“အခြားလူများကို အစဉ်သတိထားသင့်သည်” ဟု ဆိုခြင်းသည် မှန်ကန်ပါသလား

18.09.2024

ကျွန်မငယ်ငယ်တုန်းက အမေက ကျွန်မကို ခဏခဏပြောတယ်။ “သူများတွေနဲ့ ဆက်ဆံတဲ့အခါ သတိရှိရမယ်။ မအနဲ့။ စိတ်ထဲပေါ်လာတာမှန်သမျှကို မပြောနဲ့။ အဲဒီလိုလုပ်ရင် လူတွေရဲ့ ထိခိုက်တာ၊ လှည့်စားတာကို ခံရဖို့ လွယ်တယ်” တဲ့။ အဲဒီတုန်းက ဒီစကားတွေကို ကြားတော့ ကျွန်မ ကိုယ်တွေ့ကြုံတာ ဘာမှမရှိသေးလို့ ခေါင်းပဲပြန်ညိတ်ပြလိုက်တယ်။ နောက်ပိုင်းမှာ လူ့အဖွဲ့အစည်းက လူတွေနဲ့ ကျွန်မ ထိတွေ့ဆက်ဆံတော့ ကျွန်မနားကလူတွေက သူတို့အကျိုးစီးပွားအတွက် အချင်းချင်း ကြံစည်ပြီး ထိခိုက်ကြတာကို တွေ့ရတယ်။ တစ်ယောက်ယောက်က စကားမှားပြောရင် သူများတွေက အကွက်ချပြီး ကြံစည်တာကို သူခံရတယ်။ ကျွန်မ ကိုယ့်ဘာသာ စဉ်းစားတယ်။ “လူ့စိတ်နှလုံးက နားလည်ရခက်တယ်။ နောင်မှာ လူတွေနဲ့ ဆက်ဆံတဲ့အခါ ငါ သတိရှိဖို့လိုတယ်။ သူများတွေကို ထိခိုက်ဖို့ ငါမရည်ရွယ်သရွေ့ ပြဿနာရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့တွေကို သတိထားဖို့လိုတယ်။ မဟုတ်ရင် ငါက အသုံးချခံရနိုင်တယ်” ပေါ့။ အဲဒါနဲ့ ကျွန်မက သူငယ်ချင်းတွေနဲ့ ဖြစ်စေ၊ အိမ်နီးချင်းတွေနဲ့ ဖြစ်စေ ဆက်ဆံရတဲ့အခါမှာ အမြဲတမ်း သတိထားတယ်။ စိတ်ထဲရှိတဲ့အတိုင်း မပြောရဲဘူး။ မှားပြောမိရင် တစ်ယောက်ယောက်က စိတ်မကျေမနပ်ဖြစ်ပြီး ကျွန်မ ဒုက္ခရောက်မှာကို ကြောက်မိတယ်။ ကျွန်မက အိမ်နဲ့အဝေးမှာ အလုပ်လုပ်နေတာ နှစ်တွေတော်တော်ကြာပြီ။ ရင်းနှီးတဲ့သူငယ်ချင်းလုံးဝ မရှိသလောက်ပဲ။ ဘုရားသခင်ကို စယုံကြည်ပြီးတဲ့နောက်မှာ ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်မ အဆက်အသွယ်ရှိလာတယ်။ သူတို့က စုဝေးပြီး သူတို့အတွေ့အကြုံတွေ၊ နားလည်တာတွေကို မိတ်သဟာယဖွဲ့တဲ့အခါ တကယ်ကို ဖွင့်ဟပြီး အတွင်းကျကျ အတွေးတွေကို ပြောနိုင်ကြတာကို ကျွန်မ တွေ့ရတယ်။ ဘာကိုမှ ကွယ်ဝှက်မထားဘူး။ ဖုံးမထားဘူး။ အရမ်းကို လွတ်မြောက်ပြီး လွတ်လပ်ကြတယ်။ တဖြည်းဖြည်းနဲ့ ကျွန်မက ဘာသံသယမှမရှိဘဲ ကျွန်မစိတ်နှလုံးကို ဖွင့်ဟပြီး သူတို့နဲ့ မိတ်သဟာယပြုတတ်သွားတယ်။ ဘုရားကို ယုံကြည်တာက တော်တော်ကောင်းတယ်လို့ ခံစားမိတယ်။ ဒါပေမဲ့ ကျွန်မ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ ပတ်သက်တဲ့ ကိစ္စတွေဆိုရင် “လူတစ်ယောက်သည် အခြားသူများကို ထိခိုက်စေရန် မည်သောအခါမျှ မကြံရွယ်သင့်သော်လည်း အခြားသူများက လာရောက် ထိခိုက်နိုင်သည်ကို အမြဲကာကွယ်သင့်သည်” ဆိုတဲ့ လောကီဆိုင်ရာ ဆက်ဆံရေးတွေအတွက် စည်းမျဉ်းအတိုင်း အသက်မရှင်ဘဲ မနေနိုင်ခဲ့ဘူး။

အချိန်က ၂၀၂၃ မတ်လပေါ့။ ကျွန်မတို့ အသင်းတော်ရဲ့ စာရေးအလုပ် ရလဒ်တွေက မကောင်းတော့ ခေါင်းဆောင်က ဒီကိစ္စအတွက် အကြောင်းပြချက်ကိုဖြစ်စေ၊ နောင်ကျရင် ဘယ်လိုပြောင်းလဲမယ်ဆိုတာကိုဖြစ်စေ မေးတဲ့ စာတွေအများကြီးပို့လိုက်တယ်။ ကျွန်မနဲ့ တွဲလုပ်ရတဲ့ ညီအစ်မ ရှင်းကျီက ဒါကို ဆန့်ကျင်တယ်။ သူက အဖွဲ့ခေါင်းဆောင်၊ လင်ရှောင်နဲ့ ကျွန်မကို ပြောတယ်။ “နေ့တိုင်း ကျွန်မတို့က အရမ်းအလုပ်ရှုပ်ပြီး ဘာအားလပ်ချိန်မှမရှိဘူး။ ခေါင်းဆောင်က ကျွန်မတို့အလုပ်ကို အရမ်းအနီးကပ် ကြီးကြပ်ပြီး စစ်ဆေးတယ်။ ဒီတာဝန်ကို လုပ်ရတာ စိတ်ဖိစီးလွန်းတယ်” တဲ့။ အဲဒီအချိန်တုန်းက သူ့အခြေအနေက မကောင်းလို့ သူက ဒီလိုပြောတာပါလေ၊ ကျွန်မတို့အားလုံးက အပျက်သဘောဆောင်ပြီး ဖောက်ပြန်ပျက်စီးမှုတွေကို ဖွင့်ပြတဲ့အချိန်တွေ ရှိကြတာပဲဆိုပြီးတော့ပဲ ကျွန်မ တွေးမိတယ်။ ပြီးတော့လည်း ကျွန်မမှာ သူ့လိုမျိုး အခြေအနေတချို့ရှိခဲ့တယ်။ အဲဒါတွေအကြောင်းကို ကျွန်မ မပြောတာပဲရှိတာ။ ဒါကြောင့် ရှင်းကျီပြောတဲ့ အဲဒီအကြောင်းတွေကို ကျွန်မ သိပ်အရေးမစိုက်ခဲ့ဘူး။ အဖွဲ့ခေါင်းဆောင်က ရှင်းကျီနဲ့ မိတ်သဟာယဖွဲ့ပြီး ခေါင်းဆောင်ရဲ့ ကြီးကြပ်မှုကို ရှင်းကျီက ဆန့်ကျင်ရတဲ့ နောက်ကွယ်က အကြောင်ရင်းကို စိစစ်တယ်။ ဒီဟာရဲ့ အကြောင်းရင်းက သူ့တာဝန်မှာ ဇာတိပကတိ သာယာမှုတွေကို မွေ့လျော်ပြီး ဒုက္ခမခံချင်တာ၊ အဖိုးအခမပေးဆပ်ချင်တာပဲဆိုပြီးတော့ ပြောတယ်။ အလုပ်ကို ကြီးကြပ်တဲ့ခေါင်းဆောင်တွေရဲ့ အရေးပါမှုကိုလည်း မိတ်သဟာယဖွဲ့တယ်။ အဖွဲ့ခေါင်းဆောင်ရဲ့ မိတ်သဟာယကို ကြားပြီးတော့ ရှင်းကျီက သူဟာ တော်တော်ပျင်းတယ်၊ ခေါင်းဆောင်ကသာ မစစ်ဆေးရင်၊ မကြီးကြပ်ရင် သူက သူ့တာဝန်ကို စိတ်ဝင်စားမှာမဟုတ်ဘဲ အလုပ်ကို သေချာပေါက် နှောင့်နှေးအောင်လုပ်လိမ့်မယ်ဆိုတာကို မြင်သွားတယ်။ ဒါပေမဲ့ နောက်ကျတော့ စုဝေးပြီး လေ့လာကြတဲ့အခါမှာ ခေါင်းဆောင်က အလုပ်ကို ကြီးကြပ်တာကို ရှင်းကျီက ဆန့်ကျင်ပြီး ပြောတုန်းပဲ။ အဲဒီအချိန်မှာ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “သူ့အလုပ်က အခုရက်ပိုင်းမှာ ရလဒ်တွေမရှိသလို အဲဒါက သူ့အခြေအနေကို ထိခိုက်နေလို့သာ သူက ဒါတွေကို ပြောနေတာ ဖြစ်နိုင်တယ်။ စုဝေးပြီး မိတ်သဟာယဖွဲ့ပြီးတော့ ကူညီပေးရင် နောက်ပိုင်းမှာ သူလမ်းကြောင်းပြောင်းနိုင်တယ်” ပေါ့။ အဲဒါနဲ့ ကျွန်မက အလေးအနက်မထားခဲ့ဘူး။

မေလရဲ့ နေ့တစ်နေ့မှာ ခေါင်းဆောင်က ကျွန်မတို့နဲ့အတူ စုဝေးဖို့ လာတယ်။ ရှင်းကျီက အပျက်သဘောတွေကို ရင်ဖွင့်ပြီး ခေါင်းဆောင်တွေ အလုပ်ကြီးကြပ်တာကို တော်တော်ဆန့်ကျင်တယ်လို့ တစ်ယောက်က တိုင်တယ်ဆိုပြီးတော့ သူက ပြောတယ်။ ခေါင်းဆောင်က ရှင်းကျီရဲ့ စကားတွေ၊ လုပ်ရပ်တွေရဲ့ သဘောသဘာဝနဲ့ အကျိုးဆက်တွေကို မိတ်သဟာယဖွဲ့ပြီး ပိုင်းခြားသိမြင်ဖို့ ဘုရားနှုတ်ကပတ်တော်တွေကိုလည်း အသုံးပြုခဲ့တယ်။ ဒီအကြောင်းကို ရုတ်တရက်ကြီးကြားလိုက်ရတော့ ကျွန်မ အံ့အားသင့်သွားတယ်။ ကျွန်မ ခန့်မှန်းမိတာတော့ ဒီတိုင်ချက်က အဖွဲ့ခေါင်းဆောင် လင်ရှောင်ဆီကပဲဖြစ်မယ်ပေါ့။ ရှင်းကျီပြောတဲ့ဟာကို ကျွန်မတို့နှစ်ယောက်ပဲ သိတာဆိုတော့လေ။ ကျွန်မ တိုင်တာမဟုတ်ဘူးဆိုတော့ သူ့ကိုတိုင်တာ လင်ရှောင်ပဲ ဖြစ်ရမယ်ပေါ့။ ဒါကို တွေးမိတော့ အတွေးတစ်ခုက ကျွန်မစိတ်ထဲမှာ ဖြတ်ကနဲ ဝင်လာတယ်။ “နောက်ကျရင် ငါစကားပြောတဲ့အခါ ပိုပြီး ဂရုစိုက်ရမယ်။ စကားတစ်ခွန်းမှားပြောလိုက်ရင် လွယ်လွယ်လေးနဲ့ ဒုက္ခရောက်သွားနိုင်တယ်” ပေါ့။ ဒါပေမဲ့ ကျွန်မက ဒီလိုတွေးမိတဲ့အချိန်မှာ ဒါကို သိပ်အရေးမစိုက်ဘဲ ဒီအတိုင်းထားလိုက်တယ်။ ၁၀ ရက်ကျော်ကြာပြီးတဲ့နောက်မှာ ရှင်းကျီက သူ့တာဝန်အပေါ် သဘောထားမပြောင်းလဲတာကို ခေါင်းဆောင်ကမြင်ပြီး သူ့ကို ထုတ်လိုက်တယ်။ ဒီသတင်းကို ကြားတော့ ကျွန်မ အံ့ဩသွားပြီး “သူက စုဝေးပွဲမှာ သူ့အခြေအနေကို ဖွင့်ပြောတာသက်သက်ပဲလေ။ နောက်တော့ သူက အပျက်သဘောတွေကို ရင်ဖွင့်တယ်လို့ သတ်မှတ်ခံရပြီး အထုတ်ခံရတယ်။ နောက် စုဝေးပွဲတွေမှာ ငါစကားပြောတဲ့အခါ ပိုပြီး ဂရုစိုက်ရမယ်။ တစ်ခုခုမှားပြောပြီး အထုတ်မခံချင်ဘူး” ဆိုပြီး တွေးမိတယ်။ နောက်ပိုင်းမှာ လင်ရှောင်က ရှင်းကျီရဲ့ ပြဿနာကို တိုင်တာသူပဲဆိုတာကို ကျွန်မကို ပြောတယ်။ ကျွန်မက ကျိတ်ဒေါသထွက်သွားပြီး “ဒါဟာ တကယ်ကို ‘လူတစ်ယောက်ကို သိရာတွင် သူ၏မျက်နှာကိုသိကောင်း သိနိုင်သော်လည်း သူ၏စိတ်နှလုံးကိုကား မသိနိုင်’ ဆိုတဲ့အတိုင်းပဲ။ သူက အပေါ်ယံမှာ တော်တော် သဘောကောင်းပုံရပေမဲ့ လူတစ်ယောက်ရဲ့ ပြဿနာတွေကို သူ့နောက်ကွယ်မှာ တိုင်တယ်။ နောင်ကျရင် ငါသူ့ကို သတိထားမှ ဖြစ်မယ်။ အလို့မဖြစ်ဘူး။ စိတ်ထဲပေါ်တဲ့ဟာမှန်သမျှ ပြောလို့မဖြစ်ဘူး” ဆိုပြီး တွေးမိတယ်။ နောက်ပိုင်းမှာ လင်ရှောင်က ကျွန်မအလုပ်ရလဒ်တွေက အခုရက်ပိုင်းမှာ မကောင်းတဲ့အကြောင်းရင်းနဲ့ လူတွေကို ပျိုးထောင်ဖို့အတွက် ကျွန်မအစီအစဉ်က ဘာလဲဆိုတာကို မေးမြန်းတယ်။ ကျွန်မက ဒီအလုပ်ကို ကောင်းကောင်းမထမ်းဆောင်တာကို ကျွန်မ သိခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ဒီလိုပြောရင် သူက ကျွန်မနောက်ကွယ်မှာ ကျွန်မနဲ့ပတ်သက်လို့ တိုင်စာပို့ပြီး ခေါင်းဆောင်က ကျွန်မကို ထုတ်လိုက်မှာကို ကြောက်မိတယ်။ ကျွန်မက ဂုဏ်သရေပျက်သွားမှာပဲ။ “လူတစ်ယောက်သည် အခြားသူများက လာရောက် ထိခိုက်နိုင်သည်ကို အမြဲကာကွယ်သင့်သည်” ဆိုတာနဲ့ “စကားများပါက အမှားများတတ်သည်” ဆိုတဲ့ ဆိုရိုးစကားတွေလိုပေါ့။ အလုပ်အခြေအနေနဲ့ ပတ်သက်တဲ့ ရိုးရိုးရှင်းရှင်းစကားနည်းနည်းပဲပြောပြီး ကျန်တာကို မပြောသင့်ဘူးပေါ့။ ဒီလိုစဉ်းစားပြီး ကျွန်မက လင်ရှောင်က မေးမြန်းတာကို အေးတိအေးစက် ဆက်ဆံခဲ့တယ်။ သူက ကျွန်မကြောင့် စိတ်ကျဉ်းကျပ်ပြီး ကျွန်မအလုပ်အကြောင်းကို မမေးရဲဘူး။ ကျွန်မလည်း ဒီဟာကြောင့် စိတ်ဆင်းရဲရပြီး သူ့ကို ဖွင့်ပြောချင်တယ်။ ကျွန်မအခြေအနေအကြောင်းကို စကားစမြည်ပြောချင်တယ်။ ဒါပေမဲ့ အခုရက်ပိုင်းမှာ ရှင်းကျီက သူ့အခြေအနေအကြောင်းကို ပြောပြီး အကုန်ပြောပြတော့ လင်ရှောင်က ဘာစကားတစ်ခွန်းမှမပြောဘဲ ခေါင်းဆောင်ဆီတိုင်လိုက်ပြီး ရလဒ်အနေနဲ့ ရှင်းကျီ အထုတ်ခံလိုက်ရတာကို ကျွန်မ တွေးမိတယ်။ ကျွန်မရဲ့အခြေအနေက ဆိုးတယ်လို့ လီရှောင်ကို ပြောပြီး ကျွန်မတို့ကြားမှာရှိနေတဲ့ အတားအဆီးအကြောင်းကိုလည်း ပြောပြလိုက်ရင်၊ အဲဒီအခါ သူက ခေါင်းဆောင်ကို တိုင်လိုက်ပြီး ကျွန်မ အထုတ်ခံရရင် ဘာလုပ်ရမလဲ။ မဖြစ်ဘူး။ ဒီလိုလုပ်လို့မရဘူး။ သူ့ကို ကျွန်မရဲ့ တကယ့်အခြေအနေအကြောင်း အသိပေးလို့ မဖြစ်ဘူး။ ကျွန်မ ပိုဂရုစိုက်ပြီး စကားပြောရမယ်။ အကုန်လုံးကို ဖွင့်ထုတ်လိုက်လို့ မဖြစ်ဘူးပေါ့။ အဲဒီအချိန်အတွင်းမှာ ကျွန်မတို့ကြားမှာ တော်တော်အနေရခက်ပြီး ကျွန်မတို့က သူစိမ်းတွေလိုပဲ။ ကျွန်မကြောင့် သူက စိတ်ကျဉ်းကျပ်ပြီး ကျွန်မအလုပ်ကို မစစ်ဆေးရဲဘူး။

တစ်နေ့တော့ ခေါင်းဆောင်က အလုပ်အခြေအနေအကြောင်းကို သိသွားပြီး အဲဒီအတောအတွင်းမှာ ကျွန်မအခြေအနေနဲ့ပတ်သက်လို့ မေးတယ်။ ကျွန်မ ကိုယ့်ဘာသာ စဉ်းစားတယ်။ “ရှင်းကျီ အထုတ်ခံရပြီးတော့ စာရေးအလုပ်အားလုံးက ငါ့အပေါ် ရုတ်တရက်ပုံကျလာတယ်။ အခု ငါတော်တော် စိတ်ဖိစီးတယ်။ လင်ရှောင်နဲ့ ငါ့ကြားက အတားအဆီးကိုလည်း ငါ မဖြေရှင်းရသေးဘူး။ ဒါတွေအားလုံးက ငါ့ကို အရမ်းတင်းကျပ်အောင်လုပ်နေပြီး အသက်ရှူလို့မရသလို ခံစားရတယ်” ပေါ့။ ကျွန်မက တကယ်ကို ခေါင်းဆောင်ကို ဖွင့်ပြောပြီး ဒီအကြောင်းကို ဆွေးနွေးချင်တယ်။ ဒါပေမဲ့ ဆက်အချိန်ယူ စဉ်းစားပြီး တွေးကြည့်တယ်၊ “သူက ခေါင်းဆောင်တစ်ယောက်ပဲ။ ဒါတွေအကုန်လုံးကို ငါ သူ့ကို ပြောပြလိုက်ပြီး ငါ့ရဲ့ တကယ့်အခြေအနေကို သူသိရင် ငါ့မှာ အမှုကိစ္စတွေ ဖြစ်တဲ့အခါ သမ္မာတရားကို မလိုက်စားဘူး၊ သင်ခန်းစာမယူဘူးဆိုပြီး သူက ပြောမှာမဟုတ်ဘူးလား၊ ပြီးရင် ငါ့ကို ထုတ်မှာမဟုတ်ဘူးလား” ဆိုပြီး စဉ်းစားမိတယ်။ အဲဒါနဲ့ ကျွန်မအခြေအနေအကြောင်းကို ခေါင်းဆောင်ကို မပြောလိုက်ဘူး။ ကျွန်မက သူများတွေကို သတိထားနေတော့၊ ရိုးရိုးသားသား မပြောရဲတော့၊ ကိုယ့်တာဝန်မှာ စိတ်ဖိစီးနေတော့ ဒီပတ်ဝန်းကျင်ကနေ လွတ်မြောက်ချင်ပြီး ဒီတာဝန်ကို မလုပ်ချင်ခဲ့ဘူး။ အလုပ်အခက်အခဲတွေရယ်၊ ကျွန်မနဲ့ သူများတွေကြားက အတားအဆီးတွေရယ်ကို ရင်ဆိုင်ရပြီး ကျွန်မ စိတ်ဆင်းရဲပြီး နာကျင်နေခဲ့တယ်။ စိတ်ဓာတ်ကျတဲ့ စိတ်အခြေအနေနဲ့ အသက်ရှင်နေခဲ့တယ်။

တစ်နေ့တော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်ပြီး နောက်ဆုံးမှာ ကျွန်မအခြေအနေအကြောင်းနည်းနည်းနားလည်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “‘လူတစ်ယောက်သည် အခြားသူများကို ထိခိုက်စေရန် မည်သောအခါမျှ မကြံရွယ်သင့်သော်လည်း အခြားသူများက လာရောက် ထိခိုက်နိုင်သည်ကို အမြဲကာကွယ်ထားသင့်သည်။’ နှင့် ‘ကျားတစ်ကောင်ပုံဆွဲရာတွင် သူ၏အရေပြားကိုပြသော်လည်း အရိုးကိုမပြ။ ထို့အတူ လူတစ်ယောက်ကို သိရာတွင် သူ၏မျက်နှာကိုသိကောင်း သိနိုင်သော်လည်း သူ၏စိတ်နှလုံးကိုကား မသိနိုင်။’ တို့သည် လောကကြီးကို ကိုင်တွယ်ဖြေရှင်းရာတွင် မိဘများ သင့်ထံတွင် သွတ်သွင်းပေးလိုက်သည့် အခြေခံအကျဆုံး စည်းမျဉ်းများဖြစ်သည်သာမက လူတို့ကို ရှုမြင်ခြင်းနှင့် သူတို့ကို အမြဲသတိမူနေခြင်းတို့အတွက် အခြေခံ အကျဆုံး စံနှုန်းများလည်း ဖြစ်သည်။ မိဘများ၏ အခြေခံရည်ရွယ်ချက်မှာ သင့်ကို ကာကွယ်ရန်နှင့် သင့်ကိုယ်သင်ကာကွယ်ရာတွင် အထောက်အကူပြုရန် ဖြစ်သည်။ သို့သော် အခြားရှုထောင့် တစ်ခုမှကြည့်လျှင် ဤစကားများ၊ အတွေးများနှင့် အမြင်ရှုထောင့်များတို့က သင့်အား လောကကြီးသည် အန္တရာယ်များကာ လူတို့သည် မယုံကြည်ရဟု ပို၍ပင်ခံစားရစေနိုင်ကာ အခြားသူတို့အပေါ် အပြုသဘောဆောင်သည့် ခံစားချက် အတိကင်းမဲ့သည်အထိပင် ဖြစ်ကောင်း ဖြစ်စေနိုင်သည်။ သို့သော် သင်သည် လူတို့ကို မည်ကဲ့သို့ အမှန်တကယ် ပိုင်းခြားသိမြင်ကာ အခြားသူများကို မည်ကဲ့သို့ မြင်ရမည်နည်း။ မည်သည့်လူများနှင့် သင်သည် သင့်မြတ်နိုင်ပြီး လူတို့အကြား သင့်လျော်သည့် ဆက်ဆံရေးသည် မည်သည့်အရာ ဖြစ်သင့်သနည်း။ လူတစ်ယောက်သည် စည်းမျဉ်းများပေါ်အခြေခံ၍ အခြားသူများနှင့် မည်သို့ ထိတွေ့ဆက်ဆံကာ အခြားသူများနှင့် မည်သို့ မျှတစွာနှင့် သဟဇာတဖြစ်စွာ ထိတွေ့ဆက်ဆံနိုင်သနည်း။ မိဘများသည် ဤကိစ္စများနှင့် ပတ်သက်၍ မည်သည်မျှ မသိ။ ၎င်းတို့သည် အခြားသူတို့ကို မည်မျှထိခိုက်ပါစေ အခြားသူများ၏ ဒုက္ခပေးခြင်းမှ မိမိတို့ကိုယ်ကို ကာကွယ်ဖို့အလို့ငှာ လူများကို သတိထားကာကွယ်ရန်၊ ပြီးလျှင် အခြားသူများကို အခွင့်ကောင်းယူဖို့နှင့် ထိန်းချုပ်ဖို့ လောကကြီးကို ကိုင်တွယ်ဖြေရှင်းရန်အတွက် လှည့်ကွက်များ၊ အကြံအစည်များအပြင် မျိုးစုံသော ဥပါယ်တံမျဉ် စည်းကမ်းများနှင့် နည်းဗျူဟာများကို မည်သို့အသုံးပြုရမည်ကိုသာ သိကြသည်။ ဤအတွေးနှင့် အမြင်ရှုထောင့်များကို မိမိတို့၏ သားသမီးများကို သွန်သင်ရာတွင် မိဘများက သူတို့ထံ သွတ်သွင်းပေးသည့်အရာများသည် လောကကြီးကို ကိုင်တွယ်ရန် နည်းဗျူဟာအချို့မျှသာ ဖြစ်သည်။ ယင်းတို့သည် နည်းဗျူဟာများထက် စိုးစဉ်းမျှမပို။ ယင်းဗျူဟာများတွင် မည်သည်တို့ ပါဝင်သနည်း။ လှည့်ကွက်မျိုးစုံ၊ ဥပါယ်တံမျဉ် စည်းကမ်းမျိုးစုံ၊ အခြားသူများကို ကျေနပ်စေနည်းမျိုးစုံ၊ မိမိ၏ ကိုယ်ပိုင် အကျိုးစီးပွားကို ကာကွယ်နည်းမျိုးစုံနှင့် တစ်ကိုယ်ရေ အကျိုးအမြတ်ကို အများဆုံးဖြစ်စေနည်းမျိုးစုံ တို့ပါဝင်သည်။ ယင်းစည်းမျဉ်းတို့သည် သမ္မာတရား ဖြစ်သလော။ (မဟုတ်ကြပါ။) ယင်းတို့သည် လူတို့ လိုက်လျှောက်ရန် မှန်ကန်သော လမ်းကြောင်းများ ဖြစ်သလော။ (မဟုတ်ပါ။) ယင်းတို့မှ မည်သည်ကမျှ မှန်ကန်သော လမ်းကြောင်းမဟုတ်။ သို့ဆိုလျှင် မိဘများက သင့်ထံ သွတ်သွင်းသည့် ဤအတွေးများ၏ အနှစ်သာရကား အဘယ်နည်း။ ယင်းတို့သည် သမ္မာတရားနှင့် ကိုက်ညီခြင်း မရှိ။ ယင်းတို့သည် မှန်ကန်သော လမ်းကြောင်း မဟုတ်သကဲ့သို့ အပြုသဘောဆောင်သော အရာများ မဟုတ်ပေ။ သို့ဆိုလျှင် ယင်းတို့သည် မည်သည်နည်း။ (ယင်းတို့သည် ကျွန်ုပ်တို့ကို ဖောက်ပြန်ပျက်စီးစေသော စာတန်၏ အတွေးအမြင်များ လုံးလုံးလျားလျား ဖြစ်ကြသည်။) ရလဒ်ကိုကြည့်လျှင် ယင်းတို့သည် လူတို့ကို ဖောက်ပြန်ပျက်စီးစေသည်။ သို့ဆိုလျှင် ဤအတွေးများ၏ အနှစ်သာရသည်ကား အဘယ်နည်း။ ‘လူတစ်ယောက်သည် အခြားသူများကို ထိခိုက်စေရန် မည်သောအခါမျှ မကြံရွယ်သင့်သော်လည်း အခြားသူများက လာရောက် ထိခိုက်နိုင်သည်ကို အမြဲကာကွယ်ထားသင့်သည်။’ကဲ့သို့ပင် ဖြစ်သည်။ ဤသည်မှာ အခြားလူများနှင့် ထိတွေ့ဆက်ဆံခြင်းအတွက် မှန်ကန်သော စည်းမျဉ်းဖြစ်ပါသလော။ (မဟုတ်ပါ။ ယင်းတို့သည် စာတန်ထံမှလာသည့် အလုံးစုံ အပျက်သဘောဆောင်သည့် အရာများဖြစ်ကြသည်။) ယင်းတို့သည် စာတန့်ထံမှလာသည့် အပျက်သဘောဆောင်သည့် အရာများဖြစ်သည်။ သို့ဆိုလျှင် ယင်းတို့၏ အနှစ်သာရနှင့် သဘာဝမှာကား အဘယ်နည်း။ ယင်းတို့သည် လှည့်ကွက်များ မဟုတ်လော။ ယင်းတို့သည် နည်းဗျူဟာများ မဟုတ်လော။ ယင်းတို့သည် အခြားသူများကို သိမ်းသွင်းစည်းရုံးရန် နည်းဗျူဟာများ မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းတို့သည် သမ္မာတရားသို့ ဝင်ရောက်ရန် လက်တွေ့လုပ်ဆောင်ရသော စည်းမျဉ်းများ သို့မဟုတ် ဘုရားသခင်က လူတို့ကို မည်သို့ကျင့်ကြံပြုမူရမည်ကို သွန်သင်ပေးသည့် အပြုသဘောဆောင်သော စည်းမျဉ်းများနှင့် လမ်းညွှန်ချက်များမဟုတ်ပေ။ ယင်းတို့သည် လောကကြီးကို ကိုင်တွယ်ဖြေရှင်းရန် နည်းဗျူဟာများဖြစ်သည်။ ယင်းတို့သည် လှည့်ကွက်များဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၄)) ဘုရားသခင် ဖော်ထုတ်တဲ့ အခြေအနေကို ဆင်ခြင်ပြီးတော့ ကျွန်မက “လူတစ်ယောက်သည် အခြားသူများကို ထိခိုက်စေရန် မည်သောအခါမျှ မကြံရွယ်သင့်သော်လည်း အခြားသူများက လာရောက် ထိခိုက်နိုင်သည်ကို အမြဲကာကွယ်သင့်သည်” ဆိုတာနဲ့ “ကျားတစ်ကောင်ပုံဆွဲရာတွင် သူ၏အရေပြားကို ပြသော်လည်း အရိုးကိုမပြ။ ထို့အတူ လူတစ်ယောက်ကို သိရာတွင် သူ၏မျက်နှာကိုသိကောင်း သိနိုင်သော်လည်း သူ၏စိတ်နှလုံးကိုကား မသိနိုင်” ဆိုတဲ့ စာတန်ဆန်တဲ့ စည်းမျဉ်းတွေအတိုင်း အမြဲအသက်ရှင်ခဲ့တယ်ဆိုတာကို နောက်ဆုံးမှာ နားလည်သွားခဲ့တယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် မထိခိုက်အောင်၊ လှည့်စားမခံရအောင် ကာကွယ်ဖို့အတွက် လူတိုင်းကို သတိထားရမယ်၊ သတိဝီရိယရှိရမယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့်မို့ ဘယ်သူနဲ့ပဲ ထိတွေ့ဆက်ဆံသည်ဖြစ်စေ ကျွန်မ စကားပြောတာ၊ ပြုမူတာနဲ့ ပတ်သက်ပြီး အရမ်းသတိထားတယ်။ လူတွေကို ကျွန်မရဲ့ တကယ့်အတွေးတွေကို ပြောလေ့မရှိဘူး။ အချိန်အများစုမှာ တိတ်တိတ်လေးပဲ နေတယ်။ ဒီလိုဆိုရင် ကျွန်မက ဆုံးရှုံးတာတွေ မခံရတော့ဘူး။ လူတွေကိုလည်း စိတ်မကျေမနပ်ဖြစ်အောင် လုပ်မိမှာမဟုတ်ဘူး ပေါ့။ အထူးသဖြင့် လင်ရှောင်က ရှင်းကျီရဲ့ ပြဿနာကို တိုင်ခဲ့ပြီး ရှင်းကျီက နောင်တမရဘဲ နောက်ပိုင်းမှာ အထုတ်ခံရတော့ သတိထားပြီးနေတဲ့ အခြေအနေမှာ ကျွန်မ အသက်ရှင်ခဲ့တယ်။ ကျွန်မလည်း တစ်နေ့ကျရင် အထုတ်ခံရမှာကိုကြောက်ပြီး ကျွန်မရဲ့ တကယ့်အခြေအနေကို သူများတွေကို ဖွင့်မပြောရဲဘူး။ အသင်းတော်နဲ့ အဖွဲ့ခေါင်းဆောင်တွေကို ကျွန်မ စကားပြောတော့ အရမ်းသတိထားပြီး ကျွန်မစိတ်နှလုံးကို မဖွင့်ဟရဲဘူး။ အချိန်အများစုမှာ ပြီးသွားအောင်ပဲ ရိုးရှင်းတဲ့စကားသုံးလေးခွန်းပဲ ပြောတယ်။ ကျွန်မက စာတန်ရဲ့ အဆိပ်တွေနဲ့ မြဲမြံနေအောင် ချည်နှောင်ခံထားရတာပါ။ ကျွန်မက မိတ်သဟာယဖွဲ့ဖို့ လူတွေဆီ သွားတဲ့အခါတောင် သံသယတွေ အပြည့်ရှိနေခဲ့တယ်။ ဖွင့်ပြောပြီး ကိုယ့်ကိုယ်ကိုယ် ချပြဖို့ သတ္တိမရှိဘူး။ ကျွန်မက နာကျင်ပြီး စိတ်ဆင်းရဲနေရင်းနဲ့ အသက်ရှင်နေခဲ့တာ။ ဒီစာတန်ဆန်တဲ့ စည်းမျဉ်းတွေက လူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်သလိုမျိူး ထင်ရတယ်။ ဒါပေမဲ့ ဒီစည်းကမ်းတွေက လူတစ်ယောက်နဲ့ ဆက်ဆံတဲ့အခါမှာ သတိထားဖို့၊ စိတ်ထဲရှိတဲ့အတိုင်း မပြောဖို့ လူတွေကို သင်ပေးပြီး တခြားလူတွေနားမှာ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းသင့်တယ်ဆိုပြီး သင်ပေးတယ်။ ဒီလိုနဲ့ လူနှစ်ယောက် ဆက်ဆံတဲ့အခါ တခြားတစ်ယောက်က ထင်မြင်ချက်တွေ ရှိနေတုန်းမှာ တစ်ယောက်က အမြဲ သတိထားတယ်။ သူတို့နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် မယုံဘူး။ သူတို့တွေက တစ်ယောက်အပေါ်တစ်ယောက် ချင့်တွက်ပြီး ရန်လိုတယ်။ ကျင့်ကြံပြုမူတဲ့နေရာမှာ သူတော်ကောင်းယောင်ဆောင်ကြတယ်။ ဒါကြောင့် လူတွေက ပိုပိုပြီး လှည့်စားလာပြီး လူ့သဘာဝက အရမ်းကို ပိုနည်းလာတယ်။ ဒီအခါကျမှ “လူတစ်ယောက်သည် အခြားသူများကို ထိခိုက်စေရန် မည်သောအခါမျှ မကြံရွယ်သင့်သော်လည်း အခြားသူများက လာရောက် ထိခိုက်နိုင်သည်ကို အမြဲကာကွယ်သင့်သည်” ဆိုတာက ကျင့်ကြံပြုမူဖို့ လမ်းပြပေးသင့်တဲ့ စည်းမျဉ်းလုံးဝ မဟုတ်ဘူးဆိုတာကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်။ ဉာဏ်များတဲ့ ကြံစည်မှုတွေနဲ့ လူတွေကို ထိခိုက်အောင်လုပ်ပြီး လှည့်ကွက်တွေလုပ်နေတာက လုံးဝ စာတန်ပဲ ဖြစ်ပါတယ်။ စာတန်က လူတွေကို ဖျက်ဆီးဖို့ အသုံးပြုတဲ့ နည်းတွေဆိုရင် ပိုပြီးတော့တောင် မှန်တယ်။ ဒီလိုဆိုရိုးစကားနဲ့အသက်ရှင်ရင် လူတွေကို သူတို့ရဲ့ သာမန်လူ့သဘာဝကိုပဲ ဆုံးရှုံးစေနိုင်တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဆက်ဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မိသားစု၏ ပုံစံသွင်းခြင်းတွင် ပြုမူနေထိုင်ခြင်းနှင့် လောကကြီးကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် နောက်ထပ်သော ဥပါယ်တံမျဉ်စည်းကမ်းများ များစွာပါဝင်ရန် ဖြစ်နိုင်ချေအများဆုံး ဖြစ်သည်။ ဥပမာ မိဘများက ‘လူတစ်ယောက်သည် အခြားသူများကို ထိခိုက်စေရန် မည်သောအခါမျှ မကြံရွယ်သင့်သော်လည်း အခြားသူများက လာရောက် ထိခိုက်နိုင်သည်ကို အမြဲကာကွယ်သင့်သည်။ မင်းက လွန်စွာ ရူးမိုက်ကာ ယုံလွယ်သည်’ ဟု မကြာခဏဆိုကြသည်။...သူတို့ သင့်ထံတွင် သွတ်သွင်းပေးသော အတွေးများသည် သင်လောကကြီးကို ကိုင်တွယ်ဖြေရှင်းပုံအတွက် စည်းမျဉ်းများနှင့် အခြေခံများဖြစ်လာသည်။ အတန်းဖော်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ အလုပ်လက်တွဲဖော်များ၊ အထက်အရာရှိများ၊ လူအဖွဲ့စည်းအတွင်းမှ လူအမျိုးအစားတိုင်း၊ လူ့အလွှာတိုင်းမှ လူများနှင့် သင် ဆက်ဆံသည့်အခါတွင် သင့်မိဘများက သွတ်သွင်းပေးသော ဤကာကွယ်ရေးအတွေးများသည် လူအချင်းချင်းဆက်ဆံရေးများ ပါဝင်သည့် ကိစ္စများကို သင် ကိုင်တွယ်သည့်အခါတိုင်း သင်၏ အခြေခံအကျဆုံး အဆောင်နှင့် စည်းမျဉ်းများ အမှုမဲ့အမှတ်မဲ့ ဖြစ်လာသည်။ ဤကား မည်သည့်စည်းမျဉ်းနည်း။ ဤကား ကျွန်ုပ်သည် သင့်ကို ဒုက္ခမပေးပါ။ သို့သော် သင် ကျွန်ုပ်အား လှည့်ဖြားခြင်းမှ သို့မဟုတ် လိမ်လည်ခြင်းမှ တားဆီးရန်၊ ပြဿနာတက်ခြင်းနှင့် အမှုအခင်းများကို ရှောင်ကြဉ်ရန်၊ မိသားစု ကြွယ်ဝမှု ဆုံးရှုံးခြင်းနှင့် မိသားစု အတွင်းမှလူများ အသက်ဆုံးရှုံးရခြင်းတို့မှ ဟန့်တားရန်နှင့် ကျွန်ုပ် ထောင်ကျခြင်းဖြင့် အဆုံးသတ်ခြင်းမှ တားဆီးရန် သင့်အပေါ်တွင် ကျွန်ုပ်သည် အချိန်တိုင်း သတိထားနေရမည်။ ထိုအတွေးနှင့် အမြင်ရှုထောင့်များ၏ ထိန်းချုပ်မှုအောက်တွင် နေထိုင်ရင်း၊ လောကကြီးကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ထိုကဲ့သို့ သဘောထားရှိသည့် လူမှုအစုအဖွဲ့တွင် နေထိုင်ရင်း သင်သည် ပို၍ စိတ်ဓာတ်ကျလာကာ ပို၍ပင်ပန်းနွမ်းနယ်ကာ သင်၏ စိတ်ရော ခန္ဓာတွင်ပါ ပို၍နွမ်းနယ်လာရုံသာ ဖြစ်နိုင်သည်။ နောက်ပိုင်းတွင် သင်သည် ဤလောကနှင့် လူသားမျိုးနွယ်ကို ပိုမို အတိုက်အခံပြုပြီး ငြင်းပယ်လာကာ သူတို့ကို ပိုမို စက်ဆုပ်လာသည်။ အခြားသူများကို စက်ဆုပ်ရာတွင် သင့်ကိုယ်သင် အထင်သေးလာပြီး သင်သည် လူတစ်ယောက်နှင့် တူညီသည့် နည်းလမ်းဖြင့်နေထိုင်နေခြင်းမဟုတ်ဘဲ၊ ထိုအစား ပင်ပန်းကာ စိတ်ဓာတ်ကျသည့် ဘဝတွင်နေထိုင်နေသကဲ့သို့ သင်ခံစားရသည်။ အခြားသူများမှ ဒုက္ခပေးလာခြင်းကို ရှောင်ရှားရန် သင်သည် အစဉ်အမြဲသတိရှိနေရပြီး သင့်အလိုမဟုတ်သည့်အရာများကို လုပ်ကိုင် ပြောဆို နေရသည်။ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားနှင့် ပုဂ္ဂလိက လုံခြုံမှုတို့ကို ကာကွယ်ရန် လိုက်စားရာတွင် သင်သည် သင့်ဘဝ၏ကဏ္ဍတိုင်းတွင် မှန်သော စကားတစ်ခွန်းမှ မပြောရဲဘဲ မျက်နှာဖုံးအတု တစ်ခုကိုတပ်ကာ သင့်ကိုယ်သင် ရုပ်ဖျက်ထားသည်။ ဤအခြေအနေတွင် ဤအသက်ရှင်ရေး အနေအထားတွင် သင်၏ အတွင်းစိတ်သည် လွတ်ငြိမ်းခြင်း သို့မဟုတ် လွတ်လပ်ခြင်းကို မရှာဖွေနိုင်။ သင့်ကို ဒုက္ခမပေးဘဲ သင်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ မခြိမ်းခြောက်မည့်လူတစ်ဦး၊ သင့်စကားများအတွက် တာဝန်ယူစရာမလိုဘဲ၊ ဟာသ အလုပ်မခံရဘဲ၊ အငေါ့ခံရဘဲ၊ အလှောင်ပြောင်မခံရဘဲ သို့မဟုတ် အကျိုးဆက်တစ်ခုမျှ မခံစားရဘဲ သင်၏ အတွင်းအကျဆုံး အတွေးများကို မျှဝေကာ သင်၏ အလိုမကျခြင်းတို့ကို ရင်ဖွင့်၍ရမည့်လူတစ်ဦးကို မကြာခဏ သင်လိုအပ်သည်။ ‘လူတစ်ယောက်သည် အခြားသူများကို ထိခိုက်စေရန် မည်သောအခါမျှ မကြံရွယ်သင့်သော်လည်း အခြားသူများက လာရောက် ထိခိုက်နိုင်သည်ကို အမြဲကာကွယ်ထားသင့်သည်။’ဟူသည့် အတွေးနှင့် အမြင်ရှုထောင့်တို့သည့် လောကကြီးကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် သင်၏ စည်းမျဉ်း ဖြစ်နေသည့်အခြေအနေတွင် သင်၏ အတွင်းကျကျစိတ်သည် ကြောက်ရွံ့မှုနှင့် စိတ်အားငယ်မှုများနှင့် ပြည့်နေသည်။ သဘာဝအလျောက်ပင် သင်သည် စိတ်ဓာတ်ကျကာ လွတ်ငြိမ်းမှုကို ရှာမတွေ့နိုင်ဘဲ သင့်ကို နှစ်သိမ့်စေရန်နှင့် အတွင်းစကားပြောရန် လူတစ်ယောက်လိုအပ်သည်။ သို့ဆိုလျှင် ဤရှုထောင့်များမှ အကဲဖြတ်လျှင် ‘လူတစ်ယောက်သည် အခြားသူများကို ထိခိုက်စေရန် မည်သောအခါမျှ မကြံရွယ်သင့်သော်လည်း အခြားသူများက လာရောက် ထိခိုက်နိုင်သည်ကို အမြဲကာကွယ်ထားသင့်သည်။’ဟူသည့် သင့်မိဘများက သွန်သင်ပေးသည့် လောကကြီးကို ကိုင်တွယ်ဖြေရှင်းရန် စည်းမျဉ်းသည် သင့်ကို ကာကွယ်ရာတွင် အောင်မြင်နိုင်သော်လည်း ယင်းသည် ကောင်းဆိုးဒွန်တွဲနေသည်။ သင်၏ ရုပ်ပိုင်း အကျိုးစီးပွားနှင့် ပုဂ္ဂလိက လုံခြုံရေးတို့ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်‌သော်လည်း သင့်ကို စိတ်ဓာတ်ကျကာ စိတ်မချမ်းမြေ့ရအောင်လည်း လုပ်သည်။ လွတ်ငြိမ်းမှုကို ရှာမတွေ့နိုင်စေဘဲ သင့်ကို ဤလောကနှင့် လူသားမျိုးနွယ်အား ပို၍မနှစ်မြို့စေအောင်ပင် လုပ်သေးသည်။ တစ်ချိန်တည်းတွင်ပင် သင်သည် ဤကဲ့သို့ ဆိုးယုတ်သော ခေတ်ကြီးတွင် ဤကဲ့သို့ ဆိုးယုတ်သော လူစုအကြား၌ မွေးဖွားလာရခြင်းကိုလည်း စိတ်ထဲတွင် တရေးရေး စတင်ကာ စိတ်ကုန်လာသည်။ သင်သည် လူတို့အနေဖြင့် အဘယ်ကြောင့် အသက်ရှင်နေထိုင်ကြရကြောင်း၊ ဘဝသည် အဘယ်ကြောင့် ခြေကုန်လက်ပန်းကျဖွယ် ရှိနေကြောင်း၊ သူတို့သည် အဘယ်ကြောင့် မည်သည့်နေရာသို့သွားသွား မျက်နှာဖုံးစွပ်ကာ ရုပ်ဖျက်နေရကြောင်း၊ သို့မဟုတ် သင့်ကိုယ်ပိုင် အကျိုးစီးပွားအတွက် အဘယ်ကြောင့် အခြားသူများကို အစဉ်အမြဲ သတိမူနေရမည်ဖြစ်ကြောင်းတို့ကို သင်နားမလည်နိုင်။ သင်သည် အမှန်ကို ပြောနိုင်ဖို့ ဆန္ဒရှိသော်လည်း အကျိုးဆက်များကြောင့် သင် မပြောနိုင်။ သင်သည် စစ်မှန်သောသူတစ်ယောက် ဖြစ်လိုကာ ပွင့်ပွင့်လင်းလင်း ပြောဆိုပြီး ကျင့်ကြံပြုမူလိုသည်။ ထို့ပြင် ယုတ်ညံ့သောသူတစ်ဦးဖြစ်ခြင်း သို့မဟုတ် ယုတ်မာပြီး ရှက်ဖွယ်ကောင်းသော လုပ်ဆောင်ချက်များကို တိတ်တဆိတ် လုပ်ဆောင်ခြင်း၊ အမှောင်ထဲတွင်သာ သီးသန့်နေထိုင်ခြင်းတို့မှ ရှောင်ရှားလိုသည်။ သို့သော် ယင်းကို တစ်ခုမျှ သင် မလုပ်ဆောင်နိုင်ချေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၄)) ဘုရားနှုတ်ကပတ်တော်က ကျွန်မ စိတ်နှလုံး အတွင်းထဲထိကို တို့ထိပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်လောက်ကို ပြန်စဉ်းစားကြည့်တော့ ကျွန်မက “လူတစ်ယောက်သည် အခြားသူများကို ထိခိုက်စေရန် မည်သောအခါမျှ မကြံရွယ်သင့်သော်လည်း အခြားသူများက လာရောက် ထိခိုက်နိုင်သည်ကို အမြဲကာကွယ်သင့်သည်” ဆိုတာနဲ့ “စကားများပါက အမှားများတတ်သည်” ဆိုတာမျိုး စာတန်ဆန်တဲ့ အဆိပ်တွေနဲ့ အမြဲတမ်း အသက်ရှင်နေခဲ့တာပါ။ ကျွန်မက မရိုးသားဘဲ လှည့်စားတတ်လာတယ်။ လူတိုင်းရဲ့ အနီးအနားမှာ သတိထားပြီး သတိဝီရိယနဲ့နေတယ်။ ဘယ်တော့မှ လူတွေကို အစစ်အမှန်အတိုင်း မပြောဘူး။ ရလဒ်အနေနဲ့ ကျွန်မက အိမ်နဲ့အဝေးမှာ နှစ်တွေအကြာကြီး အလုပ်လုပ်နေတုန်းမှာ ရင်းနှီးတဲ့ သူငယ်ချင်း လုံးဝ မရှိခဲ့ဘဲ အရမ်းကို အထီးကျန်ခဲ့တယ်။ ဘုရားကို ယုံကြည်ပြီးတော့ ကျွန်မက ဒီစာတန်ဆန်တဲ့ အဆိပ်တွေနဲ့ အသက်ရှင်နေတုန်းပဲ။ လင်ရှောင်က ရှင်းကျီရဲ့ ပြဿနာကို တိုင်တုန်းက အမှန်တရားကိုပဲ သူ တင်ပြနေခဲ့တာပါ။ ဒါက အသင်းတော်အလုပ်ကို ကာကွယ်ပေးဖို့ပဲ။ ဘုရားရဲ့ ရည်ရွယ်ချက်နဲ့ ညီတယ်။ ဒါပေမဲ့ ဒါကို ကျွန်မက လူတစ်ယောက်နောက်ကွယ်မှာ တိုင်ကြားချက်တင်တယ်လို့ မြင်ပြီး နောက်ကျရင် ကျွန်မအကြောင်းကို ခေါင်းဆောင်ဆီ သူတိုင်ကြားပြီး ကျွန်မ အထုတ်ခံမှာကို ကြောက်ခဲ့တယ်။ ဒါကြောင့်မို့ ကျွန်မက သူ့ကို သတိထားနေခဲ့တယ်။ နောက်တော့ ကျွန်မ အသိစိတ်က ဘဝင်မကျပေမဲ့ ဖွင့်မပြောရဲခဲ့ဘူး။ စကားတစ်ခွန်းမှားပြောရင်၊ ကျွန်မရဲ့ တကယ့်အခြေအနေကို ပြောရင် ဒုက္ခရောက်မှာပဲဆိုပြီး တော်တော်လေးကြောက်နေခဲ့တယ်။ အဲဒါနဲ့ နာကျင်ပြီး စိတ်ဆင်းရဲရင်းနဲ့ အသက်ရှင်ခဲ့ရတယ်။ ငယ်ငယ်ကတည်းက ကျွန်မအပေါ် မိဘတွေရဲ့ သွန်သင်မှုနဲ့ လူ့အဖွဲ့အစည်းရဲ့ လွှမ်းမိုးမှုကြောင့် ကျွန်မက ဒီလိုဒုက္ခရောက်ပြီး ပင်ပန်းရတဲ့ ဘဝကို အသက်ရှင်ရတယ်ဆိုတာ ကျွန်မ ဆင်ခြင်သုံးသပ်ခဲ့တယ်။ ဒီစာတန်ဆန်တဲ့ အဆိပ်တွေက ကျွန်မကို မရိုးသားဘဲ လှည့်စားတတ်အောင်လုပ်ပြီး လူတွေကို ပုံမှန်အတိုင်း ကျွန်မ မဆက်ဆံနိုင်ခဲ့ဘူး။ ဒီပြဿနာကို အစောကတည်းက ဖြေရှင်းခဲ့ရင် ကျွန်မကြောင့် အသင်းတော်က ထိခိုက်မှာမဟုတ်ဘူး၊ လင်ရှောင်ကို စိတ်ကျဉ်းကျပ်စေမှာ မဟုတ်ဘူး။ ဒါကို မြင်ပြီး ကျွန်မ အရမ်းနောင်တရခဲ့တယ်။ နောင်ကျရင် ကျွန်မတာဝန်မှာ ညီအစ်ကိုမောင်နှမတွေနဲ့ သဟဇာတဖြစ်စွာနဲ့ ပူးပေါင်းလုပ်ဖို့၊ ဖြူစင်ပြီး ပွင့်လင်းသူဖြစ်ဖို့ ကျွန်မ စိတ်ပိုင်းဖြတ်ခဲ့တယ်။

နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ်။ “လူအချို့သည် ဘုရားအိမ်တော်က လူများကို မျှတစွာ ဆက်ဆံနိုင်ကြောင်းကို မယုံကြည်ကြပေ။ သူ၏အိမ်တော်တွင် ဘုရားသခင် အုပ်ချုပ်ကြောင်းနှင့် ထိုနေရာတွင် သမ္မာတရားအုပ်စိုးကြောင်းကို ၎င်းတို့ မယုံကြည်ကြပေ။ လူတစ်ယောက်သည် မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ၊ ပြဿနာတစ်ခုတက်လာလျှင် ဘုရားအိမ်တော်သည် ထိုလူကို ချက်ချင်း ကိုင်တွယ်လိမ့်မည်ဖြစ်ကြောင်း၊ ထိုတာဝန်ကို ထမ်းဆောင်ဖို့ သူ၏အခွင့်အရေးကို ဖြုတ်ချကာ သူ့ကို အခြားသို့ပို့လိမ့်မည် သို့မဟုတ် အသင်းတော်မှပင် သူ့ကို ရှင်းထုတ်ပစ်နိုင်ကြောင်းတို့ကို ၎င်းတို့က ယုံကြည်ကြသည်။ ထိုသည်က အမှန်တကယ် ကိစ္စများ အလုပ်လုပ်သည့်ပုံလော။ ကျိန်းသေမဟုတ်ပေ။ ဘုရားအိမ်တော်သည် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လူတိုင်းကို ဆက်ဆံသည်။ ဘုရားသခင်သည် လူတိုင်းအပေါ် ဆက်ဆံရာတွင် ဖြောင့်မတ်သည်။ ဘုရားသည် ဖြစ်ရပ်တစ်ခုတွင် လူတစ်ယောက်၏ ပြုမူပုံပြုမူနည်း တစ်ခုတည်းကိုသာ မကြည့်ပေ။ လူတစ်ဦး၏သဘာဝအနှစ်သာရ၊ ထိုသူ၏ရည်ရွယ်ချက်များ၊ ထိုသူ၏သဘောထားတို့ကို သူကြည့်သည်။ ပြီးလျှင် သူသည် လူတစ်ဦး အမှားလုပ်မိသောအခါ သူ့ကိုယ်သူ ပြန်လည်ဆင်ခြင်သုံးသပ်နိုင်ခြင်းရှိမရှိ၊ နောင်တရရှိခြင်းရှိမရှိနှင့် ထိုလူသည် ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေခံ၍ ပြဿနာ၏ အနှစ်သာရကို ထိုးဖောက်သိမြင်နိုင်ခြင်းရှိမရှိ၊ သမ္မာတရားကို နားလည်လာနိုင်ခြင်းရှိမရှိ၊ မိမိကိုယ်ကို မုန်းတီးခြင်း ရှိမရှိနှင့် အစစ်အမှန် နောင်တရခြင်းရှိမရှိတို့ကို အထူးသဖြင့် သူကြည့်သည်။...ငါ့ကို ပြောလော့။ လူတစ်ဦးသည် အမှားတစ်ခု လုပ်ထားကာ အမှန်တကယ် နားလည်နိုင်စွမ်းရှိပြီး နောင်တရလိုစိတ်ရှိလျှင် ဘုရားအိမ်တော်က ထိုသူကို အခွင့်အရေးတစ်ခု မပေးဘဲ နေမည်လော။ ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်သည် အဆုံးသို့ ရောက်လာနေပြီ ဖြစ်သည်နှင့်အညီ ထမ်းဆောင်ရန်လိုသည့် တာဝန်များစွာရှိသည်။ သို့သော် သင်သည် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား မရှိသကဲ့သို့ မိမိတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အာရုံမစိုက်လျှင်၊ တာဝန်ထမ်းဆောင်ရန် အခွင့်အလမ်း ရသော်လည်း တန်ဖိုးထားရမှန်း မသိလျှင်၊ အကောင်းဆုံးအချိန်ကို လွန်သွားစေလျက် သမ္မာတရားကို အနည်းငယ်မျှပင် မလိုက်စားလျှင် သင်သည် ထုတ်ဖော်ခြင်းခံရလိမ့်မည်။ သင်သည် တာဝန်ထမ်းဆောင်ရာတွင် အဆက်မပြတ် ဝတ်ကျေတမ်းကျေပြုလျှင်၊ ပြုပြင်ခံရခြင်းကို ရင်ဆိုင်ရသောအခါ၌ လုံးဝ နာခံခြင်းမရှိလျှင် ဘုရားအိမ်တော်က တာဝန်ထမ်းဆောင်ရန် သင့်ကို အသုံးပြုဦးမည်လော။ ဘုရားအိမ်တော်တွင် အုပ်စိုးသည်မှာ သမ္မာတရားဖြစ်သည်။ စာတန်မဟုတ်ပေ။ ဘုရားသခင်သည် အရာရာအပေါ် အပြီးသတ် ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။ လူသားကို ကယ်တင်ခြင်းအမှုကို ပြုနေသည်မှာ သူဖြစ်သည်။ အရာရာအပေါ် အချုပ်အခြာအာဏာ ကိုင်စိုးသူမှာ သူ ဖြစ်သည်။ မည်သည့်အရာက မှန်သည်၊ မှားသည်ဟူ၍ သင့်အနေဖြင့် စိစစ်ရန် မလိုအပ်ပေ။ သင်သည် ကြားနာပြီး ကျိုးနွံနာခံရန်သာ လိုအပ်သည်။ ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသောအခါတွင် သမ္မာတရားကို သင်လက်ခံရမည်၊ သင်၏ အမှားများကို ပြုပြင်နိုင်ရမည်။ ဤသို့ သင်လုပ်ဆောင်လျှင် ဘုရားအိမ်တော်သည် သင်၏ တာဝန်ထမ်းဆောင်ခွင့်ကို ဖယ်ရှားမည်မဟုတ်ပေ။ သင်သည် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ကို အစဉ် ကြောက်ရွံ့နေလျှင်၊ ဆင်ခြေများ အစဉ်ပေးလျှင်၊ သင့်ကိုယ်သင် အစဉ် ရှင်းချက်ထုတ်ပြလျှင် ဤသည်မှာ ပြဿနာဖြစ်သည်။ သမ္မာတရားကို အနည်းငယ်မျှပင် သင်လက်မခံကြောင်းနှင့် သင်သည် ကျိုးကြောင်းဆင်ခြင်မှု မရှိကြောင်းကို အခြားသူတို့အား တွေ့မြင်ခွင့်ပေးလျှင်၊ သင်ဒုက္ခရောက်ပြီဖြစ်သည်။ အသင်းတော်သည် သင့်ကို မဖြစ်မနေ ကိုင်တွယ်ရလိမ့်မည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို လုံးဝ လက်မခံဘဲ ထုတ်ဖော်ခံရခြင်းနှင့် ဖယ်ရှားရှင်းလင်းခံရခြင်းကို အစဉ်ကြောက်ရွံ့နေလျှင် သင်၏ ဤအကြောက်တရားသည် လူ့ရည်ရွယ်ချက်နှင့် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားဖြင့် စွန်းထင်းနေသည်။ သံသယ၊ သတိထားကာကွယ်မှုနှင့် မှားယွင်းသော အယူအဆတို့ဖြင့် စွန်းထင်းနေသည်။ ဤအရာများထဲမှ မည်သည့်အရာကမျှ လူတစ်ယောက်၌ ရှိသင့်သည့် သဘောထားများမဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ကျွန်မက ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို မသိတာကြောင့်၊ လူတွေကို ထုတ်တဲ့နေရာမှာ ဘုရားအိမ်တော်ရဲ့ စည်းမျဉ်းတွေကို နားမလည်တာကြောင့် အထုတ်ခံရမှာကို ကြောက်နေတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်ခဲ့ပါတယ်။ လက်တွေ့မှာတော့ ဘုရားအိမ်တော်က လူတစ်ယောက်ကို ထုတ်ပြီး ဖယ်ရှားရှင်းလင်းတဲ့အခါမှာ အဲဒီလူရဲ့ ခဏတာ အပြုအမူ၊ ဒါမှမဟုတ် သူလုပ်တဲ့ အမှားတစ်ခုကိုပဲ အခြေခံပြီးတော့ သာမန်ကာလျှံကာနဲ့ လုပ်တာမဟုတ်ပါဘူး။ ဒီထက် အဲဒီလူကို နောင်တရဖို့အတွက် အများဆုံးအတိုင်းအတာအထိ အခွင့်အရေးပေးပါတယ်။ အဲဒီလူက လုံးဝ လမ်းကြောင်းမပြောင်းဘဲ အလုပ်ကို ထိခိုက်စေမှသာ ထုတ်ခံရမှာပါ။ တခြားတစ်ဖက်မှာကျတော့ ဖောက်ပြန်ပျက်စီးမှုတချို့ကို ထုတ်ဖော်ပြတဲ့ တခြားလူတွေရှိတယ်။ ဒါပေမဲ့ ညီအစ်ကိုမောင်နှမတွေက မိတ်သဟာယဖွဲ့တာ၊ ကူညီတာတွေကြောင့် သူတို့က ဘုရားထံမှ နောင်တရနိုင်ပြီး သူတို့ရဲ့ လမ်းလွဲတာတွေကို ပြောင်းလဲနိုင်တယ်။ ဒီလိုလူတွေက အထုတ်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာမဟုတ်ဘူး။ ရှင်းကျီက ဇာတိပကတိ သာယာမှုတွေကို မွေ့လျော်ပြီး သူ့တာဝန်မှာ တာဝန်သိစိတ်မရှိဘူး။ သူက ခေါင်းဆောင်က အလုပ်ကို ကြီးကြပ်စစ်ဆေးတာကို ဆန့်ကျင်ပြီး စုဝေးပွဲတွေမှာ အပျက်သဘောတွေကိုတောင် ဖြန့်တယ်။ လင်ရှောင်က သူ့ပြဿာနာကို ထောက်ပြပြီး သူ့ကို ခဏခဏ ကူညီပေးတယ်။ ဒါပေမဲ့ ရှင်းကျီက နောင်တရတဲ့ အပြုအမူတစ်ခုမှ မပြဘူး။ အဲဒီအခါကျမှ လင်ရှောင်က ရှင်းကျီရဲ့ ပြဿနာကို တိုင်ကြားခဲ့တာပါ။ ရှင်းကျီအထုတ်ခံရတာက စည်းမျဉ်းတွေနဲ့ ညီပြီး ဘုရားရဲ့ ဖြောင့်မတ်ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မက သူ့ကို ပိုင်းခြားမသိမြင်ခဲ့ဘဲ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကိုလည်း မသိခဲ့ဘူး။ သတိထားတဲ့၊ နားလည်မှုလွဲတဲ့ အခြေအနေမှာ ကျွန်မ အသက်ရှင်ခဲ့တယ်။ ကျွန်မမှာလည်း ခေါင်းဆောင်ရဲ့ ကြီးကြပ်မှုကို ဆန့်ကျင်တဲ့ အခြေအနေရှိတယ်လို့ တွေးမိတယ်။ အဲဒါနဲ့ ကျွန်မရဲ့ တကယ့်အခြေအနေကို ပြောရင် အထုတ်ခံရမှာကို စိတ်ပူခဲ့တယ်။ ဒီဟာကြောင့် လင်ရှောင်နဲ့ ခေါင်းဆောင်က ကျွန်မအခြေအနေအကြောင်းသိသွားမှာကို ကျွန်မ ကြောက်ခဲ့တယ်။ တကယ်တော့ ဘုရားသခင်က ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ကို ကယ်တင်တယ်လို့ ဘုရားနှုတ်ကပတ်တော်က ခဏခဏ ဖော်ပြပါတယ်။ လူတွေက သူတို့အလုပ်မှာ ဖောက်ပြန်ပျက်စီးမှုတွေ ထုတ်ဖော်ပြတာ၊ လမ်းလွဲမှုတွေရှိတာက ပုံမှန်ပါ။ အရေးကြီးတာက ဆင်ခြင်သုံးသပ်နိုင်ပြီး ဘုရားကို နောင်တရနိုင်ခြင်း ရှိမရှိပဲ။ ဘုရားသခင် ပြောသလိုပဲ။ “ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံမှုတို့သည် မနည်းပါးပေ— လူသား၏ စစ်မှန်သည့် နောင်တသာ နည်းပါးခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)) ပြီးတော့လည်း လင်ရှောင်က ရှင်းကျီရဲ့ ပြဿနာကို တွေ့ပြီးတဲ့နောက်မှာ ရှင်းကျီကို မိတ်သဟာယဖွဲ့ပြီး ခဏခဏ ကူညီပေးခဲ့တယ်။ ရှင်းကျီက လမ်းကြောင်း မပြောင်းသေးဘူး။ ဒါကြောင့် စည်းမျဉ်းတွေအတိုင်း သူ့ကို ချက်ချင်း တိုင်ကြားခဲ့ရတယ်။ ဒါဟာ ဘုရားသခင် ရွေးချယ်ထားသူတိုင်း ဖြည့်ဆည်းသင့်တဲ့ တာဝန်ဖြစ်ပြီး အသင်းတော်အလုပ်ကို ကာကွယ်ပေးဖို့အတွက် လုပ်တာပါ။ ဒါပေမဲ့ လင်ရှောင်က စကားတစ်ခွန်းမှ မပြောဘဲ ရှင်းကျီရဲ့ ပြဿနာကို ခေါင်းဆောင်ဆီ တိုင်ခဲ့တယ်လို့တောင် ကျွန်မက စောဒကတက်ပြီး သူ့ကို သတိထားသလို အထင်လွဲခဲ့တယ်။ ဒီအချိန်ကျမှ ကျွန်မ စိတ်သဘောထားက လှည့်စားတတ်ရုံတင်မကဘဲ ကျွန်မနားလည်မှုကလည်း တော်တော်လိုရာဆွဲနေတယ်ဆိုတာကို မြင်ခဲ့တယ်။

ရှင်းကျီ အထုတ်ခံရတော့ ကျွန်မမှာ နောက်ထပ် မှားပြီး အဓိပ္ပာယ်မရှိတဲ့ အမြင်တစ်ခုရှိခဲ့တယ်။ စုဝေးပွဲတစ်ခုမှာ ကျွန်မရဲ့ တကယ့်အခြေအနေကို ဖွင့်ပြောလိုက်ရင် ဒါကို အပျက်သဘောကို ရင်ဖွင့်တာလို့ သတ်မှတ်မှာပဲလို့ ကျွန်မ ယုံကြည်ခဲ့တယ်။ အဲဒါနဲ့ စိတ်ထဲရှိတာကို မပြောရဲခဲ့ဘူး။ နောက်တော့ အတွေ့အကြုံသက်သေခံချက်ဆောင်းပါးတစ်ခုမှာ ကိုးကားထားတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်ပြီး ဒီအမြင်က သမ္မာတရားနဲ့ မညီဘူးဆိုတာကို နောက်ဆုံးမှာ နားလည်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အခြေခံအားဖြင့် ဤအရာများသည် အပျက်သဘောဆောင်မှုကို လွှတ်ထုတ်ပေးသော လူတို့၏ အမျိုးမျိုးသော အခြေအနေများနှင့် သရုပ်သကန်များဖြစ်သည်။ အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို လိုက်စားခြင်းအတွက် ၎င်းတို့၏ လိုအင်ဆန္ဒများသည် မပြည့်စုံသောအခါ၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးထင်မြင်ချက်များ၊ ၎င်းတို့၏ အကျိုးစီးပွားများ ပါဝင်သောအရာများနှင့် ဆန့်ကျင်သော အရာများကို ဘုရားသခင်က လုပ်ဆောင်သောအခါ ၎င်းတို့သည် အာခံခြင်းနှင့် မကျေမနပ်ဖြစ်ခြင်းကဲ့သို့သော စိတ်ခံစားချက်များတွင် ထောင်ဖမ်းခံလာရသည်။ ပြီးလျှင် ၎င်းတို့တွင် ဤစိတ်ခံစားချက်များ ရှိသောအခါ ၎င်းတို့၏စိတ်သည် ဆင်ခြေများ၊ မူမမှန်သောအကြောင်းပြချက်များ၊ ကျိုးကြောင်းပြချက်များ၊ ခုခံကာကွယ်မှုများနှင့် အခြား စောဒကတက်သော အတွေးများ စတင်ဖြစ်ပေါ်လာသည်။ ထိုအချိန်တွင် ၎င်းတို့သည် ဘုရားသခင်ကို မချီးမွမ်းကြသည့်အပြင် သို့မဟုတ် သူ့ကို ကျိုးနွံနာခံခြင်း မရှိကြသည့်အပြင် မိမိတို့ကိုယ်ကို သိမြင်ရန် သမ္မာတရားကို ရှာဖွေခြင်း သာ၍ပင် နည်းပါးလေသည်။ ထိုအစား ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးထင်မြင်မှုများ၊ ယူဆချက်များနှင့် ထင်မြင်ချက်များ၊ သို့မဟုတ် စိတ်မြန်လက်မြန်လုပ်ဆောင်ခြင်းများကို အသုံးပြုလျက် ဘုရားသခင်ကို ဆန့်ကျင်တိုက်ခိုက်ကြသည်။ ၎င်းတို့က မည်သို့ ပြန်လည်တိုက်ခိုက်ကြသနည်း။ ၎င်းတို့၏ အာခံခြင်းနှင့် မကျေနပ်ဖြစ်ခြင်း စိတ်ခံစားချက်များကို ဖြန့်ကြပြီး ၎င်းတို့၏ အတွေးများနှင့် ထင်မြင်ချက်များကို ဘုရားသခင်အတွက် ရှင်းလင်းစေရန် ဤအရာကို အသုံးပြုကြသည်။ ၎င်းတို့၏ အလိုဆန္ဒများကို ဖြည့်ဆည်းရန်အတွက် ၎င်းတို့၏ ဆန္ဒများနှင့် တောင်းဆိုမှုများနှင့်အညီ ဘုရားသခင်က လုပ်ဆောင်စေဖို့ ကြိုးစားကြသည်။ ထိုအခါမှသာ ၎င်းတို့၏ စိတ်ခံစားချက်များက ပြေပျောက်လေသည်။ အထူးသဖြင့် ဘုရားသခင်သည် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမရန်၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သန့်စင်ရန်၊ လူတို့ကို စာတန်၏ လွှမ်းမိုးမှုမှ ကယ်တင်ရန် သမ္မာတရားများစွာကို ဖော်ပြလေသည်။ ပြီးလျှင် လူများ နေ့နေ့၊ ညညမျှော်လင့်သော ကောင်းကင်ဘုံသို့ ချီဆောင်ခံရခြင်း စိတ်ကူးယဉ်မှု ကွဲကြေသွားလျက်၊ လူမည်မျှ၏ ကောင်းချီးခံစားရရန် အိပ်မက်များသည် ဤသမ္မာတရားများအားဖြင့် အဆုံးသတ်သွားခဲ့ရသည်ကို မည်သူသိနိုင်မည်နည်း။ အမှုကိစ္စများကို ပြောင်းလဲပစ်ရန် ၎င်းတို့တတ်နိုင်သမျှအရာရာတိုင်းကို လုပ်ဆောင်ချင်ကြသည်။ သို့သော် ၎င်းတို့သည် အစွမ်းမရှိပေ။ ၎င်းတို့သည် အပျက်သဘောဆောင်ခြင်း၊ မကျေမနပ်ဖြစ်ခြင်းတို့နှင့်အတူ ကပ်ဘေးအတွင်းသို့သာ သက်ဆင်းသွားနိုင်သည်။ ၎င်းတို့သည် ဘုရားသခင်စီစဉ်ခဲ့သော ဤအရာအားလုံးအပေါ် အာခံခြင်းကို ခံစားကြရသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် လုပ်ဆောင်သောအရာသည် ၎င်းတို့၏ အယူအဆများ၊ အကျိုးစီးပွားများ၊ စဉ်းစားပုံများနှင့် ကွဲလွဲနေသောကြောင့်ဖြစ်သည်။ အထူးသဖြင့် အသင်းတော်က လူများစွာကို သန့်စင်ပြီး ဖယ်ရှားရှင်းလင်းသည့်အမှုကို လုပ်ဆောင်သောအခါ ဘုရားသခင်က သူတို့ကို မကယ်တင်၊ သူသည် ၎င်းတို့ကို ပစ်ပစ်ခါခါ ငြင်းသည်၊ ၎င်းတို့သည် တရားမမျှတစွာ ဆက်ဆံခံရသည်ဟု ဤလူတို့က ထင်ကြသောကြောင့် ၎င်းတို့သည် စည်းလုံးပေါင်းစည်းကာ ဆန့်ကျင်လိုကြသည်။ ဘုရားသခင်က သမ္မာတရားဖြစ်သည်ကို ၎င်းတို့ ငြင်းဆန်ဖို့ ကြိုးစားကြသည်။ ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရကို ငြင်းဆန်ကြသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ငြင်းဆန်ကြသည်။ အရာအားလုံးအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ၏ အမှန်တရားကိုလည်း ၎င်းတို့ ငြင်းဆန်ရန် ကြိုးစားကြသည်မှာ မှန်ပေသည်။ ဤအရာအားလုံးကို မည်သည့်နည်းလမ်းများဖြင့် ၎င်းတို့ငြင်းဆန်ကြသနည်း။ အာခံခြင်းနှင့် ဆန့်ကျင်ခြင်းမှတစ်ဆင့်ဖြစ်သည်။ ဆိုလိုသည်မှာ “ဘုရားသခင် လုပ်ဆောင်သောအရာသည် ငါ၏ အယူအဆများနှင့် ကွဲလွဲနေသည်။ ထို့ကြောင့် ငါ ကျိုးနွံနာခံခြင်း မရှိပေ။ ကိုယ်တော်က သမ္မာတရားဖြစ်သည်ဟု ငါမယုံကြည်။ ငါသည် ကိုယ်တော့်ကို ပွက်လောညံအောင် ကန့်ကွက်မည်။ ပြီးလျှင် အသင်းတော်ရှိအရာများသို့လည်းကောင်း၊ လူများအလယ်တွင်လည်းကောင်း ဤအယူအဆများကို ဖြန့်မည်။ ငါပြောချင်သည့်အရာကို ပြောမည်။ အကျိုးဆက်က မည်သည့်အရာဖြစ်သည်ကို ငါ ဂရုမစိုက်။ ငါသည် လွတ်လပ်စွာပြောဆိုခွင့်ရှိသည်။ ငါ့ကို ပါးစပ်ပိတ်ခိုင်း၍ မရ။ ငါပြောချင်သည့်အရာကို ပြောမည်။ ကိုယ်တော် ဘာလုပ်နိုင်သနည်း။” ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ မှားယွင်းသော အယူအဆများနှင့် အမြင်ရှုထောင့်များကို လူအများသိအောင်ပြုလုပ်ရန် ဤလူတို့က မလျှော့တမ်းလုပ်ဆောင်သည့်အခါ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်နားလည်မှုကို ပြောနေခြင်းဖြစ်သလော။ ၎င်းတို့က သမ္မာတရားကို မိတ်သဟာယဖွဲ့နေခြင်းလော။ လုံးဝ မဟုတ်ပေ။ ၎င်းတို့သည် အပျက်သဘောဆောင်မှုကို ဖြန့်ဝေနေခြင်းဖြစ်သည်။ မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများကို ဝါဒဖြန့်နေခြင်းဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးခြင်းကို သိရန်၊ သို့မဟုတ် ဖော်ထုတ်ရန်၊ သို့မဟုတ် ၎င်းတို့လုပ်ဆောင်ခဲ့သည့် သမ္မာတရားနှင့်ကွဲလွဲသောအရာများကို ဖော်ထုတ်ရန် ကြိုးစားနေခြင်းမဟုတ်သကဲ့သို့ ၎င်းတို့လုပ်ဆောင်နေသည့် အမှားများကို ဖော်ထုတ်နေခြင်းမဟုတ်ပေ။ ထိုအစား ၎င်းတို့မှန်ကန်သည်ကို သက်သေပြရန် ၎င်းတို့၏ အမှားများကို ကျိုးကြောင်းသင့်ရှင်းပြပြီး ကာကွယ်ရန် အစွမ်းကုန် လုပ်ဆောင်နေခြင်းဖြစ်သည်။ တစ်ချိန်တည်းတွင်လည်း အဓိပ္ပာယ်မဲ့သော ဝေဖန်အပြစ်တင်မှုများကို ပြုလုပ်ပြီး ကောင်းကျိုးမပြုဘဲ လွဲချော်နေသော အမြင်ရှုထောင့်များအပြင် မူမမှန်ဘဲ မှားယွင်းသော အယူဝါဒများနှင့် မိစ္ဆာဒိဋ္ဌိအယူများကိုပါ လူအများသိအောင်ပြုလုပ်သည်။ သက်ရောက်မှုအနေဖြင့် အသင်းတော်ရှိ ဘုရားသခင် ရွေးချယ်ထားသောလူများကို အထင်အမြင်မှားစေပြီး နှောင့်ယှက်လေသည်။ အချို့လူများကို အပျက်သဘောဆောင်ပြီး စိတ်ရှုပ်ထွေးသည့်အခြေအနေသို့ပင် သက်ဆင်းစေသည်။ ဤအရာအားလုံးသည် အပျက်သဘောဆောင်မှုကို လွှတ်ထုတ်ပေးသည့် လူတို့အားဖြင့် ဖြစ်ပေါ်သော ဘေးဖြစ်စေသည့် သက်ရောက်မှုများနှင့် အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၇)) အပျက်သဘောကို ရင်ဖွင့်တဲ့သူတွေက သူတို့မကြိုက်တဲ့အရာတစ်ခုခု ဖြစ်တဲ့အခါမှာ၊ ဒါမှမဟုတ် သူတို့ရဲ့ ဂုဏ်သတင်း၊ အဆင့်အတန်း၊ ဇာတိပကတိ အကျိုးစီးပွားတွေ ပါဝင်ပတ်သက်တဲ့အခါမှာ သမ္မာတရားကို မရှာကြဘူး၊ ဘုရားရဲ့ ရည်ရွယ်ချက်ကို ဆင်ခြင်ကြည့်ဖို့ မကြိုးစားဘူး၊ ဒါတွေအစား မနာခံတဲ့၊ ကျေနပ်ခြင်းမရှိတဲ့၊ ဆန့်ကျင်တဲ့စိတ် ထားကြပြီး သူတို့ရဲ့ အယူအဆတွေ၊ ထင်မြင်ချက်တွေ၊ မှားပြီး အဓိပ္ပာယ်မရှိတဲ့ အမြင်တွေကို ဖြန့်ကြတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်သွားတယ်။ ဒါက အပျက်သဘောကို ရင်ဖွင့်တာရဲ့ အဓိပ္ပာယ်ပဲ။ ဘုရားသခင်ကို တကယ်ယုံကြည်တဲ့သူက သူမကြိုက်တာတစ်ခုခုနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ဖောက်ပြန်ပျက်စီးမှုတွေကို ထုတ်ဖော်ပြပြီး အယူအဆတွေ၊ နားလည်မှုလွဲတာတွေ ရှိပေမဲ့ ဘုရားကို ကြောက်ရွံ့တဲ့ စိတ်နှလုံးရှိတယ်။ သမ္မာတရားကို ရှာဖွေနိုင်ပြီး သူနားမလည်တဲ့ ကိစ္စတွေမှာ ပေါ့ပေါ့တန်တန် မပြောဘူး။ သူ့အခြေအနေကို ညီအစ်ကိုမောင်နှမတွေကို ဖွင့်ပြောရင် သူ့ ရည်ရွယ်ချက်က သမ္မာတရားရှာဖို့၊ သူ့ရဲ့ ဖောက်ပြန်ပျက်စီးမှုတွေကို ဖြေရှင်းဖို့ စစ်မှန်တဲ့နောင်တရပြီး ပြောင်းလဲဖို့ပဲ။ တခြားတစ်ဖက်မှာကျတော့ အပျက်သဘောကို ပွင့်ပွင့်လင်းလင်း ထုတ်ပြပြီး အယူအဆတွေ ဖြန့်တဲ့သူတွေက အပေါ်ယံမှာ သူတို့အခြေအနေတွေကို ဖွင့်ပြောတဲ့ပုံပေါ်ပေမဲ့၊ ဒါပေမဲ့ သူတို့က သမ္မာတရားကိုရှာဖို့၊ သူတို့ပြဿနာတွေကို ဖြေရှင်းဖို့ ဒီလိုလုပ်တာ မဟုတ်ဘူး။ သူတို့မနာခံတာ၊ ကျေနပ်မှုမရှိတာတွေကို ရင်ဖွင့်ဖို့အတွက် နည်းလမ်းအနေနဲ့ သူတို့အခြေအနေကို ဖွင့်ပြောတာကို အသုံးချနေတာပဲ။ အကြောင်းအရာတွေကို အရှိအတိုင်း နားမလည်တဲ့သူတွေ၊ သမ္မာတရားကို နားမလည်တဲ့သူတွေက သူတို့လှည့်စားတာကို ခံရဖို့၊ သူတို့ဘက်မှာနေပြီး ဘုရားအပေါ်၊ ဘုရားအိမ်တော်ရဲ့အလုပ်အပေါ် အယူအဆတွေ၊ နားလည်မှုလွဲတာတွေ ဖြစ်ဖို့ လွယ်တယ်။ ခေါင်းဆောင်က အလုပ်ကို အနီးကပ် စစ်ဆေးတယ်၊ ဒါဟာ သူ့အသွေးအသားက ဒုက္ခခံပြီး အဖိုးအခပေးဆပ်ရမယ့်သဘောပဲဆိုတာကို ရှင်းကျီက မြင်ပြီးတော့ စိတ်မပါတော့ဘူး။ စုဝေးပွဲတွေလုပ်နေတုန်းမှာ ထပ်ခါထပ်ခါ အယူအဆတွေဖြန့်ပြီး သူ့ရဲ့ မကျေနပ်တဲ့ စိတ်ကို ဖွင့်ထုတ်တယ်။ လင်ရှောင်က သူ့ကို ခဏခဏ မိတ်သဟာယပြုပြီး ကူညီတယ်။ ဒါပေမဲ့ သူက လုံးဝ လမ်းကြောင်းမပြောင်းဘူး။ သူ့အခြေအနေကို သူဖွင့်ပြတဲ့အခါမှာ ဒါက သမ္မာတရားကို ရှာဖို့၊ သူ့ပြဿနာတွေကို ဖြေရှင်းဖို့ မဟုတ်ဘူး။ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေအပေါ် သူမကျေနပ်တာကို ရင်ဖွင့်နေတာသက်သက်ပဲ။ ဒီအပြုအမူတွေကို အကဲဖြတ်ကြည့်ရင် ရှင်းကျီက အပျက်သဘောကို ရင်ဖွင့်နေတာပဲ။ ဒီအချိန်မှာ ကျွန်မက စုဝေးပွဲတွေမှာ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ အခြေအနေအကြောင်းပြောတာက အပျက်သဘောကို ရင်ဖွင့်တဲ့သဘောပဲလို့ တလွဲ ယုံကြည်ခဲ့တယ်။ ဒါကြောင့် စိတ်ထဲရှိတာကို မပြောရဲခဲ့ဘူး။ ကျွန်မနားလည်မှုက တကယ်ကို ပုံပျက်နေတာပဲ။ ဒါကို မြင်တော့ ကျွန်မ နောင်တရရင်းနဲ့ ဘုရားကို ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ကိုယ်တော့်ကို နှစ်များစွာကြာ ယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့ သမီးမှာ အမှုအရာတွေ ဖြစ်တဲ့အခါ သမ္မာတရားကို မရှာခဲ့ဘူး။ အဲဒီအစား လှည့်စားတဲ့၊ သံသယဖြစ်တဲ့၊ သူများတွေကို သတိထားတဲ့ အခြေအနေမှာ အသက်ရှင်ခဲ့တယ်။ ဘုရားသခင်၊ လက်တွေ့လုပ်ဖို့ မှန်ကန်တဲ့လမ်းကြောင်းကို ရှာတွေ့ဖို့၊ ဒီမမှန်ကန်တဲ့ အမြင်တွေကနေ လွတ်မြောက်ဖို့ သမီးကို လမ်းပြတော်မူပါ” ဆိုပြီးတော့။

နောက်ပိုင်းမှာ ကျွန်မပြဿနာကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး ရှာနေတုန်းမှာ ဒီ ဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ဖတ်ရတယ်။ “သင့်မိသားစုက သင့်အား ‘လူတစ်ယောက်သည် အခြားသူများကို ထိခိုက်စေရန် မည်သောအခါမျှ မကြံရွယ်သင့်သော်လည်း အခြားသူများက လာရောက် ထိခိုက်နိုင်သည်ကို အမြဲကာကွယ်ထားသင့်သည်’ ဟု မကြာခဏပြောသည်။ လက်တွေ့တွင် ဤအတွေးကို လက်လွှတ်ခြင်းနှင့်သက်ဆိုင်သည့် လက်တွေ့လုပ်ဆောင်မှုသည် ရိုးရှင်းသည်။ ဘုရားသခင်က လူတို့အားပြောသည့် စည်းမျဉ်းများအတိုင်းသာ လုပ်ဆောင်လော့။ ‘ဘုရားသခင်က လူတို့အားပြောသည့် စည်းမျဉ်းများ’ ဆိုသည့် ဤစကားသည် အလွန်ကျယ်ပြန့်သည်။ အတိအကျ မည်သို့ လက်တွေ့လုပ်ဆောင်ရသနည်း။ သင်သည် အခြားသူများကို ထိခိုက်စေရန် ရည်ရွယ်ချက်ရှိမရှိ ပိုင်းခြားစိစစ်ရန် မလိုသကဲ့သို့ အခြားသူများက သင့်ကို မထိခိုက်အောင် ကာကွယ်ဖို့လည်း မလိုပေ။ ဤသို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ တစ်ဖက်တွင် သင်သည် သူတစ်ပါးတို့နှင့် သဟဇာတဖြစ်သော ဆက်ဆံရေးကို သင့်လျော်စွာ ထိန်းသိမ်းနိုင်သင့်သည်။ အခြားတစ်ဖက်တွင် သင်သည် လူအမျိုးမျိုးနှင့် ဆက်ဆံသောအခါတွင် ၎င်းတို့သည် မည်သို့သောသူမျိုးဖြစ်သည်ကို ပိုင်းခြားသိမြင်ရန်အတွက် ဘုရားနှုတ်ကပတ်တော်ကို အခြေပြုချက်အဖြစ်လည်းကောင်း၊ သမ္မာတရားကို စံသတ်မှတ်ချက်အဖြစ်လည်းကောင်း အသုံးပြုသင့်သည်။ ထို့နောက် လိုက်လျောညီထွေသော စည်းမျဉ်းများကို အခြေခံပြီး ၎င်းတို့ကို ဆက်ဆံသင့်သည်။ ဤမျှ ရိုးရှင်းသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ ဖြစ်လျှင် ထိုသို့ ဆက်ဆံလော့။ ၎င်းတို့သည် ၎င်းတို့၏ လိုက်စားမှုတွင် လေးနက်လျှင်၊ အနစ်နာခံမှုများ ပြုလုပ်ပြီး မိမိတို့ကိုယ်ကို အသုံးခံလျှင် ၎င်းတို့အား မိမိတာဝန်ကို ရိုးသားစစ်မှန်စွာ ထမ်းဆောင်သည့် ညီအစ်ကိုမောင်နှမများအဖြစ် ဆက်ဆံလော့။ ၎င်းတို့သည် မယုံကြည်သူများဖြစ်လျှင်၊ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်လိုစိတ် မရှိလျှင်၊ ၎င်းတို့၏ဘဝကိုသာ ရှင်သန်လိုစိတ် ရှိလျှင် သင်သည် ၎င်းတို့ကို ညီအစ်ကိုမောင်နှမများအဖြစ် မဆက်ဆံသင့်ဘဲ ဘာသာတရားမရှိသူများအဖြစ် ဆက်ဆံသင့်သည်။ သင်သည် လူတို့ကို ကြည့်ရှုသောအခါတွင် မည်သို့သောသူမျိုး ဖြစ်သည်ကို ကြည့်ရှုသင့်သည်။ ၎င်းတို့၏ စိတ်သဘောထား၊ လူ့သဘာဝနှင့် ဘုရားသခင်နှင့် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားတို့ကို ကြည့်ရှုသင့်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ပြီး လက်တွေ့လုပ်ဆောင်လိုစိတ် ရှိလျှင် ၎င်းတို့ကို စစ်မှန်သော ညီအစ်ကိုမောင်နှမများအဖြစ်၊ မိသားစုအဖြစ် ဆက်ဆံလော့။ ၎င်းတို့၏ လူ့သဘာဝက မကောင်းလျှင်၊ ၎င်းတို့သည် သမ္မာတရားကို လိုလားစွာ လက်တွေ့လုပ်ဆောင်ရန်အတွက် နှုတ်ဖြင့်သာ ပြောဆိုလျှင်၊ အယူဝါဒကို ဆွေးနွေးနိုင်စွမ်းရှိသော်လည်း သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်လျှင် ၎င်းတို့ကို အလုပ်လုပ်ပေးသူများအဖြစ်သာ ဆက်ဆံပြီး မိသားစုအဖြစ် မဆက်ဆံနှင့်။ ဤစည်းမျဉ်းများက သင့်အား မည်သည့်အရာကို ပြောသနည်း။ ယင်းတို့က သင့်အား မတူညီသော လူအမျိုးအစားများကို ဆက်ဆံရမည့် စည်းမျဉ်းကို ပြသည်။ ဤသည်မှာ ငါတို့ မကြာခဏ ဆွေးနွေးသည့် စည်းမျဉ်းဖြစ်သည်။ ယင်းမှာ လူတို့အား ဉာဏ်ပညာဖြင့် ဆက်ဆံခြင်းဖြစ်သည်။ ဉာဏ်ပညာသည် အကြမ်းဖျဉ်းဝေါဟာရ ဖြစ်သည်။ အတိအကျဆိုရလျှင်မူ မတူညီသော လူအမျိုးအစားများအား ဆက်ဆံရာတွင် ထင်ရှားသောနည်းလမ်းများနှင့် စည်းမျဉ်းများရှိခြင်းဖြစ်သည်။ အားလုံးက သမ္မာတရားအပေါ်တွင် အခြေခံသည်။ တစ်ကိုယ်ရေခံစားချက်၊ တစ်ကိုယ်ရေနှစ်သက်မှု၊ တစ်ကိုယ်ရေအမြင်များအပေါ်တွင်လည်းကောင်း၊ သင့်အတွက် ၎င်းတို့က ပေးအပ်သည့် အားသာချက်များနှင့် အားနည်းချက်များအပေါ်တွင်လည်းကောင်း၊ ၎င်းတို့၏ အသက်အရွယ်အပေါ်တွင်လည်းကောင်း အခြေမခံဘဲ ဘုရားနှုတ်ကပတ်တော်တစ်ခုတည်းအပေါ်တွင်သာ အခြေခံသည်။ ထို့ကြောင့် သင်သည် လူတို့နှင့် ဆက်ဆံရာတွင် သင့်၌ သူတစ်ပါးတို့ကို ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်ရှိမရှိ ဆန်းစစ်ရန်၊ သို့မဟုတ် သူတစ်ပါးတို့အား သတိထား ကာကွယ်ရန် မလိုအပ်ပေ။ သင်သည် ဘုရားသခင်က သင့်အားပေးသည့် စည်းမျဉ်းများ၊ နည်းလမ်းများဖြင့် လူတို့ကို ဆက်ဆံလျှင် စုံစမ်းသွေးဆောင်မှုအားလုံးကို ရှောင်ကြဉ်လိမ့်မည်။ သင်သည် မည်သည့်စုံစမ်းသွေးဆောင်မှု၊ သို့မဟုတ် ပဋိပက္ခများအတွင်းသို့မျှ ကျရောက်မည်မဟုတ်။ ဤမျှ ရိုးရှင်းသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၄)) ဘုရားနှုတ်ကပတ်တော်ကနေ လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုကို ကျွန်မ ရှာတွေ့ခဲ့တယ်။ ပထမဆုံး သမ္မာတရားစည်းမျဉ်းတွေကို အခြေခံပြီး မတူညီတဲ့ လူအမျိုးအစားတွေကို ပိုင်းခြားသိမြင်သင့်တယ်။ လူတစ်ယောက်က အမှန်တကယ် ဘုရားကို ယုံကြည်ပြီး သမ္မာတရားကို ချစ်ရင် ညီအစ်ကိုမောင်နှမတစ်ယောက်အဖြစ် ဆက်ဆံသင့်ပြီး သူ့ကို လုံးဝ ဖွင့်ပြောနိုင်ပါတယ်။ ခေါင်းဆောင်နဲ့ လင်ရှောင်တို့ နှစ်ယောက်လုံးက အမှန်တကယ် ဘုရားကို ယုံကြည်ပြီး သမ္မာတရားလိုက်စားတဲ့ ညီအစ်မတွေပဲ။ သူတို့တွေက ကျွန်မတို့အလုပ်ကို ဦးဆောင်ရတာ။ ပြဿနာတစ်ခုရှိရင်၊ အလုပ်မှာ အခက်အခဲတွေ ကြုံရရင်၊ ဒါမှမဟုတ် ကျွန်မတို့ကြားမှာ အတားအဆီးတစ်ခုဖြစ်ရင် သူတို့ကို လုံးဝ ဖွင့်ပြောသင့်ပြီး မိတ်သဟာယဖွဲ့သင့်တယ်။ ဒီလိုဆိုရင် သူတို့က ကျွန်မအခြေအနေကို သဘောပေါက်ပြီး ကျွန်မကို ချက်ချင်းကူဖြေရှင်းပေးမှာပဲ။ ဒါက ကျွန်မအသက်ဝင်ရောက်မှုအတွက် အကျိုးရှိပြီး အသင်းတော်အလုပ်အတွက်လည်း အကျိုးရှိတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ကျွန်မက လုံးဝ ဖွင့်မပြောဘဲ မမှန်ကန်တဲ့ အခြေအနေမှာ အမြဲတမ်းအသက်ရှင်နေရင် ကျွန်မဘဝက ဆုံးရှုံးမှုတွေ ခံရရုံမကဘဲ ကျွန်မအကြောင့် အလုပ်နှောင့်နှေးသွားမယ်။ ဘုရားရဲ့ ရည်ရွယ်ချက်နဲ့ တောင်းဆိုချက်တွေကို အခု ကျွန်မ နားလည်သွားပြီဆိုတော့ နောင်မှာ ညီအစ်ကိုမောင်နှမတွေနဲ့ ဆက်ဆံတဲ့အခါ ကျွန်မ ရိုးသားရမယ်။ စစ်မှန်ရမယ်။ ပွင့်လင်းရမယ်။

နောက်ပိုင်းမှာ စုရီဆိုတဲ့ ညီအစ်မတစ်ယောက်က ကျွန်မတို့အလုပ်ကို ဦးဆောင်ရတယ်။ အဲဒီအချိန်မှာ ကျွန်မအလုပ်ရလဒ်တွေက ညံ့ပြီး ကျွန်မအခြေအနေက နည်းနည်းအပျက်သဘောဆောင်တယ်။ စုရီက ကျွန်မတို့နဲ့အတူတူ စုဝေးတော့ ကျွန်မရဲ့အခြေအနေ ဘယ်လိုရှိတယ်ဆိုတာနဲ့ အခုနောက်ပိုင်းမှာ ကျွန်မအလုပ်က ဘယ်လိုရှိတယ်ဆိုတာကို မေးတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “ငါ့အခြေအနေက အကုန် မပြောင်းလဲရသေးဘူး။ ငါ့အလုပ်မှာလည်း လမ်းလွဲတာတချို့ ရှိသေးတယ်။ ငါ့ရဲ့ တကယ့်အခြေအနေအကြောင်းပြောရင် စုရီက ငါ့ပြဿနာကို ခေါင်းဆောင်ဆီ တိုင်ပြီး ငါ့ကို အထုတ်ခံရအောင် လုပ်မှာလား” ပေါ့။ ကျွန်မရဲ့ တကယ့်အခြေအနေကို မပြောချင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မက ဒီပြဿနာအကြောင်းကို မပြောရင် လုံးဝ ပြေလည်မှာမဟုတ်ဘူးဆိုတာ တွေးမိတယ်။ ကျွန်မ တော်တော်ဒွိဟဖြစ်နေတယ်။ နောက်တော့ စုရီက ကျွန်မနဲ့ တွဲလုပ်တဲ့ ညီအစ်မကို သူ့ရဲ့ လတ်တလောအခြေအနေအကြောင်းမေးတယ်။ သူက အဲဒီအကြောင်းအကုန်လုံးကို အမှန်အတိုင်း ပြောနိုင်တာကို ကျွန်မ တွေ့ခဲ့ရတယ်။ ကျွန်မက သူ့ကို တော်တော်အားကျပြီး “ငါက ဘာလို့ ဖွင့်မပြောရဲတာလဲ” ဆိုပြီး တွေးမိတယ်။ နောက်တော့ အခုလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဖတ်ရတယ်။ “ထိုအတွေးမှာ မည်သို့ဖြစ်စေ မှားယွင်းပြီး သမ္မာတရားအား ဆန့်ကျင်လျှင် သင်ရွေးချယ်သင့်သည့် တစ်ခုတည်းသော မှန်ကန်သည့်လမ်းကြောင်းမှာ ယင်းကို လက်လွှတ်ရန် ဖြစ်သည်။ လက်လွှတ်ခြင်း၏ တိကျသော လက်တွေ့လုပ်ဆောင်မှုမှာ ဤသို့ ဖြစ်သည်။ ဤအမှုကိစ္စကို သင်ရှုမြင်သည့်၊ လုပ်ဆောင်သည့်၊ သို့မဟုတ် ကိုင်တွယ်သည့် စံသတ်မှတ်ချက်သည်၊ သို့မဟုတ် အခြေပြုချက်သည် သင့်မိသားစုက သွတ်သွင်းထားသည့် မှားယွင်းသော အတွေးများ မဖြစ်သင့်တော့ဘဲ ဤအစား ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံသင့်သည်။ ဤဖြစ်စဉ်သည် သင့်အနေဖြင့် အဖိုးအခတစ်ခုခု ပေးဆပ်ဖို့ လိုအပ်ကောင်း လိုအပ်နိုင်ပြီး သင်သည် မိမိ၏စိတ်ဆန္ဒကို ဆန့်ကျင်ပြီး လုပ်ဆောင်နေသည်ဟုလည်းကောင်း၊ သင်သည် သိက္ခာကျနေသည်ဟုလည်းကောင်း ခံစားရစေနိုင်သော်လည်း ရလဒ်အဖြစ် သင်၏ ဇာတိပကတိ အကျိုးများ၌ ဆုံးရှုံးမှုတစ်ခုကို ခံရခြင်းပင် ဖြစ်နိုင်သော်လည်း မည်သည့်အရာကို သင်ရင်ဆိုင်ရပါစေ သင်သည် သင်၏ လက်တွေ့လုပ်ဆောင်မှုကို ဘုရားနှုတ်ကပတ်တော်နှင့် ဘုရားသခင်က သင့်အားပြောသော စည်းမျဉ်းများနှင့် စဉ်ဆက်မပြတ် ကိုက်ညီစေသင့်ပြီး လက်မလျှော့သင့်ပေ။ ဤပြောင်းလဲမှု ဖြစ်စဉ်သည် အသေအချာပင် ခက်ခဲလိမ့်မည်။ အဆင်ပြေချောမွေ့မည် မဟုတ်။ အဘယ်ကြောင့် အဆင်ပြေချောမွေ့မည် မဟုတ်သနည်း။ ဤသည်မှာ အပျက်သဘောဆောင်သောအရာများနှင့် အပြုသဘောဆောင်သောအရာများကြား ယှဉ်ပြိုင်မှုတစ်ခု၊ စာတန်ထံမှ စာတန်ဆန်သော အတွေးများနှင့် သမ္မာတရားကြား ယှဉ်ပြိုင်မှုတစ်ခုဖြစ်ပြီး သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို လက်ခံရန် သင်၏ စိတ်ဆန္ဒ၊ သင်၏ လိုအင်နှင့် သင့်စိတ်နှလုံးရှိ မှားယွင်းသောအတွေးများ၊ အမြင်များကြား ယှဉ်ပြိုင်မှုတစ်ခု ဖြစ်သည်။ ယှဉ်ပြိုင်မှုတစ်ခုရှိသည့်အတွက် ဒုက္ခခံရနိုင်ပြီး အဖိုးအခ ပေးဆပ်ရလောက်သည်။ ဤသည်မှာ သင်လုပ်ဆောင်ရမည့်အရာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၄)) ဘုရားနှုတ်ကပတ်တော်က ကျွန်မကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ သတ္တိပေးခဲ့တယ်။ ဒီမှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အတွေးအမြင်တွေကို ကျွန်မ လက်လွှတ်ချင်ခဲ့ရင် ကျွန်မက ကိုယ့်ဇာတိပကတိကို ပုန်ကန်ရမယ်။ ကိုယ့်အကျိုးစီးပွားတွေကို စွန့်ပစ်ရမယ်။ သမ္မာတရားစည်းမျဉ်းတွေအတိုင်း လက်တွေ့လုပ်ရမယ်။ စုရီက ကျွန်မအလုပ်ကို ကြီးကြပ်ရတယ်။ ကျွန်မရဲ့ တကယ့်အခြေအနေနဲ့ အလုပ်က လမ်းလွဲတာတွေကို သူ့ကို ဖွင့်ပြောသင့်တယ်။ ကျွန်မက လှည့်စားနေသေးရင်၊ လှည့်ကွက်တွေ လုပ်ရင်၊ သူ့ကို သတိထားနေရင် ကျွန်မပြဿနာတွေက ဖြစ်နိုင်သမျှ အမြန်ဆုံး ပြေလည်သွားမှာမဟုတ်ဘူး ကျွန်မအလုပ်က လမ်းလွဲတာတွေကိုလည်း ချက်ချင်း ပြင်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ကျွန်မအခြေအနေနဲ့ ဒီလမ်းလွဲတာတွေအကြောင်းကို သူ့ကို ပြောခဲ့တယ်။ သူက ကျွန်မနဲ့ မိတ်သဟာယဖွဲ့ဖို့ ဘုရားနှုတ်ကပတ်တော်တွေကို အသုံးပြုပြီး ကျွန်မအခြေအနေကို နည်းနည်းပြောင်းလဲအောင် ကူညီပေးခဲ့တယ်။ ဒါကို တွေ့ကြုံရပြီး လူတစ်ယောက်က စာတန်ရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မရှိတဲ့ အတွေးအမြင်တွေအတိုင်း အသက်ရှင်တဲ့အခါ သူ့အတွက် အကျိုးအမြတ်မရှိရုံမကဘဲ သာမန်လူ့သဘာဝမရှိဘဲနဲ့လည်း အသက်ရှင်စေတယ်ဆိုတာကို ကျွန်မ ကိုယ်တွေ့ နားလည်သွားတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို အခြေခံပြီး လူတွေ၊ အမှုအရာတွေကို ရှုမြင်မှသာ၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်မှသာ စိတ်နှလုံးထဲမှာ စိတ်ငြိမ်သက်ခြင်းနဲ့ လွတ်မြောက်ခြင်းကို ရှာတွေ့နိုင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကောင်းချီးများကို လိုက်စားခြင်းမှ နိုးထခြင်း

၁၉၉၄ ခုနှစ်မှာ ကျွန်မအမေက သခင်ယေရှုကို ယုံကြည်ခဲ့ပါတယ်။ သုံးလအတွင်းမှာပဲ သူ့ရဲ့ နှလုံးသွေးကြောပိတ်ရောဂါက ပျောက်သွားတယ်။ ဒါက ဘုရားရဲ့...

သင်းအုပ်ဆရာတွေနဲ့ ကျွန်တော်ရဲ့ ငြင်းခုံဆွေးနွေးမှု

ကျဲမုန် အိန္ဒိယ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလမှာ သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို...

သိမ်ငယ်ခြင်း ခံစားချက်များနောက်ကွယ်တွင် မည်သည့်အရာ ကွယ်ဝှက်ထားသနည်း

ခေါင်းဆောင်အနေနဲ့ ကျွန်မ အလုပ်စလုပ်တော့၊ ညီမ ချင်းရှောင်နဲ့ တွဲလုပ်ရတယ်။ ချင်းရှောင်မှာ အစွမ်းအစကောင်းရှိပြီး သူ့အလုပ်မှာ ရဲရင့်၊...

သူငယ်ချင်းကောင်းဆိုရင် မမြင်ချင်ယောင်ဆောင်ပါ့မလား

သင်းလိ အမေရိကန်နိုင်ငံ အစ်မ ဘာဘရာနဲ့ ကျွန်မက သိတာ နှစ်နှစ်ရှိပြီ။ တော်တော်ကောင်းတဲ့ ခင်မင်နားလည်မှုကို တည်ဆောက်ခဲ့ကြတယ်။ ကျွန်မတို့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။