၄၂၁ သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်ကိုရရန် သင်၏ စိတ်နှလုံးကို ဆုတောင်းချက်၌ ဖွင့်ဟလော့
၁ သင်တို့အတွက် ဆုတောင်းခြင်းသည် အရေးကြီးဆုံး ဖြစ်၏။ သင်ဆုတောင်းပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ရရှိသည့်အခါတွင်၊ သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ တို့ထိခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ချစ်ရန်ခွန်အား ပေါ်ထွက်လာလိမ့်မည်။ သင်၏စိတ်နှလုံးဖြင့် ဆုမတောင်းပါက၊ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ရန် သင် ရင်မဖွင့်ပါက၊ ဘုရားသခင်သည် သင့်ထဲတွင် အလုပ်လုပ်လိမ့်မည် မဟုတ်။ မည်သူမျှ ဘုရားသခင်နှင့် မိတ်သဟာယမဖွဲ့ဘဲ မနေနိုင်ချေ။ ဆုတောင်းခြင်း မရှိပါက၊ သင်သည် ဇာတိပကတိ၌၊ စာတန်၏ ကျေးကျွန်ဘဝတွင် အသက်ရှင်နေခြင်း ဖြစ်သည်။ စစ်မှန်သည့် ဆုတောင်းခြင်း မရှိပါက၊ သင်သည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ပေသည်။ အသင် ညီအစ်ကို မောင်နှမတို့သည် နေ့စဉ်နေ့တိုင်း စစ်မှန်သော ဆုတောင်းခြင်းကို ပြုနိုင်လိမ့်မည်ဟု ငါမျှော်လင့်၏။ ဤသည်မှာ စည်းကမ်းများကို လိုက်နာခြင်းအကြောင်းမဟုတ်ဘဲ၊ ရလဒ်တစ်ခုခုကို ရရှိခြင်းအကြောင်း ဖြစ်သည်။
၂ လူကို ဘုရားသခင် တောင်းဆိုသည့် အနိမ့်ဆုံးစံနှုန်းမှာ လူသားသည် မိမိ၏ စိတ်နှလုံးကို သူ့အား ဖွင့်ပြနိုင်ဖို့ ဖြစ်သည်။ လူသားသည် သူ၏ စစ်မှန်သည့် နှလုံးသားကို ဘုရားသခင်အား ပေးပြီး သူ့နှလုံးသားထဲတွင် ဧကန်အမှန် ရှိသည့် အရာကို ဘုရားသခင်အား ပြောပါက၊ ဘုရားသခင်သည် သူ့အထဲတွင် လုပ်ဆောင်ရန် လိုလိုလားလား ရှိပေသည်။ ဘုရားသခင် ဆန္ဒရှိသည့်အရာမှာ လူသား၏ ဖောက်ပြန်သော နှလုံးသား မဟုတ်ဘဲ၊ ဖြူစင်ပြီး ရိုးသားသည့် နှလုံးသားဖြစ်သည်။ လူသားသည် ဘုရားသခင်ကို မိမိ၏စိတ်နှလုံးမှ စကားမပြောပါက၊ ဘုရားသခင်သည် သူ၏ စိတ်နှလုံးကို တို့ထိလိမ့်မည် မဟုတ်၊ သို့မဟုတ် သူ့အထဲတွင် လုပ်ဆောင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ဆုတောင်းခြင်း၏ အခရာမှာ ဘုရားသခင်ကို သင်၏ စိတ်နှလုံးမှ စကားပြောခြင်း၊ သင်၏ အားနည်းချက်များ သို့မဟုတ် ပုန်ကန်တတ်သည့် စိတ်သဘောထားကို သူ့အားပြောပြခြင်း၊ သူ၏ရှေ့မှောက်တွင် မိမိကိုယ်ကိုယ် လုံးဝ ဖွင့်ပြခြင်းတို့ ဖြစ်သည်။ ထိုအခါမှသာ ဘုရားသခင်က သင်၏ ဆုတောင်းချက်များကို စိတ်ဝင်စားမည်ဖြစ်သည်၊ သို့မဟုတ်ပါက သူ၏မျက်နှာကို သင့်ထံမှ ဖုံးကွယ်လိမ့်မည်ဖြစ်သည်။
၃ ဆုတောင်းခြင်းအတွက် အနိမ့်ဆုံး စံသတ်မှတ်ချက်မှာ သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏စိတ်နှလုံးကို ငြိမ်သက်စွာ ထားနိုင်ရမည်ဖြစ်ပြီး၊ ထိုငြိမ်သက်ခြင်းက ဘုရားထံမှ ခွဲခွာမသွားရပေ။ ဤအဆင့်အတွင်းတွင် သင်သည် သာ၍ သစ်လွင် သို့မဟုတ် သာ၍ မြင့်မားသည့် ထိုးထွင်းသိမြင်မှုကို မရရှိဘဲ ဖြစ်နိုင်သည်၊ သို့သော် ထိုအခါ သင်သည် သင်၏ ရှိရင်းစွဲ အခြေအနေကို ထိန်းသိမ်းဖို့ ဆုတောင်းရမည်- သင် မဆုတ်ယုတ်ရပေ။ ဤသည်မှာ သင် အနည်းဆုံး ရရှိရမည့် အရာဖြစ်သည်။ ဝိညာဉ်ရေးရာ အသက်တာထဲသို့ ဝင်ရောက်ပြီးခြင်း ရှိ၊ မရှိဆိုသည့် လက္ခဏာရပ်တစ်ခုမှာ သင်၏ ဆုတောင်းခြင်းများသည် လမ်းကြောင်းမှန်ပေါ်တွင် ရှိ၊ မရှိဆိုသည်ကို ကြည့်ဖို့ဖြစ်သည်။ လူအားလုံးသည် ဤလက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ရမည်။ ၎င်းတို့အားလုံးသည် မလှုပ်မယှက် စောင့်ဆိုင်းခြင်းမရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို သတိရှိရှိ ရှာဖွေရင်း၊ ဆုတောင်းခြင်းတွင် မိမိတို့ကိုယ်ကိုယ် သတိရှိရှိ လေ့ကျင့်ခြင်း အလုပ်ကို လုပ်ဆောင်ရမည်။ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသည့် လူများ ဖြစ်ပေလိမ့်မည်။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်