ကံကောင်းခြင်းကို လိုက်စားခြင်းအပေါ် သုံးသပ်ဆင်ခြင်မှုများ

15.11.2024

၂၀၂၂ ခုနှစ် အကုန်မှာ၊ တရားဟောဆရာမအနေနဲ့ ကျွန်မတာဝန်ကို စလုပ်ခဲ့ပြီး၊ အသင်းတော်တချို့ရဲ့ အလုပ်ကို နောက်ဆက်တွဲလုပ်ဖို့အတွက်ကျွန်မ တာဝန်ရှိလာတယ်။ တစ်နေ့မှာ၊ အထက်အဆင့် ခေါင်းဆောင်ဆီကနေ စာတစ်စောင်ရတယ်။ အသင်းတော်တစ်ခုမှာရှိတဲ့ ခေါင်းဆောင်နှစ်ယောက်ရဲ့ အခြေအနေက မကောင်းသလို၊ အဲဒါက အသင်းတော်အလုပ်ရဲ့ ကိစ္စအမျိုးမျိုးကို ထိခိုက်နေပြီလို့ ပြောထားတယ်။ အခြေအနေကို နားလည်ဖို့နဲ့ မိတ်သဟာယကတစ်ဆင့် ဖြေရှင်းဖို့ အဲဒီနေရာကို သူက ကျွန်မကို ချက်ချင်းသွားခိုင်းတယ်။ ကျွန်မ ကိုယ့်ဘာသာတွေးမိတယ်။ “လတ်တလောမှာ၊ ဒီအသင်းတော်က ကွန်မြူနစ်ပါတီရဲ့ အဖမ်းအဆီးတိုက်ပွဲစဉ်တစ်ခုကို ကြုံခဲ့ရတာ၊ ညီအစ်ကို မောင်နှမ အတော်များများက လုံခြုံရေး အန္တရာယ်တွေ ရင်ဆိုင်နေရပြီး သူတို့တာဝန်တွေကို ပုံမှန် မလုပ်နိုင်ကြဘူး။ ဒီအခက်အခဲကြောင့် ခေါင်းဆောင်နှစ်ယောက် နည်းနည်း အပျက်သဘောဆောင်တာက နားလည်ပေးလို့ရတယ်။ ဘုရားနှုတ်ကပတ်တော်တချို့ကိုပဲ ကျွန်မ ရှာပြီး သူတို့နဲ့ မိတ်သဟာယပြုရင်၊ ဒီပြဿနာကို ငါ ဖြေရှင်းနိုင်မှာပဲ”လို့ပေါ့။ ခေါင်းဆောင်နှစ်ယောက်ကို မြင်တော့၊ သူတို့ အခြေအနေတွေက ဆိုးရွားနေခဲ့တယ်။ သူတို့က အသင်းတော်အလုပ်ရဲ့ ကိစ္စအမျိုးမျိုးမှာ ရလဒ်တွေ မရှိတာက တကယ့်အလုပ်ကို သူတို့လုပ်ဖို့ ပျက်ကွက်လို့ ဖြစ်ပြီး သူတို့ အရမ်း အပျက်သဘောဆောင်နေတာဖြစ်လို့ နုတ်ထွက်ချင်တယ်လို့ ပြောကြတယ်။ ကျွန်မ သူတို့နဲ့ ချက်ချင်း မိတ်သဟာယပြုပြီး ပြောလိုက်တယ်။ “ဒီပတ်ဝန်းကျင်ကို ဘုရားက အခွင့်ပေးထားတာပါ။ အပျက်သဘောဆောင်တဲ့ အခြေအနေမှာ ကျွန်မတို့ ပိတ်မိနေလို့ မရဘူး။ အခု အရေးအကြီးဆုံးအရာက ကျွန်မတို့ တာဝန်တွေကို ထမ်းပြီး အသင်းတော်ရဲ့ အလုပ်ကို မနှောင့်နှေးစေဖို့ ကျွန်မတို့ ဘယ်လို အတူအလုပ်လုပ်နိုင်မလဲဆိုတာပဲ”လို့ပေါ့။ ဒါပေမဲ့ ကျွန်မ ဘယ်လိုပဲ မိတ်သဟာယပြုနေပါစေ၊ အဲဒီညီအစ်မနှစ်ယောက်က သူတို့ရဲ့ အပျက်သဘောအခြေအနေထဲမှာ ပိတ်မိနေခဲ့ကြတယ်။ သူတို့ရဲ့ အစွမ်းအစတွေက ညံ့ဖျင်းတယ်၊ သမ္မာတရားကို သူတို့ မလိုက်စားသလို ခေါင်းဆောင်မှု အလုပ်ကို မလုပ်နိုင်ဘူးလို့ ပြောကြတယ်။ အဲဒီလို အခြေအနေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်မ တွေးမိတယ်။ “ဘာလို့ ငါ အရမ်းကံမကောင်းတာလဲ။ တရားဟောဆရာမအနေနဲ့ စလုပ်ရုံရှိသေးတယ်၊ ခေါင်းဆောင်တွေက တာဝန်ယူဖို့ အရမ်းအပျက်သဘောဆောင်တဲ့ ဒီအသင်းတော်ဆီကို ငါ့ကို တာဝန်ပေးခံရတယ်။ ဒါဟာ အလုပ်ရှိသမျှ ငါ့ပုခုံးပေါ် ကျရောက်မဲ့ သဘောပဲ မဟုတ်လား”လို့ပေါ့။ အဲဒီအချိန်မှာ၊ ကျွန်မက အသင်းတော်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ အခြေအနေတွေကို ဖြေရှင်းပေးဖို့ မိတ်သဟာယပြုတာ၊ အလုပ်တချို့ကို အကောင်အထည်ဖော်ဖို့ စုဝေးပွဲအမျိုးမျိုးကို သွားတာတွေကို တစ်ပြိုင်နက်လုပ်နေခဲ့တာ။ ကျွန်မက နေ့တိုင်း ပင်ပန်းနွမ်းနယ်တဲ့အထိ အလုပ်များခဲ့တယ်။ နောက်ပိုင်းမှာ ခေါင်းဆောင်တွေထဲက တစ်ယောက်က နုတ်ထွက်သွားတယ်။ တခြားခေါင်းဆောင်က ယုဒတစ်ယောက်ရဲ့ သစ္စာဖောက်တာခံရပြီး၊ အဖမ်းခံရတာကို ရှောင်ဖို့ ခဏ ပုန်းခဲ့ရလို့ သူ့တာဝန်ကို လုပ်ဖို့ အပြင်မထွက်နိုင်ဘူး။ ဒီသတင်းကို ကြားတော့၊ ကျွန်မက “ဒီအသင်းတော်မှာ ပြဿနာတွေ အရမ်းများတယ်။ ခေါင်းဆောင်နှစ်ယောက်က သူတို့တာဝန်တွေကိုတောင် မလုပ်နိုင်ကြဘူး။ အလုပ်အားလုံးက ငါ့တစ်ယောက်ထဲပေါ် ကျရောက်ကုန်တယ်။ ဒီအရာအားလုံးနဲ့ ငါ ဘယ်အချိန်ထိ အလုပ်များဦးမှာလဲ”လို့ တွေးပြီး သက်ပြင်းမောပဲ ချနေမိတယ်။ အဲဒီရက်တွေမှာ၊ ကျွန်မက ဂျင်တစ်လုံးလိုပဲ၊ လှုပ်ရှားနေတာကို ရပ်လို့မရဘူး။ တစ်ခါတလေ၊ အလုပ်ကို နားလည်အောင်လို့ နေ့ခင်းချိန်မှာ ညီအစ်ကို မောင်နှမတွေနဲ့ တွေ့တယ်။ ညဘက်မှာ ပြန်လာတော့၊ ပြန်ရမဲ့ စာတွေ တစ်ပုံကြီးပဲ။ ညတိုင်း ညနက်တဲ့အထိ အလုပ်များနေပြီး အလုပ်တာဝန်အားလုံးကို မပြီးနိုင်သေးဘူး။ ဒီလိုပြဿနာနဲ့ အခက်အခဲတွေ တစ်သီတစ်တန်း ရင်ဆိုင်ရတဲ့အခါ၊ ကျွန်မ အရမ်းပင်ပန်းပြီး စိတ်ရော၊ ကိုယ်ရော အားကုန်သွားတယ်။ ကျွန်မရင်ဘတ်မှာ ကျောက်ခဲတစ်လုံး ခံနေသလိုမျိူး အသက်ရှူရခက်တယ်။ ကျွန်မ တွေးမိတယ်။ “ဒီအသင်းတော်ကို တာဝန်ပေးခံရကတည်းက၊ မကြိုက်တဲ့ အဖြစ်အပျက်တစ်သီတစ်တန်း ငါ ကြုံခဲ့ရတယ်။ ပြဿနာအဟောင်းတွေ မပြေလည်ခင် အသစ်တွေ ဖြစ်တယ်။ အခုဆိုရင် အသင်းတော် ခေါင်းဆောင်တစ်ယောက်တောင် မရှိဘူး။ ငါက တစ်ကိုယ်တော် အုပ်ချုပ်သူလိုဖြစ်နေတယ်။ ကိစ္စတွေကို တိုင်ပင်ရမဲ့သူတစ်ယောက်မှ မရှိဘူး။ အလုပ်အားလုံးကို ကိုယ့်ဘာသာ ကိုင်တွယ်နေရတယ်။ ဒီအတောအတွင်းမှာ တခြားတရားဟောဆရာက ခေါင်းဆောင်သုံးယောက်ရှိတဲ့ အသင်းတော်တွေကို တာဝန်ယူရတယ်။ အလုပ်တာဝန်တွေ အများကြီးရှိပေမဲ့ လူတစ်ဦးစီက နည်းနည်းစီ လုပ်ကြတယ်။ ဒါကြောင့် ငါ့လောက် သူ မပင်ပန်းဘူး။ သူ့မှာ ဘာလို့ အဲဒီလို ကောင်းတဲ့ ကံရှိတာလဲ။ ပြီးတော့ ငါက ဘာလို့ ဒီလိုအသင်းတော်ကို တာဝန်ပေးခံခဲ့ရတာလဲ။ ငါ တော်တော်ကံမကောင်းတာပဲ” ပေါ့။ အဲဒီအကြောင်းတွေးလေ၊ စိတ်ထိခိုက်လေပဲ။ အဲဒီအသင်းတော်ကို တာဝန်ပေးခံရတာ ကျွန်မ ကံမကောင်းဘူးလို့ အမြဲ ခံစားနေခဲ့တယ်။ နေ့တိုင်း ကျွန်မတာဝန်ကို ပုံမှန်လုပ်နေပုံပေါ်ပေမဲ့ ကျွန်မ စိတ်ဓာတ်ကျနေခဲ့ပြီး၊ ဒီပတ်ဝန်းကျင်ကနေတောင် လွတ်မြောက်ချင်ခဲ့တယ်။

ဒီလို စိတ်မချမ်းမြေ့ဖြစ်ပြီး အတိုက်အခံလုပ်တဲ့ မမှန်မကန် အခြေအနေမှာ အသက်ရှင်နေတုန်း၊ တစ်နေ့မှာ၊ ကျွန်မကို အရမ်းတို့ထိတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ပါတဲ့ သက်သေခံချက် ဗီဒီယိုတစ်ခုကို ကျွန်မ ကြည့်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “၎င်းတို့ ကံခေသည်ဟု အမြဲ တွေးသည့် လူတို့နှင့်ပတ်သက်၍ ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့၏ လုပ်ရပ်များ မှန်ကန်ခြင်း၊ မှားယွင်းခြင်း ရှိမရှိဆိုသည်ကို တိုင်းတာရန်နှင့် မည်သည့် လမ်းကြောင်း ၎င်းတို့ လျှောက်သင့်သည်၊ ၎င်းတို့ တွေ့ကြုံသင့်သည့် အရာများနှင့် ရင်ဆိုင်ရသည့် ပြဿနာတစ်ခုတလေကို ချိန်ဆရန် ကံစံနှုန်းကို အမြဲ အသုံးပြုကြသည်။ ဤသည်မှာ မှန်သလော၊ မှားသလော။ (မှားပါသည်။) ၎င်းတို့သည် မကောင်းသည့် အရာများကို ကံခေခြင်းနှင့် ကောင်းသည့်အရာများကို ကံကောင်းခြင်း၊ သို့မဟုတ် အကျိုးပြုခြင်းအဖြစ် ဖော်ပြကြသည်။ ဤရှုထောင့်အမြင်သည် မှန်သလော၊ မှားသလော။ (မှားပါသည်။) အမှုအရာများကို ဤရှုထောင့်အမြင်မျိုးမှ အကဲဖြတ်ခြင်းသည် မှားယွင်း၏။ ထိုအရာမှာ အမှုအရာများကို အကဲဖြတ်ခြင်းအတွက် အစွန်းရောက်ပြီး မမှန်ကန်သည့် နည်းစနစ်နှင့် စံနှုန်းတစ်ခု ဖြစ်သည်။ ဤနည်းစနစ်မျိုးသည် လူတို့ကို စိတ်ဓာတ်ကျခြင်းထဲသို့ မကြာခဏ ကျဆင်းစေပြီး ၎င်းတို့ကို စိတ်မသက်မသာဖြစ်စေကာ မည်သည့်အရာမျှ မိမိတို့ သဘောအတိုင်း တစ်ကြိမ်တစ်ခါမျှ မဖြစ်ကြောင်းနှင့် မိမိတို့အလိုရှိသည့်အရာကို မည်သည့်အခါတွင်မျှ မရရှိကြောင်း ခံစားစေသည်။ ယင်းက နောက်ဆုံးတွင် ၎င်းတို့ကို စဉ်ဆက်မပြတ် စိတ်သောကရောက်၊ ကသိကအောက်ဖြစ်ပြီး စိတ်တထင့်ထင့် ခံစားစေလေသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများ ပြေလည်သွားခြင်း မရှိသည့်အခါ ဤလူများသည် စိတ်ဓာတ်ကျခြင်းထဲသို့ စဉ်ဆက်မပြတ် ကျဆင်းပြီး ဘုရားသခင်က ၎င်းတို့ကို မျက်နှာသာပေးခြင်း မရှိဟု ခံစားစေသည်။ ဘုရားသခင်သည် ၎င်းတို့ကို မဟုတ်ဘဲ အခြားသူများကို ကျေးဇူးပြုခြင်းဖြင့်ဆက်ဆံကြောင်းနှင့် ၎င်းတို့ကို မဟုတ်ဘဲ အခြားသူများကို ဘုရားသခင် စောင့်ရှောက်ကြောင်း တွေးထင်ကြသည်။ ‘အဘယ်ကြောင့် ငါ အမြဲ စိတ်မသက်မသာ ဖြစ်ပြီး စိတ်သောက ခံစားရသနည်း။ အဘယ့်ကြောင့် ဆိုးသည့်အရာများသည် ငါ့အပေါ် အမြဲဖြစ်ပျက်နေရသနည်း။ အဘယ်ကြောင့် ကောင်းမွန်သည့်အရာများ ငါ့ထံ လုံးဝ ရောက်မလာသနည်း။ တစ်ကြိမ်တစ်ခါမျှသာ ငါတောင်းဆိုနေခြင်း ဖြစ်သည်’ဟူ၍ ဖြစ်၏။ ဤမှားယွင်းသည့် အတွေးနှင့် ရှုထောင့်အမြင် နည်းလမ်းမျိုးဖြင့် အမှုအရာများကို သင်ရှုမြင်သည့်အခါ ကောင်းသည့်ကံနှင့် မကောင်းသည့်ကံတို့၏ ထောင်ချောက်ထဲသို့ သင် သက်ဆင်းမိလိမ့်မည်။ ဤထောင်ချောက်ထဲသို့ သင် အဆက်မပြတ် ကျဆင်းသည့်အခါ စဉ်ဆက်မပြတ် စိတ်ဓာတ်ကျလိမ့်မည်။ ဤစိတ်ဓာတ်ကျမှုအလယ်တွင် သင့်အပေါ် ကျရောက်သည့် အရာများက ကံကောင်းခြင်း၊ ကံခေခြင်း ရှိမရှိဆိုသည်ကို သင်သည် အထူးသဖြင့် သတိထားနေမိလိမ့်မည်။ ဤအရာဖြစ်ပျက်သည့်အခါ ကံကောင်းခြင်း၊ ကံဆိုးခြင်းနှင့်ဆိုင်သည့် ဤရှုထောင့်အမြင်နှင့် စိတ်ကူးက သင့်ကို ထိန်းချုပ်ပြီးဖြစ်ကြောင်း သက်သေပြပေသည်။ သင်သည် ဤရှုထောင့်အမြင်မျိုး၏ ထိန်းချုပ်ခြင်းခံရသည့်အခါ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအပေါ် သင်၏ အမြင်များနှင့် သဘောထားတို့သည် ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား အပိုင်းအခြားအတွင်းတွင် မရှိတော့ဘဲ အစွန်းရောက်မှုမျိုးထဲသို့ ကျဆင်းသွားပြီ ဖြစ်သည်။ ဤအစွန်းရောက်မှုထဲသို့ သင် ကျဆင်းသွားသည့်အခါ သင်၏ စိတ်ဓာတ်ကျမှုမှ သင် လွတ်လာလိမ့်မည် မဟုတ်။ တစ်ချိန်ပြီးတစ်ချိန် သင် ဆက်လက် စိတ်ဓာတ်ကျနေမိလိမ့်မည်ဖြစ်ပြီး သင်သည် ပုံမှန်အားဖြင့် စိတ်ဓာတ်ကျခြင်း မရှိလျှင်ပင် တစ်စုံတစ်ရာ မှားယွင်းသွားသည်နှင့်တစ်ပြိုင်နက်၊ ကံခေသည့် အရာတစ်ခု ဖြစ်ပျက်သည်ဟု သင် ခံစားရသည်နှင့်တစ်ပြိုင်နက် စိတ်ဓာတ်ကျခြင်းထဲသို့ သင် ချက်ချင်း ကျဆင်းသွားလိမ့်မည်။ ဤစိတ်ဓာတ်ကျခြင်းက သင်၏ ပုံမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ ဆုံးဖြတ်ချက်ချခြင်းနှင့် သင်၏ ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှုနှင့် ဝမ်းမြောက်မှုတို့ကိုပင် ထိခိုက်လိမ့်မည်။ သင်၏ ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှုနှင့် ဝမ်းမြောက်ခြင်းတို့ကို ထိုအရာက ထိခိုက်သည့်အခါ သင်၏ တာဝန် ထမ်းဆောင်ခြင်းအပြင် ဘုရားသခင်နောက်လိုက်ရန် သင်၏ လိုအင်နှင့် စိတ်ဆန္ဒတို့ကို နှောင့်ယှက်ကာ ဖျက်ဆီးလိမ့်မည်။ ဤအပြုသဘောဆောင်သောအရာများ ဖျက်ဆီးခံရသည့်အခါ သင် နားလည်လာပြီးဖြစ်သည့် သမ္မာတရား အနည်းငယ်သည် ပျောက်ချင်းမလှ ပျောက်သွားလိမ့်မည်ဖြစ်ပြီး သင့်အဖို့ လုံးဝ အကူအညီ ဖြစ်လိမ့်မည် မဟုတ်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားက ကျွန်မရဲ့ အခြေအနေအတိအကျကို ဖော်ထုတ်ခဲ့တယ်။ ကျွန်မ အမြင်မှာ၊ ကျွန်မတာဝန်ကို ဘာအခက်အခဲမှ မရှိဘဲ ချောချောမွေ့မွေ့ လုပ်တာ၊ အရာရာ အဆင်ပြေနေတာက ကံကောင်းတာပဲပေါ့။ ကျွန်မတာဝန်မှာ အခက်အခဲ ဒါမှမဟုတ် ပြဿနာတချို့ ကြုံရတဲ့အခါ၊ ကျွန်မ ကံခေပြီး ကံမကောင်းဘူးလို့ ခံစားခဲ့သလို၊ စိတ်မချမ်းမြေ့တဲ့ စိတ်အခြေအနေကို ချက်ချင်း ရောက်သွားတယ်။ ဥပမအနေနဲ့၊ ဒီအသင်းတော်ကို ကျွန်မ ရောက်လာပြီး၊ ခေါင်းဆောင်နှစ်ယောက်လုံးက အရမ်းအပျက်သဘောဆောင်လို့ နှုတ်ထွက်ချင်တာ၊ ပြီးတော့ အသင်းတော် အလုပ်မှာ အခက်အခဲနဲ့ ပြဿနာ တစ်သီတစ်တန်း ရှိနေခဲ့တာကို မြင်တော့၊ အဲဒါကို ဘုရားဆီကနေ လက်မခံခဲ့သလို သူ့ရဲ့ ရည်ရွယ်ချက်တွေကို မရှာခဲ့ဘူး၊ ဒါမှမဟုတ် အလုပ်ကို ဝန်ထမ်းဖို့ အားရှိသမျှ ဘယ်လိုစိုက်ထုတ်ရမလဲဆိုတာကို မတွေးခဲ့ဘူး။ အဲဒီအစား ကျွန်မက မျှော်လင့်ချက်မဲ့သွားတယ်။ ဒီအခက်အခဲတွေကို ကြုံရတာ ကျွန်မ ကံဆိုးတယ်လို့ တွေးပြီးတော့ပေါ့။ အထူးသဖြင့်၊ နောက်ပိုင်းမှာ ဘယ်ခေါင်းဆောင်ကမှ အလုပ်မလုပ်နိုင်တဲ့အခါ၊ ပြီးတော့ တခြားတရားဟောဆရာက ကြီးကြပ်ရတဲ့ ဒေသဖြစ်တဲ့ ခေါင်းဆောင်နဲ့ အမှုဆောင်တွေ သူ့နေရာနဲ့သူရှိပြီး အလုပ်က ချောချောမွေ့မွေ့ တိုးတက်နေတဲ့ ဒေသနဲ့ပတ်သက်လို့ တွေးမိတဲ့အခါ၊ သူ့ကို အထူးတလည် အားကျမိခဲ့ပြီး သူ ကံကောင်းတယ်၊ ကျွန်မကတော့ ကံမကောင်းသလို မကောင်းတဲ့အရာတွေအားလုံး ကြုံခဲ့ရတယ်လို့ တွေးခဲ့တယ်။ ဒီမှားယွင်းတဲ့ ရှုထောင့်အမြင်ကနေ ကိစ္စတွေကို ကျွန်မ ကြည့်တဲ့အခါ၊ စိတ်မချမ်းမြေ့သလို အတိုက်အခံလုပ်တာတွေထဲ ကျွန်မ ဆက်နှစ်မြှုပ်နေခဲ့တယ်။ ကျွန်မတာဝန်မှာ ဘာအားအင်မှမရှိသလို၊ ဒီပတ်ဝန်းကျင်ကနေတောင် လွတ်မြောက်ချင်နေခဲ့တယ်။ ဒါပေမဲ့ တကယ်တော့၊ ကျွန်မ ရင်ဆိုင်ရတဲ့ ပတ်ဝန်းကျင်တွေအားလုံးကို ဘုရားချခင်းထားတာပါ။ ဘုရားရဲ့ ရည်ရွယ်ချက်က ကျွန်မအနေနဲ့ သမ္မာတရားကို ရှာဖို့၊ ဘုရားအပေါ် မှီခိုဖို့နဲ့ ဒီပတ်ဝန်းကျင်ကို လက်တွေ့ကျတဲ့ နည်းလမ်းနဲ့ တွေ့ကြုံဖို့ပဲ။ အခက်အခဲတွေရှိတဲ့အခါမှာတောင်၊ ဘုရားကို ကျွန်မ ဆုတောင်းပြီး အဲဒါတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေသင့်ပါသေးတယ်။ ကျွန်မ ကိုင်တွယ်နိုင်တဲ့ တာဝန်တွေကို ထမ်းပြီးတော့ပေါ့။ ဒါပေမဲ့ အဲဒီပတ်ဝန်းကျင်မျိုးမှာ ဘုရားရဲ့ အမှုတော်ကို ဘယ်လို တွေ့ကြုံပြီး သူ့ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုတွေကို ဘယ်လို နားလည်ရမယ်ဆိုတာ မတွေးမိခဲ့ဘူး။ မကျေနပ်စရာကောင်းတဲ့ ကိစ္စတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်မ ကံခေပြီး ကံမကောင်းဘူးလို့ တွေးခဲ့တယ်။ စိတ်မချမ်းမြေ့တဲ့ စိတ်အခြေအနေနဲ့ အသက်ရှင်ပြီး ဘုရားရဲ့ အချုပ်အခြာအာဏာကို အတိုက်အခံလုပ်နေခဲ့မိတယ်။ ဒီလိုနဲ့ ဘယ်လိုလုပ် သင်ခန်းစာတွေကို ကျွန်မ သင်ယူနိုင်မှာလဲ။ ဘုရားရဲ့လုပ်ဆောင်ချက်တွေကို ကျွန်မ ဘယ်လို နားလည်နိုင်မှာလဲ။ ဘုရားကို မယုံကြည်တဲ့သူတွေကို ကျွန်မ မစဉ်းစားဘဲမနေနိုင်ခဲ့ဘူး။ အခြေအနေတွေကို ကြုံရတဲ့အခါ သူတို့က ဘုရားဆီကနေ လုံးဝ လက်မခံကြသလို ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို မကျိုးနွံမနာခံကြဘူး၊ ပြီးတော့ ကိစ္စတွေက သူတို့အကြိုက်မဖြစ်တဲ့အခါ သူတို့ကိုယ်တိုင်ကလွဲလို့ လူတိုင်းကို အပြစ်တင်ကြတယ်။ သူတို့ တစ်ဘဝလုံး ဘုရားကို မသိဘဲနဲ့ အသက်ရှင်ကြတယ်။ ကျွန်မကတော့၊ ဘုရားကို ယုံကြည်ပြီး ဘုရားက အရာရာအပေါ် အချုပ်အခြာအာဏာ စွဲကိုင်တယ်လို့ ပြောပေမဲ့၊ ဘာသာတရားမရှိတဲ့သူတွေရဲ့ ရှုထောင့်တွေအတိုင်း အရာရာကို အကဲဖြတ်နေတုန်းပဲ။ ဒါက မယုံကြည်သူလိုပဲဖြစ်နေတဲ့သူရဲ့ အပြုအမူပဲ မဟုတ်လား။

ဒီလိုပြောတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်ခဲ့တယ်။ “၎င်းတို့တွင် ကောင်းသည့်ကံ၊ သို့မဟုတ် ဆိုးသည့် ကံ ရှိမရှိဆိုသည်နှင့် ပတ်သက်၍ အမြဲ ပူပန်သော ဤလူများအနေဖြင့် အမှုအရာများအပေါ် ၎င်းတို့ ရှုမြင်ပုံသည် မှန်ကန်သလော။ ကောင်းသည့်ကံ၊ သို့မဟုတ် ဆိုးသည့်ကံ တည်ရှိသလော။ (မရှိပါ။) မတည်ရှိဟု ဆိုရခြင်းအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ (နေ့စဉ် ကျွန်ုပ် ကြုံဆုံသည့် လူများနှင့် ကျွန်ုပ်တို့ထံ ဖြစ်ပျက်သည့် အရာများကို ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များက သတ်မှတ်ထားခြင်း ဖြစ်သည်။ ကောင်းသည့်ကံ၊ သို့မဟုတ် ဆိုးသည့်ကံကဲ့သို့သော အရာများမရှိပါ။ အရာရာသည် လိုအပ်မှုကြောင့် ဖြစ်ပျက်ခြင်း ဖြစ်ပြီး ထိုအရာနောက်ကွယ်တွင် အဓိပ္ပာယ်ရှိပါသည်။) ယင်းမှာ မှန်ကန်သလော။ (မှန်ကန်ပါသည်။) ဤအမြင်သည် မှန်ကန်ပြီး ဤသည်မှာ ကံမတည်ရှိခြင်းရှိအကြောင်း ပြောဆိုခြင်းအတွက် အယူအဆဆိုင်ရာ အခြေခံအကြောင်းရင်း ဖြစ်သည်။ သင့်ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ ကောင်းသည့်အရာဖြစ်စေ၊ မကောင်းသည့်အရာဖြစ်စေ အားလုံးက လေးရာသီတစ်လျှောက် ဖြစ်သည့် ရာသီဥတုကဲ့သို့ပင် ပုံမှန်ဖြစ်၏။ နေ့တိုင်း နေမသာနိုင်ပေ။ နေသာသည့်နေ့များကို ဘုရားသခင် စီစဉ်ထားခြင်းဖြစ်ပြီး တိမ်ထူသော နေ့ရက်များ၊ မိုး၊ လေနှင့် မုန်တိုင်းတို့ကိုမူ ဘုရားသခင် စီစဉ်ထားခြင်းမဟုတ်ဟု သင် ဆို၍ မရပေ။ အရာရာကို ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များက သတ်မှတ်ထားခြင်းဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင်က ဖြစ်ပေါ်စေခြင်း ဖြစ်သည်။ ဤသဘာဝ ပတ်ဝန်းကျင်သည် ဘုရားသခင် စီစဉ်ပြီး ထူထောင်သည့် နည်းဥပဒေသများနှင့် စည်းမျဉ်းများအတိုင်း ဖြစ်ပေါ်၏။ ဤအရာအားလုံးသည် လိုအပ်ပြီး အရေးပါသောကြောင့် ရာသီဥတုက မည်သည့်အရာဖြစ်စေ၊ သဘာဝ နည်းဥပဒေသများက ဖြစ်ပေါ်စေပြီး ဆောင်ကြဉ်းလာခြင်း ဖြစ်သည်။ ထိုအရာ၌ ကောင်းသည့်အရာ၊ သို့မဟုတ် ဆိုးသည့်အရာ တစ်ခုမျှမရှိ။ ထိုအရာနှင့်ပတ်သက်၍ လူတို့၏ ခံစားချက်များသာ ကောင်းခြင်း၊ ဆိုးခြင်း ဖြစ်သည်။...အမှန်တရားမှာ တစ်စုံတစ်ရာနှင့် ပတ်သက်၍ လူတစ်ဦး စိတ်ချမ်းသာခြင်း၊ စိတ်မချမ်းသာခြင်းသည် အမှုအရာကိုယ်တိုင်၏ အနှစ်သာရထက် မိမိတို့ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ၊ ဆန္ဒများနှင့် ကိုယ်ကျိုးစီးပွားတို့အပေါ် အခြေခံခြင်း ဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ရာ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို လူတို့ တိုင်းတာသည့် အခြေခံအကြောင်းရင်းမှာ မှန်ကန်တိကျခြင်း မရှိပေ။ အခြေခံအကြောင်းရင်းက မှန်ကန်တိကျခြင်း မရှိသောကြောင့် ၎င်းတို့ နောက်ဆုံးချသည့် ကောက်ချက်များမှာလည်း မှန်ကန်တိကျခြင်း မရှိပေ။ ကောင်းသည့် ကံနှင့် ဆိုးသည့်ကံ အကြောင်းအရာကို ပြန်သွားရလျှင် ယခု ကံနှင့်ဆိုင်သော ဤဆိုရိုးသည် ခိုင်လုံခြင်း မရှိကြောင်းနှင့် ကောင်းခြင်း မရှိသကဲ့သို့ ဆိုးခြင်းလည်း မရှိကြောင်းကို လူတိုင်း သိရှိကြပြီဖြစ်သည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သင် ကြုံရသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအားလုံးကို ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များက သတ်မှတ်ထားခြင်းဖြစ်သောကြောင့် ထိုအရာများကို သင့်တင့်လျောက်ပတ်စွာ သင် ရင်ဆိုင်သင့်သည်။ ဘုရားသခင်ထံမှ ကောင်းသည့်အရာကို ခံယူပြီး ဘုရားသခင်ထံမှ မကောင်းသည့်အရာကိုလည်း ခံယူလော့။ ကောင်းသည့်အရာများ ဖြစ်ပျက်သည့်အခါ သင်ကံကောင်းကြောင်းနှင့် မကောင်းသည့်အရာများ ဖြစ်ပျက်သည့်အခါ သင် ကံခေသည်ဟု မဆိုနှင့်။ ဤအရာများအားလုံးအတွင်းတွင် လူတို့အတွက် သင်ယူရမည့် သင်ခန်းစာများရှိသည်ဟုသာ ဆိုနိုင်သည်။ ယင်းတို့ကို မငြင်းပယ်သင့်ပေ၊ သို့မဟုတ် မရှောင်ကြည်သင့်ပေ။ ကောင်းသောအရာများအတွက် ဘုရားသခင်ကို ကျေးဇူးတင်လော့။ သို့သော် မကောင်းသည့်အရာအားလုံးကို ဘုရားသခင် စီစဉ်ထားခြင်း ဖြစ်သောကြောင့် ထိုအရာများအတွက်လည်း ဘုရားသခင်ကို ကျေးဇူးတင်လော့။ ကောင်းသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများက ၎င်းတို့ သင်ယူသင့်သည့် သင်ခန်းစာများကို ပေးသော်လည်း မကောင်းသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများနှင့် ပတ်ဝန်းကျင်များမှ သင်ယူရမည့်အရာ သာ၍ပင်ရှိ၏။ ဤအရာများသည် အကြင်သူ၏ ဘဝတစ်စိတ်တစ်ပိုင်း ဖြစ်သင့်သည့် အတွေ့အကြုံများနှင့် ဖြစ်ရပ်များသာ ဖြစ်သည်။ ထိုအရာများကို တိုင်းတာရန် ကံနှင့်ဆိုင်သည့် စိတ်ကူးကို လူတို့ အသုံးမပြုသင့်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂))သင်မည်မျှ ကံကောင်းသည်၊ သို့မဟုတ် ကံမကောင်းသည်ဟူသည့် စိတ်ကူးကို သင် စွန့်လွှတ်ပြီး အမှုအရာများကို တည်ငြိမ်စွာနှင့် မှန်ကန်စွာ သင် သဘောထားပါက အမှုအရာအများစုသည် အလွန် သဘောမကျစရာ မဖြစ်သည်ကို၊ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းရန် မခက်ခဲသည်ကို သင် တွေ့ရှိရလိမ့်မည်။ သင်၏ ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများကို သင် လက်လွှတ်သည့်အခါ သင့်အပေါ် ကျရောက်သည့် ကံအကြောင်းမလှသော မည်သည့်ဖြစ်ရပ်ကိုမဆို ငြင်းပယ်ခြင်း၊ သို့မဟုတ် ရှောင်ရှားခြင်းအား သင် ရပ်တန့်ပြီး သင်မည်မျှ ကံကောင်းသည်၊ သို့မဟုတ် ကံမကောင်းသည်ဆိုသည်အားဖြင့် ထိုသို့သောအရာများကို အကဲဖြတ်ခြင်းအား သင် ရပ်တန့်သည့်အခါ ကံအကြောင်းမလှသည့် ဖြစ်ရပ်နှင့် မကောင်းသောအရာအဖြစ် သင်မြင်လေ့ရှိခဲ့သည့် အရာများစွာတို့ကို ယခုတွင် ကောင်းသည့်အရာအဖြစ် သင် ယခု မြင်လိမ့်မည်။ မကောင်းသည့်အရာများက ကောင်းသည့်အရာများအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။ သင်၏ စိတ်နေစိတ်ထားနှင့် အမှုအရာများကို သင် ရှုမြင်သည့် နည်းလမ်းတို့သည် ပြောင်းလဲသွားလိမ့်မည်။ ထိုအရာက သင့်ကို သင်၏ ဘဝအတွေ့အကြုံနှင့်ပတ်သက်၍ မတူကွဲပြားစွာ ခံစားနိုင်စေလိမ့်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် မတူကွဲပြားသည့် ဆုလာဘ်များကို ရိတ်သိမ်းနိုင်စေလိမ့်မည်။ ဤသည်မှာ စိတ်ကူးမရသည့် ဆုလာဘ်များကို သင့်ထံ ဆောင်ကြဉ်းမည့် သာမန်ထက်လွန်ကဲသော အတွေ့အကြုံဖြစ်သည်။ ထိုအရာမှာ ဆိုးသည့်အရာတစ်ခုမဟုတ်၊ ကောင်းသည့်အရာတစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ဉာဏ်အလင်းပေးခဲ့တယ်။ တကယ်တော့ ကံကောင်းတာ၊ ဆိုးတာ ဆိုတာမျိုး မရှိပါဘူး။ ကျွန်မဆီ ဖြစ်တဲ့အရာရာတိုင်းက အပေါ်ယံမှာ ကျွန်မရဲ့ အယူအဆနဲ့ ကိုက်သည်ဖြစ်စေ၊ မကိုက်သည်ဖြစ်စေ၊ ဘုရားက စီစဉ်ညွှန်ကြားတာဖြစ်ပြီး ဖြစ်ဖို့ သေချာပါတယ်။ ပြီးတော့ ကျွန်မဘဝမှာ လိုအပ်တဲ့ အတွေ့အကြုံတစ်ခုလည်းဖြစ်ပါတယ်။ ဘုရားက ကျွန်မကို သင်ခန်းစာပေးဖို့ ဒီကိစ္စတွေကို စီစဉ်တာပါ။ သမ္မာတရား ရှာဖွေတာကို ကျွန်မ အာရုံစိုက်သရွေ့၊ တစ်ခုခုကို ကျွန်မ ရမှာပဲ။ လူတွေအတွက် ကောင်းပုံမရတဲ့အရာတစ်ခုက ကောင်းတဲ့အရာတစ်ခုခု ဖြစ်သွားနိုင်တယ်။ ဥပမာအနေနဲ့ ယောဘက စာတန်ရဲ့ စုံစမ်းနှောင့်ယှက်တာတွေ ရင်ဆိုင်ရတဲ့အခါ၊ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုကြီးကို သူ ဆုံးရှုံးခဲ့တယ်၊ သူသားသမီးတွေက သေကြေကြရတယ်။ ပြီးတော့ သူကိုယ်တိုင် အနာစိမ်းတွေနဲ့ ပြည့်သွားခဲ့တယ်။ လူ့ရဲ့ ရှုထောင့်အမြင်ကနေဆိုရင်၊ ယောဘ ကြုံခဲ့ရတဲ့ အဖြစ်အပျက် တစ်သီတစ်တန်းက အရမ်းကံခေပြီး ကံမကောင်းဘူးလို့ ထင်ရတယ်။ ဒါပေမဲ့ ဘုရားရဲ့ ရှုထောင့်အမြင်ကနေ၊ ယောဘကို ဘုရားကို သက်သေခံဖို့ အခွင့်အရေးပေးဖို့အတွက် ဒီစုံစမ်းနှောင့်ယှက်မှုတွေကို ဘုရားသခင်က ရင်ဆိုင်စေပြီး ယောဘဟာ ဘုရားကိုကြောက်ပြီး မကောင်းမှုကို ရှောင်ကြဉ်တဲ့ ဖြောင့်မတ်သူဖြစ်တယ်ဆိုတာကို စာတန်ဆီကို သက်သေပြဖို့ အခွင့်ပေးခဲ့တယ်။ အဲဒါက ယောဘကို ဆက်ပြီး စွပ်စွဲတာ၊ တိုက်ခိုက်တာတွေ မလုပ်အောင် စာတန်ကို တားဆီးခဲ့တယ်။ ဘုရားကို ယုံကြည်ခြင်းနဲ့ ကြောက်ရွံ့မှုရှိတဲ့ ယောဘက ဒီစမ်းသပ်မှုတွေထဲမှာ သူ့သက်သေခံချက်နဲ့ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ပြီး၊ ဘုရားရဲ့ အသိအမှတ်ပြုခြင်းကို ရရှိခဲ့တယ်။ ဒါက အရမ်းကို အဓိပ္ပာယ်ရှိတဲ့အရာတစ်ခုပဲ။ ယောဘရဲ့ အတွေ့အကြုံကနေတစ်ဆင့်၊ ကံကောင်းတယ်၊ ကံဆိုးတယ်ဆိုတာမျိုး မရှိသလို၊ ဖြစ်သမျှအရာရာတိုင်းက ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုတွေကြောင့်ဖြစ်တယ်ဆိုတာကို ကျွန်မတို့ မြင်နိုင်တယ်။ ပတ်ဝန်းကျင် အမျိုးမျိုးကြားမှာ ကျွန်မတို့ကို မတူညီတဲ့ သင်ခန်းစာတွေ သင်ပေးဖို့ စီစဉ်ထားတာပဲ။ ဒါပေမဲ့ ဘုရားရဲ့ အချုပ်အခြာအာဏာကို ကျွန်မ သတိမပြုမိခဲ့သလို၊ ကျွန်မဆီ ဖြစ်သမျှတိုင်းကို ကံပေါ်အခြေခံပြီး အမြဲ တိုင်းတာခဲ့တယ်။ ဒါက ဘာလို့လဲဆိုတော့ ကျွန်မက ကျွန်မရဲ့ ဇာတိပကတိကို အလေးထားလွန်းလို့ပဲ။ ကျွန်မရဲ့ ဇာတိပကတိ ဆင်းရဲဒုက္ခမခံရဘဲ ကျွန်မတာဝန်ကို ချောချောမွေ့မွေ့ အမြဲ လုပ်ချင်ခဲ့တယ်။ ကျွန်မရဲ့ ဇာတိပကတိကို အကျိုးပြုပြီး ကျွန်မမှာ ဆင်းရဲဒုက္ခခံစရာမရှိသရွေ့၊ ကံကောင်းတယ်လို့ ကျွန်မ ခံစားခဲ့တယ်။ ဆန့်ကျင်ဖက်အနေနဲ့၊ အခက်အခဲနဲ့ ပြဿနာတချို့ ကျွန်မ ကြုံရပြီး ဆင်းရဲဒုက္ခခံဖို့နဲ့ ပေးဆပ်ဖို့ လိုအပ်ရင် ကျွန်မ ကံမကောင်းဘူးလို့ ခံစားပြီး ကျွန်မစိတ်နှလုံးမှာ ခဏခဏ ညည်းမိတယ်။ ကိစ္စတွေကို အကဲဖြတ်တာနဲ့ပတ်သက်လို့ ကျွန်မ အမြင်က အရမ်းလွဲချော်ခဲ့တယ်။ ကျွန်မ အခု ရင်ဆိုင်ရတဲ့ အခက်အခဲနဲ့ ပြဿနာ တစ်သီတစ်တန်းက အပေါ်ယံမှာ သဘောကျစရာမကောင်းတဲ့ပုံစံရှိပေမဲ့ ဘုရားက သူ့အပေါ်မှီခိုအောင် သမ္မာတရားရှာအောင်၊ ဇာတိကို ဆန့်ကျင်တွန်းလှန်ပြီး သင်ခန်းစာတချို့ သင်ယူအောင်လို့ ကျွန်မတို့ကို သွန်သင်ဖို့ ဒီအခက်အခဲတွေကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ အရင်တုန်းက၊ သက်သောင့်သက်သာဖြစ်တဲ့ ပတ်ဝန်းကျင်မှာ ကျွန်မတာဝန်ကို လုပ်ပြီး နေ့တိုင်း လုပ်လေ့လုပ်ထရှိတာကိုပဲ လိုက်လုပ်နေခဲ့တဲ့အချိန်မှာ၊ အပေါ်ယံမှာ လွယ်တဲ့ပုံပေါက်ပေမဲ့ အကျိုးရတာ အရမ်းနည်းတယ်။ သမ္မာတရား စည်းမျဉ်းအများကြီး နားမလည်ခဲ့သလို ကျွန်မရဲ့ အသက်တာကြီးထွားမှုက နှေးကွေးခဲ့တယ်။ အခုကတော့ ဒီလက်ရှိ ပတ်ဝန်းကျင်က ကျွန်မဘဝအတွက် အကျိုးရှိတယ်။ ဘုရားရဲ့ ရည်ရွယ်ချက်ကို သိနားလည်တဲ့အခါ ကျွန်မ အများကြီး ပိုစိတ်သက်သာသွားတယ်။ စိတ်မချမ်းမမြေ့ဖြစ်ပြီး အတိုက်အခံလုပ်တာတွေ ဖြစ်မနေတော့ဘူး။ ကျွန်မအတွက် ဘုရား ချခင်းပေးတဲ့ ပတ်ဝန်းကျင်ကို ကျိုးနွံနာခံဖို့နဲ့ ဘုရားရဲ့အမှုတော်ကို လက်တွေ့ကျတဲ့ နည်းလမ်းနဲ့ တွေ့ကြုံဖို့ လိုလားနေခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မရဲ့တာဝန်ကို ကျွန်မ လေးလေးနက်နက် စလုပ်တယ်၊ ဘုရားအိမ်တော်ရဲ့ သတ်မှတ်ချက်တွေအတိုင်း အလုပ်ကို အကောင်အထည်ဖော်ပြီးတော့ပေါ့။ အချိန်ကာလတစ်ခုကြာပြီးတဲ့နောက်မှာ၊ အသင်းတော်အလုပ်တချို့က တဖြည်းဖြည်း ပြန်ကောင်းလာတယ်။ တာဝန်ရှိသူတွေနဲ့၊ အလုပ်ရဲ့ ကိစ္စအမျိုးမျိုးနဲ့ ကျွန်မ ပိုအကျွမ်းတဝင်ရှိလာတယ်။ ပြီးတော့ ယုံကြည်စိတ်ချမှုတချို့ရပြီး အရင်ထက် အလုပ်ရဲ့စည်းမျဉ်းတွေကို ပိုနားလည်သွားခဲ့တယ်။ အဲဒီအခါမှပဲ ဒီပတ်ဝန်းကျင်တွေကို ချခင်းပေးရာမှာ ဘုရားရဲ့ ထောက်ထားမှုကို ကျွန်မ ကိုယ်တွေ့ ကြုံခဲ့ရတယ်။ ပတ်ဝန်းကျင် လူတွေ၊ အဖြစ်အပျက်တွေနဲ့ ကိစ္စတွေကို ကောင်းတဲ့ကံ၊ မကောင်းတဲ့ကံဆိုတဲ့ ရှုထောင့်အမြင်ကနေ အကဲမဖြတ်သလို ဘုရားဆီက အရာရာကို လက်ခံပြီး သမ္မာတရား ရှာလိုက်ခြင်းအားဖြင့် ကျွန်မတာဝန်မှာ ကျွန်မ ပင်ပန်းတယ်လို့ မခံစားခဲ့ရဘူးဆိုတာကို မြင်ခဲ့တယ်။ အဲဒီအစား ကျွန်မ ကျေနပ်အားရပြီး စိတ်အေးချမ်းသွားတယ်။

စုဝေးပွဲတစ်ခုပြီးတဲ့နောက်မှာ၊ အသင်းတော်တစ်ခုမှာ တစ်ခုခုကို ကိုင်တွယ်ဖို့ ခေါင်းဆောင်က ကျွန်မအတွက် စီစဉ်ပေးတယ်။ အစမှာတော့ တစ်နေ့တွင်းမှာ အဲဒါကို ပြီးအောင်လုပ်ပြီးတော့ အလုပ်ကို အကောင်အထည်ဖော်ဖို့ နောက်ထပ် အသင်းတော်တစ်ခုကို ဆက်သွားဖို့ စီစဉ်ခဲ့တယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ ဒီအသင်းတော်ကို ကျွန်မ ရောက်ရောက်ချင်း၊ အသင်းတော် ကြီးကြပ်ရေးမှူးကကျွန်မကို စိတ်လှုပ်ရှားရင်းနဲ့ ပြောတယ်။ “တစ်ခုခု ဖြစ်သွားတယ်။ မနေ့က ညီအစ်ကို မောင်နှမ အတော်များများ အဖမ်းခံရတယ်”တဲ့။ သူ့ရဲ့ ဖြစ်စဉ်ကို ကြားပြီးတဲ့နောက်မှာ၊ အဖမ်းခံရတဲ့သူအားလုံးနီးပါးက ခေါင်းဆောင်နဲ့ အမှုဆောင်တွေ ဖြစ်မှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ အခုဆိုရင် ဘယ်အသင်းတော် အလုပ်ကိုမဆို ပုံမှန် လုပ်ဖို့ မဖြစ်နိုင်လုနီးပါး ဖြစ်တယ်ဆိုတဲ့ သဘောပဲ။ အသင်းတော်ခေါင်းဆောင်တွေက အဲဒီလူတွေနဲ့ အဆက်အသွယ်တွေရှိလို့ သူတို့လည်း ကိုယ်တိုင် ပုန်းနေရပြီး သူတို့တာဝန်တွေကို ထွက်မလုပ်နိုင်ကြဘူး။ အဲဒီနောက်မှာပဲ၊ အထက်အဆင့် ခေါင်းဆောင်ဆီကနေ စာတစ်စောင် ကျွန်မ ရတယ်။ အဖမ်းအဆီးတွေဖြစ်ပြီးနောက်ပိုင်း ကိစ္စကို ကိုင်တွယ်ဖို့ ဒီအသင်းတော်မှာ ယာယီ နေဖို့ ကျွန်မကို ညွှန်ကြားထားတဲ့စာပေါ့။ အစတော့၊ ဒါကို ဘုရားဆီက လက်ခံပြီး ကျိုးနွံနာခံနိုင်ခဲ့တယ်။ အဲဒီတုန်းက၊ ဧည့်ခံတဲ့ မိသားစုအမျိုးမျိုးနဲ့ ညီအစ်ကို မောင်နှမတွေအတွက် လုံခြုံရေးအန္တရာယ်တွေ အတော်များတယ်။ ပြီးတော့ အသင်းတော် အလုပ်တာဝန်အများကြီးကိုလည်း ကိုင်တွယ်ဖို့လိုတယ်။ ကျွန်မ တစ်နေ့လုံး အလုပ်များပြီး ညမှာ ကျွန်မရဲ့ ဧည့်ခံအိမ်ကို ပြန်လာတဲ့အခါ၊ တခြားအသင်းတော်ဆီကလာတဲ့ စာတွေကို စာပြန်ပေးခဲ့ရတယ်။ ညတိုင်းနီးပါး ညနက်တဲ့အထိ ကျွန်မ နေဖို့လိုခဲ့တယ်။ ပတ်ဝန်းကျင်ကလည်း ကြမ်းတမ်းနေပြီး၊ နေ့တိုင်းနီးပါးကို နောက်ထပ် ညီအစ်ကို မောင်နှမတွေ အဖမ်းခံရတယ်လို့ ပြောတဲ့ စာတွေ ကျွန်မ ရခဲ့တယ်။ ကျွန်မ အပြင်ထွက်တဲ့အကြိမ်တိုင်းမှာ၊ ကျွန်မလည်ချောင်းထဲ ဆို့နင့်နေမိတယ်။ ဒီတစ်ကြိမ် ကျွန်မ ဘေးကင်းကင်းနဲ့ ပြန်လာလို့ရမလား မသိဘူးလေ။ အချိန်တချို့ ကုန်သွားပြီး၊ ကျွန်မ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်သလို ခံစားခဲ့ရတယ်။ ကျွန်မအနားက ခေါင်းဆောင်နှစ်ယောက်က စာတွေကို တုံ့ပြန်ပြီး အိမ်မှာ အလုပ်တချို့ လုပ်ရုံလုပ်ကြတာတွေ၊ ကျွန်မကတော့ အမြဲ ပြေးလွှားနေရပြီး ကိုယ့်မှာ ရှိတဲ့အချိန်ထက် လုပ်စရာပိုများပြီး ဂျင်တစ်လုံးလို ဆက်တိုက် ဟိုသည်လှုပ်ရှားနေရတာတွေ၊ ကျွန်မရဲ့ အာရုံကြောတွေ တင်းတင်း ဆွဲဆန့်နေရတာတွေကို မြင်တော့ ကျွန်မဘာသာ တွေးမိတယ်။ “သူတို့လုပ်တဲ့ တာဝန်တွေက အရမ်းလွယ်တယ်။ သူတို့က စိုးရိမ်စရာ မလိုဘူး၊ ဟိုသည်ပြေးနေစရာမလိုဘူး။ ငါနဲ့ မတူဘူး၊ ငါကတော့ အနားယူခွင့်တောင် လုံးဝမရဘူး။ ဘာလို့ ငါက အသင်းတော် အဖမ်းအဆီးတွေကို အမြဲ ကိုင်တွယ်နေရတာလဲ။ ငါ ကံမကောင်းလိုက်တာ။ ဒီအရာတွေက တစ်ခုပြီးတစ်ခု ဘာလို့ ငါ့ဆီ ဆက်ဖြစ်နေတာလဲ”လို့ပေါ့။ ကျွန်မ ပွင့်ပွင့်လင်းလင်း မညည်းညူရဲခဲ့ပေမဲ့ စိတ်ထဲမှာတော့၊ ကျွန်မ အရမ်း အတိုက်အခံဖြစ်ပြီး၊ ကျွန်မတာဝန်ကို လုပ်နေချိန်မှာ အမြဲ ကြိတ်မှိတ်လက်ခံထားရသလို၊ မလိုမလားဖြစ်နေခဲ့တယ်။ ဒီလိုမမှန်တဲ့ အခြေအနေမှာ ကျွန်မ ရှိနေတုန်း၊ အရင်က ကျွန်မရဲ့ အတွေ့အကြုံတွေကို မတွေးဘဲ မနေနိုင်ခဲ့ဘူး။ ပြီးတော့ ကျွန်မအနေနဲ့ သင်ခန်းစာတစ်ခု ယူလို့ရအောင် ဘုရားက ဒီပတ်ဝန်းကျင်ကို စီစဉ်ပေးတာလို့ ကျွန်မ ရေးတေးတေး သတိပြုမိခဲ့တယ်။ ဘုရားဆီ ကျွန်မ ဆုတောင်းတယ်။ “အို ဘုရားသခင်၊ ကိစ္စတွေ ကျွန်မဆီ ဖြစ်တဲ့အခါ၊ ကောင်းတဲ့ကံ၊ ဆိုးတဲ့ကံဆိုတဲ့ ရှုထောင့်အမြင်ကနေ ကျွန်မ မရည်ရွယ်ဘဲ အဲဒါတွေကို ရှုမြင်မိတုန်းပဲဖြစ်သလို၊ အဲဒါတွေ ဖြစ်တာက ကျွန်မရဲ့ မကောင်းတဲ့ကံနဲ့ ကံခေတာတွေကြောင့်ပဲလို့ ခံစာနေမိတုန်းပဲဖြစ်ပါတယ်။ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်တွေကို ကျွန်မ တကယ် နားမလည်နိုင်ပါဘူး။ အို ဘုရားသခင်၊ ဒီပတ်ဝန်းကျင်အလယ်မှာ တွေ့ကြုံဖို့ ကျွန်မ သင်ယူနိုင်အောင် ကျေးဇူးပြုပြီး ကျွန်မကို ဉာဏ်အလင်းပေး၊ လမ်းပြပါ”လို့ပေါ့။

နောက်ပိုင်းမှာ ဖတ်ဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရှိရှိနဲ့ ရှာတယ်။ ကံကောင်းတာကို အမြဲ လိုက်စားတာနဲ့ပတ်သက်လို့ ဘာအတိအကျ မှားနေလဲဆိုတာ နားလည်ချင်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ဒီအပိုဒ်ကို ကျွန်မ ဖတ်ရတယ်။ “အမှုအရာများ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို အကဲဖြတ်ရန် ကံကို အသုံးပြုသည့် လူတို့၏ အတွေးများနှင့် ရှုထောင့်အမြင်များသည် အဘယ်နည်း။ ထိုလူတို့၏ အနှစ်သာရမှာ အဘယ်နည်း။ ကောင်းသည့်ကံနှင့် ဆိုးသည့်ကံကို အဘယ်ကြောင့် ၎င်းတို့ အလွန် အာရုံစိုက်ကြသနည်း။ ကံအပေါ် များစွာ အာရုံစိုက်သည့်လူများသည် မိမိတို့ကံ ကောင်းရန် မျှော်လင့်ကြသလော၊ သို့မဟုတ် ကံဆိုးရန် မျှော်လင့်ကြသလော။ (ကံကောင်းရန် မျှော်လင့်ကြပါသည်။) မှန်ပေ၏။ အမှန်တွင် ၎င်းတို့သည် ကောင်းသည့်ကံနှင့် ကောင်းသည့်အရာများ ၎င်းတို့ထံ ဖြစ်ပျက်ဖို့အတွက် လိုက်စားအားထုတ်ကြပြီး ထိုအရာများကို ၎င်းတို့ ကောင်းကောင်း အသုံးချကာ ထိုအရာများမှ အကျိုးအမြတ်များ ရယူကြသည်။ အခြားသူများ မည်မျှ ဆင်းရဲဒုက္ခခံစားရသည်၊ သို့မဟုတ် အခြားသူများက ဆင်းရဲဒုက္ခ၊ သို့မဟုတ် အခက်အခဲမည်မျှ သည်းညည်းခံရမည်ဆိုသည်ကို ၎င်းတို့ ဂရုမစိုက်ကြချေ။ ကံမကောင်းသည့်အရာအဖြစ် ၎င်းတို့ မြင်သည့် မည်သည့်အရာကိုမျှ မိမိတို့ထံ မဖြစ်စေချင်ကြပေ။ တစ်နည်းအားဖြင့်ဆိုသော် ၎င်းတို့ထံ မကောင်းသည့်အရာ မည်သည့်အရာမျှ ၎င်းတို့ မဖြစ်စေချင်ကြပေ။ အနှောင့်အယှက်များ၊ ကျရှုံးမှုများ၊ သို့မဟုတ် အရှက်ရစရာများ၊ ကိုင်တွယ်ဖြေရှင်းခံရခြင်း၊ သို့မဟုတ် ပြုပြင်ခံရခြင်း၊ အမှုအရာများ ဆုံးရှုံးခြင်း၊ အခွင့်အရေး ဆုံးရှုံးခြင်းနှင့် လှည့်စားခံရခြင်းများ မဖြစ်စေချင်ကြပေ။ ထိုအရာများထဲမှ တစ်ခုတလေဖြစ်ပျက်ပါက မကောင်းသည့် ကံအဖြစ် မှတ်ယူလိုက်ကြသည်။ မည်သူက ထိုအရာကို စီစဉ်သည်ဖြစ်စေ မကောင်းသည့်အရာများ ဖြစ်ပျက်လျှင် ထိုအရာမှာ ကံမကောင်းခြင်း ဖြစ်သည်။ ၎င်းတို့သည် ရာထူးတိုးခံရခြင်း၊ လူအုပ်မှ ထင်ပေါ်ခြင်းနှင့် အခြားသူများ၏ ထိခိုက်နစ်နာမှုမှ အကျိုးကျေးဇူး ခံစားရခြင်းမှသည် တစ်စုံတစ်ရာမှ အကျိုးအမြတ်ရခြင်း၊ ငွေများစွာ ရှာခြင်း၊ သို့မဟုတ် အဆင့်မြင့် အရာရှိတစ်ဦး ဖြစ်ခြင်းအထိ ကောင်းသည့်အရာများအားလုံး ၎င်းတို့ထံ ဖြစ်ပျက်ရန် မျှော်လင့်ကြပြီး ယင်းမှာ ကောင်းသည့်ကံဟု ၎င်းတို့ တွေးထင်ကြလေသည်။ ၎င်းတို့သည် မိမိတို့ ကြုံရသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ကံပေါ်အခြေခံ၍ အမြဲ တိုင်းတာကြသည်။ မကောင်းသည့်ကံကို မဟုတ်ဘဲ ကောင်းသည့်ကံကို လိုက်စားနေကြသည်။ အမှုအရာ အနည်းငယ်မျှ မှားယွင်းသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ဒေါသထွက်၊ စိတ်အနှောင့်အယှက်ဖြစ်ပြီး မကျေမနပ်ဖြစ်ကြသည်။ ဘွင်းဘွင်း ပြောရလျှင် ဤလူစားမျိုးများသည် တစ်ကိုယ်ကောင်းဆန်၏။ ၎င်းတို့သည် အခြားလူများ၏ ထိခိုက်နစ်နာမှုမှ မိမိတို့အတွက် အကျိုးကျေးဇူးခံစားခြင်း၊ မိမိတို့ကိုယ်ကိုအတွက် အကျိုးအမြတ် ဖန်တီးခြင်း၊ ထိပ်ဆုံးသို့ ရောက်လာခြင်းနှင့် လူအုပ်ထဲမှ ထင်ပေါ်ခြင်းတို့ကို လိုက်စားအားထုတ်ကြသည်။ ၎င်းတို့ တစ်ဦးတည်းထံတွင် ကောင်းသည့်အရာမှန်သမျှ ဖြစ်ပျက်လျှင် ၎င်းတို့ စိတ်ကျေနပ်ကြမည်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝနှင့် အနှစ်သာရဖြစ်သည်။ ၎င်းတို့၏ စစ်မှန်သော သဘောသဘာဝ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို အရမ်းအရှက်ရစေတယ်။ လက်စသတ်တော့၊ ကောင်းတဲ့ကံကို ကျွန်မ အမြဲ လိုက်စားပြီး အခက်အခဲ ဒါမှမဟုတ် ဒုက္ခတစ်ခုခုကို ရှောင်ရှားတာက ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ သဘာဝကြောင့် တကယ်ဖြစ်နေခဲ့တာကိုး။ “ဆုံးရှုံးမှုများ မခံစားရဘဲ အကျိုးအမြတ်ရခြင်း”နဲ့ဆိုင်တဲ့ လောကီ ဆက်ဆံရေး အတွေးအခေါ်တစ်ခုကို ကျွန်မ လိုက်နာခဲ့တယ်။ ကိုယ့်ကိုယ်ပိုင် အကျိုးစီးပွားကို အမြဲ ဦးစားပေးပြီးတော့ပေါ့။ ကောင်းတဲ့အရာမှန်သမျှ ကျွန်မဆီ ဖြစ်ဖို့၊ အရာရာက သည်းညည်းခံစရာ ဘာအခက်အခဲမှမရှိဘဲ ချောချောမွေ့မွေ့ ဖြစ်ဖို့အတွက် ကျွန်မ အမြဲတမ်းလိုချင်ခဲ့တယ်။ အဲဒါက ကျွန်မကို ဝမ်းသာစေမဲ့အရာပဲ။ ကျွန်မရဲ့ ဇာတိအကျိုးစီးပွားကို ထိပါးပြီး ကျွန်မ ဆင်းရဲဒုက္ခခံဖို့ လိုတဲ့ အနှောင့်အယှက်တွေ၊ အခက်အခဲတွေကို ကျွန်မ ကြုံရတာနဲ့တစ်ပြိုင်နက် ကျွန်မ ဟန်ချက်လုံးဝ ပျက်သွားပြီးတော့ စညည်းတယ်၊ စိတ်ဆိုးတယ်။ ဘုရားသခင်ကို မယုံကြည်ခင်မှာ၊ ကျွန်မက ကိုယ်ပိုင် အိမ်လေးတောင် မရှိဘဲ ဆင်းရဲမွဲတေပြီး အသက်ရှင်နေရသလို အိမ်မှာ မိသားစုဝင်တွေက အလုပ်မရှိအကိုင်မရှိနဲ့ သူတို့ကို ကျွန်မ ထောက်ပံ့ပေးဖို့လိုနေချိန်မှာ တည်ငြိမ်တဲ့ အလုပ်တွေနဲ့ အိမ်ကောင်းတွေရှိတဲ့ မိသားစုဝင်တွေနဲ့ နောက်ခံကောင်းကနေလာတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကျွန်မ မြင်တဲ့အခါ၊ ကျွန်မ အရမ်း မမျှတသလို ခံစားရတယ်။ အဲဒီလိုမိသားစုရှိတာ ကျွန်မ ကံမကောင်းတာပဲလို့ တွေးခဲ့ပြီး၊ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အထူး အားကျ၊ မနာလိုဖြစ်ခဲ့တယ်။ ကောင်းတဲ့အရာတွေက တခြားလူတွေဆီပဲ ဖြစ်တယ်၊ ကျွန်မက ကံမကောင်းတဲ့ လူတစ်ယောက်သက်သက်ပဲလို့ အမြဲ ခံစားခဲ့တယ်။ ဒီလတ်တလော အချိန်ကာလကို သုံးသပ်ကြည့်တဲ့အခါ၊ ကျွန်မတာဝန်ယူထားတဲ့ ဒီအသင်းတော်နှစ်ပါးက စီစီပီရဲ့ အဖမ်းအဆီးတွေနဲဲ့ ရင်ဆိုင်ရတော့၊ ကျွန်မ ဆင်းရဲဒုက္ခခံပြီး ပေးဆပ်ဖို့ လိုအပ်သလို၊ ကျွန်မရဲ့ ဇာတိပကတိ အကျိုးစီးပွားကို ထိပါးခဲ့တယ်။ ဒါကြောင့် ကျွန်မ အရာရာနဲ့ပတ်သက်လို့ စညည်းပြီး၊ ကျွန်မရဲ့ မကောင်းတဲ့ကံနဲ့ ကံခေတာကို အပြစ်တင်ခဲ့တယ်။ ကျွန်မတာဝန်ကို ကောင်းကောင်းလုပ်ဖို့ ကြိုမတွေးခဲ့ရုံမက၊ ဘုရားက ကျွန်မအတွက် အဲဒီလို ပတ်ဝန်းကျင်တွေကို ဆက်စီစဉ်နေတယ်လို့ ညည်းရင်းနဲ့ စိတ်မချမ်းမြေ့ဖြစ်ပြီး အတိုက်အခံလည်း ဖြစ်လာတယ်။ ကံကောင်းတာကို ကျွန်မ လိုက်စားတာက အခြေခံအားဖြင့် ကျွန်မရဲ့ ဇာတိပကတိအကျိုးစီးပွားကို ဖြည့်ဆည်းဖို့ပဲ။ ကောင်းတဲ့အရာတွေအားလုံး ကျွန်မဆီ ဖြစ်လာဖို့အမြဲ ဆန္ဒရှိခဲ့ပြီး တခြားလူတွေကို ဆုံးရှုံးအနစ်နာခံပြီး အကျိုးအမြတ် အမြဲ ရချင်ခဲ့တယ်။ စွန့်စားတာတွေ၊ ဆင်းရဲဒုက္ခတွေခံဖို့ လိုတဲ့ အလုပ်တာဝန်တွေကိုတော့၊ အားလုံးကို တခြားလူတွေ တာဝန်ယူသင့်တယ်လို့ ကျွန်မ တွေးခဲ့တယ်။ ကျွန်မ သက်သောင့်သက်သာဖြစ်ပြီး ကျွန်မရဲ့ဇာတိပကတိက အကျိုးအမြတ်တွေ ရနိုင်သရွေ့၊ ကျွန်မ ကျေနပ်မှာပဲ။ ကျွန်မ တကယ်ကို အရမ်း တစ်ကိုယ်ကောင်းဆန်ခဲ့တာပဲ။ အပေါ်ယံမှာတော့၊ ဘုရားအိမ်တော်မှာ ကျွန်မက ကိုယ့်တာဝန်ကို လုပ်နေသလိုမျိုး ထင်ရပေမဲ့၊ ကျွန်မရဲ့ နှလုံးသားက အသင်းတော်အလုပ်နဲ့ ဘုရားရဲ့ ထက်သန်တဲ့ ရည်ရွယ်ချက်တွေထက် ကျွန်မရဲ့ ဇာတိပကတိအကျိုးစီးပွားကို စဉ်းစားခဲ့တယ်။ ဒါက ဘုရားအတွက် စက်ဆုပ်စရာနဲ့ ရွံ့မုန်းစရာဖြစ်ခဲ့တယ်။ ဒီလို ကျွန်မတာဝန်ကို လုပ်ရင်းနဲ့ နောက်ဆုံးမှာ ကျွန်မက သူ့ရဲ့ အသိအမှတ်ပြုတာကို ရမှာမဟုတ်ဘူး။

နောက်ပိုင်းမှာ၊ ဒီလိုပြောတဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရတယ်။ “ဤစိတ်ဓာတ်ကျခြင်းထဲမှ ထွက်လာရန် လွယ်ကူသလော။ အမှန်တွင် လွယ်ကူ၏။ သင်၏ မှားယွင်းသည့် ရှုထောင့်အမြင်များကိုသာ လက်လွှတ်လော့။ အရာရာ အဆင်ပြေဖို့၊ သို့မဟုတ် သင် အလိုရှိသည့်နည်းလမ်းအတိုင်း အတိအကျဖြစ်ဖို့၊ သို့မဟုတ် အဆင်ပြေချောမွေ့စွာ ဖြစ်ဖို့ မမျှော်လင့်နှင့်။ တလွဲဖြစ်သွားသည့် အရာများကို မကြောက်နှင့်၊ မခုခံနှင့်၊ သို့မဟုတ် မငြင်းပယ်နှင့်။ ထိုအစား သင်၏ အတိုက်အခံလုပ်ခြင်းကို လက်လွှတ်လော့၊ စိတ်ငြိမ်ငြိမ်ထားပြီး ကျိုးနွံနာခံမှု သဘောထားဖြင့် ဘုရားသင်၏ ရှေ့မှောက်သို့လာပြီး ဘုရားသခင် စီစဉ်သမျှအားလုံးကို လက်ခံလော့။ ‘ကောင်းသည့် ကံ’ဟု ခေါ်သည့် အရာကို မလိုက်စားနှင့်၊ ပြီးလျှင် ‘မကောင်းသည့်ကံ’ဟုခေါ်သည့် အရာကို မငြင်းနှင့်။ ဘုရားသခင်ကို သင်၏ စိတ်နှလုံးနှင့် ဖြစ်တည်မှုတစ်ခုလုံး ပေးလော့။ သူ့ကို ဆောင်ရွက်ခြင်းနှင့် စီစဉ်ညွှန်ကြားခြင်းတို့ကို လုပ်ဆောင်ခွင့်ပေးပြီး သူ၏ စီစဉ်ညွှန်ကြားခြင်းနှင့် အစီအစဉ်များကို ကျိုးနွံနာခံလော့။ သင်လိုအပ်သည့်အခါ သင်လိုအပ်သည့်အရာကို ဘုရားသခင်က ထိုက်တန်သော အတိုင်းအတာဖြင့် သင့်ကို ပေးလိမ့်မည်။ သင် အမှတ်မထင် ဆုံရသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများမှ သင် သင်ယူနေသင့်သည့် သင်ခန်းစာများကို သင်ယူနိုင်ရန်အလို့ငှာ သင်၏ လိုအပ်ချက်များနှင့် ချို့တဲ့ခြင်းများအတိုင်း သင်လိုအပ်သည့် ပတ်ဝန်းကျင်များ၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို သူ စီစဉ်ညွှန်ကြားလိမ့်မည်။ ဤအရာအားလုံးအတွက် မရှိမဖြစ် လိုအပ်ချက်မှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များအပေါ် ကျိုးနွံနာခံမှု စိတ်နေစိတ်ထားတစ်ခု သင် ရှိရမည်ဟူ၍ ဖြစ်သည်မှာ အမှန်ဖြစ်၏။ ထို့ကြောင့် ပြီးပြည့်စုံခြင်းကို မလိုက်စားနှင့်။ မလိုလားအပ်သည့်၊ ကသိကအောက်ဖြစ်စေသော၊ သို့မဟုတ် သဘောမကျစရာဖြစ်သော အရာများ ဖြစ်ပွားခြင်းကို မငြင်းပယ်နှင့်၊ သို့မဟုတ် မကြောက်နှင့်။ ပြီးလျှင် မကောင်းသည့်အရာများ ဖြစ်ပွားခြင်းကို အတွင်းကျိတ် အတိုက်အခံလုပ်ရန် သင်၏ စိတ်ဓာတ်ကျခြင်းကို အသုံးမပြုနှင့်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားနှုတ်ကပတ်တော်တွေကနေ၊ သူ့ရဲ့ ရည်ရွယ်ချက်ကို ကျွန်မ နားလည်သွားတယ်။ ကျွန်မအတွက် ဘုရားစီစဉ်ပေးတဲ့ ပတ်ဝန်းကျင်တွေအားလုံးက ကောင်းပြီး ကျွန်မကို သင်ခန်းစာတွေ သွန်သင်ဖို့ ရည်ရွယ်ခဲ့တာပါ။ ဒီကောင်းတဲ့ကံလို့ခေါ်တဲ့ အရာကို ကျွန်မ မလိုက်စားသင့်သလို၊ သက်သောင့်သက်သာဖြစ်တဲ့ ပတ်ဝန်းကျင်မှာ ကျွန်မတာဝန်ကို လုပ်ဖို့ အမြဲ ဆန္ဒမရှိသင့်တော့ဘူး။ အဲဒီလို ဆက်လုပ်တာက အကျိုးမဲ့တဲ့ အလုပ်ကိုပဲ ဖြစ်စေမှာ။ အဲဒီအစား၊ ဘုရားစီစဉ်ပေးတဲ့ ပတ်ဝန်းကျင်တွေကို ကျိုးနွံနာခံဖို့ ကျွန်မ သင်ယူသင့်တယ်။ နှစ်သက်စရာကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ်၊ အဲဒါတွေကနေ ကျွန်မ သမ္မာတရားကို ရှာသင့်တယ်။ ကျွန်မ ထုတ်ဖော်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေအပေါ် သုံးသပ်တာ၊ ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်တာ၊ ဘုရားရဲ့ သတ်မှတ်ချက်တွေအတိုင်း ပြုမူဆောင်ရွက်တာတွေကို အာရုံစိုက်ပြီးတော့ပေါ့။ ဒါက ဘုရားရဲ့ ရည်ရွယ်ချက်တွေနဲ့ ကိုက်တဲ့အရာပဲ။ အခု ညီအစ်ကို မောင်နှမတွေက အဖမ်းခံနေရတယ်။ အသင်းတော် ခေါင်းဆောင်နှစ်ယောက်အတွက် လုံခြုံရေးအန္တရာယ်တွေ ရှိပြီး၊ တချို့အလုပ်ကို ပြီးအောင်လုပ်လို့မရဘူး။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒီလို အရေးကြီးတဲ့ အချိန်မှာ ကျွန်မတာဝန်ကို ထမ်းဆောင်သင့်တယ်။ အသင်းတော် အလုပ်ကို ကိုင်တွယ်တာက ခက်ခဲပြီး၊ ဇာတိပကတိဆင်းရဲဒုက္ခတချို့ ပါဝင်မှာဖြစ်ပေမဲ့၊ အသင်းတော် အလုပ်ကို အကျိုးပြုသရွေ့၊ ပူးပေါင်းလုပ်ဆောင်ဖို့ ကျွန်မ အကောင်းဆုံး လုပ်သင့်တယ်။ ဒါကို နားလည်တဲ့အခါ၊ အပျက်သဘောထဲမှာ ကျွန်မ အသက်မရှင်တော့ဘူး။ ဒါက ကျွန်မတာဝန်ဖြစ်တယ်၊ ကျွန်မ ဖြည့်ဆည်းသင့်တဲ့ တာဝန်ဝတ္တရားဖြစ်တယ်ဆိုတာကို ကျွန်မစိတ်နှလုံးကနေ နားလည်သွားတယ်။ အဲဒီနောက် ကျွန်မတာဝန်ကို လုပ်နေတုန်း၊ အသင်းတော် အလုပ်မှာရှိတဲ့ ဘာပြဿနာ၊ သွေဖည်မှုတွေကိုမဆို ဖြေရှင်းဖို့ တက်တက်ကြွကြွ မိတ်သဟာယပြုခဲ့တယ်။ ကျွန်မ နားမလည်နိုင်တဲ့ ပြဿနာတွေကို ကြုံရတဲ့အခါ၊ ခေါင်းဆောင်နှစ်ယောက်နဲ့ ကျွန်မ ဆွေးနွေးတယ်။ အဲဒါမှ သူတို့က ချက်ချင်း သဘောပေါက်ပြီးတော့ ဖြေရှင်းဖို့ စည်းမျဉ်းတွေကို ရှာကြမှာလေ။ ဒီလို လက်တွေ့လုပ်လိုက်တော့၊ နေ့တိုင်း ကျွန်မ အလုပ်များပေမဲ့၊ ကိစ္စတွေကို အကျိုးသင့်အကြောင်းသင့် စီစဉ်သရွေ့၊ ကျွန်မ စီမံနိုင်ခဲ့သလို၊ သည်းမခံနိုင်စရာဖြစ်တယ်၊ ခက်ခဲတယ်လို့ မမြင်ဘူး။

တစ်နေ့တော့၊ သန့်စင်တာ၊ နှင်ထုတ်တာနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတစ်စုံကို အမြန် စီစဉ်ဖို့ ကျွန်မတို့ကို ခိုင်းတဲ့ စာတစ်စောင်ကို အထက်အဆင့် ခေါင်းဆောင်က ပို့တယ်။ အတော့်ကို အရေးပေါ်ဖြစ်နေသလို၊ လုံခြုံရေး အန္တရာယ်မရှိတဲ့ လူတွေက စုဆောင်းပြီး စီစဉ်ဖို့ လိုအပ်တယ်လို့ အလေးပေးပြောထားတယ်။ ဒီစာကိုဖတ်တော့ ဒါကိုလုပ်ဖို့ ကျွန်မက အသင့်တော်ဆုံးပဲဆိုတာကို သိလိုက်တယ်။ ဒါပေမဲ့ အရမ်းများတဲ့ ညီအစ်ကို မောင်နှမတွေကို ကျွန်မ အတည်ပြုစစ်ဆေးရမှာဖြစ်ပြီး၊ နေ့တိုင်း ဟိုသည်ပြေးနေရမှာ သေချာတယ်ဆိုတာကို တွေးမိတော့၊ အတွေးဟောင်းတွေကိုပဲ စမတွေးဘဲ မနေနိုင်ခဲ့ဘူး။ “ဟင်း ခေါင်းဆောင်က လုံခြုံရေးအန္တရာယ်မရှိတဲ့ လူတစ်ယောက်ကို ရှာနေတာသိသာတယ်၊ ဒီတော့ ငါ ရှောင်ချင်ရင်တောင် ရှောင်လို့မရဘူးပဲ။ ဒီလို အလောတကြီး ခေါက်တုံ့ခေါက်ပြန် သွားဖို့က၊ ဒီစာရွက်စာတမ်းတွေကို စုဆောင်းပြီး အတည်ပြုစစ်ဆေးဖို့ အချိန်ဘယ်လောက်ကြာမယ် ဘယ်သူသိမလဲ”လို့ပေါ့။ ကျွန်မ ကံမကောင်းဘူးလို့ ခံစားရတယ်။ ကျွန်မ ဒီလိုတွေးမိတော့ အခုလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို သတိရမိတယ်။ “သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကို ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်သိက္ခာ၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို မစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားအိမ်တော်၏ အကျိုးများကို ထည့်တွက်စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အရေးထားသင့်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာစောင့်သိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်းရှိမရှိ၊ အစွမ်းကုန် လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် အသင်းတော်၏ အလုပ်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် စဉ်းစားခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မစိတ်နှလုံးကို အားတက်စေခဲ့တယ်။ ကျွန်မ ဘာတာဝန်ကိုပဲ ရင်ဆိုင်ရပါစေ၊ အဲဒီတာဝန်မှာ ဘုရားရဲ့ ရည်ရွယ်ချက်တွေ ပါရှိတယ်။ အထူးသဖြင့်၊ ဒီအလုပ်က အရမ်းအရေးကြီးတဲ့အတွက်၊ ဒီအလုပ်ကို လုပ်ဖို့ အခွင့်အရေးက ဘုရားဆီကလာတဲ့ ချီးမြှောက်ခြင်းတစ်ခု မဟုတ်လား။ ဒါပေမဲ့ တာဝန်တစ်ခုကို ရင်ဆိုင်နေရချိန်မှာ ပထမဆုံး ကျွန်မ စဉ်းစားတဲ့အရာက ကျွန်မရဲ့ ဇာတိပကတိက ထပ်ပြီး ဆင်းရဲဒုက္ခခံရမယ်ဆိုတာဖြစ်ပြီး ကျွန်မ ကံမကောင်းဘူးလို့ ထင်ခဲ့တယ်။ ကျွန်မ တကယ်ကို အရမ်း တစ်ကိုယ်ကောင်းဆန်ခဲ့တာပဲ။ အဲဒီဇာတိပကတိ အခက်အခဲတွေနဲ့ပတ်သက်လို့ ပထမဆုံး စဉ်းစားတာထက် အသင်းတော် အလုပ်ကို ဦးစားပေးပြီး ဘုရားအပေါ် မှီခိုဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အကောင်းဆုံး လုပ်သင့်တယ်။ ဒီလိုအသိတရားရပြီးတော့ ကျွန်မ ဒီတာဝန်ကို အများကြီး အတိုက်အခံ မလုပ်တော့သလို၊ စာရွက်စာတမ်းတွေကို အတည်ပြုစစ်ဆေးဖို့ လူတွေကို ဘယ်လိုရှာရမယ်ဆိုတာ အသင်းတော် ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့တယ်။ အတည်ပြုစစ်ဆေးတဲ့ လုပ်ငန်းစဉ်မှာ အခက်အခဲတချို့ကို ကျွန်မ ကြုံရတယ်။ ဒါပေမဲ့ အဲဒါတွေကို ဘုရားဆီကနေ ကျွန်မ လက်ခံခဲ့ပြီး မညည်းတော့ဘူး။ တစ်ချိန်တည်းမှာပဲ ဆက်ပြီးပူးပေါင်းလုပ်ဖို့အတွက် လမ်းလွဲတာတွေကိုလည်း ပြန်စစ်ကြည့်ပြီး ဘုရားအပေါ် မှီခိုခဲ့တယ်။ နောက်ဆုံးမှာ စာရွက်စာတမ်းတွေကို အောင်အောင်မြင်မြင်နဲ့ စုဆောင်းခဲ့တယ်။ ဘုရားရဲ့လမ်းပြမှုအတွက် ဘုရားကို ကျွန်မ စိတ်ရင်းအတိုင်း ကျေးဇူးတင်ခဲ့တယ်။

ဒီအတွေ့အကြုံကတစ်ဆင့်၊ ကံကောင်းတာကို လိုက်စားခြင်းနဲ့ဆိုင်တဲ့ မှားယွင်းတဲ့ အမြင်အပေါ် သိနားလည်မှုတချို့ ကျွန်မ ရခဲ့တယ်။ ပြီးတော့ ဒီလိုက်စားမှုနောက်မှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတစ်ခုရှိတာကို မြင်ခဲ့တယ်။ တကယ်တော့၊ ကောင်းတယ် ဒါမှမဟုတ် မကောင်းဘူးလို့ ကျွန်မ မြင်သည်ဖြစ်စေ၊ ကျွန်မအတွက် ဘုရားစီစဉ်ပေးတဲ့ ပတ်ဝန်းကျင်တွေအားလုံးက ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုနဲ့ လိုအပ်ချက်တွေကို အခြေခံပြီး စီစဉ်ထားတာပါ။ အဲဒါတွေက ကျွန်မ သမ္မာတရားကို ရှာအောင်၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သတိပြုပြီး၊ ဒီပတ်ဝန်းကျင်တွေကနေ သင်ခန်းစာတွေယူအောင် ကူညီဖို့ ရည်ရွယ်ထားတာပါ။ အဲဒါတွေထဲမှာ ဘုရားရဲ့ ဉာဏ်ပညာနဲ့ အပင်ပန်းခံတဲ့ ရည်ရွယ်ချက် ရှိတယ်။ အနာဂတ်မှာ၊ ကျွန်မ ကြုံရတဲ့ လူတွေ၊ အဖြစ်အပျက်တွေနဲ့ ကိစ္စတွေအားလုံးကို ကံပေါ်အခြေခံတဲ့ အမြင်နဲ့ ကျွန်မ မဝေဖန်ချင်ဘူး။ ဘုရားစီစဉ်တဲ့ ပတ်ဝန်းကျင်တွေကို ကျိုးနွံနာခံပြီး ဘုရားရဲ့ အမှုတော်ကို တွေ့ကြုံဖို့ ကျွန်မ သင်ယူချင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မရဲ့ မိဘတွေကို အရှိအတိုင်း မြင်တယ်

ရှင်းချယ် တောင်ကိုရီးယားနိုင်ငံ ကျွန်မ ငယ်ငယ်ကတည်းက ကျွန်မမိဘတွေက ဘုရားရဲ့နောက်ကိုလိုက်တဲ့အတွက် စံပြတွေအဖြစ် ကျွန်မက အမြဲတမ်းမြင်ခဲ့တယ်။...

ခေါင်းဆောင် အတုအယောင်အား ဖော်ထုတ်ခြင်း- တစ်ကိုယ်ရေ ရုန်းကန်ကြိုးစားခြင်း

ကျန်းရီ တောင်ကိုးရီးယားနိုင်ငံမနှစ်က မြို့ပြင်က အသင်းတော်တစ်ခုမှာ ကျွန်မ၏ တာဝန်ကို ထမ်းဆောင်နေသော်လည်း၊ လက်တွေ့ကျသည့်အလုပ်ကို...

ကျွန်မရဲ့ ညံ့ဖျင်းတဲ့အစွမ်းအစကို နောက်ထပ်စောဒက မတက်တော့ပါ

မူလတန်းကျောင်းမှာတုန်းက၊ ကျွန်မရဲ့ အမှတ်တွေကညံ့တယ် ဒါပေမယ့် ကျွန်မက ငယ်သေးတော့ ရှက်လည်းမရှက်ခဲ့မိဘူး။ ဒါပေမယ့် အလယ်တန်းကျောင်းတက်တုန်းက၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။