငြင်းပယ်ကြလော့။ ၎င်းတို့ကို အပြင်းအထန် ကန့်သတ်ပြီး ချုပ်ထိန်းရမည်။ ၎င်းတို့အား ထက်သော ဓါးတစ်စင်းဖြင့်သာ ကိုင်တွယ်ဖြေရှင်းနိုင်သည်။ အဆိုးဆုံးသော သူများကို နောင်ဖြစ်မည့်ဒုက္ခကို တားဆီးဖို့ ချက်ချင်း အမြစ်ပါမကျန် ဖယ်ရှားပစ်ရမည်။ ထိုအခါ အသင်းတော်သည် ပုံပန်းမကျခြင်းအားလုံး ကင်းမဲ့လျက် စုံလင်စေခြင်း ခံရလိမ့်မည် ဖြစ်ကာ၊ တက်ကြွမှုနှင့် အားအင်ပြည့်လျက် ကျန်းမာပေလိမ့်မည်။ ပြိုးပြက်သော လျှပ်ပြက်ခြင်းနောက်တွင် မိုးချုန်းသံများ မြည်ဟည်း၏။ သင်သည် မပေါ့ဆရ၊ ပြီးလျှင် သင်သည် လက်မလျော့ဘဲ အမီလိုက်ရန် အစွမ်းကုန် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ ငါ၏လက် လုပ်ဆောင်သည့်အရာ၊ ငါ ရရှိဖို့ ရည်ရွယ်သည့်အရာ၊ ငါ ဖယ်ရှားဖို့ ရည်ရွယ်သည့်အရာ၊ ငါ စုံလင်စေဖို့ ရည်ရွယ်သည့်အရာ၊ ငါ အမြစ်ဖြတ်ဖယ်ရှားဖို့ ရည်ရွယ်သည့်အရာ၊ ငါ အဆုံးစီရင်ဖို့ ရည်ရွယ်သည့်အရာတို့ကို သင် ဧကန်မုချ မြင်နိုင်လိမ့်မည်- ငါ၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းကို သင်တို့အား ရှင်းရှင်းလင်းလင်း မြင်ခွင့်ပေးလျက် ဤအရာအားလုံးကို သင်တို့၏ မျက်စိရှေ့တွင် ဖွင့်ဟမည်ဖြစ်သည်။

ပလ္လင်ထက်မှသည် စကြဝဠာနှင့် ကမ္ဘာ့ အစွန်ဆုံးနေရာများ အထိ၊ မိုးချုန်းသံ ခုနှစ်ချက်သည် ပဲ့တင်ထပ်လေ၏။ ကြီးစွာသော လူတစ်စုသည် ကယ်တင်ခံရလိမ့်မည် ဖြစ်ပြီး၊ ငါ၏ ပလ္လင်ရှေ့တွင် ကျိုးနွံနာခံကြလိမ့်မည်။ ဤအသက်၏အလင်း နောက်လိုက်ရင်း၊ လူတို့သည် ရှင်သန်ရန် နည်းလမ်းတစ်ခုကို ရှာဖွေကြပြီး၊ ဒူးထောက် ကိုးကွယ်ရန်နှင့် ၎င်းတို့၏ နှုတ်များဖြင့် စစ်မှန်သော အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမကို အော်ခေါ်ပြီး မိမိတို့၏ အသနားခံခြင်းများကို ဖွင့်ဟရန် ငါ့ထံ မလာဘဲ မနေနိုင်ကြပေ။ သို့သော် ငါ့ကို အတိုက်အခံပြုသောသူများ၊ မိမိတို့၏ စိတ်နှလုံးများကို မာကျောစေသောသူများကိုမူ၊ မိုးချုန်းသံသည် ၎င်းတို့၏ နားများထဲ၌ ပဲ့တင်ထပ်ပြီး၊ ၎င်းတို့ ဧကန်မုချ ပျက်စီးခြင်းသို့ ရောက်ကြရမည်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ကို စောင့်ကြိုနေသည့် ရလဒ်သက်သက် ဖြစ်သည်။ အောင်မြင်သော ငါ၏ ချစ်သားများသည် ဇိအုန်တွင် နေကြလိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့ ရရှိမည့်အရာကို လူမျိုးအပေါင်းတို့သည် မြင်ကြလိမ့်မည်ဖြစ်ကာ သင်တို့၏ရှေ့၌ အလွန်ကြီးစွာသော ဘုန်းအသရေသည် ပေါ်ထွန်းလိမ့်မည်။ အမှန်ပင် ဤသည်မှာ ကြီးမားသော ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်ပြီး၊ ပြန်ပြောပြဖို့ ခက်ခဲသည့် ချိုမြိန်မှုတစ်ခု ဖြစ်သည်။

မိုးချုန်းသံခုနှစ်ချက် ထွက်ပေါ်ခြင်းသည် ငါ့အား ချစ်သောသူများ၊ ငါ့အား စစ်မှန်သော စိတ်နှလုံးများဖြင့် တောင့်တသောသူများကို ကယ်တင်ခြင်း ဖြစ်သည်။ ငါနှင့် သက်ဆိုင်သောသူများနှင့် ငါ ကြိုတင်ပြဌာန်းထားပြီး ရွေးကောက် ထားသော သူများအားလုံးသည် ငါ၏နာမအောက်သို့ ရောက်လာ နိုင်ကြ၏။ ၎င်းတို့သည် ဘုရားသခင် ၎င်းတို့ကို ခေါ်ခြင်းဖြစ်သည့် ငါ၏အသံကို ကြားနိုင်ကြလေသည်။ ကမ္ဘာမြေကြီး၏ အဆုံးစွန် နေရာများတွင် ရှိသောသူတို့အား ငါသည် ဖြောင့်မတ်ကြောင်း၊ သစ္စာနှင့်ပြည့်စုံကြောင်း၊ ငါသည် မေတ္တာ ဖြစ်ကြောင်း၊ သနားခြင်းကရုဏာ ဖြစ်ကြောင်း၊ ဘုန်းအာနုဘော် ဖြစ်ကြောင်း၊ ငါသည် ပြင်းထန်သော မီးဖြစ်ကြောင်းနှင့် နောက်ဆုံးတွင် ရက်စက်သော တရားစီရင်ခြင်း ဖြစ်ကြောင်းကို မြင်စေကြလော့။

ငါသည် စစ်မှန်ပြီး စုံလင်သော ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ကြောင်းကို ကမ္ဘာလောကကြီးထဲရှိ လူအပေါင်းတို့ မြင်စေကြလော့။ လူအပေါင်းတို့သည် အပြည့်အဝ ယုံကြည်လက်ခံ ကြပြီး ငါ့အား မည်သူမျှ နောက်တစ်ဖန် မခုခံဝံ့သကဲ့သို့၊ နောက်တစ်ဖန် ငါ့အား ဝေဖန်ရန် သို့တည်းမဟုတ် အသရေဖျက်ရန် မပြုဝံ့ကြချေ။ သို့မဟုတ်ပါက၊ ၎င်းတို့အပေါ် ကျိန်ခြင်း အမင်္ဂလာများ ချက်ချင်း ရောက်လာပြီး ၎င်းတို့အပေါ် ကပ်ဘေးကျရောက်ပေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ ပျက်စီးခြင်းကို ကျရောက်စေပြီးနောက် ငိုကြွေးခြင်းနှင့် အံကြိတ်ခြင်းတို့ကိုသာ ပြုနိုင်ကြပေသည်။

လူမျိုးအပေါင်းတို့အား သိစေကြလော့၊ စကြဝဠာ တစ်လျှောက်နှင့် ကမ္ဘာမြေ၏ အဆုံးစွန်များအထိ၊ အိမ်ထောင်တိုင်း နှင့် လူတိုင်းအားဖြင့် သိစေကြလော့- အနန္တတန်ခိုးရှင် ဘုရားသခင်သည် တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင် ဖြစ်၏။ လူအပေါင်းသည် တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်ကာ ငါ့ကို ကိုးကွယ်ကြလိမ့်မည် ဖြစ်ပြီး၊ စကားပြောတတ်စ ကလေးငယ်များကပင် “အနန္တတန်ခိုးရှင် ဘုရားသခင်” ဟု အော်ခေါ်ကြလိမ့်မည်။ အာဏာကို စွဲကိုင်ထားသည့် အရာရှိများသည်လည်း ၎င်းတို့ ရှေ့တွင် ပေါ်ထွန်းလျက်ရှိသည့် စစ်မှန်သော ဘုရားသခင်ကို ၎င်းတို့၏ မျက်စိများဖြင့် မြင်တွေ့ကြရလိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့သည်လည်း သနားကရုဏာနှင့် ခွင့်လွှတ်ခြင်းကို တောင်းခံလျက်၊ ကိုးကွယ်ခြင်းဖြင့် မိမိတို့ကိုယ်ကိုယ် ပျပ်ဝပ်ကြလိမ့်မည် ဖြစ်သော်လည်း၊ ၎င်းတို့၏ ပျက်စီးခြင်းအချိန်သည် ရောက်လာပြီ ဖြစ်သည့်အတွက် ဧကန်အမှန် နောက်ကျလွန်းလေပြီ ဖြစ်သည်။ ၎င်းတို့အနေဖြင့် အပြတ်ရှင်းခြင်းသာခံရပြီး အတိုင်းမသိသော တွင်းနက်ထဲသို့ စီရင်ခြင်းခံရကြလေသည်။ ငါသည် ခေတ်တစ်ခုလုံးကို အဆုံးသတ်စေမည်ဖြစ်ပြီး၊ ငါ၏ နိုင်ငံတော်ကို ယခင်ကထက် သာ၍ အားကောင်းစေမည်။ တိုင်းနိုင်ငံများနှင့် လူမျိုးအပေါင်းတို့သည် ငါ၏ရှေ့၌ ထာဝရကာလပတ်လုံး ကျိုးနွံနာခံကြလိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၃၅)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၁၃

သိမ်းပိုက်ခြင်းအလုပ်၏ အဓိကရည်မှန်းချက်မှာ သမ္မာတရားကို လူသားတို့ ပိုင်ဆိုင်နိုင်ရန်အတွက် လူသားမျိုးနွယ်ကို သန့်ရှင်းစေရန်ဖြစ်သည်၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၇၄

လူအများစုသည် ၎င်းတို့၏ အနာဂတ် ခရီးပန်းတိုင်အတွက် သို့မဟုတ် ခဏတာ ပျော်ရွှင်မှုအတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ မည်သည့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၈၉

သမိုင်းသည် အမြဲတမ်း ရှေ့သို့ရွေ့လျားနေပြီး၊ ဘုရားသခင်၏ အလုပ်ကလည်း အမြဲတမ်း ရှေ့သို့ရွေ့လျားနေပါသည်။ သူ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၁၈

ငါနှစ်ပေါင်းထောင်နှင့်ချီ စီမံခန့်ခွဲ လုပ်ဆောင်လာခဲ့သော အလုပ်ကို နောက်ဆုံးသော ကာလ၌သာ လူကို အပြည့်အစုံ ဖော်ပြမည်။ ငါ့စီမံခန့်ခွဲမှု အစီအစဉ်၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။