ဘုရားသခင်၏ အမှုတော်နှင့် စိတ်သဘောထားကို သိခြင်းနှင့်သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၂၂)
“နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” မှ အကြောင်းအရာများသည် အထူးသဖြင့် ကြွယ်ဝပြီး သမ္မာတရား၏ သွင်ပြင်လက္ခဏာမျိုးစုံ ပါဝင်သည့်အပြင် လာမည့်ခေတ်များ၏ အခြေအနေကို ကြိုတင်ပြောပြသည့် ပရောဖက်ပြု ဖော်ပြချက်အချို့လည်း ပါဝင်သည်။ အမှန်တွင် ယင်းပရောဖက်ပြုချက်များသည် အသက်ဝင်ရောက်မှုကို ဆွေးနွေးခြင်း၊ လူ့သဘာဝကို ဖော်ထုတ်ခြင်းနှင့် ဘုရားသခင်နှင့် သူ၏ စိတ်သဘောထားတို့ကို သိရှိရန်နည်းလမ်းနှင့်ပတ်သက်၍ ပြောဆိုခြင်းတို့ဖြင့် ဤစာအုပ်တွင် ပါဝင်သော နှုတ်ကပတ်တော်အများစုသည် အလွန် ယေဘုယျကျလေသည်။ မည်သည့်ခေတ် ရောက်ရှိလာမည်၊ ခေတ်အရေအတွက် မည်မျှရှိမည်၊ လူသားမျိုးနွယ်သည် မည်သည့် အခြေအနေမျိုးများသို့ ဝင်ရောက်မည် ဆိုသည်နှင့်စပ်လျဉ်း၍မူ အသေးစိတ် အစီအစဉ်၊ တိကျသည့် ရည်ညွှန်းချက် သို့မဟုတ် တိကျသည့် ခေတ်ကာလပင် ဤစာအုပ်၌ ပါဝင်ခြင်းမရှိသည်မှာ မမှန်သလော။ လူများသည် လာမည့်ခေတ်များနှင့် ပတ်သက်၍ စိတ်ပူနေရန်မလိုကြောင်း၊ အချိန်ကို မရောက်ရှိသေးကြောင်း၊ ယင်းမှာ အလွန် ဝေးလံဆဲဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ အကယ်၍ ငါသည် သင်တို့အား ဤအရာများအကြောင်း ပြောခဲ့လျှင်ပင် သင်တို့ နားလည်ကြမည် မဟုတ်သည့်အပြင် လူတို့သည် ယခုအချိန်တွင် ဤအရာများအကြောင်းကို နားလည်ရန် မလိုအပ်။ ထိုအရာများသည် လူများ၏ အသက်စိတ်သဘောထား ပြောင်းလဲခြင်းနှင့် အနည်းငယ်မျှသာ ဆက်စပ်မှုရှိသည်။ သင်တို့ နားလည်ရန် လိုအပ်သည့်အရာအားလုံးမှာ လူသား၏ သဘာဝကို ဖော်ထုတ်သည့် ထိုနှုတ်ကပတ်တော်များ ဖြစ်သည်။ ဤမျှဆိုလျှင် လုံလောက်ပြီဖြစ်သည်။ အတိတ်တွင် နှစ်ထောင်ချီ နိုင်ငံတော်၊ ဘုရားသခင်နှင့် လူသားတို့ အတူတကွ ငြိမ်သက်ခြင်းချမ်းသာသို့ ဝင်ရောက်ခြင်းတို့ကဲ့သို့သော ပရောဖက်ပြုချက်များအပြင် နှုတ်ကပတ်တော်ခေတ်နှင့် စပ်လျဉ်းသည့် ပရောဖက်ပြုချက်အချို့ ရှိခဲ့သည်။ ပရောဖက်ပြုချက်မှ နှုတ်ကပတ်တော်များသည် မကြာမီ ရောက်ရှိလာမည့် ကာလများနှင့် အလုံးစုံ သက်ဆိုင်သည်။ ထုတ်ဖော်ပြောဆိုခြင်း မပြုသည့် နှုတ်ကပတ်တော်များမှာ အလွန်ကွာဝေးသည့် အရာများဖြစ်သည်။ သင်တို့သည် ဝေးကွာသော အရာများအကြောင်းကို လေ့လာရန် မလိုအပ်။ သင်တို့ မသိရှိသင့်သည့် အရာများအကြောင်း သင်တို့ကို ပြောပြမည်မဟုတ်။ သင်တို့ သိသင့်သည့် အရာများသည် ဘုရားသခင်ထံမှ လာသည့် သမ္မာတရားအလုံးစုံ ဖြစ်သည်။ ဥပမာအားဖြင့် လူသားထံသို့ ဖော်ပြသည့် ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားနှုတ်ကပတ်တော်များက ထုတ်ဖော်ပြသည့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် လူသား၏ သဘာဝကို ဖော်ထုတ်ခြင်းတို့အပြင် ဘုရားသခင်က လူသားတို့ကိုပေးသည့် ဘဝဦးတည်ချက်တို့ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတို့အား ကယ်တင်သည့် ဘုရားသခင်၏အလုပ်တွင် ဤအရာများသည် အဓိကအချက်အချာ ဖြစ်၍ဖြစ်သည်။
လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့် အလုပ်ကို လုပ်ဆောင်နေသည့်အချိန်တွင် ဤအရာများကို ပြောကြားခဲ့သည့် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဓိကအားဖြင့် လူများကို သိမ်းပိုက်ရန်နှင့် ကယ်တင်ရန်၊ ထို့ပြင် လူများ၏ စိတ်သဘောထားကို ပြောင်းလဲရန် ဖြစ်သည်။ လက်ရှိတွင် နှုတ်ကပတ်တော်ခေတ်သည် လက်တွေ့ကျသော ခေတ်တစ်ခု၊ လူသားကို သိမ်းပိုက်ပြီး ကယ်တင်သည့် သမ္မာတရား၏ ခေတ်ဖြစ်သည်။ မပြောကြားရသေးသည့် အရာများစွာ ရှိနေသည့်အတွက် နောက်ပိုင်းတွင် ပိုမိုများပြားသည့် နှုတ်ကပတ်တော်များ ရှိလာမည်။ အချို့သူများက ဤလက်ရှိ နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ ဖော်ပြချက် အလုံးစုံဟု ထင်နေကြသည်။ ယင်းမှာ ကြီးစွာမှားယွင်းသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်သည်။ အကြောင်းမှာ နှုတ်ကပတ်တော်ခေတ်၏ အလုပ်မှာ တရုတ်ပြည်တွင် စတင်ခဲ့ပြီးရုံမျှသာ ရှိသေးပြီး အနာဂတ်တွင် ဘုရားသခင်က လူသိရှင်ကြား ပေါ်ထွန်းပြီး အမှုပြုသည့်နောက်တွင် နှုတ်ကပတ်တော်များ ပိုမိုများပြားလာလိမ့်မည်။ နိုင်ငံတော်ခေတ်သည် မည်သို့ရှိမည်၊ လူသားမျိုးနွယ်သည် မည်သည့်ခရီးပန်းတိုင်မျိုးသို့ ဝင်ရောက်လိမ့်မည်၊ ယင်းခရီးပန်းတိုင်သို့ ဝင်ရောက်ပြီးနောက် မည်သည့်အရာ ဖြစ်ပျက်မည်၊ ယင်းအချိန်တွင် လူသားမျိုးနွယ်အတွက် ဘဝသည် မည်သည့်ပုံစံရှိမည်၊ လူသား၏ ပင်ကိုအသိစိတ်သည် မည်သည့်အဆင့်သို့ ရောက်ရှိနိုင်သည်၊ မည်သည့်ခေါင်းဆောင်မှုအမျိုးအစားနှင့် မည်သည့်ထောက်ပံ့မှု အမျိုးအစားများကို လိုအပ်မည် စသည်တို့ အားလုံးသည် နှုတ်ကပတ်တော်ခေတ်၏ အလုပ်တွင် ပါဝင်သည်။ ဘုရားသခင်၏ အလုံးစုံအကျုံးဝင်မှုသည် သင်ထင်မြင်သကဲ့သို့ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” တွင်သာ ရှိသည်မဟုတ်။ ဘုရားသခင်၏ စိတ်သဘောထား ဖော်ပြချက်နှင့် ဘုရားသခင်၏ အမှုတို့သည် သင်ထင်မြင်သကဲ့သို့ ရိုးစင်းနိုင်မည်လော။ ဘုရားသခင်၏ အလုံးစုံ အကျုံးဝင်မှု၊ နေရာတိုင်းတွင် တည်ရှိနေမှု၊ အရာခပ်သိမ်းကို တတ်စွမ်းနိုင်မှုနှင့် အထွတ်အထိပ် ဖြစ်မှုတို့သည် အနှစ်မဲ့ စကားလုံးများ မဟုတ်။ အကယ်၍ သင်က “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” စာအုပ်သည် ဘုရားသခင်၏ အရာရာတိုင်းကို ကိုယ်စားပြုသည်၊ ဤနှုတ်ကပတ်တော်များသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု မှန်သမျှကို အဆုံးသတ်စေသည်ဟု သင်ဆိုပါက သင်သည် ဘုရားသခင်ကို လွန်စွာ ကျဉ်းမြောင်းသော ပုံစံဖြင့် ရှုမြင်ခဲ့ခြင်းဖြစ်သည်။ ယင်းမှာ ဘုရားသခင်ကို ထပ်၍ ဘောင်ခတ်ခြင်း မဟုတ်သလော။ ဤနှုတ်ကပတ်တော်များသည် အလုံးစုံအကျုံးဝင်စေသည့် ဘုရားသခင်၏ အလွန်သေးငယ်သော အစိတ်အပိုင်းဖြစ်ကြောင်း သင်သိရှိရမည်။ ဘာသာရေး အသိုင်းအဝိုင်းများ အားလုံးက ဘုရားသခင်ကို သမ္မာကျမ်းစာအတွင်း ဘောင်ခတ်ထားပြီးဖြစ်သည်။ ယနေ့တွင် သင်တို့သည်လည်း သူ့ကို ဘောင်ခတ်နေသည် မဟုတ်လော။ ဘုရားသခင်ကို ဘောင်ခတ်ခြင်းသည် ဘုရားသခင်ကို သိက္ခာချခြင်းဖြစ်သည်ကို သင်တို့ မသိသလော။ ယင်းမှာ ဘုရားသခင်ကို ပြစ်တင်ရှုတ်ချခြင်းနှင့် ပြစ်မှားစော်ကားခြင်း ဖြစ်သည်ကို သင်တို့မသိသလော။ လက်ရှိတွင် လူအများစုက “ဘုရားသခင် နောက်ဆုံးသောကာလတွင် ပြောကြားခဲ့သည့် အရာများသည် ‘နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏’ စာအုပ်တွင် အလုံးစုံပါဝင်သည်၊ ဘုရားသခင်ထံမှ နောက်ထပ်နှုတ်ကပတ်တော်များ မရှိတော့။ ယင်းမှာ ဘုရားသခင်ပြောခဲ့သမျှ အရာအားလုံး ဖြစ်သည်” ဟု ထင်မြင်ကြသည်၊ မှန်သလော။ ဤသို့ စဉ်းစားခြင်းသည် ကြီးမားသည့် အမှားတစ်ရပ်ဖြစ်သည်။ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” တွင် ပါရှိသည့် နှုတ်ကပတ်တော်များသည် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှု၏ အဖွင့်နှုတ်ကပတ်တော်များ၊ ဤအမှု၏ နှုတ်ကပတ်တော်များ၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ကာ ဤနှုတ်ကပတ်တော်များသည် ရူပါရုံများ၏ သမ္မာတရားများနှင့် အဓိကသက်ဆိုင်သည်။ နောက်ပိုင်းတွင် လက်တွေ့လုပ်ဆောင်မှု၏ အသေးစိတ်အချက် များစွာနှင့် စပ်လျဉ်း၍ ပြောဆိုခဲ့သည့် စကားလုံးများလည်း ရှိမည်ဖြစ်သည်။ ထို့ကြောင့် “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” စာအုပ်ကို အများပြည်သူသို့ ဖြန့်ချိလိုက်ခြင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက်မှာ အဆုံးသတ်အဆင့်သို့ ရောက်ရှိလာသည်ဟု မဆိုလို။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်း အမှုသည် ပြည့်စုံခိုင်လုံသော အဆုံးသတ်သို့ ရောက်ရှိလာသည်ဟု သာ၍ပင်မဆိုလို။ ဘုရားသခင်တွင် ဖော်ပြရန် နှုတ်ကပတ်တော်များစွာ ရှိနေသေးသည်။ ပြီးလျှင် ဤနှုတ်ကပတ်တော်များကို ပြောကြားပြီးသည့် အချိန်၌ပင် ဘုရားသခင်၏ စီမံခန့်ခွဲမှု အလုပ်အားလုံးသည် နိဂုံးချုပ်သွားပြီဟု မည်သူမျှမဆိုနိုင်။ စကြဝဠာတစ်ခုလုံးနှင့်ပတ်သက်သော အလုပ် ပြီးစီးသွားသည့်အခါ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ် ပြီးဆုံးသွားပြီဟုသာ ပြောနိုင်သည်။ သို့သော် ယင်းအချိန်တွင် ဤစကြဝဠာအတွင်း၌ လူများ တည်ရှိနေဦးမည်လော။ အသက်တည်ရှိနေသရွေ့၊ လူသားမျိုးနွယ် တည်ရှိနေသရွေ့ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် ဆက်လက်လုပ်ဆောင်နေရမည်သာ ဖြစ်သည်။ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ် ပြီးစီးသွားသည့်အခါ လူသားမျိုးနွယ်၊ အသက်နှင့် ဤစကြာဝဠာတို့ တည်ရှိနေသရွေ့ ဘုရားသခင်သည် ယင်းတို့အားလုံးကို စီမံခန့်ခွဲနေဦးမည်သာဖြစ်သည်။ သို့သော် ယင်းကို အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ဟု ခေါ်ဆိုမည်မဟုတ်တော့။ ယခုအခါ ယင်းကို ဘုရားသခင်၏ စီမံခန့်ခွဲမှုဟု ရည်ညွှန်းသည်။ အနာဂတ်တွင် ယင်းကို ကွဲပြားခြားနားသည့် အခြားအမည်ဖြင့် ခေါ်ဆိုကောင်း ခေါ်ဆိုလိမ့်မည်။ ယင်းမှာ လူသားမျိုးနွယ်နှင့် ဘုရားသခင်အတွက် နောက်ထပ် ဘဝတစ်ခု ဖြစ်လိမ့်မည်။ ဘုရားသခင်သည် လူများကို ဦးဆောင်ရန် ယနေ့ခေတ် နှုတ်ကပတ်တော်များကို အသုံးပြုနေဆဲ ဖြစ်မည်ဟု မဆိုနိုင်။ အကြောင်းမှာ ဤနှုတ်ကပတ်တော်များသည် ဤအချိန်ကာလအတွက်သာ သင့်လျော်၍ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အလုပ်ကို မည်သည့်အချိန်တွင်မျှ ဘောင်ခတ်ခြင်း မပြုနှင့်။ အချို့က “ဘုရားသခင်သည် လူများအား ဤနှုတ်ကပတ်တော်များကိုသာ ပေးပြီး အခြားမည်သည့်အရာကိုမျှ မပေးပါ။ ဘုရားသခင်သည် ဤနှုတ်ကပတ်တော်များကိုသာ ပြောနိုင်သည်”ဟု ဆိုကြသည်။ ဤသည်မှာလည်း ဘုရားသခင်ကို တစ်စုံတစ်ခုသော နယ်ပယ်အတွင်းတွင် ဘောင်ခတ်ခြင်း ဖြစ်သည်။ ဤသည်မှာ ယေရှုခေတ်တွင် ပြောကြားခဲ့သည့် နှုတ်ကပတ်တော်များကို လက်ရှိ နိုင်ငံတော်ခေတ်တွင် ကျင့်သုံးခြင်းနှင့်တူသည်။ ယင်းမှာ သင့်လျော်မည်လော။ အချို့နှုတ်ကပတ်တော်များကို ကျင့်သုံးမည်ဖြစ်ပြီး အချို့ကို ပယ်ဖျက်ပစ်ရန်လိုသည်။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မပယ်ဖျက်နိုင်ဟု ပြော၍မရပေ။ လူများသည် အမှုအရာများကို အလွယ်တကူ ဘောင်ခတ်ကြသလော။ အချို့နယ်ပယ်များတွင် ၎င်းတို့သည် ဘုရားသခင်ကို အမှန်ပင် ဘောင်ခတ်ကြသည်။ တစ်နေ့တွင် သင်သည် “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” စာအုပ်ကို လူများ ယနေ့အချိန်တွင် သမ္မာကျမ်းစာကို ဖတ်သကဲ့သို့ ဖတ်ကောင်းဖတ်မည်ဖြစ်ပြီး ဘုရားသခင်၏ ခြေလှမ်းများကို လိုက်မီကြမည်မဟုတ်။ ယခုအချိန်သည် “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” စာအုပ်ကို ဖတ်ရန် သင့်တော်သော အချိန်ဖြစ်သည်။ နှစ်ပေါင်းမည်မျှအကြာတွင် ယင်းကို ဖတ်ရှုခြင်းသည် ခေတ်ဟောင်းမှ ပြက္ခဒိန်တစ်ခုကို ကြည့်ရှုရသကဲ့သို့ ဖြစ်မည်ဟု မပြောနိုင်။ အဘယ်ကြောင့်ဆိုသော် ယင်းအချိန်တွင် အဟောင်းကို အစားထိုးရန် အသစ်တစ်စုံတစ်ရာ ရှိမည်ဖြစ်သောကြောင့်ပင်။ လူများ၏ လိုအပ်ချက်များသည် ဘုရားသခင်၏ အလုပ်နှင့်အညီ ပေါ်ပေါက်လာပြီး တိုးတက်ပြောင်းလဲလာခြင်း ဖြစ်သည်။ ယင်းအချိန်တွင် လူ့သဘာဝနှင့် လူတို့တွင်ရှိသင့်သည့် ပင်ကိုအသိစိတ်များနှင့် ပင်ကိုအရည်အချင်းများသည် အတော်အသင့် ပြောင်းလဲသွားပြီးဖြစ်လိမ့်မည်။ ဤကမ္ဘာပြောင်းလဲပြီးနောက် လူသားမျိုးနွယ်၏ လိုအပ်ချက်များသည်လည်း ကွဲပြားခြားနားသွားလိမ့်မည်။ အချို့က “ဘုရားသခင်သည် နောက်ပိုင်းတွင် ပြောဆိုမည်လော” ဟု မေးကြသည်။ အချို့က “နှုတ်ကပတ်တော်ခေတ် အလုပ် ပြီးစီးသွားသည့်အခါ အခြားမည်သည့်အရာကိုမျှ မပြောနိုင်တော့သဖြင့် ဘုရားသခင်သည် ပြောဆိုနိုင်တော့မည်မဟုတ်။ ပြီးလျှင် အခြား မည်သည့်စကားမဆိုသည် အတုအယောင် ဖြစ်လိမ့်မည်” ဟု ကောက်ချက်ချကြလိမ့်မည်။ ဤသည်မှာလည်း မှားယွင်းသည်မဟုတ်လော။ ဘုရားသခင်အကြောင်း အသေးစိတ်ချပြသည့်အမှားကို လူသားတို့ အလွယ်တကူ ကျူးလွန်တတ်ကြသည်၊ လူတို့သည် အတိတ်ကိုသာ စွဲကပ်လေ့ရှိပြီး ဘုရားသခင်အကြောင်း အသေးစိတ်ချပြလေ့ရှိသည်။ ၎င်းတို့သည် ကိုယ်တော့်ကို ရှင်းရှင်းလင်းလင်း မသိကြသော်လည်း ကိုယ်တော်၏အမှုကို လက်လွတ်စပယ် အသေးစိတ်ချပြနေမြဲဖြစ်၏။ လူတို့၌ ယင်းမျှလောက် မာနကြီးသောဗီဇ ရှိလေတကား။ ၎င်းတို့သည် အတိတ်က အယူအဆဟောင်းများကိုသာ အစဉ်စွဲကိုင်လိုကြပြီး ကုန်လွန်ခဲ့ပြီးသော နေ့ရက်များထဲမှ အမှုအရာများကို ၎င်းတို့၏စိတ်နှလုံးထဲတွင် သိုထားကြ၏။ ထိုအရာများကို ၎င်းတို့၏အရင်းအဖြစ် အသုံးပြုကြသည်၊ မာနထောင်လွှားပြီး စိတ်ကြီးဝင်ကြ၏။ ၎င်းတို့သည် အရာခပ်သိမ်းကို နားလည်သည်ဟု ထင်ကြ၏၊ ထို့အပြင် ဘုရားသခင်၏အမှုကို အသေးစိတ်ချပြသည့် အတင့်ရဲသောအပြုအမူရှိကြ၏။ ဤသို့ပြုရာ၌ ၎င်းတို့သည် ဘုရားသခင်အပေါ် တရားစီရင်ခြင်းမဟုတ်သလော။ ထိုမျှမက လူတို့သည် ဘုရားသခင်၏အမှုသစ်ကို ထည့်တွက်စဉ်းစားခြင်း မရှိကြပေ၊ ၎င်းတို့သည် အမှုအရာအသစ်များကို လက်ခံရန် ခက်ခဲကြောင်းကို ဤအရာက သက်သေပြသော်လည်း ၎င်းတို့သည် ဘုရားသခင်အကြောင်းကို မမြင်မစမ်း အသေးစိတ်ချပြနေဆဲ ဖြစ်၏။ လူတို့သည် အလွန်မာနကြီးကြသဖြင့် ၎င်းတို့၌ ဆင်ခြင်တုံတရား ကင်းမဲ့ကြသည်၊ မည်သူ့ကိုမျှ ၎င်းတို့နားမထောင်ကြပေ၊ ထို့အပြင် ဘုရားသခင်၏နှုတ်ကပတ်တော်များကိုပင် လက်မခံကြချေ။ ယင်းမှာ လူသား၏ဗီဇပင်ဖြစ်၏၊ လုံးဝမာနကြီးပြီး မိမိသာဖြောင့်မတ်သည်ဟု ထင်တတ်ကြပြီး ကျိုးနွံနာခံခြင်း အနည်းငယ်မျှ မရှိကြပေ။ ဤသည်မှာ ဖာရိရှဲများ ယေရှုကို ပြစ်တင်ရှုတ်ချသည့်အချိန်က နည်းအတိုင်းဖြစ်၏၊ ၎င်းတို့က “သင် မှန်စေကာမူ သင့်နောက် ငါလိုက်ဦးမည် မဟုတ်၊ ယေဟောဝါသာလျှင် စစ်မှန်သောဘုရားသခင် ဖြစ်၏” ဟု ဆိုကြ၏။ ယနေ့တွင် “သူက ခရစ်တော်ဟုတ်လား။ သူက ခရစ်တော် အမှန်တကယ် ဖြစ်လည်း သူ့နောက် ငါမလိုက်” ဟု ပြောသောသူအချို့လည်း ရှိ၏။ ဤကဲ့သို့သော လူများ ရှိသလော။ ထိုကဲ့သို့သော ဘာသာရေးသမားများစွာ ရှိသည်။ လူသား၏ စိတ်သဘောထားသည် အလွန်ပျက်စီးကြောင်း၊ လူတို့သည် ကယ်တင်၍ မရနိုင်ကြောင်းကို ဤအရာက ပြသလျက်နေ၏။
ခေတ်အဆက်ဆက်ရှိ သူတော်စင်များအနက် မောရှေနှင့် ပေတရုတို့သာလျှင် ဘုရားသခင်ကို အမှန်တကယ် သိခဲ့ကြသူများဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်။ သို့စေကာမူ ၎င်းတို့သည် ဘုရားသခင်ကို သိနားလည်နိုင်ခဲ့သလော။ ၎င်းတို့ နားလည်သဘောပေါက်ခဲ့သည့် အရာမှာလည်း အကန့်အသတ်ရှိသည်။ ၎င်းတို့ကိုယ်တိုင်က ၎င်းတို့သည် ဘုရားသခင်ကို သိသည်ဟု မပြောရဲခဲ့ကြ။ ဘုရားသခင်ကို အမှန်တကယ် သိသူများက ဘုရားသခင်သည် ခန့်မှန်းရန်နှင့် အကဲဖြတ်ရန် မဖြစ်နိုင်ကြောင်း နားလည်သဘောပေါက်ကြသောကြောင့် ၎င်းတို့သည် သူ့ကို ဘောင်မခတ်ကြချေ။ ဘုရားသခင်ကို မသိရှိကြသူများသည်သာ သူ့ကိုလည်းကောင်း၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကိုလည်းကောင်း ဘောင်ခတ်လေ့ရှိကြသည်။ ၎င်းတို့တွင် ဘုရားသခင်နှင့် ပတ်သက်သည့် စိတ်ကူးများဖြင့် ပြည့်နှက်နေပြီး ဘုရားသခင် ပြုလုပ်ခဲ့သည့် အရာအားလုံးနှင့် ပတ်သက်သည့် အယူအဆများကို အလွယ်တကူ ထားရှိကြသည်။ ထို့ကြောင့် ဘုရားသခင်ကို သိရှိသည်ဟု ယုံကြည်ကြသူများသည် ဘုရားသခင်ကို ခုခံဆန့်ကျင်မှု အပြုဆုံးသူများဖြစ်ကြပြီး အန္တရာယ်အရှိဆုံးသူများ ဖြစ်ကြသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။