သမ္မာတရား စည်းမျဉ်းများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည် (အပိုင်း သုံး)
လူတစ်ဦးချင်းစီအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ အားလုံးအတွက် တစ်ပုံစံတည်း မဟုတ်ချေ။ အခြေအနေတစ်ခုတွင် ယင်း သတ်မှတ်ချက်များသည် လူတစ်ဦးတစ်ယောက်၏ အစွမ်းအစပေါ် မူတည်၏။ အခြားသော အခြေအနေ တစ်ခုတွင်မူ ၎င်းတို့၏ လူ့သဘာဝနှင့် အားထုတ် လိုက်စားမှုများအပေါ် မူတည်လေသည်။ အချို့သော လူများသည် ရိုးသားစွာ ပြောဆိုခြင်းကို အခက်အခဲ မရှိကြချေ။ အခြားသူများအတွက်မူ ယင်းသည် အားထုတ်ရမှု များစွာ လိုအပ်လေသည်၊ သို့သော် ပြုပြင်ခြင်း ခံရခြင်းအား နှစ်အနည်းငယ် တွေ့ကြုံပြီးသည့်နောက်တွင် ၎င်းတို့၏ စိတ်နှလုံးအတွင်းမှ ရိုးသားမှုတစ်ခုခုကို နောက်ဆုံး၌ ပြောဆိုနိုင်ကြ၏။ ဘုရားသခင်က ဤအရာကို ပြောင်းလဲခြင်းအဖြစ် ရှုမြင်သလော။ ယင်းသည် ဘုရားသခင်အမှုတော်၏ အကျိုးရလဒ်လော။ ဤသည်မှာ ဘုရားသခင်အမှုတော်၏ လိုချင်သည့် အဆုံးသတ်ပင် ဖြစ်သည်။ ဤအမှုတော်ကို နှစ်ပေါင်းများစွာ ပြုပြီးသည့်နောက်တွင် ဤလိုချင်သည့် အကျိုးရလဒ်အား နောက်ဆုံး၌ မြင်သည့်အခါ ဘုရားသခင်သည် မြတ်နိုးတန်ဖိုးထား၏။ ထို့ကြောင့် သင်သည် အတိတ်တွင် မည်သို့ တွေ့ကြုံခဲ့သည်ဖြစ်စေ၊ သင် လုပ်ခဲ့သော အမှားများ သို့မဟုတ် ပျက်ကွက်ခဲ့သော အကြိမ်ပေါင်း များစွာ ရှိခဲ့သည်ဖြစ်စေ စိုးရိမ်ပူပန်မှုများ မရှိလေနှင့်။ ဘုရားသခင်သည် ဖြောင့်မတ်ကြောင်းကို သင် ယုံကြည်ရမည်။ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းမှာ မှန်ကန်သည်ဟု ယုံကြည်လော့။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် ကြိုတင်စီစဉ်မှုများကို နာခံခြင်းမှာ မှန်ကန်သည်ဟု ယုံကြည်လော့။ ဤသည်မှာ အမြင့်ဆုံးသော သမ္မာတရား ဖြစ်သည်။ သင်၏ လက်တွေ့လုပ်ဆောင်မှုနှင့် လုပ်ရပ်များ၌ ဤလမ်းကို လိုက်လျှောက်လျှင် သင်သည် မှားယွင်းလိမ့်မည် မဟုတ်။ ယင်းကို သံသယမရှိနှင့်၊ သို့မဟုတ် လေ့လာစစ်ဆေးခြင်း မပြုနှင့်။ အချို့သော လူများက “ကျွန်ုပ်သည် ဟိုယခင်က လုပ်ခဲ့သည့် စွန့်လွှတ်မှုများမှ များများစားစား မရရှိခဲ့ပေ။ ယခု ကျွန်ုပ်က စွန့်လွှတ်မှုများ ထပ်လုပ်လျှင် နောက်တစ်ကြိမ် ဆုံးရှုံးရလိမ့်မည်လော” ဟု ဆိုကြသည်။ သင်သည် ထိုစွန့်လွှတ်မှုများကို ပြုလုပ်သည့်အချိန်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခဲ့သလော။ အမှုကိစ္စများကို သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ခဲ့သလော။ သင်သည် မှန်ကန်သော လမ်းကို လျှောက်ခဲ့သလော။ သင်သည် မှန်ကန်သောလမ်းကို လျှောက်ခဲ့လျှင် သမ္မာတရားအား မရရှိခြင်း သို့မဟုတ် သက်သေခံချက် ကင်းမဲ့ခြင်းများ ရှိနိုင်လိမ့်မည်မဟုတ်။ သို့သော် သင်၏ ယခင် စွန့်လွှတ်မှုများမှာ ဂုဏ်၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်များအတွက်ချည်းသာ ဖြစ်ခဲ့လျှင် သင်သည် မည်သည်ကိုများ ရရှိနိုင်ခဲ့မည်နည်း။ သင် ရရှိလိုက်သည်မှာ ပြုပြင်ခံရခြင်း ခံရခြင်းသာ ဖြစ်မည်၊ ပြီးလျှင် သင်သည် နောင်တမရခဲ့လျှင်မူ အပြစ်ဒဏ်ပေးခြင်းနှင့် ဖျက်ဆီးခြင်းကိုသာ ရခဲ့ပေလိမ့်မည်။ သင်သည် စွန့်လွှတ်မှုများကို ဂုဏ်၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်များအတွက် ပြုလုပ်ခဲ့၏၊ သို့သော် သမ္မာတရားကို ရရှိရန် မျှော်လင့်ခဲ့ပြန်သည်။ ဤသည်မှာ ဖြစ်လိုခြင်းပင် မဟုတ်လော။ လူတစ်ယောက်သည် ဘုရားသခင်ကို တစ်ပတ်ရိုက်ရန် အမြဲတမ်း ကြံစည်ကြိုးစားနေခြင်းမှ မည်သည့်အရာကိုများ ရရှိနိုင်ခဲ့မည်နည်း။ အပိုင်ကြံခြင်းနှင့် ကြံစည်ခြင်းများ ပြုလုပ်ကြသည့်တိုင် နောက်ဆုံးတွင် ၎င်းတို့သည် မိမိကိုယ်မိမိ ပြန်၍ တစ်ပတ်ရိုက်မိလေသည်။ ၎င်းတို့သည် မည်သည်ကိုမျှ မရရှိကြပေ၊ ဤသည်မှာ မဖြစ်ထိုက်သလော။ အနည်းဆုံးအနေဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် အခြေခံစည်းမျဉ်းမှာ အဘယ်နည်း။ မကောင်းမှု မလုပ်ခြင်း၊ ဘုရားသခင်၏ စိတ်သဘောထားကို မပုန်ကန် မပြစ်မှားခြင်း၊ ဘုရားသခင်ကို ဒေါသမဖြစ်စေခြင်း၊ ဘုရားသခင်နှင့် မပြိုင်ဆိုင်ခြင်းတို့ ဖြစ်သည်။ အရေးကြီးသော အချိန်များတွင် မိမိ၏ အကြံအစည်များ၊ ရည်မှန်းချက်များနှင့် အလိုဆန္ဒများကို စွန့်လွှတ်ခြင်းလည်း ဖြစ်သည်။ အမှန်တကယ်တွင် လူများသည် ထိုထိုဤဤ ကြံစည်ကြသည့်အခါ နောက်ဆုံး၌ မိမိကိုယ်ကို လှည့်ဖြားမိသည့်ကိန်း ဆိုက်ကြလေသည်။ ဤအရာကို လူတိုင်း နားလည်ကြလျှင် လူများသည် အဘယ်ကြောင့် ဆက်၍ ကျိတ်ကြံစည်ကြသနည်း။ ၎င်းတို့၏ သဘာဝကြောင့် ဖြစ်သည်။ လူသားများတွင် ဦးနှောက်၊ အတွေးနှင့် စိတ်ကူးများ ရှိကြ၏၊ ၎င်းတို့တွင် အသိပညာနှင့် သင်ယူခြင်းလည်း ရှိကြသည်။ လူများသည် မိမိကိုယ်ကို မထိန်းချုပ်နိုင်ကြခြင်းမှာ ဤအရာများ ရှိနေသောကြောင့် ဖြစ်သည်၊ ဤသည်မှာ ရှောင်လွှဲမရသော နိယာမတစ်ခု ဖြစ်၏။ သင်သည် ကျိတ်ကြံစည်ရသည်ကို နှစ်သက်လျှင် အခြားလူများအပေါ် ကျိတ်ကြံစည်ခြင်းမှာ ပြဿနာကြီးတစ်ခု ဖြစ်ချင်မှ ဖြစ်မည်။ သို့သော် သင်သည် ဘုရားသခင်ကို သင့်စက်ပုန်းခုတ်ခြင်းများ၏ ပစ်မှတ်အဖြစ် ထားရှိလျက် ဘုရားသခင်ကို ဆက်၍ ကျိတ်ကြံစည်လျှင်၊ သင်သည် သင်၏ အဆုံးသတ်ကိုသာ ဖန်တီးမိလိမ့်မည် ဖြစ်ပြီး သင့်အား ဘုရားသခင် ပေးခဲ့သော အခွင့်အရေးကိုလည်း အလွဲသုံးစား လုပ်မိလိမ့်မည်။ ဤသည်မှာ မလုပ်အပ်ပေ။ သင်သည် သင်၏ ကျိတ်ကြံစည်ကို ဤအဆင့်ထိ ရောက်အောင် လုံးဝ ခွင့်ပြု၍ မဖြစ်ပေ။ သင့်အနေဖြင့် မည်သို့ ကျိတ်ကြံစည်သည်ဖြစ်စေ၊ နောက်ဆုံး၌ သင်သည် စိတ်သဘောထား ပြောင်းလဲခြင်းကို ကြုံရမည် ဖြစ်ပြီး အကျိုးရလဒ်များလည်း ထွက်ပေါ်ရမည်။ ထို့ပြင် ဤအကျိုးရလဒ်များမှာ ကောင်းမွန်ရမည်ဖြစ်ပြီး အပြုသဘော ဆောင်ရပေမည်။ အကယ်၍ လူတစ်ယောက်သည် ထိုထိုဤဤ ကျိတ်ကြံစည်ပြီး နောက်ဆုံးတွင် သမ္မာတရားကို မရရှိဘဲ အပြစ်ဒဏ် ပေးခံရခြင်းဖြင့်သာ အဆုံးသတ်လျှင် ဤသည်မှာ ကျိတ်ကြံစည်ရန် နှစ်သက်သော၊ အမြဲတမ်း ကျိတ်ကြံစည်သော လူတစ်ယောက်အတွက် အကျိုးဆက်ပင် ဖြစ်သည်။ ဤသို့သော လူတစ်ယောက်သည် မပါးနပ်ချေ။ ၎င်းတို့သည် လူတုံးလူအ ထိပ်ခေါင်များ ဖြစ်ကြ၏။
လူများအားလုံးသည် ဘုရားသခင်ကို ပထမဆုံး စတင် ယုံကြည်သည့်အချိန်၌ မစင်ကြယ်မှုများ ရှိကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် သမ္မာတရားကို မိတ်သဟာယ ပြုခြင်းတို့အား နှစ်ပေါင်းများစွာ ပြုလုပ်ပြီးသည့် နောက်တွင် သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအချို့ကို ဖယ်ရှားနိုင်ခဲ့ပေမည်။ သင်တို့၏ ကိုယ်ကျိုးအတွက် ကျိတ်ကြံစည်ပြီး အကွက်ချကြသည့် အချိန်များ ရှိနေသေးသလော။ (ရှိပါသေးသည်။) သင်တို့သည် ဤအခြေအနေများကို မကြာမကြာ တွေ့ကြုံကြရသည်။ သို့ဖြစ်ရာ ၎င်းတို့အား မည်သို့ သဘောထားသင့်သနည်း။ လက်တွေ့လုပ်ဆောင်သည့် စည်းမျဉ်းများ ရှိသလော။ ဤအရာသည် ရှာဖွေခြင်း များစွာ လိုအပ်၏။ သင်သည် မရိုးမသား ဖြစ်နေသည်ဟု ခံစားမိပြီး သင့်ကိုယ်သင် ကောက်ကျစ်ဆိုးယုတ်၍ လှည့်စားသော အခြေအနေတစ်ခုတွင် နစ်နေသည်ဟု တွေ့ရှိသည့်အခါတိုင်း၊ သင်၏စိတ်နှလုံးတွင် ဤ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြည့်နှက်နေသည့်အခါတိုင်း သင်သည် ဘုရားသခင်ကို ဆုတောင်း၍ သင်၏ ဇာတိပကတိကို ပုန်ကန်ရမည်။ ကျိုးကြောင်းဆင်ခြင်ခြင်းကို အားမကိုးနှင့်၊ သို့မဟုတ် ဤအကြောင်းအရာအား သင်၏ အယူအဆများနှင့်အညီ မဝေဖန်နှင့်၊ ပြီးလျှင် မစိစစ်နှင့်။ သင့်ကို သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ထိန်းချုပ်ကာ သင်၏ ကိုယ်ပိုင် အလိုဆန္ဒများက ကြီးကြပ်ကွပ်ကဲသည်ဆိုလျှင် ဒုက္ခရောက်ပေလိမ့်မည်။ သင်သည် အပြစ်တရားဟူသော လက်မည်းကြီး ရောက်ရှိလာတော့မည့် အချိန်ကို သင်၏စိတ်နှလုံးတွင် သိသည်။ ထိုသို့ ဖြစ်ပေါ်သည့်အခါ သင်သည် မလုပ်ဆောင်မိအောင် ရှောင်ကြဉ်လျက် မိမိကိုယ်ကို ထိန်းချုပ်ရမည်။ သင်သည် မိမိ၏စိတ်ကို ငြိမ်သက်အောင် လုပ်ရလိမ့်မည်၊ ဘုရားသခင်ရှေ့မှောက် ရောက်ရှိကာ ဆုတောင်းရလိမ့်မည်။ အမှန်အားဖြင့် သင်သည် မိမိကိုယ်ကို စစ်ကြောရန် လိုအပ်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို သင်၏ယုံကြည်ခြင်းတွင် ဤအဆင့်သို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် တရားဒေသနာ အများအပြားကိုလည်း ကြားနာပြီးခဲ့ပြီဖြစ်ရာ သင်သည် မိမိစိတ်ထဲတွင် ရှိနေသည့်အရာတို့ကို အတန်အသင့် ရှင်းလင်း နားလည်သင့်သည်၊ အမှန်နှင့် အမှားကိုလည်း ခွဲခြား သိသင့်သည်။ အဓိကမှာ သင်သည် သင်၏ ဇာတိပကတိကို ပုန်ကန်ရမည် ဖြစ်ပြီး ဇာတိပကတိ၏ ဦးဆောင်ခြင်းကို ခံရရန် မဟုတ်။ သို့ဖြစ်ရာ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (နာခံသင့်ပါသည်။) သင်က ချက်ချင်း မနာခံနိုင်လျှင် မည်သို့ ရှိမည်နည်း။ သင်က ငြင်းခုံချင်သေးသည်၊ စိစစ်ကာ စစ်ဆေးချင်သေးသည် ဆိုလျှင် မည်သို့ရှိမည်နည်း။ ထိုအခါတွင် သင်သည် မိမိ၏ ရည်မှန်းချက်များကို လျော့ပါးအောင် ပြုလုပ်၍ စိတ်အေးအေး ထားရမည်၊ တစ်ချိန်တည်းမှာပင် ဘုရားသခင်ရှေ့မှောက် ရောက်ရှိကာ ဆုတောင်းရမည်၊ သို့မဟုတ် သင်၏ ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုရမည်။ သင်သည် ပွင့်ပွင့်လင်းလင်းဖြင့် ဖွင့်ပြောရန်လည်း လိုအပ်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို အသုံးပြု၍ အခြေအနေအား အသေအချာ ဆန်းစစ်ရလိမ့်မည်။ တစ်ရက်၊ နှစ်ရက် ကြာပြီးသည့်နောက်တွင် သင်၏အခြေအနေမှာ များစွာ ပိုမို ကောင်းမွန်လာလိမ့်မည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ဖြစ်၏။ မိမိ၏ ကိုယ်ပိုင် အကြံအစည်များကို လက်လွှတ်ခြင်းသည် သွင်ပြင်လက္ခဏာ တစ်ခုအရ မိမိ၏ မှားယွင်းသော အတွေးများနှင့် စိတ်ကူးများကို ပုန်ကန်နိုင်ခြင်း၊ လက်လျှော့နိုင်ခြင်းနှင့် ပြုပြင်နိုင်ခြင်းဟူသော အဓိပ္ပာယ်ဖြစ်သည်။ အခြား သွင်ပြင်လက္ခဏာတစ်ခုမှာမူ လူတစ်ယောက်၏ ရည်မှန်းချက်များနှင့် အလိုဆန္ဒများသည် အလွန်အမင်း ပြင်းထန်လှ၍ ထိုသူသည် ယင်းတို့အတိုင်း လုပ်ဆောင်ချင်၏၊ ပြီးလျှင် ဤအတိုင်း လုပ်ဆောင်ခြင်းသည် သမ္မာတရားနှင့် ကိုက်ညီမည် မဟုတ်ကြောင်း၊ မှန်ကန်သောလမ်း ဖြစ်မည် မဟုတ်ကြောင်းကို သိသော်လည်း ထိုသူသည် လမ်းကြောင်းကို ပြောင်းလဲနိုင်စွမ်း မရှိလျှင် ဤအဖြစ်သည် ဆုတောင်းချက် လိုအပ်လေသည်။ ၎င်းတို့သည် မိမိ၏ ရည်မှန်းချက်များ လျော့ပါးအောင် ထက်သန်စွာ ဆုတောင်းရမည်။ ဥပမာအားဖြင့် သင် ပြုလုပ်ချင်သော အရာတစ်ခု ရှိကောင်းရှိနိုင်ပြီး ထိုအလိုဆန္ဒ အပြင်းထန်ဆုံး ဖြစ်လာသည့်အခါ သင်သည် ယင်းကို မလုပ်ရလျှင် အသက်မရှင်နိုင်သကဲ့သို့ လုံးဝ လုပ်ရမည်ဟု ခံစားမိသည်။ သို့သော် နှစ်ရက်၊ သုံးရက်မျှ စောင့်ဆိုင်းပြီးသည့်နောက်တွင် သင်သည် ဤယခင် သဘောထားကို အရှက်မဲ့မှု၊ မလျော်ကန်မှု၊ အသိတရားမဲ့မှုအဖြစ် မြင်လာလိမ့်မည်။ ဤသည်မှာ သင်သည် အနေအထား ပြောင်းလဲခြင်းတစ်ခု ပြုလုပ်ခဲ့ပြီဟူသော အဓိပ္ပာယ်ဖြစ်သည်။ ယင်းသည် မည်သို့ ဖြစ်ပေါ်ခဲ့သနည်း။ ဆုတောင်းချက်မှတစ်ဆင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုနှင့် ပြစ်တင်ဝေဖန်မှုမှတစ်ဆင့် ဖြစ်ပေါ်ခဲ့လေသည်။ သင့်အနေဖြင့် ပြဿနာကို မတူသော ရှုထောင့်တစ်ခုမှ မြင်တတ်စေမည့် ထိုးထွင်းအမြင်အချို့နှင့် စိတ်ခံစားမှုကို သန့်ရှင်းသောဝိညာဉ်တော်က ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ သင်က မှန်ကန်သည်ဟု မြင်ခဲ့မိသော၊ မလုပ်ဆောင်ရသဖြင့် ဘဝင်မကျ ဖြစ်ခဲ့မိသော အရာမှာ မှားယွင်းနေပြီး ယင်းသို့ လုပ်ဆောင်ခြင်းသည် သင်၏ အသိတရား၏ ပြစ်တင်ဆုံးမခြင်းတစ်ခု ဖြစ်လာလိမ့်မည်ဟု သင်သည် ရုတ်တရက် သဘောပေါက်လေသည်။ ဤသည်မှာ အခြေအနေ ပြောင်းလဲခြင်းတစ်ခုကို လက္ခဏာပြခြင်း ဖြစ်ပြီး စိတ်အပြောင်းအလဲ တစ်ခုကို ရရှိစေသည်။ လူတစ်ယောက်သည် ၎င်း၏ မှားယွင်းသော အခြေအနေကို ပြုပြင်လျှင် ယင်းမှာ ထိုလူပုဂ္ဂိုလ်အတွက် မျှော်လင့်ချက် ရှိသေးကြောင်း သက်သေပြ၏။ ၎င်းသည် သမ္မာတရားကို လိုက်စား၍ ဘုရားသခင်၏ ကာကွယ်ခြင်းကို ရရှိသော လူတစ်ယောက် ဖြစ်သည်ဟု ဆိုလိုသည်။ သို့သော် ထိုသူသည် ၎င်း၏ မှားယွင်းသော အခြေအနေကို လုံးဝ မပြုပြင်လျှင်၊ ၎င်း လုပ်ဆောင်နေသော အရာမှာ မှားယွင်းကြောင်း သိသည့်တိုင် မလျှော့တမ်း လုပ်လျှင်၊ လူတစ်ဦးတစ်ယောက်၏ အကြံဉာဏ်ကိုလည်း နားမထောင်ဘဲ နေလျှင် ၎င်းသည် သမ္မာတရားကို လိုက်စားသူတစ်ယောက် မဟုတ်ချေ။ ပြီးလျှင် ၎င်းသည် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းကို ရရှိလိမ့်မည် မဟုတ်သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကိုလည်း ရလိမ့်မည် မဟုတ်ပေ။ သမ္မာတရားကို လိုက်စားသူ တစ်ယောက်သည် မည်သည့် အရာနှင့် ရင်ဆိုင်ရသည်ဖြစ်စေ၊ ယင်းအရာကို နားမလည်နိုင်လျှင် ထိုသူသည် တစ်ရက်နှစ်ရက်မျှ ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ တရားဒေသနာများ ကြားနာခြင်း သို့မဟုတ် မိတ်သဟာယတွင် ပါဝင်ခြင်းတို့ကိုသာ ပြုလုပ်ရလေသည်။ မည်သည့် နည်းလမ်းကို သုံးသည်ဖြစ်စေ၊ ထိုသူသည် အခြေအနေကို တဖြည်းဖြည်း နားလည်လာမည် ဖြစ်ပြီး လက်တွေ့လုပ်ဆောင်ခြင်းဟူသော မှန်ကန်သည့်လမ်းကို ရှာဖွေနိုင်လာလိမ့်မည်။ ဤလူပုဂ္ဂိုလ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိထားပြီး ကိုယ်တော်၏ ဦးဆောင်ခြင်းကို ခံရကြောင်း ဤအရာက ပြလေသည်။ အကျိုးရလဒ်များမှာ ထင်ရှားသည့်အပြင် အမှုကိစ္စများအား လုပ်ဆောင်ရာတွင် ဤလူပုဂ္ဂိုလ် အသုံးပြုသည့် စည်းမျဉ်းများသည်လည်း ပြောင်းလဲခြင်း တစ်ခုကို ကြုံရလိမ့်မည်။ သင်သည် လုံးဝ မပြောင်းလဲလျှင် သင်၏ အားထုတ်လိုက်စားမှုနှင့် သင်၏ သဘောထားမှာ ပြဿနာတစ်ခု ရှိနေလေပြီ။ သင်သည် အမှုအရာများအား ကြည့်ရှုပုံကို ပြောင်းလဲလိုက်လျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှာ အတော်ပင် လွယ်ကူကြောင်း တွေ့လာလိမ့်မည်။ ဥပမာအားဖြင့် အရသာရှိသော စားစရာအချို့ကို မြင်သော်လည်း သင် ကြိုက်သောအရာမျိုး မဟုတ်၊ သို့မဟုတ် ယင်းကို လတ်တလော မစားချင်သည့်အခါတွင် ယင်းကို စားမိခြင်းမှ ရှောင်ကြဉ်ရန် လွယ်ကူသည် မဟုတ်လော။ (လွယ်ကူပါသည်။) ထို့အပြင် သင်သည် ယင်းကို တကယ် စားလိုသော်လည်း စားခွင့်မရှိလျှင် ဤအဖြစ်မှာ လက်ခံရန် လွယ်ကူမည်လော။ (မလွယ်ကူပါ။) သင်သည် ဤအရာကို ပုန်ကန်ရမည်၊ သင်၏ စားချင်စိတ်၊ သင်၏ လိုအင်ဆန္ဒကို ပုန်ကန်လော့။ အကယ်၍ သင်က “ငါသည် ထိုစားစရာ စားရသည်ကို နှစ်သက်သည်။ စားရန်လည်း ဆုံးဖြတ်ထားသည်။ ငါ့ကို မစားသင့်ဟု ဘယ်သူက ပြောမည်နည်း” ဟု ပြောဆိုကာ မလျှော့တမ်း ငြင်းခုံနေလျှင်၊ ခေါင်းမာမာဖြင့် လုပ်ဆောင်လျှင် သင်သည် လက်လွှတ်နိုင်လိမ့်မည်မဟုတ်ပေ၊ ပုန်ကန်နိုင်မည်လည်း မဟုတ်ပေ။ သို့ဖြစ်ရာ သင်သည် မည်သို့ ပုန်ကန်ရမည်နည်း။ သင်သည် ပထမဦးစွာ စိတ်အေးအေးထား၍ ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်စွာ ဆင်ခြင်ရမည်။ ထို့နောက် ဤ အကြောင်းအရာနှင့်ပတ်သက်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို သွားရောက် ဖတ်ရှုကာ ယင်းတို့အား သေချာစွာ သုံးသပ်ဆင်ခြင်လော့။ “ငါသည် ဘယ်လိုကြောင့် လောဘကြီးလွန်းရသနည်း။ စားမည်ဟု အခိုင်အမာ ဆုံးဖြတ်ထားခြင်းမှာ ငါ့အနေဖြင့် အရှက်မဲ့ခြင်း မဟုတ်လော။ စားဖြစ်အောင် စားလိုက်ခြင်းအားဖြင့် ငါသည် မည်သည့်အရာကိုများ ရရှိဦးမည်နည်း။ ငါသည် စိတ်ဆန္ဒ ပြင်းနေခဲ့သည် မဟုတ်လော”ဟူ၍ဖြစ်သည်။ စားလိုက်မည်ဟု ဆုံးဖြတ်ထားခြင်းဟူသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ ယင်းမှာ စိတ်ဆန္ဒပြင်းခြင်း၊ ခေါင်းမာခြင်းအပြင် အာဏာပြင်းပြခြင်း၊ အကျိုးသင့်အကြောင်းသင့် မဖြစ်ခြင်းတို့နှင့် သက်ဆိုင်လေသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်၏။ ဤသည်မှာ သင့်ကို အာဏာပြင်းပြစေသော၊ ဖီဆန်စေသော၊ နာခံနိုင်စွမ်း မရှိစေသော စိတ်သဘောထားပင် ဖြစ်သည်။ သင်သည် ဤအရာကို တွေးဆကြည့်လျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှာ အတော်ပင် ပြင်းထန်ကြောင်းနှင့် ထိုစိတ်သဘောထားသည် သင့်အား ဘုရားသခင်အပေါ် ခုခံပြီး ပုန်ကန်စေရန် လုပ်နိုင်စွမ်း ရှိလွန်းကြောင်းကို သင် သဘောပေါက်လာလိမ့်မည်။ သင်သည် မကောင်းမှုပြုလျှင် အကျိုးဆက်များမှာ မစဉ်းစားနိုင်လောက်အောင် ရှိလာလိမ့်မည်။ အကယ်၍ သင်သည် ဤပုံစံဖြင့် မိမိကိုယ်ကို ဆင်ခြင်နိုင်လျှင် သင်၏ စိတ်နှလုံးသည် သဘာဝအလျောက် တောက်ပပြီး ပြဿနာ၏ အနှစ်သာရကိုလည်း အလွယ်တကူ နားလည် သဘောပေါက်လာလိမ့်မည်။ ဤအဆင့်တွင် သင်သည် ဘုရားသခင်ကို ထပ်မံ ဆုတောင်းသည့်အခါ သင်၏ စိတ်ဓာတ်သည်လည်း ပုံမှန် ဖြစ်လာလိမ့်မည်၊ အကျိုးသက်ရောက်မှုမှာလည်း ခြားနားလိမ့်မည်။ ဤ အခြေအနေမှာ ကနဦး ပုန်ကန်သောအခြေအနေနှင့် အတော်ပင် ကွာခြားသည် မဟုတ်လော။ သင်သည် ဤ အချိန်၌ မည်သည်ကို စဉ်းစားလာမည်နည်း။ သင်သည် မည်သို့ ခေါင်းမာ၍ စိတ်ဆန္ဒပြင်းနေခဲ့ပုံကို လက်ခံနိုင်လာလိမ့်မည်။ သင့်အနေဖြင့် အရှက်ကင်းမဲ့ကာ ကောင်းမြတ်ခြင်း မရှိခဲ့သည်ကို ခံစားမိလာလိမ့်မည်။ ဤသို့ မိမိကိုယ်ကို နားလည်ခြင်းသည် ပို၍ မှန်ကန် တိကျလာလိမ့်မည်၊ ပြီးလျှင် သင်သည် လက်တွေ့ လုပ်ဆောင်မှုတွင် ပို၍ နှိုင်းနှိုင်းချိန်ချိန်ဖြင့် ပါဝင်လာလိမ့်မည်။ အချို့သောလူများက “ကျွန်ုပ်သည် ယခင်က ဘယ်လိုကြောင့် မိုက်မဲလွန်းစွာ လုပ်ဆောင်ခဲ့မိသနည်း။ ထိုသို့သော ရူးနှမ်းသည့် အရာများကို ဘယ်လိုကြောင့် ပြောဆိုမိခဲ့သနည်း။ ကျွန်ုပ်သည် အဘယ်ကြောင့် ပုန်ကန်လွန်းခဲ့သနည်း။ ငါသည် အဘယ်ကြောင့် ပိုမို၍ မသိခဲ့သနည်း” ဟု မကြာခဏ ပြောဆိုသည်ကို ငါသည် ကြားခဲ့ရ၏။ ဤအရာများကို ပြောဆိုသော လူတစ်ယောက်အနေဖြင့် ၎င်းသည် အမှန်ပင် ပြောင်းလဲကာ ရင့်ကျက်ခဲ့ပြီ ဖြစ်ကြောင်း သက်သေပင် ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို အချိန်တစ်ခုစာ လက်တွေ့ မလုပ်ဆောင်နိုင်ရုံမျှဖြင့် သင်သည် တစ်သက်တာလုံး ယင်းသို့ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ဟု မဆိုလိုပေ။ ငါသည် ဤအချက်အားဖြင့် မည်သည်ကို ဆိုလိုသနည်း။ လူတစ်ယောက်သည် လှည့်ဖြားတတ်သည်၊ ဇွတ်တရွတ်နိုင်သည်၊ ခေါင်းမာသည် သို့မဟုတ် မာနထောင်လွှားသည်၊ ခဏတာပင် ပြောင်းလဲခြင်းမရှိ ဆိုစေကာမူ ထိုသူသည် လုံးဝ မပြောင်းလဲနိုင်ဟု အဓိပ္ပာယ်မသက်ရောက်ချေ။ စိတ်သဘောထား ပြောင်းလဲခြင်းသည် တစ်ခါတစ်ရံတွင် အချိန် လိုအပ်၏၊ တစ်ခါတစ်ရံတွင်မူ မှန်ကန်သော ပတ်ဝန်းကျင် သို့မဟုတ် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လိုအပ်လေသည်။ သို့ရာတွင် သင်က “ဤသည်မှာ ကျွန်ုပ်၏အရှိအတိုင်းပင် ဖြစ်သည်။ ကျွန်ုပ် လက်လျှော့သည်။ ကျွန်ုပ်သည် ဘာကိုမျှ ဂရုစိုက်တော့မည် မဟုတ်” ဟု ပြောချင်ပြောပေမည်။ ဤသည်မှာ အန္တရာယ် ရှိ၏။ သင့်ကို ဖယ်ရှားရှင်းလင်းနေသည်မှာ ဘုရားသခင် မဟုတ်ဘဲ သင်သည် သင့်ကိုယ်သင် ဖယ်ရှားရှင်းလင်းနေခြင်း ဖြစ်သည်။ သင်သည် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို မရွေးချယ်ဘဲ မိမိကိုယ်ကို အရှုံးပေးခြင်း လမ်းကြောင်းကိုသာ ရွေးချယ်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို သစ္စာဖောက်နေခြင်း ဖြစ်၏၊ ယင်းသို့ လုပ်ဆောင်ခြင်းဖြင့် သင်သည် ကယ်တင်ခြင်း ရရှိရန် အခွင့်အရေးကို ထာဝရ ဆုံးရှုံးရလိမ့်မည်။ လူများသည် သမ္မာတရားကို ရရှိချင်လျှင်၊ ၎င်းတို့၏ အသက် စိတ်သဘောထားကို ပြောင်းလဲချင်လျှင် ၎င်းတို့အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ ဖတ်ရှုရမည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ရည်ရွယ်ချက်များနှင့် မစင်ကြယ်မှုများ တဖြည်းဖြည်း ပြေလည်စေရန်အတွက် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း၌ မိမိကိုယ်ကို ရှုထောင့် အမျိုးမျိုးဖြင့် အမြဲတမ်း စစ်ကြောကာ ဆင်ခြင်ကြည့်ရမည်။ ဤသည်မှာ လူများက ပူးပေါင်းလုပ်ဆောင်ရမည့် ပုံစံဖြစ်သည်၊ သို့သော် ဘုရားသခင်၏အမှုတော်ကိုလည်း လိုအပ်လေသည်။ ဘုရားသခင်သည် အမျိုးမျိုးသော ပတ်ဝန်းကျင်များကို စီစဉ်ပေး၏၊ ထို့နောက် သူ၏အချိန်အခါနှင့်အညီ သူ၏အမှုတော်ကို သင့်အတွင်း၌ လုပ်ဆောင်လေသည်။ အချက်တစ်ခုအနေဖြင့် ဆိုရသော် ဘုရားသခင်သည် သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်၍ သင့်အား နားလည်ခွင့်နှင့် ပြန်လည်သုံးသပ်ခွင့်ကို ပေးသည်။ နောက်တစ်ချက်အနေဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် သင်၏ အခြေအနေကို ပြုပြင်ပေးပြန်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်စေ၊ စိတ်ဓာတ်ကျသော၊ အပျက်သဘောဆောင်သော စိတ်ခံစားမှုများ ဖြစ်စေ၊ ပြုပြင်ခြင်းနှင့် နောင်တရခြင်းဟူသော ဖြစ်စဉ်တစ်ခုမှာ အမြဲတမ်း ရှိနေသည်။ ဤဖြစ်စဉ်အတွင်း၌ သင်သည် ဘုရားသခင်ကို ဆုတောင်း၍ သမ္မာတရားကို ရှာဖွေလျှင် သင်၏ အပျက်သဘောဆောင်သော အခြေအနေမှာ ပြုပြင်ခံရလိမ့်မည်ဖြစ်ပြီး သင်၏တာဝန်ကိုလည်း ပုံမှန်အတိုင်း ထမ်းဆောင်နိုင်လာလိမ့်မည်။ အကယ်၍ သင်သည် နောင်တရရန် အခွင့်အရေးအချို့ကို ရခဲ့ပြီးသည့်နောက်မှာပင် မပြောင်းလဲဘဲ ထိုအစား သင်၏ အကျင့်စရိုက်ဟောင်းများကိုသာ စွဲမြဲနေလျှင် သင်၏ ဇွတ်တရွတ်နိုင်သော၊ ခေါင်းမာသော စိတ်သဘောထားကို ထိန်းသိမ်းထားသည်ဆိုလျှင် သင်သည် သမ္မာတရားကို လိုက်စားသူတစ်ယောက် မဟုတ်ချေ။ သမ္မာတရားကို မလိုက်စားသော လူများသည် အနှောင့်အယှက် ပေးတတ်ကြ၏၊ ပြီးလျှင် ၎င်းတို့သည် ကယ်တင်ခြင်းကိုလည်း မရရှိနိုင်ချေ။ သင်တို့ကိုယ်သင်တို့ အကဲဖြတ်ကြလော့၊ ဤကိစ္စရပ်များနှင့် ရင်ဆိုင်ရသည့်အခါ သင်သည် မည်မျှ ပြောင်းလဲနိုင်သနည်း။ သင်သည် အမှုကိစ္စများကို ပြောင်းလဲစေ၍ နောင်တရခြင်းလည်း ရှိခဲ့သလော။ အမှုကိစ္စများကို ပြောင်းလဲစေ၍ နောင်တရခြင်းလည်း ရှိခဲ့လျှင် ကယ်တင်ခြင်းကို ရရှိရန်အတွက် မျှော်လင့်ချက် ရှိလေသည်။ သို့သော် သင်သည် မည်သည့်အခါမျှ အပြောင်းအလဲတစ်ခု မလုပ်လျှင် မျှော်လင့်ချက်ဟူသည် ရှိလာလိမ့်မည် မဟုတ်ပေ။
လူအချို့သည် ၎င်းတို့၏ တာဝန်များကို မှန်ကန်စွာ မထမ်းဆောင်ပေ။ ၎င်းတို့သည် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေလုပ်ကာ အနှောင့်အယှက်၊ အတားအဆီးများ ဖြစ်ပေါ်စေသည်။ နောက်ဆုံးတွင် ၎င်းတို့သည် အစားထိုးခံရသည်။ သို့သော် အသင်းတော်မှ မထုတ်ပယ်ခံရပေ။ ယင်းမှာ ၎င်းတို့ကို နောင်တရရန် အခွင့်အရေးပေးခြင်းဖြစ်သည်။ လူတိုင်းက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိကြသည်။ လူတိုင်းတွင် နားဝေတိမ်တောင်ဖြစ်သော သို့မဟုတ် စိတ်ရှုပ်ထွေးသောအချိန်များ၊ ဝိညာဉ်ရင့်ကျက်မှု နည်းပါးသောအချိန်များ ရှိကြသည်။ သင့်အား အခွင့်အရေး ပေးရခြင်း၏ ရည်ရွယ်ချက်မှာ ဤအရာအားလုံးကို သင်ပြောင်းလဲနိုင်ရန်ဖြစ်သည်။ သင် မည်သို့ပြောင်းလဲနိုင်သနည်း။ သင်သည် သင်၏ ယခင်က အမှားများကို ဆင်ခြင်သုံးသပ်ပြီး သိမြင်လာရမည်။ ဆင်ခြေများမပေးနှင့်။ အယူအဆများ မဖြန့်နှင့်။ သင်သည် ဘုရားသခင်ကို နားလည်မှုလွဲပြီး အခြားသူများသည်လည်း သင်နှင့်အတူ ဘုရားသခင်ကို အနက်အဓိပ္ပာယ် ကောက်လွဲရန်အလို့ငှာ ဤအထင်လွဲမှုများကို အခြားလူများထံသို့ သာမန်ကာလျှံကာ လက်ဆင့်ကမ်းပေးလျှင် သင်သည် အယူအဆများရှိပြီး လူတိုင်းက သင်နှင့်အတူ အယူအဆများရှိရန်နှင့် သင်နှင့်အတူ ဘုရားသခင်အား ကျိုးကြောင်းပြပြောဆိုဖို့ ကြိုးစားရန်အလို့ငှာ ယင်းတို့ကို လည့်လှည်ဖြန့်ဝေပါက ဤသည်မှာ လူများကို အုံကြွလာစေရန် ပြုလုပ်ခြင်းမဟုတ်သလော။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်ခြင်းမဟုတ်သလော။ ဘုရားသခင်ကို ဆန့်ကျင်ခြင်းမှ ကောင်းသည့်အရာတစ်စုံတစ်ခု ရှိလာနိုင်သလော။ သင်သည် ကယ်တင်ခြင်းခံရနိုင်သေးသလော။ ဘုရားသခင်သည် သင့်ကို ကယ်တင်လိမ့်မည်ဟု သင်မျှော်လင့်သည်။ သို့တိုင် သင်သည် သူ၏ အမှုကို လက်ခံရန် ငြင်းဆန်ပြီး သင်က ဘုရားသခင်ကို အာခံပြီး ဆန့်ကျင်သည်။ ထို့ကြောင့် ဘုရားသခင်က သင့်ကို ကယ်တင်ဦးမည်လော။ ဤမျှော်လင့်ချက်များကို မေ့ထားလိုက်လော့။ သင်သည် အမှားတစ်ခုကို လုပ်ဆောင်သောအခါ ဤအမှားတစ်ခုကြောင့် ဘုရားသခင်က သင့်ကို တာဝန်မခံခိုင်းသကဲ့သို့ သင့်ကို ဖယ်ရှားရှင်းလင်းခဲ့ခြင်း မရှိပေ။ ဘုရားအိမ်တော်က သင့်ကို အခွင့်အရေးတစ်ခုပေးပြီး သင့်ကို ဆက်လက်၍ တာဝန်ထမ်းဆောင်ရန်၊ နောင်တရရန် အခွင့်ပေးသည်။ ဤသည်မှာ ဘုရားသခင်က သင့်ကိုပေးသော အခွင့်အလမ်းဖြစ်သည်။ သင့်တွင် အသိတရားနှင့် အသိစိတ်ရှိလျှင် ဤအရာကို တန်ဖိုးထားသင့်သည်။ လူအချို့သည် တာဝန်များ ထမ်းဆောင်သောအခါ အစဉ်သဖြင့် ဝတ်ကျေတမ်းကျေပြုသည်။ ၎င်းတို့ လူစားထိုးခံရသည်။ အချို့မှာ ပြောင်းရွှေ့ခံရသည်။ ဤသည်မှာ ၎င်းတို့က ဖယ်ရှားရှင်းလင်းခြင်း ခံရသည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သလော။ ယင်းမှာ ဘုရားသခင် ပြောခဲ့သည့်အရာ မဟုတ်ချေ။ သင့်တွင် အခွင့်အရေးရှိသေးသည်။ ဤသို့ဆိုလျှင် မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ သင်သည် သင့်ကိုယ်သင် ပြန်လည်သုံးသပ်သင့်ပြီး သိမြင်လာသင့်သည်။ စစ်မှန်သည့် နောင်တရသင့်သည်။ ဤသည်မှာ လမ်းကြောင်းဖြစ်သည်။ သို့သော် ယင်းမှာ လူအချို့လုပ်ဆောင်သည့်အရာမဟုတ်ပေ။ ၎င်းတို့က ပြန်လည်တိုက်ခိုက်သည်။ “ကျွန်ုပ်သည် မှား၍ပြောဆိုမိပြီး တစ်စုံတစ်ယောက်ကို စိတ်ဆိုးမိစေသောကြောင့် ဤတာဝန်ကို ထမ်းဆောင်ခွင့်မရပါ” ဟူ၍ စတင်ပြောဆိုသည်။ ၎င်းတို့သည် မိမိတို့၌ရှိသော ပြဿနာကို မရှာဖွေပေ။ ဆင်ခြင်သုံးသပ်ခြင်းမရှိပေ။ သမ္မာတရားကို မရှာဖွေပေ။ ဘုရားသခင်၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံခြင်း မရှိသကဲ့သို့ ၎င်းတို့သည် အယူအဆများ ဖြန့်ဝေခြင်းအားဖြင့် ဘုရားသခင်ကို ဆန့်ကျင်ကြသည်။ ၎င်းတို့သည် စာတန်ဖြစ်မလာသလော။ စာတန်လုပ်ဆောင်သည့်အရာများကို သင်လုပ်ဆောင်သောအခါ သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ယောက် မဟုတ်တော့ပေ။ သင်သည် ဘုရားသခင်၏ ရန်သူတစ်ယောက် ဖြစ်လာပြီဖြစ်သည်။ ဘုရားသခင်သည် သူ၏ ရန်သူကို ကယ်တင်နိုင်သလော။ မကယ်တင်နိုင်ပေ။ ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည့်လူများကို ကယ်တင်သည်။ တကယ့်လူများကို ကယ်တင်သည်။ နတ်ဆိုးများ၊ သူ၏ ရန်သူများကို မကယ်တင်ပေ။ သင်သည် ဘုရားသခင်ကို ဆန့်ကျင်လုပ်ဆောင်ကာ ဘုရားသခင်အား မကျေမနပ်ပြောဆိုပြီး၊ ဘုရားသခင်အား အနက်အဓိပ္ပာယ် ကောက်လွဲသောအခါ၊ ဘုရားသခင်အပေါ် ဝေဖန်အပြစ်တင်သောအခါ၊ ဘုရားသခင်နှင့်ပတ်သက်ပြီး အယူအဆများ ဖြန့်ဝေသောအခါတွင် သင်သည် ဘုရားသခင်အား အလုံးစုံ ဆန့်ကျင်သည်။ သင်သည် ဘုရားသခင်အား ဆန့်ကျင်ကန့်ကွက်နေခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်ငြား သူ့အား ဆန့်ကျင်ကန့်ကွက်ခြင်းလည်း ရှိလျှင် သင်သည် မည်သည့် နေရာ၌ ပါဝင်ဆောင်ရွက်နေခြင်း ဖြစ်သနည်း။ သင်သည် စာတန်၏နေရာတွင် ပါဝင်ဆောင်ရွက်နေခြင်း ဖြစ်သည်။ သင်တို့သည် ဤအရာမျိုးကို ယခင်က လုပ်ဆောင်မိခဲ့ကြသလော။ (လုပ်ခဲ့မိပါသည်။) ယင်းကို လုပ်ဆောင်မိပြီးနောက် မည်သို့ ခံစားခဲ့ရသနည်း။ (ကျွန်ုပ်၏စိတ်နှလုံးမှာ အမှောင်ကျခဲ့သည်။ ကျွန်ုပ်၏ အခြေအနေမှာလည်း ပို၍ ဆိုးလာခဲ့ပါသည်။) ယင်းသည် မှန်ကန်သောနည်းလမ်း မဟုတ်ချေ။ သင်တို့သည် ဤအဖြစ်ကို သိကြသော်လည်း လူအချို့မှာမူ သတိမူမိခြင်း မရှိပေ။ လူအချို့သည် သတိမူခြင်း ကင်းမဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။ (၎င်းတို့တွင် စိတ်နှလုံးနှင့် ဝိညာဉ်ဟူ၍ မရှိကြပါ။) စိတ်နှလုံးနှင့် ဝိညာဉ် မရှိသော သူတို့သည် လူ့တိရစ္ဆာန်များကဲ့သို့သာ မဟုတ်လော။ အသိတရား သဘောပေါက်နားလည်ခြင်း မရှိသော လူများသည် ဘုရားသခင်ကို အစစ်အမှန် ယုံကြည်သူများ မဟုတ်ကြသည်မှာ သေချာ၏။ ၎င်းတို့သည် ဘုရားသခင်၏အိမ်တော်ကို စိမ့်ဝင်ကာ၊ ဘုရားသခင်၏ကောင်းချီးများမှ အမြတ်ထုတ်ရန် ကြိုးစားနေကြသည့် ဆိုးယုတ်သောလူများ ဖြစ်သည်။ စိတ်နှလုံးနှင့် ဝိညာဉ် ရှိသော မည်သူမဆိုသည် နားလည်သဘောပေါက်မှု ရှိသည်။ ၎င်းတို့သည် လူစားထိုးခြင်း သို့မဟုတ် ပြောင်းရွှေ့ခြင်းကို ခံကြရလျှင် မိမိကိုယ်ကို ပြန်လည်သုံးသပ်နိုင်ကြမည် ဖြစ်ပြီး မိမိကိုယ်မိမိလည်း သိလာကြလိမ့်မည်။ မည်သည့်နေရာတွင် ၎င်းတို့ မှားခဲ့သည်ကို မြင်ကြသည့်အခါ ၎င်းတို့သည် နောင်တရ၍ ပြောင်းလဲနိုင်ကြသည်။ ဤလူစားမျိုးအနေဖြင့် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက် ရှိသေးသည်။
မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းသည် လူတစ်ယောက်၏ အသက်တွင် အကြီးမားဆုံးနှင့် အဖိုးတန်ဆုံးအရာ ဖြစ်သည်။ လူတစ်ယောက်သည် သမ္မာတရားစည်းမျဉ်းများနှင့်အညီ ပြုမူလုပ်ဆောင်ရမည် ဖြစ်ပြီး မိမိအကျိုးအတွက် ဘယ်သောအခါမျှ မကြံစည်ရပေ။ အကြောင်းမှာ လူတစ်ယောက်သည် မိမိအကျိုးအတွက် ပို၍ ကြံစည်လေလေ၊ ၎င်း၏အသက် ကြီးထွားတိုးတက်မှုမှာ နှောင့်နှေးလေလေ ဖြစ်၍ဖြစ်သည်။ “ဘုရားသခင်၏ နေ့ရက်သည် မည်သည့် အချိန်တွင် ရောက်ရှိမည်နည်း။ ကျွန်ုပ်သည် ယခုအထိ လက်တွဲဖော်တစ်ယောက် ရှာမတွေ့သေးပါ။ မည်သည့် အချိန်တွင် ကျွန်ုပ် အိမ်ထောင်ပြုရမည်နည်း။ ကျွန်ုပ်၏ ကိုယ်ပိုင်ဘဝကို မည်သည့် အချိန်တွင် နေထိုင်ရမည်နည်း” ဟု လူအချို့က အမြဲ ကြံစည် စိတ်ကူးနေကြသည်။ လူတစ်ယောက်စီတိုင်းတွင် အသေးအဖွဲ ပူပန်မှုများစွာ ရှိကြသည်။ ၎င်းတို့သည် ဇာတိပကတိဆိုင်ရာ ကိုယ်စိတ်ချမ်းသာခြင်း ရှိကြသည့်အခါ ၎င်းတို့၏ အနာဂတ်ဘဝအတွက်၊ တက်လမ်းအတွက်၊ ကံတရားနှင့် ပန်းတိုင်အတွက် အစီအစဉ်များ စတင် ပြုလုပ်ကြ၏။ အကယ်၍ သင်သည် ဤအရာအားလုံးကို ရိပ်စားမိ၍ စွန့်လွှတ်နိုင်လျှင် သင်သည် ဘောင်ခတ်ခံရခြင်း သို့မဟုတ် ချုပ်ထိန်းခံရခြင်း မရှိဘဲ မိမိ၏တာဝန်ကို ကောင်းသည်ထက် ကောင်းအောင် ထမ်းဆောင်လိမ့်မည်။ ဥပမာအားဖြင့် သင်သည် သင်၏ ညီအစ်ကိုမောင်နှမများအတွက် အစားအသောက် ပြုလုပ်ရန် သို့မဟုတ် စာများ ပေးပို့ရန် စေခိုင်းခံရသည်ဆိုပါစို့၊ သင်သည် ဤရိုးရှင်းသော အလုပ်များကို မိမိ၏တာဝန်အဖြစ် ရှုမြင်ပြီး ယင်းတို့ကို အလေးအနက် သဘောထားနိုင်လျှင်၊ ယင်းတို့ကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ ထမ်းဆောင်နိုင်လျှင် သင်သည် မိမိ၏ တာဝန်ကို ကောင်းသည်ထက် ကောင်းအောင် ထမ်းဆောင်နိုင်လိမ့်မည်။ ဤသည်မှာ သင်၏ တာဝန်ကို စံနှုန်းမီ ထမ်းဆောင်ခြင်း ဖြစ်သည်။ မိမိနေရာတွင် ခိုင်မာစွာ ရပ်တည်ခြင်းနှင့် မိမိတာဝန်ကို ထမ်းဆောင်ခြင်းသည် သွင်ပြင်လက္ခဏာတစ်ခု ဖြစ်၏။ နောက်ထပ် သွင်ပြင်လက္ခဏာတစ်ခုမှာ သင်သည် မိမိတာဝန်ကို မည်သို့ ထမ်းဆောင်မည်၊ မည်သည့် စည်းမျဉ်းများအား လိုက်နာမည် ဆိုသည်ကိုလည်း သိရမည်ဖြစ်သည်။ ဤအရာများကို နားလည် သဘောပေါက်သည့်အခါ သင်သည် သင်၏နေ့စဉ် အလုပ်များအပြင် သင့်အား တာဝန် ပေးအပ်သော အချိန်တွင် သို့မဟုတ် ယင်းတာဝန်ကို ထမ်းဆောင်ခြင်း လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် ဤ စည်းမျဉ်းများအား စောင့်ထိန်းလျှင် သင်သည် သတိပင်မထားမိဘဲ စိတ်အတွင်း ပြောင်းလဲခြင်းတစ်ခုကို ကြုံရလိမ့်မည်။ နေမကောင်း ဖြစ်သည့်အခါ ဆေးသောက်လိုက်သကဲ့သို့ ဖြစ်သည်။ လူအချို့က “ဆေးသောက်သည်မှာ နှစ်ရက်တိတိ ကြာပြီးသွားသည့်တိုင် ကျွန်ုပ်သည် ဘာကြောင့် ပို၍ မသက်သာသနည်း” ဟု ဆိုကြသည်။ အဘယ်ကြောင့် အလောတကြီး ဖြစ်ရသနည်း။ နာမကျန်းခြင်းသည် ရက်အနည်းငယ်အတွင်း ဖြစ်ပေါ်လာခဲ့သည် မဟုတ်၊ ရက်အနည်းငယ်ဖြင့်လည်း မပျောက်ကင်းနိုင်ချေ။ ယင်းသည် အချိန် လိုအပ်၏။ အချို့သောလူများက “ကျွန်ုပ်သည် အချိန်ကြာမြင့်စွာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လာခဲ့သည်၊ စည်းမျဉ်းနှင့်ညီသော ဟန်ပန်ဖြင့် ပြုမူဆောင်ရွက်ခဲ့ပါသည်။ ကျွန်ုပ်သည် ဘုရားသခင်၏ ကောင်းချီးများကို အဘယ်ကြောင့် မရရှိသေးသနည်း။ ကျွန်ုပ်ထံတွင် သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ပြည့်နေသည်ဟု အဘယ်ကြောင့် မခံစားရသနည်း” ဟူ၍ ဆိုကြသည်။ သင်သည် ဤအရာအတွက် ခံစားချက်များကို အားကိုး၍ မရနိုင်ပေ။ သို့ဖြစ်ရာ မည်သည့်အချိန်တွင် ဤပြောင်းလဲမှုများ ဖြစ်ပေါ်သည်ကို သင်သည် မည်သို့ သိမည်နည်း။ သင့်ထံတွင် တစ်စုံတစ်ခု ဖြစ်ပျက်ပြီးနောက် ကျိုးနွံနာခံရန် ပို၍ ပို၍ လွယ်ကူလာသည့် အချိန်တွင် သင် သိလိမ့်မည်။ အစပထမ၌ ကျိုးနွံနာခံရန် ကြိုးစားအားထုတ်မှု လို၏။ သင်သည် စောဒကတက်ကာ ခုခံချင်နေသောကြောင့် အမြဲပင် ရှာကြံအကြောင်းရှာခဲ့သည်၊ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေး၍ စိစစ်ခဲ့သည်၊ မိမိကိုယ်ကို ချုပ်ထိန်းခြင်းကိုလည်း ကျင့်သုံးခဲ့ရသည်။ သို့သော် ယခု သင်သည် မိမိကိုယ်ကို ချုပ်ထိန်းရန် မလိုချေ။ သင့်ထံတွင် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ သင်သည် ယင်းကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း မရှိပေ။ သင့်ထံတွင် အချို့သော အယူအဆများ သို့မဟုတ် အကြံအစည်များ ရှိသည့်အခါ သင်သည် ယင်းတို့ကို ပပျောက်စေရန်၊ လက်လွှတ်ရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖြင့် ဖတ်ရှုသည်။ သင်သည် သင်၏ပြဿနာများကို ပို၍ မြန်ဆန်စွာ လွယ်ကူစွာဖြင့် ဖြေရှင်းသည်။ ဤသည်မှာ သင်သည် သမ္မာတရားကို နားလည်၍ ပြောင်းလဲခဲ့ပြီဆိုသည်ကို သက်သေပြ၏။ ကနဦးတွင် ဤအရာသည် အပြုအမူ ပြောင်းလဲမှုတစ်ခု ဖြစ်သော်လည်း အသက်နှင့် စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခု တဖြည်းဖြည်း ဖြစ်လာလေသည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များကို နာခံရန် ပို၍ ပို၍ လွယ်ကူလာသည်။ ထို့အပြင် သင်၏ ရည်မှန်းချက်များ၊ အကြံအစည်များနှင့် အစီအစဉ်များမှာ နည်းသည်ထက် နည်းလာပြီး တဖြည်းဖြည်း လျော့ပါးလာသည်။ သို့ရာတွင် ယင်းတို့သည် မလျော့ပါးဘဲ တိုးလာလျှင် ပြဿနာ ရှိလေပြီ။ ဤအဖြစ်မှာ သင်သည် ဤကာလတစ်လျှောက်လုံး သမ္မာတရားကို လိုက်စားနေခဲ့ခြင်း မဟုတ်ဘဲ ကြိုးစား လုပ်ဆောင်နေခြင်းမျှသာ ဖြစ်ကြောင်း သက်သေပြ၏။ သမ္မာတရားကို မလိုက်စားသော သူတို့က ၎င်းတို့အနေဖြင့် ပို၍ ကြိုးစားအားထုတ်လေလေ၊ ကောင်းမှု ပိုရလေလေ ဖြစ်ပြီး အနာဂတ်တွင် ၎င်းတို့ ရရှိမည့် သရဖူမှာလည်း ပို၍ ကြီးမားလိမ့်မည်ဟု ထင်ကြသည်။ ၎င်းတို့သည် အမှတ်တမဲ့ဖြင့် ပေါလု၏ လမ်းကို လျှောက်ကြသည်။ သမ္မာတရားကို မလိုက်စားသော သူတို့သည် ၎င်းတို့၏ ဦးခေါင်းထက်မှ သရဖူအရွယ်အစား သို့မဟုတ် ရောင်ခြည်စက်ဝန်း၏ အရွယ်အစားအတွက် အမြဲတစေ စိုးရိမ်ပူပန်ကြ၏။ ဤအရာများအား အစဉ် အာရုံစိုက်နေခြင်းသည် အလျင်အမြန် အောင်မြင်မှုနှင့် လက်ငင်း အကျိုးကျေးဇူးများအတွက် လိုအင်ဆန္ဒတစ်ခုကို ဖြစ်စေသည်။ ၎င်းတို့သည် အမြဲပင် ပို၍ ကြိုးစားအားထုတ်ချင်ကြသည်။ ၎င်းတို့အနေဖြင့် ပို၍ ကြိုးစားလုပ်ဆောင်လေလေ၊ ကောင်းချီးများကို ပို၍ ရရှိလေလေ ဖြစ်မည်၊ ကြီးမားသော အားထုတ်မှုသည် ကြီးမားသော ကောင်းချီးများကို ယူဆောင်လာလိမ့်မည်၊ တာဝန်ကြီးတစ်ခုကို ထမ်းဆောင်ခြင်းကြောင့် များပြားသော ကောင်းမှုများနှင့် ဆုလာဘ်များ စုဆောင်းမိလိမ့်မည်ဟု ထင်နေကြသည်။ ဤသည်မှာ ၎င်းတို့ အမြဲ အာရုံစိုက်နေသော အရာ ဖြစ်လျှင် ၎င်းတို့သည် မိမိတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သလော။ သမ္မာတရားကို လက်မခံသော သူတို့သည် ၎င်းတို့၏တာဝန်ကို မထမ်းဆောင်နိုင်ပေ။
သမ္မာတရား လိုက်စားခြင်းအားဖြင့် အသက် ကြီးထွားတိုးတက်မှု ရရှိခြင်းကို ညွှန်ပြသောအရာများ ရှိကြသည်။ သင်သည် ယင်းကို သင်၏စိတ်နှလုံးတွင်လည်း ခံစားမိနိုင်သည်။ ပြုပြင်ခြင်း ခံရခြင်းကို အချိန်တစ်ခုတာတွေ့ကြုံပြီးသည့်နောက် လူများ၏ အတွေးများနှင့် အမြင်ရှုထောင့်များမှာ ပြောင်းလဲမှုအချို့ကို ကြုံရသည်။ ဥပမာအားဖြင့် သင်က “ကျွန်ုပ်သည် တစ်ကိုယ်ရေ အရှုံးနှင့် အမြတ်ကို ဂရုမစိုက်တော့ပါ။ ဘုရားသခင်က ဆုလာဘ်များ ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ယခုအခါ အရေးကြီးသည်ဟု မထင်ရပါ။ အဆုံးသတ်တွင် ကျွန်ုပ်သည် ကောင်းချီးများ ရမရ ဆိုသည်မှာလည်း များစွာ အရေးပါသည့်ပုံမရှိပါ။ ဤပူပန်မှုများသည် ကျွန်ုပ်၏ စိတ်နှလုံးတွင် နေရာမရှိတော့ပါ။ ယခုအချိန်တွင် ဘုရားသခင်က ကျွန်ုပ်အား ကောင်းချီး ပေးမည် မဟုတ်၊ ကျွန်ုပ်အား စစ်ဆေးချင်သည်၊ ကျွန်ုပ်အား ခံစားခွင့် တစ်စုံတစ်ရာ ပိတ်ပင်ချင်သည်ဟု ဆိုလျှင် ကျွန်ုပ်သည် ကျိုးနွံနာခံနိုင်မည် ထင်ရပါသည်။ ကျွန်ုပ်၏ စိတ်နှလုံးတွင် ဝမ်းနည်းခြင်း အနည်းငယ် ရှိမည် ဖြစ်သော်လည်း ကျိုးနွံနာခံခြင်း အနည်းငယ်လည်း ရှိပါလိမ့်မည်” ဟု ပြောနိုင်ပေသည်။ ဤအရာသည် မည်သည်ကို သက်သေပြသနည်း။ သင်သည် ယခုအခါ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အနည်းငယ် ရှိလေပြီ၊ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အတော်များများ ဖယ်ရှားခဲ့ပြီ၊ သင်သည် အမှန်တကယ် ပြောင်းလဲခဲ့လေပြီဟူ၍ သက်သေပြသည်။ ဥပမာအားဖြင့် ဟိုယခင်က အနည်းငယ် ခွန်အား စိုက်ထုတ်ရန်လိုအပ်သော တာဝန်တစ်ခုကို ထမ်းဆောင်ရန် သင့်အား ရွေးချယ်ခဲ့လျှင် သင်သည် ယင်းအတွက် တစ်ညနှစ်ညမျှ ငိုကောင်း ငိုခဲ့မိမည်။ သို့သော် ယခု သင်သည် မျက်ရည်အနည်းငယ်မျှ ကျပြီးသည်နှင့် ကျိုးနွံနာခံနိုင်၏။ နာခံရန် ပို၍ လွယ်ကူလာခဲ့ပြီ ဖြစ်ကာ သင်သည် ဆင်းရဲဒုက္ခကို မကြောက်ရွံ့တော့ချေ။ ဤ ကျိုးနွံနာခံခြင်းသည် မည်သို့ ဖြစ်ပေါ်ခဲ့သနည်း။ ယင်းသည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးတစ်ခု ထူထောင်ခြင်း၊ ဘုရားသခင်၏ ပြုပြင်ခြင်းကို တဖြည်းဖြည်း လက်ခံခြင်းအပြင် သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို လက်ခံခြင်းတို့မှ ဖြစ်ပေါ်လာခဲ့သည်။ ဤအကျိုးရလဒ်ကို ရရှိပြီးနောက် သင်၏ စိတ်ခံစားချက်များအရ ဖြစ်သော လိုအင်ဆန္ဒများ၊ အစီအစဉ်များ၊ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များသည် သိသာထင်ရှားခြင်း လျော့ကျလာ၏၊ သင်သည် တစ်ကိုယ်ရေ အရှုံးနှင့် အမြတ်တို့ကိုလည်း ထည့်စဉ်းစားခြင်း မရှိတော့ချေ။ ဟိုယခင်က သင်သည် ဤအရာများကို သင်၏ ဒုတိယ၊ တတိယ သို့မဟုတ် စတုတ္ထ ဦးစားပေးများအဖြစ် သတ်မှတ်ခဲ့သော်လည်း ယင်းတို့မှာ အရေးမကြီးတော့ပေ။ သင်သည် ယင်းတို့ကို တစ်ခုတလေမျှ ထည့်သွင်း မစဉ်းစားချေ။ ဘုရားသခင်၏ အလိုတော်ကို ကျိုးနွံနာခံမည်ဟူသော သင်၏ဆန္ဒသည် ပို၍ ပြင်းပြလာခဲ့လေပြီ၊ ပြီးလျှင် သင်သည် တဖြည်းဖြည်းဖြင့် “ဘုရားသခင်က ကျွန်ုပ်အား မည်သည့်အရာကို ပေးအပ်သည်ဖြစ်စေ၊ မည်သည့်အရာကို နုတ်သိမ်းချင်သည်ဖြစ်စေ ကျွန်ုပ်အနေဖြင့် အဆင်ပြေပါသည်” ဟူ၍ အနှစ်မဲ့သော စကားများမဟုတ်သည့် ဤစကားများကို ပြောဆိုနိုင်လေသည်။ ယောဘက “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” ဟု ဆိုခဲ့သည့်အတိုင်း သင်သည်လည်း ယခု ထိုနည်းတူ ပြောနိုင်၏။ သို့သော် သင့်ထံတွင် ယောဘ၏ ဝိညာဉ်ရင့်ကျက်မှု ရှိသလော။ (မရှိပါ။) ဘုရားသခင်က ယောဘအား စမ်းသပ်ခဲ့သကဲ့သို့ သင့်အား စမ်းသပ်ရန်အတွက် သင်သည် ဘုရားသခင်ထံ ဆုတောင်းဝံ့သလော။ သင်သည် ဆုတောင်းဝံ့မည် မဟုတ်။ သင့်ထံတွင် ယင်းအတွက် ယုံကြည်ခြင်း သို့မဟုတ် ဝိညာဉ်ရင့်သန်မှု မရှိချေ။ ယောဘသည် တစ်ကိုယ်လုံး အနာများ ပေါက်၍ ၎င်း၏အနာများအား အိုးခြမ်းပဲ့တစ်ခုဖြင့် ခြစ်ချနေသည်ကို သင့်အနေဖြင့် စိတ်ကူးကြည့်သည့်အခါ သင်သည် စိုးရိမ် ကြောက်လန့်ပေမည်။ “မည်မျှ နာကျင်ခဲ့ရမည်နည်း။ ငါ့ထံတွင် ယင်းသို့ လုံးဝ မဖြစ်စေဖို့ ငါမျှော်လင့်သည်။ ငါသည် ကြံ့ကြံ့ခံနိုင်လိမ့်မည် မဟုတ်။ ငါ့ထံတွင် ထိုသို့သော ယုံကြည်ခြင်းမျိုး မရှိပေ” ဟူ၍ မိမိဘာသာ စဉ်းစားနေမိမည်။ ဤသို့ပင် မဟုတ်လော။ ထို့ကြောင့် သင့်အနေဖြင့် ဆုံးခန်းတိုင်အောင် လုပ်ရန် ယုံကြည်ခြင်း မရှိသော အရာကို မလုပ်ဆောင်နှင့်။ အကျိုး ရလဒ်များအတွက် စိတ်မရှည်ခြင်း မဖြစ်နှင့်၊ သင့်ထံတွင် ဝိညာဉ်ရင့်ကျက်မှု ရှိသည်ဟု မထင်နှင့်။ သင်၏ ခြေထောက်တို့သည် သင့်အား တည်ငြိမ်သော ခြေလှမ်းများဖြင့် ပို့ဆောင်စေလော့၊ အမှုကိစ္စများကို သဘာဝအလျောက် ဆက် ဖြစ်နေခွင့် ပေးတတ်ရန် သင်ယူလော့၊ သင်၏ အတွေ့အကြုံကိုလည်း နည်းနည်းချင်း ပို၍ ကြီးမားအောင်လုပ်လော့။ သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်သောအခါ သင်၏အတွင်းတွင် ရှိသည့် ဖောက်ပြန်ပျက်စီးသော အရာများကို ရှင်းလင်းစွာ သိမြင်နိုင်လိမ့်မည်။ ပြီးလျှင် သင်၏ တစ်ကိုယ်ရေ အတွေးများ၊ အကြံအစည်များ၊ အစီအစဉ်များနှင့် ရည်ရွယ်ချက်များကိုလည်း သင်သည် လွယ်လွယ်ကူကူ စွန့်လွှတ်မိလိမ့်မည်။ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးမှာ ပို၍ ပို၍ ပုံမှန်ဖြစ်လာလိမ့်မည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ခြင်းသည် သင့်အနေဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း ရရှိရန် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိအပေါ် အဓိကအားဖြင့် မူတည်သည်။ ကျိုးနွံနာခံခြင်းနှင့်ပတ်သက်၍မူ ယင်းသည် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း သို့မဟုတ် ကတ်တီးကတ်ဖဲ့ ပြောဆိုခြင်း တစ်ခုမျှ မပါရှိဘဲ တိုက်ရိုက်ဖြစ်ပြီး အကြွင်းမဲ့ နာခံခြင်း၊ လက်ခံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းတို့ကို ဆိုလိုသည်။ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းသည် နာခံခြင်း မဟုတ်ပေ။ ထို့ပြင် ကတ်တီးကတ်ဖဲ့ ပြောဆိုခြင်းသည်လည်း မည်သို့ရှိသနည်း။ ပို၍ပင် မဟုတ်သေးချေ။ “ဘုရားသခင်က ကျွန်ုပ်အား ဤ နည်းအတိုင်း လုပ်ဆောင်စေချင်သည်။ သို့သော် ကျွန်ုပ်သည် မည်သို့ပင်ဖြစ်စေ မိမိကိုယ်ပိုင် နည်းလမ်းဖြင့် လုပ်ဆောင်မည်” ဟု သင်က ဆိုလျှင် ယင်းသည် ကောင်းသလော။ (မကောင်းပါ။) မကောင်းသည်ထက် ပို၍ပင် ဆိုးဝါးလေသည်။ ယင်းသည် ကျိုးနွံနာခံခြင်း မဟုတ်ပေ။ သင်သည် ကျိုးနွံနာခံခြင်း၏ လက်တွေ့ကျသော သရုပ်သကန်များကို သိရမည်။ အကယ်၍ ယင်းတို့ကို မရရှိနိုင်လျှင် သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသော လူတစ်ယောက် ဖြစ်သည်ဟု မပြောလေနှင့်။ ယင်းအစား သင် ရရှိထားသော အဆင့်အတန်းနှင့်အညီ ပြောဆိုလော့၊ ဓမ္မဓိဋ္ဌာန်ကျသော အချက်များကို ပြောဆိုလော့။ ချဲ့ကား၍ မပြောနှင့်၊ အမှန်ပင် မလိမ်ညာနှင့်။ သင်သည် တစ်စုံတစ်ခုကို နားလည်သဘောပေါက်နိုင်ခြင်း မရှိလျှင် သင့်အနေဖြင့် ယင်းအား နားမလည်ကြောင်းကို ရှင်းရှင်းသာ ဖော်ပြလော့၊ ထို့နောက် ယင်းကို သဘောပေါက်နားလည်ရန် သမ္မာတရားကို ရှာဖွေလော့။ ယင်းအကြောင်းကို နောင်မှ ပြောဆိုရန်အတွက် သင့်ထံတွင် အမြဲပင် အချိန်ရှိနေဦးမည်။ လူအချို့သည် ဤအရာကို သိသာထင်ရှားစွာ မစွမ်းဆောင်နိုင်ကြဘဲ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံသည်ဟု အခိုင်အမာ ဆိုကြရင်း ကြီးကြီးကျယ်ကျယ် ပြောနေဆဲ ဖြစ်သည်။ ဤသည်မှာ မာနထောင်လွှားခြင်းနှင့် မလျော်ကန်ခြင်း မဟုတ်လော။ ဤသည်မှာ သမ္မာတရားကို မလိုက်စားသော၊ သမ္မာတရားကို နားမလည်သော သူတို့က နှစ်သက်စွာ ပြောကြသည့် အရာတစ်ခု ဖြစ်သည်။ ထိုသူတို့သည် တစ်စုံတစ်ယောက်က ၎င်း၏ တာဝန်ကို ထမ်းဆောင်ရန်အတွက် ၎င်း၏မိသားစုနှင့် အလုပ်အား စွန့်လွှတ်သွားသည်ကို မြင်ကြသည့်အခါ “ဘုရားသခင်အား ထိုလူ မည်မျှ ချစ်ခင်ပုံကို ကြည့်စမ်း” ဟု ဆိုကြသည်။ ဤသည်တို့မှာ ဉာဏ်မရှိသူ တစ်ယောက်၏ စကားများ ဖြစ်သည်၊ ယင်းတို့တွင် သမ္မာတရားကို သိနားလည်ခြင်း တစ်ခုမျှ မပါရှိချေ။ သင်တို့သည် ဘုရားသခင်ကို ကျိုးနွံနာခံ၍ ချစ်သော လူတစ်ယောက် ဖြစ်သည်ဟု ယခု ကြေညာဝံ့ကြသလော။ (မကြေညာဝံ့ပါ။) သင်သည် မိမိကိုယ်မိမိနှင့်ပတ်သက်၍ အသိစိတ် အနည်းငယ် ရှိပေသည်။ မာနထောင်လွှားသော၊ ကျိုးကြောင်းဆီလျော်မှု မရှိသော ထိုဉာဏ်မရှိသူများမှာမူ ၎င်းတို့သည် ဘုရားသခင်ကို ချစ်ခင်၍ ကျိုးနွံနာခံသည်ဟု အမြဲ ပြောဆိုနေကြ၏။ ပြီးလျှင် ၎င်းတို့သည် စွန့်လွှတ်မှု အနည်းငယ်ကလေးကိုပင် ပြုလုပ်သည်ဖြစ်စေ၊ အသေးစား ဆင်းရဲဒုက္ခအချို့ကို ကြံ့ကြံ့ခံသည့်အခါတွင် ဖြစ်စေ “ဘုရားသခင်သည် ငါ့အား ဆုလာဘ် ပေးခဲ့သလော။ ငါ့မိသားစု ကောင်းချီးပေးခြင်း ခံခဲ့ရသလော။ ငါ့သားသမီးများသည် ၎င်းတို့ ဆန္ဒရှိသော ကောလိပ်ကို ဝင်ခွင့်ရကြမည်လော။ ငါ့အမျိုးသားအတွက် ရာထူးတိုးရန်နှင့် လစာတိုးရန် မျှော်လင့်ချက် ရှိသလော။ ငါသည် ဤ ပြီးခဲ့သော နှစ်နှစ်လုံးလုံး ထမ်းဆောင်ခဲ့သည့် တာဝန်များမှ တစ်စုံတစ်ခု ရရှိထားပြီလော။ ငါသည် ကောင်းချီးပေးခြင်း ခံခဲ့ရပြီလော။ ငါသည် သရဖူတစ်ခု ရရှိမည်လော” ဟု စဉ်းစားကြသည်။ ဤ အရာများအတွက် အမြဲ ကြံဖန် ကြိုးစားနေကြခြင်းပင်၊ ဤသည်မှာ သမ္မာတရားကို လိုက်စားမှု၏ သရုပ်သကန်တစ်ခု ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် သမ္မာတရား လိုက်စားမှုအပေါ် သင်တို့၏ သိနားလည်ခြင်းမှာ အဘယ်နည်း။ (သမ္မာတရားကို လိုက်စားရန်အတွက် ကျွန်ုပ်တို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိရှိ လက်ခံရမည်၊ ကျွန်ုပ်တို့၏ စိတ်သဘောထားများတွင် ပြောင်းလဲမှုကို လိုက်စားရမည်၊ စစ်မှန်သော လူတစ်ယောက်ကဲ့သို့ နေထိုင်ကြရမည်။) အမှန်အားဖြင့် သင်တို့သည် အခြားမည်သည်ကိုမျှ အကဲဖြတ်ရန် မလိုအပ်ပေ၊ ပြီးလျှင် အလွန် ခက်ခဲရှုပ်ထွေးရန်လည်း မလိုချေ။ သင်၏တာဝန်ကို ထမ်းဆောင်ခြင်း လမ်းကြောင်းတွင် သင်သည် ကျိုးနွံနာခံခြင်းနှင့် သစ္စာစောင့်ခြင်း တစ်ခုတလေ ရှိခဲ့သလော၊ သင်သည် မိမိ၏စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှဖြင့် လုပ်ဆောင်ခဲ့သလော၊ သင်သည် သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပြုမူခဲ့သလော ဆိုသည်တို့ကိုသာ သတိပြု လေ့လာလော့။ သင်သည် သမ္မာတရားအား လိုက်စားသော လူတစ်ယောက် ဖြစ်မဖြစ်ကို ဤစံနှုန်းများက သိသာထင်ရှားစွာ အဆုံးအဖြတ် ပေးနိုင်သည်။ တစ်စုံတစ်ယောက်သည် မိမိ၏တာဝန် ထမ်းဆောင်ခြင်းတွင် များစွာ အားထုတ်သော်လည်း သမ္မာတရားအား လက်တွေ့ လုပ်ဆောင်ခြင်းကို ခုခံ၍ သဘောမကျ ဖြစ်လျှင် ထိုသူသည် သမ္မာတရားကို လိုက်စားသော လူတစ်ယောက် မဟုတ်ချေ။ လူအချို့သည် အသင်းတော်အတွက် ၎င်းတို့ ပြုလုပ်သော အရာများအားလုံးကို လည်းကောင်း၊ ဘုရားသခင်၏ အိမ်တော်အတွက် ၎င်းတို့၏ ကူညီထောက်ပံ့မှုများမှာ မည်သို့ ကောင်းမွန်ခဲ့သည်ကို လည်းကောင်း အမြဲတစေ ပြောဆိုနေကြသည်။ ဘုရားသခင်ကို နှစ်ကာလအရေအတွက် အတန်အသင့် ယုံကြည်လာပြီးသည့်နောက်၌ပင် ၎င်းတို့သည် ဤ အရာများအကြောင်းကို ပြောဆိုကြသေး၏၊ ဤသည်မှာ သမ္မာတရားကို လိုက်စားသူတစ်ယောက် ဟုတ်သလော။ (မဟုတ်ပါ။) ဤသို့သော လူများသည် သနားစရာ ကောင်းလှ၏။ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုများမှာ အလွန် သေးငယ်ပြီး ယင်းတို့သည် လုံးဝ ကြီးထွားတိုးတက်ခြင်း မရှိကြပေ။ ၎င်းတို့တွင် အသက်ဟူသည်လည်း မရှိချေ။ အသက်ဟူ၍ မရှိကြသော လူများသည် အဘယ်ကြောင့် အလွန်အမင်း အားထုတ်ကြိုးပမ်းဆဲ ဖြစ်သနည်း။ (ကောင်းချီးများ ရရှိရန် ဖြစ်ပါသည်။) မှန်သည်။ ၎င်းတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများက ၎င်းတို့ကို စီမံညွှန်ကြားခြင်း ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားလျှင် ဤ အရာများကို လုံးဝ လက်မလွှတ်နိုင်ပေ။ ၎င်းတို့သည် တရားပွဲများကို တက်ရောက်၍၊ စုဝေးပွဲများတွင် အခြားသူများက သမ္မာတရားအကြောင်း မိတ်သဟာယ ပြုသည်ကိုလည်း နားထောင်သည်ကို သင် မြင်ပေမည်။ သို့ဖြစ်ရာ ၎င်းတို့သည် အဘယ်ကြောင့် နားမလည်နိုင်ကြသနည်း။ ၎င်းတို့က “ငါသည် အလုပ်လုပ်သည့်အခါ ကြားနာခြင်း၊ ဖတ်ရှုခြင်း၊ မှတ်သားခြင်းနှင့် ပြောဆိုခြင်းတို့ကို မည်သို့ ပို၍ ပြုလုပ်နိုင်သနည်း။ ထိုအခါ ငါသည် ကောင်းမှုများကို လုပ်ဆောင်မိပြီးဖြစ်ကာ ဘုရားသခင်၏ အောက်မေ့အမှတ်ရခြင်းကိုလည်း ခံရနိုင်သည်။ ထို့အပြင် ကောင်းချီးများကိုလည်း ရရှိနိုင်သည်” ဟူ၍ မိမိတို့ဘာသာ နေ့စဉ်ရက်ဆက် တွေးတောကြ၏။ နောက်ဆုံး၌ ကောင်းချီးများ ရရှိရန်အတွက် လုပ်ဆောင်ကြခြင်းသာ ဖြစ်သည်။ ထို့ပြင် ကောင်းချီးများ ရရှိခြင်းသည် တရားမျှတလိမ့်မည်ဟု ဤလူက ယုံကြည်လေသည်။ သမ္မာတရားကို လိုက်စားသော လူတစ်ယောက်သည် သမ္မာတရားကို နားလည်၍ ရရှိသည့်အခါ၊ ထိုလူသည် ကောင်းချီးများနောက်သို့ မလိုက်တော့ချေ။ ယင်းသို့ လုပ်ဆောင်ခြင်းသည် မသင့်တော် မလျော်ကန်ဟု ယုံကြည်လေသည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှာ လုံးဝ မပြောင်းလဲသေးဘဲ၊ ဘုရားသခင်ကိုလည်း သင်သည် မည်သည့် ကျိုးနွံနာခံခြင်းမျှ မရှိလျှင် သင့်အနေဖြင့် မည်သည့် ကောင်းချီးများကို ရရှိနိုင်သနည်း။ မည်သူက သင့်ကို ကောင်းချီးများ ပေးလိမ့်မည်နည်း။ ကောင်းချီးများသည် မည်သို့ ဖြစ်ပေါ်ကြသနည်း။ (ဘုရားသခင်က ပေးအပ်ပါသည်။) ဘုရားသခင်က သင့်အား ကောင်းချီးများ မပေးလျှင်မူ သင်သည် သူ့ထံမှ မိမိဘာသာ လုယူနိုင်သလော။ (မလုယူနိုင်ပါ။) လူအချို့သည် ယင်းတို့ကို ဇွတ်အတင်းပင် ရယူချင်ကြ၏၊ ဤသည်မှာ ရူးနှမ်းခြင်း မဟုတ်လော။ လူအများစုက ၎င်းတို့မှာ အတော်ပင် ကျွမ်းကျင်လိမ္မာသည်ဟု ယုံကြည်ကြသည်၊ သို့သော် ၎င်းတို့၏ တာဝန်များအား ထမ်းဆောင်ရာတွင် သမ္မာတရားကို ပို၍ ရှာဖွေရန်နှင့် စည်းမျဉ်းများနှင့်အညီ ပြုမူလုပ်ဆောင်ရန်ကိုမူ ဆန္ဒမရှိကြချေ။ ၎င်းတို့သည် ဘုရားသခင်၏ ကောင်းချီးများကို ဤပုံစံဖြင့် မည်သို့ ရရှိနိုင်မည်နည်း။ ၎င်းတို့သည် လည်ဖန်များသည့်လှည်းဘီး ချေးသင့်လေပြီတကား။
၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။