ဘုရားသခင်ကို ကျိုးနွံနာခံခြင်းသည် သမ္မာတရားကို ရရှိခြင်း၌ အခြေခံ သင်ခန်းစာတစ်ခုဖြစ်သည် (အပိုင်း သုံး)
လူတို့အနေဖြင့် မည်သည့်ပြဿနာမျှမရှိသောအခါ၌ ကျိုးနွံနာခံရန် လွယ်ကူသည်။ သို့သော် ပြဿနာက အမှန်ပင် ဖြစ်ပေါ်လာသောအခါ ၎င်းတို့သည် ကျိုးနွံနာခံရန် မတတ်နိုင်ကြပေ။ ဤသို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ ဤအခက်အခဲကို ဖြေရှင်းရန်အတွက် ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေဖို့ လိုအပ်သည်။ မိမိသည် ဘုရားသခင်က ချီးမြှင့်ခြင်းခံရသော မြင့်မြတ်သည့်သူတစ်ယောက်ဖြစ်သည်ဟု ခံစားရသောသူမှနေ၍ မိမိသည် ဘုရားသခင်၏ အမြင်တွင် အရည်အချင်းလုံးဝမရှိသော တန်ဖိုးနိမ့်ကျသောအရုပ်တစ်ခု၊ မည်သည့်အရာမျှမဟုတ်၊ တန်ဖိုးမရှိသော သေးနုပ်သိမ်ဖျင်းသူတစ်ယောက်ဖြစ်ပြီး ဘုရားသခင်အား ပျော်ရွှင်စွာ ကျိုးနွံနာခံနိုင်ကာ ဘုရားသခင်အပေါ် တောင်းဆိုမှုများ လုံးဝမရှိသည်အထိ ထိုအတွေ့အကြုံအဆင့်သို့ ရောက်ရှိရန် အချိန်မည်မျှ လိုအပ်သနည်း။ (ပေတရုသည် သူ၏နောက်ဆုံးသော ခုနစ်နှစ်တွင် စမ်းသပ်မှုများ ရာချီ၍ ဖြတ်သန်းခဲ့သည်။ လူတစ်ယောက်သည် သမ္မာတရားကို မလိုက်စားလျှင် သူသည် နှစ်မည်မျှယုံကြည်သည်ဖြစ်စေ ထိုအတွေ့အကြုံအဆင့်သို့ ရောက်ရှိနိုင်မည်မဟုတ်။) ဤသည်မှာ ယုံကြည်သည့် နှစ်အရေအတွက်နှင့် မဆိုင်ပေ။ ထိုထက် လူတစ်ယောက်က သမ္မာတရားကို လိုက်စားသလော၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်သလောဆိုသည့်အပေါ်တွင် မူတည်သည်။ အားလုံးက သင်မည်သည့်အရာကို လိုက်စားသည်ဆိုသည့်အပေါ် မူတည်သည်။ လူအချို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းမှလွဲ၍ အခြားမည်သည့်အရာမျှ မလိုက်စားဘဲ အစဉ်သဖြင့် မိမိတို့ကိုယ်ကို ပြစားဝင့်ဝါကာ လူအများထဲတွင် ထင်ပေါ်လိုကြသည်။ ၎င်းတို့သည် အနည်းငယ်မျှသော အနှောင့်အယှက်၊ သို့မဟုတ် ကျရှုံးမှုကို ကြုံတွေ့သောအခါ ပြိုလဲကြပြီး အပျက်သဘောဆောင်ကာ တုံ့ဆိုင်းသွားကြသည်။ လူအချို့သည် မျှတမှုမရှိသော အားသာချက်ကို ရယူလိုကြသည်။ သို့သော် သမ္မာတရားကို မချစ်ပေ။ ၎င်းတို့သည် အခြားလူ၏ ထိခိုက်မှုမှ အကျိုးအမြတ်ရသောအခါ၌ ပျော်ရွှင်ကြသည်။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို မရလျှင် ဝမ်းမနည်းကြ၊ သို့မဟုတ် စိတ်အနှောင့်အယှက်မဖြစ်ကြ။ လူအချို့သည် မည်သည့်အဆင့်အတန်းမျှ မရှိလျှင် ၎င်းတို့၏ ယုံကြည်မှု၌ စိတ်တက်ကြွမှုနည်းကြသည်။ ပြီးလျှင် ဤအဆင့်အတန်းရှိသည်နှင့် အခြားမည်သူမဆိုထက်ပို၍ စိတ်အားတက်ကြွကြသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အခါမျှ အပျက်သဘောမဆောင်ဘဲ အလွန်ပင်ပန်းသည်အထိ ပျော်ရွှင်စွာ အလုပ်လုပ်ကြသည်။ ၎င်းတို့သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် အမှုအရာများကို စည်းမျဉ်းများအတိုင်း လုပ်ဆောင်ခြင်းကိုသာ လုံးဝ အရေးမစိုက်ခြင်း ဖြစ်သည်။ ပြီးလျှင် ရလဒ်အနေဖြင့် ၎င်းတို့သည် ယုံကြည်သည့်နှစ်များစွာ ကြာပြီးနောက်တွင် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကင်းမဲ့ဆဲဖြစ်သည်။ နှစ်အနည်းငယ်ကြာ ယုံကြည်သူဖြစ်ပြီး အလွန်ကောင်းသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ရှိသည့် အခြားလူများကို ၎င်းတို့ မြင်သောအခါတွင် အားကျပြီး နောင်တရကြသည်။ သို့သော် ထိုခံစားချက် ပြီးဆုံးသွားသောအခါတွင် သမ္မာတရားကို ၎င်းတို့ မလိုက်စားသေးပေ။ လူတစ်ယောက်သည် သမ္မာတရားအတွက် ကြိုးပမ်းခြင်းအပေါ် အာရုံမစိုက်လျှင်၊ ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားကို အသုံးမပြုလျှင် သူ၌ ယုံကြည်သည့်နှစ်မည်မျှရှိပါစေ အသုံးမဝင်ပေ။ သမ္မာတရားကို မလိုက်စားသူတို့သည် ဘုရားသခင်က စုံလင်အောင်ပြုလုပ်ပေးခြင်းကို မည်သည့်အခါမျှ မခံရနိုင်ပေ။ ပေတရုသည် စမ်းသပ်မှုများကို ရာချီ၍ ဖြတ်သန်းခြင်းအားဖြင့် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရသည်။ သင်တို့သည်လည်း စမ်းသပ်မှုများကို ရာချီ၍ ဖြတ်သန်းရမည် မဟုတ်လော။ ဤအဆင့်တွင် စမ်းသပ်မှုမည်မျှကို သင်တို့ ဖြတ်သန်းပြီးသနည်း။ ရာချီ၍မရှိလျှင် တစ်ရာဆိုလျှင် အဘယ်သို့နည်း။ (မရှိသေးပါ။) ပေတရုသည် စမ်းသပ်မှုများကို ရာချီ၍ ဖြတ်သန်းခြင်းမှတစ်ဆင့် စုံလင်အောင်ပြုလုပ်ပေးခြင်းခံရသည်။ ထို့ကြောင့် သင်တို့သည် စမ်းသပ်မှုတစ်ခုကိုပင် မဖြတ်သန်းရသေးလျှင်၊ သို့မဟုတ် စမ်းသပ်မှုတစ်ရာကိုသာ ဖြတ်သန်းပြီးလျှင် သင်တို့၏ အတွေ့အကြုံသည် သူနှင့် လုံးဝ မနီးစပ်ပေ။ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် ချို့တဲ့နေသည်။ သမ္မာတရားကို လိုက်စားခြင်းအတွက် အားစိုက်ထုတ်ရန် မလိုအပ်သလော။ ယင်းကို မည်သို့လုပ်ဆောင်သင့်သနည်း။ သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်ရန်အတွက် အားစိုက်ထုတ်ရမည်။ မည်သည့်အရာကိုမျှ အလေးအနက်မတွေးတောဘဲ ပူပင်ကြောင့်ကြမဲ့သောဘဝကို နေထိုင်ကာ တစ်နေကုန် အလုပ်ရှုပ်လျက် ပေါ့ဆခြင်း၊ နားဝေတိမ်တောင်ဖြစ်ခြင်း မရှိနှင့်။ ဤသည်မှာ အလုပ်ရှုပ်ခြင်းသည် ပြဿနာတစ်ခုဖြစ်သည်ဟု ပြောခြင်းမဟုတ်။ သင့်တွင် လုပ်စရာများစွာရှိလျှင် သင်သည် အလုပ်ရှုပ်ရလိမ့်မည်။ အလုပ်မရှုပ်ခြင်းသည် အစဉ်သဖြင့် ရွေးချယ်စရာတစ်ခုမဟုတ်ပေ။ သို့သော် သင်သည် အရာရာတိုင်းကို ဂရုစိုက်လျက် အလုပ်ရှုပ်နေစဉ်တွင် သမ္မာတရားအတွက်၊ စည်းမျဉ်းများအတွက် ကြိုးပမ်းရဦးမည် ဖြစ်သည်။ သင်သည် အမှုအရာများကို သဘောပေါက်နားလည်ပြီး သင်ချို့တဲ့သည့် မည်သည့်အရာမဆိုအတွက် ဘုရားသခင်အား တောင်းလျှောက်ရန် ကြိုးစားရဦးမည် ဖြစ်သည်။ ဘုရားသခင်ထံ တစ်စုံတစ်ခုကို မည်သို့တောင်းလျှောက်သနည်း။ သင်သည် နေ့စဉ် ထိုအရာအတွက် သင့်စိတ်နှလုံးတွင် ဘုရားသခင်ကို ဆုတောင်းသည်။ ဤသည်မှာ သင့်စိတ်နှလုံး၌ သမ္မာတရားကို တောင့်တသည်ဆိုသည်ကိုပြပြီး သင့်တွင် သင်၏ ပြင်းပြသောရည်မှန်းချက်များကို ဖြည့်ဆည်းရန်အတွက် ဘုရားသခင်ကို အခွင့်ပေးရန် စိတ်ဆန္ဒရှိသည်။ သင်၏ စိတ်နှလုံးက စစ်မှန်ရိုးသားလျှင် ဘုရားသခင်က သင့်ဆုတောင်းချက်များကို ကြားလိမ့်မည်။ သင်ခန်းစာများကို ယူနိုင်ရန်အတွက် ဘုရားသခင်သည် သင့်အတွက် သင့်တင့်လျောက်ပတ်သော အခြေအနေများကို စီစဉ်ကာ ပြင်ဆင်ပေးလိမ့်မည်။ သင်က “ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်ချို့တဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်ကို နင်းချေသည့် အကြီးစားစမ်းသပ်မှုကို ပေးမည်လော” ဟု ဆိုကောင်းဆိုနိုင်သည်။ မဟုတ်ပေ။ ယင်းမှာ ဖြစ်နိုင်မည်မဟုတ်။ ဘုရားသခင်သည် ဤသို့သောအရာမျိုးကို လုံးဝ ပြုလုပ်မည်မဟုတ်။ လူတစ်ယောက်၏ ယုံကြည်ခြင်းက မည်မျှကြီးမားသည်ဆိုသည်နှင့် သူ၏ အမှန်တကယ် ဝိညာဉ်ရင့်ကျက်မှုက မည်သည့်အရာဖြစ်သည်ဆိုသည်ကို ဘုရားသခင်က အသိဆုံးဖြစ်သည်။ သင်သည် ဤတွင် ယုံကြည်ခြင်းရှိရမည်။ ဘုရားသခင်သည် သုံးနှစ်အရွယ် ရှိသောကလေးကို မည်သည့်အခါမျှ အရွယ်ရောက်သူတစ်ဦး၏ ဝန်ထုပ်ဝန်ပိုးအား ထမ်းခိုင်းမည်မဟုတ်။ မည်သည့်အခါမျှ ဤသို့ လုပ်ဆောင်မည်မဟုတ်။ သင့်စိတ်နှလုံးတွင် ဤအရာကို သေချာသိထားရမည်။ သို့သော် သင်သည် ဘုရားသခင်ကို တောင်းလျှောက်ဖို့လိုသည်။ သင့်တွင် ထိုဆန္ဒနှင့် ထိုစိတ်ပိုင်းဖြတ်ချက်ရှိရမည်။ သို့မှသာ ဘုရားသခင်က သင်၏တောင်းဆိုမှုကို လုပ်ဆောင်မည်ဖြစ်သည်။ သင်သည် အစဉ်သဖြင့် ကြောက်ရွံ့ပြီး ပုန်းကွယ်နေလျှင်၊ ပင်ပန်းမည်ကို ကြောက်ရွံ့လျှင်၊ ငြိမ်းချမ်းသော၊ ပူပင်ကြောင့်ကြမဲ့သောနေ့ရက်များကို အစဉ်အလိုရှိလျှင် ဘုရားသခင်က သင်၌ အလုပ်လုပ်မည်မဟုတ်။ ထို့ကြောင့် သင်သည် ဘုရားသခင်ကို လွတ်လပ်စွာ၊ ရဲရင့်စွာ တိုးလျှိုးတောင်းပန်ရန်၊ သင့်ကိုယ်သင် အမှန်တကယ် ပေးအပ်ရန်၊ အရာရာကို ဘုရားသခင်ထံသို့ လွှဲပြောင်းပေးရန်သာ လိုအပ်သည်။ သို့မှသာ ဘုရားသခင်က သင်၌ အလုပ်လုပ်မည်ဖြစ်သည်။ ဘုရားသခင်သည် လူတို့ကို စိတ်ကူးပေါက်သလို ညှဉ်းပန်းရန်အတွက် အသေအချာပင် လုပ်ဆောင်မည်မဟုတ်ဘဲ ရလဒ်များနှင့် ပန်းတိုင်များကို ရရှိဖို့ကိုသာ လုပ်ဆောင်သည်။ ဘုရားသခင်သည် အသုံးမဝင်သောအလုပ်ကို လုပ်ဆောင်မည်မဟုတ်၊ သို့မဟုတ် သင်မထမ်းနိုင်သောဝန်ကို သင့်ပခုံးပေါ်သို့ ထားရှိမည်မဟုတ်။ သင်သည် ဤတွင် ယုံကြည်ခြင်းရှိရမည်။ စုံလင်ခြင်းကို ရှာဖွေရန်၊ ဘုရားသခင်ကို ကျေနပ်စေပြီး လက်ခံနိုင်ဖွယ်ဖြစ်သော ဖန်ဆင်းခံတစ်ဦးဖြစ်ဖို့ ကြိုးစားရန် စိတ်ပိုင်းဖြတ်ချက်ရှိရမည်။ မည်သည့် စိတ်ပိုင်းဖြတ်ချက်နည်း။ စုံလင်ခြင်းကို ရှာဖွေရန်၊ သမ္မာတရားနှင့် လူ့သဘာဝကို ပိုင်ဆိုင်သောသူတစ်ယောက်ဖြစ်လာဖို့ ရှာဖွေရန်၊ ဘုရားသခင်ကို ချစ်ပြီး သက်သေခံသူတစ်ယောက်ဖြစ်လာဖို့ ရှာဖွေရန်အတွက် စိတ်ပိုင်းဖြတ်ချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ဝမ်းအမြောက်ဆုံးသောအရာ ဖြစ်သည်။ သင့်တွင် ထိုစိတ်ပိုင်းဖြတ်ချက်မရှိဘဲ “ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်နှင့် အလုပ်ရှုပ်နေသည်။ ကျွန်ုပ်သည် ဝန်တစ်ခုကို ထမ်းနေသည်။ အလုပ်လုပ်ပေးနေသည်။ တရားဒေသနာများကို နားထောင်နေသည်။ ကျွန်ုပ်သည် အခြားမည်သူမဆို၏နောက်တွင် ကျန်ရစ်မနေပါ” ဟု ပြော၍သာ ကျေနပ်ရောင့်ရဲနေလျှင် သင့်၌ မည်သည့်အလားအလာမျှ မရှိ။ အများဆုံးအနေဖြင့် သင်သည် အလုပ်လုပ်ပေးသူတစ်ဦး ဖြစ်သည်။ သို့သော် ဘုရားသခင်၏ လူများထဲမှ တစ်ဦးဖြစ်လာမည် မဟုတ်။ သင်သည် တိုးတက်ဖို့ ဆန္ဒမရှိဘဲ အကြောင်းအရာများကို အရှိအတိုင်းသာ ရောင့်ရဲနေသည် မဟုတ်လော။ သမ္မာတရားကို သင်မလိုက်စား။ စုဝေးပွဲများတွင် သမ္မာတရားကို မိတ်သဟာယမဖွဲ့ပေ။ ပြီးလျှင် တရားဒေသနာများကို နားထောင်ပြီးသည်နှင့် သင်သည် ငိုက်မျဉ်းသည်။ သို့သော် လောကီအမှုကိစ္စများကို ဆွေးနွေးသောအခါတွင် သင်သည် စကားကို အလျင်မပြတ် ပြောဆိုသည်။ သင့်မျက်လုံးများက အရောင်တောက်လာသည်။ ဤသည်တို့မှာ အလုပ်လုပ်ပေးသူတစ်ဦး၏ အပြုအမူအများဖြစ်သည်။ သမ္မာတရားအကြောင်းပြောသည်နှင့် တစ်ပြိုင်နက် မျက်လုံးက အရောင်တောက်လာသောလူအချို့ရှိသည်။ ၎င်းတို့သည် အလွန်အမင်း ချို့တဲ့သည်ဟု ခံစားရပြီး ကောင်းမွန်၍ လက်တွေ့ကျသော အရာတစ်ခုကို ၎င်းတို့ ကြားသောအခါ ၎င်းတို့သည် အလျင်အမြန် မှတ်သားကြသည်။ ၎င်းတို့သည် ဘုရားသခင်က တောင်းဆိုသောအရာနှင့် အလွန်ဝေးကွာလွန်းပြီး ၎င်းတို့၏ စိတ်နှလုံး၌ အပြုသဘောဆောင်သောအရာများ လုံလောက်စွာမရှိဟု ခံစားရသည်။ စာတန်၏ အဆိပ်များစွာရှိနေပြီး ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်လွန်းသည်ဟု ၎င်းတို့ ခံစားရသည်။ ၎င်းတို့က “ဘုရားသခင်သည် ငါ့အပေါ် ကျေနပ်မှုမရှိသည်မှာ မဆန်းပေ။ ငါသည် သူအလိုရှိသည့်အရာနှင့် အလွန်အလှမ်းဝေးသည်။ ငါသည် မည်သည့်နည်းဖြင့်မဆို ဘုရားသခင်နှင့် သဟဇာတမဖြစ်။ ငါသည် သူ့အား အလွန်နားလည်မှုလွဲသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သည့်အခါမှ ငါ အထမြောက်အောင် ဆောင်ရွက်နိုင်မည်နည်း” ဟူ၍ မိမိတို့ဘာသာ စဉ်းစားကြသည်။ ၎င်းတို့သည် ၎င်းတို့၏တာဝန်တွင် ဤအရာများကို အဖြေရှာဖို့ ကြိုးစားရန်အတွက် နှောင့်နှေးမနေပေ။ ပြီးလျှင် ၎င်းတို့သည် တိတ်တဆိတ် ဆုတောင်း၍ ဘုရားသခင်ရှေ့သို့ မကြာခဏလာသည်။ “ဘုရားသခင်၊ ကျွန်ုပ်ကို စမ်းသပ်မှုများထဲတွင် ထားရှိပါ။ ကျွန်ုပ်ကို ထုတ်ဖော်ဖို့၊ ကျွန်ုပ်ကို သမ္မာတရားအား နားလည်ခွင့်ပေးဖို့၊ သမ္မာတရားစစ်မှန်မှုကို ရရှိခွင့်ပေးဖို့၊ ကိုယ်တော်ကို သိလာခွင့်ပေးဖို့ ကိုယ်တော်ကို တောင်းလျှောက်ပါတယ်။ ကျွန်ုပ်ကို ဆုံးမပဲ့ပြင်တော်မူပါ၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမတော်မူပါ” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဤအရာနှင့် ဝန်ထုပ်တစ်ခုကို ထမ်းသောအခါ ဤအရာကို စိတ်တွင် အစဉ်ထားရှိကြသည်။ ၎င်းတို့သည် သမ္မာတရားကို အစဉ်ဆာငတ်နေကြသောကြောင့် ဘုရားသခင်က ၎င်းတို့အပေါ်တွင် စတင်အလုပ်လုပ်သည်။ သူသည် လူ၊ ဖြစ်ရပ်၊ အမှုအရာအချို့နှင့် အခြေအနေမျိုးစုံကို စီစဉ်သည်။ ဤသို့ဖြင့် ၎င်းတို့သည် ထိုအရာများမှ တစ်စုံတစ်ခုကို နေ့စဉ် သင်ယူနိုင်သည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် မျက်နှာသာပေးခြင်းခံရသည်မဟုတ်လော။ ပေတရုသည် အဘယ်ကြောင့် စမ်းသပ်မှုများကို ရာချီ၍ တွေ့ကြုံခံစားနိုင်သနည်း။ သမ္မာတရားကို သူလိုက်စားခဲ့သောကြောင့်၊ ဘုရားသခင်၏ စမ်းသပ်မှုများကို မကြောက်သောကြောင့်၊ ဘုရားသခင်၏ စမ်းသပ်မှုများသည် လူတို့ကို သန့်စင်ရန်အတွက် ရှိနေကြောင်း ယုံကြည်သောကြောင့် ဖြစ်သည်။ ဤလမ်းကြောင်းသည် လူတို့ကို စုံလင်နိုင်သည်၊ တစ်ခုတည်းသော မှန်ကန်သည့် လမ်းကြောင်းဖြစ်သည်ဟု သူယုံကြည်ခဲ့သည်။ ဤအတွက် သူဆုတောင်းခဲ့သည်။ ဤအရာအတွက် သူ့ကိုသူ အသုံးခံခဲ့ပြီး ဆက်ကပ်ခဲ့သည်။ ဤအတွက်ကြောင့် ဘုရားသခင်သည် သူ့၌ အလုပ်လုပ်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က သူ့ကို ရွေးချယ်ခဲ့သည်၊ သူသည် ပေတရုကို စမ်းသပ်ပြီး စုံလင်အောင်ပြုလုပ်ပေးရန် စိတ်ဆုံးဖြတ်ထားခဲ့သည်ဟု ဆိုလိုသလော။ ဤသည်မှာ အတိအကျပင် မှန်သည်။ ဘုရားသခင်က လူတစ်ယောက်ကို ရွေးချယ်သောအခါ သူ့တွင် ပန်းတိုင်တစ်ခုရှိပြီး စိတ်တွင် စည်းမျဉ်းများရှိသည်။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သည်။ လူအများစုသည် ဘုရားသခင်ထံမှ ဤလုပ်ဆောင်မှုမျိုးကို အဘယ်ကြောင့် မရနိုင်သနည်း။ သမ္မာတရားကို ၎င်းတို့ မလိုက်စားဘဲ ဤစိတ်ပိုင်းဖြတ်ချက်ကင်းမဲ့သောကြောင့်ဖြစ်သည်။ ဤအတွက်ကြောင့် ဘုရားသခင်က ၎င်းတို့တွင် အလုပ်မလုပ်ခြင်း ဖြစ်သည်။ ဘုရားသခင်က မည်သူ့ကိုမျှ အတင်းအဓမ္မမခိုင်းပေ။ ဘုရားသခင်သည် တစ်စုံတစ်ယောက်ကို စုံလင်အောင် ပြုလုပ်ပေးလိုသောအခါ ယင်းသည် အတိုင်းမသိ အလွန်ကောင်းသောအရာ ဖြစ်သည်။ မည်သည့်ဒုက္ခအတိုင်းအတာမဆို ထိုက်တန်သည်။ သို့သော် လူအများစုတွင် ဤစိတ်ပိုင်းဖြတ်ချက်မရှိ။ ၎င်းတို့သည် စမ်းသပ်မှုများ၊ ဆင်းရဲဒုက္ခများကို ရင်ဆိုင်ရသောအခါ အဝေးသို့သာ သုတ်သုတ်ပျာပျာဖြင့် ထွက်ပြေးပြီး ပုန်းကွယ်ကြသည်။ ဘုရားသခင်သည် ဤသို့သောသူမျိုးကို အတင်းလုပ်ဆောင်ခိုင်းမည်လော။ လူအချို့သည် သမ္မာတရားကို မလိုက်စားပေ။ ခရစ်တော်ကို မျက်နှာချင်းဆိုင်တွေ့မြင်ရန် သတ္တိပင်မရှိပေ။ ၎င်းတို့က “ခရစ်တော်ကို ကျွန်ုပ်မြင်တွေ့ခဲ့လျှင် မည်သည့်အရာပြောရမည်ကို သိမည်မဟုတ်။ မည်သည့်သမ္မာတရားကိုမျှ ကျွန်ုပ်မသိ၊ သို့မဟုတ် မည်သို့ မိတ်သဟာယဖွဲ့ရမည်ကို မသိ။ ကျွန်ုပ်တွင် မည်သည့်အရာ မှားယွင်းနေသည်ကို ခရစ်တော်က မြင်တွေ့ခဲ့လျှင် ရှက်ဖွယ်ဖြစ်မည် မဟုတ်လော။ ကျွန်ုပ်သည် ပြုပြင်ခြင်းခံရလျှင် ကိုင်တွယ်နိုင်မည်မဟုတ်။ ဘုရားသခင်ကို ကျွန်ုပ် ရှောင်ပြီး သူနှင့် သင့်တင့်လျောက်ပတ်သော အကွာအဝေး၌ နေရမည်။ ကျွန်ုပ်သည် အစဉ်သဖြင့် ဘုရားသခင်နှင့် အဆက်အသွယ်ပြုကာ သူ့ရှေ့တွင် နေထိုင်လျှင် သူသည် ကျွန်ုပ်အကြောင်းသိမြင်ပြီး ကျွန်ုပ်ကို ရွံရှာလိမ့်မည်။ ကျွန်ုပ်သည် ဖယ်ရှားရှင်းလင်းခံရမည်ဖြစ်ပြီး ကောင်းသောခရီးပန်းတိုင်ရှိတော့မည်မဟုတ်” ဟုပြောကြသည်။ အမှုအရာများမှာ ဤသို့ ဟုတ်သလော။ (မဟုတ်ပါ။) လူအချို့သည် ဤအယူအဆမျိုးတို့ကို စိတ်တွင်ထားရှိကြသည်။ ဘုရားသခင်သည် ဤသို့သောသူတစ်ယောက်ထံမှ တစ်စုံတစ်ခုကို တောင်းဆိုမည်လော။ (တောင်းဆိုမည်မဟုတ်ပါ။) ထို့ကြောင့် မည်သည့်အရာကို သင်လိုက်စားသည်ဖြစ်စေ၊ သင်၏ စိတ်ပိုင်းဖြတ်ချက်က မည်သည့်အတိုင်းအတာအထိ ရောက်ရှိသည်ဖြစ်စေ ဘုရားသခင်သည် သင့်အား ထိုအဆင့်အထိ စုံလင်အောင်ပြုလုပ်ပေးမည် ဖြစ်သည်။ သင်သည် သမ္မာတရားကို မလိုက်စားဘဲ ဘုရားသခင်ထံမှ အစဉ်ပုန်းကွယ်ကာ သင့်ကိုယ်သင် သူနှင့် ဝေးကွာစေလျှင်၊ သင့်အတွေးများကို ဘုရားသခင်ထံမှ အစဉ်ဖုံးကွယ်နေလျှင် သင်ကဲ့သို့သောလူတို့နှင့်ပတ်သက်ပြီး မည်သည့်အရာကို ဘုရားသခင်ပြောဖို့ရှိသနည်း။ (“ဖြူစင်သောအရာကို ခွေးတို့အား မပေးကြနှင့်။ ပုလဲရတနာတို့ကို ဝက်တို့ရှေ့မှာ မချမထားကြနှင့်။” (ရှင်မဿဲခရစ်ဝင် ၇:၆)) သင်သည် သမ္မာတရားကို မချစ်ဘဲ ဘုရားသခင်ထံမှ ပုန်းကွယ်သည်။ သို့သော် သူသည် သင့်အား ဆက်လက်၍ စစ်ကြောပြီး စုံလင်အောင်ပြုလုပ်ပေးမည်ဟု သင်ထင်သလော။ သင် မှားယွင်းနေပြီ ဖြစ်သည်။ သင်သည် သင့်တော်သောလူစားမျိုး မဟုတ်လျှင် မည်မျှတိုးလျှိုးတောင်းပန်ပြီး ဆုတောင်းသည်ဖြစ်စေ လုံးဝ အကျိုးရှိမည်မဟုတ်။ ဘုရားသခင်က ထိုအရာကို လုပ်ဆောင်မည်မဟုတ်။ ဘုရားသခင်သည် လူတို့ကို အတင်းအဓမ္မ မလုပ်ဆောင်ခိုင်းပေ။ ယင်းမှာ သူ၏ စိတ်သဘောထား၏ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ သို့သော် သမ္မာတရားကို လိုက်စားသောသူများထံမှ သူအလိုရှိသည့်အရာမှာ ၎င်းတို့သည် ပေတရု၊ သို့မဟုတ် ယောဘ၊ သို့မဟုတ် အာဗြဟံကဲ့သို့ ဖြစ်နိုင်ခြင်း၊ ၎င်းတို့သည် ဘုရားသခင်တောင်းဆိုသကဲ့သို့ အသက်တာတွင် မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းကောင်း လှမ်းနိုင်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ကြဉ်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းကောင်း လှမ်းနိုင်ခြင်း၊ အဆုံးတွင် သမ္မာတရားကို ရရှိပြီး စုံလင်အောင်ပြုလုပ်ပေးခြင်းခံရခြင်း ဖြစ်သည်။ ဘုရားသခင်က ဤလူစားမျိုးကို ရရှိဖို့ မျှော်လင့်သည်။ သို့သော် သင်က သင့်ဘာသာ မရှာဖွေလျှင် ဘုရားသခင်က သင့်အား အတင်းစေခိုင်းမည်လော။ မဟုတ်ပါ။ ဘုရားသခင်က မည်သူ့ကိုမျှ လုံးဝ အတင်းအကျပ် မပြုခဲ့ပါ။ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အား တို့ထိရန် မလျှော့တမ်း လုပ်ဆောင်မည်မဟုတ်။ သင့်အား ဆုပ်ကိုင်ထားပြီး လက်မလွှတ်ခြင်း ရှိမည်မဟုတ်။ သင့်အား စုံလင်အောင်ပြုလုပ်ပေးပြီး ဤသို့ မဖြစ်မီတွင် မရပ်တန့်ဖို့ရန် ရည်ရွယ်ခြင်း ရှိမည်မဟုတ်ပေ။ သင့်အား အမှန်အတိုင်းပြောရလျှင် ဘုရားသခင်သည် ဤသို့သော မည်သည့်အရာကိုမျှ လုံးဝ လုပ်ဆောင်မည်မဟုတ်ပေ။ ဤသည်မှာ သူ၏ သဘောထားဖြစ်သည်။ ဘုရားသခင်က အဆုံးတွင် သူ၏အမှုတော်ပြီးဆုံးသောအခါ ယောဘ၊ ပေတရု၊ အာဗြဟံကဲ့သို့သောလူများကိုပို၍ ရရှိမည်ဖြစ်ရန်သာ မျှော်လင့်သည်။ သို့သော် အဆုံးတွင် လူမည်မျှက သမ္မာတရားကို အမှန်တကယ် လိုက်စားပြီး ဘုရားသခင်၏ ရရှိခြင်းကို ခံရသည်ဆိုသည်မှာ သူ အတင်းအဓမ္မလုပ်ဆောင်မည် မဟုတ်သည့်အရာတစ်ခုဖြစ်သည်။ သူသည် အမှုအရာများကို ယင်းတို့၏လမ်းကြောင်းအတိုင်း သွားစေမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လက်တွေ့ကျသောအလုပ်၏ ဘက်တစ်ဖက်ဖြစ်သည်။ ဘုရားသခင်သည် သီးသန့်အရေအတွက်တစ်ခုကို ဆုံးဖြတ်မထားပေ။ ၁၀၊ ၂၀၊ ၁၀၀၀၊ သို့မဟုတ် ၂၀၀၀၊ သို့မဟုတ် ၁၀၀၀၀ ပင် ဖြစ်သင့်သည်ဟု ဆုံးဖြတ်မထားပေ။ သူသည် ဤအရာနှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှ သတ်မှတ်မထားပေ။ ဘုရားသခင်သည် ဤပုံစံဖြင့် ဆက်လက်လုပ်ဆောင်နေခြင်း၊ လက်တွေ့ကျသော ပုံစံဖြင့် အလုပ်လုပ်ခြင်းနှင့် လူတို့ကြားတွင် လက်တွေ့ကျစွာ လမ်းလျှောက်နေခြင်းသာ ဖြစ်သည်။ ဤသည်မှာ သမ္မာတရားပါဝင်သော အလုပ်၊ လူသားမျိုးနွယ်ကို အကျိုးဖြစ်စေသောအလုပ်၏ ကဏ္ဍတိုင်းကို ဆောင်ရွက်လျက် သူအလုပ်လုပ်ပြီး စကားပြောသည့်ပုံစံဖြစ်သည်။ ဤသည်မှာ သင့်တော်သောလူစားမျိုးအတွင်းတွင်၊ သမ္မာတရားကို တောင့်တသောသူများအတွင်းတွင် သူဆက်လက်၍ လုပ်ဆောင်သော အလုပ်ဖြစ်သည်။ အဆုံးတွင် စိတ်ခိုင်မာမှုရှိပြီး သမ္မာတရားကို လိုက်စားသောသူတို့သည် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရမည်။ ၎င်းတို့သည် ကောင်းချီးအခံစားရဆုံးဖြစ်ပြီး ထာဝရအသက် ရမည့်သူများ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် လူတိုင်းအပေါ် ဖြောင့်မတ်ပြီး မည်သူ့ကိုမျှ တရားမမျှတစွာ မဆက်ဆံသည်ကို သက်သေပြဖို့ လုံလောက်သည်။ သင်တို့အားလုံးက ယနေ့တွင် ဘုရားသခင်နောက်သို့ လိုက်နိုင်ခြင်းမှာ ကြုံသလို ဖြစ်ပျက်ခြင်း မဟုတ်ပေ။ ဤအရာကို ရှေးယခင်ကတည်းက ဘုရားသခင်က ကြိုတင်သတ်မှတ်ထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူတို့၏ မိသားစုများ၊ မည်သည့်အချိန်တွင် ၎င်းတို့မွေးဖွားသည်၊ ၎င်းတို့ကြီးပြင်းသည့် ပတ်ဝန်းကျင်၊ ၎င်းတို့၏ အစွမ်းအစ၊ ဆုကျေးဇူး၊ အရည်အချင်း၊ ပတ်ဝန်းကျင်တို့ဖြစ်သည့် ဤအရာအားလုံးကို ကြိုတင်သတ်မှတ်သည်။ အဆုံးတွင် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းက မည်သည့်အရာဖြစ်သည်ဟု လူတို့မြင်မည်နည်း။ အဆုံးတွင် ရှင်သန်နိုင်ခြင်းနှင့် လှပသောခရီးပန်းတိုင်ကို ရခြင်းသည် လူတို့၏ ကိုယ်ပိုင်လိုက်စားမှုများနှင့် ၎င်းတို့ပေးဆပ်သည့် အဖိုးအခပေါ်တွင် မူတည်သည်။ ဘုရားသခင်က ဤအရာများကို ကြိုတင်သတ်မှတ်ခြင်းသည် ကဏ္ဍတစ်ခုဖြစ်သည်။ သို့သော် လူတို့၏ ပူးပေါင်းလုပ်ဆောင်ခြင်းကလည်း အလွန်အရေးကြီးသည်။ လူတို့ လျှောက်လှမ်းသည့် လမ်းကြောင်းနှင့် သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်းရှိမရှိအပေါ်တွင် အခြေခံ၍ ဘုရားသခင်က လူတို့၏ အဆုံးသတ်များကို အဆုံးအဖြတ်ပေးသည်။ ဤသည်မှာ သူ၏ ဖြောင့်မတ်ခြင်း ဖြစ်သည်။
လူတိုင်းက လူ့ဇာတိခံဘုရားသခင်၏ လက်တွေ့ကျသောအပိုင်းကို မြင်တွေ့ပြီးဖြစ်သည်။ ဘုရားသခင်က လူတစ်ယောက်ချင်းစီတိုင်းအား မျှတစွာ၊ ကျိုးကြောင်းသင့်စွာ ဆက်ဆံသည်။ ယင်းကို သင်မြင်တွေ့ပြီး ဖြစ်သည်။ အခြားလူများက မြင်တွေ့ပြီး ဖြစ်သည်။ သင်တို့အားလုံး မြင်တွေ့ပြီး ဖြစ်သည်။ လူ့ဇာတိခံဘုရားသခင်သည် သာမန်လူတစ်ယောက်ဖြစ်သည်။ လူအချို့သည် ခရစ်တော်ကို မြင်သောအခါ အယူအဆများရှိပြီး “သူသည် အလွန်ပင် သာမန်ပုံစံရှိသည်။ အလွန်ပင် မထင်ပေါ်ပေ။ ဤသည်မှာ အမှန်ပင် လူ့ဇာတိခံခြင်း ဖြစ်နိုင်သလော။ ငါ သူ့ကို မယုံကြည်ပါ။ ငါ သူ့ကို ယုံကြည်ဖို့ မဖြစ်နိုင်ပါ” ဟု တွေးကြသည်။ သို့မဟုတ် ၎င်းတို့သည် သူ၏နောက်သို့ တွန့်ဆုတ်စွာနှင့် လိုက်ကြပြီး သူ့ကို သံသယများနှင့် ယုံကြည်ကာ ၎င်းတို့၏အယူအဆများကို ၎င်းတို့နှင့်အတူ သယ်ယူလာကြသည်။ ခရစ်တော်ကို မြင်သော အခြားလူတို့မှာ ဆင်ခြင်တုံတရားအချို့ရှိပြီး “လူ့ဇာတိခံယူခြင်းသည် သာမန်လူတစ်ယောက်ဖြစ်သည်။ သို့သော် သူသည် သမ္မာတရားကို ဖော်ပြနိုင်ပြီး လူတို့ကို အသက်ပေးနိုင်သည်။ ထို့ကြောင့် ငါသည် သူ့ကို ဘုရားကဲ့သို့ ဆက်ဆံသင့်သည်။ ငါသည် သူ၏စကားများကို သမ္မာတရားအဖြစ်၊ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များအဖြစ် လက်ခံပြီး လက်တွေ့လုပ်ဆောင်သည်။ ငါ သူ့နောက်ကို လိုက်မည်” ဟု တွေးကြသည်။ ဤလူတို့သည် အဆုံးတွင် စုံလင်အောင် ပြုလုပ်ပေးခြင်းခံရပြီး သမ္မာတရားကို ရရှိကြသည်။ အဆုံးတွင် မည်သို့သောသူမျိုးတို့က သမ္မာတရားကို ရရှိသနည်း။ သမ္မာတရားကို လိုက်စားသူတို့ဖြစ်သည်။ ဘုရားသခင်သည် နေ့စဉ် သူရွေးချယ်ထားသောလူများကို ရေလောင်းသည်၊ ပံ့ပိုးသည်၊ ထိန်းကျောင်းသည်၊ အလုပ်လုပ်သည်။ ငါသည် တရားဒေသနာများနှင့် မိတ်သဟာယကို ဝေမျှသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်ရွေးချယ်ထားသောလူတို့တွင် အလုပ်လုပ်သည်။ လူတိုင်းက ရေလောင်းခြင်းနှင့် ပံ့ပိုးမှုကို ရရှိသည်။ မည်သူကမျှ အထူးဆက်ဆံမှုကို မရရှိပေ။ ပြီးလျှင် အသင်းတော်အသက်တာတွင် ပါဝင်ပြီး မိမိတာဝန်ကို ထမ်းဆောင်သောသူတိုင်းသည် ဤပုံစံဖြင့် ဘုရားသခင်၏အမှုတော်ကို နေ့စဉ် မွေ့လျော်ရသည်။ ငါသည် လူတစ်ဦးချင်းစီတိုင်းကို တူညီစွာ ဆက်ဆံသည်။ မေးခွန်းများကို မည်သူကမေးသည်ဖြစ်စေ အဖြေများကို ငါပေးသည်။ မည်သည့်အပိုဂရုစိုက်မှုကိုမျှ ငါမပေး။ အထူးအခြေအနေများကို မပြင်ဆင်၊ သို့မဟုတ် မည်သူ့ကိုမျှ တိုက်တွန်းရန်၊ သို့မဟုတ် အားပေးရန် မကြိုးစားပေ။ သန့်ရှင်းသောဝိညာဉ်တော်ထံမှ အပိုဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှုတို့ကို မပေးပေ၊ သို့မဟုတ် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုတို့ကို မပြပေ။ ဘုရားသခင်က ဤသို့သော မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ ဘုရားသခင်သည် လူတို့၏ အပြစ်များကို ခွင့်လွှတ်ပြီး နောင်တလမ်းကြောင်းကို လျှောက်စေရန်အတွက် ကျေးဇူးတော်ခေတ်တွင် များစွာသော နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုတို့ကို ပြသခဲ့သည်။ ဤသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး သံသယရှိမည်မဟုတ်ပေ။ လက်ရှိအမှုတော်အဆင့်သည် သမ္မာတရားကို ပေးခြင်း အလုံးစုံ ပါဝင်သည်။ ဤသို့ဖြင့် လူတို့သည် သမ္မာတရားကို နားလည်နိုင်ပြီး စစ်မှန်သော ယုံကြည်ခြင်း ဖြစ်ပေါ်နိုင်သည်။ သင်သည် မည်မျှ ဒုက္ခခံပြီးဖြစ်စေ အဆုံးတွင် သမ္မာတရားကို ရရှိခဲ့လျှင် သင်သည် စုံလင်အောင်ပြုလုပ်ပေးခြင်းခံရပြီး သိမ်းဆည်းခြင်း ခံရမည့်သူတစ်ယောက် ဖြစ်သည်။ သမ္မာတရားကို သင်မရရှိလျှင် သင်ရှာသည့် မည်သည့်အကြောင်းပြချက်မဆို အသုံးမဝင်ပေ။ သင်က “ဘုရားသခင်သည် မည်သည့်အံ့ဖွယ်အမှုတို့ကိုမျှ မလုပ်ဆောင်ခဲ့သောကြောင့် ကျွန်ုပ် မယုံကြည်နိုင်”၊ “ဘုရားသခင်သည် ကျွန်ုပ် ဉာဏ်မမီနိုင်သော သမ္မာတရားများကို အစဉ်ဖော်ပြနေသောကြောင့် ကျွန်ုပ် မယုံကြည်နိုင်”၊ သို့မဟုတ် “ဘုရားသခင်သည် အလွန်လက်တွေ့ကျလွန်းသည်၊ သာမန်ဖြစ်လွန်းသည်၊ ထို့ကြောင့် ကျွန်ုပ် မယုံကြည်နိုင်” ဟု ဆိုနိုင်သည်။ ဤအရာအားလုံးမှာ သင်၏ ပြဿနာများဖြစ်သည်။ သင့်ကို အခြားလူများနည်းတူ သမ္မာတရားကို ပေးခဲ့သည်။ ဤသို့ဆိုလျှင် သင်က ဖယ်ရှားရှင်းလင်းခံရစဉ်တွင် ၎င်းတို့က အဘယ်ကြောင့် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရသနည်း။ သမ္မာတရားကို သင်အဘယ်ကြောင့် မရရှိခဲ့သနည်း။ ဤသည်မှာသင်၏ တရားစီရင်မှုဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သမ္မာတရားကို သင်မလိုက်စားခဲ့သောကြောင့် ဖြစ်သည်။ ဤနောက်ဆုံးအဆင့်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်များ၏ အမှုကိုသာ ပြုသည်။ သူသည် လူသားမျိုးနွယ်ကို တရားစီရင်ပြီး သန့်စင်ရန်အတွက် နှုတ်ကပတ်တော်များကို လက်တွေ့ကျစွာ အသုံးပြုသည်။ နိမိတ်လက္ခဏာများ၊ အံ့ဖွယ်အမှုများကို မပြပေ။ ဘုရားသခင်၏ အံ့ဖွယ်အမှုများကို သင်မြင်လိုလျှင် အတိတ်ရှိ လွန်ခဲ့သော နှစ် ၂၀၀၀ တွင် သခင်ယေရှု အံ့ဖွယ်အမှုများကို ကြည့်ရန် ထိုခေတ်သို့ သွားလော့။ ဤခေတ်တွင် ယုံကြည်သူ မပြုလုပ်နှင့်။ သင်သည် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုကို လက်ခံပြီးဖြစ်သောကြောင့် ထူးဆန်းသောတန်ခိုးများကို မရှာနှင့်။ ထိုအရာများကို ဘုရားသခင် မလုပ်ဆောင်ပေ။ ဤသည်မှာ ကျိုးကြောင်းသင့်သလော။ (သင့်ပါသည်။) ဤသည်မှာ မျှတပြီး ကျိုးကြောင်းသင့်သည်။ သမ္မာတရားကို သင်လိုက်စားလျှင် ဘုရားသခင်က သင့်အား မမျှတစွာ ဆက်ဆံမည်မဟုတ်။ သမ္မာတရားကို သင်မလိုက်စားဘဲ အလုပ်လုပ်ပေးခြင်းကိုသာ လိုက်စားပြီး အဆုံးတိုင်အောင် သစ္စာရှိစွာဖြင့် အစဉ်အလုပ်လုပ်ပေးနေလျှင် ဘုရားသခင်သည် သင့်အား ကျန်ရှိနေခွင့်ပြုပြီး သင်က ကျေးဇူးတော်ခံစားရမည်။ သို့သော် သင်သည် အဆုံးတိုင်အောင် အလုပ်လုပ်မပေးနိုင်လျှင် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်။ ဖယ်ရှားရှင်းလင်းခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဖျက်ဆီးခြင်းကို ဆိုလိုသည်။ ဤသည်မှာ မျှတပြီး ကျိုးကြောင်းသင့်သည်။ ဤတွင် လူတို့အပေါ် မမျှတသော ဆက်ဆံမှုမရှိ။ အားလုံးက ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားအပေါ် အခြေခံသည်။ ဤအရာများအားလုံးကို ကြည့်လျှင် လူတို့လျှောက်သည့်လမ်းကြောင်းသည် အရေးကြီးဆုံး မဟုတ်လော။ မည်သည့်လမ်းကြောင်းကို သင်လိုက်စားသည်၊ မည်သည့်လူစားမျိုးဖြစ်ရန် သင်ရှာဖွေသည်၊ မည်သည့်လိုက်စားမှုမျိုးကို သင်ပါဝင်လုပ်ဆောင်သည်၊ မည်သည့်အရာကို သင်မျှော်လင့်သည်၊ ဘုရားသခင်ကို သင်မည်သည့်အရာ တောင်းဆိုသည်၊ ဘုရားသခင်အပေါ် သင်၏သဘောထားမည်သို့ရှိသည်၊ သင်သည် ဘုရားရှေ့ရောက်သောအခါ ဘုရားနှုတ်ကပတ်တော်အပေါ် သင်၏သဘောထား မည်သို့ရှိသည်တို့အားလုံးသည် အလွန်အရေးကြီးသည်။ သင်တို့ ငါ့ကို ပြောလော့။ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုတို့ကို ပြသခြင်းသည် လူတို့ကို စုံလင်အောင်ပြုလုပ်ပေးနိုင်သလော။ ဥပမာ သင်သည် ကားတိုက်မှုတစ်ခုဖြစ်ပြီး ဘုရားသခင်က သင့်ကို ကယ်တင်လျှင် ယင်းက သင့်ကို စုံလင်အောင်ပြုလုပ်ပေးနိုင်သလော။ သင်သည် တစ်ကြိမ်သေပြီး ပြန်လည်အသက်ရှင်အောင်ပြုလုပ်ပေးခြင်းခံရလျှင် ယင်းက သင့်ကို စုံလင်အောင်ပြုလုပ်ပေးနိုင်သလော။ သို့မဟုတ် သင်၏ အိပ်မက်ထဲတွင် သင်သည် ကောင်းကင်နိုင်ငံတော်သို့ တက်သွားပြီး ဘုရားသခင်ကို မြင်ခဲ့လျှင် ယင်းက သင့်ကို စုံလင်အောင်ပြုလုပ်ပေးနိုင်သလော။ (မပြုလုပ်ပေးနိုင်ပါ။) ဤအရာများသည် သမ္မာတရား၏ နေရာကို ဝင်မယူနိုင်ပေ။ ထို့ကြောင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အဆုံးသတ်သော အမှုတော်အဆင့်ဖြစ်သည့် ဤအမှုတော် နောက်ဆုံးအဆင့်တွင် သူသည် လူတို့ကို စုံလင်အောင်ပြုလုပ်ပေးရန်၊ လူတို့ကို ထုတ်ဖော်ရန် နှုတ်ကပတ်တော်များကို သူအသုံးပြုသည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်မှတစ်ဆင့် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရလျှင် သူသည် သင့်အား သိမ်းဆည်းထားသည်ဟု မည်သူကမျှ စောဒကမတက်နိုင်ပေ။ စာတန်ကလည်း သင့်ကို သိမ်းဆည်းခြင်းခံရသည်ဟု မစွပ်စွဲနိုင်ပေ။ ဤသည်မှာ ဘုရားသခင်အလိုရှိသည့် လူစားမျိုးဖြစ်သည်။ ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို ပံ့ပိုးပေးခဲ့သည်။ ထို့ကြောင့် သင်သည် အဆုံး၌ မည်သည့်အရာကိုမျှ မရရှိလျှင် ယင်းမှာ မည်သူ့အမှားဖြစ်မည်နည်း။ (ကျွန်ုပ်တို့၏ ကိုယ်ပိုင်အမှားဖြစ်သည်။) လမ်းမှားကို ရွေးချယ်သည့်အတွက် သင်တို့၏ ကိုယ်ပိုင်အမှားဖြစ်သည်။ လူတို့လျှောက်လှမ်းသည့် လမ်းကြောင်းသည် အလွန်အရေးကြီးသည်။ အဘယ်သို့ အရေးကြီးသနည်း။ အဘယ်ကြောင့်ဆိုသော် ယင်းသည် ၎င်းတို့၏ ခရီးပန်းတိုင်ကို အဆုံးအဖြတ်ပေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်သည် ပရောဖက်ပြုချက်များက ပြည့်စုံပြီးဖြစ်သလော၊ ဘုရားသခင်က နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြသခဲ့သလော၊ ဘုရားသခင်က ကမ္ဘာပေါ်မှ မည်သည့်အချိန်တွင် အမှန်တကယ် ထွက်ခွာမည်၊ ဘုရားသခင်က ကမ္ဘာပေါ်မှ အမှန်ပင် ထွက်ခွာသောအခါတွင် သင်က မျက်မြင် မြင်တွေ့နိုင်မည်လောဆိုသည်တို့ကို အဖြေရှာရန် အစဉ်ကြိုးစားမနေသင့်ခြင်းဖြစ်သည်။ ယင်းကို အဖြေရှာခြင်းသည် သင့်အတွက် လုံးဝ အကျိုးရှိမည်မဟုတ်။ ယင်းသည် သင်၏ခရီးပန်းတိုင်အပေါ်၊ သို့မဟုတ် သင် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရခြင်းအပေါ် သက်ရောက်မှုမရှိပေ။ ဤသို့ဆိုလျှင် သင့်အတွက် မည်သည့်အရာက အရေးပါသနည်း။ (ယုံကြည်ခြင်းတွင် ကျွန်ုပ်လျှောက်သည့်လမ်းကြောင်းဖြစ်သည်။) သင်လျှောက်သည့်လမ်းကြောင်းသည် သင်က စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရနိုင်၊ မခံရနိုင်ကို အမှန်ပင် သက်ရောက်မှုရှိသည်။ စုံလင်အောင်ပြုလုပ်ပေးခြင်းခံရရန် သင်၏ လိုက်စားမှုတွင် သင်အဝင်ရောက်သင့်ဆုံးသော သမ္မာတရားမှာ အဘယ်နည်း။ ဘုရားသခင်အား ကျိုးနွံနာခံခြင်း သမ္မာတရား ဖြစ်သည်။ ဘုရားသခင်အား ကျိုးနွံနာခံခြင်းသည် သမ္မာတရား၏ အမြင့်ဆုံး၊ အရေးပါဆုံးဖြစ်သည်။ အနှစ်သာရတွင် သမ္မာတရားအား လိုက်စားခြင်းသည် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းအား လိုက်စားခြင်းနှင့် တူညီသည်။ သင်သည် သင်၏ဘဝတစ်ခုလုံးတွင် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းကို လိုက်စားရန်လိုအပ်သည်။ ပြီးလျှင် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းအား လိုက်စားခြင်းဖြစ်သည့် ဤလမ်းကြောင်းသည် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းဖြစ်သည်။ သင်၏ ဘဝတစ်ခုလုံးတွင် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းအား လိုက်စားရန် အဘယ်ကြောင့် လိုအပ်သနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းအား လိုက်စားသည့်လမ်းစဉ်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ဖြေရှင်းသည့် လမ်းစဉ် ဖြစ်သောကြောင့် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို အဘယ်ကြောင့်ဖြေရှင်းဖို့ လိုအပ်သနည်း။ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုသည် ဘုရားသခင်နှင့် ကွဲလွဲနေသောကြောင့် ဖြစ်သည်။ သင်သည် စာတန်ဆန်သော စိတ်သဘောထားတစ်ခုဖြင့် အသက်ရှင်နေထိုင်လျှင် သင်၏ အနှစ်သာရသည် စာတန်၏၊ နတ်ဆိုးများ၏ အနှစ်သာရဖြစ်သည်။ ပြီးလျှင် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းအား လိုက်စားခြင်းသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြဿနာကို ဖြေရှင်းရန် လိုအပ်သည်။ ဤသည်မှာ အလွန်အရေးပါသည်။ သင့်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိသရွေ့၊ မဖြေရှင်းရသေးသည့် စိတ်သဘောထားအနည်းငယ်မျှ ကျန်ရှိနေသရွေ့ သင်သည် ဘုရားသခင်နှင့် ကွဲလွဲနေလိမ့်မည်။ သင်သည် ဘုရားသခင်၏ ရန်သူဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းကို စွမ်းဆောင်နိုင်မည်မဟုတ်ပေ။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြေလည်သည့်အတိုင်းအတာသည် ဘုရားသခင်အပေါ် သင်ကျိုးနွံနာခံသည့် အတိုင်းအတာဖြစ်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားပြေလည်သည့် ရာခိုင်နှုန်းသည် ဘုရားသခင်အပေါ် သင်ကျိုးနွံနာခံသည့် ရာခိုင်နှုန်းဖြစ်သည်။
ဤစုဝေးပွဲတွင် ဘုရားသခင်အား သိခြင်းအကြောင်းကို ငါတို့မပြောရသေးပေ။ ဘုရားသခင်အား သိခြင်းသည် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းကို ရောက်ရှိရန်အတွက် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်းနှင့် စုံလင်အောင်ပြုလုပ်ခံရခြင်းအား လိုက်စားခြင်းလမ်းစဉ်မှတစ်ဆင့် တဖြည်းဖြည်းချင်း ရရှိသည်။ ဘုရားသခင်အကြောင်း သိမြင်မှုကို လိုက်စားခြင်းကိုယ်၌သည် အလွန်လေးနက်သော သင်ခန်းစာဖြစ်လိမ့်မည်။ ထို့ကြောင့် ဤအကြောင်းကို ငါတို့မပြောရသေးခြင်း ဖြစ်သည်။ ယခုအချိန်တွင် ငါတို့သည် လူတို့၏ လက်တွေ့လုပ်ဆောင်မှုများ၊ အသက်တာများ၊ လိုက်စားမှုများ၊ ၎င်းတို့လျှောက်သည့် လမ်းကြောင်းများနှင့် နီးကပ်စွာ ဆက်စပ်နေသည့် အကြောင်းအရာများကို ပြောနေကြခြင်း ဖြစ်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် ရှာဖွေခြင်းဖြစ်စဉ်တွင် သင်သည် ဘုရားသခင်ကို တဖြည်းဖြည်းချင်း နားလည်ပြီး သူ၏ ရည်ရွယ်ချက်များကို သိလာသည်။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်သောအခါ ဘုရားသခင်အပေါ် ပို၍ သိမြင်မှုရှိသည်မဟုတ်လော။ (ဟုတ်သည်။) ဤသို့ဆိုလျှင် သင့်၌ ဘုရားသခင်အပေါ် အမှန်တကယ် သိမြင်မှုအချို့ရှိသည်။ သင်သည် ဘုရားသခင်နောက်သို့ လိုက်သောအခါ၌ ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းကို အဘယ်ကြောင့်ရရှိနိုင်သနည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် သူ၏စိတ်နှလုံးကိုသိပြီး သူ၏ ရည်ရွယ်ချက်များကို နားလည်သောကြောင့်ဖြစ်သည်။ ဘုရားသခင်က သင့်အပေါ် မည်သည့်စံနှုန်းများနှင့် စည်းမျဉ်းများအား တောင်းဆိုသည်နှင့် သူ၏ ပန်းတိုင်များက မည်သည့်အရာဖြစ်သည်ကို သင်နားလည်သောကြောင့် ဖြစ်သည်။ ဤနားလည်မှုတွင် ဘုရားသခင်အပေါ် သိမြင်မှုအချို့ မပါဝင်သလော။ (ပါဝင်ပါသည်။) ဤအရာကို တဖြည်းဖြည်းချင်း ရယူခြင်းဖြစ်ပြီး အားလုံးက အပြန်အလှန်ဆက်စပ်နေသည်။ သင်သည် ဘုရားသခင်အကြောင်း သိမြင်မှုကိုသာ လိုက်စားလျှင် အခက်အခဲဖြစ်လိမ့်မည်။ သင်က “ကျွန်ုပ်သည် တစ်နေ့ပြီး တစ်နေ့ ဘုရားသခင်အကြောင်း သိမြင်မှုကို လိုက်စားခြင်းမှလွဲ၍ မည်သည့်အရာကိုမျှ လုပ်မည်မဟုတ်။ ပန်းပွင့်များက မည်သည့်နေရာမှ လာသည်၊ သိုးသူငယ်များက နို့သောက်ရန် အဘယ်ကြောင့် ဒူးထောက်ပြီး နွားငယ်များက ဒူးမထောက်သည်ကို ကျွန်ုပ် ကြည့်မည်။ ဤအရာအားလုံးကို ကျွန်ုပ်လေ့လာမည်ဖြစ်ပြီး ဤနည်းဖြင့် ဘုရားသခင်ကို ကျွန်ုပ် သိလာမည်” ဟု ဆိုနိုင်သည်။ ထိုအရာအားလုံးကို သုတေသနပြုလုပ်ခြင်းအားဖြင့် ဘုရားသခင်အကြောင်း သိမြင်မှုကို သင်ရရှိနိုင်သလော။ လုံးဝ မရရှိနိုင်ပေ။ သမ္မာတရားသည် သုတေသနမှ မလာဘဲ အတွေ့အကြုံမှတစ်ဆင့်သာ အမှန်တကယ် သိမြင်ရသည်။ သုတေသနသည် လုံးဝ အသုံးမဝင်ပေ။ အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းသည်ကိုလည်းကောင်း၊ ယင်းသည် အလွန်ကောင်းသည်ကိုလည်းကောင်း သင်သိသည်။ ပြီးလျှင် ဤသို့ဖြင့် သင့်တွင် ဘုရားသခင်အကြောင်း သိမြင်မှုအချို့ရှိပြီး ဖြစ်သည်။ သို့သော် မည်သည့်အရာကို သင်အာရုံစိုက်သင့်သနည်း။ သမ္မာတရားကို သင်လိုက်စားရမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရမည်။ ပြီးလျှင် ဘုရားသခင်အပေါ် ကျိုးနွံနာခံမှုကို ရရှိရမည်။ ဤလိုက်စားခြင်း ဖြစ်စဉ်တွင် သင်သည် အဓိကမဟုတ်သောမေးခွန်းများစွာကို အနည်းငယ်ချင်းစီ ဖြေရလိမ့်မည်။ ပြီးလျှင် သင်၏ လက်တွေ့လုပ်ဆောင်မှုနှင့် ဝင်ရောက်မှုအတွက် လမ်းကြောင်းတစ်ခု ရှာတွေ့လိမ့်မည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက နှံ့စပ်စွာ ပြေလည်လေလေ၊ သင့်အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်အပေါ် ကျိုးနွံနာခံမှုကို ရရှိရန် လွယ်ကူလေလေ ဖြစ်သည်။ လူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ဘောင်ခတ်ခြင်းကို မခံရတော့သည်နှင့် လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို အမှန်တကယ် ရရှိသည်။ ပြီးလျှင် မည်သည့်သမ္မာတရားကိုမဆို လက်တွေ့လုပ်ဆောင်ခြင်းသည် မပင်ပန်းဘဲ အလွန်လွယ်ကူသည်။ ယင်းသည် သမ္မာတရားက လူတို့၏အသက်ဖြစ်လာခြင်း မဟုတ်လော။
၂၀၁ ၇ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။