ကျွန်ုပ်၏ တာဝန်အား ဆုံးရှုံးရခြင်းကို ပြန်လည်သုံးသပ်ခြင်း

23.01.2022

ဝမ်လင်း တောင်ကိုရီးယားနိုင်ငံ

ကျွန်တော် “ဂဟေ” ပညာ အနည်းငယ် တတ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ အသင်းတော်ရဲ့အရေးကိစ္စတချို့ကို ကိုင်တွယ်ဖို့ တာဝန်ပေးအပ်ခံခဲ့ရပါတယ်။ အဲဒီတာဝန်က တော်တော်ကိုပင်ပန်းပြီးတော့ အချိန်ပိုလုပ်ရတာတွေလည်းရှိပါတယ်။ တစ်ခါတလေဆို ကျွန်တော်အစားမစားဖြစ်တာတို့ စုဝေးပွဲတွေကို နောက်ကျမှရောက်တာတို့ဖြစ်တယ်။ အစကတော့ ဂရုမစိုက်ဘူး။ ကျွန်တော့်ရဲ့အရည်အချင်းကို အမှုတော်အတွက် အသုံးပြုရတာ ဂုဏ်ယူစရာပဲလို့တွေးခဲ့တယ်။ ကျွန်တော်အစွမ်းကုန်ကြိုးစားချင်ခဲ့တယ်။ နောက်ပိုင်းကျတော့ ကျွန်တော်တို့အဖွဲ့ အလုပ်တွေပိုများလာပြီးတော့ ကျွန်တော့်ရဲ့အမှုတော်မှာ တော်တော်ကိုဗျာများခဲ့ရတယ်။ ကြာတော့အရမ်းပင်ပန်းလာပြီး စိတ်ထဲမကျေမနပ်စဖြစ်လာတယ်။

တစ်ခါက တွေ့ဆုံပွဲတစ်ခုမှာ ညီအစ်မတစ်ယောက် ပစ္စည်းတွေကူသယ်ချပေးဖို့ ရုတ်တရက်ကြီးပြောလာတယ်။ ကျွန်တော်တကယ်မလုပ်ချင်ခဲ့ဘူး။ ဘာလို့များ တွေ့ဆုံပွဲပြီးတဲ့အထိမစောင့်လဲပေါ့။ အရမ်းအရေးကြီးနေရင် တခြားတစ်ယောက်လုပ်လိမ့်မယ်လို့ပဲ တွေးခဲ့တယ်။ ဘာလို့ကျွန်တော်တို့ကိုမှ လာခိုင်းတာလဲ။ ကျွန်တော်တို့က အခပေးငှားရမ်းထားတဲ့ သူတွေလား။ စိတ်ထဲမှာက အဲဒီလိုမျိုး မကျေနပ်တဲ့ခံစားချက်ရှိနေတော့ ကျွန်တော်သွားလုပ်ပေးခဲ့ပေမယ့်လည်း တကယ်တမ်းမလုပ်ချင်ခဲ့ဘူး။ ကျွန်တော်စိတ်ပါလက်ပါမလုပ်ဘဲ ပြီးစလွယ်ပဲလုပ်ခဲ့တယ်။ သူများတွေအကုန်လုံးက နောက်ဆုံးမိနစ်ကျမှ ပေါ်လာတဲ့ကိစ္စတွေနဲ့ အချိန်ပိုလုပ်နေကြပေမယ့် ကျွန်တော်ကတော့ ရေသာခိုလို့ရသလောက် ခိုခဲ့တယ်။ ပေါ့ပေါ့ပါးပါးလုပ်လို့ရတာရှိရင် ပင်ပန်းတာကိုမလုပ်ဘူး။ အချိန်ပို သုံးနာရီ လေးနာရီလောက်လုပ်ရတိုင်းမှာ ကျွန်တော် အရမ်းမတရားခံရသလိုမျိုး မကျေမနပ်နဲ့ စိတ်မပါဖြစ်ခဲ့တယ်။ အပြင်ပန်းမှာတော့ အလုပ်ပြီးပေမယ့် တကယ်တမ်း ဆောင့်ကြီးအောင့်ကြီးနဲ့လုပ်ထားတာပါ။ အဖွဲ့ခေါင်းဆောင်က လုပ်ခိုင်းထားတဲ့တာဝန်ပြီးရင် အေးဆေးပဲနေချင်ခဲ့တယ်။ မပြီးသေးတဲ့ သူများတွေကိုမကူချင်ခဲ့ဘူး။ အဲဒါသူတို့အလုပ်ပဲ။ ငါနဲ့မဆိုင်ဘူးလို့တွေးခဲ့တယ်။ ကျွန်တော်စိတ်ပါလက်ပါမလုပ်တာကိုမြင်တာ့ အဖွဲ့ခေါင်းဆောင်က ကျွန်တော့်ကိုဆူပြီး ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ ဒါပေမဲ့ သူက သက်သက်ရစ်တာလို့ပဲ ထင်ပြီးတော့ ကိုယ့်ကိုယ့်ကိုယ် ပြန်မသုံးသပ်ခဲ့ဘူး။ ကျွန်တော့်ရဲ့တာဝန်ကို အဲဒီလို ခပ်ပေါ့ပေါ့ပဲထမ်းဆောင်ခဲ့ပါတယ်။ အလုပ်နည်းနည်းနဲ့ ကျေနပ်နေခဲ့တယ်။ တခြားညီအစ်ကိုတွေအားလုံးကတော့ တကယ်ကို ကြိုးကြိုးစားစား လုပ်ကြတယ်။ ကျွန်တော်ကသူတို့ကိုအားမကျရုံတင်မကဘူး၊ ကြိတ်ပြီးတောင်ရယ်နေသေးတာ။ တစ်ခါက သစ်တွေပို့တော့ ကျွန်တော်က တစ်ခါကို သစ်တစ်စည်းပဲ သယ်ပေမယ့် တခြားညီအစ်ကိုတစ်ယောက်က နှစ်စည်းသယ်တယ်။ ကျွန်တော်က “ဘာလို့ကိုယ့်ကိုယ်ကိုယ်သေအောင်သတ်နေတာလဲ။ အရူးပဲ။ သယ်နိုင်လည်း သယ်ဖို့မှမလိုတာ။ အလကားအပင်ပန်းခံလို့” လို့တွေးမိတယ်။ တကယ်တော့ ကျွန်တော်ကသူ့ထက်ငယ်တာ။ တစ်ကြိမ်ကို နှစ်စည်းသယ်လည်း ကျွန်တော့်အတွက်ပြဿနာမရှိဘူး။ ဒါပေမဲ့ အဲဒီလောက်အများကြီးကို ပခုံးပေါ်သယ်ရင် ကျွန်တော်နာသွားလိမ့်မယ်။ ကျွန်တော်ဘာကိုမှလက်မခံခဲ့ပါဘူး။ ကျွန်တော်အလုပ်ကိုအချိန်ဖြုန်းပြီး လုပ်နေတာကိုတွေ့တော့ တခြားညီအစ်ကိုတွေက အလုပ်ကို အာရုံပိုစိုက်ဖို့ ကျွန်တော့်ကို ဝိုင်းပြောကြပေမယ့်လည်း ကျွန်တော်ဂရုမစိုက်ခဲ့ပါဘူး။ ကျွန်တော့် အလုပ်ပြီးအောင်လုပ်တာပဲ။ အဲဒီတော့ ကျွန်တော့်ကြောင့် ဘာမှမထိခိုက်ဘူးလို့ပဲထင်ခဲ့တယ်။ တာဝန်အပေါ်ထားတဲ့ ကျွန်တော့်ရဲ့သဘောထားကို မပြင်ခဲ့လို့၊ ဘုရားရဲ့တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမမှုက ကျွန်တော့်ဆီ ရောက်လာခဲ့တယ်။

ဒီနှစ် ဇူလိုင်လ ၂၁ ရက်နေ့မှာ ကျွန်တော်အလုပ်လုပ်နေတုန်း အဖွဲ့ခေါင်းဆောင်က ကျွန်တော် လူ့ဘာဝ ပျောက်ဆုံးနေပြီး တာဝန်မှာ ပျင်းနေတယ်၊ အဲဒါကြောင့် ကျွန်တော်နဲ့ဒီနေရာနဲ့ မကိုက်ညီဘူးလို့ ရုတ်တရက်ကြီးပြောလာတယ်။ အဲဒါကိုကြားတော့ ကျွန်တော့်စိတ်တွေ ဂယောက်ဂယက်ဖြစ်လာတယ်။ တာဝန်တစ်ခု မရှိရင်၊ ကျွန်တော်တော့ ဇာတ်သိမ်းပြီပဲ မဟုတ်လား။ ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက်တစ်ခုခု ကျွန်တော့်မှာ ရှိရဲ့လား။ ကျွန်တော်ပိုစိတ်ပျက်လာပြီးတော့ တော်တော်လေးစိတ်ဓာတ်ကျသွားတယ်။ ချက်ချင်းပဲ ကျွန်တော်ဘုရားသခင်ရှေ့မှောက်မှာ ဒူးထောက်ပြီးဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်၊ ကျွန်တော့်ကို ကိုယ်တော် ဒီလို ဖြစ်ခွင့်ပေးမှန်း သိပါတယ်။ ဒီကိစ္စမှာ ကိုယ်တော်ရဲ့ အလိုတော်ကို ကျွန်တော် နားမလည်သလို၊ ဘယ်လိုသင်ခန်းစာယူရမလဲဆိုတာကို မသိဘူးဖြစ်နေပါတယ်။ ကိုယ်တော်ရဲ့အမှုတော်ကို ကျိုးနွံနာခံပြီး အပြစ်မရှာဖို့ ကျွန်တော့်နှလုံးသားကို စောင့်ရှောက်ပေးတော်မူပါ။” ဆုတောင်းပြီးတော့ ကျွန်တော့်စိတ်အများကြီးတည်ငြိမ်သွားတယ်။ ကျွန်တော်ပစ္စည်းတွေထည့်ပြီး သွားတော့မယ်လုပ်တော့ တခြားညီအစ်ကိုတွေကို အဝေးကနေကြည့်မိတယ်။ သူတို့အကုန်လုံး ဟိုသွားဒီသွားနဲ့ အလုပ်ကိုတက်တက်ကြွကြွလုပ်နေကြတယ်။ ကျွန်တော်ကတော့ ထွက်သွားတော့မယ်။ ကျွန်တော် အရမ်းကို စိတ်မသက်မသာဖြစ်သွားတယ်။ ယုံကြည်သူတစ်ယောက်ဖြစ်လာတာ ၁၀ နှစ်ကျော်ပြီ။ ကိုယ့်ကိုယ်ကိုယ် သမ္မာတရားကို လိုက်စားပြီးတော့ စွန့်လွှတ်နိုင်တဲ့ သူတစ်ယောက်လို့ အမြဲတမ်းခံစားခဲ့ရတယ်။ တာဝန်တစ်ခုကနေ ထုတ်ပယ်ခံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။ ကျွန်တော်က တာဝန်ထမ်းဆောင်ဖို့တောင် အရည်အချင်းမမီဘူးဆိုတော့ ဘာလုပ်ရမလဲ။ အဖွဲ့ခေါင်းဆောင်က ကျွန်တော့်မှာ ဘာလို့ လူ့သဘာဝ ပျောက်ဆုံးနေတယ်လို့ ပြောလဲဆိုတာ နားမလည်ခဲ့ဘူး။ ယေဘူယျအားဖြင့် ကျွန်တော် သူများတွေနဲ့ ဘယ်လိုအငြင်းပွားမှုမျိုးမှ မရှိသလို၊ အားလုံးနဲ့လည်း အများသောအားဖြင့် အဆင်ပြေပါတယ်။ ကျွန်တော့်ရဲ့ လူ့သဘာဝမှာ မှားတာတစ်ခုမှ မရှိဘူးလို့ ခံစားရတယ်။ တာဝန်အတွက်ဆိုလည်း ကျွန်တော် ပင်ပင်ပန်းပန်းထမ်းဆောင်ခဲ့လို့ပဲထင်ခဲ့တယ်။ ဒါပေမယ့် ဘုရားက ဖြောင့်မတ်တယ်လို့ တွေးမိတယ်။ တကယ်လို့ ကျွန်တော်သာ တာဝန်ကို ကောင်းကောင်းထမ်းဆောင်ခဲ့ရင် အထုတ်ခံရမှာမဟုတ်ပါဘူး။ ကျွန်တော့်တာဝန်ကို ဆုံးရှုံးလိုက်ရပြီးတဲ့နောက်၊ တစ်ချိန်လုံး အရမ်း အလုပ်များနေစရာ၊ အလုပ်ကြိုးစားနေစရာ မလိုတော့ဘူး။ ဒါပေမဲ့ ကျွန်တော်အရမ်းစိတ်ပျက်ပြီးတော့ အရမ်းလည်းစိတ်ဓာတ်ကျမိတယ်။ ကျွန်တော်ဘုရားသခင်ရှေ့မှောက်မှာ တစ်ချိန်လုံး သွားဆုတောင်းခဲ့ပြီးတော့ ကိုယ့်ကိုယ့်ကိုယ်သိနိုင်အောင်လို့ အလင်းပြပေးပါလို့တောင်းဆိုခဲ့တယ်။ တစ်ကြိမ်မှာတော့ ဘုရားနှုတ်ကပတ်တော်တွေထဲက ဒါကို ဖတ်လိုက်ရတယ်။ “အချို့သော လူတို့သည် ဆိုးရွားသည့် မည်သည့်အရာကိုမျှ လုံးဝ မလုပ်ဆောင်ဖူးသကဲ့သို့၊ အခြားသူများ၏ ပိုင်ဆိုင်မှုများကို မခိုးဝှက်ဖူး သို့မဟုတ် အခြားလူတို့၏ ပစ္စည်းများကို မတပ်မက်ဖူးပါဟု အခိုင်အမာဆိုရင်း၊ ကောင်းမွန်သော လူသဘာဝကို ၎င်းတို့ ပိုင်ဆိုင်ကြသည်ဟု အမြဲ ကြွားဝါကြလေသည်။ အကျိုးစီးပွားများ အပေါ် အငြင်းပွားမှု တစ်ခုရှိသောအခါ၊ ဆုံးရှုံးမှု ခံစားဖို့ သာ၍ နှစ်သက်ရင်း ၎င်းတို့ကိုယ်တိုင် အနစ်နာခံခြင်းဖြင့် အခြားသူများကို အကျိုးခံစားခွင့်ပေးကာ ၎င်းတို့က လူကောင်းများဖြစ်သည်ကို အခြားသူတိုင်းက တွေးထင်ဖို့အလို့ငှာသာ မည်သည်မဆိုနှင့်ပတ်သက်၍ ဆိုးသောအရာတစ်ခုတစ်လေကို ၎င်းတို့ လုံးဝ မပြောကြသည်အထိပင် လုပ်ဆောင်ကြလေသည်။ သို့သော် ဘုရားသခင်၏ အိမ်တော်ထဲ၌ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်နေချိန်တွင်၊ ၎င်းတို့သည် အစဉ် မိမိတို့ကိုယ်တိုင်အတွက် ကြံစည်လျက်၊ ဉာဏ်များကာ စိတ်မချရပေ။ ၎င်းတို့သည် မည်သည့်အခါတွင်မျှ ဘုရားသခင့်အိမ်တော်၏ အကျိုးကျေးဇူးများကို မတွေးကြ၊ ဘုရားသခင်က အရေးတကြီးဖြစ်သည်ဟု သဘောထားသောအရာကို အရေးတကြီးဖြစ်သည်ဟု ၎င်းတို့ လုံးဝ သဘောမထားကြ သို့မဟုတ် ဘုရားသခင် တွေးသကဲ့သို့ မတွေးကြပေ၊ ပြီးလျှင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို လုံးဝ ဘေးမဖယ်ထားနိုင်ကြပေ။ ၎င်းတို့၏ အကျိုးစီးပွားများကို ၎င်းတို့ လုံးဝ မစွန့်လွှတ်နိုင်ကြချေ။ မကောင်းမှုပြုသူများက မကောင်းမှု ကျူးလွန်နေကြသည်ကို ၎င်းတို့ မြင်သည့်အချိန်တွင်ပင်၊ ထိုသူတို့ကို မဖော်ထုတ်ကြချေ။ ၎င်းတို့သည် မည်သည့်ကိုယ်ကျင့်တရားများ တစ်ခုတစ်လေမျှ မရှိကြပေ။ ဤသည်မှာ ကောင်းသောလူ့သဘာဝ၏ ဥပမာတစ်ခုမဟုတ်ပေ။ ထိုသို့သော လူတစ်ဦး ပြောသည့်အရာကို အာရုံမစိုက်လေနှင့်။ သူအသက်ရှင် နေထိုင်သည့်အရာ၊ သူ ထုတ်ဖော်ပြသည့်အရာနှင့် သူ၏ တာဝန်များကို ဆောင်ရွက်ချိန်တွင် သူ၏သဘောထား မည်သည့်အရာ ဖြစ်သည် ဆိုသည့်အပြင် သူ၏ အတွင်းပိုင်းအခြေအနေ မည်သည့်အရာ ဖြစ်ပြီး သူ မည်သည့်အရာ ချစ်သည်ကို သင် မြင်ရမည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဒီအရာအပေါ် ဆင်ခြင်ကြည့်တဲ့အခါ၊ အပေါ်ယံမှာ ကောင်းတာလေး နည်းနည်းလုပ်ခဲ့လို့ ကျွန်တော့်မှာ ကောင်းမွန်တဲ့ လူ့သဘာဝရှိတယ်လို့ ထင်ခဲ့မိတယ်။ ဒါပေမယ့် ဒါက သမ္မာတရားနဲ့ မကိုက်ဘူး။ ဘုရားက လူတစ်ယောက်ရဲ့ လူ့သဘာဝကို သူတို့ရဲ့ စွမ်းဆောင်ရည်နဲ့ တာဝန်အပေါ် သဘောထားတွေကို အခြေခံပြီး တရားစီရင်တယ်။ သူတို့ရဲ့ပုဂ္ဂိုလ်ရေးအကျိုးစီးပွားကို လျစ်လျူရှုပြီး ဘုရားအိမ်တော်ရဲ့ အကျိုးကို ထိန်းသိမ်းခြင်း ရှိမရှိဆိုတာနဲ့ပဲ ဆိုင်တယ်။ တကယ် လူ့သဘာဝကောင်း ရှိသူတစ်ယောက်က တာဝန်မှာ ဘုရားကို ဆက်ကပ်တယ်။ ဆင်းရဲဒုက္ခခံပြီး အဖိုးအခ ပေးနိုင်တယ်။ တကယ်အရေးကြုံလာရင် သူတို့တွေက သူတို့ရဲ့ခန္ဒာကို စွန့်လွှတ်ပြီးတော့ ဘုရားသခင်အိမ်တော်ရဲ့အလုပ်တွေကို ထိန်းသိမ်းနိုင်ကြတယ်။ အဲဒါပြီးတော့ ကျွန်တော့်မှာ တကယ်ပဲ လူ့သဘာဝရှိမရှိဆိုတာနဲ့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ အလင်းမှာ ကျွန်တော့်တာဝန်ကို ကျွန်တော် ဘယ်လိုသဘောထားခဲ့လဲဆိုတဲ့အပေါ် သုံးသပ်မိခဲ့တယ်။

ဒီစာပိုဒ်ကို ကျွန်တော်ဖတ်ခဲ့ပါတယ်။ “ဘုရားသခင်ခိုင်းစေသောအရာမှ အရင်းခံသည့် အရာအားလုံး၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ပတ်သက်သည့် အားထုတ်မှုနှင့် အလုပ်၏ ကဏ္ဍအမျိုးမျိုး၊ ဤအရာအားလုံးက လူသား၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်၊ ထိုအရာအားလုံးက လူသား၏ တာဝန်ပင်ဖြစ်သည်။ တာဝန်များ၏ အတိုင်းအတာမှာ အလွန်ကျယ်ပြန့်သည်။ တာဝန်များမှာ သင်၏ တာဝန်ဝတ္တရား ဖြစ်ပြီး၊ ၎င်းတို့မှာ သင်လုပ်ဆောင်သင့်သည့်အရာ ဖြစ်ကာ၊ အကယ်၍ ၎င်းတို့နှင့်ပတ်သက်ပြီး သင် အမြဲတမ်း တိမ်းရှောင်နေလျှင် ပြဿနာရှိပေသည်။ လျှော့ပြောရလျှင်၊ သင်သည် အလွန်ပျင်းရိပြီး အလွန်လှည့်ဖြားတတ်သည်၊ သင်သည် အချောင်ခိုပြီး အားလပ်ချိန်ကို နှစ်သက်ကာ အားထုတ်မှုကို စက်ဆုပ်သည်။ ပို၍လေးနက်စွာ ဆိုရလျှင် သင်သည် သင့်တာဝန်ကို ထမ်းဆောင်လိုစိတ်မရှိ၊ သင်၌ ဆက်ကပ်မှုမရှိ၊ နာခံမှုမရှိပါပေ။ သင်သည် ဤသေးငယ်သော အလုပ်တာဝန်ထဲ၌ပင် လုံ့လမစိုက်ထုတ်နိုင်လျှင် မည်သည့်အရာ လုပ်နိုင်သနည်း။ မည်သည့်အရာကို သင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်စွမ်း ရှိသနည်း။ အကယ်၍ လူတစ်ဦးသည် အမှန်တကယ် ဆက်ကပ်ပြီး သူ၏တာဝန်သိစိတ်ရှိပါက၊ ယင်းကို ဘုရားသခင် တောင်းဆိုနေသရွေ့၊ ထို့ပြင် ယင်းကို ဘုရားသခင်၏အိမ်တော်မှ လိုအပ်နေသရွေ့ သူ့အား ခိုင်းစေသည့်အရာတိုင်းကို မရွေးဘဲ သူလုပ်ဆောင်လိမ့်မည်။ သူသည် သူလုပ်နိုင်သည့်အရာနှင့် လုပ်သင့်သည့်အရာတိုင်းကို တာဝန်ယူကာ ပြီးမြောက်လိမ့်မည်။ ဤသည်မှာ လူတို့ နားလည်ပြီး စွမ်းဆောင်သင့်သည့် အရာလော။ (ဟုတ်ပါသည်။) လူတစ်ချို့က သဘောမတူဘဲ၊ ‘သင်တို့သည် စူးရှအေးမြသောလေ သို့မဟုတ် ချစ်ချစ်တောက်ပူသောနေကို တစ်နေကုန် သည်းညည်းခံစရာမလို၊ မည်သည့်အခက်အခဲကိုမျှ ခံစားစရာ မလိုပါပေ။ သင့်အနေဖြင့် သဘောတူလျက် ခေါင်းတညိတ်ညိတ်လုပ်နေရန် လွယ်ကူသော်လည်း၊ အကယ်၍ သင့်အား ချစ်ချစ်တောက်ပူသော နေရောင်အောက်သို့ နာရီအနည်းငယ် ထွက်သွားခိုင်းပါက သင် ခေါင်းညိတ်မည်လော’ ဟု ဆိုကြသည်။ ဤစကားတို့က မမှားပါပေ။ အရာရာတိုင်းမှာ အလုပ်ထက် အပြောက ပိုလွယ်ပေသည်။ တစ်ဖက်တွင် လူတို့က အမှန်တကယ် ပြုမူဆောင်ရွက်သည့်အခါ သင်သည် သူတို့၏ စရိုက်လက္ခဏာကို ကြည့်ရမည်ဖြစ်ပြီး အခြားတစ်ဖက်တွင် သမ္မာတရားကို သူတို့ အဘယ်မျှချစ်သည်ကို သင် ကြည့်ရမည်ဖြစ်သည်။ ဦးစွာ လူတို့၏ လူ့သဘာဝအကြောင်းကို ပြောကြပါစို့။ အကယ်၍ လူတစ်ဦး၌ ကောင်းသောစရိုက်ရှိပါက သူသည် အရာရာတိုင်း၏ အပြုသဘောဆောင်သောဘက်ကို မြင်တတ်သည်၊ အမှုအရာများကို ခံယူပြီး ယင်းတို့ကို အပြုသဘောနှင့် လိုလားတက်ကြွသော ရှုထောင့်မှနေ၍ မြင်တတ်ရန် ကြိုးစားသည်။ ယင်းမှာ သူ၏ စိတ်နှလုံး၊ စရိုက်လက္ခဏာနှင့် နဂိုစိတ်ရင်းတို့က ဖြောင့်မတ်ခြင်းဖြစ်သည်- ယင်းမှာ စရိုက်လက္ခဏာရှုထောင့်မှ ဖြစ်သည်။ အခြားကဏ္ဍမှာ သမ္မာတရားကို သူတို့ အဘယ်မျှချစ်သည် ဟူသည့်အရာဖြစ်သည်။ ဤအရာက မည်သည့်အရာနှင့် ဆက်စပ်သနည်း။ ယင်းက ဆိုလိုသည်မှာ တစ်စုံတစ်ခုနှင့် ပတ်သက်၍ သင့်ခေါင်းထဲရှိ အယူအဆများ၊ အတွေးများနှင့် ရှုထောင့်များက သမ္မာတရားနှင့် မည်မျှကိုက်ညီသည်ဖြစ်စေ၊ သင် မည်မျှနားလည်သည်ဖြစ်စေ သင်သည် ဘုရားသခင်ထံမှ ထိုအရာကို လက်ခံနိုင်ခြင်း ဖြစ်သည်။ သင်သည် နာခံတတ်ပြီး ရိုးသားစစ်မှန်သည်မှာ လုံလောက်ပေသည်။ သင်သည် နာခံတတ်ပြီး ရိုးသားစစ်မှန်သောအခါ သင် အလုပ်လုပ်သည့်အခါ၌ အရှိန်မလျှော့ဘဲ အမှန်တကယ် လုံ့လစိုက်ထုတ်သည်။ အလုပ်၌ သင့်စိတ်နှလုံးကို နစ်မြှုပ်သည့်အခါ သင့်လက်များက အံဝင်ခွင်ကျ လိုက်လာသည်။ သင် စိတ်ပျက်အားလျော့သောအခါ၊ ကြိုးစားမှုကို ရပ်တန့်လိုက်သောအခါ သင်သည် လှည့်စားတတ်စပြုလာပြီး သင့်စိတ်က- ‘ညစာစားချိန်က မည့်သည့်အချိန်နည်း။ အဘယ်သို့ အလွန် စောနေသေးသနည်း။ အလွန် စိတ်တိုစရာ ကောင်းသည်၊ ဤမဆုံးနိုင်သော အလုပ်ကို ကျွန်ုပ် ဘယ်တော့ပြီးစီးမည်နည်း။ ကျွန်ုပ် လူနုံလူအမဟုတ်။ မလုပ်မဖြစ် အနည်းဆုံးပမာဏကိုသာ လုပ်ဆောင်မည်၊ ဤအရာထဲတွင် ကျွန်ုပ်၏ ကြိုးပမ်းမှုအားလုံးကို စိုက်ထုတ်မည်မဟုတ်’ ဟု စတင်၍ စဉ်းစားလာသည်။ ဤလူ၏ စရိုက်လက္ခဏာကား အသို့နည်း။ သူ၏ ရည်ရွယ်ချက်များက ဖြောင့်မတ်သလော။ (မဖြောင့်မတ်ပါ။) သူသည် ဖော်ထုတ်ခြင်းကို ခံရလေပြီ။ ထိုသို့သောလူတို့က သမ္မာတရားကို ချစ်သလော။ သူတို့က သမ္မာတရားကို မည်မျှချစ်သနည်း။ သူတို့တွင် အလုပ်လုပ်လိုစိတ် စိုးစဉ်းသာရှိသည်။ သူတို့၏ အသိစိတ်က သိပ်မဆိုးလှ၊ အနည်းအကျဉ်း လုပ်နိုင်သေးသော်လည်း၊ သူတို့သည် အမှန်တကယ် လုံ့လစိုက်ထုတ်နေသည် မဟုတ်ပေ။ သူတို့သည် အမြဲတမ်း အားထုတ်မှုလျှော့ချရန် ကြိုးစားနေကြကာ၊ သူတို့ကို ကြည့်ကောင်းစေမည့် အရာများကိုသာ လုပ်ချင်ကြသည်။ အလုပ်လုပ်ရန် အချိန်ကျသောအခါ ယင်းသည် သူတို့၏ တိတ်တခိုး အန္တရာယ်ပေးနိုင်သော အကြံအစည်များနှင့် ကောက်ကျစ်စဉ်းလဲသော ရည်ရွယ်ချက်များ ပေါ်လာသောအချိန်၊ သူတို့၏ ဆိုးညစ်သောအတွေးများ ဖြစ်ပေါ်လာပြီး သူတို့ကိုယ်သူတို့ ပြသမြဲပြသသည့်အချိန် ဖြစ်လေသည်။ ဤကဲ့သို့သော လူတို့သည် နှေးကွေးစွာနှင့် ထိရောက်မှုမရှိဘဲ အလုပ်လုပ်ကြသည်။ သူတို့သည် ပစ္စည်းကိရိယာများနှင့် တန်ဆာပလာတို့ကို အမြဲ ဖျက်ဆီးနေကြသည်။ အခြားလူတို့က ယင်းကို သိရှိရန် အချိန်ကြာကောင်း ကြာနိုင်သော်လည်း၊ သူတို့၏စိတ်ထဲ၌ ဆိုးညစ်သော အတွေးတစ်ခု ရှိလျှင်ရှိချင်း၊ သမ္မာတရားနှင့် ဆန့်ကျင်သည့် အတွေးတစ်ခု သူတို့အထဲ၌ ပေါက်ဖွားလျှင်ပေါက်ဖွားချင်း ဘုရားသခင်က သိရှိပြီး တွေ့မြင်လေသည်။ သို့သော်လည်း သူတို့က မိမိတို့ကိုယ်ကိုယ်၊ ‘ကျွန်ုပ် အဘယ်မျှ ပါးနပ်သည်ကို ကြည့်လော။ ကျွန်ုပ်တို့ နှစ်ဦးစလုံးက တူညီသောအစာကို စားကြပြီ၊ သို့သော် ယင်းက ကျွန်ုပ်ကို ဘာမျှ မကုန်ကျစေခဲ့ပေ။ သင်တို့၏အလုပ်ကို ပြီးစီးသည့်နောက်တွင် သင်တို့ လုံးလုံး ခြေကုန်လက်ပန်းကျပြီ၊ သို့သော် ကျွန်ုပ်ကိုကြည့်လော့၊ ကျွန်ုပ်အတွက် များစွာ ပိုသက်သာသည်။ ကျွန်ုပ်သည် ပါးနပ်သောသူ ဖြစ်သည်။ အလုပ်ကြိုးစားသောသူများမှာ အားလုံး လူနုံလူအများဖြစ်ကြသည်။’ ဟု စိတ်ကူးကြလေသည်။ အမှန်အားဖြင့် တော်သောသူတို့မှာ ‘လူနုံလူအများ’ ဖြစ်ကြသည်။ သူတို့ကို မည်သည့်အရာက တော်စေသနည်း။ သူတို့က ‘ဘုရားသခင် ကျွန်ုပ်အား မခိုင်းသော မည့်သည့်အရာကိုမျှ ကျွန်ုပ်မလုပ်သကဲ့သို့၊ သူ ကျွန်ုပ်အား ခိုင်းသောအရာ ဟူသမျှကို ကျွန်ုပ်လုပ်သည်။ သူခိုင်းသော မည်သည့်အရာကိုမဆို ကျွန်ုပ်လုပ်ပြီး၊ ၎င်းကို ကျွန်ုပ်၏စိတ်နှလုံးအား ၁၂၀ ရာခိုင်နှုန်းပေးကာ နစ်ထားသည်၊ ယင်းထဲတွင် ကျွန်ုပ်လုပ်နိုင်သည့် အရာဟူသမျှကို နစ်ထားပြီး လှည့်စားမှု လုံးဝမသုံးပါချေ။ ကျွန်ုပ်သည် ဤအရာကို မည်သူ့အတွက်မျှ လုပ်နေသည်မဟုတ်၊ ဘုရားသခင်အတွက် လုပ်နေခြင်းဖြစ်ပြီး၊ ဘုရားသခင် တွေ့ရှိရန်အတွက် ဘုရားသခင့် ရှေ့မှောက်တွင် လုပ်နေခြင်းဖြစ်သည်။ ယင်းကို လူတစ်ယောက်ယောက်က မြင်ရန် ပြုလုပ်နေခြင်းမဟုတ်’ ဟု ပြောတတ်ကြသည်။ သို့ဆိုလျှင် ရလဒ်မှာ အဘယ်နည်း။ အုပ်စုတစ်စုက လူတို့ကို သုတ်သင်ဖယ်ရှင်းသော်လည်း ‘လူနုံလူအများ’ က ဆက်လက်တည်ရှိနေသည်။ အခြားအုပ်စုတစ်ခုတွင် လူအချို့မှာ ဖော်ထုတ်ခြင်းခံရသော်လည်း ‘လူနုံလူအများ’ က မခံရပေ။ ထို့အစား သူတို့၏ အခြေအနေမှာ ပို၍ပို၍ ကောင်းမွန်လာပြီး၊ သူတို့အပေါ် ကျရောက်သောအရာ မှန်သမျှတွင် ဘုရားသခင်၏ ကာကွယ်ခြင်းကို ခံရသည်။ သို့ဆိုလျှင် ဤကာကွယ်မှုကို သူတို့အား မည်သည့်အရာက ရရှိစေသနည်း။ သူတို့၏ စိတ်နှလုံးထဲတွင် ရိုးသားကြသည်။ သူတို့သည် ခက်ခဲမှု သို့မဟုတ် ခြေကုန်လက်ပန်းကျခြင်းကို မကြောက်ရွံ့ကြသကဲ့သို့၊ သူတို့အား တာဝန်ပေးစေခိုင်းသည့် အရာတစ်ခုတစ်လေနှင့် ပတ်သက်၍ ဇီဇာမကြောင်တတ်ပေ။ သူတို့သည် ဘာ့ကြောင့်နည်းဟု မမေးတတ်၊ သူတို့အား ပြောထားသည့်အတိုင်းပင် လုပ်တတ်ကြသည်၊ သူတို့သည် ဆန်းစစ်ခြင်း သို့မဟုတ် ပိုင်းခြားစိတ်ဖြာခြင်း၊ သို့မဟုတ် အခြား မည်သည့်အရာကိုမျှ ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ နာခံကြသည်။ သူတို့၌ ခိုးကြောင်ခိုးဝှက် အကြံအစည်များ မရှိဘဲ အရာခပ်သိမ်း၌ နာခံနိုင်စွမ်း ရှိကြသည်။ သူတို့၏ အတွင်းပိုင်းအခြေအနေမှာ အမြဲတမ်း အလွန် ပုံမှန်ဖြစ်သည်။ အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ၊ ဘုရားသခင်က သူတို့ကို ကာကွယ်ပေးသည်။ ဖျားနာခြင်းနှင့် ကပ်ရောဂါတို့ သူတို့အပေါ် ကျရောက်သောအခါ၌လည်း ဘုရားသခင်က သူတို့ကို ကာကွယ်ပေးသည်၊ သူတို့သည် အလွန် ကောင်းချီးခံစားရပေသည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ အခြေခံသဘောတရားများကို လူသိရှင်ကြား မထီမဲ့မြင်ပြုပြီး ဘုရားသခင့်အိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၄)”) အဲဒါကို ဖတ်ပြီးတော့ ကျွန်တော်သေချာ လက်ခံယုံကြည်သွားတယ်။ ဘုရားနှုတ်ကပတ်တော်တွေက တာဝန်မှာထားတဲ့ ကျွန်တော့်ရဲ့ ရှုထောင့်အမြင်၊ သဘောထားနဲ့ အခြေအနေကို လုံးဝ ဖွင့်ချလိုက်တယ်။ ပြီးတော့ ဘုရားက ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်ထဲ အမှန်တကယ် မြင်နိုင်တာကို တွေ့လိုက်ရတယ်။ ကျွန်တော့်တို့ရဲ့လုပ်ဆောင်ချက်တိုင်း၊ လှုပ်ရှားမှုတိုင်းနဲ့ တွေးလိုက်တဲ့အတွေးတိုင်းကို သူကစောင့်ကြည့်နေတယ်။ ကျွန်တော့်တာဝန်ကို စလုပ်တုန်းက၊ ကိုယ့်ကိုယ်ကိုယ် ဘုရားအတွက် အသုံးတော်ခံပြီး သူ့ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ ဆုံးဖြတ်ချက် အပြည့်ရှိခဲ့တယ်။ ဒါပေမဲ့ အချိန်ကြာလာတော့ ကျွန်မ အားပိုစိုက်ထုတ်ပြီး ဆင်းရဲဒုက္ခ ပိုခံလိုက်တာနဲ့ ကျွန်တော့်ရဲ့ စစ်မှန်တဲ့ သဘာဝက သူ့ဘာသာ ပေါ်လာတယ်။ ကျွန်တော့်တာဝန်မှာ စပြီးရေသာခိုလာသလို အလုပ်နည်းနည်းလုပ်ပြီး ရှောင်ထွက်ဖို့ ကြိုးစားလာတယ်။ အလုပ်အပိုနည်းနည်းလေး လုပ်ရပြီးတော့ လူပါ ပင်ပန်းလာတဲ့အခါကျရင် ပေကပ်ကပ်ဖြစ်လာပြီးတော့ ကျွန်တော့်အပေါ် မတရားသလိုခံစားလာရပါတယ်။ သူများတွေအကုန်လုံးက စိတ်ပါလက်ပါနဲ့ လုပ်ပြီးတော့ ပင်ပန်းမှာမကြောက်တဲ့အချိန်မှာ ကျွန်တော်ကတော့ အချိန်ဆွဲပြီး လွယ်မယ့်ဟာလေးတွေကို ရွေးလုပ်ခဲ့တယ်။ ညီအစ်ကိုတစ်ယောက်က ပင်ပင်ပန်းပန်းလုပ်နေတာကိုမြင်တော့ ကျွန်တော် ပါးနပ်တယ်လို့ တွေးရင်းနဲ့ သူ့ကို အလိုက်တာလို့ ကြိတ်ရယ်မိခဲ့တယ်။ ကျွန်တော့်တာဝန်ကို မပင်မပန်းနဲ့ ပြီးသွားပြီး ဘုရားရဲ့ ကောင်းချီးကိုလည်း ကျွန်တော်က မွေ့လျော်နေတုန်းပဲ။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။ ကျွန်တော့်တာဝန်မှာ ပုဂ္ဂိုလ်ရေး အရှုံးအမြတ်တွေကိုတောင် ကျွန်တော် တွက်နေမိခဲ့တယ်။ အဲဒါ အရမ်းကောက်ကျစ်ပြီး စက်ဆုပ်စရာကောင်းတယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက အခြားသူတွေ အစွမ်းကုန်ကြိုးစားတာကို လှောင်ရယ်ခဲ့ချိန်မှာ ကျွန်တော်ကသာ တကယ် အတဲ့သူဖြစ်မှန်း ပြသလိုက်ပါတယ်။ အဲဒီညီအစ်ကိုတွေအားလုံးထဲမှာ ကျွန်တော်က ရူးတယ်လို့ထင်ခဲ့တဲ့ ဘယ်သူမှ တာဝန်ကိုမဆုံးရှုံးခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်ကသာ ပါးနပ်တယ်လို့ ထင်ခဲ့ပေမယ့် အထုတ်ခံလိုက်ရပြီး အစေခံခွင့် ဆုံးရှုံးခဲ့ရတယ်။ ကျွန်တော်က ကိုယ့် “ပါးနပ်မှု”ကြောင့် ကိုယ်တိုင်ပြန်ခံရတဲ့သူပဲ။ “မိုက်မဲသူ” လို့ အခေါ်ခံထိုက်တာ ကျွန်တော်ဖြစ်ပြီး၊ ကျွန်တော့်တာဝန်ကို အဲဒီလို လုပ်ခဲ့တာက ဘုရားအတွက် စက်ဆုပ်စရာ ဖြစ်ခဲ့တယ်။ တာဝန်ကို ကောင်းကောင်းလုပ်တာက အဖန်ဆင်းခံတစ်ယောက်ရဲ့ စေခိုင်းချက်၊ ဘဝတာဝန်တစ်ခု ဖြစ်သင့်သလို၊ ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို ပေးအပ်ထားတဲ့ အရာတစ်ခုပဲ ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်က နေ့စားအလုပ်သမား တစ်ယောက်ထက် ဘာမှမပိုသလို ပြုမူခဲ့ပါတယ်။ ပြီးစလွယ်ပဲလုပ်ခဲ့ပြီးတော့ ဘာတာဝန်ယူမှုမှမရှိခဲ့ပါဘူး။ ဖန်ဆင်းခံတစ်ယောက်မှာရှိသင့်တဲ့ အသိတရားနဲ့ အသိစိတ် လုံးဝပျောက်ဆုံးခဲ့ပြီးတော့ အိမ်စောင့်ခွေးလောက်တောင် တန်ဖိုးမရှိခဲ့ပါဘူး။ အနည်းဆုံးတော့ ခွေးက သူ့သခင်အပေါ်ကျိုးနွံပြီးတော့ ခြံကိုစောင့်ရှောက်သေးတယ်။ နောက်ပြီးတော့ သခင်က ဘယ်လိုပဲဆက်ဆံ ဆက်ဆံ သစ္စာလည်းရှိတယ်။ ဒါပေမဲ့ ကျွန်တော်ကျတော့ ဘုရားထောက်ပံ့ပေးတဲ့ အရာကို စားသောက်နေခဲ့ပြီး၊ သူ့ကျေးဇူးတော်‌ ကောင်းချီးတွေကို မွေ့လျော်နေခဲ့ပေမယ့်၊ သူပေးအပ်ထားတဲ့ တာဝန်တွေကိုတော့ ကျေပွန်အောင်မထမ်းဆောင်ခဲ့ဘူး။ ကျွန်တော်က သတ္တဝါတစ်ကောင်လောက်တောင် အဆင့်မရှိဘဲ လူလို့မခေါ်ထိုက်ခဲ့ပါဘူး။ တာဝန်ကနေ ဖယ်ရှားခံလိုက်ရတာက ဘုရားသခင်ရဲ့ဖြောင့်မတ်တဲ့ စိတ်သဘောထား သရုပ်သကန် ပါပဲ။ ကျွန်တော်ရဲ့တော်လှန်ပုန်ကန်မှုကြောင့်ပဲ အဲဒီလိုဖြစ်လာခဲ့တာပါ။ ဘာမှသံသယဖြစ်စရာမရှိပါဘူး။

နောက်တော့ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ဒါကိုဖတ်ခဲ့ရတယ်။ “သင်၏ တာဝန်ကို ဆောင်ရွက်သည့်အခါ စစ်မှန်သော အဖိုးအခနှင့် သစ္စာစောင့်သိခြင်း မရှိပါက၊ ယင်းသည် စံနှုန်းမမီပေ။ ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းနှင့် သင်၏တာ၀န်ကို ထမ်းဆောင်ခြင်းကို သင်အလေးအနက် မခံယူပါက၊ မယုံကြည်သူ တစ်ဦးက သူ့သူ‌ဌေး၏အလုပ်ကို လုပ်နေသကဲ့သို့ အမြဲ ဟန်ဆောင်လုပ်ပြနေပြီး သင်၏ လုပ်ဆောင်ချက်များကို ဝတ်ကျေတန်းကျေလုပ်ပါက၊ ကြုံလျှင်ကြုံသလို အိုးနင်းခွက်နင်းနှင့် လုပ်ဆောင်သွားရင်း၊ ပြဿနာများကို မြင်သည့်အခါ လျစ်လျူရှုလျက်၊ တစ်စုံတစ်ရာ ဖိတ်စင်နေသည်ကို မြင်ပြီး ဆေးကြောသန့်စင်ခြင်း မပြုသကဲ့သို့၊ သင်၏ ကိုယ်ကျိုးအဖို့ မဟုတ်သောအရာတိုင်းကို လက်လွတ်စပယ် အရေးမထားလျက်၊ အဖြစ်သဘော အားထုတ်မှုတစ်ခုကို မည်ကာမတ္တ ပြုလုပ်ပါက- ဤသည်မှာ ပြဿနာ မဟုတ်လော။ ဤကဲ့သို့သော သူတစ်ဦးသည် ဘုရားသခင်၏ အိမ်တော်သားတစ်ဦး အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ထိုသို့သော လူများသည် အပြင်လူများ ဖြစ်ကြ၏။ ဘုရားသခင်၏ အိမ်တော်နှင့် မသက်ဆိုင်ကြချေ။ သင်သည် တာဝန်ဆောင်ရွက်သည့်အချိန်တွင် စစ်မှန်မှုရှိမရှိ၊ လေးနက်မှုရှိမရှိ ဆိုသည်ကို သင်၏စိတ်နှလုံးထဲတွင် ရှင်းရှင်းလင်းလင်းဖြစ်ပြီး၊ ဘုရားသခင်သည်လည်း အလေးဂရုပြု၏။ ထို့ကြောင့်၊ သင်၏ တာဝန်ကို ဆောင်ရွက်ခြင်းအား သင် အလေးအနက် သဘောထားဖူးသလော။ ယင်းကို သင် စိတ်ပါလက်ပါ ရှိဖူးသလော။ သင်၏ တာဝန်၊ သင်၏ ဝတ္တရားအဖြစ် သဘောထားဖူးသလော။ ယင်းကို သင် တာဝန်ခံမှုရှိဖူးသလော။ သင်၏ တာဝန်ကို ဆောင်ရွက်ချိန်တွင် ပြဿနာတစ်ခု ရှာတွေ့သည့်အခါ သင် ထုတ်ပြောဖူးပါသလော။ ပြဿနာတစ်ခုကို ရှာတွေ့ပြီးနောက် သင် ဘယ်သောအခါမျှ ထုတ်မပြောဖူးသကဲ့သို့ ထုတ်ပြောရန် တွေးပင်မတွေးဖူးပါက၊ ထိုသို့သော အရာများ၌ ပတ်သက်ဖို့ ဆန္ဒမရှိဘဲ၊ ဒုက္ခနည်းလေ ကောင်းလေဟု တွေးပါက- ယင်းသည် ထိုအရာများအပေါ် သင် ထားသည့် အခြေခံသဘောတရားဖြစ်ပါက၊ သင်သည် သင်၏တာဝန်ကို ဆောင်ရွက်နေခြင်း မဟုတ်ပေ။ သင်သည် ကိုယ်တိုင်ကြိုးစားရုန်းကန်မှုဖြင့် အသက်ရှင်နေခြင်းဖြစ်ပြီး အစေခံမှုကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ အစေခံသူများသည် ဘုရားသခင်၏ အိမ်တော်နှင့် မသက်ဆိုင်ပေ။ ၎င်းတို့သည် ဝန်ထမ်းများဖြစ်ကြသည်။ မိမိတို့၏ အလုပ်ပြီးစီးပြီးနောက် ၎င်းတို့သည် မိမိတို့ ငွေကို ယူပြီး ထွက်သွားကြသည်၊ အသီးသီး ကိုယ့်လမ်းကိုယ် သွားကြပြီး အချင်းချင်း သူစိမ်းဖြစ်သွားကြသည်။ ယင်းမှာ ဘုရားသခင်၏ အိမ်တော်နှင့် ၎င်းတို့၏ ဆက်ဆံရေး ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်သားများမှာ မတူပေ။ ဘုရားသခင်၏အိမ်တော်ရှိ အရာရာတိုင်းအပေါ် ၎င်းတို့ အပတ်တကုတ် လုပ်ဆောင်ကြသည်၊ တာဝန်ယူကြသည်၊ ၎င်းတို့၏ မျက်စိများက ဘုရားသခင်၏ အိမ်တော်ထဲတွင် လိုအပ်သည့်အရာကို မြင်ပြီး ထိုအလုပ်ကို စိတ်ထဲတွင်ထားကြသည်၊ ၎င်းတို့ တွေးကာမြင်သည့် အရာရာတိုင်းကို ၎င်းတို့ မှတ်မိကြသည်၊ ၎င်းတို့သည် လေးလံသောဝန်ကို ထမ်းကြသည်၊ တာဝန်သိစိတ်ရှိကြသည်- ဤသူများမှာ ဘုရားသခင်၏ အိမ်တော်သားများ ဖြစ်ကြပေသည်။ ဤအဆင့်ကို သင်တို့ ရောက်ကြပြီးပြီလော။ (မရောက်ကြသေးပါ) သို့ဆိုလျှင် သင်တို့အနေဖြင့် လုပ်စရာ များစွာကျန်သေး၏၊ ထို့ကြောင့် သင်တို့ ဆက်လက် ဆည်းပူးရမည်။ သငအနေဖြင့် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ အိမ်တော်သားတစ်ဦးဟု မယူဆဘဲ၊ သင့်ကိုယ်သင် ဖယ်ရှင်းပါက၊ ဘုရားသခင်သည် သင့်အပေါ် မည်သို့ကြည့်မြင်ပါသနည်း။ ဘုရားသခင်သည် သင့်ကို အပြင်လူတစ်ဦးအဖြစ် သဘောမထားပေ။ မိမိကိုယ်ကိုယ် ကိုယ်တော်၏ အိမ်တံခါး အလွန်တွင် ထားရှိသူမှာ သင် ဖြစ်၏။ ထို့ကြောင့်၊ အရှိကိုအရှိအတိုင်း ပြောဆိုပါက၊ သင်သည် အဘယ်လူစားမျိုး အတိအကျဖြစ်သနည်း။ သင်သည် ကိုယ်တော်၏ အိမ်တော်ထဲတွင် မရှိပေ။ ဤအရာသည် ဘုရားသခင် ပြောဆို၊ ဆုံးဖြတ်သောအရာနှင့် သက်ဆိုင်မှုတစ်ခုတစ်လေ ရှိသလော။ သင်၏ နိဂုံးနှင့် အနေအထားကို ဘုရားသခင်၏ အိမ်တော်ပြင်ပတွင် ထားရှိသူမှာ သင်ဖြစ်၏- အခြား အပြစ်တင်စရာ မည်သူရှိပါသနည်း။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “တာဝန်ကို ကောင်းမွန်စွာ ဆောင်ရွက်ခြင်းက အနည်းဆုံးအနေဖြင့် အသိစိတ်တစ်ခု လိုအပ်သည်”) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆကြည့်တဲ့အခါ၊ အရာခပ်သိမ်းမှာ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ထည့်တွက်ပြီး ဘုရားအိမ်တော်ကို ကိုယ့်အိမ်လို မြင်တာက ဘုရားကို စိတ်ကျေနပ်စေပြီး နှစ်သိမ့်မှု ပေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းမှန်း ကျွန်တော် နားလည်သွားခဲ့တယ်။ အဲဒါကသာ ဘုရားသခင်အိမ်တော်ရဲ့ အိမ်သားတစ်ယောက်ဖြစ်ဖို့ တစ်ခုတည်းသောနည်းလမ်းပါပဲ။ ကျွန်တော်က ဘုရားအိမ်တော်မှာ တာဝန်ထမ်းဆောင်နေခဲ့ပေမယ့်၊ ကျွန်တော့်တာဝန်အပေါ် ကျွန်တော့်ရဲ့ သဘောထားနဲ့ ချဉ်းကပ်ပုံကြောင့်၊ ဘုရားသခင်ရဲ့စစ်မှန်တဲ့ မိသားစုဝင်တစ်ယောက်မဖြစ်ခဲ့ပါဘူး။ စိတ်မပါဘဲ အပေါ်ယံ အားထုတ်ကြိုးပမ်းရင်းနဲ့ ဘုရားအိမ်တော်ရဲ့ ဝန်ထမ်းတစ်ယောက်လို ဖြစ်ခဲ့တယ်။ ကျွန်တော့်အတွက် တိုက်ရိုက် အကျိုးမရှိတဲ့ ဘာကိုမဆို စိတ်နှစ်ထားခြင်းမရှိခဲ့ပါဘူး။ ကျွန်တော် တကယ်ကို လုံးဝ လူ့သဘာဝ ကင်းမဲ့ပြီး၊ ဂုဏ်သိက္ခာလည်း ဘာဆိုဘာမှ မရှိခဲ့တာ မြင်ရတယ်။ ကျွန်တော်က အစေခံသူတစ်ယောက် ဖြစ်ဖို့တောင်မထိုက်ခဲ့ဘူး- ကျွန်တော်က မယုံကြည်သူတစ်ယောက်ပါပဲ။ ကျွန်တော်က အသင်းတော်မှာ ဘယ်တာဝန်ကိုမှ ထမ်းဆောင်ဖို့ လုံးဝမထိုက်တန်ခဲ့ပါဘူး။

အဲဒီနောက်မှာတော့ ကျွန်တော် ဘုရားသခင်ကို တောက်လျှောက် တောင်းပန်ပြီး ဆုတောင်းခဲ့ပါတယ်။ တာဝန်မှာ အဲဒီလို သဘောထားမျိုးရှိဖို့ ဘာက ကျွန်တော့်ကို နေရယူခဲ့လဲဆိုတာကို တွေးနေမိခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ဒါကို ကျွန်တော် ဖတ်ခဲ့ရတယ်။ “လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို ရရှိပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။ အတိအကျဆိုရလျှင် ထိုသဘာဝဗီဇကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဥပမာ၊ သင်သည် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရသနည်း။ သင်၏ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်ကို အဘယ်ကြောင့် ကာကွယ် သနည်း။ သင်သည် အဘယ်ကြောင့် ထိုသို့သော အားကောင်းသည့် စိတ်ခံစားချက်များ ရှိသနည်း။ ထိုမဖြောင့်မတ်သော အရာများကို သင်သည် အဘယ်ကြောင့် မွေ့လျော်ခံစားသနည်း။ သင်သည် အဘယ်ကြောင့် ထိုမကောင်းမှုများကို နှစ်သက်သနည်း။ ထိုသို့သော အရာများကို သင်၏ ကြိုက်နှစ်သက်ခြင်း၏ အခြေခံအကြောင်းရင်းက အဘယ်နည်း။ ဤအရာတို့သည် အဘယ်အရပ်က လာကြသနည်း။ ၎င်းတို့အား လက်ခံသည်ကို သင် အဘယ်ကြောင့် အလွန်ပျော်ရွှင်နေသနည်း။ ဤအရာများအားလုံး၏ နောက်ကွယ်ရှိ အဓိက အကြောင်းရင်းမှာ သင်တို့အတွင်းတွင် စာတန်၏အဆိပ်ရှိခြင်းကြောင့် ဖြစ်ကြောင်း ယခုတွင် သင်တို့အားလုံး နားလည်လာကြပြီ။ စာတန်၏အဆိပ်မှာ မည်သည့်အရာဖြစ်ကြောင်းနှင့် ပတ်သက်၍၊ ယင်းကို စကားလုံးများဖြင့် အပြည့်အဝ ဖော်ပြနိုင်၏။ ဥပမာအားဖြင့်၊ သင်က ‘လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း’ ဟု မေးပါက၊ သူတို့က ‘လူတိုင်း ကိုယ့်အတွက်သာ ကိုယ်ကြည့်ပြီး၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သည်’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ တွေးခေါ်မှုစနစ်သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာနောက်သို့ လိုက်သည်ဖြစ်စေ၊ မိမိတို့ကိုယ်တိုင်အတွက်သာ လုပ်ဆောင်ခြင်းဖြစ်သည်— ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက်နှင့် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ စာတန်၏ ဤစကားများမှာ အတိအကျဆိုရလျှင် စာတန်၏ အဆိပ်ဖြစ်ပြီး၊ လူတို့က ယင်းကို နှလုံးသွင်းကြသည့်အခါတွင်၊ ယင်းသည် သူတို့၏ သဘာဝဗီဇ ဖြစ်လာသည်။ စာတန်၏ သဘာဝဗီဇမှာ ဤစကားလုံးများအားဖြင့် ထုတ်ဖော်ခြင်းခံရသည်။ ယင်းတို့က ၎င်းကို လုံးလုံး ကိုယ်စားပြု၏။ ဤအဆိပ်သည် လူတို့၏ အသက်များဖြစ်လာသည့်အပြင်၊ သူတို့တည်ရှိမှု၏ အခြေခံအုတ်မြစ်ဖြစ်လာပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က နှစ်ထောင်ချီ၍ ဤအဆိပ်၏ အုပ်စိုးခြင်းကို မပြောင်းမလဲ ခံလာရပြီဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း”) ကျွန်တော်က စာတန်ရဲ့ ရှင်သန်ရေးဥပဒေဿတွေနဲ့ နေထိုင်နေခဲ့တာကို အဲဒါဖတ်ပြီးနားလည်လာတယ်။ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏” တို့၊ “ပုဂ္ဂိုလ်ရေးအရ မထိခိုက်ပါက အကြောင်းကိစ္စများကို လက်လွှတ်လိုက်ပါ” တို့ပေါ့။ပေါ့။ “ကိုယ်ကအမြဲအသာစီးရပါစေ၊ ဘယ်တော့မှ အထိခိုက်မခံနဲ့” ဆိုတာမျိုးလည်းရှိသေးတယ်။ အဲဒါတွေက ကျွန်တော့်ဆီမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီးတော့ ကျွန်တော့်ရဲ့သဘာဝဖြစ်လာပါတယ်။ အဲဒါတွေနဲ့ အသက်ရှင်ပြီး၊ ပိုတစ်ကိုယ်ကောင်းဆန်လာသလို စက်ဆုပ်စရာ ဖြစ်လာတယ်။ ကျွန်တော့်တာဝန်မှာ ကိုယ့်ရဲ့ အကျိုးစီးပွား၊ ကိုယ့်ကို အကျိုးရှိစေမယ့်အရာကိုပဲ တွေးခဲ့ပြီးတော့ အလွယ်ဆုံးဆိုတာကိုပဲလုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော့်တာဝန်မှာ ဘုရားရဲ့ အလိုတော်ကို ဘယ်လိုအရေးစိုက်ရမယ်ဆိုတာကို ဘယ်လိုမှ မတွေးခဲ့ဘူး။ ဘုရားသခင် လူ့ဇာတိခံပြီး ကမ္ဘာပေါ်ကိုဘယ်လိုရောက်လာတဲ့အကြောင်း ကျွန်တော်တွေးမိတယ်။ သမ္မာတရားကို ဖော်ပြပြီး လူသားမျိုးနွယ်ကို သန့်စင်စေဖို့နဲ့ ကယ်တင်ဖို့ ကြီးမားတဲ့ အရှက်ရခြင်းနဲ့ ဆင်းရဲဒုက္ခတွေကို သည်းခံခဲ့ပေမယ့်၊ ဘုရားသခင်က လူသားမျိုးနွယ်ကို ဘယ်တုန်းကမှ သူ့ကို ပြန်ပေးဆပ်ဖို့ မတောင်းဆိုခဲ့ပါဘူး။ ကျွန်တော်တို့အပေါ်မှာထားတဲ့ သူ့ရဲ့ချစ်ခြင်းမေတ္တာက ကြီးမားလှပါတယ်။ ဘုရားပေးထားတဲ့ ကြွယ်ဝတဲ့ ထောက်ပံ့မှုတွေနဲ့ ရေလာင်းပေးတွေတာကို မွေ့လျော်နေခဲ့တယ်၊ တာဝန်မှာ နည်းနည်းပင်ပန်းတာနဲ့ မကျေမနပ်ဖြစ်ရင်းနဲ့ ကျေးဇူး မသိတတ်ခဲ့ဘူး။ ကျွန်တော့်မှာ အသိတရားနဲ့ အသိစိတ် လုံးဝမရှိခဲ့ပါဘူး။ အစွမ်းအစမရှိခဲ့ဘဲနဲ့ အရေးကြီးတဲ့ ဘယ်တာဝန်မျိုးကိုမှ မထမ်းဆောင်နိင်ခဲ့ပေမယ့်၊ ဘုရားက ကျွန်တော့ကို မငြင်းပယ်ခဲ့ပါဘူး။ သင့်တော်နဲ့ တာဝန်တစ်ခုကို ကျွန်တော့်အတွက် သူစီစဉ်ပေးခဲ့တယ်၊ သမ္မာတရားကိုရပြီးတော့ ကယ်တင်ခံရမယ့် အခွင့်အရေးကိုပေးခဲ့တယ်။ အဲဒါက ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာပါပဲ။ အဲဒီလိုတွေးမိတော့ ကျွန်တော်အရမ်းနောင်တရပြီးတော့ တာဝန်ကို ခပ်ပေါ့ပေါ့သဘောထားပြီး ပျင်းခဲ့တဲ့ ကိုယ့်ကိုယ့်ကိုယ်မုန်းမိတယ်။ ကျွန်တော့်ရဲ့ အမြစ်တွယ်နေတဲ့ ဆိုးယုတ်တဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ လူသားဆန်မှုမရှိတာတွေအတွက် ကိုယ့်ကိုယ်ကိုယ်မုန်းမိပြီးတော့ အဲဒီလိုမျိုးဆက်မနေချင်တော့ဘူး။ အဲဒီနောက်ပိုင်း ဘာတာဝန်ကိုပဲ အပေးခံရပါစေ၊ ကျွန်တော်အစွမ်းကုန် စိတ်ရောကိုယ်ပါမြှပ်နှံပြီးတော့ ဘုရားကို အထင်မသေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်ဘုရားသခင်ရှေ့မှောက်မှာ “ဘုရားသခင်၊ ကျွန်တော့်ရဲ့တာဝန်ကို ခပ်ပေါ့ပေါ့ သဘောထားတာတွေ၊ တစ်ကိုယ်ကောင်းဆန်တာ၊ စက်ဆုပ်စရာဖြစ်ပြီး လူ့သဘာဝ ကင်းမဲ့တာတွေကို မြင်ခွင့်ပေးတဲ့ တရားစီရင်မှု နဲ့ ပြစ်တင်ဆုံးမမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့အမှားကိုဝန်ခံပြီးတော့ နောင်တရပါပြီ။ တာဝန်ကို ထမ်းဆောင်ဖို့နဲ့ ကိုယ်တော့်ကို ကျေးဇူးကြွေးဆပ်ပြီး နှစ်သိမ့်စေဖို့ ကြိုးစားပါ့မယ်” လို့ဆုတောင်းခဲ့တယ်။ အဲဒီနောက် ဧဝံဂေလိ ဝေမျှရာမှာ ကျွန်တော့်အချိန်နဲ့ အားကို အကုန်စိုက်ထုတ်ခဲ့တယ်။ အတိတ်က အမှားတွေအတွက် ဖာထေးဖို့ တာဝန်ကို ကျွန်တော် ကောင်းကောင်းလုပ်ချင်ခဲ့တယ်။

တစ်လကျော်လောက်ကြာတော့ ကျွန်တော့်အခြေအနေပိုကောင်းလာပြီး တာဝန်အပေါ် ကျွန်တော့်ရဲ့ သဘောထား တိုးတက်လာတာကို ခေါင်းဆောင်က တွေ့သွားပြီး၊ ကျွန်တော့်ရဲ့တာဝန်ကို ပြန်ထမ်းဆောင်လို့ရပြီလို့ ဖုန်းဆက်ပြောခဲ့တယ်။ ကျွန်တော်အရမ်းပျော်သွားပြီးတော့ “ကျွန်တော့် တာဝန်ကို လုပ်ဆောင်ဖို့ နောက်ထပ် အခွင့်အရေးပေးဖို့ ဘုရားကို ကျေးဇူးတင်ပါတယ်” လို့ တိတ်တိတ်လေး ပြောခဲ့တယ်။ ဖုန်းချလိုက်တဲ့အချိန်မှာ ကျွန်တော်မျက်ရည်တွေဝဲလာတယ်။ ကျွန်တော့်ရင်ထဲကနေ ဘုရားသခင်ကို အရမ်းကျေးဇူးတင်မိပြီးတော့ အကြွေးအများကြီးတင်သွားပြီလို့လည်းခံစားရတယ်။ ကျွန်တော့်တာဝန်မှာ အရင်က သဘောထားနဲ့ ပုန်ကန်လိုစိတ်တွေကို စဉ်းစားကြည့်တော့၊ ကျွန်တော် အရမ်းရှက်ပြီးတော့ နောင်တရမိတယ်။ ကျွန်တော်ဘုရားသခင်ရှေ့မှောက်မှာ ဒူးထောက်ပြီးဆုတောင်းပေမယ့် ဘုရားရှေ့မှာ ဒူးထောက်ဆုတောင်းနေမိခဲ့တယ်။ ပြောချင်တာတွေက စကားလုံးတွေနဲ့ မလုံလောက်တဲ့အတွက် “ဘုရားသခင်၊ ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်” လို့ပဲ ထပ်ခါထပ်ခါ ပြောနေမိတယ်။ ဘုရားသခင်က ကျွန်တော့်အတွက် အများကြီးလုပ်ဆောင်ခဲ့တာကိုတွေးမိတယ်။ တရားစီရင်၊ ပြစ်တင်ဆုံးမ၊ သန့်စင်စေခဲ့ပြီးတော့ ကျွန်တော့်ကိုကယ်တင်ခဲ့ပါတယ်။ ကျွန်တော် လုပ်နိုင်သမျှက ကျေးဇူးသိတတ်ခြင်းပါပဲ။ ဘုရားရဲ့ ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့ ဘုရားအတွက် ကိုယ့်ကိုယ်ကိုယ် လုံးဝ ဆက်ကပ်ပြီး ကျွန်တော့်တာဝန်ကို အစွမ်းကုန်လုပ်ဖို့ထက် ဘာကိုမှ မလိုချင်တော့ဘူး။ တာဝန်ကိုဆုံးရှုံးပြီးမှ ပြန်ရတော့ တကယ် တန်ဖိုးထားရမှန်း သိခဲ့ရပြီး ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ အဓိပ္ပါယ်ကိုလည်း နောက်ဆုံးမှာတော့ နားလည်လာခဲ့ပါတယ်။ “ဘုရားသခင်ခိုင်းစေသောအရာမှ အရင်းခံသည့် အရာအားလုံး၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ပတ်သက်သည့် အားထုတ်မှုနှင့် အလုပ်၏ ကဏ္ဍအမျိုးမျိုး၊ ဤအရာအားလုံးက လူသား၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်၊ ထိုအရာအားလုံးက လူသား၏ တာဝန်ပင်ဖြစ်သည်။” အလုပ်မှာအားထုတ်ရတာကို ပင်ပန်းတယ် သိက္ခာကျတယ်လို့ မထင်တော့ဘူး၊ အဲဒါကဂုဏ်ယူစရာပါ။ ဘာလို့လဲဆိုရင် အဲဒါက ဘုရားဆီက စေခိုင်းချက်ဖြစ်တယ်။ ဘုရားတောင်းဆိုတဲ့ အရာဖြစ်တဲ့အပြင်၊ ကျွန်တော့် တာဝန်လည်းဖြစ်တယ်။ အရင်က ဘုရားသခင်ရဲ့အိမ်တော်မှာ အလုပ်လုပ်တာနဲ့ အပြင်အလုပ်တွေနဲ့ကို ဘာမှကွာခြားတယ်လို့မထင်ခဲ့ဘူး။ အလကားပါ၊ ပင်ပန်းတယ်လို့ပဲထင်ခဲ့တယ်။ ဒါပေမဲ့ အပြင်မှာအလုပ်လုပ်တာက စားဝတ်နေရေးအတွက်ပဲဖြစ်ပြီး ပင်ပန်းတာတွေကလည်း ကိုယ်ကျိုးအတွက်ပဲဖြစ်တယ်။ အဲဒါ အဓိပ္ပာယ်မရှိဘူးလို့ ဒီအတွေ့အကြုံက သင်ပေးခဲ့တယ်။ ဘုရားသခင်ရဲ့အိမ်တော်မှာလည်း အလုပ်လုပ်ရပေမယ့် အဲဒါကကျွန်တော့်ရဲ့တာဝန်ပါ။ တာဝန်အတွက် အခက်အခဲဆိုတာ တန်ဖိုးရှိပြီး၊ ဘုရားရဲ့ အသိအမှတ်ပြုတာကို ရတယ်။

ကျွန်တော့်တာဝန်အပေါ် ဒီပြင်ဆင်ချက်က ဘုရားရဲ့ ချစ်ခြင်းမေတ္တာကို တကယ် တွေ့ကြုံခွင့်ပေးခဲ့တယ်။ ဘုရားသခင်ရဲ့အိမ်တော်မှာ အလုပ်သမားသက်သက်မဖြစ်ချင်တော့ဘဲနဲ့ မိသားစုဝင်တစ်ယောက်ဖြစ်ချင်လာတယ်။ အဲဒီအချိန်ကစပြီးတော့ တာဝန်ကို ကျွန်တော်အစွမ်းကုန်ထမ်းဆောင်ခဲ့ပါတယ်။ တစ်ခါတလေမှာ ခက်ခဲပင်ပန်းတာတွေရှိပေမယ့်လည်း ကျွန်တော်စောဒကမတက်တော့ပါဘူး။ ကျွန်တာ်စိတ်နှစ်ပြီးတော့ အစွမ်းရှိသမျှ အလုပ်ကိုကြိုးစားခဲ့ပါတယ်။ ကျွန်တော့်ရဲ့တာဝန်အပေါ် သဘောထားကို ပြောင်းလဲပေးပြီး အဓိပ္ပါယ်မရှိတဲ့အမြင်တွေကို ရှင်းလင်းပေးခဲ့တဲ့ ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမမှုအတွက် အရမ်း ကျေးဇူးတင်မိတယ်။ ကျွန်တော့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကိုလည်း နည်းနည်းပြောင်းလဲစေခဲ့ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်ုပ်၏ မာနကြီးသောပုံစံများကို ပြောင်းလဲခဲ့ပုံ

ဘားနဒ် ကင်မာရွန်းနိုင်ငံ အရင်က ကိုယ့်ကိုယ်ကိုယ် အရမ်းတော်တဲ့ လူလို့ အမြဲတွေးခဲ့တယ်။ တခြားလူတွေရဲ့ အကူအညီမပါဘဲ ဘာမဆို အမြဲ လုပ်နိုင်တယ်လို့...

“လူတို့၏ အားနည်းချက်များကို ထုတ်မပြောခြင်း”၏ နောက်တွင် ကွယ်ဝှက်နေသော အရင်းခံအကြောင်းရင်း

အစ်မလီလယ်က တရားဟောဆရာမတစ်ယောက်ဖြစ်ပြီး ကျွန်မတို့ အသင်းတော်အလုပ်ကိုလည်း စစ်ဆေးတယ်။ ကျွန်မတို့က ပုံမှန်အနေနဲ့ တော်တော် ဆက်ဆံရေးအဆင်ပြေပါတယ်။...

ကျွန်မ၏ တာဝန်၌ ကျွန်မ၏ ရည်ရွယ်ချက်များကို ပြုပြင်ခြင်း

ရှာယု တရုတ်နိုင်ငံလွန်ခဲ့သည့် ဇွန်လတွင် အသင်းတော်ခေါင်းဆောင်တစ်ဦးအဖြစ် ကျွန်မ အရွေးခံခဲ့ရသည်။ ထိုအချိန်က၊ ကျွန်မ ပျော်မြူးသွားခဲ့ပြီး၊...

အသက်ကြီးသူက ဘုရားသခင်အတွက် သက်သေခံနိုင်ပါသေးသည်

လျို့အိန်း တရုတ်နိုင်ငံ အသက် ၆၂နှစ်မှာ သခင့်ကို ကျွန်တော် ယုံကြည်ခဲ့ပါတယ်။ သခင်က သူ့ရဲ့နောက်လိုက်တွေကို သူ့ရဲ့နိုင်ငံတော်နဲ့ ထာဝရအသက်ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။