“ချစ်လို့” သီချင်းအကြောင်း မိတ်သဟာယ (အပိုင်း တစ်)

(ဓမ္မတေး အဖွဲ့နှင့် မိတ်သဟာယ)

ငါကြားရသည့် သင်တို့ သီဆိုကြသော အသင်းတော် အသက်တာအကြောင်း ဓမ္မတေးသီချင်းများထဲတွင် လက်တွေ့ကျသည့် အတွေ့အကြုံနှင့်ပတ်သက်သော ဓမ္မတေးများ အလွန်နည်းပါးဆဲ ဖြစ်သည်။ ဓမ္မတေးသီချင်း အများစုတွင် အတွေ့အကြုံများက အလွန် ပေါ့တန်သည်။ ထိုဓမ္မတေးများကို သီဆိုခြင်းက လူတို့ကို များစွာ အကျိုးမပြုပေ။ ဓမ္မတေးအချို့သည် စစ်မှန်မှု အနည်းငယ်မျှမရှိဘဲ အနှစ်မဲ့သည့် သဘောတရားသာ ပါဝင်သည်။ ဥပမာအနေဖြင့် “ချစ်လို့”၊ “ဘုရားသခင်က ကျွန်ုပ်တို့ကို အနက်ရှိုင်းဆုံး ချစ်ပေသည်” နှင့် “ထာဝရ ချစ်ခြင်းမေတ္တာ” တို့ကိုကြည့်လော့။ အားလုံးက အနှစ်မဲ့သည်၊ သဘောတရားအရဖြစ်ပြီး နားဝေတိမ်တောင်ဖြစ်သော စကားများတို့ ပါဝင်သည်။ ယင်းတို့သည် လုံးဝ လက်တွေ့မကျပေ။ ဤဓမ္မတေးသုံးပုဒ်အတွက် သီချင်းစာသားများနှင့်ပတ်သက်၍ သင်တို့ အဘယ်သို့ ထင်မြင်သနည်း။ အားလုံးက အဓိပ္ပာယ်မရှိပေ။ လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့်သက်ဆိုင်သည့် စကားများသာ ဖြစ်သည်။ လက်တွေ့ကျသည့် အတွေ့အကြုံနှင့်ဆိုင်သော စကားတစ်ခွန်းတလေ ဘာဆိုဘာမျှ အသားပေးဖော်ပြခြင်း မရှိပေ။ အကြင်သူသည် အတွေ့အကြုံနှင့်ပတ်သက်သည့် ဓမ္မတေးများကိုပင် မရေးသားနိုင်ဘဲ ဘုရားသခင်ကို ချီးမွမ်းသည့် ဓမ္မတေးများကို ရေးသားလိုဆဲဖြစ်လျှင် မနိုင်ဝန်ထမ်းနေခြင်း မဟုတ်လော။ သာမန်လူတစ်ဦးအနေဖြင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို သက်သေခံရန်နှင့် သူ၏ အနှစ်သာရကို သက်သေခံရန် ဖြစ်နိုင်သလော။ ဤအရာကို လူမည်မျှက လုပ်ဆောင်နိုင်သနည်း။ သင်သည် ဘုရားသခင်အကြောင်း မည်သည့်အရာကိုမျှ မသိဘဲ ဤအယူအဆများနှင့် စိတ်ကူးများကို စာရွက်တွင် ရေးမှတ်လျှင် ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရနှင့် ကိုက်ညီသလော။ ဘုရားအမှု၏ အမှန်တရားများနှင့် ကိုက်ညီသလော။ ဤအယူအဆများနှင့် စိတ်ကူးများကို လေရှည်ခြင်းသည် ဘုရားသခင်ကို ချီးမွမ်းခြင်း ဖြစ်သလော။ သင်သည် ဘုရားသခင်ကို သိသည့်အသိမရှိလျှင် သင် ရေးသားသည့် သူ့ကိုချီးမွမ်းသော ဓမ္မတေးသီချင်းများသည် လက်တွေ့ကျလိမ့်မည် မဟုတ်။ ထိုအစား သင်၏ ကိုယ်ပိုင် စစ်မှန်သော အတွေ့အကြုံ၊ စစ်မှန်သော အသိအကြောင်းနှင့် ကိုယ်ပိုင်နားလည်မှုတို့ကို ရေးသားသင့်သည်။ လက်တွေ့ကျပြီး ခိုင်လုံသည့်အရာများကို ရိုးရိုးယဉ်ယဉ် ပြောဆိုသင့်သည်။ စကားကြီးစကားကျယ်များနှင့် ချဲ့ကားပြောဆိုခြင်းများကို ရှောင်သင့်သည်။ သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အစီအစဉ်၊ သူ၏ ဖြောင့်မတ်သော စိတ်သဘောထား၊ သူ၏ ချစ်ခြင်းမေတ္တာ၊ သူ၏ ဂုဏ်အသရေရှိခြင်း၊ သူ၏ ကြီးမြတ်မှု၊ သူ၏ သာလွန်မှုနှင့် သူ၏ တစ်မူထူးခြားခြင်းတို့ကဲ့သို့သော အကြောင်းများ၊ ဤစကားများကို ရေးသားသည်။ ဤအရာများကို သင် အမှန်တကယ် သဘောပေါက်သလော။ သင် နားလည်သလော။ ယင်းတို့ကို သင် နားမလည်ဘဲ ယင်းတို့အကြောင်းကို မရမက ရေးသားနေသေးလျှင် သင်သည် ကြောင်းကျိုးမမြင်ဘဲ ရေးသားနေခြင်း၊ မိမိကိုယ်ကို ကြွားဝါခြင်းနှင့် ကြွားလုံးထုတ်ခြင်းသာ ဖြစ်သည်။ လူတို့က ထိုသို့သော အနှစ်မဲ့သည့် စကားများကို သီဆိုကြသည်နှင့်အမျှ ကြွားဝါရာတွင် သင့်နောက်လိုက်ကြရင်း ၎င်းတို့ လိုက်လံ သီဆိုသောအခါ ထိုအရာက ၎င်းတို့ကို မရှင်းမလင်း ခံစားရစေသည်။ ပြီးလျှင် သီဆိုပြီးသွားသည့်အခါ ထိုအရာက မည်သူ့ကိုမျှ အကျိုးမပြုပေ။ ဤအရာ၏ အကျိုးဆက်များမှာ အဘယ်နည်း။ ဤသည်မှာ လူတို့ကို ကစားခြင်းနှင့် ၎င်းတို့၏ အချိန်ကို ဖြုန်းတီးခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို လှည့်ဖြားခြင်းနှင့် အရူးလုပ်ခြင်း ဖြစ်သည် မဟုတ်လော။ သင် ရှက်စိတ်မခံစားရသလော။

ကြည့်လော့၊ “ချစ်လို့”ဟူသည့် ဓမ္မတေးသီချင်း စာသားများက အဘယ်သို့ဖြစ်သနည်း။ “ချစ်လို့ ဘုရားသခင် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး အစဉ်သဖြင့် ဂရုစိုက်ခဲ့ပြီး သူတို့ကို စောင့်ကြပ်ခဲ့တယ်။” ထိုစာကြောင်းတွင် မှန်ကန်သည့် အရာတစ်ခုတလေ ရှိသလော။ ထိုအရာတစ်ခုတလေသည် သမ္မာတရားနှင့် ကိုက်ညီသလော။ ချစ်ခြင်းမေတ္တာကြောင့် ဘုရားသခင်က အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့သည်။ ယင်းမှာ ထိုသို့ မဟုတ်လော။ (မဟုတ်ပါ။) သို့ဆိုလျှင် သူက ၎င်းတို့ကို အဘယ်ကြောင့် ဖန်ဆင်းခဲ့သနည်း။ (ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကြောင့် ဖြစ်သည်။) သူ ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်မှတစ်ဆင့် စီမံခန့်ခွဲမှု အစီအစဉ်တစ်ခု၊ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုကို ဆောင်ရွက်ရန်မှာ ဘုရားသခင်၏ အလိုဆန္ဒ ဖြစ်သည်။ ဤအနှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်၏ လမ်းကြောင်းက မည်သည့်အရာ ဖြစ်စေ၊ ဘုရားသခင်သည် နောက်ဆုံးတွင် သူ့ကို ကျိုးနွံနာခံနိုင်ပြီး သူ့အတွက် သက်သေခံနိုင်သည့် လူတစ်စု၊ စစ်မှန်သည့် ဖန်ဆင်းခံများနှင့် အရာခပ်သိမ်းပေါ် စစ်မှန်သော အရှင်သခင်များဖြစ်လာနိုင်သည့် လူတစ်စုကို ရရှိလိမ့်မည်။ ဘုရားသခင်က ပထမဆုံး စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုရှိပြီးနောက်တွင် ကမ္ဘာလောကနှင့် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည်ဟူသည့် အချက်သည် ချစ်ခြင်းမေတ္တာနှင့် တစ်ခုတလေ ပတ်သက်မှုရှိသလော။ ဤသည်မှာ ဘုရားသခင်၏ အကြံအစည်များထဲမှ တစ်ခုဖြစ်သည်။ သူ့အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ထိုအရာသည် လူတို့က ရည်ရွယ်ချက်များနှင့် အစီအစဉ်များ ရှိကြသည့် ပုံစံကဲ့သို့သာ ဖြစ်သည်။ ဥပမာအနေဖြင့် လူတစ်ဦးတစ်ယောက်သည် ဆယ်နှစ်တာ အချိန်ကာလတွင် မန်နေဂျာတစ်ဦးဖြစ်လာပြီး ယွမ် ၁၀၀၀၀၀ ရှာရန် အစီအစဉ်တစ်ခု၊ သို့မဟုတ် ဆယ်နှစ်တာ အချိန်ကာလတွင် ပညာရေးဆိုင်ရာ သင့်တော်သော အရည်အချင်းတစ်ခုခု သို့မဟုတ် မိသားစု ဘဝတစ်ခုခုရှိရန် အစီအစဉ်တစ်ခု ရှိကောင်းရှိနိုင်သည်။ ဤအရာများသည် ချစ်ခြင်းမေတ္တာနှင့် တစ်ခုတလေ ပတ်သက်သလော။ မပတ်သက်ပါ။ နေ့စဉ်ဘဝတွင် လူတို့သည် အဆင့်ကို အခြေခံသည့်၊ တစ်ဆင့်ပြီးတစ်ဆင့်ဖြစ်သော အစီအစဉ်တစ်ခု၊ စီမံချက်တစ်ခု၊ ရည်မှန်းချက်တစ်ခု၊ စံသတ်မှတ်ချက်တစ်ခုသာ ရှိကြသည်။ ဘုရားသခင်ကမူ၊ စကြဝဠာနှင့် အရာခပ်သိမ်းအပေါ် အုပ်စိုးကာ အချုပ်အခြာအာဏာရှိသည်နှင့် တစ်ချိန်တည်းတွင် ကမ္ဘာမြေပေါ်တွင် အစီအစဉ်တစ်ခုရှိပြီး ထိုအစီအစဉ်သည် ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခြင်းနှင့် သက်ရှိအရာများအား ဖန်ဆင်းခြင်း ဖြင့် အစပြုလေသည်။ ထို့နောက်တွင် ဘုရားသခင်က လူသားနှစ်ဦးကို ဖန်ဆင်းခဲ့သည်။ ယင်းမှာ အမှန်တကယ် ဖြစ်ပျက်ခဲ့သည့်အရာ မဟုတ်လော။ ချစ်ခြင်းမေတ္တာက ထိုသို့သော အစီအစဉ်တစ်ခုကို ဘုရားသခင် ဖြစ်စေခြင်းနှင့် အဘယ်သို့ ဆက်စပ်မှုရှိသနည်း။ ဆက်စပ်မှု ဘာဆိုဘာမျှမရှိပေ။ သို့ဆိုလျှင် သင်တို့၏ အမြင်တွင် “ချစ်လို့ ဘုရားသခင် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး အစဉ်သဖြင့် ဂရုစိုက်ခဲ့ပြီး သူတို့ကို စောင့်ကြပ်ခဲ့တယ်။” ဟူသည့် စကားသည် မှန်ကန်သလော။ ဘုရားသခင်က လူသားမျိုးနွယ်ကို သူ မဖန်ဆင်းမီ အဘယ်သို့ ချစ်နိုင်မည်နည်း။ ထိုသို့သော ချစ်ခြင်းမေတ္တာသည် အနှစ်မဲ့မည် မဟုတ်လော။ လူသားမျိုးနွယ်ကို ဘုရားသခင်၏ ဖန်ဆင်းခြင်းအား ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့်ဆိုင်သည့် ဆောင်ရွက်ချက်တစ်ခုအဖြစ် သင် သတ်မှတ်သည်။ ယင်းသည် ဘုရားသခင်ကို အသရေဖျက်ခြင်း မဟုတ်လော။ ပြစ်မှားစော်ကားခြင်း မဟုတ်လော။ ဤသည်မှာ ခံစားချက်အရ ဖြစ်လွန်းသည် မဟုတ်လော။ ဤ ခံစားချက်အရ ဖြစ်ခြင်းကို မည်သို့ သရုပ်ဖော်ထားသနည်း။ ဆင်ခြင်တုံတရားမဲ့ခြင်း ဖြစ်သလော။ (ဟုတ်ပါသည်။) ဘုရားသခင်က အနှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်နှင့် သူ၏ အဆင့်သုံးဆင့် အမှုတော်၏ နက်နဲမှုတို့ကို ဖွင့်ပြပြီး ဖြစ်သည်။ သင့်အနေဖြင့် အနည်းငယ် နားလည်ပြီးဖြစ်ကြောင်း၊ ဘုရားသခင်နှင့်ဆိုင်သည့် အပေါ်ယံ သိနားလည်မှုအချို့ရှိကြောင်း တွေးထင်သော်လည်း ဤသည်မှာ တိုက်ရိုက် သိနားလည်မှုတစ်ခုမျှသာ ဖြစ်သည်။ သို့တိုင် ဘုရားသခင်က တစ်စုံတစ်ရာကို လုပ်ဆောင်သည်မှာ၊ အမှုတစ်ခုခုကို ဆောင်ရွက်သည်မှာ သို့မဟုတ် အစီအစဉ်တစ်ခုခု ရှိသည်မှာ ချစ်လို့ဖြစ်ကြောင်း အခိုင်အမာဆိုလျက် သင်သည် အမှုအရာများကို ထိုသို့သော နည်းလမ်းတစ်ခုဖြင့် အဓိပ္ပာယ်ဖွင့်ဆိုဝံ့သည်။ ယင်းမှာ အလွန်မိုက်မဲပြီး ဆင်ခြင်တုံတရားမဲ့လွန်းခြင်းသာ ဖြစ်သည် မဟုတ်လော။ ထို့ကြောင့် “ချစ်လို့ ဘုရားသခင် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး” ဟူသည့် စကားနှင့်ပတ်သက်၍ မှန်ကန်သည့်အရာ တစ်ခုတလေ ရှိသလော။ (မရှိပါ။ ထိုအရာသည် သမ္မာတရားနှင့် အညီ မဟုတ်ပါ။) သမ္မာတရားနှင့်အညီ ဟုတ်မဟုတ်ဟူသည့် ကိစ္စရပ်ကို ပထမဆုံး ဘေးဖယ်ထားကြစို့။ ထိုအစား တကယ့် အခြေအနေများနှင့် အညီ ဟုတ်မဟုတ် ဟူသည်ကို ကြည့်ကြစို့။ ဤထုတ်ပြန်ချက် လက်တွေ့ကျသည်ဟု သင်တို့ ထင်ကြသလော။ (လက်တွေ့မကျပါ။) ဤသည်မှာ ဖြစ်လိုသည့် အတွေးသာ ဖြစ်သည် မဟုတ်လော။ လူသားမျိုးနွယ်ကို ဘုရားသခင် ဖန်ဆင်းခြင်းသည် ချစ်ခြင်းမေတ္တာနှင့် ပတ်သက်ခြင်း မရှိ။ ထို့ကြောင့် “ချစ်လို့ ဘုရားသခင် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး” ဟူသည့် စကားသည် အခြေအမြစ်မရှိပေ။ လူ့စိတ်ကူး၏ အထင် သက်သက်ဖြစ်သည်၊ အဓိပ္ပာယ်မဲ့သည်။ သင်သည် ဘုရားသခင်ကို ကြောင်းကျိုးမမြင်ဘဲ ဘောင်ခတ်နေခြင်းဖြစ်သည်။ ယင်းသည် သူ့ကို ပြစ်မှားစော်ကားကာ မလေးစားခြင်း ဖြစ်ပြီး သူ့ကို လူသား ရှုထောင့်အမြင်များနှင့် လူသား စိတ်ကူးများ၊ အယူအဆများဖြင့် သင် တိုင်းတာနေခြင်း ဖြစ်သည်။ ယင်းသည် စံတင်လောက်သော အမှားတစ်ခု၊ ဆင်ခြင်တုံတရားမဲ့ပြီး အရှက်မဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် “ချစ်လို့ ဘုရားသခင် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး” ဟူသည့် စကားရပ်သည် တကယ်ကို ပေါက်ကရစကား ဖြစ်သည်။

ဆက်ကြည့်သွားလျှင် သီချင်းစာသားများက “ဘုရားသခင် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး အစဉ်သဖြင့် ဂရုစိုက်ခဲ့ပြီး သူတို့ကို စောင့်ကြပ်ခဲ့တယ်” ဟူ၍ ဖြစ်သည်။ ဤဓမ္မတေးသီချင်းကို ရေးသားခဲ့သည့်လူက ဤသည်မှာလည်း ချစ်ခြင်းမေတ္တာကြောင့် ဖြစ်သည်ဟု သွယ်ဝိုက်ညွှန်းဆိုနေခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က ချစ်ခြင်းမေတ္တာကြောင့် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည်ဟု ပြောခြင်းက မှားယွင်းလျှင် ချစ်ခြင်းမေတ္တာကြောင့် ဘုရားသခင်က လူသားမျိုးနွယ်ကို အစဉ်သဖြင့် ဂရုစိုက်ကာ စောင့်ကြပ်ခဲ့သည်ဟု ပြောခြင်းသည် မှန်ကန်သလော။ (မမှန်ပါ။) အဘယ်ကြောင့် မမှန်သနည်း။ “၎င်းတို့ကို အစဉ်သဖြင့် ဂရုစိုက်ခဲ့ပြီး စောင့်ကြပ်ရန်”မှာ မည်သည့် အပြုအမူမျိုး ဖြစ်သနည်း။ ဤအပြုအမူ၏ အနှစ်သာရမှာ အဘယ်နည်း။ တာဝန်ရှိသည့် အပြုအမူတစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) မည်သည့်အရာကိုမျှ နားမလည်သည့်၊ စကားမပြောနိုင်သည့်၊ ပိုင်းခြားသိမြင်နိုင်စွမ်းမရှိသကဲ့သို့ မြွေ၏ စုံစမ်းသွေးဆောင်ခြင်းခံရနိုင်သည့် လောလောလတ်လတ် ဖန်ဆင်းခြင်းခံရသော လူသားတစ်ဦးကို ဘုရားသခင် ချစ်နိုင်သလော။ ချစ်ခြင်းမေတ္တာကို ပေးထားပုံ၊ ထိုချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြပုံ၊ ထိုချစ်ခြင်းမေတ္တာ ထင်ရှားပုံ၊ ထိုချစ်ခြင်းမေတ္တာကို ဖော်ပြပုံနှင့်ပတ်သက်၍ကော အဘယ်သို့နည်း။ ဤအရာနှင့်ပတ်သက်၍ တိကျသည့် အသေးစိတ်အချက်အလက် တစ်ခုတလေ ရှိသလော။ မရှိပေ။ ထိုအရာသည် တာဝန်ရှိခြင်း ဖြစ်သည်။ ဤတွင် ပါဝင်သည့် စစ်မှန်သော ခံစားချက်မှာ ဘုရားသခင်၏ တာဝန်ဖြစ်သည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သဖြင့် သူက ၎င်းတို့ကို စောင့်ကြပ်ရမည်၊ ဂရုစိုက်ကာ ကာကွယ်ပေးပြီး ဦးဆောင်လမ်းပြရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ တာဝန်ဖြစ်သည်။ ဤအရာကို သူ လုပ်ဆောင်သည်မှာ ချစ်ခြင်းမေတ္တာကြောင့် မဟုတ်ပေ။ ဤအရာကို ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့်ဖြစ်ခြင်းအဖြစ် သင် သရုပ်ဖော်လျှင် သင်သည် ဘုရားသခင်အပေါ် ဆိုးရွားသည့် အထင်လွဲမှုတစ်ခု ရှိပေသည်။ သူ့ကို ဤသို့ သိနားလည်ခြင်းသည် မှန်ကန်တိကျခြင်းမရှိ။ ထိုလောလောလတ်လတ် ဖန်ဆင်းခြင်းခံရသည့် လူသားနှစ်ဦးက မည်သည့်အရာကို သိခဲ့ကြသနည်း။ ဘုရားသခင်က ၎င်းတို့ကို ပေးထားသည့် ဝင်သက်ထွက်သက်လေတစ်ခုထက်ပို၍ အခြား မည်သည့်အရာကိုမျှ ၎င်းတို့ နားမလည်ခဲ့ကြပေ။ မည်သည့်အရာကိုမျှ ၎င်းတို့ မသိခဲ့ကြပေ။ ၎င်းတို့သည် အထူးသဖြင့် ဘုရားသခင်ကို သိသောအသိ မရှိခဲ့ကြ။ ဘုရားသခင် အဘယ်သူ ဖြစ်သည်၊ သို့မဟုတ် သူ ဖြစ်သမျှအရာအားလုံးကို ၎င်းတို့ မသိခဲ့ကြသကဲ့သို့ ဘုရားသခင်၏ စကားများအား မည်သို့ အလေးဂရုပြုကာ သူ့ကို ကျိုးနွံနာခံရမည်ဟူသည်ကို မသိခဲ့ကြပေ။ ဘုရားသခင်နှင့် ကင်းကွာခြင်းနှင့် သူ့ထံမှ ပုန်းကွယ်ခြင်းသည် ပြဿနာတစ်ခုဖြစ်သည်ကိုပင် ၎င်းတို့ မသိခဲ့ကြပေ။ သူ့ကို ဤသို့ ငြင်းပယ်ပြီး အတိုက်အခံလုပ်သည့် လူသားမျိုးနွယ်ကို ဘုရားသခင်က အဘယ်သို့ ချစ်နိုင်မည်နည်း။ သူက ၎င်းတို့ကို ချစ်နိုင်သလော။ အနှစ်သာရအနေဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဂရုစိုက်ပြီး စောင့်ကြပ်ကာ ဘုရားသခင် လုပ်ဆောင်သည့်အရာက သူ၏ တာဝန်များထဲမှ တစ်ခုကိုသာ ကိုယ်စားပြုနိုင်သည်။ ဘုရားသခင်သည် သူ၏ စိတ်နှလုံးတွင် အစီအစဉ်တစ်ခုနှင့် ဆန္ဒတစ်ခု ရှိသောကြောင့် သူ ဖန်ဆင်းပြီးဖြစ်သည့် လူသားမျိုးနွယ်ကို သူ စောင့်ကြပ်ကာ ကာကွယ်ရမည်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ကွယ်ကာခြင်းနှင့် ဂရုစိုက်ခြင်းတို့သည် ချစ်လို့ဖြစ်သည်ဟု သင်က ပြတ်ပြတ်သားသားနှင့် တွေးတောခြင်းမရှိဘဲ ပြောလျှင် ထိုချစ်ခြင်းမေတ္တာက အားရကျေနပ်မှု မည်မျှ အမှန်တကယ် ဖြစ်ပေါ်စေရမည်နည်း။ လူတို့သည် ၎င်းတို့ကို ဘုရားသခင်က ဤသို့ချစ်ခြင်းနှင့် အမှန်တကယ် ထိုက်တန်ကြသလော။ အနည်းဆုံးအနေဖြင့် လူတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် စစ်မှန်သည့် ချစ်ခြင်းမေတ္တာ ရှိရမည်ဖြစ်ပြီး သူ့ကို့ အစစ်အမှန် ယုံကြည်ကိုးစားရမည်ဖြစ်သည်။ ထို့နောက်တွင်သာ ဘုရားသခင်က ၎င်းတို့ကို ချစ်လိမ့်မည်။ လူတို့က ဘုရားသခင်ကို ချစ်ရမည့်အစား သူ့ကို အတိုက်အခံလုပ်လျှင်၊ သစ္စာဖောက်ပြီး ကားစင်ပင်တင်သတ်ကြလျှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ၎င်းတို့ ထိုက်တန်ကြသလော။ လူတို့အပေါ် သူ၏ ချစ်ခြင်းမေတ္တာကို ဘုရားသခင်က မည်သည့်အရာအပေါ် အခြေခံထားသနည်း။ အခြေအနေ မည်သို့ဖြစ်စေ ဘုရားသခင်က ၎င်းတို့ကို ချစ်သည်ဟု လူတို့ အမြဲ ပြောကြသည်။ ဤသည်မှာ ၎င်းတို့၏ စိတ်ကူးဖြစ်သည်၊ ဖြစ်လိုသော အတွေး ဖြစ်သည်။

ဆက်လက်၍ “ချစ်လို့၊ မြေကြီးပေါ်မှာ လူ့အသက်တာကို လမ်းပြဖို့ တရားတော်တွေနဲ့ ပညတ်ချက်တွေကို ဘုရားသခင် ထုတ်ပြန်။ ချစ်လို့၊ လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့ ဘုရားသခင်က လူ့ဇာတိခံယူပြီး သူ့အသက်ပေးခဲ့တယ်”ဟူ၍ ဖြစ်သည်။ ဤအရာက အမှုအရာများကို အတော်လေး ပြည့်စုံစွာ အကျဉ်းချုပ်သည်။ ကမ္ဘာလောကကို ဖန်ဆင်းခြင်းမှ ပညတ်တော်ခေတ်ထိ၊ ထို့နောက် ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ရန် ဘုရားသခင် လူ့ဇာတိခံယူသည့် ကျေးဇူးတော်ခေတ်ထိ၊ ဤနယ်နိမိတ်မျဉ်းနှစ်ခုက ဘုရားသခင်၏ အမှုတော် အဆင့်နှစ်ဆင့်ကို အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြသည်။ ကံအကြောင်းမလှစွာပင် “ချစ်လို့”ဟူသည့် ဤပထမ စကားနှစ်လုံးဖြင့် ဤဓမ္မတေးသီချင်းကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ ယင်း၏ သရုပ်ဖော်ခြင်းအတွက် ဦးတည်ထားသော လမ်းညွှန်အဖြစ် အသုံးပြုရန်မှာ အမှားတစ်ခု ဖြစ်သည်။ လူသားမျိုးနွယ်ကို ဘုရားသခင်က ဖန်ဆင်းပြီးနောက်တွင် လူသားမျိုးနွယ်ကို ဦးဆောင်လမ်းပြရန် ပညတ်တရားကို ထုတ်ပြန်ခြင်းဖြစ်စေ၊ လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်းဖြစ်စေ ဤအရာကို သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၊ သူ၏ အလိုဆန္ဒများနှင့် ပြီးမြောက်ရန် သူ ရည်ရွယ်သည့်အရာကြောင့်သာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ချစ်လို့ သက်သက်မျှ မဟုတ်ပေ။ လူအချို့က “သို့ဆိုလျှင် ဤအရာများကို ဘုရားသခင် လုပ်ဆောင်ရာတွင် ချစ်ခြင်းမေတ္တာ၏ အစိတ်အပိုင်းများ မရှိဟု သင် ပြောနေခြင်းလော”ဟု ပြောကြသည်။ ယင်းမှာ မှန်သလော။ (မမှန်ပါ။) ဘုရားသခင်တွင် ချစ်ခြင်းမေတ္တာ၏ အနှစ်သာရရှိသော်လည်း သူ၏ အဆင့်သုံးဆင့် အမှုတော်ကို ဘုရားသခင် လုပ်ဆောင်ခြင်း၏ အနှစ်သာရမှာ ချစ်ခြင်းမေတ္တာကြောင့်ဖြစ်သည်ဟု သင် ဆိုလျှင် ယင်းမှာ အလွန့်အလွန် မှားယွင်းပေသည်။ ထိုအရာသည် အသရေဖျက်ခြင်းနှင့် ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်က သူ၏ အဆင့်သုံးဆင့် အမှုတော်ကို လုပ်ဆောင်ရသည့် အဓိက အကြောင်းရင်းမှာ အဘယ်နည်း။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၊ ဘုရားသခင်၏ အလိုဆန္ဒများကြောင့်ဖြစ်ပြီး ဘုရားသခင် ပြီးမြောက်တော့မည့်အရာကြောင့် ဖြစ်သည်။ အရင်းအမြစ်က ဤအရာများတွင် တည်သည်၊ ချစ်ခြင်းမေတ္တာတွင်သာ မဟုတ်ပေ။ သူ၏ အဆင့်သုံးဆင့် အမှုတော် အတောအတွင်းတွင် ဘုရားသခင် ထုတ်ဖော်ပြသည့် စိတ်သဘောထား အနှစ်သာရတွင် ချစ်ခြင်းမေတ္တာ ပါဝင်သည်မှာ အမှန်ဖြစ်၏။ “ချစ်ခြင်းမေတ္တာ”၏ ခိုင်လုံသော သရုပ်သကန်များမှာ အဘယ်နည်း။ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းဖြစ်သည် မဟုတ်လော။ ပြီးလျှင် သနားကရုဏာ မဟုတ်လော။ ပြီးလျှင် လူတို့အပေါ် ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာ ပေးသနားခြင်း မဟုတ်လော။ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်း မဟုတ်လော။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း မဟုတ်လော။ ဤအရာအားလုံး ဖြစ်သည်။ ပြုပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ရိုက်နှက်ဆုံးမခြင်း၊ ဖော်ထုတ်ခြင်းနှင့် စိစစ်ခြင်း၊ စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်း စသည်တို့ အားလုံးက ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ဤချစ်ခြင်းမေတ္တာသည် အလွန့်အလွန် ပြီးပြည့်စုံသည်။ သို့သော် လူတို့က ချစ်ခြင်းမေတ္တာကိုသာ အသားပေးလျက် ဘုရားသခင်၏ အဆင့်သုံးဆင့် အမှုတော်ကို ချစ်လို့ လုပ်ဆောင်ခြင်းအဖြစ် ဘောင်ခတ်လျှင် ဤသည်မှာ တစ်ဖက်သတ်ဖြစ်လွန်း၏။ ဘုရားသခင်ကို ဘောင်ခတ်ခြင်း ဖြစ်သည်။ ဤစာကြောင်းများကို လူတို့ ကြားသည့်အခါ “ဘုရားသခင်က ချစ်ခြင်းမေတ္တာဖြစ်ပြီး အခြား မည်သည့်အရာမျှ မဟုတ်ပါ”ဟု တွေးကြလိမ့်မည်။ ဘုရားသခင်နှင့်ပတ်သက်၍ အထင်လွဲမှုများ ဖြစ်ပေါ်လိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ဤဓမ္မတေးသီချင်းက လူတို့ကို ဘုရားသခင်၏ မျက်မှောက်တော်ထဲသို့ အမှန်တကယ် မခေါ်ဆောင်ရုံမက ဆန့်ကျင်ဘက်အနေဖြင့် လူတို့ကို သူ့အား အထင်လွဲစေသည်။ “ချစ်လို့၊ ချစ်လို့”ဟု အမြဲ သီဆိုနေကြလျှင် လူတို့၌ မည်သည့် အခြေအနေမျိုး ဖြစ်ပေါ်လိမ့်မည်နည်း။ ယင်းက မည်သည့် ခံစားချက်မျိုး ဖြစ်ပေါ်စေလိမ့်မည်နည်း။ ဤခံစားချက်များက နောက်ဆုံးတွင် ဘုရားသခင်အပေါ် သိနားလည်ခြင်း ဖြစ်လိမ့်မည်လော၊ သို့မဟုတ် အထင်လွဲခြင်း ဖြစ်လိမ့်မည်လော။ ဤကိစ္စရပ်ကို အပြည့်အဝ နားမလည်နိုင်သည့်တိုင် ဤသို့ စကားပြောကာ သီချင်းဆိုဆဲဖြစ်လျှင် ယင်းမှာ ဖြစ်လိုသည့်အတွေးဖြစ်ကာ သာ၍ပင် ဆင်ခြင်တုံတရား မဲ့ပေသည်။ လူတို့သည် ဖြစ်လိုသည့် အတွေး၊ ဆင်ခြင်တုံတရားမဲ့ခြင်းနှင့် မိမိကိုယ်ကိုနှိမ့်ချခြင်း အခြေအနေတစ်ခုထဲသို့ ကျရောက်သည့်အခါ ယင်းမှာ ဒုက္ခပေးတတ်သည်။ ထိုသို့သော လူတို့သည် ဘုရားသခင်ကို မိမိတို့ စိတ်နှလုံးများတွင် အစစ်အမှန် ချီးမွမ်းနိုင်သလော။ မဖြစ်နိုင်ပေ။ ဤဓမ္မတေးသီချင်းက ဘုရားသခင်ကို အမှန်တကယ် မချီးမွမ်းပေ။ လူတို့ကို လမ်းလွဲစေနိုင်ရုံသာရှိ၏။

နောက်ကလိုက်လာသည့် သံပြိုင်အပိုဒ်ကို ကြည့်ကြစို့။ သံပြိုင်အပိုဒ်၊ ထိုသံပြိုင်အပိုဒ်က ယင်း၏ “ချီးမွမ်းခြင်း”ကို အထွတ်အထိပ်သို့ ရောက်စေသည့် နည်းလမ်းက စက်ဆုပ်စရာ ဖြစ်သည်။ “အို ဘုရားသခင်၊ ကိုယ်တော့်အမှုတော်နဲ့ ကိုယ်တော့်နှုတ်ကပတ်တော်မှာ ထုတ်ဖော်သမျှဟာ ချစ်ခြင်းမေတ္တာပါ”ဟူသည့် စာကြောင်းသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) မည်သည့် ပုံစံဖြင့် မမှန်ကန်သနည်း။ (ထိုအရာက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့ကို ပြဋ္ဌာန်းကြသည်။) မည်သည့်အရာအဖြစ်သို့ ယင်းတို့ကို ထိုအရာက ပြဋ္ဌာန်းသနည်း။ (ချစ်လို့ လုပ်ဆောင်ခြင်းအဖြစ်သို့သာ ဖြစ်သည်။) ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့် နှုတ်ကပတ်တော်များအားလုံးက သူ၏ စိတ်သဘောထားကို ထုတ်ဖော်ပြသည်။ ယင်းမှာ ဖြောင့်မတ်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းခြင်းနှင့်လည်းကောင်း သက်ဆိုင်ပေသည်။ ချစ်ခြင်းမေတ္တာသည် စိတ်ခံစားမှု သွင်ပြင်လက္ခဏာတစ်ခု၊ ခံစားချက်တစ်မျိုးထက် မပိုပေ။ ဘုရားသခင်၏ စစ်မှန်သော အနှစ်သာရ မဟုတ်ပေ။ ချစ်ခြင်းမေတ္တာကို ဘုရားသခင်၏ အနှစ်သာရအဖြစ် သရုပ်ဖော်ခြင်းသည် မှန်ကန်သလော။ ယင်းက ဘုရားသခင်ကို မည်သည့်အရာအဖြစ် မှတ်ယူခြင်း ဖြစ်မည်နည်း။ သူ့ကို အလွယ်တကူ အသုံးချခံရသည့် ပရဟိတဒါနရှင်နှင့် သဘောလွယ်သူတစ်ဦးအဖြစ် မှတ်ယူခြင်း ဖြစ်ပေမည်။ အဆုံးတွင် ဘုရားသခင်၏ အနှစ်သာရသည် မည်သည့်အရာနည်း။ (ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ သနားကရုဏာ၊ မေတ္တာကျေးဇူးတော်၊ အမျက်ဒေါသ၊ သာ၍ စေ့စပ်သည့် အချုပ်ဖော်ပြချက်တစ်ခု ဖြစ်သည်။) ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ကရုဏာနှင့် မေတ္တာကျေးဇူးတော်အပြင် ဘုန်းအာနုဘော်တော်နှင့် အမျက်ဒေါသဟူသည့် ဤအရာအားလုံးသည် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း ဖြစ်ပြီး ဘုရားသခင်၏ အနှစ်သာရကို ကိုယ်စားပြုသည်။ အကြင်သူသည် ဘုရားသခင့် အနှစ်သာရ၏ သွင်ပြင်လက္ခဏာတစ်ခုခုကို တစ်ဖက်သတ် သရုပ်ဖော်လျှင် ယင်းက ကျေးဇူးတော်ခေတ်ရှိ လူတို့အပေါ် တစ်ဖက်သတ်ဆန်သည့် သိနားလည်မှုကို ထင်ဟပ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် ၎င်းတို့၏ အတွေ့အကြုံသည် ၎င်းတို့၏ အသိပညာကဲ့သို့ပင် အကန့်အသတ်ရှိပြီး တစ်ဖက်သတ်ဆန်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အနှစ်သာရအပေါ် ၎င်းတို့၏ သိနားလည်မှုသည် ကျေးဇူးတော်ခေတ်ရှိ ဘုရားသခင်၏ အမှုတော်အပေါ် အခြေခံ၍ ထူးခြားသည့် သွင်ပြင်လက္ခဏာဆောင်ပြီး ၎င်းတို့၏ သရုပ်ဖော်ချက် တစ်ဖက်သတ်ဖြစ်ရခြင်းအတွက် အခြေခံအကြောင်းရင်း ဖြစ်စေသည်။ ဘုရားသခင်၏ အနှစ်သာရကို ဘုရားသခင်၏ အမှုတော် တစ်ပိုင်းတစ်စပေါ် အခြေခံ၍ သရုပ်ဖော်ခြင်းသည် တစ်ဖက်သတ်ဆန်လွန်းသည်။ အမှန်တရားများနှင့် ကိုက်ညီခြင်းမရှိသကဲ့သို့ ဘုရားသခင်၏ အနှစ်သာရမှ အလွန် သွေဖည်လွန်းလှပေသည်။

“အို ဘုရားသခင်၊ ကိုယ်တော့်မေတ္တာက မေတ္တာကျေးဇူးတော်နဲ့ သနားကရုဏာသာ မဟုတ်၊ ပြစ်တင်ဆုံးမခြင်းနဲ့ တရားစီရင်ခြင်းလည်း ပိုလို့တောင် ဖြစ်တယ်”ဟူသည့် ဒုတိယစာကြောင်းကို ကြည့်ကြစို့။ ဤသည်မှာ သဘောတရား ဖြစ်နေဆဲဖြစ်သည်။ စကားက မှန်ကန်သော်လည်း အယူဝါဒဖြစ်သည်။ ထို့ကြောင့် ထိုနေရာတွင် ထိုစာကြောင်းကို ထားရှိခြင်းက မည်သည့်အကျိုးမျှမရှိချေ။ ဤစာကြောင်းက သိရှိစေသည့်အရာကို သတိမပြုမိသည့်သူ တစ်ဦးတလေ ရှိသလော။ ဘုရားသခင်က အလွန်များစွာသော အမှုကို ဆောင်ရွက်ပြီးဖြစ်သည်။ ပြီးလျှင် လူအများစုက ဤအရာကို တွေ့ကြုံပြီးဖြစ်ကာ သိရှိကြသည်။ ထို့ကြောင့် ဤသည်မှာ အဓိပ္ပာယ်မရှိသကဲ့သို့ အနှစ်မဲ့သည့် စကားဖြစ်ကာ လူတို့ကို တည်ဆောက်ခြင်းက နည်းပါးသည်။ ဆက်ကြည့်သွားလျှင် “အို ဘုရားသခင်၊ ကိုယ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတို့ဟာ အစစ်မှန်ဆုံး မေတ္တာနဲ့ အကြီးမြတ်ဆုံး ကယ်တင်ခြင်းပါ” ဟူ၍ ဖြစ်သည်။ “အကြီးမြတ်ဆုံး ကယ်တင်ခြင်း”က မည်သည့်အရာကို ဆိုလိုသနည်း။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က သာမန် ကယ်တင်ခြင်း မဟုတ်ဘဲ အကြီးမြတ်ဆုံး ကယ်တင်ခြင်းဖြစ်သည်ကို ဆိုလိုသည်။ ဘုရားသခင်က တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုတော်ကို မလုပ်ဆောင်ခဲ့လျှင် လူသားမျိုးနွယ်ကို သူ၏ ရွေးနုတ်ခြင်းက အကြီးမြတ်ဆုံး ကယ်တင်ခြင်း ဖြစ်မည် မဟုတ်လော။ ပညတ်တရားကို သူ၏ ထုတ်ပြန်ခြင်းက အကြီးမြတ်ဆုံး ကယ်တင်ခြင်း ဖြစ်မည်မဟုတ်လော။ သင်သည် ပညတ်တရားများ ထုတ်ပြန်ခြင်းက ကယ်တင်ခြင်း၏ ပထမအဆင့်၊ ကားစင်တင်သတ်ခြင်းက ကယ်တင်ခြင်း၏ ဒုတိယအဆင့်ဖြစ်ပြီး တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းက အကြီးမြတ်ဆုံး ကယ်တင်ခြင်းဖြစ်သည့်အလား ဘုရားသခင်၏ အဆင့်သုံးဆင့် အမှုတော်ကို အဆင့်များအဖြစ်သို့ ခွဲလိုက်သည်။ ဤသည်မှာ အဓိပ္ပာယ်မရှိသောအရာ မဟုတ်လော။ ဤသို့သော အရာတစ်ခုကို ပြောသည်မှာ သင့်တင့်လျောက်ပတ်သလော။ ထိုအရာ မှန်ကန်သလော။ သင်သည် ဘာသာရေးသမားတစ်ဦးထံ ဤအနှစ်မဲ့သည့်စကားများကို ပြောလျှင် ယင်းတို့နှင့်ပတ်သက်၍ မည်သည့်ပြဿနာကိုမျှ ၎င်းတို့ တွေ့နိုင်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့ နားမလည်ကြ။ ၎င်းတို့ထံ သင် ပြောသည့် ဤအရာများထဲမှ တစ်ခုကိုမျှ ၎င်းတို့ ကြားဖူးကြလိမ့်မည်မဟုတ်။ ယင်းတို့ကို သိကြလိမ့်မည် မဟုတ်။ ထိုအရာအားလုံးက အသစ်ဖြစ်သည်၊ မူရင်းဖြစ်ပြီး အတော်လေး ကောင်းသည်ဟု ၎င်းတို့ တွေးထင်ကြလိမ့်မည်။ သို့သော် သမ္မာတရား နားလည်သောသူ တစ်စုံတစ်ဦးထံ ထိုစကားများကိုပင် သင် ပြောလျှင် ဤအရာများက အနှစ်မဲ့သော စကားများနှင့် အကျဉ်းချုပ်ထားသော အယူဝါဒများဖြစ်ကာ တစ်ဦးတလေ၏ ပဓာနကျသော သို့မဟုတ် အတွေ့အကြုံဆိုင်ရာ သိနားလည်မှု ကင်းမဲ့သည်ကို ၎င်းတို့ ချက်ချင်း သဘောပေါက်ကြလိမ့်မည်ဖြစ်သည်။ ဆက်ကြည့်သွားလျှင် “ကိုယ်တော်ရဲ့ သန့်ရှင်းပြီး ဖြောင့်မတ်တဲ့ မေတ္တာကို ကျွန်ုပ်တို့ သက်သေခံပါမယ်” ဟု ဆိုသည်။ ဤနေရာတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သန့်ရှင်းပြီး ဖြောင့်မတ်သော ချစ်ခြင်းမေတ္တာအဖြစ် သရုပ်ဖော်ထားသည်။ ဓမ္မတေးသီချင်းရေးသူက ဘုရားသခင်၏ အနှစ်သာရက သန့်ရှင်းပြီး ဖြောင့်မတ်ကြောင်း ဖော်ပြရမည့်အစား ဘုရားသခင်က လူကို ချစ်သင့်ကြောင်း ထောက်ခံလျက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက သန့်ရှင်းပြီး ဖြောင့်မတ်ကြောင်း ဖော်ပြသည်။ ထိုအရာများက ဆိုလိုသည်မှာ ဘုရားသခင်သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မဖော်ပြသင့်သကဲ့သို့ အမျက်ဒေါသနှင့် ဘုန်းအာနုဘော်တော်တို့ကို မဖော်ပြသင့်ဟူ၍ ဖြစ်သည်။ သူ၏ ချစ်ခြင်းမေတ္တာ ဖော်ပြချက်သာ မှန်ကန်ပြီး ထိုချစ်ခြင်းမေတ္တာသည် သန့်ရှင်းကာ ဖြောင့်မတ်သည်။ ထို့နောက် ဆက်တိုက်ဆိုသလို “ကိုယ်တော် ထာဝရချီးမွမ်းခြင်းကို ခံထိုက်တယ်”ဟု ဆိုသည်။ ဓမ္မတေးရေးသူက အဘယ်ကြောင့် ဘုရားသခင်ကို ချီးမွမ်းသနည်း။ လူကို ဘုရားသခင်က ချစ်သောကြောင့်သာ ဘုရားသခင်ကို ၎င်းတို့ ချီးမွမ်းကြခြင်း ဖြစ်သည်။ ဤစကားလုံးများ၌ရှိသော ပြဿနာသည် ကြီးမားသည့် ပြဿနာတစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) ဤနေရာတွင် ပြဿနာကြီးတစ်ခုရှိသည်ဟု ငါတို့ အဘယ်ကြောင့် ပြောသနည်း။ (အဘယ်ကြောင့်ဆိုသော် ထိုအရာက ကိစ္စရပ်များကို လူသား အယူအဆများနှင့် စိတ်ကူးများအတိုင်း ရှုမြင်ခြင်းဖြစ်သောကြောင့် ဖြစ်သည်။ ထိုအရာက ဘုရားသခင်ကို သိနားလည်ခြင်း ကင်းမဲ့ပြီး သူ့ကို ဘောင်ခတ်ရန် ကြိုးစားသည်။) ဤသည်မှာ ဘုရားသခင်ကို ဘောင်ခတ်ခြင်း ဖြစ်သည်။ သမ္မာတရားကို သိနားလည်ခြင်းမရှိသကဲ့သို့ ဘုရားသခင်အပေါ် စစ်မှန်သည့် အသိကင်းမဲ့သည့်တိုင် အကျဉ်းချုပ်ရန် ကြိုးပမ်းသဖြင့် သင်၏ အကျဉ်းချုပ်ဖော်ပြချက်သည် ဘုရားနှုတ်ကပတ်တော်များနှင့် မကိုက်ညီသကဲ့သို့ သမ္မာတရားနှင့် အလှမ်းဝေးပြီး လူတို့ကို အတော်ကလေးပင် လမ်းလွဲစေသည်။ ဤသည်မှာ ဘုရားသခင်ကို ဝေဖန်သည့် သဘောသက်ရောက်သည်။ ဤဓမ္မတေးသီချင်း၏ ပထမအပိုဒ်ကို သီဆိုခြင်းမှ မည်သည့်အရာကို လူတို့ ရရှိနိုင်သည်ဟု သင် တွေးထင်သနည်း။ (ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများကို သူတို့ ရရှိကြလိမ့်မည်။) မည်သည့် အယူအဆများနည်း။ (ဘုရားသခင်က ချစ်ခြင်းမေတ္တာဖြစ်ကြောင်းနှင့် ဘုရားသခင်တွင် ချစ်ခြင်းမေတ္တာသာရှိပြီး အခြား မည်သည့်အရာမျှမရှိဟု သူတို့ ယုံကြည်ကြလိမ့်မည်။) လူတို့က ဤသို့ ခံစားခြင်းသည် မည်သည့်အရာ မှားယွင်းသနည်း။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက လူတို့ကို ဝန်းရံကာ အတူပါရှိလျက် ၎င်းတို့က ဘုရားမေတ္တာ၏ ထွေးပွေ့မှုတွင် အသက်ရှင်ကြရာတွင် မည်သည့်အရာ မှားယွင်းသနည်း။ လူတို့က ဘုရားသခင်၏ မေတ္တာနှင့် ဂရုစိုက်မှု အပြည့်အဝ မွေ့လျော်ခံစားခြင်းသည် မည်သည့်အရာ မှားယွင်းသနည်း။ (ဘုရားသခင်ကို ဤသို့ သိနားလည်ခြင်းသည် တစ်ဝက်တစ်ပျက် ဖြစ်လွန်းသည်။ အကြောင်းမှာ ဘုရားသခင်၏ စိတ်သဘောထားအတွင်းတွင် ချစ်ခြင်းမေတ္တာသာမဟုတ်ဘဲ အခြားအရာများ ရှိသောကြောင့် ဖြစ်သည်။) တစ်ဝက်တစ်ပျက်သာ ဖြစ်သလော။ တိကျစွာ ပြောရလျှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကိုသာ သိရှိခြင်းသည် လူအတွက် အလွန် အနှစ်မဲ့သည်။ ထိုအရာသည် အနှစ်မဲ့ကာ တစ်ဖက်သတ်ဆန်သည့်၊ အယူအဆဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာ ခံစားချက်မျိုး ဖြစ်သည်။ ဤအရာကို စဉ်းစားကြည့်လော့။ ဘုရားသခင်က ချစ်ခြင်းမေတ္တာဖြစ်သည်ဟူသည်ကို ယုံကြည်ခြင်းနှင့် သိခြင်းက လုံလောက်သည်ဟု လူတို့ တွေးထင်လျှင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံသည့်အခါ စစ်မှန်သော ကျိုးနွံနာခံမှုအား စွမ်းဆောင်ရရှိရန် ၎င်းတို့အတွက် လွယ်ကူလိမ့်မည်လော။ (လွယ်ကူမည် မဟုတ်ပါ။) သို့သော် ၎င်းတို့က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အခြေခံအုတ်မြစ်တစ်ခုအဖြစ် ရှိကြသည်။ အဘယ်ကြောင့် ကျိုးနွံနာခံရန် မလွယ်ကူမည်နည်း။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဤသို့ သက်သေခံခြင်းသည် လူတို့အား တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရန် လွှမ်းမိုးလိမ့်မည်လော။ (လွှမ်းမိုးလိမ့်မည် မဟုတ်ပါ။) သို့ဆိုလျှင် ငါ့ကို ပြောလော့၊ မည်သည့် တကယ့် အခြေအနေနှင့် လက်တွေ့ကျသော အခက်အခဲများ ပါဝင်သနည်း။ (ဘုရားသခင်က ချစ်ခြင်းမေတ္တာဖြစ်သည်ဟု လူတို့ အမြဲ တွေးကြသောကြောင့် နေ့စဉ် ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ခံစားချင်ကြသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က လူတို့အား ဇာတိပကတိဆိုင်ရာ ဆင်းရဲဒုက္ခ ခံစားရစေသည့်အခါ ဘုရားသခင်က သူတို့ကို မချစ်ဟု တွေးထင်ကြသည်။ ထို့ကြောင့် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံပြီး ကျိုးနွံနာခံရန် သူတို့အတွက် ခက်ခဲလာသည်။) ဆက်ပြောလော့။ အခြားတစ်ခုခု ရှိသေးသလော။ (ဘုရားသခင်က ချစ်ခြင်းမေတ္တာဖြစ်သည်ဟု လူတို့ ယုံကြည်ကြသောကြောင့် ဘုရားသခင်ကို သူတို့ ပုန်ကန်ကာ သစ္စာဖောက်သည့်အခါ ဘုရားသခင်က သူတို့ကို ချစ်နေဆဲဖြစ်ပြီး သူတို့ကို သနားကရုဏာနှင့် ခွင့်လွှတ်ခြင်းတို့ကို ပြလိမ့်မည်ဟု ဆုံးဖြတ်ကြလိမ့်မည် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် သူတို့သည် နောင်တရဖို့ အားထုတ်ကြလိမ့်မည် မဟုတ်ပါ။) လူတို့သည် ဘုရားသခင်က ၎င်းတို့ကို အထူးသဖြင့် ချစ်ကာ မျက်နှာသာပေးသည်ဟူသည့် ၎င်းတို့ စိတ်ကူးပေါက်ရာ လက်ခံယူဆကြသည့် အခြေအနေတစ်ခုတွင် အမြဲ အသက်ရှင်နေကြလျှင် ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိသည်ဟူသည့် အချက်ကို လက်ခံနိုင်ကြသလော။ ဘုရားနှုတ်ကပတ်တော်များတွင် ဖော်ထုတ်ထားသည့် လူ၏ အမျိုးမျိုးသော အခြေအနေများနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့ကို ၎င်းတို့ လက်ခံနိုင်ကြသလော။ (လက်မခံနိုင်ကြပါ။) ထိုအခြေအနေမှ ကျိုးနွံနာခံသည့် အခြေအနေတစ်ခုဆီသို့ သွားရန်၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရန် ၎င်းတို့အတွက် ခက်ခဲပေသည်။ ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့၏ အပြစ်ဖြေရာယဇ် အမြဲ ဖြစ်လိမ့်မည်ဖြစ်ကြောင်းနှင့် ၎င်းတို့အတွက် ဤအပြစ်ဖြေရာယဇ်သည် ချစ်ခြင်းမေတ္တာ ပုံစံတစ်ခု၊ မကုန်ခမ်းနိုင်သကဲ့သို့ မဆုံးနိုင်သည့် ချစ်ခြင်းမေတ္တာတစ်ခုဖြစ်ကြောင်း ယုံကြည်လျက် ကျေးဇူးတော်ခေတ်တွင် ပိတ်မိရုံသာ ရှိနေနိုင်သည်။ ၎င်းတို့က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဤသို့ နားလည်လျှင် အကျိုးဆက်က မည်သည့်အရာ ဖြစ်မည်နည်း။ ဘာသာတရားထဲရှိ လူများကဲ့သို့ ဖြစ်ပေမည်။ ၎င်းတို့သည် မိမိတို့ မည်သို့ အပြစ်ပြုသည်ကို ဂရုမစိုက်ကြ။ ညတွင် မိမိတို့၏ ဆုတောင်းချက်များကိုသာ ဆိုကြပြီး၊ မိမိတို့၏ အပြစ်များကို ဝန်ချကာ ထိုမျှနှင့် ပြီးကြသည်။ ဘုရားသခင်က ၎င်းတို့ကို ဆက်လက် ခွင့်လွှတ်လိမ့်မည်ဖြစ်ပြီး သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်ကို ဆက်ပေးသနားလိမ့်မည်ဖြစ်ကာ ကျေးဇူးတော် ပေးလိမ့်မည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဤအရာက ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိကြောင်း ဝန်ခံရန်၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရန်၊ ဘုရားသခင်၏ အမှုတော်ကို ကျိုးနွံနာခံကာ သူ၏ ကယ်တင်ခြင်းကို ရရှိနိုင်သည့် အခြေအနေကို ရောက်ရှိရန် ၎င်းတို့အတွက် ခက်ခဲစေသည်။ ဤအခြေအနေတွင် ရှိနေသည့် လူတို့အတွက် ဂယက်ရိုက်မှုက မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ဘုရားသခင်က အမှုသစ်ကို လုပ်ဆောင်ရန် တစ်ဖန် ကြွလာသည့်အခါ သူ့ကို ၎င်းတို့ အတိုက်အခံလုပ်ကာ ငြင်းပယ်ကြလိမ့်မည်လော။ (ငြင်းပယ်ကြလိမ့်မည်။) သို့ဆိုလျှင် ဘုရားသခင်၏ ပြန်ကြွလာခြင်းကို ၎င်းတို့ ကြိုဆိုနိုင်ကြလိမ့်မည်လော။ ဘာသာရေးလောကသည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို အဘယ်ကြောင့် လက်မခံနိုင်သနည်း။ ဘုရားသခင်အပေါ် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် သိနားလည်မှုတစ်ခုကြောင့်သာ ဖြစ်သည် မဟုတ်လော။ ဤသည်မှာ အဆိုးရွားဆုံး ဂယက်ရိုက်မှုတစ်ခု ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို မသိလျှင် သူ့ကို ကျိုးနွံနာခံရန် ၎င်းတို့အတွက် အလွန် ခက်ခဲလိမ့်မည်။ ဤအချက်က မည်သည့်အရာကို ပြသနည်း။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြောင်းနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်ကာ ပုန်ကန်ခြင်း၊ ဘုရားသခင်နှင့် သဟဇာတမဖြစ်ခြင်းသည် ၎င်းတို့၏ ပင်ကို အလေ့အထရှိခြင်း ဖြစ်ကြောင်းကို ပြသည်။ လူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အချိန်တိုင်း ဆန့်ကျင်နိုင်စွမ်းရှိကြပြီး သမ္မာတရားကို အချိန်တိုင်း ဆန့်ကျင်နိုင်စွမ်း ရှိကြသည်။ လူတို့၏ သဘာဝနှင့် ပင်ကို အလေ့အထရှိခြင်းတို့သည် သမ္မာတရားကို မနှစ်သက်ရန် ဖြစ်သည်။ ၎င်းတို့၏ ပင်ကို အလေ့အထရှိခြင်းက ဘုရားသခင်ကို အတိုက်အခံလုပ်ကာ ပုန်ကန်ရန် ဖြစ်သည်။ ထိုသို့သော လူတစ်ဦးက ဘုရားသခင်က ချစ်နိုင်သလော။ (မချစ်နိုင်ပါ။) ၎င်းတို့ကို ဘုရားသခင် ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ၎င်းတို့ ထိုက်တန်သည်ဖြစ်စေ၊ မထိုက်တန်သည်ဖြစ်စေ ထိုသို့သော လူတစ်ဦးကို ချစ်ရန် ဘုရားသခင်က အားထုတ်၍ကို မရနိုင်ပေ။ ဤသည်မှာ အမှန်တရားတစ်ခု မဟုတ်လော။

ဘုရားသခင်က တရားစီရင်ခြင်း အမှုကို လုပ်ဆောင်ရန်လည်းကောင်း၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အနှစ်သာရကို ဖော်ထုတ်ရန် အစပြုသည့် အချိန်ကာလမှသည် မျက်မှောက်အချိန်ထိတိုင် ဘုရားသခင်က သမ္မာတရားကို ဖော်ပြနေပြီး ဖြစ်သည်။ လူသားမျိုးနွယ်ကို ကယ်တင်ရန် နှုတ်ကပတ်တော်များစွာကို သူ ပြောဆိုပြီးဖြစ်ကာ ပြင်းထန်သည့် တရားစီရင်ခြင်း နှုတ်ကပတ်တော် များစွာကိုလည်း မိန့်မြွက်ပြီး ဖြစ်သည်။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ စစ်မှန်သော သဘောထားကို သင်တို့ သိမြင်နိုင်ကြသလော။ အဆုံးတွင် လူသားမျိုးနွယ်ကို ဘုရားသခင်က ချစ်သလော၊ သို့မဟုတ် မုန်းသလော။ “ဘုရားသခင်က အာဒံနှင့် ဧဝတို့ကို သားရေဖြင့် လုပ်ထားသည့် အဝတ်အစားများကို ပေးသည့်အချက်မှနေ၍ ဘုရားသခင်က လူတို့ကို ချစ်ကြောင်းနှင့် လူသားမျိုးနွယ်အပေါ် သူ၏ သဘောထားမှာ ချစ်ခြင်းမေတ္တာနှင့် ဆိုင်သည့် သဘောထားဖြစ်ကြောင်းကို ကျွန်ုပ် တွေ့ရှိပြီးဖြစ်သည်။ အမုန်းတရား မရှိပါ”ဟု ပြောသည့် သူအချို့ ရှိသည်။ အမှုအရာများကို ဤသို့ နားလည်သဘောပေါက်ခြင်းက မှန်ကန်သလော။ (မမှန်ပါ။) ထိုအရာနှင့် ပတ်သက်၍ မည်သည့်အရာ မှားယွင်းသနည်း။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ အမျိုးမျိုးသော တာဝန်များ၊ အလုပ်များနှင့် ဝတ္တရားများကို ဘုရားသခင်က လူကို ချစ်သောကြောင့်လည်းကောင်း၊ လူက ချစ်ဖွယ်ဖြစ်သောကြောင့်၊ ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်ကာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်သောကြောင့်လည်းကောင်း ဘုရားသခင်က လုပ်ဆောင်သည့်အလား ထိုအရာက မှတ်ယူလေသည်။ ဤသည်မှာ အမှုအရာများအပေါ် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် သဘောပေါက်နားလည်နည်းတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင် လုပ်ဆောင်သမျှသည် တာဝန်နှင့် ဝတ္တရားမှ လုပ်ဆောင်ခြင်းဖြစ်ပြီး သူ၏ အနှစ်သာရကြောင့်လည်း ဖြစ်သည်။ ဦးစွာ ပထမ သူ၏ အစီအစဉ်ကြောင့်ဖြစ်သည်။ ထို့နောက်တွင် သူ၏ ဝတ္တရားကြောင့် ဖြစ်သည်။ ဤဝတ္တရားကို ဘုရားသခင် ဖြည့်ဆည်းစဉ်တွင် သူ၏ အနှစ်သာရကို ထုတ်ဖော်ပြသကဲ့သို့ စိတ်သဘောထားကို သူ ထုတ်ဖော်ပြသည်မှာ အမှန်ဖြစ်၏။ သို့ဆိုလျှင် သူ၏ စိတ်သဘောထား အနှစ်သာရမှာ အဘယ်နည်း။ ယင်းမှာ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ဘုန်းအာနုဘော်နှင့် ပုန်ကန်ပြစ်မှားမရနိုင်ခြင်း ဖြစ်သည်။ ထိုသို့သော စိတ်သဘောထားနှင့် အနှစ်သာရဖြင့် စာတန်၏ အလွန် ပြင်းထန်စွာ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည့် လူသားမျိုးနွယ်နှင့် ထိပ်တိုက်တွေ့ရလျက် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ အမှန်ကန်ဆုံး သဘောထားနှင့် အတွေးများမှာ မည်သည့်အရာများ ဖြစ်သင့်သနည်း။ ယင်းတို့မှာ သူက လူသားမျိုးနွယ်ကို အလွန် ချစ်မြတ်နိုးလှသည်မှာ ၎င်းတို့နှင့် မခွဲနိုင်ခြင်းဟူ၍ ဖြစ်သင့်သလော။ (တာဝန်တစ်ခု ပိုဖြစ်သင့်ပါသည်။) သူ၏ တာဝန်သည် သူ၏ အမှုတော် ဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို အစွန်းရောက်သည်အထိ ချစ်မြတ်နိုးလျက် အလွန်ပင် မေတ္တာထားသည်မှာ သူတို့နှင့် မခွဲနိုင်မခွာရက်ဖြစ်သည်အထိ ဟူ၍ မဟုတ်ပေ။ သူသည် ၎င်းတို့အတွက် ချစ်ခြင်းမေတ္တာဖြင့် မွှန်ထူနေခြင်းမရှိသကဲ့သို့ သူ၏ မျက်ဆန်ကဲ့သို့ ၎င်းတို့ကို တန်ဖိုးထားခြင်းလည်း မရှိပေ။ ထိုသို့သော လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ စစ်မှန်သော သဘောထားမှာ ရိုးတွင်းခြင်ဆီထိ စက်ဆုပ်သည့် သဘောထားတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် ဤဓမ္မတေးသီချင်းက ရိုးတွင်းခြင်ဆီထိ စက်ဆုပ်ဖွယ်ဖြစ်သည်ဟု ငါ အဘယ်ကြောင့် ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ထိုအရာက လူတို့၏ ဖြစ်ချင်သော အတွေးကို ဖော်ပြသောကြောင့် ဖြစ်သည်။ ဘုရားသခင်တွင် ချစ်ခြင်းမေတ္တာရှိသည်။ ထို့ကြောင့် လူသည် ချစ်ခင်နှစ်လိုဖွယ်ဖြစ်ပြီး ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်သောကြောင့် ဤအရာအားလုံးကို သူ လုပ်ဆောင်ခြင်းဖြစ်သည်ဟု လူတို့က တွေးထင်ကြသည်။ သင်သည် မှားယွင်းပြီး အလွန် စိတ်အလိုလိုက်စွာ တွယ်တာသည်။ ဘုရားသခင်က ဤအရာအားလုံးကို သူ၏အစီအစဉ်နှင့် တာဝန်ကြောင့် လုပ်ဆောင်ခြင်း ဖြစ်သည်။ ပြီးလျှင် ဤအရာအားလုံးကို လုပ်ဆောင်ရာတွင် ဘုရားသခင် ထုတ်ဖော်ပြသည့် စိတ်သဘောထား အနှစ်သာရမှာ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်း ဖြစ်သည်။ ဘုရားသခင်က မည်သည့်အရာကို ထုတ်ဖော်ပြသည်ဖြစ်စေ၊ ဘုရားသခင်၏ အနှစ်သာရ၌ ချစ်ခြင်းမေတ္တာရှိပြီး လူသားမျိုးနွယ်ကို ဘုရားသခင် လုပ်ဆောင်သည့်အရာမှာ ဘုရားသခင်၏ အနှစ်သာရတွင် ချစ်ခြင်းမေတ္တာ ရှိရုံကြောင့် ဖြစ်သည်မှာ အမှန်ဖြစ်၏။ သို့သော် ဘုရားသခင်သည် လူတို့ကို သူ၏ ခံစားချက်အရဖြစ်သော အလိုတော်ဖြင့် မချစ်ပေ။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို သူ မချစ်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို သူ မုန်းသည်။ ဘုရားသခင်က နောက်ဆုံးသော ကာလတွင် တရားစီရင်ခြင်းအမှုကို အဘယ်ကြောင့် လုပ်ဆောင်သနည်း။ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်ကို ဖော်ထုတ်ရာတွင် ဘုရားသခင်သည် အဘယ်ကြောင့် ဤသဘောထားရှိသနည်း။ ဤသည်ကို ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားဖြင့် ဆုံးဖြတ်ထားခြင်းဖြစ်သည့်အပြင် လက်တွေ့ကျသည့် ပြဿနာတစ်ခုကို ဤအရာက ဖော်ပြနိုင်ဆဲဖြစ်သည်။ လူသားမျိုးနွယ်သည် စာတန်၏ တန်ခိုးအောက်တွင် အသက်ရှင်ကြပြီး စာတန်၏ နောက်လိုက်များနှင့် ကိုးကွယ်သူများသာ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံခြင်း မရှိသကဲ့သို့ ကိုးကွယ်ခြင်းမရှိကြပေ။ ၎င်းတို့သည် သူ၏ ရန်သူများ ဖြစ်ကြ၏။ ဘုရားသခင်က သူ၏ ရန်သူများကို ချစ်နိုင်သလော။ (မချစ်နိုင်ပါ။) ဘုရားသခင်က ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြပြီး ဘုရားသခင်တွင် ချစ်ခြင်းအနှစ်သာရ ရှိသော်လည်း သူသည် ချစ်လို့ ဤအရာအားလုံးကို လုပ်ဆောင်ခြင်း မဟုတ်ပေ။ ဤအရာအားလုံးကို ဘုရားသခင်က ချစ်လို့ လုပ်ဆောင်သည်ဟု သင် ထင်လျှင် ယင်းမှာ လုံးဝ မှားယွင်းပြီး အရှက်မဲ့သည့် အတွေးတစ်ခုဖြစ်ကြောင်း အမှန်တရားကို သင့်ကို ငါ ပြောနေခြင်းဖြစ်သည်။ ယင်းမှာ သင် တွေးထင်သည့်အရာဖြစ်လျှင် သင်သည် ဘုရားသခင်ကို အသရေဖျက်နေခြင်း ဖြစ်သည်။ မိမိကိုယ်ကို အလွန်ကျေနပ်အားရမနေနှင့်၊ လွန်လွန်ကဲကဲ စိတ်ကူးမယဉ်နှင့်။ လူအချို့က “ဘုရားသခင်သည် ချစ်လို့ ဤအရာအားလုံးကို မလုပ်ဆောင်ခဲ့ပါ။ ထို့ကြောင့် ထိုသဘောအရ ဘုရားသခင်၏ အနှစ်သာရတွင် ချစ်ခြင်းမေတ္တာ မရှိလေသလော”ဟု ပြောကြသည်။ ယင်းမှာ မှန်သလော။ (မမှန်ပါ။) မည်သည့်နေရာတွင် မှားသနည်း။ (ဘုရားသခင်သည် သူ၏ စိတ်သဘောထားတွင် မေတ္တာကျေးဇူးတော်နှင့် သနားကရုဏာရှိသည်။) ဘုရားသခင်တွင် ချစ်ခြင်းမေတ္တာရှိသော်လည်း သူသည် လက်လွတ်စပယ် မချစ်ပေ။ ဘုရားသခင်သည် ဖြောင့်မတ်ပြီး သန့်ရှင်းသည်။ စာတန်၏ အလွန်ပြင်းထန်စွာ ဖောက်ပြန်ပျက်စီးစေခြင်းခံရသည့် လူသားမျိုးနွယ်ကို ချစ်ရန် သူ့အတွက် မဖြစ်နိုင်ပေ။ အမှန်တွင် ဘုရားသခင်က ဤလူသားမျိုးနွယ်ကို စက်ဆုပ်ပြီး မုန်းတီးသည်။ လူအချို့က “ဘုရားသခင်သည် ဤလူသားမျိုးနွယ်ကို စက်ဆုပ်ပြီး မုန်းသည့်အတွက် ၎င်းတို့အပေါ် ဤအမှုအားလုံးကို သူ လုပ်ဆောင်သေးသနည်း”ဟု မေးကြသည်။ ဘုရားသခင်တွင် စီမံခန့်ခွဲမှု အစီအစဉ်တစ်ခု ရှိပြီး သူသည် ဤတာဝန်ကို ယူကာ ဖြည့်ဆည်းရန် လိုလားနေသည်။ ထို့ကြောင့် ဤအမှုကို သူ လုပ်ဆောင်လိမ့်မည် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ လုပ်ပိုင်ခွင့်ဖြစ်ပြီး လူက ဝင်ရောက်မစွက်ဖက်နိုင်ပေ။ ဘုရားသခင်တွင် ဤတန်ခိုးအာဏာရှိပြီး ဤစီမံခန့်ခွဲမှု အစီအစဉ်ကို ပြီးစီးစေရန် ဩဇာအာဏာလည်း ရှိသည်။ ထိုစီမံခန့်ခွဲမှု အစီအစဉ်၏ နောက်ဆုံး အကျိုးခံစားသူမှာ လူသားမျိုးနွယ်ဖြစ်သည်၊ သင်တို့အားလုံး ဖြစ်သည်။ လူက ထိုသို့သော အကျိုးကျေးဇူးများကို ခံစားပြီး ထိုသို့သော ကြီးမားသည့် ကောင်းချီးများကို ရရှိသင့်သည်မှာ အတော်လေး အရေးပါသည့်အရာ ဖြစ်နှင့်နေပေသည်။ ဘုရားသခင်အပေါ် မတောင်းဆိုနှင့်။ “ကိုယ်တော့်ထံတွင် ချစ်ခြင်းမေတ္တာ ရှိသည့်အတွက်ကျွန်ုပ်တို့ကို ကိုယ်တော် ချစ်ရမည်”ဟူ၍ ဖြစ်သည်။ မည်သည့် အကြောင်းရင်းအတွက် သင့်ကို ချစ်ရမည်နည်း။ ဘုရားသခင်က သင့်ကို ရွေးချယ်ပြီးသောကြောင့်လော။ ထိုအရာ မဖြစ်နိုင်ပေ၊ ဖြစ်နိုင်သလော။ သင်၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကြောင့်လော။ သင်နှင့်ပတ်သက်၍ မည်သည့်အရာက အလွန်ချစ်ခင်နှစ်လိုဖွယ်ဖြစ်သနည်း။ သင်သည် ဘုရားသခင်ကို သစ္စာဖောက်သောကြောင့်လော။ ဘုရားသခင်ကို သင် ပုန်ကန်သောကြောင့်လော။ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် သင် ပြည့်နှက်နေသောကြောင့်လော။ ဘုရားသခင်ကို သင် ဆန့်ကျင်သောကြောင့်လော။ အချိန်တိုင်း ဘုရားသခင်ကို သင် အတိုက်အခံလုပ်သောကြောင့်လော။ ဤအရာအားလုံးဖြင့် ဘုရားသခင်က သင့်ကို ချစ်နိုင်သေးသလော။ သူ့ကို အတိုက်အခံလုပ်သောသူတို့ကို ဘုရားသခင် ချစ်နိုင်သေးသလော။ နတ်ဆိုးများနှင့် စာတန်ကို သူ ချစ်နိုင်သေးသလော။ သူ့ကို အတိုက်အခံလုပ်သောသူများကို ဘုရားသခင် ချစ်နိုင်သေးကြောင်းနှင့် နတ်ဆိုးများနှင့် စာတန်ကို သူ ချစ်နိုင်သေးကြောင်း သင် ပြောလျှင် ဤသည်မှာ ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း မဟုတ်လော။ သင်တို့၏ အမြင်တွင် ဘုရားသခင်သည် နတ်ဆိုးများနှင့် စာတန်ကို ချစ်နိုင်သလော။ သူ၏ ရန်သူများကို ဘုရားသခင် ချစ်နိုင်သလော။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် လုပ်ဆောင်သည့်အရာကို ဘုရားသခင်က အရမ်းကာရော ပြုမူသည့် နည်းလမ်းဖြင့် ချစ်နိုင်သလော။ လုံးဝ မချစ်နိုင်ပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက စည်းမျဉ်းနှင့်ညီသည်။ ထို့ကြောင့် လူ၏ စိတ်ကူးစိတ်သန်းရှိ ဤချစ်ခြင်းမေတ္တာသည် မတည်ရှိပေ။ ထိုအရာသည် ဖြစ်ချင်သည့် အတွေးနှင့် လွန်ကဲသော စိတ်ကူးယဉ်ဆန်သည့် အတွေးသက်သက် ဖြစ်သည်။ ထိုအရာသည် လူ၏ အယူအဆများနှင့် သက်ဆိုင်ပြီး အမှန်တရားများနှင့် လုံးဝ မကိုက်ညီသောကြောင့် ဤနေရာတွင် ထိုအရာကို ငါ ရှင်းရမည်။ ဘုရားသခင်သည် အဘယ်ကြောင့် သင့်ကို မချစ်သနည်း။ (အဘယ်ကြောင့်ဆိုသော် လူ၏ စိတ်သဘောထားက လုံးလုံးလျားလျား ဖောက်ပြန်ပျက်စီးပြီး သူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် မထိုက်တန်သောကြောင့် ဖြစ်သည်။) “ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် မထိုက်တန်”ဟူသည်မှာ ကြားရသည်မှာ အဖန်တစ်ရာတေနေပြီဖြစ်သည့် စကားရပ်တစ်ခု ဖြစ်သည်။ ဘုရားသခင်က သင့်ကိုဖန်ဆင်းခဲ့ရုံဖြင့် သင့်ကို ချစ်ရမည်လော။ ထိုအရာမှာ မမှန်ကန်ပေ။ ဟုတ်ပါသလော။ ဘုရားသခင်သည် အရာခပ်သိမ်းနှင့် စကြဝဠာတစ်ခုလုံးကို ဖန်ဆင်းခဲ့သည်။ သူသည် တစ်ခုမကျန် အားလုံးကို သေချာပေါက် ချစ်ရမည်လော။ ဘုရားသခင်က သင့်ကို ချစ်ရန် ရွေးချယ်နိုင်ပြီး သင့်ကို မချစ်ရန်လည်း ရွေးချယ်နိုင်သည်။ ယင်းမှာ ဘုရားသခင်၏ လုပ်ပိုင်ခွင့်ဖြစ်သည်။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ နောက်ထပ် အမှန်တရားမှာ ဘုရားသခင်ကို သင့်အား ချစ်စေလိုလျှင် သူ၏ ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်သည့် တစ်စုံတစ်ရာကို သင် လုပ်ဆောင်ရမည်။ သူ၏ ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်သည့်အရာ တစ်ခုတလေကို သင် လုပ်ဆောင်ပြီးပြီလော။ ဘုရားသခင်ကို နှစ်သက်စေသည့် အပြုအမူ၊ လူ့သဘာဝ သို့မဟုတ် စိတ်သဘောထားတစ်ခု သင် ပိုင်ဆိုင်သလော။ (မပိုင်ဆိုင်ပါ။) ဘုရားသခင်ကို ယုံကြည်သည့် ပထမပိုင်း နှစ်အနည်းငယ်တွင် မဟုတ်ဘဲ နောက်ပိုင်းနှစ်ကာလများတွင် လူအချို့က ဤအပြုအမူအချို့ကို ပြကောင်းပြသနိုင်သည်။ မိမိတာဝန်ကို ထမ်းဆောင်ကာ အလုပ်လုပ်ရာတွင် ဝတ်ကျေတမ်းကျေဖြစ်ခြင်းများ လျော့နည်းသည်ထက် လျော့နည်းလာခြင်း၊ စည်းမျဉ်းများကို ရှာဖွေနိုင်ခြင်း၊ လိုက်နာပြီး ကျိုးနွံနာခံရန် သင်ယူခြင်းနှင့် ထင်ရာမြင်ရာ မပြုမူမဆောင်ရွက်ခြင်း၊ တစ်စုံတစ်ရာနှင့် ထိပ်တိုက်တွေ့သည့်အခါ စိတ်ကူးများနှင့် အယူအဆများပေါ် အမှီမပြုခြင်း၊ ဘုရားသခင်ထံ ဆုတောင်းကာ ရှာဖွေနိုင်ခြင်း၊ ညီအစ်ကို မောင်နှမများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် သူတို့နှင့် မိတ်သဟာယပြုရန် ပို၍ မကြာခဏ ကြိုးစားခြင်းအပြင် သာ၍နှိမ့်ချပြီး စည်းကမ်းတင်းကျပ်သော စိတ်နေစိတ်ထားတစ်ခု ရှိခြင်း၊ ၎င်းတို့အနေဖြင့် ဘုရားအိမ်တော်က ၎င်းတို့ကို ပေးအပ်ထားသည့် အလုပ်နှင့် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို သစ္စာစောင့်သိသည်ဟု ဆို၍မရသော်လည်း စစ်မှန်ရိုးသားမှု အနည်းငယ်နှင့် ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်မှု အနည်းငယ် ရှိခြင်း၊ ပြီးလျှင် သမ္မာတရား လိုက်စားခြင်းကို အာရုံစိုက်နိုင်ခြင်းနှင့် မိမိတို့၏ စိတ်သဘောထားများရှိ အပြောင်းအလဲများကို အာရုံစိုက်နိုင်ခြင်း၊ မိမိတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးမှုကို သိအောင်လုပ်ရာတွင်လည်းကောင်း၊ မိမိတို့ကိုယ်တိုင်၏ မာနထောင်လွှားမှုနှင့် လှည့်ဖြားမှုတို့ကို သိအောင်လုပ်ရာတွင်လည်းကောင်း၊ ဘုရားသခင် ရှေ့မှောက်တွင် မကြာခဏ ဆုတောင်းရာတွင်လည်းကောင်း၊ ပတ်ဝန်းကျင်ကို စီစဉ်ညွှန်ကြားရန် သူ့ကို တောင်းလျှောက်ရာတွင်လည်းကောင်း၊ ဘုရားသခင်၏ ပဲ့ပြင်ဆုံးမမှုကို လက်ခံခြင်းနှင့် မိမိတို့အတွင်းတွင် အပြုသဘောဆောင်သောအရာများ သာ၍ ထားရှိရာတွင်လည်းကောင်း ကနဦးခြေလှမ်းလှမ်းနိုင်ခြင်းတို့ ဖြစ်သည်။ ဘုရားသခင်၏ အမြင်တွင် ဤအပြုအမူများက တန်ဖိုးရှိသည်။ သို့သော် လူတို့ကို ဘုရားသခင် ချစ်မချစ်နှင့် ပတ်သက်လာသည့်အခါ ၎င်းတို့ မရအရ တောင်းဆိုသင့်ကြသလော။ (မတောင်းဆိုသင့်ပါ။) လူတို့၏ အပြုအမူများက ဤအပြုသဘောဆောင်သော လိုက်စားမှုများ၊ ဤတိုးတက်မှုများ၊ ဤအပြောင်းအလဲများကို ထုတ်ဖော်ပြလျှင် လူ၏ ရှုထောင့်အမြင်မှနေ၍ ယင်းတို့သည် အနည်းငယ် ချစ်ခင်နှစ်လိုဖွယ်ကောင်းပြီး ကျိုးနွံနာခံမှုအချို့ ဖော်ပြခြင်း ဖြစ်သည်။ သို့သော် ဤအပြုအမူများကို ရှိခြင်းသည် သင်တို့၌ တွေ့ရသည့် မျှော်လင့်ချက်သာ ဖြစ်သည်။ ဤမျှော်လင့်ချက်မှာ ဘုရားသခင်၏ အမှုတော်နှင့် ခေါင်းဆောင်မှုမှတစ်ဆင့် လူတို့က အပြုသဘောဆောင်သည့်၊ တက်ကြွပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်တစ်ခု ရှိကြလိမ့်မည်ဖြစ်ကာ တစ်ချိန်တည်းတွင် ဤအပြုအမူများနှင့် ထုတ်ဖော်ခြင်းများက စာတန်ရှေ့တွင် ဘုရားသခင်အတွက် သက်သေခံလိမ့်မည်ဟူ၍ ဖြစ်သည်။ ဤရှုထောင့်မှနေ၍ ဆိုလိုသည်မှာ ဤအရာကို လူသား ရှုထောင့်အမြင်မှ ငါ ကြည့်သည့်အခါ လူတို့တွင် ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်း အနည်းငယ် ရှိပေသည်။ သို့သော် ဘုရားသခင်၏ ဝိညာဉ်တော် ရှုထောင့်အမြင်မှ မြင်ရလျှင် ဘုရားသခင်သည် သင်တို့ကို နောက်ဆုံးတွင် ချစ်သလော၊ သို့မဟုတ် မချစ်သလော။ သင်တို့တွင် အတော်အတန် ချစ်ခင်နှစ်လိုဖွယ်ဖြစ်သော သွင်ပြင်လက္ခဏာများ ရှိကြသလော၊ သို့မဟုတ် မရှိကြသလော။ ငါ့ကို သင် မေးလျှင် သင်သည် အလွန်အလှမ်းဝေးနေဆဲ ငါ ပြောရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတို့၏ အစွမ်းအစ၊ ပါရမီများနှင့် ၎င်းတို့ အသက်ရှင်နေထိုင်ကြသည့် အခြေအနေများပေါ် အခြေခံ၍ လူတို့သည် သာ၍ ကောင်းမွန်စွာ ပြုမူနိုင်သင့်ကြသည်။ အမှန်တွင် သင်တို့ ယခု တွေ့ကြုံ၊ ရရှိပြီး အသိအမှတ်ပြုပြီးသည့်အရာအပြင် သင်တို့ ရရှိပြီးဖြစ်သည့် ပြောင်းလဲမှုများကို သင်၏ အစွမ်းရှိသမျှဖြင့် လိုက်စားလျှင် ငါးနှစ်အတွင်း ရရှိနိုင်ပေသည်။ သို့သော် ဤရလဒ်များကို ရရှိရန် သင့်အနေဖြင့် ဆယ်နှစ်လုံးလုံး အချိန်ကုန်ရပြီး ဖြစ်သည်။ ယင်းမှာ အလွန် ကြာရှည်သည် မဟုတ်လော။ သင်တို့၏ စိတ်များက အနည်းငယ် ထုံထိုင်းကြသည်။ သင်တို့၏ တုံ့ပြန်ချက်များက နှေးကွေးသည်။ သင်တို့၏ လုပ်ရပ်များက နှေးကွေးလေးကန်သည်။ နေရာများစွာတွင် သင်တို့ တစ်ခုတလေ ရရှိသည်မှာ အထက်မှ ချက်ချင်း ပြုပြင်ခြင်း၊ ပဲ့ပြင်ဆုံးမခြင်းနှင့် ကြီးကြပ်ခြင်းတို့မှတစ်ဆင့်သာ ဖြစ်ပေသည်။ ဤအောင်မြင်မှုများကို ခက်ခက်ခဲခဲ ရရှိထားခြင်း ဖြစ်သည်။ လူတို့သည် အဖိုးအခတစ်ခုခုကို ပေးကြပြီးဖြစ်ကာ အကျိုးခံစားရပြီးဖြစ်သည့် ရလဒ်များမှနေ၍ ကြည့်ရှုသည့်အခါ နှစ်သိမ့်မှုအချို့ ပေးနိုင်သည့် လူတို့ အပြုအမူများနှင့် ဖော်ပြချက်များ၏ သွင်ပြင်လက္ခဏာအချို့ ရှိလေသည်။ သို့သော် ထိုအရာများသည် ဘုရားသခင် ပြောဆိုထားပြီးဖြစ်သည့် ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်း စံနှုန်းမှ အလှမ်းဝေးနေဆဲ ဖြစ်သည်။ သင်တို့အားလုံးသည် ယခင်ထက် ယခု သာ၍ ချစ်ဖွယ်ကောင်းသည်ဟု ခံစားကြသလော။ (မခံစားကြပါ။) မခံစားရသေးပေ။ မိမိကိုယ်ကို အနည်းငယ် ဆန်းစစ်ခြင်းဖြင့် သင့်ကိုယ်သင်နှင့်ပတ်သက်၍ သင် မည်သည့်အရာ ထုတ်ဖော်ပြသည်ကို သင် ရှာဖွေတွေ့ရှိလိမ့်မည်။ “အို၊ ကျွန်ုပ်အတွင်းတွင် မသန့်စင်မှု အလွန်များသေးသည်။ တစ်စုံတစ်ရာကို ကျွန်ုပ်တို့ တွေးဆလိုက်သည်နှင့် ကျွန်ုပ်စိတ်ထဲတွင် ဉာဏ်များသော အကြံများ ပေါ်လာပြီး အမှုအရာများကို ဝတ်ကျေတမ်းကျေပုံစံဖြင့် ကျွန်ုပ် လုပ်သည်။ ဤသို့ ကျွန်ုပ် ဖြစ်သလိုလုပ်သည်နှင့်တစ်ပြိုင်နက် ပြဿနာများ တစ်ဖန် ဖြစ်ပေါ်ကာ ယင်းတို့ကို အချိန်ယူစဉ်းစားပြီးနောက်တွင် ထိုဉာဏ်များသော အကြံများ နောက်တစ်ကြိမ် ထွက်လာပြီး တာဝန်ကို နောက်တစ်ကြိမ် သူတစ်ပါးအား ထိုးပေးကာ လူ့အကြိုက်လိုက်သူတစ်ဦးအဖြစ်သို့ ပြန်ရောက်သွားသည်”ဟူ၍ ဖြစ်သည်။ သင် မြင်ရသည့်အတိုင်း တစ်နေ့တာတစ်လျှောက် သင့်ကိုယ်သင် သာမန်ကာလျှံကာ ဆန်းစစ်ခြင်းမျှဖြင့် ဖောက်ပြန်ပျက်စီးခြင်း အတော်များများအား သင် ထုတ်ဖော်ပြခဲ့သည်။ ထို့ကြောင့် သင်နှင့်ပတ်သက်၍ အဘယ်အရာက အလွန် ချစ်ခင်နှစ်လိုဖွယ်ကောင်းသနည်း။ သင့်ကို ချစ်ရန် ဘုရားသခင်ကို သင် တောင်းဆိုဆဲဖြစ်သည့်တိုင် သင့်ကိုယ်သင် အထင်သေးသည်။ သင်သည် အလွန်အမင်း တန်ဖိုးမဲ့ကြောင်းနှင့် သင်နှင့်ပတ်သက်သည့် မည်သည့်အရာမျှသည် ချီးမွမ်းခြင်း သို့မဟုတ် အခြားလူတို့၏ ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်ခြင်းမရှိဟု သင် ခံစားသည်။ လူတို့က သင့်ကိုချစ်ရန် မိမိတို့ကိုယ်တိုင်ပင် အားမထုတ်နိုင်လျှင် ဘုရားသခင်က သင့်ကိုချစ်ရန် အဘယ်သို့ မျှော်လင့်နိုင်မည်နည်း။ ယင်းမှာ ဖြစ်နိုင်မည်လော။ (ဖြစ်နိုင်မည် မဟုတ်ပါ။) ယခု သင်တို့သည် ဤအချက်များကို လုံလောက်စွာ ရှင်းလင်းပြီးဖြစ်သဖြင့် ဤဓမ္မတေးသီချင်းများကို ဖျက်သင့်သည် မဟုတ်လော။ ဖျက်သင့်ပေသည်။ ယင်းသည် အယူအဆများနှင့် စိတ်ကူးစိတ်သန်းများမှ စကားများဖြင့်လည်းကောင်း၊ ဘာသာတရားမှ စကားများဖြင့်လည်းကောင်း ပြည့်နေသည်။ သို့ဆိုလျှင် ဤဓမ္မတေးသီချင်းကို သင်တို့ သီဆိုခြင်းသည် အခြားသူတို့အား ကောင်းကျိုးတစ်ခုခု ပြုသလော။ ထိုဓမ္မတေးသီချင်းအား သီဆိုရသည်ကိုလည်းကောင်း၊ နားထောင်ရသည်ကိုလည်းကောင်း သင် နှစ်သက်သလော။ ဤဓမ္မတေးသီချင်းကို သီဆိုခြင်းသည် သမ္မာတရားကို နားမလည်နိုင်စေရုံမက လူတို့ကို ဆုံးဖြတ်ချက်လွဲမှားစေသည်။ ၎င်းတို့၏ အယူအဆများကို မလျော့ပါးသွားစေရုံမျှမက ထိုအယူအဆများကို နက်သည်ထက်နက်လာစေပြီး အားကောင်းလာစေသည်။ ဤအရာက လူတို့ကို ထိခိုက်နစ်နာစေသည် မဟုတ်လော။ ဤဓမ္မတေးသီချင်းကို သီဆိုသည့်အခါ သမ္မာတရားကို နားလည်ရန် သင့်အတွက် သာ၍ ခက်ခဲခြင်းပင် မဟုတ်။ ဘုရားသခင်အပေါ် သင်၏ အယူအဆများနှင့် စိတ်ကူးများအတွင်း အသက်ရှင်ရန် သင့်အတွက် သာ၍ပင် လွယ်ကူလာသည်။ ထိုသို့သော ဓမ္မတေးသီချင်းတစ်ပုဒ်သည် မည်သူကိုမျှ ကောင်းကျိုးမပြုပေ။ ထို့ကြောင့် ဤဓမ္မတေးသီချင်းကို သင်တို့အားလုံး သီဆိုသည်ကို ငါ ကြားသည့်အခါ ငါ၏ စိတ်နှလုံးက အမျက်ဒေါသဖြင့် ပြည့်သွားသည်။ သင်တို့သည် တရားဒေသနာများကို နှစ်များစွာ အချည်းနှီး နားထောင်ခဲ့ကြသည်။ အလွန်များသည့် ဘုရားနှုတ်ကပတ်တော်များကို အချည်းနှီး ဖတ်ရှုခဲ့ကြသည်။ ယခုတွင်ပင် ဘုရားသခင်၏ စိတ်သဘောထားအပေါ် စစ်မှန်သည့် အသိ သင်တို့တွင် မရှိကြသေး။ သင်တို့ကို အမှန်တကယ် ငါ ပါးနှစ်ကြိမ် ရိုက်လိုက်ချင်သည်။ အဘယ်သူသည် ထိုသို့သော အယူအဆများနှင့် စိတ်ကူးများဖြင့် ပြည့်သည့် သီချင်းစာသားများကို ရေးသနည်း။ ပြီးလျှင် သင်တို့က အရူးအမူးစွဲလမ်းမှုဖြင့် သီဆိုကြသေး၏။ သင်တို့တွင် ပိုင်းခြားသိမြင်နိုင်စွမ်း လုံးဝ မရှိကြလေပြီလော။ ငါ့ကို သင်တို့ ပြင်းပြင်းထန်ထန် စိတ်ပျက်စေကြသည်။ သင်တို့သည် ယခုထက်ထိတိုင် သမ္မာတရား စစ်မှန်မှု တစ်ခုမျှ မရရှိဘဲ ယုံကြည်ကြလေပြီ။ အယူအဆများ၊ စိတ်ကူးစိတ်သန်းများ သို့မဟုတ် ရယ်ဖွယ်ကောင်းမှုများနှင့်ဆိုင်သည့် စကားများကို သင်တို့ ခွဲပင်မခွဲခြားနိုင်ဘဲ ထိုအရာများကို အရင်အတိုင်း သီဆိုကြသေးသည်။ သင်တို့၏ ယုံကြည်ခြင်းမှာ အမှန်တကယ် မရှင်းလင်းသည့် ယုံကြည်ခြင်းတစ်ခုပါတကား။ နောက်ထပ် မည်သည့်အရာကို ငါ ပြောနိုင်မည်နည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။