ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်

လူတို့က ဘုရားသခင်၏ စီမံခန့်ခွဲမှုကို၎င်းတို့နှင့် အလွန်အမင်း ကွာခြားသကဲ့သို့ တွေးထင်သောကြောင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် လူတိုင်း၏ အမြင်တွင် အလွန် အကျွမ်းတဝင်မရှိသော အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် ဘုရားသခင်၏ အမှု ချည်းသက်သက် ဖြစ်ပြီး၊ သူနှင့်သာ သက်ဆိုင်သည်ဟု လူတို့ ထင်ကြကာ၊ ထို့ကြောင့် လူသားမျိုးနွယ်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို စိတ်မဝင်စားကြပေ။ ဤနည်းဖြင့် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းသည် မရေမရာနှင့် မပြတ်မသား ဖြစ်လာကာ ယခုတွင် အနှစ်မဲ့သည့် လေလုံးသာ ဖြစ်ပေသည်။ လူသားသည် ကယ်တင်ခြင်း ရရှိဖို့နှင့် နှစ်သက်ဖွယ် ခရီးပန်းတိုင်ထဲသို့ ဝင်ရောက်ဖို့ ဘုရားသခင် နောက်သို့လိုက်သော်လည်း၊ ဘုရားသခင်က သူ၏အမှုကို မည်သို့ ဦးစီးဦးရွက်ပြုသည်ဆိုသည်ကို အလေးမထားပေ။ လူသားသည် ဘုရားသခင်က မည်သည့်အရာ စီစဉ်ပြီးဖြစ်သည်ကို ဂရုမစိုက်သကဲ့သို့၊ ကယ်တင်ခံရဖို့အလို့ငှာ သူ ဆောင်ရွက်ရမည့်အပိုင်းကို ဂရုမစိုက်ချေ။ ဤသည်မှာ အမှန်တကယ် ဝမ်းနည်းဖွယ်ဖြစ်၏။ လူသား၏ကယ်တင်ခြင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုမှ ခွဲ၍မရနိုင်သကဲ့သို့၊ သူ၏ အစီအစဉ်မှ ခွဲခြား၍လည်း မရနိုင်ပေ။ သို့သော်လည်း လူသားသည် ဘုရားသခင်၏စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ မစဉ်းစားပေ၊ ထို့ကြောင့် သူ့ထံမှ ယခင်ထက် တိုး၍ ပိုဝေးကွာလာသည်။ ဤအရာက သူ၏ နောက်လိုက်လူတန်းစားတွင် ပါဝင်ဖို့- ဖန်ဆင်းခြင်းက မည်သည့်အရာဖြစ်သည်၊ ဘုရားသခင်၌ ယုံကြည်မှုက မည်သည့်အရာဖြစ်သည်၊ ဘုရားသခင်ကို မည်သို့ကိုးကွယ်ရမည်၊ စသဖြင့်- ကယ်တင်ခြင်းနှင့်ဆိုင်သည့် မေးခွန်းနှင့် နီးကပ်စွာ ဆက်နွှယ်သော ကိစ္စများကို လုံးဝ မသိသည့် လူအရေအတွက် တိုးပွားလာခြင်းကို ဖြစ်စေပြီးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ နောက်လိုက် အသီးသီးက သူ့နောက်လိုက်ပြီး သူ့ကို ယုံကြည်ခြင်းဆိုသည်မှာ မည်သည့်အရာဆိုလိုသည်ကို ရှင်းရှင်းလင်းလင်း နားလည်ဖို့အလို့ငှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ယခု ငါတို့ ဆွေးနွေးရမည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းက ကောင်းချီးမင်္ဂလာများ ရရှိရုံမျှအဖို့ သို့မဟုတ် ကပ်ဘေးများကို ရှောင်ရှားရုံမျှအဖို့ သို့မဟုတ် အခြားသူတို့အလယ် ထင်ပေါ်ရုံမျှအဖို့ ဘုရားသခင် နောက်လိုက်ခြင်းထက်၊ ၎င်းတို့ နင်းလျှောက်ရမည့် လမ်းကြောင်းကို သာ၍ မှန်ကန်တိကျစွာ ရွေးချယ်ဖို့ လူအသီးသီးကို ကူညီလိမ့်မည်ဖြစ်သည်။

ဘုရားသခင်၏စီမံခန့်ခွဲမှုသည် နက်နဲသော်လည်း၊ လူသား၏ နားလည်နိုင်စွမ်းကို မကျော်လွန်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ အမှုအားလုံးသည် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သူ၏ စီမံခန့်ခွဲမှုနှင့် သူ၏ အမှုတို့ဖြင့် ဆက်စပ်ပြီး၊ လူသားမျိုးနွယ်၏ အသက်၊ ရှင်သန်ခြင်းနှင့် ခရီးပန်းတိုင်တို့နှင့် သက်ဆိုင်သောကြောင့် ဖြစ်သည်။ လူသားအလယ်နှင့် လူသားအပေါ် ဘုရားသခင် လုပ်ဆောင်သည့် အမှုသည် အလွန်လက်တွေ့ကျပြီး အဓိပ္ပာယ်ရှိသည်ဟု ဆိုနိုင်သည်။ ယင်းကို လူသားက မြင်နိုင်ပြီး တွေ့ကြုံနိုင်ကာ စိတ်ကူးသက်သက်ဖြစ်သည့်အရာနှင့် အလှမ်းဝေးလေသည်။ လူသည် ဘုရားသခင် လုပ်ဆောင်သည့် အမှုအားလုံးကို လက်ခံနိုင်စွမ်းမရှိပါက၊ သူ၏ အမှု၏ အရေးပါမှုမှာ အဘယ်နည်း။ ထိုသို့သော စီမံခန့်ခွဲမှုက လူသားကို ကယ်တင်ခြင်းသို့ မည်သို့ ဦးဆောင်နိုင်မည်နည်း။ ဘုရားသခင်နောက်လိုက်သူများစွာက ကောင်းချီးမင်္ဂလာများ မည်သို့ရရှိမည် သို့မဟုတ် ကပ်ဘေးကို မည်သို့ တွန်းလှန်ပယ်ရှားရမည်ဆိုသည်ကိုသာ စိတ်ဝင်စားကြသည်။ ဘုရားသခင်၏ အမှုနှင့် စီမံခန့်ခွဲမှုတို့ကို ဖော်ပြလိုက်သည်နှင့်၊ ၎င်းတို့သည် နှုတ်ဆိတ် သွားကြပြီး စိတ်ဝင်စားမှုအားလုံး ပျောက်ဆုံးသွားကြသည်။ ထိုသို့သော ငြီးငွေ့ဖွယ်မေးခွန်းများကို နားလည်ခြင်းသည် ၎င်းတို့၏အသက်တာများကို ကြီးထွားဖို့ သို့မဟုတ် အကျိုးကျေးဇူး တစ်ခုတစ်လေ ပေးဖို့ ကူညီလိမ့်မည် မဟုတ်ဟု ထင်ကြလေသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏စီမံခန့်ခွဲမှုအကြောင်း ကြားပြီးကြသော်လည်း၊ မဆိုစလောက် ဂရုပြုကြလေသည်။ ၎င်းတို့က ယင်းကို ၎င်းတို့ အသက်တာများ၏ အစိတ်အပိုင်းအဖြစ် လက်ခံဖို့ မဆိုထားနှင့်၊ လက်ခံရမည့် တန်ဖိုးရှိသော အရာတစ်ခုအဖြစ်ပင် မမြင်ကြချေ။ ထိုသို့သော လူတို့သည် ဘုရားသခင် နောက်လိုက်ရာတွင် ရိုးရှင်းသည့် ရည်မှန်းချက်တစ်ခုသာရှိပြီး၊ ယင်းရည်မှန်းချက်မှာ ကောင်းချီးမင်္ဂလာများ ရရှိရန်ဖြစ်သည်။ ထိုသို့သော လူတို့သည် ဤရည်မှန်းချက် တိုက်ရိုက် မပါဝင်သည့် အခြား မည်သည့်အရာကိုမျှ အလေးဂရုပြုဖို့ အပင်ပန်းမခံနိုင်ကြပေ။ ၎င်းတို့အဖို့ ကောင်းချီးမင်္ဂလာများရရှိရန် ဘုရားသခင်ကို ယုံကြည်ခြင်းထက် သာ၍ သဘာဝကျသည့် ရည်မှန်းချက် မရှိချေ- ယင်းမှာ ၎င်းတို့ယုံကြည်ခြင်း၏ တကယ့်တန်ဖိုး ဖြစ်သည်။ တစ်စုံတစ်ရာသည် ဤရည်မှန်းချက်ကို မပံ့ပိုးပေးပါက၊ ၎င်းတို့သည် ထိုအရာအားဖြင့် လုံးဝ တို့ထိမခံရဘဲရှိမြဲ ရှိကြလေသည်။ ဤသည်မှာ ယနေ့ ဘုရားသခင်၌ ယုံကြည်သူအများစုနှင့် ပတ်သက်သည့် ကိစ္စရပ် ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်၌ ယုံကြည်သည်နှင့်အမျှ၊ ဘုရားသခင်အတွက်လည်း ၎င်းတို့ အသုံးခံကြသောကြောင့်၊ ဘုရားသခင်ထံ မိမိတို့ကိုယ်ကိုယ် ဆက်ကပ် အပ်နှံကြပြီး ၎င်းတို့တာဝန်ကို ထမ်းဆောင်ကြသောကြောင့်၊ ၎င်းတို့၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်တို့သည် သဘာဝကျပုံပေါ်လေသည်။ ၎င်းတို့သည် ၎င်းတို့၏ငယ်ရွယ်မှုကို စွန့်လွှတ်ကြသည်၊ မိသားစုနှင့် အသက်မွေးအလုပ်တို့ကို စွန့်ပစ်ပြီး၊ မိမိတို့ကိုယ်ကိုယ် အလုပ်များစေလျက် အိမ်နှင့်ဝေးရာတွင် နှစ်ပေါင်းများစွာပင် ကုန်ဆုံးကြလေသည်။ ၎င်းတို့၏ နောက်ဆုံးရည်မှန်းချက်ပန်းတိုင်အတွက်၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ဝင်စားမှုများကို ပြောင်းလဲကြသည်၊ ဘဝအပေါ် ၎င်းတို့၏ အမြင်နှင့် ၎င်းတို့ ရှာဖွေသည့် ဦးတည်ချက်ကိုပင် ပြောင်းလဲကြသည်။ သို့ရာတွင် ဘုရားသခင်၌ ၎င်းတို့ယုံကြည်မှု၏ ရည်မှန်းချက်ကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့၏ ကိုယ်ပိုင် စံများနှင့်ဆိုင်သည့် စီမံခန့်ခွဲမှုအတွက် ၎င်းတို့ အလုပ်ရှုပ်နေကြသည်။ လမ်းမည်မျှ ဝေးသည်ဖြစ်စေ၊ လမ်းတစ်လျှောက် အခက်အခဲများနှင့် အတားအဆီးများ မည်မျှရှိသည်ဖြစ်စေ၊ ၎င်းတို့သည် မဆုတ်မနစ်ကြိုးပမ်းကြပြီး သေခြင်းကိုမကြောက်ကြချေ။ မည်သည့်တန်ခိုးက ၎င်းတို့ကို ဤနည်းဖြင့် မဖြစ်မနေ ဆက်လက်ဆက်ကပ်စေသနည်း။ ယင်းမှာ ၎င်းတို့၏ အသိစိတ်လော။ ၎င်းတို့၏ ကြီးမြတ်ပြီး မွန်မြတ်သည့် အကျင့်စရိုက်လော။ မကောင်းမှု အင်အားများကို တကယ့်အဆုံးထိ တိုက်ခိုက်ရန်ဖြစ်သည့် ၎င်းတို့၏ စိတ်ပိုင်းဖြတ်ချက်လော။ ယင်းမှာ ဆုလာဘ်ကို မရှာဖွေဘဲ၊ ဘုရားသခင်ကို သက်သေခံရန်ဖြစ်သည့် ၎င်းတို့၏ ယုံကြည်ခြင်းလော။ ယင်းမှာ ဘုရားသခင်၏အလိုကို စွမ်းဆောင်ရရှိရန် အရာရာတိုင်းကို စွန့်လွတ်ဖို့ လိုလားရာတွင် ၎င်းတို့၏ သစ္စာစောင့်သိမှုလော။ သို့မဟုတ် ယင်းသည် လွန်ကဲသည့် ကိုယ်ရေးကိုယ်တာ တောင်းဆိုချက်များကို အမြဲ လက်လွှတ်ဖို့ဖြစ်သည့် ၎င်းတို့၏ ဆက်ကပ်မှု စိတ်ဓာတ်လော။ အတော်အတန် ရိုးရှင်စွာပြောရပါက၊ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုကို မည်သည့်အခါတွင်မျှ နားမလည်ဖူးသူအတွက် ဤမျှပေးဆပ်ဆဲဖြစ်ဖို့မှာ အံ့ဩဖွယ်ရာတစ်ခု ဖြစ်ပေသည်။ အချိန်တစ်ခဏကြာ၊ ဤလူတို့ မည်မျှပေးဆပ်ပြီးဖြစ်သည်ကို မဆွေးနွေးကြပါစို့နှင့်။ သို့ရာတွင် ၎င်းတို့၏အပြုအမူကို ငါတို့ အလွန် စိစစ်ထိုက်ပေသည်။ ၎င်းတို့နှင့် အလွန်အနီးကပ် ဆက်စပ်သည့် အကျိုးကျေးဇူးများမှလွဲ၍၊ ဘုရားသခင်ကို မည်သည့်အခါကမျှ နားမလည်ဖူးသော သူတို့က သူ့အတွက် အလွန်များလှစွာ ပေးဆပ်ရမည့် အခြားအကြောင်းရင်းတစ်ခုတစ်လေ ရှိနိုင်မည်လော။ ဤတွင် ယခင်က အမည်မဖော်နိုင်ခဲ့သည့် ပြဿနာတစ်ရပ်ကို ငါတို့ ရှာဖွေ တွေ့ရှိပေသည်- လူသား၏ ဘုရားသခင်နှင့် ဆက်ဆံရေးမှာ ပကတိ မိမိ၏ကိုယ်ကျိုးစီးပွားတစ်ခုမျှသာ ဖြစ်ပေသည်။ ယင်းသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိသူနှင့် ပေးသူတို့အကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ရှင်းရှင်းပြောပါက၊ အလုပ်သမားနှင့် အလုပ်ရှင်တို့အကြား ဆက်ဆံရေးနှင့် ဆင်ဆင်တူပေသည်။ အလုပ်သမားသည် အလုပ်ရှင် ချပေးသော ဆုလာဘ်များကို လက်ခံရရှိရန်သာ အလုပ်လုပ်သည်။ ထိုသို့သော ဆက်ဆံရေးတစ်ရပ်တွင် ချစ်ခင်ခြင်းမရှိပေ၊ အပေးအယူသာ ရှိသည်။ ချစ်ခြင်း သို့မဟုတ် အချစ်ခံရခြင်းမရှိ၊ ပေးကမ်းစွန့်ကြဲခြင်းနှင့် သနားကရုဏာသာ ရှိသည်။ နားလည်မှုမရှိ၊ မျိုသိပ်ထားသော နာကြည်းမှုနှင့် လှည့်ဖြားခြင်းသာ ရှိသည်။ ရင်းနှီးမှုမရှိ၊ ဖြတ်သန်းမရနိုင်သည့် ကွာဟချက်သာ ရှိသည်။ အမှုအရာများက ဤအဆင့်သို့ ရောက်ပြီးဖြစ်သဖြင့်၊ မည်သူသည် ထိုသို့သော လမ်းကြောင်းတစ်ခုကို ပြောင်းပြန် လှည့်နိုင်မည်နည်း။ ဤဆက်ဆံရေးက မည်မျှ ကြောက်မက်ဖွယ်ဖြစ်လာပြီး ဖြစ်သည်ကို လူမည်မျှက အမှန်တကယ် နားလည်နိုင်စွမ်းရှိသနည်း။ လူများသည် ကောင်းချီးမင်္ဂလာခံစားရခြင်း၏ ဝမ်းမြောက်မှုတွင် မိမိတို့ကိုယ်ကိုယ် နှစ်မြုပ်ထားသည့်အခါ၊ ဘုရားသခင်နှင့် ထိုသို့သော ဆက်ဆံရေးက မည်မျှရှက်ဖွယ်ကောင်းပြီး မြင်မကောင်း ရှုမကောင်း ဖြစ်သည်ကို မည်သူမျှ စိတ်မကူးနိုင်ဟု ငါယုံကြည်သည်။

ဘုရားသခင်၌ လူသားမျိုးနွယ်၏ ယုံကြည်မှုနှင့်ပတ်သက်၍ ဝမ်းနည်းဖွယ် အကောင်းဆုံးသော အရာမှာ၊ လူသည် ဘုရားသခင်၏ အမှုအလယ်တွင် မိမိကိုယ်တိုင်၏ စီမံခန့်ခွဲမှုကို ဦးစီးဦးရွက်ပြုသော်လည်း၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို အလေးဂရုမပြုခြင်း ဖြစ်သည်။ လူသား၏အကြီးမားဆုံးသော ကျရှုံးမှုသည် ဘုရားသခင်ကို ကျိုးနွံနာခံဖို့နှင့် ကိုးကွယ်ရန် ကြိုးစားနေသည့် တစ်ချိန်တည်းတွင်၊ လူသားသည် မိမိ၏ ကိုယ်ပိုင်အကြိုက်နှစ်သက်ဆုံး ခရီးပန်းတိုင်ကို တည်ဆောက်နေကာ အကြီးမားဆုံး ကောင်းချီးမင်္ဂလာနှင့် အကောင်းဆုံး ခရီးပန်းတိုင်ကို မည်သို့ ရရှိမည်ကို ကြံစည်နေပုံတွင် တည်ရှိလေသည်။ ၎င်းတို့မည်မျှ သနားဖွယ်ကောင်းသည်၊ မုန်းတီးဖွယ်ကောင်းပြီး၊ ရင်နင့်ဖွယ်ကောင်းသည်ကို နားလည်လျှင်ပင်၊ မည်မျှက ၎င်းတို့၏ စံများနှင့် မျှော်လင့်ချက်များကို အဆင်သင့် စွန့်လွှတ်နိုင်သနည်း။ ပြီးလျှင် မည်သူသည် ၎င်း၏ ကိုယ်ပိုင်ခြေလှမ်းများကို ရပ်တန့်နိုင်ပြီး မိမိတို့အတွက်သာ စဉ်းစားခြင်းမှ ရပ်တန့်နိုင်သနည်း။ ဘုရားသခင်သည် သူ၏စီမံခန့်ခွဲမှုကို ပြီးပြည့်စုံစေအောင် သူနှင့်အတူ နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်မည့်သူများ လိုအပ်ပေသည်။ သူ၏ စီမံခန့်ခွဲခြင်း အမှုအဖို့ စိတ်နှင့် ခန္ဓာတစ်ခုလုံးကို ဆက်ကပ်ခြင်းအားဖြင့် သူ့ကို ကျိုးနွံနာခံမည့်သူများကို သူ လိုအပ်လေသည်။ သူသည် အနည်းငယ်ပေးပြီး ဆုလာဘ်ချီးမြှင့်ခံရဖို့ စောင့်ဆိုင်းသူများကို လိုအပ်ဖို့ မဆိုထားနှင့်၊ နေ့စဉ် သူ့ထံမှ တောင်းခံရန် လက်ဖြန့်သည့်လူများကို မလိုအပ်ပေ။ မဖြစ်စလောက် ပံ့ပိုးမှုပြုလုပ်ပြီးနောက် မိမိတို့၏ အောင်ဆုများ အပေါ် အခြေပြုသောသူတို့ကို ဘုရားသခင်က စက်ဆုပ်ရွံရှာသည်။ သူ၏ စီမံခန့်ခွဲခြင်း အမှုကို သဘောမကျဖြစ်ကာ ကောင်းကင်ဘုံသို့ သွားခြင်းနှင့် ကောင်းချီးမင်္ဂလာများ ရရှိခြင်းအကြောင်းကိုသာ ဆွေးနွေးလိုကြသည့် သွေးအေးသူများကို သူ မုန်းသည်။ သူသည် လူသားမျိုးနွယ်ကို ကယ်တင်ရာတွင် သူ လုပ်ဆောင်သည့် အမှုက ပေးသည့် အခွင့်အရေးကို ကောင်းကောင်း အသုံးချသူများအတွက် သာ၍ ကြီးမားသည့် စက်ဆုပ်ရွံရှာမှု ရှိလေသည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ဤလူတို့သည် ဘုရားသခင်က သူ၏စီမံခန့်ခွဲခြင်း အမှုမှတစ်ဆင့် မည်သည့်အရာ စွမ်းဆောင်လိုပြီး မည်သည့်အရာ ရရှိလိုသည်ကို လုံးဝ ဂရုမစိုက်ဖူးကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိရန် ဘုရားသခင်၏အမှုက ပေးသည့် အခွင့်အရေးအား ၎င်းတို့ မည်သို့အသုံးချနိုင်သည်ဆိုသည်ကိုသာ စိတ်ဝင်စားကြလေသည်။ ၎င်းတို့၏ မျှော်လင့်ချက်များနှင့် ကံကြမ္မာတို့ဖြင့် လုံးလုံးလျားလျား နစ်မြုပ်လျက်၊ ၎င်းတို့သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ပတ်သက်၍ ဂရုမစိုက်ကြပေ။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုကို သဘောမကျသကဲ့သို့၊ လူသားမျိုးနွယ်ကို ဘုရားသခင် မည်သို့ ကယ်တင်သည်ဆိုသည်နှင့် သူ၏ အလိုကို အနည်းငယ်မျှပင် စိတ်ဝင်စားခြင်း မရှိသောသူတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုမှ ခွဲထွက်သည့် နည်းလမ်းဖြင့် မိမိတို့ကိုယ်ကိုယ်အား ကျေနပ်စေသည့် အရာကိုသာ လုပ်ဆောင်နေကြလေသည်။ ၎င်းတို့၏အပြုအမူကို ဘုရားသခင်က ထောက်ခံလျက် ကြည်ညိုဖို့ မဆိုထားနှင့်၊ ဘုရားသခင်က အောက်မေ့ခြင်း မရှိသကဲ့သို့ လက်ခံခြင်းလည်း မရှိပေ။

စကြဝဠာနှင့် အာကာသ၏ ကျယ်ပြောမှုထဲတွင်၊ မရေမတွက်နိုင်သော သတ္တဝါများ နေထိုင်ပြီး မျိုးပွားကြသည်၊ ထပ်တလဲလဲ ဖြစ်နေသော ဘဝနိယာမကို လိုက်လျှောက်ကာ ပုံသေစည်းမျဉ်းတစ်ရပ်ကို လိုက်နာစောင့်ထိန်းကြသည်။ သေသူများသည် ရှင်သူများ၏ အဖြစ်အပျက်များကို ၎င်းတို့နှင့်အတူ ယူဆောင်သွားကြပြီး ရှင်နေသူများသည် သေဆုံးပြီးသောသူများ၏ အလားတူ ဝမ်းနည်းဖွယ်ရာ သမိုင်းကို တစ်ဖန်ပြန်လုပ်ကြသည်။ ထို့ကြောင့် လူသားမျိုးနွယ်သည် မိမိကိုယ်ကိုယ်- ငါတို့သည် အဘယ်ကြောင့် အသက်ရှင်ကြသနည်း။ အဘယ်ကြောင့် သေကြရသနည်း။ ဤကမ္ဘာလောကကို မည်သူ ကွပ်ကဲ အုပ်ချုပ်သနည်း။ ဤလူသားမျိုးနွယ်ကို မည်သူ ဖန်ဆင်းခဲ့သနည်း။ လူသားမျိုးနွယ်ကို သဘာဝတရားမိခင်က အမှန်တကယ် ဖန်ဆင်းခဲ့သလော။ လူသားမျိုးနွယ်သည် မိမိ၏ကံကြမ္မာကို အမှန်တကယ် ထိန်းချုပ်သလော...ဟု မမေးဘဲ မနေနိုင်ပေ။ နှစ်ပေါင်းထောင်ပေါင်းများစွာကြာ လူသားမျိုးနွယ်က မရပ်မနား မေးကြပြီးဖြစ်သည့် မေးခွန်းများ ရှိလေသည်။ အကြောင်းအပေါင်း မသင့်၍၊ လူသားမျိုးနွယ်သည် ဤမေးခွန်းများကို သာ၍ စွဲလမ်းလာလေလေ၊ သိပ္ပံပညာကို ဆာငတ်မှုတစ်ခု သာ၍ဖြစ်ပေါ်လေ ဖြစ်သည်။ သိပ္ပံပညာသည် ခဏတာ ကျေနပ်အားရခြင်းနှင့် အသွေးအသား၏ ယာယီပျော်ရွှင်မှုကို ပေးသော်လည်း၊ လူသားကို အဖော်မဲ့ခြင်း၊ အထီးကျန်ခြင်းနှင့် သူ၏ စိတ်ဝိညာဉ်အတွင်းနက်နက်ရှိ မလုံ့တလုံဖြစ်နေသော ကြောက်ရွံ့မှုနှင့် အကူအညီမဲ့နေခြင်းတို့မှ လွတ်မြောက်စေဖို့ လုံလောက်ရန် ဝေးပါသေးသည်။ လူသားမျိုးနွယ်သည် ပကတိမျက်လုံးဖြင့် မြင်နိုင်ပြီး သူ၏ ဦးနှောက်ဖြင့် နားလည်နိုင်သည့် သိပ္ပံပညာအသိကို မိမိ၏နှလုံးသားအား ထုံစေရန်အလို့ငှာ သုံးရုံမျှ အသုံးပြုလေသည်။ သို့ရာတွင် ထိုသို့သော သိပ္ပံပညာအသိသည် လူသားမျိုးနွယ်အား နက်နဲမှုများကို စူးစမ်းလေ့လာခြင်းမှ ရပ်တန့်စေဖို့ မလုံလောက်ပေ။ လူသားမျိုးနွယ်သည် လူသားမျိုးနွယ်၏အစနှင့် အနာဂတ်တို့ကို မဆိုထားနှင့်၊ စကြဝဠာနှင့် အရာခပ်သိမ်း၏ အချုပ်အခြာ အာဏာရှင် မည်သူဖြစ်သည်ကိုပင် တကယ်ကို မသိပေ။ လူသားမျိုးနွယ်သည် ဤနိယာမအလယ်တွင် မတတ်သာ၍ အသက်ရှင်ရုံမျှ ရှင်လေသည်။ အရာခပ်သိမ်းအလယ်နှင့် ကောင်းကင်တွင် ကမ္ဘာအဆက်ဆက် အရာရာတိုင်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသောသူ တစ်ဦးသာ ရှိသည့်အတွက်၊ မည်သူမျှ ယင်းကို မလွတ်မြောက်နိုင်သကဲ့သို့ မည်သူမျှ မပြောင်းလဲနိုင်ပေ။ သူသည် လူသားက မည်သည့်အခါမျှ မရှုမြင်ဖူးသောသူ၊ လူသားမျိုးနွယ်က မည်သည့်အခါမျှ မသိဖူးသူ၊ ၎င်းတည်ရှိခြင်းကို လူသားမျိုးနွယ်က မည်သည့်အခါမျှ မယုံကြည်ဖူးသူ ဖြစ်သည်- သို့ရာတွင် သူသည် လူသားမျိုးနွယ်၏ ဘိုးဘေးများအထဲ ဇီဝအသက်ကို မှုတ်သွင်းခဲ့ပြီး လူသားမျိုးနွယ်ကို အသက်ပေးခဲ့သူဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို တည်ရှိခွင့်ပေးလျက်၊ ထောက်ပံ့ကာ အားဖြည့်ပေးသူ ဖြစ်ပြီး၊ သူသည် လူသားမျိုးနွယ်ကို မျက်မှောက်ခေတ်အထိ လမ်းပြပြီးသူ ဖြစ်သည်။ ထို့အပြင် သူတစ်ပါးတည်းသာ လူသားမျိုးနွယ်က ရှင်သန်နေခြင်းအတွက် အားထားသည့်သူ ဖြစ်သည်။ သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာ အာဏာ စွဲကိုင်ပြီး၊ စကြဝဠာထဲရှိ သက်ရှိသတ္တဝါအားလုံးကို အုပ်စိုးလေသည်။ သူသည် ရာသီလေးပါးကို ကွပ်ကဲအုပ်ချုပ်ပြီး လေ၊ ဆီးနှင်းခဲ၊ နှင်းနှင့် မိုးတို့ကို ခေါ်သောသူမှာ သူဖြစ်သည်။ သူသည် လူသားမျိုးနွယ်ထံ နေရောင် ဆောင်ကြဉ်းပေးပြီး၊ ညကို ဖွင့်လှစ် ပေးလေသည်။ သူသည် လူသားကို တောင်များ၊ ရေကန်များ၊ မြစ်များနှင့် ၎င်းတို့အတွင်းရှိ သက်ရှိအားလုံးကို ထောက်ပံ့ပေးရင်း၊ ကောင်းကင်နှင့် မြေကြီးကို ခင်းကျင်းသူ ဖြစ်သည်။ သူ၏ လုပ်ဆောင်ချက်များသည် နေရာတိုင်းတွင်ရှိ၏၊ သူ၏တန်ခိုးသည် နေရာတိုင်းတွင် ရှိ၏၊ သူ၏ ဉာဏ်ပညာသည် နေရာတိုင်းတွင်ရှိပြီး၊ သူ၏ ဩဇာအာဏာသည် နေရာတိုင်းတွင်ရှိ၏။ ဤနိယာမနှင့် စည်းမျဉ်းအသီးသီးသည် သူ၏ လုပ်ဆောင်ချက်များ၏ ပြယုဂ်ဖြစ်ပြီး အသီးသီးသည် သူ၏ဉာဏ်ပညာနှင့် တန်ခိုးတို့ကို ထုတ်ဖော်ပြသသည်။ အဘယ်သူသည် သူ၏ အချုပ်အခြာအာဏာမှ ကင်းလွတ်နိုင်သနည်း။ ပြီးလျှင် သူ၏ အကြံအစည်များမှ အဘယ်သူသည် မိမိကိုယ်ကိုယ် ထုတ်ပစ်နိုင်သနည်း။ သူ၏အကြည့်အောက်တွင် အရာခပ်သိမ်းတည်ရှိပြီး၊ ထို့အပြင် အရာခပ်သိမ်းသည် သူ၏ အချုပ်အခြာအာဏာ အောက်တွင် အသက်ရှင်လေသည်။ သူ၏ လုပ်ဆောင်ချက်များနှင့် တန်ခိုးတို့က လူသားမျိုးနွယ်အား သူသည် အမှန်တကယ် တည်ရှိပြီး အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်သည်ကို အသိအမှတ်ပြုရုံကလွဲ၍ အခြား ရွေးချယ်စရာမရှိဘဲ ဖြစ်ရစ်စေလေသည်။ သူမှလွဲ၍ မည်သည့်အရာမျှ ဤလူသားမျိုးနွယ်ကို မပြီးနိုင်မဆုံးနိုင် ထောက်ပံ့ပေးဖို့ မဆိုထားနှင့်၊ စကြဝဠာကိုပင် မကွပ်ကဲမအုပ်ချုပ်နိုင်ပေ။ သင်သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သတိပြုနိုင်သည်ဖြစ်စေ၊ သတိမပြုနိုင်သည် ဖြစ်စေ၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ သင်၏ ကံကြမ္မာကို ဘုရားသခင် ပိုင်းဖြတ်သည်မှာ သေချာပြီး၊ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ အမြဲ စွဲကိုင်ထားမည်မှာ သေချာပေသည်။ သူ၏ တည်ရှိခြင်းနှင့် ဩဇာအာဏာတို့သည် လူသား၏ သတိပြုခံရကာ နားလည်ခြင်း ရှိမရှိဆိုသည့်အပေါ် အခြေမခံပေ။ သူသာလျှင် လူသား၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို သိပြီး၊ သူသာလျှင် လူသားမျိုးနွယ်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သည်။ ဤအချက်ကို သင်လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ ဤအရာအားလုံးကို လူသားမျိုးနွယ်က မိမိ၏မျက်စိဖြင့် မျက်မြင်ကြုံရမည့် အချိန်သည် ကြာမြင့်လိမ့်မည်မဟုတ်သကဲ့သို့၊ ဤသည်မှာ ဘုရားသခင်က မကြာမီ ကျရောက်စေမည့်အချက် ဖြစ်သည်။ ဘုရားသခင်၏ မျက်စိအောက်တွင် လူသားမျိုးနွယ်သည် အသက်ရှင်ကာ သေဆုံးကြရသည်။ လူသားသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် အသက်ရှင်ဖြစ်ပြီး နောက်ဆုံးအကြိမ် ၎င်းတို့မျက်စိမှိတ်သည့်အခါသည်လည်း ဤစီမံခန့်ခွဲမှု အတွက်ပင် ၎င်းတို့ မှိတ်ကြခြင်း ဖြစ်သည်။ လူသားသည် ထပ်ခါတလဲလဲ ခေါက်တုံ့ခေါက်ပြန် သွားလိုက်လာလိုက် ဖြစ်သည်။ ထိုအရာအားလုံးမှာ ခြွင်းချက်မရှိ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ၏ အကြံအစည်တို့၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် မည်သည့်အခါတွင်မျှ မရပ်တန့်ပေ။ ယင်းသည် မရပ်မနား တိုးတက်နေသည်။ သူသည် လူသားမျိုးနွယ်အား သူ၏ တည်ရှိခြင်းကို သိစေလိမ့်မည်၊ သူ၏ အချုပ်အခြာအာဏာကို ယုံကြည်ကိုးစားစေလိမ့်မည်၊ သူ၏လုပ်ဆောင်ချက်များကို ရှုမြင်စေလိမ့်မည်ဖြစ်ပြီး သူ၏နိုင်ငံတော်သို့ ပြန်လာစေလိမ့်မည်ဖြစ်သည်။ ဤသည်မှာ သူ၏အစီအစဉ်ဖြစ်ပြီး နှစ်ထောင်ချီကြာ သူ စီမံခန့်ခွဲနေပြီးဖြစ်သည့် အမှု ဖြစ်သည်။

ဘုရားသခင်၏စီမံခန့်ခွဲခြင်း အမှုသည် ကမ္ဘာလောကို ဖန်ဆင်းခြင်းတွင် စတင်ခဲ့ပြီး၊ လူသားသည် ဤအမှု၏ ဗဟိုအချက်အချာတွင် ရှိလေသည်။ ဘုရားသခင်၏ အရာခပ်သိမ်း ဖန်ဆင်းခြင်းသည် လူသားအတွက်ဖြစ်သည်ဟု ပြော၍ရပေသည်။ သူ၏ စီမံခန့်ခွဲခြင်း အမှုသည် နှစ်ထောင်ချီ လွှမ်းခြုံပြီး၊ မိနစ် သို့မဟုတ် စက္ကန့်မျှ အချိန်အတွင်း၊ သို့မဟုတ် မျက်စိတစ်မှိတ် သို့မဟုတ် တစ်နှစ်၊ နှစ်နှစ်အတွင်း လုပ်ဆောင်ခဲ့ခြင်းမဟုတ်ပေ၊ သူသည် လူသားမျိုးနွယ်၏ ရှင်သန်မှုအတွက် လိုအပ်သည့် နေ၊ လ၊ သက်ရှိ သတ္တဝါမျိုးစုံ၊ အစားအစာနှင့် သာတောင့်သာယာရှိသော ပတ်ဝန်းကျင်ကဲ့သို့သော နောက်ထပ် အမှုအရာများကို ဖန်ဆင်းခဲ့ရသည်။ ဤသည်မှာ ဘုရားသခင်၏စီမံခန့်ခွဲမှု အစ ဖြစ်ပေသည်။

ထို့နောက်တွင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို စာတန်ထံ လွှဲအပ်နှံခဲ့ပြီး၊ လူသားသည် စာတန်၏ ပိုင်နက်အောက် အသက်ရှင်ခဲ့ရသည်၊ ယင်းက ဘုရားသခင်အမှု၏ ပထမဆုံးခေတ်- ပညတ်တော်ခေတ်၏ အဖြစ်အပျက်သို့ ဖြည်းဖြည်းချင်း ဆိုက်ရောက်သွားစေခဲ့သည်။ ပညတ်တော်ခေတ် အတောအတွင်း နှစ် နှစ်ထောင် သုံးထောင် တစ်လျှောက်အတောအတွင်းတွင်၊ လူသားမျိုးနွယ်သည် ပညတ်တော်ခေတ်၏ လမ်းပြမှုဖြင့် ကျင့်သားရလာခဲ့ပြီး၊ ယင်းကို အလေးမမူခဲ့ပေ။ လူသားသည် ဘုရားသခင်၏ စောင့်ရှောက်မှုကို တဖြည်းဖြည်းနှင့် စွန့်ခွာခဲ့သည်။ ထို့ကြောင့် ပညတ်တော်ကို လိုက်လျှောက်နေစဉ်တွင်၊ ၎င်းတို့သည် ရုပ်တုဆင်းတုများကိုလည်း ကိုးကွယ်ခဲ့ကြပြီး၊ မကောင်းမှုများကိုလည်း ကျူးလွန်ခဲ့ကြသည်။ ၎င်းတို့သည် ယေဟောဝါ၏ ကွယ်ကာမှု မရှိခဲ့ကြသကဲ့သို့၊ ၎င်းတို့၏ အသက်တာများကို ဗိမာန်တော်ထဲက ယဇ်ပလ္လင်ရှေ့တွင် အသက်ရှင်ရုံမျှ ရှင်ခဲ့ကြသည်။ အမှန်တွင် ဘုရားသခင်၏ အမှုသည် ၎င်းတို့ကို အချိန်ကြာမြင့်စွာက စွန်ခွာခဲ့ပြီးဖြစ်ကာ၊ ဣသရေလတို့သည် ပညတ်တော်ကို ဆက်လက် ဖက်တွယ်ဆဲဖြစ်ပြီး ယေဟောဝါ၏ အမည်ကို ပြောဆိုကာ ၎င်းတို့သာလျှင် ယေဟောဝါ၏ လူများဖြစ်ပြီး ယေဟောဝါ၏ ရွေးချယ်ခံရသည့် လူများဖြစ်သည်ဟုပင် ဂုဏ်ယူစွာ ယုံကြည်ကြသော်လည်း၊ ဘုရားသခင်၏ ဘုန်းအသရေသည် ၎င်းတို့ကို တိတ်တဆိတ် စွန့်ပစ်ခဲ့ပြီးဖြစ်သည်။...

ဘုရားသခင်သည် သူ၏ အမှုကို လုပ်ဆောင်သည့်အခါ၊ သူသည် တစ်နေရာကို အမြဲ တိတ်တဆိတ် စွန့်ခွာပြီး၊ နောက်တစ်နေရာတွင် သူ စတင်သည့် အမှုသစ်ကို ညင်သာစွာ ဆောင်ရွက်လေသည်။ ဤသည်မှာ ထုံထိုင်းနေသော လူတို့အတွက် မယုံကြည်နိုင်စရာဖြစ်နေသည်။ လူတို့သည် ဟောင်းသော အရာကို အမြဲ တန်ဖိုးထားပြီး၊ ရင်းနှီးမှုမရှိသည့် အသစ်သောအရာအပေါ် မလိုမုန်းထားစိတ်ဖြင့် စောင့်ကြည့်ကြသည်၊ သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်စရာအဖြစ် မြင်ကြသည်။ ထို့ကြောင့် ဘုရားသခင်က မည်သည့်အမှုသစ်ကို လုပ်ဆောင်သည် ဖြစ်စေ အစမှအဆုံးထိ လူသားသည် အရာခပ်သိမ်းထဲတွင် ယင်းကို နောက်ဆုံးမှ သိရှိရလေသည်။

အမြဲဖြစ်ရိုးဖြစ်စဉ်အတိုင်း၊ ပညတ်တော်ခေတ်ထဲက ယေဟောဝါ၏ အမှုပြီးသည့်နောက်တွင်၊ ဘုရားသခင်သည် ဒုတိယအဆင့်နှင့်ဆိုင်သည့် သူ၏အမှုကို စတင်ခဲ့သည်- လူ့ဇာတိကို ခံယူခြင်း- ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ကြာ လူသားအဖြစ် လူ့ဇာတိခံယူခြင်းနှင့်- ယုံကြည်သူများအလယ် စကားပြောခြင်းနှင့် သူ၏ အမှုကို လုပ်ဆောင်ခြင်းတို့ ဖြစ်သည်။ သို့ရာတွင် ခြွင်းချက်မရှိ၊ ယင်းကို မည်သူမျှမသိခဲ့သကဲ့သို့၊ သခင်ယေရှုက ကားတိုင်တွင် သံမှိုရိုက်ခံခဲ့ရကာ ရှင်ပြန်ထမြောက် ပြီးနောက်တွင် သူသည် လူ့ဇာတိခံ ဘုရားသခင်ဖြစ်ခဲ့သည်ကို လူအရေအတွက် အနည်းငယ်ကသာ အသိအမှတ်ပြုခဲ့ကြသည်။ ပြဿနာမှာ ပေါလုဟု ခေါ်သည့် ဘုရားသခင်ကို အသေအကြေမုန်းသူအဖြစ် မိမိကိုယ်ကိုယ် သတ်မှတ်ခဲ့သူတစ်ဦး ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။ သူသည် ဒဏ်ခတ်ခံခဲ့ရပြီး တမန်တော်တစ်ပါး ဖြစ်လာပြီးသည့်နောက်တွင်ပင် ပေါလုသည် သူ၏ သဘာဝဟောင်းကို မပြောင်းလဲခဲ့သကဲ့သို့၊ သူသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်း လမ်းကြောင်းအား ဆက်လက် လျှောက်လှမ်းခဲ့၏။ သူ အလုပ်လုပ်ခဲ့ချိန် အတောအတွင်းတွင်၊ ပေါလုသည် သြဝါဒစာ အများအပြားရေးသားခဲ့သည်။ အကြောင်းအပေါင်းမသင့်၍၊ နောင်မျိုးဆက်များသည် သူ၏သြဝါဒစာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအဖြစ် မွေ့လျော်ခဲ့ကြပြီး ဓမ္မသစ်ကျမ်းတွင်ပင် ထည့်သွင်းစေခဲ့ကြကာ၊ ဘုရားသခင်ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များနှင့် ရောထွေး သွားစေခဲ့ကြသည်။ ဤသည်မှာ သမ္မာကျမ်းစာ ပေါ်ထွန်းလာကတည်းမှစ၍ အကြွင်းမဲ့ ဂုဏ်အသရေပျက်ခြင်း တစ်ခု ဖြစ်ပြီးဖြစ်သည်။ ဤသည်မှာ လူသား၏ အဆုံးစွန် မိုက်မဲမှုကြောင့် ကျူးလွန်မိခဲ့သည့် အမှား မဟုတ်ခဲ့ပါသလော။ ကျေးဇူးတော်ခေတ်ထဲက ဘုရားသခင်၏အမှုနှင့်ဆိုင်သည့် မှတ်တမ်းများတွင် လူ၏ သြဝါဒစာများ သို့မဟုတ် ဝိညာဉ်ရေးဆိုင်ရာ စာပေများသည် ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်များကို တူအောင်တုဖို့ ရှိမနေသင့်သည်ကို ၎င်းတို့ မသိကြချေ။ သို့ရာတွင် ဤသည်မှာ၊ ထို့ကြောင့် ငါတို့၏ မူလ အကြောင်းအရာသို့ ပြန်သွားကြပါစို့။ ဘုရားသခင်၏ အမှု ဒုတိယအဆင့် ပြည့်စုံခဲ့သည်နှင့်တစ်ပြိုင်နက်- ကားစင်တင်ခံရခြင်းနောက်တွင်- လူသားကို အပြစ်မှ ပြန်ကယ်သည့် ဘုရားသခင်၏အမှု (ဆိုလိုသည်မှာ စာတန်၏ လက်မှ လူသားကို ကယ်ယူခြင်းဖြစ်သည်) ပြီးမြောက်သွားခဲ့သည်။ ထို့ကြောင့် ၎င်းအချိန်မှစ၍ လူသားမျိုးနွယ်သည် ၎င်း၏ အပြစ်များ ခွင့်လွှတ်ခံရရန် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံရန်သာ ရှိခဲ့သည်။ သဘောပြောရလျှင်၊ လူသား၏ အပြစ်များသည် သူ၏ ကယ်တင်ခြင်းရရှိခြင်းနှင့် ဘုရားသခင်၏ ရှေ့မှောက်လာရာတွင် အတားအဆီးတစ်ခု မဟုတ်တော့သကဲ့သို့၊ စာတန်က လူသားကို စွပ်စွဲရန် အသုံးပြုသည့် ဩဇာလည်း မဟုတ်တော့ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်ကိုယ်တိုင်သည် စစ်မှန်သည့် အမှုကို လုပ်ဆောင်ပြီးဖြစ်သောကြောင့်၊ အပြစ်နှင့်ပြည့်သည့် လူ့ဇာတိ သဏ္ဌာန်နှင့် နမူနာ ဖြစ်လာခဲ့ပြီးဖြစ်ကာ၊ ဘုရားသခင် ကိုယ်တိုင်သည် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ ဤနည်းဖြင့် လူသားသည် ကားတိုင်မှ သက်ဆင်းပြီး ဘုရားသခင် လူ့ဇာတိ- အပြစ်နှင့်ပြည့်သည့် ဤလူ့ဇာတိ ပုံသဏ္ဌာန်- မှတစ်ဆင့် ရွေးနုတ်ခံခဲ့ရကာ ကယ်တင်ခံခဲ့ရပေသည်။ ထို့ကြောင့် စာတန်၏ဖမ်းဆီးခြင်းခံရပြီးနောက်၊ လူသားသည် ဘုရားသခင် ရှေ့တွင် သူ၏ကယ်တင်ခြင်းကို လက်ခံခြင်းသို့ ခြေတစ်လှမ်း သာ၍နီးကပ်လာခဲ့သည်။ ဟုတ်ပေ၏၊ အမှု၏ ဤအဆင့်သည် ပညတ်တော်ခေတ်အတောအတွင်း ဘုရားသခင်၏ စီမံခန့်ခွဲမှုထက် သာ၍ နက်ရှိုင်းကာ သာ၍ တိုးတက်လေသည်။

ယင်းမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု ဖြစ်သည်- ဘုရားသခင်၏ ဖြစ်ခြင်းကို မသိသော၊ ဖန်ဆင်းရှင်၏ဖြစ်ခြင်းကို မသိသော၊ ဘုရားသခင်ကို မည်သို့ကိုးကွယ်ရမည်ကို မသိသော၊ သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံရန် အဘယ်ကြောင့် လိုအပ်သည်ကို မသိသော လူသားမျိုးနွယ်ကို စာတန်လက်သို့ လွှဲအပ်ပြီး စာတန်အား သူ့ကို ဖောက်ပြန်ပျက်စီးစေခွင့်ပေးခြင်း ဖြစ်သည်။ ထို့နောက် လူသားက ဘုရားသခင်ကို အပြည့်အဝ ကိုးကွယ်ပြီး စာတန်ကို ငြင်းပယ်သည်အထိ ဘုရားသခင်သည် တစ်ဆင့်ပြီးတစ်ဆင့် လူသားကို စာတန်လက်မှ ပြန်ယူလေသည်။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုဖြစ်သည်။ ဤသည်မှာ ဒဏ္ဍာရီ ပုံပြင်ဆန်သကဲ့သို့ ထင်ရပြီး၊ စိတ်ရှုပ်ဖွယ် ဖြစ်ပုံရလေသည်။ ၎င်းတို့သည် စကြဝဠာနှင့် အာကာသထဲတွင် အဖြစ်အပျက်ပေါင်း မည်မျှဖြစ်ပွားပြီးဖြစ်သည်ကို သိရန်မဆိုထားနှင့်၊ လွန်ခဲ့သည့် နှစ်ထောင်ချီအချို့အတွင်း လူသားထံ မည်မျှဖြစ်ပျက်ပြီး ဖြစ်သည်ကို အရိပ်အမြွက် မသိလေသောကြောင့်၊ လူတို့က ဤအရာကို ဒဏ္ဍာရီ ပုံပြင်တစ်ပုဒ်ကဲ့သို့ ထင်ကြလေသည်။ ထို့အပြင် ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ရုပ်ဝတ္ထု လောကကို ကျော်လွန်၍ တည်ရှိသော်လည်း၊ ၎င်းတို့၏ သေမျိုးဖြစ်သည့် မျက်လုံးများက မမြင်အောင် တားဆီးထားသည့် သာ၍ အံ့အားသင့်ဖွယ်၊ သာ၍ ကြောက်ရွံ့ဖွယ်ဖ ြစ်စေသော ကမ္ဘာလောကကို နားမလည်နိုင်ကြသောကြောင့် ဖြစ်သည်။ လူသည် လူသားမျိုးနွယ်ကို ဘုရားသခင်၏ ကယ်တင်ခြင်း၏ အရေးပါမှု သို့မဟုတ် သူ၏ စီမံခန့်ခွဲခြင်း အမှု၏ အရေးပါမှုနှင့်ဆိုင်သည့် သိနားလည်မှု မရှိသကဲ့သို့၊ ဘုရားသခင်က နောက်ဆုံးတွင် လူသားမျိုးနွယ်ကို မည်သို့ဖြစ်စေချင်သည်ကို နားမလည်သောကြောင့်၊ ယင်းမှာ လူသားဖို့ နားမလည်နိုင်စရာဟု ထင်ရပေသည်။ ယင်းသည် အာဒံနှင့် ဧဝတို့ ဖြစ်ခဲ့ကြသကဲ့သို့၊ စာတန်အားဖြင့် လုံးဝ ဖောက်ပြန်ပျက်စီးဖို့ ဖြစ်သလော။ မဟုတ်ပေ။ ဘုရားသခင်၏ စီမံခန့်ခွဲမှု ရည်ရွယ်ချက်မှာ ဘုရားသခင်ကို ကိုးကွယ်ပြီး သူ့ကို ကျိုးနွံနာခံသည့် လူတစ်စုကို ရရှိရန်ဖြစ်သည်။ ဤလူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးသော်လည်း၊ ၎င်းတို့သည် စာတန်ကို ၎င်းတို့၏ဖခင်ဟု မမြင်တော့ပေ။ စာတန်၏ ရွံရှာဖွယ် မျက်နှာကို ၎င်းတို့ သတိပြုမိကြပြီး ၎င်းကို ငြင်းပယ်ကြကာ၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုတို့ကို လက်ခံရန် ဘုရားသခင်ရှေ့သို့ လာကြလေသည်။ ၎င်းတို့သည် မည်သည့်အရာက အကျည်းတန်သည် ဆိုသည်နှင့် ယင်းသည် သန့်ရှင်းသည့်အရာနှင့် မည်သို့ ဆန့်ကျင်သည် ဆိုသည်တို့ကို သိရှိလာကြပြီး ဘုရားသခင်၏ ကြီးမြတ်မှုနှင့် စာတန်၏ ဆိုးယုတ်မှုတို့ကို သတိပြုမိလာကြလေသည်။ ဤသို့သော လူသားမျိုးနွယ်သည် စာတန်အတွက် အလုပ်မလုပ်တော့ပေ၊ သို့မဟုတ် စာတန်ကို မကိုးကွယ်ကြတော့ပေ၊ သို့မဟုတ် စာတန်ကို အမြတ်တနိုး မရှိကြတော့ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်က အမှန်တကယ် ရယူပြီးဖြစ်သည့် လူတစ်စုဖြစ်ကြသောကြောင့် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှု၏ အရေးပါမှုဖြစ်သည်။ ဤအချိန်ကာလနှင့်ဆိုင်သည့် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု အတောအတွင်းတွင်၊ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းနှစ်ခုလုံးကို ခံရသူတစ်ဦးပြီး၊ လူသားသည် ဘုရားသခင်နှင့် စာတန်တို့ တိုက်ခိုက်ကြရသည့် အကျိုးဖြစ်ပေသည်။ ဘုရားသခင်က သူ၏ အမှုကို ဆောင်ရွက်သည်နှင့်အမျှ၊ သူသည် လူသားကို စာတန်လက်မှ တဖြည်းဖြည်း ပြန်ယူနေပြီး၊ ထို့ကြောင့် လူသားသည် ဘုရားသခင်နှင့် ယခင်ထက် သာ၍ နီးကပ်လာပေသည်...

ထို့နောက် ကောင်းကင်နိုင်ငံတော်ခေတ် ရောက်လာသည်၊ ယင်းသည် အမှု၏ သာ၍ လက်တွေ့ကျသော အဆင့်ဖြစ်သော်လည်း၊ လူသားအတွက် လက်ခံရန် အခက်ခဲဆုံးလည်း ဖြစ်သည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူသားသည် ဘုရားသခင်နှင့် သာ၍ နီးကပ်လေလေ၊ ဘုရားသခင်၏ လှံတံသည် လူသားထံ သာ၍ ချဉ်းကပ်လေလေ ဖြစ်ပြီး၊ ဘုရားသခင်၏မျက်နှာကို လူသားထံ ရှင်းလင်းစွာ သာ၍ ထုတ်ဖော်ပြလေလေ ဖြစ်သောကြောင့် ဖြစ်သည်။ လူသားမျိုးနွယ်၏ ရွေးနုတ်ခြင်းနောက်တွင်၊ လူသားသည် ဘုရားသခင်၏ မိသားစုထံ တရားဝင် ပြန်သွားလေသည်။ လူသားက ယခုသည် ပျော်ရွှင်ခြင်း အချိန်ကာလဖြစ်သည်ဟု ထင်ခဲ့သော်လည်း၊ သူသည် မည်သူကမျှ ကြိုတင်မသိခဲ့သော ဘုရားသခင်၏ အပြည့်အဝ ထိပ်တိုက် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုကို ခံရလေသည်။ အမှန်တွင်တော့၊ ဤသည်မှာ ဘုရားသခင်၏လူတို့ “ပျော်မွေ့ရန်” ရှိသည့် ဗတ္တိဇံတစ်ရပ် ဖြစ်သည်။ ထိုသို့သော ဆက်ဆံမှုအောက်တွင် လူတို့သည် ရပ်တန့်ကာ၊ “ငါသည် ဘုရားသခင်က ပြန်ဝယ်ယူရန် များလှစွာ အကုန်အကျခံခဲ့သည့် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သော သိုးသငယ်ဖြစ်သည်၊ သို့ဆိုလျှင် ဘုရားသခင်သည် ငါ့ကို အဘယ်ကြောင့် ဤသို့ဆက်ဆံသနည်း။ ယင်းမှာ ငါ့ကို ဘုရားသခင် လှောင်ပြောင်ခြင်းနှင့် ငါ့ကို ထုတ်ဖော်ခြင်း နည်းလမ်းဖြစ်သလော။...” ဟု မိမိဘာသာ စဉ်းစားဖို့မှအပ အခြား ရွေးချယ်စရာ မရှိပေ။ နှစ်ကာလများစွာ ကျော်လွန်ပြီးနောက် လူသားသည် စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အခက်အခဲကို တွေ့ကြုံရလျက်၊ ရာသီဥတု ဒဏ်မပြတ်ခံထားလာရပြီး ဖြစ်သည်။ လူသည် အတိတ်အချိန်ကာလများ၏ “ဘုန်းအသရေ”နှင့် “ကြည်နူးဆွတ်ပျံ့ဖွယ်ရာ” တို့ ပျောက်ဆုံးသွားပြီး ဖြစ်သော်လည်း၊ သူသည် မသိလိုက်ဘဲနှင့် လူသား အပြုအမူနှင့်ဆိုင်သည့် အခြေခံသဘောတရားများကို နားလည်လာပြီး ဖြစ်ကာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအဖို့ ဘုရားသခင်၏ နှစ်ပေါင်းများစွာ ဆက်ကပ်မြှုပ်နှံမှုကို အသိအမှတ်ပြုလာရပြီးဖြစ်သည်။ လူသားသည် တဖြည်းဖြည်းနှင့် ၎င်းကိုယ်တိုင်၏ ရိုင်းစိုင်းမှုကို စတင် စက်ဆုပ်ရွံရှာလေသည်။ သူ မည်မျှရိုင်းစိုင်းသည်၊ ဘုရားသခင်အပေါ် သူ၏ အထင်လွဲမှားမှုများအားလုံးနှင့် ဘုရားသခင်ထံ သူပြုခဲ့သည့် မလျော်ကန်သော တောင်းဆိုချက်များကို စတင်မုန်းတီးလေသည်။ အချိန်သည် နောက်ပြန်လှည့်၍မရပေ။ အတိတ်က အဖြစ်အပျက်များသည် လူသား၏ နောင်တရစရာ အမှတ်တရများ ဖြစ်လာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ချစ်ခြင်းမေတ္တာတို့သည် လူသား၏ဘဝသစ်တွင် တွန်းအား ဖြစ်လာလေသည်။ တစ်နေ့ပြီးတစ်နေ့ လူသား၏ ဒဏ်ရာဒဏ်ချက်များ ပျောက်ကင်းသည်၊ သူ၏ ခွန်အားပြန်ရှိလာပြီး သူသည် မတ်တတ်ရပ်ကာ အနန္တတန်ခိုးရှင်၏ မျက်နှာကို ဖူးမျှော်လေသည်...သူသည် မိမိ၏နံဘေးတွင် အမြဲရှိကြောင်းနှင့် သူ၏အပြုံးနှင့် သူ၏ လှပသောမျက်နှာတို့သည် လွန်စွာ လှုပ်ရှားစေနိုင်ဆဲ ဖြစ်ကြောင်းတို့ကိုသာ တွေ့ရပေသည်။ သူ၏စိတ်နှလုံးသည် သူ ဖန်ဆင်းခဲ့သော လူသားမျိုးနွယ်အတွက် ပူပန်မှုများ ပွေ့ပိုက်ဆဲဖြစ်ပြီး သူ၏လက်များသည် အစအဦးကကဲ့သို့ နွေးထွေးပြီး တန်ခိုးရှိနေဆဲဖြစ်သည်။ ယင်းမှာ လူသားက ဧဒင်ဥယျာဉ်သို့ ပြန်သွားခဲ့သည့်အလား ဖြစ်သည်၊ သို့သော် ဤအကြိမ်တွင် မြွေ၏ ဖြားယောင်းသွေးဆောင်မှုများကို လူသားက နားမထောင်တော့ သကဲ့သို့၊ ယေဟောဝါ၏ မျက်နှာမှ လှည့်ထွက် မသွားတော့ပေ။ လူသည် ဘုရားသခင် ရှေ့မှောက်တွင် ဒူးထောက်၏၊ ဘုရားသခင်၏ ပြုံးနေသော မျက်နှာကို မော်ဖူးပြီး သူ၏အဖိုးတန်ဆုံးယဇ်ကို ပူဇော်လေသည်- အို၊ ကျွန်ုပ်၏သခင်။ ကျွန်ုပ်၏ ဘုရားသခင်။

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာသည် သူ့စီမံခန့်ခွဲခြင်း အမှု၏ အသေးစိတ်တစ်ခုစီတိုင်းကို စိမ့်ဝင်ပျံ့နှံ့ပြီး လူတို့အနေဖြင့် ဘုရားသခင်၏ ကောင်းမွန်သော ရည်ရွယ်ချက်များကို နားလည်နိုင်သည် ဖြစ်စေ၊ နားမလည်နိုင်သည်ဖြစ်စေ၊ ဘုရားသခင်သည် ပြီးမြောက်ရန် စီစဉ်ထားသည့် အမှုကို မမောနိုင်မပန်းနိုင် လုပ်ဆောင်နေဆဲဖြစ်သည်။ ဘုရားသခင်၏စီမံခန့်ခွဲမှုကို လူတို့ မည်မျှနားလည်သည်ဖြစ်စေ၊ ဘုရားသခင်၏ အမှုက လူသားထံ ဆောင်ကြဉ်းခဲ့သည့် အကူအညီနှင့် အကျိုးကျေးဇူးများကို အယောက်တိုင်း နားလည်နိုင်ပေသည်။ ဤနေ့တွင်၊ သင်သည် ဘုရားသခင် ပေးထားသော မည်သည့် ချစ်ခြင်းမေတ္တာနှင့် အသက်ကိုမျှ ခံစားရကောင်း ခံစားရမည်မဟုတ်သော်လည်း၊ ဘုရားသခင်ကို သင် မစွန့်လွှတ်သကဲ့သို့ သမ္မာတရားကို လိုက်စားရန် သင်၏ ဆုံးဖြတ်ချက်အပေါ် လက်မလျှော့သရွေ့၊ ဘုရားသခင်၏အပြုံး သင့်ထံ ပေါ်ထွက်လာသည့် တစ်နေ့ ရှိလာလိမ့်မည်။ အကြောင်းမှာ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု၏ ရည်မှန်းချက်မှာ စာတန်၏ အုပ်စိုးမှုအောက်ရှိသည့် လူတို့ကို ပြန်ယူရန်ဖြစ်ပြီး၊ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံထားရပြီးဖြစ်ကာ ဘုရားသခင်ကို ဆန့်ကျင်သည့် လူတို့ကို စွန့်ပစ်ဖို့ မဟုတ်သည့်အတွက် ဖြစ်ပေသည်။

၂၀၀၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်

အရှေ့သို့- ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏

နောက်တစ်ခုသို့- လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်

ငါတို့၏ဖြစ်တည်မှုအလုံးစုံသည် ဘုရားသခင်ထံမှလာပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် တည်ရှိသည့်အတွက်၊ လူသားမျိုးနွယ်ဝင်များနှင့်...

အမှုတော်နှင့် ဝင်ရောက်ခြင်း (၆)

အမှုတော်နှင့် ဝင်ရောက်မှုသည် ပင်ကိုအားဖြင့် လက်တွေ့ကျသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်နှင့် လူသား၏ ဝင်ရောက်မှုကို ရည်ညွှန်းသည်။...

အမျက်ဒေါသကျရောက်မည့်နေ့ကို အသွေးအသားနှင့် စပ်ဆိုင်သောသူ အဘယ်သူမျှ မလွတ်မြောက်နိုင်

သင်တို့ကိုယ်တိုင် အသက်ရှင်ကျန်ရစ်ရန်၊ ငါ့လုပ်ငန်း ဆောင်တာ များလည်း ချောမွေ့စွာ အခြေအနေတိုးတက်လာရန်၊ တိုင်းနိုင်ငံ အသီးသီးရှိ လူများထံသို့...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်— ကယ်တင်ရှင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်