ဘုရားသခင်ကို အထင်လွဲခြင်းဖြစ်ရသည့် ကျွန်မ၏ ပူပန်သောက နေ့ရက်များ

26.11.2024

ကျွန်မက ၂၀၁၇ ခုနှစ်မှာ အသင်းတော်ခေါင်းဆောင်တစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ပထမတော့ ကိုယ့်တာဝန်မှာ ရလဒ်နည်းနည်း ထွက်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်မက အဆင့်အတန်းဆိုတဲ့ ကောင်းချီးကို မက်ပြီး၊ တကယ့်အလုပ်ကို မလုပ်မိတော့ဘူး။ ကိုယ်က အစွမ်းအစ နည်းတယ်၊ လုပ်ငန်းပိုင်း ကျွမ်းကျင်မှုတွေကို နားမလည်နိုင်ဘူးဆိုတဲ့ ဆင်ခြေကို သုံးပြီး၊ အသင်းတော်အလုပ်ကိုလည်း ဆက်မလုပ်ဖြစ်တော့ဘူး။ အထက်က ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အစ်မဂျူလီယာက ကျွန်မကို အလုပ်အကြောင်း မေးတဲ့အခါ၊ ကျွန်မက ဘာမှကို မဖြေနိုင်ခဲ့ဘူး။ ညီအစ်ကိုမောင်နှမတွေ သူတို့တာဝန်တွေကို ထမ်းဆောင်တဲ့နေရာမှာ ရင်ဆိုင်ရတဲ့ တကယ့်အခက်အခဲတွေကိုလည်း ကျွန်မက နားမလည်ခဲ့ဘူး။ ဒါနဲ့ ဂျူလီယာက ကျွန်မကို ကူညီဖို့အတွက် ကျွန်မရဲ့ပြဿနာတွေကို ထောက်ပြတယ်။ ဒါပေမဲ့ ကျွန်မက မပြောင်းလဲခဲ့ဘူး။ သူက ကျွန်မကို တကယ့်အလုပ်ကို မလုပ်ဘူး၊ ကိုယ့်တာဝန်မှာ လျော့ရဲတယ်၊ လှည့်ဖြားတတ်လွန်းတယ် စသဖြင့် ပြောပြီး၊ ကျွန်မကို သင်းထောက်တွေရှေ့မှာ ဖော်ထုတ်တဲ့အချိန်တွေ တစ်ခါ နှစ်ခါလောက် ရှိခဲ့တယ်။ ဂျူလီယာက ကျွန်မကို ဒုက္ခပေးဖို့၊ သူများတွေရှေ့မှာ ကျွန်မကို အရှက်ခွဲဖို့ ကြိုးစားနေတာပဲလို့ ကျွန်မ ထင်ခဲ့တယ်၊ ဒါနဲ့ ကျွန်မရဲ့စိတ်နှလုံးမှာ အတိုက်အခံဖြစ်လာရော။

တစ်ခါကျတော့ စည်းဝေးပွဲတစ်ခု လုပ်နေတုန်း၊ ကျွန်မက ဂျူလီယာရဲ့အလုပ်မှာ အမှားနည်းနည်း တွေ့တယ်၊ ဒါနဲ့ ကျွန်မလည်း ညီအစ်ကိုမောင်နှမတွေရှေ့မှာ သူ့ကို ဝေဖန်လိုက်မိတယ်။ ဒီကိစ္စကြောင့် သူတို့က သူ့ကို ခေါင်းဆောင်အတုအယောင်တစ်ယောက်လို့ မှားမှားယွင်းယွင်း ထင်ကုန်ကြရော။ ကျွန်မ လုပ်ခဲ့မိတာက အသင်းတော်ရဲ့အလုပ်ကို နှောင့်ယှက်ခဲ့တာပါ။ အဲဒီကိစ္စ ဖော်ထုတ်ခံလိုက်ရပြီးတော့မှ၊ ကျွန်မလည်း ခေါင်းဆောင်က ကျွန်မကို ပြုပြင်မှာ၊ ကျွန်မရဲ့တာဝန်ကို အပြောင်းအလဲလုပ်မှာကို စိုးရိမ်သွားတယ်။ ဒါနဲ့ ဂျူလီယာ့ဆီ မြန်မြန်သွားပြီး တောင်းပန်လိုက်တယ်။ ညီအစ်ကိုမောင်နှမတွေရှေ့မှာလည်း ကိုယ့်ကိုယ်ကိုယ် စိစစ်ပြီး ဆင်ခြင်သုံးသပ်ပြလိုက်တယ်။ ဒီကိစ္စက အဲဒီလောက်နဲ့ ပြီးသွားလိမ့်မယ်လို့ ကျွန်မက ထင်ခဲ့တာပါ။ ဒါပေမဲ့ တစ်ရက်နှစ်ရက်အကြာမှာ ကျွန်မရဲ့အထက်က ခေါင်းဆောင်တွေ ကျွန်မဆီ ရောက်လာကြတော့ ကျွန်မလည်း အံ့ဩသွားတယ်။ ကျွန်မက တကယ့်အလုပ်ကို လုပ်ဖို့ ပျက်ကွက်တာဟာ ကြီးကြီးမားမား ပေါ့ဆမှုကြီး ဖြစ်သွားပြီတဲ့၊ ကျွန်မက ပြုပြင်ခံရတာကို လက်မခံခဲ့သလို၊ တခြားလူတွေကိုလည်း တိတ်တိတ်လေး ပျက်စီးစေတယ်ဆိုပြီး ကျွန်မကို ပြောကြရော။ ဒါက အသင်းတော်ရဲ့အလုပ်ကို နှောင့်ယှက်နေတယ်ပေါ့။ အဲဒါကို ကြားရပြီးတဲ့နောက်မှာ ကျွန်မအနေနဲ့ အဲဒါကို လက်ခံလိုက်ဖို့ဆိုတာ တော်တော်ခက်တယ်၊ ကိုယ့်စိတ်နှလုံးထဲမှာလည်း ငြင်းခုံနေမိတယ်၊ ငါက တကယ့်အလုပ်ကို မလုပ်ချင်ခဲ့တာ မဟုတ်ဘူး၊ ငါ့အစွမ်းအစကိုက အဲဒါကို လုပ်ဖို့ ညံ့ဖျင်းလွန်းခဲ့တာပါ။ တခြားလူတွေကို တိတ်တိတ်လေး ဖျက်ဆီးနေတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ငါ့အမှားကို ဝန်ခံပြီးသွားပြီ။ ဂျူလီယာကို တောင်းပန်လိုက်တယ်၊ ညီအစ်ကိုမောင်နှမတွေရှေ့မှာ ကိုယ့်ဖောက်ပြန်ပျက်စီးမှုကို စိစစ်ပြလိုက်တယ်။ အဲဒါကို ဘာလို့ ရှင်တို့က ဒီကိစ္စကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားဦးမှာလဲ ပေါ့။ အဲဒီအချိန်မှာ သူတို့က ကျွန်မကို ဘယ်လိုပဲ မိတ်သဟာယဖွဲ့ဖွဲ့၊ ကျွန်မက လက်မခံနိုင်ခဲ့ဘူး။ အဲဒါနဲ့ ကျွန်မရဲ့အခြေအနေအရ ခေါင်းဆောင်တွေထဲက တစ်ယောက်က ဘုရားရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မကို ဖတ်ပြတယ်၊ “ညီအစ်ကိုမောင်နှမများအကြား မိမိတို့၏ အပျက်သဘောကို အစဉ်အမြဲ ဖွင့်ပြောသောသူများသည် စာတန်၏ အစေအပါးများဖြစ်ကြပြီး သူတို့သည် အသင်းတော်ကို အနှောင့်အယှက်ပေးကြ၏။ ထိုသို့သောလူများကို တစ်နေ့တွင် နှင်ထုတ်ပြီး ဖယ်ရှားရှင်းလင်းရမည်။ အကယ်၍ လူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံး မရှိပါက၊ ဘုရားသခင်ကို နာခံသော စိတ်နှလုံး မရှိပါက၊ ၎င်းတို့သည် ဘုရားသခင်အတွက် မည်သည့် အလုပ်ကိုမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ရုံသာမက၊ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်သောသူ ဖြစ်သွားမည် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို ကျိုးနွံနာခံခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း ရှိရမည့်အစား သူ့ကို ခုခံခြင်းသည် ယုံကြည်သူ တစ်ယောက်အတွက် အကြီးအကျယ်ဆုံး အရှက်ရဖွယ် ဖြစ်သည်။ အကယ်၍ ယုံကြည်သူများသည် မိမိတို့၏ အပြောအဆိုနှင့် အပြုအမူတို့၌ ဘာသာတရားမရှိသူများကဲ့သို့ပင် လေးနက်မှုမရှိဘဲ၊ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပါက၊ ၎င်းတို့သည် ဘာသာတရားမရှိသူများထက်ပင် ပို၍ ကောက်ကျစ်ဆိုးယုတ်ကြ၏။ ၎င်းတို့သည် သမားရိုးကျ နတ်ဆိုးများ ဖြစ်ကြလေသည်။ မိမိတို့၏ အဆိပ်ရှိ၍ မလိုမုန်းထားရှိသော အပြောအဆိုများကို အသင်းတော်အတွင်း ဖွင့်ပြောတတ်သူများ၊ ညီအစ်ကိုမောင်နှမများကြား ကောလာဟလများ ဖြန့်ကာ၊ စိတ်သဘော မတိုက်ဆိုင်ခြင်းကို ဆွပေးသောသူများနှင့် အုပ်စုများဖွဲ့သော သူတို့သည် အသင်းတော်မှ နှင်ထုတ်ခြင်း ခံခဲ့ရသင့်သည်။ သို့သော် ယခုသည် ဘုရားသခင်အမှု၏ ခြားနားသော ခေတ်ကာလဖြစ်သောကြောင့်၊ ၎င်းတို့သည် သေချာပေါက် ဖယ်ရှားရှင်းလင်းခြင်းခံရမည့်သူများ ဖြစ်သည့်အတွက် ဤလူများသည် ထိန်းချုပ်ခြင်း ခံရပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) ဂျူလီယာကို ဝေဖန်တာဟာ အသင်းတော်အလုပ်ကို တကယ်ပဲ အနှောင့်အယှက်တွေ ဖြစ်စေတယ်လို့ သိလိုက်ရတော့၊ ကျွန်မလည်း နားထောင်မိလေလေ၊ ကိုယ့်စိတ်နှလုံးထဲမှာ ပိုပြီး ကြောက်မိလေလေပေါ့။ ဒါပေမဲ့ “စာတန်၏ အစေအပါးများ”၊ “အသင်းတော်ကို အနှောင့်အယှက်ပေးကြ၏”၊ “နှင်ထုတ်”၊ “ဖယ်ရှားရှင်းလင်းရမည်” ဆိုတဲ့ စကားလုံးတွေကို ကြားရတဲ့အချိန်မှာ၊ ကျွန်မ အဲဒါတွေကို လက်မခံရဲခဲ့ဘူး။ လက်ခံလိုက်ရင် အကျိုးဆက်အနေနဲ့ ကျွန်မက ပြစ်တင်ရှုတ်ချခံရမှာ မဟုတ်ဘူးလားဆိုပြီး ကြောက်မိတယ်လေ။ အဲဒီလိုဆို ကျွန်မက ကယ်တင်ခြင်းကို ရနိုင်ပါဦးမလားပေါ့။ ကျွန်မက ဒီအချက်ကို လက်မခံချင်ခဲ့ဘူး။ ဒါနဲ့ ကျွန်မလည်း ခေါင်းဆောင်ကို မကျေမနပ်ပြောမိတယ်။ သူက ကျွန်မကို တိုက်ခိုက်ဖို့၊ ပြစ်တင်ရှုတ်ချဖို့၊ ဘုရားရဲ့နှုတ်ကပတ်တော်တွေကို တမင်တကာ အသုံးပြုနေတယ်လို့ ထင်မိတယ်လေ။ ကျွန်မလည်း တကယ်ကို စိတ်ထဲမှာခံစားလာရပြီး ပြောလိုက်ရော၊ “ရှင်က ကျွန်မကို ပြဿနာဖြေရှင်းလို့ရအောင် သမ္မာတရားနဲ့ မိတ်သဟာယဖွဲ့နေတာ လုံးဝ မဟုတ်ဘူး။ ရှင်က ကျွန်မကို တိုက်ခိုက်နေတာပဲ” ပေါ့။ ခေါင်းဆောင်တွေက ကျွန်မမှာ ကိုယ့်ကိုယ်ကိုယ်သိမြင်မှု လုံးဝမရှိဘူးဆိုတာ သဘောပေါက်သွားပြီး ကျွန်မကို ကူညီဖို့ ဆက်ပြီး မိတ်သဟာယဖွဲ့ကြတယ်။ ကိုယ့်ကိုယ်ကိုယ် နားလည်အောင် ကျွန်မကို လမ်းပြဖို့အတွက် သူတို့ကိုယ်ပိုင် အတွေ့အကြုံတွေကိုလည်း မိတ်သဟာယဖွဲ့ကြတယ်။ ဒါပေမဲ့ သူတို့က ဘာတွေကိုပဲ ပြောပြော၊ ကျွန်မက နားလည်သဘောပေါက်မှု လုံးဝ မရှိသေးဘူး။ နောက်ဆုံးတော့ ကျွန်မက တကယ့်အလုပ်ကို လုပ်မနေဘူး၊ သမ္မာတရားကိုလည်း လက်မခံဘူး၊ နောင်တရခြင်းဆိုတဲ့ သဘောထားတစ်ခုတောင် ရှိမနေဘူးဆိုတာတွေကို မြင်သွားကြတဲ့အချိန်မှာ၊ အထက်ခေါင်းဆောင်တွေက ကျွန်မကို ထုတ်ပယ်လိုက်တယ်။

အဲဒီအချိန်မှာ ကျွန်မ ရုတ်တရက် ခွေယိုင်သွားရော။ ဘုရားသခင်ဆီမှာ ဆယ်နှစ်ကျော် ယုံကြည်သူတစ်ယောက် ဖြစ်ခဲ့ပုံတွေ၊ နှစ်နှစ် သုံးနှစ်လောက်ပဲ ရှိသေးတဲ့ ယုံကြည်သူအသစ်တစ်ယောက် မဟုတ်ခဲ့တာတွေကို တွေးလိုက်မိတယ်။ ဘုရားရဲ့အမှုတော်က အခုဆို အဆုံးသတ်ဆီကို နီးကပ်နေပြီ။ လူတွေကို သူတို့ရဲ့အမျိုးအစားအလိုက် ထုတ်ဖော်ပြီး အမျိုးအစားသတ်မှတ်ဖို့အချိန် ရောက်နေပြီ။ ဒီအရေးကြီးလွန်းတဲ့အဆင့်မှာ ကျွန်မက သမ္မာတရားကို လက်မခံသူအဖြစ် ထုတ်ဖော်ခံရတယ်။ ဒါဟာ ကျွန်မက ဖယ်ရှားရှင်းလင်းခံလိုက်ရပြီ ဆိုတဲ့သဘော မဟုတ်ဘူးလား။ အခုကစပြီး ကျွန်မအနေနဲ့ ကိုယ့်ယုံကြည်ခြင်းမှာ ပိုပြီး ကြိုးစားအားထုတ်ဖို့ဆိုတာ အချည်းနှီးပဲ ဖြစ်လိမ့်မယ်၊ ကျွန်မမှာ ဘာအနာဂတ်မှ ရှိတော့မှာမဟုတ်ဘူးဆိုပြီး ကြောက်မိတယ်။ ကျွန်မ တော်တော် အပျက်သဘောဆောင်သွားတယ်။ ကျွန်မရဲ့အခြေအနေက နေ့တိုင်း ပိုဆိုးလာရော။ ဘယ်တာဝန်ကိုမှ ကောင်းကောင်းမွန်မွန် မထမ်းဆောင်နိုင်တဲ့ ဘာမှသုံးမရသူတစ်ယောက်လို ခံစားရတယ်။ ဘုရားက စွန့်ပစ်လိုက်ပြီဆိုတဲ့ ခံစားချက်က အမြဲတမ်း ရှိနေတော့၊ ကျွန်မရဲ့စိတ်နှလုံးမှာ ကြောက်စိတ်တွေ ပြည့်နှက်ပြီး၊ နေ့တိုင်း ဂနာမငြိမ်ဖြစ်လာတယ်။ ညီအစ်ကိုမောင်နှမတွေကတော့ ကျွန်မကို ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့၊ ကိုယ့်ကျရှုံးမှုကနေ သင်ယူဖို့ တိုက်တွန်းရင်း၊ ဘုရားရဲ့ရည်ရွယ်ချက်အကြောင်းကို ဆက်ပြီး မိတ်သဟာယဖွဲ့ကြပေမဲ့၊ ကျွန်မက ခေါင်းမာမာနဲ့ ယုံကြည်ခဲ့မိတာက၊ ကျွန်မဟာ သမ္မာတရားကို မလိုက်စားသူအဖြစ် ထုတ်ဖော်ခံရပြီးပြီပေါ့။ ဒါကြောင့် ဆက်ပြီး အားထုတ်ဖို့ဆိုတာ အချိန်တွေ အလကားဖြစ်ကုန်လိမ့်မယ်လို့ ထင်မိတယ်။ အဲဒီအချိန်ကစပြီး အသင်းတော်က ကျွန်မကို ဘယ်လိုတာဝန်တွေပဲ ပေးပေး၊ ကျွန်မက အဲဒါတွေကို အပျက်သဘော၊ ဖြစ်သမျှ လက်ခံလိုက်တော့မယ်ဆိုတဲ့ သဘောနဲ့ပဲ ဖြေရှင်းတော့တယ်။ ဝတ်ကျေတမ်းကျေ လုပ်တာဆိုတော့ ဘာအကျိုးရလဒ်မှ မရခဲ့ပါဘူး။ နောက်ဆုံးတော့ စည်းမျဉ်းတွေကို အခြေခံပြီး ခေါင်းဆောင်တွေက ကျွန်မရဲ့တာဝန်တွေကို ရပ်လိုက်တယ်။ ဆင်ခြင်သုံးသပ်ဖို့အတွက် ကျွန်မကို သီးသန့်ခွဲထုတ်တယ်။ အဲဒီအချိန်မှာ ကျွန်မရဲ့စိတ်က ဘာမှ စဉ်းစားလို့မရတော့ဘူး၊ သေမိန့်ကျသလို ခံစားခဲ့ရတာပါ။ ကျွန်မရဲ့ဘဝက လုံးဝ ပျက်စီးသွားပြီဆိုတာ သဘောပေါက်သွားတယ်။ တာဝန်တစ်ခုမှ မရှိဘဲ၊ ကျွန်မအနေနဲ့ ကယ်တင်ခြင်းကို ရရှိဖို့ မျှော်လင့်ချက်ဆိုတာ ရှိနိုင်ပါဦးမလား။ အဲဒီအချိန်တွေတစ်လျှောက်လုံးမှာ ကျွန်မက ဖုတ်ကောင်လိုပဲ နေထိုင်ခဲ့ရတယ်၊ ဘုရားက ကျွန်မကို ပစ်ပယ်လိုက်ပြီဆိုပြီး မကြာမကြာ ခံစားနေခဲ့ရတယ်။ ဆုတောင်းဖို့လည်း တော်တော် ရှက်မိတယ်။ ကျွန်မက ဘုရားရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ဖို့ ထိုက်တန်တယ်လို့ မထင်တော့ဘူး။ အဲဒီတုန်းက ကျွန်မကို အားပေးပြီး၊ ဘုရားရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ပြခဲ့တဲ့ ညီအစ်ကိုမောင်နှမတွေ ရှိကြပါတယ်။ ဒါပေမဲ့ ဘုရားရဲ့နှုတ်ကပတ်တော်တွေဟာ သမ္မာတရားကို လိုက်စားသူတွေအတွက်ပဲ၊ ကျွန်မအတွက် မဟုတ်ဘူးလို့ ယုံကြည်ခဲ့မိတယ်၊ ဒါကြောင့် ဘုရားနှုတ်ကပတ်တော်တွေကို ဘယ်လိုမှ လက်မခံနိုင်ခဲ့ဘူး။ သခင်ယေရှုက “ဖြူစင်သောအရာကို ခွေးတို့အား မပေးကြနှင့်၊ ပုလဲရတနာတို့ကို ဝက်တို့ရှေ့မှာ မချမထားကြနှင့်” ဆိုပြီး ပြောခဲ့တယ်မဟုတ်လား။ ဘုရားသခင်က ကျွန်မလို လူတစ်ယောက်ကို ဘယ်လိုလုပ် စကားပြောနိုင်မှာလဲ။ အဲဒီကာလတစ်လျှောက်လုံး ကျွန်မမှာ နေ့တိုင်း ကြောက်လန့်ပြီး ဂနာမငြိမ်ဖြစ်ခဲ့ရတာပါ။ ဘုရားက ကျွန်မကို အမှန်တကယ် စွန့်ပစ်လိုက်ပြီဆိုရင်၊ ကျွန်မရဲ့ဘဝဖြစ်တည်မှုက ဘာများ အဓိပ္ပာယ်ရှိမှာလဲ။ တစ်နေ့နေ့မှာ အပြစ်ဒဏ်တစ်ခုကြောင့် သေလိုက်တာပဲ ကောင်းမယ်။ နေ့တိုင်း စိတ်ဆင်းရဲမှုတွေနဲ့ ရုန်းကန်ရင်း၊ ကျွန်မရဲ့စိတ်နှလုံးမှာ ကြောက်စိတ်တွေ ပြည့်နှက်လာရော။ နောက်တော့ ကျွန်မကို တော်တော်ကြီး လှုံ့ဆော်ပေးလိုက်တဲ့ အရာတစ်ခု ပေါ်လာခဲ့တယ်။

ကျွန်မက သူနာပြုအလုပ်တစ်ခု ရတယ်၊ အဲဒီမှာ ကျွန်မရဲ့အလုပ်ရှင်က တော်တော် စာနာမှုရှိသလို၊ ကျွန်မကိုလည်း အသက်တာမှာ ကောင်းကောင်း စောင့်ရှောက်ပေးတယ်ပေါ့။ ဒါကြောင့် အားတက်ပြီး၊ ကျွန်မက ကျွန်မရဲ့အလုပ်ရှင်ကို ဧဝံဂေလိ မျှဝေပေးမိတယ်၊ သူကလည်း ဘုရားရဲ့နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ဝမ်းသာအားရ လက်ခံသွားတယ်။ ကျွန်မလည်း အရမ်း စိတ်လှုပ်ရှားသွားတာ။ ဘုရားက ကျွန်မကို မစွန့်ပစ်သေးဘူး။ ကျွန်မကို ဆက်ပြီး သနားကရုဏာ ပြဖို့၊ ကယ်တင်ဖို့ လုပ်ဆောင်နေသေးတယ်ဆိုတာကို ဒီအတွေ့အကြုံကနေ ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မလည်း စိတ်တွေ မလုံမလဲဖြစ်လွန်းတော့ ငိုယိုပြီး၊ ဘုရားကို တိုင်တည်မိတယ်၊ “ဘုရားသခင်၊ ကျွန်မ ဒီလိုမျိုး အပျက်သဘောဆောင်မနေချင်ပါဘူး။ ကျွန်မကို ကယ်တင်တော်မူပါ” ပေါ့။ ဘုရားရဲ့နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကိုလည်း ကျွန်မ တွေ့မိတယ်၊ “လူအချို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီး ဘုရားသခင်က လူတို့အား သူ၏နှုတ်ကပတ်တော်များအားဖြင့် စီရင်သည်ကို တွေ့ရသောအခါ ၎င်းတို့သည် အယူအဆများ ဖြစ်ပေါ်လာကာ ဆန့်ကျင်ကွဲလွဲသည်ဟု ခံစားကြသည်။ ဥပမာ သင်သည် သမ္မာတရားကို လက်မခံသဖြင့် ဘုရားသခင်က သင့်ကိုနှစ်သက်ခြင်း သို့မဟုတ် သင့်ကိုလက်ခံခြင်း မရှိကြောင်း၊ သင်သည် ဒုစရိုက်အမှုပြုသူ၊ အန္တိခရစ်တစ်ဦး ဖြစ်ကြောင်း၊ သင့်အား ကြည့်ရုံမျှနှင့် စိတ်မချမ်းသာကြောင်း၊ ထို့အပြင် သူသည် သင့်ကို အလိုမရှိကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဆိုသည်။ လူတို့က ဤနှုတ်ကပတ်တော်များကို ဖတ်ပြီးလျှင် ‘ဤနှုတ်ကပတ်တော်များမှာ ကျွန်ုပ်ကို ရည်ရွယ်ထားခြင်းဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်ကို အလိုမရှိကြောင်း အခိုင်အမာ ဆုံးဖြတ်ထားပြီးဖြစ်ကာ ဘုရားသခင်က ကျွန်ုပ်ကို စွန့်ပစ်ထားပြီး ဖြစ်သည့်အတွက် ကျွန်ုပ်သည်လည်း ဘုရားသခင်ကို နောက်ထပ် ယုံကြည်တော့မည်မဟုတ်’ ဟု စဉ်းစားကြသည်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်သောအခါတွင် လူတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများကို ဘုရားသခင် ဖော်ထုတ်ပြီး လူတို့ကို ရှုတ်ချသည့် အရာအချို့ကို မိန့်မြွက်သောကြောင့် အယူအဆများနှင့် အထင်လွဲမှုများ မကြာခဏ ဖြစ်ပေါ်သောသူများ ရှိကြသည်။ ဘုရားနှုတ်ကပတ်တော်များက ၎င်းတို့ကို ဦးတည်သည်၊ ဘုရားသခင်သည် ၎င်းတို့ကို လက်လျှော့ပြီး ကယ်တင်မည်မဟုတ်ပေဟု စဉ်းစားလျက် ၎င်းတို့သည် အပျက်သဘောဆောင်ပြီး အားနည်းလာကြသည်။ ၎င်းတို့သည် မျက်ရည်ကျသည်အထိ အပျက်သဘောဆောင်လာပြီး ဘုရားသခင်နောက်သို့ မလိုက်ချင်တော့ပေ။ ဤသည်မှာ တကယ်ကို ဘုရားသခင်အပေါ် နားလည်မှုလွဲခြင်းဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ အနက်အဓိပ္ပာယ်ကို သင်နားမလည်သည့်အခါ ဘုရားသခင်ကို ပုံဖော်သတ်မှတ်ဖို့ မကြိုးစားသင့်ပေ။ ဘုရားသခင် မည်သည့်လူစားမျိုးကို စွန့်ပစ်သည်ကိုဖြစ်စေ၊ မည်သည့်အခြေအနေတွင် လူများကို သူလက်လျှော့သည်ကိုဖြစ်စေ မည်သည့်အခြေအနေများတွင် လူများကို သူဘေးဖယ်သည်ကို သင်မသိပေ။ ဤအရာအားလုံးအတွက် စည်းမျဉ်းများနှင့် ဆက်စပ်အကြောင်းအရာများ ရှိသည်။ ဤအသေးစိတ် အကြောင်းအရာများကို သင် အပြည့်အဝ ထိုးထွင်းသိမြင်မှုမရှိလျှင် သင်သည် အလွန်စိတ်ခံစားလွယ်လေ့ရှိလိမ့်မည် ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော် တစ်ခွန်းအပေါ် အခြေခံကာ သင့်ကိုယ်သင် ဘောင်ခတ်လိမ့်မည်။ ဤသည်မှာ ပြဿနာမဖြစ်သလော။ ဘုရားသခင်က လူများကို တရားစီရင်သည့်အခါ သူရှုတ်ချသည့် ၎င်းတို့၏ အဓိကသွင်ပြင်လက္ခဏာမှာ အဘယ်နည်း။ ဘုရားသခင် တရားစီရင်ပြီး ဖော်ထုတ်သည့် အရာမှာ လူများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရများဖြစ်သည်။ သူသည် ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများနှင့် ဆိုးယုတ်သော သဘာဝများကို ရှုတ်ချသည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ ပုန်ကန်ခြင်းနှင့် ဆန့်ကျင်ခြင်း သရုပ်သကန်များနှင့် အပြုအမူအမျိုးမျိုးကို သူရှုတ်ချသည်။ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်မှု မရှိခြင်းအတွက်၊ ဘုရားသခင်ကို အစဉ်သဖြင့် ဆန့်ကျင်ခြင်းအတွက်၊ ၎င်းတို့၏ ကိုယ်ပိုင် ကြံရွယ်ချက်များနှင့် ရည်မှန်းချက်များ အစဉ်ရှိခြင်းအတွက် ၎င်းတို့ကို သူရှုတ်ချသည်။ သို့ရာတွင် ထိုသို့သော စီရင်ရှုတ်ချခြင်းက ဘုရားသခင်သည် ဆိုးယုတ်သော စိတ်သဘောထားရှိသည့် လူများကို စွန့်ပစ်ပြီးဖြစ်သည်ဟု မဆိုလိုပေ။...ဘုရားသခင်ထံမှ စီရင်ရှုတ်ချသည့် ဖော်ပြချက်တစ်ခုမျှ ကြားရာတွင် ဘုရားသခင်၏ စီရင်ရှုတ်ချခြင်းခံရသောကြောင့် လူများသည် ဘုရားသခင်၏ စွန့်ပစ်ခြင်းကို ခံရပြီးဖြစ်ကာ ကယ်တင်ခြင်း ခံရတော့မည် မဟုတ်ဟု သင်တွေးပြီး ထိုအကြောင်းကြောင့် သင်သည် အပျက်သဘောဆောင်လာကာ မျှော်လင့်ချက် ပျက်သုဉ်းလေတော့သည်။ ဤသည်မှာ ဘုရားသခင်ကို အဓိပ္ပာယ်ကောက်လွဲခြင်း ဖြစ်သည်။ အမှန်မှာမူ ဘုရားသခင်သည် လူများကို မစွန့်ပစ်ရသေးပေ။ ၎င်းတို့သည် ဘုရားသခင်ကို နားလည်မှုလွဲကာ ကိုယ့်ကိုယ်ကိုယ် စွန့်ပစ်ကြပြီးဖြစ်သည်။ ‘မိုက်သောသူတို့မူကား၊ ဉာဏ်မရှိသောကြောင့် သေကြလိမ့်မည်။’ (သုတ္တံကျမ်း ၁၀:၂၁) ဟူ၍ ဓမ္မဟောင်းကျမ်း၏ စကားများ၌ ပြည့်စုံသကဲ့သို့ လူများကိုယ့်ကိုယ်ကိုယ် လက်လျှော့သည့်အချိန်ထက် ပို၍ သေရေးရှင်ရေးဖြစ်ခြင်း မရှိပေ။ လူများ မျှော်လင့်ချက်ပျက်သုဉ်းသည့်အချိန်ထက် ပို၍ မိုက်မဲသည့် အပြုအမူ မရှိပေ။ တစ်ခါတစ်ရံတွင် လူများကို သရုပ်ဖော်ထားပုံရသည့် ဘုရားနှုတ်ကပတ်တော်များကို သင်ဖတ်သည်။ အမှန်မှာမူ ယင်းတို့သည် မည်သူ့ကိုမျှ သရုပ်ဖော်ထားခြင်း မဟုတ်ဘဲ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ထင်မြင်ယူဆချက်တို့နှင့်ဆိုင်သည့် ဖော်ပြချက် ဖြစ်သည်။ ဤသည်တို့မှာ သမ္မာတရားနှင့် စည်းမျဉ်းဆိုင်ရာ နှုတ်ကပတ်တော်များဖြစ်ပြီး မည်သူ့ကိုမျှ သရုပ်ဖော်ထားခြင်း မဟုတ်ချေ။ ဒေါသ၊ သို့မဟုတ် အမျက်ထွက်သောအချိန်အတွင်းတွင် ဘုရားသခင် မိန့်မြွက်သော နှုတ်ကပတ်တော်များသည်လည်း ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်စားပြုသည်။ ဤနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည့်အပြင် စည်းမျဉ်းနှင့်သက်ဆိုင်သည်။ လူများသည် ဤအရာကို နားလည်ရမည်ဖြစ်သည်။ ဤအရာကိုမိန့်မြွက်ရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ လူတို့အား သမ္မာတရားကို နားလည်ခွင့်ပေးရန်နှင့် စည်းမျဉ်းများကို နားလည်ခွင့်ပေးရန် ဖြစ်သည်။ ယင်းမှာ တစ်စုံတစ်ဦးကို ဘောင်ခတ်ရန် လုံးဝမဟုတ်ပေ။ ယင်းတို့သည် လူတို့၏ နောက်ဆုံး အပြစ်ဒဏ်ပေးခြင်း ဖြစ်ဖို့မဆိုထားဘိ၊ ဤသည်မှာ လူတို့၏ နောက်ဆုံးပန်းတိုင်၊ ဆုလာဘ်တို့နှင့် ဘာမျှမသက်ဆိုင်ပေ။ ဤသည်တို့မှာ လူတို့ကို တရားစီရင်ရန်နှင့် ပြုပြင်ရန် မိန့်မြွက်ထားသော နှုတ်ကပတ်တော်များမျှသာ ဖြစ်သည်။ ယင်းတို့သည် သူ၏ မျှော်မှန်းချက်နှင့်အညီ အသက်မရှင်သော လူတို့အပေါ် အမျက်ထွက်ခြင်းရလဒ် ဖြစ်ကာ လူတို့ကို နိုးထစေရန်၊ လှုံ့ဆော်ရန် မိန့်မြွက်ထားခြင်းဖြစ်ပြီး ဘုရားသခင်၏ စိတ်နှလုံးမှလာသော နှုတ်ကပတ်တော်များ ဖြစ်သည်။ သို့တစေ လူအချို့က ဘုရားသခင်ထံမှ တရားစီရင်မှုနှင့်ယှဉ်သော ပြောဆိုချက် တစ်ခုမျှအတွက်ကြောင့် မှောက်မှားပြီး ဘုရားသခင်ကို ကျောခိုင်းသည်။ ဤကဲ့သို့သော လူတို့သည် မိမိတို့အတွက် မည်သည့်အရာ ကောင်းမွန်သည်ကို မသိကြ၊ ၎င်းတို့သည် အသိခေါက်ခက် အဝင်နက်ကာ သမ္မာတရားကို လုံးဝ လက်မခံကြပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၁)) ကျွန်မလည်း ဘုရားရဲ့နှုတ်ကပတ်တော်တွေကို ထပ်ခါထပ်ခါ ဆက်ဖတ်နေမိတယ်။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း ကျလာတဲ့ မျက်ရည်တွေကိုလည်း မထိန်းနိုင်တော့ဘူး။ ဘုရားက ကျွန်မကို မျက်နှာချင်းဆိုင်ပြီး နှစ်သိမ့်ပေးနေသလိုမျိုး ခံစားခဲ့ရတယ်၊ အထူးသဖြင့် ဘုရားက အခုလို မိန့်ဆိုတဲ့အခါမျိုးပေါ့၊ “ဤသည်တို့မှာ လူတို့ကို တရားစီရင်ရန်နှင့် ပြုပြင်ရန် မိန့်မြွက်ထားသော နှုတ်ကပတ်တော်များမျှသာ ဖြစ်သည်။ ယင်းတို့သည် သူ၏ မျှော်မှန်းချက်နှင့်အညီ အသက်မရှင်သော လူတို့အပေါ် အမျက်ထွက်ခြင်းရလဒ် ဖြစ်ကာ လူတို့ကို နိုးထစေရန်၊ လှုံ့ဆော်ရန် မိန့်မြွက်ထားခြင်းဖြစ်ပြီး ဘုရားသခင်၏ စိတ်နှလုံးမှလာသော နှုတ်ကပတ်တော်များ ဖြစ်သည်။ သို့တစေ လူအချို့က ဘုရားသခင်ထံမှ တရားစီရင်မှုနှင့်ယှဉ်သော ပြောဆိုချက် တစ်ခုမျှအတွက်ကြောင့် မှောက်မှားပြီး ဘုရားသခင်ကို ကျောခိုင်းသည်။ ဤကဲ့သို့သော လူတို့သည် မိမိတို့အတွက် မည်သည့်အရာ ကောင်းမွန်သည်ကို မသိကြ၊ ၎င်းတို့သည် အသိခေါက်ခက် အဝင်နက်ကာ သမ္မာတရားကို လုံးဝ လက်မခံကြပေ။” ဘုရားရဲ့နှုတ်ကပတ်တော်တွေက ကျွန်မကို နိုးကြားစေခဲ့တာပါ။ ဘုရားရဲ့နှုတ်ကပတ်တော်တွေအပေါ် ကျွန်မရဲ့သဘောထားကို ဆင်ခြင်သုံးသပ်ကြည့်တော့မှ၊ ကျွန်မ သဘောပေါက်မိတယ်။ ဘုရားသခင်ရဲ့ ဖော်ထုတ်တဲ့၊ ပြစ်တင်ရှုတ်ချတဲ့နှုတ်ကပတ်တော်တွေကို ခေါင်းဆောင်က ဖတ်ပြတဲ့အချိန်မှာ၊ ကျွန်မက စီရင်ချက်ချခံရသလို ခံစားမိခဲ့တာကိုး။ ဘုရားရဲ့နှုတ်ကပတ်တော်တွေထဲက တရားစီရင်မှုနဲ့ ဖော်ထုတ်ခြင်းကို လက်ခံဖို့ ကျွန်မရဲ့စိတ်နှလုံးက ခုခံလွန်းခဲ့တာပါ။ ဘုရားရဲ့နှုတ်ကပတ်တော်တွေက ပြင်းထန်တယ်ဆိုပေမဲ့၊ အဲဒါတွေက ကျွန်မတို့ကို၊ ကိုယ့်ကိုယ်ကိုယ်သိအောင်၊ နောင်တရအောင်၊ ပြောင်းလဲအောင် ကူညီဖို့ ရည်ရွယ်တယ်ဆိုတာကို၊ ဒီအချိန်မှာ ကျွန်မ နောက်ဆုံးတော့ နားလည်သွားတယ်။ ကျွန်မရဲ့လုပ်ရပ်တွေက ပြင်းထန်လို့ အကြောင်းခိုင်လုံနေတဲ့အတွက် ခေါင်းဆောင်က ကျွန်မကို ဖော်ထုတ်ခဲ့တာ။ ဒါပေမဲ့ ကျွန်မရဲ့ခေါင်းမာတဲ့ စိတ်သဘောထားက အမှန်ကို ဝန်မခံမိအောင် တားထားခဲ့တယ်။ ထုတ်ပယ်ခံရပြီးတာတောင် အသိတရား ရမလာခဲ့ဘူး။ ဘုရားက ကျွန်မကို ထုတ်ဖော်နေတယ်၊ ဖယ်ရှားရှင်းလင်းနေတယ်ဆိုပြီး တလွဲ ယုံကြည်နေခဲ့မိတယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် လက်လျှော့နေပြီး၊ စိတ်ကုန်နေရင်းနဲ့ အပျက်သဘောဆောင်တဲ့ အခြေအနေတစ်ခုမှာ ဆက်ပြီး ပိတ်မိခဲ့တာပါ။ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်လေလေ၊ နောင်တရလေ ဖြစ်လာတယ်။ ကိုယ့်ရဲ့ခေါင်းမာမှုနဲ့ ပုန်ကန်မှုကို မုန်းတီးမိတယ်။ ဘုရားရဲ့အမှုတော်ကို ကျွန်မ အမှန်တကယ် နားလည်ခဲ့တာ နည်းလွန်းပါလားလို့ သဘောပေါက်သွားတယ်။ ဘုရားရဲ့နှုတ်ကပတ်တော်တွေကို ကျွန်မ ပြန်သတိရသွားတယ်၊ “လူသားကို ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းသည် မည်သည့်အရာအားဖြင့် ပြီးမြောက်အောင်မြင်သနည်း။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအားဖြင့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားတွင် အဓိကအားဖြင့် ဖြောင့်မတ်ခြင်း၊ အမျက်ဒေါသ၊ ဘုန်းအာနုဘော်၊ တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းတို့ ပါဝင်ပြီး၊ ဘုရားသခင်သည် လူသားကို အဓိကအားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် စုံလင်စေသည်။ လူအချို့က နားမလည်ဘဲ၊ ဘုရားသခင်သည် အဘယ်ကြောင့် တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းအားဖြင့်သာ လူသားကို စုံလင်စေနိုင်သနည်းဟု မေးမြန်းကြ၏။ ၎င်းတို့က ‘အကယ်၍ ဘုရားသခင်သည် လူသားကို ကျိန်ဆဲမည်ဆိုလျှင်၊ လူသားသည် သေဆုံးသွားမည် မဟုတ်သလော။ အကယ်၍ ဘုရားသခင်သည် လူသားကို တရားစီရင်မည်ဆိုလျှင် လူသားသည် ပြစ်ဒဏ်ချမှတ်ခံရမည် မဟုတ်သလော။ ဤသို့ဆိုသော် သူ့ကို အဘယ်သို့ စုံလင်အောင်ပြုနိုင်ဦးမည်နည်း’ ဟု ပြောကြသည်။ ထိုသို့သော စကားများသည် ဘုရားသခင်၏အမှုကို မသိသောလူများက ပြောသော စကားများ ဖြစ်သည်။ ဘုရားသခင်ကျိန်ဆဲသည့်အရာမှာ လူသား၏ ပုန်ကန်ခြင်းကို ဖြစ်ပြီး သူတရားစီရင်သည့်အရာမှာ လူသား၏ အပြစ်များကို ဖြစ်သည်။ ဘုရားသခင်သည် မညှာမတာ၊ ပြင်းပြင်းထန်ထန် ပြောဆိုသော်လည်း သူသည် ဤခက်ထန်သော နှုတ်ကပတ်တော်များအားဖြင့် လူ၏နာမ်နှင့်ဆိုင်သောအရာကို ဖော်ထုတ်လျက် လူသားအတွင်းမှ အရာအားလုံးကို ဖော်ထုတ်လေ၏။ သို့ရာတွင် ယင်းကဲ့သို့သော တရားစီရင်မှုအားဖြင့် သူသည် လူသားအား လူ့ဇာတိဆိုင်ရာ အနှစ်သာရ၏ နက်နဲသိမ်မွေ့သော အသိပညာကို ပေးသောကြောင့် လူသားသည် ဘုရားသခင်၏ရှေ့မှောက်တွင် ကျိုးနွံနာခံခြင်းဖြစ်သည်။ လူသား၏ ဇာတိပကတိသည် အပြစ်ဖြစ်ပြီး စာတန်နှင့်သက်ဆိုင်သည်၊ ယင်းသည် ပုန်ကန်ခြင်း၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းကို ခံရသည့်အရာဖြစ်သည်။ ထို့ကြောင့် လူသားအား သူ့ကိုယ်သူ သိစေရန် သူ့အပေါ်တွင် ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များ ကျရောက်ရမည်ဖြစ်ကာ စစ်ဆေးခြင်း အမျိုးအစားတိုင်းကို အသုံးပြုရမည်ဖြစ်သည်။ ထိုအခါမှသာလျှင် ဘုရားသခင်၏အမှုသည် ထိရောက်မှုရှိနိုင်မည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်) ဘုရားနှုတ်ကပတ်တော်တွေထဲက ဒီကျမ်းပိုဒ်ကို အရင်က အကြိမ်ကြိမ် ဖတ်ခဲ့ဖူးပါတယ်၊ ဒါပေမဲ့ ကျွန်မက ဘုရားရဲ့ရည်ရွယ်ချက်ကို ဘာဖြစ်လို့ နားမလည်ခဲ့သေးတာလဲ။ နောက်ဆုံးသောကာလမှာ ဘုရားရဲ့အမှုတော်က တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမခြင်း နှုတ်ကပတ်တော်တွေကတစ်ဆင့် လူတွေကို သန့်စင်ပြီး ကယ်တင်ဖို့ ရည်ရွယ်ပါတယ်။ လူတွေက စာတန်ကြောင့် တော်တော်ကို ဆိုးဆိုးဝါးဝါး ဖောက်ပြန်ပျက်စီးနေကြပါပြီ၊ ဘုရားရဲ့တရားစီရင်မှုနဲ့ ဖော်ထုတ်ခြင်း နှုတ်ကပတ်တော်တွေ မရှိဘဲနဲ့၊ စစ်မှန်တဲ့ နောင်တနဲ့ ပြောင်းလဲခြင်းကို ရရှိဖို့နေနေသာသာ၊ ကျွန်မတို့က ကျွန်မတို့ဖောက်ပြန်ပျက်စီးမှုရဲ့ အရှိတရားနဲ့ အနှစ်သာရကို ဘယ်တော့မှ အမှန်တကယ် အသိအမှတ်ပြုနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဘုရားက ကျွန်မတို့ကို တရားစီရင်ပြီး ဖော်ထုတ်လိုက်ပြီဆိုရင်၊ အဲဒါက ပြစ်တင်ရှုတ်ချခြင်းနဲ့ ထာဝရ ဖယ်ရှားရှင်းလင်းခြင်း သဘောပဲ၊ ကျွန်မတို့အနေနဲ့ ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ပန်းတိုင်တစ်ခုကို ဘယ်တော့မှ မရနိုင်ဘူးလို့ ညွှန်ပြနေတယ်ဆိုပြီးကျွန်မက မှားမှားယွင်းယွင်းနဲ့ အဓိပ္ပာယ်မဲ့ ယုံကြည်ခဲ့မိတယ်၊ ကျွန်မရဲ့နားလည်သဘောပေါက်မှုက အဓိပ္ပာယ်မဲ့ပြီး လွဲမှားခဲ့တာပါ။ လူတွေကို ကယ်တင်ရာမှာ ဘုရားရဲ့အမှုတော်နဲ့ သူ့ရဲ့စစ်မှန်တဲ့ ရည်ရွယ်ချက်တွေအကြောင်းကို ကျွန်မက မဆိုသလောက်လေးပဲ သိခဲ့တာ။ ဟိုအရင် ဘုရားသခင် မိန့်ဆိုခဲ့တာကို ကျွန်မ ပြန်သတိရသွားတယ်၊ “လူကို ကယ်တင်ရန် ဘုရားသခင်၏ ရည်ရွယ်ချက်သည် မည်သည့်အခါမျှ မပြောင်းလဲပေ။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) အဲဒီနှုတ်ကပတ်တော်တွေ ဘယ်လောက် လက်တွေ့ကျမှန်းကို ဒီနေ့မှပဲ ကျွန်မ သဘောပေါက်မိတာပါ။ ဘုရားက လူတွေကို အဆုံးစွန်ဆုံး အတိုင်းအတာထိ ကယ်တင်ပါတယ်။ လူတွေကိုယ်တိုင်က သမ္မာတရား လိုက်စားမှုကို စွန့်ပစ်ဖို့ မရွေးချယ်ဘူးဆိုရင်၊ ဘုရားကလည်း တစ်ဦးတစ်ယောက်ကိုမှ လွယ်လွယ်လေး လက်လျှော့လိုက်မှာ မဟုတ်ဘူး။ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား မမေးကြည့်ဘဲ မနေနိုင်တော့ဘူး၊ “ဘုရားက ငါ့လုပ်ရပ်တွေကို အခြေခံပြီး ငါ့ကို မကယ်တင်ချင်ခဲ့ဘူးဆိုရင်၊ ငါက ဘုရားရဲ့ဖယ်ရှားရှင်းလင်းခြင်းကို ခံရပြီးလောက်ပြီ မဟုတ်ဘူးလား။ အဲဒါက အမှန်ပဲဆိုရင်၊ ဘုရားက ငါ့ကို တရားစီရင်ပြီး ဖော်ထုတ်ဖို့၊ ငါ့ရဲ့ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ဖို့အတွက် အခြေအနေတွေ စီစဉ်ဖို့၊ ငါ့ကိုယ်ငါ ဆင်ခြင်သုံးသပ်ပြီး နားလည်အောင် ငါ့ကို လမ်းပြဖို့နဲ့ အသိဉာဏ်ပွင့်စေဖို့ဆိုတာတွေ လိုအပ်ပါဦးမလား။ ညီအစ်ကိုမောင်နှမတွေကလည်း ငါ့ကိုယ်ငါ ဆင်ခြင်သုံးသပ်ပြီး ပြောင်းလဲအောင် ကူညီပေးဖို့အတွက်၊ ငါ့ကို ပြုပြင်ပြီး သတိပေးခဲ့ကြတယ်။ ဒီလုပ်ဆောင်ချက်တွေက ဘုရားရဲ့လက်တွေ့ကျပြီး စစ်မှန်တဲ့ ကယ်တင်ခြင်းပဲ မဟုတ်ဘူးလား။ ဒါပေမဲ့ ငါက လူတွေအပေါ် ဘုရားရဲ့ကယ်တင်ပုံ နည်းလမ်းတွေကို နားမလည်ခဲ့ဘူး။ ဘုရားရဲ့ချစ်ခြင်းကိုလည်း အသိအမှတ်မပြုခဲ့ဘူး။ အဲဒီအစား ဘုရားကို အထင်လွဲတယ်။ အပျက်သဘောဆောင်ရင်းနဲ့ နေထိုင်ပြီး ဘုရားကို အာခံခဲ့တယ်။ ငါဟာ အဆင်အခြင်မဲ့ခဲ့ပါလား” ပေါ့။ ဒီအကြောင်းကို စဉ်းစားမိတော့မှ၊ အချိန်အကြာကြီး ထုံထိုင်းနေတဲ့ ကျွန်မရဲ့စိတ်နှလုံးက နောက်ဆုံးမှာ တစ်ခုခုကို စပြီး ခံစားမိတယ်၊ ကိုယ့်လုပ်ရပ်တွေကိုလည်း အကြီးအကျယ် နောင်တရခဲ့တယ်။ ကျွန်မလည်း ဘုရားသခင်ကို ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ အနာဂတ်မှာ ကျွန်မအနေနဲ့ ဘယ်လို အနှောင့်အယှက်တွေ၊ ကျရှုံးမှုတွေနဲ့ပဲ ကြုံရကြုံရ၊ ကျွန်မက ကိုယ်တော့်ကို အထင်မလွဲမှားချင်တော့ပါဘူး။ ကျွန်မအနေနဲ့ စစ်မှန်တဲ့နောင်တကို ရနိုင်အောင်၊ ကိုယ့်ကိုယ်ကိုယ် အလေးအနက် ဆင်ခြင်သုံးသပ်ချင်ပါတယ်၊ သင်ခန်းစာတွေ ယူချင်ပါတယ်၊ သမ္မာတရားကို ကြိုးကြိုးစားစား အားထုတ်ချင်ပါတယ်၊ ကျွန်မရဲ့ကျန်သေးတဲ့ အသက်တာမှာ ကိုယ့်တာဝန်တွေကို ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းချင်ပါတယ်” ပေါ့။

နောက်တော့ ကျွန်မက အဲဒီအချိန်ကာလအတွင်းက ကျွန်မရဲ့အတွေ့အကြုံတွေအကြောင်းကို ဆောင်းပါးတစ်ပုဒ် ရေးမိတယ်။ အစ်မတစ်ယောက်က ဖတ်ကြည့်ပြီး ဘုရားနှုတ်ကပတ်တော်တချို့ ပို့ပေးတယ်။ ကျွန်မကိုလည်း သတိပေးတယ်၊ ဘာပြောလဲဆိုတော့၊ “မင်း ဘာကြောင့် ပြုပြင်ခံခဲ့ရလဲဆိုတဲ့ အကြောင်းရင်းတွေကို ဆင်ခြင်သုံးသပ်သင့်တယ်။ ခေါင်းဆောင်တွေ ဖော်ထုတ်ခဲ့တဲ့ ပြဿနာတစ်ခုစီကို ဆင်ခြင်သုံးသပ်ပါ၊ ပြီးရင် အဲဒါတွေကို ဖြေရှင်းဖို့အတွက် သက်ဆိုင်တဲ့ သမ္မာတရားတွေကို အသုံးပြုပါ။ အဲဒီတော့မှ မင်းအနေနဲ့ ဒီကိစ္စတွေကို အမှန်တကယ် ကိုင်တွယ်နိုင်မယ်” တဲ့။ ဒါနဲ့ ကျွန်မလည်း ငြိမ်ငြိမ်လေး နေပြီး၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်တယ်၊ ကျွန်မက သမ္မာတရားကို လက်မခံဘူးလို့ ခေါင်းဆောင်တွေက ဘာကြောင့် ပြောခဲ့တာလဲ။ ကျွန်မက သမ္မာတရားကို လက်ခံဖို့ ငြင်းဆန်တယ်ဆိုတာ ဘယ်အပြုအမူတွေက ပြခဲ့တာလဲ။ ကျွန်မ ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့တဲ့အချိန်ကို ပြန်စဉ်းစားကြည့်တော့၊ ကျွန်မက အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အချိန်တိုင်း၊ ကိုယ့်ဇာတိပကတိကိုပဲ ဦးစားပေးခဲ့တယ်ဆိုတာကို သဘောပေါက်မိတယ်။ ဖြေရှင်းနည်းတွေအတွက် သမ္မာတရားကို ရှာဖွေဖို့ ကြိုးစားအားထုတ်တာမျိုး၊ ပေးဆပ်တာမျိုးကို ကျွန်မ ရှောင်ခဲ့တယ်။ ပြဿနာတွေ ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေတာက ပင်ပန်းလွန်းလိမ့်မယ်၊ ခေါင်းရှုပ်ရလိမ့်မယ်လို့ ယုံကြည်ပြီး၊ လှည့်ဖြားတဲ့ နည်းလမ်းတွေကိုတောင် နောက်ဆုံး အသုံးပြုမိတယ်။ ကျွန်မရဲ့ညံ့ဖျင်းတဲ့ အစွမ်းအစကို ဆင်ခြေအဖြစ် သုံးပြီး၊ ပြဿနာကို အထက်ခေါင်းဆောင်တွေဆီ လွှဲလိုက်မယ်ဆိုရင်၊ ကျွန်မအနေနဲ့ ဒုက္ခမရောက်နိုင်ဘူးပေါ့။ ပြဿနာတွေကို နောက်ဆုံးမှာ မဖြေရှင်းနိုင်ဘူးဆိုရင်တောင်၊ ကျွန်မက ဘာကိုမှ တာဝန်ယူရမှာမဟုတ်ဘူးလေ။ တစ်ခါတုန်းက အလုပ်ပြဿနာတွေကို ကျွန်မရဲ့ခေါင်းဆောင်တွေဆီ အစီရင်ခံခဲ့တာကို ပြန်သတိရမိတယ်၊ သူတို့ တုံ့ပြန်တာက၊ “မင်းက ပြဿနာတွေ ကြုံရပြီဆိုရင်၊ အဲဒါတွေကို ဖြေရှင်းဖို့ ဘာမှ ကြိုးစားအားမထုတ်ဘူး။ အဲဒီအစား အခက်အခဲတွေကို ဝန်ထုပ်ဝန်ပိုးတစ်ခုလို သဘောထားပြီး၊ သူများတွေဆီကို လွှဲပေးတယ်။ မင်းရဲ့အခက်အခဲတွေနဲ့ သက်ဆိုင်တဲ့ သမ္မာတရားကို ရှာဖွေခဲ့မယ်ဆိုရင်၊ မင်းအနေနဲ့ အဲဒါတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ ကိုယ်ပိုင်စိတ်ကူးတွေ ရသွားခဲ့မှာပဲ” တဲ့။ ဒါကို ကြားလိုက်ရတော့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ရမယ့်အစား၊ ဒေါသထွက်လာတယ်၊ ပြဿနာတွေကို အစီရင်ခံတာ ဘာများ မှားလို့လဲ။ အခက်အခဲတွေ ရင်ဆိုင်ရချိန်မှာ ကျွန်မက သမ္မာတရားကို မရှာဖွေဘူးလို့ ဘယ်လိုလုပ် ပြောနိုင်တာလဲ။ ကျွန်မလည်း စိတ်နှလုံးထဲမှာ တိတ်တိတ်လေး ပြန်ငြင်းခုံမိရော။ ဒီအကြောင်းကို စဉ်းစားကြည့်တော့မှ ကျွန်မ ရုတ်တရက် သဘောပေါက်သွားတယ်၊ ဒါတွေက ကျွန်မအနေနဲ့ သမ္မာတရားကို မရှာဖွေခဲ့တဲ့ပုံစံ၊ လက်မခံခဲ့ပုံစံ အတိအကျပါပဲ။ ဂျူလီယာက ကျွန်မရဲ့ပြဿနာတွေကို အကြိမ်တော်တော်များများ ထောက်ပြပြီး၊ မိတ်သဟာယဖွဲ့ချိန်အတွင်းမှာ ဖော်ထုတ်ခဲ့တာတွေကိုလည်း ပြန်သတိရမိတယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ရမယ့်အစား၊ မကျေနပ်ချက်ကို တေးထားပြီး လက်တုံ့ပြန်ဖို့ ကြိုးစားခဲ့တာပါ။ အလုပ်က သူ့အမှားတွေကိုပဲ တစိမ့်စိမ့်တွေးပြီးတော့၊ သူ့နောက်ကွယ်မှာ သူ့ကို ဝေဖန်တယ်။ ထိခိုက်အောင် လုပ်ခဲ့တယ်။ အသင်းတော်အသက်တာကို အနှောင့်အယှက်ပေးခဲ့တာတွေပါ။ ကျွန်မရဲ့မကောင်းတဲ့ အပြုအမူ ဖော်ထုတ်ခံရချိန်မှာလည်း၊ တာဝန်ယူရမှာကို ရှောင်ပြေးလို့ရအောင်ဆိုပြီး၊ ကျွန်မက ဂျူလီယာကို မရိုးမသား တောင်းပန်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေရှေ့မှာ ပွင့်ပွင့်လင်းလင်းနဲ့ ကိုယ့်ကိုယ်ကိုယ် သိကြောင်း ပြလိုက်ပြီးတော့၊ ကြီးလေးတဲ့ ပြဿနာကို လျော့နိုင်သမျှ လျော့အောင် ကြံစည်ခဲ့တာပါ။ ခေါင်းဆောင်တွေက ကျွန်မရဲ့အပြုအမူကို ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ ဖော်ထုတ်တဲ့အချိန်မှာလည်း၊ ကျွန်မက စိတ်နှလုံးထဲမှာ ဝန်ခံလိုက်ပေမဲ့ နှုတ်ကနေ အသိအမှတ်မပြုခဲ့ဘူး။ ပြီးတော့ ခေါင်းဆောင်တွေက ဘုရားနှုတ်ကပတ်တော်တွေကို သုံးပြီး ကျွန်မကို တိုက်ခိုက်တယ်၊ ပြစ်တင်ရှုတ်ချတယ်ဆိုပြီး ကျွန်မ အဆင်အခြင်မဲ့ စွပ်စွဲခဲ့မိတယ်။ ဒီလုပ်ရပ်တွေအားလုံးက ကျွန်မဟာ သမ္မာတရားကို လက်ခံဖို့ ငြင်းဆန်တယ်ဆိုတဲ့ သရုပ်သကန်တွေ မဟုတ်ဘူးလား။ နောက်ပိုင်း ဘုရားနှုတ်ကပတ်တော်တွေကို ပိုပြီး ဖတ်မိတော့မှ၊ ကျွန်မရဲ့စိတ်တွင်းအခြေအနေကို ပိုပြီး ရှင်းလင်းတဲ့ နားလည်သဘောပေါက်မှု ရခဲ့ပါတယ်။ ဘုရားရဲ့နှုတ်ကပတ်တော်တွေ မိန့်ဆိုတာက၊ “ဖောက်ပြန်ပျက်စီးခြင်းမှ သန့်စင်သွားရန်နှင့် သင်၏ အသက် စိတ်သဘောထား၌ ပြောင်းလဲမှုကို ကြုံရဖို့ သင် ဆန္ဒရှိပါက၊ သင့်အနေဖြင့် သမ္မာတရားကို ချစ်ခြင်းနှင့် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိခြင်းတို့ ရှိရမည်။ သမ္မာတရားကို လက်ခံခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သမ္မာတရားကို လက်ခံခြင်း ဆိုသည်မှာ သင်၌ မည်သည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမျိုး မဆိုရှိပါစေ၊ သို့မဟုတ် အဆင်းနီသော နဂါးကြီး၏ မည်သည့် အဆိပ်များ၊ စာတန်၏ အဆိပ်များက သင်၏ သဘာဝဗီဇထဲတွင် ရှိသည်ဖြစ်စေ၊ ဤအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဖော်ထုတ်သည့်အခါ သင် ဝန်ခံပြီး နာခံသင့်သည်၊ ကွဲပြားသည့် ရွေးချယ်မှုတစ်ခုကို သင် ပြု၍မရသကဲ့သို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း မိမိကိုယ်ကို သိရှိသင့်သည်ဟု ဆိုလိုသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို လက်ခံနိုင်ခြင်းဟု ဆိုလိုပေသည်။ ဘုရားသခင်က မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သူ၏ မိန့်မြွက်ချက်များက မည်မျှပြင်းထန်သည် ဖြစ်စေ၊ ပြီးလျှင် မည်သည့်စကားများကို အသုံးပြုသည် ဖြစ်စေ၊ သူပြောသည့်အရာသည် သမ္မာတရား ဖြစ်သရွေ့ ယင်းကို သင် လက်ခံနိုင်ပြီး၊ လက်တွေ့အရှိတရားနှင့် ကိုက်ညီသရွေ့ ယင်းတို့ကို သင် အသိအမှတ်ပြုနိုင်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မည်မျှ နက်နက်ရှိုင်းရှိုင်း နားလည်သည်ကို ပဓာနမထားဘဲ ၎င်းတို့ကို သင် နာခံနိုင်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်က ထုတ်ဖော်ပြပြီး ညီအစ်ကို မောင်နှမများက မိတ်သဟာယဖွဲ့ကြသည့် အလင်းကို သင် နာခံလေသည်။ ထိုသို့သော လူတစ်ဦးသည် သမ္မာတရားကို အဆင့်တစ်ခုထိ ရှာဖွေလိုက်စားပြီးသည့်အခါတွင်၊ ၎င်းတို့သည် သမ္မာတရားကို ရရှိနိုင်ပြီး မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိနိုင်ပေသည်။ သမ္မာတရားကို မချစ်သော လူတို့သည် လူသားသဘာဝ အနည်းငယ်မျှ ရှိကြလျှင်ပင်၊ ကောင်းမှုအချို့ လုပ်ဆောင်နိုင်ကြပြီး၊ ဘုရားသခင်အတွက် စွန့်လွှတ်ကာ အသုံးခံနိုင်လျှင်ပင်၊ ၎င်းတို့သည် သမ္မာတရားနှင့်ပတ်သက်၍ မရှင်းမလင်းဖြစ်ကာ သမ္မာတရားကို လေးလေးနက်နက် သဘောမထားကြချေ။ ထို့ကြောင့် ၎င်းတို့၏ အသက်စိတ်သဘောထားသည် မည်သည့်အခါမျှ မပြောင်းလဲပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) ဘုရားရဲ့နှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်လာခဲ့တယ်၊ သမ္မာတရားကို လက်ခံတဲ့ လူတစ်ယောက်အနေနဲ့၊ ဘုရားနှုတ်ကပတ်တော်တွေအပေါ် သူ့ရဲ့သဘောထားဟာ အကြွင်းမဲ့ ဝန်ခံခြင်း၊ လက်ခံခြင်းနဲ့ ကျိုးနွံနာခံခြင်း ဖြစ်သင့်တယ်။ ဘုရားရဲ့နှုတ်ကပတ်တော်တွေက ပြင်းထန်သည်ဖြစ်ဖြစ်၊ နူးညံ့သိမ်မွေ့သည်ဖြစ်ဖြစ်၊ တရားစီရင်မှုနဲ့ ဖော်ထုတ်ခြင်း ပါဝင်သည်ဖြစ်ဖြစ်၊ အလေးအနက် တိုက်တွန်းခြင်းနဲ့ နှစ်သိမ့်ပေးမှု ပါဝင်သည်ဖြစ်ဖြစ်၊ လူတစ်ယောက်ဟာ အမြဲတမ်း လက်ခံပြီး ကျိုးနွံနာခံသင့်တယ်။ ဒါက လူတစ်ယောက်မှာ ရှိသင့်တဲ့ အသိစိတ်ပါပဲ။ တစ်ခါတလေမှာ ဘုရားနှုတ်ကပတ်တော်တွေက ဖော်ထုတ်တဲ့ အခြေအနေကို အသိအမှတ်ပြုဖို့ ကျွန်မတို့က ကြိုးစားအားထုတ်ရနိုင်တယ်၊ ဒါပေမဲ့ ကျွန်မတို့က လက်ခံခြင်းနဲ့ ကျိုးနွံနာခံခြင်းဆိုတဲ့ သဘောထားတစ်ခုကို ထိန်းသိမ်းထားသင့်တယ်။ အနည်းဆုံးတော့ ဘုရားနှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်တယ်၊ ဘုရားရဲ့ ဖော်ထုတ်မှုတွေက အဖြစ်မှန်ဖြစ်တယ်၊ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ပုန်းကွယ်နေတဲ့ သွင်ပြင်လက္ခဏာတွေကို ထုတ်ဖော်နေတယ်ဆိုတာတွေကို ယုံကြည်သင့်ပါတယ်။ ကျွန်မတို့က ဘုရားရဲ့နှုတ်ကပတ်တော်တွေကို “အာမင်” ထူးသင့်တယ်။ ဒါပေမဲ့ ကျွန်မကျတော့ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့အခြေအနေ အစစ်အမှန်ကို ဖော်ထုတ်နေမှန်း ရှင်းရှင်းလင်းလင်း သိပေမဲ့၊ လက်မခံခဲ့မိဘူး။ ခေါင်းဆောင်တွေက ကျွန်မကို ပြစ်တင်ရှုတ်ချဖို့၊ အပျက်သဘောဖြစ်စေဖို့၊ ဘုရားနှုတ်ကပတ်တော်တွေကို အသုံးချနေတယ်လို့တောင် မဆင်မခြင် စွပ်စွဲမိတာပါ။ ကျွန်မက ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ဖော်ထုတ်ခြင်းကို လက်မခံတဲ့အပြင်၊ ကိုယ် ယူရမယ့်တာဝန်ကိုပါ သူများတွေဆီ လွှဲပေးလိုက်သေးတယ်။ ကျွန်မက သမ္မာတရားကို တကယ်ကို လုံးဝ လက်မခံခဲ့တာပါ။ တော်တော်အဆင်အခြင်မဲ့ခဲ့တဲ့ ကျွန်မပဲ။ ညီအစ်ကိုမောင်နှမတွေဆီကနေ အကြံပြုချက်တွေ၊ အကူအညီတွေ၊ ပြုပြင်တာတွေလို အပြုသဘောဆောင်တာတွေရောက်လာတဲ့အချိန်မှာတောင်၊ ကျွန်မက အဲဒါတွေကို ဘုရားသခင်ဆီကနေ မခံယူနိုင်ခဲ့ဘူး၊ ကျိုးနွံမနာခံနိုင်ခဲ့ဘူး။ အဲဒီအစား ကျွန်မကို ပြုပြင်ပြီး ဖော်ထုတ်တဲ့ သူတွေကို စွပ်စွဲခဲ့မိတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်လေလေ၊ ကိုယ့်ရဲ့လူ့သဘာဝ ကင်းမဲ့မှုကို ပိုပြီး သဘောပေါက်လေပဲ။ တော်တော်ကို ရှက်ခဲ့မိပါတယ်။ ကျွန်မက သမ္မာတရားကို လက်ခံသူတစ်ယောက် မဟုတ်ခဲ့ဘူးဆိုတာကို လှိုက်လှိုက်လှဲလှဲ ဝန်ခံလိုက်မိတယ်။

နောက်တော့ ကျွန်မကို ခေါင်းဆောင်တွေ မျှဝေခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ပြန်ဖတ်တယ်။ အဲဒါတွေကို ဆင်ခြင်ကြည့်ပြီး ဆုတောင်းရင်း ဖတ်ရှုတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည် “အပြောအဆိုနှင် လုပ်ရပ်တို့တွင် လှည့်ကွက်များ အမြဲပြုလုပ်တတ်ပြီး မိမိတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် အမြဲတမ်း ချွတ်ချော်ကာ အချောင်ခိုသူတို့သည် သမ္မာတရားကို လုံးဝ လက်မခံသူများဖြစ်သည်။ ၎င်းတို့သည် နွံအိုင်ထဲ၊ အမှောင်ထဲတွင် နေထိုင်သကဲ့သို့ပင် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို မရရှိကြပေ။ ၎င်းတို့သည် မည်သို့ပင် စမ်းတဝါးဝါးရှာဖွေပါစေ၊ မည်သို့ပင် ကြိုးစားပါစေ အလင်းကို မမြင်နိုင်သကဲ့သို့ ဦးတည်ရာကို ရှာမတွေ့နိုင်ကြချေ။ ၎င်းတို့သည် စိတ်ဓာတ်လှုံ့ဆော်မှုမရှိဘဲ၊ ဘုရားသခင်၏ လမ်းညွှန်မှုမပါဘဲ မိမိတို့၏တာဝန်များကို လုပ်ဆောင်ကြပြီး အရေးကိစ္စများစွာတွင် ရှေ့မတိုးသာဖြစ်ရကာ အချို့အရာများကို လုပ်ဆောင်ရင်း မတော်တဆ ထုတ်ဖော်ခံရကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏တာဝန်အား ကောင်းစွာဆောင်ရွက်ခြင်းအားဖြင့်သာလျှင် အသက်ရှင်ခြင်း၌ တန်ဖိုးရှိ၏)ညီအစ်ကိုမောင်နှမများအကြား မိမိတို့၏ အပျက်သဘောကို အစဉ်အမြဲ ဖွင့်ပြောသောသူများသည် စာတန်၏ အစေအပါးများဖြစ်ကြပြီး သူတို့သည် အသင်းတော်ကို အနှောင့်အယှက်ပေးကြ၏။ ထိုသို့သောလူများကို တစ်နေ့တွင် နှင်ထုတ်ပြီး ဖယ်ရှားရှင်းလင်းရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) ဘုရားရဲ့နှုတ်ကပတ်တော်တွေကနေ ကျွန်မ သဘောပေါက်သွားတာက၊ ကျွန်မက တကယ်ကို ကိုယ့်တာဝန်တွေမှာ လှည့်ဖြားတတ်သူ၊ မယုံကြည်ရတဲ့သူ၊ တာဝန်ယူရမှာတွေကို ရှောင်တတ်တဲ့သူ ဖြစ်ခဲ့တာပါ။ ကျွန်မက ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်း မရှိခဲ့ဘူး။ ပြဿနာတွေနဲ့ အခက်အခဲတွေကို ကြုံရတဲ့အခါတိုင်း၊ ကျွန်မက ကိုယ် သက်သာဖို့ကိုပဲ အမြဲ ဦးစားပေးခဲ့တယ်။ သမ္မာတရားကို ရှာဖွေဖို့နဲ့ ကိစ္စရပ်တွေကို ဖြေရှင်းဖို့အတွက် အားထုတ်ဖို့၊ ပေးဆပ်ဖို့ ဆန္ဒမရှိခဲ့ဘူး။ အဲဒီအစား ကိုယ်ကိုယ်တိုင် ဒုက္ခမရောက်အောင်၊ ပြဿနာတွေကို အထက်ခေါင်းဆောင်တွေဆီ မကြာမကြာ လွှဲပေးမိခဲ့တယ်၊ လက်တွေ့အလုပ်ကို မလုပ်ဘူးဆိုပြီး အပြစ်တင်တာတွေကို လွတ်အောင်လို့၊ ကိုယ့်ရဲ့ညံ့ဖျင်းတဲ့ အစွမ်းအစကို ဆင်ခြေအဖြစ် သုံးခဲ့တယ်။ ဘယ်လောက်တောင် တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်တဲ့ ကျွန်မလဲ။ ကိုယ့်တာဝန်တွေကို ဝတ်ကျေတမ်းကျေသဘောမျိုး၊ တာဝန်မဲ့တဲ့သဘောမျိုး အကျင့်ပါပြီး ထမ်းဆောင်ခဲ့တာပါ၊ ဒီတော့ သန့်ရှင်းသောဝိညာဉ်တော်ဆီက လမ်းပြမှုနဲ့ ဉာဏ်ပွင့်စေခြင်းကို မရနိုင်ခဲ့ဘူး၊ ဘယ်ပြဿနာကိုမှလည်း မဖော်ထုတ်နိုင်ခဲ့ဘူး။ ခေါင်းဆောင်က ကျွန်မကို ပြုပြင်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ရမယ့်အစား၊ အရှက်ကွဲတယ်ဆိုပြီး ကျွန်မက မကျေမနပ်ဖြစ်တယ်။ ကိုယ့်ပုဂ္ဂိုလ်ရေး အာဃာတကို ထွက်ပေါက်ပေးဖို့အတွက်၊ ကျွန်မက သူ့ကို နောက်ကွယ်မှာ ဝေဖန်ပြီး ပြစ်တင်ရှုတ်ချခဲ့တယ်။ အဲဒါက အသင်းတော်အလုပ်ကို အနှောင့်အယှက်ပေးခဲ့တာပါ။ ကျွန်မရဲ့ဒုစရိုက်အမှုတွေကို သေချာသုံးသပ်ကြည့်တော့၊ ဒါတွေက “စာတန်၏ အစေအပါးများ” ဖြစ်ခြင်း၊ “အသင်းတော်ကို အနှောင့်အယှက်ပေးကြ၏”ဆိုပြီး ဘုရားသခင် ဖော်ထုတ်တဲ့ အပြုအမူတွေပဲ မဟုတ်ဘူးလား။ ဒါပေမဲ့ အဲဒီအချိန်မှာ ဘာကြောင့် ကျွန်မကိုယ်ကျွန်မ မသိခဲ့တာလဲ။ ဘုရားသခင်နဲ့ သူ့ရဲ့နှုတ်ကပတ်တော်တွေအပေါ် ကျွန်မရဲ့သဘောထားကိုရော၊ ကျွန်မရဲ့ပြစ်မှားခြင်းတွေ အားလုံးကိုရော ဆင်ခြင်သုံးသပ်ရင်းနဲ့၊ ကျွန်မ တော်တော်ကို နောင်တရမိတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း မုန်းတီးမိခဲ့တယ်။ ကျွန်မလည်း ဘုရားရှေ့မှောက် သွားပြီး ဆုတောင်းတယ်၊ “ဘုရားသခင်၊ ကျွန်မက တော်တော် ပုန်ကန်ခဲ့တာပါ။ ကျွန်မ နောင်တရချင်စိတ်ရှိပါတယ်။ ကိုယ်တော့်ကို ကျွန်မ အထင်မလွဲချင်တော့ပါဘူး။ ကိုယ်တော် ပြုသမျှအရာတိုင်းဟာ ကျွန်မကို သန့်စင်ပြီး ကယ်တင်ဖို့အတွက် ဖြစ်တယ်ဆိုတာ ယုံကြည်ပါတယ်” ပေါ့။ ဆုတောင်းပြီးသွားတော့ ကျွန်မ တော်တော်ကို လှိုက်လှိုက်လှဲလှဲ ခံစားရတယ်။ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို ပြောမိတယ်၊ “ဘုရားသခင်၊ အခုကစပြီး ကျွန်မ ကိုယ်တော်ကို ဘယ်တော့မှ ထပ်ပြီး မစွန့်ခွာတော့ပါဘူး။ ကိုယ်တော်နဲ့ ဝေးနေတဲ့နေ့တွေဟာ သိပ်ပြီး နာကျင်ရပါတယ်” ပေါ့။ အဲဒီအချိန်ကစပြီး ကျွန်မရဲ့အပျက်သဘော အခြေအနေက လုံးဝ ပြောင်းလဲသွားတယ်။ မိတ်သဟာယဖွဲ့ခြင်းမှာ အားတက်သရော ပါဝင်တယ်၊ ကိုယ့်တာဝန်တွေ ထမ်းဆောင်ဖို့ကို တက်ကြွတယ်၊ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ဆောင်းပါးတွေကိုလည်း စရေးတယ်။ ကျွန်မရဲ့အခြေအနေ တိုးတက်နေတာကို နေ့တိုင်းနေ့တိုင်း အမှန်တကယ် ခံစားမိတယ်။ အပြင်းအထန်ရောဂါနဲ့ လူနာတစ်ယောက်က တစ်နေ့တခြား စပြီး နာလန်ထူလာသလိုမျိုးပေါ့။ ကိုယ့်တာဝန်တွေကို မထမ်းဆောင်ဘဲ နေခဲ့တဲ့ တစ်နှစ်နီးပါးမှာ၊ ကျွန်မက ဘုရားကို အထင်လွဲခြင်းနဲ့ ခုခံခြင်းဆိုတဲ့ အခြေအနေတစ်ခုနဲ့ နေထိုင်ပြီး၊ ကိုယ့်စိတ်နှလုံးမှာ စိုးရိမ်တာတွေ၊ ဂနာမငြိမ်တာတွေ ဖြစ်ခဲ့ရတာပါ။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုတော်ကို ဆုံးရှုံးခြင်းဆိုတဲ့ ပူပန်သောကကို အပြည့်အဝ တွေ့ကြုံလိုက်ရတော့၊ ဒီနေ့မှာ ကျွန်မက အပျက်သဘော အခြေအနေကနေ နောက်ဆုံးတော့ လွတ်လာခဲ့ပါပြီ။ ဒါက ဘုရားရဲ့ကြီးမားတဲ့ သနားကရုဏာနဲ့ ကယ်တင်ခြင်း ကျေးဇူးတွေကြောင့်ပါပဲ။ နောက် သိပ်မကြာခင်၊ ခေါင်းဆောင်ဆီကနေ သတင်းစကားတစ်ခု ရတယ်။ ကျွန်မတာဝန်တွေကို ထမ်းဆောင်ဖို့ ကျွန်မကို အသင်းတော်ဆီ ပြန်လာဖို့ပြောတာပါ။ အဲဒါကို ဖတ်လိုက်မိတဲ့အချိန်မှာ လှိုက်လှိုက်လှဲလှဲ ခံစားရလွန်းလို့၊ ပြောဖို့ စကားလုံးကို ရှာမရနိုင်ခဲ့ဘူး။ ဘုရားကိုပဲ အကြိမ်ကြိမ် ကျေးဇူးတင်နေမိတယ်။

အမှုကိစ္စတွေ ဖြစ်လာပြီဆိုရင် ကိုယ်က အကြောင်းရှာတတ်တယ်ဆိုတာ သိသွားတော့၊ ကျွန်မလည်း ဘုရားနှုတ်ကပတ်တော်တွေကို အကူအညီယူပြီး၊ ကိုယ့်အခြေအနေနဲ့ သက်ဆိုင်တဲ့ သမ္မာတရားကို ရှာဖွေတယ်။ တစ်ရက်ကျတော့ ဘုရားနှုတ်ကပတ်တော်တွေထဲက ဒီကျမ်းပိုဒ်ကို ဖတ်မိတဲ့အချိန်မှာ ကျွန်မရဲ့စိတ်နှလုံးက တော်တော်ကို လှုပ်ရှားသွားတယ်။ ဘုရားရဲ့နှုတ်ကပတ်တော်တွေ မိန့်ဆိုတာက၊ “ဘုရားသခင်က လူတစ်ဦး၊ သို့မဟုတ် လူတစ်မျိုးတစ်စားအပေါ် အလွန် အကြီးအကျယ် အမျက်ဒေါသထွက်ရသည့် အကြောင်းရင်းတစ်ခု ရှိ၏။ ဤအကြောင်းရင်းကို ဘုရားသခင်၏ နှစ်သက်မှုဖြင့် သတ်မှတ်ထားခြင်းမဟုတ်ဘဲ၊ သမ္မာတရားအပေါ် ထိုလူ၏ သဘောထားအားဖြင့် သတ်မှတ်ခြင်း ဖြစ်သည်။ လူတစ်ဦးသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အခါ ဤသည်မှာ ၎င်းတို့၏ ကယ်တင်ခြင်း ရရှိခြင်းကို သေချာပေါက် ဆိုးရွားစေနိုင်သည်။ ဤသည်မှာ ခွင့်လွှတ်နိုင်သည့်အရာ၊ သို့မဟုတ် ခွင့်မလွှတ်နိုင်သည့်အရာတစ်ခု မဟုတ်၊ အပြုအမူပုံစံတစ်ခု သို့မဟုတ် ၎င်းတို့တွင် လျှပ်တစ်ပြက် ထုတ်ဖော်ပြသည့် အရာတစ်ခု မဟုတ်။ လူတစ်ဦး၏ သဘာဝ အနှစ်သာရဖြစ်ပြီး ဘုရားသခင်က ထိုသို့သော လူများကို အော်ဂလီအဆန်ဆုံး ဖြစ်သည်။ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် ဖောက်ပြန်ပျက်စီးခြင်းကို ရံဖန်ရံခါ ထုတ်ဖော်လျှင် သင်သည် ဤထုတ်ဖော်ခြင်းများက သမ္မာတရားကို ရွံမုန်းခြင်းကြောင့်လော သို့မဟုတ် သမ္မာတရားကို သိနားလည်မှု ကင်းမဲ့ခြင်းမှ ဖြစ်သလောဟူသည်ကို ဘုရားနှုတ်ကပတ်တော်များအား အခြေခံ၍ ဆန်းစစ်ရမည်။ ဤအရာက ရှာဖွေမှုလိုအပ်ပြီး ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် အကူအညီ လိုအပ်သည်။ သင်၏ သဘာဝ အနှစ်သာရသည် သမ္မာတရားကို သင် အလွန်အမင်း မနှစ်မြို့ကာ သမ္မာတရားကို သင် လုံးဝ လက်မခံဘဲ အထူးသဖြင့် ထိုသမ္မာတရားကို စက်ဆုပ်ရွံရှာသကဲ့သို့ ရန်လိုသည့်အရာဖြစ်လျှင် ပြဿနာရှိပေသည်။ သင်သည် မုချ ဆိုးယုတ်သော သူတစ်ဦးဖြစ်ပြီး ဘုရားသခင်က သင့်ကို ကယ်တင်လိမ့်မည် မဟုတ်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်) ဘုရားက တချို့လူတွေအပေါ် ဘာကြောင့် အကြီးအကျယ် အမျက်ဒေါသ ဖြစ်ရတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်လာတယ်။ သူတို့က သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ဘဲ၊ ငြင်းပယ်တာတွေကြောင့်ပါ။ ဘုရားသခင်ဟာ သမ္မာတရားကို ဖော်ပြတဲ့သူပါပဲ။ သမ္မာတရားအပေါ် ကျွန်မတို့ရဲ့သဘောထားဟာ ဘုရားသခင်အပေါ် ထားတဲ့ ကျွန်မတို့ရဲ့သဘောထားကို ကိုယ်စားပြုပါတယ်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနဲ့ မုန်းတီးခြင်းဟာ ဘုရားကို ဆန့်ကျင်တဲ့ဘက်မှာ ရပ်တည်ပြီး ဘုရားရဲ့ရန်သူ ဖြစ်လာခြင်း သဘောပါပဲ။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ဘဲ၊ ဘုရားကို မုန်းတီးတဲ့ သဘာဝ ရှိသူတစ်ယောက်ဟာ သမ္မာတရားကို သေချာပေါက် လက်ခံမှာမဟုတ်ဘူး။ ဒီလူစားမျိုးအနေနဲ့၊ သူတို့ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဘယ်လောက်ပဲ ထုတ်ဖော်ထုတ်ဖော်၊ သူတို့ကို ဘယ်လောက်ပဲ ပြုပြင်ပြုပြင်၊ သူတို့က ဘယ်တော့မှ နောင်တမရကြဘူး။ သူတို့အနေနဲ့ ဘုရားကို ယုံကြည်တာ နှစ်တွေ ဘယ်လောက်ပဲ များများ၊ သူတို့ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက လုံးဝ မပြောင်းလဲဘူး။ နောက်ဆုံးမှာ သူတို့က ဘုရားရဲ့ပစ်ပယ်ခြင်းနဲ့ ဖယ်ရှားရှင်းလင်းခြင်းကို သေချာပေါက် ခံကြရလိမ့်မယ်။ ပေါလုလိုပဲပေါ့။ သူ့သဘာဝက သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ဘဲ၊ မုန်းတီးတယ်။ သူ့ကိုယ်သူ လုံးဝ မဆင်ခြင်မသုံးသပ်ခဲ့ဘူး။ အကျိုးဆက်အနေနဲ့ သူက နှစ်ပေါင်းများစွာ အမှုတော်ထမ်းပြီးတဲ့နောက်မှာ မာနထောင်လွှားပြီး တစ်ကိုယ်ကောင်းဆန်နေတုန်းပဲ။ သူ့ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက နည်းနည်းမှ မပြောင်းလဲခဲ့ဘူး။ ဒါကြောင့် နောက်ဆုံးမှာ သူ့ကို ဘုရားက ပြစ်တင်ရှုတ်ချပြီး အပြစ်ဒဏ်ပေးခဲ့တယ်။ ကျွန်မလည်း ပေါလုဆီမှာ ကိုယ့်ပုံရိပ်ကို မြင်လိုက်ရတာပါ။ ကျွန်မက သမ္မာတရားကို မလိုက်စားခဲ့ဘူး၊ ပြုပြင်ခံရတာကိုလည်း လက်မခံခဲ့ဘူး။ ကျွန်မ အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်ခဲ့တာတွေက သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းဆိုတဲ့ စာတန်ဆန်ဆန် စိတ်သဘောထားပဲ။ အကျိုးဆက်အနေနဲ့ အမှောင်ထဲမှာ နေထိုင်ခဲ့ရတယ်၊ အချိန်အကြာကြီး စိုးရိမ်နာကျင်ခဲ့ရတယ်။ ဘုရားကလည်း ကျွန်မကို ဖယ်ထားခဲ့တယ်။ အဲဒီအကျိုးဆက်တွေက သမ္မာတရားကို ကျွန်မရဲ့အလွန်အမင်း မနှစ်မြို့မှုကြောင့် ဖြစ်ခဲ့တာတွေချည်းပါပဲ။ ဘုရားရဲ့စိတ်သဘောထားက တကယ်ကို ဖြောင့်မတ်တယ်၊ သန့်ရှင်းတယ်။ ပုန်ကန်ပြစ်မှားလို့ မရနိုင်ပါဘူး။ ကျွန်မက သမ္မာတရားကို အမြဲ လက်မခံဘူး၊ ဒါမှမဟုတ် ဘုရားရဲ့ပြုပြင်ခြင်းကို လက်မခံဘူးဆိုရင်၊ ကျွန်မက ဘုရားရဲ့သန့်စင်ခြင်းနဲ့ ကယ်တင်ခြင်းကို ရနိုင်ပါဦးမလား။ အဲဒီလိုဆိုရင် ဘုရားကို ကျွန်မရဲ့ယုံကြည်ခြင်းက နောက်ဆုံးမှာ အလကားဖြစ်မသွားဘူးလား။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းဆိုတဲ့ စိတ်သဘောထားကို မဖြေရှင်းဘဲထားတာက ကြောက်စရာကောင်းလွန်းမှန်း ကျွန်မ သဘောပေါက်သွားတယ်။ နောက်ပိုင်းမှာ ကျွန်မက သမ္မာတရား ရှာဖွေခြင်းကို တမင်အာရုံစိုက်တယ်။ ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကိုလည်း တွန်းလှန်တယ်။ ပြုပြင်ခြင်းကို ထပ်ပြီး ကြုံရတဲ့အခါမှာလည်း ပြန်ငြင်းခုံမယ်၊ ခုခံမယ်ဆိုတဲ့ ကျွန်မရဲ့ရည်ရွယ်ချက်က လျော့လာတယ်။ ညီအစ်ကိုမောင်နှမတွေ ပြောဆိုတာတွေက ဘယ်လောက်ပဲ မှန်မှန်၊ အချက်အလက်တွေနဲ့ ကိုက်ညီနေသရွေ့၊ ကျွန်မက လက်ခံလိုက်တယ်။ တစ်ခါတလေ ကိုယ့်ပြဿနာကို အသိအမှတ်မပြုနိုင်ဘဲ ပြန်ငြင်းခုံချင်ပြီဆိုရင်၊ ကျွန်မက ဘုရားကို ဦးဆုံး ဆုတောင်းပြီး၊ ကျိုးနွံနာခံလိုက်တယ်။ နောက်တော့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီးတော့ နားလည်မှုနည်းနည်းရပြီး အကျိုးလည်း ရှိတယ်။

ကျွန်မအနေနဲ့ သမ္မာတရားကို လုံးဝ လက်ခံချင်စိတ်မရှိဘဲ၊ ခေါင်းမာပြီး ပုန်ကန်လေ့ရှိခဲ့ပုံတွေကို ပြန်စဉ်းစားကြည့်တယ်၊ ပြီးတော့ ဒီနေ့မှာ အခုလို နားလည်သဘောပေါက်မှုနဲ့ အကျိုးနည်းနည်း ရနိုင်ခဲ့တာတွေကိုလည်း မြင်ရတော့၊ တကယ်ကို ဘုရားရဲ့ကယ်တင်ခြင်း ဖြစ်တယ်ဆိုတာ ကျွန်မ သဘောပေါက်ပါပြီ။ ဒီအတွေ့အကြုံကနေ နောက်ဆုံးမှာ ကျွန်မကိုယ်ကျွန်မ နည်းနည်း သိလာခဲ့ပါပြီ၊ လူသားမျိုးနွယ်ကို ဘုရားရဲ့ကယ်တင်ပုံ နည်းလမ်းတွေကိုရော၊ ဘုရားရဲ့ရည်ရွယ်ချက်ကိုရော နားလည်သဘောပေါက်မှု နည်းနည်း ရခဲ့ပါပြီ။ ဘုရားရဲ့ရိုက်နှက်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနဲ့၊ ပြုပြင်ခြင်းတွေဟာ တကယ်ကို လူတွေကို သန့်စင်ပြီး ကယ်တင်ဖို့အတွက်ဖြစ်ပြီး လူတွေကို ပြစ်တင်ရှုတ်ချဖို့၊ ဖယ်ရှားရှင်းလင်းဖို့အတွက် မဟုတ်ဘူးဆိုတာ ကျွန်မ အမှန်တကယ် သဘောပေါက်ပါပြီ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အမှားလုပ်ခြင်းနဲ့ပတ်သက်ပြီး ကျွန်မ ဘာကြောင့်စိုးရိမ်ရတာလဲ

ချင်းရီး ဖိလစ်ပိုင်နိုင်ငံ ညီမက အသင်းတော်အတွက် အနုပညာဒီဇိုင်းမှာ အလုပ်လုပ်တော့ အစပိုင်းမှာ အခက်အခဲနည်းနည်းရှိခဲ့တယ်။ ဒါပေမဲ့ ဘုရားကို...

ကြွားဝါခြင်း၏ အဓိပ္ပာယ်မဲ့မှု

၂၀၂၀ ခုနှစ်ရဲ့ ဇွန်လမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်တော် လက်ခံခဲ့တယ်။ သမ္မာတရားကို ပိုတောင့်တတဲ့စိတ်နဲ့...

ကျွန်ုပ်၏ အားနည်းချက်များကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်ပြီ

ကျွန်မမှတ်မိနိုင်သလောက်ကတည်းက ကျွန်မ စကားထစ်ခဲ့တယ်။ ပုံမှန်ကတော့ အရမ်းမဆိုးပေမဲ့ အနားမှာ လူတွေအများကြီးရှိတဲ့အခါတိုင်း ကျွန်မ...

ကျွန်ုပ်၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်ကို ကျွန်ုပ် စွန့်ပစ်ခဲ့ပုံ

၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ ရှယ်လီနဲ့ ကျွန်မ အသင်းတော်ခေါင်းဆောင်တွေအနေနဲ့ ရွေးချယ်ခံခဲ့ရတယ်။ ကျွန်မတို့ လက်တွေ့လုပ်ဆောင်ခါစဆိုတော့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
စာလုံးသေးမည်
စာလုံးကြီးမည်
ဘောင်အပြည့်ချဲ့ကြည့်မည်
ဘောင်အပြည့်ချဲ့ကြည့်ခြင်းမှ ထွက်မည်