၁၁။ ဘုရားသခင်အား စမ်းသပ်ခြင်း ပြဿနာကို ဖြေရှင်းနည်း
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
ဘုရားသခင်ကို စမ်းသပ်ခြင်းဟူသည်မှာ လူတို့က ဘုရားသခင် မည်သို့ပြုမူဆောင်ရွက်ကို မသိသည့်အချိန်နှင့် သူ့ကို မသိသည့်အချိန် သို့မဟုတ် သူ့ကို နားမလည်သည့်အချိန်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သူ့အပေါ် ဆင်ခြင်တုံတရား မရှိသော တောင်းဆိုမှုအချို့ကို မကြာခဏ အကြံထုတ်ကြသည်။ ဥပမာအနေဖြင့် လူတစ်ဦးက နေမကောင်းသည့်အခါတွင် ဘုရားသခင်က ၎င်းကို ကုသပေးရန် ၎င်းက တောင်းဆိုကောင်း တောင်းဆိုနိုင်သည်။ “ကျွန်ုပ်သည် ကုသမှုကို ခံယူမည် မဟုတ်ပါ။ ဘုရားသခင်က ကျွန်ုပ်ကို ကုသပေးမည် ဟုတ်မဟုတ်ကို ကြည့်ကြစို့” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ထံမှ မည်သည့်လုပ်ဆောင်ချက်မျှ မရှိဘဲ အချိန်အတော်ကြာ ဆုတောင်းပြီးသည့်နောက်တွင် ၎င်းက “ဘုရားသခင်က မည်သည့်အရာကိုမျှ မပြုသည့်အတွက် ကျွန်ုပ်သည် ဆေးသောက်မည်ဖြစ်ပြီး သူက ကျွန်ုပ်ကို ဟန့်တားခြင်း ရှိမရှိကြည့်မည်။ ဆေးက ကျွန်ုပ်၏ လည်ချောင်းထဲတွင် တစ်နေလျှင် သို့မဟုတ် ကျွန်ုပ် ရေအနည်းငယ် ဖိတ်စင်သွားလျှင် ယင်းမှာ ဘုရားသခင်က ကျွန်ုပ်ကို ဆေးမသောက်ရန် ဟန့်တားပြီး တားဆီးနေသည့် နည်းလမ်း ဖြစ်ကောင်းဖြစ်နိုင်သည်” ဟူ၍ ပြောလေသည်။ ယင်းမှာ စမ်းသပ်မှုတစ်ခု ဟူသောအရာ ဖြစ်သည်။ သို့တည်းမဟုတ် ဥပမာအနေဖြင့် သင်သည် ဧဝံဂေလိ ဖြန့်ဝေရန် စေခိုင်းခြင်း ခံရသည်။ ပုံမှန်အခြေအနေများတွင် သင်၏တာဝန်များက မည်သည့်အရာကို လိုအပ်လာသည်ကိုလည်းကောင်း၊ သင် မည်သည့်အရာကို လုပ်ဆောင်သင့်သည်ကိုလည်းကောင်း လူတိုင်းက မိတ်သဟာယနှင့် စဉ်းစားဆင်ခြင်ခြင်းတို့အားဖြင့် ဆုံးဖြတ်ကြသည်၊ ထို့နောက်တွင် အချိန်ကျလာသည့်အခါတွင် သင် ဆောင်ရွက်ရလေသည်။ သင်ဆောင်ရွက်နေစဉ် တစ်စုံတစ်ခု ဖြစ်ပျက်လျှင် ယင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာ ဖြစ်သည်။ ဘုရားသခင်က သင့်ကို ဟန့်တားမည်ဆိုလျှင် သူသည် သင့်ကို အလျင်ဦးအောင် တားမြစ်လိမ့်မည်။ သို့ရာတွင် သင်က “အိုဘုရားသခင်၊ ယနေ့ ဧဝံဂေလိတရားကို ဖြန့်ဝေရန် ကျွန်ုပ် အပြင်ထွက်ပါမည်။ ကျွန်ုပ် အပြင်ထွက်ခြင်းသည် ကိုယ်တော်၏ ရည်ရွယ်ချက်နှင့် ကိုက်ညီခြင်း ရှိပါသလော။ ယနေ့ ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူက လက်ခံနိုင်ခြင်း ရှိမရှိကို ကျွန်ုပ် မသိသကဲ့သို့ ကိုယ်တော်က ဤအရာအား မည်သို့ အတိအကျ အုပ်စိုးမည်ကိုလည်း ကျွန်ုပ် မသိပါ။ ကိုယ်တော်၏ အစီအစဉ်များ၊ ကိုယ်တော်၏ လမ်းပြမှု၊ ဤအရာများကို ကိုယ်တော် ကျွန်ုပ်အား ပြဖို့အတွက် ကျွန်ုပ် တောင်းလျှောက်ပါသည်” ဟု ဆုတောင်းခြင်းတွင် ပြောသည်ဟု ဆိုကြပါစို့။ ဆုတောင်းပြီးသည့်နောက်တွင် သင်က ထိုနေရာတွင် မလှုပ်မယှက်ထိုင်ကာ ထို့နောက်တွင် “ဘုရားသခင်သည် ယင်းနှင့်ပတ်သက်၍ အဘယ်ကြောင့် ပြောစရာတစ်ခုမျှ မရှိသနည်း။ ယင်းမှာ ကျွန်ုပ်သည် သူ၏ နှုတ်ကပတ်တော်များကို လုံလုံလောက်လောက် မဖတ်ရှုသောကြောင့် ထိုအရာများကို သူက ကျွန်ုပ်အား ပြ၍မရနိုင်သည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤသို့ဖြစ်ပါက ကျွန်ုပ်သည် ဤနေရာမှ ချက်ချင်း ထွက်သွားလိုက်မည်။ အပြင်တွင် ကျွန်ုပ် မှောက်လျက်လဲကျလျှင် ယင်းမှာ ဘုရားသခင်က ကျွန်ုပ်ကို မသွားအောင် တားဆီးနေခြင်း ဖြစ်ကောင်းဖြစ်နိုင်ပြီး အရာရာက ချောမွေ့နေပြီး ဘုရားသခင်က ကျွန်ုပ်ကို မဟန့်တားလျှင် ယင်းမှာ ဘုရားသခင်က ကျွန်ုပ်ကို သွားခွင့်ပြုနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်” ဟု ပြောသည်။ ယင်းမှာ စမ်းသပ်မှုတစ်ခု ဖြစ်သည်။ ယင်းကို ငါတို့က အဘယ်ကြောင့် စမ်းသပ်မှုတစ်ခုဟု ခေါ်နေကြသနည်း။ ဘုရားသခင်၏ အလုပ်က လက်တွေ့ကျသည်။ လူများအနေဖြင့် ၎င်းတို့ ထမ်းဆောင်သင့်သည့် တာဝန်များကိုသာ ထမ်းဆောင်ခြင်း၊ ၎င်းတို့၏ နေ့စဉ်အသက်တာများကို စီစဉ်ခြင်း၊ စည်းမျဉ်းများနှင့်ညီသည့် နည်းလမ်းတစ်ခုဖြင့် ပုံမှန်လူ့သဘာဝနှင့်ဆိုင်သော ၎င်းတို့၏ အသက်တာများကို အသက်ရှင်နေထိုင်ခြင်းတို့က အဆင်ပြေပါသည်။ ဘုရားသခင်က မည်သို့ပြုမူဆောင်ရွက်မည် သို့မဟုတ် မည်သည့်လမ်းပြမှုကို သူပေးမည်တို့ကို စမ်းသပ်ရန် မလိုအပ်ပေ။ သင်လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ခြင်းကိုသာ သင် စိတ်ဝင်စားလော့။ “ဘုရားသခင်က ငါ့အား ဤအရာ လုပ်ဆောင်ခွင့်ပေးမည်လော၊ သို့မဟုတ် သူ ခွင့်မပေးမည်လော။ ဤအရာကို ငါလုပ်ဆောင်လျှင် ဘုရားသခင်သည် ငါ့ကို မည်သို့ ကိုင်တွယ်မည်နည်း။ ငါ့အနေဖြင့် ဤသို့ လုပ်ဆောင်ခြင်းသည် မှန်ကန်သလော” ဟူသကဲ့သို့ အပိုဆောင်း အတွေးများကို အစဉ်သဖြင့် မထားရှိနှင့်။ တစ်စုံတစ်ခုသည် သိသာထင်ရှားစွာပင် မှန်ကန်လျှင် ယင်းကို လုပ်ဆောင်ခြင်းကိုသာ သင်စိတ်ဝင်စားလော့။ ဤအရာ၊ ထိုအရာအကြောင်းကို လိုက်မတွေးနေနှင့်။ ဤနေ့ရက်တွင် သင်၏အသက်တာကို သူလမ်းပြပေးမည့်အရေး၊ ယနေ့တွင် သင်ထမ်းဆောင်သည့် တာဝန်ကို သူ လမ်းပြပေးမည့်အရေး ဘုရားသခင်၏ လမ်းပြမှုအတွက် ဆုတောင်းခြင်းသည် အဆင်ပြေသည်မှာ ပြောစရာမလိုပေ။ လူတစ်ဦးအနေဖြင့် ကျိုးနွံနာခံခြင်း စိတ်နှလုံးနှင့် သဘောထားတစ်ခု ရှိခြင်းက လုံလောက်ပြီဖြစ်သည်။ ဥပမာအနေဖြင့် သင်သည် လျှပ်စစ်ကို သင်၏ လက်ဖြင့် တို့ထိလိုက်ပါက သင် ဓာတ်လိုက်မည် ဖြစ်ပြီး သင်၏ အသက်ပင် ဆုံးရှုံးကောင်း ဆုံးရှုံးနိုင်သည်ကို သင်သိသည်။ သို့တိုင်အောင် သင်က သေချာစဉ်းစားလေသည်။ “စိတ်ပူစရာ မရှိပါ။ ဘုရားသခင်က ငါ့ကို ကွယ်ကာနေသည်။ ငါက ဘုရားသခင် ငါ့ကို ကွယ်ကာမည်လောဟူသည်ကို မြင်ဖို့၊ ဘုရားသခင်၏ ကွယ်ကာခြင်းက မည်သို့ခံစားရသည်ကို မြင်ဖို့ ကြိုးစားကြည့်ရုံသာ ရှိသည်” ဟူ၍ ဖြစ်သည်။ ထို့နောက်တွင် သင်သည် လျှပ်စစ်ကို သင်၏ လက်နှင့် တို့ထိလိုက်ပြီး ရလဒ်အနေဖြင့် ဓာတ်လိုက်သွားသည်။ ယင်းမှာ စမ်းသပ်မှုတစ်ခုဖြစ်သည်။ အချို့သောအရာများသည် သိသိသာသာပင် မှားယွင်းနေပြီး မလုပ်ဆောင်သင့်ပေ။ သင်သည် ဘုရားသခင်၏ တုံ့ပြန်မှုက မည်သည့်အရာ ဖြစ်မည်ကို မြင်ရရန် ယင်းတို့ကို လုပ်ဆောင်နေဆဲဖြစ်လျှင် ယင်းမှာ စမ်းသပ်မှုတစ်ခု ဖြစ်သည်။ လူအချို့က “လူများက ဟိတ်ကြီးဟန်ကြီးဖြင့် ဝတ်စားဆင်ယင်ပြီး မိတ်ကပ်များ ထူပျစ်အောင် လူးထားသည့်အခါတွင် ဘုရားသခင် မနှစ်သက်ပါ။ သို့ဆိုလျှင် ထိုအရာကို ကျွန်ုပ် လုပ်ဆောင်မည်ဖြစ်ပြီး ဘုရားသခင်က ကျွန်ုပ်ကို စိတ်ထဲတွင် ပြစ်တင်မောင်းမဲသည်မှာ မည်သို့ခံစားရသည်ကို ကြည့်မည်” ဟု ဆိုကြသည်။ သို့ဖြစ်၍ ၎င်းတို့ ဖီးလိမ်းပြင်ဆင်ပြီးသည့်နောက်တွင် မှန်ထဲသို့တစ်ချက် ကြည့်လိုက်သည်။ “အလိုလေး၊ ငါ့ကြည့်ရသည်မှာ သက်ရှိတစ္ဆေတစ်ကောင်နှင့် တူနေသည်။ သို့သော်လည်း ယင်းမှာ အနည်းငယ် ရွံရှာစရာကောင်းသည်ဟုသာ ငါ ခံစားရလင့်ကစား မှန်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရန် အားမထုတ်နိုင်ပါ။ ထိုထက်ပို၍ မည်သည့်အပိုဆောင်း ခံစားချက်မျှမရှိ။ ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကို ငါမခံစားရသကဲ့သို့ ငါ့ကို ဒဏ်ခတ်ရန်၊ တရားစီရင်ရန် သူ့စကားများ ချက်ချင်းကျရောက်လာသည်ကိုလည်းကောင်း၊ ငါ မခံစားရ” ဟူ၍ ဖြစ်လေသည်။ ဤသည်မှာ မည်သည့် အပြုအမူမျိုး ဖြစ်သနည်း။ (စမ်းသပ်ခြင်း ဖြစ်ပါသည်။) တစ်ခါတစ်ရံတွင် သင်၏တာဝန်တွင် သင်ဝတ်ကျေတမ်းကျေဖြစ်ပြီး ထိုသို့ဖြစ်သည်ကိုလည်း သင်ရှင်းလင်းစွာ သိလျှင် ယင်းမှာ သင့်အနေဖြင့် နောင်တသာရပြီး ပြန်လှည့်ရန် လုံလောက်ပေသည်။ သို့ရာတွင် သင်က “အို၊ ဘုရားသခင်၊ ကျွန်ုပ် ဝတ်ကျေတမ်းကျေ လုပ်နေခဲ့မိပါသည်။ ကျွန်ုပ်ကို ဆုံးမပဲ့ပြင်ဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါသည်” ဟု အစဉ်သဖြင့် ဆုတောင်းနေသည်။ သင်၏ အသိစိတ်က မည်သည့်အသုံးဝင်မှု ရှိသနည်း။ သင့်ထံတွင် အသိစိတ်ရှိလျှင် သင်ကိုယ်တိုင်၏ အပြုအမူအတွက် သင်တာဝန်ယူသင့်သည်။ သင်သည် ယင်းကို ချုပ်တည်းသင့်သည်။ ဘုရားသခင်ထံ ဆုမတောင်းနှင့်။ ထိုဆုတောင်းချက်သည် စမ်းသပ်မှုတစ်ခု ဖြစ်လာလိမ့်မည်။ အလွန်အလေးအနက်ဖြစ်သည့် အရာကို ယူပြီး ဟာသလုပ်ပစ်ခြင်း ဖြစ်သည့် စမ်းသပ်မှုတစ်ခုဟူသည်မှာ ဘုရားသခင် စက်ဆုပ်သည့်အရာတစ်ခု ဖြစ်လေသည်။ ပြဿနာတစ်ခုနှင့် ကြုံတွေ့သောအခါတွင် လူများက ဘုရားသခင်ထံ ဆုတောင်းပြီး သူ့ကို ရှာဖွေသောအခါ၊ ပြီးလျှင် ဘုရားသခင်ကို ၎င်းတို့၏ ဆက်ဆံမှုရှိ ၎င်းတို့၏ သဘောထားများ၊ တောင်းဆိုမှုများနှင့် အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းများတွင်လည်း စမ်းသပ်မှုအချို့ မကြာခဏ ရုတ်တရက်ဆိုသလို ပေါ်ထွက်လာလိမ့်မည်။ ဤစမ်းသပ်မှုများတွင် အဓိကအားဖြင့် မည်သည့်အရာများ ပါဝင်သနည်း။ ယင်းမှာ ဘုရားသခင် မည်သို့ ပြုမူဆောင်ရွက်မည်ကို သင်မြင်လိုခြင်းဖြစ်သည်၊ သို့မဟုတ် ဘုရားသခင်သည် တစ်စုံတစ်ခုကို လုပ်ဆောင်နိုင်ခြင်း ရှိမရှိကို သင်မြင်တွေ့လိုခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်ကို စမ်းသပ်လိုသည်။ သင်သည် ဘုရားသခင်က မည်သည့်ပုံစံရှိသည်ကို အတည်ပြုရန်၊ ဘုရားသခင်ပြောခဲ့သည့် မည်သည့်စကားများသည် မှန်ကန်ပြီး တိကျသည်ဆိုသည်ကိုလည်းကောင်း၊ မည်သည့်စကားများက တကယ်ဖြစ်လာနိုင်သည်ကိုလည်းကောင်း၊ သူဖြစ်မြောက်အောင်မြင်နိုင်သည့်အရာကိုလည်းကောင်း မှန်မမှန် ကြည့်ရှုစစ်ဆေးရန် ဤကိစ္စကို သင်အသုံးပြုလိုသည်။ ဤအရာအားလုံးသည် စမ်းသပ်မှုများဖြစ်သည်။ အမှုအရာများကို ဤနည်းအားဖြင့် ပြုမူခြင်းသည် သင်တို့တွင် ပုံမှန်ပေါ်ပေါက်လေ့ ရှိသလော။ သင့်အနေဖြင့် မှန်ကန်အောင် လုပ်ဆောင်ပြီးခြင်း ရှိမရှိ သို့မဟုတ် ယင်းက သမ္မာတရားစည်းမျဉ်းများနှင့်ညီခြင်း ရှိမရှိကို သင်မသိသည့်အရာ တစ်ခုရှိသည်ဟု ဆိုပါစို့။ ဤနေရာတွင် ဤကိစ္စကို သင်လုပ်ဆောင်ခဲ့သည့်အရာသည် စမ်းသပ်မှုတစ်ခု ဟုတ်မဟုတ်၊ ယင်းသည် အပြုသဘောဆောင်ခြင်း ရှိမရှိကို မှန်မမှန်စစ်ဆေးနိုင်သည့် နည်းစနစ်နှစ်ခု ရှိသည်။ နည်းစနစ်တစ်ခုမှာ “ဤသည်မှာ ကျွန်ုပ်ထံ ဖြစ်ပျက်သည့် ဤအမှုအရာကို ကျွန်ုပ် ကိုင်တွယ်ကာ ရှုမြင်သည့်ပုံဖြစ်ပြီး ကျွန်ုပ် ထိုသို့ကိုင်တွယ်ခြင်း၏ ရလဒ်အနေဖြင့် ယခုအခါတွင် ဖြစ်သည့်ပုံစံဖြစ်သည်။ ဤသည်မှာ ကျွန်ုပ် အမှန်တကယ် လုပ်ဆောင်ခဲ့သင့်သည့် ပုံစံဟုတ်မဟုတ်ကိုမူ ကျွန်ုပ် မဆုံးဖြတ်နိုင်ပါ” ဟု ပြောလျက် နှိမ့်ချပြီး သမ္မာတရားကို ရှာဖွေသော စိတ်နှလုံး ရှိရန် ဖြစ်သည်။ ဤသဘောထားကို သင်မည်သို့ထင်သနည်း။ ဤသည်မှာ သမ္မာတရားကို ရှာဖွေခြင်း သဘောထားတစ်ခု ဖြစ်သည်။ ယင်းတွင် စမ်းသပ်မှု မပါရှိပေ။ သင်က “မိတ်သဟာယပြီးသည့်နောက်တွင် လူတိုင်း ဤအမှုအရာကို အတူတကွ ဆုံးဖြတ်ကြသည်” ဟု ပြောသည်ဆိုပါစို့။ လူတစ်ဦးက “ဤအရာကို မည်သူက ကြီးကြပ်သနည်း။ အဓိက ဆုံးဖြတ်ချက်ချသူမှာ အဘယ်သူနည်း” ဟု မေးလေသည်။ ပြီးလျှင် သင်က “လူတိုင်းဖြစ်ပါသည်” ဟု ဆိုသည်။ သင်၏ ရည်ရွယ်ချက်မှာ ဤသို့ဖြစ်သည်။ “ဤအမှုအရာကို စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်ထားသည်ဟု ၎င်းတို့က ဆိုလျှင် ငါ လုပ်ဆောင်ခဲ့သည်ဟု ငါ ဆိုမည်။ ယင်းသည် စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်ထားခြင်း မရှိဟု ၎င်းတို့က ဆိုလျှင် မည်သူလုပ်ဆောင်သည်၊ မည်သူက ဆုံးဖြတ်ချက်ချသည်တို့ကို ထိမ်ချန်ထားခြင်းဖြင့် ငါ စတင်မည်။ ဤသို့ဖြင့် ၎င်းတို့က ရှေ့ဆက်ပြီး အပြစ်ဖို့ရန် ကြိုးစားလျှင်ပင် ငါ့အပေါ် အပြစ်ဖို့မည် မဟုတ်ဘဲ တစ်စုံတစ်ယောက်က အရှက်ရရလျှင် ယင်းမှာ ငါတစ်ယောက်တည်း ဖြစ်မည် မဟုတ်”ဟူ၍ ဖြစ်လေသည်။ ထိုသို့သော ရည်ရွယ်ချက်နှင့် သင် စကားပြောလျှင် ယင်းမှာ စမ်းသပ်မှုတစ်ခု ဖြစ်၏။ လူတစ်ဦးက “လူက လောကီဆိုင်ရာ အမှုအရာများနောက် လိုက်သည့်အခါတွင် ဘုရားသခင်က ယင်းကို စက်ဆုပ်ရွံရှာသည်။ လူသားမျိုးနွယ်၏ အထိမ်းအမှတ်နေ့ရက်များနှင့် ပွဲတော်များကဲ့သို့သော အရာများကို သူက စက်ဆုပ်ရွံရှာသည်” ဟူ၍ ပြောကောင်းပြောနိုင်သည်။ ယခုအခါတွင် ဤအရာကို သင်သိသဖြင့် ထိုသို့သောအရာများကို ရှောင်ရန် အခြေအနေပေးသမျှ သင်အစွမ်းကုန် လုပ်ဆောင်လော့။ သို့ရာတွင် ပွဲတော်အချိန်ကာလများအတွင်းတွင် အမှုအရာများကို လုပ်ဆောင်နေစဉ် လောကီဆိုင်ရာ ကိစ္စများနောက်ကို သင် တမင်သက်သက် လိုက်ခဲ့ပြီး ထိုသို့ သင်လိုက်သည်နှင့်အမျှ သင်ထားရှိသည့် ရည်ရွယ်ချက်မှာ ဤသို့ဖြစ်သည်ဟု ဆိုကြပါစို့။ “ဤအရာကို လုပ်ဆောင်ခြင်းအတွက် ဘုရားသခင်က ငါ့ကို ဆုံးမပဲ့ပြင်မည် ဟုတ်မဟုတ်၊ သူက အာရုံစိုက်ခြင်း ရှိမရှိကိုသာ ကြည့်နေခြင်း ဖြစ်သည်။ အမှန်တကယ်တွင် သူသည် ငါ့အပေါ် မည်သည့်သဘောထား ထားရှိသည်၊ သူ၏ စက်ဆုပ်ရွံရှာခြင်းက မည်မျှနက်ရှိုင်းသည်ကိုသာ ငါကြည့်နေခြင်းဖြစ်သည်။ ဤအရာကို ဘုရားသခင် စက်ဆုပ်ရွံရှာသည်ဟု ၎င်းတို့က ဆိုကြသည်။ သူသည် သန့်ရှင်းပြီး မကောင်းမှုကို ရွံမုန်းသည်ဟု ၎င်းတို့က ပြောသောကြောင့် သူသည် မကောင်းမှုကို မည်မျှရွံမုန်းပြီး ငါ့ကို မည်သို့ဆုံးမပဲ့ပြင်သည်ကို ငါကြည့်မည်။ ဤအရာများကို ငါလုပ်ဆောင်သည့်အခါတွင် ဘုရားသခင်က ငါ့ခန္ဓာကိုယ်ရှိ အပေါက်များမှ အရည်များထွက်လာအောင်၊ မူးဝေခြင်းဖြင့် မွှန်ထူလာအောင်၊ အိပ်ရာထဲမှ မထွက်နိုင်အောင် ဖြစ်စေလျှင် ဘုရားသခင်သည် ဤအရာများကို အမှန်တကယ်ကိုပင် စက်ဆုပ်ရွံရှာသည်ဟု မြင်ရလိမ့်မည်။ သူက စကားပြောနေခြင်းမျှသာ ဖြစ်မည်မဟုတ်။ အဖြစ်မှန်များက အမှန်တရားကို သက်သေပြလိမ့်မည်” ဟူ၍ ဖြစ်သည်။ သင်သည် ထိုသို့သော အဖြစ်အပျက်မျိုးကို တွေ့ရဖို့ အစဉ်သဖြင့် မျှော်လင့်နေလျှင် သင့်ထံတွင် မည်သည့် အပြုအမူမျိုးနှင့် ရည်ရွယ်ချက်မျိုး ရှိသနည်း။ သင်သည် စမ်းသပ်နေသည်။ လူသည် ဘုရားသခင်ကို မည်သည့်အခါမျှ မစမ်းသပ်ရ။ ဘုရားသခင်ကို သင်စမ်းသပ်သည့်အခါတွင် သူက သင့်ထံမှ ကွယ်ဝှက်ကာ သူ၏ မျက်နှာတော်ကို သင့်ထံမှ ဖုံးကွယ်ထားပြီး သင်၏ ဆုတောင်းချက်များသည် အသုံးမတည့်ပေ။ အချို့က “ကျွန်ုပ်သည် စိတ်နှလုံးထဲတွင် ရိုးသားစစ်မှန်လျှင်ပင် အလုပ်မဖြစ်ဘူးလော” ဟူ၍ မေးကောင်းမေးနိုင်သည်။ မှန်သည်၊ သင်သည် စိတ်နှလုံးထဲတွင် ရိုးသားစစ်မှန်လျှင်ပင် အလုပ်မဖြစ်ပေ။ ဘုရားသခင်သည် လူများအား သူ့ကို စမ်းသပ်ခွင့်မပြု။ သူသည် မကောင်းမှုကို ရွံမုန်းသည်။ ဤကောက်ကျစ်ဆိုးယုတ်သော စိတ်ကူးများနှင့် အတွေးအခေါ်များကို သင်လက်သင့်ခံထားလျှင် ဘုရားသခင်သည် သင့်ထံမှ ကွယ်ဝှက်လိမ့်မည်ဖြစ်သည်။ သူသည် သင့်ကို ဉာဏ်အလင်းပွင့်စေတော့မည် မဟုတ်ဘဲ သင့်ကို တစ်ဖက်တွင် ဖယ်ထားလိမ့်မည်။ ပြီးလျှင် သင်သည် မိုက်မဲသော၊ အနှောင့်အယှက်ဖြစ်ပြီး အဖျက်အမှောင့်လုပ်သော အရာများကို ဆက်လက်၍ လုပ်ဆောင်သည်မှာ သင်၏ တကယ့် ပကတိအခြေအနေကို ပြသခြင်းခံရသည်အထိပင် ဖြစ်လေသည်။ ဤသည်မှာ လူများက ဘုရားသခင်ကို စမ်းသပ်ခြင်းမှ လာသည့် အကျိုးဆက်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၁)
စမ်းသပ်ခြင်း၏ သရုပ်သကန်များမှာ အဘယ်နည်း။ မည်သည့် လုပ်နည်းကိုင်နည်းများ သို့မဟုတ် အတွေးများက စမ်းသပ်ခြင်း၏ အခြေအနေ သို့မဟုတ် အနှစ်သာရကို ပေါ်လွင်ထင်ရှားစေသနည်း။ (ကျွန်ုပ်သည် ပြစ်မှားခြင်းတစ်ခုကို ကျူးလွန်မိလျှင် သို့မဟုတ် မကောင်းသည့်အရာတစ်ခုကို လုပ်မိလျှင်၊ ဘုရားသခင်ကို အမြဲ စုံစမ်းစစ်ဆေးချင်သည်၊ တိကျသော အဖြေစကားတစ်ခုကို တောင်းဆိုချင်ပြီး ကျွန်ုပ်၌ ကောင်းမွန်သော အဆုံးသတ် သို့မဟုတ် ပန်းတိုင်တစ်ခု ရှိမရှိဟူသည်ကို သိချင်ပါသည်။) ဤသည်မှာ အတွေးများနှင့် သက်ဆိုင်သည်။ သို့ဖြစ်၍ ယေဘုယျအားဖြင့်၊ လူတစ်ဦးသည် စကားပြောသည့်အခါ သို့မဟုတ် ပြုမူသည့်အခါ၊ သို့မဟုတ် တစ်စုံတစ်ခုကို ရင်ဆိုင်ရသည့်အခါ၊ ၎င်းတို့၏ မည်သည့်သရုပ်သကန်က စမ်းသပ်ခြင်း ဖြစ်သနည်း။ အကယ်၍ တစ်စုံတစ်ဦးသည် ပြစ်မှားခြင်းတစ်ခုကို ကျူးလွန်မိပြီး သူ၏ပြစ်မှားခြင်းကို ဘုရားသခင်က အမှတ်ရကောင်းအမှတ်ရမည် သို့မဟုတ် ပြစ်တင်ရှုတ်ချကောင်း ပြစ်တင်ရှုတ်ချမည်ဟု ခံစားရလျှင်၊ ပြီးလျှင် ဘုရားသခင်က သူ့ကို အမှန်တကယ် ပြစ်တင်ရှုတ်ချမည်ဟုတ်မဟုတ်ကို မသိဘဲ သူကိုယ်တိုင်လည်း မသေမချာဖြစ်နေလျှင်၊ ဘုရားသခင်၏ သဘောထားက အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို သိမြင်ရန်၊ ယင်းကို စမ်းသပ်ဖို့ နည်းလမ်းတစ်ခုကို သူက စိတ်ကူးမိသည်။ ၎င်းတို့သည် ဆုတောင်းခြင်းဖြင့် စတင်ပြီး၊ အလင်းပေးခြင်း သို့မဟုတ် ဉာဏ်အလင်းပွင့်ခြင်း မရှိလျှင်၊ ၎င်းတို့၏ ယခင်လိုက်စားမှု နည်းလမ်းများကို လုံးဝ ဖြတ်ပစ်ရန် စဉ်းစားကြသည်။ ယခင်က ၎င်းတို့သည် ၅၀ ရာခိုင်နှုန်း အားထုတ်နိုင်သည့်နေရာတွင် ၃၀ ရာခိုင်နှုန်းသာ အားထုတ်လျက်၊ သို့မဟုတ် ၃၀ ရာခိုင်နှုန်း အားထုတ်၍ရနိုင်သည့်နေရာတွင် ၁၀ ရာခိုင်နှုန်းသာ အားထုတ်လျက် အမှုအရာများကို အစဉ်သဖြင့် ဝတ်ကျေတမ်းကျေ ပုံစံဖြင့် လုပ်ဆောင်ခဲ့ကြသည်။ ယခုမူ၊ ၎င်းတို့သည် ၅၀ ရာခိုင်နှုန်း အားထုတ်နိုင်လျှင် ထိုသို့ အားထုတ်ကြလိမ့်မည်။ ၎င်းတို့သည် အခြားသူများ ရှောင်ကြဉ်သည့် ညစ်ပတ်သော သို့မဟုတ် ပင်ပန်းသော အလုပ်ကို တာဝန်ယူသည်။ ၎င်းတို့သည် အလုပ်လုပ်ရာတွင် အစဉ်သဖြင့် သူများထက်ဦးအောင် လု၍ လုပ်ဆောင်တတ်ကာ ညီအစ်ကိုမောင်နှမအများစု ထိုအရာကို မြင်တွေ့ကြောင်း သေချာစေကြသည်။ ပို၍အရေးကြီးသည်မှာ၊ ဤကိစ္စကို ဘုရားသခင်က မည်သို့ရှုမြင်သည်ကိုလည်းကောင်း၊ ၎င်းတို့၏ ပြစ်မှားခြင်းကို အဖတ်ဆယ်နိုင်မည်ဟုတ်မဟုတ်ကိုလည်းကောင်း ၎င်းတို့ သိမြင်လိုကြသည်။ လူအများစု မကျော်လွှားနိုင်သော အခက်အခဲများ သို့မဟုတ် အမှုအရာများနှင့် ရင်ဆိုင်ရသည့်အခါ၊ ဘုရားသခင်က မည်သည့်အရာ လုပ်ဆောင်လိမ့်မည်၊ သူက ၎င်းတို့ကို ဉာဏ်အလင်းပေးပြီး လမ်းညွှန်လိမ့်မည်ဟုတ်မဟုတ်ဟူသည်ကို ၎င်းတို့ သိမြင်လိုကြသည်။ အကယ်၍ ၎င်းတို့သည် ဘုရားမျက်မှောက်တော်နှင့် သူ၏ အထူးမျက်နှာသာကို ခံစားနိုင်လျှင်၊ ၎င်းတို့၏ ပြစ်မှားခြင်းက ခွင့်လွှတ်၍ရနိုင်ကြောင်း သက်သေဖြစ်လျက် ဘုရားသခင်က ထိုပြစ်မှားခြင်းကို အောက်မေ့ခြင်းမရှိ သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်းမပြုခဲ့ဟု ၎င်းတို့ ယုံကြည်ကြသည်။ အကယ်၍ ၎င်းတို့သည် ဤသို့ မိမိတို့ကိုယ်ကို အသုံးခံပြီး ထိုသို့သော အဖိုးအခကို ပေးဆပ်လျှင်၊ ၎င်းတို့၏ သဘောထား သိသိသာသာ ပြောင်းလဲသွားသော်လည်း ဘုရားမျက်မှောက်တော်ကို မခံစားရသေးလျှင်၊ ပြီးလျှင် ယခင်နှင့် မည်သည့်သိသာမြင်သာသော ခြားနားမှုကိုမျှ သေချာပေါက် မခံစားရလျှင်၊ ၎င်းတို့၏ ယခင်ပြစ်မှားခြင်းကို ဘုရားသခင်က ပြစ်တင်ရှုတ်ချခဲ့ပြီး ၎င်းတို့ကို နောက်ထပ် အလိုမရှိတော့ခြင်း ဖြစ်နိုင်သည်။ ဘုရားသခင်က ၎င်းတို့ကို အလိုမရှိတော့သည့်အတွက်၊ အနာဂတ်တွင် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ ထိုမျှလောက် ၎င်းတို့ အားထုတ်တော့မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်က ၎င်းတို့ကို အလိုရှိသေးလျှင်၊ ပြစ်တင်ရှုတ်ချခြင်းမပြုလျှင်၊ ပြီးလျှင် ၎င်းတို့အတွက် ကောင်းချီးမင်္ဂလာများ ရရှိရန် မျှော်လင့်ချက် ရှိသေးလျှင်၊ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ရိုးသားစစ်မှန်မှုအချို့ကို ၎င်းတို့ ထားရှိကြလိမ့်မည်။ ဤသရုပ်သကန်များနှင့် စိတ်ကူးများသည် စမ်းသပ်ခြင်း၏ ပုံစံတစ်ခု ဟုတ်သလော။...
အချို့သောလူတို့သည် ဘုရားသခင်၏ အနန္တတန်ခိုးနှင့် လူ့စိတ်နှလုံး၏ အတွင်းဆုံးနေရာများကို သူ၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းတို့နှင့်ပတ်သက်၍ မည်သည့်အသိကိုမဆို သို့မဟုတ် မည်သည့် အတွေ့အကြုံကိုမဆို အစဉ်သဖြင့် ကင်းမဲ့ကြသည်။ ၎င်းတို့သည် လူ့စိတ်နှလုံးကို ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့်ပတ်သက်၍ စစ်မှန်သော သိမြင်နားလည်မှုလည်း ကင်းမဲ့ကြသည်။ သို့ဖြစ်၍ အလိုလိုဖြင့်၊ ၎င်းတို့သည် ဤကိစ္စနှင့်ပတ်သက်၍ သံသယဖြင့် ပြည့်နှက်နေကြသည်။ ၎င်းတို့၏ ပုဂ္ဂလဓိဋ္ဌာန်ကျသော ဆန္ဒများထဲတွင် ဘုရားသခင်သည် လူ့စိတ်နှလုံး၏ အတွင်းအကျဆုံးနေရာများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်ဟု ယုံကြည်လိုကြသော်လည်း၊ ၎င်းတို့တွင် ပြည့်စုံခိုင်လုံသော သက်သေအထောက်အထား ကင်းမဲ့နေသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် အချို့အရာများကို ကြံစည်ပြီး တစ်ချိန်တည်းတွင် ယင်းတို့ကို စတင်လုပ်ဆောင်ကာ အကောင်အထည်ဖော်ကြသည်။ ၎င်းတို့ အကောင်အထည်ဖော်သည်နှင့်အမျှ၊ ဤအရာများကို ဘုရားသခင် အမှန်တကယ် သိရှိခြင်း ရှိမရှိ၊ ကိစ္စရပ်များ ဖော်ထုတ်ခြင်းခံရခြင်း ရှိမရှိ၊ ပြီးလျှင် ၎င်းတို့ တိတ်ဆိတ်နေလျှင် မည်သူမဆို ယင်းကို သိရှိနိုင်ခြင်း ရှိမရှိ၊ သို့မဟုတ် ဘုရားသခင်က ယင်းကို ပတ်ဝန်းကျင်တစ်ခုမှတစ်ဆင့် ထုတ်ဖော်နိုင်ခြင်း ရှိမရှိဟူသည်တို့ကို ၎င်းတို့ အဆက်မပြတ် စောင့်ကြည့်လေ့လာကြသည်။ အမှန်စင်စစ်၊ သာမန်လူတို့သည် ဘုရားသခင်၏ အနန္တတန်ခိုးနှင့် လူ့စိတ်နှလုံး နက်ရှိုင်းရာကို ကိုယ်တော်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းတို့နှင့်ပတ်သက်၍ မသေမချာဖြစ်မှုများ အနည်းနှင့်အများ ရှိကောင်းရှိနိုင်သည်၊ သို့သော် အန္တိခရစ်တို့သည် မသေမချာဖြစ်ရုံမျှမက ၎င်းတို့သည် သံသယဖြင့် ပြည့်နေပြီး တစ်ချိန်တည်းတွင် ဘုရားသခင်ကို အပြည့်အဝ သတိထားကာကွယ်နေကြသည်။ ထို့ကြောင့်၊ ဘုရားသခင်ကို စမ်းသပ်ရန် လုပ်နည်းကိုင်နည်းများစွာကို ၎င်းတို့ ဖြစ်ပေါ်စေကြသည်။ အကြောင်းမှာ ၎င်းတို့သည် လူ့စိတ်နှလုံးကို ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းအား သံသယရှိပြီး၊ ထို့ထက်ပင်ပို၍ ဘုရားသခင်က ယင်းကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်ဟူသောအချက်ကို ငြင်းပယ်သောကြောင့်၊ ၎င်းတို့သည် အချို့သောကိစ္စရပ်များကို မကြာခဏ စဉ်းစားကြသည်။ ထို့နောက်၊ အနည်းငယ် ကြောက်ရွံ့ခြင်း သို့မဟုတ် ရှင်းပြ၍မရနိုင်သော ထိတ်လန့်တုန်လှုပ်သည့် ခံစားချက်အချို့ဖြင့် ဤအတွေးအခေါ်များကို တိတ်တဆိတ် ပျံ့နှံ့စေကာ အချို့သောလူတို့ကို အထင်အမြင်မှားစေသည်။ ထိုစဉ်အတောအတွင်းတွင်၊ ၎င်းတို့သည် မိမိတို့၏ အဆိုများနှင့် စိတ်ကူးများကို တစ်စတစ်စ အဆက်မပြတ် ထုတ်ဖော်ကြသည်။ ယင်းတို့ကို ၎င်းတို့ ထုတ်ဖော်သည်နှင့်အမျှ၊ ဘုရားသခင်က ၎င်းတို့၏ ဤအပြုအမူကို ဟန့်တားမည်ဟုတ်မဟုတ် သို့မဟုတ် ဖော်ထုတ်မည်ဟုတ်မဟုတ်ကို ၎င်းတို့ စောင့်ကြည့်ကြသည်။ အကယ်၍ ဘုရားက ယင်းကို ဖော်ထုတ်လျှင် သို့မဟုတ် စရိုက်လက္ခဏာကို သရုပ်ဖော်လျှင်၊ ၎င်းတို့သည် အခြားလုပ်နည်းကိုင်နည်းတစ်ခုကို ပြောင်းလဲလျက် အမြန် နောက်ဆုတ်သွားကြသည်။ အကယ်၍ မည်သူမျှ ထိုအကြောင်းကို မသိဟုထင်ရပြီး မည်သူမျှ ၎င်းတို့ကို ရိပ်စားမိနိုင်ခြင်းမရှိ သို့မဟုတ် အတွင်းကျကျ မြင်နိုင်ခြင်းမရှိဟု ထင်ရလျှင်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏ အလိုလိုသိစိတ်သည် မှန်ကန်ကြောင်းနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ အသိက မှန်ကန်ကြောင်း သာ၍ပင် လုံးဝ ယုံကြည်စိတ်ချသွားကြသည်။ ၎င်းတို့၏ အမြင်တွင်၊ လူ့စိတ်နှလုံးကို ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းက အခြေခံအားဖြင့် မတည်ရှိပေ။ ဤသည်မှာ မည်သည့် ချဉ်းကပ်နည်းမျိုး ဖြစ်သနည်း။ ဤသည်မှာ စမ်းသပ်ခြင်းနှင့်ဆိုင်သည့် ချဉ်းကပ်နည်း ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၆- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၃)
အတိတ်တွင်၊ ဘုရားအိမ်တော်၌ စည်းမျဉ်းစည်းကမ်းတစ်ခု ရှိခဲ့သည်။ နှင်ထုတ်ခြင်း သို့မဟုတ် ရှင်းလင်းပစ်ခြင်း ခံခဲ့ရသောသူများနှင့်စပ်လျဉ်း၍၊ အကယ်၍ ၎င်းတို့သည် နောက်ပိုင်းတွင် စစ်မှန်သော နောင်တကို ပြသပြီး၊ အမှန်တကယ် နောင်တရလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ ဧဝံဂေလိတရားကို ဟောပြောခြင်းနှင့် ဘုရားသခင်အတွက် သက်သေခံခြင်းတို့တွင် မဆုတ်မနစ်ကြိုးပမ်းလျှင်၎င်းတို့ကို အသင်းတော်ထဲသို့ ပြန်လည်လက်ခံနိုင်သည်ဟူ၍ ဖြစ်သည်။ ရှင်းလင်းပစ်ခြင်းခံရပြီးနောက် ဤစံနှုန်းများနှင့် ကိုက်ညီသော တစ်စုံတစ်ဦး ရှိခဲ့ပြီး၊ အသင်းတော်က သူ့ကိုရှာဖွေရန်၊ သူနှင့် မိတ်သဟာယဖွဲ့ရန်၊ ပြီးလျှင် သူသည် အသင်းတော်သို့ ပြန်လည်ဝင်ခွင့်ရပြီဖြစ်ကြောင်း သူ့ကိုပြောရန် တစ်စုံတစ်ဦးကို စေလွှတ်ခဲ့သည်။ ဤသည်ကို ကြားသည့်အခါ၊ သူသည် အတော်အတန် ဝမ်းမြောက်သွားသော်လည်း၊ သူက “လက်ခံခြင်းသည် စစ်မှန်ပါသလော၊ သို့မဟုတ် ယင်း၏နောက်ကွယ်တွင် စိတ်ကူးတစ်ခုခု ရှိနေပါသလော။ ဘုရားက ကျွန်ုပ်၏ နောင်တကို အမှန်တကယ် မြင်ပြီလော။ ကျွန်ုပ်ကို သူက အမှန်တကယ် သနားကရုဏာပြပြီး ခွင့်လွှတ်ပြီလော။ ကျွန်ုပ်၏ ယခင်လုပ်ဆောင်ချက်များကို အမှန်တကယ် အမှတ်မထားသလော” ဟု ဆင်ခြင်သုံးသပ်ခဲ့သည်။ သူသည် ယင်းကို မယုံကြည်ဘဲ၊ “သူတို့က ကျွန်ုပ်ကို ပြန်လိုချင်သော်လည်း၊ ကျွန်ုပ်သည် ချုပ်တည်းနေသင့်ပြီး ချက်ချင်း သဘောမတူသင့်ပေ၊ နှင်ထုတ်ခြင်းခံရပြီးနောက် ဤနှစ်များအတွင်း ကျွန်ုပ်သည် အလွန်ဒုက္ခခံခဲ့ရပြီး အလွန်သနားဖွယ်ဖြစ်ခဲ့ရသလိုမျိုး မဖြစ်သင့်ပေ။ ကျွန်ုပ်သည် အနည်းငယ် ထိန်းထိန်းသိမ်းသိမ်း ပြုမူရန် လိုအပ်ပြီး အသင်းတော်အသက်တာတွင် မည်သည့်နေရာ၌ ပါဝင်နိုင်သည် သို့မဟုတ် မည်သည့်တာဝန်များကို ထမ်းဆောင်နိုင်သည်ကို ပြန်လည်ဝင်ခွင့်ရပြီးပြီးချင်း ချက်ချင်း မစုံစမ်းမေးမြန်းသင့်ပေ။ ကျွန်ုပ်သည် အလွန်စိတ်အားထက်သန်ပုံ ပေါ်၍မရပါ။ ကျွန်ုပ်သည် စိတ်ထဲတွင် အထူးသဖြင့် ပျော်ရွှင်သည်ဟု ခံစားရသော်လည်း၊ စိတ်တည်ငြိမ်ရန် လိုအပ်ပြီး ဘုရားအိမ်တော်က ကျွန်ုပ်ကို စစ်မှန်စွာ ပြန်လိုချင်သလော သို့မဟုတ် တိကျသော တာဝန်များအတွက် ကျွန်ုပ်ကို အသုံးချရန်အလို့ငှာ ရိုးသားမှုမရှိခြင်းမျှသာလောဟူသည်ကို ကြည့်ရှုရန် လိုအပ်သည်” ဟု စဉ်းစားခဲ့သည်။ ဤစိတ်ကူးဖြင့် သူက “ကျွန်ုပ် နှင်ထုတ်ခြင်းခံရပြီးနောက် ထိုအချိန်အတောအတွင်း၊ ကျွန်ုပ်သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခဲ့ပြီး ကျွန်ုပ်ပြုလုပ်ခဲ့သော အမှားများသည် အလွန်ဆိုးရွားကြောင်း သဘောပေါက်နားလည်ခဲ့သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများအပေါ် ကျွန်ုပ်ဖြစ်စေခဲ့သော ဆုံးရှုံးမှုများသည် ကြီးမားလှပြီး၊ ကျွန်ုပ်သည် ယင်းတို့ကို ဘယ်သောအခါမျှ မဖြည့်ဆည်းနိုင်ပါ။ ကျွန်ုပ်သည် အမှန်စင်စစ် ဘုရားသခင် ကျိန်ဆဲသော နတ်ဆိုးနှင့် စာတန်တစ်ကောင်ပင် ဖြစ်သည်။ သို့သော်လည်း၊ ကျွန်ုပ်၏ ကိုယ်ပိုင်ဆင်ခြင်သုံးသပ်မှုသည် မပြည့်စုံသေးပါ။ ဘုရားအိမ်တော်က ကျွန်ုပ်ကို ပြန်ခေါ်လိုသည့်အတွက်၊ ကျွန်ုပ်သည် ဘုရားနှုတ်ကပတ်တော်များကို သာ၍ပင် စားသောက်ရန် လိုအပ်ပြီး မိမိကိုယ်ကို သာ၍ ဆင်ခြင်သုံးသပ်ကာ သိရှိရန် လိုအပ်သည်။ လက်ရှိတွင်၊ ကျွန်ုပ်သည် ဘုရားအိမ်တော်သို့ ပြန်လာရန် မထိုက်တန်ပါ။ ဘုရားအိမ်တော်တွင် ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်ရန် မထိုက်တန်ပါ။ ကျွန်ုပ်၏ ညီအစ်ကိုမောင်နှမများနှင့် တွေ့ဆုံရန် မထိုက်တန်သည့်အပြင် ဘုရားကို ရင်ဆိုင်ရန် ဧကန် အလွန်ရှက်မိပါသည်။ လူတိုင်းက စိတ်ထဲမှာရော အပြင်မှာပါ လက်ခံနိုင်စေရန်အလို့ငှာ၊ ကျွန်ုပ်၏ ကိုယ်ပိုင်သိကျွမ်းခြင်းနှင့် ဆင်ခြင်သုံးသပ်မှုတို့ လုံလောက်သည်ဟု ကျွန်ုပ်ခံစားရသည့်အခါမှသာ အသင်းတော်သို့ ကျွန်ုပ် ပြန်လာမည်” ဟု ပြောခဲ့သည်။ ဤသို့ပြောနေသော်လည်း၊ သူက “ငါက ဤအရာကို ဟန်ဆောင်ပြောနေခဲ့ခြင်း ဖြစ်သည်။ ခေါင်းဆောင်များက ငါ့ကို အသင်းတော်သို့ ပြန်မဝင်ဖို့ သဘောတူလိုက်လျှင် အဘယ်သို့ဖြစ်မည်နည်း။ ငါ အဆုံးသတ်မည် မဟုတ်လော” ဟု တွေးတောလျက် နေမထိထိုင်မထိ ဖြစ်နေခဲ့သည်။ လက်တွေ့တွင်၊ သူသည် အတော်အတန် စိုးရိမ်ပူပန်နေခဲ့သော်လည်း၊ သူသည် ဤနည်းအတိုင်း စကားပြောရဦးမည်ဖြစ်ပြီး အသင်းတော်သို့ ပြန်လာရန် အလွန်စိတ်အားထက်သန်ခြင်းမရှိသလိုမျိုး ဟန်ဆောင်ခဲ့ရသည်။ ဤအရာများကို ပြောဆိုခြင်းဖြင့် သူသည် မည်သည့်အရာကို ဆိုလိုခဲ့သနည်း။ (အသင်းတော်က သူ့ကို အမှန်တကယ် ပြန်လက်ခံမည်ဟုတ်မဟုတ်ဟူသည်ကို သူ စမ်းသပ်နေခြင်း ဖြစ်ပါသည်။) ဤသည်မှာ လိုအပ်သလော။ ဤသည်မှာ စာတန်များနှင့် နတ်ဆိုးများ လုပ်ဆောင်မည့်အရာတစ်ခု မဟုတ်လော။ ပုံမှန်လူတစ်ဦးသည် ဤနည်းဖြင့် ပြုမူမည်လော။ (ပြုမူမည်မဟုတ်ပါ။) ပုံမှန်လူတစ်ဦးက ထိုသို့ပြုမူမည်မဟုတ်ပေ။ ထိုသို့သော အံ့ဩဖွယ်ကောင်းသည့် အခွင့်အရေးတစ်ခုကို ရရှိလျက်၊ သူသည် ထိုသို့သောခြေလှမ်းတစ်လှမ်းကို လှမ်းနိုင်ခြင်းမှာ ကောက်ကျစ်ဆိုးယုတ်ပေသည်။ အသင်းတော်သို့ ပြန်လည်ဝင်ခွင့်ရခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းနှင့် သနားကရုဏာတော်၏ ဖော်ပြချက်တစ်ခုဖြစ်ပြီး၊ သူသည် မိမိ၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းနှင့် ချို့တဲ့မှုများကို ဆင်ခြင်သုံးသပ်ကာသိရှိသင့်သည့်အပြင်၊ ယခင်အကြွေးများကို ထေမိစေရန် နည်းလမ်းများကို ရှာဖွေသင့်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို ဤနည်းအတိုင်း စမ်းသပ်နိုင်သေးပြီး ဘုရားသခင်၏ သနားကရုဏာတော်ကို ဤပုံစံဖြင့် သဘောထားပြုမူနိုင်သေးလျှင်၊ ထိုသူတို့သည် သူ၏ သနားကြင်နာခြင်းကို အမှန်တကယ် တန်ဖိုးထားဖို့ ပျက်ကွက်ပေသည်။ လူတို့တွင် ထိုသို့သော စိတ်ကူးများနှင့် ချဉ်းကပ်နည်းများ ဖြစ်ပေါ်ခြင်းမှာ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အနှစ်သာရအားဖြင့်၊ လူတို့သည် ဘုရားသခင်ကို စမ်းသပ်သည့်အခါ၊ ၎င်းတို့ ထင်ရှားစေပြီး ထုတ်ဖော်သည့်အရာသည် သဘောတရားအရ အခြားအရာများထဲမှ ဘုရားသခင်၏ အတွေးများအပြင် လူတို့အပေါ်ထားသော သူ၏ အမြင်များနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို စမ်းသပ်ခြင်းနှင့် အစဉ်သဖြင့် သက်ဆိုင်သည်။ အကယ်၍ လူတို့သည် သမ္မာတရားကို ရှာဖွေလျှင်၊ ထိုသို့သော ကျင့်သုံးမှုများကို ဆန့်ကျင်ပုန်ကန်ပြီး စွန့်လွှတ်ကာ၊ သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူပြီး ကျင့်ကြံကြလိမ့်မည်။ သို့သော်လည်း၊ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား အနှစ်သာရရှိသော ပုဂ္ဂိုလ်များမှာမူကား ထိုသို့သော လက်တွေ့လုပ်ဆောင်မှုများကို မစွန့်လွှတ်နိုင်ရုံသာမက ယင်းတို့ကို မုန်းတီးသည်ဟု မမြင်ဘဲ၊ ထိုသို့သော နည်းလမ်းများနှင့် နည်းစနစ်များကို ပိုင်ဆိုင်သည့်အတွက် မိမိတို့ကိုယ်ကို မကြာခဏ အသိအမှတ်ပြုကြသည်။ ၎င်းတို့က “ငါ မည်မျှ လိမ္မာပါးနပ်သည်ကို ကြည့်ပါ။ ဘုရားနှင့်သမ္မာတရားကို ကျိုးနွံနာခံတတ်ပြီး နားထောင်ရန်သာ သိသည့် သင်တို့လို လူမိုက်များကဲ့သို့ မဟုတ်ပါ။ ငါသည် သင်တို့ကဲ့သို့ လုံးဝ မဟုတ်ပါ။ ဤအရာများကို သိရှိဖို့ နည်းလမ်းများနှင့် နည်းစနစ်များကို အသုံးပြုရန် ငါ ကြိုးစားသည်။ ငါသည် ကျိုးနွံနာခံပြီး နားထောင်ရမည်ဆိုလျှင်ပင်၊ အမှုအရာများ၏ အကြောင်းရင်းကို သိအောင် ငါ လုပ်ဦးမည်ဖြစ်သည်။ ငါ့ထံမှ တစ်ခုတလေကို ဖုံးကွယ်နိုင်မည် သို့မဟုတ် ငါ့ကို လှည်ဖြားကာ အရူးလုပ်နိုင်မည်ဟု မထင်လေနှင့်”ဟု တွေးကောင်းတွေးပေမည်။ ဤသည်မှာ ၎င်းတို့၏ အတွေးနှင့် သဘောထားအမြင်ဖြစ်သည်။ အန္တိခရစ်တို့သည် လူ့ဇာတိခံ ဘုရားသခင်ကို ဆက်ဆံရာတွင် ကျိုးနွံနာခံခြင်း၊ ကြောက်ရွံ့ခြင်း သို့မဟုတ် စိတ်ရင်းမှန်တို့ကို ဘယ်သောအခါမျှ မပြသသည့်အပြင် သစ္စာစောင့်သိမှုမှာ သာ၍ပင် နည်းပါးလှသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၆- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၃)
လူတို့သည် ဘုရားသခင်ရှေ့မှောက်၌ ထုတ်ဖော်သည့် အကောက်ကျစ်အဆိုးယုတ်ဆုံးသော စိတ်သဘောထားမှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်ကို စမ်းသပ်ခြင်း ဖြစ်သည်။ အချို့သောလူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီးနောက် လမ်းလွဲခဲ့ခြင်း၊ မကောင်းမှုအချို့ ပြုလုပ်ခဲ့ခြင်းနှင့် ပြစ်မှားမှုများစွာ ကျူးလွန်ခဲ့ခြင်းတို့ကြောင့် မိမိတို့၌ ကောင်းသောပန်းတိုင်တစ်ခု ရှိကောင်းရှိမည်မဟုတ်သည်ကိုလည်းကောင်း၊ မိမိတို့၏အဆုံးသတ်က အာမခံချက်ရှိကောင်းမရှိနိုင်သည်ကိုလည်းကောင်း စိုးရိမ်ကြသည်။ ၎င်းတို့ ငရဲသွားရလိမ့်မည်ကို စိုးရိမ်ကြပြီး မိမိတို့၏အဆုံးသတ်၊ ပန်းတိုင်နှင့်ပတ်သက်၍ အစဉ်မပြတ် ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် စဉ်ဆက်မပြတ် စိုးရိမ်ပူပန်နေကြပြီး “ငါ၏အနာဂတ်အဆုံးသတ်နှင့် ပန်းတိုင်သည် ကောင်းလိမ့်မည်လော သို့မဟုတ် ဆိုးလိမ့်မည်လော။ ငါသည် ငရဲသို့ ဆင်းသွားရလိမ့်မည်လော သို့မဟုတ် ကောင်းကင်ဘုံသို့ တက်သွားရလိမ့်မည်လော။ ငါသည် ဘုရား၏လူတို့ထဲမှ တစ်ဦးလော သို့မဟုတ် အစေခံသူတစ်ဦးလော။ ငါသည် ပျက်စီးဆုံးရှုံးခြင်းသို့ရောက်မည်လော သို့မဟုတ် ကယ်တင်ခြင်းခံရလိမ့်မည်လော။ ဘုရားနှုတ်ကပတ်တော်များထဲမှ မည်သည့်အရာများက ဤအကြောင်းကို ပြောဆိုသည်ဟူသည်တို့ကို ငါ ရှာဖွေရန် လိုအပ်သည်”ဟု အစဉ်မပြတ် စဉ်းစားကြသည်။ ဘုရားနှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရားဖြစ်ပြီး လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖော်ထုတ်သည်ကို မြင်တွေ့ရသော်လည်း၊ မိမိတို့ရှာဖွေနေသော အဖြေများကိုမူ မတွေ့ရှိကြပေ။ သို့ဖြစ်၍ အခြားမည်သည့်နေရာ၌ စုံစမ်းမေးမြန်းရမည်ကို ၎င်းတို့ အဆက်မပြတ် စဉ်းစားကြသည်။ နောက်ပိုင်းတွင် ၎င်းတို့ ရာထူးတိုးပြီး အရေးပါသောအခန်းကဏ္ဍတစ်ခု၌ ထားရှိခံရမည့် အခွင့်အရေးတစ်ခုကို တွေ့ရှိသောအခါ “ငါနှင့်စပ်လျဉ်း၍ အထက်၏သဘောထားမှာ အဘယ်နည်း။ အကယ်၍ ၎င်းတို့၏သဘောထားသည် နှစ်လိုဖွယ်ဖြစ်ပါက၊ ယင်းမှာ အတိတ်က ငါပြုခဲ့သောမကောင်းမှုနှင့် ငါကျူးလွန်ခဲ့သော ပြစ်မှားခြင်းများကို ဘုရားက အောက်မေ့တော်မမူကြောင်း သက်သေပြသည်။ ယင်းမှာ ငါ့ကို ဘုရားက ကယ်တင်ဦးမည်ဖြစ်ကြောင်း၊ ငါ၌ မျှော်လင့်ချက် ရှိနေသေးကြောင်း သက်သေပြသည်”ဟု တွေးထင်လျက် အထက်၏သဘောထားကို အကဲခတ်လိုကြသည်။ ထို့နောက် မိမိတို့၏စိတ်ကူးများအတိုင်း ဆက်လက်ဆောင်ရွက်လျက် ၎င်းတို့က “ကျွန်ုပ်တို့ရှိသောနေရာ၌ ညီအစ်ကိုမောင်နှမအများစုသည် မိမိတို့၏ အလုပ်အကိုင်များတွင် အလွန်ကျွမ်းကျင်ခြင်းမရှိကြဘဲ တိုတောင်းသော အချိန်တစ်ခုမျှသာ ဘုရားကို ယုံကြည်ခဲ့ကြသည်။ ကျွန်ုပ်သည် ဘုရားကို အချိန်အကြာဆုံး ယုံကြည်ခဲ့သည်။ ကျွန်ုပ် လဲကျပြီး ရှုံးနိမ့်ခဲ့ဖူးသည်၊ ကျွန်ုပ်၌ အတွေ့အကြုံအချို့ရှိခဲ့ပြီး သင်ခန်းစာအချို့ကို သင်ယူခဲ့ပြီးဖြစ်သည်။ အခွင့်အရေးရလျှင်၊ ကျွန်ုပ်သည် ဝန်ထုပ်ကြီးတစ်ခုကို ထမ်းလိုပြီး ဘုရား၏ရည်ရွယ်ချက်များကို အလေးထားလိုပါသည်”ဟု တိုက်ရိုက်ပြောဆိုကြသည်။ အထက်က ၎င်းတို့အား ရာထူးတိုးပေးရန် ရည်ရွယ်ချက်တစ်ခုခု ရှိမရှိ သို့မဟုတ် အထက်က ၎င်းတို့ကို စွန့်ပစ်ပြီးခြင်း ရှိမရှိဟူသည်တို့ကို သိရှိရန် စမ်းသပ်မှုတစ်ခုအဖြစ် ဤစကားများကို ၎င်းတို့က အသုံးပြုကြသည်။ လက်တွေ့တွင် ၎င်းတို့သည် ဤတာဝန် သို့မဟုတ် ဝန်ထုပ်ကို အမှန်တကယ် ထမ်းဆောင်လိုခြင်း မရှိကြပေ။ ဤစကားများကို ပြောဆိုရာ၌ ၎င်းတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ကယ်တင်ခြင်းခံရရန် ၎င်းတို့ မျှော်လင့်ချက် ရှိနေသေးခြင်း ရှိမရှိဟူသည်ကို သွေးတိုးစမ်းပြီး ကြည့်ရှုရန် ဖြစ်သည်။ ဤသည်မှာ စမ်းသပ်ခြင်း ဖြစ်သည်။ ဤစမ်းသပ်ခြင်းနည်းလမ်း၏ နောက်ကွယ်ရှိ စိတ်သဘောထားမှာ အဘယ်နည်း။ ယင်းမှာ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤပြုမူလုပ်ဆောင်ပုံကို အချိန်မည်မျှကြာအောင် ထုတ်ဖော်သည်ဖြစ်စေ၊ ၎င်းတို့ မည်သို့ပြုလုပ်သည်ဖြစ်စေ သို့မဟုတ် ထိုအရာကို မည်မျှ အကောင်အထည်ဖော်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့ထုတ်ဖော်သော စိတ်သဘောထားသည် မုချ ကောက်ကျစ်ဆိုးယုတ်ပေသည်။ အကြောင်းမှာ ၎င်းတို့သည် ထိုအရာကို ပြုလုပ်နေစဉ်အတွင်း အတွေးများ၊ စိုးရိမ်ကြောင့်ကြမှုများနှင့် စိုးရိမ်ပူပန်မှုများစွာရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဤကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကို ထုတ်ဖော်သောအခါ၊ မိမိတို့က လူ့သဘာဝရှိပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သူများဖြစ်ကြောင်းကို ပြသပြီး ၎င်းတို့၌ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရမရှိဘဲ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုသာ ပိုင်ဆိုင်ကြောင်းကို အတည်ပြုပေးသည့် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ကြသနည်း။ ထိုသို့သောအရာများကို လုပ်ဆောင်ကာ ပြောဆိုပြီးနောက် အသိစိတ်၊ ဆင်ခြင်တုံတရား၊ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာရှိသောသူတို့သည် မိမိတို့၏စိတ်နှလုံးထဲ၌ မသက်မသာဖြစ်ပြီး နာကျင်ခံစားကြရသည်။ ၎င်းတို့က၊ “ငါသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သည်။ ဘုရားသခင်ကို ငါ အဘယ်သို့ဖြစ်ပြီး စမ်းသပ်နိုင်မည်နည်း။ ငါသည် မိမိ၏ကိုယ်ပိုင်ပန်းတိုင်ကို အဘယ်သို့ဖြစ်ပြီး အာရုံစိုက်နေနိုင်သေးသနည်း။ ပြီးလျှင် ဘုရားသခင်ထံမှ တစ်စုံတစ်ခုကို ရယူရန်နှင့် ဘုရားသခင်အား ခိုင်မာသော အဖြေတစ်ခု ပေးစေရန် ထိုသို့သော နည်းလမ်းတစ်ခုကို အဘယ်သို့ဖြစ်ပြီး အသုံးပြုနိုင်သေးသနည်း။ ဤသည်မှာ အလွန်ယုတ်မာလှသည်တကား” ဟု စဉ်းစားရင်း စိတ်ဒုက္ခရောက်ကြရသည်။ ၎င်းတို့သည် မိမိတို့၏စိတ်နှလုံးထဲ၌ မသက်မသာ ခံစားကြရသော်လည်း လုပ်ဆောင်ချက်ကို လုပ်ဆောင်ထားပြီးဖြစ်ကာ စကားများမှာလည်း ပြောပြီးဖြစ်သည်။ ၎င်းတို့ကို ပြန်လည်ရုပ်သိမ်း၍ မရနိုင်ပေ။ ထို့နောက် ၎င်းတို့က “ငါ၌ ကောင်းမွန်သော အလိုဆန္ဒ အနည်းငယ်နှင့် တရားမျှတစိတ် ရှိနိုင်သော်လည်း ဤသို့သော ယုတ်မာသည့်အရာများကို ငါ ပြုလုပ်နိုင်စွမ်း ရှိနေဆဲဖြစ်သည်၊ ဤအရာများသည် ယုတ်မာသောလူတစ်ဦး၏ အပြုအမူများ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို စမ်းသပ်ရန် ကြိုးပမ်းမှုတစ်ခု မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို ခြိမ်းခြောက်တောင်းဆိုနေခြင်း မဟုတ်လော။ ဤသည်မှာ အမှန်တကယ် ယုတ်မာပြီး အရှက်မရှိခြင်းဖြစ်သည်တကား”ဟု နားလည်သွားကြသည်။ ထိုသို့သောအခြေအနေတွင် ကျိုးကြောင်းဆီလျော်သော ဆောင်ရွက်ပုံနည်းလမ်းမှာ အဘယ်နည်း။ မိမိတို့၏အပြစ်များကို ဝန်ခံလျက် ဆုတောင်းခြင်းဖြင့် ဘုရားသခင်ရှေ့မှောက်သို့ လာရောက်ခြင်းလော သို့မဟုတ် မိမိတို့၏ကိုယ်ပိုင် လုပ်နည်းကိုင်နည်းများကို ခေါင်းမာစွာ ဖက်တွယ်ထားခြင်းလော။ (ဆုတောင်းခြင်းနှင့် ဝန်ခံခြင်းဖြစ်ပါသည်။) သို့ဆိုလျှင် စိတ်ကူးရခြင်းမှ လုပ်ဆောင်သည့်အဆင့် ဆက်လက်၍ ၎င်းတို့၏ဆုတောင်းခြင်းနှင့် ဝန်ခံခြင်းအထိ လုပ်ငန်းစဉ်တစ်ခုလုံးတွင် မည်သည့်အဆင့်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပုံမှန်ထုတ်ဖော်ခြင်းဖြစ်သနည်း၊ မည်သည့်အဆင့်သည် အသိစိတ် အကျိုးသက်ရောက်ခြင်းဖြစ်သနည်း၊ မည်သည့်အဆင့်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သနည်း။ စိတ်ကူးရလာခြင်းမှ လုပ်ဆောင်ခြင်းအထိ အဆင့်သည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား၏ စိုးမိုးခြင်းကို ခံရသည်။ သို့ဆိုလျှင် မိမိကိုယ်ကို ဆန်းစစ်ခြင်းအဆင့်သည် ၎င်းတို့၏အသိစိတ် အကျိုးသက်ရောက်မှု၏ စိုးမိုးခြင်းကို ခံရသည် မဟုတ်လော။ ၎င်းတို့သည် မိမိတို့ပြုလုပ်ခဲ့သည့်အရာမှာ မှားယွင်းသည်ဟု ခံစားလျက် မိမိတို့ကိုယ်ကို စတင်ဆန်းစစ်ကြသည်။ ဤအရာကို ၎င်းတို့အသိစိတ်၏ အကျိုးသက်ရောက်မှုက စိုးမိုးထားပေသည်။ ဤအရာနောက်တွင် ဆုတောင်းခြင်းနှင့် ဝန်ခံခြင်းတို့က လိုက်လာသည်။ ယင်းတို့ကိုလည်း ၎င်းတို့၏တည်ကြည်မှု၊ အသိစိတ်နှင့် ကိုယ်ကျင့်စရိုက်တို့၏ အကျိုးသက်ရောက်မှုက စိုးမိုးခြင်းထားပေသည်။ ၎င်းတို့သည် ဝမ်းနည်းနိုင်သည်၊ နောင်တရနိုင်သည်၊ ဘုရားသခင်အပေါ် အကြွေးတင်သောစိတ် ခံစားနိုင်ပြီး မိမိတို့၏ကိုယ်ပိုင်လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဆင်ခြင်သုံးသပ်ပြီး နားလည်နိုင်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည့်အဆင့်သို့ ရောက်ရှိနိုင်သည်။ ဤအရာအတွက် အဆင့်သုံးဆင့် ရှိသည် မဟုတ်လော။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ခြင်းမှ ၎င်းတို့အသိစိတ်၏ အကျိုးသက်ရောက်မှုအထိ၊ ထို့နောက် ၎င်းတို့ပြုလုပ်နေသော မကောင်းမှုကို လက်လွှတ်နိုင်စွမ်း၊ နောင်တရနိုင်စွမ်း၊ မိမိတို့၏ကိုယ်ပိုင်ဇာတိပကတိဆိုင်ရာ လိုအင်ဆန္ဒများနှင့် အတွေးအခေါ်များကို လက်လွှတ်နိုင်စွမ်း၊ မိမိတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပုန်ကန်နိုင်စွမ်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းအထိ၊ ဤအဆင့်သုံးဆင့်သည် လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများလည်းရှိသည့် သာမန်လူတို့ လုပ်ဆောင်နိုင်သင့်သည့်အရာ ဖြစ်သည်။ ၎င်းတို့ အသိစိတ်၏ ခံစားသိရှိမှုနှင့် ၎င်းတို့၏ အတော်အသင့် ကောင်းမွန်သော လူ့သဘာဝကြောင့် ဤလူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းက ဤကဲ့သို့သောလူများ၌ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ရှိကြောင်း သွယ်ဝိုက်ညွှန်းဆိုသည်။ တစ်နည်းအားဖြင့်ဆိုသော် ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဖြစ်နိုင်ခြေသည် ကောင်းမွန်သော လူ့သဘာဝရှိသောသူတို့အတွက် အတော်အသင့် မြင့်မားလေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၅- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၂)
စမ်းသပ်ခြင်းသည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား အနှစ်သာရ၏ အတော်အတန် သိသာသောသရုပ်သကန်တစ်ခု ဖြစ်သည်။ လူတို့သည် မိမိတို့အလိုရှိသော သတင်းအချက်အလက်ကို ရရှိရန်၊ တိကျသောအဖြေကို ရရှိရန်၊ ထို့နောက် စိတ်အေးချမ်းမှုကို ရရှိရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြသည်။ ဘုရားသခင်ထံမှ သွယ်ဝိုက်သောနည်းဖြင့် မေးမြန်းစုံစမ်းရန် စကားလုံးများကို အသုံးပြုခြင်း၊ သူ့ကို စမ်းသပ်ရန် ပစ္စည်းများကို အသုံးပြုခြင်း၊ မိမိတို့၏ စိတ်ထဲတွင် အမှုအရာများကို ကြံစည်တွေးတောပုံဖော်ခြင်းကဲ့သို့သော စမ်းသပ်ရန် နည်းလမ်းများစွာ ရှိသည်။...လူတို့သည် ဘုရားသခင်ကို ဆက်ဆံရန် မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ၊ ၎င်းတို့သည် ထိုအရာနှင့်ပတ်သက်၍ လိပ်ပြာမသန့်ဘဲ ထို့နောက် ဤလုပ်ဆောင်ချက်များနှင့် စိတ်သဘောထားများအကြောင်း သိရှိနားလည်ကာ ယင်းတို့ကို ချက်ချင်း ပြောင်းလဲနိုင်လျှင် ပြဿနာသည် ထိုမျှ မကြီးမားပေ။ ဤသည်မှာ ပုံမှန် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်သည်။ သို့သော်လည်း၊ အကယ်၍ တစ်စုံတစ်ဦးသည် ဤသည်ကို တစ်သမတ်တည်းနှင့် ခေါင်းမာစွာ လုပ်ဆောင်နိုင်လျှင်၊ ထိုအရာက မှားယွင်းပြီး ဘုရားသခင်က စက်ဆုပ်ရွံရှာကြောင်းကို သိသော်လည်း ယင်းကို ဘယ်သောအခါမျှ မပုန်ကန်ဘဲ သို့မဟုတ် မစွန့်လွှတ်ဘဲ ဆက်လက်လုပ်ဆောင်နေလျှင်၊ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ အနှစ်သာရ ဖြစ်သည်။ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား အနှစ်သာရသည် သာမန်လူတို့နှင့် ကွဲပြားသည်မှာ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် သမ္မာတရားကို ရှာဖွေခြင်း လုံးဝမရှိဘဲ၊ ဘုရားသခင်၊ လူတို့အပေါ်ထားသော သူ၏ သဘောထား၊ လူတစ်ဦးချင်းနှင့်ပတ်သက်သော သူ၏ သတ်မှတ်ချက်နှင့် လူတစ်ဦး၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်အကြောင်း သူ၏ အတွေးများနှင့် စိတ်ကူးများကား အဘယ်နည်းဟူသည်တို့ကို စမ်းသပ်ရန် နည်းလမ်းအမျိုးမျိုးအား တစ်သမတ်တည်းနှင့် ခေါင်းမာစွာ အသုံးပြုခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ သမ္မာတရားကိုလည်းကောင်း မည်သည့်အခါမျှ မရှာဖွေဘဲ ၎င်းတို့၏စိတ်သဘောထားများ ပြောင်းလဲလာစေရန် သမ္မာတရားကို မည်သို့ ကျိုးနွံနာခံရမည်ကိုမူကား သာ၍ပင် မရှာဖွေချေ။ ၎င်းတို့၏ လုပ်ဆောင်ချက်များအားလုံး၏ နောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ အတွေးများနှင့် စိတ်ကူးများကို စူးစမ်းရန် ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး ဖြစ်သည်။ အန္တိခရစ်တို့၏ ဤစိတ်သဘောထားသည် သိသာထင်ရှားစွာပင် ကောက်ကျစ်ဆိုးယုတ်သည်။ ၎င်းတို့သည် ဤလုပ်ဆောင်ချက်များတွင် ပါဝင်ပြီး ဤသရုပ်သကန်များကို ပြသသည့်အခါ၊ လိပ်ပြာမလုံခြင်း သို့မဟုတ် အပြစ်ရှိသည်ဟုခံစားရခြင်း အရိပ်အယောင်တစ်ခုမျှ မရှိပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဤအရာများနှင့် ဆက်စပ်ကြည့်လျှင်ပင်၊ နောင်တရခြင်း သို့မဟုတ် ရပ်တန့်ရန် ရည်ရွယ်ချက် မပြဘဲ၊ မိမိတို့၏ နည်းလမ်းများကို မရမကလုပ်ဆောင်နေဆဲ ဖြစ်သည်။ ဘုရားသခင်ကို ၎င်းတို့၏ ဆက်ဆံမှုတွင်၊ ၎င်းတို့၏ သဘောထားနှင့် ချဉ်းကပ်နည်းတွင်၊ ၎င်းတို့သည် ဘုရားသခင်ကို မိမိတို့၏ ရန်ဘက်အဖြစ် မှတ်ယူကြောင်း သိသာထင်ရှားသည်။ ၎င်းတို့၏ အတွေးများနှင့် သဘောထားအမြင်များတွင်၊ ဘုရားသခင်ကို သိကျွမ်းခြင်း၊ ဘုရားသခင်ကို ချစ်ခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းတို့နှင့်ဆိုင်သည့် စိတ်ကူး သို့မဟုတ် သဘောထား မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ထံမှ မိမိတို့အလိုရှိသော သတင်းအချက်အလက်ကိုသာ ရယူလိုပြီး မိမိတို့အပေါ်ထားသော ဘုရားသခင်၏ တိကျသည့် သဘောထားနှင့် မိမိတို့နှင့်ဆိုင်သည့် သတ်မှတ်ချက်တို့ကို တိတိကျကျ သိရှိရန် မိမိတို့၏ ကိုယ်ပိုင်နည်းလမ်းများနှင့် နည်းစနစ်များကို အသုံးပြုလိုခြင်းသာ ဖြစ်သည်။ သာ၍ပင် ဆိုးရွားသည်မှာ၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ချဉ်းကပ်နည်းများကို ဘုရားသခင်၏ ဖော်ထုတ်သည့် နှုတ်ကပတ်တော်များနှင့် ချိန်ညှိကြည့်လျှင်ပင် ဤအပြုအမူကို ဘုရားသခင်က စက်ဆုပ်ရွံရှာပြီး လူတစ်ဦး မလုပ်ဆောင်သင့်သောအရာဖြစ်ကြောင်း အနည်းငယ်မျှသော အသိစိတ် ရှိလျှင်ပင်၊ ၎င်းတို့သည် ယင်းကို ဘယ်သောအခါမျှ စွန့်လွှတ်လိမ့်မည် မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၆- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၃)
“ယေရှုကလည်း သင်၏ ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်း မပြုရဟု ကျမ်းစာလာပြန်သည်ဟု မိန့်တော်မူ၏။” ယေရှု ပြောသော ဤစကားများတွင် သမ္မာတရား ရှိသလော။ ၎င်းတို့တွင် သမ္မာတရား အသေအချာ ရှိသည်။ အပေါ်ယံတွင်၊ ဤစကားများသည် လူတို့အတွက် လိုက်နာရမည့် ပညတ်ချက်တစ်ခု၊ ရိုးရှင်းသော စကားစု တစ်ခု ဖြစ်စေကာမူ လူသားနှင့် စာတန် နှစ်ဦးလုံးက ဤစကားများကို မကြာခဏ ပြစ်မှားစော်ကားကြပြီး ဖြစ်သည်။ သို့ဖြစ်ရာ သခင်ယေရှုက စာတန်ကို၊ “သင်၏ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်း မပြုရ၊” ဟု ဆိုခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ယင်းမှာ စာတန် မကြာခဏ လုပ်သောအရာဖြစ်ပြီး ၎င်းသည် ထိုသို့လုပ်ရန် အလုံးစုံ ကြိုးပမ်း အားထုတ်သည်။ စာတန်သည် မျက်နှာပြောင်တိုက်၍ အရှက်မရှိ ထိုသို့ လုပ်သည်ဟုပင် ပြောနိုင်သည်။ ဘုရားသခင်ကို မကြောက်လန့်ရန်နှင့် ၎င်း၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းမရှိဖို့မှာ စာတန်၏ သဘာဝ အနှစ်သာရ၌ ရှိပေသည်။ စာတန်သည် ဘုရားသခင်၏ နံဘေးတွင်ရပ်တည်ပြီး သူ့ကို မြင်တွေ့နိုင်သည့်အချိန်တွင်ပင် စာတန်သည် ဘုရားသခင်ကို သွေးဆောင်ဖြားယောင်းခြင်း မပြုဘဲမနေနိုင်ခဲ့ပေ။ ထို့ကြောင့် သခင်ယေရှုက စာတန်ကို၊ “သင်၏ဘုရားသခင် ထာဝရ ဘုရားကို သင်သည် အစုံအစမ်းမပြုရ။” ဟု ဆိုခဲ့သည်။ ဤအရာများသည် ဘုရားသခင်က စာတန်ကို မကြာခဏ ပြောပြီးဖြစ်သည့် စကားများ ဖြစ်သည်။ ထို့ကြောင့်၊ မျက်မှောက်ခေတ်တွင် ဤစကားစုကို သုံးစွဲရန် သင့်တော်ပါသလော။ (သင့်တော်ပါသည်၊ ကျွန်ုပ်တို့ သည်လည်း ဘုရားသခင်ကို မကြာခဏ သွေးဆောင် ဖြားယောင်းသည့်အတွက် ဖြစ်သည်။) အဘယ်ကြောင့် လူတို့သည် ဘုရားသခင်ကို မကြာခဏ စုံစမ်းသွေးဆောင် ပါသနည်း။ ယင်းမှာ လူတို့သည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားနှင့် ပြည့်နေကြသောကြောင့် ဖြစ်သလော။ (ဟုတ်ပါသည်။) ထို့ကြောင့် အထက်က စာတန်၏ စကားများသည် လူတို့ မကြာခဏ ပြောသည့်အရာ တစ်ခုလော။ ပြီးလျှင် မည်သည့် အခြေအနေများတွင် ဤစကားများကို လူတို့ ပြောကြသနည်း။ လူတို့သည် ဤသို့သော အရာများကို မည်သည့်အချိန် မည်သည့် နေရာတွင်မဆို ပြောဆိုနေကြပြီး ဖြစ်သည်ဟု ဆိုနိုင်သည်။ လူတို့၏ စိတ်သဘောထားသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ကွဲပြားခြားနားမှုမရှိသည်ကို ဤအရာက သက်သေပြသည်။ သခင်ယေရှုသည် သမ္မာတရားကို ကိုယ်စားပြုသော နှုတ်ကပတ်တော်များ၊ လူတို့လိုအပ်သည့် နှုတ်ကပတ်တော်များ ဖြစ်သည့် ရိုးရှင်းသော နှုတ်ကပတ်တော်အနည်းငယ်ကို ပြောသည်။ သို့ရာတွင် ဤအခြေအနေ၌ သခင်ယေရှုသည် စာတန်နှင့် ငြင်းခုန်ဖို့ ထိုသို့သောနည်းလမ်းဖြင့် ပြောဆိုခဲ့ခြင်းလော။ စာတန်ကို သူပြောခဲ့သည့် အထဲတွင် ထိပ်တိုက် ရင်ဆိုင် ဖြေရှင်းသောအရာ တစ်စုံတစ်ရာ ပါဝင်သလော။ (မပါဝင်ပါ။) စာတန်၏ ဖြားယောင်းသွေးဆောင်မှုကို သူ၏စိတ်နှလုံးတွင် သခင်ယေရှုက မည်သို့ ခံစားခဲ့သနည်း။ သူသည် စက်ဆုပ်ခြင်းနှင့် အော့နှလုံးနာခြင်းတို့ကို ခံစားခဲ့ရသလော။ သခင်ယေရှုသည် အော့နှလုံးနာမှုနှင့် စက်ဆုပ်ရွံမုန်းမှုကို ခံစားခဲ့ရပါသည်၊ သို့သော် သူသည် စာတန်နှင့် မငြင်းခုန်ခဲ့သကဲ့သို့၊ ကြီးကျယ်သော အခြေခံသဘောတရားများ တစ်ခုတစ်လေကို ပို၍ပင် သူမပြောဆိုခဲ့ချေ။ အဘယ်ကြောင့်နည်း။ (အဘယ်ကြောင့်ဆိုသော် စာတန်သည် အစဉ်အမြဲ ဤကဲ့သို့ဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းသည် မည်သည့်အခါမျှ မပြောင်းလဲနိုင်ပါ။) စာတန်သည် ကျိုးကြောင်းဆင်ခြင်၍ မရနိုင်ဟု ငါတို့ ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ဘုရားသခင်သည် သမ္မာတရား ဖြစ်သည်ဟု စာတန်က အသိအမှတ်ပြုနိုင်သလော။ ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ဟု စာတန်သည် မည်သည့်အခါတွင်မျှ အသိအမှတ်ပြုမည် မဟုတ်သကဲ့သို့ ဘုရားသခင်သည် သမ္မာတရား ဖြစ်သည်ဟု မည်သည့်အခါမျှ ဝန်ခံမည် မဟုတ်ပေ။ ဤသည်မှာ ၎င်း၏ သဘာဝဖြစ်သည်။ စာတန်၏ သဘာဝတွင် စက်ဆုပ်ဖွယ်သော နောက်ထပ် သွင်ပြင်လက္ခဏာတစ်ခု ရှိသေး၏။ ထိုအရာမှာ အဘယ်နည်း။ သခင်ယေရှုကို ဖြားယောင်းသွေးဆောင်ရန် ၎င်း၏ ကြိုးပမ်းမှုများတွင်၊ ၎င်းက မအောင်မြင်လျှင်ပင်၊ မည်သို့ပင်ဖြစ်စေ ၎င်းသည် ထိုသို့ လုပ်ဆောင်ဖို့ ကြိုးစားဦးမည်ဟု စာတန်က တွေးခဲ့သည်။ ၎င်းသည် အပြစ်ဒဏ်ပေးခံရမည်ဖြစ်သော်လည်းဘဲ၊ မည်သို့ပင်ဖြစ်စေ ကြိုးစားဖို့ ရွေးချယ်ခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းကြောင့် မည်သည့်အကျိုးကျေးဇူးမျှ မရရှိသည့်တိုင် အဆုံးတိုင်သို့ တိုင်အောင် ၎င်း၏ အားထုတ်မှုများနှင့် ဘုရားသခင်ကို ဆန့်ကျင်ရပ်တည်ခြင်းတွင် မရမကဆက်လုပ်လျက် မည်သို့ပင်ဖြစ်စေ ၎င်းက လုပ်ဆောင်မည်ဖြစ်သည်။ ဤသည်မှာ မည်သည့် သဘာဝမျိုးဖြစ်သနည်း။ ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)
ဤမေးခွန်းကို ပြန်ဖြေကြားရာတွင်၊ သင်တို့ကို အကြံဉာဏ်သုံးခု ငါပေးလိုသည်။ ပထမဦးစွာ၊ ဘုရားသခင်ကို မစစ်ကြောနှင့်။ ဘုရားသခင်အကြောင်းကို သင်မည်မျှ နားလည်သည်ဖြစ်စေ၊ သူ၏စိတ်သဘောထားကို သင်မည်မျှ သိသည်ဖြစ်စေ၊ သူ့ကို လုံးဝ မစစ်ကြောဆေးနှင့်။ ဒုတိယအနေဖြင့် အဆင့်အတန်း အတွက် ဘုရားသခင်နှင့် မဖက်ပြိုင်နှင့်။ ဘုရားသခင်က သင့်ကို မည်သည့် အဆင့်အတန်းမျိုး ပေးသည်ဖြစ်စေ၊ သို့မဟုတ် သင့်ကို မည်သည့်အလုပ်မျိုး ပေးသည်ဖြစ်စေ၊ မည်သည့်တာဝန်မျိုးကို ဆောင်ရွက်ရန် သူသည် သင့်ကို ပျိုးထောင်သည်ဖြစ်စေ၊ ပြီးလျှင် ဘုရားသခင်အတွက် သင့်ကိုယ်သင် မည်မျှ အသုံးချပြီး စွန့်လွှတ်ခဲ့သည်ဖြစ်စေ၊ အဆင့်အတန်းအတွက် သူနှင့် လုံးဝ မဖက်ပြိုင်နှင့်။ တတိယအနေဖြင့် ဘုရားသခင်နှင့် မယှဉ်ပြိုင်ပါနှင့်။ သင်နားလည်သည်ဖြစ်စေ၊ သို့မဟုတ် သင်နှင့်ပတ်သက်၍ ဘုရားသခင် လုပ်ဆောင်သောအရာ၊ သင့်အတွက် သူစီစဉ်သောအရာနှင့် သင့်ထံ သူဆောင်ကြဉ်း လာသောအရာတို့ကို သင် ကျိုးနွံနာခံနိုင်သည်ဖြစ်စေ၊ ဘုရားသခင်နှင့် လုံးဝမယှဉ်ပြိုင်ပါနှင့်။ ဤအကြံဉာဏ်သုံးခုကို သင် လိုက်နာနိုင်ပါက၊ သင်သည် အတော်အတန် ဘေးကင်းလိမ့်မည် ဖြစ်ပြီး ဘုရားသခင်ကို ဒေါသ ထွက်စေလေ့ရှိမည် မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)
ဘုရားသခင်၏ အနှစ်သာရတွင် ချစ်ခြင်းမေတ္တာ၏ အခြေခံသဘောတရားပါဝင်ပြီး သူသည် တစ်ဦးတစ်ယောက်စီတိုင်းအား သနားကရုဏာစိတ် ရှိသော်လည်း၊ သူ၏ အနှစ်သာရမှာ ဂုဏ်သိက္ခာရှိသောသူလည်း ဖြစ်သည် ဟူသည့်အချက်ကို လူတို့ လျစ်လျူရှုပြီး မေ့လျော့ကြပြီးဖြစ်သည်။ သူ့၌ ချစ်ခြင်းမေတ္တာရှိ၏ ဟူသည်မှာ သူ့အထဲ၌ ခံစားချက်များ သို့မဟုတ် တုံ့ပြန်ချက်တစ်ခုကို နှိုးဆွခြင်းမရှိဘဲ၊ လူတို့က သူ့ကို လွတ်လပ်စွာ ပြစ်မှားနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်သည့်အပြင် သူ၌ သနားခြင်းကရုဏာ ရှိ၏ ဟူသည်မှာ လူတို့ကို သူဆက်ဆံသည့်ပုံစံ၌ အခြေခံစည်းမျဉ်းများ မရှိပါဟု ဆိုလိုခြင်း မဟုတ်ပေ။ ဘုရားသခင်သည် အသက်ရှင်နေသည်၊ သူသည် အမှန်တကယ် တည်ရှိသည်။ သူသည် စိတ်ကူးဖြင့်ပုံဖော်ထားသော ရုပ်သေးရုပ်တစ်ရုပ် မဟုတ်သကဲ့သို့၊ အခြားအရာဝတ္ထု တစ်ခုခုလည်း မဟုတ်ပေ။ သူသည် တည်ရှိသည့်အတွက်၊ ငါတို့သည် သူ့စိတ်နှလုံး၏ဖွင့်ဟချက်ကို အချိန်တိုင်း ဂရုတစိုက် နားထောင်သင့်ကာ၊ သူ၏ စိတ်နေသဘောထားကို သေချာစွာ အာရုံစိုက်ပြီး သူ၏ ခံစားချက်များကို နားလည်လာသင့်သည်။ ငါတို့သည် ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ရန်အတွက် လူသား၏ စိတ်ကူးများကို အသုံးမပြုသင့်သကဲ့သို့၊ ဘုရားသခင်အား လူသား၏ စိတ်ကူးများအပေါ် အခြေခံ၍ လူ့နည်းဟန်ဖြင့် လူတို့ကို ဆက်ဆံစေကာ၊ သူ့အပေါ် လူ့ထင်မြင်ချက်များ သို့မဟုတ် ဆန္ဒပြုချက်များကို မသွတ်သွင်းသင့်ပေ။ အကယ်၍ သင် ဤသို့ပြုပါက၊ သင်သည် ဘုရားသခင်ကို ဒေါသထွက်စေခြင်း၊ သူ၏ အမျက်ဒေါသကို ဆွဲဆောင်ခြင်းနှင့် သူ၏ ဂုဏ်သိက္ခာကို စိန်ခေါ်ခြင်းပင် ဖြစ်နေပေသည်။ ထို့ကြောင့် ဤကိစ္စ၏ ကြီးလေးမှုကို သင်တို့ နားလည် လာပြီးသည်နှင့်တစ်ပြိုင်နက်၊ သင်တို့ အယောက်စီတိုင်းကို သင်တို့၏ လုပ်ဆောင်ချက်များ၌ သတိထားရန်နှင့် ချင့်ချိန်တတ်ရန် ငါတိုက်တွန်းသည်။ သင်တို့၏ စကားပြောခြင်း၌လည်း သတိထားပြီး ချင့်ချိန်မှု ရှိကြလော့၊ ဘုရားသခင်ကို သင်တို့ မည်ကဲ့သို့ ဆက်ဆံသည်နှင့်စပ်လျဉ်း၍ သင်တို့သည် ပို၍သတိထားပြီး ပို၍ချင့်ချိန်လေ ပို၍ကောင်းလေ ဖြစ်လေသည်။ သင်သည် ဘုရားသခင်၏ သဘောထားမှာ မည်သည့်အရာ ဖြစ်သည်ကို နားမလည်သောအခါ၊ မဆင်မခြင်စကားပြောခြင်းမှ ရှောင်ကြဉ်လော့၊ သင်၏ လုပ်ဆောင်ချက်များ၌ မဆင်မခြင် မပြုနှင့်၊ ထို့ပြင် ပေါ့ပေါ့တန်တန် အမည်ပေးသမုတ်ခြင်း မပြုနှင့်။ ပို၍ပင် အရေးကြီးသည်မှာ ထင်ရာမြင်ရာ မည်သည့် ကောက်ချက်ချခြင်းများကိုမျှ မပြုလေနှင့်။ ထို့အစား သင်သည် စောင့်ဆိုင်းပြီး ရှာဖွေသင့်သည်။ ဤလုပ်ဆောင်ချက်များမှာလည်း ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ အကယ်၍ အရာခပ်သိမ်းထက် ဤအရာကို သင်ရရှိနိုင်ပြီး အရာခပ်သိမ်းထက် ဤသဘောထားကို သင်ပိုင်ဆိုင်နိုင်ပါက၊ ဘုရားသခင်သည် သင်၏ မိုက်မဲခြင်း၊ မသိနားမလည်ခြင်းနှင့် အမှုအရာများနောက်ကွယ်မှ အကြောင်းအရင်းများအား နားလည်မှု ကင်းမဲ့ခြင်းတို့အတွက် သင့်ကို အပြစ်တင်မည်မဟုတ်ပေ။ ထို့ထက် ဘုရားသခင်အား ပြစ်မှားမိမည်ကို ကြောက်ရွံ့ခြင်းနှင့်ယှဉ်သော သင်၏ သဘောထား၊ သူ၏ ရည်ရွယ်ချက်များအပေါ် ရိုသေလေးစားခြင်းနှင့် သူ့အားကျိုးနွံနာခံရန် ဆန္ဒရှိခြင်းတို့ကြောင့် ဘုရားသခင်က သင့်ကို အောက်မေ့မည်၊ သင့်ကို လမ်းပြပြီး ဉာဏ်အလင်းပွင့်စေမည်၊ သို့မဟုတ် သင်၏ မရင့်ကျက်ခြင်းနှင့် မသိနားမလည်ခြင်းကို သည်းခံမည်ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် အကယ်၍ သူ့အပေါ် သင်၏သဘောထားမှာ သူ့ကို မိမိသဘောကျ တရားစီရင်ခြင်း သို့မဟုတ် ဘုရားသခင်၏ အတွေးအခေါ်များကို ထင်ရာမြင်ရာ မှန်းဆခြင်းနှင့် အဓိပ္ပာယ်ဖွင့်ခြင်းဖြင့် မထီမဲ့မြင်ပြုမည်ဆိုပါက၊ ဘုရားသခင်သည် သင့်ကို စီရင်ချက်ချမည်၊ ဆုံးမပဲ့ပြင်မည်၊ ထို့ပြင် အပြစ်ဒဏ်ပင် ခတ်လိမ့်မည်။ သို့မဟုတ်ပါက သူသည် သင့်ကို သုံးသပ်ချက် ပေးကောင်းပေးမည် ဖြစ်သည်။ ဤသုံးသပ်ချက်တွင် သင်၏ အဆုံးသတ် ပါဝင်ကောင်းပါဝင်လိမ့်မည်။ ထို့ကြောင့် ငါသည် နောက်ထပ်တစ်ကြိမ် အသားပေး၍ ပြောလိုသည်- သင်တို့ အယောက်စီတိုင်းသည် ဘုရားသခင်ထံမှ လာသောအရာ မှန်သမျှအပေါ် သတိရှိပြီး ဆင်ခြင်မြော်တွေးသင့်သည်။ မဆင်မခြင် စကားမပြောနှင့်၊ ထို့ပြင် သင်၏ လုပ်ဆောင်ချက်များ၌ သတိလက်လွတ် မဖြစ်စေနှင့်။ တစ်စုံတစ်ခုကို သင်မပြောမီ ရပ်ဆိုင်းပြီး ဆင်ခြင်သင့်သည်- ကျွန်ုပ်၏ ဤလုပ်ဆောင်ချက်က ဘုရားသခင်ကို ဒေါသထွက်စေမည်လော။ ဤအရာကို လုပ်ရာတွင် ဘုရားသခင်ကို ကျွန်ုပ် ကြောက်ရွံ့ပါ၏လော။ သာမန်ကိစ္စရပ်များ၌ပင်လျှင် ဤမေးခွန်းများကို ဆက်၍ သင် နားလည်သဘောပေါက်ရန် ကြိုးစားပြီး ၎င်းတို့ကို ဆင်ခြင်သုံးသပ်ရန် အချိန်ပိုယူသင့်သည်။ အကယ်၍ သင်သည် ဤနိယာမများနှင့်အညီ ကဏ္ဍတိုင်း၊ အမှုအရာတိုင်း၊ အချိန်တိုင်းတွင် အမှန်တကယ် လက်တွေ့လုပ်ဆောင်နိုင်ပြီး အထူးသဖြင့် သင် တစ်စုံတစ်ခုကို နားမလည်သောအခါ၊ ထိုကဲ့သို့သော သဘောထားကို ခံယူနိုင်ပါက ဘုရားသခင်သည် သင့်ကို အမြဲလမ်းပြပြီး လိုက်လျှောက်ရန် လမ်းကြောင်း တစ်ခုကို သင့်အား ပေးမည်ဖြစ်သည်။ လူတို့သည် မည်သည့် အပြင်ပန်း သဏ္ဌာန်မျိုးကို ဟန်ဆောင်ပြသစေကာမူ ဘုရားသခင်သည် ယင်းတို့ကို အတော်ပင် ရှင်းလင်းပြတ်သားစွာ မြင်သည်ဖြစ်၍ သူသည် သင်၏ ဤထုတ်ဖော်ပြချက်များအပေါ် မှန်ကန်တိကျပြီး သင့်လျော်သော သုံးသပ်ချက်တစ်ခုကို ပေးလိမ့်မည်။ သင်သည် နောက်ဆုံးစမ်းသပ်မှုကို တွေ့ကြုံခံစားပြီးနောက်တွင်၊ ဘုရားသခင်သည် သင်၏ အပြုအမူအားလုံးကို ယူကာ သင်၏ အဆုံးသတ်ကို သတ်မှတ်ရန်အတွက် ၎င်းကို ပြည့်စုံစွာ ပေါင်းရုံးသုံးသပ်မည် ဖြစ်သည်။ ဤရလဒ်က တစ်ဦးတစ်ယောက်စီတိုင်းကို သံသယအရိပ်အငွေ့ မရှိဘဲ၊ လက်ခံယုံကြည်စေမည်။ ဤတွင် သင်တို့ကို ငါပြောလိုသောအရာမှာ ဤသို့ဖြစ်သည်- သင်တို့၏ လုပ်ဆောင်ချက်တိုင်း၊ သင်တို့၏ အပြုအမူတိုင်းနှင့် သင်တို့၏ စိတ်ကူးတိုင်းက သင်တို့၏ကံကြမ္မာကို အဆုံးအဖြတ်ပေးပါသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ
ဘုရားသခင်ကို ယုံကြည်သူများသည် သမ္မာတရားကို နားလည်ရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ ဖတ်ရှုရမည်။ ဘုရားသခင်၏ ဖော်ထုတ်ချက်များမှတစ်ဆင့် လူ့သဘာဝကို သိလာကြရမည်ဖြစ်ပြီး လူ့အနှစ်သာရကို ထိုးဖောက်မြင်ကြရမည်။ ဘုရားနှုတ်ကပတ်တော်၏ ဖော်ထုတ်ချက်သည် လူ့သဘာဝကို ထုတ်ဖော်လေ၏။ လူတို့အား ၎င်းတို့၏ အနှစ်သာရက မည်သို့ရှိသည်ကို သွန်သင်ပြ၏။ ၎င်းတို့ ဖောက်ပြန်ပျက်စီးမှု၏ အနှစ်သာရကို ဖောက်ထွင်းမြင်စေ၏။ ဤသည်မှာ လွန်စွာ အရေးကြီးလေသည်။ စာတန်ဆိုသည်မှာ စိတ်ရှုပ်စရာ အရာတစ်ခုဖြစ်ပြီး ၎င်းပြောဆိုသည့် ဆိုးယုတ်သော စကားများသည် အဓိပ္ပာယ်ဖော်ရန် ခက်ခဲ၏။ ဘုရားသခင်က ၎င်းအား “အသင် အဘယ်အရပ်က လာသနည်း” ဟု မေးသော် စာတန်က “မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်” (ယောဘ ဝတ္ထု ၁:၇) ဟု ပြန်ဖြေသည်။ ၎င်း၏အဖြေကို သေချာစွာ စဉ်းစားကြည့်လော့။ ၎င်းသည် လာနေသည်လော၊ သွားနေသည်လော။ ၎င်း၏ အဓိပ္ပာယ်သည် နားလည်ရန် ခက်၏။ ယင်းကြောင့်ပင် ဤစကားများမှာ ရှုပ်ထွေးသည်ဟု ငါပြောခြင်းဖြစ်သည်။ ဤစကားများကို အခြေခံကြည့်လျှင် စာတန်သည် ရှုပ်ထွေးလှကြောင်းကို မြင်နိုင်၏။ လူများသည် စာတန်ကြောင့် ဖောက်ပြန်ပျက်စီးကြသည့်အခါ ၎င်းတို့သည်လည်း ရှုပ်ထွေးလာကြသည်။ ၎င်းတို့လုပ်ဆောင်သည့် အရာတိုင်းတွင် စည်းမျဉ်းများ၊ အဆင့်အတန်းများနှင့် ထိန်းချုပ်နိုင်ခြင်းတို့ လုံးဝ မရှိကြချေ။ ထို့ကြောင့် မည်သည့်လူပုဂ္ဂိုလ်မဆိုသည် အလွယ်တကူ လမ်းလွဲနိုင်၏။ စာတန်သည် ဧဝအား “သင်သည် ထိုအပင်မှ အသီးကို အဘယ်ကြောင့် မစားသနည်း” ဟု ပြောဆိုလျက် ဖြားယောင်းခဲ့သည်။ ဧဝကလည်း “ထိုအပင်မှ စားသုံးလျှင် ငါတို့သေရလိမ့်မည်ဟု ဘုရားသခင်က အမိန့်တော် ရှိသည်” ဟု ပြန်ဖြေ၏။ ထိုအခါ စာတန်က “ထိုအပင်မှ အသီးကို စားလျှင် သင်တို့သည် ဧကန်အမှန် သေရမည်မဟုတ်” ဟု ဆိုခဲ့၏။ ဤစကားများအတွင်း၌ ဧဝကို သွေးဆောင်ရန် ရည်ရွယ်ချက်တစ်ခု ရှိသည်။ ထိုအပင်မှ အသီးကို စားလျှင် သူသေလိမ့်မည် မဟုတ်ဟု သေချာပေါက် ပြောဆိုမည့်အစား သူဧကန်အမှန် သေရမည်မဟုတ်ဟုသာ ဆိုခဲ့သဖြင့် “ဧကန်အမှန် သေရမည်မဟုတ်လျှင် ငါစား၍ ရနိုင်သည်” ဟု ဧဝကို စဉ်းစားမိသွားစေခဲ့သည်။ စုံစမ်းသွေးဆောင်ခြင်းကို မခုခံနိုင်သဖြင့် ဧဝသည် အသီးကို စားခဲ့မိ၏။ ဤနည်းဖြင့် စာတန်သည် ဧဝကို အပြစ်ပြုစေရန် သွေးဆောင်ခြင်းဟူသော ၎င်း၏ရည်မှန်းချက်ကို အထမြောက်စေခဲ့သည်။ ၎င်းသည် ထိုအသီးကို ဧဝစားအောင် အတင်းအကျပ် မလုပ်ခဲ့သောကြောင့် ဤအတွက် တာဝန်မယူခဲ့ချေ။ လူအယောက်တိုင်း၏ အတွင်း၌ ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ရှိသည်။ စာတန်က ဘုရားသခင်ကို အစုံအစမ်းပြုကာ လူကို သွေးဆောင်ရာတွင် အသုံးပြုသည့် မြောက်မြားစွာသော အဆိပ်များသည် ၎င်းတို့အသီးသီး၏ စိတ်နှလုံးတွင် ရှိနေ၏။ တစ်ခါတစ်ရံ၌ ၎င်းတို့၏ ပြောစကားများတွင် စာတန်၏ လေယူလေသိမ်းနှင့် အသံနေအသံထားတို့အပြင် အစုံအစမ်းပြု သွေးဆောင်ရန် ရည်ရွယ်ချက်တစ်ခုပါ ရောစွက်နေလေသည်။ လူ၏ စိတ်ကူးများနှင့် အတွေးများသည် စာတန်၏ အဆိပ်များဖြင့် ပြည့်နှက်နေကာ စာတန်၏ အနံ့ဆိုးလည်း ထွက်နေ၏။ တစ်ခါတစ်ရံတွင် လူတို့၏ အကြည့်များ သို့မဟုတ် လုပ်ဆောင်ချက်များတွင် စုံစမ်းသွေးဆောင်ခြင်းနှင့် ဖြားယောင်းခြင်းဟူသော ဤတူညီသည့် အနံ့ဆိုးက ကပ်ပါနေသည်။ လူတချို့က ပြောကြသည်မှာ “ငါသည် ဤကဲ့သို့သာ လိုက်လျှောက်လျှင် တစ်စုံတစ်ခုကို ရရှိရန် သေချာသည်။ သမ္မာတရားကို မလိုက်စားလျှင်ပင် ငါသည် အဆုံးစွန်တိုင်အောင် ဘုရားသခင်နောက် လိုက်လျှောက်နိုင်သည်။ ငါသည် စိတ်ရင်းအမှန်ဖြင့် ဘုရားသခင်အတွက် ပစ္စည်းဥစ္စာများကို စွန့်လွှတ်၍ မိမိကိုယ်ကို အသုံးခံသည်။ ငါ့ထံတွင် အဆုံးစွန်တိုင်အောင် စွဲစွဲမြဲမြဲ အားထုတ်သွားဖို့ ခွန်အားရှိသည်။ အနည်းငယ်မျှ ငါပြစ်မှားမိလျှင်ပင် ဘုရားသခင်က ငါ့ကို သနားကရုဏာ ထားကာ စွန့်ပစ်လိမ့်မည် မဟုတ်” ဟူ၍ ဖြစ်သည်။ ၎င်းတို့ ပြောဆိုနေသည်မှာ မည်သည်တို့ ဖြစ်သည်ကို ၎င်းတို့မှာ သိပင် မသိကြ။ လူများ၏ အတွင်း၌ ဖောက်ပြန်ပျက်စီးနေသော အရာများ အမြောက်အမြား ရှိနေသည်။ ၎င်းတို့အနေဖြင့် သမ္မာတရားကို မလိုက်စားလျှင် မည်သို့ပြောင်းလဲနိုင်မည်နည်း။ ဘုရားသခင်က လူတို့ကို ကွယ်ကာခြင်း မရှိလျှင် ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးမှု အတိုင်းအတာအပေါ် အခြေခံ၍ အချိန်မရွေး ပြိုလဲနိုင်သကဲ့သို့ ဘုရားသခင်ကိုလည်း အချိန်မရွေး သစ္စာဖောက်နိုင်လေသည်။ သင်သည် ဤအရာကို ယုံကြည်သလော။ အတင်းဖျစ်ညှစ်၍ လုပ်လျှင်ပင် သင်သည် အဆုံးတိုင်အောင် ရောက်နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် အမှုတော်၏ ဤနောက်ဆုံးအဆင့်မှာ အောင်မြင်သူ လူတစ်စုကို ဖန်တီးရန် ဖြစ်သောကြောင့်ဖြစ်၏။ ဤအရာကို လုပ်ဆောင်ခြင်းသည် သင်ထင်မြင်သလောက် အမှန်တကယ် လွယ်ကူသလော။ ဤနောက်ဆုံး ပြောင်းလဲခြင်းသည် လူတစ်ယောက်ကို ၁၀၀ ရာခိုင်နှုန်း သို့မဟုတ် ၈၀ ရာခိုင်နှုန်းပင် ပြောင်းလဲရန် မတောင်းဆိုဘဲ အနည်းဆုံးအားဖြင့် ၃၀ သို့မဟုတ် ၄၀ ရာခိုင်နှုန်းမျှသာ ပြောင်းလဲရန် တောင်းဆို၏။ ယုတ်စွအဆုံး သင်သည် သင်၏စိတ်နှလုံး အတွင်းဆုံး၌ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည့်၊ ဘုရားသခင်ကို ခုခံသည့် သင်၏အတွင်းမှ အရာများကို ဖော်ထုတ်ရမည်၊ သန့်စင်ရမည်၊ ပြောင်းလဲရပေမည်။ ထိုအချိန်မှသာ သင်သည် ကယ်တင်ခြင်းကို ရရှိလိမ့်မည်။ သင့်အနေဖြင့် ဘုရားသခင် တောင်းဆိုသည့်အတိုင်း ၃၀ မှ ၄၀ ရာခိုင်နှုန်းဖြစ်စေ၊ ဖြစ်နိုင်က ၆၀ မှ ၇၀ ရာခိုင်နှုန်းမျှဖြစ်စေ ပြောင်းလဲသွားသည့် အချိန်မှသာ သင်သည် သမ္မာတရားကို ရရှိပြီဖြစ်ကြောင်း၊ ဘုရားသခင်နှင့်လည်း အခြေခံအားဖြင့် သဟဇာတ ဖြစ်ကြောင်း လက်တွေ့ပြပြီးဖြစ်လိမ့်မည်။ သင့်အပေါ်သို့ နောက်တစ်ကြိမ် တစ်စုံတစ်ရာ ဖြစ်ပျက်လာသည့်အခါ သင်သည် ဘုရားသခင်ကို ခုခံနိုင်ခြေ သို့မဟုတ် ဘုရား၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနိုင်ခြေ ရှိတော့မည် မဟုတ်ပေ။ ဤနည်းဖြင့်သာ သင်သည် စုံလင်အောင် ပြုခြင်းကို ခံရနိုင်ပြီး ဘုရားသခင်၏ သဘောကျခြင်းကို ရရှိနိုင်လေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၌ မှန်ကန်သော လမ်းခရီးကို ရွေးချယ်ခြင်းသည် အရေးပါဆုံးဖြစ်သည်
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
လူသားကို ဘုရား၏ဆိုဆုံးမချက် သုံးခု