ကျွန်မရဲ့ အစွမ်းအစကို ကျွန်မ မှန်မှန်ကန်ကန် သဘောထားနိုင်တယ်
၂၀၂၃ ခုနစ် ဧပြီလမှာ ရေလောင်းအဖွဲ့ခေါင်းဆောင်အနေနဲ့ ကျွန်မ အရွေးခံခဲ့ရတယ်။ လူသစ်တွေ တဖြည်းဖြည်း တိုးလာတာတော့ အဖွဲ့ရဲ့ အလုပ်တွေအကုန်လုံးကို ကျွန်မလည်း စစ်ဆေးဖို့ လိုခဲ့တယ်။ ရက်တစ်ရက်မှာ အချိန်လုံလုံလောက်လောက်မရှိသလိုမျိုး ကျွန်မခံစားရတယ်။ တစ်ခါတလေ၊ ညီအစ်ကို မောင်နှမတွေရဲ့ အလုပ်ကို ကျွန်မ စစ်ဆေးတဲ့အခါ၊ လူသစ်တွေကို ကိုယ့်ဘာသာ ရေလောင်းပေးတဲ့အပေါ် ကျွန်မ အချိန်လျော့သုံးခဲ့တယ်။ တစ်ခါတလေ လူသစ်တွေကို ရေလောင်းပေးတာကို ကျွန်မ ဦးစားပေးတဲ့အခါမှာ အဖွဲ့အလုပ်ကို ကောင်းကောင်းအနီးကပ် မစစ်ဆေးဘူး။ အလုပ်တာဝန်အားလုံးကို ကျွန်မ ဟန်ချက်ညီအောင် လုံးဝ မလုပ်နိုင်ခဲ့ဘူး။ ဒီအခြေအနေကြောင့် ကျွန်မ စိတ်သောကရောက်ပြီး၊ ကျွန်မရဲ့ အလုပ်စွမ်းဆောင်ရည်က မကောင်းသလို ကျွန်မရဲ့ အစွမ်းအစက ညံ့တယ်လို့ ခေါင်းဆောင်ပြောမှာ ကြောက်ခဲ့တယ်။ အထူးသဖြင့် အဖွဲ့ခေါင်းဆောင်အနေနဲ့ ကျွန်မတာဝန် ရွေ့ပြောင်းခံရမှာ စိုးခဲ့တယ်။ အရင်တုန်းက ကျွန်မ ရင်းနှီးခဲ့တဲ့ ညီအစ်ကို မောင်နှမတွေထဲမှာ၊ တချို့က ခေါင်းဆောင်တွေဖြစ်သွားပြီး တချို့က ကြီးကြပ်ရေးမှူးတွေ ဖြစ်လာကြတယ်။ အဲဒီအချိန်မှာ ကျွန်မက အဖွဲ့ခေါင်းဆောင်ပဲဖြစ်နေသလို၊ ပြောင်းရွေ့ခံရမဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်။ ကျွန်မ နည်းနည်း မကျေမနပ်ဖြစ်မိတယ်။ ကျွန်မ တစ်ဘဝလုံး တကယ်ပဲ ဒီလိုသာမန် ဖြစ်နေတော့မှာလား။ ခေါင်းဆောင် ဒါမှမဟုတ် ကြီးကြပ်ရေးမှူးတစ်ယောက်ရဲ့ အစွမ်းအစ ကျွန်မမှာ တကယ် မရှိခဲ့ဘူးလားပေါ့။ ကိုယ့်အချိန်ကို အကျိုးသင့်အကြောင်းသင့် စီစဉ်တာက ကိုယ့်တာဝန်မှာ အရည်အချင်း တိုးတက်နိုင်စေပုံနဲ့ပတ်သက်လို့ ညီအစ်ကို မောင်နှမတွေ ပြောတာ သတိရပြီး၊ ကျွန်မ စိတ်နှလုံးမှာ မျှော်လင့်ချက်ရောင်ခြည် လင်းသွားတယ်။ ကျွန်မရဲ့ အလုပ်စွမ်းဆောင်ရည် တိုးတက်အောင် ဒီနည်းလမ်းကို ကျွန်မလည်း အသုံးမပြုနိုင်ဘူးလား။ နောက်ပြီး ကျွန်မတာဝန်မှာ ကျွန်မက ဆင်းရဲဒုက္ခ ခါးစီးခံပြီး အဖိုးအခပေးဆပ်ခဲ့တဲ့အခါ၊ ဘုရားက ကျွန်မကို မျက်နှာသာပေးပြီး ကျွန်မရဲ့ အစွမ်းအစနဲ့ အလုပ် စွမ်းဆောင်ရည်ကို တိုးတက်စေမှာ မဟုတ်လားပေါ့။ ဒါကို တွေးရင်းနဲ့ ကျွန်မ အမြန်လုပ်လိုက်တယ်။ ကျွန်မ နေ့တိုင်း ကျွန်မရဲ့ အချိန်ဇယားကို ရေးတယ်။ အချိန်တိုင်းမှာ ဘယ်အလုပ် ကျွန်မ လုပ်နေတယ်ဆိုတာကို မှတ်တမ်းတစ်ခုထားပြီး၊ ကျွန်မရဲ့ အချိန်ကို အကောင်းဆုံး အသုံးချဖို့ ကျွန်မ တတ်နိုင်ဆုံး လုပ်တယ်။ အချိန်တစ်ခုကြာ ကြိုးစားအလုပ်လုပ်ပြီးတဲ့နောက်၊ ကျွန်မတာဝန်ရဲ့ ရလဒ်တွေမှာ တိုးတက်မှု မတွေ့ရဘူး။ အဲဒီအချိန်မှာ ကျွန်မ အတော်လေး စိတ်ပျက်ခဲ့တယ်။ ငါ ဘာလို့ မတိုးတက်နိုင်တာလဲ။ ဘာလို့ ဘုရားက တခြားညီအစ်ကို မောင်နှမတွေကို ခေါင်းဆောင်နဲ့ ကြီးကြပ်ရေးမှူးတွေလို တာဝန်တွေအတွက် အရည်အချင်းပြည့်မီစေပြီး မျက်နှာသာနဲ့ အစွမ်းအစကောင်းတွေ ပေးခဲ့တာလဲ။ ငါ့မှာတော့၊ အတော်ကြာအောင် ကြိုးစားအလုပ်လုပ်ခဲ့ရပြီး၊ အဖွဲ့ခေါင်းဆောင်ဖြစ်ရတာကပဲ အရမ်းပင်ပန်းစရာ ဖြစ်နေပြီ။ ဘုရားက ငါ့ကို တကယ်ပဲ မျက်နှာသာမပေးခဲ့တာလားပေါ့။ အထူးသဖြင့် ကျွန်မတာဝန်မှာ ပြဿနာတွေပေါ်ရင်၊ ရလဒ်တွေ ဆိုးနေရင်၊ ကျွန်မ ပိုလို့တောင် စိတ်ဓာတ်ကျပြီး အပျက်သဘောဆောင်ခဲ့တယ်။ ကျွန်မ အထုတ်ခံရဖို့ မကြာတော့ဘူးလို့ မှန်းဆမိတယ်။ တစ်ခါ၊ ကျွန်မရဲ့ ကြီးကြပ်ရေးမှူးက ကျွန်မအခြေအနေကို သိပြီး ပြောတယ်။ “အစ်မစိတ်နှလုံးကို ဖိနေစီးတဲ့ ဝန်ထုပ်က အရမ်းကြီးတယ်။ အစ်မရဲ့ အစွမ်းအစနဲ့ အလုပ်လုပ်နိုင်စွမ်းက အစွမ်းအစကောင်းတဲ့ ညီအစ်ကို မောင်နှမတွေနဲ့ ယှဉ်လို့မရဘူး။ ဒါပေမဲ့ အစ်မမှာ အားသာချက်တွေ ရှိပါတယ်။ အစ်မတာဝန်မှာ ပြဿနာနဲ့ အခက်အခဲတွေ ကြုံတဲ့အခါ၊ ကိုယ့်ကိုယ်ကို လုံးဝဖွင့်ဟပြီး ရှာဖွေနိုင်တာမျိုးပေါ့။ အသက်ဝင်ရောက်မှုနဲ့ ပတ်သက်လာတဲ့အခါလည်း လူတိုင်းကို အစ်မ ကူညီနိုင်တယ်။ အစ်မလုပ်ဖို့လိုသမျှက အစ်မရဲ့ အားသာချက်တွေကို လွတ်လွတ်လပ်လပ်အသုံးချပြီး အစ်မတာဝန်ကို ကောင်းကောင်း လုပ်ဖို့ပါပဲ”တဲ့။ ဟုတ်တယ်၊ ကျွန်မဘဝက အရမ်း ပင်ပန်းစရာဖြစ်နေတယ်၊ ကိုယ့်ကိုယ်ကိုယ် မလိုအပ်တဲ့ ဖိအားတွေ ပေးနေမိတယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။
တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ်။ “သင်သည် သင်၏ကိုယ်ပိုင် အစွမ်းအစနှင့် စွမ်းရည်များ၏ အပိုင်းအခြားထက် သာလွန်လျက် ကျော်လွန်နိုင်လေ၊ ထိုအရာက ဘုရားသခင်၏ အလုပ် သာ၍ ဖြစ်ကြောင်း သက်သေပြကြောင်း၊ ပူးပေါင်းဆောင်ရွက်ရန် သင်၏ ရိုးသားစစ်မှန်မှုနှင့် အလိုဆန္ဒတို့ တိုး၍ ကြီးမားလာလျှင် ယင်းမှာ ဘုရားသခင်က သင့်အထဲတွင် ပိုမိုပြီး အလုပ်လုပ်နေသည်ဟု ဆိုလိုကြောင်းနှင့် သင်၏ အစွမ်းအစနှင့် စွမ်းရည်များသည် တိုး၍ ကြီးမားလာကြောင်း သင် တွေးထင်လေသည်။ ဤသည်မှာ လူတို့တွင် ရှိသည့် အယူအဆနှင့် စိတ်ကူးတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သင်တို့သည် အထူးသဖြင့် ဤသို့ တွေးလေ့ရှိကြသလော။ (ရှိကြပါသည်။) ဤသို့ စဉ်းစားခြင်း၏ ရလဒ်မှာ အဘယ်နည်း။ အမြဲ ကျရှုံးခြင်းနှင့် အမှန်တကယ် ဖြစ်ပေါ်လာမှု မရှိခြင်း မဟုတ်လော။ လူအချို့သည် ‘ကျွန်ုပ်၏ အစွမ်းကုန် ရိုးသားစစ်မှန်မှုကို ဘုရားသခင်အား ကျွန်ုပ် ပေးပြီးဖြစ်သည်။ အဘယ်ကြောင့် ဘုရားသခင်သည် ကျွန်ုပ်ကို သာ၍ ကောင်းသော အစွမ်းအစ မပေးသနည်း။ အဘယ်ကြောင့် ဘုရားသခင်က ကျွန်ုပ်ကို သာလွန်သော စွမ်းရည်များ မပေးသနည်း။ ကျွန်ုပ် အဘယ်ကြောင့် အမြဲအားနည်းနေသေးသနည်း။ ကျွန်ုပ်၏ အစွမ်းအစ မတိုးတက်သေးပေ။ မည်သည့်အရာကိုမျှ ရှင်းလင်းစွာ ကျွန်ုပ် မမြင်နိုင်သကဲ့သို့ ခက်ခဲရှုပ်ထွေးသော ကိစ္စရပ်များနှင့် ရင်ဆိုင်ရသည့်အခါ ကျွန်ုပ် စိတ်ရှုပ်ထွေးလာသည်။ ယခင်က ဤကဲ့သို့ ဖြစ်ခဲ့သည်။ အဘယ်ကြောင့် ယခုတွင် တစ်ပုံစံတည်း ဖြစ်နေသေးသနည်း။ ထို့အပြင် ကျွန်ုပ်၏ တာဝန်ထမ်းဆောင်မှုနှင့် ပြဿနာများကို ကျွန်ုပ်၏ ကိုင်တွယ်မှုတို့တွင် ကျွန်ုပ်၏ ဇာတိပကတိကို အဘယ်ကြောင့် ကျွန်ုပ် လုံးဝ မကျော်လွန်နိုင်သနည်း။ အယူဝါဒအချို့ကို ကျွန်ုပ် နားလည်သော်လည်း အမှုအရာများကို ရှင်းလင်းစွာ မမြင်နိုင်သေးသကဲ့သို့ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပတ်သက်လာသည့်အခါ ကျွန်ုပ် မပြတ်မသားဖြစ်နေသည်။ ကျွန်ုပ်သည် မြင့်မားသော အစွမ်းအစရှိသူတို့လောက် မတော်သေးပါ။ ကျွန်ုပ်၏ အလုပ်လုပ်ဖို့ စွမ်းရည်သည်လည်း ညံ့ဖျင်းပြီး ကျွန်ုပ်၏ တာဝန် ထမ်းဆောင်မှုသည် အရည်အသွေးညံ့သည်။ ကျွန်ုပ်၏ အစွမ်းအစသည် လုံးဝ မတိုးတက်သေးပါ။ မည်သည့်အရာ ဖြစ်နေသနည်း။ ဘုရားသခင်အပေါ် ကျွန်ုပ်၏ ရိုးသားစစ်မှန်မှုက မလုံလောက်ခြင်းများ ဖြစ်နိုင်မည်လော။ သို့မဟုတ် ဘုရားသခင်က ကျွန်ုပ်ကို မနှစ်သက်လေသလော။ မည်သည့်နေရာတွင် ကျွန်ုပ် ချို့တဲ့နေသနည်း’ဟုဆိုလျက် အပျက်သဘောပင် ဆောင်ကြသည်။ လူအချို့သည် အမျိုးမျိုးသော အကြောင်းပြချက်များကို ရှာကြပြီး ဤအချက်ကို ပြောင်းလဲရန် တရားဒေသနာများကို ပိုမိုနားထောင်ခြင်း၊ ပိုမိုများပြားသော ဘုရားနှုတ်ကပတ်တော်များကို အလွတ်ကျက်ခြင်း၊ ပိုမိုများပြားသော ဝိညာဉ်ရေးရာ ဝတ်ပြုခြင်း မှတ်စုများကို ရေးသားခြင်းအပြင် သမ္မာတရားကို လူတို့ မိတ်သဟာယပြုသည်ကို ပိုမိုနားထောင်ခြင်းနှင့် ပိုမိုရှာဖွေခြင်းတို့ကဲ့သို့သော လုပ်နည်းကိုင်နည်းများစွာကို ကြိုးစားကြည့်ကြပြီးဖြစ်သည်။ သို့သော် နောက်ဆုံးရလဒ်မှာ စိတ်ပျက်စရာဖြစ်နေဆဲဖြစ်သည်။ အလုပ်ကို လုပ်ဆောင်ရန် ၎င်းတို့၏ အစွမ်းအစနှင့် စွမ်းရည်သည် ဘုရားသခင်ကို သုံးနှစ် သို့မဟုတ် ငါးနှစ်ကြာ ယုံကြည်ပြီးနောက်တွင်ပင် မည်သည့် တိုးတက်မှုမျှမရှိဘဲ ယခင်ကဲ့သို့ ဖြစ်နေဆဲဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၂၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) “လူတို့ကို သမ္မာတရားဖြင့် ထောက်ပံ့ရန် ဘုရားသခင် အမှုပြုခြင်းနှင့် စကားပြောခြင်းတို့၏ ရည်ရွယ်ချက်မှာ လူသားများ၏ ဤမွေးရာပါ စွမ်းရည်များအားလုံးကို ပြောင်းလဲရန်ဖြစ်သည်ဟု သင် အမြဲ ယုံကြည်ပြီး ထိုအခါတွင်မှ လူတစ်ဦးကို လုံးဝ ပြန်မွေးဖွားသူတစ်ဦး၊ ဘုရားသခင် ပြောထားသည့်အတိုင်း အမှန်တကယ် လူသစ်တစ်ဦးအဖြစ် ယူဆ၍ရနိုင်သည်ဟု တွေးထင်လျှင် သင် အလွန်တရာ မှားယွင်းပေသည်။ ဤသည်မှာ လူသား အယူအဆနှင့် စိတ်ကူးတစ်ခု ဖြစ်သည်။ ဤအရာကို နားလည်ပြီးနောက်တွင် ထိုသို့သော အယူအဆများ၊ စိတ်ကူးများ၊ ထင်မြင်ချက်များ သို့မဟုတ် ခံစားချက်များကို သင် လက်လွှတ်သင့်သည်။ ဆိုလိုသည်မှာ သမ္မာတရားကို လိုက်စားခြင်း ဖြစ်စဉ်တွင် ‘ကျွန်ုပ်၏ အစွမ်းအစ တိုးတက်ပြီလော။ ကျွန်ုပ်၏ မွေးရာပါ စွမ်းရည်များ ပြောင်းလဲပြီလော။ ကျွန်ုပ်၏ ပင်ကိုစရိုက်များသည် ယခင်ကလောက် ဆိုးသေးသလော။ ကျွန်ုပ်၏ ဘဝနေထိုင်မှုပုံစံ အလေ့အထများ ပြောင်းလဲပြီလော’ဟူသည့် ဤအရာများကို အကျဉ်းရုံးရန် ခံစားချက်များ သို့မဟုတ် မှန်းဆချက်များအပေါ် သင် အမြဲ မမှီခိုသင့်ပေ။ ဤအရာများအပေါ် မတွေးဆနှင့်။ ထိုသို့တွေးဆခြင်းသည် အချည်းနှီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤအရာများသည် ဘုရားသခင်က ပြောင်းလဲရန် ရည်ရွယ်သည့် သွင်ပြင်လက္ခဏာများ မဟုတ်သကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်က ဤအရာများကို မည်သည့်အခါတွင်မျှ ပစ်မှတ်ထားခြင်းမရှိခဲ့သောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်က လူတို့၏ အစွမ်းအစ၊ မွေးရာပါ စွမ်းရည်များ၊ ပင်ကိုစရိုက် စသည်တို့ကို ပြောင်းလဲရန် လုံးဝ မရည်ရွယ်ခဲ့သကဲ့သို့ လူတို့၏ ဤသွင်ပြင်လက္ခဏာများကို ပြောင်းလဲခြင်းနှင့်ဆိုင်သော ရည်ရွယ်ချက်အတွက် ဘုရားသခင် စကားမပြောလေပြီ။ တစ်နည်းအားဖြင့် ပြောရလျှင် ဘုရားသခင်၏ အမှုတော်သည် လူတို့အား သမ္မာတရားကို နားလည်စေရန်နှင့်၊ ထို့နောက်တွင် သမ္မာတရားကို လက်ခံကာ ကျိုးနွံနာခံစေရန် ရည်မှန်းလျက် ၎င်းတို့၏ မူလအနေအထားများအရ သမ္မာတရား ထောက်ပံ့ပေးသည်။ သင့်ထံတွင် မည်သည့် အစွမ်းအစမျိုးရှိသည်ဖြစ်စေ၊ ပြီးလျှင် သင်၏ ပင်ကိုစရိုက်နှင့် မွေးရာပါ စွမ်းရည်များက မည်သို့ဖြစ်စေ၊ ဘုရားသခင် လုပ်ဆောင်လိုသည့်အရာမှာ သင်၏ မူလ အစွမ်းအစ၊ မွေးရာပါ စွမ်းရည်များနှင့် ပင်ကိုစရိုက်တို့ကို ပြောင်းလဲခြင်းထက် သင့်အထဲသို့ သမ္မာတရားကို အမှုပြုရန်၊ သင်၏ အယူအဆဟောင်းများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲရန် ဖြစ်သည်။ ယခုတွင် ဘုရားသခင်၏ အမှုတော်က ပြောင်းလဲရန် ရည်မှန်းသည့်အရာကို သင် နားလည်သည်၊ မှန်သလော။ (ဘုရားသခင်၏ အမှုတော်သည် လူတို့အတွင်းရှိ အယူအဆဟောင်းများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲရန် ရည်ရွယ်သည်။) ယခု ဤသမ္မာတရားကို သင် နားလည်သဖြင့် ထိုထူးကဲသာလွန်သော၊ လက်တွေ့မကျသည့် စိတ်ကူးများနှင့် အယူအဆများကို လက်လွှတ်သင့်ပြီး သင့်ကိုယ်သင် တိုင်းတာရန် သို့မဟုတ် မိမိကိုယ်ကိုအပေါ် တောင်းဆိုမှုများပြုလုပ်ရန် ဤအယူအဆများနှင့် စိတ်ကူးများကို အသုံးမပြုသင့်ပေ။ ထိုအစား ဘုရားသခင်က သင့်ကို ပေးထားသည့် မူလ အနေအထားအမျိုးမျိုးပေါ် အခြေခံ၍ သမ္မာတရားကို သင် ရှာဖွေကာ လက်ခံသင့်သည်။ ဤအရာတွင် နောက်ဆုံး ရည်မှန်းချက်မှာ အဘယ်နည်း။ ထိုအရာမှာ သင်၏ မူလ အနေအထားများအရ၊ သမ္မာတရား စည်းမျဉ်းများကို သင် နားလည်ခြင်း၊ သင် ကြုံရသည့် အမျိုးမျိုးသော အခြေအနေများကို ရင်ဆိုင်ရာတွင် လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရား စည်းမျဉ်းတစ်ခုစီတိုင်းကို နားလည်ခြင်းနှင့် သင့်အနေဖြင့် ဤသမ္မာတရား စည်းမျဉ်းများအတိုင်း လူများနှင့် ကိစ္စရပ်များကို ရှုမြင်နိုင်ပြီး ပြုမူနေထိုင်ကာ ကိစ္စရပ်များကို ကိုင်တွယ်နိုင်ခြင်း ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ခြင်းက ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၂၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ ရုတ်တရက် သဘောပေါက်သွားတယ်။ ကျွန်မက ကျွန်မရဲ့ အယူအဆနဲ့ စိတ်ကူးတွေအတိုင်း အသက်ရှင်နေခဲ့တာပဲ။ လူတစ်ယောက်က ဘုရားကို စိတ်ရင်းအမှန်နဲ့ ယုံကြည်ရင်၊ သူ့တာဝန်ကို စူးစူးစိုက်စိုက် လုပ်ရင်၊ ဆင်းရဲဒုက္ခကို ခါးစီးခံပြီး အဖိုးအခပေးဆပ်ရင်၊ ဘုရားက သူ့ကို မျက်နှာသာပေးမယ်၊ သူ့ရဲ့ အစွမ်းအစနဲ့ အလုပ်စွမ်းဆောင်ရည်တွေ တိုးတက်တာကို မြင်အောင် ကူညီပြီး၊ သူ့တာဝန်တွေရဲ့ ရလဒ်တွေက သူ့ရဲ့ နဂို အစွမ်းအစနဲ့ အလုပ်စွမ်းဆောင်ရည်တွေကို ကျော်လွန်နိုင်အောင်လုပ်ပေးမယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ အဲဒီလိုလူတစ်ယောက်ရဲ့ အစွမ်းအစက ညံ့ပေမဲ့၊ သူက အသင်းတော်မှာ ခေါင်းဆောင်ပိုင်းနဲ့ ကြီးကြပ်တဲ့ တာဝန်တွေကို လုပ်နိုင်ပြီး အသင်းတော်မှာ အဓိကလူတွေထဲက တစ်ယောက် ဖြစ်လာနိုင်ပါသေးတယ်။ ဒါကြောင့် ကိစ္စတွေကို ကျွန်မ ဖြည်းဖြည်း လုပ်ပြီး၊ အလုပ်စွမ်းဆောင်ရည် ညံ့ပေမဲ့၊ ကျွန်မတာဝန်ကို စူးစူးစိုက်စိုက်လုပ်သရွေ့၊ ဆင်းရဲဒုက္ခကို ခါးစီးခံပြီး အဖိုးအခပေးရင်၊ ဘုရားက ကျွန်မကို မျက်နှာသာပေးမှာပဲလို့ တွေးခဲ့တယ်။ ဒါကြောင့် နေ့စဉ် အချိန်ဇယားကို ရေးတာ၊ ကျွန်မရဲ့ အချိန်ကို စီစဉ်တာ၊ ဆင်းရဲဒုက္ခခံတာနဲ့ အဖိုးအခပေးတာတွေကို ကျွန်မရဲ့ အစွမ်းအစနဲ့ အလုပ်စွမ်းဆောင်ရည်တွေကို တိုးတက်စေဖို့ နည်းလမ်းတစ်ခုအနေနဲ့ အသုံးပြုချင်ခဲ့တယ်။ ဒါပေမဲ့ အချိန်တစ်ခုအထိ အလုပ်ကြိုးစားလုပ်ပြီးတဲ့နောက်မှာ၊ ကျွန်မထင်သလို ကျွန်မရဲ့ အစွမ်းအစနဲ့ အလုပ်စွမ်းဆောင်ရည်တွေက တိုးတက်မလာခဲ့ဘူး။ ကျွန်မ အပျက်သဘောပိုဆောင်ပြီး စိတ်ဓာတ်ကျသွားတယ်။ ဘုရားက ကျွန်မကို မျက်နှာသာမပေးဘူး၊ ကျွန်မပေါ် အလုပ်မလုပ်ဘူးလို့ ထင်ခဲ့တယ်။ အခု၊ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတော့ ကျွန်မ နားလည်သွားတယ်။ ဘုရားရဲ့ အမှုက ထူးကဲသာလွန်တာ မဟုတ်ဘဲ၊ လက်တွေ့ကျတာပါ။ ကျွန်မရဲ့ အစွမ်းအစက ဘုရား ကြိုတင်သတ်မှတ်ထားတဲ့ ရလဒ်တစ်ခုပါပဲ။ ဘုရားက လူတွေ သမ္မာတရားထဲ ဝင်ရောက်အောင်၊ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို စွန်ပယ်ပြီး စစ်မှန်တဲ့ လူသား ပုံသဏ္ဍာန်ကို အသက်ရှင်အောင် ကူညီဖို့ အလုပ်လုပ်တယ်။ လူတွေရဲ့ အစွမ်းအစနဲ့ အလုပ်စွမ်းဆောင်ရည်တွေကို ပြောင်းလဲပေးဖို့ သူ အလုပ်လုပ်တာ မဟုတ်ဘူး။ လူတွေက သူတို့တာဝန်တွေကို စိတ်ရင်းအမှန်နဲ့ လုပ်ပြီး၊ သမ္မာတရားကို ရှာတဲ့အခါ၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြမှုကို ရနိုင်ပြီး၊ သူတို့တာဝန်မှာရှိတဲ့ အတားအဆီးတချို့ကို ချိုးဖျက်နိုင်တယ်။ ဒါပေမဲ့ ဒါတွေအားလုံးက လူတွေရဲ့ သတ်မှတ်ထားတဲ့ အစွမ်းအစရဲ့ အခြေခံအုတ်မြစ်ပေါ် အခြေခံပြီး၊ လူတွေသာ အလုပ်ကြိုးစားရင် လုပ်နိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ရလို့ ခေါင်းဆောင်တစ်ယောက်ရဲ့ အစွမ်းအစ ပိုင်ဆိုင်လာတဲ့ သတ်မှတ်အစွမ်းအစ ညံ့တဲ့သူ ဘယ်သူမှ မရှိပါဘူး။ ဒါတွေအားလုံးက ကျွန်မရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေပါပဲ။ ဘုရားကို ယုံကြည်သူတွေက သမ္မာတရားကို မရှာဘဲ၊ သူတို့ အယူအဆနဲ့ စိတ်ကူးတွေအတိုင်းပဲ လိုက်စားမယ်ဆိုရင်၊ သမ္မာတရားကို နားလည်နိုင်မှာ မဟုတ်သလို သူတို့တာဝန်ကို ကောင်းကောင်း လုပ်နိုင်မှာ မဟုတ်ရုံမကဘဲ ဘုရားရဲ့ တောင်းဆိုချက်တွကိုလည်း ဆန့်ကျင်မိမှာဖြစ်တယ်။
အချိန်နည်းနည်းကြာပြီးတဲ့နောက်မှာ၊ အလုပ်တောင်းဆိုချက်တွေကြောင့်၊ ကျွန်မရဲ့ ကြီးကြပ်ရေးမှူးက လူသစ်တွေကို ရေလောင်းပေးရအောင်လို့ တခြားအသင်းတော်ဆီသွားဖို့ ကျွန်မအတွက် စီစဉ်ပေးခဲ့တယ်။ အရင်က ကျွန်မတွဲလုပ်ခဲ့ရတဲ့ ညီအစ်မက အသင်းတော် ခေါင်းဆောင်ဖြစ်လာပြီး၊ အဲဒီအချိန်မှာ ကျွန်မက ရေလောင်းတဲ့ အမှုဆောင်ပဲ ဖြစ်နေတယ်။ ကျွန်မနဲ့ သူ့ကြားမှာ ကွာဟချက်ကြီးကြီးတစ်ခု ရှိတယ်လို့ ရုတ်တရက် ခံစားရတယ်။ လူတွေရဲ့ အစွမ်းအစတွေက ဘုရားရဲ့ အမှုတော်မှာ မပြောင်းလဲတာကို ကျွန်မ သိပေမဲ့၊ ဒါကို ကျွန်မ လက်ခံချင်စိတ် မရှိခဲ့သလို၊ ကျွန်မရဲ့ အစွမ်းအစနဲ့ပတ်သက်လို့ မကျေမနပ်ဖြစ်ခဲ့တယ်။ အစွမ်းအစကောင်းရှိသူတွေဟာ အသင်းတော်က ရာထူးတိုးပေးပြီး ပျိုးထောင်ပေးမဲ့လူတွေ ဖြစ်သလို၊ အသင်းတော်ရဲ့ အဓိကလူတွေလည်း ဖြစ်တယ်လို့ တွေးခဲ့တယ်။ အဲဒီလို လူတွေမှာပဲ တောက်ပတဲ့ ရှေ့ရေးရှိပြီး တခြားလူတွေရဲ့ အထင်ကြီးတာခံရတယ်။ အဲဒီအတောအတွင်းမှာ၊ အစွမ်းအစညံ့တဲ့သူတွေကတော့ အဓိကမဟုတ်တဲ့ အလုပ်နည်းနည်းပဲ လုပ်နိုင်သလို၊ လူတွေရဲ့ အထင်သေးတာခံရပြီး ဘုရားက မနှစ်သက်ဘူး။ “ညံ့ဖျင်းတဲ့ အစွမ်းအစ”ရှိတဲ့ သူတစ်ယောက်လို့ ကျွန်မ တံဆိပ်တပ်မခံချင်ခဲ့ဘူး။ အဲဒီလို နာမည်က ကျွန်မအပေါ် တပ်လိုက်တာနဲ့ ကျွန်မက အသုံးမကျတဲ့ လူဖျင်းလို့ သတ်မှတ်လိုက်တဲ့ သဘောသက်ရောက်တယ်လို့ ကျွန်မ တွေးခဲ့တယ်။ ကျွန်မက ဘာရှေ့ရေးမှ လုံးဝကိုမရှိခဲ့ဘူး။ အဲဒါ လုံးဝ အဆင်ပြေမှာ မဟုတ်ဘူး။ ကျွန်မ ဆက်ကြိုးစားရမယ်။ ကျွန်မရဲ့ အစွမ်းအစကို ကျွန်မ အများကြီး တိုးတက်အောင် မလုပ်နိုင်ရင်တောင်၊ ကျွန်မတာဝန်မှာ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးရာကတစ်ဆင့်၊ ကျွန်မရဲ့ အစွမ်းအစကို တခြားလူတွေနဲ့ တန်းတူအဆင့်လောက်ထိပဲ လုပ်နိုင်ရင် အဆင်ပြေမှာပဲပေါ့။ ဒါကြောင့် အဲဒီလိုနဲ့ ကျွန်မရဲ့ အလုပ်ကို အမြန် ခေါင်းမဖော်တမ်းလုပ်ပြီး တက်တက်ကြွကြွ ပူးပေါင်းလုပ်ခဲ့တယ်။ ကျွန်မ တစ်ခုခုကို စွမ်းဆောင်ရရှိတဲ့အခါ အရမ်းပျော်ပြီး၊ အဲဒီအကြောင်းကို ညီအစ်ကို မောင်နှမတွေဆီ သူတို့ရဲ့ ထောက်ခံမှုရဖို့ မျှော်လင့်ပြီး ထက်ထက်သန်သန် ပြောပြတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ၊ လူသစ်တွေကို ရေလောင်းတဲ့အခါ ဖြေရှင်းလို့မရတဲ့ အခက်အခဲတချို့ကို ကြုံရပြီး၊ ကျွန်မ လျစ်လျူရှုခဲ့တဲ့ အလုပ်တာဝန်တချို့လည်း ရှိခဲ့တယ်။ ကျွန်မ စိတ်ပျက်အားလျော့ပြီး ဝမ်းနည်းမိတယ်။ ကျွန်မ အစွမ်းအစက တကယ်ကို မကောင်းတဲ့ပုံပဲ။ အဲဒီနေ့တွေမှာ၊ ကျွန်မ အလုပ်အရမ်း ကြိုးစားနေနေပေမဲ့၊ အလုပ်လုပ်တာ မတော်သေးဘူး။ ထားလိုက်ပါလို့ ကျွန်မ တွေးလိုက်တယ်။ ကျွန်မ ဘယ်လောက်ပဲ ကြိုးစားပါစေ၊ အဲဒါက ပြောင်းလဲမှာမဟုတ်ဘူး။ ညံ့ဖျင်းတဲ့ အစွမ်းအစက ကုလို့မရတဲ့ရောဂါတစ်ခုပဲလို့ပေါ့။ သတိမထားမိလိုက်ဘဲနဲ့၊ ကျွန်မတာဝန်မှာ ကျွန်မ ထပ်အပျက်သဘောဆောင်ပြီး မတက်မကြွဖြစ်လာခဲ့တယ်။ ကျွန်မအလုပ်မှာရှိတဲ့ ပြဿနာတွေ ဖြေရှင်းဖို့ကို ကျွန်မ စဉ်းစားချင်စိတ် မရှိခဲ့ဘူး။ ကျွန်မတာဝန်ကိုတောင် ကျွန်မ ခေါင်းရှောင်ချင်ခဲ့တယ်။ ကျွန်မက အစွမ်းအစနည်းတာကြောင့် ကျွန်မတာဝန်ကို ညံ့ဖျင်းအောင် လုပ်နေမိသလို၊ ကျွန်မ လုပ်နိုင်တာ ဘာမှမရှိဘူးလို့ တွေးနေခဲ့တယ်။ အဲဒီအချိန်အတောအတွင်းမှာ၊ ကျွန်မ နည်းနည်း တွေဝေသွားခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်တော့ စိတ်ငြိမ်အောင် မလုပ်နိုင်ခဲ့ဘူး။ ဆုတောင်းတော့လည်း ဘုရားကို ဘာပြောရမှန်း မသိဘူး။ အမြဲ စိတ်ဓာတ်ကျနေခဲ့တယ်။
တစ်နေ့မှာ၊ ကျွန်မရဲ့ ဝိညာဉ်ရေးရာ ဝတ်ပြုဆုတောင်းခြင်းမှာ၊ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ဖတ်ခဲ့တယ်။ “သင့်ကိုယ်သင် စိန်မခေါ်ပါနှင့်၊ သို့မဟုတ် သင်၏လုပ်နိုင်စွမ်းရှိသည်ထက် ကျော်လွန်၍ လုပ်နိုင်အောင် တွန်းအားပေးဖို့ မရှာဖွေပါနှင့်။ ဘုရားသခင်က သင်၏အစွမ်းအစနှင့် လုပ်နိုင်စွမ်းတို့က မည်သို့ရှိသည်ကို သိသည်။ မည်သည့်အစွမ်းအစနှင့် လုပ်နိုင်စွမ်းတို့ကို ဘုရားသခင်က သင့်အား ပေးထားသည်ဆိုသည်ကို ဟိုးယခင်ကတည်းကပင် သူက ကြိုတင်သတ်မှတ်ထားပြီးဖြစ်သည်။ ဤသည်များကို အမြဲ ကျော်လွန်လိုခြင်းမှာ မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကိုယ် အလွန်အမင်းမျှော်လင့်ထားခြင်းဖြစ်စေပြီး၊ ဤသည်က ဒုက္ခကို တောင်းဆိုနေခြင်းဖြစ်ကာ မလွဲဧကန် ရှုံးနိမ့်ခြင်းဖြင့် အဆုံးသတ်လိမ့်မည်။ ထိုကဲ့သို့သောလူများသည် သူတို့၏သင့်တော်သောလုပ်ငန်းတာဝန်များကို လျစ်လျူရှုနေကြခြင်းမဟုတ်လော။ (ဟုတ်ပါသည်။) သူတို့သည် ယဉ်ကျေးသည့်ပုံစံဖြင့် သူတို့ကိုယ်သူတို့ မပြုမူမနေထိုင်ကြပေ။ ဖန်ဆင်းခံ၏တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ဖို့အတွက် သူတို့၏သင့်တော်သောရာထူးနေရာများကို မြဲအောင် မထိန်းထားပေ။ သူတို့၏လုပ်ရပ်များတွင် ဤစည်းမျဉ်းများအတိုင်း မလုပ်ကြပေ။ သို့သော် သူတို့သည် ကြွားဝါဖို့ အမြဲ ကြိုးစားနေကြသည်။ ‘အဒေါ်ကြီးက နှုတ်ခမ်းနီဆိုးသည်၊ သင်သတိပြုမိအောင်’ ဟူ၍ အပိုင်းနှစ်ပိုင်းပါသောဆိုရိုးစကားရှိပါသည်။ ‘အဒေါ်ကြီး’ က မည်သည့်ရည်ရွယ်ချက်ဖြင့် ဤသည်ကို လုပ်ရသနည်း။ (သူမကိုယ်သူမ ကြွားဝါဖို့ဖြစ်သည်။) ‘ကျွန်မသည် အဒေါ်ကြီးဖြစ်သောကြောင့် သာမန်မဟုတ်ပါ၊ ထူးခြားတာတစ်ခုခု သင့်ကို ကျွန်မ ပြပါမည်’ ဟူ၍ ပြောနေသကဲ့သို့ အဒေါ်ကြီးက လူများ၏အာရုံစိုက်မှုကို လိုချင်သည်။ သူမသည် အထင်သေးမခံချင်သော်လည်း၊ ထိုအစား လေးစား၍ ချစ်ကြောက်ရိုသေခြင်းခံချင်သည်။ သူမသည် သူမ၏လုပ်နိုင်စွမ်းကို စိန်ခေါ်ကြည့်ချင်ပြီး၊ သူမကိုယ်သူမ သာလွန်ချင်သည်။ ဤသည်မှာ မာနထောင်လွှားသောသဘာဝရှိခြင်းမဟုတ်လော။ (ဟုတ်ပါသည်။) အကယ်၍ သင့်တွင် မာနထောင်လွှားသောသဘာဝရှိပါက ထိုအခါ သင်သည် ယဉ်ကျေးစွာ မပြုမူတော့ပေ။ သင်သည် သင်၏အဆင့်အတန်းနှင့်ကိုက်ညီသည့် အပြုအမူဖြင့် မပြုမူမနေထိုင်ချင်ပေ။ သင်သည် သင့်ကိုယ်သင် အမြဲ စိန်ခေါ်ချင်သည်။ အခြားလူများက လုပ်နိုင်သည့်ဘာမဆိုကို သင်လည်း လုပ်ချင်သည်။ အခြားလူများက ထင်ရှားပေါ်လွင်၍၊ ရလဒ်များရရှိ၍ သို့မဟုတ် ငွေကြေး၊ ပစ္စည်းစသည် ထည့်ဝင်ထောက်ပံ့၍ လူတိုင်း၏ချီးကျူးခြင်းကို ခံရသောအခါ သင်သည် မသက်မသာခံစားရသည်၊ မနာလိုဖြစ်ပြီး စိတ်မကျေနပ်ချက်ကို ခံစားရသည်။ သင်သည် ထိုအခါတွင် သင့်ကို တောက်ပစေသည့်အလုပ်ကို လက်ခံဆောင်ရွက်ဖို့အတွက် သင်၏လက်ရှိလုပ်ငန်းတာဝန်များကို စွန့်ပစ်ချင်ကာ အထင်ကြီး၊ လေးစားမှုကိုလည်း လိုချင်သည်။ သို့သော် သင်သည် ထိုကဲ့သို့သောအရေးပါသည့်လုပ်ငန်းတာဝန်များကို လုပ်နိုင်စွမ်းမရှိပါ။ သို့ဖြစ်လျှင် ဤသည်မှာ အချိန်ဖြုန်းတီးခြင်းမဟုတ်လော။ ဤသည်မှာ သင်၏သင့်တော်သောလုပ်ငန်းတာဝန်များကို လျစ်လျူရှုခြင်းမဟုတ်လော။ (ဟုတ်ပါသည်။) သင့်တော်သောလုပ်ငန်းတာဝန်များကို လျစ်လျူမရှုပါနှင့်။ ၎င်းတို့ကို လျစ်လျူရှုခြင်းသည် နောက်ဆုံးတွင် ကောင်းသောရလဒ်များကို ဖြစ်စေမည်မဟုတ်ပါ။ ယင်းသည် အချိန်ဖြုန်းတီးပစ်ရုံသာမက၊ သင့်အပေါ် အခြားလူများက အထင်အမြင်သေးစေသည်။ သို့သော် ယင်းသည် ဘုရားသခင်၏စက်ဆုပ်ရွံရှာခြင်းကိုလည်း ခံရစေသည်။ ထို့အပြင် နောက်ဆုံးတွင် သင်သည် သင့်ကိုယ်သင်သာ အလွန်အပျက်သဘောဆောင်အောင် ပြုမိသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၂၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) “သင့်အဆင့်အတန်းနှင့်ကိုက်ညီသောအပြုအမူဖြင့် ပြုမူနေထိုင်နေသလော၊ သင်သည် ဖန်ဆင်းခံ၏တာဝန်များကို ကောင်းစွာ ထမ်းဆောင်နေသူဖြစ်သလောဆိုသည်ကို ဘုရားသခင်က စောင့်ကြည့်လေ့လာသည်။ သင်၏တာဝန်ကို သင်ထမ်းဆောင်ရာတွင် ဘုရားသခင်က သင့်ကို ပေးထားသည့် မူလအခြေအနေများအောက်တွင် သင်သည် သင်၏တာဝန်ကို စိတ်ပါလက်ပါ ထမ်းဆောင်နေမနေနှင့် ဘုရားသခင်လိုချင်သည့်ရလဒ်များ ရအောင် သင်သည် စည်းမျဉ်းများအတိုင်း ပြုမူနေမနေဆိုသည်တို့ကို သူက စောင့်ကြည့်လေ့လာသည်။ အကယ်၍ သင်သည် ဤအရာများအားလုံးကို လုပ်နိုင်ပါက ဘုရားသခင်က သင့်ကို အမှတ်ပြည့်ပေးသည်။ အကယ်၍ သင်သည် ဘုရားသခင်၏လိုအပ်ချက်များနှင့်အညီ ကိစ္စများကို မလုပ်ပါက ထိုအခါ သင်က အလုပ်တွင် ကြိုးစားအားထုတ်၍ အလုပ်လုပ်ကောင်းလုပ်နိုင်သော်လည်း၊ အကယ်၍ သင်လုပ်သမျှအားလုံးမှာ သင့်ကိုယ်သင် ကြွားလုံးထုတ်၍ ဟန်ရေးပြနေဖို့ဖြစ်ပါက၊ သင်သည် သင်၏တာဝန်ကို ဘုရားသခင်စိတ်ကျေနပ်အောင် စိတ်ပါလက်ပါ လုပ်နေခြင်းမဟုတ်သလို၊ သမ္မာတရားစည်းမျဉ်းများနှင့်အညီ ကိစ္စများကို လုပ်နေခြင်းလည်း မဟုတ်ပါက ထိုအခါတွင် သင်၏သရုပ်သကန်များနှင့် ထုတ်ဖော်ခြင်းများ၊ သင်၏အပြုအမူတို့သည် ဘုရားသခင်အတွက် ရွံရှာမုန်းတီးဖွယ်ကောင်းနေသည်။ အဘယ်ကြောင့် ဘုရားသခင်က ယင်းတို့ကို ရွံရှာမုန်းတီးနေသနည်း။ သင်သည် သင့်တော်သောလုပ်ငန်းတာဝန်များအပေါ်တွင် အာရုံစူးစိုက်မနေပါ၊ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် စိတ်ရောကိုယ်ပါနှစ်ထား၍ မလုပ်သည့်အပြင် သင်သည် မှန်ကန်သောလမ်းကြောင်းနောက်သို့ လိုက်လျှောက်မနေပါ ဟူ၍ ဘုရားသခင်က ပြောသည်။ ဘုရားသခင်က သင့်ကို ပေးထားသည့် အစွမ်းအစ၊ ဆုကျေးဇူးများနှင့် ပင်ကိုစွမ်းရည်တို့သည် ပြည့်စုံလုံလောက်ပြီးဖြစ်သည်။ စိတ်မကျေမနပ်ဖြစ်နေသူ၊ သင်၏တာဝန်အပေါ် သစ္စာမရှိသူ၊ သင်၏နေရာကို ဘယ်တော့မှ မသိသူ၊ လေလုံးကြီးသောစိတ်ကူးအကြံဉာဏ်များကို အမြဲ စကားကြောရှည်၍ ဟန်ရေးပြနေချင်ပြီး နောက်ဆုံးတွင် သင်၏တာဝန်များကို ကမောက်ကမဖြစ်စေသူမှာ သင်ဖြစ်သည်။ ဘုရားသခင်က သင့်ကို ပေးထားသည့် အစွမ်းအစ၊ ဆုကျေးဇူးများနှင့် ပင်ကိုစွမ်းရည်တို့သည် ယင်းတို့အစွမ်းရှိသလောက် အပြည့်အဝ အသုံးမချရသေးပေ။ ကြိုးစားအားထုတ်မှု အပြည့်အဝ မပြုလုပ်ရသေးပေ။ ထို့အပြင် မည်သည့်ရလဒ်များကိုမှလည်း မရရှိသေးပေ။ သင်သည် အလွန်အလုပ်များကောင်းများနေနိုင်သော်လည်း၊ သင်သည် မြူးထူးခုန်ပေါက်နေသောလူပြက်ကဲ့သို့ဖြစ်သည်၊ ကျေနပ်ရောင့်ရဲပြီး မိမိ၏သင့်တော်သောလုပ်ငန်းတာဝန်များအပေါ် အာရုံစိုက်သူမဟုတ်ဟူ၍ ဘုရားသခင်က ပြောသည်။ ဘုရားသခင်သည် ထိုကဲ့သို့သောလူများကို မနှစ်သက်ပါ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၂၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ နားလည်သွားတယ်။ ကျွန်မရဲ့ အစွမ်းအစကို အမြဲ ပြောင်းလဲလိုစိတ်ရှိတဲ့နေရာမှာ၊ ကျွန်မက မာနထောင်လွှားတဲ့ စိတ်သဘောထားရဲ့ ထိန်းချုပ်တာကို ခံနေခဲ့ရတယ်ဆိုတာပေါ့။ ကျွန်မရဲ့ စိတ်သဘောထားက အရမ်း မာနထောင်လွှားခဲ့ပြီး သူများနောက်မှာ ကျွန်မ အမြဲ ကျန်မနေချင်ခဲ့ဘူး။ သူများတွေရဲ့ လေးစား၊ ထောက်ခံမှုကို ကျွန်မ ရချင်ခဲ့ပြီး လူအုပ်ကနေ ထင်ပေါ်ချင်ခဲ့တယ်။ ဒါက ကျွန်မဘဝကို တန်ဖိုးရှိစေမယ်လို့ ကျွန်မ ယုံကြည်ခဲ့လို့၊ ဒီရည်မှန်းချက်ကို ရဖို့ ကျွန်မ အစွမ်းအစ တိုးတက်တာကို သုံးချင်ခဲ့တယ်။ အရွယ်ရောက်လာတော့၊ ကျွန်မက ကျောင်းမှာ အမြဲတမ်း အတော်ဆုံး ကျောင်းသား ဖြစ်ခဲ့တယ်။ တစ်ယောက်ယောက်က စာမေးပွဲမှာ ကျွန်မထက် အမှတ်ပိုများရင်၊ ရှုံးနိမ့်တာကို ကျွန်မဝန်မခံသလို၊ နောက်တစ်ခါ ကျွန်မရဲ့ အခွင့်အရေးကို ပြန်ရဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ ကျွန်မအမေက ကျွန်မ အရမ်းနိုင်လိုစိတ်ရှိလွန်းတယ်လို့ ခဏခဏ ပြောတယ်။ ကျောင်းမှာ ကျွန်မ အမှတ်တွေကကောင်းလို့ ကျွန်မမိဘတွေနဲ့ ဆရာတွေက ချီးမွမ်းတာခံရတယ်။ ဆရာတွေက ကျွန်မအတန်းဖော်တွေကို ကျွန်မဆီကနေ သင်ဖို့တောင် သတ်မှတ်ထားတယ်။ အဲဒီလို တစ်မူထူးခြားတာကို ကျွန်မအရမ်း နှစ်သက်ခံစားခဲ့ပြီး၊ လူတစ်ယောက်က သူ့ရဲ့ ပြိုင်ဆိုင်မှုကနေ ထင်ပေါ် သင့်တယ်လို့ တွေးခဲ့တယ်။ အခု၊ ကျွန်မက ကျွန်မတာဝန်ကို အဲဒီလိုက်စားမှုနဲ့ပဲ လုပ်နေခဲ့တယ်။ ခေါင်းဆောင်၊ ဒါမှမဟုတ် ကြီးကြပ်ရေးမှူး အမြဲတမ်း ဖြစ်ချင်ခဲ့တယ်။ ဒီလူတွေက အသင်းတော်ရဲ့ အဓိကလူတွေဖြစ်ပြီး လူတိုင်းက သူတို့ကို လေးစား၊ ထောက်ခံကြတယ်၊ ပြီးတော့ ညံ့ဖျင်းတဲ့ အစွမ်းအစရှိသူတွေကတော့ သာမန် တာဝန်တွေကိုပဲ လုပ်နိုင်တယ်၊ နောက်ကွယ်မှာ အလုပ်လုပ်ပြီး အသုံးမကျတဲ့သူတွေလို အသက်ရှင်ရတယ်လို့ တွေးခဲ့တယ်။ ဒါကြောင့် အရင်က ကျွန်မနဲ့ တွဲလုပ်ခဲ့တဲ့ ညီအစ်မက အသင်းတော် ခေါင်းဆောင်ဖြစ်သွားပေမဲ့ ကျွန်မက သာမန်ရေလောင်း အမှုဆောင်တစ်ယောက်ပဲ ဖြစ်နေတာကို မြင်တဲ့အခါ၊ ကျွန်မ လက်မခံနိုင်ခဲ့ဘူး။ ဒီလို သာမန်အဆင့်ပဲ အမြဲတမ်း မဖြစ်ချင်ခဲ့ဘူး။ အဲဒါကို အသိအမှတ်ပြုဖို့၊ ကျရှုံးတာကို ဝန်ခံဖို့ ကျွန်မ ငြင်းခဲ့တယ်။ ကျွန်မတာဝန်ကို အသိတရားရှိရှိ လက်တွေ့ကျတဲ့ သဘောထားနဲ့ မလုပ်ချင်ခဲ့ဘူး။ ကျွန်မရဲ့ အစွမ်းအစကို အမြဲ တိုးတက်စေချင်ခဲ့သလို ခေါင်းဆောင်မှု ဒါမှမဟုတ် ကြီးကြပ်တဲ့ တာဝန်တွေကို လုပ်ချင်ခဲ့တယ်။ ဘုရားအမှုတော်က လူတွေရဲ့ အစွမ်းအစကို မပြောင်းလဲစေဘူးလို့ ဘုရားနှုတ်ကပတ်တော်တွေက ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပေမဲ့၊ ဒါကို အသိအမှတ်ပြုဖို့ ကျွန်မ ငြင်းနေတုန်းပဲ။ ကျွန်မရဲ့ အလုပ်ကြိုးစားပြီး အဖိုးအခပေးတာတွေကနေ ကိုယ့်ရဲ့ အစွမ်းအစကို တိုးတက်အောင် အမြဲ ဆက်ကြိုးစားပြီး အစွမ်းကုန်လုပ်ချင်ခဲ့တယ်။ ကျွန်မ တကယ်ကို အရမ်းပုန်ကန်၊ အရမ်း မာနထောင်လွှားခဲ့တာပဲ။ ဘုရားသခင်က ပြောသည် “ဘုရားသခင်က သင့်ကို ပေးထားသည့် အစွမ်းအစ၊ ဆုကျေးဇူးများနှင့် ပင်ကိုစွမ်းရည်တို့သည် ပြည့်စုံလုံလောက်ပြီးဖြစ်သည်။ စိတ်မကျေမနပ်ဖြစ်နေသူ၊ သင်၏တာဝန်အပေါ် သစ္စာမရှိသူ၊ သင်၏နေရာကို ဘယ်တော့မှ မသိသူ၊ လေလုံးကြီးသောစိတ်ကူးအကြံဉာဏ်များကို အမြဲ စကားကြောရှည်၍ ဟန်ရေးပြနေချင်ပြီး နောက်ဆုံးတွင် သင်၏တာဝန်များကို ကမောက်ကမဖြစ်စေသူမှာ သင်ဖြစ်သည်။” ကျွန်မရဲ့ အလုပ်စွမ်းဆောင်ရည်က ညံ့ပြီး ကျွန်မရဲ့ အစွမ်းအစက သိပ်မကောင်းဘူး။ ခေါင်းဆောင်ဖြစ်ဖို့ ကျွန်မ အလားအလာရှိတဲ့သူ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မမှာ ကိုယ်ကျွမ်းကျင်တဲ့ အပိုင်းတွေတော့ရှိတယ်။ ဥပမာအနေနဲ့၊ ကျွန်မ နိုင်ငံခြားဘာသာစကားပြောနိုင်သလို၊ ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်တွေးတောရတာ နှစ်သက်တယ်။ သမ္မာတရားနဲ့ဆိုင်တဲ့ ကျွန်မရဲ့ အသိပညာကို မိတ်သဟာယပြုတဲ့အခါ၊ ကျွန်မရဲ့ အယူအဆကလည်း အတော်လေး ရှင်းတယ်။ တကယ်တော့၊ အခု ကျွန်မ လုပ်နေတဲ့ ရေလောင်းတဲ့တာဝန်က ကျွန်မအတွက် လုံးဝ သင့်တော်ပါတယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်နေရာမှာ မမြဲနိုင်ဘူး။ ကျွန်မရဲ့ အဆင့်အတန်းကို တိုးတက်အောင် အမြဲလုပ်ချင်ပြီး ကြီးကြပ်တဲ့တာဝန်တွေကို လုပ်ချင်ခဲ့တယ်။ တကယ်တော့ တိုးတက်အောင်လုပ်တဲ့ ကျွန်မရဲ့ အားထုတ်မှုတစ်ခုကမှ ကျွန်မရဲ့ အစွမ်းအစကို မပြောင်းလဲစေခဲ့သလို၊ ဆန့်ကျင်ဖက်အနေနဲ့ အဲဒါတွေက ကျွန်မရဲ့ အခြေအနေကို အတော် ဆိုးသွားစေပြီး၊ ကျွန်မကိုယ်ပိုင် အလုပ်ကိုတောင် ကျွန်မ ကောင်းကောင်း မလုပ်နိုင်တော့ဘူး။ ဒါကို သဘောပေါက်တဲ့အခါ၊ အပြစ်ရှိပြီး အကြွေးတင်တဲ့စိတ် ကျွန်မ ခံစားရတယ်။
နောက်ပိုင်းမှာ ကျွန်မ ထပ်တွေးမိတယ်။ “အစွမ်းအစ ညံ့တာက မကောင်းတဲ့အရာလို့ ဘာလို့ ငါ အမြဲတမ်း တွေးတာလဲ။ ငါ့ရဲ့တာဝန် ထမ်းဆောင်တာကို ထိခိုက်အောင် ဘာလို့ ဒါကို ငါခွင့်ပြုတာလဲ”လို့ပေါ့။ ဒီကဏ္ဍနဲ့သက်ဆိုင်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မဖတ်ကြည့်တော့ ကျွန်မအခြေအနေက ပြောင်းလဲသွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်၏ အစွမ်းအစနှင့် အရည်အချင်းများ နည်းပါးသောကြောင့် သင်၏တာဝန်များ လုပ်ဆောင်ခြင်း၏ အကျိုးတရားများက သင် စံပြုသည့် အဆင့် သို့မဟုတ် စံနှုန်းကို အလှမ်းမီရန် အမြဲ ပျက်ကွက်လျက် သာမန်မျှ အမြဲ ဖြစ်လေသည်။ ထို့ကြောင့် အမှုမဲ့အမှတ်မဲ့ဖြင့် သင်သည် မည်သည့် ထင်ပေါ်သူမျိုးမျှ မဟုတ်၊ မည်သည့် သာလွန်သူ သို့မဟုတ် ထူးခြားသည့်လူမျှ မဟုတ်ဟု အမြဲမပြတ် သဘောပေါက်လေသည်။ သင်၏ အစွမ်းအစသည် သင် စိတ်ကူးသလောက် မကောင်းဘဲ သာမန်မျှသာ ဖြစ်လွန်းသည်ဟု သင် တဖြည်းဖြည်း နားလည်လာသည်။ ရေရှည်တွင် ဤဖြစ်စဉ်သည် သင့်ကိုယ်သင် သိရှိရန် သင့်အတွက် အလွန် အထောက်အကူဖြစ်သည်။ သင်သည် အချို့သော ကျရှုံးမှုများနှင့် ဆုတ်ဆိုင်းမှုများကို လက်တွေ့ကျသည့်နည်းလမ်းဖြင့် တွေ့ကြုံရပြီး စိတ်အတွင်းကျကျကို ဆင်ခြင်သုံးသပ်ပြီးနောက်တွင် သင်၏ အဆင့်၊ အရည်အချင်းများနှင့် အစွမ်းအစကို အကဲဖြတ်ရာတွင် သာ၍ သင် မှန်ကန်တိကျလာသည်။ သင်သည် မြင့်မားသော အစွမ်းအစရှိသည့် လူတစ်ဦးမဟုတ်ကြောင်း၊ သင့်ထံတွင် အားသာချက်နှင့် ဆုကျေးဇူးအချို့၊ ဝေဖန်ပိုင်းခြားနိုင်စွမ်း အနည်းငယ် ရှိကောင်းရှိနိုင်သော်လည်း၊ သို့မဟုတ် စိတ်ကူး သို့မဟုတ် အစီအစဉ်အချို့ ရံဖန်ရံခါ ရှိနိုင်သော်လည်း သင်သည် သမ္မာတရား စည်းမျဉ်းများကို အလွန် စံမမီဖြစ်နေဆဲဖြစ်ကြောင်း၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် သမ္မာတရား၏ စံနှုန်းများမှ ဝေးကွာနေဆဲဖြစ်ပြီး သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်ခြင်း စံနှုန်းများမှ သာ၍ပင် အလှမ်းဝေးနေဆဲဖြစ်ကြောင်းတို့ကို သင် တိုး၍ သဘောပေါက်လာသည်။ အမှုမဲ့အမှတ်မဲ့ဖြင့် သင့်ထံတွင် သင့်ကိုယ်သင်နှင့်ပတ်သက်သည့် ဤဝေဖန်မှုများနှင့် အကဲဖြတ်မှုများ ရှိလေသည်။ သင့်ကိုယ်သင် ဝေဖန်ခြင်းနှင့် အကဲဖြတ်ခြင်း ဖြစ်စဉ်တွင် သင့်ကိုယ်သင် သိသော သင်၏ အသိသည် တိုး၍ တိကျမှန်ကန်လာလိမ့်မည်ဖြစ်ပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ပြမှုများသည် သာ၍ ချုပ်တည်းကာ ထိန်းချုပ်ခြင်းခံလာရလျက် တဖြည်းဖြည်း လျော့နည်းသွားလိမ့်မည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထိန်းချုပ်ခြင်းသည် ရည်မှန်းချက် မဟုတ်သည်မှာ အမှန်ဖြစ်၏။ ရည်မှန်းချက်မှာ အဘယ်နည်း။ ရည်မှန်းချက်မှာ အဆင့်မြင့်ပုံရသော အယူအဆများကို လေရှည်ရန် သို့မဟုတ် ကြွားဝါရန် အမြဲ မကြိုးစားဘဲ၊ အတော်ဆုံး သို့မဟုတ် အသန်မာဆုံးဖြစ်ရန် နိုင်လိုစိတ်ပြင်းစွာ အမြဲ ကြိုးပမ်းခြင်းမရှိဘဲ၊ ပြီးလျှင် သင့်ကိုယ်သင် သက်သေပြရန် အမြဲ မကြိုးစားဘဲ ထိန်းချုပ်သည့် ဖြစ်စဉ်တွင် သမ္မာတရားကို ရှာဖွေဖို့နှင့် လိမ္မာသည့်ပုံစံဖြင့် ပြုမူနေထိုင်ဖို့ တဖြည်းဖြည်း သင်ယူရန် ဖြစ်သည်။ ဤအသိသည် သင်၏ စိတ်နှလုံးအတွင်းတွင် ယင်းဘာသာ နက်နက်ရှိုင်းရှိုင်း စွဲထင်သော်လည်း သင်က ‘ဤအရာကို လုပ်ဆောင်ခြင်းအတွက် သမ္မာတရား စည်းမျဉ်းများက မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း၊ ထိုအရာနှင့်ပတ်သက်၍ ဘုရားသခင် ပြောသည့်အရာကိုလည်းကောင်း ငါ ရှာဖွေရမည်’ဟု တွေးဆလိမ့်မည်။ ဤအသိသည် သင်၏ စိတ်နှလုံးအတွင်းတွင် တဖြည်းဖြည်း အခြေကျလာလိမ့်မည်ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို သင်၏ ရှာဖွေခြင်း၊ အသိအမှတ်ပြုခြင်းနှင့် လက်ခံခြင်းတို့သည် တိုး၍ အရှိန်မြှင့်လိမ့်မည်။ ယင်းမှာ သင့်အတွက် ကယ်တင်ခံရမည့် မျှော်လင့်ချက်ကို ညွှန်ပြသည်။ သမ္မာတရားကို သင် လက်ခံနိုင်လေ၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ယင်းတို့ဘာသာ ထုတ်ဖော်ပြလေ ဖြစ်လိမ့်မည်။ သာ၍ပင် ကောင်းမွန်သည့်ရလဒ်မှာ သင်သည် ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်မှုအတွက် စံနှုန်းတစ်ခုအဖြစ် အသုံးပြုရန် အခွင့်အရေးများ သာ၍ ရှိလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ကယ်တင်ခြင်းဆီသို့သွားသည့် လမ်းကြောင်းပေါ် တဖြည်းဖြည်း အစပြုခြင်း မဟုတ်လော။ ဤသည်မှာ ကောင်းမွန်သည့်အရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သို့ရာတွင် လူတို့အလယ် သင်၏ အရည်အချင်းများအားလုံး သာလွန်လျှင် ပြီးပြည့်စုံကာ ထူးခြားလျှင် ကိစ္စရပ်များကို ကိုင်တွယ်ပြီး သင်၏ တာဝန်များကို လုပ်ဆောင်နေစဉ်တွင် သမ္မာတရားကို သင် ရှာဖွေနိုင်သေးသလော။ ယင်းမှာ ပြောရခက်၏။ ကဏ္ဍအားလုံးတွင် ထူးခြားသော လုပ်နိုင်စွမ်းများရှိသည့် လူတစ်ဦးအတွက် မိမိကိုယ်ကို နားလည်ရန်၊ မိမိတို့၏ အားနည်းချက်များကို အသိအမှတ်ပြုပြီး မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိရှိကာ သမ္မာတရားကို ရှာဖွေခြင်း၊ သမ္မာတရားကို လက်ခံခြင်းနှင့် ထို့နောက်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း အဆင့်ထိရောက်ရှိရန် ဘုရားသခင်ကို တည်ငြိမ်သော စိတ်နှလုံးဖြင့် သို့မဟုတ် နှိမ့်ချသော သဘောထားဖြင့် ချဉ်းကပ်ခြင်းသည် လုပ်ဆောင်ရန် အတော်လေး ခက်ခဲသည်၊ မဟုတ်လော။ (ဟုတ်ပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၂၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၇)) “ဘုရားသခင် ကယ်တင်သည့်သူ အများစုမှာ လောကတွင် သို့မဟုတ် လူ့အဖွဲ့အစည်းတွင် မြင့်မားသော ရာထူးများကို ကိုင်ထားသူများ မဟုတ်ပေ။ ၎င်းတို့၏ အစွမ်းအစနှင့် အရည်အချင်းများက သာမန်ဖြစ်သောကြောင့် သို့မဟုတ် ညံ့ပင်ညံ့ဖျင်းသောကြောင့် ဘဝသည် မျှော်လင့်အားရဖွယ်မရှိသကဲ့သို့ မမျှတဟု မကြာခဏ ခံစားလျက် လောကတွင် ထင်ပေါ်ကျော်ကြားမှု သို့မဟုတ် အောင်မြင်မှု ရှာတွေ့ရန် ရုန်းကန်ကြရသည်။ ဤအရာက ယုံကြည်ခြင်း လိုအပ်ချက်တစ်ခုသို့ ဦးတည်စေပြီး နောက်ဆုံးတွင် ၎င်းတို့သည် ဘုရားသခင် ရှေ့မှောက်သို့လာကာ ဘုရားအိမ်တော်ထဲသို့ ဝင်ရောက်ကြသည်။ ဤသည်မှာ ဘုရားသခင်က လူတို့ကို ၎င်းတို့အား ရွေးချယ်ရာတွင်ပေးသည့် အခြေခံ အနေအထားတစ်ခု ဖြစ်သည်။ ဤလိုအပ်ချက်ဖြင့်သာ လူတစ်ဦးသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် လိုအင်ဆန္ဒရှိနိုင်သည်။ ကဏ္ဍအားလုံးတွင် သင်၏ အနေအထားများသည် ကောင်းမွန်ပြီး လောကတွင် ကြိုးပမ်းခြင်းအတွက် သင့်တော်ကာ သင်သည် အမြဲ အောင်မြင်ကျော်ကြားလိုလျက်ရှိလျှင် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် လိုအင်ဆန္ဒရှိမည်မဟုတ်သကဲ့သို့ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိမည့် အခွင့်အရေးပင် ရှိမည် မဟုတ်ပေ။ သင့်ထံတွင် သာမန် သို့မဟုတ် ညံ့ဖျင်းသည့် အစွမ်းအစပင် ရှိကောင်းရှိနိုင်သော်လည်း ဘုရားသခင်၏ ကယ်တင်ခြင်းခံရမည့် အခွင့်အရေး ရှိရာတွင် ဘာသာတရားမရှိသူများထက် သင်သည် သာ၍ များစွာ ကောင်းချီးခံစားရဆဲ ဖြစ်သည်။ ထို့ကြောင့် ညံ့ဖျင်းသည့် အစွမ်းအစရှိခြင်းသည် သင်၏ အားနည်းချက် မဟုတ်သကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားခြင်းနှင့် ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိခြင်းအတွက် အတားအဆီးတစ်ခုလည်း မဟုတ်ပေ။ နောက်ဆုံး စိစစ်မှုတွင် ဤအစွမ်းအစကို သင့်အား ပေးခဲ့သူမှာ ဘုရားသခင် ဖြစ်သည်။ ဘုရားသခင် သင့်ကို ပေးသလောက် သင်၌ ရှိပေသည်။ ဘုရားသခင်က သင့်ကို ကောင်းသည့် အစွမ်းအစပေးလျှင် သင်သည် ကောင်းသည့် အစွမ်းအစ ရှိလိမ့်မည်။ ဘုရားသခင်က သင့်ကို သာမန် အစွမ်းအစပေးလျှင် သင်၏ အစွမ်းအစက သာမန်ဖြစ်သည်။ ဘုရားသခင်က သင့်ကို ညံ့ဖျင်းသည့် အစွမ်းအစပေးလျှင် သင်၏ အစွမ်းအစ ညံ့ဖျင်းသည်။ ဤအရာကို သင် နားလည်သည်နှင့်တစ်ပြိုင်နက် ဘုရားသခင်ထံမှ ထိုအရာကို သင် လက်ခံရမည်ဖြစ်ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်ရမည်။ ကျိုးနွံနာခံခြင်းအတွက် အခြေခံအကြောင်းရင်းကို မည်သည့် သမ္မာတရားက ပုံဖော်သနည်း။ ထိုအရာမှာ ဘုရားသခင်၏ ထိုသို့သော အစီအစဉ်များတွင် ဘုရားသခင်၏ ကောင်းမွန်သည့် အလိုတော် ပါရှိခြင်း ဖြစ်သည်။ ဘုရားသခင်တွင် အပင်ပန်းခံသော ရည်ရွယ်ချက်များရှိပြီး လူတို့က မညည်းညူရ သို့မဟုတ် ဘုရားသခင်၏ စိတ်နှလုံးကို အထင်မလွဲရပေ။ ဘုရားသခင်သည် သင်၏ ကောင်းမွန်သော အစွမ်းအစကြောင့် သင့်ကို အထင်ကြီးလေးစားလိမ့်မည် မဟုတ်သကဲ့သို့ သင်၏ ညံ့ဖျင်းသော အစွမ်းအစအတွက် သင့်ကို စက်ဆုပ်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင် စက်ဆုပ်သောအရာမှာ အဘယ်နည်း။ ဘုရားသခင် စက်ဆုပ်သောအရာမှာ လူတို့က သမ္မာတရားကို မချစ်ခြင်း သို့မဟုတ် လက်မခံခြင်း၊ သမ္မာတရားကို လူတို့ နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်ခြင်း၊ လူတို့က ၎င်းတို့ လုပ်နိုင်စွမ်းရှိသည့်အရာကို မလုပ်ဆောင်ခြင်း၊ လူတို့သည် ၎င်းတို့၏ တာဝန်များတွင် အစွမ်းကုန် မပေးဆပ်နိုင်သည့်တိုင် လွန်ကဲသော လိုအင်ဆန္ဒများ အမြဲ ရှိကြခြင်း၊ အဆင့်အတန်းကို အမြဲ လိုချင်ကြခြင်း၊ ရာထူးအတွက် ယှဉ်ပြိုင်ခြင်းနှင့် သူ့ထံမှ အမှုအရာများ အမြဲ လိုချင်ကြခြင်းတို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က စက်ဆုပ်ဖွယ်ရာနှင့် မုန်းစရာကောင်းသောအရာအဖြစ် မြင်သည့်အရာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၂၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၇)) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတော့ ကျွန်မ အတော်လေး တို့ထိခံရတယ်။ ကျွန်မရဲ့ ညံ့ဖျင်းတဲ့ အစွမ်းအစကို ဘုရားက စီမံထားခဲ့တာဖြစ်ပြီး အဲဒီထဲမှာ ဘုရားရဲ့ စေတနာရှိတယ်ဆိုတာ ကျွန်မ နားလည်ခဲ့တယ်။ အဲဒါက ကောင်းတဲ့အရာတစ်ခုပဲ။ တကယ်တော့၊ ကျွန်မရဲ့ စိတ်သဘောထားက အမြဲတမ်း အရမ်းမာနထောင်လွှားခဲ့တယ်။ အရင်တုန်းက၊ ကျွန်မမှာ ဒီစိတ်သဘောထားရှိခဲ့ပြီး ကျွန်မတာဝန်ကို စည်းမျဉ်းတွေအတိုင်း မလုပ်ခဲ့လို့၊ ကျွန်မရဲ့ အလုပ်မှာ ဆုံးရှုံးတာတွေဖြစ်ပြီး ကျွန်မ အပြစ် ကျူးလွန်မိခဲ့တယ်။ ကျွန်မမှာ အစွမ်းအစကောင်းရှိပြီး ကျွန်မတာဝန်မှာ ရလဒ်တွေ ရခဲ့ရင်၊ ကျွန်မရဲ့ စိတ်သဘောထားက ပိုလို့တောင် မာနထောင်လွှားမှာဖြစ်သလို၊ ညီအစ်ကို မောင်နှမတွေရဲ့ ထင်မြင်ချက်တွေကို နားထောင်ဖို့ ပိုတောင်ခက်သွားမှာပဲ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနိုင်မှာ မဟုတ်ဘူး။ သမ္မာတရား စည်းမျဉ်းတွေကို ရှာနိုင်ခဲ့မှာ မဟုတ်ဘူး။ ဒီလိုနဲ့ မကောင်းတာလုပ်ပြီး အသင်းတော် အလုပ်ကို နှောင့်ယှက်၊ ဖျက်ဆီးဖို့ ပိုလွယ်သွားမှာပဲ။ တိတိကျကျပြောရရင် ကျွန်မရဲ့အစွမ်းအစက အတော်လေး ညံ့ပြီး များတဲ့ အလုပ်ပမာဏကို ကျွန်မ မစီမံနိုင်ခဲ့လို့၊ ကျွန်မတာဝန်မှာ အရင်ကထက် ကျွန်မ ပိုတည်ငြိမ်နိုင်ပြီး ချင့်ချိန်နိုင်ခဲ့တယ်။ တစ်ခါတလေ၊ ကျွန်မအယူအဆက သူများတွေဟာနဲ့ နည်းနည်း မတူတဲ့အခါ၊ ကျွန်မ ခေါင်းအရမ်းမမာတော့ဘူး။ ဒါက ကျွန်မရဲ့ မကောင်းမှု လုပ်နိုင်ခြေကို လျော့ချပေးတဲ့ မသိစိတ်ကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ ပုံစံတစ်ခုပဲ။ အစွမ်းအစကောင်းတယ်လို့ လူတိုင်းပြောတဲ့ အရင်က ကျွန်မဆုံခဲ့ရတဲ့ ညီအစ်မတစ်ယောက်ကို တွေးမိတယ်။ သူ့ကို ကျွန်မ အားကျခဲ့တယ်။ နောက်ပိုင်းမှာ၊ သူက ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရပြီး သူ ကြီးကြပ်တဲ့ အလုပ်နယ်ပယ်က ပိုကျယ်ပြန့်သွားခဲ့တယ်။ ဒါပေမဲ့ သူက သမ္မာတရားကို မလိုက်စားခဲ့ဘူး၊ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်တာ အာရုံမစိုက်ခဲ့သလို၊ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားကို မရှာခဲ့ဘူး။ နောက်ဆုံးတော့၊ စမ်းသပ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ဘုရားကို သူ သစ္စာဖောက်ပြီး သူ့တာဝန်ကို စွန့်ပစ်ခဲ့တယ်။ ဒါက လူတစ်ယောက်ရဲ့ အစွမ်းအစနဲ့ အလုပ်လုပ်နိုင်စွမ်း ဘယ်လောက်ပဲ ကောင်းပါစေ၊ အရေးပါဆုံးက သမ္မာတရားကို သူ ရှာဖွေနိုင်ပြီး သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့၊ စိတ်သဘောထားကို ဖြေရှင်းနိုင်ခြင်း ရှိမရှိပဲဆိုတာ ကျွန်မကို ပြခဲ့ပါတယ်။ လူတစ်ယောက်ရဲ့ အစွမ်းအစက သူ ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုတာနဲ့ မဆိုင်ပါဘူး။ အစွမ်းအစညံ့ဖျင်းတာက သေချာပေါက် မကောင်းတဲ့အရာတစ်ခု မဟုတ်သလိုပဲ၊ အစွမ်းအစကောင်းတာကလည်း သေချာပေါက် ကောင်းတဲ့အရာတစ်ခု မဟုတ်ဘူး။ အရေးအကြီးဆုံးက ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံနိုင်ပြီး ကိုယ့်ရဲ့ အစွမ်းအစကို မှန်မှန်ကန်ကန် သဘောထားနိုင်ခြင်း ရှိမရှိ၊ သမ္မာတရားကို အသိတရားရှိရှိ လက်တွေ့ကျတဲ့ သဘောထားနဲ့ လိုက်စားပြီး ဖန်ဆင်းခံအနေနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း လုပ်နိုင်ခြင်းရှိမရှိဆိုတာပါပဲ။ ဒါက အရေးအပါဆုံး အရာပါ။
အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ပြီး လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခု တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ကဏ္ဍအားလုံးတွင် သင်၏ အစွမ်းအစကို ပြောင်းလဲရန် သို့မဟုတ် သင်၏ အရည်အချင်းများကို တိုးတက်စေရန် မုချ မကြိုးစားဘဲ ထိုအစား သင်၏ မူလ အစွမ်းအစနှင့် အရည်အချင်းများကို တိကျမှန်ကန်စွာ အသိအမှတ်ပြုကာ မှန်ကန်စွာ ချဉ်းကပ်လော့။ မည်သည့်နေရာတွင် သင် ချို့တဲ့နေသည်ကို ရှာဖွေတွေ့ရှိလျှင် ဤအားနည်းချက်များအတွက် ထေမိစေရန်အလို့ငှာ အချိန်တိုအတွင်း သင် တိုးတက်မှု စွမ်းဆောင်ရရှိနိုင်သည့် ထိုကဏ္ဍများကို အမြန် လေ့လာလော့။ သင် အလှမ်းမမီနိုင်သည့် ကဏ္ဍများအတွက် အတင်းအကျပ်မလုပ်ဆောင်နှင့်။ သင်၏ ကိုယ်ပိုင် အစွမ်းအစနှင့်လည်းကောင်း၊ အရည်အချင်းများနှင့်လည်းကောင်း သင့်တော်ရန် သင်၏ လုပ်ရပ်များကို အံဝင်ဂွင်ကျ စီမံလော့။ နောက်ဆုံး စည်းမျဉ်းမှာ ဘုရားနှုတ်ကပတ်တော်၊ လူသားများအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း သင်၏ တာဝန်ကို လုပ်ဆောင်ရန် ဖြစ်သည်။ သင်၏ အစွမ်းအစ အဆင့်မည်မျှဖြစ်သည်ဖြစ်စေ၊ အမျိုးမျိုးသော လုပ်ဆောင်ချက်အဆင့်များနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း သင်၏ တာဝန်များကို လုပ်ဆောင်ခြင်းအား သင် စွမ်းဆောင်ရရှိနိုင်သည်။ ဘုရားသခင်၏ စံနှုန်းများကို သင် ပြည့်မီနိုင်သည် သို့မဟုတ် ဘုရားသခင်၏ စံနှုန်းများနှင့် လျော်ညီအောင် နေနိုင်သည်။ ဤသမ္မာတရား စည်းမျဉ်းများသည် အနှစ်မဲ့သော စကား လုံးဝ မဟုတ်ပေ။ ယင်းတို့သည် လူ့သဘာဝကို လုံးဝ မကျော်လွန်ပေ။ ယင်းတို့သည် ဖန်ဆင်းထားသည့် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ မွေးရာပါ အရည်အချင်းများအပြင် အမျိုးမျိုးသော အရည်အချင်းများနှင့် အစွမ်းအစနှင့် အံဝင်ဂွင်ကျ စီမံထားသော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများသာ ဖြစ်သည်။ ထို့ကြောင့် သင်၏ အစွမ်းအစက မည်သည့်အရာဖြစ်စေ၊ သင်၏ အရည်အချင်းများ မည်သည့်နေရာတွင် မလုံလောက်သည်ဖြစ်စေ၊ သို့မဟုတ် အားနည်းချက်ရှိသည်ဖြစ်စေ ပြဿနာ မဟုတ်ပေ။ သမ္မာတရားကို သင် အမှန်တကယ် နားလည်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေလျှင် ရှေ့ဆက်ရမည့် လမ်းကြောင်းတစ်ခု ရှိလိမ့်မည်။ အစွမ်းအစနှင့် အရည်အချင်းများ၏ အချို့သော ကဏ္ဍများတွင်ရှိသည့် လူတစ်ဦး၏ ချို့တဲ့ခြင်းများသည် ၎င်းတို့၏ သမ္မာတရား လက်တွေ့လုပ်ဆောင်မှုကို လုံးဝ မဟန့်တားပေ။ သင်၏ ဝေဖန်ပိုင်းခြားနိုင်စွမ်း သို့မဟုတ် အခြားအရည်အချင်းတစ်ခုခု ချို့တဲ့နေလျှင် သင် သာ၍ ရှာဖွေကာ သာ၍ မိတ်သဟာယ ပြုနိုင်သည့်အပြင် သမ္မာတရား နားလည်သောသူတို့ထံမှ လမ်းညွှန်မှုနှင့် အကြံကို ရှာဖွေနိုင်သည်။ စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများကို သင် နားလည်ပြီး သဘောပေါက်သည့်အခါ ယင်းတို့ကို သင်၏ ဝိညာဉ်ရင့်သန်မှုပေါ် အခြေခံ၍ အစွမ်းကုန် အားထုတ်ခြင်းဖြင့် လက်တွေ့လုပ်ဆောင်သင့်သည်။ လက်ခံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းဟူသည်မှာ သင် လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၂၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၇)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်သွားတယ်။ လူတစ်ယောက်က သူ့ရဲ့ အစွမ်းအစကို ပြောင်းလဲဖို့ အစွမ်းကုန် မလုပ်သင့်ဘူး။ အဲဒါထက် သူ့ရဲ့ ရှိရင်းစွဲ အစွမ်းအစနဲ့ ရောက်နိုင်တဲ့ အတိုင်းအတာထိပဲ လုပ်သင့်တယ်။ သူ့တာဝန်ကို လုပ်တဲ့နေရာမှာ စိတ်နှလုံး၊ အားအင်နဲ့ စိတ်ကို နှစ်ထားသင့်တယ်ဆိုတာကိုပေါ့။ သူ့အနေနဲ့ သူ သင်ယူသင့်တဲ့ အတတ်ပညာနဲ့ဆိုင်တဲ့ အသိကို ဝီရိယရှိရှိ လေ့လာပြီး သေချာ ရှာဖွေဆန်းစစ်သင့်သလို၊ သူ့ရဲ့ ရှိရင်းစွဲ အစွမ်းအစရဲ့ လုပ်နိုင်စွမ်းကို အပြည့်အဝ သုံးသင့်တယ်။ ကိုယ့်ရဲ့ အစွမ်းအစနဲ့ အလုပ်လုပ်နိုင်စွမ်းအတွက်တော့၊ ဒါတွေကို ဖြစ်နိုင်ရင် နည်းနည်း တိုးတက်အောင်လုပ်လို့ရပေမဲ့၊ အလုပ်တာဝန်ကို သူတို့ မလုပ်နိုင်ရင်၊ တွန်းအားပေးဖို့ မလိုဘူး။ ဒါကို နားလည်တဲ့အခါ၊ ကျွန်မစိတ်နှလုံးက ပိုရှင်းလင်းလာတယ်။
အဲဒီအချိန်ကစပြီး၊ ကျွန်မရဲ့ ရှိရင်းစွဲ အစွမ်းအစ နယ်ပယ်တွေထဲမှာပဲ ကျွန်မရဲ့တာဝန်ကို လုပ်တဲ့နေရာမှာ ကျွန်မရဲ့ စိတ်နဲ့ခွန်အားကို ဘယ်လိုထည့်လုပ်ရမယ်ဆိုတာ စဉ်းစားခဲ့တယ်။ လူသစ်တွေကို သူတို့ တာဝန်တွေ လုပ်ဖို့ ပျိုးထောင်ပေးတဲ့နေရာမှာ ကျွန်မ မတော်မှန်း သဘောပေါက်ခဲ့တယ်။ ဒါကြောင့် ဒါနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေကို ရှာပြီး ချင့်ချိန်စဉ်းစားဖို့ ကျွန်မ ကြိုးစားခဲ့တယ်။ ညီအစ်ကို မောင်နှမတွေ မျှဝေပြီး ပြောကြတဲ့ဟာကိုလည်း ကျွန်မ လေးလေးနက်နက် နားထောင်ခဲ့တယ်။ တစ်ခါတလေ၊ ပြဿနာတချို့ကို ကြုံရပြီး၊ ဘယ်လို ဖြေရှင်းရမှန်း မသိတဲ့အခါ၊ ခေါင်းရှောင်ဖို့ ကျွန်မ မကြိုးစားဘူး၊ ဒါမှမဟုတ် ကျွန်မ အစွမ်းအစညံ့ဖျင်းလို့ ဘုရားကို အပြစ်မတင်တော့ဘူး။ အဲဒီအစား၊ ဆုတောင်းပြီး ဘုရားအပေါ် မှီခိုရင်းနဲ့ ညီအစ်ကို မောင်နှမတွေဆီကလည်း ရှာဖွေပြီး သူတို့နဲ့ မိတ်သဟာယပြုခဲ့တယ်။ ဒီလိုလက်တွေ့လုပ်တဲ့တစ်လျှောက်မှာ၊ တချို့ ကိစ္စတွေကို ဖြေရှင်းဖို့အတွက် ကျွန်မ မရည်ရွယ်ဘဲ အစီအစဉ်တွေ စဉ်းစားမိတယ်။ အခု၊ ကျွန်မရဲ့ အစွမ်းအစက အရင်လိုပါပဲ။ မပြောင်းလဲသေးပါဘူး။ ဒါပေမဲ့ ကျွန်မကိုယ်ကျွန်မ ဘယ်လို သဘောထားရမယ်ဆိုတာ ကျွန်မ နားလည်သွားသလို၊ ကျွန်မရဲ့ စိတ်နှလုံးက လွတ်လပ်ပြီး လွတ်မြောက်သွားပြီ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။