အခြားအကြောင်းအရာများနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၉၂)
သင်တို့သည် ဤနောက်ဆုံးခေတ်ကာလတွင် အသက်ရှင်နေထိုင်နေကြခြင်းဖြစ်သည်။ သင်တို့၏ မိသားစုဘဝ အများစုသည် ယခင်ကထက် ပိုမိုပြည့်စုံ ကြွယ်ဝလာကြပြီး သင်တို့ဘဝများ၏ ကဏ္ဍအသီးသီးတွင် ရုပ်ဝတ္ထုပစ္စည်းများ အလျှံပယ် ရှိနေကြသည်။ သင်တို့တွင် မည်ကဲ့သို့သော ခံစားချက်မျိုး ရှိပါသနည်း။ ဇာတိပကတိတွင် ပျော်ရွှင်ခြင်းခံစားမှု အနည်းငယ်မျှသာရှိသည်။ သို့ရာတွင် ဤအရာနှင့် စိတ်နှလုံးထဲရှိ ပျော်ရွှင်မှုတို့အကြား ကွဲပြားခြားနားချက်မှာ အဘယ်နည်း။ သင်တို့အားလုံးတွင် အတွေ့အကြုံအချို့ ရှိကြကာ အချို့ကိစ္စရပ်များကို ရိပ်စားမိခဲ့ကြပြီးဖြစ်သည်။ ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့်ပတ်သက်သော သင်တို့၏ လိုက်စားမှုသည် ယခင်ကထက်ပို၍ လက်တွေ့ကျလာကြောင်း၊ ဇာတိပကတိ၏ သာယာမှုများကို လိုက်စားခြင်းမှာ အနှစ်မဲ့ပြီး သမ္မာတရားအားထုတ်ရန် လိုလားနေကြကြောင်း ဟူသည့် အတွေ့အကြုံမျိုး သင်တို့အားလုံးတွင် ရှိကြသလော။ ရုပ်ဝတ္ထုပစ္စည်း အမျိုးမျိုးအပေါ်၌ လူတို့၏ ဇာတိပကတိ အာရုံခံစားမှုများက ၎င်းတို့အား ဝိညာဉ်ဆိုင်ရာ နှစ်သိမ့်မှုကို ဆောင်ကြဉ်းပေးနိုင်သလော။ ဘဝတွင် သာလွန်ကောင်းမွန်သည့် ခံစားချက်နှင့် ရုပ်ဝတ္ထုပစ္စည်းများဖြင့် အလျှံပယ်ဖြစ်နေသည့် ဘဝက လူများအတွက် မည်သည့်အရာများကို ဆောင်ကြဉ်းပေးနိုင်သနည်း။ ယင်းတို့က လူများအား စာရိတ္တပျက်ပြားစေပြီး လူများအား ၎င်းတို့၏ ဦးတည်ချက် ပျောက်ဆုံးသွားအောင် ပြုလုပ်နိုင်သည်။ ဤနည်းအားဖြင့် လူများသည် အသိစိတ်ကို အလွယ်တကူ ဆုံးရှုံးသွားမည်ဖြစ်ပြီး အကောင်းနှင့်အဆိုး သိမြင်နိုင်မှု မရှိတော့ဘဲ ဆင်ခြင်တုံတရားလည်း ကင်းမဲ့သွားကာ ၎င်းတို့၏ လူ့သဘာဝ တဖြည်းဖြည်းနှင့် ပျောက်ဆုံးသွားလိမ့်မည်။ ၎င်းတို့သည် ကိုယ်စိတ်ချမ်းသာခြင်းကို ပို၍ပို၍ မွတ်သိပ်တောင့်တလာပြီး စကြာဝဠာအတွင်းရှိ ၎င်းတို့၏ ကိုယ်ပိုင်နေရာကိုပင် မသိနားမလည်မှုများ ပိုမိုတိုးပွားလာမည်ဖြစ်သည်။ မိမိကိုယ်ကို ပြုစုစောင့်ရှောက်နိုင်စွမ်းကို ဆုံးရှုံးသည့်သူအချို့ပင် ရှိလာကြလိမ့်မည်။ ၎င်းတို့သည် မိမိဘာသာ အမှီအခိုကင်းစွာ ရပ်တည်နိုင်စွမ်း လုံးဝမရှိတော့ဘဲ မိမိဝင်ငွေကို မိမိကိုယ်တိုင် မရှာဖွေနိုင်သည့်အပြင် ၎င်းတို့၏ မိဘများအပေါ် မှီခိုနေရလိမ့်မည်။ ၎င်းတို့သည် တစ်နေ့တခြား ပိုမို၍ တင်းတိမ်ရောင့်ရဲနိုင်ခြင်း မရှိသလို အရှက်အကြောက် ကင်းမဲ့ လာကြလိမ့်မည်။ အကျဉ်းချုပ်အားဖြင့် သာလွန်ကောင်းမွန်သည့် ဘဝအခြေအနေမျိုးများနှင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ချမ်းသာကြွယ်ဝသော ဘဝက လူများအား အကျင့်စာရိတ္တပျက်စီးခြင်းကိုသာ ဖြစ်စေပြီး ၎င်းတို့အား ပျင်းရိမှုကို ခုံမင်နှစ်သက်သူများ၊ အလုပ်ကို ရွံမုန်းသူများ ဖြစ်လာစေသည့်အပြင် မရောင့်ရဲနိုင်အောင် လောဘကြီးသူများ၊ ရှက်ကြောက်စိတ် ကင်းမဲ့သူများ ဖြစ်လာစေသည်။ ၎င်းတို့က လူများအား မည်သည့်အကျိုးကျေးဇူးကိုမျှ ပြုမည်မဟုတ်။ ဇာတိပကတိနှင့် စပ်လျဉ်း၍ သင်သည် ယင်းဇာတိပကတိပေါ်သို့ ပိုမိုတိမ်းညွတ်လေ၊ ယင်းသည် အလိုလောဘ ပိုမိုကြီးမားလာလေ ဖြစ်လိမ့်မည်။ ဇာတိပကတိသည် ဒုက္ခဝေဒနာကို အနည်းငယ် ခံစားရသည်မှာ သင့်လျော်ပေသည်။ ဒုက္ခဝေဒနာကို အနည်းငယ် ခါးစည်းခံကြသူများသည် မှန်ကန်သည့် လမ်းကြောင်းကို လျှောက်လှမ်းကြမည်ဖြစ်ပြီး ကောင်းမွန်သင့်လျော်သည့် အလုပ်ကို လုပ်ကိုင်ဆောင်ရွက်ကြလိမ့်မည်။ အကယ်၍ ဇာတိပကတိသည် ဒုက္ခဝေဒနာကို မခံစားဘဲ သာယာမှု၊ သက်သောင့်သက်သာရှိမှုကိုသာ မွတ်သိပ်တောင့်တနေပြီး သာယာသည့် ပတ်ဝန်းကျင် အသိုက်အမြုံအတွင်း၌ ကြီးပြင်းလာပါက လူများသည် မည်သည့်အရာကိုမျှ အောင်မြင်ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည် မဟုတ်သည့်အပြင် သမ္မာတရားကိုလည်း တကယ်ကို မရရှိနိုင်ပါ။ အကယ်၍ လူများသည် သဘာဝ ဘေးအန္တရာယ်များ၊ လူသားတို့ဖန်တီးသည့် ကပ်ဘေးများနှင့် တွေ့ကြုံရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် အသိစိတ် ကင်းမဲ့သွားပြီး ဆင်ခြင်တုံတရားမဲ့စွာ ပြုမူကြလိမ့်မည်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် တစ်စထက်တစ်စ တိုး၍သာ အကျင့်စာရိတ္တ ပျက်ပြားလာကြလိမ့်မည်။ ယင်းအတွက် သာဓက အများအပြားရှိပါသလား။ ဘာသာတရားမရှိသူများတွင် ထင်ပေါ်ကျော်ကြားမှု မရှိမီက ဆင်းရဲဒုက္ခကို ခါးစည်းခံရန်နှင့် ၎င်းတို့၏အလုပ်တွင် စိတ်ရောကိုယ်ပါ ရည်စူးအပ်နှံရန် လိုလိုလားလား ရှိခဲ့ကြသော အဆိုတော်များနှင့် ရုပ်ရှင်သရုပ်ဆောင်များစွာ ရှိသည်ကို သင်မြင်တွေ့နိုင်သည်။ သို့သော် ၎င်းတို့သည် ထင်ပေါ်ကျော်ကြားမှု ရှိလာပြီး ငွေကြေးအမြောက်အမြား ရရှိလာသည့်အခါ မှန်ကန်သည့် လမ်းကြောင်းပေါ်တွင် မလျှောက်လှမ်းကြတော့ပါ။ ၎င်းတို့အနက် အချို့သည် မူးယစ်ဆေးဝါး သုံးစွဲကြပြီး အချို့မှာ မိမိကိုယ်ကို သေကြောင်းကြံစည်ကြသည့်အတွက် ၎င်းတို့၏ ဘဝများမှာ စောစီးစွာ အဆုံးသတ်ခဲ့ကြရသည်။ ယင်းသို့ဖြစ်စေသည့် အကြောင်းတရားမှာ အဘယ်နည်း။ ၎င်းတို့၏ ရုပ်ဝတ္ထုပစ္စည်းများအပေါ်၌ သာယာမှုမှာ အလွန်အကျွံဖြစ်သည့်အပြင် ၎င်းတို့သည် အလွန်အမင်း သက်သောင့်သက်သာရှိပြီး ပိုမိုကြီးမားသည့် ပျော်ရွှင်ချမ်းသာသုခ၊ သို့မဟုတ် ပိုမိုကြီးမားသည့် စိတ်လှုပ်ရှားမှုမျိုးကို မည်သို့ရရှိအောင် လုပ်ဆောင်ရမည်ကို ၎င်းတို့မသိရှိကြတော့ပါ။ ၎င်းတို့အနက် အချို့သည် ပိုမိုမြင့်မားသည့် စိတ်လှုပ်ရှားမှုနှင့် သာယာမှုကို ရှာဖွေရင်း မူးယစ်ဆေးဝါးကို အားကိုးကြပြီး အချိန်ကြာလာသည်နှင့်အမျှ မူးယစ်ဆေးဝါးကို ဖြတ်နိုင်ခြင်း မရှိတော့ပေ။ အချို့သည် မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲမှုကြောင့် အသက်ဆုံးရှုံးကြရပြီး အခြားသူများမှာ ယင်းမှ လွတ်မြောက်ဖို့နည်းလမ်းကို မသိရှိကြဘဲ နောက်ဆုံးတွင် မိမိကိုယ်ကို အဆုံးစီရင်ကြသည်။ ယင်းကဲ့သို့သော သာဓက အများအပြား ရှိပါသည်။ သင်မည်မျှကောင်းစွာ စားသည်ဖြစ်စေ၊ မည်မျှကောင်းစွာ ဝတ်ဆင်သည်ဖြစ်စေ၊ မည်မျှကောင်းစွာ နေထိုင်သည်ဖြစ်စေ၊ ပျော်ရွှင်နှစ်သက်မှုကို သင်မည်မျှ ခံစားသည်ဖြစ်စေ၊ သင့်ဘဝသည် မည်မျှ သက်သောင့်သက်သာ ရှိသည်ဖြစ်စေ၊ သင့်လိုအင်များ မည်မျှ အလုံးစုံ ပြည့်ဝနေသည်ဖြစ်စေ အဆုံးတွင် ယင်းတို့မှာ အနှစ်မဲ့ခြင်းအပေါ် အနှစ်မဲ့ခြင်းသာဆင့်လျက် ရလဒ်မှာ ပျက်စီးခြင်းသာ ဖြစ်သည်။ ဘာသာတရားမရှိသူများ ရှာဖွေကြသည့် ယင်းပျော်ရွှင်မှုသည် စစ်မှန်သော ပျော်ရွှင်မှု ဟုတ်သလော။ အမှန်တွင် ယင်းမှာ ပျော်ရွှင်မှုမဟုတ်။ ယင်းမှာ လူသား၏ စိတ်ကူးဖြစ်သည်။ ယင်းမှာ အကျင့်စာရိတ္တပျက်စီးမှု ပုံစံတစ်ခုဖြစ်သည်။ ယင်းမှာ လူတို့၏ အကျင့်စာရိတ္တပျက်စီးလာသည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ လူများ လိုက်စားကြသည့် ပျော်ရွှင်မှုဟု ဆိုလေသောအရာမှာ အတုအယောင် ဖြစ်သည်။ ယင်းမှာ အမှန်အားဖြင့် ဒုက္ခဆင်းရဲဖြစ်သည်။ ယင်းမှာ လူအများ လိုက်စားသင့်သည့် ပန်းတိုင်တစ်ခု မဟုတ်သလို အသက်ရှင်ခြင်း၏ တန်ဖိုးတည်ရာ နေရာလည်း မဟုတ်ပါ။ စာတန်က လူများအား ဖျက်ဆီးသည့် လုပ်ဆောင်ပုံများနှင့် နည်းလမ်းများအနက် အချို့သည် ၎င်းတို့အား ဇာတိပကတိ၏ စိတ်ကျေနပ်မှုနှင့် တဏှာရာဂတို့တွင် ပျော်မွေ့မှုတို့ကို ပန်းတိုင်အဖြစ် ရှာဖွေစေသည်။ ဤနည်းအားဖြင့် စာတန်သည် လူများကို ထုံထိုင်းသွားစေသည်၊ လူများကို သွေးဆောင်သည်၊ လူများကို ဖောက်ပြန်ပျက်စီးစေသည်၊ ထိုအရာမှာ ပျော်ရွှင်မှုဟု ခံစားရအောင် လုပ်ဆောင်သည်၊ ထို့ပြင် ၎င်းတို့အား ယင်းကို ပန်းတိုင်အဖြစ် လိုက်လံရှာဖွေစေသည်။ လူများက ထိုအရာများကို ရရှိခြင်းသည် ပျော်ရွှင်မှုကို ရရှိခြင်းဟု ယုံကြည်ကြသည်။ ထို့ကြောင့် လူများသည် ယင်းပန်းတိုင်ကို လိုက်စားရန် ဦးတည်လျက် ၎င်းတို့ရှိသမျှ အစွမ်းဖြင့် လုပ်ဆောင်ကြတော့သည်။ ထို့နောက် ထိုအရာကို ၎င်းတို့ရရှိပြီးနောက် ၎င်းတို့ခံစားရသည်မှာ ပျော်ရွှင်မှု မဟုတ်ဘဲ အနှစ်မဲ့ခြင်းနှင့် စိတ်ဆင်းရဲခြင်းတို့သာ ဖြစ်သည်။ ဤအချက်က ၎င်းမှာ မှန်ကန်သည့် လမ်းကြောင်းမဟုတ်ဘဲ သေခြင်းတရားသို့ သွားရာလမ်း ဖြစ်ကြောင်း သက်သေပြနေသည်။ ဘုရားသခင်ကို ယုံကြည်သူများသည် ဘာသာတရားမရှိသူများ လျှောက်လှမ်းသကဲ့သို့ ဤလမ်းကြောင်းကို အဘယ်ကြောင့် မလျှောက်လှမ်းကြသနည်း။ ဘုရားသခင်ကို ယုံကြည်သူများက ခံစားရသည့် ပျော်ရွှင်မှုမှာ အဘယ်သနည်း။ ယင်းမှာ ဘာသာတရားမရှိသူများ လိုက်စားကြသည့် ပျော်ရွှင်မှုနှင့် မည်သို့ခြားနားသနည်း။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင် လူအများစုသည် ကြီးမားသည့် ကြွယ်ဝချမ်းသာမှုကို လိုက်စားခြင်း မပြုတော့။ ၎င်းတို့သည် ကမ္ဘာပေါ်ရှိ ကြွယ်ဝချမ်းသာမှု၊ အလုပ်အကိုင်တွင် အောင်မြင်မှု၊ သို့မဟုတ် ကျော်ကြားသူ ဖြစ်မှုတို့ကို လိုက်စားခြင်း မပြုကြ။ ထိုအစား ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခြင်း၊ ရိုးရှင်းစွာ နေထိုင်ခြင်းနှင့် ၎င်းတို့၏ ဘဝအရည်အသွေးအတွက် အလွန်မြင့်မားသည့် တောင်းဆိုချက်များ မထားရှိခြင်းဖြင့် တိတ်ဆိတ်စွာ အသက်ရှင်နေထိုင်ကြသည်။ အချို့သည် စားရန် အစားအစာ၊ ဝတ်ရန် အဝတ်အစားရှိရုံမျှဖြင့် ကျေနပ်မှုကို ခံစားကြသည်။ ဤမျှမှောင်မိုက်ပြီး ဤမျှဆိုးညစ်သည့် ကမ္ဘာကြီးတွင် ၎င်းတို့သည် အဘယ်ကြောင့် ဤကဲ့သို့သော လမ်းကြောင်းမျိုးကို ရွေးချယ်နိုင်စွမ်း ရှိနေဆဲဖြစ်သနည်း။ ဘုရားသခင်ကို ယုံကြည်သည့် ညီအစ်ကို၊ ညီအစ်မ အားလုံးသည် ငွေကြေး အမြောက်အမြား ရှာဖွေနိုင်စွမ်း ကင်းမဲ့နေသည်ဟု သင်ပြောနိုင်ပါသလား။ လုံးဝမပြောနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုသူများသည် ဘုရားသခင်ကို ယုံကြည်ကြပြီးသည့်နောက်တွင် ဘုရားသခင်နောက်သို့ လိုက်ပါခြင်းသည် အကြီးမားဆုံး ပျော်ရွှင်မှုဖြစ်ကြောင်း၊ ဤပျော်ရွှင်မှုကို ကမ္ဘာပေါ်ရှိ မည်သည့်ရုပ်ဝတ္ထုပစ္စည်းကမျှ အစားမထိုးနိုင်ကြောင်း ၎င်းတို့၏ နှလုံးသားထဲတွင် အနည်းနှင့်အများ နက်နက်ရှိုင်းရှိုင်း ခံစားနေရပြီ ဖြစ်သောကြောင့်ဖြစ်သည်။ အချို့သူများသည် ကြိုးပင် ကြိုးစားကြည့်ခဲ့ကြသည်။ ၎င်းတို့သည် ကမ္ဘာပေါ်ရှိ ဆင်းရဲဒုက္ခများကို နှစ်အတော်ကြာ ဖြတ်သန်းခဲ့ကြပြီး ယင်းမှာ ပင်ပန်းကြောင်းနှင့် ခက်ခဲကြောင်း တွေ့ရှိခဲ့ကြပြီးဖြစ်သည်။ ၎င်းတို့သည် ငွေကြေးအနည်းငယ် ရှာဖွေနိုင်ခဲ့ပြီး ဇာတိပကတိ၏ သာယာမှုများကို ကြုံတွေ့ခဲ့ရစေကာမူ ၎င်းတို့သည် ဂုဏ်သိက္ခာကင်းမဲ့စွာ နေထိုင်ခဲ့ရပြီး ၎င်းတို့၏ ဘဝများသည် တစ်နေ့တခြား ပိုမိုအနှစ်မဲ့ပြီး ပိုမိုခါးသီးလာခဲ့သည်။ ၎င်းတို့သည် ယင်းကဲ့သို့ အသက်ရှင်နေထိုင်မည့်အစား သေသည်ကမှ ပိုကောင်းမည်ဟု ခံစားခဲ့ရသည်။ ထိုသူများသည် ဤကိစ္စရပ်များကို အမှန်အတိုင်း သိမြင်ခဲ့ကြပြီးဖြစ်သည်။ ၎င်းတို့သည် အခြားရွေးချယ်ရန် မရှိ၍ ဘုရားသခင်ကို ယုံကြည်နေခြင်းသက်သက် မဟုတ်ဘဲ ဘုရားသခင် နောက်သို့ လိုက်လျှောက်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ်၌ လျှောက်လှမ်းခြင်းအပြင် ၎င်းတို့၏ တစ်ဘဝလုံးကို အသုံးခံခြင်းနှင့် ဘုရားသခင်ထံတွင် ဆက်ကပ်ထားခြင်းတို့သည် ၎င်းတို့၏ စိတ်နှလုံးအတွက် အကြီးမားဆုံး နှစ်သိမ့်စေမှုများဖြစ်ပြီး ၎င်းတို့၏ ဘဝတစ်ခုလုံးတွင် အကြီးမားဆုံးသော အရာများ ဖြစ်ကြောင်း၊ ဘုရားသခင်ကို ရရှိခြင်းနှင့် သမ္မာတရားကို ရရှိခြင်းတို့သည် အကြီးမားဆုံး ပျော်ရွှင်မှုဖြစ်ပြီး လူများ၏ စိတ်နှလုံးများကို အငြိမ်းချမ်းဆုံး၊ ဝမ်းအမြောက်ဆုံးနှင့် တည်ကြည်ခိုင်မာမှု အရှိဆုံးဖြစ်စေသော အရာဖြစ်ကြောင်း ၎င်းတို့ အမှန်တကယ် ခံစားခဲ့ပြီးဖြစ်သည်။ ၎င်းတို့သည် ဤပျော်ရွှင်မှုကို ခံစားခဲ့ကြပြီးဖြစ်သည်။ ယင်းမှာ စိတ်ကူးမဟုတ်ပါ။ ဘုရားသခင် ရွေးချယ်ထားသူများအနက် အချို့သည် အလွန်ကြီးမားသည့် ဘေးဒုက္ခနှင့် စမ်းသပ်မှု အချို့ကို တွေ့ကြုံခဲ့ကြပြီး ဖြစ်သည်ဟုလည်းကောင်း၊ သမ္မာတရားကို နားလည်ခဲ့ကြပြီး ဖြစ်သည်ဟု လည်းကောင်း၊ ကိစ္စရပ်အများအပြားကို ခွဲခြားသိမြင်ခဲ့ကြပြီး ဖြစ်သည်ဟုလည်းကောင်း ဆိုနိုင်သည်။ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းတို့မှာ မှန်ကန်သည့် လမ်းကြောင်းဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် အခြား လျှောက်လှမ်းနိုင်သည့် လမ်းကြောင်းမရှိကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသာလျှင် သမ္မာတရား ဖြစ်ကြောင်းနှင့် ၎င်းတို့သည် ဤလမ်းကြောင်းပေါ်တွင် အခြေချပြီးဖြစ်ကြောင်း အတည်ပြုခဲ့ကြသည်။ ဤကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးတွင် မှန်ကန်သည့် ယုံကြည်မှုရှိပြီး ဆင်းရဲဒုက္ခခံစားရသည့် ဤနှစ်ကာလများသည် အချည်းနှီးမဖြစ်။ ၎င်းတို့ပြောဆိုသည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များသည် နက်ရှိုင်းသည်ဖြစ်စေ၊ တိမ်သည်ဖြစ်စေ တစ်ခုသောအရာမှာ ရှင်းလင်းသည်။ ယင်းမှာ အကယ်၍ သင်သည် ၎င်းတို့အား ဘုရားသခင်အပေါ် မယုံကြည်အောင် တားဆီးရန် ကြိုးပမ်းပြီး ၎င်းတို့ ကမ္ဘာလောကသို့ ပြန်လာအောင် လုပ်ဆောင်မည်ဆိုလျှင် ၎င်းတို့သည် မည်သည့်နည်းနှင့်မျှ ယင်းလမ်းကြောင်းအတိုင်း သွားကြမည်မဟုတ်။ ကမ္ဘာကြီးတွင် ဆွဲဆောင်အားကောင်းသည့် ရွှေတောင်ကြီး တစ်ခု ရှိနေခဲ့ပြီး ယင်းက ထိုအချိန်တွင် ၎င်းတို့ကို စုံစမ်းသွေးဆောင်နိုင်ခဲ့စေကာမူ ၎င်းတို့သည် “ရွှေတောင်ကြီးဖြစ်စေ၊ ငွေတောင်ကြီးဖြစ်စေ ရရှိခြင်းက ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးပြုခြင်းနှင့် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းလောက် ငါ့အား ပျော်ရွှင်နိုင်စေမည်မဟုတ်။ အကယ်၍ ငါသည် ရွှေ၊ ငွေ အများအပြားကို ရရှိခဲ့လျှင် ယင်းအခိုက်အတန့်၌ များစွာ ပျော်ရွှင်နိုင်ပေမည်။ သို့သော် ငါသည် စိတ်နှလုံးထဲတွင် အလွန်အမင်း စိတ်ဆင်းရဲခြင်းနှင့် နာကျင်မှုကို ခံစားရမည်ဖြစ်၍ ထိုလမ်းကြောင်းကို မည်သည့်နည်းနှင့်မျှ မလျှောက်လှမ်းနိုင်။ ဘုရားသခင်ကို ရှာဖွေရန် မလွယ်ကူပါ။ အကယ်၍ ငါ နောက်တစ်ကြိမ် ပြန်လှည့်သွားမည်ဆိုလျှင် ဘုရားသခင်ကို မည်သည့်နေရာတွင် သွားရောက် ရှာဖွေရမည်နည်း။ ဘုရားသခင်နောက်ကို လိုက်လျှောက်ရန် အခွင့်အရေးသည် အလွန်ရတောင့်ရခဲ ဖြစ်သည်။ အချိန်သိပ်မရှိတော့ဘဲ အကုန်မြန်နေသည်။ ဤသည်မှာ အလွန်ရှားပါးသော အခွင့်အလမ်းတစ်ရပ် အမှန်ဧကန်ဖြစ်သည်” ဟု အချိန်ယူ စဉ်းစားကြမည် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် လုပ်ဆောင်မှုတို့ကို မြင်တွေ့ခဲ့ပြီးဖြစ်သည်။ ဘုရားသခင်ကို အမိအရ ဆုပ်ကိုင်ထားခြင်းသည် အသက်ကယ်မည့် ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်ထားသကဲ့သို့ဖြစ်သည်။ ငါ့ကိုပြောလော့။ ရေနစ်သူတစ်ဦးသည် အသက်ကယ် ဘောကွင်းကို ဆုပ်ကိုင်ထားသည့်အခါ မည်သို့ခံစားရသနည်း။ (အသက်ရှင်ရန် မျှော်လင့်ချက်ရှိသည်ဟု ခံစားကြရသည်။ ထို့ကြောင့် ၎င်းတို့သည် တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး မည်သည့်အခါမျှ လက်မလွှတ်ကြပါ။) ယင်းမှာ ၎င်းတို့ ခံစားရသည့်အတိုင်း အတိအကျဖြစ်သည်။ ၎င်းတို့သည် အသက်ကယ်ဘောကွင်းကို ဆုပ်ကိုင်ထားသည့်အခါ ၎င်းတို့ မည်သည့်အရာကို စဉ်းစားကြမည်နည်း။ “ငါသည် ယခု မသေနိုင်တော့ပေ။ နောက်ဆုံး၌ အသက်ရှင်သန်ရန် မျှော်လင့်ချက်ရှိနေပေပြီ။ သေခြင်းတရား ချဉ်းကပ်လာသည့်အခါ ဆက်လက်အသက်ရှင်နေနိုင်ရန် မျှော်လင့်ချက်လေး ခပ်ရေးရေး ရှိနေသရွေ့ ငါ၏ အင်အားအကုန်လုံးကို ထုတ်သုံးရလျှင်ပင် ငါလက်လွတ်မခံတော့။ မည်မျှပင်ပန်းသည်၊ သို့မဟုတ် နာကျင်သည်ဖြစ်စေ ငါ ထိုအရာကို လက်လွတ်မခံနိုင်။ အကယ်၍ ငါသည် ငါ၏ အကြွင်းမဲ့ နောက်ဆုံးထွက်သက်ကို ရှူရသည့်အခြေအနေသို့ ရောက်ရှိသွားလျှင်ပင် ငါသည် ထိုအသက်ကယ်ဘောကွင်းကို ဆွဲကိုင်ထားရန် လိုအပ်သည်” ဟူ၍ဖြစ်သည်။ တစ်စုံတစ်ဦးသည် အသက် ဆက်လက်ရှင်သန်ရန် မျှော်လင့်ချက်ရှိသည်ဟု ခံစားရသည့်အခါ ၎င်းသည် မပျော်ရွှင်ဘဲ ရှိပါသလော။ ယခုအခါ သင်တို့သည် တိတ်ဆိတ်စွာ စဉ်းစားဆင်ခြင်သည့်အခါ၊ ဆုတောင်းသည့်အခါ၊ သို့မဟုတ် ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းတွင် ပါဝင်ဆောင်ရွက်ကြပြီး သင်တို့သည် ဘုရားသခင်နောက်ကို လိုက်လျှောက်ခြင်းမှ မည်မျှအကျိုးရှိကြောင်း နားလည်လာသည့်အခါ အဆိုပါပျော်ရွှင်သည့် ခံစားချက်သည် သင်တို့၏ စိတ်နှလုံးအတွင်း၌ ပေါ်ပေါက်မလာသလော။ သင်တို့၏ စစ်မှန်သည့် ခံစားချက်များကို ပြောလော့။ (အကယ်၍ ကျွန်ုပ်တို့သည် ခရစ်တော်နောက်သို့ လိုက်မလျှောက်ရသေးပါက ဘေးဒုက္ခအတွင်း ကျရောက်ခဲ့မည်ဖြစ်ပြီး ယင်း၏အကျိုးဆက်များမှာ စိတ်မကူးဝံ့စရာ ဖြစ်ခဲ့လိမ့်မည်။ ယခုအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို စားသောက်ခြင်းနှင့် ကျွန်ုပ်တို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် သမ္မာတရား အများအပြားကို နားလည်လာကြသည်။ ကျွန်ုပ်တို့သည် စစ်မှန်သည့် ယုံကြည်မှုကို ရရှိခဲ့ကြသလို ဘုရားသခင်ကို ကျွန်ုပ်တို့၏ စိတ်နှလုံးအတွင်း၌လည်း ကြောက်ရွံ့လာနိုင်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ကျိုးနွံနာခံရန် သင်ယူခဲ့ကြပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် အများအပြား ရရှိခဲ့ကြပြီးဖြစ်ကာ ဘုရားသခင်၏ လမ်းညွှန်မှုအတွက် အလွန်ကျေးဇူးတင်ပါသည်။) မှန်ပေ၏။ သင်တို့သည် ဘုရားသခင်နောက် လိုက်လျှောက်ခြင်းနှင့် သင်တို့၏ တာဝန်ကို ထမ်းဆောင်ခြင်းဖြင့် များစွာ ရရှိခဲ့ကြပြီးဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က လူသားတို့ထံ ယူဆောင်လာသည့် အရာဖြစ်သည်။ သင်တို့သည် ဘုရားသခင်အား သင့်တင့်လျောက်ပတ်စွာ ကျေးဇူးတင်သင့်ပြီး ဘုရားသခင်ကို ချီးမွမ်းသင့်သည်။
ဘုရားသခင်အပေါ် စစ်မှန်သည့် ယုံကြည်မှုရှိသည့် လူများသည် ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေနိုင်စွမ်းရှိကြသည်။ အတွေ့အကြုံအချို့ ရရှိထားပြီးနောက် ၎င်းတို့သည် သမ္မာတရားအချို့ကို ရရှိနိုင်စွမ်း ရှိလာမည်ဖြစ်သည်။ ယင်းသမ္မာတရားများက ဆောင်ကြဉ်းလာသော ပျော်ရွှင်မှုသည် ရုပ်ဝတ္ထုပစ္စည်းများနှင့် ဇိမ်ခံစရာများက ဆောင်ကြဉ်းလာသည့် သာယာမှုများကို အစားထိုးရန် လုံလောက်သည်။ အဆိုပါအရာများအတွက်မူ ယင်းတို့ထံမှ သင်ပိုမိုရရှိလေ၊ သင် စိတ်ကျေနပ်မှု လျော့နည်းလေ၊ သင်သည် အဆိုးနှင့်အကောင်းကို ခွဲခြားသိမြင်နိုင်စွမ်း နည်းပါးလေဖြစ်သည်။ သို့သော် လူများသည် သမ္မာတရားကို ပိုမိုနှံ့စပ်စွာ နားလည်ပြီး ယင်းမှ ပိုမိုရရှိလေ၊ ၎င်းတို့သည် ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းသင့်ကြောင်းနှင့် ကျေးဇူးတင်သင့်ကြောင်း ပိုမိုသိရှိလေဖြစ်ကာ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်ကိုချစ်ရန် ပို၍ ဆာငတ်လာလေဖြစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်စွမ်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့နိုင်စွမ်း ပိုရှိလာလေဖြစ်သည်။ ဤသည်မှာ စစ်မှန်သည့် ပျော်ရွှင်မှုဖြစ်သည်။ ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာ သာယာမှုကို လိုက်စားခြင်းက လူများထံသို့ မည်သည့်အရာများ ဆောင်ကြဉ်းလာသနည်း။ အနှစ်မဲ့ခြင်းနှင့် အကျင့်စာရိတ္တ ပျက်စီးခြင်းသာဖြစ်သည်။ ယင်းက ရုပ်ဝတ္ထုပစ္စည်းများအတွက် ၎င်းတို့၏ လိုက်စားမှုနှင့် တောင့်တမှုကို ပို၍သာ ကြီးထွားစေသည်။ လူများသည် အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့၏ စုံစမ်းသွေးဆောင်မှုကို ဖယ်ရှားနိုင်ရန် ခက်ခဲသည်။ သို့ဆိုလျှင် ဘုရားသခင်ကို ယုံကြည်သည့် လူများသည် ဤရုပ်ဝတ္ထုပစ္စည်းဆိုင်ရာ သာယာမှုများကို မည်သို့လက်လွှတ်နိုင်ကြသနည်း။ နေ့စဉ်ဆုတောင်းခြင်းနှင့် မိမိကိုယ်ကို ချုပ်တည်းမှုကို ကျင့်သုံးခြင်းတို့ဖြင့် ယင်းကို လုပ်ဆောင်နိုင်သလော။ (ဤအရာများကို ခွဲခြားသိမြင်ခြင်းအားဖြင့်သာ ဖြစ်သည်။) တစ်စုံတစ်ဦးသည် ယင်းတို့ကို မည်သို့ ခွဲခြားသိမြင်သနည်း။ (တစ်ဖက်တွင် ဘုရားနှုတ်ကပတ်တော်များ၏ ဖော်ထုတ်ချက်ဖြင့်လည်းကောင်း၊ ကျန်တစ်ဖက်တွင် တစ်စုံတစ်ဦး၏ ကိုယ်ပိုင်အတွေ့အကြုံများနှင့် အသိတရားရခြင်းများအပြင် ဤအရာများကို ခွဲခြားသိမြင်နိုင်သည့် အချို့သော သမ္မာတရားများကို တဖြည်းဖြည်း နားလည်လာခြင်းဖြင့်လည်းကောင်း သိမြင်နိုင်သည်။) သင်သည် သမ္မာတရားကို နားလည်သည့်အတွက် ဤအရာများကို စွန့်လွှတ်နိုင်သည်။ ယင်းက သင်သည် သမ္မာတရားကို လက်ခံပြီးဖြစ်ကြောင်း ပြသခြင်း ဖြစ်သည်။ စိတ်နှလုံးထဲတွင် သင်သည် ဘုရားသခင်က လူတို့ကို ပြောပြီးသောအရာနှင့် တောင်းဆိုသောအရာတို့ဖြစ်သည့် ဘုရားနှုတ်ကပတ်တော်ကို လက်ခံပြီးဖြစ်ကာ ယင်းသည် သင်၏ လက်တွေ့အရှိတရား ဖြစ်လာသည်။ ယင်းအမှန်တရားသည် သင့်ဘဝ ဖြစ်သလော။ ယင်းသည် သင့်ဘဝ ဖြစ်လာခဲ့ပြီးဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ရာ၌ သင်သည် သမ္မာတရားကို သင့်အသက်အဖြစ် အမှုမဲ့အမှတ်မဲ့ ရရှိခဲ့ပြီးဖြစ်သည်။ သင်သည် ယင်းနှင့်ပတ်သက်၍ မည်သည့်ခံစားမှုကိုမျှ မရရှိသေးခြင်း၊ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် အတော်အတန် သေးငယ်သည်ဟု သင်တွေးမိခြင်း၊ သင်နားမလည်သည့် အရာများစွာ ရှိနေခြင်းတို့မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခု ရှိနေပြီး ယင်းက ဘုရားသခင်၏ အသက်သည် သင့်ကိုယ်တွင်းသို့ ရောက်ရှိပြီးဖြစ်ကြောင်း ပြသနေသည်။ ဘဝတွင် ရင့်ကျက်ကြီးထွားခြင်းသည် သဘာဝဖြစ်သည်။ ယင်းက သင့်အား တစ်စုံတစ်ခုသော နည်းလမ်းဖြင့် ခံစားရစေရန် မလိုအပ်။ သင်သည် ယင်းကို ရှင်းလင်းသည့် စကားလုံးများဖြင့် မဖော်ပြနိုင်စေကာမူ သင်သည် အမှန်တကယ် တိုးတက်ပြီးဖြစ်ကာ ပြောင်းလဲပြီးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အသက်သမ္မာတရားကို လက်ခံသည့် တစ်ချိန်တည်းမှာပင် သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံသို့ အမှုမဲ့အမှတ်မဲ့ ပို၍ တိုးဝင်ချဉ်းကပ်ပြီးဖြစ်သည်။ တစ်ချိန်တည်း၌ ဘုရားသခင်သည် သင့်အား စိစစ်နေပြီး သင့်စိတ်နှလုံးကို စောင့်ကြည့်လေ့လာပြီးဖြစ်သည်။ ယခု သေချာစွာ စဉ်းစားကြည့်လော့။ ဤဖြစ်စဉ်သည် အမှန်တကယ် ပျော်ရွှင်ဖွယ်ဖြစ်စဉ်တစ်ခု မဟုတ်ပါသလော။ ယင်းမှာ အလွန်အမင်း ပျော်ရွှင်စရာဖြစ်သည်။ သင်တို့သည် နောက်ဆုံးသောကာလတွင် အသက်ရှင်နေထိုင်ရသည်မှာ၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုကို လက်ခံရသည့် အခွင့်ထူး ရရှိသည်မှာ၊ ဘုရားသခင်နောက် လိုက်လျှောက်ပြီး မိမိ၏ တာဝန်ကို ထမ်းဆောင်ရသည်မှာ အလွန်ကံကောင်းသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်တို့အတွင်းသို့ တိုက်ရိုက် ရောက်ရှိအောင် လုပ်ဆောင်ခြင်းဖြင့် သင်တို့သည် သမ္မာတရားကို အသက်အဖြစ် ရရှိခဲ့ကြသည်။ ဘုရားနှုတ်ကပတ်တော်များ၏ အသက်ကို စစ်မှန်မှုအဖြစ်လည်းကောင်း၊ သမ္မာတရား၏အသက်ကို စစ်မှန်မှုအဖြစ်လည်းကောင်း ရရှိထားသည့် လူသား၏ တည်ရှိမှုသည် အမှန်တကယ် တန်ဖိုးမရှိသလော။ ယင်းသည် သင်သတိမထားမိဘဲ မြင့်မြတ်ခြင်း ဖြစ်လာခဲ့သည် မဟုတ်သလော။ အသက်ရှင်နေခြင်းသည် စတင်၍ တဖြည်းဖြည်းနှင့် ပိုမိုဂုဏ်သရေရှိလာခြင်း မဟုတ်သလော။ ဤအချိန်မှသာ လူများသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းဖြင့် များစွာ အကျိုးရရှိခဲ့ကြောင်း ခံစားကြရသည်။ အချို့သော သမ္မာတရားများကို နားလည်ခြင်းသည် လူများအား ဤကဲ့သို့သော အပြောင်းအလဲကို ဆောင်ကြဉ်းပေးနိုင်သည်။ ယခင်ကမူ ၎င်းတို့သည် ယင်းကို ခွဲခြားသိမြင်ခဲ့ခြင်း မရှိပါ။ သို့သော် ယခုအခါ ၎င်းတို့သည် အရာရာတိုင်းကို ရှင်းလင်းစွာ တွေ့မြင်ကြလေသည်။ စင်စစ်အားဖြင့် ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားသည် ၎င်းတို့၏အတွင်း၌ ၎င်းတို့၏ အသက်ဖြစ်လာခဲ့ပြီးဖြစ်၏။ သမ္မာတရားသည် နှလုံးသားအတွင်း၌ အမြစ်တွယ်ပြီး အသက်တည်းဟူသော အသီးသီးရန် ပွင့်ဖူးနေပေပြီဖြစ်သည်။ ယင်းမှာ သမ္မာတရားကို နားလည်သဘောပေါက်ခြင်းမှ မွေးဖွားလာသည့် အသီးဖြစ်သည်။ ယင်းကို မည်သည့်အရာကမျှ အစားမထိုးနိုင်ပေ။ သင်တို့သည် နောက်ပိုင်းတွင် အချို့သော ဆုံးမပဲ့ပြင်ခြင်း၊ ရိုက်နှက်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံကာ ယင်းတို့ကို လက်ခံပြီး နာခံနိုင်သည့်အခါ သင်သည် သမ္မာတရားများစွာကို နားလည်သဘောပေါက် ပြီးသည့်နောက် သတိပြုမိခြင်းမရှိဘဲ ဘုရားသခင်ကို သိရှိလာလိမ့်မည်။ သင်၏ ဘဝသည် ပို၍ပို၍ တိုးတက်လာလိမ့်မည်။ ယင်းမှာ တဖြည်းဖြည်းနှင့် ရင့်ကျက်လာခြင်း မဟုတ်သလော။ သင်တို့သည် ထိုနေ့ကို စောင့်မျှော်နေခြင်း မဟုတ်သလော။ (ဟုတ်ပါသည်။) ထိုသို့ဆိုလျှင် သင်တို့သည် သမ္မာတရားကို အားထုတ်ကြရမည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။