စိတ်ကျဉ်းကျပ်မှုကနေ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်အောင် ကျွန်မ လုပ်ခဲ့ပြီ

20.09.2024

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာ ခေါင်းဆောင်က လီရှင်းနဲ့ ကျွန်မကို အသင်းတော်ရဲ့ စာအရေးအသားအလုပ်ကို ပူးတွဲကြီးကြပ်ဖို့ စီစဉ်ခဲ့တယ်။ ကျွန်မက အခုမှစပြီး လေ့ကျင့်နေတာဆိုတော့ လီရှင်းက ကျွန်မအတွက် အလုပ်ပမာဏအများကြီး စီစဉ်မပေးဘူး။ ပြဿနာတွေ၊ အခက်အခဲတွေ ကျွန်မ ကြုံရတဲ့အခါ သူက စည်းမျဉ်းတွေကို အခြေခံပြီး ကျွန်မနဲ့ မိတ်သဟာယဖွဲ့တယ်။ ကျွန်မ သိပ်စိုးရိမ်စရာမလိုဘဲ အလုပ်ကလည်း သိပ်ပြီးဖိစီးမှုမရှိဘူး။ မတ်လမှာ ကျွန်မက အသင်းတော်ခေါင်းဆောင်အဖြစ် အရွေးခံရတယ်။ ကျွန်မ ပခုံးမှာ ဝန်ထုပ်ပိုများလာတယ်လို့ ခံစားရတယ်။ ခေါင်းဆောင်တာဝန်ကို လုပ်တော့ အသင်းတော်ရဲ့ အဘက်ဘက်ကအလုပ်တွေကို ဦးဆောင်ရတယ်။ ပြဿနာမျိုးစုံကို ကိုင်တွယ်ဖြေရှင်းရတယ်။ ကျွန်မ စိတ်ထဲမှာ အမြဲတမ်း ဖိအားဖြစ်တယ်။ အစတော့ အလုပ်ကို အကောင်အထည်ဖော်တာနဲ့ ပတ်သက်ပြီး အထက်ပိုင်းအဆင့်ခေါင်းဆောင်ဆီကနေ စာတွေ ခဏခဏရတယ်။ ရေလောင်းတာနဲ့ ဧဝံဂေလိအလုပ်လိုမျိုးပေါ့။ ပြီးတော့ လူတွေကို ရှင်းလင်းပစ်ပြီး နှင်ထုတ်တဲ့အလုပ်၊ စာသားအခြေခံတဲ့အလုပ်၊ လူတွေကို ပြုစုစောင့်ရှောက်ပေးတဲ့အလုပ် စသဖြင့်ပေါ့။ အလုပ်တစ်ခုကို ဘယ်လိုစီစဉ်ပြီး စီမံတယ်၊ အလုပ်မှာ ဘယ်လိုလွဲချော်တာတွေ၊ ပြဿနာတွေ ဖြစ်တယ်၊ နောင်ကျရင် ဒါတွေကို ဘယ်လိုဖြေရှင်းမယ် စတာတွေနဲ့ ပတ်သက်ပြီး ကျွန်မက အသေးစိတ် ပြန်ဖြေရတယ်။ ကျွန်မက အလုပ်တွေအများကြီးကို ကြီးကြပ်ရတာကြောင့် တစ်ခါတလေမှာ အလုပ်တစ်ခုကို အကောင်အထည်ဖော်ပြီးတာနဲ့ တစ်ပြိုင်နက် တခြားအလုပ်ကို အကောင်အထည်ဖော်ဖို့ အသင်းတော်ကို သွားရတယ်။ နေ့တိုင်းပဲ ကိုင်တွယ်ရမဲ့ အလုပ်တွေ အများကြီးက စောင့်နေတယ်။ အချိန်တစ်ခုအထိ ဒီလို အလုပ်ရှုပ်နေပြီးတဲ့နောက်မှာ ကျွန်မ ရပ်ပြီး ခဏနားလိုက်ချင်တယ်။ အပန်းဖြေတဲ့အနေနဲ့ အတွေ့အကြုံသက်သေခံချက် ဗီဒီယိုတွေကြည့်ပြီး ဓမ္မသီချင်းတွေကို နားထောင်ချင်တယ်။ ဒါပေမဲ့ အလောတကြီး အကောင်အထည်ဖော်ဖို့ လိုနေတဲ့ အလုပ်တွေအများကြီး ရှိတာကို စဉ်းစားမိတဲ့အခါ ဒီတာဝန်ကို လုပ်တဲ့အချိန်မှာ ကျွန်မမှာ လွတ်လပ်မှုလုံးဝမရှိဘူးလို့ တွေးပြီး စိတ်ထိခိုက်မိတယ်။ တစ်ခါတော့ အသင်းတော်ရဲ့ သန့်စင်ရေးအလုပ် တိုးတက်မှုက နှေးနေပြီး လူတွေကို ရှင်းလင်းဖို့အတွက် စာရွက်စာတမ်းတချို့ မတင်ပြရသေးတာကို အထက်ပိုင်းအဆင့်ခေါင်းဆောင်က တွေ့တော့ ကျွန်မက ကိုယ့်တာဝန်ကို သိတတ်စိတ်မရှိဘူးလို့ပြောပြီး ကျွန်မကို ပြုပြင်တယ်။ အဲဒီအချိန်မှာ ကျွန်မက သူ့ကို အကြောင်းပြပြီး ပြောချင်တယ်။ ဒါပေမဲ့ သူ ကျွန်မကို ပြုပြင်တာဟာ မှန်တယ်၊ ကျွန်မက လက်ခံပြီး ကျိုးနွံနာခံသင့်တယ်ဆိုတာကို ကျွန်မ သိခဲ့တယ်။ အဲဒီနောက်တော့ အဲဒီ အကဲဖြတ်ချက်တွေကို စုဖို့ အသင်းတော်ကို ကျွန်မ သွားလိုက်တယ်။ ပြီးတော့ သုံးလေးပတ်လောက် အလုပ်ရှုပ်လိုက်ပြီး နောက်ဆုံးမှာ ပစ္စည်းတွေ အစီအစဉ်တကျ ဖြစ်သွားတယ်။ အဲဒါပြီးတော့ ချက်ချင်းပဲ တခြားအလုပ်သုံးလေးခုကို အမြန်သွားစစ်ဆေးပြီး အကောင်အထည်ဖော်ရတယ်။ အဲဒီအချိန်အတွင်းမှာ ကျွန်မက နေထွက်ချိန်ကနေ နေဝင်ချိန်အထိ အလုပ်ရှုပ်နေရင်းနဲ့ ခဏခဏ ပြေးလွှားနေရတယ်။ အမြဲတမ်း စိတ်အိုက်နေပြီးတော့ တော်တော်ပင်ပန်းနေတယ်။ ကျွန်မ စဉ်းစားတယ်။ “ငါ ဘယ်တော့မှ ကောင်းကောင်းနားရမှာလဲ။ နေ့တိုင်း ဒီလိုအလုပ်ရှုပ်နေတာက တော်တော် စိတ်ကျဉ်းကျပ်တာပဲ” ပေါ့။ အရင်က စာသားအခြေခံတဲ့ တာဝန်တွေကို ကျွန်မလုပ်တော့ လုပ်ရတဲ့အလုပ်က အရမ်းမများဘူး။ တာဝန်ကို ခွဲဝေယူဖို့ လီရှင်းက ကျွန်မဘေးမှာရှိနေပြီးတော့ ဘာဖိအားမှ မခံစားရဘူး။ အဲဒီအချိန်တွေကို ကျွန်မ တော်တော်လွမ်းတယ်။ ခေါင်းဆောင်တာဝန်တွေကို ကျွန်မ ယူကတည်းက နေ့တိုင်း ပျားတစ်ကောင်လို အလုပ်ရှုပ်ခဲ့တယ်။ ဒါကြောင့်မို့ ကျွန်မ စိတ်ကျဉ်းကျပ်လာပြီး ဒီတာဝန်ကို မလုပ်ချင်တော့ဘူး။ ဒါပေမဲ့ ဒီလိုတွေးတာဟာ အသိစိတ်မရှိတာကို ပြတယ်လို့ ကျွန်မ ခံစားမိတယ်။ ကျွန်မက ဖိအားကို မကိုင်တွယ်နိုင်ဘူး၊ ဒုက္ခမခံနိုင်ဘူးလို့ ညီအစ်ကိုမောင်နှမတွေက သေချာပေါက် ထင်မှာပဲ။ ကျွန်မ လုပ်နိုင်တာ ဘာမှမရှိဘူး။ ကျွန်မ ပူးပေါင်းဆောင်ရွက်ရမယ်။

နောက်ပိုင်းကျတော့ အသင်းတော်က ကွန်မြူနစ်ပါတီရဲ့ အဖမ်းအဆီးတွေကို ရင်ဆိုင်ရတယ်။ နောက်ဆက်တွဲ ပြဿနာတချို့ကို ကျွန်မတို့ ကိုင်တွယ်ဖြေရှင်းရတယ်။ ကျွန်မနဲ့ တွဲလုပ်တဲ့ ညီအစ်မနဲ့ ကျွန်မက အလုပ်တွေ ပိနေခဲ့တယ်။ အဲဒါနဲ့ ကျွန်မ ကြီးကြပ်ရတဲ့ ရေလောင်းအလုပ်ကို လုံးဝ အရေးမစိုက်ခဲ့ဘူး။ ကျွန်မ ကိုယ့်ဘာသာ စဉ်းစားတယ်။ “ရေလောင်းအမှုဆောင်တွေကို သူတို့ အခြေအနေမေးဖို့ နည်းနည်းအချိန်ရအောင် လုပ်ရမယ်” ပေါ့။ ဒါပေမဲ့ နောက်တော့ အဖမ်းအဆီးတွေရဲ့ ဒီနောက်ဆက်တွဲ ပြဿနာတွေကို ကျွန်မ ကိုင်တွယ်ပြီး ဘယ်လောက် အလုပ်ရှုပ်နေတယ်ဆိုတာကို တွေးမိတယ်။ ရေလောင်းအလုပ် ရလဒ်တွေက ချက်ချင်း အရမ်းတိုးတက်သွားမှာမျိုးလည်း မဟုတ်ဘူး။ ပြီးတော့လည်း ကျွန်မဆီမှာ တခြားအလုပ်ရှိနေသေးတယ်။ အဲဒါကို အရင်ပြီးအောင်လုပ်ပြီးမှ ရေလောင်းအလုပ်ကို စစ်ဆေးတာ ပိုကောင်းမယ်ပေါ့။ ကျွန်မက ဖမ်းဆီးတာတွေရဲ့ နောက်ဆက်တွဲကို ကိုင်တွယ်နေရတာကြောင့်သက်သက်နဲ့ တခြားအလုပ်ကို လွတ်ပေးထားလို့ မရဘူးဆိုတာကို သတိပေးဖို့ အထက်ပိုင်းအဆင့်ခေါင်းဆောင်က ကျွန်မကို စာတစ်စောင်ပို့လိုက်တယ်။ ပြီးတော့ သူက ရေလောင်းအလုပ်အတွက် သတ်သတ်မှတ်မှတ် အစီအစဉ်တစ်ခုကို ဖန်တီးခဲ့တယ်။ ကျွန်မက အတိုက်အခံမဖြစ်ဘဲ မနေနိုင်ဘူး။ “ငါက အလုပ်တွေအများကြီးကို ကြီးကြပ်နေရပြီ။ အခု သူက ပိုများတဲ့ တောင်းဆိုချက်တွေကိုတောင် ချပြနေတယ်။ ဒါတွေအားလုံးကို ပြီးအောင်လုပ်ဖို့အတွက် ငါ့မှာ အချိန်ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ငါ့အခက်အခဲတွေကို ဘာလို့ ဘယ်သူကမှ လုံးဝ အလေးမထားကြတာလဲ။ ငါ့မှာ လက်နှစ်ချောင်း၊ ခြေနှစ်ချောင်းပဲရှိတာ။ ဒီလိုအလုပ်အများကြီးကို ဘယ်လိုလုပ် တစ်ပြိုင်နက် လုပ်နိုင်မှာလဲ” ဆိုပြီး တွေးမိတယ်။ ကျွန်မ နည်းနည်း စိတ်ဆိုးပြီး စိတ်ကျဉ်းကျပ်သွားတယ်။ ခေါင်းဆောင်ရဲ့ စာတွေကိုတောင် မကြည့်ချင်ဘူး။ ဒါပေမဲ့ ဒီအလုပ်တွေအားလုံးကို ပြီးအောင် လုပ်ရဦးမယ်လေ။ လူသစ်တွေက သူတို့ကို အချိန်မီရေမလောင်းလို့ ပြန်ထွက်သွားရင် ဒါက ပြစ်မှားမှုတစ်ခု ဖြစ်မှာပဲ။ ကျွန်မက ပြုပြင်ခံရမှာတင်မဟုတ်ဘူး။ ထုတ်တာတောင် ခံရနိုင်တယ်။ နောက်တော့ ရေလောင်းအလုပ်ရဲ့ တိုးတက်မှုနဲ့ လူသစ်တွေရဲ့ ပြဿနာကို နားလည်အောင်လုပ်ဖို့ သွားလိုက်တယ်။ ဒါပေမဲ့ ကျွန်မက တက်ကြွဖို့ ဆန္ဒမရှိတော့ အလုပ်ကို စစ်ဆေးတဲ့အခါမှာ ဝတ်ကျေတမ်းကျေဆန်ပြီး ခေါင်းဆောင်ကို ပြန်တင်ပြနိုင်အောင် အပေါ်ယံပဲ လုပ်ခဲ့တယ်။ အဲဒီအချိန်အတွင်းမှာ ကျွန်မက အပေါ်ယံမှာ ဆက်တိုက် အလုပ်တွေနဲ့ရှုပ်နေတဲ့ ပုံစံရှိတယ်။ ဒါပေမဲ့ ကျွန်မက တကယ်တမ်း အလုပ်တစ်ခုကနေ နောက်တစ်ခုကို တွန့်ဆုတ်ရင်းနဲ့ပဲ သွားနေတယ်။ အလုပ်ကို အကောင်အထည်ဖော်တော့ တစ်ခုခုက အမြဲတမ်း လွဲနေတယ်၊ ဒါမှမဟုတ် လိုနေတယ်။ အလုပ်ကို ပြန်လုပ်ရတယ်။ နေ့တိုင်း စိတ်ဓာတ်ကျပြီး ပင်ပန်းရင်းနဲ့ ဖြတ်သန်းရတယ်။ အလုပ်ရလဒ်တွေက ကျဆင်းနေတယ်။ ကျွန်မက တာဝန်သိစိတ်မရှိဘူးဆိုပြီး ကျွန်မနဲ့ တွဲလုပ်တဲ့ ညီအစ်မက ပြောတယ်။ ကျွန်မက မတရားခံရတယ်လို့ ခံစားမိပြီး “ငါက ဒီအလုပ်တွေအကုန်လုံးကို ကြီးကြပ်ရတာ။ နေ့တိုင်းလည်း တစ်နေကုန် အလုပ်လုပ်ရတယ်။ ငါက တာဝန်သိစိတ်မရှိဘူး၊ ဇွဲလုံ့လမရှိဘူးလို့ ဘယ်လိုပြောနိုင်ရတာလဲ။ ငါ့ကို အရမ်းတောင်းဆိုနေကြတယ်” ဆိုပြီး တွေးမိတယ်။ ကျွန်မ တွေးလေလေ၊ စိတ်ထိခိုက်လေလေပဲ။ ဒီတာဝန်ကို တကယ်ကို မလုပ်နိုင်တော့ဘူးလို့ စဉ်းစားမိတယ်။ ဒီဒုက္ခတွေအားလုံးထဲမှာ ရှိနေရတာထက် သက်သာတဲ့တာဝန်တစ်ခုကို သွားလုပ်ဖို့အတွက် နုတ်ထွက်လိုက်တာကပဲ ပိုကောင်းမယ်။ ဒါဆို အရမ်း စိတ်ကျဉ်းကျပ်နေရမှာ မဟုတ်ဘူးပေါ့။ ကျွန်မက အပျက်သဘောတွေနဲ့ လွှမ်းမိုးနေခဲ့တယ်။ တစ်ညမှာ ကျွန်မ ဘုရားရှေ့ကိုသွားပြီး ဆုတောင်းတယ်။ “ဘုရားသခင်၊ သမီးအရမ်းစိတ်ဆင်းရဲနေရပါတယ်။ သမီးအများကြီးဆက်ပြီး ခံနိုင်မယ် မထင်ပါဘူး။ ဘယ်သင်ခန်းစာကို သင်ယူသင့်တယ်ဆိုတာ သမီးမသိပါဘူး။ သမီးပြဿနာကို နားလည်နိုင်ဖို့အတွက် သမီးကို ဉာဏ်အလင်းပွင့်လင်းစေပြီး လမ်းပြတော်မူပါ” ဆိုပြီးတော့။

ဆုတောင်းပြီးတော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ဖတ်တယ်။ “မိမိနှစ်သက်သလို မလုပ်ဆောင်နိုင်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ မိမိ၏ စိတ်တွင် ဖြစ်ပေါ်သော လိုအင်ဆန္ဒတိုင်းကို မလုပ်ဆောင်နိုင်ခြင်းကို ဆိုလိုသည်။ မိမိတို့ အလိုရှိသည့်အရာကို အလိုရှိသည့်အချိန်တွင် အလိုရှိသည့်ပုံစံအတိုင်း လုပ်ဆောင်နိုင်ခြင်းသည် ဤလူတို့၏ အလုပ်နှင့် ဘဝနှစ်ခုလုံးတွင်ရှိသော လိုအပ်ချက်ဖြစ်သည်။ သို့ရာတွင် ဥပဒေများ၊ ရှင်သန်ရာပတ်ဝန်းကျင်များ၊ သို့မဟုတ် အုပ်စုတစ်ခု၏ စည်းကမ်းများ၊ စနစ်များ၊ ပြဋ္ဌာန်းမှုများနှင့် စည်းကမ်းဆိုင်ရာ စီမံချက်များ စသည်ဖြင့်တို့အပါအဝင် အမျိုးမျိုးသော အကြောင်းပြချက်များကြောင့် လူတို့သည် ၎င်းတို့၏ ဆန္ဒများ၊ စိတ်ကူးများနှင့်အညီ မလုပ်ဆောင်နိုင်ကြပေ။ အကျိုးဆက်အနေဖြင့် ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။ တဲ့တိုးပြောရလျှင် လူတို့သည် နစ်နာသည်ဟု ခံစားရသောကြောင့် ဤဖိနှိပ်ချုပ်ချယ်ခံရစိတ် ဖြစ်ပေါ်ခြင်းဖြစ်သည်။ လူအချို့မှာ မတရားခံရသည်ဟုပင် ခံစားရသည်။ မိမိနှစ်သက်သလို မလုပ်ဆောင်နိုင်ခြင်းသည် ပွင့်လင်းစွာ ပြောရလျှင် မိမိ၏ စိတ်ဆန္ဒအတိုင်း မလုပ်ဆောင်နိုင်ခြင်းကို ဆိုလိုသည်။ အမျိုးမျိုးသော အရှိအတိုင်းဖြစ်သော ပတ်ဝန်းကျင်များနှင့် အခြေအနေများ၏ အကြောင်းပြချက်နှင့် ကန့်သတ်ချက်အမျိုးမျိုးကြောင့် တစ်ဇွတ်ထိုး မလုပ်နိုင်ခြင်း၊ သို့မဟုတ် လွတ်လပ်စွာ ပျော်မွေ့၍ မရခြင်းကို ဆိုလိုသည်။ ဥပမာ လူအချို့သည် တာဝန်ထမ်းဆောင်စဉ်တွင် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေဆန်ပြီး အချောင်ခိုရန် နည်းလမ်းများရှာကြသည်။ တစ်ခါတစ်ရံတွင် အသင်းတော်အလုပ်သည် အလျင်အမြန်လုပ်ဖို့ လိုသည်။ သို့သော် ၎င်းတို့က ၎င်းတို့နှစ်သက်သလိုသာ လုပ်ဆောင်လိုသည်။ ၎င်းတို့သည် ကျန်းမာရေး အလွန်ကောင်းသည်ဟု မခံစားရလျှင်၊ သို့မဟုတ် သုံးလေးရက်ကြာ စိတ်ညစ်ညူးနေပြီး စိတ်ဓာတ်ကျနေလျှင် ၎င်းတို့သည် အသင်းတော်အလုပ်ကို လုပ်ဆောင်ရန် ဆင်းရဲဒုက္ခကို ခံပြီး အဖိုးအခ ပေးဆပ်လိုစိတ်မရှိပေ။ ၎င်းတို့သည် အထူးပင် ပျင်းရိပြီး သက်သာခြင်းကို တပ်မက်သည်။ ၎င်းတို့သည် စိတ်ဓာတ်တွန်းအားမရှိသောအခါ ၎င်းတို့၏ ကိုယ်ခန္ဓာက နှေးကွေးလာသည်။ လှုပ်ရှားချင်စိတ် ရှိမည်မဟုတ်။ သို့သော် ၎င်းတို့သည် ခေါင်းဆောင်များက ပြုပြင်ခြင်းကို ခံရခြင်း၊ ညီအစ်ကိုမောင်နှမများက ပျင်းရိသည်ဟု အပြောအဆိုခံရခြင်းတို့ကို ကြောက်ရွံ့သောကြောင့် အခြားလူတိုင်းနှင့် အလုပ်ကို တွန့်ဆုတ်စွာ ထမ်းဆောင်ခြင်းမှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။ သို့ရာတွင် ၎င်းတို့သည် ဤအရာနှင့်ပတ်သက်ပြီး အလွန်ပင် စိတ်မပါခြင်း၊ မပျော်ရွှင်ခြင်း၊ တွန့်ဆုတ်ခြင်းတို့ ဖြစ်လိမ့်မည်။ ၎င်းတို့သည် မတရားခံရသည်၊ နစ်နာသည်ဟု ခံစားရပြီး စိတ်ရှုပ်ကာ မောပန်းနွမ်းနယ်လိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒအတိုင်း လုပ်ဆောင်လိုသော်လည်း ဘုရားအိမ်တော်၏ သတ်မှတ်ချက်များ၊ ပြဋ္ဌာန်းချက်များကို မချိုးဖောက်ရဲပေ၊ သို့မဟုတ် မဆန့်ကျင်ရဲပေ။ ရလဒ်အနေဖြင့် အချိန်ကြာလာသောအခါ ဖိနှိပ်ချုပ်ချယ်ခြင်းဆိုသည့် စိတ်ခံစားချက်တစ်ခုသည် ၎င်းတို့တွင် စတင်ထွက်ပေါ်လာသည်။ ဤဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်က ၎င်းတို့တွင် အမြစ်တွယ်လာသည်နှင့် ၎င်းတို့သည် တဖြည်းဖြည်းချင်းဖြင့် ပင်ပန်းနွမ်းနယ်ကာ အားနည်းသည့် ပုံစံ ပေါ်လာလိမ့်မည်။ စက်တစ်ခုကဲ့သို့ပင် ၎င်းတို့သည် ၎င်းတို့ လုပ်ဆောင်သည့်အရာကို ရှင်းလင်းစွာ နားလည်ခြင်းမရှိတော့ပေ။ သို့သော် ၎င်းတို့သည် ၎င်းတို့အား ခိုင်းသည့်အရာမှန်သမျှကို ၎င်းတို့အား ခိုင်းထားသည့် နည်းလမ်းအတိုင်း နေ့စဉ် လုပ်ဆောင်ဆဲဖြစ်လိမ့်မည်။ ၎င်းတို့သည် ရပ်နားခြင်းမရှိဘဲ၊ ခဏနားခြင်းမရှိဘဲ၊ တာဝန်ထမ်းဆောင်သည့် ပတ်ဝန်းကျင်များမှ ထွက်ခွာခြင်းမရှိဘဲ ၎င်းတို့၏ အလုပ်တာဝန်များကို အပေါ်ယံတွင် ဆက်လက် ဆောင်ရွက်လိမ့်မည်။ သို့တိုင်အောင် ၎င်းတို့၏ စိတ်နှလုံးတွင် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရမည်ဖြစ်ပြီး ၎င်းတို့၏ ဘဝသည် ခြေကုန်လက်ပန်းကျဖွယ်ဖြစ်ပြီး နစ်နာမှုများဖြင့် ပြည့်နေသည်ဟု ထင်မြင်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅)) ဘုရားနှုတ်ကပတ်တော်က ဖော်ထုတ်ပြတာကို ကျွန်မ တွေ့တဲ့အခါ နားလည်သွားတယ်။ တာဝန်ထမ်းဆောင်တဲ့အခါမှာ ကျွန်မက အမြဲတမ်း စိတ်ကျဉ်းကျပ်ပြီး စိတ်ဆင်းရဲနေတာက တကယ်တမ်း ကျွန်မက အစစ်အဆေးမခံချင်ဘဲ ကျွန်မ ကျေနပ်သလိုလုပ်ချင်တာကြောင့် အဓိကဖြစ်တယ်ဆိုတာကိုပေါ့။ ကျွန်မ အကြိုက်မဟုတ်တဲ့ အခြေအနေတွေကို ရင်ဆိုင်ရတဲ့ အခါတိုင်းမှာ၊ ကျွန်မ လုပ်ချင်သလို လုပ်လို့မရဘဲ အရာရာတိုင်းမှာ အကန့်အသတ်တွေကို ရင်ဆိုင်ရတဲ့အခါ ကျွန်မမှာ ကျဉ်းကျပ်တဲ့ စိတ်ခံစားချက်တွေ ဖြစ်လာတယ်။ စာသားအခြေခံတဲ့ တာဝန်တွေကို ကျွန်မ စလုပ်တဲ့အချိန်မှာ ခေါင်းဆောင်က ကျွန်မကို အများကြီးမတောင်းဆိုခဲ့ဘူး။ ပြီးတော့ အတတ်ပညာကျွမ်းကျင်မှုကို ကျွန်မ လေ့လာတုန်းမှာ ကျွန်မကို လမ်းပြပေးဖို့ လီရှင်းရှိခဲ့တယ်။ အခက်အခဲတွေ ပေါ်လာတဲ့အခါ လီရှင်းက ကျွန်မနဲ့ ချက်ချင်း မိတ်သဟာယဖွဲ့ပြီး ကျွန်မကို ကူညီတယ်။ ပြီးတော့လည်း ဒါက တော်တော်အနေချောင်တဲ့ အလုပ်ဖြစ်ပြီး လုံးဝ ဖိအားမဖြစ်ဘူး။ ဒီတော့ တာဝန်ကို အဲဒီလိုလုပ်ရတာကို ကျွန်မ ကြိုက်ခဲ့တယ်။ ဒါပေမဲ့ ခေါင်းဆောင်တာဝန်တွေကို ကျွန်မ စလုပ်ကတည်းက အလုပ်တွေအများကြီးကို ကြီးကြပ်ရတယ်။ အသင်းတော်က အလုပ်မျိုးစုံကို အရေးစိုက်ပြီး စောင့်ကြည့်ရတယ်။ ကိစ္စတိုင်းကို လက်တွေ့ကျကျနဲ့ ပါဝင်ပြီး ဖြေရှင်းရတယ်။ နောက်ပိုင်းမှာ အသင်းတော်က ဖမ်းဆီးတာတွေကို ရင်ဆိုင်ရတော့ နောက်ဆက်တွဲတွေကို ကျွန်မ ကိုင်တွယ်ဖြေရှင်းဖို့ လိုခဲ့ပြီး ပိုပြီးတော့တောင် အလုပ်ရှုပ်ခဲ့တယ်။ ကျွန်မရဲ့ ဖိစီးမှုတချို့ကို သက်သာအောင် ရေလောင်းအလုပ်ကို အာရုံစိုက်တာကို ရွှေ့ဆိုင်းချင်ခဲ့တယ်။ ဒါပေမဲ့ အထက်ပိုင်းအဆင့်ခေါင်းဆောင်က ဒီအလုပ်အပေါ် သူကြီးကြပ်တာကို နည်းနည်းလေးမှ မလျှော့ပေါ့ခဲ့ဘူး။ ဒါကြောင့် ကျွန်မ အစီအစဉ်က ပျက်စီးသွားတယ်။ ကျွန်မရဲ့ အသွေးအသားက ပိုပြီးတော့ ဒုက္ခခံရတယ်။ အဲဒါနဲ့ ကျွန်မက ကျိုးနွံနာခံခြင်း မရှိနိုင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မ အလုပ်မလုပ်ရင် ကျွန်မက ဒုက္ခကိုတောင့်မခံနိုင်ဘူးလို့ သူများတွေပြောမှာကို ကျွန်မကြောက်ခဲ့ပြီး လူသစ်တွေက ကောင်းကောင်းရေလောင်းမခံရဘဲ ကျွန်မက တာဝန်ခံရမှာကို ပိုပြီးတော့တောင် ကြောက်ခဲ့တယ်။ အဲဒါနဲ့ စိတ်မပါတပါနဲ့ ကျိုးနွံနာခံခဲ့တယ်။ ဒါပေမဲ့ ကျွန်မက စိတ်ကျဉ်းကျပ်နေတုန်းပဲ။ ပြီးတော့ အကုန်လုံးကို အာရုံမစိုက်ဘဲ လုပ်ခဲ့တယ်။ ကျွန်မက ကိုယ့်တာဝန်မှာ ဝတ်ကျေတမ်းကျေဆန်တယ်။ အပေါ်ယံပဲလုပ်ပြီး ခိုင်းတာကိုပဲ လုပ်ခဲ့တယ်။ ရလဒ်အနေနဲ့ ကျွန်မက အလုပ်ကို နှောင့်ယှက် ဖျက်ဆီးခဲ့တယ်။ ကျွန်မနဲ့ တွဲလုပ်တဲ့ ညီအစ်မက ကျွန်မအကြောင်းကို ဖော်ခဲ့ပြီး ကျွန်မက ပိုပြီးတော့တောင် မကျေမနပ်ဖြစ်ပြီး တစ်ဇွတ်ထိုးလုပ်ခဲ့တယ်။ ကျွန်မက အပြစ်တင်တာကိုတောင် လက်ခံပြီး ကျွန်မတာဝန်ကနေ နုတ်ထွက်ချင်ခဲ့တယ်။ အရမ်းကို ဆင်ခြင်တုံတရားမဲ့ခဲ့တာပဲ။ နောက်ပိုင်းမှာ ကျွန်မပြဿနာက တော်တော်အရေးကြီးတယ်ဆိုတာကို သဘောပေါက်ခဲ့ပြီး ဆက်ပြီးတော့ အရမ်း ခေါင်းမမာရဲတော့ဘူး။

အဲဒီနောက်တော့ ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တယ်။ “လူ့အဖွဲ့အစည်းတွင် ၎င်းတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အာရုံမစိုက်သူများမှာ မည်သူတို့ ဖြစ်သနည်း။ လူပျင်းများ၊ ငတုံးငအများ၊ အချောင်ခိုသူများ၊ လူရမ်းကားများ၊ လူဆိုးလူမိုက်များနှင့် လူလေလူလွင့်များ ဖြစ်သည်။ ဤသို့သော သူများဖြစ်သည်။ ၎င်းတို့သည် မည်သည့်ကျွမ်းကျင်မှု၊ သို့မဟုတ် အရည်အချင်းအသစ်ကိုမျှ မသင်ယူလိုပေ။ ပြီးလျှင် ၎င်းတို့သည် ရပ်တည်နိုင်ရန်အတွက် အရေးကြီးသော အသက်မွေးအလုပ်များ နောက်သို့ မလိုက်လိုပေ၊ သို့မဟုတ် အလုပ်တစ်ခုကို မရှာဖွေလိုပေ။ ၎င်းတို့သည် လူ့အဖွဲ့အစည်း၏ လူပျင်းများနှင့် လူလေလူလွင့်များဖြစ်သည်။ ၎င်းတို့သည် အသင်းတော်သို့ ထိုးဖောက်ဝင်ရောက်လာပြီး တစ်စုံတစ်ခုကို အလကားရရှိလိုသည်။ ပြီးလျှင် ၎င်းတို့၏ ကောင်းချီးဝေစုကို ရရှိလိုသည်။ ၎င်းတို့သည် အခွင့်အရေးသမားများဖြစ်သည်။ ဤအခွင့်အရေးသမားများသည် ၎င်းတို့၏ တာဝန်များကို မည်သည့်အခါမျှ ထမ်းဆောင်လိုစိတ်မရှိပေ။ အမှုကိစ္စများက ၎င်းတို့၏ သဘောကျဖြစ်ရန် အနည်းငယ်မျှ အတိမ်းအစောင်း ရှိလျှင်ပင် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။ ၎င်းတို့သည် အစဉ်သဖြင့် လွတ်လပ်စွာ နေလိုကြသည်။ မည်သည့်အလုပ်မျိုးကိုမျှ မထမ်းဆောင်လိုပေ။ သို့တိုင်အောင် ကောင်းသောအစားအစာကို စားပြီး ကောင်းသော အဝတ်ကို ဝတ်လိုကြသေးသည်။ ၎င်းတို့ စားလိုသည့် မည်သည့်အရာကိုမဆို စားပြီး အိပ်လိုသည့် မည်သည့်အချိန်တွင်မဆို အိပ်ချင်ကြသေးသည်။ ဤသို့သောနေ့ရက် ရောက်ရှိလာလျှင် သေချာစွာပင် အလွန်ကောင်းလိမ့်မည်ဟု ၎င်းတို့ ထင်ကြသည်။ ၎င်းတို့သည် ဆင်းရဲဒုက္ခအနည်းငယ်မျှကိုပင် မခံလိုဘဲ ဇိမ်ခံရသော ဘဝကို ဆန္ဒရှိကြသည်။ ဤလူတို့သည် အသက်ရှင်ရခြင်းကိုပင် ပင်ပန်းနွမ်းနယ်သည်ဟု မြင်ကြသည်။ ၎င်းတို့သည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ ချည်နှောင်ခြင်းကို ခံရသည်။ ၎င်းတို့သည် မိမိတို့ နှစ်သက်သလို မလုပ်ဆောင်ရသောကြောင့် မကြာခဏ ပင်ပန်းပြီး စိတ်ရှုပ်ထွေးကြသည်။ ၎င်းတို့သည် ၎င်းတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အရေးမစိုက်လိုပေ၊ သို့မဟုတ် ၎င်းတို့၏ သင့်တင့်လျောက်ပတ်သော အရေးကိစ္စများကို မကိုင်တွယ်လိုပေ။ ၎င်းတို့သည် အလုပ်တစ်ခုကို စွဲစွဲမြဲမြဲ မလုပ်ချင်သကဲ့သို့ အစမှအဆုံးမထိ စဉ်ဆက်မပြတ် မလုပ်ဆောင်လိုပေ။ ၎င်းတို့၏ ကိုယ်ပိုင်အလုပ်အကိုင်နှင့် အလုပ်တာဝန်အဖြစ်၊ တာဝန်နှင့် ဝတ္တရားအဖြစ် သဘောမထားလိုပေ။ ၎င်းတို့သည် ပြီးမြောက်အောင် မလုပ်ဆောင်လိုဘဲ ရလဒ်များကိုလည်း မရရှိလိုပေ၊ သို့မဟုတ် ဖြစ်နိုင်သမျှ အကောင်းဆုံး စံနှုန်းဖြစ်အောင် မလုပ်ဆောင်လိုပေ။ ၎င်းတို့သည် မည်သည့်အခါမျှ ဤသို့ မစဉ်းစားပေ။ ၎င်းတို့သည် ဝတ်ကျေတမ်းကျေပုံစံဖြင့်သာ လုပ်ဆောင်လိုပြီး ၎င်းတို့၏တာဝန်ကို စားဝတ်နေရေးအတွက် ငွေရှာရန် နည်းလမ်းတစ်ခုအဖြစ် အသုံးပြုလိုကြသည်။ ၎င်းတို့သည် ဖိအားအနည်းငယ်၊ သို့မဟုတ် ထိန်းချုပ်မှုပုံစံတစ်ခုခုကို ရင်ဆိုင်ရသောအခါ၊ သို့မဟုတ် အနည်းငယ်ပို၍ မြင့်သော စံနှုန်းပြည့်မီအောင် ဆောင်ရွက်ရန် ၎င်းတို့ကို သတ်မှတ်ချက်ပေးသောအခါ၊ သို့မဟုတ် တာဝန်အနည်းငယ်ကို ပခုံးထမ်းယူခိုင်းသောအခါ ၎င်းတို့သည် အနေရခက်ပြီး ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် ၎င်းတို့အတွင်းတွင် ဖြစ်ပေါ်လာပြီး ရှင်သန်ရခြင်းက ၎င်းတို့အတွက် ပင်ပန်းနွမ်းနယ်ဖွယ်ဖြစ်ကာ စိတ်ဆင်းရဲကြသည်။ အသက်ရှင်ရခြင်းက ၎င်းတို့အတွက် ပင်ပန်းနွမ်းနယ်ဖွယ်ဖြစ်ရသည့် အခြေခံကျသော အကြောင်းရင်းတစ်ခုမှာ ဤသို့သောသူများသည် အသိစိတ် ကင်းမဲ့သောကြောင့်ဖြစ်သည်။ ၎င်းတို့၏ အသိစိတ်သည် ချို့တဲ့သည်။ ၎င်းတို့သည် စိတ်ကူးယဉ်လျက်၊ အိပ်မက်ထဲတွင်၊ မိုးတိမ်ထဲတွင် နေထိုင်လျက် တစ်နေကုန် ကုန်ဆုံးကြပြီး အထိန်းအကွပ်အမဲ့ဆုံးသော အရာများကို အစဉ် စိတ်ကူးကြသည်။ ထို့ကြောင့် ၎င်းတို့၏ ဖိနှိပ်ချုပ်ချယ်ခံရမှုကို ဖြေရှင်းဖို့ အလွန်ခက်ခဲခြင်းဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို စိတ်မဝင်စားဘဲ မယုံကြည်သူများဖြစ်သည်။ ငါတို့ လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ ၎င်းတို့အား ဘုရားအိမ်တော်မှ ထွက်ခွာရန် ကမ္ဘာလောကဆီသို့ ပြန်သွားကာ ၎င်းတို့၏ ကိုယ်ပိုင်ငြိမ်းအေးပြီး သက်သာသည့်နေရာကိုရှာခိုင်းခြင်းသာ ဖြစ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅)) ဒီ ဘုရားနှုတ်ကပတ်တော်အပိုဒ်က ကျွန်မကို တော်တော်လေး တို့ထိခဲ့တယ်။ လူတစ်ယောက်က စိတ်ကျဉ်းကျပ်နေရခြင်းရဲ့ အကြောင်းရင်းက သူဟာ သူ့ရဲ့ ဇာတိပကတိမှာ မွေ့လျော်ချင်တယ်၊ အစစ်အဆေးမခံချင်ဘူး၊ နည်းနည်း ဒုက္ခမခံချင်ဘူးဆိုတာကို ဘုရားသခင်က ဖော်ထုတ်ပြတယ်။ သူ့ရဲ့ ဇာတိပကတိ လိုအင်ဆန္ဒတွေကို မဖြည့်ဆည်းနိုင်တာနဲ့ တစ်ပြိုင်နက် သူက စိတ်ကျဉ်းကျပ်ပြီး စိတ်ဆင်းရဲရတယ်။ သူ့ရဲ့ သင့်တော်တဲ့အလုပ်ကို အာရုံစိုက်ဖို့၊ သူ့တာဝန်ကို ဖြည့်ဆည်းဖို့ လုံးဝ မစဉ်းစားဘူး။ အမြဲတမ်းပဲ အသင်းတော်မှာ အလကားနေနေချင်တယ်။ သမ္မာတရားကို တကယ်လိုက်စားပြီး ကိုယ့်ရဲ့ သင့်တော်တဲ့အလုပ်ကို အာရုံစိုက်တဲ့သူတွေက သူတို့တာဝန်ကို သူတို့ရဲ့တာဝန်၊ ဝတ္တရားအဖြစ်မြင်ကြတယ်။ သူတို့တာဝန်ကို ကောင်းကောင်းလုပ်ဖို့အတွက် သူတို့အသွေးအသား ဒုက္ခခံဖို့၊ စိတ်ဖိစီးမှုနည်းနည်း တောင့်ခံဖို့ကို သိပ်မစဉ်းစားကြဘူး။ သူတို့တာဝန်ကို ကောင်းကောင်းလုပ်မှ သူတို့ဘဝက တန်ဖိုးနဲ့ အဓိပ္ပာယ်ရှိတယ်ဆိုတာကို သိကြတယ်။ သူတို့ရဲ့ လိုက်စားမှုက အပြုသဘောဆောင်တာကြောင့် သူတို့က စိတ်ကျဉ်းကျပ်တာ၊ စိတ်ဆင်းရဲတာ မဖြစ်ကြဘူး။ ဘုရားသခင်က ဒီလိုလူတွေကို နှစ်သက်ပြီး ကောင်းချီးပေးပါတယ်။ ကျွန်မက ခေါင်းဆောင်တာဝန်တွေကို ယူနိုင်တာဟာ ဘုရားသခင်ရဲ့ အထူးကျေးဇူးတော်ဖြစ်တယ်ဆိုတာ ကျွန်မ ကောင်းကောင်းသိတယ်။ ဒါပေမဲ့ ကျွန်မက ပိုများတဲ့အလုပ်တွေကို ဦးဆောင်ရပြီး ပိုများတဲ့တာဝန်တွေကို အရေးစိုက်ဖို့ လိုတဲ့အတွက်၊ ပြီးတော့ အထက်ပိုင်းအဆင့်ခေါင်းဆောင်ကလည်း စစ်ဆေးပြီး ကြီးကြပ်နေတဲ့အတွက် သက်သက်သာသာနေဖို့ ကျွန်မ အခွင့်အရေးက ပိုနည်းနေခဲ့တာပေါ့။ ဒီဟာကြောင့် ဒီတာဝန်ကိုလုပ်ရတာက ခက်ခဲလွန်းပြီး စိတ်ကျဉ်းကျပ်စရာကောင်းတယ်လို့ ထင်ခဲ့တယ်။ ဘာဖိစီးမှုမှမရှိဘဲ နေ့တိုင်း အေးအေးဆေးဆေးနေပြီး အချိန်ကုန်ချင်ခဲ့တယ်။ လူ့အဖွဲ့အစည်းမှာရှိတဲ့ လူရမ်းကားတွေ၊ လူဆိုးဂိုဏ်းဝင်တွေ၊ လေလွင့်နေသူတွေ၊ လူလိမ်လူညစ်တွေကို ကျွန်မ စဉ်းစားမိတယ်။ သူတို့တွေက သင့်တော်တဲ့အရာတွေကို လုံးဝ မစဉ်းစားဘူး။ လေလွင့်နေပြီး စားဖို့၊ သောက်ဖို့အတွက် နေရာအနှံ့မှာ လူတွေကို လိမ်ညာတယ်။ သူတို့အလုပ်မှာ ချောင်ခိုတယ်။ သူတို့လိုလူတွေက သမာဓိ၊ ဂုဏ်သိက္ခာမရှိဘဲ အသက်ရှင်ကြတယ်။ သွားတဲ့နေရာတိုင်းမှာ လူတွေက သူတို့ကို အထင်သေးကြတယ်။ သူတို့တွေက အားလုံးထဲမှာ အနိမ့်ကျဆုံးလူတွေပဲ။ ကျွန်မကတော့ ကိုယ့်တာဝန်မှာ ဇာတိပကတိ သာယာမှုတွေကို အမြဲတမ်း လိုက်စားချင်ပြီး ရှေ့ကိုဆက်သွားဖို့ မစဉ်းစားခဲ့ဘူး။ နည်းနည်းပါးပါး ဒုက္ခမခံချင်ဘူး။ အနှစ်သာရမှာ ကျွန်မက ဘုရားအိမ်တော်မှာ ကိုယ့်ရဲ့ သင့်တော်တဲ့အလုပ်ကို အာရုံမစိုက်ဘဲ အလကား အကျိုးခံစားချင်တာသက်သက်ပဲ။ ခေါင်းဆောင်လုပ်ရတာက နည်းနည်းပိုပြီး ပင်ပန်းပေမဲ့ နေ့တိုင်း လူတွေ၊ အမှုကိစ္စတွေနဲ့ ပိုထိတွေ့ရပြီး လက်တွေ့လုပ်ဖို့ ပိုပြီး အခွင့်အရေးရတယ်။ ဥပမာ အသင်းတော်ရဲ့ သန့်စင်ရေးအလုပ်အတွက် ကိုယ်က တခြားလူတွေကို ပိုင်းခြားသိမြင်တဲ့ သမ္မာတရားရှိထားဖို့ လိုတယ်။ ရေလောင်းအလုပ်ကျတော့ လူသစ်တွေက တည်ငြိမ်တဲ့ အခြေခံအုတ်မြစ်မရှိတာကြောင့် သူတို့တွေကို ရေလောင်းပြီး ပံ့ပိုးပေးဖို့အတွက် ကိုယ်က ရူပါရုံသမ္မာတရားကို ပိုင်ဆိုင်ဖို့လိုတယ်။ ပြီးတော့လည်း တခြားအလုပ်ကို အကောင်အထည်ဖော်တာက ဆက်စပ်မှုရှိတဲ့ သမ္မာတရားစည်းမျဉ်းတွေနဲ့ ဆိုင်တယ်။ ဒါက ရိုးရှင်းတဲ့တာဝန်တစ်ခုကို လုပ်တာနဲ့ပဲ မရနိုင်တဲ့အရာပဲ။ ဒါပေမဲ့ ကျွန်မက သမ္မာတရားကို ရဖို့ ဘုရားက ကျွန်မကိုပေးတဲ့ ဒီအခွင့်အရေးတွေကို တန်ဖိုးမထားခဲ့ဘူး။ ခေါင်းဆောင်တာဝန်တွေကို လုပ်ရင်းနဲ့ အရမ်းအလုပ်ရှုပ်တယ်၊ အရမ်းပင်ပန်းတယ်၊ ကိုယ်ကြိုက်သလို နေလို့မရဘူးဆိုပြီး အမြဲတမ်း တွေးခဲ့တယ်။ အထက်ပိုင်းအဆင့်ခေါင်းဆောင်က ကျွန်မအလုပ်ကို ကြီးကြပ်တဲ့အခါမှာ ကျွန်မက အတိုက်အခံလုပ်တယ်။ ပြီးတော့ အလုပ်ကို အကောင်အထည်ဖော်တော့ ဝတ်ကျေတမ်းကျေလုပ်ပြီး အလုပ်တိုးတက်မှုကို နှေးစေတယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တာမလုပ်ဘဲ ကျဉ်းကျပ်တဲ့ စိတ်ခံစားချက်တွေနဲ့ ဆက်နေနေပြီး တာဝန်ကိုတောင် ချန်ထားခဲ့ချင်တယ်။ ကျွန်မက တကယ်ကို အသိစိတ်၊ ဆင်ခြင်တုံတရား လုံးဝ မရှိခဲ့တာပါ။ ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တဲ့အခါမှာ ကျွန်မ တော်တော်လေးစိတ်သောကရောက်ပြီး စိတ်မကောင်းဖြစ်တယ်။ “၎င်းတို့သည် သမ္မာတရားကို စိတ်မဝင်စားဘဲ မယုံကြည်သူများဖြစ်သည်။ ငါတို့ လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ ၎င်းတို့အား ဘုရားအိမ်တော်မှ ထွက်ခွာရန် ကမ္ဘာလောကဆီသို့ ပြန်သွားကာ ၎င်းတို့၏ ကိုယ်ပိုင်ငြိမ်းအေးပြီး သက်သာသည့်နေရာကိုရှာခိုင်းခြင်းသာ ဖြစ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅)) ဘုရားသခင်က ကျွန်မရှေ့တည့်တည့်မှာ ကျွန်မကို ဖော်ထုတ်နေသလို ခံစားရတယ်။ ဒီလိုလူတွေကို မယုံကြည်သူတွေအဖြစ် ဘုရားသခင်က သတ်မှတ်တယ်။ ဒီလူတွေကို စက်ဆုပ်ရွံရှာတယ်။ ကျွန်မက ကိုယ့်တာဝန်အပေါ် ကျွန်မသဘောထားကို မပြောင်းလဲရင်၊ အနှေးနဲ့ အမြန် ဘုရားက ကျွန်မကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းမှာပဲ။ ဒါကို သတိထားမိတော့ ကျွန်မ နည်းနည်းကြောက်သွားတယ်။ စိတ်နှလုံးထဲကနေ ဘုရားကို တိတ်တဆိတ်ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ သမီး ဒီလိုဆက်ပြီး ဖြစ်သလိုလုပ်မနေချင်ပါဘူး။ သာမန်လူ့သဘာဝရှိသူ၊ ကောင်းမွန်တဲ့ အသိစိတ်ရှိသူ၊ ကိုယ့်ရဲ့ သင့်တော်တဲ့အလုပ်ကို အာရုံစိုက်သူတစ်ယောက် ဖြစ်ချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုပြီး လေးလေးနက်နက်နားလည်အောင် လမ်းပြတော်မူပါ” ဆိုပြီးတော့။

ရှာဖွေနေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်တယ်။ “လူတို့၏ ဖိနှိပ်ချုပ်ချယ်ခံရခြင်းကို မည်သည့်အရာက ဖြစ်စေသနည်း။ ရုပ်ပိုင်းဆိုင်ရာ မောပန်းနွမ်းနယ်မှုကြောင့် မဟုတ်သည်မှာ သေချာသည်။ ဤသို့ဆိုလျှင် မည်သည့်အရာက ဖြစ်စေသနည်း။ လူတို့သည် ရုပ်ပိုင်းဆိုင်ရာ သက်သာမှုနှင့် ပျော်ရွှင်မှုကို စဉ်ဆက်မပြတ် ရှာဖွေလျှင်၊ ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုနှင့် သက်သာမှုကို စဉ်ဆက်မပြတ် လိုက်စားလျှင်၊ ဒုက္ခမခံလိုလျှင် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခအနည်းငယ်၊ သူတစ်ပါးတို့ထက် အနည်းငယ်ပို၍ ဒုက္ခခံခြင်း၊ သို့မဟုတ် ပုံမှန်ထက် အနည်းငယ်ပို၍ အလုပ်ပိသည်ဟု ခံစားရခြင်းသည်ပင် ၎င်းတို့အား ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရစေလိမ့်မည်။ ဤသည်မှာ ဖိနှိပ်ချုပ်ချယ်မှုကို ဖြစ်စေသည့်အရာတစ်ခုဖြစ်သည်။ လူတို့သည် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခအနည်းငယ်ကို အလွန်ဆိုးရွားသည်ဟု မသတ်မှတ်လျှင်၊ ရုပ်ပိုင်းဆိုင်ရာ သက်သာမှုကို မလိုက်စားဘဲ ဘုရားသခင်အား ကျေနပ်စေရန်အတွက် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် သမ္မာတရားအား လိုက်စားပြီး ရှာဖွေလျှင် ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခကို မကြာခဏ ခံစားရမည်မဟုတ်ပေ။ ၎င်းတို့သည် အနည်းငယ်အလုပ်ရှုပ်ခြင်း၊ ပင်ပန်းခြင်း၊ သို့မဟုတ် အားကုန်ခြင်းကို ရံဖန်ရံခါ ခံစားရလျှင်ပင် အိပ်ပျော်ပြီးနောက်တွင် နိုးထသောအခါ သက်သာလိမ့်မည်။ ထို့နောက် ၎င်းတို့၏ အလုပ်ကို ဆက်လက် လုပ်ဆောင်လိမ့်မည်။ ၎င်းတို့၏ အာရုံစိုက်မှုသည် ၎င်းတို့၏တာဝန်နှင့် အလုပ်အပေါ်တွင် ရှိလိမ့်မည်။ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု အနည်းငယ်ကို သိသာထင်ရှားသော ပြဿနာတစ်ခုအဖြစ် သတ်မှတ်မည်မဟုတ်ပေ။ သို့ရာတွင် လူတို့၏ အတွေးထဲတွင် ပြဿနာတစ်ခုပေါ်လာပြီး ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာ သက်သာမှုကို စဉ်ဆက်မပြတ် လိုက်စားသောအခါ ၎င်းတို့၏ ရုပ်ခန္ဓာက အနည်းငယ် ပင်ပန်းနွမ်းနယ်ခြင်း၊ သို့မဟုတ် စိတ်ကျေနပ်မှုကို ရှာမတွေ့နိုင်ခြင်းဖြစ်သည့် မည်သည့်အချိန်မဆိုတွင် ၎င်းတို့အတွင်း၌ အပျက်သဘောဆောင်သော စိတ်ခံစားချက်အချို့ ဖြစ်ပေါ်လိမ့်မည်။...၎င်းတို့သည် ဤအမှုအရာများနှင့်ပတ်သက်ပြီး မကြာခဏ ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရပြီး ညီအစ်ကိုမောင်နှမများ၏ အကူအညီကို လက်ခံလိုစိတ်မရှိပေ၊ သို့မဟုတ် ခေါင်းဆောင်များ၏ ကြီးကြပ်မှုကို ခံယူလိုစိတ်မရှိပေ။ ၎င်းတို့က အမှားတစ်ခုပြုလုပ်လျှင် အခြားလူများကို ၎င်းတို့အား ပြုပြင်ခွင့် ပေးမည်မဟုတ်ပေ။ ၎င်းတို့သည် မည်သည့်နည်းဖြင့်မျှ ကန့်သတ်ခံရဖို့ ဆန္ဒမရှိပေ။ ၎င်းတို့က ‘ငါသည် ပျော်ရွှင်မှုကို ရှာတွေ့နိုင်ရန်အတွက် ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်သည်၊ သို့ဖြစ်၍ အဘယ်ကြောင့် မိမိကိုယ်ကို အခက်အခဲဖြစ်အောင် လုပ်ဆောင်ရမည်နည်း၊ ငါ၏ ဘဝက အဘယ်ကြောင့် အလွန် ပင်ပန်းနွမ်းနယ်ဖွယ် ဖြစ်သင့်သနည်း၊ လူတို့သည် ပျော်ရွှင်စွာ နေထိုင်သင့်သည်၊ ဤစည်းမျဉ်းများ၊ ထိုစနစ်များကို အလွန် အရေးမစိုက်သင့်ပေ။ ၎င်းတို့ကို အစဉ်လိုက်နာခြင်းက မည်သို့ အသုံးဝင်သနည်း။ ယခုအချိန်၊ ယခုအခိုက်အတန့်တွင် ငါအလိုရှိသည့်အရာ မှန်သမျှကို လုပ်ဆောင်မည်၊ သင်တို့ထဲမှ မည်သူကမျှ ဤအရာနှင့်ပတ်သက်ပြီး ပြောစရာတစ်ခုခုမရှိသင့်ပေ’ ဟူ၍ တွေးကြသည်။ ဤသို့သောသူမျိုးသည် အထူးပင် တစ်ဇွတ်ထိုးလုပ်ပြီး အပျော်အပါး၌ မွေ့လျော်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်သည့်ချုပ်ထိန်းမှုကိုမျှ မခံစားစေသကဲ့သို့ မည်သည့်အလုပ်ပတ်ဝန်းကျင်တွင်မှ ချုပ်ထိန်းမှုကို မခံစားလိုပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ စည်းမျဉ်းစည်းကမ်းများကို မလိုက်နာလိုကြပေ။ ၎င်းတို့သည် လူတို့၏ ကျင့်ကြံနေထိုင်မှုတွင် ကိုင်စွဲသင့်သည့် စည်းမျဉ်းများကို လက်ခံလိုစိတ်မရှိကြပေ။ အသိစိတ်နှင့် ဆင်ခြင်တုံတရားက ၎င်းတို့လုပ်ဆောင်သင့်သည်ဟု ပြောသောအရာကိုပင် မလိုက်နာလိုကြပေ။ ၎င်းတို့ နှစ်သက်သလို လုပ်ဆောင်လိုသည်။ ၎င်းတို့အား ပျော်ရွှင်စေသည့်အရာမှန်သမျှကို လုပ်ဆောင်လိုသည်။ ၎င်းတို့အား အကျိုးရှိစေပြီး သက်သောင့်သက်သာ ဖြစ်စေသည့်အရာမှန်သမျှကို လုပ်ဆောင်လိုသည်။ ဤချုပ်ထိန်းမှုများ၏ အောက်တွင် နေထိုင်ခြင်းသည် ၎င်းတို့၏ စိတ်ဆန္ဒကို ချိုးဖောက်လိမ့်မည် ဟူ၍လည်းကောင်း၊ မိမိကိုယ်ကို နှိပ်စက်သည့်ပုံစံမျိုး ဖြစ်မည်ဟူ၍လည်းကောင်း၊ ၎င်းတို့အတွက် ကိုယ်ရောစိတ်ပါ ဖိစီးခြင်း ဖြစ်မည်ဟူ၍လည်းကောင်း၊ လူတို့သည် ဤသို့ အသက်မရှင်သင့်ဟူ၍လည်းကောင်း ၎င်းတို့က ယုံကြည်ကြသည်။ လူတို့သည် လွတ်လပ်စွာ၊ ချုပ်ချယ်မှုကင်းစွာ နေထိုင်သင့်သည်၊ ၎င်းတို့၏ အသွေးအသားနှင့် တပ်မက်မှုများ၊ ထို့အပြင် ၎င်းတို့ အနှစ်သက်ဆုံးသောအရာများနှင့် ဆန္ဒများကို စိတ်လွတ်လက်လွတ် မွေ့လျော်သင့်သည်ဟု ၎င်းတို့က ထင်ကြသည်။ ၎င်းတို့သည် အကျိုးဆက်များ၊ သို့မဟုတ် အခြားလူများ၏ ခံစားချက်များကို စဉ်းစားဖို့မလိုဘဲ၊ အထူးသဖြင့် ၎င်းတို့၏ ကိုယ်ပိုင်တာဝန်နှင့် ဝတ္တရားများကို စဉ်းစားစရာမလိုဘဲ၊ သို့မဟုတ် ယုံကြည်သူများ ထမ်းဆောင်သင့်သည့် တာဝန်များ၊ သို့မဟုတ် ၎င်းတို့ ကိုင်စွဲပြီး အသက်ရှင်နေထိုင်သင့်သည့် သမ္မာတရား စစ်မှန်မှုများ၊ သို့မဟုတ် ၎င်းတို့ လိုက်လျှောက်သင့်သည့် အသက်လမ်းကြောင်းတို့ကို စဉ်းစားဖို့မလိုဘဲ ၎င်းတို့၏ အယူအဆအားလုံးကို အလိုလိုက်သင့်သည်ဟူ၍လည်းကောင်း၊ ဆန္ဒရှိသည့်အရာ မှန်သမျှကို ပြောသင့်သည်ဟူ၍လည်းကောင်း၊ လုပ်ဆောင်လိုသည့်အရာမှန်သမျှကို လုပ်ဆောင်သင့်သည်ဟူ၍လည်းကောင်း၊ သွားလိုသည့်နေရာမှန်သမျှကို သွားသင့်သည်ဟူ၍လည်းကောင်း ထင်မြင်ကြသည်။ ဤလူအုပ်စုသည် လူ့အဖွဲ့အစည်းနှင့် အခြားလူများကြားတွင် အစဉ်သဖြင့် ၎င်းတို့ နှစ်သက်သလို လုပ်ဆောင်လိုကြသည်။ သို့သော် မည်သည့်နေရာကို ၎င်းတို့ သွားသည်ဖြစ်စေ ထိုအရာကို လုံးဝ မရရှိနိုင်ပေ။ ဘုရားအိမ်တော်က လူအခွင့်အရေးကို အလေးပေးသည်ဟူ၍လည်းကောင်း၊ လူတို့အား လွတ်လပ်မှု အပြည့်အဝပေးအပ်သည်ဟူ၍လည်းကောင်း၊ လူ့သဘာဝကို ဂရုစိုက်သည်ဟူ၍လည်းကောင်း၊ လူတို့အား သည်းခံစိတ်ရှည်ခြင်းကို အရေးစိုက်သည်ဟူ၍လည်းကောင်း ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့က ဘုရားအိမ်တော်ကို လာပြီးနောက်တွင် ၎င်းတို့၏ အသွေးအသားနှင့် ဆန္ဒများတွင် လွတ်လပ်စွာ ပျော်မွေ့နိုင်သင့်သည်ဟု ထင်ကြသည်။ သို့သော် ဘုရားအိမ်တော်က စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၊ စည်းမျဉ်းများရှိသောကြောင့် ၎င်းတို့ နှစ်သက်သလို မလုပ်ဆောင်နိုင်သေးပေ။ ထို့ကြောင့် ၎င်းတို့၏ ဤအပျက်သဘောဆောင်သော ဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်သည် ဘုရားအိမ်တော်ကို ၎င်းတို့ ဝင်ရောက်ပြီးသည့်နောက်တွင်ပင် ဖြေရှင်းနိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် တာဝန်တစ်မျိုးမျိုးကို ထမ်းဆောင်ရန်၊ သို့မဟုတ် မည်သည့်တာဝန်ကိုမဆို ပြီးမြောက်ရန်၊ သို့မဟုတ် စစ်မှန်သောသူဖြစ်ရန် အသက်မရှင်ပေ။ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းသည် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ရန်၊ ၎င်းတို့၏ တာဝန်ကို ပြီးမြောက်ရန်၊ ကယ်တင်ခြင်းရရှိရန် မဟုတ်ပေ။ ၎င်းတို့နှင့်အတူရှိသောလူများ၊ ၎င်းတို့ ရောက်ရှိနေသော ပတ်ဝန်းကျင်၊ သို့မဟုတ် ၎င်းတို့ ပါဝင်လုပ်ဆောင်နေသော အလုပ်အကိုင်တို့က မည်သို့ရှိသည်ဖြစ်စေ ၎င်းတို့၏ အဆုံးစွန်ပန်းတိုင်က မိမိတို့ကိုယ်ကို ရှာဖွေပြီး အလိုဖြည့်ရန်ဖြစ်သည်။ ၎င်းတို့လုပ်ဆောင်သမျှ၏ ရည်ရွယ်ချက်သည် ဤအရာကို ဗဟိုပြုသည်။ မိမိကိုယ်ကို အလိုဖြည့်ခြင်းသည် ၎င်းတို့၏ တစ်သက်တာ လိုအင်ဆန္ဒနှင့် ၎င်းတို့လိုက်စားမှု၏ ပန်းတိုင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅)) အရင်တုန်းက ကျွန်မရဲ့ စိတ်ကျဉ်းကျပ်တဲ့ ခံစားချက်က ခေါင်းဆောင်တာဝန်တွေနဲ့ အရမ်းအလုပ်ရှုပ်နေတာကြောင့်ဖြစ်ပြီး ဖိအားနဲ့ အခက်အခဲတွေကြောင့်ဖြစ်တာလို့ ကျွန်မ အမြဲတမ်း ယုံကြည်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်က ဖော်ထုတ်ပြတာတွေကတစ်ဆင့် ကျွန်မ စိတ်ကျဉ်းကျပ်တာကို ဖြစ်စေတာက ကျွန်မရဲ့ လိုက်စားမှုအပေါ် အတွေးအမြင်တွေနဲ့ ဆိုင်တဲ့ ပြဿနာပဲဆိုတာ နောက်ဆုံးမှာ မြင်ခဲ့ပါတယ်။ ကိုယ့်တာဝန်မှာ ကျွန်မ ကျေနပ်သလို အမြဲတမ်း လုပ်ချင်ခဲ့တယ်။ ဖိအားနဲ့ အခက်အခဲတစ်ခုခုကို ရင်ဆိုင်ရတဲ့အချိန်မှာ၊ ဇာတိပကတိကို မဖြည့်ဆည်းနိုင်တဲ့အခါမှာ ကျွန်မက ဒီကျဉ်းကျပ်တဲ့ စိတ်ခံစားချက်နဲ့ အသက်ရှင်ခဲ့တယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် စာတန်က ကျွန်မအထဲကို သွတ်သွင်းထားခဲ့တဲ့ “လူ့ဘဝသည် တိုတောင်းသဖြင့် တစ်နေ့တာအချိန်ကို ပျော်ရွှင်အောင်အသုံးချပါ”၊ “ယနေ့ လုပ်စရာရှိတာ လုပ်” ဆိုတဲ့ အဆိပ်တွေက လွှမ်းမိုးတာကို ခံရပြီး လူတွေက ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းဆက်ဆံသင့်တယ်လို့ ထင်မြင်တာကြောင့်ပါ။ အရင်တုန်းက ကျွန်မက ကျောင်းသူတစ်ယောက်ဖြစ်ပြီး အထက်တန်းကျောင်းဝင်ခွင့်စာမေးပွဲက နီးလာတော့ ကျောင်းက ကျွန်မတို့ သင်ခန်းစာတွေကို ပြန်ကြည့်ဖို့အတွက် သုံးလေးရက်ပိတ်ပေးတယ်။ ကျွန်မ အတန်းဖော်တွေက အချိန်ကျပ်တယ်လို့ ခံစားရပြီး စာမေးပွဲမတိုင်ခင်မှာ နောက်ဆုံးအားကုန်ကြိုးစားလိုက်ချင်တယ်။ ဒါပေမဲ့ ကျွန်မက စာမေးပွဲရလဒ်တွေက ဒီလောက်အရေးမကြီးပါဘူး၊ ကိုယ့်ကိုယ်ကိုယ် ပင်ပန်းအောင်လုပ်ဖို့မလိုဘူးလို့ တွေးပြီး ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် အားမစိုက်ချင်ခဲ့ဘူး။ ကျွန်မက အဲဒီအချိန်ကို ရင်းနှီးတဲ့ သူငယ်ချင်းနည်းနည်းနဲ့ အချိန်ကုန်ပြီး စာမေးပွဲမတိုင်ခင်မှာ လူတွေမှာဖြစ်တဲ့ စိုးရိမ်တာတွေ လုံးဝ မရှိခဲ့ဘူး။ ကျွန်မရဲ့ အသက်မွေးအလုပ်ကို စလုပ်တော့လည်း ဇာတိပကတိ နှစ်သက်မှုတွေအပေါ် အခြေခံပြီး ဆုံးဖြတ်ချက်တွေ ချတယ်။ ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းတွေအတွက် တင်းကျပ်တဲ့ သတ်မှတ်ချက်တွေရှိတယ်။ ကျွန်မက စိတ်ကျဉ်းကျပ်ပြီး ချုပ်တည်းထားရသလို ခံစားရတယ်။ နုတ်ထွက်စာကိုတောင်ပေးပြီး ထွက်ခဲ့တယ်။ လူတစ်ယောက်က ဒီလိုမျိုး လွတ်လွတ်လပ်လပ်နဲ့ သက်သက်သာသာ နေသင့်တယ်လို့ ကျွန်မ တွေးမိတယ်။ ဘုရားသခင်ကို ယုံကြည်ပြီးတဲ့နောက်မှာ ကျွန်မလိုက်စားတာတွေမှာ ဒီအမြင်ကိုပဲ ထားထားခဲ့တယ်။ သက်သာပြီး ဖိအားမရှိတဲ့ တာဝန်ကို လုပ်ချင်တယ်။ ကျွန်မတာဝန်က နည်းနည်းပိုအလုပ်ရှုပ်ပြီး ပိုဖိအားများတော့ ကျွန်မက စိတ်ကျဉ်းကျပ်တာ၊ အတိုက်အခံဖြစ်တာ ကိုယ့်တာဝန်မှာ ဝတ်ကျေတမ်းကျေဆန်တာ၊ အပေါ်ယံလုပ်တာတွေ ဖြစ်လာတယ်။ ကျွန်မမှာ လူ့သဘာဝ ဘာဆိုဘာမှ မရှိခဲ့ဘူး။ ကွန်မြူနစ်ပါတီက အခုဆိုရင် ဘုရားသခင်ရွေးချယ်ထားသူတွေကို ထိပ်ထိပ်ပျာပျာနဲ့ ဖမ်းဆီးဖိနှိပ်နေတာကို ကျွန်မ လုံးဝ ကောင်းကောင်းသိတယ်။ အထက်ပိုင်းအဆင့်ခေါင်းဆောင်က လူသစ်တွေရဲ့ ဝိညာဉ်ရင့်ကျက်မှုတွေ နည်းတာကို ထည့်တွက်ပြီး လမ်းမှန်ပေါ်ကို သူတို့တွေ ဖြစ်နိုင်သမျှ အမြန်ဆုံး အမြစ်တွယ်နိုင်ဖို့အတွက် ရေလောင်းတာ၊ ပံ့ပိုးတာကို ပိုပြီးလုပ်ဖို့ လိုတယ်လို့ ပြောခဲ့တယ်။ ခေါင်းဆောင်က ရေလောင်းအလုပ်ကို စစ်ဆေးပြီး နည်းနည်းပိုပြီး အနီးကပ် ကြီးကြပ်ပြီးတော့ လူသစ်တွေရဲ့ ဘဝတွေကို လုံးဝ တာဝန်ယူပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို အလေးထားနေတာပဲ။ ဒါက ခေါင်းဆောင်တစ်ယောက် လုပ်သင့်တဲ့အရာပါ။ ဒါပေမဲ့ ကျွန်မ အသွေးအသားက ပိုပြီးတော့ ဒုက္ခခံရပြီး အဖိုးအခပေးဆပ်ရတာကြောင့် ကျွန်မက အတိုက်အခံလုပ်ပြီး ညည်းညူတယ်။ ရေလောင်းအလုပ်ကို အလေးအနက်မထားဘူး။ ဒီဟာကြောင့် အချိန်မီရေလောင်းမခံရတော့ လူသစ်တချို့ရဲ့ ဘဝတွေက ဆုံးရှုံးမှုတွေ ခံရတယ်။ သမ္မာတရားကို ချစ်ပြီး တာဝန်သိစိတ်ရှိတဲ့သူတွေက သူတို့ရဲ့ ဘုရားဆီက တာဝန်ပေးစေခိုင်းချက်နဲ့ ပတ်သက်ရင် ဘုရားရဲ့ ရည်ရွယ်ချက်ကို ဘယ်လို အလေးထားပြီး ဘုရားတောင်းဆိုချက်တွေအတိုင်းလုပ်ရမယ်ဆိုတာကို ပထမဆုံး စဉ်းစားတယ်။ ဘယ်လောက်ကြီးတဲ့ အခက်အခဲတွေ၊ ဖိအားတွေကို သူတို့ ရင်ဆိုင်ရပါစေ ဒါတွေကို တက်ကြွတဲ့နည်းနဲ့ ရင်ဆိုင်နိုင်ပြီး တာဝန်တစ်ခုစီကို အလေးအနက်နဲ့၊ တာဝန်သိသိနဲ့ အကောင်အထည်ဖော်နိုင်တယ်။ ကိုယ့်ကိုယ်ကိုယ်နဲ့ သူတို့ကို ယှဉ်ကြည့်တော့ ကျွန်မက ခေါင်းဆောင်တာဝန်တွေကို လုပ်နေပေမဲ့ ကျွန်မအလုပ်မှာ တာဝန်မယူဘဲ အလုပ်တွေကို အကောင်အထည်ဖော်တဲ့အခါမှာ အပေါ်ယံပဲ လုပ်ခဲ့တယ်။ ကျွန်မတာဝန်ကို ဒီလိုသဘောထားတော့ ဘယ်သူ့ရဲ့ ယုံကြည်မှုနဲ့မှ ကျွန်မ မထိုက်တန်ပါဘူး။ ကျွန်မရဲ့ သမာဓိနဲ့ ဂုဏ်သိက္ခာကို လွှင့်ပစ်ခဲ့တယ်။ ဘုရားအပေါ်မှာ နောင်တမရဘဲ ဆက်လုပ်နေရင် အသင်းတော်အလုပ်ကို ကျွန်မ တော်တော်လေး နှောင့်နှေးအောင်လုပ်မိမှာပဲ။ ဘုရားကလည်း ကျွန်မကို ရှုတ်ချပြီး ဖယ်ရှားရှင်းလင်းမှာပဲ။ ကျွန်မက ဒီလိုမျိုး ထုတ်ဖော်ခြင်းမခံရရင် ဒီနှစ်တွေတစ်လျှောက်လုံးမှာ ကျွန်မလိုက်စားမှုမှာရှိတဲ့ မှားနေတဲ့ ဒီအမြင်တွေကို သတိထားမိမှာ မဟုတ်ဘူး။ ဒီလို လိုက်စားတာက တော်တော်လွတ်လပ်ပြီး အေးဆေးတယ်လို့ တွေးမိခဲ့မှာပဲ။ ကျွန်မက တကယ်ကို အရမ်းပဲမိုက်မဲပြီး အဓိပ္ပာယ်မရှိခဲ့တာပဲ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ကနေ လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခု တွေ့ခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူများ အားလုံးသည် ၎င်းတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အရေးစိုက်သောသူများ ဖြစ်သည်။ ၎င်းတို့အားလုံးသည် မိမိတို့၏တာဝန်များကို ထမ်းဆောင်လိုစိတ် ရှိကြသည်။ အလုပ်တစ်ခုကို တာဝန်ယူထမ်းရွက်နိုင်ပြီး ၎င်းတို့၏ အစွမ်းအစနှင့် ဘုရားအိမ်တော်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကောင်းစွာ လုပ်ဆောင်နိုင်စွမ်း ရှိသည်။ အစပိုင်းတွင် ဤအသက်တာကို နေသားတကျဖြစ်အောင် ပြုလုပ်ရန် အခက်အခဲ ဖြစ်နိုင်သည်မှာ မှန်သည်။ သင်သည် ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နိုင်သည်။ သို့ရာတွင် သင်သည် ပူးပေါင်းဆောင်ရွက်ရန် အမှန်တကယ် စိတ်ပြတ်သားမှုရှိပြီး သာမန်ဖြစ်ပြီး ကောင်းမွန်သော သူတစ်ယောက် ဖြစ်လာလိုစိတ်ရှိလျှင်၊ ကယ်တင်ခြင်းကို ရရှိလိုစိတ်ရှိလျှင် သင်သည် အဖိုးအခအနည်းငယ်ပေးဆပ်ပြီး ဘုရားသခင်က သင့်ကို ပဲ့ပြင်ဆုံးမသည်ကို ခွင့်ပေးရမည်။ သင်သည် တစ်ဇွတ်ထိုးလုပ်ဆောင်လိုစိတ် ပြင်းပြသောအခါ ယင်းကို ပုန်ကန်ပြီး လက်လွှတ်ရမည်။ တဖြည်းဖြည်းချင်းဖြင့် သင်၏ တစ်ဇွတ်ထိုးလုပ်ဆောင်မှုနှင့် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို လျှော့ချရမည်။ အရေးပါသော ကိစ္စများတွင်၊ အရေးပါသော အချိန်များတွင်၊ ပြီးလျှင် အရေးပါသောအလုပ်တာဝန်များတွင် ဘုရားသခင်၏ အကူအညီကို သင် ရှာဖွေရမည်။ သင်သည် အမှန်ပင် စိတ်ခိုင်မာမှုရှိလျှင် ဘုရားသခင်အား သင့်ကို ရိုက်နှက်ဆုံးမပြီး ပဲ့ပြင်ဆုံးမရန်၊ သမ္မာတရားကို နားလည်နိုင်ဖို့ သင့်အား ဉာဏ်အလင်းဖွင့်ပြရန် တောင်းဆိုသင့်သည်။ ဤနည်းအားဖြင့် သင်သည် ပို၍ကောင်းသောရလဒ်များကို ရရှိလိမ့်မည်။ သင်သည် အမှန်တကယ် စိတ်ခိုင်မာမှုရှိလျှင်၊ ဘုရားသခင်၏ မျက်မှောက်တော်တွင် ဘုရားသခင်အား ဆုတောင်းပြီး အသနားခံလျှင် ဘုရားသခင်က အလုပ်လုပ်လိမ့်မည်။ သူသည် သင်၏ အခြေအနေနှင့် အတွေးများကို ပြောင်းလဲလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က အနည်းငယ် အလုပ်လုပ်လျှင်၊ သင့်အား အနည်းငယ်တို့ထိပြီး အနည်းငယ် ဉာဏ်အလင်းဖွင့်ပြလျှင် သင်၏ စိတ်နှလုံးက ပြောင်းလဲလိမ့်မည်။ သင်၏ အခြေအနေလည်း ပြောင်းလဲလိမ့်မည်။ ဤပြောင်းလဲမှု ဖြစ်ပေါ်သောအခါ ဤသို့အသက်ရှင်ခြင်းသည် ဖိနှိပ်ချုပ်ချယ်မှုကို မခံရဆိုသည်ကို သင်ခံစားရလိမ့်မည်။ သင်၏ ဖိနှိပ်ချုပ်ချယ်ခံရသည့် အခြေအနေနှင့် စိတ်ခံစားချက်များသည် ပြောင်းလဲပြီး သက်သာသွားလိမ့်မည်။ ယခင်ကနှင့် တူမည်မဟုတ်တော့ပေ။ ဤသို့အသက်ရှင်ခြင်းသည် ပင်ပန်းခြင်းမရှိသည်ကို သင်ခံစားရလိမ့်မည်။ သင်သည် ဘုရားအိမ်တော်တွင် သင်၏ တာဝန်ကို ထမ်းဆောင်လျက် ပျော်မွေ့မှုကို ရှာတွေ့လိမ့်မည်။ ဤနည်းလမ်းဖြင့် ကျင့်ကြံနေထိုင်ခြင်း၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း၊ ဆင်းရဲဒုက္ခကို ခံယူပြီး အဖိုးအခ ပေးဆပ်ခြင်း၊ စည်းကမ်းများကို လိုက်လျှောက်ပြီး စည်းမျဉ်းများကို အခြေခံကာ အမှုအရာများကို လုပ်ဆောင်ခြင်းတို့သည် ကောင်းသော အသက်ရှင်နေထိုင်ခြင်း ဖြစ်သည်ဟု သင်ခံစားရမည်။ ဤသည်မှာ သာမန်လူတို့ရှိသင့်သည့် ဘဝမျိုးဖြစ်သည်ဟု သင်ခံစားရမည်။ သင်သည် သမ္မာတရားဖြင့် အသက်ရှင်ပြီး သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်သောအခါ သင်၏ စိတ်နှလုံးက တည်ငြိမ်ပြီး ငြိမ်သက်ခြင်း ရှိသည်ဟုလည်းကောင်း၊ သင်၏ ဘဝက အဓိပ္ပာယ် ရှိသည်ဟုလည်းကောင်း ခံစားရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅)) ဘုရားသခင်က သူ့ကို အမှန်တကယ် ယုံကြည်ပြီး ကိုယ့်ရဲ့ သင့်တော်တဲ့အလုပ်ကို အာရုံစိုက်တဲ့သူတွေကို နှစ်သက်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်ခဲ့တယ်။ ဒီလူတွေက သူတို့တာဝန်မှာ ဘယ်လိုအခက်အခဲ၊ ဖိအားမျိုးကို ရင်ဆိုင်ရပါစေ အရွယ်ရောက်သူတွေအနေနဲ့ သူတို့တာဝန်၊ ဝတ္တရားကို ခံယူနိုင်တယ်။ လက်ခံနိုင်တယ်။ ကျိုးနွံနာခံနိုင်တယ်။ လွတ်မြောက်ဖို့ မကြိုးစားဘူး။ ဘုရားအိမ်တော်က စည်းမျဉ်းတွေ၊ တောင်းဆိုချက်တွေအတိုင်း လုပ်ဆောင်နိုင်တယ်။ သူတို့တွေက ဒီလိုမလုပ်နိုင်တဲ့အခါကျရင် ဘုရားကို ဆုတောင်း၊ အားကိုးပြီး သမ္မာတရားကို ရှာလိမ့်မယ်။ သူတို့ရဲ့ လိုက်စားမှုနဲ့ သူတို့ပေးဆပ်တဲ့ အဖိုးအခကြောင့် ဘုရားက သူတို့ကို ဉာဏ်အလင်းပွင့်စေပြီး လမ်းပြလိမ့်မယ်။ ဒီလူတွေက ဘဝမှာ တန်ဖိုးရှိတဲ့သူတွေပဲ။ ဒါကို ကျွန်မရဲ့ တာဝန်ထမ်းဆောင်မှုနဲ့ ယှဉ်ကြည့်တော့ ကျွန်မက အခက်အခဲ၊ ဖိအားနည်းနည်းလေးရှိတဲ့အချိန်မှာ စိတ်ကျဉ်းကျပ်တဲ့ ခံစားချက်ထဲမှာ နေနေပြီး ဘုရားရဲ့ ရည်ရွယ်ချက်ကို မရှာဘူး။ ကိုယ့်တာဝန်ကိုတောင် ရှောင်ချင်တယ်။ ကျွန်မက ဘုရားရဲ့ ရည်ရွယ်ချက်ကို အလေးထားတဲ့သူတစ်ယောက် လုံးဝ မဟုတ်ခဲ့ပါဘူး။ အရင်တုန်းက ဒီထက်ပိုရိုးရှင်းတဲ့ တာဝန်တစ်ခုကို လုပ်နေပြီး ကျွန်မကို တောင်းဆိုတာတွေ သိပ်မရှိတဲ့အချိန်မှာ အဲဒါက ဘာကြောင့်လဲဆိုရင် ကျွန်မ ဝိညာဉ်ရင့်ကျက်မှုက နည်းလွန်းပြီး အခုမှစပြီး လေ့ကျင့်တာကြောင့်ပဲ။ အခု ကျွန်မက ခေါင်းဆောင်တာဝန်တွေကို လုပ်နေပြီ။ ကျွန်မ ပခုံးပေါ်က ဝန်ထုပ်က ပိုလေးတယ်။ ဒီတော့ အလိုလိုနဲ့ ကျွန်မကို ပိုလိုအပ်လာတာပေါ့။ ဒါက မိသားစုတစ်ခုမှာရှိတဲ့ ကလေးတစ်ယောက်က အလုပ်တစ်ခုခုလုပ်ပြီး အိမ်ထောင်တာဝန်တွေကို ယူနိုင်တဲ့ အရွယ်ရောက်လာတဲ့အခါ သူ့မိဘတွေက သူ့ဆီကနေ သေချာပေါက် ပိုတောင်းဆိုလာမယ့် သဘောမျိုးပေါ့။ သူက ဒုက္ခခံဖို့ ကြောက်ပြီး သူ့ရဲ့ သင့်တော်တဲ့အလုပ်ကို မလုပ်ရင် သူ့မှာ လူ့သဘာဝမရှိဘူး။ သူ့မိဘတွေကလည်း သေချာပေါက် သူ့ကို ကြိုက်မှာမဟုတ်ဘူး။ ဘုရားသခင်က ဒီလိုအရေးကြီးတဲ့တာဝန်ကို ကျွန်မကို လုပ်ခိုင်းပြီး ကျွန်မ ပခုံးပေါ်မှာ ပိုလေးတဲ့ဝန်ကိုထားခြင်းအားဖြင့် ကျွန်မကို ကူညီပေးခဲ့တယ်။ သူ့ ရည်ရွယ်ချက်က ကျွန်မအနေနဲ့ သမ္မာတရားတွေကို ပိုနားလည်ပြီး ကျွန်မဘဝ ပိုပြီးအမြန်တိုးတက်ဖို့၊ အရွယ်ရောက်သူတစ်ယောက်လို ကျွန်မတာဝန်တွေကို ထမ်းရွက်ပြီး အသိစိတ်နဲ့ ဆင်ခြင်တုံတရားရှိသူတစ်ယောက်ဖြစ်ဖို့ပဲ။ ဘုရားရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီးတဲ့နောက်မှာ ကျွန်မ အများကြီး ပိုလွတ်မြောက်သွားတယ်။ ဘုရားသခင်ရဲ့ ထောက်ထားမှုနဲ့ မထိုက်တန်ဘဲ ကျွန်မ ဆက်နေနေလို့ မဖြစ်ဘူး။ ကျွန်မမှာ အလုပ်တွေပိုများပြီး စိတ်ဖိစီးမှုပိုရှိပေမဲ့ ကျွန်မရဲ့တာဝန်အပေါ် ကျွန်မသဘောထားကို ပြင်ပြီး သမ္မာတရားစည်းမျဉ်းတွေအပေါ် အားစိုက်ထုတ်ရမယ်။ တစ်ခုခုကို နားမလည်တဲ့အခါမှာ ကျွန်မနဲ့ တွဲလုပ်တဲ့ ညီအစ်မနဲ့ အထက်ပိုင်းအဆင့်ခေါင်းဆောင်တို့နဲ့ ပိုပြီး ရှာဖွေရမယ်။ ဒီအချိန်မှာပဲ တဖြည်းဖြည်းချင်းနဲ့ ကျွန်မချို့တဲ့တာကို ပြုပြင်ပြီး ဘုရားရဲ့ တောင်းဆိုချက်တွေအတိုင်း လုပ်ရမယ်။

စက်တင်ဘာလမှာ ကွန်မြူနစ်ပါတီ ဖမ်းဆီးတာတွေက ပိုပြီးဆိုးလာတယ်။ ကျွန်မတို့က နောက်ကွယ်မှာပဲ အလုပ်လုပ်နိုင်တယ်။ ဒါပေမဲ့လည်း ညီအစ်ကိုမောင်နှမတွေ တင်ပြပြီး ဖြေရှင်းဖို့ ရှာနေတဲ့ ပြဿနာမျိုးစုံကို ကျွန်မ နေ့တိုင်း ကိုင်တွယ်ဖြေရှင်းနေရတုန်းပဲ။ အထက်ပိုင်းအဆင့်ခေါင်းဆောင်က ကျွန်မတို့ကို အလောတကြီး အကောင်အထည်ဖော်ခိုင်းတဲ့ အလုပ်တွေလည်း လုပ်ရတယ်။ ဒီအခြေအနေတွေရဲ့ ကန့်သတ်မှုက အလုပ်အမျိုးမျိုးကို ကျွန်မတို့ အကောင်အထည်ဖော်တာတွေ၊ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတာတွေအပေါ် သက်ရောက်မှုရှိခဲ့တယ်။ နေ့တိုင်းပဲ ဒီကိစ္စတွေက ကျွန်မစိတ်မှာ လေးလံနေပြီး စိတ်က အတော်ပင်ပန်းတယ်။ နောက်ပြီးတော့ အထက်ပိုင်းအဆင့်ခေါင်းဆောင်က ကျွန်မကို မတူတဲ့အလုပ်အမျိုးမျိုးရဲ့ တိုးတက်မှုကို စစ်ဆေးဖို့ စာတွေ ချက်ချင်းပို့တယ်။ ကျွန်မ စပြီး အတိုက်အခံ ဖြစ်လာပြန်တယ်။ ကိုယ့်ဘာသာ စဉ်းစားတာပေါ့။ “ခေါင်းဆောင်က အလုပ်ကို ကြီးကြပ်တာက အရမ်းအသေးစိတ်ကျပြီး အကြိမ်ရေများလွန်းတယ်။ အစတော့ နောက်ကွယ်မှာ အလုပ်လုပ်ရတာက နည်းနည်း အနားရတဲ့ သဘောပဲလို့ ထင်ခဲ့တာ။ ဒါပေမဲ့ အလုပ်ပမာဏက လျော့မသွားတဲ့အပြင် တကယ်ကို ပိုများလာတယ်။ အခုဆို ငါ့ရဲ့ ဇာတိပကတိမှာ မွေ့လျော်ဖို့ ဘာအခွင့်အရေးမှ မရှိတော့ဘူး။ နောင်မှာ ငါ့တာဝန်ကို ဒီလိုဆက်ပြီး လုပ်နေရရင် ငါ တော်တော်စိတ်ကျဉ်းကျပ်မှာပဲ” ပေါ့။ ကျွန်မအခြေအနေက မမှန်ကန်ဘူးဆိုတာကို တစ်ခါပြန်ပြီး သဘောပေါက်သွားတယ်။ ဘုရားရှေ့ကို အမြန်သွားပြီး ဘုရားကို အော်ခေါ်တယ်။ ကျွန်မ စိတ်နှလုံးကို ကွယ်ကာဖို့ တောင်းလျှောက်လိုက်တယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မဖတ်တယ်။ “အရွယ်ရောက်သူတစ်ယောက်အနေဖြင့် သင်သည် ဤအရာများကို တာဝန်ယူ ထမ်းရွက်ရမည်။ စောဒကတက်ခြင်း၊ သို့မဟုတ် အတိုက်အခံပြုခြင်းမရှိရပေ။ ပြီးလျှင် အထူးသဖြင့် ၎င်းတို့ကို ရှောင်ရှားခြင်း၊ သို့မဟုတ် ငြင်းပယ်ခြင်းမရှိရပေ။...လူ့အဖွဲ့အစည်းတွင်ဖြစ်စေ၊ ဘုရားအိမ်တော်တွင်ဖြစ်စေ ဤသည်မှာ လူတိုင်းအတွက် တစ်ပုံစံတည်းဖြစ်သည်။ ဤသည်မှာ သင် ခံယူသင့်သည့် တာဝန်ဖြစ်သည်။ အရွယ်ရောက်သူတစ်ယောက် သယ်ဆောင်သင့်သည့် လေးလံသော ဝန်ထုပ်ဝန်ပိုးဖြစ်သည်။ သူ တာဝန်ယူ ထမ်းရွက်သင့်သည့် အရာဖြစ်သည်။ ယင်းကို မရှောင်ရှားသင့်ပေ။ သင်သည် ဤအရာအားလုံးကို လွတ်မြောက်ရန်၊ သို့မဟုတ် ဖယ်ရှားရန် အစဉ် ကြိုးစားလျှင် သင်၏ ဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်များက ထွက်ပေါ်လာလိမ့်မည်။ ပြီးလျှင် ထိုခံစားချက်များ၏ ချည်နှောင်ခြင်းကို သင် အစဉ် ခံရမည်။ သို့ရာတွင် သင်သည် ဤအရာအားလုံးကို သင့်လျော်စွာ နားလည်သဘောပေါက်ပြီး လက်ခံနိုင်လျှင်၊ သင်၏ ဘဝနှင့် ဖြစ်တည်မှု၏ လိုအပ်သော အပိုင်းတစ်ခုအဖြစ် ရှုမြင်နိုင်လျှင် ဤပြဿနာများသည် သင့်အတွက် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ ဖြစ်ပေါ်ရန် အကြောင်းပြချက် မဖြစ်သင့်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅)) ဘုရားနှုတ်ကပတ်တော် ဖတ်ပြီးသွားတော့ အမှုကိစ္စတွေကို တာဝန်ယူနိုင်တဲ့သူ၊ တာဝန်သိတတ်သူတစ်ယောက်ဖြစ်ဖို့က ရိုးရှင်း၊ လွယ်ကူတဲ့ ကိစ္စတစ်ခုမဟုတ်ဘူးဆိုတာ ကျွန်မ သိခဲ့တယ်။ ဒီလိုအခြေအနေမျိုးကို ကျွန်မ အမြဲတမ်းရှောင်ချင်ခဲ့ရင် ဒီစိတ်ကျဉ်းကျပ်တဲ့ ခံစားချက်က ချည်နှောင်တာကို ဆက်ပြီး ခံနေရမှာပဲ။ ကျွန်မတာဝန်ကို ကျွန်မကောင်းကောင်းလုပ်နိုင်အောင် ခေါင်းဆောင်က ကြီးကြပ်နေတာပါ။ ကျွန်မမှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေရှိပြီး ကိုယ့်တာဝန်မှာ ခဏခဏ ဝတ်ကျေတမ်းကျေလုပ်တာကြောင့် ခေါင်းဆောင်ရဲ့ ကြီးကြပ်မှုနဲ့မှ ကျွန်မက ဒီစိတ်သဘောထားတွေနဲ့ ဆက်အသက်ရှင်ပြီး ကိုယ်ကျေနပ်သလို မလုပ်ရဲမှာလေ။ ဒါက ကျွန်မတာဝန်ကို ကောင်းကောင်းထမ်းဆောင်အောင် ကူညီပေးမှာပဲ။ အရင်ကလို ကျွန်မရဲ့ စိတ်ကျဉ်းကျပ်တဲ့ ခံစားချက်တွေနဲ့ ဆက်ပြီးနေနေလို့ မဖြစ်ဘူးလို့ ကျွန်မ တွေးမိတယ်။ ကျွန်မသဘောထားကို ပြင်ပြီး ခေါင်းဆောင်ရဲ့ ကြီးကြပ်မှုကို မှန်မှန်ကန်ကန် ရင်ဆိုင်ရမယ်။ ဒီလို စဉ်းစားလိုက်တာနဲ့ ကျွန်မအခြေအနေက တဖြည်းဖြည်းချင်း သူ့ဘာသာစပြီး ပြောင်းလဲသွားတယ်။ နောက်တော့ အလုပ်အမျိုးမျိုးကို ကျွန်မ ပုံမှန်အတိုင်းလုပ်တယ်။ ကျွန်မ စဉ်းစားနိုင်တာ၊ လုပ်နိုင်တာမှန်သမျှကို ကူညီပံ့ပိုးဖို့ အကောင်းဆုံးလုပ်တယ်။ တစ်ခုခုကို ကျွန်မ မဖြစ်မြောက်နိုင်တဲ့အခါမှာ ခေါင်းဆောင်ဆီကို စာချက်ချင်းရေးပြီး ဖြေရှင်းဖို့လမ်းကြောင်းရှာတယ်။ အခုတော့ ကျွန်မအလုပ်မှာ အခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေ အများကြီးရှိသေးပေမဲ့ စိတ်မကျဉ်းကျပ်ပြီး စိတ်ဆင်းရဲတာ မဖြစ်တော့ဘူး။ ဒါနဲ့ ပြောင်းပြန်ပဲ။ ကျွန်မရဲ့ တာဝန်သိစိတ်က တိုးတက်လာတယ်။ ကျွန်မကို စိတ်ကျဉ်းကျပ်မှုကနေ လွတ်မြောက်စေပြီး အရွယ်ရောက်သူတစ်ယောက်လို ကျွန်မတာဝန်တွေကို ထမ်းရွက်စေတာက ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြမှုပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျရှုံးမှုများနှင့် ဆုတ်ဆိုင်းမှုများမှတစ်ဆင့် သင်ယူရသည့် သင်ခန်းစာများ

ချန်ရှင်း တောင်ကိုရီးယားနိုင်ငံ အသင်းတော်ခေါင်းဆောင်အနေနဲ့ ကျွန်မ အစေခံတဲ့အချိန်အတွင်းမှာ ဝမ်ဟွာက ကျွန်မအလုပ်ကို ဦးဆောင်ရတယ်။ သူက...

အသက်တာ ဝင်ရောက်ခြင်းက မည်သည့်အရာဖြစ်သည်ကို ယခုမှသာ ကျွန်မ နားလည်သည်

ယုလု၊ ပေါ်တူဂီ ၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းတွင်၊ ကျွန်မသည် အသင်းတော်ထဲက ခေါင်းဆောင်မှု တာဝန်တစ်ခုကို ဖြည့်ဆည်းနေခဲ့သည်။ အချိန်ကာလတစ်ခုကြာ...

ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။